07/05/15


 မှားယွင်းနေတဲ့ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ရေး ပြည်သူတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြဖို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တိုက်တွန်း လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ ရာခိုင်နှုန်း တဝက်ကျော်က မှားယွင်းနေကြောင်း စိစစ်တွေ့ရှိ ခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြ ပေးထားပါတယ်။

ကော့မှူးမြို့နယ်အတွင်း တအိမ်တက်ဆင်း မဲပေးရေးပညာပေးဟောပြောမှုများ လှည့်လည်သွားလာနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က သူရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ မှားယွင်းနေတဲ့ မဲဆန္ဒရှင်စာရင်းတွေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လူထုဟောပြောပွဲမှာ အခုလိုပြောသွားပါတယ်။

“ကိုယ့်ရဲ့နိုင်ငံကို ဘယ်လိုစနစ်နဲ့အုပ်ချုပ်မလဲဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ ကိုယ်မပါဘူးဆိုတဲ့သဘော ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲမှာမဲပေးဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။ မဲစာရင်းတွေကို သေသေချာချာစိစစ်ကြပါ။ ကိုယ့်နာမည်ပါရဲ့လား၊ ပါသင့်တဲ့သူအားလုံး ပါရဲ့လား၊ မပါသင့်တဲ့နာမည်တွေ ပါနေရင် တို့နဲ့မဆိုင်ဘူးဆိုပြီး မနေပါနဲ့၊ ဆိုင်ပါတယ်။ ဘာဖြစ်လို့ ကျမ ဒီလိုပြောလဲဆိုတော့ မဲပေးပိုင်ခွင့်မရှိတဲ့လူ - ဥပမာဆိုရင် ဒီရွာကနေပြီး ကွယ်လွန် အနိစ္စရောက်သွားတဲ့လူတွေ နာမည်တွေပါနေတယ်ဆိုရင်လည်း အော်- ငါတို့နဲ့မှ မဆိုင်ဘဲ၊ နေပေစေ…လို့ မပြောပါနဲ့။ အဲဒီကိစ္စကို ပြင်ဖို့လုပ်ပါ။ ဘယ်လိုပြင်ရမလဲဆိုတာမျိုး ကျမတို့ဝေတဲ့ စာရွက်စာတမ်းတွေထဲမှာ ပါပါတယ်။”

မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အမည်စာရင်းမှန်ကန်မှ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲပေးနိုင်မှာပါ။ ဒါကြောင့် အသက် (၁၈) နှစ်ပြည့်တဲ့ နိုင်ငံသားတိုင်း မဲပေးနိုင်ဖို့နဲ့ မဲစာရင်းတွေမှန်ကန်ရေး ကိုယ့်ရဲ့အမည်စာရင်းတွေကို သေချာစိစစ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“တကယ်မဲပေးပိုင်ခွင့်ရဖို့ဟာက မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်နာမည်က မှန်မှန်ကန်ကန်ပါရမယ်။ မှန်မှန်ကန်ကန်ပါရမယ်ဆိုတာက အချက်အလက်တွေ တော်တော်များတယ်။ နံပါတ် (၁) က ကိုယ့်ရဲ့နာမည်က ပါရမယ်။ သွားကြည့်လို့ရှိရင် နာမည်မပါတဲ့လူတွေ တော်တော်များပါတယ်။”

ဒါ့အပြင် မဲဆန္ဒရှင်စာရင်းတွေထုတ်ပြန်ချက်တွေမှာ ရာခိုင်နှုန်းတဝက်ကျော် မှားယွင်းနေတဲ့အတွက် ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှန်ကန်ရေး အခြေအနေ စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ချီလီဂိုးသမား Claudio Bravo က ဆုရ Copa America ဖလားကို ကိုင်မြှောက်ပြသအောင်ပွဲခံစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅) 
၂၀၁၅ ကိုပါ အမေရိကန်ဖလားကိုတော့ အိမ်ရှင် ချီလီအသင်းက အာဂျင်တီးနားကို ဖိုင်နယ်မှာအနိုင်ရပြီး ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာ ဒေသစံတော်ချိန် စနေနေ့ညနေက ကစားကြတာမှာ ၂ သင်းစလုံး အကြိတ်အနယ် ရေကုန်ရေခမ်းကစားခဲ့ပြီး ပွဲကလည်း အတော်လေးကို အကြိတ်အနယ်ရှိခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ မှာရော အချိန်ပိုမှာပါ ဘယ်သူမှ ဂိုးဝင်အောင် မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီ ၅ လုံးစီ ကန်ကြတာမှာ ချီလီက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ကိုပါဖလားကို ပထမဆုံးအကြိမ် ဗိုလ်စွဲသွားခဲ့တာပါ။ ဒါဟာ ချီလီအတွက်တော့ နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲတာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနာအတွက် ပထမ ပယ်နယ်တီကို မက်ဆီက ဝင်အောင်သွင်းနိုင်ခဲ့ပေမယ့် ဟီဂွါရင်းနဲ့ ဘီနီဂီယာတို့ မဝင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ချီလီက ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။ ထပ်လွဲသွားခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ ချီလီဂိုးသမား Bravo က ရသွားခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုရသွားတဲ့ Claudio Bravo
ကိုပါ အမေရိကဖလားကို ဘရာဇီးက ကမ္ဘာကျော်ဘောလုံးသမား ပီလီ နဲ့ အာဂျင်တီးနားက မာရာဒိုနာလည်း တခါမှ မရဖူးဘဲ မက်ဆီအနေနဲ့ ဒီဖလားရဖို့ဆိုရင်တော့ နောက် ၄ နှစ် တခါ စောင့်ရအုံးမှာဖြစ်ပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

 rakhine-land-620 မြောက်ဦးမြို့နယ်ထဲက လယ်ထွန်နေတဲ့ လယ်သမားတစ်ဦးကို တွေ့ရစဉ်

ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၃ သောင်းလောက် ရှိတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေး ရာ ကော်မတီအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်မြေသိမ်းခံရတာတွေ ရှိနေတာနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်တွေကို အဖွဲ့ရဲ့ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ဟာ တခြားပြည်နယ်နဲ့ တိုင်းတွေနဲ့မတူပဲနဲ့ အခုအချိန်အထိ မတိုင်မကြားရသေးတဲ့ အမှုအခင်းတွေ အရမ်းများပါတယ်၊ ရခိုင်ပြည်နယ်မှာ အများစုကစစ်တပ်သိမ်းဧကတွေ အရမ်းများပါတယ်၊ တစ်မြို့နယ်တစ်မြို့နယ် ထဲမှာ စစ်တပ်ကအနည်းဆုံး ၃ ခုလောက် သိမ်းထားတာမျိုးတွေ့ရတယ်၊ ဌာနဆိုင်ရာက တချို့ကပေါ့နော် မလိုအပ်ပဲ သိမ်းထားတာတွေလည်း အနည်းအကျဉ်းရှိတယ်၊ အများစုကတော့ စစ်တပ်သိမ်းကိစ္စပဲ၊ စစ်တပ်သိမ်းကိစ္စကလည်း ရခိုင်ပြည်နယ်ကမြို့တိုင်း ကျနော်တို့ ရောက်တဲ့မြို့တိုင်းမှာ စစ်တပ်မသိမ်းတဲ့မြေ တစ်ခါမှမတွေ့ရသေးဘူးဗျ"

ရခိုင်ပြည်နယ်က ဂွ၊ တောင်ကုတ်၊ သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ မဒေးကျွန်း စတဲ့မြို့နယ်တွေအပါအဝင် မြို့နယ် ၁၁ ခုမှာ ဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေကို မှတ်တမ်းကောက်ယူနေတာ ဇွန်လပိုင်းက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လယ်ဧကပေါင်း သုံးသောင်းကျော်လောက်ဟာ စစ်တပ်၊ ပြည်ထဲရေးဌာနတို့ကနေ သိမ်းဆည်း ခံထားရပြီး အများစုဟာ သံတွဲ၊ ဂွ ၊ ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဧက တစ်သောင်း နီးပါးလောက်ကို မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်က ရရှိလာတဲ့အချက်လက်တွေအပြင် အခြားပြည်နယ်တွေမှာပါ ရယူခဲ့တဲ့လယ်ယာမြေပြဿနာ မှတ်တမ်းတွေကို လာမယ့်သြဂုတ်လမှာ ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/rakhine-army-land-conquer-07052015000523.html

တပ်မတော်သား ၁၆၆ ယောက်က အားလုံးသဘောတူ ကန့်ကွက်ကြတယ်ဆိုတော့ ဒီကိစ္စကို ကြိုတားပြီးသားလို ဖြစ်နေတယ် … မိမိဆန္ဒနဲ့ လုပ်ပိုင်ခွင့်မရှိဘူး … ချုပ်ကိုင်ထားတဲ့ သဘော …
၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ၄၃၆ (က) (ခ)အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတား ဖြစ်နေသည့် ပုဒ်မ ၅၉ (စ)စသည့် အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရန် ဇွန်လ ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် အားလုံးက ကန့်ကွက်ခဲသည့်အတွက် ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းသာ ပြင်ဆင်ခွင့်ရခဲ့ပြီး ကျန်ပုဒ်မများ ပြင်ဆင်ခွင့် မရရှိခဲ့ပေ။

ထို့ပြင် ပုဒ်မ ၄၃၆ အား ပြင်ဆင်ခွင့်မရှိကြောင်း ကြေညာစဉ်လည်း တပ်မတော်သား ကိုယ်စားလှယ်များက လက်ခုပ် လက်ဝါးတီးကာ အောင်ပွဲခံခဲ့သည့်အတွက် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ သြဂုတ်လ အတွင်းကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းများကို ထုတ်ဖော်ကြေညာကာ မှတ်တမ်းတင်ရန်အဆို တင်သွင်းစဉ်ကလည်း တပ်မတော်သား ကိုယ်စားလှယ်များအပြင် အခြားသော ပါတီကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သည့်အတွက် အဆိုရှုံးနိမ့် ခဲ့ရဖူးသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အပါအ၀င် နိုင်ငံအတွက် အရေးကြီးသော အဆိုများ တင်သွင်းရာတွင် ယခုကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်များဘက်မှ အပြင်းအထန် ကန့်ကွက်မှုများ ပြုလုပ်နေခြင်းမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဘောထားနှင့် သက်ဆိုင်မှုများစွာ ရှိကြောင်း သုံးသပ်ပြောဆို မှုများ ရှိနေပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ရပ်တည်ချက်အပေါ် ဝေဖန်မှုများရှိလာခဲ့ရာ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့၏ သဘောထားများအား စုစည်းတင်ပြ လိုက်သည်။

ဝိုင်းမော်

● သူရဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း)

စိတ်တော့ မကောင်းဘူးဗျာ။ ကျွန်တော်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးတော့ တပ်မတော်ကို သံယောဇဉ် ရှိပါတယ်။ သူတို့ကိုလည်း တရားမျှတပြီးတော့ မဏ္ဍိုင်သဖွယ် နေစေချင်ပါတယ်။ ဒါပေမဲ့လို့များ တပ်မတော်ကိုလည်း ချစ်ပါတယ်၊ သို့သော် ပြည်သူလူထုကို ပိုပြီးချစ်ရပါတယ်။ ပိုပြီးချစ်တယ်မှာ ခုကိစ္စတွေမှာ အမှန်ကစပြီး ဆန္ဒပြတာတွေ ပြင်ဆင်ရန်ပြောတဲ့ အချက်တွေ သူတို့အောင်မြင်သွားတဲ့ အခါမှာလည်း သူတို့ ၀မ်းပန်းတသာနဲ့ သြဘာပေးတာမျိုးတွေလည်း ကြားလိုက်တယ်ဗျ။ တပ်မတော်ကိုတော့ ဘာပဲဖြစ်ဖြစ် ဣနြေ္ဒရှိပြီးတော့ မဏ္ဍိုင်သဖွယ် နေတာ အကောင်းဆုံးပဲဗျ။ ဒီလိုလုပ်လိုက်တော့ ပြည်သူလူထု မျက်စိဆံပင်မွေး စူးသလိုဖြစ်တာပေါ့။ မလုပ်ကောင်းဘူးပေါ့။ အမှန်ကတော့ဗျာ အရင်တုန်းတည်းက ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တည်းက နိုင်ငံတော်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ပတ်သက်လို့ သဘောထားတွေ မူဝါဒတွေ ချထားတာတွေ ရှိပါတယ်။ တပ်မတော်ပိုင်းမှာ ဒီလိုနဲ့ပတ်သက်လို့ ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူလူထုက သူတို့ထဲမှာ ရှိနေတဲ့ ဆန္ဒကို အေးချမ်းငြိမ်းချမ်းစွာနှင့် ပိုမိုပြီး ဒီမိုကရေစီကျင့်စဉ်နဲ့အညီ တရားဥပဒေ စိုးမိုးရေးအတိုင်းပဲ လမ်းမှန်ကို ပြန်ရောက်အောင် လုပ်ပေးရမယ့် တာဝန်တစ်ရပ်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသား တစ်ရပ်လုံး တာဝန်ဖြစ်သည် ဆိုသည့်အတိုင်း တပ်မတော်ဟာ လမ်းမှန်ရောက်လာအောင် အေးအေးချမ်းချမ်း ငြိမ်းငြိမ်း ချမ်းချမ်း တရားမျှတစွာ သဟဇာတဖြစ်ဖို့ကို ပြန်လည်ပြီး မှန်ကန်သော လမ်းစဉ်ကို ရောက်လာအောင် ပြုလုပ် ဖို့က ပြည်သူလူထု တာဝန်ဖြစ်သည် ဆိုသည့်အတိုင်း ဒါတွေက ပြန်လည်ကျင့်သုံး လုပ်ကိုင်သွားရဖို့ပဲ ရှိတယ်လို့ မြင်တယ်။

● ဦးမန်းအောင်ပြည်စိုး (ဒုဥက္ကဋ္ဌ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ)

အဲဒီ ၂၅ ရာခိုင်နှုန်းက ကျွန်တော် သိရသလောက် ပြည်ထောင်စုမှာဆိုရင် ၁၆၆ ယောက် ရှိတာပေါ့။ ၁၆၆ ယောက်က အားလုံးက စိတ်တစ်ထေရာတည်းဖြစ်ဖို့ နည်းနည်းခက်တာပေါ့။ သူတို့အပေါ်က တစ်ယောက် ယောက်နဲ့ အမိန့်ပေးတာ ရှိကောင်းရှိတယ်။ ဒီအပေါ်မှာ ဆန္ဒမဲပေးတာတို့၊ မတ်တတ်ရပ်တာတို့ ရှိကောင်း ရှိတယ်။ ကိုယ့်ဆန္ဒမဟုတ်ဘဲနဲ့ တစ်စုံတစ်ယောက်ရဲ့ ဖိအားရဲ့ လုပ်တာကတော့ မကောင်းဘူးပေါ့။ နောက် တပ်မတော်သား ၁၆၆ ယောက်က အားလုံးသဘောတူ ကန့်ကွက်ကြတယ်ဆိုတော့ ဒီကိစ္စ ကိုကြိုတားပြီးသားလို ဖြစ်နေတယ်။ မိမိဆန္ဒနဲ့ လုပ်ပိုင်ခွင့်မရှိဘူး။ ချုပ်ကိုင်ထားတဲ့သဘော။

● ဦးဝင်းချို (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက်က တပ်မတော်ရဲ့ ရပ်တည်ချက်လို့တော့ ပြောလို့မရဘူး။ နီးနီးစပ်စပ် ပြောနိုင်တာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက်ဟာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရပ်တည်ချက်နဲ့တူတယ်လို့ ပြောလို့ရတယ်။ သူတို့အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် ထားတာ ဖြစ်တဲ့အတွက် အဲဒီလို တစ်ပြိုင်နက်တည်း မတ်တပ်ရပ်တဲ့ ကိစ္စရဲ့ နောက်ပိုင်းမှာ သူတို့ကို လွှတ်တော်ကနေ ပြန်မခေါ်ဘူးဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတယ်လို့ ပြောလို့ ရတာပေါ့။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတယ်။ မြန်မာ့တပ်မတော်ရဲ့ သဘောထား အမှန်လို့တော့ မပြောနိုင်ဘူး။ တပ်မတော်သား အားလုံး မတ်တတ်ရပ်တဲ့ အချိန်တိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်ဟာ အဲဒီ သဘောထားရှိတယ်ဆိုတာ ပြောနိုင်ပါတယ်။

● ဦးဒေးဗစ်လှမြင့် (အတွင်းရေးမှူး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့)

တကယ်ပဲ လုပ်ဆောင်ပေးသင့်တဲ့ အချက်အလက်တွေကို ကန့်ကွက်နေတာကတော့ တပ်ရဲ့ကြီးစိုးမှုကို လက်မလွှတ်တဲ့ သဘောပဲဗျ။ စစ်အာဏာရှင် စနစ်အောက်က ရုန်းထွက်လို့ မရသေးဘူးဆိုတာကို ပြတာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၂၅ ရာခိုင်နှုန်းက မလုပ်ဘူးဆို ဘာမှမရဘူးဆိုတာ မဲများတာတောင် ရှုံးနေ သေးတာ။ ဒါကပုံသဏ္ဌာန်ကို ဖော်ညွှန်းနေတာက ဒီမိုကရက်တစ် မဟုတ်ဘူး။ ဒီမိုကရက်တစ်အသွင် ကူးပြောင်းရေး ကာလရောက်နေတယ်ဆိုပြီး ဒီမိုရေစီစံချိန်စံနှုန်းတွေနဲ့ သွားနေတယ်ဆိုတာ မဟုတ်ဘူး။

● ဦးအေးသာအောင် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ)

ကျွန်တော်တို့မြင်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ဖို့ ကြိုးစားနေကြတယ်။ အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးပဲ။၂၀၀၈ ဖွဲ့စည်းပုံပြင်မှ ဒီမိုကရေစီစနစ် ထွန်းကားမယ်။ ပြည်တွင်း ညီညွတ်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ပုံဖော်နိုင်မယ်။ အဲဒီလိုဖြစ်ဖို့ ကြိုးပမ်းနေတဲ့ နေရာမှာ တပ်မတော်သား ကိုယ်စားလှယ် များက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်ဆိုတာက ယခင် န၀တ၊ နအဖအစိုးရက ဒီဖွဲ့စည်းပုံကို မပြင်နိုင်အောင် အထူးသဖြင့် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို မပြောင်းနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်။ အဲဒီမှာအဓိကကတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ၂၅ ရာခိုင်နှုန်းသော လွှတ်တော် အသီးသီးက တပ်မတော်သား ကိုယ်စားလှယ်များကို တာဝန်ပေးထားတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဖို့၊ အပြောင်းအလဲမဖြစ်ဖို့ ပြတ်ပြတ်သားသား ဆန့်ကျင်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အန်တီတို့ သိတာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရင် အစိုးရဘက်က ပြတ်ပြတ်သားသားရပ်ဖို့အတွက်၊ ဒီထက် တိတိကျကျ ပြောရရင် သမ္မတကြီး ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ဘက်ကနေ ကာကွယ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပဲ။ ဒီလိုလုပ်တာ သိပ်ပြီးတော့ မဆန်းပါဘူး။ အစိုးရ အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ရှိတယ်။တပ်မတော်ရဲ့အကျိုး စီးပွားကိုလည်း အစိုးရက ထာဝစဉ် ကာကွယ်မယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အပြန်အလှန် သစ္စာစောင့်သိကြတဲ့ သဘောလို့လည်း အန်တီ သတ်မှတ်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

၁၉၉၀ ရွေးကောက်ပွဲ .. ပြည်သူတွေက ဒီချုပ်ကို မဲထည့်တယ်။ ရလာဒ် အကောင်အထည် မပေါ်ဘူး။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ .. ပြည်သူတွေက ဒီချုပ်ကို မဲထည့်တယ်။ ရလာဒ် အကောင်အထည် မပြနိုင်ဘူး။

၂၀၁၄ - ၄၃၆ ပြင်ဆင်ရေး - ပြည်သူတွေက ဒီချုပ် ဦးဆောင်မှုအရ လက်မှတ်ထိုးတယ်။ ရလာဒ် အကောင်အထည်မပေါ်ဘူး။

၂၀၁၅ ရွေးကောက်ပွဲ - ပြည်သူတွေက ဒီချုပ်ကို မဲထည့်ဦးမယ်။ ရလာဒ် အကောင်အထည် ပေါ်ဖို့လိုတယ်။

ဒေါ်စုအလွန်မှာ ပြည်သူညီညွတ်မှု ဒီလောက်ရဖို့ မလွယ်ဘူး။ ၂၀၁၅-၂၀၁၆မှာ ဒေါ်စု သမတ ဖြစ်အောင် လုပ်ကို လုပ်ရမယ်။

ဒေါ်စု သမတဖြစ်တောင် ခြေဥပြင်ဖို့ အချိန်လိုတယ်။ မလုပ်နိုင်ရင် ၂၀၂၀ကို ထပ်မျှော်ဖို့ မစဉ်းစားနဲ့။ ဒေါ်စု အသက်အရွယ်က မလိုက်နိုင်တော့ရင် ဒီချုပ်အဖို့ တဖြည်းဖြည်း သြဇာကျဆင်းလာမယ်။ နိုင်ငံရေးအရ တိုးတက်မှု မရှိရင် ပြည်သူ ကိုးစားမှု ကျဆင်းလာမယ်။ အထူးသဖြင့် တက်လူငယ်တွေ အားမလို အားမရဖြစ်လာမယ်။

အချိန်မကျန်ဘူး။ လမ်းရိုးကြီးအတိုင်း လျောက်နေရင် ၂၀၀၈ ခြေဥထဲ တဝဲလည်လည်နဲ့ အချိန်ကုန်တာပဲ ရှိမယ်။ လမ်းသစ်ထွင်ဖို့ လိုပါပြီ။

၄၃၆ မပြင်နိုင်ရင် ပလန်ဘီရှိတယ်ဆိုပြီး လော်ဘီလုပ်ပေးလို့ မရတော့ဘူး။ တကယ်တမ်း မရှိဘူး။ ဒါမျိုးနဲ့ သွားလို့ မရတော့ဘူး။ စနစ်တကျ လမ်းစဉ်ချပြီး အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်ဖို့ လိုတယ်။ ဘယ်လိုလမ်းကြောင်းနဲ့သွားမယ်ဆိုတာ ပြည်သူကို ချပြဖို့လိုတယ်။

ဒီချုပ် အစိုးရဖွဲ့နိုင်ရင် ကာချုပ်ကြိုးကိုင် ပြည်ထဲရေးကို မကျော်နိုင်ဘူး။ လွတ်တော်ဝင်လဲ ကာချုပ်ကြိုးကိုင် အဆိပ်သားကို မကျော်နိုင်ဘူး။ ဒီတော့ လူထုနိုင်ငံရေးနည်းကို အကဲပေးရမယ်။

အဲဒီမှာ မတရားဥပဒေတွေနဲ့ ပြည်ထဲရေးက နှောက်ယှက်မယ်။ သမတဒီချုပ်လဲ ဘာမှ မတတ်နိုင်ဘူး။ ပုဒ်မ ၁၈ အောက်က ဥပဒေတိုင်းနေရင်လဲ ဘာမှ ဖြစ်မလာဘူး။

၂၀၀၈ ခြေဥ ထာဝရ တည်မြဲရေးကို ပါရမီဖြည့်ပေးနေတာနဲ့ တူမယ်။ နိုင်ငံတကာက စစ်လွတ်တော်ကို အသိအမှတ်ပြုရတော့မယ်။
ရွှေမန်းသား ခရိုနီတွေ အမေရိကားမှာ ကုမ္ပဏီထောင်နိုင်ဖိုပဲ ဖြစ်သွားမယ်။

၂၀၀၈ ခြေဥပုံစံကြီးထဲကနေ.. အကျင့်ပျက် ခြစားမရအောင် အောက်ဥပဒေလေးတွေ ပြဒ့ါန်းပြီး .. ဂွတ်ဂါးဗားမင့် ကလင်းဂါးဗာမင့် ဖြစ်အောင် ဂျီးချွတ်ဖုတ်သုတ်ပေးရုံသက်သက်ပဲဆိုရင်.. ၂၀၀၈ ခြေဥကတော့ ဒုံရင်း ဒုံရင်းပဲဆိုရင်.. ၂၀၀၈ ခြေဥအတွက် ပေးဆပ်သလိုသာ ဖြစ်နေမယ်... အဲ့ဒီအတွက်ပဲ ပြည်သူက ကျေနပ်ရတော့မှာလား။

Credit. Min Soe Naing

 ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မဲစာရင်းကြည့်နေသူတချို့ကို တွေ့ရစဉ် Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အခြေခံ မဲဆန္ဒရှင်စာရင်းတွေကို အခုဇူလိုင်လ အတွင်းမှာ စတင်ကောက်ယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေကို လာမယ့်တနင်္လာနေ့မှာ စတင်ကောက်သွားမယ်လို့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးကျော်စွာဦးက ပြောပါတယ်။

"လောက်ကိုင်ရယ် ကုန်းကြမ်းရယ်ကို တနင်္လာနေ့နံနက်စမှာပေါ့နော်၊ လက်ရှိဒါကို ရပ်ကျေးထဲမှာပါမယ့်စာရင်း  လဝကမှာပါမယ့်စာရင်းဘာညာဆိုတော့ လက်ရှိအခါတော့ တချို့လူတွေကတော့ ဝင်လာဖို့တော့ကျန်သေး တယ်၊ လာတော့လာနေကြတယ် သူ့ဟာနဲ့သူတော့ တစ်ရက်ကို ၁ဝဝ ပဲဖြစ်ဖြစ်၊ ၁၅ဝ ပဲဖြစ်ဖြစ် အိမ်ထောင် စုတွေက စပြီးတော့ဝင်လာနေကြပြီ၊ လက်ရှိကျနော် ကောက်တဲ့အခါမှာကျတော့ တကယ့်ရပ်ကျေးမှာရှိတဲ့ ဟာရယ် ဒီမှာရှိတဲ့ ပုံစံ ၆၆ အတိုင်းပဲ ကျနော်ကောက်ပါမယ်"

လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ လက်ရှိခန့်မှန်းစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ရှစ်သောင်းနီးပါးရှိပြီး အဲ့ဒီနှစ်မြို့နယ်က အခြေခံမဲစာရင်းတွေကို နှစ်ပတ်ကြာကောက်ယူသွားမှာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ၄ မြို့နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ထဲက ၂ မြို့နယ်နဲ့ မိုင်းလား စတဲ့မြို့နယ် ၇ မြို့နယ်မှာ မဲစာရင်းတွေကို ကောက်ယူနိုင်ခြင်းမရှိသေးဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

dassk-kawmhuu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၇ ရက်နေ့က ကော့မှူးမြို့ခရီးစဉ်တွင် တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကော့မှုးမြို့နယ်ထဲက မဲစာရင်း ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မဲစာရင်းအမှားအယွင်းတွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တာဖြစ်ကြောင်း ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြတ်က ပြောပါတယ်။

"အန်ကယ်လ်တို့ ကော်မတီရုံးကို အန်တီကမလာပါဘူး၊ အထွေထွေအုပ်ချုပ်ရေးရုံးမှာပဲ အကုန်လုံး ဆုံပြီးတော့တွေ့တယ်၊ ကော်မရှင်ရုံးနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါးမေးတယ်ပေါ့၊ မဲစာရင်းတွေက အမှားများတယ်ဘာညာ အဲ့ဒါမေးတယ်၊ တစ်နိုင်ငံလုံးတော့ အမှားရှိနိုင်တယ်ပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သိပ်တော့မမေးပါဘူး၊ အဲ့ဒါတွေက ဒီမှာအကြမ်းသာလုပ်တာ အဲ့ဒီမှာ ကျနော်တို့ အမှားတွေတင်စရာရှိတာ တင်မယ်၊ မလိုတဲ့လူတွေဖယ်မယ် လိုတဲ့လူတွေကို ထပ်တင်မယ်ဆိုတဲ့သဘောနဲ့ အဲ့လိုအနည်း အကျဉ်းလေး ပြောဖြစ်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်က မဲစာရင်း မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကော့မှူးမြို့နယ်က အခြေခံမဲဆန္ဒရှင် စာရင်းတွေကို ဇွန်လ ၂၂ ရက်နေ့ကနေ စတင်ထုတ်ပြန်ပေးခဲ့ကာ မဲစာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးနေတယ်လို့လည်း သိရပါတယ်။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-vote-list-check-kawmhuu-07042015111843.html



မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ် ကျောင်းသားလေးဦးကို ဖမ်းဆီးခဲ့တာကို ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကန့်ကွက်လိုက်ပါတယ်။

လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို ဖမ်းဆီးလိုက်တာဟာ မဖြစ်သင့်တဲ့အတွက် မနေ့ကရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန်ပြီး အခုလိုကန့်ကွက်တာလို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုကျော်ရဲသီဟကျော်က ပြောပါတယ်။

"စနေနေ့ ၁ ရက်နေ့မှာဗျာ ကျနော်တို့ ရတပုံက ဥက္ကဌ ကိုနိုင်ရဲဝေရဲ့ ဒုဥက္ကဌ ကိုအောင်ဆန်းဦး၊ အဖွဲ့ဝင် ၂ ယောက်ရယ်ဗျာ၊ ထောင်အထိကို ဝင်ဖမ်းသွားပြီးတော့ အိုးဘိုထောင်ကိုတန်းပို့တယ်၊ အဲ့ကိစ္စက လုံးဝကို ကန့်ကွက်တယ်ဗျ၊ သာယာဝတီထောင်မှာ ရဲဘော် ၇ ယောက်ကိုတိုက်ပိတ်တယ်ဗျာ၊ အခုလိုမျိုးလုပ်နေတာကိုဗျာ ဘယ်လိုမှမဖြစ်သင့်ဘူးဗျာ၊ ကျောင်းသားတွေဗျာ ကျောင်းသားတွေထဲမှာ လက်ရှိကျောင်းတက်နေတဲ့ ကျောင်း သားတွေကို အခုလိုမျိုးညှင်းပမ်းပြီးတော့ ပုဒ်မ ၅ ခုစွဲချက်တင်ပြီးခဲ့လို့ အိုးဘိုထောင်ကိုတန်းပို့တဲ့ဥစ္စာ ဘယ်လိုမှ မဖြစ်နိုင်တဲ့သင့်တဲ့အရာတစ်ခုလို့ ကျနော်တို့မြင်လို့ပါ"

ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မုခ်ဦးရှေ့မှာ စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေဆိုတဲ့ စာတွေရေး သားခဲ့တာကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေ၊ ဒုက္ကဌ ကိုအောင်ဆန်းဦး၊ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုဂျစ်တူး၊ ကိုဥာဏ်လင်းထက်တို့ကို အမရပူရ ရဲစခန်းက ဇူလိုင်လ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) အပါအဝင် ရုဏ်းရင်းဆန်ခတ်ဖြစ်စေတဲ့ ပုဒ်မ ၁၄၇၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်တဲ့ ပုဒ်မ ၁၄၃၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲ ထားပါတယ်။

ဒီအတောအတွင်း လတ်တလော ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးဖို့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ကိုဇော်မင်းထိုက်ဆိုသူက ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ အခုလိုဖမ်းဆီး ထောင်ချတာတွေကို မလုပ်ဖို့အတွက် ဆန္ဒပြတောင်းဆိုရ တာဖြစ်ကြောင်း ကိုဇော်မင်းထိုက်က ပြောပါတယ်။

"ကျနော်တို့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆန္ဒပြတယ်ဆိုတာ ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲ ကလည်းနီးလာပြီဗျာ၊ ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံပါလို့ ကမ္ဘာကိုပြောထားပေမယ့်လို့ ကျနော်တို့ ဒီလိုတက်ကြွလှုပ်ရှားသူတွေ၊ တကယ်ကို အသိပညာရှင်တွေ၊ အတက်ပညာရှင်တွေဟာ ထောင်တွေထဲမှာ ရှိနေမယ်ဆိုလို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရားမျှတမယ့်ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး"

ကိုဇော်မင်းထိုက်ဟာ မကွေးမြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးရှေ့ကနေ မကွေးမြို့ကို တစ်ပတ်လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။ အခုလိုဆန္ဒပြတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလည်း တရားဝင်စာတင်ပြီးတော့မှ ဆန္ဒပြခဲ့တာလို့လည်း ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးအထိရှိနေပြီး အမှု ရင်ဆိုင်နေ ရဆဲ ၄၅ဝ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/yatanapone-students-arrested-protest-07042015105250.html


လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်မှုများသည် သမ္မတက တပ်မတော် အပေါ်တွင် သြဇာညောင်းခြင်းကြောင့် သမ္မတ၏ အာဘော် ဟုသာ ယူဆကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ဇူလိုင် ၁ ရက်တွင် မီဒီယာများသို့ ပြောသည်။

“သမ္မတက တပ်မတော်အပေါ်မှာ သြဇာညောင်းတယ်၊ တပ်မတော်က ကန့်ကွက်မဲပေးခြင်းဟာ သမ္မတရဲ့ အာဘော်လို့ ကျွန်တော်ကယူဆတယ်။ သမ္မတက မပြင်ချင်လို့ မင်းတို့ ဒီလိုပေးလိုက်ဆိုပြီးဖြစ်တာ။ ကျွန်တော့် သဘောထားကတော့ ပြင်မယ်ဆိုပြီး ကျွန်တော်ထောက်ခံမဲထည့်ခဲ့တယ်”ဟု ဦးလှဆွေက ပြောသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

 ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဇွန်လ ၃ဝ ရက်နေ့က တကသ ကျောင်းသားတွေ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့ကို ချီတက်ဟောပြောကြစဉ် Photo: Aung Thain Kha/RFA
လွှတ်တော်အသီးသီးက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြ တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) ခေါင်းဆောင် ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။

တကသ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ကို ပန်းပဲတန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်တယ်လို့ ပန်းပဲတန်းမြို့နယ် ရဲစခန်းက ရဲမှုး ဦးခင်မောင်ထွေးက အတည်ပြုပြောပါ တယ်။

"ဖမ်းဝရမ်းက ပန်းပဲတန်းမြို့နယ် တရားရုံးကထုတ်တာပါ၊ ပန်းပဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန ကပါ၊ သူကတရားရုံးကို တိုင်လျှောက်လို့ပါ၊ သူတို့က လည်း ဖမ်းဝရမ်းထုတ်ပေးပါဆိုတော့ တရားသူကြီးက ထုတ်ပေးတာပေါ့နော်၊ ၁ ရက်နေ့ကပါ၊ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူ သုံးယောက်ပါခင်ဗျာ၊ သူတို့ရဲစခန်းရော၊ တိုင်းရော၊ ခရိုင်ရော အကုန်လုံးဝရမ်းတွေကို ကျနော်မိတ္တူပေးလိုက်တာပေါ့နော်၊ အားလုံး ဖမ်းဖို့ရာအတွက် ညွှန်ထားတာပေါ့"

အဲ့ဒီအထဲက တကသ အဖွဲ့ဝင် ကိုပိုင်ရဲသူကို ဇူလိုင် ၁ ရက်နေ့ညက ဖမ်းဆီးလိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ ၂ ဦး ကတော့ လက်ရှိမှာ အဖမ်းမခံရသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့မှာ တကသ ကျောင်းသားအဖွဲ့ဝင်တွေ စုပေါင်းပြီး လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေးကို ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

သူတို့ သုံးဦးကို ပုဒ်မ ၅ဝ၅(ခ) အပြင် တရားမဝင် စီတန်းလှည့်လှည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပန်းပဲတန်း မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသလို နောက်ထပ် ကျောင်းသား၂ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဒေါ်အောင်ဆန်းစုကြည် တအိမ်တက်ဆင်း မဲစာရင်းပညာပေးလုပ်စဉ် ဝါးသိင်္ခရွာမှာ မဲစာရင်းသွားရောက်ကြည့်ရှုစဉ်။ 
လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲစာရင်းစိစစ် ဆောင်ရွက်နေကြောင်း NLD ပါတီက ပြောပါတယ်။ နိုင်ငံ့ အပြောင်းအလဲမှာရွေးကောက်ပွဲဆိုတာဟာမဖြစ်မနေဖြတ်သန်းရမယ့် အဆင့်တရပ်ဖြစ်တဲ့အတွက် ပြည်သူတွေဘက်ကလည်း ဒီမိုကရေစီ အင်အားစုတွေ မဲအနိုင်ရရေး ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကလည်း တိုက်တွန်းထားပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ကြေညာ ထုတ်ပြန်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းထဲမှာ မဲဆန္ဒရှင်ပြည်သူစာရင်း မှန်ကန်မှုရှိစေရေး ပြည်သူတွေ ဆန္ဒမဲပေးပိုင်ခွင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။

ဒီကနေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ မဲစာရင်းကပ်ထားတာတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်သလို ကော့မှူးမြို့နယ်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြုစုမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်သီတင်းပတ်တုန်းကလည်း နေပြည်တော်မှာကိုယ်တိုင် တအိမ်တက်ဆင်း မဲစာရင်းစိစစ်ရေး ပညာပေးခဲ့သလို အခုလည်း သူမရဲ့ ကိုယ်ပိုင်မဲဆန္ဒနယ်မှာ ကွင်းဆင်းစိစစ်မှုတွေနဲ့ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ တိုက်တွန်း လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ NLDပြောခွင့်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလိုပြောပါတယ်။

“ဥက္ကဋ္ဌကတော့ အားလုံးပေါ့ဗျာ။ ဒါ နိုင်ငံသားအခွင့်အရေး ဒီအခွင့်အရေးဆုံးရှုံးသွားလို့ရှိရင်လာမယ့် ၂၀၁၅ မှာ အလှည့်အပြောင်းပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် တိုင်းပြည်ရဲ့အလှည့်အပြောင်းအတွက်၊ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့အတွက် မဲဆန္ဒရှင် ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် ဥက္ကဋ္ဌကိုယ်တိုင်လည်း ပညာပေးလှုံ့ဆော်တဲ့အနေနဲ့ ဒါ အခု လုပ်ပေးနေတာပဲလေ။ ဥက္ကဋ္ဌကိုယ်တိုင် ဒီလို လိုက်ပြီး လုပ်တယ်ဆိုတဲ့အခါကျတော့ ဒီမိုကရေစီခေါင်းဆောင်၊ အဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် လုပ်တယ်ဆိုတော့ ဒီမိုကရေစီလိုလားတဲ့လူထုတွေ၊ ဒီမိုကရေစီအင်အားစုတွေမှာလည်း တာဝန်ရှိတယ်။ ပြည်သူလူထုမှာလည်း တာဝန်ရှိတယ်၊ အဖွဲ့ချုပ်မှာလည်း တာဝန်အသီးသီးယူထားတဲ့လူတွေကလည်း တက်တက်ကြွကြွလုပ်ဖို့ တာဝန်ရှိတာပေါ့ဗျာ။”

အခုလက်ရှိထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ ပြည်သူတွေ နာမည်မပါတာတွေ မွေးနေ့သက္ကရာဇ် မှားယွင်းနေတာ နောက် သေဆုံးသူတွေ ပါဝင်နေတာ စသဖြင့် အချက်အလက်မှားယွင်းမှုတွေ ဖြစ်နေတဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ လာမယ့် တနင်္လာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးဖို့ရှိပါတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“လာမယ့် တနလာင်္နေ့ တွေ့တော့မှပဲ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ၊ မေးမှ ရမယ်ဗျ။ ပထမတခေါက်တွေ့တုန်းကတော့ သူက ကွန်ပြူတာ err တွေ၊ ဆိုတာတွေပဲ ပြောနေတာပဲ၊ အခုက ကွန်ပြူတာ err သဘောဆိုတာကတော့ဗျာ။ တမြို့ နှစ်မြို့ ဟုတ်တယ်၊ တတိုင်း၊ နှစ်တိုင်း…ဟုတ်တယ်။ အခုဟာက တနိုင်ငံလုံးကို ဖြစ်နေတာ။ မှားပုံမှားနည်းကလည်း ပုံစံတူတွေချည့်ပဲ။ မဲစာရင်းတွေက တော်တော်မှားတယ်ဗျာ။ မှားတာမှ ပြောလို့မတတ်အောင်ပဲ။ မြင်မကောင်း၊ ရှုမကောင်းအောင်မှားတယ်ဗျ။ မှားတဲ့အခါကျတော့ တနိုင်ငံလုံးမှားတဲ့ဟာတွေကိုကြည့်ပြီး တော့ ဒါတွေကို တင်ပြရမှာပေါ့ဗျာ။”

အခုလို အတိုက်အခံပါတီကြီးဖြစ်တဲ့ NLDဘက်က ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းစိစစ်မှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်မှာ ၈၈မျိုးဆက်ကျောင်းသားတွေဘက်ကလည်း မဲစာရင်းမှားယွင်းမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြံပြုဆွေးနွေးနေတာ အပါအဝင် ပြည်သူတွေကို မဲပေးမှုပညာပေးမှုတွေကို လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

မဖြစ်မနေဖြတ်သန်းရမယ့် နိုင်ငံ့အပြောင်းအလဲဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေဘက်ကလည်း ဒီမိုကရေစီအင်အားစုတွေ မဲအနိုင်ရရေး ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကလည်း တိုက်တွန်းတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက အခုလိုပြောပါတယ်။

"လောလောဆယ် မဲဆန္ဒရှင်စာရင်းပြုစုတဲ့အခါမှာ အမှားအယွင်းတွေ အများကြီးပဲ တွေ့နေရတဲ့ဟာကတော့ လတ်တလောဖြစ်ပျက်နေတဲ့ပြသနာပေါ့။ အဲ့ဒီ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့လည်း သက်ဆိုင်ရာ UEC (Union Election Commission) ကိုပြောသွားမှာပါ။ နောက်တခုက ကျနော်တို့ လူတွေက တခြားအဖွဲ့အစည်းတွေပေါင်းပြီးတော့ ကွင်းဆင်းပြီးတော့ မဲဆန္ဒရှင်စာရင်း သွားကြည့်ဖို့ဆိုပြီး ပြည်သူလူထုကို Educated လုပ်နေပါတယ်။ ကျနော်တို့အမြင်ကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ အဖြေမဟုတ်ပါဘူး။ တိုင်းပြည်အတွက် အဖြေလည်း မဟုတ်ပါဘူး။ သို့သော်လည်း ရွေးကောက်ပွဲဟာ ကျနော်တို့ ဒီမိုကရေစီရေး ကြိုးပမ်းတဲ့သူတွေအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခုကို ဖြစ်ပေါ်အောင် ကျနော်တို့ကိုယ်တိုင်က ဖန်တီးရမယ်လို့ ကျနော်တို့မြင်ပါတယ်။

အဲ့တော့ ပြည်သူလူထုကို ကျနော်တို့တိုက်တွန်းချင်တာက မဲစာရင်းတွေ ဘယ်လို မှားမှား ကျနော်တို့အပေါ်မှာ ဘယ်လောက်ပဲ Free and Fair မဖြစ် မဖြစ် ကျနော်တို့ဟာ တစုတစည်းတည်း တညီတညွတ်တည်း ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ အနိုင်ရရှိဖို့အတွက် ကျနော်တို့ ပြည်သူနဲ့အတူ ကြိုးစားရလိမ့်မယ်လို့ အဲ့တာကိုပဲ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီလိုထုတ်ပြန်နေတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဘက်က ကြိုတင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို သေချာကြည့်ရှုစစ်ဆေးပြီး မှားယွင်းလွဲချော်မှုတွေ တွေ့တဲ့အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိပေးပြီး သတ်မှတ် လျောက်လွှာတွေနဲ့ ပြန်လည်လျှောက်ထားပေးဖို့ တိုက်တွန်းထားပြီး ဒီလိုပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှသာ မဲဆန္ဒရှင်စာရင်း တရားဝင်ထုတ်ပြန်တဲ့ အခါ အမှားအယွင်း နည်းနိုင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ မဲစာရင်းပြုစုရေးတာဝန်ခံတွေက တိုက်တွန်းပြောဆို ထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာလျက်ရှိရာ ထုတ်ပြန်သည့်စာရင်းများတွင် အမှားအယွင်းများစွာရှိနေပြီး ထိုမှားယွင်းမှုများအတွက် ပြည်ထောင်စုရွေးကော်မရှင်၌ အဓိကတာဝန်ရှိကြောင်း တညီတညွတ်တည်း ဝေဖန်ပြောဆိုမှုများ ရှိပါသည်။

■ ဘာတွေ မှားလဲ

လက်ရှိတွင် အခြေခံမဲစာရင်း ကြေညာပြီးစီးသည့်မြို့နယ်များနှင့် ကြေညာလျက်ရှိသည့် မြို့နယ်များရှိ အခြေခံမဲစာရင်းများတွင် သေဆုံးသူများ ပါဝင်နေခြင်း၊ အချက်အလက် မှားယွင်းခြင်း၊ အမည်မပါဝင်ခြင်း၊ မှတ်ပုံတင်မရှိသူများ၏ အမည်စာရင်း ပါဝင်နေခြင်း၊ မွေးရက်နှင့် မွေးလများအား ၃၀ ရက် ၆ လဟု လူအများအပြားအား ဖြည့်သွင်းထားခြင်းစသည့် မဲစာရင်းအားနည်းမှု၊ မှားယွင်းမှုများ ရှိနေပါသည်။

ရာခိုင်နှုန်း ၈၀ ထက်မနည်း မှားယွင်းခဲ့သော အဆိုပါမဲစာရင်းများကို ဒေသအသီးသီးရှိ အထွေထွေအုပ်ချုပ်မှူးရုံးများတွင် ရှိသည့် လူဦးရေနှင့် အိမ်ထောင်စုစာရင်း လ၀ကပုံစံ (၆၆/၆) တို့ကို အခြေခံပြုစုခဲ့ခြင်း ဖြစ်သည်။

“ မဲစာရင်းပြုစုတဲ့နေရာမှာ ပုံစံ ၆၆/၆ အရသာမက ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့တွေ ကိုယ်တိုင်က အိမ်တွေကို လိုက်ပြီးတော့ ဒီရပ်ကွက်မှာ လက်ရှိနေနေတဲ့သူတွေ ဘယ်လောက်ရှိသလဲ။ မဲပေးနိုင်တဲ့ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာကို ကွင်းဆင်းပြီး ဆောင်ရွက်ပြုစုတာက မဲစာရင်းအမှား ပိုပြီးနည်းနိုင်တယ်ဆိုတာကို သူတို့ ကိုယ်တိုင်ရဲ့ ပြောကြားချက်တွေအရရော ကျွန်မတို့တွေ့ရှိချက်တွေအရရော သိရပါတယ်”ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ဖန်တီးအိမ်အဖွဲ့မှ မခင်လေးငယ်ကလည်း ပြောကြားသည်။

“မဲစာရင်းပြုစုတဲ့နည်းက ရွေးကောက်ပွဲနီးမှ ပြုစုတဲ့နည်းပေါ့။ ဆိုတော့ ပုံမှန်လုပ်နေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ နောက်တစ်ခုက အစိုးရက ရှိပြီးသားစာရင်းကို ပြန်သုံးပြီး မှီပြီးတော့ ပြုစုတဲ့အတွက် အားနည်းချက်၊ အားသာချက်တွေ ရှိနေတယ်။ ဒါပေမဲ့ စဦးလုပ်တဲ့ အခြေခံစာရင်းက မမှန်ဘူးဆိုရင် ထွက်လာတဲ့စာရင်းကလည်း မမှန်နိုင်ဘူး”ဟု ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးဆောင်ရွက်လျက်ရှိသည့် New Myanmar Foundation မှ မမြနန္ဒာလင်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အခြေခံမဲစာရင်း မှားယွင်းမှုများမှာ ပျမ်းမျှရာခိုင်နှုန်း ၃၀ မှ ၈၀ ခန့် ရှိနေကြောင်း သိရသည်။

■ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အရှိဆုံး

တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့်၂၀၁၅ရွေးကောက်ပွဲအတွက် ပြုစုသည့် အခြေခံမဲဆန္ဒရှင်စာရင်းများတွင် မှားယွင်းမှုများစွာ ဖြစ်ပေါ်နေခြင်းသည် သံသယ၀င်စရာဖြစ်နေကြောင်းနှင့် ယင်းမှားယွင်းမှုများအတွက် အဓိကတာဝန်အရှိဆုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်ကြောင်း ဝေဖန်ကြပါသည်။

“မြင်ရသလောက်တော့ သေဆုံးတဲ့သူတွေက မဲစာရင်းထဲမှာ ပါနေတယ်။ ကာယကံရှင်တွေကတော့ စာရင်းမပေးနိုင်ကြလို့ပေါ့။ Typing Error တွေလည်း များတယ်။ ဒါတွေက ရိုးရိုးသားသားမှားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တမင်တကာ မှားတာလားလို့လည်း သံသယဖြစ်မိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဝေဖန်သည်။

“ဒီကိစ္စဟာ ရွေးကောက်ပွဲကော်မရှင်က အဓိကတာဝန်အရှိဆုံးလို့ ထင်တယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစစအရာရာ တာဝန်ယူရတဲ့ အဖွဲ့အစည်း။ မဲစာရင်းများအားလုံးအတွက် တာဝန်ရှိတယ်။ တာဝန်ခံပြီး လုပ်ရမယ်”ဟု ဒေါ်ညိုညိုသင်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ကိုယ်တိုင်မဲစာရင်းမှာ မပါဘူး။ ကျွန်တော် အသက် ၇၀ ရှိပြီ။ ၉၀ ရွေးကောက်ပွဲ ကျွန်တော်မဲပေးခဲ့ပြီးပြီ။ ၂၀၁၀ ရွေးကောက်ပွဲလည်း မဲပေးခဲ့ပြီးပြီ။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဧည့်စာရင်းနဲ့ တောင် မဲပေးခဲ့တယ်။ အခု ကျွန်တော် သန်းခေါင်စာရင်းနဲ့နေတာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ကျွန်တော် မဲစာရင်းမပါဘူးဗျ။ ကျွန်တော့် တစ်ရပ်ကွက်တည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး ဖြစ်နေတာဆိုတော့ ရည်ရွယ်ချက်များ ပါလာမလားလို့ ကျွန်တော်တို့ သံသယဖြစ်မိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

အခြေခံမဲစာရင်း မှားယွင်းမှုများအတွက် ပထမဆုံးတာဝန်ရှိသူမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်ပြီး အစိုးရတွင်လည်း တာဝန်ရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက ဆိုသည်။

ဦးဇော်ရမ်းနည်းတူ နိုင်ငံအနှံ့ နယ်ပယ် အသီးသီးရှိ ထင်ရှားသူများကလည်း မဲစာရင်းမှားယွင်းမှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌သာ အဓိကတာဝန်ရှိသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းမှာရော၊ ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲသမိုင်းမှာရော ပြည်သူတွေဟာ ကိုယ့်မဲပေးပိုင်ခွင့်ကို ကိုယ်ပြန်စစ်ဆေးပြီး ရယူရမယ်ဆိုတာ ဘယ်မှာမှမရှိဘူး။ မဲစာရင်း မှန်ကန်အောင်လုပ်ဖို့ ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုတာ ဘယ်မှာမှ မကြားဖူးဘူး။ အခု မြန်မာနိုင်ငံမှာမှ လာပြီးတော့ ကိုယ့်ဟာကိုယ် ပါတီတွေက မဲစာရင်းကြည့်ပေးရမယ်။ ပြည်သူတွေက ကိုယ့်မဲစာရင်းကို ကြည့်ပေးရမယ်ဆိုတာ တော်တော်ကြီးကို အံ့သြစရာကောင်းတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒီတော့ အဓိက တာဝန်ရှိတာက ရွေးကောက်ပွဲကော်မရှင်ပဲ။ ရွေးကောက်ပွဲ ကော်မရှင်ဟာ စေတနာ့ဝန်ထမ်း Volunteer လုပ်တဲ့ ကော်မရှင်မဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာကို စားနေတဲ့ Professional လုပ်တဲ့သူတွေပဲ။ တာဝန်ကျေအောင် လုပ်ကိုလုပ်ရမယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာလည်း ဒီတာဝန်ထမ်းဆောင်နေတာ သက်တမ်း သုံးနှစ်ရှိပြီ။ ဒီသုံးနှစ်အတွင်းမှာ အခြေခံမဲဆန္ဒရှင်စာရင်းလောက်မှ မှန်အောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဒီရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်စရာရှိမလဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရပိုင်ခွင့်နှင့် ခံစားခွင့်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှာ ဦးတင်အေးဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ခန့်အပ်ထားသည့် ၀န်ထမ်းအင်အားမှာ ၁၄၁၁ ယောက်ရှိကြောင်း သိရသည်။

ထိုသူများအနက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနပြောင်း ၁၂၄ ဦး၊ အခြားဝန်ကြီးဌာန အသီးသီးမှ ဌာနပြောင်း ၁၇၁ ဦးနှင့် အသစ်ခန့်အပ်သည့် အရပ်သားဝန်ထမ်း ၁၁၂၆ ယောက်ရှိပြီး မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ခွဲများတွင် အမြဲတမ်း ၀န်ထမ်း လေးပုံတစ်ပုံခန့်သာ ခန့်အပ်နိုင်သေးကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမြဲတမ်း ၀န်ထမ်း ၆၅ ဦး ရှိပြီး မဲဆန္ဒရှင် ၂၉ သန်းကျော်ကို အဆိုပါ ၀န်ထမ်းအင်အားဖြင့် ရွေးကောက်ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သာမန်သုံးငွေမှာ ကျပ် ၄၉၅၅၅ ဒသမ ၂၉၅ သန်း၊ ငွေလုံး ငွေရင်း သုံးငွေမှာ ကျပ် ၁၇၂၉ ဒသမ ၉၀၀ သန်းဖြစ်ပြီး စုစုပေါင်းမှာ ကျပ် ၅၁၂၈၅ ဒသမ ၁၉၅ သန်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများကို INGO များက တစ်ဆင့် USAID ၊ British Aid ၊ Australian Aid နှင့် နော်ဝေနိုင်ငံများအပါအ၀င် အခြားနိုင်ငံများက အတည်ပြုလှူဒါန်းပေးပြီးဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၄၀ မှ ၅၀ အနက် သန်း ၂၀ နီးပါးကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ထိုသို့ ပြည်ပထောက်ပံ့အကူအညီများအပြင် အစိုးရဘတ်ဂျက်မှ ရငွေအနေဖြင့် ၂၀၁၁ ခုနှစ်တွင် ငွေကျပ်၁၃၇၃ ဒသမ ၀၂၀ သန်း၊ ၂၀၁၂ ခုနှစ်တွင် ငွေကျပ် ၁၇၁၈ ဒသမ ၃၁၆ သန်း၊ ၂၀၁၃ ခုနှစ်တွင် ငွေကျပ် ၄၁၈၈ ဒသမ ၈၃၇ သန်း၊ ၂၀၁၄ ခုနှစ်တွင် ငွေကျပ် ၉၃၁၄ ဒသမ ၄၂၆ သန်း၊ ၂၀၁၅ ခုနှစ်တွင် ငွေကျပ် ၅၁၂၈၅ ဒသမ ၁၉၅ သန်း စသဖြင့် ရှိခဲ့ပြီး ငါးနှစ်တာကာလအတွင်း ငွေကြေးသုံးစွဲခွင့် ငွေကျပ် ၆၈ ဘီလျံနီးပါး ရရှိခဲ့သည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးပြီးလျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့နှင့် တန်းတူ အဆောင်အယောင်ရရှိသူတစ်ဦး ဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌ၏ တစ်လလစာငွေမှာ ငွေကျပ် သိန်း ၃၀ ကျပ်ဖြစ်ပြီး အဆောင်အယောင်အနေဖြင့် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်ရခြင်း၊ နေအိမ်အတွက် လိုအပ်သည့် ပရိဘောဂစရိတ်အခမဲ့ရခြင်း၊ လုံခြုံရေးအစောင့်အရှောက်၊ ပြည်တွင်း၊ ပြည်ပ အခမဲ့ဆေးကုသခွင့်၊ ရေအခမဲ့သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ထမင်းချက်နှစ်ဦး၊ ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့၊ မော်တော်ယာဉ်လေးစီး၊ ယာဉ်မောင်း လေးဦး၊ မော်တော်ယာဉ်လေးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်ဂါလန် ၆၀ နှုန်း၊ မော်တော်ယာဉ် လေးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီတို့ရရှိခြင်း စသည့် ခံစားခွင့်များ ပေးအပ်ထားပြီး ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာလည်း ပြည်ထောင်စု ဒုတိယ၀န်ကြီးအဆင့်နှင့် လျော်ညီပြီး ခံစားခွင့်များလည်း ထပ်တူရရှိသူများ ဖြစ်သည်။

■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်မှာ စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန်အတွက် အများယုံကြည်လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးရန်ဖြစ်သည်။

မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ လူဦးရေစာရင်းကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနများထံမှ လည်းကောင်းရယူအခြေခံပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုစုရမည်ဖြစ်ပါသည်။


သာစည်မြို့နယ် အမှတ် ၁ ရပ်ကွက်တွင် မဲစာရင်းကြည့်နေသူ အချို့အား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)

အခြေခံထားသည့် စာရင်းများတွင် မဲပေးခွင့်မရှိသူများ ပါရှိလာပါက စိစစ်ဖယ်ထုတ်ခြင်း သို့မဟုတ် မဲပေးခွင့်ရှိသူများ မပါဝင်သေးပါက ဖြည့်စွက်ဖော်ပြခြင်းတို့ကို ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုစုရမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဥပဒေ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ၎င်းတို့အနေဖြင့် တာဝန်ရှိပြီး တာဝန်ယူရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် ပြည်သူများက ပြောကြားသည်။

“ချင်းပြည်နယ်ဘက်မှာ လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ အထူးသဖြင့် မှားယွင်းမှု တအားများတယ်။ မှားယွင်းမှု များရတဲ့အကြောင်းရင်းက နှစ်မျိုးတော့ ဖြစ်နိုင်ခြေရှိတယ်။ အောက်ခြေ၀န်ထမ်းတွေက အသေအချာမလုပ်လို့ မှားယွင်းတာရယ်၊ ၀န်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ နားမလည်တာရယ်၊ ပေါ့လျော့တာတွေက နံပါတ်တစ်ဖြစ်နိုင်တယ်။ နံပါတ်နှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူများနဲ့ အောက်ခြေက လူတော်တော်များများဟာ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ အဖွဲ့အစည်းလို့ မခံယူဘဲနဲ့ လက်ရှိအစိုးရရဲ့ လက်အောက်ခံမှာ ရောက်နေသလိုမျိုး ခံယူနေတဲ့အချက်ကိုက သူတို့ ရဲ့လုပ်ဆောင်မှုမှာ မှားယွင်းမှုကို ဖြစ်စေတယ်လို့ အဲဒီလိုပဲမြင်ပါတယ် ”ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးငိုင်ဆာ့ခ်က ပြောကြားသည်။

“၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဘယ်လိုတွေ လုပ်ခဲ့သလဲ။ ဒီမဲစာရင်းတွေ မှားယွင်းမှုတွေဟာ တကယ်ပဲ သွေးရိုးသားရိုးဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ နောက် ဒီလောက်အထိမှားတယ်ဆိုတာ ဒါ ရိုးရိုးတန်းတန်းစဉ်းစားမယ်ဆိုရင် အခြေခံအကျဆုံးက ရပ်ကွက်ပေါ့။ ရပ်ကွက်တွေမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရှိတယ်ဆိုတော့ ဒီဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက သူတို့ရပ်ကွက်မှာရှိတဲ့ လူဦးရေစာရင်းကို မှန်မှန်ကန်ကန် မလုပ်နိုင်စရာမရှိဘူးဆိုတော့ ဘယ်သူသေတယ်။ ဘယ်သူရှိတယ်ဆိုတာလည်း လုပ်လို့ရတယ်။ အမှန်တကယ်ပဲ သွေးရိုးသားရိုးဟုတ်ရဲ့လား။ တမင်ပဲ ဒီလိုဖြစ်အောင်လုပ်နေတာလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်”ဟု အလားတူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ပြောကြားသည်။

■ ၂၀၁၄ သန်းခေါင်စာရင်းကို အခြေခံပြီး မဲစာရင်း ပြုစုသင့်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားရာ ယခုကဲ့သို့ အမှားများစွာပါဝင်နေသည့် အခြေခံမဲဆန္ဒရှင်စာရင်းကို ပြင်ဆင်နိုင်ရန် အချိန်မှာများစွာ မကျန်တော့ပေ။

လက်ရှိ ကြေညာလျက်ရှိသည့် အခြေခံမဲစာရင်းများအား အိမ်ထောင်စုစာရင်း လ၀က ပုံစံ (၆၆/၆) နှင့် အုပ်ချုပ်ရေးရုံးရှိ လူဦးရေစာရင်းတို့အား အခြေခံကာ ပြုစုထားခြင်းဖြစ်သဖြင့် အနီးစပ်ဆုံးမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရန် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ လူဦးရေအတိုင်း မဲစာရင်းပြုစုသင့်ကြောင်း အကြံပြုမှုများရှိလာသည်။

အလားတူ မကြာမီပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာပါ လူဦးရေစာရင်းကို အခြေခံပြုစုရမှာဖြစ်ကြောင်း ဇွန် ၂ ရက်က ပြည်သူလူထုကိုပြောကြားသည့် လစဉ် ရေဒီယိုမိန့်ခွန်း၌ သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားထားသည်။

“ပုံစံ ၆၆/၆ အခြေခံရုံနဲ့ မပြည့်စုံတာတော့ သေချာတယ်။ ဘာကြောင့်လဲဆိုရင် အခုလက်ရှိပြုစုတဲ့ ပုံစံ ၆၆/၆ ထဲမှာ တချို့အချက်အလက်တွေ မပါဝင်သေးဘဲနဲ့ အခုဟာက အသက် ၁၈ နှစ်ပြည့်လို့ မြန်မာနိုင်ငံသားဖြစ်တဲ့ သူတွေကလည်း အများကြီးပဲ။
အဲဒီလူတွေကိုတော့ ပြန်ဖြည့်ဖို့ ဘာဖို့ကတော့ လုပ်ရမယ်။ ဒါကြောင့် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ဘူး။ အရင်ဒေတာအရ မပြည့်မစုံဖြစ်နေတယ်ဆိုရင်တော့ လက်ရှိ update ဖြစ်တဲ့ အချက်အချို့နဲ့ ပေါင်းစပ်အသုံးပြုရင်တော့ ပိုပြီးတော့ သေချာနိုင်၊ အမှားနည်းနိုင်တယ်လို့ မြင်တယ်ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများကို ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် ကရင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ် စုစုပေါင်း ၁၅၃ မြို့နယ်၌ လည်းကောင်း ကြေညာခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အပါအ၀င် မြို့နယ် ၁၃၈ မြို့ နယ်၌ ဇွန် ၂၂ ရက်မှ ဇူလိုင် ၅ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပြည်သူများ ကြည့်ရှုစစ်ဆေးနိုင်ရန် ကပ်ထားကြေညာထားလျက် ရှိသည်။

ဇွန်၂၂ ရက်က ထုတ်ပြန်ခဲ့သည့် စတုတ္ထအကြိမ် မဲစာရင်းကြေညာမှု၌လည်း မှားယွင်းမှုများစွာ ဆက်ရှိနေသည်ဟု နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောကြားသည်။

ထို့ကြောင့် ရွေးကောက်ပွဲမပြုလုပ်မီ ကျန်ရှိနေသော လပိုင်းအတွင်း ပြီးပြည့်စုံသည့် မဲစာရင်းဖြစ်ပေါ်နိုင်ရေးအတွက် မကြာသေးမီက အတည်ပြုထုတ်ပြန်ထားသော သန်းခေါင်စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ပြုလုပ်မှသာ နီးစပ်သော အဖြေမှန်ကို ရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲစာရင်းများကို သြဂုတ်လတွင် ထပ်မံကြေညာမည်ဖြစ်ပြီး ထိုတစ်ကြိမ် ကြေညာမှုသည် မဲစာရင်းစစ်ဆေး ပြင်ဆင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်မည်ဟု ပြောဆိုထားပါသည်။

“နောက်တစ်ကြိမ် ကြေညာမယ့် မဲဆန္ဒရှင်စာရင်းမှာ ၉၀ ရာခိုင်နှုန်း မှန်ကန်မှုမရှိဘူးဆိုရင် မထုတ်ပြန်ပါနဲ့။ အဲဒီလောက် မှန်ကန်မှုရှိမှသာ မဲစာရင်းကို ထုတ်ပြန်ပါ။ မဲစာရင်းတောင်မှ မှန်ကန်အောင်ပြုစုလို့ မရဘူးဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို ဖယ်ရှားပစ်ဖို့ပဲ ရှိတော့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော ရွေးကောက်ပွဲဥပဒေမှာရော ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့် ရှိရမယ်။ မဲပေးပိုင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်ကပဲ တာဝန်ယူပေးရလိမ့်မယ်။ ပြည်သူတွေ မဲပေးပိုင်ခွင့်ဆုံးရှုံးရင် အဓိက တာဝန်ရှိသူဟာ ကော်မရှင်ပဲ”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။


မဲစာရင်းမှားယွင်းမှုများအပေါ် သုံးသပ်ချက်များ


“မဲစာရင်းမှန်ကန်ဖို့ လိုတယ်ဆိုတာက မဲစာရင်းမမှန်ကန်ဘူးဆိုရင် မမှန်ကန်တဲ့မဲစာရင်းတွေနဲ့ မှန်ကန်တဲ့ ရွေးကောက်ပွဲရလဒ်ကို ရမှာမဟုတ်ဘူး။ မဲပေးသင့် မဲပေးထိုက်တဲ့သူတွေ မဲပေးနိုင်တဲ့ အရည်အချင်းပြည့်စုံတဲ့သူတွေက မဲစာရင်းထဲပါဖို့ လိုပါတယ်။ ထို့အတူပဲ ကွယ်လွန်သွားတဲ့သူတွေ စိတ်ပေါ့သွပ်တဲ့သူတွေ နောက် ထောင်ကျနေတဲ့သူ တွေ နောက်တစ်ခါ သာသနာ့ဘောင်ပြောင်းသွားတဲ့သူတွေ ဒီလိုပေါ့နော် မဲပေးဖို့ အရည်အချင်းမမီတဲ့ အဲဒီလူတွေက မဲစာရင်းထဲပါဖို့ မလိုအပ်ဘူး။ ပါနေခြင်းအားဖြင့် ဒီမဲစာရင်းမှာ အလွဲသုံးတာတွေ ဖြစ်နိုင်တာပေါ့”

■ ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

“မဲစာရင်းမှန်မှ မဲခိုးတာတွေ၊ လူတစ်ယောက်တည်းက အကြိမ်ကြိမ်အဖန်ဖန် မဲရုံတွေခွဲပြီး မဲပေးတာတွေ၊ မဖြစ်မှာပေါ့။ နောက်ပြီတော့ ဒီနယ်မှာ မဲပေးခွင့်ရှိတဲ့သူထက်ပိုပြီးတော့ ရွေးကောက်ပွဲနားနီးမှ မဲဆန္ဒရှင်တွေ အလုံးအရင်းနဲ့ များလာတာမျိုးတွေကို ကာကွယ်နိုင်မှာပေါ့။ ဥပမာအားဖြင့် မနိုင်မဖြစ်နိုင်ရမယ့် လူကြီးတွေနေရာမှာပေါ့။ ဒါပြည်သူတွေရဲ့ စိုးရိမ်မှုပါ။ မနိုင်မဖြစ်နိုင်ရမယ့်နေရမှာ တပ်တစ်တပ်လုံး ပြောင်းလာတာတို့၊ မဲဆန္ဒရှင်တွေ အလုံးအရင်းနဲ့ဝင်လာတာမျိုးတို့ဖြစ်တယ်ဆိုရင် မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခဲယဉ်းသွားပြီ။ လူတွေကလည်း ဒီအပေါ်မှာ စိုးရိမ်ကြတယ်လေ။ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနီးမှ ရက်ပေါင်း ၁၈၀ အတွင်းမှာ မဲဆန္ဒရှင်စာရင်းတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ခြင်း၊ ၀င်ရောက်ခြင်းတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်လို့ မြင်တယ်”

■ ဒေါက်တာညိုညိုသင်း (ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)


“မဲဆန္ဒရှင်စာရင်း ပြုစုခြင်းက အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ အခုအချိန်မှာဆိုရင် အရမ်းမှားနေတယ်။ နောက်တစ်ခုက ကျွန်မတို့တတွေက မဲဆန္ဒရှင်စာရင်းပြုစုခြင်းတွေအပေါ်မှာပဲ ပညာပေးခြင်းတွေ လုပ်နေရသေးတယ်။ အခြားမဲ ဘယ်လိုပေးရမယ်။ ဘာကြောင့်ပေးရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ပြည်သူလူထုကို ရောက်သေးတာမဟုတ်ဘူး။ အဲဒီအတွက်လည်း စိုးရိမ်စရာ အရမ်းကောင်းတယ်။ ပြည်သူတွေအနေနဲ့ အကုန်လုံးကိုယ့်မဲစာရင်းကို သွားကြည့်ကြဖို့ပြောချင်တယ်။ မဲစာရင်းမှန်ကန်ဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်”

■ ဒေါ်ဇင်မာဦး (Myanmar Network Organization for Free and Fair Elections (MYNFREL))


“မဲစာရင်းမှားယွင်းတာနဲ့ ပတ်သက်လို့ကတော့ ကြီးကြပ်သူဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အရှိဆုံးလို့ ထင်ပါတယ်။ မဲစာရင်းကို သေချာစိစစ်ပြီးမှ ထုတ်ပြန်သင့်တယ်။ မှားယွင်းတာလည်း နည်းနည်းနောနော မှားတာမျိုးမဟုတ်ဘူး။ ဒီစာရင်းတွေက ဘယ်အပေါ်မှာ အခြေခံပြီး လုပ်ထားတာလည်းဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို ဒီအတွက် ဘယ်သူက တာဝန်ယူမှာလဲ၊ တာဝန်ခံမှာလဲဆိုတာလည်း အရေးပါပါတယ်။ ဒီလိုတစ်နိုင်ငံလုံး အတိုင်းအတာအရ အမှားအယွင်းတွေ ဖြစ်ပေါ်နေတဲ့အပေါ်ကို ရဲရဲဝံ့ဝံ့တာဝန်ယူတဲ့ စကားတစ်ခွန်းတော့ အနည်းဆုံး ကျွန်တော်တို့ ကြားသင့်တယ်လို့ထင်တယ်။”

■ ဒါရိုက်တာအကယ်ဒမီဝိုင်း

-Eleven Media Group

 မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ် Photo:Hset Paing Toe/RFA
 မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော် ကို ပြင်ဦးလွင်ခရိုင်အချုပ်စခန်းကို ဒီနေ့ ပြောင်းရွှေ့လိုက်ပါတယ်။

လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တဲ့ အတွက် ပြင်ဦးလွင်ခရိုင် အချုပ်စခန်းကို ပြောင်းလိုက်တာလို့ ရေပူကျောင်းတိုက်ဆရာတော်ရဲ့ ဒါယိကာ ဦးရဲအောင်က ပြောပါတယ်။

"အဓိက ၇ ရက်နေ့ရုံးထုတ်ဖို့အတွက်ကိုပေါ့နော်၊ ရုံးထုတ်မယ်ပေါ့ တရားခံရောတစ်ခါတည်း တွဲထုတ်ရတာလေ ၊ အဲ့ဒါကြောင့်မို့လို့ ပြင်ဦးလွင်ကိုပြောင်းလိုက်ရတာ၊ အမှုကိုဖျက်မှာလား တရားစွဲမှာလားဆိုတာတော့ အဲ့ဒီနေ့ ခရိုင်ဥပဒေအရာရှိရဲ့ အဖြေကအဓိကပေါ့နော်၊ အဲ့ဒီနေ့ကိုတော့ အဆုံးအဖြတ်တစ်ခုဖြစ်မှာပေါ့နော်၊ တရား ထပ်စွဲမလားဘာလားဆိုတာတော့ အတိအကျတော့မသိသေးဘူး၊ ပြင်ဦးလွင်ကိုတော့ ဒီနေ့မနက်ရွှေ့သွားတယ် ၊ ၆ နာရီပေါ့နော် အာရုဏ်ဆွမ်းသွားပို့တော့ မရှိတော်ဘူး၊ ဆရာတော်ကိုတဲ့ ပြင်ဦးလွင်ကိုရွှေ့သွားပြီတဲ့ အဲ့လိုပဲပြောတယ်"

ရေပူကျောင်းတိုက်ဆရာတော်ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ တရားမဝင်ကျောက်မျက်တူးဖော်မှု ပါဝင်နေ တာကြောင့် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

ရေပူဆရာတော်ဟာ ကျောင်းတိုက်ဝင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့ ဓာတ်ပေါင်းစေတီတည်ဖို့ အတွက် မြေညှိတာကို တရားမဝင်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့နယ်ရဲစခန်းက သာသနာတော် ညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှုတို့နဲ့ ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မြန်မာနိုင်ငံ မူဆယ်ဘက်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကို တင်ပို့ရောင်းချနေတဲ့ မြန်မာဆန်ဈေးကွက်အခြေအနေဟာ အခုရက်ပိုင်းမှာ ရပ်ဆိုင်းနေပါတယ်။ မြန်မာဆန်တွေကို တရားဝင် ၀ယ်ယူဖို့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် အခုလို အရောင်းအ၀ယ် ရပ်ဆိုင်းရတာဖြစ်တယ်လို့ မူဆယ်ဆန်ကုန်သည်အသင်းနဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းက ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ ဒေသမတည်ငြိမ်မှုကြောင့်လည်း ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးမှုတွေ ဖြစ်နေရတယ်ဆိုတဲ့အကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က ပြောပါမယ်ရှင်။

မကြာသေးခင်လပိုင်းကစလို့ တရုတ်အစိုးရရဲ့ တရားဝင် နယ်စပ်ကုန်သွယ်မှုဖြစ်ရေး စီမံချက်ကြောင့် - အခုဆိုရင် မြန်မာနိုင်ငံ မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို တင်ပို့ရောင်းချနေတဲ့ မြန်မာဆန်တွေ မရောင်းရတော့ဘဲ ဆန်တန်ချိန် ၄ သောင်းလောက် မူဆယ်မြို့မှာ ပုံနေတယ်လို့ မူဆယ်ဆန်ကုန်သည်ကြီးအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း တရုတ်အစိုးရက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အတွက် တရုတ်ကုန်သည်တွေထဲ မူဆယ်ဘက်ကို လာမ၀ယ်ရဲတော့သလို၊ မူဆယ်ဘက်က မြန်မာကုန်သည်တွေလည်း တင်ပို့ဖို့ရာ အခက်အခဲဖြစ်နေတာကြောင့် အခုလို ဆန်တွေ ပုံနေရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“အရောင်းတော့ပါးတယ်။ မူဆယ်မှာလည်း ဟုတ်တယ်။ တန်ချိန် ၄ သောင်းလောက်တော့ ပုံနေတာပေါ့။ ဖြစ်တာက မနေ့ကမှ စဖြစ်တာပါ။ မနေ့ကစပြီး မပို့နိုင်တာပေါ့။ ပြည်တွင်းမှာ အကောက်ခွန်စီမံချက်နဲ့ ပြည်နယ် ၄ ခုကိုတော့ သူတို့ (တရုတ်အစိုးရ) လုပ်တယ်လို့ သတင်းရတယ်ဗျ။ ဒါကြောင့် ကျနော်တို့ အရောင်းအ၀ယ် ပါးသွားတာပေါ့။ သူတို့ဘက်မှာက တရားဝင် တင်သွင်းဝယ်တာမဟုတ်တော့လေ အဲဒီဟာရဲ့ စီမံချက်ပေါ့။ အခုဟာက ဗီယက်နမ်ဘက်ကလည်း ဆန်ဝင်တယ်လေ။ ၀င်တဲ့ဥစ္စာရယ်၊ မြန်မာပြည်ကလည်း သူတို့ဘက်မှာ တရားမ၀င်ဘူး ၀ယ်နေတာတွေ ရှိတာပေါ့။ အဲဒီဟာမျိုးကို သူက စီမံချက်လုပ်လိုက်တာပေါ့။ စားနပ်ရိက္ခာ လုံခြုံဘေးကင်းရေး၊ ပြည်တွင်း စားနပ်ရိက္ခာဈေးကွက်၊ ပြည်တွင်းဆန်စပါး တောင်သူများအပေါ် ကာကွယ်တဲ့ဥပဒေနဲ့ သူတို့က ဒီဟာကို စစ်ဆေးတယ်ပေါ့။ နောက် ပင်မှည့်ပိုးမွှားပေါ့ အရည်အသွေးပေါ့ အဲဒါတွေရော စစ်ဆေးတဲ့ စီမံချက်ပုံစံမျိုးနဲ့ သူက လုပ်တာပေါ့။ အဲဒါကြောင့် အေးသွားတာ။”

အရင်တော့ ဒီဈေးကွက်ကို တရုတ်အစိုးရက သိပေမဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်အရ လွှတ်ပေးထားပြီး၊ အခုအချိန်မှာ သူတို့ရဲ့ တရားဝင် နယ်စပ်ကုန်သွယ်မှုဖြစ်ရေး စီမံချက်ကို စတင် အကောင်အထည်ဖော်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအခြေအနေက နယ်စပ်ကုန်စည်စီး ဆင်းမှုမှာပါ တပြိုင်တည်း ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဥက္ကဌ ဦးဝင်းအောင်ခန့် ကလည်း ဗွီအိုအေကို ပြောပြပါတယ်။

“ဆန်တို့ ပြောင်းတို့ကတော့ဗျာ သူက တရုတ်ပြည်ကလေ တရားဝင်သွင်းခွင့် ပြုထားခြင်းမရှိတဲ့အတွက် ဆန်တို့၊ ပြောင်းတို့ကတော့ တရုတ်ကို export ပို့တဲ့အခါ အခက်အခဲရှိတယ်ဗျ။ အခက်အခဲရှိတယ်ဆိုတာ တရုတ်ဘက်က နည်းနည်းလေး လွှတ်ပေးထားတဲ့အခါလည်း လွှတ်ပေးထားတယ်ပေါ့ဗျာ။ ဖမ်းတဲ့အခါတော့ ပြဿနာတက်တယ်ပေါ့။ တရားဝင်သွင်းခွင့် မပေးထားတဲ့အခါကျတော့ အဲဒီအခက်အခဲကတော့ အမြဲတမ်းလိုလို ရှိပါတယ်။ ထိခိုက်မှုကတော့ ရှိပါတယ်။ တရုတ်ဘက်က ဆန်တွေဖမ်းလို့၊ ပြောင်းတွေဖမ်းလို့ ဒီဗမာပြည်ဘက်က ကုန်သည်တွေက တရုတ်ကို မပို့တော့ဘူးဆိုရင် ကုန်စည်ပို့ဆောင်တဲ့ကားတွေအနေနဲ့ ကုန်ရတာ နည်းသွားမယ်။ ကားတွေက ကုန်ရဖို့အတွက် ရက်တွေအကြာကြီးစောင့်ရမယ်။ ပြီးတော့ ကားခတွေကျတယ်။ ဆိုတော့ အများကြီး ထိခိုက်နစ်နာမှုရှိပါတယ်။”

ဒါ့အပြင် အခုအချိန် မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်တဲ့အတွက်ကြောင့်ရော၊ တရုတ်ငွေဈေးတက်နေတဲ့အတွက် မြန်မာနိုင်ငံထဲ တရုတ်ကုန်ပစ္စည်း တင်သွင်းမှုဟာလည်း သိသိသာသာ ကျဆင်းနေသလို၊ နယ်စပ်ဒေသမှာ မကြာခဏဆိုသလို ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ဟို အခုကတော့ ဒီလမ်းကြောင်းကြီးပေါ်မှာ ရန်ဖန်ရန်ခါလည်း တိုက်ပွဲဖြစ်တဲ့အခါတွေလည်း ရှိပါတယ်။ မနေ့ကဆိုရင် ၃ ရက်နေ့ကပေါ့ ကွတ်ခိုင် အေးရှားဝါးနားမှာ တိုက်ပွဲဖြစ်လို့ ကားတွေတန်းစီ ရပ်စောင့်နေရတယ်ပေါ့နော်။ ညနေပိုင်းလောက်မှ တိုက်ပွဲတွေ ရပ်စဲသွားတော့မှ ကားတွေ ဖြတ်လို့ရ တယ်။ ဒါပေမဲ့ ဒီလို တိုက်ပွဲကြောင့်မို့တော့ ကုန်စည်စီးဆင်းမှုက ထိခိုက်နစ်နာမှုတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကြန့်ကြာမှုတော့ ဖြစ်သွားတာပေါ့။ ကြန့်ကြာတဲ့အခါမှာတော့ ပစ္စည်းပျက်စီးသွားတာမျိုးပေါ့နော် ထိခိုက်နစ်နာမှုကတော့ ကုန်သည်အပေါ်မှာတော့ ရှိမှာပေါ့လေနော်။”

ဇူလိုင်လ ၃ ရက် သောကြာနေ့ကတော့ မန္တလေး-မူဆယ်ကားလမ်းမှာ လက်နက်ကြီး အပါအ၀င် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် မနက်ပိုင်းမှာ နှစ်ဘက်ယာဉ်တန်းအားလုံးကို ရပ်ဆိုင်းထားပြီး၊ ညနေစောင်းမှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ခရီးသွားကုန်သည်တချို့က ပြောပြပါတယ်။ လမ်းကြောင်းပြန်ဖွင့်ချိန်မှာ သွားလာတဲ့ ကုန်သည်တွေလည်းရှိသလို၊ တချို့ကလည်း ဆက်မသွားရဲတာကြောင့် လားရှိုးနဲ့ ကွတ်ခိုင်မှာတင် တညနားခဲ့ရ တယ်လို့ ဆိုပါတယ်။ အဲလိုယာဉ်တန်းပိတ်ဆို့ခံရတဲ့အခါ ကုန်သည်တွေအနေနဲ့ ခရီးစရိတ်၊ ကုန်ပစ္စည်းဆုံးရှုံးမှုတွေနဲ့လည်း ကြုံကြရတာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်ကြရတာပါ။ လောလောဆယ်မှာတော့ မြန်မာဘက်ကနေ ဆန်၊ ပြောင်း၊ အသီးအနှံတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက် ကို အဓိက တင်ပို့နေတာလည်း ဖြစ်ပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန် ဇူလိုင် ၃

မန္တလေးမြို့အတွင်း ဇွန် ၂၇ ရက်ကသေနတ်နှင့် ဆက်စပ်ပစ္စည်း ၄ဝကျော်ဖမ်းဆီးရမိမှု နောက်ဆက် တွဲစစ်ဆေးချက်များအရ ယခုလ ၁ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ် အတွင်းရှိ လှိုင်ရိပ်မွန်အိမ်ရာကို ဝင် ရောက်ရှာဖွေရာလက်နက်များသိမ်း ဆည်းရမိကြောင်း အနောက်ပိုင်း ခရိုင်မှ ဒုရဲမှူးကြီးကျော်ထွဋ်က ယနေ့အတည်ပြုပြောကြားသည်။

ယခုလ ၁ရက် ည ၁၁ နာရီ ကမှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)မှ ဒုရဲမှူး လွင်ဦး ဦးဆောင်သောအဖွဲ့က ရန်ကုန်မြို့ လှိုင်မြို့နယ်(၁ဝ)ရပ် ကွက် ကန်လမ်း လှိုင်ရိပ်မွန်အိမ်ရာ တိုက်အမှတ် အခန်းအမှတ်(၆ဝ၅) နေ ဦးမင်းမင်းထွဋ်၏နေအိမ်သို့ဝင် ရောက်စစ်ဆေးရှာဖွေရာ လေ သေနတ်အရှည်တစ်လက်၊ လေ သေနတ်ပစ္စတိုတစ်လက်၊ နှစ်လုံး ပြူးသေနတ်ပြောင်းပိုတစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ခဲကျည်ထိပ် ဖူး၁၁ဝခန့်၊ ၃ဝ၃ ကျည်ဆန်ငါး တောင့်၊ပြောင်းတိုက်တံ၊ကျည်ဆန် အဟောင်း၁၃တောင့် သိမ်းဆည်း ရမိခဲ့သည်။

''စီအိုင်ဒီမှုခင်းတပ်ဖွဲ့မန္တလေး စစ်ကြောချက်အရ ဒီမှာဒီလိုရှိတယ် ဆိုပြီး လာတာပေါ့နော်။ ၁ရက်နေ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကူး မြို့မရဲစခန်း(ပ/၂၇/၂ဝ၁၅)၊ လက် နက်ပုဒ်မ (၁၉/က)၊ အဲဒီအမှုကွင်း ဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးတာပါ''ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်မြို့နယ်ရဲစခန်းကနေအိမ်ပိုင်ရှင် ဦးမင်းမင်းထွဋ်ကို လက်နက်ပုဒ်မ (၁၉/က) အရ အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ဇွန် ၂၆ ရက်က မန္တလေးမြို့ စဥ့်ကူးမြို့နယ် ရပ်ကွက်(၁) သီလှ ရွာထိပ် စဥ့်ကူး- ရွှေဘိုသွားကား လမ်းမပေါ် မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ အကြားတွင် စဥ့်ကူး မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ စစ်ဆေးရှာဖွေစဉ် စနိုက်ပါ၊ ရိုင် ဖယ်၊ နှစ်လုံးပြူး၊ လက်ကိုင်စကား ပြောစက်များ၊ နာရီဓာတ်ခဲများ၊ စိတ်ကြွရူးသွပ်ဆေးဝါးများဖမ်းဆီး ရမိခဲ့သည်။ ယင်းနောက်ဆက်တွဲ စစ်ဆေးမှုများအရ မန္တလေးမြို့ ၈၂လမ်းနှင့် ၂၉x၃ဝလမ်း ကြားရှိ အောင်စတိုးမုန့်ဆိုင်ကို ဇွန် ၂၇ရက် က နယ်မြေခံရဲတပ်ဖွဲ့နှင့်စစ်ဘက် ဆိုင်ရာအရာရှိများက ဝင်ရောက်ရှာ ဖွေရာသေနတ်နှင့်ဆက်စပ်ပစ္စည်း ၄ဝကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ သည့်အတွက် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကိုအပါ အဝင် စုစုပေါင်းငါးဦးအား လက် နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာတရားမဝင်ကိုင်ဆောင် မှု၊ သာမန်လက်နက်မှု စသည့်ပုဒ်မ ၁၉(က)၊ ၂၂(ခ)၊ ၁၉(ခ)၊ ၁၉(င) အပါအဝင် ပုဒ်မငါးခုဖြင့်အမှုဖွင့် ကာစုံစမ်းစစ်ဆေးလျက်ရှိသည်။

''လှိုင်မြို့နယ်မှာမိတာကတော့ သာမန်လေသေနတ်တွေပါ။ရန်ကုန် လုံခြုံရေးနဲ့ပတ်သက်ပြီး ပိတ်ဆို့စစ် ဆေးရှာဖွေမှုတွေ၊ မသင်္ကာဖွယ်ရှိ တဲ့အိမ်တွေကို ဧည့်စစ်တာတွေ ဆောင်ရွက်နေပါတယ်''ဟု ဒုရဲမှူး ကြီးကျော်ထွဋ်က ပြောသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net