06/21/15

ငွေစက္ကူသစ်ကို ဘယ်လောက်ရိုက်ထုတ်ပြီး လည်ပတ်နေတဲ့ငွေကြေးထဲက ဘယ်လောက်ကို ပြန်လည် ရုပ်သိမ်း မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးလို့ အစိုးရအနေနဲ့ လတ်တလော ဘဏ္ဍာရေး အကျပ်အတည်း ကို ဖြေရှင်းဖို့ ထွက်ပေါက်ရှာတဲ့ နည်းလမ်း တစ်ခု ဖြစ်လာနိုင်တယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း မတွင်ကျယ်သေးဘဲ လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေကအစ ပြည်ပကမှာ ယူတင်သွင်းနေရလို့ ဒေါ်လာဈေး တက်လိုက်ရင် သွက်သွက်ခါသွားတယ်။ ခုတစ်ခေါက် ဒေါ်လာဈေး အတက် ကြမ်းတာက အခြေခံလူတန်းစားကို ကိုင်လှုပ်လိုက်သလိုဖြစ်သွားပြီး “အထိနာ”တယ်။ ထူးခြားစွာပဲ ဒေါ်လာနဲ့ အပြိုင် ရွှေဈေးပါ လိုက်တက်ပေမယ့် အသေအချာ စောကြောလိုက်ရင် ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပြီး ပြည် တွင်းရွှေဈေးနှုန်းပဲ ထူးထူးကဲကဲ တက်သွားတယ်။ ဈေးနှုန်းပြောင်းလဲနှုန်း (rate of change) ကလည်း မြန်ဆန် လွန်းတာကြောင့် ရည်ရွယ်ချက်ရှိရှိ “ဈေးကစား”သလို ဖြစ်နေတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း ပြီးခဲ့တဲ့ရက်တွေက လှေစီးပြေးဒုက္ခသည် တွေအကြောင်း ဇာတ်ရှိန်မြင့် တက်ခဲ့ပြီး သူ တို့အကြောင်း “ရေချိန်”ပြန်အကျမှာပဲ ဒေါ်လာနဲ့ရွှေဈေး တစ်ဟုန်တိုးတက်တယ်။ ဒီအချိန်မှာ အငြင်းပွားဖွယ် မဲစာရင်းတွေ ထွက်ပေါ်လာပြီး လွှတ်တော်ဘက်ကို တစ်ချက်ကြည့်လိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းထွက်ပေါ်လာလို့ အာရုံလွှဲလိုက်တာလားဆိုတဲ့ အမြင်တစ်ခုဖြစ်လာ စေတယ် မဟုတ်ပါလား။…

ဒေါ်လာဈေးသာ အခိုက်အတန့်အားဖြင့် ပြန်လည်ကျဆင်းသွားပေမယ့် တက်သွားတဲ့ အခြေခံစားသောက် ကုန် ဈေးနှုန်းတွေ ကတော့ သောင်တင်နုန်းလိုပဲပြန်လည် ကျဆင်းသွားခြင်း မရှိတာကို တွေ့ရတယ်။ ပြည်ထောင်စု လွှတ်တော်ကလည်း ဗဟိုဘဏ်နဲ့ အစိုးရတာဝန်ရှိသူတွေကို ခေါ်ယူဆွေးနွေးခဲ့လို့ အစိုးရယန္တရားကိုပါ လှုပ်ခတ် သွားပုံရတယ်။ တစ်ဖက်မှာ ငွေကြေး အရောင်းအ၀ယ် ဈေးကွက်ထဲမှာလည်း ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ ကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းအပေါ် ဗဟိုဘဏ်အခန်းကဏ္ဍ၊ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး “ဆွဲထုတ်” ပြစရာ ၄ချက်ရှိလာတယ်။ ပထမအချက်က ဗဟိုဘဏ်ရဲ့နေ့စွဲအလိုက် ဆောင်ရွက်ချက် အချို့ဖြစ်ပြီး ဒုတိယအချက်က ဌာနဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်မှုဖြစ်ပါတယ်။ တတိယအချက်က ဈေးကွက်ထဲ ကိုဒေါ်လာ ဖြည့်တင်းပေးခြင်းဖြစ်ပြီး စတုတ္ထအချက်က ဈေးကွက်အနေအထားနဲ့ ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြစ်ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့အခါ ဗဟိုဘဏ်ရဲ့လတ်တလော ဆောင်ရွက်ချက် အချို့ရှိခဲ့ပေမယ့် အချိန် နဲ့တစ်ပြေးညီမရှိဘဲ ကိုင်တွယ်ပုံ သိသိသာသာ အားနည်းနေတာတွေ့ရတယ်။

– မေ ၁၁ရက် ညပိုင်းမှာ ပြည်တွင်း ပုဂ္ဂလိကဘဏ်များနဲ့ ငွေလဲကောင်တာတွေကို ခေါ်ယူသတိပေးခြင်း၊

– မေ ၁၃ရက်မှာ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေကို နေပြည်တော်ခေါ်ယူ အစည်းအဝေးပြုလုပ်ခြင်း၊

– မေ ၂၇ရက် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူတွေကို ငွေထုတ်ယူတဲ့အခါ ထက်ဝက်လျှော့ချပေးဖို့ ညွှန်ကြား ခြင်း၊

– မေ ၂၉ ရက် ပြည်တွင်းမှာ အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ ဒေါ်လာအပါ အ၀င် နိုင်ငံ ခြားငွေသုံးစွဲခွင့် မပြုဘဲ ကျပ်ငွေဖြင့် အသုံးပြုဖို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊

– ဇွန် ၁၁ရက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းအပေါ် အဖြေရှာဖို့ ပြည် ထောင်စု လွှတ်တော်၊ ဘဏ္ဍာရေး ၀န်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ တွေ့ဆုံဆွေးနွေး၊

– ဇွန် ၁၂ရက် ဗဟိုဘဏ်နဲ့ အစိုးရ တာဝန်ရှိသူတွေက ပြည်ပမှ စက်သုံးဆီ တင်သွင်းသူများကို တွေ့ဆုံဆွေး နွေး။

ဒေါ်လာတန်ဖိုးမြင့်တက်လာရတဲ့ အကြောင်းတွေနောက်ကွယ်မှာ အစိုးရအဖွဲ့အစည်းရဲ့နိုင်ငံခြားငွေ အသုံးလို အပ်ချက် မြင့်မားလာလို့ ၀န်ကြီးဌာနတွေ ကိုယ်တိုင်ဆင်းဝယ်နေတဲ့ သတင်းတွေထွက်လာတယ်။

နိုင်ငံတကာမှာတော့ အစိုးရဌာနတွေ နိုင်ငံခြားသုံးငွေ လိုက်လံဝယ်ယူ စုဆောင်းတဲ့ သတင်းမျိုးက မကြားမိ သလောက်ပါပဲ။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တယ်။

နောက်တစ်ချက်က ဗဟိုဘဏ်နဲ့ ၀န်ကြီးဌာန ဒေါ်လာအချိုးအစားကို နှိုင်းယှဉ် ချိန်ထိုးရတော့မယ်။ ဗဟိုဘဏ် ပိုင်တဲ့ ဒေါ်လာကနည်းနေပြီး ၀န်ကြီးဌာနတွေမှာရှိတဲ့ ဒေါ်လာကများနေရင် ဗဟိုဘဏ်ရဲ့ ၀န်ထုပ်ဝန်ပိုး ကို လျှော့ချပေး တဲ့အနေနဲ့ ဌာနဆိုင်ရာတွေက ဒေါ်လာတွေ ထုတ်ရောင်းပေးနိုင်မလားဆိုတဲ့အချက်က ဆွေးနွေးစ ရာဖြစ်လာတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဗဟိုဘဏ်နဲ့ အစိုးရဌာနတွေအကြား အချေအတင် အားပြိုင်မှု ပုံသဏ္ဌာန်တွေ ဖြစ်လာတတ်တယ်။

မြန်မာပြည် စီးပွားရေးမှာ ပုဂ္ဂလိက အခန်းကဏ္ဍ (SMEs အခန်းကဏ္ဍ)က သေးငယ်လို့ အစိုးရဌာနတွေက ဈေး ကွက်ထဲ ဆင်းဝယ်ရင် ဒေါ်လာဈေးခုန်တက်သွားတယ်။ ဒါကိုကျားကန်ပေးဖို့ ဗဟိုဘဏ်ဘက်က ကိုင်တွယ် ဆောင်ရွက်မှု နှေးကွေး တွန့်ဆုတ်နေတတ်တယ်။

ဗဟိုဘဏ်အနေနဲ့ အရင်က သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာတိုက်ရိုက်ရောင်းချပေးခြင်း မရှိဘဲ ပုဂ်္ဂလိက ဘဏ်တွေကိုပဲ ရောင်းချပေးခဲ့တယ်။ ခုတစ်ခါမှာတော့ ဗဟိုဘဏ်ဘက်က ထိန်းကျောင်းမှုခြေလှမ်း တစ်ရပ်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဒေါ်လာတွေ တိုက်ရိုက်ထုတ် ရောင်းပေးမယ်လို့ ဆိုလာတယ်။ ဒီအချက်ဟာ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များပြားတဲ့ တိုင်းပြည်စီးပွားရေးအပေါ် ဘယ်လို အကျိုးသက် ရောက်လာမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေးတက်နေတာကို ၀င်ထိန်းဖို့ဆိုရာမှာ ပြည်တွင်းဝယ်လိုအားကို အမြဲတစေ လိုသ လောက် ဖြည့်တင်းပေးနိုင်ဖို့အတွက် နိုင်ငံခြားအရန်ငွေ (Foreign Reserve) ခိုင်မာတောင့်တင်းဖို့ လိုအပ်ပါ တယ်။

၂၀၁၃ ခု၊ စက်တင်ဘာ ၁၉ ရက်မှာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေ ၇ဒသမ ၆ဘီလီယံရှိကြောင်းပြောဆိုခဲ့တယ်။ အစော ပိုင်းက ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဦး က မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားအရန်ငွေဒေါ်လာ ၈ ဘီလီယံကျော်ရှိတယ်လို့ ပြောဆိုခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင်လျော့ကျလာတယ်။

၂၀၁၅ ခု၊ ဖေဖော်ဝါရီလမှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဒေါ်လာ ၄ ဒသမ၅ ဘီလီယံသာ ကျန်ရှိတော့ကြောင်း ဖော်ပြထားတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ လျော့နည်းလာခြင်းအပေါ်မှာ ကောက်ချက်ဆွဲလိုက်ရင် ဒေါ်လာဈေးမြင့် တက် ခြင်းကို ဖြစ်ပေါ်စေသလို စီးပွားရေးပညာရှင်တွေက ဒေါ်လာဈေးတွေ ထပ်ပြီးတော့ တရိပ်ရိပ် တက်နေမယ်ဆို တဲ့ ခန့်မှန်းဟောကိန်းတွေကို မွေးဖွားပေးခဲ့တယ်။ ဒါကြောင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ဗဟို ဘဏ်က ဒါကို ထိန်းချုပ်မယ်ဆိုရင် နောက်ခံငွေကြေးအမာ တောင့်တောင့်တင်းတင်း ရှိရမယ်။ ဒီမှာက အကုန် လုံးဝယ်နေရတယ်။ ဒီအချိန်မှာ နိုင်ငံခြားငွေလိုမယ်။ မြန်မာနိုင်ငံမှာ လုံလုံလောက်လောက် ငွေနောက်ခံမရှိ တော့ ကျပ်တည်းတာပေါ့”လို့ ဆိုပါတယ်။

တကယ်တော့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အစီရင်ခံစာက ၂၀၁၄ ခုနှစ် အနေအထားကို ဖော်ပြထား တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ သွင်းကုန်များပြီး ပို့ကုန်နည်းနေလို့ ကုန်သွယ်ရေး လိုငွေတောက် လျှောက်ပြ နေ ပြီး ယေဘုယျအားဖြင့် နိုင်ငံခြားအရန်ငွေက တိုးလာမယ့်လက္ခဏာ မရှိဘဲ လျော့ကျသွားဖို့ပဲရှိတယ်။ အထူး သဖြင့် စက်သုံးဆီတင်သွင်းမှု မြင့်တက်နေခြင်းက ဒေါ်လာတွေ ပြည်ပကိုတိုက်ရိုက် စီးထွက်စေတဲ့ လမ်း ကြောင်း တစ်ခု ဖြစ်နေပြီး မော်တော်ယာဉ် တင်သွင်းမှုများပြားနေလို့ ကုစားနိုင်ဖို့ မလွယ်ဘူး။

ဒီလို အခြေအနေမျိုးမှာ ဗဟိုဘဏ်က ပြည်တွင်း ဒေါ်လာလိုအပ်ချက်တွေ ထပ်ဖြည့်ပေးရမယ်ဆိုတော့ မြန်မာ ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကို ကာကွယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိလာပြန်တယ်။

လက်ရှိငွေကြေးဈေးကွက်ထဲမှာ ဗဟိုဘဏ်ကိုင်တွယ်ပုံတွေက သိပ်ပြီး အလုပ်ဖြစ်ဟန်မရှိဘူးဆိုတာ ဈေးကွက် အခြေအနေက ဖော်ပြနေတယ်။

ဈေးနှုန်းအတက်အကျ မြန်ဆန်ကြမ်းတမ်းပြီး ဗဟိုဘဏ် ရည်ညွှန်းဈေးနှုန်းနဲ့အပြင် ပေါက်ဈေးကွာဟမှုကြီးမား လို့ အရောင်းပိတ်ခြင်း၊ မှောင်ခိုဈေးကွက် ကြီးထွားလာခြင်းအစရှိတဲ့ အကျိုးဆက်တွေ မီးခိုးကြွက်လျှောက် လိုက်လာတယ်။

ဝယ်လိုအား အဆမတန် များပြားပြီး အရောင်းမရှိသလောက်ဖြစ်သွားလို့ ဘဏ်တွေကိုယ်တိုင်က ပြင်ပဈေး ကွက်က ဒေါ်လာတွေ ၀ယ်ယူနေရတဲ့ သဘောလက္ခဏာ တွေရှိလာတယ်။ ဒေါ်လာရောင်းဝယ်မှု ပုံသဏ္ဌာန်ပါ ပြောင်းလဲလာပြီး ငွေစက္ကူ အရွက်လိုက်ရောင်းဝယ်မှုကနေပြီး account to account ပုံစံမျိုးနဲ့ ရောင်းဝယ်လာ ကြတယ်။ အပြင်ကို ဒေါ်လာငွေစက္ကူတွေ စီးထွက်သွားမှာကို စိုးရိမ်နေကြဟန်ရှိတယ်။

ဧရာဝတီဘဏ် တာဝန်ရှိသူတစ်ဦးက “လက်ရှိဘဏ်တွေအနေနဲ့ အခက်အခဲကတော့ ရှိတယ်။ ၀ယ်လိုအားနဲ့ ရောင်းလိုအား နေရာမှာပေါ့။ အပြင်ဈေးနှုန်းနဲ့ကလည်း အရမ်းကွာဟနေပြီး ကျွန်တော်တို့ကလည်း ဗဟိုဘဏ် စည်းကမ်းကို လိုက်နာနေရတော့ အပြင်လူတစ်ယောက်က ဘဏ်မှာလာဝယ်ပြီး Money Changer မှာ ပြန် ရောင်းရင်တောင် အမြတ်ကတော်တော်ရနေပြီ” လို့ ဆိုတယ်။

ဗဟိုဘဏ်သြဇာ ကျဆင်းလာပြီး တရားမ၀င်ဈေးကွက်ကို မထိန်းနိုင်တော့လို့ ဒေါ်လာဈေးတွေ အထိန်းအကွပ် မရှိဘဲ အတက်အကျ ကြမ်းလာတယ်။ အဓိက ပြဿနာက ဗဟိုဘဏ်အနေနဲ့ ပြည်တွင်း ၀ယ်လိုအားပေါ် လိုက်ပြီး ဒေါ်လာတွေကို ဖြည့်တင်းရောင်းချပေးနိုင်စွမ်း မရှိခြင်းဘဲ ဖြစ်ပါတယ်။

၂၀၁၅ခု၊ ဇွန်လထဲမှာ လက်ရှိအစိုးရ သက်တမ်းတစ်လျှောက် မကြုံဖူးသေးတဲ့ ဒေါ်လာဈေးနှုန်း အတက်ကြမ်း ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ တစ်ဒေါ်လာကိုကျပ် ၃၀ နီးပါးတက်သွားတယ်။ ပြည်တွင်းမှာ ဒေါ်လာအသုံးများ လာပြီး အ၀ယ်လိုက်သလောက် “ကာမိ”အောင် ဒေါ်လာအ၀င် နည်းပါးခဲ့တယ်။

ဗဟိုဘဏ်အနေနဲ့ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် လိုက်လျောညီထွေတဲ့ အလျှော့အတင်းတွေ ပြုလုပ် ဖို့လိုအပ်လာပြီလို့ ပုဂ္ဂလိကဘဏ်တွေ၊ ငွေလဲကောင်တာတွေဘက်က ထောက်ပြတယ်။

ဒီလို အနေအထားမျိုးမှာပဲ မြန်မာကျပ်ငွေရဲ့ အမြင့်ဆုံးငွေစက္ကူဖြစ်တဲ့ ကျပ်တစ်သောင်းတန်ကို လုံခြုံရေး အကြောင်းပြကာ ဇူလိုင် ၁ရက်ကစပြီး အသစ်ရိုက်ထုတ်တော့မှာဖြစ်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေက ခန့်မှန်းရ ခက်သွားပြန်တယ်။

ငွေစက္ကူသစ်ကို ဘယ်လောက်ရိုက်ထုတ်ပြီး လည်ပတ်နေတဲ့ ငွေကြေးထဲက ဘယ်လောက်ကို ပြန်လည်ရုပ် သိမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးလို့ အစိုးရအနေနဲ့ လတ်တလော ဘဏ္ဍာရေးအကျပ် အတည်းကို ဖြေရှင်းဖို့ ထွက်ပေါက်ရှာတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်။

ငွေစက္ကူရိုက်နှိပ်မှုပမာဏနဲ့ စီမံခန့်ခွဲမှုတွေ ဗဟိုဘဏ်ကွပ်ကဲမှုအောက် ဘယ်လောက်ရောက်နေသလဲ ဆိုတာ လည်း ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အနေအထားပါ။ ဒါကြောင့် နိုင်ငံတော်အမျိုးသားစီမံကိန်း နှစ်စဉ်ရသုံး မှန်းခြေငွေစာရင်းနှင့် အကောက်ခွန်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်စာရင်းစစ်ချုပ် ဦးအောင်သိန်းက ဘဏ္ဍာရေးဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းကို “ကျွန်တော်တို့ မသိဘဲငွေစက္ကူတွေ ရိုက်ထုတ်နေရင် ဘယ်လိုလုပ်ပြီး ငွေကြေးမူဝါဒကို ထိန်းချုပ်မလဲ” လို့ မေးခွန်းထုတ်ခဲ့ဖူးတယ်။

မြန်မာနိုင်ငံမှာ ဘဏ်အသုံးပြုသူ၊ ခရက်ဒစ်ကတ်သုံးစွဲသူ နည်းပါးသေးလို့ ငွေစက္ကူကိုပဲ အားထားသုံးစွဲနေကြ သေးတယ်။ ဒီအချက်က ငွေစက္ကူရိုက်ထုတ်ရေးကို တွန်းပို့နေတဲ့ အချက်တစ်ချက်ဖြစ်လာတယ်။ ဘဏ်အသုံး ပြုခြင်းနဲ့ ခရက်ဒစ်ကတ်သုံးစွဲခြင်းတွေ ကျယ်ပြန့်လာရင် ငွေစက္ကူရိုက်နှိပ်မှုကို ထိန်းကျောင်းပေးသွားမှာ ဖြစ်ပါ တယ်။

အားလုံးပြန်ချုံ့လိုက်ရင် ဗဟိုဘဏ်ရဲ့ ကိုင်တွယ်မှုတွေဟာ ဒေါ်လာဈေးမြင့်တက်ခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်း၊ ငွေစက္ကူရိုက်နှိပ်မှုတွေပေါ် သက်ရောက်မှု ရှိနေတယ်မဟုတ်ပါလား။

(ဇွန် ၁၄-ရက်၊ ၂၀၁၅ ခု။)

မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald

သတင်းမီဒီယာနည်းဥပဒေထုတ်ပြန်ပြီး ဖြစ်ပေမယ့် လွတ်လပ်စွာသတင်းယူခွင့် မရှိသေးတဲ့အပြင် မီဒီယာသမားတွေကို ဖမ်းဆီးအရေးယူမူတွေ ရှိနေသေးတယ်လို့ မီဒီယာသမားတွေနဲ့ လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကနေ ဇွန်လ ၁၇ ရက်နေ့က သတင်းမီဒီယာနည်းဥပဒေထုတ်ပြန်ခဲ့ပေမယ့် လက်ရှိသတင်းမီဒီယာသမားတွေအပေါ် တရာဆွဲဆိုမှုတွေ ရှိနေတဲ့အပေါ်ပြောကြားလိုက်တာပါ။

သတင်းမီဒီယာနည်းဥပဒေမှာ သတင်းမီဒီယာကောင်စီဖွဲ့ဖို့ကိုသာ အဓိကဖော်ပြထားပြီး အခန်း ၁၀ သတင်းအချက်အလက် စိစစ်ရေးသားဖော်ပြခြင်းအခန်းမှာ သတင်းရယူရာမှာ ဥပဒေပါတာဝန်နဲ့ ကျင့်ဝတ်တွေ ဖော်ဖျက်ခြင်း မရှိရဆိုတဲ့ အခန်းအပေါ် မီဒီယာသမားတွေက ဝေဖန်မှု ရှိပါတယ်။

သတင်း မီဒီယာသမားတွေကို တရားစွဲဆိုထောင်ချတာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဖြေလျှော့ပေးဖို့ တင်ပြခဲ့ပေမယ့် ဆက်ပြီး တရားစွဲဆိုတာတွေ ရှိနေတာဟာ အစိုးရက မီဒီယာကို ဖိနှိပ်တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က သုံးသပ်ပါတယ်။

သတင်းမီဒီယာဥပဒေအရ သတင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိလာရင် ညှိနှိုင်းဖြေရှင်းဖို့လိုပြီး
ညှိနှိုင်းလို့မရမှသာ တရားဥပဒေအရ ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဒုဥက္ကဋ္ဌ ဖိုးသောကြာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ဧပြီ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိက သတင်းစာ ဂျာနယ်တွေကို လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုခဲ့ပေမယ့်လည်း ယူနတီဂျာနယ်နဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပြင် လက်ရှိမှာလည်း တရားစွဲဆိုခံနေရတဲ့ သတင်းလောကသားတွေ ရှိနေပါတယ်။

လတ်တလောမှာလည်း အလဲဗန်းဂျနယ်က အယ်ဒီတာ ၁၇ ဦး ကို ပြန်ကြားရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲဆိုထားပါတယ်။

By ထွန်းထွန်းသိန်း/DVB
http://burmese.dvb.no/archives/98913

မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက်လုပ်ဆောင်သွားဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ပါတီဗဟိုကော်မတီက အပြီးသတ်ဆုံးဖြတ်မယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဒီတကြိမ် ပါတီဗဟိုကော်မတီစည်းဝေးပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်လောင်းရွေးချယ်မယ့် မူဘောင်စည်းမျဉ်းတချို့ ထုတ်ပြောခဲ့ပြီး ဒီထဲ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ သူ့ရဲ့ ပိုင်ဆိုင်မှု စီးပွားအင်အားတွေကို ချပြရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချပြခဲ့ရာမှာလည်း တိကျမှန်ကန်တဲ့ မဲစာရင်းဖြစ်ပေါ်လာဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံညှိနှိုင်း လုပ်ဆောင်သွားမယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် မူဝါဒများချမှတ်သွားမယ်၊ မဲစာရင်း စိစစ်ရေးကိစတွေကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာမှ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ကြေညာသွားမယ်လို့ အရင်ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုတင် လုပ်ကိုင်ဆောင်ရွက်နေတာကိုတော့ အခုစည်းဝေးပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။

အဖွဲ့ချုပ်က မဲစာရင်းစိစစ်ရေးလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ချိန်ဟာ နိုင်ငံတ၀န်း ကပ်ထားတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ အကြီးအကျယ် ကွဲလွဲ မှားယွင်းနေချိန် ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရဖို့နဲ့ အဖွဲ့ချုပ်ကို ပေးတဲ့မဲတွေ အဟောသိကံ မဖြစ်ရအောင် မဲစာရင်းကိစ္စ အင်တိုက်အားတိုက်လုပ်ဖို့ ဆုံးဖြတ်တာလို့ ပြောပါတယ်။

“မဲစာရင်းကြေညာတဲ့ ပထမ နှစ်သုတ်မှာ ကျနော်တို့ မြို့နယ်တိုင်း မြို့နယ်တိုင်း သွားစစ်တော့ အမှားတွေက အများကြီးပဲ၊ အမှားနည်းတဲ့ မြို့နယ်က ၃၀ ရာခိုင်နှုန်းရှိပြီး အမှားများတဲ့ မြို့နယ်က ၈၀ ရာခိုင်နှုန်း ရှိတယ်။ အဲ့ဒီလို အမှားအယွင်းတွေ များနေရင် နိုင်ငံသားတိုင်းရရမယ့် အခွင့်အရေး ဆုံးရှုံးနိုင်တယ်၊ တစ်အချက်၊ နှစ်အချက်က ကျနော်တို့ကို ထောက်ခံတဲ့ မဲတွေက အဟောသိကံ ဖြစ်မယ်။”

မဲစာရင်းကပ်တဲ့အခါ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မဲစာရင်းတွေ သွားရောက်ကူးယူပြီး တအိမ်တက်ဆင်း လိုက်လံမေးမြန်း တိုက်ဆိုင်စစ်ဆေးမယ်၊ အချက်အလက် မှားနေတာတွေ့ရင် ပြင်ဆင်ဖို့ တောင်းဆိုစေမယ် စတဲ့ လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဖွဲ့ချုပ် ပါတီဗဟိုကော်မတီစည်းဝေးပွဲကို ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမှာ ဇွန်၂၀ နဲ့ ၂၁ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။
.
Credit : DVB
http://burmese.dvb.no/archives/98926

dassk-conference-620

NLD ရဲ့ ၂ ရက်ကြာ ဗဟိုကော်မတီ အစည်းအဝေးအပြီး ဇွန်လ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ဖြစ်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ လည်း ချောချောမွေ့မွေ့ဖြစ်ရေးဟာ ဒီနှစ်အတွက် အရေးကြီးဆုံး ကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂ ရက်ကြာ ဗဟိုကော်မတီ အစည်းအဝေးအပြီး ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမတိုင်ခင်မှာ ပါတီဝင်တွေကို ပြောကြားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"၂၇ နှစ်ကာလတလျှောက်လုံးမှာ အခက်အခဲတွေနဲ့ ကျမတို့ရင်ဆိုင်ခဲ့ရတာပါ၊ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေ ကို ပြည်သူလူထုရဲ့ ထောက်ခံတန်ဖိုးထားမှုတွေနဲ့ ကျမတို့ ကျော်လွှားခဲ့ရပါတယ်၊ ဒီအတိုင်းပဲဆက်ပြီးတော့ ကျမတို့ ကျော်လွှားသွားရမှာဖြစ်ပါတယ်၊ အခုအချိန်မှာဆိုလို့ရှိရင် နိုင်ငံအတွင်းမှာ ဘယ်ကိစ္စတွေက သာမည ဘယ်ကိစ္စတွေက အဓိကဆိုတာဟာ ကျမတို့အားလုံးခွဲခြားမြင်ဖို့ဟာ အရေးကြီးပါတယ်၊ ဒီနှစ်မှာ တကယ် အဓိကကျတဲ့ကိစ္စကြီးကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ များ ချောချောမွေ့မွေ့ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ အားလုံးချောချောမွေ့မွေ့ ဆက်ပြီးတော့ဖြစ်ရေးပဲဖြစ်ပါတယ်"

ရွေးကောက်ပွဲအောင်နိုင်ရေးဟာ အန်အယ်လ်ဒီပါတီအတွက် မဟုတ်ပဲ ဒီမိုကရေစီ အောင်နိုင်ရေးအတွက်ဖြစ် တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ တသားတည်းရှိနေဖို့နဲ့ ခံရမယ့်အချိန်မှာ ရှေ့ကနေ ခံကြဖို့နဲ့ စံရမယ့်အချိန်မှာ အနောက်ကသာနေကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=ts



ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇ဝ ပြည့်မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ မနက်က ကျင်းပခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
Posted by RFA Burmese on Sunday, June 21, 2015


တရားရုံးချိန်း တက်ရောက်လာတဲ့ ကိုနေမျိုးဇင်ကိုယ်ပေါ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တီရှပ်အင်္ကျီကို ဒဂုံမြို့နယ် ရဲမှူးမှ အတင်းချွတ်ခိုင်းလို့ စကား အချေအတင် ပြောနေကြတဲ့ အဖြစ်အပျက်!

Video..Than Min Kyaw


ရန်ကုန်မြို့မှာလက်ရှိ ဆောက်လုပ်ခွင့်ပေးထားတဲ့ အဆောက်အဦးတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရမ်းအားနည်းနေတယ်လို့ အမြန်ဆုံးပြင်ဆင်သင့်နေပြီလို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကကျင်းပတဲ့ Yangon at the Seams - မနိုင်ဝန်ထမ်းနေရတဲ့ရန်ကုန်ဆိုတဲ့ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ ဘယ်လိုများ မနိုင်ဝန်ထမ်းနေရတာလဲ။

မနိုင်ဝန်ထမ်းနေရရှာတဲ့ရန်ကုန်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဗိသုကာအသင်းက ဒေါ်လှစုမြတ်က ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် အဆောက်အဦးတွေဆောက်ရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ချိန်ဆပြီး အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာပဲချပေးသင့်တယ်လို့ ဆိုပါတယ်။ မချိန်ဆဘဲ အခုအတိုင်းသာဆက်သွားနေရင် အစိုးရပိုင်းကပြောနေကြတဲ့ စင်္ကာပူလိုမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်လိုဖြစ်သွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ အဆောက်အဦးတွေဆောက်ရာမှာ မြန်မြန်ပြီးအောင်လို့ စတီးဖရိန်တွေနဲ့ဆောက်လာကြရာမှာ မီးဘေးအန္တရယ်အတွက်တော့ အကာကွယ်တွေပေးထားတာမရှိဘူးလို့ ဒေါ်လှစုမြတ်ကပြောပါတယ်။ မီးခံနိုင်ရည်အားမပါဘဲ ဈေးတွေနဲ့ကားပါကင်တွေပါ အများကြီးဆောက်လာကြပြီး မီးဘေးကျရောက်ခဲ့ရင်တော့ အဆောက်အဦးရော ပတ်ဝန်းကျင်ကိုပါ အန္တရယ်ရှိနိုင်လို့ မီးဘေးလုံခြုံမှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

နေ့စဉ်ကားကျပ်၊ ရေကြီးတဲ့ဒဏ်အပြင် လူသိပ်သည်းဆများတော့ လူမှုရေးပြဿနာတွေ အများကြီးရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့နေပြည်သူတွေအတွက် လက်ရှိအစိုးရပိုင်မြေတွေကို စုစည်းလေ့လာပြီးတော့ အဲဒီမြေတွေကတဆင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးသင့်နေပါပြီလို့ အကြံပေးခဲ့ပါတယ်။

Kamayut Media


ယခု၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ရမည်မှာ စနစ်ဖြစ်၏။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်ဖြစ်သည်။ စစ်အာဏာရှင်များကို ကိုယ်စားပြုသော ပြည်ခိုင်ဖြိုးလို ပါတီမျိုးကို မဲပေးစရာအကြောင်း မရှိပေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲ ကျင်းပတော့မည့် ၅ လတာ ကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အမြင် အမျိုးမျိုးကို သတင်းစာ၊ ဂျာနယ်များတွင် ရေး သားနေကြသည်။ ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်သော ဝေဖန် သုံးသပ်ချက်များကိုလည်း ကြားလာရပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြား ပါတီတွင်းနေရာ လုပွဲ၊ ခေါင်းဆောင်မှုလုပွဲများ ဖြစ်နေသလား။ ပါတီတွင်း အကွဲအပြဲများ ဖြစ်နေသလားဟု ထင်ကြေးပေးကြသည်။ ယခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြား မကြည်လင် မှုများကို ကြားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ဦးရွှေမန်းက သမ္မတ ဖြစ်ချင်သည်ဟု ပြောခဲ့သည်။ သမ္မတ ဦးသိန်းစိန်မှာ ပထမက ယခုသမ္မတ သက်တမ်းပြီးပါက အနားယူမည်ဟု ပြောခဲ့သော် လည်း နောက်ပြည်သူက ထောက်ခံလျှင် သမ္မတအဖြစ် ၀င်အရွေးခံမည်ဟု ဆိုပြန်သည်။ သမ္မတအကြံပေး ဦးနေဇင်လတ်က ပါတီ ထောင်ကာ အမတ်နေရာ ၄၀၀ အထိပင် ၀င်ယှဉ်မည်ဟု သတင်းကြားရသည်။ ယခင် စစ်ကောင်စီဟောင်း ဗိုလ်ချုပ်ထွန်းကြည်ပင် ပါဝင်မည်ဟု သတင်းများထွက်လာ၏။ နာယက လုပ်မည်ဆိုသော ဦးနေဇင်လတ်က လူဟောင်းများမပါ၊ လူသစ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ တပ်မတော် အရာရှိများလည်း ပါကြောင်းဆိုသည်။ ထိုအမျိုးသားပါတီ ထွက်ပေါ်လာကတည်းက ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲရှိနေပြီဟု သုံးသပ် ကြလေသည်။

တစ်နေ့က ဂျာနယ်တစ်စောင်က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိ၏အမြင်နှင့် သဘောထားကို မေးလာ ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ပါတီများသည် မည်သူကို သမ္မတတင်မည်၊ မည်သူကို ၀န်ကြီးများအဖြစ် လျာထားသည် ဆိုသည်ကို ကြေညာခြင်း မရှိသည်မှာ ဘာကြောင့်လဲ ဟု မေး၏။ ယခုကာလတွင် မှတ်ပုံတင်ထားသော ပါတီများမှာ အနည်းဆုံး ၃ နေရာတော့ ၀င်ပြိုင်ကြမည် ဖြစ်ပါသည်။ ငွေအင်အား၊ လူအင်အား တောင့်တင်းသော ပါတီကြီးများဖြစ်သည့် ပြည်ခိုင်ဖြိုး၊ တစညနှင့် NLD တို့မှာ ရွေးကောက်ပွဲ မဲဆန္ဒနယ် အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင် ဖို့ရှိသည်။ အထူးသဖြင့် ပါတီကြီး ၂ ခုမှာ တိုင်းရင်းသား ပြည်နယ် များ၌ပင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိလေသည်။ လွှတ်တော် အမတ်လောင်းများ အာမခံကြေး တင်ရသည်ကအစ စာရွက်စာတမ်းဖိုးပင် နည်းမည်မထင်ပေ။ မဲရုံတိုင်းတွင် ကိုယ်စားလှယ်လောင်းများ ထားရပေမည်။ မဲဆွယ်ဖို့ ပိုစတာများ၊ သင်ပုန်းများ စသည်တို့မှာလည်း နည်းမည်မဟုတ်။ အကုန်အကျ ခံနိုင်သော အမတ်လောင်းများ အဖို့ အပို့အကြိုလုပ်ခြင်း၊ လက်ဖက်ရည်တိုက်ခြင်း စသည်ဖြင့် လူထုကို စည်းရုံးကြပေမည်။ ၂၀၁၅ ရွေးကောက် ပွဲတွင် ပါတီများက သမ္မတလောင်းများကို ဦးစားပေး စန်းမတင်ဘဲ နေကြပါသလဲဟုလည်း မေးလာ၏။ မိမိကလည်း ယခုပြန်လည် ပြုလုပ်သော ပါတီစုံ ရွေးကောက်ပွဲ၌ လူပုဂ္ဂိုလ်ကို သမ္မတလောင်း အဖြစ် မကြေညာဘဲ ပါတီဝင်အဖြစ်သာ ကြေညာပြီး ယှဉ်ပြိုင်လာခြင်းမှာ အမေရိကန် ရွေးကောက်ပွဲလို မဟုတ်သောကြောင့်ဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲတွင် လူထုကသမ္မတကို ရွေးချယ်ပြီး ထိုသမ္မတက အစိုးရအဖွဲ့ဖွဲ့ဖို့ ရွေးချယ်လေသည်။ မြန်မာနိုင်ငံတွင်မူ လွှတ်တော်အမတ်များကို ရွေးကာ ထိုအရွေးခံရသော လွှတ်တော် အမတ်များက သမ္မတကို ရွေးချယ်တင်မြှောက်၏။ ပါတီများက အရေးပါလေသည်။ ငွေရှင် ကြေးရှင်များ နောက်ခံရှိသော အပြောကောင်း၊ ဟိတ်ဟန်ကောင်းသူမှာ သမ္မတ ဖြစ်နိုင်လေသည်။ ရှေ့အုပ်ချုပ် သွားသော သမ္မတ၏ ညံ့ဖျင်းမှုကြောင့်လည်း သမ္မတ အပြောင်းအလဲကို ရွေးချယ် တတ်ကြသည်။ အကြမ်းဖက် တိုက်ဖျက်မှုကို ဟစ်ကြွေးခဲ့၍ သမ္မတ ဂျော့ဒဗလျူဘုရှ် အပြတ်အသတ် အနိုင်ရခဲ့သလို စစ်နယ်ကျွံနေသော အီရတ်နှင့် အာဖဂန်မှ အမေရိကန်တပ်များကို ဇောင်းတင်ခဲ့သော ဒီမိုကရက်တစ်ပါတီမှ သမ္မတ အိုဘားမားမှာလည်း အနိုင်ရခဲ့လေသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သော် လည်း ပြည်ခိုင်ဖြိုးမှ သမ္မတလောင်းကိုမူ လူထုက စိတ်ဝင်စားမှုနည်း၏။ ကန့်သတ်သော ဥပဒေများ မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြတ်အသတ်ပင် သမ္မတ ဖြစ်လာနိုင်သည်။ စစ်အာဏာရှင်များသည် ၂၀၀၃ ညောင်နှစ်ပင် ညီလာခံ ကျင်းပကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ရေပက်မ၀င်အောင် စစ်အာဏာရှင် များအတွက် ရေးဆွဲခဲ့သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဖို့အတွက် ထိုရေးဆွဲသော ဖွဲ့စည်းပုံထဲတွင် ကန့်သတ်ထားသဖြင့် ဒေါ်အောင်ဆန်း စုကြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်သရွေ့ မြန်မာနိုင်ငံတွင် မည်သို့မျှ သမ္မတ မဖြစ်နိုင်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ထဲတွင်သာ ကြိုးစားမည်။ တခြားနည်းလမ်းကို လက်မခံ။ အထူးသဖြင့် လူထုတိုက်ပွဲများမှာ အစိုးရနှင့် ထိပ်တိုက်တွေ့ခြင်း ဖြစ်သည်ဆိုသော ဒီမိုကရေစီကို အခြေမခံသည့် သဘောထားများ ဖြစ်လေ သည်။ စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မပေး။ လူထုနည်းဖြင့် ပြင်မည်ဆိုသော် လည်း ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားနှင့် လားလားမျှ မကိုက်ညီတော့ပေ။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဗကသ၊ တကသများက ချီတက်ဆန္ဒပြကြသည်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်မခံ၊ ဆန့်ကျင်သည့် အပြုအမူ အရိပ်အယောင်များပင် မြင်နေရလေသည်။ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား များပင်လျှင် ကျောင်းသား ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ တိုက်ပွဲဝင်ခြင်းကိုပင် အကြမ်းဖက် တိုက်ပွဲလိုလို သဘောထား လာကြသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော်က မပြင်ပေးလျှင် မပြင်နိုင်တော့ပေ။ ထို့ကြောင့် ဒီမိုကရေစီသည် လိုက်လေဝေးလေ ဖြစ်နေပါတော့သည်။

၂၀၁၅ ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်များကို အခြေခံသော ရွေးကောက်ပွဲ မဖြစ်နိုင်တော့ပေ။ ဒေါ်အောင်ဆန်း စုကြည်သာ သမ္မတ အရွေးခံခွင့်ရှိလျှင် NLD မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖြင့် အနိုင်ရရှိနိုင်လေသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ရမည်မှာ စနစ်ဖြစ်၏။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်ဖြစ်သည်။ စစ်အာဏာရှင်များကို ကိုယ်စားပြုသော ပြည်ခိုင်ဖြိုးလို ပါတီမျိုးကို မဲပေးစရာ အကြောင်းမရှိပေ။ တစ်ချိန်တည်းတွင် လက်ရှိစစ်ဗိုလ်ချုပ် တစ်ဒါဇင်နီးပါးက တပ်မှထွက်ပြီး ရွေးကောက်ပွဲဝင် မည်ဟု ကြေညာသွား၏။ တပ်ချုပ်ကိုယ်တိုင်ပင် ပါဝင်နိုင်ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကမူ ၀င်ပြိုင်မည်ဟု ကြေညာ သွားသောကြောင့် သူတို့သည် ဦးစီးချုပ် ရွေးချယ်မည့် တစ်မတ်သားထဲ မပါတော့ဘဲ လူထု ရွေးချယ်မည့် သုံးမတ်သားထဲ ပါဝင်သွားတော့သည်။ ထိုသို့ ၀င်ပြိုင်လျှင်လည်း ပြည်ခိုင်ဖြိုးပါတီမှာ စစ်တပ်ပါတီအဖြစ် လူထုမည်မျှ ထောက်ခံမည်ကို လာမည့် ၅ လတွင် သိရှိရပေမည်။ လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ကျော်က ပါလီမန် ရွေးကောက်ပွဲများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ဆွဲသော ဖဆပလကို မဲပေးကြ လေသည်။ နောက် ဦးနု၊ ဦးဗဆွေ၊ သခင်ကျော်ဒွန်းစသော ပုဂ္ဂိုလ်ကြီးများ၏ ကျော်ကြားမှုများဖြင့်လည်း မဲပြိုင်ကြသည်။ ဦးနုသည် သူရွေးသောအရောင်၊ သူ့ပုံနှင့်ပင် တည်မြဲဖဆပလကို ယှဉ်ပြိုင်သည်။ လူထုက ပုဂ္ဂိုလ်ကို အခြေပြုပြီးဦးနုကို မဲထည့်ခဲ့ကြပါသည်။ ဤသည်မှာ တည်မြဲဖဆပလအပေါ် မုန်းတီးမှုကြောင့် ဦးနု၏ သန့်ရှင်း ဖဆပလမှာ ၀က်ဝက်ကွဲ နိုင်သွားခြင်းဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင်လည်း ထိုအခြေအနေနှင့် ဆင်တူပါသည်။ NLD ကို ဒီမိုကရေစီ အရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားမည့် ပါတီဟု ယူဆကာ မဲထည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂ နှစ်ကျော်၊ ၃ နှစ်ခန့် ပေါင်းကြည့်သောအခါ NLD သည် အားမှ အားကိုးရပါ့မလားဟု သံသယဖြစ်စရာများနှင့် ကြုံလာလေသည်။

၂၀၁၂ ခုနှစ်က ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို နာခံကာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင့်သုံး၍ ရွေးကောက်ပွဲထဲ ၀င်လာသော NLD သည် ယခုဒုတိယအကြိမ် ရွေးကောက်ပွဲ ရောက်သည်အထိ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိထိရောက်ရောက် ဘာမျှမလုပ်နိုင်ခဲ့ပေ။ လူထုတိုက်ပွဲများကိုလည်း ထောက်ခံခြင်း၊ အားပေးခြင်း၊ ရပ်တည်ခြင်း ဘာမှမရှိခဲ့။ လက်ပံတောင်းတောင်လို ကိစ္စမျိုးတွင် ဒေသခံများ၏ ဆန့်ကျင်မှုကိုပင် ခံခဲ့ရသည်။ အထူးသဖြင့် အစိုးရ၊ စစ်တပ်တို့နှင့် ထိပ်တိုက်မတွေ့။ သူတို့၏ ငြိုငြင်မှုကိုမခံ ယူလိုပေ။ ထို့ကြောင့် NLD အပေါ် လူထုသည် ယခင်ကလောက် အားကိုးတကြီး မရှိကြတော့ပေ။ သို့သော် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကဒီမိုကရေစီ ဘက်တော်သားများအဖြစ် လက်ခံထားဆဲ ဖြစ်သည်။ ၈၈ မျိုးဆက်ကိုလည်း ဒီမိုကရေစီ ဘက်တော်သားများအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းမှာ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသည့် အခင်းအကျင်း ဖြစ်ပါသည်။ ကျားကုတ်ကျားခဲ အနိုင်ရအောင် တိုက်နေသည့် အခြေ အနေ မဟုတ်သည့်တိုင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေချိန်ဖြစ်သည်။ ထိုအခြေအနေတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ကျားကုတ်ကျားခဲ နည်းပေါင်းစုံဖြင့် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချက်မရှိပေ။ စစ်အာဏာရှင် ဘက်တော်သားများနှင့် ညှိနှိုင်းမှုများ လုပ်မည်။ ထိပ်တိုက် ရင်မဆိုင်ရေးနှင့် လမ်းပေါ်တွင် လူထုတိုက်ပွဲဆင်နွှဲရေးကို ဆန့်ကျင်မည်။ ထိုသို့တိုက်ရင်း မည်မျှကြာသည်ဖြစ်စေ စိတ်ရှည်လက်ရှည် သည်းခံကာ ဒီမိုကရေစီရအောင် ကြိုးပမ်းမည်ဟု ဆုံးဖြတ်ထားပုံ ရသည်အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများမှာမူ ရာစုနှစ်တစ်ဝက်ကျော် သည်းခံခဲ့ရကာ အသက် သွေးချွေးများ စတေးခဲ့ရသောကြောင့် နည်းလမ်းပေါင်းစုံနှင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။ ထိုသို့ ဒီမိုကရေစီ တိုက်ပွဲကို ခေါင်းဆောင်မည့်ပါတီ၊ ခေါင်းဆောင်ကိုသာ လိုချင်ကြသည်။ အလေးထားကြပါသည်။ ယခုအထိ ပြည်သူက NLD ပါတီကို ဒီမိုကရေစီဘက်မှရပ်သော ပါတီအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီမိုကရေစီခေါင်းဆောင်အဖြစ် လူထုက သတ်မှတ်ထားဆဲ ဖြစ်၏။ သို့သော် ယခင်လောက် ဒီမိုကရေစီအတွက် မည်သည့်နည်းလမ်းနှင့်မဆို ရအောင်တိုက်ပွဲဝင်မည့် ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ပုံအောနိုင်စွမ်း ပြည်သူလူထုတွင် မရှိတော့ပေ။ အလုပ်သမား တိုက်ပွဲများ၊ သပိတ်မှောက် ဆန္ဒပြပွဲများအပေါ် NLD ၏ ရပ်တည်ချက်မှာ အလုပ်သမားများ လက်ခံနိုင်သော အချက်မဟုတ်သလို လယ်သမားများ မြေသိမ်းခံရမှုတွင်လည်း ပြတ်သားသော သဘောထားမပေးသဖြင့် NLD အပေါ် ယခင်ကလို ပုံအော၍ ယုံကြည်နိုင်စွမ်း မရှိတော့။ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားများမှာမူ ပို၍ပင် စိတ်ကုန် သွားလေသည်။ လက်ပံတန်းကိစ္စတွင် ကျောင်းသား များအပေါ် ရပ်တည်ချက်မှာ ကျောင်းသားများကို ဒဏ်ရာ ရသွားစေသည်။ မည်သို့ပင်ဖြစ်စေ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့နှင့် သူနိုင်ကိုယ်နိုင် တိုက်ရမည့်ပွဲ ဖြစ်သည်။ NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံခွင့်ရလျှင် အရေးကြီးသော်လည်း ပြည်ခိုင်ဖြိုးအတွက်မူ မည်သူပင် သမ္မတအဖြစ် အရွေးခံခံလူထုက စိတ်ဝင်စားမှုမရှိပေ။ ပြည်သူက ၂၀၀၈ ဖွဲ့စည်းပုံကို ရသည့်နည်းဖြင့် ပြင်ဆင်မည်ဆိုလျှင် ထိုပုဂ္ဂိုလ်၊ ထိုအဖွဲ့အစည်းကို မဲပေးမည်ဖြစ်ပါသည်။ အရှင်းဆုံး ပြောရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မည့် မဲပုံးနှင့် မပြင်ဆင်သည့်မဲပုံး ထောင်ထားပါက ပြင်ဆင် သည့်မဲပုံးမှာ လျှံကျသွားပေမည်။ ထိုသို့ အနေအထားတွင် လွန်ခဲ့သော ၂၆နှစ်က ပုံစံမျိုး၊ လွန်ခဲ့သော ၃-၄ နှစ်က ပုံစံမျိုးအတိုင်း မိမိတို့သာ သပိတ်ဝင်အိတ်ဝင် အနိုင်ရမည်ဟု ထင်ထားလျှင် နှာခေါင်းကျည်ပွေ့ တွေ့ သွားနိုင်သောကြောင့် ပြည်သူကိုစည်းရုံးဖို့၊ ပြည်သူ၏ဆန္ဒအတိုင်း ရပ်တည်ဖို့ လိုအပ်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarheraldhttps://www.facebook.com/myanmarherald

ရာထူးသက်တမ်း ကုန်ခါနီးမှာ စီမံကိန်းတွေချ၊ လုပ်ချင်တာတွေ လုပ်သွားရော။ အဲဒီတော့ နောက်အစိုးရ လက်ထက်မှာ ပြဿနာတွေ ကျန်ရစ်ခဲ့မှာကိုစိုးတယ်။ ဆက်လုပ်မယ်ဆိုရင် မှားလိမ့်မယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ အစီရင်ခံစာ””အဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်းစီမံကိန်းတွင် ပါဝင်သည့် နေရာ ၇ ခု အနက် ဦးစားပေးအဆင့် ၂ မြေနေရာမှာ ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ရုပ်သိမ်းခဲ့သည့်ရန်ကုန် မြို့သစ် စီမံကိန်း ဧရိယာ ပါဝင်သည့် မြေနေရာ ဖြစ်နေသော်လည်း ယင်းရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ဇွန်လ ၁၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပေးလိုက်သည်။

ထို့အပြင်ပြီးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူထားသည့် ရေကူးအသံလွှင့်ရုံ စီမံကိန်း အား ပြည်ထောင် စုလွှတ်တော်က ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သော်လည်း နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရန် စီမံဆောင် ရွက်မည်ဖြစ်ေ ကြာင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းက ဇွန် ၁၀ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းပြန်ကြားခဲ့သည်။

ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် သက်တမ်း ၅ လသာ ကျန်ရှိတော့ချိန်တွင် ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှု အားနည်းကာ ပြည်သူတို့၏ အကျိုးခံစားခွင့် ရေရာခြင်းမရှိ၍ ကန့်ကွက်မှုများပြားသည့် စီမံကိန်းများအား အကောင်အထည်ဖော်လိုနေခြင်းအပေါ် မေးခွန်းထုတ် ဝေဖန်ပြောဆိုမှုများ ပေါ်ထွက် လာခဲ့ရာယင်းဝေဖန် ပြောဆိုမှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။

ရှိန်းဝေနောင်

● ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အစိုးရက သက်တမ်းကုန်ခါနီးတဲ့ အခါကျတော့ သူအဆင်ပြေသလို လွှတ်တော်ကို သိပ်ဂရုမစိုက်တော့ဘဲနဲ့ လုပ်နေတဲ့ သဘောပေါ့နော်။ ပြည်သူ့ဆန္ဒတွေကိုလည်း သူတို့အလေးမထားတော့တဲ့ သဘောပဲ။ အခု နောက်ပိုင်းတော့လေ။ သူတို့ရဲ့သက်တမ်း၊ လက်ကျန်သက်တမ်း ကာလအတွင်းမှာ သူတို့ရည်မှန်း ထားတာတွေ အကုန်ဖြစ်ဖို့အတွက်ကို အစွမ်းကုန်ကြိုးစားနေတဲ့ သဘောပဲပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ ချိုးဖောက်လို့မရဘူးပေါ့။ အဲဒီတော့ ငါ့သက်တမ်းအတွင်း ငါဖြစ်အောင် လုပ်သွားမယ် ဆိုပြီး ဖြစ်အောင် ဘယ်လောက်ပဲ လုပ်လုပ်ပေါ့နော်။ နောက်အစိုးရ လက်ထက်ရောက်လို့ရှိရင် အခုသက်တမ်း အတွင်းမှာ တကယ်လို့ ဥပဒေနဲ့မညီဘဲ လုပ်ထားတာတွေက နောက်အစိုးရ သက်တမ်းရောက်လို့ရှိရင် သူကပြန်ပြီး တာဝန်ခံရမှာလေ။ အဲဒါကိုတော့ အစိုးရအဖွဲ့ကို မမေ့စေချင်ဘူး။ အခု အာဏာရှိတုန်း လုပ်ထားတာတွေက တစ်သက်လုံး ကင်းလွတ်မှာမဟုတ်ဘူး။ နောက်အစိုးရ လက်ထက်ကျရင် တာဝန်ရှိမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိတယ်လေ။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့လိုတာပေါ့။ အခုရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာဆိုရင် လွှတ်တော်ရဲ့ တည်ဆဲ ဥပဒေတွေရော၊ နည်းဥပဒေတွေရော အဲဒါတွေနဲ့ ဆန်းစစ်ကြည့်လို့ရှိရင် အများကြီး မေးခွန်းထုတ်စရာတွေ ရှိနေ တယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့သစ် စီမံကိန်းမှန်တယ်။ ဒါပေမဲ့ အစိုးရက သမ္မတကြီး ဖျက်သိမ်းဖို့ ညွှန်ကြားထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို နောက်ထပ် နည်းလမ်းတစ်ခုနဲ့ နောက်နာမည်တစ်ခုနဲ့ တင်လိုက် တယ်ပေါ့နော်။ နောက်နည်းလမ်းတစ်ခုနဲ့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်ပေါ့။ ဒါသမ္မတကြီးကို ညာရာ ရောက်သလို ပြည်သူလူထုကိုလည်း ညာရာ ရောက်တယ်လေ။ ဒါ့ကြောင့် ဒါဟာမဖြစ်သင့်ဘူး။ လူထုအတွက် အကျိုးရှိမယ်လို့ ပါးစပ်ကတော့ ပြောတာပဲပေါ့။ ဒါပေမဲ့ လုပ်နည်း လုပ်ဟန်တွေ ကြည့်တာတော့ ပြည်သူလူထု အတွက် အနည်းဆုံး အနှစ်၂၀ ပြည်သူလူထုအတွက် အကျိုးရှိစရာ အကြောင်းတော့ မရှိဘူး။ လက်တစ်ဆုပ်စာ ပိုက်ဆံရှိတဲ့ လူတန်းစား ခရိုနီတွေအတွက်ပဲ အကျိုးရှိမယ့် စီမံကိန်းတွေပဲ ဖြစ်တယ်။

● ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

လက်ရှိအာဏာကို ရယူထားတဲ့ အစိုးရအနေနဲ့က ရွေးကောက်ပွဲလည်း နီးလာပြီ၊ သက်တမ်းလည်း ကုန်ခါနီးမှာ အခုလိုလွှဲတာတွေ ပြောင်းတာတွေနဲ့ တည်ဆောက်တာတွေ လုပ်နေမယ်ဆိုရင် နောက်အစိုးရ သက်တမ်းမှာ ဒီဟာတွေက ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်လာမယ်။ အဲဒီလိုဖြေရှင်းရတာ ရိုးရိုးဖြေရှင်းရတာဆိုရင် အကြောင်း မဟုတ်ဘူးပေါ့ဗျာ။ အငြင်းပွားမှုတွေ ဖြစ်လာရင် တိုင်းပြည်လည်း နစ်နာမယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာ ကပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ စီမံကိန်းတွေကို မလုပ်ဘဲနဲ့ ရပ်တန့်ထားခြင်းဖြင့် အကျိုးရှိအောင် လုပ်စေ ချင်တယ်။ နောက်ပြီးတော့ လွှတ်တော် အဆင့်ဆင့်ကလည်း ဒီကိစ္စကို အရေးပေါ် အဆိုတင်သွင်းပြီးတော့ ဟန့်တားပေးဖို့လိုတယ်။ မဟုတ်လို့ရှိရင်တော့ ပြဿနာတွေ တသီတတန်းနဲ့ မြင်မကောင်း၊ ရှုမကောင်းတွေ ကြားနေရမယ်၊ မြင်နေရမယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ မလုပ်သင့်ဘူးလို့တော့ ကျွန်တော်တို့က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာထူးသက်တမ်း ကုန်ခါနီးမှာ စီမံကိန်းတွေချ၊ လုပ်ချင်တာတွေ လုပ်သွားရော။ အဲဒီတော့ နောက်အစိုးရ လက်ထက်မှာ ပြဿနာတွေ ကျန်ရစ်ခဲ့မှာကိုစိုးတယ်။ ဆက်လုပ်မယ်ဆိုရင် မှားလိမ့်မယ်လို့ပဲ ပြောချင်တယ်။

● ဦးအေးသာအောင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ)

ဒါတွေက စီးပွားရေးလုပ်ကွက် တစ်ခုအနေနဲ့ ဖန်တီးပြီးတော့ ငွေရှင်ကြေးရှင်တွေက လုပ်နေတယ်။ ဒါတွေကို တားဆီးဖို့အတွက် မလိုအပ်ဘဲနဲ့ လုပ်နေတယ်လို့ တစ်ဖက်ကလည်း တားဆီးလာတယ်။ ဒီလို တားထားတဲ့ ကိစ္စကိုပဲဖြစ်အောင် ရန်ကုန်တိုင်းကနေ လုပ်လိုက်တယ်ဆိုတော့ ဒါမဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်ပါ တယ်။ တကယ်ပဲ ရန်ကုန်ကို ဒီလောက်ထိ တိုးချဲ့ဖို့လိုနေပြီလား။ ကျွန်တော်တို့ကတော့ လိုမယ်မထင်ဘူး။ အဲဒီတော့ ဒါတွေက တာဝန်ရှိတဲ့လူတွေနဲ့ ငွေကြေးကြီး ပွားချမ်းသာတဲ့လူတွေက အကျိုးစီးပွား ဆက်စပ်ပြီးတော့ လုပ်နေကြတယ်။ ရန်ကုန်မြို့စည်ပင် သာယာဖို့၊ ပြည်သူတို့ရဲ့ အနေအထား ကောင်းမွန် လာဖို့ထက် လုပ်ကိုင်ဆောင်ရွက်တဲ့ လူတွေရဲ့ အကျိုးစီးပွားကိုမူတည်ပြီးတော့ လုပ်နေကြတယ်။ ဒါကြောင့် ဒါအရင် စစ်အစိုးရလက်ထက်က လုပ်တဲ့အတိုင်း လုပ်နေတဲ့အပေါ်မှာ ဒါတွေဟာပြင်သင့်ပြီ။ တကယ့်တကယ် မလိုအပ်ဘဲနဲ့ မြို့သစ်ချဲ့တာ၊ လုပ်တာမျိုးတွေ မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။

● ဦးဘိုဘိုကျော်ငြိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ယေဘုယျအားဖြင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့ကျတော့ အဓိကပွင့်လင်းမြင်သာမှု မရှိလို့။ ဦးသိန်းစိန်အစိုးရ ကလည်း တကယ်တမ်းကျတော့ ဦးသန်းရွှေရဲ့ဗျူရိုကရေစီနဲ့ပဲ လုပ်ရတာကိုး။ ဒေါ်စုတက်လည်း ဒီဗျူရိုကရေစီနဲ့ပဲ လုပ်ရမှာကိုး။ ဒီဗျူရိုကရေစီမှာက လာဘ်စားမှုက အတွင်းလှိုက်စားနေတာကိုး။ အဲဒီလို တစ်ဖက်က လာဘ်စားမှုရှိနေတယ်။ တစ်ဖက်က ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် သူတို့အထဲမှာ ဘာဖြစ်နေလဲ ဆိုတာ ဘယ်သူမှမသိဘူး။ မစွပ်စွဲချင်ဘူး။ ဒါပေမဲ့ မဖြစ်သင့်တာတွေ ဖြစ်ဖို့များတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မှောင်ထဲမှာဆိုတော့ လူကလုပ်ချင်တာ လုပ်လို့ရတယ်၊ အလင်းထဲမှာတော့ လုပ်ချင်တာလုပ်လို့မရဘူးပေါ့။ ဒါကြောင့် ကန့်ကွက်မှုတွေ ရှိနေတယ်။ ကန့်ကွက်မှုရှိတိုင်း မလုပ်ရဘူးလို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ပွင့်လင်း မှုရှိရမယ်။ မှန်ကန်မှုရှိရမယ်။

● ဒေါ်စန္ဒာမင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ရန်ကုန်တိုင်းလွှတ်တော်ကြီးက လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ဒုတိယအကြိမ် ဘာဖြစ်လို့ ပြန်လုပ်တာလဲ ဆိုတာ သူတို့ရဲ့လုပ်ထုံးလုပ်နည်းနဲ့တောင် ညီညွတ်ရဲ့လားဆိုတာ ပြန်ပြောချင်တယ်။ အားလုံးကလည်း ကန့်ကွက်ထားပြီးသား၊ လွှတ်တော်ကလည်း ဆုံးဖြတ်ထားပြီးသား ဒီကိစ္စကို။ နောက်ဆုံး ပြောချင်တာက လွှတ်တော်က ဆုံးဖြတ်ထားပြီးသားကို ဒီလိုဗလောင်းဗလဲ လုပ်တယ်ဆိုရင် အဲဒီအစိုးရ၊ အဲဒီလွှတ်တော်မှာ လူထုရဲ့ယုံကြည်မှုတွေ ရှိတော့မှာ မဟုတ်ဘူး။ ရန်ကုန်မြို့သစ် စီမံကိန်းက မလုပ်စေချင်တာ မဟုတ်ဘူး။ မြို့သစ်စီမံကိန်းကို လုပ်မယ့်လူတွေရဲ့ နောက်ကွယ်က လုပ်လာမယ့်ကိစ္စမျိုးတွေကို လူထုက အယုံအကြည် မရှိတာ။ အဓိကက လုပ်ပိုင်ခွင့်ရတဲ့သူက တာဝန်ခံမှုရှိနိုင်ရမယ်။ လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ အစိုးရက တာဝန်ခံမှု ရှိနိုင်ရမယ်။ နောက်တစ်ခုက အခုအစိုးရ လက်ထက်မှာ ဒီလိုလုပ်သွားပေမယ့် နောက်အစိုးရလက်ထက် ကျလို့ရှိရင် သဘောတူချင်မှလည်း သဘောတူမှာလေ။ အခုစီမံကိန်းချလိုက်လည်း နောက်၅လအတွင်း သူတို့ အကောင်အထည် ဖော်မှာလား။ ၅ လအတွင်း ပြီးမှာလား။ အဲဒီတော့ နောက်အစိုးရ မကြိုက်ရင် ဖျက်လိုက် မှာပေါ့။ ဥပဒေစည်းမျဉ်းနဲ့ မညီဘူးဆိုရင် နောက်အစိုးရက ဖျက်လိုက်မှာပေါ့။

● ဒေါက်တာမောင်မောင်စိုး (စီးပွားရေးပညာရှင်)

ဒါမြို့ပြဖွံ့ဖြိုးရေးလို့ခေါ်တယ်။ မြို့ပြဖွံ့ဖြိုးရေးဆိုတော့ မြေလွတ်မြေရိုင်းတွေ ရှိမယ်ဆိုလို့ရှိရင် တကယ်တမ်း တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ဒါဟာလုပ်ကို လုပ်ရတော့မယ်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ကိုလုပ်ရမယ်။ လုပ်နိုင်တဲ့သူကိုလည်း ပေးရမယ်။ အဲဒါကတော့ ပေါ်လစီပိုင်းအရတော့ လက်ခံပါတယ်။ ပုဂ်္ဂလိကကို ရောင်စားလိုက်တဲ့ သဘောမျိုးတော့ မဟုတ်ဘူးနော်။ ဥပမာအစိုးရက မြေနေရာတစ်ခုကို ပုဂ္ဂလိကကို စာချုပ်စာတမ်းနဲ့ နှစ်အလိုက်ငှားတာပေါ့ဗျာ။ အဲဒီလိုငှားလိုက်တဲ့ အပေါ်မှာ ဘာကြောင့်ငှားတာလဲ ဆိုတဲ့ ရည်ရွယ်ချက်ရှိရတယ်။ အဲဒီ ရည်ရွယ်ချက်က တိုင်းပြည်အတွက်လည်း အကျိုးရှိရမယ်။ ဒီမြေကို ရောင်းစားတယ် ဆိုတဲ့အမြင်ကိုမရှိစေရဘူး။ ပြီးတော့ နှစ်ရှည်လုပ်ခွင့် ရှိတယ်။ နှစ်ရှည်လုပ်တာ ဘာရည် ရွယ်ချက်လဲ ဆိုတာရှိရမယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရန်ကုန် ဇွန် ၂၁ ။ ။ ဒဂုံစီးတီး စီမံကိန်း လုံးဝဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဂတိပြုခဲ့ကြောင်း ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် ဥိးဆောင် ဆရာတော် ဦးနေမိန္ဒက ဇွန်လ ၂၁ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

"လုံးဝဖျက်သိမ်းပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ၁၅ရက်လောက်တော့ အခုလုပ်နေတဲ့ လက်ကမ်းစာစောင်၊ အခွေ ဝေတာတွေ ကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတဲ့ အမှန်တစ်ကယ် ဘုန်းကြီးတို့က ၇ရက်တွင်း စီမံကိန်းပယ်ဖျက်တဲ့ အမိန့်ကို ထုတ်ပြန်ခိုင်းပေမယ့် သူတို့က ၁၅ရက်လောက် စောင့်ပါဆိုလို့ ၁၅ရက်ထိ စောင့်ဖို့ သဘောတူခဲ့ပါတယ်။" ဟု ဦးနေမိန္ဒက မိန့်သည်။

ဒဂုံစီးတီး စီမံကိန်း ၁ သာမက အဆိုပါ မြေပေါ်တွင် ရွှေတိဂုံစေတီတော်ကို ထိခိုက်စေသည့် စီမံကိန်း အားလုံးကို ဖျက်သိမ်းပေး ရန် ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီက တောင်းဆိုခဲ့သည်ဟု ဆက်လက် မိန့်သည်။

စီမံကိန်းဖျက်သိမ်းရေးနှင့် ပက်သက်ပြီး တွေ့ဆုံ ဂတိပြုခဲ့သည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးကော်မတီ ၏ ပြောဆို ချက်ကို မေးမြန်းရန် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီးတင်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ အလုပ်မအားသဖြင့် ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။

ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (တွေ့ဆုံညှိနှိုင်း သဘောတူညီမှု အထူးကြေညာချက်)

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၀)ရက်။ စာအမှတ်။ ၂/ရတဂ(အထူး)-၂၀၁၅

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (နယ်-လုံ ဝန်ကြီး) ဗိုလ်မှူးကြီး တင်ဝင်း တို့နှင့် ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးဝီရသူ ဦးဆောင်သည့် ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ယနေ့ညနေ (၅း၃၀)နာရီ အချိန်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ တွေ့ဆုံညှိနှိုင်းကြစဉ်

၁။ Dagon City 1 စီမံကိန်းကို လုံးဝဖျက်သိမ်းမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စာရွက်စာတမ်း အဆင့်ဆင့်တင်ပြ ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်ချုပ်တို့က တာဝန်ယူ၍ လျှောက်ထားခြင်းဖြစ်ကြောင်း တင်ပြကြသည်။

၂။ သမ္မတထံမှ ဖျက်သိမ်းကြောင်း သက်သေခံအဖြစ် ကြေညာချက်စသည်တစ်ခုခု ထုတ်ပြန်ပေးခြင်းမရှိသေး၍ စောင့်ကြည့် ကာလအဖြစ် (၁၅)ရက် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ (၁၅)ရက်အတွင်း ပန်းဖလက်ဝေမှု၊ ကောက်ခံရရှိလက်မှတ်များကို သက်ဆိုင်ရာသို့တင်ပြကန့်ကွက်မှု အစရှိသည့် လှုပ်ရှားမှုများရပ်ဆိုင်းရမည်ဖြစ်ကြောင်း တင်ပြကြသည်။

၃။ အထက်ပါအချက်နှစ်ချက်ကို သံဃာတော်(၉)ပါးနှင့် လူပုဂ္ဂိုလ်(၂၀)ကျော်တို့၏ မျက်မှောက်၌ နှစ်ဖက်နားထောင်ပြီး သဘောတူညီမှုရရှိကြပါသည်။

" ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့"
- See more at: http://mizzimaburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8/article/788#sthash.Ip1uADVK.dpuf



(၁)

မြန်မာ U-23 အဖွဲ့ ..
လေဆိပ်ကပြန်ရောက်လာပါတယ်၊

အဲဒီအချိန်မှာ DVB က ဦးသန်းတိုးအောင်ကို..
အင်တာဗျူးပါတယ်
အင်တာဗျူးတဲ့ ဗီဒီယိုဖိုင်လဲ ထွက်လာပါတယ်၊

ထွက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာ..
ဦးသန်းတိုးအောင်က
သူတို့ကို ပစ္စလက္ခတ်လွှတ်တယ်...
ဆိုတဲ့အပြောကိုပြောတယ်၊

အဲဒီသတင်းကို လက်ရှိ..
လူဖတ်အများဆုံးမီဒီယာတွေဖြစ်တဲ့..
7Days News အပါအ၀င်..
မီဒီယာတွေက ဖေါ်ပြကြတယ်၊

ဗီဒွီယိုဖိုင်ထွက်လာပြီး သတင်းတွေအကုန်လုံး
ပြန့်နေတဲ့အချိန်မှာ
ကာယကံရှင်က ခဏငြိမ်နေပါသေးတယ်၊

ဒါပေမဲ့ နောက်ပိုင်းမှာ..
ဂျာနယ်တစ်ခုကနေအင်တာဗျူးပြီး..
သူအဲဒီလိုပြောတာမဟုတ်ကြောင်း
ပြန်ပြီး ရှင်းပြန်တာကိုတွေ့ရပါတယ်..၊

တစ်ချိန်တည်းမှာပဲ...
ဦးသန်းတိုးအောင်ပြောတာ..
မဟုတ်ဘူးဆိုတဲ့အကြောင်း..ကို
ဖေ့စ်ဘုတ်မှာပို့စ်တင်ပြီး..
ဝင်ပြီးကာကွယ်တဲ့သူတွေပေါလာတာကို
သိသိသာသာတွေ့ရပါတယ်..၊

ဒါပေမဲ့ တစ်ဘက်မှာကလဲ..
ဗီဒီယိုဖိုင် အစစ်အမှန်ကြီးကထွက်ထားတယ်ဆိုတော့..
ဆိုတော့ ကာတဲ့သူတွေအနေနဲ့ ထင်သလောက်
မထိရောက်ခဲ့ပါဘူး..၊

မီဒီယာသမားတွေဘက်ကကြည့်ရင်လဲ..
ပြောတုန်းကပြောပြီး..
ရူးချင်ယောင်ဆောင်တဲ့အတွက်..
ကသိကအောင့်ဖြစ်တဲ့အနေအထားပါ..၊

တစ်ဘက်ကကြည့်ရင်လဲ..
ဦးသန်းတိုးအောင်က ...
အစိုးရ၀န်ထမ်းဖြစ်နေတဲ့အတွက်..၊
ဖိအားတွေတစ်စုံတစ်ခုကြောင့်..
ဒီလိုမျိုး ပြန်ငြင်းတဲ့သဘောမျိုးဖြစ်နေပါတယ်၊

-----------------------------

(၂)

ဦးသန်းတိုးအောင်သိစေချင်တာက

ဦးသန်းတိုးအောင်ကို နိုင်ငံ့ဂုဏ်ဆောင်
အားကစားတစ်ယောက်အနေနဲ့ လေးစားပြီးသားပါ..၊

ပြီးတော့ စက်မှုတက္ကသိုလ် RIT ကျောင်းသား
တစ်ယောက်အနေနဲ့လဲ လေးစားပြီးသားပါ၊
(ကျွန်တော့ရဲ့နောင်တောကြီးလဲဖြစ်နေလို့ပါ..)

ဒါပေမဲ့..
ဝန်ထမ်းတစ်ယောက်အနေနဲ့တော့..
ဦးသန်းတိုးအောင်ကို..
ကျွန်တော်တို့ အသားလွတ် မလေးစားနိုင်ပါဘူး၊

ဦးသန်းတိုးအောင်ကိုချစ်တဲ့..
ပြည်သူတွေကလဲ ဦးသန်းတိုးအောင်ကို
အစိုးရ၀န်ထမ်းမှန်းတောင်မသိတဲ့သူများပါတယ်..၊

ဦးသန်းတိုးအောင်ကို ကာကွယ်သူတွေပြောသလို..
ဦးသန်းတိုးအောင်သတင်းကိုဖေါ်ပြတဲ့သူတွေက..
အားကစားကနေ နိုင်ငံရေးဘက်ကိုဆွယ်တယ်လို့
ပြောကြကြေးဆိုရင်..၊

ဗီဒီယိုဖိုင်ထွက်လာတဲ့အထိ..
ငြင်းလို့မရတဲ့..သတင်းတစ်ခုကို..
ပြန်ကာကွယ်နေတာကလဲ..
နိုင်ငံရေးအရ မရှိမဲ့ရှိမဲ့သိက္ခာတွေကို..
ပြန်ဆယ်နေတယ်လို့ပဲ မြင်ပါတယ်..၊

အပွင့်လင်းဆုံးပြောရရင်..
နိုင်ငံရေးအရ သိသိသာသာအသာအစီးရနေတဲ့
အဖွဲ့စည်းတစ်ခုဟာ..၊
ဘယ်တော့မှ...အလကားနေနိုင်ငံရေးအမြတ်
ထုတ်စရာအကြောင်းမရှိပါဘူး..၊

နိုင်ငံရေးအရ..စုတ်ပြတ်သတ်ပြီး..
ပြည်သူ့ငြိုငြင်မှုကိုခံနေရတဲ့..အဖွဲ့စည်းတွေကသာ
နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် နည်းမျိုးစုံသုံးနေတာပါ၊
ဘာသာရေးအပါအ၀င်..အားလုံးတစ်ခုမှမလွတ်ပဲ
အသုံးချနေတာကို ဦးသန်းတိုးအောင်နားလည်မှာပါ.၊

အားကစားကိုလဲ အဲဒီလိုမျိုးနည်းနဲ့..
အသုံးချနေသလား ဆိုတာကလဲ..
မေးခွန်းတစ်ခုလိုဖြစ်ပါတယ်..၊

-------------------------------

(၃)

တိုင်းပြည်စီးပွားရေးတိုးတက်မှုနဲ့
အားကစားတိုးတက်မှု ဆိုင်မဆိုင်ဆိုတာ..
မြန်မာအသင်းနဲ့ စင်ကာပူအသင်းတွေ..
ဝတ်ဆင်နေတဲ့ အ၀တ်အစား Quality တွေ..၊
ရနေတဲ့ အဆောင်အယောင်တွေ..၊
ရပိုင်ခွင့်တွေယှဉ်ကြည့်ရင်သိမှာပါ၊

မူဝါဒချမှတ်တာကအစ..
ပိုင်ရာဆိုင်ရာတွေဝင်မစွက်တာအဆုံး..
ကြိုက်သလို နှိုင်းယှဉ်ကြည့်ပါ..

ကြိုက်သလိုယှဉ်ပါ..
ကြိုက်သလိုစစ်ဆေးကြည့်ပါ..၊
ဦးသန်းတိုးအောင်တို့က ပိုသိမှာပါ၊

နောက်ဆုံးပြောချင်တာက..

အစိုးရ၀န်ထမ်းတစ်ယောက်အနေနဲ့..
အနေအထားကိုကြည့်ပြီး..
ပြောင်းလွယ်ပြင်လွယ်ရှိတာကို..
သဘောပေါက်ပေမဲ့..

အခြေအနေရှုပ်ထွေးအောင်..
ဖန်တီးတာမျိုးကိုတော့..
မလုပ်သင့်ပါဘူး ဆိုတာပါပဲ..

U-23 အတွက်..
အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တဲ့အတွက်..
နိုင်ငံဂုဏ်ဆောင်..
ဦးသန်းတိုးအောင်ကို ပြည်သူကချစ်ပြီးသးပါ..၊

အစိုးရ၀န်ထမ်း..မို့လို့..၊
ပြည်သူကချစ်တာမဟုတ်ဘူးဆိုတာကတော့

သဘောပေါက်နိုင်ပါစေ..၊

( Pa Yit )
မှတ်ချက်။ မူရင်း ဗီဒီယိုဖိုင်ကိုတင်ပေးလိုက်ပါတယ်၊ဒီအတိုင်း Share ရင် Vdeo ဖိုင်ပဲပါမှာဖြစ်ပါတယ်၊

တဖြည်းဖြည်းချင်း ခွာစစ်ဆင်နေတာပါဆိုတဲ့ စစ်အာဏာရှင်တွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ပျက်မှာစိုးတဲ့ အတိုက်အခံတို့ရဲ့ နိုင်ငံရေးကို ဟောဒီပုံလေးက ရောင်ပြန်ဟပ်တယ်။

လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေတဲ့ နိုင်ငံရေးအနှစ်သာရဟာ လူ့အဖွဲ့အစည်းရဲ့ နေရာအသီးသီး၊ လူမှုပတ်ဝန်းကျင် အမျိုးမျိုးမှာ ရောင်ပြန်ထင်ဟပ်လေ့ရှိတဲ့သဘာဝကိုလည်း ဒီပုံလေးကိုကြည့်ပြီး ဆင်ခြင်မိတယ်။

ခွာစစ်ဆင်နေတာပါ၊ ဒီမိုကရေစီလုပ်ပေးနေတာပါဆိုတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်သူတို့ ကျေးဇူးရှင်လို့ ထင်နေတယ်။ သူတို့ဟာ လူတွေရဲ့ ပူဇော်ပသမှုကို ခံယူထိုက်သူတွေလို့ ထင်နေတယ်။ အတိုက်အခံဆိုသူတွေကတော့ သင့်မြတ်ရေး အတွက် အလျှော့ပေးရမယ်လို့ ထင်နေတယ်။ အစိုးရဆိုတာ မိဘလိုမျိုး၊ ဆရာလိုမျိုး အရိုအသေပေးရမယ့်သူတွေလို့လည်း အတိုက်အခံများက ထင်တယ်။ ဆင်းရဲသား လယ်သမား၊ အလုပ်သမားတွေထက် အာဏာရှိ လူချမ်းသာ အစိုးရဝန်ကြီးတွေကိုပဲ အထင်ကြီးတယ်။ အလုပ်သမားအရေး၊ လယ်သမားအရေးကို လုပ်မှာပါပြောပေမယ့် အာဏာရှိတဲ့လူ ချမ်းသာတဲ့လူနဲ့ပဲ ပေါင်းချင်တယ်။ လယ်သမား၊ အလုပ်သမားတွေက သူတို့အခွင့်အရေးတွေကို တောင်းဆိုတဲ့အခါ တချိန်တုန်းက ဒီလူတွေဟာ ငါတို့နဲ့အတူ အဖိနှိပ်ခံခဲ့ရသူ ပြည်သူတွေပါလားရယ်လို့ မမြင်တော့ဘူး။ သူတို့ဟာ ငါအစိုးရဖြစ်လာရင်လည်း ဒီလိုတောင်းဆိုမယ့် ရန်သူတွေပါလား၊ အခုကတည်းက နှိမ်ထားမှ တော်မယ်လို့ တွေးလာတယ်။

အာဏာရှင်များဟာ သူတို့အနေနဲ့ သူများထက် ထူးပြီး အခွင့်ထူးယူရတာကို ရှက်စရာလို့ မထင်တတ်ကြသေးဘူး။ သူတို့ကိုသူတို့ သူများထက် အလိုလိုသာလွန်တဲ့သူတွေလို ထင်ကြတယ်။ ဦးနေဝင်းတုန်းက သူများခုံထက်နည်းနည်းမြင့်တဲ့ ခုံနဲ့ ထိုင်တယ်။ အခုဦးအောင်သောင်းက သူများရှေ့ ခုံထုတ်ပြီး ထိုင်တယ်။ သူများက ထီးမိုးပေးတာခံတယ်။ သူများက လက်အုပ်ချီတာခံတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားပါတယ်၊ တိုးတက်ပါတယ်၊ ပညာတတ်ပါတယ်၊ ခေတ်မီပါတယ်ဆိုတဲ့ အတိုက်အခံခေါင်းဆောင်များကလည်း ဒါမျိုးတွေကို လိုက်ပြီး အတုခိုးတယ်။ သူများထက်ကောင်းကောင်းစားချင်တယ်။ သူများထက်ကောင်းကောင်းနေချင်တယ်။ တိုင်းပြည်ကြီးမွဲငတ်ဆင်းရဲပြာကျနေချိန်မှာ မတန်တဆ အဖိုးတန်ပစ္စည်းတွေကို ခရိုနီပေးစာကမ်းစာယူပြီး သုံးချင်စွဲချင်တယ်။ စစ်အာဏာရှင်တွေကို အတုခိုးပြီး ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေကလည်း သူများထီးမိုးပေးတာကို ကျေကျေနပ်နပ်ခံယူတယ်။ သာယာတယ်။ ရှက်စရာကောင်းလိုက်တာ။ ဒီမိုကရေစီခေါင်းဆောင်တွေလည်း စစ်အာဏာရှင်တွေလိုပါပဲ လား။ သူတို့မှာလည်း ကိုယ့်ထီးကိုယ်ကိုင်ဆောင်းတတ်တဲ့ တာဝန်သိလက်မျိုးမရှိပါကလား။
ကိုယ့်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်ဆိုတဲ့သူမျိုးက ဖိနပ်ကိုင်ပေးတာကို ကျေကျေနပ်နပ်လက်ခံတယ်။ လွှတ်တော်အမတ် နိုင်ငံရေး သမားဆိုတဲ့သူကလည်း ခေါင်းဆောင်ကို ဖိနပ်ကိုင်ပေးတယ်။ အသက်ကြီးသူမို့ ရိုသေသမှုနဲ့ ကိုင်ပေးတာပါလို့ ဆိုတယ်။ ဦးသန်းရွှေရဲ့ ဖိနပ်ကို ကိုင်ပေးချင်တဲ့အခါကျရင်လည်း အသက်ကြီးလို့ ရိုသေသမှုပါလို့ ဆင်ခြေပေးဦးမှာပါပဲ။ မူမရှိတဲ့သူတွေ ကိုယ်ကျိုးရှာချင်တဲ့အခါ ဆင်ခြေမရှားဘူး။ အလုပ်အကိုင် အတူတွဲလုပ်သူတွေအချင်းချင်းကြားမှာ စည်းထားရတယ်၊ အပြန်အလှန်ရိုသေမှုရှိရတယ်ဆိုတာတွေကို နားမလည်တော့ဘူး။ တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့ အဆိုမျိုးကို အဲဒီခေါင်းဆောင်က လွှတ်တော်မှာ တင်သွင်းခိုင်းတဲ့အခါ အဲဒီဖိနပ်ကိုင် နိုင်ငံရေးသမားဟာ ခေါင်းလေးငြိမ့်ပြီး အပြေးအလွှားတင်တာဟာ ဘာများဆန်းတော့မှာလဲ။ ဒီလိုလူဟာ ဒါမျိုးပဲ လုပ်တော့မှာပေါ့။

ဒါ...ဦးအောင်သောင်းက ပညာရည်ချွန်ဆုပေးတဲ့ပွဲတဲ့။ ၈ တန်းကျောင်းသူလေးကို ရောက်တဲ့အချိန်ကနေ မပြန်မချင်း ယပ်ခတ်ခိုင်းသတဲ့။ ခိုင်းတဲ့ဆရာက ခိုင်းတယ်။ လုပ်တဲ့ ကျောင်းသူက လုပ်ပေးတယ်။ ဒါကို မလုပ်ပါနဲ့လို့ မတားဘဲ၊ ငါရသင့်ရထိုက်တဲ့ အရာလို့တွေးတဲ့ အာဏာရှင်ကလည်း လက်သင့်ခံတယ်။ ပန်ကာ လေးတလုံးချပေးလိုက်ရင် အဆင်ပြေနိုင်ပါရက်နဲ့ လူကိုထိုင်ပြီး ယပ်ခတ်ခိုင်းတာဟာ ပဒေသရာဇ်အတွေးအခေါ်၊ ကျေးကျွန်အတွေးအခေါ်တွေ မစင်ကြယ်သေးတဲ့ အဖြစ်ကို ကွက်ကွက်ကွင်းကွင်း ကြီး မီးမောင်းထိုးဖော်ပြနေတာပဲ။

ယပ်တောင်ခတ်ပေးနေတဲ့သူဟာ ခေါင်းငုံ့ခံတဲ့ တချို့သော ပြည်သူဆိုရင် နောက်က ခါးလေးကိုင်းနေတဲ့လူဟာ ရင်ကြားစေ့ချင်တဲ့ တချို့သော အတိုက်အခံများကို ကိုယ်စားပြုလိမ့်မယ်။

ယပ်တောင်မခတ်တဲ့ပြည်သူတွေနဲ့ ရင်ကြားမစေ့တဲ့ အတိုက်အခံတွေ အားကောင်းလာဖို့ ကျနော်တို့ ကြိုးစားရလိမ့်မယ်။

ဒီလို လူယပ်တောင်တွေ၊ လူပန်ကာတွေရှိနေသမျှ၊ ဒါမျိုးတွေကိုလက်ခံနေသမျှမှာ ဒီတိုင်းပြည် ကျွန်ဖြစ်နေဦးမယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ဓါတ်ပုံ - အင်တာနက်
ဓါတ်ပုံ - အင်တာနက်
 တောင်တွင်းကြီးမြို့မှာ အခုဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပညာရည်ချွန် ဆုပေးပွဲတစ်ခုအတွင်း ပြည်သူ့လွှတ်တော်အမတ် (စက်မှု-၁ ဝန်ကြီးဟောင်း) ဦးအောင်သောင်းကို ၈ တန်းကျောင်းသူလေးတစ်ဦးက အနားမှာ ဒူးထောက်ယပ်တောင်ခတ်ပေးနေတဲ့ ဓါတ်ပုံဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး၊ အာဏာရှင်စနစ်ကို ယစ်မူုးနေဆဲ အငွေ့အသက်တွေ မြင်တွေ့ရတယ်ဆိုတဲ့ အမြင်နဲ့သုံးသပ်ချက်တွေလည်း ပေါ်ထွက်နေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ဓါတ်ပုံ - အင်တာနက်

ပြည်ထောင်စု လွှတ်တော်၌ ယခုနှစ် အစောပိုင်းက ကျင်းပခဲ့သော သတင်းစာရှင်လင်းပွဲ တစ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ
အခုဆိုရင် အများပြည်သူ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ဥပဒေကြမ်း နှစ်ခု လွှတ်တော်အတွင်း တင်သွင်းခဲ့ပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုပြီး လွှတ်တော်တွင်း လုပ်ငန်းတွေစတင်ချိန်ကနေ နှစ်နှစ်ကြာလာတဲ့ ဒီကနေ့ အချိန်ကျမှ ဥပဒေကြမ်း လွှတ်တော်ထဲ
ရောက်သွားတာပါ။

ထူးဆန်းတာ တစ်ခုက ဥပဒေကြမ်းတင်ပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေကလွှတ်တော်ထဲ ရောက်သွားတဲ့ ဥပဒေမူကြမ်းထဲက အချက်တွေဟာ သူတို့ သဘောတူထားတဲ့အချက်တွေ မဟုတ်ဘူး၊ လွှတ်တော်တွင်း တင်သွင်းပြီးသွားချိန်အထိ သူတို့ထဲက ဘယ်သူကမှအဲဒီ ဥပဒေကြမ်းကို မြင်ဖူးကြတာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီးတော့သာ
လက်မှတ်ရေးထိုးပေးလိုက်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုလာကြပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဿနာဘယ်လို ဖြစ်ရတာပါလဲ၊ဒီတစ်ကြိမ်လည်းဒေါ်အောင်ဆန်းစုကြည်နဲ့အင်န်အယ်လ်ဒီ ပါတီဝင်တွေ အလိမ်ညာခံလိုက်ရပြန်ပြီလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြ
သွားပါ့မယ်။

တကယ်တော့၂၀၀၈ဖွဲ့စည်းပုံပြင်ရေးကိုအစောဦးဆုံးနဲ့ တောက်လျောက် ပြောဆိုလာသူဟာဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်စဉ်တုန်းကလည်း လွှတ်တော်ထဲ ရောက်သွားရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဦးစားပေး ဆောင်ရွက်မယ်ဆိုပြီး မဲဆွယ်ခဲ့ကြသူတွေပါ။

ဒါတင်မက နောက်ပိုင်း ပုဒ်မ ၄၃၆ နဲ့ အခြား အချက်အလက်တွေ ပြင်ဆင် နိုင်ရေးလူထုစုရုံးဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ပြည်သူလူထု ထောက်ခံလက်မှတ် ငါးသန်းကျော် ရအောင်
စုစည်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တန်း ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲ လုပ်ငန်း စတင်တဲ့အခါ ပြည်ခိုင်ဖြိုးပါတီကလက်ဦးမှု အရယူလိုက်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်တဲ့ အဆိုကို ပြည်ခိုင်ဖြိုးပါတီ အမတ်တွေကပဲ တင်ပြပြီး၂၀၁၃ နှစ်လယ်မှာ လုပ်ငန်းတွေ စတင်ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ အဖွဲ့ဝင် ၁၀၈ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆိုတာကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ ကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးနိုင်ပါတယ်ဆိုပြီးလူထု လူတန်းစား အသင်းအဖွဲ့တွေနဲ့ ပြည်သူတွေဆီက သဘောထား တောင်းခံတာတွေ
လုပ်ခဲ့ပါတယ်။

နောက်ပိုင်း အဲဒီ အကြံပြုချက်တွေကို စိစစ်ပြီး ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ လွှတ်တော်ကိုအစီရင်ခံစာ ပြန်တင်ခဲ့ပါတယ်။

အဲဒီနောက် အဖွဲ့ဝင် ၃၁ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဆိုတာကို လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးခဲ့ပြန်ပါတယ်။

အဲဒီကော်မတီကလုပ်ကိုင်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလွှတ်တော်နာယကသူရဦးရွှေမန်းက တိကျတဲ့ လုပ်ငန်းလမ်းညွှန်စာ တစ်စောင်ကို ၂၀၁၄၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာပေးပို့ခဲ့ပါတယ်။

တိတိကျကျ လမ်းညွှန်ချက်တွေ အများကြီးထဲက အရေးကြီးတဲ့ နှစ်ချက်ကတော့ ဖွဲ့စည်းပုံ ပြင်ရေးဥပဒေကြမ်းထဲမှာ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေအဖြစ် ခန့်အပ်မယ့်သူတွေဟာ ရွေးကောက်ခံဖြစ်ရမယ်ဆိုပြီး ထည့်သွင်းဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လ အလိုမှာ ဥပဒေကိုပြင်ဆင် အတည်ပြုပြီးသားလည်းဖြစ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကြားထဲမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ လေးလကျော်လောက်ပဲ လိုတော့တဲ့ အချိန်ကျမှ
ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်ပါတယ်။

ဥပဒေကြမ်းကို ဆွေးနွေးငြင်းခုံ၊ အတည်ပြုတာတွေ လုပ်ရပါဦးမယ်။

အဲဒီအထဲမှာ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ ပုဒ်မတွေ ပါဝင်လာရင် ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲလုပ်ကြရပါဦးမယ်။

အဓိပ္ပာယ်ကတော့ သူရဦးရွှေမန်း ညွှန်ကြားခဲ့သလို၊ ကတိပေးခဲ့သလို ရွေးကောက်ပွဲ မတိုင်ခင်ခြောက်လ အလိုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း အတည်ပြုပြီးသား ဖြစ်နေရမယ်ဆိုတဲ့
ကတိပျက်ပြယ်သွားတာ ဖြစ်ပါတယ်။

ကတိမတည်ခဲ့ဘူးလို့လည်း မှတ်ယူနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ထဲကိုတော့ ပြင်ဆင်ချက် ဥပဒေကြမ်း နှစ်ခု ရောက်သွားပါပြီ။

အဲဒီ ဥပဒေကြမ်းထဲမှာ အင်န်အယ်လ်ဒီဘက်က အဆိုပြုတင်ပြထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်မပေးထားသလို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း နဂို အမတ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်
သဘောတူမှ ဖွဲ့စည်းပုံ ပြင်နိုင်မယ်ဆိုတဲ့အချက်အစား ၇၀ ရာခိုင်နှုန်း သဘောတူရင် ပြင်နိုင်မယ်ဆိုတာလောက် ပြင်ဆင်ထားတာပဲ ရှိပါတယ်။

ပြောရရင် ဒီဥပဒေကြမ်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က ပြင်ဆင်လိုတဲ့အခြေအနေမျိုးနဲ့ အလွန် အလှမ်းကွာနေတာ တွေ့နိုင်ပါတယ်။

ဥပဒေကြမ်းတင်ပုံကလည်း အလွန် ထူးဆန်းပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ အခုလို ဖော်ပြထားပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကိုပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမည်"လို့ တိတိကျကျ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လွှတ်တော်တွင်းမှာ အဲဒီ ဥပဒေကြမ်းကို တင်ဖို့ လွှတ်တော် အမတ်တွေရဲ့ လက်မှတ်စုဆောင်းတဲ့အခါ တင်ပြသူ ဦးသိန်းဇော်ရော အခြားဘယ်တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ
လက်မှတ်ထိုးတဲ့ အမတ်တွေကို ဥပဒေကြမ်း မပြသခဲ့ပါဘူး။

ပြည်ခိုင်ဖြိုး အမတ် ၂၃၃ ယောက်နဲ့ အတူ ဖွဲ့စည်းပုံပြင်ဖို့ လက်မှတ်ထိုးပေးလိုက်တဲ့အင်န်အယ်လ်ဒီ အမတ် ၃၈ ယောက်စလုံးကအဲဒီ ဥပဒေကြမ်းကို မမြင်ဖူးကြပါဘူး။

ဒါတင်လားဆိုတော့ မကသေးပါဘူး။

တကယ့်တကယ် လွှတ်တော်ထဲ ဥပဒေကြမ်း တင်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုး အမတ်ဦးသိန်းဇော်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့ကိုင်ခဲ့တဲ့ အချိန်ဇယား၊ မှတ်တမ်းနဲ့တကွ၊
တင်ပြမယ့် ဥပဒေကြမ်းထဲမှာ ဘယ်လို ပုဒ်မတွေကို ပြင်မယ်၊ ပုဒ်မဘယ်နှစ်ခုလောက် ပြင်မယ်ဆိုတာပဲပြောပြီး ဥပဒေကြမ်းကို တင်သွားခဲ့တာပါ။

လွှတ်တော်တွင်းမှာ တင်တဲ့ ဥပဒေကြမ်းကို လုံးဝ ဖတ်မပြပါဘူး။

ဒါပေမဲ့ အဲဒီဥပဒေကြမ်းတင်စဉ်မှာတော့ ဥပဒေကြမ်းကို ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ တစညအပါအ၀င် နိုင်ငံရေးပါတီ အသီးသီးနဲ့ တစ်သီးပုဂ္ဂလ အမတ်ပေါင်း ၂၈၉ ယောက်၊
အမတ်အားလုံးရဲ့ ၄၃ ရာခိုင်နှုန်းကျော် လက်မှတ်နဲ့တကွ တင်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အင်န်အယ်လ်ဒီပါတီ အမတ်တွေဟာ ကိုယ်တင်မယ့် ဥပဒေကြမ်းကို မမြင်မတွေ့ရပဲ လက်မှတ်ထိုးပေးလိုက်ရတဲ့ သဘောသက်ရောက်ပါတယ်။

ဦးသိန်းဇော်တင်ပြီးကျမှသာ သူရဦးရွှေမန်းက ဥပဒေကြမ်းကို ညနေ လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်မှာ ဖြန့်ဝေပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီ လုပ်ရပ်ဟာ သဘောရိုးနဲ့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်တယ်လို့ မယူဆနိုင်ပါဘူး။

အရင်က လွှတ်တော်ထဲမှာ ဘယ်သူမှ မမြင်ဘူးတဲ့ ဥပဒေကြမ်းတစ်ခုကို တင်လိုက်တယ်ဆိုတာမျိုးအစဉ်အလာ မရှိခဲ့လို့ပါပဲ။

ဒါကြောင့်လည်း ဥပဒေကြမ်းစာရွက်ကို လက်ခံရပြီးနောက် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်မထားတာ၊အခြားအချက်တွေဟာလည်း အင်န်အယ်လ်ဒီက ပြင်ချင်တဲ့ အခြေအနေနဲ့ အလွန်ကွာခြားနေတဲ့အတွက် ဦးဝင်းမြင့်အပါအ၀င်အင်န်အယ်လ်ဒီအမတ်တွေ ပြာယာခတ်သွားကြပါတယ်။

တရုတ်ပြည်သွားဖို့ ရန်ကုန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ကမန်းကတန်း ဖုန်းဆက်အကြောင်းကြားကြရပါတယ်။

သတင်းဌာနတွေကိုလည်း သူတို့ လက်မှတ်ထိုးလိုက်တာဟာ ဖွဲ့စည်းပုံ ပြင်ဖို့၊ အဲဒီဥပဒေကြမ်းမှာပါတဲ့ အချက်တွေကို သဘောတူလို့ လက်မှတ်ထိုးလိုက်တာ မဟုတ်ပါဘူးဆိုပြီး
ဖြေကြရပါတော့တယ်။

တကယ်တော့ ဦးဝင်းမြင့်ဟာ လွှတ်တော်က ဖွဲ့ထားပေးတဲ့ ၁၀၈ ယောက်ပါ ဖွဲ့စည်းပုံ သုံးသပ်ရေးကော်မတီမှာရော၊ ၃၁ ယောက်ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်မှာရော ပါခဲ့သူပါ။

သူကိုယ်တိုင်တောင် အဲဒီ ဥပဒေမူကြမ်း ဘယ်သူတွေက ရေးဆွဲထားပြီး ဘယ်ကထွက်ပေါ်လာတယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

တကယ်တော့ ဒီအဖြစ်အပျက်ဟာ တိုက်ဆိုင်တယ်လို့ မဆိုနိုင်ပါဘူး။

ပြီးခဲ့တဲ့၂၀၁၄ နိုဝင်ဘာလ၂၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်တဲ့ ဥပဒေတစ်ခု အတည်ပြုခဲ့ပါတယ်။

အဲဒီ ပြင်ဆင်ချက်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လုပ်နည်းတွေကိုပြင်ဆင်ထားချက်တွေပါပါတယ်။

အထူးသဖြင့် နည်းဥပဒေ ၁၃၃ ကနေ ၁၄၃ အထိ ဖြစ်ပါတယ်။

နည်းဥပဒေ ၁၃၆ မှာ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို စတင်ဆွေးနွေးခြင်း မပြုမီဥပဒေမူကြမ်းနဲ့ ပူးပေါင်းကော်မတီရဲ့ စိစစ်တွေ့ရှိချက်ကို ကိုယ်စားလှယ်တွေထဲ အနည်းဆုံး
ခုနစ်ရက်ကြိုတင်ဝေရမယ်အစားလွှတ်တော်နာယကသတ်မှတ်သည့်နည်းလမ်းအတိုင်းလွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဝေငှရမည်လို့ ပြင်ထားပါတယ်။

အခု လက်ရှိ သူရဦးရွှေမန်း၊ ဦးသိန်းဇော်နဲ့ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတချို့ဟာ အဲဒီပြင်ဆင်ထားချက်ကို အသုံးပြုပြီး ဖွဲ့စည်းပုံ ပြင်ရေးဥပဒေကြမ်းကို ကိုယ့်ဖာသာကိုယ်ကြိတ်ရေး၊
ဥပဒေကြမ်းအတွက် လက်မှတ် ထိုးချိန်မှာလည်းမပြ၊ လွှတ်တော်ထဲ တင်ချိန်ထိလည်း မပြောဘဲ၊ဥပဒေကြမ်းတင်ပြီးမှ၊ နောက်ကျပြီးမှသာ စာရွက်ဝေ အသိပေးခဲ့တာပါ။

အခုလို လုပ်ကိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ ပေါ်လွင်ပါတယ်။

တကယ်လို့သာ ဥပဒေကြမ်းကို အရင်မြင်ရရင် အင်န်အယ်လ်ဒီနဲ့ အခြား တိုင်းရင်းသားပါတီတွေဟာ ဒီ ဥပဒေ ကြမ်းကိုတင်ဖို့ လက်မှတ်ရေးထိုးပေးချင်မှ ထိုးပေးကြပါလိမ့်မယ်။

ခုတော့ လွှတ်တော်တွင်း ပါတီအားလုံးက တညီတညွတ်တည်းတင်တဲ့ ဥပဒေကြမ်း ဖြစ်အောင်ဖန်တီးလိုက်တာပါ။

အမှန်အတိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အလှည့်ဖျား ခံနေရတာ ခုမှ
မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ကာလတွေထဲက လွှတ်တော် တာဝန်ရှိသူတွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ဘက်ကို လွှဲချခဲ့ပါသေးတယ်။

သူတို့ လုပ်ကိုင်ပုံကတော့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားချက်နဲ့ ပတ်သက်ရင်လွှတ်တော်ထဲမှာ အဆင်ပြေတယ်၊ ပြည်ခိုင်ဖြိုးကလည်း အဆင်ပြေတယ်၊ ဒါပေမဲ့ အဲဒီအတိုင်း
ဆက်ဆောင်ရွက်ရင် တပ်မတော်သား အမတ်တွေက သဘောတူမှာ မဟုတ်ဘူး၊ မဲခွဲရင်ရှုံးလိမ့်မယ်၊ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေချောမွေ့အောင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ
ခေါ်ရအောင် ဆိုပြီး သမ္မတနဲ့ တပ်ချုပ်အပေါ် အပြစ်ပုံချ၊ လမ်းလွှဲခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကပဲ သဘောတူရင် ဖွဲ့စည်းပုံကို အဆင်ပြေပြေ ပြင်နိုင်မယ်ဆိုပြီး ထင်မှတ်မှား၊သမ္မတနဲ့ တပ်ချုပ်ကို ဗီလိန်တွေသဖွယ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထားနဲ့ ပတ်သက်ရင်သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အားလုံးသဘောထား အတူတူပါပဲ။

ခုဆို သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကို ဥပဒေကြမ်းထဲမှာမျက်ဝါးထင်ထင် မြင်တွေ့ကြရပြီ ဖြစ်ပါတယ်။

ဒါဟာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အချိန်ဆွဲခံ၊အလှည့်ဖျားခံရတဲ့ သဘောဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မြန်မာတိုင်းမ်
https://www.facebook.com/themyanmartimes?fref=tshttps://www.facebook.com/themyanmartimes?fref=ts

nner-conference-620 ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာကို ဇွန်လ ၂ဝ ရက်နေ့က တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားတွေ တောင်း ဆိုထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲှ့စည်းခွင့် အချက်တွေ မပါဝင်ဘူးလို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တာဝန်ရှိသူတွေ က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

"NNER နဲ့ ကျောင်းသားတွေလိုချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောပညာရေးကို လိုချင်တယ်၊ လွှတ်တော် က ပြဌာန်းလိုက်တဲ့ဥပဒေက ဗဟိုချုပ်ကိုင်တဲ့ဥပဒေဖြစ်နေတယ်၊ ဒါဟာက အဓိက ကွဲလွဲချက်ဖြစ်နေ ပါတယ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရမယ်၊ ကျောင်းသားတွေကိုယ်တိုင် ဖွဲ့စည်း တဲ့ ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲတဲ့ လွတ်လပ်တဲ့သမဂ္ဂမျိုးဖြစ်ရမယ်၊ အဲ့ဒါကို အမျိုးသားပညာရေး ဥပဒေမှာ ဥပဒေနဲ့ပြဌာန်းဖို့လိုတယ်၊ နောက် တက္ကသိုလ်များ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့အခါမှာ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂတွေ ကိုယ်စားလှယ်တွေ ပါဝင်ဖို့တောင်းဆိုတယ်"

ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ ကျောင်းသားသမဂ္ဂဖြစ်ဖို့ကိုလည်း အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းဖို့လိုတယ်လို့လည်း ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်၊ အစိုးရ၊ ကျောင်းသားနဲ့ NNER တို့ လေးပွင့် ဆိုင်ဆွေးနွေးစဉ်တုန်းက ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ကိုလည်း NNER က တောင်းဆိုထားပါတယ်။

အခုတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့ သူတွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/nner-conference-criticizes-national-education-law-06202015113606.html


ဒီဓာတ်ပုံလေးတွေကို မြင်ရင်းနဲ့ တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။
သားသမီးချင်း.ကိုယ်ချင်းစာစိတ် မရှိဘူးလို့လည်း မြင်မိတယ်။
ငါ့သားသမီးဆိုရင် ..
ဆိုတဲ့ အတွေးမျိုး။
ပြီးတော့..
သူ့မိဘတွေက ကြိုက်နှစ်သက်မှု့ ရှိပါ့မလားဆိုတဲ့
သူများနေရာကဝင်ပြီး ခံစားကြည့်တတ်တဲ့ ကိုယ်ချင်းစာတရားမျိုး
သူတို့ကိုလည်း ရှိစေချင်မိတယ်။

လူတွေများစွာရှိတဲ့ ခန်းမကြီး တစ်ခုမှာ..
မိမိတစ်ယောက်တည်း အိုက်တတ်တာမှ မဟုတ်တာပဲ။
တကယ်ဆိုရင်..
မိမိက တစ်ယောက်ထဲ အရှေ့မှာဆိုတော့
သူများတကာထက် ပိုပြီးတော့တောင် သက်သာပါသေးတယ်။

အများတကာထက် အခွင့်အရေး ပိုယူချင်တဲ့စိတ်ဓာတ်။
ဒီလို အခွင့်အရေး ယူတဲ့အခါမှာလည်း
တဖက်က လူတွေအတွက်.
ကိုယ်ချင်းစာတရားမရှိတဲ့ စိတ်ဓာတ်။
အများတကာရဲ့ ဝိုင်းဝန်းကြည့်ရှု့နေမှု့ကိုတောင် ဂရုမစိုက်ပဲ
ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ စိတ်ဓာတ်တွေဟာ
သူတို့လို အဘတွေအတွက်က တကယ်ပဲ ရိုးများသွားပြီလား။
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်တွေနဲ့
ကိုယ်ချင်းစာနာမှု့ မရှိပဲ လုပ်ခဲ့လို့ တိုင်းပြည်လည်း.မွဲနေပါပြီ။

ခုလို ..
အပျိုပေါက်ခလေးအရွယ်လေးကိုခေါ်ပြီး
ခန်းမကြီးထဲမှာ ယပ်ခပ်ခိုင်းတဲ့ အဆင့်က
အဲဒီခလေးမလေးခမျာ
ဘယ်လောက်တောင်မှ ရှက်နေလိမ့်မလဲ။
သူ့မိဘတွေ သိရှိခဲ့ရင်ရော ကျေနပ်နေနိုင်ပါ့မလား။.

ဒါ့ကြောင့်..
ီဒီလို..
ကိုယ်ချင်းစာတရား မရှိတဲ့သူတွေ အမြန်ဆုံး ကျဆုံးပါစေ။
သမီးငယ်လေးလည်း နောက်နောင် ဒီလိုအဖြစ်မျိုးမှ
ကင်းဝေးပါစေလို့ ဆုတောင်းလိုက်ပါတယ် သမီးငယ်။

ဘုန်းထက်ကြယ်

ပြန်ကြားရေးဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး The Daily Eleven သတင်းစာအား တရားရုံးမထီမဲ့မြင့် ပြု့ မှု ပုဒ်မနဲ့ တရားစွဲဆိုထားခြင်းအပေါ် The Daily Eleven ကတာဝန်ရှိသူတွေဟာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်
သတင်စာရှင်းလင်းပွဲမှာတော့ အယ်ဒီတာချုပ်ကိုဝေဖြိုးက ဒီသတင်းထည့်ဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့တာ သူဖြစ်တဲ့အတွက်သူအနေနဲ့ တာဝန်ခံဖြေရှင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်
ပုံနှိပ်စက် ၀ယ်ယူတာနဲ့ ပတ်သက်ပြီး သတင်းရေးသားခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven သတင်စာက ထုတ်ဝေသူ အပါအ၀င် အယ်ဒီတာ ၅ ဦးကို အကြည်အညိုပျက်စေမှုနဲ့ ပထမတရားစွဲဆိုခဲ့ပါတယ်
ဒီလို တရားစွဲဆိုခံနေရချိန်မှာ ယူရို ၇ သိန်းနဲ့ ပုံနှိပ်စက် ၀ယ်ယူခဲ့တဲ့သတင်းကို ထပ်မံရေးသားခဲ့တဲ့ အတွက် အယ်ဒီတာ ၁၇ ဦးကို တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌါနက တရားလို ပြုပြီး မန္တလေးတိုင်း တရားလွှတ်တော်မှာ ထပ်မံတရားစွဲဆိုခဲ့တာပါ။
The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ အား ပြန်ကြားရေးဝန်ကြီးဌာနက ထပ်ဆင့်တရားစွဲဆိုမှုနှင့် ပတ်သက်၍ Eleven Media Group မှ တာဝန်ရှိသူများနှင့် အကျိုးဆောင်ရှေ့နေတို့က Novotel ဟိုတယ်၌ ဇွန် ၂၀ ရက်တွင် ရှင်းလင်းတင်ပြသည်။

‘၂၀၁၅ ခုနှစ်မှာ အခု အစိုးရလက်ထက်မှာ သတင်းသမားတွေကို ဖိနှိပ်ပြီး အခုလို တရားစွဲဆိုဖို့ ဆင့်ခေါ်တဲ့ အရေအတွက်က အများဆုံးပဲ`ဟု Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။

မီဒီယာများသည် အတိုက်အခံ စစ်စစ်ဖြစ်ခြင်းကြောင့် တရားဥပဒေ၏ အမဲလိုက်ခြင်းကို ခံရမည်၊ တရားဥပဒေ စိုးမိုးရေးအတွက် တက်ကြွလှုပ်ရှားသူများ အတိုက်အခံများဘက်က ရဲရဲဝံ့ဝံ့ရေးသားခဲ့ကြ၍ ပုဒ်မအမျိုးမျိုးဖြင့် ထောင်ကျမည်ဆိုသည်ကို သတိထားဖို့လိုကြောင်း တရားစွဲဆိုခံရသူများဘက်မှ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည့် ရှေ့နေဦးသိန်းသန်းဦးက ဆိုသည်။

`မီဒီယာတွေကို ပြောချင်တာက အတိုက်အခံစစ်စစ်ဖြစ်တဲ့အတွက် ဥပဒေရဲ့ အမဲလိုက်ခြင်းကိုခံရမှာပဲ။ တရား ဥပဒေစိုးမိုးရေးအတွက် အတိုက်အခံဖြစ်သူများဘက်က ရဲရဲဝံ့ဝံ့ရေးသားခဲ့လို့ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ချမယ်ဆို တာ သတိထားဖို့လိုပါတယ်`ဟု ၎င်းက ပြောသည်။

အဆိုပါရှင်းလင်းပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ် ပုသိမ်ခန်းမတွင် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ရုပ်ရှင်ဂီတ လောကမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာ ကဗျာဆရာများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

ကိုဗညား
Photo - EMG CEO ဒေါက်တာသန်းထွဋ်အောင်မှ ရှင်းလင်းပြောကြားနေစဉ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်) ,BBC


စင်ကာပူနိုင်ငံသည် အပူပိုင်းဒေသတွင် တည်ရှိသည့် လူနေထူထပ်လှသော မြို့ပြနိုင်ငံငယ်လေးတခု ဖြစ်ပါသည်။ ကုန်းမြေဧရိယာ ၇၅၀ စတုရန်းကီလိုမီတာမျှသာ ကျယ်ဝန်းသော်လည်း လူဦးရေ ၅ ဒသမ ၅ သန်း မှီတင်းနေထိုင်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၆ ဒသမ ၉ သန်းအထိ တိုးတက်ရောက်ရှိလာမည်ဟု မျှော်မှန်းထားကြပါသည်။ အခက်အခဲ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်း စင်ကာပူသည် ကမ္ဘာပေါ်တွင် လူနေထိုင်ရန်အကောင်းဆုံးနှင့် စီးပွားရေးအအောင်မြင်ဆုံးနိုင်ငံတခုအဖြစ် ရပ်တည်နေကာ နိုင်ငံ၏ဂျီဒီပီသည် ဥရောပထိပ်တန်းနိုင်ငံ များနှင့် တန်းတူဖြစ်ပါသည်။

ကမ္ဘာ့လူဦးရေ၏တ၀က်သည် မြို့နေလူတန်းစားများဖြစ်ကြပြီး (၂၀၅၀ ပြည့်နှစ်တွင် ၇၀%ရာခိုင်နှုန်းအထိ ရောက်ရှိလိမ့်မည်ဟု တွက်ချက် ထားကြပါသည်)ကမ္ဘာတလွှား နိုင်ငံအများအပြားတွင်လည်း မြို့ပြဖွံ့ဖြိုးမှု အရှိန်အဟုန် လျင်မြန်စွာတိုးတက်နေသောကြောင့် စင်ကာပူမြို့ ပြ တည်ဆောက်မှုစနစ်သည် အများစံနမူနာ ယူဖွယ်ဖြစ်လာခဲ့ပါသည်။
အခြားနိုင်ငံများ စင်ကာပူထံမှ အတုခိုး နည်းယူဖွယ် အချက် ၅-ချက်ကို ဖော်ပြထားပါသည်။

(၁) ရေရှည် စီမံကိန်းချမှတ်ပါ
စင်ကာပူ၏ အခြေခံအဆောက်အဦ တည်ဆောက်ပုံ၏ ရေရှည် ရည်မှန်းချက်များကို ၁၉၇၁ ခုနှစ်ကတည်းက စီမံကိန်းများချမှတ်ထားခဲ့ပြီးဖြစ်ပါသည်။ လူဦးရေတိုးပွားမှုသည် မျှော်မှန်းထားသည်ထက် များစွာပိုမို မြန်ဆန်ခဲ့သောကြောင့် ထိုသို့ ရေရှည်စီမံချက်ရေးဆွဲထားခဲ့ခြင်းဖြင့် များစွာအကျိုးရှိခဲ့ပါသည်။ လွတ်လပ်ရေးရခါစ စင်ကာပူနိုင်ငံသစ်တွင် ပြည်သူ များအတွက် နေစရာအိမ်ရာနှင့် အလုပ်အကိုင်များ ဖန်တီးပံ့ပိုးပေးရန်ကို ထိပ်တန်းဦးစားပေး သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း 'နေပျော်ဖွယ်မြို့ ပြ များစင်တာ'မှ အမှုဆောင်ဒါရိုက်တာ Khoo Teng Chye က ဆိုပေ သည်။
စင်ကာပူတွင် မြေလွတ်မြေလပ်ရှားပါးပြီး သဘာဝသယံဇာတလည်း ချို့တဲ့သောကြောင့် မြို့ ပြစိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မြေနက်ပိုင်း ရေဆိုးထုတ်ပြွန်များနှင့် အမှိုက်မီးရှို့စက်ရုံများ အစရှိသည့် မြို့ ပြလူနေမှု အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲမပြတ် အာရုံစိုက် လုပ်ကိုင်ခဲ့ပါသည်။ သန့်ရှင်းသော လေ၊ ရေနှင့် စိမ်းစိုအုံ့ဆိုင်းမှုတို့သည် စင်ကာပူမြို့ ပြစီမံကိန်းများ၏ကျောရိုးဖြစ်ခဲ့ကြောင်း Khoo က ဆိုပါသည်။ စီးပွားရေးအချက်အချာနေရာများကို တနေရာတည်းတွင် စုပြုံမထားဘဲ နေရာအနှံ့ဖြန့်ခွဲထားခြင်းသည် စင်ကာပူမြို့ ပြတည်ဆောက်မှုပုံစံ၏ သော့ချက်ဖြစ်ကာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အလုပ်သွား၊ ပြန် ကြာချိန်တို့ကို လျှော့ချပေးပြီး ပြည်သူတို့အတွက် ဘ၀နေပျော်ဖွယ်ရာ ဖြစ်စေပါသည်။
လူနေသိပ်သည်းမှုများပြားရုံဖြင့် လူနေမှုဘ၀ ကျဉ်းမြောင်းကျပ်တည်းမွန်းကျပ်မှု မဖြစ်စေကြောင်း သူက ပြောပါသည်။

(၂) အမှိုက်များကို အလဟဿမဖြစ်စေရ
လူနေထူထပ်လေ၊ အမှိုက်ထွက်ရှိမှုများလေ ဖြစ်ပါသည်။
သို့သော်စင်ကာပူတွင် အမှိုက်သိမ်းဆည်းမှုစနစ် ထိရောက်လျင်မြန်အောင်လုပ်ဆောင်ထားသလို အမှိုက်များဖြင့် ကုန်းမြေအသစ်များလည်း တည်ဆောက်လျက် ရှိပါသေးသည်။ စင်ကာပူတွင် အမှိုက်များကို စွန့်ပစ်စရာမြေနေရာမရှိကြောင်း အနာဂတ်မြို့ ပြများ သုတေသနဓာတ်ခွဲခန်းမှ ပညာရှင် Dirk Hebel က ဆိုပါသည်။ ထို့ကြောင့် အမှိုက်များကို ပုံမှန် မီးရှို့ဖျက်ဆီးကာ ထွက်ရှိလာသောပြာများကို ပင်လယ်ပြင်မှရသည့် သဲ နှင့်ရောစပ်၍ ကုန်းမြေသစ်များ ဖို့သိပ်တည်ဆောက် တိုးချဲ့လျက်ရှိပါသည်။
ထို့အပြင် ပင်လယ်ဆားငန်ရေမှ ရေချိုချက်လုပ်ခြင်း၊ ရေဆိုးများကို သောက်သုံးရေအဖြစ် ပြန်လည်စစ်ထုတ်သန့်စင်ခြင်းစသည့် ရေအရင်း အမြစ်ဆိုင်ရာလုပ်ငန်းများတွင် စင်ကာပူသည် ကမ္ဘာ့ရှေ့ဆောင် ဖြစ်ပါသည်။
အမှိုက်များဖြင့် ကုန်းမြေတည်ဆောက်ခြင်းအစား အဆောက်အဦများတည်ဆောက်ရန် နည်းလမ်းများကိုလည်း ရှာဖွေကြံဆလျက်ရှိကြပါသည်။ စင်ကာပူတွင် ထွက်ရှိသောအမှိုက်များ၏ ၈၀% သည် ပလတ်စတစ်၊ မှန် စသော အဖိုးတန်အရင်းအမြစ်အမှိုက်များဖြစ်ကြပြီး ၎င်းတို့ကို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအဖြစ် ပြန်လည်ထုတ် လုပ်နိုင်ကြောင်း Hebel က ပြောပါသည်။
Hebel နှင့် သူ၏အဖွဲ့သည် ၂၀၁၅ ခုနှစ်အတွင်း နယူးယောက်တွင် ကျင်းပသည့် မြို့ ပြတည်ဆောက်မှုနည်းလမ်းသစ် အကြံဥာဏ်များပွဲတော်တွင် စွန့်ပစ်အမှိုက်ကို ပြန်လည်အသုံးပြုနိုင်စရာ နည်းလမ်းအထွေထွေကို တင်ဆက်ပြသခဲ့ပါသည်။ ဖျော်ရည်သတ္တုဘူးခွံများကို အသုံးပြုထုတ်လုပ်ထားသည့် ရေလုံသတ္တုပြားများဖြင့် တည်ဆောက်ထားသော အမိုးခုံးအဆောက်အဦကြီးကို ဆောက်လုပ်ပြသခဲ့ပါသည်။ ၎င်းအမိုးခုံးကြီးကို သစ်သားပြားများစီထပ် တည်ဆောက်ထားသော အခြေခံအုတ်မြစ်နှင့် တွဲဆက်ထားပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများစွာအဖြစ် တဖန်ပြန်လည်အသုံးဝင်လာမည့် စွန့်ပစ်အမှိုက်များ စင်ကာပူတွင် ပေါပေါများများထွက်ရှိနေသောကြောင့် ၎င်းတို့ကို လက်တွေ့အသုံးချစရာ အလားအလာများစွာ မြင်တွေ့နေပါသည်။

(၃) လေအေးစက် သုံးစွဲမှုလျှော့ချပါ
စင်ကာပူသည် အီကွေတာနှင့် နီးကပ်စွာတည်ရှိမှုကြောင့် ပူအိုက်စွတ်စိုသော ရာသီဥတုရရှိပါသည်။ ပျမ်းမျှအပူချိန်သည် တနှစ်တာလုံး တသမတ်တည်းလိုလို ၃၀ ဒီကရီ ဆဲလ်စီယပ်ကို ကျော်လွန်ရောက်ရှိပါ သည်။ မြို့ ပြထွန်းကားမှုကြောင့် တိုက်တာအဆောက်အဦများ ပေါများပြီး ၎င်းတို့က လေတိုက်ခတ်မှုလမ်းကြောင်းကို ပိတ်ဆို့ထားခြင်း၊ ပို့ဆောင်ရေးယာဉ်များမှ အပူရှိန်များထုတ်လွှတ်ခြင်း၊ စက်ရုံများမှ အနီအောက် အပူရောင်ခြည်များ ဖြာထွက်ခြင်း စသည်တို့ကြောင့် အပူချိန်ပိုမိုမြင့်တက်စေပါသည်။ ထို့ကြောင့်လည်း စင်ကာပူ၏စွမ်းအင်ကုန်ကျစရိတ် အတော်များများကို ပြည်သူများ အပူဒဏ်လျော့ပါးသက်သာစေရန် သုံးစွဲနေရပါသည်။

အဆောက်အဦများက အသုံးပြုသည့် လျှပ်စစ်စွမ်းအင်ပမာဏသည် တနိုင်ငံလုံးသုံးစွဲမှု၏ ၆၀% အထိရှိကြောင်း ဗိသုကာနှင့်ဆောက်လုပ်ရေးပါရဂူ Arnold Schlüter က ပြောပါသည်။ အဆောက်အဦအများစုတွင် အများပြည်သူဆိုင်ရာနေရာများ၊ လုပ်ငန်းခွင်များကို အေးမြခြောက်သွေ့အောင် ပြုလုပ်ရန် လျှပ်စစ်ဓာတ်အား သုံးစွဲကြပြီး နံရံတွင်တပ်ဆင်ထားသော လေအေးပေးစက်များကြောင့် စင်ကာပူသည် ဆူညံသံလွှမ်းသည့် မြို့တမြို့ ဖြစ်ကြောင်း သူက ပြောပါသည်။
Schlüter နှင့် သူ၏အဖွဲ့သားများသည် အရှေ့တောင်အာရှ ယူနိုက်တက်ဝါးလ်ဒ်ကောလိပ်နှင့်ပူးပေါင်းကာ အဆောက်အဦအပြင်ဘက် လေများကိုအေးစေပြီး ထိုလေအေးများကို အဆောက်အဦမျက်နှာစာပိုင်းကို ဖြတ်သန်းစီးဆင်းစေခြင်းဖြင့် လေအေးပေးစက်များကြောင့် စွမ်းအင်အသုံးမြင့်မားမှုကို လျှော့ချရန် နည်းလမ်းသစ်တမျိုး ရှာကြံလုပ်ဆောင်နေပါသည်။ ထိုနည်းပညာသစ်တွင် အအေးပေးယက်မများ၊ လေ၀င်လေ ထွက်အစိတ်အပိုင်းများ၊ ကြမ်းခင်းအောက် လေစီးကြောင်းကွန်ရက်များ နှင့် ထိန်းချုပ်မှုစနစ်များ ပေါင်းစပ်တည်ဆောက်ထားပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အဆောက်အဦအတွင်း လေအေးပေးစက်များအတွက် အသုံးပြုနေရသည့်နေရာများစွာ လျော့ပါးသွားပြီး သုံးပုံတပုံအထိ ပိုမို ကျယ်ဝန်းလာကြောင်း သူက ပြောပါသည်။
ယနေ့ခေတ် စင်ကာပူတွင် တည်ဆောက်သော အဆောက်အဦ သစ်များတွင် အများပြည်သူဆိုင်ရာနေရာများကို သဘာဝလေစီးကြောင်းများ ဖြတ်သန်းတိုက်ခတ်စေရန် ပုံစံဒီဇိုင်းရေးဆွဲ တည်ဆောက်ထားကြ ပါသည်။

(၄) မြေအောက်သို့ တိုးချဲ့တည်ဆောက်ပါ
လူဦးရေတိုးပွားလာခြင်းကြောင့် မြေနေရာရှားပါးလာသည့်အခါ အထပ်မြင့်အဆောက်အဦများ တိုးချဲ့ဆောက်လုပ်လာရခြင်းကို စင်ကာပူသာမက ကမ္ဘာတလွှားမြို့ ပြများစွာတွင် တွေ့ရှိနေရပါသည်။ သို့သော် စင်ကာပူ၏မြေအသုံးချမှု မူဝါဒများသည် အခြားနိုင်ငံများထက် ပိုမို တင်းကျပ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများကို မြေအောက်တွင် ပြုလုပ်လာကြကာ အလုပ်ခွင်များကို မြေအောက်သို့ ရွှေ့ပြောင်းမှု ပြုလာကြပါသည်။

လက်နက်ခဲယမ်းမီးကျောက်ဆိုင်ရာများကို အစဦးဆုံးမြေအောက်သို့ ပြောင်းရွှေ့ခဲ့ပြီး မြေအောက် Jurong Tunnel များတွင် ရေနံသိုလှောင်ရုံများ တည်ဆောက်ပြောင်းရွှေ့ ခဲ့ကာ နောက်များမကြာမီ သိပ္ပံဓာတ်ခွဲခန်း စသော စက်မှုလုပ်ငန်းများကို ဆက်လက်တည်ဆောက် ပြောင်းရွှေ့နေကြပါသည်။
မြေအောက်နေရာလွတ်များကို အကြီးအကျယ်အသုံးချရန် နည်းလမ်းသစ်တမျိုးရှိကြောင်း၊ မြေအောက်မီတာ ၁၀၀ ကျော်အနက်ရှိ ကျောက်လွှာများကို အခေါင်းများ ထွင်းဖောက်လုပ်ကိုင်နိုင်ကြောင်း သြစတြေးလျနိုင်ငံ မိုနက်ရှ်တက္ကသိုလ်မှ ဘူမိမက္ကင်းနစ်ဗေဒပါမောက္ခ ကျန်ကျောင်က ပြောပါသည်။ သူသည် ယခင်က စင်ကာပူရှိ Nanyang နည်းပညာတက္ကသိုလ်တွင် အလုပ်လုပ်ခဲ့ပြီး မြေအောက်သို့ ချဲ့ထွင်အခြေချ နိုင်စရာနည်းလမ်းများကို စူးစမ်းခဲ့သည့် ပထမဆုံးသုတေသနကို အစပျိုးခဲ့သူလည်း ဖြစ်ပါသည်။

မြေအောက်တွင် တုန်ခါမှုများ ကင်းဝေးပြီး အရာအားလုံးသည် တည်ငြိမ်အခြေတကျရှိကာ အပူချိန်၊ စိုထိုင်းဆ စသည်တို့လည်း အပြောင်းအလဲနည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေလှောင်ကန်များ၊ စက်ရုံများအတွက် အထူးသင့်တော်လှကြောင်း သူက ဆိုပေသည်။ မြို့နေလူထုအတွက် သာယာနာပျော်ဖွယ်၊ ကြည့်ပျော်ရှုပျော် ဖွယ်မရှိသော အရာအားလုံးကို မြေအောက်သို့ပို့ပစ်ခြင်းဖြင့် စင်ကာပူကို ပိုမိုနေချင့်စဖွယ်ဖြစ်လာစေမည် ဖြစ်ပါသည်။

(၅) နည်းပညာသစ်များကို လက်ခံအသုံးပြုပါ
စင်ကာပူ၏ မြို့တွင်းသယ်ယူပို့ဆောင်ရေး Mass Rapid Transportation (MRT) မြေအောက် ရထားသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံးရထားစနစ်တခုဖြစ်ပါသည်။ စင်ကာပူ၏ မြို့ ပြလူနေမှုပုံစံနှင့် နည်းပညာအသုံးချမှုသည် ခွဲခြားမရအောင် ဒွန်တွဲနေခြင်းကြောင့် စင်ကာပူ၏နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မေ့ပျောက်ပစ်၍ မရနိုင်ပါ။ စင်ကာပူတွင် ကိုယ်ပိုင်ယာဉ်ပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းကြောင့် အများသုံး မြေအောက်ရထားကိုသာ လူအများ အားထားအသုံးပြုနေကြရပြီး မြို့တွင်း လူနှင့်ကုန်စည်များ စီးဆင်းမှုကို အဟန့်အတားမဖြစ်စေမည့် အဆင့်မြင့်အဆောက်အဦဒီဇိုင်းများ ရေးဆွဲတည်ဆောက်လာခဲ့သည်မှာ ဆယ်စုနှစ်တခု ကျော်ခဲ့ပြီ ဖြစ်ပါသည်။

သို့သော် လူဦးရေတိုးပွားလာမှုကြောင့် လူနေသိပ်သည်းဆမြင့်တက်လာကာ အခြေခံအဆောက်အဦများအပေါ် ဒဏ်ပိလာကြောင်း၊ စင်ကာပူသည် အမြဲမပြတ်လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနေရမည်သာဖြစ်ကြောင်း Khoo က ဆိုပေသည်။ စင်ကာပူနိုင်ငံ အမှီအခိုကင်းစွာရပ်တည် နေနိုင်ရန်နှင့် နေပျော်ဖွယ် ကောင်းစေရန်အတွက် စင်ကာပူမြို့ပြဖွံ့ဖြိုးမှုတွင် ဆန်းသစ်တီထွင်မှုများစွာကိုအခြေပြုခဲ့ရပါသည်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကို မထိခိုက်စေသည့် အဆောက်အဦများ တည်ဆောက်ရာတွင် နည်းပညာအသုံးချမှုသည် သော့ချက်ဖြစ်ပြီး ၎င်းတို့ကို လူနှင့် ပတ်ဝန်းကျင်တို့နှင့် သဟာဇာတဖြစ်စွာ တည်ဆောက်ထားကြပါသည်။

မြို့ပြလှုပ်ရှားမှုနှင့် နေရာလွတ်အသုံးပြုမှုတို့ကို အချိန်နှင့်တပြေးညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲခြင်းဖြင့် စွမ်းအင်အသုံးပြုမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါသည်။ ထိုသို့ နည်းပညာအားထားအသုံးပြုခြင်းဖြင့် စင်ကာပူသည် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊ စိမ်းလန်းမှုအရှိဆုံး မြို့ ပြတခုအဖြစ် ရပ်တည်လျက်ရှိနေသည်။

စင်ကာပူသည် သူ၏ကျွမ်းကျင်ပိုင်ဆိုင်ထားပြီးဖြစ်သော မြို့ပြစီမံ ခန့်ခွဲမှု နည်းစနစ်များကို မြို့ ပြဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်မားနေသော တရုတ်ပြည် တျန်ကျင်းမြို့၊ အိန္ဒိယနိုင်ငံ၏ အန္ဒြာပရာဒက်ရှ်မြို့တော်သစ် စသော အခြားအာရှနိုင်ငံများရှိ မြို့ ကြီးများသို့ ဖြန့်ဝေပေးလျက်ရှိပါသည်။ မြို့ ပြနေ လူတန်းစားများ ကမ္ဘာတလွှား တိုးပွားလာခြင်းအတွက် မြို့ ပြစနစ်များ တည်ဆောက်ဖြေရှင်းရာတွင် နိုင်ငံများအချင်းချင်း ပူးပေါင်းကူညီကြခြင်းဖြင့် လူသားမျိုနွယ်ထုကြီးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း စင်ကာပူက သက်သေပြလျက်ရှိပါသည်။

ဦးဆွေ(ရန်ကင်း)
ရည်ညွှန်း - စီအင်န်အင်န်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို ဝင်ရောက်ဖို့ကြိုးစားနေကြတဲ့ လှေစီးပြေးတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် အမေရိကန်ဒေါ်လာ ၃သန်းခွဲ ကူညီသွားမယ်လို့ ဂျပန်နိုင်ငံက ကတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ဂျပန်နိုင်ငံက ကူညီပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

နိုင်ငံရွှေ့ပြောင်းအခြေချဖို့အတွက် အရှေ့တောင်အာရှ ပင်လယ်ပြင်ကိုဖြတ်ရင်း ဒုက္ခရောက်နေတဲ့ လှေစီးပြေးဒုက္ခသည်တွေကိုနိုင်ငံတကာအဖွဲ့အစည်း တွေကတဆင့် အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ဂျပန်အစိုးရက ကူညီသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာဆိုသူတွေ လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့က ကုလသမဂ္ဂတက္ကသိုလ်မှာ ဒီနေ့ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် ၇ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အာရှ ၁၂ နိုင်ငံက အစိုးရပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီအခမ်းအနားမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောသွားတာပါ။ ဒါဟာ အာရှဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက်ရည်ရွယ်ပြီး ဂျပန်နိုင်ငံက ကူညီတာ ဖြစ်တယ်လို့ အဲဒီအခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောသွားပါတယ်။

“ဂျပန်နိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး အာရှဒေသ နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ရလာစေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ရှိလာစေဖို့နဲ့ ဒီမိုကရေစီဖြစ်ထွန်းလာစေဖို့ ကူညီသွားမှာ..” ဖြစ်တယ်လို့ မစ္စတာ Kishida က ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာစစ်ကြီးပြီးဆုံးသွားပေမယ့်လည်း အာရှဒေသတွင်းမှာ ပဋိပက္ခတွေဆက်ဖြစ်နေတဲ့ဒေသတွေကို ဂျပန်အနေနဲ့ ဆက်လက်ကူညီသွားမယ်လို့လည်း မစ္စတာ Kishida က ကမ်းလှမ်းသွားပါတယ်။

၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအတွက်လဲ အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပါအဝင် ပဋိပက္ခတွေ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားဒေသတွေအတွက်ပါလာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ဂျပန်အစိုးရက ကူညီသွားမှာ ဖြစ်တယ်လို့တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် အခမ်းအနားကိုတက်ရောက်တဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တရားဝင်ပြောသွားတာရှိပါတယ်။ အဲဒါကတော့ လာမယ့်ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံကိုတော့ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းမှာ ဒီမိုကရေစီ….၊ Peace Building, …National Reconciliation ဖြစ်စဉ်တွေအတွက်ကိုတော့ သူတို့အနေနဲ့ စောင့်ကြည့်နေတယ်ပေါ့နော်၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျော့လျော့လောက် ထပ်ပြီးတော့ အကူအညီပေးမယ်ဆိုတာကိုတော့ သူတရားဝင်ပြောသွားတာရှိပါတယ်။”

အခုပေးမယ့်အကူအညီတွေကို ဘယ်နေရာတွေမှာ သုံးစွဲမယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း ဦးလှမောင်ရွှေက ရှင်းပြပါတယ်။

“အစိုးရကိုအသိပေးပြီးတော့ သူတို့ကူညီချင်တဲ့နေရာတွေကို သူတို့ပေးတာပိုများပါတယ်။ အထူးသဖြင့်တော့ လူသားချင်းစာနာထောက်ထားတဲ့ဟာတွေနဲ့ conflict ဒေသကဟာတွေလည်း ပါတာပေါ့လေ။ ကျနော်တို့အစိုးရ NPC တို့ ဘာတို့ကိုလည်း သူတို့အနေနဲ့ အနည်းငယ် ပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် အဲဒါက ဒီလောက်အများကြီးတော့ မဟုတ်ဘူးဗျ။ လုပ်ငန်းလည်ပတ်ဖို့တို့၊ အစည်းအဝေးလုပ်ဖို့တို့ဆိုတဲ့ ဟာမျိုးလောက်ပဲ NPC တို့ဘာတို့နဲ့ ဆက်စပ်တာပါ။ ကျန်တာတွေကတော့ သူတို့ရဲ့ရည်မှန်းချက်ဟာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာတွေ ရှိပါတယ်။”

အာရှနိုင်ငံတွေကို အခုလိုပေးတဲ့ အကူအညီတွေဟာ ဂျပန်ဝန်ကြီးချုပ် မစ္စတာအာဘဲ့အစိုးရရဲ့လက်ရှိမူဝါဒကို ထင်ဟပ်စေဖို့ဖြစ်သလို ဂျပန်နိုင်ငံက အမျိုးသား လုံခြုံရေးဆိုင်ရာဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ဖို့ လွှတ်တော်မှာဆွေးနွေးနေချိန်မှာပဲ ဒေသတွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် အကူအညီ ပေးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကိုအဆုံးသပ်စေဖို့ အဏုမြူဗုံးကျခဲ့တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆကီမြို့တွေကို လေ့လာနိုင်ဖို့ အာရှဒေသက လူငယ် ၃၀၀ ကိုလည်း ဖိတ်ကြားသွားဖို့ စီစဉ်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။


မြန်မာနိုင်ငံမှာ လိုအပ်တဲ့အပြောင်းအလဲတွေဖြစ်ဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲလမ်းကြောင်းသွားဖို့ လိုအပ်နေချိန်မှာ မတည်ငြိမ်အောင်လုပ်နေသူတွေရှိတယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၇ဝ ပြည့်မွေးနေ့မှာ စိုးရိမ်စကားဆိုလိုက်ပါတယ်။

ဘဝပြီးဆုံးတဲ့အချိန်မှာ တာဝန်တွေကျေပွန်ခဲ့ပြီဆိုတဲ့စိတ်နဲ့ပဲ ဘဝကူးချင်သလို လူတိုင်းကိုလည်း အဲဒီစိတ် ထားစေချင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသမိုင်းအတွက် အင်မတန်အရေးကြီးတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ကို မတည်ငြိမ်တဲ့လမ်းကြောင်းစီ တွန်းမပို့ကြပါနဲ့လို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အနာဂတ်မှာ ဘယ်လိုအသိုင်းအဝိုင်းမှာနေသွားရမယ်ဆိုတာ ဆုံးဖြတ်ပေးမယ့် ရွေးကောက်ပွဲကို ပေါ့ပေါ့တန်တန်သဘောမထားစေချင်ဘဲ ကိုယ့်ရဲ့မဲတစ်ပြားချင်းစီဟာ နိုင်ငံရဲ့အနာဂတ် ဘယ်လိုပုံစံဖြစ်လာစေချင်လဲဆိုတာအထိ အဆုံးအဖြတ်ပေးနိုင်တာကို လူတိုင်းသဘောပေါက်စေချင်တယ်လို့ ပြောပါတယ်။

နေပြည်တော်လွှတ်တော်ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်းမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇ဝ ပြည့်မွေးနေ့ပွဲကို NLD ပါတီဝင်တွေ၊ လွှတ်တော်ဝင်းအတွင်းက ပန်းဥယျာဉ်ဝန်ထမ်းတွေနဲ့အတူ ပကာသနမပါဘဲ နွေးနွေးထွေးထွေး ကျင်းပခဲ့ကြပါတယ်။

မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အသက် ၇ဝ အရွယ်ထိ တာဝန်ကြီးကြီးမားမားတွေ ထမ်းဆောင်နိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်အထိ ကျန်းမာရွှင်လန်းပြီး တက်တက်ကြွကြွ နိုင်ငံအကျိုး အားပြည့်အင်ပြည့်ထမ်းဆောင်နေတာတွေ့ရလို့ ဝမ်းသာဂုဏ်ယူနေသူကတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းပါ။

Kamayut Media


7 Day ဂျာနယ်မှာ Global Group ကုမ္ပဏီ ဒေါ်လာ ၁.၄၈ သန်းလိမ်တယ်ဆိုတဲ့သတင်း ပါလာပါတယ်၊ တကယ်နာမည်အစစ်ကGlobal Growth ပါ၊ တိုက်တိုက်ဆိုင်ဆိုင်လွန်ခဲ့တဲ့ ၁လကျော်ကကိုယ်ဆီလာပြီး သူတို့ ဆီ မှာရွှေအရောင်းအဝယ် Online ကနေလုပ်ဖို့ လာပြော တဲ့ကုမ္ပဏီဖြစ်နေတယ်၊ လာရှင်းပြပြီး Follow up ခဏခဏလုပ်တော့သူတို့  ရုံးသွားကြည့် ခဲ့ပါတယ်၊ လေ့လာကြည့်တယ်၊ မထည့်ခဲ့ဘူး၊ ပြဿနာ ဖြစ်မယ်လို့ သုံးသပ်ခဲ့တယ်၊ ဘာကြောင့်မထည့်ခဲ့လည်း ရှင်းပြချင်ပါတယ်၊၊

၁၊၊ ပြည်ပကုမ္ပဏီ Standard Bullion ရဲ့  ရုံးခွဲပြောတယ်၊ နိုင်ငံခြားသားအုပ်ချုပ်တယ်၊ ဒီတော့မေးလိုက်တယ်၊ ပြည်တွင်းပါတနာ ပါလား၊ တကယ်လို့ ငွေကြေးဆုံး ရှုံးမှုဖြစ်ရင်ဘယ်သူ တာဝန်ယူမလဲမေးတယ်၊ နိုင်ငံခြားသားတာဝန်ယူ မယ်၊ ရှေ့ နေနဲ့ စာချုပ်ချုပ်မယ်၊ သုံးလတစ်ခါအရင်း နဲ့ အမြတ် ရှင်းပေးမယ်၊ ပြန်ထည့်ချင်ရင်စာချုပ်အ သစ်ပြန်လုပ်မယ်ပြောတယ်၊ အဲတော့ နိုင်ငံခြားသား ကဒီစာချုပ်မှာ ငွေပေးအယူ လက်မှတ်ထိုးခွင့် မရှိတာသိလားလို့ မေးတော့ မဖြေနိုင်ဘူး၊ ပြန်မေးပေးပါ့ မယ်ဆိုတော့တစ် မှတ်လျှော့
(ဒီမှာ ပြည်ပကလူ တရားဝင် ငွေပေးငွေယူ လက်မှတ်ထိုးခွင့်မရှိဘူး)

၂၊၊ လုပ်ချင်ရင်နှစ်နည်းရှိတယ်၊ ပထမနည်းက သူတို့ ကိုငွေသွင်း၊ အနည်းဆုံး ဒေါ်လာ ၁၀၀၀၀၊ ကိုယ်ဟာကိုယ်ရွှေအရောင်း အဝယ်Online လုပ်၊ သူတို့ ငွေကြေးအကြံပေး တစ်ယောက် ကိုယ်အတွက်ပေးထားမယ်၊ မနက်တိုင်း ကမ္ဘာဈေးကွက်အနေအထား သုံးသပ်ပွဲလုပ်ပေး မယ်၊လာတက်၊ ဒီမှာမြတ်နေ သူတွေရဲ့ ဝင်ငွေတွေ တစ်လတည်း ဒေါ်လာ ၁၀၀၀၀ လောက်မြတ်နေတယ်ဆိုပြီး ဖုန်းအင်တာနက်ကနေ အကောင့်တစ်ခု ဖွင့်ပြတယ်၊ ဆိုင်ကိုလိုဂျီပေါ့၊ငွေပြန်ထုတ်ချင် ရင်အများဆုံးသုံးရက်ပဲစောင့်၊ ဒုတိယနည်းက ကိုယ့်ဟာကိုယ်မလုပ်နဲ၊ ရှုံးမှာစိုးလို့ သူတို့ ပဲအရောင်းအဝယ်လုပ်ပေးမယ်၊ ငွေတော့သုံးလ တစ်ခါပြန်ထုတ်ပေးမယ်၊ အမြတ်ရဲ့ ၆၀% ကို ကိုယ့်ယူ၊ ၄၀%ကိုသူတို့ အကြံပေးတွေ ယူမယ်၊ မြတ်ဖို့ ကိုအာမခံတယ်ဆိုတော့လစဉ် ဘယ် လောက်မြတ် တတ်လဲမေး လိုက်တယ်၊ အနည်းဆုံး ၄% ကနေ ၁၀% ဆိုတော့ နောက် တစ်မှတ်လျှော့
(ကျွန်တော်တလ ၁%မြတ်ဖို့ တောင် မလွယ်ဘူး သဘောထားတဲ့သူ)

၃၊၊ ညီလေးတို့ ဘာအကျိုးရှိလို့  ဒီမှာလာလုပ်တာ လဲ၊ ကျိန်းသေမြတ်မယ့် ဟာကို သူများအတွက် ဘာလို့ တွက်ပေးတာ လဲ၊ ကိုယ်ဟာကိုယ်ပဲလုပ်ပေါ့ လို့  မေးတော့ ငွေကြေးအသိပညာကိုမြန်မာနိုင်ငံ အတွက်ဖြန့် ဖြူးပေးချင်လို့ ပါဆိုတော့ အင်း နောက်တစ်မှတ်ထပ်လျှော့
(ဒါမျိုးသိပ်ပြောရင်မဟုတ်တော့ဘူး)

၎၊၊ နောက်တစ်ခုကပိုဆိုးတယ်၊ ကိုယ်မိတ်ဆွေတွေကိုဒီမှာရင်းနှီးမြုပ်နှံဖို့  မိတ်ဆက်ပေးရင်သူတို့ ရမယ့်အမြတ် ၄၀%ကနေ ၁၆%ပြန်ခွဲပေးမယ်တဲ့၊ (ဒီလောက်ဆိုသိလောက်ပါပြီ၊အဲဒါကို သိန်း၅၀၀၀ ထည့်ထားသူတောင်ရှိတယ်ဗျာ)

ဒီကိစ္စကြားတော့သူတို့ ကိုဖုန်းဆက်မေးလိုက် ပါတယ်၊ ဟုတ်လားဆိုပြီး၊ ဘာပြန်ဖြေလဲ ဆိုတော့ သူဌေးရဲ့လူယုံကငွေယူပြေးသွားတာ ပါ၊ တတ်နိုင်သလောက်ဖြေရှင်းပေးမယ်ပြော တယ်၊၊
(ရုပ်ရှင်ရိုက်လိုက် ပါပြီ၊ လူဆိုးတစ်ယောက်ပြပြီး ကျန်တဲ့သူတွေ မဆိုင်ဘူးလုပ်တော့မယ်)

ကျန်တာတွေကယုံချင်စရာ၊ မြန်မာကုမ္ပဏီမှတ်ပုံတင်တို့ Standard Bullion ရဲ့  အသိအမှတ်ပြုစာတို့ ကိုမှန်ဘောင် သွင်းထားတယ်၊ လာရှင်းပြတဲ့စာရွက်စာ တမ်းတွေ၊ ကြေငြာ စာရွက်တွေကအကောင်း စား၊ ရုံးခန်းကလည်းသားနားတယ်၊ Sarkura Tower မှာနှစ်ထပ် ယူထားတာ၊ လာရှင်းတဲ့ မန်နေဂျာကရှိုးအပြည့်၊ ထိုင်ခုံနေရာချထားတာ၊ မိတ်ဆက်ပေးတာကိုက ABC Role တွေ သုံးထားတယ်၊ စကားလုံးကြီးကြီးတွေပြော တယ်၊ ငယ်ငယ်တုန်းကကိုယ့်ကို ပထမဆုံး လိမ်သွားတဲ့ Falcon Global ကုမ္ပဏီ ကြောင့်နောက်တခါအလိမ်မခံ ရတော့တာ၊၊

Ko Naing



ယနေ. ညနေ ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေး ချမ်းမြသာစည် မြို့နယ် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအရှေ့ဘက်ဘေး မြို့သစ်အကွက် ၁ ၊ အပိုင်း (က ) မှာရှိတဲ့
မင်္ဂလာ မန္တလေး အိမ်ယာ စီမံကိန်းဧရိယာက ပူးလ်မင်းPullman ဟော်တယ်ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်မှာ ငြမ်းပြိုကျလို့ စုစုပေါင်းလူ ၂၀ ၀န်းကျင်လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၁၂ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရလို့ဆေးရုံတင်ထားရသလို ငြမ်းအောက်မှာ သေဆုံးပြီလို့ယူဆရတဲ့ လူငယ် ၂ဦးကိုမြင်တွေ့နေရပါတယ်။


ယနေ. မန္တလေးက အဆောက်အဦးပြိုကျမှု====================================ယနေ. ညနေ ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေး ချမ်းမြသာစည် မြို့နယ် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအရှေ့ဘက်ဘေး မြို့သစ်အကွက် ၁ ၊ အပိုင်း (က ) မှာရှိတဲ့ မင်္ဂလာ မန္တလေး အိမ်ယာ စီမံကိန်းဧရိယာက ပူးလ်မင်းPullman ဟော်တယ်ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်မှာ ငြမ်းပြိုကျလို့ စုစုပေါင်းလူ ၂၀ ၀န်းကျင်လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၁၂ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရလို့ ဆေးရုံတင်ထားရသလို ငြမ်းအောက်မှာ သေဆုံးပြီလို့ယူဆရတဲ့ လူငယ် ၂ဦးကို မြင်တွေ့နေရပါတယ်။
Posted by Kyaw Swar Myint on Saturday, June 20, 2015

“ ဗုဒ္ဓရဲ့သမီးတော် သို့ ကော်ရော်ခြင်း”

ပထမမြန်မာနိုင်ငံတော်
ပုဂံခေတ်မှာပေါ်သတဲ့ … ငထွေရူးနဲ့ ငလုံးလဖယ်
ညောင်ဦးနယ်က ငဖီး … ဆင်ပြောင်နီးနီးအားမာန်ကြီးတာလည်း
ဒီလောက် … ဂုဏ်မယူမိဘူး ။

ဒုတိယမြန်မာနိုင်ငံတော်
တပင်ထီးဘုရား၊ ဘုရင့်နှောင် သတ္တိပြောင်ကြသတဲ့
လက်ထိပ်ဖျားအပ်စိုက် … သူရဲကောင်းမဲနှိုက်တာလည်း
ဒီလောက် … ဂုဏ်မယူမိဘူး ။

တတိယမြန်မာနိုင်ငံတော်
ရတနာသင်္ခ မုဆိုးဘိုရွာက အလောင်းဘုရား ဦးအောင်ဇေယျ
ထန်းလုံးခုတ်တုပ် ၊ ၀ါးရင်းတုတ်ဆွဲ … လက်ရုံးရည်ပြတဲ့ပွဲလည်း
ဒီလောက် … ဂုဏ်မယူမိဘူး ။

စတုတ္ထမြန်မာနိုင်ငံတော်
သူ့ ကျွန်မခံ နယ်ချဲ့ ရန် တွန်းလှန်ဖြိုဖို့ 
သုံးကျိပ်ရဲဘော် လူငယ်အကျော် လက်မောင်းသွေးဖေါက် သစ္စာရေသောက်ခဲ့တာလည်း
ဒီလောက် … ဂုဏ်မယူမိဘူး ။
န၀ရတ်ကိုးပါး ထွဋ်ခေါင်ဖျား
ပတ္တမြားငမောက် ပြည်တန်ကျောက်
တို့ ပြည်လူ့ ရွာ ပေါ်ပေါက်ခဲ့တာလည်း
ဒီလောက်ဂုဏ်မယူမိဘူး ။

ဟော့ဒီမှာ ပဉ္စမမြန်မာနိုင်ငံ
သေမင်းတမန် သေနတ်ပြောင်းဝရှေ့  မွှေးမြဖူးဝေ အလင်းဆွေခဲ့တဲ့ပန်း …
ကိုယ့်အသက်ဇီဝိန်ချွေတဲ့ ဗီလိန်တွေကိုတောင် ခွင့်လွှတ်တတ်တဲ့ပန်း …
မေတ္တာလွင်ပြင်မှာ သစ္စာရေဖြန်း မညိုးနွမ်း သြချ အမရပန်း …
သဒ္ဓါ စာဂ သီလပညာ စွန့် ခြင်းကြီးငါးဖြာ ပါရမီအဖုံဖုံ ကုံလုံ ထုံကူးတဲ့ပန်း ….
နှစ်တထောင်မှာ တခါပွင့်တဲ့ အာသာဝတီ နွယ်နီနတ်ပန်း
ဒီမြေမှာပွင့် … ဒီမြေမှာလန်း
ဒီမြေကိုနမ်း … ဒီမြေရဲ့ အဖိုးအနဂ္ဃပန်းအတွက်တော့
ရိုးတွင်းခြင်ဆီခမ်းတဲ့အထိ ဂုဏ်ယူနေမယ်။

အသိနဲ့ အကျင့် သမူဟ
ဗုဒ္ဓရဲ့ သမီးတော်
ရို့ ကျိုးကော်ရော်ပါ၏ ။ ။

ဇွန်လ (၁၉) ရက် ၂၀၁၅ ခုနှစ်တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၀) ပြည့်နှစ်မြောက် မွေးနေ့ သို့ ဂုဏ်ပြုလျှက် -
( မင်းကောင်းချစ် )
ဇွန်လ (၂၀) ရက် ၂၀၁၅ ခုနှစ်