07/07/15

ဆည်တည်းရွာမှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ ခြံစည်းရိုးခတ်နေကြစဉ် Photo: Kyaw Zaw Win/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ မိုးကြိုးပြင်အလယ်ရွာနဲ့ ဆည်တည်းရွာက လယ်မြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလာခတ်ရာကနေ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလာခတ်တာကို ဒေသခံတွေက တားမြစ်ခဲ့ရာမှာ ဖြစ်ပွားခဲ့တာလို့ ဆည်တည်းရွာသူ မရီဝင်း က ပြောပါတယ်။

"သူတို့ဘက်က လေးခွတွေနဲ့ပစ်တော့ နဖူးတွေပေါက်တယ်၊ မျက်ခုံးတွေပေါက်တယ်၊ သွားတွေလည်းကျိုးတယ် ၊ နှုတ်ခမ်းတွေလည်းပေါက်တယ်၊ တော်တော်များများ ရင်ဘတ်တွေ ခါးတွေ နာကြတယ်၊ အယောက် ၂၅၊ ၃ဝ လောက်နာတယ်"

မနေ့ မနက်ပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက မိုးကြိုးပြင်အလယ်ရွာက လျော်ကြေးမယူထားတဲ့ တောင်သူ ၃၀ ကျော်ရဲ့ လယ်မြေဧက ၇၀၀ ကျော်မှာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားခဲ့သလို၊ ညနေပိုင်းမှာလည်း ဆည်တည်းရွာမှာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီက အရင် သွပ်ဆူးကြိုးတွေနဲ့ ကာထားရာကနေ အခု ဘိလပ်မြေအုတ်တိုင်တွေရိုက်ပြီး သံဇကာတွေနဲ့ ကာရံဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒေသခံတွေက ခြံစည်းရိုးမခတ်ဖို့နဲ့ လယ်မြေတွေပေါ်မှာ ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ တောင်းဆိုတာကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ဝမ်ပေါင်ကုမ္ပဏီနဲ့ အစိုးရထံ တင်ပြပေးမှာဖြစ်ပြီး ၅ ရက် စောင့်ဆိုင်းပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီက သွပ်ဆူးကြိုးခတ်ခဲ့ရာမှာ ဒေသခံတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင်အလယ်ရွာသူ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးသွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဇူလိုင်လ ၆ ရက်နေ့က ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အစည်းဝေးမှာ ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ် Photo: RFA
ရွှေတိဂုံစေတီတော်အနီးမှာ တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက်လုပ်ဆဲလုပ်ငန်းတွေကို ဇူလိုင်လ၂၆ရက်နေ့ နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ရွှေတိဂုံစေတီတော် အလယ်ပစ္စယံနားက မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်မှာ အစည်းအဝေးလုပ်ပြီး တောင်းဆိုလိုက် တာဖြစ်တယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

"ဘုန်းကြီးတို့က ရှေ့ဆက်ပြီးတော့ လက်ကမ်းစာစောင်တွေဝေမယ်၊ ကားတွေမှာ စတစ်ကာတွေကပ်မယ်၊ ဒီ ၂၆ ရက်နေ့ နောက်ဆုံးထားပြီးတော့ ခုဆောက်လုပ်ဆဲဖြစ်တဲ့ ဒဂုံစီးတီးအိမ်ရောဝမ်းမှာ ဆောက်လုပ်နေတဲ့ ပစ္စည်းကိရိယာတွေ စက်ပစ္စည်းတွေအားလုံး ဖယ်ရှားပေးရမယ်၊ မပေးလို့ရှိရင် ဆန္ဒပြဖို့ကို ဇူလိုင် ၁၉ မှာ အစည်းအဝေးတစ်ကြိမ် ဆွေးနွေးပြီးတော့ ဆက်လက်ဆန္ဒပြဖို့ကိစ္စတွေ ဆက်လှုပ်ရှားသွားပါမယ်"

တောင်းဆိုထားတဲ့ရက်အတိုင်း ဖယ်ရှားမပေးဘူးဆိုရင် ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ဆရာတော်က မိန့်ကြားသလို လက်ကမ်းစာစောင်ဝေတာတွေ၊ လက်မှတ်ကောက်တာတွေကို ဆက်လက်လုပ်ဆောင်ပြီး လွှတ်တော်၊ သမ္မတတွေဆီကိုလည်း ပေးပို့သွားဖို့ ဒီကနေ့အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

ဒဂုံစီးတီးစီမံကိန်း လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ၁၅ရက်အတွင်း ထုတ်ပေးပါမယ် ဆိုတဲ့ကတိကို ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှာ တွေ့ဆုံဆွေးနွေးမှုကနေ ရရှိခဲ့တာဖြစ်ပြီး အမိန့်ကြေညာစာ ထုတ်ပြန်မပေးနိုင်ဘူးဆိုတာကိုတော့ မနေ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ်ရှိတဲ့ မြေနေရာဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့စီမံကိန်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

DKBA ကရင်လက်နက်ကိုင်အဖွဲ့က စစ်သားတွေ ကော့ကရိတ်မြိုနားက ကျေးရွားတရွာမှာ ဗိုလ်မှူးစောဆန်းအောင် သတင်းစာရှင်းလင်းပွဲကျင်းပခိုက် ကင်းစောင့်နေစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၅)

 မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော်တို့ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံဘက် ခရီးသွားလာခြင်းမလုပ်ဖို့ သတိပေးထားပြီး ကုန်စည်စီးဆင်းမှုတွေလည်း ရပ်နားထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်တို့ဟာ ၅ ရက်မြောက်နေ့အဖြစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မြန်မာတပ်မတော်ဘက်က တပ်အင်အားတွေ တိုးချဲ့လာပြီး DKBA ရဲ့ ကလိုထူးဝါး အခြေချဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲပဲလို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

"ကလိုထူးဝါးမှာလည်းပစ်တယ်။ ပြီးရင် အာရှလမ်းမှာလည်း ပစ်တယ်။ လက်ကုန် လှမ်းပစ်တယ်ပေါ့။ ပိုပြီးတော့ ထပ်ကျတယ်။ သူတို့လူတွေ ထပ်တက် လာပြီ။ အင်အားများတယ်။ တပ်ရင်းမှူးကိုယ်တိုင်က လာထိုင်နေတာ။ တပ်က တော်တော်များတယ်။ စကခ (၁၂) ပါတယ်။ တပ်မ (၂၂) ပါတယ်။ ဟိုး တနင်္သာရီဘက်က တပ်လည်း ပါလာတယ်နော်။"

ဗိုလ်မှူးစောဆန်းအောင်
တိုက်ပွဲဖြစ်နေတဲ့နေရာဟာ အာရှလမ်းမအသစ်နားမှာဖြစ်လို့ ကားလမ်းတွေပိတ်ထားရပြီး ကုန်စည်စီးဆင်းမှု တချို့ ရပ်နားထားရပါတယ်။ အခု အခါမှာတော့ အရင်ကားလမ်းဟောင်းကနေပဲ ကုန်စည်စီးဆင်းမှုတချို့ ရှိနေကြောင်း မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။

"ကားသွားလာမှုကတော့ ကျနော်တို့ စခန်းကနေတော့ ကားသွားလာမှုတွေ တွေ့နေရပါတယ်။ လုံးလုံး ပိတ်တယ်လို့တော့ မဟုတ်ဘူး။ အခု ကျနော်မြင်နေ တုန်းကို ကားတွေ တက်လာတယ်။ ၁၂ဘီးတို့ ၆ဘီးတို့။ ကျနော်တို့ နဂိုရ်သွားတဲ့ လမ်းဟောင်းပေါ့။ အာရှလမ်းတော့ ပိတ်ထားတယ် ကြားတယ်ဗျ။ လမ်းသစ် ကတော့ ပိတ်ထားတော့ သွားလာမှုရှိမှာတော့ မဟုတ်ဘူးထင်တယ်ဗျ။"

မနေ့ကတော့ ထိုင်းနိုင်ငံ အာဏာပိုင်တွေဘက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်ကနေ ပြန်ခေါ်ယူနေတဲ့ အကြောင်းနဲ့ ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို အခုရက်ပိုင်းမှာ သွားလာခြင်းမလုပ်ဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် မြန်မာဘက်က တိုက်ပွဲတွေဖြစ်ပြီး နယ်စပ်မတည်ငြိမ်မှုတွေကြောင့် ထိုင်းကုန်စည်စီးဆင်းမှုတွေလည်း ရပ်နားထားကြောင်း ထိုင်းနိုင်ငံဘက်က ပြောပါတယ်။ အခုပိတ်ထားရတဲ့ အာရှလမ်းအသစ်ဟာ ဒီလ ၂၀ ရက်နေ့မှာ ဖွင့်ပွဲလုပ်ဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးဘက်က စီစဉ်ထားတာပါ။ ဒီလမ်းအနီးတဝိုက်မှာတော့ ကရင်လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့စခန်းတွေ ရှိနေပြီး အဲဒီစခန်းတွေထဲက DKBA ထိန်းချုပ်ရာ နေရာတွေကို မြန်မာအစိုးရတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

DKBA အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစလို့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ခွဲထွက်ခဲ့ပြီးနောက် အဲဒီအချိန်တုန်းက စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၀ ပြည့်နှစ်မှာ တနှစ်နီးပါးကြာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာက ၂၀၁၁ ခုနှစ်မှာ နောက်တကြိမ် အပစ်ရပ်စဲရေး ထပ်လုပ်ခဲ့ရတာပါ။ အခုလက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲတွေ ရပ်နိုင်ဖို့ ညှိနှိုင်းအဖြေရှာနေတယ်လို့ DKBA ဘက်က ပြောခဲ့ပြီး တိုက်ပွဲအခြေအနေတွေ တင်းမာနေချိန်မှာတော့ ပြေလည်အောင် ချင်ချင်းလုပ်ဖို့ မလွယ်ကူ သေးဘူးလို့ ဆိုပါတယ်။

"ဖြေရှင်းမှာပါ။ ဖြေရှင်းမှာပါ။ နောက်ထပ် အခြေအနေကို စောင့်နေတာ။ အခုကတော့ တိုက်ပွဲကြားထဲမှာ ဖြေရှင်းလို့မရသေးဘူး။”

နှစ်ဖက်တင်းမာမှု အခြေအနေနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ မြန်မာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA အဖွဲ့တို့ကြား ပြီးခဲ့တဲ့စက်တင်ဘာလမှာလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဘူးပြီး အဲဒီ အချိန်ကစလို့ အခုတကြိမ် တိုက်ပွဲတွေပြင်းထန်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပါတီများက မဲစာရင်းနာမည်စစ်ဆေးရာတွင် မဲပေးရန် မက်လုံးပေးခြင်း၊ ခြိမ်းခြောက်ခြင်းလုပ်မည်ကို သတိထားရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက် ၂ အတွင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးတွင် အဓိကကျသော အခြေခံမဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည့်ကိစ္စအား လွှတ်တော်တွင် သတင်းထောက်များ မေးမြန်းရာ၌ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ယင်းက “မဲစာရင်းထဲမှာပါဖို့က အဓိက၊ မဲစာရင်းထဲမှာပါပြီးရင် ဘယ်ပါတီကိုမဲပေးမယ်ဆိုတာ ကိုယ်သိပိုင်ခွင့်လည်းမရှိဘူး။ ကိုယ့်ပါတီကို မဲပေးမှာသေချာလို့ လိုက်ပြီးတော့ နာမည်စာရင်းပါဖို့ လုပ်ပါတယ်ဆိုရင် တစ်ခုခုမဟုတ်တော့ဘူး။ ဒါလွတ်လပ်မှုမရှိတော့ဘူး၊ မိသားစုတစ်ခုတည်းမှာတောင်မှ မဲပေးတာ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမှာ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ တစ်အိမ်တက်၊ တစ်အိမ်ဆင်းဆောင်ရွက် ရာတွင် လမ်းတစ်လမ်း လျှင် နှစ်နာရီခန့်ကြာအောင် ပြည်သူများအား ၀ိုင်းဝန်းစိစစ်ပေးရပြီး စစ်ဆေးပြီးသူများ လည်း မှားယွင်းမှုများဖြစ်ပေါ်နေသည် ကို တွေ့ ရကြောင်း၊မှတ်ပုံတင်နံပါတ်မှားနေခြင်း၊ အမည်စာရင်းမပါဝင်ခြင်း များနှင့် မှတ်ပုံတင်ပျောက်ဆုံးနေသူများကိုပါ တွေ့ရကြောင်း မဲစာရင်းစိစစ်ခြင်းနှင့် ပတ်သက်ပြီးပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “လမ်းလေးတစ်လမ်းတည်းမှာတောင်မှ အဲ့သလို တော်တော်များများက၊ သူတို့ တချို့ကတော့ ပြင်ပြီးပြီ၊ မှားတာတွေက မှားတာပဲ။ မကြည့်ရသေးတဲ့လူတွေ ရှိတယ်။ မပါဘူး။ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိတဲ့လူတွေရှိတယ်။ အဲ့တော့ အဲ့ဒီဟာကတာ့ တော်တော်လုပ်ယူရမယ့် ကိစ္စပဲ” ဟု သုံးသပ်ပြောသည်။

ထို့သို့ NLD ပါတီဝင်များအနေဖြင့် မဲစာရင်းအမည်ပါဝင်ခြင်း ရှိမရှိ လိုက်လံစစ်ဆေးပေးခြင်းကိစ္စတွင် သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့် မရှိကြောင်း ပြောကြောင်း၊ ဥပဒေအရလုပ်ပိုင်ခွင့်ရှိ ကြောင်း ခိုင်မာစွာပြောဆိုနိုင်သည့် အခါတွင် အိမ်ရှင်အနေဖြင့် ခွင်ပြုခဲ့ခြင်းရှိသော်လည်း ပိုင်နက်ကျူးလွန်မှုဖြင့် ခြိမ်းခြောက်ခြင်းများလုပ်ဆောင် ခြင်းများရှိကြောင်း၊ သို့သော်တရားရုံးတော် ရောက်သွားသည့်အခါတွင် ထင်ရှားပေါ်လွင်နိုင်မည်ဖြစ်ကြောင်း ထပ်မံပြောသည်။

စိုင်းဟန်

The Ladies News Journal

“ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားစရာ မလိုဘူး၊ ပြည်သူတွေ စိတ်ဓာတ် ကျသွားစရာမလို ဘူး၊ ဆက်ပြီးတော့ ဘယ်လိုပုံစံနဲ့သွားရမလဲဆိုတာ ပိုလို့တောင်မှ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ အနေအထားဖြစ် သွားတယ်” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားဟာ စစ်တပ်က ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ လွှတ်တော်ကနေတစ်ဆင့် တိုင်းပြည်ကို ထင်ထင်ရှားရှား သက်သေပြလိုက်တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ မီဒီယာကနေ တိုင်းပြည်ကို အားပေးစကားပြောခဲ့ခြင်း ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေကျ စကားတစ်ခွန်းလည်းရှိပါတယ်။ “ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုမရရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်လို့ရနိုင်မှာမဟုတ်ပါဘူး။ အဖွဲ့ချုပ် ဒီကနေ့အထိ ရပ်တည်နေတာဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်ပါပဲ” ဆိုတဲ့ စကားပဲဖြစ်တယ်။ အခြေခံဥပဒေပြင်ဆင်ရေးမှာ စစ်တပ်ရဲ့ပြတ်သားတဲ့ ရပ်တည်မှုကြောင့် စိတ်ဓာတ်ကျသွားနိုင်တဲ့ တိုင်းပြည်ကိုအားပေးစကားပြောခဲ့တာဟာ လူထုခေါင်းဆောင် ပီသကြောင်း သက်သေပြလိုက်တာပါပဲ။ မဲခွဲဆုံးဖြတ်ကြတာမို့ ရှုံးနိမ့်သွားတယ်လို့ အပြင်ပန်းအမြင်မှာ ထင်ဟပ်နိုင်စရာရှိတာကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် သင်္ချာနည်းဟာ ပုံသေတွက် တွက်သူတိုင်း နားလည်တဲ့အတွက် စိတ်ပျက်စရာမလိုကြောင်း ပြောခဲ့ခြင်းဖြစ်တယ်။

ပုဒ်မ ၄၃၆ (က) အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အရေးပါတဲ့ပုဒ်မတွေထဲက အချို့ကို နိုဝင်ဘာ ၂၅၊ ၂၆ ရက်နေ့များအတွင်း ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မတစ်ခုချင်းစီအလိုက် ပြင်သင့်မပြင်သင့် မဲခွဲဆုံး ဖြတ်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးနီးပါး မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားသူ၊ တာဝန်သိသူ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတွေ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုရဲ့ တန်ပြန်သက်ရောက်မှု တစ်ခုလို့ပြောရင်လည်း မမှားနိုင်ပါဘူး။ အခြေခံဥပဒေ အသစ်စက်စက်တစ်ခုရဲ့ ဒီမိုက ရေစီနည်းမကျတဲ့ အားနည်းချို့ယွင်းချက်တွေကို ပထမဆုံး လွှတ်တော်သက်တမ်း ၅ နှစ် ကုန်လုကုန်ခါနီး အချိန်အရောက်မှာ မဲခွဲဆုံးဖြတ်တဲ့ အဆင့်အထိ ရောက်လာတဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး လိုအပ်ချက်တစ်ခုဖြစ်နေတယ်ဆိုတဲ့ သက်သေပါပဲ။ ပုဒ်မ ၄၃၆ ပြင်ကိုပြင်ရမယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ထောက်ခံလက်မှတ်ထိုးထားတဲ့ တာဝန်သိမြန်မာနိုင်ငံသား အရေအတွက် ၅ သန်းနီးပါးရှိခဲ့ခြင်းဟာလည်း မြန်မာနိုင်ငံသမိုင်းရဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်။

ယခုလို ပြင်ဆင်ဖို့အတွက် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို တင်သွင်းလာသူဟာ အာဏာရ နိုင်ငံရေးပါတီကြီးရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မြစ်ကြီးနားလွှတ်တော်အမတ် ဦးသိန်းဇော်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကြားဖြတ်ရွေးကောက်ပွဲကနေ ၂၀၁၂ ကျမှ လွှတ်တော်ထဲကို ၀င်ရောက်လာတဲ့ NLD ပါတီအမတ် အရေအတွက်ဟာ ၄၃ ဦးသာရှိတာမို့ အာဏာရပါတီကြီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လွှတ်တော်တွင်းမှာ ပြောပလောက်အောင် အင်အားမရှိတာ သိသာထင်ရှားပါတယ်။

NLD ပါတီအမတ်တွေ ၀င်ရောက်လာပြီးနောက်ပိုင်း လွှတ်တော်တွင်း ဆွေးနွေးချက်တွေ ပုံစံပြောင်းလဲလာသလို ၅ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ လူနည်းစုဖြစ်တဲ့ NLD ပါတီအမတ်တွေရဲ့ အဆိုတင်သွင်းမှုတွေ၊ ကန့်ကွက်မှုတွေ ရှုံးနိမ့်သွားခဲ့ရတာကိုလည်း တိုင်းပြည်က အကြိမ်ကြိမ်မြင်ဖူးခဲ့ပါပြီ။

သို့သော်လည်း မြန်မာပြည်သူတွေရဲ့ NLD ပါတီနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက် အလွန်ကြီးမားတဲ့အတွက် တစ်နေ့အောင်မြင်နိုး၊ တစ်နေ့အောင်မြင်နိုးနဲ့ အခြေခံဥပဒေကို ပြင်ဆင်ပြီး နိုင်ငံရေး အပြောင်းအလဲတစ်ရပ်မှာ အာဏာရလာမလားလို့ ၃ နှစ်နီးပါး စောင့်မျှော်နေခဲ့ခြင်းကို အပြစ်မဆိုနိုင်ပါဘူး။ ပြင်ဆင်ထားပါတယ်လို့ အပေါ်ယံသကာဖုံးထားတဲ့ ကြံ့ခိုင်ရေးအမတ်ဦးသိန်းဇော်ရဲ့ ဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်လိုက်တဲ့အခါ လိုအပ်တဲ့ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းအထက် မရခဲ့အတွက် ရှုံးနိမ့်သွားခဲ့ရတာကို တွေ့ရတယ်။ ဒီဖြစ်ရပ်အပေါ် အံ့သြစရာမကောင်းတဲ့ အံ့သြဖွယ်ရလဒ်တစ်ခုအဖြစ် နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေက သုံးသပ်ခဲ့ကြတယ်။

မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းမှာလည်း အစိုးရအဖွဲ့ဟောင်းက အသာတကြည် ပူးပေါင်းဆောင်ရွက် မယောင်ပြပြီး နောက်ဆုံး ကိုယ့်လိုရာကိုယ်ဆွဲနိုင်မယ့် ရုပ်သေးအစိုးရဖွဲ့သွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလို အာဏာလက်ဝယ်ရှိသူ အစိုးရခေါင်းဆောင်က ကိုယ်ထင်ရာ ကိုယ်လုပ်ခဲ့တဲ့အတွက် နှစ်ဖက်နိုင်ငံရေး တင်းမာမှုတွေဖြစ်ပွားပြီး လူထုအုံကြွမှုတွေ၊ ၀န်ထမ်းသပိတ်တိုက်ပွဲတွေ ဖြစ်ခဲ့ရပါတယ်။

၁၉၄၆ ဇန်န၀ါရီလ ၁ ရက်နေ့မှာ အင်္ဂလိပ်စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းကြောင်း မဟာမိတ်စစ်သေနာပတိ မောင့်ဘက်တန်က ကြေညာခဲ့တယ်။ ဘုရင်ခံဆာဒေါ်မန်စမစ် ဦးဆောင်တဲ့ ဆင်းမလားစစ်ပြေး အစိုးရကတော့ ၁၉၄၅ အောက်တိုဘာ လလယ်ကတည်းက ကလီယို ပက်ထရာသင်္ဘောနဲ့ ရန်ကုန်မြို့ကို ပြည်တော် ပြန်ဝင်လာခဲ့ပါပြီ။ ယယီအစိုးရအဖွဲ့တစ်ရပ် ထူထောင်ဖို့အတွက် ၁၉၄၅ အက်ဥပဒေကိုပြဋ္ဌာန်းတယ်။ အဖွဲ့ဝင် ၁၅ ဦးထက်မပိုသောအမှုဆောင်အဖွဲ့ (၀န်ကြီးရာထူးကို ဆိုလိုတယ်) နဲ့ အစိုးရဖွဲ့မယ်၊ အဖွဲ့ဝင် ၅၀ ပါဝင်တဲ့ ဥပဒေပြု အဖွဲ့ကိုလည်း ဖွဲ့စည်းမယ်လို့ ဆိုလာပါတယ်။ နိုင်ငံရေးသမားဟောင်းတွေနဲ့ တွေ့ဆုံပြီး အစိုးရ အဖွဲ့သစ်မှာပါဝင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ နိုင်ငံရေး တပ်ပေါင်းစုကြီးဖြစ်တဲ့ ဖဆပလအဖွဲ့ကို ၀န်ကြီးရာထူးအချို့ကို ခွဲဝေပေးမယ်ဆိုပြီး ဘုရင်ခံက စည်းရုံးခဲ့ပါ တယ်။ ရာထူးနေရာတွေ ညှိမရဘဲ နောက်ဆုံးမှာ ဖဆပလနဲ့ ဘုရင်ခံဆွေးနွေးပွဲ ပျက်သွားတယ်။

နဂိုကတည်းက အကြံရှိထားပြီးသား ဘုရင်ခံက ဆာပေါ်ထွန်း ဦးဆောင်တဲ့အစိုးရအဖွဲ့ကို နိုဝင်ဘာ ၂ ရက်နေ့မှာ ၀န်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်။ ၀န်ကြီး ၉ ယောက်ထဲမှာ အင်္ဂလိပ်လူမျိုးတွေဖြစ်တဲ့ ဆာမဂ္ဂဒူးဂဲလ်ကို ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်နယ်၊ ပြည်မ ခွဲခြားဆက်ဆံဖို့အတွက် မစ္စတာပီးယားစ်ကို နယ်စပ်ဒေသ အုပ်ချုပ်ရေးဝန်ကြီး (ရှေးခေတ် အခေါ် Frontier Area ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီနယ် အစရှိတဲ့ မြန်မာနိုင်ငံပတ်ပတ်လည် နယ်စပ်တောင်ပေါ်ဒေသအားလုံး) ရာထူးတွေ ပေးခဲ့တယ်။ မျှော်လင့်ချက်မဲ့သွားတဲ့ မြန်မာပြည်သူတွေကို ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားစည်းလုံးညီညွတ်ရေးထူထောင်ဖို့ အားပေးစည်းရုံးခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ကြီးအနေနဲ့ နိုင်ငံရေးတပ်ပေါင်းစုကြီးအဖြစ် လွတ်လပ်ရေးရသည်အထိ တိုက်ပွဲဝင်သွားဖို့ကိုလည်း တိုင်းပြည်ကို ကတိ ပြုခဲ့တယ်။

ဖဆပလအဖွဲ့ချုပ်ကြီးကို ဟန်ပြအပေးအယူလုပ်ခဲ့ပြီး လက်တွေ့မှာ လိုရာဆွဲနိုင်မည့် နိုင်ငံရေး လက်စွဲတော်ဟောင်းများကိုသာ ရွေးချယ် အစိုးရဖွဲ့လိုက်တဲ့ ဘုရင်ခံကို အားလုံးက ဝေဖန်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြောတဲ့အတိုင်းလည်း အမှန်တကယ် အလုပ်လုပ်ခဲ့သူဖြစ်တယ်။ ရွှေတိဂုံအလယ်ပစ္စယံ ပြည်သူ့အစည်းအဝေးနဲ့ ဖဆပလ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပပြုလုပ်နိုင်ခဲ့တယ်။

၁၉၄၅ နိုဝင်ဘာ ၁၈ ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးမှာ “သတ်္တိရှိရင် ရွေးကောက်ပွဲလုပ်ကြရအောင်” လို့ ရုပ်သေးအစိုးရနဲ့ ဘုရင်ခံကို တုံ့ပြန်စိန်ခေါ်တဲ့ မိန့်ခွန်းကိုပြောကြားခဲ့တယ်။ အမျိုးသားပြဿနာများကို ဂိုဏ်းဂဏစိတ်ကင်းစွာ အတူတကွ တညီတညွတ်တည်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ အမျိုးသားညီညွတ်ရေးကို ဆောင်ရွက်နေသည့် ဖဆပလအဖွဲ့ချုပ်တွင် တိုင်းပြည်အတွက် လုပ်ကိုင်ဆောင်ရွက်လိုသူများ ၀င်ရောက်တာဝန်ယူကြပါရန် ဖိတ်ခေါ်ကြောင်းနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ဆောလျင်စွာ ရယူမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပါတယ်။

လူထုထောက်ခံမှုကို အပြည့်အ၀ယုံကြည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လန်ဒန်မှာရှိတဲ့ ဗြိတိသျှအစိုးရထံကို တိုင်းပြည်ရဲ့ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်။ သပိတ်တိုက်ပွဲတွေ၊ နိုင်ငံရေး အန်တုမှုတွေကြောင့် ဘုရင်ခံဆာဒေါ်မန်စမစ်ကို ကျန်းမာရေးအကြောင်းပြပြီး အင်္ဂလန်ကို ပြန်ခေါ်လိုက်ရသလို ဆာပေါ်ထွန်း အစိုးရအဖွဲ့ဟာလည်း သိပ်ကြာကြာ မခံလိုက်ရပါဘူး။ ဘုရင်ခံအသစ်ရောက်လာတော့ ဖဆပလ ခေါင်းဆောင်တွေကိုခေါ်ပြီး အစိုးရအဖွဲ့သစ် ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းဟာ ၀န်ကြီးရာထူးသာမက ၀န်ကြီးအဖွဲ့ (ဘုရင်ခံအမှုဆောင်ကောင်စီ)အကြီးအကဲ ဒုတိယသဘာပတိ ဖြစ်လာခဲ့တယ်။ မြန်မာလူမျိုးတွေအတွက် အမြင့်ဆုံးရာထူးပါပဲ။ သို့သော်လည်း အဆိုပါရာထူးနဲ့တင် ကျေနပ်နိုင်မယ့် ခေါင်းဆောင်မျိုးမဟုတ်။ လုံးဝလွတ်လပ်ရေးရမှ ဖြစ်မယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်ပြီး အင်္ဂလန်နိုင်ငံကို တွေ့ဆုံဆွေးနွေးဖို့ ထွက်လာခဲ့တယ်။ နိုင်ငံရေးစကားဝိုင်းကနေ လွတ်လပ်ရေးကို ခိုင်မာစေတဲ့ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။

ဘုရင်ခံဆာဒေါ်မန်စမစ်ရဲ့ အတုအယောင်ဝန်ကြီးရာထူးပေးမယ်လို့ပြောပြီး ၁၉၄၅ နိုဝင်ဘာ ၂ ရက်နေ့တုန်းက သူ့လူသူပြန်ခန့်ခဲ့တဲ့ အချိန်မှာ မျှော်လင့်ချက်ပျောက်ဆုံးသွားတဲ့ မြန်မာပြည်သူတွေအတွက် အင်နဲ့အားနဲ့ အဆက်မပြတ် လူထုအားကိုယူပြီး လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်နှစ်မပြည့်ခင် ကာလအတွင်း လူစားလဲဝင်ရောက်လာတဲ့ ဘုရင်ခံဆာဟူးဘတ်ရန့် စစ်ကနေသူ့ကို ၁၉၄၆ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန ၀န်ကြီးရာထူးကို ခေါ်ယူအပ်နှံခဲ့ရသလို ၀န်ကြီးအဖွဲ့ အကြီးအကဲရာထူးသစ်ကိုပါ ဖန်တီးပေးလိုက်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ထို့အပြင်မက နောက်ထပ် ၄ လအကြာ ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ လန်ဒန်မြို့ရှိ အင်္ဂလိပ်အစိုးရ အဖွဲ့ခေါင်းဆောင် မစ္စတာအက်တလီနဲ့ မြန်မာနိုင်ငံကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် သဘောတူညီချက်ကိုပါ မြန်မာအစိုးရ ၀န်ကြီးအဖွဲ့ခေါင်းဆောင်အဖြစ် သဘောတူညီမှုရအောင် ဆွေးနွေးလက်မှတ်ထိုးနိုင်တာ ခေတ်သစ်မြန်မာ့ သမိုင်းမှတ်တိုင်ပဲ ဖြစ်ပါတော့တယ်။

လွှတ်တော်မှာ မဲခွဲတာကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဆန်္ဒမဲပေးတဲ့အခါ တစ်မျိုးတည်းကိုပဲ ညီညီညွတ်ညွတ် ပေးကြသလို မဲပေးဖို့ပျက်ကွက်သူလည်း မရှိသလောက် နည်းပါးတာကို တွေ့ရပါတယ်။ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီဟာ ရည်ရွယ်ချက်ချင်းတူတယ်လို့ ကာချုပ်ကြီးကိုယ်တိုင်ပြောခဲ့ဖူးသော်လည်း လွှတ်တော်တွင်းမှာ တပ်မတော်ရဲ့ သြဇာအာဏာကို ထိခိုက်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအတွက် အမှန်တကယ်ဆန္ဒပြုချိန်မှာ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မဲပေးခဲ့ကြတယ်။ ဒီလို စနစ်တကျ တစ်သွေးတစ်သံအမိန့်နဲ့မှ လုပ်ကိုင်တတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဝင် စစ်ခေါင်းဆောင်ငယ်တွေကို ရင်ဆိုင်ဖို့အတွက် ပြည်သူတွေဘက်က ရွေးချယ်ခွင့် ၇၅ ရာခိုင်နှုန်း အပြည့်အ၀ကို ပြည်သူ့ခေါင်းဆောင်လက်ထဲကို ယုံယုံကြည် ကြည်အပ်နှံဖို့ လိုအပ်ပါတယ်။

အခြေခံဥပဒေစာအုပ်ထဲမှာ ရေးသားပုံနှိပ်ပြီးသား လက်နက်အပြည့်အစုံနဲ့မှ တိုက်ပွဲဝင်တတ်တဲ့သူတွေကို ရင်ဆိုင်ဖို့ ၇၅ ရာခိုင်နှုန်းတည်းဟူတဲ့ သင်္ချာအရေအတွက် ကိန်းဂဏန်းကို အပြည့်အ၀ပေးအပ်နိုင်မှသာ တန်းတူရင်ဆိုင်နိုင်မှာ ဖြစ်တယ်။ သတ်မှတ်မဲအရေအတွက် ၇၅ ရာခိုင်နှုန်း အထက်ကိုရအောင် တိုက်ပွဲ ၀င်ဖို့ကတော့ လူထုခေါင်းဆောင်ရဲ့ တာဝန်သာဖြစ်ပါတော့တယ်။

ပြည်သူ့ထောက်ခံမှုထက်သာလွန်တဲ့ အင်အားမရှိပါ။ ပြည်သူများအတွက် နိုင်ငံရေးမျှော်လင့်ချက် လုံးဝကုန်ဆုံးသွားသည် မဟုတ်ကြောင်း ပြည်သူ့ထောက်ခံမှု အများဆုံးရရှိထားတဲ့ ခေါင်းဆောင်ကိုယ်တိုင် ပြောခဲ့သည် မဟုတ်ပါလော။ သမိုင်းဟူသည်ကား ရပ်တံ့နေသော အရာမဟုတ်၊ စဉ်ဆက်မပြတ် လှည့်ပတ်လှုပ်ရှား သွားလာနေမြဲသာဖြစ်တာကြောင့် မမှန်သောတရားဟူသည်မှာ တစ်ချိန်တွင် ကျိုးပျက်ပျောက်ကွယ်ရမည်မှာ အမှန်ပင်ဖြစ်ပါတယ်။

လှမျိုးထွန်း

The Ladies News Journal ပါ အတွေးအမြင် ဆောင်းပါး

၂၀၁၆ နိုဝင်ဘာ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဝင်ရောက် ရွေးချယ်ခံဖို့ ရည်မှန်းထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်၊ သမ္မတဟောင်းကတော်လည်းဖြစ်သူ ဟီလာရီကလင်တန်က ဇွန်လ ၂၀ ရက်နေ့က ပြောလိုက်တယ်။ အမေရိကားရဲ့ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး တိုက်ပွဲကြီးဟာ အောင်မြင်ပြီးမြောက်ဖို့ အဝေးကြီး လိုပါသေးသတဲ့။ အသက် ၂၁ အရွယ် လူဖြူ လူငယ်ကလေး တစ်ယောက် ဇွန်လ ၁၇ ရက်နေ့တုန်းက ကျူးလွန်ခဲ့တဲ့ ချာလ်စတန် ဧမနွေလ အာဖရိကန်အမေရိကန် မက်သဒစ် ခရစ်ယာန် ဘုရားကျောင်း လူ ၉ ဦး သေနတ်ပစ်ခတ်ခံ သေဆုံးခဲ့ရမှု ရာဇဝတ်မှုကြီးကိုလည်း ‘လူမျိုးရေးခွဲခြားမှု အခြေခံ အကြမ်းဖက်မှုကြီး’ အဖြစ် ပြစ်တင်ရှုတ်ချလိုက်တယ်။ အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) အတွင်းက လူမည်းတွေကို ကျွန်အဖြစ် ဆက်လက် ထားလိုကြတဲ့ တောင်ပိုင်းပြည်နယ်များရဲ့ ခွဲထွက်ရေးတပ် အလံကိုလည်း အမေရိကားရဲ့ လူမျိုးရေးခွဲခြားမှု အတိတ် ပုံရိပ်ဟောင်း ဖြစ်တဲ့ ဒီလို အလံတွေကို ဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိရောင်းချနေတာတွေ ရပ်ဖို့ ဟီလာရီက နှိုးဆော်လိုက်တယ်။

အသားဖြူတဲ့ ကော့ကဆွိုတ် ဥရောပအနွယ် လူဖြူတွေ အစုအလိုက် အပြုံလိုက် လူသတ်တာမျိုး၊ လေယာဉ်တွေ ဖျက်ကြတာမျိုး စတဲ့ လူသတ်အကြမ်းဖက်မှုကြီးတွေ ကျူးလွန်ကြရင် ဘက်မလိုက် တင်ပြရေးသားရမယ့် စာနယ်ဇင်း လိုမျိုးကစေ ‘Terrorism အကြမ်းဖက်မှု’ လို့ သုံးလေ့သုံးထနည်းပြီး တစ်ဦးချင် စိတ်ရူးသွပ်မှုသဘောသာ အရောင်ဖျော့ Low Profile လုပ် ဖော်ပြလေ့ရှိတတ်တဲ့ လူဖြူကြီးစိုးရာ အမေရိကန် နိုင်ငံလိုမျိုးမှာ အခုလို လူဖြူ အနွယ် သမ္မတလောင်း မျှော်လင့်ချက်ရှိတဲ့ အမျိုးသမီးခေါင်းဆောင် တစ်ယောက်က လူအများစု နားခံခက် မခံချိမခံသာစေမယ့် တိုင်းပြည်ရဲ့ ပကတိ အခြေအနေ ခါးသီးတဲ့ အမှန်တရားတွေကို ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ ရဲရဲဝံ့ဝံ့ ပြောဆိုနေတာတွေ ဖတ်သိ နားထောင်ရတော့ သူတို့ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ရေချိန်ကို တွက်သိ တွေးကြည့် အားကျမိတယ်။

ဟီလာရီ ဒီလိုတွေ ဒေါင်းတည်မောင်းတည် လူနည်းစုတွေဘက်က ရပ်တည် ပြောနေတာဟာ အာဖရိကန်အမေရိကန် လူနည်းစု မဲလိုချင်လို့ပါ လို့လည်း အလွယ်ကောက်ချက်ဆွဲလို့မရပါဘူး။ မစ်ဇူရီပြည်နယ် လူမည်းဘုရားကျောင်း တစ်ခုမှာ ဇွန်လ (၂၃) ရက်နေ့က သူပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်တဲ့ ‘All Lives Matter’ ဟာဆိုရင် အာဖရိကန်နွယ်အမေရိကန်အရေး တက်ကြွလှုပ်ရှားနေသူတွေရဲ့ မကောင်းပြစ်တင် ဝေဖန်ခြင်းကိုတောင် ခံနေရပါတယ်။ ဟီလာရီ ရဲ့ ဒီ ‘လူသားအားလုံးအသက်ဟာ တန်ဖိုးရှိတယ်’ ဆိုတဲ့ စကားက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လတုန်းက မစ်ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့ မှာ ဖြစ်ပွားခဲ့တဲ့ ၁၈ နှစ် အရွယ် လူမည်းလူငယ်လေးကို လူဖြူရဲအရာရှိက မလိုအပ်ဘက် ပစ်သတ်ခဲ့မှု ဖြစ်စဉ်အပြီး အမေရိကန် တစ်နိုင်လုံးမှာ နှိုးဆော် တောင်းဆိုလှုပ်ရှားနေကြတဲ့ ‘Black Lives Matter’ ဆောင်ပုဒ်ကို ရှေ့တန်းမတင် အသားမပေးရာ ရောက်နေလို့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ လူမည်းတချို့ရဲ့ အလိုမကျတုံ့ပြန်မှုကို သူ ရင်ဆိုင်နေရတာပါ။

ဆိုတော့ အခု ဟီလာရီက တိုင်းပြည်ရဲ့ လူမျိုးရေးသူငယ်နာမစင်မှု အနာပြည်ပုပ်ကို ဘွင်းဘွင်း မချွင်းမချန် ဖောက်ထုတ် ထောက်ပြခြင်းဟာ လူမည်းတွေအပေါ် မဲဆွယ်ခြင်းဆိုတာထက် ပိုပါတယ်။ ပြောသင့်ပြောထိုက်တာကို ပြောခြင်း သဘော ယူဆနိုင်တယ်။ တိုင်းပြည်ရဲ့ လူမျိုး၊ ဘာသာ အစွန်းမရောက်ကြတဲ့ လူအများကလည်း လက်ခံစဉ်းစားပေးနိုင်ကြတယ်။ အမေရိကန်အများစု၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ စာနယ်ဇင်း အပါအဝင် လူထု အစုအဖွဲ့အသီးသီးဟာ ဒီလို ဦးဆောင် ဝေဖန် ဆော်သြမှုတွေကို ဆတ်ဆတ်ထိမခံ မဖြစ်၊ မရိုသေ့စကား ရင့်ရင့်သီးသီးနဲ့ ‘Niggers Lover -- ငမည်းချစ်သူ’ လို ကက်ကက်လန် နင်ပဲငဆ ပြန်မပြောကြဘဲ တိုင်းပြည်မှာ လိုအပ်နေဆဲ ချို့ယွင်းအားနည်းချက်များဖြစ်တဲ့ လူမျိုးရေးအမြင် ပြင်းထန်စွန်းရောက်မှု (Racism)၊ အမုန်းရာဇဝတ်မှု (Hate Crime) နဲ့ အကြမ်းဖက်မှု (Terrorism) အလုပ်တွေကို လျော့ပါး ပပျောက်ရေးကို ရှေးရှု ဆင်ခြင်နိုင်ကြတယ်။

ဒါက အာဏာလက်မဲ့ သြဇာရှိ အမေရိကန် နိုင်ငံရေးသမားတစ်ဦးရဲ့ လတ်တလော အဖြစ်အပျက်ပါ။ တဖန် အာဏာလည်း လက်ရှိ၊ သြဇာလည်း ကြီးတဲ့ လက်ရှိ အမေရိကန် သမ္မတ အိုဘားမားရဲ့ အလုပ်တွေကိုလည်း လေ့လာကြည့်ပါဦး။ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်တွေရဲ့ ဥပုသ်လ အထိမ်းအမှတ် ဝါဖြေ ညစာစားပွဲကို နှစ်စဉ် ကျင်းပနေကျ အတိုင်း အိမ်ဖြူတော်မှာ ပြုလုပ်ပေးတယ်။ အမေရိကန် မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ သံတမန်တွေ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည်က မြန်မာ-မွတ်ဆလင်အမျိုးသမီး အရေး လှုပ်ရှားသူ တစ်ယောက်တောင် တက်ရောက်ခွင့်ရခဲ့တယ်။

အိုဘားမားက ညစာစားပွဲ မိန့်ခွန်းမှာ လူသားတွေရဲ့ မူလ အခွင့်အရေး ရပိုင်ခွင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်၊ ဓလေ့ထုံးစံတွေ ကျင့်သုံးခွင့်ဟာ အမေရိကန်တွေရဲ့ အသည်းနှလုံးမှာ စွဲမြဲနေတဲ့ တန်ဖိုးတွေ ဖြစ်ကြောင်း ထပ်လောင်း အသိပေးခဲ့တယ်။ လူတစ်ယောက်ဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘာယုံကြည်ကိုးကွယ်လို့၊ ဘယ် လူမှုအလွှာက လာလို့၊ ဘယ်လိုပုံပန်းသဏ္ဌာန်သွင်ပြင် အသားအရောင်ရှိလို့၊ ဘယ်သူ့ကို ချစ်မြတ်နိုးလို့ ဆိုပြီး မတူကွဲပြားမှုတွေအပေါ် ပစ်မှတ်မထားသင့်ကြောင်းလည်း ပြောဆို သတိပေးခဲ့တယ်။ လတ်တလော ဖြစ်ခဲ့တဲ့ ချာလ်စတန် အာဖရိကန်အမေရိကန် ၉ ဦး အသတ်ခံရမှုနဲ့ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီတုန်းက မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပယ်ဟေးလ် မှာ ဖြစ်ခဲ့တဲ့ အမေရိကန်မွတ်ဆလင် ၃ ဦး အသတ်ခံရမှုတွေ အတွက် ဝမ်းနည်း ဆုတောင်းစကားတွေ ဆိုခဲ့တယ်။ ဘာသာရေးထုံးတမ်း ခေါင်းခြုံ ပုဝါဆောင်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်မွတ်ဆလင် အမျိုးသမီးငယ်ကိုလည်း ညစာစားပွဲမှာ ဖိတ်ခေါ် ဂုဏ်ပြုခဲ့တယ်။

ဆိုခဲ့တာကတော့ သူတို့ဆီက ခေါင်းဆောင် ၂ ဦးရဲ့ သူ့တို့ အလုပ်တွေ၊ စကားတွေပေါ့။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ယှဉ်ကြည့်ရအောင်ပါ။ နှိုင်းမှ နှိုင်းရင်ပလေ လို့တော့ စာဖတ်သူများ ဆိုချင်မလား မသိ။ လေ့လာ နမူနာယူရင်တော့ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း နိုင်ငံသားအားလုံး ဘာသာ၊ လူမျိုး မခွဲ ခွင့်တူညီမျှရရှိ ဒီမိုကရေစီ အရသာ အပြည့်အဝ စံစားနေရတဲ့ တိုင်းပြည်မျိုးကိုပဲ လှမ်းမျှော်ကြည့်တတ်ရမှာပေါ့။ အမျိုး၊ ဘာသာ အစွဲတွေကြီး အမုန်းတွေပွား၊ လူတွေသတ်နေတဲ့ ISIS လို အဖွဲ့တွေမျိုးရဲ့ အလုပ်၊ အကျင့်အကြံတွေ၊ လူမျိုးရေး ဘာသာရေးကို အာဏာအတွက် အသုံးချနေကြတဲ့ ရှေးရိုးစွဲ နိုင်ငံတွေကိုတော့ ဘာသွား အတုယူ နှိုင်းယှဉ် လေ့လာ စရာလိုတော့မလဲ၊ ကိုယ့်ဆီမှာလည်း ဒီအကျင့်အကြံတွေ အပြည့် ဖြစ်နေခဲ့ပြီကိုး။

ဆိုခဲ့တဲ့ အမေရိကန်က ခေါင်းဆောင်း ၂ ယောက် ရဲ့ အလုပ်၊ အပြောတွေကို ကျွန်တော်တို့ တိုင်းပြည်က ခေါင်းဆောင် ၂ ယောက် လုပ်ကြည့်မယ် စဉ်းစားကြည့်ပါစို့ ခင်ဗျာ။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အတိုက်အခံ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကများ ဟီလာရီ ကလင်တန် လို စကားတွေ ပြောခဲ့တယ် တွေးကြည့်ရအောင်ပါ။

မြန်မာပြည်မှာ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတယ်များ ဆိုကြည့်ပါလား၊ လူအများစု မြန်မာတွေချည်းပဲအတွက် မကြည့်နဲ့ လူနည်းစု အတွက်လည်း စဉ်းစား ခွင့်တူပေးပါ အော်ကြည့်ပါလား၊ မျိုးချစ်ဆိုသူများရဲ့ ဝိုင်းပြီး သမခံထိမှာ၊ ‘Muslim Lover’ ဆိုပြီး ဆော်ခံထိမှာ။ လူသာမန် လူအများ ကိုယ်နှိုက်ကလည်း ဒါမျိုး ဖြစ်သင့် ဖြစ်ထိုက်တာမျိုး၊ ခွင့်တူညီမျှမှု စကားတွေကို လူမျိုးရေး၊ ဘာသာရေး စိတ်အခံလေးနဲ့ နားဝင်လွယ်ကြမှာ မဟုတ်ပါ။ ဒါမျိုး လက်တွေ့ ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ စိတ်ကူးကြည့်နိုင်ပါတယ်။ ဒီလိုတွေ ပြင်းပြင်းထန်ထန် မဆိုမပြော တတ်နိုင်သမျှ နှုတ်ဆိတ်နေတာတောင် တရားဝင် စာနယ်ဇင်းမျိုးကအစ မုတ်ဆိတ်နဲ့ ဘာသာကွဲ ပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကန်တော့နေဟန် ပုံမှားရိုက် ဓာတ်ပုံတင် ယုံထင်ကြောင်ထင် ဖြစ်အောင် လုပ်ကြံခံနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဟာ အမျိုးသားရေးတက်ကြွသူ ဘုန်းကြီးများ၊ လူများရဲ့ ပစ်မှတ်ထားခြင်း ခံနေရတယ်။

ဒါမှမဟုတ် လက်ရှိ အာဏာရအစိုးရ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကများ သူ့သမ္မတ အိမ်တော်မှာ မွတ်ဆလင် ခေါင်းဆောင်တွေဖိတ် ဝါဖြေညစာစားပွဲ လုပ်ကြည့်တယ် ဆိုကြပါစို့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုးလှချည်ရဲ့ဆိုပြီး တောင်းဆို ‘ဒီမိုမှ ဒီမို’ ဖြစ်နေသူများ ကိုယ်တိုင် ဝိုင်းဝန်း ‘ကုလားအားပေး စစ်အစိုးရ’ ဆိုပြီး ဆိုကြမှာ မြင်ယောင်ကြည့်မိပါတယ်။

ကျွန်တော်တို့ တိုင်းပြည် အခြေအနေက ဒီလို အရေခွံပါးတဲ့ သူတွေ အများစုနဲ့ ဝမ်းနည်းဖွယ် ဖြစ်နေရပါတယ်။ စစ်အာဏာရှင်စနစ်ဆိုး တိုင်းပြည်မှာ နှစ်ငါးဆယ် ကြီးစိုးနေခြင်း ရလဒ် လူမျိုးရေး၊ ဘာသာရေး သူငယ်နာမစင် အကဲဆတ်နေကြပါတယ်။ နိုင်ငံသားအချင်းချင်းမှာတောင်မှ ‘တိုင်းရင်းသားမဟုတ်’ ဆိုပြီး တရုတ်နဲ့ အိန္ဒိယ အနွယ် နိုင်ငံသားတွေကို ဒုတိယနိုင်ငံသား တစ်ဆင့်နိမ့် အတန်းနဲ့ နိမ့်ကျတဲ့ အခွင့်အရေးပဲယူစေ လုပ်ချင်နေကြပါတယ်။

ဒါကြောင့်လည်း ဒီလို လူမျိုး၊ ဘာသာ အိုင်းအနာကို လိုရင်နှိုးဆွ မီးတောက်စေတဲ့နည်း တစ်နည်းတည်းနဲ့ အာဏာသက်ဆိုးရှည်လိုသူများ အမြဲ လုပ်စားခွင့်သာနေပါတယ်။ အခု လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်က ဆိုခဲ့ပြီ မဟုတ်ပါလား။ ၅၉-စ မပြင်လိုခြင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဟန် -- ‘သွေးနှောသူ နိုင်ငံသားများက နိုင်ငံတော်ရဲ့ အရေးအရာကို စီမံခန့်ခွဲလုပ်ဆောင်၊ အုပ်ချုပ်ရေးကဏ္ဍမှာ ၀င်ရောက်လာပါက နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာပေါ်မှာ ဆိုးကျိုးများ သက်ရောက်လာမှာ’ မို့ပါဆိုပြီး တကယ့် တိုင်းပြည်ကို ချစ်လှတဲ့ မျိုးချစ်ကြီးများသဖွယ် ခပ်တည်တည်ပဲ ဆိုခဲ့နိုင်ပြီ မဟုတ်ပါလား။

ဒီလိုနဲ့ ၄၃၆ နဲ့ ၅၉-စ အပါအဝင် အခြေခံဥပဒေရဲ့ အရေးကြီး အချက်များလည်း မပြင်နိုင်ဘဲ နှစ်ကုန် ရွေးကောက်ပွဲ ဝင်ရတဲ့ အခြေဆိုက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ အတွက် ယှဉ်ပြိုင်ရာမှာကိုက လူမျိုးရေး၊ ဘာသာရေးက နိုင်ငံရေး အမြတ်ထုတ်ရာ အာဏာထောက်ကူပစ္စည်း ဖြစ်နေတာလည်း အခု အာဏာရှင်မှိုင်းမိ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ သည်းသည်းလှုပ် ထောက်ခံအားပေးဝန်းရံကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး မဘသ ဆရာတော် သံဃာတော်များရဲ့ ‘ဘယ်လိုလူမျိုးပဲ မဲပေးရမယ်’ ဆိုတဲ့ တိုက်တွန်းချက် သြဝါဒဆိုတာတွေက သက်သေပါပဲ။ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေဟာ မဘသ ဘုန်းကြီးများရဲ အစစ်အဆေးကို အရင်ခံရမယ် အခြေအနေ ဆိုက်နေရတယ် မဟုတ်လား။ ဘုန်းကြီး ကြည်ဖြူ ကျေနပ်သူသာ လူထု မဲရစေရမယ် ဆိုတဲ့ သဘောမျိုး အမျိုးသားရေး သံဃာများ လုပ်ဆောင်ချင်တာ ပြီးခဲ့တဲ့ မဘသ ဗဟို ဒု-ကြိမ် အစည်းအဝေးပြီး ထွက်လာခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေက ထင်ထင်ရှားရှား ပြသခဲ့ပါပြီ။

အခုဆိုရင် မဘသ သံဃာ အစုအဝေးရဲ့ အလုပ်တွေဟာ မျိုးစောင့်ဥပဒေတွေကနေတဆင့် တိုင်းပြည်ရဲ့ ဥပဒေပြုရေးရာ ကဏ္ဍမှာလည်း ဝင်ရောက်ခြယ်လှယ်ခွင့်ရခဲ့ပါပြီ။ တိုင်းပြည်ရဲ့ ရပ်ထဲ ရွာထဲမှာလည်း နဂိုမူလ သဘောမှာကတည်းက ဘာသာရေး ကိုင်းရှိုင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တာကြောင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ သြဇာဟာ ကြီးလှလို့ ရပ်ရွာ အုပ်ချုပ်ရေးမှာ အမြဲ ဝင်ဆန့် အာဏာရှိခဲ့တယ်။ တိုင်းပြည်ရဲ့ တရားစီရင်ရေးစနစ်မှာလည်း သံဃာတွေရဲ့ အသံစူး လွှမ်းမိုးမှုကိုလည်း ဦးထွန်းလင်းဦး အမှုက ပြသခဲ့ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး ၃ ရပ်ကို ဘာသာရေးခေါင်းဆောင်တွေ လွှမ်းမိုးသက်ရောက်နေတာအပြင် အခုဆိုရင် တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုကြတဲ့ စာနယ်ဇင်း ကဏ္ဍမှာပါ အမျိုးသားရေး သံဃာများရဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ တွေ့နေရပါပြီ။ (ဒါက ပယောဂကင်းတဲ့ ဘာသာရေးစာပေ ကဏ္ဍကို ဆိုခြင်း မဟုတ်ပါ။) မဘသ ကိုယ်တော်များဟာ ရွေးကောက်ပွဲ ဖြစ်စဉ်မှာလည်း ဝင်ရောက် အရွေးခံခွင့် မရှိလို့ မပါတာကလွဲလို့ အမျိုးသားရေးအတွက် ဘယ်သူ့ ဘယ်ဝါ၊ တော်၏ မတော်၏ လူထုကို တစ်အိမ်ဝင် တစ်အိမ်ထွက်တောင် မဲဆွယ် စည်းရုံး၊ မှတ်ချက်ပြု လမ်းညွှန်ကာ ပါတီအာဏာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မယ် အခု တရားဝင် ဆိုနေနိုင်ပြန်ပါတယ်။

ဆိုတော့ တိုင်းပြည်ကို ၂၀၀၈ အခြေခံဥပဒေ အကာအကွယ်နဲ့ စစ်ဗိုလ်အဟောင်းအသစ်များ အုပ်ချုပ်နေတဲ့ အပြင် အမျိုးသားရေးသံဃာအစုအဖွဲ့ကလည်း သူ့နည်းသူ့ဟန်နဲ့ သြဇာရှိ၊ အာဏာထက် ဦးဆောင်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒါတွေအားလုံးရဲ့ ရင်းခံအကြောင်းကတော့ သူသူကိုယ်ကိုယ် လူအများရဲ့ မသိစိတ်နဲ့ ရင်ဘတ် နှလုံးသားမှာ စွဲထင်နေတဲ့ လူမျိုးရေး၊ ဘာသာရေး သူငယ်နာမစင်မှု ရောဂါ အခံကြောင့်ပါလို့ ကောက်ချက်ဆွဲချင်ပါတယ်။ ဒီလို ကုလားမုန်း၊ တရုတ်မုန်း လူမျိုး/ဘာသာ အလာဂျီ ရနေတဲ့ စိတ်အခံ Mindset တွေကို လူအများစုကြီးက မပြင်နိုင်သရွေ့တော့ အာဏာနိုင်ငံရေး၊ စစ်အုပ်စု အသက်ရှည်ရေးအတွက် ဝံသာနု အမျိုး၊ ဘာသာတရားများက ဓားစာခံ ဖြစ်နေဦးမှာပါပဲ။

ဒီလို အနေအထားမှာ တကိုယ်ရေ မိသားစုအလိုက် တနိုင် လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ လူမျိုးရေး၊ ဘာသာရေး အစွဲပြင်းထန်မှုတွေ လျှော့ကြပါ။ ဒီမိုကရေစီ ပြည်ထောင်စု တိုင်းပြည်မှာ လူမျိုး၊ ဘာသာအားလုံး နိုင်ငံသား အားလုံး သမ္မတ ဖြစ်ခွင့်ကနေ အသေးအဖွယ် စင်ပေါ်တက် တရားဟောခွင့်ပေးတဲ့ ကိစ္စမျိုး အထိ အားလုံး တန်းတူခွင့်တူ ဖြစ်ရမယ် ဆိုတာကို နှစ်နှစ်ကာကာ နှလုံးသွင်းနိုင်ကြပါ။ လာမယ့် ရွေးကောက်ပွဲ အတွက်ဆိုရင်လည်း ကိုယ့်အိမ်ကို ဘာသာရေးခေါင်းစဉ်အောက်မှာ မဲပေးရေးနဲ့ ပတ်သက်ပြီးလာရောက် ပြောဆိုဆွေးနွေးစည်းရုံးသူ ရှိရင် လက်မခံပါနဲ့။ ဒါဟာ လက်ရှိတည်ဆဲ အခြေခံဥပဒေနဲ့ ဆန့်ကျင်ကြောင်း ပြန်လည် ထောက်ပြကြပါ။

ဒီလို တစ်ဦးချင်းက ဘာသာ၊ လူမျိုး ပြင်းထန်စွန်းရောက် ဇောင်းမပေး၊ ဘာသာရေးနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုံးလုံး ခွဲခြား မြင်နိုင်တဲ့ အပြုအမူ၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ တည်ဆောက်နိုင်ရင် အာဏာအတွက် ဘာသာကို အသုံးချလိုသူများဖြစ်ဖြစ်၊ အမျိုးသားရေး တစ်ဖက်စွန်းရောက်သူများရဲ့ အန္တရာယ်ကို ဖြစ်ဖြစ်၊ အမုန်းတရားပွားလိုသူများရဲ့ သွေးထိုးလှုံ့ဆော် ရန်မီးပွားမှုကို ဖြစ်ဖြစ် တိုင်းပြည်မှာ ကာကွယ်နိုင်ပါပြီ။ လူများစု၊ လူနည်းစု၊ လူတဦးချင်း အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာကို တပြေးညီ အာမခံတဲ့ ဒီမိုကရေစီ အကျင့်အကြံတွေကို တိုင်းပြည်စနစ်မှာ ခိုင်မာအသားကျ အရိုးစွဲအောင် ကျွန်တော်တို့ လူတစ်ဦးချင်းမှာလည်း တာဝန်ရှိပါတယ်။ ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ အဝါ၊ ဒီမိုကရေစီ အစိမ်းတွေ ပပျောက် ဖြူစင် စစ်မှန်တဲ့ ဒီမိုကရေစီစစ်စစ် အရိပ်အယောင်လေး မြင်ရဖို့ ဘာသာရေးဗန်းပြ အာဏာနိုင်ငံရေး အမြတ်ထုတ်နေမှုတွေကို သတိပြုဆင်ခြင်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ကြောင်းပါ။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

The Ladies News Journal ပါ ဆောင်းပါး

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူခဲ့တာကို သက်ဆိုင်ရာ မြို့နယ် /ရပ် ကျေးကော်မရှင်အဖွဲ့တွေက တားမြစ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ကန့်ကွက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ NLD ပါတီက တာဝန်ရှိသူတွေ နေပြည်တော်မှာ ဒုတိယအကြိမ်တွေ့ဆုံစဉ် ကန့်ကွက်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ NLD ပါတီ ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"မုဒုံမြို့မှာ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းစိစစ်နေတဲ့အခါမှာ မုဒုံမြို့နယ်ကော်မရှင်ကနေပြီးတော့ အန်ကယ်တို့ စိစစ်ရေးအဖွဲ့တွေကိုခေါ်ပါတယ်၊ ခေါ်ပြီးတော့ ခရိုင်ကော်မရှင်ရဲ့ ညွှန်ကြားချက်စာကြောင့် အန်ကယ်တို့ မဲစာရင်းစိစစ်တဲ့အခါမှာ တစ်အိမ်တက်ဆင်းမလုပ်ပါနဲ့ပေါ့၊ လုပ်လို့ရှိရင် ပြည်သူလူထုနဲ့ အငြင်းပွားဖွယ်ရာတွေရှိပါတယ်လို့ အန်ကယ်တို့ကို ပိတ်ပင်တယ်"

ဒါ့အပြင် NLD ပါတီက မဲစာရင်းစိစစ်ရေးလုပ်ငန်းတွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းတွေ လွယ်ကူလျှင်မြန်သွားအောင် ဆွေးနွေးအကြံပြုချက်တွေ ပေးခဲ့တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း NLD ရဲ့ မဲစာရင်းကောက်ယူမှု တားမြစ်ခံရတာနဲ့ ပတ်သက်ပြီး ချက်ချင်းမေးမြန်းစုံစမ်းပေးမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

 တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဇူလိုင်လ ၁ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ် Photo: RFA

 နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ ဒုတိယ၀န်ကြီးတွေကို ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးလုပ်ငန်းတွေ မလုပ်ရလို့ ပိတ်ပင်ထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကန့်ကွက်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေကို အဲဒီပုဂ္ဂိုလ်တွေဟာ ဆောင်ရွက်ခြင်းမပြုရလို့ တိတိကျကျ ပိတ်ပင်ထားတာမရှိဘူးဆိုပြီး တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းလွင်က အခုလို ကန့်ကွက်ဆွေးနွေးပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နှင့်ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဋ) တို့အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်နေ့မှာစပြီး မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟုသာ ပြဌာန်းထားပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန် တိကျစွာ ပိတ်ပင်တားမြစ်ထားခြင်းမရှိသည်ကို တွေ့ရှိရပါသည်"

ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်က တပ်မတော်သား ကိုယ်စားလှယ်တွေ ရှုံးနိမ့်ခဲ့တဲ့ အဲဒီ့ဥပဒေကြမ်း ၇ ခုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၈ ဦးက ဆက်လက်ကန့်ကွက်ကြတာပါ။

မူလက ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)နဲ့ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ)တို့မှာ သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက သူတို့ဟာ အစိုးရ သက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မရှိပေမယ့် ရွေးကောက်ပွဲနီးရင် ပါတီစည်းရုံးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ပြဌာန်းထားပါတယ်။

အခု ပြင်ဆင်ထားတဲ့ မူကြမ်းမှာ 'ပါတီ' ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ထားတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးလုပ်ဖို့ အခက်အခဲဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်ကတော့ ပြည်ထောင်စုအဆင့်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေ မဆောင်ရွက်ရပေမယ့် နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ရွေးချယ်ခံပိုင်ခွင့်ရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှုမရှိဘူးလို့ဆိုပါတယ်။

ဒီကနေ့ ကန့်ကွက်တဲ့ အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ကြားနာဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ကြေညာပါတယ်။

RFA Burmese
http://www.rfa.org/burmese

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာ စာထုတ်ပြန်မပေးနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသ ကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဆက်လက် မဆောင်ရွက်တော့ပေမယ့် အမိန့်ကြေညာစာကိုတော့ ထုတ်ပြန်မပေးနိုင် ဘူးလို့ မနေ့က ရန်ကုန်တိုင်းသာသနာရေး ဦးစီးမှူး ဦးစိန်မော် က ဖုန်းနဲ့အကြောင်းကြားခဲ့တယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

"အကြောင်းပြန်တာကလည်း ရန်ကုန်သာသနာရေးမှူး ဦးစိန်မော်ထံကနေပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဆက်လက်ပြီးတော့မလုပ်ဘူး၊ သမ္မတရုံးက အမိန့်ကြေညာစာတော့ ထုတ်လုပ်မပေးနိုင်ဘူးဆို ပြီးတော့ ဘုန်းကြီးတို့ဆီ အကြောင်း ပြန်ပါတယ်၊ ဘာကြောင့်အကြောင်းပြန်စာထုတ်မပေး တာလည်းဆိုတော့ အချိန်ကာလ ကလည်းတိုတယ်တဲ့၊ နိုင်ငံခြားကဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့လည်း လုပ်ထားရတော့ သူတို့ မှာ မလွယ်ကူဘူးလို့ အကြောင်းပြန်ပါတယ်"

အမိန့်ကြေညာစာထုတ်ပြန်မပေးတဲ့အတွက် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး လက်ကမ်း စာစောင်ဝေတာတွေ၊ လက်မှတ်ကောက်ခံတာတွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့အထိ စတဲ့ လှုပ်ရှားမှုတွေကို အဖွဲ့အနေနဲ့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

ဒဂုံစီးတီးစီမံကိန်း လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ၁၅ ရက်အတွင်း ထုတ်ပြန်ပေးပါမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှုးကြီးတင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့က ပြီးခဲ့တဲ့ ဇွန်လ၂၀ ရက် နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦး ကျောင်းတိုက် မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ် ရှိတဲ့ မြေနေရာ ဖြစ်ပြီးဧက ၂၀ ကျော်မှာအထပ်မြင့်ကွန်ဒို အဆောက် အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှ လမ်းမကြီး အနီးတွင် တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ နှစ်ဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရရှိထားကြောင်း DKBA ထံမှ သတင်းရရှိသည်။

 ယခုလ(၂) ရက်နေ့မှ စတင်၍ ကော့ကရိတ်-မြ၀တီ အာရှ လမ်းမကြီး အနီးတွင် တပ်မတော်နှင့် DKBA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ ယမန်နေ့က အထိ တိုက်ပွဲများ ဖြစ်ပွား နေသေးကြောင်း DKBA ထံမှ သိရသည်။

 ““ကျွန်တော်တို့ကို တိုက်ခိုက်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ ပြန်လည် တိုက်ခိုက်ဖို့ အသင့် ပြင်ထားပါတယ်။ ကျွန်တော်တို့က စစ်သားတွေပါ။ ကျွန်တော်တို့ အသက်ကိုတော့ ကျွန်တော်တို့ ခုခံကာကွယ်သွားမယ်။  DKBA လှုပ်ရှားရာ ဒေသ တစ်ခုလုံးက  DKBA တပ်သားတွေကိုလည်း လာတိုက်ခိုက်ရင် ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ခိုင်းထားတယ်။

 ကျွန်တော်တို့ ကတော့ စစ်ဘယ်ဖြစ်ချင်မလဲဗျာ။ တပ်မတော် ဘက်ကတော့ ဘယ်လောက် ကျလဲ ဆိုတာကိုတော့ မသိဘူးဗျ”” ဟု  DKBA ကလိုထူးဝါး တပ်မဟာမှ ဗိုလ်မှူးကြီး စောဘာဂျာက The Messenger Media သို့ပြောသည်။

 အဆိုပါ မြ၀တီ-ကော့ကရိတ် လမ်းမကြီး အာရှ လမ်းမကြီး တစ်လျှောက်တွင် DKBA အပါအ၀င် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့က ပူးပေါင်း ဂိတ်ကြေး ကောက်ခံနေပြီး လေးဘီးယာဉ် တစ်စီးလျှင် ငွေကျပ် (၃၀၀၀)၊ ခြောက်ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် (၅၀၀၀)၊ ခြောက်ဘီးယာဉ် တစ်စီးလျှင် ငွေကျပ်(၃၀၀၀) ကောက်ခံလျက် ရှိသည်။

 DKBA ကို ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်ပြီး ခန့်မှန်းအား (၁၅၀၀)ကျော်ရှိကာ ဘုရားသုံးဆူ ဒေသ၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်၊ မာနယ် ပလော ဒေသများတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဆုမင်းကို
The Messenger Media
http://www.messengerdaily.com/


ရန်ကုန် ဇူလိုင် ၅

မြန်မာ့တပ်မတော်နှင့် DKBA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ထိုင်း-မြန်မာနယ်စပ် ဒေသဖြစ်သော တပ်ခ်ပြည်နယ် တွင် ထိုင်းစစ်တပ်က ၄င်း၏ စစ်သားများကို အသင့်အနေ အထား တပ်လှန့်ချထားကြောင်း Bangkok Post သတင်းဌာနက ယနေ့ဖော်ပြသည်။

ယခုလ ၂ ရက်မှစတင်ပြီး ယမန်နေ့အထိဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် မြန်မာ့တပ် မတော်ဘက်မှ အနည်းဆုံး နှစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ ဖွယ်ရှိကြောင်းသတင်းအရင်းအမြစ် တစ်ခုကပြောသည်ဟုဘန်ကောက် ပို့စ်ကဖော်ပြသည်။ DKBA ဘက် မှ သုံးဦးဒဏ်ရာရရှိခဲ့ကာ တစ်ချိန် တည်းတွင်ယင်းဆူပူအုံကြွမှုကြောင့် ပန်ကန်ကျေးရွာနှင့် မြန်မာနိုင်ငံ ကော့ကရိတ်ခရိုင်တို့ချိတ်ဆက်ထား သည့်မကြာသေးမီကတည်ဆောက် ပြီးစီးခဲ့သောအာရှလမ်းမကြီးအား တစ်စိတ်တစ်ပိုင်းပိတ်ဆို့ထားခဲ့ရ ကြောင်းဘန်ကောက်ပို့စ်ဖော်ပြသည်။

အထက်ပါဒေသနှစ်ခုအကြား ကူးသန်းသွားလာနေသော ယာဉ် များကိုမူလလမ်းကြောင်းဟောင်းသို့ ရွှေ့ပြောင်းမောင်းနှင်စေခဲ့ကြောင်း နှင့် ပဋိပက္ခဖြစ်ပွားရာ နေရာသည် ထိုင်း-မြန်မာ နယ်စပ် တစ်ဖက် ကမ်း မဲဆောက်မြို့မှ ၂၈ ကီလို မီတာခန့်အကွာတွင် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ထိတွေ့တိုက်ပွဲများ မဖြစ်ပွားမီ မြန်မာ့တပ်မတော်ဘက် မှလက်နက်ကြီးများပါဝင်သည့် အင်အား ၃ဝဝ ခန့်တပ်ဖြန့်ချထား ခဲ့ကြောင်း၊ DKBA မှ ဗိုလ်မှူးချုပ် စောကျော်သက်ကတပ်မတော်ဘက် မှထိုးစစ်ဆင်လာနိုင်သည့်အတွက် လိုအပ်သည်များပြင်ဆင်ထားရန် ၄င်း၏ နယ်စပ်လက်နက်ကိုင်အဖွဲ့ များအား ယခုလ ၃ ရက်က ညွှန်ကြားခဲ့ကြောင်းသိရသည်။

ပဋိပက္ခဖြစ်ပွားရသောအကြာင်း အရင်းကို ရှင်းရှင်းလင်းလင်းမသိ ရကြောင်း၊ သို့သော် တပ်မတော် က DKBA အား ထိုင်းနိုင်ငံနှင့် မြဝတီ၊ မော်လမြိုင်တို့ချိတ်ဆက် ထားသည့်နယ်စပ်ဖြတ်ကျော်လမ်းမ သစ်အနီးမှ ဖယ်ရှားလိုဟန်တူ ကြောင်း မဲဆောက်မြို့ရဲဌာနက ပြောကြားကြောင်းဖော်ပြသည်။

နှစ်နိုင်ငံအကြား ချိတ်ဆက် သွယ်တန်းထားသည့် အဆိုပါ လမ်းမသစ်ကို ယခုလကုန်ပိုင်း တွင်တရားဝင်အခမ်းအနားတစ်ရပ် ကျင်းပဖွင့်လှစ်သွားရန် ပြင်ဆင် ထားကြောင်း သိရသည်။

ကောင်းထွဋ်အောင်
The Union Daily
http://uniondaily.net

Photo: ပစ်ခတ်ခံရသည့် ပန်လုံဒေသခံစိုင်းမောင်အား သီပေါဆေးရုံပို့စဉ်
 ဂျူလိုင်လ ၆ ရက် ၂၀၁၅

 အလုပ်မှပြန်လာသည့် နမ္မတူမြို့နယ် ပန်လုံရွာသားအား အစိုးရစစ်တပ်က ပစ်ခတ်သဖြင့် သီပေါမြို့ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း စုံစမ်းသိရရှိရ ပါသည်။

ဂျူလိုင်လ ၄ ရက်နေ့ ည ၇ နာရီအကျော် လယ်တောမှပြန်လာသည့် စိုင်းမောင်နှင့် သူငယ် ချင်းဖြစ်သူတို့အား ပန်လုံဒေသတွင်လှုပ်ရှားနေ သည့် မြန်မာစစ်တပ် တပ်မ ၇၇ လက် အောက်ခံ စစ်ကြောင်းတခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပန်လုံဒေသခံများကပြောသည်။

“ည ၇ နာရီခွဲလောက်မှာ စိုင်းမောင်နဲ့ သူ့သူငယ်ချင်း လယ်တောကပြန် လာတာ။ စိုင်းမောင် က လေသေနတ်ပါတယ်လေ။ သူတို့စကား တပြောပြောနဲ့ တောလမ်းကနေ ရွာကိုလာတာ။ စစ်သားတွေက ရပ်ခိုင်းတာ သူတို့မကြားလိုက်ဘူးတဲ့။ အဲတာနဲ့ စစ်သား တွေက သူတို့ကို ပစ်ထည့် လိုက်တာ စိုင်းမောင်ရဲ့ တင်ပါးကိုထိသွားတယ်။” ဟု အမည်မဖော် လိုသူ ဒေသခံတဦးက ပြော သည်။

ထိုနေ့က မြန်မာစစ်တပ်သည် ပန်လုံအုပ်စုအတွင်းတွင် ဝင်ရောက် စခန်းချခဲ့ကြောင်း အုပ်စု အနီးပတ်ဝန်းကျင်သို့လည်း လုံခြုံရေးအလို့ငှာ အင်အားဖြန့်ကျက်ထားကြောင်း သိရသည်။

စိုင်းမောင် (အသက် ၄၀ ကျော်) သည် ရပ်ကွက် ၃ ပန်လုံအုပ်စု နမ္မတူမြို့ နယ်တွင် နေထိုင်သူတဦးဖြစ်ပြီး လယ်ယာလုပ်ကိုင်စားသောက်နေ သူတဦးဖြစ် ကြောင်း ပန်လုံ အုပ်စုသား ဦးအိုက်စိန် ကပြောသည်။

ထိုညတွင်ပင် ဒဏ်ရာပြင်းထန်သည့်စိုင်းမောင်အား သီပေါမြို့ဆေးရုံသို့ ရွာသားများမှ ပို့ဆောင်ကုသထားသည်ဟုသိရပါသည်။

အဆိုပါဒေသဘက်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ခေါ် ပလောင်တပ်ဖွဲ့တို့ လှုပ်ရှားသွားလာသည့် ဒေသ ဖြစ်သည့်အားလျော်စွာ မြန်မာအစိုးရ တပ်မတော်ကလည်း နယ်မြေစိုးမိုးမှုရရန် အင်အား ဖြည့်လှုပ်ရှားနေခြင်ြး ဖစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ကချင်ပြည်နယ် ဖားကန့်မှာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့တဲ့နောက် ရေလွှမ်းမှုတွေ ကြုံနေရကာ ရပ်ကွက် (၅) ခု က အိမ်ခြေ ၃၀၀ ကျော်ဟာ ရေဘေးဒုက္ခ တွေ့နေရပါတယ်။

ဖားကန့် မြို့နယ် ဒု အုပ်ချုပ်ရေးမှူး ဦးမင်းကျော် က ဖားကန့်မှာ အခုရက်ပိုင်းတွေ အတွင်း မိုးသည်းထန်တာကြောင့် ဥရုချောင်းရေ တက်လာပြီး မြို့ထဲက ရပ်ကွက်အနိမ့်ပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ကြုံနေရတာလို့ ဆိုပါတယ် ။

ဒေသခံတွေကတော့ ကျောက်တူးတဲ့ ကုမ္ပဏီတွေကနေ စွန့်ပစ်မြေစာတွေကို ဥရုချောင်းထဲ စုပုံတဲ့အတွက် ရေကောင်းကောင်းမစီးဘဲ မိုးရွာတာနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာပြီး ရေကြီးရေလျှံမှုတွေက တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ထိန်းသိမ်းခံ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့နဲ့ အာဏာပိုင်တွေဘက်က ကျောင်းသားပြည်သူကို ဖိနှိပ်နေတဲ့လုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ဖို့ ကျောင်းသားတွေနဲ့ ပြည်ပရောက်ဒီမိုကရေစီ အင်အားစုတွေက ၅၃နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်မှာ တောင်းဆိုလိုက်ကြပါတယ်။ ၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်အခမ်းအနားကို ရန်ကုန် တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်မှာ ကျင်းပဖို့ရှိသလို ဒီကနေ့မှာလည်း တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်ကတင်ပြပေးပါမယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း ဆန္ဒပြကျောင်းသူကျောင်းသားတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့ပြီးတော့ တက္ကသိုလ်ရဲ့သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးဖောက်ခွဲဖြိုခွဲခဲ့တဲ့ ဆဲဗင်းဂျူလိုင်နေ့ ဒီနှစ် ၂ဝ၁၅ ခုနှစ်မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( တကသ) ကျောင်းသားတွေက ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ် သမဂ္ဂ မြက်ခင်းပြင်မှာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပဖို့စီစဉ်နေပါတယ်။ အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ပိတ်ပင်တားဆီးမှုတွေရှိပါစေ တကသ ကျောင်းသားတွေဘက်က ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပြီး အခမ်းအနားကိုဖြစ်မြောက်အောင် လုပ်မှာဖြစ်တယ်လို့ တကသကျောင်းသားသမဂ္ဂ သတင်းပြန်ကြားတာဝန်ခံ ကိုဖိုးသားကပြောပါတယ်။

ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် (RASU) ရဲ့အထင်ကရ အဆောက်အဦးတခုဖြစ်တဲ့ ဂျပ်ဆင်နဲ့ တည့်တည့်ဝင်ပေါက် ဂွန်လ ၂၈၊ ၂၀၁၂ ခုနှစ် မြင်ကွင်း။
“၇ ရက်နေ့မှာ 7 July အခမ်းအနားကို လှည်းတန်းစံရိပ်ငြိမ်မှတ်တိုင်ကနေ စပါမယ်။ ညနေ ၃ နာရီလောက်ပေါ့။ အဲဒီကနေစုပြီး သမဂ္ဂမြက်ခင်းပြင်ကြီးကို လမ်းလျှောက်၊ လမ်းလျှောက်ပြီးရင် သမဂ္ဂမြက်ခင်းပြင်မှာ ကျနော်တို့ 7 July (၅၃) နှစ်ပြည့်အခမ်းအနား အောက်မေ့ဖွယ် အခမ်းအနားကို အဲဒီမှာ ကျင်းပမှာဖြစ်ပါတယ်။ ကျနော်တို့ ဆန္ဒပြတဲ့ပုံစံမျိုး မဟုတ်ဘူးပေါ့။ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ငြိမ်သက်စွာလမ်းလျှောက်မယ်၊ ပြည်သူလူထုနဲ့ကျနော်တို့ပူးပေါင်းပြီးတော့ပေါ့။ သမဂ္ဂမြက်ခင်းပြင်အထိ စီတန်းလမ်းလျှောက်မယ်ဆိုပြီးတော့ ကျနော်တို့ ကဗျာရွတ်တဲ့အစီအစဉ်တွေ၊ အမှတ်တရ စကားပြောတဲ့အစီအစဉ်တွေ လုပ်မယ်။ ကျနော်တို့အနေနဲ့ကတော့ အစိုးရကို ခွင့်ပြုချက်တင်တွေဘာတွေလည်း လုပ်မှာမဟုတ်ပါဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ဖြစ်လာတဲ့ပြဿနာတွေကိုလည်း အားလုံး ရင်ဆိုင်ဖြေရှင်းသွားမှာပါ။”

မြန်မာနိုင်ငံတွင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ ကို အစိုးရဘက်ကနေ ဖမ်းဆီးအရေးယူ ထောင်ချ၊ ဖမ်းဝရမ်းထုတ်နေတာကို ဆန့်ကျင်ကန့်ကွက်ပြီး ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဖိနှိပ် မှုတွေကို ရပ်တန့်ပေးဖို့၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ( တကသ) ကျောင်းသားတွေက တောင်းဆိုတယ်လို့ ပြောပါတယ်။

“၁၉၆၂ ခုနှစ်ကစပြီးတော့ပေါ့….၈၈ အထိပေါ့၊ …ကျနော်တို့ မျိုးဆက်အထိပေါ့။ အခု ဦးသိန်းစိန်ဦးဆောင်တဲ့အရပ်သားအစိုးရကလည်း ကျနော်တို့ ယခင်နည်းတူပါပဲ၊ ဖိနှိပ်နေဆဲပဲပေါ့။ အခုဆိုရင် ကျောင်းသားတွေကို ဝရမ်းပြေးလို့ စွပ်စွဲပြီးတော့ ဖမ်းဆီးနေတာတွေ ရှိတယ်။ အခု လက်ရှိ ဒီအစိုးရ အထိပေါ့။ ဒီလို ကျနော်တို့ကျောင်းသားတွေကို ဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့ဟာတွေကို ပြည်သူလူထုကို အမှန်အတိုင်းသိစေချင်တယ်။ အဲဒါကြောင့် နှစ်တိုင်းနှစ်တိုင်း 7 July အခမ်းအနားတွေကို ကျောင်းသားတွေဦးဆောင်ပြီးတော့ အမြဲတမ်းသဖြင့်ပေါ့- ကျနော်တို့ လုပ်နေတာရှိပါတယ်။ အခုက message ပေးချင်တာက ဒီလို နှစ်ပတ်လည်အခမ်းအနားတွေ လုပ်နေခြင်းသည် - ဒီလိုအချိန်မျိုးမှာ၊ ဒီလိုနေ့ရက်မျိုးမှာ ဒီအစိုးရက ကျနော်တို့ ကျောင်းသားတွေကို ဒီလိုလုပ်ခဲ့တယ်ဆိုတာမျိုးကို သိအောင်လို့ပါ။”

ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က မြန်မာသံရုံးရှေ့မှာ ၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်း ကျောင်းသားသမဂ္ဂ တရားဝင် ဖြစ်တည်မှု ရှိစေရေးနဲ့ ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်နိုင်ရေး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာနိုင်ရေး အပါအဝင် ဆဲဗင်းဂျူလိုင် သမိုင်းဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးတွေကို ကိုရီးယားရောက်မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ ကိုရီးယားဌာနခွဲရဲ့ဥက္ကဋ္ဌ ဦးနေထွန်းနိုင်က သံရုံးရှေ့မှာ အခုလို ပြောသွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ (၅၃) နှစ်မြောက် (၇) ဇူလိုင်အရေးအခင်းအထိမ်းအမှတ် ဆန္ဒပြပွဲ။ (ဓာတ်ပုံ ရန်နိုင်ထွန်း-ကိုရီးယား/ ဇူလိုင် ၅၊ ၂၀၁၅)
“(၅၃) နှစ်မြောက် 7 July အရေးအခင်းဆိုတာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၅၀၀) ကျော်ရင်ကျော်သွားပါစေ၊ နှစ်ပေါင်း (၁) ထောင် ကျော်ရင်ကျော်သွားပါစေ၊ ကျုပ်တို့ပြည်သူတွေရဲ့ရင်ထဲမှာ ဘယ်သောအခါမှ မေ့ပျောက်သွားနိုင်မယ့်ဖြစ်ရပ် မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။”

အခုအချိန်အထိ ဖမ်းဆီးအထိန်းသိမ်းခံနေရဆဲ ကျောင်းသူကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့မြန်မာ အစိုးရကို ကိုရီးယား-မြန်မာ-အင်္ဂလိပ်စာ သုံးမျိုးနဲ့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့တယ်လို့ ကိုရီးယားဌာနခွဲ NLD ဒုဥက္ကဋ္ဌလည်းဖြစ် သတင်းပြန်ကြားတာဝန်ခံလည်းဖြစ်တဲ့ ဦးရန်နိုင်ထွန်းက အခုလိုပြောပါတယ်။

“ကိုရီးယားနိုင်ငံမှာရောက်နေကြတဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးနေတဲ့ မြန်မာပြည်သူပြည်သားအားလုံးဟာ အတိတ်သမိုင်းကြောင်းကို အမြဲတမ်း မမေ့မလျော့ရှိတယ်ဆိုတဲ့အကြောင်းတခုရယ်၊ နောက် ပြည်တွင်းမှာ မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ အကျဉ်းချခြင်းခံနေရတဲ့ ကျောင်းသားတွေအကုန်လုံးအနေနဲ့လည်း မိမိတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယက အမြဲတမ်းမလျှော့ချဖို့၊ နောက်တခုက ပြည်သူပြည်သားတွေအနေနဲ့ကလည်း ဒီလို တိုင်းပြည်ကို ဒီလို မတရားအုပ်ချုပ်နေတဲ့အစိုးရကို ဝိုင်းဝန်းပြီးတော့ တွန်းလှန်ကြဖို့ဆိုတဲ့စကားမျိုးတွေ ကျနော်တို့ ပြောလိုပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း စနစ်အမျိုးမျိုး ခေတ်အဆက်ဆက်က အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ပြီး မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဦးဆောင်ကျင်းပနေကြတာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အာဏာရကြံ့ခိုင်ရေးပါတီထဲ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ကြား အကွဲအပြဲမှာ တစ်နေ့တစ်ခြား ထင်ရှားလာနေပြီး လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု လွှတ်တော်အမတ်စာရင်းတွေ မထုတ်ပြန်ခင်အချိန်မှာ သူတို့ပါတီဟာ မပိုင်ဝက်မွေး၊ မိအေးနှစ်ခါနာခဲ့ရတယ်လို့ ပါတီအာဘော် ပြည်ထောင်စုနေ့စဉ်က ဇူလိုင် ၅ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့အနေအထားဟာ ကြွေးဟောင်းကိုလည်းဆပ်နေရပြီး ကြွေးသစ်ကိုလည်း ဆပ်နေရတယ်လို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးစိုးသာရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမယ့် သူတို့ပါတီဟာ ပါတီဥက္ကဌ သူရဦးရွှေမန်းနဲ့ ခေါင်းဆောင်တွေရဲ့စုပေါင်းဦးဆောင်မှုနဲ့ မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်သူတွေက လွှတ်တော်တွင်းဆောင်ရွက်ချက်ကို ပါတီလုပ်ရပ်အဖြစ်မြင်နေပြီး အစိုးရရဲ့လုပ်ရပ်တွေကို သမ္မတဦးသိန်းစိန်ရဲ့လုပ်ရပ်အဖြစ် မြင်နေတာကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်ပေမယ့် ပါတီပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ ဦးစိုးသာရဲ့ပြောဆိုချက်က ဆိုပါတယ်။

ဒါဟာ ဂျပန်နိုင်ငံကိုရောက်တုန်းက NHK သတင်းဌာနကို သမ္မတဒုတိယသက်တမ်းအတွက် ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ပြောဆိုချက်ကို တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်ကလည်း သူတို့ကြံ့ခိုင်ရေးဟာ အနိုင်ရပါတီဖြစ်ပေမယ့် နိုင်ငံတော်ယန္တရားလည်ပတ်မှုမှာ ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် အခွင့်အလမ်းတွေ နည်းပါးခဲ့တယ်လို့လည်း ပြည်ထောင်စုနေ့စဉ်က ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ကယားပြည်နယ်ကနေ ပါတီကိုယ်စားဝင်ရောက်ခွင့်ပေးဖို့ တင်ပြချက်ကို ပါတီက ငြင်းပယ်ခဲ့ပြီးနောက်မှာ ဝန်ကြီးနှစ်ယောက်ဟာ တစ်သီးပုဂ္ဂလအဖြစ်နဲ့ ကယားပြည်နယ်က လူဦးရေအနည်းဆုံး မြို့နယ်၂ခုကနေ ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။

ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက သူ့အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေဖြစ်အောင် အစိုးရထဲက လုပ်ခဲ့တယ်လို့ သွယ်ဝိုက်စွပ်စွဲထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ကြံ့ခိုင်ရေးပါတီက အဓိကပြင်ဆင်လိုတဲ့အချက်တွေကို မြန်မာသမ္မတက စစ်တပ်ကို ကန့်ကွက်ဖို့ညွှန်ကြားခဲ့ပုံရတာကြောင့် ဘယ်လိုမှ မပြင်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော်အမတ် ဦးလှဆွေက သတင်းမီဒီယာတွေကို တရားဝင်ပြောခဲ့ပါတယ်။

Kamayut Media