05/29/15

 election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

ရန်ကုန်တိုင်းဒေသကြီး၊ ၁၄မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ကြေညာထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းတွေမှာ နာမည်စာရင်းတွေ မှားယွင်းနေသလို မဲစာရင်းမှာ နာမည်မပါသူတွေ များတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖွဲ့တွေထံက သိရပါတယ်။

ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ဝင် ဒေါက်တာဝေဖြိုးကျော် က ပြောပါတယ်။

"ကျနော်တို့ ကြုံတဲ့ပြဿနာတွေပေါ့နော်၊ ထွက်လာတဲ့ မဲစာရင်းမှာ နာမည်အမှားအယွင်း အရမ်းများနေတဲ့ကိစ္စတွေ ရှိတဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း အားနည်းတဲ့အတွက်ကြောင့် မို့ ရွေးကောက်ပွဲကော်မရှင်မှာ မဲစာရင်းစိစစ်မှုဟာတွေ ဝိုင်းဝန်းကူညီတဲ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ် တာလေးတွေ အဲ့ဒါလေးတွေကို တင်ပြဖို့ရှိပါတယ်၊ ပြည်သူတွေဘက်ကလည်း ကိုယ်နဲ့ပတ်သက်တဲ့ အစိုးရ တစ်ခုဖြစ်ဖို့ ကိုယ်မဲပေးချင်တဲ့အစိုးရကို မဲပေးပြီးရွေးချယ်ခွင့်ရဖို့အတွက် မဲစာရင်းမှာပါမှဖြစ်မယ်၊ လူတိုင်းသွားပြီး မဲစာရင်းကိုကြည့်ဖို့အတွက် တိုက်တွန်းချင်တယ်"

မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါဝင်နေသလို နာမည်၊ မှတ်ပုံတင်နံပါတ် မှားယွင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်တိုင်းက ၂၅ မြို့နယ်မှာ မဲစာရင်းတွေကို ဒီလ ၂၅ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှာ မဲပေးနိုင်သူစာရင်း ထုတ်ပြန်ရာ နာမည်စာရင်း မပါသူ ၄ထောင်ကျော်၊ အချက်အလက်မှားယွင်းသူ ၂ထောင်ကျော်နဲ့ သေဆုံးသူတွေ၊ အသက်မပြည့်သူတွေ ပါဝင်နေတဲ့အတွက် ပြင်ဆင်ပေးရတာတွေ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်မှာ မဲဆန္ဒပေးနိုင်သူ ၁ဒသမ ၈ သန်းရှိပြီး နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ခြောက်သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော်မှာ မနက်ဖြန်ကစပြီး နှစ်ရက်ကြာကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ သမ္မတလောင်းကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ သမ္မတလောင်း ၂ဦးကို ပါတီတွင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောပါတယ်။

"ဗဟိုကော်မတီ အစည်းအဝေးလုပ်တယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးဖို့ရှိတယ်၊ အမျိုးမျိုးသုံးသပ်နေကြတာပေါ့နော်၊ ဒါပေမဲ့ ဆုံးဖြတ်ဖို့ကတော့ စောသေးတာပေါ့နော်၊ သို့သော် ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးသည် ကျနော်တို့ပါတီကပဲ၊ အဲ့ထဲက ဘယ်သူသမ္မတဖြစ်မလဲ၊ ဘယ်သူ့ကိုလျာထားမယ်ဆိုတာက ခုချိန်မှာ တစ်ဦးချင်းအနေနဲ့ ဒွိဟတွေနဲ့ စဉ်းစားနေကြတုန်းပဲ"

မြန်မာ့တပ်မတော်အနေနဲ့ လတ်တလောမှာ လေးလပတ် အစည်းအဝေးကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးပြီးရင် တပ်မတော်ခေါင်းဆောင်ပိုင်းတချို့ ပါတီတွင်းကို ၀င်ရောက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာလည်း ရှိပါတယ်။

ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေကို တစ်ခါတည်း သတ်မှတ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

RFA

မြန်မာပြည်အစိုးရဟာ ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်တာကို ၀င်ရောက်ခြယ် လှယ် နေတာကြောင့် ပြည်သူ့ဘ၀ မတိုးတက်တာ အဲဒါကြောင့်ပါပဲ။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘာသာရေး စတဲ့အရေးတွေဟာ လူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စပါ။ အစိုးရကိုယ်တိုင် ဘာမှ ၀င်ရောက် စွက်ဖက် လုပ်ကိုင်စရာမလိုပါ။ ပြည်သူနဲ့ဆိုင်တဲ့ အခွင့်အရေးကို လက်ဝါးကြီးအုပ် ၀င်ရောက်ခြယ် လှယ် နေတာကြောင့် မြန်မာပြည်စစ်ဝါဒီဟာ သောင်းကျန်းလာတာပါပဲ …
စကားချီး

နိုင်ငံရေးသမားမှန်ရင် တိုင်းပြည် ကောင်းကျိုးအတွက်ပဲ ဖြစ်ရမယ်။ မိမိရဲ့ဘုန်းတန်ခိုး၊ အာဏာနှင့်မဆိုင်ပါ။

(တောင်ကလေးဆရာတော်)



နိဒါန်း

နိုင်ငံရေးမှာအာဏာမလိုပါဘူး။ သိက္ခာပဲ လိုပါတယ်။ အင်ပါယာမလိုပါဘူး။ တိုင်းပြည်ကောင်းဖို့၊ လူကောင်းဖို့၊ မူကောင်းဖို့ပဲ လိုပါတယ်။ လူ,မူ မကောင်းရင် နိုင်ငံရေးရုပ်လုံး ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲ ပြောင်းလဲ အလဲခံရဖို့ပဲရှိတယ်။

(တောင်ကလေးဆရာတော်)



တိုက်တွန်းလွှာ

နိုင်ငံရေးအကြောင်းကို လေ့လာရင် နိုင်ငံ့သမိုင်း၊ လူမျိုးသမိုင်း၊ အဲဒီနိုင်ငံထဲမှာ ဖြစ်ပျက်တဲ့ လူမှုဆင့်ကဲ ဖြစ်စဉ် သမိုင်းနဲ့ နိုင်ငံရေး ပယောဂကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခဆိုင်ရာ အာဏာခွဲဝေမှု အကြောင်းအရာ သမိုင်း တွေကို သေချာ သုံးသပ်တတ်ရမယ်။ ဒီအကြောင်းအရာတွေ မသုံးသပ်၊ မဆင်ခြင်နိုင်ဘဲ ယနေ့ မြန်မာပြည်ကြီး တွေ့ကြုံနေကြရတဲ့ နိုင်ငံရေးဖြစ်စဉ် အဆင်းအတက်ကို ကြည့်ရင် လက်အောက်ခံပြည်နယ်၊ တိုင်းများ (VASSAL STATES) ဖြစ်စဉ်တွေက ကျပ်မပြည့်လှတဲ့ ရူးသွပ်ချင်နေတဲ့ နိုင်ငံရေးလို ဖြစ်နေတယ်။ စိတ်ကြိုက် ခြယ်လှယ်ထားခဲ့ကြတဲ့ မြန်မာပြည် နိုင်ငံရေးကို အုပ်ချုပ်ရေး ညံ့ဖျင်းမှုနဲ့ တိုင်းပြည်ကို ဖျက်ဆီးထားတာကြောင့် အဘက်ဘက် ကျဆင်း ယိုယွင်းကျဆုံးကုန်ပြီးမှ ပြန်တည်ဆောက်ကြရတဲ့ တိုင်းပြည်ဖြစ်တယ်။ …အာဏာ စက်အောက် ပြားပြားမှောက် ကျရောက်ခဲ့ရတဲ့ မိမိတို့တစ်နိုင်ငံရဲ့ ပြည်သူတွေရဲ့ ဘ၀ကို ပြန်စဉ်း စား တွေးကြည့် မိရင် နောက်ကြောင်းပြန် စကားတွေပြောဖို့ ရင်နာမိတယ်။ မပြောမပြီး ပြောမှပြီးမို့ ပြည်သူတွေရဲ့ ကိုယ်စား မြန်မာ့ပြည် နိုင်ငံရေး ဖြစ်စဉ်အကျဉ်းမျှ သုံးသပ်ဆင်ခြင် ချင်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ ဂဏရေး အကြောင်းအရာပါလို့ မကြိုက်၊ ထိခိုက်မှုတွေရှိရင် စိတ်ရှည်စွာထားပြီး သည်းခံ ပေးနိုင်ကြဖို့ ကြိုတင်စွာ တောင်းပန်အပ်ပါတယ်။ အမှားရေးပြဖို့ အမှန်မပါလို့ တောင်းပန်အပ်တာ မဟုတ်ပါ။ အမှန်ကို အမှန်အတိုင်းပြောလို့ စိတ်ဒေါသ မကင်းခွာနိုင်သူတွေရဲ့ ချေတဲ့ဒေါသကို မီးသဖွယ် မဖြစ်စေချင်တဲ့ ဆန္ဒပါပဲ။ အားလုံး ပျော်ရွှင်စွာ လေ့လာ ဖတ်ရှုကြပါစို့။



စဉ်ဆက် မြန်မာအစိုးရလုပ်ရပ်



မြန်မာပြည်လက်ရှိ နိုင်ငံရေး အခြေအနေက ဘယ်လိုပုံစံတွေ ဖြစ်လာသလဲဆိုတာ ပြည်သူတွေ ဘက်က နေရင်တစ်မျိုး မြင်ရသလို အစိုးရဘက်က ကြည့်ရင်(နေရင်) တစ်မျိုးမြင်ကြမယ်။ အစဉ်အလာ မြန်မာပြည် နိုင်ငံရေးအကြောင်းကို လေ့လာကြည့်ပါ။

(၁) ပါလီမန်ခေတ် အစိုးရလက်ထက် တိုင်းရင်းသား တော်လှန်ရေး အင်အားစုဝင်တွေကို အလုံးအရင်း အမြစ်ပြတ် တိုက်ခိုက် ချေမှုန်းတာတွေ့ရမယ်။

(၂) တော်လှန်ရေးအစိုးရ လက်ထက်လည်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုဝင်တွေကို တိုက်ခိုက် ချေမှုန်းတာ တွေ့ရတယ်။

(၃) ဆိုရှယ်လစ်၊ လမ်းစဉ်ပါတီခေတ်လည်း တိုက်ခိုက် ချေမှုန်းဖျက်ဆီးတာပဲ။

(၄) န၀တ၊ နယက ခေတ်သို့မဟုတ် စစ်အာဏာရှင် အုပ်ချုပ်ရေးခေတ်လည်း အချိုသတ်၊ အနီးကပ် ဖြိုခွဲဖျက်ဆီး ပစ်တာပါပဲ။

(၅) ဒီမိုကရေစီ နေပြည်တော် အစိုးရဆိုရင်လည်း သေသေကျေကျေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ကြေချေ တိုက်ခိုက်နေတာပါပဲ။ ယနေ့ထိပါပဲ။



စဉ်လာနိုင်ငံရေးပုံစံ

မြန်မာပြည် အစိုးရဟာ ဘယ်အစိုးရ အဖွဲ့အစည်း တက်တက် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ မတိုက်မခိုက်တဲ့ အစိုးရမရှိပါ။ လက်နက်ကိုင် တိုင်းရင်းသားတွေကို မသတ်ဖြတ် မချေမှုန်းဘဲ ဘယ်အစိုးရမှ မမြင်မတွေ့ဖူးသေးပါ။ အထူးသဖြင့် နေပြည်တော် အစိုးရကတော့ သူ့လက်ထက်မှာ ဗြောက်တိုက်၊ ဗြောင်လိမ်နေတာ ပြည်သူတွေအသိပါပဲ။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စကို အကြောင်းပြုပြီး အမျိုးမျိုး မပြီးနိုင်တဲ့စကားတွေ ပြောဆိုနေကြတယ်။ စကားလည်းပြော လှေလည်းလှော် ဆိုသလို တိုက်ခိုက်တာတစ်ဖက် ဗြောင်တိုက်တစ်ဖက် လုပ်နေတာကို တွေ့ရတယ်။ တိုင်းပြည်ကို မတည်မငြိမ်အောင် လုပ်နေတာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ပုံအောချင်ကြတယ်။ တကယ်တော့ တိုင်းရေးပြည်ရေးကိစ္စဟာ ဘာအကြောင်းအရာပေါ်ပေါ် လေ့လာကြည့်ရင် အစိုးရအဖွဲ့အစည်း မပါဘူးဆိုတာ ရှားသလောက်ပါပဲ။ ဒါကြောင့် မြန်မာပြည်အစိုးရဟာ တိုင်းရင်းသားတွေကို မတိုက်ခိုက် မချေမှုန်းတာ မရှိပါ။ စဉ်လာနိုင်ငံရေးလို ဖြစ်နေတယ်။



စစ်နဲ့အနိုင်ယူဆုံးဖြတ်

လက်ရှိနိုင်ငံရေး အခြေအနေဟာ အသွင်ကူးပြောင်းရေး နိုင်ငံရေးပါပဲ။ ယဉ်ကျေးမှု မရှိတဲ့ နိုင်ငံရေးတစ်ခုဟာ သို့မဟုတ် နိုင်ငံရေး ယဉ်ကျေးမှု မထားတဲ့ အစိုးရတစ်ရပ်ဟာ ယနေ့ဖန်တီး လုပ်ကိုင်နေတဲ့ အသွင်ကူး ပြောင်းရေး လုပ်ငန်းစဉ်ဟာ အခြေအနေ တစ်ခုခုပြောင်းလဲတာ မမြင်ရဘဲ အဆိုးပယောဂ အမျိုးမျိုးနဲ့ ပြည်သူကို လှည့်စားပြတာကို တွေ့ရတယ်။ နိုင်ငံရေးအမြင်နဲ့ ပြောရရင် နိုင်ငံရေး စစ်ထိုးခြင်းပါပဲ။ ဒီလိုစစ်ရေး၊ နိုင်ငံရေးနဲ့ ထိုးစစ်ဆင်နေတာကို အပစ်အခတ် ရပ်စဲရေး ဘယ်လိုလုပ်နိုင်မလဲ။ အပစ်အခတ် ရပ်စဲရေးဆိုတာ ထိုးစစ် တိုက်စစ်မရှိဘဲ နိုင်ငံရေး စစ်ထိုးခြင်းပါ ရပ်စဲရမယ်။ လက်နက်နဲ့ ထိုက်ခိုက်မှုကို အရှိန်လျှော့ ထားကြပေမယ့် နိုင်ငံရေး စစ်ထိုးခြင်းကတော့ သူသူငါငါ မလျှော့ကြဘဲ ငြင်းခုံနေကြ ပါသေးတယ်။ ငြင်းခုံစရာဖြစ်လို့ ငြင်းခုံနေကြတာလား။ အနီးကပ် လေ့လာကြည့်တဲ့အခါ အခြားသော ပယောဂကြောင့် (သွေးထိုး လှုံ့ဆော်မှုကြောင့်)လည်း ငြင်းခုံနေကြပါတယ်။ ငြင်းခုံမှု အားသန်တဲ့သူဟာ အမှားအမှန်ကို ပြင်ဖို့ခဲယဉ်းမှာပါပဲ။ နောက်ပိတ်ဆုံးစစ်နဲ့ပဲ အနိုင်ယူ ဆုံးဖြတ်ကြမှာပါပဲ။



မရနိုင်ကြပါ

နိုင်ငံရေးနည်းကို စစ်နဲ့အနိုင်ယူ ဖြေရှင်းနေကြလို့ မြန်မာ့နိုင်ငံရေးဟာ မလိုလားအပ်တဲ့ ပြည်တွင်း အချေအတင်တွေ ဖြစ်ကြတယ်။ အချေအတင် များနေတာကြောင့် အမှားများတဲ့ အချေအတင်ဟာ ပြင်ဆင် တည်ဆောက်ဖို့ ခဲယဉ်းပါတယ်။ အဲဒီလို ပြင်ဆင် တည်ဆောက်ဖို့ ခဲယဉ်းတဲ့ နိုင်ငံရေးကို မြန်မာတွေ တွေ့ကြ ရလို့ (ခံစားကြရလို့) ယခုတိုင် မပြင်ဆင်နိုင်ကြဘဲ အသွင်ကူးပြောင်းဖို့ ခဲယဉ်းကြတယ်။ တိုင်းရင်းသား အချင်းချင်းက တစ်မျိုး၊ အုပ်ချုပ်သူ အစိုးရ အသင်းအဖွဲ့က တစ်မျိုးနဲ့ မလိုလား သူတွေရဲ့ အပြုအမူ တစ်မျိုးတစ်မည်ကြောင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းတဲ့ နွေဦးဟာ မထူးခြားနိုင်သေးပါဘူး။ နိုင်ငံရေးဆန္ဒ အစွဲကို အခြေပြုထားရင် အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်မယ့် ပြည်ထောင်စုစနစ် နိုင်ငံရေးဟာ တည်ဆောက် နိုင်ကြမယ်မဟုတ်။ ပြည်ထောင်စု အတိုင်းအတာဖြင့် ထားရှိနေတဲ့ ပြည်နယ်တိုင်း အစိုးရ အုပ်ချုပ်မှုလည်း လွတ်လပ်စွာ ရကြမယ်မဟုတ်။



အလုပ်မဖြစ်ပါ

မြန်မာပြည်ဟာ ပြည်ထောင်စုစနစ် နိုင်ငံရေးဖြစ်ပြီး ဆိုကြပါစို့။ အမျိုးသား ပြည်နယ်လို့ခေါ်တဲ့ လက်ရှိပြည်နယ်နဲ့ တိုင်းဒေသတွေကို အာဏာပေးအပ်တဲ့နေရာမှာ ၂၀၁၈ ခုနှစ် အတိုင်းအတာပဲလား။ ဒါမှမဟုတ် ကိုယ်တိုင်လွတ်လပ်စွာ အုပ်ချုပ်စီမံနိုင်ဖို့ ဘယ်ရွေ့ဘယ်မျှ အာဏာလက်ဝယ် အပ်နှင်း ခွဲဝေပေးထားနိုင်မလဲ ဆိုတဲ့အချက်ပါပဲ။ ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ် တိုင်းတွေဟာ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (SELF-RULE) ပေးမလား။ သို့မဟုတ်= (ခ) စုပေါင်းအုပ်ချုပ်ခွင့်(သည့်) (SHARE-RULE) ထားမလားဆိုတဲ့ အချက်တွေနဲ့ ပတ်သက်တာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တိုင်းဒေသ အစိုးရအဖွဲ့အစည်းတွေကြား (အကြားမှာ) အာဏာခွဲဝေမှု (Division of Powers) ပုံစံတွေ သေသေချာချာ ရှိရမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမှာလည်း တိကျ ပြတ်သားစွာ ပြဋ္ဌာန်းထား ပေးရမယ်။ အထူးသဖြင့် ပြည်နယ်တိုင်း ဒေသတွေကို (တွေ မှာ) မိမိပြည်နယ်တိုင်း ဒေသတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိဖို့ပါပဲ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ဆိုရင်တော့ အလုပ်မဖြစ်ပါ။



ရေးဆွဲခွင့်မပြု

မြန်မာ့နိုင်ငံရေးမှာ (၁) ဒီမိုကရေစီ အင်အားစုများနဲ့ (၂) တိုင်းရင်းသား လူမျိုးများ အရေးဟာ အရေးအကြီးဆုံး ပါပဲ။ နိုင်ငံတော်အတွက် (နိုင်ငံတော်ကို) ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်မယ်ဆိုရင် ယင်းအဖွဲ့အစည်း တွေရဲ့သဘောတူညီမှု ရှိဖို့လိုပါတယ်။ လက်ရှိအစိုးရက ဘယ်လိုပဲ နိုင်ငံရေး လမ်းကြောင်းပေါ်ကို တက်လှမ်း သွားသွား အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖွဲ့စည်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ အထက်က (၁+၂) မပါရင် လက် နက်ကိုင် တော်လှန်ရေးစနစ်က မပြီးဆုံး (မပြီးစီး)နိုင်ပါ။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက် လို့ သတ်မှတ်ထားတဲ့ မူဝါဒစံက ““နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးပါပဲ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး လုပ်တဲ့နေရာမှာ တိုင်းပြည် အာဏာကို အုပ်စုဖွဲ့ အုပ်ချုပ်ထားတဲ့ စစ်အုပ်စုဝင်တွေက လက်ခံမှုမရှိတာ ယနေ့တိုင်အောင်ပါပဲ။ ယခုလက်ရှိ ကျင့်သုံးသွားနေတဲ့ နိုင်ငံရေးပုံစံလည်း သူတို့သွားလိုတဲ့ နိုင်ငံရေးပုံစံပါပဲ။ ဘယ်တော့မှ ဖက်ဒရယ် နိုင်ငံရေးပုံစံပေးမှာ မဟုတ်သလို ပြည်ထောင်စု စနစ်စစ်စစ်လည်း ပြည်ထောင်စု အခြေခံဥပဒေကို ရေးဆွဲခွင့်ပြုမှာ မဟုတ်ပါ။ သုံးသပ်မိပါတယ်။



အခြေခိုင်နေတုန်းပါပဲ

ဒီလိုဆိုရင် ပြည်ထောင်စုစနစ် စုစည်းတည်ဆောက်တဲ့ နိုင်ငံရေးဟာ အခြေခံဥပဒေမှာ ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သည်လို့ ဘယ်လိုပဲဆိုနေ ပြောနေပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်း နိုင်ရင်တော့ မြန်မာပြည်ရဲ့ အခြေအနေဟာ ၂၀၁၅ ခုနှစ်ကျော်ရင် ဖိအားပေးတဲ့ နည်းပညာတွေ အမျိုးမျိုး တွေ့ကြုံရမယ်။ ဒါတွေပဲလား မကပါ။ ပြည်တွင်းနိုင်ငံရေး ပြဿနာတွေ အမျိုးမျိုး ကြီးထွားလာမှု ရှိနိုင်တယ်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံပညာဥပဒေ ပြဿနာပါပဲ။ ပြည်သူလူထုနဲ့ စီမံအုပ်ချုပ်သူ အစိုးရကြားမှာ ပဋိညာဉ် ပြုထားတဲ့ အခြေခံဥပဒေကို မလိုက်နာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာပါပဲ။ ဒီပြဿနာဟာ တိုင်းရင်းသား အားလုံးက သိနားလည်ထားကြတဲ့ ပြဿနာပါပဲ။ မြန်မာပြည်ထောင်စုလို့ နားလည်ထားကြတဲ့ တိုင်းရင်းသားတွေဟာ ““ပြည်ထောင်စု””တိုင်းပြည် တစ်ပြည်လို ပုံစံမျိုး မစုစည်းနိုင်ရင် ကာလအချိန်ကြာမြင့်စွာ ပဋိပက္ခ ရှိနေဦးမှာပဲ။ မြန်မာပြည်ဟာ ကြီးမားခဲ့တဲ့ ပြည်တွင်း မကျေနပ်ကြမှုဟာ ယနေ့တိုင် အဆုံးမသတ်နိုင် သေးတာဟာ နိုင်ငံရေး ဖြေရှင်းကြတဲ့သူတွေရဲ့ မုသာဝါဒခရီးဟာ ယနေ့ထိတိုင် အခြေခိုင်နေတုန်းပါပဲ။



မမျှတသည့်ဥပဒေ

နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်း ဖြေရှင်း၊ မုသာဝါဒနည်းနဲ့ပဲ ဖြေရှင်းဖြေရှင်း မကျေနပ်နိုင်ကြပါဘူး။ နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်ခဲ့ကြတဲ့ အစကိုပြောရရင် အဓိကအခြေခံ အကြောင်းရင်းက ဖွဲ့စည်း ပုံအခြေခံ ဥပဒေပါပဲ။

(က) ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာကြည့်ပါ။ ဘာတစ်ခုမှ မျှတကျေနပ်မှုမရှိလို့ လိုက်နာကျင့်ကြံ အားထုတ် နေထိုင်ရတဲ့သူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကြရတယ်။

(ခ) ပြီးရင် ၁၉၇၄ ခုနှစ်၊ တစ်ဝါဒ တစ်ပါတီ ဆိုရှယ်လစ်ခေတ် ရေးဆွဲတဲ့ ဥပဒေကို လေ့လာပြန်ရင် ပါတီ ကောင်းစားရေး အခြေခံဥပဒေကို ပြဋ္ဌာန်းထားတာကြောင့် တိုင်းရင်းသား အခွင့်အရေး ပိုပြီး ရှုပ်ထွေးလာပါ တယ်။

(ဂ) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်လာတဲ့အခါ လူထုလူတန်းစား အသီးသီးအတွက် အခြေခံဥပဒေ တစ်ရပ် ရပ်တည်နိုင်ဖို့ အမျိုးမျိုး အရပ်ရပ် ပြင်ဆင်ရမယ့် ဥပဒေလို ဖြစ်လာတယ်။

နှစ်(၂၀)ကျော် ရေးဆွဲထားတဲ့ အခြေခံဥပဒေမို့ ပြည်ထောင်စု စနစ်ဖြစ်အောင် မရေးဆွဲနိုင်တာကို ထောက်ရင် ဥပဒေရေးဆွဲသူ၊ ဦးဆောင်သူ၊ ကြီးကြပ်ကွပ်ကဲသူတွေရဲ့ စိတ်ဓာတ်ဟာ ပြည်ထောင်စုစနစ် စိတ်ဓာတ် အစစ်အမှန် မရှိလို့ပါပဲ။ လူမျိုးစုမဲ၊ လူဦးရေနည်းတဲ့ သူတွေကို ပါတီကြီးအင်အားနဲ့ အနိုင်ကျင့်တဲ့ ဥပဒေဖြစ်တာ ကြောင့် ဒီဥပဒေလည်း မျှတမှုမဲ့နေတာတွေ အများကြီးတွေ့ရတယ်။



မငြိမ်းအေးနိုင်

နိုင်ငံရေး အခွင့်အရေးနဲ့ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးကို အားမပေးတဲ့ ဥပဒေဟာ ပြည်ထောင်စုစနစ် မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ဘာမှ တန်ဖိုးထားတာမရှိရင် နိုင်ငံသား အခွင့်အရေးနဲ့ တာဝန်ပေးပြတဲ့ အခြေခံဥပဒေဟာ စစ်အုပ်ချုပ်ရေးအတွက် ဥပဒေပါပဲ။ တန်းတူရည်တူ မျှတမှုမရှိရင် ဘယ်လိုပဲ ဥပဒေပြဋ္ဌာန်းပြဋ္ဌာန်း အခြေခံ ဥပဒေကို လူတိုင်း အသိအမှတ်ပြုခြင်း ရှိမှာမဟုတ်ပါ။ ဖောက်ပြန်တဲ့ ကျင့်သုံးမှု မရိုးသားတာကို ပြတာပါပဲ။ မရိုးသားတဲ့စေတနာဟာ ကောင်းကျိုးကောင်း ၀ါဒဖြစ်မလာပါဘူး။ အဲဒီလို အဆိုးအနုတ် လက္ခဏာပြတဲ့ အခြေခံဥပဒေမျိုးဟာ အစဉ်အလာ ကြီးစိုးကြတဲ့ စစ်ဝါဒီသမားတွေရဲ့ အနွယ်အဖွားတွေကပဲ ဒီတိုင်းပြည်ကို ကြီးမိုးကြီးစိုး အုပ်ချုပ်ကြလေဦးမှာပဲ။ ဒါကြောင့် တိုင်းရင်းသားတွေကို စိတ်ခံစားမှုလုပ်တဲ့ နိုင်ငံရေးသမား မမျှတတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ မြန်မာပြည်မှာ ရှိနေသမျှ ကာလပတ်လုံး သို့မဟုတ် မြန်မာ့နိုင်ငံရေး လွှတ်တော်မှာ အမျိုးသား အစွန်းရောက်တဲ့ ပါတီကြီးများ ကြီးနိုင်ငယ်ညှဉ်းများ ရှိနေသမျှ ပြည်တွင်းရေး ပြဿနာအရပ်ရပ် ဘယ်တော့မှ ချုပ်ပျောက် ငြိမ်းအေးနိုင်မှာ မဟုတ်ပါ။



မြင်လာမှာပါ

ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ မြန်မာပြည်ဟာ ကောင်းသတင်းနဲ့ ထင်ရှား ကျော်ကြားနေတာ မရှိပါ။ ဘယ်ခေတ် ကာလကိုကြည့်ကြည့် ဖောက်ပြန်ပျက်စီးတဲ့ ခေါင်းဆောင်တွေကြောင့် တိုင်းပြည် အသရေတုံးရတာပါ။ ပြည်ထောင်စု မူအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အာမခံချက် ဘာတစ်ခုမှ မပါဘဲ အချိန်မရွေး တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ရုပ်သိမ်း၊ သိမ်းဆည်းရေး ဥပဒေနဲ့ပဲ ပြဋ္ဌာန်းထားရင် အခွင့်အရေးပေးတာ မဟုတ်ဘဲ ဘေးပေးသလို လုပ်ထားတဲ့ နိုင်ငံရေး အတွေးတွေကို ပြည်သူတွေ ဒေါသစိတ်မဖြစ်ကြတာ နည်းပါးနေမှာပါပဲ။ အားမရတာထက် အားပြတ်အောင်လုပ်တဲ့ နိုင်ငံရေး အကုသိုလ်ဟာ အကျိုးပေးချိန်တန်ရင် ကြီးလေးတဲ့အပြစ်ရ အကျိုးတွေ ထွေထွေမဆုံးရှိလေမှာပဲ။ သတိမထားမိကြတဲ့ ပြည်သူတွေ စဉ်းစားသာကြည့်ပါ။ မြင်လာမှာပါပဲ။



ထင်းကုလားထုံးပမာ

တိုင်းပြည်တစ်ပြည်ရဲ့ ကျက်သရေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့ တည်ဆောက် ဖွဲ့စည်းမှု စနစ်မကျရင် လူထုကပဲ ပင်ပန်းပါတယ်။ ယနေ့လူထုတွေ ဘယ်လောက် ပင်ပန်းနေ ကြပြီလဲဆိုတာ ကြည့်ရင်သိပါတယ်။ ပြည်သူ ပင်ပန်းရင် ပြည်သူ့အလုပ်ကို အလုပ်အကျွေးပြုတဲ့ အစိုးရလည်း ပိုပြီးပင်ပန်းနေ မယ်။ ပြည်သူ့ဂုဏ်သရေကို မဆောင်ထားနိုင်တဲ့ အစိုးရဟာ တိုင်းပြည်ကျက်သရေ မှောင်နေမှာပါပဲ။ အစဉ်အဆက်က တွေးခေါ်လာတဲ့ နိုင်ငံရေး ပေါ်လစီကနေလွဲရင် (မူဝါဒကနေလွဲရင်) ယနေ့ထိတွေ့တဲ့ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု မကူးမြောက်နိုင်သေးပါဘူး။ အချိန်ထောက်၊ ရည်ရွယ်ချက် ပျောက်ဆုံးကြရပြီး [ငတုံးငအပမာ]သူများမသုံးတဲ့ ထင်းကုလားတုံး ပမာလိုပါပဲ။



မပြီးမြောက်နိုင်

နိုင်ငံရေးဆိုတာ တုံးသူအသူတွေ အလုပ်မဟုတ်ပါ။ လွတ်လပ်တဲ့ အုပ်ချုပ်မှု စနစ်ပါ။ တာဝန်ကို ပုံအပ် လွှဲပြောင်းတာ မဟုတ်ဘဲ တာဝန်ခံမှုနဲ့ တာဝန်ယူမှုအပေါ်မှာ ရှင်သန်ရမယ့် အလုပ်ဖြစ်လို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးဆိုင်ရာတွေကို တာဝန်ယူထားသူတွေက အလွဲသုံးစား လုပ်လို့မရပါ။ ပြည်သူပေးမှရတဲ့ အခွင့်အရေးမို့ နိုင်ငံရေး လုပ်သူတိုင်း သိထားရမယ်။ ဒါကြောင့် အစိုးရဆိုတာ လူထုကပေးတဲ့ အမြင့်ဆုံး အခွင့်အရေးကို တာဝန်သိတန်ဖိုးကို သိထားရတယ်။ တာဝန်သိတန်ဖိုးဆိုတာ နိုင်ငံရေး လုပ်သူတိုင်း သိရမယ်။ ဒီအကြောင်းအရာတွေကို မသိနားမလည်ရင် ညှဉ်းပန်းနှိပ်စက်မှု နိုင်ငံရေးတွေ ဖြစ်လာတာပါပဲ။ ညှဉ်းပန်းနှိပ်စက်တဲ့ နိုင်ငံရေးကြောင့် အမြင်မှားယွင်းမှု၊ ရန်လိုမုန်းတီးမှုတွေ ဖြစ်လာကြ ပြီး မကောင်းမှုတွေကို လှုံ့ဆော်တော့တာပဲ။ လူ့ဘောင် အကျိုးစီးပွားကောင်းကို ဥပဒေ (စည်းကမ်း၊ နည်းလမ်း)နဲ့ မကာကွယ်ပေး နိုင်ရင် လွတ်လပ်တဲ့ လူထုတွေ ဖြစ်မလာကြဘဲ ဆင်းရဲဒုက္ခယန္တရားဟာ ကုန်ဆုံးပြီး မြောက်နိုင်မှာ မဟုတ်ပါ။



မရောယှက်တင်ရှောင်ကြဉ်ရမယ်

အခုဆိုရင် ပြည်သူ့ဝန်ထမ်းတွေကို မြင့်မားတဲ့ လစာငွေတွေ ပေးကမ်းသတ်မှတ် လိုက်ကြလို့ ပြည်သူ့ဝန်ထမ်း မှန်သမျှ အကျိုးခံစားခွင့် ရကြပါပြီ။ ပြည်သူ့ဝန်ထမ်းဆိုတာ တရားဥပဒေနဲ့အညီ လုပ်ဆောင်ချက် အားလုံးကို တာဝန်ခံသူဖြစ်ပါတယ်။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတာကြောင့် ကျွမ်းကျင်မှု ပညာနဲ့ အရည်အချင်းကြောင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခွင့် ရကြတာပါ။ ကျွမ်းကျင်မှုပညာနဲ့ အရည်အချင်း မရှိတဲ့ သူကို နိုင်ငံတာဝန် ထမ်းဆောင်ခွင့်ပြုမှု မရှိရပါ။ လူထုရှေ့မှောက်မှာ သို့မဟုတ် တရားဥပဒေ ရှေ့မှောက်မှာ တာဝန်မယူရဲတဲ့ ပြည်သူ့ဝန်ထမ်းဟာ ပြည်သူ့ဝန်ထမ်း မပေးတာ အကောင်းဆုံးပါပဲ။ ပြည်သူ့ဝန်ထမ်း ခန့်အပ်မှုကို (က) ဥပဒေရှုထောင့်နဲ့ ကြည့်ပါ။ (ခ) အုပ်ချုပ်ရေး ရှုထောင့်နဲ့ကြည့်ပါ။ (ဂ) တရားစီရင်ရေး ရှုထောင့်နဲ့ ကြည့်ပါ။

ရှုထောင့် ၃ မျိုးလုံး တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပွင့်လင်းမှုမရှိရင် ပြည်သူ့ အကျိုးစီးပွားကို မကာကွယ်၊ မစောင့် ရှောက်ပေးနိုင်သူလို့ သတ်မှတ်ရမယ်။ ဒါကြောင့် ပြည်သူဝန်ထမ်းတွေလည်း ကိုယ်ပိုင်စီးပွားနဲ့ အများစီးပွား မယှက်တင်ဖို့ ရှောင်ကြဉ်ရမယ်။



ဝန်ထမ်းကောင်းခြင်းဆိုတာ

နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်တဲ့သူဟာ ကိုယ်ပိုင်စီးပွားရေးနဲ့ အများပြည်သူတွေရဲ့ စီးပွားရေးတွေကို သိထားဖို့လိုပါတယ်။ ပိုင်ဆိုင်မှုဆိုတာ မတရားမှုတွေပါလာရင် ပြည်သူ့ဝန်ထမ်းဟာ တိုင်းပြည်ကို ဖျက်ဆီး တာပါပဲ။ ပြည်သူ့ဝန်ထမ်းတွေကြောင့် တိုင်းပြည်မှာ ဆုတ်ယုတ် နစ်နာနေကြတာ ရှိပါတယ်။ ပြည်သူ့ ၀န်ထမ်းဆိုတာ အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူတွေပါပဲ။ ဥပဒေအသီးသီး ပြဋ္ဌာန်းထားပေးတဲ့ အတိုင်း စောင့်ထိန်းရမယ်။ ဥပဒေနဲ့လျော်ညီတဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာလည်း ပိုင်စိုးထားသူတွေပါပဲ။

(က) ပြည်သူ့အကျိုးကာကွယ်ရေး၊

(ခ) လွတ်လပ်သောစာရင်းစစ်ဆေးမှု

(ဂ) စုံစမ်းစစ်ဆေးမှု၊

(ဃ) အကျင့်သိက္ခာ စောင့်ထိန်းမှုဆိုတဲ့ အချက်အားလုံးဟာ ပြည်သူ့ဝန်ထမ်းတိုင်းရဲ့ ကျင့်ဝတ် စည်းကမ်းလို့ ပြောရမယ်။ ဒါကြောင့် ဥပဒေရှုထောင့်၊ အုပ်ချုပ်ရေး ရှုထောင့်နဲ့ တရားစီရင်ရေး ရှုထောင့်ကို စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နိုင်ခြင်းဟာ ၀န်ထမ်းကောင်းခြင်းပါပဲ။



နိုင်ငံရေးမူဝါဒကောင်းရမယ်

တိုင်းပြည်တစ်ပြည်ဟာ နိုင်ငံရေးမူဝါဒစနစ် ကောင်းဖို့လိုတယ်။

(၁) မိမိတို့၏ အကျိုးစီးပွားကို မိမိတို့ ကိုယ်စားများအား ကာကွယ် စောင့်ရှောက်ပေးခြင်း။

(၂) မိမိတို့ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် အစိုးရတစ်ရပ်ကို မိမိတို့ ကိုယ်တိုင် ရွေးချယ် တင်မြှောက်ခြင်း ရှိတဲ့ နိုင်ငံရေးမူဝါဒကို ရွေးပါ။ လူထုတွေဟာ များသောအားဖြင့် မိမိပိုင်ဆိုင်ထားတဲ့ တိုင်းပြည်ရဲ့အာဏာကို မိမိရဲ့ကိုယ်စား ကျင့်သုံးခွင့်ပေးဖို့ မလွယ်ကူပါ။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာဆိုတာ ကိုယ်ကျိုးကြည့်တဲ့ အဖွဲ့အစည်း၊ တာဝန်မခံတဲ့ အဖွဲ့အစည်း တာဝန်မယူနိုင်တဲ့ အဖွဲ့အစည်း တွေကို ကိုယ်စားရွေးချယ် အာဏာပေးဖို့ စဉ်းစားရမယ်။ မြန်မာပြည် ခေတ်အဆက်ဆက်ကို ပြန်ကြည့်ပါ။ ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး တိုင်းပြည်ရဲ့အာဏာကို လိမ်လည်ယူပြီးတော့ မိမိကိုယ်ကို အစိုးရပါ ဆိုတဲ့စစ်ဝါဒီစနစ် ဖျက်ဆီးတဲ့သူတွေကြောင့် မြန်မာပြည် နိုင်ငံရေးခေတ် ပျက်စီးခဲ့ရတယ်။ နောက်ပိတ်ဆုံး နိုင်ငံတော်ရဲ့ အရေးအရာအားလုံးကို ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့် မပေးကြတော့ဘဲ အုပ်စုဖွဲ့ပြီး နိုင်ငံရေး လုပ်စားကြတဲ့ မဆလအစိုးရအကြောင်းကို လေ့လာရင် ကောင်းကောင်း မြင်နိုင်ပါတယ်။



နိုင်ငံသားတိုင်းသိရမယ်

နိုင်ငံရေးမူဝါဒ မကောင်းနိုင်တော့တဲ့ မြန်မာပြည်ဟာ ပြည်သူတွေကို ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့်နဲ့ ရွေးကောက်ပိုင်ခွင့်တွေလည်း (နိုင်ငံရေး) ဆုံးရှုံးခဲ့တာ ကြာပါပြီပဲ။ မိမိတို့ရဲ့အမြင်ကို တင်ပြတာ၊ ထောက်ခံတာ၊ ကန့်ကွက်တာ၊ ဆန္ဒပြတာတွေကို လုပ်ရင်လည်း အလုံးအရင်းနဲ့ ၀င်ရောက် ဖမ်းဆီး တုပ်နှောင် ဖမ်းချုပ်နေတာကြောင့် ပြည်သူ့တာဝန် ၀တ္တရားတွေကို ဖျက်ဆီးတဲ့အစိုးရတွေ တွေ့မြင်လာကြရလို့ ပြည်သူ့ရဲ့ အခွင့်အရေး၊ ပြည်သူ့ရဲ့ တာဝန်ကို ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ တကယ်တော့ နိုင်ငံသားတိုင်းက မိမိရဲ့ အခွင့်အရေးအတွက် မိမိကိုယ်တိုင်က တာဝန်ယူ ဆောင်ရွက်မနေတာကို အခွင့်အရေးမပေးဘဲ လိုက်လံ နှောင့်ယှက် ဖျက်ဆီးတဲ့ အစိုးရတွေ ရှိနေတာကို ထောက်ရင် သူတစ်ပါးကို အားကိုးလို့မရတဲ့ နိုင်ငံရေးစနစ် ဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ခြေသုတ်ဖျက်ဆီးတာပါပဲ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံ ရေးစနစ်ကို ဖျက်ဆီးတဲ့ အစိုးရကို နိုင်ငံသားတိုင်း သိဖို့လိုပါတယ်။



ပြည်သူကို ၀ိုင်းဝန်းရမယ်

ဒီမိုကရေစီ နိုင်ငံရေးစနစ်မှန်ရင် ပြည်သူလူထု ပိုင်ဆိုင်မှုပဲရှိရမယ်။ အစိုးရအဖွဲ့အစည်း ပိုင်ဆိုင်မှုဆိုတာ မရှိရပါ။ အစိုးရဆိုတာ ပြည်သူလူထုက ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတစ်ခုပါ။ ပြည်သူလူထုက ကူညီမှုပြုနေပါရဲ့နဲ့ အစိုးရ အဖွဲ့အစည်းတွေက ပြည်သူလူထုကို တာဝန်ခံမှုမရှိရင် အဲဒီတိုင်းပြည်ဟာ ဆင်းရဲတာပါပဲ။ ဖရိုဖရဲတာပါပဲ။ ယနေ့ မြန်မာပြည်ကိုကြည့်ပါ။ အစိုးရ အဖွဲ့အစည်းတွေ ပုံမှန် လည်ပတ်နိုင်ဖို့ ပြည်သူတွေ လုပ်အားခထဲက ဒါမှမဟုတ် ၀င်ငွေတွေထဲက အခွန်တော်တွေ ပေးကြတယ်။ တရားဥပဒေ လေးစားကြတယ်။ စည်းကမ်း သေ၀ပ်ကြတယ်။ တိုင်းပြည်တည်ငြိမ်အောင်၊ အေးချမ်းအောင် စုပေါင်းဝိုင်းဝန်း တာဝန်ယူ နေကြတာကို သို့မဟုတ် တာဝန်နဲ့ဝတ္တရားတွေကို ဆောင်ရွက်ကြပေမယ့် လက်ရှိအစိုးရက တာဝန်နဲ့ဝတ္တရား နှောင့်ယှက်မှု ဆိုပြီး တရားရေးရာကို မရိုသေဘဲ လုပ်ချင်တာ လုပ်နေတာကို တွေ့ရတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ၀ိုင်းဝန်း တာဝန်ယူခြင်း စနစ်ပါ။ တာဝန်နဲ့ဝတ္တရားတွေကို ကျေပွန်ရတဲ့ နိုင်ငံရေးစနစ်ပါ။ ဒါကြောင့် လုံခြုံရေးနဲ့တည်ငြိမ် အေးချမ်းရေးအတွက်ကို ဆောင်ရွက်တဲ့ ပြည်သူကို ၀ိုင်းဝန်းတာဝန်ယူ မပေးနိုင်ကြတဲ့ လက်ရှိအစိုးရကို အစိုးရ လို့ အသိအမှတ်ပြုမိလိုက်တာ မှားပေါ့ ပြည်သူတို့ရယ်။



ပုံအပ်ထားသောစနစ်မဟုတ်

ဒီမိုကရေစီ နိုင်ငံရေးစနစ်ဟာ ပြည်သူက မိမိတို့ရဲ့လူမှုအဖွဲ့အစည်း ကောင်းမွန် တိုးတက်ဖို့အတွက် အစစအရာရာ တာဝန်ယူရသလို တာဝန်လည်း ခံရတယ်။ ဒါမှပဲ တိုးတက်ဖွံ့ဖြိုးမယ်။ တာဝန်ခံခြင်း၊ တာဝန် ယူခြင်း၊ ပွင့်လင်းခြင်းရှိရင် ဘယ်လူမှု အဖွဲ့အစည်းတွေမဆို မတိုးတက် မမြင့်မားတာ မရှိပါဘူး။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ လူထု(ပြည်သူ)ကသာ အခရာပါပဲ။ လူထုတွေ အားလုံးက ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်ရှိရင် တရားမျှတတဲ့ အစိုးရအဖွဲ့အစည်း ရမှာပါပဲ။ အစိုးရကောင်းဖြစ်အောင် ရွေးချယ်နိုင်တဲ့ သူဟာ ပြည်သူပါပဲ။ ဒီလိုဆိုရင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တရားမျှတစွာ တာဝန်ထမ်းဆောင် နိုင်မယ့် အစိုးရဖြစ်အောင် ပြည်သူတွေ ရွေးချယ်ကြပါ။ ရွေးချယ်နိုင်ပါတယ်။ ဘယ်သူ့ဘယ်ဝါတွေရဲ့ မျက်နှာကို ထောက်ထားစရာမလိုပါ။ အားနာစရာမလိုပါ။ ပြည်သူ့အတွက်၊ တိုင်းပြည်အတွက်ပါပဲ။ မိမိအတွက်ကို မိမိကိုယ်တိုင်က ညီညွတ်မျှတစွာ မဆောင်ရွက် နိုင်ရင်တော့ ပါတီကိုအမြင်ကတ်တဲ့ စစ်ဝါဒီနိုင်ငံရေးသမား တွေက အာဏာ အရောင်ပြပြီး နိုင်ငံရေး ပြောင်နေဦးမှာပဲ။ အစိုးရကို နိုင်ငံရေး ပုံအပ်ထားတဲ့ စနစ်မဟုတ်ဘူး ဆိုတာကိုလည်း ပြည်သူတွေ သိထားဖို့ပါပဲ။



မြန်မာပြည်စစ်ဝါဒီလက်ချက်

ဒီမိုကရေစီနိုင်ငံရေးဟာ အစိုးရကို ပြည်သူတွေက တင်မြှောက်ထားပြီး ဆိုပေမယ့် အရာအားလုံးကို အစိုးရကို ပုံအပ်ထားတာ မဟုတ်ပါ။ လိုအပ်ချက်တွေကို ပြည်သူက တိုက်ရိုက် တာဝန်ယူ ဆောင်ရွက်ရတဲ့ နိုင်ငံရေး စနစ်ပါ။ ဒါကြောင့် လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းဟာ ဒီမိုကရေစီစနစ်မှာ အထူးအရေးကြီးဆုံးပါပဲ။ များသော အားဖြင့် ပြည်သူတွေက အစိုးရကို ရွေးထားပြီးလို့ အစိုးရအဖွဲ့အစည်းတွေက နိုင်ငံရေး အာဏာကို ကြိုက်သလို လုပ်နိုင်တယ်လို့ ထင်နေကြတယ်။ တကယ်တော့ အားလုံးမဟုတ်ပါ။ ပြည်သူလူထုနဲ့ တိုက်ရိုက် ဆက်ဆံတဲ့ အလုပ်ကို အစိုးရ ၀င်ရောက်စွက်ဖက် မလုပ်ရပါ။ မြန်မာပြည် အစိုးရဟာ ပြည်သူနဲ့ တိုက်ရိုက် ပတ်သက်တာကို ၀င်ရောက် ခြယ်လှယ်နေတာကြောင့် ပြည်သူ့ဘ၀ မတိုးတက်တာ အဲဒါကြောင့်ပါပဲ။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘာသာရေး စတဲ့အရေးတွေဟာ လူထုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ကိစ္စပါ။ အစိုးရကိုယ်တိုင် ဘာမှဝင်ရောက် စွက်ဖက်လုပ်ကိုင်စရာ မလိုပါ။ ပြည်သူနဲ့ဆိုင်တဲ့ အခွင့်အရေးကို လက်ဝါးကြီးအုပ် ၀င်ရောက်ခြယ်လှယ်နေတာကြောင့် မြန်မာပြည်စစ်ဝါဒီဟာ သောင်းကျန်း လာတာပါပဲ။ ဒီလိုအမြင်ရောက်အောင်လည်း သူတို့တွေကပဲ ဖန်တီး လုပ်ကိုင်နေပါတယ်။



ပြည်သူကို မဖျက်ဆီးနဲ့

နိုင်ငံရေးဆိုတာ ပြည်သူနဲ့ပဲ သက်ဆိုင်ပါတယ်။ နေ့စဉ်အမြဲ ဖြစ်ပေါ်နေတဲ့ ကိစ္စကြီးငယ် အားလုံးရဲ့အလုပ်ဟာ နိုင်ငံရေးအလုပ်ပါပဲ။ ဒီအလုပ်ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားပါပဲ။ ပြည်သူ့ရဲ့ တာဝန်ကို ပြည်သူကသာ စီမံပိုင်ခွင့်ရှိရမှာကို ပြည်သူကို အုပ်ချုပ်စီမံခွင့် မပေးဘဲ ပြည်သူ့အာဏာကို သိမ်းပြီး အုပ်ချုပ်နေတာကြောင့် နိုင်ငံရေး ပုံစံပြောင်းပြန် လုပ်ပြလို့ မြန်မာပြည် အစိုးရတိုင်းလိုလို သက်ဆိုးရှည်နေကြတယ်။ နားလည်တဲ့ ပြည်သူတွေက ဆန့်ကျင်မှုပြုရင် အလုံးအရင်းနဲ့ လက်နက်ကိုင်တွေနဲ့ ချေမှုန်းသုတ်သင်ပစ်တဲ့ အာဏာရှင်စနစ် ကြောင့် မြန်မာပြည်မှာ နိုင်ငံရေး အမြင်ကျယ်တဲ့သူတွေ နည်းပါးရတာပါပဲ။ ကိုယ်ကျင့်တရားနဲ့ အရည်အချင်း မရှိတဲ့ အာဏာရှင်တွေရဲ့ အာဏာရူးသွပ်မှုဟာ ပြည်သူလူထုကို ထိခိုက်စေတာမကဘဲ လူသားအားလုံးရဲ့ အကျိုးကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ။ ပြည်သူတွေ ညီညာဖြဖြ၊ ကြံဆစိတ်ကူး၊ ပူးတွဲဆောင်ရွက်မှုကို ပျက်သုဉ်းအောင် လုပ်တာနဲ့ အတူတူပါပဲ။



တိုင်းပြည်လူမျိုးနဲ့ ပတ်သက်ရင်

ပြည်သူတွေ လေ့လာကြည့်ပါ။ ဒီမိုကရေစီ နိုင်ငံရေးဆိုတာ ပြည်တွင်းလုံခြုံမှု၊ အေးချမ်းသာယာမှု၊ စည်ပင် ၀ပြောမှု၊ ငြိမ်ဝပ်ပိပြားမှု၊ သက်သာချောင်ချိမှုနဲ့ တိုးတက်ကြီးပွားမှုတွေ အားလုံးဟာ ပြည်သူလူထု (နိုင်ငံသား) ပါဝင် ဆောင်ရွက်ခွင့် ရှိရမယ်။ လူတိုင်းကို ပါဝင်ဆောင်ရွက်ခွင့် မပေးတာကြောင့် တစ်နည်း အာဏာမက်မော တဲ့စစ်ဝါဒီ နိုင်ငံရေးသမားတွေကြောင့် အရှင်တို့ရဲ့တိုင်းပြည်ဟာ ပြည်သူတွေ အာဏာမဲ့ရတာပါပဲ။ အရှင်တို့ တိုင်းပြည်ဟာ သီလ၊ သစ္စာ၊ သမာဓိ၊ ဉာဏ်ပညာ အမြော်အမြင် ရှိကြတဲ့ လူထုကိုယ်စားလှယ် အမတ်မင်းတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေရှိဖို့ လိုပါတယ်။ ကိုယ်အကျိုးမကြည့်တဲ့သူ၊ လူထု လိုလား နှစ်သက်မှုကို မမေ့တဲ့သူတွေ မြန်မာပြည်မှာ ရှိဖို့လိုပါတယ်။ နိုင်ငံသား(ပြည်သူ)တွေဟာ မိမိရဲ့နိုင်ငံ(တိုင်းပြည်)တော်ရဲ့ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်သောစနစ်နဲ့ ရပ်တည်နေတာကို သိထားရမယ်။ မိမိကိုယ်တိုင်လည်း တိုင်းပြည် လူမျိုးနဲ့ ပတ်သက်လာရင် –

(က) ကိုယ်ကျိုးမဖက်ခြင်း၊

(ခ) ကြောက်စိတ်ကင်းမဲ့ခြင်း၊

(ဂ) အနစ်နာခံခြင်း၊

(ဃ) စိတ်တည်မြဲခြင်း၊

(င) ချင့်ချိန်နှိုင်းယှဉ်တတ်ခြင်း

(စ) သည်းခံခြင်း၊

(ဆ) အယူမှန်ခြင်း၊

(ဇ) အာဏာမမက်မောခြင်း၊

(ဈ) စိတ်ကောင်းရှိခြင်း ရှိရမယ်။



ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



မဟာသန္တိသုခကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးကို အစိုးရက လူဝတ်လဲပြီး အဓမ္မဖမ်းဆီးခဲ့တာကြောင့် သံဃာတွေအတွက် နစ်နာကြေးတောင်းခံထားတာ ရက်ပေါင်း ၆ဝ ကျော်ပြီမို့ ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်မှာ အမှုတင်သွင်းခဲ့ပါတယ်။ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးချုပ်က အမှုကို ပယ်ချခဲ့ပါတယ်။

မတရားဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန)နဲ့ သာသနာရေးဝန်ကြီးဌာနကို တရားစွဲဆိုဖို့ စီစဉ်ခဲ့ပေမယ့် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအရ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးကို တရားမကြောင်းနဲ့ တရားစွဲဆိုခြင်းမပြုဖို့ တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ (၉)နဲ့ အတိအလင်း တားမြစ်ထားတာမို့ တရားရုံးက ပယ်ချလိုက်တယ်လို့ ဆရာတော် ဦးဥတ္တရက ဆိုပါတယ်

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ သံဃာအဖွဲ့အစည်းဆိုင်ရာ ပုဒ်မ ၁၄ တို့နဲ့ အမှုရင်ဆိုင်နေရတဲ့ ဆရာတော်တွေဟာ မတရားဖမ်းဆီးခံထားရတာမို့ နိုင်ငံတော်သံဃာ့မဟာနာယက ဗန်းမော်ဆရာတော်၊ သမ္မတအကြံပေး ဦးအံ့မောင်နဲ့ သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအဝင် ၂၇ ယောက်ဆီက ရက်ပေါင်း ၆ဝအတွင်း နစ်နာကြေး ဒေါ်လာ ၅သန်း တောင်းခံထားတာ ဖြစ်ပါတယ်။

သံဃာတော်တွေကို နိုင်ငံ့ဝန်ထမ်းတွေက တရားစွဲဆိုလို့ရပေမယ့် နစ်နာကြေးမရလို့ နိုင်ငံ့ဝန်ထမ်းကို ပြန်ပြီး တရားစွဲဆိုလို့ မရဘူးဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဝန်ထမ်းနဲ့ ပြည်သူတွေ အခွင့်အရေးမတူသလို ဖြစ်နေပြီး ဝန်ထမ်းမတရားလုပ်ရင် ပြည်သူတွေ တရားစွဲဆိုခွင့်ရှိမှ မှန်ကန်တဲ့ တရားစီရင်မှု ဖြစ်မယ်လို့ ဆိုပါတယ်။
ပထမအဆင့် အလုပ်ဆောင်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံရုံးက လက်မခံရင် နိုင်ငံတကာ တရားရုံးတွေအထိ နောက်မဆုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

Kamayut Media

"ဒေါ်စုကို ကိုးကွယ်တယ်..
ဒေါ်စုထမီခြုတယ်...
မင်းတို့ဝေါတွေပေါ်မှာ ဒေါ်စုပုံတွေချည်းပဲ"တဲ့..

မှန်တယ်..

အဲဒီစကားကြားလေ..
မင်းတို့အတွက်..သနားလေပဲ..၊

မင်းတို့ကြိုက်တဲ့နိုင်ငံသွားကြည့်..

သူတို့တွေလေးစားတဲ့ခေါင်းဆောင်တွေကို
သူတို့နိုင်ငံသားတွေဝန်းရံကြတယ်..
သူတို့ခေါင်းဆောင်ပုံတွေကို အမြတ်တနိုးထားကြတယ်၊

အဲဒီလူတွေထဲမှာ...
ဘုရင်၊ တော်လှန်ရေးခေါင်းဆောင်၊ သူရဲကောင်း
သမ္မတ စတဲ့သူတွေပါဝင်ကြတယ်..၊

ကိုယ်ချစ်တဲ့ခေါင်းဆောင်ကို..
ကိုယ့်နိုင်ငံသားတွေက ချစ်ပြလို့ရတယ်..

ဓာတ်ပုံတွေ၊ အမှတ်တရပစ္စည်းတွေ..
အကုန်လုံးလုပ်ကြတယ်..

အဲဒါ လွပ်လပ်တဲ့နိုင်ငံတိုင်းမှာ..
ဆန်းတဲ့ကိစ္စမဟုတ်ဘူး..

---------------------------

(၂)

မင်းတို့ဘ၀ကျတော့မှ.

မင်းတို့အထက်မှာ ပြစရာ..
ခေါင်းဆောင်ကောင်းဆိုတာကလဲ..
လောက်လောက်လားလားမရှိ..

မင်းတို့ကြိတ်လေးစားနေတဲ့..
သန်းရွှေကလဲ..
ကမ္ဘာ့အော့ကြောလန်..
သမိုင်းတရားခံတစ်ယောက်ဆိုတော့ကာ..
ပြလို့ကလဲ မရ...

ကျန်တဲ့သူတွေကလဲ..
လောက်လောက်လားလား..
ကောင်းကွက်က ရှာမရ..၊

ပြည်သူကလဲ..
ဒီမျက်ခွက်ကြီးတွေကို..
အော့နှလုံးနာနေကြတော့..
မင်းတို့မှာ ခံရခက်..၊

မင်းတို့ဘ၀က ဘယ်လိုဖြစ်နေလဲဆိုတော့..

သန်းရွှေထူထောင်ခဲ့တဲ့ပြည်ခိုင်ဖြိုးပါတီဟာ..
သန်းရွှေရဲ့ဓာတ်ပုံကိုသုံးပြီးမဲဆွယ်ရင်..
ခဲနဲ့အထု ခံရမှာမို့လို့...

မင်းတို့ ဘဘသန်းရွှေကိုယ်တိုင်..
တန်းညှိပြီး သမိုင်းဖျောက်ခဲ့တဲ့..
ဗိုလ်ချုပ်အောင်ဆန်းပုံကို. ပြန်ယူသုံးရတဲ့အထိ
ဘ၀ဆိုးသွားတယ်ဆိုတာ ...
မင်းတို့သဘောပေါက်ထား..၊

သန်းရွှေအကြောင်းမင်းတို့အဘတွေ
စကားထဲ..ထည့်မပြောရဲတော့တာလဲ..
ပြန်လေ့လာကြည့်အုံး...

----------------------

(၃)

အဲဒီတော့..

မင်းတို့ဘ၀က..
သနားစရာမကောင်းဘူးလား..

ပိုက်ဆံထဲထည့်မဲ့ခေါင်းဆောင်ပုံတောင်မှ
မင်းတို့တွေ ဘက်မှာ..ပြစရာမရှိလို့..
ဆင်..ပုံကြီးထည့်နေရတဲ့ဘ၀..

အဲဒီတော့ ငါတို့ကိုဝေဘန်တာထက်..
မင်းတို့ဘ၀ကို မင်းတို့သနားသင့်တယ်..၊

ငါတို့မှာ ပြည်သူနဲ့တစ်သားတည်း
ကမ္ဘာသိ..ခေါင်းဆောင်ရှိတယ်..
အဲဒါကြောင့် သူမပုံတွေတင်တယ်..

ကမ္ဘာကလဲလက်ခံတယ်..

ဒီလိုမျိုးအလုပ်ကို..
လွပ်လပ်တဲ့နိုင်ငံတိုင်းက..
ပြည်သူတိုင်း လုပ်ကြတယ်..

အဲဒါကို မင်းတို့တွေ..
မင်းတို့ဘက်မှာ..
ပြစရာ ခေါင်းဆောင်မရှိတိုင်း
ငါတို့ကို လက်ညှိုးထိုးစရာမလိုဘူး..

ကမ္ဘာကိုလေ့လာကြည့်အုံး..
နိုင်ငံတိုင်းက..ပြည်သူတိုင်းက
သူတို့ချစ်တဲ့ ခေါင်းဆောင်ကိုယ်စီနဲ့..၊

---------------------

(၄)

နောက်ဆုံးအနေနဲ့..
မင်းတို့ကိုလဲ ငါမေးလိုက်အုံးမယ်..

သန်းရွှေပုံ ပရိုဖိုင်တင်ရဲလား?

သန်းရွှေပုံလည်ပင်းဆွဲပြီး..
ဂုဏ်ယူဝင်းကြွားစွာနဲ့..မြို့လည်ခေါင်မှာ
လမ်းလျှောက်ရဲလား..?

နိုင်ငံတကာလူတွေကြားထဲမှာ..
သန်းရွှေကောင်းကြောင်း ချီးမွမ်းရဲလား..?

ဟဲဟဲ

( PaYit)

ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုများမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောသလို ဈေးထဲဇီးသီးဗန်းမှောက်တဲ့ဥပမာနဲ့ ပေါ်လွင်ကိုက်ညီလှတဲ့တိုင်းပြည်မှာ၊ ပြည်သူ့ဘဏ္ဍာတွေကို တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာနဲ့ အမြီးနဲ့ ခေါင်းကျက်ဖို့တောင် မစောင့်နိုင်ဘဲ အစိမ်းလိုက်ဝါးစားနေသူတွေ တစ်ပြုံတစ်မရှိနေတဲ့တိုင်းပြည်မှာ၊ အဲဒီလို ပြည်သူ့ဘဏ္ဍာတွေကို အတားအဆီး အဟန့်မရှိ လုပ်ချင်ရာလုပ်ခွင့်၊ ခိုးချင်ရာခိုးခွင့်ပြုထားသလိုဖြစ်နေတဲ့ ကုမ္ပဏီများကို ဆုံးရှုံးခဲ့ရသည့်ပြည်သူ့ဘဏ္ဍာအလျှောက် ထိရောက်စွာအရေးယူမည်၊ လျော်ကြေးပြန်သွင်းခိုင်းမည်တို့မျှ မပြောနိုင်ဘဲ နာမည်ပျက်စာရင်းလောက်သာသွင်းမည်ဟု အစိုးရအဖွဲ့က ပြောကြားလိုက်ပုံများကြောင့် ဒီတိုင်းပြည်တော့ မကြာခင်မှာ အခွံသာကျန်တော့မည်ဟု အချက်အလက်များက ဖော်ပြနေခြင်းဖြစ်ပါသည်။

အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာရရှိရာအရင်းအမြစ်အဖြစ် အခွန်ကောက်ခံရေးမှာ မလွဲမသွေလိုအပ်သည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဗမာပြည်မှာ အရှေ့တောင်အာရှနိုင်ငံများတွင် အစိုးရ၏ ဝင်ငွေရလမ်းများ၌ အခွန်မှရရှိသည့်ဝင်ငွေမှာ ကျန်တိုင်းပြည်များနှင့်နှိုင်းယှဉ်ပါက အနိမ့်ဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဆိုလိုသည်မှာ ပြည်သူတို့အနေဖြင့် အခွန်ပေးဆောင်ရမှုနှုန်း နည်းနေသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ သို့ဆိုလျှင် အစိုးရ၏ ဘတ်ဂျက်တွင် ဝင်ငွေရလမ်းတိုးတက်ဖို့ အခွန်ကောက်သည့်နည်းစနစ်နှင့် ရနိုင်သည့်ခေါင်းစဉ်မှန်သမျှကို ထည့်သွင်းစဉ်းစားရတော့မည်မှာ သဘာဝကျပါသည်။

ယခုလိုအချိန်အခါတွင် အစိုးရအနေဖြင့် ပြည်သူများသို့ အခွန်ခေါင်းစဉ်သစ်များဖြစ်သော စားသုံးမှုအခွန်နှင့် ကုန်သွယ်မှုအခွန်ဖြစ်သော စားသောက်ဆိုင်များတွင် တံဆိပ်ခေါင်းကပ်ပြီး အခွန်ကောက်ခံမှုနှင့် တယ်လီဖုန်းငွေဖြည့်ကတ်မှတစ်ဆင့်ကြိုတင်ခွန် ၅% ပေးဆောင်ရသည့်စနစ်များဖြင့် ပြည်သူ့ဘဏ္ဍာတိုးပွားစေရန်ကြိုးပမ်းမှုအဖြစ် မြင်တွေ့လာရပါသည်။ အစိုးရတစ်ရပ်အနေဖြင့် အခွန်ရရာနည်းလမ်းသစ်များကြံဆ၍ ပြည်သူတို့ထံမှကောက်ခံသည်ကို အပြစ်မဆိုသော်ငြား အဆိုပါအခွန်သည် ပေးသင့်၊ ဆောင်သင့်သည့်အခွန်များဟု ပြည်သူတို့ရင်ထဲ ကျေကျေလည်လည် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဆိုရှင်းပြ ပညာပေးရမည်မှာ အစိုးရတို့၏တာဝန်သာဖြစ်သည်။ ယခုမူ အခွန်ကောက်ခံမှုနည်းလမ်းသစ်များဖြင့် ကောက်ခံမည်ဟုသာ သိနေရသော်လည်း ပြည်သူတို့အဖို့မှာ ဘာမှန်းမသိ မအီမလည်ကြီးဖြစ်နေရပါသည်။

အစိုးရတစ်ရပ်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြည်သူကိုချပြသင့်ပါသည်။ သို့သော် ခုလို မရှင်းမရှင်း မြုံစိစိလုပ်နေပုံများမှာ အရင်စစ်အစိုးရအစစ်ကြီးကို သတိရစရာ ဖြစ်နေပေတော့သည်။ အာဏာကိုထိပါးလာမည့်အကြောင်းဆိုက်မှ မြွေဟောက်လို ဝုန်းခနဲ့ ပါးပြင်းထောင်လာတက်သည် မဟုတ်လား။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား နောက်ဆုံးရဟန်းတော် များပါမကျန် ဆတ်ဆတ်ထိမခံ တုန့်ပြန်တက်ကြလေသူများဖြစ်သော်လည်း ပြည်သူတို့၏ နစ်နာဆုံးရှုံးမှု၊ အခွင့်အရေးများကိုတော့ မသိကျိုးကျွံပြုထားတက်ကြသည် မဟုတ်ပါလား။

အစိုးရအနေနှင့် တိုင်းသူပြည်သားတို့ထံမှ ရစရာရှိသည့်အခွန်များကို ဥပဒေနှင့်အညီကောက်ခံသည်မို့ ငြင်းဆိုစရာမရှိပါ။ ရစရာရှိသည့်အခွန်အပြည့်အဝရရေး၊ အခွန်ရှောင်တိန်းမှုမဖြစ်စေရေးဆိုသည်တို့မှာ အခွန်ဝန်ထမ်းတို့၏ တာဝန်ကျေပွန်စွာဆောင်ရွက်မှုနှင့် ပြည်သူတို့အပေါ်ထားရှိသည့် စိတ်စေတနာအရဖြစ်ပေါ်သည်ဖြစ်ရာ ထိုဝန်ထမ်းတို့အပေါ် လာဘ်ပေး လာဘ်ယူဆိုသည့်မြူဆွယ်မှုများမှာ ယင်ကောင်တို့ပျော်မွေ့ရာ လမ်းထောင့်အမှိုက်ပုံးကြီးပမာ တဝုန်းဝုန်း တရုန်းရုန်းနှင့် ဖြစ်နေမည်မှာ သဘာဝကျပါသည်။

နိုင်ငံတွင် အခွန်ထမ်းကြီးများဖြစ်သော ခရိုနီကြီးများ၏လုပ်ငန်းများတွင် အခွန်တိမ်းရှောင်မှု၊ အခွန်လိမ်လည်မှုများကြောင့် အခွန်ထမ်းရသည့်လုပ်ငန်းချင်းအတူတူ မမျှမတဖြစ်နေရပုံ၊ လုပ်ငန်းကြီးကြီးများများပိုင်ဆိုင်သူတို့၏ အခွန်ဆောင်သည့် ပမာဏတို့က ရယ်စရာဖြစ်နေကြောင်း သတင်းစာ (အများပြည်သူဝန်ဆောင်မှုသတင်းစာဆိုသည်များ မပါ) တို့မှာ ဖော်ပြရေးသားထားချက်တို့အရ လေလွင့်ဆုံးရှုံးရသည့် ငွေပမာဏကိန်းဂဏန်းများမှာ သေးသေးမဟုတ်ကြပါ။ နိုင်ငံတော်ဘတ်ဂျက်၏ အစိပ်အပိုင်းတစ်ခုအထိသက်ရောက်ပါသည်။ ဒါတောင် ဤနိုင်ငံတွင် Investigative Journalism ထွန်းကားနေသေးသည်မဟုတ်ပါ။ သို့ဆိုလျှင် ရသင့်ရထိုက်သည့် အခွန်အလေအလွင့်များကိုရအောင် စုဆောင်းတောင်းခံသည့်အလုပ်များကိုရော အစိုးရက ဘာကြောင့် ဖိဖိစီးစီးမလုပ်ရသနည်းဟု ပြည်သူတို့တို့ဘက်က ပြန်လည်မေးခွန်းထုတ်လိုပါသည်။ မျက်နှာပူရမည့်သူတွေမို့ ပေးသလောက်သာ ယူလိုက်သည့်သဘောလား။ အမှန်က ဖိဖိစီးစီးတောင်းခံရမည်၊ ဝင်ငွေကို အမှန်နှင့်အနီးစပ်ဆုံး ကိန်းဂဏန်းကိုသိရှိသည်အထိ နည်းလမ်းပေါင်းစုံနှင့် အားထုတ်ရှာဖွေပြီး မရိုးသားသော အခွန်တိမ်းရှောင်နေသည့် လုပ်ငန်းများ၊ ပိုင်ရှင်များကို နိုင်ငံသိဖော်ထုတ်ဖွင့်ချပြီး သက်ဆိုင်ရာအခွန်ဥပဒေအရ တိကျထိရောက်စွာ အရေးယူပြသင့်ပါသည်။

ထိုသို့ပြောနေသည့်အခိုက်တွင် ပွဲတိုင်းကျော်မင်းသားလေး၏ ဦးပိုင်၏အခန်းကလည်း ရောက်လို့လာပါသည်။ သူကလေးကလည်း တစ်မျိုးတစ်ဘာသာပါ။တိန်ညွန့်စားသည့် နတ်မြင်းပျံလေးလားမသိ မြေမထိမြေမနင်းသား မိုးပေါ်ကျများဖြစ်၍ပင်။ နိုင်ငံ၏ သယံဇာတထုတ်လုပ်သည့်လုပ်ငန်း အကြီးစားကြီးများမှန်သမျှနှင့်ပတ်သက်၊ မြေယာပိုင်ဆိုင်မှုတွင် အကျယ်အပြောမှန်သမျှပိုင်ဆိုင်၊ ခရိုနီပေါင်းစုံမှန်သမျှ သူ့လက်ဝေခံဖြစ်သွားရသည့်အထိ ခြေဖဝါးပါအမွေးပေါက်နေသော အကောင်ကြီးကြီးပင်ဖြစ်ပါသည်။ ဓာတ်ငွေ့၊ ကျောက်စိမ်းကျောက်မျက်လို လုပ်ငန်းအကြီးစားအဆင့်မှ အသင့်စားခေါက်ဆွဲခြောက်ထုတ်လို လုပ်ငန်းမျိုးလေးနှင့် အဝေးပြေးကား၊ မြို့တွင်းဘတ်စ်ကားလုပ်ငန်းပါမကျန် ငွေရမည့်လုပ်ငန်းမှန်သမျှ သူများလုပ်စရာမကျန်ရအောင်နှင့် လုပ်ချင်လျှင်လည်း သူ့လက်ဝေခံဖြစ်မှသာ လုပ်ခွင့်ပြုတက်လေသော အီတလီမာဖီးယား၊ ဂျပန်ယာကူဇာဂိုဏ်းတွေလို လက်တံကရှည်လျားလွန်းလှပြီး ဗမာတစ်ပြည်လုံး ကိုယ့်အိမ်ကိုယ့်ရာမှတ်နေသော အဖွဲ့အစည်းကြီးဖြစ်ပါသည်။

ထိုအဖွဲ့အစည်းကြီးကလည်း လွန်ခဲ့သောနှစ်အစိတ်လောက်က လုပ်ငန်းများစတင်လုပ်ကိုင်ခဲ့ရာ ပိုင်ဆိုင်မှုဘာမှန်းမသိ၊ ဘာလုပ်ငန်းများလုပ်နေသည်ဆိုသည်မှာ ဘယ်သူမှသိခွင့်မရှိ၊ ပိုင်ဆိုင်သည့်လုပ်ငန်း ရင်းနှီးမြှုတ်နှံမှုပမာဏက အမြတ်အစွန်း ဘာမှ ဘယ်သူမှမသိ၊ သိခွင့်မရ။ တကယ့် မာဖီးယားတို့ ရာကူဇာတို့လိုပင်။ မည်သူမျှတို့ထိခွင့်မရသည့်ကိစ္စများဖြစ်သည်။ ခရိုနီတို့၏ ပိုင်ဆိုင်မှုပင် သူ့လက်ဝေခံ၊ သူ့လက်အောက်ခံဆိုမှတော့ သူ့ပိုင်ဆိုင်မှုကို ပြောမနေနှင့်တော့ဟုသာ ပြောနိုင်ပါတော့မည်။ ထိုအဖွဲ့အစည်းကြီးကလည်း အခွန်ကို ယခုနှစ်မှပင်ဆောင်မည်ဆိုလေတော့ သြော်...နိုင်ငံတော်က အခွန်ကင်းလွတ်ခွင့် နှစ်အစိတ်တောင်ပေးခဲ့ရတာပဲ။ သူ့လုပ်ငန်းတွေကလည်း အရှုံးကြီးတဲ့လုပ်ငန်းတွေပဲကိုးဟုသာ ဖြေတွေးလေးတွေးရင်း ပြည်သူတို့က ပြောချင်သည့်စကားများကို ရင်ထဲပြန်မျိုချလိုက်ရပါတော့သည်။

ယခု တယ်လီဖုန်းငွေဖြည့်ကတ်အတွက် ကုန်သွယ်ခွန်ကို ကြိုတင်ဆောင်ရခြင်းဖြစ်ပါသည်။ လွန်ခဲ့သည့် တစ်နှစ် နှစ်နှစ်ကျော်ကာလအထိ တယ်လီဖုန်းဆိုသည်မှာ အခြေခံလူတန်းစားတို့အတွက်မဟုတ်သေးပါ။ ယခု မေ ၂၀၁၅ မှာ ပြည်တွင်း အော်ပရေတာ ၃ ဦးတို့၏ ဖြန့်ကြက်မှုအရ ခန့်မှန်း Sim card ၁၈ သန်းအထိရှိနေပြီဖြစ်ရာ သေးသေးပမာဏမဟုတ်ပါ။ မြန်မာပြည်လူဦးရေနှင့် တယ်လီဖုန်းကတ်အချိုးအစားကိုပြောနေခြင်းမဟုတ်ပါ။ ထိုအချိုးအစားမှာ နိုင်ငံတကာစံနှုန်းကို မှီသေးသည်မဟုတ်သော်လည်း အခွန်ကောက်ခံမည်ဆိုလျှင်မူ စိတ်ဝင်စားစရာကိန်းဂဏန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယခုလို တယ်လီဖုန်းငွေဖြည့်ကတ်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကို ဆက်စပ်ပတ်သက်လာရခြင်းဖြစ်ပါသည်။ ယခုအခါ လက်ကိုင်တယ်လီဖုန်းပိုင်ဆိုင်မှုဆိုသည်မှာ သာမန်လက်လုပ်လက်စားလူတန်းစားပင် ကိုင်နိုင်သည့်အဆင့်ထိ ရောက်ရှိလာချိန်မှာ တိုင်း၍ရက်သည့်ကက္ကလာ မိုးရွာသည်နှင့်အသင့်ပင်။ ကြွက်ပျင်းတို့အတွက် ပင်ပင်ပန်းပန်းနှင့် အခွန်တိမ်းရှောင်မှုများ၊ အခွန်မှုခင်းကြီးများကို ပင်ပန်းကြီးစွာနှင့် ဖော်ထုတ်စရာလည်းမလို၊ ကိုယ့်မိတ်ဆွေဟောင်းများနှင့်လည်း မိတ်မပျက်နေရ၊ ကိုယ်လည်းအေးဆေးဆိုတော့ ဒါထက်ကောင်းတဲ့အကြံမရှိဟုသာဆိုရပါမည်။

သို့ရာတွင် ရရှိလာမည့်အခွန်ပမာဏမှာ နည်းမည်မဟုတ်ဟုသာခန့်မှန်းမိသည်။ ငွေဖြည့်ကတ်ရောင်းရသည့်နှုန်းကို တယ်လီဖုန်းကုမ္ပဏီတို့က တရားဝင်ထုတ်ပြန်မှသာ အစိုးရအနေဖြင့် အခွန်ငွေဘယ်လောက်ရသည်ဆိုသည်ကို ပြည်သူတို့သိနိုင်ပေမည်။ နှစ်အစိတ်သေနတ်သံမကြားရဘဲ ငြိမ်းချမ်းရေးရနေပါသည်ဟု ယခင်စစ်အစိုးရလက်ထက်သော်မှ စစ်အသုံးစရိတ်ကို လျှော့ချခဲ့သည်ဟု မကြားမိပါ။ သိနေရသည်မှာ လွှတ်တော်ထဲပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်၏ ၂၀% သုံးဖို့အရေး လွှတ်တော်တစ်ရပ်က ရာခိုင်နှုန်းကို အတိအကျမပြဋ္ဌာန်း၊ နောက်လွှတ်တော်တစ်ရပ်က စတင်သတ်မှတ်မည့်နှစ်ကာလကို အတိအကျမပြဋ္ဌာန်းကြသည်အထိ တိုင်းပြည်အနာဂတ်အပေါ် စေတနာမဲ့ခဲ့ကြပေသည်။ မဖြစ်စလောက်တိုးပေးလာသည့် ပညာရေးဘက်ဂျက်မှ ကျောင်းဆောင်သစ်များ ဆောက်လုပ်သည့်ကိစ္စတွင်လည်း ဈေးတန်းထဲဇီးသီးဗန်းမှောက်သည့်ကိစ္စများဟု ပြောရလောက်အောင် အကျင့်ပျက်ခြစားမှုများ မရပ်မနားပေါ်ထွက်နေခဲ့၍ အဆောက်အဦးများမှာ ငွေကုန်သလောက် ထိုက်တန်သည့်အဆောက်အဦးမရသဖြင့် ထိုအဆောက်အဦးများထဲ ပညာသင်ကြားရမည့် လူမမယ်ကလေးများအတွက် အသက်အန္တရာယ်ပင်စိုးရိမ်ရသည့်အခြေ ရောက်နေသည့်တိုင် ပညာရေးဒုဝန်ကြီးဆိုသူက လွှတ်တော်ထဲလာရှင်းသည့်ပုံမှာ ထိုကုမ္ပဏီများအား နာမည်ပျက်စာရင်းသွင်းသည်ဆိုသည်လောက်နှင့်သာ ပြီးတော့သည်။ တကယ်က ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှုများမဟုတ်ပါလော။ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်အရေးယူရမည်မဟုတ်ပါလော။ ဆုံးရှုံးခဲ့သည့် ပြည့်သူ့ဘဏ္ဍာများကို ပြန်လည်ပေးသွင်းစေသင့်သည်မဟုတ်ပါလော။ သို့တိုင် ဖြစ်မလာခဲ့။ မျက်နှာများပေါ်မှာ ဘာမှမရှိသည်အထိ ပြောင်တလင်းခါနေပြီဖြစ်ပါသည်။

ယခုလိုအချိန်၌ ပြည်သူ့ဘဏ္ဍာသုံစွဲဖို့ ခွဲဝေချထားရာတွင် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တို့ကို ကာကွယ်ရေးအသုံးစရိတ်အပေါ်မှ (သို့မဟုတ်) တန်းတူသုံးစွဲရမည့်အချိန်ရောက်နေပြီဟုသာ ဆိုသင့်ပါသည်။ ပြည်သူတို့ကမူ အခွန်ထမ်းဆိုသည့်စကားရပ်အတိုင်း တာဝန်ကျေပါသည်။ အစိုးရကကော။ တပ်မတော်ကြီးကလည်း ဦးပိုင်စီးပွားရေးလုပ်ငန်းကြီးများရှိနေသည့်တိုင် ဘယ်လောက်ဘာညာဝင်သည်ဆိုမျှလောက်ပင် တိုင်းပြည်ကိုဖွင့်ဟကြေညာခြင်းမပြုနိုင်ပါဘဲ တစ်တိုင်းပြည်လုံးသုံးစွဲရမည့်ဘတ်ဂျက်အတွင်းမှ ရသလောက်နှိုက်ကုတ်ရယူနေပုံမှာလည်း အမြင်မတော်တော့ပါ။ ဖြစ်သင့်သည်မှာ မိမိ၏ Professional လုပ်ငန်းဖြစ်သည့် တိုင်းပြည်ကာကွယ်ရေးကဏ္ဍကိုသာ နိုင်ငံတကာနှင့် အိမ်နီးချင်းတို့မှ ရိုသေခံ့ညားအောင်သာ လုပ်စေချင်ပါတော့သည်။ စီးပွားရေးလုပ်လိုကြလျှင်လည်း အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ်သာ လုပ်စေချင်ပါသည်။ တားမရ၍ ယခုလိုပဲ ငြိနေချင်ပါသေးသည်ဆိုလျှင်လည်း ဘယ်စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ကိုင်ပြီး ဘယ်လောက်မြတ်လို့ ဘယ်လောက်အခွန်ဆောင်ထားသည်ဆိုသည်ကို သင်္ကာကင်းအောင် တိုင်းပြည်ကိုတော့ ရှင်းသင့်ပါပြီ။ ခိုးကြောင်ခိုးဝှက်လုပ်နေစရာမလိုပါ။

အခုတော့ ဖုန်းပြောခငွေထဲက ၅% ကုန်သွယ်ခွန်ကောက်မည်ဆိုသည့် ဆုံးဖြတ်ချက်သည် မသာပါးစပ်ထဲက ကူးတို့တစ်မတ်ကို နှုက်ယူသည့်အဖြစ်မျိုးဖြစ်နေပါသည်။

ယခုအခါ လွှတ်တော်မှ အဆိုပါအခွန်ငွေကို ယခု ဘဏ္ဍာရေးနှစ်၂၀၁၅-၂၀၁၆ အတွင်း ကောက်ခံခြင်းမပြုရန် အရေးကြီးအဆိုတင်တွင်းဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရပါသည်။

သို့သော် ဝန်ကြီးဌာနများတွင် အမြဲတမ်းအတွင်းဝန်များ ခန့်ထားရေးကိစ္စတွင် လွှတ်တော်ကသဘောမတူဟုဆုံးဖြတ်သော်လည်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အတွင်းတွင်ရှိသည်ဟု အကြောင်းပြကာ ဆက်လက်အကောင်အထည်ဖော်ခဲ့သည့် ဥပမာတစ်ရပ်လည်း ရှိနေသေးသည့်အတွက် ပြည်သူများ၏စိတ်ဝယ် ယခင်ကလို ဥပဒေက မည်သို့ပင်ဆိုစေကာမူ ဆိုသည့် စကားရပ်အစား လွှတ်တော်က မည်သို့ပင်ဆိုစေကာမူ ဆိုသည့် စကားဖြင့် ဆက်လက်ဆောင်ရွက်လေဦးမည်လားဟု အစိုးရအဖွဲ့အား မရတရဲ မေးခွန်းထုတ်လိုက်ပါသည်ခင်ဗျာ။
**********************************

လေးစားစွာဖြင့်

Ko Soe Win

ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ဒေါက်တာမင်းသိမ်း ရေးသားတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်
ပြောပြခြင်း ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။

ယနေ့ခေတ် နိုင်ငံရေးခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နိုင်ငံရေးစိတ်ပါဝင်စားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်း
သားများ၊ လူငယ်များအားလုံး မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဆရာဒေါက်တာမင်းသိမ်းထံကြိုတင်ခွင့်ပြုချက်ရယူနိုင်ခြင်းမရှိပဲ၊ လူမှုကွန်ယက်စာမျက်နှာ်တွင် တင်လိုက်ရတဲ့အတွက် ဆရာဒေါက်တာမင်းသိမ်း
ကို တောင်းပန်စကားဆိုလိုပါတယ်။ ဆရာကြီးအနေဖြင့်လည်း ယခုဆောင်းပါးကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရောက်စေလိုသည့်သဘောထားရှိမယ်လို့ထင်
မြင်သည့်အလျောက် မျှဝေလိုက်ပါတယ်။

Yan Myo Thein


မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ထိရောက်တဲ့ လက်တွေ့ ဆောင်ရွက်မှုတွေ ချမှတ် လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တချို့က တိုက်တွန်း နေကြပါတယ်။ အရှေ့တောင် အာရှဒေသက ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိခဲ့ပြီး တဲ့နောက် လုံခြုံရေးကောင်စီမှာ ဒီကိစ္စ ဆွေးနွေးကြမှာ ဖြစ်သလို၊ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာလည်း အာရှနိုင်ငံတွေက ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့ မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိမ်နီးချင်း နိုင်ငံတွေကို လှေတွေနဲ့ ထွက်ခွာလာကြတဲ့ ဒုက္ခသည် ထောင်နဲ့ချီမှာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေ ကို ရောက်လာကြသူ တချို့ရှိသလို ပင်လယ်ထဲမှာ မျောနေ သူတွေလည်း အများအပြား ရှိတယ်လို့ ဆိုပြီး ဒီလူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ တိုက်တွန်း ပြောဆိုသံတွေ ထွက်လာခဲ့ ပြီးတဲ့နောက် ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒီကိစ္စ ဆွေးနွေးကြမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ဦးဆောင်ပြီး လုံခြုံရေးကောင်စီကို တင်ပြမှာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကနေ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ချမှတ်သင့်တယ်လို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

 “ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ့်ကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာက ဒီလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို မကြာခဏ ဆွေးနွေးပေမဲ့ တကယ် လက်တွေ့ ဘာမှမလုပ်တာကိုပါ။ အပြောသက်သက်နဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ မြင်ချင်တာက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် လုံခြုံရေး ကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဒီကိစ္စ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်လုပ်ဖို့ ပြောတာမျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးက ရခိုင်ပြည်နယ်တွင်း ပြည်တွင်းပြည်ပ အကူအညီပေးရေး လုပ်ငန်းတွေမှာ ခုထိ အကန့်အသတ်တွေ လုပ်ထားတာ ကြောင့်ပါ။”

ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ပင်လယ်ဖြတ် ထွက်ပြေးနေကြရတဲ့ အဓိက အကြောင်းတခုထဲမှာ ဆင်းရဲနွမ်းပါးမှု နဲ့ အထောက်အပံ့ မရတာတွေကြောင့် ဖြစ်တယ်လို့လည်း လို့ မာ့ခ် ဖာမနာက ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်အောင် မြန်မာအစိုးရက အကန့်အသတ်မထားဖို့ လုံခြုံရေးကောင်စီက ဖိအားပေး လုပ်ဆောင်သင့်တယ်လို့ မာ့ခ် ဖာမနာက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်အောင် မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ကမ္ဘာ့ သြဇာအရှိဆုံး အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လုပ်ပိုင်ခွင့် ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့် ပေးတာကမြန်မာအစိုးရကိုလည်း သူတို့လက်ရှိ မူဝါဒတွေ ပြောင်းလဲလာအောင်၊ ရခိုင်ပြည်နယ်တွင်း အကူအညီတွေကို ၀င်ရောက်ခွင့်ပြုအောင် ခိုင်မာတဲ့ သတင်းစကား တရပ် ပေးရာလည်း ကျပါတယ်။”

ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေး ဆွေးနွေးကြဖို့ ရှိသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပဲ မြန်မာအပါအ၀င် ဒေသတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေဟာလည်း မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိနေတာပါ။ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ Phil Robertson ကတော့ ဒီ အစည်းအဝေး ကနေ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပါဝင်တဲ့ မဖြစ်မနေ လိုက်နာရမယ့် သဘောတူညီချက်တွေကို ချမှတ် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

 “သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် သဘောတူညီချက်တွေ ရဖို့လို ပါတယ်။ အရင်ဆုံး ဦးစားပေး လုပ်ရမှာက ပင်လယ်ထဲမျောနေတဲ့သူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ပါ။ ပြီးရင်တော့ UNHCR နဲ့ IOM တို့ကို ဒီလူတွေနဲ့ တွေ့ဆုံခွင့် ပြုပြီး သူတို့ဟာ ဒုက္ခသည်တွေ လား၊ ဒါမှမဟုတ် လူမှောင်ခိုကူးခံရတဲ့ သူတွေလား စသဖြင့် စိစစ် အတည်ပြုပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် စီစဉ်ပေးရပါမယ်။ နောက်တခုကတော့ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒကို ပြောင်းလဲပြီး ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့် ရပါမယ်။ သူတို့တွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မှာ ပြန်နေခွင့် ပြုပြီး နိုင်ငံသားအဖြစ် လက်ခံပေးရပါလိမ့်မယ်။”

ဘန်ကောက်မြို့က အစည်းအဝေးကို အာရှနိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့်အပြင် အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေ က စောင့်ကြည့်လေ့ လာသူတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်း ၀င်ရောက်သူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM တို့လည်း တက်ရောက်ကြမှာပါ။

ဒီအတောအတွင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံ မှုတွေ အဆုံးသတ်ဖို့ ကိစ္စ အပါအ၀င် လှေစီးပြေး ဒုက္ခသည် ပြဿနာ အရင်းခံကို လာမယ့် အစည်းအဝေးမှာ အဓိကထား ဆွေးနွေးကြဖို့ မလေးရှား အစိုးရကို တိုက်တွန်းနေပါတယ်။

ခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

1990-elections-anniversary-620.jpg
 မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့်နှစ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာခန်းမမှာ ကျင်းပနေစဉ်။ 

လွန်ခဲ့တဲ့ ၂၅နှစ်၊ ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲအပြီး ရွေးချယ်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာအပ်နှင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ယခင်စစ်အစိုးရအဖွဲ့ဝင်တွေကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံတော်အာဏာကို ရယူထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့တွေကို တရားစွဲဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ၁၉၉၀ပြည့်နှစ် ရွေးချယ်တင်မြောက်ခံအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်က အခုလို ပြောပြပါတယ်။

"နိုင်ငံတော် အချုပ်အခြာအာဏာကို ပြည်သူလူထုက ဥပဒေနဲ့အတူ ရွေးချယ်တင်မြောက်ပေးလိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ လွှဲအပ်ရမည့်တာဝန်ကို စစ်အစိုးရတို့က ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပါတယ်၊ အဲ့ကိစ္စကြောင့် ကျနော်တို့စွဲတာပါ၊ ကျနော်တို့ ဒီမှာစာရင်းပြုစုထားတာကတော့ လက်ရှိအနေအထားမှာ ကျနော်ရယ်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းပေါ့၊ နောက်သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ဟင်္သာတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်၊ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့နဲ့တော့ အားလုံးကသဘောတူညီမှု လုပ်ထားပါတယ်"

တရားစွဲဆိုတာကို လာမယ့်ဇွန်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တရားရုံးချုပ်ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။ န၀တနဲ့ နအဖအဖွဲ့ဝင်တွေထဲက သက်ရှိထင်ရှားကျန်နေသေးသူတွေကို တရားစွဲဆိုမှာဖြစ်ပြီး၊ တရားဥပဒေမဲ့ လုပ်ဆောင်ချက်အတွက် အနည်းဆုံးမှတ်တမ်းအဖြစ်ကျန်ရှိဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA


အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က အစိုးရကို တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ လေးခုထဲ က… မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

RFA

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပသည် Luxury Brand Model Awards 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်မော်ဒယ် ဇွန်သံစဉ် က Luxury Brand Model Awards 2015 ဆု ရရှိသည်။

“ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ နောက်ဆုံးပြိုင်ပွဲကြီးကို မြန်မာ စံတော်ချိန် ၁၂ နာရီခွဲမှ ညနေ ၆ နာရီခွဲ အထိ ကျင်းပခဲ့ပြီး မြန်မာအလှမယ်ဆု ရရှိကြောင်း” ကြေညာသွားခဲ့ပါတယ်။Luxury Brand Model Awards 2015 ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ မေလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ် ဇွန်သံစဉ်၊ မျိုးဇော်အောင်နဲ့ လင်းနေတို့ ၃ ဦးကို ရွေးချယ်စေလွှတ်ခဲ့ တာ ဖြစ်ပါတယ်။

ဇွန်သံစဉ်ဟာLuxury Brand Model Awards 2015 ဆုလည်း ရရှိခဲ့ပါတယ်။ Myanmar Model Managementမှ တာဝန်ရှိသူတဦးက ပြောကြားသည်။
ဇွန်သံစဉ်ကို ၂၆-၆-၁၉၉၅ တွင် မွေးဖွားပြီး ဗမာ-ရခိုင် ကပြားတဦးဖြစ် သည်။ သူမသည် အရပ် ၅ ပေ ၈ လက်မ၊ ကိုယ် အလေးချိန် ၁၁၂ ပေါင်ရှိသည်။ သူမသည် အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွင် ရုပ်ရှင်နှင့် ဒရာမာဘာသာ အဓိက တတိယနှစ်ကျောင်းသူတဦးဖြစ် သည်။

ဇွန်သံစဉ်သည် ၂၀၁၃Miss Myanmar International ဒုတိယဆု၊Miss Christmas ဆုနှငMiss Yadanar Myaing ဆုများ ဆွတ်ခူးရရှိခဲ့ သည်။ သူမ၏၀ါသနာမှာ မော်ဒယ်နှင့် အဆိုဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမို ရှည်ကြာစေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ် ထားသည့် တစ်သောင်း ကျပ်တန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ တစ်သောင်းကျပ်တန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက် အောက်ထောင့်တွင် ရိုက်နှိပ် ထားသည့် ရိုးရိုးဂဏန်း ”၁၀၀၀၀” အစား တောက်ပသည့် မြစိမ်းရောင် ”၁၀၀၀၀” ဂဏန်းကို ပြောင်းလဲ ထားသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲ ကြည့်လျှင် ယင်းဂဏန်း၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျား နေသည့်အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲ နိုင်သည်။

တစ်သောင်းကျပ်တန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး၊ ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့ရမည် ဖြစ်သည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ် ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင် စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျ ပျက်စီးခြင်းကို ကာကွယ် စေသဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေပါသည်။ ၎င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်/ ညာ အစွန်းများတွင် ဖောင်းကြွ လိုင်းတိုများကို ထည့်သွင်း ထားပါသည်။ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။

ယခုထုတ်ဝေမည့် တစ်သောင်းကျပ်တန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ မျက်နှာပြင် နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်းတို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင် သတ်မှတ်ချက်များသည် မူလ တစ်သောင်းကျပ်တန် ငွေစက္ကူ အတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော တစ်သောင်း ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=photo


ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စန်မြို့နယ်တွေ ကကျေးရွာတွေမှာ တပ်သားသစ် အတင်းအဓမ္မ စုဆောင်း နေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ လူငယ်တွေဟာ နမ့်စန်မြို့မှာ ခိုလှုံနေကြပြီး ဒီကနေ့အထိ တစ်ထောင်နီးပါး လောက်ရှိမယ်လို့ ထွက်ပြေးလာကြသူ လူငယ်တွေက ပြောပါတယ်၊

နမ့်စန်မြို့နယ် နောင်ဘို၊ ဈေးကုန်း၊ လိုင်းခါး၊ ဥမာန်၊ ငိုကောင် စတဲ့ရွာတွေမှာ RCSS/SSA အဖွဲ့ကတပ်သားစု ဆောင်းတဲ့အတွက် အဲဒီကျေးရွာတွေက လူငယ်တွေ လူလတ်တွေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်၊

နမ့်စန်မြို့အောင်ဇဗ္ဗူကျောင်းတိုက်မှာ ထွက်ပြေးတိမ်းရှောင်လာသူ အယောက်၉၀ ကျော်ရှိပြီဖြစ်ပြီး ထမ်းဆန်းစေတီတော်၊ လွိုင်လင်မြို့နဲ့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြသူ တစ်ထောင်နီးပါးလောက်ရှိမယ်လို့ ခန့်မှန်းပြောကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ခန္ဓာကိုယ်ပေါ် tattoo ဆေးမင်ထိုးသူတွေထဲမှာ အရေပြားပြဿနာဖြစ်သူ များလာတယ်လို့ အမေရိကန် သုတေသန စစ်တမ်းတွေက ဆိုပါတယ်။

အမေရိကန်ရှိ သုတေသီတွေက ဆေးမင်ထိုးတားသူ ၃၀၀ လောက်ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီထဲက ၁၀ ရာခိုင်နှုန်းလောက်က အရေပြား ယားယံတာ၊ နာကျင်တာနဲ့ အနာဖြစ်တာ စတဲ့လက္ခဏာတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သိပ္ပံပညာရှင်တွေ မေးမြန်းထားတဲ့အထဲက ၁၈ ယောက် ကလည်း အဲဒီလို လက္ခဏာတွေကို ၄ လကျော်လောက်ထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆေးမင်ထိုးသူတိုင်း ဒီလို လက္ခဏာတွေ မဖြစ်ကြပါဘူး။ ဒါတွေ ဖြစ်နိုင်တယ်ဆိုတာတော့ သတိထားဖို့ အရေးကြီးပါတယ်။ ဆေးမင်ရည်မှာ ပါတဲ့ ပါဝင်ပစ္စည်းကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားပေါ်မူတည်ပြီး ဒီလက္ခဏာတွေ ဖြစ်နိုင်တာပါလို့ နယူးယောက် တက္ကသိုလ်က သုတေသန ပါမောက္ခ Marie Leger က ပြောဆိုပါတယ်။

ဆေးမင်ထိုးသူတွေမှာ အခုလို လက္ခဏာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သုတေသီတွေက ဆက်လက် လေ့လာသွားဖို့ ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


လက်ရှိနိုင်ငံရေး အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ မီဒီယာဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး စသော ပြဿနာများထက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်ရေးဆွဲရေးမှာ ထိပ်တန်းပြဿနာ ဖြစ်လာလေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲကြမလား။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ဒီမိုကရေစီ စံချိန်စံနှုန်းများဖြင့် မကိုက်ညီသော စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုသော ဥပဒေများကို ပြင်ဆင် ရေးဆွဲကြမလား ဆိုသည်ကို အလေးအနက်ထား စဉ်းစားဖို့ လိုလာသည်။

ကျနော့်အနေနှင့်မူ ဖြစ်နိုင်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲဖို့ လိုလားပါ သည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင် ကိုလိုနီအရိပ်အောက် ဗြိတိသျှနယ်ချဲ့သမား လက်ထက်ကရေးဆွဲသော ၁၉၄၇ ခုနှစ်အခြေခံဥပဒေသာလျှင် ဒီမိုကရေစီများ ယေဘုယျပါရှိသည်ဟု ဆိုနိုင်သော်လည်း အပြည့်အဝ ကိုက်ညီသည်ဟု မဆိုနိုင်ပေ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းမှာ အလွန်ကြေကွဲဖွယ် ကောင်းလေသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၃ ကြိမ် ၃ ခါ ရေးဆွဲခဲ့ပြီး ပြည်သူလူထုဘက်မှ ရပ်တည်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိခဲ့ပေ။ ပထမ တစ်ခုက လွတ်လပ်ရေး ရခါနီး၌ ရေးဆွဲသော ဖွဲ့စည်းပုံဖြစ်လေသည်။ ဒုတိယတစ်ခုမှာ ၁၉၇၄ ခုနှစ် မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို အကျိုးပြုသော ဖွဲ့စည်းပုံ ဥပဒေဖြစ်ကာ ပြည်သူလူထု အတွက် (လုံးဝ) အကျိုးမရှိသော၊ မောင်းတင်ထားသော ပြောင်းဝထိပ်တွင် မဲပေးခဲ့ရခြင်း ဖြစ်၏။ မဲပေးစဉ်က မဲ လည်းဖြူရမည်။ ဖြူလည်းဖြူရမည်ဟု အာဏာရှင် ဗိုလ်နေဝင်း ညွှန်ကြားခဲ့သည်။ ထိုစဉ်က အမဲထည့်သူများမှာ အဖြူများဖြစ်ကုန်ကြသည်။ ဆန္ဒမဲ တစ်ပြားယူကာ အဖြူပုံး၊ အမဲပုံးထည့်ရခြင်း ဖြစ်ပါသည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ယုံကြည်ရမည်ဆိုသော နဖူးစည်းအောက်၌ မိမိတို့သဘောဆန္ဒများက ဆိုရှယ်လစ်စနစ်ကို မထိပါးရဆိုသော ကန့်သတ်ချုပ်ချယ်မှုအောက်တွင် မဲပေးရခြင်းဖြစ်သည်။ ထို့ကြောင့် ၇၄ ဖွဲ့စည်းပုံ ဥပဒေကို ပြည်သူများသည် ၁၄ နှစ်ကြာအောင် သွေးအလိမ့်လိမ့်၊ ဒဏ်ရာအများအပြားနှင့် ပခုံးပေါ်ထမ်းကာ ဖြတ်သန်းခဲ့ရသည်။

တတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်အာဏာရှင်စနစ်အောက်၌ပင် အပြန်ပြန် အလှန်လှန် စေ့စေ့စပ်စပ် ရေးဆွဲခဲ့သော စစ်တပ်အကျိုးပြုဖွဲ့စည်းပုံ ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သည်ဟုမည်မျှပင်ပြောပြော ထိုသူသည် ဒီမိုကရေစီ အာပတ်သင့်သွားပေမည်။ အမှားကို အမှန်လုပ်ပြောခြင်းလည်း ဖြစ်ပါသည်။ ထိုဥပဒေသည် ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီကြောင်း အခိုင် အမာပြောလျှင် မည်သူငြင်းနိုင်ပါမလဲ။

ယနေ့ကာလတွင် အားနည်းချက်အတော်များများရှိသော်လည်း အစိုးရသစ်မှာ ဈေးကွက်စီးပွား ရေး စနစ်နှင့် ဒီမိုကရေစီလမ်းကြောင်းကို အကန့်အသတ်နှင့် လျှောက်နေသည်ကိုကား ငြင်း၍မရပေ။ အာဏာရပါတီ ပြည်ခိုင်ဖြိုးကမူ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ကော်မတီကိုပင်ဖွဲ့ကာ လက်ခံထားသည်ကို တွေ့ရသည် ထို့ကြောင့် ဖွဲ့စည်းပုံပြင်ရေးမှာ ယနေ့ကာလ၏ တောင်းဆိုချက် ဖြစ်လာသည်။ ထိုသို့ ဖြစ်လာသည်ကိုလည်း နိုင်ငံရေးပါတီ အသီးသီးက လက်ခံသောကြောင့် ဖြစ်သည်။ အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးကို တိမ်းညွှတ်လာ၍လည်း ဖြစ်သည်ဟု ဆိုရပေမည်။

ကျနော်၏ မူလသဘောထားမှာ ဖွဲ့စည်းပုံ အသစ်ပြန်ရေးဆွဲရေးဖြစ်ပါသည်။ သို့သော် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အသစ်ပြင်ရေးဆွဲရေးမှာ လွယ်လှသည်မဟုတ်ပေ။ ထိုသို့ မလွယ်ကူရသည်များကို ထောက်ပြရမည်ဆိုလျှင် –
(၁) ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို တပ်မတော်က လုံးဝ ထောက်ခံမည်မဟုတ်။
(၂) ဦးသိန်းစိန် အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီကလည်း အသစ်ရေးဆွဲရေးကို တင်းတင်းမာမာ ပြတ်ပြတ်သားသား မဟုတ်သည့်တိုင် ယခုအခြေအနေ၌ လက်ခံမည်မဟုတ်။
(၃) တိုင်းရင်းသားပါတီများနှင့် အတိုက်အခံ နိုင်ငံရေးပါတီအားလုံးက အသစ်ပြန်လည် ရေးဆွဲရေးကို လက်ခံနိုင် သည်ဖြစ်သော်လည်း ယခုကာလ၏ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရယူရေးမူအရ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲရေးမှာ အလားအလာ နည်းလွန်းလှလေသည်။ အဘယ်ကြောင့်ဆိုသော် အာဏာအပေါ်စီးတွင် ရှိနေသော အဖွဲ့အစည်း ၃ ခုက လက်မခံသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေးမှာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်တွင် အလားအလာနည်းပါးလွန်းလှ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့အတွက် NLD ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်သူများက လက်ခံကြသော်လည်း မဖြစ်မနေ ပြန်အသစ်ရေးဆွဲအောင် မည်ကဲ့သို့ ပြုလုပ်ကြမလဲ။ NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက အောက်တိုဘာလအတွင်း အသစ်ရေးဆွဲမလား။ ပြင်ဆင်မလားဆိုသည်ကို သဘောထား ကောက်ခံကြမည်။ ထိုအတွက်လည်း ပြင်ဆင်နေပါသည်။ ထိုသို့ ဆန္ဒသဘောထား ကောက်ခံမည်ဆိုလျှင် –
(၁) ၇၄ ဖွဲ့စည်းပုံ ရေးဆွဲစဉ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲစဉ်က အာဏာရအစိုးရက အချိန်ယူပြီး ဆန္ဒသဘောထား ကောက်ခံသလို ယခုလည်း ထိုသို့ လုပ်ဆောင်နိုင်ပါ့မလား။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒ ရယူရေးမှာ ငွေကြေးကုန်ကျများမည်ဖြစ်သလို ကျယ်ပြန့်သော အုပ်ချုပ်ရေးရှိမှသာလျှင် ဖြစ်ပေမည်။ ယခု အောက်တိုဘာလတွင် နိုင်ငံရေးပါတီများ ကောက်ခံမည့် ဆန္ဒသဘောထားကို ပြည်သူမည်မျှများများ (ဆန္ဒမဲ ပေးနိုင်သူ အချိုး၏ တစ်ဝက်ကျော်) ၏ သဘောထားကို ရနိုင်၊ မရနိုင်မှာ မသေချာလှပေ။
(၂) ထိုဆန္ဒသဘောထားကောက်ခံမှုကို လက်ရှိ အစိုးရက အကူအညီပေးနိုင်ပါ့မလား။ ထိုကဲ့သို့ ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေးအတွက် အစိုးရက လက်ခံသဘောတူပါ့မလား။
(၃) သမ္မတ ဦးသိန်းစိန်ကရော၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့ကပါ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ပြည်သူလူထု အများစု သဘောတူထောက်ခံထားသော ဖွဲ့စည်းပုံဖြစ်သည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကြေညာထားပြီး ဖြစ် ၍ အသစ်ပြန်လည်ရေးဆွဲရန် ပြည်သူလူထု၏ သဘောထားဆန္ဒကောက်ခံရေးကို လက်ခံလိုက်မည် မဟုတ်ပေ။
(၄) ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲခွင့်ကို အစိုးရက ခွင့်မပြုဘူး ဆိုလျှင် တိုင်းရင်းသားပါတီများ၊ အတိုက်အခံ နိုင်ငံရေးပါတီများက မည်ကဲ့သို့ ဆောင်ရွက်ကြမလဲ။ အာဏာမရှိသော ပြည်သူ အကျိုးစီးပွားအတွက် ရပ်တည်သော ပါတီများအဖို့ ပြည်သူသဘောထားဆန္ဒအတိုင်း တိုက်ပွဲဝင်ဖို့သာ ရှိပေမည်။ ထိုသို့ တိုက်ပွဲဝင်လျှင် လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများသာရှိပေမည်။ ထိုသို့ အခြေအနေမျိုးကို ပြည်သူများနှင့် အတိုက်အခံများက အဆင်သင့် ရှိနေပြီလား။

ထိုအခြေအနေနှင့် ထိုအချက်အလက်အားလုံးကို အသေအချာသုံးသပ် တွက်ချက်ကြည့်လျှင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးမှာ ဖြစ်နိုင်ချေနည်းပြီး အလားအလာလည်း မကောင်းလှပေ။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့သာ အလားအလာကောင်းနေသည်ကို တွေ့ရှိရပါသည်။

မိမိဆန္ဒအတိုင်းအသစ်ရေးဆွဲရေး အခြေအနေမပေးသဖြင့် ပြင်ဆင်ရေးကိုသာ ကျနော်တို့ အလေးထားသုံးသပ်ရပေမည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အားနည်းချက်များ၊ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ဒီမိုကရေစီစံချိန်စံနှုန်းများဖြင့် မကိုက်ညီသည်ကို ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့က ရိပ်မိကြသည်။ ဒီမိုကရေစီမကျသော တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကပင် ဒီမိုကရေစီမကျပေ။ ထိုအခြေအနေများနှင့်ပါရှိနေသော ဥပဒေပုဒ်မ များက နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တို့အတွက် အဟန့်အတားဖြစ်နေသည်။ လေးလေးနက်နက် ယုံကြည်လက်ခံကြလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အလားအလာကောင်းပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များကို မိမိတို့ စိတ်ဆန္ဒအရ ချက်ချင်းဖယ်ရှား၍မရပေ။ သမ္မတကို နိုင်ငံတော်၏ ထိပ် ဆုံး၊ စစ်ဦးစီးချုပ်ကို ချုပ်ကိုင်နိုင်သော နေရာတွင် ထားရန်မှာ ဖြစ်နိုင်ပါသည်။ စစ်တပ်က အချိန်မရွေး အာဏာ သိမ်းခွင့်ရှိသည်ဆိုသော ဥပဒေ ပယ်ဖျက်ဖို့မှာလည်း ဖြစ်နိုင်ပါသည်။ (အဘယ်ကြောင့်ဆိုသော် ဤဥပဒေသတ် မှတ်ချက် မရှိသည့်တိုင် တပ်မတော်က လူအင်အား၊ လက်နက်အင်အား ကောင်းသောကြောင့် လူမြင်မကောင်း သူမြင်မကောင်း ဥပဒေထဲ မထည့်ပဲ အာဏာသိမ်းနိုင်သည် မဟုတ်ပါလော။ ၇၄ ဖွဲ့စည်းပုံတွင် တပ်မတော်က လိုအပ်လျှင် အာဏာသိမ်းနိုင်သည်ဟု ဥပဒေမပါရှိ။ သို့သော် ၈၈ တွင် ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်း လိုက်သည် မဟုတ်ပါလော) ထိုဥပဒေကို ၂ဝဝ၈ ဖွဲ့စည်းပုံမှ ပယ်မည်ဆိုလျှင်လည်း ပယ်လို့ရပါသည်။

NLD ပါတီ သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ၊ အစိုးရတို့ ထိပ်တိုက်တွေ့နိုင်သည်မှာ သမ္မတအရည် အချင်း ကန့်သတ်ချက်မှာပြည်ခိုင်ဖြိုး၊ တစည၊ NDF စသည့်ပါတီများက လူတစ်ဦး တစ်ယောက်အတွက် ဖွဲ့စည်း ပုံကို ပြင်ရန် မလိုဟု ကြေညာထားကြသည်။ ထိုကန့်သတ်ချက် ဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေး ဆွဲထားခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကို အကာအကွယ်ယူကာ ပြောနေကြသည်။ ထို ဥပဒေရေးဆွဲစဉ်က ဒေါ်အောင်ဆန်းစုကြည် အာဏာရဖို့ကို မနာလို မရှုစိမ့်သော စစ်အာဏာရှင်များက တမင်ရေးဆွဲထားခြင်း ဖြစ် လေသည်။ (ဟုတ်မဟုတ်ကို သစ္စာရေသောက်၍ သစ္စာအဆူးခံရဲလျှင် ပြော၍ရပါသည်) ထိုဥပဒေသည် အမျိုး သားရေးကို အလေးထားသော မျိုးချစ်ဥပဒေမျိုးဖြစ်သည်ဟု အကြောင်းပြကာ ကာကွယ်၍ ရပါသည်။ သို့သော် သဘာဝမကျလှပါ။ အိန္ဒိယလို ဒီမိုကရေစီအရှိဆုံးနှင့် အမျိုးသားရေး စိတ်ဓာတ် အားအကောင်းဆုံးသော နိုင်ငံတွင် ဝန်ကြီးချုပ်ကသားဖြစ်သူက နိုင်ငံခြားသူကို ယူလာ၍ အဟန့်အတားမဖြစ်ပေ။ နောက်ဆက်ခံသူ ဝန်ကြီးချုပ်၏ မိန်းမဖြစ်သူက အီတလီသူစစ်စစ် (နိုင်ငံခြားသားဖြစ်သည်) သမီးနှင့် သားကလည်း နိုင်ငံခြားသွေးပါနေကြ၏။ ဥပဒေက ကန့်သတ်ပိတ်ပင်မှုမရှိခဲ့။ နိုင်ငံဥသျှောင်တာဝန်ကို ယူခဲ့ပါသည်။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်ရော ဘာကြောင့် သမ္မတ မဖြစ်ရမှာလဲ။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်းများ အပြည့်အဝမရသည့်တိုင် ဒီမိုကရေစီ စံနှုန်း ရာခိုင်နှုန်း အများအပြားပါသော ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲရပေမည်။ ထိုထဲတွင် သမ္မတ အရည်အချင်း ကန့်သတ်မှုလည်းပါသည်။ အမျိုးသားရေးစိတ်ဓာတ်များကို လျော့၍ တိုင်းပြည် တိုးတက်မှု၊ ပြည်သူများ၏ ထောက်ခံမှုကို သုံးသပ်ကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပြင်ဆင်သင့်ပါသည်။ တပ်မတော် ကိုယ်စားလှယ် ရာခိုင်နှုန်းကိုလည်း အထိုက်အလျောက် လျော့ချသင့်၏။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ၏ အကူအညီနှင့် ကွပ်ကဲမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြပ်မှုအောက်တွင် ကျင်းပသင့်သည်။ သို့ သော် ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ပဲ စောင့်ကြပ်ကွပ်ကဲမှုအောက်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အားလုံးအတွက် အဆင်ပြေချောမွေ့နိုင်သည်မှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး မဟုတ်ပဲ ပြင်ဆင်ရေးသာလျှင် အလျှော်ကန်ဆုံး ဖြစ်ပေလိမ့်မည်။ ထိုကိစ္စကို ချင့်ချင့်ချိန်ချိန် စဉ်းစားသုံးသပ်ကာ တိုင်းရင်းသား ပါတီအားလုံး၊ အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီအားလုံးက ပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီအောင် ညှိနှိုင်းကာ ရွေးချယ်ကြရပေလိမ့်မည်။

 By ဒီဗွီဘီ
http://burmese.dvb.no

ဓာတ်ပုံ - thairath

ထိုင်းတောင်ပိုင်း ကရပိခရိုင် ခေါင်ဖနုမ်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကို ရိုက်သတ်တဲ့အမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မေ ၂၇ ရက် မနက် ၁၀ နာရီအချိန်က  ခေါ်ဖနုမ်ရပ်ကွက် နယ်မြေ ၈ က ရာဘာခြံထဲမှာ လူသေမှုရှိကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ အသက် ၁၆ နှစ်ရွယ် မိန်းကလေးတဦးဟာ ဦးခေါင်း၊ ပေါင်၊ ခြေထောက်နဲ့ အမျိုးသမီးအင်္ဂါတွေမှာ မာကျောတဲ့ အရာနဲ့ ရိုက်နှက်ခံထားရတဲ့ ပုံစံနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ခေါင်ဖနုမ်မြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူရိယားတမ်လုန်းဝပ်နားက သတင်းထောက်တွေကို ပြောပါတယ်။

ဓာတ်ပုံ - thairath

ဆက်လက်စစ်ဆေးချက်အရ မိန်းကလေးဟာ မအိအိဆိုသူ မြန်မာအလုပ်သမားဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နာရီအကြာက သေဆုံးခဲ့ဟန်ရှိကြောင်း၊  ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သားအိမ်တွင်းမှာ အရှည် ၃ လက်မခန့် သစ်ကိုင်းတချောင်း ထိုးထည့်ထားတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးက ရဲတပ်ဖွဲ့ကို ပြောပြရာမှာ သေဆုံးသူဟာ အဲဒီရာဘာခြံမှာ ခင်ပွန်းဖြစ်သူနဲ့ အလုပ်လုပ်နေကြောင်း၊ အဲဒီမနက်က သူတို့အိမ်ကိုလာတော့ တအိမ်လုံးတိတ်ဆိတ်နေလို့ အိမ်ပေါ်တက်ကြည့်ရာ အိပ်ယာထက်မှာ သေဆုံးနေတဲ့ မအိအိကို တွေ့ပြီးရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သေသူရဲ့ ခင်ပွန်းဟာ  ကိုမျိုးဦး (အသက် ၂၈ နှစ်) ဆိုသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို လိုက်လံရှာဖွေရာမှာ နယ်မြေ ၅ ထဲက ခေါင်ဖနုမ် – ချိုင်းပူရီး လမ်းပေါ်မှာ ၂၇ ရက်နေ့ ညနေက တွေ့ရှိခဲ့ပြီး ဇနီးဖြစ်သူကို ၀န်တိုစိတ်နဲ့ ရိုက်သတ်ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။

အခင်းမဖြစ်ခင်ညက သေဆုံးသူနဲ့ အတူအိပ်စက်စကားပြောရင်း တခြားမြန်မာ အလုပ်သမားတဦးက သူမကို လာရောက် ပိုးပန်းနေကြောင်း သိရတဲ့အတွက် ၀န်တိုစိတ်နဲ့ ရိုက်နှက်ခဲ့ပြီး ဆေးတိုက်ခဲ့ကြောင်း၊ ဒါပေမယ့် ဇနီးသေဆုံးသွားမှန်း သိတဲ့အခါ အ၀တ်အစားယူပြီး ထွက်ပြေးခဲ့တာလို့ ၀န်ခံသွားပါတယ်။

ကိုမျိုးဦးကို လူသတ်မှုနဲ့ ရဲစခန်းက အမှုဖွင့်ပြီး လိုအပ်သလို ဆက်လက်အရေးယူသွားမယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုခရီးစဉ်။ (ဓာတ်ပုံ/NLD Chairperson. May 23rd, 2015)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ အစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ပြိုင်အရွေး ခံမယ်ဆိုရင် တိုင်းရင်းသား ပါတီတွေ အတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့ လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ခင်များ … အခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးဆင်းပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတချို့ ဆီက အသံတွေ ဘာကြားလာရသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာလာပြီး သူတို့ပါတီတွေနဲ့ ယှဉ်ပြီးအရွေးခံမယ့်ကိစ္စကိုတော့ နည်းနည်း သူတို့ကို ဦးစားပေးသင့်တယ့်သဘောမျိုး ပြောကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွန်းရဲ့  အမြင်ကို ပထမဦးဆုံး ပြောပေးပါ။

ဦးရဲထွန်း ။ ။ ကျနော့်ရဲ့  အမြင်ကတော့ အဲဒီလို ဦးစားပေးတာ၊ ရှောင်ပေးတာဆိုတဲ့ဟာကတော့ နှစ်ပါတီစလုံးရဲ့  သဘောထားနဲ့ ဆိုင်တာပေါ့။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာတော့ ဒီလိုပဲ ပြိုင်ကြရမှာ။ ဘယ်ပါတီက ဘယ်ပုဂ္ဂိုလ်က ပြည်သူလူထု အကျိုးစီးပွားကို တကယ်ဆောင်ရွက်နိုင်မလဲ။ တကယ်ကိုယ်စားပြုနိုင်သလဲ ဆိုတာကို အလုပ်နဲ့သက်သေပြကြရမယ်။ ဒါကြောင့် ဒီလိုပြိုင်ချင်းအတွက်ကို ကျနော့်အနေနဲ့ တဦးချင်းသဘောထားကို ပြောမယ်ဆိုရင်တော့ ဘာမှထင်မြင်ချက် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးရဲထွန်းတို့ ပါတီ။ ဟိုတုန်းက နိုင်ခဲ့တဲ့ ALD ရခိုင်၊ SNLD တို့ အဲဒီလို ပါတီတွေကတော့ တိုင်းရင်းသားဒေသမှာ ဘယ်သူယှဉ်လာလာ ခင်များတို့ပါတီတွေက အနိုင်ရနေတယ်။ ထိပ်ဆုံးကနေတယ်ဆိုတဲ့ သဘောမျိုးတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်တယ်လို့ပြောတဲ့ တိုင်းရင်းသားတချို့ က သူတို့က ပါတီငယ်တွေဖြစ်တယ်။ ဖွဲ့စပါတီတွေ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ သူတို့အင်အားကို သူတို့ စိတ်မချလို့ စိုးရိမ်စိတ်နဲ့ ပြောတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် စာနာနိုင်ပါလဲ။

ဦးရဲထွန်း ။ ။ ကျနော်ကတော့ အခုပြောတဲ့ သဘောထားတွေကတော့ ကျနော့် တဦးချင်းရဲ့  သဘောထားတွေပါ။ ကျနော်ကတော့ ဒီမိုကရေစီကို ယုံကြည်တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီတော့ ပြိုင်ဆိုင်မှုစနစ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မှတ်ကျောက်တခုပဲ။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလို ပြိုင်ဆိုင်တာကိုတားတယ်။ မပြိုင်ပါနဲ့လို့ စိုးရိမ်တာကိုက ဒီမိုကရေစီ မဆန်ဘူးလို့ ယူဆတယ်။ ပြိုင်ရမယ်။ ဘယ်သူက ပြည်သူလူထုကို တကယ် ကိုယ်စားပြုသလဲ။ တကယ် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ ကျနော်တို့က ကာလတခု ဖြတ်သန်းပြီးမှ သိမှာ။ တိုင်းရင်းသားပါတီလို့ နံမည်ခံထားလို့လဲ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို တကယ် ကိုယ်စားပြုတဲ့ပါတီ၊ တကယ် ကိုယ်စားပြုတဲ့လူ ဖြစ်ချင်မှလဲဖြစ်မှာပေါ့။ NLD ပါတီကလဲ တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်ပြောပြီး တကယ့်လက်တွေမှာ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွား၊ တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေးရဖို့ဆိုတာကို ဖော်ဆောင်နိုင်တဲ့ ပါတီ ဖြစ်ချင်မှဖြစ်မှာပေါ့။ ဆိုလိုချင်တာက ယှဉ်ပြိုင်ပြီးတော့ လက်တွေ့လုပ်တဲ့ ဖြစ်စဉ်တခု ဖြတ်သန်းပြီးမှသာ ဒါကို သိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်တာကို ကျနော်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ စိုးရိမ်တာ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တိုင်းရင်းသားပါတီတွေက လိုလားကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားအရေးကိစ္စမှာ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ဦးရဲထွန်းပါတီရဲ့  ခံယူချက်နဲ့ တန်းတူရှိတယ်လို့ ယူဆပါလား။

ဦးရဲထွန်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ NLD ပါတီက အခု တိုင်းရင်းသားပါတီတွေ အာရုံစိုက်နေတဲ့ ကျနော်တို့နိုင်ငံကို ဖယ်ဒရယ်စနစ် ပီသအောင်၊ ဖယ်ဒရယ်စနစ်ပီပြင်အောင် ဖော်ဆောင်သွားဖို့ဆိုတဲ့ စိတ်ဝင်စားမှုမျိုး အားနည်းနေတာတော့ တွေ့ရတယ်။ သူတို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ပါတီ ပေါ်လစီတွေမှာ ချပြတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေမှာ မတွေ့ရဘူး။ အဲဒါကို ထောက်ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဆိုတာ ဘာ၊ ဖယ်ဒရယ်စနစ်ဆိုတာ ဘာဆိုတာကို သူတို့ နားလည်မှု အားနည်းတာ၊ စိတ်ဝင်စားမှု အားနည်းတာကို ကျနော် သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမနန်းခင်ထွေးမြင့် သဘောထားကို သိချင်ပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ် ရှိကြပါတယ်။ ဒေသခံပါတီတချို့ ပေါ့။ ဆရာမကိုယ်တိုင် တိုင်းရင်းသူကိုယ်စားလှယ် တယောက်ဖြစ်တယ်။ NLD မှာ လှုပ်ရှားနေတယ်ဆိုတော့ အဲဒီ တိုင်းရင်းသားတွေရဲ့  စိုရိမ်မှုကို ဆရာမအနေနဲ့ ဘယ်လို သဘောထားပါလဲ။ သူတို့ရဲ့  စိုးရိမ်မှုကို နားလည်နိုင်ပါလား။ ဘာလို့ ဖြစ်ကြတယ် ထင်ပါလဲ။

ဒေါ်နန်းခင်ထွေးမြင့် ။ ။ တိုင်းရင်းသားတွေကို ကျမ နားလည်ပေးနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နဂိုကတည်းက တိုင်းရင်းသားတွေရဲ့ အရေးကို စဉ်းစားလာတယ်။ စဉ်းစားလာတယ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တိုင်းရင်းသားတွေပေါ် ထားရှိတဲ့သဘောထားတွေကို ယုံကြည်လို့၊ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ ကျမတို့ခေါင်းဆောင်တွေရဲ့  သဘောထားကိုလည်း ယုံကြည်တယ်။ ဒီအတွက် ကျမ ပြောချင်တာကတော့ တိုင်းရင်းသားတွေအနေနဲ့ ဒီအတွက် စိုးရိမ်စရာမလိုဘူး။ ကျမက အထဲထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့ လူတယောက်အနေနဲ့ ဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့  ရွေးကောက်ပွဲ မဲအနိုင်အရှုံးအပြင် တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးဆန္ဒ ပြည့်ဝရေးကိစ္စကလည်း ဒီနေရာမှာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု တိုင်းရင်းသားတွေ တောင်းဆိုတာ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးကို ပြောနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့  ဆန္ဒအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သဘောထားက ဘယ်လို ရှိပါလဲ။

ဒေါ်နန်းခင်ထွေး ။ ။ အခုမှ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  Manifesto စ ရေးကတည်းက ကျမတို့ တိုင်းရင်းသားပြည်ထောင်စုစစ်စစ်မူ ဆိုပြီးတော့ ဖယ်ဒရယ်ကို ကျမတို့က ဟိုအရင်ကတည်းက ပြောခဲ့တယ်။ ဒီတိုင်းရင်းသားတွေ လိုအပ်တဲ့ ဖယ်ဒရယ်ကို တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ တောင်းဆိုထားတဲ့ဟာတွေက ဟိုအရင် မယ်သရောထမှာ လုပ်တဲ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းပြောင်းတင်းတင်း ထောက်ခံပြီးတော့ ဆွေးနွေးခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ခင်များ … ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စကတည်းက ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံထားတဲ့ ဖယ်ဒရယ်မူစစ်စစ်ဟာ တိုင်းရင်းသားတွေရဲ့  လိုအပ်ချက်နဲ့ ထပ်တူကျတယ်လို့ ပြောနိုင်ပါလား။

စိုင်းညွှန့်လွင် ။ ။ တကယ်လိုသာ သူတို့ ပြောသလို ဖယ်ဒရယ်စစ်စစ်မူကို လက်ခံခဲ့တယ်ဆိုရင် ကျနော်တို့ ကိုယ့်ဘာသာကိုယ်၊ တိုင်းရင်းသားပါတီတွေ ထူထောင်စရာ မလိုတော့ဘူး။ အဲဒီအထဲကို ကျနော်တို့ ခြေဆုန်ပစ် ဝင်သွားမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်အချက်ကို မေးခွန်းထုတ်လိုပါလဲ။ သူတို့ ဖယ်ဒရယ်စစ်စစ်မူဟာ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်။

စိုင်းညွှန့်လွင် ။ ။ အရှင်းဆုံး ပြောရရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ်ဆွေ အရင်းခေါက်ခေါက်တွေပါ။ အမြဲတမ်းလည်း ဆက်သွယ်နေကြတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆွေးနွေးထားတာ တခါမှ မရှိပါဘူး။ အပြည့်အစုံ ပြောရမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က Commitment ဖြစ်မယ့် ကိစ္စတွေမှာ ရှောင်လွှဲခဲ့တယ်။ တိုင်းရင်းသားတွေဘက်က ဖြစ်စေချင်တယ်။ Commitment တခုခု ရှိစေချင်တယ်။ ဒါပေမဲ့ အဲဒါ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်သွားတာ။ နောက်တချက် ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ ၉၀ ပြည့်နှစ်တုန်းနဲ့ မတူတဲ့အချက် တချက်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်နယ် (၇) ခုမှာ တိုင်းရင်းသားပါတီတွေဆိုတာ (၉၀) တုန်းကလို တခုစီ မဟုတ်တော့ဘဲ၊ အုပ်စု (၂) ခု ဝင်ပြီးပြိုင်နေသလို ဖြစ်နေတယ်။ အဲဒါကို ဦးကျော်ဇံသာ နားလည်မှာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ အုပ်စုတွေ ရှိတယ်။ ပါတီတခုတည်းကို ကိုယ်စားပြုပြီး ပြိုင်တဲ့ဟာ မဟုတ်တော့ဘဲ။ အဲဒီ လူမျိုးထဲမှာပဲ လူမျိုးထဲမှာပဲ ပါတီ (၂) ခုဖြစ်တယ်။ (၃) ခု ဖြစ်တယ်။ (၄) ခုဖြစ်တယ်။ အခု ၂၀၁၅ မှာ ဒါက ထူးခြားမှုဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအကဲခတ်တွေ တော်တော်များများက မဲတွေကွဲပြားသွားမှာကို စိုးရိမ်တယ်။ အဲဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်တွေမှာ ဝင်လိုက်ရင် မဲတွေကွဲပြားသွားမယ်။ အဲဒါကို စိတ်ပူကြတာပါ။ မဟာမိတ်အချင်းချင်းဆိုတော့ ညှိနှိုင်းသင့်တယ်။ အဲဒီ အယူအဆတွေနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ အရိုးသားဆုံ ပြောရရင်တော့ မဲဆန္ဒနယ်မြေတွေ ပတ်သက်လို့ အသေးစိတ် ဘာမှ မဆွေးနွေးနိုင်ကြဘူး။ အဲဒီအတွက်တော့ အခက်အခဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းတို့ရဲ့  NLD ပါတီအပေါ် ဦးရဲထွန်းရဲ့  တဦးတည်းအမြင်ကို ကျနော် တန်းဖိုးထားပါတယ်။ ဒါပေမဲ့ ပါတီအနေနဲ့ အမြင်ကို အမတ်တယောက်အနေနဲ့ ဘယ်လောက် သိပါလဲ။ NLD တိုင်းရင်းသားအရေးအပေါ် ဦးရဲထွန်းတို့ရဲ့  ကျားဖြူပါတီရဲ့  သဘောထား။

ဦးရဲထွန်း ။ ။ ကျနော်တို့ တိုင်းရင်းသားအရေးကိစ္စနဲ့ ကျနော်တို့ပါတီရဲ့  သဘောထားကတော့ ဖယ်ဒရယ်စနစ်ကို သွားဖို့ပါပဲ။ ဖယ်ဒရယ်စနစ်ကို သွားဖို့ရာ ကျနော်တို့က ယခုလက်ရှိ ပြည်နယ် (၇) ခုနဲ့ တိုင်းဒေသကြီး (၇) ခု (၁၄) ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုင်းခြားထားတဲ့အတိုင်းကို ကျနော်တို့က လက်ခံတယ်။ သို့သော် အဲဒီ ပြည်နယ်နဲ့တိုင်းဒေသကြီးကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေကို ဖယ်ဒရယ်စနစ်တခု ပီပီပြင်ပြင်ဖြစ်အောင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အနေအထားမျိုးအထိရောက်အောင် တိုးချဲ့ ပေးသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထားပါတယ်။ အဲဒီတော့ SNLD လို့ခေါ်တဲ့ ကျားခေါင်းပါတီနဲ့ ကွဲလွဲတာကတော့ သူတို့က ပြည်နယ် (၈) ပြည်နယ်။ ဗမာက တိုင်းဒေသကြီး (၇) ခုကို ပေါင်းပြီးတော့ ပြည်နယ် (၁) ခုအနေနဲ့  (၈) ပြည်နယ်။ လူမျိုးအလိုက် ပြည်နယ် (၈) ခုကို သူတို့က အသိအမှတ်ပြုတယ်။ ဖယ်ဒရယ်စနစ်ကို သွားကြတာတော့ အတူတူပါပဲ။ ကွဲပြားခြားနားတာကတော့ (၁၄) ပြည်နယ်လား။ (၈) ပြည်နယ်လား ကိစ္စမှာလား ကွဲပြားခြားနားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရဲ့  သဘောထားကို ဒီကိစ္စ ဖယ်ဒရယ် ဘယ်နှစ်ခု ပါဝင်မယ်ဆိုပြီးတော့ သဘောထားရှိပါလဲ။

ဦးရဲထွန်း ။ ။ NLD က ဖယ်ဒရယ်စနစ်သွားဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူတို့ ချမှတ်ထားတာ ရှိကောင်းရှိမယ်။ သို့သော် လောလောဆယ်အားဖြင့် မကြာခဏ သူတို့ ပြောနေတာက (၄၃၆) ပြင်ဆင်ရေးနဲ့ (၅၉(စ) ပြင်ဆင်ရေးကိစ္စမှာ အာရုံစိုက်နေတဲ့အတွက် ဒီဟာနဲ့ ပတ်သက်လို့ သူတို့ ပေါ်လစီ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တော့ ထပ်ခါတလဲလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့  ဒီနေ့ ပထမဦးဆုံး ဖြေရှင်းရမယ့် ပြဿနာအဖြစ်နဲ့ ရှေ့ တန်းမတင်ထားဘူးဆိုတာကို သတိထားမိပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင် ၆ ဦးကို ရန်ကုန်တိုင်း ဒဂုံမြို့နယ်တရားရုံးက မေလ ၁၅ ရက်နေ့ က ထောင်ဒဏ်တွေချမှတ်လိုက်စဉ် Photo: Thiha Tun/RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ကျည်ဆန်ထိမှန်သေဆုံးခဲ့ တဲ့ တောင်သူ ဒေါ်ခင်ဝင်းအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြလို့ ထောင်ဒဏ် ၄ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုနေမျိုးဇင်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကလေးတွေကို လွတ်လပ်ရေးကြေညာစာတမ်း ဖတ်ပြခဲ့တဲ့ လုပ်ရပ်အတွက် နောက်ထပ် တရားစွဲဆိုပြီး မနေ့က ရုံးထုတ်ခဲ့ပါတယ်။

သူ့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့တရားစွဲခဲ့ကြောင်း ကိုနေမျိုးဇင်က ကျောက်တံတား မြို့နယ် တရားရုံးရှေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။

"အခုစွဲတဲ့ပုဒ်မကိုကြည့် မဟာဗန္ဓုလပန်းခြံထဲ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ လွတ်လပ်ရေးဗိသုကာကြီးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နောင်လာနောင်သား မြန်မာနိုင်ငံသား သားစဉ်မြေးဆက်အဆက်ဆက် လိုက်နာဖို့ ကျင့်သုံးဖို့ မွန်မြတ်တဲ့သူတို့ရဲ့ သန္နိဋ္ဌာန်တွေ မျှော်မှန်းထားချက်တွေကို ကျောက်စာအဖြစ်ထွင်း ပြီးတော့ ပြည်သူလူထုဖတ်ဖို့ ထားထားခဲ့တာ၊ ဒါကိုကျနော်က နောင်လာနောင်သား ကလေးလူငယ်တွေ သိအောင် ကလေးတွေခေါ်ပြီး သွားဖတ်ပြတယ်၊ ဒါကို ခွင့်ပြုချက်မရှိပဲ ဖတ်တယ်ဆိုတဲ့အမှုနဲ့ တရားစွဲ ပြီး ဟောဒီသံခြေချင်းကြီနဲ့ ရုံးထုတ်လာတယ်"

အလားတူ ဒေါ်နော်အုန်းလှကိုလည်း တရုတ်သံရုံးရှေ့ဆန္ဒပြလို့ ထောင် ၄ နှစ်ကျော် ချမှတ်ထားတဲ့အပြင် မနှစ်က သြဂုတ်လမှာ ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အဖြစ် စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ပုဒ်မ (၁၈) နဲ့ မြို့နယ်တော်တော်များများက တရားစွဲထားလို့ မနေ့က ကျောက်တံတား ရဲစခန်းကို ထွက်ခဲ့ရပါတယ်။ သူ့ကိုစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ ဒေါ်နော်အုန်းလှကလည်း ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာ အခုလိုပြောပါတယ်။

"၁၅ ရက်နေ့က ဒဂုံကချလိုက်တယ်၊ ချလိုက်တဲ့အပေါ်မှာ ထပ်ပြီးတော့ ဒီဟာပုဒ်မ ၁၈ နဲ့စွဲတယ်၊ ဖြစ်စဉ် တစ်ခုတည်းကို တကယ်တမ်းကျရင် ဒီမြို့နယ်ဖြတ်တဲ့အတွက်ခရိုင်ဆိုလည်း ခရိုင်ကနေစွဲလို့ရတယ်၊ မြို့နယ် တစ်ခုချင်း တစ်ခုချင်း တရားစွဲတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ ကျမတို့ကို ရုံးထုတ်တယ်၊ ဒီလိုမျိုးတွေဖြစ် လာအောင် လုပ်တဲ့အခါကျတော့ စိတ်ဖိစီးမှုဖြစ်သလိုဖြစ်လာတယ်၊ ကျမတို့မှာ တစ်ခုမှနိုင်ငံတော် ပြည်သူ အပေါ်ကိုလည်း ဘာမှအမှားမလုပ်ခဲ့ဘူး၊ လုပ်တဲ့လူတွေက မလုပ်တဲ့လူတွေကို ဒါအနိုင်ကျင့်တယ်ခေါ်တာ၊ ကျမတို့ နောက်ထပ်ရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ်၊ ကျမတို့ပြီးခဲ့တဲ့ ၂ဝ၁၄ ရှစ်လေးလုံးနေ့ နှစ် ပတ်လည်လမ်းလျှောက်တာနဲ့ အခုကျမတို့ကိုလာပြီးတော့ စစ်ချက်ယူတယ်ပေါ့"

ဒေါ်နော်အုန်းလှကို အရင်စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အင်္ဂါနေ့ဆုတောင်း ပွဲတွေ လုပ်ခဲ့တဲ့ကိစ္စအတွက်လည်း အမှုတွေထပ် တပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမိုကရေစီပညာရေး တောင်းဆိုခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အရှေ့ပိုင်း ခရိုင်က ကျောင်းသူ မပိုပိုနဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အစိုးရကပြောနေသလို၊ အလုပ်သမားရေး လယ်သမားရေး နိုင်ငံ့အရေးတွေအတွက် တက်ကြွလှုပ်ရှားသူတွေ၊ တောင်းဆိုဆန္ဒပြသူတွေကိုလည်း တရားစွဲ ထောင်ချတာတွေ ပိုပြီးတွေ့မြင်လာနေရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကျောင်းသားတွေကို လက်နှစ်ဖက်လုံး လက်ထိတ်ခတ်ပြီး တရားရုံးထုတ်လာတဲ့ ပုံစံဟာ ရဲလက်စွဲကျမ်းနဲ့ မကိုက်ညီဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ညီမျှခြင်း (မြန်မာ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီဗွီဘီကိုပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေ ၂၆ ရက်နေ့က တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ ထွက်ပြေးမယ့်သူတွေ မဟုတ်သလို ခုခံဖို့အစီအစဉ်မရှိတဲ့ ကမ္ဘာကျော်ကျောင်းသား တွေဖြစ်တာကြောင့် သူတို့ရဲ့ဂုဏ်သိက္ခာကို ငဲ့ညာသင့်တယ်လို့ ပြောပါတယ်။

အဲဒီလို လက်နှစ်ဖက်လုံးကို လက်ထိတ်ခတ်ပြီး ခေါ်ဆောင်လာတာဟာ လိုအပ်တာထက်ပိုပြီး အရေးယူရာ ရောက်နေတယ်လို့ ဆိုပါတယ်။


လက်နှစ်ဖက်ကို လက်ထိတ်ခတ်တာက အင်မတန်ဆိုးသွမ်းတဲ့ လူသတ်မှု၊ မုဒိန်းမှုတို့လိုမျိုး ဆိုးသွမ်းကြမ်းတမ်းတဲ့ တရားခံမျိုးကိုပဲ လုပ်လေ့ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေနဲ့ဝန်းရံသူတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no