05/26/15

 
လမ်းတွေပေါ် ရေတွေလျှံပြီး ရန်ကုန်မြို့နေ လူထု သွားရေး လာရေး အခက်တွေ့
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အခု ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် နေရာတချို့က လမ်းတွေပေါ်မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

မိုးရာသီရောက်လို့ မိုးရွာသွန်းတိုင်း လမ်းတွေပေါ်မှာ ရေတွေ လျှံတက်လာတာမို့ ရန်ကုန်မြို့နေ လူထုအတွက် သွားရေး လာရေး အခက်တွေ့ကြရပါတယ်။

အခုလို ရေတွေ လျှံရတာဟာ ရန်ကုန်မြို့မှာ လူဦးရေ များလာမှု၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု၊ ရေမြောင်း အရွယ်အစား မမှန်ကန်မှု၊ ရန်ကုန် မြစ်ကြောင်း ဒီရေ မြင့်တက် လာနေမှုတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မီတီရဲ့ လမ်းတံတားနဲ့ အင်ဂျင်နီယာဌာနက ဒုတိယ ဌာနမှူး ဦးမင်းခိုင်က ဘီဘီစီကို ပြောပြပါတယ်။

စည်ပင်သာယာရေး ကော်မီတီအနေနဲ့ မိုးမကျခင် ဖေဖော်ဝါရီလကတည်းကိုက ရေမြောင်းချဲ့တာတွေ လုပ်နေပြီး မြေအောက် မြောင်းသစ်တွေ လုပ်ဖို့ နဂိုမြောင်းတွေကို စက်ယန္တရားတွေနဲ့ လူအင်အား သုံးပြီး ဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

ဘတ်ဂျက် ရတဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်နေကြောင်းနဲ့ မြေအောက်လှိုဏ်ဂူ မြောင်းကြီးတွေ ဖောက်ဖို့ ပညာရှင်တွေက အကြံပြုထားတာတွေ ရှိကြောင်း ဦးမင်းခိုင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ရွေးကောက်ပွဲ ဝင်ဖို့ လူငယ်နဲ့ တိုင်းရင်းသား တွေကို ဦးစားပေးမယ်
၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွှတ်တော် အမတ် မဟုတ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည် က မေလ ၂၅ ရက် က နေပြည်တော် မှာ ၃ နာရီခန့် တွေ့ဆုံ ခဲ့ပါတယ်။

ဒီလို တွေ့ဆုံမှု ဟာ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့ နောက် ပိုင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီ တွေ့ဆုံမှု မှာ တော့ အဓိက အားဖြင့်၂ဝ၁၅ ရွေး ကောက်ပွဲ ဝင်ရေးနဲ့ ကိုယ်စားလှယ် လောင်း ရွေးချယ်ရေး ကိစ္စတို့ကို ဆွေးနွေး ဖြစ်တယ် လို့ အစည်းအဝေး တက်ရောက် ခဲ့တဲ့ ဗဟို ကော်မတီဝင် တွေက ပြောပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေးနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ ပြင်မပြင် အဓိက မဟုတ်ဘဲ အခြေအနေ အရပ်ရပ် ကို ကြည့်ပြီး ဆောင်ရွက် သွားမယ်လို့ အစည်း အဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တယ် လို့ ပဲခူးတိုင်း ဗဟို ကော်မတီဝင် ဦးဆန်းဦးက ပြောပြ ပါတယ်။

ဒါ့အပြင်၂ဝ၁၅ ရွေးကောက်ပွဲ ဝင်မယ့် NLD ကိုယ်စားလှယ် လောင်းတွေ ဟာ လူငယ်နဲ့ တိုင်းရင်း သား တွေကို ဦးစားပေးမယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောခဲ့ ကြောင်း ဗဟိုကော်မတီ ဝင် မုံရွာအောင် ရှင်က ပြောပြ ပါတယ်။

ဒီကနေ အစည်းအဝေး မှာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပြောကြားချက် တွေကို ကြည့်ခြင်း အား ဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ သူ့ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ပုဒ်မ တွေကို မပြင်သည့် တိုင် NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မှာ သေချာ သလောက် ဖြစ်ပြီ လို့ သုံးသပ် ရမှာ ဖြစ်ပါတယ် ။


BBC Burmese
http://www.bbc.com/burmese


 ရွေးကောက်ပွဲကော်မရှင်က ပထမအသုတ်အနေဖြင့် ထုတ်ပြန်လိုက်သည့် မဲပေးနိုင်သူ လူဦးရေစာရင်းတွင် သေဆုံးသွားသူများ၏ အမည်များနှင့် ရွှေ့ပြောင်းသွားသူများ၏ အမည်စာရင်းများ ပါဝင်နေပြီး မဲပေးခွင့်ရှိသည့် လူဦးရေစာရင်းမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲပေးခွင့်ရှိသူ စာရင်းအောက်များစွာ လျော့နည်း နေကြောင်း ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေလ ၂၅ရက်တွင် The Ladies သို့ပြောသည်။

“ မဲစာရင်းထွက်တော့ နဂိုတုန်းက မဲပေးနိုင်တဲ့ လူဦးရေစာရင်းအောက် အများ ကြီးလျော့ကျပြီးတော့ ထုတ်လာတာဖြစ်တယ် ဒီ မဲစာရင်းဟာ ပုံစံ(၆၆) ကို အခြေခံပြီးထုတ်တာဖြစ်လို့ ရွှေ့ပြောင်းလာတဲ့ ဧည့် သည် တွေမပါလာတာ တွေ့ရတယ်၊ အထူးသဖြင့် မင်္ဂလာသိဒ္ဒိရပ်ကွက်မှာ ကြားဖြတ် ရွေးကောက်ပွဲတုန်းက မဲပေးနိုင်တဲ့ လူဦးရေ ၂၀၁၂ မှာ ၄,၀၀၀ ကျော်ရှိတယ်၊ ဒီနေ့ဆိုရင် မင်္ဂလာသိဒ္ဒိရပ်ကွက်မှာ ၂၄၁ ယောက်ပဲထွက်လာတယ်၊ ရှားတောကျေးရွာမှာဆိုရင် မဲပေးနိုင်တဲ့ လူဦးရေ ၇၀၀ကျော်ရှိတယ်၊ ၊ ဒီနေ့ထွက်လာတာ ၂၀၁ ယောက်ပဲထွက်လာတယ်၊ ဂုံမင်းဆိုရင်လည်း လူတစ်ထောင် ကျော် ရှိပေမယ့် ဒီနေ့ထွက်လာတာ ၃၁၁ ပဲထွက်လာတယ်၊၊ အဲဒီလိုပဲ လက်ပံခလကျေးရွာဆိုရင်လည်း သေတဲ့ လူတွေရဲ့နာမည်စာရင်းတွေပါနေတယ်၊၊ ဒီ လူဦးရေစာရင်းတွေက ရှိမရှိဆိုတာ သန်းခေါင်စာရင်းကောက်တုန်းကလည်း သိထားပြီးသား ၊ ဒါပေမယ့် အခု လက်ပံခလတို့ ရှားတောတို့ ကျေးရွာတွေမှာ ထွက်လာတွေက သေတဲ့ လူတွေရဲ့ နာမည်စာရင်းပါနေတာ တွေ့တယ်၊ နောက်ပြီးတော့ ရွာကနေ သုံးလေးနှစ် ပြောင်းသွားတဲ့ လူစာရင်းတွေပါပါနေတာ တွေ့တယ်၊ “ ဟု ဒေါ်စန္ဒာမင်းကပြောသည်။

ဇဗ္ဗူသီိရိမြို့နယ်အတွက်ထုတ်ပြန်လိုက်သည့် မဲပေးနိုင်သည့် လူဦးရေစာရင်းသည် ပုံစံ (၆၆) ရှိသူများ၏ စာရင်းများကိုသာထုတ်ပြန်ပေးသကဲ့သို့ ဖြစ်နေကြောင်း နေပြည်တော်ကောင်စီနယ်မြေတွင် ပုံစံ (၆၆) ကို လူတန်းစေ့မရရှိဟုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

“ ဇဗ္ဗူသီရိနယ်မြေမှာ မဲစာရင်းက ပထမဆုံး ထွက်လာတယ်၊ ရွေးကောက်ပွဲကော်မရှင်ကလည်း ဥပဒေထွက်ပြီးပြီး ရက်ပေါင်း ၁၈၀ ဒီနေရာမှာနေတဲ့ လူတွေဟာ မဲပေးနိုင်တဲ့ အခြေအနေမှာရှိတယ်၊ သန်းခေါင်စာရင်းတွေ မှတ်ပုံတင်တွေနဲ့မဆိုင်ဘူးပြောထားပြီးသား အခု ကျတော့ ပုံစံ (၆၆) ရှိတဲ့ လူတွေပဲထွက်လာတယ်၊
ဘာဖြစ်လို့လဲဆို နေပြည်တော်ကောင်စီနယ်မြေမှာ ပုံစံ(၆၆)ကို လူတိုင်းကို မပေးဘူး အခု ပုစံ (၆၆) ရှိတဲ့ လူဦးရေပဲ ပထမအသုတ်အနေနဲ့ထွက်လာတာ တွေ့ရတယ်၊ “ ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ပထမအသုတ်အဖြစ် ထွက်လာသည့် မဲပေးနိုင်သူ လူဦးရေစာရင်း တွင် သေဆုံးသည်များ ရွှေ့ပြောင်းသူများ ပါဝင်နေပြီး အလွဲလွဲ အမှားမှားဖြစ်နေသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည် ။

ဇော်မင်းထွန်း

The Ladies News Journal
https://www.facebook.com/News.TheLadies

ngwesaung-farmers-protest-305.jpg  
အုန်းခြံနဲ့ လယ်မြေတွေပြန်ရရေး မေလ ၂၅ ရက်နေ့ က ငွေဆောင်ဒေသခံတွေ ဆန္ဒပြကြစဉ် -
Photo: Ko Hlwan Moe Facebook
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေအနီး တ၀ိုက်က သိမ်းဆည်းခံထားရတဲ့ အုန်းခြံနဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံ ၁၀၀ လောက်က ဒီနေ့ ငွေဆောင်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အုန်းခြံနဲ့ လယ်မြေ ဧကစုစုပေါင်း ၈၀၀ နီးပါးကို ဟိုတယ်ဇုန်စီမံကိန်းအတွက်ဆိုပြီး လျော်ကြေးနဲ့ နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ကိုဝေလင်းထွဋ် က ပြောပါတယ်။

"ကျနော်တို့ ငွေဆောင်ဒေသခံ တောင်သူလယ်သမား များပိုင်သော အုန်းခြံ လယ်ယာမြေတွေကို နစ်နာကြေး လျော်ကြေးမပေးဘဲ အဓမ္မသိမ်းဆည်းခြင်း ခံရတဲ့အတွက် သိမ်းဆည်းခံရတဲ့ အုန်းခြံနဲ့ လယ် ယာမြေတွေကို ပြန်လည်ရရှိဖို့အတွက် အခုလို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်၊ ၂ဝဝဝ ခုနှစ်ကနေပြီးတော့ ဟိုတယ်ဇုန်စီမံကိန်း အတွက်ဆိုပြီးတော့ တောင်သူတွေပိုင်တဲ့ အုန်းခြံတွေအသိမ်းခံရတာ၊ ၃၁၅.၂ဝ ဧက လယ်ယာမြေဧကက ပုဇွန်ကန်အတွက်သိမ်းသွားတာ ဧက ၅ဝဝ လောက်ရှိမယ်၊ ဟိုတယ်ဇုန်နဲ့ပေါင်းမယ်ဆို ဧက ၈ဝဝ နီးပါးရှိမယ်"

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ မြန်မာ့ ဦးပိုင်ကုမ္ပဏီက ဟိုတယ်ဇုန်စီမံကိန်းအတွက် သိမ်းဆည်းခဲ့တာဖြစ်ပြီး အဲဒီ့မြေနေရာတွေမှာ ဟိုတယ် ၂၁လုံး ဆောက်လုပ်ဖို့ မြေနေရာတွေ ချထားပေးတာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ဟိုတယ် ၂၁လုံးထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ၊ ယုဇန ဦးဌေးမြင့်၊ သမ္မတအကြံပေးဟောင်း ဒေါက်တာ နေဇင်လတ်၊ ဦးဇော်ဇော် နဲ့ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့ ပိုင်တဲ့ ဟိုတယ်တွေ ပါဝင်ပါတယ်။

အုန်းခြံနဲ့ လယ်မြေတွေ သိမ်းဆည်းခံရပြီးနောက် ဒေသခံတောင်သူတွေဟာ စားဝတ်နေရေး ခက်ခဲနေတာကြောင့် ဟိုတယ်ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ကြသူတွေရှိသလို ကမ်းခြေမှာ ဈေးရောင်းချပြီး ရပ်တည်နေကြရတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/ngwesaung-farmers-protest-05252015115710.html

၂ဝဝ၈ ခုနှစ် မေလ ၂၄ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲပေးခွင့်ရှိသူစာရင်း လာကြည့်သူတချို့ကို တွေ့ရစဉ်-(Photo: AFP)

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူ (၁၈ သိန်းကျော်) ရှိတယ်လို့ ရန်ကုန် တိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက် ပါတယ်။

အဲဒီ့မဲပေးနိုင်သူစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကော် မရှင်ရုံးတွေမှာ လာမယ့် ဇွန်လ ၇ရက်နေ့အထိ နှစ် ပတ်ကြာ ကပ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိအမည်ကို သွားရောက်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်း က ပြောပါတယ်။

"၁၄ မြို့နယ်စကပ်ပါတယ်၊ စကပ်တယ်ဆိုတော့ ဘယ်လောက်ရှိတယ်ဆိုတာတော့ ရက်အလိုက် ကျနော်တို့တောင်းထားပါတယ်၊ ကျနော်တို့ ဇွန်လ ၇ ရက်နေ့အထိကပ်ပါမယ်၊ နှစ်ပတ်ကပ်ပါမယ်၊ ကပ်ပြီးလို့ရှိရင် ပုံစံ ၃ တို့၊ ပုံစံ ၄ (ဂ)တို့၊ ပုံစံ ၄ တို့နဲ့ တောင်းဆိုတဲ့ ဟာတွေရှိလာရင် အဲ့ဒါတွေကို မဲစာရင်းတွေထဲမှာ ပြန်ပြီးတော့ဖျက်တာတို့ သွင်းတာတို့ ပြင်တာတို့ ပြန်လုပ် မှာပေါ့"

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ စတဲ့မြို့နယ် ၁၄မြို့နယ်က မဲပေးနိုင်သူစာရင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရင်တခေါက် ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ နှစ်သိန်းကျော် ရှိတယ်လို့ ကြေညာထားတာဖြစ်တဲ့အတွက် အခုဆိုရင် မြို့နယ် ၂၄မြို့နယ်မှာ မဲပေးနိုင်သူ (သိန်း ၂၀ ) ရှိတာဖြစ်ပါတယ်။ နောက်ထပ် ကြေညာဖို့မြို့နယ် ၂၁ မြို့နယ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အလားတူပဲ နေပြည်တော်ကောင်စီမြို့နယ် ရှစ်မြို့နယ်မှာလည်း မဲပေးခွင့်ရှိသူစာရင်းကို ဒီနေ့ထုတ်ပြန်ရာ မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် ဇွန်လကုန်မှာ အပြီးထုတ်ပြန်ပေး မှာဖြစ်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက်မယ့် အပြီးသတ်မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုမှာ ထပ်မံထုတ်ပြန်မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/voters-list-from-14-townships-05252015114624.html

တစ်ချိန်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်စာရင်းဝင် ရန်ကုန်တက္ကသိုလ်ရှိရာတိုင်းပြည်၊ အရှေ့တောင်အာရှရဲ့ အကောင်းဆုံးလေယာဉ်ကွင်းရှိရာတိုင်းပြည်၊ စင်္ကာပူနိုင်ငံသစ်၏ဝန်ကြီးချုပ်ကိုယ်တိုင် လာကြည့်ခဲ့ရသော သူအားကျမက်မောရာ ရန်ကုန်မြို့တော်ရှိသည့်တိုင်းပြည်၊ အရှေ့တောင်အာရှတိုင်းပြည်များထဲမှ ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများတည်ရှိရာတိုင်းပြည်၊ စာတက်မှုနှုန်းမြင့်မားပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ကာ အိမ်နီးချင်းတိုင်းပြည်များထက် တစ်ဦးချင်းဝင်ငွေ မြင့်မားသည့်တိုင်းပြည် စသည် စသည်ဖြင့် ကောင်းခြင်းကြီးများစွာဖြင့် ပြည့်လျှမ်းခဲ့သောတိုင်းပြည်။

ဤတိုင်းပြည်ကို လွန်ခဲ့သောနှစ်ငါးဆယ်ကျော်အချိန်ကစ၍ အုံနှင့်ကျင်းနှင့် စနစ်တကျဖျက်ဆီးခံရပြီးသည့်သကာလ ခြအုံပေါ်ကျသွားသည့် ထင်းရှုးသေတ္တာပမာ အကောင်းဆို၍ဘာမှမကျန်တော့။ ဖွဲ့ဖြိုးမှုအနိမ့်ကျဆုံး LDC စာရင်းဝင်နိုင်ငံ၊ နှစ်ပေါင်းခုနစ်ဆယ်နားကပ်နေသည့်တိုင် မငြိမ်းနိုင်သေးသည့် ကမ္ဘာ့တာအရှည်ဆုံးပြည်တွင်းစစ်မီးရှိရာတိုင်းပြည်၊ ကမ္ဘာပေါ်တွင် ဘိန်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအများဆုံးရှိရာတိုင်းပြည်၊ ပြည်တွင်းစစ်မီးကြောင့် ဒေသတွင်းတွင် IDP အများဆုံးရှိရာတိုင်းပြည်၊ အိမ်နီးချင်းတိုင်းပြည်သို့ တရားဝင်နှင့်တရားမဝင် ရွှေ့ပြောင်းလုပ်သားများ အများဆုံးရှိရာတိုင်းပြည်၊ ဒေသတွင်းတွင် တစ်ဦးချင်းဝင်ငွေ အနိမ့်ကျဆုံးတိုင်းပြည်၊ အစိုးရ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံးတိုင်းပြည်၊ အစိုးရ၏ ပညာရေးအသုံးစရိတ်နှင့် ကျန်းမာရေးအသုံးစရိတ်အနိမ့်ကျဆုံးတိုင်းပြည်၊ လွန်ခဲ့သည့်နှစ်အစိတ်အတွင်း နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာ အလျှင်မြန်ဆုံးလျော့ကျပြီး သစ်တောပြုန်းတီးမှုဧရိယာ အမြင့်မားဆုံးတိုင်းပြည်၊ ထိုမှဆက်စပ်၍ သဘာဝပတ်ဝန်းကျင်အပျက်စီးဆုံးတိုင်းပြည်၊ ကမ္ဘာပေါ်တွင် လာဘ်ပေး လာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုနှုန်း အမြင့်မားဆုံးစာရင်းဝင်တိုင်းပြည်၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ပြည်တွင်းစစ်ကိုအကြောင်းပြု၍ အမျိုးသမီးများ အကြမ်းဖက်စော်ကားခံရမှု၊ ကလေးစစ်သား၊ အရွယ်မတိုင်ခင်ကလေးလုပ်သား၊ လူကုန်ကူးခံရမှု၊ သတင်းစာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရမှုစသည့် နိမ့်ကျသောလူ့အဖွဲ့အစည်းအဖြစ် ဖော်ပြခြင်းခံရသော အညွှန်းကိန်းများ မြင့်မားရာတိုင်းပြည် စသည် စသည်ဖြင့် လက်ရှိအချိန်တွင် ကောင်းခြင်းများကိုဖော်ပြခြင်းငှာ မတက်သည့်အခိုက် မကောင်းသတင်းနှင့် ဖြစ်ရပ်များကမူ မိုးဦးကျမှိုများလို အုံနှင့်ကျင်းနှင့် ကောက်မနိုင် သိမ်းမလောက်နှင့်ဖြစ်နေရာ ကြာတော့ ကိုယ့်မွေးဖွားရာတိုင်းပြည်နှင့် ကိုယ့်လူမျိုးအပေါ်နှိပ်စက်လွန်းလှသော အာဏာရူး လူပုဂ္ဂိုလ် အဖွဲ့အစည်း ပါတီတို့အပေါ် စိတ်ကုန်စိတ်ပျက်ရသလို ဖြစ်ရပါတော့သည်။ ၈၈ တုန်းက မဆလလိုပင်။ ပြည်သူ့အကျိုးစီးပွားကို မျက်နှာပြောင်တိုက် ဆန့်ကျင်ရဲသော နွားကပ်ကြီးများလို တော်ရုံတံဖျာနှင့် တိုးမပေါက်တော့။

ဒီလောက်ထိ တိုင်းပြည်မှာ ဘက်စုံချွတ်ခြုံကျချောက်ကြီးထဲ အဟုန်ပြင်းစွာထိုးဆင်းနေသည့်တိုင် တိုင်းပြည်ကို ဘယ်သူမှ ငါတို့လောက်ချစ်တာမဟုတ်။ တိုင်းပြည်ကို ဘယ်သူမှ ငါတို့လောက်မတည်ဆောက်နိုင်။ တိုင်းပြည်မှာ အမြဲတမ်း ညီညွတ်ပြီးမပြိုကွဲတာ ဒို့ Institution ပဲရှိတယ်။ အရေးကြုံရင် တိုင်းပြည်ကို (တမင်ချောက်ထဲမကျကျအောင် လုပ်ပြီးမှ) ကယ်တင်နိုင်တာ ငါတို့ပဲရှိတယ်စသည်ဖြင့် အရှက်မဲ့အရှက်ကုန်သူများက မျက်နှာပြောင်တိုက်နေကြသလောက် အဆိုပါအရှက်မဲ့သူတို့၏ အစွမ်းကုန်စော်ကား နှိပ်စက်ခြင်းကိုခံရသူတို့ကမူ လူကြီးလူကောင်းဆန်ပြကြ၊ ခန္တီစတရားလက်ကိုင်ထားသူများနှင့် အတိတ်ကိုသင်ပုန်းချေနိုင်ကြသယောင်၊ ရင်ကြားစေ့ရေးကိုပဲ အရေးတကြီးထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် သဘောထားနေကြသည်များကို မြင်နေကြားနေရရာ လောကနိယာမတရားများကို သရော်လှောင်ပြောင်နေသလိုပင်။

ပြည်သူတို့ကတော့ရှင်းပါသည်။ မကောင်းတဲ့သူ အဓမ္မသမားတွေကို ကွယ်ပျောက်စေချင်လှပြီ။ ၈၈ တုန်းကလည်း ထိုကိစ္စအတွက် တစ်ပြည်လုံး လှည်းနေလှေအောင်း ဘုန်းကြီးကျောင်း၊ မယ်သီလရင်ကျောင်း၊ မူကြိုကျောင်းပါမကျန် လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသော်လည်း ပြည်သူတို့၏ဆန္ဒမှာ လစ်လျူရှုခံရကာ အဓမ္မမှုများကို ဖယ်ရှားမပစ်နိုင်ခဲ့သည့်အပြင် အဓမ္မသမားတို့၏ ချေမှုန်းခြင်းကိုခံကြရ၊ သတ်ဖြတ်ခံကြရ၊ ထောင်တန်းကျခံကြရ၊ နယ်စပ်ထွက်ပြေးရာမှ တိုက်ပွဲတွင်းသေကြေကြ၊ အဝေးနိုင်ငံများသို့ထွက်ပြေးရောက်ကြရနှင့် အလျော်အစား ကြီးကြီးမားမား ပေးဆပ်ခဲ့ကြရပါသည်။ သို့တိုင် အာဏာရူးတို့၏ လက်အောက်မှ မလွတ်နိုင်ခဲ့ကြ။

ယခုလည်းလာပြန်ပါပြီ။ နောက်တစ်ခါလာပြန်ပေါ့ အဆန်းတစ်မျိုးမဟုတ်ပါ။ ယခင်အတိုင်း လက်ပြဲကြီးပင်ဖြစ်ပါသည်။ ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူလက်မှတ်ငါးသန်းစုဆောင်းသည့်ကိစ္စတွင် ပြည်သူအားလုံးမပါဟု ပြောခဲ့သူက ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုသည့် ပြည်သူ ၉၂.၄၈% ဆိုသည်ကိုတော့ အရှက်မရှိ အသေကိုင်ပြောတက်ကြပါပေသည်။ နာဂစ်ဖွဲ့စည်းပုံကို ထောက်ခံသည်ဆိုသော ထောက်ခံမဲများမှာ မည်သို့မည်ပုံရရှိထားသည်ဆိုသည်ကို ပြည်သူအားလုံးက သိထားပြီးဖြစ်သည်။ ယခုပြင်ဆင်ရန်တောင်းဆိုသည်ဆိုသော ပြည်သူငါးသန်းမှာ တစ်ဦးချင်း လက်မှတ်ကို ကိုယ်တိုင် ကိုယ့်ဆုံးဖြတ်ချက်နှင့် ရေးထိုးထားကြခြင်းဖြစ်ပါသည်။ ဘယ်သူ့ ပယောဂမှမပါ။ ဘယ်သူ့ခြိမ်းခြောက် ဖြားယောင်းမှုမှမပါ။

နာဂစ်ဖွဲ့စည်းပုံအတည်ပြုစဉ်က ထောက်ခံမဲများရဖို့ ကြိုတင်မဲတွေ ဘယ်လိုစီစဉ်ခဲ့ကြသည်။ မဲပေးချိန်တွင် အိမ်ရှိလူကုန်၏ မှတ်ပုံတင်များကို လူတစ်ဦးထဲမှကိုင်ပြီး အားလုံးအတွက် တစ်ယောက်ထဲကမဲပေးခြင်းလို အသေးဆုံးမသမာမှုများကို အနည်းဆုံးကျူးလွန်ခဲ့ကြသူများမှာ ယခုအာဏာရပါတီ(ထိုစဉ်က လူမှုရေးအသင်းကြီး)၏ လက်ချက်မဟုတ်လား။ ကိုယ်လုပ်ခဲ့တဲ့ မသမာမှု၊ အဓမ္မမှုများကိုတော့ မွန်မြတ်သော အမျိုးသားရေးတာဝန်လိုလို ဘာလိုလို ပြောတက်ကြသလောက် ပြည်သူတို့၏ တရားနည်းလမ်းကျသောတောင်းဆိုမှုနှင့် ဆန္ဒပြမှုများကိုမူ မျက်နှာလွှဲခဲပစ်၊ ပစ်တောင်းဆန်ခါ ပေယျာလကန်လုပ်ပုံများမှာ အော့နှလုံးနာစရာကောင်းလှပေသည်။

ယခုထိတိုင် ရွေးကောက်ပွဲကျင့်ပမည့်ရက်ကို မကြေညာနိုင်သေးခြင်း၊ ရွေးကောက်ပွဲတွင် အာဏာရပါတီရှုံးနိမ့်ခဲ့လျှင် အနိုင်ရပါတီသို့ အာဏာကိုအေးချမ်းစွာလွှဲပေးမည့်အကြောင်းကို ရွေးကောက်ပွဲကော်မရှင်နှင့် လက်ရှိအာဏာပိုင်များက မကြေညာနိုင်သေးပါ။ ကတိမပေးနိုင်သေးပါ။ ကတိပေးလျှင်သော်မှ ပြည်သူတို့ယုံမည်မဟုတ်သည့်တိုင် ထိုစကားပြောဖို့အရေး ရင်ထဲကအပူများကို အရင်ဖိသတ်နေပုံပေါ်ပါသည်။

ပြည်သူတို့ကမူ မယုံနိုင်ပါ။ ၉၀ ရွေးကောက်ပွဲမတိုင်မီက ရွေးကောက်ပွဲအပြီး အနိုင်ရပါတီသို့ အာဏာလွှဲပေးပြီးလျှင် စစ်တန်းလျားပြန်မယ်ဆိုသော ထိုစဉ်ကကာချုပ်၏ ရဲရဲတောက်စကားကို သြော်...စစ်သားစကားပေပဲ၊ ယောက်ျားရင့်မာကြီးရဲ့စကားပေပဲဟု မူလကယုံစားခဲ့ကြသော်လည်း နောက်ဆုံးမှာ ရူးသလိုကြောင်သလိုလုပ်ကာ (တကယ်လည်း ထိုစကားပြောသူအရူးပါဟုဆိုကာ) နောက်လူကအာဏာသိမ်းပြီး၊ အရင်လူစကားကို ဖျက်ခဲ့ကြဖူးသည့်အစဉ်အလာအရ စစ်တပ်အပေါ် မယုံကြခြင်းဖြစ်ပါသည်။

ယခုလည်း နာဂစ်ဖွဲ့စည်းပုံကိုပြင်မည်ဆိုလျှင် ဖျက်မည်ဆိုလျှင် အသက်ပေးကာကွယ်တော့မလောက် လွှတ်တော်ထဲပြောနေသူများကိုကြည့်၍လည်း တရားကျမိပါသည်။ နာဂစ်ဖွဲ့စည်းပုံကို မပြင်မဖျက်အောင်ကာကွယ်နေသည်ဆိုခြင်းမှာ သူတို့၏ပကတိသဘောထားဟုတ်ဟန်မတူ။ အချိန်ကာလတစ်ခုထိ မိမိအကျိုးစီးပွားများကို ကာကွယ်ထားနိုင်သရွေ့၊ ဖြည့်ဆည်းပေးနိုင်သရွေ့၊ တိုးပွားအောင်ဆောင်ရွက်ပေးနိုင်သရွေ့ ထိုစကားမျိုးကို မေးကြောကြီးများတထောင်ထောင် အံတကြိတ်ကြိတ်ဖြင့် ပြောနေကြဦးမည်သာဖြစ်သည်။ သူတို့အကျိုးစီးပွားထိခိုက်စေသည့်တစ်နေ့တွင် သူတို့ကသာ ဘယ်သူမှလက်မဦးခင် ဒီဖွဲ့စည်းပုံကြီးကိုအရင်ဆုံးဖျက်ပစ်မှာအမှန်ပါ။ ရှေ့မှာလည်း သူတို့ကိုယ်တိုင်ရေးပြီး သူတို့အကျိုးစီးပွားကာကွယ်ပေးခဲ့တဲ့ ၇၄ ဖွဲ့စည်းပုံကို သူတို့ကိုမကာကွယ်နိုင်တော့တဲ့ ၈၈ မှာ သူတို့ပဲပြန်ဖျက်ပစ်ခဲ့တာမဟုတ်လား။ ကျော်မကောင်း ကြားမကောင်း လွတ်လပ်ရေးရပြီး နှစ် ၆၀ လောက်မှာကို အလံ ၃ လက် ပြောင်းခဲ့တဲ့နိုင်ငံအဖြစ်ကိုရောက်အောင် ဘယ်သူကမှလုပ်ခဲ့တာမဟုတ်ဘဲ သူတို့ကပဲလုပ်ခဲ့တာဖြစ်ပါသည်။ အဲဒီတော့ ခုနာဂစ်ဖွဲ့စည်းပုံကလည်း ပြည်သူတွေက မပြောင်းမဖျက်ရဘဲ သူတို့ကပဲ ဖျက်ပစ်မှာသေချာပါသည်။ သူတို့အကျိုးစီးပွားကို နာဂစ်က မကာကွယ်နိုင်တော့တဲ့တစ်နေ့ပေါ့။

ယခုပင်ပြောစရာရှိလာပါသည်။ မေ ၁၄ ရက်နေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင်ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက (ဖွဲ့စည်းပုံပြင်ဆင်ရေး) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမထွက်သေးသည့်အတွက် ရွေးကောက်ပွဲနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခိုင်းမည်ဆိုပါက အခက်အခဲရှိသည်ဟု လွှတ်တော်နာယကသို့ စာပို့ခဲ့ကြောင်း သတင်းမီဒီယာများသို့ ပြောခဲ့သည်ဟု ကြားသိရရာ လွှတ်တော်နာယကကြီးဆိုသူ၏ ကမ္ဘာအနှံ့နှင့် နိုင်ငံအဝန်းပြောဆိုခဲ့သော ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုသည်မှာ လေထဲဆောက်သည့်အိမ်ကလေးဟုသာ ဆိုရပါတော့မည်။ လွှတ်တော်နာယကဆိုသူ ပြောခဲ့သည့်နေရာများမှာ လမ်းဘေး လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များတွင်မဟုတ်ပါ။ နိုင်ငံတကာရောက်စဉ် သက်ဆိုင်ရာနိုင်ငံများမှ အကြီးအကဲများသို့၊ မိမိနိုင်ငံတွင်မူ မိမိဆီရောက်လာသော နိုင်ငံတကာမှအကြီးအကဲများသို့နှင့် ပြည်သူများကြားသိအောင် လွှတ်တော်တွင်းမှတစ်ဆင့်ပြောဆိုခဲ့သော စကားများဖြစ်ရာ ထိုစကားများသည် အာပလာဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်သလိုဖြစ်ပါတော့သည်။ လွှတ်တော်နာယကသည် လူလိမ်တစ်ယောက်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်သလိုပင်။

ထိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူကလည်း တိုင်းပြည်အခြေအနေမကောင်း မငြိမ်သက်လျှင် စစ်တပ်ကအာဏာပြန်သိမ်းမည်။ ကုန်ကျစရိတ်သက်သာဖို့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမလုပ်တော့ဟု အပြတ်ပြောပြီး ပြည်သူတို့ဆန္ဒကို အမြဲဆန့်ကျင်ပြောဆိုနေခဲ့သူဖြစ်ရာ ရွေးကောက်ပွဲဆိုရာကိစ္စများတွင် ငါတကောကောပြီး အစွမ်းကုန်အာဏာပြနေသူဟု ယူဆရမည်သာဖြစ်သည်။ ပြည်သူတို့ရွေးကောက်ထားသည့်(မည်သို့ပင်ဆိုစေ) ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် လွှတ်တော်၏ဆန္ဒကိုပင် အာခံနေသလောဟု ယူဆရမည်ဖြစ်ပါသည်။

တကယ်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုသည်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံပြင်ဆင်ဖို့ရွေးကောက်ပွဲဝင်သည်ဟု ကြွေးကြော်လာခဲ့သောပါတီက မစတင်ရပါဘဲ အာဏာရပါတီမှအမတ်တစ်ဦးက လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဦးအောင်စတင်လှုံ့ဆော်ခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကတည်းက။ တကယ်ပြင်ချင်သောဆန္ဒရှိခဲ့လျှင် ယခုလိုဖြစ်မနေ။ ခုနောက်ဆုံးချိန်ထိ မပြင်ချင်ကြောင်းကိုလည်း သမ္မတ၊ ကာချုပ်တို့၏ ပြောစကားများ မိန့်ခွန်းများတွင် အကြိမ်များစွာပါဝင်ဖော်ပြခဲ့ပြီးဖြစ်ရာ ဖွဲ့စည်းပုံပြင်ချင်နေသောပါတီနှင့် ထိုပါတီကိုထောက်ခံသောပြည်သူတို့ကိုသာ သနားမိတော့သည်။ သူတို့ကတော့ ဒီအတိုင်းပဲဆက်သွားချင်နေတာဖြစ်သည့်အတွက် ပြည်သူ့မျက်နှာကို မထောက်မညှာဘဲပြောရက်ကြပေသည်။ ဖွဲ့စည်းပုံပြင်ရမည့်အရေးကို ရင်တမမဖြင့်စောင့်စားနေသော ပြည်သူတို့ကို မျှော်မနေနဲ့တော့ဟုပြောပြီး မျက်နှာကိုတစ်ချက်တည်းဖြတ်ရိုက်လိုက်သလို ခံစားကြရပေသည်။

သို့ဆိုလျှင် ဘာကြောင့် မတည်သောကတိများကို အကြိမ်ပေါင်းများစွာ နိုင်ငံအကြီးအကဲဆိုသူများက ပေးနေကြသနည်း။ မတည်သောကတိစကားဆိုကတည်းက အလိမ်အညာ မုသားစကားများသာဖြစ်ရာ နိုင်ငံ၏အကြီးအကဲတို့ နိုင်ငံ့ခေါင်းဆောင်တို့ဆိုသော ဂုဏ်ပုဒ်နှင့်ဘယ်လိုမှစဉ်းစားလို့မရဘဲ လိမ်လို့ရသလောက်ကတော့ လိမ်နေဦးမည့်သူများအဖြစ်သာမြင်နေရသည်။ ပြည်သူတို့၌ နိုးကြားတက်ကြွသော နိုင်ငံရေးအသိစိတ် မရှိမချင်း၊ ဤလိုအဖြစ်တွေက ဆက်တိုက်ကြုံနေရဦးမည်ဖြစ်သည်။ သမ္မတ၊ ကာချုပ်၊ လွှတ်တော်နာယက အစရှိသည့် နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်ဆိုသူတို့၏ တာဝန်မယူ တာဝန်မခံသော ရွှန်းရွှန်းဝေအပြောများဖြင့် လိမ်စားနေကြဦးမည်သာဖြစ်သည်။

လူလိမ်တို့၏ အလိမ်အညာစကားများကို ယုံစားကြလျှင် တစ်ခါဆိုက လိမ်သူအပြစ်ဆိုသော်ငြား နှစ်ခါအလိမ်ခံရလျှင်မူ အလိမ်ခံရသူအပြစ်ဟု ပြောကြရိုးရှိရာ။ နှစ်ငါးဆယ်သမိုင်းတစ်လျှောက် အကြိမ်ပေါင်းများစွာလိမ်လည်ခဲ့သူတို့ကို လိမ်လည်ခွင့် ဘယ်လောက်ထိဆက်ပေးနေကြဦးမှာလဲဆိုတာ ပြည်သူတို့အား ပြန်လည်မေးမြန်းရတော့မည်ဖြစ်ပါသည်။ ယခုလည်း ကြို၍ပြောထားပါမည်။ မကြာမတင်သောကာလ၌ ရွေးကောက်ပွဲလုပ်ပေးမည်ဆိုသည့် အလိမ်အညာပွဲကြီးကျင်းပကြပါလိမ့်ဦးမည်။ ပြီးတော့ သူတို့ရှုံးလျှင် အာဏာမလွှဲရမည့်နည်းများသုံးပြီး သူတို့အာဏာဆက်ရှိတာကမှ တိုင်းပြည်တည်ငြိမ်မှာဆိုပြီး အာဏာဆက်မည့်အကြောင်းများကို လုပ်ကြပါလိမ့်ဦးမည်။ ဒီလိုပဲဆက်သွားနေကြဦးမှာလား။ သူတို့ကတော့ ဒီလိုပဲဆက်သွားဖို့ကြိုးစားကြပါလိမ့်မည်။ ပြည်သူတို့ကရော ဒီလိုပဲဆက်သွားဖို့ ခွင့်ပြုကြဦးမှာလား...?။
********************************
ဒီတစ်ပတ် The PoliticS ဂျာနယ်မှ Ko Soe Win ဆောင်းပါးပါ
.
Credit : Ko Soe Win

အရင်အပတ်က မွန်ပြည်နယ် သံဖြူဇရပ်ကိုရောက်ခဲ့ပါတယ်။ သွားချင်ခဲ့တာကြာပါပြီ။ ၁၉၄၆ ခု၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သေမင်းတမန် မီးရထားလမ်း ဆောက်လုပ်ရေးတွင် သေဆုံးခဲ့ရသူတွေအတွက် ကျင်းပခဲ့တဲ့ သတိရအခမ်းအနားပွဲကို ဖေဖေ တက်ခဲ့ပါတယ်။ အဲ့ဒီ့ အခမ်းအနားမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ပါခဲ့တာကတော့။

“ယနေ့ဆိုရင် ကျွန်ုပ်တို့ဟာ ကျေးကျွန်ပမာ အခိုင်းအစေခံရင်း သေဆုံးခဲ့ကြတဲ့ မဟာမိတ်တပ်သားများ နဲ့ ကျွန်ုပ်တို့ နိုင်ငံသား ထောင်ပေါင်းများစွာတို့ကို အမှတ်ရတဲ့အနေနဲ့ ဒီနေရာကိုလာရောက်ခဲ့ကြပါတယ်။ နောက်ကို ဘယ်တော့မှ ဒီလို အဖြစ်မျိုး ဒီလိုချွေးတပ်ဆွဲခံရတာမျိုး ဒီလို ကျေးကျွန်ပြုခံရတာမျိုးကို ဒီကမ္ဘာကြီး မှာ မတွေ့ကြရစေဖို့ ကျွန်ုပ်တို့အားလုံး သဘောပေါက်ထားကြရပါမယ်”။

“လူကိုလူက ကျွန်ပြုမှု၊ ခေါင်းပုံဖြတ်မှုတို့ ဘယ်လိုပုံစံမျိုးနဲ့မှ ကမ္ဘာပေါ်မှာ နောက်ထပ်ပေါ်မလာပါစေနဲ့ လို့ ကျွန်ုပ်တို့အားလုံး ဆန္ဒပြုကြဖို့ လိုပါတယ်”။

“ကျွန်ုပ်တို့ဟာ ကွယ်လွန်သူများရဲ့ မြင့်မြတ်သော ဝိညာဉ်များနဲ့ တွေ့ဆုံထိုက်သူတို့အတွက် ဆုမွန်ကောင်း မှားတောင်းယုံသာမဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသား အားလုံး အနှောင်အဖွဲ့ အချုပ်အချယ်များမှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းသင့်ကြပါတယ်”။
(အင်္ဂလိပ်ဘာသာဖြင့် ပြောခဲ့သောမိန့်ခွန်းကို “ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ” တွင် မြန်မာဘာသာ ပြန်ထားသည်။)

သံဖြူဇရပ် စစ်သင်္ချိုင်းကိုရောက်သွားတဲ့အခါမှာ ဖေဖေမိန့်ခွန်းကို သတိရမိပါတယ်။ စစ်သင်္ချိုင်းတာဝန်ခံ က ကျွန်မတို့ကိုလိုက်ပြရင်းနဲ့၊ သြစတေးလျ၊ ဗြိတိန်နဲ့ နယ်သာလန်မှ စစ်သည်များဖြစ်ကြောင်း၊ အမည်မသိကျဆုံး စစ်သည်များလည်းပါရှိကြောင်း၊ စသဖြင့်ရှင်းပြပါတယ်။ ဖေဖေလာရောက် ဖွင့်လှစ်ပေးခဲ့တဲ့ အထိမ်းအမှတ်တိုင်မှာ သစ်သားနဲ့ ပြုလုပ်ထားတာမို့ အ၀င်ဝ ခေါင်မိုးအောက်မှာ ရွေ့ထားပြီး၊ သင်္ချိုင်းဂူများရှိရာ ပန်းခြံ အတွင်းမှာ ကျောက်ဖြင့် အထိမ်းအမှတ် တိုင်သစ်တစ်ခုဆောက်ထူထားပါတယ်။ ဂူလေးတွေက သပ်ရပ်ရိုးစင်းပြီး၊ ၎င်းတို့အပေါ်မှာ ကမ္ဗည်းထိုးတားတဲ့ စာတန်းလေးတွေက လွမ်းစရာပါ။ အသက်တွေက ငယ်လိုက်ကြတာ။ အများစုမှာ (၂၀)ကျော်၊ (၃၀) ပတ်ဝန်းကျင်ပါပဲ။ လူငယ်များမို့ အိမ်ထောင်မရှိသူတွေလဲ များပါတယ်။ မိဘများ သားတွေအတွက် ဝမ်းနည်းကျေကွဲခဲ့ရပုံကိုခံစားစေတဲ့ စာသားလေးတွေလဲပါ ပါတယ်။ အမည်မသိ စစ်သည်တွေရဲ့ ဂူလေးတွေကတော့ သနားစဖွယ်အကောင်းဆုံးပါပဲ။ “ဘုရားသ္ခင်သာသိသည်” ဆိုတဲ့ စကားလေးကို ထပ်ခါ ထပ်ခါ တွေ့ရပါတယ်။ ကျွန်မစဉ်းစားမိပါတယ်။ အလောင်း သင်္ဂြိုလ် စဉ်က ဘယ်သူမှန်းမသိရပေမယ့် နောက်မှာ ကျွန်တော်၊ ကျွန်မတို့သား၊ မောင်၊ အကို၊ တူ ၊ ကျွန်မခင်ပွန်း၊ ဖခင်၊ သေမင်းတမန် မီးရထားလမ်းဆောက်လုပ်ရေးထဲပါသွားပြီး အသက်ရှင်လျှက်မတွေ့ရတော့ပါလို့ အသိပေးမယ့် ကျန်ရစ်သူမိသားစုတွေ မရှိကြဘူးလား။ မဟာမိတ်တပ်တွေက မှတ်တမ်းထိန်းသိမ်းရေးမှာ အင်မတန်စေ့စပ်တာ ကြောင့် စုံစမ်းမဲ့သူတွေရှိရင်တော့ အဖြေပေါ်ကောင်းပါရဲ့။ စစ်သင်္ချိုင်းတာဝန်ခံက ဇာတ်လမ်းလေးတစ်ခုပြောပြပါတယ်။ ဂူသွင်းထားတဲ့စစ်သည်လေးတစ်ယောက်က ကျဆုံးချိန်မှာ (၂၃) နှစ်သာရှိသေးပြီးအိမ်ထောင်နဲ့ပါ။ နှစ်စဉ်ကျန်ရစ်သူ ဇနီးသည်က မပျက်မကွက် ပန်းစည်းချဖို့ အင်္ဂလန်က လှမ်းပြီး စီစဉ်ပါတယ်။ တမလွန်နှစ်က အသက် (၉၀) ပြည့်တဲ့ ဇနီးသည်က ပန်းစည်းပို့ပါသေးတယ်။ မနှစ်ကတော့မပို့တော့ပါ။ ဆုံးသွားရှာပြီထင်ပါတယ်။ တွက်ကြည့်လိုက်တော့ စစ်သည်လေးကျဆုံးစဉ်က ဇနီးငယ်မှာ အသက်(၂၀) လောက်သာရှိပါလိမ့်မယ်။ အနှစ် (၇၀) မျှ မေတ္တာမပျက် သူနဲ့ ဆုံခဲ့ရတဲ့ကောင်းကံ တော့ အသက်မရှည်ရှာတဲ့စစ်သည်လေးမှာရှိခဲ့ပါတယ်။

ဖေဖေက “ ကမ္ဘာသူ ကမ္ဘာသား အားလုံးအနှောင်အဖွဲ့၊ အချုပ်အချယ်များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ” လို့ ဆုတောင်းပေးစေချင်တာမို့ ကျွန်မလည်းဆုတောင်းပါတယ်။

အဲဒီအချိန်က ဖေဖေက မြန်မာလွတ်လပ်ရေးကို အဓိကထားပြီးစဉ်းစားနေတာဖြစ်နိုင်ပါတယ်။ ယ္ခုနှစ်ပေါင်း (၇၀) နီးပါကြာခဲ့ပြီဖြစ်တဲ့ အချိန်မှာတော့ အနှောင်အဖွဲ့၊ အချုပ်အချယ်တွေကို ပိုပြီး ကျယ်ပြန့်တဲ့ အဓိပ္ပါယ်ဖော်ဖို့ လိုတယ်လို့ စဉ်းစာမိပါတယ်။ လူလူချင်း ဖိနှိပ်ချုပ်ချယ်၊ နှိပ်စက်က လူပြုခြင်း ဖြစ်ပေါ်စေတဲ့ လောဘ၊ ဒေါသ၊ မောဟ တွေရဲ့ အနှောင်အဖွဲ့မှ ဒီလောကကြီးမှာ လုံးဝလွတ်မြောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကိုတော့သိပါတယ်။ ဒါပေမဲ့ပုထုဇဉ်တွေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အနိဋ္ဌာရုံတွေနည်းနိုင်သမျှ နည်းနိုင်အောင်တော့ လူမှုရေး၊ နိုင်ငံရေးစံနှုန်းစံထားတွေ၊ ဥပဒေတွေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်ပါတယ်။ ဒီမိုကရေစီကိုတကယ်ကျင့်သုံးတဲ့နိုင်ငံအချင်းချင်းစစ်ဖြစ်ပွားတယ်ဆိုတာ ကမ္ဘာသမိုင်းမှာ မရှိသေးဘူးဆိုတဲ့အချက်ကို လေးတွေးဆင်ချင်ကြရပါမယ်။

ဒီအပတ်တော့ဒီမျှသာ။ ။

ဒေါ်အောင်ဆန်းစုကြည်
.
NLD Chairperson
.


မေးခွန်းများနှင့်ကြုံတိုင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဖြေတစ်မျိုးတည်၊ လေသံ တစ်မျိုးတည်းသာ ထွက်လာခဲ့သည်။ ပုဒ်မ ၄၃၆ အားမပြင်။ ပုဒ်မ ၅၉(စ) ပါဝင်နေသော အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)အား မပြင်ဟု …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာဏာပိုင်များ၏ ကတိပြု သတ်မှတ်ချက်အရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးကို ၂၀၁၅ အောက်တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်းတွင် ကျင်းပပြုလုပ်ဖွယ် ရှိသည်ဟု ယူဆရသည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပဖြစ်မည်လား၊ မကျင်းပ ဖြစ်ဘူးလား ဆိုသည်ကား မည်သူမျှ တပ်အပ် သေချာ မပြောနိုင်သေးပေ။ နောက်ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ဖြစ်မည်လား၊ မပြင်ဆင်ဖြစ်ဘူးလား။ ဆိုသည်ကလည်း မရေရာသော ကိစ္စတစ်ရပ် ဖြစ်နေသည်။ ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ် အထမြောက်ခဲ့၍ အခြေခံဥပဒေပါ အရေးကြီးပုဒ်မများ ပြင်ဆင်ဖို့ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်ဖြစ်မည်လား၊ မပြုလုပ်ဘူးလားဆိုသည့် ကဏ္ဍကလည်း မသေချာ မရေရာ သေးချေ။

ရွေးကောက်ပွဲ ကျင်းပဖြစ်မည်လား၊ မကျင်းပဘဲ ရွှေ့ဆိုင်းမည် လား။ ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ် အထမြောက်မည်လား ဆိုသည်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေး အင်အားစု တစ်ရပ်လုံးပင် လက်ရှိ ၂၀၁၅ မေလကုန် ရောက်သည်အထိ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်သေးပဲ ရှိနေသေးသည်။ ပြည်သူလူထုကား ပို၍စိုးရိမ်ပေသည်။ မရေရာ မသေချာမှုများကြားတွင် ၂၀၁၅ ရွေးကောက်ပွဲကြီးနှင့် ၂၀၁၅ အလွန် ပြည်သူ့အစိုးရ ဖြစ်ရေးတို့ အတွက် မျှော်လင့်ချက် ကြီးမားစွာ ထားနေကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဦးဆောင်သော အစိုးရ လက်အောက်၌ မိမိတို့၏ လူမှု၊ စီးပွားဘ၀များ တိုးတက်လာနိုင်သည် ဟူသော မှန်းဆချက်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အား မျှော်လင့်အားကိုး နေကြခြင်းဖြစ်သည်။ သို့ သော် ပကတိ အခြေအနေမှန်ကား ပြည်သူ့မျှော်မှန်းချက်နှင့် ဝေးကွာနေဆဲပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ဟန့်တားထားသော ပုဒ်မ ၅၉ (စ)အား အာဏာပိုင်များဘက်မှ ပြင်ဆင်ပေးဖို့ရန် စိတ်အား ထက်သန်ပုံ လုံးဝမတွေ့ရချေ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အား အဟန့်အတား ဖြစ်နေသော ပုဒ်မ၅၉ (စ)အား ပြင်ဆင်နိုင်ခြေ ရှိ၊မရှိ ပြည်တွင်း၊ ပြည်ပမှ မေးခွန်းများနှင့် ကြုံတိုင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပြန်လည် ဖြေကြားသည့် အခါတိုင်းတွင် အဖြေတစ်မျိုးတည်း၊ လေသံတစ်မျိုးတည်းသာ ထွက်လာခဲ့သည်။ အဖြေကား ၂၀၀၈ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ အတိုင်း ပြင်ဆင်လျှင် ဖြစ်နိုင်သည် ဟူ၍ဖြစ်သည်။ လိုရင်း အနက်ကား ပုဒ်မ ၄၃၆ အား မပြင်။ ပုဒ်မ ၅၉(စ) ပါဝင်နေသော အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)အား မပြင်ဟု သွယ်ဝိုက် ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ပုဒ်မ ၄၃၆(က) မပြင်လျှင် ပုဒ်မ ၅၉ (စ) နှင့်အတူ ဖွဲ့စည်းပုံပါ အခြားအရေးကြီးပုဒ်မ များလည်း ပြင်ဆင်၍ ရနိုင်မည်မဟုတ်ချေ။

● ပုဒ်မ ၄၃၆(က) မပြင်ချင်ခြင်း အရိပ်အမြွက်များ

ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မအချို့ ပြင်ဆင်ရန် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)အရ ““ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူ လက်ခံရမည့်အပြင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”” ဖြစ်သည်။

● တပ်မတော်မှ မပြင်ဆင်ချင်ခြင်း

(၁) ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့် အပ်ထားသော ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်း ပါဝင်နေသည့်အတွက် လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိရန် တပ်မတော် ထောက်ခံမှ ရမည်ဖြစ်သည်။

(၂) ဖွဲ့စည်းပုံ ပြင်ဆင်မှု လေ့လာသုံးသပ်ရေး ကော်မတီပါ တပ်မတော်သား ကိုယ်စားလှယ်များက ပုဒ်မ၄၃၆ အပါအ၀င် ပုဒ်မ ၅၉(စ)အား မပြင်ဆင်ရန် လွန်ခဲ့သော လွှတ်တော်က အကြံပြု တင်ပြသွားခဲ့သည်။

● ရွေးကောက်ပွဲကော်မရှင်

အထက်ပါဆိုခဲ့သည့်အတိုင်း တပ်မတော်မှ မထောက်ခံလျှင် ပုဒ်မ၄၃၆(က)နှင့် ပုဒ်မ ၅၉(စ)တို့ မပြင်ဆင်နိုင်ပေ။ အကယ်၍ တပ်မတော်က ထောက်ခံ၍ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ရရှိလျှင်ပင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရပေဦးမည်။ မေလ ၁၄ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက““ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေလည်း မထွက်သေးဘူး။ အခုလည်း ကျွန်တော့်အနေနဲ့ လွှတ်တော်ရုံးကို စာရေးထားပါတယ်။ ရွေးကောက်ပွဲနှစ်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ခိုင်းမယ်ဆိုရင် ကော်မရှင်တွေမှာ အခက်အခဲရှိပါတယ်လို့ ကျွန်တော်ဒီတိုင်းပဲ ရေးထားပါတယ်။ အခက်အခဲရှိတယ် ဆိုတာက တော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ ဟိုဒင်းက (ရွေးကောက်ပွဲ) တစ်ပြိုင်တည်း လုပ်ဖို့ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် ကြည့်ပေါ့၊ ဒါက အခက်အခဲပေါ့””ဟု ပြောကြားခဲ့သည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပေးရန် တာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြုလုပ်ပေးရန် အခက်အခဲရှိကြောင်း လွှတ်တော်ရုံးသို့ စာပေးပို့ထားကြောင်း ပြောကြားချက်အရ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ မတိုင်ခင်ပြည်လုံး ကျွတ်ဆန်္ဒခံယူပွဲ ကျင်းပပေးဖို့ရန်မှာ ဖြစ်တန်ဖွယ်ရာပင် မမြင်ချေ။

လွှတ်တော်ကလည်း အထက်ပါ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား သွားသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအား ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေဆဲ ဖြစ်သောကြောင့် ထိုဥပဒေ ရွေးကောက်ပွဲ မတိုင်ခင် ထွက်ရှိလာရန်မူ လွှတ်တော်တွင် အဓိက တာဝန်ရှိသွားပြီဖြစ်သည်။ သို့သော် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေပြဋ္ဌာန်းပြီးသည့် တိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြားသလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အား ရွေးကောက်ပွဲနှစ်တွင် တစ်ပြိုင်တည်း ပြုလုပ်ရန် အခက်အခဲရှိသည်ဟု ပြောကြား ချက်အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကား ရွေးကောက်ပွဲ မတိုင်ခင်ပင် ဖြစ်နိုင်ခြေမရှိဟု သုံးသပ်ရသည်။ သို့ဆိုလျှင် ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ၅၉(စ)နှင့် အခြားအရေးကြီး ပုဒ်မများမှာ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖို့ရန် အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

● လွှတ်တော်

၂၀၁၅ မေလဆန်းက VOA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် လွှတ်တော်နာယက သူရဦးရွှေမန်းက ““လွှတ်တော် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံပြောင်းလဲရေးအတွက် ကြိုးပမ်း ဆောင်ရွက်တဲ့အခါမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲ နောက်ဆုံး ကာလအထိ၊ ရွေးကောက်ပွဲရက် အတွင်းပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများကို ဆက်လက်ကြိုး ပမ်း ဆောင်ရွက်မှာ ဖြစ်ပါတယ်””

““ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ ပုဒ်မ ၄၃၆ (က)ကို ပြင်ဆင်ခွင့် ရှိတယ်ဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ရမယ်။ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်လို့ရှိရင် ရွေးကောက်ပွဲ မတိုင်ခင်လုပ်မှ၊ သို့မဟုတ်လို့ရှိရင် ရွေးကောက်ပွဲ ကာလကို နောက်ဆုံးထားပြီး လုပ်မှသာ အောင်မြင်တဲ့ ဆောင်ရွက် မှုတစ်ခုဖြစ်နိုင်မှာ ဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

လွှတ်တော်နာယက သူရဦးရွှေမန်း၏ အဆိုပါ ပြောကြား ချက်နောက်ပိုင်း မေလ ၁၄ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ရွေးကောက်ပွဲနှစ် တွင် ပြုလုပ်ရန် အခက်အခဲ ရှိကြောင်း လွှတ်တော်ရုံးသို့ စာတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူရဦးရွှေမန်း ပြောကြားသော ““ဖွဲ့စည်းပုံ ပြုပြင်ရေးအား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲ နောက်ဆုံးကာလအထိ ရွေးကောက်ပွဲ ရက်အတွင်းမှာပင် ကြိုးပမ်းဆောင်ရွက်မည်””ဆိုသည် မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် မလိုသော (လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်ရရုံဖြင့် ပြင်ဆင်နိုင်သော) ပုဒ်မများကိုသာ ပြင်ဆင်ဖို့ရန် ကြိုးပမ်း သွားမည်ဟု ဆိုလိုကြောင်း ယူဆနိုင်ပါသည်။ လွှတ်တော်နာယက အနေဖြင့်လည်း ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမှ ပြင်ဆင်၍ရသော ပုဒ်မများအား ပြင်ဆင်ရန် လိုလားပုံမရချေ။

ထို့ပြင် ကြံ့ခိုင်ရေး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက မေလ ၁၃ ရက်တွင် လွှတ်တော်၌ သတင်းထောက်များကို –

““လက်ရှိ ပြဋ္ဌာန်းချက်များအရ ပုဒ်မ ၄၃၆နှင့် ပုဒ်မ ၅၉(စ)တို့အား လက်ရှိအစိုးရ လက်ထက်တွင် ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်းနှင့် နောင်အစိုးရ လက်ထက်တွင်လည်း မဖြစ်နိုင်ဘဲ မဖြစ်မနေ ပြင်ဆင်ရန် ဆောင်ရွက်မည် ဆိုပါက ပြည်သူများ အနေဖြင့် အင်တိုက်အားတိုက် ပါဝင်ရန် လိုအပ်မည် ဖြစ်ကြောင်း”” ပြောကြားသွားခဲ့သည်။

● အစိုးရ

မေလ ၁၈ ရက်က သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၆၈ ပါတီမှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။ ဆွေးနွေးပွဲကား လူစုံသော်လည်း ယခင်တွေ့ဆုံပွဲ များတွင် ပြောကြားခဲ့သော စကားများကဲ့သို့ပင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယေဘုယျဆန်ဆန် စကားများသာ သမ္မတဦးသိန်းစိန် ပြောကြားသွားသည်။

– လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ၀ိုင်းဝန်းကြိုးပမ်းကြဖို့၊

– အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား ဘာမှပြောကြား မသွားခဲ့ချေ။

– တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေးနှင့် အမျိုးသားသင့်မြတ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရေး တို့ကိုသာ ဦးစားပေး ပြောကြားသွားခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော် နှစ်ရပ်လုံးတွင် ပီအာရ်စနစ် မကျင့်သုံးတော့ကြောင်း ပြောကြားသွားပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အနည်းဆုံး ရက်ပေါင်း ၉၀၊ အများဆုံး ၄ လ ကြိုတင် ကြေညာမည်ဟု ပြောကြားခဲ့သည်။

မေလ ၁၈ ရက် ပြောကြားချက်များနှင့် အထက်တွင် ဖော်ပြခဲ့သော အကြောင်းတရားများကို ထောက်ရှု လျှင် ရွေးကောက်ပွဲကား ကျင်းပဖြစ်မည်ဟု ယူဆရပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ကား အထူး အားရဖွယ် မကောင်းချေ။

အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်သည့်ဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၂၀(စ)တွင် ““တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”” ဟု ပါရှိပြီးဖြစ်သည်။ သို့သော် မေလ ၁၄ ရက် လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် (ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တစ်ဦး အနေဖြင့် ““၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေကို သိမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေအား လွှတ်တော်သို့ အမြန်ဆုံး တင်သွင်းရန် ““ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း တင်သွင်းခဲ့သည်။ ပုဒ်မ ၂၀ (စ)အရ ဖွဲ့စည်းပုံအား တပ်မတော်မှ ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည်ဟူသော ပြဋ္ဌာန်းချက်ရှိပြီးလျက် ယခု ထပ်မံ၍ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တင်သွင်းလာခြင်းအပေါ် နိုင်ငံရေး ရပ်ဝန်းမှ ဝေဖန်သုံးသပ်လျက် ရှိကြသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖွဲ့စည်းပုံနည်းလမ်းအတိုင်းပြင်ဖို့ ဒေါ်စုအပါအ၀င် ကျွန်တော်တို့တွေက ဖွဲ့စည်းပုံကို နည်းလမ်း အတိုင်းပြင်ဖို့ ကြိုးစားနေတာပါ။ ပါလီမန်အတွင်းနည်းပေါ့။ ပါလီမန်အတွင်း ပြင်လို့မရရင် ပါလီမန်ပြင်ပက ပြင်တဲ့နည်းပေါ့။ လူထုအားနဲ့ ဖွဲ့စည်းပုံကို ပြင်ရမယ်။ လူထုထောက်ခံမှု မရှိရင် ဖွဲ့စည်းပုံက ပျက်တာပေါ့။ ဥပမာ သပိတ်မှောက်တာတို့၊ ဖွဲ့စည်းပုံကြီးကို မလိုဘူးလို့၊ ၈၈ ကာလတို့လိုပေါ့၊ အသစ် ရေးဆွဲမယ်။ ကန့်ကွက်မယ်လို့ အုံနဲ့ကျင်းနဲ့လုပ်ရင် ဖွဲ့စည်းပုံကြီးက အလကားဖြစ်သွားမယ်””

““ဖွဲ့စည်းပုံ ပြင်ချင်တယ်လို့ပြောတဲ့ သူတွေကို အရေးယူချင်တဲ့ ပုဒ်မတွေပါ လာမှာပေါ့။ ပြင်ဖို့လျှို့ဝှက် စည်းရုံးတဲ့ သူတွေကို ဖမ်းတာဆီးတာ လုပ်နိုင်တယ် ဆိုတာမျိုး ပါလာနိုင်တယ်””ဟု ဖွဲ့စည်းပုံ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ တင်သွင်းခြင်းနှင့် ပတ်သက်၍ သုံးသပ် ပြောကြားခဲ့သည်။

ဥပမာ။ ပုဒ်မ ၅၉ (စ) အား မပြင်ဆင်ပေးပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင် ဆိုသည်ကို ပြည်သူက လက်မခံဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြပွဲများ နိုင်ငံနှင့်အ၀န်း ပေါ်ပေါက်ခဲ့လျှင် ဆန္ဒပြသူများအား ဖမ်းဆီး နိုင်သော ဥပဒေပုဒ်မများ ပါဝင်လာနိုင်ခြေ ရှိသည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။

● အချုပ်အားဖြင့် သုံးသပ်ရသော်

(၁) ရွေးကောက်ပွဲမတိုင်မီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်ဖို့ရန် ဖြစ်နိုင်ချေ အလွန်နည်းပါးပါသည်။

(၂) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပဖြစ်ခဲ့လျှင် ပုဒ်မ ၄၃၆(က)အား ပြင်ဆင်နိုင်မည် မဟုတ်ချေ။

(၃) ပုဒ်မ ၄၃၆ (က)မပြင်ဆင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို အဟန့်အတား ဖြစ်နေသော ပုဒ်မ ၅၉ (စ) အား ပြင်ဆင်နိုင်မည် မဟုတ်သလို တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်း ပါဝင်နေသော ပုဒ်မနှင့်အတူ တပ်ပိုင်းဆိုင်ရာ လွှမ်းမိုး ချုပ်ကိုင်ထားသော ပုဒ်မများအားလည်း ပြင်ဆင်နိုင်မည် မဟုတ်ချေ။

(၄) ပုဒ်မ ၄၃၆ (စ) အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မလိုသည့် ပုဒ်မတချို့အား တပ်နှင့်ကြံ့ခိုင်ရေးပါတီ ပူးပေါင်း၍ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ပေးနိုင်ဖွယ်ရှိသည် အထူးသဖြင့် တိုင်းရင်းသားများ လိုလားသော ပုဒ်မတချို့အား ပြင်ဆင်ပေးဖို့ အလားအလာ များပါသည်။

(၅) ရွေးကောက်ပွဲအလွန် ညွန့်ပေါင်း အစိုးရတစ်ရပ် ဖြစ်လာနိုင်သော်လည်း လက်ရှိအာဏာပိုင်များသာ ညွန့်ပေါင်း အစိုးရတွင် အသာစီးရယူထားမည့် အစိုးရသဏ္ဌာန် ဖြစ်လာနိုင်သည်။

(၆) ထွက်ပေါက် ကယ်ပေါက်အဖြစ် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အား လေးနက်မှုရှိရှိ စစ်မှန်စွာ တွေ့ဆုံ ဆွေးနွေး၍ အပေးအယူ ညှိနှိုင်းမှုများမှတစ်ဆင့် ရွေးကောက်ပွဲအလွန် အစိုးရ ပုံသဏ္ဌာန်အား တစ်ဖက် စောင်းနင်း မကျအောင် ပုံဖော်ယူနိုင်သည်။

(၇) ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အား ၁၉၉၀ ရလဒ်ကဲ့သို့ ဖျက်ဆီး ပစ်ခဲ့ခြင်းမျိုး မရှိရန် ကြိုတင် ကတိက၀တ် ယူထားသင့်သည်။

(၈) ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ညွန့်ပေါင်းအစိုးရတွင် တိုင်းရင်းသားများ အခန်းကဏ္ဍအား မြှင့်တင်ပုံဖော်ပေးရန် လိုအပ်သည်။

(၉) အထူးအရေးအကြီးဆုံး တစ်ချက်မှာ လက်ရှိအာဏာပိုင်များ အနေဖြင့် တိုင်းပြည်အနာဂတ် ပြည်သူ အကျိုးစီးပွား မျက်နှာမူပြီး ၊ရိုးသား၍ ကတိတည်ကြည်ဖို့ရန်ပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လွှတ်တော်ပြင်ပ နိုင်ငံရေး အားကောင်းလာနိုင်ပြီး လူထုအားဖြင့် တိုက်ယူရသော နိုင်ငံရေး လမ်းကြောင်းပေါ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်ကြောင်း လက်ရှိ အာဏာပိုင်များ အထူးဂရုမူသင့်သည်ဟု သုံးသပ်လိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

စစ်စရိတ်တွေအတွက် ကျွန်တော်တို့ရဲ့ အခွန် ဘဏ္ဍာငွေတွေ ကို ဖြုန်းတီးနေရတယ် … နိုင်ငံ အတွက် အနာဂတ်ဖြစ်တဲ့ ပညာအရင်းအမြစ်တွေကို ၀ယ်ရမယ့် ငွေကြေးတွေကို နိုင်ငံရဲ့ သားကောင်းတွေကို စတေးရမယ့် နေရာတွေမှာ သုံးဖြုန်းပစ်နေရပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပထမအကြိမ် အမျိုးသား လွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အမျိုးသား ပညာ ရေးဥပဒေ ပြင်ဆင်ရေးအတွက် အကြိတ်အနယ်ဆွေးနွေး နေခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေရဲ့ အဓိက အကျဆုံး မပြေလည်တဲ့ နှစ်ချက်ကို ပြောရင်တော့ သမဂ္ဂကို အသိအမှတ်မပြုချင်တာနဲ့ ပညာ ရေး အသုံးစရိတ်ကို နိုင်ငံ တော် အသုံးစရိတ်ရဲ့ ၂၀ရာခိုင်နှုန်းအထိမြှင့်တင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း တွေပါပဲ။ ပထမတစ်ခုက သမဂ္ဂ ကြောက်ရောဂါပါ။ သမဂ္ဂကို ဘာကြောင့် ကြောက်လဲဆိုရင်တော့ နိုင်ငံရေး အာဏာ ဆုံးရှုံးရမှာ စိုးရိမ်လို့ပါ။

အောက်ခြေမှာ အင်အားကြီးတဲ့ ပညာတတ် လူ့အဖွဲ့အစည်းတစ်ခု ကြီးထွားလာတာနဲ့အမျှ အာဏာဟာ စစ် အာဏာရှင်ခေတ်ကလို အပေါ်ကနေ ချုပ်ကိုင်ထိန်းချုပ်ထားတဲ့ ဗဟိုချုပ်ကိုင်မှုစနစ် အား လျော့သွားပြီး ပြည်သူ လူထုလက်ထဲကို အာဏာတွေ ပြန်စီးဆင်း သွားတဲ့ပုံစံကို ဦးတည်လာမှာပါ။ ဒါဟာ အာဏာရှင်တွေ သိပ် ကြောက်တဲ့ပုံစံ၊ အာဏာရှင်တွေ သိပ်ကြောက်တဲ့ အခြေအနေပါ။ အမှန်တော့ သမဂ္ဂကို မကြောက်ပါဘူး။ သမဂ္ဂတွေကြောင့် အာဏာလက်လွတ်ဆုံးရှုံးရမှာကို ကြောက်တာပါ။…

သမဂ္ဂဆိုရင်ကို ဖမ်းချင်နေတယ်ဆိုတာ ကျောင်းသားတွေကို တရားရုံးထုတ်ချိန်မှာ ရဲမှူးဦးဝင်း စိန်ကပြောတဲ့ စကားမှာ သမဂ္ဂဆိုတာ အမျိုးသားပညာရေးဥပဒေ အတည်ပြုမှာပဲတရားဝင်မှာပါ။ ပညာရေးဥပဒေအတည် မပြုမချင်း တရားမ၀င်ဘူး။ ဒါကြောင့် ဖမ်းရတာပါဆို တာသူတို့ရဲ့ အခြေခံအကြောက် တရားတွေကို မြင်တွေ့ ရပါတယ်။

အဲ့ဒါကြောင့်လည်းသမဂ္ဂတွေကို ဖွဲ့စည်းခွင့်ပေးခဲ့ရင်တောင် သူတို့ကို လက်ထဲမှာလုပ်ပိုင်ခွင့်တစ်ခုမှ မပေးရစေ ဖို့ အမျိုးသားပညာရေး ဥပဒေမှာကန့်သတ်ချက် တွေထည့် သွင်းထားပါတယ်။ ဒါကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးပေမယ့် လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားရင် သူတို့ကဘာလုပ်ရမှာလဲ။ ကျောင်းမှာ ၀တ်စုံဆင်တူလေးဝတ်ပြီး အမှိုက်ကောက်၊ တံမြက်လှည်း ရုံလုပ်ရမှာလား လို့ လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့တာကို တွေ့ခဲ့ရတဲ့ အထိပါပဲ။

နောက်ဒုတိယတစ်ခုဖြစ်တဲ့ ပညာရေး အသုံးစရိတ်ပါ။ ဘာကြောင့်များ ပညာရေးအသုံး စရိတကို မမြှင့်တင်နိုင် တာလဲဆိုတာ ကျွန်တော် စဉ်းစားရတော်တော် ကျပ်ပါတယ်။ စဉ်းစားရကျပ်တယ်ဆိုတာ အဖြေရှိရဲ့သားနဲ့ ကျော်ကျော်ပြီး စဉ်းစားနေရတဲ့ အခြေအနေဖြစ်နေတာကိုး။

အနောက်ဥရောပ အင်္ဂလန်၊ ပြင်သစ်တို့လို ပညာရေးအတွက် အစိုးရက စိုက်ထုတ်ပေးမှုနှုန်းမြင့် တဲ့နိုင်ငံတွေ မဆိုထားနဲ့ဒေသတွင်းက စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှား၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ ပညာရေးအသုံး စရိတ် တွေက အစိုးရစုစု ပေါင်းအသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်ပါတယ်။

အင်ဒိုနီးရှားမှာ ပညာရေး အသုံးစရိတ်ဟာအစိုးရအသုံးစရိတ် ရဲ့ ၂၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ စင်ကာပူမှာ အဲဒီထက်ပိုများတယ်။ ပညာရေးဆိုတာဟာ နိုင်ငံရဲ့ အခြေခံ ရေသောက်မြစ်စွမ်းအား စုဖြစ်တဲ့ လူသားအရင်း အမြစ်စွမ်း အင်ကို မြှင့်တင်နိုင်တဲ့ တစ်ခုတည်း သော အုတ်မြစ်ပါ။ ပညာရေးမရှိဘဲ အသိ အမြင်တွေ၊ တွေးခေါ် မြော်မြင်နိုင်စွမ်းတွေ မရနိုင် ပါဘူး။ တွေးခေါ်မြော်မြင်နိုင်စွမ်းတွေ အားကြီးလာတာနဲ့အမျှ စစ်တွေချုပ်ငြိမ်းလာ လေ့ရှိတာ ကမ္ဘာ့သမိုင်းမှာနမူနာကောင်းတွေအများ ကြီးရှိခဲ့ပါတယ်။

နိုင်ငံမှာဘက်ဂျက်လိုငွေတွေ ပြလာတာလည်း လွှတ်တော်ကျေးဇူးနဲ့သိလာရသလို ပြည်သူ့အခွန် ငွေတွေကို ဘယ်သူတွေ ဘယ်လောက်သုံးတယ်ဆိုတာ လွှတ်တော်ကြောင့် ရိပ်ဖမ်းသံဖမ်း သိခွင့်ရလာ တာကိုတော့ ကျေးဇူးတင်ရမှာပါပဲ။

ဒါပေမဲ့ဘာကြောင့်များ လွှတ်တော်က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို လက်မခံနိုင်ဘဲ ခါးခါး သီးသီး နဲ့ဖြစ်နေတာလဲ ဆိုတာတော့ စဉ်းစားမရနိုင်အောင်ကိုပါပဲ။ အထက်လွှတ်တော်၊ အောက် လွှတ်တော် အပြန်ပြန် အလှန်လှန် ဆွေးနွေးဆဲ၊ ဆွေးနွေးအပြီးတွေမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင် ရေးကြိုးပမ်းချက်တွေ ယဲ့ယဲ့ပဲ ကျန်တော့တာတွေ့ နေရပါတယ်။

အင်မတန်ကို ၀မ်းနည်းစရာ ကောင်းပါတယ်။ တစ်ကမ္ဘာလုံးမှာ ပညာခေတ်၊ ပညာအရင်းအနှီးဆိုတဲ့ စကားလုံး တွေ အလျှံပယ်ကျနေ တဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူနေရာကိုယူထားသူတွေ ကပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ငြင်းဆန်နေကြတာ တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေပါပဲ။

သူတို့ကသုံးနိုင်ပြီး ကျွန်တော်တို့က ဘာလို့မသုံးနိုင်သလဲ။ ကျွန်တော်တို့နိုင်ငံမှာ အသုံးစရိတ် အမြင့်ဆုံးက ကာကွယ်ရေး ၀န်ကြီးဌာနပါ။ပညာရေးအတွက် အသုံးစရိတ်တွေ ထုတ်မသုံးနိုင်တာဟာ စစ်တပ်ကိုချည်း အပြစ် ဖို့စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်ကံမကောင်း အကြောင်းမလှစွာပဲ စစ်တပ်က အများဆုံးသုံးနေသူ ခုလည်း သုံးနေတာဖြစ်တဲ့အတွက် မေးခွန်း ထုတ်စရာတော့ ရှိလာတာပါပဲ။ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်က ထပ်တောင်းတဲ့ အရေးပေါ်အသုံးစရိတ်တွေ မပါဘဲ ပြည်ထောင်စု ဘတ်ဂျက်ရဲ့ ၂၅ ရာ ခိုင်နှုန်းထက်တောင် ကျော်လွန်နေပါတယ်။

ဘန်ကာ ၃-၄ ခု လောက် ဆောက်ရုံနဲ့တောင် သန်း ၁၀၀လောက်ကုန်ကျခဲ့တယ်ဆိုတာ ပြီးခဲ့တဲ့ ၁၁ ကြိမ် မြောက် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးချက်တွေအရ မှတ်တမ်းတွေလည်းဝင်ခဲ့ ပြီးပါပြီ။ ပြီးခဲ့တဲ့ လောက်ကိုင် တိုက်ပွဲတစ်လကျော်လောက်ပဲကြာဦးမယ့် အချိန်မှာ စစ်အသုံးစရိတ်ထွက် လာတာက ၁ဒသမ ၅ဘီလီယံပါ။ ဒါဆိုရင် အဲဒီမတိုင်ခင်က တိုက်ပွဲ ပေါင်းများစွာငွေဘီလီယံပေါင်းများစွာ ဖြုန်းပြီးပြီဆိုတာ ထင်ရှားလို့နေ ပါတယ်။

ဒီလို စစ်စရိတ်တွေအတွက် ကျွန်တော်တို့ရဲ့ အခွန်ဘဏ္ဍာငွေတွေကို ဖြုန်းတီးနေရတယ်။ နိုင်ငံအတွက် အနာ ဂတ်ဖြစ်တဲ့ ပညာအရင်းအမြစ်တွေကို ၀ယ်ရမယ့် ငွေကြေးတွေကိုနိုင်ငံရဲ့ သားကောင်းတွေကို စတေးရမယ့် နေရာတွေမှာ သုံးဖြုန်းပစ်နေရပါတယ်။

တစ်ဖက်မှာလည်းဒီလိုအသုံး အဖြုန်းကြီးတဲ့ ပြဿနာကြောင့် ဘတ်ဂျက်လိုငွေ တွေပြလာပါတော့တယ်။ စစ် အာဏာရှင် ခေတ်တုန်းက တော့ဘယ်သူမှမသိလိုက်ရအောင် ငါးထောင်တန်တွေ၊ တစ်သောင်း တန်တွေ ရိုက်ထုတ်လိုက်ရင် အဆင်ပြေပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ရဲ့ ငွေကြေးတန်ဖိုးတွေက လွန်ခဲ့ ၁၀ စုနှစ်နှစ်ခု အလွန်ကတန်ဖိုးနဲ့ နှိုင်းယှဉ်ရင်များစွာကို လျော့ကျသွား ခဲ့ရပြီးပါပြီ။

ခုအရပ်သား အစိုးရလက်ထက်မှာတော့ အားကိုးစရာအခွန်ဘဏ္ဍာ ငွေဖြစ်လာပါတော့တယ်။ ဒီတော့ အခွန် ရရာရကြောင်း နည်းလမ်းမျိုး စုံရှာရတဲ့အခါမှာ အင်မတန်ကို စားသုံးမှုနှုန်းမြင့်တဲ့ မိုဘိုင်းဆက် သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းကို သွားတွေ့တယ်။

ဒါပေမယ့် ဘယ်လိုသဘော တူညီချက်တွေ၊ ကတိက၀တ်တွေနဲ့ သဘောတူထားမှန်းမသိတဲ့ အတွက်ကြောင့် ကုန်သွယ်လုပ်ငန်းခွန်ကို အဲဒီလုပ်ငန်းတွေက မဆောင်ဘဲ ပြည်သူလူထုရဲ့ ဖုန်းဘေလ်ထဲက ဖြတ်တောက်မယ် လို့ ထွက်လာပါတယ်။

တစ်ရာကို ငါးကျပ်ဆိုပေမယ့် တစ်ထောင်ကို ငါးရာပါ။ အော်ရီဒူး၊ တယ်လီနော၊ အမ်ပီတီ ဒီဆက်သွယ်ရေး လိုင်းသုံးခုပေါင်းကို အသုံးပြုသူ ၈သန်းနီးပါး လောက်ရှိတယ်ဆိုတာ သူတို့ရဲ့ ထုတ်ပြန်ချက် စာရင်းဇယားတွေ အရသိနိုင်ပါတယ်။

လူတစ်ယောက် ဖုန်းကတ် တစ်ကတ် တစ်လကို တစ်သောင်း ကတ်တစ်ကတ်ပဲ သုံးမယ်ဆိုရင် တောင် တစ်လ စာ အခွန်ငွေက ကျပ်သန်းပေါင်းလေးသောင်း( ၄၀ ဘီလီယံ)လောက်အခွန်ငွေရမှာပါ။ စီးပွားရေးလုပ်ငန်းရှင် တွေကနေ အလယ်အလယ်အိမ်ထောင်စုတွေ၊ လုပ်ငန်းအတွက် ဖုန်းသုံးနေရသူတွေ အတော်များများက တစ်လကို ဖုန်းဘေလ်နှစ်သောင်း အထက် ကုန်တတ်ကြပါတယ်။ ဆိုတော့ခန့်မှန်းခြေ ဘီလီယံ ၅၀ လောက် အခွန်ဝင်ငွေရမယ့် အကွက်ပါ။

ကုန်သွယ်ခွန်ဟာ လူထုက တိုက်ရိုက်ပေးဆောင်ရမယ့် အခွန် အမျိုးအစားထဲမှာမပါဘဲ ပြည်သူ လူထုကိုယ်စား ကုန်သွယ်သူက ဆောင်ပေးရတဲ့သွယ်ဝိုက်ခွန်အမျိုး အစားပါ။ အမှန်က ဒါကိုဆက်သွယ်ရေး ကုမ္ပဏီတွေက ပေးဆောင်ရမှာဖြစ်ပေမယ့် ပြည်သူလူထုဖုန်းဘေလ် ထဲကဖြတ်မယ်ဆိုပြီး လွန်လွန်ကျူးကျူးကို ပြောဆိုလာ တာကတော့ အင်မတန်ကို မတရားပါဘူး။

ပြည်သူလူထုဆီက တစ်လကို ဘီလီယံ ၄-၅၀ဆယ်လောက် ညှစ်ယူမယ့်အခွန်တွေဟာ ပြည်သူ လူထုလိုချင်တဲ့ ပညာရေးအသုံး စရိတ်မြှင့်တင်ဖို့အတွက် အသုံးပြုမှာ မဟုတ်တဲ့အတွက်ပိုလို့တောင် မတရားဘူးလို့ ပြောရမှာ ပါ။ ဒီအခွန်ငွေတွေဟာ ကျွန်တော်တို့ လိုချင်တဲ့ပညာရေးကို လျစ်လျူရှုပြီး စစ်စရိတ်ထဲကို အမြောက်အမြား စီးဆင်းသွားဦးမှာပါပဲ။

ကျွန်တော်တို့မှာ ပြည်တွင်းစစ်အတွက် နှစ်၆၀လုံးလုံး ကျည်ဆန်တွေ ၀ယ်ယူခဲ့ရတဲ့ ကုန်ကျ စရိတ်တွေဟာ နောက်ထပ်နိုင်ငံတစ်ခုထူ ထောင်နိုင်ရုံမက ပိုလို့တောင်နေပါ ဦးမယ်။ တည်ငြိမ်အေးချမ်းရေးလို့ ပြောပြီး သုံးစွဲ လာတဲ့ စရိတ်တွေ၊ စစ်အင်အားတွေကလည်း မနည်းလှပါဘူး။

ဒါပေမဲ့ ခုထိလည်းမငြိမ်းချမ်း သေးပါဘူး။ ခုထိလည်း မတည်ငြိမ်သေးပါဘူး။ ခုထိလည်းလူ့အ ခွင့်အရေးတွေ အပြည့်အ၀မရသေးပါဘူး။ ခုထိလည်း လူ့ဂုဏ်သိက္ခာတွေ နင်းချေခံနေရတုန်းပါပဲ။ အဲဒီလိုအခြေအနေမှာ အဲဒီ ဒေသတွေဆီကို ပညာရေးတွေ ဖြန့်ဝေရမယ့်အစား ကျည်ဆန်တွေ လက်ဆောင်ပေးနေဆဲပါပဲ။

စာအုပ်တွေအစား ကျည်ဆန် တွေ ဖြန့်ဝေနေသမျှတော့ ငြိမ်းချမ်း ရေးရမှာ မဟုတ်ပါဘူး။ အဲဒီဒေသ မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီနောင် ဖွားတွေလိုချင်နေတာဟာ ကျည် ဆန်တွေ မဟုတ်ပါဘူး။ သူတို့ဒေသအတွက် ဖွံ့ဖြိုး တိုးတက်မှုတွေ၊ အစစ်အမှန် တည်ငြိမ်အေးချမ်းမှုတွေဖြစ်ပေါ်စေနိုင် မယ့်အသိပညာတွေ၊ တွေးခေါ်မြော် မြင်နိုင်စွမ်းတွေနဲ့ သူတို့ရဲ့ အနာဂတ်အတွက် အာမခံချက်ရှိမယ့် ပညာရေးနဲ့ မျှော်လင့်ချက်တွေပါ။

အမြောက်ဆန်၊ ဗုံးဆံတွေက ကျွန်တော်တို့ရဲ့ အနာဂတ်မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ကျည် ဆန်တွေ၊ အမြောက်ဆံတွေ၊ ဗုံးဆန်တွေ ထပ်မ၀ယ်ပါနဲ့။ ကျွန်တော် တို့အတွက် ကျွန်တော်တို့ရဲ့ အနာဂတ်ကိုပဲ ၀ယ်ပေး ပါ။ ကျွန်တော်တို့ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ အခွန်ငွေတွေကို ကျွန်တော်တို့ သင်ယူရမယ့် ပညာရေး အဆင့်အတန်း မြင့်မားဖို့အတွက်ပဲ သုံးပေးပါ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု စစ်စစ်မှန်မှန် ပေါ်ပေါက်လာတယ် ဆိုလို့ရှိရင်တော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ကြရမှာ ကတော့ နိုင်ငံသားတိုင်းရဲ့တာဝန်ပဲ … ဒါပေမဲ့ အခုလောလောဆယ်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူထုကိုလည်း ကိုယ်စားမပြုဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၅၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ကာ ယခုအချိန်ထိ အသက်ဝင်နေသေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေအား ရုပ်သိမ်းရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မေလ ၁၄ရက်က ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုတင်ပြီးနောက်တွင် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေအား ပြည်ထောင်စု အစိုးရအနေဖြင့် လွှတ်တော်သို့ အမြန်ဆုံး တင်သွင်းရန် တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်သူ့လွှတ်တော် သို့ အဆိုတစ်ရပ် ထပ်မံတင်သွင်းခဲ့သည်။

လတ်တလောတွင် နိုဝင်ဘာ လဆန်းပိုင်း၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် နိုင်ငံရေးပါတီများ၊ လူမှု အသင်းအဖွဲ့များနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများက တောင်းဆိုလျက်ရှိရာ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းရန် သူရ ဦးရွှေမန်း အဆိုတင်သွင်းမှုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဟန့်အတား ဖြစ်နိုင်ကြောင်းနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် အဆိုတင်သွင်းမှု ပြုလုပ်ခြင်းမှာ မသင့်လျော်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာလျက်ရှိသည်။

ယင်းဝေဖန်ပြောဆိုမှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ စုစည်းဖော်ပြလိုက်ပါသည်။

ရှိန်းဝေနောင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

● ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ နိုင်ငံတော် အေးချမ်းသာယာဖို့ အတွက် ဆိုလို့ရှိရင် မဖြစ်မနေ ပြင်ဆင်ရမယ့် အနေအထား ရှိပါတယ်။ ဒီလို မဖြစ်မနေ ပြင်ဆင်ရမယ် ဆိုတဲ့ဥစ္စာကို ပြည်သူလူထုကလည်း သဘောပေါက်ပြီးသား ရှိပါတယ်။ ပြင်ဆင်ဖို့အတွက်လည်း ပြည်သူ ငါးသန်းလောက်က လက်မှတ်ထိုးပြီးတော့ (လွှတ်တော်) တင်ထားတာတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာ လွှတ်တော်က ဒီလို ဆောင်ရွက် လိုက်တဲ့ကိစ္စ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ)ကို ပြည်သူများ ကြားရတဲ့အခါမှာ အလွန်ပဲ စိတ်ပျက်သွားမှာပဲလို့ မြင်တယ်။ အခုလိုလုပ်တာက ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတဲ့ ဥစ္စာနဲ့များ ကွဲလွဲသွားနေမလားပေါ့။ ဒါပြည်သူကတော့ သံသယ ဖြစ်မှာပေါ့လေ။ သူရဦးရွှေမန်းက ဒီအဆိုကို တင်လိုက်တဲ့ အတွက်ကြောင့် ပြည်သူလူထုက ရှုပ်ထွေးမှု တွေ ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ရာအတွက် ၆ ပွင့်ဆိုင် တွေ့တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဘယ်လောက်အထိပြင်မယ်၊ ဘယ်လောက် ပြင်မယ်ဆိုတာ လွှတ်တော်က ဆုံးဖြတ်ရမှာပေါ့။ ပြည်သူက ယုံနေတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်တော့မယ်။ ဘယ်လောက် ပြင်မယ်ဆိုတဲ့ အတိုင်းအတာကိုတော့ မသိဘူးပေါ့။ ဒီလိုဖြစ်နေတာ။ ဒီအခြေအနေမှာ ဒီဥစ္စာ ၀င်လာတယ် (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့်ဥပဒေ) ဆိုတော့ ပြည်သူလူထုက ရှုပ်ထွေးမှုတွေ ဖြစ်သွားမယ်။ စိတ်ပျက်တာတွေလည်း ဖြစ်သွားမှာပေါ့။

● ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

သူ(သူရဦးရွှေမန်း)က အဲဒီလို တင်ပြတာကတော့ မသင့်လျော်ဘူးပေါ့ဗျာ။ အမှန်မှာဖြစ်သင့်တာက ပြည်ထောင်စု လွှတ်တော်ရဲ့ နာယကကြီး ဖြစ်နေတယ်။ နာယကကြီး ဖြစ်နေတော့ ဘောလုံးပွဲ တစ်ပွဲလို ပြောရရင် ဒိုင်လူကြီးလိုပေါ့။ အဲဒီတော့ ဒိုင်လူကြီးက ကွင်းထဲဆင်းပြီး သူကိုယ်တိုင် ၀င်ကန်သလို ဖြစ်နေတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုံးပန်းကြိုးပမ်း ဆောင်ရွက်နေချိန်မှာ အခုလိုစကားကြီး ထွက်လာတော့ မပြင်ဆင်ရသေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကိုပဲ မပြင်ဆင်နိုင်အောင် လုပ်သလို ဖြစ်မှာစိုးလို့ အဟန့်အတား ဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒါမဖြစ်သင့်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အကန့်အသတ်၊ နှောင့်နှေးမှု ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပျက်မကွက် ပြင်ဆင်ရေး ဥပဒေကို တင်သွင်းရင်တော့ ကောင်းတာပေါ့။ အခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စောင့်ရှောက် ရေးဆိုတော့ ဒီဥစ္စာက နဂိုက အင်မတန်မှ တင်းကျပ်လွန်းတဲ့၊ ပြင်ရဆင်ရခက်နေတဲ့ ဥပဒေတစ်ခုကို ထပ်ပြီးတော့ ပြုတ်ထွက်မသွားအောင် ၀ရိန်တို့သလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဒီဟာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကန့်ကွက်တယ်။

● ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

လွှတ်တော်မှာကတော့ ဦးရွှေမန်းသည်လည်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရှိပါတယ်။ လွှတ်တော် နာယကအဖြစ် တခြားကိစ္စလေးတွေကို မေးပေးတဲ့အခါမှာတော့ မေးပေးခွင့် မရှိဘူးပေါ့။ သူ့မှာ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေခြင်းအားဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ ရပိုင်ခွင့် မဆုံးရှုံးစေရပါဘူး။ အဲဒါကြောင့် သူအဆိုတင်တယ်ဆိုရင် လက်ခံဖို့ လိုအပ်ပါတယ်။ နှစ်အချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုနည်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားသလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၂)မှာပါတဲ့ အတိုင်းပဲ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့အထိပြင်လို့ မရသေးဘူးပေါ့ဗျာ။ အခန်း(၁၂) မှာပါတဲ့ အချက်တွေက ညှိနှိုင်းဆွေးနွေးပြီးမှ အဖြေရဖို့ လိုအပ်ပါတယ်။ ၇၅ ရာခိုင်နှုန်းကျော် ဆိုတာက အင်မတန် ခက်ခဲပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက် ဘောင်အတွင်းက ကြိုးစား နေခြင်းပါ။ ၁၉၄၇ အခြေခံဥပဒေ ပေါ်ထွန်းပြီးတဲ့နောက်မှာ ၁၉၅၉ ကို ဒါဦးသိန်းညွန့်ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ အက်ဥပဒေတစ်ခု ပေါ်ပေါက်ခဲ့တာပေါ့။ တနည်းအားဖြင့် ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပျက်လိုပျက်စီး မလုပ်နိုင်အောင် တစ်နည်းအားဖြင့် ကာကွယ် စောင့်ရှောက်မှု ဥပဒေအရ ရရှိအောင် သူ့ကို ဥပဒေ၏ အကာအကွယ်နဲ့ ပြဋ္ဌာန်းပေးခဲ့တာဖြစ်တယ်။ တစ် နည်းအားဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက် မဟုတ်ဘဲနဲ့ ဥပဒေမှာမပါတဲ့ နည်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်စီးဖို့ ကြိုးစားမယ်ဆိုရင် အရေးယူလို့ရတဲ့ ပုဒ်မတွေ ဖြစ်နိုင်တယ်။ အဲဒီလိုပဲ ၄၇ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပျက်စီးသွားပြီးတဲ့နောက်မှာ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ဒါ မဆလခေတ်မှာ ပေါ်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီဥပဒေမှာလည်းပဲ ကာကွယ် စောင့်ရှောက်တဲ့ အက်ဥပဒေတစ်ခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ ၅၉ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကပဲ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက် နေတယ်လို့ ကျွန်တော်တို့ သဘောရပါတယ်။ တစ်နည်းအားဖြင့် မဖျက်သိမ်းသေးဘူး ပြောပါတော့။ အဲဒီလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ၅၉ အက်ဥပဒေက တည်ဆဲ ဥပဒေအဖြစ် ရှိနေတာမို့လို့ သူ့ကို ကာကွယ် စောင့်ရှောက်နေတယ်ဆိုတဲ့ သဘောလည်း ရှိမှာပေါ့နော်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်မှု တစ်ခုရနိုင်အောင် တစ်နည်းအားဖြင့် ဥပဒေအတွင်းက ပြင်ခြင်း မဟုတ်ဘဲနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်ခြင်း မဟုတ်ဘဲနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ပြင်ပကနေ ပြင်ဖို့ဆင်ဖို့ ကြိုးစားမယ် ဆိုလို့ရှိရင် ဒီဥပဒေကြီးကို ကာကွယ်နိုင်အောင်ဆိုတဲ့ ဥပဒေတစ်ခုရှိဖို့ လိုအပ်တယ်လို့ သုံးသပ်ကြမှာပေါ့ဗျာ။ ဒါကတော့ ရှေ့နေချုပ်ရုံးကလည်း သုံးသပ်မယ်။ အစိုးရအဖွဲ့ကလည်း သုံးသပ်မှာပေါ့နော်။ အဲဒါကြောင့် အစိုးရ အဖွဲ့က မပြဋ္ဌာန်းနိုင်ရင် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီး အဆိုအဖြစ် မတင်သွင်းမီမှာ ဇေယျာသီရိ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဦးရွှေမန်းက ချက်ချင်းတင်တာပေါ့ဗျာ။ တနည်းအားဖြင့် အစိုးရ အဖွဲ့က အမြန်ဆုံး ၅၉ အက်ဥပဒေကို မရုပ်သိမ်းနိုင်ခင်မှာ ကာကွယ်တဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးပါလို့ အရေးကြီး တင်သွင်းခြင်း ဖြစ်တယ်လို့ သုံးသပ်တယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံပါအတိုင်း ကျုပ်တို့ ကြိုးစားနေတယ်။ ဖွဲ့စည်းပုံပါအတိုင်း မဟုတ်ဘဲနဲ့ ပြင်ဖို့ဆင်ဖို့ ကြိုးစားရင် အထွေထွေနိုင်ငံရေး အကြပ် အတည်းတစ်ခု ဖြစ်မယ်ဆိုတာကို လွှတ်တော် နာယကကြီး တစ်ဦးအနေနဲ့ သိတာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ သိတာပဲလေ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပနည်းလမ်းအတိုင်း ပြင်ဆင်ဖို့ ဖြည့်စွက်ဖို့ ကြိုးစားမယ်ဆိုရင် ကာကွယ်တဲ့ ဥပဒေ တစ်ရပ်ကိုတောင်မှ ချက်ချင်းပေါ်ပေါက်ဖို့ တိုက်တွန်း နေတယ်ဆိုတဲ့ သဘောနဲ့ ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ၊ မပြင်လိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြင်လိုမှု ရှိလာအောင် စည်းရုံးမှု တစ်ခုလို့လည်း သုံးသပ်ပါတယ်။ တစ်နည်းအားဖြင့် ဦးရွှေမန်း အမြော်အမြင်ကြီးစွာဖြင့် ဆုံးဖြတ်ခဲ့တယ်လို့ပဲ သုံးသပ်ပါတယ်။

● ကိုဂျင်မီ (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား လုပ်ရမှာ။ အဲဒီတော့ အဲဒါကို အဓိကအာရုံစိုက်ပြီးတော့ ပြင်မယ်၊ ပြင်ပါ့မယ် ဒါနိုင်ငံတကာမှာရော၊ ပြည်တွင်းမှာရော ကတိတွေ ပေးပြီး ပြောခဲ့တာပေါ့။ ပြောခဲ့တဲ့ဥစ္စာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မရောက်ဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်ရေးကိုပဲ ရောက်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ မြင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကတော့ ပြည်သူလူထုကို အကျိုးပြုတယ်။ နောက်ပြီးတော့ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု စစ်စစ်မှန်မှန် ပေါ်ပေါက်လာတယ် ဆိုလို့ရှိရင်တော့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် ကြရမှာကတော့ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ။ ဒါပေမဲ့ အခုလောလောဆယ်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လူထုကိုလည်း ကိုယ်စား မပြုဘူး။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မဟုတ်ဘူး။ အဲဒီလို မဟုတ်တဲ့အတွက် အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကသာလျှင် နံပါတ်တစ်နေရာမှာ ရှိရမယ်။ လွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ မရှိဘူး။ ဒီနေရာမှာ သူရဦးရွှေမန်းဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက အားစိုက်လုပ်ရမယ့်အစား တခြားကိစ္စတွေ လုပ်နေရင်တော့ သဘောမတူဘူး။

● ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတာ သီးခြားပြဋ္ဌာန်းဖို့ မလိုဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တိုင်းပြည်မှာ အမြင့်ဆုံးဥပဒေ။ အဲဒီဥပဒေကို ဥပဒေ တစ်ခု သီးခြားပြဋ္ဌာန်းပြီး ကာကွယ် စောင့်ရှောက်ဖို့ မလိုဘူး။ တိုင်းသူပြည်သားတွေနဲ့ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥဒေကို ထိန်းသိမ်း ကာကွယ်ဖို့ပဲ လိုတယ်။ တိုင်းပြည်ရဲ့သမိုင်းမှာ ပြန်ကြည့်လို့ ရှိရင်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို စက္ကူစုတ်ဖြစ်အောင် လုပ်ခဲ့တာက စစ်တပ်က အာဏာသိမ်းတဲ့ အချိန်တွေပဲ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေထက် အမှန်တကယ် လိုအပ်တာက စစ်တပ် ကနေ အာဏာသိမ်းတာကို တားဆီးကာကွယ်တဲ့ ဥပဒေ။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမယ် ဆိုလို့ရှိရင် အဲဒါကို ကာကွယ် တားဆီးတဲ့ ဥပဒေမျိုးက တကယ်တမ်းက လိုအပ်တာ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်နေတဲ့ အချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ပြဋ္ဌာန်းတယ်ဆိုတာဟာ တကယ်တော့ လက်ရှိလုပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအရှိန်ကို တန့်သွားအောင် လုပ်တာ။ နောက်ပြီးတော့ လမ်းကြောင်း လွှဲချင်တဲ့ သဘောမျိုးဘက်ကို ပိုပြီးဦးတည်တယ်လို့ မြင်တယ်။ တစ်ဖက်က ပြန်ကြည့်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူလူထုရဲ့ဆန္ဒကို မျက်နှာမူပြီး ထိထိရောက်ရောက် မလုပ်ချင်လို့၊ မလုပ်နိုင်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ စောင့်ရှောက်တဲ့ ဥပဒေကို ပြဋ္ဌာန်းပြီးတော့ လမ်းကြောင်းလွှဲတာလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်လို့ ထင်တယ်။

● ကိုလင်းထက်နိုင်(ခ)ဂျိမ်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)

ဒီဥပဒေကတော့ ရှင်းရှင်းပြောရရင် ဘာတွေ ထွက်လာမလဲ။ ဘာတွေဖြစ်မလဲ ဆိုတာကတော့ လောလောဆယ် မသိရသေးပေမယ့် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ဖို့၊ ပြောင်းလဲပစ်ဖို့ တစ်နိုင်ငံလုံးက ၀ိုင်းဝန်းဆော်သြတဲ့၊ ပြည်သူတွေကလည်း တိုက်တွန်းနေတဲ့ အဓိက အတိုက်အခံ အင်အားစုတွေကလည်း တောင်းဆိုနေတဲ့ အချိန်မှာ ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းမယ် ဆိုတာဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပိုပြီး အနှောင့်အယှက် ဖြစ်စေတယ်လို့ မြင်တယ်။ ကျွန်တော့်အမြင်မှာတော့ ဒီဥပဒေ ပြဋ္ဌာန်းခြင်း၊ မပြဋ္ဌာန်းခြင်း ဆိုတာထက်ကို လောလောဆယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာကိုက ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အခက်အခဲတစ်ခု၊ အတားအဆီးတစ်ခုအဖြစ် လုံလောက်စွာ တည်ရှိနေပြီး ဖြစ်တဲ့အတွက် ဒီဥပဒေ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ)ရဲ့ အကျိုး သက်ရောက်မှုကတော့ သိပ်ရှိမယ် မထင်ဘူး။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

bangladesh-refugees-305.jpg
 ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲ မှာ ဖမ်းဆီးမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီး ဒုက္ခသည် ၂ဝဝ ကျော်ကို ဒီကနေ့ မူလနိုင်ငံကို ပြန် ပို့လိုက်ပြီလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်း က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ နတ်မြစ်တစ်ဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ပို့ပေးခဲ့ပြီလို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က RFA ကို ပြောပါတယ်။ သူတို့ ကိုယ်တိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ် လို့ ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုဖမ်းမိတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ရှစ်ဦး ပါဝင်ပြီး သူတို့တွေကိုလည်း မေးမြန်းစိစစ်ပြီး မူရင်းနေရပ်ကို ပြန်လည်ပို့ဆောင်မယ်လို့လည်း ပြော ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


“မိုင်းတွင်း တူးဖော်မှုကြောင့် မိုင်းတွင်းအနီးရှိ မြို့ဦးဘုရားသည်လည်း ယခုအခါ အုတ်ပုံဘ၀သို့ရောက်ရှိနေပြီး ပြန်လည်ပြုပြင်ပေးမည်ဆိုသည့် ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်နေကြောင်း ယင်းအုတ်ပုံက သက်သေထူလျက်ရှိသည်။ … ”
----- ----- ----- -----
ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ပြင်သာရွာအနီးရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးထုတ်လုပ်သည့် မိုင်းတွင်းကြောင့် ဒေသခံများ ယခင်ကမဖြစ်ဖူးသည့် ရောဂါဝေဒနာဆန်းများ ခံစားလာရပြီဟု တီကျစ်ဒေသခံများက ပြောကြားခဲ့သည်။

တီကျစ်ရှိ ကျောက်မီးသွေးမိုင်းတွင်းထွက် ကျောက်မီးသွေးဖြင့် ရေနွေးငွေ့စက်ရုံ လည်ပတ်သည့်အခါများတွင် ၎င်းအနီးကျေးရွာများမှ အသက်ရှူကျပ်သည်အထိ မီးခိုးငွေ့နှင့်ပြာများ ဖုံးလွှမ်းလေ့ရှိသည်ဟု ဆိုသည်။ ''နေ့တိုင်း ကကြီး ခကွေး ရေးလို့ရတယ်။ စက်ရုံက မီးခိုးပြာတွေကြောင့်လေ''ဟု အသက် ၅၀ ကျော် ဒေသခံအမျိုးသမီးကြီး တဦးက ပြာဖုံးကြမ်းပြင်ပေါ်၌ သူမ၏လက်ညှိုးဖြင့် ရေးခြစ်၍ရှင်းပြသည်။

ဓာတ်ငွေ့များ အနံ့ဆိုးခြင်း၊ ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားသည့် အညစ်အကြေးပုံမှာ ရွာထက်ပင်မြင့်မောက်နေခြင်း၊ ထိုမှ ရလာသည့် အနံ့ဆိုးများကြောင့် ဒေသခံပြည်သူလူအများမှာ အရေပြား ယားယံခြင်း၊ မျက်စိနာခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ပိုက်ဆံတတ်နိုင်သူအချို့မှာ အခြားမြို့ရွာများသို့ ပြောင်းပြေးနေကြသည်။

ပြာမှုန်များ နေ့စဉ် တန်ချိန် ၁၀၀ အနည်းဆုံး ထွက်ကြောင်း၊ ကျောက်မီးသွေးမိုင်းမှ စွန့်ပစ်အညစ်အကြေးများမှာ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကျောက်မီးသွေးစီမံကိန်းမှာ အင်းလေးကန်နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးပြီး တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံမှဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါးကုမ္ပဏီတို့ ဖက်စပ် ဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းစီးမံကိန်းမှ ထွက်ရှိသည့် ညစ်ညမ်းရေများသည် တီကျစ် ချောင်းထဲမှ အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အင်းလေးကန်ထဲသို့ စီးဝင်နေသည်ဟုလည်း သိရသည်။ အင်းလေးကန်သည် အာဆီယံ၏ထိန်းသိမ်းရမည့် အမွေအနှစ်စာရင်းဝင်ဖြစ်သည်။ စီမံကိန်းစတင်စဉ်ကလည်း ကျေးရွာနှစ်ရွာကို အာဏာပိုင်များနှင့် ကုမ္ပဏီများက အတင်းအဓမ္မရွှေ့ပြောင်းပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံကြောင့် ဒေသခံများသည် ယခင်က မဖြစ်ဖူးသည့် ရောဂါဝေဒနာအသစ်အဆန်းများ စတင်ခံစားနေရပြီး သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်လျက်ရှိသည်။ ခံစားနေရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ ''မျက်စိနာတဲ့သူတွေနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ အဖြစ်များလာတယ်။ ဒါကို တာဝန်ရှိသူတွေဘက်က စက်ရုံကြောင့် မဟုတ်ဘူးပြောတယ်။ စက်ရုံကြောင့် မဟုတ်ဘူးဆိုရင် စက်ရုံမရှိခင် လွန်ခဲ့တဲ့ဆယ်နှစ်ကိုပြန်သွားကြည့်လိုက် ဘယ်သူအဲဒီလို ရောဂါခံစားဖူးလို့လဲ ကလေးမွေးရင်လည်း ပေါင်မပြည့်လမစေ့ မွေးတာတွေ ကြုံနေရပြီ။ ဒါတွေက အရင်ကမဖြစ်ဖူးတော့ ဒေသအတွက် ရောဂါဆန်းတွေဖြစ်နေတယ်''ဟု အသက် ၄၀ ၀န်းကျင်ရှိ ဒေသခံအမျိုးသား တဦးက ပြောသည်။

ယင်းကဲ့သို့ဒေသ၌ ထိခိုက်နစ်နာမှုများ စတင်ခံစားလာရသောကြောင့် ၂၀၁၄ သြဂုတ်ခန့်က သက်ဆိုင်ရာသို့ စာတင်ခဲ့ပြီး လာရောက်စစ်ဆေးမှုများပြုလုပ်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းနှင့် လူမှုဘ၀ထိခိုက်မှုစစ်တမ်းများ ပြုလုပ်သွားမည်ဟု ကတိက၀တ်များ ရရှိခဲ့သည်ဟု သက်ဆိုင်ရာမှပြောကြားချက်အား ကိုးကား၍ပြောကြားခဲ့သည်။

လက်ရှိကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသည် ချွတ်ယွင်းမှုများရှိနေ၍ လည်ပတ်မှုများ ရပ်ဆိုင်းထားပြီး ကျောက်မီးသွေးတူးဖော်သည့် မိုင်းတွင်းလုပ်ငန်းများကတော့ နေ့စဉ်တူးဖော်နေဆဲဖြစ်သည်ဟု ဆိုသည်။ ''သတ္တုမိုင်းတွင်းက နေ့တိုင်းတူးတယ်၊ ရန်ကုန်-မန္တလေးထိ ကားကြီးတွေနဲ့သယ်တယ်။ သူတို့တာဝန်ရှိသူတွေလာတုန်းက အဲဒီကားကြီးတွေကြောင့် ဆေးရုံဘက်မှာ ရှိတဲ့လမ်းတွေ ပျက်စီးလို့ မသယ်ဖို့ပြောတော့ ဆေးရုံလမ်းမသုံးဘူးလို့ ကတိပေးတယ်။ လူကြီးတွေ ကတိပေးလို့ထင်တယ်။ တလလောက် ဆေးရုံဘက်လမ်း မသုံးဘူး။ နောက်တော့လည်း ဒီလမ်းပဲသုံးတာပါပဲ။ ဒါတောင် လူကြီး တွေကတိပေးလို့ ကိုယ်တွေကိုသာကတိပေးရင် တမနက်တောင် နားထောင်မှာမဟုတ်ဘူး''ဟု ပြောကြားခဲ့သည်။

သက်ဆိုင်ရာ၏ ကတိစကားများထဲတွင် လူမှုဘ၀ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက် ပြန်လည်ကုစားပေးမည်ဟု ပြောခဲ့သော်လည်း ကတိပေးပြီးချိန်မှစ၍ လျစ်လျုရှုခြင်း ခံနေရဆဲဟု ဆိုသည်။ ''တိရစ္ဆာန်တွေ အသေလေး မွေးလာတာတို့၊ ကိုယ်အင်္ဂါမစုံဘဲ မွေးလာတာတွေဟာ အရင်က ဒီဒေသမှာ မကြားဖူးပါဘူး။ မနှစ်ကဆိုလည်း ခုနစ်တန်းကျောင်းသူလေး ခေါင်းကိုက်တာ မခံ နိုင်ဘူးပြောပြီး ဆုံးသွားတာ၊ ဦးနှောက် အမြှေးပါးရောင်တာတဲ့။ ဒီလိုမျိုးတွေ ဘယ်လောက်ထပ်ဖြစ်မယ်ဆိုတာ မသိဘူး။ ဘယ်သူက စစ်တမ်းကောက်လို့လဲ နေမကောင်းလို့ ဆေးခန်း ဆေးရုံကောင်းကောင်း ပြချင်ရင် တောင်ကြီးကိုတက်ပြီးပြတယ်။ ရွာတရွာမှာ အဲဒီလိုပြနိုင်တဲ့ ပိုက်ဆံရှိသူ လေး၊ ငါးယောက်ပဲ ရှိမှာ။ ကျန်သူကတော့ ကျီးစားစား၊ ခွေးစားစားထားရတဲ့ သဘောရှိနေတာ သူတို့မှာတာဝန်ရှိတယ်။ စားပြီး လှည့်မကြည့် လုပ်တာ''ဟု ပြောပြခဲ့သည်။
ယင်းကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအား ၂၀၀၂ ခုတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ဧပြီ ၁၂ တွင် စတင်ဖွင့် လှစ်သည်ဟုသိရသည်။ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉၆ သန်းခန့်ကုန်ကျခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်နိုင်သည်''ဟု သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ကျောက်မီးသွေးစက်ရုံပျက်နေ၍ လည်ပတ်မှုရပ်နားထားသည်မှာ ၂ လကျော်ခန့်ကြာမြင့်နေပြီး ယခုအခါ တရုတ်နိုင်ငံသားများက ပြင်ဆင်မှုများပြုလုပ်နေပြီး မကြာမီပြန်လည်လည်ပတ်တော့မည်ဟု သိရသည်။ ကျောက်မီးသွေးစက်ရုံလည်ပတ်ပါက မီးခိုးပြာငွေ့များမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၉ ရွာ ခန့်သို့ ဖုံးလွှမ်းလေ့ရှိပြီး ဆောင်းကာလများတွင် ပိုမိုဆိုးရွားစွာခံစားရသည်ဟု ပြောပြသည်။ ယင်းကဲ့သို့ မီးခိုးပြာငွေ့များ၏ ဒဏ်ကိုမခံနိုင်၍ ပြောင်းရွှေ့သွားသူအချို့ရှိသော်လည်း အများစုမှာ ယင်းဒဏ်ကိုပင် ကြိတ်မှိတ်ခံစားနေရသည်ဟု ဆိုသည်။

တီကျစ်ရှိ မိုင်းတွင်းတူးဖော်မှုနှင့် ကျောက်မီးသွေးစက်ရုံ တည် ဆောက်ရန်အတွက် စတင်စဉ် ၁၉၉၈ ခုနှစ်ခန့်ကတည်းက ဒေသတွင် များစွာနစ်နာမှုများ ကြုံတွေ့လာရသည်ဟု ဆိုသည်။

''အဲဒီတုန်းက သတ္တုတွင်းခွင့်ပြုမိန့် ဧက ၅၄၄ ရှိတယ်။ မြေယာလျော်ကြေး ၁ ဧက ၅ထောင် ပေးတယ်။ ကျွန်မတို့ အိမ်ကဆို ဧကအများကြီးပဲပါတာ။ လျော် ကြေးလည်းမယူခဲ့ပါဘူး။ လျော်ကြေးကိုလည်း အဲဒီတုန်းက သူကြီးပဲ ယူသွားတာ''ဟု အမျိုးသမီးတဦးက ပြောသည်။ ယင်းကျောက်မီးသွေး မိုင်းတွင်းစတင်စဉ်က ဧက ၅၄၄ ဧက သိမ်းယူခဲ့သော်လည်း ယခုအခါ သိမ်းယူသည့် ဧကစုစုပေါင်း ၈၂၄ ဧကအထိ ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းတွင်း တူးဖော်မှုကြောင့် မိုင်းတွင်းအနီးရှိ မြို့ဦးဘုရားသည်လည်း ယခုအခါ အုတ်ပုံဘ၀သို့ရောက်ရှိနေပြီး ပြန်လည်ပြုပြင်ပေးမည်ဆိုသည့် ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်နေကြောင်း ယင်းအုတ်ပုံက သက်သေထူလျက်ရှိသည်။

မကြာမီကျောက်မီးသွေးစက်ရုံ လည်ပတ်ရန် တရုတ်နိုင်ငံသားများက ပြင်ဆင်မှုပြုလုပ်နေပြီး ဒေသခံအများစုကတော့ စက်ရုံလည်ပတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများအတွက် စနစ်တကျလေ့လာမှုများနှင့် ကောင်းမွန်သည့် စောင့်ရှောက်မှုများအတွက် လေပေါ်တွင် ပေးခဲ့သည့်ကတိစကားများကို မျှော်လင့်ရင်းစောင့်စားနေကြရသည်ဟု ဆိုသည်။

ဇော်ဇော်ထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 မိုင်းတုံ(သံလွင်)ဆည်တည်ဆောက်ရေး စစ်တမ်းအဖွဲ့ ဒေသခံများအား မုန့်နှင့် လက်ဆောင် ပေး၍ ထောက်ခံရေးလက်မှတ်ထိုးခိုင်း

မေလ ၂၅ ရက် ၂၀၁၅

မိုင်းတုံ (အထက်သံလွင်) ရေကာတာတည်ဆောက်ရေးအတွက် စစ်တမ်းကောက်ယူရေး အဖွဲ့ဖြစ်သည့် သြစတေးလျနိုင်ငံ၏ SMEC ကုမ္မဏီသည် မိုင်းတုံဒေသခံများအား မှုန့်နှင့် လက်ဆောင် ပစ္စည်း များပေးကာ ဆည်တည်ဆောက်ရေးအတွက်ထောက်ခံချက် လက်မှတ်ထိုး ခိုင်း ကြောင်း ရွာသားများကပြောသည်။

မေ ၂၁ ရက်နေ့က မြန်မာအစိုးရ နှင့် ဆည်တည်ဆောက်ရေးကုမ္ပဏီ အဖွဲ့ တို့မှ ငှါးရမ်းထားသည့် သြစတေးလျနိုင်ငံအခြေစိုက် SMEC ၏ SIA ဆန်း စစ်ရေး အဖွဲ့ လူ ၄၅ ယောက်တို့ သည် အထက်သံလွင် ခေါ် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်ရေးအတွက် သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် မိုင်းဟန် ကျေး ရွာ အုပ်စု နားကောင်းမူး မိုင်းဟန် ကုံးဆာရွာနှင့် ဟွေ့အော့ရွာတို့ကို ကွင်းဆင်းလေ့လာဖို့ မိုင်းတုံမြို့နယ်သို့ ရောက် ရှိသည်။

“မိုင်းတုံမြို့နယ်ထဲက မဲကင် နဲ့မောက်စလီ ရွာသားတွေကို မုန့် တယောက် တထုပ်၊ လွယ်အိတ် တယောက်တလုံးစီဝေပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ မထိုးလို့မရဘူးဆိုလို့ ရွာသားတွေလဲ လက်မှတ်ထိုးပေးလိုက်ရတယ်။ ရွာသားတွေကို ဒီစီမံကိန်းနဲ့ပါတ်သက်ပြီး သေချာ နားလည် အောင် ရှင်းမပြဘူး။ ” - ဟု ဟွေ့အော့်ရွာသား စိုင်းစိုင်းကပြောသည်။

SIA စစ်တမ်းကောက်ယူရေးအဖွဲ့သည် ပြီးခဲ့သည့်ကြာသပတေးနေ့ က ဟွေ့အော့် သို့ ရောက်ရှိကာ အုပ်စုအတွင်းဖြတ်သန်းသော ထိုင်းသို့သွား မည့် ဓါတ်တိုင်များကို လေ့လာရန် ဟုဆိုပါသည်။

“ ကျနော်တို့က ဒီစီမံကိန်းကြောင့် ဆိုးကျိုးထိခိုက်စေနိုင်မယ့် သွားလာ ဆက် သွယ်ရေး ခက် ခဲတဲ့ ကျေးရွာတွေကို သွားရောက်လေ့လာဖို့ဖြစ်တယ်။ ထတ်လွယ်ခမ်းရွာအပါအဝင် ရွာ ၄ ရွာမှာ သွားစစ်ဖို့ ရည်ရွယ်ထားပေမယ့် ဂျီဘီအက်စ်မှာ ကြည့်လိုက်တော့ ထိခိုက်နစ်နာမှုမရှိ တာတွေ့ရလို့ ကျနော် တို့မသွားတော့ဘူး။ ကျနော်တို့ ၀ ကျေးရွာတွေရှိတဲ့ ဟွေ့အော့်ကို သွားဖို့ အာဏာပိုင် တွေကိုအကြောင်းကြားတော့ လုံခြုံရေးအရ ကျနော်တို့ကို ပေး မသွား ဘူး။ ဒါပေမယ့် ၀ ရွာတွေက ရွာသူကြီးတွေကတော့ ကျနော်တို့ကို ကန့်ကွက်စရာမရှိဘူး လို့ပြောလိုက်တယ်။” ဟု SIA စစ်တမ်းကောက်ယူရေး အဖွဲ့ မှတာဝန်ရှိသူ တဦးကပြော သည်။

သို့သော် အဆိုပါအဖွဲ့သည် ရေကာတာနှင့်ပတ်သက်ပြီးေ ကာင်းကျိုး ဆိုးကျိုးများ ရှင်းလင်း ချပြမှု မရှိခဲ့ကြောင်း၊ မိုင်းတုံ၊ ပုံပါကျင်မှ လူငယ်အဖွဲ့ အားလည်း စီမံကိန်းကြောင့် ရွာသား များ အား ဆိုးကျိုးသက်ရောက်မှု မရှိ ဟုပြောဆိုကြောင်းမိုင်းတုံဒေသခံလူငယ်အဖွဲ့မှ ယိင်း နောင့်က ပြောသည်။

“ဒါပေမယ့် ကျမတို့ရောက်သွားပြီး သူတို့မေးတာတွေမဖြေပေးခင်မှာ ဘာ အတွက် လဲ ဒီစီမံကိန်းအကြောင်းကောင်းကျိုးဆိုး ကျိုးတွေသေချာရှင်းပြ ပါလို့ တောင်းဆိုလိုက်တယ်၊ ဒီနယ်လေးနဲ့ပါတ်သက်တာလေးပဲသိချင် တာမဟုတ်ဘူး ဒီစီမံကိန်းတခုလုံးနဲ့ ပါတ်သက် တာကိုသိချင်တယ်ဆိုမှ စီမံကိန်းရဲ့စာအုပ်တွေထုတ်ပြီးဝေတယ် ရှင်းပြပါတယ်၊ ရွာသား တွေ အားလုံးသိသွားလို့ မေးခွန်း တွေမေးတော့ ဘယ်မေးခွန်းမှ သူတို့ မဖြေနိုင်ဘူးလို့ ပြောလိုက် ပါတယ်။ ”

အဆိုပါအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းပြင်းမြို့နယ်၊ ကွန်ဟိန်းမြို့နယ် ဘက်သို့ ခရီးဆက်နေကြောင်း သိရသည်။

ဒေသတွင်းလူထုနှင့် အုပ်ချုပ်ရေးမှူးတချို့ကမူ လျှပ်စစ်မီးရရှိရေးသာ အရေးကြီးကြောင်း ပြောဆို နေကြပါသည်။

သို့သော် ဆန်းစစ်ရေးအဖွဲ့ကမူ ဒေသခံများအား ကုမ္မဏီမှ မီးမည်မျှပေး သုံးမည်ကိုမူ အာမခံချက် မပေးနိုင်ကြောင်းပြောဆိုခဲ့သည်ဟုသိရသည်။

သြစတေးလျနိုင်ငံအခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီ သည် တာ့ဆန်းရေကာတာတည်ဆောက် မှုစီမံကိန်းမှ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်လေ့လာ ခြင်း EIA နှင့် လူမှုပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုဆန်းစစ်လေ့ လာခြင်း SIA တို့ကို လေ့လာရန် အတွက်ပြီး ခဲ့သည့် ဧပြီလ နှောင်း ပိုင်း က မိုင်းတုံမြို့သို့ ရောက်ရှိ ကာလူ ထုနှင့် ပဏာမ တွေ့ဆုံခဲ့သည်။

ထိုစဉ်ကလည်း ၄င်းတို့အား အထက်သံလွင်ရေကာတာအလိုမရှိကြောင်း လူထုက ဆန္ဒပြခဲ့ သေး သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

ဓာတ်ပုံ - MOI

မြန်မာရေတပ်က ကယ်တင်ထားတဲ့ ပင်လယ်ပြင်လှေစီးဒုက္ခသည် ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အမျိုးသားတွေဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ  ပြန်ကြားရေးရုံးက ဒီကနေ့   အတည်ပြုကြေညာပါတယ်။

ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားနဲ့   မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ  အကြီးတန်းအရာရှိ   Ms. Renata Dessallien  မစ္စ ရီနာတာ ဒက်စ်ဆယ်လီအန်တို့  မေလ ၂၂ ရက်က   ရခိုင်ပြည်နယ်ကိုသွားရောက်ကာ  ကယ်တင်ထားသူတွေကို သွားရောက်တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်တာပါ။
ဓာတ်ပုံ - MOI
မေလ ၂၁ ရက်နေ့က မြန်မာ့ရေပြင်ထဲ ရွှေ့ပြောင်းဝင်လာသူ ၂၀၀ ကျော်ကို အရေးပါတဲ့ ကယ်တင်မှုတွေလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ပြည်ထောင်စုအစိုးရကိုရော ရခိုင်ပြည်နယ် အစိုးရကိုပါ ချီးကျူးပါတယ်။ ကယ်ဆယ်ခဲ့သူ ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ် လူငယ်အမျိုးသားတွေလို့ ယုံကြည်ပြီး  ဒီထဲက ၁၉ ယောက်ဟာ အသက် ၁၇ ကနေ ၁၅ နှစ်အကြား ရှိကြတယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။

မြန်မာ အစိုးရအနေနဲ့  ပင်လယ်ထဲမှာ ရှိနေနိုင်သေးတဲ့ ရွှေ့ပြောင်းသွားလာသူအများအပြားကို  ရှာဖွေကယ်ဆယ်မှုတွေ ဆက်ပြီးလုပ်ဆောင်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။

ကုလသမဂ္ဂ  ကိုယ်စားလှယ်တွေရဲ့ ရခိုင်ခရီးစဉ်အတွင်း တရားမ၀င်ခိုးဝင်မှု၊ လူမှောင်ခို ကူးမှုတွေနဲ့ ပုံသဏ္ဍာန်မမှန်တဲ့ ရွှေ့ပြောင်းသွားလာမှု ပြသနာတွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ပွဲစားတွေနဲ့ ရာဇ၀တ်ကောင်တွေကို အာရုံစိုက် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒြါ့ပင် နေစရာမဲ့ ဒုက္ခသည်တွေ အပါအ၀င်  ရခိုင်ပြည်နယ်အတွင်း လတ်တလော အခြေအနေ တိုးတက်လာတယ်ဆိုတာကို ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က  ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦးလိုက်ပါလာတဲ့ စက်လှေတစင်းနဲ့ လူမပါတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က ကင်းလှည့်စဉ် တွေ့ရှိကယ်ဆယ်ခဲ့တာပါ။

လှေစီးဒုက္ခသည်တွေကို အလယ်သံကျော်ကျေးရွာမှာ ယာယီစခန်းဖွင့်လှစ်ထားပြီး  စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားပြီး ဒီကနေ့ မေလ ၂၅ ရက်မနက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နီးတဲ့ တောင်ပြိုလက်ဝဲမြို့နယ်ကို  မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးနေပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no




ရှမ်းပြည် မြောက်ပိုင်း လားရှိုး နဲ့ သီပေါ အနီးတဝိုက် ဒေသ တွေ မှာ အခု ရက်ပိုင်း တွေ အတွင်း ပစ်ခတ် တိုက်ခိုက်မှု တွေ တိုးတက် ဖြစ် ပေါ် နေတဲ့ အတွက် ဒေသခံ တွေ ဟာ လုံခြုံရေး အတွက် စိုးရိမ် နေကြ ရပါတယ်။

ရှမ်းပြည် မြောက်ပိုင်း မှာ ကိုးကန့်၊ ကချင်၊ တအာင်း ပလောင် နဲ့ ရှမ်း တိုင်းရင်းသား လက်နက် ကိုင် တပ် ၄ ဖွဲ့ နဲ့ အစိုးရ တပ် အကြား တိုက်ပွဲ တွေ ဖြစ် နေတယ် လို့ ဒေသခံ တွေ က ပြောပါ တယ်။

ဒါ့အပြင် လားရှိုး နဲ့ သီပေါ မြို့နယ် ၂ ခု ရဲ့ နယ်စပ် အနီး မှာ လည်း အမည် မသိ လက်နက်ကိုင် တွေ ရဲ့ လာရောက် ပစ်ခတ် မှု နဲ့ ဒေသ အုပ်ချုပ်ရေး မှုး တစ်ဦး အပြင်း အထန် ဒဏ်ရာ ရ ခဲ့ သလို တချို့ နေရာ တွေ မှာလည်း အလားတူ ပစ်ခတ် မှု တွေ ဖြစ်နေတယ် လို့ လားရှိုး မြို့ ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

လားရှိုး မြို့ ကို ခု ရက်ပိုင်း အတွင်း မှာပဲ ပြည်ထောင်စု လွှတ်တော် ရဲ့ အလှည့်ကျ နာယက သူရ ဦးရွှေမန်း၊ ဒုတိယ သမ္မတ တစ်ဦး ဖြစ်တဲ့ စိုင်းမောက်ခမ်း စတဲ့ အဆင့်မြင့် အာဏာပိုင် ပုဂ္ဂိုလ် တွေ လာရောက် နေတဲ့ အချိန် မှာ ပဲ ဒေသတွင်း မတည်မငြိမ် ဖြစ်မှု တွေ တိုးတက် ပေါ် ပေါက် နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/


နယူးဒေလီ ၊ ၂၅-၅-၂၀၁၅

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်နှင့် တယ်လန်ဂါနာ ပြည်နယ် တို့တွင် အပူလှိုင်း ဖြတ်သန်း မှုကြောင့် အနည်းဆုံး ဒေသခံ ၄ဝဝ ခန့် သေဆုံးခဲ့ကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ဒေသအတွင်း၌ အပူလှိုင်း ဖြတ်သန်းမှုသည် လွန်ခဲ့သည့် ရက်များ အတွင်းက စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အပူချိန် လွန်ကဲမှုကြောင့် အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် လူပေါင်း ၂ဝဝ ခန့် သေဆုံးပြီး တယ်လန်ဂါနာ ပြည်နယ် အတွင်း၌လည်း လူပေါင်း ၂ဝဝ ခန့် သေဆုံးခဲ့ ရကြောင်း Xinhua သတင်းဌာန ၏ ဖော်ပြချက် များအရ သိရသည်။ ယခုအခါ ဒေသတွင်းရှိ အစိုးရအဖွဲ့ များသည် ပြည်သူများအား အကူအညီများ ပေးအပ်နိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိသည်။

မိုးလေဝသဌာန၏ ထုတ်ပြန်ချက်များ အရ အိန္ဒိယနိုင်ငံ အတွင်းရှိ အခြားဒေသ များတွင်လည်း ဆက်လက် အပူချိန် မြင့်မားနိုင်ဖွယ် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

လုံခြုံရေးယူနေသော ဝတပ်မတော်မှ စစ်သားများ ကို တွေ့ရစဉ်(Photo: AFP)

တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ UWSA ၀ပြည် သွေးစည်းညီ ညွတ်ရေးအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း UWSA က RFA ကို ပြောပါတယ်။

အခုလို လက်မှတ်ရေးထိုးပွဲမှာ မပါဝင်ဘူးဆိုတာဟာ ငြိမ်းချမ်းရေးကို မလိုလားလို့ မဟုတ်ဘဲ အစိုးရတပ် ဖွဲ့တွေနဲ့ UWSA ကြား ပဋိပက္ခတွေ မရှိလို့ ဖြစ်တယ်လို့ UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြော ပါတယ်။

"UWSA အနေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာ ၂၆ နှစ်တောင်ရှိနေပြီ၊ ဘာမှပစ်ခတ်တိုက်ခတ်မှုတွေ ရှိတာမဟုတ်ဘူး၊ ဒါကြောင့်မို့လို ကျနော်တို့တော့ မထိုးတော့ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်ပြီးတော့ပါဝင်ကြမယ်ဆိုပြီးတော့ ဒီလိုဆွေးနွေးတာတွေ၊ ပြောဆို ကြတာတွေ ဒါအစောကြီးထဲကပြောနေတာပါ"

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ပိုင်းခေါင်းဆောင်များကိုလည်း တင်ပြပြီးဖြစ်တယ်လို့ ဆိုပါတယ်။  အလားတူ UWSA အနေနဲ့ လာမဲ့ ဇွန်လ ၂ ရက်နေ့မှာ စတင် ကျင်းပမယ့် တိုင်းရင်းသား အဖွဲ့တွေရဲ့လော်ခီးလာ   ညီလာခံကို လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ဦးအောင်မြင့် က ပြောပါတယ်။

၅ရက်ကြာကျင်းပမယ့် လော်ခီးလာညီလာခံဟာ အဖွဲ့ ၁၆ ဖွဲ့ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT ရဲ့သီးသန့် အစည်းအဝေးဖြစ် တာကြောင့် NCCT အဖွဲ့ဝင်မဟုတ်တဲ့ UWSA အနေနဲ့ အစည်းအဝေး မတက်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီအစည်းအဝေးကို UWSA အနေ နဲ့ ဂရုတစိုက်စောင့်ကြည့်နေပြီး အစည်းအဝေးက ဆုံးဖြတ်မယ့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ထောက်ခံဆောင်ရွက်သွားမယ်လို့ RFA လဲပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese