06/27/15

ဤဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည့် ဥပဒေကြီးကို ရေးဆွဲစဉ်ကတည်းက နှစ်ပေါင်းများစွာကြာခဲ့သည်။ ကမ္ဘာမှာ အကြာဆုံးရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု ဆိုရမည်။ ဖွဲ့စည်းပုံအကြာဆုံး အချိန်ယူပြီး ရေးဆွဲစဉ်က လည်း စစ်အာဏာရှင်စနစ်နှင့် အုပ်ချုပ်နေခြင်းဖြစ်သည်။
ထိုစစ်အာဏာရှင်စနစ်ကို အတည်ဖြစ်အောင် စစ်တပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုသည်ကို ရေးဆွဲကြပြီး တိုင်းပြည်မှာ အရေးတကြီး သဘာဝဘေးအန္တရာယ်ကျရောက်ချိန် လူတွေ မြစ်ဝကျွန်းပေါ်ဒေသမှာ သေကျေ ပျက်စီးနေကြရချိန်မှာ အတည်ပြုခဲ့သည်။ ဘယ်နိုင်ငံမှာမှ မရှိခဲ့သည့် ၉၃ ဒသမ ၈၂ ရာခိုင်နှုန်း ထောက်ခံ အတည်ပြုသည်ဟု ကြေညာခဲ့သည်။

တကယ်တော့ ဤဖွဲ့စည်းပုံသည် စစ်အာဏာရှင်စနစ်ကို ခိုင်မြဲအောင် အသွင်တမျိုးနှင့် ဖန်တီးလိုက်ခြင်းဖြစ် သည်။ ဒီမိုကရေစီဆိုသည့် စကားလုံးကိုသုံးကာ နိုင်ငံတကာသို့ ၀င်ဆံ့အောင်လုပ်နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း လွှတ်တော်ထဲသို့သွင်းကာ အကျဉ်းချထားလိုက်သည်။ နေအိမ်အကျယ်ချုပ်ဘ၀ကလွတ်ပြီး လွှတ်တော်အကျယ်ချုပ်ဘ၀သို့ သက်ဆင်းသွားရပြန်သည်။
ဤဖွဲ့စည်းပုံသည် စစ်တပ်အကြီးအကဲက ကြီးကြပ်ညွှန်ကြားပြီး ရေးဆွဲသည့် ဖွဲ့စည်းပုံဖြစ်သည်။ ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က 'ဆွဲဆုတ်ပစ်လိုက်'ဟု ပြောခဲ့သည့် ဖွဲ့စည်းပုံဖြစ်သည်။

ဤဖွဲ့စည်းပုံအရ လွှတ်တော်မှာ စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အများစုဖြစ်သည်။ ထို့နောက် မည်သူမျှ ထောက်ခံစရာမလိုသည့် တပ်မတော်သား ၂၅% လည်း ပါသည်။ ဒီတော့ ဤလွှတ်တော်သည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(အရပ်အခေါ် ကြံ့ဖွံ့ပါတီ)၏ လွှတ်တော်ဖြစ်သည်။ သမ္မတသည် ကြံ့ဖွံ့အကြီးအကဲဖြစ်သည်။ ကြံ့ဖွံ့သည် စစ်တပ်၏ နောက်ခံပါတီဖြစ်သည်။
ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲနှင့် အနိုင်ရလာသည့် NLD အမတ်အနည်းစုသည် မည်မျှပင် ပြည်သူ့အတွက် ပြည်သူ့အကျိုးပြုအဆိုများ တင်သွင်းသော်လည်း ကြံ့ခိုင်ရေးအများစုက ပယ်ချ၍ ဘာတခုမျှ အရာမရောက်ပါ။ ကြံ့ခိုင်ရေးအမတ်များကလည်း လွှတ်တော်ဟုသာဆိုသည်။ မည်သည့်အခါမျှ ပြည်သူလူထုဘ၀ကို ပြုပြင် ပြောင်းလဲစေနိုင်သော အဆိုပြုချက် ဘာတခုမျှမတင်သွင်းကြပါ။ စီးပွားရေးအကြီးအကျယ်လုပ်၊ လက်ဝါးကြီး အုပ် အရိုးအရင်းကိုက်ရလျှင်ပြီးရောဆိုသည့် စိတ်ဓာတ်နှင့် လခပိုတောင်းကာ ဇိမ်ကျကျ စားသောက်ရေး၊ သူတို့၏ပိုင်ဆိုင်မှုကိုပင် လူထုသိအောင် တရားဝင်မကြေညာရဲသည့် ငို့ဘသမားများချည်းဖြစ်သည်။ ပြည်သူ အတွက် ကိုယ်ကျိုးစွန့်သည့် ခေါင်းဆောင်ဆိုသည်မှာ သူတို့အတွက် 'အရူးတွေ' 'ပုံပြင်ဒဏ္ဍာရီထဲကလူတွေ'ဟု သာ ထင်ကြပေလိမ့်မည်။

စစ်တပ်နှင့် ပြည်သူ ကြည်ဖြူဖို့ဝေးစွ ၁၉၈၈ ကတည်းက ပြည်သူတွေမှာ စစ်ချီသီချင်းကိုပင် မကြားချင်တော့။ ဒီတော့ စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအစိုးရကို ပြည်သူများ ဘယ်လို သဘောထားသလဲ သိနိုင်သည်။
ယခုလည်း ဖွဲ့စည်းပုံပြင်မည်ဆိုတော့ ပြည်သူလူထုတွေခမျာ အတော်မျှော်လင့်ခဲ့ကြသည်။ ဒီမိုကရေစီခေါင်း ဆောင်တက်ပါမှ တကယ့်ဒီမိုကရေစီနိုင်ငံဟု ပြောလို့ရမည်မဟုတ်ပါလား။ စစ်ဗိုလ်ချုပ်ဘောင်းဘီချွတ်တွေ သမ္မတ၀န်ကြီးချုပ်လုပ်နေမှတော့ ဘယ်လိုဒီမိုကရေစီနိုင်ငံလဲဟု မေးရတော့မည်ဖြစ်သည်။

ယခုလည်း ဒီမိုကရေစီခေါင်းဆောင်ကို သမ္မတမဖြစ်အောင် ကြိုတင်ပိတ်ပင်ခဲ့သည့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မ ၅၉(စ)လို ပုဒ်မမျိုးကို မပြင်ဘဲ၊ အရေးသိပ်မကြီးသည့်ပုဒ်မကိုသာ ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်သည်ဟု သိရ သည်။ လူထုနှစ်သက်သည့် လူထုအမျှော်လင့်ကြီးမျှော်လင့်သည့် ဖွဲ့စည်းပုံပုဒ်မ ၄၃၆၊ ၅၉(စ)တို့ကို မပြင်နိုင် မှတော့ ပြည်သူလူထု၌ လူထုကိုယ်စားပြုပုဂ္ဂိုလ်များ မျှော်လင့်ချက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

စစ်တပ်ရေးဆွဲသော ဥပဒေဘောင်ထဲကိုဝင်ပြီး ထိုဥပဒေကိုပြင်မည်ဆိုသည်မှာ လုံးဝသဘာဝမကျသော ရူးမိုက် သော အလုပ်တခုသာဖြစ်သည် မဟုတ်ပါလော။ ပြည်သူမျှော်လင့်သော ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအချက် များကို မပြင်ပါက ပြည်သူကို လျစ်လျူရှုခြင်းသာဖြစ်သည်။
ယခုအခါ ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအစိုးရသည် ကျောင်းသားများနှင့်လည်း ရန်ဘက်၊ လယ်သမားများနှင့်လည်း ရန်ဘက်၊ ရဟန်းသံဃာများနှင့်လည်း ရန်ဘက်ဆိုသောအခါ ပြည်သူက ဘာလုပ်စရာ ကျန်သနည်း။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဆိုသည်ကတော့ မလွဲမသွေသော အမှန်တရားတခုပင်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အတွက် အဆြိုပုထားတဲ့ ပြင်ဆင်ချက်မူကြမ်း တွေကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲ ပေးခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။

RFA


ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်နဲ့ တနင်္သာရီ စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ ရေကြီး ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီကနေ့ မနက် ၆း၃၀ နာရီ အချိန် တိုင်းထွာချက်များအရ တပြည်လုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်သားဖွယ်ရာ မိုးရေချိန်များအဖြစ် ဖော်ပြထားရာမှာလည်း အမ်းမြို့မှာ ၁၃.၂၃ လက်မ၊ သံတွဲမြို့ ၉.၅၃ လက်မ၊ စစ်တွေမြို့မှာ ၇.၄၄ လက်မ၊ ကျောက်ဖြူမြို့မှာ ၇.၂၈ လက်မ၊ ဂွမြို့မှာ ၆.၈၅ လက်မ၊ မော်လမြိုင်မြို့မှာ ၄.၄၅ လက်မ၊ ဘားအံမြို့မှာ ၄.၂၁ လက်မ၊ ကျောက်တော်မြို့မှာ ၄.၁၃ လက်မ၊ ထားဝယ်မြို့မှာ ၃.၇၈ လက်မ၊ ပြည်မြို့မှာ ၃.၅၀ လက်မနဲ့ ရေးမြို့မှာ ၃.၃၅ လက်မတို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနဟာ မုတ်သုံလေအား အင်မတန်ကောင်းနေလို့ ပြည်နယ်တိုင်းတချို့မှာ ဒေသအလိုက်မိုးကြီးပြီး ရေကြီးနိုင်တယ်လို့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အသိပေးကြေညာထားပါတယ်။

DVB
http://burmese.dvb.no/archives/99732

အသေပစ်ခတ်ဖမ်းဆီးရမိသည့် ရစ်ချက် မတ် အသေပစ်ခတ်ဖမ်းဆီးရမိသည့် ရစ်ချက် မတ်
နယူးယောက် အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ နှစ်ရှည်အကျဉ်းသား နှစ်ဦးထဲက တဦးကို ဇွန် ၂၆ ရက်နေ့က အသေဖမ်းနိုင်ခဲ့ပြီး ကျန်တဦးကို ဆက်လက်ရှာဖွေနေပါတယ်။
ရစ်ချက် မတ် ဆိုတဲ့ အကျဉ်းသားကို ကနေဒါနဲ့ နယ်စပ် တီတက်စ် ရေကန်နယ်မြေမှာ ဇွန် ၂၆ ရက်နေ့မှာ ရဲက အသေ  ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်ရဲအဖွဲ့ ပြောပါတယ်။ဒေးဗစ် ဆွက် ဆိုတဲ့ နောက်အကျဥ်းသားတဦးကတော့ လွတ်မြောက်နေပါတယ်။
နှစ်ရှည် အကျဉ်းသားနှစ်ဦးဟာ လုံခြုံရေး တင်းကြပ်တဲ့ ကလင်တန်အကျဉ်းထောင်ကနေ လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ထွက်ပြေးလွှတ်မြောက်ခဲ့တာဖြစ်ပြီး ရဲက ပိုက်စိပ်တိုက်ရှာဖွေနေတဲ့ ကြားက ကနေဒါဘက်ကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ ရဲအဖွဲ့က ယူဆနေပါတယ်။
ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက်
ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက်
ရစ်ချတ်မတ်ကို အသေဖမ်းတဲ့ တောထဲမှာပဲ  ဒေးဗစ်ဆွက်ကလည်း ထွက်ပြေးနေတာကြောင့်  ရဲအင်အား ၁၁၀၀ က ဆက်လက်ရှာဖွေနေပါတယ်။

ထောင်ပြေး နှစ်ဦးကို ခြေရာခံမိတဲ့ မယ်လုံးမြို့ဟာ နယူးယော့ခ် ပြည်နယ်ထဲမှာပဲ ရှိပြီး  ကလင်တန် အကျဉ်းထောင်ကနေ အနောက်တောင်ဘက် ၂၇ မိုင်အဝေးက ကနေဒါနယ်စပ်မှာ တည်ရှိပါတယ်။

DVB
http://burmese.dvb.no/archives/99734

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းက လီယွန် Lyon မြို့အနီး ဓာတ်ငွေ့စက်ရုံတခုမှာ ဇွန် ၂၆ ရက်နေ့က စက်ရုံပိုင်ရှင် ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး သတ်ဖြတ်မှုနဲ့ စက်ရုံဝန်ထမ်းတဦးကို ရဲက ဖမ်းဆီးထားပါတယ်။

စက်ရုံပိုင်ရှင်ကို သူ့ရဲ့စက်ရုံဝန်ထမ်းက သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ရဲတွေက သံသယဖြစ်နေကြပါတယ်။

သတ်ဖြတ်မှုမဖြစ်ခင် ကားတစီးက စက်ရုံတံခါးကို တိုက်ဖျက်ဝင်ရောက်ပြီး စက်ရုံထဲမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နာရီပိုင်းအတွင်း သတ်ဖြတ်တယ်လို့ သံသယရှိသူကို ရဲတွေက ဖမ်းဆီးလိုက်ပြီး အစွန်းရောက်မွတ်စလင်နဲ့ ပတ်သက်မှုရှိမရှိ ရဲတွေက စစ်ဆေးနေပါတယ်။

ဒီတိုက်ခိုက်မှုအပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ပြင်သစ်နိုင်ငံတ၀န်း လုံခြုံရေးအဆင့်ကို အမြင့်ဆုံးသတ်မှတ်ခဲ့ပါတယ်။

ခေါင်းဖြတ်သတ်ဖြတ်ခံရသူဟာ စက်ရုံပိုင်ရှင်ရဲ့ခေါင်းကို စက်ရုံရဲ့ တိုင်တတိုင်ပေါ်တင်ထားခဲ့ပြီး ခန္ဓာကိုယ်ကိုတော့ အာရပ်စာတွေ ရေးသားထားတဲ့ အလံနဲ့ တွေ့ရှိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ပြင်သစ်သမ္မတ အောလွန်က တိုက်ခိုက်သူ ၂ ယောက်လို့ အတည်ပြုခဲ့ပြီး ဓာတုစက်ရုံကို ဖောက်ခွဲဖို့ ရည်ရွယ်တာဖြစ်လို့ ဒါဟာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ စက်ရုံအတွင်း ပေါက်ကွဲမှုမှာ တခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

နာရီပိုင်းအတွင်း ဖမ်းဆီးခံရတဲ့ အသက် ၃၅ နှစ်အရွယ် Yacine Sali ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဘာသာရေးအစွန်းရောက်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခံဖူးသူဖြစ် တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။

DVB
http://burmese.dvb.no/archives/99724

ကလေးမြို့ တောင်ဖီလာမျိုးနွယ်စုတွေ ထိန်းသိမ်းလာတဲ့ တောင်ဖီလာသင်္ချိုင်းကို အာဏာပိုင်တွေက ဇွန် ၄ ရက်နေ့မှာ ရဲအင်အားအပြည့်သုံးပြီး ဘူဒိုဇာနဲ့ ထိုးကော် မြေလှန်ခဲ့ကြတာကို မကျေနပ်တဲ့အတွက် ဒေသခံ လူအင်အား ၂၀၀၀ ကျော်ဟာ ဇွန်လ ၂၉ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်။

ဒါကတော့ ဘာသာရေးခေါင်းဆောင်ကြီးတွေအပါအဝင် အသင်းတော်ကြီးတွေက တစုတစည်းပူးပေါင်းကာ ဆန္ဒဖော်ထုတ်ကြမှာပါ။

အဲဒီသင်္ချိုင်းနေရာကို တိုင်းရင်းဆေးရုံဆောက်လုပ်ဖို့အတွက်ဆိုပြီး ဖယ်ခိုင်းရာကနေ အခုလို ကိစ္စမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။

ဒီတောင်ဖီလာသင်္ချိုင်းကို မြို့တော်စည်ပင်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီသင်္ချိုင်းကို အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းက မျိုးနွယ်စုခေါင်းဆောင်တွေက နယ်မြေအဖြစ်တောင်းပြီး အိမ်ခြေ ၈ အိမ်နဲ့ ရွာတည်ခဲ့တာဖြစ်ပါတယ်။

ိDVB

http://burmese.dvb.no/?p=99721

ချစ်ပရိသတ်ကြီးရေ...ဒီနေ့တော့မဲစာရင်းမှာနာမည်မပါတဲ့ဖြူဖြူတို့မိသားစုပုံစံ(၃)ဖြည့်ပြီးပြန်တင်ခဲ့ပါပြီ
😊
...
နောက်တစ်ကြိမ်ပြင်ဆင်ပြီးမဲစာရင်းကြေညာရင်လည်းကိုယ့်နာမည်ပါမပါ၊မှန်မမှန်ထပ်သွားစစ်မှာပါ
😚
...မပါခဲ့ပြန်ရင်လည်းပါတဲ့အထိ၊မှန်တဲ့အထိလုပ်ဖို့ဆုံးဖြတ်ထားကြပြီးသားပါ
😤

ဖြူဖြူ့တို့အသည်းကြားကမဲတစ်ပြားဟာနိုင်ငံ့ရှေ့ရေးအတွက်သိပ်အရေးကြီးတာမို့ဇူလိုင်(၅)ရက်မတိုင်ခင်ချစ်ပရိသတ်ကြီးလည်းသွက်သွက်လေးလှုပ်ရှားကြဖို့ထပ်ပြီးလက်တို့ပါရစေနော်!

Phyuphyukyawthein


ထိုင်းနိုင်ငံတောင်ပိုင်းဖူးကက်မြို့မှ၂၅ရက်နေ့ညဖက်တွင် ပြန်လည်၍ရန်ကုမ်မြု့သို့ရောက်ရှိပြီး ၂၆ရက်နေ့ တွင်နာရေးကူညီမှုအသင်းသို့သွားရောက်ကာလူမှု ကိစ္စများကိုသွားရောက်ပေးဆပ်ခဲ့ကာညနေ၅နာရီခွဲခန့် အိမ်အပြန်တွင်မဲပေးခွင့်စာရင်းတွင်ပါမပါသိရှိလိုသောကြောင့်မရမ်းကုန်းမြို့နယ်အမှတ်၆ ရပ်ကွက် ရုံးသို့သွားကြည့်သောအခါ ရုံးပိတ်သွား
ပြီဖြစ်ကြောင်းမဲစာရင်းကြေငြာဘုတ်ကိုလည်း သိမ်းဆည်းထားပြီဖြစ်ကြောင်းပြောကြားခဲ့၍ အိမ်သို့ပြန်လာခဲ့ တော့သည်။

ထို့ကြောင့်ယနေ့နံနက် နံနက်၉နာရီ ၁၅ မိနစ်အချိန်တွင်ထပ်မံ၍ မြို့နယ်ရုံးသို့သွားရောက်သောအခါ ရုံးတံခါးပိတ်ထား၍အပြင်ဖက်တွင်ထိုင်စောင့်ခဲ့သည်။နောက်ထပ် ၁၅ မိနစ်ခန့်တွင်ရုံးစာရေးအမျိုးသမီး တစ်ဦးရောက်လာကာမိမိတို့မဲစာရင်းတွင်ပါ/မပါ လာရောက်ကြည့်ရှုကြောင်းပြောသောအခါ ကျွန်တော့်အားကြည့်ရှုပြီး. . "မပါဘူး" ဟုပြော ကြားလေတော့သည်။ဇနီးဖြစ်သူမှမဲပေးခွင့်စာရင်း များအား ကိုယ်တိုင်ကြည့်ရှုသောအခါ မိမိတို့ မိသားစုဝင်များ၏စာရင်းအားပါရှိနေကြောင်းကိုမျက်မြင်တွေ့ရှိတော့သည်။

ထိုအခါမှ ယင်းစာရေးမအမျိုးသမီးက "ဦးကျော်သူ "ရဲ့ အမည်ရင်းက "ဦးကျော်ဝင်း" ဖြစ်ကြောင်းမသိ လို့ပါတဲ့ဗျာ။
နှစ်ခုဘဲလွဲနေပါတယ်။

ကျွန်တော်တို့အိမ်လိပ်စာ( ပြည်သူ့လမ်းမှာမရှိသော နံပါတ်. . .ဒီအတိုင်းဆိုရင်တော့ ကျော်သူတို့အိမ်မဲ့ ယာမဲ့ဘ၀နေ့ချင်းညချင်းရောက်သွားရပြီပေါ့) နောက်
တစ်ချက်ကတော့ကျွန်တော့်ဇနီးရဲ့မွေးသက္ကရာဇ် မှားယွင်းနေပါတယ်။ အဲဒါတွေကိုချက်ချင်းပြင်ခိုင်းခဲ့ရပါတော့တယ်။

ဒါ့ကြောင့်မဲစာရင်းအားပြည်သူပြည်သားတိုင်းသွားရောက်ကြိုတင်ကြည့်ရှုကြပြီး သေချာစွာစစ်ဆေးကြည့်ရှုပြီးမရှင်းလင်းသောအချက်များနှင့်မှားယွင်း နေမှုများအားကိုယ်တိုင်ပြောကြားကြပြီးမိမိတို့၏ ရှေ့ မှောက်တွင်မှားယွင်းမှုများအားပြင်ဆင်ခိုင်း ဖို့အရေး ကြီးသည်။ အကယ်၍မိမိတို့မိသားစုဝင်ထဲကွယ်လွန်သွာသူတို့၏အမည်စာရင်းပါနေလျှင်လည်းချက်ခြင်းမိမိတို့ရှေ့ဝယ်ပယ်ဖျက်ခိုင်းရန်လိုအပ်သည်။
ဘာဘဲဖြစ်ဖြစ် ၂၀၁၅ခုနှစ်မှာကျော်သူ(ခ)ကျော်ဝင်းမဲပေးလို့ရသွားပြီပေါ့ဗျာ။

( ကျွန်ုပ်တို့အားလုံး၏အနာဂါတ်သည်ကျွန်ုပ်တို့ လက်ထဲက" မဲ " တစ်ပြားပေါ်တွင်မူတည်သည်။

"ကျော်သူ"


အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး HIV ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်- မြန်မာနယ်စပ်ဒေသတွင် ပုံမှန်သွားလာနေသည့် ထရပ်ကား ယာဉ်မောင်းတစ်ဦး၏ ခန္ဓာကိုယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု တရုတ်သိပ္ပံ ပညာရှင်များ၏ သုတေသနတွင် ဖော်ပြသည်။ ထိုတွေ့ရှိခဲ့သည့် HIV ပိုး၏ မျိုးဗီဇတွင် ပြောင်းလဲမှုအမှတ် ၁၄ ခုရှိခဲ့ပြီး လက်ရှိ တွေ့ရှိဖူးသမျှတွင် အများဆုံးဖြစ်သည်ဟု AIDS သုတေသနဆေးပညာဂျာနယ်တွင်ဖော်ပြသည်။

မျိုးဗီဇပြောင်းလဲခြင်းမှာ ရောဂါပိုးရှိသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း မတူညီ သည့် ရောဂါပိုးများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သုတေသန အဖွဲ့က တွေ့ရှိခဲ့သည်။ မျိုးဗီဇပြောင်းလဲမှုအမှတ် အများအပြားတွေ့ ရှိရခြင်းမှာ ထိုယာဉ်မောင်းသည် HIV ရောဂါပိုး ရှိသူ ပြည့်တန်ဆာ အများအပြားနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ် ရာမှ ရောဂါပိုးမျိုးကွဲများ ကူးစက်ခံရပြီး ဖြစ်ပေါ်လာခြင်းဖြစ်ဖွယ်ရှိသည်ဟု သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုယာဉ်မောင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းဇာတိဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်တောင်ပိုင်းနှင့် အခြားဒေသများသို့ မကြာခဏ ဖြတ်ကျော် ၀င်ရောက်နေသူဖြစ်သည်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံ တွင် ဒေသခံပြည့် တန်ဆာများနှင့် ဆက်ဆံလေ့ရှိသည့် ထရပ်ကားယာဉ်မောင်းများ မှာ နိုင်ငံအတွင်း HIV ပျံ့နှံ့စေသည့် တွန်းအားများဖြစ်သည်ဟု မှတ်ယူ ထားသည်။

ထိုသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီ၊ ကူမင်းသတ္တဗေဒအင်စတီကျုမှ ပါမောက္ခ ဇန်ယောင်တန်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ- တရုတ်နယ်စပ်မှာ HIV ရောဂါပိုးမျိုးဗီဇပြောင်းလဲသည့် အဓိကနေရာ တစ်ခုဖြစ်နေသည်ဟု သုတေသနအဖွဲ့ကဆိုသည်။

ကူမင်းမှာ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ သုတေသန အဖွဲ့ဝင် တစ်ဦးက “တရုတ်နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု နည်းပါး တာက ဒေသတွင်း HIV ထိန်းချုပ်မှုနဲ့ ကာကွယ်မှု ပြုလုပ်ရာမှာ ခက်ခဲစေ ပါတယ်” ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အခုတွေ့ရှိ ခဲ့တာ က ရေခဲတောင်ရဲ့ ထိပ်ပိုင်းပဲရှိပါတယ်။ ဟိုပြီး ရှုပ်ထွေးတဲ့၊ အန္တရာယ်ပေးနိုင် တဲ့ HIV မျိုးကွဲတွေ ပျံ့နှံ့နေနိုင်ပါတယ်” ဟု ၄င်းက ထပ်လောင်းပြောကြား သည်။

တရုတ်- မြန်မာ နယ်စပ်ဒေသမှာ မူးယစ်ဆေး ထုတ်လုပ် တင်ပို့ ရာ ဒေသအဖြစ် လူသိများပြီး HIV ကူးစက်ရန် အလွယ်ကူဆုံး နည်းလမ်း တစ်ခုဖြစ်သည့် မူးယစ်ဆေးထိုးသွင်းမှုပြုလုပ်သူ များပြား သည့် ဒေသလည်းဖြစ်သည်။ ကူးစက်မှုအန္တရာယ်မြင့်မားသည့် အခြားအုပ်စု တစ်ခုမှာ လိင်လုပ်သားများဖြစ်သည်။ ၄င်းတို့အား ကမ္ဘာတစ်ဝန်းရှိ အဝေးပြေး လမ်းမများတစ်လျှောက် ဟိုတယ်များ၊ အင်းများတွင် အလွယ်တကူ မြင်တွေ့နိုင်သည်။ ၄င်းတို့မှာ ငွေကြေးပိုမိုရရှိပါက ကွန်ဒုံး မသုံးဘဲ ဆက်ဆံရန် သဘောတူလေ့ရှိခြင်းက ပြဿ နာကို ဆိုးဝါးစေသည်။

သို့သော် HIV ပျံ့နှံမှုကို ထိန်းချုပ်တားဆီးရာတွင် အခက်အခဲအတွေ့ဆုံးမှာ ထရပ်ကားယာဉ်မောင်းများဖြစ်သည်ဟုဆိုသည်။ ၄င်းတို့မှာ တစ်နေရာမှ တစ်နေရာ ခရီးသွားနေသည့် နေထိုင်မှုပုံစံကြောင့် စုံစမ်းစောင့်ကြည့်ရန် ခက်ခဲစေသည်။ သုတေသနပညာရှင်တစ်ဦးက “သူတို့က တရုတ်နိုင်ငံရဲ့ ဘယ်မြို့ကိုမဆို သွားနိုင်ပြီး ရောဂါပိုး သယ်ဆောင်လာတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့ရပ်နားတဲ့ နေရာတိုင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံ မယ်ဆိုရင် အကျိုးဆက်က အလွန်ဆိုးဝါးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီအများအပြားက နိုင်ငံခြားသားများအား အလုပ်ခန့်ရန် အလုပ်ဗီဇာခွင့်ပြုရန်အတွက် HIV စစ်ဆေးမှုအပါအ၀င် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံသားများကို မဖြစ်မနေ HIV စစ်ဆေးရန် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပေ။ ရှုပ်ထွေးသည့် HIV ဗိုင်းရပ်စ်မျိုးစိတ်တွေ့ရှိခြင်းက နယ်စပ်ဒေသ၌ HIV ရောဂါပိုးများ၏ ဇီဝမျိုးကွဲများအကြောင်း ပိုမိုနားလည်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြသနေသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြသည်။

KHTun
Ref - SCMP
http://www.scmp.com/…/deadly-new-hiv-strain-found-myanmar-t…

The Ladies News Journal
https://www.facebook.com/News.TheLadies



ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကို တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် မူကြမ်းဟာ လိုအပ်တဲ့ ထောက်ခံမဲ မရလို့ ရှုံးနိမ့် သွားတဲ့ အချိန်မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ သူတို့ ပါတီက မူအားဖြင့် လက်ခံထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုအခြေအနေနဲ့ အချိန် အခါအရ ဖြစ်စေ၊ ပြည်သူ့ ဆန္ဒရှိတဲ့ အခါမှာ ဖြစ်စေ ပြင်နိုင်တဲ့ အပိုင်းကို ပြင်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ယူဆတယ်လို့ ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တင်သွင်းတဲ့ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ ရာမှာ အဆိုပြုချက် တစ်ခုက လွဲပြီး ကျန်တဲ့ အချက် တွေကို ထောက်ခံမှု မရခဲ့ပါဘူး။

ဒါပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကတော့ ထောက်ခံသူ ရာခိုင်နှုန်းက သူတို့ မျှော်လင့် ထားတာထက် ပိုများတဲ့ အတွက် အောင်မြင်တယ်လို့ ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ပြောပါတယ်။

အခု မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းဟာ တကယ်တန်းတော့ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ပြီး ထိရောက်တဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နိုင်တဲ့ အချက်တွေ မပါပါဘူး။

ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်နိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမှု ရဖို့ ရာခိုင်နှုန်းကို ၇၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း အထိ ထားဖို့ကိုတောင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်အားလုံးရဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ သုံးသပ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့တော့ ဒါတွေဟာ ခန့်မှန်းပြောကြတာသာဖြစ်တယ်လို့ ဦးအောင်သောင်းက ဖြေပါတယ်။

ပါတီဦးဆောင်မှုပိုင်း ကတော့ ထောက်ခံဖို့ ဆွေးနွေးပြီးသားဖြစ်လို့ မထောက်ခံသူ ရှိရင်တောင် အနည်း အပါးသာဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဒီလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းပြင်ဆင်ချက် ကိုတောင် စစ်တပ်ဘက်က ထောက်ခံမှု မရလို့ လွှတ်တော်မှာ အတည်မပြုနိုင်ရင် တခြား ပြုပြင် ပြောင်းလဲမှု တွေမှာ စစ်တပ် ပါလာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်သောင်းကို မေးရာမှာတော့ လောလောဆယ် ဘာမှ မတတ်နိုင်ဘူးလို့ သူက ပြောပါတယ်။

စစ်တပ်ဘက်က ထောက်ခံမှု မရဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မဲခွဲရာမှာ မအောင်မြင်တဲ့ အတွက် ပြင်ဆင်နိုင်ရေး အားလျော့သွားတယ်လို့ သူက ပြောပါတယ်။

အခုတစ်ကြိမ် မှာ အခြေခံ ဥပဒေကို မပြင်နိုင်ပေမဲ့ နောင်မှာ ပြင်နိုင်ရေး ကြိုးစားလို့ ရနိုင်သေးတယ်လို့ ဦးအောင်သောင်းက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရမှုအပေါ်မူတည်ပြီး အနိုင်ရတဲ့ ပါတီတွေအချင်းချင်း ပေါင်းစပ် ညှိနှိုင်း ပူးပေါင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။


BBC Burmese
http://www.bbc.com/burmese

နိုင်ငံရေးယုံကြည်ချက်ကြောင့် အဆက်မပြတ် မတရားညှဉ်းပန်းမှုတွေကို ရင်ဆိုင်နေကြရတဲ့သူတွေ ဟာ နိုင်ငံရေးအသိအမြင်အားဖြင့် အဆင့်မြင့်မြင့် နိုးကြား လာပါတယ်။ ကျွန်မတို့တစ်တွေရဲ့ဘ၀ဟာ မနက်အိပ်ရာ ကနိုးလို့ ဘယ်သူတွေများ ညတုန်းကအဖမ်းခံရလဲ၊ ဒီနေ့မှာလည်း ငါတို့အဖွဲ့ဝင်တွေအပေါ် နောက်ထပ် ဘယ်လိုများ ပြောင်ပြောင်တင်းတင်း မတရားတဲ့ အပြုအမူတွေကို ကျူးလွန်နိုင်သလဲလို့ တွေးစရာတောစရာ မလိုတဲ့သူတွေရဲ့ဘ၀နဲ့ ပုံစံခြားနားလှပါတယ်။ ကျွန်မတို့တစ်တွေရဲ့ မျက်စိတွေ၊ နားတွေဟာ နေ့စဉ်ဘ၀ အတွေ့အကြုံအားဖြင့် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဝေးကွာကြတဲ့သူတွေ သတိမပြုမိသလောက်ရှိတဲ့ အာရုံတွေကို အင်မတန်မှ မြင်တတ်ကြားတတ်ပါတယ်။

ဒါပေမဲ့ ကျွန်မတို့ရဲ့ဘ၀တစ်ခုလုံးဟာ နိုင်ငံရေးထဲမှာပဲ မဟုတ်ပါဘူး။ ကျွန်မတို့မှာလည်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေရှိပါတယ်။ ဘာသာရေးဆိုင်ရာ မျှော်မှန်းချက်တွေလည်း ရှိပါတယ်။ လက်နက်နဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေကို ဆန့်ကျင်တွန်းလှန် တဲ့နေရာမှာ စွဲမြဲတဲ့ယုံကြည်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အဓိကလက်နက်အဖြစ်နဲ့ သုံးရတဲ့တိုက်ပွဲမှာ ဘာသာရေး အပိုင်းဟာ အထူးအရေးပါတဲ့အခန်းက ပါဝင်လာပါတယ်။

မြန်မာပြည်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ် ကြပြီး ဘာသာရေးဆိုင်ရာပွဲတော်တွေ၊ အခမ်းအနားတွေ မှာ ကျွန်မတို့တစ်တွေ စုဝေးတွေ့ဆုံကြ၊ စိတ်ဓာတ်ခွန်အားနဲ့ ခင်မင်ရင်းနှီးမှုတွေကို အားသစ်လောင်းကြတာ အစဉ် အလာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ တခြားအဖွဲ့ အစည်းမြောက်မြားစွာလိုပဲ NLD ဟာ အဓိကကျတဲ့ ဘာသာရေးဆိုင်ရာပွဲတော်တွေကို ကျင်းပဖို့ကြိုးပမ်းပါတယ်။ ဒါပေမဲ့လည်း အမြဲတမ်း လွယ်လွယ်ကူကူနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ အာဏာပိုင်တွေက ကျွန်မတို့ဟာ ဘာသာရေးကိုအကြောင်းပြပြီး နိုင်ငံရေးအကျိုးအမြတ် ရအောင်လုပ်တယ်လို့ စွပ်စွဲပါတယ်။ အဲဒီလိုစွပ်စွဲတာဟာ သူတို့ကိုယ်တိုင် ဒီလိုလုပ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လူမှုအသိုင်းအ၀ိုင်းမှာနေတဲ့ လူသတ္တ၀ါရဲ့ သဘာဝဟာ အသွင်လက္ခဏာမျိုးစုံရှိတယ်ဆိုတာကို သူတို့ အသိအမှတ်မပြုနိုင်လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အောင်ဆန်းစုကြည်

Eternal Light Magazine



၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့တာက အပြောင်းအလဲကို လိုလားနေတဲ့ ပြည့်သူ့ဆန္ဒကို ငြင်းပယ်လိုက်တာဘဲ ဖြစ်တယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်နေကြပါတယ် ။


(ဒီသီချင်းကိုမကြာခဏတင်ဖူးပါတယ်။
မသိမမြင်လိုက်ရသူတွေအတွက် ပြန်တင်တာပါ။
ကြားဖူးသမျှဟာသမယ်သရုပ်ဆောင်မသန်းရွှေဟာ၈၈အရေးတော်ပုံကြီးမှာစွမ်းသလောက်ပါဝင်ခဲ့သလိုအာဏာသိမ်းစစ်အုပ်စုထံမှာလက်မှတ်မထိုးတာကြောင့်ရုပ်ရှင်ရိုက်ခွင့်ပိတ်ခံခဲ့ရတယ်လို့ မှတ်သားဖူးပါတယ်။လေးစားစရာအနုပညာရှင်အဖြစ်ခံစားရပါတယ်။)

San Nyein Oo Poet


၁၉၇၄ ခုနှစ် ဒီဇင်ဘာ ဦးသန့်အရေးအခင်း စတင်ခဲ့သူလို့ဆိုနိုင်သလို ၁၉၇၅ ခုနှစ် အလုပ်သမား အရေးတော်ပုံမှာလည်း ပါဝင်ခဲ့ပြီး ၁၉၇၆ သခင်ကိုယ်တော်မှိုင်းရာပြည့် အခမ်းအနား ဆင်နွှဲဖို့ စီစဉ်ချိန်မှာ အာဏာရှင်အစိုးရရဲ့ ဖမ်းဆီးထောင်ချပြီး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း ၃၉နှစ်ပြည့် အခမ်းအနားကို ဇွန် ၂၆က မြင်သာ စိတ်တိုင်းကျ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အာဏာရှင် ဦးနေဝင်းရဲ့ ဖမ်းဆီးခြင်း ၄ကြိမ်ခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၂၃နှစ် ကျခံခဲ့ရတဲ့ ဦးတင်ဝင်းက သမိုင်းမပျောက်ဘဲ နောင်လာနောင်သားတွေသိအောင် အခုလိုပွဲမျိုး ပြုလုပ်တာဖြစ်ပြီး လက်ရှိ အမည်ခံ ဒီမိုကရေစီ စစ်တစ်ပိုင်း အစိုးရလက်ထက်မှာ ပြည်သူတွေ အခွင့်အရေးရမရ ဆိုတာ ပြည်သူတွေသိတာမို့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ယုံကြည်တယ်လို့ ပြောပါတယ်။

အာဏာရှင်အစိုးရရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူ ဆလိုင်းတင်မောင်ဦးဟာ တရားခွင်မှာ ရှေ့နေတွေရဲ့ ထုချေလျှောက်လဲခွင့် မရဘဲ ဦးနေဝင်းကို သတ်ဖို့ကြံရွယ်မှုအပါအဝင် ပုဒ်မပေါင်းများစွာစွပ်စွဲပြစ်တင်ခံရပြီး တစ်လအတွင်း စီရင်ချက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ နောက်ဆုံးထွက်သက်အထိ စစ်အစိုးရကို အရှုံးမပေးဘဲ အသက်ပေးဆပ်သွားသလို သူ့မိသားစုဝင်တွေပါ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦးနဲ့အတူ အသက် ၂၂နှစ်မှာ အဖမ်းခံရပြီး ထောင် ၁၅နှစ်ကျခဲ့တဲ့ ရေနံချောင်းက ဦးမြင့်ဦးကတော့ မြန်မာအာဏာရှင် အစိုးရအဆက်ဆက်ဟာ ပြည်သူတွေကို ဖိနှိပ်ခဲ့ကြတာကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတာာ မယုံနိုင်သလို ယုံကြည်သူတွေကတော့ အစိုးရနဲ့ ပေါင်းစားချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

Kamayut Media

ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ရသေ့တောင်ကျောင်းတိုက်ကို ကျောင်းထိုင်ဆရာတော်ကလွဲပြီး ကျန်တဲ့သံဃာတွေအားလုံး ဇွန် ၂၈ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးကြဖို့ တိုင်းဒေသကြီးသာသနာရေးမှူးက စာပို့ထားတယ်လို့ ဇွန် ၂၆က ရွှေညဝါဆရာတော်ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘာလို့ ဘုန်းကြီးတွေကို ဖယ်ခိုင်းပြန်တာလဲ။

ရသေ့တောင်ကျောင်းတိုက်ကို တည်ထောင်ခဲ့တဲ့ ဆရာတော် ဦးတိဿသီဟ ကွယ်လွန်ပြီးတဲ့နောက် အစ်မဖြစ်သူ ဒေါ်ကျင်မှုံကို ဆက်ခံစေခဲ့ပြီး ဒေါ်ကျင်မှုံကလည်း လက်ရှိဆရာတော် ဦးခေမာစာရကို ပြန်လှူခဲ့တာ နှစ်ပေါင်း ၃ဝ ရှိပြီဖြစ်ပါတယ်။ ဒေါ်ကျင်မှုံသေဆုံးပြီးမှ သားဖြစ်သူ ဦးတင်လှိုင်နဲ့ ပိုင်ဆိုင်ကြောင်း အမှုအခင်း ဖြစ်ပွားခဲ့တယ်လို့ ဆရာတော် ဦးတေဇာဝုဓက မိန့်ပါတယ်။

အမှုဖြစ်တဲ့အခါ မူလဆရာတော်ကြီးက ဒေါ်ကျင်မှုံကို လွှဲအပ်ခဲ့တဲံ စာချုပ်ဟာ တရားပြိုင်ဦးတင်လှိုင်ဆီမှာ တစ်ခု၊ လက်ရှိဆရာတော် ဦးခေမာစာရဆီမှာ တစ်ခု ရှိနေတာကြောင့် အရေးအသားနဲ့သက်သေမတူတဲ့ စာချုပ်နှစ်ခုကို စစ်ဆေးပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုခဲ့ပေမယ့် ဆရာတော်ရဲ့စာချုပ်ကို ပယ်ချခဲ့တာဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

စာချုပ်နှစ်ခုစလုံးကို သက်ဆိုင်ရာက စစ်ဆေးပေးသင့်ပြီး ဆရာတော်ရဲ့ စာချုပ်သာ အတုဖြစ်နေမယ်ဆိုရင် ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီး အေးအေးဆေးဆေး ထွက်ခွာပေးသွားမှာဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်ကိုယ်စား ဦးတေဇာဝုဓက မိန့်ခဲ့ပါတယ်။

ဒီအမှုအတွက် ပြီးခဲ့တဲ့နှစ်ကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပေမယ့် စာထပ်ရောက်လာပြီး မတရားမှုမှန်းသိတာကြောင့် ဝင်ကူညီတဲ့ ရွှေညဝါဆရာတော်က မြန်မာပြည်မှာ မဟန နဲ့ မဘသ ထဲမှာ မပါဝင်တဲ့ သံဃာတွေအတွက် ပုဒ်မအမျိုးမျိုးက အရေးယူဖို့ စောင့်နေတယ်လို့ မိန့်ပါတယ်။

သက်တော် ၉၂နှစ်၊ ဝါတော် ၇ဝ ရှိတဲ့ လက်ရှိကျောင်းထိုင်ဆရာတော်ကြီးကိုတော့ သတင်းသုံးနေသမျှ ကာလပတ်လုံး တာဝကာလိက လှူဒါန်းထားတာဖြစ်လို့ ထွက်သွားပေးစရာမလိုဘဲ ကျောင်းမှာရှိတဲ့ ကျန်သံဃာ ၃၂ပါးကို ထွက်သွားပေးဖို့ စာပို့ခဲ့ပြီး ကိစ္စတိုင်းအပေါ် ဆရာတော်ကြီးရဲ့ သြဝါဒကိုပဲ ခံယူသွားမယ်လို့ ဦးတေဇာဝုဓက မိန့်ပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးကတော့ ကိုယ့်ရပ်ကွက်ထဲက ကျောင်းဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆရာတော်တွေနဲ့ ကျောင်းတိုက် အန္တရာယ်တစ်ခုခုဖြစ်လာရင် လုံခြုံရေးကို ဝိုင်းဝန်းစောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၀ မျ အရွယ်၌ပင် နေမ၀င်အင်ပါယာ အရှင်သခင်ကြီးများ ဟု ဆိုကာ သွေးနားထင် ရောက်နေသော ဆာ ဘွဲ့ ရ အင်္ဂလိပ် သူကောင်းမျိုးများနှင့် အကြိတ်အနယ် နွှဲ၍ ပထမ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည်။

ဤနေရာတွင် ပြောစရာရှိပေသည်။ ဗိုလ်ချူပ်ရင်ဆိုင်ခဲ့ရသည့် သူများက gentleman ဟု ကိုယ့်ကို ကိုယ် တန်ဘိုးထားသော အင်္ဂလိပ်များ ဖြစ်သည်။

စကားတည်ကြည် ဖြောင့်မတ်ခြင်း၊ သတ္တိရှိခြင်း၊ ယောက်ကျားပီသခြင်း၊ မတရားမှုကို အသွေးထဲအသားထဲက စက်ဆုပ်ရွံရှာတတ်ခြင်း၊ မောက်မာထောင်လွှားမှု ကင်းခြင်း အစရှိသည့် အရည်အချင်းများ ပိုင်ဆိုင်သူများ၊ ပိုင်ဆိုင်ရန် ကြိုးစားနေကြသူများ ဖြစ်ပေသည်။

ထို့အတွက် ဗိုလ်ချူပ်ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များက ခန့်မှန်းတွက်ချက်ရန် လွယ်ကူလှသည်။

သို့သော် သမီးဖြစ်သူ ၏ ဒုတိယမြောက် လွတ်လပ်ရေး ကြိုးပမ်းမှု က ပို၍ ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုက သူမရင်ဆိုင်နေရသော ပြိုင်ဘက်ဆိုသူများက အထက်ပါ အရည်အချင်းများနှင့် ဆန့်ကျင်ဘက် လူညစ်သာသာ အဆင့် ရှိသော လူများကြောင့်ပင်တည်း။

အထက်ပါ အရည်အချင်းများနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်ယုံမက အောက်လမ်းနည်းများ ညစ်လုံးများကို အစွမ်းကုန် အသုံးချနေသော သူများလည်းဖြစ်သည်။

အခုပင် ကြည့်ပါလေ။ မိမိ ကန့်ကွက်လိုက သတ္တိရှိရှိ ကန့်ကွက်နိုင်သည်။ သို့မဟုတ်ကလည်း ရဲရဲတောက် မဲမထည့်ပဲ ကန့်ကွက်သည့် အနေဖြင့် ဗျောင်ကျကျ ထထွက်သွားနိုင်သညိ။ ထွက်ရဲသော သတ္တိမရှိ။ မပျက်မကွက် လာရောက်ရန် ဆင့်ခေါ်ထားသော်လည်း စစ်သားရင့်မာကြီးများ တိုင်းပြည်၏ သေရေးရှင်ရေး ဆုံးဖြတ်ရမည့် အချိန်တွင် ပေါ်မလာကြတော့။ အမျိုးသမီးတယောက်၏အ မှန်တရားကို ချစ်မြတ်နိုးသော စူးရှသည့် အကြည့်ဒဏ်ကို ရင်မဆိုင်ရဲကြ။

ရှုံးမည်မှန်းသိလျက်နှင့် တိုက်ခဲ့သော တိုက်ပွဲတွင် အဆိုပါ လူညစ်များအဖို့ ဂုဏ်သိက္ခာကား မရှိရသည့်အထဲ သုည အောက်သို့ပင် ထိုးဆင်းသွားခဲ့လေပြီ။

ပြည်သူ့လွှတ်တော်ဟု ဆိုပေငြားလည်း မနေ့က အဖြစ်က လမ်းဘေးမှ ဖဲသုံးချပ် ကစားဝိုင်း ကြည့်ရသည် နှင့်ပင် တူနေပေသေးတော့သည်။

အဆိုပါ လူလိမ် လူညစ်များနှင့်ဆက်ဆံရသော ကြမ်းတမ်းသော တိုက်ပွဲကြီးတွင် ပြည်သူများမှ ပွဲကြည့်ပရိသာတ်သာ လုပ်နေပါက ရေသာခိုရာ ကျပေလိမ့်မည်။ သူ မဘက်က တင်းပြည့် ကျပ်ပြည့် ရပ်တည်ပေးရန် လိုအပ်နေပေသည်။

မနေ့က ပွဲက တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်ကာ သွားနေပါသည်ဟု နိုင်ငံတကာမှ အသိအမှတ်ပြုရေး လိမ်ညာနေကြသူများအတွက်ကား ပြည်သူများအား စစ်ဘိနပ်အောက်တွင်သာ ထားရှိလိုပြီး ရွှေရေစိမ် ဒီမိုကရေစီကြီးထက် ပို၍ ပေးလိုဟန် မရှိသည့် အဖြစ်ကား နိုင်ငံတကာအလယ်တွင် ဘူးပေါ်သလို ပေါ်သွားသည် အဖြစ်ကြောင့် ဂမ်းနည်းစရာမလိုပဲ လှိုက်လှဲစွာကြိုဆိုရတော့မည်ဖြစ်သည့်အပြင် အဆိုပါ လူညစ်များ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအားလည်း အပြည်ပြည်ဆိုင်ရာမှ ယခက်ကထက် ပို၍ အာရုံထား စောင့်ကြည့်ုခြင်း ခံရပေတော့မည်။

ဒီချုပ်အဖို့ နိုင်ငံရေးအရ အမြတ်ထွက်ခဲ့သည့်အဖြစ်။ ပြည်သူများ ဆန္ဒကို လွှတ်တော်အတွင်းတွင် နိုင်ငံရေုနည်းအရ အတတ်နိုင်ဆုံးကြိုးပမ်းခဲ့ပြီးပြီ ဆိုသည့် အချက်ကား ပေါ်လွင်ခဲ့ချေပြီ။ ထို့အပြင် ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတ ရွေးချယ်ရေးတွင်လည်း အပေါ်စည်းမှ ရရှိသွားခဲ့သည့် အနေအထား ကို ဖေါ်ဆောင်နိုင်ခဲ့ပေသည်။

စစ်တပ်မှ ကန့်ကွက်ကြောင်း ပြောကြားရာတွင်ပင် မဆီမဆိုင် တင့်ကားများ၊ အမြောက်များအား ဆလိုက်ရှိုးများနှင့် သုံး၍ လူထုကို ခြိမ်းခြောက်ခဲ့ကြသည့် အထိ ကမ်းကုန်အောင် မိုက်မဲခဲ့ပေသည်။

အာဏာရူးများ အဖို့ကား နေ၀င်ချိန်ရောက်လေ အရူးရင့်လေ ဖြစ်ရသည့် အနေအထားပင်။

HSW
]BrainWave ဉာဏ်လှိုင်း

 utinaye-election-comission-620 နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ဇွန်လ ၂၆ ရက်နေ့က တွေ့ဆုံစဉ်

လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဒီနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အခုထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"ပြောသင့်တာတွေပြောရမှန်း မပြောသင့်တာတွေ မပြောရမှန်း တားမြစ်ချက်လေးတွေပါတယ်၊ ဒါမျိုးကိုမလုပ်ပါနဲ့ ဒါမျိုးကိုလုပ်ပါဆိုတဲ့သဘောမှာ ဒီလိုဟာမျိုးတွေကို ကျနော်တို့က ကျင့်ဝတ်ပါပဲ၊ ဥပဒေဟာ ဥပဒေပေါ့ ဥပဒေကလည်းရှိပါတယ်နော်၊ ဒါတွေကို ကျင့်ဝတ် ကိုယ့်အသိစိတ်နဲ့ ယှဉ်ပြီးတော့မလုပ်ဘူး၊ အသိစိတ်ယှဉ်ပြီး ကောင်းနိုင်သလောက် ပူးပေါင်းပြီးလုပ်ကြပါဆိုတဲ့ နားလည်မှုကျင့်ဝတ်တွေပါပဲ၊ အဲ့ဒါကြောင့် သူတို့လိုက်နာပါ၊ ဒီလိုမလိုက်နာဘူးဆိုလို့ရှိရင်တော့ ဥပဒေကြောင်းနဲ့ငြိရင်တော့ တည်ဆဲဥပဒေအရ အရေးယူမှာပေါ့နော်"

ထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်တွေမှာ မဲဆွယ်စည်းရုံးတဲ့အခါ ပါတီအချင်းချင်း မပုတ်ခတ်ဖို့၊ အကြမ်းဖက်မှုဖြစ်အောင် မလှုံ့ဆော်ဖို့၊ လူ့အဖွဲ့အစည်းအကြား တင်းမာမှုတွေ အမုန်းပွားမှုတွေ မဖြစ်စေဖို့၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုဖို့၊ လူမျိုးရေး ခွဲခြားဆက်ဆံပြောဆိုမှုတွေ မလုပ်ဖို့ စတာတွေကို တားမြစ်ထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ ငွေကြေးနဲ့ လူအင်အားကို အလွဲသုံးစားမပြုဖို့၊ မီးတုတ်၊ ခဲယမ်း၊ တုတ်၊ ဓား စတဲ့ လက်နက်တွေ မကိုင်ဆောင်ဖို့၊ ငွေကြေး သို့မဟုတ် လက်နက်နဲ့ မခြိမ်းခြောက်ဖို့၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းသမားတွေကို မတားမြစ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲ့ဒီကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေကိုယ်တိုင် ပါဝင်ရေးဆွဲပြီး ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကို တရားဝင်မှတ်ပုံတင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့နိုင်ငံရေးပါတီ ၆၇ ပါတီက ခေါင်းဆောင်တွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါတယ်။

RFA
https://burview.rfaweb.org/burmese/news/election-chief-parties-meet-06262015115351.html

 pyitaungsu-hluttaw-620 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၃ဝ လောက်ကို လွှတ်တော် ကိုယ်စားလှယ် ၆၃ ဦးက လာမယ့် ဇွန်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆွေးနွေးမှာဖြစ် ပါတယ်။

အဲ့ဒီပုဒ်မ ၃ဝ ကို ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးထားတဲ့ ကိုယ်စားလှယ် ၁ဝဝ ကျော်ထဲက ၆၃ ယောက် ကို ဆွေးနွေးခွင့်ပေးတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မနေ့က ပြောခဲ့ပါတယ်။

"ယင်းဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီးဆွေးနွေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၇ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး၊ အခြားနိုင်ငံရေးပါတီ ၇ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၂ ဦး အမည်စာရင်းပေးပို့ ထားပါတယ်၊ အဆိုပါကိုယ်စားလှယ်များစာရင်းထဲမှာ ဆွေးနွေးမယ့် ကိုယ်စားလှယ် စုစုပေါင်း ၆၃ ဦးဖြစ် ပါကြောင်း အသိပေးကြေညာအပ်ပါတယ်"

အဲ့ဒီပုဒ်မ ၃ဝ ထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက ရွေးချယ်တင်မြှောက်ခွင့်ရှိဖို့၊ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို ၅ နှစ်သတ်မှတ်ဖို့ စတာတွေကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆(က) စတဲ့ ပုဒ်မ ၄ ခု ကို ပြည်ထောင်စုလွှတ်တော်မှာ ၃ရက်ကြာဆွေးနွေးပြီး ပုဒ်မ ၅၉(ဃ) တစ်ခုကိုသာ ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/constitutional-amendment-continue-discuss-06262015113029.html



ို လွတ်တော်တွင်းကအာဏာရူကြီးများနာဆင်ပေးကြည့်ပါအုံး
Posted by Ko Aye Kyaw on Friday, June 26, 2015

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်ဟာ သူ့ရဲ့အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိပ်ပြာမသန့် ဖြစ်နေဟန်ရှိတယ်လို့ မီဒီယာသမားတွေက သုံးသပ်နေကြပါတယ်။ မီဒီယာတွေ နောက်ကြောင်းပြန် မဝေဖန်နဲ့လို့ ပြောကြားလိုက်တာနဲ့ ဆက်စပ်ပြီး ဝါရင့်မီဒီယာသမားတွေက ပြောကြားလိုက်တာပါ။ ဝါရင့်သတင်းသမားကြီးလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်၊ မြန်မာသတင်းသမဂ္ဂ တည်ထောင်သူ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာတို့နှစ်ယောက်ကို ဖိတ်ခေါ်ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က မီဒီယာသမားတွေက သူ့လက်ထက်မှာ ဆောင်ရွက်ချက်တွေနဲ့မေးတော့ မီဒီယာတွေကို ပြောချင်တယ် နောက်ကြောင်းပြန်ပြီး မမေးပါနဲ့၊ နောက်ကြောင်းပြန်ပြီး မဝေဖန်နဲ့လို့ ပြောသွားတာကို တွေ့လိုက်ရပါတယ်။

ဦးခင်ညွှန့် “ဝေဖန်ရေးသက်သက် မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာတော့ မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာသည် တိုင်းပြည်တိုးတက်ရေး မဟုတ်ဘူး။ နောက်ကြောင်းပြန်တာသည် တိုင်းပြည်တိုးတက်တာ မဟုတ်ဘူး။ ဝေဖန်နေတာ။ ဝေဖန်ရေးသက်သက်လုပ်ရင် ကိုယ့်ကိုယ်ကို ဝေဖန်ရမယ်။ ကိုယ့်ကိုယ်ကို ဝေဖန်ပြီးမှ သူများကို ဝေဖန်ရမယ်။”

သတင်းထောက် “အဲဒါဆို မီဒီယာက ဝေဖန်ရေးလို့ဆိုရင် အန်ကယ်လက်ထက်တုန်းက ဝေဖန်လို့ မရတဲ့အခါမှာ အခုလက်ထက်မှာ …”

ဦးခင်ညွှန့် “ဒါကတော့ သူ့စနစ်နဲ့သူ စနစ်ချင်း မတူဘူးကွ။”

သတင်းထောက် “အဲဒါကြောင့် ထောက်ပြပြောဆိုမှုတွေအပေါ်မှာ အန်ကယ်က ဝေဖန်တယ်လို့ ဆိုတယ်ဆိုရင် အဲဒီအပေါ်မှာ ဟိုဟာဖြစ်ပါတယ်။ ပြန်ပြီးတော့ ရှယ်ရာလုပ်သင့်ပါတယ်။”

ဦးခင်ညွှန့် “မင်းတို့ ဝေဖန်နေကြတာပဲကွ။”

သတင်းထောက် “အန်ကယ်အနေနဲ့ အခုအချိန်မှာ မီဒီယာ ပွင့်လင်းလာမှုအပေါ် ဝေဖန်တယ်လို့ မမြင်ဖို့ကိုလဲ အဲဒီအပေါ်မှာ …”

ဦးခင်ညွှန့် “ဝေဖန်နေကြတာပဲလေ။ ဝေဖန်နေလို့ မမြင်လို့ မရဘူးလေ။”

သတင်းထောက် “ထောက်ပြခဲ့တာ၊ ထောက်ပြမှုတွေအပေါ် အရင်တုန်းက ဒီလိုရှိတယ်၊ အခုအချိန်မှာ ဒီလိုရှိတယ်။ မီဒီယာ နှိပ်ကွပ်မှုတွေ အခုအချိန်အထိ ရှိနေသေးတယ် အန်ကယ်။”

ဦးခင်ညွှန့် “အဲဒါ စနစ်အပေါ်မှာ မူတည်တယ်ကွ။”

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ သူ့လက်ထက်မှာ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ နောက်ကြောင်းပြန်ပြီး ရေးထားတဲ့ စာအုပ်ကလဲ သူ့လုပ်ဆောင်ချက်တွေကို ရွှန်းရွှန်းဝေအောင် ညွှန်ထားတာ ဖြစ်ပါတယ်။ သူ့ရေးတဲ့ စာအုပ်ရဲ့  အမှာ,မှာတော့ သမိုင်းကြောင်းအမှန်ကို သိစေလိုလို့ ရေးတာလို့ဆိုတယ်။ ကောင်းတာကြီးပဲ မဖြစ်နိုင်ဘူး။ အဆိုးအကောင်း ဒွန်တွဲနေပါတယ်လို့ ပြောပေမယ့် ဆိုးတာတော့ ပြောထားတာ မတွေ့ရဘူး။ သူက အဲဒီလို သူ့နောက်ကြောင်းကို ရေးထားပေမယ့် မီဒီယာက ဒီဟာတွေကို ထောက်ပြီးမေးတဲ့အခါကြတော့ သူက ဒေါသအမျက်ချောင်းချောင်းထပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာဦးကျော်ရင်မြင့်ရဲ့  အဖြေကို ပထမဦးဆုံး ကြားချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းလောက,က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ပြီးပြောကြလဲ။ မီဒီယာလောက အများရဲ့  ခံစားချက်က ဘယ်လို ရှိကြပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အများရဲ့  ခံစားချက်က သူက သူ့ရဲ့ အတိတ်ကို ကြောက်နေလို့ ကာတယ်လို့ မြင်ကြပြောကြပါတယ်။ အတိတ်က အိပ်မက်ဆိုးကြီးကို ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင်လည်း မက်နေဆဲပါ။ နိုင်ငံတကာ စစ်ခုံရုံးကို အတင်ခံရမယ်ဆိုပြီးတော့ နံမည်စာရင်း အတို့ခံထားရတဲ့လူဆိုတော့ သူ့သမိုင်းကို သူသိနေပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ အတိတ်ကို ဇွတ်မိတ်ပြီးတော့မှ တံခါးပိတ်နေတယ်လို့ ကျနော်က အဲဒီလို မြင်ပါတယ်။ ကျနော်တို့မိတ်ဆွေတွေကလည်း အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့် က မြန်မာပြည်ပမှာ နေပေမယ့် မြန်မာနိုင်ငံရဲ့  ဖြစ်ရပ်တွေ၊ မီဒီယာလောကကို တချိန်လုံး စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းသမဂ္ဂကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘယ်လိုပြောလိုပါလဲ။

ဦးမောင်မောင်မြင့် ။ ။ သူကိုယ်၌က နောက်ကြောင်းပြန်တဲ့ကိစ္စတွေကို စာအုပ်ထုတ်ခဲ့တယ်။ သူ့အကြောင်း ရွှန်းရွှန်းဝေ ရေးခဲ့တယ်။ ဒါပေမဲ့လို့ ခေတ်သစ်လူငယ်တွေနဲ့ ခေတ်သစ်မြန်မာနိုင်ငံကလူတွေ သူ့ရဲ့ နောက်ကြောင်းကို ပြန်မသိစေချင်တဲ့သဘော အဲဒီသဘောမျိုး တားနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သူ့အနေနဲ့ သတိလွတ်ခဲ့တာက သမိုင်းကို ပြန်ကြည့်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။ နောက်ကြောင်းကို ပြန်ကြည့်တယ်ဆိုတာ လက်စားချေဖို့ထက် သင်ခန်းစာယူဖို့ သဘောမျိုး ရှိသင့်တယ်ဆိုတဲ့ အတွေးမျိုး ရှိသင့်တယ်ဆိုတာကို သူ့အနေနဲ့ သတိမထားမိဘူးလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သူ ဒီလို ဒေါသတကြီး တုံ့ပြန်တာကို အရင်တခါလည်း တွေ့ဖူးပါတယ်။ သတင်းထောက်တယောက်ကပဲ မေးခဲ့ပါတယ်။ အမျိုးသမီးထောက်တယောက် မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်သွားတာနဲ့ ပတ်သက်ပြီးတော့ Archeological ရှေးဟောင်းသုတေသန ရှုထောင့်ကမေးတာကို ပညာရှင်ဆန်ဆန် မေးတာဖြစ်ပါတယ်။ သူက ဒေါသတကြီးနဲ့ အလားတူ တုံ့ပြန်ခဲ့ပါတယ်။ အခုလဲပဲ အဲဒီလို ဒေါသမျိုးကို တွေ့နေရတော့ သူကိုယ်တိုင်က သူလုပ်ခဲ့တာတွေကို ဖုံးကွယ်ရုံသက်သက်လား။ တကယ် မှန်နေတယ်လို့များ ထင်ပြီးတော့ ဒေါသနဲ့ တုံ့ပြန်နေတာလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကိုယ်လုပ်ခဲ့တာ မှန်တယ်ထင်လို့ရှိရင် သူမှာ စိတ်ခံစားမှု ရှိစေမလိုဘူးလေ။ ကျေကျေနပ်နပ်နဲ့ ကျနော်တို့က ဥပမာ ပုဂံဘုရားတွေ ပြင်တာဆိုရင်လဲ တကယ့်ကို လုပ်ခဲ့တာဆိုပြီး သူ ပြောပြလို့ရတယ်။ ဒေါသတကြီးနဲ့ တုံ့ပြန်တယ်ဆိုတာကိုက အမှန်ကတော့ ကန်တာပဲ။ သူကိုယ်တိုင် သိပါတယ်။ သူ လုပ်ခဲ့တာတွေက မမှန်ဘူး၊ မှားတယ်ဆိုတာ သိလို့ အဲဒီလို ကန်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ဆက်စပ်ပြီးတော့ BBC World Service ကို ယူကရိုင်နိုင်ငံ သမ္မတဟောင်း Viktor Yanukovych က ပထမဦးဆုံးအကြိမ် နိုင်ငံခြားမီဒီယာနဲ့ အင်တာဗျူးပေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့ မှားယွင်းမှုခဲ့တာ တိုင်းပြည်ရဲ့  အခြေအနေက သူ့ကို အပြစ်တင်နေကြတယ်။ အဲဒီထဲမှာ သူဟာ တစိတ်တဒေသ တာဝန်ရှိတယ်ဆိုတာကို ဝန်ခံတယ်။ ဒါပေမဲ့ သူ့ရဲ့  ချမ်းသာကြွယ်ဝမှုတွေကိုမေးတော့ ဒေါသတကြီး မတုံ့ပြန်ပါဘူး။ သူက အေးအေးဆေးဆေးပဲ ပြောတယ်။ ကျနော်တို့ဆီက ဒီပုဂ္ဂိုလ် ဒီလောက် တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်။ အခု ဘာသာတရားကိုလည်း လေ့လာလိုက်စားနေလို့ ဘဝရဲ့  ကျန်တဲ့အခြေအနေကို ဒါတွေနဲ့ပဲ ကုန်လွန်စေတော့မယ်လို့ ပြောနေတဲ့ပုဂ္ဂိုလ်က ဘာဖြစ်လို့ ဒေါသတကြီးနဲ့ ဒီလောက်တောင် တုံ့ပြန်ရသလဲ။ အဲဒါကြောင့် ဒီမေးခွန်းကို မေးရတာ ဖြစ်ပါတယ်။ သူဟာ မှန်တယ်ထင်နေလို့ သူလုပ်ခဲ့တဲ့ တကယ့်အမှန်တရားကို စော်ကားတယ်လို့ ထင်နေသလား။ ဆရာဦးမောင်မောင်မြင့်ရဲ့  သဘောထားကို သိပါရစေ။

ဦးမောင်မောင်မြင့် ။ ။ တချို့ ကိစ္စတွေမှာတော့ သူ့ကိုယ်သူ မှန်တယ်လို့ ထင်ပြီးတော့ ကာကွယ်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ DVB က လုပ်တဲ့အင်တာဗျူးမှာတော့ ကျနော် မြင်တာကတော့ သူဟာ သူ့လုပ်ရပ်တွေအတွက်ကို တာဝန်မယူဘဲနဲ့ စနစ်ကို ပုံချခဲ့တာကို တွေ့ရပါတယ်။ စစ်အစိုးရခေတ်က စစ်အစိုးရရဲ့  စနစ်မို့လို့ သူလုပ်ခဲ့ရပါတယ်သဘောနဲ့ သူ့မှာ တာဝန်မရှိဘူး။ စနစ်မှာ တာဝန်ရှိပါတယ်သဘောနဲ့ ပုံချသွားတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် သူဟာ တချို့ ကိစ္စတွေမှာ သူ့ကိုယ်သူ ဝန်ခံရဲတဲ့ ကိစ္စမျိုး ရှိကောင်းရှိပေမယ်လို့ တချို့ ကိစ္စတွေမှာတော့ ပုခုံးရှောင်တဲ့သဘောမျိုး လုပ်ခဲ့တာကို အခုဆို ထင်ထင်ရှားရှား မြင်ရပါပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒါ ကျနော်လည်း တွေ့မိပါတယ်။ သူ ရေးခဲ့တဲ့ စာအုပ်ထဲမှာလည်း ကောင်းတဲ့အလုပ်ဆိုရင် သူ ဘယ်လို လုပ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုး တွေ့ပြီးတော့၊ အမှားအယွင်း တစုံတရာဆိုလို့ရှိရင် စုပေါင်းခေါင်းဆောင်မှုဖြစ်တယ်။ အထက်အမိန့်ကို လိုက်နာပြီး လုပ်ရတာဖြစ်တယ် စသဖြင့် တွေ့ရပါတယ်။ ဆရာဦးကျော်ရင်မြင့် ဘာပြောချင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အထူးသဖြင့် သူ့စာအုပ်ထဲမှာလည်း ဖော်ပြထားပါတယ်။ စစ်အာဏာ ဒုတိယအကြိမ်သိမ်းအောင် သူ ဘယ်လို လှုပ်ရှားခဲ့တယ်။ ကြိုးကိုင်ခဲ့တယ်ဆိုတာကို သူ့စာအုပ်ထဲမှာ တပိုင်းတစ ဖော်ပြထားပါတယ်။ အဲဒီတော့ စစ်အာဏာသိမ်းမှုကြီး ဖြစ်လာအောင် ဖန်တီးတာက သူပဲလေ။ စနစ်မဟုတ်ဘူး။ အဲဒီတော့ ကျနော် ထင်ပါတယ် သူ့အလုပ် သူ့တာဝန် သူ့အမှားတွေကို သူ သိပုံရပါတယ်။

ဦးကျော်ဇံသာ ။ ။ သူ့စာအုပ်ဆိုလို့ သူက ဘယ်လို တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ခဲ့တယ်။ ဘယ်နေရာ သွားခဲ့တယ်။ ဓါတ်ပုံတွေနဲ့ ရွှန်းရွှန်းဝေ ပြထားတာပါ။ တကယ်သိချင်တာက ရွေးကောက်ပွဲရလဒ်ကို ဘာကြောင့် သူတို့ မလိုက်နာခဲ့သလဲ။ ဘာကြောင့် အာဏာ မလွှဲခဲ့တာလဲ။ ၈၈ နှိပ်ကွပ်တာ။ ဆန္ဒပြပွဲတွေကို နှိပ်ကွပ်တာ။ Heavy handed ပေါ့။ လိုအပ်တာထက် အင်အားသုံးပြီးတော့ နိုင်ငံတကာမှာလဲ ဖြစ်နေတာပဲ၊ ဒီလောက်တောင် သူတို့ ပစ်သတ်ခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ရှင်းရှင်းလင်းလင်း ပြောတာလဲ မတွေ့ဘူး။ မှားတယ်လို့ ယူဆဟန်လဲ ဘာမှ မတွေ့ပါဘူး။ ဆရာဦးမောင်မောင်မြင့် ဘာပြောစရာ တွေ့ပါလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရေးတဲ့ အချက်အလက်တွေကို။

ဦးမောင်မောင်မြင့် ။ ။ သူ့စာအုပ်ထဲမှာတော့ စောစောက ဆရာဦးကျော်ဇံသာ ပြောသလို သူ့ကိစ္စကိုသာ ရွှန်းရွှန်းဝေ ပြောသွားတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံး အကြောင်းအရာတွေဖြစ်တဲ့ ၈၈ သပိတ်တုန်းက တုန်ပြန်သပိတ်ကိစ္စမှာ သူ ဦးဆောင်ပြီးတော့ နှိမ်နှင်းခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီးတော့လဲ အရိပ်အမြွက်တောင် ပြောခဲ့တာ မတွေ့ရဘူး။ နောက်ပြီးတော့ သူဟာ နဝတ အစိုးရအဖွဲ့မှာ၊ နအဖ အစိုးရအဖွဲ့မှာ အတွင်းရေးမှူး (၁) ဆိုတဲ့ တာဝန်ကို ယူပြီးတော့ တကယ်တမ်း ပြောမယ်ဆိုရင် တဖွဲ့လုံးကို ထိန်းချုပ်နိုင်တဲ့ တာဝန်ကို ယူထားခဲ့တယ်။ ထောက်လှမ်းရေးမှုးချုပ်အနေနဲ့လည်း လူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ ညှဉ်းပန်းတာတွေ၊ သတ်ဖြတ်တဲ့ကိစ္စအထိ ကျူးလွန်ခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူ့ဆင်ခြေတွေကို တစုံတရာတောင်မှ မတွေ့ရဘူး။ လူအများက မျှော်လင့်ခဲ့ကြတာတော့ သူ့စာအုပ်ထွက်လာရင် သူဟာ အနည်းဆုံးတော့ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ကို တောင်းပန်စကား ပြောမယ်လို့ လူတွေ မျှော်လင့်ခဲ့ကြပေမယ့် ဒါတွေကို မတွေ့ရတဲ့အပြင် သူက တဖန် သူများကို စွပ်စွဲတဲ့ကိစ္စမျိုးတွေ အဲဒီစာအုပ်ထဲမှာ တွေ့ရပါတယ်။ ကျနော် ထင်တာကတော့ သူက တခုခု ထုတ်ပြောလိုက်မယ်ဆိုရင် ဝန်ခံတဲ့သဘော သက်ရောက်မယ်။ ဝန်ခံတဲ့သဘော သက်ရောက်မယ်ဆိုရင် တချိန်ချိန်မှာ အနာဂတ်မြန်မာနိုင်ငံမှာဖြစ်ဖြစ်၊ စောစောကပြောတဲ့ နိုင်ငံတကာ ခုံရုံးမှာဖြစ်ဖြစ် သူကို အမှုစစ်တဲ့အခါမှာ သူကိုယ်တိုင် ဝန်ခံတယ်ဆိုတဲ့ အချက်တွေက သူကို ပြန်ပြီးတော့ ချည်နှောင်နိုင်တယ်၊ တုပ်နှောင်နိုင်တယ်ဆိုတဲ့ သဘောမျိုးထားတာလဲ ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဦးကျော်ရင်မြင့် ဆရာက သတင်းသမားလည်းဖြစ်တယ်။ စာရေးဆရာလည်း ဖြစ်တယ်ဆိုတော့ ဆရာတို့ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ဘယ်လို သဘောထားကြပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ပထမဦးဆုံး ကျနော်တို့အချင်းချင်း ပြောဖြစ်ကြတာက ဝယ်ဖတ်တာ ရှစ်ထောင်မတန်ဘူးဆိုတာ ပြောဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ဆရာဦးမောင်မောင်မြင့် ပြောသွားသလို ကျနော်တို့ မျှော်လင့်ထားတာ မပါသလောက်ပဲ။ တခုတော့ရှိပါတယ် ကျနော် ဆရာဦးမောင်မောင်မြင့်ကို ဆန့်ကျင်ပြီး ပြောတာမဟုတ်ပါဘူး။ အဲဒီစာအုပ်ထဲမှာ သူ့လက်အောက်ကလူတွေ အလွန်အကျွံလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ sorry ဆိုတာလေးတော့ အရိပ်အရောင်လောက် ရေးသွားပါတယ်။ အဲဒီ sorry ပြောရုံလောက်နဲ့ ပြီးသွားပြီ၊ တာဝန်ကျေပြီလို့ ထင်သလားတော့ မသိဘူး။ အဲဒါလေးတချက်တော့ တွေ့မိပါတယ်။ လိုရင်ပြန်ပြောရရင်တော့ မျှော်လင်ထားတာနဲ့ သူ့စာအုပ်က တခြားဆီပါပဲ။ သူ့နံမည် ရောင်းစားတယ်လို့ လူတွေက ပြောကြပါတယ်။ သူ့စာအုပ်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြန်ပြောရရင် သူ ရေးတယ်လို့ မထင်ကြပါဘူး။ တယောက်ယောက်က ရေးပါရတယ်လို့ ဆိုကြတယ်။ ဘယ်သူ ရေးပေးတယ်လို့ ကျနော်တို့လောကမှာ ပြောတဲ့လူတော့ ရှိကြတယ်။ ဒါက အရေးမကြီးပါဘူး။ ဒီ စာအုပ်ရေးပေးတဲ့လူက သူ့အကြိုက်တွေပဲ ရေးပေးရတယ်။ သူ့မကြားရဲ ဝန်မခံရဲတာ၊ မပြောရဲတာကို ချန်ထားရတယ်လို့ ထင်ပါတယ်။ လိုရင်ပြန်ပြောရရင်တော့ ဆရာဦးမောင်မောင်မြင့်နဲ့ သဘောတူပါတယ်။ သူရဲဘောကြောင်တာ ဒီစာအုပ်ကြီးက ပေါ်လွှင်တယ်။ အခု သူပြောနေတာတွေလည်း ပေါ်လွှင်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နိုင်ငံတကာမှာ တောင်အာဖရိက trend လိုပေါ့။ Truth and Reconciliation Commission အမှန်တရား ဖော်ထုတ်ပြီးတော့ ပြန်လည်သင့်မြတ်ရေး လုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ အတိုက်အခံပိုင်းကလည်း ဒီစကားမျိုးကို ပြောနေကြတာ။

ဦးကျော်ရင်မြင့် ။ ။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က အတိတ်ကို သင်ပုန်ချေပြီးပြီ။ ပြန်ပြီးတော့ မသွားဘူးလို့ အကြိမ်ကြိမ် ပြောနေတာ။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့မနှိုင်း မရိုင်းဆိုသလို တချို့ ဗိုလ်ချုပ်ကြီးတွေက အဲဒါကို မယုံရဲဘူးထင်တယ်။ သူတို့စိတ်နဲ့ပဲ နှိုင်းနေသလား မသိဘူး။ အမှန်တကယ်ကတော့ နောက်ကဟာတွေကို ပြန်ပြီးတော့ သင်ပုန်ချေပြီးတော့ ရှေ့ ကိုဆက်သွားရမယ့် စိတ်ဓါတ်တွေကို ဗိုလ်ချုပ်ကြီးတွေ၊ အတိုက်အခံတွေ ထားနိုင်ရင်တော့ တိုင်းပြည်က ရွေ့ မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ပြောလိုတာက အဲဒီမေးတဲ့ အမျိုးသမီးသတင်းထောက် နှစ်ဦးကို ချီးကျူးလိုပါတယ်။ သူတို့က တဖတ်က ဒေါသတကြီး တုံ့ပြန်နေပေမယ့် သူတို့က သူတို့မေးချင်တဲ့ မေးခွန်းကို တည့်တည့်မတ်မတ် ဆက်ပြီးတော့ မေးသွားနိုင်တယ်။ ဆရာဦးမောင်မောင်မြင့် အဲဒီ အမျိုးသမီးသတင်းထောက်တွေကို ဘယ်လို မြင်ပါလဲ။

ဦးမောင်မောင်မြင့် ။ ။ ကျနော်လည်း အင်မတန် အံ့သြမိပြီး အင်မတန်လည်း လေးစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ သတင်းလောကကို ဖိနှိပ်ထားတာ နှစ်ပေါင်း အဲဒီလောက် ကြာခဲ့သည်တိုင်အောင် အဲဒီလိုမျိုး သတ္တိရှိတဲ့ သတင်းသမားတွေ၊ ကိုယ့်အလုပ်ကို စိတ်အေးအေးနဲ့ လုပ်နိုင်တဲ့ သတင်းသမားတွေ ရှိတယ်ဆိုတာ ကျနော်တို့ မီဒီယာလောကအတွက်တော့ အားရစရာလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် မှတ်ချက်ကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်လည်း အတူတူပါပဲ။ အထူးသဖြင့် ကျနော်တို့ မြန်မာသတင်းလောကမှာ လူငယ်သတင်းသမားတွေ အခု အများကြီး နေရာယူလာတယ်။ အလုပ်တွေ လုပ်လာတယ်။ အဲဒီအထဲမှာ အမျိုးသမီးလေးတွေ ပိုပြီးတော့ ထူးချွန်တယ်၊ ပိုပြီးတော့ ကြိုးစားတယ်။ ပိုပြီးတော်ကြတယ်။ ပိုပြီးတော့ သတ္တိမွေးပြီးတော့ လုပ်ကြနေပါတယ်။ အဲဒီတော့ လူငယ်တွေအားလုံး၊ အမျိုးသမီး၊ အမျိုးသားတွေအားလုံးကို အသိအမှတ်ပြုတယ်။ ချီးကျူးတယ်။ လေးစားတယ်။ အထူးသဖြင့် အမျိုးသမီးလူငယ် သတင်းထောက်တွေကို ပိုပြီးလေးစားချီးကျူးတယ်ဆိုတာကို ပြောလိုပါတယ်။

Credit.VOA

ဒီကနေ့ လွှတ်တော်တွင်းဖြစ်ရပ်ကိုကြည့်ပြီး၊ ဟံသာဝတီ သတင်းစာသုခမိန်ကြီးရဲ့ နိုင်ငံရေးမိုးလေဝသ ဟောကိန်းတွေကတော့ တခုပြီးတခု ရာခိုင်နှုန်းပြည့် သွေးထွက်အောင်မှန်နေပါလာလို့ အတွေးတွေဝင်လာတယ်ဗျာ။ တချိန်ထဲမှာပဲ ၂၀၁၄ ဧပြီ ၈ရက်က မှိန်မှိန်မာမာအသံနဲ့ ကြိုးစားပြီးအော်ပြောသွားတဲ့ ဘိုးတော်ရဲ့ စကားစုတွေကို ပြန်လည်နားယောင်လာတော့တာပေါ့။

၂၀၁၄ မတ် ၂၉ရက်ကနေ ဧပြီ ၁ရက်အထိ မေ့မျောနေခဲ့တဲ့ ဘိုးတော်ကို ventilator (anaesthesia machine)နဲ့တွဲလျက်၊ Chest tube ခေါ် Endotracheal tubeကြီး (အောက်ပါပုံ) ရဲ့အကူညီနဲ့ အသက်ရူအောင် လုပ်ရတော့တာပေါ့။ ၁ရက်နေ့မှာ သတိစရတယ်လို ဆိုပေမယ့်လည်း မျက်လုံးလောက်သာ အဖွင့်အပိတ်လုပ်နိုင်သေးတာ။

ဧပြီ ၂ရက်ကြတော့ ဆေးထိုးပိုက်တန်းလန်းနဲ့ လက်တွေခြေတွေကို လှုပ်နိုင်လာတယ်၊ ရုန်းနိုင်လာတယ်၊ ပါးစပ်ထဲကို တပေလောက်ဝင်နေတဲ့ tubeကို မရှိတရှိသွားနဲ့ စကိုက်လာတယ်။ တကိုယ်ရေ လွတ်လပ်စွာနေတတ်တဲ့သူ၊ နေလေ့ရှိတဲ့သူဆိုတာ့ ပိုပြီးနေရခက်တာပေါ့။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ရောဂါပေါင်းစုံ ဒဏ်ကိုခံနေရတာကလည်း အတော်ကိုမချိမဆံ့ပါပဲ။

၎ရက်နေ့ကတော့ ဧပြီလရဲ့ ကျနော်အပျော်ဆုံးနေ့ပဲဗျို။ မပျော်ဘယ်ရှိမလဲ၊ ခံရသူအသာထား မြင်ရသူတောင် အလွန်စိတ်ဆင်းရဲ သောကပွားရတဲ့ ပါးစပ်ထဲက တပေဝင်ပိုက်ကြီးကို ပါရဂူကြီးတွေက ဖြုတ်စို့လို့ ဆုံးဖြတ်လိုက်ကြတာကိုး။ ဒီလိုနဲ့ပဲ တနေ့ရွှေ တနေ့ငွေဆိုပြီး ၈ရက်နေ့မှာတော့ CT scan သွားရိုက်ဖြစ်ကြတယ်။ CT scanခန်းမကနေ ICUကိုလည်း ပြန်ရောက်ပြီး ညနေပိုင်း ၄နာရီလောက်ကနေ ၈နာရီထိ ဘိုးတော်၊ အန်တီတူးနဲ့ ကျနော် တူတူပုန်းတန်း ကစားကြပါလေရောဗျာ။

မျက်စိလည်းသွာပြီလား။ အန်တီတူးနဲ့ ကျနော့်ကို ဆူပူကြိမ်းမောင်းပြီး အခန်းထဲကနှင်ထုတ်နေလို့၊ သူ ခုတင်ပေါ်က မမြင်နိုင်အောင် ဝပ်နေရတာကို တူတူပုန်းတန်းလို့ပြောတာပါ။ အဲ့ဒိလို ကစားနေရတုန်း ၇နာရီခွဲလောက်မှာ ကယ်တင်ရှင် ကိုအမတ်ရောက်လာပါရော။
လည်းကူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်း။

ကိုဖြိုးမင်းသိန်း ICU အခန်းအပြင်ဘက်က ရပ်ကြည့်နေတာလည်းတွေ့ရော လှမ်းခေါ်ပြီး နိုင်ငံရေးကိစ္စတွေပြောတော့တာပေါ့။ အဲ့ဒီလိုစိတ်ပြောင်းသွားမှပဲ ကျနော်တို့ အသက်ရူချောင်တော့တယ်။ သို့သော် သတိနဲ့ နားတော့စွင့်ထားရတာပေါ့။

ဘိုတော်က နိုင်ငံရေးတွေပြောလိုက်၊ ကိုဖြိုးမင်းသိန်းက လွှတ်တော်ကိစ္စတွေပြောလိုက်၊ ကျနော်က ခပ်လှမ်းလှမ်းကနေပြီး ဘိုးတော်ကိုစကားကြာကြာဆက်မပြောစေချင်လို့ ကိုဖြိုးမင်းသိန်းကို လက်ပတ်နာရီ လက်ညှိုးထိုးပြလိုက်နဲ့၊ သုံးယောက်သား အတိုင်အဖောက်ကိုမညီဘူးလို့ ထင်တာပါပဲ။

အဲ ဇာတ်လမ်းက အခုမှစတာ။

ကျနော်တို့က ခပ်လှမ်းလှမ်းမှာ နေနေရတော့ သိပ်သဲသဲကွဲကွဲမကြားရဘူး။

ကိုဖြိုးမင်းသိန်းက လွှတ်တော်ထဲမှာ ခြေဥကို ပြင်ပြုဖို့ လုပ်နေကြပြီလို့ ပြောလိုက်လားမသိ။ ဘိုးတော်က အသံမှိန်မှိန်မာမာနဲ့ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တာကို ကျနော်သေချာကြားလိုက်တယ်။

"ဟိတ်၊ ဒီမှာ ခင်ဗျားကို ကျနော်ပြောမယ်။ ခင်ဗျားတို့ ဘာမှမပူနဲ့ ဘယ်တော့မှ ပြင်ပေးမှာမဟုတ်ဘူး။" တဲ့။

ဘိုးတော်ရဲ့ မဆုံးခင်ပြောသွားတဲ့ ခြေဥကြိုတင်ဟောကိန်းကို ကိုဖြိုးမင်းသိန်းတယောက် အများနဲ့ပြန်လည်မျှဝေဖြစ်လားတော့ မပြောတတ်။ ကျနော်ကတော့ အကြောင်းအရာ/စကား တိုက်ဆိုင်တိုင်း ပြန်ပြောဖြစ်တယ် ပြန်မျှဝေဖြစ်တယ်။ အခုချိန်ထိလည်း ဘိုးတော်ဆီက ကျနော်ကြားနာသမျှ ဟောကိန်းတွေကတော့ တခုပြီးတခု စင်းစင်းကြီးတွေ မှန်နေတုန်းပဲ။

ဘိုးတော်ရဲ့ဟောကိန်းတွေထဲက တခုနဲ့ အမေလူထုဒေါ်အမာရဲ့ မိန့်မှာချက်တခု၊ နှစ်ခု မပေါင်းစပ်မိပါစေနဲ့လို့ မျှော်လင့်မိပါတယ်။

"အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်ဘူး"
လူထုဒေါ်အမာ

"ဒီပုံစံအတိုင်းသာဆို တတိယအရေးတော်ပုံကြီးဖြစ်လာနိုင်တယ်။"
ဟံသာဝတီဦးဝင်တင် (၂၁-၂-၂၀၁၄ မန္တလေး ၁၃၀၀ပြည့် စိန်ရတု)

Zaw Myo Aung


ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး မအောင်မမြင်ြဖစ်ခဲရ့တဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဆိုရင် လွှတ်တော်ပြင်ပနည်းနဲ့ ကြိုးပမ်းဖို့ ဖြစ်လာပြီး လောလောဆယ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အတူ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက တဆင့် ဆောင်ရွက်ရမယ့် အခြေအနေ ဖြစ်လာနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ နိုင်ငံရေးလေ့လာသူ တဦးကတော့ လာမယ့် နိုင်ငံရေး အပြောင်းအလဲတွေ အားလုံးဟာ စစ်တပ်က ပြောင်းစေချင်တဲ့ အတိုင်းအတာတခုအထိပဲ ဖြစ်နိုင်မယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အမြင်သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ဟဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ အတွက်ပြည်ထောင်စု လွှတ်တော်မှာ ၂၅ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ လုံလောက်တဲ့ ထောက်ခံမှုမရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပေဒပါ ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော် ရဲ့ ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မယ်ဆိုတဲ့ မူလအချက်အတိုင်း ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်တာကြောင့် တပ်မတော်ရဲ့ ထောက်ခံမှုမရသ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေ အတိုင်းဆက်လက် တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ပြင်ပနည်းကို ကြိုးပမ်းဖို့ ဖြစ်လာပြီး ဒီအတွက် လူထုကလည်း စဉ်းစားဖို့ လိုအပ်လာပြီလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NCCT ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းကနေ အခွင့်အလမ်းမရှိဘူး။ မဖြစ်နိုင်ဘူးလို့ကျနော်တို့ ပြောနေကျပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက် လွှတ်တော်ပြင်ပကသာလျှင် ပြင်လို့ဖြစ်နိုင်တယ် ဆိုတာကို ထောက်ပြတာပေါ့။ ဒါကြောင့် ကျနော်တို့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ကနေတဆင့် ကျနော်တို့ လွှတ်တော် ပြင်ပကနေတဆင့် ဖွဲ့စည်းပုံပြင်ရေးကိုပဲ ကျနော်တို့က ကြိုးပမ်းရမှာပေါ့။ အဲ့ဒီ့အခြေအနေတော့ ဖြစ်လာတယ်။ လူထုအနေနဲ့လည်း တခြားနည်းလမ်းတွေကို စဉ်းစားဖို့ လိုလာပြီပေါ့ဗျာ ကျနော်ကြည့်တာက။”

NCCT ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုဖို့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး စာချုပ်အတည်ပြု လက်မှတ်ရေးထိုးပြီး ရင် နိုင်ငံရေးဆွေးနွေး ပွဲကြီးတရပ်ကျင်းပဖို့ သဘောတူညီချက် ရထားတာဖြစ်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က လည်း နိုင်ငံရေးဆွေးနွေးပွဲ က တဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို ဆောင်ရွက်နိုင်မယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ငြိမ်းချမ်းရေးကနေ သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှသာလျှင် အဖွဲ့အစည်း အားလုံး သဘော တူညီတဲ့ ရလဒ်ကို ရရှိမယ်။ အဲ့ဒီ့ရလဒ်အပေါ် မူတည်ပြီး အခြေခံဥပဒေ ကို ကျနော်တို့ကပြုပြင် သွားမယ်။ ဖြည့်စွက်သွားမယ်။ ပယ်ဖျက် သွားမယ်။ ရရှိလာတဲ့ ရလဒ်သာလျှင် ကျနော်တို့ နိုင်ငံရဲ့ရှေ့ရေးအတွက် ရလဒ်ဖြစ်တယ်လို့ ကျနော်တို့ခံယူတယ်။”

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပေါ်ထွက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲက ဖြစ်ပေါ်နိုင်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက ကြိုးစားဆောင်ရွက်နေကြကြောင်း ဆက်ပြောပါတယ်။

 နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အရ ရွေးကောက်ပွဲပြီးချိန်မှာ အပြောင်းအလဲတချို့ရှိနိုင်ပေမဲ့ ဒီအပြောင်းအလဲတွေ ဟာ စစ်တပ်က လက်ခံတဲ့ အတိုင်းအတာလောက် သာဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒီလာမယ့် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အစိုးရ အပြောင်းအလဲဖြစ်နိုင် တယ်။ နောက်တခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်က လွှမ်းမိုးနေတဲ့ လွှတ်တော်ရဲ့ အနေအထား အချိုးအစား တစုံတရာ အပြောင်းအလဲရှိနိုင် တယ်။ နောက်တခု ကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ Power Sharing and Economic Sharing ဆိုတဲ့ ဦးသိန်းစိန်ရဲ့စကားကို သူတို့ ပုံဖော်ဖို့အတွက် ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေကို သူ့သက်ဆိုင်ရာ လွှတ်တော်က ခန့်အပ်ခွင့် ရရှိလာနိုင်တယ်။ နောက်ပြီးတော့ အခြေခံဥပဒေမှာပါတဲ့ ဇယား (၁) နဲ့ ဇယား(၂)ကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တယ်။ အဲ့ဒီ့တော့ အပြောင်းအလဲရှိတယ်။ ဒါပေမဲ့ စစ်တပ်က ပြောင်းလဲစေချင်တဲ့ အတိုင်းအတာ တခုအတွင်းပဲ အပြောင်းအလဲရှိမယ်လို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။”

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေကို စတင် ဆောင်ရွက်လာခဲ့ရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ကြိုဆိုခဲ့ကြပါတယ်။ လောလောဆယ် ဒီမိုကရေစီနည်း မကျဘူးလို့ ဝေဖန်ထောက်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေ ကို မပြင်ဆင်နိုင်တဲ့အပေါ်မှာတော့ ၂၀၁၅ရွေးကောက်ပွဲအပေါ်မှာပါ သံသယတွေ ပွားလာခဲ့ကြပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ George W. Bush Institute’s Liberty and Leadershi သင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်များ။ 
 ပညာရေး ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတဟောင်း ဘုရှ်က မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။ဇွန်လ (၂၅)ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ကျင်းပတဲ့ မြန်မာလူငယ်တွေအတွက် Bush Instituteရဲ့ လွတ်လပ်မှု နဲ့ ခေါင်းဆောင်မှု ဆိုင်ရာ ဖိုရမ် ဆင်းပွဲအခမ်းအနားမှာ မစ္စတာ ဘုရှ်က ပြောဆို သွားတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒီဖိုရမ်ကနေ မြန်မာလူငယ် (၁၈)ဦးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ဘာသာရပ်တွေကို စာတွေ့ လက်တွေ့တနှစ်ကြာလေ့လာခဲ့ကြတာဖြစ်ပါတယ်။  ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သမ္မတဟောင်းဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ သင်တန်းသားတွေဖြစ်တဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ဂျိမ်းစ် ခေါ် ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ တက်ရောက်နိုင်ခြင်းမရှိတဲ့အပေါ်မှာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပြီး ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို သမ္မတဟောင်း ဘုရှ်က အခုလို တောင်းဆို သွားပါတယ်။

"ဒီနေရာမှာ ဖြိုးဖြိုးအောင်နဲ့ သူအမျိုးသား ဂျိမ်းစ်တို့အတွက် လစ်လပ်နေတဲ့ ထိုင်ခုံနှစ်ခုံ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲ လာတယ် ဆိုပေမဲ့ ဒီမိုကရေစီအမြစ်တွယ်ဖို့အတွက် လုပ်ဆောင် စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါကိုနားလည်တဲ့ ဖြိုးဖြိုးနဲ့ ဂျိမ်းတို့ဟာ တက္ကသိုလ်ပညာရေး လွတ်လပ်ခွင့် အတွက် ရှေ့တန်း ကနေ ဆောင်ရွက်နေကြတာပါ။ အခုလို သူတို့ရဲ့ဆန္ဒအသံတွေကို ထုတ်ဖေါ်တဲ့ အတွက် ဖြိုးဖြိုးကို အစိုးရက ဖမ်းဆီးထားပါတယ်။ သူ့ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော်တို့တောင်းဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို အလေးထားစောင့်ကြည့်နေပြီး လွတ်လပ်ပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်ဖို့လည်း မစ္စတာဘုရှ်က တိုက်တွန်းသွားပါတယ်။

"မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ ကျနော်နားလည်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။"

Bush Instituteကပေးတဲ့ သင်တန်းတွေ ဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ အနာဂတ်အတွက် လူငယ်တွေရဲ့ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေး တာဖြစ်တယ်လို့ လည်း အခမ်းအနားမှာ မစ္စတာဘုရှ်ကပြောသွားပါတယ်။

ဒီသင်တန်းမှာ ပါဝင်သူတဦးဖြစ်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေေ၀နုကလည်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့ အသိပညာ မြှင့်တင်ပေးရေးမှာ ဒီလိုနိုင်ငံတကာသင်တန်းမျိုးတွေဟာ အထောက်အကူပေးတယ်လို့ ပြောပါတယ်။

"သူဟာ ဗမာပြည်ကို စိတ်ဝင်စားမှုရှိတယ်။ ဗမာပြည်ထဲမှာ  ရှိတဲ့လူငယ်တွေကို ဒီဗမာလူ့အဖွဲ့အစည်း ကို သူက အသိပညာပေးချင်တယ် ကောင်းမွန်စေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒနဲ့ ဒီဟာကို လုပ်တယ်လို့ ကျမယုံကြည်ပါတယ်။ သမ္မတဘုရှ်အနေနဲ့ ဗမာလူ့အဖွဲ့အစည်းကို သူတို့ကနေပြီးတော့ အပြောင်းအလဲမြင်ချင်တဲ့ စိတ်ဆန္ဒတော့ ရှိကြပါတယ်။ အဲ့ဒီ့အတွက်ကို ဒီဟာလေးတွေဟာ ဒီလို သင်တန်းလေးဟာ အကျိုးရှိတယ်လို့ ကျမထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ပြည်တွင်းမှာ ဒီလိုသင်တန်းကောင်းတွေ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့သင်တန်းတွေ ကျမတို့သိပ်မရှိဘူးလေ။ ဗမာပြည်နဲ့ကိုက်ညီအောင် သူတို့ သေသေချာချာ သင်ရိုးရေးဆွဲပြီး လုပ်ထားတဲ့အခါကျတော့ တော်တော်လေး အကျိုးရှိတဲ့ဟာတခုလို့ ထင်ပါတယ်။ "

တနှစ်တာသင်ယူခဲ့တာတွေနဲ့ပတ်သက်လို့ နောက်ထပ်သင်တန်းသားတဦးဖြစ်တဲ့ ဒါနရှေ့ဆောင်မြန်မာရဲ့ကိုယ်စားလှယ် ကိုကြည်မင်းဟန်က အခုလိုပြောပါတယ်။

"ကျနော်က ဝမ်းသာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တစ်နှစ်လုံးလုံးကြီး တက်လာတာလေ။ တက်လာတာ ပြီးခဲ့တဲ့နှစ် ဇွန်ကတည်းကနေစပြီးတော့လေ ပြီးတော့ လာရတာလည်း တကူးတကကို လာရတာ။ ဒါးလက်စ်မှာမှ မဟုတ်ဘူး တခြား ချင်းမိုင်တို့ မန္တလေးတို့ ရန်ကုန်တို့မှာ လုပ်တဲ့ဟာတွေကလည်း သင်တန်းဆိုလို့ရှိရင် ကျနော်တို့ကို သိပ်အနားပေးတာမဟုတ်ဘူး။ Vacation ယူတာ မဟုတ်ဘူးဆိုပြီးတော့လေ အဲ့လိုမျိုး သင်တန်းအချိန်တွေက အရမ်းကြပ်ပြီးတော့ လုပ်ခဲ့ရတာပေါ့။ လုပ်ခဲ့ရတာဆိုတော့ ပျော်တော့ပျော်တာပေါ့။ ပြီးတော့ ဘုရှ်စင်တာလိုဟာမျိုးကနေ ဘွဲ့လက်မှတ်ပေးတာဆိုတော့ ဝမ်းသာတာလည်း ပါတာပေါ့နော်။"

ဒီလူငယ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ က အမေရိကန်ပြည်ထောင်စုမှာ Bush Institute ရဲ့ ခေါင်းဆောင်မှုအစီအစဉ်အနေနဲ့ ၃ ပတ်ကြာ စတင်လေ့လာသင်ကြားခဲ့ကြတာပါ။ အဲ့ဒီထဲမှာ လက်ရှိသာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အာဏာပိုင်တွေ လိုက်လံဖမ်းဆီး တာကိုရှောင်တိမ်းနေတဲ့ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်အပါအ၀င် အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူငယ် စုစုပေါင်း (၁၈)ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားမလည်ကြပဲ ဆွေးနွေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သတိပေး ပြောကြား ခဲ့ပါတယ်။

အရင်စစ်အစိုးရ လက်ထက်ကတည်းကရှိခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ တာဝန်ပိုင်းဆိုင်ရာ ဥပဒေ ၇ ခုကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကျန်ကိုယ်စားလှယ်တွေ ဒီနေ့ဆွေးနွေးရာမှာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သတိပေးလိုက်တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ၊ ဆန့်ကျင်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးရမယ့်အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ လူကြီးမင်းတို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာရှိတဲ့ အရည်အချင်း၊ သိရှိရမယ့် ဥပဒေတွေကိုမသိပဲနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးမယ်ဆိုရင် လွှတ်တော်သိက္ခာကျပါတယ်၊ အဲ့ဒီလွှတ်တော်ကိုလည်း သိက္ခာကျပါတယ်၊ လွှတ်တော်ထဲလာထိုင်ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာလည်းမတက်ထားပဲနဲ့ ပြောဆိုနေတာဟာ အဲ့ဒီလွှတ်တော် ကိုယ်စားလှယ်အတွက်ရော အဲ့ဒီလွှတ်တော်အတွက်လည်း သိက္ခာကျပါတယ်"

ဒါ့အပြင် လွှတ်တော်ထဲမှာ မလိုအပ်ပဲ အချိန်ကုန်တာတွေကြောင့် လွှတ်တော် ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက သူ့ကိုယ်သူ သနားကြောင်း အခုလို ပြောခဲ့ပါတယ်။

"သနားတယ် သနားစရာကောင်းတဲ့လူလည်း သနားတယ်၊ မိမိလွှတ်တော်ဥက္ကဌကိုလည်း သနားတယ်၊ စာနာသင့်တဲ့သူကိုလည်း စာနာပါတယ်၊ အဲ့ဒီအတိုင်းပဲ မိမိကိုလည်း စာနာပေးကြပါ၊ မလိုအပ်ပဲ လွှတ်တော်ထဲမှာ အချိန်တွေကုန်ဆုံးခြင်းအားဖြင့် မိမိတို့ လွှတ်တော်မှာလုပ်ရမယ့်ကိစ္စတွေ အများကြီးကျန်ရှိနေပါတယ်၊ ဒီအပေါ်ထိုင်ရတဲ့ ကိစ္စကိုလည်း သနားပေးကြပါ၊ စာနာပေးကြပါ အဲ့ဒီအတိုင်းပဲ တချို့တင်ပြပြောဆိုနေတာအတွက်လည်း စာနာပါတယ်၊ သနားလည်း သနားပါတယ်"

ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ စတဲ့ ဥပဒေ ၇ ခုဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖံွ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး အဲ့ဒီဥပဒေတွေမှာ အစိုးရအဖွဲ့ဝင်တွေဟာ "ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်း" တွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

အခုပြင်ဆင်ထားတဲ့ မူကြမ်း ၇ ခုမှာ "ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်း" ဆိုတဲ့ စကားရပ်အစား ပါတီဆိုတဲ့စကားလုံးသာဖြုတ်ပြီး "ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း" ဆိုတဲ့ စကားရပ်အဖြစ် ပြင်ဆင်ထားတာဖြစ်ပါတယ်။

အဲ့ဒီလိုပြင်ဆင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုရင် ရွေးချယ်ခံရပြီးတဲ့နေ့ကစပြီး ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့်မရှိကြောင်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


လွန်ခဲ့တဲ့ မေလကထုတ်ပြန်တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာမှာ မြန်မာပြည်ရဲ့  လူဦးရေအရွယ်အစားနဲ့ အာရှပစီးဖိတ်နိုင်ငံအချို့ ရဲ့  လူဦးရေးကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နဲ့ လာအိုနိုင်ငံတွေရဲ့  လူဦးရေအရွယ်အစား၊ သိပ်သည်းဆနဲ့ နှစ်စဉ်လူဦးရေ တိုးနှုန်းကိုဖော်ပြပါတယ်။ တရုတ်ပြည်မှာ လူဦးရေ သန်း ၁,၃၀၀ ကျော်ရှိပြီး နှစ်စဉ် လူ ၈ သန်းကျော် တိုးပွားနေပါတယ်။ အိန္ဒိယမှာ သန်း ၁,၂၀၀ ကျော်ရှိပြီး နှစ်စဉ် ၁၅ သန်းကျော် တိုးပွားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၁၅၆ သန်းရှိပြီး နှစ်စဉ် ၂ သန်း တိုးပွားနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ လူဦးရေ ၆၇ သန်းရှိပြီး နှစ်စဉ် ၂ သန်းကျော် တိုးပွားနေပါတယ်။ မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး နှစ်စဉ် ၄ သိန်းကျော် တိုးပွားနေပါတယ်။ လာအိုလူဦးရေ ၆ သန်းကျော်မှာ နှစ်စဉ် ၁ သိန်းကျော် တိုးပွားနေပါတယ်။ လူဦးရေများပေမယ့် တိုင်းပြည်ကျယ်ဝန်းရင် အနေချောင်တဲ့အတွက် ပြဿနာ သိပ်မရှိပါဘူး။ ဥပမာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁၄၀ နေထိုင်တဲ့ တရုတ်ပြည်ဟာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၃၈၀ နေထိုင်တဲ့ အိန္ဒိယထက် အနေချောင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁,၀၀၀ ကျော်ရှိနေလို့ လူနေအကျပ်ဆုံး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဧရိယာဟာ စတုရမ်းကီလိုမီတာ ၁၃၀,၀၀၀ ကျော်သာရှိတာမို့ စတုရမ်းကီလိုမီတာ ၁၅၀,၀၀၀ ရှိတဲ့ ရှမ်းပြည်နယ်လောက်တောင် မကျယ်ဝန်းပါဘူး။ လူဦးရေက မြန်မာပြည်ထက် ၃ ဆ ပိုများပြီး အကျယ်အဝန်းက မြန်မာရဲ့  ၅ ပုံ ၁ ပုံသာ ရှိပါတယ်။ ၁၉၈၃ မှာ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ ၈၅ သန်းဖြစ်ပြီး ၂၀၁၃ မှာ ၁၅၆ သန်း ဖြစ်လာတဲ့အတွက် အနှစ် ၃၀ မှာ လူဦးရေ ၇၁ သန်း တိုးလာပါတယ်။ မြန်မာကတော့ ၁၉၈၃ မှာ ၃၅ သန်းရှိပြီး ၂၀၁၄ မှာ ၅၁ သန်းရှိလာတဲ့အတွက် အလားတူကာလမှာ ၁၆ သန်းကျော်သာ တိုးပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ်လူဦးရေ နှစ်သန်းတိုးပွားနေပြီး မြန်မာပြည်မှာ လေးသိန်းသာ တိုးပွားပါတယ်။ ရှမ်းပြည်လောက်ရှိတဲ့နေရာမှာ အနှစ် ၃၀ အတွင်း တိုးပွားလာတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ မြန်မာ့လူဦးရေထက် သန်း ၂၀ ပိုများနေပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကျော်ရှိတာကို သန်းခေါင်စာရင်းမှာ ဖော်ပြပြီး ရိုဟင်ဂျာအမည် ပြဿနာကြောင့် စာရင်းမကောက်နိုင်တဲ့ လူဦးရေး တသန်းကိုးသောင်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် လူဦးရေ သုံးပုံတပုံဟာ ဘင်္ဂလီအနွယ်ဝင် မွတ်စလင်တွေ ဖြစ်နေပါတယ်။ မောင်တောမြို့ နယ်မှာ စာရင်းကောက်ယူတဲ့ လူဦးရေ ၉၀,၀၀၀ ကျော်ကိုသာ ဖော်ပြပါတယ်။ ၂၀၁၃ မှာထုတ်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာတော့ ၂၀၁၁ က ရခိုင်ပြည်နယ်မှာ လူဦးရေ (၃,၃၃၈,၆၆၉) ရှိပြီး၊ ဗုဒ္ဓဘာသာက ၂,၃၃၃,၅၇၀၊ မွတ်စလင် ၉၆၈,၂၁၈ နဲ့ အခြားဘာသာဝင် ၄၀,၀၀၀ လောက်ရှိတာကို ဖော်ပြထားပါတယ်။ ၁၉၄၇ က မောင်တောနဲ့ ဘူးသီးတောင်မှာ မွတ်စလင် ၂၀,၀၀၀ ရှိတယ်လို့ အစိုးရစာရင်းမှာ ဖော်ပြတာမို့ အနှစ် ၆၀ မှာ ဘင်္ဂလီအနွယ်ဝင် ၅ ဆ တိုးလာပါတယ်။

၁၉၈၃ က ၂၀၁၄ အထိ အနှစ် ၃၀ ကျော်မှာ လူဦးရေအများဆုံး တိုးတက်တာ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း နဲ့ ပဲခူးတိုင်းမှာလည်း သန်းနဲ့ချီပြီး လူဦးရေ တိုးပွားပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်က ဆဋ္ဌမ လိုက်နေပါတယ်။ ဒါပေမဲ့ အနှစ် ၃၀ ကျော်အတွင်း လူဦးရေတိုးတဲ့နှုန်းကိုကြည့်ရင် ကချင်ပြည်နယ်က ပထမဖြစ်ပြီး၊ ရန်ကုန်တိုင်းက ဒုတိယ လိုက်နေပါတယ်။ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ လူဦးရေနှစ်ဆ တိုးလာပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ လူဦးရေ တစ်ဆခွဲလောက်စီ တိုးပွားလာကြပါတယ်။ ကျန်ဒေသတွေမှာ တစ်ဆကျော်စီ တိုးပွားလာပါတယ်။ သန်းခေါင်စာရင်းမှာ မပါပေမယ့် ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်အတွင်း မွတ်စလင်ဦးရေ နှစ်ဆတိုးလာတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စစ်အာဏာရှင်ခေတ်ရဲ့  ထူးခြားချက်တွေထဲ မှာ နိုင်ငံခြားရောက် မြန်မာပြည်သား ဦးရေ များပြားလာတာလည်း ပါဝင်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ အခြားအကြောင်းတွေကြောင့် မြန်မာပြည်က ထွက်ခွာသွားသူ နှစ်သန်းကျော် ရှိပါတယ်။ ဒီအထဲမှာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ထိုင်းနဲ့အဆက်အသွယ်များခဲ့တဲ့ မွန်ပြည်နယ်က အများဆုံး ဖြစ်ပါတယ်။ ထိုင်းနဲ့ဆက်နေတဲ့ ကရင်ပြည်နယ်က ဒုတိယ၊ ရှမ်းပြည်နယ်က တတိယ၊ တနင်္သာရီတိုင်းက စတုတ္ထ ဖြစ်ပါတယ်။ နောက်တော့ ပဲခူးတိုင်းက ပဉ္စမ၊ ရန်ကုန်တိုင်းက အဋ္ဌမနဲ့ ရခိုင်ပြည်နယ်က သတ္တမနေရာက လိုက်နေပါတယ်။

ရခိုင်ပြည်နယ်က ထွက်ခွါသူ ၁၀၀,၀၀၀ သိန်းကျော်ဟာ ရခိုင်တိုင်းရင်း သားတွေ ဖြစ်ပါတယ်။ မလေးရှားမှာတင် ရခိုင်ပြည်သား တသိန်းနီးပါး ရှိပါတယ်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီအနွယ်ဝင်တွေကလည်း နည်းမျိုးစုံနဲ့ ထွက်ခွါကြတာမို့ မလေးရှားမှာ ၅၀,၀၀၀၊ ထိုင်းမှာ ၁၀၀,၀၀၀ လောက်ရှိကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာ ဘင်္ဂလီက ၃၀,၀၀၀ လောက် ရှိပါတယ်။ သန်းခေါင်စာရင်းရဲ့  ထူးခြားချက်တခုက မေးခွန်း ပုံစံမှာ ကိုးကွယ်တဲ့ဘာသာကို ဖော်ပြဖို့ ညွှန်ကြားထားပေမယ့် ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ လူဦးရေပုံရိပ်ကို ဖော်ပြဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြစ်ဒဏ် ၄ နှစ် ၈ လ ချမှတ်ခံထားရပြီးသားဖြစ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ပုဒ်မ ၂၉၆ ဘာသာရေး နှောင့်ယှက်ဖျက်စီးမှုနဲ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူ့ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးဟာ ရည်ရွယ်ချက်ရှိရှိ ချလိုက်တာဖြစ်တယ်လို့ ဒေါ်နော်အုံးလှက ဒီနေ့ ဒဂုံတရားရုံးက အမိန့်ချမှတ်အပြီးမှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ် မေလက ရွှေတိဂုံစေတီတော် အင်္ဂါထောင့်မှာအဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နော်အုန်းလှတို့အဖွဲ့က ဆုတောင်းခဲ့တာကို ရွှေတိဂုံဂေါပက က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂ဝဝ၇ခုနှစ် မေလက အဖြစ်အပျက်ကို ၂ဝ၁၃ နှစ် ၊ နှစ်ကုန်ခါနီးမှာ စတင်တရားစွဲဆိုခဲ့တဲ့အတွက် နော်အုန်းလှက သူ့ကိုရည်ရွယ်ချက်ရှိရှိ တရားစွဲခဲ့တာလို့ ပြောခဲ့တာပါ။

ဒါ့အပြင် နော်အုန်းလှဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးတာနဲ့ပက်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှု ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရတဲ့ နှစ်ပတ်လည်နေ့ ဆန္ဒပြမှု ထောင်ဒဏ် ၊ ဒီနေ့ ပြစ်ဒဏ်ချမှတ်တာက ၆ လဖြစ်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ၄ လ ကျခံရမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


 အမေရိကန် အစိုးရ အေဂျင်စီတွေရဲ့ ကွန်ပျူတာ စနစ်တွေ အပေါ် အင်တာနက်ကနေ ဟက်ကာတွေ ၀င်ရောက်တိုက်ခိုက် ခံရမှုမှာ တရုတ်အစိုးရဟာ သံသယရှိသူအဖြစ် ထိပ်ဆုံးကရှိနေတယ်လို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ James Clapper က ပြောကြားလိုက်ပါတယ်။

ကွန်ပျူတာကနေ အစိုးရ အမှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထိုးဖောက်တိုက်ခိုက်ခံရပြီး နောက်ပိုင်း အမေရိကန် အဆင့်မြင့် အရာရှိတဦးက အခုလို တရုတ်အစိုးရအပေါ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အဆင့်မြင့် အရာရှိတွေ ဆွေးနွေး ပြောဆိုအပြီးမှာ အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရ ဟာ သံသယရှိသူတွေထဲမှာ ထိပ်ဆုံးက ရှိနေတယ်လို့ မစ္စတာ Clapper က ပြောကြားခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ ဆက်လက် စုံစမ်းသွားမှာ ဖြစ်ကြောင်း ၀ါရှင်တန်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရကတော့ အခုလို ပြောဆိုစွပ်စွဲမှုကို ငြင်းဆိုထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဓိကကျသည့် ပုဒ်မများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မတခုချင်းစီအလိုက် ဇွန် ၂၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံး ဖြတ်မှုပြုလုပ်ခဲ့ကြသည်။

ဒီမိုကရေစီ အမှောင်ကျသည့်နေ့ဟုဆိုရလောက်အောင် ဒီမိုကရေစီအင်အားစုများ ပြင်ဆင်ရေး တောင်းဆိုနေသည့် ပုဒ်မများ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ရှုံးနိမ့်ခဲ့သည်ကို တွေ့ရ သည်။

ပြည်ထောင်စုလွှတ်တော်သို့ တက် ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၃၃ ဦးရှိသည့်အနက် ဇွန် ၂၅ ရက်နေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ၅၈၃ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

ပျက်ကွက် ၅၀ ဦး ရှိကြောင်း သိရသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦးရှိသည်။ ပြည်သူ့လွှတ်တော်မှ ၁၁၀ ဦး နှင့် အမျိုးသားလွှတ်တော်မှ ၅၆ ဦးဖြစ် သည်။ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော် တက်ရောက်သည့်ကိုယ်စားလှယ်များ၏ မဲပေးမှုသည်သာ အကျုံးဝင်သည်။

ဇွန် ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉ (စ) စသည့် အရေးပါသည့် ပုဒ်မများနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့သည်။
ပုဒ်မ ၄၁၈ (ခ) မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၈၆ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲဖြစ်သည်။ ပုဒ်မ ၄၃၆ (က)၊ ၄၃၆ (ခ) တို့တွင် ထောက်ခံမဲ ၃၈၈ မဲ၊ ကန့်ကွက် မဲ ၁၉၅ မဲဖြစ်သည်။ ပုဒ်မ ၆၀ (ဂ) တွင် ထောက်ခံမဲ ၃၈၆ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲဖြစ်သည်။ ပုဒ်မ ၅၉ (ဃ)တွင် ထောက်ခံမဲ ၅၅၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲဖြစ်သည်။ ပုဒ်မ ၅၉ (စ)တွင် ထောက်ခံ မဲ ၃၂၁ မဲ၊ ကန့်ကွက်မဲ ၂၆၂ မဲ ဖြစ် သည်။

ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပုဒ်မ တခုချင်းစီအလိုက် ထောက်ခံမဲ အများဆုံး ဖြစ်နေသော်လည်း ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) ပါ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက် အရ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်၍ ပြင်ဆင်ရေး အထမမြောက်ပေ။ ပုဒ်မ ၅၉ (ဃ)တခု တည်းသာ ၇၅ ရာခိုင်နှုန်းကျော်သည်။ သို့သော် ထိုပုဒ်မမှာ ပြုပြင်ပြောင်းလဲရေး အတွက် အရေးမပါလှပေ။

ပုဒ်မတခုလုံးကို ဖြုတ်ပစ်လျှင်ပင် မည်သည့်အကျိုးသက် ရောက်မှုမှရှိမည်မဟုတ်ပေ။ မဲခွဲဆုံးဖြတ်မှု နှင့် ပတ်သက်၍ လျှို့ဝှက်မဲစနစ်ကို ကျင့် သုံးခဲ့ခြင်းကြောင့် မည်သည့်ပုဂ်္ဂိုလ်က မည်သို့သော မဲပေးခဲ့ကြသည်ဆိုသည်ကို တော့ မသိရပေ။ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များအားလုံးမှာ ကန့်ကွက်မဲ ပေးခဲ့ကြဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

အခြေခံဥပေဒ၊ အရေးပါသည့် ပုဒ်မများ ပြင်ဆင်ရေး လုံးဝအထမမြောက် တော့သည့်ကာလအလွန်တွင် မြန်မာ့နိုင်ငံ ရေးအခင်းအကျင်း မည်သို့ဆက်လက်ဖြစ် ပေါ်လာမည်ဆိုသည်က စဉ်းစားစရာဖြစ် လာသည်။ တိုင်းရင်းသားပါတီတချို့ ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အခြေအနေမျိုးဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိသည်။NLDအနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကိုလည်း ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပြောကြားထားသည့်တိုင် လက်တွေ့အား ဖြင့် သပိတ်မှောက်သည့် အခြေအနေမျိုး အထိ ဖြစ်လာနိုင်ခြေမရှိပေ။

သို့သော် လက်ရှိ မဲစာရင်းမှားယွင်းမှု စံချိန်တင်နေ သည့် အခြေအနေများ၊ လူတဦး တယောက် နိုင်ငံ့အကြီးအကဲ မဖြစ်အောင် ရည်ရွယ်ရေးဆွဲခဲ့သည့် ပုဒ်မပြင်ဆင်ရေး အထမမြောက်တော့သည့် အခြေအနေများ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ် လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေနည်းနေသည်။ ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တရပ် တည်ဆောက်သွားမည်ဟု ဦးသိန်း စိန်က အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့သည့် တိုင် လက်ရှိ အနေအထားအရ ဖြစ်လာနိုင် ခြေမရှိပေ။

၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်း သားများ လိုလားသည့် ဖက်ဒရယ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ဒီမိုကရေစီအင်အားစု များ လိုလားသည့် ဒီမိုကရေစီစံချိန်စံညွှန်းများပါဝင်သည့်အခြေခံဥပဒေတရပ်အဖြစ် ပြောင်းလဲပြင်ဆင်နိုင်မှုမရှိခြင်းကြောင့် အခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး အကျပ် အတည်းမှာ ၂၀၁၅ အလွန်ကာလများတွင် လည်း ဆက်ရှိနေဦးမည်ဖြစ်သည်။ သို့သော် လွှတ်တော်ထဲတွင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ ဆက်ရှိ နေဦးမည်ဖြစ်ရာ ၂၀၁၅ အလွန်ကာလတွင် လည်း အခြေခံဥပဒေပြင်ဆင်ရေး အထမြောက်နိုင်ဦးမည့် အနေအထားမရှိ သေးပေ။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



စင်္ကပူနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူသတ်ရန်ကြံစည်မှုဖြင့် မြန်မာ ၃ ဦးဖမ်းဆီးခံရမှုတွင် ပါဝင်ပက်သက်သည်ဟု သံသယရှိရသူ စတ္တုထလူ မြန်မာနိုင်ငံသားတဦး လွတ်မြောက်နေမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ မသိရှိသေးကြောင်း နိုင်ငံတကာဆက်ဆံဌာန မှ အဆင့်မြင့်အရာရှိတဦးက ဇွန် ၂၅ ညနေပိုင်းက News Watch သို့ ပြောကြားသည်။

စင်္ကာပူရဲတပ်ဖွဲ့က အလိုရှိနေသူ ၀င်းကျော်ကျော်အောင်သည် စင်ကာပူနိုင်ငံမှ ထွက်ခွာသွားခဲ့သည်ဟုဆိုသော်လည်း မည်သည့်နိုင်ငံသို့ ထွက်ခွာသွားသည်ကို မသိရှိရသေးချေ။

“ဘယ်နေ့ကဖြစ်တာလဲ။ ၂၄ ရက်နေ့ကဆို ဒီဘက်ကိုမလာသေးဘူး။ တကယ်ဖြစ်တာမှန်ရင်တော့ ဒီဘက်ကို အကူအညီ လာတောင်းမှာပါ။”ဟု မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့ နိုင်ငံတကာဆက်ဆံဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ ဌာနကနေပြီးတော့ ချိတ်ဆက်ပြီး တောင်းခံမှုမရှိသေးပါဘူး။ တကယ်လို့ အကူအညီတောင်းခံရင် နိုင်ငံတကာချိတ်ဆက်တဲ့ ဌာန လုပ်ထုံးလုပ်နည်းအတိုင်း လာတယ်။ ပတ်စဖို့ နံပါတ် ဘယ်လောက်ဘယ်လောက်၊ မြန်မာနိုင်ငံသား ဘယ်သူဘယ်သူဆိုပြီး အတိအကျ လာရောက်အကူအညီတောင်းတာရှိတယ်။ ဒီအမှုဖြစ်ပွားတာကို မသိထားသေးပါဘူး။ ဘာလို့လဲဆိုတော့ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကနေ ၀င်မလာသေးပါဘူးခင်ဗျာ။” ဟု ၄င်း အရာရှိကဆိုသည်။

ရဲဝင့်အောင် အသက် (၃၂)၊ ဖြိုးမင်းနိုင် အသက် (၃၁)နှင့် ဇော်မင်းလှိုင် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသူ အသက် (၃၇)နှစ် သုံးဦးတို့သည် စင်္ကာပူနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရထားသည့် မြန်မာအမျိုးသား အေးမောင်မောင်သက် အသက် (၂၈) နှစ် ဆိုသူအား သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်ဖြင့် ဇွန်လ ၂၄ ရက်နေ့ ၌ စင်္ကာပူ ခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စွပ်စွဲခံ ၄ ဦးသည် တနင်္ဂနွေနေ့(ဇွန် ၂၁) က အေးမောင်မောင်သက်အား လျှပ်စစ်ကျဉ်စက် taser ဖြင့် တို့၍ မလှုပ်ရှားနိုင်အောင်ပြုလုပ်ပြီး ကားပါကင်မှနေ၍ ပြန်ပေးဆွဲရန် ကြံစည်ကြိုးစားခဲ့ကြောင်း၊ အေးမောင်မောင်သက်က အော်ဟစ် အကူအညီတောင်းခံသဖြင့် ၎င်းတို့ ၄ ဦး ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ နောက်ရက်တွင် စွပ်စွဲခံ ၁ ဦးကို စတင်ဖမ်းဆီးနိုင်ခဲ့ပြီး အခြား ၂ ဦးကို စင်ကာပူအရှေ့ပိုင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေအိမ်ယာတွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ သုံးဦးအား ဖမ်းဆီးရမိရာတွင် လွှစက် ၁ ခု၊ အသားစဉ်းစက် ၁ ခု၊ သားလှီးဓါးအပါအ၀င် အခြားထိန့်လန့်ဖွယ်ရာ ကိရိယာများ တွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါ အမှုတွင် ပါဝင်ပတ်သတ်သည် ဟု သံသယရှိရသူ ၀င်းကျော်ကျော်အောင် အသက် (၂၉) ဆိုသူ သည် ဇွန်လ ၂၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွားသွားကြောင်း စင်္ကာပူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

အတည်မပြုနိုင်သော သတင်းအရ အေးမောင်မောင်သက်သည် အေးမောင်မောင်သက်သည် အမည်မသိ မြန်မာအမျိုးသမီးတဦးနှင့် သမီးရည်းစားဆက်ဆံရေးရှိခဲ့ပြီး အဆင်မပြေဖြစ်သဖြင့် ၎င်းတို့ပြဿနာကိုဖြေရှင်းပေးရန် ဇော်မင်းလှိုင်ထံ အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

၂၀၁၅-ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်(၀၅း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၁/၁ နှင့် ၂၅၁/၂ ကြား နေပြည်တော်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးအေးမင်း၊ အသက်(၄၁) နှစ်(ဘ) ဦးမြသန်း ၊ (၁၅)ရပ်ကွက်၊ ရွှေပေါက်ကံ ၊ ရန်ကုန်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 5J/ 5623 ရွှေစင်စကြ်ာ Express (အစိမ်းရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးနှင့် Road Curb တုံးများအား ဝင်တိုက်မိကာ တစ်ပတ်လိမ့်ပြီး လမ်းလယ်ကျွန်းပေါ်အတည့်ပြန်ကျ၍ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ (Express)ယာဉ်ပေါ်တွင် ကျား (၉)ဦး၊ မ(၁)ဦး၊ စုစုပေါင်း ခရီးသည်(၁၀)ဦး စီးနင်းလိုက်ပါခဲ့ရာတွင် ယာဉ်မတော်တဆမှုကြောင့် ကျား(၇)ဦး၊ မ(၁)ဦး အနည်းငယ်စီထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ညောင်ကုန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ 5J/5623 ရွှေစင်စကြ်ာမှန်လုံယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းတွန့်ကြေ၊ ကိုယ်ထည်ယာဘက်ခြမ်းပိန်ချိုင့်၊ ယာဘက်တံခါးမှန်များကွဲသွားခဲ့ပါသည်။

၎င်းယာဉ်မတော်တဆမှုကြောင့် Concrete Barrier တုံး(၁၂)တုံးနှင့် Road Curb (၁၅၀)'ပေ ပျက်စီးသွားပြီး အမြန်လမ်း ပေပင်လေးရဲစခန်းမှ အမှုဖွင့်ရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad





ရန်ကုန်၊ ဇွန်လ ၂၆

ရခိုင်ပြည်နယ် အနှံ့မိုးသည်းထန်စွာရွာနေပြီး မြို့နယ် အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေကြီးနေသော မြို့နယ်မှာ ဘူးသီးတောင်၊ မင်းပြား၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် (ပီချောင်းဖျား)၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့ ဖြစ်ကြသည်။

သံတွဲတွင် ဆံတော်တောင်ခြေရင်း ဘုန်းကြီးကျောင်းတွင် မိသားစု ၂၅ စုခန့်ကို နေရာချပေးထားရကြောင်း ညောင်ပင်ဈေးမှ ခိုလုံရန် ပြောင်းရွှေ့လာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ ညောင်ပင်ဈေးမှာတော့ အိမ်တိုင်းလိုလို ရေ၀င်နေပါပြီ။ တာကျော်ရင် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် ကလေးတွေနဲ့ မိသားစု ၂၅ စု ခန့် ဆံတော်ရှင် တောင်ခြေရင်း ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလုံနေရပါတယ်။ စာရေးသောက်ရေးက ထမင်းအခုအချိန်ထိ မချက်ရသေးပါဘူး” ဟု ဆိုသည်။

ဘူးသီးတောင်မြို့တွင်လည်း မေယူမြစ်ရေ မြင့်တက်လာသဖြင့် ဈေးကြီးကို ရေ၀င်လာရာမှ ဈေးဆိုင်များမှ ပစ္စည်းများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရသည်ဟု ဘူးသီးတောင် ဒေသခံ ကိုအောင်က ပြောသည်။

“ အခု တော့ ရေတော်တော်များ ၀င်လာတယ်။ ရပ်ကွက်တွေ တော်တော်များများမှာ လေပေ၊ ငါးပေထိ ရေတွေ ဖုံးလွမ်းနေတယ်။ မနေ့ကလည်း တောင်ခေါင်ကြီးနားမှာ မြေပြိုကျတဲ့ အတွက် ဘူးသီးတောင်-မောင်တော ကားလမ်းလည်း ပိတ်သွားပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ်တွင်လည်း ဖုန်သာချောင်း၊ ပန်းမြောင်းကြီးချောင်းတို့တွင် အညာရီ ပေါက်ရာမှ နှစ်တောင် သုံးတောင်ထိ ရေမြင့်တက်နေပြီး ရွာအချို့ကို ရေလွမ်းနေသည်ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောသည်။

“ မင်းပြားမှာလည်း ရေတက်နေတယ်။ မြေနိမ့်ပိုင်းမှာ ရေတွေ မြုပ်နေတဲ့ အတွက် ဘေးလွတ်ရာကို ရွှေ့နေကြတယ်။ ဖုန်သာချောင်း၊ ပန်းမြောင်းကြီး ချောင်းဘက်မှာရှိတဲ့ ရွာတွေ တော်တော် အခြေအနေဆိုးနေပါတယ်။ အညာရေပေါက်ပြီး ရေတွေအန်ကျလာတဲ့ အတွက် ရွာတော်များများကို ရေဖုံးလွမ်းနေတယ်လို့ ကြားရပါတယ်” ဟု ဆိုသည်။

အလားတူ စစ်တွေမြို့တွင်လည်း မိုးသည်းထန်စွာရွာနေပြီး လမ်းများ၊ ရပ်ကွက်များကို ရေများ ဖုံးလွမ်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ မိုးဆက်တိုက်ရွာပြီး ရေကြီးနေသဖြင့် စစ်တွေမြို့ အပါအ၀င် နယ်မြို့များမှ အခြေခံ လူတန်းစားများအတွက် စားနပ်ရိက္ခာများ ကူညီရန် လိုအပ်နေကြောင်း စစ်တွေ ဒေသခံ ဦးသိန်းကျော်က ပြောသည်။

“ စစ်တွေမှာ မိုးကြီးနေတဲ့ အတွက် လမ်းတွေ ရေမြုပ်နေတယ်။ လက်လုပ် လက်စားတွေ အလုပ် မလုပ်နိုင်တဲ့ အတွက် ဒီအတိုင်းဆိုရင် ထမင်းငတ်နိုင်တယ်။ နယ်တွေမှာလည်း အခက်အခဲ ဖြစ်နိုင်တယ်။ သူတို့ကို အရေးပေါ် ဆန်တွေ ထုတ်ဝေ ဖြန့်ဖြူးပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။

Narinjara
https://www.facebook.com/pages/Narinjara