05/28/15

NLDနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာရှင်းလင်းပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပနေစဉ်။ Photo: Kyaw Zaw Win/ RFA
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်မလား မယှဉ်ပြိုင်ဘူးလား ဆိုတာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးမှသာ ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း NLD ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLDနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာ ရှင်းလင်းပွဲမှာ NLD ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င် ဦးဝင်းထိန် က ပြောခဲ့တာပါ။

"ရွေးကောက်ပွဲကော်မရှင်က ဘယ်နေ့လုပ်ပါ့မယ်လို့ တရားဝင်မကြေညာသေးဘူး၊ အဲ့လိုကြေညာပြီဆိုရင် ကျနော်တို့ NLD အဖွဲ့အစည်းကတိုင်ပင်ပြီးတော့ မှ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာ တရားဝင်ကြေညာ မယ်၊ အခုမပြောသေးဘူး"

၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ရွေးကောက်ပွဲဝင်မယ်၊ မ၀င်ဘူးဆိုတာကို ဖွဲ့စည်း ပုံပြင်ဖို့အတွက် အာမခံချက်ရှိလားဆိုတဲ့ အချက်၊ အဲဒီအချိန်မှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ရွေးကောက်ပွဲကို ဘယ်လိုစနစ်မျိုးနဲ့ ကျင်းပသွားမှာလဲဆိုတဲ့အချက်တွေအပေါ် မူတည်ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

NLD နဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲနိုင်ငံရေး ကြေညာစာတမ်းမှာ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေဆိုပြီး ခေါင်းစဉ် ၅ ခုနဲ့ ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မိုဘိုင်း တယ်လီဖုန်း သုံးစွဲမှုတွေ အပေါ် လာမယ့် ဇွန်လ ၁ ရက်နေ့က စလို့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူမယ့် ကိစ္စကို တစ်နှစ် ရွှေ့ဆိုင်းထားဖို့ ပြည်ထောင်စု လွှတ်တော်က မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်သူ မရှိ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

မကြာခင် ရက်ပိုင်းက ၅ ရာခိုင်နှုန်း ကောက်ခံမယ့် ပြည်ထောင်စု အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမြန်ဆုံး တင်သွင်းမည့် စကားရပ် အစား ဆိုင်းငံ့ထားရန် ပြောင်းလဲ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုတင်သွင်းသူ ဦးသိန်းထွန်းဦးကတော့ အခွန်အခ ဥပဒေကို တစ်နှစ်ချင်း အလိုက် တင်သွင်းရတာကြောင့် အခြအနေကို ကြည့်ပြီး ဒီနှစ်မှာ မကောက်တော့ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း၊ နောက်နှစ်အတွက် အခွန်ကောက်မယ့် စာရင်းမှာ ထပ်တင်ကောင်း တင်လာနိုင်ကြောင်း ပြောပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာမှာလည်း အလားတူ ကောက်ခံမူ့တွေရှိတာအပြင် အခွန်ကောက်ဥပဒေ ပြဌာန်းချက်အတိုင်း ကောက်ခံရတာ ဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို နာခံပါမယ်လို့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောဆိုခဲ့ပါတယ်။

ဒီသတင်းဟာ ဖုန်းသုံးစွဲသူ ၂၈ သန်းအတွက်တော့ ဝမ်းသာစရာသတင်းဖြစ်ခဲ့ပါတယ်။ ပုသိမ်မြို့ ကဖုန်းအရောင်းဆိုင် ပိုင်ရှင် ကိုဟာဆန်က သူ့ဆိုင်မှာ တစ်ထောင်ကတ်ကို တစ်ကြိမ်တည်း မထည့်နိုင်လို့ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လာထည့်နေရသူတွေ ရှိတဲ့ အတွက် သုံးစွဲသူတွေ ပြည့်ပြည့်ဝဝ ရ သွားမယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။

မိုဘိုင်းခေါ်ဆိုခတွေကို ကုန်သွယ်ခွန် ကောက်တော့မယ် ဆိုတဲ့ အစီအစဉ်ကို ကြေညာခဲ့ချိန်ကစလို့ ပြည်သူများကြားမှာ ကန့်ကွက်သံတွေ ပေါ်ထွက်လာခဲ့ပြီးချိန်မှာ ဒီကောက်ခံမူ့ကို ရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဓါတ်ပုံ- ၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ခွန်ထွန်းဦး
မေလ ၂၇ ရက် ၂၀၁၅

လက်ရှိခေတ်စနစ်အတိုင်းသာ ဆက်သွားမည်ဆိုပါက နိုင်ငံရေးအင်အားစုများအပါအ၀င် အားလုံးသည် နောင်လာနောက်သားများအတွက် တာဝန်မဲ့လွန်းရာကျနေသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးအပါအ၀င် ခေတ်စနစ်ပြောင်းလဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဥက္ကဌ ခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

ရန်ကုန်မြို့ ယုဒဿန်ခန်းမတွင် မေလ ၂၇ ရက် ယနေ့ကျင်းပသော ၁၉၉၀ ရွေးကောက်ပွဲ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား မိန့်ခွန်းပြောရာတွင် ခွန်ထွန်းဦးက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

'လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ဟာ တာဝန်မဲ့ရာကျနေပါ့ မယ်။ ဒီစနစ်ကြီးကို နောင်လာနောက်သားတွေအတွက်မသယ်သွားစေချင်တော့ပါဘူး။ ဖြစ်နိုင်ရင် ကျနော်တို့ အတတ်နိုင်ဆုံး အားစိုက်ပြီးတော့ ၀ိုင်းဝန်းလုပ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ' ဟု ခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

လက်ရှိအခြေနေအရ အစိုးရသက်တမ်းတရပ် နှင့် လွှတ်တော်သက်တမ်းတရပ် ကုန်ဆုံးလာခါနီးအချိန်တွင် ကတိက၀တ်များမှာ မကြာခဏကြားနေရသော်လည်း ကတိမတည်မှုများစွာ ရှိနေသဖြင့် အားလုံး စုစည်းညီညွတ်ကြရန်လိုအပ်ကြောင်းလည်း ခွန်ထွန်းဦးက ပြောဆိုသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်အားလုံးစုပေါင်းဆောင်ရွက်ကြရမည် ဆိုရာတွင် နိုင်ငံရေးအင်အားစုများ သာမက လူထု လူတန်းစားအားလုံးကပါ ပါဝင်ကြရန်လိုအပ်ကြောင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင်က ပြောဆိုသည်။

'ဖြစ်စဉ်တွေအားလုံးမှာ ဥပမာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကလည်း လူထုကလည်းရ ချင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေက အရချင်ဆုံးပါပဲ။ ဒါပေမဲ့ တော်တော်လေးကို ကြိုးစားရမဲ့ ကိစ္စတွေပါ။ကျနော်တို့လို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့စည်းတွေလောက်က လုပ်နေရုံနဲ့မရပါဘူး။ လူထု လူတန်းစားအားလုံးက လုပ်ဆောင်ပေးမှသာလျှင် ဒီပန်းတိုင်က အမြန်ဆုံးရောက်မှာပါ' ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် ယင်းအခမ်းအနားမှာ ၁၉၉၀ ရွေးကောက်ပွဲကာလက အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှ စုပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်သော လွှတ်တော်အမတ်ဟောင်းများ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ဆရာတော် သံဃာတော်များတက်ရောက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ကျင်းပသော်လည်း ယင်းအခမ်းအနားသို့ ယခုလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ တာဝန်ရှိသူများ တက်ရောက်ခြင်း မရှိခဲ့ပေ။

သျှမ်းသံတော်ဆင့်၊ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese


မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး၊ တရားမျှတမှုရှိဖို့ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက သတိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတာတွေလို အခြေခံကျကျ ပြင်ဆင်စရာတွေ သာမက ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း NLD ပါတီနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ရဲ့ ဒီကနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့၊ နိုင်ငံတကာက အကဲခတ်သူတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ပြုဖို့ စတာတွေလို ရွေးကောက်ပွဲနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေမှာ လိုအပ်ချက်တွေကို NLD ပါတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က ခေါင်းဆောင်တွေက ထောက်ပြခဲ့ကြတာပါ။ ဒီလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ အဓိက လိုအပ်ချက်တခုအဖြစ် ၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဖို့ NLD အနေနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူ ဦးဥာဏ်ဝင်း က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ရွေးကောက်ပွဲ မှန်မှန်ကန်ကန်လုပ်ဖို့၊ ဥပဒေအတိုင်းလုပ်ဖို့နဲ့ ကောင်းမွန်တဲ့ ဥပဒေတွေရှိဖို့ အဲဒီလိုတွေ ပြောထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ၄၃၆ တင် မကပါဘူး၊ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဆက်လက် ကြိုးစားနေမှာပဲ။ အဲဒီမှာ ကျနော်တို့ပြောထားတယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပ။ လွှတ်တော်တွင်းဆိုတာက လွှတ်တော်မှာရှိနေတဲ့ အင်အားတော့မများဘူး၊ သို့သော် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရှိတယ်။ လွှတ်တော်ပဆိုတာ နိုင်ငံရေးအရ ထင်ရှားလာအောင် အစိုးရသဘောပေါက်လာအောင်၊ ပြည်သူလူထု ထောက်ခံလာအောင် ဒီလိုလုပ်ရပ်တွေတော့ ရှိတာပေါ့။”

မြန်မာအစိုးရကတော့ ရွေးကောက်ပွဲတွေကို အောက်တိုဘာလကုန်၊ ဒါမှမဟုတ် နိုဝင်ဘာလမှာ  ကျင်းပနိုင်ဖို့ ရည်မှန်းထားပြီး၊ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းတွေကိုလည်း တနိုင်ငံလုံးမှာ ၄ သုတ်ခွဲ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။ ပထမအကြိမ်အဖြစ် မတ်လ ၃၀ ရက်နေ့ကနေ၊ ဧပြီလ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်းမြို့နယ် ၁၀ မြို့နယ်မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။  ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း စာရင်းထုတ်ပြန်ရာမှာ အမှားအယွင်းတွေ တွေ့နေရတဲ့အတွက် မဲပေးပိုင်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်ရတယ်လို့လည်း NLD က သတိပေးပါတယ်။

“အခု ထုတ်ပြန်နေတဲ့ မဲစာရင်းတွေ မှားယွင်းမှုကတော့ အံ့သြစရာကောင်းလောက်အောင် များနေတယ်။ ဒါလည်း အန်ကယ်လ်တို့ စနစ်တကျ ပြုစုပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမှာပါ။ ဘာကြောင့် ဒီလို အမှားများနေသလဲဆိုတာတော့ အန်ကယ်လ်တို့ မသိသေးဘူး။ ကျနော်တို့ လူ ၁၀ ယောက် မှတ်ပုံတင်တခုတည်း တန်းစီပြီးတော့ မဲစာရင်းထဲပါတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မလဲ ဟုတ်တယ်မဟုတ်လား။ နောက်တခု အန်ကယ်လ်ုတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ NLD က လူတွေရဲ့ မဲစာရင်းတွေ အကုန်လုံးလောက်ကို အချက်အလက်တွေ မှားတယ်။ မှတ်ပုံတင်မှားတယ်၊ မိဘနာမည်မှားတယ်။ ရပ်ကွက်နာမည်မှားတယ်။ တခုမဟုတ် တခုမှားနေတယ်။ ဥပမာပေးပြောရရင်တော့ မဲပေးခွင့် အခွင့်အရေးတွေ လူတော်တော်များများ ဆုံးရှုံးရမလို ဖြစ်နေတယ်။”

ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မှားယွင်မှုတွေရှိကြောင်း ပြန်လည် ပြင်ဆင်မှုတွေလုပ်မယ့် အကြောင်းကိုတော့ အစိုးရပိုင်သတင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တဲ့မဲစာရင်းတွေကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့နဲ့ ဇွန်လ ၂၅ ရက်နေ့တွေမှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပညာပေးမှုတွေကိုတော့ လူထုအခြေပြု အဖွဲ့အစည်း အတော်များများက လိုက်လံဆောင်ရွက်နေကြပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ပြည်သူတွေက သူတို့ဆန္ဒအတိုင်း မဲပေးပိုင်ခွင့်ရဖို့တွေကို ပညာပေးလှုံ့ဆော်မှုတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ တရားနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်သူအဆင့်ဆင့်ရဲ့ ဘက်လိုက်မှုကင်းတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်းနဲ့ လက်ရှိ အခြေအနေအရတော့ ဗဟိုကစပြီး အောက်ခြေအဆင့်ထိ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာတွေ ရှိတယ်လို့လည်း ဒီနေ့ NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို မေလ ၂၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနေစဉ်။ Photo: Myo Thant Khaing/ RFA
 မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပညာ ရှင်တွေနဲ့ အပြီးသတ်ညှိနှိုင်းဆွေးနွေးထား တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးတင်ယုက ဆွေးနွေးတင်ပြခဲ့ပါတယ်။

"အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီပွားရေး၊ ဥပဒေရေးရာကော်မရှင်မှ ပညာရှင်များ အကြံပြုဆွေးနွေး ခဲ့ကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြပါသည်၊ ထို့ကြောင့်အမျိုးသားလွှတ်တော်က ယင်းဥပဒေကြမ်းကို အတည်ပြု ဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်"

အဲဒီဥပဒေကြမ်းမှာ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးဟာ ဘာသာခြားဝင် ယောင်္ကျားတစ်ဦးနဲ့ ထိမ်းမြားလက်ထပ်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားပေးခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ဦးအနေနဲ့ ဥပဒေကြမ်းပါ ပြဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံးငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမယ်လို့ ပါရှိပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်- ကြေးစင်တောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၃ ဦးကို ခြိမ်းခြောက်မှု၊ တားဆီးကန့်ကွက်မှု၊ ကျူးကျော်မှုတွေနဲ့ ကုမ္ပဏီဘက်က ဒီနေ့အမှုဖွင့်လိုက်ပါတယ်။

စံပယ်တောင်- ကြေးစင်တောင်စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ ဦးပိုင်ကုမ္ပဏီ ဥပဒေအကြံပေးအရာရှိ ဦးအောင်မြင့်က အမှုဖွင့်တိုင်ကြားတာဖြစ်တယ် လို့ အမှုဖွင့် ခံရသူ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုး က ပြော ပါတယ်။

"လူ ၃ ယောက်ကနေ ၅၀ လောက် ဦးဆောင်ပြီးတော့ ဒီရှေ့မှာ ဒီလိုမျိုးတွေလုပ်လို့ဆိုပြီး တရားစွဲတာဗျ၊ ကျနော်တို့ကတော့ ဖြစ်ချင်တာတွေကို ကုမ္ပဏီရှေ့ မှာ တောင်းဆိုတာ၊ ကျနော်တို့က ဒီလို မျိုးအေးအေးဆေးဆေးဖြစ်ချင်လို့ ၇ ရက်ကြိုတင်တယ်၊ လာတော့လည်း လူနည်းစုလေးနဲ့ ၁၅ ယောက်လောက် လာတယ်၊ ကျနော်တို့လည်းအေးဆေး စာတင်ထားတဲ့အတိုင်း ၁၀ နာရီမှာအရောက်လာတယ်၊ ကျနော် တို့ရောက်ပါပြီ၊ ဖြေရှင်းပေးပါဆိုပြီး ၃ ကြိမ်တိုင်တိုင် သူတို့ကဖြေရှင်း မပေးခဲ့လို့ ဒီလိုလုပ်ရတာဖြစ်တယ်"

ဒေသခံရွာသား ၅၀ လောက်က ယန်စီ-မြန်မာကုမ္ပဏီရှေ့မှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်း အတွက်ဆိုပြီး ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်း၊ တယ်ပင်ခံ စတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၆ ထောင်ကျော် ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ ဒေသခံတွေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

against-rohingya-protest-620.jpg ရိုဟင်ဂျာနဲ့ လှေစီးဒုက္ခသည်များကို လက်မခံဖို့ မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေကြစဉ်။

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေနဲ့ လှေစီးဒုက္ခသည်တွေကို လက်မခံဖို့ ရန်ကုန်မြို့ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ရဟန်းသံဃာတော်တွေနဲ့ လူတစ်ထောင်လောက် ဒီကနေ့ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ လက်မခံဖို့ အစိုးရကိုတောင်းဆို ကြောင်း အဲဒီလူထုဟောပြော ပွဲမှာ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတကြီးနှင့်တကွ မြန်မာအစိုးရကိုလည်းထပ်လောင်းပြီးတော့ ပြောကြားလိုပါတယ်၊ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာများကို ဘယ်သောအခါမှ လက်မခံပါနဲ့လို့ ဘုန်းကြီးတို့က တိုက်တွန်းပါတယ်"

ဒါ့အပြင် ရွှေတိဂုံဘုရားအနီးမှာ အဆင့်မြင့်အဆောက်အဦးတွေ ဆောက်လုပ်မယ့် အစီအစဉ်ကို ကန့်ကွက် လိုက်ကြောင်းနဲ့ အဆောက်အဦး ဆောက်လုပ်ခွင့်ပေး ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာရဲ့ ရန်သူဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ရန်ကင်းစင်တာအနီးထိ လမ်းလျှောက်ချီတက်ကြပြီး ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဟောပြောခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို ပရဟိတအဖွဲ့အစည်း ၂၀ လောက်က ၀ိုင်းဝန်းစီစဉ်ခဲ့တာလို့ သိရပါတယ်။

RFA


ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိနေသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်ထောင်စု လွှတ်တော် အစီအစဉ်များ အပေါ် မူတည်၍ သီတင်းနှစ်ပတ် အတွင်း ပြီးပြတ်နိုင်သည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ကြောင်း သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်က ဆိုသည်။ ယမန်နေ့ လွှတ်တော် ပရ၀ဏ် အတွင်းရှိ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရေးရာ အဆောင်တွင် ပြုလုပ်သော အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲရေး ကော်မတီ အစည်း အဝေး၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြီးပြတ်မှသာ အမျိုးသား ပညာရေး ဥပဒေနှင့် ဆက်စပ်သည့် ဥပဒေများ ရေးဆွဲနိုင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်က အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ အမျိုးသား ပညာရေး ဥပဒေ နှစ်ပတ် အတွင်း ပြီးပြတ်နိုင်တယ်လို့ ပြောတယ်။ တကယ်လည်း အမျိုးသား ပညာရေး ဥပဒေ ပြီးပြတ်မှသာ အဆင့်မြင့် ပညာရေး ဥပဒေတို့၊ သက်ဆိုင်တဲ့ ဥပဒေတွေ ရေးဆွဲဖို့ စတင်နိုင်မှာ ဖြစ်တယ် ဟု အဆိုပါ ဒုဝန်ကြီးက ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ၏ ဆက်စပ် ဥပဒေများ အနက်မှ အဆင့်မြင့် ပညာရေး ဥပဒေ၊ နည်းပညာနှင့် သက်မွေး ပညာရေး ဥပဒေ၊ အခြေခံ ပညာရေး ဥပဒေ၊ ဆရာ အတတ်သင် ဥပဒေတို့ကို စတင်ရေးဆွဲမည် ဖြစ်ကြောင်း သိပံ္ပနှင့် နည်းပညာ ၀န်ကြီး ဌာန ထံမှ သိရသည်။အဆိုပါ အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲရေး ကော်မတီ အစည်းအဝေးသို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသားခေါင်းဆောင် များလေ့လာသူများ အဖြစ် တက်ရောက်ခဲ့ပြီး၊ အစည်းအဝေး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသား ခေါင်းဆောင်များ သီးသန့် တွေ့ဆုံ ခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကိုချစ်ဝင်းမောင်က ပြောသည်။

အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့အမြင်ကို အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်။ အမျိုးသား ပညာရေး ဥပဒေက ဘယ်လို ပုံစံနဲ့ ထွက်လာမလဲ ဆိုတာ လွှတ်တော်အပေါ် မူတည်ပါတယ် ဟု၎င်းက ပြောသည်။ အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အတွက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၌ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

http://messengernewsjournal.com/News/Local/detail.php?id=36685&fb_ref=Default


ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို မေ ၂၆ရက်က သာယာဝတီ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာတော့ ကျောင်းသားတွေ အချုပ်ကားပေါ်ကအဆင်း လက်ထိပ်တန်းလန်းတွေနဲ့ ပုဆိုးစွန်တောင်ဆွဲပြီး ဆင်းလာခဲ့ရတာမို့ ကျောင်းသားမိဘတွေနဲ့ ရုံးချိန်းမှာ လာရောက်တွေ့ဆုံသူတွေ မကျေမနပ်ဖြစ်ခဲ့ကြရပါတယ်။

အချုပ်ကားပေါ်က အဆင်းမှာ လက်ထိပ်ခတ်ထားတဲ့ ကျောင်းသားတွေကို နောက်ကတွန်းချပြီး တိရစ္ဆာန်တွေလို ဆက်ဆံတာကို မကျေနပ်သူကတော့ ဖမ်းဆီးခံကျောင်းသား ခင်လှိုင်ပါ။ ရုံးထုတ်လာချိန်မှာ သူတို့ကို လူလိုတန်ဖိုးမထားဘဲ ဆက်ဆံတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဆိုပါတယ်။

လက်ရှိ ရုံးထုတ်တဲ့အနေအထားမှာ တရားလို ရဲမှူးကို စစ်ဆေးနေဆဲဖြစ်ပြီး မေးခွန်းတွေတော့ အပြန်အလှန် မေးခွင့်ရနေပြီလို့ ဆိုပါတယ်။ ဒါ့ပြင် သပိတ်မှောက်ကျောင်းသား မျိုးသီဟကလည်း အသက်မပြည့်သေးတာကြောင့် အာမခံနဲ့ နေထိုင်ခွင့်ရရှိခဲ့ပါတယ်။

လူသတ်၊ လုယက်ပြီး ကြမ်းတမ်းတဲ့သူတွေကိုသာ လက်ထိပ်ခတ်ရမှာ ဖြစ်ပြီး ဘောပင်တစ်ချောင်းတောင် မပါတော့ဘဲ ပါးစပ်ကသာ ပြောနေတဲ့ ကျောင်းသားတွေဟာ တရားရုံးမှာ ဘာပြဿနာမှ မဖြစ်နိုင်တာကြောင့် လက်ထိပ်မခတ်သင့်ဘူးလို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ပထမပိုင်းမှာ ကျောင်းသားတွေကို ရုံးထုတ်လာပုံကို မနှစ်မြို့လို့ လူထုက ထမင်းကျွေး ပြည်သူကိုမစော်ကားဖို့ အော်ဟစ်ခဲ့ကြပေမယ့် သာယာဝတီတရားရုံးအတွင်း စားသောက်ထားတဲ့ အမှိုက်တွေ၊ အကြွင်းအကျန်တွေကို စနစ်တကျ ပြန်လည်သိမ်းဆည်းပြီး ရုံးချိန်းကို စည်းကမ်းရှိရှိ ပြီးဆုံးစေခဲ့ပါတယ်။

KAMAYUT MEDIA

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုမြန်မာနိုင်ငံ အဖြစ်သို့ ရောက်ရှိရန် ဆက်လက် လှုပ်ရှားရုန်းကန် ကြရဦး မည်ဖြစ်ရာ ရည်မှန်းချက် အောင်မြင် သည်အထိ လက်တွဲဆောင်ရွက် ကြ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ က မေလ ၂၇ ရက်တွင် နိုင်ငံရေး ပူး တွဲကြေညာစာတမ်း တစ်ရပ်ကို ထုတ် ပြန်လိုက်သည်။
အဆိုပါ နိုင်ငံရေး ပူးတွဲကြေညာ စာတမ်းတွင် ၂၀၁၅ ရွေးကောက်ပွဲကို “လွတ်လပ်၍ တရားမျှတသော ရွေး ကောက်ပွဲ ဖြစ်ပေါ်လာစေရေး” အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကို ရွေးကောက်ပွဲ နည်းလမ်းအပါ အ၀င် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက် ကြိုးပမ်းသွားရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသား အင်အားစုများ နှင့်အတူ တက်ကြွစွာ လက်တွဲပါဝင် ဆောင်ရွက်ရန် ပူးတွဲကြေညာသည်ဟု ဖော်ပြထားသည်။

အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ရာတွင်လည်း ဒီမိုကရေစီစံချိန်၊ စံညွှန်းများနှင့် ကိုက်ညီသော မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တက်ကြွစွာ ပုံဖော်ဆောင်ရွက်နိုင်သည့် အခြေအနေမရှိသေးသည့်အပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စသည့် မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားများ၏ နိုင်ငံသားဆိုင်ရာ အခွင့်အရေးများကိုပင် ပြည့်ဝစွာရရှိအောင် စီမံဆောင်ရွက်နိုင်မည့် အခြေအနေ မရောက်ရှိသေးကြောင်း၊ မျှော်မှန်းထားသည့် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု” ပေါ်ထွန်းရေးအတွက် ပြည်သူလူထုနှင့်အတူ မမှိတ်မသုန် ယုံယုံကြည်ကြည်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။

ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲသည် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ” ဖြစ်ရန် အဓိကအရေး ကြီးဆုံးဖြစ်ပြီး၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို စစ်စစ်မှန်မှန် ရွေး ချယ်ဖော်ပြနိုင်သော အခြေအနေ ရှိရမည်။ တရားနည်းလမ်းကျသော ရွေးကောက်ပွဲဥပဒေများ၊ လုပ်ထုံးလုပ် နည်းများ ပြဋ္ဌာန်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်သူအဆင့်ဆင့်တို့၏ ဘက်လိုက်မှုကင်းသော ဆောင်ရွက်ချက်များ လိုအပ်မည်ဖြစ်ပြီး လက်ရှိ အခြေအနေအရ အများပြည်သူတို့က ဗဟိုမှစ၍ အောက်ခြေအဆင့်အထိ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန် ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ်္ဂိုလ် များ ဘက်လိုက်မှုကင်းရေးအပေါ် သံသယ၀င်လျက် ရှိနေသေးသည်ဟု လည်း ဆိုထားသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တရားမျှတသော ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပြီး ထိုအတိုင်း လိုက်နာဆောင် ရွက်ရန်၊ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရွေးကောက်ပွဲများကျင်း ပရန်၊ စံထားလေးစားလောက်သော နိုင်ငံတကာ ရွေးကောက်ပွဲ အကဲခတ်သူများကို လေ့လာခွင့်ပြုရန်၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိစ်္စရပ်များတွင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက် လူ့အဖွဲ့အစည်းများအား လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန်၊ အုပ်ချုပ်ရေးပိုင်းနှင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်များ ဘက်လိုက်မှုကင်းစွာဖြင့် ကြီးကြပ်ဆောင်ရွက်စေရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ကောက်ခံရရှိထားသော ပြည်သူလူ ထု၏ လက်မှတ်ငါးသန်းအပေါ် တာဝန်ယူမှု၊ တာဝန်သိမှုနှင့် အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ်ကို ဆောင်ရွက်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် ရိုးရှင်းသည့် နိုင်ငံရေးဆန္ဒရှိမှုအပေါ် တည်မှီကြောင်းနှင့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသည် အနာဂတ် မြန်မာနိုင်ငံ ဒီမိုက ရေစီထွန်းကားရေးအတွက် လှေကားထစ် တစ်ခုဖြစ်သည်ဟု အသိအမှတ် ပြုကြောင်းလည်း ဖော်ပြထားသည်။ ထိုသို့သော ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ရလဒ်ကောင်းများ ပေါ်ပေါက်နိုင်မည်ဟု မျှော်လင့်ပြီး ထိုရလဒ်ကောင်းများကို လွှတ်တော်နှင့် အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲသည်ဖြစ်စေ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ကြေညာစာတမ်းတွင် ဖော်ပြပါရှိသည်။

ဇော်မင်းထွန်း
The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.