06/10/15

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူရာတွင် စီမံထားမှုအားနည်းချက် များကြောင့် အမှတ်စာရင်း လာရောက် ထုတ်ယူသည့် မိဘနှင့် ကျောင်းသားများ အခက်အခဲကြုံတွေ့ရကြောင်း အမှတ်စာရင်းလာရောက်ထုတ်ယူသည့် ကျောင်းသားနှင့် မိဘများက ပြောသည်။

၂၀၁၅ခုနှစ် မတ်လတွင်ကျင်းပစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်း များအား ဇွန် ၆ရက် နံနက်ပိုင်းတွင် ကြေငြာပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်တက္ကသိုလ်ဝင်း ဇွဲကပင်ဆောင်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇွန် ၈ ရက်မှ စတင်ကာ အမှတ်စာရင်းများ နေ့ချင်းပြီး ထုတ်ယူပေးမည်ဟုကြေငြာချက်ထုတ်သည့် အတွက် လာရောက်ထုတ်ယူသူများခြင်း အမှတ်စာရင်းထုတ်ယူရာတွင် စီမံခန့်ခွဲမှု အားနည်းခြင်းများ ကြောင့် အခက်အခဲတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်စာရင်း လာရောက်ထုတ်ယူသည့် ကျောင်းသူ မသီရီအောင် က ``အမှတ်စာရင်းကို မနက် ကိုးနာရီလောက်ထဲက လာထုတ်တာ ညနေ၃နာရီခွဲနေပြီ မရသေးဘူး။ နေ့ချင်းပြီးရမယ် ဆိုတော့ စောင့်ပြီး ယူတယ်။ နေ့လည် စာတောင် ကောင်းမစားဖြစ်ဘူး။မိုးတွေကရွာတော့ မိုးနည်းနည်းမိပြီး ဖျားခြင်သလိုဖြစ်နေတယ်´´ဟု ပြောသည်။

အမှတ်စာရင်းထုတ်ယူရာတွင် လျှောက်လွှာပုံစံထပ်တင်ပြီး အမှတ်စာရင်း ထုတ်ပေး သည့်ရုံးပတ်လည် တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ၊ မိဘများအနေဖြင့်စောင့်ဆိုင်းနေရခြင်းဖြစ်ပြီး အမှတ်စာရင်းစာရွက်ထုတ်ပေးပြီး အမည်ခေါ် ရာတွင် နေရာပေါင်းစုံတွင် ခေါ်နေခြင်း၊ခေါ်ယူသည့် အမည်များမှာ မစောင့်ဆိုင်းနိုင်သဖြင့် အိမ်ပြန်သူများဖြစ်နေသဖြင့် စောင့်ဆိုင်းသူများ အမှတ်စာရင်းရရှိရန် အချိန်ကြာမြင့်နေ ရကြောင်း သိရသည်။

ယင်းအပြင် မိုးများရွာသွန်းသဖြင့် အမိုးအကာမရှိသည့် နေရာများရှိကျောင်းသားနှင့် မိဘများမှာ မိုးရေစိုရွဲကာတစ်နေလုံးစောင့်ဆိုင်းနေရခြင်း လာရောက်ထုတ်ယူသူ အရေအတွက်နှင့် အမှတ်စာရင်းလျှောက်လွှာတင်သည့်အခန်းမှာ ကျဉ်းကျပ်သဖြင့် အသက်ရှု မွန်းကြပ်ကာ မူးမေ့လဲသူများရှိကြောင်း သိရသည်။

"အမှတ်စာရင်းတွေကို နေရာခွဲပြီးထုတ်ပေးရင်ကောင်းပါတယ် ၊ ဥပမာ ဘယ် ပြည်နယ်နဲ့ တိုင်းတွေဆိုရင် ဘယ်နေရာမှာ လာထုတ်ပါ၊ သထုံလမ်းထဲကကျောင်းဝင်းထဲမှာလိုမျိုး ခွဲထုတ်လိုက်ရင်ကောင်းပါတယ် ။ ဒါမှမဟုတ် အွန်လိုင်းကနေထုတ်ပေးရင်တော့ လူ မပင်ပန်းတော့ဘူးပေါ့၊ အခုတော့ ကားလမ်းတွေပိတ်လူတွေကြပ်နဲ့ ကလေးတွေအတော် ဒုက္ခရောက်တယ် ဟု မြောက်ဒဂုံ မြို့ နယ်က ကိုယ်ပိုင်ကားဖြင့် အမှတ်စာရင်း လာထုတ်သည့်ကျောင်းသားမိခင်ကပြောသည်။

၂၀၁၅ခုနှစ် မတ်တွင်စစ်ဆေးသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ဖြေဆို ခွင့်လျှောက်ထားသူ ၆၃၂၃၁၄ ဦးရှိခဲ့ပြီး ၅၉၇၉၄၆ ဦင်္းသာဖြေဆိုခဲ့သည်။ အဆိုပါဖြေဆို သူများထဲမှ အောင်မြင်သူ ၂၂၄၈၄၇ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စိုင်းဟန်
The Ladies News Journal

ညက တီဗီမြင်ကွင်းတစ်ခုကို စိတ်မကောင်းဖွယ်ရာတွေ့ရတယ်။ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း တွေကို ကျောင်းသားတွေရော၊ မိဘတွေပါ ခွေးတိုးဝက်ဝင်ဆိုသလို မရမက အတင်းတိုးပြီး ထုတ်နေကြရတာကို ဂုဏ်ယူပြီး ပြနေတဲ့ မြင်ကွင်း။

ဒီအစိုးရဟာ ပြည်သူတွေ သက်သာချောင်ချိရေး၊ အဆင်ပြေရေး၊ လွယ်ကူမြန်ဆန်ရေးဆိုတာတွေကို ဌာနဆိုင်ရာဆိုတဲ့ ကြားခံအဖွဲ့အစည်းတွေထားပြီး မခက်ခက်အောင် လုပ်နေတာတွေ အများကြီးပါ။ တက္ကသိုလ် ၀င်တန်းအောင်လို့ ရတဲ့အမှတ်တွေကိုတောင် တိုးဝှေ့ပြီးလျှောက်မှ တစ်ပတ်အတွင်းရမယ်ဆိုတဲ့ “ဟ” ထားတဲ့ လုပ်ကွက်ကြီးကိုတော့ သဘောမကျမိတာအမှန်ပဲ။

နိုင်ငံတကာမှာ အရာရာကို ကွန်ပျူတာတွေ၊ အွန်လိုင်းတွေနဲ့ ရအောင်ဖြေရှင်းနေပါတယ်ဗျာ။ ဘဏ်ကို ငွေသွင်းဖို့ သူတို့ တံဆိပ်ရိုက် လက်မှတ်ထိုးထားတာလေးတွေကို အောက်ကျခံပြီး တိုးထုတ်နေရတယ် ဆိုတာကတော့ အလုပ်မဟုတ်သေးဘူးဗျ။ ဖုန်းထဲကနေ ကလစ်တစ်ချက်လုပ်ပြီး ပိုက်ဆံပေးလို့ရတဲ့ အလုပ်တွေ၊ ဖုန်းထဲကနေ အောင်စာရင်းကြည့်လို့ရတဲ့ အနေအထားတွေ၊ ဖုန်းထဲကနေ အသိအမှတ်ပြု အမှတ်စာရင်းတွေ တောင်းခံနိုင်တဲ့ စနစ်တွေရအောင် လုပ်နိုင်ပါရက်နဲ့ အောင်စာရင်းတောင် အွန်လိုင်းကနေ ကြည့်လို့ရမယ်ဆိုပြီး မရသေးတဲ့ နိုင်ငံပါ။

ဒီခေတ်မှာ လူတိုင်းလက်ထဲ ဖုန်းတစ်လုံးတောင် မဟုတ်ဘူး နှစ်လုံးလောက် ကိုင်ထားနိုင်တဲ့ခေတ်ပါ။ အွန်လိုင်း ငွေပေးငွေချေကိစ္စတွေကို အစိုးရအနေနဲ့ အောင်မြင်အောင် မလုပ်သေးဘူးဆိုတာ ခွင် (ဂွင်) မတွေ့သေး လို့လား၊ လုပ်ပိုင်ခွင့်ချပေးရမယ့် အဘသမီးတွေ ကျောင်းမပြီးသေးလို့လားတော့ မပြောတတ်ပါဘူး။

အစစ အရာရာ လွယ်တာကို ခက်အောင်လုပ်မှ ဌာနဆိုင်ရာတွေလည်း အကြံအဖန်နဲ့ ရပ်တည်၊ ဒီလိုခက်ခဲ အောင်လုပ်ထားမှ ကိုယ့်ဌာနကို လူတွေအထင်ကြီးလေးစားလာမယ်လို့ ထင်နေတဲ့ ၀န်ထမ်းလောကမှာ ရှိနေတဲ့ လူတွေဟာ အောက်တန်းစား ဌာန၊ အောက်တန်းကျတဲ့ ၀န်ထမ်းတွေ ဖြစ်နေဦးမှာပဲ။

အစိုးရ၀န်ထမ်းဆိုတာ ပြည်သူရဲ့ အစေခံတွေပါဗျာ။ လွှတ်တော်ထဲရောက်နေတဲ့ ၀န်ကြီးကအစ၊ သမ္မတအဆုံး ပြည်သူ့ ကျေးကျွန်တွေဆိုတာ မေ့မထားကြပါနဲ့ပေါ့ဗျာ။ ပြည်သူရှိလို့ ပြည်သူတင်မြှောက်ထားလို့၊ ပြည်သူက ပေးထားတဲ့ အခွန်တွေစားပြီး ခင်ဗျားတို့ ဒီနေရာ ရနေကြတယ်ဆိုတာ မေ့မထားကြနဲ့ပေါ့။ တစ်ခုတော့ ရှိတာပေါ့ ပြည်သူကမတင်မြှောက်ပဲ အတင်းရအောင် တက်ပြီး နေရာယူတတ်သူတွေဆိုရင်တော့ မပြောတတ် ဘူး။

နေရာနဲ့ ရာထူးဆိုတာ ပြည်သူကို ခက်ခဲအောင် ပညာပြရမယ့် နေရာမဟုတ်ဘူး။ ပြည်သူကို အဆင်အပြေဆုံး ဖြစ်အောင် ကျေးဇူးဆပ်ရမယ့် နေရာတွေ။ ဒါပေမဲ့ နှစ်ပေါင်း ၆၀ လောက်နီးပါး စစ်အာဏာရှင်တွေ အုပ်စိုးခံထားတဲ့တိုင်းပြည်ဆိုတော့ ပြည်သူ့နီတိလည်းမသိ၊ ပြည်သူ့ဝန်ထမ်း သဘောတရားလည်း နားမလည်၊ အရာရာကို ခက်အောင်လုပ်၊ ရှုပ်အောင်လုပ်၊ ပြဿနာဖြစ်အောင်လုပ်၊ နောက်တော့မှာ သူတို့ကို ကယ်တင်ရှင် ကြီးတွေပါလားလို့ အထင်ကြီးလေးစားအောင် လုပ်တတ်တဲ့ စနစ်ဆိုး၊ စရိုက်ဆိုးတွေအောက်မှ ကျွန်တော်တို့ ပြည်သူတွေဟာ နေရာတိုင်း ခွေးတိုးဝက်ဝင် ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ ထင်တယ်။

၉.၆.၂၀၁၅

Tin Nyunt


တောင်ကိုရီယားနိုင်ငံမှာ အဖြစ်များနေတဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ MERS ကူးစက်မြန်ရောဂါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာလည်း ကျန်းမာရေးအာဏာပိုင်တွေဖက်က ကြိုတင်ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီယားနဲ့ မြန်မာအကြားမှာ နေ့စဉ်လေကြောင်းခရီးစဉ် အ၀င်အထွက်တွေ ဖြစ်နေတဲ့အတွက် ရောဂါကူးစက်နိုင်ချေ များနေတာမို့၊ အခုလို ကြိုတင်ကာကွယ်မှု အစီအမံတွေ ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးနဲ့ ကူးစက်ရောဂါ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ကျန်းမာရေးဌာနဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေကို အခုလို ရှင်းပြပါတယ်။

“အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ကျနော်တို့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ Team တွေပေါ့၊ Rapid Response Team တွေ အဲဒီ Team တွေနဲ့ ကျနော်တို့က ၀င်လာတဲ့ ခရီးသည်တွေ ကျနော်တို့က Fever Screening ပေါ့ Infrared Fever Screening System နဲ့ အဖျားရောဂါ ရှိ မရှိကို စစ်ဆေးတယ်။ အဖျားရှိတဲ့ ခရီးသည်တွေဆိုရင်တော့ ကျနော်တို့ လေဆိပ်ကျန်းမာရေးဌာနမှာ သီးခြားခေါ်ယူပြီးတော့ ကျနော်တို့ အသေးစိတ် ရာဇ၀င်ယူတယ်။ ပြီးလို့ရှိရင် အသေးစိတ် ကျန်းမာရေး စစ်ဆေးမှုတွေလုပ်တယ်။ အီဘိုလာရောဂါလိုမျိုးတော့ မဟုတ်ဘူး။ အီဘိုလာရောဂါကကျတော့ ဖြစ်တဲ့နိုင်ငံတွေကို ခရီးသွားဖူးတဲ့ ရာဇ၀င်ရှိတဲ့သူတွေ ဆိုရင်တော့ ကျနော်တို့က Suspected Case အနေနဲ့ Investigation တွေ ဆက်လုပ်တာပေါ့။ MERS ကကျတော့ ခုနလို အဖျားရှိတဲ့ ခရီးသည်တွေဆိုရင် အခုနလို နိုင်ငံကို Specific မလုပ်တော့ဘဲနဲ့ MERS လူနာတွေကို ပြုစုကုသ ကိုင်တွယ်ခဲ့ဖူးသလား၊ ဒါမှမဟုတ်ရင် ဒီ MERS လူနာနဲ့ အနီးကပ် နေထိုင်ခဲ့ဖူးသလား စသဖြင့် ဒီလို အသေးစိတ် ရာဇ၀င်တွေ ယူပြီးတော့ တကယ်လို့ Contact ရှိခဲ့တဲ့သူတွေ ဆိုရင်တော့ ကျနော်တို့ သတ်မှတ်ထားတဲ့ Designated Hospital ပေါ့ ရန်ကုန်မှာဆိုရင်တော့ ကျနော်တို့ ဝေဘာဂီအထူးကုဆေးရုံကြီးကို စနစ်တကျ ရောဂါကာကွယ်ထိန်းချုပ်မှု အစီအစဉ်တွေ အပြည့်အ၀လုပ်ပြီးတော့ ဆိုလိုတာကတော့ ဒီခရီးသည်ကိုလည်းပဲ ကျနော်တို့က Personal Protective Equipment အပြည့်အစုံ ၀တ်ပေးတယ်။ ကျနော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်မှုမရှိအောင်လည်းပဲ Personal Protective Equipment အပြည့်အစုံနဲ့ သတ်မှတ်ထားတဲ့ Ambulance နဲ့ ကျနော်တို့ ဝေဘာဂီဆေးရုံကြီးကို ပို့ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ လက်ရှိ မြန်မာနိုင်ငံထဲမှာရော သံသယဖြစ်ဖွယ် လူနာမျိုးတွေ တွေ့တာမျိုးရော ရှိပါသလား။

ဖြေ။ ။ “လက်ရှိတော့ မရှိသေးပါဘူးခင်ဗျ။ ဟုတ်ကဲ့။ ဒါ ကျနော်တို့က ဆက်တိုက်လုပ်နေတာပေါ့။ အီဘိုလာ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကိုလည်းပဲ ကျနော်တို့က အရှိန်အဟုန်မပြတ်သေးဘူး။ မပြတ်သေးတော့ အခုနလို ရောဂါစစ်ဆေးတဲ့ကိစ္စတွေရော၊ ဆေးရုံတွေက ပြင်ဆင်ထားရှိမှုတွေရော၊ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဒီဟာနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုတွေရော အရှိန်အဟုန်မပြတ်သေးတော့ အခု MERS Scope အတွက်ကျတော့ ကျနော်တို့က အသင့်အနေအထားမှာ ဖြစ်နေတယ်။ ဓာတ်ခွဲခန်း နမူနာစစ်ဆေးတာတခုပဲ ကျနော်တို့က အီဘိုလာနဲ့ MERS Scope နဲ့က မတူတော့ဘူး။ MERS Scope ကျတော့ ကျနော်တို့က ပြည်တွင်းမှာပဲ ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။”

မေး။ ။ အရင်တုန်းက အီဘိုလာရောဂါ နှိမ်နင်းရေးမှာတော့ နိုင်ငံတကာမှာတော့၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ WHO တို့ ဘာတို့ ပါဝင်ပတ်သက်ပြီး လုပ်တာတွေရှိတယ်။ နောက် လေကြောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမျိုး လုပ်တာတွေရှိပါတယ်။ အခု ဒီ MERS နဲ့ ပတ်သက်လို့ရော မြန်မာအာဏာပိုင်တွေဘက်ကရော ဘယ်လိုဆောင်ရွက်မှု ရှိပါသလဲ။

ဖြေ။ ။ “ကူးစက်ရောဂါတွေပေါ့ အထူးသဖြင့်တော့ Pandemic Threat ရှိတဲ့ New Emerging Disease ပေါ့။ ဒီ Disease တွေနဲ့ ပတ်သက်ပြီးတော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဗဟိုကော်မတီ ဖွဲ့စည်းပြီးတော့ ကျနော်တို့က ဆောင်ရွက်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနတင် မကဘဲနဲ့ ၀န်ကြီးဌာနပေါင်းစုံ၊ နောက် အခုနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် ကျနော်တို့ Implementing Partners၊ နောက် တခြား ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်တာဆိုတော့ အခု ဒီ MERS Scope အတွက်လည်း ကျနော်တို့က ဒီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အဓိကပေါ့။ သက်ဆိုင်ရာ နှီးနွယ်နေတဲ့ ၀န်ကြီးဌာနတွေရော၊ တခြားအဖွဲ့အစည်းတွေနဲ့ပါ ကျနော်တို့က ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။”

မေး။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက ကိုရီးယားမှာဖြစ်ပျက်နေတာက မြန်မာနိုင်ငံနဲ့လည်း အသွားအလာက ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ဘယ်လောက်အထိ စိုးရိမ်စရာ ရှိပါသလဲ။

ဖြေ။ ။ “တောင်ကိုရီးယားတို့၊ China တို့၊ မလေးရှားတို့၊ ဖိလစ်ပိုင်တို့မှာ ကူးစက်ဖြစ်ပွားမှုကျတော့ အထူးသဖြင့် တောင်ကိုရီးယားကျတော့ ကျနော်တို့နဲ့လည်းပဲ နေ့စဉ် လေကြောင်းလိုင်းနဲ့ ခရီးသည်တွေ အ၀င်အထွက်တွေ ရှိနေတာပေါ့။ ရှိနေတော့ Risk အနေနဲ့ကတော့ ကျနော်တို့အတွက် ပိုပြီးတော့ များတာပေါ့။ များတဲ့အတွက်ကြောင့်လည်း ကျနော်တို့က ပိုပြီးတော့ ထိထိရောက်ရောက်ပေါ့ အစစအရာရာ Stand by Position နဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”


VOA/ကိုသားညွန့်ဦး
http://burmese.voanews.com/content/myanmar-preparation-for-mers/2813586.html

parliament-pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ အသွင်ကူးပြောင်းရေးကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သူတွေကို ဆက်လက်ပညာသင်ယူခွင့်ပြုဖို့ ဖြည့်စွက်ချက် ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်က တင်ပြခဲ့ပါတယ်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းဦးက တင်ပြခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းရဲ့ အပိုဒ် (၅၅) ပါ မူလဥပဒေပုဒ်မ (၆၆) ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက အောက်ပါအတိုင်း အစားထိုး ပြင်ဆင်ပြဌာန်းသင့်ပါကြောင်း လေ့လာတွေ့ရှိရပါသည်၊ အပိုင်း(၆၆) အပိုဒ်ခွဲ(က) ဒီဥပဒေ မပြဌာန်းမီက တည်ရှိခဲ့တဲ့ကျောင်းအားလုံးသည် ဒီဥပဒေစပြီး အာဏာတည်သည့်နေ့မှ ငါးနှစ်ကာလအတွင်း ဒီဥပဒေနဲ့အညီ စတင်ဆောင်ရွက်ပြီးဖြစ်ရမည်၊ အပိုဒ်ခွဲ(ခ) အသွင်ကူးပြောင်းရေးကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် နစ်နာဆုံးရှုံးမှုရှိသူတိုင်း ဆက်လက်ပညာသင်ယူခွင့် ရှိစေရမည်

ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ တင်ပြမှုနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးအတည်ပြုချက်ရယူမှာဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်ရဲ့ ၂၀ရာခိုင်နှုန်း သုံးစွဲဖို့၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေဆိုတဲ့ အသုံးအနှုန်းတချို့ကို ကျောင်းသားကိုယ်စားလှယ်တွေအဖြစ် ပြောင်းလဲသုံးနှုန်းဖို့ စတဲ့ အချက် ၅၁ ချက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေတာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/education-bill-parliament-discuss-06092015112626.html

khon-ja-kachin-network-620.jpg
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ဂွန်ဂျာကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

 ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပံ့ပိုးပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ က ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ကချင်ငြိမ်းချမ်းရေးကွန်ရက်က နိုင်ငံတကာ သံတမန်တွေနဲ့ အဖွဲ့အစည်းတွေ ကို ဖိတ်ကြားပြီး ဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီတွေ ဆက်လက်ပေးဖို့တင်ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီတွေ ထက်ဝက်လျှော့ချလိုက်တဲ့အတွက် အခက်အခဲဖြစ်နေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

"ငတ်သေတဲ့ပုံစံမျိုး ထွက်မှာမဟုတ်ဘူး၊ ဥပမာ ဝမ်းလျောပြီးသေတာမျိုး ဖျားပြီးသေတာမျိုးကတော့ အများကြီးထွက်လာဖို့ရှိတယ်၊ အခုလောလောဆယ် သူတို့က တစ်ယောက်ကို တစ်နေ့ ၄ဝဝ ကျပ်နှုန်းဆိုတာ တစ်လကို ဆန် ၆ ပြည်နဲ့ ၆ လုံးရသေးတယ်ပေါ့၊ ဒါပေမဲ့ နောက်လကနေစပြီး သူတို့ဆန် ၃ ပြည်ပဲ ရတော့မယ်လို့ ပြောတဲ့အခါမှာ ဒီဆန် ၃ ပြည်နဲ့ လူတစ်ယောက်ဟာ ဘာနဲ့ရောစားရမလဲ၊ ဗိုက်ဆာ လို့ သေတယ်လို့တော့မပြောဘူး၊ သို့သော်လည်း ဒီလိုငှက်ဖျားမိလို့ဆိုတဲ့ ပုံစံမျိုးပဲဖြစ်မှာပဲ၊ ပြီးရင် ရင်ကျပ်ပြီးသေတာမျိုးကတော့ ချက်ချင်းဖြစ်ဖို့ရှိပါတယ်"

ကချင်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၇၂ ခုရှိပြီး လူဦးရေတစ်သိန်းကျော်ရှိပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေက သူတို့ထောက်ပံ့နေတဲ့ အကူအညီကို အခုဇွန်လကစပြီး ထက်ဝက်လျှော့ချသွားမှာဖြစ် တာကြောင့် ပြည်တွင်းပြည်ပအကူအညီတွေရရှိဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ က အခုလိုကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Micasa ဟိုတယ်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ အခမ်းအနားကို စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေလည်း တက်ရောက်ခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာသံတမန်တွေနဲ့ အဖွဲ့အစည်းတွေထံ တင်ပြခဲ့ပါတယ်။

RFA

dr-nyonyothin-620.jpg
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကိုတွေ့ရစဉ်
Photo: RFA

ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ဒဂုံစီးတီး အိမ်ရာစီမံကိန်းတည်ဆောက်နေမှုကို လက်ရှိအစိုးရ သက်တမ်းအတွင်း တရားဝင်ရပ်ဆိုင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီကနေ့ အဆိုတင်သွင်းရာမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒဂုံစီးတီးစီမံကိန်းမြေဟာ တပ်မတော်ပိုင်မြေဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရကသာ စီမံပိုင်ခွင့်ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က လွှတ်တော်တွင်းအဆိုတင်သွင်းမှုကို ကန့်ကွက်တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနှိမ့်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ဆွေးနွေးဖို့အတွက်ကို အစိုးရအဖွဲ့ဝင် စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က ကန့်ကွက်တယ်လေ၊ ဘာကြောင့်လဲဆိုတော့ တပ်မတော်ပိုင်တဲ့ြေ့မ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပါမယ်၊ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မသက်ဆိုင်ပါဘူးဆိုပြီးတော့ ဘော်လီဘောပုတ်လိုက်တာပေါ့၊ လွှတ်တော်မှာ ဆွေးနွေးသင့်သလား မဆွေးနွေးသင့်သလားဆိုတာကို မဲခွဲတယ်လေ"

ဒဂုံစီးတီးစီမံကိန်းအတွင်း ဆောက်လုပ်ဖို့ လျာထားတဲ့ အထပ်မြင့်အဆောက်အဦးတွေဟာ ရွှေတိဂုံစေတီတော်ကို အများမြင့်တွေ့နိုင်မယ့် မြင်ကွင်းပိတ်ဆို့တာအပြင် စီမံကိန်းကြောင့် ရွှေတိဂုံစေတီတော် ပြိုကျလာနိုင်မယ့် အန္တရာယ်တွေရှိတာကြောင့် စီမံကိန်းကို လုပ်ဆောင်သင့်၊ မသင့် အသေအချာ စိစစ်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒဂုံစီးတီးစီမံကိန်းကို မဆောင်ရွက်ခင်ကလည်း စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လွှတ်တော်ရဲ့သဘောထားကို ရယူခဲ့တာမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ဧက ၂၀ ကျော် ကျယ်ဝန်းပြီး အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေကိုသာ အဓိကထည့်သွင်းဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။

RFA

 students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်

"ကိုအောင်မှိုင်းဆန်း အပါအ၀င် ၆၈ ဦး" အမှုဆိုပြီး လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုစွဲဆိုထား တဲ့ ကျောင်းသားသပိတ်အမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့စစ်ဆေးရာမှာ သပိတ်ဖြိုခွင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုခဲ့တဲ့ နံပါတ်တုတ်ကို ရှေ့နေ ဦးအောင်သိန်းက သက်သေအဖြစ် တင်သွင်းရာမှာ တရားသူကြီးက ပယ်ချလိုက်ပါတယ်။

တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်က ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရွယ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ထွက်ဆို ထားတာကြောင့် ကျိုးနေတဲ့ နံပါတ်တုတ်ကို သက်သေအဖြစ် တင်ပြတာဖြစ်တယ်လို့ ကျောင်းသားကျောင်းသူတွေ အမှုကို ကူညီပေးနေတဲ့ ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။

"ရဲမှူးဖုန်းမြင့် ကိုစစ်တော့ ရဲကနေရိုက်တဲ့ လက်ကိုင်တုတ် ကျိုးပဲ့တဲ့ဟာကို ကျနော်တို့က သက်သေခံသွင်းတာပေါ့၊ ပထမသွင်းထားတဲ့ ဓါတ်ပုံတွေရှိတယ်ပေါ့ဗျာ၊ ရဲတွေကရိုက်နေတာ ၁၅ ပုံလောက်ရှိမယ်၊ အဲ့မှာတုတ်တွေနဲ့ ကိုင်ပြီးရိုက်တာ သူတို့ကရွယ်တယ်ပြောတယ်၊ ကျနော်တို့က ရိုက်တယ်လို့ပြောတာပေါ့နော်၊ တုတ်ကျိုးတဲ့အဆင့် ထိ ဖြစ်တယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့က တရားရုံးကို တင်ပြပြောပြီးစစ်တာပေါ့၊ ဒါပေမဲ့ သက်သေခံအဖြစ် တင်သွင်းလို့မရတာကတော့ ဘယ်သူ့လက်နက်ပါ ဘယ်သူက ဘယ်လိုရတယ်ဆိုတာ မပြောနိုင်တဲ့အတွက် ပလပ်တယ်ပေါ့"

ဒီနေ့ရုံးချိန်မှာ ကျောင်းသားသပိတ်ကို အားပေးကူညီခဲ့တာကြောင့် ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်တဲ့ ကိုခင်လှိုင်ဟာ သွေးအန်ပြီး မူးလဲသွားတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။

အလားတူ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက မေ့လဲခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုတင်ဝင်းအတွက် အာမခံပေးဖို့တင်ပြရာ မှာ ရှေ့သီတင်းပတ်ရုံးချိန်းမှာ ဆုံးဖြတ်ချက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေထဲက ၁ဝ ဦးလောက်ဟာ သပိတ်ဖြိုခွင်းခံရစဉ် ရရှိခဲ့တဲ့အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ရှေ့နေတွေနဲ့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

RFA
http://www.rfa.org/burmese/news/court-hears-detained-students-06092015105351.html


 တက္ကသိုလ်ဝင်တန်း အောင်စာရင်း သွားရောက် ကြည့်ရှုပြီး ပြန်လာသူ တစ်ဦးအား တပ်မတော်သား တစ်ဦးက အဓမ္မကျင့်မှု တစ်ခု ကလေးမြို့ တွင် ဖြစ်ပွားခဲ့သည်။ ကလေးမြို့နယ် ကျိကုန်း ကျေးရွာတွင် နေထိုင်သော မ.......(၁၄) နှစ်သည် အဖော် ဖြစ်သူများနှင့် အတူ ......ကျေးရွာ ရှိ အ.ထ.က ကျောင်းတွင် အောင်စာရင်း သွားရောက် ကြည့်ရှုပြီး ပြန်လာစဉ် အဆိုပါ တပ်မတော်သားက အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး၊ နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

ကလေး-တမူးကားလမ်း၊ ......ကျေးရွာ အနောက်ဘက် သင်္ချိုင်းကုန်း အနီးလမ်း၏ တောင်ဘက် ချုံပုတ် အတွင်း မှ ခ.မ.ရ (၃၆၁) တပ်ရင်း တွင် တာဝန်ထမ်းဆောင် နေသော တပ်သား စောနိုင်ဦး (၂၃) နှစ် ထွက်လာပြီး မ........(၁၄) နှစ်အား ပါးစပ်ပိတ်ကာ တော အတွင်းသို့ ဆွဲခေါ် သွားစဉ် အမျိုးသမီး ဖြစ်သူမှာ ရုန်းကန် တွန်းတိုက်ခဲ့ သဖြင့် အဆိုပါ တပ်မတော်သားက ပါးရိုက်ခြင်း၊ ဦးခေါင်းအား လက်သီးဖြင့် ထိုးခြင်း၊ လည်ပင်း ညှစ်ခြင်းများ ပြုလုပ်ကာ ...... ကျေးရွာ အနီးရှိ ...... သို့ ဆွဲခေါ်သွား ခဲ့ကာ သစ်ပင်အောက်တွင် နာရီဝက်ခန့် အကြာ သားမယား အဖြစ် (၃) ကြိမ် ပြုကျင့် ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး မေးမြန်းချက် အရ သိရသည်။

ယင်းသို့ သားမယား ပြုကျင့်နေစဉ် နာရီဝက်ခန့် အကြာတွင် အနီး ပတ်ဝန်းကျင်မှ လူသံများကြား သဖြင့် အဆိုပါ တပ်မတော်သားမှာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ကြောင်း၊ အခင်းဖြစ်ရာ နေရာသို့ ခမရ (၃၆၁) တပ်ရင်း မှတပ်သား (၂)ဦး ရောက် ရှိလာပြီး တရားခံဖြစ်သူ စောနိုင်ဦး (၂၃) နှစ်အား လိုက်လံဖမ်းဆီးရာတွင် လွတ် မြောက်သွားခဲ့ကြောင်း သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မ.....(၁၄) နှစ်၏ မိခင်ဖြစ်သူ က အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့် တပ်မတော်သားအား အရေးယူပေးရန် အတွက် တိုင်းတန်းထားခဲ့ သဖြင့် ကလေး ရဲစခန်းမှ (ပ) ၂၅/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၇၆ အရ အမှုဖွင့် ထားကြောင်း အဆိုပါဌာန ထံမှ သိရသည်။

 ယင်းသို့ အလိုမတူဘဲ အဓမ်္မပြုကျင့် ခဲ့သည့် တပ်သားစောနိုင်ဦး (၂၃) နှစ်အား တပ်မတော်သား များနှင့် သက်ဆိုင်ရာမှ ပူးပေါင်းကာ လိုက်လံ ဖမ်းဆီးခဲ့သည့် အတွက် ယခုလ(၇) ရက်နေ့၌ ဖမ်းဆီးရမိ ခဲ့ပြီး ခမရ(၃၆၁) တပ်ရင်း အတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

၎င်းနည်းတူ ယခုလ( ၅) ရက်နေ့ ကလည်း ကလေးမြို့ ၊ ပင်လုံရပ်ကွက် နယ်မြေ (၅)တွင် အသက် (၁၂) အရွယ်က အရွယ်မရောက် သေးသူအား ဒေ၀န (၃၂) နှစ်က အဓမ်္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွား ခဲ့ကြောင်း၊ ကလေး ရဲစခန်းမှ (ပ)၂၁၂/ ၂၀၁၅၊ပြစ်မှုပုဒ်မ -၃၇၆/၅၁၁ အရ အမှုဖွင့် ထားသည်။

လင်းလင်းမောင်
 The Messenger Media
http://messengernewsjournal.com

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂ဝ၁၄ ခုနှစ် မေလ ၂၇ ရက်နေ့ကကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်လက်မှတ်ရေးထိုးစဉ် Photo: Myo Thant Khaing/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြဆွေးနွေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ကျော်က လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။

ပုဒ်မ ၄၃၆ အပါအ၀င် အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် လက်မှတ်ရေးထိုးတောင်းဆိုလိုက်တာလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောပါတယ်။

ဒီမှာဆွေးနွေးကြတယ် ဘာတွေပြင်မှာလဲဆိုတဲ့ ၄၃၆(က)၊ ၄၃၆(ခ) လောလောဆယ်တော့ နိုင်ငံတော်အတွက် အရေးကြီးတဲ့အချက်တွေ ပြင်ရမှာဖြစ်ပါတယ်၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်ရွေးတာတွေ စသဖြင့် ဒါတွေအားလုံးပါမှာဖြစ်ပါတယ်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်တဲ့မူကြမ်းနဲ့အတူ ဆွေးနွေးပေးဖို့တင်ပြရင် လက်ခံဆွေးနွေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေအရ တင်ပြတောင်းဆိုကြတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးရာမှာ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLDပါတီကိုယ်စားလှယ် ၄၃ ဦးလည်း ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ photo: Kyaw Zaw Win/RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA စာချုပ်မူချော အပြီးသတ် ရေးဆွဲနိုင်ရေး အတွက် အဖွဲ့ဝင် ၁၅ ဦးပါတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်ပြည်နယ် လော်ခီးလာညီလာခံကနေ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားအားလုံး သဘောတူညီနိုင်မယ့်အချက်တွေ ကို ပြုပြင်ရေးဆွဲနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

"အဖွဲ့ဖွဲ့လိုက်တာကတော့ ထိပ်သီးအစည်းအဝေးမှာ NCA မူကြမ်းအပေါ်မှာ အချက်အလက်တွေ ပြန်လည်ပြင် ဆင် ဖြည့်စွက်တဲ့ဟာတွေရှိတယ်၊ အဲ့ဖြည့်စွက်တဲ့အပေါ်မှာ ဆက်ပြီးတော့ညှိနှိုင်းဖို့အတွက် ကျမတို့ဆောင် ရွက်တာ"

အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့ဟာ အရင်ရှိပြီးသား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT ရဲ့ လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် လော်ခီးလာညီလာခံက ဆုံးဖြတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓာတ်ပုံ - ရိုက်တာ

မားစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ လက်ရှိအခြေအနေကို သုံးသပ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေဟာ တောင်ကိုရီးယားက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြို့တော် ဆိုးလ်ကို ရောက်ရှိနေပါတယ်။

အဆိုပါအဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကီဂျီ ဖူကူဒါက ဦးဆောင်ပြီး ချွန်ဂျူးမြို့မှာရှိတဲ့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။

“နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍကတော့ ဗိုင်းရပ်စ်က ဘယ်လိုပုံစံနဲ့ ရှိနေသလဲဆိုတာ လေ့လာဖို့၊ အစိုးရနဲ့ အနီးကပ် ပူးပေါင်းပြီးတော့ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ကြိုးစားသွားဖို့ပါပဲ။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဒီလိုကူးစက်မှု ဖြစ်လာရင်၊ ဗိုင်းရပ်စ်အသစ် ပေါ်လာရင် ထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်။ တောင်ကိုရီးယားအစိုးရက ဒီအခြေအနေကို ခိုင်ခိုင်မာမာ ရင်ဆိုင်နေတာကိုလည်း ချီးကျူးပါတယ်။” လို့ ကီဂျီ ဖူကူဒါက ပြောပါတယ်။

မားစ်ရောဂါနဲ့ သေဆုံးသူ ၇ ယောက်ရှိပြီး ကူးစက်သူ ၉၅ ယောက်အထိ ရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ တောင်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျပြီးရင် မားစ်ရောဂါကူးစက်မှု အခြေအနေ အဆိုးဆုံးနိုင်ငံ ဖြစ်နေပါတယ်။

တောင်ကိုရီးယားမှာ မားစ်ရောဂါကို မေ ၂၀ ရက်နေ့က အတည်ပြုနိုင်ခဲ့ပြီး ပြည်သူတွေကြားမှာ စိုးရိမ်မှု မြင့်တက်နေတာကြောင့် ကျောင်းပေါင်း ၂၅၀၀ လောက် ပိတ်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာလည်း တောင်ကိုရီးယား ခရီးစဉ်တွေကို ဖျက်သိမ်းထားကြပါတယ်။

မားစ်ရောဂါ လူမှာကူးစက်တာကို ၂၀၁၂ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့ပြီး ဆားစ်ရောဂါနဲ့ အမျိုးတူတဲ့အပြင် လူ ၁၀၀ ကူးစက်ခံရရင် ၃၈ ယောက်အထိ သေဆုံးနိုင်တယ်လို့ WHO က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဝတပ်ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲက သစ်ခိုးထုတ်မှုအပေါ်မှာ အခြေခံပြီး ဝတပ်နဲ့ မြန်မာတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေအပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ညွန်ကြားချက်ထုတ်ပြီး ဝင်ရောက် ဖြေရှင်းပေးလိုက်တဲ့အတွက် နှစ်ဘက် အပြန်အလှန် ဝိုင်းထားတဲ့တပ်တွေ အကုန် ပြန်ရုပ်သွားပြီလို့ ဝတပ်ဘက်က ပြောပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထဲ အင်အားအကြီးဆုံးလို့ဆိုနိုင်တဲ့ ဝတပ်နဲ့ မြန်မာစစ်တပ်တို့ကြား အခုလို ထိပ်တိုက် ရင်ဆိုင်မှုဖြစ်တာဟာ တပ်မတော်ဘက်က တိုင်းရင်းဒေသတွေမှာ အင်အားပြ ခြိမ်းခြောက်လိုတဲ့သဘောလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSP ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝတောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲက UWSA ဝပြည်တပ်ရဲ့ ခွင့်ပြုချက်နဲ့ သစ်ထုတ်လုပ်ရေး လုပ်နေသူတချို့ကို သစ်ခိုးထုတ်မှုနဲ့ မြန်မာအစိုးရတပ်ဘက်က ဝင်ရောက် စီးနင်း ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် ဝတပ်မတော်ဘက်က မကျေနပ်တဲ့အတွက် မြန်မာစစ်တပ်စခန်းကို ဝတပ်က သွားဝိုင်း ပိတ်ဆို့နေရာယူ လိုက်တာဖြစ်ပါတယ်။ ဇွန်လ ၃ ရက်နေ့ကတည်းကစလို့ မြန်မာအစိုးရတပ်ဘက်ရော ဝတပ်ဘက်ကပါ အပြန်အလှန် ဝိုင်းထားပြီး နှစ်ဘက် စစ်ဖြစ်ဖို့ အသင့် စစ်ပြင်ထားတဲ့ အနေအထား ဖြစ်နေခဲ့ပြီးတော့ ဇွန်လ ၈ ရက် တနင်္လာနေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ ညွှန်ကြားချက် ထုတ်ခဲ့တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“ဦးသိန်းဇော်ကနေတဆင့်ပဲ နိုင်ငံတော်သမ္မတကြီးဆီကို တိုက်ရိုက် တင်ပြဆွေးနွေးမှုတွေ ဘာတွေရှိတယ်။ ဒါကြောင့်မို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ညွှန်ကြားချက်ထုတ်တယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ၂ ကြိမ်ထုတ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နှစ်ဘက် အောက်ခြေကအဖွဲ့အစည်းတွေလည်း ဒီညွှန်ကြားချက်အတိုင်း ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးပြီးတော့ ဆက်သွယ်ပြီးတော့ ကျနော်တို့ဘက်ကလည်း နောက်ဆုတ်ပေးတယ်။ တပ်မတော်ဘက်ကလည်း ထွက်ခွာသွားတယ်။”

ဒါကြောင့် ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာတော့ စစ်ရေးတင်းမာမှုဖြစ်နေတဲ့ နေရာမှာ နှစ်ဘက်တွေ အကုန် ပြန်ရုပ်သွားပြီဖြစ်လို့ အခြေအနေဟာ အေးဆေးသွားပြီ ဖြစ်တယ်လို့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“မိုးမလင်းခင်မှာပဲ အ၀ိုင်းခံထားရတဲ့တပ်နဲ့ ၀ိုင်းထားတဲ့တပ်၊ နှစ်ဦးနှစ်ဘက် ပါပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း နောက်ဆုတ်ပေးပါတယ်။ ၁ နာရီခရီးကို ဆုတ်ပေးတာ။ သူတို့ အင်အားဖြည့်တဲ့ တပ်ရင်း ၅ ရင်းလည်း နောက်ဆုတ်သွားတယ်။ ကျနော်တို့ ကားလမ်းဘေးမှာ နေရာယူထားတဲ့တပ်တွေ နောက်ပြန်ဆုတ်ပြီပေါ့။”

မိုင်းတုံမြို့နယ်ထဲ သစ်ခိုးထုတ်လုပ်မှုကြောင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ရတဲ့အပေါ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုဖြစ်အောင် နောက်ထပ် တင်းမာမှုမဖြစ်အောင် ဝပြည်သွေးစည်းညီညွတ်ရေး တာဝန်ရှိသူတွေ၊ အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းခဲ့ကြပြီးတော့ အစိုးရဘက်က ဥပဒေပိုင်းအရ ကိုင်တွယ်ဖြေရှင်းမှုတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ကြောင်း ဝတပ်ဘက်က ပြောပါတယ်။

“ဒီကိစ္စဟာဆိုရင် ရဲနဲ့သစ်တောနဲ့ ၀င်တယ်ဆိုရင် ကျနော်တို့က ဘာမှဖြစ်မှာမဟုတ်ဘူး။ အခုဟာက တပ်ကတခါတည်း ဒေသတွင်းကို ၀င်ပြီးတော့ ဖမ်းတာ၊ ဆီးတာ လုပ်တဲ့အတွက်ကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ရတယ်။ အဓိကကတော့ ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆောင်ရွက်နေတဲ့အခါမှာ တပ်မတော်ဘက်ကနေပြီးတော့ ၀င်တိုးတဲ့ဟာကို ကျနော်တို့က စိုးရိမ်ပါတယ်။ ငြိမ်းချမ်းရေးတခုလုံး ပျက်သွားမှာလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စလေးက မဖြစ်သင့်တဲ့ တင်းမာမှုလေး ၅ ရက်လောက်ကို ဖြစ်သွားတာ။”

ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ အခုလိုမျိုး ဝတပ်နဲ့ပါ စစ်ရေးတင်းမာမှု ဖြစ်လာတာကတော့ စစ်တပ်ဘက်က တိုင်းရင်းဒေသတွေမှာ တပ်အင်အားပြတဲ့သဘော ဖြစ်တယ်လို့ တိုင်းရင်းဒေသတွေက စစ်ရေးအခြေအနေကို အကဲခတ် လေ့လာနေတဲ့ ဒေါက်တာလှကျော်ဇော်က သုံးသပ်ပါတယ်။

“စစ်တပ်က တခုပြီးတခု စစ်ရေးမတည်ငြိမ်အောင် ဆက်လုပ်နေတယ်လို့ မြင်ပါတယ်။ သူက ပြည်တွင်းစစ်ကြီး ရပ်သွားရင် သူ့အတွက် နေရာမရှိတော့သလို ဖြစ်တာကိုး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ဖို့ကို သူက မလိုလားနိုင်ဘူး။ ဒါကြောင့် ကိုးကန့်အရေး ပြီးတာနဲ့ ၀ အရေးကို သူလုပ်ချင်လို့ ဒီလိုစတယ်လို့ကို ကျမတို့က ထင်တာ။ ၀ ဘက်ကလည်း တကယ်ပြန်ပြီးတော့ မာန်နဲ့တင်းလာတဲ့အခါကျတော့ ပြန်လျှော့လိုက်တာ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ ဒီပြည်တွင်းစစ်ကို မရပ်ရအောင် နည်းပေါင်းစုံနဲ့ သူတို့ကြံဦးမှာပဲ။”

ဒီနေ့ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ရေးတင်းမာမှု ဖြစ်နေတဲ့ဒေသထဲမှာ အခြေအနေတွေ အေးဆေးတည်ငြိမ်သွားပြီဖြစ်လို့ နှစ်ဘက် လုံခြုံရေးတင်းကျပ်ထားတဲ့ ခရီးသွားလာရေးတွေ ပုံမှန် ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA နဲ့ မြန်မာစစ်တပ်ကြား ဝ အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ၂၀၁၅ အတွင်း ဒါဟာ ပထမဆုံးအကြိမ် စစ်ရေးတင်းမာမှုဖြစ်တာပါ။ မြန်မာဘက်က ဖိအားပေးခဲ့ပေမဲ့ ဝတပ်ဘက်က လက်မခံခဲ့ပါဘူး။ မကြာသေးခင် အချိန်ကမှ ဝပြည်သွေးစည်းညွတ်ညွတ်ရေး အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ရေး ပန်ဆန်းဌာနချုပ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေး ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တောင်ကိုရီးယားမှာ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၅ ယောက် ရှိသွားပြီ။ 
မားစ် ခေါ် အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားမှုတွေ ရှိနေတဲ့ တောင်ကိုရီးယား နိုင်ငံဆီ ခရီးသွားမယ့် သူတွေအတွက် ဟောင်ကောင် အစိုးရက အန္တရာယ် အမြင့်ဆုံး အဆင့် အနီရောင် သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အခု သတိပေးချက်အရ တောင်ကိုရီးယား နိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် သိသိသာသာ အန္တရာယ် ရှိနေတယ် ဆိုတဲ့ သဘော သက်ရောက်ပြီး ဟောင်ကောင် ပြည်သူတွေ အနေနဲ့ မသွားမဖြစ်တဲ့ ခရီးက လွဲရင် မသွားကြဖို့ ဟောင်ကောင် အစိုးရက အကြံပြုထား ပါတယ်။

မားစ် ရောဂါကြောင့် တောင်ကိုရီးယားမှာ အင်္ဂါနေ့က နောက်ထပ် တစ်ဦး ထပ်မံ သေဆုံးခဲ့တဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၇ ယောက် ရှိသွားပြီလို့ ဆိုးလ်မြို့တော်က ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပါတယ်။

ရောဂါ ဖြစ်ပွားသူ အရေအတွက် ဟာလည်း နောက်ထပ် ၈ ယောက် ထပ်မံ တွေ့ရှိရတဲ့ အတွက် အခုဆို ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဇွန်လ ၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ ရန်ကုန်တိရစ္ဆာန်ဥယာဉ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သော အဆင့်မြင့်အိမ်ယာစီမံကိန်း ( Dagon City Project )သည် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် မညီညွှတ်ဘဲ နိုင်ငံတော်၏ ပုံရိပ်နှင့် နိုင်ငံသူ၊ သားများ၏ အကျိုးစီးပွားကို ထိခိုက်ပါသဖြင့် ယခုအစိုးရသက်တမ်းတွင် တရားဝင်အမိန့်ညွှန်ကြားချက်ထုတ်ပြန်၍ ဆိုင်းငံ့ပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တို့ တင်သွင်းခဲ့ရာ ဆွေးနွေးခွင့် မရခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းနှင့်ပတ်စက်၍ ဒေါက်တာညိုညိုသင်းက "ဒီနေရာမှာ မေးချင်တာက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီစိမ်းလမ်းဧရိယာကြီးကို ရှင်းလိုက်တာလဲ။ ဘယ်သူက ဒီအလုပ်ကို လုပ်ခဲ့တာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ YCDC တာဝန်ခံတချို့ကို မေးကြည့်တဲ့အခါ သူတို့လည်း မသိပါဘူးလို့ ဖြေတာကို တွေ့ရပါတယ် " ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

Dagon City Project သည် အများပြည်သူများအတွက် ကမ္ဘာ့အံ့ဖွယ်တခုဖြစ်သော ရွှေတိဂုံဘုရားမြင်ကွင်း ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း၊ ခောတ်အဆက်ဆက် စီမံခန့်ခွဲမှုအလွှဲများကြောင့် ယခုကဲ့သို့ အများပိုင် ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ဆုံးမည်ကို စိုးရိမ်ရကြောင်း ၄င်းကပြောသည်။
"နိုင်ငံပိုင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ကိုင်တွယ်ထိတွေ့လို့မရတဲ့ ပြည်သူပိုင်မြင်ကွင်းကို ပုဂ္ဂလိက ပြည်သူတဦးတစ်ယောက်ရဲ့ လက်ဝယ်ကို ၀ကွက်အပ်နှံလိုက်ခြင်းဟာ တည်ဆဲလုပ်ထုံလုပ်နည်းတွေနဲ့လည်း ညီညွှတ်ပါသလား။ ညီညွှတ်မှု မရှိဘူးလို့ ကျမ အနေနဲ့ တွေ့ရှိပါတယ်။ ယခုလက်ရှိ လုပ်ငန်းဆောင်တာ လုပ်ဆောင်ထားမှုတွေဟာ တည်ဆဲဥပဒေ၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့မညီတဲ့ အတွက်ကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူနိုင်ခြင်းရှိမရှိ လွှတ်တော် ဥက္ကဌကြီးမှ တဆင့် မေးမြန်းလိုပါတယ် " ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

အဆိုပါစီမံကိန်းဖြစ်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ယာဉ်ကြောပိတ်ဆို့မှုပြသာနာကိုလည်း ၄င်းက ထောက်ပြခဲ့သည်။
ကမ္ဘာတ၀န်းတွင် မြေအောက်ရေကို လိုသည်ထက်ပိုမိုသုံးစွဲခဲ့သည့်အတွက် မြေပြင် အနေအထားများ သိသိသာသာ နှိမ့်ကျသွားခဲ့သည့် ဖြစ်ရပ် သာဓကများ လေ့လာသိရှိရကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်၍ သိဂုင်္တရမြေ အနေအထား ပြောင်းလဲသွားနိုင်သည့်အပေါ်တွင် လေ့လာဆန်းစစ်ထားသည့်အချက်များ ရှိပါသလားဟု စုံစမ်းသည့် အခါတွင် မရှိသေးကြောင်း တွေ့ရှိရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
"သိဂုင်္တ္တရကုန်းမြေကြီးဟာ သဲဆန်တဲ့မြေတွေနဲ့ ဖွဲ့စည်းထားတာကြောင့်မိုလို့ မိုးရေတွေက သဘာဝအလျှောက် မြေအောက်ထဲကို စီးဝင်နေတဲ့ နေရာကြီးဖြစ်ပါတယ်။ အဲဒီ အနေအထားမှာ ဒီစီမံကိန်းကြီးကို ဆောက်လုပ်နေတဲ့ ကုမ္ပဏီက ဒီနေရာက သစ်ပင်တွေကို ခုန်ထွင်ရှင်းလင်းလိုက်ပြီးတော့ ကွန်ကရစ်ကို ခင်းလိုက်မယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာ သံ(ပိုင်)ရိုက်မယ်၊ အဆောက်အအုံကြီးတွေ ဆောက်မယ်ဆိုရင် ဒီနေရာရဲ့ မြေအောက်ရေကြောက အနိမ့်အမြင့် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း ပညာရှင်များက အတိအလင်းဟောကိန်း ထုတ်ထားတာ ရှိပါတယ်။ နောက်တခါ ဒီလို ကြီးမားတဲ့အဆောက်အဦးတွေ ဆောက်ပြီး ပိုင်တွေရိုက်တဲ့ အတွက်ကြောင့် ရန်ကုန်မြစ်အောက်က ဆားငန်ရေတွေလည်း အစားထိုးဝင်ရောက်လာနိုင်ပါတယ်လို့ ဘူမိဗေဒပညာရှင် ဦးကျော်စွာသိန်းက ဆိုပါတယ် ။" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ထိုပြင် ရန်ကုန်နည်းပညာရှင်တက္ကသိုလ် ပါမောက္ခတဦးက ၁၉၉၉ ခုနှစ်အချိန်တွင် ရွှေတိဂုံတော်ကြီးအတွင်းပိုင်းတွင် ထိုးဖောက်စစ်ဆေးကြည့်ရာ ဘုရားကြီး၏ ပထမအုတ်အလွှာနှင့် ဒုတိယအုတ်အလွှာကြားတွင် ရွံ့အပျော့တစ်လွှာတွေ့ရှိခဲ့ရပြီး ယင်းရွံ့အလွှာသည် စိုစွှတ်နေကြောင်း တွေ့ရသည်ဟု သိရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
"ဒီပညာရှင် နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင် ဒီစီမံကိန်းဟာ ရွှေတိဂုံကုန်းတော်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကို အန္တရာယ်ရှိတဲ့ အနေအထားမှာရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့် မို့လို့ ဒီစီမံကိန်းကို ခွင့်ပြုထားသူများက ပြန်လည် သုံးသပ်ရန် လိုပါတယ်။"

ယင်းအချက်များအားလုံးဖြစ်မလာပါဘူးဟု အစိုးရအဖွဲ့ဝင် တစ်ဦးဦးက တာဝန်ယူနိုင်ပါသလား ဒါမှမဟုတ် ကုမ္ပဏီ ဘက်မှလည်း ယင်းကဲ့သို့ မဖြစ်စေရပါဘူးဟု အာမခံနိုင်ပါသလားဟု ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။

အဆိုပါမြေနေရာသည် တပ်ပိုင်မြေဖြစ်သည်ဟု သိရသော်လည်း YCDC က စစ်ဆေးခွင့်ရှိကြောင်း တပ်မတော်သည် ဥပဒေအထက်တွင်ရှိသည့် အဖွဲ့အစည်း မဟုတ်ကြောင်း တည်ဆဲလုပ်ထုံးလုပ်နည်းနှင့် မညီညွှတ်လျှင် YCDC မှ တားဆီးပိတ်ပင်ခွင့်ရှိရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ယင်းအဆိုအား ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံခဲ့သော်လည်း ဒေါက်တာညိုညိုသင်း၏အဆိုအား လွှတ်တော်တွင် ဆွေးနွေးသင့်/မသင့် အဆုံးအဖြတ်ကို ရယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ဆွေးနွေးရန် မသင့်ကြောင်းပြောကြား ခဲ့သည်။

ယင်းစီမံကိန်းအကောင်အထည်ဖော်မည့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာသည် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာသက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အုပ်ချုပ်မှုအာဏာ မသက်ရောက်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည်၊ ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စု၏လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်ဟု ဖော်ပြထားကြောင်း ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။

"ဒါကြောင့် အဆိုရှင်တင်ပြသည့် မြေနေရာဟာ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာတွင် သက်ရောက်ပါတယ်။ ဒါ့ပြင် ဒဂုံစီးတီးစီမံကိန်း ပရောဂျက်နှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အကြောင်းကြားစာ ပေးပို့ခြင်းသော်လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တစုံတရာ ပါဝင်ဆောင်ရွက်နေခြင်း မရှိကြောင်း တင်ပြအပ်ပါသည်"ဟု ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ ၊ နည်းဥပဒေခွဲ (ထ) နည်းဥပဒေခွဲ (၂) နောက်တွဲ (ဃ) အရဆောင်ရွက်သည့်အခါတွင် ဆွေးနွေးရန်ထောက်ခံသူ ၃ ဦးသာရှိ၍ သတ်မှတ်အရေအတွက် ၂၁ ဦးမပြည့်သည့်အတွက် လွှတ်တော်တွင် ဆွေးနွေးရန်မရှိကြောင်း ရန်ကုန်တိုင်းဥက္ကဌ ဦးစိန်တင်ဝင်းက ကြောညာခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရုံးထုတ်စဉ် သွေးအန်၍ ဆေးရုံပို့လိုက်ရသည့် ကိုခင်နိုင်။ (ဓာတ်ပုံ - မိုးစက်-မြင်းခြံ)
တရားစွဲခံနေရတဲ့ အမျိုးသား ပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ ဇွန် ၉ ရက်က သာယာဝတီခရိုင် တရားရုံးမှာ ထပ်မံရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်လာရာမှာ ၀န်းရံပြည်သူတဦးဖြစ်တဲ့ မြောက်ဥက္ကလာပက ကိုခင်လှိုင် (၂၅) နှစ်ဟာ အချုပ်ကားပေါ်မှာပဲ သွေးအန်ခဲ့တဲ့အတွက် သာယာဝတီဆေးရုံကနေ တဆင့် ရန်ကုန်ဆေးရုံကို အရေးပေါ် လွှဲပြောင်းခဲ့ရတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“အချုပ်ကားနဲ့ ပါလာကတည်းက မူးပြီးလဲကျလို့ စွပ်စွဲခံရသူ ဦးခင်လှိုင်က သာယာဝတီဆေးရုံကို ရောက်သွားတယ်။ ကျနော်တို့ လိုက်သွားတဲ့အခါမှာ သူ့ရဲ့အခြေအနေက ချောင်းဆိုးရင် သွေးပါတယ်။ အန်ရင် သွေးပါတယ်။ ၀ဲဘက်ရင်အုံက ယောင်ကိုင်းနေတယ်။ နောက် နံရိုးတွေက အောင့်နေတယ်။ အသက်ရှူမ၀ဘူး။ မူးနေတယ်။ သွေးပေါင်ချိန်က အတက်အကျ မမှန်ကန်မှု ဖြစ်နေတယ်။ အဲဒီအတွက် သာယာဝတီခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းပပရွှေက ရန်ကုန်ဆေးရုံကြီးကို ဆေးကုသမှုအတွက် လွှဲပြောင်းပေးလိုက်ပါတယ်။”

ကိုခင်လှိုင်ကို အရေးပေါ်ဆေးရုံတင်ရတဲ့အပြင် တခြားအမှုကိစ္စ မစုံလင်တဲ့အတွက် ဒီကနေ့ ရုံးထုတ်လာသူတွေကို မစစ်တော့ဘဲ နောက်အပတ် ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ရဲမှူး ဦးဘုန်းမြင့်ကို စစ်ဆေးခြင်းကလည်း ရပ်တန့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ စစစ်ကတည်းကိုက စွပ်စွဲခံရသူတွေ မစုံလင်ဘဲနဲ့ စုံလင်အောင် စစ်ဆေးကြီးကြပ်ရမယ့် တရားသူကြီးရဲ့ တာဝန်ကလည်း ပျက်ကွက်သွားတယ်။ ဥပဒေအရာရှိကလည်း ပျက်ကွက်တယ်။ ရဲမှုခင်း မှတ်တမ်းရယ်၊ နောက်ပြီး အချုပ်ကားပို့တဲ့ရဲကလည်း သူ့အချုပ်ကားဖြစ်လို့ ဆေးရုံပို့ခဲ့တဲ့ လူနာကိစ္စကို သတင်းမပို့ဘူး။ ပြောရမယ်ဆိုရင် ဖြစ်သလို အမှုစစ်နေတယ်။ ထောင်ချဖို့လောက် တာဆူပြီးတော့ စစ်နေတဲ့သဘောဖြစ်လို့ ဒီကနေ့ အဲဒီက အဖြေထွက်သွားတယ်။ အဲတော့ စစ်မရတော့ ၁၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ရုံးထုတ်စစ်ဆေးမှုအတွင်းမှာလည်း ၀န်ရံပြည်သူတဦးဖြစ်တဲ့ ကိုတင်ဝင်း ရုတ်တရက် မူးလဲသတိလစ်သွားခဲ့ပါတယ်။ သူ့ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသပေးခဲ့ပြီး လက်ရှိအချိန်မှာလည်း ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

တရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၆၉ ဦးထဲမှာ ဒီကနေ့ ၆၇ ဦးသာ တရားရုံးရောက်ခဲ့တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

ဓါတ်ပုံ- စစ်အစိုးရလက်ထက်က ဦးသိန်းစိန်နှင့် ၀ တပ်ဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျှံ
ဂျွန် ၉ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ် မှုပြဿနာေ ကြာင့် စစ်ရေး တင်းမာနေ သည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား ညှိနှိုင်းမှု ပြီးဆုံးကာ နှစ်ဘက်တပ်များ အသီးသီးပြန်လည် ရုပ်သိမ်းသွား သည်ဟုသိရသည်။

ဂျွန် ၈ ရက် ၂၀၁၅ ပုံပါကျင်မြို့ ရဲစခန်း၌ နှစ်ဘက်ခေါင်းဆောင်များေ တွ့ဆုံကြောင်း၊ အစိုးရဘက်မှ ဖမ်းထားသည့် ၀ တပ်ဖွဲ့ဝင်အားလုံး အား မြန်မာအစိုးရ ဘက်မှ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ထို့အတူ ၀ တပ်ဖွဲ့ ဘက် ကလဲ ၎င်းတို့ ထိန်းသိမ်းထားသည့် မြန်မာအစိုရ သစ်တောဝန်ထမ်းနှင့် ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးအား ပြန်လွှတ်ေ ပးလိုက်သောေ ကြာင့် နှစ်ဘက် ချိန်ထားသည့်တပ်များ၊ အစိုးရတပ် ဘက်မှ သံချပ်ကာ ကားများ အားလုံး ယမန်နေ့ မွန်းလွဲ ပိုင်းက အသီးသီး တပ်ရုပ်ပြန်သောကြောင့် နှစ်ဘက် တင်းမာနေသည့် အနေအထား ပြေလျော့သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

“မနေ့က အထိတော့ နှစ်ဘက်တပ်တွေ တွေ့နေရတုန်း။ မွန်းလွဲ ပိုင်း နဲ့ ညနေပိုင်းမှာတော့ တပ်ရုပ်ပြန် သွားကြပြီ။ အစိုးရတပ်ရဲ့ သံချပ်ကာ ကား နဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကား ၆ စီးလဲ မိုင်းတုံမြို့ ထဲကို ပြန်သွားဘီ။ ၀ တွေလဲ ဟွေ့အော့် ဌာချုပ်ကို အကုန်တပ်ရုပ်ပြန်ပြီ။ တိုက်ပွဲတော့ မဖြစ်လောက်တော့ ဘူး။ စိတ်အေးသွားပြီ” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တဦးကပြောသည်။

မိုင်းတုံမြို့နှင့် ပုံပါကျင်မြို့ အကြား မယ့်ကဲန်းကျေးရွာအုပ်စု မိုင်းခေတ် သစ်တောကြိုးဝိုင်း ဟွေ့နမ့်ဆိုင် တွင် သစ်ခုတ်နေသည့် ၀ တပ်ဖွဲ့ ဝင် ၁၆ ဦးအား ဖမ်းဆီးရမိသစ်များနှင့်အတူ အစိုးရဘက်မှ ထိန်းသိမ်း ထားကြောင်း၊ မြန်မာ ပြည်သားဟု ယူဆရသည့်သူ ၁၀ ဦးအား လွှတ်ပေးလိုက်သော်လည်း အမျိုးသား မှတ်ပုံတင် မရှိသေးသည့်တရုတ်လူမျိုးအား လွတ်ပေးခြင်းမရှိသောကြောင့် သစ်တော နှင့် ရဲ တပ်သား ၁၁ ဦးအား ၀ တပ်ဖွဲ့ ဘက်မှ ပြန်လည်ဖမ်းဆီးလိုက်ကြောင်း၊ အပြန်အလှန် ဖမ်းဆီးခံရသူများအား အသီးသီး ပြန်လည်လွှတ်ပေးဖို့ သဘောတူသောကြောင့် တပ်များ ရုပ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်လူမျိုးဟု ယူဆသည့် သူ ၆ ဦး အားလွှတ်ပေးမှုအား သီးခြားအတည်ပြုချက်မရပေ။

“မြန်မာအစိုးရ အနေနဲ့ စိတ်ဆန္ဒအရင်းခံဆိုရင် ၀ ကို ကြည့်မရဘူး။ ဒီလတ်တလောအခြေအနေရ ပိုတိုက်ချင်နေတယ်လို့သိရတယ်။ ဒါပေမယ့် မဟာဗျူဟာအရ ကတော့ ၀ ကို အခွင့်အရေး ပေးထား တာက သျှမ်းကို တိုက်ခိုက်ခြေမှုန်းဖို့ဖြစ်တယ်။ ဒါပေမယ့် ခက်တာက ၀ နောက်မှာ တရုတ်ရှိနေတော့ ခက်နေတာ။ သျှမ်းတပ် အနောက်မှာ ဘာမှ မရှိဘူးလေ” - ဟု သျှမ်းတော်လှန် ရေးသမားဟောင်း တဦးက သုံးသပ်သည်။

၂၀၀၁ - ၀၂ နှင့် ၂၀၀၅ ခုနှစ်တွင် ၀ တပ်ဖွဲ့များအား သျှမ်းပြည်တပ်မတော် RCSS/SSA ဌာချုပ် လွယ်တိုင်းလျဲန်းသို့ မြန်မာအစိုးရတပ်ညွှန်ကြားမှုဖြင့် သွားရောက်တိုက်ခိုက်ခဲ့ဘူးသည်။ တာချီလိတ် ၊ မိုင်းဆတ် ခရိုင် ထိုင်းနယ် စပ်သို့ ၀တပ်ဖွဲ့ရောက်လာရခြင်းသည်လည်း သျှမ်းလက်နက် ကိုင်တပ်ဖွဲ့ များအား တိုက်ခိုက်ချေမှုန်းနိုင်လျှင် ၎င်းတို့ ထိန်းချုပ်နယ်မြေများအားလုံး ၀ တပ်ဖွဲ့အားလွှဲအပ်မည်ဟု ထိုစဉ်စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ၀ တပ်ဖွဲ့အား ပြောကြားခဲ့ဘူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ဓာတ်ပုံ - manager.co.th

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတဦး မိမိရင်သွေးကို စွန့်ပစ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


ချင်းမိုင်ခရိုင် မယ့်ရင်းမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အသက် ၂၇ နှစ်ရွယ် မြန်မာ အလုပ်သမား နန်းဥစန္ဒကို ဇွန်လ ၈ ရက်နေ့က အငှားအိမ်ခန်းတခုမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ တာဝန်ကျ ဒု-ရဲမှူး ယုထကန်မေထာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင် ဇွန်လ ၇ ရက်နေ့ မနက်က မယ့်ဆာရပ်ကွက် အိမ်တအိမ်ရှေ့ အုတ်ခုံပေါ်မှာ ဆန်ဆိုင်းဆေးရုံ တံဆိပ်အနှီးနဲ့ ထုတ်ထားတဲ့ မွေးကင်းစ ယောက်ျးကလေးငယ်တဦး လာပစ်ထားတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းက အဲဒီအနီးနား ၀န်းကျင်တ၀ိုက်ကို လိုက်လံစုံစမ်းရှာဖွေရာမှာ မယ့်ရင်းမြို့ မယ့်ဆာရပ်ကွက် အိမ်ခန်းတခုမှာ ငှားနေတဲ့ နန်းဥစန္ဒကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ရှမ်းပြည်တောင်ပိုင်း နမ့်စမ်မြို့ကနေ ထိုင်းမှာ အလုပ်လာလုပ်တာဖြစ်ပြီး ကလေးကို ကျွေးမွေးပြုစုနိုင်စွမ်းမရှိတဲ့အတွက် လာပစ်ထားတာလို့ ရဲစခန်းမှာ ထွက်ဆိုဝန်ခံသွားပါတယ်။

သူ့ကို မဲ့ရင်းရဲစခန်းက ကလေးစွန့်ပစ်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး ကလေးကိုတော့ နခွမ်းဖင်းဆေးရုံက တာဝန်ယူ စောင့်ရှောက်ထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

 By DVB
http://burmese.dvb.no


ထိုင်းနိုင်ငံစားသောက်ကုန်ဈေးကွက် ဦးဆောင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆာဟာလုပ်ငန်းစုဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့မြေဈေးကြီးမြင့်မှုကြောင့် မြန်မာပြည်မှာလုပ်ဆောင်မယ့် သူတို့ရဲ့ စက်မှုမြေယာဖွံ့ဖြိုးမှုစီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။

ဆာဟာလုပ်ငန်းစုဥက္ကဋ္ဌ ဘွန်ဆီသီ ချော့ဝါ့တနာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြန်မာပြည်မှာ ၁၀၀၀ ရိုင်(ဧက ၄၀၀ နီးပါး) အကျယ်အအ၀န်းရှိတဲ့ စက်မှုမြေယာဖွံ့ဖြိုးမှု စီမံကိန်း ဖြစ်နိုင်ချေဆန်းစစ်မှုတွေလုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့အနေနဲ့ အဲဒီစီမံကိန်းကို ဆက်မလုပ်တော့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းစာကို ပြောခဲ့ပါတယ်။

သူက “အဲဒီ(မြန်မာပြည်)မှာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်တွေ များလွန်းတဲ့အတွက် ကျနော်တို့ ကိုယ်ပိုင် စက်မှုဇုန်တခုလုပ်မယ့်စီမံကိန်းကို မလုပ်နိုင်တော့ပါဘူး။ မြေဈေးက အရမ်းကြီး လွန်းတယ်”လို့ပြောခဲ့ပါတယ်။

အကယ်၍ သူတို့လုပ်ငန်းစုအနေနဲ့ အဲဒီစက်မှုဇုန်စီမံကိန်းကို ဆက်ပြီးလုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်မှာ အနည်းဆုံး နှစ် ၃၀ မြေငှားရမ်းမှုလုပ်ရမှာဖြစ်ပြီး ငွေကြေးပမာဏ အမြောက်အမြား သုံးစွဲရမယ်လို့လည်း  သူကဆိုပါတယ်။

ဆာဟာလုပ်ငန်းစုအနေနဲ့ မြန်မာပြည်မှာ လုပ်ဆောင်မယ့်သူတို့ရဲ့စီးပွားရေးဗျူဟာကို ပြောင်းလဲသွားမှာဖြစ်ပြီး စက်မှုဇုန်တွေမှာစက်ရုံ ဆောက်ဖို့အတွက် ငှားရမ်းမယ့်မြေကွက်တွေကို မြန်မာအစိုးရနဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖက်စပ်လုပ်ကိုင် သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းစုဟာ တပ်ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိပြီးဖြစ်တဲ့ ထိုင်း-မြန်မာကုန်သွယ်မှုဌာနကိုလည်း ဆက်လက် အသုံးပြုသွားမယ်လို့ဆိုပါတယ်။

မဲဆောက်မြို့ဟာ ထိုင်းနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်သစ်တွေထဲက တခုအပါအ၀င်ဖြစ်ပါတယ်။

ဆာဟာလုပ်ငန်းစုဟာ မဲဆောက်မြို့ရဲ့ ၂၀၀ ရိုင်(ဧက ၈၀ နီးပါး)မြေနေရာပေါ်မှာ အမျိုးသမီး အတွင်းခံ၊ အ၀တ်အထည်နဲ့ ခြေအိတ်စတဲ့ပစ္စည်းတွေ ထုတ်လုပ်တဲ့အထည်ချုပ်စက်ရုံ ၃ ခုနဲ့ လည်ပတ်နေတာပါ။

အခုအချိန်မှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းနေပေမယ့်လည်း လုပ်ငန်းစုအနေနဲ့ အိမ်ခြံမြေ လုပ်ငန်းနဲ့သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေလို ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ပြည်တွင်း ဈေးကွက်မှာ ဆက်လက်လုပ်ဆောင်နေပြီး ဂျပန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထိုင်းဘတ်ငွေသန်း ၂၀၀ ကနေ ၃၀၀ ထိရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။

“စားသုံးသူတွေရဲ့ ၀ယ်နိုင်စွမ်းအားက အရင်အတိုင်းပြန်ဖြစ်မလာသေးပါဘူး” လို့ ဆာဟာလုပ်ငန်းစုဥက္ကဋ္ဌ ဘွန်ဆီသီ ချော့ဝါ့တနာက ဆိုပါတယ်။

ဆာဟာလုပ်ငန်းစုဟာ လာမယ့် ဇွန်လ ၂၅ ရက်ကနေ ၂၈ ရက်နေ့ထိ ဘန်ကောက်မြို့၊သီရိခေတ် ဘုရင်မကွန်ဗင်းရှင်းစင်တာမှာ သူတို့ရဲ့ ၁၉ ကြိမ်မြောက်ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားဖို့ ရှိတယ်လို့လည်း  မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြခန်းပေါင်း ၁၀၀ ကျော် ပြသသွားမှာဖြစ်ပြီး သူတို့ရဲ့ထုတ်ကုန်တွေကို အထူးဈေးနှုန်းများ၊ အိမ်တိုင်ရာရောက် ၀န်ဆောင်မှုတွေပေးသွားမယ်လို့လည်း သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


 မြန်မာနိုင်ငံမှ မွတ်စလင်များအနေနှင့် နိုင်ငံအုပ်ချုပ်သူများကို ထကြွပုန်ကန်ကြရန် ဇွန် ၈ ရက် တင်္နလာနေ့က ပါကစ္စတန်တာလီဘန်များက တိုက်တွန်းလိုက်ပြီး ထို့အတွက်လိုအပ်သည့် လက်နက်၊ ငွေကြေးနှင့် လေ့ကျင့်ရေးအထောက်အကူများ ၎င်းတို့ထံတွင် အသင့်ရှိကြောင်း ပြောကြားလိုက်သည်။

ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)၏ ပြောရေးဆိုခွင့်ရှိသူ အာဆန်နူလာအာဆန်က မြန်မာနိုင်ငံမှ ဖိနှိပ်ခံရိုဟင်ဂျာမွတ်စလင်များအတွက် ၀မ်းနည်းကြောင်း ပြောသည်။

မြန်မာအစိုးရက ရိုဟင်ဂျာဆိုသော အသုံးအနူန်းကို လက်မခံကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးဟူ၍ မရှိကြောင်း ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ က လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒုက္ခသည်စခန်းများတွင် နေထိုင်ရဆဲဖြစ်သည်။

“မြန်မာနိုင်ငံက(မွတ်စလင်)လူငယ်တွေကို ကျွန်ုပ်ပြောမယ်။ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း ဓါးကိုင်ပြီး သတ်ဖြတ်ကြလော့။ ဘုရာသခင်သည် ကျန်ုပ်တို့နဲ့အတူရှိနေတယ်ဆိုတာကို သံသယမဖြစ်လင့်။ သင်တို့ဘ၀များ သက်သောင့်သက်သာဖြစ်ရေးအတွက် ကျန်ုပ်တို့ရဲ့ လေ့ကျင့်ကွင်းတွေ၊ လူသူလက်နက်အားလုံး အသင့်ရှိတယ်။”ဟု မြန်မာနိုင်ငံကို ဘားမားဟုခေါ်ဆိုထားသော အဆိုပါပြောစကားပါ အသံဖိုင်ကို မီဒီယာများထံ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နူန်းခန့်သည် မွတ်စလင်များဖြစ်ပြီး ယင်းအနက် ထက်ဝက်ခန့်သည် အဆိုပါ လူနည်းစုများဖြစ်သည်ဟု ဆိုသည်။ TTP အကြမ်းဖက်အဖွဲ့သည် ၂၀၀၇ ခုနှစ်မှစ၍ ပါကစ္စတန်နိုင်ငံတွင် လူပေါင်းထောင်ချီ သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း ပြင်ပကမ္ဘာ၏ဖြစ်ရပ်များအပေါ် အာရုံစိုက်မှု များစွာမရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံမှ အဆိုပါလူနည်းစုများအရေး ကမ္ဘာ့မီဒီယာများတွင် ရေးသားဖော်ပြကြပြီးနောက် ပါကစ္စတန်နိုင်ငံတွင် လူပြောသူပြောများသော ကိစ္စရပ်တခုဖြသ်လာသည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ်က အဆိုပါလူမျိုးများအရေး ကူညီဆောင်ရွက်ပေးနိုင်ရန် အထူးကော်မတီတခုဖွဲ့စည်းပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ဇွန် ၇ ရက် တနင်္ဂနွေနေ့က ပါကစ္စတန်အလယ်ပိုင်းရှိ မူလ်တန်မြို့တွင် ဆန္ဒပြသူများက မြန်မာနိုင်ငံအလံကို မီးရှို့ခဲ့ကြသည်။

ယင်းသို့ လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ ချီတက်လမ်းလျောက်မှုများ၊ ပြစ်တင်ရှုတ်ချခြင်းများသည် အရာထင်မည်မဟုတ်ကြောင်း၊ ဂျီဟတ်ဆင်နွှဲမှသာ မြန်မာအာဏာပိုင်များ၏အရေးစိုက်မှုကို ခံရမည်ဖြစ်ကြောင်း အာဆန် က ပြောသည်။ TTP အဖွဲ့သည် ယမန်နှစ် ဇွန်လကတည်းက ပါကစ္စတန်အစိုးရ၏ လိုက်လံရှာဖွေတိုက်ခိုက်ခြင်း ခံနေရသဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော အဖွဲ့ဖြစ်သည်။

အယ်လ်ခိုင်းဒါးအပါအ၀င် အခြားသောအကြမ်းဖက်အဖွဲ့များက မြန်မာနိုင်ငံရှိ အဆိုပါ လူနည်းစုများအရေး ထောက်ခံအားပေးကြောင်းနှင့် ဂျီဟတ်လုပ်ဆောင်ရန် ခြိမ်းခြောက်ခဲ့ကြသည်။

Ref ; AFP
ပုံ - TTP ပြောရေးဆိုခွင့်ရှိသူ အာဆန်နူလာအာဆန်(၀ဲ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု သုံးလပြည့် အထိမ်းအမှတ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့က ပယ်ချလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ မနက်ဖြန်ကစပြီး သံဃာတွေ စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့အတွက် ဆန္ဒပြပွဲကို ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့က အကြောင်းပြန်တယ်လို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ မြို့ခံ ကိုသီဟက ပြောပါတယ်။

"အဖမ်းဆီးခံကျောင်းသားနဲ့ ဝန်းရံပြည်သူတွေ ပြန်လွှတ်မြောက်ဖို့ အဓိကခေါင်းစဉ်အနေနဲ့ တင်ပြီးတော့မှ သူတို့ကိုတင်လိုက်တာခင်ဗျ၊ မိတ္ထီလာမြို့မှာ သံဃာတွေ စာမေးပွဲဖြေနေတဲ့ဟာကို အကြောင်းပြပြီး ငြင်းပယ် လိုက်တာဗျ၊ ၄၈ နာရီအတွင်း အကြောင်းပြန်ရမယ့်ဟာကို ၄ ရက်နေ့တင်ထားတဲ့ဟာကို ဒီနေ့ကျမှ မြို့နယ်အုပ်ချုပ်ရေးမှူး သဘောထားမှတ်ချက်နဲ့ ငြင်းပယ်ရတယ်ဆိုတဲ့ဟာကို ထုတ်ပြောတယ်"

ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ အတွက် မိတ္ထီလာမြို့မှာ မြို့ခံတွေ၊ ကျောင်းသားမိဘတွေနဲ့ တက်ကြွလှုပ်ရှားသူ ၁၀၀ လောက်က လာမယ့် ဇွန်လ ၁၀ရက်နေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာကို ထောက်ပံနေတဲ့ အကူအညီတွေထဲက ကျန်းမာရေးဆိုင်ရာ ထောက်ပံငွေ အမေရိကန် ဒေါ်လာသန်း (၄၀)ကျော်ကို  ဖြတ်တောက်မယ်ဆိုတဲ့ သြစတြေးလျအစိုးရရဲ့ကြေညာချက်ကို 3MDG ရံပုံငွေအဖွဲ့ကြီးက ဝေဖန်ပြောဆို လိုက်ပါတယ်။ ဖွံဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့ လိုအပ်နေတဲ့ နိုင်ငံတကာ ရံပုံငွေတွေလျော့ကျ သွားတာကြောင့် ပြည်သူတွေအပေါ် ပိုပြီးထိခိုက်နစ်နာလာမှာကို လူထုအခြေပြုအဖွဲ့အစည်းတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

သြစတြေးလျဝန်ကြီးချုပ် Tony Abott ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကနေ နိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြမှုကြောင့် နိုင်ငံခြားထောက်ပံ့ပေးရေး ရန်ပုံငွေတွေကို ဖြတ်တောက်ရာမှာ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့အထဲက ကျန်းမာရေးဆိုင်ရာထောက်ပံ့ငွေကို အဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ကြီးက ဇွန်လ (၈)ရက်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို အကူအညီပေးနေတဲ့ 3MDG ရန်ပုံငွေအဖွဲ့ကို သြစတြေးလျအပါအဝင် ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေက ထောက်ပံထားတာပါ။ ဒီရန်ပုံငွေအဖွဲရဲ့ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ သြစတြေးလျဟာ ဒုတိယအကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း (၅ဝ) နီးပါး ထောက်ပံခဲ့ပြီးပါပြီ။

ဒါပေမဲ့ လက်ရှိ သြစတြေးလျညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားထောက်ပံ့ငွေ ဒေါ်လာ (၁၁) ဘီလီယံဖြတ်တောက်မယ်ဆိုတဲ့ မေလ (၁၂) ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ 3MDG ရန်ပုံငွေအဖွဲ့ကို နောက်ထပ်ထောက်ပံ့မယ့် အမေရိကန်ဒေါ်လာ ၄၂ သန်းကို ပေးဖို့ အစီအစီစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။ အခုလိုထောက်ပံ့ငွေတွေ ဖြတ်တောက်ခံရမှာကြောင့် မြန်မာပြည်သူတွေ ထိခိုက်နစ်နာမှာကို စိုးရိမ်မိတယ်လို့ သြစတြေးလျအခြေစိုက် မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရက သူတို့မှာ ဘတ်ဂျက်လိုငွေဒေါ်လာ ၃၅ ဘီလျံလောက်ရှိနေတယ်ဆိုပြီးတော့ ဒါကို သူတို့ပြန်ပြီးတော့ လျှော့ချချင်တဲ့ အတွက်ကြောင့်ဆိုပြီးတော့ ပြည်ပနိုင်ငံတွေကနေပေါ့နော်- သူတို့ကတဆင့်ပေးနေတဲ့အကူအညီတွေကို တော်တော်များများ လျှော့မယ်ဆိုပြီးတော့ သူတို့ ကြေညာတယ်ပေါ့။ ဒီအထဲမှာ အာဖရိကနိုင်ငံတွေက ရနေတဲ့အကူအညီတွေထဲကနေ ၈၀ % ကျော်တောင်မှ သူတို့က လျှော့ချမယ်။ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ ဖိလစ်ပိုင်တို့၊ မြန်မာနိုင်ငံတို့ကို ပေးနေတဲ့အကူအညီတွေကတော့ ရာခိုင်နှုန်း ၄၀ ဖြတ်တောက်မယ်လို့ ကျနော်တို့သိရတယ်။ အထူးသဖြင့် မကြာသေးခင်က သူတို့ကြေညာသွားတဲ့ထဲမှာပေါ့နော်၊ 5MDG Fund ပေးထားတဲ့ငွေတွေကို တော်တော်များများ အခုသူတို့ မထည့်နိုင်တော့ဘူးဆိုပြီးတော့ သူတို့ ကြေညာလိုက်တာပေါ့နော်။ ဒီပေါ်မှာ မှီခိုအားထားနေရတဲ့မြန်မာပြည်သူတွေ၊ ကိုယ်ခံစွမ်းအားကျရောဂါသည်တွေ၊ ငှက်ဖျားရောဂါသည်တွေ၊ တီဘီရောဂါသည်တွေ အများကြီးနစ်နာ ဆုံးရှုံးသွားမှာကို ကျနော်တို့က စိတ်မကောင်းဘူး၊ ဒီအတွက်လည်း ကျနော်တို့က အများကြီး အခက်အခဲတွေ ရှိလာမယ်လို့ ကျနော်တို့ စိုးရိမ်ပူပန်မိတယ်ခင်ဗျ။”

သြစတြေးလျနိုင်ငံရဲ့ ODA ဖွံဖြိုးမှုအထောက်အကူပေးရေး အစီအစဉ်အရ ၂၀၁၅-၂၀၁၆ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပညာရေး၊ စိုက်ပျိုးရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူသားချင်စာနာမှုအကူအညီတွေ ပေးဖို့ အမေရိကန်ဒေါ်လာ (၄၂) သန်းကျော် လျာထားတယ်လို့ သြစတြေးလျအစိုးရကပြောပါတယ်။ ဒါအပြင် ၂၀၁၅-၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံကိုပေးမယ့်ထောက်ပံရေးအစီအစဉ်တွေကို သြစတြေးလျအစိုးရဟာ မြန်မာအစိုးရနဲ့ ပြောဆိုတိုင်ပင်နေဆဲဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်တွေမချရသေးဘူးလို့ ODA ရဲ့ပြောခွင့်အမျိုးသမီးကပြောပါတယ်။

မကြာသေးခင်က ဘင်္ဂလားပင်လယ်အော်မှာ လှေစီးပြေးဒုက္ခသည်အရေးပေါ်ပေါက်ခဲ့ပြီးနောက် ရခိုင်နဲ့ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာတဲ့ထောက်ပံမှုအစီအစဉ်မှာ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ (၆)သန်းကူညီမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့ကပြောဆိုခဲ့ပါတယ်။

အလှုရှင်နိုင်ငံတွေအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် သူတို့ထောက်ပံငွေတွေကိုဖြတ်တောက်တဲ့အခါမှာ နယ်ပယ်အသီးသီးမှာ အရှိန်အဟုတ်မပြတ်ဆောင်ရွက်နိုင်အောင် မြန်မာအစိုးရအနေနဲ့ နည်းလမ်းတွေ ရှာဖွေထားဖို့လိုတယ်လို့ မင်္ဂလာမြန်မာအဖွဲ့ရဲ့ညွန်ကြားရေးမှုး ဒေါက်တာဖုန်းဝင်းကပြောပါတယ်။

“လျော့သွားတဲ့အထောက်အပံ့နေရာမှာကတော့ သိပ်အရေးမကြီးတာတွေကို လျှော့သုံးပြီးတော့ တကယ်အရေးကြီးတဲ့ကဏ္ဍတွေမှာတော့ မလျှော့ဘဲနဲ့ ဒီအတိုင်း ဆက်သုံးဖို့ ကြိုးစားရမှာပေါ့လေ။ ကျနော်တို့ မြန်မာပြည်ကလူတွေလည်း သတိထားရမှာပဲပေါ့လေ။ အလှူရှင်ဆီက ရတဲ့ငွေဟာ အချိန်မရွေးအဖြတ်ခံရနိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတိထားရမှာပေါ့လေ။”

သြစတြေးလျအစိုးရက အခုလို ကူညီရေးထောက်ပံငွေ လျော့ကျလိုက်တာကြောင့် သြစတြေးလျကြက်ခြေနီအသင်းအပါအ၀င် အခြားလူမှုအဖွဲ့အစည်းတွေက စေတနာ့ဝန်ထမ်းတွေရဲ့ မြန်မာနိုင်ငံလာမယ့်အစီအစဉ်တွေကိုလည်း ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။

3MDGရံပုံငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သြစတြေးလျရဲ့ထောက်ပံငွေဖြတ်တောက်မှုကြောင့် လက်ရှိဆောင်ရွက်နေတဲ့  ကျန်းမာရေးဆိုင်ရာထောက်ပံနေတဲ့အစီအစဉ်တွေကို ချက်ချင်းလက်ငင်း သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အရင်က ရပ်ဆိုင်းထားတဲ့  3-D Fund နေရာမှာ 3MDG ရံပုံငွေအဖွဲ့ကြီးက ၂၀၁၂ ခုနှစ်မှာ အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီရန်ပုံငွေ အဖွဲ့ကြီးကနေ  မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ မွေးကင်းစတွေနဲ့ ကလေးငယ် ကျန်းမာရေးအပါအ၀င် HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးစနစ်အားဖြည့်ပေးရေး စတာတွေကို ထောက်ပံကူညီပေးနေတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအကြီးဆုံးနိုင်ငံခြားထောက်ပံမှုရံပုံငွေအဖွဲကြီးဖြစ်တဲ့ 3MDG အနေနဲ့ ၂၀၁၂ ကနေ ၂၀၁၆ခုနှစ်အထိ ကျန်းမာရေးကဏ္ဍမှာထောက်ပံကူညီဖို့ အဓိကအလှုရှင်နိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ သန်း ၃၃၀ လက်ခံရရှိခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com