07/01/15

၂၀၀၈ ဖွဲစည်းပုံပြင်ဆင်ရေး......ဒို့အရေး
လွတ်တော်ထဲကအစိတ်သား.......ထွက်သွား
အတုအယောင်ပြင်ဆင်မှု........အလိုမရှိ
၄၃၆ ကိုပြင်ဆင်ရေး.......ဒို့အရေး

ဂျွန်လ ၃၀ ရက် ကျောင်းသားသမဂ္ဂလူငယ်များမှ ဦးဆောင်ပြီး ၂၀၀၈ အခြေခံဥပဒေအား ဆန့်ကျင်ရေးနှင့် လွှတ်တော်တွင် တပ်မတော်သား ၂၅ရာခိုင်နှုန်းပါဝင်နေသည်ကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်မြို့ သိမ်ကြီးဈေးမှ မြို့တော်ခန်းမထိ လမ်းလျှောက်ဆန္ဒသည့် မြင်ကွင်းရုပ်သံ

ရိုက်ကူး-ဟောင်ဆာ(ရာမည)
၂၀၀၈ အခြေခံဥပဒေအားဆန့်ကျင်ဆန္ဒပြ

ဂျွန်လ ၃၀ ရက် ကျောင်းသားသမဂ္ဂလူငယ်များမှ ဦးဆောင်ပြီး ၂၀၀၈ အခြေခံဥပဒေအား ဆန့်ကျင်ရေးနှင့် လွှတ်တော်တွင် တပ်မတော်သား ၂၅ရာခိုင်နှုန်းပါဝင်နေသည်ကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်မြို့ သိမ်ကြီးဈေးမှ မြို့တော်ခန်းမထိ လမ်းလျှောက်ဆန္ဒသည့် မြင်ကွင်းရုပ်သံရိုက်ကူး-ဟောင်ဆာ(ရာမည)

Posted by Mizzima - News in Burmese on Tuesday, June 30, 2015

ရန်ကုန်၊ဇွန် ၃၀ ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအ၀င် ပြည်သူလူ ထုက ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေ ဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြရာ လမ်းတစ် လျှောက် တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။

ဇွန်လ ၃၀ ရက် နေ့လည် ၃ နာရီမှ ၄နာရီခွဲ အချိန်ခန့်အထိ ကျောင်းသားဦးရေ ၁၀၀ခန့် နှင့် ပြည်သူလူထု အပါအ၀င် စုစုပေါင်း ၁၀၀၀ ခန့်က ပါဝင်ဆန္ဒပြခဲ့ရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီး ပိတ်ပင် ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည် ကိုဇေယျာလွင်က “ ကျွန်တော်တို့ သိမ်ကြီးဈေးကနေ ဆူးလေ ရှေ့ရောက်အောင် သာမန်လမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရုန်းရင်းဆန်ခက်နဲ့ မလိုလားအပ် တဲ့ပြဿနာတွေဖြစ်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ” ဟုပြောသည်။

ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့က သုံးကြိမ်ထက်မနည်း တားဆီးပိတ်ပင်မှုများရှိသော်လည်း ဆန္ဒပြမှု အောင်မြင်ပြီးဆုံး ခဲ့သည်ဟုလည်း ၄င်းကဆိုသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ ဒုရဲမှူးကြီး ရဲထွဋ်က ” သက်ဆိုင်ရာ ပုဒ်မတွေ ညှိုစွန်းတဲ့ဥပဒေတွေနဲ့တော့ အရေး ယူသွားမှာပါ။ ခွင့်ပြုချက်ယူထားတာမရှိပါဘူး။ အဲ့တာကြောင့် ငါတို့ကလည်း ပြောရတာပေါ့။ သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းဖြစ် ရမှာပေါ့”ဟုပြောသည်။

လမ်းတစ်လျှောက် ဆန္ဒပြရာတွင် ရဲများက ဆန္ဒပြသူများကို ဆက်လက်ဆန္ဒမပြရန် ရဲဝန်ထမ်းအင်အားသုံး၍ တားမြစ်မှုများရှိခဲ့ရာ ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခက်ဖြစ်ပွားမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲကို စစ်မှန်သည့်ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုသည့် လက်မှတ်ငါးသန်းဖြင့် လွှတ်တော်တွင်း တင်ပြခဲ့သော်လည်း လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်ကို ရှုတ်ချခြင်း ရည်ရွယ်ချက်နှစ် ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ ပေါ်ပေါက်လာသည့် အစိုးရသည် စစ်တပ်က မွေးဖွားပေးလိုက်သည့် အစိုးရဖြစ်ပြီး စစ်တပ်နှင့် ပြည်သူ စိတ်သဘောထား တိုက်ဆိုင်မရှိခဲ့သည်မှာ ကာလကြာရှည်ခဲ့ပြီဖြစ်ကာ ကျင့်ဝတ်သိက္ခာနှင့် ညီသည့် စစ်တပ်ဖြစ်ပေါ်လာစေ ရန် ပြည်သူလူထုက လုပ်ဆောင်ရန်လည်း ကိုဇေယျာလွင်က တိုက်တွန်း ပြောကြားခဲ့သည်။

ဆန္ဒပြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒို့အရေး၊ အတုအယောင်ပြင်ဆင်မှု အလိုမရှိ၊ ၄၃၆ကို ပြင်ဆင်ရေး ဒို့အရေး၊ လွှတ်တော်ထဲက အစိတ်သားထွက်သွား ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် လိုက်လံဝန်းရံပေးသည့် မြန်မာပြည်ငြိမ်းချမ်းရေးကျောင်း ငြိမ်းချမ်းရေးဆရာတော် အရှင်ဥာဏိဿရ (DKBA/KNU/KNLA)က ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ “၀မ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပါ။ အနာဂတ်ကျောင်းသားတွေ နောင်တစ်ချိန်မှာ သမ္မတ ၊၀န်ကြီး ချုပ်လည်းဖြစ်လာနိုင်တာပဲလေ”ဟုပြောသည်။

တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် တပ်မတော်က တပ်နှင့်သက်ဆိုင်သည့် အလုပ်သာ လုပ်သင့် သည်ဟုလည်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ဖွဲ့စည်းပုံပြင်ရန် အရေးကြီးသည့် ပုဒ်မ များဖြစ်သော ပုဒ်မ ၄၃၆၊ ၅၉ (စ) စသည့် ပုဒ်မများမှာ ပြင်ဆင်ရန် အရေးနိမ့်ခဲ့သည်။

Mizzima - News in Burmese
- See more at: http://mizzimaburmese.com/article/1267#sthash.Gk9I0YPU.dpuf

နေပြည်တော်၊ ဇွန် ၃၀ ။ ။ ပုဒ်မ ၄၃၆ (ခ)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်မှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနှင့် မကိုက်ညီကြောင်း၊ သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် ဖြစ်ခဲ့လျှင် ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး ရောထွေးကာ အာဏာ သုံးရပ်တို့ အပြန်အလှန် ထိန်းကြောင်းနိုင်ရေးကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ ပုဒ်မတို့ ကို မပယ်ဖျက်ဘဲ မူလအတိုင်း ထားရှိသင့်ကြောင်း တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။

“ပုဒ်မ ၆၂ ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ ဆိုတဲ့ ပြဌာန်းချက် ဟာ အခန်း (၁) နိုင်ငံတော်အခြေခံမူများနဲ့ ရှေ့ က ပြဌာန်းပြီးသော သမ္မတ၊ ဒုတိယသမ္မတများနဲ့ ပတ်သက်သည့် ကန့် သတ်ချက် များကို ပိုမိုတိကျခိုင်မာစေရန် ပြဌာန်းခြင်းဖြစ်ကြောင်း တွေ့ ရှိရပါတယ်၊ ပုဒ်မ ၆၂ ဟာ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၃၈(က)၊ (ခ) နဲ့  ပုဒ်မ ၆၀(ဂ) တို့ နဲ့  ဆက်စပ်နေတာကို သတိပြုရမှာဖြစ်ပါတယ်၊ နိုင်ငံတော် သမ္မတနဲ့ ဒု သမ္မတ များဟာ လွှတ်တော်ကိုယ် စားလှယ် ဖြစ်နေပါက သဘောသဘာဝ မတူတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသလို ဖြစ်နေပြီး သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်ကို အားလျော့စေနိုင်ပါတယ်” ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ ပြညထောင်စု လွှတ်တော်၌ စတင်ဆွေးနွေးကြရာ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့ ဆွေးနွေးရန် မူလက လျာထားသော်လည်း အစည်းအဝေး နံနက်ပိုင်းတွင် အခြား အစီအစဉ်များလည်း ရှိခဲ့သဖြင့် အချိန်မလုံလောက်သောကြောင့် ၁၀ ဦးသာ ဆွေးနွေးနိုင်ခဲ့သည်။

ယနေ့ ဆွေးနွေးကြသူ ၁၀ ဦးတွင် ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အခြားတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မြင့် ဟန်ကလည်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူ ဖြည့်စွက်ထားသည့် ပုဒ်မ ၁၁၅ (င) နှင့် ၁၄၇ (င) တို့ ကို ဖြည့်စွက်ရန် မသင့်ကြောင်း ထောက်ပြခဲ့သည်။

အဆိုပါ ပုဒ်မ နှစ်ခုမှာ “ပြည်သူ့ လွှတ်တော်က ဖွဲ့ စည်းသည့် ကော်မတီ၊ ကော်မရှင်များကို ပြည်ထောင်စုအဆင့် အဖွဲ့ အစည်း အဖြစ် သတ်မှတ်သည်။” နှင့် “အမျိုးသားလွှတ်တော်က ဖွဲ့ စည်းသည့် ကော်မတီ၊ ကော်မရှင်များကို ပြည်ထောင်စုအဆင့် အဖွဲ့  အစည်းအဖြစ် သတ်မှတ်သည်။” ဟူသည့် ဖြည့်စွက်ချက်များဖြစ်သည်။

“လက်ရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အချိန်ယူပြီးမှ အခါခါ စဉ်းစားပြီးမှ ပြင်ဆင်ရမယ့် ဥပဒေဖြစ်ပါတယ်၊ အချိန်ယူ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာလည်း ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီးတော့မှ သီးခြားအဓိပ္ပါယ်ဖွင့်ဆိုတာ မပါတဲ့အတွက် ဒီဖြည့်စွက်ချက်တွေကို ဖြည့်စွက်ဖို့  အခုအချိန်ဟာ လျော်ကန်သင့်မြတ်တဲ့ အခြေအနေနဲ့ အချိန်အခါ မဟုတ်သေး ပါဘူး” ဟုဆွေးနွေးခဲ့သည်။

ယနေ့ စတင်ဆွေးနွေးသည့် ၄၃၆ (ခ)တွင် “တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များခန့် အပ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမည့်အပြင် ၎င်းလွှတ်တော်များကို ရွေးချယ်ခန့် အပ်သူ ဖြစ်ရမည်” ဟူသည့် ပုဒ်မ ၂၆၁(ခ) နှင့် ၂၆၁(ဂ) စသည့် တပ်မတော်သားများ ကန့် ကွက်နိုင်သည့် ပြင်ဆင်ချက်များလည်း ပါဝင်သည်။

ဇွန် ၃၀၊ ဇူလိုင် ၁၊ ၂ နှင့် ၃ တို့ တွင် ဆက်လက်ဆွေးနွေးပြီး အတည်ပြုနိုင်ရန် မူလက ရည်မှန်းထားသော်လည်း သုံးရက်နှင့် မပြီးပါက ရှေ့အပတ်တွင် အပြီး ဆုံးဖြတ် အတည်ပြုသွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြော သည်။

Mizzima - News in Burmese
- See more at: http://mizzimaburmese.com/article/1275#sthash.XIlt0CVU.Spg2DXVm.dpuf

 students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ၀န်းရံသူ ၆၈ ဦးကို သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ၀န်းရံသူ ကိုခင်လှိုင်ဆိုသူဟာ သတိလစ်သွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

ကိုခင်လှိုင်ရဲ့ ကျန်းမာရေးအခြေအနေအရ အကျဉ်းထောင်ထဲမှာ ကုသနေတာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကိုပို့ပေးဖို့ တောင်းဆိုတာကို သာယာဝတီဆေးရုံအုပ်ကြီးက လက်ခံလိုက်တာဖြစ်တယ်လို့ လိုက်ပါကူညီနေတဲ့ ကိုဗသက်အောင်က ပြောပါတယ်။

"ကျနော်တို့ လိုက်ပါကူညီတဲ့လူတွေကိုခေါ်တယ်၊ သူ့အိမ်က မလာနိုင်ဘူး၊ ဆေးရုံအုပ်ကြီးက ကိုခင်လှိုင် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်သလဲဆိုတော့ ကျနော်တို့ကတော့ ထောင်ထဲမှာ သူ့ကိုဒီလိုကုနေတာဟာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ကုသခွင့်တောင်းဆိုပါတယ် လို့ဆိုတော့ သူကပေးပါမယ်တဲ့၊ သူ့ရဲ့ကျန်းမာရေး အခြေအနေကလည်း ပေးသင့်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်ဟာ အစာစားပြီး ပျို့အန်နေတဲ့ အနေအထားကို တွေ့နေရတာ ဒါမကောင်းဘူးပေါ့၊ အဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို လွှဲပေးမယ်ဆိုပြီး refer ပေးလိုက်ပါတယ်"

ကိုခင်လှိုင်ဟာ အစာအိမ်ရောဂါ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကု သမှုခံယူခဲ့ပြီး အာမခံမရတဲ့အတွက် သာယာဝတီကို ပြန်လည်ရောက်ရှိနေတာ နှစ်ပတ်ရှိပြီဖြစ်ပါတယ်။

အလားတူ အားပေးကူညီသူ ကိုတင်ဝင်းဟာ ရန်ကုန်ဆေးရုံကြီးမှာ အခုလက်ရှိဆေးကုသမှုခံနေဆဲဖြစ်ပြီး ကိုတင်ဝင်း အပါအ၀င် အာမခံလျှောက်ထားသူ ၁၅ ဦးအတွက် လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ အာမခံပေး၊ မပေး အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတဲ့ ပညာရေးသပိတ်မှောက် ကျောင်းသား ၃၅ ဦးကို ထောင်ဝင်စာပြန်ဖွင့် မပေးမချင်း ကျန်ဖမ်းဆီးခံကျောင်းသား အားလုံးကလည်း သူတို့ထောင်ဝင်စာမတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲက ၃၅ ဦးကို သီတင်းနှစ်ပတ်ကနေ တစ်လခွဲအထိ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရုံးထုတ်လာစဉ်မှာ အခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဒေါက်တာနေဝင်းက ပြောပါတယ်။

"ပြန်ခါနီးကျတော့ ကျောင်းသားတွေက ဆုံးဖြတ်ချက်တစ်ခုချတယ်တဲ့၊ သူတို့ကို ထောင်ဝင်စာ ၃၅ ယောက် ပိတ်ထားတယ်လေ၊ တချို့ကို နှစ်ပတ်ပိတ်တယ်၊ တချို့ကို လေးပတ်ပိတ်တယ်၊ တချို့ကို ခြောက်ပတ်ပိတ်တယ်၊ အယောက် ၂ဝ ကို နှစ်ပတ်ပိတ်တယ်၊ ၁ဝ ယောက်ကို လေးပတ်ပိတ်တယ်၊ ၅ ယောက်ကို ခြောက်ပတ်တောင် ပိတ်တယ်၊ အဲ့အခါကျတော့ ကျန်တဲ့လူတွေပါ ထောင်ဝင်စာ မတွေ့တော့ဘူးတဲ့၊ သူတို့ကိုထောင်ဝင်စာ ပြန် ဖွင့်ပေးမှ ကျန်တဲ့သူတွေ ထောင်ဝင်စာတွေ့မယ်လို့ သူတို့အစည်းအဝေးလုပ်ကြပြီးတော့ ဆုံးဖြတ်ချက်ချတယ်"

RFA
http://www.rfa.org/burmese/news/students-court-one-falldown-06302015112357.html

“ လူတစုတပ်မတော်လုပ်မှာလား … လူထုတပ်မတော်လုပ်မှာလား ”

ဇွန်လ (၂၃) ရက်နေ့ သတင်းထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) မှာပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းမပြုသင့်ဘဲ မူလအတိုင်း ထားရှိဖို့  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က အဓိက ကန့်ကွက်ဆွေးနွေး ပြောကြားခဲ့တယ်လို့ ဖတ်လိုက်ရတယ်။ တောင်သူလယ်သမား၊ အလုပ်သမား ဆင်းရဲသားလူထုအများစုကြီး အတွက်ကတော့ အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သတင်းဆိုးတပုဒ်ပါဘဲ။ တနည်းအားဖြင့်ပြောရရင် ပွေ့ ပိုက်ခြင်လို့ လက်ကမ်းနေတဲ့ မိဘပြည်သူတွေရဲ့ အရှိုက်ကို သားဆိုးသားမိုက်တွေက ဖနှောင့်နဲ့ ထပ်ကန် လိုက်တာပါဘဲ ။

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဗမာ့တပ်မတော်ဟာ ပြည်သူလူထုဖက်က ရပ်တည် ကာကွယ်နိုင်ခွင့်တွေ အကြိမ်ကြိမ်ရခဲ့ပေမဲ့ အဲ့ဒီအခွင့် အလမ်းတွေကိုအကျိုးရှိ အောင်အသုံးမချခဲ့ကြဘူးဆိုတာ တိုင်းပြည် လက်ရှိရောက်နေတဲ့ အခြေအနေအကျပ်အတည်းကြီးကအဖြေပေးပြီးသားပါ။

ကျွှန်တော်တို့ ဟာ သမိုင်းကိုလေ့လာရင်ဘဲဖြစ်ဖြစ် သမိုင်းထဲက သင်ခန်းစာထုတ်ယူတဲ့အခါဖြစ်ဖြစ် သမိုင်းဆိုင် ရာအချက်အလက်တွေကို ထိမ်ချန်ဖုံးကွယ်ဖျောက်ဖျက်ဖို့ မသင့်တော်သလို၊ ဘက်လိုက်အားနာမှု့၊ မပြတ်မသား သုံးသပ်မှု့တွေ မလုပ်အပ်ပါဘူး ။

၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၂ ခုနှစ်တွေကနေ မျက်မှောက်ခေတ်ထိ ကြိမ်ဖန် များစွာ ဖြစ်ပွားနေခဲ့တဲ့ စစ်အာဏာရှင်နဲ့ ပြည်သူကြားက ပဋိပက္ခတွေမှာ တပ်မတော်ကသာကြားနေပြီး အာဏာရှင်ဖက်က မရပ်တည်ဘဲ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆီးပေးခဲ့မယ်ဆိုရင် သမိုင်းကြောင်းလည်းကောင်း ပြီး အခုချိန်ဆို တပ်မတော်ဟာ တို့ နိုင်ငံရဲ့အိမ်ဦးခန်းမှာ ကျက်သရေရှိရှိနေရာယူနိုင်လို့ ပန်းကုံးစွပ်ခံရမဲ့ ပြည်သူ့ တပ်မတော်ဖြစ်နေခဲ့တာကြာပြီပေါ့။

အခုတော့ အာဏာရှင်ဖက်ကပြတ်ပြတ်သားသားရပ်တည်တဲ့၊ ပြည်သူကိုအကြိမ်ကြိမ်သတ်ဖြတ်အနိုင်ကျင့်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကမ္ဗည်းထိုးတဲ့လက်နက်ကိုင်ကြေးစားတပ်ရယ်လို့  သမိုင်းတင်ခဲ့ရတာမဟုတ်လား။ မိဘပြည်သူတွေအတွက်တော့ အလွန်ထိတ်လန့် နှလုံးကျေကွဲစရာတွေကြုံခဲ့ရတာပါ။ ကိုယ့်သားသမီးက ကိုယ်နဲ့ ကိုယ့်မိသားစုကို မညှာမတာ သတ်ဖြတ်မှု့ကြုံရတဲ့ ဘယ်မိဘ မထိတ်လန့် ဘဲရှိလိမ့်မတုံး။

ညီအစ်ကိုမောင်နှမ သားချင်း များစွာရှိတဲ့အိမ်တစ်အိမ်မှာ အကြီးဆုံး သြရဿ သားကြီးရှိတယ်ဆိုကြပါစို့။ သားကြီး အဖရာဆိုသလို အိမ်ထောင်စုကို ကာကွယ်စောင့်ရှောက်ရမှာ သူ့တာဝန်ဖြစ်သလို အိမ်နီးချင်း ပတ်ဝန်းကျင်က လေးစားခန့်ညားရအောင် ဗလငါးတန်နဲ့ပြည့်စုံဖို့ လိုတယ်။ ကာယဗလတင်အင်အား တောင့်တင်းနေရုံနဲ့ မပြည့်စုံ ဘူး။ ဉာဏဗလ၊ စာရိတ္တဗလမဖွံ့ဖြိုးဘဲ၊ အိမ်ထောင်စုရဲ့ အကောင်းဆုံး အခွင့်အရေးတွေ သူပဲမောင်ပိုင်စီး ခွတုတ်၊ ညီငယ်နှမငယ်တွေအပေါ် မတရားသဖြင့် နှိပ်စက်ရိုက်ပုတ်၊ လုပ်ချင်တာ လုပ်နေရင် ဘယ်သူက လေးစားမလဲ၊ ဘယ်သူကကြိုက်မလဲ၊ အဲဒီလို အစ်ကိုကြီးမျိုး အင်အားတောင့်တင်း၊ ဗလကြီးခြင်းဟာ၊ ညီ ငယ်ညီမငယ်တွေအတွက်တော့ အန္တရာယ်ပဲ၊ အားလုံး ဒူးနဲ့မျက်ရည် သုတ်နေရမှာပေါ့။

တို့တိုင်းပြည်က အာဏာသိမ်း တပ်မတော်ကလည်း အဲဒီလိုအစ်ကိုကြီးမျိုး ဖြစ်နေတယ်။ ဖွဲ့စည်းပုံခြေခံဥပဒေမှာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာတွေ အကုန်ယူထားတယ်။ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေ ဓနဥစ္စာတွေ မတရားသဖြင့် ယူထားတယ်။ မြေတွေ သိမ်းချင်သလိုသိမ်း၊ သယံဇာတတွေဆို အမေ့ထဘီတောင်ချွတ်ခိုင်းပြီး ပေါင်နှံ ရောင်းချသလိုမျိုး လုပ်ချင်ရာလုပ်ခဲ့တာ။ ဘယ်သူမှ မတိုင်ပင်ဘူး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမသားချင်းတွေက ကိုယ့်အခွင့်အရေးလေးတောင်းရင်ကို ဘီလူးသဘက်လိုနှိပ်စက်၊ အင်အားသုံးအနိုင်ကျင့် သတ်ဖြတ်တော့တာပဲမဟုတ်လား။ ပြည်သူကို ကာကွယ် စောင့်ရှောက်ရမယ့်အစား အာဏာရှင်အရေးနဲ့ သူတို့ အရေး ဦးထိပ်ပန်နေတာ အခုချိန်ထိအောင်ပါဘဲ။

စစ်သည်အင်အား ငါးသိန်းကျော်ရှိတဲ့အထဲက ဘယ်တော့များမှာ့ ပြည်သူတွေဖက်က ရဲရဲဝံ့ဝံ့ ထိထိရောက် ရောက် ရပ်တည်ကာကွယ်ပေးမဲ့ ပြည်ချစ်စစ်သားတွေထွက်လါမှာလဲ ။ မျက်မှောက်ချိန်ခါသမယမှာ အခွင့်လမ်း ကောင်း ကြုံနေရပြီမဟုတ်လား။ လက်လွှတ်မခံဖို့လိုတယ်။ ညစ်နွမ်းနေတဲ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်း ကိုပြန်လည် အဖတ်ဆယ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ စံရည်စံညွှန်းအတိုင်း ပြင်ဆင်ဖို့၊ နိုင်ငံတော်အာဏာကို တပ်မတော်လက်ထဲကနေ ပြည်သူ့အစိုးရလက်အပ်ဖို့၊ ပြတ်ပြတ်သားသား လုပ်ဆောင် ရမဲ့အချိန်ရောက်နေပါပြီ။

အမှန်နဲ့ အမှား ခွဲခြားတတ်တဲ့ အသိဥာဏ် နဲ့ စိတ်သတ္တိရှိဖို့ သိပ်အရေးကြီးပါတယ်။ တချို့ကျတော့ အမှန်နဲ့ အမှားကိုသိပေမဲ့ ကိုယ့်အတ္တအတွက်၊ ကိုယ့်လောဘအတွက် အမှန်တရားကိုလစ်လျူရှု့တတ်ကြတယ်။ အများအကျိုးစီးပွားကို ထိခိုက်မှန်းသိပေမဲ့ ကိုယ်ရနေတာလေး လက်လွှတ်ဆုံးရှုံးရမှာစိုးတဲ့ ဘယာဂတိတွေကြောင့်… အမှန်တရားကို မျက်ကွယ်ပြုတတ်ကြတယ်မဟုတ်လါး။

တကယ်တော့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထိုင်ခုံ(၂၅%) အနုကြမ်းစီးခံထားရတယ် မဟုတ်လါး။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို တပ်မတော်က မောင်ပိုင်စီးထားတာမဟုတ်လါး ။ ပြည်သူတွေရဲ့ အနာဂါတ်ကို လုယူထားတာမဟုတ်လါး။ တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ၊ တောင်သူတွေရဲ့လယ်မြေတွေ တရားမဲ့အသိမ်း ခံနေရတာမဟုတ်လါး ။

၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံရည်စံညွန်းတွေနဲ့ လုံးဝသွေဖီနေတယ်။ ထို့အတူပဲ ပြည်သူရဲ့ ဆန္ဒ သဘောထားတွေ၊ ခံယူချက်တွေကို ထင်ဟပ်ပြီးတော့ မဖော်ပြနိုင်ဘူး။ တရားမဝင်တဲ့ စစ်အစိုးရကနေ တရားဝင်စစ်အစိုးရဖြစ်အောင် ဖန်တီးလိုက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။

ပုဒ်မ(၄၃၆)အပါအ၀င်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အာဏာနိုင်ငံရေး(ပါတီနိုင်ငံရေး) ကိစ္စမဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့အရေး၊ တမျိုးသားလုံးရဲ့အရေး၊ တတိုင်းတပြည်လုံးအရေး၊ အမျိုးသားနိုင်ငံရေးကိစ္စကြီးဖြစ်တယ်။ ကျောင်းသားမှမဟုတ်ဘူး ဖိုးဖိုးဖွားဖွားကစလို့ ဘုန်းဘုန်း၊ ဆရာလေး၊ မွေးကင်းစကလေးထိသက်ဆိုင်တယ်။ ခေါင်းရွက်ဗျတ်ထိုးဈေးသယ်၊ တိုင်းရင်းသာ၊ စစ်တပ် ရဲ ၀န်ထမ်း ကယ်ပါ၊ ဒွန်းစဏ္ဍား ရှိရှိသမျှပြည်သူပြည်သားအားလုံးနဲ့ ဆိုင်တယ်။ အားလုံးရဲ့ အနာဂါတ်ရေးကိစ္စကြီးဖြစ်တယ်။

ဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့အချက်က “အမျိုးသားရေး” ဆိုတဲ့စကားလုံးဟာ မြန်မာလူမျိုးတမျိုးထဲကိုရည်ရွယ်တာမဟုတ်ပါဘူး ဗုဒ္ဓဘာသာအတွက်သက်သက်မဟုတ်ပါဘူး။ ရှမ်းကချင်ကရင်မွန်ကယားရခိုင်ချင်းစတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအပြင် ဗမာပြည်ပေါက်အိန္ဒိယလူမျိုး၊တရုပ်လူမျိုး စတဲ့လူမျိုးအားလုံးရဲ့အရေး၊ ပြီးတော့ အဲ့ဒီပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကိုးကွယ်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်တဲ့ဘာသာ စတဲ့ရှိရှိသမျှဘာသာအားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရင်းအတူတကွကြီးပွားချမ်းသာနိုင်ရေးပါ။ တနည်းအားဖြင့်ပြောရရင် အမျိုးသားနိုင်ငံရေးဆိုတာ ပြည်ထောင်စုအရေး တတိုင်းတပြည်လုံးအရေးအရာကိစ္စကြီးပါ။ ထပ်ပြီးရှင်းအောင်ပြောရရင် မိသားစုဝင်မြောက်များစွာရှိတဲ့ မိသားစုကြီးရဲ့အရေးအရာကိစ္စကြီးပါ။

ဒါကြောင့် မြန်မာနိုင်ငံသားမှန်ရင် တိုင်းပြည်ကိုတကယ်ချစ်တဲ့စစ်သားမှန်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီပုဒ်မ ၄၃၆ ကို ထိထိရောက်ရောက် ပြင်ဆင်နိုင်အောင် လူတိုင်းလူတိုင်းရှိရှိသမျှစွမ်းအားအပြည့်နဲ့  ၀ိုင်းဝန်းထောက်ခံကူညီကြဖို့ လိုတယ်။

အားလုံးရဲ့အနာဂါတ်ကောင်းဖို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်င်သစ်ကိုတည်ဆောက်ဖို့  စစ်အာဏာရှင်အရိပ်မိုးတဲ့ ဖွဲ့ စည်းပုံဥပဒေဆိုးကို အမြစ်လှန်တူးထုတ်ပစ်ရေးဟာ နိုင်ငံသားတိုင်းရဲ့အမျိုးသားရေးတာဝန်ကြီးဖြစ်တယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့အခြေခံအုပ်မြစ်ပါ ။ နိုင်သားတိုင်းအတွက်ဘ၀လုံခြုံမှု့ ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှု့ ၊ လွတ်လပ်မှု့ ၊ ညီမျှမှု့ ၊ တရားဥပဒေစိုးမိုးမှု့ရှိပြီးတော့၊ အခြေခံလူ့ အခွင့် လူ့ အရေးတွေ အာမခံကာကွယ်ပေးထားတဲ့ ခိုင်ခန့် တဲ့အိမ်ကြီးတစ်လုံးနဲ့ တူဖို့ လိုပါတယ် ။

တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အဲ့ဒီတိုင်းပြည်ကနိုင်သားတွေရဲ့ယဉ်ကျေးမှု့အဆင့်အတန်း ၊ နိုင်ငံရေးအသိအမြင်အနိမ့်အမြင့်ကိုဖေါ်ပြနိုင်ပါတယ်။

(၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ မခိုင်မာတဲ့အုပ်မြစ်ပေါ်တည်ထားတဲ့ နံရံတွေဆွေး ၊ ကြမ်းတွေဆွေးပြီး ၊ ခေါင်မိုးမလုံတဲ့ အချိန်မရွေးပြိုကျနိုင်တဲ့အိမ်အိုဟောင်းကြီးတစ်လုံးနဲ့ တူပါတယ် ။ လက်ရှိရာထူးအာဏာရှိလို့  ဘဲဖြစ်ဖြစ် ၊ အခွင့်ထူးတွေခံစားနေရလို့ ဖြစ်ဖြစ် ၊ လောလောဆယ်အဆင်ပြေနေတဲ့ အခြေကျနေတဲ့ ရာထူး ဌာနံတရ၊ စီးပွားရေးဘ၀ ၊ လူမှု့ရေးဘ၀တွေ အရှိန်မပျက်စေခြင်လိုဘဲဖြစ်ဖြစ် ၊ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံ ဥပဒေကိုမပြင်ခြင်ဘူးဆိုတဲ့သူတွေဟာ ၊ အန္တရာယ်ကြီးပြီး မခိုင်မာတဲ့အိမ်အိုဆွေးကြီးထဲမှာ၊ နောက်ဆုံးပေါ် ခေတ်မှီအသုံးအဆောင်တွေနဲ့ အခန်းဖွဲ့ နေသူတွေနဲ့ တူပါတယ် ။ သူတို့ အခန်းဘယ်လောက်ခိုင်ခိုင် ၊ ဘယ် လောက်ကောင်းကောင်း ၊ အိမ်အိုကြီးပြိုကျရင်တော့ အတူတူ ပြိုကျတဲ့အထဲပါသွားမှာပါ ။ (၂၀၀၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်သူ့ ရဲ့ဘ၀မှမလုံခြုံပါဘူး။

ပုဒ်မ(၄၃၆)အပါအ၀င်ဖွဲ့ စည်းပုံအခြေခံဥပဒေကိုထိထိရောက်ရောက်မပြင်နိုင်ရင် စစ်ညွှံထဲမှာအားလုံးရဲ့ဘ၀တွေ အနာဂါတ်တွေ ဆက်ပြီးအညွှန့် တုံးကြရအုံးမယ်။ ဥပဒေရဲ့အထက်မှာ ဗိုလ်ကျနေရာလုထားတဲ့ စစ်အာဏာရှင် အပေါင်းအပါအသိုင်းအ၀ိုင်းတွေရဲ့ လူလည်ကျ ခေါင်းပုံဖြတ် လူညွှန့် ခူးတာဆက်ခံနေရအုံးမှာပါ။

တရားဥပဒေမစိုးမိုးခြင်းရဲ့ ရေသောက်မြစ်ဖြစ်တဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲခြင်းဟာ … တစက္ကန့် တမိနစ်နောက်ကျရင် နောက်ကျသလောက် ပြည်တွင်းစစ်မီးတောက်အောက်မှာ စစ်ဂျပိုးလူဂျပိုးတွေရဲ့ လက်အောက်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ အဖမ်းခံရမှု့ အသတ်ခံရမှု့ တပ်မတော်သားတွေ မလိုအပ်ဖဲ အသက်ဆုံးရှုံးမှု့ နိုင်ငံအနှံ့ လူသတ်မဒိမ်းမြေသိမ်းမှု့တွေ မတရားပုဒ်မတွေနဲ့ မမျှမတ တရားစီရင်ခံရမှု့တွေ ဆက်ဖြစ်နေအုံးမှာပါ။

ဒါပေမဲ့ ပြည်သူပြည်သားတွေလက်မခံတဲ့ ဘယ်အုပ်ချုပ်မှု့စနစ်မဆို နိဂုံးကောင်းနဲ့ အဆုံးသတ်ရိုး ထုံးစံ မရှိပါဘူး။

ဒီတော့ တပ်မတော်သားအားလုံးကို မေးပါရစေ ….. လိပ်ပြာသန့် သန့် ရဲရဲရင့်ရင့်ဖြေ ကြည့်လိုက်ပါ ။
ဗမာ့တပ်မတော်ဟာ ဘယ်သူ့ တပ်မတော်လဲ …
လူတစုတပ်မတော်လုပ်မှာလား … လူထုတပ်မတော်လုပ်မှာလား ။
ကိုယ်ကြိုက်တာကိုယ်ရွေး….ကိုယ့်သမိုင်းကိုယ်ရေး
ရွေးသင့်တာရွေး…ပေးသင့်တာပေး
ပြေးခြင်လည်းပြေး….သံသရာက…မဝေးလှပါဘူး ။ ။

(မင်းကောင်းချစ်)
ဇွန်လ (၂၄) ရက်၂၀၁၅ ခုနှစ်

မြန်မာ့ဆန် အရည်အသွေး သတ်မှတ်ချက်တွေ နဲ့ပါတ်သက်လို့ တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘောတူညီချက်တွေ ရှိပြီးဖြစ်ပေမယ့် တရုတ်ဘက်က မြန်မာ့ဆန်ကို သဘောတူတဲ့အတိုင်း မဝယ်ဘဲ ရပ်ထားလို့ သမ္မတအဆင့်က ဝင်ညှိပေးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းကို ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက တရားဝင်ဝယ်ယူဖို့ နှစ်နိုင်ငံ ဝန်ကြီးအဆင့်တွေ သဘောတူခဲ့ပြီး လိုအပ်တဲ့ အရည်အသွေး စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက အကြောင်းအမျိုးမျိုး ပြပြီး တရားဝင် ဝယ်ယူမှု မပြုတာကြောင့် ဝန်ကြီးအဆင့်ချင်း ညှိလို့မဖြစ်နိုင်တော့တဲ့အတွက် သမ္မတ အဆင့်ကနေ ညှိနှိုင်းပေးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကို တင်ပြခဲ့တာဖြစ်ပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံဘက်က ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် မူဆယ်မှာ ဆန်တန်ချိန် ၅ သောင်းလောက် သောင်တင်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်အောင် ကတော့ တရုတ်နိုင်ငံက ဆန်စပါး လိုအပ်ချက်ဟာ တစ်လကို တန်ချိန် ၅ သောင်းကနေ တစ်သိန်း အထိ ရှိကြောင်းပြောပါတယ်။

အရင်က မြန်မာဘက်က တရုတ်ကို တရားမဝင် တင်သွင်းမှုတွေကို တရုတ် နိုင်ငံဘက်က မျက်စိမှိတ်ထားပေမယ့် အခုတော့ ဆန်တွေကို ဖြတ်ခွင့် မပေးတာဟာ နိုင်ငံရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တရုတ်နဲ့ ဗီယက်နမ်နိုင်ငံ ကြားမှာ တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်ပြီး တင်းမာနေချိန်က တရုတ်က ဗီယက်နမ် ဆန်ကိုမဝယ်ဘဲ မြန်မာနယ်စပ်က သွင်းလာတဲ့ ဆန်ကို မသိကျိုးကျွံပြု ဝယ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မူဆယ် နယ်စပ်ကုန်သွယ်ရေး ကတဆင့် တရုတ်နိုင်ငံကို ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ပါတယ်။

အခုအချိန်မှာ ဗီယက်နမ်နဲ့ ဆက်ဆံရေးပြန်လည် ကောင်းမွန်လာတဲ့အတွက် မြန်မာနိုင်ငံက ဆန်ကို မဝယ်ဘဲ ဗီယက်နမ် ဆန်ကို ပြန်လည် ဝယ်ယူနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ဝန်ကြီးဘက်က တင်ပြချက်ကို ဒုတိယ သမ္မတ ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိခဲ့ပါဘူး။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ကိစ္စ၊ ကိုးကန့် အရေးတို့နဲ့ ပတ်သက်ပြီး တရုတ် မြန်မာ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကိုလည်း ရိုက်ခတ်လာတာလို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့က လည်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးရုံးမှာပြုလုပ်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးမြင့်လှိုင်က တင်ပြခဲ့တာဖြစ်ပါတယ်။

BBC

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေ တာကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသကျောင်းသားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။

တကသအဖွဲ့ဝင် ကိုဇေယျာလွင်က သူတို့ရဲ့ တောင်းဆိုချက်ကို အခုလိုပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခွင့်အာဏာ အထူးရရှိထားတဲ့ လွှတ်တော်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ရှိရေးအတွက်ကို ကျနော်တို့ ဒီနေ့ဆန္ဒပြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာ အခွင့်ထူးခံ လူတန်းစား ဒီတစ်စုသည် နိုင်ငံတင်မဟုတ်ဘဲနဲ့ လွှတ်တော်ထဲမှာပါ ဝင်ရောက်ချယ်လှယ်နေတာဟာ ဘယ်လိုမှ ဒီမိုကရေစီလို့ပြောလို့မရတဲ့ အခြေအနေမျိုးရောက်လာတယ်"

တကသ ကျောင်းသူကျောင်းသားတွေဟာ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ စတင်စုဝေးကြပြီး မြို့တော်ခန်းမရှေ့အထိ ချီတက်ခဲ့ကြပါတယ်။

ကျောင်းသားတွေကို ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်လောက်က အနော်ရထာလမ်းမမှာ နှစ်ကြိမ်ပိတ်ဆို့တားမြစ်ခဲ့ ပါတယ်။ ကျောင်းသားတွေက ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားက ဖောက်ထွက်ပြီး မြို့တော်ခန်းမရှေ့အထိ အရောက်ချီတက်ခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ တကသအဖွဲ့ဝင်တွေနဲ့ အခြားကျောင်းသားလူငယ် ၃၀ ကျော်ပါဝင်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/students-demand-military-representatives-resign-06302015102844.html



လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဖို့ရှိပြီး၊ ဒီဆွေးနွေးပွဲဟာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မလား၊ ရပ်တန့်သွားမလား ဆိုတာကို နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်တွေ လော်ခီးလာညီလာခံမှာ ပြန်လည်ဆွေးနွေး၊ ပြင်ဆင်လိုက်တဲ့နောက် နှစ်ဘက်အကြား တစ်ဆို့မှုဖြစ်နေတာတွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“၃ ရက်နေ့မှာ တွေ့နိုင်ဖို့အတွက် ညှိနှိုင်းနေတုန်းပဲ ရှိတယ်၊ UPWC အနေနဲ့တော့ မဟုတ်ပါဘူး။ ဦးအောင်မင်းခေါင်းဆောင်တဲ့ အဖွဲ့ရဲ့ နည်းနည်းလေးပဲ သွားမယ်။ သွားပြီးတော့ ၀န်ကြီး ဦးအောင်မင်းအနေနဲ့ အခု အစိုးရကနေပြီးတော့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ရပ်တည်မှုပေါ့။ နောက် NCA ပေါ်မှာ စဉ်းစားထားတာပေါ့နော်။ အဲ ဒါတွေအကုန်လုံးကို သွားရှင်းပြမှာပါပဲ။ ရှင်းပြပြီးတဲ့ နောက်ပိုင်းမှပဲ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ဒါ ဆက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတော့ စဉ်းစားနိုင်မယ်ထင်တယ်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဓိက ရှင်းလင်းမယ့် အချက်တွေကိုတော့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ မတ်လကုန်ပိုင်းက NCA လို့ခေါ်တဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီလဆန်းပိုင်းကတော့ ကရင်ပြည်နယ်မှာ ကျင်းပတဲ့ လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ထိပ်သီးညီလာခံက စာချုပ်မူကြမ်းပါ အချက် ၁၂ ချက်လောက်ကို ပြင်ဆင်ခဲ့သလို၊ ဒီအချက်တွေကို ဆက်လက်ဆွေးနွေးဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ဇွန်လ ၂၂ ရက်နေ့မှာ UPWC နဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ် တုံ့ပြန်ချက်နဲ့ လတ်တလော ဦးအောင်မင်း လာရောက်မယ့် ခရီးစဉ်အပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးနိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“သူတို့က ယေဘုယျအားဖြင့်တော့ လက်မခံချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ရှင်းလင်းပြလိုက်တော့ သူတို့ကတော့ အထက်ကို ပြန်တင်ပြမယ်။ တင်ပြပြီးတော့ ဒီလာမယ့် ဇူလိုင်ပထမပတ်မှာ လာပြီးတော့ ပြောပြမယ်။ အဲဒါကို လက်ခံလား လက်မခံဘူးလားဆိုတဲ့ဟာ အဖြေ လာပေးမယ်ပေါ့ဗျာ။ ယေဘုယျအားဖြင့်တော့ ၂၊ ၃၊ ၄ အဲဒီရက်ပိုင်းမှာလေ။ အလွတ်သဘောပဲ၊ တရားဝင်တွေ့တဲ့ပွဲ မဟုတ်သေးဘူးခင်ဗျ။”

ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာဟာ ၀န်ကြီး ဦးအောင်မင်း ရှင်းလင်းပြတဲ့ အချက်တွေအပေါ် တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ မူတည်နိုင်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဦးနိုင်ဟံသာကတော့ တိုင်းရင်းသားတွေဘက်ကလည်း ထိပ်သီးခေါင်းဆောင် ချမှတ်ထားတာကို ပြင်ဆင်ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“မတ်လ ၃၁ ရက်နေ့ လက်မှတ်ထိုးတုန်းက ပြောထားတဲ့ NCCT အနေနဲ့ကတော့ အပြတ် အဖြေပေးလို့ရတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ဘူး။ အဲဒါကို ထိပ်သီးခေါင်းဆောင်များကို တင်ပြရမှာဖြစ်သလို၊ အခက်အခဲကနေပြီးတော့မှ လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ပြီးတော့မှ ထပ်မံ ဆွေးနွေးရမယ်ဆိုတဲ့ဟာလည်း ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်ဗျ နော်။ သဘောတူ လက်မှတ်ထိုးတဲ့စာထဲမှာလည်း အဲဒါတွေ ပါတယ်လေ။ အဲဒီလို ဖော်ပြထားရဲ့သားနဲ့ပေါ့ဗျာ အခုကျတော့ မပြင်ချင်တော့ဘူး စသဖြင့် အဲလိုမျိုး ပြောလာတဲ့အတွက်ပေါ့ဗျာ ကျနော်တို့လည်း စိတ်မကောင်းဘူးဗျ နော်။ ကျနော်တို့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့လည်း ပြင်လို့ရတာ မဟုတ်ဘူးလေဗျာ။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အသင့်ရှိကြောင်းကို လစဉ် ရေဒီယိုမိန့်ခွန်းမှာ မေလဆန်းက ထည့်သွင်း ပြောဆိုထားပါတယ်။ လတ်တလော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲရှိပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး UPWC နဲ့ NCCT တို့ ဟာ ပြည်တွင်း ပြည်ပမှာ အလွတ်သဘော ၂၂ ကြိမ်နဲ့ တရားဝင် ၇ ကြိမ် တွေ့ဆုံပြီးတဲ့နောက် နောက်ဆုံးမူကြမ်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/myanmar-peace-process/2842811.html


လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး အဓိက ဦးတည်ကာ တောင်းဆိုခဲ့ကြသည့် စုပေါင်း ဆန္ဒဖော်ထုတ်ပွဲအား ဇွန်၃၀ရက် နေ့ လည့် ၃နာရီခန့်က ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေခန်းမရှေ့အထိ တကသကျောင်းသား များ ကဦးဆောင်ကာ အနီးအနားရှိ ပြည်သူအချို့မှ ပါဝင်ခဲ့ကြောင်း သိရသည်။

ဇွန်လ၂၅ရက်နေ့က လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံတွင်ပါဝင်သည့် ဥပဒေ ၆ခု ကိုပြင် ဆင်ရန် မဲခွဲဆုံးဖြတ်ရာတွင် တစ်ခု သာ အောင်မြင်ခဲ့ သည့်အတွက် လွှတ်တော်တွင်းက တပ်ကိုယ်စားလှယ်များက အားရ၀မ်း သာ လက်ခုပ်ထတီးကြခြင်းကို မကျေနပ်ကြောင်း အဆိုပါဆန္ဒပြပွဲ တွင်ပါဝင်သည့် ဒီမိုကေ ရစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင် က ပြောသည်။

"ကျွန်တော်နိုင်ငံရဲ့အခြေခံဥပဒေပြင်ဆင်ရေးက အရေးကြီးပါတယ်။ အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မဲခွဲတဲ့နေရာမှာ တပ်မတော်သားကိုယ် စားလှယ်တွေက ပြည်သူကို မျက်နှာမထောက်ဘဲ တစ်ဦးတစ်ယောက် အကျိုးအတွက် ပဲ မဲပေးတဲ့အပြင်အားပါးတရ လက်ခုပ်တီးသွားတဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတောင်းဆို တာဖြစ်တယ်"ဟု ၄င်းကဆိုသည်။


“အဓိကက ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အားလုံးကိုချုပ် ကိုင်ချင်နေလို့ပါ။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြည်သူကို တကယ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရှား ပါးပြီး နေရာတွေ ကို ပြည်သူအတွက် ကိုယ်စားမပြုတဲ့ လူတွေအတွက် ပေးထားရတော့ ဒီမိုကရေစီကို အစစ်မှန် သွားနိုင်မှာ မဟုတ်ဘူး”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင် သူ ကျောင်းသား တစ်ဦးဖြစ်သည့် ကိုရဲဇာနည်ထွန်းက ပြောသည်။


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအပါ အဝင် ပြည်သူလူထုတောင်းဆိုသည့် အချက်များစွာ မရရှိခဲ့ခြင်းမှာ လွှတ်တော်ထဲတွင် တပ်မတော်သား(၂၅)ရာခိုင်နှုန်း ပါဝင်နေရခြင်းသည် အဓိကဖြစ်ပြီး ပြည်သူ အား အမှန်တကယ်ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ ပေါ်ထွက်လာရေးမှာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

“လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေမရှိဘူး။ ဒါကြောင့် ပြည်သူတွေ လိုချင်တာတွေ၊ ကျောင်းသား တွေ လိုချင်တာတွေ ဖြစ်လာ မှာမဟုတ် ဘူး။ ပြည်သူတွေ၊ ကျောင်းသားတွေ လိုချင် တာဖြစ်လာဖို့ဆိုရင် လွှတ် တော် ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေရှိနေမှဖြစ်မယ်။”ဟု ဆန္ဒပြရာ တွင်ပါဝင်သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ လုံခြုံရေးအင်အား (၁၀၀ )၀န်းကျင် တာဝန်ယူ ခဲ့သည်။ ဆန္ဒပြရာ လမ်းတစ်လျောက်တွင်ရဲတပ်ဖွဲ့မှ ၃ကြိမ်ထက်မနည်း အင်းအားသုံး တားဆီးခြင်း ခံရပြီး အတားအဆီး များကို လာရောက်ကြည်ရူ အားပေး သည့် ပြည်သူများ အကူအညီဖြင့် ကျော်ဖြတ် ကာ၃:၄၀ ခန့်တွင်ဆူးလေခန်း မရှေ့ပလက်ဖောင်းကိုရောက် ရှိပြီး ဟောပြောခြင်းများ ပြုလုပ်ပြီး ညနေ၄နာရီခွဲ
ခန့် တွင်အေးချမ်းစွာ လူစုခွဲသွားကြောင်း သိရသည်။

သတင်း -စိုင်းဟန်၊ MMK
ဓာတ်ပုံ- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


တိုကျို မှ အိုဆာကာသို့ ဦးတည်မောင်းနှင်သော ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေရာမှ လူ ၂ ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

 သတင်းများအရ ဇွန် ၃၀ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က နိုဇိုမီ ၂၂၅ ရှင်ကန်ဆန် ရထားပေါ်၌ အမျိုးသားတဦး မိမိကိုယ်ကို ဆီတမျိုးဖြင့်လောင်း၍ မီးတင်ရှို့ ခဲ့ကြောင်း သိရသည်။

 တာဝန်ရှိသူများက မီးကို အလျင်အမြန် ငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆိုပါအမျိုးသား သေဆုံးခဲ့သည်ဟု NHK သတင်းအရ သိရသည်။

 ယင်းဖြစ်ရပ်ကြောင့် ရထားကို ကာနာဂါဝါဒေသ အိုဒါဝါရာမြိုကတွင် နာရီအနည်းငယ်ကြာ ရပ်နားခဲ့ရသည်။

သေဆုံးသူအမျိုးသားသည် ရထား၏ပထမတွဲတွင် လိုက်ပါခဲ့သူဖြစ်၍ အရည်တမျိုးကို ၎င်း၏ကိုယ်ပေါ်နှင့် အနီးတ၀ိုက်တွင် လောင်းချပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း ရထား၏ ပထမတွဲနှင့် ဒုတိယတွဲကြားရှိ သန့်စဉ်ခန်းအနီးတွင် အသက် ၅၀ အရွယ် အမျိုးသမီးတဦး နှလုံးရပ်တန့်၍ လဲကျသေဆုံးသွားခဲ့ရကြောင်း သိရသည်။

 ထို့ပြင် လူ ၄ ဦး မီးခိုးမွှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အခြား ၇ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

၎င်းအမျိုးသားသည် မသေဆုံးမီ ကိုယ်ပေါ်သို့ ဆီများလောင်းချပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနေသည်ကို ဟန့်တားသူအမျိုးသမီးအား ဘေးကင်းရာသို့ထွက်သွားရန် ပြောခဲ့ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးကြောင်း၊ စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

NHK
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာနိုင်ငံအရပ်ရပ်ရှိ မှတ်ပုံတင် မရှိဘဲ နေထိုင်ခဲ့သော ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲကြီးကာလ အတွင်း လွတ်လပ်သော မဲပေးခွင့်တရပ် ရရှိကြမည်ဖြစ်ကြာင်း မြန်မာနိုင်ငံအနှံ့ အပြားတွင် မဲရုံတထောင်ကျော်ကို ကြား နေစောင့်ကြည့်မည့် အဖွဲ့ခေါင်းဆောင် ဦးစိုင်ကျော်စွာမြင့်က ပြောကြားသည်။

ဆန္ဒမဲပေးနိုင်သော မြန်မာနိုင်ငံ အနှံ့အပြားတွင်နေထိုင်သော ဒေသခံများ စွာမှာ မှတ်ပုံတင်ကို မိဘဘိုးဘွားများက အစ မပြုလုပ်ခဲ့ဘဲနေထိုင်သူ များစွာရှိနေ ပြီး ထိုသူများတွင် ကျေးလက်နေပြည်သူ များစွာပါဝင်နေကြောင်း၊ အဆိုပါမြန်မာ နိုင်ငံအတွင်း မျိုးဆက်သုံးဆက်နေထိုင်ပြီး သူများနှင့် ဘိုးဘွားအစဉ်အဆက်နေထိုင် ခဲ့သော်လည်း မှတ်ပုံတင်မရှိဘဲ နေထိုင်သူ များအနေဖြင့် ရပ်ကျေးကော်မတီသုံးရပ်က ထောက်ခံပါက ထိုသူများ၏ဆန်္ဒအရ မိမိတို့ ကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်လောင်းကို မဲပေးခွင့်ရရှိကြမည်ဖြစ် ကြောင်းလည်း သိရသည်။

““ကျွန်တော်တို့ဒေသမှာ နိုင်ငံခြား ထွက် အလုပ်လုပ်တဲ့သူသာ မှတ်ပုံတင် လုပ်ကြတာပါ။ အချို့ဆိုရင် အသက်သုံး ဆယ်ကျော်တာတောင် မှတ်ပုံတင်မရှိသူ တွေ အများကြီးရှိပါတယ်။ အချို့နေရာများ တွင် အသက်တရာကျော်ရှိနေသူတွေ တောင် အများကြီးရှိပါတယ်။ သူတို့တွေမှာ မှတ်ပုံတင်မရှိကြဘူး။

သူတို့တွေကလည်းဘယ်မှမသွားကြပါဘူး””ဟု မြေလတ် ဒေသနေ ပြည်သူများစွာထံက ပြောဆိုကြ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူများစွာ ကို အလွယ်တကူမဲပေးနိုင်ရန် ပြည်ထောင် စုအစိုးရက ကျေးလက်ဒေသများအထိ နိုင်ငံသားစိစစ်ဆေးကတ်ပြားများ ငွေ ၆ ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း နေရာ များစွာတွင် ကျပ် ၂၅၀၀ မှ ကျပ် ၃ ထောင်အထိ ပေးနေရသောကြောင့်အဆိုပါငွေကြေးကိုအပိုမသုံးချင်သော နိုင်ငံသားများအနေဖြင့် မှတ်ပုံတင်ကတ် ပြားများ မလုပ်ကြကြောင်းလည်း သိရ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ ၃၃ သန်းကျော်ရှိမည်ဟု ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူများက ခန့်မှန်းထားသော် လည်းအများစုမှာ ရွေးကောက်ပွဲကို စိတ် မ၀င်စားဘဲရှိနေပြီးထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတနိုင်ငံတည်း မဟုတ်ဘဲသြစတြေးလျနိုင်ငံကလွဲပြီးကမ်္ဘာ့နိုင်ငံများတွင်မဲပေးချင်သူအရေအတွက် ကျဆင်း နေကြောင်းလည်း စာရင်းဇယားသုတသန ပြုချက်များအား ရည်ညွှန်းလျက် ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.