06/03/15

ဓာတ်ပုံ - Check Voter List
နေပြည်တော်ကောင်စီ အပါအ၀င် မြို့နယ်တချို့မှာ လတ်တလော ကြေညာထားတဲ့ မဲစာရင်းတွေဟာ အခြေခံမဲစာရင်းတွေ ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ရှိနေတာလို့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ၀န်ခံပြောကြားလိုက်ပါတယ်။

မဲစာရင်းအမှားအယွင်း အများကြီး ရှိနေတယ်လို့ ဝေဖန်ခံနေရပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့သူတွေ မပါတာ၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် မပါတာတွေ ကြုံနေရတာဟာ အိမ်ထောင်စုစာရင်းက တဆင့်ပြုစုတဲ့ အခြေခံမဲစာရင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “အခြေခံမဲစာရင်း ဆိုတဲ့အခါကျတော့ အိမ်ထောင်စုစာရင်းနဲ့ ပြုစုတာဆိုတော့ ထပ်နေတာတွေ၊ တူနေတာတွေ၊ မပါတာတွေ၊ ဒါတွေရအောင်လို့ အခြေခံမဲစာရင်းကို ထုတ်ပြန်တာပါ။ အဲဒီလို ပေါ်လာတာကို ၀မ်းသာတယ်။ မပါလို့ရှိရင် ပုံစံ ၃ နဲ့ တောင်းဆိုပါ။ ပြင်စရာရှိရင် ပုံစံ ၄ နဲ့ပြင်ပါ။ ကန့်ကွက်စရာရှိရင် ပုံစံ ၄-ဂ နဲ့ ကန့်ကွက်ပါပေါ့နော်။ နေရာတခုမှာ ရက်ပေါင်း ၁၈၀ နေခဲ့တဲ့သူတွေလည်း အခု ဒီဟာမှာ မပါသေးဘူးပေါ့” လို့ ပြောပါတယ်။

ဒီလို အခြေခံမဲစာရင်း ထုတ်ပြန်တာဟာ တခြားနိုင်ငံတွေမှာ မရှိတဲ့အကြောင်းနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ မပါတာ၊ အချက်အလက်မှားတာ၊ စတာတွေကို ပြင်ဆင်ပေးဖို့ ကော်မရှင်ထံ ပေးပို့ လျှောက်ထားကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အခြေခံမဲစာရင်းတွေကို ရန်ကုန် ၁၀ မြို့နယ်မှာ မတ်လကစပြီး ကြေညာခဲ့ပေမယ့် ပြည်သူလူထုတွေက သိပ်စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ အဲဒီနောက် မေလ ၂၅ ရက်မှာ ရန်ကုန်တိုင်း ၁၄ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်မှာ ဒုတိယအသုတ် ထပ်မံကြေညာရာမှာတော့ သေဆုံးသူတွေ မဲစာရင်းမှာပါနေတာ၊ ကျေးရွာတရွာထဲမှာ မွေးနေ့မွေးရက်တူသူတွေ အများအပြားပါနေတာ စတဲ့ အမှားအယွင်းတွေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

မဲစာရင်း ဆက်တိုက်မှားယွင်းနေမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီက “ပထမတကြိမ် မှားတယ်။ ဒုတိယတကြိမ် မှားတယ်။ နောက်တကြိမ်လည်း ဆက်မှားတယ်။ အဲဒီအမှားတွေကို ကော်မရှင်က ၀န်မခံပဲ အခြေခံကြောင့်လို့ဆိုရင် ဘာလို့ အောက်ခြေအထိဆင်းပြီး သေချာမစစ်တာလဲ။ အဲဒီတုန်းက အမှားတွေ သူတို့သိတာပဲ။ ဘာကြောင့်။” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ မေ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို အခြေခံပြုစုမှာ ဖြစ်တယ်လို့ ဇွန် ၂ ရက် ရေဒီယို လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲစာရင်းမှန်ကန်ဖို့၊ ဥပဒေနဲ့အညီ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးနိုင်ဖို့၊ ရွေးကောက်ပွဲရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တိတိကျကျ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးနိုင်ဖို့၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လေ့လာစောင့်ကြည့်နိုင်ဖို့တွေကို စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အတွင်းက အကျင့်ပျက် ခြစားမှုတွေ ထွက်ပေါ်လာနေတဲ့အချိန် FIFA ဥက္ကဌ Sepp Blatter ဟာ အင်္ဂါနေ့က ရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။

Blatter ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကပဲ FIFA ဥက္ကဌအဖြစ် ၅ ကြိမ်မြောက် ပြန်လည် ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အထူး ကွန်ဂရက်အနေနဲ့ ဥက္ကအသစ်ကို ရွေးချယ်ခန့်အပ်ဖို့နဲ့ အဲဒီရွေးချယ်မှု မပြုနိုင်ခင်အထိ ဥက္ကဌရာထူးကို သူဆက်လက် ထမ်းဆောင်သွားမယ့်အကြောင်း Blatter က ပြောပါတယ်။

FIFA ဥက္ကဌသစ် ရွေးချယ်နိုင်ဖို့အတွက် လပေါင်းများစွာ ကြာဦးမှာ ဖြစ်ပါတယ်။ ဥက္ကဌအသစ်အတွက် မဲခွဲရွေးချယ်မှုဟာ အခုနှစ် ဒီဇင်ဘာလနဲ့ ရှေ့နှစ်မတ်လကြားထဲမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ Sepp Blatter ဟာ FIFA အမှုဆောင် အရာရှိတွေကြား အကျင့်ပျက် ခြစားမှုတွေ၊ ဒေါ်လာတွေ သန်းနဲ့ချီပြီး လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ကင်းစင်ကြောင်း တောက်လျှောက် ပြောဆိုလာခဲ့ပြီးမှ Zurich မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူရာထူးက အနားယူမယ့်အကြောင်း ကြေညာလိုက်တဲ့အတွက် ကမ္ဘာတ၀ှမ်း အံ့အားသင့်သွားစေခဲ့ပါတယ်။

သံသယရှိခံထားရတဲ့ FIFA အမှုဆောင်အရာရှိတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်း ရှာဖွေတာ၊ ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်ခဲ့ ပြီးပြီးချင်းမှာပဲ ဘောလုံးအဖွဲ့ချုပ်အတွင်းက တရားမ၀င်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်နေသူ အားလုံးကို ရှင်းထုတ်သွားမယ်လို့လည်း Sepp Blatter က ပြောခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ယူနန် ပြည်နယ်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှ အမြောက် တပ်သား အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ကူမင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

 တရုတ် နိုင်ငံ ချိန်တူး စစ်ဌာန မှ ဇွန်လ ၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် တရုတ်ဘက်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို စတင်ခဲ့သည်။

 စစ်ရေးလေ့ကျင့် မှု တွင် လျှင်မြန်စွာ တိုက်ခိုက်ခြင်း ၊ ဘက်စုံ ကင်းထောက်စုံစမ်းခြင်း ၊ အတိအကျ ခြေမှုန်း ဖျက်ဆီးခြင်း ၊ ပူးပေါင်း တိုက်ခိုက်ခြင်း ၊ ရုပ်ဝတ္ထု တိုက်ခိုက်ရေး စွမ်းရည် ၊ ကာကွယ်ရေး ဆိုင်ရာ ရွှေ့ပြောင်း ဆောင်ရွက်ခြင်း ၊ အရံ စစ်သည်အင်အား ထောက်ပံ့ရေး ပြင်ဆင်ထားမှု စသည်တို့ကို စမ်းသပ် စစ်ဆေး လေ့ကျင့်ခဲ့သည်။

ချိန်တူး စစ်ဌာန စစ်ဆင်ရေး ဌာနခွဲ  ဗိုလ်မှူးကြီး  ထမ်ကျီပင်း ( Tang Jibing) မှ တပ်ဖွဲ့များ ပူးပေါင်း၍ လက်တွေ့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းသည် ပူးပေါင်း တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင် နိုင်ရန် အထိရောက်ဆုံး လေ့ကျင့်မှု ဖြစ်ကြောင်း ၊ နိုင်ငံတော် နယ်စပ် ကာကွယ်ရေး ၊ လေကြောင်း ကာကွယ်ရေး  နှင့် ပြည်သူ လူထု အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး ထိန်းသိမ်း နိုင်ရန် အတွက် လေ့ကျင့်မှု ဖြစ်ကြောင်း ၊ ယခု အကြိမ် စစ်ရေး လေ့ကျင့်မှု တွင် ကျပန်း ညွှန်ကြား တိုက်ခိုက်ရေး နှင့် ပြစ်မှတ် ရွှေ့ပြောင်း စစ်ဆင်ရေး စသည့် သွက်လက် သည့် စစ်ရေး လေ့ကျင့်မှု ပုံစံ ဖြင့် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေး လေ့ကျင့်မှု တွင် လေကြောင်း တပ်သား ၊ အမြောက် တပ်သား ၊ လေကြောင်း ကာကွယ်ရေး တပ်သား ၊ ကြည်းတပ် အထောက်ကူပြု လေကြောင်း တပ်သား ၊ သံချပ်ကာ တပ်သား ၊ ခြေလျင် တပ်သား ၊ မြေပြင် လမ်းညွှန် တပ်သား နှင် ရေဒါ တပ်သား စသည့် တပ်သား မျိုးစုံ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်ရေး တာဝန် နှင့် တိုက်ခိုက်ရေး ပတ်ဝန်းကျင် တို့ကို လက်တွေ့ တိုက်ခိုက်မှု ပုံစံ အသွင်ရောက် အောင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ၊ ဒေသတွင်းရှိ အစိုးရ ဌာန ၊ နိုင်ငံတော် ကာကွယ်ရေး ဌာန နှင့် ပြည်သူ့ စစ်သည် အချို့ မှ သက်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြကြောင်း သိရှိ ရသည်။

(Xinhua)
http://www.xinhuamyanmar.com






ကျမ အမျိုးသား ထောင်ကျပြီးကျမတို့မိသသားစု စီးပွားပျက် ဒုက္ခရောက်အောင် မိသားစု
ကွဲကွာနေရ အောင် အမှုကိုစတင်ရင်ဆိုင်ရတဲ့ 17-12-2014 နေ့ကထဲကကြွေးကြော်သံ
တွေနဲ့ ထင် လင်းဦး ကိုထောင်ချပစ် အာမခံမ ပေးနဲ့ လို့ဖိအားပေးခဲ့သလို နောက် ရုံးချိန်း
၎ ကြိမ်လောက် တရားရုံး ထဲလာပြီး အာဏာပိုင် တွေ က ထိုင် ခုံချပေးပြီးနေရာပေး ရတဲ့
မ ဘ သ များ က ကျမအမျိုးသား အမိန့်ချတဲ့ နေ့ အုပ်စုလိုက် လာရောက်ဖိအားပေးနေကြ
တာကို လာရောက်ကြားနာတာဆိုတဲ့ မုန်လာဥ စကားတွေသုံးနေတာပါဘဲ။တရားဥ ပ ဒေ
အထက်မှာ အာဏာရှင် နဲ့ငွေ ကြေး လာတ်စားအဂတိလိုက်စားမှုတွေဘဲ သိခဲ့ရတာပါ။
နောက်တိုးအသိတစ်ခုက မ ဘ သ အမည်နဲ့ ဘုရားသားတော် သမီးတော်များဟာ
မေတ္တာတရားကင်းမဲ့နေတာ ဥ ပ ဒေ အထက်မှာရှိနေတာကိုသိလိုက်ရပါတယ်။
ဘာသာ သာသနာ ပျက်စီးသွားမှာစိုးရိမ်စိတ်နဲ့ လူထုကို အသိပေးယင်းစစ်မှန်တဲ့ဘာသာ
တရားကိုထောက်ပြ ဝေ ဘန် တာနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချလိုက်တာပါ။
ကျမတို့မိသားစုခွဲခွာနေရပြီး ၆ တန်းကျောင်းသားကျမတို့သားလေးရဲ့စိတ်အနာတရ
တွေကို ဖခင် လိုရောမိခင် စိတ်နဲ့ပါ အစွမ်းကုန်ကုစားပေးရမှာပါ။

မြန်မာနယ်စပ် တရုတ်နိုင်ငံ ယူနယ်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က တရုတ်အလံ စိုက်ထူထားစဉ်/Photo: AFP

PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်မှာ လေကြောင်း၊ ကြည်းကြောင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။ ဒီလေ့ကျင့်မှုစတင်ကြောင်း မြန်မာအစိုးရကိုလည်း အကြောင်းကြားထားပြီး ပြီးဆုံးမယ့်ရက်ကိုလည်း အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်တပ်မတော်ရဲ့ လှုပ်ရှားနိုင်မှု၊ တိုက်ခိုက်ရေးစွမ်းအင်၊ ရန်သူ့ပစ်မှတ် ရှာဖွေချေ မှုန်းနိုင်စွမ်း စတာတွေကို လေ့ကျင့်ဖို့ရည်ရွယ်ကြောင်း ချန်ဒူးဒေသအခြေစိုက် PLA စစ်ဒေသက ဗိုလ်မှူးကြီး တန်ဂျီဘင်းက ပြောကြားပါတယ်။
ဒီလေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို လေကြောင်းရန်ကနေ ကာကွယ်နိုင်ရေးအတွက် အရေးပါကြောင်းလည်း ဗိုလ်မှူးကြီး တန်ဂျီဘင်း က ပြောပါတယ်။

တရုတ်လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ ဒုံးပျံတပ်နဲ့ ရေဒါတပ်ခွဲတွေ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ပြီး ဒေသခံ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်အစိုးရနဲ့ ပြည်သူအရံအင်အားတွေလည်း ပါမယ်လို့ သိရပါတယ်။

ဒီစစ်ရေးလေ့ကျင့်နေတဲ့ ဒေသမှာ လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်ထားပြီး ဂန်မာနဲ့ ရှန်ကုန်းခရိုင်တွေအတွင်း ယာဉ်အဝင်အထွက်ကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။ တရုတ်ဒေသခံတွေအနေနဲ့ ဒီနေရာကို ဝင်ရောက်ခွင့်မရှိကြောင်းလည်း ကြေညာထားပါတယ်။
တရုတ်နယ်စပ်ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းက နမ့်ဆန်မြို့ထဲကို မြန်မာဘက်က လက်နက်ကြီးကျည်ရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရအပြီး ၂ လ ကျော်အကြာမှာ တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးမှာ အခုလို လာရောက်စစ်ရေးလေ့ကျင့်တာဖြစ်ပါတယ်။

RFA

 may-sabai-phyu-620.jpg  
Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူ ကိုတွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ကျန်နေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၆ဖွဲ့က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံ ဒီနေ့တင်ပြလိုက်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်း လေးခုဟာ အမျိုးသမီးအခွင့်အရေးကို ထိခိုက်နေသလို ခွဲခြားဆက်ဆံရာ ရောက်နေတဲ့ အတွက် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူက ပြောပါတယ်။

"ကျမတို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်းမရှိတဲ့အပြင် ကျမတို့ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်လာမယ့် အရိပ်အရောင်ရှိတဲ့အတွက်ကြောင့် ကျမတို့က ဒီဥပဒေတွေကို နောက်ဆုံးအကြိမ် အထိ ကန့်ကွက်သွားမှာပါ"

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီနဲ့ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေက ဒီနေ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်းတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကန့်ကွက်သူတွေရှိပေမယ့် အတည်ပြုပြီး ဖြစ်ပါတယ်။

အဲဒီ့ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ပြီး အတည်ပြုရမှာဖြစ်ပါတယ်။

RFA

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA
ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်းသား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

အာမခံလျှောက်ထားတာ စုစုပေါင်း ၂၀ ဖြစ်ပြီး အဲဒီမှာ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူတွေက ၁၃ ယောက်ဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အဝေးသင်ကျောင်းသားက ၁၃ ယောက် နောက်ဝိုင်းရံပြည်သူတွေလည်းပါတယ်၊ စုစုပေါင်း ခန့်မှန်းခြေ ၂ဝ လောက်လို့ယူဆတယ်၊ သူတို့ကို အကြောင်းကြားတာက ပုဒ်မ ၅ဝ၅(ခ)သည် အာမခံမပေးရသော ပုဒ်မဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပါ"

ဒီနေ့ ရုံးချိန်းမှာ ကျောင်းသားတွေကို အားပေးကူညီသူ ကိုတင်ဝင်းဟာ သတိလစ်သွားခဲ့တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ရတယ်လို့ ကိုတင်ဝင်းရဲ့ ညီဖြစ်သူ ကိုနေဇော်လင်းက ပြောပါတယ်။

"သူတို့ကို ဖမ်းဆီးတဲ့အခါမှာ ရင်ဘတ်တွေကို စစ်ဖိနပ်တွေနဲ့ ကန်တာတွေ၊ နံပါတ်တုတ်တွေနဲ့ ကျောကုန်းတွေကို ရိုက်တာတွေ အဲ့ဒဏ်ရာတွေက အခုလည်းကျတော့ ဖျားတယ်၊ ဆေးရုံရောက်တယ်၊ ဆေးရုံရောက်လို့မေး ရင် ကောင်းတယ်၊ ဘာမှမဖြစ်ဘူးပြောတယ်၊ ဒါပေမဲ့ တကယ်ခံစားရတဲ့သူက အခုလည်းကျရော ရုံးထုတ်နေရင်းနဲ့ သတိလစ်သွားတာ"

ကိုတင်ဝင်းဟာ မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းမှာ လိုက်ပါအားပေးခဲ့သူဖြစ်တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူ စုစုပေါင်း ၇၀ ကို တရားစွဲဆိုထားတဲ့ တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဖုန်းမြင့်ကို တရားစွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးတာကြောင့် အာမခံနဲ့ လွှတ်ပေးထားတဲ့ ကျောင်းသား ၂ဦးကို သာယာဝတီခရိုင် ကလေးသူငယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့က ဒီနေ့ တရားရုံးချိန်းကို တက်ရောက်ပြီး ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကို မေးမြန်းခဲ့ပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီ တရားရုံးမှာ ဒီကနေ့ စတုတ္တအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေ ပိုဆိုးဝါးနေတာတွေ့ရတယ်လို့ မိဘတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား တဦး ရေခဲစက်ထဲ ပြုတ်ကျသေဆုံး သွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၂ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က မဟာချိုင်မြို့က ဆဲမ်ရေခဲစက်ရုံမှာ အလုပ်သမား တစ်ဦး မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်ကြည့်ရှုရာမှာ စတုရန်းတစ်မီတာလောက်ကျယ်တဲ့ ရေခဲကြိတ်စက် တခုအတွင်း နာကျင်စွာအော်ဟစ်အကူအညီတောင်းနေတဲ့ အလုပ်သမားတဦးကို တွေ့ရှိ ခဲ့တယ်လို့  ဆမွတ်ဆာခွန်းရဲစခန်းတာဝန်ကျ စခန်းမှူး ဖုန်းဖိဖတ် လိခစ်ယိုး ထင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အလုပ်သမားရဲ့ ဘယ်ဘက်ခြေထောက်ဟာ စက်ရဲ့ ကြိတ်ခြေမှုကို ခံခဲ့ရပြီး အခြား ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာရရှိကြောင်း၊ အလုပ်သမားကို ဂလူး ကို့စ်သွင်းပေးထားပြီး တဘက်ကလည်း ရေခဲစက်ကို ရိုက်ချိုးဖျက်ဆီးကာ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရကြောင်း၊ အလုပ်သမားကို အချိန် ၅ နာရီကြာ ကယ်တင်ခဲ့ပေမယ့် သွေးထွက်လွန်ခြင်း၊ နာကျင်မှုဒဏ်ကို မခံစားနိုင်ခြင်းကြောင့် အလုပ်သမားဟာ မနက် ၉ နာရီကျော်မှာ သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

လုပ်ဖော်ကိုင်ဘက် အလုပ်သမားတို့ ပြောပြချက်အရ သေဆုံးသူအလုပ်သမားဟာ အသက် ၁၉ နှစ်ရွယ် ကိုဖြူ ဆိုသူဖြစ်ပြီး အလုပ်ဝင်တာ ၁၅ ရက်ဘဲရှိသေးကြောင်း၊ သူဟာ အမြင့် ၁၀ မီတာလောက်နေ ရေခဲကြိတ်စက်ထဲကို ခြေချော်ပြုတ်ကျသွားတာဖြစ်နိုင်ပြီး အော်သံကြားလို့ တခြားအလုပ်သမားတွေ ရောက်လာကာ စက်ခလုတ်ကို ပိတ်ပေးခဲ့ရတယ်လို့  ရဲစခန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

၂ /၆ /၂၀၁၅ နေ့သယာဝတီ မြို့နယ်တရားရုံးကျောင်းသားများအပေါ်စွဲဆိုထားမှုကိုလာရောက်လေ့လာနေသောအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေ နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာသော် ၊ ဦးဖြိုးမင်းသန်း တို့အားတရားခွင်၌တွေ့ရစဉ်။

ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများကို ဇွန် ၂ ရက် နံနက် ၁၀နာရီက သာယာဝတီခရိုင်တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးနေသည်။ အဆိုပါရုံးချိန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဖြိုးမင်းသိန်း၊ဦးဖြိုးဇေယျာသော်နှင့် ဦးသိမ်းဆွေတို့လည်း လာရောက်ခဲ့သည်။

(ဓာတ်ပုံ- ‎Robert Sann Aung


သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဒီကနေ့ ချောင်းဦးမြို့ နယ် တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။

စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာဘာသာကို ပုတ်ခတ်ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး ဒီကနေ့မှာတော့ သာသနာညှိုနွမ်းစေမှုပုဒ်မ တခုထဲနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့ ဦးထင်လင်းဦးရဲ့ အစ်ကို ဦးနေဦးက ပြောပါတယ်။

“ပထမစွဲတာက ၂၉၅ (က) နဲ့ ၂၉၈။ ၂၉၈ က အထမမြောက်ဘူးဆိုပြီးတော့ ၂၉၅ (က)ကို ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်ဗျာ။ အပြည့်ချလိုက်တာပေါ့ဗျာ။ သူတို့ ဥပဒေအရ တော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့ဗျာ။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှ ကျေးရွာ စာပေဟောပြောပွဲမှာ ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညှိုးနွမ်းစေတယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဦးထင်လင်းဦး ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီကနေ့ စီရင်ချဟာ ဘေးက ဖိအားတွေ ပါဝင်နေပြီး အမှုအတွက် ဆက်လက်အယူခံ ၀င်သွားမယ်လို့ ပြောပါတယ်။

“‘သူအပြစ်လုံးဝမရှိဘူးလို့ ယုံကြည်တယ်လေ။ ဖွဲ့စည်းပုံပါ အခွင့်အရး၊ လူ့အခွင့်အရေးကြေညာစာတန်းပါအခွင့်အရေးအရ နောက်ဒီအမှုတွေက ၂၉၅(က)တို့ ၂၉၈ တို့ဆိုတာက တမင် မသမာတဲ့ ကြံရွယ်ချက်ပေါ့။ ဆရာထင်လင်းဦးမှာ အဲလို မသမာတဲ့ ကြံရွယ်ချက်မပေါ်ပါဘူး။ ကျနော်တို့က အယူခံဆက်တက်သွားမှာပေါ့နော်။အမြင့်ဆုံး ပြစ်ဒဏ်ချတာကတော့ ပြောရရင် ရုံးအနေနဲ့ ဘေးဖိအားတွေရှိတယ်။ အထက်ဖိအားမဟုတ်ဘူး။ ဘေးဖိအား ပြင်ပဖိအားတွေရှိတယ်။ ကနေ့လည်း မဘသတွေ အများကြီးလာတယ်။ ပထမ ရုံးစတက်ကတည်းက ရုံးခန်းမှာလာဝိုင်းပြီးတော့ ကြွေးကြော်သံတွေ တိုင်တာတို့၊ ခြိမ်းခြောက်တာတို့ ရှိခဲ့ပြီးသားပဲ။ အဲဒီအပေါ်မှာလည်း ရုံးက စိုးရိမ်ပြီးတော့ ဒေသအနေအထားနဲ့ တွက်ချက်ပြီးသကာလ ဒီလိုချတယ်လို့ ကျနော်ယူဆပါတယ်။ ’’’

စာရေးဆရာထင်လင်းဦးဟာ သူ့ရဲ့ ဟောပြောချက်တွေနဲ့ ပက်သက်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့က ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့ ၀န်ချတောင်းပန်ခဲ့ ရာမှာ သံဃာတော်တွေကလည်း ကျေနပ်ခွင့်လွှတ်ပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ဒီလို ထပ်ပြီးထောင်ချတဲ့ အပေါ် ဦးနေဦးက “ဘာသာရေးအမှု ကိစ္စဖြစ်နေပြီးတော့ သီလရှင်တပါးမှလည်း မပါဘူး။ သံဃာတော်တပါးမှလည်း သက်သေထွက်ဆိုတာ မတွေ့ရဘူး။ အဲတော့ ဒီဖက်က လောကုတ္တရာပိုင်းဆိုင်ရာတွေမှာ မြ၀တီဆရာတော်ဘုရားကြီးက ထင်လင်းဦးဘက်ကနေပြီးတော့ သက်သေလိုက်ပေးတာ အနေအထားနဲ့ကို ကြည့်မယ်ဆိုရင် သံဃာတော်တွေအားလုံးက ထင်လင်းဦးရဲ့ ဟောပြော ချက်ကို ကန့်ကွက် ရှုတ်ချကြတာမဟုတ်ဘဲနဲ့ ဒီ မဘသ သံဃာတော်တွေပဲ ရှုတ်ချတယ်လို့ ကျနော်တို့က သုံးသပ်လို့ရ ပါတယ်။”

ဦးထင်လင်းဦးကို ဒီကနေ့ ထောင်ဒဏ်စီရင်အပြီးမှာတော့ မုံရွာထောင်ကို ပို့လိုက်တယ်လို့ လည်းပြောပါတယ်။

စာရေးဆရာ ထင်လင်းဦး အမှုကို ၈ လကျော်ကြာ စစ်ဆေးခဲ့တာဖြစ်ပြီး ရုံးချိန်းပေါင်း ၂၀ ရှိခဲ့အပြီးမှာ ခုလို ထောင်ဒဏ်စီရင်လိုက်တာဖြစ်ပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no
ဓာတ်ပုံ – ဇော်ဇော်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.