06/18/15

 dagon-city-cancel-620.JPG  
ဇွန်လ ၁၇ ရက်နေ့က ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သတင်းစာရှင်းလင်းစဉ် 

ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်းတွေ အပါအဝင် ရွှေတိဂုံဘုရားကို ထိခိုက်စေနိုင်တဲ့ စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းလိုက်ဖို့ တစ်နိုင်ငံလုံးမှာ လက်မှတ်တွေကို လိုက်လံစုဆောင်း ပြီး နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တွေထံ တင်ပြသွားမယ်လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တောင်းဆိုချက်တွေအတိုင်း ဖြစ်မလာဘူးဆိုရင် နောက်တစ်ဆင့်အနေ့နဲ့ ဆန္ဒပြကန့်ကွက်သွားမယ် လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်လုပ်ရှားသူ ဓမ္မစက္က ဦးမောင်မောင် က ပြောပါတယ်။

"သဘောတူတဲ့ လက်မှတ်လေးတွေ စုဆောင်းပါမယ်၊ စုဆောင်းပြီးတဲ့အခါမှာ သက်ဆိုင်ရာ သမ္မတ အပါအဝင် လွှတ်တော် အစရှိတဲ့အစိုးရအဖွဲ့တွေကိုလည်း အသိပေးတဲ့စာတွေပို့ရမယ်၊ တဆင့်ပြီးတဆင့် ကျနော်တို့လုပ်ရပါမယ်၊ ဒဂုံစီးတီးအပါအဝင်ပါ၊ ဒီတစ်ခုတည်းကို ရည်ညွှန်းပြီး ပြောတာမဟုတ်ပါဘူး၊ နောင် လည်းပဲ ဒီနေရာမှာ ထပ်ပြီးတော့မဆောက်ဖို့ တိုက်တွန်းမှာပါ၊ အဲ့လို အဆင့်ဆင့်ဆောင်ရွက် သွားပြီးတော့ နောက်ဆုံး လူထုဆန္ဒထုတ်ဖော်တဲ့အထိ ကျနော်တို့က မရရအောင် ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်ပါတယ်"

ဒီရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရွှေတိဂုံစေတီတော်ကာကွယ်ဖို့ဆိုတဲ့ လက်ကမ်းစာစောင်တွေကို တစ်နိုင်ငံလုံးဖြန့်ချီပြီး အသိပညာပေးဖို့အပါအဝင် ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ပြုလုပ်မယ့်စီမံကိန်းတွေကို ဖျက်သိမ်းပေးတဲ့ အထိ ဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုတဲ့အချက် ၆ ချက်ကို ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြိုပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့စတဲ့ အဖွဲ့အစည်းပေါင်းများစွာက သဝဏ်လွှာတွေပေးပိုခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/demand-cancel-dagoncity-plan-06172015072530.html


“ တရုတ်စစ်သူကြီးဆွန်ဇူးရဲ့ သွေးတိတ်စေမဲ့ စစ်ရေးအမြင်အနုပညာ ”

ပြီးခဲ့တဲ့အပတ်ထဲမှာ ဗုဒ္ဓနေ့ (Vesak Day) က တနလာင်္နေ့ မှာကျနေလို့ အားလပ်ရက်တရက်ပိုရခဲ့တယ်။ ဒါနဲ့  စာအုပ်စင်ပေါ်အလွယ်တကူတင်ထားမိတဲ့ ဆွန်ဇူးရဲ့ စစ်ရေးဒဿနအမြင်အကြောင်း ဘာသာပြန်စာအုပ်လေးကို ပြန်ဖတ်ဖြစ်ခဲ့တယ်။ သောမတ်စ် ဟယူးခ်ျ ဘာသာပြန်ထားတဲ့ The Art Of War : Spirituality For Conflict ဆိုတဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်လေးကို ဒုတိယအကြိမ်ပြန်ဖတ်မိရတဲ့အကြောင်းကတော့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ကို သတိရသွားမိလို့ပါ။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း (၃) ထဲက ပုဒ်မ ၅၉(ဃ) မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတွေရဲ့ အရည် အချင်းတွေသတ်မှတ်ရာမှာ - နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည်လို့ ဖေါ်ပြထားတယ်။ နိုင်ငံတော်သမ္မတသည် စစ်ဗိုလ်ဖြစ်ရမည်လို့ ဗြောင်ရေးရင် သိပ်မျက်နှာပြောင်တိုက်ရာကျမှာစိုးလို့နဲ့တူပါတယ် ။
အဲ့ဒီအချက်ကိုပိုသေခြာအောင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) နိုင်ငံတော်ရဲ့အခြေခံမူများထဲမှာ ပုဒ်မ ၆ (စ) - နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှု့အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်လို့ ထည့်သွင်းထားပြန်တယ်လေ ။ ဒါဟာ အမျိုးသားနိုင်ငံရေးကို အကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းနိုင်အောင်နှပ်ကြောင်းပေးထားတာမဟုတ်လား။

စစ်ရေးအမြင်လို့ပြောလိုက်တာနဲ့ စာရေးသူ နားလည်သတ်မှတ်ထားတဲ့ စစ်ရေးအမြင် နှစ်မျိုးနှစ်စားအကြောင်း ခွဲပြောခြင်ပါသေးတယ်။ ပထမအမျိုးအစားက သွေးတိတ်စေတဲ့ စစ်ရေးအမြင် လို့ ခေါ်နိုင်ပါတယ်။ ဒုတိယအမျိုး အစားကတော့ သွေးထွက်စေတဲ့စစ်ရေးအမြင် ဘဲဖြစ်တယ်။
ထင်ရှားတဲ့ ဥပမာဆောင်ရရင် သိုင်းပညာတရပ်ကို မိမိအပေါ်စော်ကားလာရင် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ နဲ့ အမှန်တရား ကိုစောင့်ရှောက်ရအောင် အသုံးချသူနဲ့ သိုင်းပညာအားကိုးပြီး တခြားသူတွေကို ဗိုလ်ကျအနိုင်ကျင့်သူ နှစ်မျိုးရှိသလိုပါဘဲ။

ဆွန်ဇူးအကြောင်းပြန်ကောက်ရရင် ပထမအဆင့်အနေနဲ့  သူ့ ကိုမကြားဖူးသေးတဲ့ စာဖတ်ပရိဿတ်အတွက် သူ့အကြောင်းနည်းနည်း မိတ်ဆက်ပေးခြင်ပါတယ်။ ဆွန်ဇူးဟာ ဘီစီ (၅၄၄) မှာမွေးဖွားခဲ့ပြီး ဘီစီ (၄၉၆) မှာသေဆုံးခဲ့တဲ့လို့ သမိုင်းပညာရှင်တချို့ကယုံကြည် ကြပါတယ်။ တရုတ်ပြည်ရဲ့သမိုင်းခေတ်တွေထဲက ကျို့ ဒိုင်နာစတီခေတ် (Zhou Dynasty BC 1045-256 BC ) နှောင်းပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ စစ်ရေးပညာရှင် လည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ ဆွန်ဇူးဟာ သူ့ ရဲ့ ကမ္ဘာကျော် စာအုပ်ဖြစ်တဲ့ " The Art of War " ကို ဘီစီ (၅၁၅) မှာရေးသားခဲ့တယ်လို့ ဆိုကြတယ်။
သမန်ကာရှန်ကာတွေးရင်တော့ ဘုန်းတန်ခိုးအာဏာနဲ့ နယ်ပယ်ချဲ့ထွင်ဖို့ စစ်သွေးကြွပဒေသရာဇ်မင်း တွေမင်းမူနေတဲ့ စစ်မက်မြို့ပြနိုင်ငံများခေတ် ( Warring States Period ) ခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စစ်သူကြီးဆွန်ဇူးရဲ့ စစ်ရေးအမြင်ဟာ စစ်သွေးဆာနေမှာဘဲလို့ တွေးထင်စရာပါ။

ဒါပေမဲ့ သူ့ရဲ့စစ်ရေးအမြင်ဒဿနတွေနဲ့ အဆိုအမိန့်တွေကို အတ္တမဖက်ဘဲ သေသေခြာခြာလေ့လာကြည့် လိုက်ရင် ဆွန်ဇူးရဲ့ စစ်ရေးအမြင်ဟာ သွေးထွက်သံယိုမဖြစ်စေဘဲ ပဋ္ဋိပက္ခတွေကို ဖြေရှင်းလို့ရအောင် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သွေးတိတ်စေတဲ့ စစ်ရေးအမြင်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။
တခုရှိတာက ဆွန်ဇူးရဲ့အတွေးအမြင်ဒဿနတွေကို ထုတ်နှုတ်သုံးစွဲသူဟာ မိမိနဲ့ မိမိအဖွဲ့စည်းတခုထဲ ကောင်းစားဖို့ လိုတာလေးတွေဘဲ ကွက်ကွက်ကလေးယူ အသုံးချရင်တော့ သွေးတိတ်စေမှာမဟုတ်ဘူး။
ခေတ်သစ်တရုပ်ပြည်ရဲ့ စစ်တက္ကသိုလ်တွေ နဲ့ စစ်အကယ်ဒမီကျောင်းတွေမှာ ဆွန်ဇူးရဲ့ The Art of War စစ်ရေးအမြင်တွေကို ထည့်သွင်းသင်ကြားပေမဲ့ ခုချိန်ထိ တပ်နီတော်ဟာ ဆွန်ဇူးရဲ့ သွေးတိတ်စေတဲ့ စစ်ရေးအမြင်ကိုနားလည်ကျင့်သုံးနိုင်ခြင်းမရှိဘူးလို့ စာရေးသူက သုံးသပ်ခြင်ပါတယ်။
တကယ်လို့သာ တရုတ်တပ်နီတော်ဟာ မှန်မှန်ကန်ကန်လိုက်နာကျင့်ကြံခဲ့ရင် တိဗက်(Tibet) ဒေသ၊ ဇင်ကျန်း (Xinjiang Uyghur Autonomous Region ) ဒေသ စတာတွေမှာ အခုလိုသွေးထွက်သံယိုမှု့တွေ အစောပိုင်း ကထဲက အဆုံးသတ်နိုင်ပါတယ်။တရုတ်တပ်နီတော်နဲ့ မြန်မာ့တပ်မတော်လက်ရှိကျင့်သုံးနေတဲ့ စစ်ရေးအမြင် ဟာ သွေးထွက်စေတဲ့စစ်ရေးအမြင်ဆိုတာ နှစ်ပဋ္ဋိစ္ဆေဒ ကြာညောင်းနေပြီဖြစ်တဲ့ ပြည်တွင်းစစ်တွေနဲ့ မငြိမ်သက် မှု့တွေက သက်သေခံနေပါတယ်။

ဆွန်ဇူးရဲ့အောက်ပါအဆိုအမိန့်တချို့မှာ သူ့ရဲ့ သွေးမထွက်စေခြင်တဲ့ စစ်ရေးအမြင်တပိုင်းတစကိုမြင်နိုင်ပါ တယ်။
“The supreme art of war is to subdue the enemy without fighting.” “Those who win every battle are not really skillful – those who render others’ armies helpless without fighting are the best of all.”

အနှစ်ချုပ်ပြောရရင် စစ်ပွဲတွေခင်း အသက်တွေမရင်းရဘဲ အိုးအိမ်တွေပျက်၊ သွေးချွေးတွေမထွက်စေဘဲ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတဲ့ စစ်ရေးဒဿနအမြင်ကသာ ကြီးကျယ်ခမ်းနားဂုဏ်ယူထိုက်တယ်လို့ဆိုခြင်တာပါ။
The Art of War ဆိုတဲ့ဂန္တဝင်စစ်ကျမ်းကို ပြုစုခဲ့တဲ့ ဆွန်ဇူးရဲ့ ရည်ရွယ်ချက်အရင်းခံဟာ ကြောက်မက်ဖွယ် စစ်ပွဲကြီးတွေကို အရောင်သဖို့ မဟုတ်သလို၊ ဓါးလှံလေးမြှားတွေ အရောင်ထစေဖို့ လည်းမဟုတ်ဘူး။ နှောင်လာ နောက်သားတွေ၊ စစ်ခေါင်းဆောင်ပဒေသရာဇ်တွေကို လက်နက်ကိုင်ပဋိပက္ခတွေအပေါ် ငြိမ်းချမ်းစွာဖြေရှင်း နိုင်ဖို့ လူပေါင်းများစွာရဲ့ အသက်နဲ့ဘဝတွေကို ဖျက်ဆီးတတ်တဲ့ စစ်ပွဲကြီးတွေ အဆုံးသတ်နိုင်ဖို့ နဲ့ ဖြစ်ပေါ် မလာအောင် တားဆီးနိုင်ဖို့ အတွက် အားထုတ်ရေးသားခဲ့တာမြင်သာပါတယ်။
မိမိနဲ့ မိမိပြိုင်ဖက်ရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက်နိုင်ဖို့ The Art of War ကျမ်းထဲမှာ ဆွန်ဇူးထောက်ပြထားတဲ့ မဟာဗျူဟာကျတဲ့ ညွှန်ကိန်း (၅) ချက်ပါရှိပါတယ်။
အဲ့ဒါတွေကတော့ (၁) Way ဦးတည်ရာလမ်း (၂) Heaven ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်အခြေအနေ (၃) Ground - ရေခံမြေခံအနေအထား (၄) General ခေါင်းဆောင်ကောင်း (၅) Law ဥပဒေစိုးမိုးမှု့နှင့် စီမံအုပ်ချုပ်မှု့စွမ်းရည် စတာတို့ ဖြစ်တယ်။

(၁) Way - ဦးတည်ရာလမ်း

စစ်တပ်တတပ်အတွက်ဖြစ်ဖြစ်၊ ပါတီတခုအတွက်ဖြစ်ဖြစ်၊ နိုင်ငံတခုအတွက်ဖြစ်ဖြစ် ခေါင်းဆောင်ကနေ အောက်ခြေငယ်သားအထိ ဦးတည်ချက်လျှောက်မဲ့လမ်းအပေါ် အကြွင်းမဲ့ယုံကြည်မှု့တူ၊ စိတ်ဓါတ်တူ၊ ဘုံအသိတူပြီး ညီညီ ညွတ်ညွတ်ရှိနေဖို့ သိပ်အရေးကြီးတယ်။ ဆိုလိုတဲ့သဘောက ရည်မှန်းချက် ဦးတည်ရာ လမ်းကို ခေါင်ဖျားကနေ ကြမ်းကြားအထိ အသိတရားနဲ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ယုံကြည်ပြီး အတူ လျှောက်လှမ်းလိုစိတ်ပြင်းထန် တဲ့လူ့အဖွဲ့စည်းဟာ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်တယ်လို့ ဆွန်ဇူးကဆိုပါတယ်။
တနည်းအားဖြင့်ပြောရရင် တပ်မှူးတပ်သား ပြည်သူများရဲ့ ယုံကြည်မှု့ ထောက်ခံမှု့မရရင် ဘာလုပ်လုပ် မအောင်မြင်နိုင်ဘူးလို့ ပြောတာပါဘဲ။ ကဲအခု လက်ရှိမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တွေ လျှောက်နေတဲ့ ဦးတည်ရာလမ်းဖြစ်တဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဆိုတာကို ပြည်သူလူထုက ယုံကြည်ပါသလား။ ထောက်ခံကြပါရဲ့လား စစ်အာဏာရှင်များကိုယ်တိုင်ရဲရဲဝံ့ဝံ့ဖြေကြည့်လိုက်ပါ။ ပြည်သူ ထောက်ခံမှု့မပါဘဲ ဆင်နွှဲနေတဲ့စစ်ပွဲတွေ နိုင်ငံရေးတိုက်ပွဲတွေဟာ သွေးထွက်သံယိုမှု့များမယ် ၊ အနိဋ္ဌာရုံ တွေနဲ့ နောက်ဆုံးကျဆုံးရမယ်လို့ ဆိုခြင်တာပါ။

(၂) Heaven - ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်အခြေအနေ

စစ်ပွဲတပွဲကိုဘဲတိုက်တိုက် ရွေးကောက်ပွဲတခုကိုဘဲပြိုင်ပြိုင် ခန့်မှန်းရခက်ခဲတဲ့ သဘာဝပတ်ဝန်းကျင်ပြောင်း လဲမှု့၊ အပူအအေး၊ နေ့ ည၊ အလင်းအမှောင်၊ မိုးလေဝသအခြေအနေနဲ့ နိုင်ငံရေးရာသီဥတု၊ မိမိတပ်ဖွဲ့ဝင်၊ မိမိပါတီဝင် ပြည်သူလူထုရဲ့ဆန္ဒ စိတ်အားထက်သန်မှု့ရှိမရှိ၊ စိတ်ဓါတ်အတက်အကျ၊ ခွန်အားခံနိုင်ရည် စတာတွေကို မပြတ်အကဲခပ်ပြီးလိုက်လျှော်ညီထွေစွာ လှုပ်ရှားဆုတ်တက်စစ်ဆင် ပြိုင်ပွဲဝင်တတ်ဖို့ဟာ အလွန်အရေးကြီးတဲ့သဘောပါ။
စစ်သူကြီးတဦးဟာ ပြောင်းလဲနေတဲ့ မိုးလေဝသအခြေအနေ ကြမ်းတမ်းဆိုးဝါးတဲ့ရာသီဥတုဖိစီးမှု့အောက်မှာ မိမိတပ်မှုးတပ်သားတွေရဲ့ ခံနိုင်ရည်၊ စိတ်ဓါတ်အင်အား၊ တိုက်ပွဲဝင်လိုစိတ်ရှိမရှိ သိအောင်စုံစမ်းဖို့လိုသလို တိုင်းပြည်ခေါင်းဆောင်အနေနဲ့ လည်း တိုင်းသူပြည်သားတွေရဲ့ဆန္ဒမှန်ကို သိရှိအောင်ကျိုးစားဖို့လိုသလို အလေးထားထည့်သွင်းတွက်ချက်မှု့ ၊ ပြည်သူတွေ ရဲ့လိုလိုလားလားထောက်ခံမှု့ကို မဖြစ်မနေရယူမှသာ အလုပ်ပြီးမြောက်အောင်ပွဲရောက်နိုင်တယ်လို့ ဆိုခြင်တာပါ။

(၃) Ground - ရေခံမြေခံအနေအထား

အနိမ့်အမြင့်၊ အနီးအဝေး၊ အတားအဆီး ချောမွေ့မှု့၊ အကျယ်အကျဉ်း၊ အန္တရာယ် လုံခြုံမှု့ စတဲ့ ရေမြေအနေ အထားတွေ ဒေသခံ ဓလေ့ထုံးတမ်း အစွဲအလမ်း၊ ယဉ်ကျေးမှု့ ဥပဒေ သတ်မှတ်ချက် စတာအားလုံးဟာ Ground - ရေခံမြေခံအနေအထား Landscape ထဲမှာအကျုံးဝင်ပါတယ်။ ရေမြေတောတောင် ပထဝီအနေထား တည်ရှိနေပုံတွေကို ရင်းနှီးကျွမ်းဝင်နေယုံမက အဲ့ဒီရေမြေဖွဲ့စည်းပုံ အကန့်အသတ်အတားအဆီး အခက်အခဲ တွေကို အကျိုးရှိစွာအတွက်အသုံးချတတ်ဖို့လိုတယ်လို့ ဆွန်ဇူးက ဆိုပါတယ်။
ပြီးတော့ ဒေသခံပြည်သူတွေရဲ့ ရိုးရာဓလေ့ထုံးစံ ဥပဒေသတွေ၊ ယဉ်ကျေးမှု့အစဉ်အလာ ယုံကြည်မှု့တွေကို လေးစားအသိအမှတ်ပြုရင်း အချိန်ကိုက်အခါကိုက် အဲ့ဒီဓလေ့ထုံးတမ်းအစဉ်အလာ ကန့် သတ်ချက်တွေကို မိမိအင်အားအဖြစ်ပြောင်းလဲအသုံးချနိုင်စွမ်းလည်းရှိဖို့လည်းလိုပါသတဲ့။
(၄) General ခေါင်းဆောင်ကောင်း
ခေါင်းဆောင်တယောက်ဟာ နောက်လိုက်ဗိုလ်ပါ ပြည်သူတွေရဲ့ နှလုံးသားအသိနဲ့ ယုံကြည်ကိုးစားထောက်ခံမှု့ ရနိုင်ဖို့ဆိုတာ အောက်ပါ အရည်အသွေး (၅)ချက်နဲ့ပြည့်စုံရမယ်လို့ ဆွန်ဇူးကယုံကြည်တယ်။
(က) ဉာဏ်ပညာ - Wisdom (ခ) ကောင်းသတင်းဂုဏ်သိက္ခာ - Credibility ( ဂ) စေတနာသဒ္ဓါတရားကောင်း မှု့ ရက်ရောမှု့ - Benevolence (ဃ) ရဲစွမ်းသတ္တိ - Courage နဲ့ (င) စည်းကမ်းစိတ်ဓါတ်ကောင်းမွန်မှု့ - Discipline တို့ဘဲဖြစ်ပါတယ်။

ဒီနေရာမှာကြားဖြတ်ပြီး မြန်မာနိုင်ငံကို (၁၉၆၂) ခုနှစ်ကနေ ဒီနေ့အချိန်ထိ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်အာ ဏာရှင်တွေရဲ့အရည်အသွေးကို ဆွန်ဇူးရဲ့ပေတံနဲ့တိုင်းကြည့်ကြရအောင်။ ဉာဏ်ပညာဆိုတာ အခြေ အနေအရပ်ရပ်အပေါ်မှန်ကန်စွာ အကဲဖြတ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဉာဏ်အမျှော်အမြင်ရှိမှု့ပါဘဲ။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ ကောက်ကျစ်တတ်မှု့ လှည့်ဖျားဉာဏ်များတတ်မှု့ဟာ ဉာဏ်ပညာမဟုတ် ပါဘူး ။ မိုက်မဲမှု့အသိဥာဏ်အမှောင်ဖုံးမှု့ပါ။ ပြီးတော့ သူတို့ မှာ ကောင်းသတင်းဂုဏ်သိက္ခာမရှိဘဲ နာမည်ဆိုးနဲ့ ကျော်ဇောသတင်းသာထင်ရှားတာမဟုတ်လား။ စေတနာသဒ္ဓါနဲ့  ရက်ရောမှု့ရှိမရှိကိုကြည့် လိုက်ပြန်တော့ သူတို့ ကိုသစ္စာခံဖို့ အတွက်သာ သူတို့ မပိုင်တဲ့အရာတွေ ပြည်သူပိုင်ပစ္စည်းတွေကို ပေးကမ်း စွန့် ကြဲလေ့ရှိတာ လူတိုင်းသိပါတယ်။
ရဲစွမ်းသတ္တိဆိုပြန်တော့လည်း စစ်အာဏာရှင်တွေဟာ မိုက်ရူးရဲလုပ်တတ်တာကလွဲလို့  အာဏာစွန့် ရမှာ ကြောက်၊ မတရားရအပ်တဲ့ စည်းစိမ်တွေစွန့်ရမှာကြောက်၊ ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်ကိုတာဝန်ယူရမှာကြောက် လွန်းလို့ ဘယာဂတိအလွန်ကြီးမားတဲ့ သတ္တိနည်းသူတွေမဟုတ်လား။
စည်းကမ်းစိတ်ဓါတ်ကောင်းမွန်မှု့ ဆိုရာမှာလည်း စစ်အာဏာရှင်ဆိုတာ သေနတ်ပြောင်းနဲ့ထောက် အကြောက် တရားနဲ့ ပြားပြားမှောက် အမိန့် နာခံတာကို စည်းကမ်းကောင်းတယ်လို့ တလွဲဆံပင်ကောင်းနေတဲ့ လူမျိုးတွေ မဟုတ်လား။ မတရားတဲ့အမိန့်အာဏာကို ဆင်ခြင်တုံတရားမပါဘဲ အထက်ကအမိန့်မို့ ဆောင်ရွက်တာပါဆိုတဲ့ စစ်စည်းကမ်းအမှားကြီးနဲ့ စည်းကမ်းလိုက်နာတယ်ဆိုတဲ့သူတွေဟာ ဘယ်သောအခါမှာ့ ယုံကြည်အားထား စိတ်ချလို့မရနိုင်ဘူး ။ အဲ့ဒီလိုလူမျိုးတွေရဲ့ မျက်ကန်းလုပ်ရပ်တွေဟာ အနိဋ္ဌာရုံတွေဆီမှာ အဆုံးသတ်မှာ အသေအခြာဘဲ။

(၅) Law - ဥပဒေစိုးမိုးမှု့နှင့် စီမံအုပ်ချုပ်မှု့စွမ်းရည်
ရေရှည်ခံတဲ့ဖွံဖြိုးတိုးတက်မှု့တွေပိုင်ဆိုင်ပြီးအာင်မြင်မှု့ရနေတဲ့ ကမ္ဘာ့ အဆင့်အင်အားကြီးနိုင်ငံဖြစ်ဖြစ် နိုင်ငံစုံကော်ပိုရေးရှင်ကြီးတွေဖြစ်ဖြစ်၊ စစ်သည်ရဲမက်ဗိုလ်ပါ ကုဋေကုဋာကျော်တဲ့ ခေါပဏီတပ်မတော်ကြီး ဘဲဖြစ်ဖြစ် အစဉ်အမြဲခိုင်မာတောင့်တင်းစွာရပ်တည်နိုင်ဖို့ ၊ အောင်မြင်မှု့တွေထိမ်းသိမ်းထားနိုင်ဖို့အတွက် မှန်ကန်တဲ့အုပ်ချုပ်ပုံစနစ်တရပ်နဲ့ တရားဥပဒေစိုးမိုးအောင် အဂတိတရားကင်းအောင် ထိထိရောက်ရောက် စီမံခန့်ခွဲအုပ်ချုပ်နိုင်ဖို့ လိုပါတယ်။
ရှင်းလင်းတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တိကျတဲ့လုပ်ထုံးလုပ်နည်း ဥပဒေသတွေ၊ အဆင့်မြင့်စံရည်စံညွှန်း တွေ၊ ပီပြင်တဲ့တာဝန်ဝတ္တရားသတ်မှတ်ချက်နဲ့ လုပ်ပိုင်ခွင့်တွေ ၊ ထင်သာမြင်သာတဲ့ အခွင့်အရေးခံစားမှု့တွေ နဲ့ အတူပြတ်သားတဲ့တာဝန်ယူမှု့တာဝန်ခံမှု့တွေ ပြဌာန်းဖို့မဖြစ်မနေလိုအပ်သလို မိမိခွန်အားမဖြုန်းတီးဖို့ မိမိရဲ့ ဘဏ္ဍာငွေကြေးရိက္ခာဆေးဝါးတွေ မလေလွင့်မဆုံးရှူံးစေဖို့ ကောင်းမွန်စွာစီမံခန့် ခွဲနိုင်ဖို့လည်းလိုပါတယ်။

ဒီဆောင်းပါးကိုနိဂုံးသတ်ရရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံတော်သမ္မတအကြီးအကဲတယောက်မှာရှိသင့်တဲ့ စစ်ရေးအမြင်ပြောပြော ကာကွယ်ရေးအမြင်လို့ခေါ်ခေါ် တိုင်းပြည်ကိုငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်နိုင်ဖို့ကို အာမခံ နိုင်တဲ့သွေးတိတ်စေတဲ့စစ်ရေးအမြင်၊ ပြည်တွင်းစစ်မီးကြီးကိုငြိမ်းသတ်နိုင်တဲ့ ရေရှည်လုံခြုံရေးအမြင်ရှိဖို့လိုတာ ပါ။
သေခြာတာကတော့ လက်ရှိအစိုးရထဲက စစ်ဗိုလ်ချုပ်ဟောင်းတွေရော လက်ရှိစစ်ဗိုလ်ချုပ်ကြီးငယ်တွေဆီမှာပါ တရုတ်စစ်သူကြီးဆွန်ဇူးပြောတဲ့ သွေးတိတ်စေတဲ့ စစ်ရေးအမြင်မရှိဘူးဆိုတာ ယနေ့ထိတိုင် နှစ်ပေါင်း (၆၀) ကျော်တဟုန်းဟုန်းတောက်လောင်နေသေးတဲ့ ပြည်တွင်းစစ်မီးကြီးက သက်သေခံနေပါတယ်။ ဒီတော့ အထွေထွေချွတ်ခြုံကျမှု့တွေနဲ့ ဆင်းရဲထုနက်လှတဲ့ တို့တိုင်းပြည်ကို ဆွဲထုတ်ကယ်တင်ဖို့ရာမှာ စစ်မီးလှုံပြီး စစ်နဲ့ကြီးပွားလုပ်စား၊ ဇွတ်စစ်တိုက်ခြင်နေတဲ့ သွေးထွက်စေတဲ့စစ်ရေးအမြင်ဘဲရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ပါဘူး။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအရယူပေးနိုင်တဲ့၊ သွေးတိတ်စေမဲ့ကာကွယ်ရေးအမြင်ရှိတာ နိုင်ငံအကြီးအကဲ သမ္မတဖြစ်ထိုက်တာ ဘယ်သူလည်းဆိုတာ ပြည်သူလူထုကြီးက အဖြေသိပြီးသားပါ။
ဒါကြောင့် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဦးအောင်သင်း ရဲ့အောက်ပါ ကဗျာလေးနဲ့  ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။
****************************
လှံကိုသို့ထား၊ ဓားကိုသို့ငင်၊
သို့ဝင်သို့ထွက်၊ သို့တက်သို့ခွာ၊
စစ်ပညာကို၊ ကြေစွာတတ်မြောက် ကျွမ်းကျင်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ ခွန်အား၊ မကိုးစားသော်
ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့။ ။
*******************************
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇွန်လ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်


၂၀၁၅ ဆီးဂိမ်းမှာ ငွေတံဆိပ်ဆွတ်ခူးခဲ့တဲ့ မြန်မာယူ၂၃ အသင်း ဒီနေ့ညနေ ပြန်လည်ရောက်ရှိလာချိန်မှာ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က လူငယ်တွေက ငယ်ငယ်ကထဲ ကျွေးမွေးပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုကြောင်း၊ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့်သာ လူငယ်တွေကို ငယ်ကထဲက ပြုစုပျိုးထောင်လာတဲ့ ထိုင်းကို ၃ဂိုးရှုံးတာဖြစ်ပြီး အခြေအနေချင်းတူရင် ထိုင်းကို (၁၀)ဂိုးလောက် သွားပစ်လိုက်မှာပေါ့၊ National economy နဲ့ အားကစားနဲ့က တိုက်ရိုက် သက်ဆိုင်တယ်လို့ မီဒီယာတွေကို ဖြေကြားသွားပါတယ်။

ဒါ့အပြင် “ ကျွန်တော်တို့ ပြိုင်ပွဲပြီးသွားပါပြီ။ Game Over ဖြစ်သွားပြီ။ ကျွန်တော်နဲ့ ကိုကြည် ဒီရာထူးက နှုတ်ထွက်မှာပါ။ နောက်ပြိုင်ပွဲအတွက် ထပ်ပြီး ကမ်းလှမ်းလာရင် စဉ်းစားသွားမယ်။ အခု ဆီးဂိမ်းပြိုင်ပွဲလို တာဝန်ပေးရင် တော့မစဉ်စားတော့ပါဘူး၊ ကျွန်တော်တို့ကို ပစ်စလက်ခတ် တာဝန်ပေးတယ်လို့ထင်တယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလွဲရင် ပစ်စလကခတ်ပဲ" လို့ ဦးသန်းတိုးအောင်က ဝေဖန်ပြောကြားသွားပါတယ်။


ရိုက်ကူး - ကောင်းထက်ကျော်
DVB TV News


ကျင်းပမယ်လို့ ပြောဆိုထားတဲ့ မြန်မာ့ရွေးကောက်ပွဲ နီးကပ်လာချိန်မှာပဲ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို အစိုးရက တရားစွဲဆိုမှုတွေ၊ ထောင်ချတာတွေလိုမျိုး ခြိမ်းခြောက်မှုတွေ ပိုပြီး တိုးလာနေတယ်လို့ နိုင်ငံတကာ အခွင့်အရေးအဖွဲ့ကြီး Amnesty International က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီလို ဆောင်ရွက်ချက်တွေကြောင့် ပြည်တွင်းမီဒီယာတွေ စိုးရိမ်စိတ်ဖြစ်စေပြီး၊ လွတ်လပ်စွာ သတင်းရေးသား ဖော်ထုတ်မှုကို အတားအဆီး ဖြစ်စေတယ်လို့လည်း AI အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ ပွင့်လင်းလွတ်လပ်ခါစ မြန်မာ့မီဒီယာ အသိုင်းအ၀ိုင်းအတွင်း ဖမ်းဆီး ထောင်ချခံရမှုတွေကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို ဘယ်လောက် ရိုက်ခတ်မှု ရှိနေပါသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရဲ့အရေးပါတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ သတင်းထောက်တွေနဲ့ သတင်းဌာန တွေကို ခြိမ်းခြောက်၊ အနှောင့်အယှက်ပေး၊ ထောင်ချ တာတွေ လုပ်ပြီး မီဒီယာကို တိုးပြီး ကန့်သတ် ကိုင်တွယ်လာခဲ့တယ်လို့ ဒီလ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာ အခွင့်အရေး အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။ AI အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဆိုင်ရာ သုတေသန ဌာနမှူး Rupert Abbott က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲမှာ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ရမယ့် အခြေအနေကို ပိုပြီး သိရှိနားလည်စေဖို့ သတင်းအချက်အလက်တွေ ပိုပြီး ရစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က သိပ်ကို အရေးကြီးပါတယ်။”

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာဘဲ ပြည်တွင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကတော့ တိုးလာနေတယ်လို့ ပြည်တွင်း မီဒီယာအသိုင်းအ၀ိုင်းကလည်း ပြောပါတယ်။ သတင်းရေးသား ဖော်ပြမှုကြောင့် ထောင်ချခံခဲ့ရတဲ့ မြန်မာပိုစ့်နဲ့ မြန်မာပိုစ့် ဂလိုဘယ်လ်ရဲ့ အယ်ဒီတာချုပ် ကိုသန်းထိုက်သူ ကတော့ လက်ရှိ ပြည်တွင်း မီဒီယာ လောက အခြေအနေကို အခုလို ပြောပါတယ်။

“မြန်မာသံတော်ဆင့် တုန်းကလည်း၊ အယ်ဒီတာချုပ် CEO ကစလို့ ဖြန့်ချိရေးဝန်ထမ်းအဆုံး ၁၁ ယောက်တိတိ တရားစွဲထားတယ်။ ပြီးတော့ Eleven ကိုလည်း စွဲထားတယ်။ စွဲထားတဲ့အပြင်ကိုမှ Eleven ကို စွဲထားတဲ့ အမှုအကြောင်းတွေ ရေးလို့ဆိုပြီးတော့မှ ထပ်စွဲတယ်လို့လည်း ကြားရတယ်။ အဲတော့ မီဒီယာကို တင်းတင်းကျပ်ကျပ်နဲ့ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ လုပ်နေပြီလို့ပဲ ပြောရတော့မှာပေါ့။ ကျနော်တို့ကို ဖမ်းဆီးထောင်ချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ကို ဖမ်းဆီးထောင်ချတာကတော့ ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်နဲ့ ဖြစ်ကြတယ်ဆိုပေမဲ့ အဲဒီမတိုင်ခင်ကတည်းကိုက ကျနော်တို့မှာ ဖိအားအမျိုးမျိုးနဲ့ ကြုံခဲ့ရပြီးလည်းဖြစ်တယ်။ ဥပမာ၊ ကျနော်တို့ ငှားရမ်းနေထိုင်လုပ်ကိုင်တဲ့ ရဲဝန်ထမ်း အဆောက်အအုံတွေကို အတင်းအကျပ် ဖျက်သိမ်းပြီးတော့မှ ချက်ခြင်း ဒီတပတ်အတွင်း ပြောင်းပေးဆိုတာမျိုးတွေ ဖိအားပေးတယ်။ ရဲချုပ် ကျော်ကျော်ထွန်းကိုယ်တိုင် အဲဒီအချိန်တုန်းက လာစစ်ပြီးတော့မှ ကျနော်တို့ကို အဆောက်အအုံဌာနကို ပြောင်းရွှေ့အောင်လို့ ဖိအား အတင်းအကျပ် ပေးတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒါကတော့ အလံဇောက်ထိုးကိစ္စ ရေးတဲ့အကြောင်းအရာတွေ အဲဒါနဲ့ပတ်သက်ပြီးတော့မှ ဒီမှာတာဝန်ရှိတဲ့သူတွေ ဒါ တိုင်းပြည်ရာထူးကနေ နှုတ်ထွက်ဖို့တောင် သင့်တယ်ဆိုတဲ့ပုံစံမျိုး ရေးတဲ့အပေါ်မှာ အဲ့ဒါရဲ့နောက်ဆက်တွဲပေါ့ ကျနော်တို့အပေါ်မှာ အဲဒါမျိုး လုပ်ခဲ့ပါတယ်။”

ပြည်တွင်းမီဒီယာလောကဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး “စာပေကင်ပေတိုင်” လို့တောင် နာမည်ကြီးခဲ့တဲ့ အစိုးရရဲ့ စာပေစိစစ်ရေးအောက်မှာ ရုန်းကန်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရ အပြောင်းမှာတော့ နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့်တွေ ပြန်ရပြီး၊ တစိတ်တပိုင်း လွတ်လပ်မှု ရှိလာခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရကို ဝေဖန်ထောက်ပြတဲ့ သတင်းတွေ ဖော်ပြမယ်ဆိုရင်တော့ အစိုးရဘက်က တရားစွဲဆိုမယ့် ထောင်ချမယ့် အရေးကို စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တို့နဲ့ တရားရင်ဆိုင်ရမယ့်အရေး စိုးရိမ်ချက်ကြောင့် Self-Censorship လို့ခေါ်တဲ့ ကိုယ့်ဘာသာ ဆင်ဆာတည်းဖြတ် ရေးသားလာကြရတယ်လို့လည်း AI အဖွဲ့ကြီးက Rupert Abbott က ပြောပါတယ်။

“သတင်းထောက်တွေဟာ ကိုယ့်ဘာသာ ဆင်ဆာဖြတ်လာကြပါတယ်။ တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်တချို့ ပြောတဲ့စကားကို တိုက်ရိုက်ပြန်ပြောရမယ်ဆိုရင်တော့ ပြဿနာ မတက်အောင် ကြည့်ရေးနေရတယ်ဆိုတာပါပဲ။ အချိန်မရွေး တရားစွဲခံရမယ့် အန္တရာယ်ကလည်း ရှိနေပါတယ်။ ဒါ့အပြင် တကယ်လို့များ နိုင်ငံရေးအခြေအနေ ပြောင်းသွားခဲ့ရင်လည်း သူတို့ အရင်က ရေးခဲ့သားခဲ့တာတွေကို ပြန်ပြောင်း ကောက်ယူပြီး အရေးယူခံရမယ့် အရေးကိုလည်း စိုးရိမ်နေကြတာပါ။”

မြန်မာနိုင်ငံက သတင်းထောက်တွေဟာ စစ်တပ်အကြောင်း၊ ဘာသာရေး အစွန်းရောက်မှုနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဘင်္ဂါလီတို့အရေး အပါအ၀င် ရေးသား ဖော်ပြရင် ပြဿနာ တက်နိုင်တဲ့ အကြောင်းအရာတွေကို သိရှိနားလည်ထားကြတယ်လို့လည်း AI အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဆိုင်ရာ သုတေသနမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စစ်တပ်လက်ချက်နဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံခဲ့ရတာကိုလည်း AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းနေပါတယ်။ ဒီအချိန်ကာလဟာ မြန်မာအစိုးရအနေနဲ့ ပေးထားတဲ့ကတိတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းရမယ့် အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ AI အဖွဲ့ကြီးက ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပပါမယ်လို့ အစိုးရက ကတိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။ ပါတီမှတ်ပုံတင်ရေး လုပ်ငန်းတွေ မပြီးသေးသလို၊ မဲစာရင်းပြုစုမှုမှာလည်း အမှားအယွင်း မစင်သေးတဲ့ အနေအထား ဖြစ်ပါတယ်ရှင်။

မသိင်္ဂီထိုက်/ VOA
http://burmese.voanews.com/content/media-control-ai-report/2825968.html

 maungtaw-city-boad-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့တို့ ဒီနေ့မနက်က အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ကို မြန်မာတပ်က ဖမ်းဆီးထားလိုက်ပါတယ်။

မောင်တောမြို့နယ် ရေတွင်းကျွန်းချောင်းဝနဲ့ ရွက်ညိုတောင်ချောင်းဝကြားမှာ မြန်မာနယ်ခြားစောင့်တပ်က ကင်း လှည့်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ လို့ အမည်မဖော်လိုတဲ့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြော ပါတယ်။

"ဖြစ်တာကတော့ မနက် ၅ နာရီလောက်မှာ လှေတစ်စီးတွေ့တယ်ပြောတယ်၊ သူတို့က လှမ်းခေါ်တော့ ဟိုဘက်ကပစ်တယ်ပြောတယ်၊ သူတို့ကပစ်တော့ ပြန်ပစ်တယ်၊ ၂ ဘက်ပြန်ပစ်တော့ ဒီကောင်တွေ က လှေပေါ်ကဆင်းပြီးတော့ ထွက်ပြေးသွားတယ်၊ ရေထဲကိုဆင်းပြီး လိုက်ကြည့်တော့ သေနတ် ၁ လက်နဲ့ လူတစ်ယောက်ဖမ်းမိတယ်"

ဘင်္ဂလားဒေ့ရှ်ဘက်က စက်လှေပေါ်ပါလာတဲ့ လူ ၃ ဦးထဲက ၂ ဦးဟာ ထွက်ပြေး လွတ်မြောက်သွားပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် BGB တပ်ဖွဲ့ ယူနီဖောင်း ဝတ်ထားတဲ့ ကျန်တစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၄၂ BGB နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး မနေ့ညနေက ငါးဖမ်းစက်လှေနဲ့ကင်းလှည့်ရင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်လာတဲ့ စက်လှေ ၂ စီး နောက်ကိုလိုက်ရာကနေ မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ လည်း သိရပါတယ်။

RFA
http://www.rfa.org/burmese/news/bangladesh-myanmar-border-guard-06172015102501.html

ဒဏ်ရာ ရ ဘင်္ဂလာ စစ်သားကို ဆေးရုံတင်ရန် ယူဆောင်လာစဉ် ( Photo- Bdnews24)
ရန်ကုန်၊ ဇွန် ၁၇

မြန်မာနယ်စပ်အနီး တက်ကနက်မြို့နယ် နတ်မြစ်အတွင်း မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်  တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသူမှာ ဘီပေါ့ ( Bilpob) (၂၁) နှစ်ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား (ဖလောင်းချိတ်) ဆေးရုံကို တင်ထားရသည်ဟု BDnews24.com တွင်ဖော်ပြထားသည်။

မြန်မာဘက်ကဟု သတင်းတွင် ဖော်ပြထားသော်လည်း အဖွဲ့အစည်းအမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

ကော့စ်ဘဇား ခရိုင်ဆေးရုံကြီး အရေးပေါ် ဌာနမှ ဒေါက်တာ နိုဘယ် ဘရ၀ါ မှ ၎င်းစစ်သားကို ယနေ့ နံနက် ၉ နာရီက ဆေးရုံတင်လာခဲ့သည်ဟု အတည်ပြု ပြောကြားသည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများမှ ယင်းသတင်း ဖြစ်ပွားကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေသခံများ အပြောအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ ၏ ကင်းလှည့်နေသော ရေယာဉ်မှာ ယနေ့ နံနက် အစောကြီးက တိုက်ခိုက်ခံခဲ့ရပြီး အတည်ပြုချက် မရနိုင်သေးသော သတင်းအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တစ်ဦး ဖမ်းဆီး ခေါ်ဆောင်ခံရသည်ဟု သတင်း ဖြစ်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်မြန်မာဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
 မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ဒီကနေ့အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိပြီး၊ နောက်တဦးကိုတော့ မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှုလို ရာဇ၀တ်မှုမကင်းတဲ့ လုပ်ရပ်တွေ ရှိနေတဲ့အတွက် မကြာသေးခင်ကစလို့ လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေချိန်မှာပဲ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကို တာဝန်ယူနေတဲ့ မြန်မာနယ်ခြားစောင့်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ နယ်ခြားစောင့်တပ်တွေကြား နှစ်ဖက်ပစ်ခတ်မူတွေ ဖြစ်ခဲ့တာပါ။ မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လည်း ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က ဒုတိယ ရဲမှူးကြီးမျိုးဆွေ က ပြောပါတယ်။

“မနက်က ကျနော်တို့ ခြံစည်းရိုးဘေးမှာ လှည့်ကင်းလှည့်တယ်။ လှည့်တဲ့အခါမှာ ကျနော်တို့ဘက် ကမ်းစပ်မှာ စက်လှေတစီး လာပြီးတော့ ရပ်တဲ့အသံကြားလို့ ဆင်းပြီးတော့ ကြည့်တဲ့အခါမှာ အဲဒီစက်လှေပေါ်ကနေ စပြီးတော့ ပစ်ပါတယ်။ စစ်ဆေးမေးမြန်းမလို့ စစစ်မေးတဲ့အချိန်မှာ သူတို့ဘက်ကနေ သေနတ်နဲ့ စပစ်တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ ပြန်ပစ်တဲ့အခါမှာ သူတို့က ဟိုဘက်နိုင်ငံထဲကို မြစ်ထဲကိုခုန်ချသွားတာပေါ့။ တယောက်ကတော့ ကျနော်တို့ဆီက မိလိုက်တာပေါ့၊ သေနတ်တလက်နဲ့ မိလိုက်ပါတယ်။ ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကနေပြီးတော့ ခြံစည်းရိုးဘက်ကို ကင်းလှည့်ရင်းနဲ့ တွေ့တာဖြစ်ပါတယ်။ နတ်မြစ် ကျနော်တို့ဘက်ကမ်းမှာပါ။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်ကြပ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက်လို့ သိရပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာတော့ စက်လှေတစင်းနဲ့ စိတ်ကြွဆေးတွေ မှောင်ခိုသယ်လာတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက ၂ နိုင်ငံ နယ်ခြားဒေသမှာ ကင်းလှည့်ရှာဖွေနေရင်း မြန်မာတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာ ခံခဲ့ရတာလို့ ဖော်ပြကြပါတယ်။ မသင်္ကာတဲ့ စက်လှေကို ရပ်တန့်စစ်ဆေးနေစဉ် ပစ်ခတ်ခံရတာလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း ၄၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အဘူဇာ အယ်လ်ဇာဟစ် (Abu Zar Al Zahid) ကို ကိုးကား ဖော်ပြခဲ့ကြတာပါ။ မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကိုလည်း ပြန်လည် လွှဲပြောင်းပေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလိုမျိုးပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အခုဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ဒုရဲမှူးကြီးမျိုးဆွေက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မနှစ်ကတော့ ကုန်းတွင်းပိုင်းမှာတကြိမ် ကျနော်တို့ဖြစ်တာ ရှိပါတယ်။ ကုန်းတွင်းပိုင်း ခြံစည်းရိုးဘေးမှာ ဒီလိုမျိုးပဲ ကျနော်တို့ ပစ်ခတ်တာ တကြိမ်ဖြစ်ဖူးပါတယ်။ ဒီတခါကတော့ နတ်မြစ်ထဲမှာ ဖြစ်တာပါ။ ဟိုတခါကတော့ ကုန်းပေါ်မှာဖြစ်တာပါ။”

အခုပစ်ခတ်မှုနဲ့ ပတ်သက်လို ၂ နိုင်ငံအစိုးရချင်း ကြားမှာရော၊  နယ်ခြားစောင့်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာပါ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အခုနောက်ဆုံး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နယ်ခြားဒေသဟာ မကြာသေးခင် လတွေကစလို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို လှေစီးထွက်ပြေးသူတွေ အဓိက ထွက်ခွာလာရာ ဒေသတခုအဖြစ်နဲ့လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြောဆိုထားကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ လူမှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေလို ရာဇ၀တ်မှုတွေ ပေါ်ပေါက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် မကြာသေးခင်ကစလို့ ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဇွန်လ ၁၇ ရက်နေ့က ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သတင်းစာရှင်းလင်းစဉ် Photo: Kyaw Lwin Oo/RFA

ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်းတွေ အပါအဝင် ရွှေတိဂုံဘုရားကို ထိခိုက်စေနိုင်တဲ့ စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းလိုက်ဖို့ တစ်နိုင်ငံလုံးမှာ လက်မှတ်တွေကို လိုက်လံစုဆောင်း ပြီး နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တွေထံ တင်ပြသွားမယ်လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တောင်းဆိုချက်တွေအတိုင်း ဖြစ်မလာဘူးဆိုရင် နောက်တစ်ဆင့်အနေ့နဲ့ ဆန္ဒပြကန့်ကွက်သွားမယ် လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်လုပ်ရှားသူ ဓမ္မစက္က ဦးမောင်မောင် က ပြောပါတယ်။

"သဘောတူတဲ့ လက်မှတ်လေးတွေ စုဆောင်းပါမယ်၊ စုဆောင်းပြီးတဲ့အခါမှာ သက်ဆိုင်ရာ သမ္မတ အပါအဝင် လွှတ်တော် အစရှိတဲ့အစိုးရအဖွဲ့တွေကိုလည်း အသိပေးတဲ့စာတွေပို့ရမယ်၊ တဆင့်ပြီးတဆင့် ကျနော်တို့လုပ်ရပါမယ်၊ ဒဂုံစီးတီးအပါအဝင်ပါ၊ ဒီတစ်ခုတည်းကို ရည်ညွှန်းပြီး ပြောတာမဟုတ်ပါဘူး၊ နောင် လည်းပဲ ဒီနေရာမှာ ထပ်ပြီးတော့မဆောက်ဖို့ တိုက်တွန်းမှာပါ၊ အဲ့လို အဆင့်ဆင့်ဆောင်ရွက် သွားပြီးတော့ နောက်ဆုံး လူထုဆန္ဒထုတ်ဖော်တဲ့အထိ ကျနော်တို့က မရရအောင် ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်ပါတယ်"

ဒီရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရွှေတိဂုံစေတီတော်ကာကွယ်ဖို့ဆိုတဲ့ လက်ကမ်းစာစောင်တွေကို တစ်နိုင်ငံလုံးဖြန့်ချီပြီး အသိပညာပေးဖို့အပါအဝင် ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ပြုလုပ်မယ့်စီမံကိန်းတွေကို ဖျက်သိမ်းပေးတဲ့ အထိ ဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုတဲ့အချက် ၆ ချက်ကို ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြိုပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့စတဲ့ အဖွဲ့အစည်းပေါင်းများစွာက သဝဏ်လွှာတွေပေးပိုခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

လူကုန်ကူးသူ လှေအမှုထမ်းကို သြစတြေးလျက အမေရိကန် ဒေါ်လာ ၃၁၀၀၀ ပေးခဲ့တယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။ (Credit: ABC licensed) 
 သြစတြေးလျ ​နိုင်ငံ ​ရေပိုင်နက်ထဲ ​ဝင်လာတဲ့ ​လှေတစ်စီးကို ​သြစတြေးလျက ​ငွေပေးပြီး ​လှည့်ပြန်ခိုင်းတယ် ​ဆိုတဲ့ ​အသေးစိတ် ​အချက်အလက်တွေကို ​အင်ဒိုနီးရှားရဲတွေက ​အေဘီစီကို ​ပေးလာပါတယ်။

အေဘီစီက ​ရရှိတဲ့ ​အချက်အလက်တွေမှာတော့ ​သြစတြေးလျ ​လုံခြုံရေး ​သမားတွေက ​လူကုန်ကူးတဲ့ ​လှေအမှုထမ်းတွေကို ​ပေးတဲ့ ​အမေရိကန် ​ဒေါ်လာ ​သုံးသောင်းကျော်လည်း ​ပါရှိပါတယ်။

အင်ဒိုနီးရှား ​ရဲတွေရဲ့အဆိုအရ ​လှေပေါ်ပါလာသူ ​၆၅ ​ယောက်ကို ​သြစတြေးလျ ​အာဏာပိုင်တွေက ​လှေနှစ်စီးပေါ် ​ပြောင်းတင်လိုက်ပြီး ​အင်ဒိုနီးရှားကို ​ပြန်ပို့ခဲ့တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျက ​ပေးလိုက်တဲ့ ​လှေနှစ်စင်းထဲက ​တစ်စင်းက ​နောက်ပိုင်းမှာ ​ပျက်သွားလို့ ​လှေပေါ်ပါလာသူတွေက ​လှေတစ်စီးထဲမှာပဲ ​စုပေါင်းပြီး ​လှည့်ပြန်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​လှေတစ်စင်းနဲ့ ​ခရီးဆက်ကြတုန်း ​အင်ဒိုနီးရှားရေပိုင်နက်မှာ ​ကျောက်တန်းနဲ့ ​တိုက်မိရာက ​အင်ဒိုနီးရှား ​တံငါသည်တွေက ​လှေပေါ်ပါလာသူတွေကို ​ကယ်ဆယ်ရာက ​ရဲတွေ ​သိရှိရတာ ​ဖြစ်ပါတယ်။

လှေပေါ်မှာ ​မြန်မာနိုင်ငံသား ​တစ်ဦးအပြင်၊ ​သီရိလင်္ကာနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အဲဒီလှေကို ​သြစတြေးလျက ​နှစ်ကြိမ် ​တွေ့ရှိခဲ့တယ်လို့လည်း ​ပြောပါတယ်။

ပထမအကြိမ်မှာ ​ပြန်လှည့်ပြန်ဖို့သာ ​ပြောဆိုပြီး ​ဒုတိယအကြိမ် ​ထပ်တွေ့တဲ့အခါမှာတော့ ​သြစတြေးလျ ​အာဏာပိုင်က ​လှေအမှုထမ်းတွေကို ​ဒေါ်လာ ​သုံးသောင်းကျော်ပေးပြီး ​ပြန်လှည့်ပြန်ခိုင်းခဲ့တာလို့ ​အင်ဒိုနီးရှားရဲက ​ပြောပါတယ်။

သြစတြေးလျရဲ့ ​လုပ်ရပ်ကို ​အင်ဒိုနီးရှားက ​အမျက်ဒေါသထွက်နေပြီး ​ကျင့်ဝတ်နဲ့ ​မညီပဲ ​ဒါဟာ ​လူကုန်ကူးသူတွေကို ​လာဒ်ထိုးတာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

သြစတြေးလျ ​နိုင်ငံသား ​တချို့ကလည်း ​လူကုန်ကူးသူတွေကို ​ငွေပေးရင် ​တခြားလှေတွေ ​ထပ်ဝင်လာပြီး ​ပိုက်ဆံရမှ ​ပြန်လှည့်ပြန်မယ့် ​ကိစ္စတွေ ​ပိုဖြစ်လာဖို့ ​ရှိတယ်လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ရှင်းပြဖို့ ​အဖက်ဖက်က ​တောင်းဆိုကြပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ငွေပေးတယ်လို့ ​မဝန်ခံထားသလို ​ငြင်းဆိုမှုလည်း ​မလုပ်ထားပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဌ ဦးတင်ဦးကို တွေ့ရစဉ် Photo: RFA
ရွေးကောက်ပွဲ အကြိုကာလ ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေ ဒီနေ့မနက် ၉ နာရီခွဲမှာ ရန်ကုန်မြို့မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ပြောဆိုဖြစ်လိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက RFA ကို ဒီနေ့မနက် အစောပိုင်းက ပြောပါတယ်။

"လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အခုက မဲစာရင်းတွေ ထုတ်ပြန်ကြတော့ cso တွေက လူပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကူညီလုပ်ကိုင်ပေးဖို့ရယ်၊ သူတို့ကူညီလုပ် ကိုင်ပေးတဲ့ အခက်အခဲတွေ့ရတာတွေရယ်၊ ကျနော်တို့ အောင်နိုင်ရေးအဖွဲ့တွေရှိတယ်လေ အောက်ခြေမှာ ပိုမိုပြီးတော့ မှန်ကန်ပြည့်စုံအောင်၊ မဲဆန္ဒပေးခွင့်ရှိသူများ ပေးနိုင်အောင် ဒါကို ပါဝင်ပြီးလုပ်ကိုင်နိုင်ရန် အတွက် ညှိနှိုင်းတာပါ"

ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင် ရန်ကုန်အခြေစိုက်အဖွဲ့တွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဘဂ္ဂဒက် ၊ ၁၇-၆-၂၀၁၅

ISIS စစ်သွေးကြွ များသည် ၄င်းတို့အဖွဲ့ အခြေစိုက် လှုပ်ရှားနေသည့် နိုင်ငံများ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို စစ်သွေးကြွ အဖွဲ့ဝင်သစ်များ အဖြစ် စုဆောင်းလျက် ရှိကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်အဘာဒီ က ဇွန် ၁၅ ရက်တွင် ပြောကြားသည်။

နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် ISIS စစ်သွေးကြွ အဖွဲ့က စုဆောင်းမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် လူသတ်မှုများ ကျူးလွန်ရန် အတွက် ကလေးငယ် များကို
အသုံးချ ခြင်းသည် စက်ဆုပ် ရွံရှာဖွယ် ကောင်းသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်အဘာဒီ က ပြောကြားသည်။

ISIS စစ်သွေးကြွ များသည် ၂ဝ၁၅ ခုနှစ် အတွင်းတွင် ဆီးရီးယား နိုင်ငံတွင်းရှိ ကလေးငယ် အနည်းဆုံး ၄ဝဝ ခန့်ကို ၄င်းတို့၏ အဖွဲ့ဝင်သစ် များအဖြစ် စုဆောင်း ခဲ့ကြောင်း၊ ထို့ပြင် ၄င်းကလေးငယ် များကို အစွန်းရောက် အတွေးအခေါ် များကို အသုံးပြု၍ စစ်ရေး လုပ်ဆောင် မှုများကို လေ့ကျင့် သင်ကြား ပေးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်သစ် အဖြစ် ၄င်းတို့ စုဆောင်းထားသည့် ကလေး အားလုံးမှာ ၁၈ နှစ်အောက် အရွယ်များ ဖြစ်ကြောင်း လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က မတ်လ အတွင်းက ပြောကြားသည်။

ကလေးငယ်များအား အကြမ်းဖက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စုဆောင်း နေသည့် ISIS စစ်သွေးကြွ များ၏ လုပ်ရပ်ကို လူသား မဆန်သည့် ရက်စက် ကြမ်းကြုတ်မှု လုပ်ရပ်အဖြစ် ဝေဖန် ရှုတ်ချရန် အီရတ် ဝန်ကြီးချုပ် က ကုလသမဂ္ဂသို့ တောင်းဆို ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


 အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့ လာတဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က မပြဋ္ဌာန်းသင့်ကြောင်း ထပ်ပြီးတော့ အဆိုတင်သွင်းခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ အမျိုးသမီး လှုပ်ရှားသူတွေဘက်က ဆန့်ကျင် ကန့်ကွက်နေတဲ့ကြားကပဲ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းပြီး ဒီတကြိမ် လွှတ်တော်အစည်းအဝေးမှာ သမ္မတလက်မှတ်ထိုး အတည်ပြု ပြဋ္ဌာန်းနိုင်ချေ များတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မဆုမွန် တင်ပြထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတုန်းက ဆန့်ကျင်ကန့်ကွက်ပြီးတော့ မပြဋ္ဌာန်းသင့်ကြောင်း အဆိုပြုခဲ့ကြပေမဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ အမျိုးသားလွှတ်တော်ကို တင်ခဲ့ပြီးတဲ့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့အတူ ဇွန် ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့လာတဲ့အခါမှာ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က လူမျိုး၊ ဘာသာကို ခွဲခြားဆက်ဆံတဲ့ ဥပဒေမျိုး မြန်မာပြည်မှာ မပြဋ္ဌာန်းသင့်ဘူးလို့ ဒုတိယအကြိမ် ထပ်မံ အဆိုတင်သွင်းခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မပြဋ္ဌာန်းသင့်ဘူးလို့ တင်ခဲ့ပေမဲ့ လွှတ်တော်တွင်း အများ ဆုံးဖြတ်ချက်အရ အဲဒီအဆိုဟာ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြပါတယ်။

“ဒီ NLD ပါတီက ဒေါ်ခင်စန်းလှိုင်၊ ဦးခင်မောင်ဝင်းနဲ့ တိုင်းရင်းသားကိုယ်စားလှယ်ထဲကတော့ ဒေါ်ဇာတလန်းတို့ ၃ ယောက် ဆွေးနွေးကြတာပေါ့။ သူတို့ဆွေးနွေးကြတဲ့ အချက်တွေကို ကြည့်လိုက်တဲ့အခါကျတော့ သူတို့အရင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတုန်းက ပြောတဲ့ လွှတ်တော်က ဒီဥပဒေကို မပြဋ္ဌန်းသင့်ကြောင်းကိုပဲ သူတို့က အဓိက ပြောနေကြတာဖြစ်တယ်။ ဒီလို ဘာသာ၊ အယူဝါဒ ကွဲပြားတဲ့လူတွေအပေါ်မှာ ခွဲခြားပြီးတော့ ဒီလိုဆက်ဆံတဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီးတော့ အဲဒီလို ထောက်ပြပြီး ဒါကို မပြဋ္ဌာန်းသင့်ပါဘူး ဆိုပြီးတော့ပဲ ပြောတယ်။ အဲတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူတဲ့အခါမှာတော့ သူတို့အဆိုဟာ ရှုံးနိမ့်သွားတာပေါ့လေ။ ဒါကြောင့် အခု ဆက်လုပ်မှာကတော့ အမျိုးသားလွှတ်တော်နဲ့ သဘောကွဲလွဲတဲ့အချက်တွေကို ကျနော်တို့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့အခါကျတော့ မဲခွဲဆုံးဖြတ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်မယ်ဆိုပြီးတော့ အဲလိုပဲ ဆုံးဖြတ်လိုက်တယ်။”

ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဆုံးဖြတ်ပြီးတဲ့ အခါမှာတော့ သမ္မတထံကို တင်ပြမှာဖြစ်ပြီး သမ္မတကနေ သတ်မှတ်ရက်အတွင်း အကြောင်းပြန်လာမယ်ဆိုရင် ဒီ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းနိုင်ချေ များတယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်း အပါအဝင် မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က လွှတ်တော်ကို ကိုယ်တိုင်သွားရောက်ကြပြီး ဒီဥပဒေနဲ့ ပတ်သက်လို့ မပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ကြပေမဲ့ လွှတ်တော်ဘက်က လက်မခံခဲ့ဘူးလို့လည်း အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်ခြင်းမခံရအောင် လုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ဒီဥပဒေထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် လက်ခံနိုင်စရာ မရှိဘူးလို့လည်း အမျိုးသမီးရေးလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

“အဆိုရှုံးတယ်ဆိုတော့ ဒါကတော့ အမတို့က မျှော်လင့်ပြီးသားပဲ။ ဒီဥပဒေ ၄ ခုကို စတင်ပြီးတော့ တင်သွင်းလာကတည်းက ဒါနိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ။ အမျိုးသမီးတွေကို ကာကွယ်ဖို့ စေတနာကောင်းသက်သက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ဒီဥပဒေတွေဟာ လိုအပ်တဲ့အချိန်ကျရင် သူတို့ ပြဋ္ဌာန်းမှာပဲ။ ပိုဆိုးတာက ဘယ်လောက် ကန့်ကွက် ကန့်ကွက်၊ လုပ်သင့်လို့၊ လုပ်ချင်လို့ လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ပိုပေါ်လွင်တဲ့အတွက် ဒီလက်ရှိ လွှတ်တော်မှာရှိတဲ့ အများစုသော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူလူထုအပေါ် အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာထားတဲ့၊ အရပ်ဘက် အဖွဲ့အစည်းတွေအပေါ်မှာထားတဲ့ စိတ်ဓာတ်ဟာ ဘယ်လောက်တောင်မှ စိတ်ကောင်းစေတနာ မရှိဘူးလည်းဆိုတာ ပေါ်လွင်တယ်။ လွှတ်တော်မှ မဟုတ်ဘူး။ အစိုးရလည်းပဲ လွှတ်တော်နဲ့ ဒီကိစ္စမှာတော့ တသဘောတည်းပဲ ရှိပြီးတော့ ဒါ ပုလင်းတူဗူးစို့ - လို့ပဲ ကျမတို့ကတော့ အဲလိုပဲ သုံးသပ်ပါတယ်။”

မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေတွေဟာ  နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကုလသမဂ္ဂ၊  EU ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေချိန်လည်း ဖြစ်ပါတယ်။

ကိုးကွယ်ရာ ဘာသာမတူသူတွေကြား လက်ထပ်ထိမ်းမြားတာ၊ ဘာသာကူးပြောင်းတာ၊ တအိမ်ထောင်ထက်ပိုတဲ့ မိသားစုစနစ်ဆိုင်ရာ ဥပဒေကြမ်းတွေကိုတော့ လွှတ်တော်တွင်း ဆွေးနွေးနေဆဲဖြစ်ပြီး လူဦးရေ ထိန်းချုပ်မှုတွေ ပါဝင်တဲ့ ဥပဒေကိုတော့ သမ္မတက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မလေးရှား ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး Ahmad Puzi Abdul
 တောင်တရုတ် ပင်လယ်ပြင်အတွင်း ၀န်ထမ်း ၂၂ ဦး လိုက်ပါလာတဲ့ ရေနံတင်သင်္ဘော ဒုတိယတစင်း ထပ်ပျောက်သွားပြီး ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ယူဆရကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ Orkim Harmony ဆိုတဲ့ ရေနံတင်သင်္ဘောကို ရှာဖွေဖို့ မလေးရှားနိုင်ငံက လူအင်အား ၁,၅၀၀ ကို အသုံးပြုပြီး ဇွန်လ ၁၂ ရက်နေ့က ရှာဖွေနေကြောင်းနဲ့ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ကူရှာပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီသင်္ဘောပေါ်မှာ မလေးရှားနိုင်ငံသား ၁၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦး၊ ပေါင်း ၂၂ ဦး ပါသွားပြီး သင်္ဘောဟာ အမေရိကန်ဒေါ်လာ ၅.၆ သန်း တန်ဘိုးရှိတဲ့ ဓာတ်ဆီတွေကို တင်ဆောင်လာတယ်လို့ ဆိုပါတယ်။

Orkim Harmony ရေနံတင်သင်္ဘောဟာ မလေးရှားနိုင်ငံ Malacca ပြည်နယ်ကနေ Kuantan ဒေသကို ဦးတည် ခုတ်မောင်းနေတဲ့အချိန်မှာ ပျောက်ဆုံးသွားကြောင်း မလေးရှား ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး Ahmad Puzi Abdul က ကွာလာလမ်ပူမြို့မှာ ဇွန်လ ၁၅ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

မလေးရှားရေပိုင်နက်အတွင်းက Tanjung Sedili ဒေသနားရောက်တဲ့အချိန် သင်္ဘောနဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်သွားကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအရာရှိ ပြောတာကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဇွန်လ ၄ ရက်နေ့တုန်းကလည်း အခုပျောက်သွားတဲ့ သင်္ဘောကုမ္ပဏီပိုင် Orkim Victory ပေါ်ကို လက်လုပ် သေနတ်တွေကိုင်ဆောင်ထားသူ ၈ ဦးတက်လာပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ရေနံတင်သင်္ဘော Orkim Victory ပေါ်က စက်ပစ္စည်းတွေကို ဖျက်ဆီး၊ သင်္ဘော ၀န်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူသွားပြီးတဲ့နောက် သင်္ဘောကို ပင်လယ်ပြင်အတွင်း ဒီအတိုင်း ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တယောက်ထပ်တိုး လာပြန်ပါပြီ။

အမေရိကန်နိုင်ငံက အိမ်ယာမြေ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး Donald Trump က သူလည်း သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့်အကြောင်း နယူးယောက်မြို့က မိုးမျှော်အဆောက်အဦးကြီး တခုမှာ အင်္ဂါနေ့က ကြေညာလိုက်တာပါ။

ဝါရှင်တန်မှာရှိနေတဲ့ နိုင်ငံရေးသမားတွေဟာ အတွေးအခေါ် အမျှော်အမြင် နည်းကြသူတွေ၊ လူပျော့ လူညံ့တွေ ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး American Dream လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသားတိုင်း တိုးတက်ကြီးပွားအောင် စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အိမ်မက်ဟာလည်း ကွယ်ပျောက်နေပြီလို့ သူက ပြောပါတယ်။

ဒါပေမဲ့ တကယ်လို့ သူသာ သမ္မတအဖြစ် အရွေးခံရရင် နိုင်ငံကို ပိုမိုကြီးမား ကောင်းမွန်တဲ့ အဆင့်ရောက်အောင် စွမ်းဆောင်ပေးမှာ ဖြစ်သလို အရင်ကထက် ပိုမိုတောင့်တင်း ခိုင်မာပြီး အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံ ပြန်ဖြစ်လာအောင် ကြိုးပမ်းပေးသွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်တဲ့ အတတ်ပညာကို အသုံးပြုပြီးတော့လည်း ပြည်ပက အလုပ်အကိုင်တွေ အမေရိကန်နိုင်ငံကို ပြန်ရောက်အောင် ဆောင်ရွက်ပေးမယ်လို့ Trump က ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု၊ လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်တွေမှာလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့လည်း သူက ပြောပါတယ်။

အကဲခတ်တွေကတော့ Trump အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရဖို့ အခွင့်အလန်း သိပ်နည်းတယ်လို့ ပြောကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *