05/30/15

ဖွဲ့စည်းပုံပြင်ရေး ခါခါဆွေးနွေး
အတွေးမှန်မှန် မနှေးအမြန်
အကြွေးပါမကျန်အောင် အမှောင်ကိုကျော်
အကောင်ထည်ဖေါ်နိုင်ခဲ့ပါလျှင်
အမှားမြင် ပြင်ရဲတဲ့သတ္တိကံ
ဂုဏ်ပြုမိမှာ အမှန်ဧကန်…။

ဒီလိုမှမဟုတ် အကြံဖန်လုပ်
ဇာတ်ထုပ်ဟောင်း ပြန်ပြောင်းကမယ်ဆိုရင်
အကြောင်းမထူး ပြောင်းဖူးသာတစ်ခါ
ထပ်မံစားရပေအုံးမှာ ဒီတခါလွဲချော်
ပဲလှော်တွေ လာကျွေးလည်း
အမှန်ပမနှေး ဆလံသပေးရပါတော့မည်
အယုံကြည်အခါခါမဲ့ အညာတွေအလီလီနဲ့
ဝစီကံအပုပ်ထွက်နေရင် အဟုတ်အမှန်လာလဲ
လုပ်ကြံတာပါပဲလို့ မှတ်ယူစွဲသွားရပါတော့မယ်…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၉ ၁၅)

ဒီသတင်းသာ ဖတ်ပါတော့ဗျာ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ နိုင်ငံရေးပါတီ ၁၉ ခုက ခေါင်းဆောင်တွေ မေ ၂၉ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဆင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။
မေ ၂၉ ရက် မနက်က သူရဦးရွှေမန်းနဲ့ လွှတ်တော်တွင်းက နိုင်ငံရေးပါတီ ၁၉ ခု တွေ့ဆုံပွဲမှာ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မတွေ ပြင်ဆင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိမ်းဆွေက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံပါ ဇယား ၁၊ ၂၊ ၃ နဲ့ ၅ ကို အဓိကပြင်ဆင်ဖို့ လွှတ်တော်ကို တင်ပြထားပြီးဖြစ်သလို ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)လည်း ပါနိုင်တယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ထပ်လုပ်ဖို့ နှောင့်နှေးနေလို့ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်တွင်းကနေ ပြင်ဆင်သွားဖို့ အားလုံး ညှိနှိုင်းခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ ပြည်မပါတီတွေ အားလုံးပူးပေါင်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
နိုင်ငံရဲ့ လက်ရှိအနေအထားအရ အရေးကြီးတဲ့အချိန်ဖြစ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့တာတွေကို အချိန်မဆိုင်းဘဲ လက်တွေ့ဆောင်ရွက်သွားဖို့ လိုတယ်လို့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန်ကလည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူမှာ ၎င်း၏စာပေဟောပြောပွဲနှင့် အခြားသောခရီးစဉ် များအတွင်း စောင့်ကြည့်ခံရမှုများ များလာသည့်အတွက် ၂၀၁၅ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်၍ ရွေး ကောက် ပွဲဝင်လျှင် ကောင်းမည်လောဟု တွေးတောနေကြောင်း မတ်လ ၂၈ရက်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ် ဘုတ်တွင် ရေးသားထားသည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရန်အတွက် တွေးတောမိခြင်းနှင့်ပတ်သက်၍ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်တွင် –

““စိတ်တိုလာပြီနော် …။ (ရွေးကောက်ပွဲ ၀င်ပစ်လိုက်ရတော့ မလားဟေ့)၊ အခုပဲ မကွေးမြို့ရောက်လို့ တာရာ လင်းမှာ ထမင်းဝင်စားပါတယ်။ ကျွန်တော်တို့ ပခုက္ကူဟောပြောပွဲကိုပါလာတဲ့ ပြည်မြို့က မိုးမေတ္တာနာကူ အတွင်းရေးမှူး ညီညီအောင်ဆီကို အောင်လံမြို့က နာရေးအသင်းက ဖုန်းဝင်လာတယ်။ သူတို့ဆီ ၀င် ဦးမှာ လားတဲ့။ ဒါနဲ့ ကျွန်တော်တို့ ဒီဘက်လမ်းက သွားတာကို ဘယ်သူပြောလို့သိ တာလဲဆိုတော့ ရဲစခန်းက မေးလို့ ပါတဲ့။ လမ်းတစ်လျှောက် ဂိတ်တွေကလည်း အရိပ်တကြည့်ကြည့်နဲ့ဗျာ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မုံရွာ အပြန် ကားကို ဆိုင်ကယ်နဲ့လိုက်တားပြီး အမေးခံရသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာလေ အသွားကျပ်၊ အစားကျပ်၊ အနေကျပ်၊ အအိပ်ကျပ်၊ အပြောကျပ်၊ အရေးကျပ်ဖြစ် နေရတဲ့ ကျွန်တော့်ဘ၀။ ဒီလောက်ဖြစ်နေ လှတာ မထူးဘူးကွာ။ တစ်သီးပုဂ္ဂလပဲ ဖြစ်ဖြစ်၊ ဒီပြင့်ပါတီမှာပဲဖြစ်ဖြစ် ၀င်အရွေးခံလိုက်ရင် ကောင်းမလားလို့။…

မှတ်ချက်- လွှတ်တော်အမတ်များ ဖြစ်သွားခဲ့ရင် မသာကော ချခွင့်ရပါ့မလား၊ ရုပ်ရှင်ကော ရိုက်ခွင့်ရပါ့မလား ၊ စဉ်းစားဦးမယ်။ စိတ်တိုအောင်တော့ မလုပ်ကြပါနဲ့ဗျာ။ ဒါပဲ…”” (ကျော်သူ)”” ဟု ရေးသားထားခြင်း ဖြစ်သည်။

ယင်းရေးသားချက်နှင့်ပတ်သက်၍ ပို့စ်တင်ပြီး ၃ နာရီခန့်အတွင်း ၊like ပေးထားသူပေါင်း ၁၄၀၀ ကျော်ရှိကာ comment ပေးထားသူပေါင်း ၈၀ ခန့်အထိရှိခဲ့သည်။ ယင်းပို့စ်နှင့်ပတ်သက်၍ပေးထားသော comment များ ထဲတွင် ရွေးကောက်ပွဲဝင်ရန်အတွက် ထောက်ခံကြောင်းနှင့် မဲပေးမည်ဖြစ်ကြောင်း ရေးသားထားသူများပြားကာ အချို့ကမူ ““သမ္မတဖြစ်စေချင်တယ်။ ဒါပေမဲ့ စစ်ရေးအမြင်ရှိရမယ်ဆိုတော့ ဖွဲ့စည်းပုံပြင်မှရမယ်””၊ ““အရောင် တွေ များပြီး အရမ်းရှုပ်ထွေးလို့ မ၀င်စေချင်ပါဘူးရှင်။ အခုလို ဖြူစင်ပြီး အေးချမ်းနေတာလေး ကပဲ ကောင်းမလား လို့ပါ ဦးမောင်”” ဟု ရေးသားထားကြသည်။

““ဒီရက်ပိုင်းက ပိုဆိုးလာတယ်။ နောက်ကလိုက် ကားကိုတား၊ သတင်းရလို့ဆိုပြီး လုပ်ချင်သလိုတွေလုပ်၊ အခု လည်း အောင်လံရောက်တော့ သင်္ချိုင်းကုန်းဝင်တော့ သင်္ချိုင်းကုန်းအထိ လိုက်တယ်။ ဘုရားသွားလည်း ဘုရား။ ကျွန်တော့်ကို ဖိအားပေးနေတော့ ကျွန်တော်လည်း စိတ်ကပေါက်လာတာပေါ့။ အဲဒီလောက်တောင်ဖြစ်နေရင် လုပ်လိုက်ရင်ကောင်းမလားဆိုပြီး ကိုယ့်ဟာကိုယ် လျှောက်ရေး လိုက်တာ။ ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူး””ဟု မေလ ၂၈ရက် ညနေ ၅နာရီ ၁၅မိနစ်ခန့်တွင် ဦးကျော်သူက မြန်မာသံတော်ဆင့်သို့ပြော သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

အရှေ့တောင်အာရှနိုင်ငံတွေမှာ လတ်တလောကြုံတွေ့နေရတဲ့ လှေစီးဒုက္ခသည်ပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်း ကိုရွေးပြီး လက်ညှိုးထိုးပြစ်တင်ပြောဆိုခြင်း မပြုကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ရွှေ့ပြောင်း သူတွေအရေး နိုင်ငံတကာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က သတိပေးပြောကြားလိုက် ပါတယ်။

လှေစီးဒုက္ခသည်ပြဿနာ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေပါဝင်တဲ့ ၁၇ နိုင်ငံအစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်လင်းက အခုလို ပြောကြားခဲ့တာပါ။

“အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတိုင်းမှာ စိန်ခေါ်မှုအခက်အခဲတွေရှိပြီး၊ တချို့အခက်အခဲတွေဟာ နိုင်ငံတွင်း ကိစ္စဖြစ်ကြောင်း၊ လက်ညှိုးထိုးအပြစ်တင်ပုံချပြောဆို တာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ကြောင်း၊ လှေစီး ဒုက္ခသည်ပြဿနာအကြောင်းရင်းဇစ်မြစ်ဟာ လူမှောင်ခိုကြောင့်ဖြစ်ကြောင်း” ဦးထင်လင်းက ပြောသွားခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို IOM နိုင်ငံတကာရွှေ့ပြောင်းသူများကူညီရေးအဖွဲ့၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို မသုံးစွဲဖို့ မြန်မာက ကြိုတင်ပြောဆိုထားတဲ့အတိုင်း၊ ဆွေးနွေးသူတွေ က အဲဒီအမည်ကို ရှောင်ရှားခဲ့ကြကြောင်း သတင်း တွေမှာဖေါ်ပြကြပါတယ်။

ဆွေးနွေးပွဲမှာ လှေစီးဒုက္ခသည်ပြသနာရဲ့အရင်းအမြစ်တွေကို ရှာဖွေဖို့၊ မြန်မာနိုင်ငံ အနေနဲ့ UNHCR ၊ IOM စတဲ့အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ စတဲ့ အချက်တွေ သဘောတူညီခဲ့ကြပါတယ်။

တက်ရောက်လာသူအများကပြောဆိုတိုက်တွန်းနေကြတဲ့ လှေစီး ဒုက္ခသည် ပြသနာရဲ့အရင်းအမြစ်ကိစ္စနဲ့ပတ်သက် ပြီး ဖြေရှင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ သောကြာနေ့ ဆွေးနွေး ပွဲကနေ အဓိကကျ တဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေ ထွက်ပေါ်မလာသေးဘဲ၊ သဘောတူညီချက်တွေဟာ လည်း အကြမ်းသဘောသာဖြစ်ပြီး နောက်ထပ် ဆက်လက် ဆွေးနွေးပြောဆိုကြရဦး မှာဖြစ်ကြောင်း၊ AP သတင်း ကဖေါ်ပြပါတယ်။

ဒီအတွင်း ပင်လယ်ပြင်မှာ ကျန်ရှိနေဦးမယ့် ဒုက္ခသည်တွေကို ရှာဖွေ ကယ်ဆယ်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ရှာဖွေရေးလေယာဉ်တွေ စေလွှတ် မှာဖြစ်ပြီး၊ အဲဒီအတွက် ထိုင်းနိုင်ငံမှာ ယာယီ လေတပ်စခန်းတစ်ခု ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM က အမေရိကန်ဒေါ်လာ၂၇ သန်း တောင်းဆိုထားရာမှာ အမေရိ ကန်ပြည်ထောင်စုက ဒေါ်လာ ၃ သန်း၊ သြစတြေးလျက ဒေါ်လာ ၅ သန်း ထည့်ဝင်မယ်လို့ သိရပါတယ်။ ဂျပန်ကလည်း ထည့်ဝင်ကူညီမယ်လို့ ပြောပါတယ်။

RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ သဘောထားမတူတာကြောင့် နှုတ်ထွက်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် ပါတီအနေနဲ့ ပြိုကွဲမှာ မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိမ်းဆွေက ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုအခြေအနေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတွင်းအကွဲအပြဲတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်တာကို ဦးသိမ်းဆွေက အခုလို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အာဏာရပါတီရော အတိုက်အခံပါတီရော ကွဲကြတဲ့တဲ့အတွက် အဲ့ဒီကွဲပုံမူတည်ပြီးမှ ကျနော်တို့ရဲ့ ပြည်တွင်းသောင်းကျန်းမှုတွေလည်း ပယ်ချခံထားရတာဖြစ်တဲ့အတွက် ကျနော်တို့ပါတီကိုတော့ မည်သည့်နည်းနဲ့မျှ အကွဲအပျက်မခံနိုင်ပါဘူး၊ သို့ရာတွင် ဒီမိုကရေစီသဘောထားအရ အဘက်ဘက်ကလည်းရှိနိုင်တယ်၊ ကျနော်တို့ သူ့သဘောထားနဲ့ မကိုက်ညီတာတွေ ကိုယ်ကျိုးစီးပွားနဲ့ နှိုင်းယှဉ်တာတွေရှိတာမျိုးတော့ ပါတီကတချို့ပုဂ္ဂိုလ်တွေ တချို့အပိုင်းတွေ ဒါသဘောထား မတိုက်ဆိုင်တဲ့လူကိုတော့ ပယ်ကောင်းပယ်သွားနိုင်ပါတယ်၊ ကျနော်တို့ပါတီ ကွဲစရာ အကြောင်းမရှိပါဘူး၊ ကွဲဖို့လည်း အစီအစဉ်မရှိပါဘူး၊ မကွဲနိုင်အောင်လည်း အားလုံးက တာဝန်ရှိတဲ့လူများက ကြိုးပမ်းပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်လျှက်လည်း ရှိပါတယ်ဆိုတာကို ကျနော်တို့ ရှင်းလင်းတင်ပြတာပါ"

ဒါ့အပြင် လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တပ်မတော်အရာရှိ ၁ဝဝ လောက်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

မနက်ဖြန်မှာစတင်ကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပါတီကလျာထားမယ့် သမ္မတလောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/usdp-leaders-defend-no-disintegration-party-05292015123933.html

အရှေ့တောင်အာရှဒေသက ပင်လယ်ထဲမှာ လှေတွေနဲ့မျောနေတယ်လို့ ယုံကြည်ကြတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း ၀င်ရောက်သူတွေအတွက် စားရေရိက္ခာနဲ့ ဆေးဝါးပစ္စည်းကိရိယာတွေကို ထိုင်းစစ်သင်္ဘောတစင်းနဲ့ တင်ဆောင် သွားဖို့ သောကြာ နေ့မှာ ထိုင်းရေတပ် တာဝန်ရှိသူတွေ ပြင်ဆင်ကြပါတယ်။

လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ဒီလအတွင်း နှိမ်နင်းဖြိုခွဲချိန် ကစလို့ ရွှေ့ပြောင်းဝင်ရောက်သူ ၄၀၀၀ ကျော်ဟာ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ မှာ ရောက်နေကြ ပါတယ်။ နောက်ထပ် လူ ၂၀၀၀ လောက်ဟာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ စက်လှေတွေနဲ့ မျောနေဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Ang Thong လို့ခေါ်တဲ့ ထိုင်းရေတပ်စစ်သင်္ဘောဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ကမ်းလွန်အခြေစိုက်စခန်းတခု သဖွယ် လုပ်ဆောင် သွားမှာပါ။ ရေဘူး ၁၀၀၀၀၊ အသင့်စားခေါက်ဆွဲခြောက် အထုတ် ၁၀၀၀၀ လောက်နဲ့ ငါးသေတ္တာဗူး ၅၀၀၀ လောက်ကို ထိုင်းတာဝန်ရှိသူတွေက အဲဒီသင်္ဘောပေါ်တင်ကြတာပါ။ အဲဒီအကူအညီအရေအတွက်ဟာ လူ ၅၀၀ လောက် အတွက် ခုနစ်ရက်စာ လုံလောက်နိုင်တယ်လို့ ထိုင်းရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

Ang Thong သင်္ဘောဟာ ထိုင်း ရေပြင်ပိုင်နက်တလျှောက် မောင်းနှင်ပြီး ပင်လယ်ထဲမှာရှိနေနိုင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရဟတ်ယာဉ်တွေ သုံးပြီးတော့ ရှာဖွေမှာပါ။ ဒါပေမဲ့လည်း ထိုင်းရေပိုင်နက်ထဲမှာ ရွှေ့ပြောင်း ၀င်ရောက်သူတွေကို ရှာတွေ့ဖို့ အလားအလာကတော့ နည်းသွားပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာကို နေရပ်ရင်းပြန်ပို့ဖို့လုပ်ငန်းစဉ် ကို ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းတာဝန်ရှိသူ တဦးက သောကြာနေ့ မှာ ပြောပါတယ်။

ဒေသတွင်း ရွှေ့ပြောင်းဝင်ရောက်သူဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ညီလာခံတခုအတွင်း ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်က အဲဒီလိုပြောသွားတာပါ။

VOA
http://burmese.voanews.com/content/asia-migrants-thailand-ship-asia-migrants-thailand/2799227.html


The Lady ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင် မင်းသမီး မီရှဲယို ဟာ ဒီနေ့ မေလ ၃၀ ရက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းရဲ့ အခမဲ့ပညာရေး သင်ကြားမှုများအား သွားရောက်လေ့လာမှု မြင်ကွင်း။
======================================================
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
DVB

၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာရှင်းလင်းပွဲကို နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်စဉ်
Photo: Myo Thant Khaing/ RFA

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၅ သန်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကနေရရှိလာတဲ့ လူဦးရေစာရင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ အကျိုးရှိမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဓိကထားတယ်၊ ပညာရေးပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစဉ်တွေများ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါတယ်၊ လူဦးရေစာရင်းများ အဓိကအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများမှကနေတဆင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ပြည်ထောင်စုကို တည်ဆောက်လို့ရပါတယ်"

ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူ ထားတာဖြစ်ပြီး အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၂ သန်းနီးပါး ပိုများပါတယ်။

လက်ရှိထုတ်ပြန်ချက်ဟာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်ဒေသအချို့က ခန့်မှန်းလူဦးရေ ၁ သန်းကျော်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်သူဟာ လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ၃၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။


zeid-raad-al-hussein-620.jpg
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Zeid Ra'ad Al Hussein ပုံ
Photo: UN Photo

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေတွေနဲ့  ပတ်သက်ပြီး တံခါးပိတ် စည်းဝေးပွဲတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီ စည်းဝေးပွဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဆိုးရွားလှတဲ့အခြေအနေတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Zeid Ra'ad Al Hussein က လုံခြုံရေးကောင်စီဝင်တွေကို တင်ပြခဲ့တယ်လို့ အမည်မဖေါ်လိုသူ အတွင်းသိ သံအရာရှိတွေက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ မတရားလုပ်ရပ်တွေကြောင့် ပင်လယ်ပြင်မှာ ရာနဲ့ချီပြီး သေဆုံးနေကြရတယ်၊ ပြဿနာအရင်းအမြစ်ကို ဖွေရှာပြီး တစ်ခုခုအရေးယူဆောင်ရွက်ပေးဖို့လိုနေပြီလို့ ညွှန်ကြားရေးမှူးချုပ် Al Hussein က ပြောသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Powers ကလည်း လုံခြုံရေးကောင်စီမှာ ဒီကိစ္စဟာ ပထမဆုံးအကြိမ် သမိုင်းဝင်သွားတယ်လို့ သူ့ရဲ့တွစ်တာ လူမှုစာမျက်နှာမှာ ရေးသားဖေါ်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေကို ဒီကောင်စီမှာ တင်ပြဆွေးနွေးရမှာမဟုတ်ဘဲ ဆွစ်ဇာလန်နိုင်ငံက ကုလ - လူ့အခွင့်အရေးကောင်စီမှာ တင်ပြရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ တရုတ်ကိုယ်စားလှယ်ကတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်၊ ဒါပေမဲ့ ဒီပြဿနာအတွက် စိတ်မအေးဘူးလို့ ပြောသွားပါတယ်။

တခြားသံအရာရှိတစ်ဦးကလည်း အခုစည်းဝေးပွဲကနေရလဒ် အဖြေတစ်ခုခုထွက်လာဖို့ မျှော်လင့်မထားဘူးလို့ ပြောပါတယ်။

RFA



ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမလုပ်ရဲသော ၂၀၀၈ဥပဒေတဲ့

ဒဂုံမြို့နယ်မှလက်ပံတောင်အရေးတရုတ်သံရုံးရှေ့ ဆန္ဒပြ သူများအားထောင် ၄နှစ် ၄လချပြီးသော်လည်း တချို့ကိုဒီနေ့ အလုံမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ဖြင့်
ကိုနေမျိုးဇင် ဒေါ်နော်အုံးလှ ကိုတင်ထွဋ်ပိုင် ကိုသန်းဆွေ ကိုဘမြင့် တို့ကိုရုံးထုတ်စစ်ဆေးပါတယ်

Photo. Ye Yint Naing


အိန္ဒိယ အပူလှိုင်း ကျရောက်။ (မေ ၂၅၊ ၂၀၁၅)

အိန္ဒိယနိုင်ငံမှာ အပူဒဏ်ကြောင့် သေဆုံးသူပေါင်းဟာ လူပေါင်း ၁၈၀၀ ကျော် သွားပြီ ဖြစ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ပဲ ပြောဆို လိုက်ပါတယ်။ ပြင်းထန်လှတဲ့ အပူဒဏ်ကြောင့် သေဆုံးကြရသူ အများစုကတော့ နိုင်ငံတောင်ပိုင်းက Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာ ဖြစ်ကြပါတယ်။

အပူလျှပ်တဲ့ဒဏ်ကို ဆင်းရဲသားတွေနဲ့ အိုးမဲ့အိမ်မဲ့တွေ ပိုခံကြရပြီး ဒီလူတွေ ဟာ ဆေးရုံတွေ မှာ သေကြတာမျိုး မဟုတ်တဲ့အတွက်၊ လက်တွေ့မှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်တောင် ပိုများနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုနေကြတာပါ။ အိန္ဒိယ အာဏာပိုင်တွေကတော့ လူတွေ အရိပ်ထဲမှာ နေကြဖို့၊ ခေါင်းမှာ တခုခုဆောင်း ထားကြဖို့နဲ့ ရေများများ သောက်ကြ ဖို့လည်း နှိုးဆော်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ အပူချိန်ဟာ ၄၃ degree Celsius ကျော် တ၀ိုက်မှာ ရှိနေတာ သီတင်းတပတ်လောက် ရှိနေပါပြီ။ နေရာတော်တော်များများမှာ အပူချိန်ဟာ စံချိန်ချိုးလောက်အောင် မြင့်တက်ခဲ့တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနှံ့ ရေပြတ်လပ်မှုနဲ့ သီးနှံတွေ အပူလောင်တဲ့ဒဏ် ခံနေရတယ်လို့လည်း လူတွေက ပြောနေကြပါတယ်။ နယူးဒေလီမြို့တော်မှာတော့ လေအေးစက်တွေ ဖွင့်ကြတဲ့အတွက် လျှပ်စစ်မီး သုံးစွဲမှုတွေ ပိုများလာရာက၊ မီးပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး လူပေါင်းထောင်နဲ့ချီ လျှပ်စစ်မီးမရပဲ ဖြစ်နေရပါတယ်။

မကြာခင် ရက်တွေအတွင်းမှာတော့ အပူဒဏ် အပြင်းထန်ဆုံး ခံနေရတဲ့ နိုင်ငံတောင်ပိုင်းမှာ မုတ်သုံရာသီမိုး ၀င်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး၊ နောက်ပိုင်း တနိုင်ငံလုံးမှာ ဆက်လက်မိုးရွာသွန်းမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/indian-heat-wave-death-toll-passes/2797338.html


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေး အစည်းအဝေးမှာ ၁၇ နိုင်ငံနဲ့ ယူအဲန်အိခ်ျစီအာ၊ ယူအဲန်အိုဒီစီနဲ့ အိုင်အိုအမ်က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။

ထိုင်း ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပတီမားပရာ့ကောင်း က အခုအစည်းအဝေးဟာ ပြစ်တင်ဝေဖန်တဲ့ အစည်းအဝေး မဟုတ်ဘဲ လှေစီး ဒုက္ခသည်တွေ ပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ၊ စုပေါင်းတာဝန်ယူ ဖြေရှင်းရေးကို ရှေးရှုဖို့ ဖြစ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ပင်လယ်ပြင်မှာ ရောက်နေသူပေါင်းဟာ ၃၀၀၀ ကနေ ၉၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး အဲဒီသူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေရှည် ဖြေရှင်းနည်းတွေကိုပါ ဆွေးနွေးအဖြေရှာသွားဖို့ လိုပြီး အခုအစည်းအဝေးမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝ မသုံးဖို့ သတိပေး ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးအတွက် အမေရိကန် လေယာဉ်နဲ့ ထိုင်းပင်လယ်ပြင်မှာ ပျံသန်းရှာဖွေဖို့ ဒီကနေ့က စပြီး ခွင့်ပြုလိုက်ပြီလို့လည်း ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ်က အခိုင်အမာ ပြောကြားသွားပါတယ်။

အခုအစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်း ဦးဆောင်တဲ့ အဖွဲ့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီလှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာရေတပ်က ဒီကနေ့မနက် ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး  ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်ရဲ့ ဒီဗွီဘီကို ပြောကြားချက်။

“၇၂၇ ယောက် ၀င်တယ်။  ကနေ့ မနက် ၆ နာရီခွဲမှာပါ။ သူတို့ကို ပြန်ပြီး နည်းနည်း စစ်ဆေးကြည့်တော့ သူတို့က မတ်လလောက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျနော်တို့ ဘူးသီးတောင် မောင်းတောပေါ့နော်။ အဲဒီကနေ စိစစ်ဆဲ ဘင်္ဂါလီတွေ တင်ထားတဲ့ စက်လှေ ၃ စီးပေါ့။ သူကတော့ ထိုင်းနိုင်ငံက တဆင့် မလေးရှားကိုသွားဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ပင်လယ်ပြင်ကြားမှာ သူတို့က စတင်ပြီးတော့ ထွက်ခွာတာပေါ့နော်။ ဧပြီလ ဆန်းလောက်မှာ ထိုင်းပင်လယ်ပြင် ရောက်တယ်။ အဲမှာ မလေးရှားကနေပြီးတော့မှ လာရောက်ခေါ်ဆောင်မယ့် စက်လှေစောင့်ဆိုင်းရာ ၄၅ ရက်တောင်ကြာတယ်လို့ ပြောတယ်။ ကြာတော့ လာမခေါ်တဲ့ အတွက် သူတို့ မူလနေရာကို ထွက်ခွာတာ လွန်ခဲ့တဲ့ ၁၀ လောက်က ထိုင်းပင်လယ်ပြင်ကို ပြန်ထွက်လာတာပေါ့နော်။”

“ပင်လယ်ပြင်တနေရာမှာတော့ စက်လှေ ၃ စီးက ဘင်္ဂါလီတွေကို ကျနော်တို့ အခု ဖမ်းဆီးရမိတဲ့ စက်လှေပေါ်ကို ပြောင်းတင်ပြီးတော့မှ ကျန်တဲ့ ၂ စီးကတော့ ထိုင်းပင်လယ်ကို ပြန်ထွက်သွားတယ်။ အဲဒီထွက်သွားတဲ့ စက်လှေ ၂ စီးပေါ်မှာ ထိုင်းနိုင်ငံသား ၁၁ ယောက်ပါတယ်လို့ ပြောတယ်။ ကျနော်တို့ ကနေ့ မနက် ၆ နာရီခွဲလောက်မှာတော့ လတ္တီကျု ၁၅ ဒီဂရီ ၄၀ ဒီဂရီ ၈ မိနစ်မြောက်နဲ့ လောင်တီဂျူ  ၉၅ ဒီဂရီ ၄၂ မိနစ် ရှေ့ အရောက်မှာ ကျနော်တို့ ဖျာပုံမြို့ကနေ တောင်ဘက် မိုင် ၃၀ အကွာမှာ ထိုင်းစာတန်းပါ စက်လှေတစီးကို တွေ့တာပေါ့ဗျာ။  အဲဒီမှာ ဘင်္ဂါလီ ၇၂၇ ယောက်ပါတယ်။”

“သူတို့ကို အခု ကျနော်တို့  ဟိုင်းကြီးကျွန်းဘက်ကိုခေါ်သွားတယ် နီးတဲ့နေရာပေါ့နော်။ ခေါ်ပြီးတော့ ကျနော်တို့ ဒီကနေပြီးတော့မှ  ကယ်ဆယ်ရေးအတွက် ခြင်ထောင်တို့ စောင်တို့ ခေါင်းအုံးတို့ စားစရာတွေကတော့ ဟိုရောက်ရင် စီစဉ်မှာပေါ့။ ဒီကနေပြီးတော့ ကျန်းမာရေး စစ်ဆေးဖို့ ကျန်းမာရေးအဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ နောက် သက်ဆိုင်ရာ ရဲအဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားနေကြတယ်။ မွန်းလွဲ ၁ နာရီလောက်က ထွက်သွားတယ်။ ဟိုင်းကြီးဘက်ကို။ သူတို့ မရောက်သေးဘူး။ အဲဒီမှာသူတို့ လိုအပ်တာ စစ်ဆေးပြီးတော့ အ၀တ်အစား ပေး ကျွေးမွေးပြီးတော့ တည်းခိုဖို့ဟာတွေ စီစဉ်ပြီးတော့ လုပ်မှာပေါ့။”

“ယူအန်အိပ်ခ်ျစီအာလည်း ဒီညပုသိမ်ရောက်ပြီးတော့ မနက်ဖြန် ဆက်ထွက်မယ်။ လိုအပ်တာတွေယူပြီးတော့၊ သူတို့ ဆီကလည်း ဆေးဝါးတွေနဲ့ သူတို့အဖွဲ့တွေလည်း ရန်ကုန်က ထွက်လာပြီလို့ သိရတယ်။ အားလုံးရောက်ပြီး စိစစ်တဲ့အချိန်ကျမှ အဖြေမှန် တိတိကျကျ သဲသဲကွဲကွဲသိရမှာ၊ လက်ရှိကတော့ သင့်တော်တဲ့လူတွေကိုမေးပြီးတော့ ရသလောက် သတင်းပေါ့။ သူတို့ ဟိုင်းကြီးရောက်ရင် အားလုံးမေးမြန်းပြီးတဲ့အချိန် အတိအကျ ထွက်လာမှာပေါ့။ သင်္ဘောက အခုမှ မောင်းလာတုန်းပဲ ရှိသေးတယ်။ မရောက်သေးဘူး။ ဖမ်းဆီးတဲ့ တပ်မတော်ရေက သူတို့ တွေ့လာလို့ ခေါ်လာပေးတာပေါ့နော်။ အဲဒီမှာ ခတ္တတဖြုတ် ကျနော်တို့က အကုန်လုံးလည်း မစစ်နိုင်ဘူးပေါ့နော်၊ ရသလောက် အရေအတွက်နဲ့ ဘယ်ကလာလဲ ဘာလောက်ဆိုပြီး သက်ဆိုင်ကို ချက်ချင်းခေါ်လာရတာပဲ။”

“နောက်နေ့မနက်မှ ရောက်မယ်ပြောတယ်၊ သူတို့ စက်လှေကလည်းဝန်နဲ့ ၀ိတ်နဲ့ မမျှဘူး၊  ကျန်တဲ့ လှေတွေနဲ့ မျှတင်ပြီး ခေါ်လာတယ်ပြောတယ်။ ဖြည်းဖြည်းဖြည်းဖြည်း သွားနေတယ်။ အန္တရာယ်လည်း မဖြစ်အောင်။”

 By DVB
http://burmese.dvb.no



“ပါတီအပေါ်မှာ သစ္စာရှိတဲ့ အစဉ်တစိုက် လိုက်ပါလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်၊ အဲဒီအရည်အချင်းတူနေရင် အမျိုးသမီးတိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေးမယ်...”

NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်NLD ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများရှိသင့်ရှိအပ်သော အရည်အချင်းများကို နေပြည်တော်၌ မေလ ၂၅ ရက်က ကော်မတီ ၂၂ ဦးအား ခေါ်ယူတွေ့ဆုံဆွေးနွေးပြီး ချမှတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်များက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ကိုယ်စားလှယ်အရည် အချင်းများနှင့်ကိုက်ညီသည့်အချက်များကို တိုင်းဒေသကြီး ၄ ခုမှ ပါတီဗဟိုကော်မတီ ၀င် ၂၂ ဦးနှင့် အပြန်အလှန်ဆွေးနွေးချမှတ် ခဲ့ကြောင်း ပါတီဗဟိုကော်မတီဝင် မုံရွာ အောင်ရှင် (စစ်ကိုင်းတိုင်းကိုယ်စားပြု ဗဟို ကော်မတီဝင်)က ပြောကြားသည်။

“ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာ ဆွေးနွေးကြတယ်။ ဥက္ကဋ္ဌက ချမှတ်တဲ့အရည်အချင်းတွေက ပါတီအပေါ်မှာ သစ္စာရှိတဲ့ အစဉ်တစိုက် လိုက်ပါလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။ အဲဒီအရည်အချင်းတွေ တူနေရင် အမျိုးသမီးတိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေးမယ်။ ဗဟိုရုံးချုပ်မှာ လုပ်ကိုင်နေသူတွေကိုလည်း စဉ်းစားရမယ်။ သူတို့ကို အားနည်းတဲ့နေရာ အလျဉ်းသင့်တဲ့နေရာမှာ ရွေးဖို့ချပေးမယ်။ မြို့နယ်တွေမှာ ကိုယ် စားလှယ်လောင်းရွေးချယ်ဖို့ အခက်အခဲရှိ နေရင် ဗဟိုကို အကြောင်းကြားပြီး ဗဟိုက ချပေးမယ်။ ချပေးရင်လည်း မြို့နယ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်၊ တင်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပယ်လိုက်ရင်လည်း အကြောင်းပြချက် အထောက်အထား ခိုင်လုံပြည့်စုံမှသာ လက်ခံမယ်။ ပါတီမှာလည်း လူကောင်းတွေ ကျန်နေဖို့ အရေးကြီးတယ်။ ကိုယ်စားလှယ်တွေချည်း ပဲလုပ်လို့ မဖြစ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း မုံရွာအောင်ရှင်က ပြောသည်။

“တင်ပေးလိုက်တဲ့ ကိုယ်စားလှယ် လောင်းတွေကို ဗဟိုက နောက်ဆုံး အတည်ပြုမယ်။ နိုင်ငံရေး တွေ့ကြုံဖြတ်သန်းမှု ရှိရမယ်။ ကိုယ်စားလှယ်ဟောင်းတွေကိုလည်း ပြန်ဆန်းစစ်မယ်။ သူတို့ရဲ့ မဲဆ္ဒနယ်တွေမှာ ဘယ်လောက်တာဝန်ကျေခဲ့လဲ၊ လွှတ်တော်ထဲမှာလည်း အရည်အချင်း ဘယ်လောက်ရှိအောင်လုပ်ခဲ့လဲ၊ တာဝန် ဘယ်လောက်ကျေခဲ့လဲ၊ လေ့လာသင်ယူမှု ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာ ကြည့်မယ်။ သိပ်တော်တဲ့ကိုယ်စားလှယ်တွေကို မူလနေရာမှမလုပ်ဘဲနဲ့ လိုအပ်ချက်တွေ များတဲ့နေရာကိုပို့မယ်။ ကိုယ်စားလှယ် လောင်းတွေကို ဆေးစစ်ချက်ယူမယ်။ တချို့ကို A ပိုး၊ B ပိုး၊ C ပိုးနဲ့ နှလုံးစစ်ဆေးမယ်လို့ ဒေါ်စုက ချမှတ်ထားတယ်”ဟု မန္တလေးတိုင်း ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးငြိမ်းသစ်က ပြောသည်။

အဆိုပါ ချမှတ်ထားသည့် အရည် အချင်းများကို လာမည့်ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် သွားမည်ဟု သိရသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


အင်းလျားကန်ရေပြင်အထိတိုးချဲ့ကာ အဆောက်အအုံများ တည်ဆောက် နေခြင်းနှင့်ပတ်သက်၍ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိနေသောကြောင့် ယင်းကို ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆင့်မြင့် အရာထမ်းတဦးက News Watch ကို ပြောသည်။

ဓာတ်ပုံများတွင်အင်းလျားရေပြင်ထဲ မျောတိုင်များ၊ ၀ါးကပ်များ၊ သဲအိတ်များသုံးကာ မြေဖို့ခြင်း။ ယခင်ခြံစည်းရိုးမှ အရှေ့ပေ ၃၀ ခန့်၊ အနောက်ဘက်တွင် ရေပြင်ကို တိုးချဲ့ ခြင်း၊ သစ်ပင်ကြီးများကို ခုတ်ထွင်ခြင်း၊ ခိုင်လီစားသောက်ဆိုင်၏ မီးဖိုခန်းနောက်တွင် အင်းလျားရေပြင်အား ကျောက်စီတမံများပြုလုပ်၍ မြေဖို့ရန်ပြု လုပ်ထားခြင်းဟူသော စာများနှင့်အတူ ဓာတ်ပုံများကို ဖော်ပြထားခြင်းဖြစ်သည်။

''ပါမစ်တွေဘာတွေ တင်လာရင် စိစစ်ခွင့်ပြုပေးတာပဲရှိတယ်။ ဌာနအနေနဲ့ အဲလိုစိစစ်ခွင့်ပြုတဲ့နေရာမှာ ပန်းဥယျာဉ်ရဲ့ သဘောထားမှတ်ချက်နဲ့ ပန်းခြံတွေထဲ ကကိစ္စတွေ အားလုံးပေါ့လေ။ ပန်းဥယျာဉ် ရဲ့ သဘောထားမှတ်ချက်ကို တောင်းပြီးမှ ဆောင်ရွက်တယ်။ ပန်းခြံထဲမှာ အဆောက် အအုံဆောက်တာ မဆောက်တာ ဘာညာ အနီးကပ် ကြီးကြပ်တာ ပန်းဥယျာဉ်ရဲ့ တာဝန်၊ ဒါပေမဲ့ ပန်းဥယျာဉ်ကနေ ထောက်ခံပြီးတော့ ဒီဟာတွေတင်ပြလာတယ်။ ပြင်ဆင်ခွင့်တင်ပြလာတယ်။ ဒါကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီဆောင်ရွက်ပါရန် ဆိုတာမျိုး စာတွေလာရင် စိစစ်ထောက်ခံပေးတယ်။ အဲလိုမလာရင်တော့ မစစ်ဘူး။ အဲလိုတွေ ဘာတွေဖြစ်နေရင်တော့ ဓာတ်ပုံနဲ့ဆိုရင်တော့ သွားဆင်းစစ်ဆေးရမှာပေါ့''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ အရာထမ်းတဦး က News Watch ကို ပြောသည်။

News Watch မှ မြေဖို့ရန်စီစဉ်ထားသည်ဆိုသော အဆိုပါစားသောက်ဆိုင်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း သတင်းထုတ်ပြန်နိုင်ရန် စနစ်တကျ မေးမြန်းခွင့် မရခဲ့ပေ။

အင်းလျားကန်သည် ရန်ကုန်မြို့တော်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံးရေကန်တခုဖြစ်ကာ အထင်ကရ အပန်းဖြေနေရာတခုလည်းဖြစ်ကာ မြောက်ဘက်တွင် ပါရမီလမ်းမကြီး၊ အနောက်ဘက်တွင် ပြည်လမ်းမကြီး၊ အနောက်တောင်ဘက်တွင် အင်လျားလမ်းမကြီး၊ အရှေ့ဘက်တွင် ကမ္ဘာအေးဘုရားလမ်း၊ တောင်ဘက်တွင် ရန်ကုန်တက္ကသိုလ်ကိုသွားသော တက္ကသိုလ်ရိပ်သာလမ်းတို့က ၀န်းရံလျက် ရှိကြသည်။

လွန်ခဲ့သော ၁၈၈၂ ခုနှစ်နှင့် ၁၈၈၃ ခုနှစ်တွင် ရန်ကုန်မြို့ရေပေးဝေရေးအတွက် ဗြိတိသျှတို့ကဖန်တီးခဲ့ကာ ရေ ဖြန့်ဖြူးရေးအတွက် ယင်းကန်မှတဆင့် ကန်တော်ကြီးရေကန်ကို ရေပိုက်များဖြင့် ဆက်သွယ်ထားရှိခဲ့သည်။ ယင်းအပြင် ရုပ်ရှင်ရိုက်ကူးရေး၊ နိုင်ငံခြားသားဧည့်သည်များ ရေကူးခြင်း၊ ရွက်လှေစီးခြင်းစသော အားကစားလုပ်ဆောင်ရာနေရာတခုဖြစ်ပြီး ရန်ကုန်ရွက်လှေအသင်း တည်ရှိရာနေရာတခုလည်း ဖြစ်သည်။

မေငယ်
(Photo - Credit to the original uploader.)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


 ကန်ထရိုက်လုပ်ငန်း ရှင်များနှင့် တိုက်ခန်း ၀ယ်ယူမှုများကြား ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူ၊ ရောင်းချမှုတွင် ၁၈ နှစ်တာ ကာလအတွင်း ပြဿနာများစွာ ပြန်လည်ကြုံတွေ့ နေရကြောင်း ဆောက် လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

တိုက်ခန်းဝယ်ယူကာ ဈေးကစားသူများကြောင့် မြေပိုင်ရှင်များနှင့် ကန်ထရိုက်များကြား ၁၉၉၇ ခုနှစ်ကဲ့သို့ ကြိုပွိုင့်ပြဿနာများ တကျော့ပြန် ဖြစ်ပေါ်ခဲ့ကာ ယခုအခါ ကြိုပွိုင့်ဈေးကွက် ပျက်လုနီးပါးအခြေအနေနှင့် ထပ်မံကြုံတွေ့လာရကြောင်း၊ တိုက်ခန်း ၀ယ်ယူသူများအနေဖြင့်လည်း အရောင်းအ၀ယ်စာချုပ် စရန်ငွေအဖြစ် ၁၀ ရာခိုင်နှုန်းနှင့် ကန်ထရိုက်လုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်ထားသည့်ကာလအတွင်း အဆောက်အဦ မတည်ဆောက်နိုင်ပါက စာချုပ်ပါလျော်ကြေးငွေကို ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

''အသေးစား ကန်ထရိုက်အများစုက သူတို့မှာ ငွေကြေးတတ်နိုင်လွန်းလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေကြတဲ့ သဘောပါ။ သူတို့တွေရဲ့ အာမခံကြေးက တလကို သိန်း ငါးရာရှိတယ်။ နောက်ပြီး တခြား အရင်းအနှီးတွေ ရှိသေးတယ်။ အဲလို အခြေအနေမျိုးမှာ သူတို့နေနဲ့က မြေကိုဝယ်ပြီး တိုက်ဆောက်မယ်။ ရလာတဲ့တိုက်ခန်းတွေကို ပြန်ရောင်းချနေရတဲ့ အင်အားမရှိပါဘူး။ ပုဂ္ဂလိကတဦးတည်းအနေနဲ့ တိုက်ခန်းဆောက်ဖို့ မြေရှင်နဲ့ ညှိရတယ်။ မြေပြန်ရတော့ အဆောက်အဦတည် ဆောက်ဖို့အတွက် လိုင်စင်ကြေးနဲ့ ဆောက်ခွင့်ကျဖို့အတွက် လုပ်ကိုင်ရတဲ့စရိတ်ကလည်း များတယ်။ သူ့မှာတတ်နိုင်တဲ့အင်အားနဲ့ မလုံလောက်တော့ ကြိုပွိုင့်တွေ ရောင်းရတယ်။ အဲ ပိုက်ဆံတွေနဲ့တခါ အဆောက်အဦဆောက်ရတော့ ခုလက်ရှိ ကြိုပွိုင့်ပြဿနာတက်နေတော့ ၀ယ်မယ့်သူတွေ ၀ယ်ဖို့ နည်းနည်း လန့်လာ ကြတယ်။ ကြိုပွိုင့်ရောင်းမထွက်တော့ ကန်ထရိုက်က မြေရှင်ကိုကြိုပေးရတဲ့ ငွေတွေဆုံးရှုံးနဲ့ ပြဿနာတွေ အမျိုးမျိုးဖြစ်နေကြပါတယ်။ ဒီပြဿနာတွေကြောင့် ကျွန်တော်တို့ဆီမှာဆိုရင်လည်း တိုက်ခန်းဝယ်ယူသူတွေအေးနေပြီး အငှားတွေပဲ ပိုများလာတာတွေ့ရတယ်''ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် မိုးတွင်းကာလဖြစ်သောကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းအ၀ယ်အေးနေပြီး ပွင့်လင်းရာသီရောက်ရှိမှသာ အရောင်းအ၀ယ်ပုံမှန်ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ ပြောရေးဆိုခွင့်ရှိသူတဦး၏ ပြောပြချက်အရ သိရသည်။

(နွယ်ဇင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ လှေစီးဒုက္ခသည် ဘင်္ဂါလီ လူမျိုး ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တပ်မတော်ရေက စစ်ရေယာဉ်အမှတ် ၆၂၃ က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင် ၃၀ ခန့် အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်မှာ မသင်္ကာဖွယ်ရာ အလျား ၇၆ ပေခန့်ရှိ ပင်လယ်ငါးဖမ်း သင်္ဘောတစ်စီးအာတွေ့ရှိ၍ စစ်ဆေးရာ ဘင်္ဂါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး ၄၅ ဦး စုစုပေါင်း ၇၂၇ ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးထားသူတွေကို ဟိုင်းကြီးကျွန်းကို ဆက်လက် ခေါ်ဆောင်သွားတယ်လို့ လည်း ဆိုပါတယ်။

ဆက်လက်ဖော်ပြပါမည်…

ဓာတ်ပုံ – MOI
By ဒီဗွီဘီ
http://burmese.dvb.no


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်က ဆောက်လက်စ ၃ ထပ်တိုက်ကြီး တခုမှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၈ ရက် မနက် ၈ နာရီအချိန်က လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ အခင်းဖြစ်ပွားရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ အိမ်အမှတ် ၁၂၄/၁ ဆောက်လက်စ ၃ ထပ်တိုက်ပေါ် တက်ရောက်ကြည့်ရှုစစ်ဆေးရာမှာ မာကျောသောအရာတွေနဲ့ ထုနှက်ခံထားရပြီး သေဆုံးနေတဲ့ လူ ၂ ဦးအလောင်း၊ သွေးစတွေပေနေတဲ့ သစ်သား တချောင်းကို တွေ့ရတယ်လို့ မဲဆောက်မြို့မ ရဲစခန်း တာဝန်ကျရဲအရာ ရှိ နိုင်းဆစ်ဒါ ဘိုဆမ်လီ က သတင်းထောက်တွေကို ပြောပါတယ်။

အနီးတ၀ိုက် နေထိုင်သူတို့ ပြောပြချက်အရ  သေဆုံးသူ ၂ ဦးမှာ ဦးလှဦး (အသက် ၅၀)  နဲ့ ဦးမင်းမင်း ( ၅၂) နှစ်တို့ဖြစ်ပြီး ပန်းရံအလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဦးလှဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ချက်၊ ဦးမင်းမင်းမှာလည်း ဦးခေါင်း၊ မျက်နှာ နဲ့ ခန္ဒာပေါ်မှာ ဒဏ်ရာအသီးသီးရရှိ သေဆုံးခဲ့တာလို့ ရဲအရာရှိက ဆက်ပြောပါတယ်။


ဒဏ်ရာတွေကို စစ်ဆေးချက်အရ  သေဆုံးသူတွေဟာ မသေခင်အချိန်က ခုခံထိုးကြိတ်ကြဟန်ရှိကြောင်း၊ ဒါ့အပြင် အနီးတ၀ိုက်မှာ အရက်ပုလင်း နဲ့ ပြန့်ကြဲနေတဲ့ ပစ္စည်းအသုံး အဆောင်တွေ တွေ့ရှိတဲ့အတွက်  မြန်မာအလုပ်သမားအချင်းချင်း အရက်မူး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး လူသတ်မှုကျူးလွန်သူတွေဟာလည်း ၄- ၅ ဦးလောက် ရှိ မယ်လို့  ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။

အဲဒီ ကျူးလွန်သူတွေဟာလည်း မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ယူဆတဲ့ အတွက် တရားခံတွေကို ဖမ်းမိဖို့ တဘက်နိုင်ငံက မြန်မာအာဏာပိုင်တွေနဲ့ ဆက် သွယ်ဆောင်ရွက်နေတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.