06/19/15

အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေ ကမ်းခြေတွေကို လှေစီးပြေး ဒုက္ခသည်တွေ ပြီးခဲ့တဲ့ တလလောက်အတွင်း ထောင်နဲ့ချီ ရောက်လာပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာလည်း ၀ိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ ဒါကြောင့်လည်း မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တရားမ၀င် ရောက် လာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားပါတယ်။ ကျနော်တို့ဆီရောက်လာသူ အားလုံးကိုတော့ လက်ခံမထားနိုင်ပါဘူး။ အခုဆိုရင် မလေးရှားနိုင်ငံက တရားဝင်လက်ခံထားတဲ့ ရိုဟင်ဂျာ ၂၀၀,၀၀၀ လောက် ရှိပါတယ်။ ပင်လယ်ပြင်ထဲ မျောနေတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လက်ခံထားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမယ့် ကျနော်တို့ ပြောခဲ့သလိုပါဘဲ၊ ဒီကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့ အတွက် အကူအညီ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်း က ၀ိုင်းဝန်း ကူညီပေးကြဖို့ လိုပါတယ်။ ကျနော်တို့ လက်ခံထားတယ် ဆိုတာက ရေတို ဖြေရှင်းတဲ့ နည်းလမ်းပါ။ ကျနော်တို့အနေနဲ့ သူတို့ကို တနှစ်လောက် လက်ခံထားလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ဒီဝန်ထုပ်ဝန်ပိုးကို မျှဝေ တာဝန်ယူကြဖို့ လိုပါတယ်။”

ဒီဒုက္ခသည်တွေအရေးအတွက် အမေရိကန်ပြည်ထောင်စုကလည်း ဒေါ်လာ သန်းပေါင်းများစွာ အကူအညီတွေ ပေးပြီးဖြစ်သလို တချို့ကိုလည်း အမေရိကန်နိုင်ငံ အတွင်း ပြန်လည် နေရာချထားပေးပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရအမျိုးသမီး Jen Psaki က ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/malaysian-fm-on-migration-issue-at-un/2828571.html


ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုဖြစ်ပွား ခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ညက ဒေသတွင်းမှာ ပေါက်ကွဲမှု ၄ကြိမ်ဖြစ် ပွားခဲ့ပြီး အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ရေရှည် လာမယ်ဆိုရင် မိုးကောင်း- ဖားကန့်လမ်းပိတ်ဆို့သွားနိုင်ပြီး ကုန်စည်စီးဆင်းတာတွေ ရပ်တန့်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဖားကန့်ဒေသက နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းမှာ ဒီလ ၁၅ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဖားကန့်နဲ့ မိုးကောင်း ကားလမ်းမှာ ၃နေရာလောက်တိုက်ပွဲဖြစ်ခဲ့သလို ညပိုင်းမှာတော့ ဗုံး ၄လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီလိုဗုံးတွေ ဆက်တိုက်ပေါက်ကွဲ ခဲ့ကြောင်းကို ဒေသခံ တယောက်က အခုလို ပြောပါတယ်။

" ၇နာရီနဲ့ ၈နာရီကြား ကြားသိရတာကတော့ လုံးခင်းမှာက တပ်ကုန်းနားမှာက မိုင်းနှစ်လုံးကွဲတယ်။ နောက် ဖားကန့်မှာကျတော့ ၇နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီဘေလီတံတား ဖားကန့်နဲ့ ကူးထားတဲ့ ဥရုချောင်းကူးတံတား လုံခြုံရေးတာဝန်ယူထားတဲ့ရဲတွေပေါ့ဗျာ။ ရဲကင်းစောင့်တွေကို သူတို့က မိုင်းလာပစ်သွားတယ်။ အဲ့ဒီ့တဲတွေကြားထဲမှာ ရဲကင်းမှူး ဗိုလ်မှူးတယောက်ထိတယ်လို့ကြားတယ်။ ဒဏ်ရာရတယ်ပေါ့ဗျာ။ ခြေထောက်မှာ။

နောက်ပြီးတော့ ၇နာရီ၊ ၈နာရီကြားမှာ ရှမ်းတောင် စရဖရုံးရှေ့မှာလည်း ဗုံးတလုံးကွဲတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။"

ဗုံးပေါက်ကွဲပြီးတဲ့နောက် တံတားကို ပိတ်လိုက်ပြီး မြို့အတွင်းနဲ့ မြို့ အ၀င်၊ အထွက်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ကြာသာပတေးနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူတဦးက အခုလို အတည်ပြုပါတယ်။

"ဟုတ်ကဲ့။ ကွဲတာတော့ ကွဲတယ်ခင်ဗျ။ ကျန်တာတော့ အချက်အလက်ကို အတိအကျ ကျနော်တော့ မသိဘူးဗျ။ ကိုင်တဲ့ဌာနစိတ်က တယောက်မှ မရှိဘူးဗျ။"

ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိတာလည်း ဟုတ်မှန်ကြောင်း ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီလို ဗုံးပေါက်ကွဲတာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာမယ်ဆိုရင် လမ်းပမ်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက် လာနိုင်မယ်လို့လည်း လုံးခင်းဒေသခံတဦးက သုံးသပ်ပါတယ်။

" အခုလို ဒီလိုသာ နေ့စဉ်ရက်ဆက် ဖောက်ခွဲမှုတွေ ဖြစ်လာမယ်ဆိုရင် ကြာလာရင် လမ်းတွေပါ ပိတ်ဆို့တာတွေဖြစ်လာရင် ကုန်ဈေးနှုန်းတွေ တက်မှာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်ဖို့ အနေအထားလေးတွေရှိတယ်ဗျ။ ပြီးတော့ အခုအနေအထားမှာက ဖားကန့်မှာက လမ်းပမ်း ဆက်သွယ်ရေး ကောင်းလာတဲ့အခါကျတော့ ဒေသခံတွေက ဆန်တို့ဘာတို့ လှောင်ထားတာမရှိဘူး။

အရင်တုန်းကဆိုရင် လမ်းပမ်းဆက်သွယ်ရေး မကောင်းတဲ့အခါကျတော့ တနှစ်စာ ဆန်တွေ ဘာတွေ သိုလှောင်ထားကြတာတွေရှိတယ်။ တကယ်လို့ လမ်းပမ်းဆက်သွယ်ရေးကသာ ပြတ်တောက်ပြီးတော့မှ ဖြစ်သွားမယ်ဆိုလို့ရှိရင်ကုနဈေးနှုန်းတွေက သေချာပေါက် တက်လာမှာပဲဗျ။"

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းကလည်း လုံးခင်းနဲ့ ဖားကန့်မှာ ဒီလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့ဖူးပါတယ်။ ဒါကတော့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို KIA က ဖမ်းဆီးခဲ့တဲ့နောက် အစိုးရတပ်က KIA တပ်စခန်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုတွေအတွင်းမှ လုံးခင်းရဲစခန်းက ရဲမိသားစုဝင် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


VOA

ထိုင်းနိုင်ငံမှာ မားစ် လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားသူ လူနာရှင် တယောက်ကို စတွေ့ရပြီလို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။

အိုမန် နိုင်ငံကနေ နှလုံးရောဂါ ကုသမှု ခံယူဖို့ ရောက်လာတဲ့ ၇၅ နှစ် အရွယ် အမျိုးသား တစ်ယောက်မှာ အဲဒီ ရောဂါပိုး ကူးစက်နေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ ထိတွေ့မိတဲ့ လူ ၆ဝ လောက် ကိုလည်း စောင့်ကြည့် စစ်ဆေးနေပါတယ်။

မကြာခင်က တောင်ကိုရီးယားမှာ မားစ် ရောဂါကြောင့် လူ ၂၃ ယောက် အထိ သေဆုံးခဲ့ရပါတယ်။

BBC Burmese


အခုတလော တီဗွီ၊ သတင်းစာ ဂျာနယ်တွေမှာ ကိုရီးယားနိုင်ငံမှာ MERS ရောဂါပျံ့နှံ့ပြီး လူတွေ သေနေတဲ့ သတင်းတွေကို တွေ့ရပါလိမ့်မယ်။
ဒီနေ့ညနေ CNN သတင်းကို ကြည့်လိုက်တဲ့အခါ မှာMERS ရောဂါကြောင့် ကိုရီးယားနိုင်ငံမှာ ၁ဝ ယောက်မြောက်လူနာ သေသွားတဲ့ သတင်းကို ကြည့် လိုက်ရပါတယ်။ ကိုရီးယားတစ်နိုင်ငံလုံးမှာMERS ရောဂါပျံ့နှံ့ပြီး လူနာ ၁ဝဝ ကျော်ရှိသွားပြီး လူပေါင်း ၂ဝဝဝ ကျော်ကို သွားလာခွင့် လုံးဝပိတ်ဆို့ကန့်သတ် ထားတယ်ဆိုတာလည်း တွေ့လိုက်ရပါတယ်။CNN သတင်းက ဘာပြောလဲဆိုတော့ အခုလက်ရှိ ကိုရီးယား မှာ ဖြစ်နေတဲ့အခြေအနေဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့SARS ရောဂါလို ဖြစ်နေ ပါတယ်တဲ့။

ကိုရီးယားနိုင်ငံမှာ လူတွေအားလုံးဟာ ထိတ်လန့် ပြီး MERS ရောဂါကြောင့် သေမှာကို အထူးကြောက် နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံဟာ ဆက်ဆံကူးလူးမှုများပြားပြီး နေ့စဉ် ကိုရီးယားလေကြောင်း လိုင်းဟာ မြန်မာပြည်ကို ဆိုက် ရောက်နေတယ်။ ၁၆ ရက်နေ့မှာဆိုရင် ကိုရီးယားနိုင်ငံ ရဲ့ နာမည်ကြီး K - Pop အဖွဲ့ဟာ မြန်မာပြည်ကို လာရောက်ဖျော်ဖြေပါဦးမယ်။

အဲဒီတော့ မြန်မာပြည်ဟာလည်း ခေတ်ပေါ် MERS ရောဂါရဲ့ အန္တရာယ်ကို သိရှိနားလည်ပြီး ဂရုတစိုက်နဲ့ ကြိုတင်ကာကွယ်ထားဖို့ လိုပါလိမ့်မယ်။ ဂျာနယ်တွေထဲမှာလည်း မြန်မာနိုင်ငံ လေဆိပ်ကနေပြီး MERS ရောဂါကို မြန်မာနိုင်ငံထဲ ဝင်မလာအောင် တားဆီးပိတ်ပင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းတွေ ဖတ်ရလို့ ဝမ်းသာမိပါတယ်။

ဒီလို အခြေအနေတွေကြောင့် MERS ရောဂါ အကြောင်းကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ပြည်သူတွေအားလုံးလည်း သိသင့်တယ်လို့ ယူဆ လို့ MERS ရောဂါအကြောင်း အရေးကြီးတဲ့ သိကောင်း စရာအချက်အ လက်တွေကို ပြောပြချင်ပါတယ်။

MERS ရောဂါဆိုတာဘာလဲ MERS ရောဂါရဲ့ အရှည်ကတော့ Middle East
Respiratory Syndrome ပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတစ်ခုပါ။

Middle East
အရှေ့အလယ်ပိုင်းပေါ့။ ဒီရောဂါဟာ အရှေ့အလယ် ပိုင်းကစခဲ့တဲ့ ရောဂါဖြစ်လို့ပါ။

Respiratory

ရက်စ်ပိုင်ရေထရီ ဆိုတာကတော့ အသက်ရှူလမ်း ကြောင်းပေါ့။ ဒီရောဂါဟာ အသက်ရှူလမ်းကြောင်း ကို ထိခိုက်ပြီး အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်တတ်လို့ပါ။

Syndrome

ဆိုတာကတော့ ရောဂါစုပေါ့။ ဥပမာပြောရမယ် ဆိုရင် အသက်ရှူကျပ်မယ်၊ ဝမ်းလျှောမယ် ဆိုတဲ့ ရောဂါလက္ခဏာအစုကို ခေါ်တာပေါ့။
MERS ဟာ ကိုရိုနားဗိုင်းရပ်စ် (Corona Virus) ကြောင့် ဖြစ်တဲ့ရောဂါပါ။ ဒီရောဂါပိုးကို ပထမဆုံး ၂ဝ၁၂ ခုနှစ်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ တာပါ။

ဒါကြောင့်မို့ MERS ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ MERS - CoV လို့ ခေါ်ပါတယ်။ ကိုရိုနားဗိုင်းရပ်စ်ဆိုတာကတော့ သာမန် နှာစေး၊ ချောင်း ဆိုးရောဂါကနေSARS ရောဂါအထိ ဖြစ်နိုင်စေတဲ့ ဗိုင်းရပ်စ်တွေပါ။
အားလုံး ကိုပြန်ပြီး ကြည့်လိုက်မယ်၊ အဓိပ္ပာယ်ဖွင့် ဆိုလိုက်မယ်ဆိုရင်MERS ဆိုတာ Middle East Respiratory Syndrome အရှေ့အလယ်ပိုင်းက ပျံ့နှံ့ လာတဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်မှုရောဂါစုလို့ ခေါ်ရမှာပေါ့။
MERS ရောဂါဟာ ဘယ်နိုင်ငံတွေမှာ ဖြစ်နေတာလဲ

ယနေ့အထိMERS ရောဂါဖြစ်နေတဲ့ နိုင်ငံတွေ ကတော့ -

အရှေ့အလယ်ပိုင်း

- ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ အာရေးဗီးယား၊UAE ၊ ယီမင် ဥရောပ

- ပြင်သစ်၊ ဂျာမနီ၊ ယူကေ အာဖရိက

- တူနီးရှား၊ အီဂျစ် အာရှ

- ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင် အမေရိက
- ယူအက်စ်အေ၊ အမေရိကန်

MERS ရောဂါရဲ့ လက္ခဏာတွေက ဘာလဲ အဓိကလက္ခဏာတွေကတော့-

ဖျားမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူကျပ်မယ် ဆိုတဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်မှု လက္ခဏာတွေ ပါပဲ။ သိပ်ဆိုးလာတဲ့အခါမှာတော့ အသက်လုံးဝမ ရှူနိုင် တော့တဲ့ (Respiratory failure) ရပြီး စက်နဲ့ အသက် ရှူရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ် ဟာ အောက်မှာဖော်ပြထားတဲ့ အခြေအနေ မှာတော့ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။

- ကိုယ်ခံအားနည်းနေတဲ့လူတွေ
- အသက်ကြီးတဲ့လူတွေ
- နာတာရှည်ရောဂါရှိတဲ့လူတွေ ဥပမာ- ဆီးချိုေ ရာဂါ
- ကင်ဆာလူနာ
- နာတာရှည်အဆုတ်ရောဂါ MERSရောဂါပိုး ဘယ်လိုကူးစက်လဲ
- ဘယ်လိုကူးစက်တယ်ဆိုတာ သေချာမသိပါ။
- အရှေ့အလယ်ပိုင်း Middle East မှာတော့
ရောဂါပိုးရှိတဲ့ ကုလားအုပ်တွေကနေ ကူးစက်
နိုင်ပါတယ်လို့ ယူဆပါတယ်။
- အခုဖြစ်နေတဲ့ MERS ကပ်ရောဂါကြီးမှာေ တာ့ လူနာတွေကို ပြုစုစောင့်ရှောက်ရင်းကနေ ကူးစက်တာပါ။ MERS ရောဂါဟာ ကူးစက်လွယ်လား
- ကူးစက်နိုင်ပါတယ်။
- ဒါပေမယ့် လူတစ်ယောက်ကနေ တစ်ယောက် ကူးစက်ဖို့ မလွယ်သေးပါဘူး။
- ဒါပေမယ့် အကာအကွယ်မရှိဘဲ လူနာေ တွကို ထိတွေ့ကိုင်တွယ်တယ်ဆိုရင်တော့ ကူးမှာပေါ့။ MERS ရောဂါ ဘယ်ကစတာလဲ
- အဓိက ကူးစက်မှုစတာကို ပြောရမယ်ဆိုရင်ေ တာ့ အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ ကုလားအုပ်တွေကနေစပြီး လူတွေကို ပျံ့နှံ့ တာပါ။
MERS ကာကွယ်ဆေးရှိလား
- ယနေ့ထက်တိုင် MERS ကာကွယ်ဆေး မရှိပါ။
MERS ရောဂါကို ဘာဆေးနဲ့ ကုမှာလဲ
- MERS ရောဂါကို ကုတဲ့ဆေးမရှိပါ။ လူနာ
ကို သက်သာအောင် ပြုစုစောင့်ရှောက်ကုသ တာပဲရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ MERS ရောဂါကြောင့် ခရီးသွားကန့်သတ်မှုတွေ ရှိပါသလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနေ့အထိတော့ ဘယ် နိုင်ငံကို မသွားသင့်ဘူးဆိုတဲ့ ခရီးသွားကန့်သတ်ချက် မထုတ်ပြန်သေးပါဘူး။

မြန်မာနိုင်ငံနဲ့ MERS ဘယ်လိုကူးစက်မှန်း သေချာမသိ၊ ကုသစရာဆေး မရှိ၊ ကာကွယ်ဆေး မပေါ်သေးတဲ့MERS ရောဂါဟာ မြန်မာပြည်ကို ရောက်မလာဘူး လို့ မပြောနိုင်ပါဘူး။ အထူးသဖြင့် ခုလို ကိုရီးယား တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ ကူးစက်ပြီး လူနာ ၁ဝ ယောက်ကျော် အသက်ဆုံးရှုံး ပြီး လူပေါင်းရာကျော် ရောဂါကူးစက်နေပြီဖြစ်တဲ့အတွက် ကိုရီးယားနိုင်ငံနဲ့ အကူးအလူး အဆက်အဆံများတဲ့ မြန်မာနိုင်ငံအနေနဲ့ အထူးသတိထားရမယ့် အခြေ အနေမှာရှိနေပြီဖြစ်ပါတယ်။MERS ရောဂါ လူနာများ မြန်မာပြည်ကို ရောက်လာမယ်ဆိုရင် ဘယ်ဆေးရုံမှာ ထားလို့ ဘယ်လိုကုပြီး ရောဂါမပျံ့နှံ့အောင် ဘယ်လို ကာကွယ်မှာလဲဆိုတာကို အခုကတည်းက ကြိုတင် စဉ်းစားပြင်ဆင်ထားရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

(ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Global Alert and Response (GAR) MERS – CoV Disease Outbreak News (၉-၆-၂ဝ၁၅)ထုတ် စာစောင်အား ကိုးကားရေးသားထားပါတယ်။)

MOI

မြန်မာဘောလုံးပွဲလက်မှတ်များ မှောင်ခိုရောင်းချသဖြင့် စင်ကာပူရဲတပ်ဖွဲ့ကပင် ၀င်ရောက်စစ်ဆေးခြင်းခံခဲ့ရသော “ဒို့မြန်မာ”ဆိုင်မှ မြန်မာ ယူ ၂၃ အသင်းအတွက် စင်ကာပူဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းရာတွင် လက်မှတ် ၁ စောင်လျှင် ၅ ဒေါ်လာနူန်းဖြင့် လှူဒါန်းခဲ့သည်ဟု “ဒို့မြန်မာ” ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

“ကျွန်တော့်ဆီက ဆီးဂိမ်းလက်မှတ်တွေကို ၀ယ်ယူအားပေးကြတဲ့ ရွှေမြန်မာများကို ကျေးဇူးအထူးတင်ပါတယ်။ အစောကတည်းက ကတိပေးထားတဲ့အတိုင်း လက်မှတ် တစောင်ကို ၅ ဒေါ်လာနူန်းနဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို လှူဒါန်းခဲ့ပါတယ်။”ဟု ဒို့မြန်မာ ဖေ့စ်ဘွခ်တွင် ရေးသားထားသည်။

အဝေးရောက်မြန်မာများက မိမိတို့အသင်းကို မျိုးချစ်စိတ်ဖြင့် အာပေးလိုကြသည်ကို အခွင့်ကောင်းယူ၍ မှောင်ခိုပြုလုပ်ရောင်းချခြင်းကို ပရိသတ်များက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် အပြင်းအထန် ဝေဖန်ရှုတ်ချလျက်ရှိသည်။

“ကျွန်တော်တို့က ရေခြားမြေခြားမှာ လာကစားတဲ့ ကိုယ့်မြန်မာအသင်းကို အားပေးချင်တာပေါ့။ ဒီအချိန်မှာ ၃၅ ဒေါ်လာမဟုတ်ဘူး ဒေါ်လာ ၅၀ ဆိုလည်း ၀ယ်ကြည့်မှာပဲ။ အခုလို လက်မှတ်တွေအများကြီးဝယ်ပြီး ဈေးတင်ရောင်းတာတော့ ကိုယ့်နိုင်ငံသားအချင်းချင်း ခါးပတ်နိုက်တာခံလိုက်ရသလိုပဲ။ မြန်မာအသင်းကို လှူချင်တယ်ဆိုလည်း ဒီလိုလုပ်တာဟာ နည်းလမ်းမမှန်ဘူး။”ဟု စင်ကာပူတွင် နေထိုင်လျက်ရှိသော ပရိသတ်တဦး က ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza အဆောက်အဦတွင် ဖွင့်လှစ်ထားသော “ဒို့မြန်မာ”အပါအ၀င် မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ မှောင်ခိုလက်မှတ် ရောင်းချမှု ဈေးကွက်တခုဖြစ်ခဲ့သည်။ အကြိုဗိုလ်လုပွဲလက်မှတ်ဈေးနူန်းသည် တစောင်လျှင် ဒေါ်လာ ၁၅၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Peninsular Plaza မှောင်ခိုဈေးကွက်အပြင် အွန်လိုင်းမှ လက်မှတ်ရောင်းချသည့် စင်ကာပူဝဘ်ဆိုဒ် Ticketbis တွင်လည်း ထိုင်း-မြန်မာ ဗိုလ်လုပွဲလက်မှတ်ကို ၁ စောင်လျှင် ဒေါ်လာ ၂၀၀ ခန့်မှ ပွဲကစားချိန် နီးကပ်လာသည်နှင့်အမျှ ဒေါ်လာ ၆၀၀ နီးပါးအထိ အဆမတန် မြင့်တက်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒို့မြန်မာဆိုင်သို့ ဆက်သွယ်မေးမြန်းရာ“ကျွန်တော်ရဲ့ အင်္ဂလိပ်စာအရေးအသားနဲ့အပြောအဆို ကောင်းမွန်မှုကြောင့် ဆီးဂိမ်းပွဲကျင်းပရေးကော်မတီကနေ လက်မှတ်စောင်ရေ ၂၀၅၀ ကို ၁စောင် ၂၁ ဒေါ်လာနူန်းနဲ့ မှာလို့ရခဲ့တယ်။ကိုယ့်အဖွဲ့အတွက် ကျနော်တို့ ဗမာတွေအတွက် ၀ယ်ဈေးအတိုင်း ပြန်ရောင်းမှာလို့ ပြောခဲ့ပါတယ်။ အမှန်တကယ် စည်းမျဉ်းစည်းကမ်းအရဆိုရင်တော့ သူတို့ ပေးထားတာ ပြန်ရောင်းခွင့်မရှိဘူးလို့ပြောပါတယ် ခင်ဗျ။ ဒါပေမဲ့လို့ တကယ်လို့ ပြန်ရောင်းခွင့်မရှိဘူးဆိုရင် ဘာလို့ ကျနော်ကို ဒီလောက် အစောင်ရေ ပေးခဲ့ပါသလဲ။ ရဲတွေ ရောက်လာတယ်ဆိုတာကလည်း ကျနော့်ဆိုင်မှာက လူအုပ်များနေတဲ့အတွက် ဒီလူအုပ်စုကို ခွဲချင်တာ တခုပါပဲ။
ကျွန်တော်ပြန်ရောင်းတဲ့အခါ ၂၅ ဒေါ်လာနဲ့ရောင်းတာပါ။ မရောင်းခင်ကတည်းက မြန်မာဘောလုံးအသင်းကို လှူဖို့ဆိုတာ ၀ယ်မယ့်သူတွေကိုကြိုပြောထားပါတယ်။ ဒို့မြန်မာဆိုင်က၀ယ်သွားတဲ့ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ အဲဒီတော့ စုစုပေါင်း လက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ၈၅၀၀ လှူခဲ့တာပါ။ ရဲတွေကတောင် ကျွန်တော်ကို ပြောသေးတယ် မင်းတော်တော် အ တာပဲတဲ့။ ဘယ်စီးပွားရေးလုပ်ငန်းရှင်မှ ကိုယ့်အတွက် မကျန်ရင် မလုပ်ဘူးတဲ့။”ဟု ဒို့မြန်မာမှ ဒါရိုက်တာ ကိုပိုင် က ပြောသည်။

လက်မှတ်စောင်ရေ ထောင်ချီ၍ ၀ယ်ယူရရှိခဲ့သည့်နည်းလမ်းကို မေးမြန်းခဲ့သော်လည်း ဒို့မြန်မာ ဒါရိုက်တာ ကိုပိုင်က မဖြေလိုကြောင်း သို့သော် တရားဝင်နည်းလမ်းဖြင့် ရရှိခဲ့ခြင်းသာ ဖြစ်ကြောင်း News Watch သို့ ပြောကြားခဲ့သည်။

ယင်းအပြင် လက်မှတ် ၁ စောင်လျှင် ဒေါ်လာ ၄၀၊ ၆၀၊ ၁၀၀ စသဖြင့် ဈေးတင်ရောင်းချသည့်ဆိုင်များလည်း ရှိကြောင်း ၎င်းက ပြောသည်။

စင်ကာပူနိုင်ငံတွင် လက်မှတ်မှောင်ခိုရောင်းချခြင်းကို ဥပဒေဖြင့်တားမြစ်ထားပြီး ပွဲလက်မှတ်များကို ဆတူဈေးဖြင့်သော်လည်းကောင်း၊ ဈေးတင်၍သော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မပြုကြောင်း၊ စင်ကာပူနိုင်ငံ၏ဥပဒေနှင့်အညီ လက်မှတ်ရောင်းချခြင်းဖြစ်ပြီး ၀ယ်ယူသူအနေနှင့် စင်ကာပူတရားရုံးများ၏ တရားစီရင်မှုကို လိုက်နာပါမည်ဟု သဘောတူညီပြီးဖြစ်ကြောင်း ဘောလုံးပွဲလက်မှတ်၏ နောက်ကျောဘက်ပါ လက်မှတ်ရောင်းချခြင်းဆိုင်ရာ စည်မျည်းစည်းကမ်းအမှတ် ၃ နှင့် ၅ တွင် ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားသည်။

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်းသည်
အများမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သောခြေစွမ်းဖြင့် ကစားနိုင်ခဲ့ပြီး စင်ကာပူဘောလုံးပရိသတ်ကလည်း မြန်မာဘောလုံးအသင်း ကစားသည့်ပွဲစဉ်တိုင်း အင်နှင့်အားနှင့် လာရောက်အားပေးခဲ့ကြသည်။ ယခုတကြိမ် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသာမက မြန်မာဘောလုံးပရိသတ်ပါ အားကစာစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်အားပေးခဲ့ကြခြင်းကြောင့် စင်္ကာပူသတင်းမီဒီယာများနှင့် စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်ကပင်
ချီးကျုးရေးသားခဲ့ကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ မြစ်ရေတင်စီမံကိန်းကြောင့် မြေဧကတွေဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေမှာ နစ်နာကြေးတွေမရသေးဘဲ တောင်းဆိုမှုတွေနဲ့ပတ်သတ်လို့ အကြောင်ထူးမလာရင် ခွင့်ပြုမိန့်တောင်းပြီး ဆန္ဒပြသွားမယ်လို့ ဇွန် ၁၆ ရက်နေ့က ကြေငြာလိုက်ပါတယ်။ အစိုးရရဲ့မြစ်ရေတင်စီမံကိန်းကြောင့် ဆုံးရှုံးသွားတယ်ဆိုတဲ့ လယ်ယာမြေတွေအတွက် လယ်သမားတွေဘယ်လို တောင်းဆိုခဲ့ကြသလဲ။

၂ဝဝ၃ ခုနှစ်က ဦးဌေးဦး ဝန်ကြီးဘဝတုန်းက ဦးစီးလုပ်ကိုင်ခဲ့တဲ့ မြစ်ရေတင်စီမံကိန်းကြောင့် ကျေးရွာအုပ်စု ၁၁ စုက လယ်ယာမြေဧက ၆၅ဝ ကျော် ဆုံးရှုံးခဲ့ရတာကို ၂ဝ၁၂ လယ်ယာမြေဥပဒေအတိုင်း နစ်နာကြေးပြန်တောင်းတာ ဖြစ်တယ်လို့ လယ်သမားဦးပြည့်ငြိမ်းအောင်ကဆိုပါတယ်။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ ဦးဌေးဦးကလည်း ဆုံရှုံးသွားတဲ့လယ်ယာမြေတွေနဲ့ပတ်သတ်လို့ လာရောက်ဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဦးသိန်းအောင်ကို ၅ ဦးကော်မတီဖွဲ့ပြီး သွားရောက်တောင်းဆိုခဲ့ပေမယ့်လည်း ဒုသမ္မတကို တင်ပြပေးမယ်ဆိုတာနဲ့ ရွေးကောက်ပွဲပြီးမှလုပ်ပေးမယ်ဆိုတာတွေပဲ ရခဲ့တယ်လို့ ပြောပြပါတယ်။ နစ်နာမှုတွေကို ဘယ်သူ့ကို သွားတောင်းရမှန်းမသိတာမို့ အစိုးရပြောထားတဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးပါလို့ ဆိုပါတယ်။

လယ်ယာမြေဥပဒေအတိုင်း နစ်နာကြေးပြန်ပေးဖို့တောင်းဆိုနေတာဟာ အစိုးရကိုတိုက်ခိုက်နေတာမဟုတ်လို့ သက်ဆိုင်ရာတွေကသာ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်လို့ ဆိုသူက လယ်သမားဦးဇော်ဝင်းပါ။

နစ်နာခဲ့ရတဲ့တောင်သူလယ်သမားတွေရဲ့ အခက်အခဲဖြေရှင်းပေးဖို့ရောက်လာတဲ့ ၈၈ ငြိမ်းပွင့်က ကိုစိန်သောင်းကတော့ လယ်ကလွဲပြီး ဘာမှမလုပ်တတ်တဲ့လယ်သမားတွေ လယ်ယာတွေဆုံးရှုံးရတာဟာ လူ့စွမ်းအားအရင်းအမြစ် တစ်ခုလုံးပါဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

Kamayut Media



လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတအောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဇွန် ၁၇ ရက် ဒိုင်းမွန်းကွန်ဒိုမှာ ဆွေးနွေးခဲ့ကြပါတယ်။ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ပထမဆုံးလိုအပ်တဲ့ မဲစာရင်းဘာတွေဖြစ်နေသလဲ။

NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်ကတော့ မဲစာရင်းကို အိမ်ထောင်စုစာရင်းထက် မကြာသေးခင်ကကောက်ယူထားတဲ့ သန်းခေါင်စာရင်းကိုအခြေခံရင် ပိုအဆင်ပြေနိုင်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ရဲ့စိစစ်မှုပုံအရ အိမ်ထောင်စုစာရင်းတို့ မှတ်ပုံတင်တို့ရှိရင် မဲစာရင်းထဲပါလို့ရနေပြီး လူကိုယ်တိုင်မပါလည်း မဲလက်မှတ်ထုတ်လို့ရနေတာကြောင့် မဲလက်မှတ် အလွဲသုံးစားမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

NLD အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားတဲ့အခါ ခံစားချက်က ဘောလုံးပွဲတွေမှာလို အဝေးကွင်းမှာ ကန်နေရသလိုပွဲလို့ဆိုတဲ့သူကတော့ ပြည်သူတွေမဲစာရင်းစိတ်မဝင်စားသလို လှုံ့ဆော်ကလည်း အတော်အားနည်းနေတာကြောင့် ပါတီဝင်တွေ တစ်အိမ်တက်တစ်အိမ်ဆင်း ဆော်သြနေရတယ်လို့ ပြောပါတယ်။ မဲစာရင်းမှာအမှားတွေလည်းများနေပြီး ပြင်ဆင်ချိန်ကလည်း ၁၄ ရက်လောက်ပဲရတော့တယ်လို့ ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ NLD တွေ့တာဟာ မဲဆွယ်စည်းရုံးတာမဟုတ်ဘဲ ဖယ်ဒရယ်ဒီမိုကရစီ ပြည်ထောင်စုဆိုတဲ့ လမ်းကြောင်းပေါ်ပေါက်လာဖို့ သဘောထားတိုက်ဆိုင်သူတွေ စုပေါင်းဆွေးနွေးတယ်လို့ ရှင်းပြသူက မိတ္ထီလာလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ပါ။ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ပထမဆုံး မဲစာရင်းမှန်ကန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာသူ ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျူ့က ကိုချမ်းသာကျော်ကတော့ ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့နေရာတွေမှာ မဲစာရင်းမှားတာတွေပိုတွေ့ရပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ အသိပညာပေးမှုတွေလည်း အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

ဖန်တီးအိမ်က မခင်လေးငယ်ကလည်း ပြည်တွင်းရွှေပြောင်းလုပ်သားတွေအနေနဲ့ လက်ရှိနေတဲ့နေရာမှာမဲပေးဖို့ ရွေးကောက်ပွဲမတိုင်ခင် ရက်ပေါင်း ၁၈ဝ ကြိုတင်ဧည့်စာရင်းတိုင်ရမှာကိုမသိခဲ့ရင် လူကိုယ်တိုင် မဲမပေးနိုင်တော့ဘဲ ကြိုတင်မဲတွေဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ နယ်ရောက်နေတဲ့ ဝန်ထမ်းတွေကိစ္စမှာလည်း ကြိုတင်မဲပြဿနာပေါ်နိုင်တယ်လို့ ဆိုပါတယ်။

Kamayut Media

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားအပွဲတော်တွင် မြန်မာယူ ၂၃ ဘောလုံးအသင်းအပေါ် မြန်မာတနိုင်ငံလုံးက အူလှိုက်သဲလှိုက် အားပေးခဲ့ကြသည်။ မြန်မာဘောလုံးအသင်းမှ အသင်းခေါင်းဆောင် နေလင်းထွန်း၊ ရှိုင်းသူရအောင်၊ ကောင်းဆက်နိုင်၊ စည်သူအောင်၊ ဂိုးသမားကျော်ဇင်ဖြိုးတို့၏နာမည်များ လူအများ၏ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည့် အမည်နာမများ ဖြစ်သည်။ အထူးသဖြင့် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲနှင့် ထိုင်းအသင်းနှင့်ကစားသည့် ဗိုလ်လုပွဲ ၂ ပွဲစလုံးတွင် ပြောင်ပြောင်မြောက်မြောက် လက်စွမ်းပြကစားသွားသည့် မြန်မာယူ ၂၃ ဂိုးသမားကျော်ဇင်ဖြိုးသည် မြန်မာပရိသတ်များ၏ချစ်ခင်လေးစားမှုသာမက အခြားနိုင်ငံများမှ ဘောလုံးပရိသတ်များကပင် ပြိုင်ပွဲ၏အကောင်းဆုံးဂိုးသမားဟု ထုတ်ဖော်ချီးကျုးခြင်းလည်း ခံရသူဖြစ်သည်။ ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ပြိုင်ပွဲကျင်းပရာစင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ယူ ၂၃ ဂိုးသမား ကျော်ဇင်ဖြိုးကို News Watch မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

ကျော်ဇင်ဖြိုး ( ဂိုး ကျောနံပါတ် ၁ )
➽ ဘောလုံးကို ဘယ်လို စကစားဖြစ်ခဲ့တာလဲ ညီလေး။
☞ ငယ်ငယ်ထဲက ကျောင်းပွဲတွေမှာပါတာပေါ့။ ပြီးတော့ ၇ တန်းဖြေပြီးတာနဲ့ ၈ တန်းမှာ ရန်ကုန် အား/ကာသိပံ္ဗကို တက်ခဲ့တယ်။ ၂၀၀၆ ခုနှစ် စတက်ခဲ့ပါတယ်။ အဲ့ဒီ နှစ်မှာ ၁၃ နှစ်အောက်ရွေးတာ မပါဘူး။နောက်တစ်နှစ်မှာ ၁၄ နှစ်အောက်ရွေးတဲ့အထဲမှာ ပါသွားတယ်။

➽ ညီလေးက နိုင်ငံတကာ အတွေ့အကြုံရော ရှိလား။
☞ ညီလေးက နိုင်ငံတကာ အတွေ့အကြုံကို ငယ်ငယ်လေးကတည်းက ကြုံတွေ့ခဲ့တယ်။ ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ် လောက်ကစတာပါ။၁၄ နှစ် အောက် နဲ့ပါ သွားတယ်။ အဲ့ဒီကနေ ၂၀၁၅ခုနှစ် အထိ လက်ရွေးစင်အဖြစ် နိုင်ငံတကာ ကို သွားပြီး အတွေ့အကြုံတွေရခဲ့တယ်။

➽ ညီလေးက ဗီယက်နမ် နဲ့ပွဲရော နောက်ဆုံး ဗိုလ်လုပွဲမှာ ထိုင်း နဲ့ ပွဲမှာ လည်းအကောင်းဆုံးဖမ်းသွားတယ်။ ငယ်ငယ်ကတည်းက ဘောလုံးမှာ ဂိုးပဲ ၀ါသနာပါခဲ့တာလား။
☞ ဟုတ်ကဲ့။ ဂိုးပဲ ၀ါသနာပါခဲ့တာပါ။

➽ ညီလေး လက်ရှိဘယ်ကလပ်မှာ ကစားနေလဲ။ ညီလေး အသက်ကရော ဘယ်လောက်ရှိပြီလဲ။
☞ ကျွန်တော်အသက်က ၂၂ နှစ်ပါ။ လက်ရှိ မကွေး FC မှာကစားနေပါတယ်။

➽ နိုင်ငံတကာအတွေ့အကြုံက ၁၄ နှစ်ကတည်းက ရှိခဲ့တာဆိုတော့ ဒီတစ်ခါ တွေ့တဲ့ စင်္ကာပူအတွေ့အကြုံ နဲ့ စင်္ကာပူ ပရိတ်သတ်ရဲ့ အားပေးမှု တွေဘယ်လိုကွာခြားပါသလဲ။
☞ ဘယ်နေရာရောက်ရောက် မြန်မာပရိတ်သတ်တွေက လာအားပေးတာပေါ့။ဒါပေမဲ့ အားပေးတာ မှန်ပေမဲ့ ဒီစင်္ကာပူ ပရိတ်သတ်က ဖိဖိစီးစီးအားပေးတယ်။ အကုန်လုံးအစစအရာရာ ကူညီတယ်။ကျွန်တော်တို့ ပထမတစ်ခေါက် စင်္ကာပူမှာ ဆူဇူကီး ဖလားသွားတုန်းက ရလဒ်မကောင်းခဲ့ပါဘူး။အုပ်စုက ထွက်ခဲ့ရပါတယ်။ အဲ့ဒီက ပရိတ်သတ်တွေငိုတာပေါ့။ကျွန်တော်တို့လည်း ခံစားရတယ်။ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်တို့အတွက် အခွင့်အရေး ပြန်ရတော့ ၊ဒီတစ်ခါ ပရိတ်သတ်ကို ပျော်အောင်လုပ်ပေးမယ်။ဒါကြောင့် အုပ်စုပွဲတက်တဲ့အထိ အနိုင်ရအောင်ကစားခဲ့ပါတယ်။

➽ ထိုင်းနဲ့ ပွဲမှာရော ခံစစ် ကစားကွက်နဲ့ ကစားခဲ့တာလား။ ဘယ်လို ကစားကွက်နဲ့ကစားခဲ့တာလဲ။
☞ ထိုင်းနဲ့ပွဲမှာ တိုက်စစ်ပဲ ဖွင့်ကစားခဲ့တာပါ။သူ့ဘာသာသူ ကစားရင်း ကစားရင်းနဲ့ ကစားသမားတွေက စိုးရိမ်လွန်ပြီးတော့ ခံစစ် ကစားကွက်မျိုးဖြစ်သွားတာပါ။အစကတည်းက ခံစစ်နဲ့ ပွဲထွက်ခဲ့တာမဟုတ်ပါဘူး။တိုက်စစ် ကိုလည်း အမြဲတမ်း တစ်ယောက် နှစ်ယောက် အရှေ့မှာထားတယ်။ အကုန် ဆင်းမခံပါဘူး။

➽ ထိုင်းနဲ့ပွဲမှာ ပထမပိုင်း မှာ သရေဖြစ်နေတယ်။ ပထမပိုင်း ပြီးတဲ့အချိန်မှာ အ၀တ်လဲခန်းမှာ နည်းပြကြီး ဦးကြည်လွင်နဲ့ ဦးသန်းတိုးအောင်တို့က နည်းဗျူဟာအပိုင်းကို အပြောင်းအလဲ လုပ်ဖို့နဲ့ အသင်းရဲ့ အားနည်းချက်ကို ဘာတွေပြင်ဖို့ပြောလဲ။
☞ ကျွန်တော်တို့ ကစားတဲ့ပုံကို နည်းနည်းဘောလုံးပျက်တာများ တာရယ်။ တဦးချင်း တကိုယ်ကောင်းဆန်တာရယ်။ လှိုင်းဘိုဘို နဲ့ အလယ်တန်းက သူတွေကို ပေါ့ သူ့အနေနဲ့ အရှေ့ကိုမတက်ဘဲနဲ့ နောက်နည်းနည်းဆုတ်တာများတယ်။ တယောက်နဲ့တယောက် မတွဲမိဘူး၊ ဝေးနေတယ်ပေါ့။ အဲဒါတွေကို မှာတာပေါ့။ ကျန်တဲ့ နည်းဗျူဟာအပိုင်းကျတော့ ပထမ ပိုင်းတုန်းကလိုပဲ ဆက်ကစားခိုင်းခဲ့ပါတယ်။

➽ ထိုင်းအသင်းကနေပြီးတော့ ဗိုလ်လုပွဲမှာ သေချာပေါက် ဂိုးပေါက်ကန်သွင်းမှုမှာ ဘယ်ကန်သွင်းမှုက ညီလေးအတွက် ကြိုးစားပြီးဖမ်းလိုက်ရတာလဲ။ အစ်ကိုအတွက်ရော ဘယ်လောက်ထိစိတ်လှုပ်ရှားစေခဲ့သလဲ။
☞ ပထမပိုင်းမှာ ပေါ့။ ပွဲပြီးခါနီး ၄၁ မိနစ် ထိုင်းအသင်း ရဲ့ ကစားသမား နံပါတ် ၂ နဲ့ တစ်ယောက်ချင်းတွေ့တဲ့တစ်လုံး ၊ဒုတိယပိုင်းမှာ ညာတောင်းပံက ဖြတ်ယူတဲ့ဟာကို နံပါတ် ၂၃ ပိတ်သွားတဲ့ အလုံး ကျွန်တော့် ခြေထောက်နဲ့ထိပြီးထွက်သွားတဲ့လုံး အဲ့ဒီနှစ်လုံးပါပဲ။

➽ ထိုင်းကို ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ အကြောင်းက တစ်ဖက် အသင်းရဲ့ တိုက်စစ်ကပဲကောင်းနေလို့လား။ မြန်မာအသင်းရဲ့ နောက်တန်းကပဲ အမှားတွေကြောင့်လား။
☞ ပထမ ဂိုးပေးရတာက ထောင့်ကန်ဘောကပေါ့။ဘယ်က စပေးရတဲ့အချိန်မှာ ဖျက်ထုတ်နိုင်ခဲ့ပေမဲ့ နောက်တစ်ကြိမ် ညာဘက် ကထောင့်ကန်ဘောမှာ ရဲကိုဦး ရှင်းထုတ်ခဲ့တယ်။ သူလည်း ရှင်းတာပဲ။ ဒါပေမဲ့ မသေသက်ခဲ့ဘူး။ ဒါကြောင့် ဂိုးပေးခဲ့ရပါတယ်။

➽ တတိယ လုံးဂိုးပေးရတဲ့ လုံးက လူကျွံဘောဆိုပြီး လွှတ်ပေးခဲ့တာလာ။
☞ နောက်တန်းက ကျော်ဇင်လွင် ပါလာတယ်။ သူနဲ့တော့ ဘောလုံး မထိဘူး။ သူ့ခြေထောက်အောက်က ထွက်လာတာ။ ကိုယ်လည်း ကြောင်သွားတယ်။ ပြီးတော့ ဘောလုံးသွားတာလဲ နှေးတော့ ဘေးထွက်သွားပြီထင်ပြီးတော့ လူကျွံဘော အနေအထားကလည်း မှန်နေတော့ ဒီအတိုင်းရပ်ကြည့်နေလိုက်တာပါ။ ဒါပေမဲ့ ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။

➽ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ နောက်ကျတာပေါ့။ ကျော်ဇင်ဖြိုး နဲ့ ထိုင်းနဲ့ ကန်တာ သုံးဂိုးပဲပြတ်လားပေါ့။ သဘောကတော့ ညီလေး တယောက်တည်းနဲ့ကစားသွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောနေကြတယ်။ အဲ့ဒီပေါ်မှာရော ညီလေး ဘယ်လိုမြင်လဲ။
☞ အဲ့ဒါကတော့ ပရိတ်သတ်တွေအနေနဲ့ ချီးကျူးတာလား မြှောက်ပြောတာလားတော့ မသိဘူး။ ကစားတာတော့ အကုန်လုံးကစားတာပေါ့။ ဟိုဘက် ပြိုင်ဘက် အသင်းက အစစ အရာရာ သာတော့ အဲ့ဒီလိုဖြစ်သွားတာပါ။

➽ ၁၂ ယောက်မြောက် ကစားသမားဖြစ်တဲ့ ကွင်းထဲထိ လာရောက်အားပေးတဲ့ ပရိတ်သတ်တွေနဲ့ မြန်မာပြည်က နေပူမိုးရွာထဲမှာ အားပေးခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့အားက ဘယ်လောက်ထိ ပြိုင်ပွဲမှာ အရေးပါခဲ့လဲခင်ဗျ။
☞ အဲဒီလို အားပေးမှုက အရေးပါပါတယ်။ ပြောမပြတက်အောင် ပါပါတယ်။ ပရိသတ်တွေ အရမ်းအားပေးခဲ့လို့ ကျွန်တော်တို့ ကစားသမားတွေ စိတ်ဓါတ်ခွန်အားတွေ တက်ခဲ့ရတာပေါ့။

➽ အခုလို ရွှေတံဆိပ်နဲ့ လွှဲခဲ့ရပြီးတော့ ငွေတံဆိပ်ပဲ ရခဲ့တဲ့အပေါ်မှာရော တယောက်ချင်းအနေနဲ့ရော၊ အသင်းလိုက်အနေ နဲ့ရော ကျေနပ်မှုရှိပါသလား။
☞ ကျွန်တော်တို့အသင်း စမသွားခင်တုန်းက ပြောကြတာပေါ့။ ဒီအသင်းက အုပ်စုတက်ဖို့တောင် တော်တော် ရုန်းကန်ရမယ်။ အဲလိုအပြောခံခဲ့ရတယ်။ တကယ်တမ်း ကျွန်တော်တို့က မခံချင်စိတ်နဲ့ အဲ့ဒီစကားကို ပြောင်းပြန်လှန်ပြီးတော့ တကယ် လုပ်မယ်။ အုပ်စုတက်အောင် လုပ်မယ်။ ဆင်မီးဖိုင်နယ်တက်အောင် လုပ်မယ်။ ရွှေရအောင်ယူမယ်ဆိုပြီး အဲဒီလို စိတ်နဲ့ ကျွန်တော်တို့ တသင်းလုံး စိတ်ဓါတ်နဲ့စည်းရုံးပြီး ကစားခဲ့ပါတယ်။ နောက်ဆုံး ဒီရလဒ်ထွက်တယ်။ ကျွန်တော်တို့ကတော့ အုပ်စုတက်ရင်တောင် ကျေနပ်နေပြီ။ ကျန်တဲ့ ငွေတို့ ရွှေတို့က အမြတ် အပိုဆုပေါ့။ ဒါပေမဲ့ ရည်မှန်းချက်က ရွှေဆိုတော့ ဆီမီးဖိုင်နယ်ကိုတက်အောင်လို့ ကြိုးစားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ နောက်ဆုံးဖိုင်နယ်မှာ ရွှေရအောင် တသင်းလုံး အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ရလဒ်က မကောင်းခဲ့ဘူး။ စိတ်ဓါတ်လည်းကျခဲ့တယ်။ ၀မ်းနည်းခဲ့တယ်။ ဒါပေမဲ့လည်း အစအဆုံး ပြန်ပြီးတော့ ခြုံငုံကြည့်မယ်ဆိုရင်တော့ ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုပါပဲ။ ရွှေမရပေမဲ့ ငွေဆိုတာ ကျွန်တော်တို့အတွက် အကြီးမားဆုံး ဆုတံဆိပ်ပါပဲ။

➽ ထိုင်း အသင်းရဲ့ ဦးဆောင် ဂိုးကို ခွင့်ပြုလိုက်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲခင်ဗျ။
☞ အဲ့ဒီအချိန်မှာ မြန်မာပရိတ်သတ်တွေအတွက် စိတ်မကောင်းဘူး။ ၀မ်းနည်းတာပေါ့။ ကျွန်တော်လည်း အဲ့ဒီလိုပါပဲ။ ကိုယ်ကာကွယ်တဲ့ ဂိုးပေါက်က ဂိုးပေးလိုက်ရတဲ့အတွက် စိတ်တော့ ထိခိုက်တောပေါ့။ ဒါပေမဲ့ ၁ ဂိုးပေးရပေမဲ့ စိတ်ဓါတ်ကျလို့ မဖြစ်ဘူးလေး။ (စိတ်ဓါတ်)ကျရင် ဂိုးထပ်ပေးရမယ်ဆိုတော့ မကျဘူးဆိုပြီး စိတ်ဓါတ်နဲ့ကစားခဲ့ပါတယ်။

➽ အခုလို မြန်မာပရိတ်သတ်တွေက တခဲနက် လာရောက်ကြိုဆိုခဲတဲ့ပေါ်မှာ ဘယ်လိုခံစားရပါသလဲခင်ဗျ။
☞ ရွှေမရပေမယ့်လဲ ပရိတ်သတ်က မိုးရွာကြီးထဲမှာ လာအားပေးတဲ့အတွက် ဘယ်လိုပြောရမလဲ ပြောမပြတက်အောင်ပဲ ၀မ်းသာပီတီဖြစ်မိပါတယ်။ ကျွန်တော်ကို ဂုဏ်ပြုချီးကျူးတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက် ပြိုင်ပွဲတွေမှာလည်း ဒီထက်မက လက်စွမ်းထက်အောင်လည်း ကြိုးစားနေပါတယ်။ နိုင်ငံတကာပွဲမှာ နောက်တခါ ပါခဲ့ရင် အကောင်းဆုံးရလဒ်နဲ့ အကောင်းဆုံး ဆုရအောင်လို့ ဆောင်ရွက်ပေးပါ့မယ်။

➽ ညီလေးကို ဆက်သွယ်ချင်တယ်ဆိုရင် ဘယ်ကို ဆက်သွယ်ရမလဲ။
☞ ဟုတ် အခုနေတဲ့အိမ်က ငှားနေတာပါ။ ၈ လပိုင်းမှာ အိမ်ပြောင်းရမှာဆိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။

----- ----- ----- -----

မြန်မာ ယူ- ၂၃ အသင်းသည် စင်္ကာပူ နိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု အဆင့်တွင် ရှုံးပွဲမရှိ ၄ ပွဲကန် ၁၀ မှတ်၊ အုပ်စု ပထမဖြင့် ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်နှင့် ယှဉ်ပြိုင်ခဲ့ကာ ၂ ဂိုး ၁ ဂိုး အနိုင်ရလဒ်ဖြင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံဖြစ်သည့် ထိုင်းအသင်ဖြင့် ဗိုလ်လုပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြန်သည်။ ဂိုး သမား ကျော်ဇင်ဖြိုး၏ သေသပ်လှပသည့် ဂိုးပေါက်ကာကွယ်မှုများကြောင့် ပထမပိုင်းတွင် ဂိုးမပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် တဖက် ပြိုင်ဘက် ထိုင်းအသင်း၏ တိုက်စစ်မြင့်တင်ကစားမှု ၃-၀ ဖြင့် မြန်မာ ယူ-၂၃ အသင်း ရှုံးနိမ့်ခဲ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=ts

ဂျပန်သတင်းဌာနတခုဖြစ်သော NHK သတင်းဌာနသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ နိုင်ငံတကာသို့ တရားမဝင် ခိုးထွက်နေကြသူများ ကို မြန်မာနိုင်ငံမှ ထွက်ပြေး လာသော လှေစီး ဒုက္ခသည်များ ဖြစ်သည်ဟု
ထုပ်လွှင့်သွားသည့် အပြင် ၄င်းတို့သည် မြန်မာနိုင်ငံ တွင် ဘီစီ ၃၀၀၀ ကျော်လောက် ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်လာသော
ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သည်ဟု ထုတ်လွှင့်သွားသည့်အတွက် ရခိုင် တိုင်းရင်းသားများနဲ့အတူ ဂျပန်နိုင်ငံရောက်ပြည်ထောင်စုဘွား တိုင်းရင်းသားများတို့မှ ပူးပေါင်းပါဝင် ရှုတ်ချကန့်ကွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကန့်ကွက်သည့် သဘောထား ကြေငြာချက်စာကို NHK သတင်းဌာန တာဝန်ခံထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်း + ဓါတ်ပုံ - Mai Kyaw Oo

The Ladies News Journal



၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ အခါ စက်ခလုတ်နှိပ်မဲပေးမယ်ဆိုရင် သံသယရှိဖွယ်အခြေ အနေတွေ ဖြစ် လာနိုင်တာကြောင့် ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မနေ့က အကြံပြုတင်ပြ ထားပါတယ်။

RFA



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် "ပန်ကေးဆားတွင်းကျေးရွာ" ကို ဖြတ်သန်းသွားရာမှာ၊ ကျေးရွာအနီးတဝိုက်က မြေကြီးမှာ ဆားဓာတ်များတဲ့အတွက် ရေရှည်မှာ ဆားဓာတ်ကြောင့် ပိုက်လိုင်းပေါက်ကွဲမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

RFA

Emanuel ဘုရားကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ (Credit: Reuters) 
အမေရိကန်နိုင်ငံ ​South ​Carolina ​ပြည်နယ် ​Charleston ​မြို့က ​သမိုင်းဝင် ​လူမည်း ​ဘုရားကျောင်းကို ​သေနတ်သမား ​ဝင်ရောက် ​ပစ်ခတ်လို့ ​လူ ​၉ ​ယောက် ​သေဆုံးခဲ့ပါတယ်။

အမေရိကန် ​စံတော်ချိန် ​ဗုဒ္ဓဟူး ​ည ​၉ ​နာရီလောက်မှာ ​ပစ်ခတ်မှု ​ဖြစ်ပွားတာ ​ဖြစ်ပြီး ​ပစ်ခတ်သူ ​သေနတ်သမားကတော့ ​အသက် ​၂၁ ​နှစ်အရွယ် ​လူဖြူ ​ဖြစ်ပါတယ်။

လူ ​၈ ​ယောက်ကတော့ ​ဘုရားကျောင်းအတွင်းမှာပဲ ​သေဆုံးတာ ​ဖြစ်ပြီး ​လူနှစ်ယောက်ကို ​ဆေးရုံ ​တင်ရာက ​တစ်ယောက် ​ထပ်မံ ​သေဆုံးတာ ​ဖြစ်ပါတယ်။

ပစ်ခတ်မှု ​ဖြစ်တဲ့ ​ဘုရားကျောင်းဟာ ​လူမည်းတွေ ​အတက်များတဲ့ ​Emanuel ​ဘုရားကျောင်းဖြစ်ပြီး ​အမေရိကန် ​တောင်ပိုင်းမှာ ​သမိုင်းဝင်တဲ့ ​ဘုရားကျောင်း ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဗုဒ္ဓဟူးည ​သန်းခေါင်ချိန်အထိ ​သေနတ် ​သမားကို ​မမိသေးဘူးလို့ ​သိရပါတယ်။

အခုအချိန်အထိတော့ ​အသေးစိတ် ​အချက်တွေ ​မသိရသေးပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဓါတ်ပုံ- စစ်ရေးလေ့ကျင့်မှုကို အားပေးနေသော ၀ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံး တန်း
ဂျွန် ၁၇ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်နှင့် မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုကြောင့် UWSA ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ် တရုတ်နယ်စပ် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း စစ်ရေးအထူး လေ့ကျင့်နေကြောင်း ကြားသိ ရသည်။

သျှမ်းပြည်အရှေ့ပိုင်း ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော နှင့် ပန်ဆန်းမြို့နယ်များ အတွင်း UWSA ၀တပ်ဖွဲ့က လေယာဉ်ပစ်သေနတ်၊ တိုက်ပွဲဝင် သံချပ်ကာ ကား၊ လက်နက်ကြီးများ၊ သုံးစွဲမှုမရှိသည့် သေးသည့် သေနတ်များ ထုတ်ဖေါ် ကာ စစ်ရေးအထူးလေ့ကျင့် နေကြောင်း အမည်မဖေါ်လိုသည့် ၀ ကေဒါ တဦးကပြောသည်။

“တပ်စခန်းတက်သိမ်းသလို၊ ရန်သူကို တိုက်နေသလို လေ့ကျင့်ရတယ်။ ၁၀၅ ၊ ၁၂၀ တွေ ပါတယ်။ ကျနော်တို့ကတော့မကိုင်ရဘူး။ တခြားတွေဟာလဲ ရှိမှာပေါ့ ၊ လေ့ကျင့်ရေး စတာ ၄-၅ ရက်လောက် ရှိပြီ” - ဟု အဆိုပါ အရာရှိ ကပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ပစ်ခတ် ကွင်းတွင် ၀ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံး တန်း ၊ ပြောရေးဆိုခွင့် ဦးအောင်မြင့် နှင့် အရာရှိ ၀ လူကြီးမင်းများ တက်ရောက်ကြသည်ဟု ဆိုသည်။

“မိုင်းလားနဲ့ မိုင်းပေါက် ဘက်မှာ ထူးခြားလှုပ်ရှားတာမရှိဘူး။ တောင်ပိုင်း ထိုင်းနယ်စပ်ကတော့ အခြေ အနေ သိပ်မကောင်းသေးဘူး။ ခရီးသွားလာ ခွင့်ပိတ်ပင်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ က အခြေ အနေကြည့်ပြီး မသွားရဲတာ။ ကုန်တင်၊ ခရီးသည်တင်ကားတွေက” - ဟု တာချီလိတ် တပ်အသိုင်း အဝိုင်းကပြောသည်။

ဂျွန် ၁၇ ရက်နေ့ ည ပိုင်း ၁၀ နာရီအချိန် တြိဂံစစ်တိုင်းရုံးမှ ရောက်ရှိလာသည့် အစိုးရတပ် သံချပ်ကာ ကားများ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အသွား လမ်း ဘက်သို့ ဦးတည်သွားနေကြောင်း တာချီလိတ် ဒေသခံ လုံးကျောဝ့်ကပြော သည်။

၁၉၉၈ ခုနှစ်က သျှမ်းပြည်တပ်မတော်အား တိုက်ခိုက်ခြေမှုန်းရန် (ထိုစဉ်) စစ်အစိုးရ နိုင်ငံတော်ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏အမိန့်ဖြင့် ထိုင်းနယ်စပ်သို့ ၀ တပ်ဖွဲ့များ ရောက်ရှိလာခြင်းဖြစ် သည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည့် အပေါ် ၀ တပ်ဖွဲ့များက ငြင်း ဆန်သောကြောင့် ထိုစဉ်ကလည်း စစ်ရေးတင်းမာ မှုဖြစ်ခဲ့ဖူးသည်။ မြောက်ပိုင်းဝ နယ်သို့ အားလုံး တပ်ရုပ်ပြန်ကြရန်လဲ စစ်အစိုးရ က ညွှန်ကြားခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

 NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

လူနည်းစုတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ရေးကိစ္စဟာ အင်မတန် ထိလွယ်ရှလွယ် သိမ်မွေ့လွန်းတာမို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများကြီး သတိထားလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားလိုက်ပါတယ်။

မနေ့ညက ထွက်လာတဲ့ အမေရိကန် ပြည်ထောင်စုက ဝါရှင်တန်ပို့စ် သတင်းစာကြီးနဲ့ အင်တာဗျူး မေးမြန်းခန်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးသင့်ပါသလားလို့ မေးမြန်းတာကို သူက တိုက်ရိုက် မဖြေပဲ အခုလို ပြောသွား တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးအုပ်စုတွေ လူမျိုးရေး အုပ်စုတွေ အများအပြားရှိနေပြီး အုပ်စုကို တစ်ခုခု လုပ်ပေးလိုက် ရင် တခြား အုပ်စုတစ်စုကို ဆက်နွယ်ထိပါးသွားနိုင်ပါတယ်။ ဒီလို အင်မတန်နက်နဲ ရှုတ်ထွေးတဲ့ ကိစ္စရပ်မျိုးကို နေ့ချင်းညချင်း အချိန်တိုတိုနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အဲ့ဒီမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မြန်ဆန်ထိရောက်စွာ သတိကြီးစွာနဲ့ ကိုင်တွယ်ရမှာဖြစ်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်နေတာတွေဟာ ကျေနပ်လုံလောက်စရာ ရှိရဲ့လားဆိုတာ ပြောရမှာခက်တယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့  နိုင်ငံတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာနဲ့ တနိုင်ငံလုံးမှာ လည်ပတ်နေတဲ့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာတွေကို နှစ်စဉ် တရားဝင် ပြည်သူတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်နေတဲ့အချိန်မှာ ဗဟိုဘဏ်ရဲ့ ငွေကြေးလည်ပတ်မှု ဆိုင်ရာတွေဟာ သတင်းထုတ်ပြန်မှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ ဝေဖန်ခံနေရတာတွေ ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှည်းကူးမဲဆန္ဒနယ်က ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်ပြခဲ့ခြင်းနဲ့ နိုင်ငံတော် ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်း အချက်အလက်များကို အများပြည်သူများ သိရှိစေရန်အတွက် ထုတ်ပြန်ကြေညာဖို့ အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းခဲ့တာကို ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်ခင်စောဦးက အခုလို ဖြေကြားခဲ့တာပါ။

“ငွေကြေးဆိုင်ရာ အစီရင်ခံစာ monetary report နဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုဆိုင်ရာ အစီရင်ခံစာ financial stability report ၂ ခုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လွှတ်တော်သို့ တင်ပြအစီရင်ခံခြင်းကို ဆောင်ရွက်ပြီးတဲ့နောက်မှာ အများပြည်သူသိရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ website မှာ တင်ပြထားမယ်ဖြစ်ပြီးတော့ အခါအားလျော်စွာ လိုအပ်ပါက သတင်းစာရှင်းလင်းပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။”


အခုလို ထုတ်ပြန်မယ့် ငွေကြေးဆိုင်ရာ အစီရင်ခံစာမှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေ၊ ပြည်ပကုန်သွယ်မှုအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေ၊ စုဆောင်းမှု၊ ချေးငွေနဲ့ ငွေကြေးပမာဏအခြေအနေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ နိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေ အခြေအနေ စတာတွေ ပါဝင်မှာဖြစ်ပြီး ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာမှာတော့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအခြေအနေသုံးသပ်မှု၊ ငွေကြေးကဏ္ဍ တိုးတက်ဖြစ်ပေါ်မှုများ၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု တိုးတက်ဖြစ်ပေါ်မှုများ၊ ကြီးကြပ်စစ်ဆေးရေးနဲ့ ကြပ်မတ်မှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများ စတာတွေ ပါဝင်မယ်လို့ ဒေါ်ခင်စောဦးက ပြောပါတယ်။ လှည်းကူး မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက လတ်တလောမှာ ငွေရေးကြေးရေး လည်ပတ်မှုကဏ္ဍဟာ အရေးကြီးလျက် ရှိတဲ့အတွက် ဒီအစီရင်ခံစာတွေကို ပြည်သူတွေ သိရှိဖို့လိုကြောင်း၊ လတ်တလော ငွေရေးကြေးရေးကဏ္ဍ လည်ပတ်မှုကို ကိုင်တွယ်နိုင်ဖို့အတွက် တိကျတဲ့စာရင်း ရရှိဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

“ယနေ့ကာလဟာ မြန်မာနိုင်ငံမှာ ငွေရေးကြေးရေး တည်ငြိမ်မှုနဲ့ ငွေကြေးတန်ဖိုး တည်ငြိမ်နိုင်မှုကိစ္စဟာ အလွန်အင်မတန် အရေးကြီးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အချက်အလက်တွေနဲ့ Data တွေမရှိဘဲနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်နိုင်ဖို့၊ မေးမြန်းနိုင်ဖို့ဆိုတဲ့ အခြေအနေတွေဟာ အလွန် အင်မတန် ခက်ခဲပါတယ်။ နောက်တချက်က ဗဟိုဘဏ်ဘက်ကနေပြီး အချက်အလက်တွေကို ပြည်ထောင်စုအစိုးရဘက်က အချက်အလက်တွေဟာ ပြည်သူ့လွှတ်တော်ဘက်ကို ရောက်ဖို့ဟာ အလွန်အင်မတန် ခက်ခဲတဲ့နေရာ ဖြစ်ပါတယ်။”

လက်ရှိ နိုင်ငံတွင်း လည်ပတ်နေတဲ့ ငွေကြေးဆိုင်ရာနဲ့ ပတ်သတ်ပြီး ဗဟိုဘဏ်အနေနဲ့က အရင်ကထက် ထိန်းချုပ်နိုင်လာပေမဲ့ အချိန်နဲ့တပြေးညီ ဖြစ်ပေါ်နေတဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်အနေနဲ့ ပွင့်လင်းစွာ ထုတ်ပြန် ဖြေရှင်းဖို့ လိုအပ်နေသေးကြောင်း စာရေးဆရာ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က အခုလို သုံးသပ်လိုက်ပါတယ်။


“အဲလို အစီရင်ခံစာ ထွက်မယ်ဆိုတဲ့ဟာ ကောင်းပါတယ်။ အချိန်ကာလကတော့ သူက ဘယ်လိုခွဲခြားလည်း မသိဘူးပေါ့နော်။ နှစ်ပတ်လည် အစီရင်ခံစာပဲဖြစ်ဖြစ်၊ နှစ်လယ် အစီရင်ခံစာပဲဖြစ်ဖြစ် ဒါတွေထွက်တာလည်း ကောင်းမယ်။ နောက်တခုကတော့ အခုလိုပေါ့လေ အချိန်နဲ့ တပြေးတည်း ဖြေရှင်းမယ့်နည်းတွေလား၊ ဒါမှမဟုတ် ဖြေရှင်းမယ့်နည်းတွေပေါ့ အဲဒီဟာတွေကိုလည်း အချိန်ကာလအလိုက် ထုတ်ပြန်လို့ရှိရင် ပိုကောင်းမယ်လို့ ဆရာက ယူဆတယ်။ မသိတဲ့အခါကျတော့ လူတွေက ကြုံရမယ့် အန္တရာယ်တွေကို ပိုပြီးတော့ စိုးရိမ်ကြတယ်ပေါ့နော်။ အဲတော့ ဒါမျိုးလုပ်လာတဲ့ဟာက တိုးတက်မှုတခုလို့ မြင်ပါတယ်။ ဒေါ်လာကိစ္စဆိုရင် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ၊ ဘယ်လိုလုပ်လို့လုပ်နေမှန်း မသိပေါ့လေ ဒါမျိုးတွေကို အခါအားလျော်စွာ ထုတ်ပြန် ရှင်းလင်းသင့်တယ်။ အဲလို ထုတ်ပြန်ရှင်းလင်းတဲ့အခါမှာလည်း အများနားလည်မယ့် သတင်းစကားတွေ ပေးသင့်တယ်လို့ ဆရာက မြင်တယ်။ ပေးသော်ငြားလည်းပဲ လူနားမလည်တဲ့ သတင်းစကားမျိုးတွေ ဖြစ်မှာကိုလည်း ဆရာက စိုးရိမ်ပါတယ်။”

အခုလို အစီရင်ခံစာ ပွင့်လင်းစွာတင်ပြဖို့ တည်ဆဲ ဗဟိုဘဏ်ဥပဒေမှာ ဖော်ပြထားခဲ့ပေမဲ့ အခုချိန်မှာသာ ထုတ်ပြန်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြည်သူကို တရားဝင် ထုတ်ပြန်ပေးနိုင်မယ်ဆိုတာကို တိကျစွာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အာဏာပိုင်တွေ နဲ့ မဆက်ဆံရေး ကံဆောင် သပိတ် ထိ မှောက်လာနိုင်။ 
ရွှေတိဂုံ စေတီတော် ဝန်းကျင် မှာ အထပ်မြင့် ဆောက်လုပ်ရေး စီမံကိန်း တွေ ရပ်တန့် ပယ်ဖျက် ပေးဖို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ က သံဃာ တွေ ဦးဆောင်ပြီး လက်မှတ် ကောက်ခံ မှု တွေ အပြင် ဇွန် ၁၇ ရက် နေ့ က စာတမ်း ဖတ်ပွဲ ပြုလုပ် ခဲ့ပါတယ်။

အဲဒီ့ လက်မှတ်တွေ စာတမ်းတွေ ကို အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် က ထိပ်ဆုံး အာဏာပိုင် တွေ ဆီ တင် ပြ သွားမှာ ဖြစ်တယ် လို့ မဘသ ဦးဆောင် သံဃာ တွေ က ပြောပါတယ်။

အဲဒီ လို ငြင်သာ နူးညံ့တဲ့ လှုပ် ရှား မှု တွေ ပြုလုပ် ရုံ နဲ့ ရွှေတိဂုံ ဘုရား ဝန်းကျင် ဆောက် လုပ်မယ့် စီမံကိန်း တွေ ပယ်ပျက် မသွား ဘူး ဆိုရင် တော့ ဆန္ဒ ထုတ်ဖော် တာ တွေ နဲ့ အာဏာ ပိုင် တွေ ကို မဆက်ဆံ ရေးကံဆောင် သပိတ် ထိ မှောက် သွား မှာ ဖြစ်တယ် လို့ စာတမ်း ဖတ်ပွဲ ကို ဦးဆောင် ကျင်း ပ တဲ့ မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က ဘီဘီစီ ကို မိန့် ပါတယ်။

ဆောက်လုပ်ရေး စီမံကိန်း တွေ ကြောင့် ဘာသာရေး နဲ့ ယဉ်ကျေးမှု အမွေ အနှစ် ဖြစ်တဲ့ ရွှေတိဂုံ စေတီ တော်ကြီး ရဲ့ ပုံရိပ် ထိခိုက် မယ့် အရေး နဲ့ ရွှေတိဂုံ စေတီတော် တည်ရှိ ရာ ကုန်းတော် ရဲ့ မြေကြော မြေလွှာ တွေ၊ ရေစီး ရေလာ တွေ ထိခိုက် လာ နိုင် တယ် ဆိုပြီး စိုးရိမ် ပူပန် မှု တွေ ရှိ နေကြ တာ ဖြစ် ပါတယ်။

လောလော ဆယ် မှာ ဒဂုံ စီးတီးဝမ်း စီမံကိန်း အပါအဝင် စီမံကိန်း ၅ ခု လုံး ကို ရင်းနှီး မြှုပ်နှံ မှု ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အရ ပြန်လည် သုံးသပ်ဖို့ လိုတယ် ဆိုပြီး ရပ်ဆိုင်း ထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese


IS စစ်သွေးကြွတွေကို အီရတ်နိုင်ငံ အနေနဲ့ ပိုပြီးအားသွန်ခွန်စိုက် တိုက်ခိုက်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံနယ်မြေ အများအပြား သိမ်းပိုက်ထားတဲ့ စစ်သွေးကြွတွေကိုတိုက်ဖို့ အီရတ်အစိုးရက မြေပြင်တပ်ဖွဲ့ အလုံအလောက် ထုတ်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်က ဒီနှစ်ဆောင်းဦးမှာ အီရတ်တပ်သားသစ် ၂ သောင်း ၄ ထောင်ကို လေ့ကျင့်ပေးဖို့ မျှော်မှန်းထားခဲ့ပေမဲ့ တပ်သားသစ် ၇ ထောင်ကိုဘဲ လေ့ကျင့်ပေးခဲ့ရတယ်လို့ အောက်လွှတ်တော် ကြားနာမှုတရပ်မှာ ကာကွယ်ရေးဝန်ကြီး Ash Carter ကပြောကြားသွားတာပါ။

အီရတ်အခြေစိုက် IS တွေ အပေါ် အမေရိကန်ဦးဆောင် လေကြောင်းစစ်ဆင်ရေးအတွက်  ထိရောက်တက်ကြွ တဲ့ တရားဝင်အမြဲတန်းကြည်းတပ်တွေက နယ်မြေရှင်းထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့များရေးရာ အောက်လွှတ်တော်ကော်မီတီကို Mr Carter ကပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရတ်နိုင်ငံကို ယခင်ထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပံ့ပိုးထောက်ခံနေချိန်မှာ အီရတ်အစိုးရဘက်က ပိုမိုတက်တက်ကြွကြွ ရှိရမယ်လို့လည်း ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို တွေ့ရစဉ် Photo: RFA

 နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်လောက်ရဲ့ အခန်းတွေကို ဧည့်ရိပ်သာဝန်ထမ်းတွေက "အမွေကောင်းကောင်းရချင်တယ်" ဆိုတဲ့ အစိုးရသတင်းစာပါ ဆောင်း ပါးကို မိတ္တူတွေ ဝေငှခဲ့တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တရားဝင်မဖြန့်ဝေပဲ အခုလို လုပ်ဆောင်တာဟာ ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို မလေးမစား လုပ်တာ ဖြစ်ကြောင်း အခုလို တင်ပြခဲ့ပါတယ်။

"ညနေ ၆ နာရီခန့်က ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ တည်းခိုဆောင်ဖြစ်တဲ့ စည်ပင်ဧည့်ရိပ် သာဆောင်မှာ စည်ပင်ဝန်ထမ်းတွေက စာရွက်များပါတဲ့ စာအိတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာန မှ ပေးခိုင်းသဖြင့် လာရောက်ပေးရကြောင်းပြောဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အခန်း တစ်ခန်းချင်းစီကို တံခါးခေါက် ပြီး လာပေးပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်ဝေသင့်ပါရက်နဲ့ တရားဝင်မဝေဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို စိတ်အနှောက် အယှက်ဖြစ်အောင်သော် လည်းကောင်း၊ တခြားရည်ရွယ်ချက်နဲ့သော်လည်းကောင်း ဝေခြင်းဟာ မသင့်လျော်သည့်အတွက် ဆက်လက်ပြီးဝေနေမယ် ဆိုရင် လွှတ်တော်ကနေ ဒီကိစ္စမျိုးကို ထိန်းကျောင်းပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် များရဲ့ဂုဏ်သိက္ခာကို မလေးမစားပြုခြင်းကဲ့သို့ တရားမဝင်ဖြစ်တဲ့ ဖြန့်ဝေတဲ့စာများ ဝေငှခြင်းတွေကို ရပ်ဆိုင်းပေးစေလိုပါတယ်"

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲဒီလိုစာဖြန့်ဝေတဲ့ကိစ္စကို စီစစ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

အဲဒီလို ဖြန့်ဝေတာဟာ ပြန်ကြားရေးဝန်ကြီးဌာနကဝေတဲ့ စာအိတ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သူ့ရဲ့အင်တာနက်ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားလိုက်ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးရဲထွဋ်က အထောက်အထား မခိုင်လုံတဲ့အတွက် ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုရေးသားထားပါတယ်။

"အမွေကောင်းကောင်းရချင်တယ်" ဆောင်းပါးဟာ ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို ကန့်ကွက် တဲ့ သဘောမျိုးရေးသားထားတာဖြစ်ပြီး ပြင်ဆင်ချက်တွေဟာ သမ္မတအုပ်ချုပ်တဲ့စနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ကြိုးစားထား တာဖြစ်ကြောင်း ဝေဖန်ရေးသား ထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ငွေတံဆိပ် ဆုရှင် အသင်းကို အပြန်လမ်းမှာ ကြိုဆို 
စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယ ငွေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အောက် မြန်မာ့ လက်ရွေးစင် အသင်းဟာ ရန်ကုန်မြို့ကို ဇွန်လ ၁၇ ရက် ညနေပိုင်းက ပြန်ရောက်လာခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ မြန်မာ ပရိသတ်တွေက အသင်းသားတွေကို ပန်းကုံးတွေ စွပ်ကြတဲ့ အပြင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သလို လမ်းတလျှောက် မှာလည်း သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

လေဆိပ် တာဝန်ရှိသူ တွေက ပရိသတ်ကို အတွင်းထဲအထိ ဝင်ရောက်ကြိုဆိုခွင့် ပေးခဲ့တယ်လို့လည်း မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။

ရွှေတံဆိပ် မရပေမဲ့ ဒီအဆင့်နဲ့ ပြန်လာနိုင် တာကို ပရိသတ်က ကျေနပ်ကြတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။

ဘောလုံးသမားတွေဟာ အနိုင်အရှုံးကို ပဓာန မထားဘဲ အစွမ်းကုန် ကြိုးစားခဲ့ကြလို့ အကြို ဗိုလ်လုပွဲမှာ နိုင်ခဲ့တာလို့ သူက ပြောပါတယ်။

နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အတွေ့အကြုံသာတဲ့ ထိုင်းအသင်းရဲ့ ပရိယာယ်ကို မလိုက်နိုင်ခဲ့ဘူးလို့လည်း ဦးအေးမောင်ကြီးက ပြောပါတယ်။

မြန်မာ့ ဘောလုံးလောက တချိန်ကလို ပြန်ဖြစ်ဖို့ ဆိုရင် ဘောလုံးကွင်းတွေ ထဲမှာ ကစားသမားတွေ များများ ရှိနေဖို့ လိုတယ်၊ ဘောလုံးသမားတွေ မွေးထုတ်ပေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အခုအခြေအနေမှာ ဘောလုံးလောက မျိုးဆက်ပြတ် သွားပြီဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲတွေ၊ ကျောင်းသား ပွဲတွေလည်း မရှိတော့တဲ့ အပြင် ကစားသမား တွေလည်း မရှိ၊ ဘောလုံးကွင်းလည်း မရှိ ဖြစ်နေတာကြောင့် ဒါတွေကို ပြန်လည် ထူထောင်ပေးသင့်တယ်လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ Photo: Myo thant Khaing/RFA

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ် မာန်အောင်မြို့နယ်ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ့ရဲ့ပါတီ က ရွေးချယ်လိုက်တာကို မကျေနပ်ကြတဲ့ ANP ပါတီဝင်တွေနဲ့ မြို့ခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဒေါက်တာအေးမောင်က မာန်အောင်မြို့ခံမဟုတ်တဲ့အတွက် ဒေသခံတွေကို ကိုယ်စားမပြုဘူးလို့ ဆန္ဒပြပွဲမှာပါဝင် တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP အတွင်းရေးမှူး ဦးတင်လတ်က ပြောပါတယ်။

"ကျနော်တို့ မာန်အောင်သားတွေဟာ နိုင်ငံရေးအရ မာန်အောင်သားတွေ လုပ်ခွင့်ရရှိရေး၊ မာန်အောင်မြို့ ရဲ့ကံကြမ္မာကို မာန်အောင်သားတွေ ဖန်တီးခွင့်ရရှိရေး၊ အခု ကျနော်တို့ဒေသခံမဟုတ်တဲ့ ဒေါက်တာအေးမောင် ကို လုံးဝအလိုမရှိတဲ့အကြောင်း မာန်အောင်သားတွေအနေနဲ့ ဆန္ဒပြခြင်းဖြစ်ပါတယ်"

ဆန္ဒပြပွဲမှာ မာန်အောင်မြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျေးရွာအတော်များများက ANP ပါတီဝင်တွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ဒေါက်တာအေးမောင်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မာန်အောင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဆန္ဒမဲပေးမှာမဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါ တယ်။

မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်းရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီး အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ဒေါက်တာအေးမောင်နဲ့ မာန်အောင်မြို့ခံ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာမှာ ဒေါက်တာအေးမောင် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲမှာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ထားရသူဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ဇွန်လ ၂၆ ရက်နေ့က ပဲခူးမြို့မှာကျင်းပစဉ် Photo: Kyaw Zaw Win/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၄၂ ယောက်စလုံး ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ကျန်တဲ့ NLD ကိုယ်စားလှယ်အားလုံး ဝင်ရောက်ဆွေးနွေးဖို့ အမည်စာရင်းပေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

"ကျနော်တို့ တော်တော်များများသွင်းပါတယ်၊ လူတိုင်းနီးပါးပေါ့နော်၊ ပြင်မယ့်ပုဒ်မတွေ ၄၃၆ ( က ) ထဲမှာပါတာရယ်၊ ၄၃၆ ( ခ ) ထဲမှာ ပါတာတွေကများတဲ့ အခါကျတော့ ကျနော်တို့လူအကုန်နီးပါးပါဘဲ၊ ဥက္ကဌတော့မပါဘူး၊ ကျန်တဲ့လူတွေကတော့ ကိုယ်ဆွေးနွေးမယ့် ပုဒ်မလေးတွေကို စာရင်းသွင်းထားပါတယ်၊ များသောအားဖြင့် ကတော့ ဥက္ကဌရဲ့လမ်းညွှန်မှုအောက်မှာ ရှိတဲ့အခါကျတော့ ကျနော်တို့ ကျန်တဲ့လူတွေ အကုန်ဆွေးနွေးပါတယ်"

ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်၊ ဦးနိုင်ငံလင်းနဲ့ ဒေါ်ခင်စန်းလှိုင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းထဲက အရေးကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)ကို အဓိကဆွေးနွေးသွား မယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းအပေါ် ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက မနက်ဖြန်နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော် ရုံးမှာ အမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese