06/05/15

မြန်မာနယ်စပ် တရုတ် ယူနယ်ပြည်နယ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်တပ်ကို ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: PLA Daily shows
မြန်မာနိုင်ငံနယ်စပ်မှာ လက်နက်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေတဲ့ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ပထမရက်မှာတင် လေတပ်အသုံးပြု တိုက်ခိုက်တာတွေကို လေ့ကျင့်ခဲ့ပြီး ဝေဟင်ကနေ မြေပြင်က ပစ်မှတ်တစ်ခုကို ၈ စက္ကန့်အတွင်း တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။

မြန်မာနယ်ခြားဒေသဟာ တောင်ထူထပ်တဲ့ဒေသဖြစ်လို့ ခြေလျင်နဲ့ ကြည်းတပ် ယန္တရားတွေရောက်ဖို့ ခက်ခဲတဲ့အတွက် လေကြောင်းကနေ ပစ်ခတ်နိုင်စွမ်းဟာ အထူးအရေးကြီးတယ်လို့လည်း တရုတ် အစိုးရပြည်သူ့နေ့စဉ် သတင်းစာကရေးပါတယ်။

တရုတ်တပ်မတော်ရဲ့ ဒီလေ့ကျင့်မှုမှာ လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ ဒုံးပျံတပ်နဲ့ ရေဒါတပ်ခွဲတွေ ပါဝင်ပြီး ဒေသခံတရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်အစိုးရနဲ့ ပြည်သူအရံအင်အားတွေလည်း ပါတယ်လို့ ဆိုပါတယ်။

တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းမှာ မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီးနောက် PLA တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးမှာ လာရောက်ပြီး အခုလို စစ်ရေးလေ့ကျင့်နေတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/china-live-fire-drill-06042015115952.html

child-soldiers-620.jpg
ကလေးစစ်သားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားတစ်ခုကို တွေ့ရစဉ်
Photo: RFA
မြန်မာ့တပ်မတော်မှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၅၁ ယောက်ကို မိဘနေရပ်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ကြေညာပါတယ်။
အခုတကြိမ် လွှတ်ပေးတာဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လွှတ်ပေးတဲ့ ကလေးစစ်သားအရေအတွက်ဟာ ၉၃ ဦးရှိသွားပြီလို့ သိရပါတယ်။
ကလေးသူငယ်များ အခွင့်ရေးချိုးဖောက်မှုများ စောင့်ကြည့်အစီရင်ခံစာတင်ပြနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ CTFMR အဖွဲ့က မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကလေးစစ်သားလုံးဝပပျောက်သွားတဲ့အထိ ရှေ့တိုးဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ခုဟာ ကလေးစစ်သား စုဆောင်းအသုံးပြုတာတွေရှိကြောင်း ၂ဝဝ၇ ခုနှစ်စပြီး ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ စာရင်းမှာ ထည့်သွင်းဖော်ပြ ခံထားရပါတယ်။

RFA

parliament-media-620.jpg လွှတ်တော်အတွင်းက မီဒီယာအခန်း သွားရာလမ်းကို မေလ ၂၈ ရက်နေ့က ပိတ်ထားစဉ်
ပြည်ထောင်စုလွှတ်တော် အပါအ၀င် လွှတ်တော်သုံးရပ်လုံးမှာ သတင်းသမားတွေ သတင်းရယူခွင့် တားဆီးကန့်သတ်လိုက်တာဟာ ပြည်သူတွေသတင်းမှန်သိခွင့်ကို ကန့်သတ်လိုက်တာဖြစ်တယ် လို့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်းရယူခွင့် ကန့်သတ်လိုက်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ စာပေးပို့ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှုမရှိတဲ့ အတွက် အခုလိုကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ MJN အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် က ပြောပါတယ်။

"လွှတ်တော်ကိစ္စ သူတို့ ပြန်သုံးသပ်ပေးဖို့ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ကစာပို့တယ်၊ ကြိုးစားတယ်၊ ဒါပေမဲ့ အဲ့ဟာက မအောင်မြင်ခဲ့ဘူးပေါ့၊ မနေ့ကတော့ လွှတ်တော်နာယက က ခွင့်မပြုတော့ဘူးလို့ ပြောလိုက် တယ်၊ နောက်တစ်ခုက ဟိုင်းကြီးကိစ္စကတော့ ကျနော်တို့ လေ့လာသိရှိရသလောက်က ဒီကိစ္စဟာ လူအများသိရှိသင့်တဲ့ကိစ္စပေါ့နော်၊ နိုင်ငံတကာကလည်း သိသင့်တဲ့ကိစ္စ၊ အဲ့ကိစ္စ သတင်းယူခွင့်မပေးတာက သတင်းရယူခြင်းကို ကန့်သတ်ခြင်း၊ ဒါကြောင့် ဒီနှစ်ခုစလုံးကိုတွဲပြီးတော့ သဘောထားကြေညာချက် ထုတ်လိုက်တာပါ"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း လိပ်ကျွန်းမှာ သတင်းသွားရောက်ယူခဲ့တဲ့ သတင်းသမား ၈ ဦးကို တားဆီးပြီး နောက်နောင် မသွားရောက်ပါလို့ ၀န်ခံလက်မှတ်ရေးထိုးစေခဲ့တာဟာ သတင်းရယူခွင့်ကို တားဆီးပိတ်ပင်လိုက်တာဖြစ်ပြီး တိုင်းပြည်ရဲ့ အဖြစ်အပျက်မှန်သိရှိခွင့်ကို ပိတ်ပင်လိုက်တယ်လို့ ရှုမြင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီအတွက် လွှတ်တော်နဲ့ မြန်မာနိုင်ငံအစိုးရအဖွဲ့အနေနဲ့ သတင်းသမားတွေ သတင်းရယူခွင့်အတွက် ဖြေရှင်းပေးဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

MJN အနေနဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက် တခြားသတင်းအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီ MPC ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA ၊ မြန်မာသတင်းပညာသိပ္ပံ MJI အဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်း သွားဖို့ရှိတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/mjn-denounces-parliaments-media-rooms-lockdown-06042015114223.html


boat-refugees-700-620.jpg
လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ တွေ့ရစဉ်
Photo: Khin Maung Soe/RFA

ဟိုင်းကြီးကျွန်းဘက်ကနေ ရခိုင်ပြည်နယ် မောင်တောဘက်ကို ရွှေ့ပြောင်းလိုက်ပြီဖြစ်တဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံက အယောက် ၁၀၀ ကျော်ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

ဒီလှေစီးဒုက္ခသည်တွေကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်နဲ့အဖွဲ့ အပါအဝင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံက ဘင်္ဂါလီလူမျိုး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အယောက် ၁၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

"အားလုံးပေါင်း အရေအတွက်က ၇၃၄ ဦး လို့သိရတယ်၊ ယောက်ျားက ၆၁၁ ယောက်၊ အမျိုးသမီးက ၇၂ ယောက်၊ ကလေးက ၅၁ ယောက် သူတို့ကို ယနေ့စပြီးတော့စစ်နေပြီ၊ ၁ဝဝ ကျော်လောက်ကတော့ မြန်မာနိုင်ငံဖက်ကပေါ့နော်၊ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပြီးတော့မှ ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ အကြမ်းဖျင်းသိရပါတယ်"

ဒီမြန်မာနိုင်ငံသားလှေစီးဒုက္ခသည်တွေကို လောလောဆယ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးချက်တွေပေါ် မူတည်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အစောပိုင်း ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ပြေးသူ ၂၀၀ ကျော်ထဲက ၁၅၀ ကို ဇွန်လ ၇ ရက်နေ့မှာ ပထမအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေအရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူတွေ ရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/over-100-myanmar-include-boat-refugees-06042015110217.html

 bankimoon-620.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ်

လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် "မှန်ကန်မျှတစွာ" ပြောဆိုစေ လိုကြောင်းပါရှိတဲ့ စာကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ထံ စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ မစ္စတာဘန်ကီမွန်းထံ ပေးပို့တဲ့စာကို မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူရဦးရွှေမန်းက ဖတ်ကြားပြခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"အဓိက ဦးရွှေမန်းပြောတာကတော့ အခုမြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေတဲ့အခါ Ban Ki-Moon တုန်းက လာရောက်ပြီးတော့လည်း နိုင်ငံခြားရဲ့ဖိအားကို လာပေးနေတဲ့သဘောတွေကို လူတွေကပြောနေကြတယ်၊ အဲ့ဒီအတွက်ကြောင့် ဦးရွှေမန်းက ဒါလေးတွေကို မြန်မာနိုင်ငံကို ပြန်ပြီးတော့ ဖိအားပေးမှုတွေအပေါ် မှာ ဖြေလျော့ပြီးဖိအားပေးရေးပေါ့နော်၊ ကျမတို့ မြန်မာနိုင်ငံကို သူတို့က အပြစ်ပြောနေတာချည်းပဲမဖြစ်ပဲ သမာသမတ်ပြောဖို့ပေါ့ အဲ့လိုလေးတွေပို့တာ"

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း မြန်မာ့ရေပိုင်နက်ထဲရောက်လာတဲ့ လှေစီးဒုက္ခသည်တွေ စုစုပေါင်း ၉၀၀ ကျော်လောက်ရှိပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတို့ ဆွေးနွေးနေကြပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စိစစ်နေပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကို ဘက်ပေါင်းစုံကထည့်သွင်းစဉ်းစားပြီး အပြုသဘောဆောင်ခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ကိုလည်း သူရဦးရွှေမန်းက စာထဲမှာ တိုက်တွန်းပြောဆိုထားပါတယ်။

RFA



အကျဉ်းထောင်ထဲက လုံခြုံမူမရှိတဲ့ အကျဉ်းသားတွေ ဘဝ်
Posted by Nay Myo Zin on Thursday, June 4, 2015

ပြည်သူလူထုညီညွတ်ဖို့အရေးကြီးတယ်

Posted by Nay Myo Zin on Thursday, June 4, 2015

Posted by Nay Myo Zin on Thursday, June 4, 2015


မြန်မာအစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း ဗုံးတွေ၊ လက်နက်ကြီး ကျည်ဆံတွေ မကြာခဏ ကျရောက်လေ့ ရှိတတ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ တရုတ်စစ်တပ်က ဒီသီတင်းပတ် အစောပိုင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ အပေါ် မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။

တကယ့်စစ်မြေပြင်မှာလို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး လေ့ကျင့်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆိုခဲ့တာပါ။ တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ မြေပြင်နဲ့ဝေဟန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပါဝင်တဲ့ အင်္ဂါနေ့က စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေကို ကြိုတင်အသိပေးထားတဲ့ အကြောင်း ပြောဆိုထားတာပါ။

မြန်မာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း မြန်မာတိုက်လေယာဉ်တွေက ကြဲချခဲ့တဲ့ဗုံးကြောင့် မတ်လထဲမှာ လူ ၅ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက် အပါအ၀င် နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေ ကြုံနေရချိန်မှာပဲ တရုတ်နိုင်ငံဖက်က စစ်ရေးလေ့ကျင်မှု ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေဟာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေတယ်လို့ တရုတ်နိုင်ငံက ယူဆထားကြောင်း ပြောဆိုခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/myanmar-china-military-drill/2807375.html




ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီဆကစ်ခရိုင်မှာ ဒုရဲမှူးကြီး ၀တ်စုံဝတ် သတို့သားကို နယ်မြေခံရဲတပ်ဖွဲ့က မင်္ဂလာဆောင်အခမ်းအနားမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရတ်သတင်း မှာ ဖော်ပြပါတယ်။

အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ မိမိကိုယ်မိမိ ထိုင်းအမျိုး သားထောက်လှမ်းရေးတပ်က ဒုဗိုလ်မှူးကြီးလို့ ဟန်ဆောင်ပြောဆိုပြီး လိမ်လည်နေတဲ့အတွက်  ဇွန်လ ၂  ရက်နေ့က သတို့သမီးနေရပ် ကန်ထရားလုမ်းမြို့မှာ မင်္ဂလာပွဲကျင်းပစဉ် ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က သတင်း စာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ရဲတပ်ဖွဲ့က သူ့ဆီကနေ ရဲအရာရှိဝတ်စုံဖြူတစုံ၊ ရဲဦးထုတ်၊ ပခုံးမှရာထူးပြကြယ်ပွင့်၊ ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊  ကျည်ဆန် ၂၂ ထောင့်၊ ဂုဏ်ထူးဆောင်ဓားရှည်တစ်လက်၊ ရဲဝတ်စုံဝတ် ဓာတ်ပုံ ၂ ပုံ၊ အေတီအမ် ငွေထုတ်ကတ် ၈ ခုတို့ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

သူဟာ အယောင်ဆောင် ရဲမှူးဖြစ်တယ်ဆိုတာကို အဲဒီနေ့မှ သိရတဲ့အတွက် သတို့သမီးဟာ မေ့လဲမတတ်ဖြစ်သွားသလို မိဘဆွေမျိုးနဲ့ ဧည့်ပရိသတ်ပေါင်း   ၁၀၀၀ ကျော်လည်း အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်းပကားဆစ်ဟာ ဆမွတ်ဆာခွန်းဇာတိဖြစ်ပြီး သူဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲ ၀င်ရောက်လိုသူတွေ၊ ရာထူးအရွှေ့အပြောင်းလုပ်ချင်သူတွေကို လိုသလိုဆောင်ရွက်ပေး နိုင်တယ်လို့ ပြောထားတဲ့အတွက် ယုံကြည်သူတွေက တစ်ဦးကို ဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းထိ ဘဏ်စာရင်းထဲ လွှဲပေးထားကြောင်း အထောက်အထားတွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ငွေလိမ်ယူမှုနဲ့  စမွတ်စခွန် ခရိုင်ရဲတပ်ဖွဲ့မှာ  နာမည်ပျက်စာရင်း သွင်းခံထားရသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ဓာတ်ပုံ – dailynews.co.th
 By ဒီဗွီဘီ
http://burmese.dvb.no

ဓာတ်ပုံ - ဦးဦးထွန်းလှ
ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူတွေ အယောက် ၂၀ ကို ဒီကနေ့ ကျောက်တော်မြို့နယ် တရားရုံးမှာ ထပ်မံ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့မှာတော့ တပ်မတော်ဘက်က တရားလိုပြသက်သေ ဗိုလ်ကြီး မင်အောင်နိုင်ကို စစ်ဆေးတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ရှေ့နေ ဦးဦးထွန်းလှက ပြောပါတယ်။

“ ဒီနေ့က ရုံးထုတ်ပြီးတော့ စကခ ၉ က ဗိုလ်ကြီးမင်းအောင်နိုင်ကို စစ်ပါတယ်။ ဒီနေ့က အမှု ၃ မှု စစ်တာမှာ တမှုပဲ ပြီးပြီး နောက် ၂ မှုက ချိန်းတချိန်း ချိန်းပေးလိုက်ရတယ်။ အမှု ၃ မှု ဆိုတာက အကုန်လုံးက ၁၇ (၁) နဲပဲ။  ဒါပေမယ့် လူခွဲရတာပေါ့နော်။ ၁၀ ယောက်တမှု၊  ၇ ယောက်တမှု၊ ၃  ယောက်တမှုမှာ  အဲဒီ ၇ ယောက်အမှုကိုပဲ စစ်လို့ပြီးတယ်။ ကျန် ၂ မှုက ရုံးချိန်မလောက်လို့ ၁၁ ရက်နေ့ ပြန်ချိန်းလိုက်တယ်။ ”

ဒီနေ့ စစ်ဆေးခံတဲ့ တရားလိုပြသက်သေ ဗိုလ်ကြီးမင်းအောင်နိုင်ဟာ စကခ ၉ က အရာရှိဖြစ်ပြီး ဖမ်းဆီးခံရ သူတွေကို စစ်ဆေးချက်နဲ့အတူ ရဲစခန်းမှာ လာရောက်အပ်နှံသူဖြစ်တယ်လို့လည်း ဦးဦးထွန်းလှက ပြောပါတယ်။

တရားလိုဖက်က ဖမ်းဆီးခံရသူတွေကို နှိပ်စက်တာမရှိဘူးလို့ ထွက်ဆိုခဲ့ပေမယ့် ဖမ်းဆီးခံရသူတွေကတော့ ဖမ်းဆီးစဉ်ရိုက်နက်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံပြသနေရ တယ်လို့ လည်း ဦးဦးထွန်းလှက ပြောပါတယ်။

“စစ်ဆေးချက်က ဘာတွေထူးခြားလဲဆိုတော့ တရားခံတိုင်းကို သူတို့က မနှိပ်စက်ဘူး၊ သာမန် ရိုးရိုးတန်းတန်းပဲ စစ်ဆေးတာပါလို့ သူက ထွက်ဆိုပြီးတော့ ဒီဖက်ကနေ ပြန်လည်မေးတဲ့အချိန်မှာ တရားခွင်မှာ တရားခံရဲ့ဒဏ်ရာတွေကို ပြသပြီးမေးတဲ့အခါမှာ သူနည်းနည်းကြောင်သွားတဲ့ သဘောမျိုးရှိတယ်။ ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကတော့ လူတော်တော်များများကတော့ ပြန်ကောင်းသွားပြီ။ ဒါပေမယ့် တချို့ကလည်း ဆေးရုံတွေကို ပြန်ပြနေရာတာမျိုးရှိတယ်။”

ဖမ်းဆီးခံရသူတွေဟာ မတရားအသင်းပုဒ်မ ၁၇(၁) စွဲချက်နဲ့ တရားစွဲဆို ရုံးထုတ်စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် နေရာပေါင်းစုံက လူတွေပေါင်း ၃၂ ဦးကို  စစ်တပ်က ဖမ်းဆီးပြီး အသုပ်ခွဲပြီး  ရုံးထုတ်စစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဖမ်းဆီးထားသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကျောက်တော် မြို့မရဲစခန်းမှူး  ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရ စစ်ကြောင်းတွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခို လှုံခဲ့ရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

လာဒ်စားမှု လုပ်ခဲ့တယ်လို့ ဝန်ခံသူ Chuck Blazer (ယာ) ကို ဖီဖာ ဥက္ကဌဟောင်း Sepp Blatter နဲ့ တွေ့ရစဉ် (Credit: AFP)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ​ဖီဖာ ​အရာရှိဟောင်း ​Chuck ​Blazer ​က ​၁၉၉၈ ​ခုနှစ်နဲ့ ​၂၀၁၀ ​ပြည့်နှစ် ​ကမ္ဘာ့ဖလားအတွင်း ​အဂတိလိုက်စားမှုတွေ ​လုပ်ခဲ့ကြောင်း ​အမေရိကန် ​တရားရုံးမှာ ​ဝန်ခံလိုက်ပါတယ်။

၁၉၉၈ ​ခုနှစ် ​ပြင်သစ်နိုင်ငံမှာ ​ကျင်းပတဲ့ ​ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ​၂၀၁၀ ​ပြည့်နှစ်မှာ ​ကျင်းပတဲ့ ​တောင်အာဖရိက ​ကမ္ဘာ့ဖလားအတွင်း ​လိုက်စားမှုတွေ ​လုပ်ခဲ့တာလို့ ​ဝန်ခံလိုက်တာပါ။

သူနဲ့အတူ ​တခြား ​ဖီဖာ ​အရာရှိတွေကလည်း ​လာဒ်စားမှု ​လုပ်ခဲ့ကြတယ်လို့ ​ပြောပါတယ်။

တောင်အာဖရိက ​နိုင်ငံကတော့ ​လာဒ်ထိုးပြီး ​ကမ္ဘာ့ဖလားမှာ ​အိမ်ရှင် ​ဖြစ်ခွင့်ရအောင် ​မလုပ်ဆောင်ခဲ့ဘူးလို့ ​ပြောပါတယ်။

ဖီဖာ ​အရာရှိတွေကို ​အမေရိကန် ​ဒေါ်လာ ​၁၀ ​သန်းလောက် ​ပေးခဲ့ပေမယ့် ​အဲဒါကို ​တောင်အာဖရိကအစိုးရက ​လာဒ်ထိုးတယ်လို့ ​မမြင်ခဲ့ပါဘူး။

အင်္ဂါနေ့တုန်းက ​ထုတ်ပြန်တဲ့ ​ဖီဖာရဲ့ ​ထုတ်ပြန်ချက်မှာတော့ ​တောင်အာဖရိက ​အစိုးရက ​၂၀၁၀ ​ကမ္ဘာ့ဖလားကို ​အိမ်ရှင်အဖြစ် ​ကျင်းပခွင့်ရဖို့ ​ဒေါ်လာ ​၁၀ ​သန်း ​ပေးတာကို ​ဖီဖာက ​၂၀၀၇ ​ခုနှစ်မှာ ​လက်ခံခဲ့တယ်လို့ ​ပါရှိပါတယ်။

ဒါ့အပြင် ​ရုရှားနဲ့ ​ကာတာနိုင်ငံမှာ ​ကျင်းပမယ့် ​၂၀၁၈ ​ခုနှစ်နဲ့ ​၂၀၂၂ ​ခုနှစ် ​ကမ္ဘာ့ဖလားနဲ့ ​ပတ်သက်ပြီး ​လာဒ်စားမှုတွေ ​ရှိမရှိ ​ဆိုတာကိုလည်း ​ရဲတွေက ​စုံစမ်းနေပြီ ​ဖြစ်ပါတယ်။

အင်္ဂလန် ​ဘောလုံးအသင်း ​ခေါင်းဆောင်ဟောင်း ​ဒေးဗစ် ​ဘက်ဟမ်း ​ကလည်း ​ဖီဖာမှာ ​ဖြစ်ပျက်ခဲ့တဲ့ ​မသမာ ​မှုတွေဟာ ​လက်ခံနိုင်စရာ ​မရှိသလို ​ရွံစရာ ​ဖြစ်တယ်လို့ ​ပြောဆိုခဲ့ပါတယ်။

ဘောလုံးကို ​ထိပ်ပိုင်းက ​လူတချို့ပဲ ​ပိုင်ဆိုင်တာ ​မဟုတ်ပဲ ​ကမ္ဘာတဝှမ်းက ​သန်းနဲ့ချီတဲ့ ​လူတွေက ​ပိုင်ဆိုင်တဲ့အတွက် ​ဖီဖာမှာ ​အပြောင်းအလဲတွေ ​လုပ်ရမယ်လို့ ​မှတ်ချက်ပေးလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်မှာ မြန်မာ ယူ-၂၃ အသင်းက စင်ကာပူအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ပွဲစစချင်းမှာပဲ မြန်မာအသင်းက အလျင်မြန် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ဒီနောက်မှာတော့ ၇ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးရာမှာ စင်ကာပူက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

၁၀ မိနစ်လောက်မှာ စင်ကာပူက ပြစ်ဒဏ်ဘော ရရှိခဲ့ပြီး ကန်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားပါတယ်။ ၁၄ မိနစ်မှာတော့ မြန်မာအသင်း နောက်တန်းကစားသမားတွေ အချိတ်အဆက်လွဲရာကနေ စင်ကာပူရှေ့တန်းလူ ကန်သွင်းခဲ့ပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ စင်ကာပူအသင်းက နံပါတ် ၆ နဲ့ မြန်မာအသင်းက လှိုင်းဘိုဘိုနဲ့ အပြန်အလှန် ထိခိုက်မိခဲ့လို့ လှိုင်းဘိုဘိုကို ထမ်းစင်နဲ့ ထုတ်ခဲ့ရပေမယ့် ကြီးကြီးမားမား ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

၂၃ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘောရရှိပြီး ကန်တင်လို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။

၂၄ မိနစ်မှာတော့ စင်ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ မြန်မာအသင်းက ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘော ရရှိခဲ့ပြီး ကန်တင်ရာမှာ မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း တောက်လျှောက်ဖိကစားခဲ့ပေမယ့်  ၃၂ မိနစ်မှာ စင်ကာပူက ပြစ်ဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီနောက် စင်ကာပူက ကျောနံပါတ် ၂ က မြန်မာဂိုးသမားကို လက်နဲ့ ပုတ်ခဲ့ပေမယ့် ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့ပါဘူး။

၃၄ မိနစ်မှာတော့  မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်သွားလို့ စင်ကာပူကို ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စင်ကာပူရှေ့တန်းလူ ကျောနံပါတ် ၁၀ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။

ဒီနောက်မှာတော့ မြန်မာအသင်းနဲ့ စင်ကာပူအသင်းဟာ ပထမပိုင်းပြီးဆုံးချိန်အထိ နှစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပေမယ့် တဖက်နဲ့တဖက် ဂိုး ထပ်မသွင်းနိုင်ပဲ သရေနဲ့ ပြီးဆုံးသွားပါတယ်။

မြန်မာအသင်းရဲ့ ဦးဆောင်ဂိုးဂိုတော့ ပထမပိုင်း ပွဲချိန် ၂၄ မိနစ်မှာ စင်ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ စင်ကာပူအသင်းရဲ့ ခြေပဂိုးကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။

ပထမပိုင်းတပွဲလုံးမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူအသင်းကတော့ အဝေးဘောတွေနဲ့ ပြန်လည်ခြိမ်းခြောက်ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စင်ကာပူအသင်းက အိမ်ရှင်အသင်းပီပီပြန်လည်ဖိကစားခဲ့ပြီး မြန်မာအသင်းကို ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲစဉ် ၆၁ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို မြန်မာအသင်းရဲ့ အလယ်တန်းကစားသမား ကျောနံပါတ် ၂၁ ရဲကိုဦးက မြေထောင့်သွင်းယူပြီး ၂-၁ ဂိုးနဲ့ ဆက်လက်ဦးဆောင်ပါတယ်။

၆၆ မိနစ်မှာတော့ မြန်မာအသင်းက နောက်တန်းကစားသမား ကျော်ဇင်လွင်အစား ရဲဝင်းအောင်က လူစားလဲဝင်ကစားခဲ့ပါတယ်။ ဒီနောက် ဒိုင်က မြန်မာအသင်းဂိုးသမား ကျော်ဇင်ဖြိုး ဘောလုံးကန်တင်ရာမှာ အချိန်ဆွဲတယ်ဆိုပြီး အ၀ါကတ်ပြခဲ့ပါတယ်။

စင်ကာပူအသင်းဟာ ပွဲစဉ်တလျှောက်လုံး အိမ်ရှင်အသင်းဖြစ်တာနဲ့အညီ မာမာထန်ထန်နဲ့ ကစားတာ ကြမ်းခဲ့ပါတယ်။ ပွဲချိန် ၈၀ မှာတော့ မြန်မာအသင်း ဂိုးဧရိယာထိပ်နားမှာ စင်ကာပူက ထောင့်ကန်ဘောရပြီး ကန်သွင်းရာမှာ မြန်မာအသင်းရဲ့ ညာဘက်ဂိုးဘေးကို ကျော်ထွက်သွားခဲ့ပါတယ်။ စင်ကာပူအသင်းက တိုက်စစ်ကိုမြှင့်တင်ပြီး ချေပိုဂိုး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနောက်မှာတော့ ပွဲစဉ်ပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအသင်းဟာ ဒီပွဲအနိုင်ကြောင့် အုပ်စု (က) မှာ နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး အိမ်ရှင်စင်ကာပူအသင်းကတော့ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရ နေပါတယ်။

မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ဇွန် ၇ ရက်နေ့၊ ကမ္ဘောဒီးယားအသင်းနဲ့ ၁၀ ရက်နေ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ် Photo: Myo Thant Khaing/RFA
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ထုတ်ပြန်ကြေညာထားတဲ့ မဲပေးခွင့်ရှိသူစာရင်းတွေကို နိုင်ငံရေး ပါတီတွေအနေနဲ့ ကူးယူခွင့်ပေးမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောလိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့နဲ့ နေပြည်တော်မှာ မနေ့က ဆွေးနွေးစဉ် အတွင်း ကော်မရှင် ဥက္ကဌက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မဲစာရင်းစိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"တချို့ဘာဖြစ်လဲဆိုတော့ ကျနော်တို့ မဲစာရင်းသွားကူးတဲ့အခါမှာ ရပ်ကွက်ကော်မရှင်တွေက ဘာပြောလဲ ဆိုတော့ ကျနော်တို့ကို ညွှန်ကြားတဲ့အထဲမှာ ကူးယူခွင့်ပြုစေဆိုတာမပါဘူး၊ ဒါကြောင့်မို့လို့ ကူးယူခွင့် မပေးနိုင်ဘူးပေါ့လေ ဒီလိုပြန်ဖြေတာပေါ့နော်၊ နောက်တခါ ကူးယူခွင့်တော့ပြုတယ်၊ ဓါတ်ပုံရိုက်ခွင့်ပေးတာ ခင်ဗျားတို့ Scan နဲ့ဖတ်လို့မရဘူး ဆိုတဲ့အခါကျတော့လည်း ကျနော်က စိတ်ထဲက တစ်မျိုးဖြစ်ပြန်ရောပေါ့ ခင်ဗျာ၊  အခက်အခဲတွေကြားက ကျနော်တို့ သွားပြီးတင်ပြတာပါ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကလည်း ဒါတွေကိုသူတို့ ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကျနော်တို့ကိုပြောပါတယ်၊ မဲစာရင်းတွေကို ပြန် လည်ကူးယူလို့ ရမှာပါခင်ဗျ၊ ကျနော်တို့ မဲစာရင်းစိစစ်တဲ့အခါ ကျနော်တို့က မဲစာရင်းမရှိဘဲနဲ့ ဘယ်လိုမှ စိစစ်လို့မရဘူး"

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်တို့မှာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို ထုတ်ပြန်ကြေညာထားရာမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ကူးယူခွင့်မရကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါဝင်နေသလို၊ မှတ်ပုံတင်နံပါတ်တွေ မှားယွင်းဖော်ပြတာ ၊ မွေးသက္ကရာဇ်တွေ မှားယွင်းနေတာရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မဲစာရင်းမှာ မပါတာတွေနဲ့ ပတ်သက်ပြီးလည်း ပြန်လည်ပြင်ဆင်ဖို့ကို ရွေးကောက်ပွဲကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ က ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအသီးသီးမှာ နိုင်ငံရေးပါတီတွေက ထားရမယ့် မဲရုံကိုယ်စားလှယ်တွေကိစ္စနဲ့ မဲရုံဖွဲ့စည်းပုံတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါပိုး ရှိသူ ၅ ဦးကို ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ရောဂါဖြစ်ပွားနေသူ အရေအတွက် ၃၅ ဦးထိ ရှိနေပြီလို့ တောင်ကိုရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။

မားစ်ရောဂါပိုးကြောင့် တတိယမြောက် လူတစ်ဦးသေဆုံးသွားခဲ့ကာ ကျောင်းပေါင်း ၇၀၀ ကျော်ကိုလည်း ပိတ်ထားရပါတယ်။

နောက်ဆုံး မားစ်ရောဂါပိုးကြောင့် သေဆုံးသွားခဲ့သူဟာ ဆေးရုံမှာ တခန်းထဲနေ လူနာထံမှ ရောဂါပိုး ကူးစက်ခံရကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မားစ်ရောဂါပိုး ရှိသူတဦးဟာ ဂေါက်ရိုက်ကစားခဲ့ပြီး နောက်ထပ်တဦးက တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီးတဲ့နောက်ပိုင်း ရောဂါဖြစ်ပွား ပြန့်နှံ့နေတာနဲ့ ပတ်သက်ပြီး ကိုရီးယားအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

ရောဂါ သံသယရှိသူ လူပေါင်း ၁ ၆၀၀ ကျော်ကိုလည်း သီးသန့် ခွဲခြားကြည့်ရှုနေတယ်လို့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း သိရပါတယ်။

ဒီမားစ် ရောဂါဟာ ဆော်ဒီ အာရေဘီးယားနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံနဲ့ တိုင်ဝမ်နိုင်ငံတို့က အများဆုံးပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသွား ၇ ထောင် လောက်ဟာ ခရီးစဉ်ဖျက်ခဲ့ကြတယ်လို့လည်း ကိုရီးယား ကမ္ဘာလှည့် ခရီးသွားအဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းအနီး မေလ ၂၈ ရက်နေ့က မြန်မာရေတပ်က ထိန်းသိမ်း ခေါ်ဆောင်ခဲ့တဲ့ စက်လှေပေါ် လိုက်ပါလာသူ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်တို့ကို စိစစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောပါတယ်။

သူတို့တွေကို မောင်တောအနီး တောင်ပြိုမြို့ကို ခေါ်ဆောင်ခဲ့ပြီး မြန်မာအစိုးရက စိစစ်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေကိုတော့ အဲဒီဒေသမှာ ရောက်နေတဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းက အခုလို ပြောပြပါတယ်။
“ဒီနေ့မနက်တော့ ဟိုင်းကြီးကျွန်းဘက်မှာ ဖျာပုံနယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ဖမ်းမိတယ်ဆိုတဲ့ လူ ၇၂၇ ယောက်ပါတဲ့အဖွဲ့ ဒီဘက်မောင်တော်ဘက်ကို ရောက်လာတာ ကျနော်တွေ့ခဲ့ရပါတယ်။ ဒီနေ့မနက်ပဲ နယ်စပ်ဂိတ်တွေကို လိုက်ကြည့်နေရင်းနဲ့ ၀င်လာပြီးတော့ အဲဒီမှာရပ်ထားတဲ့ နေရာကို တွေ့ပါတယ်။ ကျနော်တို့တော့ အနားကို သွားခွင့်မရပါဘူး။ ဒီနေ့မနက်ပဲ ရောက်ပါတယ်။ ရောက်ပြီးလို့ရှိရင် သူတို့ကို အစောပိုင်းက လူတွေထားတဲ့ တောင်ပြိုလက်ဝဲမြို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုပဲ သွားပို့ပါလိမ့်မယ်။ သွားပို့ပြီးတော့ အဲဒီမှာ ယာယီစခန်းမှာ စစ်ဆေးမှုတွေ လုပ်ပြီးတော့၊ သက်ဆိုင်ရာ နေရာတွေကို ပြန်ပို့ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ သိရပါတယ်။”

အမျိုးသမီး အယောက် ၇၀ နဲ့ ကလေးငယ် ၄၀ အပါအ၀င် ဒီလူတွေအားလုံးကို တောင်ပြိုမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို ဗုဒ္ဓဟူးနေ့က ခေါ်ဆောင်လာတာလို့ မောင်တောမြို့ အာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာကို စစ်ဆေးပြီး ရှေ့ဆက် ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ၃ ရက်လောက် အချိန်ယူရမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကို ရောက်နေတဲ့ လူဦးရေ၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေအဖြစ် ဆက်ဆံဖို့ လိုကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမျိုးသားတွေ အားလုံးဖြစ်ကြတဲ့ ဒုက္ခသည် ၂၀၈ ယောက်နဲ့ ၀န်ထမ်း ၁၁ ယောက်ပါဝင်တဲ့ စက်လှေတစင်းကို ပင်လယ်ပြင်အတွင်း လပေါင်းများစွာ မျောပါနေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လက တွေ့ရှိခဲ့ပါတယ်။ အဲဒီစက်လှေပေါ်ပါလာသူ အားလုံးထဲက ၈ ယောက်ကလွဲလို့ ကျန်လူအားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ကြပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်သာဝေးတဲ့ တောင်ပြိုစခန်းမှာ ထိန်းသိမ်းထားတာပါ။


ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ကမ်းခြေကို ပြန်မရောက်ခင်အထိ ပင်လယ်ပြင်အတွင်း ၃ လလောက် ကြောက်မက်ဖွယ်ကောင်းစွာ မျောပါနေခဲ့တယ်လို့ သူတို့က ဗွီအိုအေကို ပြောပြခဲ့ကြပါတယ်။ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ကနေ ပြန်ပေးဆွဲခံခဲ့ကြရတာဖြစ်ပြီး လူမှောင်ခိုကူးသူတွေထံမှာ ရောင်းစားခံခဲ့ရတာလို့ ဆိုပါတယ်။ စက်လှေတွေကနေ ကယ်တင်ထားတဲ့သူတွေကို တွေ့ဆုံမေးမြန်းတဲ့အချိန် မြန်မာအာဏာပိုင်တွေက စောင့်ကြည့်နေခဲ့တာပါ။ ပင်လယ်ပြင်အတွင်း ၃ လလောက် မျောပါပြီးတဲ့နောက် မြန်မာရေတပ်က ကယ်တင်လိုက်တဲ့ မေလ ၂၁ ရက်နေ့ကတည်းက ယာယီထိန်းသိမ်းရေးစခန်းကို သူတို့ ရောက်နေကြတာ ဖြစ်တဲ့အတွက် အဲဒီမှာ သူတို့ရောက်နေတာ အခုဆိုရင် သီတင်းပတ် ၂ ပတ်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေထံကို ဘင်္ဂလားဒေ့ရှ်သံရုံးက တာဝန်ရှိသူတွေ မေလ ၂၅ ရက်နေ့က လာတွေ့ခဲ့ပြီး သူတို့တွေ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကို စီစစ်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာအာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ပြောတဲ့အတိုင်းသာ မှန်ကန်တယ်ဆိုရင် သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
သာသနာညှိုးနွမ်းစေမှုနဲ့ စာရေးဆရာ ဦးထင်လင်းဦးကို မြန်မာအစိုးရက ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း UNHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

သူ့အပေါ် အခုလို ပြစ်ဒဏ်စီရင်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း တခြား ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေအတွက် ပြောဆိုလုပ်ဆောင်နေ သူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ အစိုးရရဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့အညီ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဦးထင်လင်းဦးကို အဲဒီလို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာနဲ့ပတ်သက်လို့ UNHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ထည့်သွင်း ပြောဆိုသွားတာပါ။

“သာသနာညှိုးနွမ်းစေမှုနဲ့ ဦးထင်လင်းဦးကို မြန်မာအစိုးရက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး အစွန်းရောက်ဝါဒကို လုပ်ကိုင်နေကြတဲ့သူတွေကို သူ့အနေနဲ့ သတ္တိရှိစွာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် အခုလို ပြစ်ဒဏ် စီရင်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း တခြား ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေအတွက် ပြောဆို၊ လုပ်ဆောင်နေသူတွေ၊ လူနည်းစုတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်ပေးနေသူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။”

အဲဒီလို ရိုဟင်ဂျာတွေကို အမုန်းတရား ပြန့်ပွားအောင် ပြောင်ပြောင်းတင်းတင်း ဟောပြောနေသူတွေ၊ အကြမ်းဖက် ဆူပူမှု ဖြစ်ပေါ်အောင် လုပ်ဆောင်နေသူတွေကို အရေးယူခြင်းမရှိဘဲ ဘာသာတရားကို ခုတုံးလုပ်ပြီး အစွန်းရောက်ဝါဒကို စွဲကိုင်ထားသူတွေရဲ့ လုပ်ရပ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ထောက်ပြပြောဆိုသူကို အာဏာပိုင်တွေက ပြစ်ဒဏ် စီရင်ခြင်း ဖြစ်တယ်လို့ UNHCHR ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူ့ကို ချက်ခြင်း လွှတ်ပေးဖို့ UNHCHR က တောင်းဆိုကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။

“ဦးထင်လင်းဦးကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့အတွက် UNHCHR ရုံးအနေနဲ့ တောင်းဆိုပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နေသူတွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကြောင့် လက်စားချေခံရတဲ့ အဖြစ်မျိုးနဲ့ ရင်မဆိုင်ရအောင် အာဏာပိုင်တွေဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။”

ဦးထင်လင်းဦးအမှုမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ဥပဒေလမ်းကြောင်းအရ အားနည်းချက် တော်တော်များများရှိတာကို တွေ့ရတယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦး ကပြောပါတယ်။

“ဆရာထင်လင်းဦးရဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ တရားလိုရဲ့ စစ်မေးချက်၊ သက်သေတွေရဲ့ စစ်မေးချက် စတဲ့ဥစ္စာတွေ ကျနော်တို့ လက်ခံရရှိပြီးပြီ ဖြစ်ပါတယ်။ အဲတော့ အဲဒီလို လက်ခံရရှိထားတဲ့အခါမှာ တရားလိုအဖြစ် တရားစွဲဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တရားလို ဦးထွန်းခိုင် ကိုယ်တိုင်ကိုယ်က ဒီပွဲကို သွားခဲ့တာမဟုတ်ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ကာ ဒီပွဲမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကနေပြီးတော့ တခါပြန်တဆင့် ကူးယူထားတယ်။ ပြန်တဆင့် ကူးယူထားပြီးတော့ လိုချင်တဲ့ အချက်အလက်တွေကိုပဲ မှင်နီနဲ့တားပြီးတော့ တရားရုံးမှာ အမှုစွဲတင်ဖို့အတွက် တိုင်စာရေးဖွင့်တယ်လို့ ကျနော်တို့သိရပါတယ်။ နောက်တခါ အားနည်းချက်တခုက ဒီမြို့နယ် သံဃာ့နာယကအဖွဲ့ကနေပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အရေးယူရပါတယ်လို့ ပြောတယ်။ အဲတော့ ဒီမြို့နယ်သံဃာ့နာယက ဆရာတော်တပါးပါးကိုတောင်မှ သက်သေအဖြစ် မထည့်သွင်းထားဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ဥပဒေပိုင်းအရ ကြည့်မယ်ဆိုရင်တော့ အားနည်းချက် တော်တော်များများ ရှိပါတယ်။”

ဦးထင်လင်းဦး အမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေး စတဲ့ တခြားရည်ရွယ်ချက်တွေ ပါနေတယ်လို့ ယူဆတဲ့အတွက် သူ့ကို လွှတ်ပေးဖို့ အာရှလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုကြောင်း ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“အခုလို အမိန့်ချလိုက်တာကတော့ ကျနော်တို့ ဒီ အမျိုးဘာသာ သာသနာဆိုတဲ့ သာသနာရေးအဖွဲ့က ဖိအားပေးတာတွေလည်း ပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်အစိုးရကနေပြီးတော့ ဆရာဦးထင်လင်းဦးရဲ့ အခြား နိုင်ငံရေးလုပ်ဆောင်မှုတွေကိုပါ ကန့်သတ်ချင်တဲ့အတွက် အခုလိုမျိုး ၂ နှစ် ပြစ်ဒဏ်ပေးတယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့လည်း တောင်းဆိုထားပါတယ်။”

မေး။             ။ သူ့မိသားစုကတော့ ထပ်အယူခံဝင်မယ်လို့တော့ ပြောတယ်နော်။

ဖြေ။              ။ “ဟုတ်ပါတယ်။ ဒါကတော့ ၀င်ရမယ့်ကိစ္စဖြစ်တယ်။ ဒါမှလည်း ရှေ့ဆက်ပြီးတော့ လုပ်စရာရှိတဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ဆက်လက် ပါဝင်လုပ်ဆောင်နိုင်မယ်။ မိမိရဲ့ တခြားစီးပွားရေးလုပ်ငန်းတွေသော်လည်းကောင်း၊ ကျောင်းတွေဖွင့်ထားတယ်ဆိုတော့လည်း ကျောင်းတွေမှာ ဆက်လက် လုပ်ကိုင်ဖို့အတွက်က နောက်ကြောင်းရာဇ၀င်တွေ ရှင်းဖို့လိုတယ်။ ပြစ်မှုကင်းတယ်ဆိုတဲ့ အချက်အလက်တွေ လိုအပ်တဲ့အတွက် ဒါကတော့ သူတို့ တက်ရမှာပေါ့။”

ဦးထင်လင်းဦးအပေါ် စွဲချက်တင်ထားတဲ့ စုစုပေါင်း အမှု ၂ မှုထဲက တခြားအမှုဖြစ်တဲ့ ပုဒ်မ ၂၉၈ - ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ ပြောဆို၊ ပြုမူခြင်းဆိုတဲ့ အမှုကိုတော့ လွှတ်ပေးလိုက်ပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ NLD ပါတီက ဦးဆောင်ကျင်းပတဲ့ စာပေဟောပြောပွဲမှာ တက်ရောက် ဟောပြောတဲ့အချိန် ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေထဲမှာ သာသနာညှိုးနွမ်းစေမှုနဲ့ဆိုင်တဲ့ အချက်တွေ ပါဝင်တယ်ဆိုပြီး စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အမှုကိုတော့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနအရာရှိ ဦးထွန်းခိုင်က တရားလို ပြုလုပ်ပြီး သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၈ နဲ့ ပုဒ်မ ၂၉၅ (က) တို့နဲ့ ၂၀၁၄ ဒီဇင်ဘာလ ၄ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ စာရေးဆရာ ထင်လင်းဦးအပေါ် တရားစီရင်ပုံတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီပုဒ်မတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာယုံကြည်မှုကို ထိခိုက်နေတာကြောင့် ဒီလိုပုဒ်မမျိုးကို ပယ်ဖျက်ဖို့ တောင်းဆိုကြောင်း A.I နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.