06/14/15

“ထိုင်းမကလို့ ဘရာဇီးမကလို့ ကမ္ဘာ့ချန်ပီယံ ဂျာမဏီပဲဖြစ်ဖြစ်
ဖိုင်နယ်ကတော့ ဘယ်သူမှပြောလို့မရတဲ့ပွဲပဲလို့။ သည်းခံမယ်၊ ကြိုးစားမယ်၊ စိတ်ဓါတ်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင် …”

မေး - အခုလက်ရှိ မြန်မာအသင်းကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေ၊ အဓိက ကစားသမားတွေထဲက ဒဏ်ရာရထားသူ ရှိ/မရှိ ပြောပြပေးပါဦး

ဖြေ - မရှိဘူးဗျ။ အားလုံး Fit ပဲ။ ဖိုင်နယ် Full Line-up ပဲ။

မေး - ဆီမီးဖိုင်နယ် ဒုတိယပွဲမှာ ထိုင်းက အင်ဒိုကိုကစားသွားတာ ကြောက်ခမန်းလိလိပဲ။ ဂိုးအရှေ့မှာ အင်မတန် ပရိရာယ်ကြွယ်ဝတာ တွေ့ရတယ်။ ကိုသန်းတိုးအောင်အနေနဲ့ ထိုင်းအသင်းကို သုံးသပ်ပေးပါဦး။ နောက် ဖိုင်နယ်မှာ ထိုင်းအသင်းကို ဘယ်လိုပုံစံမျိုးနဲ့ ချည်းကပ်မယ်လို့ ကိုကြည်လွင်နဲ့ တိုင်ပင်ထားပါသလဲခင်ဗျ။

ဖြေ - ထိုင်းအသင်းက ခင်ဗျားတို့ကသာ ထင်နေတာ။ အင်ဒိုနီးရှားနဲ့ ၅ ဂိုးသွင်းတော့ ခင်းဗျားတို့ကတော့ ဂိုးအရေအတွက်ကို ကြည့်တယ်ထင်တယ်။ ကျွန်တော်တို့အမြင်ကတော့ Team Play ကိုကြည့်တဲ့အခါကျတော့ ပထမဂိုးကို ကျွန်တော်ကြည့်တယ်။ အင်ဒိုနီးရှားက အပြန်အလှန်ကစားနေတာဗျ။ အပြန်အလှန်ကစားရင်နဲ့မှ ဂိုးပြတ်သွားတာ။ ခြေကွာပြီးတော့မှ ဂိုးပြတ်သွားတာမဟုတ်ဘူးဗျ။

နောက်တခုက ဘယ်လိုကစားမလဲဆိုရင် ဘောလုံးဆုံးလို့ရှိရင် Line ကနေ့ block လုပ်မယ်ပေါ့။ Line ဆိုတာ ကျွန်တော်တို့ centre back နဲ့ centre forward ပေါ့ အရှေ့ဆုံးက ကစားတဲ့သူနဲ့ အနောက်ဆုံးကစားတဲ့သူနဲ့ အကွာအဝေး မီတာ ၂၀၊ ၃၀ နဲ့အကြားမှာ ကစားမယ်။ ထိုင်းက နောက်တန်းကစားသမားတွေက နောက်မှာချန်ပြီးနေတယ်။ ရှေ့တန်းနဲ့အလယ်တန်းက ပူးပြီးအရှေ့ကိုတက်တယ်။ ဘာကြောင့် သူတို့အဲဒီလိုကစားသလဲဆိုတော့ သူတို့မှာက Long Pass (အဝေးပေးဘော)တွေ၊ Passing Accuracy (အပေးအယူ တိကျမှု)မှာ သူများအသင်းတွေထက် သာတယ်။ နောက် ဘောလုံးအထိန်းအသိမ်းလည်း သူများထက်ကောင်းတယ်။ အဲဒီတော့ သူတို့က ဒီလိုကစားနိုင်တယ်။ သူတို့က pass လုပ်နေရင်းနဲ့ မရဘူးဆိုရင် အနောက်ပြန်ပေးကစားမယ်။ အဲဒီအချိန်မှာ ယောင်မှားပြီးတော့ ၂ ယောက် ၃ ယောက်လောက်နဲ့ pressing သွားမလုပ်နဲ့၊ လုပ်တာနဲ့ ကျွန်တော်တို့ ခံသွားရမယ်။ မပိုင်ဘဲနဲ့ သွားလို့ရှိရင်တော့ ခံရမှာပဲ။ ကျွန်တော်တို့က သူတို့မျှားတဲ့နောက် မလိုက်ဘူး။ အလယ်ကနေ၊ Line ကနေပဲ ချမယ်။ အဲဒီလို ခံလို့ရှိရင် သူတို့က passing ကို အလယ်တန်းတွေ ရှေ့တန်းတွေကို လုပ်လိမ့်မယ်။ လုပ်လို့ရှိရင် ကျွန်တော်တို့က ရအောင်ဖျက်မယ်။ ဒါမျိုးဖောက်လို့မရတော့ဘူးဆိုရင် သူတို့က ဘယ်တောင်ပံ၊ ညာတောင်ပံတွေကို တင်မယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့က ပြန်ကျတဲ့ second ball တွေကို မိအောင်ဖမ်းရမယ်။ ကျွန်တော်တို့အနေနဲ့လည်း တယောက်ချင်း သူတို့ကို သွားတိုက်လို့မရဘူး။ ကျွန်တော်တို့က အသင်းလိုက် စုဖွဲ့ကစားမှုကို အခြေခံတာ။ ထိုင်းက စောစောကကျွန်တော်ပြောတဲ့အချက်တွေ အားသာနေတဲ့အခါကျတော့ တိုက်စစ်ဖွင့်တဲ့အခါ ကျွန်တော်တို့က ၆ ယောက် ၇ ယောက်လောက်နဲ့ သွားမှရမယ်။ ၃၊ ၄ ယောက်လောက်နဲ့တော့ အလွယ်လှဘူး။ ဟိုတနေ့ကလို ကောင်းဆက်နိုင်ပေးပြီးတော့ နေလင်းထွန်း သွင်းတဲ့အကွက်မျိုးက ထိုင်းနဲ့ဆိုလို့ရှိရင် ရကောင်းရနိုင်တယ် ဒါပေမယ့် ကမ္မသကာပဲ မသေချာဘူး။ အဲဒီတော့ ကျွန်တော်တို့ Team နဲ့ပဲ သွားမယ်။ ဆင်းတဲ့အခါလည်း အသင်းနဲ့ပဲသွားမယ်။ အဲဒါမျိုးတော့ ကျွန်တော်တို့ စဉ်းစားထားတယ်။ ထရိန်နင်မှာ အဲဒီ အခြေအနေလေးတွေထည့်ဖို့ ကျွန်တော် ဦးကြည်လွင်နဲ့ တိုင်ပင်နေတယ်။

တိုက်စစ်ကိုလည်း team play နဲ့ပဲသွားမှရမယ်။ ခံစစ်ကျတဲ့အခါမှာလည်း အကုန်လုံးပြန်ပြီးတော့ ခံမှရမယ်။ အားလုံးအနောက်ကို ပြုံဆင်းတာတော့ မဟုတ်ဘူးဗျ။ သူ့ position အတိုင်း သတ်မှတ်ထားတဲ့ နေရာကို ပြန်လာရမယ်။

-

မေး - ဒါဆိုရင် ထိုင်းအသင်းက ကစားတာတော့ ကောင်းတယ် သို့သော် ကြောက်စရာမလိုဘူးဆိုတဲ့ သဘောလားခင်ဗျ။

ဖြေ - ကြောက်စရာတော့ မလိုဘူး။ ကျွန်တော်တို့ ကစားသမားလေးတွေကိုလည်း ပြောထားတယ် ထိုင်းမကလို့ ဘရာဇီးမကလို့ ကမ္ဘာ့ချန်ပီယံ ဂျာမဏီပဲဖြစ်ဖြစ်
ဖိုင်နယ်ကတော့ ဘယ်သူမှပြောလို့မရတဲ့ပွဲပဲလို့။ သည်းခံမယ် ကြိုးစားမယ်၊ စိတ်ဓါတ်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပရိသတ်အားကလည်း နည်းတာမဟုတ်ဘူး။ တပြည်လုံးရော စင်္ကာပူပရိသတ်ရောရှိနေတော့ ကြိုးစားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မျှော်မှန်းတဲ့ရလဒ်က ဖြစ်လာပါလိမ့်မယ်။

-

မေး - ဟုတ်ကဲ့ နောက်မေးခွန်းတခုကတော့ ကိုသန်းတိုးအောင်တို့ရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး မေးချင်တာပါ။ ဘာလို့လဲဆို တိုက်ဆိုင်မှုလေးတွေ ရှိနေလို့ပါ။ ၉၃ ဆီးဂိမ်း ကိုသန်းတိုးအောင်တို့၊ ကိုကြည်လွင်တို့ ခေတ်ပေါ့နော်။ အဲဒီတုန်ကလည်း စင်္ကာပူ ကာလန်းကွင်းမှာပဲ ထိုင်းအသင်းနဲ့ ဗိုလ်လုခဲ့ရတယ်။ အခုတခါ အစ်ကိုတို့ ၉၃ မျိုးဆက်ကစားသမား ၂ ဦးက အုပ်ချုပ်သူအဖြစ်၊ နည်းပြအဖြစ်နဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို ဖိုင်နယ်ရောက်အောက် နောက်တကြိမ် ထပ်မံ စွမ်းဆောင်ပေးခဲ့ပြီ။ ဒါနဲ့ပတ်သက်လို့ ရင်ထဲက ခံစားချက်၊ အမှတ်တရဖြစ်ရပ်လေးတွေများရှိရင် ပြောပြပေးပါဦး။

ဖြေ - အမှတ်တရဖြစ်ရပ်ဆိုတာကတော့ ဖိုင်နယ်မှာကျွန်တော်တို့က ၄-၃ နဲ့ရှုံးခဲ့တာ။ အဲတုန်းက ထိုင်းကတော့ ပီယာပွန်တို့၊ ဇေတွန်းတို့၊ နောက်ပြီးတော့ အလယ်တန်းက အာတာပေါတို့ ကစားတာပေါ့။ အဲဒီတုန်းက ကိုင်တီဆတ်ဆိုတာ အရန်ပဲရှိသေးတယ်။ ကျွန်တော်ရွတ်ပြတဲ့ ထိုင်းကစားမားတွေက တကယ်တမ်းတော့ ကိုင်တီဆတ်တို့ထက်တောင် ကောင်းသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့တွေက ၂၉၊ ၃၀ တွေဖြစ်နေပြီ။ ကျွန်တော်တို့တွေက ၂၄၊ ၂၅၊ ၂၆ ပဲ ရှိသေးတယ်။ အဲဒီအခါမှာ သူတို့နဲ့ ကျွန်တော်တို့က level လိုဖြစ်သွားတယ်။ ဒုတိယပိုင်းမှာဆို သူတို့တောင်မှ နည်းနည်းလေး ကျလာတယ်။ ဘေးကန်တာတွေဘာတွေ ဖြစ်လာတယ်။ ဘာကြောင့် ရှုံးရလဲဆိုတော့ ၃-၃ ဖြစ်ပြီးတော့မှ ကိုင်တီဆတ်ဝင်လာပြီးတော့မှ ဟိုဘက် Narrow Angle ကနေပြီးတော့ သူလည်းမြင်ရတာမဟုတ်ပါဘူးဗျာ နောက်ပြန်လှန်တိုက်လိုက်တာမှာ ကျွန်တော်တို့ ဂိုးပေးလိုက်ရတယ်ပေါ့ဗျာ။ အဲဒီဂိုးကို ကျွန်တော်တို့က (goal by luck) ကံအားဖြင့်ပေးရတဲ့ဂိုးပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က ဒီနေ့ ထိုင်းနဲ့ပြန်တွေ့မယ်ဆိုတဲ့အခါကျတော့ ခင်ဗျားတို့ပြောသလိုပေါ့ အကြွေးဆပ်မယ်ဆိုရင် ကျွန်တော်တို့က ဒီလို goal by luck နဲ့ပဲ ပြန်ရကောင်းရနိုင်တယ်။ ဒါမျိုးဖြစ်လာနိုင်တယ်။ ဖြစ်လာမယ်လို့လည်း မှန်းထားတယ်။

-

မေး - ကိုကြည်လွင်နဲ့ ကိုသန်းတို့အောင်တို့ ၉၃ ဆီးဂိမ်းနဲ့ပတ်သက်လို့ ပြန်လည်ပြောဆိုကြတာ စမြုံ့ ပြန်ဖြစ်ကြတာမျိုးရော ရှိပါသလား။

ဖြေ - မပြောဖြစ်ဘူးဗျ။ သူနဲ့ ကျွန်တော် အဲဒီတုန်းကအကြောင်းတွေ လုံးဝမပြောဖြစ်ဘူး။ ဘာကြောင့် မပြောလဲဆိုတာက ကျွန်တော်တို့က အဲဒီတုန်းက ရှုံးခဲ့ရတာကိုး။ ဒါကြောင့် ကျွန်တော်တို့က အဲဒီအကြောင်းကို စမြုံ့မပြန်တော့ဘူး။

ဒီအတွက်လည်း ကျွန်တော်တို့က ဟာ မင်းတို့ကို မရရအောင် လက်စားချေမှာပဲဆိုတဲ့စိတ်မလည်း မရှိဘူး။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် ကစားမယ်။ ရွှေတံဆိပ်ရအောင် ကြိုးစားမယ်။ ကျွန်တော်တို့ဆီမှာ လက်စားချေတာတွေ ဘာတွေမရှိဘူး။ ကျွန်တော်တို့ ဘောလုံးကစားနေတာ။ ဟုတ်တယ်နော်။ ဘောလုံးဆိုတာ ဒီတပွဲနဲ့ပဲ ပြီးသွားတာမျိုးမဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကလည်း ဗမာက ထိုင်းကိုရှုံးဖူးတာပဲ။ ဟုတ်တယ်နော်။ အဲဒီတုန်းက မီဒီယာ မကျယ်ပြန့်တဲ့အခါကျတော့ ဘယ်သူမှ မဖော်ပြနိုင်ဘူး။ နောင်နှစ်တွေ နောင်လာမယ့် ဆီးဂိမ်းတွေမှာလည်း ထိုင်းနဲ့က တွေ့ဦးမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ဘက်က အကောင်းဆုံးကစားမယ်။ ဘယ်လိုမှ ကြောက်စရာအကြောင်းမရှိဘူး။

-

မေး - နောက်ဆုံးအနေနဲ့ မြန်မာပရိသတ်ကို ဘယ်လိုစကားလက်ဆောင် ပါးလိုပါသလဲခင်ဗျ။

ဖြေ - ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ထိုင်းရော မြန်မာရော ၂ သင်းစလုံးက ကျွန်တော်တို့ အိတ်ထောင်ထဲမှာ ငွေတံဆိပ်တွေက ၂ သင်းစလုံးမှာရှိနေပြီ။ အဲဒီတော့ ရွှေကိုဘယ်သူလဲနိုင်မလဲဆိုတာပဲ။ ကျွန်တော်တို့ မြန်မာ ၁ ပြည်လုံးကလည်း ရွှေလိုချင်ကြတယ်။ ကျွန်တော်တို့မြန်မာတွေက ပြည်ပရောက်ရင် ကိုယ့်ကိုယ်ကို ရွှေလို့ခေါ်တဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေအားလုံးက လိုချင်နေတဲ့ရွှေကို မရရအောင် ကန်မယ်လို့ အဲဒါလေးပြောချင်ပါတယ်။

Photo - MFF
မြန်မာ ယူ ၂၃ ဘောလုံးအသင်းနည်းပြ ဦးကြည်လွင်(ယာ)နှင့် အုပ်ချုပ်သူ ဦးသန်းတိုးအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တရုတ် နိုင်ငံ မှ ပြန်လည် ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ သံမှူးကြီး ချန်းချန် နှင့် NLD နာယက ဦးတင်ဦး တို့ မှ ဇွန်လ ၁၄ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ လာရောက် ကြိုဆိုစဉ်(ဆင်ဟွာ)
  ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ် ပြီးနောက် ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်း တွင် တရုတ် နိုင်ငံ မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ပြန်လည် ရောက်ရှိလာ ခဲ့သည်။

လေဆိပ်သို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ သံမှူးကြီး ချန်းချန် နှင့် NLD နာယက ဦးတင်ဦး တို့ လာရောက် ကြိုဆို ခဲ့ကြသည်။ ထို့ပြင် NLD  အဖွဲ့ဝင်များ နှင့် ပြည်သူ ထောင်နှင့်ချီ၍ လည်း လာရောက် ကြိုဆို ခဲ့ကြသည်။

တရုတ် နိုင်ငံ မှ ပြန်လည် ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား NLD  အဖွဲ့ဝင်များ နှင့် ပြည်သူများမှ ဇွန်လ ၁၄ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ လာရောက် ကြိုဆိုစဉ်(ဆင်ဟွာ)
တရုတ် ပြည် လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သော ၆၅ နှစ် အတွင်း တရုတ်-မြန်မာ အစဉ်အလာ ချစ်ကြည် ဆက်ဆံရေးသည် ပြောင်းလဲမှု မရှိခဲ့ကြောင်း ၊ ကဏ္ဍစုံ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုသည်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ ဆွေမျိုးသဖွယ် ကံကြမ္မာ အကျိုးတူ အေးအတူ ပူအမျှ အသိုက်အဝန်း တစ်ခု ဖြစ်လာကြောင်း ၊ ဤသည်မှာ နှစ်နိုင်ငံ၏ အဆက်ဆက် ခေါင်းဆောင်များနှင့် ပြည်သူများ၏ ကြိုးစားမှုကြောင့် ရရှိခဲ့သော အောင်မြင်မှု ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ချစ်ကြည်ရေးကို အားလုံးမှ ပိုမို အလေးထားသင့်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံသည် ကာလ တစ်လျှောက်လုံး တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာ ဗျူဟာ အမြင်နှင့် ရေရှည် အမြင်ဖြင့်  အလေးထား ဆက်ဆံခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ် တည်တံ့ခိုင်မြဲရေး ကိုအစဉ် ထောက်ခံခဲ့ကြောင်း ၊ မြန်မာ နိုင်ငံမှ ကိုယ်ပိုင် ရွေးချယ်သော ဖွံ့ဖြိုးရေး လမ်းစဉ်ကို လေးစားကြောင်း ၊ မြန်မာ နိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက် များကိုလည်း ထောက်ခံကြောင်း ၊ တရုတ်-မြန်မာ အစဉ်အလာရှိသော ချစ်ကြည်ရေး နှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ တွန်းအားပေး ဆောင်ရွက်လာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ပြည်တွင်း အခြေအနေ ပြောင်းလဲစေကာမူ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိုအတိုင်း ကိုင်တွယ် ဆက်ဆံရန်နှင့် တရုတ်-မြန်မာ ချစ်ကြည် ဆက်ဆံမှု တစ်ဆင့် တိုးပွားစေရန် တက်တက်ကြွကြွ အားပေး ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် မှ ဆက်လက်၍  တရုတ် ကွန်မြူနစ် ပါတီ နှင့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆက်ဆံရေးသည် လျှင်မြန်စွာ တိုးတက်လာပြီး တစ်နေ့တစ်ခြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်နိုင်ခဲ့ကြောင်း ၊ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ် မှ ဥက္ကဌ အနေဖြင့် တရုတ် နိုင်ငံ နှင့် တရုတ် ကွန်မြူနစ် ပါတီ အပေါ် ပိုမို နက်ရှိုင်းစွာ နားလည် သိရှိနိုင်ရန် မျှော်လင့်ကြောင်း ထိုမှသာ နှစ်ဖက် အနေဖြင့် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်ရန် အထောက်အကူ ပြုပြီး နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ပိုမိုကောင်းမွန်သော အခြေခံ တစ်ရပ်ကို တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ဥက္ကဌ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တရုတ်နိုင်ငံနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အပေါ် မြန်မာ ပြည်သူပြည်သားများ မှန်ကန်စွာ သိမြင် နားလည် နိုင်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန် အတွက် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြကြောင်း ၊ အိမ်နီးချင်းကို ရွေးချယ်၍ မရကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန်သည် အလွန်အရေးကြီးကြောင်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေးကို အလွန် အလေးထားကြောင်း ၊ တရုတ် ကွန်မြူနစ် ပါတီ အနေဖြင့် တရုတ် နိုင်ငံကို ဦးဆောင်၍ ကြီးမားသော အောင်မြင်မှု ရရှိခဲ့သည့် အပေါ် လေးစားမိကြောင်း ၊ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ်မှ နှစ်ပါတီ ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေပြီး နှစ်နိုင်ငံ ပြည်သူလူထုကြား ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန် တွန်းအားပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်နိုင်ငံတော် အစိုးရ ၊ ပါတီ နှင့် လွှတ်တော် ခေါင်းဆောင်များ ဖြစ်ကြသည့် တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဌ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဝန်ကြီး ဝမ်ကျားရွေ့ ၊ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ ၊တရုတ် ပြည်သူ့ ကွန်ဂရက် (လွှတ်တော်) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဌ နှင့် တရုတ် နိုင်ငံ အမျိုးသမီး သမဂ္ဂ ဥက္ကဌ စိန်ယွဲ့ယွဲ့ ၊ တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် နှင့် တရုတ် ကွန်မြူနစ်ပါတီ ယူနန် ပြည်နယ် ကော်မတီ အထွေထွေ အတွင်းရေးမှူး လီကျိဟိန် တို့နှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

မနက်ဖြန် (၁၅-၆-၂၀၁၅) တောင်ဥက္ကလာပမြို့နယ်တရားရုံးမှာ ပုဒ်မ(၁၉)နဲ.
အမှုရင်ဆိုင်တဲ့အခါ အာမခံတွေ ကိုယ်ပိုင်ခံဝန်တွေ မယူပဲ ထောင်ထဲလိုက်သွားဖို. ဆုံးဖြတ်ထားတဲ့ ကိုကိုကြီး(၈၈) အတွက် ကိုယ်ဝန်ဆောင်နေရတဲ့ ဇနီးဖြစ်သူကထောင်ထဲအတွက် လိုအပ်မယ့်အထုပ်လေးပြင်ပေးရင်း ရေးတဲ့စာကို ခင်ဗျားတို.နှလုံးသားနဲ. ဖတ်ကြည့်လိုက်ကြပါ။

" လွန်ခဲ့တဲ့ ၁၇နှစ် ၊ ကျမ အထက်တန်းကျောင်းသူအရွယ်မှာဖေဖေ့ကိုထောက်လှမ်းရေး ၁၇ က လာခေါ်တော့မေမေ အထုတ်ပြင်ပေးနေတာကိုကြည့်ပြီး တစ်မိသားစုလုံးခံစားခဲ့ကြရပြီးပြီ။

အခုလဲ အထုတ်ပြင်ပေးနေရင်းစိတ်ကိုပါ ကြိုပြီးပြင်ထားရမယ်။ " တဲ့။ စိတ်ထိခိုက်ဖို.ကောင်းလိုက်တာ။

တကယ်တော့ ဒီဖြစ်ရပ်ဟာ တောင်ဥက္ကလာပတစ်မြို့လုံးကသိတဲ့ကလေးကစားကွင်း၊ပန်းခြံ ကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မီတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က( ၄-၃-၂၀၁၃ ) မှာ YCDC ကိုမေးမြန်းတဲ့အခါ ရန်ကုန်မြို.တော်စည်ပင်ကတရားဝင်စာနဲ. အကြောင်းပြန်ခဲ့ပါသည်။

နိုင်ငံပိုင်မြေဖြစ်ကြောင်းတရားဝင်ဝန်ခံခြင်းဖြစ်တယ်။ အဆောက်အဦးဆောက်လုပ်ခွင့်ပြုလိုက်ခြင်းက ကြံခိုင်ရေး ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မြို.နယ်ကြံခိုင်ရေးရုံးဆောက်လုပ်ဖို.သာ ခွင့်ပြု
ခဲ့တာပါတဲ့။ ပုဂလိကပိုင်အဖြစ် အသုံးပြုဖို.မဟုတ်ပါဘူးတဲ့။

နောက်ပြီး ထိုစဉ်က ပြည်ထောင်စုကြံခိုင်ရေးနဲ. ဖွံ.ဖြိုးရေးအသင်းအတွက် နှစ်(၆၀)ဂရန်ထုတ်ပေးတာပါတဲ့၊ ပုဂလိကပိုင်အသုံးပြုဖို.မဟုတ်ပါဘူးလို. ရေးသားအကြောင်းပြန်ခဲ့တယ်။ အခုအချိန်မှာ ကြံခိုင်ရေးက လူမှုရေးအသင်းမဟုတ်တော့ဘူးနိုင်ငံရေးပါတီဖြစ်နေပြီ ဒါဆိုရင် နိုင်ငံရေးပါတီတခုက
လူမှုရေးအသင်းတုန်းကနိုင်ငံပိုင်မြေကို ပါတီမြေအဖြစ် ဘယ် ဥပဒေကခွင့်ပြုပေးထားသလဲ။ လုပ်ခွင့်ရော ရှိသလား ။

အခု အဲဒီမြေနေရာမှာ ကုမဏီတစ်ခုက ကွန်ဒိုမီနီယံကြီးဆောက်ဖို.လုပ်တယ်။ဒီလို နိုင်ငံပိုင်မြေ ကလေးကစားကွင်းပန်းခြံမြေကိုခပ်တည်တည်နဲ.လုပ်ချင်သလိုလုပ်လာတဲ့အတွက် တောင်ဥက္ကလာပမြို့နယ်က ပြည်သူတွေက ကြံခိုင်ရေးဆိုတဲ့ အရင် လူမှုရေးအသင်းလည်းဖျက်သိမ်းလိုက်ပြီဆိုတော့ ကလေးကစား
ကွင်း ပန်းခြံ ပြန်လုပ်ဖို. တောင်းဆိုကြတယ်။ ကွန်ဒိုကြီးဆောက်နေတာကိုကန်.ကွက်ဆန္ဒပြကြတယ်။ ၈၈ မျိုးဆက်က တောင်ဥက္ကလာပသား ကိုကိုကြီးလည်းပါတယ်။ ရှင်းနေတဲ့ ဖြစ်ရပ်ပါ။

အခုတော့ နိုင်ငံပိုင်မြေကို နိုင်ငံရေးပါတီတစ်ခုကရယူသုံးစွဲနေကြောင်းထင်ရှားနေပါလျက် ဒီဖြစ်ရပ်ကိုတော့ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူများကိုတော့ဥပဒေဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပုဒ်မ(၁၉)နဲ.တရားစွဲ ထောင်ချဖို.လုပ်နေခြင်းက ခင်ဗျားတို. ဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်က မတရားမှုတွေ
ရပ်သင့်ပါပြီ။ တရားလွန်နေပြီလို.ထင်တယ်။

ကျော်စွာမြင့်
Kyaw Swar Myint

တစ်မြို့လုံးကသိတဲ့ကလေးကစားကွင်း၊ပန်းခြံ ကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မီတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ်အကြောင်းပြန်ခဲ့ပါသည်။ နိုင်ငံပိုင်မြေဖြစ်ကြောင်း
တရားဝင်ဝန်ခံခြင်းဖြစ်ပါသည်။

နိုင်ငံပိုင်မြေကို နိုင်ငံရေးပါတီတစ်ခုကရယူသုံးစွဲနေကြောင်းထင်ရှားနေပါလျက်အရေးယူဆောင်ရွက်ခြင်းမရှိဘဲငြိမ်းချမ်းစွာဆန္ဒပြသူများကိုတရားစွဲတဲ့
စာနှစ်စောင်ကိုပူးတွဲဖေါ်ပြလိုက်ပါတယ် ။

ကိုကိုကြီး ( ၈၈ မျိုးဆက် )


မြန်မာဘောလုံးအသင်းအနေနဲ့ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ SEA Game ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့အပေါ် ပရိသတ်တွေရဲ့တုံ့ပြန်ချက်တွေနဲ့ မြန်မာဘောလုံးအားကစား ပြန်လည် ဦးမော့လာအုံးမလားဆိုတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ အခုဆိုရင် နောက်ဆုံးဖိုင်နယ်ကို ရောက်သွားပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီးဖိုင်နယ်တက်သွားတာပါ။ ဒါကြောင့် မြန်မာဘောလုံးအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ရွှေတံဆိပ်နဲ့ လက်တစ်ကမ်းအကွာမှာလည်း ရောက်နေပါပြီ။ ဒီလို ဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့နေရာမှာ ၁၂ ယောက်မြောက် ကစားသမားလို့ ခေါ်တဲ့ စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကလည်း အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မြန်မာနဲ့ဗီယက်နမ်ပွဲကို ကွင်းမှာ ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ မြန်မာ့ဘောလုံးပရိသတ် ကိုရဲမာန်မြင့်ကလည်း ဒီပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အကိုတို့လည်းမြင်တဲ့အတိုင်းပဲ၊ ကစားသမားတွေဆိုတာ ကွင်းထဲမှာလေ၊ သူတို့ကိုယ်တိုင်က ငိုပြီးတော့ - ကိုယ်တွေကလည်း အရမ်းပျော်တယ်။ ပရိသတ်တွေအားလုံးက ဒီနေ့က ဆီမီးဖိုင်နယ်ဆိုတော့ အကုန်လုံးကလည်း အံ့မခန်းပဲ တက်တက်ကြွကြွနဲ့အားပေးကြတယ်။ ကိုယ်တွေကလည်း ပထမဂိုးရထားတယ်ဆိုတော့လေ။ အဲဒီ One-One ဖြစ်သွားတဲ့အချိန်မှာလည်း စိတ်ဓာတ်ကမကျဘဲနဲ့ အကုန်လုံးက အားတက်သရောနဲ့တော့ ဗီယက်နမ်ဘက်က အသာစီးရထားပေမယ့် ကိုယ်တွေဘက်က နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ အားပေးတော့ တူး-ဝမ်းဖြစ်သွားတဲ့အခါမှာ အရမ်းပျော်သွားတယ်။ ဗီယက်နမ်ကို အနိုင်ရတဲ့အတွက်လည်း ကျေနပ်တယ်။ ရှုံးကြွေးကို ပြန်ဆပ်နိုင်တဲ့အတွက်လေ။ တကွင်းလုံးကတော့ ပရိသတ်ကအများကြီးပဲ။ နှစ်သောင်းကျော်တယ်။ ကိုယ့်အတန်းကတော့ အပြည့်ပဲ။”

စင်္ကာပူရောက် မြန်မာပရိသတ်တွေ နိုင်ငံတော်သီချင်းဆိုပြီး အားပေးနေတာတွေ၊ မြန်မာ၊ မြန်မာ…ဆိုပြီး အော်ဟစ်အားပေးနေတာတွေ၊ ပွဲအပြီးအောင်ပွဲခံနေတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာတွေမှာ တွေ့ခဲ့ရပါတယ်။ အလာတူးပဲ မြန်မာနိုင်ငံတဝှမ်းမှာလည်း ဘောလုံးပရိသတ်တွေ မြန်မာယူ-၂၃ အသင်းကို ရုပ်သံဖန်သားပြင်ပေါ်ကနေ အားပေးခဲ့ကြပြီး ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာဆိုရင် LED Screen အကြီးကြီးတွေနဲ့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသခဲ့တယ်လို့ ရန်ကုန်မြို့က အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် အခုလိုပြောပါတယ်။

“ပရိသတ်တွေ ဘယ်လောက်အထိ အားပေးနေကြသလဲဆိုလို့ရှိရင် ရုံးတချို့ဆိုလို့ရှိရင် တရားဝင်စာထုတ်ပြီးတော့ ခန်းမပေါ့၊ ခန်းမဆိုတာ သူတို့ရှိတဲ့ ဧည့်ခန်းတို့ဘာတို့လိုနေရာတွေမှာ ဝန်ထမ်းတွေ အားလုံးစုပြီးတော့ ဘောလုံးပွဲကြည့်ခွင့်ပေးတယ်။ ကားလမ်းတွေပေါ်မှာတောင်မှပဲ ကားအသွားအလာက ပြတ်သလောက်ဖြစ်သွားတယ်။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာလည်း LED တီဗီ အကြီးကြီး ထောင်ပြီးတော့ ကြည့်ကြတယ်။ အဲဒီမှာလည်း လူတွေက ပြည့်လုပြည့်ခင်ပါပဲ ။ နောက် မဟာဗန္ဓုလပန်းခြံနားတဝိုက်ကတော့ အကုန်လုံးအပြည့်ပါပဲ။”

ဆီးဂိမ်းဝင်နေတဲ့ မြန်မာယူ-၂၃ အသင်းကလည်း ဖိုင်နယ်ရောက်ပြီး ရွှေတံဆိပ်နဲ့ လက်တကမ်းအကွာမှာရောက်နေတာကြောင့် မြန်မာ့ဘောလုံး တခေတ်ဆန်းပြီလားဆိုတဲ့ ပြောဆိုသံတွေလည်း ထွက်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဟောင်း ဦးမျိုးဝင်းညွန့်ကို မေးကြည့်ထားပါတယ်။

“ကျနော်တို့အသင်းက ခြေအနေအထားအရ ဒေါင်ဒေါင်မြည်နေတော့ ၊ ပြန်ပြီးတော့ ဘောလုံး အောင်မြင်ဖို့အတွက် အစပျိုးတယ်လို့ ပြောရမှာပေါ့ဗျာ။ ဘာကြောင့်လဲဆိုဆတော့ ကျနော်တို့ ဆီးဂိမ်းဖိုင်နယ်ကို မရောက်တာ တော်တော်ကြာပြီလေ။ တခေတ်ဆန်းပြီးလာဆိုတာကတော့ ပြောလို့မရသေးဘူး ပေါ့။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲက အခုမှ ဒီတခုပဲ ရှိသေးတာကိုး ။ တခေတ်ဆန်းပြီလို့ ပြောဖို့ဆိုရင်တော့ ကျနော်တို့က ပြိုင်ပွဲ ၂ ခု၊ ၃ ခု စသဖြင့်ပေါ့ ၊ အဲဒီလိုပြိုင်တဲ့အခါမှာ ဒီကလေးတွေက အခုလိုပဲ ဖိုင်နယ်ကိုရောက်မယ် ၊ ချန်ပီယံဆုကိုရမယ် ဆိုပြီး ဖြစ်လာတယ်ဆိုရင်တော့ တခေတ်ဆန်းတယ်လို့ ပြောလို့ရမယ်။”

SEA Game ပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ-၂၃ အသင်းကို ကမ္ဘာတဝှမ်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း အားပေးခဲ့ကြပါတယ်။ အနောက်ကမ္ဘာခြမ်းက အမေရိကန်နိုင်ငံမှာဆိုရင်လည်း ဘောလုံးဝါသနာရှင်တွေဟာ ဆီမီးဖိုင်နယ်ပွဲကို ညမအိပ်ဘဲ အင်တာနက်အွန်လိုင်းကနေ ကြည့်ရှု အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို အားပေးခဲ့တဲ့အထဲမှာ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်း ဦးရင်ထွေးလည်း ပါဝင်ပါတယ်။ ဗီယက်နမ်အသင်း ကစားနေတဲ့ပွဲချိန်တချိန်လုံး စိတ်လှုပ်ရှားနေခဲ့မိပေမယ့် နောက်ဆုံးအနိုင်ရပြီး ဖိုင်နယ်တက်နိုင်ခဲ့တဲ့အတွက် လက်ရွေးစင်ကစားသမားဟောင်းတစ်ယေက် အနေနဲ့ ပီတိဖြစ်မိတယ်လို့ ဦးရင်ထွေးက ပြောပါတယ်။

“ကြည့်နေပါတယ်။ အချိန်ချင်းမတူတဲ့အခါကျတော့ နည်းနည်းလေးစောင့်ပြီးတော့ ဒီဘောလုံးပွဲကို ကြည့်ဖြစ်အောင်ကြည့်တယ်။ ဘာလို့လဲဆိုတော့ ကြုံတောင့်ကြုံခဲလေဗျာ။ အားလုံးမျှော်လင့်နေတဲ့ မြန်မာအားကစား ပြန်လည်ထွန်းတောက်လာမယ့်အချိန် ဖြစ်နိုင်မလားဆိုတဲ့ ဆန္ဒလေးနဲ့ပဲ ကြည့်မိတာပဲ။ အရင်တုန်းကတော့ ကျနော်တို့ မနက် ၈ နာရီခွဲဆို ကြည့်လို့ရတယ်။ အခုက မနက် ၂ နာရီဆိုတော့ စောင့်ရတာပေါ့လေ။ အိပ်ချင်တယ်ဆိုရင်လည်း ခနလေးအိပ်လိုက်၊ အိပ်ပြီးတော့ နာရီကို alarm ပေးပြီးတော့ ထပြီး စောင့်ကြည့်ရတဲ့ဘဝဗျ။”

သူကစားခဲ့တဲ့ ပြည်နယ်နဲ့တိုင်းဘောလုံးပွဲတွေနဲ့ လက်ရွေးစင်အသင်းပွဲတွေမှာဆိုရင် မြန်မာ့ဘောလုံးပရိသတ်တွေဟာ ကွင်းလုံးပြည့် အားပေးတဲ့ အစဉ်အလာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။ အခုဆီးဂိမ်းပြိုင်ပွဲမှာလည်း မြန်မာယူ-၂၃အသင်း မြန်မာဘောလုံးပရိဿတ်တွေ အားပေးနေတာကို တွေ့ရတာနဲ့ ပတ်သက်ပြီး ဦးရင်ထွေးက အခုလို ဆက်ပြောပါတယ်။

“ဘယ်လိုလဲဆိုတော့ ကျနော်တို့ တိုင်းနဲ့ပြည်နယ်ကစားတုန်းကလည်း အောင်ဆန်းကွင်းကြီးက ရုံပြည့်ရုံလျှံပဲဗျ။ စင်တောင်ပြိုကျတာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ အဲလိုအချိန်မျိုးမှာပဲ ကစားနေတဲ့အချိန်မှာ ပရိသတ်တွေကိုမြင်တဲ့အခါ ကြက်သီးမွေးညှင်းတောင်ထသလို အခု ယူ ၂၃ ကိုကြည့်လိုက်တဲ့အခါမှာလည်း ကွင်းအပြည့် လာရောက်အားပေးတဲ့- ပထမဆုံးကျနော်က ချီးကျူးချင်တာက မြန်မာပရိသတ်ကို ကျနော် လုံးဝ ချီးကျူးတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ရှင်ကွင်းလို လာပြီးတော့ သူတို့ရတဲ့အချိန်လေးကို လုပြီးလာအားပေးတဲ့ဒီပရိသတ်ရယ်၊ လုံးဝ တကယ့်စည်းစည်းလုံးလုံးနဲ့ ဘောလုံးကို အသင်းလိုက်၊ အသင်းလိုက် လိုက်ကစားတဲ့ ဒီ ညီငယ် ယူ ၂၃ က ဘောလုံးသမားတွေကို မြင်တော့ ကိုယ်ကိုယ်တိုင် အရင်က ဘောလုံးကစားခဲ့တဲ့နေရာလေးတွေကို ကြည့်ပြီးတော့ ကြက်သီးထခဲ့တယ်ဗျ။”

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ မနက်ဖြန် ဇွန်လ ၁၅ ရက်နေ့ စင်ကာပူစံတော်ချိန် ၈ နာရီခွဲ၊ မြန်မာစံတော်ချိန် ညနေ ၇ နာရီမှာ ဗိုလ်လုကြမှာဖြစ်ပါတယ်။
VOA


မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာဈေးနှုန်း တရှိန်တိုး တက်လာတဲ့ အပေါ် ဗဟိုဘဏ်ဘက်က အရေးယူ လုပ်ဆောင်မှု နည်းတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ငွေလဲနှုန်း ကွာခြား လာတဲ့ ကိစ္စ ပြည်တွင်း ဈေးကွက်အပေါ် သက်ရောက်လာမယ့် အရေးကိုလည်း စိုးရိမ်နေကြပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်း ထားပါတယ်။

မြန်မာ့ ငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲလှယ်နှုန်းက အရင် ၈၀၀ ကျပ်ကျော်ကနေ အခု ၁၃၀၀ လောက်ထိကို တရိပ်ရိပ် တက်လာပြီးနောက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရင်းအမြစ် ရှာဖွေတဲ့အနေနဲ့ စနေနေ့မှာ သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်တွေကို သီးခြားစီတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ပို့ကုန်တွေ တိုးတက်တင်ပို့နိုင်ဖို့နဲ့ ပို့ကုန်ဝင်ငွေအားလုံး ပြည်တွင်းကို ပြန်ရောက်ရေးစိစစ်ဖို့ ဗဟိုဘဏ်ကို ပို့ကုန်လုပ်ငန်းရှင်တို့က အကြံပေးခဲ့ကြ ပါတယ်။ ဗဟိုဘဏ်ဘက်ကတော့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ နိုင်ငံခြားဝင်ငွေကို သွင်းကုန်လုပ်ငန်းရှင်တွေဆီကို တိုက်ရိုက်ရောင်းချတဲ့ကိစ္စ ထိန်းချုပ်ဖို့ ပြောဆိုခဲ့ပေမယ့် ပို့ကုန်လုပ်ငန်းရှင်တွေဘက်က လက်မခံခဲ့ကြပါဘူး။ သွင်းကုန်လုပ်ငန်းရှင်တွေက လိုအပ်တဲ့အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က တိုက်ရိုက်ထုတ်ရောင်းဖို့ အဆိုပြုခဲ့ကြတာကိုလည်း ဗဟိုဘဏ်ဘက်က ပယ်ချပါတယ်။ မြန်မာ့ငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာငွေ အခုထက်ပိုပြီး ဝင်ရောက်လာဖို့ အဓိက လိုအပ်ချက်တခုက ဘဏ်စနစ်ဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ထောက်ပြပါတယ်။

“ကျနော်တို့ဗမာပြည်မှာရှိနေတဲ့ကုမ္ပဏီတွေ Import, Export လုပ်နေတဲ့သူအများစုက စင်္ကာပူနိုင်ငံမှာရှိတဲ့ဘဏ်တွေကို အားကိုးပြီးတော့ လုပ်နေကြရတာ များတယ်။ ပြောရမယ်ဆိုရင်ဗျာ - ကျနော်တို့ရဲ့ငွေတော်တော်များများက၊ ဗမာပြည်ကငွေတော်တော်များများက စင်္ကာပူနိုင်ငံမှာရှိတဲ့ ဘဏ်တွေမှာ ရှိနေတာပေါ့နော်။ ဒါတွေကို ကျနော်တို့က ဒီဘက် ဗမာပြည်မှာရှိနေတဲ့ နိုင်ငံခြားဘဏ်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖွင့်ခွင့်ပေးမယ်၊ ဒီငွေတွေက စင်္ကာပူကနေ ဗမာပြည်ကိုပြန်ပြီး စီးဆင်းလာမယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်နိုင်မယ်။”

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တို့ကတော့ ငွေလဲနှုန်း မတည်ငြိမ်တဲ့အတွက် ဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်မယ့်အရေးကိုလည်း ထောက်ပြပါတယ်။

“ငွေကြေးအဆင်မတည်ငြိမ်မှုကြောင့် importer ရော၊ exporter ရော နှစ်ဘက်စလုံးမှာ အခက်အခဲတွေ့လာနိုင်ပါတယ်။ အဲဒါဆိုရင် ကျနော်တို့က ငွေကြေးတည်ငြိမ်မှုရှိလာရင် အလုပ်လုပ်ရတာ အဆင်ပြေတဲ့အပိုင်းဖြစ်မှာပေါ့နော်။ အခု လက်ရှိအနေအထားက ဒီရက်ပိုင်းအတွင်းမှာပဲ ငွေဈေးတက်လိုက်ကျလိုက်ဖြစ်နေတာက အကြမ်းဖျင်းကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် လေးငါးခြောက်ဆယ်လောက်ဖြစ်နေတယ်။ ဖြစ်နေတော့ ကျနော်တို့က ဒီဈေးနဲ့ရောင်းရမလား၊ ဝယ်ရမလား၊ ဒါမှမဟုတ်ရင် ဆက်ပဲကိုင်ထားရမလား ဒါတွေက …ရှာလို့မရတဲ့အပိုင်းတွေ ဖြစ်နေ တာပေါ့နော်။ ဒေါ်လာဈေးလုံးဝ ဝယ်လို့မရတဲ့အပိုင်းတွေဖြစ်နေတဲ့အတွက်ကြောင့် မို့လို့ ပြောရမယ်ဆိုရင် လက်ရှိအနေအထားမှာတော့ ….အခြေအနေကို ထိခိုက်နေတဲ့အနေအထားရှိတယ်။ သို့သော်လည်း နောက်လာမယ့် တလနှစ်လကြာရင် …ပြည်သူတွေ၊ သာမန်လူတန်းစားတွေပါ ထိခိုက်လာမယ့်အနေအထားတွေကို ကျနော်တို့မြင်ပါတယ်။”

လက်ရှိ မြန်မာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အဝယ်လိုက်နေတဲ့ကိစ္စဟာ ဈေးကစားမှုလား၊ ဒါမှမဟုတ် ဈေးကွက်အတွင်း တကယ့် လိုအပ်ချက်လား ဆိုတာက ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဒါပေမယ့်လည်း ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကြားဝင်ဆောင်ရွက်ချက်တွေအပေါ်မှာ အားမလိုအားမရဖြစ်ရတယ်လို့ ပြောပါတယ်။

“ဗဟိုဘဏ်အနေနဲ့ တာဝန်ယူမှု နည်းနေတဲ့အပိုင်းတွေ ကျနော်တို့မြင်တာပေါ့နော်။ ဗဟိုဘဏ်ရဲ့လှုပ်ရှားမှုအနေနဲ့အားနည်းတယ်။ …. လုပ်တဲ့ဟာတော့ အများကြီးမတွေ့ရဘူး။ ”အခုထက်ထိလည်း ဘာလုပ်မယ်ဆိုတာ သေချာမသိတဲ့အတွက်ကြောင့် ဒါကတော့ ကျနော်တို့ အားမလိုအားမရဖြစ်တယ်။ ဈေးကစားတာတခုထဲဆိုရင်တော့ ဗဟိုဘဏ်က ဝင်ထိန်းလို့ရနိုင်တာပေါ့နော်။ လူတယောက်ဈေးကစားတယ်ဆိုရင် သူကစားနိုင်တဲ့ပမာဏတခုရှိတယ်။ အဲဒီထက်ကျော်သွားရင် ငွေဈေးရှိတဲ့လူအနေနဲ့…ဗဟိုဘဏ်ဆိုတာတော့ တဦးတယောက်ထက် အများကြီး ငွေကြေးနဲ့ပတ်သက်ရင် ခိုင်မာမှုရှိတယ်လေ။ အဲဒီတော့ ဈေးကစားတာတခုကိုတော့ ကျနော်တို့က ပြောလို့မရဘူးပေါ့နော်။ ကျန်တဲ့အချက်တွေကိုလည်း ကျနော်တို့က ဖြေရှင်းဖို့လိုတယ်လို့ မြင်တာပေါ့နော်။ ဈေးကစားတာကတော့ အချိန်တန်ရင် ပြန်ကျမှာပဲလို့ ပစ်ထားရင်တော့ ကျနော်တို့အချိန်ကျရင်တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေ တွေ့လာနိုင်တယ်လို့ ကျနော်တို့ ထင်တာပေါ့နော်။”

အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်း အတော်လေး ကွာဟလာတဲ့အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံခြား ငွေလဲလှယ်မှုမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့နှုန်းထားအတိုင်းလဲလှယ်ကြဖို့ ခေါ်ယူသတိပေးခဲ့ပြီးနောက်မှာ ဆက်တိုက်ဆိုသလို ဗဟိုဘဏ်အရာရှိတွေ၊ အစိုးရဝန်ကြီးတွေ၊ လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နောက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရတွေအနေနဲ့ ဌာနဆိုင်ရာ လေလံတွေဝန်ဆောင်ခတွေ ကောက်ခံကြတာမှာ မြန်မာကျပ်ငွေကို အသုံးပြုဖို့ကိုလည်း ဗဟိုဘဏ်က သမ္မတရုံးခွင့်ပြုချက်နဲ့ အသိပေးချက်တွေ ပေးပို့ခဲ့ပါတယ်။ ဒီအတောအတွင်းမှာလည်း ဗဟိုဘဏ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ၁ သောင်းတန်အသစ်တွေ ထုတ်မယ်လို့လည်း ကြေညာခဲ့ပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပြီးခဲ့တဲ့ နှစ် လက်ပံတောင်းတောင် အရေး ဒေသခံနဲ့ ရဲတွေ အကြား တင်းမာနေခဲ့စဉ်။
လက်ပံတောင်း ကြေးနီ စီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသခံ တွေ နဲ့ မြေယာ ကိစ္စ ကြေလည် အောင် မညှိနှိုင်း နိုင် သေးတဲ့ အချိန် မှာပဲ ဆည်တည်း နဲ့ ဇီးတော ရွာ တွေ အနီး မှာ တရုတ် ပိုင် ဝမ်ပေါင် ကုမ္ပဏီ ဘက်က ခြံစည်း ရိုး တိုင် တွေ ထပ်မံ စိုက် လာ နေ လို့ ကုမ္ပဏီ အတွက် လုံခြုံရေး ယူပေး နေတဲ့ ရဲ တွေ နဲ့ ဒေသခံ ရွာ သား တွေ အကြား အခု ရက်ပိုင်း တွေ မှာ နေ့စဉ် လို ပဲ ပဋိပက္ခ တွေ ဖြစ် လာ နေပါတယ်။

လုပ်ကွက် တွေ ဖော် နေတဲ့ အချိန် ဖြစ်လို့ အခု လို ခြံစည်း ရိုး တွေ ခတ် နေတာ ဖြစ် တယ် ဆိုပြီး စစ်ကိုင်းတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် က ဘီ⁠ဘီစီ ကို ပြောပါတယ်။

မြေယာ ကိစ္စ နဲ့ ပတ်သက်ပြီး အားလုံး စိတ် ကြိုက် မဖြစ် နိုင် သေး ရင် တောင် မှ ဖြေရှင်း နိုင် ဖို့ အတတ် နိုင် ဆုံး ကြိုးစား နေတယ် လို့ စုံစမ်းရေး ကော်မရှင် ရဲ့ အစီရင် ခံစာ အကောင်ထည် ဖော် ရေး ကော်မတီဝင် လည်း ဖြစ်တဲ့ ဦးသန်းထိုက် က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ထဲ မှာ ပဲ လက်ပံတောင်း ဒေသ မှာ စုံစမ်းရေး ကော်မရှင် ရဲ့ အစီရင်ခံစာ ပါ အချက်တွေ ကို ၈⁠၈% ကျော် ဆောင်ရွက် ပြီးပြီ လို့ သတ္တုတွင်း ဝန်ကြီး ဌာ န က လွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့ မှာ တော့ အစီရင်ခံစာ အကောင်ထည် ဖော်ရေး ကော်မတီ ရဲ့ ဆောင်ရွက် ချက်တွေ ဟာ အပေါ်ယံ ဟန်ပြ ပဲ ဖြစ်ပြီး ဒေသခံတွေ အတွက် မထိရောက် ဘူး လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ ပုလဲ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

အာဏာ ပိုင် တွေ ရဲ့ ဖိအား နဲ့ လျော် ကြေး ယူပြီး အကောင်ထည် ဖော်ရေး ကော်မတီ က ဆောက် ပေး တဲ့ ရွာသစ်တွေ မှာ ပြောင်း နေ ရ သူ တွေ အတွက် လည်း လုပ် ကိုင် စားစရာ မြေ မရှိ လို့ အလုပ် လက်မဲ့ ဖြစ် နေရ သူ တွေ များ နေ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဗြိတိန် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦး ရဲ့ ဘီ⁠ဘီစီ ကို ပြောပြ ချက်အရ Edward Snowden ဆီ ကနေ ပေါက် ကြား ခဲ့တဲ့ လျှို့ ဝှက် သင်္ကေတ တွေ သုံး ရေးသားထားတဲ့ စာရွက် စာတမ်းတွေ ကို ရုရှား နဲ့ တရုတ် တို့ ဖော် နိုင် သွားပြီ ဖြစ်လို့ ဗြိတိသျှ အစိုးရ အနေနဲ့ လုံခြုံရေး ဆိုင်ရာ အန္တရာယ် ရှိတယ် လို့ ယူဆ တဲ့ နိုင်ငံတွေ မှာ ထားရှိထားတဲ့ အမ်အိုင် ၆ ထောက်လှမ်းရေး သူလျှိုတွေ ကို နေရာ ရွှေ့ပြောင်းမှု တွေ လုပ်ခဲ့ ရတယ် လို့ ဆိုပါတယ်။

ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်တဲ့ The Sunday Times က အဲဒီ့ လို ရုရှား နဲ့ တရုတ် တို့ က သင်္ကေတ တွေ ဖော် နိုင် သွားတဲ့ အကြောင်း ထုတ်ဖော် ရေးသား လာ တဲ့နောက် အခုလို အခြေ အနေ ဖြစ် ပေါ် လာတာ ပါ။

Edward Snowden ဟာ အမေရိကန် ထောက်လှမ်းရေး NSA က ငှားရမ်း အသုံး ပြုခဲ့တဲ့ ဝန်ထမ်း တစ်ဦး ဖြစ်ခဲ့ ပြီး၊ အမေရိကန် နဲ့ ဗြိတိသျှ ထောက်လှမ်းရေး တွေ ရဲ့ အင်တာနက် နဲ့ ဖုန်းလိုင်း တွေ အပေါ် စောင့်ကြည့် နေပုံ တွေ ကို လွန်ခဲ့တဲ့ ၂ နှစ် ကတည်း က ဖွင့်ချ ခဲ့သူ ဖြစ် ပါတယ်။

အက်ဒွပ် စနိုဒင် ခိုးယူ သွားခဲ့တဲ့ ဖိုင် တွေ အားလုံး ဟာ အသင့် ဖတ်ရှုနိုင် တဲ့ အနေအထား မဟုတ်ပဲ တချို့ ဖိုင်တွေ ကို ကွန်ပြူတာ နည်းနဲ့ လျှို့ဝှက် ရေးသား ထားခဲ့တဲ့ အတွက် အချက်အလက် တချို့ဟာ ချက်ချင်း ပေါက်ကြား ပွင့်ထွက် တာမျိုး မဖြစ်ခဲ့ပဲ အခုလို အချိန် ယူခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

မြန်မာဘောလုံးအသင်း နိုင်ပွဲတွေဆက်ပြီး
ဗိုလ်လုပွဲကို ရောက်ရှိလာခြင်းနဲ့အတူ
တနိုင်ငံလုံးလည်း ပျော်ကြရတယ် ။

ဒီလိုပျော်ရွှင်ကြရတာဟာ..
ကစားသမား ညီငယ်လေးတွေ တော်ကြလို့လည်း ဖြစ်သလို
နည်းပြတွေအပါအဝင်
အင်အားအပြည့်အဝနဲ့ အားပေးကြတဲ့
စက်ာပူ မြန်မာဘောလုံးပရိသတ်ကြောင့်ဆိုရင်လည်း
မှားနိုင်မယ် မထင်ပါဘူး။

တကယ်တော့..
ဘောလုံးပွဲတစ်ခုမှာ .
ပရိသတ်ရဲ့ အားပေးမှု့က
ကစားသမားတွေရဲ့ စိတ်ဓာတ်ကို တက်ကြွစေနိုင်သလို
အားအင်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ် ။

ဥပမာ အားဖြင့်...
လိဂ်ပွဲတွေကိုကြည့်ကြည့်
နိုင်ငံတကာပွဲစဉ်တွေကိုပဲ ကြည့်ကြည့်
မိမိအိမ်ကွင်း
မိမိပရိသတ်ရှေ့မှာဆိုရင်
နိုင်ကြတာ များပါတယ်။

အဲဒီလိုပဲ
တခုကန်နေတဲ့ ဆီးဂိမ်းပွဲမှာလည်း
စက်ာပူနဲ့ ပွဲအပါအဝင်
မြန်မာအသင်း ကန်ခဲ့သမျှ ပွဲစဉ်အားလုံး
မြန်မာပရိသတ်ရဲ့ အင်အားကို အားလုံးပဲ မြင်မိကြမှာပါ။

ဆီးဂိမ်းဘောလုံးပွဲက စက်ာပူမှာ လုပ်တယ်ဆိုပေမယ့်
မြန်မာအသင်းအတွက် ကြုံရတဲ့
ပရိသတ်ရဲ့ အနေအထားက
ကိုယ့်အိမ်ကွင်းမှာ ကန်ရသလို ဖြစ်နေပြီး
စက်ာပူ အသင်းကလွဲလို့
တဖက်အသင်းတွေအားလုံး.ကြုံတွေရတဲ့ ပုံစံက
အဝေးကွင်းကို ရောက်သွားသလိုပါ ။

ဒါကြောင့်လည်း
ပရိသတ်ရဲ့ အားပေးမှုနဲ့
ကစားသမားလေးတွေရဲ့
စိတ်ဓာတ်တွေ တက်ကြွပြီး
နဂိုက သူတို့ရဲ့ ကျွမ်းကျင်မှု့နဲ့ ပေါင်းစပ်မိသွားတဲ့ အခါ
ဗိုလ်လုပွဲကို ရောက်ခဲ့ရတယ် ။

ဒီနေရာမှာ..
တခုပြောချင်တာက
ပရိသတ်ကြီး လာရောက်အားပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့
သမ္မတကြီးကို ကျေးဇူးတင်ကြောင်းပါ။
သမ္မတကြီးလက်ထက်..
နိုင်ငံကချွတ်ခြုံကျပြီးမွဲ
အကြွေးတွေကလည်း ဗလပွ။
နိုင်ငံအတွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေကရှားပါး။
ဒါတွေကိုမြင်တော့..
သမ္မတကြီးကလည်း သမ္မတကြီးရဲ့ အရည်အချင်းကိုသုံးပြီး
မြန်မာမိန်းခလေးတွေကအစ
စက်ာပူမှာ အိမ်ဖော်အလုပ် သွားလုပ်ဖို့ ခွင့်ပြုပေးခဲ့တယ်။

ခုတော့..
နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာအောင်
လုပ်မထားနိုင်တဲ့ သမ္မတကြီးရဲ့ ကျေးဇူးကြောင့်..
သမ္မတကြီးမြင်တဲ့အတိုင်းပဲ
မိသားစုနဲ့ ခွဲခွာပြီး ရှာဖွေစားသောက်နေရတဲ့
စက်ာပူရောက် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှု့နဲ့အတူ
ဗိုလ်လုပွဲကို ရောက်ခဲ့ရပြီ။

တကယ်လို့...
သမ္မတကြီးသာ
စက်ာပူမှာ ကန်ခဲ့တဲ့ ဘောလုံးပွဲတွေရဲ့ အနေအထားကိုကြည့်ရင်းနဲ့
သတိထားမိမယ်ဆိုရင်..
သမ္မတကြီးရဲ့ ကျေးဇူးနဲ့
မိဝေးဖဝေး လုပ်ကိုင်နေရတဲ့ မြန်မာလူမျိုးတွေ
ပြည်ပမှာဘယ်လောက်များနေပြီလည်း ဆိုတာ စဉ်းစားမိမှာပါ။

လူမျိုးတိုင်း မိမိတို့ လူမျိုးကိုချစ်တယ်
အားကစားမှာလည်း နိုင်စေချင်တယ်။
ဒီတော့ ..
ဘယ်နိုင်ငံက ဘယ်သူပဲ ဖြစ်ဖြစ် မိမိတို့နိုင်ငံရဲ့ အသင်းကို
လာပြီးတော့ အားပေးကြမှာ အမှန်ပါပဲ ။
ဒါ့ကြောင့်..
မြန်မာနဲ့အတူ ကန်ခဲ့တဲ့
တခြား အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အနေအထား
သူတို့ရဲ့ ပရိသတ်တွေကို အကဲခတ်ကြည့်ရုံနဲ့တင် သမ္မတကြီးမြင်တွေ့ရမယ်ထင်ပါတယ်။
မြန်မာလူမျိုးတွေလို
မိဝေးဖဝေးနဲ့ ပြည်ပမှာ ဒုက္ခခံပြီး လုပ်နေရတဲ့သူ အရမ်းပဲနည်းလွန်းတယ်ဆိုတာ
သမ္မတကြီးလည်း သိရှိသွားမှာပါ။

ဘာပဲဖြစ်ဖြစ်..
သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။
ပြည်ပမှာ မြန်မာလူမျိုးတွေ များပြားအောင် လုပ်ထားနိုင်လို့ပါ။

ပြီးတော့..
နောက်တကြိမ် ကျင်းပမယ့် ဆီးဂိမ်းမှာလည်း
ပြည်ပရောက်နိုင်ငံသားတွေ ဒီ့ထက်များပြားပြီး
ဒီ့ထက်အားပေးနိုင်အောင် ဆောင်ရွက်နေတဲ့ သမ္မတကြီးတို့ ပါတီအတွက်လည်း
ဂုဏ်ယူမိပါတယ်။

သမ္မတကြီးတို့ မျှော်မှန်းတဲ့အတိုင်း နောက်တကြိမ်သာ
သမ္မတကြီးတို့ပါတီက သမ္မတအဖြစ် ဆက်လက်လုပ်ကိုင်ဦးမယ်ဆိုရင် ...
သမ္မတကြီးတို့ ဖြစ်စေချင်တဲ့အတိုင်း..
မြန်မာလူမျိုးတွေ သူများနိုင်ငံက ဘောလုံးကွင်းထဲမှာ
ဒီထက်ပိုပြီး အားပေးနိုင်ကြဦးမှာ
အသေအချာပါပဲလို့ သမ္မတကြီးသိအောင် ပြောကြားရင်း
ပြည်ပနိုင်ငံတွေအထိ ဘောလုံးပွဲ အားပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့
သမ္မတကြီး ကျန်းမာ ချမ်းသာပါစေ ။

ဘုန်းထက်ကြယ်

တရုတ်ကို လက်နက် ကြီး ကျရောက်ပြီး လူသေဆုံး တာရှိ 
MNDAA ကိုးကန့် အဖွဲ့ က တဘက်သတ် အပစ်ရပ်စဲ ကြောင်း ကြေညာ ထားပြီး တဲ့နောက်ပိုင်း မှာ အစိုးရဘက် က တိုက်ခိုက်မှုတွေ ရှိနေတယ် လို့ ကိုးကန့် ဘက်က ပြောပါတယ်။

နယ်စပ် အနီး မှတ်တိုင် ၁၁၁ လောက်ကိုင် မြို့ မြောက်ဘက်နား မှာ ၂ ရက် ဆက်တိုက် အစိုးရ တပ်ဘက် က လက်နက်ကြီးနဲ့ ပစ်ပြီး ကြည်းတပ် က ထိုးစစ်ဆင်လို့ ပြန်ပစ်ခဲ့တယ် လို့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ဆိုပါတယ်။

အဲဒိ အနီးနားမှာ ကိုးကန့် တပ်စခန်း တွေ ရှိတဲ့ တောင်ကုန်းတွေ တည်ရှိတယ် လို့လည်း ဆိုပါတယ်။

ကိုးကန့်ဘက်က အသေအပျောက် မရှိဘူး လို့လည်း ဆိုပါတယ်။

တရုတ်ဘက် ကို ကျည်ဆန် ကျတယ် လို့ ကိုးကန့် ဘက် က ပြောပေမယ့် ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြု နိုင်သလို ဒီအကြောင်း အစိုးရ ဘက်ကို လည်း ဆက်သွယ် မေးမြန်း လို့ မရခဲ့ပါဘူး။

မြန်မာ ငြိမ်းချမ်းရေး စင်တာ က အပစ်အခတ် ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော် ဦး ကတော့ လက်ရှိ အစိုးရ မှာ ကိုးကန့် အပေါ် အပစ်ရပ်စဲရေး လုပ် ဖို့ မူဝါဒ မရှိဘူး လို့ ပြောပါတယ်။

အစိုးရ က အပစ်ရပ်စဲရေး ယူထားတဲ့ ၁၄ ဖွဲ့၊ အပစ်မခတ် လျှော့ချ ဖို့ သဘောတူ ထားတဲ့ ကေအိုင်အို အဖွဲ့တွေ ပဲ ရှိပြီး ကျန်တဲ့ အဖွဲ့တွေ အကျုံးမဝင် သေးဘူး လို့ သူက ပြောပါတယ်။

ကိုးကန့် အရေး လောလောဆယ် လုံခြုံရေး ဘက် က ဆောင်ရွက်မှု တွေ ပဲ ရှိပါတယ်၊ ဒီအဖွဲ့တွေ အတွက် နိုင်ငံရေး တံခါးပေါက် ဖွင့်ထားပေမယ့် အပစ် ရပ်စဲရေး လောလောဆယ် မဖြစ်နိုင်သေးကြောင်း ထားတဲ့ မူတွေ မှာ တော့ အစိုးရ၊ လွှတ်တော်နဲ့ တပ်ဘက် ကွဲပြားမှု မရှိဘူး လို့ သူက ဆိုပါတယ်။

လက်ရှိ အစိုးရ သက်တမ်း အတွင်း ငြိမ်းချမ်းရေး အုတ်မြစ်ချ နိုင်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မူဘောင် တွေ ချမှတ်ပြီး လိုက်နာ စောင့်ကြည့်မယ့် အဖွဲ့တွေ ဖွဲ့ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ စနိုင်ဖို့ပဲ ရည်ရွယ်တယ် လို့လည်း သိရ ပါတယ်။

အစိုးရနဲ့ ကိုးကန့် အဖွဲ့ တို့ တိုက်ပွဲ ပြန် ဖြစ်ခဲ့တဲ့ လေးလ အတွင်း တရုတ် နိုင်ငံ ဘက်ကို လက်နက် ကြီး ကျရောက်ပြီး လူသေဆုံး တာတွေ ရှိခဲ့ ပါတယ်။

အဲဒီနောက် တရုတ် စစ်တပ် က နယ်စပ်မှာ စစ်ရေး လေ့ကျင့်မှု တွေ လုပ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က မြန်မာအစိုးရနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဘက်သတ် အပစ်ရပ်ပါတယ်လို့ ကြေညာပြီးချိန်မှာပဲ ကိုးကန့်တပ်စခန်းကို မြန်မာအစိုးရတပ်တွေဘက်က နှစ်ရက်ဆက်တိုက် မြေပြင်တပ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ MNDAA ဘက်က တဘက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံ စကားပြောကြပါလို့ တိုက်တွန်းနေချိန်မှာပဲ အခုလို တိုက်ပွဲတွေပြန်ဖြစ်တာပါ။ ကိုးကန့်ဒေသစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးရသတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လေးလကျော် ကိုးကန့်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မှာတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဘက်က ဇွန်လ (၁၀) ရက်နေ့ ည ၁၂ နာရီကစလို့ တဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ခဲ့တာပါ။ ကိုးကန့်တပ်ဘက်က တဖက်သတ်စစ်ရပ်စဲခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်ဒေသလောက်ကိုင်ဘက်မှာ အစိုးရတပ်ဘက်က မြေပြင်တပ်နဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်ကနေပြီးတော့မှ ထိုးစစ်ဆင်ပါတယ်။ လက်နက်ကြီးနဲ့ပစ်တယ်၊ ပြီးတော့ မြေပြင်ကြည်းတပ်လည်းထိုးပါတယ်ခင်ဗျ။ ဒီနေ့လည်း ထိုနည်းလည်းကောင်းပါပဲခင်ဗျ။ နယ်စပ်မဏ္ဍိုင်မှတ်တိုင် (၁၁၁) ရဲ့မြောက်ဘက်မှာပါ။ လောက်ကိုင်မြို့နယ်ထဲမှာပါ။ မနေ့တုန်းကတော့ နှစ်ကြိမ် ကြည်းတပ်နဲ့သူတို့ ထိုးပါတယ်။ ထိုးစစ်ဆင်ပါတယ်။ ဒီနေ့လည်း ကျနော်သိသလောက်ကတော့ အခုထိ ဖြစ်နေတုန်းပဲ-လို့ ကျနော်သိရတယ်။ ကျနော်တို့ တဖက်သတ် အပစ်ရပ်စဲတာ ကြေညာပြီးတဲ့နောက်ပိုင်း သူတို့ကနေ စပြီးတော့ ပစ်တာပါ။ ရှင်းပါတယ်။ သူတို့က ကျနော်တို့ရဲ့ကြေညာချက်ကို စစ်ရေးနဲ့တုံ့ပြန်တာဖြစ်ပါတယ်။”

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသထဲ ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်နဲ့ တရုတ်နိုင်ငံ နယ်နိမိတ်ထဲအထိ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပြင်းပြတဲ့ တောင်းဆိုမှုကြောင့် ရပ်စဲတာဖြစ်တယ်လို့လည်း MNDAA ကိုးကန့်တပ်ဘက်က ကြေညာချက်ထဲ ထည့်သွင်းခဲ့ပါတယ်။ အခုလို ကိုးကန့်တပ်ဘက်က တဖက်သတ် စစ်ရပ်စဲမှုအပေါ်ကိုလည်း တရုတ်အစိုးရက ကြိုဆိုကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ပုံမှန်အခြေအနေပြန်ရောက်စေရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံစကားပြောကြပါလို့လည်း တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ဒီလို တိုက်တွန်းနေချိန်မှာပဲ အခုလို ကိုးကန့်တပ်တွေကို အစိုးရတပ်ဘက်က တိုက်ခိုက်နေတဲ့အပေါ် တရုတ်နိုင်ငံအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဒေါက်တာ လှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“ကျမကြည့်တာတော့ ဗမာ့တပ်မတော်ဘက်က စစ်အေးချင်ပုံမရပါဘူး။ ငြိမ်းချမ်းရေးရချင်ပုံမရပါဘူး။ ဒါကြောင့်မို့လို့ သူတို့က စစ်မီးတွေကို တကွက်ပြီး တကွက် ဖော်နေတာ။ ကိုးကန့်ဘက်ကတော့ သူတို့ရဲ့ရည်ရွယ်ချက်က သူတို့အနေနဲ့ နိုင်ငံရေးနေရာလေးတနေရာ ပြန်ရဖို့ပဲ စဉ်းစားတာဖြစ်တာကိုး။ ဒါကြောင့်မို့လို့ သူတို့ တဖက်သတ် စစ်ရပ်စဲရေးတွေ၊ ဘာတွေလုပ်တာလည်း သူတို့ပြောတဲ့အတိုင်းပဲလေ၊ တရုတ်ပြည်ရဲ့ဖိအားလည်းပါတာပေါ့၊ အဲဒါကြောင့်လုပ်တာ။ ဒါပေမယ့် ဗမာအစိုးရ၊ ဗမာ့တပ်မတော်ကတော့ ပြည်တွင်းစစ်နဲ့ပဲ သူတို့က ဒီလိုပဲ ဆက်သွားချင်တယ်နဲ့တူပါတယ်။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ရန်စလာတာပဲနဲ့တူပါတယ်။ တရုတ်ပြည်ဘက်ကတော့ သူ့ဘက်ကိုဝင်မလာရင်ပြီးတာပဲလေ၊ ဗမာပြည်ရဲ့ပြည်တွင်းစစ်အခြေအနေဟာ သူ့ဘက် ဖိတ်စင်ကျမလာရင်ပြီးတာပဲ၊ ဒီအတွက်လည်းသူက တော်တော် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးပါပြီ။ အဲဒါကြောင့်မို့လို့ ပြည်တွင်းရေး ဝင်မစွက် ရေးတို့၊ ဘာတို့ ညာတို့ကလည်း ရှိသေးတဲ့အတွက် သူတို့ ဒီထက်ပိုပြီး ပါဝင်လာနိုင်တယ်လို့တော့ လောလောဆယ်မှာပေါ့ သိပ်မထင်ရသေးပါဘူး။”

မြန်မာအစိုးရဘက်ကတော့ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ် ကြေညာချက်အပေါ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ကိုးကန့်တပ်ကို မြန်မာစစ်တပ်ဘက်က စစ်ရေးနဲ့တုံ့ပြန်မှုပြုတာကတော့ နယ်မြေတည်ငြိမ်အေးချမ်းရေး အစိုးရဘက်က လိုလားပုံမရဘူးလို့ ကိုးကန့်တပ်ဘက်က အခုလိုတုံ့ပြန်ပါတယ်။

“ကျနော်တို့ ခံစားရတာပေါ့ဗျာ။ စိတ်မကောင်းဘူးဗျ။ ဆိုလိုတာက ကျနော်တို့လည်း ကြေညာပြီးသားပါ။ နောက်ပြီးတော့ ကျနော်တို့ကို တုံ့ပြန်မှုပေးတဲ့ အချိန်မှာ သူတို့က စစ်ရေးနဲ့တုံ့ပြန်တာကိုပဲ ကျနော်တို့က နားလည်ပါတယ်။ အပြုတ်တိုက်မယ်၊ ချေမှုန်းမယ်၊ အဲလိုပဲ စွဲကိုင်နေတုန်းပဲနေမှာပါ။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ကိုကိုယ်ကာကွယ်တာကတော့ ပြုလုပ်ရမှာပါ။ ဒါပေမယ့် ဒီ ဗမာ့တပ်မတော်ဘက်ကနေ ထိုးစစ်မဆင်ဘူးဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ပြီးတော့ သေကြ….ဒုက္ခရောက်နေတဲ့အတွက် ကျနော်တို့က ကြည့်ပြီးတော့ ကြေညာရတာဖြစ်ပါတယ်။ တဘက်က အဲဒီလို response ကို အဲလိုမလာဘူးခင်ဗျ။ စစ်ရေးနဲ့ပဲပြန်လာပါတယ်ခင်ဗျ။”

အခုလို ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အနောက် တောင်ဘက် ဟွေ့အာကျေးရွာအုပ်စုထဲ အခြေချတဲ့ UWSA ဝတပ်ဖွဲ့နဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် လားဟူအဖွဲ့တို့ကြား ဇွန်လ ၁၁ ရက် ညနေပိုင်းကစလို့ ကတုတ်ကျင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တွေ တပ်ဖြန့်ချ အသင့်နေရာယူထားပြီး တင်းမာမှုတွေဖြစ်နေပါတယ်။ ဒါဟာ ဝတပ်ဖွဲ့တွေနဲ့ အစိုးရတပ်ကြား သစ်ခိုးထုတ်မှုနဲ့ စစ်ရေးတင်းမာမှုဖြစ်ပြီးနောက် ဒုတိယအကြိမ် ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးတုံနဲ့ ပုံပါကျင်ဒေသတွင်း ဒေသခံပြည်သူတွေကို ခရီးသွားလာမှုဆိုင်ရာ သတိထားကြဖို့ သတိပေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ အခုလို ကိုးကန့်၊ ဝ တပ်တွေနဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အပေါ် ဒေသတွင်းတည်ငြိမ်ရေးနဲ့ အသက်အန္တရာယ် လုံခြုံရေး ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တပ်မတော်ရဲ့ဖခင်ကောင်းဖြစ်တယ်လို့ လက်ရှိစစ်ခေါင်းဆောင်က The Mainichi သတင်းစာနဲ့တွေ့ဆုံခန်းမှာ ထုတ်ဖော်ချီးကျုးလိုက်ပြီး ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်လာသလို ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သူဖြစ်လို့ သူရဲ့ကျေးဇူးကိုမေ့လို့မရပါဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိုကူးပြောင်းခဲ့တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်မှာ ပြဿနာတွေအများကြီး မရှိဘဲ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ခဲ့လို့ ဦးသန်းရွှေကို အသိအမှတ်ပြုရမယ်လို့ The Mainichi သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ရဲ့အမြင်ကိုတော့ ပြောရခက်ပါတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပြောရမယ်ဆိုရင် ခက်ပါတယ်။ လူတစ်ယောက်ကို ကျွန်တော့အမြင်နဲ့ပြောဖို့ခက်ပါတယ်” လို့ ဆိုပါတယ်။ နိုဗယ်ငြိမ်ချမ်းရေးဆုရှင်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ လူသိများပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဥပဒေပါအခွင့်အရေးတွေကိုလည်း ရရှိနေသူဖြစ်တာကြောင့် တိုင်းပြည်အတွက်ဆောင်ရွက်မယ်ဆိုရင် အထောက်အကူရမယ်လို့ သူမျှော်လင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ကိုတော့ တပ်မတော်အနေနဲ့ တိုင်းပြည်အခြေအနေ မယိမ်းယိုင်အောင် ထိန်းသိမ်းထားရတာကြောင့် အခြေအနေအရပ်ရပ် အားလုံးကောင်းလာတဲ့အခါကျမှ ၄၃၆ပြင်ဆင်ရေးဟာအဓိက မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်လို့ ဆိုပါတယ်။ "ဒီအချိန်ကတော့ (ပုဒ်မ ၄၃၆ကို) ပြင်ဖို့မသင့်သေးတဲ့ အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အယူအဆမှာ ကျွန်တော်တို့အနေနဲ့ လုံးဝမပြင်ရဘူးဆိုတာ မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေဆိုတာ ခိုင်ခိုင်မာမာရှိနေတာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

တရုတ်နိုင်ငံအပေါ် မြန်မာပြည်အနေနဲ့ လုံးဝမှီခိုအားထားတယ်ဆိုတဲ့ဟာမျိုး မရှိဘူးလို့ ယတိပြတ်ငြင်းဆိုလိုက်ပြီး မြန်မာပြည်အပေါ် စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းတံခါးဖွင့်ထားမယ်လို့ ဆိုပါတယ်။ ဒီမှတ်ချက်ဟာ တရုတ်နိုင်ငံကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်မှာ ပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လော်ခီးလာညီလာခံမှာ NCA နဲ့ပတ်သက်လို့ စောဒကတက်တဲ့အသံတွေ ပြန်ကြားရလို့ စောင့်ကြည့်နေကြောင်း၊ တစ်ချို့အဖွဲ့အစည်းတွေက သူတို့ရထားတဲ့ အာဏာနဲ့အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဝန်လေးနေပုံရကြောင်း၊ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုမှုတွေ လုပ်လာမယ်ဆိုရင် ဘယ်လိုမှ လိုက်လျောပေးလို့မရဘူးလို့ ဆိုပါတယ်။ "ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေး ရချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်တွေလည်း ရှိဖို့တော့ လိုလိမ့်မယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဥပဒေနဲ့အညီသွားတဲ့ လမ်းကြောင်းကိုသွားရမယ်လို့ ကျွန်တော်ပြောလိုပါတယ်”
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

Kamayut Media'



အကျဉ်းစံ ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် နဲ့ လုပ်ထားတဲ့ အင်တာဗျူးကို အချိန်ရရင် နားထောင်ကြည့် ပါ။ လက်ရှိ ပညာရေးဥပဒေအပေါ်သဘောထား၊ လက်ပန်တန်းမှာ သပိတ်မှောက်ကျောင်းသားများကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ကျောင်းသား ကျောင်းသူများကို ရဲအချုပ်ကားတွေပေါ်မှာ ထပ်မံ ရိုက်နှက်နှိပ်စက်ပုံ၊ ပြင်ပမှာလွတ်မြောက်နေတဲ့  ဗကသ ကျောင်းသားတချို့ က ဒေါ်အောင်းစုကြည်နဲ့  ကျောင်းသားများတွေ့ ဆုံပွဲကို မတက်ရောက်ခဲ့တဲ့ အပေါ် မဖြိုးဖြိုးအောင်ရဲ့  သဘောထား စသည်ဖြင့်  မြင်ရ နားထောင်ရမှာဖြစ်တယ်။

DVB TVonline

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် မမှန်မကန်လုပ်နေသော လူနည်းစု၏ အမုန်းခံမလား၊ ပါတီကို အဆုံးခံမလား ရွေးချယ်ရတော့မည့် အချိန်အခါဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်က ဝေဖန်သုံးသပ်ချက်ရေးသားခဲ့ကြောင်း သိရသည်။

ဦးတင်ထွတ်၏ သုံးသပ်ချက်ကို ဇွန် ၁၂ ရက်ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်တွင် ရေးသားခဲ့သော ဆောင်းပါးရှင် မောင်ရေစက်၏ “ပါတီဗဟိုကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကြံ့ခိုင်ရေးသမ္မတလောင်းနှင့် ဦးသိန်းစိန် အနာဂတ်ဘယ်လဲ” ဆောင်းပါး တွင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် ၀န်ကြီးဌာနအကြီးအကဲ အများစုသည် တပ်မတော်အရာရှိ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြပြီး ထိုသူများအပေါ် မကျေနပ်၊ မနှစ်သက်၊ မကြည်ညိုမှုများသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် မကောင်းသောဆိုးကျိုးများ ကျရောက်စေခဲ့သည်ဟု ၎င်းက သုံးသပ်ခဲ့ပါသည်။ “ပါတီတွင်း အားနည်းချက်များမှာ ပါတီဝင်များတွင် အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ထင်ပေါ်လိုသူများ၊ ပြည်သူက အမြင်မကြည်သူများ ရောထွေးနေကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်များကိုယ်တိုင်ပင် အခြားပါတီသို့ မဲပေးကြောင်း၊ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပါတီကော်မတီများတွင် ပါတီကေဒါနှင့်မတူဘဲ လခစား ၀န်ထမ်းဆန်ဆန်ပြုမူခြင်း၊ ထောက်ပံ့ကြေး နှင့် ကုန်ကျစရိတ်မရလျှင် အလုပ်မလုပ်ခြင်း၊ စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ အချောင်သမားရောဂါ၊ သူလျှိုဒလန်ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာ ၅ မျိုးစွဲကပ်နေခြင်း၊ ၀န်ကြီးဌာနအကြီးအကဲအများစုသည် တပ်မတော်အရာရှိ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြပြီး ထိုသူများအပေါ် မကျေနပ်၊ မနှစ်သက်၊ မကြည်ညိုမှုများသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် မကောင်းသောဆိုးကျိုးများ ကျရောက်စေခဲ့ပါသည်” ဟု ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုး ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်က သုံးသပ်ရေးသားခဲ့သည်ဟု မောင်ရေစက် ဆောင်းပါး၌ ဖော်ပြခဲ့သည်။

ထို့အပြင် “အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်၏ အကျင့်ပျက်လာဘ်စားမှု၊ အနိုင်ကျင့်မှု၊ ကိုယ်ကျိုးရှာ မသမာမှုများရှိနေခြင်း၊ အထက်မှ အောက်သို့ အမိန့်ပေး၊ အမိန့်ခံ စီးဆင်းသည့် “စစ်အလေ့ထရောဂါ”ကို ပြည်သူများရော၊ ၀န်ထမ်းများပါ၊ ကြုံတွေ့ခံစားနေရ၍ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အပြောင်းအလဲကို တမ်းတမျှော်လင့်နေကြောင်း တွေ့ရှိရပါသည်။ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိ အစိုးရအပေါ် မိမိတို့ တင်မြှောက်ထားသည့် မိမိတို့၏ အစိုးရဟု လည်းကောင်း၊ အဖွဲ့ဝင်များကို ရဲဘော်ရဲဘက်များ၊ လုပ်ဖော်ကိုင်ဖက်များဟု လည်းကောင်း သဘောထားပြီး သက်ညှာသော၊ ကြင်နာသော၊ ကူညီပံ့ပိုးလိုသော၊ အစိုးရ၏ ငြိုငြင်မှုခံရမှာကို စိုးရိမ်သောစိတ်ထားဖြင့် အစိုးရအပေါ် ဝေဖန်ခြင်း၊ ထောက်ပြခြင်းပြုလုပ်ရန် တုံ့နှေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းလုပ်ရပ်များအပေါ် ပြည်သူများက ပါတီအပေါ်အား အားမလိုအားမရ ဖြစ်လျက်ရှိပါသည်” ဟု ဦးတင်ထွတ်က သုံးသပ်ပါသည်။

ဆက်လက်၍ “ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးကို ပါတီကဦးဆောင်၍ ပြုပြင်ပေးမှသာလျှင် ပါတီ၏ အနာဂတ်အရေး ကောင်းမွန်လှပမည်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေး သံယောဇဉ်၊ အဖွဲ့အစည်းသံယောဇဉ် များကို ဖြတ်တောက်လျက် တိုင်းပြည်နှင့်လူမျိုးအကျိုး တစ်ခုတည်းကိုသာ ကြည့်ရှုထောက်ထားပြီး ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်သွားရန်မှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း ထင်မြင်ယူဆပါသည်။ မမှန်မကန်လုပ်နေသော လူနည်းစု၏ အမုန်းခံမလား၊ ပါတီကို အဆုံးခံမလား၊ ရွေးချယ်ရတော့မည့် အချိန်အခါဖြစ်ကြောင်း တင်ပြအပ်ပါသည်”ဟု ဦးတင်ထွတ်၏ သုံးသပ်ချက်၌ ပါဝင်ခဲ့ပါသည်။

ဦးတင်ထွတ်၏ အဆိုပါသုံးသပ်ချက်ကို သမ္မတဦးသိန်းစိန်နေအိမ်သို့ ပေးပို့ခဲ့ရာ သမ္မတကတော် ဒေါ်ခင်ခင်ဝင်းက ဦးစွာဖတ်ရှုပြီး သမ္မတဦးသိန်းစိန် ဖတ်ရှုရန် တိုက်တွန်းခြင်းခံခဲ့ရကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဦးတင်ထွတ်ရေးသားသော ပြည်ခိုင်ဖြိုးပါတီအပေါ် ဝေဖန်သုံးသပ်ချက်သည် တစ်စောင်တည်းပင်ဖြစ်သော်လည်း အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးတင်ထွတ်ကဆိုကြောင်း မောင်ရေစက်က ရေးသားခဲ့သည်။

ထို့နောက် ဦးတင်ထွတ်၏ သုံးသပ်ချက်ကိုအခြေခံ၍ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်များကို ထောက်ပြပြီး ထိုအခြေအနေများက ပြည်ခိုင်ဖြိုးပါတီတွင်း သမ္မတလောင်းရွေးချယ်မှုအပေါ် ရိုက်ခတ်လာသည့် အချက်များ ကိုလည်း မောင်ရေစက်က ရေးသားခဲ့သည်။

“... သံသယဖြစ်စရာပါတီတွင်း သမ္မတလောင်းတစ်ဦးနေရာကို ယနေ့တိုင် မကြေညာနိုင်ခြင်းကလည်း ပါတီတွင်း အုပ်စုကြီး ၂ စု၊ ဦးသိန်းစိန်နှင့် သူရဦးရွှေမန်း ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးတို့ အချေအတင် လွန်ဆွဲနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မိပေသည်”ဟု မောင်ရေစက်က ရေးသားပါသည်။

သို့သော် နောက်ကွယ်တွင် နိုင်ငံရေးသြဇာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေက ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအား နှစ်သက်မှုမရှိကြောင်း မောင်ရေစက်က ထည့်သွင်းရေးသားခဲ့သည်။

“မည်သို့ပင် ဝေဖန်အသံထွက်စေကာမူ ပါတီတွင်း သြဇာကြီးသော ဗဟိုအတိုင်ပင်ခံ (၁) ဦးအောင်သောင်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်းမှာ သူရဦးရွှေမန်းကိုပဲ ရွေးချယ်မည်ဖြစ်ကြောင်း၊ ဦးသိန်းစိန်၏ အခန်းကဏ္ဍကိုမူ ၀ိသေသထူးသည့် နာယကကြီး သို့မဟုတ် အငြိမ်းစားနိုင်ငံတော်သမ္မတ ဖြစ်သွားမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောကြားခဲ့ဖူးခြင်း၊ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဦးသိန်းစိန်သည် နောင်လာမည့် သက်တမ်း မရွေးချယ်ဟု ၎င်းအား ပြောဆိုကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း၊ ဦးသိန်းစိန်၏ ကျန်းမာရေးမှာ နှလုံးစက် ထည့်သွင်းထားရသည့် အခြေအနေနှင့် နောက်ကွယ်မှ နိုင်ငံရေးသြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမှ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များကို မနှစ်သက်ကြောင်း၊ ဦးသန်းရွှေ၏ နေပြည်တော်အိမ်တော်မှ သတင်းထွက်ပေါ်လာခဲ့ခြင်းများသည် ဦးသန်းရွှေ တည်ထောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ သို့မဟုတ် ကြံ့ခိုင်ရေးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအလွန် သမ္မတလောင်းမှာ လက်ရှိပါတီဥက္ကဋ္ဌ ဦးရွှေမန်းပင် ဖြစ်မည် ဟု သုံးသပ်ရပေသည်”ဟု မောင်ရေစက်၏ ဆောင်းပါး၌ ရေးသားခဲ့ပါသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်၏ အနီးတွင် ရှိနေသူများအား သမ္မတလူကြမ်းအဖွဲ့ဟု သုံးနှုန်းနေကြသည့်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရယ်မောစွာဖြင့် သုံးသပ်ချက်ပြောကြောင်း မောင်ရေစက်က ၎င်း၏ဆောင်းပါး၌ ထည်သွင်း ဖော်ပြခဲ့သည်။

“အတွင်းစည်းကိစ္စတွေ ဖြစ်ပါတယ်။ ခုနက သမ္မတလူကြမ်းအဖွဲ့တွေလို့ ရေးတဲ့အခါကျတော့ ဟိုဘက်ကတော့ စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် ခံနိုင်မယ်လို့တော့ မထင်ပါဘူး။ မတတ်သာလို့သာနေရမှာ။ (ရယ်မော လျက်ပြော)။ ကျန်တဲ့ အာဏာရအောင် တည်ဆောက်တယ်ဆိုတာလည်း လူရဲ့သဘာဝအရ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ နေရာမှာလည်း အနည်းနဲ့အများ ဆက်နွှယ်မှုအမှန်ပဲ။ သမ္မတလူကြမ်းလို့ ရေးတာ။ (သဘောကျစွာဖြင့် ရယ်မောနေရ) ဒါလည်း ကိုကျော်စွာရေ လူ့စိတ်နဲ့ လူ့သဘာဝလို့ပဲ ထင်ပါတယ်။ တကယ်လို့သာ ခံစားနေမယ်ဆိုလို့ရှိရင်လည်း ခံစားတဲ့ ပုဂ္ဂိုလ်ပဲ ခုနက ခံစားမှုကမကောင်းတဲ့ဟာပဲ ဖြစ်မယ်။ ဒီအတွက်တော့ ထူးထူး ခြားခြား မစဉ်းစားတာကောင်းမယ်။ သူတို့ သဘောအရ သူ့ဟာသူလုပ်သွားတာ”ဟု ဦးရွှေမန်းက ပြောကြောင်း မောင်ရေစက်က ရေး သားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ် ဝေဖန်သုံးသပ်ခဲ့သော အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်၏ အကျင့်ပျက်လာဘ်စားမှု၊ အနိုင်ကျင့်မှု၊ ကိုယ်ကျိုးရှာ မသမာမှုများ ရှိနေခြင်း၊ အထက်မှ အောက်သို့ အမိန့်ပေး၊ အမိန့်ခံ စီးဆင်းသည့် “စစ်အလေ့ထရောဂါ”ကို ပြည်သူများရော ၀န်ထမ်းများပါ ကြုံတွေ့ခံစားနေဆိုသော အချက်များမှာ ယခုအစိုးရလက်ထက်တွင် ငြင်းပယ်မရသော အခြေအနေများဖြစ်ပါသည်။

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး ယခုအစိုးရလက်ထက် ဖြစ်ပေါ်နေသည်များနှင့် ထိုအချက်များအပေါ် အစဉ်တစိုက် ထောက်ပြနေသည့် The Daily Eleven ၏ ဖော်ပြချက်များမှာ ငြင်းပယ်၍ မရနိုင်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုခဲ့ဖူးသည်။

ယခု အစိုးရလက်ထက်၌ ဖြစ်ပွားခဲ့သော အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ်နိုင်ဖွယ်ရှိသည့် ဖြစ်စဉ်များနှင့်ဆက်စပ်ပြီး ယခုလပိုင်းအတွင်း ပေါ်ပေါက်ခဲ့သည့် ရန်ကုန်မြို့ရှိ ရေကူးအသံလွှင့်စက်ရုံဝင်း တင်ဒါခေါ်ယူမှုနှင့် မြကျွန်းသာလုပ်ပိုင်ခွင့် ချထားပေးမှုများမှာ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်ပါ ငြိစွန်းနိုင်သည့်သဘော သက်ရောက်နေပါသည်။

ရေကူးအသံလွှင့်စက်ရုံဝင်း တင်ဒါခေါ်ယူမှု လျှောက်လွှာပုံစံတွင် ပါဝင်သော အချက်အလက်များအရ အဆိုပါတင်ဒါသည် လက်ရှိ ရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီနှင့် Forever ကုမ္ပဏီတို့သာရရှိ ရန် အလေးသာနေခြင်း၊ တင်ဒါစည်းကမ်းချက် (၁၃) တွင် “စီမံကိန်းဧရိယာအတွင်းရှိ အိမ်ရာများ၊ ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် မြေများအား အခြားသူတစ်ဦးသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်းမပြုရ” နှင့် စည်းကမ်းချက် (၁၄) တွင် “စီမံကိန်း ဧရိယာအတွင်းရှိ အဆောက်အအုံလုပ်ငန်းများအားလုံးသည် မီဒီယာနှင့် ပတ်သက်သော ဆက်စပ်လုပ်ငန်းများသာ ဖြစ်ရမည်” ဆိုသော အချက်များ ထည့်သွင်းထားသော်လည်း မီဒီယာနှင့် မသက်ဆိုင်သည့် ဘဏ်ရုံးခွဲ၊ ဟိုတယ်၊ အပန်းဖြေရိပ်သာများကိုပါ တင်ဒါထည့်သွင်း လုပ်ကိုင်ခွင့်ပေးထားခြင်းတို့မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း မေ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၌ “ဒီခွင်က အရမ်းကြီးပါတယ် သမ္မတကြီးခင်ဗျာ” ဆောင်းပါးဖြင့် ထောက်ပြခဲ့သည်။

ထို့ပြင် မြေဧက ၉၀ ကျယ်ဝန်းသော အဆိုပါ ရေကူးအသံလွှင့်စက်ရုံဝင်းနေရာသည် ကာလပေါက်ဈေးဖြင့် တွက်ချက်ပါက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် အနည်းဆုံးပေါက်ဈေးရှိပြီး ထိုပမာဏကို အများပြည်သူက ငြင်းချက်ထုတ်ထားခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူခဲ့သော တင်ဒါစည်းမျဉ်းများအရ နိုင်ငံတော်အနေဖြင့် အနည်းဆုံး ငွေကျပ် ဘီလျံ ၂၀၀ မှ ၄၀၀ အထိ နစ်နာနိုင်ကြောင်းကိုလည်း ထောက်ပြခဲ့ပါသည်။

မေ ၃၀ ရက်ထုတ် The Daily Eleven တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ကိုမာန်သူရှိန်၏ “ရေကူး ပြီးတော့ မြကျွန်းသာ၊ ဦးရဲထွဋ်ပဲ ရှင်းရတော့မယ်” ဆောင်းပါးတွင်လည်း “ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်းနှစ်ရာကျော်ရဲ့ နှစ်ပေါင်းရာချီတဲ့ သက်တမ်းအတွင်း မှာ ဘယ်အစိုးရကမှ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတစ်ခုကို မီဒီယာဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့ဘဏ္ဍာထဲကနေ ဒေါ်လာသန်း ၃၀၀ အနစ်နာခံပြီး ကူညီခဲ့ဖူးတာရှိသလဲ”ဟု မေးခွန်းထုတ်ခဲ့ပါသည်။

ရေကူးကန်အသံလွှင့်စက်ရုံဝင်း တင်ဒါခေါ်ယူခဲ့သည့်ဖြစ်စဉ်နှင့် ဆက်စပ်၍ ပေါ်ပေါက်ခဲ့သော မြကျွန်းသာကိစ္စရပ်တွင်လည်း နှစ်ပေါင်း ၆၀ အတွင်း ပြည်သူ့ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ထက်မနည်း ဆုံးရှုံးမည့်ဖြစ်စဉ် ရှိလာခဲ့သည်။
- See more at: http://news-eleven.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%99%E1%80%99%E1%80%BD%E1%80%94%E1%80%B9%E1%80%99%E1%80%80%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C%E1%80%B0%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%8F-%E1%80%A1%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%B6%E1%80%99%E1%80%9C%E1%80%AC%E1%80%B8%E1%81%8A-%E1%80%95%E1%80%AB%E1%80%90%E1%80%AE%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%81%E1%80%B6%E1%80%99%E1%80%9C%E1%80%AC%E1%80%B8-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%9B%E1%80%B1%E1%80%90%E1%80%AC%E1%80%B7%E1%80%99%E1%80%8A%E1%80%B9%E1%80%B7#sthash.vtVnDzT3.dpuf

dassk-china-president-620.jpg
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ဇွန်လ ၁၁ ရက်နေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ်
Photo: Xinhua

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အပြီးမှာ ခရီးစဉ်နဲ့ပတ်သက်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၄ ရက်နေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်အတွင်း အဓိကကျတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

"သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အချိန်ရှိမှာမဟုတ်ဘူး၊ မနက်ဖြန်ညနေရောက်ပြီးလို့ရှိရင် သန်ဘက် ခါ နေပြည်တော် တန်းတက်မှာ၊ လွှတ်တော်ပြန်တက်ရမှာ အဲ့ဒီတော့ ကြိုပြီးသတင်းစာရှင်းလင်းပွဲတော့ မလုပ်နိုင်ဘူး၊ သို့သော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ အဓိကကျတဲ့အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားတဲ့အချက်တွေမူတည်ပြီး ကျနော်တို့ကို ပြန်ကြားရေးတစ်ခုလုပ်ဖို့အတွက် တရုတ်ပြည်သွားတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့မှ သဘောထားတစ်ခုတော့ ထုတ်ပြန်ကြေညာဖို့တော့ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကို တိုက်တွန်းပါတယ်"

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မှာ တရုတ်နိုင်ငံသမ္မတ Xi Jinping အပါအဝင် တခြားတရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-china-trip-nld-prepares-06132015115530.html


myanmar-u23-foot-ball-620
အရှေ့တောင်အာရှ အားကစားပွဲတော်မှာ ဇွန်လ ၁၃ ရက်နေ့က ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်မည့် မြန်မာအသင်းကို တွေ့ရစဉ်
Photo:Myanmar Football Federation

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ (၂၈)ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အရှေ့တောင်အာရှ အားကစား ပွဲတော်မှာ အသက် ၂၃ အောက် အမျိုးသားဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူး စည်သူအောင်နှင့် အသင်းခေါင်းဆောင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်းဟာ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီး၊ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့သူတွေနဲ့ပဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအသင်းရဲ့ မန်နေဂျာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က RFA ကို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအသင်းတို့ ဒီနေ့ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းက အနိုင်ရရှိသွားတဲ့အတွက် နောက်ဆုံးဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်းအသင်းတို့ လာမယ့် ဇွန်လ ၁၅ ရက်၊ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/myanmar-thailan-foot-ball-06132015105152.html

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားတွေနဲ့ စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့က တွေ့ရပုံ Photo: RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက် ၄၂ ချက်မှာ ၃၇ ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ပေးခဲ့တယ် လို့ သတ္တုတွင်းဌာန ဒုတိယဝန်ကြီးရဲ့လွှတ်တော်မှာတင်ပြချက် ကို ဒေသခံတွေက လက်မခံနိုင်ဘူးလို့ မနေ့က ပြောပါတယ်။

သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်လို့ မူလပိုင်ရှင်တွေကြေနပ်အောင် ဆောင်ရွက်ပေးတာမရှိသလို၊ အာဏာ ပိုင်တွေပြောတဲ့ ၃၇ ချက်ဆောင်ရွက်ပြီးစီး ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရလို့ လက်မခံနိုင်တာလို့ ဒေသခံ မဝင်းဝင်းဌေး က RFA ကိုပြောပါတယ်။

ဒါ့အပြင် မနေ့နေ့လည်မှာဘဲ ဆည်တည်းရွာအနားမှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက ခြံစည်းရိုးတိုင်တွေထပ်စိုက်ပြီး သံဆူးကြိုးကာတာကိုကန့်ကွက်ခဲ့တဲ့ ဒေသခံပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လေးဂွနဲ့ပစ်တဲ့အတွက် ပြည်သူတချို့ ဒဏ်ရာရကြတယ်လို့ မဝင်းဝင်းဌေး ကပြောပါတယ်။

"သပိတ်စခန်းရဲ့ ကိုက် ၅၀ လောက်မှာ သံဆူးကြိုးတွေခတ်တဲ့အပြင်ကို အတွင်းထဲမှာ မြောင်းတွေတူးပြီးတော့ တိုင်တွေစိုက်တာ၊ ဒေသခံတွေမဝင်နိုင်အောင် တိုင်တွေကို သံဆူးကြိုးတွေ ခတ်တာ၊ ဒေသခံတွေက လက်မခံနိုင်တော့ ပြောတာ၊ ပြောလို့မရတော့ ရဲတွေက သူတို့ဖက်ကနေစပြီးတော့ ခဲတွေနဲ့ ပစ်တာ"

အာဏာပိုင်နဲ့ ကုမ္ပဏီတွေရဲ့ဖိအားမျိုးစုံကြောင့် ပေးတဲ့လျော်ကြေးလက်ခံပြီး ရွာသစ်ကိုပြောင်းသွားသူတွေမှာ လဲ မြေယာလည်းဆုံး၊ အလုပ်လက်မဲ့ဘဝ လည်း ရောက်နေကြရတယ်လို့ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese