06/06/15

students-tharyarwaddy-court-620.jpg  
သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲရာမှာ ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာရောက်နေတဲ့ သပိတ်ဝန်းရံသူ ကိုတင်ဝင်းကို မနေ့ကမနက်ပိုင်းက ခွဲစိပ်ကုသတဲ့ အခါ အောင်မြင်သွားတယ်လို့ သိရပါတယ်။

ပုံသဏ္ဍာန်ပျက်ယွင်းသွားတဲ့ အကြောတွေပုံမှန်ဖြစ်အောင်ခွဲစိပ်ကုသလိုက်ရတဲ့ အကြောင်း ကိုတင်ဝင်းရဲ့ညီဖြစ်သူ ကိုနေဇော်လင်းက RFA ကိုပြောပါတယ်။

"လည်ပင်းကိုခွဲစိပ်ပြီးတော့ တင်ပါးဆုံပေါင်နားက အရိုးကိုနည်းနည်းချစ်ပြီးတော့ လည်ပင်းထဲကို ထည့်ရတယ်၊ အကြောတွေညပ်နေတာကိုး ကျောနဲ့ ရင်ဘတ်ကတော့ နည်းနည်းအောင့်နေတယ်၊ အကြောအမျှင်လေးတွေ ဟနေတာကိုး၊ ဟနေတဲ့နေရာကို ပြန်ပြီးတော့ချိတ်တာလေ၊ ဆရာဝန်ကြီး ၁၄ ယောက်ကတော့ အားရ တယ်ပေါ့၊ အားရတယ်ဆိုတာ သူတို့ခွဲစိပ်တာအောင်မြင်တယ်၊ အောင်မြင်တော့ သူတို့လည်း ဝမ်းသာတယ်၊ အဲ့လိုပြောတယ်"

သာယာဝတီထောင်မှာကျန်ခဲ့တဲ့ ကျောင်းသားတွေအတွက်စိုးရိမ်တဲ့အကြောင်းနဲ့ ဘယ်တော့မှအရှုံးပေးမှာမဟုတ် ဘူးဆိုတဲ့အကြောင်း ကိုတင်ဝင်းက ဆေးရုံ ကုတင်ပေါ်ကနေအခုလို ပြောပါတယ်။

"ကျနော့်ညီတွေ၊ ညီမတွေအတွက် ကျနော်အရမ်းစိုးရိမ်တယ်၊ ကျနော်သူတို့အတွက်ကို ကြိုးစားပြီးတော့ တိုက်ပွဲဝင်သွားမှာပါ၊ ကျနော်ကျန်းမာရေးကောင်းအောင် ကြိုးစား နေတယ်၊ ကျန်းမာရေးကောင်းတာနဲ့ ကျနော်တိုက်ပွဲဝင်သွားမှာပါ၊ ကျနော်ဘယ်တော့မှ အရှုံးမပေးပါဘူး"

ကိုတင်ဝင်းဟာ ကလေး ၅ ယောက်ဖခင် လက်လုပ်လက်စားသာမန်ပြည်သူ တစ်ယောက်ဖြစ်ပြီး၊ ကျောင်းသားတွေ ရဲ့ ဒီမိုကရေစီပညာရေးတောင်းဆို တာဟာ ဖြစ်သင့်တယ်လို့ ယုံကြည်တဲ့အတွက် ပင်မသပိတ်စစ်ကြောင်းမှာ လိုက်လံဝန်းရံခဲ့တာလို့ ဆိုပါတယ်။

RFA


လိင်စိတ်အားနည်းပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ အမေရိကန်အမျိုးသမီးတွေအတွက် လိင်စိတ်နိုးကြားစေမယ့် အမျိုးသမီး Viagra လိုဆေးတမျိုးကို အမေရိကန်ဆေးဝါးနဲ့အစားအစာထိန်းချုပ်ရေးအဖွဲ့ (အက်ဖ်ဒီအေ) က ဇွန် ၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။

အက်ဖ်ဒီအေ အကြံပေးအဖွဲ့က ၁၈ မဲ ၆ မဲနဲ့ ဒီဆေးကို ဈေးကွက်တင်ရောင်းချဖို့ ထောက်ခံခဲ့ပေမယ့် အလွတ်ထောက်ခံခဲ့တာမျိုးတော့ မဟုတ်ပါဘူး။

သုံးစွဲသူ အမျိုးသမီးတွေအနေနဲ့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ အသိပေးရမှာနဲ့ ဆရာဝန်ရဲ့ ထောက်ခံချက်ရယူဖို့ အကြံပြုထားပါတယ်။

ဒီဆေးကို လာမယ့် သြဂုတ်လမှာ တရားဝင်ထုတ်လုပ်ရောင်းချဖို့ ခွင့်ပြုလိုက်ရင်တော့ လိင်စိတ်ဆန္ဒ အားနည်းသူအမျိုးသမီးတွေနဲ့၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူ အမျိုးသမီးတွေကို ကုစားနိုင်မယ့် ပထမဆုံးဆေးတမျိုးဖြစ်လာမှာပါ။

ပထမနှစ်ကြိမ်အဆိုပြုခဲ့တုံးကတော့ အက်ဖ်ဒီအေက ၂ ကြိမ်လုံး ပယ်ချခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးပေါင်ကျတာ၊ အမှတ်မထင်သတိလစ် မေ့မျောနိုင်တဲ့အတွက် မတော်တဆ ထိခိုက်သေဆုံးအန္တရာယ်တွေဖြစ်နိုင်တာ၊ ဒီဆေးတွေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူတာမျိုးတွေ ရှိလာနိုင်တာကိုလည်း အကြံပေးအဖွဲ့ဝင်တချို့က စိုးရိမ်မှုတွေရှိခဲ့တာပါ။

ဒီဆေးကို လက်ရှိလည်း စမ်းသပ်နေပြီး တရားဝင်ထုတ်ခွင့်ရအောင်လည်း ကြိုးစားနေတဲ့ Sprout ဆေး ကုမ္ပဏီကတော့ အမျိုးသားတွေအတွက် ဗီယာဂရာဆေးကိုတော့ ၁၉၉၈ ကတည်းက ခွင့်ပြုထားပြီး အမျိုးသမီးတွေအတွက် ခွင့်မပြုတာကတော့ ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲခဲ့ပေမယ့် အက်ဖ်ဒီအေကတော့ ငြင်းဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ အမျိုးသမီး ဆယ်ယောက်ကျော်ကလည်း သူတို့ လိင်စိတ်အားနည်းပြီးဖြစ်ရတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အက်ဖ်ဒီအေ အကြံပေးအဖွဲ့ရှေ့မှောက်မှာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

 boat-refugees-700-620.jpg ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ်

လှေစီးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ရေးရာဝန်ကြီး ရဲ့ပြောဆိုချက်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ကို မနေ့က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ဒါကာမြို့ကလာတဲ့ BDnews သတင်းတစ်ပုဒ် မှာ ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွားရေးနိမ့်ကျပြီး နိုင်ငံသားတွေကဆင်းရဲကြတဲ့အတွက် တခြားနိုင်ငံတွေကို တရားမဝင် သွားရောက်အလုပ်လုပ်ကြဖို့ အခြေအနေဖြစ်လာခဲ့တယ်လို့ မှတ်ချက်ပေးပြောဆိုခဲ့တဲ့အပေါ် ခေါ်ယူသတိပေးတာ လို့ ဆိုပါတယ်။

ရိုဟင်ဂျာကိုအသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဒုက္ခသည်အရေးကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကသိကအောက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဘက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ခိုလှုံခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အခုဆိုရင် မြန်မာဘက်ကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လောက်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းကစပြီး ပြန်လည်ခေါ်ယူမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်က တရားဝင်ကတိပေးထား တယ်လို့ BDသတင်းမှာ ဖော်ပြထားပါတယ်။

RFA

အရှေ့တောင်အာရှဒေသက နိုင်ငံတွေမှာ ရောက်နေတဲ့ လှေစီးပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၃ သန်း အကူအညီပေးကြ ပါလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့ မှာ ပန်ကြားလိုက်ပါတယ်။ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်း ၀င်ရောက်သူတွေ ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ကို စက်လှေတွေနဲ့ ဖြတ် သွားနေကြတာပါ။

မကြာခင်မှာပဲ မုတ်သုန်မိုးရာသီ ကျရောက်တော့မှာဖြစ်ပြီး လူထောင်ပေါင်းများစွာ ဟာ ပင်လယ်ထဲမှာပဲ ရှိနေနိုင်သေးတယ်လို့ UNHCR ရုံးပြောခွင့်ရ Melissa Fleming က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူပေါင်း ၄,၈၀၀ လောက်ကို အကာအကွယ်ပေးရေး UNHCR ရဲ့လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေကို ကြာသပတေးနေ့ကပဲ ပန်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီလူတွေဟာ လူမှောင်ခိုကူးသူ တွေရဲ့ လှေတွေပေါ်ကနေ ပြီးခဲ့တဲ့လက ကမ်းပေါ်ရောက်သွားကြတာပါ။

နောက်ဆုံးဖြစ်ရပ်မှာဆိုရင် အမျိုးသမီးနဲ့ကလေးငယ် ၁၂၀ လောက်အပါအ၀င် လူပေါင်း ၇၀၀ ကျော်ဟာ ဒီသီတင်းပတ် အစော ပိုင်းမှာပဲ ရခိုင်ပြည်နယ် မှာ ရောက်သွားကြတာပါ။ အဲဒီလူတွေက သူတို့ဟာ ပင်လယ်ထဲမှာ သုံးလထက် မနည်း ကြာခဲ့တယ်လို့ ပြောကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်သူ အယောက် ၁,၀၀၀ ကျော်ကို UNHCR က မှတ်ပုံတင် ထားပါတယ်။


မိုင်းတုံမြို့နယ်အနီးမှာ အစိုးရတပ်ရင်းတရင်းကို ဝတပ်ရင်း နှစ်ရင်းက ဝိုင်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ၇က်နေ့က မိုင်းတုံနဲ့ ပုံပါကျင်မြို့နယ်ခွဲအကြားမှာ သစ်ထုတ်လုပ်နေတဲ့ UWSA ဝတပ်ဖွဲ့လက်အောက်ခံအဖွဲ့ကို အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ရာက စပြီး ဝနဲ့ အစိုးရအကြား စစ်ရေးအရ တင်းမာမှု ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က တာဝန်ပေးထားတဲ့ သစ်ခုတ်အဖွဲ့ဟာ စီးပွားဖြစ်သစ်ထုတ်လုပ်တာ မဟုတ်ဘဲ၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုဖို့အတွက် ပမာဏ အနည်းငယ်ကိုသာ ထုတ်လုပ်တာလို့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီရဲ့ ပေါ်လစ်ဗျူရို (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် မိုင်းတုံ၊ ပုံပါကျင် လမ်းမတလျှောက်ကိုလည်း ဝစစ်တပ်က ဖြန့်ကျက်နေရာယူထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အစိုးရစစ်တပ်က သစ်ထုတ်လုပ်သူ ၁၆ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး မြန်မာ ၁၀ ယောက်ကိုတော့ အရေးမယူဘဲ ကျန် ၆ ယောက်ကိုသာ အရေးယူတာဟာ လူမျိုးရေး ခွဲခြားတယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ အောက်ပိုင်း လူကြီး တချို့က ယူဆပြီး မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် ရဲနဲ့ သစ်တောဝန်ထမ်းတွေက ဖမ်းဆီးရင် ပြဿနာဖြစ်စရာမရှိပေမယ့် အစိုးရစစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာဟာ ဝနယ်မြေကို ကျူးကျော်ရာရောက်သလို အရင်ကရှိခဲ့တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဦးအောင်မြင့်က ဆိုပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနက်မှာ အင်အား အတောင့်တင်းဆုံးဖြစ်ပြီး အင်အား သုံးသောင်းကျော်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၀၉ ခုနှစ်မှာ အစိုးရက ဝကို နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဝပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်က လက်မခံတဲ့ အတွက် ဝပြည်နယ်ထဲမှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရ စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဝဒေသဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက သီးသန့်အုပ်ချုပ်တဲ့ ဒေသတခုလို ဖြစ်နေခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့တရုတ်နိုင်ငံ ခရီးစဉ် ဟာ နိုင်ငံရေး ပါတီ အချင်းချင်းဆက်ဆံရေးအတွက် အရေးကြီးကြောင်း တရုတ် အစိုးရက ပြောကြားလိုက်ပါတယ်။ အခုလို တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန် ဖို့ ကြိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု အနေနဲ့ လဲ အသိအမှတ်ပြုလိမ့်မယ် လို့  မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန် ပညာရှင်ကလည်း သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ငါးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက် မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အတွက် အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟုန်လဲ့ (Hong Lei )က ပေကျင်းမြို့တော်မှာ သောကြာနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

"ပါတီချင်း အပြန်အလှန်ဆက်ဆံရေးဟာ တရုတ် မြန်မာဆက်ဆံရေးရဲ့ အရေးကြီး တဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကာလရှည်ကြာ ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ပါတီအားလုံးနဲ့ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလာခဲ့တာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နားလည်မှုကို  ပိုပြီးတိုးတက်လာနိုင်မယ်လို့ တရုတ်အစိုးရ အနေနဲ့  မျှော်လင့်မိ ပါတယ်။ ဒါအပြင် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လာနိုင်ဖို့ အတူလက်တွဲဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။"

ဒါအပြင်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင် အပါအ၀င် တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဒါဟာ တရုတ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်း မွန်ကြောင်း ပြသလိုတာဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်ကမြင်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တရုတ်အစိုးရအနေနဲ့ လိုချင်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အိမ်နီးချင်းတရုတ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ချင်တဲ့ အကြောင်း အမြဲပဲ ပြောနေတာဆိုတော့ သူ့ခရီးစဉ်ဟာ သဘာဝကျ ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အစိုးရတွေအနေနဲ့ လည်း အလားတူ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင်ကြိုးစားမှာဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း မြန်မာနဲ့ ဆက်ဆံရေး သူတို့အတွက် အလွန်အရေးကြီးတယ် ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ ပထ၀ီနိုင်ငံရေး မဟာဗျူဟာအရနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ အတွက်မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးပါနေတာပါ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်အပေါ် အမေရိကန်အစိုးရရဲ့ အမြင်သဘောထားနဲ့ ပတ်သက်လို့ ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က အခုလို သုံးသပ်ပါတယ်။

"ကျနော်အမြင်အရဆိုရင် အမေရိကန်ထက် တရုတ်ကပိုပြီးစိုးရိမ်နေတယ်လို့ ထင်ပါတယ်။ မကြာသေးခင်နှစ်တွေက တရုတ်ကအမြဲတမ်းပြောနေတာရှိပါတယ်။ အဲဒါကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေး ပိုပြီးကောင်းအောင် လုပ်နေတာဟာ တရုတ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်လို့ တရုတ်က ယုံကြည်နေတာပါ။ ဒါပေမဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားနေတဲ့ အမေရိကန် အနေနဲ့ မြန်မာအတွက် တရုတ်ဟာ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုတယ်လို့ ကျနော်မြင်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံရေး အပြင် နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ဖို့ တည်ငြိမ်ပြီး အကျိုးရှိတဲ့ ဆက်ဆံရေးဖြစ်ဖို့ အရေးပါတဲ့ တရုတ်မြန်မာဆက်ဆံရေး လိုအပ်နေပါတယ်။"

 NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမေရိကန် နိုင်ငံမှာ အစိုးရ ဝန်ထမ်းပေါင်း ၄ သန်းနီးပါးရဲ့ ကိုယ်ရေး အချက်အလက်တွေ ကျိုးပေါက် ခိုးယူ ခံရမှုအတွက် တရုတ် ဟက်ကာတွေကို သံသယရှိကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမေရိကန် အစိုးရရဲ့ လက်ရှိ ဝန်ထမ်းတွေ အပြင် ဝန်ထမ်းဟောင်း တွေရဲ့ အချက်အလက် တွေကိုပါ ခိုးယူ ခံခဲ့ရတာလို့ အစိုးရ ဝန်ထမ်း ကိုယ်ရေး အချက်အလက် စီမံရေး ဌာန OPM က ပြောပါတယ်။

ဒီလို အချက်အလက်တွေ ကျိုးပေါက်မှုဟာ အမေရိကန် ဗဟို အစိုးရရဲ့ အေဂျင်စီ အဖွဲ့ခွဲတွေ အားလုံးကို သက်ရောက်နိုင်ဖွယ် ရှိပြီး တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ ဟက်ကာတွေရဲ့ လက်ချက်လို့ ယုံကြည်ရကြောင်း အမေရိကန် အရာရှိတွေက ဆိုပါတယ်။

တရုတ် နိုင်ငံကတော့ ဒီကိစ္စမှာ တရုတ် အစိုးရ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: (AFP)

ရှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာရှိတဲ့ မုတ်ဆိပ်သစ်တောကြိုးဝိုင်းမှာ သစ်ခုတ်သူ ၆ ဦးကို မိုင်းတုံမြို့ အခြေစိုက် ခမရ ၅၉၁ တပ်က ဖမ်းဆီးလိုက်တာကြောင့် "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

သစ်တောကြိုးဝိုင်းမှာ ဖမ်းဆီးရမိတဲ့ သစ်တွေကို စစ်ဆေးစဉ် အစိုးရတပ်မတော်နဲ့ UWSA တပ်တွေအကြား တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက ပြောပါတယ်။

"ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာပေါ့ သစ်တောကြိုးဝိုင်းနားမှာ သစ်ခုတ်နေတဲ့အဖွဲ့တစ်ဖွဲ့ကို သွားတွေ့တယ်၊ အဲ့ဒါ တရုတ်လူမ်ျိုးတွေတဲ့ ၆ ယောက်၊ အဲ့ ၆ ယောက်ကို တပ်မတော်က ဖမ်းသွားတယ်ဗျ၊ မနေ့ကတော့ ကျနော်တို့ စုပေါင်းအဖွဲ့နဲ့ ပြည်သူ့ရဲတွေရော သစ်တောတွေရောပေါ့ အဲ့ဒီသစ်တွေကို လာတိုင်းတဲ့အချိန်မှာ "ဝ" အဖွဲ့က ကားအစီး ၂ဝ နဲ့ သူတို့စစ်သားတွေတင်ပြီးတော့မှ လာဝိုင်းထားတယ်ပြောပါတယ်ခင်ဗျ၊ ပစ်ခတ်မှုတော့ မကြားရပါဘူး"

အဖမ်းခံထားရသူတွေဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး သူတို့တွေဟာ "ဝ" တပ်မတော်နဲ့ ဆက်နွယ်နေတယ် လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေပြီး "ဝ" တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ သူတို့လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ခုတ်ယူထားတဲ့သစ်တွေကို ပြန်ပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာစာသားနဲ့ ရေးသားဖော်ပြခြင်းမရှိတဲ့ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနဲ့  ပိုးသတ်ဆေးတွေ ရောင်းချလျှင် မှတ်ပုံတင်ဖျက်သိမ်းမယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဇွန် ၅ ရက်နေ့က ကြေညာပါတယ်။

ဒါ့ပြင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေ တင်သွင်းရောင်းချတာကို စစ်ဆေးတွေ့ရရင်လည်း ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်သူလယ်သမားတွေ သုံးစွဲနေတဲ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး အညွှန်းစာတွေကို တောင်သူတွေ နားလည်လွယ်တဲ့ မြန်မာစာသားနဲ့ ရေးသားဖော်ပြပေးဖို့ ဥပဒေတွေ သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် တချို့ကုမ္ပဏီတွေက မူရင်း နိုင်ငံခြားဘာသာစာသားတွေ အတိုင်းသာ ဖော်ပြထားတာ စစ်ဆေးတွေ့ရတယ်လို့လည်း ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းဒုရဲမှူးကြီး အယောင်ဆောင်မှုနဲ့ မင်္ဂလာဆောင်ကနေ ဖမ်း ဆီးခံထားရသူ သတို့သားကို သတို့သမီးက အပြစ်မယူဘဲ ခင်ပွန်းအဖြစ် ဆက်ချစ်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဖော်ပြချက်အရ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ ဆီဆကစ်ခရိုင်က မိန်းကလေးတဦးနဲ့ ဒုရဲမှူးကြီးဝတ်စုံဝတ်ပြီး မင်္ဂလာပွဲကျင်းပစဉ် တာဝန်ရှိရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ သတို့သမီးက ထိတ်လန့် မေ့မျောသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း သတင်းထောက်တွေက သတို့သမီးကို ဇွန်လ ၄ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းရာမှာ သူမအနေနဲ့ နိုင်းပကားဆစ်ပေါ်မှာ ဘယ်လိုမှ ဗွေမယူဘဲ သူ့ကို အရှက်ရစေတဲ့အတွက်လည်း လျော်ကြေးတောင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။

နိုင်းပကားဆစ်ဟာ ရဲအရာရှိယောင်ဆောင်မှုနဲ့ အဖမ်းခံထားရပေမယ့် သူ့အနေနဲ့ ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမှာဖြစ်ကြောင်း၊ သူဟာ လူကောင်းဖြစ်ပြီး သူမကို အမှန်တကယ်မြတ်နိုးချင်း ရှိမရှိ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးမှ တောင်းရမ်းလက်ထပ်ယူဖို့ လက်ခံခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့် သူ့မှာ ဘာအဆောင်ယောင်မှမရှိပေမယ့် သူတို့ ၂ ဦးကြား မေတ္တာစစ်က အဓိကကျတဲ့အတွက် သူပြစ်ဒဏ်က လွှတ်လာခဲ့ရင် ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမယ်လို့ အမည်မဖော်လိုသူ သတို့သမီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆီစကစ်ခရိုင်ရဲစခန်းကတော့ လောလောဆယ် နိုင်းပကားဆစ်ရဲ့ ငွေလိမ်တောင်းမှု ခံရသူများ စာရင်းနဲ့ ဆုံးရှုံးမှုတွေ ပြန်လည်စစ်ဆေးနေပြီး ခရိုင်တရားရုံးမှာ တရားစွဲဆိုဖို့ အမှုတွဲ ပြင်ဆင်နေတယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

စမွတ်စခွန်ဇာတိဖြစ်သူ နိုင်းပကားဆစ်ဟာ ထိုင်းအမျိုးသားထောက်လှမ်းရေးတပ်က ဒုရဲမှူးကြီး အယောင်ဆောင်ပြီး တပါးသူပေါ် လိမ်လည်လှည့်ဖြားထားတဲ့အတွက် ဇွန်လ ၂ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပစဉ် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – မန်နေဂျာအွန်လိုင်း
By ဒီဗွီဘီ
http://burmese.dvb.no

MERS ခေါ် အရှေ့အလယ်ပိုင်း အသက်ရှူလမ်း ကြောင်းရောဂါကြောင့် ပြီးခဲ့တဲ့ရက်တွေမှာ တောင်ကိုရီး ယား၌ လူနှစ်ဦးသေဆုံးခဲ့ရတယ်။ မူလစတင်ဖြစ်ပွားသူ အသက် ၆၈ နှစ်ရှိ အမျိုးသားဟာ ဆော်ဒီအာရေဗီးယား က ပြန်လာခဲ့တာလို့ဆိုတယ်။ နောက်ထပ် သုံးဦးသေဆုံး သွားတဲ့လူတွေမှာ အသက် ၅၈ နှစ်ရှိ အမျိုးသမီးတစ်ဦး နဲ့ အသက် ၇၁ နှစ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြတယ်။

တောင်ကိုရီးယားမှာ Middle East Respiratory Syndrome (MERS) ရောဂါကူးစက်ခံရသူ ၃၅ ဦးရှိတယ် လို့ဆိုတယ်။ ဒါကြောင့် တောင်ကိုရီးယားသမ္မတပတ်ဂွမ် ဟေးက အထက်တန်းကျန်းမာရေးတာဝန်ရှိသူတွေနဲ့ အရေးပေါ်စခန်း အစည်းအဝေးပြုလုပ်ခဲ့ပြီး မားစ်ရော ဂါမပျံ့နှံ့ရအောင် လုပ်သွားရမည့်နည်းလမ်းတွေကို ရှာဖွေ စေခဲ့တယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေကို ကူးစက်လွယ်တယ်။ ဒါကြောင့် ဒီလူတွေ ကို ရောဂါမကူးစက်အောင်လုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုတယ်။

ပညာရေးဝန်ကြီး ဝှန်ဝူးယီက စာသင်ကျောင်းပေါင်း ၉ဝဝ ကျော်ပိတ်ထားဖို့ ညွှန်ကြားခဲ့တယ်။ KG တန်း၊ မူလတန်းနဲ့ ပညာရေးကျောင်းတွေပါဝင်တယ်လို့ဆိုတယ်။ ဆိုးလ်မြို့တည်ရှိတဲ့ ပြည်နယ်ရဲ့ ကျောင်း ၉ဝ ရာခိုင်နှုန်း ပါဝင်တယ်။ အခြားရောဂါဖြစ်ပွားနိုင်တဲ့နေရာတွေမှာပါ ကျောင်းတွေကို ပိတ်ထားခဲ့တယ်။
MRES ရောဂါဟာ တရုတ်ပြည်မှာလည်းဖြစ်ပွား ခဲ့ကြောင်း ပြီးခဲ့တဲ့သောကြာနေ့မှာ တရုတ်ကျန်းမာရေး လုပ်သားတွေက အတည်ပြုခဲ့ကြတယ်။ ဟောင်ကောင် သို့ လေယာဉ်နဲ့အသွား မားစ်ရောဂါရှိသူနဲ့ လေယာဉ်အ တူစီးလာခဲ့တယ်လို့ဆိုတယ်။ ဒါကြောင့် တရုတ်မှာ မားစ် ရောဂါမပြန့်ပွားဖို့ လုပ်နေတယ်လို့ သိရတယ်။

တောင်ကိုရီးယားမှာ လူထုတွေ့ဆုံပွဲ အခမ်းအနား တစ်ဒါဇင်ကျော်ကို ပိတ်ထားလိုက်တယ်။ ဆိုးလ်မြို့မှ လူအများဟာ နှာခေါင်းစည်းတပ်ပြီး အပြင်ကိုသွားလာနေ ကြတယ်။ တောင်ကိုရီးယားမှာ မူလ MERS ရောဂါပိုး စတွေ့သူကို ပေါ့ပေါ့လျော့လျော့ကိုင်တွယ်ခဲ့လို့ ယခုလို ရောဂါပြန့်ပွားသွားရတယ်လို့ဆိုတယ်။ ဒါကြောင့် သမ္မတ ပတ်ဂွမ်ဟေးက ကျန်းမာရေးဆိုင်ရာ အရာရှိတွေကို ကြိုးစားပြီး တားဆီးသွားဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်။

တောင်ကိုရီးယားမှာ လူပေါင်း ၁၃၆ဝ ဟာ မားစ် ရောဂါရှိသူနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ထိတွေ့ဆက်ဆံခဲ့ကြတယ်လို့ ယူဆရတယ်။ ဒါကြောင့် ဒီလူတွေကို သီးခြားခွဲခြားထားပြီး အခြားလူတွေနဲ့ ဆက်ဆံ ခွင့်မပြုရဘူးလို့ သိရတယ်။ ရောဂါတားဆီးရေးအချုပ် ကာလအဖြစ် အနည်းဆုံးနှစ်ပတ် သီးခြားနေကြရမယ်။ MERS ရောဂါပိုးဟာ သူ့ဘာသာ အသက်ရှည်နိုင်တဲ့ ကာလဟာ ၁၄ ရက်ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် မားစ် ရောဂါရှိသူတွေနဲ့ ထိတွေ့ဆက်ဆံသူဟာ နောက်ဆုံး ထိတွေ့ ဆက်ဆံတဲ့နေ့ကနေ ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားမှု မရှိမှ စိတ်ချရတယ်လို့ဆိုတယ်။

MERS ရောဂါဟာ ၂ဝ၁၂ ခုနှစ်မှာ ဆော်ဒီအာ ရေဗီးယားမှာ စတင်ဖြစ်ပွားခဲ့တယ်။ ယခုအထိ ကာကွယ် ဆေးရော ကုသဆေးပါမရှိသေးဘူး။ ၂ဝဝ၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS)ရောဂါနဲ့ဆင်တူတယ်။Severe Acute Respiratory Syndrome (SARS) ရော ဂါကြောင့်လဲ ကမ္ဘာတစ်ဝန်းမှာ လူရာပေါင်းများစွာ သေ ဆုံးခဲ့ကြရတယ်။

MERS ရောဂါဟာ ကမ္ဘာတစ်ဝန်းလုံး နိုင်ငံ ၂ဝ ကို ပျံ့နှံ့သွားခဲ့ပြီး ရောဂါဖြစ်ပွားသူ ၁၁၆၁ ဦးရှိတယ် လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုတယ်။ တစ်ကမ္ဘာလုံး သေဆုံးသူ ၄၃၆ ဦးရှိပြီး ဆော်ဒီအာရေ ဗီးယားနိုင်ငံမှာ လူ ၇ဝ ကျော် သေဆုံးခဲ့ရတယ်။ လွန် ခဲ့တဲ့တစ်လကျော်အထိ ဆော်ဒီမှာ ကြိုကြား ကြိုကြား ဖြစ်နေဆဲဖြစ်တယ်။

MERS ရောဂါဟာ တိရစ္ဆာန်ကနေ ကူးစက်တယ် လို့ဆိုတယ်။ အထူးသဖြင့် ကုလားအုပ်ဆီက ကူးတာလို့ ပညာရှင်တွေက ပြောတယ်။ ဒါကြောင့် ကုလားအုတ်နဲ့ လက်ပွန်းတတီးနေခြင်းကို ဂရုပြုရမယ်။ ဒါ့အပြင် ကုလား အုတ်နို့၊ ကုလားအုတ်အသားနဲ့ ကုလားအုတ်နဲ့ပတ်သက်တဲ့ အစားအစာတွေကို ကျက်သွားအောင် ကျိုချက်ပြီးမှ စားရမယ်လို့ ညွှန်ကြားကြတယ်။

MERS ဗိုင်းရပ်စ်ဟာ လူကိုသေစေတဲ့ ဗိုင်းရပ်စ် ပိုးဖြစ်တယ်။ စတင်ဖြစ်တဲ့လူဟာ ဖျားနာခြင်းအလျင်ဖြစ် တယ်။ ရောဂါကူးစက်ခဲ့ရင် နှစ်ရက်မှ ငါးရက်အတွင်း လက္ခဏာပေါ်လာတယ်။ ရောဂါပိုးဟာ သူ့ဘာသာ ၁၄ ရက်ရှင်သန်နိုင်တယ်။ လူ့ခန္ဓာထဲမှာ အကန့်အသတ် မရှိ ရှင်သန်တယ်လို့ဆိုတယ်။ ဒါကြောင့် ရောဂါဖြစ်သူ ဟာ အသက်ရှူကျပ်ပြီး သေဆုံးတဲ့အထိဖြစ်ရတယ်။ ရောဂါရသူဟာ အသက်ရှူမြန်လာမယ်။ ချောင်းဆိုးမယ်။ တချို့လူနာတွေမှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒီလိုဖြစ် ခဲ့ရင် ဝမ်းလျှောမယ်၊ အန်ချင်လာမယ်၊ ပျို့အန်မှုတွေ ဖြစ်တတ်တယ်လို့ဆိုပါတယ်။

MERS ရောဂါဟာ ရောဂါဖြစ်သူနဲ့ တိုက်ရိုက်ဆက် ဆံမှုရှိတဲ့လူ၊ မိသားစု၊ ဆေးရုံ၊ ဆေးခန်းတွေက ကျန်း မာရေးလုပ်သားတွေကို ကူးစက်တတ်တယ်။ ဒါကြောင့် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့ ဆိုတယ်။ လူ့အသိုင်းအဝိုင်းအ တွင်းမှာ ပျံ့နှံ့ကူးစက်မှုအနေနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပွားမှု တော့မရှိသေးဘူးလိွုျှံ့ဥ ကပြောပါတယ်။ ဒါပေမဲ့ အထက်ကဖော်ပြခဲ့တဲ့လူတွေမှာ ကူးစက်တတ်မှုရှိတယ် လို့ဆိုတယ်။

အဓိက MERS ရောဂါကူးစက်လွယ်သူတွေဟာ အသက် တစ်နှစ်ကလေးကနေ အသက် ၉၉ နှစ်လူကြီး အထိဖြစ်တယ်။ ဆီးချိုရောဂါရှိသူ၊ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အဆုတ်နာတာရှည်ဖြစ်နေသူတွေဟာ ရော ဂါအကူးမြန်တယ်လို့ ကျန်းမာရေးဆိုင်ရာ အချက်အလက် တွေကဆိုတယ်။

မားစ်ရောဂါဟာ ကြိုတင်ကာကွယ်ဆေးနဲ့ ကုသဖို့ ဆေးဝါး အထူးမရှိသေးဘူး။ ရောဂါဖြစ်လာရင် အတိအ ကျ ဘယ်ဆေးနဲ့ကုရမယ်ဆိုတာ ဆေးဝါးဖော်စပ်ထားမှု လည်းမရှိသေးဘူး။ လျင်လျင်မြန်မြန် ပျံ့နှံ့မှုမရှိတဲ့ရော ဂါဖြစ်လို့ WHO ကလည်း သိပ်ပြီး အာရုံစိုက်ပုံမရဘူး။ အာဖရိကတိုက် အနောက်ပိုင်း လိုင်ဘေရီးယားနိုင်ငံ EBOLA ရောဂါကတော့ ပျံ့နှံ့မှုမြန်လို့ လူသေ နှုန်းကလည်းများတယ်။ ဒါကြောင့် ကုလသမဂ္ဂနဲ့ NGO အဖွဲ့တွေက အီဘိုလာရောဂါအတွက် ကြိုတင်ကာကွယ် ဆေးရှာခဲ့ကြတယ်။ ဒါပေမဲ့ စိတ်ချရတဲ့ဆေးမရှိသေး ဘူး။

ယခုလည်း MERS ရောဂါပိုးဟာ လေယာဉ်စီး ခရီးသည်ကနေတစ်ဆင့်ကူးကြတယ်။ ကိုယ့်နံဘေးက လူဟာ ရောဂါရှိ၊ မရှိ မသိနိုင်ဘူး။ လေယာဉ်ပေါ်မှာ ဘေးချင်းယှဉ်ထိုင်ခဲ့ပြီး နောက်ငါးရက်လောက်ကြာမှ ရောဂါဖြစ်တတ်ကြလို့ သိပ်ပြီး ဂရုမထားမိကြဘူး။ ဒါ ကြောင့် ခေတ်သစ်ကာလ ယနေ့အချိန်မှာ မားစ်လိုရော ဂါပိုးတွေဟာ ယနေ့တောင်ကိုရီးယားနဲ့ တရုတ်မှာဖြစ် နေလို့ ငါတို့ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်မျိုးထားလို့ မရဘူး။ နိုင်ငံတကာ လေကြောင်းလိုင်းတွေဟာ ကိုယ့် နိုင်ငံကို ဥဒဟိုဝင်ထွက်နေတာကြောင့် MERS လိုရောဂါ မျိုးကို တာဝန်ရှိသူတွေက ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကြိုတင်ကာကွယ်ရမယ့်ကိစ္စဖြစ်ပါတယ်။

သီဟ
==================================================
Democracytoday သတင်းစာ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

အမိန့်အာဏာဖြင့် လုပ်ဆောင်သည့်သူများသည် မိမိပြောဆိုခဲ့သည် ကို မေ့လျော့ပြီး ကိုယ်လုပ်ချင်ရာလုပ် သည့် သဘောဖြစ်ကြောင်း လွှတ်တော် နာယကကြီး သူရဦးရွှေမန်းက လွှတ်တော်တွင်းခေါင်းပေါင်း ချွတ် သည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ် ဦးဝင်းထိန် က ဝေဖန်ပြောဆို လိုက်သည်။

ခေါင်းပေါင်းဆောင်း၍ မြန်မာ့ဂုဏ်သိက္ခာ မြှင့်တင်မည်ဆိုသည်ကို လေးစား သော်လည်း တကယ့်စိတ်ဓာတ်၊ တကယ့်လုပ်ရပ်ဖြင့် မြန်မာ့ ဂုဏ်သိက္ခာ ကို မြှင့်တင်ပေးကြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန်လ ၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် လွှတ်တော်ကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးက ကျန်းမာရေး အရ ခေါင်းပေါင်း ချွတ်မယ်၊ ကိုယ်စားလှယ်များ ကော ဘယ်လို သဘောရ ပါသလဲလို့မေးတော့ တချို့က ချွတ်သင့်တယ်၊ တချို့က ဆောင်းသင့် တယ် ပြောကြ တယ်။ သီပေါက ကိုရဲထွန်းက ခန်းမထဲ ၀င်လာရင် ဆောင်း ထား၊ နာယကကြီး ၀င်လာရင် ဆောင်းထား၊ ထိုင်နိုင်ပြီဆို ချွတ်၊ ကိုယ်ဆွေးနွေး ဖို့ပါရင် ဆောင်းပြီးဆွေးနွေး၊ ဆွေးနွေးပြီးထိုင်ရင် ပြန်ချွတ်၊ နာယကကြီး ပြန်လည်ထွက် ခွာရင် ပြန်ဆောင်း ဒီလိုပြောတယ်။ NDF ပါတီက ကိုခိုင်မောင်ရည် က အမျိုးဂုဏ်၊ ဇာတိဂုဏ်ပြဖို့ တစ်ချိန်လုံး ဆောင်းသင့်တယ်တဲ့။ နာယကကြီးက အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို ခေါင်းပေါင်းဆောင်းပြီးပြမှ ရတာမဟုတ်ဘူး။ လုပ်ရပ်နဲ့ ပြလည်း ရပါတယ်တဲ့။ နာယကကြီးက ကျန်လူတွေဆောင်းတာ၊ မဆောင်းတာ ထက် ကျွန်တော် ကတော့ ချွတ်ပြီဆိုပြီး ခေါင်းပေါင်းချွတ်တယ်။ သိပ်ကြိုက်ဗျို့။ အခွင့်ရပြီဆိုပြီး ကျွန်တော်လည်း တန်း ချွတ်တာပေါ့။ ကျွန်တော် အရင်ကပြောဖူးတယ်။ နာဂကိုယ်စားလှယ်ကြီးတွေ ဘယ်လောက်ပျော်မလဲ မသိဘူး။ သူတို့ဟာ ၆ ပိဿာလောက် လေးတာဗျ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ထားသည်။

ဇွန်လ ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် နာယကမှ ၎င်းအနေဖြင့် ကျန်း မာရေး အခြေနေအရ ခေါင်းပေါင်း ချွတ်ထား လိုသည့်အပြင် အခြားကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် အတွင်း ခေါင်းပေါင်းချွတ်ကာနေထိုင်လိုပါက နေထိုင်နိုင်ရန် လွှတ်တော်၏ ခွင့်ပြုချက်ရယူခဲ့ရာ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ခေါင်းပေါင်းချွတ်ရေးကို ပြည်ထောင်စုလွှတ်တော် နာယကကြီးကိုယ်တိုင် အဆိုတင်ခြင်းဖြစ်ပြီး ကန့်ကွက် အဆိုပြန်တင်သူ ဒေါ်အေးမြင့်က ကိုယ်စားလှယ်များကို လူများက နဂိုကပင် မလေးမစားဖြစ်ရသည့်အတွက် လူရိုသေရှင်ရိုသေဖြစ်အောင် ၀တ်ထားသင့်ကြောင်းပြန်လည် အဆိုတင် သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်း က ခေါင်းပေါင်း ၀တ်လို့ မူးလဲတဲ့သူ မရှိဘူးထင်ကြောင်း ၊ အဲကွန်းခန်း ဖြစ်သည့်အတွက် ချွေး တအားထွက်ပြီး မူးလဲသည့်သူ မရှိနိုင်ဘူးဟု ထည့်သွင်းပြောဆိုသည်

ဆက်လက်၍ လွှတ်တော် ဥက္ကဋ္ဌက မယုံရင် သူချွေး ဘယ်လောက်ထွက်နေ သည်ကို လာစမ်းကြည့်နိုင် ကြောင်းပြောဆိုခဲ့ပြီး ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ကျွန်တော်တင်တဲ့ အဆိုကို ကျွန်တော်ပဲပြန်ဖြေရှင်း ဆုံးဖြတ်ပေး ပါမယ်” ဟုပြောဆိုကာ “ကျွန်တော်ကတော့ အခု လက်ထောင်ပါတယ်။ ကျွန်တော့် ကျန်းမာရေး အရ ခေါင်း ပေါင်းချွတ်ပါတယ်၊ ဒီနေ့ ကျန်းမာရေးအရ ချွတ် ပါတယ်” ဟုပြောဆိုပြီး ပြန်မ၀တ်တော့ကြောင်း လွှတ်တော်အမတ်တစ်ဦး ၏ ပြောဆိုချက်အရ သိရသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာရေးအရ လိုအပ်ပါက လက်ညှိုးထောင် တင်ပြ၍ ခေါင်းပေါင်းချွတ်နိုင်ကြောင်း လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ကြသည်။

“ကျွန်တော် အဆိုတင်တဲ့အခါတုန်းက ခေါင်းပေါင်းက ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ်၊ နိုင်ငံ့ဂုဏ်ဆောင်ပါတယ်၊ အမျိုးသား လက္ခဏာတွေ ဖြစ် ပါတယ်၊ ပေါက်ကရတွေပြောပြီးတော့ ကျွန်တော်ပြောတဲ့ အဆိုက မအောင်မြင်ဘူး။ သူချွတ်ပြချင်တော့ သူချွတ်မယ်ဆိုတဲ့ဟာကို ရအောင် နှပ်ကြောင်းပေးခဲ့တဲ့ဥစ္စာက အာဏာရှင်ဖြစ်ခဲ့တဲ့ လူတွေရဲ့ လက္ခဏာက အဲဒီလိုပဲလို့ တိုင်းသူပြည်သားတွေသိ အောင် ထပ်ပြီးတော့ပြောချင်တယ် ဒါပါပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က The Ladies သို့ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများ ခေါင်းပေါင်း ပေါင်းထားခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် လွှတ်တော်အစည်းအဝေး တွင် ခေါင်းပေါင်း ချွတ်ထားခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ၂၀၁၄ ခုနှစ် ၊ ဇွန်လ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သော် လည်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အစည်းအဝေး ခေတ္တ ရပ်နားချိန် များတွင် ခေါင်းပေါင်းကို ချွတ် ထားနိုင်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုလျှင် ခေါင်းပေါင်းအပြင် ၀တ်ရုံ ကိုပါ ၀တ်ဆင်ထားရကြောင်း၊ လွှတ်တော်က ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး ယခင်အတိုင်းသာ ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များကို ထိုစဉ် က အသိပေးတင်ပြခဲ့သည်။

“ခေါင်းပေါင်းကိစ္စက အသေးအဖွဲပါ။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်လို့၊ နိုင်ငံ အရေးအခင်းနဲ့ပတ်သက်လို့၊ နိုင်ငံ့ကံကြမ္မာနဲ့ပတ်သက်လို့ ဒီလို လူမျိုးတွေက ဒီလို ပုံချိုးမယ်ဆိုတာ အများ သဘောပေါက်ကြပါလို့ ပြောချင်တယ်” ဟု လွှတ်တော်အမတ် ဦးဝင်းထိန်က ဆက်လက်ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း

The Ladies News Journal

လွှတ်တော်ဥပဒေအရ အယောင်ဆောင်မဲပေးခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်များ ပြဋ္ဌာန်းထားခြင်းရှိသော်လည်း ပြစ် ဒဏ်ဆုံးဖြတ်ပေးသူသည် လွှတ်တော်ဥက္ကဋ္ဌ (သို့) လွှတ်တော်နာယကဖြစ် ခြင်းကြောင့် ၎င်း၏ ဆင်ခြင်တုံတရားပေါ် မူတည်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက The Ladies သို့ ပြောသည်။

သတင်းမီဒီယာတွင်ဖော်ပြခဲ့သော စက်ခလုတ်နှိပ် ဆောင်ရွက်သွားခဲ့သည့် လက်ပွားကိုယ်တော်များ ကိစ္စကို ကာယကံရှင်တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အ စုအဖွဲ့ခေါင်းဆောင်ကို ပြည်ထောင်စုလွှတ်တော်နာယကကိုယ်စား ဒုတိယ နာယက,က ခေါ်ယူတွေ့ဆုံပြီး သတိပေး ရှင်းလင်းပြောကြား ခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန်လ ၃ ရက် လွှတ် တော်အစည်းအဝေးတွင် ပြောသည်။

“ဥပဒေတစ်ခု ပြဋ္ဌာန်းထားတာရှိရင်တော့ ဥပဒေရှိမှန်းမသိလို့ပါဆိုပြီးတော့ ဥပဒေက ခွင့်လွှတ်တာမျိုးတော့ မရှိဘူး။ ဥပဒေချိုးဖောက်ရင် ချိုးဖောက် တဲ့အလျောက် အပြစ်တော့ရှိတယ်။ တရားရုံးကတော့ ထိုက်သင့် တဲ့ အပြစ်ဒ ဏ်တော့ ဆုံးဖြတ်ပေးရတာပေါ့။ အခုဒီကိစ်္စမှာကတော့ တရားသူကြီးက လွှတ်တော်ဥက္ကဋ္ဌ (သို့)လွှတ်တော်နာယကပဲဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ဆင်ခြင်တုံတရားပေါ်မှာပဲ တည်တာပေါ့။ ဒီအပြစ်က ဘယ်လောက် ထိပေးနိုင်လဲ၊ ဘယ်လိုပေးရလဲဆိုတာတော့ ကျွန်တော် တိတိကျကျ မမှတ်မိဘူး။ ဒါပေမဲ့ ဥပဒေနဲ့မညီဘူး ဆိုတာတော့ ပြဋ္ဌာန်းထား တာရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ထိုသို့သော ကိစ္စရပ်များသည် မဲခွဲဆုံဖြတ်ပြီးနောက်ပိုင်းမှ သိရှိရခြင်း ကြောင့် ယခင်ဆုံးဖြတ်ထားသည့် မဲ ရလဒ်များ ပျက်ပြယ်မှုမရှိစေရဟု ဥပ ဒေပြဋ္ဌာန်း ထားခြင်းလည်း ရှိသည်ဟု ဆိုသည်။ တပ်မတော် အာဏာပိုင် ထိပ်ပိုင်းခေါင်းဆောင်များက နိုင်ငံရေး ပါတီထူထောင်၍ ပါတီစုံဒီမိုကရေစီ စနစ် သို့သွားနေသည့် အပြောင်းအလဲ ကာလဖြစ်ခြင်းကြောင့် ဒီမိုကရေစီ စ နစ်ကဲ့သို့ စံချိန်မီ မဖြစ်နိုင်သေးဟုလည်း ဦးရဲထွန်းက ၎င်းင်း၏ အမြင် ကိုပြောကြား သည်။

“နောက်သက်တမ်းတွေဆိုရင် ဒါမျိုးက ပြဿနာသိပ်ရှိတော့မှာမဟုတ် ဘူး။ လွှတ်တော်ကိုယ်စားလှယ်အိပ်နေ ရင်လည်း သူ့တရားသူစီရင်ပေါ့၊ သူ့ မှာလည်း ဖြေရှင်းချက်ရှိမှာပေါ့၊ ကျန်းမာရေးကြောင့်သော်လည်းကောင်း လွှတ်တော်မှာဆွေးနွေးနေတဲ့ ကိစ်္စက သူနဲ့မဆိုင်လို့သော် လည်းကောင်း နောင်ဆိုရင် လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ သွားပြီး နားဖို့ အခန်းတွေ အိပ်ဖို့အခန်းတွေရှိချင်လည်း ရှိလာမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုက သူ့ကိုအချိန်မရွေး သူလုပ်တာ မဟုတ်တဲ့ ကိစ္စအတွက် ပြန်ဖြုတ်ချနိုင်တယ်ဆိုတဲ့ အပြန်အလှန် Check and Balance တစ်ခုထည့်ထားရင် သူ့ဘာသာသူ ဆင်ခြင်မှာပဲလေ”ဟု ဦးရဲထွန်းက ဆက်လက်၍ ပြောဆိုခဲ့သည်။

လွှတ်တော်တွင်း အယောင်ဆောင်မဲပေးသည့် သတင်းဓာတ်ပုံများကို ဧပြီ ၄ ရက်နေ့ထုတ် ဂလိုဘယ်သတင်း ဂျာနယ်တွင်ဖော်ပြခဲ့သည်။ ထို့ကြောင့် လွှတ်တော်တွင်း သတင်းယူနေသည့် သတင်းမီဒီယာသမားကို လွှတ်တော်မြင်ကွင်းကိုမြင်နေရသည့်နေရာမှ သတင်းယူ ရန် နေရာပြောင်းခဲ့သည်။

ထိုသို့ပြောင်းလဲခဲ့ခြင်းသည် တပ်မတော်သားကိုယ်စားလှယ်များက ၎င်းထံသို့ စာဖြင့်တင်ပြခြင်းကြောင့်ဟု သူရ ဦးရွှေမန်းက ဆိုသည်။

တပ်မတော်သားကိုယ်စားလှယ်များ၏ ကတင်ပြလာသည့်စာတွင် တပ်မတော်သား ကိုယ်စားလှယ်၏ သဘောရိုးလုပ်ရပ်ကို မီဒီယာများ အနေဖြင့် အကျိုးအကြောင်းရှေ့နောက်ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ်နှင့် မညီသည့် ကိစ္စများ ဆက်လက်မပေါ်ပေါက်စေရန် ကြပ်မတ်ဆောင် ရွက်ခြင်း ဖော်ပြပါရှိပါတယ်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇော်မင်းထွန်း

The Ladies News Journal

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရန်ကုန် တိုင်းဒေသကြီး ဒုတိယအဆင့် ၁၄မြို့နယ်၏ မဲဆန္ဒရှင် စာရင်းများအား မေလ ၂၅ရက်မှ စတင်ကပ်ထားကြေညာခဲ့ရာ နိုင်ငံရေးပါတီများ (အထူးသဖြင့် NLD ပါတီ)က ကူးယူရန် ကြိုးစားလျက်ရှိသည် အတွက်မဲပေးပိုင်ခွင့် ရှိသူများစာရင်းအား ခွာယူခြင်း၊ မိတ္တူကူးယူခြင်း များပြုလုပ်ခွင့်မပေးရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က လုံခြုံစွာ သိမ်းဆည်းထားရန်အတွက် ရန်ကုန်တိုင်း အတွင်းရှိ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များရှိ ကော်မရှင်အဖွဲ့ခွဲများထံ မေလ၂၆ရက်က လမ်း ညွှန်ချက် အကြောင်းကြားစာ ပေးပို့ထားသည်။

အဆိုပါ အကြောင်းကြားစာ၌ နိုင်ငံရေးပါတီများက ကူးယူရန် ကြိုးစားလျက် ရှိသည် ကို တွေ့ရှိရကြောင်း ဟု ဖော်ပြထားရာတွင် နိုင်ငံရေးပါတီ များနောက်၌ (အထူးသဖြင့် NLD ပါတီ)ဟု ကွင်းခတ် ကာအထူးပြု ဖော်ပြ ထားပြီး ကြေညာထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဓာတ်ပုံရိုက်ခွင့်ပြုသော်လည်း ဖြုတ်ယူခြင်း၊ ခွာ ယူခြင်း ခွင့်မပြုရန်၊ မဲဆန္ဒရှင်စာရင်းများကို မိတ္တူကူးခွင့်မပြုသောကြောင့် တာဝန်ရှိသူ အဆင့်ဆင့်က လုံခြုံစွာ သိမ်းဆည်းထားရန် ညွှန်ကြားထားသည်။…

““အထူးသဖြင့် NLD ပါတီဆိုတာ အရင်က လုပ်ခဲ့တာမျိုးတွေရှိလို့။ တီးတိန်မှာဖြုတ်လို့ တရားစွဲ ခံရတာရှိပါ တယ်။ ရန်ကုန်မှာတော့ မရှိသေးပါဘူး။ မိတ္တူကူးခွင့်မရှိတာက ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ကိုယ်၌ ကတားထားတာ။ ဓာတ်ပုံရိုက်ခွင့်ပြုတယ်ဆိုတာက လည်း နောက်မှပြုတာ။ အစကတား ထားတာ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ မဲအရင်ကပြည့်စုံ မှန်ကန်တဲ့ မဲစာရင်း မဟုတ်သေးဘူး။ ပထမဆုံးပြုစုလိုက်တဲ့ အဆင့်သည် အမှားတွေ အများကြီးပါမယ်။ အားနည်းချက်တွေ အများကြီးရှိမယ်။ မမှန်ကန်တဲ့ မဲစာရင်းကို ပါတီတွေရဲ့ လက်ထဲကို မထည့်ချင်သေးဘူး။ ပြင်ချင်သေးတဲ့အတွက် (ပြည်သူတွေကို)လာကြည့်ခိုင်းတာ”” ဟု ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ အခြေခံမဲဆန္ဒရှင်စာရင်း များကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ကြေညာထားပြီ ဖြစ်သော်လည်း ကျန်ရှိနေသည့် မြို့နယ်များရှိ မဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းများကို စိစစ်နေဆဲဖြစ်သည့်အတွက် ကြေညာ နိုင်ခြင်း မရှိသေးပေ။

““ကျွန်တော်တို့က မဲစာရင်းတွေ တိကျမှုက လိုတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘော တူပါ တယ်။ မှန်ကန်မှု၊ တိကျမှုရှိအောင်ပေါ့။ ၂၀၁၀ က အဖြစ်မျိုး ၂၀၁၂ ကအဖြစ်မျိုး မဖြစ်ချင်ဘူး။ ဒီတော့ မဲစာရင်း စိစစ်ဖို့ လိုပါတယ်။ မဲစာရင်းစိစစ်တဲ့အခါမှာ မဲစာရင်း မိတ္တူမရလို့ မရဘူး။ မဲစာရင်း မိတ္တူရအောင် ကြိုးစားရပါ တယ်။ ဓာတ်ပုံရိုက်တာတွေ၊ စကင်ဖတ်တာတွေ လုပ်ရပါတယ်။ မဲစာရင်း စိစစ်နေတာ ဘယ်နှပါတီမှာရှိသလဲ မေးရင် ကျွန်တော်တို့ တစ်ခုပဲရှိပါတယ်။ အဲဒီတော့ မဲစာရင်းရဖို့ ကြိုးစားနေတာ NLD ပဲလို့ ပြောတာ မှားတော့ မမှားပါဘူး””ဟု NLD ဗဟိုအလုပ် မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


ကမ္ဘာပေါ်မှာ ပထမဆုံး အကြိမ်အဖြစ် ဦးခေါင်းခွံ နဲ့ ဦးရေတစိတ်တပိုင်းကို အစားထိုး ဖန်တီး ကုသနိုင်ခဲ့ပြီလို့ အမေရိကန် တက္ကဆပ်စ် ပြည်နယ်က ခွဲစိတ် ဆရာဝန်တွေက ပြောပါတယ်။

ကင်ဆာရောဂါ အတွက် ဆေးကုသခဲ့အပြီး အနာမကျက်ဘဲ ခေါင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ လူနာ အမျိုးသား တစ်ဦးကို ဆရာဝန်တွေက ၁၅ နာရီကြာ ခွဲစိတ်ကုသခဲ့ပြီး အခုလို ဦးခေါင်းခွံ အစားထိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် James Boysen ဆိုသူ အဲဒီလူနာက ဆရာဝန်တွေရဲ့ အစွမ်းအစ အပေါ် အံ့သြတကြီး ဖြစ်ခဲ့ရတယ်လို့ ပြောသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ လာမယ့်အပတ်အတွင်းမှာတရုတ်ပြည်ကို
ပထမဆုံး အကြိမ် အဖြစ် သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်မှာတရုတ်နိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒီသတင်း ကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်ကတင်ပြထားပါတယ်။

အရင်က အမေရိက၊ ဥရောပစတဲ့ အနောက်နိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံမှု များခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ နောက် အပတ် ဗုဒ္ဓဟူးနေ့ အိမ်ရှင်ရဲ့ ဖိတ်ကြားချက်အရ အိမ်နီးချင်း တရုတ်နိုင်ငံ သွားရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပါတီရဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"ဒီလ ၁၀ရက်ကနေ ၁၄ရက်။ ဖိတ်တာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတရယ်၊ ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ပါပါတယ်။ "

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။ ဒီခရီးစဉ် ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌအနေနဲ့ ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပေမဲ့ အရင် က NLD ဗဟိုကော်မတီဝင်တွေ နဲ့ လူငယ်အဖွဲ့ဝင်တွေ အနည်းဆုံး ၅ကြိမ်လောက် သွားရောက် ခဲ့ဖူးတာဖြစ်ပါတယ်။ အရင်ခရီးစဉ်တွေမှာ အဓိက ဆွေးနွေးဖြစ်ခဲ့တာတွေကိုတော့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" ငါးခါ ခြောက်ခါလောက်ရှိပါပြီ။ သွားတဲ့အထဲမှာ ကျနော်လည်း တခေါက် သွားဖူးတယ်။ အဲ့လိုပဲ ကွန်မြူနစ်ပါတီ ဖိတ်ပါတယ်။ ဟိုကျတော့ ကွန်မြူနစ် ပါတီ နိုင်ငံခြားရေးရုံးတို့ ဘာတို့မှာ ကျနော်တို့ တွေ့ရပါတယ်။ ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိပြီ သွားတာ။ ကျနော်သွားတဲ့အခေါက်မှာတော့ နယ်စပ်ဒေသ အခြေအနေနဲ့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင် နှစ်ဖက် အကျိုးရှိမယ်ဆိုတဲ့ ကိစ္စမျိုး နောက် မူးယစ်ဆေးဝါးလို ကိစ္စမျိုး အဲ့တာမျိုးတွေကို ပြောဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်အချိန်ဟာ တရုတ်မြန်မာနယ်စပ်ဒေသကိုးကန့်စစ်ပွဲကြောင့် တရုတ်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အဖုအထစ်တွေ
ရှိနေချိန်နဲ့ နောက် တရုတ်စစ်တပ်က နယ်စပ်ဒေသမှာ အင်အားပြစစ်ရေးလေ့ကျင့်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

" အခုဟာကတော့ ကျနော်မြင်တာ တရုတ်ပြည်က ဗမာပြည်ကို စည်းရုံးရေးနဲ့ပတ်သက်လို့ အခြေခံကအစ ဂရုစိုက်ပြီးတော့ ပြန်ြပင်ပြီး လုပ်နေတယ်လို့ မြင်ပါတယ်။ တရိုတ်ပြည်ဘက်က ဗမာပြည်ဘက်က အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ အင်အားစုတွေကို ဆွဲသင့်တယ်လို့ သဘောပေါက်လာတာတော့ ကြာသွားပါပြီ ဒါပေမဲ့ လက်တွေ့လုပ်တဲ့အခါမှာတော့ အဘက်ဘက် ထောက်ထားနေရတာနဲ့ ဘာနဲ့ နောက်ကျတယ်။ အခု NLD ဆိုရင်လည်း အရင်တုန်းက အဖွဲ့ကို ဖိတ်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို အဲ့လို ဖိတ်တယ်ထင်ပါတယ်။ သူတို့အစီအစဉ်ရှိရှိနဲ့ လုပ်နေတယ်လို့ ကျနော်က မြင်ပါတယ်။"

ဒီခရီးစဉ်မှာ မြန်မာပြည်အတွက် ဘယ်လို အကျိုးရလဒ်တွေ ရနိုင်မလဲဆိုတဲ့အပေါ်မှာတော့ ရဲဘော်ဖိုးသံချောင်း က အခုလို ပြောပါတယ်။

"တရုတ်ပြည်ဟာ ပုဂ္ဂိုလ်တဦးချင်းအတွက် သို့တည်းမဟုတ် အဖွဲ့အစည်း တခုချင်းနဲ့ ဆွေးနွေးတာကို နိုင်ငံအတွက် ရောပစ်တာမျိုး တော်ရုံတန်ရုံ အခြေအနေမှာ မလုပ်ပါဘူးခင်ဗျ။ အဲ့တော့ ဗမာပြည်ရဲ့ အခြေအနေမှာလည်း ဗမာနိုင်ငံကို ကမ်းလှမ်းတယ် ဆိုတဲ့ဟာမျိုး အဲ့လိုမျိုး အဓိပ္ပါယ်ပေါ်အောင်တော့ မရှိဘူးလို့ ကျနော်မထင်ဘူး။ ကျနော်ထင်တာက တရုတ်ပြည်က တခုမမြဲ တခုမြဲအောင်လို့ ဗမာပြည်ရဲ့ အင်အားစုတွေ အားလုံးကို ဆွဲနေတာလို့ပဲမြင်ပါတယ်။ အစိုးရနဲ့ လက်ရှိစစ်အစိုးရကိုလည်း သူတို့ ဆွဲမယ်။ ဗမာပြည်ရဲ့ တခြားအစိုးရမဟုတ်တဲ့ အင်အားစုတွေ ကို ဆွဲမယ် အဲ့ဒီ့ရည်ရွယ်ချက်နဲ့ လုပ်နေတာခင်ဗျ။ အဲ့တော့ ဗမာပြည်ရဲ့ အကျိုးစီးပွားဆိုတာထက် သူတို့ရဲ့ အကျိုးစီးပွားကို သူတို့အဓိက ထားလုပ်တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။"

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌ ပြည်ထောင်စုလွှတ်တော်နာယက
သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူရဦးရွှေမန်းဟာ တရုတ်သမတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊
တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-china-trip-soon/2808835.html

uoaktaya-620 လန်ဒန်ဆရာတော် ဦးဥတ္တရကို ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဂန္တု သံဃာတော် ငါးပါးကို တရားစွဲဆိုတာဟာ အာဃာတတွေပါနေကြောင်း တရားစွဲခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။

ဒီနေ့ တာမွေမြို့နယ် တရားရုံးချိန်းအပြီး သတင်းမီဒီယာတွေကို ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"မဟာသန္တိသုခကျောင်းရဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတာက ပီနန်ဆရာတော်ကြီးရဲ့ (မဟန)ပေါ့နော်၊ သူတို့နှစ်ဦးက တရားစွဲဆိုမှုတွေနဲ့ ဆုံးဖြတ်တွေနဲ့ ဘာမှမလုပ်ပဲနဲ့ ဘုန်းကြီးတို့က ဘာမှမဆိုင်ပဲနဲ့ အာဂန္တုလို နေရုံနေတဲ့အတွက်ကြောင့် ဒီအမှုနဲ့မသက်ဆိုင်ပဲနဲ့ တရားစွဲခံနေရတာက ဥပဒေကြောင်း အရရော ဖြစ်ရပ်မှန်အရရော မှားနေတယ်လို့၊ ဒီလိုဖြစ်သွားတဲ့ကိစ္စမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်တွေဟာ ဘုန်းကြီးတို့ကို ထောင်ချဖို့အတွက် လူဖြစ်ဖို့အတွက်ပဲ အာဃာတတရားတွေနဲ့ပဲ ဘုန်းကြီးတို့ကိုပြောနေတယ်"

မဟာသန္တိသုခကျောင်းတိုက်ကို ဘယ်သူပိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော် ဦးပညာဝံသ နဲ့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) တို့အကြား အခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

အဲ့ဒီမှာ အာဂန္တုအဖြစ် သီတင်းသုံးခဲ့တဲ့ လန်ဒန်ဆရာတော်နဲ့ တခြားသံဃာ ၄ ပါးကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ညက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထောင်တွင်းမှာ လူဝတ်လဲခဲ့ပါတယ်။ အာမခံရပြီး ပထမဆုံး ရုံးထုတ်ချိန်မှာ သင်္ဃန်းပြန်စီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ၊ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။

RFA

“ တစ္ဆေကြီးသုံးကောင်နဲ့ အပမှီတဲ့ပရောဂဆရာတသိုက်”


ချို့သောအုပ်ထိန်းသူတွေဟာ ကလေးငယ်လေးတွေ မိမိပြောစကားနားမထောင်ရင်ဖြစ်ဖြစ်၊ ငိုကြောရှည် နေရင်ဘဲဖြစ်ဖြစ် မိမိဖြစ်စေခြင်တာကို ကလေးတွေဆန္ဒမပါဘဲ နားထောင်လာအောင်၊ အငိုမြန်မြန်တိတ်ပြီး နာငြီးသက်သာအောင် ဒေဝေါကြီးလာနေပြီတို့ ၊ ပသျှူးခေါင်းဖြတ်ကြီးလာဖမ်းလိမ့်မယ်စတဲ့ လံကျုတ်ဇါတ် ကောင်တွေနဲ့  လိမ်ညာခြိမ်းခြောက်ပြီး ပြဿနာကို အလွယ်နည်းနဲ့ ဖြေရှင်းလေ့ရှိတယ်။ ဒီလိုလုပ်လိုက်တာဟာ နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသား၊ စိတ်ဓါတ်နဲ့ ဦးနှောက်ကို အဆိပ်ခပ်လိုက်တာပါဘဲ။ အဲ့ဒီလိုခြောက်လှန့် တဲ့ ဓလေ့ဟာ ကလေးငယ်တွေကို ဘာမှန်းမသိတဲ့အရာတွေ အကြောင်းပြချက်တွေအပေါ် ဆင်ခြင်တုံတရားမဲ့နာခံ ရမှု့၊ အကြောက်တရားနဲ့ ယုံကြည်တတ်တဲ့အကျင့်ဆိုးကို မျိုးစေ့ချပေးလိုက်တာပါဘဲ။
အဲ့ဒီလိုသဘောမျိုးဘဲ (၁၉၆၂) ခုနှစ် ကနေ ဒီကနေ့အချိန်အထိ သွက်သွက်ခါအောင်ပျက်ဆီးယိုယွင်းခဲ့တဲ့ ပညာရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါးပိပြားနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အတ္တလွန်ကဲနေတဲ့ စစ်အာဏာ ရှင်အသိုင်းအဝိုင်းက ဖန်တီးမွေးမြူထားတဲ့ တစ္ဆေကြီးသုံးကောင်နဲ့ ဖြဲခြောက်တာကို ထပ်ဖန်တလဲလဲခံခဲ့ကြရ .. ခံနေရဆဲပါ။

(၁) ပထမတစ္ဆေ - ဖက်ဒရယ်တစ္ဆေ

တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီဟာ သူတို့ရဲ့အာဏာသိမ်းပိုက်မှု့ကို မှန်ကန်တယ်လို့ အကြောင်းပြနိုင်ဖို့ ဖက်ဒရယ်တစ္ဆေနဲ့ ပြည်သူ လူထုကို ခြောက်လှန့်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုပြိုကွဲတာပဲ၊ ခွဲထွက်တာဘဲလို့ တလျောက်လုံး လိမ်ညာအယုံသွင်းပြီး ပြည်သူတွေကို လှည့်စားခဲ့ကြတယ်။
တကယ်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ပင်လုံစာချုပ်ထဲက ကတိကဝတ်တွေကိုချိုးဖေါက်ပြီး သူတို့ရဲ့အာဏာ မောင်ပိုင်စီးမှု့ကို ဖုံးကွယ်ခြင်တာမို့ ဖက်ဒရယ်ရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို ပုံဖျက်ခဲ့တာပါ။ တိုင်းရင်းသားတွေ ရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့် မိမိဘာသာ စာပေ ယဉ်ကျေးမှု့ စတာ တွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးမြှင်တင်ခွင့်မပေးခြင်တာကို အကြောင်းပြဖို့ ပြည်ထောင်စုကြီးပြိုကွဲသွား လိမ့်မယ်ဆိုတဲ့ ဖက်ဒရယ်တစ္ဆေကြီး ဖန်တီးပြီးခြောက်လှန့် ခဲ့တာပါ။

၂) ဒုတိယတစ္ဆေ - ကွန်မြူနစ်တစ္ဆေ

ဖက်ဒရယ်တစ္ဆေနဲ့ ခြောက်ပြီး ဆိုရှယ်လစ်အတုမျက်နှာဖုံးကြီးစွပ် ထင်တိုင်းကျဲအုပ်ချုပ်လာလိုက်တာ (၂၆) နှစ်လည်းကြာရော အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံကနေ ကမ္ဘာ့ဖွံ့ ဖြိုးမှု့ နောက်အကျဆုံး၊ ဘိတ်ဆုံး ကတိုင်းပြည်ဖြစ်ခဲ့တော့တာပါဘဲ ။ အုပ်စိုးသူလူနည်းစုတစုဘဲ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ် စနစ်ရဲ့အသီး အပွင့်တွေကို အခွင့်ထူးခံ စံစားနေရပေမဲ့ လူများစုဖြစ်တဲ့ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ရဟန်း ရှင်လူ မိဘပြည်သူတွေမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနွမ်းပါးခဲ့ရတာ သမိုင်းကသက်သေခံနေပါတယ်။
စစ်တပ်၊ ပါတီ ကောင်စီ၊ ထောက်လှမ်းရေးတွေရဲ့ ကွပ်ညှပ်အနိုင်ကျင့်မှု့အောက်မှာလူဖြစ်ရှုံးခဲံကြရတော့ ဖိလွန်း လျှင်ကြွဆိုသလို ဆင်းရဲမှု့ဒါဏ်၊ အထွေထွေနိမ့်ကျမှု့ဒါဏ်တွေကို မခံနိုင်တော့တဲ့ မြန်မာပြည်သူတွေဟာ ဘယ် သူကမှ အထူးတိုက်တွန်းစရာမလိုဘဲ၊ ဒန်ပေါက်ထုတ်တွေမဝေရဘဲ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့ မှာ တညီတညာထဲလမ်းမပေါ် တက်လာကြ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့  သပိတ်စခန်းတွေဖွင့်လို့ ဖိနှိပ်သူတပါတီ အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင်ခဲ့ကြတယ်မဟုတ်လား ။ ဒါကြောင့်မို့ လို့ လည်း “ ရှစ်ရက် ရှစ်လရှစ်ဆယ့် သမိုင်းသစ်ကို ဒို့ ဖွင့်လှစ်” လို့ အထက်ဗမာပြည်သပိတ်တပ်ပေါင်းစု ဆရာတော်ဦးက၀ိန္ဒက ရင့်ကျူးမိန့် ကြားခဲ့တာပါ။
အဲ့ဒါကိုဘဲ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေဟာ ပြည်သူ့ ဆန္ဒကိုဆန့် ကျင်ပြီး သူတို့ဘဲဆက်ဗိုလ်ကျအာဏာ ရခြင်တာကို ဖုံးကွယ်နိုင်ဖို့ ကွန်မြူနစ်တွေမြို့ပေါ်ရောက်လာလို့ ဆန္ဒပြမှု့တွေဖြစ်လာသယောင်၊ တိုင်းပြည် ချောက်ကမ်းပါးထဲကျတော့မှာမို့ ကယ်တင်ရသယောင် ကွန်မြူနစ် တစ္ဆေနဲ့ခြောက်ပြီး လူထုအရေးတော်ပုံကြီးကို သွေးချောင်းစီးသတ်ဖြတ် နှိမ်နင်းခဲ့တာမဟုတ်လား။ အဲ့ဒီလို တကမ္ဘာလုံးကတအံ့တသြဖြစ်ရလောက်အောင် သမိုင်းကမ္ဗည်းတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးထဲမှာ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူတွေ တင်ပါဝင်ဦးဆောင်လှုပ်ရှားခဲ့တာမဟုတ်ပါဘူး။ ရဟန်း သံဃာတော်များအပါအဝင် အဖိနှိပ်ခံပြည်သူ လူထု လူတန်းစားအလွှာအသီးသီး၊ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံဟာ ဖိနှိပ်တဲ့စစ်အာဏာရှင်စနစ်ကို စုပေါင်း ဦးဆောင်တော်လှန်ခဲ့ကြတာပါ။

၃) တတိယတစ္ဆေ - ဘင်ဂါလီမွတ်ဆလင်တစ္ဆေ

အခုနောက်ဆုံး စစ်အာဏာရှင်အနွယ်တော်အသိုင်းအ၀ိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် တက်ညီလက်ညီ အသုံးပြု နေတဲ့တစ္ဆေ ကတော့အများသိကြတဲ့အတိုင်းဘဲ ဘင်ဂါလီမွတ်ဆလင်တစ္ဆေ မဟုတ်လား။ စစ်အာဏာရှင် မျိုးဆက်အမွေကို ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေဆီကနေ လက်ပြောင်းရယူထားတဲ့ လက်ရှိစစ်တပိုင်း အစိုးရဟာလည်း ရှေ့သွားစစ်အာဏာရှင်များလိုဘဲ အစဉ်အလာမပျက် တိုင်းပြည်အာဏာကို ပြည်သူတွေ အလိုမတူဘဲ (၂၀၀၈ ) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဇွတ်အတည်ပြုပြီး (၂၀၁၀) ရွေးကောက်ပွဲအတု အယောင်နဲ့ လိမ်ယူခဲ့တာကလည်း ကမ္ဘာသိပါ။
စစ်ဘောင်းဘီချွတ်ပြီး ချိတ်ပုဆိုးကောက်စွပ်ခဲ့တဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးအောင်သောင်းတို့ရဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလက်ထက်ကျတော့ ဖက်ဒရယ်တစ္ဆေနဲ့ကွန်မြူနစ်တစ္ဆေကသိပ်အသုံးမတည့်တော့ ဘူး။ ခဏခဏလိမ်စားလုပ်စားခဲ့တော့ ပြည်သူတွေက မယုံကြတော့ဘူးလေ။ ဖက်ဒရယ်ကတော့ တစ္ဆေဘဝ ကကျွတ်သွားရှာပါပြီ ။ ဒါတောင် နာမည်လက်ခံတဲ့အဆင့်ဘဲရှိသေးတယ်။ လက်တွေအနှစ်သာရကိုဖေါ်ဆောင် ဖို့ကို တီဆားနဲ့တို့သလိုဖြစ်နေတာ လူတိုင်းမြင်နေရတာဘဲ။ ကွန်မြူနစ်တစ္ဆေကတော့ အခွင့်သင့်တိုင်း ရံဖန်ရံခါ ထုတ်ထုတ်သုံးနေဆဲဘဲ။ မနေ့တနေ့ကတင် ကျောင်းသူကျောင်းသားလေးတွေတောင်းဆိုတဲ့ ပညာရေးဥပဒေ ပြင်ဆင်ဖို့ လမ်းလျှောက်ချီတက်တာကိုဘဲ ကွန်မြူနစ်တစ္ဆေတံဆိပ်ကပ်ခဲ့သေးတယ်မဟုတ်လား။

စစ်အာဏာရှင်နဲ့ အနွယ်တော်တွေဟာ တိုင်းပြည်အကျိုးသာမပြုကြတာ တိုင်းပြည်ကိုဗိုလ်ကျဖျက်ဆီးဖို့ တစ္ဆေ သစ်ရှာတဲ့နေရာမှာ တော်တော်ထူးချွန်ပါတယ်။ တကမ္ဘာလုံးမှာ မွတ်ဆလင်အကြမ်းဖက်သမားတွေကို ဆန့်ကျင် နေတာရယ်၊ အစ္စလာမစ်အစွန်းရောက် တာလီဘန်တွေ အာဖဂန်နစ်စတန်မှာ ကမ္ဘာ့အမွေအနှစ် ဗုဒ္ဓရုပ်ထုတော် ကြီးကို ဗုံးခွဲခဲ့တော့ မြန်မာဗုဒ္ဓဘာသာဝင်တချို့ရဲ့ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ကို မီးလောင်ရာလေပင့်ပြီး ဘင်ဂါလီမွတ်ဆလင်တစ္ဆေနဲ့ခြောက် သူတို့ ကဘဲ ကယ်တင်ရှင်လိုလို လုပ်ခဲ့တော့တာပါဘဲ။ အမျိုးဘာသာ သာသနာကွယ်ပျောက်လိမ့်မယ်ဆိုတဲ့ စကားလုံးတွေ ကျယ်ကျယ်လောင်လောင်အော်လာကြတယ်။ တိုင်းပြည် ရဲ့နှလုံး သဲပွတ်နဲ့တူတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးကောင်းသမီးကြီးကို အကြည်ညို ပျက်စေဖို့ရည်ရွယ်ပြီး စောင့်လေမျိုးနွယ်ဆိုတဲ့တရားတွေ တွင်တွင်ဟောရင်း ပြည်သူတွေကြား ဝိဝါဒပွား စည်းလုံး ညီညွတ်မှု့ပျက်ပြားအောင် အတင့်ရဲစွာလုပ်ဆောင်လာကြတယ်မဟုတ်လား။
ကြားဖြတ်ပြီးပြောခြင်တာက စာရေးသူဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးပါ။ မွတ်ဆလင်ဘာသာကို မတိုက်ခိုက်ဘဲ အမုန်းတရားတွေ မဖြန့် ဖြူးဘဲ၊ တခြားလူမျိုး တခြားဘာသာကို မစော်ကားဘဲ ကိုယ့်အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမကို ဗြဟ္မစိုရ်တရားလေးပါး မေတ္တာတရားအခြေခံနဲ့  လက်တွေ့ကျင့်ကြံနိုင်တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ များများပေါ်ထွက် လာရင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပြီးသားဖြစ်ပါတယ်။ အမုန်းတရားနဲ့ သာသနာမပြုနိုင်ပါဘူး။
ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်တဲ့ မိသားစုနိုင်ငံကြီးဖြစ်တယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကချင်ကယား ကရင်ချင်းစတဲ့ တိုင်းရင်းသားလူမျိုးတော်တော်များများဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတာပါ ။ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၊ အစ္စလာမ်ဘာသာကိုးကွယ်သူ နတ်ကိုးကွယ်သူ စသည်ဖြင့် ဘာသာပေါင်းစုံရှိနေတဲ့ တိုင်းပြည်တခုမှာ ဘာသာတမျိုးထဲအတွက်ရည်ရွယ်ပြီး ကာကွယ်မှု့ပေးတဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို ပြဌာန်းတယ်ဆိုတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။

ဘယ်လို ရည်ရွယ်ချက်ထားထား ဘာအကြောင်းတရားခံခံ မိသားစုဝင်တချို့အတွက်သာ သီးသန့်ကာကွယ်ဖို့လုပ် ဆောင်တာဟာ တခြားမိသားစုဝင်တချို့ကို မျက်ကွယ်ပြုတာဖြစ်သလို မိသားစုဝင်အခြင်းခြင်းကြား စိတ်ဝမ်း ကွဲစေပြီး ညီညွတ်ရေးကို ဖြိုခွဲရာရောက်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်လူမျိုးကို ချစ်တဲ့သူချည်းပါဘဲ။ ကိုယ်ကိုးကွယ်ရာဘာသာကို မြတ်နိုးကြသူတွေ ချည်းပါဘဲ။ ဒါပေမဲ့ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ် ကိုယ့်ဘာသာကိုမြတ်နိုးတဲ့ စိတ်ကိုရှေ့တန်းသိပ်တင်လွန်းမိရင် အမုန်းတရားတွေ မရည်ရွယ်ဘဲ ဖြန့် မိတတ်ပါတယ်။

ဘင်ဂါလီပြသနာလို့ ခေါ်ခေါ် ရိုဟင်ဂျာပြသနာလို့ ဆိုဆို လှေစီးဒုက္ခသည်ကိစ္စနဲ့ ရခိုင်ပြည်နယ်က မြန်မာဘင်္ဂလားနှစ်နိုင်ငံပြဿနာဟာ လုံခြုံရေးဆိုင်ရာကိစ္စရပ်ဖြစ်လို့  မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စဆိုတာမှန်ပေမဲ့ အရေးအကြီးဆုံးကိစ္စရပ်မဟုတ်ပါဘူး ။
မှန်ကန်တဲ့အစိုးရတရပ်တက်လာပြိး တရားဥပဒေစိုးမိုးအောင်လုပ်နိုင်ခဲ့ရင် ဒီကိစ္စက နိုင်ငံတကာဥပဒေစံနှုန်း တွေနဲ့ ဖြေရှင်းလို့ရပါတယ်။ တရားဥပဒေမစိုးမိုးခြင်းနဲ့ အတူအရှိန်တညီးညီး တောက်လောင်နေတဲ့ ပြည်တွင်း စစ်မီးကြီးနဲ့ (၂၀၀၈) ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ရင်ဘတ်မှာလှံစူးနေတဲ့ ဒါဏ်ရာလိုသေစေလောက်တဲ့ဒါဏ်ရာ ကို အဓိကထားကုစားလိုက်တာနဲ့ ဘင်ဂါလီကိစ္စလို လက်ကျိုးခြေကျိုးဒါဏ်ရာတွေကို တဖြေးဖြေးကုလို့ရပါ တယ်။
အခုဖြစ်နေတာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဒီဘင်ဂါလီအရေးနဲ့ မွတ်ဆလင် ဆန့် ကျင်ရေးကို (၂၀၁၅) ရွေးကောက်ပွဲအတွက် အဓိကမဲဆွယ်ရေး လက်နက်လိုသုံးတော့မှာကို သတိပြုပါ။ အမျိုးဘာသာ သာသနာနဲ့ လူမျိုးအတွက် ရခိုင်နယ်စပ်ကို နံရိုးထိုးကာကွယ်မယ်။ တိုင်းပြည်ကို ရိုဟင်ဂျာချောက်ကမ်းပါးကြီး ထဲကျ ဖို့ လက်တလုံးအလိုမှာ ကယ်တင်ဖို့ ကျိုးစားနေလိုလို၊ စစ်အာဏာရှင်အကြိုက် လူမျိုးခြားမုန်းတီးရေး ဘင်ဂါလီဆန့်ကျင် ရေး မွတ်ဆလင်တစ္ဆေ ကမ်ပိန်းနောက် မလိုက်မိစေဖို့ သတိပြုကြပါလို့ မေတ္တာရပ်ခံခြင် ပါတယ်။

ထင်ရှားတဲ့ဥပမာဆောင်ရရင် ကိုယ့်ထက်ဆင်းရဲနွမ်းပါးတဲ့ မိမိဘေးအိမ်က ကိုယ်အိမ်ကပစ္စည်းကိုဘဲ လာလုလု၊ လာခိုးခိုး အဲ့ဒီအန္တရာယ်ကို ကာကွယ်ဖို့ဆိုတာ ကိုယ်ကိုတိုင်က ကျန်းမာသန်စွမ်းပြီး အနာရောဂါကင်းနေဖို့လို တယ်။ မြန်မာနိုင်ငံဟာရင်ဝမှာ စစ်အာဏာရှင်ထိုးစိုက်ထားတဲ့ တရားဥပဒေမစိုးမိုးခြင်းဆိုတဲ့ လှံတန်းလန်းနဲ့ ဆိုတော့ ဘယ်လိုလုပ်ကိုယ့်အိမ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မလဲ။ အခုတော့ အဲ့ဒီလှံကို ရင်ဝတဆုံး ထိုးထည့်ထားတဲ့သူ စစ်အာဏာရှင်တွေကဘဲ အိမ်ဘေးက သူခိုးရန်ကာကွယ်ပေးမယ်လို့ အသံကောင်းဟစ် နေပြီး ပြည်သူတွေကို အဓိကကျတဲ့ပြသနာဖြစ်တဲ့ (၂၀၀၈)ဖွဲ့စည်းပုံဆိုတဲ့ စိုက်နေတဲ့လှံကိုဆွဲနှုတ်ဖို့ အရေး ကနေ အာရုံလွဲအောင်လုပ်နေတဲ့ကိစ္စပါ ။
သမိုင်းမသိရင် “ အ ” တယ်လို့ သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းကပြောခဲ့တာ အကြောင်းမဲ့ မဟုတ်ဘူး ခေတ်အဆက်ဆက် သမိုင်းကိုပြန်စောင်းငဲ့ကြည့်လိုက်ပါ ။ ဖိနှိပ်တဲ့အစိုးရတိုင်းဟာ လူမျိုးရေး မုန်းတီးမှူ့တွေဖန်တီးပြီး သွေးခွဲအုပ်ချုပ်ရင်း အမြတ်ထုတ်လေ့ရှိတယ် ။ ပထမကုလားဗမာအဓိကရုန်းဟာ ၁၉၃၀ ပြည့်နှစ်ထဲမှာ ရန်ကုန်ဆိပ်ကမ်းက အလုပ်အကိုင်ပြဿနာပေါ်မှာ အခြေခံဖြစ်ပွားခဲ့တယ် ။ ဗြိတိသျှ ကုမ္ပဏီ စတိဗ်ဒေါရက်စ် (Stevedores) ဟာ သူတို့ ဘဲ အိန္ဒိယနိုင်ငံက ခေါ်သွင်းလာတဲ့ အိန္ဒိယကုလားလူမျိုး အလုပ်သမားတွေ လစာတိုးတောင်းတော့ မြန်မာအလုပ်သမားတွေကိုခန့် ခဲ့တယ်။ နောက်တော့ အိန္ဒိယကုလား အလုပ်သမားတွေက လုပ်ခလျှော့ယူဘို့ သဘောတူတဲ့အခါ မြန်မာအလုပ်သမားတွေကိုဖြုတ်ခဲ့ပြန်တယ်။ အဲ့ဒီ မှာတင် အိန္ဒိယကုလားဆန့် ကျင်ရေး စိတ်ဓါတ်တွေကြီးထွားလာပြီး အဓိကပြဿနာဖြစ်တဲ့ ဗြိတိသျှကိုလိုနီ ကျွန်ပြုထားတာကိုဆန့် ကျင်တွန်းလှန်ဖို့ လွတ်လပ်ရေးတိုက်ပွဲ ၀င်ရမဲ့ကိစ္စကသွေဖီပြီး လူမျိုးရေးမုန်းတီးမှု့ နောက်လိုက်ခဲ့ကြဘူးတယ်။
ဗြိတိသျှကိုလိုနီအစိုးရဟာ ကုလားဗမာအဓိကရုန်းတွေဖြစ်အောင် အခြေအနေတွေဖန်တီးပြီး သူတို့မတရား အုပ်ချုပ်နေတာကို အာရုံလွဲပြီး လွတ်လပ်ရေးကိစ္စကို ဖျောက်ဖျက်ဖို့ကျိုးစားခဲ့တာဘဲ ။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကနေ “ ကုလားအရေးဓါးမသွေးလောက်ဘူးလို့ ” အမျိုးချစ်လွန်နေတဲ့ပုဂ္ဂိုလ်တွေကို သာမညကိစ္စတွေနောက်မလိုက်ဖို့ သတိပေးခဲ့ဘူးတာပါ ။

အခုလည်း လောဘအပမှီနေတဲ့ ပရောဂဆရာ စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကိုထာဝရစစ်ကျွန်ပြုထားပြီး တရားဥပဒေ မစိုးမိုးခြင်းရဲ့လက်သည် အရင်းခံဖြစ်တဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်ရေးကိစ္စကို ဖျောက်ဖျက်ဖို့ ဘင်ဂါလီမွတ်ဆလင်တစ္ဆေနဲ့ ခြောက်လှန့် ပြီး လူမျိုးကြီး၊ ဘာသာကြီး အလံထူပြီး လူမျိုးရေး၊ ဘာသာရေးခွဲခြားတဲ့ဥပဒေကိုပြဌာန်း၊ လူမျိုးရေး ဘာသာရေး မုန်းတီးမှူ့တွေ ပိုကြီးထွား အောင်ဖန်တီးပြီး သွေးခွဲအုပ်ချုပ်ရင်း အမြတ်ထုတ်နေတာပါဘဲ ။ ဒါကြောင့် မြန်မာ နိုင်ငံသူနိုင်ငံသားတွေ အဓိကနဲ့ သာမညကို သတိပြုဆင်ခြင်ခွဲခြားနိုင်ပြီး တပ်မတော်ကို ဥပဒေအထက်က ဆွဲချနိုင်ဖို့  ပုဒ်မ ၄၃၆ အပါအ၀င် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လာမဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲမစခင် စစ်သွေးစင်တဲ့ အထိပြင်ဆင်နိုင်အောင် ၀ိုင်းဝန်းအားဖြည့်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မေလ (၃၁) ရက်နေ့ ၂၀၁၅ ခုနှစ်


ဂျွန် ၅ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ် ယူမှု ပြဿနာ ကြောင့် ဂျွန်လ ၃ ရက်နေ့မှ ယနေ့ အထိ ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အပြန်အလှန် ဝိုင်းရံထားသောကြောင့် ထိပ်တိုက်ဖြစ်ပွားလာ မည် ကိုဒေ သခံ များက စိုးရိမ်နေကြသည်။

ဂျွန် ၄ ရက်နေ့က မိုင်းဆတ်အခြေစိုက် အမှတ် ၁၄ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်မှ တပ်များ မိုင်းတုံ ဘက် ဦးတည်လာနေကြောင်း၊ ဝ တပ်ဖွဲ့များလည်း မိုင်းတုံမြို့ အထွက်မှ နားကောင်းမူး ၊ မယ့်ကဲန်း (မဲကင်) ကျေးရွာ အုပ်စု ဟွေအော့် ဘီပီဝမ်း ထိုင်းနယ်စပ် အထိ လမ်းမ တလျှောက် ၉၀ ရာခိုင်နှုန်းခန့် အင်အားဖြည့်နေရာယူထားသောကြောင့် ဒေသခံ များ တိုက်ပွဲဖြစ်ပွားလာ မည်ကို အထူးရိမ်နေသည်ဟု ရပ်မိရပ်ဖ လုံးထမ်းက ပြောသည်။

“အမှန်တော့ ကျနော်တို့ မနက်ဖြန် (၅၊၆၊၂၀၁၅) ပါတီ အတွက် ကွင်းဆင်း မလို့။ ဝ တပ်ဖွဲ့ နဲ့ အစိုးရ တပ်မတော်အကြား အခုလိုမျိုးဖြစ်နေတော့ ခရီးစဉ် ဖျက်လိုက်ရတယ်” – ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပြည် နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောသည်။

ဂျွန် ၃ ရက် ၂၀၁၅ က မိုင်းတုံမြို့အခြေစိုက် ခမရ ၅၁၉ ၊ ရဲတပ်ဖွဲ့ဝင် နှင့် သစ်တော ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ်ကြောင်းက မိုင်းတုံ နှင့် ပုံပါကျင် မြို့နယ်ခွဲ အကြား မယ့်ကဲန်းကျေးရွာအုပ်စု လွယ်ဆန်စု တောင်ခြေ မိုင်းခေတ်ဒေ သဘက် သစ်ထုတ်လုပ်နေသော ဝ တပ်ဖွဲ့ဝင် အချို့အား ဖမ်းဆီး ထားကြောင်း - တပ်မတော် အသိုင်းအဝိုင်း ကပြောသည်။

ဂျွန် ၄ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသည့် ဝ တပ်ဖွဲ့ဝင်များက အဆိုပါလှုပ်ရှားတပ်ဖွဲ့အား ဝိုင်းရံထားကြောင်း၊ ထို့အတူ မိုင်းတုံ - ပုံပါကျင် လမ်းမတလျှောက်လည်း ၀ တပ်ဖွဲ့က တပ်ဖြန့်ထိန်းချုပ်ထားကြောင်း အမည်မဖေါ်လိုသည့် ဝ အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ဒါက ကျနော်တို့ လှုပ်ရှားသွားလာတဲ့နေရာဗျာ။ ကျနော်တို့ကို မိုင်းခေတ် ‘မုတ်ဆိပ်’ သစ်တော ကြိုးဝိုင်း အတွင်း သစ်တွေခုတ်ယူတယ်ဆိုပြီး ဗမာ တပ်ကနေ ကျနော်တို့လူကို ဖမ်းသွားတယ်။ ဒါ မတရားစွပ်စွဲတဲ့လုပ် ရပ်ဘဲ။ မတရားမှုကို ကျနော်တို့ ငုံ့ခံမှာမဟုတ်ဘူး၊ လိုအပ်ရင် အထက်အမိန့် ကို လဲ စောင့်မှာမဟုတ်ဘူး၊ ကျနော်တို့ကိုပစ်ရင်တော့ပြန်ချမှာဘဲ” - ဟု အဆိုပါ အမည်မဖေါ်လိုသည့်ဝ အရာရှိကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ ဖမ်းဆီးခံရသည့် ၀ တပ်ဖွဲ့ဝင်များသည် ၀ တိုင်းရင်းသားမဟုတ်သည့် တရုတ်လူမျိုး ၆ ဦး ပါဝင်သည်၊ ထိုသူများအား ၀ လက်ထဲပြန်အပ် ရန် လိုက်လံတောင်းဆိုစဉ် ၄၊၆၊၂၀၁၅ မွန်းလွဲပိုင်းက အာလူးတောင်ကြောတွင် ပစ်ခတ် တိုက်ခိုက်မှု တကြိမ်ဖြစ်ပွားခဲ့သေးသည်ဟုလည်း ဆိုသည်။

“အခုလိုမျိုး ဖြစ်ပွားလာနေတာဟာ စစ်ပွဲမရှိတော့ဘူးဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဌက မှေးမိန်သွားမှာကိုမလိုလားလို့ မဖြစ်မနေတိုက်ပွဲတွေ လုပ် လာနေ တာလဲဖြစ်နိုင်တယ်။ တပ်မ တော်က နိုင်ငံတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဌနဲ့ ထိုက်တန်တယ်ဆိုတာ ပြချင်တာ လဲပါ နိုင်တယ်။ ရွေးေ ကာက်ပွဲက နီးပြီလေ” - ဟု စိုင်းဝင်းမြတ်ဦးကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင် ပတ်သက်မှုရှိ နေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူးသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအားပေး သည့်အနေဖြင့် ထိုင်းနယ်စပ်တလျှောက်ရှိ ၀တပ် များ မြောက် ပိုင်း ဝ နယ်သို့ တပ်ရုပ်ပြန်ရန် ဖိအားပေးခဲ့ဖူးသည်။

သို့သော် ဝ တပ်ဖွဲ့မှာမူ ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ် ထား သည့် နယ်မြေ အပါဝင် ဝ နယ်အားလုံးအားစုစည်း၍ သျှမ်းပြည်နယ်မှ ခွဲ ထွက်ကာ နေပြည်တော် တိုက်ရိုက် လက်အောက်ခံ သီးခြားဝပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။

အနာဂတ်မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင်လည်းဦးဆောင်ဦးရွက်ပြုလိုသည် ဟု မေလဆန်းပိုင်း ပန်ဆန်းညီလာခံတွင် ဆန္ဒပြုခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


မြန်မာနိုင်ငံမှာ ပြည်သူတွေ လက်မခံတဲ့ ရွေးကောက်ပွဲမျိုးသာ ကျင်းပခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေးကို ထိခိုက်နိုင်တယ် ဆိုပြီးတော့ သြဇာ တိက္ကမ လည်းရှိ၊ မြန်မာနိုင်ငံအရေးကိုလည်း မပြတ် အာရုံစိုက် စောင့်ကြည့်သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောဆိုလိုက်ပါတယ်။

ကြာသာပတေးနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောဆိုရင်း Mr. McConnell က အခုနှစ်ကုန်ပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများက လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောဆိုသွားပါတယ်။

နိုင်ငံပိုင်မီဒီယာတွေကနေ ပြသတဲ့နေရာမှာ နိုင်ငံရေးမျက်နှာလိုက်မှု မရှိစေရဘူး၊ လွတ်လပ်စွာ ပြောဆို၊ ထုတ်ဝေခွင့်ရှိရမယ်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အာမခံရမယ်၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ မျှမျှတတနဲ့ ကြောက်ရွံ့မှု ကင်းကင်း နဲ့ လုပ်ဆောင်နိုင်ခွင့်ရှိစေရမယ်။ နိုင်ငံသားတွေအနေနဲ့ မဲဆန္ဒပေးဖို့အတွက် အနှောက်ယှက်မရှိ မှတ်ပုံတင်ခွင့် ရှိရမယ် မဲပေးခွင့် ပြုရမယ်လို့လည်းပြောပါတယ်။

" ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထား ကို ရောင်ပြန်မဟပ်တဲ့ အတွက် မြန်မာပြည်သူ တွေက လက်မခံဘူးဆိုရင်၊ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ဖြစ်ဖို့အရေးမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့ရပါလိမ့်မယ်။ ကျနော်တို့ အစိုးရ ဥပဒေပြုအဖွဲ့အတွက် အနေနဲ့ ဒါကို စိတ်ပူပါတယ်။"

 ဥပမာ ဒီလိုမျိုး အခြေအနေဖြစ်လာမယ် ခဲ့မယ်ဆိုရင်၊ ရှေ့ဆက်တိုးမြင့် လုပ်ဆောင်ဖို့ရှိတဲ့ အမေရိကန်နဲ့ မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးကိစ္စ စတဲ့ ကဏ္ဍတွေကို အဟန့်အတားဖြစ်စေနိုင် မယ်လို့ လည်း Mr. McCornnell ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလှဲရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ပြီးဖြစ်သလို၊ အပြောင်းအလဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံအတွင်းက အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်၊ ဒီဖြစ်ထွန်းမှုဟာ အသေးမွှား မဟုတ်ပါဘူးလို့ လည်းသူ ကပြောပါတယ်။

အားရဖွယ်ကောင်းတဲ့ အနေအထားတွေကိုလည်း တွေ့မြင်နေရကြောင်း၊ အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေလို မဟုတ်ပဲ နိုင်ငံတကာကနေ လေ့လာသူတွေကို ဖိတ်ကြားထားကြောင်း၊ သံအမတ်ကြီး Derek Mitchell ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ကလည်း လေ့လာစောင့်ကြည့်ရာမှာ ပါဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒါကြောင့် အဲဒီမှာ အခွင့်အရေးတွေ အခွင့်အလမ်းတွေရှိနေပါတယ်။ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်တောင် တိုးတက်မှုတွေ ရှိနေပြီးလည်း ဆိုတာကို၊ ရှင်းရှင်းရှင်းလင်းလင်း မြင်သာအောင် ပြသနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သတင်းပတ်အနည်းငယ်တုံးက ၀ါရှင်တန်ဒီစီကို အလည်အပတ်ရောက် ရှိလာတဲ့ မြန်မာပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့တွေ့ဆုံစဉ်မှာ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းက စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ Mr. McCornnell ကပြောပါတယ်။ စိန်ခေါ်မှုတွေထဲမှာ ဆိုရင်တော့-

"အစိုးရအနေနဲ့ ကာလရှည်ကြာ ဒုက္ခရောက်နေတဲ့ လူနည်းစု ဘာသာဝင်တွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို တာဝန်ယူမှုပေးရမယ် ဆိုတာလက်ခံဖို့နဲ့၊ အကာကွယ်ပေးဖို့ လုပ်ပေးနိုင်စွမ်းရှိသမျှကို အစိုးရအနေနဲ့ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒီလူတွေဟာ နှိပ်စက်ညှင်းပမ်းမှုကနေ လွတ်မြောက်ဖို့အတွက် ဖြစ်ကတတ်ဆန်း တည်ဆောက်ထားတဲ့ လှေတွေနဲ့ အလွန်အန္တရာယ်များတဲ့ ပင်လယ်ခရီးကို သွားနေကြရပါတယ်။"

Mr. McCornnell ပြောသွားတာဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ပြည်တွင်းပဋိပက္ခတွေ အဆုံးသပ်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေရရှိအောင် တိုင်းရင်းသား လူနည်းစု အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရအောင် လုပ်ဆောင်ဖို့ လိုသလို စစ်တပ်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ ရှိစေဖို့အတွက်လည်း အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါတွေနဲ့အတူ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ လွတ်လပ်စွာ တွေးတောဆင်ချင် ပိုင်ခွင့်နဲ့ လွတ်လပ်စွာစုဝေးခွင့် တွေကို အကာကွယ်ပေးဖို့ လိုအပ်နေကြောင်း Mr.Mitch McCornell က အမေရိကန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

ဦးစံမိုဝေ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အစိုးရက ဖမ်းဆီး တရားစွဲထားတဲ့ ကျောင်းသား သပိတ်ဝန်းရံသူ ကိုတင်ဝင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဒီနေ့မနက် ခွဲစိပ်ကုသမယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်ဖမ်းဆီးတဲ့ ဒဏ်ကြောင့် အကြောတွေ ထိခိုက်ထားတဲ့အတွက် ခွဲစိပ်ရမှာဖြစ်တယ်လို့ ကိုတင်ဝင်းရဲ့ညီ ကိုနေဇော်လင်းက RFA ကို ပြောပါတယ်။

"ဦးနှောက်နဲ့ အာရုံကြောကို ပြောင်းလိုက်တယ်၊ သူတို့အဖြေထွက်လာတာက ဇက်ပိုးမှာအကြောတွေက ထုံးနေတာ နံကြားအောက်က အကြောတွေက ညှပ်နေတာတွေတွေ့ရတယ်၊ အဲ့ဒါကြောင့် ခွဲမယ်ဆိုပြီးတော့ ဆရာဝန်ကြီးက ကျနော့်ကိုခေါ်ပြောတယ်၊ သူအရိုက်ခံထားရတာတဲ့ စစ်ဖိနပ်တွေနဲ့ နံကြားကိုကန်တာတို့ နံပါတ်တုတ်တွေနဲ့ ဇက်ပိုးတွေကိုရိုက်ပြီး ကားပေါ်တင်တာတွေ ကားပေါ်ကဆွဲချတာတွေ သူအကုန် လုံးပြောပြမှ ကျနော်လည်း အဲ့အကြောင်းတွေသိရတယ်"

ကိုတင်ဝင်းဟာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီး ကလေး ၅ ယောက်ဖခင်ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေး အတွက် ကျောင်းသားတွေက သပိတ်မှောက်တောင်းဆိုချီတက်တဲ့အခါ ပြည်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရာကနေ အစိုးရက သပိတ်မှောက်ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးချိန်မှာ ကိုတင်ဝင်းလည်း ရိုက်နှက်ဖမ်းဆီးခံပြီး သာယာဝတီထောင်မှာ အပို့ခံထားရတာဖြစ်ပါတယ်။

သူဟာ အတွင်းဒဏ်တွေကြောင့် ထောင်ထဲမှာ မကြာခဏမူးဝေနာကျင်နေသလို၊ ဇွန်လ ၂ ရက်နေ့က ရုံးထုတ်ချိန်မှာတော့ သာယာဝတီခရိုင်တရားရုံးမှာ သတိလစ်မေ့လဲသွားတဲ့အတွက် သာယာဝတီဆေးရုံကို တင်လိုက်ရပြီး၊ အဲဒီ့ကနေတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။

အဲဒီဇွန်လ ၂ ရက်နေ့က တရားရုံးမှာ အစိုးရတရားလိုအဖြစ် တာဝန်ယူနေရတဲ့ ရဲမှူးဖုန်းမြင့်က ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ရိုက်တာမဟုတ်ဘဲ တုတ်တွေနဲ့ ရွယ်ရုံရွယ်ခဲ့တာလို့ ထွက်ဆိုတဲ့အကြောင်းသိရပါတယ်။

 (ဒီဗွီဘီ)
http://www.rfa.org/burmese


ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်လုပ်နေတဲ့ ယူဒဗလျုအက်စ်အေ ၀ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းဆီးထားပြီး နှစ်ဘက်စစ်ရေးတင်းမာမှု အခြေအနေမှာ ရှိနေပါတယ် ။

ဇွန်လဆန်းပိုင်းက ၀ တပ်ဖွဲ့ဝင်တွေ တောထဲမှာ သစ်ခုတ်နေစဉ် အစိုးရတပ်က ၀င်ရောက် ဖမ်းဆီးထားတဲ့အတွက် သူတို့ဘက်ကလည်း တပ်ရင်း ၂ ရင်းနဲ့ ပြန်ဝိုင်းထားတယ်လို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဇွန် ၁ ရက်နေ့က တောထဲမှာ သစ်ခုတ်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင် ၁၆ ဦးကို အစိုးရတပ်က ဖမ်းသွားတယ်။ အဲဒါ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ၊ ပြီးတော့ ကျနော်တို့အဖွဲမှာ သစ်တောစည်းကမ်းရှိပါတယ်၊ အရမ်းခုတ်လို့မရဘူး။ ဒါက တပ်မိသားစုနဲ့ ရွာသားတွေအတွက်  အဆောက်အဦပြင်ဖို့ နည်းနည်းပါးပါးပါ၊ တန် ၈၀ ပဲရှိပါတယ်။ အဲဒါကို ကောင်းကောင်းမွန်မွန်မညှိနှိုင်းဘဲ လူကို ဖမ်းခေါ်သွားတယ်၊ ၁၆ ယောက်မှာ မြန်မာအလုပ်သမား ၁၀ ယောက်ကို ပြန်လွှတ်တယ်၊ ကျန်တဲ့ တရုတ် ၄ ယောက်၊ ပလောင် ၁ ယောက် နဲ့ ၀ ၁ ယောက်ကိုတော့ တရားရုံးတင်မယ်ပြောတယ်။ ဒါကို တောင်ပိုင်း ၀ တပ်မှူးက ဘ၀င်မကျဘူး၊ အခု ကျနော်တို့ဘက်က တပ်ရင်း ၂ ရင်း နဲ့ ပြန်ဝိုင်းထားတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်ဆီကိုလည်း ဇွန်လ ၅ ရက် မနက်ပိုင်းက အကြောင်းကြားထားပေမယ့် ၀န်ကြီးက အစည်းအဝေးတက်နေတဲ့အတွက် အကြောင်းပြန်ကြားချက်မသိရသေးဘူးလို့ ဆိုပါတယ်။

ယူဒဗလျူအက်စ်အေ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ မေလဆန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးကို အိမ်ရှင်အဖြစ် ကမကထပြုကျင်းပကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သတင်းပတ်အတွင်း  တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး သွားမယ်လို့ ပါတီက  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

တရုတ်ပြည် ၅ ရက်ကြာခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်တို့နဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက် အထိပေါ့။ ခရီးစဉ်ထဲမှာတော့ သမ္မတနဲ့ ၀န်ကြီးချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ပါတယ်လို့ သိရပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ ဒါချစ်ကြည်ရေးခရီးပါပဲ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်ဝင် လေးငါးယောက်လောက်လည်း လိုက်ပါသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ၂၀၁၄ ဒီဇင်ဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးသွားမယ်ဆိုတဲ့ သတင်းတွေဟာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကတော့ အရင်က တခြားပြည်တွင်းနိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့အတူ တရုတ်နိုင်ငံကို သွားရောက်လေ့လာတာ ရှိခဲ့ပေမယ့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုတကြိမ် ပထမဆုံး သွားရောက်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ယနေ့ မြင်ရသော ဓည၀တီ (၂) သင်္ဘော (ဓာတ်ပုံ- နိရဉ္စရာ)
စစ်တွေ၊ ဇွန် ၅

စစ်တွေမြို့မှ ဘူးသီးတောင်သို့ ထွက်ခွာမည့် သင်္ဘော ခရီးသည် ၃၀၀ နီးပါးခန့်ကို တင်ဆောင်ထားသည့် ဓည၀တီ (၂) သင်္ဘောသည် ရုတ်တရက် ရေ၀င်လာရာမှ ထွက်ခွာမည့် အစီအစဉ်ကို အရေးပေါ် ရပ်နား လိုက်ရသည်ဟု သိရသည်။

“ သင်္ဘောက ဘူးသီးတောင်ကို ခရီးသည်တွေကို တင်ပြီး ထွက်ခွာဖို့လုပ်နေစဉ်မှာဘဲ စက်လည်တဲ့  ၀င်ရိုးကနေ ရေတွေ ၀င်လာတဲ့ အတွက် အရေးပေါ် ရပ်နားလိုက်ရပါတယ်။ ၀င်လာတဲ့ ရေတွေကို ရေစုတ်စက်နဲ့ စုတ်ထုတ်နေရတယ်။ နံနက် ခုနှစ်နာရီက ထွက်မယ့် သင်္ဘော  ၁၀ နာရီ ရှိပါပြီ မထွက်နိုင်သေးဘူး” ဟု ရသေ့တောင်သို့ လိုက်ပါမည့် ခရီးသည် တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

သင်္ဘော ရေ၀င်ပြီး ၁၀ နာရီထိ မထွက်နိုင်ခွာနိုင်သေးသဖြင့် ခရီးသည်တချို့မှာ ပြန်သွားကြပြီဟု သိရသည်။
ရေစုတ်စက်ဖြင့် ရေစုတ်နေစဉ် ( ဓာတ်ပုံ - နိရဉ္စရာ)
“ လူ ၆၀ နဲ့ ရ၀ အကြားတော့ ကုန်းပေါ် ပြန်တက်သွားကြပြီ။ သင်္ဘောကတော့ ပြင်နေတုန်းပါဘဲ။ ပြင်ပြီးရင် ထွက်မလို့ဆိုတဲ့ အတွက် လူတွေကတော့ စောင့်နေတုန်းပါဘဲ” ဟု ပြောသည်။

ခရီးသည် အမျိုးသမီးအား ဆက်သွယ်မေးမြန်းရာ “ မသွားရင် မရတဲ့ အတွက် သင်္ဘောပေါ်မှာ စောင့်နေပါတယ်။ သင်္ဘောကောင်းကောင်းတွေကို စီစဉ်ပေးဖို့ဘဲ အထက်လူကြီးတွေကို ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် သည် ရေလမ်းကို အဓိက အားနေရသော ပြည် နယ်တစ်ခု ဖြစ်သည်။ သို့သော် ခရီးသည် တင် အစိုးရ သင်္ဘော အများစုမှာ ဟောင်းနွမ်းနေသဖြင့် မကြာခဏ ပြသနာများ ပေါ်ပေါက်ကာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓည၀တီ (၂) သင်္ဘော အရေးပေါ် ရပ်နားလိုက်ခြင်းနှင့် ပတ်သက်ပြီးသက်ဆိုင်ရာသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။


နိရဉ္စရာ
http://www.narinjara.com/burmese


၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်က လောလောဆယ် ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ ခန့်မှန်းခြေ ၃၀% ကနေ ၈၀% အထိ မှားယွင်း နေတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့်စာပေးပို့ခဲ့သလို ကော်မရှင်နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၂၄ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်တွေမှာ ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ မမှားသင့်တဲ့ အမှားတွေနဲ့ ဥပဒေနဲ့ မညီတာတွေ ပါဝင်တယ်လို့ NLD က ဖော်ပြပါတယ်။

ဒါ့အပြင် ကျူးကျော်နေသူတွေနဲ့ အိမ်ပိုင် မရှိသူတွေဟာ အိမ်ထောင်စုဇယား မရှိတဲ့ အတွက် မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးနေရတယ် ဆိုပြီးတော့လည်း ဖော်ပြပါတယ်။ မဲစာရင်းမှားယွင်းမှုတွေ နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက အမှားအယွင်း ရာခိုင်နှုန်းများကြောင်း၊ လူနာမည်နဲ့ မွေးသက္ကရာဇ် ပါပေမယ့် မှတ်ပုံတင်မရှိကြောင်း၊ မှတ်ပုံတင် မရှိရင် မဲပေးလို့ မရနိုင်ဘဲ မဲစာရင်းထဲ ပါနေတဲ့အကြောင်း ပြောပါတယ်။

NLD ကထောက်ပြတဲ့ မှားယွင်းမှုတွေနဲ့ ပတ်သက်လို့ ဘယ်လို ပြင်ဆင်နိုင်မလဲ ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချို ကတော့ ဒါတွေဟာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ သက်ဆိုင်ပြီး မဲဆန္ဒရှင် စာရင်း မှားယွင်းမှုတွေနဲ့ ပတ်သက်လို့တော့ မဲစာရင်း ထုတ်ပြန်တဲ့ ရက်ကနေ ၁၄ ရက် အတွင်း ကော်မရှင်ကို တင်ပြပြီး ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအနေနဲ့ မြို့နယ် ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ ဆိုပြီး ဆိုင်းဘုတ် တင်တာတွေကို ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီး NLD ရဲ့ အိတ်ဖွင့်ပေးစာပါ အချက်အလက် နဲ့ ပတ်သက်လို့ ကော်မရှင်ဘက်ကတော့ ဒါဟာ သူတို့နဲ့ မသက်ဆိုင်တဲ့အတွက် တာဝန်ရှိတဲ့ မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကပဲ ဆောင်ရွက်နိုင်တယ်လို့ ဦးလှမောင်ချိုက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD နဲ့ ကော်မရှင် တွေ့ဆုံတဲ့ အခါမှာတော့ မြို့နယ်ရပ်ကွက်တွေမှာ ကပ်ထားတဲ့ မဲဆန္ဒရှင် စာရင်းကို အလွယ်တကူ ကြည့်ရှုခွင့်မရဘူးဆိုတဲ့ အချက်တွေကို ကော်မရှင်ဘက်က ပြင်ဆင်ဆောင်ရွက် ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 အမေရိကန် အာဏာပိုင်တွေရဲ့အဆိုအရ အစိုးရ အေဂျင်စီတွေကို ကွန်ပြူတာမှာ ဟက်ကာတွေ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် အမှုထမ်းပေါင်း ၄သန်းလောက်ရဲ့ကိုယ်ရေး အချက်အလက်တွေကို ထိခိုက်မှု ရှိနိုင်တယ်လို့သိရပါတယ်။ ဒီ၎သန်းထဲမှာ လက်ရှိရော အငြိမ်းစားဝန်ထမ်းတွေပါ ပါဝင်တယ်လို့ အိုပီအမ် အမှုထမ်းတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့ကပြောပါတယ်

ဒီအဖွဲ့ကြီးက အမေရိကန်အစိုးရအတွက် လူအရင်းအမြစ်တွေကို ပြုစုတဲ့ဌာနဖြစ်ပါတယ်။ အိုပီအမ်ဌာနဟာ အစိုးရ ဝန်ထမ်းတွေအတွက် လုံခြုံရေးဆိုင်ရာ ကင်းရှင်းမှု နဲ့ မှတ်တမ်းမှတ်ရာတွေကို ထုတ်ပြန်ပေးတဲ့ဌာနလည်းဖြစ်ပါတယ်။ အခုနှစ် ဧပြီလလောက်မှာ ဆိုင်ဘာ အင်ထရူးရှင်းဆိုတဲ့ အင်တာနက်ကနေ ဝင်ရောက်တိုက်ခိုက်မှုကို အိုင်စတိုင်းလို့ နာမည်ပေးထားတဲ့ ဆိုင်ဘာ လုံခြုံရေးစနစ် အသစ်ကိုသုံးပြီး အိုပီအမ်က ထောက်လှမ်းနိုင်ခဲ့ပါတယ်။

အခုလို အင်တာနက် ကနေတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံမှာ အခြေခံတာလို့ အမေရိကန် အရာရှိတွေက သံသယရှိကြောင်း အမေရိကန် မီဒီယာတွေမှာဖေါ်ပြပါတယ်။ ကွန်ဂရက်အမတ် အက်ဒမ် ရှစ်ကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုကြောင့် ဆိုင်ဘာဒေတာဘေ့စ် အချက်အလက်တွေကို ပိုပြီး အဆင့်မြင့်နည်းနဲ့ ထိန်းသိမ်းဖို့လိုပြီး ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဆောင်ရွက်ဖို့ နောက်ကျနေပြီလို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီဝင် လွှတ်တော်အမတ် စူဆန်ကော်လင်းကတော့ အခုလို အင်တာနက်မှာ လုံခြုံရေး ချိုးဖေါက် တိုက်ခိုက်ခံရတာဟာ လူတယောက်ရဲ့ လုံခြုံရေး အဆင့်အတန်းကိုပြတဲ့ အချက်တွေကို အဓိကထားပြီး ပြည်ပ နိုင်ကြီးတခုက က အောင်မြင်စွာ တိုက်ခိုက်နိုင်လိုက်တဲ့ သဘောပဲလို့ ပြောသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) NCA ကို အသေးစိတ်ဆွေးနွေးနေကြတဲ့ လော်ခီးလာညီလာခံရဲ့ တတိယမြောက်နေ့ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ KNPP ရဲ့ဥက္ကဌ ခွန် အေဘယ် တွိဒ်က မြန်မာအစိုးရအဆက်ဆက်အောက် နှစ်ပေါင်း ၆ဝကျော်ကြာ ဖိနှိပ်မှုခံနေရတဲ့ တိုင်းရင်းသားတွေဟာ သင်ခန်းစာအကြီးအမား ရရှိထားတာကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့နေရာမှာ တစ်ကွက်မှားရင် တစ်သက်ကျွန်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။

“နိုင်ငံရေးဖြေရှင်းတဲ့အခါမှ တရားမျှတဖို့၊ ကျွန်တော်တို့လိုလားချက်နဲ့ပြည့်စုံဖို့ အင်မတန်အရေးကြီးတယ်။ မြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ ပြည်နယ် ၇ခုဟာ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် ပထဝီအနေအထားလည်းမတူပါဘူး။ လူမျိုးရေးလည်း မတူဘူး။ ယဉ်ကျေးမှု ဘာသာစကားလည်း မတူဘူး။ အဲဒီတော့ အမျိုးမျိုးကွဲပြားခြားနားပေမယ့် ကျွန်တော်တို့ရဲ့ ယနေ့နိုင်ငံရေးခံယူချက်ကတော့ ဘုံက တစ်ခုပဲ။ အားလုံးသဘောတူ လက်ခံပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး လိုလားချက်ကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့။ ဒါ ကျွန်တော်တို့ရဲ့ အဓိကလိုလားချက်ဖြစ်တယ်”လို့ ခွန်အေဘယ်တွိဒ်က ဆိုပါတယ်။

တိုင်းရင်းသားတွေဟာ ရည်မှန်းချက်ပန်းတိုင်ရောက်ရေး တိုက်ပွဲဝင်ရာမှာ တစ်စုတစ်တစည်းတည်းရှိဖို့၊ သူတစ်ဖွဲ့ ငါတစ်ဖွဲ့ သူတစ်ကိုယ် ငါတစ်မင်း ကန့်ကွက်နေတာကြောင့် ၆၅နှစ်အတွင်း အောင်မြင်မှုမရှိခဲ့တဲ့ သင်ခန်းစာကို ယူပြီး စုစည်းညီညွတ်ဖို့ အရေးကြီးတဲ့အကြောင်း ဆိုပါတယ်။

“တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မှတ်ထိုးရေး၊ မထိုးရေးက ဒီကနေ့ အစည်းအဝေးမှာ သဘောထားပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် ဒီကနေ့နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနဲ့ ဖြေရှင်းဖို့လိုတယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ အတတ်နိုင်ဆုံး အမြန်ဆုံးရောက်အောင် ဆွေးနွေးဖြေရှင်းကြရမယ့် အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် အစည်းအဝေးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးဟာ အလေးအနက်စဉ်းစားပြီးတော့ ရလဒ်ကောင်း အကောင်းဆုံးထွက်လာနိုင်အောင် ဝိုင်းပြီးကြိုးစားအကြံပေးပါလို့ ပြောလိုပါတယ်”

(ဓာတ်ပုံ - ကောင်းခန့်/ ကမာရွတ်မီဒီယာ)

နောက်ဆုံးထုတ်ပြန်တဲ့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာအသင်းက အရင်နေရာထက် ၁၅ နေရာ တက်သွားခဲ့ပြီး အဆင့် ၁၄၃ မှာ ရပ်တည်နေပါတယ်။

အရှေ့တောင်အာရှ အသင်းတွေထဲမှာတော့ ဗီယက်နမ်က ၁၂၇ နဲ့ ပထမနေရာ၊ ထိုင်းအသင်းက အဆင့် ၁၂၉ နဲ့ ဒုတိယ၊ မြန်မာက အဆင့် ၁၄၃ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့် ၃ နေရာကနေ အဆင့် ၂ နေရာကို ရောက်လာပါတယ်။

လတ်တလောမှာ ပြိုင်ပွဲတွေ မရှိပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရလဒ်တွေကြောင့် အခုနေရာကို ရခဲ့တာဖြစ်ပြီး ဒါဟာ ဘယ်လ်ဂျီယံဘောလုံးအသင်း သမိုင်းတလျှောက် အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

အဆင့် ၁ နေရာမှာ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီအသင်းက ဆက်လက် ဦးဆောင်နေပြီး အရင် အဆင့် ၂၊ ကမ္ဘာ့ဖလား ဒုတိယဆုရ အာဂျင်တီးနားကတော့ အဆင့် ၃ နေရာ ရောက်သွားပါတယ်။

ကိုလံဘီယာအသင်းကလည်း ဘရာဇီးလ်အသင်းရဲ့အပေါ် အဆင့် ၄ နေရာ ရောက်သွားပါတယ်။ အင်္ဂလန်အသင်းကတော့ အဆင့် ၁၅ ကို ကျသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/96037