05/23/15


မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကို မိမိ မီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာက တောင်သူ ဦးမြင့်အောင် (အသက် ၆၃) ဟာ ဒီနေ့မွန်းလွဲက စပ်စံထွန်းဆေးရုံမှာ ကွယ်လွန်တယ်လို့ သူ့တူမ ဒေါ်မော်က ပြောပါတယ်။

“ဦးမြင့်အောင် ဆုံးသွားပါပြီရှင်၊ နေ့လယ် ၁ နာရီခွဲက။ ရွာကို ပြန်သယ်ပြီး ရွာမှာသင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ အခုရင်ခွဲရုံမှာပါ စစ်ဆေးနေတုန်းရှိတယ်။ သူ့ကိုအတတ်နိုင်ဆုံး ကုသပေးပေမယ့် မီးလောင်ကျွမ်းတဲ့ဒဏ်ရာက များတဲ့အတွက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။”

အလောင်းကို ရင်ခွဲရုံကနေ ဒီကနေ့ညနေပိုင်းမှာ ဇာတိမြေ ရေပူရွာကို သယ်ဆောင်ပြီး မနက်ဖြန် ရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်မယ်လို့ ဆေးရုံကို လိုက်ပါကူညီနေတဲ့ တောင်ကြီးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဆေးရုံကနေ ပြောပါတယ်။

သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး ကြိုးပမ်းမှုဖြစ်စဉ်ကြောင့် မနှစ်နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းကြေးနီ စီမံကိန်းဒေသမှာ ရဲလက်ချက်နဲ့ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့အပြီး လအနည်းငယ်အကြာမှာ တောင်သူတဦး ထပ်မံ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဦးတင်မောင်တိုးက “ကျနော်ပြောချင်တာကတော့ ရှမ်းပြည်နယ်မှာမကဘူးပေါ့နော်။ တပြည်လုံးမှာ လယ်ယာမြေသိမ်းဆည်းခံရလို့ ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမားတွေက အများကြီးလေ။ ကျနော့်အနေနဲ့ သက်ဆိုင်ရာအစိုးရတို့၊ တပ်မတော်တို့ လယ်ယာမြေသိမ်းဆည်းထားသူတွေအနေနဲ့ ကိုယ့်တိုင်းသူပြည်သားလည်းဖြစ်တယ်၊ ကိုယ့်ရဲ့ပြည်ထောင်စုထဲမှာ အတူတူနေတဲ့ တိုင်းရင်းသားလူမျိုးတွေလည်းဖြစ်တယ်။ အဲဒီတော့ ဒီလိုအသက်သေဆုံးတဲ့အထိ ဖြစ်လာရတဲ့ မြေသိမ်းအမှုတွေကို အမြန်ဆုံးစဉ်းစားပြီးတော့လေ ငဲ့ညှာတဲ့အနေနဲ့ ပြန်ပြီးတော့မှ ပေးဖို့ပေါ့ဗျာ၊ စဉ်းစားပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ”

ဦးမြင့်အောင်ဟာ မေလ ၂၀ ရက်နေ့မနက်က ရေပူကျေးရွာလမ်းမပေါ်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြခဲ့တာပါ။ ရွာသားတွေက ၀ိုင်းငြှိမ်းသတ်ပြီး သတိလစ်မေ့မြောပြီး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့သူ့ကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ပါတယ်။

ဒီကနေ့ မနက် ၁ နာရီမှာ သတိပြန်လည်လာပေမယ့် အခြေအနေအထူးတလည် တိုးတက်လာခြင်းမရှိဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဦးမြင့်အောင်ဟာ လူပျိုကြီးဖြစ်ပြီး ဒေါ်မော်တို့ မိသားစုနေအိမ်မှာပဲ အတူနေထိုင်သူဖြစ်ပါတယ်။

မေလ ၂၀ ရက်နေ့က သူတို့ ပြောင်းစိုက်ပျိုးထားတဲ့ခြံမှာ အဆောက်အဦ ၀င်ဆောက်လုပ်ဖို့လုပ်တဲ့ တပ်မတော်သားတွေနဲ့ အခြေအတင်ဖြစ်ခဲ့ပြီးနောက် စာတစောင်ရေးသားပြီး မီးရှို့ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ စာထဲမှာ သူ မခံနိုင်လွန်းတာကြောင့် သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့တာဖြစ်ကြောင်းနဲ့ ခြံမြေသိမ်းဆည်းဆည်းမှုကို မကျေနပ်ကြောင်းလည်း ရေးသားထားတယ်လို့ သူ့တူမ ဒေါ်မော်ကပြောပါတယ်။

ဒေသခံရွာသားတွေအဆိုအရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၁၉၉၄ ခုနှစ်မှာ ဒီကျေးရွာအုပ်စုတကြောက ခြံမြေဧကပေါင်း ငါးထောင်ခန့်ကို သိမ်းဆည်းခဲ့ပြီး ခြံရှင်ရွာသားတွေကို သီးစားခယူပြီး ပြန်လုပ်ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
___________________
DVB News (23-5-2015)

ရွှေသံလွင် ကုမ္ပဏီက အကုန်အကျခံ၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဣဒ္ဓိဗလတို့ ဦးဆောင်ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဘူးကိုင်းစံပြကျေးရွာ တိုင်းရင်းသားပေါင်းစုံ ကလေးသူငယ်များ ပါဝင်သည့် ရှင်အပါး ၅၀၀၀ အလှူပွဲကြီးကို မေ ၁၅ ရက်တွင် စတင် ကျင်းပခဲ့ရာ သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ရေစက်ချမည့် မေ ၁၆ ရက် နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဏ္ဍပ်များပြိုကျ ပျက်စီးခဲ့သည့်အတွက် သမ္မတဦးသိန်းစိန် လာရောက်နိုင်ခြင်း မရှိ သော်လည်း ရေစက်ချ အလှူတော် အောင်ပွဲနေ့ဖြစ်သည့် မေ ၂၄ ရက်တွင်မူ လာရောက်မည် ဖြစ်ကြောင်း ဘူးကိုင်းကျေးရွာ အနန္တမေတ္တာပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့ဝင် ဦးမြသောင်းက မေလ ၂၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအလှူပွဲကြီးကို ရွှေသံလွင်ကုမ္ပဏီ၏ မတည်လှူဒါန်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဇေယျာလူမှုထူးချွန် ပထမဆင့်၊ ဘဒ္ဒန္တဣဒ္ဓိဗလ ဦးဆောင်ကာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဦးဆောင်ကော်မတီ ဖွဲ့စည်းလျက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရှင်မပြုရသေးသော တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ရှင်သာမဏေလောင်းလျာ ၅၀၄၈ ပါးအနက် ၄၉၄၀ ပါး ကို မေ ၁၅ ရက်နေ့က ဆံချပေးခဲ့ပြီး ရှင်သာမဏေအဖြစ် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းပေးခဲ့သည်။

ကျန်ရှိသည့် ဆံမချပေးရသေးသော ရှင်သာမဏေလောင်းလျာ ၁၀၈ ပါးကိုမူ မေ ၁၆ ရက်တွင် သမ္မတ ဦးသိန်းစိန် လာရောက်မှသာ ဆံချပေးရန် စီစဉ်ထားသော်လည်း သမ္မတ လာမည့်နေ့ နံနက် ၂ နာရီဝန်းကျင် အချိန်ခန့်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အလှူမဏ္ဍပ်အချို့ ပြိုကျပျက်စီးကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အလှူရေစက်ချ အခမ်းအနားသို့ သမ္မတဦးသိန်းစိန် လာရောက်နိုင်ခြင်း မရှိသည့်အပြင် မူလစီစဉ်ထားသည့် အစီအစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်။

မဏ္ဍပ်များပြိုကျ၍ ဖျက်သိမ်းခဲ့ရသော ရှင်ပြုပွဲကို သမ္မတ တက်ရောက်နိုင်ရန် ပြင်ဆင်၍ နောက်ထပ် ရှင်အပါး ၁၀၀၀ ထပ်တိုး၍ပင် မေ ၂၄ ရက် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလက The Messenger သတင်းစာသို့ မိန့်ကြားကြောင်း မေ ၂၀ ရက်နေ့ထုတ် အဆိုပါသတင်းစာ၌ ဖော်ပြထားသည်။

““ပထမနေ့က မလာဖြစ်ဘူးဗျ။ သမ္မတ လာမယ့်နေ့မှာ မိုးကျသွားလို့ ၂၄ ရက်နေ့ကျရင်တော့ သမ္မတလာဖို့ အစီအစဉ် ရှိပါတယ်။ သမ္မတ ထပ်လာမယ်။ မိုးကြောင့် မဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ပျက်တဲ့သဘော။ အဲဒီနေ့ကဆံချတယ်။ ဘိသိက်သွင်းတယ်။ ရေစက်ချရုံပဲ ကျန်တော့တာပေါ့။ အလှူအတန်း သဘောကတော့ ကိုရင်ဝတ်ပြီးပြီ။ သမ္မတလာမယ့်နေ့မှာ ရေစက်ချမယ်။ မိုးရွာတာလည်း အောင်ပွဲ အထိမ်း အမှတ် ရွာပေးလိုက်တာပဲ။ ဗိမာန်တွေလည်း မဖျက်ဘူး။ ဒီအတိုင်းပြန်ပြီးတော့ ဆောက်ထားတာပေါ့။ လုပ်ငန်းမပျက်ဘူး။ ဒီနေ့အထိ ကျွေးမွေးနေကြတာပဲ”” ဟု ဘူးကိုင်းကျေးရွာ အနန္တမေတ္တာ ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့ဝင် ဦးမြသောင်းက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သမ္မတ မလာရောက်နိုင်ခြင်းနှင့် ပတ်သက်၍ ““၁၅ ရက်နေ့က ဆံချတာရော၊ ဘိသိက်သွင်းတာရော အကုန်ပြီးသွားပြီ။ ၁၀၈ ပါးကတော့ ဆံမချရသေးဘူး။ ဦးစမုတ်လေးတွေနဲ့ ထားတယ်၊ အဲဒါက သမ္မတလာမယ့်နေ့ကျမှ ဆံချပေးဖို့အတွက် ချန်ထားတာ။ ၁၆ ရက်နေ့ မနက် ၂ နာရီလောက်မှာ မိုးက သည်းကြီးမည်းကြီး ရွာချလိုက်တော့ အလှူမဏ္ဍပ် တချို့တွေလည်း မိုးရေပိတဲ့ဒဏ်ကြောင့် ပြိုကျပျက်စီး သွားတယ်။ အဲဒါကြောင့်သမ္မတ လာမယ့်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်။ သမ္မတရဲ့အနီးကပ် လုံခြုံရေးတွေလည်း ရောက် လာပြီး ပြန်လှည့်သွားကြတယ်””ဟု ရှင်အပါး ၅၀၀၀ ကျော် အလှူတော်ပွဲကြီးတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲဝန်ထမ်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါရှင်အပါး ၅၀၀၀ ကျော် အလှူပွဲကြီးကို မေ ၁၅ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ အလှူတော်လှည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကြလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဘူးကိုင်းစံပြကျေးရွာမှ ကျန်စစ်သားမင်းကြီး၏ မွေးဖွားရာ ဒေသဖြစ်သော ပရိမ္မရွာရှိ ထီးလှိုင်ရှင်ဘုရားသို့ ရှင်အပါး ၅၀၀၀ကျော်တို့ကို ဆင် ၉ ကောင်၊ မြင်း ၁၀၈ ကောင်၊ ရွှေလှည်း ၉၀တို့နှင့်အတူ ဒေ၀ါဝင်း၊ ရာဇာဝင်းအဖွဲ့ဖြင့် လှည့်လည်ခဲ့သည်။

ယင်းသို့ အလှူပွဲကြီး လှည့်လည်ရာ၌ အုတ်နှဲဘုတ်ကျေးရွာနှင့် ကျောက်ရစ်ရွာ အကြား အရောက်တွင် ရှင်အပါး ၂၇၀ နှင့်အတူ ထီးလှိုင်ရှင်ဘုရားသို့ ဆက်လက် ထွက်ခွာခဲ့ကြပြီး ကျန်သည့် ရှင်အပါးတို့ကို ဘူးကိုင်းစံပြ ကျေးရွာရှိ အလှူ မင်္ဂလာမဏ္ဍပ်သို့ ပြန်လည် စေလွှတ် ခဲ့ကြောင်း၊ ထီးလှိုင်ရှင်ဘုရားသို့ သွားရောက်သည့် ရှင်သာမဏေအပါး ၂၇၀ အလှူလှည့်အဖွဲ့မှာ ဘူးကိုင်းစံပြကျေးရွာသို့ နေ့လယ် ၁၂ နာရီကျော်တွင် အလှူ မင်္ဂလာမဏ္ဍပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဘူးကိုင်းစံပြကျေးရွာနှင့် ပရိမ္မရွာမှာ ၇ ၊ ၈ မိုင်ဝန်းကျင်ခန့် ကွာဝေးကြောင်း၊ ရှင်သာမဏေ လောင်းလျာအချို့မှာ အလှူလည့်ရာတွင် ခြေကျင်လှည့်ရသည့် အခါများလည်း ရှိခဲ့ကြောင်း၊ ကြီးကျယ်ခမ်းနားသော အလှူပွဲကြီးဖြစ်သည့်အပြင် မောင်ရင်လောင်းများကို ခြေကျင် လှည့်ခိုင်း ရသည့် အစဉ်အလာလည်း ယင်းဒေသ၌ မရှိခဲ့ကြောင်းကို ရှင်အပါး ၅၀၀၀ ကျော် အလှူပွဲကြီးတွင် ပါဝင်သော ရှင်လောင်းမိဘအချို့က မြန်မာ သံတော်ဆင့်သို့ ပြောဆိုကြသည်။

ယင်းအလှူပွဲတွင် ပါဝင်သည့် ကိုရင်လောင်းလျာများကို အာဏာပိုင်များက ဖိအားပေး ခေါ်ဆိုမှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ““ကိုယ်လည်း အလှူမှာပါဝင်ပြီး ကလေးတွေရဲ့ နောင်ရေးရော၊ လိမ္မာရေးခြား ရှိအောင်လို့ဆိုပြီးတော့ ကလေးတွေရဲ့မိဘတွေကို နားလည်အောင် ရှင်းပြပြောဆိုပြီး စည်းရုံးပါတယ်။ ကိုရင်လောင်းတွေကို လိုက်စုပါတယ်။ ကျွန်တော့် ရပ်ကွက်မှာတော့ ကိုရင် ၄၅ ပါးရပါတယ်။ တခြား ရပ်ကွက်တွေမှာ ကိုရင်လောင်းတွေကို မပါမနေရ ပုံစံမျိုးနဲ့ ခေါ်တယ် ဆိုတာတော့ ကျွန်တော်တော့ မသိဘူး။ ကျွန်တော့် ရပ်ကွက်မှာတော့ မိဘဖြစ်တဲ့ သူကိုရှင်းပြတော့ မိဘဖြစ်တဲ့သူတွေက နားလည်ပြီးတော့ ထည့်ကြ ပါတယ်။ နောက်ပြီး ရှင် ၅၀၀၀ ဆိုတဲ့ ပွဲဆိုတာကလည်းကမ္ဘာမှာ ပထမဆုံး ရှိနေမယ့် ပွဲဆိုပြီးတော့လည်း စည်းရုံးပါတယ်ဗျ။ ကျွန်တော်တို့ကို ညွှန်ကြားတုန်းကလည်း သူတို့က ခင်ဗျားတို့ ကိုယ်တိုင်က အလှူ့ဒါယကာ ပုံစံမျိုး၊ အလှူ့ဒါယကာ စိတ်မျိုးထားပြီး စည်းရုံးကြပါ၊ ကိုရင်တွေကို စုဆောင်းကြပါလို့ဆိုပြီး အဲဒီလိုပဲခိုင်းပါ တယ်။ မပါမနေရ၊ မထည့်မနေရ ဆိုတာမျိုးတော့ မရှိပါဘူး””ဟု မြောင်မြို့ မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက ဆိုသည်။

မိုးရွာသွန်းမှုကြောင့် ရှင်အပါး ၅၀၀၀ ကျော် အလှူတော်အောင် ရေစက်ချ မင်္ဂလာပွဲ ပျက်ခဲ့ရသည်နှင့် ပတ်သက်၍ မေ ၁၆ ရက်နေ့ မှာပင် ဆရာတော်ဘဒ္ဒန္တဣဒ္ဓိဗလနှင့် ၀န်ကြီးချုပ် ဦးသာအေး အပါအ၀င် ပွဲဖြစ်မြောက်ရေး ကော်မတီများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သမ္မတဦးသိန်းစိန်ကို ထပ်မံဖိတ်ကြားကာ မေ ၂၄ ရက်နေ့တွင် အလှူတော်အောင်ပွဲ ထပ်မံပြုလုပ်ရန် သတ်မှတ်လျာထားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စအတွက် စစ်ကိုင်းတိုင်းကိုသာ မေးမြန်းရန် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

အောင်ကိုဝင်း

- ရှင်အပါး ၅၀၀၀ အလှူမဏ္ဍပ်များ မိုးသည်း၍ ရေနစ်ပြိုလဲသည့် မေလ ၁၆ ရက်နေ့၊ နံနက်တွင် မန္တလေး လေဆိပ်သို့ ဆိုက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဣဒ္ဓိဗလ၊ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေးတို့က မန္တလေးမြို့သို့ သာသနာပြုခရီးစဉ် ရောက်ရှိလာသည့် သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြစဉ် – ဓာတ်ပုံ – နိုင်ဦးရွှေပေါ်ကျွန်း

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ မှာတွေ့ရစဉ် Photo: Khun Zaryar/RFA
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာမှာ အစိုးရတပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် မနေ့က ကိုယ့်ကိုကိုယ် မီးရှို့ပြီးဆန္ဒပြတဲ့ တောင်သူ ဦးမြင့်အောင်ဟာ ဒီနေ့ စ၀်စံထွန်းဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

မီးလောင်ဒဏ်ရာ ပြင်းထန်တာကြောင့် အသက်ဆုံးရှုံး သွားတာဖြစ်တယ်လို့ ဦးမြင့်အောင်ရဲ့ တူမဖြစ်သူ မမော်မော်အောင်က ပြောပါတယ်။

"ကျမတို့ဦးလေးက ဒီနေ့ ၁ နာရီခွဲမှာ ဆုံးသွား တယ်ပေါ့နော်၊ ဒီမီးလောင်လောင်မှုနဲ့ဒဏ်ရာက တအားပြင်းတယ်လေ၊ မီးလောင်ဒဏ်ရာက တအားပြင်းပြီးတော့ သေဆုံးသွားတယ်ပေါ့၊ မဖြစ်သင့် မဖြစ်ထိုက်တာတွေနဲ့ ဒီလိုမျိုးဖြစ်သွား ရတဲ့အခါကျတော့ အစ်မ တအားဝမ်းနည်းတယ်ပေါ့နော်၊ သူက ဒီတောင်သူလယ်သမားတွေကို ခံစားနေရတာတွေကို သူလုပ်သွားတဲ့အခါကျတော့ အစ်မတို့က ခံစားနေရတာကိုတော့ နည်းနည်းဖြေသိမ့် တာပေါ့နော်"

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ တောင်သူ ဦးမြင့်အောင် ရုပ်အလောင်းကို ရေပူရွာမှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

ကွန်လုံကျေးရွာအုပ်စု ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ နောင်ကား ကျေးရွာတွေက လယ်ယာ မြေ ဧက ၅ဝဝဝ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ စစ်တန်းလျားဆောက်ဖို့အတွက် ဒီလ ၂၁ ရက်နေ့က စစ်တပ်က ပြင်ဆင်တာမှာ ဝင်ရောက်တားမြစ်တဲ့ တောင်သူတွေနဲ့ တပ်မတော်သားတွေအကြား စကားများခဲ့ပြီးနောက် ဦးမြင့်အောင်က မီးရှို့ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကို မေလ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: Sann Maw Aung , Phone Moe Moe Zin/RFA
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က ပြည်သူပိုင်အားကစားကွင်းကို ပုဂ္ဂလိက အဆောက်အဦး ဆောက်လုပ်ခွင့်ပြုထားတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး ကို တောင်ဥက္ကလာမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ကြောင်း ဒီနေ့ ခေါ်ယူအသိပေးခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ခံဝန်လက်မှတ်ရေးထိုး ခိုင်းတာကို လက်မခံပဲ ငြင်းပယ်ခဲ့ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

"၅ လကျော်ကြာတဲ့အခါကျမှ မနေ့ကမှ ရဲစခန်းကနေ ကျနော်ဆီကို ဒီစာပို့ပြီးတော့ အကြောင်းကြားလာ တယ်၊ အဲ့ဒီတော့ အများပိုင်ပစ္စည်းဖြစ်တဲ့ ကလေးအားကစားကွင်းကို ကာလပေါက်ဈေး သိန်း ၇ သောင်း ၈ သောင်းတန်တဲ့နေရာမှာ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်တဲ့ကိစ္စကို နိုင်ငံတော်ကအရေးမယူပဲနဲ့ ကျနော်တို့ ဒေသခံတွေက ဒီကလေးကစားကွင်းကို မူလအတိုင်းပြန်လည်ရရှိဖို့အတွက် ဆန္ဒဖော်ထုတ်တဲ့သူတွေကို အရေးယူမယ် ဆိုရင်တော့ ကျနော်အနေနဲ့ အာမခံယူတာတို့ ခံဝန်တို့ ကျနော်တို့ လုံးဝလုပ်မှာမဟုတ်ဘူး၊ ဒီနေ့ရုံးက ရဲစခန်းကခေါ်တဲ့အခါမှာလည်းပဲ အမှုဖွင့်တဲ့အနေနဲ့မဟုတ်ပဲနဲ့ အဲ့ဒီနေ့က ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက် ကို ပြန်ပြောပြပါဆိုလို့ ကျနော်ပြောပြတယ်၊ သူတို့လက်ရေးနဲ့ ရေးပြီးမှတ်တမ်းတင်တယ်၊ အဲ့ဒီတော့ ကျနော်ကလက်မှတ်ထိုးခဲ့တာ ခံဝန်လုပ်ခဲ့တာ ဘာတစ်ခုမှမရှိဘူး"

တောင်ဥက္ကလာပ ၉ ရပ်ကွက်က ပေ ၁ဝဝ ကျော်တဲ့ အများပိုင်အားကစားကွင်းကို ပြီးခဲ့တဲ့ နှစ်မှာ မြို့တော်ဝန်က သိမ်းဆည်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီပိုင် ရှစ်ထပ် အဆောက်အဦး တည်ဆောက်နေ တာဖြစ်ပါတယ်။

အဲ့ဒီလိုလုပ်တာဟာ နိုင်ငံရေးပါတီအနေနဲ့ အများပိုင်နေရာကို အလွဲသုံးစားလုပ်တာဖြစ်ကြောင်း ဦးကိုကိုကြီး က ပြောပါတယ်။

အဆောက်အဦးဆောက်လုပ်မှုကို ရပ်ဆိုင်းပေးဖို့အတွက် ဦးကိုကိုကြီးအပါအဝင် ဒေါက်တာစောနိုင်၊ ကိုနိုင်ကိုလင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆန္ဒပြဟောပြောခဲ့တဲ့အတွက် ခွင့်ပြုချက်မပေး တဲ့နေရာမှာ ဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

မြို့နယ်ရဲစခန်းက ကျိုက္ကဆံဟစ်တိုင်မှာ ဆန္ဒပြဖို့ခွင့်ပြုပေမယ့် ဦးကိုကိုကြီးတို့က အဆောက်အဦး ဆောက်လုပ်နေ တဲ့ အားကစားကွင်းရှေ့မှာ ဆန္ဒပြဟောပြောခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို တွေ့ရစဉ် Photo: RFA
ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ဖို့အတွက် ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄ဝ နီးပါးကို ချေးယူမှာဖြစ်ကြောင်း နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်ထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ဝန်ကြီး ဦးကျော်လွင်က နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။

"အတိုးနှုန်းက ဝ.ဝ၁ ရာခိုင်နှုန်းဖြစ်ပါတယ်၊ ပြန်ဆပ် ရမယ့်ကာလကတော့ ဆိုင်းငံ့ကာလ ၁၅ နှစ်အပါ အဝင် နှစ်ပေါင်း ၄ဝ ဖြစ်ပါတယ်၊ ချေးငွေပေးဆပ်မှု အနေနဲ့ တစ်နှစ်ကို ၂ ကြိမ်ပေးဆပ်ရမှာဖြစ်ပါတယ်၊ ပျက်ကွက်မှုစရိတ်အနေနဲ့ တစ်နှစ်မှာ ၂ ရာခိုင်နှုန်းရှိပါတယ်"

ဒေါ်လာ သန်း ၁၇ဝ လောက်ကုန်ကျမယ့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို မြန်မာအစိုးရဘက် က ဒေါ်လာသန်း ၃ဝ လောက်ကျခံသုံးစွဲမှာဖြစ်ပြီး ကျန်ငွေကို ကိုရီးယားနိုင်ငံကနေ ချေးယူမှာဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေး စီမံကိန်းနဲ့ပတ်သက်ပြီး ကန်ဒေါ်လာ သန်း ၆ဝ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ သန်း ၆၁ဝဝ ကျော် ချေးယူလိုကြောင်း တင်ပြခဲ့ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း သီလဝါအထူးစီးပွားရေးဇုန်အတွက် ဂျပန်ယန်းငွေသန်း တစ်သောင်းငါးထောင် နီးပါးနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ဂျပန်ယန်း သန်း ၅ဝဝဝ ကျော်ကို JICA ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီကနေ ချေးယူမှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

အစိုးရဝန်ကြီးဌာနတွေ တင်ပြတဲ့ချေးငွေပမာဏဟာ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က သတ်မှတ်ထားတဲ့ ချေးငွေခံနိုင်ရည် စံနှုန်းတွေနဲ့ ကိုက်ညီသေးတာကြောင့် ခွင့်ပြုသင့်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က တင်ပြခဲ့ပါတယ်။

အဲ့ဒီချေးငွေယူမယ့်ကိစ္စကို လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာအစိုးရ ဝန်ကြီးဌာန ၄ခုမှ နိုင်ငံတကာကနေ နှစ်ရှည်ချေးငွေ ရယူဖို့ အတွက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တဲ့ အပေါ်မှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။ အစိုးရသက်တမ်းကုန်ခါနီးမှာ ဒီလိုချေးငွေတွေ ရယူသုံးစွဲတာက နောက် လာမယ့် ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ် လို့လည်း ထောက်ပြပြောဆို မှုတွေရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မမေခ က သတင်း ပေးပို့ထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန (၄) ခုက ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကနေ အမေရိကန် သန်း (၄၀၀) နီးပါး ချေးယူဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ ပါတယ်။ ချေးယူမယ့် ဝန်ကြီးဌာနတွေ ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန တို့ဖြစ်ပါတယ်။ ဒီလိုအမေရိကန် ဒေါ်လာသန်း (၄၀၀) နီးပါး ချေးယူမယ့် အပေါ်မှာ လွှတ်တော် အမတ်အချို့က ခုလိုဝေဖန်ပြောဆို ခဲ့တာပါ။ လွှတ်တော်ကိုတင်ပြလာတဲ့ချေးငွေတွေအပေါ်မှာ လွှတ်တော်အမတ်တွေ ကထောက်ပြမှုတွေလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်မှုကြောင့် လွှတ်တော် အမတ်တွေရဲ့ထောက်ပြချက်တွေက အရာမထင် လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်မောင် ရည်က ခုလိုပြောပါတယ်။

"ချေးငွေတွေနဲ့ ပါတ်သက်ပြီးတော့မှ အငြင်းအခုန် ဘယ်လောက်ပဲပြောပြော ကိုယ့်ဖက်က ငြင်းပိုင်ခွင့်အင်အားနည်းတယ်ဆိုတာကို ကျနော်တို့က ကောင်းကောင်း သိလာပါတယ်။ ဒါဟာ ဘာလည်းဆိုရင် ကျနော်တို့က အနိုင်ရပါတီ မဟုတ်ဘူး။ နောက်ပြီးတော့ အနိုင်ရ အဖွဲ့အစည်းတစ်ဖွဲ့ မဟုတ်တဲ့ အတွက် ကျနော်တို့ လူနည်းစုကပဲ ထပြီးတော့ ကန့်ကွက်ပြော ဆိုကြရတာ ဖြစ်ပါတယ်"

ချေးငွေရယူတာမှာ နှစ်ရှည်ချေးငွေတွေဖြစ်ပေမယ့် ဒီလိုချေးယူမှုဟာ ပြည်သူ့ဘဏ္ဍာ မှပြန်လည်ပေးဆပ်နေရတာဖြစ်ကြောင်း၊ ချေး ငွေယူလုပ်ဆောင်တာမှာလဲ အလေအလွင့်တွေရှိနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အနိမ့်ဆုံးကာလ၊ အဂတိလိုက်စားမှုမြင့်မားနေ တယ်လို့နိုင်ငံတကာထောက်ပြမှုတွေရှိနေတဲ့ကာလနဲ့ ခုလက်ရှိမြန်မာနိုင်ငံအနေနဲ့ချေးငွေရယူမှုဟာလေလွင့်မှုများ နေကြောင်း ဒီလိုချေးငွေတွေရယူသုံးစွဲတာက နောက် လာ မယ့်ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံး ဖို့အတွက် အသုံးချမှုတွေ ရှိနေနိုင်တယ်လို့လည်း ပြည်သူတွေ ကထောက်ပြနေကြတယ် လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုး ညိုက အခုလိုပြောပါတယ်။

"ဘယ်တုန်းကမှ လျှပ်စစ်မီး မရနိုင်တဲ့နေရာတွေမှာ လျှပ်စစ်မီးပေးမယ်တို့ ရွာတိုင်းရွာတိုင်း ပိုက်ဆံဘယ်လောက်ချီးမယ်တို့ ဘာတို့ညာတို့ဆိုတာတွေဟာ ဒါတွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ သုံးနေကြသလားပေါ့နော်။ ဖွံ့ဖြိုးရေးလုပ်တယ် ဒေါ်အောင်ဆန်းစုကြည်ပိုက်ဆံမဟုတ်သလို ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ ပိုက်ဆံလည်းမဟုတ်ဘူး ဒါ နိုင်ငံတော်ရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ပိုက်ဆံတွေ ပြည်သူလူထုရဲ့ ဘဏ္ဍာ နဲ့ အခွန်အထုတ်ကရတဲ့ ငွေတွေနဲ့ ကျနော်တို့က အခုလိုမျိုး ဖွံ့ဖြိုးရေးတွေ လုပ်ပေးတာ"

လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်-ဒလ လူကူးကြိုးတံတား အရှည် (၆၀၀၀) ကျော်ရှိတဲ့ တံတားဆောက်လုပ်ရေး အတွက် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကျော်ချေးယူမှာဖြစ်ပြီး၊ ဒီလိုလုပ်ဆောင်ဖို့ အတွက်လည်း စစ်တမ်း ကောက်ယူထားပြီးကြောင်း၊ တံတားဆောက် လုပ်ဖို့အတွက် ဒလဘက် ကမ်းမှာ ရှိနေတဲ့နေရာ အချို့ကိုဖယ်ရှားမယ် လို့လည်းပြောဆိုလိုက်ပါ တယ်။ ဒီလိုဖယ်ရှားတာမှာလျော်ကြေးငွေပေး သွားမယ်လို့လည်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လွင်က ခုလိုပြောပါတယ်။

"စီမံကိန်းနယ်နဲ့ ပါတ်သက်ပြီးတော့ မလွတ်ကင်းတဲ့ အဆောက်အဦးတွေများ အကြမ်းဖျင်း တင်ပြရင် ရန်ကုန်ဖက်ကမ်းမှာ စီမံကိန်းနယ်အတွင်း အဆောက်အဦးများ ထိခိုက်မှုတွေ မရှိပါဘူး။ ဒလဖက်ကမ်းမှာတော့ ဗိုလ်မင်းရောင်လမ်းနဲ့ စီမံကိန်းနယ်မြေအတွင်း အဆောက်အဦးအချို့ စာသင်ကျောင်း ဗုဒ္ဓရုပ်ပွါးတော် လမ်းဘေးဈေးဆိုင်များ ရှိပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပါတ်သတ်ပြီးတော့ အနည်းဆုံးမလွတ်ကင်းတဲ့ ဟာကိုပဲ ကျနော်တို့ဖျက်သိမ်းတာမျိုးနဲ့ ပြန်လည်နေရာချထားတာမျိုး လုပ်မှာဖြစ်ပြီးတော့ ဒီဟာနဲ့ပါတ်သက်တဲ့ နစ်နာကြေးများကိုလည်း ထိုက်သင့်သလို ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ ပေးသွားမှာဖြစ်ပါတယ်"

လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးရေး ပြုပြင်ဖို့အတွက် ဂျပန်ကနေ အမေရိကန်ဒေါ်လာသန်း (၆၀) နီးပါးချေး ယူမှာ ဖြစ်ပြီး ရန်ကုန် မြို့ (၁၆) မြို့နယ်မှာ လျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ဆောင်မယ်လို့ လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ဒီကနေ့လွှတ် တော်မှာ ပြောပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း သီလဝါအထူးစီးပွားရေးဇုံအတွက် ဆိပ်ကမ်း တည်ဆောက်ဖို့ ဂျပန်က နေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ချေးမှာပါ။ ဒီဆိပ်ကမ်းကို လာမယ့်ဇွန်လမှာ စတင်ဆောက် လုပ်မှာဖြစ်ပြီး အရင်က လည်း ဆိပ်ကမ်းဆောက်ဖို့ အတွက် ပထမအရစ် အနေနဲ့ အမေရိကန်ဒေါ် လာ သန်း (၈၀) နီးပါးဂျပန် ကနေချေးယူထားတယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးဦးဟန် စိန်ကပြောဆိုလိုက်ပါတယ်။

လက်တလောမှာ ငွေကြေးလည်ပတ်မှုအခက်ခဲကြောင့် မဖွံ့ဖြိုးနိုင်သေးတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးနိုင်ဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ သန်း (၄၀) ကျော်ချေးယူမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝန်ကြီးဌာန အသီးသီးကချေးငွေတွေရယူတာနဲ့ ပါတ်သတ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာလင်းအောင် က ချေးငွေတွေရယူတာနဲ့ပါတ်သက်ပြီး ခုလိုပြောပါတယ်။

"ဒီချေးငွေပေးအပ်တဲ့ အဖွဲ့အစည်းများရဲ့ မူဝါဒ ရည်မှန်းချက် စည်းကမ်း သတ်မှတ်ချက်များနဲ့ ကိုက်ညီပြီးတော့မှ ချေးငွေပေးအပ်မယ့် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက် စည်းကမ်းသတ်မှတ်ချက်တွေကို လက်ခံနိုင်မှု ချေးငွေပေးတဲ့ လူတွေကလည်း ချေးငွေရယူတဲ့ အပေါ်မှာ ယုံကြည်မှုတို့ ပြည့်စုံမှသာ ချေးငွေတွေ ရယူနိုင်တာဖြစ်ပါတယ်"

ဒီကနေ့လွှတ်တော်မှာ တင်သွင်းမှုအရ ဝန်ကြီးဌာန (၄) ခုက ချေးယူမယ့် အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါးဟာ အတိုးနှုန်း ၀.၀၁ နှုန်းနဲ့ နှစ်ရှည်နှစ် (၄၀) နီးပါးပေးဆပ်ရမယ့် နှစ်ရှည်ချေးငွေတွေဖြစ်ပါတယ်။ ဒီချေးငွေတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လာမယ့်တနင်္လာနေ့ ၂၅ရက်နေ့မှာ လွှတ်တော်အမတ်တွေ က အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ထိုင်း- မြန်မာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ အတွက် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။လူကုန်ကူးမှု အဆိုးဆုံး အဆင့်သတ်မှတ်ခံထားရတဲ့ ထိုင်းနိုင်ငံနဲ့ လူကုန်ကူးမှု စောင့်ကြည့်စာရင်း သတ်မှတ်ခံထားရတဲ့ မြန်မာတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဒေသတွင်း လူကုန်ကူးမှု လျော့ကျ လာသလား ဆိုတာနဲ့ နယ်စပ်ဒေသ မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ အလားအလာတွေကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဒေသတွင်း နယ်စပ်ရေးရာ ကော်မတီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ကုန်ကူးမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အပါအ၀င် သဘောတူညီချက် ၁၂ ချက် ရခဲ့ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က သဘောတူညီချက် တချို့ကို အခုလို ပြောပါတယ်။

"ကျနော်တို့ နယ်စပ်မှာ ရှိတဲ့ ပြည်သူလူထု နှစ်ဖက်ပေါ့နော် အေးအေး ချမ်းချမ်း နေနိုင်ဖို့ အတွက် လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်မယ့် အစီအမံပေါ့၊ နောက် တခုက မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးပေါ့နော် အဲဒီအချက်တွေ သဘောတူညီမှုရတယ်။ ကျန်တာတွေကတော့ စစ်တပ်က အပိုင်းတွေ ဖြစ် ပါတယ်နော်။"

ထိုင်းတော်ဝင် တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး Sathit Pattharat ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာ့တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ခေါင်းဆောင်ကြတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့တို့ ချင်းမိုင်မြို့ Imperial Mae Ping ဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စတွေကို ၂ ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆိုးဆုံး Tier 3 အဆင့် သတ်မှတ်ခံခဲ့ရသလို လတ်တလောမှာလည်း ဒေသတွင်း လူကုန်ကူးမှု ကိစ္စရပ်တွေ ထပ်မံ ပေါ်ပေါက်လာပြီးနောက်မှာ နိုင်ငံတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့တာပါ။ မြန်မာနိုင်ငံကိုတော့ Tier 2 အဆင့် သတ်မှတ်ပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာ ဖြစ်တယ်လို့ ဒီရက်ပိုင်း အတွင်းမှာဘဲ ဦးတည် ပြောဆိုနေတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကို ပူးပေါင်းတိုက်ဖျက်နေတဲ့ လုပ်ငန်းစဉ်အပေါ်မှာတော့ ထိုင်းနိုင်ငံတွင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးကျော်သောင်းကတော့ အခုလို ရှုမြင်ပါတယ်။

"လူတွေရာ၊ ထောင်ချီပြီး လာနေတာ ဒီနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တဲ့ နေရာတွေမှာ တာဝန်ကျတဲ့ နှစ်နိုင်ငံ အရာရှိတွေနဲ့ လုံးဝ ပါဝင် ပတ်သက်တယ်။ ထိုင်းနိုင်ငံမှာ ဆိုလို့ ရှိရင်လည်း ရဲတပ်ဖွဲ့ရော၊ ရပ်ကျေး အုပ်ချုပ်တဲ့ လူတွေ အထိကို လူပေါင်း ၅၀ ကျော်ကို ၀ရမ်းထုတ်ထားတယ်။ နောက် အဓိက အကြောင်းအရာ တခုက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်ပြီးတော့ ၀၀လင်လင် ထမင်းနဲ့ တူတဲ့ ထမင်း စားစရာ အလုပ်မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ အရွယ်ရောက်ပြီးတဲ့လူတိုင်း၊ အလုပ်လုပ်နေတဲ့ လူတိုင်း ဒီထိုင်းနိုင်ငံကို နိစ္စဒူဝ ထွက်နေကြတာဘဲ။"

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ကလည်း အရေးကြီးတယ်လို့ မူးယစ်ရဲမှူးကြီးဟောင်း ဦးခမ်းအောင် ကလည်း ထောက်ပြပါတယ်။

"ကျနော်တို့ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း Cooperation (ပူးပေါင်းဆောင်ရွက်မှု) က အတော်ကောင်းပါတယ်။ နောက်ပြီးတော့ တခုရှိတာက Personal Attachment ပေါ့ ၊ ကျနော်တို့ Relationship က အရမ်းကောင်းပါတယ်။ တခုခု ဖြစ်ပြီဆိုရင် တယ်လီဖုန်းလေး ကောက်ဆက်ရင် တောင်မှ ကျနော်တို့ အလုပ်လုပ်လို့ ရတဲ့ အဆင့်ထိကို ကျနော်တို့က Establish (တည်ဆောက်) ထားတာပါ။ ဆိုတော့ အခုနောက်ပိုင်းကျတော့ ကျနော်ထင်တယ် အဲဒီအပိုင်းမှာ နည်းနည်းလေး အားနည်းမလားလို့။ ကျနော် အဲလိုတော့ မြင်တယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အပြောင်းအလဲတွေ ဖြစ်တာများတယ်။ သူတို့ဘက်လည်း အပြောင်းအလဲတွေ များတယ်။ ကျနော်တို့ ဘက်လည်း အပြောင်းအလဲတွေ များတယ်။ လူသစ်တွေက အဲဒီအဆင့်ထိကို ပြန်ပြီးတော့ Cooperation (ပူးပေါင်းဆောင်ရွက်မှု) မရနိုင်ဘူးထင်တယ်။"

ချင်းမိုင်မြို့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာတော့ နယ်စပ်ဒေသ လုံခြုံရေး၊ နှစ်နိုင်ငံ နယ်စပ်တလျှောက် စစ်ရေးဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်တွေ၊ နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လက်နက်ကုန်ကူးမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်း မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ညီအမ ကျေးရွာ တခု တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းက ရှီးယိုက်ဗလီတလုံးမှာ သောကြာ ဝတ်ပြုပွဲ အတွင်း အသေခံ ဖောက်ခွဲမှုတရပ် ဖြစ်ပွားခဲ့လို့ လူအယောက် ၂၀ လောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဆေးရုံအရာရှိတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှုတော့ မရှိသးပါဘူး။ နိုဝင်ဘာလတုန်းကလည်း နိုင်ငံတွင်း ရှီးယိုက်လူနည်းစုတွေ အများစုနေထိုင်ရာ နိုင်ငံ အရှေ့ပိုင်းမှာ သေနတ်သမားတွေက ရှီးယိုက် ဘာသာရေး နှစ်ပတ်လည်ပွဲတခုကို တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

အယ်လ်ကာဒီးယားရွာရဲ့ အိုင်မန်အလီ ဗလီထဲမှာ လူအယောက် ၁၅၀ ကျော် ဝတ်ပြု ဆုတောင်းနေတုန်း ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်တဦးက ပြောပါတယ်။

ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ တိုက်ခိုက်မှုကို အကြမ်း ဖက်ဝါဒလှုပ်ရှားမှု ဖြစ်ကြောင်း၊ ဗုံးခွဲသမားဟာ ဗလီထဲမှာ သူ့အဝတ်တွေအောက်မှာ ဝှက်ထားတဲ့ အသေခံတိုက်ခိုက်ရေး ခါးပတ်ကို စနက်တံဖြုတ် ဖောက်ခွဲခဲ့လို့ လူတချို့ သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပင်လယ်ကွေ့ဒေသအတွင်း ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တို့ကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်တာပါ။ ဆွန်နီမွတ်စလင် ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ဒေသတွင်း အင်အားကြီး ရှီးယိုက်မွတ်စလင် အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ ပိုမြင့်လာနေပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

လော်ခီးလာ ညီလာ ခံ ကို လည်း UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တို့ အကြံ ပြု စာတစ် စောင် ပို့ သွား မယ်။ 
ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက် ဖို့ ရာ ဘုံ ရည်မှန်း ချက် တူညီ ရာ ကျယ်ပြန့်တဲ့ ဒီမို ကရက်တစ် အင်အားစု မျိုး အဖြစ် စုစည်း မိ အောင် ဆောင် ရွက် မယ် ဆိုပြီး တိုင်းရင်းသား ပါတီ တွေ စုပေါင်း အဖွဲ့ UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တွေ မေလ ၂၂ ရက် နေ့ က တွေ့ဆုံ ကြ အပြီး ပြော လာ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ မှ မပြင်ဆင် နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရား မျှတ မှာ မဟုတ်ဘူး လို့ ရခိုင် နိုင်ငံရေး ခေါင်းဆောင် UNA က ဦးအေးသာ အောင် က ပြောပါတယ်။

တပြည်လုံး အပစ်ရပ် ရေး လက်မှတ် ထိုးဖို့ တိုင်းရင်းသား လက်နက် ကိုင် တွေ တပ် တွေ ဂျွန် လဆန်းကျ တွေ့ဆုံ ကြမယ့် လော်ခီးလာ ညီလာ ခံ ကို လည်း UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တို့ အကြံ ပြု စာတစ် စောင် ပို့ သွား မယ် လို့ လည်း ဦးအေးသာ အောင် က ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ အရေးကြီးပြီး တခြား ကိစ္စ တွေ နဲ့ အာရုံ ပြောင်းသွား လို့ မရ ဘူး ဆိုပြီး တော့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့အစည်း က မင်းကိုနိုင် က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို UNA က ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းလိတ်၊ ဦးအေးသာအောင်၊ စတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ၈၈ မျိုးဆက် ပွင့်လင်း က ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ စတဲ့ သူတွေ တက်ရောက် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ ခွဲခြား ဆက်ဆံ ခံ နေရပြီး အကြမ်းဖက် ခံနေ ရတဲ့ ပြဿနာ ရင်းမြစ် ကို ကိုင်တွယ် ကြဖို့အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ဒုဝန်ကြီး အန်ထဏီ ဘလင်ကဲန် က တိုက်တွန်း။ 
ရခိုင် ပြည်နယ် က လူတွေ ထောင် ပေါင်း များ စွာ ထွက် ခွာ နေကြ တာဟာ လူမှောင် ခို ပြဿနာ သာ ဖြစ်ပြီး အမေရိကန် က စွပ်စွဲ သလို လူမျိုးရေး ဘာသာရေး အပေါ် မူတည် လို့ ပစ်မှတ် ထား ခွဲခြား ဖိနှိပ် ခံနေ ရ တာ ကနေ ထွက် ပြေး နေကြ ရတာ မဟုတ် ဘူး ဆိုပြီး ရခိုင် ပြည်နယ် အစိုးရ အကြီးအကဲ က ပြောလိုက် ပါတယ်။

အမေရိကန် အစိုးရ ရဲ့ စွပ်စွဲ မှု တွေ အပေါ် စိတ်ပျက် ရပြီး အဲဒီ စွပ်စွဲ မှု တွေ ဟာ အခြေ အမြစ် မရှိဘူး လို့လည်း ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချူပ်ဟောင်း ဦးမောင်မောင်အုန်း က ဆိုပါ တယ်။

လှေစီး ဒုက္ခသည် တွေ အရေး ကိုင်တွယ် ဖို့ ဆိုရင် ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ ခွဲခြား ဆက်ဆံ ခံ နေရပြီး အကြမ်းဖက် ခံနေ ရတဲ့ ပြဿနာ ရင်းမြစ် ကို ကိုင်တွယ် ကြဖို့ မြန်မာ ခေါင်းဆောင် တွေ ကို အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ဒုဝန်ကြီး အန်ထဏီ ဘလင်ကဲန် က သူ့ရဲ့ မြန်မာ ပြည် ခရီးစဉ် အတွင်း မှာ သတိပေး ခဲ့ ပါတယ်။

မြန်မာ အစိုးရ ဘက် က လည်း မြန်မာ့ ရေပိုင် နက် ထဲ လူမှောင်ခို ကူး မှု တွေ ကို တိုက်ဖျက် ပြီး လှေစီး ဒုက္ခသည် တွေ ကို ကူညီ မယ် လို့ ပြော လာ ပြီး တဲ့ နောက် ပြီးခဲ့တဲ့ ကြာသပတေး နေ့ ကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မြန်မာ ပိုင်နက် ထဲ မှာ တွေ့ ရတဲ့ လူ မှောင် ခို လှေ ၂ စီး ကို မြန်မာ ကမ်း ဘက် ကို ရေတပ် ကနေ ခေါ် လာတာ မှာ လှေတွေ ပေါ် မှာ ရွှေ့ ပြောင်း သူ အယောက် ၂၀၀ ကျော် ပါလာ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

“အေး ဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့ အခါ ဒေါ်စုကြည်နဲ့ အဘနဲ့ စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီးခဲ့ကြတယ်။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်း ထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှအရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ် . . .” သူရဦးတင်ဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ကားတွေ ထွက်လာကြပြီဟေ့၊ အားလုံးသတိ””ဟု ခေါင်းဆောင်လုပ်သူ၏ အမိန့်ပေး အော်ဟစ်သံကြောင့် ကျွန်တော်တို့အားလုံး သတိအနေအထားနှင့် ငြိမ်သက်လျက် ရှိနေကြသည်။ ၁၉၉၈ ခုနှစ် ၀န်းကျင် ကာလ လောက်ကဖြစ် မည်။ ကျွန်တော်တို့ ၀ါးရင်းတုတ်အဖွဲ့တွေ ချင်းချောင်း တရုတ်ဘုရား ကျောင်း ၀င်းထဲမှာ စခန်းချ နေရာယူ ထားခဲ့ကြသည်မှာ ၂ ရက်၊ ၃ ရက်ခန့် ရှိပြီဖြစ်သည်။ ဒေါ်စုကြည်နေအိမ် တက္ကသိုလ်ရိပ်သာလမ်းမှ ထွက်လာသော ကားတန်းကြီးက တဖြည်းဖြည်း နီးကပ်လာချေပြီ။ လက်၌ကိုင်ထားကြသော ၀ါးရင်းတုတ်များ ကိုယ်စီ အသင့်အနေအထားဖြင့် ကမ္ဘာအေး ဘုရားလမ်းနေအိမ်များရှိ ခြံဝများတွင် ၀ပ်နေကြရသည်။ တဖြည်းဖြည်း လာချေပြီလေ။ နီးသည်ထက် နီးကပ်လာပြီ။…

ပထမဆုံး ရှေ့မှထွက်လာသည့် မာဇဒါဆီဒင်အပြာ နုရောင်ကား ကို ရှေ့မှတားဆီး၍ လက်ထဲကိုင်ထားသော ၀ါးရင်းတုတ် ကိုယ်စီဖြင့် ၀ိုင်းသမ ကြလေတော့သည်။ တစ်ခဏအတွင်းမှာပင် မာဇဒါဆီဒင် အပြာနုရောင်ကားလေးခမျာ စိစိညက်ညက် ကြေမွသွားလေသည်။ အနီးရှိ ထောက်လှမ်းရေး တာဝန်ရှိသူများက ““ဟာ သွားပါပြီဗျာ၊ မှားကုန်ပြီဗျ။ အဲဒီကားက ငါတို့ဆီက လုံခြုံရေး သတင်းကား။ ပစ်မှတ်က နောက်ကကား”” ဟု မျက်စိပျက်၊ မျက်နှာပျက်နှင့် ပြော ဆိုနေတော့သည်။ မှားပြီး ၀ါးရင်းတုတ်အဖွဲ့၏ လက်သံ ပြောင်မြောက်စွာ အရိုက်ခံလိုက်ရသည့် ဆီဒင်ကားလေးခမျာ လေးဖက်လေး တန် ပြတင်းပေါက်မှန်များ အားလုံးကွဲကြေ၍ တွန့်လိမ် ပိန်ချိုင့်စွာဖြင့် မောင်းထွက်သွားပြီး ပစ်မှတ်ကားက နောက်က ကားဟု မကြားတကြား ပြောလိုက်သည့် အသံကြောင့် စွမ်းအားရှင် လူစွမ်းကောင်းများ စမ်းတ၀ါးဝါးနှင့် ထပ်မံ၍ ၀ိုင်းဝန်း ရိုက်နှက်ကြရာ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ ပါလာသည်ထင်သည့် အဖြူရောင်ကားလေး အမြန်မောင်း ထွက်လာရာ နောက်သို့ ပြေးလိုက် ရိုက်လိုက်နှင့် ၀ါးရင်းတုတ်များဖြင့် ပစ်ပေါက်သူကပေါက်၊ မျက်စိထဲ အခုထိ မြင်ယောင်နေမိသည်။

အဲဒီအချိန်က မိမိတို့သည် ဒေါ်စုကြည်၊ ဦးတင်ဦးနှင့် NLD ပါတီကို အမုန်းကြီး မုန်းနေခဲ့မိ တာကတော့ အမှန်ပင်ဖြစ်သည်။ NLD ဆန့်ကျင်ရေး ၀ါဒဖြန့် လုပ်ငန်းစဉ်များ ခေါင်းထဲရိုက်သွင်း ခံခဲ့ကြရ လေ သည်။ ဒေါ်စုကြည်သည် ကုလားမ၊ ဦးတင်ဦးသည် လူဆိုးဓားပြကြီးဟု ထင်မြင်နေမိသည်။ ကြံ့ခိုင်ရေး အသင်းကြီး သည် လူမှုရေးအသင်းကြီးဟု ဆိုထားခဲ့သော်လည်း အခုလို သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်ဆန် ကြမ်းတမ်းသည့် လုပ်ငန်းစဉ်များလည်း ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြရလေသည်။ ကြံ့ခိုင်ရေး အမည်ဖျောက် ပြည်သူအသွင်ရောက် သဘောဖြင့် စွမ်းအားရှင်ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ အများအမြင်မှာကတော့ ၀ါးရင်းတုတ် တပ်ဖွဲ့ဟု အမည်ကမ္ပည်း တပ်ပေးခဲ့ကြသည်။ ဒီလို ဖြစ်ပျက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် နှိုးဆွ သတိတရ ဖော်ထုတ်ရေးသားရခြင်း အကြောင်းက ဖန်လာခဲ့သည်။

မိမိတို့မြန်မာသံတော်ဆင့် သတင်း ဂျာနယ်အား အများပြည်သူ သိကြသည့်အတိုင်း သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ ၁၁ ဦးကို တရားစွဲဆိုထားသည့် ၁၄ ကြိမ်မြောက် ရုံးချိန်း တွင် ၊ NLD နာယကကြီး သူရဦးတင်ဦးက အမှန်တရားအတွက် တရားပြိုင်ဘက် မှ နေပြည်တော် ပုဗ္ဗသီရိ တရားရုံးသို့ သက်သေလိုက်လံ ထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။ အဘသူရဦးတင်ဦး အား မြန်မာသံတော်ဆင့် အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြိုဆိုခဲ့ကြကာ ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ကြိုပို့ဆောင်ခဲ့ကြသည်။ အဘသူရ ဦးတင်ဦးအတွက် သီးသန့် ရွေးချယ်ထားသည့် အခန်းတွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ မသွားရောက်မီ အချိန်တိုကာလ အတွင်း ခေတ္တနားနေစေခဲ့သည်။ အဘခေတ္တ နားနေသည့် အခန်းတွင် မြန်မာသံတော်ဆင့် အဖွဲ့သားများနှင့် နှုတ်ဆက် မိတ်ဆက်စကားပြော ဖြစ်ခဲ့ကြသည်။

အမှုဆောင်အရာရှိ ချုပ်က မိမိတို့ တရားစွဲခံထားရသည့် မြန်မာသံတော်ဆင့် အဖွဲ့သား ၁၁ ဦးနှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုသို့ မိတ်ဆက်ပေးခဲ့ရာတွင် အမှုဆောင်အရာရှိချုပ်က““အဘ ဒါတာမွေအောင်ကိုလေ အဘ။ အရင်ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့မှာ ပါခဲ့တဲ့သူပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေ ရေးနေတဲ့သူပါ””၊ အဘသူရ ဦးတင်ဦးက““အေးဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့အခါ ဒေါ်စုကြည်နဲ့ အဘနဲ့စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီး ခဲ့ကြတယ်။ အဲဒီအခါ ငါတို့ကားနဲ့ ထောက်လှမ်းရေး လုံခြုံရေးကားမှားပြီး ၀ိုင်းရိုက်ကြတာ အဲဒီ လုံခြုံရေးကား စိစိညက်ညက်ကို ကြေသွားတာပဲ။ ဘယ်လိုမှားပြီး ရိုက်မိကြလဲမသိဘူး။ အဘတို့ရဲ့ကားက နောက်ရောက်သွား တဲ့အခါ ကားမှားပြီး ရိုက်ကြတာ။

နောက်တော့ သူတို့ကားမှားပြီး ရိုက်ခဲ့မိကြတာသိရော အဘနဲ့ ဒေါ်စုကြည် စီးလာတဲ့ကားကိုပါ ထပ်ရိုက်ကြတာ။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်းထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှ အရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ်။ သဘောထား ကြီးခဲ့ကြရတယ်””။ အဘ သူရဦးတင်ဦးက အဲဒီလိုပွင့်လင်းစွာ ဖြစ်ပျက်ခဲ့ သည်များကို မိမိတို့ရှေ့မှာ ပြောချလိုက်တော့ အဲဒီအချိန်က ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့်သူ မိမိအနေဖြင့် အဘဦးတင်ဦး၏ရှေ့မှာ မတ်တတ် ရပ်နေနိုင်စွမ်းမရှိတော့ဘဲ အတွေးထဲ ၀င်လာခဲ့သည်က အဘကို ယခုကြုံကြိုက်သည့် အချိန်အခါတွင် ကိုယ်တိုင် ကိုယ်ကျ တောင်းပန်စကား ဆိုမှ ဖြစ်ပေတော့မည်ဟု ရှက်စိတ် စိုးရွံ့စိတ်များဖယ်၍ ဆုံးဖြတ်ချက် ချလိုက် မိတော့သည်။

ကျွန်တော် တောင်းပန်မှဖြစ်တော့မည် ဆုံးဖြတ်၍ မိမိက အဘဦးတင်ဦး ရှေ့နားတိုးကာ လက်အုပ်ချီ၍ ““အဘ ကျွန်တော် အဘအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ ပြစ်မှားခဲ့ မိတာတွေ ခွင့်လွှတ်ပေးပါ””ဟု တုန်ရင်သော အသံဖြင့် လက်အုပ်ချီတောင်းပန်စကား ဆိုလိုက်မိတော့သည်။ အဘဦးတင်ဦးက အံ့သြသည့် မျက်လုံးများဖြင့် ကြည့်လျက် အမှုဆောင်အရာရှိချုပ်က ““အဘခုနပြောတဲ့ ၀ါးရင်းတုတ်တွေနဲ့ ကြံ့ခိုင်ရေးတွေ အဘတို့ကားကို ၀ိုင်းရိုက်ခဲ့တဲ့အထဲမှာ အဲဒီတာမွေအောင်ကိုကြီးလည်း ပါခဲ့တယ်အဘ။ အဲဒါအခုအဘက အဲဒါတွေ ပြန်ပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်ပြီး အဘကို အခုလို ၀န်ချ တောင်းပန်နေတာပါ””။ ““ဟာ … ခွင့်လွှတ်တာပေါ့ကွာ။ ခွင့်လွှတ်ပါတယ်””ဟု ပြုံးရွှင်စွာဖြင့် ခွင့်လွှတ် စကား အဘပါးစပ်က ထွက်လာသည့်အခါမှ ပြုံးပျော်နိုင်ခဲ့ လေတော့ သည်။

အစဟိုးအရင်တုန်းက အဘတို့ကို လူဆိုးလူမိုက်ကြီးတွေလို့ ကျွန်တော်တို့က ထင်မြင်ယူဆခဲ့မိတာတွေဟာ အခု အဘနှင့် ကိုယ်တွေ့ကြုံဆုံ ခွင့်ရရှိခဲ့သောအခါမှ ထင်မြင်ချက်တွေဟာ တလွဲစီဖြစ်နေတာကိုသိခဲ့ ရပါသည်။ အဘ ဒီလို ခွင့်လွှတ်စကား ကြားရတာ ကျွန်တော့် စိတ်ထဲ တင်ကျန်နေတဲ့ အကြွေးတစ်ခု ဆပ်လိုက်ရသလို ရင်ထဲခံစား ပေါ့ပါးစေခဲ့ပါတယ် ဟု တွေးနေခဲ့မိသည်။ အဘခုနက ပြောခဲ့တဲ့ အဘတို့ကားနဲ့ လုံခြုံရေးကားမှားပြီး ရိုက်ခဲ့မိတဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြရတဲ့ ဖြစ်စဉ်နဲ့ တစ်ထပ်တည်း ဖြစ်ပျက်ခဲ့တဲ့ အတိတ်က ဇာတ်လမ်း တစ်ပုဒ်ပါ အဘ။ အဲဒီအချိန်အခါက ကြံ့ခိုင်ရေး အသင်းဝင်များဟာ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြရသည်ဟု ထင်မြင် ခဲ့ရပါသည်။ နိုင်ငံရေးနှင့် လူမှုရေးရောယှက်ကာ လုပ်ဆောင်ခဲ့ကြရသည့် မြေစာ ပင် လက်ကိုင်တုတ်တွေ ဖြစ်မှန်း မသိ ဖြစ်ခဲ့ကြရသည်။

မိမိတို့ကိုယ်၌ကလည်း လူစွမ်းကောင်းကြီးတွေလို ထင်မြင်နေခဲ့သည်။ အဘ ဦးတင်ဦး ပြောခဲ့သည့် အဖြစ်အပျက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က မိမိတို့ တစ်တွေ ၀ါးရင်းတုတ်တွေကို ဆာလာအိတ်တွေထဲထည့်၊ တစ်မြို့နယ်လျှင် အယောက် ၂၀၊ ဒိုင်နာကားများဖြင့် ချင်းချောင်း ရိပ်သာဝင်းထဲ အသင့်အနေအထားဖြင့် တပ်စွဲခဲ့ကြရခြင်းဖြစ်သည်။ တချို့မြို့နယ်များဆိုလျှင် လောက်လေးခွ၊ ဂျင်ဂလိများပင် ယူဆောင်လာခဲ့ကြတာကို တွေ့ခဲ့ကြရသည်။ အမိန့်တစ်စုံတစ်ရာ မရမချင်း အပြင်ကို မထွက်ရ၊ ညမှောင်ရီပျိုး ချိန်ကျမှ လူမသိအောင် တိတ်ဆိတ်စွာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အိမ်ပြန်ခဲ့ကြရသည်။ အခုတော့ အဘဦးတင်ဦးနှင့် ဆုံတွေ့ခိုက် ကိုယ်တိုင်ကိုယ်ကျ အမှားကို ၀န်ချတောင်းပန် လိုက်ရသဖြင့် စိတ်ထဲ ပေါ့ပါးလန်းဆန်း လျက် ကျေနပ် ယူနေမိသည်။

NLD နာယက အဘသူရဦးတင်ဦးကို ကြံ့ခိုင်ရေး ၀ါးရင်းတုတ် တပ်ဖွဲ့တွင် ပါဝင်ခဲ့ဘူးသူ တာမွေအောင်ကို က တောင်းပန်စကားဆိုလို့ အဘဦးတင်ဦးက ခွင့်လွှတ်သည့် စကားဆိုလိုက်သည့်အတွက် ၀မ်းသာကြည်နူး ပီတိဖြစ်ခဲ့ရပြီး အထိုက်တန်ဆုံး လုပ်ရပ်တစ်ခုဟု မြန်မာ သံတော်ဆင့် CEO ၏ ဂုဏ်ပြုစကား ပြောကြားခဲ့ခြင်းကို မိမိကိုယ်မိမိ ကျေနပ်နှစ်သက် နေမိသည်။ အခု အဘဦးတင်ဦး၏ ခန္တီသည်းခံခြင်းတရား၏ သဘောတရားကို နားလည်ခဲ့ရသည်။ သည်းခံခြင်းတရားက အများသူငါ၏ မေတ္တာကို ရယူနိုင်ခဲ့ရုံမက ကျွန်တော်တို့လို ဆန့်ကျင်ဘက် ဖြစ်ခဲ့သူများ၏ မေတ္တာကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့လေပြီ ဖြစ်သည်။ မိမိအနေဖြင့် ဂါရ၀မင်္ဂလာ ရိုသေထိုက်သူကို ရိုသေရခြင်းနှင့် အမှားကိုသိ၍ အမှန်ကိုမြင် ၀န်ချတောင်းပန်ခြင်း အမှုကို ပြုလုပ်ခဲ့ခြင်း သည် ကောင်းမြတ်သည့် အလုပ်တစ်ခု ဖြစ်သည် ဟု ဆိုလိုက်ချင်ပါသည်။

×××××××× ------- ××××××××

- နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စံချိန်ဟိုတယ်၌ မေလ ၁၂ ရက်နေ့တွင် တပ်မတော်အစိုးရလက်ထက် ကြံ့ခိုင်ရေး ၀ါးရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦး ကို ယခင်က အမှားကို ၀န်ချတောင်းပန်နေစဉ် (ဓာတ်ပုံ-ဆန်းဝင်းထွန်း)

- နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ မေလ ၁၂ ရက်နေ့တွင် လာရောက်၍ သမ္မတဦးသိန်းစိန်မှ တရားစွဲထားသော မြန်မာသံတော်ဆင့် သတင်းဂျာနယ်ဘက်မှ သက်သေလာရောက်ထွက်ဆိုပြီး အပြန် သူရဦးတင်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းဝင်းထွန်း)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရွှေတိဂုံစေတီတော် ရေရှည်တည်တံရေးအတွက် ထိန်းသိမ်းနိုင်ရန် တိကျခိုင်မာသော ဥပဒေပြဌာန်းချက်များ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကို မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းက သမ္မတထံသို့ အကြံပြုစာ တစ်စောင်ကို မတ်လ ၁၇ ရက်က နောက်ဆုံးထား ပေးပို့ထားကြောင်း အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမော်လင်းက မေလ ၁၇ ရက်တွင်ပြုလုပ် သည့် ရွှေတိဂုံစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေး ဖိုရမ်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။

သမ္မတထံ ပေးပို့သော အကြံပြုစာတွင် ရွှေတိဂုံစေတီတော်၏ ရေရှည် တည်တံ့မှုကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ စီမံကိန်းများကို စနစ်တကျ မလုပ်ပါက ရွှေတိဂုံ စေတီတော်ကြီး ရေရှည် တည်တံ့မှုအတွက် စိုးရိမ်ရကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးနှင့် သိင်္ဂုတ္တရ ကုန်းမြေ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှု အစီအမံများ မဖြစ်မနေ ရေးဆွဲရန် လိုအပ်ကြောင်း၊ တတ်ကျွမ်း နားလည်သော ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ ပါဝင်သည့် အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်၊ ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင် နေရာလပ်များကို အများပြည်သူသုံး နေရာများအဖြစ် ချန်လှပ် အသုံးပြု သင့်ကြောင်းတို့ကို ထည့်သွင်း တင်ပြထားသည်။

““ရွှေတိဂုံ စေတီတော်ဆိုတာ နှစ်ထောင်နဲ့ချီပြီး ရှိခဲ့တာ။ နောက်အနှစ် ၁၀၀၀ ကျွန်တော်တို့ မရှိလည်း ကမ္ဘာကြီး ရှိနေ သလောက် ရွှေတိဂုံ စေတီတော်ကြီး ရှိနေအောင်ဆိုရင် တိကျတဲ့၊ ပိုပြီးတော့ သေချာတဲ့ သုတေသနတွေ လိုတယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင်တဲ့ ဥပဒေတွေ ချမှတ်ဖို့လိုတယ်၊ ယဉ်ကျေးမှု Law ရှိတယ် ပြောတယ်။ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်ဘူး။ Zone Law တွေ၊ Urban Planning Control Law တွေ လိုအပ်တယ်။ တတ်ကျွမ်း နားလည်တဲ့ သူတွေနဲ့ ရေးဆွဲပြီး အဲဒါတွေက ဥပဒေနဲ့အညီ ရေးဆွဲ ပြဋ္ဌာန်းထားဖို့ လိုအပ်တယ်။ ဒီနေ့ပဲတင်တယ်။ သူ့လက်ထဲ ဘယ်တော့ ရောက်မလဲ မသိဘူး။ ကျွန်တော် ထင်တာကတော့ နောက်အကျဆုံး ဒီနေ့ပဲ””ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း ဒုဥက္ကဋ္ဌ ဦးမော်လင်းက ပြောသည်။

ရွှေတိဂုံစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဥပဒေများ ရေးဆွဲနိုင်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံသွားရန် အတွက်လည်း စီစဉ်ထားကာ အိမ်ရာစီမံကိန်းကြောင့် စေတီတော် ထိခိုက်နိုင်မှုရှိ၊ မရှိကို အစိုးရအနေဖြင့် ဆန်းစစ် လေ့လာချက်များ ပြုလုပ်သင့်ကြောင့်လည်း မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းက ယခုကဲ့သို့ တိုက်တွန်းထားသည်။

““ရွှေတိဂုံဘုရားကြီး ရေရှည် တည်တံ့ဖို့ ပိုက်ဆံလိုရင် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ ၀ိုင်းရှာ ကြမှာပေါ့။ တာဝန်ရှိတဲ့ သူတွေက ဒါလုပ်သင့်တယ်။ လက်ရှိ စီမံကိန်းတွေ ခဏထားဦး။ ဆန်းစစ်တာတွေ လုပ်သင့်တယ်လို့ ကျွန်တော်တို့ကို တစ်ခွန်းပြော။ ကျွန်တော်တို့ ပိုက်ဆံဝိုင်းရှာပြီး မလုပ်နိုင်ဘူးလား။ ကျွန်တော် ထင်တာတော့ အားလုံး အဲဒီလိုအတွက်ဆို ၀ိုင်းပြီးလှူကြ၊ တန်းကြနဲ့လုပ်ဖြစ်မှာပါ””ဟု ဦးမော်လင်းကဆိုသည်။

ရွှေတိဂုံစေတီတော်မှာ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ အရေးကြီးသည့် နေရာ တစ်ခုဖြစ်ပြီး စေတီတော် ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကူညီလိုကြောင်းလည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့က စေတီတော် ထိန်းသိမ်းရေးအတွက် ပြုလုပ်သည့် ဖိုရမ်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ဖိုရမ်သို့ဗိသုကာ၊ ဘူမိဒေဗနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များအပြင် လူဦးရေ ၅၀၀ ကျော် တက်ရောက် ခဲ့သည်။

ယခုကဲ့သို့ ဖိုရမ်ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ““ကျွန်တော်တို့ ရှေးပညာ ရှိတွေမှာ စကားတစ်ခုရှိပါတယ်။ ဆိုရေးရှိက ဆိုအပ်ပါတယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရှင်တွေဟာ အခုချိန်မှာ ဆိုစရာ စကားတွေ ရှိလာတဲ့အတွက် ကျွန်တော်တို့ရဲ့ စကားတွေကို တစ်နိုင်ငံလုံးကြားအောင် Save Shwedagon Forum ကို ကျင်းပရခြင်း ဖြစ်ပါတယ်””ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် ကောင်းမည်ထင်၍ ဆောင်ရွက်မှုများ သာ ဖြစ်သောကြောင့် မအောင်မြင် လျှင်လည်း အပြစ်မတင် သင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲ၌ ပြောကြားလိုက်သည်။

နိုင်ငံကောင်းမည်ထင်၍ နိုင်ငံရေးသမားများ ထောင်ကျခံကာ ဆောင်ရွက်ခဲ့သလိုပင် အစိုးရအဖွဲ့သည် လည်း နိုင်ငံကောင်းမည်ထင်၍ အသက်၊ သွေး၊ ချွေးများရင်းကာ ဆောင်ရွက်ခဲ့သော်လည်း ယနေ့မအောင်မြင်မှ အစိုးရအဖွဲ့ကို အပြစ်မတင်သင့်ကြောင်း ဦးတင်အေးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

““တစ်ပါတီနဲ့ တပ်မတော် အုပ်ချုပ်သွားတဲ့အခါ၊ ဖိနှိပ်ထားတဲ့အခါ တော်လှန်ချင်တဲ့ စိတ်တွေပဲ ကိန်းအောင်း တယ်။ တော်လှန်ချင်တဲ့စိတ်တွေ၊ မကောင်းမမြင်ချင်တဲ့ စိတ်တွေနဲ့ ဒါဖြစ်တယ်။ ယနေ့ ပွင့်လင်းစွာ ပြောတဲ့ အခါကျတော့ ဘာပြောပြော အဆိုးချည်းပဲ။ အစိုးရဘာလုပ်လုပ် အဆိုးချည်းပဲ။ ဒီတိုင်း ခင်ဗျားတို့ သွားလို့ မရဘူး။ ကျွန်တော် ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့တွေ အစိုးရဖွဲ့တယ်။ မကောင်းတာတော့ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော်လည်း တာဝန် ထမ်းဆောင်ဖူးပါတယ်။ နိုင်ငံကောင်းမယ်ထင်လို့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ရင်းပြီးတော့ လုပ်ခဲ့ပါတယ်။ ယနေ့ မအောင်မြင်ဘူး။ ခင်ဗျားတို့ အပြစ်တင်စရာ မလိုဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မကျေနပ်ဘူး။ အစိုးရလည်း မကောင်းတာ လုပ်တာပဲ။ နိုင်ငံရေးသမားလည်း ထောင်ကျခံပြီး ကောင်းစေချင်လို့ လုပ်တာပဲ။ Sanction ကြီးလုပ်ပါ။ နိုင်ငံတော်ကို ပိတ်ဆို့ပစ်စမ်း ပါလို့ ပြောတာ ကောင်းစေ ချင်လို့ပြောတာပဲ။ လူတိုင်းလူတိုင်း က ကောင်းမယ်ထင်လို့ လုပ်ခဲ့တာ။ ယနေ့မစားမထွက်တဲ့ အခါကျမှ အစိုးရအဖွဲ့ကို သွားမယ်ထင်သလား။ ထင်သင့်သလား။ ဒါတွေမလုပ်ပါနဲ့””ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် တပ်မတော်အစိုးရ လက်ထက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၌ လည်း ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

““ကျွန်တော်တို့က အဲဒီဆွေးနွေးပွဲကို တက်တာ။ အဲဒီလို ပြဿနာမျိုးကို ညှိနှိုင်းလို့ သွားတာမဟုတ်ဘူး။ ရှေ့ ကို နိုင်ငံအတွက် တိုးတက်မယ့်အရာ ကို မျှော်မှန်းပြီးသွားတာ။ အဲဒီလိုပြောတဲ့ ဟာမျိုးကို စိတ်မ၀င်စားဘူး။ အပြစ်တင်တယ် မတင်တယ်ဆိုတာ လုပ်ရပ်ပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော်တို့က ခုချိန်ထိတော့ ဘာကို အပြစ်တင်ရမယ် ဆိုတာ မပြောနိုင်သေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲက အဓိက ဖြစ်ပါလိမ့်မယ်””ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့် မညီသောကြောင့် အသစ်ပြန်လည် ဖွဲ့စည်းရန် လက်မှတ်ထိုး လှုပ်ရှားမှုများလည်းရှိသည်။

““အပြစ်တွေကို ကျူးလွန်တာ သူတို့ကိုယ်တိုင်ပဲ။ ဗိုလ်ချုပ်တင်အေး ဆိုတာက အရင်အုပ်ချုပ်ရေး အဖွဲ့တွေမှာ ပါခဲ့တဲ့ လူကြီးတွေပေါ့။ အရင်အစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ အပြစ်တွေက အများကြီးပဲဗျာ။ အရင်တုန်းက နိုင်ငံရေး သမားတွေ ကိုတောင်မှ ညှဉ်းပန်းနှိပ်စက် တိုင်းပြည်က ဒုက္ခဆင်းရဲနဲ့ကြုံရ။ အဲဒီလိုတွေက သူတို့ လုပ်ခဲ့ကြတာပဲ။ အပြစ်မတင်ဘူး တင်တယ်ကတော့ ပြည်သူလူထုကပဲ ပြော ပါလိမ့်မယ်။ ကော်မရှင်လူကြီးတွေ ကိုယ်၌က ဘက်လိုက်ပြီး တရားမျှတမှုမရှိဘဲ ပြောနေမှတော့ ရွေးကောက်ပွဲက တရားမျှတမှု ရှိမလားဆိုတာ သံသယရှိတယ်”” ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့် က ဝေဖန်ပြောကြား သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


ဖုန်းလိုင်းတွေရဲ့လုံခြုံရေးကို
Telenor ကတာဝန်ယူနိုင်မယ့်သဘောမရှိပါဘူး...

ဖုန်းသုံးတာ သတိထားကြပါ...
ရာဇဝတ်မှုနှင့် ပတ်သက်သောကြောင့် အစိုးရမှ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းခံခဲ့သည့်အတွက် Telenor အနေဖြင့် သိမ်းဆည်းထားသော အချက်အလက်ကို ပေးအပ်ခဲ့ရကြောင်း Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မိုဘိုင်းဖုန်းနံပါတ် ၁၅ ခု၏ အချက်အလက်များကို အစိုးရက တောင်းခံခဲ့သော်လည်း Telenor အနေဖြင့် ပေးအပ်သင့်သည်ဟု ယူဆသော မိုဘိုင်းဖုန်း နံပါတ် ၃ ခု၏ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု Mr. Petter Furberg ကဆို သည်။

“ရဲကနေတစ်ဆင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တောင်းတယ်။ အဲဒီကနေတစ်ဆင့် အော်ပရေတာကို ပြန်ပြီးတောင်းတာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ မူးယစ်ဆေးဝါးအမှုတွေ၊ လူပျောက်မှုတွေနဲ့ သက်ဆိုင်နေတာများတယ်” ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် အသုံးပြုသူများ၏ အချက်အလက်များကို လျှို့ဝှက် ထားရှိပေးရမည်မှာ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်သော်လည်း ရာဇဝတ်မှုများ၊ နိုင် ငံတော်လုံခြုံရေးနှင့် ပတ်သက်သည်များ ကြုံတွေ့လာပါက အခြားနိုင်ငံများနည်းတူ သက်ဆိုင်ရာတစ်ဆင့် အချက်အလက်များကို အော်ပရေတာ ထံမှ တောင်းယူကြည့်ရှုနိုင်သည်ဟု သိရသည်။

အစိုးရအနေဖြင့် အချက်အလက်များကို တောင်းခံရာတွင် ဆက်သွယ်ပြောဆိုထားသော ဖုန်းမှတ်တမ်းများ၊ ဆက်သွယ်ပြောဆိုခဲ့သည့် တည်နေရာများကို အဓိက ထား တောင်း ခံခြင်းဖြစ်ပြီး အော်ပရေတာများ ဘက်မှလည်း အစိုးရတောင်းခံသည့် အချက်အလက်များကို ရှာဖွေပေးရလေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အစိုးရနှင့် ဆက်သွယ်ရေး အော်ပရေတာများအကြား အချက်အလက်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးလျက်ရှိပြီး ဥပဒေတစ်ခုအနေဖြင့် စည်းမျဉ်း စည်းကမ်းများ မသတ်မှတ်နိုင်သည့် အချိန်ကာလတစ်ခုအတွင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်း လုပ်ကိုင်ဆောင် ရွက်နေကြခြင်း ဖြစ်သည်။

“အချက်အလက် တောင်းယူဖို့အတွက် တရားရုံးအမိန့်စာ ပါရမယ်လို့လည်း ရှိတယ်။ မရှင်းတာက ဘယ်တရားရုံးလဲ ဆိုတာပါပဲ” ဟု Mr. Petter Furberg က ဆိုသည်။

အချက်အလက်များ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ လူအခွင့်အရေးကို ထိခိုက်စေနိုင်သည်ဟုလည်း သုံးသပ်သူများ ရှိနေခဲ့သည်။ အစိုးရအတွက် အချက်အလက်များ ထုတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာများအနက် Telenor က ပထမဦးဆုံးအကြိမ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် အခြားသော ဆက်သွယ်ရေး အော်ပရေတာက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းမရှိပေ။

Internet journal
http://www.internetjournal.media/news/2655

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိလာတဲ့ လှေ ၂ စီးကို ဒုဌဝတီ ရေတပ်စခန်းက ကယ်တင်ထားလိုက်ပြီး လှေစီးဒုက္ခသည် ၂ဝဝ ကျော်ကို မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာမှာ နေရာချ ထားပေးတယ်လို့ သိရပါတယ်။

အဲ့ဒီလှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ရေတပ်က လိုက်လံဖမ်းဆီးရာကနေ ထွက်ပြေးလာပြီး မြန်မာ့ ပင်လယ် ရေပိုင်နက်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော ခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီးရွှေသန်းက ပြောပါတယ်။

"ကျနော်တို့ကို စိစစ်လွှတ်ပေးတာတော့ အများစုကတော့ ဘင်္ဂလားဒေရှ့်ကပဲ၊ လွှတ်တာကတော့ ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်တဲ့အချိန်မှာ ရေတပ်နဲ့တွေ့ပြီးတော့ လောလောဆယ် ဒီအဖွဲ့တွေကို မေးလို့ရသရွေ့ကတော့ ပထမတော့ ဘင်္ဂလားဒေရှ့် ရေတပ်ကသူတို့ကို တွေ့ပြီးတော့ ဖမ်းဆီးဖို့အတွက် လိုက်တယ်ပြောတယ်၊ ပြန်လိုက်တော့ သူတို့ကပြေးတယ်ပြောတယ်၊ ပြေးတော့ ဒီဘက်က ဦးပိုင်ရေပိုင်နက်ဘက်ကိုပြေးရင်းနဲ့ မြန်မာ့ရေတပ်မတော်နဲ့တွေ့ပြီးတော့ အဖမ်းခံရနေတယ်၊ ဒီနေ့စစ်ဆေးချက်အရတော့ သိရတာပေါ့"

ကယ်တင်ထားတဲ့ သဘောင်္ ၂ စီးမှာ ဒုက္ခသည် ၂ဝဝ ကျော်ပါတဲ့တစ်စီးနဲ့ နောက်တစ်စီးပေါ်မှာ ရိက္ခာတွေပါတယ် လို့ ရဲမှူးကြီးက ပြောပါတယ်။ သင်္ဘောပေါ်မှာပါလာတဲ့ ဒုက္ခသည်တွေကို အလယ်သံကျော်ကျေးရွာက အစ္စလာမ် အာရဗီစာသင်ကျောင်းမှာ ယာယီနေရာချထားပေးပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပါတယ်။

အဲဒီ့ ဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံကို သွားမယ့်လူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vjay Nambiar တို့ဟာ မနက်ဖြန်မှာ အဲ့ဒီ လှေစီးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

RFA



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့အဖွဲ့ဟာ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ လူ့အခွင့်အရေး အခြေအနေတွေ အမြန်ဆုံးပေးတိုက်တွန်းခဲ့ပါတယ်

ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အခြားအဖွဲ့တွေ ကနေ ရရှိထားတဲ့ အထောက်အထားတွေ အရ လက်ရှိ ပင်လယ်ပြင်မှာ ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေအနက် တဝက်လောက်က ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေးကို အဓိကထားပြောဆိုခဲ့ပြီး သတင်းထောက်များရဲ့ စိတ်ဝင်စားမှု ကိုလည်း အများဆုံးဖြစ်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သုံးသပ်ချက်တွေ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းရယူထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပါမယ်။

လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေ အရေးဟာ ဒေသတွင်းက နိုင်ငံတွေ အားလုံးနဲ့သက်ဆိုင်တာကြောင့် အတူဖြေရှင်းပြီး တာဝန်ခွဲယူကြဖို့လိုအပ်တယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိပင်လယ်ပြင်ကို ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့ တစ်ဝက်လောက်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့လည်း သူက အခုလိုပြောပါတယ်။

"ပင်လယ်ထဲက ကယ်တင်ထားတဲ့လူတွေကနေရော၊ ကမ္ဘာ့ကုလသမဂအဖွဲ့နဲ့ အခြားအဖွဲ့တွေရဲ့ အချက်အလက်တွေကနေရော သိထားတဲ့အတိုင်းဆိုရင် အခုပင်လယ်ထဲမှာ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေထဲက တစ်ဝက်လောက်ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကဖြစ်တယ် လို့ ဖော်ထုတ် ထားပါတယ်။ သူတို့တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်းပါဝင်ကြပါတယ်၊ သူတို့ဘဝတွေကို ရင်းပြီး အန္တရာယ်များတဲ့ ပင်လယ်ထဲကို ထွက်ပြေးဖို့၊ သူတို့ဘဝတွေကို လူကုန်ကူးသူတွေဆီ ထည့်လိုက်ရအောင် ဖြစ်လာတဲ့ အကြောင်းအရင်းတွေလည်း သူတို့မှာရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရော၊ ကမ္ဘာ့ကုလသမဂနဲ့ အခြားအဖွဲ့တွေရဲ့ ကြိုးပမ်းမှုအရ ရရှိထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင်တော့ ဒီဒုက္ခသည်တွေထဲက အများစုဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်၊ ရခိုင်ပြည်နယ်က ဆိုးဝါးတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးလာရတာဖြစ်တယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန်က လှေစီးပြေး ဒုက္ခသည်တွေ အားလုံး ဟာ မြန်မာနိုင်ငံ ကဖြစ်တယ် ဆိုတဲ့ ပြောကြားချက်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ပြီး ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းကတော့ ဒုက္ခသည်တွေထဲက အများစုမှာ မြန်မာနိုင်ငံ မှ မဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။

Mr. Blinken အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံက ဧည့်ခံကျင်းပမယ့် လှေစီးပြေး ဒုက္ခသည်များ အရေး သုံးနိုင်ငံဆွေးနွေးပွဲမှာ တာဝန်တွေခွဲယူပြီး မျှမျှတတ ဖြေရှင်းကြဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တိုးတက်မှုတွေရှိပေမယ့် အရေးကြီးတဲ့ စိန်ခေါ်ချက်တွေကိုလည်း ရင်ဆိုင်နေရတုန်းပဲလို့ Mr. Blinken က ဆိုပါတယ်။ လူနည်းစုဝင်တွေရဲ့ အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် စတဲ့ စိန်ခေါ်ချက်တွေကို ရှိနေသေးကြောင်း သူက အခုလိုပြောဆိုလိုက်ပါတယ်။

"အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ မြန်မာနိုင်ငံသားတွေ အတွက် ဥပဒေကြောင်းအရ အာမခံမှုတွေ အပါအဝင် အခြားအရေးကြီးတဲ့ စိန်ခေါ်ချက်တွေဖြစ်တဲ့ သတင်းထောက်တွေ အပေါ်ဆက်ဆံမှု၊ ဆန္ဒပြသူတွေအပေါ် ဆက်ဆံမှု နဲ့ တိုင်းရင်းသားဒေသတွမှာ လူ့အခွင့်အရေးရရှိမှုတွေကတော့ လုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်တွေဖြစ်ပြီး အမှန်တကယ် တိုးတက်နေပေမယ့် မလုံလောက်သေး တာကိုတွေ့ရပါတယ်။"

ရောက်ရှိလာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ စောင့်ကြည့်နေမယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ဗီတို အာဏာရရှိထားတာမျိုးကတော့ အငြင်းပွားဖွယ်ရာတော့ ဖြစ်နေတယ်လို့ Mr. Blinkenက အခုလို ဆိုပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ ပြဌာန်းချက်အချို့ဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကိုတွေ့ရပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုက အငြင်းပွား ဖွယ်ရာဖြစ်နေတာပါ။ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တွေ့ဆုံခဲ့ကြတာတွေလည်းရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ကြရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဝင်ရောက်ပြောဆိုလိုတာမရှိပါဘူး။ ဒါပေမယ့်လည်း စည်းမျဉ်းစည်းကမ်း အရပြောရမယ် ဆိုရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ စစ်တပ်က ဗီတိုအာဏာ ရရှိထားတာ၊ မြန်မာနိုင်ငံသားတွေ ကိုယ်နှစ်သက် တဲ့ခေါင်းဆောင် ရွေးချယ် တင်မြှောက်ခွင့်မရအောင် ကန့်သတ် ထားတာတွေဟာ ဝိရောဓိဖြစ်စရာတွေပါ။"

လက်ရှိမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မနေ့က မေလ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံကာ ညနေပိုင်း မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးညှိနှိုင်းရေး NCCT အဖွဲ့နဲ့ လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါသေးတယ်။

သိင်္ဂီလင်း(VOA)
http://burmese.voanews.com/content/antony-blinker-presser-in-myanmar/2783076.html

ဆရာဦးဝေယံအောင် (ဓာတ်ပုံ - အောင်အောင်ကျော်)
ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ဆရာဦးဝေယံအောင်ကို ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ပုသိမ်မြို့နယ်တရားရုံးမှာ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်  အလုပ်နဲ့ထောင်ဒဏ် ၃ လချမှတ်လိုက်ပါတယ်။

ဆရာ ဦးဝေယံအောင်အမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုအောင်အောင်ကျော်က “အမှုက ပင်မ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းတာနဲ့ပတ်သက်ပြီးတော့ ပုသိမ်မြို့တော်ခန်းမရှေ့က ရင်ပြင်မှာ ဧရာဝတီသပိတ်စစ်ကြောင်းကနေပြီး ထိုင်သပိတ်လုပ်ကြတယ်ပေါ့။ အဲဒီဟာကို အကြောင်းပြုပြီးတော့ တရားစွဲတာပါ” လို့ ပြောပါတယ်။

ဆရာဦးဝေယံအောင်ဟာ ပုသိမ် ဂျီတီစီ ကျောင်းက သရုပ်ပြ ဆရာဖြစ်ပြီး အမျိုးသား ပညာရေးဥပဒေကို ဧရာဝတီကျောင်းသားတွေအနေနဲ့ သပိတ်မှောက်ရာမှာ သူက ဦးဆောင်ပါဝင်လာသူဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဧရာဝတီသပိတ်စစ်ကြောင်းရဲ့ ဦးဆောင်ကော်မတီတဦးဖြစ်လာပြီး ဧရာဝတီသပိတ်စစ်ကြောင်းနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်ပါတယ်။  ဧရာဝတီ သပိတ်စစ်ကြောင်းမှာတော့ ပထမဦးဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


မြန်မာနိုင်ငံရှိ မြွေများကို သရုပ်ခွဲကြည့်သောအခါ အဆိပ်ရှိသောမြွေနှင့် အဆိပ်မရှိသော မြွေဟူ၍ နှစ်မျိုးခွဲခြား နိုင်မည်ဖြစ်သည်။ အဆိပ်မရှိသောမြွေများမှာ ရေမြွေ၊ လင်းမြွေ စသည်ဖြင့်ဖြစ်သည်။ အဆိပ်ရှိသော မြွေများစွာရှိသော်လည်း အဓိက အားဖြင့် မြွေပွေးနှင့်မြွေဟောက်ကို တွေ့မြင်ရမည် ဖြစ်သည်။ နှစ်မျိုးစလုံး အဆိပ်ပြင်းတာခြင်း တူသော်လည်း စရိုက်သဘာဝအားဖြင့် မတူတာကို တွေ့ရမည်ဖြစ်သည်။ မြွေဟောက်သည် ရှူးရှူးရှားရှားနှင့် နှာမှုတ်နေလေ့ရှိသည်။ သူ့ကိုသွားထိလျှင်လည်း ချက်ခြင်းမကိုက်။ သူ့ကို အန္တရာယ်ပေးလာသည်ဟု ထင်မြင်သူကို မကိုက်ခင် ပါးပြင်းထောင်၍ သတိပေးလေ့ရှိသည်။ ထိုသို့ ပါးပြင်းထောင်သဖြင့် လူ၊ တိရိစ္ဆာန်စသောသတ္တ၀ါများသည် မြွေနှင့်ဘက်ပြိုင် ရန်မပြုလိုသောကြောင့် ၎င်း၊ ကြောက်ရွံ့ထိတ်လန့်သောကြောင့်၎င်း အချိန်မီရှောင်ကွင်းသွားလေ့ရှိသည်။ ရှောင်ထွက်ရန်အချိန်ရသည်။ မပစ်ခင်သတိပေး ခြောက်လှန့်သောသေနတ်သမားအဖြစ် မြွေဟောက်သည်ပြုမူလေ့ရှိသည်။ မြွေပွေးကားဤသို့မဟုတ်၊ သူ့ကိုမထိသရွေ့ဘာမှမလုပ်သော်လည်း သူ့ကိုနည်းနည်းထိသည်နှင့်လုံးဝအလွတ်မပေးပဲ ချက်ခြင်း တုန့်ပြန်တိုက်ခိုက်သည်။ တုန့်ပြန်လျှင်လည်း ခံရသူမှာအသက်ဆုံးသည်အထိ ဖြစ်တတ်သည်။ ကြိုတင်သတိပေးချက်လည်း မည်သည့်အခါမျှ မထုတ်တတ်ပါ။ မြွေပွေး၏သဘာဝမှာ လျှို့ဝှက်တတ်သည်။ ဆတ်ဆတ်ထိ မခံသောသဘောရှိသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ယနေ့ ၂၀၁၅ အထိ ကျွန်တော်တို့နိုင်ငံ၏အစိုးရအဆက်ဆက်သည် မြွေပွေးနှင့်တူသည်ဟု ထင်မြင်ယူဆမိပါသည်။ သူတို့ကိုမထိသရွေ့၊ သူတို့အကျိုးစီးပွားကို မထိသရွေ့ အားလုံးကိုလွှတ်ထားသည်။ သင်သည်ကြိုက်ရာကို လုပ်နိုင်သည်။ သူတို့အကျိုးစီးပွားကို ထိလာသည်နှင့် မြွေပွေးတစ်ကောင်လို အဆိပ်အပြည့်ဖြင့် ထပြီးပေါက်တတ်ပါသည်။ ဦးနေ၀င်းအစိုးရလက်ထက်တွင် သူ့အကျိုးစီးပွားကိုမထိခိုက်သောအခါ မှောင်ခိုစီးပွားရေး စနစ်ဆိုးကို လစ်လျှူရှုထားပါသည်။ တိုင်းပြည်စီးပွားရေးကျဆင်းမှုကို တာဝန်ယူကိုင်တွယ်ခြင်း မပြုခဲ့ပါ။ သို့သော် သူ့အကျိုးစီးပွားနှင့် အာဏာကို လာထိပါးသောအခါ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးစင်သို့ပို့ခဲ့ပါသည်။ နိုင်ငံရေးသမားများအား ကိုကိုးကျွန်းသို့ ပို့ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲ၍ဖျက်ဆီးခဲ့ပါသည်။ ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်ကြီးတင်ဦးကို ရာထူးမှဖြုတ်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီးတင်ဦးကို ရာထူးမှထုတ်ပါယ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ကြီး ကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ၈၈ အရေးအခင်းတွင် ကျောင်းသားများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ပါသည်။
ဦးနေ၀င်းအစိုးရကိုဆက်ခံသော န.၀.တ၊ န.အ.ဖ စစ်အစိုးရလက်ထက်တွင် သူတို့အာဏာစက်ဝိုင်းကို မထိပါးသောအခါ တိုင်းပြည်ဘာပဲဖြစ်ဖြစ် ခရိုနီများကို စိတ်ရှိလက်ရှိ သစ်ခုတ်ခွင့်ပေးခဲ့သဖြင့် တနိုင်ငံလုံး တောများပြုန်းကာ တောင်ကတုံး၊ တောကတုံးများ ဖြစ်ခဲ့ပါသည်။ ဖားကန့်တွင် လုပ်ကွက်များအလွန်အကျွံ ချပေးမှုကြောင့် မြေပြိုမှုများ၊ ချောင်းကောမှုများ၊ သဘာဝပျက်စီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါသည်။ နိုင်ငံရေးမှလွဲ၍ ကြိုက်ရာလုပ်ခွင့်ပြုခဲ့သဖြင့် သစ်မှောင်ခိုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ရာထူးအာဏာကိုသုံးကာ ကိုယ်ကျိုးရှာမှုများ အတောမသတ်အောင်ဖြစ်ခဲ့ပါသည်။ သူတို့နှင့် ပလဲနံပ သင့်သောအခါ KNU ခေါင်းဆောင်ကို ဗိုလ်ချုပ်မြဟုခေါ်ခဲ့ပါသည်။ အာဏာကိုထိပါးလာသောအခါ ငမြဟု သတင်းစာများတွင် ရေးသားခဲ့ပါသည်။ ထိုခေတ်က အာဏာရှင်ဟောင်းဦးနေ၀င်း၏ သမီးနှင့်မြေးများ ဘုန်းမီးနေလတောက်ပကာ လက်ရှိအာဏာရှင်အသိုင်းအ၀ိုင်းတခုသဖွယ် ပြုမူနေထိုင်ကာ အခွင့်ထူးများရယူနေသည်ကိုလည်း အစိုးရသည် သူတို့ကိုမထိသေးသ၍ ဘာမှမလုပ်ပဲလွှတ်ထားခဲ့ပါသည်။ ဂိုဏ်းစတားဆန်ဆန် ရမ်းကားမှုများကိုကြားရသော်လည်း ဥပဒေအရအရေးယူမှု မရှိခဲ့ပေ။ သို့သော် ဤဖြစ်ရပ်မှာ သူတို့ကိုမထိသေး၍ မကိုက်သေးခြင်းသာဖြစ်ကြောင်း မကြာခင်ပေါ်လာပါသည်။ အေးနေ၀င်း၊ ဇွဲနေ၀င်းနှင့် သူတို့၏ဖခင်၊ မိခင်တို့ အာဏာသိမ်းရန်ကြံစည်နေသည်ဟု မသင်္ကာဖြစ်သည်နှင့် တုတ်နှင့်ထိုးခံရသောမြွေပွေးတကောင်လို တုန့်ပြန်ပါသည်။ ယခင်က ဘာလုပ်လုပ် လွှတ်ထားခဲ့သော အခွင့်ထူးခံမိသားစု ချက်ခြင်းအင်းစိန်ထောင်သို့ရောက်သည်။ နေအိမ်အကျယ်ချုပ် ကျသူကကျသည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဟူသော ဧရာမပုဒ်မကြီးဖြင့် အရေးယူခံရသည်။ တပ်မတော်၏ခေါင်းကိုင်ဖခင်ကြီး(သူတို့ဆရာကြီး) ဦးနေ၀င်းပင် နေအိမ်အကျယ်ချုပ် ကျခံရသည်။ ကွယ်လွန်ချိန်တွင် မည်သူမှလိုက်မပို့ရဘဲ မထင်မရှားသဂြိုဟ်လိုက်ရသည်။

အာဏာနှင့်အကျိုးစီးပွားဟူသောမြွေပွေးကို သွားထိသောအခါဖြစ်ပေါ်လာသည့် တုန့်ပြန်မှုတွေပင်တည်း။
ဦးနေ၀င်းမိသားစုသာမဟုတ် တပ်မတော်ထောက်လှမ်းရေးခေါင်းဆောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်လဲ ယခင်ကနှစ်ကိုယ့်တစိတ်နေနေရာမှ မိမိကုလားထိုင်အာဏာကိုထိခိုက်လာပြီဟုထင်ရသောနေ့တွင် လျှပ်စစ်၏လျှင်မြန်ခြင်းမျိုးဖြင့် ထပေါက်ခံရသည်။ အာဏာကိုထိမလာလျှင် သူရဲကောင်း၊ အာဏာဟူသောမြွေကြီးကိုထိလာလျှင် မည်သူ့ကိုမျှအလွတ်ပေးလိမ့်မည်မဟုတ်။ လေထဲတွင်ပျံနေသောယင်ကောင်ကိုပင် မလွတ်တမ်းပေါက်နိုင်သည်။ ယခင်က ဖူးဖူးမှုတ်ခံထားရသောရဟန်းသံဃာတော်များ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရ၏ အာဏာနှင့်အကျိုးစီးပွားကိုထိပါးမှုကြောင့် ရက်ရက်စက်စက်နှိမ်နှင်းခံရသည်။ အာဏာ၏အဓိကခြိမ်းခြောက်မှုဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဒီပဲယင်းတွင်ခြုံခိုတိုက်ခိုက်လုပ်ကြံခံရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိုင်ရသော လွှတ်တော်အမတ်များကို ပိုက်စိတ်တိုက်ဖမ်းဆီးထောင်ချသည်။

ယခုခေတ်တွင် ဒီမိုကရေစီအစိုးရဖြစ်သွားပြီ၊ ပွင့်လင်းမြင်သာမှုတွေရှိပြီ၊ လူ့အခွင့်အရေးတွေရှိလာပြီဟု ထင်သူကထင်ကြသည်။ တက်လာကာစက အထင်ကြီးသူက ကြီးကြသည်။ ယုံသူက ယုံကြသည်။ ကျွန်တော်မြင်တာတော့ ကျွန်တော်တို့ယခုရနေသောလွတ်လပ်မှုဆိုသည်မှာ မြွေပွေးတစ်ကောင်နှင့် တခန်းထဲဝယ်အတူနေရသော လွတ်လပ်မှုမျိုးဖြစ်သည်။ သင်သည်မြွေကိုသွားမထိခင်အချိန်အထိ လွတ်လပ်မှုကို စိတ်ကြိုက်ခံစားနိုင်သည်။ သစ်ခုတ်မလား၊ ဘဏ်ဖွင့်မလား၊ ယခင်က ဘုန်းထားသောပိုက်ဆံများကို ငွေကြေးခ၀ါချမလား၊ ရွှေသတ္တုတွင်း တူးမလား၊ ကျောက်မျက်တူးဖော်မလား၊ နိုက်ကလပ်ထောင်မလား၊ ရွှေတိဂုံဘုရားအနီးတွင် အထပ်မြင့်ကွန်ဒိုမီနီယံဆောက်မလား၊ အားလုံးကိုလွတ်လပ်စွာလုပ်နိုင်သည်။သို့သော် အစိုးရ၏ အကျိုးစီးပွားကိုတော့လာမထိနှင့် အားလုံးကိုပြင်းထန်စွာတုန့်ပြန်ပေမည်။ ထိုမူဝါဒကြောင့်ပင် လာဘ်စားသူများစွာရှိနေသည့်နိုင်ငံအတွင်းမှ သာသနာရေးဝန်ကြီး(ယခင် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ ) ဦးဆန်းဆင့် အရေးယူခံရသည်။ မော်စကိုကိုရောက်သွားသည်။ တပ်မတော်၏အတွင်းရေးကို ထုတ်ဖော်ရေးသားသော ပေါက်မြို့မှ Unity ဂျာနယ်သတင်းထောက်များ နရသိမ်နန်းသို့ စံမြန်းရသည်။ တိုက်ပွဲသတင်းများကို ရှာရှာဖွေဖွေလိုက်လံရေးသားသော သတင်းထောက်ကိုပါကြီး အသတ်ခံရသည်။ တပ်မတော်၏အကျိုးစီးပွားဖြစ်သော စီးပွားရေးဦးပိုင်လီမိတက်ကို ဆန့်ကျင်ဆန္ဒပြသော ရဟန်းသံဃာတော်များ လက်ပန်းတောင်းတောင်သပိတ်စခန်းဝယ် မီးလောင်ဗုံးများ ဆက်ကပ်လှူဒါန်းခံရသည်။ လက်ပန်းတောင်းတောင်အနီးတွင် သူတို့လယ်ယာများကို မြန်မာဝမ်ပေါင်ကုမ္မဏီမှ ခြံစည်းရိုးခတ်သည်ကိုတားမြစ်သော ဒေသခံတောင်သူဒေါ်ခင်ဝင်း နဖူးတည့်တည့်သို့ကျည်ဆန်အစစ်ဖြင့် ပစ်သတ်ခံရသည်။ အစိုးရ၏အကျိုးစီးပွားသည်၊ တပ်မတော်၏အကျိုးစီးပွားဖြစ်သည်။ တပ်မတော်၏အကျိုးစီးပွားသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏အကျိုးစီးပွားသည် မြန်မာဝမ်ပေါင်ကုမ္မဏီ၏အကျိုးစီးပွားဖြစ်သည်။ မြန်မာဝမ်ပေါင်ကိုထိပါးခြင်းသည် အစိုးရကိုထိခြင်းဖြစ်သည်။ ထိုဖော်မြူလာအရ တရုတ်သံရုံးရှေ့တွင်ဆန္ဒပြသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှတို့ခြောက်ဦးကို ပုဒ်မခြောက်ခုဖြင့်ဖမ်းချုပ်ပြီး အင်းစိန်ထောင်သို့ ရမန်နှင့်ပို့လိုက်၏။ အခြားအမှုများတွင် အမှုစစ်ကာလမှာ နှစ်နှင့်ချီ၍ကြာမြင့်သော်လည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အမှုမှာ လျှင်မြန်လှ၏။ အာဏာစက်ကွင်းကိုထိပါးလာပြီဖြစ်သဖြင့် တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ကိုနေမျိုးဇင်အပါအ၀င်ခြောက်ဦးအား အလုပ်နှင့်ထောင်ဒဏ် လေးနှစ်လေးလစီကျခံရန် ဒဂုံတရားရုံးက ၁၅.၅.၂၀၁၅ တွင် အမိန့်ချမှတ်ခဲ့သည်။ အမှုစတင်ဖြစ်ပွားသည့် ၂၉.၁၂.၂၀၁၄ နှင့် အမိန့်ချမှတ်သော ၁၅.၅.၂၀၁၅ ကိုကြည့်လျှင် ပုဒ်မသုံးခုအတွက်အမှု စ စစ်ချိန် စုစုပေါင်း လေးလခွဲသာ ကြာသည်ဖြစ်ရာ မြန်မာနိုင်ငံတရားရေးဌာနသည် အလုပ်မလုပ်ဘူးဟု မည်သူလာ၍စွတ်စွဲနိုင်ပါတော့မည်နည်း။ အစိုးရ၏အာဏာကိုထိပါးလာလျှင် တရားရုံးများသည် လျှပ်စစ်အဟုန်ဖြင့် အလုပ်လုပ်ကြသည်ကို တွေ့မြင်နိုင်ကြပေသည်။ တဖက်တွင်လည်း အစိုးရ၏ကုလားထိုင်နှင့် မသက်ဆိုင်သောအမှုများတွင် နှစ်ပေါက်ရုံမက နှစ်ချို့အောင်ပင် အချိန်ယူစစ်ကြောနေတတ်တာလည်း တွေ့ရပေမည်။
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရန်အတွက်ဆန္ဒပြချီတက်နေကြသော တက္ကသိုလ် ကျောင်းသားများနှင့် ၀န်းရံသူများကို အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသူများဟု မမြင်၊ သူတို့အာဏာတည်မြဲရေးကို ထိပါးလာသူများဟု ယူဆသည်။ ထို သီအိုရီအရ အာဏာစက်ဝန်းကိုထိလာလျှင် သည်းမခံတတ်သောထုံးစံအရ မြို့တော်ခန်းမရှေ့တွင်၊ လက်ပံတန်းတွင် ကျောင်းသားပြည်သူကို ရက်ရက်စက်စက် ရိုက်နှက်အကြမ်းဖက်ဖြိုခွဲသည်။ ပြီးတော့အရှက်မရှိ E.U နည်းဖြင့်လုပ်ခဲ့ပါသည်ဟု တရားရုံးတွင်ရဲကထွက်ချက်ပေးသေးသည်။ ဟိုကရိုက်လို့ ဒီကပြန်ရိုက်ရပါသည်ဟု ခေါင်းဆောင်ကြီးက ဖာသည်။ ကျောင်းသားများနှင့် ၀န်းရံသူပြည်သူများကို ထောင်သွင်းအကျဉ်းချကာ ပုဒ်မ ၃ မျိုးမှ ၅ မျိုးအထိတပ်ကာ အမှုဖွင့်အရေးယူသည်။ အသက် ၁၈နှစ်မပြည့်သူကျောင်းသားကလေးနှစ်ဦးကိုပင် ဖမ်းဆီးချုပ်နှောင်ထားပြီး တဦးကိုမကြာခင်ကမှ အာမခံပေးသည်။ ပေါက်မြို့မှလျှို့ဝှက်စက်ရုံတခုအကြောင်း ဖော်ထုတ်ရေးသားသော ယူနတီဂျာနယ်မှသတင်းထောက်နှင့် အယ်ဒီတာများ ထောင်ဒဏ်ကျခံရ၏။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အကြောင်းကို ဖော်ထုတ်ရေးသားသော မြန်မာပို.စ်ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ်တို့ အသရေဖျက်မနှင့် တရားစွဲခံရကာ ထောင်ဒဏ်၂လ ကျခံရ၏။ အခြားသော အရပ်သားအချင်းချင်း စွဲဆိုသောအသရေဖျက်မှုများတွင် ထောင်ဒဏ်တခါမှမချဖူးပဲ ဒဏ်ငွေကျပ် နှစ်သောင်းခန့်သာ ချမှတ်လေ့ရှိ၏။

အခြားတဖက်တွင် အာဏာစက်ဝန်းကို ထိပါးလာခြင်းမဟုတ်သောအခါ စစ်တပ်ဝင်းထဲတွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်သောသူတဦးကိုပင် ဖခင်ဗိုလ်ချုပ်ကြီးဟောင်းမျက်နှာဖြင့် အာမခံပေးပေ၏။ အလွတ်တမ်းသတင်းထောက်ကိုပါကြီးကို ပစ်သတ်သော သူများကိုပင် တန်းပြည့်စစ်မှုထမ်းနေချိန်တွင် ဖြစ်ပွားသောကြောင့် အပြစ်မရှိဟု ဆုံးဖြတ်ခဲ့ကြသည်မှာ အံ့သြစရာဖြစ်ပေ၏။ လူတယောက်၏ အသက်အိုးအိမ်စည်းစိမ်မှာ တန်းပြည့်စစ်မှုထမ်းနေချိန်တွင် လုပ်ချင်သလိုလုပ်၍ရသည်ဟူသော စစ်အစိုးရလက်ထက်က စိတ်သဘောထားမျိုးဖြစ်သည်။ မြို့ပေါ်တွင်လူတယောက်ကို ၀ရမ်းမပါဘဲလာဖမ်းသွားပြီး သူတို့လက်ထဲတွင်သေကာမှ စစ်မြေပြင်တွင်သေပါသည်ဟုပြောခြင်းမှာ တာဝန်မဲ့လှသည်။ အာဏာကိုထိပါးလာခြင်းမဟုတ်သောအခါ ငါးလောင်းပြိုင်လူသတ်မှုသည်လည်း တရားခံပျောက်နေ၏။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဘေးတွင် ကိုးမမ ပစ္စတိုကျဉ်ဆန်ဒဏ်ရာနှင့် သေဆုံးနေသောမိန်းကလေးတယောက်အမှုမှာလည်း မပေါ်လွင်တော့ပါ။ ပြည်န၀ဒေးတံတားအောက်မှလူသတ်မှုမှာလည်း သိသိကြီးနှင့်မျက်ကွယ်ပြုခြင်းခံနေရပေ၏။ ကိုပါကြီးကိုသတ်သူ၊ ဒေါ်ခင်ဝင်းကိုသတ်သူ၊ ဒီပဲယင်းတွင် လူများစွာကိုသတ်သူ၊ ကချင်ဆရာမလေးကိုသတ်သူများလည်း ယခုထက်တိုင် ပဟေဋိကိုအဖြေမညှိနိုင်သေးပါ။

မြန်မာနိုင်ငံတွင် ထောင်ကျချင်လျှင်လွယ်၏။ ထောင်မကျချင်လျှင်လည်းလွယ်သည်။ ဖော်မြူလာကိုလူတွေကမသိသေးသဖြင့် ခက်နေခြင်းဖြစ်သည်။ အစိုးရသည် မြွေပွေးတစ်ကောင်ကဲ့သို့ သူ့ကိုမထိလျှင်ဘာမှမတုန့်ပြန်ဘဲ ငြိမ်လျှက်ကြည့်နေတတ်သည်ဖြစ်ရာ သူတို့အာဏာနှင့် အကျိုးစီးပွားကို သွားမထိဘဲ ကြိုက်သည့်အလုပ်ကိုလုပ်ပါ(ကြိုက်သည့်အလုပ်ဆိုသည်မှာ အကောင်းအဆိုး အားလုံးပါဝင်သည်)။ သင်သည်ဘယ်တော့မှ ထောင်ကျခြင်း၊ အသတ်ခံရခြင်း ဖြစ်မည်မဟုတ်ပါ။ သင်ထောင်ကျချင်လျှင်လည်း လွယ်ပါသည်။ သင်သည် မည်မျှပင်ကောင်းရောင်းကောင်းဝယ်လုပ်သည်ဖြစ်စေ၊ အများအကျိုးကိုစေတနာဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ သမာအာဇီဝ အလုပ်ကို လုပ်စားသည်ဖြစ်စေ၊ အစိုးရ၊ နိုင်ငံ့ပညာရေး ကောင်းအောင်လုပ်သည်ဖြစ်စေ၊ ပရဟိတလုပ်သည်ဖြစ်စေ တပ်မတော်၊ ဦးပိုင်လီမိတက်၊ အစိုးရအဖွဲ့စသည့် အကျိုးစီးပွားများကို သွားမထိလေနှင့်၊ အာဏာနှင့် အကျိုးစီးပွားကိုထိသည်နှင့် အင်မတန်အဆိပ်ပြင်းသောမြွေသည် မြွေပွေးတစ်ကောင်ကဲ့သို့ သင့်ကိုတန်းတန်းမတ်မတ် ကိုက်ခဲမည်ဖြစ်သည်။ သူ့ကိုသွားမထိလျှင်မူကား သင်သည်လုပ်ချင်တာလုပ်၍ ခရိုနီဘီလျံနာသူဌေးကြီး ဖြစ်နိုင်ပါသေးသည်။ ကံကောင်းလျှင် နိုင်ငံတော်အကြီးအကဲကပေးအပ်သော ဆုတံဆိပ်များပင် ရနိုင်ပါသေးသည် တမုံ့။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


အင်ဒိုနီရှားနိုင်ငံ Lhoksukon မှာ မေလ ၁၁ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ် Photo: RFA
ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီး ဒုက္ခသည်တွေရဲ့ အသက်တွေကို ကယ်တင်ကြဖို့  မြန်မာနဲ့ ဒေသတွင်း နိုင်ငံအားလုံးကို အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်စင်တာ (American Center) မှာ ဒီနေ့ ညနေပိုင်းက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Blinken က အခုလို တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ပင်လယ်ပြင်မှာ မျောနေကြတဲ့ လှေစီးဒုက္ခသည်တွေ ကို ဒေသတွင်နိုင်ငံအားလုံးက လူသားချင်း စာနာထောက်ထားပြီး ကယ်တင်ကြဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေကို ကူညီနိုင်ဖို့အတွက် အဆင်သင့်ရှိပါတယ်။ လှေစီး ဒုက္ခသည်တွေကို ကမ်းပေါ်ရောက်အောင် ကယ်ဆယ်ဖို့လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှုပေးဖို့ အပြင် မေတ္တာထားပြီး ကူညီကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်လို့" အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဦးတည်ပြီး ပင်လယ်ပြင်မှာ မျောပါနေကြတဲ့ လှေစီးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကဖြစ်ပြီး တဝက်နီးပါးလောက်ဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ Mr. Blinken က သူတို့လေ့လာတွေ့ရှိချက်ကို ကိုးကားပြီးပြောပါတယ်။

ဒါ့အပြင် လာမယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံပေါင်း ၈ နိုင်ငံက ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေ ဒီလှေစီးဒုက္ခသည်အရေးကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း ဖြေရှင်းရမယ့် အရေးကြီးပြဿနာအဖြစ်မှတ်ယူပြီး လက်တွဲဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ထွက်ခွာနေတဲ့ လှေစီးဒုက္ခသည်တွေအရေး ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ အမေရိကန်နိုင်ငံက ကူညီနိုင်မယ့်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Palmyra ရှေးဟောင်းအမွေအနှစ်မြို့နားအထိ IS အဖွဲ့တွေ ရောက်နေပြီ ဖြစ်ပါတယ်။ (Credit: AFP)
အီရတ်နိုင်ငံ ​ရာမာဒီမြို့နဲ့ ​ဆီးရီးယားနိုင်ငံက ​ရှေးဟောင်းမြို့ဖြစ်တဲ့ ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်လိုက်ပြီ ​ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက ​ကမ္ဘာ့အမွေအနှစ် ​စာရင်းဝင် ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်နေတဲ့ ​ဗီဒီယိုတွေ၊ ​မြို့ခံ ​တချို့ကို ​သတ်ပစ်တဲ့ ​ဗီဒီယိုတွေ ​ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီမြို့က ​လူ ​သုံးပုံ ​တစ်ပုံလောက် ​အချိန်မှီ ​ထွက်ပြေးနိုင်ခဲ့ပါတယ်။

IS ​ရဲ့ ​ရန်ကို ​ကြောက်လို့ ​သယ်ထုတ်လို့ရတဲ့ ​ရှေးဟောင်း ​ပစ္စည်းတွေကို ​သယ်ထုတ်ခဲ့ကြပေမယ့် ​ကြီးမားတဲ့ ​အရာဝတ္တုတွေကို ​မသယ်နိုင်တာကြောင့် ​အဲဒီ ​မြို့ဟောင်းမှာပဲ ​ချန်ခဲ့ရပါတယ်။

Palmyra ​မြို့ကို ​စကြာင်္ဝဠာရဲ့ ​အမွေအနှစ်အဖြစ် ​ကုလသမဂ္ဂက ​သတ်မှတ်ထားတာဖြစ်ပြီး ​ခရစ်တော်မတိုင်ခင် ​ကာလကတည်းက ​မှတ်တမ်းဝင်နေခဲ့တဲ့ ​မြို့လည်း ​ဖြစ်ပါတယ်။

အဲဒီနေရာဟာ ​ရောမလူမျိုးတွေ၊ ​ဂရိတွေနဲ့ ​အာရပ်တွေ ​ဆုံတဲ့နေရာ ​ဖြစ်တာကြောင့် ​ကမ္ဘာရဲ့ ​ဆုံမှတ်အဖြစ် ​အသိအမှတ်ပြုခဲ့ကြပါတယ်။

အစ္စလာမ် ​ဝါဒီ ​မပြန့်ပွားခင်ကတည်းက ​တည်ရှိတဲ့ ​မြို့ဖြစ်ပါတယ်။

အဲဒီမြို့ဟာ ​Damascus ​မြို့၊ ​Homs ​မြို့နဲ့ ​အီရတ်အရှေ့ပိုင်းကို ​ဆက်သွယ်ပေးတဲ့ ​အချက်အချာကြတဲ့မြို့ ​ဖြစ်သလို ​ကမ္ဘာ့အမွေအနှစ်အဖြစ် ​သတ်မှတ်ခံရတဲ့အတွက် ​ကမ္ဘာက ​အကာအကွယ်ပေးရမယ်လို့ ​ရှေးဟောင်းအမွေအနှစ် ​ထိန်းသိမ်းသူတွေက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။
ရာမာဒီမြို့ကိုလည်း ​IS ​သိမ်းပိုက်ဆဲ

တဆက်တည်းမှာပဲ ​အီရတ်နိုင်ငံက ​ရာမာဒီမြို့ကိုလည်း ​IS ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရယူဖို့ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တပ်တွေ၊ ​အီရတ်တပ်နဲ့ ​ရှီရိုက်လူမျိုး ​စစ်သားတွေ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။

ရာမာဒီမြို့ကို ​ပြန်ရယူနိုင်လိမ့်မယ်လို့ ​အမေရိကန် ​သမ္မတနဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီးတို့က ​ယုံကြည်ခဲ့ကြတာပါ။

အခုလို ​အရေးကြီးတဲ့ ​မြို့ ​၂ ​မြို့ကို ​အီရတ်က ​သိမ်းပိုက်နိုင်ပေမယ့် ​အမေရိကန်အနေနဲ့ ​IS ​ကို ​မရှုံးသေးဘူးလို့ ​သမ္မတ ​အိုဘားမားက ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးမှာ မေလ ၂၁ ရက်က လူမှောင်ခိုတင်ဆောင်လာတဲ့ စက်လှေတစီးနဲ့ ရိက္ခာပို့လှေ အလွတ်တစီးတို့ကို ဖမ်းမိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင် (၄) မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ မြန်မာ့ရေတပ်က ဖမ်းမိတာဖြစ်ပြီး စက်လှေတစီးပေါ်မှာ လူ ၂၀၈ ယောက် ပါရှိတယ်လို့ သတင်းက ဖော်ပြပါတယ်။

စက်လှေပေါ်မှာ လူမှောင်ခိုကူးခံရသူအားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေချည်းဖြစ်ပြီး ဦးတည်တဲ့ မလေးရှားနဲ့အင်ဒိုနီးရှားပင်လယ်ပြင်မှာ အဖမ်းအဆီးများနေလို့ နောက်ကြောင်းပြန်လှည့်လာတုန်း အခုလိုဖမ်းမိတာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတို့မှာ နေထိုင်ကြတဲ့ အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ စက်လှေပိုင်ရှင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အုမင့် ဆိုသူဖြစ်ပြီး၊ အဲ့ဒီစက်လှေကို ရိက္ခာလိုက်ပို့တဲ့ စက်လှေပိုင်ရှင်ကတော့ မြိတ်မြို့က ကိုခိုင်ဆိုသူဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဖမ်းမိထားတဲ့ လှေစီးဒုက္ခသည်တွေကို လတ်တလော ရခိုင်ပြည်နယ်အစိုးရက ယာယီစခန်းဖွင့်ပြီး ကူညီစောင့်ရှောက်မှုပေးထားကာ လိုအပ်တဲ့ စိစစ်မှုတွေ လုပ်နေပါတယ်။

လွန်ခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်းအနောက်ရွာအနီးကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက် ရေမျောကမ်းတင် ရောက်ရှိလာလို့ မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ပြန်ပို့ပေးခဲ့ရပါသေးတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပြီး မြန်မာ့ပင်လယ်ပြင်မှာ အခုလို လှေစီးဒုကသည်တစီး ပထမဆုံးဖမ်းမိတာ ဖြစ်ပါတယ်။

ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေပိုင်နက်မှာ တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြုလုပ်မည်ဖြစ်သော်လည်း ယင်းလှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက်မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ဓာတ်ပုံ – Hmuu Zaw


Photo - MOIမောင်တောမြို့နယ်အနီး ဖမ်းဆီးရမိခဲ့သော လှေပေါ်တွင် တွေ့ရှိရသည့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီများကို တွေ့ရစဉ်
မေလ ၂၁ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း မသင်္ကာဖွယ်ရာ လှေနှစ်စီးကို တွေ့ရသောကြောင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ လှေပေါ်တွင် ဘင်္ဂါလီ
နှစ်ရာကျော်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဘင်္ဂလီများအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အငူမော်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းတွင် အလယ်သံကျော်ကျေးရွာ သို့ပြောင်းရွေှ့ထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ရွှေသန်းက Rakhine News Agency သို့ပြောသည်။

“အငူမော် ဆိပ်ကမ်းကိုတော့ ဒီမနက် နှစ်နာရီကျော်မှာ ရောက်တယ်။ အလယ်သံကျော်မှာ ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး မောင်တောက UNHCR အပါအ၀င်နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံက ကူညီထားတယ်။ လှေသားတွေကိုစစ်ဆေးကြည့်သလောက်တော့ လှေပေါ်မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက လူတွေအများစု ပါတယ်လို့ပြောတယ်” ဟု ၄င်း ကပြောသည်။

စက်လှေတစ်စီးပေါ်တွင် လှေလုပ်သား ၁၁ဦး နှင့် မလေးရှားနိုင်ငံသို့ လှေဖြင့် သွားရောက်ရန် ကြိုးပမ်းသည့် ဘင်္ဂါလီ ၂၀၈ ဦး ပါဝင်ပြီး၊ ၄င်းတို့ သွားရောက်မည့် မလေးရှားနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံများက လှေစီး၍လာရောက်သည့် ဘင်္ဂါလီများကို ၀င်ရောက်ခွင့် မပြုသောကြောင့် နေရပ်သို့ ပြန်လာစဉ် မြန်မာရေတပ် က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသော စက်လှေ၏ ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဖြစ်ပြီး၊ ဧပြီ ၂၀ရက်နေ့ ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုက်နက်အတွင်း ရပ်တန့်ထားခဲ့ခြင်း ဖြစ်ကာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား များမှာ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့ကြောင်း၊ ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ပင်လယ်ပြင်စစ်ဆေးမှုများ ရှိနေသောကြောင့် နောက်ကြောင်း ပြန်မောင်းနှင်လာစဉ် မြန်မာ့ရေပိုက်နက်သို့ ရောက်ရှိပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၀၈ဦး ပါဝင်ပြီး အသက် ၁၄ နှစ်ခန့် ၁၀ဦးခန့် နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြား ဖြစ်ကြောင်း၊ ၄င်းတို့သည် ကော့ဘဇား၊ စစ်တကောင်း နှင့် ဒါကာမြောက်ခြမ်းတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ အခြား စက်လှေ တစ်စီးမှာ ရိက္ခာပို့ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ပိုင်ရှင်မှာမြိတ်မြို့မှ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၇ရက်နေ့ နံနက်ပိုင်းကလည်း မလေးရှားနိုင်ငံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ရန် ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၁၁ဦးသည် မောင်တောမြို့နယ်အတွင်းရှိ ဥဒေါင်း (အနောက်) ကျေးရွာအနီးသို့
ရေမျောကမ်းတင် ရောက်ရှိလာသောကြောင့် တာဝန်ရှိသူများက လိုအပ်သောစိစစ်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ငါးဖမ်းစက်လှေ တစ်စီးဖြင့် ၄င်းတို့ လာရာလမ်းကြောင်းအတိုင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့
ပြန်လည်စေလွှတ်ခဲ့သည်။

လက်ရှိအချိန်တွင် အလယ်သံကျော်သို့ ရောက်ရှိနေပြီဖြစ်သော အဆိုပါ ဘင်္ဂါလီများနှင့် ပတ်သက်၍ အချက်အလက်များကို စိစစ်နေဆဲဖြစ်ပြီး၊ ၄င်းတို့အား တစ်ဖက်နိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်လည်
ပို့ဆောင်မည်ကို အကြီးအကဲများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီးရွှေသန်း ကပြောသည်။

“သူတို့ကို အလယ်သံကျော်မှာ ဒုက္ခသည်စခန်းဖွင့်ပြီး ထားလိုက်ရင် တစ်ခြား လှေစီးတဲ့ဘင်္ဂါလီတွေကိုပါ ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်” ဟု မောင်တောမြို့ခံတစ်ဦး ကသုံးသပ်သည်။

အာဆီယံ ဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ ထိုင်း နှင့် အင်ဒိုနီးရှား နိုင်ငံတို့က ၄င်းတို့ နိုင်ငံအသီးသီးသို့ စက်လှေများဖြင့် ရောက်ရှိလာသည့် ဘင်္ဂါလီများကို ကမ်းကပ်ခွင့်မပေးဘဲ ရေ နှင့်
စားနပ်ရိက္ခာများပေး၍ ပင်လယ်ပြင်အတွင်းသို့ ပြန်လည်စေလွှတ်နေသည်ကို ယခုလအတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်း က ဝေဖန်ခဲ့ကြပြီး၊ ဖိအားပေးမှုများပြုလုပ်ခဲ့သောကြောင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အဆိုပါ လှေစီးဘင်္ဂါလီများကို ယာယီ ခိုလှုံခွင့်ပေးခဲ့သည်။

အဆိုပါဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများက ယင်းသို့ပြောဆိုမှုများသည် တစ်ဖက်သတ်စွပ်စွဲပြောဆိုမှုများသာဖြစ်ကြောင်း တုန့်ပြန်ထားသည်။

ပင်လယ်တွင်း လှေစီးဒုက္ခသည်များသည် မြန်မာနိုင်ငံမှလာသည်ဟု စွပ်စွဲပြောဆိုနေမှုများသည် မြန်မာနိုင်ငံမှ နည်းပါးသည့် အရေအတွက် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း အများစုမှာ မိမိတို့နိုင်ငံမှ
မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က မေလ ၂၁ရက်နေ့က ပြုလုပ်ခဲ့သော ပင်လယ်ပြင်အတွင်း တရားမ၀င် ရွေှ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal




ရှမ်းတေးဂီတလောကကြား ရေပန်းစားတဲ့ ရှမ်းအမျိုးသမီး အဆိုတော် နန်းနွမ်ခမ်းလှိုင်း အသက် ၃၈ နှစ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ ကားမတော်တဆ ထိခိုက်မှု ဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။

နန်းနွမ်ခမ်းလှိုင်းဟာ မေ ၂၀ ရက် ညနေ ၄ နာရီအချိန်က ကိုယ်တိုင်ကားမောင်းနှင်ပြီး ချင်းမိုင်ကနေ မြန်မာနယ်စပ် မယ်ဆိုင်အပြန် လမ်းချော်ပြီး လမ်းဘေးထိုးကျသွားတဲ့အတွက် လမ်းဘေးမှာရပ်ပြီး အကူအညီရဖို့ ဖုန်းဆက်နေစဉ် နောက်ကားတစီးပါ လမ်းထပ်ချော်ပြီး ၀င်တိုက်ရာက သေဆုံးခဲ့တာလို့ ခင်ပွန်းဖြစ်သူ စိုင်းတွိက ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၄ နာရီကျော်က သူဖုန်းဆက်လာပါတယ်။ လမ်းမှာ မိုးရွာပြီး လမ်းချော်လို့ ကားလမ်းဘေးကို ထိုးကျသွားတယ်ပေါ့နော်။ ကားကို ဘယ်လိုပြန်ဆွဲတင်မလဲဆိုတာ တိုင်ပင်နေတုန်း သူက ဟောဟော နောက်ထပ်တစ်စီး ချော်လာပြန်ုပြီလို့အော်တယ်။ ပြီးတော့ သူအလန့်တကြား အော်တဲ့အသံကြားတယ်။ နောက်တော့ ကျနော်က စကားဆက်ပြောပေမယ့် ဘာမှပြန်မပြောတော့ဘူး၊ ဖုန်းလည်းမချဘူး။ ကျနော်လည်း တခုခုဖြစ်ပြီဆိုပြီး ချက်ချင်းလိုက်လာတယ်။ သူ့သူငယ်ချင်းတွေက ဆေးရုံကိုလိုက်လာဖို့ ဖုန်းဆက်တယ်။ ကျနော်ရောက်တော့ ည ၈ နာရီ။ သူ့အသက်ကို မမီတော့ပါဘူးဗျာ။”

ဇနီးသည် သေဆုံးတာနဲ့ ပတ်သက်ပြီး ဒွိုင်ဆကစ်မြို့နယ် ရဲစခန်းက တဘက်က ကားမောင်းသမားကိုရော သူ့ကိုပါ ခေါ်ယူမေးမြန်းရာမှာ အဆိုပါ ထိုင်းလူမျိုးကားသမားကတော့ သေဆုံးသူဟာ သူ့ဖာသူကားမှောက်ပြီး ကားထဲကနေ လမ်းပေါ်ကို ကုန်းတက်တာလည်း ဖြစ်နိုင်ကြောင်း၊ ဒါမှမဟုတ် သူ့အရင် သူများတိုက်သွားတာလည်း ဖြစ်နိုင်ကြောင်း ပြောဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ သေသူကို စာနာတဲ့အနေနဲ့ အသုဘကြေး ၄ သောင်းပေးလျော်ပြီး အမှုမဖွင့်ဖို့ လာပြောသွားကြောင်း၊ မိသားစုကြားမှာတော့ လက်ခံရေးမခံရေး တိုင်ပင်နေဆဲဘဲလို့ စိုင်းတွိက ပြောပါတယ်။

နန်းန်ွမ်ခမ်းလှိုင်းဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟွေ့လုံကျေးရွာက ဖြစ်ပြီး ရှမ်းခေတ်ပေါ်တေးသာမက ခေတ်ဟောင်းတေးပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့အတွက် လူကြီးလူငယ်တွေကြား ရေပန်းစားသူ အဆိုတော်တဦး ဖြစ်ပါတယ်။

အတန်းပညာ မူလတန်းဆင့်ထိသာ သင်ကြားရပေမယ့် ဂီတ၀ါသနာထုံသူမို့ ရွေ့ပြောင်းအလုပ်သမားဘ၀ ၊ ဈေးရောင်း ၊ စက်ချုပ် စသဖြင့် လုပ်ငန်းမျိုးစုံ ကြုံရာလုပ်ကိုင်ရင်း စုဆောင်းရတဲ့ငွေနဲ့ တေးသီချင်းအယ်လ်ဘန် ကာရာအိုခေကို ကိုယ်တိုင်ရိုက် ကူးဖြန့်ချိခဲ့ပါတယ်။

ရှမ်းရိုးရာပွဲတော်၊ စတိတ်ရှိုးတွေမှာ နယ်လှည့်လိုက်လံဖျော်ဖြေသလို အယ်လ်ဘန် ၃ ခုထုတ်ဝေပြီး စတုထ္ထမြောက် တေးအယ်လ်ဘန်ထုတ်ဝေဖို့ စီစဉ်နေရင်း သေဆုံးခဲ့တာလို့ ခင်ပွန်းဖြစ်သူက ပြောသွားပါတယ်။

သူမရဲ့ အလောင်းကို မယ်ဆိုင်မြို့ ၀ပ်ဖာတိုက်ဘုန်းကြီးကျောင်းမှာ ထားရှိပြီး လာမယ့် မေလ ၂၅ ရက်နေ့မှာ မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

KIA နဲ့ အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတဲ့ ကြားက ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေ
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အခုရက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကချင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ကြာသပတေးနေ့က အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၃ ထိန်းချုပ်ရာ နေရာ ဖြစ်တဲ့ နမ်လင်းပါ ကျေးရွာနားမှာ အစိုးရစစ်တပ်ဘက်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲတွေဟာ ကချင်ပြည်နဲ့ ရှမ်းပြည် မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်က သစ်မှောင်ခို ခိုးထုတ်မှုတွေနဲ့ ဆက်စပ်နေကြောင်းနဲ့ သစ်မှောင်ခို သမားတွေကို အစိုးရတပ်တွေက လိုက်လံ ဖမ်းဆီးစဉ် KIA စခန်းချထားတဲ့ နေရာတွေ အရောက်မှာ တဖက်နဲ့ တဖက် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ဖြစ်လာရတာလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်ကွန်ရက်က ဦးလမိုင် ဂွမ်ဂျာက ဘီဘီစီကို ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ခိုးထုတ်တဲ့ သစ်တွေဟာ စစ်ကိုင်းတိုင်းဘက်က လာတဲ့ ကျွန်းသစ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး သက်အောင် ဦးဆောင်တဲ့ အစိုးရ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့က ဒီတိုက်ခိုက်မှုတွေဟာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးဖို့ အတွက်သာ ဖြစ်ပြီး KIA ကို ရည်ရွယ်ချက် ရှိရှိ လာတိုက်ခိုက်တာ မဟုတ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

KIA ဘက်ကလည်း အစိုးရတပ်တွေဘက်က တိုက်ပွဲတွေ ရပ်ပေးမယ် ဆိုရင် သူတို့ဘက်ကလည်း ဆက်တိုက်မှာ မဟုတ်ဘူးလို့ ပြောသွားကြောင်း ဦးလမိုင် ဂွမ်ဂျာက ပြောပါတယ်။

တိုက်ပွဲတွေ ထပ်မဖြစ်ပွားရေး အတွက် KIA နဲ့ အစိုးရ အဖွဲ့အကြား ဆက်လက် ညှိနှိုင်းသွားဖို့ ရှိနေပြီး လစဉ် တွေ့ဆုံနေကျ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေကတော့ လာမယ့် ဇွန်လလယ်လောက်မှာ ထပ်မံ တွေ့ဆုံမယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ဒုဝန်ကြီး တွေ့ဆုံ။ 
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပါအ၀င် နောက်ပိုင်း ကာလတွေမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မိတ်ဖက်နိုင်ငံ အဖြစ် ဆက်ပြီး ကူညီပံပိုးသွားမှာ ဖြစ်တယ်လို့ မနေ့က နေပြည်တော် ကိုရောက်ရှိ လာတဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ရင်ဆိုင်နေရတဲ့ လှေစီးပြေး ဒုက္ခသည်ပြသနာနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အထူးစိုးရိမ်မကင်းဖြစ်မှု ကို လည်း မြန်မာခေါင်းဆောင်တွေ နဲ့တွေ့ဆုံရာမှာ Mr. Blinken က အလေးပေး ပြောဆို ခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအ၀င် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

သူရဦးရွှေမန်းနဲ့တွေ့ဆုံ။
ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ မနေ့ကကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf ကအခုလို ပြောသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲ အတွက် အမေရိကန် ပြည်ထောင်စုရဲ့ ပံပိုးကူညီမှုတွေ ဆက်ပြီး ရှိနေတယ်ဆိုတာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး အမေရိကန် အနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်နေကြောင်း လည်း ပြောခဲ့ တာပါ။ ရွှေ့ပြောင်း အခြေချသူတွေ အဓိက ရင်ဆိုင်ရတဲ့ ပြသနာတွေ ကို မြန်မာအစိုးရ အနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်နေတယ်ဆိုတာ အပါအ၀င် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံဖို့ တွန်းအားပေး ခံနေရတာ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့တွေ့ကြုံနေရတာတွေ စတာတွေကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။"

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့နေပြည်တော်မှာ သီးခြားတွေ့ဆုံရာမှာလည်း ရွေးကောက်ပွဲနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ Marie Harf ကဆိုပါတယ်။

"အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးလုံး ရဲ့ဆွေးနွေးမှုတွေဟာ အကျိုးရှိခဲ့ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မှာ အရေးပါမယ့် ယုံကြည်စိတ်ချရမှု၊ အားလုံးပါဝင်နိုင်မှု၊ ထင်သာမြင်သာရှိမှု စတာတွေအပြင် ရခိုင်ပြည်နယ်က အခြေအနေတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။"

အရှေ့တောင်အာရှဒေသ ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ လှေစီးပြေးဒုက္ခသည် ရိုဟင်ဂျာတွေကို အကူအညီပေးနိုင်ရေး UNHCR ရဲ့ကြိုးပမ်းမှုတွေ မှာ ရှေ့တန်း ကနေ ပါဝင်နိုင်အောင် အမေရိကန်အနေနဲ့ပြင်ဆင်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf ကအခုလိုပြောသွားပါတယ်။

"ရိုဟင်ဂျာဦးရေ ၁, ၀၀၀ ကျော်လောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင် ခဲ့ပြီးပါပြီ။ ဒါအပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စီစဉ်နေတဲ့ကြိုးပမ်းမှုတွေမှာ အမေရိကန်အနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကနေပါဝင်နိုင်ဖို့ ကျမတို့ ပြင်ဆင်ထားပြီပါပြီ။ နိုင်ငံပေါင်းစုံ ပါဝင်ဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်။ လှေစီးပြေးဒုက္ခသည်အားလုံးကို အမေရိကန် တနိုင်ငံတည်းကပဲခေါ်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာကတော့ အထင်အရှားပါပဲ။ ဒါပေမဲ့ လက်ရှိ လှေစီးပြေးဒုက္ခသည်တွေအရေး ကူညီဖို့ကြိုးပမ်းဆောင်ရွက်မှုတွေမှာတော့ ထိပ်ဆုံးကနေ ပါဝင်အောင် အမေရိကန်အစိုးရကပြင်ဆင်ထားပါတယ်။"

ဒီအတောအတွင်းမှာပဲ အမေရိကန်ပါတီကြီးနှစ်ခုစလုံးက လွှတ်တော်အမတ် ၂၃ ဦးကလည်း ထောင်နဲ့ချီတဲ့ လှေစီးပြေးဒုက္ခသည် ရိုဟင်ဂျာတွေအတွက် အရှေ့တောင်အာရှ ပင်လယ်ပြင်ဟာ သုသန်သင်္ချိုင်း အခြေအနေမျိုး မရောက်အောင် သမ္မတ အိုဘာမား အစိုးရအနေနဲ့ ကာကွယ်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒုနိုင်ငံခြားရေးဝန်ကြီး Blinken မြန်မာနိုင်ငံမရောက်ခင် တရက်အလိုမှာအခုလို တိုက်တွန်း လိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဆီ လိပ်မူပြီး အိတ်ဖွင့်ပေး စာပေးပို့ထားတဲ့ လွှတ်တော် အမတ်တွေ လက်မှတ်ရေးထိုး ထားတဲ့စာမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ကယ်ဆယ်ရှာဖွေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့တောင်းဆိုထားပါတယ်။

အလားတူ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆို လိုက်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ မူဆလင် လူနည်းစု ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ အရေးယူ စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရကို ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com