06/16/15

naymyokyaw-magwe-nld-620.JPG မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော်ကို တွေ့ရစဉ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုချက်မရပဲ ကျင်းပခဲ့တာကြောင့် တရားမဝင်စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော်ကို မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ၂ သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။

အဲဒီပြစ်ဒဏ် နှစ်ခုထဲက ငွေဒဏ်ပေးဆောင်ခဲ့တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကိုစိုးမိုးက ပြောပါတယ်။

"ဒဏ်ငွေနှစ်သောင်းနဲ့ ထောင်ဒဏ်တစ်လကို ကြိုက်ရာရွေးပေါ့ဗျာ၊ အဲ့တော့ ဒဏ်ငွေနှစ်သောင်းပဲ ကျနော်တို့ပေးခဲ့တယ်"

ပြီးခဲ့တဲ့နှစ် ဇွန်လက မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားဝင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပခဲ့တာပါ။

အဲဒီဟောပြောပွဲကို ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တယ်ဆိုပြီး ကိုနေမျိုးကျော်ကို ပုဒ်မ ၁၈၊ ခွင့်ပြုချက်မရဘဲ အသံချဲ့စက်အသုံးပြုမှု ပုဒ်မ ၂၇ နဲ့ ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇ တို့နဲ့ ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့က ဝဇီရာရုံမှာ စတင်ပြသစဉ် Photo: Zarni Tun/RFA
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့က ဝဇီရာရုံမှာ စတင်ပြသစဉ် Photo: Zarni Tun/RFA
တတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့က နေပြည်တော်နဲ့ ၀ဇီရာရုပ်ရှင်ရုံတွေမှာ ဒီကနေ့ကစပြီး ၄ ရက်တိတိ အခမဲ့ပြသနေပါတယ်။

ပြည်တွင်းနဲ့ ပြည်ပက မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုနဲ့ Animation ဇာတ်လမ်းပေါင်း ၆၇ ကားထဲက ၆၅ ကားကို ပြသနေတာဖြစ်တယ်လို့ ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

"ဒီနေ့ပြဿနာတစ်ခုရှိတာက ဘာလဲဆိုတော့ တီဗွီမှာပြပြီးသားရုပ်ရှင်၊ အွန်လိုင်းမှာ တင်ထားပြီးသားရုပ်ရှင် ကျနော်တို့ကမပြဘူး၊ မရွေးချယ်ဘူး၊ ဖောင်ထဲမှာလည်း အတိအကျဖြည့်ခိုင်းတယ်၊ ဥပမာ ဘယ်နှစ်ကပြပြီးပြီလဲ၊ ဘယ်ရုပ်ရှင်ပွဲတော်မှာ ပြထားတာလဲ၊ ဘယ်တုန်းကထုတ်လုပ်တာလဲဆိုတာပါတယ်၊ ဒါပေမဲ့ ရုပ်ရှင်ကားနှစ်ကား ကတော့ အဲဒီ့ဟာတွေကို မှန်မှန်ကန်ကန်မဖြည့်တဲ့အတွက် ပရိုဂရမ်ထဲမှာပါတယ်၊ ပရိုဂရမ်ထွက်သွားပြီးမှ ကိုယ်တို့သိတယ်၊ အဲ့ကားနှစ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်တယ်"

အဲဒီမှတ်တမ်းရုပ်ရှင်တွေထဲမှာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ ခံစားချက်တွေနဲ့ အခက်အခဲတွေကို ရိုက်ကူးထားတဲ့"ကန့်လန့်ဖြတ်" မှတ်တမ်းရုပ်ရှင်၊ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရိုက်ကူးထားတဲ့ "ရက် ၆၀"မှတ်တမ်းရုပ်ရှင်၊ ကလေးစစ်သား ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ "အိမ်ပြန်လမ်း" စတဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါဝင်ပါတယ်။

အဲဒီဇာတ်ကားတွေကို အကဲဖြတ်ဒိုင် ၂၃ ဦးက ရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆု၊ ကိုမင်းကိုနိုင်ဆု၊ ဟံသာဝတီဦးဝင်းတင်ဆု၊ မတ် ၁၃ ဆု စတဲ့ ဆု ၈ခုကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ထိုင်း ယူ ၂၃ အသင်းတို့ စင်ကာပူ အမျိုးသားအားကစားကွင်းမှာ ဒီနေ့ မြန်မာစံတော်ချိန် ၇ နာရီ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထိုင်းအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအသင်းက အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ကစားခဲ့ပြီး ထိုင်းကတော့ အပြာရောင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပွဲစစချင်းမှာ နှစ်ဖက်အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပွဲချိန် ၆ မိနစ်မှာတော့ ထိုင်းအသင်းက အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမားက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ဆီမီးဖိုင်နယ်ကစားစဉ်က ခြေမျိုးမဟုတ်ဘဲ တသင်းလုံးအချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။

ထိုင်းအသင်းကတော့ အဝေးဘောတွေပေးပြီး ကစားတာ အတော်ကောင်းပါတယ်။ ဒီနေ့ပွဲမှာတော့ နှစ်သင်းလုံး တိုက်စစ်ဖွင့်ပြီး ကစားတာ တွေ့ရပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့ ထိုင်းအသင်းက ထောင့်ကန်ဘောကန်ခွင့်ရပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

၁၃ မိနစ်မှာတော့ ထိုင်းအသင်းက ကျောနံပါတ် ၁၈ မြန်မာဂိုးဧရီယာ ထိပ်နားကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးညာဘက်ခြမ်းအပြင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာတော့ မြန်မာအသင်းက ထိုင်းအသင်း ဂိုးဧရိယာ ဘယ်ဘက်ခြမ်းကနေ အဝေးဘောကန်သွင်းခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ် ။

၁၅ မိနစ်အထိ နှစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပေမယ့် တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

၁၆ မိနစ်မှာ ထိုင်းရှေ့တန်းတိုက်စစ်မှူး နံပါတ် ၇ မြန်မာဂိုးဧရိယာ ထိပ်နားကနေ ကန်ခွင့်ရပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။

၁၉ မိနစ်မှာတော့ ထိုင်းအသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ထိုင်းအသင်းက ကျောနံပါတ် ၁၂ ဂိုးထဲတိုက်ရိုက်ကန်သွင်းခဲ့ရာမှာ မြန်မာအသင်းဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

မိနစ် ၂၀ မှာတော့ မြန်မာကွင်းလယ်ကစားသမား ရဲကိုဦး အဖျက်ကြမ်းတယ်ဆိုပြီး ဒိုင်က ပြစ်ဒဏ်ဘောပေးပြီး အ၀ါကတ်ပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ပြစ်ဒဏ်ဘောကန်ရာမှာ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး ကန်ခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို ကျော်နံပါတ် ၅ စည်သူအောင် ကန်တင်ရာမှာ ထိုင်ကစားသမားတွေ ဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘောထပ်ရပါတယ်။ ထောင့်ကန်ဘော ကန်တင်ရာမှာတော့ ထိုင်းဂိုးသမား ဖမ်းယူနိုင်ဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၈ မိနစ် မှာတော့ မြန်မာအသင်းက အပိုင်ကန်သွင်းခွင့်ရပေမယ့် ထိုင်းဂိုးသမားက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ မြန်မာအသင်း တိုက်စစ်မှူး ကျောနံပါတ် ၂၀ ရှိုင်းသူရကို ထိုင်းအသင်းက ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ပေမယ့် ဒိုင်က မမြင်ခဲ့ပါဘူး။ ပွဲချိန် ၃၄ မိနစ်မှာတော့ ရှိုင်းသူရကို ထိုင်းအသင်းက ဖျက်ထုတ်တာကြမ်းလို့ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ မြန်မာဂိုးဧရိယာ ညာခြမ်းကနေ ထိုင်းအသင်းက ခေါင်းတိုက်သွင်းခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာလည်း မြန်မာရှေ့တန်းတိုက်စစ်မှူး ရှိုင်းသူရ တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်းဖို့ကြိုးစားရာမှာ ထိုင်းနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၂ မှာတော့ ထိုင်းအသင်းက အပိုင်ကန်သွင်းခွင့်ရတာကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ပြီးဆုံးခါနီးမှာ ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုးက အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းပြီးဆုံးသွားပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပါတယ်။ ပွဲချိန် ၅၀ မှာတော့ မြန်မာက ထောင့်ကန်ဘောရရှိပါတယ်။ ထောင့်ကန်ဘောကို ကန်တင်ခဲ့ပေမယ့် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာလည်း ထိုင်းအသင်းက ကန်သွင်းခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ၅၂ မိနစ်မှာလည်း ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၃ မှာ ထိုင်းအသင်းက ထောင့်ကန်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာကစားသမားတွေ မဖျက်ထုတ်နိုင်ပဲ ထိုင်းက သွင်းယူခဲ့လို့ ၁-၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာလည်း ထိုင်းအသင်းက မြန်မာဂိုးဧရိယာ ဘယ်ခြမ်းမှာ ပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာလည်း ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာ ဂိုးသမား ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀မှာတော့ စောသီဟနေရာမှာ လှိုင်းဘိုဘိုက ၀င်ရောက်ကစားခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာလည်း မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။

ပွဲချန် ၆၃ မိနစ်မှာတော့ ထိုင်းအသင်းက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၀ အထိ မြန်မာက မြန်မာက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိပါဘူး။

ပွဲချိန် ၇၅ မိနစ်မှာတော့ မြန်မာက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို နေလင်းထွန်း အသင်းခေါင်းဆောင် ကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာတော့ ထိုင်းအသင်းက တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ထိုင်းအသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ၃-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/97923


မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်ရာဒေသတွေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေရှိရာဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိတ်ကြားလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲသွားနိုင်ဖို့ မျှော်လင့်ထားတဲ့ ခရီးစဉ်မှာတော့ မြန်မာနိုင်ငံတွင်း ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးဖြစ်လိမ့်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြတာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေ၊ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာနေရာတွေ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ စီးပွားရေး လုပ်ကိုင်နေတဲ့ ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိကထားပြီး တရုတ်နိုင်ငံက ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ကုန်လောက် သွားနိုင်မယ်လို့ မျှော်လင့်ရတဲ့ ခရီးစဉ်ကိုတော့ တရုတ်နိုင်ငံက ယူနန်တက္ကသိုလ်ဘက်က ဖိတ်ကြားခဲ့တာ လို့လည်း ဖိတ်ကြားခြင်းခံရတဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပြပါတယ်။

"အခုသွားမယ့် ကိုယ်စားလှယ်တွေက ကျောက်ဖြူမဲဆန္ဒနယ်က ဦးဘရှိန် နော်၊ နောက်တခါ အင်ဂျန်းယန်မဲဆန္ဒနယ်က ဒေါ်ဒွဲဘူ၊ နောက်ပြီးတော့ လက်ပံတောင်းဒေသက မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကံညွန့်၊ နောက်တခါ ချီဖွေမဲဆန္ဒနယ်က ဦးဇုံသိမ်း ဒါက ပြဿနာဖြစ်နေတဲ့ နယ်မြေတွေပေါ့နော်။ ကျန်တာကတော့ မွန်က ဒေါ်မြင့်မြင့်သန်းပါမယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင် နယ်မြေက ဒေါ်ခင်စောဝေပါမယ်။ နောက်ပြီးတော့ လဲချားမဲဆန္ဒနယ်က စိုင်းမောင်တင် ပါမယ်။ နောက်သီပေါမဲဆန္ဒနယ်က ဦးရဲထွန်း ကျနော်ပါမယ်။ အားလုံး ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် ၈ ယောက် ပေါ့။

အဓိကကတော့ နှစ်နိုင်ငံ နားလည်မှု ပိုမို တိုးတက်ဖို့အတွက်ပေါ့နော်။ တိုးတက်ဖို့အတွက် ကျနော်တို့ ဒီဒေသမှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ သူတို့က သိချင်တယ်။ သူတို့ အဓိက ပြောချင်နေတာက One Region One ဆိုတဲ့ ရပ်ဝန်းတခုတည်း နိုင်ငံပေါင်းစုံ ယှဉ်တွဲပြီးတော့ တိုးတက်ကြီးထွားရေးဆိုတဲ့ အဲ့ဒီ့ဟာကို နည်းနည်းရှင်းပြချင်တဲ့ပုံပေါ်ပါတယ်။"

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ဘူးသီးတောင်၊ စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသစတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ဖိတ်ကြားခြင်းခံရတဲ့ ကချင်ပြည်နယ် အင်ဂျားယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ကချင်ပြည်နယ်တွင်း သစ်မှောင်ခိုထုတ်လုပ်မှုတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။

"ကျမကတော့ မြစ်ဆုံဆည် အဓိက ရပ်ဆိုင်းရေးပေါ့နော်။ ဒါ ကျမ မဲဆန္ဒနယ်ကလည်းဖြစ်နေပါတယ်။ အဲ့တော့ ဒီကိစ္စရပ်ကို အဓိကထား ဆွေးနွေး သွားမှာပါ။ အဲ့တော့ ဒီမြစ်ဆုံဆည်ကြီးကို မလုပ်ပဲနဲ့ ဒီလျှပ်စစ်ဆိုတာတော့ ဒီတိုင်းပြည်အတွက်ကို လိုအပ်တယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွက် မြစ်ဆုံမှာ ဒီDam အကြီးကြီး လုပ်လိုက်ခြင်းအားဖြင့် အခုလက်ရှိအခြေအနေမှာရော အနာဂတ်မှာရော ကျမတို့နိုင်ငံက အားလုံးကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကုန်လုံး ခြိမ်းခြောက်မှုရှိမယ် နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်တွေရော တခြားကဏ္ဍတွေရော မြစ်ဆုံစီမံကိန်းဆို ကျမတို့ ကချင်တွေ ချည်းပဲ မပတ်သက်ဘူး။ ဧရာဝတီစီးဆင်းသွားတဲ့အတွက် တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အတွက် ဒါကို အဓိကထား ဆွေးနွေးသွားပါမယ်။ နောက်တခုရှိတာက ကျမတို့နဲ့ သူတို့နဲ့က နယ်နမိတ်ခြင်း ထိစပ်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ့နော်။ ကျမတို့ ဈေးကွက်ကတော့ တရုတ်မှာ ရှိတဲ့အတွက် ဒီဟာတွေကို ကျမတို့ ဆွေးနွေးဖို့ရှိတယ်။ နောက် ကျမတို့ နိုင်ငံက သစ်ခုတ်တာ သစ်ခုတ်တာကို ကျမတို့နိုင်ငံကို တရုတ်နိုင်ငံသား တော်တော်များများက တရားမဝင် ဝင်လာပြီးမှ သစ်လုပ်ငန်းတွေ လုပ်တာ ဒါတွေနဲ့ပတ်သက်ပြီး ဒါတွေကို သူတို့အစိုးရနဲ့တော့ ဆွေးနွေးမှာပါ။

နောက်တခုက ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေမှာလည်း တရုတ်က အများကြီးစိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကချင်နဲ့က တကယ့်နယ်နမိတ်ချင်း ထိစပ်တာ တော်တော်များနေတဲ့အတွက် သူတို့ရဲ့လုပ်ငန်းတွေ စီမံကိန်းလုပ်ငန်းတွေ လုပ်ဖို့ဆိုတာက အခုချီဖွေရယ် ပြီးပြီ ချီဖွေဆည် ရေအားလျ့်စစ်ဆောက်ဖို့ဆိုတာကလည်း တည်ငြိမ်မှု ငြိမ်းချမ်းမှုနဲ့ အများကြီးသက်ဆိုင်နေတယ်ပေါ့နော်။ အဲ့ဒီ့တော့ အဲ့တာတွေနဲ့ပတ်သက်ပြီး ဖလှယ်သွားဖို့ရှိပါတယ်ရှင့်။"

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ရှမ်ဟိုင်း၊ ပီကင်းနဲ့ ကူမင်းမြို့ကို သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ အစိုးရ နိုင်ငံခြားရေး ဌာနတာဝန်ရှိသူတွေ၊ တရုတ်စီးပွားပညာရှင်တွေနဲ့တွေ့ဆုံကြဖို့ စီစဉ်ထားတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာတော့ တရုတ်ထိပ်တန်း ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြတာပါ။ ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေသလို၊ ၂ နိုင်ငံ နယ်စပ်အနီး လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တဲ့အတွက်လည်း တရုတ်အစိုးရအနေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံရေးအရ ရင်းနှီးမှုရအောင် ကြိုးပမ်းလာတဲ့ ခြေလှမ်းတရပ်လို့လည်း အကဲခတ်တွေက ယူဆခဲ့ကြပါတယ်။

VOA/မဆုမွန်
http://burmese.voanews.com/content/myanmar-ethnic-mps-invited-by-china-/2822358.html

kokogyi-court-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးကိုကိုကြီးကို ဇွန်လ ၁၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

 တောင်ဥက္ကလာပမြို့နယ် ၉ရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ ကစားကွင်းမြေနေရာ ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်း ဆိုခဲ့တာကြောင့် အမှုဖွင့်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးကိုကိုကြီးအပါအ၀င် ၅ဦးဟာ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဒီနေ့မနက်က သွားရောက်ခဲ့ရာ တရားသူကြီး ရောက် မလာတဲ့အတွက် ပြန်လာခဲ့ကြပါတယ်။

တရားသူကြီးတွေက တရားရုံးကို မလေးစားသလိုဖြစ်နေတာကို လက်မခံနိုင်တာကြောင့် တရားရုံးကနေ ပြန်လာ ခဲ့တာဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့ တရားရုံးကို လေးလေးစားစားနဲ့ ချိန်းဆိုတဲ့အတိုင်း အချိန်အတိအကျရောက်အောင်သွားတယ်၊ ဒီတခါ တရားရုံးကို မလေးစားတာက တရားသူကြီးတွေကိုယ်တိုင် ဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုကျနော်တို့ လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ နာရီဝက်တိတိစောင့်ပြီးတဲ့အချိန်မှာ ကျနော်တို့ပြန်လာခဲ့တာဖြစ်တယ်"

တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်က ပေ ၁၀၀ ကျော်တဲ့ အများပိုင်အားကစားကွင်း နဲ့ပန်းခြံကို ပြီးခဲ့တဲ့နှစ်မှာ မြို့တော်ဝန်က သိမ်းဆည်းခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီပိုင်ရှစ်ထပ်အဆောက်အဦး ဆောက်လုပ်နေတာဖြစ်ပါတယ်။

အများပိုင်နေရာမှာ ပါတီပိုင်အဆောက်အဦးဆောက်လုပ်တာကို ရပ်ဆိုင်းပေးဖို့အတွက် ဦးကိုကိုကြီး၊ ဒေါက် တာစောနိုင်၊ ကိုနိုင်ကိုလင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့က ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့အတူ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလက ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြို့နယ်ရဲစခန်းက ကျိုက္ကဆံဟစ်တိုင်မှာ ဆန္ဒပြဖို့ခွင့်ပြုပေမယ့် ဦးကိုကိုကြီးတို့က အဆောက်အဦးဆောက်လုပ်နေတဲ့ အားကစားကွင်းရှေ့မှာ ဆန္ဒပြဟောပြောခဲ့တဲ့အတွက် သူတို့ ၅ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးက ကိုယ်ပိုင်ခံဝန်ရေးထိုးမှာမဟုတ်သလို အာမခံလည်းယူမှာမဟုတ်ကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။

RFA
http://www.rfa.org/burmese/news/kokogyi-critized-court-06152015101216.html

dassk-kawmu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ငွေကြေးသုံးစွဲနိုင်မှုက အဓိကမဟုတ်ပဲ စိတ်ဓါတ်နဲ့ စေတနာ မှန်ရင် ပြည်သူကလက်ခံမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကို ဒီနေ့ လာရောက်လေ့လာတဲ့ ရွှေဘိုမြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ တာဖြစ်ပါတယ်။

"အားလုံးညီညီညွှတ်ညွှတ်လုပ်ကြနော်၊ အဲ့ဒါအရေးကြီးဆုံးပဲ၊ ကိုယ်ညီညွှတ်မှအောင်မြင်မှာ၊ တခြားဘက်က ပိုက်ဆံရှိတာတွေဘာတွေ တချို့ကစိတ်ပူကြတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကတော့ အင်မတန်မှ ချမ်းသာတယ်၊ NLD ကဘာမှမရှိပါဘူး၊ အဓိကကတော့ ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်စေတနာပဲ၊ ကိုယ့်စိတ်ဓါတ် နဲ့ စေတနာမှန်ရင် ပြည်သူကလက်ခံမှာပဲ၊ ဒီနိုင်ငံက ပြည်သူပြည်သားတွေက ပိုက်ဆံပေးရင်တော့ယူမှာပေါ့၊ အမေလည်း အမြဲပဲပြောတယ်၊ ပေးရင်တော့ယူလိုက် ဒါဒီဘက်ကလည်း မပေးနိုင်ဘူး၊ ပေးနိုင်တဲ့ဘက်ကပေးတာ ယူလိုက်၊ မဲပေးတာမှန်ကန်ဖို့ပဲ အရေးကြီးတယ်၊ အဲတော့ ကိုယ့်ရဲ့စေတနာမှန်တယ်၊ စိတ်ထားမှန်တယ်၊ ကိုယ်ကညီညီညွှတ်ညွှတ်နဲ့ လုပ်တယ်ဆိုရင် အောင်မြင်မှာပဲ၊ အဲတော့ ထူးထူးထွေထွေကြားက သိပ်မစဉ်းစားနဲ့"

ဒါ့အပြင် ပါတီအောင်နိုင်ရေးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြဖို့နဲ့ ပါတီဝင်အချင်းချင်း ရန်မဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားစရာမရှိကြောင်းနဲ့ သတင်းစာရှင်းလင်းပွဲလုပ်သင့်၊ မလုပ်သင့်စဉ်းစားရဦး မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ကြာသွားရောက်ပြီး တရုတ်သမ္မတ၊ ၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Zaw Win/RFA
RFA

 အပြာနက်ရောင် ရိုးရာအင်္ကျီဝတ်ဆင်ထားတဲ့ အသက် ၆၈နှစ်အရွယ် အဖိုး ဦးရှာထူးဟာ သူ့အတတ်ပညာနဲ့ ကိုယ်တိုင်တီထွင်ပြီး ပြုလုပ်ထားတဲ့ ရေအားလျပ်စစ်မီး ထုတ်လုပ်စက်ကို ကြည့်ပြီးအားမလိုအားမရ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ် ကရင်နီအမှတ် ၂ဒုက္ခသည်စခန်းအတွင်း ဖြတ်သန်းစီးဆင်းသွားတဲ့ မယ်စူရင်းချောင်းရေအားနဲ့ ပြုလုပ်ထားတဲ့ အသေးစား လျပ်စစ်ဓါတ်အားထုတ်စက်မှာ တချိန်က စခန်းတွင်းမှာ မြို့ပြလိုလျပ်စစ်မီးသီးတွေထွန်းလင်းနိုင်ခြင်းနဲ့ ဗွီဒီယိုတွေပြသနိုင်ခဲ့ပေမဲ့ အခုဆိုရင် ဦးရှာထူးမိသားစုတစုအတွက်သာအသုံးပြုနိုင်ပါတော့တယ်။ ပြီးခဲ့တဲ့၂ဝ၁၃ခုနှစ်က ဒုက္ခသည်စခန်း ၂ မီးလောင်မှုဖြစ်ပွားခဲ့တုန်းက သူ့ရဲ့ လက်လုပ်လျပ်စစ်စက်လေး မီးလောင်ထဲပါသွားခဲ့တဲ့အတွက် အခုဆိုရင်စခန်းတွင်းမှာ မီးမလင်းနိုင်တော့ပါဘူး။


ရေအားလျှပ်စစ် (ဒိုင်နမို)ထွင်တဲ့ ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းက ဦးရှာထူး (ဓါတ်ပုံ-ကေတီ)
အရင်တုန်းက မီး ၁ဝ-၁၅ လုံးလောက် ရတယ် ဗီဒီယိုလည်းပြတာပဲ ပြလို့ရတာပဲ အရင်တုန်းက ဗီဒီိယို ညတိုင်းပြတာပဲ။ အရင်တုန်းက အဆင်ပြေတာပေါ့။ အရင်တုန်းက သူများ ဗီဒီယိုအငယ်တွေမရှိသေးဘူးလေ။ ကျနော်တို့ပြတာ တစ်ရက်တောင်မှ (ဘတ်ငွေ)လေးရာ ငါးရာရက်တိုင်းရတာပဲ။ သာသက်တာပေါ့”လို့ ဦးရှာထူးက ပြောပါတယ်။

ဦးရှာထူးဟာ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် ဖော်ချီးဒေသ ရှိုးလိုရွာမှာ မွေးဖွားခဲ့ပါတယ်။ သာသနာပြုလုပ်ငန်းလုပ်နေချိန်မှာ ပြည်တွင်းစစ်ဆင်ရေးထိုးသည့်အတွက် အမှတ် ၂ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ ထွက်ပြေးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စခန်းအတွင်းမှာ ဘဝပြန်လှည်ထူထောင်စဉ် သူ့ရဲ့ပင်ကိုအစွမ်းအစနဲ့ တနိုင်တပိုင် လျပ်စစ်ထုတ်လုပ်တဲ့ အသေးစားစက်ကလေးကို ထူထောင်ဖြစ်ခဲ့တာပါ။

ဆယ်နှစ်ကျော်ကြာ အသုံးပြုလာတဲ့ သူ့ရဲ့လျက်စစ်ထုတ်လုပ်တဲ့ စက်လေးဟာ ဖုန်းဘယ်ထရီအားသွင်းခြင်း၊ ဗွီဒီယိုပြခြင်း၊ စခန်းတွင်းမီးဖြန့်ဝေနိုင်ခြင်းတို့ကြောင့် ဝင်ငွေတလ ဘတ်ငွေ ၃ဝဝဝ အထိဝင်ငွေရှိနိုင်ခဲ့ကြောင်း ပြောပါတယ်။ အဲ့ဒီအခြေအနေကို ဦးရှာထူးပြန်ရချင်ပေမဲ့ အသက်အရွယ်ရလာတာက တစ်ပိုင်း ရင်းနှီးငွေအင်အား အခက်အခဲကတကြောင်းကြောင့် သူ့မိသားစု အသုံးပြုဖို့အတွက်လောက်သာ လုပ်နိုင်ပါတော့တယ်။

ဦးရှာထူးရဲ့ လျပ်စစ်ထုတ်စက်လေးဟာ ဒိုင်နမိုကို လည်ပါတ်ပေးတဲ့ ရေပါတ် ပန်ကာကြီးကဆင့် အမြင့်ပိုင်းကရလာတဲ့ ရေတွေကိုသွယ်ပြီး စိုက်ပျိုးခြံထဲသို့ တွင်းနိုင်တာကလည်း စိုက်ပင်ပျိုးပင်အတွက် ရေရရှိမှုပူပင်စရာမလို။ ဦးရှာထူးရဲ့အတတ်ပညာဟာ ထိုင်းနယ်စပ်က ဒုက္ခသည်တွေအတွက် အတော်လေး အကြုံးဝေစေပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတွေ ခိုင်မာလာတဲ့တနေ့ဆိုရင် ဒီပညာရပ်တွေကို ပြန်လှည်အသုံးချနိုင်ခြင်းဟာ အင်မတန်မှ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားလှတာတခုက သူ့ရဲ့အတတ်ပညာကို စခန်းတွင်းက ဒုက္ခသည်တွေ စိတ်ဝင်စားပုံမပေါ်ဘူး။

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းက ပလိုင်းယှက်တဲ့ အသက် ၇၀ ကျော် အဘိုးပလဲရယ် (ဓါတ်ပုံ-ကေတီ)
ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းက ပလိုင်းယှက်တဲ့ ကရင်နီပြည်နယ် ရှားတောမြို့နယ်ထဲက ငါးမယ်လိုးဆိုမှာနေပြီး ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကို နှစ် ၂ဝခန့် လာနေတဲ့ အသက် ၇ဝကျော် အဘိုးပလဲရယ်ကတော့ “ဒီမှာဆယ်နှစ်ကျော် လာနေတာ ဒီအလုပ်ပဲ(ပလိုင်းယက်) လုပ်တယ်။ တောင်ယာတွေ မလုပ်ရဘူးလေ။ သားသမီးတွေ တချို့ကျွေးတယ် တချို့က ကိုယ့်ဘာသာကိုယ်ရှာစားနေရတယ်” လို့ သူ့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့ ပလိုင်းယှက်လုပ်တာနဲ့ ပါတ်သက်ပြီး ပြောပြတာဖြစ်ပါတယ်။

သူတို့ရဲ့ အတတ်ပညာကို စခန်းကလူတွေ စိတ်ဝင်စားပုံမရှိပါဘူး။ ဒီအတတ်ပညာကို သင်ယူလေ့လာချင်တဲ့ သူ၊ တတ်ကျွမ်းတဲ့သူတွေ စခန်းထဲမှာ သိပ်မရှိဘူးလို့ သိရပါတယ်။

နိုင်ငံတကာ ဒုက္ခသည်များကူညီစောက်စောင့်ရေးအဖွဲ့တို့က ဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အခြေခံလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးမှုတွေ ရှိနေတဲ့အတွက်ကြောင့်လည်း စခန်းသူ/သားတွေဟာ မိမိကိုယ်ကိုယ်အားကိုးဖို့၊ မိမိကိုယ်ကိုယ်ရပ်တည်နိုင်ရေးကိစ္စရပ်တွေပေါ်မှာ စိတ်ဝင်စားမှုအားနည်းလာတာကို တွေ့ရပါတယ်။

အသက်အရွယ်ရလာပြီဖြစ်တဲ့ ဦးရှာထူးဟာ သားသမီးတွေကလဲ တတိယနိုင်ငံကိုသွားဖို့ စိတ်အားထက်သန်မှုတွေရှိလာတဲ့အတွက် သူ့ရဲ့လျပ်စစ်ထုတ်စက်လေးကို မကြာခင်ချန်ထားရတော့မှာပါ။ “ကျနော် တတိယနိုင်ငံကို မလျှောက်ရင်တော့ ကောင်းကောင်းမွန်မွန် ပြန်ထွင်မလို့။ တတိယနိုင်ငံ ထွက်ဖို့ အစီအစဉ်ကရှိနေတော့ ဒီအတိုင်းပဲ ထားလိုက်တာ။ ထားလိုက်တော့ နှမျောစရာကြီးပဲ”လို့ ဦးရှာထူးက ကွမ်းတဝါးဝါးနဲ့ ပြောခဲ့ပါတယ်။

Written by စူးမယ်
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ် Photo:Hset Paing Toe/RFA
ဘုန်းကြီးကျောင်းဝန်းထဲမှာ တရားမဝင် ကျောက်တူး ဖော်တယ်ဆိုပြီး မိုးကုတ်ရဲစခန်းမှာ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ဆုံခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ဆရာတော်က သူ့အပေါ်အငြိုးဖွဲ့ပြီး ဖမ်းဆီးတာဖြစ်ကြောင်း မိန့်ကြားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က  တွေ့ခွင့်ရခဲ့တဲ့ ကပ္ပိယဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးက တွေ့ခွင့်မပေးဘူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဆီကို ဖုန်းဆက်အကြောင်းကြားပြီးတော့ ဆရာတော်နဲ့ ကျနော့်ကို တွေ့ခွင့်ပေးဖို့ပြောတယ်၊ ဆရာတော်က ဘယ်သူ့ကိုမှ အာဃာတမထားဖို့ ဒါအကြောင်းတိုက်ဆိုင် လို့ ဖြစ်တယ်ဆိုတဲ့အကြောင်း ဆရာတော်က မေတ္တာမပျက်ဖို့ပြောတယ်၊ အစိုးရက ဆရာတော် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ့ခေါင်းဆောင်အဖြစ် မိုးကုတ်မြို့နယ်မှာ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အငြိုးဖွဲ့ပြီးတော့ လုပ်တာပေါ့နော်၊ နောက်တစ်ချက်က ကျနော်တို့ မိုးကုတ်မုံအင်းကိစ္စတွေမှာ ဆရာတော် က ပြည်သူလူထုဘက်ကရပ်တည်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဒါငါ့ကိုတော့ အငြိုးတကြီးနဲ့ ဒါအကွက်ရှာပြီး အမှုဆင်ပြီးဖမ်းတာလို့ ဆရာတော်ကဒီလိုတော့ပြောတယ်"

မိုးကုတ် ရေပူကျောင်းတိုက်ဆရာတော်ကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ တရားမဝင်ကျောက်မျက် တူးဖော်မှု ၄၁ (က၊ခ)၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ ) နဲ့ မိုးကုတ်မြို့မ ရဲစခန်းကနေ ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

မနေ့ကလည်း ဆရာတော်ရဲ့ကျောင်းဝန်းထဲ သက်သေခံပစ္စည်းအနေနဲ့ မြေကြီးနမူနာလာယူရာမှာ ဘုရားဌာပနာ အကြွင်းကျန်တွေကိုလည်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်သေခံပစ္စည်းအနေနဲ့ ယူသွားတယ်လို့ သိရပါတယ်။

ဆရာတော် ဦးဣန္ဒကဟာ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပါဝင်ခဲ့သလို လွန်ခဲ့တဲ့ ဇန်နဝါရီလက မိုးကုတ်မြို့က မုံအင်းမှာ ကျောက်မျက်အသင်းက အဆောက်အဦးတွေ ဆောက်မှာကို ကန့်ကွက်တဲ့အထဲ ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

တရုတ် ခရီးစဉ် အတွင်း မှာ ဘေဂျင်း မြို့တော် ကို သာမက ရှိုင်းဟိုင်း လို အဓိ က စီးပွား ရေး မြို့ ကြီး အပါအဝင် မြန်မာ နဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ ယူနန် ပြည် နယ် ကို သွားရောက် ခဲ့ ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပထမဆုံး တရုတ်ပြည် ၅ ရက်ကြာ ခရီးစဉ် ပြီးဆုံးပြီး တနင်္ဂနွေ နေ့ ကပဲ မြန်မာ နိုင်ငံ ကို ပြန် ရောက် လာပြီ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ ကနေ မြန်မာ အတိုက်အခံ ပါတီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ကို ဖိတ် ခေါ် ခဲ့တဲ့ ဒီ ခရီး စဉ် အတွင်း မှာ ပါတီ ၂ ခုရဲ့ ခေါင်းဆောင် တွေ ဖြစ်တဲ့ တရုတ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေး မှုး လည်းဖြစ်၊ တရုတ်ပြည် ဗဟို စစ်ကော်မရှင် ဥက္ကဌ လည်း ဖြစ်တဲ့ တရုတ် သမ္မတ ရှီကျင်းပင် နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ခဲ့ ကြတာ ဖြစ် ပါတယ်။

တရုတ် အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အနောက် အုပ်စု နဲ့ နီးစပ် သူ တစ်ယောက် အဖြစ် သဘော ထား ရာ ကနေ မြန်မာ ပြည်သူ တွေ ကို ကိုယ်စားပြု တဲ့ ခေါင်းဆောင် အဖြစ် အလေးထား ရှု့မြင် လာ ကြပြီး ဆက်ဆံ မှု တည်ဆောက် လာတာ ဖြစ်တယ်လို့ တရုတ် ပြည် အခြေစိုက် ဘီဘီစီ သတင်းထောက် ဦးမျိုးသစ် က သုံးသပ် ပါတယ်။

တရုတ် အစိုးရ ဟာ သူတို့ အစဉ် အဆက် ဆက်ဆံ ရေး ထိန်းသိမ်း ခဲ့တဲ့ မြန်မာ အာဏာပိုင် တွေ နဲ့ အကြား နယ်စပ် တည်ငြိမ် ရေး လို ကိစ္စ တွေ နဲ့ ပတ်သက်ပြီး တင်းမာ မှု တွေ ရှိ လာတဲ့ အတွက် လည်း မြန်မာ့ နိုင်ငံ ရေး မှာ အလားအလာ ရှိ တဲ့ အတိုက်အခံ ခေါင်းဆောင် နဲ့ ဆက်ဆံ ရေး တိုးမြှင့် လာတဲ့ မူဝါဒ ပိုင်း ဆိုင်ရာ အပြာင်း အလဲ တစ်ရပ် ဖြစ်တယ် လို့ ဦး မျိုးသစ် က သုံးသပ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ် ခရီးစဉ် အတွင်း မှာ ဘေဂျင်း မြို့တော် ကို သာမက ရှိုင်ဟိုင်း လို အဓိ က စီးပွား ရေး မြို့ ကြီး အပါအဝင် မြန်မာ နဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ ယူနန် ပြည် နယ် ကို သွားရောက် ခဲ့ ပါတယ်။

တရုတ် ပြည် ခရီးစဉ် နဲ့ ပတ်သက်ပြီး NLD ဘက်က ထုတ်ပြန်ချက် တစ်စောင် မကြာခင် ထွက် လာဖို့ မျှော်လင့် ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.