06/12/15

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ထားသူ တရုတ်သမ္မတ ရှီကျင့်ဖိန် နဲ့ တွေ့ဆုံပြီး တရုတ် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည်တံ့စေရေး အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်ရဲ့ စီးပွားရေးနဲ့ မြန်မာနဲ့ ဆက်ဆံရေးတို့ အပေါ်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်က အထောက်အကူ ဖြစ်မယ်လို့လည်း တရုတ် နိုင်ငံတွင်း မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် တို့ ဘေဂျင်းမြို့တော် က ပြည်သူ့ခန်းမကြီးမှာ ကြာသပတေးနေ့ နေ့ခင်းပိုင်း မှာ တွေ့ဆုံခဲ့ကြပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ မြန်မာတို့ သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့တာ ၆၅ နှစ်တိုင် ခဲ့သည့်တိုင် နှစ်နိုင်ငံကြား ရင်းနှီးမှုဟာ မပြောင်းလဲဘဲ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးအမြတ်တွေလည်း ခံစားခဲ့ကြ ရပြီး ဖြစ်ပြီးနှစ်နိုင်ငံကြား တည်ရှိနေတဲ့ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက် တည်တံ့ သွားစေချင်တဲ့ အကြောင်း တရုတ်သမ္မတ က ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့ပါတယ်။

မြန်မာပြည်တွင်း အခြေအနေတွေ ဘယ်လိုဘဲ အပြောင်းအလဲတွေ ရှိပါစေ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို မြန်မာဘက်က အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်မယ်လို့ တရုတ်ဘက်က မျှော်လင့် ယုံကြည်ထားတဲ့ အကြောင်းလည်း ပြောဆိုပြီး တရုတ်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ဗျူဟာမြောက် ရေရှည် ဆက်ဆံရေးကို အမြဲရှေးရှု ဆောင်ရွက်နေတဲ့ အကြောင်းလည်း တရုတ် သမ္မတက ပြောဆိုခဲ့ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ကြားမှာ လည်း အမြင်ချင်း ဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြန်မြန် ဆန်ဆန် တိုးတက် လာခဲ့ပြီး အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရုတ်နိုင်ငံ ကို ရောက်ရှိ လာခဲ့တဲ့ အပေါ် တရုတ်နိုင်ငံနဲ့ တရုတ် ကွန်မြူနစ် ပါတီတို့ အပေါ် ပိုပြီး နက်နက် ရှိုင်းရှိုင်း နားလည်လာပြီး နှစ်နိုင်ငံ အကြား၊ ပါတီ နှစ်ရပ် အကြား ဆက်ဆံရေးပိုပြီး ခိုင်မာလာဖို့လည်း သူ့အနေနဲ့ မျှော်လင့်ပါကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး သမ္မတ ရှီကျင့်ဖိန်က ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီနှစ်ရပ်ကြား နဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေး ပိုပြီး ခိုင်မာလာရေး အတွက် ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း တုန့်ပြန်ပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာန CCTV က ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားတဲ့ တရုတ် သမ္မတ ရှိကျင့်ဖိန်နဲ့ တွေ့ဆုံပြီး နောက်ထပ်လည်း ပါတီနဲ့ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟုန်လေးက ပြောဆိုခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန အကြီးအကဲ Wang Jiarui နဲ့ မနေ့က တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီကြား ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေရေး နှစ်ဘက်တို့ အမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် အပေါ်မှာ တရုတ်ပြည်သူတွေကြား မှာလည်း မျှော်လင့်ချက်တွေ ရှိနေတယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီက ဖိုးသံချောင်းက ပြောပါတယ်။

" တရုတ်ပြည်တွင်းက သတင်းတွေထဲမှာတော့ ဒီခရီးဟာထူးခြားတယ်ပေါ့လေ။ တရုတ်ပြည်ရဲ့ ဗမာပြည်ထဲမှာ စီးပွားရေး လုပ်ငန်း အပါအဝင် တခြား တရုတ်ပြည်နဲ့ ဗမာပြည်သူတွေရဲ့နီးစပ်အောင် ချဉ်းကပ်တဲ့နေရာတွေမှာ အထောက်အကူဖြစ် လိမ့်မယ်လို့ သူတို့က ယူဆကြပါတယ်။"

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်ကြောင့်တော့ မြန်မာပြည်သူတွေ အတွက် အကျိုးအမြတ် ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုသေးတယ်လို့လည်း ဖိုးသံချောင်းက ရှုမြင်ပါတယ်။

"ကျနော့်အမြင်ကတော့ ဒီဟာက တရုတ်ပါတီအနေနဲ့ ဗမာပြည်ထဲမှာ သူ့ရဲ့ပုံရိပ်ကောင်းအောင် ကြိုးစားမှု တခုလို့ပဲထင်ပါတယ်။ ဗမာပြည်သူတွေအတွက် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အတွက် ထူးခြားတဲ့ သက်ရောက်မှုရှိမလားလို့ ဆိုတော့ ကျနော်ထင်တယ် သိပ်များများစားစား မရှိနိုင်ဘူးလို့ ထင်တယ်။ စောင့်ကြည့်ကြသေးတာပေါ့လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။"

မြန်မာနိုင်ငံတွင်းက တရုတ်တို့ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တချို့ ဆိုင်းငံ့ခံထားရတဲ့ အခြေအနေ၊ နောက် တရုတ်နယ်စပ်ဒေသ တလျှောက် မြန်မာဘက်ခြမ်းမှာ စစ်ရေး တင်းမာနေချိန်နဲ့ ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်ပြည်သူ့ကွန်မြူနစ် ပါတီက ဖိတ်ခေါ်တွေ့ဆုံခဲ့တဲ့ အပေါ် ကမ္ဘာတ၀န်းမှာ အတော်လေး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဖြိုးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။

VOA
http://burmese.voanews.com/content/chinese-president-meets--pro-democracy-leader-aung-san-suu-kyi/2817039.html

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စက်ခလုတ်နှိပ်မဲပေးရာမှာ တခြားကိုယ်စားလှယ်တွေအတွက်ပါ မဲပေးတာတွေမပြုလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

စက်ခလုပ်နှိပ်မဲပေးရာမှာ ကိုယ်စားလှယ်တွေက ကိုယ်စားမဲပေးခိုင်းတာတွေရှိတာကြောင့် အခုလိုညွှန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"မတ်တပ်ရပ် မဲခွဲတာမျိုးကတော့ လူနဲ့ကိုယ်စားလုပ်လို့ မရဘူးပေါ့နော်၊ စက်ခလုပ်ကျတော့ အနီးကလူကနှိပ် လို့ရတယ်၊ ကာယကံရှင်ကလည်း မှာလို့နှိပ်ကြတာပါ၊ အဲ့ဒါကို ခွင့်မပြုဘူးဆိုတော့လည်း ဟိုဟာဖြစ်ရုံပါပဲ၊ ဥပမာ ကျနော်ဆိုလို့ရှိရင် အပေါ့အပါးသွားရင်းနဲ့ ဘေးကလူကို ဥပဒေကြမ်းဘက်က ထောက်ခံပေးပါဆိုပြီး ကျနော်ကိုယ်တိုင်မှာပြီး မဲပေးခိုင်းတာရှိပါတယ်၊ စက်ခလုပ်နဲ့ မဲပေးတာတွေက သိပ်အရေးကြီးတဲ့မဲတွေ မဟုတ်ပါဘူး"

ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန့်ကြားစာမှာ လွှတ်တော်အစည်းဝေးခန်းမအတွင်း ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခြင်းမလုပ်ဖို့ ၊ လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်တွေအနေနဲ့ စာရွက်စာတမ်းဖြန့်ဝေလိုရင် လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ဖို့နဲ့ လွှတ်တော်ကျင်းပနေချိန်မှာ အစည်းဝေးခန်းမကနေ ထွက်ခွာဖို့ရှိမယ်ဆိုရင် ကိုယ်စားလှယ်ကတ်ပြား အပ်နှံရမယ်ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အရင်က သတင်းမီဒီယာတွေကို လွှတ်တော်တွင်းမှာ သတင်းယူခွင့်ပေးခဲ့ပေမယ့် အခုပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-prohibits-absent-representatives-vote-06112015104352.html


မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာနေတာကြောင့် အာဏာပိုင်တွေအနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၀ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွင်းတာမှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းခဲ့တာကြောင့်လို့ AAPP အဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ထုတ်လိုက်တဲ့ ကြေညာချက်ကတော့ ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမှာ ပြီးခဲ့တဲ့လ ၁ဝ ရက်နေ့က ရဲတွေရိုက်ခဲ့တာရှိပါတယ်၊ ကျောင်းသားတော်တော်များများက အနာတရဖြစ်တယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်၊ အခု ကိုတင်ဝင်းဆိုလို့ရှိရင် အဲဒီ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ ဆေးရုံတင်ရတယ်၊ ကိုခင်လှိုင် ဆိုလို့ရှိရင်လည်း သွေးအန်တာဖြစ်ပြီးတော့ ဆေးရုံထပ်တက်ရတယ်၊ အဲ့လိုပဲ အကျဉ်းထောင်ထဲမှာ ကျန်တဲ့ကျောင်းသားတွေကလည်း ဒီနေ့ဆိုလို့ရှိရင် ထပ်ပြီးကြားရတာရှိပါတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက တာဝန်ယူလုပ်ဆောင်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာဘဲ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူတချို့ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားနေတဲ့အတွက် လုံလောက်တဲ့ ဆေးကုသမှုခံယူခွင့်ပေးဖို့နဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရစဉ်က ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ကျောင်းသားကျောင်းသူတွေ နဲ့ ၀န်းရံသူတွေဟာ အတွင်းဝေဒနာတွေ ခံစားနေရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

"ကျောင်းသားတွေကို မတရားအကြမ်းဖက်ဖမ်းဆီးတယ်၊ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ကျောင်းသားတွေမှာ ဒဏ်ရာတွေရှိတယ်၊ အဲ့ဒါတွေအပေါ်မှာ လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးဘူးဖြစ်နေတယ်၊ ခွဲစိတ်စရာရှိရင် ခွဲစိတ်ရမယ်၊ ဒဏ်ရာတွေကို ဓါတ်မှန်ရိုက်သင့်ရင် ရိုက်ရမယ်၊ အဲ့လိုကျောင်းသားတွေကို ထောင်ထဲမှာ မတရားဖမ်းဆီးထားပြီးတော့ ဆေးကုသခွင့်မပေးဘူး၊ အခုရောဂါတွေဖြစ်နေတယ်၊ အဲ့ဒါအရမ်းကို လူ့ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်၊ ဒါကြောင့် ဆေးကုသခွင့် အမြန်ဆုံးပေးဖို့နဲ့ ကျောင်းသားတွေအတွက် ဗကသအဖွဲ့ချုပ် အရမ်းပဲစိုးရိမ်မိတယ်"

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရသူတွေထဲက ဝန်းရံသူနှစ်ဦးဖြစ်တဲ့ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင် တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် သာယာဝတီဆေးရုံကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေကြပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နဲ့ ဝန်းရံသူတချို့ဟာလည်း ရင်ဘတ်အောင့်တဲ့ ဝေဒနာတွေနဲ့ အစာအိမ်ရောဂါတွေ ခံစားနေရတယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ မိဘတွေက ပြောပါတယ်။

ဒီအတောအတွင်း နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲခံထားရတဲ့ ဗကသကျောင်းသူ မပိုပိုနဲ့ ၀န်းရံသူ ကိုဝင်းကျော့မှုးတို့ကို ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အားလုံးကို သာယာဝတီတရားရုံးမှာ တစ်စုတစည်းထဲ ရုံးထုတ်စစ်ဆေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဗကသ ကျောင်းသား ၆ ဦးခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/aapp-calls-political-prisoners-healthcare-06112015112823.html

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ‪#‎ခြေချတဲ့နေ့မှာပဲ‬ ‪#‎တရုတ်ရဲ့တောင်းဆိုမှုကြောင့်‬ ‪#‎ကိုးကန့်အဖွဲ့က‬ ‪#‎တစ်ဖက်သက်စစ်ရပ်စဲလိုက်ပြီ‬.

.
ကဲ...ဦးသိန်းစိန် ဗခမင်းအောင်လှိုင်နဲ့တကွ အစိုးရအဖွဲ့ဝင်တွေ.ဗိုလ်ချုပ်တွေက စစ်သည်ပေါင်းများစွာရဲ့အသက်ပေါင်းများစွာ..နိုင်ငံ့ဘဏ္ဍာငွေများစွာ

စတေးပြီး တိုက်နေရတဲ့ မပြီးဆုံးသေးတဲ့ ကိုးကန့်စစ်ပွဲကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်မြေပေါ်ကို ခြေချလိုက်တဲ့နေ့မှာပဲ

တရုတ်အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကိုးကန့်တပ်ဖွဲ့ဟာ တစ်ဖက်သတ်စစ်ရပ်စဲကြောင်း ကြေငြာချက်ထုတ်လိုက်ပါပြီ...

.
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သို့ ခြေတစ်လှမ်းဟာ စစ်သည်များစွာရဲ့အသက်တွေ..မြောက်များစွာသော ကာကွယ်ရေးအသုံးစရိတ်တွေကို

သက်သာသွားစေခဲ့ပါပြီ..

.
ဒါပါပဲ..နိုင်ငံရေးသိက္ခာကြီးမားလှတဲ့ ဒေါ်စုရဲ့ ခြေတစ်လှမ်းဟာ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေရဲ့ အစွမ်းအစအားလုံးပေါင်းထားတာထက် သာလွန်တယ်ဆို

တာကို မျက်ဝါးထင်ထင် တွေ့ရပြီပေါ့..

.
ကဲ...စစ်သည်အပေါင်းတို့ အသင်တို့ရဲ့ ခေါင်းဆောင် ဘယ်သူဖြစ်ထိုက်ပါသလည်း..ဒေါ်စုသာ နိုင်ငံခေါင်းဆောင် သမ္မတဖြစ်လာခဲ့ရင် မြန်မာ့တပ်မတော်က

စစ်သည်အပေါင်းရဲ့ ဘဝတွေ ဘယ်လိုမြင့်မားလာမလဲ..အသင်တို့ရဲ့အသက်တွေ ဘယ်လို တန်ဘိုးရှိလာမလဲဆိုတာ အခု ဒေါ်အောင်ဆန်းစုကြည်က

တရုတ်ပြည်သွားတဲ့ ခြေတစ်လှမ်းထဲနဲ့ကို သက်သေပြလိုက်ပါပြီ..စစ်သည်အပေါင်း မြင်အောင်ကြည့်ကြပေတော့..

ဒေါ်အောင်ဆန်းစုကြည်သာ အသင်တို့ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့ရင် ဒီထက် အဆပေါင်းများစွာ သာလွန်တဲ့ သိက္ခာလည်းရှိ အဆင်းတန်းလည်းမြင့်မားတဲ့

စစ်သည်ဘဝတွေကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ဒီတစ်ချက်နဲ့တင် သက်သေပြလိုက်ပါပြီ..

.
ဗိုလ်ချုပ်သန်းရွှေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေ အားလုံးကြောက်ရတဲ့..ဦးအောင်မင်းကိုယ်တိုင် ဝန်ခံထားတဲ့ တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့..

ဗိုလ်ချုပ်တွေ ခေါင်းငုံ့ အရိုသေပြုနေရတဲ့ တရုတ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေတစ်လှမ်း တရုတ်မြေကို ခြေချလိုက်တာနဲ့တင်

လူထုခေါင်းဆောင်ကို တရုတ်ခေါင်းဆောင်တွေက အရိုသေပြု လေးစားကြောင်းပြလိုက်တာပါပဲ...

ဒါဆိုရင် ရှင်းပြီပေါ့ဗျာ....

BREAKING NEWS

ကိုးကန့်တပ်ဖွဲ့ တဖက်သတ်စစ်ရပ်စဲ
**************************

တရုတ်အစိုးရ၏ ပြင်းပြသည့်တောင်းဆိုမှုနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်းပြသည့်ဆန္ဒများကို တုံ့ပြန်ရန် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က တစ်ဖက်သတ်စစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ဇွန်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံအစိုးရမှ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြသည့်တောင်းဆိုမှု၊ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီဖြစ်စဉ်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်းပြသည့် ဆန္ဒများကို တုံ့ပြန်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ရေးကော်မတီမှ တစ်ဖက်သတ်စစ်ရပ်စဲရန် ဆုံးဖြတ်ပြီး မိမိကိုယ်ကိုယ် ကာကွယ်သည့် အခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

MNDAA တပ်တံဆိပ်ခတ်နှိပ်ထားသည့် အဆိုပါကြေညာချက်အရ ယခုဆုံးဖြတ်ချက်မှာ ဇွန်လ ၁၀ ရက်ည ၁၂း၀၀ နာရီအချိန်မှစ၍ အကျုံးဝင်သည်ဟုဖော်ပြထားသည်။

ယခုနှစ်ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့သော ကိုးကန့်တိုက်ပွဲကြောင့် မြန်မာ့တပ်မတော်မှ အရာရှိအပါအဝင် စစ်သည်တစ်ရာကျော်ကျဆုံးပြီး ကိုးကန့်တစ်ဖက်မှလည်း အနည်းဆုံး ၅၀ ဦးခန့် ကျဆုံးခဲ့ သည်။

ယခုကြေညာချက် ထွက်ရှိချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေချိန်ဖြစ်သည်။

7Day
.
Photo : Daily Mail Australia - news
.
Credit : Thetdwe Aung

(၁)

ဒေါ်စု တရုတ်နိုင်ငံသို့မနေ့ကသွားသည်..

နိုင်ငံတကာမီဒီယာများတွင် တရုတ်လေဆိပ်မှအထွက်
ဓာတ်ပုံများသာ ပေါ်လာပြီး တရုတ်အစိုးရသတင်းဌာနများမှ
ဒေါ်စုသတင်းအား အမှောင်ချထားလိုက်ကြသည်..၊

ဒေါ်စု တရုတ်ပြည်တွင်း သွားလာလှုပ်ရှားမှုများအား
တစ်ခုမှမကြေငြာကြတော့..၊

တစ်ဘက်ကပြန်ကြည့်တော့ တရုပ်အစိုးရအနေဖြင့်..
ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ကို..
အထူးဖိတ်ကြားတွေ့ဆုံမှုမျိုးကို ကမ္ဘာသိဖေါ်ပြချင်ပုံမရ.

တရုတ်ပြည်သူများထဲတွင်လဲ ဒီမိုကရေစီနှင့်လွပ်လပ်ခွင့်
လိုလားသူအများအပြားရှိသည်ကို တရုတ်တို့သဘောပေါက်သည်၊
ဒေါ်စု၏ နိုင်ငံတကာခရီးစဉ်များလို...
တရုတ်ပြည်သူအများ သည်းသည်းလှုပ်ဖြစ်မည်ကို
လက်ခံပုံမရ...

တစ်ချိန်တုန်းက ဒေါ်စုအကြောင်းရိုက်ကူးထားသည့်
The Lady ရုပ်ရှင်ကိုပင် တရုတ်နိုင်ငံထဲတွင်ပြသခွင့်
ပိတ်ပင်ခဲ့သည်ကိုကြည့်ရင် သိနိုင်သည်..၊

--------------------

(၂)

ဒါပေသည့် ..
မထင်မှတ်စရာအံ့သြဂုဏ်ယူစရာတစ်ခုတွေ့ရသည်..

တရုတ်နိုင်ငံ၏ ကဏ္ဍစုံသော Website တစ်ခုမှ..
ဒေါ်စုနာမည်ဖြင့် Page များဖွင့်ပြီး တရုတ်ဘာသာဖြင့်
အသေးစိတ်ဖေါ်ပြသည်ကို တွေ့ရသည်..

Page မျက်နှာဖုံးပုံကိုက...
စိတ်ဝင်စားစရာ အသက်ဝင်နေသည်..၊

သူတို့အခေါ် Angshansuji ဖြစ်သည်..

ဒေါ်စုအကြောင်းအသေးစိတ်..
ဓာတ်ပုံ link များဝေေ၀ဆာဆာ..
ဓာတ်ပုံ မျိုးစုံ၊ အချက်အလက်မျိုးစုံဖြစ်သည်

တရုတ်ပြည်သူများကို Comment ရေးခွင့်ပေးကြသည်

တစ်ချို့တရုပ်များက...
"ငါတို့မှာလဲဒီလိုခေါင်းဆောင်ပေါ်ထွက်ချင်တယ်"
လို့ ရေးသားကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရသည်...၊

အဲဒီ link မှာ အောက်တွင်ဖေါ်ပြထားပါသည်။

http://news.163.com/special/angshansuji/

-------------------------

(၃)

ပို၍ပို၍ ထူးခြားတာတစ်ခုက..

ဒေါ်စု တရုတ်ပြည်ရောက်ရှိပြီး ...
နောက်တစ်နေ့( ဒီနေ့)တွင်
ကိုးကန့် လက်နက်ကိုင်အဖွဲ့က..

တရုတ်အစိုးရရဲ့မေတ္တာရပ်ခံချက်ကြောင့်..
"အပစ်အခတ်ရပ်စဲကြောင်း" ..
ကြေငြာလိုက်ခြင်းပင်တည်း..

နိုင်ငံရေးပါးနပ်မှု၊
နိုင်ငံတကာ သြဇာသက်ရောက်မှု..၊
အမျှော်အမြင်ရှိမှု...စသည့်.
အချက်များဖြင့်ပြည့်စုံသော..
သူမ. ဖြစ်ပါသည်..၊

ကျွန်တော်တို့ လုံးဝမထင်ခဲ့ပါ...
အံ့သြ၀မ်းသာမိပါသည်..၊

နှစ်ဘက် သေကြေခဲ့ရသော စစ်သည်များ
ဒဏ်ရာရရှိခဲ့ကြသောစစ်သည်များ..၊

နှစ်ဘက် သေဆုံးစစ်သားများ၏ မိသားစုများ..၊
ခိုးကိုးရာမဲ့ ကလေးငယ်များ..၊

သိန်းချီသော..စစ်ပေးရှောင်ဒုက္ခသည်များ၏
ဘ၀များ..၊

ကုန်ကျခဲ့ရသော..
စစ်ပွဲ အသုံးစရိတ် ဒေါ်လာ..
ဘီလျံပေါင်းများစွာ...

ထိုကုန်ကျငွေများဖြင့်...
လက်ရှိဖြစ်ပေါ်နေသော..
ကုန်ဈေးနှုန်းကြီးမြင့်လာမှုကို..
ကျားကန်ပေးနိုင်သည့်အနေအထား
ပင်ဖြစ်သည်..၊

ထိုစစ်ပွဲစရိတ် ကစားမှုကြောင့်လဲ..
ဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းတက်ခြင်းလဲ
ဖြစ်နိုင်ပါသည်..၊

ဘာပဲပြောပြော ကိုးကန့်အဖွဲ့၏..
အပစ်အခတ်ရပ်စဲမှုသည်...

ပူဆွေးမှုများအား..
ချုပ်ငြိမ်းသွားပြီဖြစ်သည်..၊

----------------------

(၄)

အမေ....

ကျွန်တော်တို့အမေသည်..

ဘ၀ပေါင်းများစွာကို...
ကယ်တင်၍...

မျက်ရည်ပေါင်းများစွာကို...
သုတ်ပေးခဲ့လေပြီတည်း..

( Pa Yit)
.
Credit : Pa Yit , Zaw Myint Aye

ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။ Photo: AFP
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က အစိုးရတပ်မတော် နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ် အေးချမ်းတည်ငြိမ်ဖို့ နဲ့ ရွေးကောက်ပွဲမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ကိုယ့်ကိုကိုယ်ခုခံတာကလွဲပြီး ကိုးကန့်ဘက်က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ MNDAA အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"အဓိကကတော့ တိုက်ပွဲတွေဟာ ကျေန်ာတို့က ထိုးစစ်မတိုက်ဘူး ဆိုတာကို တစ်နိုင်ငံလုံး သိအောင်အတွက်ပါ၊ ပြီးတော့ တရုတ်ဘက်ကလည်း ခဏခဏ မီဒီယာတွေမှာလည်းပြောတယ်၊ သူတို့နယ်စပ်ဘက်ကို တည်တည်ငြိမ်ငြိမ်လေး ဖြစ်စေချင်တယ်ဆိုပြီး ကမ်းလှမ်းထားတာတွေ့ပါတယ်၊ ကျနော်တို့ တိုက်ပွဲတွေကြောင့် မို့ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်မှာ ကျနော်တို့ မလိုလားပါဘူးခင်ဗျ၊ ခံစစ်တွေချည်းပဲ တိုက်နေရတာပါ၊ တကယ်လို့ သူတို့ကလာတိုက်ရင်တော့ ကျနော်တို့ခုခံရမှာပေါ့"

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတ၀ိုက်မှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် ဖေဖော်ဝါရီလ ၁၇ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese



    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ယနေ့ ၁၁-ရက်နေ့တွင် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံခဲ့ပါသည်။

    ရှီကျင့်ဖိန် က၊ တရုတ်-မြန်မာနှစ်နိုင်ငံတို့သည် ခင်မင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာအဆင့်နှင့် ရေရှည်ရှုထောင့်မှနေ၍ တရုတ်-မြန်မာဆက်ဆံမှုရေးကို ရှုမြင်သုံးသပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် ပိုင်နက်နယ်မြေတည်တံ့ပြည့်စုံမှု ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံပြီး မြန်မာကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လေးစားကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားကျေအေးရေးဖြစ်စဉ်ကို ထောက်ခံပြီး တရုတ်-မြန်မာအစဉ်အလာ ချစ်ကြည်ရေးနှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို ဦးလည်မသုန်တွန်းအား ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေ မည်ကဲ့သို့ပြောင်းလဲနေစေကာမူ တရုတ်-မြန်မာချစ်ခင်ရင်းနှီးသောဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ရှီကျင့်ဖိန် က၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြား ကူးလူး ဆက်ဆံပြီးနောက် နှစ်ပါတီကြားဆက်ဆံမှုအလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့တခြားနက်ရှိုင်းလာကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီကို ပိုမိုသိရှိနားလည်ရန် မျှော်လင့်ကြောင်း၊ ၄င်းမှာ နှစ်ဘက်ကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးပွားစေရေးအတွက် အကျိုးရှိပြီး နှစ်နိုင်ငံနှင့် နှစ်ပါတီကြားဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ် ချပေးမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အပြုသဘောဆောင် သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး မြန်မာပြည်သူများ တရုတ်နိုင်ငံနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို သမာသမတ်ကျစွာရှုမြင်သုံးသပ်စေကာ နှစ်နိုင်ငံ ကြားဆက်ဆံမှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။


  ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာ-တရုတ်နှစ်နိုင်ငံတို့သည်အိမ်နီးချင်းနိုင်ငံများဖြစ်ကြ ကြောင်း၊ အိမ်းနီးချင်းဆိုသည်မှာ ရွေးချယ်၍မရကြောင်း၊ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးသော ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုမှာ အလွန်အရေးကြီးကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးကို အလေးထားပြီး တရုတ်ကွန်မြူနစ်ပါတီဦးဆောင်သော တရုတ်နိုင်ငံအနေဖြင့် ကြီးမားသောအောင်မြင်မှုများ ရရှိနေခြင်းအပေါ် အားကျချီးကျူးကြောင်း၊ ယခုအကြိမ်ခရီးစဉ်ဖြင့် နှစ်ပါတီကြားဆက်ဆံမှု ကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများကြားဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။

    ယင်းတွေ့ဆုံပွဲသို့ တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်းကျယ်ချီနှင့် တရုတ်ပြည်သူ့နိုင်ငံ ရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ကျားရွှေ တို့လည်း တက်ရောက် ခဲ့ကြပါသည်။

china.com Myanmar
http://myanmar.china.com

ပဲခူးတိုင်း သာယာဝတီထောင်အတွင်း ကျန်းမာရေးချို့တဲ့နေတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ကောင်းမွန်လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ဆေးရုံတက် ကုသခွင့်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အစိုးရနဲ့ ထောင်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

ဒီကျန်းမာရေးချို့ယွင်းမှုတွေဟာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းစဉ်နဲ့ ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်ဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု မပေးတာဟာ လူ့ဂုဏ်သိက္ခာမဲ့တဲ့ အစိုးရတရပ်ရဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ လက်ရှိအစိုးရက အကျိုးဆက်ကို တာဝန်ယူရမှာဖြစ်ကြောင်း ဒီကနေ့ထုတ်ကြေညာချက်မှာ ဖော်ပြပါတယ်။

တောင်တွင်းရှိ သပိတ်ဝန်းရံပြည်သူ ကိုတင်ဝင်းက ဦးနှောက်နဲ့အာရုံကြောခွဲစိတ်မှု၊ ၀န်းရံပြည်သူ ကိုခင်လှိုင် က အစာအိမ်ပေါက်ပြဲအတွင်းဒဏ်ရာ၊ ကျောင်းသားခေါင်းဆောင်မင်းသွေး သစ်အပါ အ၀င် ကျောင်သားကျောင်းသူနဲ့ ၀န်းရံပြည်သူအချို့ ရင်ဘတ်အောင့်ဝေဒနာနဲ့ အစာအိမ်ရောဂါ ဖြစ်သလို မူးလဲကျတဲ့ အခြေအနေဖြစ်တဲ့အပေါ် အထူးစိုးရိမ်မကင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကိုမင်းသွေးသစ်ကို ဒီကနေ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကိုမင်းသွေးသစ်အမေ ဒေါ်ခင်ခင်ယုက ကိုမင်းသွေးသစ်ဟာ ဖမ်းဆီးစဉ်ရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် လက်သန်းနဲ့ လက်သူကြွယ် ကောက်နေတယ်လို့ ပြောပါတယ်။

“သူ့ကို ရိုက်ထားတဲ့လက်ကနေ ကောက်နေတယ်လေ။ လက်သန်းနဲ့ လက်သူကြွယ်ပေါ့နော်။ ကျန်တဲ့ကျန်းမာရေးကတော့ သိပ်ပြီးတော့ ထူးထူးခြားခြား မဖြစ်ဘူးပေါ့နော်။ အဲဒီထဲမှာ ဖျားနေတဲ့ ကလေးတွေကတော့ ရှိတယ်။ သော်ဇင်ရယ်၊ ထိန်လင်းအောင်ရယ်ကလေ။ သူတို့က တ်ေတော်နေမကောင်းနေတာတဲ့။ ပြီးတော့ မိန်းကလေးတွေဖက်က အာရုံကြောရောဂါရှိတဲ့ ခိုင်မာငြိမ်းဆိုတဲ့ ကလေးမလေးကလည်းပဲ အန်နေတယ်ပေါ့။ ဟိုရက်တွေကတည်းက။ ”

ဒါ့အပြင် ကျောင်းသားတချို့ကလည်း ရိုက်နှက်ခံထားရတဲ့ ဝေဒနာတွေကြောင့် ညိုမဲ ဒဏ်ရာတွေရှိနေပြီး ထောင်တွင်းဆရာဝန်ကို ပြသရာမှာလည်း ထူးခြားမှုမရှိတဲ့အတွက် အပြင်မှာ ဆေးကုသဖို့ လိုအပ်တယ်လို့ ဒေါ်ခင်ခင်ယုက ပြောပါတယ်။

ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဒေါ်ခင်မိုးမိုးကလည်း သာယာဝတီ ထောင်တွင်းမှာ ကျောင်းသားကျောင်းသူ ၂၀ လောက်ဟာ ရိုက်နှက်မှု ဒဏ်ရာတွေကြောင့် ကျန်းမာရေး ဆိုးဝါးနေတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကလေးမလေးတယောက်က သူ့မိတ်ဆွေနဲ့ သွားတွေ့တယ်။ သူသွားတွေ့တဲ့ သူ့မိတ်ဆွေကတော့ မင်းသွေးသစ်ဆိုရင် လက်လေး တချောင်းဆန့်လို့ မရတော့ဘူး ကောက်နေ ပြီပေါ့။ လက်ငါးချောင်းလုံး မဟုတ်ဘူးနော်။ အဲဒီထဲက တချောင်းပေါ့။ နောက်တခါ အထဲမှာ လူ ၂၀ လောက်ကလည်း အညိုအမဲကွက်တွေ တဖြည်းဖြည်းပိုပိုများပြီးတော့ ဒဏ်တွေ ပေါ်လာ တယ်ပေါ့။ ဆရာဝန်ကို မပြဘူးလားဆိုတော့ သူတို့က ထောင်ဆရာဝန်က ပြလိုက်ရင် ဘာမှ မဟုတ်ပါဘူးဆိုပြီးတော့ အကိုက်အခဲပျောက်ဆေးလောက်ပဲ ပေးတယ်ပေါ့။ အဲဒါကြောင့် ထောင်ဆရာဝန်တွေကို မပြောချင် မပြချင်ကြဘူးပေါ့။ သာယာဝတီထောင်ဆေးရုံကို ထွက်ဖို့ တောင်းပါလာဆိုတော့လည်း သာယာဝတီထောင်ဆေးရုံကလည်း အဲဒီလိုပဲ ဘာမှမထူးဘူးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား သူတို့ ဘာမှမလုပ်ပေးတဲ့အတွက်ကြောင့် မပြချင်တဲ့လူများတယ်လို့ ပြောတယ်။”

ဒါ့အပြင် ရုံးထုတ်တဲ့နေ့မှာလည်း မိဘတွေကို စိတ်မဆင်းရဲစေချင်တဲ့အတွက် ခံစားရတဲ့ဝေဒနာ ကို ထုတ်မပြောကြဘူးလို့လည်း ထောင်ဝင်စာသွားတွေ့သူက ပြောဆိုကြောင်းလည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) ကလည်း အကျဉ်းထောင် တွေအတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသား တွေရဲ့ ကျန်းမာရေးအခြေအနေဟာ ယခုလပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာတယ်လို့ ထုတ်ပြန်ခဲ့ ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအား ပြည့်ပြည့်၀၀ ပြုစုစောင့်ရှောက်ပေး ရန်၊ အကျဉ်းထောင်များတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရအာဏာပိုင် အဆင့်ဆင့် အနေဖြင့် တာဝန်ရှိသည့်အတိုင်း အထူးဂရုပြု ဆောင်ရွက်ပေးရန်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့်လည်း မြန်မာအစိုးရအား အလားတူ တောင်းဆိုပေးရန် တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးရိုက်နှက်ဖြိုခွင်းဖမ်းဆီးပြီး ထောင်တွင်းချုပ်နှောင့် တရားစွဲဆိုထား တာဖြစ်ပါတယ်။


By နော်နိုရင်း
DVB
http://burmese.dvb.no/archives/97216


တရုတ် နိုင်ငံမှာ ကွန်မြူနစ် အုပ်စိုးမှု ကာလအတွင်း ခြစားမှုနဲ့ စွဲဆို ခံရသူတွေထဲမှာ အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး အကြီးအကဲဟောင်း ဂျိုယုံခန်း Zhou Yongkang ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် လိုက်ပါတယ်။

သူဟာ လာဘ်ယူမှု၊ အာဏာ အလွဲသုံးမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု တွေနဲ့ အပြစ်ရှိတဲ့ အတွက် ပြစ်ဒဏ် ချမှတ်ခံရတာလို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

မစ္စတာ ဂျိုယုံခန်းဟာ သူ အငြိမ်းစား ယူခဲ့တဲ့ ၂၀၁၂ ခုနှစ် အထိ တရုတ် နိုင်ငံရဲ့ အာဏာအရှိဆုံး လူတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သူ အငြိမ်းစား ယူပြီး တစ်နှစ် အကြာမှာ သမ္မတ ရှီ ကျင်းပင်ရဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်တွေကြောင့် အဖမ်းခံခဲ့ရတာပါ။

သူဟာ တိယန်ကျင်း မြို့မှာ တံခါးပိတ် ကြားနာမှု အတွင်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ အယူခံ ဝင်သွားမှာ မဟုတ်ကြောင်း ဆင်ဟွာ သတင်းဌာန အရ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ အထက်တန်းကျောင်းတွင် ယခုပညာသင်နှစ်တွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စာရေးခုံများ မရှိသည့်အတွက် အသစ်ပြောင်းလာသော ကျောင်းသားများကိုယ်ပိုင်စာရေးခုံ၊ ထိုင်ခုံများကို ဝယ်ယူကာ ကျောင်းလာတက်နေရသည်ဟု သိရသည်။

̏ အသစ်ဝင်လာတဲ့ကလေးတွေကို ခုံအသစ်တစုံယူလာခိုင်းတယ်လေး ။ ခုံတွေ လုံးဝကိုမရှိတော့ တဲ့အတွက်လေး။ ကလေးတွေကလည်းတဖွဲဖွဲထပ်လာနေတယ်။ ̋ ဟု အ.ထ.ကဒီးမော့ဆိုကျောင်းမှ တာဝန်ရှိ ဆရာမတစ်ဦး ကပြောကြားခဲ့သည်။

ဒီးမော့ဆိုမြို့နယ် အထက်တန်းကျောင်းခွဲများမှ ကျောင်းသူ/သားများက ဒီးမော့ဆိုမြို့ အ.ထ.ကကျောင်းသို့ ပြောင်းလာကြသူများလာကြသည့်အတွက် ကျောင်းခန်းများထပ်မံချဲ့ရပြီးထိုင်ခုံများ၊ စာရေးခုံများ လုံလောက်မှုမရှိတော့သောကြောင့် အသစ်ရောက်လာသည့် ကျောင်းသားများကို ကိုယ်ပိုင်ခုံဖြင့် လာရောက်ရန် ပြောကြားလိုက်ခြင်းဖြစ် ကြောင်းဆိုပါသည်။

စာသင်ခုံမရှိသည့် ကျောင်းသူ/သားများသည် လက်သမားဆရာများပြုလုပ်ရောင်းချထားသည့် စာသင်ခုံကို တစ်စုံလျှင် ၃ သောင်းကျပ်ပေးဝယ်ပြီး ထိုင်ခုံပေါ်တွင် မိမိတို့၏ နာမည်ကို ရေးထိုးထားကြရသည် ဟု နဝမတန်းတွင် အသစ်ပြောင်းလာသည့် ကျောင်းသူတစ်ဦးက ပြောသည်။

၎င်းက “သမီးတို့ ကျောင်းရောက်တော့ ထိုင်ခုံရယ် စာရေးခုံရယ်မရှိတော့ ဒီအတိုင်းမတ်တတ်ရပ်နေရတယ်၊ နောက်တောာ့ သမီးတို့ ကိုယ့်ထိုင်ခုံကိုဝယ်ပြီးထိုင်နေရတယ်၊ သမီးတို့ ၄၊၅ယောက်လောက်ရှိတယ်။ ̋ ဟု ပြောသည်။

ယခုပညာသင်နှစ်တွင်အလယ်တန်းကျောင်းခန်းများကိုလည်းထပ်မံတိုးချဲ့ရကြောင်း၊ထိုသို့ ကျောင်းခန်းများထပ်မံတိုးချဲ့ခြင်းကြောင့်လည်း ထိုင်ခုံများ မလုံလောက်ဖြစ်ကာ ကျောင်းရံပုံငွေလည်းမရှိသည့်အတွက် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဆရာမက ဆက်ပြောပြသည်။

ထို့အပြင်တက္ကသိုလ်ဝင်တန်းအောင်ချက်သည်လည်း မြင့်လာသည့်အတွက် ကျောင်းသားသစ်ပြောင်းလာသူ များလာခြင်းလည်းဖြစ်သည်ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

ကျောင်းသားဟောင်းများနှင့် အလယ်တန်းများသည် ထိုင်ခုံများအဆင်ပြေပြီးယခုလို အသစ်ရောက်ရှိလာသောကျောင်းသားသစ်များအတွက်သာ အခက်အခဲရှိနေခြင်းဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ် တပြည်နယ်လုံးရှိကျောင်းများကို ပရိဘောဂများ လိုအပ်ချက်များ ဆောင်ရွက်ပေးနေပြီးအချို့ လိုအပ်သောကျောင်းများကိုလည်း ထပ်မံဖြည့်ဆည်းပေးသွားမည်ဟုကယားပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ရွှေကပြောပါသည်။

̏ မြို့နယ်ပညာရေးမှုးတွေကိုခေါ်ယူပြီးတော့ ကျောင်းတွေမှာလည်းပရိဘောဂတွေ ထားရှိမှုရှိမရှိ၊ ကျောင်းစဖွင့်ချိန်မှာကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်ပေါ့နော။ ကျောင်းသန့်ရှင်းရေး၊ ကျောင်းပစ္စည်းတွေ လုံလောက်မှုရှိမရှိသောက်ရေအိုးတွေ ၊ တံမြက်စည်းတွေ ပန်းအိုးလေးတွေကအစဆောင်ရွက်ထားပေးဖို့ မှာကြားထားပါတယ် ̋ ဟုပြောသည်။

ထို့အတူ ဒီးမော့ဆို အ.ထ.ကခွဲဖြစ်သော ဒေါတမငယ်ကျောင်းတွင်လည်း ထိုင်ခုံများမလုံလောက်သဖြင့် ကျောင်းသားသစ်များကို တစုံစီယူလာခိုင်းကြောင်းလည်းသိရသည်။

ကျောင်းသားများပြားလာခြင်းကြောင့် ကျောင်းခန်းများထပ်မံတိုးချဲ့ရပြီးယခုတွင် နဝမတန်းတွင် ၅ခန်းရှိပြီး အခန်းတခန်းတွင် ကျောင်းသားပေါင်း ၄၈ဦးခန့် ရှိကြောင်း၊ ဒသမတန်းတွင် အခန်းပေါင်း ၈ခန်းရှိပြီး အခန်းတခန်းတွင် ကျောင်းသားပေါင်း ၅၀ခန့် ရှိကြောင်းသိရသည်။

စာသင်ခုံများကို ကိုယ်ပိုင်ဝယ်ယူထားကြသည့် ကျာင်းသူကျာင်းသားများက မိမိတို့၏ အမည်ကိုရေထိုးထားပြီး စာသင်နေကြသည့်မြင်ကွင်းဖြစ်သည်။ ပုံ ဆရာမ

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes


ဘေကျင်းလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) 
အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ဘေကျင်းမြို့ကို ​ရောက်ရှိနေပြီး ​ဒီကနေ့မှာ ​တရုတ်သမ္မတ ​ရှီကျင်ပင် ​နဲ့ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒါဟာ ​ဒေါ်အောင်ဆန်းစုကြည်အတွက် ​ပထမဆုံး ​တရုတ်ခရီးစဉ်ဖြစ်ပါတယ်။

ငါးရက်ကြာမယ့် ​တရုတ်နိုင်ငံ ​ခရီးစဉ်အတွင်း ​တရုတ်နိုင်ငံ ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဖို့ ​ရှိတယ်လို့သာ ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောဆိုခဲ့ပေမယ့် ​မြန်မာ ​သံရုံးက ​အရာရှိတစ်ယောက်ကတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​သမ္မတ ​ရှီကျင်ပင်နဲ့ ​ဒီကနေ့မှာ ​တွေ့ဆုံဖို့ရှိပြီး ​Diaoyutai ​ဆိုတဲ့ ​အစိုးရအိမ်တော်မှာ ​တည်းခိုတယ်လို့ ​ပြောပါတယ်။

ဒါကတော့ ​နိုင်ငံတော် ​အဆင့်ခေါင်းဆောင်တွေကို ​လက်ခံတဲ့ ​နေရာ ​ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ​တရုတ်နိုင်ငံ ​ဝန်ကြီးချုပ်နဲ့လည်း ​တွေ့ဆုံဖို့ရှိပေမယ့် ​ခရီးစဉ် ​အသေးစိတ်ကိုတော့ ​တရုတ်အစိုးရဘက်ကရော ​ဒေါ်အောင်ဆန်းစုကြည် ​ဘက်ကပါ ​ထုတ်ပြန်ခြင်း ​မရှိသေးပါဘူး။

မြန်မာစစ်အစိုးရကို ​တရုတ်က ​ထောက်ခံခဲ့တဲ့အပေါ် ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန်မှုတွေ ​လုပ်ခဲ့ဖူးတာတွေ ​ရှိပေမယ့် ​အခုအခါမှာတော့ ​တရုတ်အစိုးရက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ရင်းနှီးမှု ​ရယူလိုလို့ ​အခုလို ​ဖိတ်ခေါ်တာလို့ ​သုံးသပ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​တရုတ်နိုင်ငံသား ​နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​Liu ​Xiaobo ​ကို ​ထောင်ကနေ ​လွတ်ပေးဖို့ ​တောင်းဆိုနိုင်တယ်လို့လည်း ​မျှော်လင့်နေကြပါတယ်။

Liu ​Xiaobo ​ဟာ ​ဒီမိုကရေစီအရေး ​တောင်းဆိုမှုနဲ့ ​တရုတ်နိုင်ငံမှာ ​ထောင်ဒဏ် ​၁၁ ​နှစ် ​ကျခံနေရတာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လွတ်ပေးဖို့ ​တောင်းဆိုရင် ​လွတ်ပေးမှာလားလို့ ​မေးခဲ့တာကို ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​Liu ​Xiaobo ​ကို ​တရုတ်နိုင်ငံ ​တရားရေးစနစ်နဲ့ ​အရေးယူထားတာဖြစ်တဲ့အတွက် ​တရားဥပဒေအရ ​လုပ်ပိုင်ခွင့်တောင် ​မရှိဘူးလို့ ​ဖြေကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မြန်မာနိုင်ငံက အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ အလည်အပတ်ခရီးအဖြစ် တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ထူးခြားတဲ့ ခရီးစဉ်တခုဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ Xi Jinping ၀န်ကြီးချုပ် Li Keqiang အပါအ၀င် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ VOA သတင်းထောက် William Gallo ရဲ့သတင်းပေးပို့ချက်ကို အခြေခံပြီး ဦးစံမိုဝေ က စုစည်း တင်ပြထားပါတယ်။

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေး ဆက်ဆံမှုအပေါ် အထောက်အပံ့ပေးမယ့် အလည်အပတ်ခရီးစဉ်ကို စတင်လိုက်သလို၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုအပေါ် စမ်းသပ်လိုက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်လို့ သုံးသပ်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ထင်ရှားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ခရီးစဉ်ကို အရင်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ မဟာမိတ် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထူးခြားလှတဲ့ ခရီးစဉ်အတွင်း မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jinping၊ ၀န်ကြီးချုပ် Li Keqiang တို့ အပါအ၀င် တရုတ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်ထားပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်တဲ့အကြောင်းနဲ့ သူမဟာ နိုင်ငံ့အကြီးအကဲတွေ၊ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တဲ့အကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီးတော့ တရုတ်နိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပါပြီ။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက နိုင်ငံအရေးပါတီတို့အကြား အပြန်အလှန်ပြုလုပ်ကြတဲ့ ဆောင်ရွက်မှုတခု ဖြစ်ပါတယ်” - လို့ ၀န်ကြီးဌာန ပြောခွင့်ရသူ Hong Lei က မန်ဒရင်းဘာသာနဲ့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ ရေရှည်ချစ်ကြည်စွာ ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ အခုခရီးစဉ်က ပါတီ ၂ ရပ်ကြား နားလည်မှုနဲ့ အပြန်လှန် ယုံကြည်မှုကို ပိုမို အလေးအနက် ရှိစေမှာဖြစ်ပြီး၊ တရုတ်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှာ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးကို တွန်းအားပေးစေမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံ ပြည်ပမှာရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာနိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှာ အကျဉ်းချခံနေရသူ တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံ Liu Xiaobo လွတ်မြောက်ရေးအတွက် တောင်းဆိုပေးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ တပါတီစနစ်ကို အဆုံးသတ်ဖို့ လှုပ်ရှားဆောင်ရွက်မှုနဲ့ Liu ဟာ ၂၀၀၉ ခုနှစ်မှာ ဖမ်းခံခဲ့ရပြီး၊ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ Hong Lei က -

“တရုတ်နိုင်ငံရဲ့ တရားရေးအာဏာပိုင်တွေက ဥပဒေကြောင်းအရ ဆုံးဖြတ်ထားချက်ကို ပြန်ပြီးတော့ ပြင်ဆင်စရာ အကြောင်းမရှိပါဘူး” လို့ Hong Lei က မန်ဒရင်းဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေခဲ့တာကြောင့် စစ်အစိုးရလက်ထက်ကတည်းက အစဉ်တစိုက် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလာတဲ့ တရုတ်အစိုးရဟာ မြန်မာအစိုးရကို အစဉ်တစိုက် ထောက်ခံပေးနေမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြလိုက်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုကြနေပါတယ်။

တရုတ်နိုင်ငံမှာ ဇွန်လ ၁၄ ရက်နေ့အထိ နေထိုင်မယ့် ၅ ရက်ကြာ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ NLD ပါတီရဲ့ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယာသော်တို့ လိုက်ပါသွားကြတယ်လို့ သိရပါတယ်ခင်ဗျာ။

ဦးစံမိုးဝေ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ နာဂသူပုန်အဖွဲ့က အိန္ဒိယစစ်တပ်ကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဲဒီ နာဂတပ်ဖွဲ့တွေရဲ့ စခန်းတွေကို အထူးစစ်ဆင်ရေး ပြုလုပ်ပြီး တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ အသေအပျောက်စာရင်း အတိအကျ မသိရသေးပေမဲ့ အိန္ဒိယနိုင်ငံအတွင်းက သတင်း မီဒီယာတွေမှာတော့ သူပုန်တပ်ဖွဲ့ဝင် ၃၀ ကနေ ၅၀ အကြား သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ နာဂသူပုန်အဖွဲ့ကြီး ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ NSCN – Kaplang အဖွဲ့က အိန္ဒိယစစ်တပ် စခန်းတွေကို ဇွန်လ ၄ ရက်နေ့က ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဲဒီ နာဂသူပုန်အဖွဲ့ရဲ့ စခန်း ၂ ခုကို မူလ တိုက်ခိုက်မှုဖြစ်ပြီး ၄ ရက်အကြာမှာ အထူးစစ်ဆင်ရေးတရပ် ပြုလုပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
“မြန်မာနိုင်ငံ အတွင်းရှိ သူပုန်စခန်း ၂ ခုကို အိန္ဒိယစစ်တပ်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာမှာ သူပုန်တွေဘက်က အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်တဲ့ သူပုန်အဖွဲ့တွေက အိန္ဒိယစစ်တပ်ကို ၀င်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း အစောပိုင်းက ကျမတို့ ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာသူတွေကို နိုင်ငံလုံခြုံရေးအတွက် ခုခံကာကွယ်သွားမှာ ဖြစ်ပါတယ်။”

တဘက်နိုင်ငံ အတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို တဘက်နိုင်ငံ အစိုးရတပ်တွေက ၀င်ရောက် တိုက်ခိုက်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံ သဘောတူညီချက် အိန္ဒိယနဲ့ မြန်မာအစိုးရအကြား ရရှိထားတာ ဖြစ်ပေမဲ့ အဲဒီလို တိုက်ခိုက်မှု မပြုခင် တဘက်အစိုးရကို ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေး ပြုလုပ်မယ်ဆိုတဲ့အကြောင်း အိန္ဒိယဘက်က မြန်မာအစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘဲ နောက်ပိုင်းမှ အသိပေးခဲ့တယ်လို့ အိန္ဒိယ အငယ်တန်း ပြန်ကြားရေးဝန်ကြီး Rajyavardhan Singh Rathore ပြောကြောင်း အိန္ဒိယနိုင်ငံ အတွင်းက သတင်းမီဒီယာတွေမှာ ကိုးကား ဖော်ပြကြပါတယ်။

အိန္ဒိယနိုင်ငံကို တိုက်ခိုက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ သူတို့ရဲ့ မူဝါဒနဲ့အညီ အခုလို လိုက်လံ ချေမှုန်းခြင်း ဖြစ်တယ်လို့ ၀န်ကြီး Rajyavardhan Singh Rathore က ပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အစဉ်အမြဲ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထင်ရှားတာက အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျနော်တို့အနေနဲ့ လုံးဝသည်းခံမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေမှာ ရှိတဲ့သူပုန်တွေကို နှိမ်နင်းဖို့ ကျနော်တို့က အကြောင်းကြားထားပါတယ်။ တကယ်လို့ အိမ်နီးချင်းနိုင်ငံက အဲဒီ သူပုန်တွေကို မနှိမ်နင်းနိုင်ဘူးဆိုရင် အိန္ဒိယကို လာတိုက်မယ့် သူပုန်တွေကို ကျနော်တို့က နှိမ်နင်းရမှာ ဖြစ်ပါတယ်။”

အိန္ဒိယစစ်တပ်က အထူးကွန်မန်ဒို တပ်ဖွဲ့အင်အား ၄၀၀ ကနေ ၅၀၀ အကြားနဲ့ ရဟတ်ယာဉ်တွေ ပါဝင်တဲ့ စစ်ဆင်ရေးအတွင်း အိန္ဒိယနိုင်ငံ နာဂပြည်နယ် Tuenseng ခရိုင်ရဲ့ ဆန့်ကျင်ဘက် မြန်မာနိုင်ငံဘက် အခြမ်းအတွင်းနဲ့ မဏိပူရပြည်နယ်၊ Ukrul ခရိုင်အတွင်းမှာရှိတဲ့ NSCN စခန်း ၂ ခုအပြင် Chandel ခရိုင်အတွင်းက တတိယမြောက် NSCN စခန်းကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

ဒီစစ်ဆင်ရေးသတင်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ဦးဇော်ဌေးကတော့ အိန္ဒိယစစ်တပ် အနေနဲ့ မြန်မာပိုင်နက်ထဲမှာ ၀င်ရောက် စစ်ဆင်ရေး လုပ်တယ်ဆိုတာကို ငြင်းဆန်ထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာပိုင်နက်ထဲ ၀င်ရောက်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ အခုလောက် ကြီးမားတဲ့ စစ်ဆင်ရေးမျိုး ပြုလုပ်မယ်ဆိုရင် ၀န်ကြီးချုပ်ထံက အတည်ပြုချက် ရယူပြီးမှ လုပ်ခွင့်ရှိတယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသအတွင်းမှာ အစိုးရကို ပုန်ကန်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အများအပြား ရှိတဲ့အထဲ အခု အိန္ဒိယစစ်တပ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ NSCN – Kaplan အဖွဲ့ဟာ အထင်ကရ အဖွဲ့အစည်းတခု ဖြစ်တဲ့အကြောင်း မြန်မာ အတိုက်အခံတဦးအဖြစ် အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
“ဒီအဖွဲ့က အမှန်က အရင်တုန်းက NSCN ဆိုတဲ့ တခုတည်းသော အဖွဲ့မှာ Kaplan အဖွဲ့နဲ့ Isak Muivah အဖွဲ့ဆိုပြီး ကွဲသွားကြပြီပေါ့လေ။ ဒီ Isak Muivah အဖွဲ့ကတော့ အိန္ဒိယအစိုးရနဲ့ အိန္ဒိယမှာပဲ အခြေစိုက်ပြီး အိန္ဒိယအစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးတွေလုပ်တာ တော်တော်လေး အဆင့်ရလာပြီခင်ဗျ။ အဲဒီအချိန်မှာ ဒီ Kaplan အဖွဲ့က အိန္ဒိယနဲ့ စေ့စပ်ဆွေးနွေးပွဲမှာလည်း မပါသလို၊ သူ့ရဲ့အခြေစိုက်မှုကလည်း မြန်မာမြေပေါ်မှာ နာဂတောင်တန်း၊ ပက်ကွိုင်တောင်တန်းပေါ်မှာ အခြေစိုက်တာခင်ဗျ။ အဲဒီတော့ အိန္ဒိယမြေပေါ်မှာဖြစ်လို့ အိန္ဒိယအစိုးရက လိုက်တိုက်တယ်ဆိုတော့၊ သူတို့နေတာက မြန်မာပြည်ထဲမှာ အခြေချထားတာ။ တကယ်တမ်းကျတော့ မြန်မာမြေပေါ်မှာ အိန္ဒိယ အစိုးရကို တိုက်နေတဲ့၊ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေက မြန်မာမြေပေါ်မှာချည်းပဲ အခြေစိုက်ကျတာများတယ်။ အနည်းဆုံး ၆ ဖွဲ့လောက်ရှိတယ်။ အဲဒီတော့ ၂ နိုင်ငံ စစ်တပ်တွေကလည်း ဒီအပေါ်မှာ အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်နေသေးတော့ကာ ဒီလိုတိုက်ပွဲသတင်း ဖြစ်နေတဲ့သတင်းကတော့ ကျနော်ထင်တယ်၊ ၂ နိုင်ငံ တော်တော်လေး လေးလေးနက်နက် စဉ်းစားဆွေးနွေးပြီး အပေးအယူလုပ်မှသာလျှင် ဖြစ်လိမ့်မယ် ထင်တယ်ခင်ဗျ။”

မြန်မာအစိုးရကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အတွင်းက လက်နက်ကိုင် အင်အားစုတွေကို အိန္ဒိယအစိုးရက ရုတ်တရက် ၀င်ရောက် တိုက်ခိုက်တာဟာ နှစ်နိုင်ငံ သံတမန်ရေးကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ အခုလို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကျူးကျော်ရာ ရောက်တယ်လို့ ယူဆရတဲ့ အိန္ဒိဘက်က လုပ်ရပ်နဲ့ပတ်သက်ပြီး  မြန်မာအစိုးရဘက်က အခုချိန်ထိ တရားဝင် တစုံတရာ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မြန်မာနိုင်ငံမှာ အသက်  ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၄ သန်းလောက်ရှိတဲ့အထဲမှာ  ၃ သန်းခွဲကျော်က စာမတတ်ဘူးလို့ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မသင်မနေရ စနစ်ဖြစ်တဲ့ မူလတန်းအရွယ် အသက် ၅ နှစ်ကနေ ၉ နှစ်အထိ လူဦးရေ ၄၇ သိန်းကျော်မှာလည်း  စာမတတ်သူ ၁၀ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စာတတ်မြောက်မှု အများဆုံးက ၉၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းဖြစ်ပြီး ရှမ်းပြည်နယ်က ၆၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အသက် ၅ နှစ်ကနေ ၉ နှစ်အထိ စာတတ်သူ ၅၉ ရာခိုင်နှုန်းပဲရှိတာပါ။ စာတတ်မြောက်သူ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာတောင် ၅ နှစ်ကနေ ၉ နှစ်ရှိ လူ ၅ သိန်းခွဲလောက်မှာ ၁ သိန်းလောက်က စာမတတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံးရဲ့ အသက် ၁၀ နှစ်ကနေ ၅၉ နှစ်အထိမှာ စာတတ်သူဦးရေက ၅၀ ရာခိုင်နှုန်းကျော်ပေမယ့် ၆၀ ကနေ ၉၀ အထိ အသက်အရွယ်တွေမှာတော့ ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါတယ်။

ဒါ့ပြင် တနိုင်ငံလုံးရဲ့ ၅ နှစ်နဲ့အထက် လူတွေထဲက လူ ၅ သန်းခွဲကျော်ဟာ လုံးဝ ကျောင်းမနေဖူးပါဘူး။ လူ ၆ သန်းခွဲလောက်ကတော့ အတန်းပညာမရှိကြောင်း ဖြေဆိုထားပြီး သန်း ၂၀ ကျော်က မူလတန်းအထိပဲ တက်ဖူးခဲ့တာပါ။ အလယ်တန်းအထိ တက်ဖူးသူ ၁၀ သန်းလောက်ရှိပြီး အထက်တန်းအထိ တက်ဖူးသူက ၄ သန်းခွဲကျော် ရှိပါတယ်။

အသက် ၁၅ နှစ်နဲ့အထက် ကျောင်းတက်တဲ့ ဦးရေမှာတော့ ယောက်ျားဦးရေက ပိုများနေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

 By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no

အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ (Credit: AFP) 
 အမေရိကန် ​အစိုးရက ​ငွေရေးကြေးရေး ​ပေါ်လစီ ​အပြောင်းအလဲ ​လုပ်ဖို့ ​စီစဉ်နေတာတွေနဲ့ ​ဒေါ်လာဈေး ​မြင့်တက်မှုတွေကြောင့် ​ရှေ့ဆက်မှာ ​အခက်အခဲတွေ ​ဖြစ်လာနိုင်တဲ့အတွက် ​ကမ္ဘာ့နိုင်ငံ ​အသီးသီးက ​ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ ​ကမ္ဘာ့ဘဏ်က ​သတိပေးလိုက်ပါတယ်။

ကမ္ဘာစီးပွား ​ကျဆင်းနေချိန်အတွင်း ​အခုလို ​အပြောင်းအလဲ ​လုပ်လိုက်ရင် ​ပြဿနာ ​အများကြီး ​ဖြစ်လာမှာကို ​ရှောင်တိမ်းတဲ့အနေနဲ့ ​အမေရိကန် ​အစိုးရအနေနဲ့ ​အပြောင်းအလဲကို ​နောက်တစ်နှစ်မှ ​လုပ်ဖို့ ​ကမ္ဘာဘဏ်က ​တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က ​ကမ္ဘာ့စီးပွားရေးက ​၂၀၁၅ ​ခုနှစ်အတွင်း ​၂.၈ ​% ​လောက်သာ ​တိုးမြင့်မယ်လို့ ​ခန့်မှန်းလိုက်ပြီး ​ဇန်နဝါရီလတုန်းကတော့ ​၃% ​ရှိမယ်လို့ ​ခန့်မှန်းထားပါတယ်။

ခန့်မှန်းထားတာထက် ​စီးပွားကျဆင်းရတာက ​အမေရိကန်နိုင်ငံ ​ငွေရေးကြေးရေး ​အခြေအနေ၊ ​ဥရောပမှာ ​စီးပွားရေး ​ကျဆင်းမှုတွေနဲ့ ​ဂျပန်နဲ့ ​တရုတ်နိုင်ငံမှာ ​တိုးတက်မှုတွေ ​နည်းပါးလို့ ​ဖြစ်ရတာလို့ ​ဆိုပါတယ်။

အမေရိကန်က ​ငွေရေးကြေးရေး ​ပေါ်လစီကို ​အပြောင်းအလဲ ​လုပ်လိုက်ရင် ​စီးပွားရေး ​တောင့်တင်းတဲ့ ​နိုင်ငံနဲ့ ​စီးပွားရေး ​မဖွံ့ဖြိုးတဲ့ ​နိုင်ငံတွေ ​ထိခိုက်မှု ​ခံရနိုင်တယ်လို့ ​သတိပေးလိုက်ပါတယ်။

ဒီအခြေအနေအတွင်း ​တိုးတက်စ ​ပြုလာတဲ့ ​နိုင်ငံတွေ ​သတိကြီးကြီးထားဖို့ ​ကမ္ဘာ့ဘဏ်အကြီးအကဲက ​သတိပေးလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဓာတ်ပုံ - ရိုက်တာ

၂၀၁၂ ခုနှစ်က ပို့ဆက်ဒ် ဘောလုံးကွင်းမှာ ပရိသတ်တွေ သောင်းကျန်းခဲ့မှုကြောင့်  လူ ၇၀ ကျော်သေဆုံးခဲ့ရတဲ့ အမှုအတွက် အီဂျစ်တရားရုံးက ပြစ်မှုကျူးလွန်တဲ့ ပရိသတ် ၁၁ ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။

အခြား ၁၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၅ ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပြီး ကျန် ၂၁ ဦးကိုတော့ အပြစ်မရှိကြောင်း တွေ့ရှိရလို့ တရားသေ လွှတ်ပေးလိုက်ပါတယ်။

ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခံရသူတွေထဲမှာ ပို့ဆက်ဒ်ဘောလုံးကွင်း လုံခြုံရေး အကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။

ပရိသတ် သောင်းကျန်းမှု အဆိုးဝါးဆုံးအဖြစ် အီဂျစ်ဘောလုံးသမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့တဲ့ အဲ့ဒီအဖြစ်အပျက်မှာ လူ ၇၀ ကျော်သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်မှုတွေနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ပြစ်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 ဦးဖုန်ကျားရှင်ခေါင်းဆာင်တဲ့ ကိုးကန့်တပ်မတော် (မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) က မိမိကိုယ်ကို ကာကွယ်ခြင်းမှအပ အစိုးရတပ်တွေကို တိုက်တော့မှာ မဟုတ်ဘဲ တဖက်သတ် စစ်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

တရုတ်နိုင်ငံအစိုးရက တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြင်းပြပြ တောင်းဆိုမှု၊ မြန်မာနိုင်ငံ ပြည်သူတွေ ဒီမိုကရေစီဖြစ်စဉ်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်းပြတဲ့ ဆန္ဒတွေကို တုံ့ပြန်ဖို့အတွက် စစ်ရေးကော်မတီက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက် ညသန်းခေါင်အချိန်မှာ  စစ်ရပ်စဲရေး စတင်အကျုံးဝင်တယ်လို့ ဖော်ပြပါတယ်။

ကိုးကန့်တပ်မတော်ရဲ့ တဖက်သတ် စစ်ရပ်စဲမှု ကြေညာချက်ဟာ ဇွန် ၂ ကနေ ၉ရက်ထိကျင်းပတဲ့ လော်ခီးလာ အစည်းအဝေး အပြီး နောက်တရက်မှာ စတင်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီက တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်နိုင်ငံခရီးစဉ် စတင်တဲ့ရက်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

ထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ တရုတ်ဘာသာတွေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ကိုးကန့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အတည်ပြုပြောဆိုပါတယ်။

သူက “မှန်ပါတယ်၊ မှန်ပါတယ်။ အဓိကကတော့ တနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ကြောင့် အဟန့်အတားဖြစ်မှာစိုးလို့ပါ။ နောက်တခုက နဂိုကတည်းက ကျနော်တို့က ထိုးစစ်မဆင်ပါဘူး။ အဲဒါကို အားလုံးသိအောင် ခုလို ကြေညာချက်ထုတ်ခြင်း ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

တရုတ်အစိုးရ တောင်းဆိုမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ်နိုင်ငံထုတ် မီဒီယာတွေမှာ ဒီတိုက်ပွဲကိစ္စကို အမြဲတမ်း ပြောဆိုနေတာတွေ ရှိတာကြောင့် ကိုးကန့်တပ်သဘောထားကို ရှင်းရှင်းလင်းလင်းသိအောင် ထုတ်ပြန်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကြေညာချက်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ပတ်သက်လို့ ဦးထွန်းမြတ်လင်းက “အဓိကကတော့ စစ်ကြောင့်မို့လို့၊ တိုက်ပွဲကြောင့်မို့လို့ ရွေးကောက်ပွဲကို သွားပြီး ထိခိုက်မှာစိုးလို့ပါ။ ဒီရွေးကောက်ပွဲဟာ အရမ်းအရေးကြီးတယ်လို့လည်း ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ဒေသမှာ မလုပ်နိုင်ပေမယ့် တနိုင်ငံလုံး၊ တိုင်းရင်းသားညီအကိုတွေ အားလုံးအတွက် ကျနော်တို့ စဉ်းစားချက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ရပ်စဲကြောင်း ကြေညာချက်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်ခြင်း၊ ပြောဆိုခြင်း မရှိသေးပါဘူး။

ကိုးကန့်ဒေသမှာ လက်ရှိကာလ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးက မသေမချာ ဖြစ်နေဆဲ အခြေအနေကို ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ရှင်းလင်းပြောဆိုခဲ့ပြီး အခြေအနေ တိုးတက်လာရင်တော့ ကျင်းပနိုင်ဖွယ် ရှိနေပါတယ်။

ကိုးကန့်ဒေသ ရွေးကောက်ပွဲကျင်းပရေးနဲ့ ပတ်သက်လို့ ဘယ်လောက် အလေးထားပါသလဲလို့ ဦးထွန်းမြတ်လင်းကို မေးမြန်းတဲ့အခါမှာတော့ သူက “ကျနော်တို့ဒေသအတွင်းကတော့ သိပ်ပြီးတော့ ထိခိုက်မှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီကလူတွေ တော်တော်များများက အမျိုးသားမှတ်ပုံတင် မရှိပါဘူးခင်ဗျ။ အဲဒီတော့ မဲထည့်ခွင့်လည်း မရှိဘူးပေါ့ဗျာ။ အဲဒီတော့ ဒေသအတွင်းကတော့ သိပ်မထူးပါဘူးဗျာ။” လို့ ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ ဒီနှစ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အထိအခိုက် အကျအဆုံး များပြားခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ်မှာ ကိုးကန့်တပ်က ဆွေးနွေးဖို့ အစိုးရကို ကမ်းလှမ်းခဲ့ရာမှာ အစိုးရဘက်က ပယ်ချခဲ့ပြီး ကြည်းတပ်၊ လေတပ်အင်အား အလုံးအရင်းသုံးစွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကန့်တပ်မတော်ဟာ အစိုးရနဲ့ အပစ်ရပ်ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တပြည်လုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ၀င် ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ကိုးကန့်၊ ရခိုင်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေကို တပြည်လုံးအပစ်ရပ်စာချုပ် ရေးထိုးရာမှာ ပါဝင်ခွင့်မရှိဘူးလို့ ကန့်သတ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ်ရှိရာ လောခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကြီးကတော့ တပ်ဖွဲ့အားလုံးပါဝင်နိုင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

 By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ အချုပ်ခန်းဖောက်ထွက်ပြေးသွားတဲ့ တရားခံကို တာဝန်ကျ ရဲဝန်ထမ်းတွေက လိုက်လံဖမ်းဆီးစဉ် တရားခံရဲ့ဆွေမျိုးတွေက ၀ိုင်းဝန်းခုခံ ရန်ပြုတဲ့အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက စေတီပြင်ရဲစခန်း အချုပ်ကနေ တရားခံ ၆ ဦး ထွက်ပြေးသွားပြီး သူတို့ထဲက တဦးဟာ အောက်နန်းကျေးရွာမှာ ခိုလှုံနေကြောင်း သတင်းရတဲ့အတွက် ဇွန်လ ၉ ရက် ည ၁၁ နာရီက ၀င်ရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စေတီပြင်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၆ ယောက်ပြေးတဲ့အထဲက တယောက်ပြန်မိပါတယ်ခင်ဗျ။ နာမည်က ကာလာရာ (ခ) အီမာဟူဆောင်း၊ အသက် ၃၇ နှစ်။ သွားဖမ်းတဲ့အခါ သူ့အိမ်သားတဦးက ရဲဝန်ထမ်းကို ဓားနဲ့ ပြန်ပြီးခုခံတယ်။ အဲဒီရဲက သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ သေနတ်နဲ့ပြန်ပစ်တော့ သူက ထွက်ပြေးသွားတယ်။ ဇွန်လ ၁၀ ရက် မနက်စောစောကျတော့ သူတို့အိမ်ရဲ့ တောင်ဘက်မှာ ဓားကိုင်ပြီး သေဆုံးနေတာ တွေ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက လာပြီးအကြောင်းကြားလို့  အခုရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။”

သေဆုံးသူရဲ့အမည်၊ အသက်နဲ့ သေဆုံးရတဲ့ ဒဏ်ရာတွေပေါ်မှာလည်း စစ်ဆေးနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

ကျန်တဲ့ တရားခံပြေး ၅ ဦးမှာလည်း တချို့က အဲဒီနီးနားတ၀ိုက်မှာ ရှိနေသလို တချို့က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်လို့ ကြားသိရတဲ့အတွက် သူတို့အားလုံးကို ဖမ်းဆီးရမိဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော၊ ဘင်္ဂလားဒေ့ရှ်က ရဲတပ်ဖွဲ့ကိုပါ အကြောင်းကြားထားပြီး အားလုံးဖမ်းမိနိုင်အောင်  ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။

အဆိုပါ တရားခံ ၆ ဦးမှာ ဒီနှစ်ဆန်းပိုင်းက ပုဒ်မ ၃၅၃ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စေတီပြင်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနက်က အချုပ်ခန်း သံတိုင်တွေကို ပုဆိုးစအသုံးပြု ဆွဲဖြုတ်ပြီး ထွက်ပြေးလွတ်မြောက်နေတာ ဖြစ်ပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

သာသနာ့မြေမှာ မြေတူးလို့ ဆိုပြီး ဖမ်းဆီး
မိုးကုတ်မြို့ ရေပူ ရပ်ကွက် က ရေပူကျောင်း ဆရာတော် ကို ရှေးဟောင်း သာသနာ့မြေ မှာ မြေတူးလို့ ဆိုပြီး သက်ဆိုင်ရာ က လူဝတ်လဲပြီး ဖမ်းဆီး လိုက်ပါတယ်။

မိုးကုတ် မြို့ က သက်တော် ၄၅ နှစ် အရွယ် ရေပူကျောင်း ဆရာတော် ဦးဣန္ဒက ကို အင်္ဂါ နေ့ည ၉ နာရီ ဝန်းကျင် က နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းသွားပြီး ဗုဒ္ဓဟူး နေ့ မနက် မှာ လူဝတ်လဲ ပြီး ရမန်ယူ လိုက်ပါတယ်။

ရှေးဟောင်း စေတီ ၅ ဆူကို ဖျက်ဆီးပစ်မှုနဲ့ ကျောက်မျက် ဥပဒေ နဲ့ ဆရာတော်ကို စွဲဆို ထားတယ်လို့ မိုးကုတ် မြို့နယ် ရဲမှူး ဦးကျော်ဝင်း က ဖြေပါတယ်။

ဆရာတော် ဦး ဣန္ဒက နဲ့ နီးစပ်တဲ့ မိုးကုတ် ဒေသခံ စိမ်းလန်း လူမှုရေး အသင်း ဥက္ကဋ္ဌဌ ဦးစိုးမြင့် ကတော့ ကျောင်းဟောင်းကြီး ပြိုခါနီးလို့ တောင်စောင်းကို ဖြိုပြီး ပြုပြင်ဖို့ လုပ်ရာမှာ စေတီ တချို့ကို ဖြိုလို့ ဒကာ တချို့က မကျေနပ်လို့ တိုင်တယ် ကြားရကြောင်း ပြောပါတယ်။

ဒီစေတီဟောင်း တွေက စုစည်းပြီး ဓာတ်ပေါင်းစု စေတီ တည်ဖို့ မြို့နယ် ဆရာတော် တွေက ခွင့်ပြု ထားတယ် လို့ သူက ပြောပါတယ်။

လောလောဆယ် မှာတော့ ဆရာတော် ကို မိုးကုတ် ရဲအချုပ်မှာ ထိမ်းသိမ်းထားပြီး ဒကာ ဒကာမ တွေနဲ့ တွေ့ခွင့် မရသေးဘူး လို့ ဦးစိုးမြင့်က ပြောပါတယ်။

ဆရာတော် ဦး ဣန္ဒက ဟာ ဝါတော် ၂၅ ဝါ ရပြီး ရေပူကျောင်းမှာ ကျောင်းထိုင် တာ ၁၅ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

ဆရာတော် ဟာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု မှာ ထဲထဲဝင်ဝင် ဦးဆောင် ခဲ့သ လို မိုးကုတ်မှာ အစိုးရနဲ့ နီးစပ်တဲ့ ကျောက်မျက် လုပ်ငန်းရှင် တွေ သိမ်း ထားတဲ့ မိုးကုတ် အင်း ကို အများ ပြည်သူ ပြန်ရ အောင် ဦးဆောင် ခဲ့တာ တွေ ကြောင့် အာဏာပိုင် တွေ စောင့်ကြည့်သူ စာရင်း ထဲမှာ ပါနေတယ် လို့ ဆရာတော် နဲ့ ရင်းနှီးသူ တွေ က သုံးသပ် နေကြပါတယ်။

ဆရာတော် လွတ်မြောက် ရေး အတွက် ရေပူရွာ က ဒကာဒကာမ တွေက လက်မှတ်တွေ စုဆောင်း ပြီး နိုင်ငံတော် အဆင့်နဲ့ တရားရေး ဆိုင်ရာ တွေကို ပေးပို့ သွားမယ် လို့ မိုးကုတ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဝင် ဦးစိုးဌေး က ပြော ပါတယ် ။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန် (မဇ္ဈိမ) ။ ။သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ဟာ ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဇွန်လ ၆ ရက်မှာ ရရှိခဲ့ပါတယ်။

ဒီဆုကို ပြည်ပရောက် မြန်မာမိသားစုတွေဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ကြီးမှူးပြီး ပေးအပ်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း နယူးယောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ အခမ်းအနားကနေ ဆုရရှိသူတွေကို ကြေညာခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်ရဲ့ ငယ်စဉ်ဘ၀၊ နိုင်ငံရေးဘ၀တွေကို သူ့မိခင် ဒေါ်သန္တာကို မေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

ငယ်ငယ်တုန်းက ဖြိုးဖြိုးအောင်

"ဖြိုးဖြိုးကို၂၅-၈-၁၉၈၈ မှာ မွေးတယ်။ သမီးဆယ်လအရွယ်မှာ သူ့အဖေ (ဒေါက်တာနေ၀င်း) က (နိုင်ငံရေး လှုပ်ရှားမှုကြောင့်) ထောင်ကျသွားတယ်။ အမေဖြစ်တဲ့ အန်တီကလည်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကုန်ဖို့ အပြင်ထွက်ရှာရတော့ သမီးက ဘိုးဘွားလက်ထဲမှာပဲ ကြီးပြင်းလာရတယ်။ သမီးက ငယ်ငယ်ကတည်းက ငိုတာ၊ ရီတာနည်းတယ်။ သူများကို အနှောက်အယှက်မပေးတတ်ဘူး။ အမေက နွေးနွေးထွေးထွေး ချော့သိပ်နိုင်တဲ့ အမေ မဟုတ်ဘူး။ အဘိုးဘွားရင်ငွေ့နဲ့ ကြီးပြင်းလာရတော့ သူများကလေးနဲ့ မတူဘူးဆိုတာ သူ့ကိုယ်သူသိတယ်။ ပင်ကိုယ်ကလည်း နားလည်မှုပေးနိုင်တဲ့ကလေးဖြစ်တယ်။

အိမ်မှာက အိမ်သားခြောက်ယောက်မှာ ဖြိုးဖြိုးက အငယ်ဆုံး။ တစ်ဦးတည်းသောသမီး။ ဒါပေမဲ့ အိမ်ရဲ့ အခြေအနေ အရ ဦးစားပေးခံရတဲ့ ဘ၀မျိုး မရခဲ့ဘူး။ ဒါကို သမီးက နားလည်ပေးတယ်။

ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမုန်းတယ်၊ ချစ်တယ် စသဖြင့် ပြန်မပြောပြတတ်ဘူး။ အေဆေးတယ်။ သူ့ကိစ္စကို အိမ်ကိုလည်း သယ်မလာတတ်ဘူး။"

"ဖြိုးဖြိုးငယ်ငယ်ကတည်း အကောင်သေးသေးလေးပဲ။ ကျောင်းမှာ ကလေးချင်း စနောက်ပြီး ခြေထိုးခံလိုက်တော့ သေးသေးလေးဆိုတော့ လိမ့်လိမ့်သွားတာ တော်တော်ဝေးဝေးရောက်ပြီး လဲသွားတယ်။ ဒဏ်ရာလည်း ရတာပေါ့၊ အိမ်ရောက်တော့ သူ့အဘွားက ဒေါသထွက်ပြီး သွားပြောမယ်လုပ်တော့ သူကတားတယ်။ သူငယ်ချင်းကလည်း နာစေချင်လို့လုပ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းချင်း စနောက်ပြီး ဖြစ်တာပါလို့တားတာ။ သူကအဲဒီအချိန်က မူကြိုအရွယ်လေးပဲရှိသေးတယ်။ သမီးကြီးလာတော့ အတန်းကျောင်းတက်တဲ့အရွယ် ကျောင်းမှာ ဖိနပ်ပျောက် လာတယ်။ သူ့အဘိုးအဘွားကို သူက ဘယ်လိုပြောသလဲဆိုတော့ ဖိနပ်ပျောက်သွားတာ ယူသွားတဲ့သူက ခိုးတာမဟုတ်ဘူး၊ စီးစရာမရှိလို့ ယူသွားတာ၊ မတိုင်ပါနဲ့ လို့ပြောတယ်။

သမီးက လောဘလည်း နည်းတယ်။ သူငယ်ငယ်က အမေဈေးရောင်းကပြန်လာရင် သူ့အတွက် အရင်ဦးစားမပေး နိုင်ဘူး၊ အိမ်မှာက မိသားစုခြောက်ဦးရှိတယ်။ အဲဒီထဲမှာ လေဖြတ်နေတဲ့ ဖြိုးဖြိုးရဲ့အဘိုး၊ ဥာဏ်ရည်မမီတဲ့အန့်တီ မောင်လေး ဖြိုးဖြိုးဦးလေးတို့ကို ဦးစားပေးလုပ်ပေးလိုက်ရတယ်။ မုန့်ဆိုတာလည်း ဈေးရောင်းမကောင်းရင် ပါမလာနိုင်ဘူး။ သမီးကဒါကိုနားလည်ပေးတယ်။ ဖြိုးဖြိုးက အန်တီ့ကို တစ်ခါမှ အပြစ်မတင်ဘူး။ ပူလည်း မပူဆာဘူး။ ငယ်ငယ်ကနေ ခုအရွယ်အထိ အလှအပအတွက်ဆို တစ်ခါမှ မပူဆာဖူးဘူး။"

အမျိုးသမီးပေမယ့် အမှန်တရားအတွက် ရှေ့ထွက်ရမယ်

"သမီးကို သူ့အဖေနဲ့ပတ်သက်ပြီးတော့ အန်တီက အမြဲရှင်းပြ၊ ပြောပြတယ်။ ဖေဖေက ထောင်ကျနေတာမှန်တယ်။ သို့သော်လည်းမကောင်းမှုလုပ်လို့၊ မဟုတ်တာလုပ်လို့ ထောင်ကျနေတာ မဟုတ်ဘူး။ နိုင်ငံအတွက်၊ လူမျိုးအတွက် ကြိုးစားလုပ်ဆောင်ရင်း ထောင်ချခံရတာဖြစ်တယ်။ ထောင်ကျတယ်ဆိုတိုင်း မကောင်းလို့မဟုတ်ဘူး။ နိုင်ငံအတွက်၊ လူမျိုးအတွက် အလုပ်လုပ်နေရင်း ထောင်ကျသွားတဲ့ ဖေဖေ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေ ထောင်ထဲမှာအများကြီး ရှိနေတယ်ဆိုတာကို ရှင်းပြတယ်။

သူ့အဖေထားခဲ့တဲ့ စာတွေသမီးကို ဖတ်ပြတယ်။ သမီးကိုစာနဲ့ စကားပြောတယ်လို့ပြောရမယ်။ အန်တီတို့ တစ်အိမ်လုံးက စာဖတ်ဝါသနာပါကြတယ်။ အဘိုးအဘွားကလည်း စာတွေဖတ်ပြတယ်။ စာထဲက အကြောင်းအရာ တွေ ကလေးကို ရှင်းပြကြတယ်။ အထူးသဖြင့် သမီးရဲ့အဘိုး ဦးရဲဝင်းထွန်း (၀ရဇိန်ရဲဝင်းထွန်း) ပေါ့။

သူ့အဘိုးက ဖြိုးဖြိုးကို လူမှုဆက်ဆံရေးလည်း သွန်သင်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး တန်းတူဆက်ဆံရေး သင်ပေးတယ်။ အဖိနှိပ်ခံလူတန်းစားဘက်က အမြဲတမ်းရပ်တည်ပါလို့မှာတယ်။ 'သစ်လဲ၊ ၀ါးလဲ ကျော်ကောင်းတယ်၊ လူလဲနေရင် ကျော်မကောင်းဘူး' ဆိုတာ သူ့အဘိုးရဲ့ ဖြိုးဖြိုးကိုဆုံးမစကားပါပဲ။

အိမ်မှာ ဘာသာရေးအစွန်းရောက်တာမရှိဘဲနဲ့ ကိုယ့်ဘာသာကို ဘယ်လို ခရေစေ့တွင်းကျ လေ့လာ ရမယ်ဆိုတာကိုပဲ သင်ကြားပေးတယ်။ အမျိုးသမီးတွေကို ဖိနှိပ်တာကို လက်မခံဖို့၊ အမျိုးသမီးပေမယ့် အမှန်တရားအတွက်ဆိုရင် ရှေ့ထွက်ရမယ်၊ သတ္တိရှိရမယ်ဆိုတာတွေကို အန်တီက သူငယ်ချင်ပေါင်းပေါင်းပြီး အမြဲပြောပြတယ်။ သမီးနဲ့အမေ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံပြောဆိုတယ်။"

တက္ကသိုလ်ကျောင်းသူ ဖြိုးဖြိုးအောင်

"ဖြိုးဖြိုးက ၂၀၀၅ မှာ ဆယ်တန်းအောင်တော့ GTC (မြို့ပြအင်ဂျင်နီယာ) တက်ခွင့်ရတယ်။ ကျောင်းမတက်ရခင်မှာ အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်တန်းတက်တယ်။ ဒီအချိန်မှာပဲ သူ့အဖေအဆက်အသွယ် နိုင်ငံရေး လောကသားတွေနဲ့ဆုံတယ်။ ဗကသကျောင်းသားတွေနဲ့ ဆုံဖြစ်တယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို စိတ်ပါဝင် စားလာပြီးတော့ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားတော့ အဖမ်းခံရဖို့ ဖြစ်လာတော့ တိမ်းရှောင်ရင်း နဲ့ဆိုတော့ ကျောင်းနားထားလိုက်ရတာပေါ့။"

နိုင်ငံရေးခြေလှမ်းမှသည် အကျဉ်းထောင်သို့

"ဖြိုးဖြိုး ဆယ်တန်းနှစ်မှာ သူ့အဖေ ကိုနေ၀င်းက ထောင်ကလွတ်လာတယ်။ ၁၅နှစ်နဲ့ သုံးလကြာတာပေါ့။ ၂၀၀၄ ခုနှစ် မှာမှ လွတ်လာတာ။ ကိုနေ၀င်း အပြင်ရောက်လာပြီဆိုတော့ သမီးကို နိုင်ငံရေးလောကထဲက လူတန်းစားအမျိုးမျိုးနဲ့ ထိတွေ့စေပြီး နိုင်ငံရေးလောကထဲ ထဲထဲဝင်ဝင် သမီးကိုအရောက်ပို့နိုင်ခဲ့တယ်ပေါ့။

ပထမဆုံးအနေနဲ့ ဖြိုးဖြိုးနိုင်ငံရေးလောကမှာ စတင်လှုပ်ရှားခဲ့တာကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုပါ။ ဒီအတွက် သားအဖနှစ်ယောက်လုံးကို ဖမ်းတယ်။ ဖမ်းဆီးခံရမှာကို တိမ်းရှောင်ရင်းနဲ့ ၂၀၀၈ နာဂစ် ဖြစ်တဲ့ အချိန်ရောက်လာတယ်။ ဒီအချိန်မှာ သူ့အဖေက သူရဲ့သူငယ်ချင်း နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဆန်းနဲ့အတူ အစိုးရက နာဂစ်မှာ တာဝန်မဲ့စွာ ပစ်ထားတဲ့အလုပ်တွေကို အတူတူလုပ်ဆောင်ခဲ့တယ်။ သမီးကလည်း သူ့အဖေနဲ့အတူတူ လုပ်ဆောင်ခဲ့တယ်။"

"ဖြိုးဖြိုးနဲ့အတူ လင်းထက်နိုင်၊ ဖုန်းပြည့်ကြွယ်၊ ရှိန်းအာကာထွန်း စတဲ့ လူငယ်တွေ ပါပါတယ်။ အလောင်းတွေ သဂြိင်္ုလ်ဖို့ သွားတယ်။ ဒါတွေလုပ်ဆောင်ပြီးအပြန် ဘိုကလေးမှာ အဖမ်းခံရတယ်။ ၂၀၀၈မှာပေါ့။ အကုန်လုံးပဲ အဖမ်းခံခဲ့ရတယ်။ ဖမ်းခံရတော့ ဘားအံထောင်မှာ ထောင်ကျခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာပေါ့။ သူ့အဖေက မော်လမြိုင်ထောင်မှာ ကျခဲ့တယ်။ ဖြိုးဖြိုးက လေးနှစ်၊ သူ့အဖေက နှစ်နှစ်။ ထောင်ကျချိန်မှာ ဖြိုးဖြိုးက အသက် ၁၉နှစ်ပဲရှိသေးတယ်။

သမီးက ထောင်ကျပြီးနောက်ပိုင်းမှာ နိုင်ငံရေးစိတ်ဓာတ်ပိုမိုရင့်ကျက်လာတယ်။ ဘာလို့လဲဆိုတော့ အစိုးရဲ့ တာဝန်မကျေမှု၊ အာဏာရှင်စနစ်ကျင့်သုံးမှုတွေကို ထောင်ထဲမှာ မျက်မြင်ဒိဌ သူတွေ့ခဲ့ရတယ်။ ပြန်လွတ်လာချိန်မှာ သမီးကပြောတယ်၊ အမျိုးသမီးတွေလည်းထောင်ထဲမှာ ကျောက်ထုရတာတွေ့လာရတယ်။ တူမရှိလို့ ကျောက်တုံး အချင်းချင်းထုရတယ်။ ရလာတဲ့ လုပ်ခက (ဆပ်ပြာလက်နှစ်လုံးလောက် စသဖြင့်) မစို့မပို့၊ ဒါတွေအပြင် ထောင်ဝန်ထမ်း အမျိုးသမီးတွေရဲ့ ထောင်ကျအမျိုးသမီးတွေအပေါ် အမျိုးသမီးအချင်းချင်း ဆက်ဆံရေးဆိုးရွားပုံ၊ ထောင်ထဲကစနစ်တွေ၊ ထောင်ကျပြီဆိုတာနဲ့ မကောင်းတဲ့လူတွေလို့မြင်ပုံတွေ ဒါတွေကို်ယ်တိုင်မြင်ခဲ့၊ ကြုံခဲ့ပြီးတဲ့ နောက်မှာ စနစ်တစ်ခုကို ပြောင်းကိုပြောင်းမှ ရတော့မယ်လို့ ပြောခဲ့တယ်။

ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ သမီးဟာ ပိုမိုရင့်ကျက်တဲ့ နိုင်ငံရေးစိတ်ဓာတ်ရှိသူ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူဖြစ်လာတာကို တွေ့မြင်လာရတယ်။ ထောင်ကလွတ်လာပြီးမှာ ဗကသ လှုပ်ရှားမှုတွေကို သူ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပြင်းပြင်းထန်ထန် စိတ်အားတက်ကြွစွာ ဇွဲမာန်အပြည့်နဲ့ လုပ်ဆောင်လာတယ်။ အိမ်ကိုပစ်၊ တစ်နေ့လုံး၊ တစ်ခါတစ်လေ တစ်ညလုံးပေါက် ပြန်မလာဘူး။ သူယုံကြည်ရာကို စိုက်လိုက်မတ်တပ် လှုပ်ရှားခဲ့တယ်။ ဒီလိုနဲ့ အားလုံးသိတဲ့အတိုင်း ကျောင်းသားသပိတ်လှုပ်ရှားမှု ဖြစ်လာတော့လည်း သမီးဟာ နောက်ဆုံးအချိန် လက်ပံတန်းမှာ အဖမ်းခံရချိန်အထိ ပင်မသပိတ်စစ်ကျောင်းနဲ့အတူရှိနေခဲ့ပြီး သူယုံကြည်ရာအတွက် တိုက်ပွဲဝင်ခဲ့တယ်။"

ပြည်သူ့ဂုဏ်ရည်ဆုရရှိတဲ့အပေါ်

"မြန်မာပြည် မျိုးဆက်သစ်တွေ အများစုရဲ့အနာဂတ်က ပျောက်လုနီးနီး ဖြစ်နေတယ်။ လူငယ်တွေဟာ ပညာရေးကို ပန်းတိုင်အထိ ဆက်လက်မလှမ်းနိုင်တော့တာ အများစုဖြစ်နေပြီး၊ ဘွဲ့ရလူငယ်တွေဟာလည်း အမည်အားဖြင့် သာဘွဲ့ရတာ၊ တကယ့်တမ်း အသုံးကျသော အသိပညာ၊ အတတ်ပညာ မရရှိကြပါဘူး။ ဒါဟာ အစိုးရက လက်ဝါးကြီးအုပ်ကြိုးကိုင်ထားတာမို့ သိပ်ကို စိတ်နာစရာကောင်းတယ်။

နိုင်ငံနဲ့အ၀န်းမှာရှိတဲ့ ပညာမဲ့တဲ့ကလေးတွေရဲ့ဘ၀တွေ ဘယ်လိုတွေဖြစ်ကုန်ကြသလဲ။ ယနေ့ မီဒီယာတွေမှာ ဖော်ပြနေကြတာတွေကိုကြည့်ရင် သိသာထင်ရှားစွာ မြင်နေရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ပညာရေးကို ပုံပျက်ပန်းပျက် ပုံဖော်ခဲ့တာကြောင့်ပါပဲ။ ဒီအတွက် ဖြိုးဖြိုးအပါအ၀င် နိုင်ငံရေးအသိစိတ်ဓာတ်ရှိတဲ့ လူငယ်တွေက ပညာရေး ဥပဒေကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒီလိုအမှန်တရားအတွက် အလုပ်လုပ်နေတဲ့ ဒီလိုလူငယ်တွေကို ထောင်ထဲထည့်တယ်။ ဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေကိုယ်စား ၀မ်းနည်းမိတယ်။

ဒီလိုဝမ်းနည်းမိချိန်မှာ အခုလို မျိုးသမီးအတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတော့လည်း ကျွန်မသမီးတစ်ဦး တည်းအတွက် စိတ်ခံစားချက်မဖြစ်ဘဲနဲ့ တိုက်ပွဲဝင် လူငယ်တွေထဲက တစ်ဦးက ရရှိတာမို့ တိုက်ပွဲဝင်လူငယ် တွေအားလုံးကိုယ်စား ၀မ်းသာတယ်။ ဂုဏ်ယူတယ်လို့ ပြောရမှာတော့ စောသေးတယ်။ မဖြိုးဖြိုးအောင် အနေနဲ့ နိုင်ငံရေးဝမ်းစာပြည့်ဖို့လိုသေးတယ်လို့ခံယူထားလို့ပါ။ နိုင်ငံ့အရေးအတွက် နိုင်ငံရေးသူရဲကောင်းတွေ အများကြီးရှိပါတယ်။ သူတို့ကို ချီးမြှင့်ဖို့ လိုနေသေးပါတယ်။"

အိမ်ပြန်လာချိန် မျှော်လင့်သော်လည်း မပြန်လာလည်း ၀မ်းမနည်းဘူး

"ဖြိုးဖြိုးက အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာပါ။ သူကအမှန်တရားလမ်းကြောင်းပေါ် လျှောက်တာဖြစ်တယ်။ သမီးအိမ်ပြန်လာချိန်ကို မျှော်လင့်နေပေမယ့် အိမ်ပြန်မလာနိုင်ခဲ့ရင်လည်း ၀မ်းနည်းမနေဘဲ အားပေးနေတဲ့ ပြည်သူတွေကြောင့် စိုးရိမ်သောကတွေကြားထဲကနေပဲ ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ ဥပဒေကြောင်းအရ ပြန်လည် ရင်ဆို်င်သွားမယ်။ ဥပဒေဘက်တော်သားအဖြစ် ရပ်တည်ပြီး ဖြစ်လာသမျှအရာရာကို သမီးနဲ့ ရင်ချင်းထပ်တူ ဆက်လက်ရှင်သန်နေထိုင်ရင်း ဘ၀တိုက်ပွဲသွားမယ်"

(ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး မဖြိုးဖြိုးအောင် ဟာ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူ ၇၀ ကျော်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သာယာဝတီထောင်မှာ ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။)

ထက်ထက်အောင် ရေးသားသည်။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/45907-2015-06-11-11-56-25