06/23/15

ဗိုလ်ခင်ညွန့်တို့ တုန်လှုပ်နေတယ်..။
မီဒီယာဟာ တစ္ဆေသရဲမဟုတ်၊
ကြေးမုံမှန်တချပ်သာဖြစ်တယ်၊
ကိုယ့်ပုံရိပ်ကိုယ်..မထိတ်လန့်ပါနဲ့..။

အတိတ်က ကိုယ်မတရားပြုခဲ့တာတွေ..ကိုယ်တိုင်ပြန်မကြားရဲတော့တာ..
ဦးခင်ညွန့်မှမဟုတ်၊ စစ်အာဏာရှင်တွေ အားလုံးပဲ.။

အကြောင်း နဲ့ အကျိုး တရားကို လက်မခံနိုင်ရင် ဘယ်တရားကို ယုံကြည်သလဲလို့ မေးခွန်းထုတ်ရမယ်။
အကြောင်းမရှိပဲ ဘယ်အရာမှ အကျိုးမဖြစ်ထွန်းဘူး။
သူတို့ ယုံကြည်တဲ့ဆိုတဲ့ ဗုဒ္ဓရှင် ကိုယ်တိုင်ဟောကြားခဲ့တဲ့ ဓမ္မစစ်ကို လက်မခံနိုင်ပဲ ငါတို့က ထေရ၀ါဒ ဗုဒ္ဓဘာသာလို့ ကြွေးကြော်မနေပါနဲ့..။

တချိန်က ကိုယ်တိုင် ဥပဒေမဲ့ ထင်သလို ရိုင်းပျ၊ လူမဆန် နှိပ်ကွပ် အာဏာအရူးအမူးဖြစ်ခဲ့တာကို ပြန်မကြားရဲတော့သလို၊
အချောင် ကိုယ်ကျိုးဖက် စီးပွားရှာ၊ ဥစ္စာဓနကို လုယက် ကြောင်တောင်နှိုက်ပြီး ပြည်သူတွေ မျက်ရေ နဲ့ ကြွယ်ဝနေတာကိုလည်း ပြည်ဖုံးကားချချင်နေကြတယ်။

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို.သူတို့ဟာ.. မသေခင်ကတည်းက ၀ဋ်လည်နေပြီ.။
ကိုယ့်အပြုအမူ၊ ကိုယ့်ပုံရိပ်တောင် ကိုယ်ပြန်မမြင်ရဲ မကြားရဲလောက်အောင် ဆောက်တည်ရာမရဖြစ်နေပြီ။
စစ်အာဏာရှင်တွေ အရမ်းကြောက်ဒူးတုန်နေတယ်။
ဂနာမငြိမ်ဖြစ်နေတယ်။

ဘယ်သူမပြုမိမိမှုပါပဲ.။
ကိုယ်ပြုသမျှ ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ.။
ကောင်းတာလုပ်ရင် စိတ်ဓာတ် တည်ငြိမ်၊ အိနြေင်္ ဂုဏ်သိက္ခာနဲ့
ကောင်းတဲ့အကျိုးချမ်းသာခံစားရမှာမလွဲ.။
မကောင်းတဲ့ ကံကို ကျူးလွန်ရင် သွေးလေခြောက်ခြားပြီးဆောက်တည်ရာမရ..ကိုယ်မတရားပြုခဲ့သမျှ မကြားရဲ.မမြင်ရဲ၊ မဖတ်ရဲအောင်ဖြစ်မှာပဲ..။

အဆိုး၊ အကောင်း၊ အကျိုး အကြောင်းကို ဝေဖန်တာ မနာခံရဲရင် အာဏာရှင်စနစ်ကိုသာ ဗြောင်ကြေငြာပြီး အုပ်ချုပ်ကြပါ။
ဒီမိုကရေစီနဲ့ မတန်မရာသူတွေဆိုတာ အာဏာရှင်စိတ်ဓာတ်ရှိသူတွေသာဖြစ်တယ်။
အာဏာရှင်စိတ်နဲ့ ဒီမိုကရေစီစနစ် တည်ဆောက်လို့မရပါ။
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာ.အာဏာရှင်တွေ စည်းစိမ်ခံရေးကြွေးကြော်သံပါ။
ကိုယ့်နိုင်ငံသားချင်း နှိပ်စက်ကျွန်ပြုရေး လမ်းစဉ်ပါ။
ဒီမိုကရေစီမှာ မြန်မာ့နည်း၊ အင်္ဂလန်နည်း လို့မရှိပါ။ မယုံရင် စာဖတ်ပါ၊ လေ့လာကြည့်ပါ။
ဒီမိုကရေစီဆိုတာ ကျင့်ဝတ်တစ်ခုလည်းဖြစ်တယ်။
လူအချင်းချင်း လေးစား ချစ်ခင်မှုပေါ် အခြေခံတဲ့ ကျင့်ဝတ်ဖြစ်တယ်။
ဆူငေါက်အော်ဟစ်ကြိမ်းမောင်းတာ ဒီမိုကရေစီ ကျင့်ဝတ်မဟုတ်၊ အာဏာရှင်စရိုက်ဖြစ်တယ်။

မြန်မာတွေဟာ အဆင့်အတန်းမှီ ဒီမိုကရေစီနဲ့ မထိုက်တန်သူတွေမဟုတ်ဘူး။
မြန်မာတွေဟာ ကျွန်မဟုတ်၊ အတွေးအခေါ်ကင်းမဲ့သူတွေမဟုတ်၊
အဆိုးအကောင်း၊ အကျိုး အကြောင်းနဲ့ ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်သူတွေဖြစ်တယ်။
ဗိုလ်ခင်ညွန့်တို့လို အာဏာရှင်တွေက အရိုင်းအစိုင်းဇာတ်ကို အတင်းအဓမ္မ ကနေလို့ တိုင်းပြည်ရဲ့ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုတွေ ပြာဖုံးနေတာပါ။
အာဏာရှင်စိတ်တွေ ပျောက်သွားရင် အကုသိုလ် ပြာမှုံတွေပါ လွင့်စင်သွားပါလိမ့်မယ်။

မီဒီယာဟာ တစ္ဆေ သရဲမဟုတ်ပါ။
မီဒီယာဆိုတာ ကြေးမုံပြင်ဖြစ်တယ်။
ကိုယ်ပြုသမျှ အမှား၊ အမှန် ရောင်ပြန်ထင်ဟတ်တဲ့အရာပါ။
စစ်အာဏာရှင်တွေ၊ မတရားသူတွေ
မီဒီယာကို ကြေးမုံပြင်လို့ မမြင်ရဲပဲ တစ္ဆေ သရဲ လိုမြင်ပြီး ကြောက်ရွံ့နေတာ
ကိုယ်တိုင်က အကုသိုလ်တွေ ကျူးလွန်နေလို့..
မကောင်းမှုတွေ ပြန်လည် ရောင်ပြန်အဟတ်ခံရတာဖြစ်တယ်။

ကိုညို( အော်စလို)

မြန်မာနိုင်ငံမှာ အခုလ အတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ်နိုင်ဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်မှာ အစိုးရ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ပညာရှင်တွေ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေး နေကြ ပါတယ်။

အဲဒီ ဆွေးနွေးပွဲ ပြီးတဲ့နောက် ရလာတဲ့ အချက် လက်တွေကို အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီက အနိမ့်ဆုံး လုပ်ခကို အခု ရက်ပိုင် အတွင်းမှာ ဆုံးဖြတ်ပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင် နဲ့အလုပ် သမားတွေကြားမှာ ၂နှစ်အတွင်း အကြိမ်ပေါင်း ၃၀ နီးပါး ဆွေးနွေး ညှိနှိုင်း ခဲ့ပြီးဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက် တနင်္လာနေ့နဲ့ ၂၃ ရက် နှစ်ရက်ကြာ ဆွေးနွေးမှု ပထမနေ့မှာ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တစ်နိုင်ငံလုံး တပြေးညီ အနိမ့်ဆုံး လုပ်ခငွေ တစ်ရက်ကို ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တင်ပြကြ ပေမဲ့ အလုပ်ရှင်တွေ ဘက်က နေရာဒေသ ခွဲပြီး သတ်မှတ်ဖို့နဲ လုပ်ငန်း အမျိုးစားအလိုက် သတ်မှတ်ပေးဖို့ ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရက ဝန်ထမ်းတွေ လစာ တိုးပေးခဲ့ပြီးနောက်မှာ ဆန်၊ ဟင်းသီး ဟင်းရွက်နဲ့ ကြက်သွန်တို့လို အခြေခံ စားကုန် ဈေးတွေက လစာမတိုးခင်ကထက် ၂၀ ရာခိုင်နှုန်း တက်သွားတဲ့ အတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးမယ် ဆိုရင်လည်း ကုန်ဈေးနှုန်းတွေ မတက်အောင် အစိုးရ ဘက်က ထိန်းသိမ်းပေးဖို့ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တင်ပြကြပါတယ်။

ဒီလုပ်ခ ပြဿနာ ကြောင့် ပြီးခဲတဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ အငြင်းပွားမှုတွေ အလုပ်သမား သပိတ်တွေ အများပြား ပေါ်ပေါက်ခဲ့ပြီး အလုပ်သမား တစ်ချို့ ဖမ်းဆီး ထောင်ချ ခံရတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ရေဒီယို မိန့်ခွန်းမှာ ဇွန်လအတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်မယ်လို့ ပြောထား ပါတယ်။

BBC

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

ကိုးကန့်လက်နက်ကိုင်တပ်ဘက်က တဖက်သတ် အပစ်ရပ်စဲတယ်လို့ ကြေညာပြီးနောက်မှာပဲအစိုးရဘက်က ကိုးကန့်တပ်ဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်လို့ ကိုးကန့် လောက်ကိုင် မဲဆန္ဒနယ်က ပြည်သူ့ကိုယ်စားလှယ်က ပြောပါတယ်။ ဒီလိုအစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းတာက တရုတ်အစိုးရရဲ့ ဖိအားဖြစ်နိုင်သလို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန် ဒေသတွင်းတည်ငြိမ်အောင် အစိုးရဘက်က ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ အခုဆိုရင် ကိုးကန့်ဒေသထဲ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ဒေသခံတွေ ပြန်လည် နေရာချထားရေးကိုလည်း စီစဉ်နေကြပါတယ်။ ကိုးကန့်ဒေသတွင်း နောက်ဆုံးရအခြေအနေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ကစလို့ ကိုးကန့်ဒေသတွင်းမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက် အကျအဆုံးများသလို နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်-မြန်မာနယ်စပ်နဲ့ တရုတ်နိုင်ငံဘက်ကိုလည်း လက်နက်ကြီး ကျည်ကျလို့ လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးထိခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လေးလအကြာ ဇွန်လ(၁၀) ရက်နေ့ ည (၁၂) နာရီကစလို့ ကိုးကန့်တပ်ဘက်က တဘက်သတ် အပစ်ရပ်စဲပါတယ်လို့ ကြေညာခဲ့ပါတယ်။

ဇွန်လ (၂၀) ရက်နေ့မှာတော့ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ကိုးကန့်တပ်ဘက်ကို ဒေသတွင်း တည်ငြိမ်မှုရှိစေရေး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ တယ်လို့ ဒုက္ခသည်တွေကနေတဆင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကိုးကန့်လောက်ကိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကျော်နီနိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ ဝန်ကြီးဦးလှထွန်းနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဒုက္ခသည်တွေကနေတဆင့် ထပ်ပြီးကမ်းလှမ်းထားတာရှိပါတယ်။”

မေး။ ။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကိုလားရှင်။

ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ပြီးခဲ့တဲ့ (၂၀) ရက်နေ့က ဝန်ကြီးကလေ လက်နက်ကိုင်တွေကို ဒုက္ခသည်တွေကနေတဆင့် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်နဲ့ငြိမ်းချမ်းရေးယူဖို့ ကျနော်တို့ထပ်ပြီးမှ ဝန်ကြီးကနေ ကမ်းလှမ်းထားတာလည်းရှိတယ်။ ကိုးကန့်ဒေသကို တကယ်ချစ်လို့ရှိရင်တော့ သမ္မတကြီး ကမ်းလှမ်းချက်အတိုင်းလည်း သွားမယ်ဆိုရင်တော့ ကျနော်တို့ အကုန်လုံးအတူတူပေါ့ဗျာ၊ တိုင်းရင်းသားညီအကိုတွေပဲပေါ့-စုပေါင်းပြီးမှ ဒေသဖွံ့ဖြိုးရေးကို ဝိုင်းလုပ်ကြရအောင်လို့ ကျနော်တို့လည်း အဲလို ကမ်းလှမ်းထားတာရှိတယ်။

လေးလကျော် ကိုးကန့်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် ကိုးကန့်ဒေသခံတွေဟာ စစ်ဘေးဒဏ်လွတ်ရာနဲ့ တရုတ်-မြန်မာ နယ်စပ် ဘက်ကို အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ အခုဆိုရင် ကိုးကန့်ဒေသတွင်း တည်ငြိမ်စပြုလာပြီဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေး နဲ့ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးရေးလုပ်ငန်းစဉ်တွေကိုဦးစားပေးဆောင်ရွက်ပေးနေပါတယ်လို့ လောက်ကိုင်အမတ် ဦးကျော်နီနိုင်က ရှင်းပြပါတယ်။

“အခု ကျနော်တို့ တာရွှေထန်ရယ်၊ လောက်ကိုင်ရယ်၊ ဘေးပတ်ဝန်းကျင်ရွာရယ်၊ (၁၃၇) ကို ဒုက္ခသည်ဝင်လာတဲ့အဖွဲ့တွေကို ကျနော်တို့ အိမ်တိုင် ယာရောက် ပို့ပေးနေပါတယ်။ လောက်ကိုင်နဲ့အနီးတဝိုက်ရွာတွေကျတော့ ကျနော်တို့ အိမ်တိုင်ယာရောက် အကုန်လုံးပို့ပြီးပြီ။ (၁၃၇) အပေါ်မှာကျတော့ ဒီရက်ပိုင်းမှစပြီးမှ အိမ်တိုင်ယာရောက်ပို့ဖို့ ကျနော်တို့စီစဉ်နေပါတယ်။ ကော်သုန်ကျောင်းမှာ နေရာချထားပေးတာ ရှိတယ်။ သမ္မတရုံးဦးလှထွန်းလည်း ဒုက္ခသည်တွေကို သွားကြည့်ပြီး ပြန်လာပြီလေ။ အပစ်အခတ်တကယ်လို့ လုံးဝ မရှိတော့ဘူးဆိုရင်တော့ ကျနော်တို့ ကိုးကန့်ဒေသကတော့ ပြန်လည်ထူထောင်ရေးရယ်၊ စီးပွားရေးအကောင်အထည်ဖြစ်ဖို့ဆိုတာက လွယ်ပါတယ်။ ဒါပေမယ့် အကုန်လုံးအပစ်အခတ်ရပ်စဲရေး လက်နက်နဲ့ငြိမ်းချမ်းရေး ယူပြီးမှ ကျနော်တို့တိုင်းရင်းသားညီအကိုတွေ ပေါင်းပြီးမှ ဒေသဖွံ့ဖြိုးရေး ဝိုင်းလုပ်မယ်ဆိုရင်တော့ ကျနော်တို့ကိုးကန့်ဖွံ့ဖြိုးရေးဆိုတာ ခနလေးပါပဲ၊ ပြန်ပြီးမှ နဂိုရ်နေရာ ပြန်ရောက်လာမှာပါ။”

တရုတ်အစိုးရဘက်က တရုတ်-မြန်မာနယ်စပ်တည်ငြိမ်မှုရှိစေရေး ပြင်းပြတဲ့တောင်းဆိုချက်ကြောင့် အပစ်ရပ်စဲတယ်ဆိုတာကို ကိုးကန့်တပ်က သူတို့ရဲ့ တဖက်သတ် အပစ်ရပ်စဲမှုကြေညာချက်ထဲမှာ ထည့်သွင်းခဲ့တာပါ။ အခုလို မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲ ကိုးကန့်ဒေသတွင်း ကျင်းပနိုင်ရေး အစိုးရဘက်က ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“နှစ်ဘက်စလုံးက စိတ်ဆန္ဒတွေ တူညီလာပြီဆိုရင်တော့ အလားအလာရှိပါတယ်။ ဒီကြားထဲမှာကြည့်ရတာ တရုတ်ပြည်ကလည်း နည်းနည်းတော့ ဖိအားပေးတယ်ကြည့်ရတာ။ အခု နောက်တခုက တရုတ်ပြည်နယ်စပ်မှာရှိတဲ့ စစ်ဆင်ရေးတွေက အခုထိ အကန့်အသတ်ဆက်ရှိနေတယ်လေ။ သဘောကတော့ အဲဒီမှာကို သူတို့က အရေးပေါ်ကိစ္စတွေ ဘာတွေ ဖြေရှင်းနိုင်မယ့် တပ်တခုကို ထားမယ့်ပုံမျိုးပဲ၊ အဲဒါကတော့ တရုတ်အနေနဲ့က ဗမာအစိုးရကိုကော၊ ကိုးကန့်ကိုကော ပြတ်ပြတ်သားသားသတိပေးလိုက်တဲ့သဘောပေါ့။ သူတို့မြေ အထိခိုက်မခံဘူး၊ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုလည်း အထိမခံဘူးဆိုတာ သတိပေးလိုက်သလိုလည်းဖြစ်တာကိုး။”

မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဘက်က တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာပြီးရက်ပိုင်းမှာပဲ အစိုးရဘက်က ထိုးစစ်ဆင်ပါတယ်လို့ ပြောဆိုသလို မြန်မာအစိုးရပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဘက်ကလည်း အစိုးရဘက်က ကိုးကန့်ရဲ့ ဒီကြေညာချက်အပေါ် သတိထား စောင့်ကြည့်နေပါတယ်လို့ ဗွီအိုအေက မေးမြန်းမှုကို ဖြေကြားခဲ့ဖူးပါတယ်။ ဒီ့နောက်မှာတော့ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ အတန်ငယ် အေး သွားပြီးနောက်မှာ အခုလို သမ္မတရုံးဝန်ကြီးရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်နဲ့ပတ်သက်လို့ ကိုးကန့်တပ်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုအချိန်အထိ ဆက်သွယ်လို့မရသေးပါဘူး။

မဆုမွန် /VOA
http://burmese.voanews.com/content/myanmar-offer-peace-to-kokang-armed-group-/2832435.html

yaypu-monk-620 မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က ရေပူကျောင်းတိုက်ဆရာတော် ဖမ်းဆီးခံထားရတာကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ မြို့ခံလေးထောင်လောက်က မနက်ဖြန် အနက်ရောင်လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ သိရပါ တယ်။

ဆရာတော်ကို မနက်ဖြန် မိုးကုတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်တဲ့အတွက် အဲဒီရုံးချိန်းကို မြို့ခံ ၄ထောင်လောက် က သွားမှာဖြစ်တယ်လို့ မိုးကုတ်မြို့နယ် ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အတွင်းရေးမှူး ဦးစိုးဌေး က ပြောပါတယ်။

"ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Black Campaign လုပ်ကြမယ်၊ အဝတ်စအမည်းလေးတွေကို လက်မောင်း မှာ ချည်ခြင်းအားဖြင့် မနက်ဖြန်စလုပ်ကြမယ်၊ နောက်ကား၊ ဆိုင်ကယ်ပေါ်မှာ စက္ကူအမည်းလေးတွေကို ကပ်ထားမယ်၊ ကျနော်တို့ မနက်ဖြန် အဖြေကိုစောင့်ကြည့်မယ်၊ အဖြေက မတရားပုဒ်မတွေနဲ့ တပ်ပြီးတော့ အရေးယူခဲ့မယ်ဆိုရင် ဆန္ဒပြဖို့စတင်သွားမယ်၊ မြို့နယ်လုံးကျွတ် ဆန္ဒပြဖို့အထိလုပ်မယ်"

ဒါ့အပြင် ရေပူဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို ရေပူကျေးရွာ လူငယ်တွေက မနေ့ကစပြီး ကောက်ယူနေပါတယ်။

ဆရာတော်ဟာ ရေပူကျောင်းတိုက်အတွင်းမှာ ကျောင်းအသစ်ဆောက်လုပ်ဖို့နဲ့ ဘုရားတည်ဖို့ မြေညှိတာကို တရားမ၀င်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့မရဲစခန်းက သာသနာတော်ညှိးနွမ်းစေမှု၊ တရားမဝင် ကျောက် မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှုတို့နဲ့ ဆရာတော်ကို ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

RFA

mabatha-conference-620.jpg ဒုတိယအကြိမ်မြောက် မဘသ ညီလာခံကို ဇွန်လ ၂၀ရက်နေ့က အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပစဉ်

၂၀၁၅ရွေးကောက်ပွဲမှာ မဘသအဖွဲ့အနေနဲ့ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မဲပေးဖို့ ဝေဖန်အကြံပြုတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ညီလာခံက ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဇွန်လ ၂၀ရက်နေ့နဲ့ ၂၂ရက်နေ့တွေက အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦိးကျောင်းမှာ ကျင်းပခဲ့တဲ့ မဘသအဖွဲ့ ညီလာခံရဲ့ သဘောတူညီချက် ၁၂ချက်ပါ ကြေညာချက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း မဘသအဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဒေ၀ိန္ဒာဘိဝံသက မိန့်ကြားပါတယ်။

"မဘသရဲ့ မူဝါဒ အမျိုးသားရေး၊ အမျိုးသားရေးဝါဒ ဆိုတော့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုရင် ဒါတွေကို ထပ်ပြီးတော့ကန့်ကွက်ဖို့ အစီအစဉ်ရှိတယ်၊ အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်ရေးရာ၊ စီးပွားရေးကိစ္စ တို့ လူမှုရေးကိစ္စတို့ဆိုရင်တော့ အခုလို ပါတီမဲပေးရေးကိစ္စတို့ဆိုရင်တော့ ဘုန်းဘုန်းတို့ မဘသအဖွဲ့ရဲ့ မူဝါဒက ပါတီတစ်ခုခုရဲ့ နာမည်ကိုအသုံးပြုပြီးတော့ ပြောဆိုခွင့်၊ တကယ်လို့ တစ်စုံတယောက်က ပြောခဲ့ရင်လည်း သူ့ရဲ့ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်တယ်၊ မဘသ အဖွဲ့ရဲ့ မူဝါဒမှာ လုံးဝ ဒါမျိုးနဲ့ပတ်သက်ပြီးတော့ ဝင်ရောက်ပြောမှာ မဟုတ်ဘူး"

မဘသ အဖွဲ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ပြီးစီးသွားဖို့ဆန္ဒရှိကြောင်း ဒါပေမဲ့ ပြည်သူတွေ ခေါင်းဆောင် အရွေးမှားမှာကိုတော့ မလိုလားကြောင်း၊ ဒါကြောင့် မဘသ အဖွဲ့အနေနဲ့ ပါတီအားလုံးနဲ့သက်ဆိုင်တဲ့ အခြေခံမူဝါဒတွေကို ဓမ္မဓိဌာန်ကျကျ အကြံပြုမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။

ဒါ့အပြင် အင်တာနက်စာမျက်နှာတွေမှာ အမျိုးသားရေးနဲ့ ဘာသာယဉ်ကျေးမှုကို ထိခိုက်စေတဲ့ မဖွယ်မရာ ညစ်ညမ်းစာတွေ၊ ရုပ်ပုံတွေ အသုံးပြုပြီး သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို စော်ကားတာမျိုးတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

RFA

(၁) ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများ အနက်ဘယ်သူတွေ ကြိုတင်မဲပေးခွင့်ရှိသလဲ။
•• ပြည်ပရောက် သံအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။
•• ပြည်ပရောက် သံရုံးအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။
•• ပြည်ပရောက် ပညာတော်သင်များ နှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။
•• ပြည်ပရောက် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။
•• အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ
နောက်ဆုံးအချက်က နိုင်ငံခြားမှာ တရားဝင်နေထိုင် အလုပ်လုပ်နေကြတဲ့ ကျနော်/ကျမတို့လို မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား များကိုဆိုလိုပါတယ်။

(၂) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်။
•• အရေးအကြီးဆုံး နဲ့ အခုလက်ရှိလုပ်ရမှာက မဲပေးခွင့်ရှိသူအမည်စာရင်းမှာ မိမိနာမည်ပါအောင်လုပ်ရပါမယ်။
တနည်းက မိမိရဲ့အိမ်ထောင်စုဇယား တည်ရှိရာ ရပ်ကွက်/ မြို့နယ်ကော်မရှင်ရုံးက ထုတ်ပြန်ထားတဲ့မဲစားရင်းမှာ မိမိအမည်ပါမပါ အချက်အလက်မှန်မမှန် စစ်ဆေးရတာပါ။
နောက်တနည်းက online ကတဆင့် http://checkvoterlist.eucmyanmar.org မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ ဒါကတော့ Data base ရဲ့ အချက်အလက် ထည့်သွင်းမှု ပြီးမြောက်တဲ့ အဆင့်ပေါ်မှာ မူတည်ပါတယ်။
•• တကယ်လို့ သွားရောက်စစ်ဆေးပြီးလို့ မိမိအမည်ဟာ ကြေငြာထားတဲ့ အမည်စာရင်းမှာ မပါတာသေချာရင် မိမိအမည်ကို ထည့်သွင်းရန် တောင်းဆိုလွှာ ပုံစံ (၃) ဖြင့်၎င်း။
•• အချက်အလက်မှားယွင်းနေပါက ပြင်ဆင်ရန် ပြင်ဆင်လွှာ ပုံစ (၄) ဖြင့်၎င်း လျှောက်ထားရပါမယ်။
•• မြို့နယ်တခုထက်ပိုပြီး အခြားမြို့နယ်မှာ မိမိ အမည်စာရင်းပါနေရင် ပိုနေတဲ့မြို့နယ်မှာပယ်ဖျက်ဖို့ ပုံစံ (၄-က) နဲ့ ပယ်ဖျက်ဖို့လျှောက်ထားရပါမယ်။
ဒါတွေ သေချာအောင် လုပ်ပြီးရင် ရှေ့ဆက်ဖို့ ကော်မရှင်ရဲ့ရွေးကောက်ပွဲများကျင်းပမည့်နေ့ရက် ကြေငြာတာကို စောင့်မျှော်နေယုံပါ။

(၃) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်…
•• မိမိနာမည်မှန်ကန်စွာ မဲပေးခွင့်ရသူစာရင်းထဲမှာ ပါဝင်လုပ်ထားပြီးပြီ ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမဲ့ရက် ကြေငြာတာကို စောင့်နေယုံပါ။
•• ရွေးကော်က ကြေငြာချက်ထွက်ပြီးပြီးချင်း ပုံစံ (၁၅) ကို နိုင်ငံခြားရေးဝန်ကြီးဌါန သို့ ပေးပို့ရပါမယ်။
•• နိုင်ငံခြားရေး ဝန်ကြီးဌါနက သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံး အသီးသီးသို့ ပုံစံ (၁၅) ကို ဖြန့်ဝေပေးပို့ရပါမယ်။
•• ၎င်းသံရုံးတွေကတဆင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြည်ပရောက် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများထံ ဖြန့်ဖြူးပြီး အရောက်ပြန်လည်ပေးပို့ရမည့် နေ့ရက်ကိုပါ တပါတည်း အသိပေးရပါမယ်။
•• ပြည်ပရောက်ကြိုတင်မဲပေးမည့်သူများမှ ၎င်း ပုံစံ (၁၅) ကိုဖြည့်စွက်ပြီး သက်ဆိုင်ရာသံရုံးသို့ သတ်မှတ်ရက်အရောက် ပြန်လည်ပေးပို့ရပါမယ်။
•• သံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌါနမှတဆင့် ဖြည့်သွင်းပြီး ပုံစံ (၁၅) ကို ရွေးကော်သို့ ပြန်လည်ပေးပို့ရပါမယ်။
•• ရွေးကော်မှ သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်ရုံးများသို့ ပြန်လည်စီစစ်ရန်ပေးပို့ပါမယ်။
ဤအဆင့်ပြီးရင် ပြည်ပရောက်ကြိုတင်မဲပေးမည့်သူများ လွတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာတာကို စောင့်နေယုံပါ။

(၄) ပြည်ပသို့တရားဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့်ရစေရန်။
•• ရွေးကော်က ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာပြီးတဲ့အခါ သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်ကော်မရှင်ရုံးခွဲများမှ စီစစ်ပြီး ပြည်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူများရဲ့ မဲလက်မှတ်များကို ရွေးကော်သို့ ပို့ပေးရပါမယ်။
•• ရွေးကော်မှ ၎င်း ကြိုတင်ဆန္ဒမဲလက်မှတ် များကို နိုင်ငံခြားရေးဝန်ကြီး ဌါနမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့ရပါမယ်။
•• သံရုံးအသီးသီးမှ ကြိုတင်မဲပေးခွင့်ရှိသူများ လျို့ဝှက်စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ပေးရပါမယ်။
•• ကြိုတင် ဆန္ဒမဲလက်မှတ်များ၏ နောက်ကြောတွင် ကော်မရှင်အဖွဲခွဲ၏ တဆိပ်တုံး နှင့် တာဝန်ခံထုတ်ပေးသူလက်မှတ် ပါရပါမယ်။
•• မဲလက်မှတ်နှင့်အတူ ကိုယ်စားလှယ်လောင်း အမည်စာရင်း၊ သက်ဆိုင်ရာ မဲရုံအမည် နှင့် မဲရုံအမှတ်တို့ တပါတည်း ပါဝင်ရပါမယ်။
•• သံရုံးမှ ဆန္ဒပေးပြီးမဲလက်မှတ်ပါ စာအိပ်များကို နိုင်ငံခြားရေးဝန်ကြီးဌါနမှတဆင့် ရွေးကော်သို့ ပြန်လည်ပေးပို့ရမယ်။
•• ရွေးကော်မှ ကြိုတင်ဆန္ဒမဲများပါစာအိပ်ကို သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ထပ်ဆင့်ပေးပို့ရပါမယ်။
_________________________
ပြန်လည်မျှဝေပေးပါသည်။
Credit. Aye Thandar @ ko soe win

ရွေးကောက်ပွဲကို ပြည်သူလူထုတော်တော်များများ အားထားနေကြတယ်။ သေနတ်ကို ရင်ဆိုင်အံတုနေရတာ နှစ်ပေါင်း ၅၀ ကျော်ကြာပြီ ဖြစ်တဲ့ပြည်သူတွေအဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြောင်းလဲနိုင်ဖို့ မျှော်လင့်တာ သိပ်မဆန်းဘူး။

ဒါပေမယ့် ပြည်သူလူထုကို မျှော်လင့်ချက်အမှားမပေးမိဖို့တော့လိုတယ်။

ဒီရွေးကောက်ပွဲက ဘာတွေရနိုင်သလဲ။

ဦးဝင်းတင်တို့ သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲဟာ အတူတူပဲ။ ဘာမှ အနှစ်သာရ အားဖြင့် ထူးခြားပြောင်းလဲမှု မရှိဘူး။ ဒီချုပ်ဝင်ပြိုင်လိုက်တဲ့ အတွက် ဘာမှ ထူးပြီး ကောင်းလာစရာမရှိဘူး။

ဒီရွေးကောက်ပွဲကနေ ပြည်သူတွေအများဆုံးမျှော်လင့်နေတာက ရွေးကောက်ပွဲမှာ ဒီချုပ်နိုင်၊ ဒီချုပ်က အစိုးရဖွဲ့၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်း၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆိုတာပဲ။

အဲဒီအခြေအနေဟာ မဖြစ်နိုင်ဘူး။ စစ်အာဏာရှင်ဟာ အဲဒီအခြေအနေကို အရောက်မခံဘူး။ တကယ်လို့ ဒီချုပ်က မဲအများစုနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်အာဏာရှင်တွေ အရင်ကလုပ်ထားခဲ့ပြီး အခုထိ ပြည်သူတွေ မသိရသေးတဲ့ အချက်တွေ တော်တော်များများပေါ်ကုန်နိုင်တယ်။ နေပြည်တော်မြေအောက်လိုဏ်ခေါင်းကြီးတွေ အကြောင်း၊ အနုမြူစီမံကိန်းအကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားလုပ်မှုတွေအကြောင်း၊ မကြေညာရဲတဲ့ ပိုင်ဆိုင်မှုတွေ၊ ဒီပဲရင်းလုပ်ကြံသတ်ဖြတ်မှုရဲ့ လက်သည်၊ ရွှေဝါရောင်မှာ ဘုန်းကြီးတွေကို သတ်တဲ့ လက်သည်၊ ၈၈ ကစပြီး လူထုကို ပစ်ခတ်သတ်ဖြတ်တဲ့ အမှုတွေ၊ ထောင်ထဲမှာ ညှင်းပန်းသတ်ဖြတ်မှုတွေက အစ သူတို့မှာ လူသိမခံနိုင်တာတွေ အများကြီးပဲ။ သူတို့မှ အပ ဘယ်သူဖြစ်ဖြစ် အစိုးရဖြစ်လာခဲ့ရင် အဲဒီအချက်တွေဟာ မလုံခြုံတော့ဘူး။ သူတို့ စစ်အာဏာရှင်တွေဟာ သူတို့လိုဒုစရိုက်လုပ်ဖော်လုပ်ဖက် စစ်အုပ်စုလေးကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး။ လူထုကြီးတရပ်လုံးအပေါ်မှာ မတရားမှု အမြောက်အများလုပ်ထားတဲ့သူတွေဆိုတာ ဘယ်တော့မှ လိပ်ပြာ မလုံဘူး။ ဘယ်တော့မှ သူများကို မယုံနိုင်ဘူး။ ဒီတော့ ဒီချုပ်မဲအများစုရပြီး အစိုးရမဖွဲ့နိုင်အောင် အစွမ်းကုန်ညစ်လိမ့်မယ်။

၂၅ % စစ်သားအမတ်တွေကို အခြေခံဥပဒေထဲမှာ ထည့်ရေးဆွဲပြီး မဲအကျောယူထားတဲ့နည်းနဲ့လည်း ညစ်ထားပြီးပြီ။ ဒီတော့ ဒီချုပ်က အစိုးရဖွဲ့နိုင်ဖို့ဆိုတာ မဲအရေအတွက် အနည်းဆုံး ၆၇ ရာနှုန်းရမှသာ ဖြစ်နိုင်မယ်။ (သိပ်ရှည်နေမှာစိုးလို့ အသေးစိတ်တွက်မပြတော့ဘူး။) ဒီချုပ်ရဲ့ အခုလက်ရှိ အခြေအနေကြည့်ရတာ ၆၇ ရာနှုန်းရဖို့ မလွယ်ဘူး။ တိုင်းရင်းသားတွေနဲ့ မဟာမိတ်လုပ်ထားတာ မရှိဘူး။ မဟာမိတ်မလုပ်တာဟာ လောဘကြီးပြီး အမြော်အမြင်နည်းတာဖြစ်တယ်။ တိုင်းရင်းသားရော၊ ဒီချုပ်ရောနာပြီး ကြံ့ဖွတ်လက်ခမောင်းခတ်လိမ့်မယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မဲအခြေအနေ သိပ်ကောင်းဖို့ မလွယ်ဘူး။ အစိုးရရဲ့ ဘာသာရေး သွေးထိုး လှုံ့ဆော်မှုတွေ လက်ချက်ကြောင့် တခြားဗုဒ္ဓဘာသာမဲတွေလည်း ဆုံးရှုံးနိုင်တယ်။ဒါ့အပြင် ဒီချုပ်က ၆၇ ရာနှုန်းမရအောင် အစိုးရက သေချာပေါက် နောက်ထပ်ညစ်နည်း အမျိုးမျိုးသုံးဦးမယ်။ ကြိုတင်မဲလို၊ ဖယောင်း သုတ်တာလို၊ မဲပေးခွင့်စာရင်းလိမ်တာလိုမျိုးညစ်နည်းတမျိုးမျိုးကို သုံးလိမ့်မယ်။ ဒါပေမယ့် အဲဒီနည်းဟောင်း တွေမဟုတ်ဘဲ နည်းအသစ်သုံးတာမျိုးဖြစ်ဖို့များတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ မညစ်တာက တမင် ‘ဟ’ ပေးတာ။ ဒီချုပ်ဝင်လာမှ လွှတ်တော်အားကောင်းမှာမို့ တမင်လွှတ်ပေးလိုက်တာ။ ၂၀၁၅ ရွေးကောက်ပွဲကို လူတွေ မျှော်လင့်ချက်ထားလာအောင် သွေးဆောင်ဖျားယောင်းလိုက်တာ။ အဲဒါကို ယုံပြီး ဒီတခါ ဒါမျိုးထပ်ရဦး မယ်ထင်ရင် ထင်တဲ့လူရူးလို့ပဲ။

တကယ်လို့ သူတို့ညစ်တာမသေသပ်လို့ မတော်တဆ ဒီချုပ်က ၆၇ ရာနှုန်း အနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့ အခြေအနေရောက်သွားရင်တောင်မှ စစ်တပ်သုံးပြီး အာဏာသိမ်းမှာပဲ။ အဲသလို သိမ်းနိုင်အောင် အခြေခံဥပဒေထဲမှာ သေသေချာချာ ထည့်ဆွဲထားတာ။ အလကား လုပ်ထားတာ မဟုတ်ဘူး။

ဒီတော့ ဒီချုပ်ကို အစိုးရအဖွဲ့မခံဘူးဆိုတာ သိပ်သေချာတယ်။ ရာနှုန်းပြည့်သေချာတယ်။ ဒီချုပ်မှ မဟုတ်ဘူး။ သူတို့ကလွဲပြီး တခြားဘယ်သူ့ကိုမှ အစိုးရ အဖွဲ့မခံဘူး။ ဒီချုပ်အစိုးရဖွဲ့နိုင်ဖို့ စိတ်ကူးယဉ်သူဟာ စစ်အာဏာရှင်တွေ အကြောင်းကို နားမလည်သူသာ ဖြစ်တယ်။

“တကယ်လို့ ဒီချုပ်က အစိုးရမဖွဲ့နိုင်ဘူးထားဦး။ အမတ်နေရာ အများစုရရင် မဆိုးဘူး” လို့ တချို့က တွေးချင်တွေးမယ်။ ဒီအတွေးဟာလည်း မမှန်ဘူး။ ၆၇ ရာနှုန်းမပြည့်ရင် အမတ်နေရာ အများစု (ဥပမာ ၆၀ရာနှုန်း) ရရင်လည်း အဲဒါ အလကားပဲ။ ၆၇ ရာနှုန်းပြည့်ရင်တောင်မှ အစိုးရသာ ဖွဲ့နိုင်မယ်။ လွှတ်တော်နည်းနဲ့ အခြေခံဥပဒေကို ပြင်နိုင်ဖို့ကတော့ ဝေးသေးတယ်။ ရာနှုန်းပြည့် အနိုင်ရရင်တောင်မှ လွှတ်တော်နည်းနဲ့ အခြေခံဥပဒေပြင်နိုင်ဖို့က မဖြစ်နိုင်သေးဘူး။ ရာနှုန်းပြည့် အနိုင်ရရင်တောင် လွှတ်တော်တွင်းတကယ်ရောက်သွားတဲ့အခါ ၇၅ ရာနှုန်း မကျော်သေးဘူး။

“အစိုးရမဖွဲ့နိုင်ဘူး၊ အခြေခံဥပဒေ မပြင်နိုင်ဘူး” ဆိုရင် လွှတ်တော်ထဲမှာ လူဘယ်လောက်ပဲများများဝင်နိုင်ပါစေ၊ အဲဒါလည်း အလကားပဲ။ တခြားဥပဒေတချို့ကို ပြဋ္ဌာန်းနိုင်ခဲ့ရင်လည်း ဘာမှ မက်မောလောက်စရာမရှိဘူး။ လွှတ်တော်ထဲမှာ အတိုက်အခံနာမည်ခံတွေ ရှိနေတာဟာ လွှတ်တော်ကို ဂုဏ်တက်စေရုံသာရှိမယ်။ သူတို့ရှိနေတာဟာ လွှတ်တော်ကို အသက်သွေးချွေးပေးဆပ်နေတဲ့ သဘောမျှသာ အဓိပ္ပာယ်သက်ရောက်တယ်။ လွှတ်တော်ကို အားဆေးတိုက်ကျွေးပေးရာသာ ရောက်တယ်။ ၂၀၀၈ အခြေခံဥပဒေကို အားဆေးတိုက်ကျွေးရာရောက်တယ်။ စစ်အာဏာရှင် စနစ်သက်ဆိုးရှည်အောင် အလုပ်အကျွေးပြုနေတဲ့ ကျေးကျွန်များသဖွယ်သာ ဖြစ်လိမ့်မယ်။

တကယ်တော့ ဒီရွေးကောက်ပွဲဟာ ဘိန်းပဲ။ ဒီရွေးကောက်ပွဲကနေ ဘောင်းဘီချွတ်မဟုတ်တဲ့ အမတ်တော်တော်များများ လွှတ်တော်ထဲရောက်သွားရင်လည်း ပြည်သူတွေကို ဘိန်းခွံ့ပေးတဲ့ သဘောထက်မပိုဘူး။ လွှတ်တော်တွင်းက အငြင်းအခုန်တွေကို ပြည်သူလူထုက ငေးမောပြီး ဒီမိုကရေစီရနိုးနိုး ထင်ယောင်ထင်မှား ဖြစ်အောင် ကူညီလှည့်စားပေးရာရောက်မယ်။ ဒီလိုလှည့်စားပေးခြင်းအားဖြင့် ပြည်သူတွေဟာ ဘိန်းခွံ့ခံထားရသလို အနာကျင် ယာယီသက်သာပြီး စိတ်ကူးယဉ်သာယာမှုတွေရနေမယ်။ တချိန်တည်းမှာပဲ ဘိန်းခွံ့ခံထားရသလိုမျိုး နိုးကြားတက်ကြွမှုတွေပျောက်ဆုံးပြီး မိန်းမောနေလိမ့်မယ်။ နောက်ပြန်ဆုတ်မှာ စိုးတယ်ဆိုတဲ့စကားဟာ တကယ်တော့ ဘိန်းမူးနေတာပဲ။ အနာကျင် အကိုက်အခဲ ယာယီ သက်သာပြီး စိတ်ကူးယဉ်နေရတာလေးတွေကို ပျောက်သွားမှာ စိုးနေတာပဲ။ ဒီအခြေအနေကို မလှန်နိုင်ရင် အချိန်ကြာလာလေ ပြည်သူတွေဟာ ဘိန်းစားတွေလို ခွန်အားမဲ့လေဖြစ်လာမယ်။

အခုတလော ပြောနေကြတဲ့ ဒီအချိန်မှာ တယောက်နဲ့ တယောက်နဲ့ မဝေဖန်နဲ့ ရွေးကောက်ပွဲကို ထိခိုက်မယ်၊ ဒီအချိန်မှာ အစိုးရကို စိတ်ငြိုငြင်အောင် မလုပ်နဲ့ ရွေးကောက်ပွဲကို ထိခိုက်မယ်ဆိုတာတွေဟာ ဘိန်းမူးနေတာတွေပါပဲ။ ဗကသက ကျောင်းသားသပိတ်ဆင်နွှဲပြီး ပညာရေးဥပဒေအတွက် တိုက်ပွဲဝင်တာကို ရွေးကောက်ပွဲထိမှာ စိတ်ပူပြီး ကျောင်းသားဆန့်ကျင်ရေး သမဂ္ဂဆန့်ကျင်ရေးလုပ်တာတွေဟာလည်း အကြီးအကျယ် ဘိန်းမူးတာပါပဲ။

၂၀၀၈ ခြေဥအောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်စရာမရှိဘူး။ ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး မဟုတ်သူတွေဘက်က တနေရာပိုရဖို့ ၊ နှစ်နေရာပိုရဖို့ ကြိုးစားအားထုတ်နေတာတွေအားလုံးဟာ ခွန်အားနဲ့ အချိန်ကို အချီးနှီး ဖြုန်းတီးခြင်းသာ ဖြစ်တယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူဘယ်နှမဲရရ ပြည်သူလူထုအတွက် လုံးဝ အကျိုးမရှိဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျိုးယုတ်ဖို့၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့မှ တပါး တခြားဘာမှ ထွက်ပေါ်လာစရာမရှိဘူး။ ခင်ဗျားတို့ရမယ့် မဲပြားဟာ စက္ကူစုတ်တရွက်ထက် ဘာမှ တန်ဖိုးမရှိဘူးလို့ပဲ ဆိုချင်တယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း


''ဒေါနဲ့မောနဲ့ ဖြေကြားနေတဲ့ တချိန်က တီဗီမင်းသားကြီး''
"စနစ်ပေါ်မှာလဲ မူတည်တယ်ကွ၊ ငါတို့ကလဲ အရင်က စစ်အစိုးရလေ၊ စစ်အစိုးရဆိုတော့ စစ်အစိုးရ ပုံစံအတိုင်း လုပ်ရတာ၊ အခုက ဒီမိုကရေစီ စနစ်လေကွ၊ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီ စနစ်အတိုင်း သွားတယ်၊ သို့သော်ငြားလည်း တို့ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်...ဒါဘဲ"

ရိုက်ကူး - လေးလေးမွန် DVB TV

မြေလတ် နဲ့ ဧရာဝတီ စစ်ကြောင်း တွေ ဟာလည်း သပိတ် လှန် ခဲ့တာ မဟုတ် ပဲ စောင့်ကြည့် သပိတ် တွေ ဖြစ်ကြ တယ်။
ပြည်ထောင်စု လွှတ်တော် ကနေ ပြင်ဆင် အတည်ပြု ပြီး သမ္မတ ဆီ ပေးပို့ ထား တဲ့ အမျိုးသား ပညာရေး ဥပဒေ ဟာ ၄ပွင့်ဆိုင် သဘောတူ မှု တွေ ကို မျက်ကွယ် ပြုထား တဲ့ အတွက် ကတိကဝတ် တွေ ကို ချိုး ဖောက်တဲ့ လွှတ်တော် နဲ့ အစိုးရ ဖြစ်တယ် ဆိုပြီး ဗကသများ အဖွဲ့ ချုပ် က စွပ်စွဲ ပြစ်တင် လိုက် ပါတယ်။

လက်ပံတန်း မှာ ဒီမိုကရေစီ ပညာရေး သပိတ် အဖြိုခွဲ ခံခဲ့ ရပြီး သပိတ်မှောက် ကျောင်းသား တွေ နဲ့ ဝန်းရံသူ တွေ ဖမ်းဆီး ခံ ထား တဲ့ အခု အချိန် မှာ လမ်းပေါ် ထွက် ဆန္ဒ ပြ မှု တွေ လုပ်ဆောင် ဖို့ အခြေ အနေ မှာ မရှိ ပေမယ့် လွှတ်တော် နဲ့ အစိုးရ တို့ ဘက် က ၄ပွင့်ဆိုင် သဘောတူ ချက် တွေ အပေါ် ဘယ်လို ချိုး ဖောက် ခဲ့ တယ် ဆိုတာ ကို အများ ပြည်သူ ရှေ့မှောက် ဆက်လက် ဖွင့်ချ သွား မယ် လို့ ဗကသများ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီမို ကရေစီ ပညာရေး သပိတ် ရဲ့ ပင်မ စစ်ကြောင်း သာမက မြေလတ် နဲ့ ဧရာဝတီ စစ်ကြောင်း တွေ ဟာလည်း သပိတ် လှန် ခဲ့တာ မဟုတ် ပဲ စောင့်ကြည့် သပိတ် တွေ ဖြစ်ကြ တယ်လို့ လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။

၎ပွင့်ဆိုင် တုန်းက သဘောတူ ထား တဲ့ ကျောင်းသား တွေ ရဲ့ တောင်းဆို ချက် ၁၁ ချက် ကို တကယ် တမ်း အကောင်အထည် ဖော် လိုက် လျောခြင်း မရှိ ခဲ့တဲ့ တွက် ပညာရေး ဥပဒေ ကန့် ကွက် မှု တွေ ကို အခု စစ်ကြောင်း အားလုံး အနေနဲ့ ပြန်လည် ပူး ပေါင်း လှုပ်ရှား သွားမယ် လို့ လည်း ကိုအောင်နေပိုင် က ပြောပါတယ်။

ပညာရေး ဥပဒေ ထဲ မှာ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် လို့ မသုံးနှုံး ပဲ ကျောင်းသား ကိုယ်စားလှယ် လို့ သာ သုံးနှုံး ထားတာ နဲ့ ပတ်သက် ပြီး ဗကသ များ အဖွဲ့ချုပ် အနေနဲ့ သမဂ္ဂ ဆိုတဲ့ အခေါ်အဝေါ် ပေါ် မှာ အခိုင်အမာ ရပ်တည် ပြီး ကျောင်းသား သမဂ္ဂ တွေ ကို တရားဝင် ရပ်တည် ခွင့် ရလာ တဲ့ အထိ တောင်းဆို လှုပ်ရှား သွားမယ် ဆိုပြီး ကိုအောင်နေပိုင် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

" တစ်ချို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလိုပဲ အာဏာလွဲပေးမှာမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ညစ်မှာပဲ။ ဘယ်လိုဖြစ်ဖြစ် သူတို့ပဲနိုင်မှာပဲဆိုပြီးတော့ လှန့်လုံးခြောက်လုံးတွေ အများကြီးသုံးပြီးတော့ ဒီရွေးကောက်ပွဲကို ပြည်သူလူထုစိတ်ပျက်အောင် လုပ်ဆောင်နေကြတာတွေ အားလုံးရှိပါတယ်။ လုံးဝမယုံပါနဲ့။ ကျွန်တော်တို့ ဒါလုံးဝမဖြစ်နိုင်ပါဘူး။ ၁၉၉၀ခုနှစ်နဲ့ မတူတဲ့အခြေအနေမျိုးတွေ ရှိပါတယ်။"

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျာ။

ကျွန်တော့်အနေနဲ့ ဒီပွဲကိုကျင်းပရတဲ့အကြောင်းရင်းဟာ ကျွန်တော်တို့ Eleven Media Group အနေနဲ့တရားစွဲခံရတယ်။ ဒီတရားစွဲခံရတဲ့အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုအချက်အလက်တွေရှိတယ်ဆိုတာကို ရှင်းလင်းပြသလိုတဲ့ ရည်ရွက်ချက်ထက် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ ကျွန်တော်တို့အားလုံးဟာ ဘယ်လိုနည်းတွေနဲ့ ခံနိုင်ရည်ရှိအောင်နေထိုင်သင့်တယ်။ ဘယ်လိုနည်းတွေနဲ့ ကျွန်တော်တို့အားလုံး ရှေ့ဆက်သွားသင့်တယ်ဆိုတာကို ရှင်းလင်းပြသချင်တဲ့အတွက် ကျွန်တော် ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။

၂၀၁၅ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အရေးပါတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြောင့်၊ ဒီအပြောင်းအလဲကြောင့်မလို့ ကျွန်တော်တို့မှာ အခက်အခဲတွေကြုံဆုံနိုင်ရသလို ဒီအခက်အခဲတွေကို ကျော်လွှားခဲ့ရင်လည်း ကျွန်တော်တို့ရဲ့အောင်ပွဲဟာ လက်တစ်ကမ်းမှာရှိနေပြီဆိုတာ ကျွန်တော်တို့ယုံကြည်ရမှာ ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ် တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲဟာ၂၀၁၅ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်လို့ရနိုင်တဲ့အရေးပါမှုမှာ ပါဝင်ပါတယ်။ တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့လွတ်လပ်ရေးရခဲ့သလို ကျွန်တော်တို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုလိုလားတဲ့ အစိုးရတစ်ရပ်ပေါ်ထွက်လာခဲ့ပြီဆိုရင် ကျွန်တော်တို့ရဲ့တိုင်းပြည်ဟာ အများကြီးပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။

ဒီလိုအပြောင်းအလဲတွေဖြစ်ပေါ်ဖို့အတွက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေ ပြည်သူလူထုဟာ သူတို့ရဲ့ Right to Vote ၊ သူတို့ရဲ့ ရွေးချယ်တင်မြှောက်ပိုင်ခွင့်မဲဆန္ဒကို အသုံးပြုပြီးတော့ အစိုးရကိုရွေးချယ်နိုင်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။

အပြောင်းအလဲဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်တော့မှမရခဲ့ပါဘူး။ ဘယ်အပြောင်းအလဲမဆို ခက်ခဲတဲ့အခက်အခဲတွေ ဖိအားတွေ နှိပ်စက်မှုတွေ ခံစားရမှုတွေအားလုံးနဲ့ အပြောင်းအလဲဆိုတာဖြစ်ပေါ်လေ့ရှိပါတယ်။

အလွန်ဆုံး ခြောက်လကနေ ရှစ်လအတွင်းသာကြာတော့မဲ့ ဒီအပြောင်းအလဲရဲ့ကာလမှာ ကျွန်တော်တို့ ဒီအခက်အခဲတွေ တွေ့နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဒီ ၁၇ ယောက် တရားစွဲဆိုနိုင်တဲ့ဟာက ဘာမှမဟုတ်တဲ့ သာဓကလေးတစ်ခုပဲ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ပထမဆုံး အရပ်သားအစိုးရကို တင်မြောက်နိုင်တဲ့အခွင့်အလမ်းရှိတဲ့ ရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ ၁၂ နှစ်တိတိ စစ်တပ်ကအုပ်ချုပ်ခဲ့တယ်။ ၁၄ နှစ်တိတိ တစ်ပါတီ အာဏာရှင်စနစ်အုပ်ချုပ်ခဲ့တယ်။ ၁၉၈၈ခုနှစ်မှာ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်ပြီးတဲ့အခါမှာ ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တယ်။ ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့အတွက် ဖွဲ့စည်းပုံဆွဲရမယ်ဆိုပြီးတော့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီးတော့ ၂၅ နှစ်တိတိ နောက်ထပ် နှစ် ၂၀ နီးပါး ထပ်မံအုပ်ချုပ်ခဲ့တယ်။

ဒီနောက်မှာ တိုင်းပြည်ဟာ မြင်တဲ့အတိုင်းပါပဲ။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်။ ကမ္ဘာမှာ အောက်တန်းနောက်တန်းကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သွားတယ်။ တိုင်းပြည်ရဲ့ လူဦးရေခုနှစ်သန်းရှစ်သန်းဟာ နိုင်ငံတကာအနှံ့အပြားမှာ ကျွန်အောက်သဘောက်ဘ၀နဲ့ အသက်ရှင်နေထိုင်ရတယ်။ ဒါ လူတွေအားလုံး သိပြီးသားဖြစ်တယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အောက်တန်းနောက်တန်းကျတယ်။ လူငယ်တွေဟာ အနာဂတ်ပျောက်ဆုံးနေတယ်။ ဒီပျောက်ဆုံးမှုတွေဟာ မရပ်တန့်နိုင်ဘူး။ သဘာဝတောတောင်ရေမြေသယံဇာတတွေ ပျက်စီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ခုထိလဲမကျနိုင်သေးဘူး။ ကျွန်တော်တို့ လဲမကျပဲနေတာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ခံယူချက်တွေပဲ ဖြစ်တယ်။

ဒီခံယူချက်တွေဟာ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ဟာ ညင်ညင်သာသာနဲ့ အေးအေးချမ်းချမ်းနဲ့ အပြောင်းအလဲတစ်ခုကိုလုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတစ်ခု ကျွန်တော်တို့မှာရှိတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ တကယ်ကျတော့ ၁၀၀ ရာခိုင်နှုန်း ပြည်သူလူထုရွေးချယ်တင်မြောက်တဲ့အစိုးရကို ဖန်တီးနိုင်စွမ်းမရှိဘူး။ ၇၅ ရာခိုင်နှုန်းပဲရှိတယ်။ ဒီ ၇၅ ရာခိုင်နှုန်းနဲ့ ကျွန်တော်တို့ဟာ ဒီအပြောင်းအလဲတွေကိုဖန်တီးနိုင်တယ်။ ဒီလိုဖန်တီးနိုင်တဲ့အခါ ကျွန်တော်တို့မီဒီယာတွေမဟုတ်ပါဘူး။ ကျွန်တော်တို့အခု အရပ်ဖက်အဖွဲ့အစည်းတွေ ကျွန်တော်တို့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တောင်သူလယ်သမားတွေ ပြည်သူအားလုံး မည်သူမဆို အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ။

ကျွန်တော်တို့မီဒီယာတွေတွေ့ကြုံနေရတဲ့ အခက်အခဲဟာ သာမန်မျှသာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုလိုတရားစွဲခံရတဲ့ဟာတွေ၊ ကျွန်တော်တို့ကို ထောင်ချနေတာတွေဟာ တကယ်တော့ သာမန်လူတွေအားလုံး၊ နိုင်ငံရေးမှာ ကျင်လည်ခဲ့ရတဲ့လူတွေထက်စာရင် ဘာမှမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဘာမှစာမဖွဲ့ချင်ပါဘူး။ ဒီအတွက်ကို ကျွန်တော်တို့ resist လုပ်သွားမယ်။

ဘယ်လိုခံနိုင်ရည်မျိုးနဲ့ ကျွန်တော်တို့နေနိုင်မလဲ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်လိုပရိယာယ်မျိုးတွေနဲ့၊ ဘယ်လိုအတတ်ပညာမျိုးတွေနဲ့၊ ပြည်သူလူထုကို ဘယ်လိုနည်းတွေနဲ့ ကျွန်တော်တို့ကာကွယ်သွားမလဲ။ ကျွန်တော်တို့တက်စွမ်းတဲ့ ကလောင်စွမ်းနဲ့ လူထုရဲ့အခွင့်အရေးတွေကို ဘယ်လိုကာကွယ်သွားမလဲ၊ လူထုအတွက် အသုံးဝင်နိုင်တဲ့နည်းလမ်းတွေနဲ့ လူထုရဲ့ Right to Vote မဲတစ်ပြားရဲ့တန်ဖိုးကို ဘယ်လိုအကျိုးရှိအောင် လုပ်သွားမလဲဆိုတာ တက်ရောက်လာတဲ့ မီဒီယာအဖွဲ့အစည်းတွေ ကျွန်တော်တို့ရဲ့ ညီငယ်ညီမငယ် သားငယ်သမီးငယ်အကုန်၊ နောင်တော်တွေဖြစ်တဲ့ မီဒီယာတွေအားလုံး တက်စွမ်းသမျှနဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ကျွန်တော်တို့တစ်ဦးချင်းလျှောက်နေရတဲ့ အခက်အခဲတွေလို့လည်း မမြင်ပါဘူး။

နောက်တစ်ခုက တစ်ချို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလိုပဲ အာဏာလွဲပေးမှာမဟုတ်ဘူး။ ရွေးကောက်ပွဲဟာညစ်မှာပဲ။ ဘယ်လိုဖြစ်ဖြစ် သူတို့ပဲနိုင်မှာပဲဆိုပြီးတော့ လှန့်လုံးခြောက်လုံးတွေ အများကြီးသုံးပြီးတော့ ဒီရွေးကောက်ပွဲကို ပြည်သူလူထုစိတ်ပျက်အောင် လုပ်ဆောင်နေကြတာတွေ အားလုံးရှိပါတယ်။ လုံးဝမယုံပါနဲ့။ ကျွန်တော်တို့ ဒါလုံးဝမဖြစ်နိုင်ပါဘူး။ ၁၉၉၀ ခုနှစ်နဲ့မတူတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါဟာဘာလဲဆိုတော့ နှစ်ပေါင်းငါးဆယ် အာဏာဆွဲကိုင်ခဲ့တဲ့ စစ်တပ် ဒါမှမဟုတ် တပ်မတော်ဟာ အခုလောလောဆယ်မှာ အာဏာကိုသိမ်းနိုင်တဲ့ အနေအထားမျိုး အာဏာကို ဇွတ်အတင်းယူနိုင်တဲ့အနေအထားမျိုး မရှိသလို တပ်မတော်ခေါင်းဆောင်တွေမှာလည်း ဒီလိုစိတ်ထားမျိုးတွေ နည်းပါးနေတဲ့ အခြေအနေမျိုးတွေဖြစ်ပါတယ်။ လူတချို့၊ အလွဲသုံးလိုသူတစ်ချို့ကသာ လှုံ့ဆော်နေတဲ့အပိုင်းဖြစ်ပါတယ်။

နောက်တစ်ခုက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း မဖြစ်မနေ အာဏာကို လွဲပြောင်းနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲတင်မြောက်ပြီး တော့ရက်ပေါင်းကိုးဆယ်အတွင်းမှာ မဖြစ်မနေ လွတ်တော်ခေါ်ရမှာဖြစ်ပါတယ်။ လွှတ်တော်ခေါ်ပြီဆိုရင် ကျွန်တော်တို့အစိုးရဖွဲနိုင်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။

အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ အဓိကဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေမျိုးဖြစ်အောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ၀ိုင်းဝန်းဖန်တီးကြဖို့ဖြစ်ပါတယ်။

ဒီလို သာမန်အခက်ခဲတွေ၊ ဒီလိုဖိနှိပ်မှုတွေ၊ ဒီလိုခြိမ်းခြောက်မှုတွေ၊ ဟန်ပြလုပ်မှုတွေအားလုံးကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားကြရမှာ ဖြစ်ပါတယ်။

တစ်ခုပဲကျွန်တော်တို့နားလည်ဖို့ဟာ ကျွန်တော်တို့ ဒီခရီးကို ကျွန်တော်တို့ချည်းပဲ လျှောက်နေတာမဟုတ်ပါဘူး။ We are not walking alone. ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကျွန်တော်တို့ကိုထောက်ခံတဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် စိတ်ဓာတ်ရင့်သန်နေတဲ့၊ စိတ်ဓာတ်အားရှိနေတဲ့ ကျွန်တော်တို့ ခင်ဗျားတို့တွေဟာ အခုဒီပွဲတက်လာတဲ့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ချည်းပဲ ဒီလမ်းကိုလျှောက်နေတာမဟုတ်ဘူးဆိုတာ သတိရဖို့ အမှတ်ရဖို့ ကိုယ့်ကိုကိုအားကိုးလိုတဲ့စိတ်တွေ ဖန်တီးဖို့အတွက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

http://www.news-eleven.com/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8/daily-eleven-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%A1%E1%80%9A%E1%80%B9%E1%80%92%E1%80%AE%E1%80%90%E1%80%AC-%E1%81%81%E1%81%87-%E1%80%A5%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%81%80%E1%80%94%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BD-%E1%80%91%E1%80%95%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B7%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%BC%E1%80%B2%E1%80%86%E1%80%AD%E1%80%AF%E1%80%99%E1%82%88%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7


ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင် ငြမ်းပြိုသည့်အောက်တွင် ပိမိပြီးသေဆုံးသွားသော ကျန်ရှိနေသည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး အလောင်းတစ်လောင်းအား ယနေ့ (ဇွန် ၂၂) ညနေ ၆ နာရီ ၄၅မိနစ်တွင် ဖော်ထုတ်နိုင်ခဲ့ပြီး အလောင်းအားမန္တလေးပြည်သူဆေးရုံကြီး သို့ပို့ဆောင်ခဲ့သည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper


ဒေသခံတစ်ဦး၏ သတင်းပေးမှုအရ နယူးယောက်ပြည်နယ် အကျဉ်းထောင်မှထွက် ပြေးသွားသူနှစ်ဦးကို ဖမ်းဆီးရမိရေး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာ ပိုင်များက သတင်းထုတ်ပြန်ထား သည်။

 လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ရစ်ချယ်မတ်နှင့် ဒေးဗစ်ဆွိတို့နှစ်ဦးသည် ယခုလ ၆ ရက်တွင် နယူးယောက်ပြည်နယ် ကနေဒါနယ်စပ်အနီး ဒန်နီမိုရာအကျဉ်းထောင်မှနေ၍ ခေတ်မီဖောက်ခွဲရေး ကိရိယာများကို အသုံးပြုကာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ရှာဖွေရေးအဖွဲ့များသည် တစ်ဖက်နိုင်ငံနယ်စပ်တွင်လည်း ရှာဖွေခဲ့ကြသည်။

ယခု သတင်းပေးမှုအရ အဆိုပါထောင်ပြေးနှစ်ဦးသည် နယ်စပ်အနီးရထားလမ်းဘေးတွင် တွေ့မြင်လိုက်သည်ဟုသိရပြီး အဆိုပါပတ်ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်။ ဒေသခံများကို အိမ်အပြင်မထွက်ရန်အမိန့်ပေးထားပြီး ကားတိုင်းကိုစစ်ဆေးလျက်ရှိ သည်။

 ထောင်ပြေးနှစ်ဦးကိုရှာဖွေရန်အတွက် ရဲတပ်ဖွဲ့ဝင် ၁၅ဝ ခန့်အသုံးပြုထားကြောင်း လည်းသိရသည်။ ထောင်ဖောက်ထွက်ပြေးမှုသည် နယူးယောက်ပြည်နယ်၌ နှစ်ပေါင်း ၁၅ဝ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ထောင်ပြေးနှစ်ဦးသည် အကျဉ်း ထောင်နံရံတွင် ''ကောင်းသောနေ့ပါ''ဟု စာတမ်းပါရှိသော ရုပ်ပြောင်တစ်ခုကိုကပ် ထားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါထောင်ဖောက်ထွက်ပြေးမှုနှင့်ပတ်သက်ပြီး အသက် (၅၁)နှစ်အရွယ် အမျိုးသမီး ထောင်ဝန်ထမ်းတစ်ဦးကို လက်နက်ကိရိယာများ ကူညီပံ့ပိုးမှုဖြင့်စွပ်စွဲကာ တရားစွဲထားကြောင်း သိရသည်။

T1P(Ref:Washinton Post)
The Union Daily
http://uniondaily.net


IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့နဲ့ ဆက်သွယ်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို ခြေရာခံဖို့နဲ့ ပိတ်ဆို့ဖို့ ဥရောပတ၀န်းမှာ ရဲတပ်ဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းနေပါတယ်။

အမေရိကန်က လောလောဆယ် တွေ့ရှိချက်အရ IS လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တဲ့ Twitter အကောင့်ပေါင်း အနည်းဆုံး ၄၆ ၀၀၀ ရှိပြီး အကောင့်အများစုဟာ IS အဖွဲ့ဝင်သစ်တွေ စုဆောင်းရာမှာ ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပ ရဲတပ်ဖွဲ့ Europol ယူရိုပိုလ်ဟာ အဲဒီ အကောင့်တွေကို ခြေရာခံ ဖော်ထုတ်သွားဖို့ အမည်မဖော်တဲ့ ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အကောင့်သစ်တွေကို ဖွင့်ပြီး ၂ နာရီအတွင်းမှာ ပြန်လည်ပိတ်ပစ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယန် နဲ့ နယ်သာလန် နိုင်ငံတွေအပါအ၀င် အီးယူ နိုင်ငံတွေက လူပေါင်း ၅ သောင်းလောက်ဟာ IS လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သွားလာခဲ့ကြတယ်လို့ ယူရိုပိုလ်က တွေ့ရှိထားပါတယ်။

အခုအသစ် ဖွဲ့စည်းလိုက်တဲ့အဖွဲ့ဟာ ဇူလိုင် ၁ ရက်မှာ လုပ်ငန်းစတင်မှာ ဖြစ်ပြီး ပြဿနာတွေကို တိုက်ဖျက်ရာမှာ ထိရောက်မယ့် နည်းလမ်းဖြစ်လိမ့်မယ်လို့ ယူရိုပိုလ်ရဲ့ ဒါရိုက်တာ Rob Wainwright က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် IS တွေရဲ့ ချိတ်ဆက်ထားတဲ့ ဆိုရှယ်မီဒီယာ အားလုံးကို ခြေရာခံဖို့တော့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုပါလို့ ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မန္တလေးမြို့တွင် ဇွန် ၂၀-ရက်နေ့က ဖြစ်ပွားခဲ့သည့် Pullman Hotel တည်ဆောက်ရေး စီမံကိန်းတွင် ဆောက် လုပ်ဆဲ အဆောက်အဦမှ ကွန်ကရစ်လောင်းစဉ် သံပိုက်ငြမ်းများ ပြိုကျမှုကြောင့် ငြမ်းဆင်ခြင်းနှင့် ပတ်သက်ပြီး အင်ဂျင်နီယာဒီဇိုင်းများ လိုအပ်လာပြီဖြစ်ကြောင်း မင်္ဂလာ မန္တလေးစီမံကိန်းမှ အကြီးတန်း တာဝန်ရှိသူ ကိုဇင်မင်းဆွေက ပြောသည်။

“ နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်း တွေကို တန့်လန့်လိုက်သလိုပါပဲ။ ငြမ်းဆင်တဲ့ကိစ္စမှာ ပေါ့လို့ မရ တော့ ဘူးပေါ့။ သစ်သားငြမ်းဟာ မိရိုးဖလားဖြစ်နေတဲ့ အတွက်ဘာမှ မဖြစ်ပေမယ့်သံငြမ်းမှာ ပြဿနာနည်းနည်း ရှိနေတာကို လက်တွေ့သိလိုက်ရပြီပေါ့။ အဲဒီအတွက် ပညာပိုင်းဆိုင်ရာ ယူရပါလိမ့်မယ်။ ”ဟု ၄င်းကပြောသည်။

အဆိုပါအဆောက်အဦတွင်စလစ်ပြင်လောင်းရာတွင် ငြမ်းထောက်တိုင်အဖြစ် သံပိုက်များကို သုံးထားပြီး တည် ဆောက်သည့် စလစ်ပြင်ထုထည် အလေးချိန်ကိုခံနိုင်ရည်မရှိခြင်းကြောင့် ကွေးညွတ်ကာ ပြိုကျခဲ့ခြင်းဖြစ်သည်။

“သစ်သားငြမ်းတွေနဲ့ သုံးလေးလ လောင်းဖို့ ပြင်ထားတာ ဆွေးတာနေပြီ ဘာမှမဖြစ်ဘူး၊အခုသံငြမ်းက အိသွား တာ။ အင်ဂျင်နီယာပိုင်းက ပြန်ပြီးသုံးသပ်ရတော့မယ်။ အခု steel structure ပိုင်း လည်းလိုလာပြီ၊”ဟု ကိုဇင်မင်း ဆွေက သုံးသပ်သည်။

StructureDesignအင်ဂျင်နီယာဦးတင့်လွင်ကလည်း ငြမ်းပြိုကျမှုဖြစ်စဉ်တွင် ငြမ်းဆောက်ခဲ့သည့် နည်းလမ်း(process)များကိုအသေးစိပ်လေ့လာစုံစမ်းသွားရမည်ဖြစ်ကြောင်း ၊ ထက်မဲမဖြစ် စေရန်သက်ဆိုင်ရာအာဏာ ပိုင်များဘက်က ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်ခဲ့သည်။

“ပိုက်ငြမ်းအဆက်တွေမှာ လုပ်တုန်းက ကျန်ခဲ့သလား၊ ပြုတ်သွားလို့လား ၊ ပိုက်အရွယ်အစားသေးတဲ့အခါ အပေါ်ကအလေးချိန်ကြောင့် ဘေးကို ခုံးသွားပြီးအလယ်အဆက်နေရာက ပြုတ်သွားသလား၊ အဲဒါတွေက ဖြစ်နိုင်ချေပေါ့၊ဘယ်ကဖြစ်လဲဆိုတာ မြင်ရုံနဲ့အတိအကျမပြော နိုင်သေးပါဘူး၊” ဟု ၄င်းကပြောသည်။

မင်္ဂလာ-မန္တလေး စီမံကိန်းဧရိယာတွင် အပိုင်းလေးပိုင်းခွဲ C.A.D မှ တောင်ဘက်ခြမ်း၌ ဆယ်ထပ်၊အရှေ့ ဘက် ခြမ်းတွင် Newstarlight က ၁၁-ထပ်ထိဆောက်လုပ်နေခြင်းဖြစ်၍အနောက်ဘက်ခြမ်းတွင် ဆောက်လုပ်ခြင်း မရှိ သေးဘဲယခုငြမ်းပြိုကျသည့် Pullman Hotel စီမံကိန်းမှ အပေါ်ထပ်
ရေးကူးကန်အဖြစ်”ဥာဏ် ဆောက် လုပ် ရေး” ၏ ဧရိယာ မီတာကျူ့ ၁၁၀၀- ကွန်ကရစ်ကြမ်းပျဉ် လောင်းသည့် အစိပ်အပိုင်းဖြစ်သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင် မြန်မာဘောလုံးပွဲ လက်မှတ်များကို မှောင်ခိုရောင်းချခြင်းဖြင့် တရက်အတွင်း စင်ကာပူဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၁၀ ကျော်) အမြတ်အစွန်း ရရှိခဲ့သည်ဆိုသော မြန်မာဆိုင်တဆိုင်အကြောင်းကို စင်ကာပူသတင်းဝဘ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

Peninsular Plaza တွင်ဖွင့်လှစ်ထားသော “ဒို့မြန်မာ”ဆိုင်သည် ဆီးဂိမ်းအမျိုးဘောလုံး ဗိုလ်လုပွဲ ထိုင်း-မြန်မာပွဲ လက်မှတ် ၂ ထောင်ကျော်ဝယ်ယူ၍ ဈေးတင်ရောင်းချခဲ့ကြောင်း စင်ကာပူသတင်းဝဘ်ဆိုက်ဒ် (All Singapore Stuff) က သတင်းဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza ၌ ဖွင့်လှစ်ထားသော မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ မှောင်ခိုလက်မှတ် ရောင်းချမှု ဈေးကွက်တခုဖြစ်ခဲ့သည်။

“ဒို့မြန်မာ”ဆိုင်မှ ဒါရိုက်တာ ကိုပိုင်က ဆီးဂိမ်းပွဲကျင်းပရေးကော်မတီထံမှ လက်မှတ်တစောင်လျှင် ၂၁ ဒေါ်လာဖြင့် လက်မှတ်စောင်ရေ ၂၀၅၀ ၀ယ်ယူခဲ့ရကြောင်း၊ ၁ စောင်လျှင် ၂၅ ဒေါ်လာဖြင့် ပြန်လည်ရောင်းချခဲ့ပြီး ရရှိသည့်အကျိုးအမြတ်ကို မြန်မာဘောလုံးအသင်းထံ လှူဒါန်းသွားမည်ဟု ၀ယ်ယူသူများကို ကြိုတင်အသိပေးခဲ့ကြောင်း ဇွန် ၁၈ က News Watch သို့ ပြောခဲ့သည်။

“စုစုပေါင်း လက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ဒေါ်လာ ၈၅၀၀ လှူခဲ့တာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒို့မြန်မာ”ဆိုင်မှ ဒါရိုက်တာ ကိုပိုင်က လက်မှတ် ၁ စောင်လျှင် ၂၁ ဒေါ်လာဖြင့် ၀ယ်ယူရသည်ဟုဆိုသော်လည်း လက်မှတ်စောင်ရေ ၅၀နှင့်အထက် ၀ယ်ယူသူတိုင်းကို ပွဲကျင်းပရေးကော်မတီက ၁၃ ဒေါ်လာဖြင့် ရောင်းချပေးကြောင်း၊ စောင်ရေထောင်နှင့်ချီ ၀ယ်ယူသည့် “ဒို့မြန်မာ”ဆိုင်အနေနှင့် လက်မှတ် ၁ စောင်ကို ၂၁ ဒေါ်လာဈေးနူန်းဖြင့် ၀ယ်ယူခဲ့ရသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအများစုက တညီတညွတ်တည်း ပြောဆိုကြသည်။

မှောင်ခိုလက်မှတ် ဈေးကွက်ကြောင့် ထိုင်း-မြန်မာ ဗိုလ်လုပွဲကို သမားရိုးကျ လက်မှတ်ဝယ်ယူ အားပေးလိုသော မြန်မာပရိသတ်များစွာ လက်မှတ်မရရှိခဲ့ဘဲ ဘောလုံးကွင်းအပြင်တွင် လက်ကိုင်ဖုန်းမှတဆင့် ကြည့်ရှုအားပေးခဲ့ရသည်များပင်ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာလက အီလက်ထရောနစ်ပစ္စည်းများ အဓိက ရောင်းချသော Sim Lim Square မှ Mobile Air ဆိုင်က နိုင်ငံခြားခရီးသွားများကို လက်ကိုင်ဖုန်းများ လိမ်လည်ရောင်းချသည်ဆိုသော သတင်းကို စင်ကာပူသတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီးနောက် ဆိုင်ရှင် Jover Chew ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။ ယင်းအပြင် Mobile Air အပါအ၀င် လိမ်လည်ရောင်းချသည်ဟု သံသယရှိသော အခြားဆိုင်များကိုလည်း ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သိန်းကျော်ခန့် နေထိုင်လုပ်ကိုင်လျက်ရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပါကစ္စတန် တောင်ပိုင်း Sindh ပြည်နယ်မှာ အပူလှိုင်း ရိုက်ခတ်မှုကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ အခုရက်ပိုင်းအတွင်း အပူချိန် ၁၁၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေတဲ့ ကရာချိမြို့က ဖြစ်ကြတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကြောင့် လျှပ်စစ်အား ပိုမို သုံးစွဲဖို့ လိုအပ်လာတဲ့အတွက် မြို့တွင်းမှာ လျှပ်စစ်ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ အများစုဟာ အသက်ကြီးသူတွေ ဖြစ်ကြတယ်လို့ ကရာချိမြို့ Jinnah ဆေးရုံ အရေးပေါ်ဌာန အကြီးအကဲဖြစ်သူက ပြောပါတယ်။

အပူလှိုင်း ရိုက်ခတ်ခံရတဲ့ သူတွေဟာ အဖျားပြင်းထန်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ တက်တာ စတဲ့ လက္ခဏာတွေနဲ့ ဆေးရုံရောက်လာကြတယ်လို့ ဒေါက်တာ Semee Jamali က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ကရာချိမြို့မှာ ၁၁၄ ဦး နဲ့ Sindh ပြည်နယ်က တခြား ခရိုင် ၃ ခုမှာ ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေး အတွင်းရေးမှူးဖြစ်သူက အေအက်ပီကို ပြောပါတယ်။

ပါကစ္စတန်ရဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာလည်း ပြီးခဲ့တဲ့လက အပူလှိုင်း ရိုက်ခတ်မှုကြောင့် လူပေါင်း ၁၇၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

(ဓါတ်ပုံ) ပူးလ်မန်းဟိုတယ်လုပ်ငန်းခွင် ကွန်ဂရစ်အောက်မှာ မြုပ်နေသော အလောင်းတလောင်း
ဇွန်လ ၂၁ ရက်ည ၁၁နာရီက ကွန်ဂရစ်ပုံအောက်ကနေ ကယ်ထုတ်ခဲ့တဲ့ မောင်ဆန်းမြင့်အောင်ကို အခြေအနေအရ ခြေ၂ဖက်လုံးဖြတ်လိုက်ရပါတယ်။ တဖက်က ဒူးအထက်က ဖြတ်ရပြီး တဖက်ကတော့ ဒူးအောက်နားကနေ ဖြတ်လိုက်ရတယ်လို့ မန္တလေးဆေးရုံကြီးရဲ့ တာဝန်ရှိသူတဦးက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ကိုဆန်းမြင့်အောင်ဟာ မန္တလေးပူးလ်မန်းဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ငြမ်းပြိုကျတဲ့ထဲမှာ ၃၃ နာရီကျော်ကြာ ကွန်ဂရစ်ပုံအောက် အောက်ပိုင်းမြုပ်နေခဲ့တဲ့ဆောက်လုပ်ရေးလုပ်သား တဦးဖြစ်ပါတယ်။ သူ့ကို မနေ့ည၁၁ နာရီက ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကြီးကို အရိုးအကြော ဆရာဝန်ကြီးတွေ ကြီးကြပ်စောင့်ရှောက်မှုနဲ့ ပို့ဆောင်ခဲ့ပြီး သူ့အသက်အန္တရယ်ကို ကယ်နိုင်ဖို့ ဖြတ်လိုက်ရတာလို့လည်း ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ ကိုဆန်းမြင့်အောင်ကို အထူးကြပ်မတ်ကုသဆောင်မှာ မည်သူနဲ့မျှ တွေ့ခွင့်မပေးဘဲ ဆရာဝန်ကြီးတွေကိုယ်တိုင် စောင့်ကြည့်ကုသနေတယ်လို့ သိရပါတယ်။ ကျိုးသွားတဲ့ညာဘက်လက်ကိုလည်း စောင့်ကြည့်ပြီး အခြေအနေမကောင်းရင် ဖြတ်ရဖွယ်ရှိနေပါသေးတယ်။

လတ်တလော ဆေးရုံကြီးကိုရောက်တဲ့လူနာ ၁၃ ယောက်ကတော့ စိုးရိမ်စရာမရှိဘဲ တချို့ဆင်းသွားတာတွေရှိနေပြီဖြစ်ပါတယ်။ လတ်တလောအခြေအနေမှာတော့ ဟိုတယ်လုပ်ငန်းခွင် ကွန်ဂရစ်ပုံအောက်မှာ အမည်မသိ လူငယ်တဦး ပိပြီးသေဆုံးနေတာကို ဖေါ်ထုတ်ဖို့ကြိုးစားနေပါတယ်။ အပုပ်နံ့ထွက်လာတာ များတဲ့အတွက် နောက်ထပ်များ ကွန်ဂရစ်အောက်မှာ ပိပြီးသေဆုံးသူတွေ ရှိနေဦးမလားဆိုပြီး စိုးရိမ်မှုတွေရှိနေပါသေးတယ်။ ဆောက်လုပ်ရေးကုမ္ပဏီဘက်ကတော့ သူတို့အလုပ်ခွင်မှာ ဆင်းတဲ့လူဦးရေနဲ့ ဒဏ်ရာရ၊ သေဆုံး ၊လွတ်မြောက် ပေါင်းလိုက်ရင် ပျောက်ဆုံးသူမရှိဘူးလို့ပြောပါတယ်။ နောက်ဆုံး အတည်ပြုချက်ကတော့ ၂ယောက်သေ ၁၈ ယောက်ဒဏ်ရ ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

 စီစဉ်သူ Dr Metta နှင့် ချင်းမိသားစုပုံ Photo Credit: ABC-Australia
 သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း  Perth  ပါ့သ်မြို့မှာ အခြေချနေထိုင်နေတဲ့ မြန်မာ ချင်း မိသားစုတစ်စု အကြောင်း ရိုက်ကူးထားတဲ့  မှတ်တမ်းတင် ရုပ်ရှင်ကားတစ်ကားဟာ ဒုက္ခသည်များ သီတင်းပတ်အတွက်ကျင်ပ တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပထမဆုရရှိသွားပါတယ်။

မူလက ချင်းပြည်နယ်မှာနေထိုင်ပြီး  မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ချင်းမိသားစုရဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဇာတ်လမ်းတိုလို့ သိရပါတယ်။ မလေးရှား ကို ထွက်ပြေးချိန်က ကလေးအရွယ်သာဖြစ်ပြီး အခုအခါ အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ Ma Rubi က လူကုန်ကူး သူတွေကနေ လွတ်မြောက်လာပုံတွေကိုလည်း ဖော်ပြထားတယ်လို့ သိရပါတယ်၊

Australia နိုင်ငံက ဝင်ပြိုင်တာ ဒီဇာတ်ကားတစ်ကားပဲရှိပြီး အမေရိကန်ပြည်ထောင်စုက အများအပြားဝင်ပြိုင်ခဲ့ ကြရာမှာ အနိုင်ရခဲ့တာဖြစ်ကြောင်း၊ ပြည်ပက ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ သားသမီးတွေ ပညာသင် ကြားနိုင်ရေးအတွက်  ရန်ပုံငွေရရှိဖို့ ရည်မှန်းပြီး ရိုက်ကူးတာဖြစ်ကြောင်း   စီစဉ်သူ Dr Marilyn Metta က ပြော ကြားပါတယ်။

RFA Burmese
http://www.rfa.org/burmese


မန္တလေး ပူးလ်မန်းဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဇွန်လ၂၀ရက်နေ့ ညနေ ၂နာရီ၁၅ခန့်က ငြမ်းပြိုကျမှုမှာ ကွန်ကရစ်ပုံကြား ပိမိနေခဲ့တဲ့ ကိုဆန်းမြင့်အောင်ကို ၂၁ရက်နေ့ည ၁၁ နာရီမှာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ သူ့ကို အခု မန္တလေး ဆေးရုံကြီးမှာ အရေးပေါ်ကုသဖို့ ပို့လိုက်ပါပြီ။ ကိုဆန်းမြင့်အောင်ကို မီးသတ်တပ်ဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့များ နဲ့ မန္တလေးမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေက ဘယ်လိုကယ်တင်ခဲ့ကြသလဲဆိုတာ ကြည့်ရှုနိုင်ပါပြီ။

BBC Burmese
https://www.facebook.com/bbcburmese
pullman hotel construction collspe

မန္တလေး ပူးလ်မန်းဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဇွန်လ၂၀ရက်နေ့ ညနေ ၂နာရီ၁၅ခန့်က ငြမ်းပြိုကျမှုမှာ ကွန်ကရစ်ပုံကြား ပိမိနေခဲ့တဲ့ ကိုဆန်းမြင့်အောင်ကို ၂၁ရက်နေ့ည ၁၁ နာရီမှာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ သူ့ကို အခု မန္တလေး ဆေးရုံကြီးမှာ အရေးပေါ်ကုသဖို့ ပို့လိုက်ပါပြီ။ ကိုဆန်းမြင့်အောင်ကို မီးသတ်တပ်ဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့များ နဲ့ မန္တလေးမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေက ဘယ်လိုကယ်တင်ခဲ့ကြသလဲဆိုတာ ကြည့်ရှုနိုင်ပါပြီ။

Posted by BBC Burmese on Sunday, June 21, 2015