06/11/15

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတဖြစ်ခွင့်ကို ကန့််သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပါ အချက်တချို့ကို ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးသိန်းဇော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"စုစုပေါင်း ၂၈၉ ဦး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၆၆၄ ဦး၏ ၄၃.၅၂ ရာခိုင်နှုန်း မှ ပြင်ဆင်လိုကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော အမည်စာရင်းကို နောက်ဆက်တွဲ (ခ) အဖြစ် ပူးတွဲတင်ပြအပ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ နည်းဥပဒေ ၁၃၃ တို့နဲ့အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်းနဲ့တကွ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အဆိုအား ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေး ခွင့်ပြုနိုင်ရန်အတွက် လေးစားစွာတင်ပြအပ်ပါတယ်"

ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်မှာ နိုင်ငံတော် သမ္မတအရွေးခံမယ့်သူရဲ့ ချွေးမနဲ့ သားမက်ဟာ နိုင်ငံခြားသား မဖြစ်စေရ ဆိုတာကိုပဲ ပယ်ဖျက်ထားပြီး၊ သား သမီးရှိသူဆိုတဲ့ ကန့်သတ်ချက်ကိုတော့ ဆက်လက်ထားရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပါ ပုဒ်မ ၁၀၀ နီးပါးကို ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအစား ၇၀ ရာခိုင်နှုန်းအောက် မလျော့သောကိုယ်စားလှယ်များလို့ ပြင်ဆင်ထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်ထားတဲ့စနစ်အစား သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်တဲ့ကိုယ်စားလှယ်ကို အတည်ပြုပေးရမယ်လို့ ပြင်ဆင်ထားပါတယ်။ ဒီဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


တရုတ်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံသမ္မတ Xi Jinping အပါအ၀င် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ကို အကျဉ်းလောက်သာ သတင်းဖော်ပြပေမဲ့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ရေးသားနေတဲ့ ၀ပ်ဆိုဒ်တွေနဲ့ လူမှုကွန်ယက်တွေပေါ်က ဆွေးနွေးချက်တွေကိုတော့ တရုတ်အစိုးရက ပိတ်ပင်တာ မလုပ်ပါဘူး။ ဒီအကြောင်း Beijing ကနေ ဗွီအိုအေသတင်းထောက် Bill Ide သတင်း ရေးသား ပေးပို့ထားတာကို အခြေခံပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ရောက်ရှိလာပြီဆိုတဲ့ သတင်းကို တရုတ်အစိုးရပိုင် သတင်းတွေမှာ ဖော်ပြခြင်း မရှိသေးပါဘူး။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဒီခရီးစဉ်ကို သိပ်ပြီး ပေါ်ပေါ်ထင်ထင်ဖြစ်အောင် လုပ်လိုဟန်မရှိပေမဲ့ ဒီခရီးစဉ်အပေါ် စိတ်ဝင်စားမှုတွေ မျှော်လင့်ချက်တွေကတော့ အတော်လေး တွေ့ရပါတယ်။ တရုတ်ဘာသာနဲ့ရေးတဲ့ အွန်လိုင်းစာမျက်နှာတခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြားစာမျက်နှာဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀အကြောင်း၊ သူ့ရဲ့လှုပ်ရှားမှု နောက်ခံအကြောင်းတွေကို ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။

ဆောင်းပါးတွေအောက်မှာ အများပြည်သူက မှတ်ချက်ပေးနိုင်ဖို့လည်း ခွင့်ပြုထားပေမဲ့လို့ မှတ်ချက်တွေကိုတော့ နောက်ပိုင်းမှာ သူတို့ ဖျက်ပစ်ပါတယ်။ အဲဒီမှတ်ချက်တွေမှာ စာဖတ်သူအချို့က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ယူစရာ အမျိုးသမီးတဦးအဖြစ်နဲ့ ချီးကျူးထားသလို၊ မှတ်ချက်ပေးသူတဦးကတော့ ဒေါ်စုလို ခေါင်းဆောင်မျိုး ငါတို့ဘယ်တော့ရနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုးကိုပါ မေးထားပါတယ်။ တချို့ ဝေဖန်ပြစ်တင်တာမျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ အရင် ဖက်ဆစ်ဂျပန်နဲ့ ဆက်ဆံခဲ့ဖူးတာကိုလည်း ထောက်ပြ ဝေဖန်တာမျိုး ရှိပါတယ်။



China Digital Times ကတော့ ဒီခရီးစဉ်ကို သတင်း ရေးသား ဖော်ပြတာမျိုးမလုပ်ဖို့ တရုတ်ပြန်ကြားရေး အာဏာပိုင်တွေက သတင်းဌာနတွေကို ညွှန်ကြားချက်ထုတ်ထားတယ်လို့ ရေးပါတယ်။ ဒါပေမဲ့လည်း ၀ပ်ဆိုဒ်အချို့ကတော့ ဒီညွှန်ကြားချက်ကို လိုက်နာပုံ မရပါဘူး။

တရုတ်-မြန်မာဆက်ဆံရေး အရေးကြီးနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် ဖြစ်လာတယ်လို့ ဆိုရမှာပါ။ တရုတ်နယ်စပ်မှာ မြန်မာတိုင်းရင်းသား ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား လနဲ့ချီ တိုက်ပွဲတွေ ဖြစ်နေသလို၊ ပြဿနာဟာ နယ်စပ်ဖြတ်ပြီး တရုတ်ထဲပါ ရောက်လာတာပါ။ တိုက်ပွဲက လက်နက်ကြီးကျည်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီးတော့ တရုတ်မြေပေါ် ကျရောက်တာမျိုးတွေလည်း ရှိခဲ့ပြီး၊ တကြိမ်မှာတော့ ဗုံးဆံကြောင့် တရုတ်လယ်သမား ၅ ဦး သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း မကြာခင်မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ရှိနေသလို၊ ဒီရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လွှတ်တော်ထဲ ပိုနေရာရလာပြီး သြဇာကြီးလာမယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေတာပါ။ လာမယ့် ရွေးကောက်ပွဲတွေဟာ အခုခရီးစဉ်ဖြစ်ဖို့ အဓိက အကြောင်းရင်းတခု ဖြစ်မယ်လို့ ၀ါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Sun Yun က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေအနေ ကောင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာကြီးတဲ့ နိုင်ငံရေးသမားတဦး ဖြစ်လာမယ်လို့ သူက ပြောပါတယ်။

“တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားတွေ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အစမပြုနိုင်ရင် တရုတ်အတွက် မှားပါလိမ့်မယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ကို ဘယ်လောက် ဦးဆောင်နိုင်မလဲဆိုတဲ့ မြန်မာနိုင်ငံတွင်းမှာရော ပြည်ပကပါ ရှိနေတဲ့ မေးခွန်းတွေကိုလည်း ဒီခရီးစဉ်က အဖြေပေးပါလိမ့်မယ်လို့ Sun က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရည်အသွေးတွေကိုလည်း တိုးလာစေမယ်လို့က သူက ယူဆပါတယ်။

“များသောအားဖြင့် သူက အမေရိကန်၊ ဗြိတိန် အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဂျပန် တောင်ကိုရီးယား တို့ကိုပဲ သွားခဲ့တာများပါတယ်။ ကမ္ဘာပေါ်မှာ အရေးပါတဲ့ တိုင်းပြည်အားလုံးနီးပါးကို သူ သွားခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်မပါခဲ့ပါဘူး။”

ရွေးကောက်ပွဲဖြစ်လာရင် အခြေအနေတွေက တစုံတရာ ပြောင်းလဲမှုတွေ ရှိလာနိုင်တာကြောင့် တရုတ်အနေနဲ့က အာဏာရပါတီနဲ့ရော အတိုက်အခံပါတီနဲ့ပါ ဆက်ဆံထားဖို့လိုမယ်လို့ Fudan University ပါမောက္ခ Ren Xiao က ပြောပါတယ်။ ဒါပေမဲ့ အခု ခရီးစဉ် ဆက်ဆံရေးကတော့ မြန်မာအာဏာရပါတီနဲ့ ဆက်ဆံရေးကို Waning ဖြစ်သွားစေမယ် သဘောတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရုတ်အပေါ် အမြင်အပါအ၀င်ပေါ့၊ တရုတ်နဲ့ မြန်မာအတိုက်အခံအကြား အပြန်အလှန် နားလည်မှုက မရှိခဲ့ပါဘူး။ ဒါကြောင့် နှစ်ဘက် အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ပြီး နားလည်မှု တည်ဆောက်ရေး လုပ်ဆောင်တာဖြစ်တယ်။” - လို့ ပါမောက္ခ Ren Xiao က တရုတ်ဘာသာစကားနဲ့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း အရင်ကရှိပြီး သမိုင်းကြောင်းတွေနဲ့ နှစ်ဘက်ကွာဟချက်တွေကိုတော့ ဒီခရီးစဉ်ကနေ အလျှင်အမြန်တော့ ဖြေရှင်းနိုင်မယ့်ပုံ မရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ အရင်တုန်းကဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ မြန်မာစစ်အစိုးရကို တောက်လျှောက် အဓိက ထောက်ခံ ကူညီခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

တရုတ်ပြည်ပရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကိုသွားတဲ့ ခရီးစဉ်အပေါ်မှာ၊ ထောင်တွင်းအကျဉ်းချခံနေရသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ Liu Xiaobo လွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့ ပြောနေကြပါတယ်။ တရုတ်နိုင်ငံရဲ့ တပါတီစနစ်ကို အဆုံးသတ်ဖို့ လှုပ်ရှားဆောင်ရွက်မှုနဲ့ Liu ဟာ ၂၀၀၉ ခုနှစ်မှာ ဖမ်းခံခဲ့ရပြီး၊ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။

ဒေါ်အေင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်က လွတ်ပြီးနောက်ပိုင်း အခုခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပေမဲ့လို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွေကတော့ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ်က အလည်အပတ် သွားရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တရုတ်နိုင်ငံကို လာရောက်ဖို့ ရှိတယ်ဆိုပြီး၊ သတင်းတွေဖြစ်ခဲ့တာ ကြာပေမဲ့ ခရီးစဉ်ကတော့ အခုမှ ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်အဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ပဲ တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။


VOA
http://burmese.voanews.com/content/suu-kyi-china-trip/2815863.html

ဓာတ်ပုံ - ချစ်မွှေး (ကလေး)

ဆီးဂိမ်း ယူ ၂၃ ဘောလုံးပွဲမှာ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ဇွန် ၁၀ ရက်က ယှဉ်ပြိုင်ကစားရာ ၃-၃ ဂိုးနဲ့ သရေကျပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မြန်မာအသင်းဟာ ဒီနေ့မှာ အဖြူရောင်ဂျာစီကို ၀တ်ဆင်ကစားပြီး ကမ္ဘောဒီးယားအသင်းကတော့ အပြာရောင်ဂျာစီကို ၀တ်ဆင်ကစားပါပြီး ကွင်းလယ်ဒိုင်ကတော့ ဖိလစ်ပိုင်က ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာလည်း စင်ကာပူရောက် မြန်မာပရိသတ်တွေ အင်တိုက်အားတိုက် လာရောက်အားပေးတာ တွေ့ရပါတယ်။

ပထမပိုင်း ပွဲစစချင်း ကမ္ဘောဒီးယားအသင်းက စပေးဘောနဲ့ တိုက်စစ်ဆင်လာရာမှ မြန်မာကွင်း တ၀က်လောက်မှာ ပြစ်ဒဏ်ဘောကန်ခွင့်ရပြီး ကမ္ဘောဒီးယားအသင်းက ကန်သွင်းချက် ကောင်းပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် မြန်မာအသင်းက တိုက်စစ်ပြန်ဆင်လာပြီး ဂိုးသွင်းဖို့ကြိုးစားရာ ကမ္ဘောဒီးယား ကစားသမားနဲ့ ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်မှာ ကမ္ဘောဒီးယား ကစားသမားတဦး ညာခြမ်းက အပြင်းကန်သွင်းခဲ့ပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် ရဲဝင်းအောင် ကစားပုံကြမ်းတမ်းလို့ အ၀ါကတ်ပြား အပြခံရပါတယ်။

ဒီနေ့ပွဲ ပထမပိုင်း ၁၅ မိနစ်လောက်အထိ နှစ်သင်းစလုံးဟာ ဂိုးရဖို့အတွက် တိုက်စစ်ဆင်ကစားလို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ကမ္ဘောဒီးယား ဂိုးသမား ကန်တင်ပေးလိုက်တဲ့ ဘောလုံး မြန်မာကစားသမားတဦးရပြီး ဂိုးရှေ့မှာ အပေးအယူလုပ် ကန်သွင်းခဲ့ပေမယ့် ပျက်သွားခဲ့ပါတယ်။

ကမ္ဘောဒီးယား ကစားသမားတွေကလည်း မြန်မာအသင်း ဂိုးရှေ့ရောက်တာနဲ့ ကြုံသလို ကန်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ပွဲချိန်မိနစ် ၂၀ မှာ ကမ္ဘောဒီးယား ပထမဆုံး ထောင့်ကန်ဘောကန်သွင်းခွင့် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ပွဲချိန် ၂၄ မိနစ်မှာ ကမ္ဘောဒီးယားအသင်း ညာဘက်ခြမ်းက ကစားသမားတဦး မြန်မာဂိုးရှေ့ကို ကန်တင်ပေးတာကို ကမ္ဘောဒီးယား တိုက်စစ်မှူးတဦး ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ်က ကျော်သွားပါတယ်။

၂၆ မိနစ်မှာ ကမ္ဘောဒီးယားအသင်းကပဲ တိုက်စစ်ဆင်လာပြီး မြန်မာဂိုးဧရိယာ အစပ်ကနေ ဘယ်ခြမ်းကို ထိုးပေးတာမှာ ကမ္ဘောဒီးယားအသင်း တိုက်စစ်မှူး ကန်သွင်းခဲ့ပေမယ့် မြန်မာကစား သမားတဦးနဲ့ထိပြီး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်။

အဲဒီထောင့်ကန်ဘောကတဆင့် ကမ္ဘောဒီးယားအသင်းက နံပါတ် ၁၀ အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၁-၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ကမ္ဘောဒီးယားအသင်းဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ကစားအား မချဘဲ အပေးအယူ အချိတ်အဆက်မိမိနဲ့ မြန်မာအသင်းဘက်ကို တောက်လျှောက် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ မြန်မာက တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ ကြိုးစားရာမှ ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်။

အဲဒီထောင့်ကန်ဘောကတဆင့် မြန်မာအသင်းက ကျောနံပါတ် ၁၇ ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ကန်ချက်ကောင်းပေမယ့် ကမ္ဘောဒီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ထောင့်ကန်ဘော ထပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ မြန်မာအသင်းက ကမ္ဘောဒီယား ဂိုးဧရိယာနဲ့ မလှမ်းမကမ်းမှာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့ရာ ကန်ချက်ကောင်းပေမယ့် ကမ္ဘောဒီးယား ကစားသမားနဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားပါတယ်။

အဲဒီနောက် ကမ္ဘောဒီးယားအသင်းက တိုက်စစ်ပြန်ဆင်လာပြီး မြန်မာဂိုးဧရိယာ အစပ်က အပြင်းကန်သွင်းရာ မြန်မာဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့လို့ ကမ္ဘောဒီးယားအသင်းက ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်ထားရပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာ ကမ္ဘောဒီးယားဘက်အခြမ်းက ပျက်လာတဲ့ ဘောလုံး မြန်မာကစားသမားတွေရပြီး အပေးအယူလုပ် ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကမ္ဘောဒီးယား ဂိုးသမား အနာခံပြီး ဖျက်ထုတ်ခဲ့လို့ အခွင့်အရေးတခု ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် ပထမပိုင်း ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်ပေးရာမှာ ကမ္ဘောဒီးယားအသင်းကပဲ တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ကြိုးစားရာမှ မြန်မာနောက်တန်း ကစားသမားတဦး ဖျက်ထုတ်ပုံကြမ်းတမ်းလို့ ပယ်နယ်တီ ကန်သွင်းခွင့် ပေးခဲ့ရပါတယ်။

အဲဒီပယ်နယ်တီကို ကမ္ဘောဒီးယားအသင်းက ကျောနံပါတ် ၁၁ ကန်သွင်းခဲ့ရာ မြန်မာဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကမ္ဘောဒီးယားက ပိတ်သွင်းဖို့ကြိုးစားရာ မြန်မာဂိုးသမား ဖျက်ထုတ်ကာကွယ်ခဲ့ပေမယ့် ဖျက်ထုတ်ပုံ ကြမ်းတမ်းလို့ ဒုတိယအကြိမ် ပယ်နယ်တီ ပေးခဲ့ရပါတယ်။

အဲဒီပယ်နယ်တီကို ကမ္ဘောဒီးယားအသင်းက အပိုင်ကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုး သွင်းယူသွားလို့ ပထမပိုင်းအပြီးမှာ ကမ္ဘောဒီးယားက မြန်မာကို ၂-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

ဒုတိယပိုင်းပွဲစပြီး မြန်မာအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ကမ္ဘောဒီးယား ကစားသမားတွေ ဖျက်ထုတ်ကာကွယ်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ပွဲချိန် ၅၁ မိနစ်မှာ မြန်မာအသင်းက ကမ္ဘောဒီးယားကွင်း တ၀က်လောက်မှာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့ပြီး ကျောနံပါတ် ၂၁ ကန်သွင်းချက်ကောင်းပေမယ့် ကမ္ဘောဒီးယားဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့လို့ ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်။

အဲဒီထောင့်ကန်ဘောကတဆင့် မြန်မာအသင်းက ကျောနံပါတ် ၂၂ သီဟဇော် ကန်သွင်းပြီး မြန်မာအသင်းအတွက် ပထမချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘောဒီးယားအသင်းက တိုက်စစ်ဆင်လာပြီး မြန်မာဂိုးဧရိယာ ဘယ်ခြမ်းက ဂိုးရှေ့ကန်တင်ပေးတဲ့ဘောလုံးကို ကမ္ဘောဒီးယား တိုက်စစ်မှူး မြန်မာနောက်ခံလူ ၂ ယောက်နဲ့ ယှဉ်ပြီး ခေါင်းတိုက်ဂိုး သွင်းယူသွားခဲ့လို့ ကမ္ဘောဒီးယားက ၃-၁ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ကမ္ဘောဒီးယားအသင်းဟာ နောက်တဆင့်တက်ဖို့ အခွင့်အရေး မရှိတော့ပေမယ့် ဒီနေ့ပွဲမှာ မြန်မာအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားသွားပေမယ့် မြန်မာအသင်းကတော့ အရင်ပွဲတွေက ခြေစွမ်းမျိုးမတွေ့ရဘဲ တိုက်စစ်ဆင်ရာမှာလည်း အနည်းငယ် လွဲချော်နေပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ မြန်မာအသင်းက အပေးအယူလုပ်ပြီး ကမ္ဘောဒီးယား ဂိုးဧရိယာ ညာဘက် မလှမ်းမကမ်းကနေ တိုက်စစ်မှူး ကောင်းဆက်နိုင် အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းခဲ့ပေမယ့် ကမ္ဘောဒီးယား အသင်းကလည်း အတင်းဖျက်ထုတ် ကာကွယ်ထားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲ ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ တိုက်စစ်ဆင် ဂိုးသွင်းမှုတွေကို ကမ္ဘောဒီးယား ဂိုးသမားနဲ့ နောက်တန်းကစားသမားတွေ အနာခံပြီး ကာကွယ်ဖျက်ထုတ်လို့ မြန်မာအသင်း ချေပဂိုး သွင်းယူဖို့ ခက်ခဲခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ကမ္ဘောဒီးယားဂိုး ညာဘက်ခြမ်းကနေ မြန်မာအသင်း ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရပြီး ကန်ချက်ကောင်းခဲ့ပေမယ့် ကမ္ဘောဒီးယား ဂိုးသမား ပုတ်ထုတ်ကာကွယ်ထားနိုင်ခဲ့ပါတယ်။

ဒီနောက် နှစ်ဖက်အသင်း ကစားသမားတွေ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဘောလုံးအပျက်များပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ပွဲချိန် ၈၄ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၂၀ ရှိုင်းသူရ ကမ္ဘောဒီးယား ကစားသမားနဲ့ ထိခိုက်မိပြီး အနည်းငယ် ဒဏ်ရာရသွားခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ ကမ္ဘောဒီးယား ဂိုးဧရိယာအစပ်က မြန်မာကစားတဦး ထိုးပေးလိုက်တဲ့ဘောလုံးကို ကျောနံပါတ် ၉ တိုက်စစ်မှူး ကောင်းဆက်နိုင် အပိုင်ကန်သွင်းပြီး ဒုတိယချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ်ရဲ့ ပထမဆုံး ၁ မိနစ်မှာပဲ မြန်မာအသင်းက ဒုတိယချေပဂိုး သွင်းယူပေးခဲ့တဲ့ ကောင်းဆက်နိုင် ကမ္ဘောဒီးယား ဂိုးဘယ်ခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို ကျောနံပါတ် ၅ စည်သူအောင် အပြင်းကန်သွင်းပြီး ချေပဂိုးသွင်းယူပေးလို့ ၃ ဂိုးစီ သရေကျသွားပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ် သေဆုံးမှုအပေါ် သရုပ်ဆောင် မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့  ၁၇ ကြိမ်မြောက်ရုံးချိန်းမှာ  ရန်ကုန်အနောက်ပိုင်းခရိုင် တွဲဖက်ခရိုင်တရားသူကြီး ၃ ဒေါ်ကြည်ကြည်စိန်က ဆုံးဖြတ်ချက်ချလိုက်တာပါ။

နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ မှုခင်းဆေးစစ်ချက်တွေအပေါ် အခြေခံပြီး ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်လိုက်တာလို့ သိရပါတယ်။

ဇွန် ၈ ရက်နေ့က ပြုလုပ်တဲ့ရုံးချိန်းမှာ တရားလိုရှေ့နေက ပုဒ်မ ၃၀၂ နဲ့ စွဲဖို လျှောက်လဲချက်တင်ခဲ့ပြီး မင်းအုပ်စိုးရဲ့ရှေ့နေက တရားစွဲဆိုခံရသူဟာ ပုဒ်မ ၃၀၂-၁- (က)၊ (ခ)၊ (ဂ) တို့နှင့် ငြိစွန်းခြင်းမရှိဘဲ ပုဒ်မ ၃၀၂-၂ နဲ့ စွဲချက်တင်ရင် အမှုဆက်လက်ရင်ဆိုင်သွားမယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။

သေဆုံးသူမတေးနုယဉ်ရဲ့အစ်မဖြစ်သူ မသင်းသင်းမူကတော့ “သူ့ပြစ်မှုအတိုင်း မှန်မှန်ကန်ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ဒီဟာကို တို့ကတော့ တသက်တကျွန်း ထိ ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ ဒါကကြိုတင်ကြံစည်မှုပဲလေ” လို့ ပြောပါတယ်။

သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်ဟာ ၂၀၁၄ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက သရုပ်ဆောင် မင်းအုပ်စိုးရဲ့နေအိမ်မှာ ရင်ဘတ်၊ မျက်နှာနဲ့ ကျောဘက်တွေမှာ အညိုအမည်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းအုပ်စိုးကို ၂၀၁၅ ဇန်န၀ါရီ ၂၂ ရက်ကစပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုဒ်မ ၃၀၂ (၂) နဲ့ လာမယ့်ဇွန်လ ၁၇ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

 By အာကာ (ဒီဗွီဘီ)
http://burmese.dvb.no


 သရပါမဂ္ဂဇင်းအယ်ဒီတာဖြစ်သူ တေးနုယဉ်ကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသော ရုပ်ရှင်သရုပ် ဆောင်ဒါရိုက်တာ မင်းအုပ်စိုးအား ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ပုဒ်မ၃၀၂ (၂)ဖြင့် စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

အနောက်ပိုင်းခရိုင်တရားရုံးမှ တွဲဖက်တရားသူကြီးက မင်းအုပ်စိုးအား အပြစ်ရှိလားဟုမေးမြန်းရာတွင် မင်းအုပ်ဆိုးမှအပြစ်မရှိပါဟု ထွက်ဆိုသည့်အတွက် လိုပြသက်သေ ၁၄ဦးထဲမှ သက်သေ၃ဦးကို လာမည် ဇွန်လ ၁၇ရက်နေ့တွင် ပြန်လည်ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ တေးနုယဉ်၏ညီမ၀မ်းကွဲတော်စပ်သူ မသင်းသင်းမူက”အမူမှန်ပေါ်ပေါက်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်။ မှန်မှန်ကန်ကန်ပဲဖြစ်စေချင်တယ်။ ငွေများငွေနိုင် မဖြစ်စေခြင်ဘူး။ တကယ်ဆိုရင် ထောင်ဒဏ်တသက်တကျွန်းထိကျစေချင်တယ်ဟု။” News Watch သို့ ပြောသည်။

သေးဆုံးသွားခဲ့သူ မတေးနုယဉ်သည် မင်းအုပ်စိုးနှင့်ဆွေမျိုးသားချင်း တော်စပ်မှုမရှိကြောင်းနှင့် ဖြစ်ပွားခဲ့သည့်လူသတ်မှုကို အမှန်တိုင်းပေါ်ပေါက်စေလိုကြောင်း တေးနုယဉ်၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအား ပြောကြားခဲ့ဖူးသည်။

မင်းအုပ်စိုးသည် တေးနုယဉ်ကို ၎င်း၏အခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် တေးနုယဉ်သည်ကုတင်ပေါ်၌ မျက်နှာနှင့် ဦးခေါင်းတို့၌ ဖူးရောင်ဒဏ်ရာများ၊ ၀မ်းဗိုက်နှင့်ကျောကုန်းတို့တွင် ညိုမဲသွေးစို့ဒဏ်ရာများ၊ မျက်လုံးနှစ်ဖက်၌ ညိုမဲဒဏ်ရာများနှင့် လည်ပင်း၌ပွန်းပဲ့ဒဏ်ရာများရရှိကာ သေးဆုံးသွားခြင်းဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်းမှ သိရသည်။

မင်းအုပ်စိုးကို စွဲချက်တင်ထားသော ပုဒ်မ ၃၀၂(၂)သည် ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ကြောင်း သိရသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဓာတ်ပုံ - manager.co.th

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်တွင်း တဘက်နိုင်ငံက လူတွေကို တရားမ၀င်သည်ဆောင်လာတဲ့ကိစ္စမှာ ဂိတ်စောင့် စစ်တပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ ပါဝင်တယ်လို့  naewna  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူ မြန်မာ ၇ ဦး နဲ့  ပွဲစားတဦးကို ဖမ်းမိတာနဲ့ ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့က ဌာနဆိုင်ရာ အစည်းအဝေးကျင်းပစဉ် ကန်ချနပူရီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တာပါ။

ဓာတ်ပုံ - manager.co.th

ဒီမတိုင်ခင် ဇွန် ၇ ရက်နေ့က ကန်ချနပူရီမြို့နယ် ဘန့်ကောင်နဲ့ ဖူးနမ့်ရွန့်သွား တောလမ်းတနေရာမှာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာသူ ၇ ဦးနဲ့ သူတို့ကို ကားနဲ့တင်ဆောင်လာတဲ့ အသက် ၃၅ နှစ်ရွယ် မြန်မာနိုင်ငံသား ကိုဝင်းဆိုသူကို နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုဝင်းရဲ့ ဖွင့်ဟ၀န်ခံချက်အရ သူတို့ဟာ ထီးခီးဂိတ်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ၀င်ခဲ့ကြောင်း၊ ခွင့်ပြုဧရိယာထက် ကျော်လွန်တဲ့အခါ ကန်ချနပူရီကို ရောက်ဖို့ အငှားဆိုင်ကယ်နဲ့ရော၊ ကားနဲ့ပါ လွှဲပြောင်းတင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သယ်ဆောင်ရာ လမ်းတလျှောက်မှာ  စစ်ဆေးရေးဂိတ်တွေ၊ အာဏာပိုင်တွေကို အဆင့်ဆင့် ငွေပေးခဲ့ရတယ်လို့ ပြောတဲ့အတွက် အဲဒီဝန်ထမ်းတွေကိုပါ စုံစမ်းစစ်ဆေး အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဇွန် ၉ ရက်နေ့ အစည်း အဝေးမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ပူရီခရိုင်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ပြီး တဦးကို ဘတ် ၆၀၀၀ ဆီ ကိုဝင်းကို ပေးရမှာဖြစ်ကြောင်း၊  အဲဒီငွေတွေကို ဆူဖန်ပူရီရောက်တဲ့ခါ လုပ်ငန်းရှင်က  ပေးချေမှာဖြစ်ကြောင်း၊  ကိုဝင်းက  ဆိုင်ကယ်တင်ခ တဦး ဘတ် ၁၂၀၀ စီ အရင်ပေးချေထားပြီး ဆိုင်ကယ်သမားတွေကလည်း  ဘန့်ကောင်ကျေးရွာအုပ်စု နယ်မြေ ၁ အုပ်ချုပ်ရေးမှူးကို တဦး ဘတ် ဘတ် ၂၀၀ စီ ပြန်ပေးရတယ်လို့ ကိုဝင်းက တာဝန်ရှိသူတွေရဲ့ စစ်မေးချက်တွေကို ဖြေကြားသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ နေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၀ ရက်နေ့ မနက်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယင်းသည် သူမအတွက် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထူးစိတ်ဝင်စားလျက်ရှိပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘေကျင်းက ထားရှိသည့် သဘောထားကို သိမြင်ခွင့် ရရှိကြမည်ဖြစ်သည်။

အင်္ကျီအဖြူဝတ်ဆင်၍ ပန်းရောင်ပ၀ါ စလွယ်သိုင်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ၀န်းရံ၍ လေဆိပ်မှအထွက် အနက်ရောက်ကားတစီးဖြင့် ထွက်ခွာသွားကြောင်း AFP မှ သိရသည်။

အနောက်အုပ်စုက ပိတ်ဆို့ထားသည့်ကာလတလျောက် ဘေကျင်းသည် မြန်မာစစ်အစိုးရအပေါ် တောက်လျောက် ကျောထောက်နောက်ခံပေးခဲ့သည်။

တရုတ်က စစ်အုပ်စုကို ကျောထောက်နောက်ခံပေးခဲ့သည့် ဖြစ်စဉ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးခံလိမ့်မည် မဟုတ်ကြောင်း သြစတြေးလျအမျိုးသားတက္ကသိုလ်မှ မြန်မာအရေးကျွမ်းကျင်သူ Nicholas Farrelly က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ရွေးကောက်ပွဲ အနိုင်ရရှိဖို့ကိုပဲ အာရုံစိုက်နေတာပါ။ ဒီခရီးစဉ်အပေါ် သူမအနေနဲ့ လက်တွေ့ကျကျပဲ ရှုမြင်မှာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို ဦးစားပေးမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့အနာဂတ်မှာ တရုတ်က ဘယ်လောက်အရေးပါတယ်ဆိုတာ သူမ သိပါတယ်။”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြုနစ်ပါတီ၏ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ၀န်ကြီးချုပ် လီကာကျန်းတို့နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှိနေစဉ်အတွင်း နိုင်ငံတော်ဧည့်ဂေဟာတွင် တည်းခိုမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော လပိုင်းအတွင်းက တရုတ်-မြန်မာနယ်စပ်တွင် အစိုးရစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး အနည်းငယ် အေးခဲသွားခဲ့ရသည်။

တရုတ်အစိုးရအာဘော်သတင်းစာ Global Times က အယ်ဒီတာ့အာဘော်တွင် မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဝေဖန်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေး သွားစေသည်ဟု ရေးသားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (Credit: Audience Submitted) 
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒီမနက် ​အစောကြီးမှာပဲ ​တရုတ်နိုင်ငံဆီကို ​ထွက်ခွာသွားပြီ ​ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံဆိုင်ရာ ​တရုတ်သံမတ်ကြီးအပါအဝင် ​NLD ​ပါတီက ​အကြီးအကဲတွေက ​လေဆိပ်အထိ ​လိုက်ပါ ​ပို့ဆောင်ခဲ့ကြပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​တရုတ် ​အစိုးရ ​ဖိတ်ခေါ်တာက ​မသက်မသာ ​ခံစားရမှာ ​ဖြစ်တယ်လို့ ​သုံးသပ်ကြပါတယ်။

အကြောင်းရင်းကတော့ ​နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​Liu ​Xiaobo ​ကို ​တရုတ်အစိုးရက ​ထောင်ချထားသလို၊ ​နိုင်ငံရေး ​လှုပ်ရှားသူကိုလည်း ​နှိမ်နင်းမှုတွေ ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​Liu ​Xiaobo ​ကိစ္စကို ​တရုတ်အစိုးရအပေါ် ​ဖိအားပေးဖို့ ​လှုပ်ရှားသူတွေက ​တိုက်တွန်းထားပြီး ​ဒေါ်အောင်ဆန်းစုကြည်ကသာ ​တရုတ်အစိုးရကို ​တကယ် ​တိုက်တွန်းမှု ​လုပ်မယ်ဆိုရင် ​တရုတ်အစိုးရအတွက် ​အရှက်ရစရာ ​ဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။

ဇွန်လ ​၁၀ ​ရက်ကနေ ​၁၄ ​ရက်အထိ ​ကြာမယ့် ​တရုတ် ​ခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​တရုတ်သမ္မတ ​ရှီကျင်ပင်း၊ ​ဝန်ကြီးချုပ် ​လီခါချန်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပေမယ့် ​ပြည်သူတွေနဲ့ ​တွေ့ဆုံမှု ​ရှိမရှိဆိုတာကိုတော့ ​မသိရသေးပါဘူး။

မြန်မာ ​လက်နက်ကြီးတွေ ​တရုတ်နယ်စပ်ထဲ ​ကျရောက်တဲ့အပေါ် ​တရုတ်အစိုးရက ​မကျေနပ်တာတွေ၊ ​အနောက်တိုင်း ​နိုင်ငံတွေက ​မြန်မာ ​အစိုးရနဲ့ ​ရင်းနှီးလာတဲ့အပေါ် ​စိုးရိမ်မှုတွေကြောင့် ​တရုတ်အစိုးရက ​အတိုက်အခံ ​ပါတီ ​ခေါင်းဆောင်နဲ့ ​ရင်းနှီးမှု ​ရယူတဲ့အနေနဲ့ ​ဖိတ်ခေါ်တာ ​ဖြစ်မယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးကတော့ ​ဒီခရီးစဉ်ကြောင့် ​မြန်မာနဲ့ ​တရုတ်နိုင်ငံအကြား ​နားလည်မှုတွေ၊ ​ယုံကြည်မှုတွေ ​ပိုတိုးလာဖို့ ​မျှော်လင့်ကြောင်း ​ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ​လွှတ်တော် ​ကိုယ်စားလှယ် ​ဖြိုးဇေယျာသော်၊ ​ဦးဖြိုးမင်းသိန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​ရုံးတာဝန်ခံ ​ဒေါက်တာ ​တင်မာအောင်တို့လည်း ​လိုက်ပါသွားတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မားစ်ရောဂါ လူနာသစ်တွေ ထပ်တိုးတဲ့ နှုန်း ကျဆင်းလာတယ်လို့ ဆို။ 
တောင်ကိုရီယား နိုင်ငံမှာ မားစ် ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတာကို စိုးရိမ်နေကြတဲ့ အတောအတွင်းမှာ တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟေးလ်က အမေရိကန်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ သူ့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

မားစ်ရောဂါကြောင့် နောက်ထပ် ၂ ဦး ထပ်မံ သေဆုံးပြီး လူနာ အသစ် ၁၃ ယောက် ထပ်မံ တွေ့ရှိကြောင်း အတည်ပြုခဲ့ အပြီးမှာ သမ္မတ ရုံးက အခုလို ခရီးစဉ် ရွှေ့ဆိုင်းတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အခုဆို တောင်ကိုရီးယားမှာ ဒီရောဂါကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပြီး ဖြစ်ကာ၊ ရောဂါ ဖြစ်ပွားသူပေါင်း ၁၀၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ လူ ၃ ထောင် နီးပါးကိုလည်း တခြား သူတွေနဲ့ ထိတွေ့ခွင့် မပေးဘဲ သီးသန့် ခွဲခြား စောင့်ကြည့် နေရပါတယ်။

ပြီးခဲ့တဲ့ လက တောင်ကိုရီးယား နိုင်ငံသား တစ်ယောက် ဆော်ဒီအာရေဗျကို ခရီးထွက်ခဲ့စဉ် မားစ် ရောဂါ ကူးစက် ခံခဲ့ရပြီး ရောဂါ ပြန်ပါလာရာကနေ တောင်ကိုရီးယားမှာ ဒီရောဂါ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ တောင်ကိုရီးယားရဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေ နှေးကွေးတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

သက်ဆိုင်ရာ အရာရှိတွေကတော့ ရောဂါ ပြန့်ပွားတာကို ထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်သေးပေမယ့် လူနာ အသစ်တွေ တွေ့လာရတဲ့ နှုန်းက ကျဆင်းလာတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရထားဘူတာမှာ ပိုးသတ်ဆေး ဖျန်းနေတဲ့ အလုပ်သမားများ (Credit: Reuters)
တောင်ကိုရီးယားနိုင်ငံမှာ ​MERS ​ရောဂါကြောင့် ​သေဆုံးသူ ​၉ ​ယောက်ရှိသွားပြီး ​လူပေါင်း ​၁၀၈ ​ယောက် ​ကူးစက်ခံနေရပြီ ​ဖြစ်ပါတယ်။

လူပေါင်း ​ထောင်နဲ့ချီကို ​သီးသန့်ခွဲထားပြီး ​ရောဂါလက္ခာဏာ ​အခြေအနေ ​စောင့်ကြည့်နေသလို ​ရောဂါ ​ကူးစက်မှုကို ​ကြိုတင် ​ထိန်းသိမ်းတဲ့အနေနဲ့ ​စာသင်ကျောင်း ​ထောင်နဲ့ချီကိုလည်း ​ပိတ်ချထားပြီ ​ဖြစ်ပါတယ်။

မားစ်ရောဂါက ​ဘာကြောင့် ​အလျင်အမြန် ​ကူးစက်နေသလဲ ​ဆိုတာကို ​သိရဖို့ ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​တောင်ကိုရီးယား ​အစိုးရနဲ့ ​ပူးပေါင်းပြီး ​လေ့လာမှုတွေ ​လုပ်နေပါတယ်။

သြစတြေးလျနိုင်ငံမှာရော ​မားစ်ရောဂါကို ​ကာကွယ်ဖို့ ​လုပ်ဆောင်နေကြပြီလား ​ဆိုတာကို ​မေးခွန်းထုတ်နေကြပါတယ်။
သြစတြေးလျက ​ကြိုတင်ပြင်ဆင်ထားပြီလို့ဆို

သြစတြေးလျနိုင်ငံ ​ကျန်းမာရေး ​အာဏာပိုင်တွေကတော့ ​အကောင်းဆုံး ​ပြင်ဆင်မှုတွေ ​လုပ်ထားပြီလို့ ​တုန့်ပြန်ထားပါတယ်။

လေဆိပ်တွေမှာ ​မားစ်ရောဂါအကြောင်း ​ပညာပေး ​စာစောင်တွေ ​ဖြန့်ထားသလို၊ ​ဆေးခန်း ​လာပြတဲ့ ​လူနာတွေ ​ဘယ်နေရာမှာ ​သွားလာခဲ့ကြသလဲ ​ဆိုတာကို ​မေးဖို့ ​ဆရာဝန်တွေကို ​ညွှန်ကြားထားပြီလို့ ​ပြောပါတယ်။

မားစ်ရောဂါဟာ ​ဆော်ဒီအာရေးဗီးယား ​နိုင်ငံကနေ ​စတင်တဲ့ ​ရောဂါဖြစ်ပြီး ​ကုလားအုပ်ကနေ ​လူကို ​ကူးစက်တဲ့ ​ရောဂါ ​ဖြစ်ပါတယ်။

ရောဂါ ​လက္ခာဏာတွေကတော့ ​အဖျားပြင်းထန်တာတွေ၊ ​အသက်ရှု ​မဝတာတွေ ​ပါဝင်ပြီး ​နိုင်ငံပေါင်း ​၁၅ ​နိုင်ငံမှာ ​ပျံ့နှံ့နေတဲ့ ​ရောဂါ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မြန်မာနိုင်ငံမှာ ငွေဈေးကျနေပြီး ဒေါ်လာဈေးတွေ တရိပ်ရိပ်တက်နေတာဟာ အစိုးရအသုံးစရိတ်များပြီး လိုပြငွေရဲ့ နောက်ပိုင်းမှာ ငွေစက္ကူအသစ်တွေ ထပ်ထုတ်တာကြောင့် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေအတွက် ငွေပေးချေရာမှာ မြန်မာငွေနဲ့ပဲပေးဖို့ ဗဟိုဘဏ်ရဲ့လုပ်ဆောင်မှုကနေ မြန်မာငွေ လိုအပ်ချက်များအောင် ဖန်တီးနိုင်တယ်လို့လည်း မြင်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးတွေ တရိပ်ရိပ်တက်လာနေတာဟာ ၂၀၁၅ ခုနှစ်မှာ အစိုးရအသုံးစရိတ် သိပ်များနေတဲ့အတွက် လိုငွေပြလာနေတာကြောင့် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

“အရင်က ဒေါ်လာဈေးတက်ရင် အများအားဖြင့်တော့ အစိုးရက ရိုက်လိုက်တာကြောင့် ဖြစ်တာမျိုးရှိပါတယ်။ အခုဟာကတော့ အဲဒါထက် ငွေကြေးကိုက ပွလာတာပါ။ ၂၀၁၅ ခုနှစ်မှာ လိုငွေပြတာပေါ့ Deficit က မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၃၈၀၀ လောက် လိုငွေပြတာပေါ့။ အဲဒါကလည်း ခုနက ဟို ၀န်ထမ်းတွေ လစာပေးလိုက်တာ ကျပ် ဘီလီယံပေါင်း ၂ သောင်း ၂ ထောင့် ၉၀၀ လို့ ကြားတယ်ပေါ့။ အဲဒီတော့ လိုငွေကို သူတို့ ဖြည့်ရမယ်လေ။ ဘယ်ကနေ ဖြည့်မလဲ။ ဒေါ်လာဝယ်ထည့်မလား။ ငွေစက္ကူလှိမ့်ထုတ်ပြီး ဖြည့်မလား။ အဲဒီလို မေးတဲ့အချိန်မှာ လက်တွေ့ သက်သေ အထောက်အထား တွေ့တာကတော့ ၁ သောင်းတန် ကျပ်ငွေ စက္ကူတွေကို ထုတ်တယ်ဆိုတာ Security ကို အကြောင်းပြပြီး ထုတ်တယ်ဆိုတာလည်း သက်သေအဖြစ် တွေ့ရတယ်လေ။ အဲဒါကြောင့် ကျပ်ငွေတွေ ဖောင်းပွလာတာလေ inflation ဖြစ်ပါတယ်။ Inflation ဖြစ်ရင် ထုံးစံအတိုင်း ဒေါ်လာတန်ဖိုးတက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျတာလည်း ဖြစ်နိုင်ပါတယ်။”

ဒီလိုငွေစက္ကူအသစ်တွေ ထပ်ထုတ်ပြီး ဖြေရှင်းတာမျိုးကို အရင်က မကြာခဏ လုပ်လေ့ရှိပါတယ်။ ဒီလိုအသစ်တွေ ထပ်ထုတ်တိုင်း ကုန်ဈေးနှုန်းက ပိုပိုပြီး တက်သွားတတ်တာမို့ ဒီလိုနည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ဆိုပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ ဘယ်လုပ်ငန်းအတွက်ကိုမဆို ငွေပေးချေရင် ကျပ်ငွေနဲ့ ပေးချေရမယ်လို့ ဗဟိုဘဏ်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ကျင့်သုံးတဲ့စနစ်မို့ ဒေါ်လာကို ဦးစားပေးသုံးစွဲတဲ့ အလေ့အကျင့် လျော့ပါးစေပြီး မြန်မာငွေလိုအပ်ချက် တိုးလာစေနိုင်တယ်လို့ ထောက်ပြပါတယ်။

“အဲဒါက နိုင်ငံတကာရဲ့ Practice အမှန်ပါ။ ဗမာပြည်တခုတည်း ဟိုတယ် Fee တွေကို ပေးချေလို့ရှိရင် ဒေါ်လာနဲ့ပေးရတယ်။ နောက်ပိတ်ဆုံး Taxi charges လေး ပေးတာတောင်မှ ဒေါ်လာနဲ့မှယူတာမျိုးတွေ ရှိနေတယ် ဒီမှာက။ လိုင်စင်နဲ့တင်ထားတဲ့ ကားတွေဆိုရင် ဒေါ်လာနဲ့တောင်းတယ်။ အခု ဒေါ်လာတွေက သိပ်ပြီးတော့ Demand တွေ များလွန်းအားကြီးတော့ ပြည်တွင်းမှာ ဘယ်လုပ်ငန်းပဲ ပေးချေပေးချေ ကျပ်ငွေနဲ့ ပေးချေရန်ဆိုပြီးတော့ အဲလိုမျိုး နိုင်ငံတကာ Practice အတိုင်း ညွှန်ကြားတယ်လို့ သဘောပေါက်ပါတယ်။ အဲဒါ မှန်တယ်လို့မြင်ပါတယ်။”

လက်ရှိ မြန်မာငွေလဲနှုန်း ကျဆင်းနေတာအတွက် ဗဟိုဘဏ်က ဒေါ်လာကို ကျားကန်ပေးတာမျိုးဖြစ်စေ၊ ငွေဈေးကစားသူတွေကို အရေးယူတာမျိုးဖြစ်စေ လုပ်ပြီး ဖြေရှင်းနိုင်မယ်လို့လည်း စီးပားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

“ဗဟိုဘဏ်က ခုနကပြောသလို သူတို့ နည်းမျိုးစုံသုံးရမယ့် သဘောမျိုးရှိတာပေါ့။ ၂၀၁၄ ခုနှစ်တုန်းက စက်တင်ဘာလမှာ စပြီးတော့ ဒေါ်လာဈေးတွေတက်တယ်။ ကျပ်ငွေတွေ ဈေးကျတော့ ၉၇၀ ကနေ ၉၉၀ လည်းဖြစ်ရော ဗဟိုဘဏ်ကနေပြီးတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၃၀၀ မီလီယံ ထုတ်ပြီးတော့ ပုဂ္ဂလိကဘဏ်ကို ရောင်းချပေးပြီးတော့ ကျားကန်ပေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဒေါ်လာကျသွားတယ် ဆက်မတက်တော့ဘူး။ အခုလည်း အကယ်၍များ နိုင်ငံတော်မှာ ဒါမှမဟုတ် ဗဟိုဘဏ်မှာ ဒေါ်လာရှိလို့ရှိရင် ဒေါ်လာနဲ့ ပုဂ္ဂလိကဘဏ်တွေကို ရောင်းပေးလိုက်မယ်ဆိုရင် ဒေါ်လာငွေ ပြန်ကျနိုင်ပါတယ်။ နောက်တနည်းလမ်းရှိတာကတော့ အခုဟာ Speculator တွေက ဈေးကစားလို့ အဲဒါ အရေးယူတဲ့အဆင့်ရောက်မှာပဲ ကျမှာပေါ့။”

မကြာသေးခင်က မြ၀တီဘက်မှာ ဒေါ်လာငွေ ၂ သန်းဖမ်းမိခဲ့ပြီး ဒီလိုငွေဈေးကစားသူတွေ မှောင်ခိုတဲ့သူကို ဖမ်းမိတာတွေရှိသလို ဖမ်းမမိဘဲ လှုပ်ရှားနေတာတွေလည်း ရှိနေတာမို့ ငွေမှောင်ခိုလက်ကြီးသမားတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်မှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက် အရ NLD ပါတီဝင် ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ အခုလို သွားရောက်တာပါ။

ဇွန်လ ၁၄ရက်နေ့အထိ ၅ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အရင် မြန်မာ အစိုးရတွေနဲ့ရော၊ လက်ရှိ အစိုးရနဲ့ပါ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတဲ့ တရုတ်အစိုးရက ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားခဲ့တာဟာ တရုတ်နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေး မူဝါဒကြောင့် ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အနိုင်ရခဲ့ရင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့ နိုင်ငံရေးမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာ နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တရုတ်မြန်မာ ဆက်ဆံရေး အကြောင်း လေ့လာ စောင့်ကြည့်သူတဦး ဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံကို သွားမယ့် ဒေါ်အောင်ဆန်း စုကြည်ကို တရုတ် သံအမတ်ကြီး လေဆိပ်မှာ ပို့ဆောင် နှုတ်ဆက် 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံတွင်းမှာ အတော်လေး စိတ်ဝင်တစား ရှိကြတာ တွေ့ရပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ထုတ် တရုတ် အစိုးရပိုင် Global Times သတင်းစာ အာဘော်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် ရပ်တည်မှု သဘောထားနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မျှော်လင့်ချက် ထားနေတဲ့ ပုံ ဖေါ်ပြထားတာ တွေ့ရပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး မြန်မာအစိုးရဟာ လူမှုအသိုင်းအဝိုင်းပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုနှစ်ပိုင်းတွေ အတွင်းမှာ တရုတ်နိုင်ငံအပေါ် အပြုသဘော ပြောလာတာ တွေ့ရတယ်။ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေကောင်းတဦး ဖြစ်လာမယ် ဆိုပြီး တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

လောလောဆယ်မှာတော့ တရုတ်အစိုးရရဲ့ တရားဝင် သတင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးပါတဲ့ နိုင်ငံရေး ပုဂ္ဂိုလ်တဦး အနေနဲ့သာ ညွှန်းဆိုထားပြီး နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်ခံခဲ့ရတာ၊ နှစ်ရှည်လများ အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရတာတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောမထားပါဘူး။

ဒါပေမယ့်လည်း တရုတ်ပြည်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာကို ဆန့်ကျင်သူ ဖြစ်တယ်လို့ ဖေါ်ပြထားသလို အကျဉ်းကျခံခဲ့ဖူးတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တဦး တရုတ်နိုင်ငံကို လာလည်တဲ့အချိန်မှာ နောက်ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်တဲ့ တရုတ်လူမျိုး လူရှောင်ဘိုကတော့ အကျဉ်းကျခံနေရဆဲပဲလို့ ဝေဖန် ရေးထားပါတယ်။

နောက်တနေရာမှာတော့ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လေသံတွေ တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက အခုလို ဖိတ်ကြားခဲ့တဲ့အတွက် မြန်မာအစိုးရတော့ အတော်ကြီးအထိနာသွားမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရအပေါ် သွေးတိုးစမ်းဖို့ တရုတ်အစိုးရအတွက် အခွင့်ကောင်းပဲလို့ ရေးထားပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားခဲ့တာဟာ တရုတ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို အလေးထားလာပြီ ဆိုတဲ့ သဘောလို့တော့ မယူဆနိုင်ပါဘူး ဆိုပြီး တယောက်က မှတ်ချက်ချထားတာ တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရုတ်နိုင်ငံခြားရေးဌာနက ကန့် ကွက်ချက်တွေ ရှိနေသော်လည်း တရုတ်သမ္မတ ဇီကျန်ပင်း က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ အလည်လာရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဌာနက သမ္မတဇီကို တရုတ်နိုင်ငံသို့  ဒေါ်အောင်ဆန်းစုကြည် လာဖို့ အချိန်ကောင်းမဟုတ်သေးကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ သို့ သော် သမ္မတဇီက အဆိုပါ အကြံပေးချက်ကို လက်မခံပဲ ကွန်မြူ နစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကို ဖိတ်ခေါ်မှုကို လုပ်ဆောင်စေခဲ့သည်ဟု တရုတ်သတင်းဌာနအချို့ က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန၏ မြန်မာနယ်စပ်ပြသာနာအရေးနှင့်ပတ်သက်သော ကိုင်တွယ်ပုံကို တရုတ်သမ္မတက အလိုမကျဖြစ်နေပါသည်။

Shanghaiist.com က တရုတ် လူမှုရေးသိပ္ပံပညာရှင် ဇူလူပင်၏ အောင်ဆန်းစုကြည် ခရီးစဉ်နှင့်ပတ်သတ်ပြီး အမြင်ကို မေးမြန်းထားပါသည်။ သူက တရုတ်ခေါင်းဆောင်များ သည် ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးအတွက် မြန်မာကို တည်ငြိမ်သော နေရာဖြစ်အောင် ကြိုးပမ်းသည့် နည်းလမ်းကို ရှာဖွေနေသည်ဟုဆိုပါသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ရွှေးကောက်ပွဲမှာ အနိုင်ရမည်ဆိုပါက နှစ်နိုင်ငံအကြားက ဆက်ဆံရေးသည် ပုံမှန်ပြန်ရောက်လာမည်ဟု သူကဆိုပါသည်.
ဒေါ်အောင်ဆန်းစုကြည်၏တရုတ်သို့ ခရီးစဉ်သည် အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုဟု တရုတ်မီဒီယာများက ယူဆကြပါသည်။

ချိုင်နားဒေလီသတင်းစာက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရိးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်လာစေနိုင်သည်ဟုဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို လူသိထင်ရှား လုပ်မည်လားဆိုသည့် အသေးစိတ်အချက်အလက်များကို တော့ တရုတ်နိုင်ငံက မပြောကြားသေးပါ။

" ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ပဋိပက္ခတွေကို အဆုံးသတ်ဖို့ သူ့ သြဇာကို ယူလာနိုင်ပါတယ်" ဟု ဂွမ်ဇူ ဂျနန်တက္ကသိုလ်က မြန်မာ့အရေးပညာရှင် လင်ဇီဇင်က ပြောပါသည်။

ထို့ ပြင် တရုတ်သမ္မတဇီအနေဖြင့် ယခုလို နိုင်ငံခြားက အစိုးရမဟုတ်သည့် ထင်ရှားသော အတိုက်အခံများကို တွေ့ ဆုံခြင်းသည် လုပ်ရိုးလုပ်စဉ်မဟုတ်ဟုဆိုပါသည်။

" ဘာပဲဖြစ်ဖြစ် သူ့ ကို အခုလို သည်ကိုခေါ်ပြီး မြန်မာနှင့်ပတ်သက်တဲ့ မူဝါဒကို ရှင်းပြခွင့်ရတာ ကောင်းပါတယ်" ဟု လင်ဇီဇင်က ပြောပါသည်။

တရုတ်အစိုးရ မီဒီယာများကတော့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မှုကို အမွှမ်းတင် ရေသား နေကြပါသည်။ တရုတ်အစိုးရ ကွန်မြူနစ်ပါတီ၏ သြဇာကြီးသော သတင်းစာတစောင်ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော ဂလိုဘယ်လ်တိုင်းမ် သတင်းစာ၏ အယ်ဒီတာအာဘော်ကလည်း အောင်ဆန်းစုကြည်သည် တရုတ်၏ မိတ်ဆွေကောင်းဖြစ်လာလိမ့်မည်ဟု ယုံကြည်သည်ဟု ရေးသားခဲ့ပါသည်။

အဆင်အလာအရ တရုတ်နိုင်ငံ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် မူဝါဒသည် တင်းမာလေ့ရှိပြီး သူမ၏ ဘ၀ဇတ်ကြောင်း ရုပ်ရှင် သည်လေဒီ ဇာတ်ကားကို တရုတ်နိုင်ငံတွင် ပြသခွင့် ပိတ်ပင်ခဲ့သည်။

ယခုအချိန်တွင် တရုတ်အစိုးရ၏ အာဘော် အလျင်အမြန်ပြောင်းလဲနေမှုကို မြန်မာ့အရေး လေ့လာသူများက မျက်ခြေမပြတ် ကြည့်ရှုလျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

လင်းလင်း
Ref - Xihua, Global Times, Chinatopix, Reuters, SCMP
The Ladies News Journal
https://www.facebook.com/News.TheLadies

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.