07/04/15

(၁)

မနေ့တစ်နေ့က Channel News Asia သတင်းမှာ..
စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ကျောက်မျက်ရတနာပြပွဲ
Singapore International Jewelry Expo (SIJE)
သတင်းတွေတွေထဲက ထူးခြားတာတစ်ခုတွေ့ရပါတယ်..

အဲဒါကတော့.. ပိုင်ရှင်၊ အဖွဲ့စည်းအမည်လျှို့ဝှက်ထားတဲ့..
သူတစ်ယောက်က ကာရက်ချိန် (၉၅၀) လောက်အထိကြီးမားတဲ့.
အရည်အသွေး ပထမတန်းစားဖြစ်တယ်ဆိုတဲ့..
မြန်မာ့ပတ္တမြားကြီးကို... လာခင်းကျင်းပြသတဲ့သတင်းပါ..၊

တစ်ချိန်တုန်းက ကမ္ဘာကျော်ခဲ့ပြီး..
အခုနောက်ပိုင်းမှာ...
ဘယ်ရောက်သွားမှန်းမသိတော့တဲ့...
တန်ဘိုးဖြတ်လို့မရဘူးဆိုတဲ့...
(၄၁၉) ကာရက်ရှိတဲ့ "န၀တပတ္တမြား"ထက်ကို..
နှစ်ဆကျော်ကြီးမားတဲ့..ပတ္တမြားကြီးဖြစ်ပါတယ်..၊

သတင်းအရဆိုရင်..

အဲဒီပြပွဲကြီးရဲ့ Highlight ဟာ ....
အဲဒီ ၉၅၀ ကာရက်မြန်မာ့ပတ္တမြားကြီးပဲဖြစ်ပါတယ်တဲ့..၊

စိတ်ဝင်စားစရာကတော့..
အဲဒီပတ္တမြားကြီးရဲ့ ပိုင်ရှင်ပဲဖြစ်ပါတယ်..၊

၁၉၉၆ ခုနှစ်က မိုးကုတ်ရတနာမြေကရရှိခဲ့ပြီး..
လူမသိသူမသိ နိုင်ငံခြားကိုရောက်ရှိသွားခဲ့တဲ့...၊
ကမ္ဘာကျော် Prince of Burma ဆိုတဲ့ ပတ္တမြားကြီးဟာလဲ
ကာရက် (၉၅၀) ရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်၊

-------------------------

နောက်တစ်ခုကတော့..
အဲဒီပြပွဲရဲ့ ဒုတိယစိတ်ဝင်စားစရာတစ်ခုဖြစ်ပါတယ်..

ကမ္ဘာ့အကောင်းဆုံးအရည်အသွေးရှိတဲ့
(၂၅.၅၉) ကာရက်ရှိတဲ့..
ခိုသွေးအရောင် ( pigeon blood)
မြန်မာ့ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့လက်စွပ်ကို
ဒေါ်လာ ၃၀.၃၃ သန်း (မြန်မာငွေ သိန်းပေါင်းသုံးသိန်းငါးသောင်းကျော်)
နဲ့ ကြမ်းခင်းဈေးသတ်မှတ်ထားတဲ့သတင်းဖြစ်ပါတယ်၊

---------------------------

(၂)

မိုးကုတ်၊ ဖါးကန့်စတဲ့..ဒေသတွေက..
မြန်မာ့ ကျောက်မြက်ရတနာထုတ်လုပ်မှုတွေကို
ဘဘတွေနဲ့ ပလဲနံပသင့်နေတဲ့ ခရိုနီတွေ...
လက်ဝါးကြီးအုပ်ထားခဲ့တာ ဦးသန်းရွှေအစိုးရလက်ထက်
ကတည်းကဖြစ်ပါတယ်..၊

ဦးနေ၀င်းခေတ်အထိ မိုးကုတ်ရတနာမြေ နဲ့..
ဖါးကန့်ကျောက်စိမ်းမြေတွေကို...
ကန့်သတ်ချက်မျိုးစုံနဲ့ ထုတ်လုပ်ခဲ့ရာကနေ..

ဦးသန်းရွှေလက်ထက်မှာ..
အင်အားကြီးမားလှတဲ့ စက်ယန္တရားကြီးတွေနဲ့
စည်းမရှိဘောင်မရှိ..ကန့်သတ်ချက်မဲ့..
ထုတ်လုပ်ခဲ့ကြခွင့်ရတဲ့အတွက် ဒေသတစ်ခုလုံး..
မြေလှန်ခံရသလို ပွစာကျဲကုန်ပါတယ်..၊

ပိုဆိုးတာက...အစိုးရကချပေးထားတဲ့ခရိုနီတွေရဲ့..
လုပ်ကွက်တွေထဲကနေ..မြန်မာ့ရတနာတွေဟာ..
နိုင်ငံခြားကို လူမသိသူမသိ ရောက်ရှိသွားကြပြီး..
ကမ္ဘာနိုင်ငံကြီးတွေမှာ..ကမ္ဘာကျော်ရတနာပြပွဲတွေ
ကျင်းပတဲ့အခါကျမှ..
မိုးပေါ်ကကျလာသလို ပြန်တွေ့ရတဲ့ဖြစ်စဉ်တွေ..
ဆက်တိုက်ရှိလာတာကို သတိထားမိခဲ့ပါတယ်..

နောက်ပိုင်းမှာ မိုးကုတ်၊ ဖါးကန့်စတဲ့ရတနာမြေက..
အရည်အသွေးကောင်း ရတနာတွေရှားပါးလာပြီး..၊
မြန်မာတိုင်းရင်းသားစစ်စစ်တွေဟာလဲ..
တစ်ချိန်တုန်းက...
စိတ်ကူးထဲမှာတောင်မထည့်ခဲ့ကြတဲ့..
သာမန်တွင်းထွက်တွေဖြစ်တဲ့..
ပြောင်ခေါင်းစိမ်း ၊ ခရမ်းစွဲ ၊ ဥဿဖုရား စတာတွေကိုပဲ
ရတနာအဖြစ် ၀တ်ဆင်လာကြတဲ့အဆင့်ကို..
ရောက်ရှိသွားပါတော့တယ်..

ပိုဆိုးတာက...မြန်မာနိုင်ငံမှာပဲရှိတဲ့..
ကမ္ဘာ့အရည်အသွေးကောင်း ပတ္တမြား၊ နီလာနဲ့
ပထမတန်းစားကျောက်စိမ်းတွေဟာ..
စိန်ထက်ပိုပြီး ရှားပါးလာတာပါပဲ...
ဘာ့ကြောင့်လဲဆိုတော့..အရည်အသွေးကောင်းတဲ့
စိန်ဟာ တစ်နိုင်ငံတည်းကထွက်ရှိတာ မဟုတ်လို့ဖြစ်ပါတယ်..၊

ဖေါင်စီးရင်းရေငတ်နေကြတဲ့ ..၀မ်းနည်းစရာ
အဖြစ်အပျက်တွေပဲဖြစ်ပါတယ်..၊

----------------------

(၃)

မြန်မာ့အဖိုးတန်..ပတ္တမြား ၊ နီလာ အပါဝင်..
ကျွန်းသစ် နဲ့ သဘာဝဓာတ်ငွေ့တွေကအစ..
တန်ဘိုးဘယ်လောက်ရှိမှန်းမသိပဲ..
အသိဥာဏ်မဲ့ထုတ်လုပ်ခွင့်ပေးခဲ့တဲ့..
စစ်တစ်ပိုင်းအစိုးရကို အသက်ဆက်အောင်..
ပံ့ပိုးပေးသူတွေအနေနဲ့...ဒီလိုမျိုးရင်နာစရာ..
မြန်မာလူမျိုးတွေရဲ့ ဘ၀ကို.လျစ်လှူရှုနေသလိုဖြစ်ပါတယ်၊

အဖိုးတန်သယံဇာတတွေကိုလဲတန်ဘိုးထားရမှန်းမသိတဲ့
နလပိန်းတုန်းတွေဟာ..

အခုချိန်မှာလဲ...

မြန်မာနိုင်ငံရဲ့ အဖိုးတန် ....
ကမ္ဘာကတန်ဘိုးထားရတဲ့..
လူထုခေါင်းဆောင်ကိုလဲ..

တန်ဘိုးရှိမှန်း မသိကြပါဘူး...၊

မြန်မာ့အဖိုးတန်ရတနာတွေ..
အဖိုးတန်သယံဇာတတွေ...
ကုန်ခန်းသွားတဲ့အချိန်မှာ..

အဖိုးတန်ခေါင်းဆောင်ကပဲ..
တိုင်းပြည်ကိုတည့်မတ်ပေးနိုင်စွမ်းရှိမှာပါ...၊

အဲဒီတော့...

ပြည်သူတွေအနေနဲ့...

ကိုယ့်အနာဂတ်ကိုယ်..
ကိုယ်တိုင် ရွေးချယ်နိုင်ကြပါစေ..

( Pa Yit )

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ် လမ်းပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရပါတယ်။

မြ၀တီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ တပ်စွဲထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အန္တရာယ်ဖြစ်စေသလို ခရီးသွားရာမှာလည်း ကြန့်ကြာခဲ့ရတယ်လို့ ခရီးသည်တင်ကား ပြေးဆွဲနေတဲ့ ဦးလှအေးက ပြောပါတယ်။

“လမ်းခရီးကြမ်းတာ ဖြည်းဖြည်းမောင်းသွားလို့ရတယ်။ အခုလိုတိုက်ပွဲကြမ်းနေရင် ဘာမှလုပ်လို့မရဘူး၊ ခဏရပ် ကျနော်တို့သွားပါရစေလို့ ပြောလို့လည်းမရဘူး။ ပုပ်ကုန်တွေဆိုရင်လည်း ပုပ်ကုန်တယ်၊ လူတွေသွားဖို့အတွက် အန္တရာယ်များတယ်။ ငွေရေးကျေးရေးကတော့ အန္တရာယ်အကြားမှာလည်း ပေးနေရတယ်။ အန္တရာယ်မရှိရင်လည်း ပေးနေရတာပဲ၊ ဒီမနက် ၆ နာရီခွဲကတည်းကစောင့်နေတယ်။ အခုနေ့လယ်ပိုင်း ၃ နာရီထိုးနေပြီ သွားလို့မရသေးဘူး။ ဒါဆို မြဝတီမြို့နဲ့ နီးနီးလေးတနေရာမှာပဲ ရှိသေးတယ်၊ တိုက်ပွဲသံတွေလည်း ကြားနေရတယ်။ သွားမယ်ဆိုရင်လည်း အဆူခံ ဟောက်ခံနေရတယ်။”

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ခရီးကြန့်ကြာခဲ့ရပါတယ်။

လက်နက်ကြီးသံ တိတ်သွားတဲ့အချိန်မှာတော့ ကော့ကရိတ် မြဝတီတောင်ပတ်လမ်းကို သွားလာတဲ့ ခရီးသည်မရှိတော့ဘဲ လမ်းအဟောင်းကိုပဲ အသုံးပြုသူတွေ ပိုများလာပါတယ်။

ခရီးသည်တဦးဖြစ်တဲ့ မ၀င်းအိဖြိုးက “သူများတွေလည်း ကိုယ့်လိုပဲ သွားချင်နေကြပြီ။ အချိန်ကလည်း အရမ်းကြာနေပြီ။ သွားရတာကလည်း ခရီးကလည်း နီးနီးနားလည်း မဟုတ်ဘူး၊ အဝေးကြီးဆိုတော့” လို့ ပြောပါတယ်။

သင်္ကန်းညီနောင်ဘက်မှာတော့ အစိုးရတပ်ဘက်ကနေပြီး ဒီကေဘီအေတပ်စွဲထားတဲ့ ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဖက်စလုံး ထိခိုက်တာတွေရှိခဲ့ပြီး ဇူလိုင် ၄ ရက်နေ့ မနက်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် နှစ်ဖက်အသင့်ပြင်ထားတာတွေ ရှိနေတဲ့အတွက် အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တောင်ပတ်လမ်းကိုလည်း ဖြတ်သန်းဖို့ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ဇူလိုင်လအတွင်းမှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး ပိုမိုတိုးမြှင့် ချထားသလို ဖွင့်ပွဲအတွက် နေရာပြင်ဆင်မှု ရှိနေချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/100954

ဖွဲ့စည်းပုံကို မပြင်နိုင်ရင် အားလုံးက စစ်တပ်ကျွန်ပါပဲ။ ထိုင်း၊ အင်ဒိုမှာ နှစ်ပေါင်း(၂၀)ကျော် လှေပေါ်ကျွန် ဖြစ်ခဲ့ရတဲ့ ကိုမြင့်နိုင်က မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး မိသားစုနဲ့ ဆုံစည်းခွင့် ပြန်ရခဲ့တယ်။ သူ့မိသားစုကလည်း ပြည်တွင်းမှာပဲ စစ်တပ်ကျွန်ဘဝကနေ မလွတ်မြောက်သေးပါဘူး။ လူမျိုးကတူ၊ ဘာသာတရားကလည်းတူ၊ နိုင်ငံကလည်းတူနေတော့ ကျွန်မှန်းတော့ မသိကြဘူးပေါ့လေ။

အခု ပုဒ်မ ၅၉ (စ)ကို ပြင်ကြမယ်အဆိုပြုတော့လည်း တစ်မတ်သားတွေက ကန့်ကွက်တယ်။ ပုဒ်မ ၄၃၆ ကို ဆွေးနွေးတော့လည်း တစ်မတ်သားတွေက ကန့်ကွက်ကြပြန်တယ်။ ပုဒ်မ ၆၀ ကို ပြင်ဖို့ဆိုတော့လည်း ကန့်ကွက်ပြန်တယ်။ အခုထိ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်တစ်ခုပဲ စစ်တပ်က သဘောတူနိုင်ခဲ့တာပါ။ ဒါတောင် ပြည်ခိုင်ဖြိုးတွေ တင်တဲ့ ပြင်ဆင်ချက်အချို့ဟာ မူရင်းနဲ့ သိပ်မထူးသေးဘူး။ အဲ့လောက်တောင် စစ်တပ်က သဘောထားမကြီးနိုင်သေးပါ။

ဒီမှာ စစ်တပ်လို့ ပြောရင်လည်း သိပ်မမှန်ပါဘူး။ ဒီတစ်မတ်သားတွေအားလုံးဟာ ကာချုပ်ဆိုတဲ့လူတစ်ယောက်က အမိန့်ပေးနေတာပါ။ ဒါကြောင့် ကာချုပ်မအလက ဟုတ်ရင်ဟုတ်၊ ဝုတ်ရင် ဝုတ်ပေးရတဲ့ လူဝံအဆင့်တစ်မတ်သားတွေမျှသာ ဖြစ်ပါတယ်။ ဒါကို လူတိုင်း သိကြပါတယ်။

ဖွဲ့စည်းပုံကို လူက ရေးဆွဲထားတာမို့ လူက ပြင်ရင် လွယ်လွယ်ကလေးပါလို့ သိန်းစိန်က ပြောဖူးပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ မပါချင်သူတွေကို ချန်ထားခဲ့မယ်လို့ ခဏခဏ ပြောခဲ့ပါတယ်။ အခု သူ့အလိမ်ပေါ်ကုန်ပါပြီ။ ကာချုပ်က သမ္မတလက်အောက်မှာ ရှိတယ်လို့ သူကိုယ်တိုင် ပြောခဲ့တော့ အခု ဖွဲ့စည်းပုံကို မပြင်ချင်ကြောင်း၊ အာဏာကို လက်ဝါးကြီးအုပ်ထားချင်သေးကြောင်း သိန်းစိန်က ကာချုပ်ကို ပြောခဲ့လို့သာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရခြင်း ဖြစ်တယ်။

သိန်းစိန်လောက်ကိုပဲ အပြစ်ဖို့နေရင်လည်း စာဖတ်သူကြီးကို မလေးစားရာ ရောက်နိုင်ပါတယ်။ သိန်းစိန်ဆိုတာ မဲရလို့ မဟုတ်ဘဲ မဲခိုးလို့ တက်လာသူ ဖြစ်သလို သိန်းစိန် သမ္မတဖြစ်စေ ပေးသနားခဲ့သူမှာ အေးအေးဆေးဆေးနဲ့ ပက်စက်တဲ့အကြံကို ထုတ်နေတဲ့ သန်းရွှေကြီးဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို သန်းရွှေကြီး မပြင်စေချင်ကြောင်း၊ သူဟာ နောက်ကွယ်ကနေ ကြိုးကိုင်နေဆဲဖြစ်ကြောင်း၊ သူ့ရှေ့မှာ သိန်းစိန်၊ မအလနဲ့ ရွှေမန်းတို့ ဒူးထောက်လျှောက်နေရကြောင်းကောလာဟလဟာ အမှန်အကန်လို့ ပြောနိုင်ပါတယ်။

ဒီမှာ ပြောစရာရှိတာက ပြည်ခိုင်ဖြိုးအမတ်အတော်များများဟာ စစ်တပ်က လုံးလုံးလျားလျား အုပ်ချုပ်တဲ့ အမှောင်ခေတ်ကို ပြန်မသွားလိုကြတော့ပါဘူး။ ဖွဲ့စည်းပုံပြင်ရေးမှာ အခြားပါတီများနဲ့ ပူးပေါင်းဆောင်ရွက်ချင်သူတွေ ဒုနဲ့ဒေး ရှိလာပါတယ်။ အခု စစ်တပ်ကို စိတ်ပျက်နေတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ က စစ်တပ်ကို ပြည်ခိုင်ဖြိုးအောက် အရင်သွင်း၊ ပြီးတော့ အရပ်သားလက်အောက်မှာ ထားချင်တဲ့ အကြံလည်း ပျက်ပြယ်သွားခဲ့ပါပြီ။ ဒါကို ဘဝင်မကျတဲ့ စစ်လော်ဘီတွေကလည်း ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့ကို ပြစ်မှုဟောင်းနဲ့ အမဲဖျက်ဖို့ စဉ်းစားနေကြပါတယ်။

ပြည်ခိုင်ဖြိုးတွေအနေနဲ့ ဥပါယ်တံမျဉ်နဲ့ ချဉ်းကပ်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဖွဲ့စည်းပုံကို လုံးလုံးမပြင်ခဲ့ရင် သူတို့ပေးတဲ့ကတိနဲ့ နာမည်ပျက်ရတော့မှာမို့ပါ။ ဒီတစ်ခါ စစ်တပ်က ပြည်ခိုင်ဖြိုးအစား အနစ်နာခံလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်ဆိုတာ ပြည်သူတွေရဲ့ ချဉ်ဖတ် ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒီဖွဲ့စည်းပုံကို မပြင်ခဲ့လို့ ပြည်သူတွေ မုန်းတီးခဲ့ရင်လည်း စစ်တပ်အကြိုက်ပဲ ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ ပြည်သူနဲ့ နီးစပ်လေ စစ်ဗိုလ်ချုပ်တွေက စစ်တပ်ကို ထိန်းရခက်လေ ဖြစ်မှာမို့ပါပဲ။

ဒီချုပ်ကတော့ စစ်တပ်ကို ချေပတဲ့နေရာမှာ သတိသမ္ပဇဉ်ကြီးစွာ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိဖွဲ့စည်းပုံပြင်ရေးမှာ သူ့အမတ်တွေက ဘေးရောက်နေတာကို တွေ့ရလို့ လူထုနိုင်ငံရေးကို အာရုံစိုက်လာပါတယ်။ လူထုနိုင်ငံရေးကို အမှန်တကယ် လုပ်ထားရမှာ ၈၈ မျိုးဆက်တွေပါ။ ဒီအကြံကို မိမိ ရေးဖူးပါတယ်။ ဖွဲ့စည်းပုံပြင်ရေးမှာ အခက်အခဲရှိလာတဲ့အခါ လူထုအင်အား လိုပါတယ်။ လူထုတွေက လက်ရှိတစ်မတ်သားတွေကို မထောက်ခံကြောင်း၊ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဆင်ရမှာ ဖြစ်ကြောင်း တပ်လှန့်သံ ပေးရပါ့မယ်။

ဒီလိုပေးတဲ့နေရာမှာ အဆင့်ဆင့် သွားရပါ့မယ်။

(၁) လာမဲ့ ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရဖို့ လိုပါတယ်။ မိမိမဲတစ်ပြားနဲ့ အသံပြုလို့ ရပါတယ်။ တိုင်းရင်းသားပါတီတွေကလည်း စုစုစည်းစည်းနဲ့ ပြည်နယ်တွေမှာ မဲအပြတ်အသတ် နိုင်ဖို့ လိုပါ့မယ်။ ဒီအချိန်မှာ ပါတီတွေက စုစည်းကြမှပဲ ပြည်သူတွေရဲ့ မဲပြားတွေက လေလွင့်မသွားမှာ ဖြစ်တယ်။ တိကျပြတ်သားတဲ့ လမ်းစဉ်မြေပုံတစ်ခုကို ချမှတ်ဖို့ သင့်ပါပြီ။ ဒါမှပဲ ပြည်သူတွေအနေနဲ့ သူတို့ဘာလုပ်သင့်သလဲ ပြင်ဆင်ထားနိုင်မှာ ဖြစ်တယ်။

(၂) ၂၀၁၅-ခုနှစ်မှာ NLD ပါတီနဲ့ တိုင်းရင်းသားပါတီများက လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ထုံးစံအတိုင်း စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးအမတ်အချို့က ကန့်ကွက်ကြအုံးမှာပါ။ ဒါဟာလည်းပဲ သိပ်ထူးတဲ့ ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ နဂိုကတည်းက ပြင်ဆင်ဖို့ စိတ်ကူးခဲ့ကြတာမဟုတ်လို့ ဖိအားတွေကို တောင့်ထားနိုင်သမျှ တောင့်ထားကြမှာမို့ပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်လေ စစ်တပ်ဆိုတာ ဘာလဲ ပြည်သူတွေ သိလေ ဖြစ်လာမှာပါ။ တဆင့်ချင်းသွားရပါ့မယ်။ စစ်တပ်ရဲ့ အသွင်မှန်ကို ကမ္ဘာက သိအောင် မီးမောင်းထိုးပြရမှာ ဖြစ်တယ်။

(၃) အခု စစ်လော်ဘီအချို့က သုံးသပ်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လက်ရှိဖြစ်ပေါ်တိုးတက်မှုကို အကွက်ချောင်းနေကြတယ်လို့ ခံစားနေရကြောင်း၊ မြန်မာ့တပ်မတော်က သူတို့ကို ချေမှုန်းပစ်ဖို့ လိုလားကြောင်း တိတ်တဆိတ် ရေးနေကြပါတယ်။ ဒါဟာ ဘာလဲဆိုရင် ဖွဲ့စည်းပုံပြင်ရေးမှာ NLD က အလျှော့ပေးခဲ့ရင် နောက်အစိုးရသက်တမ်းမှာ စစ်တပ်ရဲ့အာရုံဟာ တိုင်းရင်းသားတွေဘက်ကို ရောက်လာမှာမုချပါပဲ။ တိုင်းရင်းသားတွေအနေနဲ့ စစ်ရေးကို အကြီးအကျယ် ပြင်ဆင်ထားဖို့ လိုတယ်။ ပြီးမှ နောင်တရနေလို့ မဖြစ်ဘူး။ စစ်ရေးကို ပြင်ဆင်ထားခြင်းမှာ ကောင်းပါတယ်။ စစ်လော်ဘီတွေ တွေးသလိုပဲ ပြန်တွေးရအောင်ပါ။ တကယ်လို့ ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမှာ NLD က ရွေးကောက်ပွဲ နိုင်ခဲ့မယ်၊ အစိုးရဖွဲ့နိုင်ခဲ့မယ်၊ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေက အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် လွှတ်တော်တွင်းဖွဲ့စည်းပုံပြင်ရေးဟာ အရှိန်ကောင်းလာမှာမုချပါပဲ။ ဒီအခြေအနေမှာ လူထုအုံကြွမှုတစ်ခု ဖြစ်လာဖို့ များပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ လက်ရှိစစ်တပ်ဟာ NLD အစိုးရဘက်ကနေ ရပ်တည်မှာမဟုတ်ဘူး။ ဒီကွက်လပ်ကို UNFC အနေနဲ့ ပြည်ထောင်စုတပ်မတော်အဖြစ်နဲ့ နေရာယူနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီအရေးကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြမှာပါ။

အကျဉ်းချုံးလိုက်ရင် စစ်တပ်ဟာ သူ့သေတွင်း သူတူးနေမှန်း မသိကြပါဘူး။ သူ့သေတွင်းသူတူးနေတဲ့ တပ်နဲ့ အပစ်ရပ်စရာ မလိုပါ။ အပစ်ရပ်ကို အချိန်ဆွဲထားလို့ ရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ရွေးချယ်ခွင့်လေးတောင် ခွင့်မပြုနိုင်တဲ့ စစ်တပ်နဲ့ ဘာမှ ညှိစရာ မရှိပါ။ အပစ်ရပ်မိပြီးမှ နောင်တရနေကြမှာပါ။ အဲ့လို နောင်တရနေမဲ့အစား တိုင်းရင်းသားတွေအနေနဲ့ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပြဖို့ လိုပါတယ်။ NLD ရော တိုင်းရင်းသားတွေပါ နိုးနိုးကြားကြားနဲ့ အသင့်အနေအထား ရှိနေကြပါစေ။

U Ravika


ဒဂုံတက္ကသိုလ် ဘာသာရပ် ၃ ခုက ကျောင်းသားတွေစုပေါင်းပြီး ဖမ်းဆီးခံ သချာင်္ကျောင်းသား ကိုပိုင်ရဲသူ လွတ်မြောက်ရေး လှုပ်ရှားမှုကျောင်းဝင်းအတွင်းမှာ စတင်ပြုလုပ်နေကြပါတယ်။

ဒီငွေနည်းနည်းလေးကို ဘာလို့ ကန့်ကွက်ကြတာလဲ။ အဖြေက ရှင်းနေပါတယ်။ မကိုက်လို့ပေါ့။ လုပ်ငန်းရှင်တွေ ဘက်က အမြင်နဲ့ တွေးကြည့်တယ်။

စက်မှုဇုံတွေရဲ့ မြေဈေးက ခေါင်ခိုက်နေတာလေ။ ပြီးတော့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက မြေဝယ်ခွင့်မရှိတော့ ငှားလုပ်ရတယ်။ တဧကကို ဒေါ်လာသန်းချီဈေးပေါက်တဲ့ မြေငှားခကလည်း ဟိုအမြင့်ကြီးပေါ်ကမဆင်း။

ပြီးတော့ သိတော်မူကြတဲ့အတိုင်း ဒီလိုလုပ်ခွင့်ရရေးအတွက် ဌာနဆိုင်ရာအသီးသီးကို ရေလောင်းပေါင်းသင်ခဲ့ရတဲ့ အဖိုးအခတွေ။ လစဉ်၊ နှစ်စဉ် ကန်တော့ကြေးတွေ။

လုပ်ငန်းအတွက် အဓိက လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကလည်း အလုံအလောက်မရ။ မီးစက်တွေဝယ်ရ။ ဒီဇယ်တွေဝယ်ရ။ လာတဲ့မီးက မီးအားမပြည့်ပြန်တော့ မီးအားမြှင့်စက်တွေဝယ်ရ။

ကုန်ပစ္စည်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကလည်းလတခုမှ မထွက်လေတော့ အားလုံးကို နိုင်ငံခြားက တင်သွင်းရ။ သယ်ယူပို့ဆောင်ခတွေ ထပ်တက်။ ကုန်ချောကို နိုင်ငံခြားတင်ပို့မယ် ဆိုပြန်တော့ အစစ အဆင်ပြေရေးအတွက် ဖြတ်သန်းရတဲ့ ဌာနဆိုင်ရာအသီးသီးကို လောင်းရတဲ့ ရေတွေ။

ဒီလောက် အကုန်အကျတွေ များနေမှတော့ အဓိကကျတဲ့ အလုပ်သမားကို ပေးမဲ့လုပ်ခကို နှိမ်မှ သူတို့အတွက် တွက်ချေကိုက်တော့မှာပေါ့။ ကုန်သည်တို့ လုပ်ငန်းရှင်တို့ဆိုတာ မြတ်ချင်လို့ စီးပွားရေးလာလုပ်တာပဲ။ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတာမှ မဟုတ်တာ။

အဓိကဖြစ်တဲ့ ခေါင်ကစပြီး ပြင်ပေးရမှာ။ နေလှမ်းပြီးဈေးတက်နေတဲ့ မြေတွေ။ စက်မှုဇုံမှာ ဘာမှမဆိုင်တဲ့ မိုးကျရွှေကိုယ်တွေရဲ့ မြေတွေ အများကြီး။ untouchable တွေမို့ ဘယ်သူကမှ မထိရဲ။

အခြေခံအဆောက်အဦတွေ လုံလောက်အောင်မလုပ်ပေးနိုင်ပဲ စက်မှုဇုံနာမည်ခံပြီး ဖွင့်ခဲ့တဲ့ စက်မှုဇုံတွေရဲ့ အခက်အခဲပေါင်းစုံကလည်း ပြောမဆုံးပေါင် တောသုံးထောင်။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒို၊ မလေးရှား စတဲ့နိုင်ငံတွေက စက်မှုဇုံတွေ တဟုန်ထိုးတိုးတက်သွားသလောက် မြန်မာစက်မှုဇုံက အဝေးကြီးမှာ ပြတ်ကျန်ခဲ့ရတာကို ဘယ်သူတွေက တာဝန်ယူခဲ့လို့လဲ။

ကျွန်တော် ရွှေပြည်ကြီးကို ပြန်တော့ ကိုးရီးယား အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးနဲ့ လေယာဉ်ပေါ်မှာ အကြာကြီး စကားပြောဖူးတယ်။ သူ့ရဲ့အမြင်တွေကို ရှင်းပြတယ်။ လူကြီးဆိုတဲ့ ဆရာတွေနဲ့ ပြေလည်မှ လုပ်လို့ရတဲ့ အလုပ်မို့ မြန်မာပြည်မှာ ပေးရကမ်းရတာတွေများလှတာတွေ။ မကုန်သင့်ပဲ ကုန်ရတဲ့ငွေတွေအကြောင်း ပြောပြလို့ နားထောင်ခဲ့ဘူးတယ်။

ဒီလို အထွေထွေ ကုန်ကျမှုတွေမရှိပဲ ပြေလည်ရင်တော့ တရက်ငါးထောင်လည်း သူတို့ပေးနိုင်ပါတယ်။

အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပဲ ခေါင်ကစပြီး ပြင်ကြမှ ရမယ်လို့သာ မြင်မိပါတယ်။

Ko San Lin post



အပေါ်ပုံကို click ပါက VIDEO ကြည့်ရူနိုင်ပါသည်,,,,
ဂျပန်နိုင်ငံ တိုကျိုမြို့ရောက် သမ္မတဦးသိန်စိန်အား ကန့်ကွက်ဆန္ဒပြပွဲ.....
မဲခေါင်ဒေသတွင်းနိုင်ငံများ အစည်းအဝေးခမ်းမရှေ့
ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် မဲခေါင်အစည်းအဝေး တက်ရောက်နေသော မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်အား ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် မြန်မာနိုင်ငံသားများမှ ကန့် ကွက်ဆန္ဒပြခဲ့ကြသည်။

၎.၇.၂၀၁၅တိုကျို

Video..ဓာတ်ပုံ.. ကိုထွန်းဂေ

အုပ်ချုပ်ရေးမဏ္ဍိုင်တွင်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးသည် တိုင်းပြည်ရဲ့အသေးစားအစိုးရဖြစ်တယ်။အောက်ခြေလူထုနှင့်တိုက်ရိုက်ထိတွေ့နေသူဖြစ်တယ်။အောက်ခြေအစိုးရဖြစ်တဲ့ ရပ်/ကျေးတွေဟာ ပြည်သူကိုကိုယ်းစားမပြုဘဲ အာဏာရှင်ဒေါက်တိုင်ထောက်ပေးနေသမျှ ကာလပတ်လုံးဒီမိုကရေစီ မျှော်တိုင်းဝေးနေမယ်။

ဖွဲ့စည်းပုံအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးကို ခန့်တယ်။

ပြည်ထဲရေးဝန်ကြီးက တိုင်းဒေသကြီးပြည်နယ်အုပ်ချုပ်ရေးကိုခန့်တယ်။

တိုင်း/ပြည်နယ် အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးကို ခန့်တယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကိုခန့်တယ်။

ဒါကြောင့်မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်ထိက တပ်မတော်ရဲ့ တပ်ထွက်တွေကိုဘဲခန့်အပ်ထားပြီး။အုပ်ချုပ်ရေးယန္တရားမှာစစ်တပ်က ကြီးစိုးထားပါတယ်။

အောက်ခြေက တင်မြောက်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ဆယ်အိမ်ခေါင်းတွေကသာ တင်မြောက်ပြီး မြို့/ခရိုင် အုပ်ချုပ်ရေးမှူးကအတည်ပြုမှသာ ခန့်အပ်ခြင်းခံရသည့်အတွက် ရပ်/ကျေးအဆင့်ထိသည်ပင် စစ်အုပ်ချုပ်ရေးဖြစ်နေပါသည်။

ကျနော်တို့မြန်မာပြည်အသေးစားအစိုးရသည်ပင် စစ်အစိုးရဖြစ်နေသည်။

ဒီလိုဖြစ်အောင် ကာကွယ်ပေးထားတဲ့ဥပဒေကတော့ ပုဒ်မ ၂၈၈နှင့် ပုဒ်မ ၂၈၉ဖြစ်သည်။ဒီလိုဥပဒေပုဒ်မတွေကို ပယ်ဖျက်ပြင်ဆင်ရမည်။

အုပ်ချုပ်ရေးမဏ္ဍိုင်တည့်မတ်ဖို့ ဖွဲ့စည်းပုံပြင်ရမည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ဦးသိန်းစိန် နဲ့ အားပြိုင်သူ တွေရှိနေတယ် လို့ဆို
ပြည်သူတွေ ကဆန္ဒရှိမယ် ဆိုရင် သမ္မတသက်တမ်း နောက်တကြိမ် ထမ်းဆောင်ဖို့ အလေးအနက် စဉ်းစားမယ်လို့ သမ္မတဦးသိန်းစိန်က NHK ဂျပန် သတင်းဌာနနဲ့ တွေ့ဆုံး မေးမြန်းစဉ်မှာ ပြောခဲ့ ပါတယ်။

ဒါဟာ သူ့အနေနဲ့ သမ္မတ သက်တမ်းကို ဒုတိယ အကြိမ် တာဝန်ယူဖို့ ကြိုးစားမယ် ဆိုတာ ထပ်ပြီး ခိုင်ခိုင်မာမာ ပြောဆိုလိုက်တာ အဖြစ်ရှုမြင် ရပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲ လုပ်ဖို့ ၄ လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အတွင်း တင်းမာမှုတွေ ပိုများလာတဲ့ လက္ခဏာတွေ လည်း တွေ့နေရပါတယ်။

သမ္မတရုံး ဝန်ကြီး တွေဖြစ် ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ သူတို့ရဲ့ မဲဆန္ဒနယ်တွေက လက်မခံတဲ့ အတွက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးခံလို့ မရတော့ ဘူးလို့ ပါတီဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ သမ္မတရုံး ဝန်ကြီးတွေကို ဒေသခံ လူထုက လက်မခံလို့ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု တော့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ဝန်ကြီးဦးစိုးသိန်းက တနင်္သ࿿ာရီတိုင်း ကျွန်းစုမြို့နယ်က ဝင်ပြိုင်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ကတော့ ပဲခူးတိုင်း တောင်ငူမြို့နယ်က ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရာထူး အတွက် ရည်မှန်းသူ နောက်တစ်ဦး ကတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ သူရ ဦးရွှေမန်း ဖြစ်ပါတယ်။

အခုအချိန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကြား အဆင်မပြေတာ ကြာခဲ့ပြီလို့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းမှာ အာဏာလွန်ဆွဲမှု တွေ ရှိနေတဲ့ အတွက် ရွေးကောက်ပွဲ ပြီးမှ သမ္မတလောင်း ဘယ်သူဆိုတာ ရွေးချယ်တာ ဖြစ်နိုင်သလို၊ ရွေးကောက်ပွဲ နောက်ကို ဆုတ်သွားတာ မျိုးလည်း ဖြစ်နိုင်တယ် လို့သူက ပြောပါတယ်။

တကယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက သမ္မတ ဦးသိန်းစိန်ကို မထောက်ခံဘူးဆိုရင် သူ့အနေနဲ့ အခြား အဖွဲ့အစည်းတွေနဲ့ မဟာမိတ် ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တာမျိုး လည်း ဖြစ်နိုင်တယ်လို့ ဦးအောင်ဇော်က သုံးသပ် ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဂျူလိုင်လ ၃ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်း သားစစ်တပ်တို့ တိုက်ပွဲကြောင့် ပြည်ထောင်စုလမ်းမကြီး(မူစယ်-မန္တလေးကားလမ်း) ကို မနက် (၈း၃၀)နာရီမှ မွန်းလွဲ (၁၂း၃၀) နာရီ အထိ ခေတ္တပိတ်ထားရကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားနေသောနေရာမှာ ကွတ်ခိုင်နှင့်နမ့်ဖတ်ကာရွာတို့ကြား ပြည်ထောင်စုလမ်းမပေါ်၌ ရှိသော ရူခင်းသာ အနီးတွင်ဖြစ်ကြောင်း၊ အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွားသော တပ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တအာင်းလွတ်မြောက်ရေးတပ်(TNLA) တို့ဖြစ်ကြောင်း နမ့်ခမ်းကားဆရာ စိုင်းအိုက်ဆိုသည်။

“မူစယ် ဘက် တက်မယ့်ကားတွေကို ကွတ်ခိုင်မြို့ အေးရှားဝေါး ဂိတ်မှာပဲ သက်ဆိုင်ရာမှ ရပ်ခိုင်းနေတယ်၊ မနက် ကနေ မွန်းလွဲတဲ့အထိပေါ့။ ကုန်ကားတွေရော ခရီးသည်ကားကြီးကားငယ်ပါမကျန် စုစုပေါင်း အစီး (၅၀၀) လောက်ရှိနေပြီ၊ ကားတွေက ကွတ်ခိုင်မြို့ အထွက် အေးရှားဝေါ ဂိတ်ကနေ ကွတ်ခိုင်မြို့တွင်းအထိ တန်းစီနေတာတွေ့ရတယ် ” ဟု ၄င်းကားသမားက သျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့မှ မန္တလေးဘက် သို့ဆင်းမည့် ကားများကိုလည်း နမ့်ဖတ်ကာရွာ အနီးမှာပင်ရပ်ခိုင်းနေကြောင်း ကားအ စီး (၃၀၀)ထက်မနဲရှိနေကြောင်း ဆယ်ဘီးကားဆရာစိုင်းဦး ကဆိုသည်။

မူစယ်-မန္တလေးကားလမ်းမပေါ် တွင်ပြေးဆွဲသော ကားများကို တအာင်းလွှတ်မြောက်ရေး တပ်မတော်(TNLA) မှ အခွန်ကောက်ခံပြီးနောက် အစိုးရတပ်ဘက်မှလုံခြုံရေးတိုးချထားမှုကြောင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလာ ရသည်ဟု အမည်မဖော်လိုသော နမ့်ဖတ်ကာရွာ ဒေသခံ တစ်ဦးကဆိုသည်။

မူစယ်-မန္တလေးကားလမ်းမ တစ်လျှောက်မှာ အစိုးရစစ်တပ်အပြင် SSPP/SSA သျှမ်းပြည်တပ်မတော် ၊KIA ကချင်လွှတ်မြောက်ရေးတပ်မေ တာ်၊TNLA တအာင်းလွှတ်မြောက်ရေးတပ်မတော်နှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့များလှုပ်ရှားကြသည်ဟုဒေသခံများကဆိုသည်။

သျှမ်းသံတော်ဆင့်၊ နန်းသီရိခမ်း
https://www.facebook.com/Panglong.burmese
Photo- ပြည်ထောင်စုလမ်းမကြီးပိတ်လို့ကားများပြည့်နှက်တန်းစီနေပုံ

 kia-620 ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတချို့ ဖောက်ခွဲတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

အစိုးရတပ်နဲ့ KIA တပ်တွေတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကျောက်စိမ်းကုမ္ပဏီတွေပါ အတိုက်အခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဖားကန့်ဒေသရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ခုလိုပြောပါတယ်။

"ပေါက်ကွဲတယ်ဆိုရင် ကျနော်တို့ ကေအိုင်အေဖက်တပ်ဖွဲ့တွေကိုပဲ ထင်နေကြတာ၊ အမှန်ဆိုတော့ ဖားကန့်တွင်းတွေက ပေါက်ကွဲဖို့ပစ္စည်းကတော့ အသေအချာရှိတဲ့နေရာပါ၊ ကုမ္ပဏီတစ်ခုကို ယမ်းတန်ချိန်ရာချီရှိပြီးတော့ ယမ်းတစ်ခါပေါက်ဖို့ ဘယ်ကယူယူရတယ်လေ၊ အခုအချိန်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်ကာလ ဖြစ်တဲ့အခါကျတော့ ကြားကလုပ်သွားတဲ့လူလည်း ရှိကောင်းရှိမှာပါ၊ အဲ့ဒီအတွက်တော့ ကုမ္ပဏီကိုမကျေနပ်တဲ့ ရေမဆေးသမားတွေလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ကျနော်တို့ ကေအိုင်အိုအစိုးရနဲ့ တပ်မတော်နဲ့ကြားမှာ ပဋိပက္ခရှုပ်ထွေးအောင် လုပ်ချင်တဲ့သူတွေကလည်းလို့ ကျနော်ကထင်တယ်၊ ကျနော်တို့ချည်းပဲ ဖောက်တာမဟုတ်ဘူးလို့ ကျနော်က ပြောချင်တယ်"

ဖားကန့်ဒေသတိုက်ပွဲတွေဟာ ဖားကန့်-ကာမိုင်းကြားမှာဇွန်လ ၁၅ရက်နေ့ နောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အနီးအနား မှာရှိတဲ့ ကျေးရွာတချို့ကို တိမ်းရှောင်ဖို့ အစိုးရတပ်တွေက သတိပေးခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ရွာသူရွာသား တချို့ဟာ KIA တပ်ရင်း၆ ဘက်ကို ထွက်ပြေးလာတာတွေရှိတယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက်ပိုင်း ဇွန်လ နောက်ဆုံးပတ်အတွင်း ဖားကန့်မြို့အနီး လမ်းတံတားတွေ ဖျက်ဆီးခံရတာမျိုးတွေရှိလာတဲ့အပြင် အစိုးရနဲ့ နီးစပ်တဲ့ ထူးကုမ္ပဏီအပါအ၀င် ကျောက်စိမ်း တူးဖော်နေတဲ့ ကုမ္ပဏီတချို့လည်း ဖောက်ခွဲတိုက်ခိုက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။

RFA

စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တရားရုံးမှာ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် Photo: Htin Lin Oo(facebook)
ဘာသာ၊ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက သူ့ကိုချမှတ် ထားတဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ပတ်သက်ပြီး အယူခံဝင်ရာမှာ မုံရွာခရိုင်တရားရုံးက ဇူလိုင်လ ၁ရက်နေ့က ပယ်ချလိုက်ပါတယ်။

အယူခံတင်တာကို မစစ်ဆေးပေးဘဲ ပယ်ချလိုက်တာဟာ တရားခံအတွက် နစ်နာတယ်လို့ ဦးထင်လင်းဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"ကျနော်တို့ရဲ့ အယူခံအခွင့်အရေးကို ငြင်းပယ်လိုက်တာပဲ၊ လုံးဝလက်ခံကြားနာခြင်းမပြုပဲနဲ့ ပလပ်လိုက် တာဖြစ်တယ်၊ ကျနော်တို့ရဲ့ တင်ပြရမယ့်အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်မကြားနာဘူး၊ အဲ့ဒါ မကြားနာ ဝံ့တာလား မကြားနာချင်တာလား အဲ့ဒီနှစ်ခုပဲ၊ နောက်တဆင့်ကျရင် ကျနော်တို့က ပြင်ဆင်မှုတစ်ရပ် လုပ်ရမယ်၊ ပြင်ဆင်မှုကျတော့ ကျနော်တို့က အယူခံလိုချင်ရင်အပြတ်ပြောခွင့်မရှိတော့ဘူး၊ ဥပဒေပြဿနာ ပဲပြောရတော့မှာ ဥပဒေအချက်အလက်နဲ့ပြောရတော့မှာ အကြောင်းအချင်းအရာ ပြောခွင့်မရှိတော့ဘူး၊ အဲ့ဒီတော့ဒါဟာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဥပဒေအတိုင်းပြောရရင်တော့ အယူခံတရားလိုအတွက် နစ်နာတယ်လို့ ကျနော်တို့ ပြောရမှာပေါ့၊ ဒါဟာတရားမျှတမှု ဆိတ်သုဉ်းတယ်လို့ပြောရမှာပါ"

မုံရွာခရိုင်တရားရုံးက ပယ်ချလိုက်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်ချက် တင်သွားမယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

NLD ပါတီပြန်ကြားရေးအရာရှိဟောင်း စာရေးဆရာ ဦးထင်လင်းဦးဟာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာကို စော်ကားပုတ်ခတ်တဲ့ အသုံး အနှုန်းတွေ ဟောပြောခဲ့တယ်ဆိုပြီး ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဌာနမှူးက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ မှာ ချောင်းဦးမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမသစ်မှာ ဇူလိုင် ၃ ရက်နေ့မနက် အစောပိုင်းက အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

မနေ့က တိုက်ပွဲဖြစ်တဲ့ တတံကူးနားမှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကေဘီအေတပ်သား ၁ တဦးကို အစိုးတပ်က ဖမ်းဆီးသွားကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ဘက်မှာ မနက် ၅ နာရီလောက်မှာ စပြီး ပစ်ခတ်မှုဖြစ်တယ်။ ကျနော်တို့လူတွေ ညက ဆက်သွယ်မှုမရဘဲ ကျန်ခဲ့တဲ့လူတွေနဲ့ ထပ်ပြီး ထိတွေ့မှုဖြစ်တယ်။ ဆိုတော့ တယောက်ကတော့ လက်ရဖမ်းမိထားတယ်လို့ ကြားသိရတယ်။ ၂ ယောက်ကတော့ ကျနော်တို့ မသိရသေးဘူးဗျာ။”

ဒါ့အပြင် မြ၀တီမြို့က အထွက် အာရှလမ်းထိပ်ဘက်မှာလည်း အစိုးရတပ်ဘက်က မနက် ၅ နာရီခွဲကနေ ၁၁ နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်မှုတွေရှိနေ တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အသွားအလာ ရပ်ဆိုင်းနေပြီး နေ့စဉ်အသုံးပြုသွားလာနေတဲ့ ခရီးသွားနဲ့ အရေးပေါ်လူတွေ အခက်တွေ့နေရပါတယ်။

မြ၀တီ-ကော့ကရိတ် တောင်ပတ်လမ်းဟောင်းမှာ သွားလာမှုရှိနေပေမယ့် အစိုးတပ်ဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း မြ၀တီမြို့ခံတွေက ပြောပါတယ်။

အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား ကော့ကရိတ်မြို့အနီး တောင်ပတ်လမ်းသစ်မှာ ဇူလိုင် ၂ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတာပါ။

အာရှလမ်းမသစ်မှာ ချထားတဲ့ ဒီကေဘီအေဂိတ်တွေကို ပြီးခဲ့တဲ့တပတ်လောက်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ အဆင်မပြေတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“လက်ရှိ အာရှလမ်းမှာ ကျနော်တို့ကို ဖယ်ခိုင်းတယ်။ ကျနော်တို့ ဆောက်ထားတဲ့တဲတွေ ဖျက်ခိုင်းတယ်။ ထားတဲ့ ကတုတ်ကျင်းတွေ အဲဒါကို မမြင်ချင်ဘူး အဲလိုပြောတယ်။ ကျနော်တို့လည်း ကျနော်တို့လက်နဲ့ခြေနဲ့ လုပ်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်ထားတာ မဖျက်နိုင်ဘူး၊ ကျနော်တို့ အနေအထားကလည်း။ အဲဒီမှာ ဘာမပြောညာမပြောနဲ့ မနေ့မနက်မိုးလင်းမှာ သေနတ်သံတွေကြားတော့ ပထမဦးဆုံး တောပစ်တာပဲထင်နေတာ။ နောက်တော့ ကျကွဲတော့မှ လက်နက်ကြီးနဲ့ ပစ်ခံရတယ်ဆိုတာ သိရတာ။”

မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ဒီကေဘီအေတပ်ဘက်က ၂ ဦးထိခိုက်ပြီး အစိုးရတပ်ဘက်က ၃ ဦး ထိခိုက်တယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေအကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးဖို့ ရန်ကုန်မှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အကြိုညီလာခံတက်နေတဲ့ ကိုယ်စားလှယ်တွေက နှစ်ဘက်ခေါင်းဆောင်တွေကို ဒီကနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

By နော်နိုရင်း
http://burmese.dvb.no/archives/100842

မြန်မာနိုင်ငံသားများ KFC ကြက်ကြော်စားရရန် နာရီပေါင်းအတန်ကြာ တန်းစီစောင့်ဆိုင်း ခဲ့ကြကြောင်း သတင်းများက ဇွန် ၃၀ ရက်၌ နိုင်ငံခြား သတင်းဝက်ဘ်ဆိုက်များတွင် ပြူးတူးပြဲတဲ ပေါ်လာသည်။ Apple ကုမ္ပဏီ၏ အိုင်ဖုန်းမော်ဒယ်လ် အသစ်တစ်မျိုးကို ၀ယ်ယူရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်း ခဲ့ကြသည်ဟူသည့် သတင်းမျိုးက နိုင်ငံခြား သတင်းဌာနများအတွက် အဆန်းတကြယ် မဟုတ်သော်လည်း မြန်မာနိုင်ငံသားများ ကြက်ကြော်ဝယ်ယူရန် နာရီပေါင်း အတန်ကြာ တန်းစီစောင့်ဆိုင်းသည့် သတင်းက သူတို့အတွက် အထူးအဆန်း ဖြစ်ခဲ့သည်။

“မြန်မာနိုင်ငံသည် လျှပ်စစ်မီး၊ ဆေးဝါးကိရိယာနှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများ ပိုမိုလိုအပ် နေသေးသော်လည်း အနည်းဆုံး KFC ဆိုင်တစ်ဆိုင်တော့ ရခဲ့ပြီ” ဟု နိုင်ငံခြား သတင်းဌာနတစ်ခုက ရေးသားဖော်ပြသည်။ မိသားစုအတွက် KFC ကြက်ကြော် ၀ယ်ရန် သုံးနာရီကြာ တန်းစီခဲ့ရသည့် မြန်မာလုပ်ငန်းရှင် တစ်ဦးက “သူက နိုင်ငံတကာမှာ ကျော်ကြားတယ်လေ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံပေါင်း ၁၂၀ ၌ ဆိုင်များဖွင့်လှစ်ထားသည့် KFC ၏ ကြက်ကြော်များကို နေ့လယ်စာ စားချိန်၌ လူတန်းအရှည်ကြီးများ စောင့်ဆိုင်းခဲ့ကြပုံကို နိုင်ငံခြား သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

နိုင်ငံခြားမှ အသင့်စားသုံးနိုင်သည့် အစားအစာ ရောင်းချသည့်ဆိုင်များ ရန်ကုန်မြို့၌ ဖွင့်လှစ်ခြင်းမှာ ပထမဆုံး မဟုတ်ပါ။ တောင်ကိုရီးယားနိုင်ငံမှ ဘာဂါကုမ္ပဏီဖြစ်သော Lotteria သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ တစ်လွှား၌ ဆိုင်ပေါင်း ခြောက်ခုထက်မနည်း ရှိပြီဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးပြီးဆုံးပြီး အရပ်သား အမည်ခံထားသည့် အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း ပိတ်ဆို့မှုအများစု

ရုပ်သိမ်းပေးခံရပြီး ပြုပြင်ပြောင်းလဲရေးအချို့ ပြုလုပ်ခဲ့ပြီးနောက် KFC သည် မြန်မာနိုင်ငံ၌ ဖွင့်လှစ်သည့် ပထမဆုံး အထင်ကရ အမေရိကန် အစားအစာဆိုင် တစ်ခုဖြစ်သည်။ အချိုရည် ကုမ္ပဏီများဖြစ်သည့် ကိုကာကိုလာနှင့် ပက်စီသည် လည်းကောင်း၊ ကားကုမ္ပဏီများဖြစ်သည့် ချက်ဗလက်နှင့် ဖို့ဒ်ကုမ္ပဏီတို့သည် လည်းကောင်း မြန်မာနိုင်ငံ၌ KFC ထက် ဦးစွာ အရောင်းဆိုင်များ ဖွင့်လှစ်ခဲ့သည့် အမေရိကန် ကုမ္ပဏီများဖြစ်သည်။

KFC သည် မြန်မာနိုင်ငံမှ လုပ်ငန်းဖက်နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။ ထိုင်ခုံ ၂၄၀ ပါသည့် ရန်ကုန်ဆိုင်ခွဲသည် ပျူငှာရက်ရောမှုများ၊ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဟု KFC ထုတ်ပြန်ချက်၌ ပါရှိသည်။ KFC ကြက်ကြော်နှစ်တုံး တစ်ပွဲလျှင် ကျပ် ၃၅၀၀ ဖြင့် ရောင်းချပေးပြီး ယင်းသည် ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှုနှုန်း အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ အစိုးရက ပထမဆုံးအဖြစ် တစ်နေ့အနည်းဆုံး လုပ်ခဟု သတ်မှတ်ရန် အဆိုပြုထားသည့် ငွေပမာဏနှင့် ညီမျှသည်။ ထို့ကြောင့် စိတ်လှုပ်ရှားနေကြသော မြန်မာလူငယ် အများအပြားသည် KFC ကြက်ကြော်ဆိုင်ကို ရှားရှားပါးပါး ဇိမ်ခံရန် နေရာတစ်ခုဟု သဘောထားကာ မိုဘိုင်းဖုန်းများဖြင့် ဆယ်ဖီများရိုက်ကာ တပျော်တပါး ဖြစ်နေကြသည်ကို Facebook ၌ တွေ့မြင်ကြရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဇူလိုင်လ ၁ ရက်၌ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။ ဒေါ်လာတန်ဖိုး အားကောင်းနေခြင်း၊ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျလာခြင်းတို့က မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူ အခြေအနေများကို ပိုမိုအားလျော့ လာစေနိုင်ကြောင်းနှင့် ချေးငွေများ အလျင်အမြန် တိုးပွားလာနေခြင်း၊ ဘတ်ဂျက်လိုငွေ

ချဲ့ထွင်လာခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှု မြင့်မားလာခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြည်ပနှင့် အပေးအယူ တည်ငြိမ်မှုတို့အပေါ် အန္တရာယ်ရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းသည် ကြိုဆိုလက်ခံသင့်သည့် ကိစ္စတစ်ရပ်ဖြစ်သည်။ သို့သော် စီးပွားရေး ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုမျိုးနှင့် နှစ်ဦးနှစ်ဖက် ပိုမိုအကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ပါက ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)
Credit - Eleven Media Group
Photo - MJM

ဇူလိုင်၁ရက်ကနေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ တင်သွင်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ဆွေးနွေးချက်တွင် လွှတ်တော် ကိုယ်စားလှယ်အား ယင်း၏ မဲဆန္ဒနယ်မှ ပြည်သူ တစ်ရာခိုင်နှုန်း က ရုတ်သိမ်းခွင့်ရှီခြင်းအား ၂၀ရာခိုင်နှုန်းသို့ ပြောင်းလဲပေးရန် အဆို တင်သွင်းမှု အပေါ်ဝေဖန်ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

မဲဆန္ဒနယ်မြေတာဝန်မကျေမှုကို မျက်နှာမပြလိုသဖြင့် လွှတ်တော် ကိုယ်စားလှယ်ဖြုတ်ချခွင့်အာဏာကို ၂၀ရာခိုင်နှုန်းသို့တိုးတောင်းခြင်းဖြစ် သည်ဟု အဆိုပါ အဆိုနှင့် ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ ရေးသားထားကြောင်း သည်ကိုတွေ့ရသည်။

အခြေခံဥပဒေပုဒ်မ-၃၉၆ ပုဒ်မခွဲ-ခ တွင် `သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည်´ ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပုဒ်မ-၃၉၆(ခ) အား တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀သို့ပြင်ဆင်သင့်ကြောင်း၊ တစ်ရာခိုင်နှုန်း ဆိုသည့် ပုဂ္ဂိုလ်ရေးမကျေနပ်မှုများမှ ပါတီအချင်းချင်းအားပြိုင်သည့် အခါ ဖြုတ်ချနိုင်ရန်အတွက်တစ်ရာခိုင်နှုန်းသောပြည်သူများ အလွယ်တကူ စုစည်းနိုင်သဖြင့် အေးချမ်းမှုကိုထိခိုက်နိုင်ကြောင်း ဒီမိုကရေစီစနစ်သည် အနည်းစုဆန္ဒလိုက်နာလေးစားလိုက်နိုင်သလို အများစု ဆန္ဒအား မပစ်ပယ် သင့်ကြောင်းနှင့် အများစုဆန္ဓကိုပယ်ဖျက်ပြီး အနည်းစု ဆန္ဓကို လိုက်နာခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျကြောင်း အဆိုတင်သွင်း ထားကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်အာဏာ ပြန်လည်ရုပ်သိမ်းနိုင်သည့် အခွင့် အာဏာကို ပြည်သူများပေးအပ်ထားရန်လိုပြီး မဲဆန္ဒရှင်များ အလိုဆန္ဒနှင့် ဆန့်ကျင်သည့် အလေးမမူခြင်း၊ဂရုမစိုက် မထီလေးစားပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်အား လွှတ်တော်သက်တမ်းအတွင်းမှာ ပင် ဖြုတ်ချနိုင်မည်ဖြစ်ကြောင်းနှုင့် အာဏာရှင်စနစ်၊ဗျူရိုကရက်စနစ် မပေါ်ပေါက်နိုင်မှာဖြစ်ကြောင်း ဦးသိမ်းဆွေထပ်မံဖြည့်စွက် ပြောသည်။

သတင်း-စိုင်းဟန်

The Ladies News Journal

မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်လာသူတွေရဲ့ ညစာစားပွဲ ။ (ဇူလိုင် ၃၊ ၂၀၁၅)
မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်လာသူတွေရဲ့ ညစာစားပွဲ ။ (ဇူလိုင် ၃၊ ၂၀၁၅)

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်ဖို့ တိုကျိုမြို့ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံ အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် လက်တွေ့မှာ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေး အကဲခတ်တွေက မြင်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၇ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဇူလိုင် ၂ရက်နေ့က တိုကျိုမြို့ကို ရောက်ရှိ နေတာဖြစ်ပါတယ်။ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ မနက်ဖြန် ဇူလိုင် ၄ရက်နေ့ တိုကျိုမြို့မှာ ထိပ်သီးအစည်းဝေးပွဲ ကျင်းပဖို့ရှိပြီး ၊ ဒီကနေ့မှာတော့ မဲခေါင်ဒေသ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန်စီးပွား ရေးလုပ်ငန်းရှင်ကြီးတွေ သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ ဂျပန်-ထိုင်း-မြန်မာ ၃နိုင်ငံက ဖက်စပ် လုပ်ဆောင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံ စီမံကိန်းဟာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ အရေးပါကြောင်း သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ဆွေးနွေးပွဲအတွင်း ပြောဆို သွားပါတယ်။

"၂၀၁၅ခုနှစ်အကုန်မှာ အပြီးသတ်ထူထောင်ရန် ရည်ရွယ်ထားတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝိုင်းအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေမယ့် မဲခေါင်ဒေသခွဲ ဝန်းကျင်ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစီးမှုကို တိုးမြှင့်ပေးမယ့် ထားဝယ် အထူးစီးပွားရေး စီမံကိန်းရဲ့ အရေးပါမှုကို မိမိတို့ သုံးနိုင်ငံလုံးက အသိအမှတ်ပြုထားပါတယ်။"

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်ဆောင်ပေးဖို့ဂျပန်အစိုးရ ရုပ်သံလွှင့်ဌာနဖြစ်တဲ့ NHK နဲ့ ကြာသာပတေးနေ့ တုန်းကပြုလုပ်တဲ့ သီးသန့်မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း သွားပါတယ်။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားတိုင်းပြည် တွေထဲမှာ ဂျပန်နိုင်ငံဟာ အဆင့် ၁၂ မှာသာ ရှိတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားတာပါ။

ဂျပန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဂျပန်နိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေရတာဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေးလေ့လာနေတဲ့ ဦးတင်ဝင်းက ဆိုပါတယ်။

" အခုလတ်တလော စီးပွားရေးကုမ္ပဏီတွေက ဒီမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ တုံ့နေတာက အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြေယာပြဿနာတို့ မြေယာပေါ်လစီ အဲ့တာတွေ နောက်ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေလို့ အင်နဲ့ အားနဲ့ မဝင်တာပဲရှိတယ်ဗျ။ "

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးတဲ့ အခြေနေကောင်းတရပ် ပေါ်တဲ့အထိ ဂျပန်ကုမ္ပဏီတွေက စောင့်ဆိုင်းလိုတဲ့ သဘောရှိတယ်လို့ မြန်မာ့ အရေးလှုပ်ရှားနေတဲ့ ဦးကျော်ကျော်စိုးကလည်း သုံးသပ်ပါတယ်။

" ဥပမာအားဖြင့် ဆိုလို့ရှိရင် သန်လျှင်မှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုံမှာ ဆိုလို့ရှိရင် ဒီစီးပွားရေးဇုံတခုလုံးရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ကို ဂျပန်က လုံးဝ တာဝန်ယူ လုပ်မှာဖြစ်တယ်။ အဲ့ဒီ့မှာ ဂျပန်ကုမ္ပဏီတွေက အင်တိုက် အားတိုက်နဲ့ သွားတာမျိုးကို နည်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်တာ နဲ့ နောက်တချက် တကယ်လို့များ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ပြသနာတွေဖြစ်လာရင် ဖြေရှင်းဖို့ ကိစ္စတွေ အဲ့မှာရှိတဲ့ လယ်မြေသိမ်းတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီးတော့ ဂျပန်ကုမ္ပဏီတွေ အဲ့ဒီ့မှာ အလုပ်သွားလုပ်တဲ့အခါကျရင် အစွန်းအထင်းဖြစ်လာမှာကို သူတို့ မလိုလားတဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အခြေအနေကောင်း တခုပေါ်လာတဲ့အထိ စောင့်ဆိုင်းနေတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။"

တိုကျိုမှာရှိတဲ့ မြန်မာအရေးလှုပ်ရှားနေသူတွေကတော့ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ လုပ်နေချိန် စနေနေ့မှာ ဦးသိန်းစိန်ကို ဆန္ဒပြသွားကြ မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ်ဆိုပေမယ့် လမ်းပမ်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ အပါဝင် စက်မှု လျှပ်စစ်နဲ့ ရေနံသဘာဝ ဓါတ်ငွေ့ ကဏ္ဍတွေမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာ အစိုးရက ပိုပြီးလိုလားနေပါတယ် ။

မြန်မာနိုင်ငံကို အကူအညီပေးတဲ့ တိုင်းပြည်တွေထဲမှာ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း အတော်ကြာကတည်းက ထိပ်ဆုံးမှာရှိခဲ့ပြီး ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား အကူအညီ အထောက်အပံ့တွေကို ပေးလာခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတရပ် ပေါ်လာပြီးနောက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံ ကို ပြန်ပေးရမယ့် ကြွေးမြီ အတော်များများကိုလည်း ဂျပန်အစိုးရက လျှော်ပစ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ချေးငွေ ဒေါ်လာသန်း (၂၁၀)ကျော် ပေးသွားမယ်လို့ ကတိပေးတဲ့ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇူလိုင် ၁ ရက် နေ့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြပါတယ်။

VOA
http://burmese.voanews.com/content/makong-countries-leaders--attend-summit-in-tokyo/2847590.html

 labour-union-leaders-620 ရန်ကုန် အင်းစိန်မြို့နယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမားအဖွဲ့အစည်း ၅ ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့က သူတို့ရဲ့တောင်းဆိုချက်တွေကို ရှင်းလင်းစဉ်
အခြေခံလုပ်ခလစာကို တစ်ရက်ကျပ် ၃၆၀၀ အပြင် သွားလာစရိတ်၊ နေထိုင်စရိတ်နဲ့ တခြားခံစားခွင့်တွေ ပါ ပေးမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ၅ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ရန်ကုန် အင်းစိန်မြို့နယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းက သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

"လုပ်ခလစာ ၄ဝဝဝ ဘာကြောင့်လိုအပ်သလဲဆိုတာကို ကျနော်တို့ ခွဲခြမ်းစိတ်ဖြာတဲ့အချိန်မှာ ပထမဆုံး လူမှုအသုံးစရိတ်တွေထွက်လာတယ်၊ အဲ့ဒီလူမှုအသုံးစရိတ်တွေပေါ့နော် ဥပမာ နေထိုင်မှုစားစရိတ်တွေ ရှိတယ်၊ နောက်တစ်ချက်က နေ့တိုးကြေးတွေအပါအဝင်ပေါ့ ဒါ့ကြောင့်မို့လို့ အမျိုးသားကော်မတီက အဆိုပြုနှုန်းထား သတ်မှတ်လိုက်တဲ့ ၃၆ဝဝ အပေါ်မှာ လူနေမှုအသုံးစရိတ်တွေ ထည့်ပေါင်းပေးရမယ် ၊ နေထိုင်မှုစရိတ်တွေ စီစဉ်ပေးရမယ်၊ နှစ်စဉ် ဧပြီလ ဘက်ဂျက်လအတွင်းတိုင်းမှာ နေ့တိုးကြေး တစ်သောင်း ပါဝင်ထည့်သွင်းပေးရမယ် ဆိုတဲ့အဆိုပြုချက်နှုန်းထားတွေနဲ့ ကျနော်တို့ တင်ပြတောင်းဆိုပါတယ်"

ရွှေပေါက်ကံစက်မှုဇုန်မှာရှိတဲ့ Princess Power အထည်ချုပ်လုပ်ငန်းရှင် ကိုထွန်းထွန်းကတော့ အစိုးရသတ်မှတ် ချက်ကို အတည်ပြုလိုက်မယ်ဆိုရင် အလုပ်သမားတွေ လျှော့ချရမှာဖြစ်ပြီး စက်ရုံတွေပိတ်သိမ်းရတဲ့အထိ ဖြစ်လာနိုင် တယ်လို့ ပြောပါတယ်။

"ဥပဒေပြုပြီးတော့ အများနဲ့အညီလုပ်ရမယ်ဆိုရင် ကျနော်တို့လုပ်နိုင်တာက စွမ်းရည်ပြည့်လုပ်နိုင်တဲ့ အလုပ်သမားထုနဲ့ ကျနော်တို့ ကြိုးစားပြီးလုပ်မယ်၊ အဲ့လိုလုပ်တဲ့အခါမှာ စွမ်းရည်မမီတဲ့အလုပ်သမားတွေကို ကျနော်တို့က သိပ်ပြီးတော့လျော့လာရတော့မယ် အဲ့လိုလျော့ပြီးတော့မှလုပ်ကြည့်မယ်၊ လုပ်ကြည့်လို့မှ ကျနော်တို့က ဆက်ပြီးတော့မှ ထိန်းသိမ်းနိုင်စွမ်းမရှိရင်တော့ ဥပဒေကို ကျနော်တို့ကတော့ ဘယ်လိုမှ လွန်ဆန်လို့မရဘူး၊ လုပ်လည်းမလုပ်နိုင်ဘူး ဆက်လုပ်စရာအရင်းအနှီးလည်း မရှိတော့ဘူးဆိုရင်လေ ကျနော်တို့ကရပ်ရမှာ အဲ့ဒါဟာနောက်ဆုံးအဆင့်ပါ"

အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ တစ်ရက်လုပ်ခ ၃၆၀၀ကို ကန့်ကွက်ကြောင်း သူတို့အနေနဲ့ တစ်ရက် ကျပ် ၂၅၀၀ ထက် ပိုမပေးနိုင်ကြောင်း ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ပြောကြားခဲ့ပါတယ်။

အလုပ်သမားတွေဘက်က ဒီနေ့ ကြေညာချက်ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းဆရာ ဆရာမများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်တို့ ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/five-labor-unions-demand-07032015105026.html


လူ့အခွင့်အရေးလှုပ်ရှားသူဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ဒေါ်နော်အုန်းလှကို ရန်ကုန် အလုံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးတာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် သူတို့နှစ်ဦးကို အလုံမြို့နယ် အပါအဝင် မြို့နယ်သုံးခုက တရားစွဲဆိုထားပါတယ်။ ဒီအမှု အားလုံးအတွက် ရှေ့နေမငှားသလို အယူခံလည်းမဝင်ဘူးလို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ဒေါ်နော်အုန်းလှ က ပြောပါတယ်။

RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်က အမေရိကန်နိုင်ငံရဲ့ ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား။
 ဇူလိုင်လ (၄) ရက်နေ့မှာ ကျရောက်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်မှာ ဇူလိုင်လ (၂) ရက်နေ့ မနေ့ညက ပြုလုပ်ခဲ့ ပါတယ်။ မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး သိသိသာသာ တိုးတက်လာတာနဲ့ အတူ နှစ်နိုင်ငံ စီးပွားရေး အကျိုးအမြတ်တွေ အခုထက် ပိုမိုတိုးတက်လာဖို့ ရှိကြောင်း မြန်မာ အစိုးရ အာဏာပိုင်တွေက မျှော်လင့်ပါတယ်။ ရန်ကုန်မြို့ အမေရိကန် သံအမတ်ကြီးနေအိမ် မှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား အကြောင်း ကိုစည်သူက ပြောပြပေးမှာပါ။

ဇူလိုင်လ (၄) ရက်နေ့မှာ ကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်မှာ မနေ့ညက ကြိုတင်ပြီး ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် တည်ဆောက်ရာမှာ မြန်မာပြည်သူတွေ ကိုယ်တိုင်ဖန်တီးဖို့ လိုအပ်တယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကပြောသွားပါတယ်။

"၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ညီညွတ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု နဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေအတွက် မှတ်ကျောက်တင်ရမယ့် နှစ်ပါ။"

သံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးကာလ နောက်ပိုင်းကာလတွေမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး သိသိသာသာ တိုးတက်လာမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ တိုးတက်လာကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

" ရှေးတုန်းက ကာလတွေ ပြန်ကြည့်ရင် အများကြီးကွာသွားတာပေါ့။ ဆက်ဆံရေးက သူတို့က ကျနော်တို့ကို State Department က အများကြီး နားလည်တယ်။ သူတို့ရဲ့ အကူအညီတွေကလည်း အများကြီး ရှိတယ်ပေါ့နော်။ Support တွေက။ လုပ်ရတာ ပိုအားရှိတာပေါ့ Reform မှာလည်း။ ဆက်ဆံရေးက အရမ်းကောင်းတာပေါ့နော်။ အရင်ထက်စာရင်။ ဒီလိုနဲ့ပဲ ကျနော်တို့က Move လုပ်သွားရမှာပဲ။ ဒါကြောင့်လည်း တချို့က စင်ကာပူမှာ အခြေစိုက်ထားတဲ့ US Business သမားတွေက လာပြီးတော့ Invest လုပ်တာ။ ဒါတွေကလည်း ကျနော်တို့အတွက် အများကြီး အကျိုး ရှိတာပေါ့နော်။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ရပ်ထားလို့တော့ မရဘူး။ ပျက်သွားနိုင်တယ်။ ပိုကောင်းလာနိုင်တယ်။ ဒီတော့ အားလုံးကြိုးစားရမှာပေါ့။"

အမေရိကန်သံအမတ်ကြီးနေအိမ်မှာလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား ကို မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာက သံအမတ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ လာရောက်ကြပါတယ်။

"Ambassador ပြောသွားတဲ့ Speech လေးကနေ အရမ်းရပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဆိုတာက Create လုပ်တာ ကိုယ်ကိုတိုင် ဖန်တီးတာက အကောင်းဆုံးပါတဲ့ အဲ့ဒီ့စကားလေးက Abraham Lincoln ရဲ့ စကားလေး ဆိုပြီး ပြောသွားတယ်။ သမီး အရမ်းခွန်အားရ ပါတယ်။ ဖြူဖြူတို့လည်း နိုင်ငံရဲ့ လူငယ်တွေအတွက်ဆို နိုင်ငံရဲ့ အနာဂတ်ကို  ကိုယ်တိုင်ပဲ ဖန်တီးရမယ်ဆိုတဲ့ ခွန်အားလေးလည်း ရပါတယ်။ "

လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ပြောသွားတာပါ။

အဆိုတော် မေဆွိကတော့ အမေရိက မှာ အနေများတဲ့အတွက် ရန်ကုန်ရောက်တုန်း အခုလို လာရောက်ရတာကို ၀မ်းသာရကြောင်း ပြောပါတယ်။

" ၂၃၉ နှစ်ပြည့်တဲ့ မွေးနေ့ဆိုတော့ ထူးထူးခြားခြားလည်း ဖြစ်တာပေါ့နော်။ ရန်ကုန်မှာရှိရင်တော့ အမြဲတမ်း ဒီပွဲကို လာဖြစ်တယ်။ ဒါပေမဲ့ ဒီဟာလေးက မတူတာလေးက ဘာလေးလဲဆိုတော့ ဘယ်လိုပြောရမလဲ။ ဟိုမှာဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကို Dry ဖြစ်နေတဲ့ ရာသီဥတုဖြစ်နေတဲ့ အတွက် အပြင်မှာဆိုလို့ရှိရင် မဆွေတို့ BBQ ဘာဘီကျူး တွေ လုပ်စားကြမယ် Fireworks တွေကြည့်မယ်။ အဲ့လိုလေးတွေတော့ နည်းနည်းကွာတယ်။ ဒီမှာကကျတော့ နည်းနည်းတော့ Formal တော့ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အမြဲတမ်း ဒီလိုလာဖြစ်တာကိုလည်း အရမ်းဝမ်းသာပါတယ်။ အကုန်လုံးနဲ့ ပြန်ဆုံရတဲ့အတွက်မို့ အရမ်းလည်း ပျော်ပါတယ်။ ဟုတ်ကဲ့။"

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလနောက်ပိုင်း အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက် လာတာနဲ့အတူ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင် ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံကို (၂) ကြိမ် လာရောက်ခဲ့ပြီးပါပြီ။ နိုင်ငံရေးအရ ဆက်ဆံမှုတွေ၊ စီးပွားရေးအင်အားကြီးနိုင်ငံ အဖြစ် ဆက်ဆံမှုတွေကြောင့် မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရေရှည် တည်တံ့တဲ့ အပြုသဘောဆောင် ဆက်ဆံရေးမျိုး ရှိဖို့ လိုအပ်ကြောင်း နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက ရှုမြင်ထားပါတယ်။

ဇူလိုင်လ (၄) ရက်နေ့မှာကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမေရိကန်နိုင်ငံတ၀ှမ်းမှာ စည်စည်ကားကား ကျင်းပသွားဖို့လည်း စီစဉ်နေကြပါတယ်။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထရိတ်ဒါး ဟိုတယ် ဗုံးဖောက်ခွဲမှုအတွက် စောမြင့်လွင် (ခေါ်) မောထ ကို ထောင်ဒဏ်တသက်ကျွန်း ချ။ (ဇူလိုင် ၃၊ ၂၀၁၅)
၂၀၁၃ ခုနှစ်တုန်းက ရန်ကုန်မြို့လယ် ကုန်သည်ကြီးများ Hotel က အသေးစားပေါက်ကွဲမှုနဲ့ဆက်နွယ်ပြီး ရန်ကုန်အနောက်ပိုင်ခရိုင် တရားရုံးကနေ တရားခံတဦးကို ထောင်ဒဏ် တသက်တကျွန်း အမိန့်ချ လိုက်ပါတယ်။ ၂၀၁၃ အောက်တိုဘာလတွင်းက ကုန်သည်ကြီးများ ဟိုတယ် ၉လွှာ အခန်းတခန်း အတွင်း အသေးစား ဗုံးဖောက်ခွဲမှု အတွက် တရားခံ စောမြင့်လွင် (ခေါ်) မောထ ကို ထောင်ဒဏ်တသက်ကျွန်း ချမှတ်ခဲ့သလို၊ Western Park စားသောက်ဆိုင်မှာလည်း အလားတူ ဖောက်ခွဲဖို့ကြိုးစားခဲ့တဲ့ အတွက် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀အပြင်၊ ဖောက်ခွဲပစ္စည်းနဲ့ဆိုင်တဲ့ ဥပဒေအရ ထောင်ဒဏ် ၅နှစ် သီးခြားစီ ကျခံရမယ်ဆိုတာကြောင့် ပြစ်ဒဏ် စုစုပေါင်းဟာ ထောင်ဒဏ်တသက်နဲ့ နောက်ထပ် နှစ် အစိတ် ဖြစ်ပါတယ်။

ထရိတ်ဒါးဟိုတယ်မျာ ပေါက်ကွဲမှုကြေငာ့် အခန်းတွင်းမှာရှိတဲ့ အသက် ၄၃နှစ်အရွယ် အမေရိကန်လူမျိုး ခရီးသွားတဦး အနည်းငယ်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။ ဗုံးခွဲမှုမှာ အဓိက တရားခံဖြစ်သူ ဗုံးထောင် စေခိုင်းသူဟာ နေတိုး (ခေါ်) စောရွှေထူးဖြစ်တယ် လို့ ရဲတပ်ဖွဲ့က သံသယရှိထားပြီး၊ သူ့ကိုတော့ အခုအချိန်အထိ ဖမ်းမိခြင်းမရှိပါဘူး။

သူဟာ ရန်ကုန်အပြင် မန္တလေး စစ်ကိုင်း တောင်ငူနဲ့ ဖြူးမြို့တို့မှာ ရက်ဆက်ဆိုသလို ကိုယ်တိုင်ဗုံးထောင်ခဲ့သူအဖြစ် မြန်မာရဲတပ်ဖွဲ့က ယူဆထားပါတယ်။ တောင်ငူ တည်ခိုးခန်းတခုတွင်း ပေါက်ကွဲမှုမှာတော့ လူနှစ်ဦးသေဆုံးခဲ့ရပါတယ်။

တရားခံပြေးသတ်မှတ်ခံထားရတဲ့ စောရွှေထူးဟာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး၊ KNU နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ် Photo: Aung Thain Kha/ RFA

 နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကျင်းပမယ့် တစ်နိုင်ငံလုံးက လွှတ်တော် အသီးသီး အတွက် မဲဆန္ဒနယ်စာရင်း အပြည့်အစုံကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တို့အတွက် စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁၇၁ နယ်မြေရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် ရှိတယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အခု ဇူလိုင်လထဲမှာ ထုတ်ပြန်ကြေညာဖို့ ရှိတယ်လို့ လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းမှာ ရေးသားထား ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းအတွင်းကျင်းမယ်လို့ ကော်မရှင်က ကနဦးပြောဆိုထားပြီး လက်ရှိမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၈၃ ခု ရှိတယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဇူလိုင် ၃ရက်၊ ၂၀၁၅ခုနှစ်။

ကော့ကရိတ်-မြ၀တီဒေသ အာရှလမ်းမပေါ်တွင် အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)တို့အကြား ဇူလိုင်လ ၂ရက်နေ့မှစ၍ ဖြစ်ပွားလျှက်ရှိသည့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြေလျော့ရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီး၊ အင်စိန်မြို့နယ်၊ MCC ခမ်းမ၌ ဇူလိုင်လ ၂ရက်နေ့က စတင်ကျင်းပခဲ့သည့် ကရင်အမျိုးသား အကြိုညီလာခံက ယနေ့မေတ္တာရပ်ခံ လိုက်သည်။

ငြိမ်းချမ်းရေးကို ရှေ့ရှု၍ KUPC, ကရင်အမျိုးသားအကြိုညီလာခံ တက်ရောက်လာကြသော ကရင်အမျိုးသားခေါင်းဆောင်၊ ကိုယ် စားလှယ်များအနေဖြင့်လည်းကောင်း ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုကို ဖြေလျော့ရပ်ဆိုင်းပေးရန်အတွက် နှစ်ဦးနှစ်ဖက် တာဝန်ရှိ ခေါင်းဆောင်များအား ၎င်းအကြိုညီလာခံကြီးက အနူးအညွှတ် မေတ္တာရပ်ခံကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌနှင့် ဒီကေဘီအေ စစ်ဦးစီးချုပ်ထံသို့ မေတ္တာရပ်ခံစာ ဇူလိုင် ၃ရက် နေ့စွဲဖြင့် စာထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

KUPC နာယကဆရာတော် အရှင်စန္ဒာဝရက “ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ နှစ်ဖက်တာဝန်ရှိသူတွေ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ဆိုင်းပေးဖို့ ကရင်အမျိုးသား အကြိုညီလာခံကို အနယ်နယ်အရပ်ရပ်ကတက်ရောက်လာတဲ့ ကရင်ခေါင်းဆောင်တွေက အခုလို နှစ်ဖက်စလုံးကို မေတ္တာရပ်ခံလိုက်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

DKBA ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောမောင်လေး “စစ်ရပ်စဲဖို့ တောင်းဆိုမှုအတွက် ကျနော်တို့ ၀မ်းသာစွာ ကြိုဆိုပါတယ်။ ကျနော်သိ ရသလောက် အစိုးရတပ်ပိုင်းခေါင်းဆောင်ကို ကျနော်တို့ဘက်ကလည်း လုံခြုံရေးယူပေးနိုင်ပါတယ်။ အခုဖြစ်တာက အောက်ခြေ ပိုင်း ညှိနှိုင်းလို့ မရဘဲဖြစ်သွားတာပါ။ ဒီလိုညှိမရရင် နောက်တဆင့် ဆက်ညှိဖို့မလုပ်ဘဲ အခုလို ပစ်ခတ်တာက တိုက်ပွဲကို ပြန်လည်ဖြစ်လိုတာလား ကျနော်တို့ စဉ်းစားစရာဖြစ်လာပါတယ်”ဟု ဇူလိုင် ၃ ရက်နေ့ ဆက်လက်ပြုလုပ်နေသည့် ညီလာခံတွင် တင်ပြခဲ့သည်။

ဇူလိုင်လ ၂ရက်နေ့မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဖက်က ၈၁-မမ ဟု ထင်ရသည့် လက် နက်ကြီးအလုံး တစ်ရာကျော်နှင့် ဇူလိုင်လ ၃ရက်နေ့တွင် ထပ်မံ၍ အလုံး ၆၀ကျော် ထပ်မံပစ်ခတ်ခဲ့သော်လည်း မိမိတို့အနေဖြင့် အေအာရ် ၇၉ဖြင့်သာ ပြန်လည် ပစ်ခတ်ကြောင်း ဗိုလ်မှူးစောမောင်လေးက ဖြည့်စွက်ပြောဆိုသည်။

ယနေ့ ညီလာခံတွင်ထုတ်ပြန်ခဲ့သည့် ယင်းမေတ္တာရပ်ခံစာတွင် ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမပေါ်တွင် ဇူလိုင် ၂ ရက်နေ့  နံနက်ပိုင်းတွင် နယ်မြေခံ DKBA နှင့် အစိုးရတပ်တို့ တိုက်ခိုက်ပစ်ခတ်မှုများဖြစ်ပွားနေသည်ကို ညီလာခံကကြားသိရပြီး၊ ညီလာခံကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးရှေ့ခရီးအတွက် များစွစိုးရိမ်ပူပန်သလို ငြိမ်းချမ်းရေးကို ရှေးရူသောအားဖြင့် နှစ်ဖက်ပစ်ခပ်တိုက်ခိုက်မှုများဖြေလျော့ရပ်ဆိုင်းပေးရန် အနူးညွန့် မေတ္တာရပ်ခံကြောင်းဖော်ပြထားသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)မှ စီစဉ်မှုဖြင့် ကရင်အမျိုးသားအကြို ညီလာခံကို ဇူလိုင် ၂ ရက်နေ့ မှ ၄ ရက်နေ့ ထိ ရန်ကုန်မြို့၊ MCC ခန်းမ၌ပြုလုပ်နေပြီး ညီလာခံသို့ ကရင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်ရေးရာဝန်ကြီးများ၊ နယ်ပယ်စုံကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ဦးကျော်တက်ရောက်နေကြောင်း အခမ်းအနားစီစဉ်သူများထံမှ သိရသည်။

 ကေအိုင်စီ - KIC News
http://kicnews.org


ဆွစ်ဇာလန်နိုင်ငံက နေစွမ်းအင်သုံး လေယာဉ်ဟာ ကီလိုမီတာ ၃ သောင်းခွဲရှိတဲ့ ကမ္ဘာပတ် ခရီးစဉ်မှာ အခက်ခဲဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကိုဖြတ် စံချိန်တင် ပျံသန်းပြီးနောက် ဒီကနေ့ သောကြာနေ့မှာ ဟာဝိုင်အီကျွန်းကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ လောင်စာဆီလုံးဝမသုံးဘဲ ပျံသန်းနေတဲ့ Solar Impulse 2 လေယာဉ်ရဲ့ လေယာဉ်မှူး အန်ဒြာ ဘော့ရှ်ဘတ် (Andre Borschberg) ဟာ ဆိုရင်လည်း အရင်က အမေရိကန် လေယာဉ်မှူး စသိ ဖော့စ်ဆတ် (Steve Fossett) ရဲ့ တဦးတည်း အချိန်အကြာဆုံး ပျံသန်းခဲ့ဖူးတဲ့မှတ်တမ်းကို စံချိန်ချိုးလိုက်ပါတယ်။

ခရီးစဉ်အတွင်း လေယာဉ်ကို အလိုအလျောက် ပျံသန်းဖို့ လုပ်ထားတဲ့ အချိန်မှာတော့ လေယာဉ်မှူး ဘော့ရှ်ဘတ် (Borschberg) ဟာ လေဖိအားဒဏ် မခံရအောင် စီစဉ်ထားတဲ့ လေယာဉ်ခေါင်းပိုင်းမှာ မိနစ် ၂၀ ကြာစီ တရေးအိပ်လေ့ ရှိပါတယ်။

အစီအစဉ်မရှိဘဲ လနဲ့ချီပြီး ဂျပန်နိုင်ငံမှာ ၀င်ရောက်ရပ်နားခဲ့ပြီးနောက် တနင်္လာနေ့ကမှ နေစွမ်းအင်သုံးလေယာဉ်ဟာ နာဂိုယာ (Nagoya) မြို့က ထွက်ခွာခဲ့တာပါ။ တရုတ်နိုင်ငံအရှေ့ဘက် နန်ဂျင်း (Nanjing) မြို့ကနေ ဟာဝိုင်အီကျွန်းကို ဇွန်လဆန်းက ထွက်ခွာချိန်မှာ ရာသီဥတု ဆိုးရွားနေတဲ့ အတွက် နာဂိုယာ (Nagoya) မြို့မှာ ၀င်ရောက် ရပ်နားခဲ့ရတာလည်း ဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူ ဒါဘီ (Abu Dhabi) မှာ အဆုံးသတ်မယ့် ကမ္ဘာပတ်ခရီးစဉ်ကိုတော့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ ဘော့ရှ်ဘတ် (Borschberg) နဲ့ ဘာထရန် ပစ်ကတ် (Bertrand Piccard) တို့က စီစဉ်ခဲ့ကြတာဖြစ်ပြီး၊ နေစွမ်းအင် သုံး လေယာဉ်ကိုလည်း ၁၂  နှစ်ကြာ အချိန်ယူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဇူလိုင် ၃ရက်၊ ၂၀၁၅နှစ်။

လတ်တလော အစိုးရတပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)တို့ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)တပ်ဖွဲ့ဝင်များ အခြေချရာ နေရာဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဖြစ်သည်ဟု ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ယနေ့ ပြောဆိုလိုက်သည်။

“လက်ရှိအခြေအနေက အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေတဲ့အချိန်ကာလမှာတော့ နိုင်ငံတော်အစိုးရရဲ့ တပ်မတော်သားတွေနဲ့ ထိတွေ့ရင်ဆိုင်မှုမရှိအောင်တော့ အတတ်နိုင်ဆုံးရှောင်ရှားမှာပေါ့နော်״ဟု ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ဒီကေဘီအေတပ်ဖွဲ့၊ ကေအဲန်ယူ တပ်မဟာ(၆) အထူးလုံခြုံရေးတပ်ဖွဲ့နှင့် တပ်ရင်း ၁၈တို့အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ လှုပ်ရှားသည့်နေရာဖြစ်၍ တိုက်ပွဲအရှိန်မြှင့်လာပါက နှစ်ဘက်တာဝန်ရှိ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသွားမည်ဟု ပဒိုစောသောသီဘွဲက ဆက်ပြောသည်။

ယမန်နေ့ မနက် အစောပိုင်းက ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြ၀တီ အဝေးပြေးလမ်းမကြီးရှိ ကရင်တိုင်းရင်းသား လက်နက်ကိုင်များ၏ စုပေါင်းဂိတ်ဖြစ်သည့် တတိုင်ကူးဂိတ်ရှိ ဒီကေဘီအေ တပ်မတော်နှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ခရီးစဉ်အတွက် လမ်းကင်းလာယူကြသည့် ရွာသစ်ကုန်းရှိ အစိုးရစစ်တပ် တပ်ရင်း ၂၃၁တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါ ပစ်ခတ်မှုကြောင့် အစိုးရဘက်က ဗိုလ်တစ်ဦးသေဆုံးပြီး တပ်သား နှစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သလို ဒီကေဘီအေဘက်က ၂ဦး ဒဏ်ရာရရှိခဲ့ရာ ခရီးသည်နှင့် မော်တော်ယာဉ်များသွားလာမှုကိုလည်း ယနေ့အထိ ရပ်ဆိုင်းထားရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမိုရှေးက ဗိုလ်မှူးကြီး စောမောင်လေးအား ညွှန်ကြားထားသည်ဟု ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ(WPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပွဲသို့ တက်ရောက်သည့် ဒီကေဘီအေ ပြောခွင့်ရဗိုလ်မှူးလုံ့ လုံက ပြောသည်။

၎င်းက “အခုကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့တော့ သူအကြံပေးသွားတာက တိုင်းမှူးနဲ့ တွေ့ရင် ပိုကောင်းတာပေါ့။ ကျနော်လည်း ဗိုလ်ချုပ် မိုရှေးကိုတော့ တင်ပြလိုက်ပြီ။ တိုင်းမှူးနဲ့တွေ့ဖို့ ဗိုလ်မှူးမောင်လေးကို ထပ်ညွှန်ကြားထားပါတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မြ၀တီအထွက် သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီကေဘီအေဘက်က ၂ဦးထပ်မံထိခိုက်ခဲ့သလို မြ၀တီမြို့ရှိ ဒီကေဘီအေဆက်ဆံရေးရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း အစိုးရစစ်တပ်မှ ဖမ်းဆီးကာ ရဲတပ်ဖွဲ့လက်ထဲကို အပ်နှံထားသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ကေအိုင်စီ- KIC News
http://kicnews.org

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ် Photo: Kyaw Lwin Oo/RFA

မြ၀တီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာဟာ အစိုးရစစ်တပ်က လူကြီးလမ်းကြောင်းရှိတဲ့အတွက် အာရှလမ်းသစ်မှာ တပ်စွဲထားတဲ့  DKBA တပ်ကို ဖယ်ခိုင်းရာမှာ၊ DKBA က ငြင်းဆန်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။

"လုံခြုံရေးယူပြီးမပြန်မှာ ကျနော်တို့က စိုးရိမ်တယ်၊ သူတို့နေရာယူလိုက်လို့ရှိရင် မပြန်တော့ဘူး၊ ဟိုတလော ကယူတယ်၊ နှစ်ရက် သုံးရက်ဆိုပြီး ဆယ်ရက် ဆယ့်ငါးရက်ကြာသွားတယ်၊ အဲ့ဒါတွေကျနော်တို့စိုးရိမ်တယ်၊ ကျနော်တို့မြို့ထဲမှာ ဖြတ်သွားဖြတ်လာလည်းမရ ဒီတောတောင်ထဲမှာလဲ နေလို့မရဘူးဆိုတော့ ဘယ်လိုပြော ရမလဲ ဖိနှိပ်မှုအဲ့လိုခံရတာတွေကို တုန့်ပြန်တာပေါ့"

အစိုးရတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးနဲ့ စပစ်ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။

DKBA ဘက်က ၃ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရတပ်ဘက်မှာလည်း အထိအခိုက်ရှိနိုင်ပေမဲ့၊ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အာရှလမ်းသစ် မနေ့က စတင်ပိတ်သွားခဲ့ပြီး ခရီးသွားတွေ လမ်းဟောင်းကသာ သွားလာနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese