06/26/15


အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်ပွဲတွင် မဲပေးရန် သွားနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇွန် ၂၅၊ ၂၀၁၅။
အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်ပွဲတွင် မဲပေးရန် သွားနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇွန် ၂၅၊ ၂၀၁၅။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖေါ်ဆောင်ရေးနဲ့ လူထုကြိုက်နှစ် သက်ရာခေါင်းဆောင် ရွေးချယ်ခွင့်ရရှိစေမဲ့ အဓိက အပြောင်းအလဲတွေကို စစ်တပ်က ဟန့်တားလိုက်တဲ့အတွက် အမေရိကန်အောက်လွှတ်တော်က ဒီမိုကရက်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန်အမတ် Steve Chabot တို့က ရှုတ်ချလိုက်ကြပါတယ်။

လွှတ်တော်မှာမြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လာမဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိနိုင်ဘူး၊ ဒါမှမဟုတ် ခိုင်လုံစိတ်ချရမှုမရှိနိုင်ဘူးဆိုတဲ့စိုးရိမ်မှုကို ပိုမိုခိုင်မာသွားစေပါတယ်။

စစ်အုပ်ချုပ်ရေးလက်အောက်မှာရေးဆွဲပြီး မဲအတုအယောင်နဲ့ အတည်ပြုခဲ့ တဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေမလုပ်ရင် အဓိကအာဏာရပ်တွေ ပြည်သူ လူထုလက်ထဲမရောက်ဘဲ စစ်တပ်လက်ထဲ ကိုပဲ ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရအောင် လုပ်ထားတဲ့ နိုင့်ထက်စီးနင်း ဖွဲ့စည်းပုံပြဌာန်းချက်ကို အစိုးရက ဆက်လက် ဆုပ်ကိုင်ထားပါလိမ့်မယ်။

တိုင်းပြည်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားဆိုတာ ပြောစရာမလိုတဲ့ အတိုက်အခံတယောက်ကို ဘေးဖယ်ထားခြင်းဟာ လာမယ့်ရွေးကောက်ပွဲကို အခြခံကစပြီး အားနည်းယုတ်ညံ့သွားစေပါတယ်။

ရပ်တန့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုခြိမ်းခြောက်နေတယ်ဆိုတာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/us-congressmen-burma-2008-constitution/2837820.html



မြန်မာနိုင်ငံမှာ မူစလင်ဆန့်ကျင်ရေး အမုန်းစကားတွေ အင်တာနက် အွန်လိုင်း မှာ ပြောဆိုနေကြတဲ့အပေါ် မြန်မာနိုင်ငံက အရပ် ဖက် လူမှုအဖွဲ့အစည်းတွေက လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ အတူတွဲပြီး တုန့်ပြန် လုပ်ဆောင်ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကွန်ဂရက် လွှတ်တော်ကိုတင်သွင်းတဲ့ ၂၀၁၄ ခုနှစ်၊ နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင် ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ အထူးထောက်ပြထားတာကတော့ ရခိုင်ပြည်နယ်ဘက်က လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့တာ၊ အကျဉ်းထောင်အခြေအနေတွေ တိုးတက်အောင်လုပ်တာ၊ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ ဆက်လုပ်နေတာတွေအပါအ၀င် ၂၀၁၁ ခုနှစ်ကတည်းက ရလာခဲ့တဲ့ တိုးတက်မှု အခြေအနေ တစုံလုံးဟာ ရခိုင်ပြည်ဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာနာမှု အကူအညီပေးလုပ်ငန်းတွေကို အပြင်းအထန် ကန့်သတ်ထားပြီး အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံအကြောင်းတွေကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင် ခံစာကထောက်ပြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့ မူစလင်လူနည်းစုတွေကို တန်းတူညီမျှ ခွဲခြား မှုမရှိတဲ့ အပြည့်အ၀နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမထားဘူးလို့လဲဆိုပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေနဲ့ နိုင်ငံတ၀န်းမှာ သိသာထင်ရှားတဲ့ တခြား လူ့အခွင့်အရေးပြဿနာတွေ ဆက်ရှိနေ တုန်းပဲလို့လဲ အစီရင်ခံစာမှာဖော်ပြပါတယ်။ အဲဒီထဲမှာ မုဒိန်းကျင့်တာနဲ့ လိင်ပိုင်း အကြမ်းဖက်တာ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီး တာတွေလုပ်တာ၊ တရားဥပဒေစိုးမိုးရေး အားနည်းတာကြောင့် အကျင့်ပျက်ခြစားမှု၊ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ မျိုး ဒါမှမဟုတ် တရားဥပဒေအရ လုပ်ဆောင်နိုင်တဲ့နည်းလမ်း ရွေးချယ်ခွင့်ပေးတာမျိုး မရှိဘဲ မြေယာသိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတာ၊ သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ခြယ်တာ တွေ ပါဝင်တယ်လို့ အသေးစိတ် ထောက်ပြထားပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက အရပ်သားတွေကို အာဏာပိုင်တွေက အကာအကွယ်မပေးဘူးလို့လဲ ပြောပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာတာပေါ် ကန့်သတ်တာတွေ ဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီး ဖိနှိပ် ချုပ်ခြယ်နေတုန်းပဲလို့လဲ အစီရင်ခံစာမှာပြောထားပါတယ်။

လူမျိုးစုနဲ့ဘာသာရေးဆိုင်ရာ လူနည်းစုတွေ၊ နိုင်ငံမဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေသလို လူမှောင်ခိုကူးတာလဲ ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။ ကလေးတွေအပါအ၀င် အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေက အရင်တုန်းကထက် နည်းသွားပေမဲ့ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတချို့ကို အစိုးရက အကန့် အသတ်နဲ့လုပ်ခဲ့ပေမဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ချိုးဖောက်မှုတွေကတော့ အပြစ်ပေးအရေးယူ မခံရဘဲ ကင်းလွတ်နေတုန်းပဲလို့လဲ ပြောထားပါတယ်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့တချို့ဟာလဲ လူကြီးနဲ့ကလေးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သား စုဆောင်း တာနဲ့ ပဋိပကဖြစ်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာတွေအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲတာတွေရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားပါတယ်။

VOA

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အရေးမပါလှသည့် ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ခြင်းမှလွဲ၍ ကျန်ပုဒ်မများ ပြင်ဆင်ရေးကို တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါးက ကန့်ကွက်ခဲ့သည်ဟု ယူဆရမည် ဖြစ်သည်။ ပုဒ်မ ၅၉ (ဃ) ၏ မူလပြဋ္ဌာန်းချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်” ဟူ၍ဖြစ်ပြီး ပြင်ဆင်ချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့်အမြင်များ ရှိရမည်” ဟူ၍ဖြစ်သည်။ အခြားပြင်ဆင်ချက်များ ဖြစ်သည့် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့မှာ ပြင်ဆင်ရန် လိုအပ်သည့် ထောက်ခံမဲ အရေအတွက် မရရှိခဲ့ပေ။

ပြည်ထောင်စု လွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၆၃၃ ဦးရှိသည့်အနက် လွှတ်တော်တက်ရောက်သူ အရေအတွက်မှာ ၅၈၃ ဦးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်အတွက် ထောက်ခံမဲ ၄၇၅ မဲလိုအပ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၁၆၆ ဦးဖြစ်သည်။ ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲရရှိခြင်း မရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်ရန် မဖြစ်နိုင်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ယခုကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲများ ရရှိခဲ့မှု မရှိခြင်းကို ထောက်ရှုလျှင် တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် စိတ်မရှိကြောင်း ပေါ်လွင်ထင်ရှားစေသည်။ ပုဒ်မ ၄၃၆ (က) ကို လက်ရှိအနေအထားအရ မပြင်ဆင်လိုသေးသည်ကို လက်ခံနိုင်ဖွယ် ရှိသေးသော်လည်း ပုဒ်မ ၄၃၆ (ခ) ကို မပြင်ဆင်လိုခြင်းသည် လုံးဝလက်ခံနိုင်ဖွယ် မရှိပါ။ ပုဒ်မ ၄၃၆ (ခ) သည် တပ်မတော်၏ အခန်းကဏ္ဍနှင့် တိုက်ရိုက်ပတ်သက်မှုလည်း မရှိပါ။

၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးသည် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ယခုကဲ့သို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးများကို လိုက်လံကန့်ကွက်နေမည်ဆိုပါက အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေး မဆိုထားနှင့် နိုင်ငံရေးအပေါ် အခြေခံသည့် အပစ်အခတ်ရပ်စဲရေးပင် မရနိုင်ပါ။ ပြည်သူလူထုနှင့် တပ်မတော်တို့၏ ဆက်ဆံရေးသည်လည်း ပို၍ပို၍ ဝေးကွာသွားလိမ့်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တပ်မတော်အနေဖြင့် အမှန်တကယ် ကြားနေရန် လိုအပ်သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာခဲ့ပါလျှင်၊ ရွေးကောက်ပွဲ အပြီး၌ ပြည်သူလူထုလိုလားသော အစိုးရတစ်ရပ် တက်မလာခဲ့ပါလျှင် ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသည် အခြေအနေဆိုး တစ်ရပ်သို့ ပြန်လည်ရောက်ရှိ သွားနိုင်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို တရားမျှတစေရမည်ဟု သူ၏အင်တာဗျူးများ၌ ကတိပေးထားခဲ့ပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် ယင်းကတိကို တည်စေလျက် နာမည်ဆိုး မကျန်ရစ်အောင် ပြုလုပ်ရမည် ဖြစ်သည်။ ဤနေရာ၌ ထည့်သွင်းပြောကြား လိုသည်မှာ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ၌ အမှန်တကယ် ကြားနေရန်လိုသည်။ တပ်မတော်မှ အရာရှိကြီးများကို ချက်ချင်း အငြိမ်းစားပေးပြီး ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ခိုင်းခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော ဘက်လိုက်မှုတစ်ခုဟု ဆိုနိုင်သည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဆောင်ရွက်နိုင်ခဲ့လျှင်၊ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ခဲ့လျှင်၊ တရားစီရင်ရေးကဏ္ဍ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ကဏ္ဍများအပါအ၀င် နောက်ထပ် ပြင်ဆင်ရန်ရှိသော ဥပဒေများအား ပြင်ဆင်ရေး၌လည်း တပ်မတော်က လိုက်လံပိတ်ဆို့ နေဦးမည်ဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။ ၈၈ အရေးတော်ပုံကဲ့သို့သော အုံကြွမှုမျိုး ဖြစ်လာနိုင်သည်။ ယင်းအခါ တပ်မတော်သည် ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်ကကဲ့သို့ သမိုင်းတရားခံ ဖြစ်သွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တောက်လျှောက်လိုက်၍ ကန့်ကွက်နေမည်ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မည်သို့မျှဖော်ဆောင်နိုင်မည် မဟုတ်ဘဲ နိုင်ငံသည်ပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်သည့် အန္တရာယ်ရှိသည်။

၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းခဲ့ချိန်တွင် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ဒုတိယအချမ်းသာဆုံး နိုင်ငံအဖြစ် ရှိခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း တပ်မတော်က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ၅၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သွားခဲ့သည်။ ယင်းကဲ့သို့ သောအမှားကို တပ်မတော်၌ တာဝန်ထမ်းဆောင်ဖူးသူများနှင့် လက်ရှိတာဝန်ထမ်းဆောင် နေသူများအနေဖြင့် ၀န်ခံရမည်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ရှေးရှုပါရန်နှင့် နိုင်ငံပြန်လည် ထူထောင်ရေးအတွက် အရေးကြီးသော အခြေခံဥပဒေ ပြင်ဆင်ရေးကို ထပ်မံ၍ လိုက်လံပိတ်ဆို့နေခြင်း မပြုရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ဝေမည့် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်ကို ဖော်ပြခြင်းဖြစ်ပါသည်။)


ပြည်ထောင်စုလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တွေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

RFA



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆောင်ရွက်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ) သည် နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊စသည့်အမြင်များရှိရမည် အစား နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့မဲခွဲဆုံးဖြတ်မှုတွင် စုစုပေါင်း မဲပေးသည့် လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦးအနက် ၇၅ ရာ ခိုင်နှုန်းကျော် သော ၄၇၅ ဦးက မဲပေးမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ၅၉ (စ)၊ ၄၃၆ အပါအ၀င် ပုဒ်မများမှာ အမြင့်ဆုံး ၃၈၀ ကျော်ဖြင့် ၇၅ ရာခိုင်နှုန်မကျော်နိုင်ဘဲ ပြင်ဆင်ခွင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ဟန့်တားထားသည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန်ထောကခံသူ ၃၂၁ မဲသာရရှိခဲ့သည်။

၅၉ (စ) ထောက်ခံမဲ ၃၇၁ (ရှုံးနိမ့်)
၅၉ (ဃ) ထောက်ခံမဲ ၅၅၆ (အောင်မြင်)
၆၀ (ဂ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်)
၄၁၈ (ခ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်)
၄၃၆ (က) ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်)
၄၃၆ (ခ)ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်)

မဲရှိမှုအခြေအနေကို စက်ဝိုင်းပြဇယားများဖြင့် ဖော်ပြထားပါသည်။

Credit: 7 day News

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး သတင်းစာ ရှင်းလင်းစဉ် Photo: Myo Thant Khaing/RFA
မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူး ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ တို့ကို မပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။

"အပြောင်းအလဲဟာ လုံးဝလုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး၊ ဒီလိုလုံးဝလုံလောက်တဲ့ အပြောင်းအလဲကိုတောင်မှ မထောက်ခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးဆိုတဲ့အဓိပ္ပါယ်ကို ရောက်ပုံရပါတယ်၊ ဒီဟာမထောက်ခံတဲ့ ကိုယ်စားလှယ်များဟာ အပြောင်းအလဲကို မလိုလားတာ ဒီပုဒ်မတစ်ခုချင်းတစ်ခုချင်းကို မပြင်ဆင်တာထက် ဘာဖြစ်လို့လဲဆိုတော့ ပြင်ဆင်ထားတာတွေကလည်း လုံလောက်တာမဟုတ်ဘူး၊ ၇၅ ရာခိုင်နှုန်းကနေပြီးတော့ ၇ဝ ရာခိုင်နှုန်းအောက်မကျသောဆိုတာကလည်း ဘာမှထူးခြားတာလည်းမဟုတ်ဘူး၊ ချွေးမနဲ့ သမက်ကို ၅၉(စ)ကနေ ဖယ်လိုက်တာလည်း ဘာမှသိပ်ပြီးတော့ ထိထိရောက်ရောက် ပြုပြင်ပြောင်လဲတာလည်းမဟုတ်ပါဘူး၊ အဲ့ဒီတော့ ဒီလိုမထိရောက်တဲ့ဟာတွေကိုတောင်မှ မပြင်ချင်ဘူးဆိုလို့ရှိရင်တော့ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ပဲ အဲ့လိုပဲသတ်မှတ်ရမှာပါ"

ဒီပုဒ်မတွေကို မပြင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို ဆုံးဖြတ်မှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် မဲခွဲဆုံးဖြတ်ရာမှာ လျှို့ဝှက်မဲထက် ထိုင် ၊ ထစနစ်ကို ပိုနှစ်သက်ကြောင်းနဲ့ အဲဒီလိုပြသခြင်းအားဖြင့် ဘယ်သူက ဘယ်မဲပေးတယ်ဆိုတာ ပြည်သူတွေသိနိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အစဉ်တစိုက် ဖွဲ့စည်းပုံပြင်ဖို့ကို ကန့်ကွက်ခဲ့တာဖြစ်ကြောင်းနဲ့ ပြင်ဖို့ဟာ တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ကြောင်း ၊ ဒါပေမယ့် ရွေးချယ်ခံကိုယ်စားလှယ်တွေကပါ ကန့်ကွက်နေတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း မိမိအနေနဲ့ မစဉ်းစားတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြည်ထောင်စုလွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး မဲခွဲဆုံးဖြတ်။ (ဇွန် ၂၅၊ ၂၀၁၅)
ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြု ဥပဒေကြမ်းအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့မဲခွဲရာ အဓိကအချက်တွေကို ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက်မရခဲ့ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့ အရေးပါတဲ့ ပုဒ်မ ၄၃၆ (က)နဲ့ သမ္မတရွေးခြယ်ခံပိုင်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) တွေကို ပြင်ဆင်ဖို့ အဆိုပြုထားရာမှာ၊ ၂၀၀၈ဖွဲ့စည်းပုံအရ ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေးအဆို မဲခွဲ ဆုံးဖြတ်ခဲ့တာကိုတော့ ရန်ကုန်ရုံးက ဗွီအိုအေ သတင်းထောက်ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ လတ်တလောပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို ဒီလ ၂၃ရက်နေ့က စတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ရာက ဒီကနေ့မှာတော့ ပြင်ဆင်မယ့်အချက် တချက်ချင်းစီကို လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးပြီး အဆုံးအဖြတ် ပြုခဲ့ကြပါတယ်။ မဲပေးအပြီး နောက်ဆုံးရလဒ်ကိုတော့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပြီးပါပြီခင်ဗျာ။ မဲခွဲတာ။ အဲ့ တခုပဲ နိုင်တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံး ပေးလိုက်ရတယ် ခင်ဗျ။ မဲခွဲတာ ခြောက်ခုလေ။ ခြောက်ခုမှာ ၅၉ (ဃ) ပေါ့နော်။ စစ်ရေးအမြင်ဆိုတာကနေပြီးတော့ ကာကွယ်ရေးအမြင်ဆိုပြီး တပ်က ထောက်ခံတဲ့အတွက် အဲ့တာတခုပဲ နိုင်တယ်ခင်ဗျ။ အဲ့တာက ၅၅၆ယောက် ထောက်ခံပြီးတော့ ၇၅% ကျော်တယ်ခင်ဗျ။ အဲ့တာတခုပဲ ကျနော်တို့ referendum ဆက်လုပ်ရမှာခင်ဗျ။ ၅၉ (စ) ကကျတော့ ၃၇၁မဲပဲ ထောက်ခံတော့ သူက ၇၅% အောက်ကို ရောက်သွားတယ်။ ပြီးတော့ ၄၃၆ (က)ကလည်း ၃၈၈ ယောက်ကပဲ ထောက်ခံတော့ ဒါလည်း ၇၅% အောက်ကို ရောက်သွားတယ်။ ၄၃၆(ခ) လည်း အဲ့လိုပဲ အဲ့ဒီ့တော့ ကျနော်တို့က ခြောက်ခုမှာ ငါးခုက ရှုံးပြီးတော့ တခုပဲ နိုင်တယ်ပေါ့ဗျာ။ အဲ့လိုဖြစ်သွားတယ်။ ”

မဲပေးတာနဲ့ မဲရေတွက်တာအပေါ်မှာတော့ သံသယမရှိကြောင်း ပြောပါတယ်။

မဲခွဲအပြီး သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုပါတယ်။

“ကျမတို့ကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားစရာမလိုဘူး။ ပြည်သူတွေ အနေနဲ့ စိတ်ဓာတ်ကျ သွားစရာလည်း မလိုဘူး။ ဆက်ပြီးတော့ ဘယ်လိုပုံစံနဲ့သွားရမလဲ ဆိုတာကို ပိုတောင်မှ ရှင်းရှင်းလင်းလင်းနဲ့မြင်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်လို့ ဒီလိုပဲ ယူဆတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အချက်တခုတည်းနဲ့ မသက်ဆိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် မိုးလယ်ညကတော့ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအရ မပြောင်းလဲနိုင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ ပြည်သူငါးသန်းကဗျာ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တောင်းဆိုထားတာ ရှိတယ်ဗျာ။ ဒီနေ့က ပြည်သူတွေ လိုလားတဲ့ အချက်တွေ မရဘူးဆိုတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်လို့ နာမည်တပ်ထားပေမဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့ဆန္ဒကို မထင်ဟပ်ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အဓိကကတော့ ဒါ စစ်တပ်ကိုယ်စားလှယ် ၂၅% က ဟိုဘက်က ပါနေပြီးတော့ ၂၅% ရဲ့ မဲသည် ရှင်းရှင်းလေးပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထား အဲ့တော့ ကာကွယ်ရေးဦးစီးချုပ်က တကယ်ပြောင်းစေချင်တယ်ဆိုရင် ပြောင်းမှာပဲ။ မပြောင်းစေချင်ရင်တယ်ဆိုရင် မပြောင်းဘူး။ ဒါကြောင့်လည်း ကျနော်တို့က ၄၃၆ ကိုပြောင်းစေချင်တာလေ။ လူတစ်ဦးတယောက်ရဲ့ လက်ထဲမှာ နိုင်ငံရေးကံကြမ္မာရှိနေတာဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူးပေါ့ဗျာ။”

ဗွီအိုအေနဲ့ သီးသန့်အင်တာဗျူးမှာတော့ ကာကွယ်ရေး ဦးစီးချုပ် က ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးဆန္ဒ ပြုထားတဲ့ လူဦးရေ ငါးသန်း ဟာ မြန်မာနိုင်ငံ လူဦးရေရဲ. ၁၀ ရာခိုင်နှုန်းပဲရှိကြောင်းနဲ့ ကျန် တဲ့ လူဦးရေ ၄၆ သန်းရဲ့ ဆန္ဒကိုလည်း ကြည့်ရဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပုဒ်မ ၄၃၆ (က) နဲ့(ခ) ဟာ ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ပြင်ဆင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံရမယ် ဒီလို ထောက်ခံပြီးတဲ့နောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

လက်ရှိပြင်ဆင်ဖို့ တင်ပြတဲ့အထဲမှာမူလ ၇၅ရာခိုင်နှုန်းကို ၇၀ရာခိုင်နှုန်းအထိ လျော့ချထားတာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်အစား ဆန္ဒမဲပေးသူရဲ့ ထက်ဝက်ကျော်လို့ ပြင်ဆင်ဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက တင်ပြ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီပြင်ဆင်ချက်ဟာ လုံလောက်မှုမရှိကြောင်း ထောက်ပြထားပေမဲ့ အခုအခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံမှုမရတာကြောင့် ပြင်ဆင်ဖို့အရေးဟာ ရှုံးနိမ့်ခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မဖြစ်တဲ့ ၄၃၆ ကိုပြင်ဆင်နိုင်တာ မရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်လာနိုင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း ရိုက်ခတ်လာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံပါ အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ လူထုဆန္ဒခံယူပွဲကျင်းပရမယ်လို့ ဆိုထားပါတယ်။ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ တ၀က်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ချက်အတည်ဖြစ်မယ်လို့ ဆိုပါတယ်။

အခု ပြင်ဆင်ရေးအဆိုပြုချက်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံမှုအစား၊ ၇၀ ရာခိုင်နှုန်းထောက်ခံမှုဖြစ်ရမယ် ဆိုထားတာပါ။ ဒီအဆိုပြုချက်ကို မဲခွဲရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ထောက်ခံချက်မရတာကြောင့်၊ ဖွဲ့စည်းပုံပြင်ရေးမှာ လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တာ ဖြစ်ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မြင်ရစဉ် Photo: RFA

ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ပဋိပက္ခဆိုတာ ရှိနေဦးမှာဖြစ်တဲ့အတွက် နှစ်ဖက်တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့သာ သွားကြဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ နောက်ဆုံးနှစ်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းပြောခဲ့တာဖြစ်ပါတယ်။

"ပြဿနာဖြစ်လာရင် အရာအရာကို ပူးပေါင်းဖြေရှင်းအဖြေရှာ ညှိနှိုင်းဖော်ထုတ်ခြင်းဖြင့်သာသွားတဲ့နည်းလမ်း ယဉ်ကျေးမှုပါ၊ ဒီနေ့ ရခိုင်မှာပြဿနာတွေက အရင်တုန်းကလည်း ဖြစ်ခဲ့တယ်၊ အခုလည်းဖြစ်နေဦးမှာပဲ နောင် လည်းဖြစ်နေဦးမှာပဲ ဒီဘင်္ဂါလီတွေရှိသမျှဖြစ်နေဦးမှာပဲ၊ ဖြစ်လာတဲ့ပြဿနာအားလုံးကို အစစအရာရာမှာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းပူးပေါင်းအဖြေရှာ ဖော်ထုတ်ခြင်းဖြင့်သာ အနာဂတ်ကိုသွားသင့်တယ်"

ရခိုင်အရေးကိစ္စဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မှတ်တမ်းဝင်နေတာကြောင့် အစိုးရအနေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သတိထားနေရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စဟာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေထက် ပိုအရေးကြီးပြီး သူ့အနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ရှုပ်ထွေးတဲ့ အခြေအနေကနေ အကောင်းဘက်လမ်းကြောင်းပေါ် ရောက်အောင်လုပ်နိုင်ခဲ့ပြီလို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

လှေစီးဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ပြောဆိုနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါဝင်တဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကင်ဂျုံအန်းနဲ့ သူ့ဇနီး လေဆိပ်အတွင်း စစ်ဆေးနေတဲ့ ပုံတွေကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြ။ 
မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်းမြို့မှာ အသစ် ဆောက်လုပ် ပြီးစီးခဲ့တဲ့ လေဆိပ် အသစ်ကြီးရဲ့ ဖိတ်ဖိတ်တောက် ခမ်းနားတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင် သတင်းစာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သူ့ဇနီးတို့ လေဆိပ် အတွင်းက ဆိုင်တွေကို စစ်ဆေး ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို နေ့စဉ်ထုတ် Rodong Sinmun သတင်းစာရဲ့ စာမျက်နှာ အချို့မှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မြောက်ကိုရီးယား အစိုးရက တည်ဆောက် ပြီးစီးခဲ့တဲ့ ကြီးမားတဲ့ အဆောက်အဦး တချို့ကို ဖော်ထုတ် ပြသခဲ့ပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေ ကတော့ နိုင်ငံသား အများစုဟာ ဆင်းရဲ ချို့တဲ့တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

ခရီးစဉ် အနည်းအကျဉ်းသာ ဆိုက်ကပ် ထွက်ခွာမှာ ဖြစ်တဲ့ အဲဒီ လေဆိပ် အသစ်ဟာ ဇူလိုင် ၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ သတ်မှတ်ထားတာပါ။

အခုလ အစောပိုင်းကတော့ မြောက်ကိုရီးယားဟာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင် ရေရှားမှုနဲ့ ကြုံနေရတယ်လို့ ကြေညာခဲ့ပြီး စားနပ်ရိက္ခာ ရှားပါးမှုကို ပိုဆိုး စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကို ကြီးထွားစေခဲ့ပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese


ဂျပန် နိုင်ငံက အကြီးဆုံး ကားကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ တိုယိုတာနဲ့ နစ်ဆန်း ကားကုမ္ပဏီတွေက သူတို့ ကားတွေမှာ ပါဝင်တဲ့ လေအိတ်တွေကြောင့် လူ ၈ ယောက် သေဆုံးခဲ့ရ အပြီး ကားစင်းရေ ၃ သန်းကို ပြန်လည် ရုပ်သိမ်း ခဲ့ရပါတယ်။

ကားလေအိတ်တွေ ထုတ်လုပ်တဲ့ Takata ကုမ္ပဏီကတော့ လေအိတ် ပေါက်ကွဲမှုတွေ ဘာ့ကြောင့် ဖြစ်နေတယ် ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။

တာကာတာ ကုမ္ပဏီရဲ့ လေအိတ်တွေကြောင့် ဘီအမ်ဒဗလျူ၊ ခရိုင်စလာ၊ ဖို့ဒ်၊ ဟွန်ဒါနဲ့ မာဇဒါ ကားတွေ စုစုပေါင်း စင်းရေ သန်း ၃၀ ကျော်ကို အမေရိကန် နိုင်ငံထဲကနေ ပြန်လည် ရုပ်သိမ်း ခဲ့ရပြီး ဖြစ်ပါတယ်။

တချို့ လေအိတ်တွေမှာ လေဖြည့်ကိရိယာ ချို့ယွင်းသွားတဲ့ အတွက် လေအိတ်ကို ပေါက်ကွဲထွက်စေပြီး ကားထဲမှာ သတ္တု အပိုင်းအစတွေ ပြန့်ကျဲ ထွက်စေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


၂၈ ကြိမ်မြောက် ဆီးဂိမ်းတွင် ငွေတံဆိပ်ဆုဆွတ်ခူးခဲ့သော မြန်မာယူ ၂၃ ဘောလုံးအသင်းအတွက် စင်ကာပူဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့သော ဒို့မြန်မာဆိုင်ပိုင်ရှင်ကို လက်မှတ်မှောင်ခိုရောင်းချမှုဖြင့် ပွဲကျင်းပရေးကော်မတီက စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ဒို့မြန်မာဆိုင်သည် ထိုင်း-မြန်မာအမျိုးသားဘောလုံးဗိုလ်လုပွဲအတွက် လက်မှတ်စောင်ရေ ၂၀၅၀ ကို ဆီးဂိမ်းပွဲကျင်းပရေးကော်မတီ (SingSOC) က လက်မှတ်ရောင်းချခွင့်ပေးထားသော Apactix ထံမှ ၀ယ်ယူရရှိခဲ့သည်။

ဗိုလ်လုပွဲမကစားမီတရက်အလို ဇွန် ၁၄ ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက်မြန်မာများ စုဝေးရာ Peninsular Plaza လေးထပ်တွင်ဖွင့်လှစ်ထားသော အဆိုပါဆိုင်တွင် လက်မှတ်ဝယ်ယူလိုသူများဖြင့် လူစုလူဝေးကြီး ဖြစ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လာရောက်ထိန်းသိမ်းခဲ့ရပြီး လက်မှတ်ဝယ်ယူသူများနှင့် ဆိုင်မှတာဝန်ရှိသူများကို မေးမြန်းစုံစမ်းခဲ့သည်။ ၎င်းဆိုင်မှ လက်မှတ်များကိုတစောင်လျှင် ၂၅ ဒေါ်လာဖြင့် ဈေးတင်၍ ပြန်လည်ရောင်းချနေကြောင်းရဲတပ်ဖွဲ့မှ စင်ကာပူဆီးဂိမ်းပွဲကျင်းပရေး ကော်မတီထံသို့ အကြောင်းကြားခဲ့ရာ Apactix က ဒို့မြန်မာဆိုင်ကို ကနဦးက ပေးထားသောလျော့ဈေး တစောင်လျှင် ၁၃ ဒေါ်လာအစား နဂိုမူရင်းဈေးအတိုင်း တစောင်လျှင် ဒေါ်လာ ၂၀ နှင့် ကြိုတင်မှာယူခ ၁ ဒေါ်လာ စုစုပေါင်း ၂၁ ဒေါ်လာ နူန်းဖြင့် ငွေပေးချေစေခဲ့ကြောင်း The Straits Times သတင်းစာ ၀ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။

“လက်မှတ်တွေကို ၁ စောင် ၂၅ ဒေါ်လာနဲ့ဈေးတင်ရောင်းပြီးရတဲ့အမြတ်ငွေတွေကို လှူလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီကိစ္စကိုသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြန်လည် စစ်ဆေးကြည့်ရှုနေပါတယ်။”ဟုSingSOC မှ မစ္စတာတိုဘွန်ယီး က ပြောသည်။

“မရောင်းခင်ကတည်းက မြန်မာဘောလုံးအသင်းကို လှူဖို့ဆိုတာ ၀ယ်မယ့်သူတွေကိုကြိုပြောခဲ့ပါတယ်။ ဒို့မြန်မာဆိုင်က၀ယ်သွားတဲ့ ကြိုက်တဲ့လူကိုမေးကြည့်လို့ရပါတယ်။ အဲဒီတော့ စုစုပေါင်းလက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ၈၅၀၀ လှူခဲ့တာပါ။ ကိုသန်းတိုးအောင်တို့လည်း သိပါတယ်။ လှူတယ်ဆိုတာကလည်း ဒီပြဿနာမဖြစ်ခင်ကတည်းက ကြိုပြီးဆက်သွယ်ထားပြီးသားပါ။”ဟုဒို့မြန်မာဆိုင်ပိုင်ရှင် ကိုရဲဝင်းပိုင်က News Watch သို့ က ပြောကြားသည်။

ဒို့မြန်မာဆိုင်က ဇွန် ၁၇ တွင် စင်ကာပူဒေါ်လာ ၈၅၀၀ ကို မြန်မာယူ ၂၃ အသင်းထံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းရာ “ကြိုတင်ပြီး သိတာတော့ မဟုတ်ဘူးဗျ။ ပွဲပြီးတဲ့အခါကျတော့ သူတို့ကဖုန်းဆက်ပြီး ကျွေးမွေးချင်တယ်၊ လှူချင်တယ်လို့ ပြောတယ်၊ လာလှူမယ်ဆို လှူလို့ရပါတယ်လို့ ကျနော်တို့ပြောလိုက်တယ်၊ လာလှူတာကို ကိုကြည်လွင်တို့၊ ကျွန်တော်တို့၊ ကိုကျော်လွင်တို့ လက်ခံပါတယ်၊ သူတို့ ဒို့မြန်မာဆိုင်ဆိုတဲ့ ကတ်ပြားကြီးနဲ့ပေါ့လေ၊ ကြိုပြောထားတာတော့ မရှိဘူးဗျ။ ပြိုင်ပွဲပြီးနောက်တနေ့မှာ ကလေးတွေက ဟိုသွားဒီသွား သွားကြတော့ တော်တော်များများကလေးတွေကို ကျွန်တော်ကဘယ်လိုမှာလဲဆိုတော့ မင်းတို့ ကိုယ့်ဟာနဲ့ကိုယ်စားကြ၊ ဘယ်ဆိုင်မှာမှ ထမင်းဝင်မစားကြနဲ့လို့တောင် မှာလိုက်ပါတယ်။”ဟု ဇွန် ၂၄ က News Watch သို့ ပြောကြားသည်။

ဒို့မြန်မာဆိုင်သည် ဇွန် ၁၃ ရက်ကကစားခဲ့သည့် ဗီယက်နမ်-မြန်မာဆီမီးဖိုင်နယ် လက်မှတ်များကိုလည်း အလားတူဈေးတင်ရောင်းချခဲ့သည်ဟု မှောင်ခိုလက်မှတ်ကိစ္စကို လူမှုကွန်ရက်ပေါ်သို့ တင်ဆောင်ခဲ့သူ အသက် ၃၁ နှစ်အရွယ် အင်ဂျင်နီယာ ကိုလင်းထက်အောင်က ပြောသည်။

ဒို့မြန်မာဆိုင်က ဆီမီးဖိုင်နယ်လက်မှတ်များကိုလည်း ဈေးတင်ရောင်းချခဲ့သည်ဆိုခြင်းကို ယင်းဆိုင်မှ ဆီမီးဖိုင်နယ်လက်မှတ် ၅ စောင်ကို တစောင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူခဲ့သူ အသက် ၃၉ နှစ်အရွယ် Technician ကိုမင်းထော်ပိုင် က အတည်ပြုပြောကြားသည်။

“အမြတ်တင်ရောင်းတဲ့ ၅ ဒေါ်လာကို လှူဖို့လို့ ပြောပါတယ်။ ဒါပေမယ့် လက်မှတ်ဈေး ၁၄ ဒေါ်လာဆိုတာလက်မှတ်ပေါ်မှာတင် ရေးထားပါတယ်။ ကျန်တဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ။”ဟု ၎င်းက မေးခွန်းထုတ်သည်။

ဒို့မြန်မာဆိုင်မှ မြန်မာယူ ၂၃ အသင်းအတွက် လှူဒါန်းခဲ့သည့် ဒေါ်လာ ၈၅၀၀ မှာဖိုင်နယ်ပွဲတခုတည်းမှ ရရှိသောအမြတ်ငွေဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲလက်မှတ်ရောင်းချ၍ ရရှိခဲ့သောအမြတ်ငွေများကို ဒို့မြန်မာဆိုင်ရှင် ကိုရဲဝင်းပိုင်အနေနှင့် မည်သို့စီမံခန့်ခွဲသည်ကို မသိရှိရသေးချေ။

စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza အဆောက်အဦတွင် ဖွင့်လှစ်ထားသော “ဒို့မြန်မာ”အပါအ၀င် မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ လက်မှတ်မှောင်ခိုရောင်းချမှု ဈေးကွက်တခု ဖြစ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် လက်မှတ်မှောင်ခိုရောင်းချခြင်းကို ဥပဒေဖြင့်တားမြစ်ထားပြီး ပွဲလက်မှတ်များကို ဆတူဈေးဖြင့်သော်လည်းကောင်း၊ ဈေးတင်၍သော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မပြုကြောင်း ဘောလုံးပွဲလက်မှတ်၏ နောက်ကျောဘက်တွင် ဖော်ပြထားသည်။

အကြိုဗိုလ်လုပွဲလက်မှတ်ဈေးနူန်းသည် တစောင်လျှင် ဒေါ်လာ ၁၅၀ အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ Peninsular Plaza မှောင်ခိုဈေးကွက်အပြင် အွန်လိုင်းမှ လက်မှတ်ရောင်းချသည့် စင်ကာပူဝဘ်ဆိုဒ် Ticketbis တွင်လည်း ထိုင်း-မြန်မာဗိုလ်လုပွဲလက်မှတ်ကို ၁ စောင်လျှင် ဒေါ်လာ ၂၀၀ ခန့်မှ ပွဲကစားချိန် နီးကပ်လာသည်နှင့်အမျှ ဒေါ်လာ ၆၀၀ နီးပါးအထိ အဆမတန် မြင့်တက်ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဆီးရီးယားတွင် တိုက်ပွဲဝင်နေသော အိုင်စစ်အဖွဲ့ဝင်များက AIDS ရောဂါရှိသူ တပ်သားတဦးကို ရောဂါပျံ့ ပွားစေမှုဖြင့် ကွက်မျက်လိုက်သည်။ အဆိုပါ AIDS ရောဂါသည် အိုင်စစ်အဖွဲ့ဝင်သည် အခြား အကြမ်းဖက်အဖွဲ့ဝင်တဦးကို သွေးလှူခြင်းမှတဆင့် ရောဂါကူးစက်စေခဲ့ခြင်း ဖြစ်သည်။

အမည်မသိ အင်ဒိုနီရှားနိုင်ငံသား အိုင်စစ်အဖွဲ့ဝင်သည် သွေးလှူဒါန်းမှုပြုခဲ့ပြီး ၎င်းထံတွင် AIDS ရောဂါပိုရှိကြောင်း သိရှိခဲ့ရပြီးနောက် ဟာဆာကာခရိုင် ရှာဒါဒီအရပ်တွင် အခြေစိုက်နေသော အိုင်စစ်အဖွဲ့ဝင်များ ထိတ်လန့်တကြား ဖြစ်ခဲ့ကြကြောင်း သိရသည်။

AIDS ဝေဒနာရှင်၏သွေးကို လက်ခံခဲ့သော အီဂျစ်နိုင်ငံသား ဂျီဟတ်ဝါဒီတဦးနှင့် ၎င်း၏ လိင်ကျွန်ဖြစ်သော ၁၅ နှစ်အရွယ် ယာဇဒီ မိန်းကလေးအပါအ၀င် အဆိုပါ မိန်းကလေးကို အဓ္ဓမပြုကျင့်ခဲ့သူ ဆော်ဒီနိုင်ငံသား ၂ ဦးတို့လည်း ရောဂါကူးစက်ခံခဲ့ရပြီး အိုင်စစ်အဖွဲ့မှ တပ်မှူးအဆင့်ရှိသူတဦးလည်း ကူးစက်ခံထားရကြောင်း သတင်းများထွက်ပေါ်နေသည်။

အင်ဒိုနီးရှားနိုင်ငံသား၏ ဆေးမှတ်တမ်းများအရ ၎င်းထံတွင် AIDS ရောဂါရှိသည်ကို ယမန်နှစ် စက်တင်ဘာလ အိုင်စစ်အဖွဲ့သို့ မ၀င်ခင်ကပင် သိရှိပြီးဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ Sound and Picture ထံမှ သိရသည်။
ယင်းကြောင့် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား AIDS ဝေဒနာရှင်အား“ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သွေးလှူဒါန်းခြင်းဖြင့် အိုင်စစ်အဖွဲ့ဝင်များအပေါ် ထိခိုက်စေမှုဖြင့်” သေဒဏ်ချမှတ်ခဲ့သည်။

ယင်း AIDS ကူးစက်ပျံ့ပွားမှုသတင်းကြောင့် ဒဏ်ရာရအိုင်စစ်အဖွဲ့ဝင်များအတွက် သွေးလှူဒါန်းမည့်လူများကို တင်းကျပ်သောစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Sound and Picture မှ လုပ်သားများအဖြစ် အသွင်ယူ၍ စုံစမ်းထောက်လှမ်းသည့် ဂျာနယ်လစ်များက ထုတ်ဖော်ပြောဆိုသည်။

“အိုင်စစ်အဖွဲ့ဝင်များအတွက် လှူသောသွေးများကို ၁ စက်မကျန် စစ်ဆေးရမည်”ဟု ညွှန်ကြားထားကြောင်း AIDS ရောဂါကုသရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။

ယခု AIDS ကူးစက်မှုသတင်းနှင့်အတူ ယာဇဒီအမျိုးသမီး လိင်ကျွန်တဦးကို အမြင့်ဆုံးဆုကြေးအဖြစ် သတ်မှတ်သော အိုင်စစ်အဖွဲ့ဝင်များသည် ကိုရမ်ကျမ်းစာ အလွတ်ဆိုပြိုင်ပွဲများ သတင်းလည်း ထွက်ပေါ်လာသည်။

ယင်း ကိုရမ်အလွတ်ဆိုပြိုင်ပွဲများတွင် လိင်ကျွန်ဆုကြေးသာမက ဆုကြေးငွေများလည်း ပေးအပ်ကြောင်း၊ ဆီးရီးယားအတွင်းရှိ အိုင်စစ်တို့ ဗလီများတွင် ၇ ရက်ကြာ ကျင်းပလေ့ရှိကြောင်းလည်း သိရသည်။

ရည်ညွှန်း - ဒေးလီးမေးလ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ တွေကို ကန့်ကွက်မဲပေးသူများတာကြောင့် ပုဒ်မ ၂ ခုစလုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ လျှို့ဝှက်မဲပေးခဲ့တဲ့ ကိုယ်စားလှယ် ၅၈၃ ရဲ့ ဆန္ဒမဲတွေကို ရေတွက်အပြီးမှာ အခုလိုကြေညာခဲ့ပါတယ်။

"ပုဒ်မ ၅၉(ဃ)ပြင်ဆင်ဖို့အတွက် ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြစ်ပါတယ်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံတဲ့အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၇၁ မဲဖြစ်ပါတယ်၊ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် အတည်မပြုကြောင်း ကြေညာပါတယ်"

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ယောက် ရှိပြီး ကိုယ်စားလှယ် ၅၀ က ခွင့်ယူခဲ့တဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေအပါအ၀င် ၅၈၃ ယောက်က မဲပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပြင်ဆင်ထားတဲ့ ပုဒ်မခွဲတွေကို လွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်ဖြစ်တဲ့ ကိုယ်စားလှယ် ၄၇၅ ယောက်က ထောက်ခံမှ ပြင်ဆင်နိုင်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားဆဲဖြစ်တဲ့ ပုဒ်မ ၅၉(စ) ကို မူကြမ်းပါအတိုင်း ပြင်ဆင်ပေးဖို့ ထောက်ခံတာ ၃၇၁ ယောက်သာရှိပြီး ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ဖို့ ထောက်ခံသူ ၃၈၈ ယောက်သာရှိတဲ့အတွက် ၇၅ % မကျော်တာကြောင့် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အဲဒီ့မူကြမ်းမှာပါတဲ့ ပုဒ်မ ၅၉(စ)အတိုင်းကို အများစုက ထောက်ခံရင်လည်း ပြင်ဆင်ချက်မှာ သား သမီးတွေ နိုင်ငံခြားသားမဖြစ်ရဘူးလို့ ကန့််သတ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိသေးပါဘူး။

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်တဲ့ ပုဒ်မ ၅၉(စ) (ဃ)၊ ပုဒ်မ ၆၀(ဂ)၊ တပ်မတော်ထံ အာဏာလွှဲအပ်တဲ့ ပုဒ်မ ၄၁၈ (ခ)၊ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (က) (ခ) တို့ကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၃၇ ယောက်က ၃ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: RFA
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက ပါရှိပြီးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လွဲမှားနေကြောင်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

၁၉၄၇ အခြေခံဥပဒေရေးဆွဲစဉ်က မြန်မာနိုင်ငံ လွတ်လပ်ရေးမရသေးကြောင်း၊ နိုင်ငံလွတ်လပ်ရေးရတဲ့ အခါ နိုင်ငံတွင်းမှာနေထိုင်ကြသူတွေနဲ့ ဗြိတိသျှ နိုင်ငံသားအဖြစ် လိုက်ပါသွားလိုသူတွေရှိရာမှာ၊ နိုင်ငံရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားနဲ့ ဆက်စပ်ပတ်သက်နေသူတွေ၊ ရောထွေးနေသူတွေကို အဓိကတာဝန်တွေ မပေးနိုင်အောင် ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ ဒါဟာလည်း ကာယကံရှင်တွေနဲ့သာ တိုက်ရိုက်ပတ်သက်နေ တာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

"အဲ့ဒီရေးထားပြီးသားကို ၅၉(စ) နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း ပြည့်ယူလိုက်တဲ့အခါကျတော့မှ ကာယကံ ရှင်ကိုယ်တိုင်ရဲ့ အရည်အချင်းတွေမဟုတ်တော့ဘဲနဲ့ အခုအားလုံးသိတော်မူကြတဲ့အတိုင်းပဲ ကျနော်တို့ မိဘတွေ ဇနီးတွေ သားသမီးတွေ နောက်ခင်ပွန်းတွေ ချွေးမတွေ သမက်တွေကို ထပ်ပြီးတော့ဖြစ်စေလိုက်တာဖြစ် ပါတယ်၊ ဒါကြောင့် ၄၇ ခုနှစ်ဥပဒေတုန်းက ဥပဒေကို အပိုဆောင်းပြီးဖြည့်ဆည်းတာမရှိဘဲနဲ့ လွှတ်တော် ကိုယ်စားလှယ် တနည်းအားဖြင့် အမတ်မဖြစ်ရမယ့် အရည်အချင်းမျိုးတွေမပါဖို့ပဲ ပြဌာန်းထားပါတယ်၊ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ်လက်ထက်တုန်းက အခြေအနေမျိုးနဲ့ အခု ၅၉(စ) ဟာ ဗိုလ်ချုပ်တို့ လက်ထက်တုန်းကတည်းက ရှိခဲ့တယ်ဆိုတဲ့အယူအဆဟာ လွဲမှားနေပါတယ်၊ ဥပဒေရေးရာ အရလည်း အချက်အလက်မမှန်ကန်ပါဘူးလို့ တင်ပြချင်ပါတယ်"

အခု ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်တယ်ဆိုပေမဲ့ အမည်ခံသာဖြစ်ပြီး၊ မျှတမှု ကင်းမဲ့နေတယ်ဆိုတဲ့ အနှစ်သာရကတော့ ထူးခြားမလာကြောင်း ဆွေးနွေးခဲ့ပါတယ်။ အလားတူ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီးတော့လည်း လက်ရှိအနေအထား ဟာ တပ်မတော်သဘောမတူရင် ဘာမှပြင်လို့မရတဲ့ သဘောဖြစ်နေကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ဖို့သဘောတူ တဲ့ ရာခိုင်နှုန်း လျှော့ပေါ့ဖို့ကိုတောင် သဘောမတူနိုင်ရင်၊ ဒီမိုကရေစီကို သဘောမတူရာရောက်ကြောင်း ဦးအောင်ကြည်ညွန့်က ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစနစ်နဲ့မကိုက်ညီတဲ့ ဥပဒေ/ပုဒ်မတွေထဲက ၅၉ (စ) လို သမ္မတ အရည်အချင်း ကန့်သတ်ထားတာကို ဖျက်သိမ်းဖို့၊ အရေးပေါ်ကာလမှာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာကုန်လွှဲအပ်ပေးတဲ့ ပုဒ်မမျိုးကို ဖျက်သိမ်းဖို့နဲ့ ပုဒ်မ ၄၃၆ ရဲ့ တင်းကြပ်လွန်းတဲ့ ပြဌာန်းချက် ကို လျှော့ချဖို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဒုတိယအကြိမ်မြောက် မဘသ ညီလာခံကို ဇွန်လ ၂၀ရက်နေ့က အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပစဉ် Photo: Thiha Tun/RFA

မြန်မာနိုင်ငံက မဘသ ခေါ် အမျိုးသာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အတွက် ဘာသာရေးဆိုင် ရာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေ ထူထောင်ပေးဖို့ ကူညီလိုကြောင်း ထိုင်း ဗုဒ္ဓဘာသာအဖွဲ့တစ်ဖွဲ့က ကမ်းလှမ်း ခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ မဘသ အစည်းအဝေးပွဲကို တက်ရောက်လာခဲ့တဲ့ ထိုင်း အမျိုးသား ဗုဒ္ဓ ဘာသာနဲ့ ယဉ်ကျေးမှုဆိုင်ရာ လူထုသတင်းမီဒီယာ အသင်းရဲ့ ဒု ဥက္ကဌ ဝတ်တီဆန်း ပနာရီက မဘသရဲ့ သတင်းတွေ တိုင်းပြည်အနှံ့ ရောက်ရှိအောင် ရေဒီယိုနဲ့ ရုပ်သံလွှင့်ဌာနတွေ ထူထောင်ပေးလိုကြောင်း၊ ရေဒီယို ဌာနအတွက် ထိုင်းဘတ်ငွေ တစ်သန်းခွဲ ၊ အမေရိကန်ဒေါ်လာ လေးသောင်းခွဲနီးပါး တန်ဖိုးရှိတဲ့ အသံလွှင့်ဆိုင်ရာ ပစ္စည်းကရိယာတွေ လှူဒါန်းလိုကြောင်း၊ ထိုင်းမှာဆိုရင် ဗုဒ္ဓဘာသာတရားတွေ ဟောကြားရာမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဟာ အလွန်ထိရောက် ကြောင်းပြောကြားခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

မဘသ အစည်းအဝေးပွဲကို ထိုင်းဗုဒ္ဓဘာသာဝင် တစ်ဒါဇင်ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တက်ရောက်သူတစ်ဦးဖြစ်တဲ့ ဘန်ကောက်အခြေစိုက် ဗုဒ္ဓဘာသာလူငယ်အဖွဲ့ ဥက္ကဌ ပွန်ချိုင်းက သူ့အနေနဲ့ ဒီအစည်းအဝေးကို အဖွဲ့ကိုယ်စားပြုမဟုတ်ဘဲ ပုဂ္ဂလိကအနေနဲ့ လာတက်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ လုံးအတွက် အစ္စလာမ် ပြဿနာရှိနေပြီး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံက ရခိုင်ပြည် နယ်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းလိုပဲ တူညီတဲ့ ပြဿနာတွေ ရှိနေကြောင်း AFP သတင်းကို ပြောဆိုခဲ့ပါတယ်။

မဘသ အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေ ထူထောင်ဖို့ အစီအစဉ်ရှိမရှိနဲ့ရှိခဲ့ရင် အစိုးရဆီက ခွင့်ပြုချက် ရနိုင်၊ မရနိုင် မသိရသေးပါဘူး။

လေ့လာသူတွေကတော့ အာဖရိကတိုက်၊ ရဝမ်ဒါနိုင်ငံက လူမျိုးစုနှစ်ခုကြား လူမျိုးတုံးလူသတ်ပွဲမှာ ရဝမ်ဒါ ရေဒီယို လို့ နာမည်ဆိုးတဲ့ ကျော်ကြားခဲ့တဲ့ ရေဒီယိုကနေ အမုန်းစကားတွေထုတ်လွှင့်ပြီး၊ လူသတ်ပွဲအတွက် အမိန့်ပေးနေ တဲ့အခြေအနေမျိုး ဆိုက်ရောက်သွားမှာ စိုးရိမ်နေကြပါတယ်။

ထိုင်း ဗုဒ္ဓဘာသာလူငယ်အဖွဲ့ ဥက္ကဌ ပွန်ချိုင်းကတော့ မြန်မာဗုဒ္ဓဘာသာရဟန်းတွေအနေနဲ့ မွတ်စလင်တွေကို သတ်ဖြတ်၊ ဗလီတွေကိုဖျက်ဆီးဖို့ ဘယ်သူ့ကိုမှ အားပေးအားမြှောက် လုပ်နေတာမဟုတ်ဘဲ အနာဂတ် မျိုးဆက်အတွက် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက် နေတာသာဖြစ်ကြောင်း ပြောဆိုတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆန္ဒပြမှု တစ်ခုမှာ သံဃာတော်တွေ ပါဝင်စဉ် (Credit: Reuters
ထိုင်းနိုင်ငံက ​ဗုဒ္ဓဘာသာ ​အဖွဲ့အစည်းက ​မြန်မာနိုင်ငံက ​မဘသ ​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့အစည်းကို ​ရေဒီယို ​အသံလွှင့်ဖို့ ​စက်ပစ္စည်းတွေ ​ထောက်ပံ့လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ​မဘသ ​က  ​၂ ​ရက်ကြာ ​ဦးဆောင်ကျင်းပတဲ့ ​အစည်းအဝေးကို ​တက်ရောက်ခဲ့တဲ့ ​ထိုင်းအဖွဲ့က ​ဒေါ်လာ ​၄၄၀၀၀ ​လောက် ​တန်ဖိုးရှိတဲ့ ​ရေဒီယို ​အသံထုတ်လွှင့်ရေး ​စက်ပစ္စည်းတွေကို ​ပေးမယ်လို့ ​ပြောသွားခဲ့ပါတယ်။

National ​Thai ​Buddhism ​and ​Culture ​Mass ​Media ​Association ​အဖွဲ့ဟာ ​ထိုင်းနိုင်ငံမှာလည်း ​ဗုဒ္ဓဘာသာအကြောင်း ​ထုတ်လွှင့်နေတဲ့ ​အဖွဲ့ဖြစ်ပြီး ​ထိုင်းနိုင်ငံမှာ ​အကျိုးဖြစ်သလို ​မြန်မာနိုင်ငံမှာလည်း ​ဗုဒ္ဓဘာသာ ​တရားအကြောင်းတွေ ​ထုတ်လွှင့်ရာက ​အကျိုးရရှိစေမယ်လို့ ​ယုံကြည်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံက ​သံဃာတော်တွေက ​နိုင်ငံရေးလောကနဲ့ ​အစ္စလာမ် ​ဝါဒီအပေါ် ​မုန်းတီးမှုတွေ ​မကြီးမားပေမယ့် ​မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​မွတ်စလင် ​ဆန့်ကျင်မှုတွေမှာ ​ဗုဒ္ဓသံဃာတော်တွေ ​ပါဝင်တဲ့အတွက် ​စိုးရိမ်မှုတွေ ​ရှိနေပါတယ်။

မြန်မာသံဃာတချို့က ​မွတ်စလင်အကြောင်း ​အမုန်းတရားတွေ ​ဟောပြောတာ ​ရှိတယ်လို့ ​ပြောရာမှာ ​ထိုင်းအဖွဲ့က ​ငြင်းဆိုခဲ့ပါတယ်။

မြန်မာသံဃာတော်တွေအနေနဲ့ ​မွတ်စလင်တွေကို ​သတ်ပစ်ဖို့၊ ​ဗလီကျောင်းတွေကို ​ဖျက်ဆီးဖို့ ​ပြောဆိုခြင်းမရှိပဲ ​ဗုဒ္ဓဘာသာကို ​ကာကွယ်ခြင်းကိုသာ ​လုပ်ဆောင်တယ်လို့ ​အေအက်ဖ်ပီ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ရွှေတူးဖော်တဲ့ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေးဖို့ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မှာ မေလ ၁၂ ရက်နေ့က ဆန္ဒပြကြစဉ် Photo: RFA
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာက မြေဧက ၅၀ လောက်မှာ တပိုင်တနိုင်ရွှေ တူးဖော်နေတဲ့ လုပ်သား ၃၀၀ လောက်ကို အဲဒီနေရာအနီး အခြေစိုက်တဲ့ အမှတ် ၁၃ လေ့ကျင့်ရေးတပ်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။

တပ်ပိုင်မြေဆိုပြီး ပြောင်းရွှေခိုင်းတာဖြစ်တယ်လို့ ရွှေလုပ်သားကိုဇော်လင်းက ပြောပါတယ်။

"ကျနော်တို့ လုပ်ကွက်ရဲ့ရှေ့မှာ သူတို့ကစခန်းချပြီးတော့၊ ကျနော်တို့လို စက်သမားတွေ တဲမှာစခန်းချ ပြီးတော့နေတယ်၊ ဗိုလ်မှူးကိုယ်တိုင်ပါတယ်၊ ၂၂ ရက်ကနေ လာတာ အခုထိရှိသေးတယ်၊ အကုန်လုံးကတော့ ဖယ်ပေးကုန်ပြီ၊ ကျန်လဲနည်းနည်းဘဲကျန်တာ၊ မတတ်နိုင်တဲ့လူလောက်ဘဲ၊ မိလည်းမတတ်နိုင်ဘူးဆိုတဲ့ လူဘဲကျန်တယ်၊ ဒီမှာကတော့ ရွှေထုတ်လို့ရတဲ့ ဒုံးလိုဟာမျိုးတွေဘဲကျန်တော့တယ်၊ အဲ့ဒါတွေကတော့ ကျနော် တို့ သယ်ဖို့ပြုဖို့မလွယ်လို့"

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကုန်လောက်ကစပြီး တောင်လယ်ကျေးရွာက ရွှေလုပ်ကွက် တွေမှာ ဒေသခံတွေက တပိုင် တနိုင် ရွှေတူးဖော်နေကြတာဖြစ်ပြီး အမှတ် ၁၃ လေ့ကျင့်ရေးတပ်က တပ်ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်တွေကို ၂၀၀၇ ခုနှစ်မှာ စိုက်ထူခဲ့တာဖြစ်တယ်လို့ ရွှေလုပ်သားတွေက ပြောပါတယ်။

တပ်အပိုင်မြေအဖြစ်ကြေညာပြီးနောက် ၂၀၀၉ ခုနှစ်မှာ ရွှေတူးဖော်တဲ့စက်ယန္တရား တစ်လုံးကို တစ်လကျပ် တစ်သိန်းခွဲနှုန်းနဲ့ တပ်မတော်ကို ပေးသွင်းလုပ်ကိုင် ကြပြီး နောက်ပိုင်းမှာ ရွှေထွက်နှုန်းနည်းလာတာကြောင့် တစ်လကျပ် သုံးသောင်းခွဲသာ ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

တောင်လယ်ကျေးရွာမှာ ရွှေတူးဖော်တဲ့ စက်ယန္တရား အလုံး ၂၀ လောက်ရှိပြီး သပိတ်ကျင်းမြို့နယ်က ဒေသခံတွေ အပြင် မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ စတဲ့မြို့တွေ က ဒေသခံတွေလည်း လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *

Message *