07/09/15

သူရဲ့အမည်ကို စသတိထားမိတာက ကျနော်အကျဉ်းထောင်တွင်း ရှိနေခဲ့စဉ်ကပေါ့။ ၁၂.၁.၂၀၁၂ ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်ထဲက ၈ပေ ၁၂ပေသာကျယ်တဲ့ သီးသန့်တိုက် အခန်းနံပါတ်(၇) အချိန်က ည ၇နာရီ ၄၅မိနစ်လောက်မှာပေါ့ ကျနော့်အမေထောင်ဝင်စာ လာတွေ့ရင်းယူလာတဲ့ Notebook ခပ်သေးသေးတစ်အုပ်ထဲက ကျနော်လွတ်မြောက်ရေးအတွက် ဆုတောင်းစကားတွေ အမှတ်တရ စကားတွေရဲ့ပထမဆုံး စာမျက်နှာမှာ မှင်အနက်နဲ့ရေးထားတဲ့ သူ့ရဲ့ဆုတောင်းစကားမှာ(ကိုစည်သူမောင် အကို့ကိုကျွန်တော်နာမည်ဘဲရင်းနှီးတယ်။

ကျွန်တော်လဲEcoကဘဲ ကျောင်းကို1ခေါက်လောက်သွားရအောင်)တဲ့ အဲဒီနေ့ညက ကျနော့်စိတ်ထဲသူဟာတို့ အီကိုကျောင်းတော်ကြီးကပဲ ဆိုတာလောက်ပဲအမှတ်ရနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကျနော်နေတဲ့ တိုက်အနောက်က သာမန်အကျဉ်းသားများထားတဲ့ အဆောင်ဆီက ဆူညံဆူညံ စကားသံတွေကြားရတယ် တိုက်မှာရှိတဲ့ထောင်ဝန်ထမ်းကိုမေးကြည့်တဲ့အခါ ည၈နာရီသတင်းမှာ နိုင်ငံတော်ကြေငြာသွားတယ်တဲ့(ထောင်ထဲမှာနိုင်ငံတော်ဆိုတဲ့စကားဟာ လွတ်ငြိမ်းချမ်းသာကြေငြာချက် ကိုဆိုလိုရင်းဖြစ်) အကျဉ်းသား ၃၀၀ကျော်သမ္မတ အမိန့်နဲ့လွတ်ငြိမ်းခွင့်ပေးလိုက်တယ် ဆိုတဲ့သတင်းစကား ကြားလိုက်ရတော့ တော်တော်စိတ်လှုပ်ရှားသွားရတယ်။ မနက်၎နာရီခန့်လောက်မှာ ထောင်အရာရှိနဲ့ ၀န်ထမ်းတစ်ချို့လာပြီး ကျနော်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၁ဦးလွတ်မြောက်ကြောင်း ပစ္စည်းတွေသိမ်းဖို့ လာပြောပါတယ်။ ၁၂.၁.၂၀၁၄ မနက်ခင်းမှာ အဖေအမေနဲ့ အတူလွတ်မြောက်လာတဲ့ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အိမ်ပြန်ခရီးကိုစတင်ခဲ့ပြီး စစ်တွေမြို့ကနေ ရန်ကုန်ကိုလေယဉ်နဲ့ပြန်ဖို့စီစဉ်ထားပြီး ၁၃ရက်နေ့ နေ့လည်လောက်မှာ ကျနော်မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်ခဲ့တယ်။

 လာကြိုကြတဲ့ကျောင်းသား များ သတင်းလာယူကြတဲ့မီဒီယာသမားတွေ လက်ခုပ်သံတွေ ပန်းကုံးတွေ ကြွေးကြော်သံတွေ ဝေ့ရမ်းကြိုဆိုထားတဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်နဲ့အတူ ဇေယျာလွင်ဟာ ကျနော်တို့ ဗကသကျောင်းသားများနဲ့အတူရှိနေခဲ့တယ် မှတ်တမ်းတင်ဓာတ်ပုံစုရိုက်ရာမှာသူလဲပါတယ် သူ့ကိုစသတိထားမိခဲ့တယ်။ နောက်ပိုင်းအိမ်ကိုခဏ ခဏရောက်ခဲ့ရာကနေ အီကိုကျောင်းသားလည်းဖြစ် သူ့ရဲ့ခင်မင်စရာကောင်းတဲ့ အစအနောက်သန်မှုတွေကြောင့် ညီတစ်ယောက်လို ရဲဘော်တစ်ယောက်လိုကျနော်တို့ သွားလေရာ တက္ကသိုလ်တွေ ၈၈မျိုးဆက်အဖွဲ့နဲ့ခရီးစဉ်တွေမှာ ပါလာခဲ့တယ်။ ဗကသ ဗဟိုစည်းရုံးရေးကော်မတီ ကနေကျနော်အပါအ၀င် ဒီငြိမ်းလင်းတို့ နုတ်ထွက်ခဲ့ရာမှာ သူစိတ်မကောင်းဖြစ်ခဲ့ပေမဲ့ တစ်ကျောင်းထဲဖြစ်နေခဲ့တဲ့ အီကိုသံယောဇဉ်ရယ် နီးစပ်မှုတွေရယ်ကြောင့် ကျနော်တို့ပြန်စုစည်းဖြစ်ကြတဲ့ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီမှာ သူပြန်ပါလာခဲ့တယ်။

ကျနော်တို့ ၂၀၀၇မျိုးဆက်တွေ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကွဲခဲ့ပြဲခဲ့သော်လည်း ကျနော်နဲ့ဇေယျာလွင် နဲ့တူညီတဲ့ ရည်ရွယ်ချက်တစ်ခုဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွှာသာကြီး)မှာ ကျောင်းကိုယ်စားပြုကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာဖို့ အီကိုသမဂ္ဂမျိုးဆက်ပေါ်ထွန်းလာဖို့ ဆိုတဲ့စိတ်အားထက်သန်မှုပဲ ။ ဒီလိုနဲ့ စီးပွားရေးတက္ကသိုလ်ကို ကျနော်ပြန်တက်ခွင့်မရခင်ကာလတွေမှာ ကျောင်းကိုပြန်ခြေချရင်း သမဂ္ဂဖွဲ့စည်းရေးအတွက် ကျောင်းသားတွေနဲ့တွေ့ စည်းရုံး ကန်တင်းတွေမှာစကားဝိုင်းတွေလုပ်ခဲ့ အစပျိုးခဲ့ကြရာကနေ မှတ်မှတ်ရရ ၂၀၁၂ ဇူလိုင်လ ၆ရက်နေ့မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီး နဲ့နောက်တစ်မှတ်တိုင် အကွာက ဒီဇင်ဘာဆောင်အ၀င် နားနေဆောင်ဇရပ်ကြီးထဲမှာ ကျောင်းသားကျောင်းသူ ၆၀နီးပါးလောက်နဲ့ အီကိုသမဂ္ဂ ကိုစတင်ဖွဲ့စည်းခြင်း အစည်းအဝေးလုပ်ပြီး ဇေယျာလွင်လဲစကားတွေပြော ကျနော်လဲ သမဂ္ဂတရားတွေဟော ပေါ့ ။ ဒီလိုနဲ့ အီကိုသမဂ္ဂမျိုးဆက် တစ်ဆက်လက်ထဲကို သမဂ္ဂအလံတစ်ထည် လွဲပေးခဲ့ပြီးအိမ်ပြန်လာခဲ့တယ်။ အဲဒီနေ့ညမှာပဲ အိမ်ရောက်တဲ့အခါ ရပ်ကွက်ဥက္ကဌရယ် အရပ်ဝတ်ရဲသတင်းတပ်ဖွဲ့ဝင်တွေရယ် ခရိုင်ရဲမှုးကြီး ဦးစောထွဋ် တို့ရောက်ရှိနေပြီး ကျနော့်ကိုပြည်ထဲရေးဝန်ကြီးဌာနကို ခေါ်ဆောင်သွားတယ်။ နောက်တစ်နေ့ ၇ဇူလိုင်နှစ်၅၀ပြည့် အခမ်းအနားလုပ်ပြီး ကျနော်တို့ချီတက်မယ်ကြားတဲ့အတွက် ဖမ်းခေါ်ခဲ့မှန်းပြန်လွတ်မှသိရတယ်။ ကျနော်ဖမ်းခံခဲ့ရပေမဲ့ ဇေယျာလွင်အပါအ၀င် သမဂ္ဂအဖွဲ့ဝင်များဟာ ၈၈ရုံးမှာ နှစ်၅၀ပြည့် ၇ဇူလိုင်အခမ်းအနားကို ဗကသအဖွဲ့ဝင်တွေ ၈၈နောင်တော်တွေနဲ့အတူလုပ်ခဲ့ကြတယ်။ ခုလဲတိုက်တိုက်ဆိုင်ဆိုင် ၇ဇူလိုင် ၂၀၁၅မှာသူ့ကို ဖမ်းမယ်ဆိုတာသိရက်နဲ့ ချီတက်အလေးပြုပွဲကို သူဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ကျနော်စိတ်ထဲ သူဖမ်းခံရလိမ့်မယ်ဆိုတာ သိနေသလိုခံစားရတာနဲ့ အသုံးမပြုတာကြာပြီဖြစ်တဲ့ ဗီဒီယိုကင်မရာလွယ်ပြီး သူပြောခဲ့တဲ့မိန့်ခွန်းတွေ သူ့ပုံရိပ်တွေကို အစအဆုံးမှတ်တမ်းတင်နိုင်ခဲ့တာဟာ ကျနော်ကူညီပေးနိုင်တဲ့ နေရာကနေ ပြန်ပြီးဝန်းရံပေးတဲ့သဘောပေါ့။ ဇေယျာလွင်နဲ့ပတ်သက်ပြီး တချို့က ကျနော့်ကိုစွပ်စွဲပြောဆိုတာတွေ ရှိပါတယ် လူမွေးတယ်ပေါ့ တပည့်မွေးတယ်ပေါ့။

အဲဒီစွပ်စွဲပြောဆိုမှုတွေဟာတကယ်တော့မဟုတ်ပါဘူး ။ ခေါင်းဆောင်ဖြစ်လာမယ့် အလားအလာရှိသူတိုင်းဟာ အတူလက်တွဲအလုပ်လုပ် နေရင်းသူ့အရည်အချင်း စကားပြောပုံကိုကြည့်ရင်း နောက်မျိုးဆက်ကိုဦးဆောင်နိုင်မယ့်သူအဖြစ် မြင်မိတာ မျှော်လင့်မိတာ မဆန်းပါဘူး ဒီနေရာမှာမျှော်လင့်တာနဲ့ တပည့်မွေးတာနဲ့ အဓိပ္ပါယ်ဟာ ကွဲပြားခြားနားတယ်ဆိုတာ အားလုံးသိကြမှာပါ။ နိုင်ငံရေးအခမ်းအနားတွေမှာ တကသအဖွဲ့ကိုယ်စား စင်ပေါ်တက်အမှတ်တရစကားပြောလေ့ရှိတဲ့ကျနော် ၂၀၁၄ မတ်လ၁၃ရက်နေ့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ကိုဖုန်းမော်နှစ်ပတ်လည်အခမ်းအနား ကစလို့သူ့ကိုစကားတက်ပြောဖို့ တိုက်တွန်းခဲ့တယ် သူလက်ခံခဲ့တဲ့အတွက် သူပြောတဲ့အမှတ်တရစကားကို တကသ ကျောင်းသားတွေနဲ့အတူ စင်အောက်ကနားထောင်ရင်း ပီတိဖြစ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်းကစလို့ သူနဲ့အတူ တကသ ရဲ့လှုပ်ရှားမှုပေါင်းများစွာ အခက်အခဲပေါင်းများစွာရှိနေခဲ့ရင်း ၂၀၁၄နှစ်လည်လောက်ကစလို့ ကျနော့်ပညာရေးကို ပြန်လည်အစပျိုးရင်း British council မှာ English အတန်းတွေစတက်ခွင့်ရတော့ ဇေယျာလွင် အပါအ၀င် တကသအဖွဲ့ဝင် ၃ဦး BC မှာ scholarship အစီအစဉ်တစ်ခုနဲ့အတူ တက်ခွင့်ရခဲ့တယ် ထုံးစံအတိုင်း သူကျောင်းတက်မမှန်တာက တစ်ကြောင်း အလုပ်တွေများတာရယ်ကြောင့် သူအပြီးအထိမတက်လိုက်ရပါဘူး။

ဇေယျာလွင်တို့ နန်းလင်းတို့ ရဲဇာနည်တို့ Oxford University အလည်အပတ်သွားခွင့်ရတယ် ကြားတော့ သူတို့မျိုးဆက် ကံကောင်းတယ်လို့စိတ်ထဲချီးကျူးမိသေးတယ်။ ခုတော့ သူဟာ အင်းစိန်နရသိ င်္န်ကို ခဏအလည်အပတ်သွားနေပြန်ပါပြီ သူဖမ်းခံရတယ်လို့ ဖုန်းဝင်လာတဲ့အခါ စိတ်မကောင်းဖြစ်မိပေမဲ့ သူ့စိတ်ဓာတ်ပိုကြံ့ခိုင်လာဖို့ အကျဉ်းထောင်ဟာ သူ့ကိုတန်ဖိုးရှိတဲ့အချိန်တွေ ဖန်တီးပေးပါလိမ့်မယ် (ဒီလိုစကားပြောရတာ အကျဉ်းထောင်တွင်း အချိန်ကုန်သွားမယ်ထင်သူတွေရဲ့ လွဲမှားတဲ့အယူအဆကိုပြောလေ့ရှိသူတွေ နားလည်မှာမဟုတ်ပါဘူး)သူ့ယုံကြည်ရာဒီမိုကရေစီရေး နဲ့ စစ်အုပ်ချုပ်ရေး အစိတ်အပိုင်းပါဝင်နေတဲ့ ကျနော်တို့နိုင်ငံရဲ့ ရှက်စရာပုံရိပ်တစ်ခုဖြစ်တဲ့ ၂၅ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ဖွင့်ချခဲ့တဲ့ သူ့ရဲ့ပြတ်သားတဲ့ မိန့်ခွန်းပြောစကားတွေဟာ တကသ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ကျနော်မျှော်လင့်ပါတယ် သူပြန်လွတ်လာမဲ့နေ့ ကျနော်လဲကံကောင်းထောက်မစွာ အပြင်မှာအဖမ်းမခံရဘဲ ရှိနေသေးရင်ပေါ့ ကျနော်လွတ်တဲ့နေ့က သူလာကြိုခဲ့သလို သူလွတ်တဲ့နေ့မှာ တကသ ကျောင်းသားတွေနဲ့အတူ အီကိုကျောင်းသားတွေနဲ့အတူ ခွပ်ဒေါင်းအောင်လံတော် ဖြန့်ပြီး လွင့်တင်ပြီး ဝေ့ရမ်းပြိး ကြိုဆိုဖို့စိတ်ကူးထားတယ်။ သာယာဝတီက ကျနော့်သူငယ်ချင်း ဖြိုးဖြိုးအောင်၂၀၀၇ ရဲဘော်ဗကသခေါင်းဆောင်တွေရော အားလုံးကိုအကျဉ်းထောင်ထဲက ပြန်လွတ်မယ့်နေ့ကို မျှော်နေပါ့မယ် ဗကသ/တကသ ကျောင်းသားများလွတ်မြောက်ရေး အတွက်လဲ ကျနော်ရှိနေတဲ့နေရာ လုပ်နိုင်တဲ့အခြေအနေတွေကနေလုပ်သွားမယ်လို့ ကတိပြုရင်းး

၈.၇.၂၀၁၅
စည်သူမောင်(ရန်ကုန်စီးပွားရေးတက္ကသိုလ်)



ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံထဲကို အသစ်ဖောက်လုပ်ထားတဲ့ အာရှအဝေးပြေး လမ်းမကြီးကို ဇူလိုင်လ ၂၀ ရက်နေ့အမီ ဖွင့်လှစ်နိုင်ဖို့ အတွက် အဲဒီလမ်းတလျှောက်မှာ အခွန်ကောက်နေတဲ့ DKBA တပ်တွေကို ဖယ်ရှားခိုင်းရာကနေ တိုက်ပွဲတွေ ဖြစ်လာရတာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော် က ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က စလာခဲ့တဲ့ ကော့ကရိတ်-မြ၀တီလမ်းတလျှောက် DKBA နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းနေပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နားမှာ အခြေစိုက်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ် DKBA ရဲ့ ကလို့ထူးဝါးစစ်ဒေသရှိရာ နေရာမှာ ပြီးခဲ့တဲ့ တပတ်အတွင်း တိုက်ပွဲတွေ အဓိက ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားရတာဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲ ဖောက်လုပ်ထားတဲ့ အာရှလမ်းမသစ်ကို မကြာခင် ဖွင့်လှစ်တော့မှာမို့ ဒီလမ်းမပေါ်မှာ အခွန်ကောက်နေတဲ့ DKBA တပ်တွေကို ရှင်းလင်းရတာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲလင်းက ပြောပါတယ်။

“အာရှလမ်းသစ်လို့ အမည်ပေးထားတဲ့ လမ်းကြီးကို သူက လမ်းဖွင့်တော့မယ်။ အဲဒီလမ်းကိုဖွင့်ဖို့အတွက် ကိုယ်တို့တိုင်းမှူးက သွားနေပြီလေ။ လမ်းက ကိုယ်ထင်တယ် ၂၀ ရက်နေ့လောက်မှာ ဖွင့်လိမ့်မယ်။ ရှင်းရှင်းပြောရရင် ဒီအာရှလမ်းပေါ်မှာ ဒီကောင်တွေက ဆက်ကြေးကောက်တယ်။ ၀န်ထုပ်ဝန်ပိုး လာလုပ်နေတာပေါ့ ရှင်းရှင်းပြောရရင်တော့။ မလုပ်ပါနဲ့ လမ်းကြီးက ဖွင့်တော့မှာ အကုန်ဖယ်ပါလို့ ပြောနေတာကို မဖယ်ဘူးလေ။ ဒီလမ်းကြီးက ဖွင့်တော့မှာ။ မဖယ်တော့ မရှင်းလို့မရတော့ ဒီလမ်းကို ရှင်းရတာပေါ့။ ဒါကြောင့် တိုက်ပွဲဖြစ်တာပေါ့လေ အဲဒါပဲ။”

အာရှလမ်းမသစ်ဟာ ကော့ကရိတ်မြို့နယ်နားက DKBA ကလို့ထူးဝါးစစ်ဒေသနား ဖြတ်ဖောက်ထားတာဖြစ်ပြီး သူတို့ ထိန်းချုပ်နယ်မြေမို့ လုံခြုံရေးဂိတ်တွေ ရှိသလို၊ အခွန်ကောက်နေရတာလို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ဘက်က ထပ်ပြီး ထိုးစစ်ဆင်လာရင် သူတို့ဘက်ကလည်း ပြန်လည် တိုက်ခိုက်သွားမယ်လို့ ကလို့ထူးဝါးစစ်ဒေသ ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်သက်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က တိုက်ပွဲမရှိဘူး။ ဒီနေ့ တိုက်ပွဲငြိမ်နေတယ်။”

မေး။ ။ မြန်မာအစိုးရတပ်တွေက အခု တပ်ချထားတုန်းပဲလား။ ဘယ်လိုအနေအထားတွေရှိလဲ သူတို့တပ်က။

ဖြေ။ ။ “ကော့ကရိတ်-မြ၀တီလည်းရှိတယ်။ အာရှလမ်းမှာလည်း သူတို့ရှိတယ်။ တပ်ကလာပစ်ရင်တော့ ပြန်ပစ်ရမှာပေါ့။ ကျနော်တို့နေတဲ့နေရာ လာပစ်ရင်တော့ ပြန်ပစ်တာပေါ့။”

ဇူလိုင်လ ၂ ရက်နေ့ကတည်းက DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေဖြစ်လာတာကြောင့် ပြီးခဲ့တဲ့ ၃ ရက်ကစလို့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားခဲ့သလို ဒီအတိုင်းသာ နှစ်ဖက်တပ်တွေ ဆက်ပြီး တင်းမာနေဦးမယ်ဆိုရင် မြန်မာနိုင်ငံထဲ ပို့နေတဲ့ ထိုင်းကုန်ပစ္စည်းတွေရော၊ ထိုင်းနိုင်ငံထဲကို ၀င်လာနေတဲ့ မြန်မာကုန်ပစ္စည်းတွေပါ ဈေးတက်လာဖွယ်ရာ ရှိတယ်လို့ ကရင်အမျိုးသား မီဒီယာက ဦးမန်းမျိုးမြင့်က သုံးသပ်ပြောဆိုပါတယ်။

“အဲဒီမှာ နယ်စပ်ကုန်သွယ်ရေးက တိုက်ပွဲစဖြစ်တဲ့နေ့ကနေ စပြီးတော့ လုံးဝပိတ်သွားတာ အခုဆို ၃ ရက် ရှိပြီပေါ့။ ကုန်သည်တွေက ကျနော်တို့ မေးကြည့်တော့ သူတို့ပြောတာက အခုနောက် ၄-၅ ရက် အတောအတွင်းမှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ နောက်ဆို ထိုင်းကုန်တွေက တက်တော့မယ်၊ ဒီလိုပဲ ပိတ်နေမယ် ဆိုလို့ရှိရင်။ အခုက ထိုင်းကုန်က နယ်ခြားပတ်ဝန်းကျင် ထိုင်းဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာပဲ သောင်တင်နေသလို၊ မြန်မာပြည်ဘက်ခြမ်း မြ၀တီဘက်ကို ရောက်နေတဲ့ ထိုင်းကုန်ပစ္စည်းကလည်း ဆိုလိုတာက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အဲဒီလို သွားလို့မရတော့ဘူး။ သောင်တင်နေတယ်။ အလားတူ မြန်မာပစ္စည်းတွေလည်း အဲဒီလိုပဲ။ မြန်မာပစ္စည်းတွေလည်း ဒီဘက်ထိုင်းဘက် လုံးဝလာလို့ မရတော့ဘူး။ နောက်ထပ် ၃-၄ ရက်က မြန်မာပြည်က ကုန်ပစ္စည်းတွေ လာလို့မရဘူးဆိုရင် မြန်မာကုန်လည်း ပြတ်မှာပဲ။ ဈေးထိုးတက်တာတွေ ဖြစ်မယ်လေ။”

ထိုင်းနိုင်ငံဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်လမ်းကြောင်းကနေ တလကို ဘတ်သန်း ၂ ထောင်ကျော်ကနေ ၃ ထောင် နီးပါးထိ ၀င်ငွေရနေတယ်လို့ နယ်စပ်စီးပွားရေး လေ့လာသူတွေက ပြောပါတယ်။ အခုလို ထိုင်းမြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာပေမဲ့ ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းဘက်က သိပ်ပြီးစိုးရိမ်မှုမရှိသေးကြောင်း တပ်ခ်ခရိုင်အာဏာပိုင်တွေက သတင်းထောက်တွေကို မနေ့က ခေါ်ယူရှင်းပြခဲ့ပါတယ်။

ဒီအတောအတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ မြန်မာအစိုးရက ဒီကနေ့ပဲ ကြေညာလိုက် ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲ မြ၀တီနဲ့ ကော့ကရိတ်မြို့တွေကို DKBA တပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်တာမျိုး ရှိခဲ့ပါတယ်။


ကိုဥာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/new-asia-road/2853573.html

 pyitaungsu-hluttaw-620.jpg ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေခံဥပဒေပါ ပုဒ်မ ၃ဝ ကျော်ကို ဇူလိုင်လ ၈ ရက်နေ့က ပြည်ထောင်စုလွတ်တော်မှာ မဲခွဲဆုံးဖြတ်နေစဉ်

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်အစား သက်ဆိုင်ရာလွှတ်တော်တွေ က ရွေးချယ်တင်မြှောက်ခွင့်တို့ကို ပြင်ဆင်ထားတဲ့ ပုဒ်မ အပါအ၀င် ပုဒ်မပေါင်း ၃၀ လောက်ကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူကိုယ်စားလှယ်များတာကြောင့် အဓိကပြင်ဆင်ထားတဲ့ ပုဒ်မအားလုံး ရှုံးနိမ့်သွားပါတယ်။

ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို အခွန်ကောက်ခံခွင့်ပေးထားတဲ့ ပြင်ဆင်ချက်ကိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကောက်ခံရမယ့် အခွန်ဌာနစာရင်းနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ဖြည့် စွက်ပေးမယ့် အထက်ပါအချက်ပေါင်း ၃၄ ချက် အနက် အခွန်ကောက်ခံရန်မလိုတဲ့ မူဝါဒဆိုင်ရာကိစ္စရပ်တွေ၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေမပါဘဲ ကျန်တဲ့အခွန်ကောက်ခံ ရမယ့် ၂၀ ချက်ကို ပြည်ထောင်စုကပြဌာန်းတဲ့ ဥပဒေနဲ့အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင်း ဆောင်ရွက် ခွင့်ရှိသည့် အခွန်ကောက်ဆိုင်ရာလုပ်ငန်းများဖြင့် မူလ ပြဌာန်းထားခြင်းဖြစ်တဲ့ အချက် ၁၉ ချက်ရဲ့နောက်မှာ အသစ် ထပ်မံဖြည့်စွက်ရန် အဆိုပြုပြဌာန်းခြင်းဖြစ်ပါတယ်"

တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အခွန်ကောက်ခံခွင့်တွေကလွဲပြီး ၀န်ကြီးချုပ်ခန့်အပ်ခွင့်၊ ကိုယ်စားလှယ် ရုပ်သိမ်းခွင့်၊ နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ တာဝန်ပူးတွဲ ထမ်းဆောင်ခွင့်စတာတွေ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက် ရှိရာ ကိုယ်စားလှယ် ၄၀၀ နီးပါးကသာ ပြင်ဆင်ချက်တွေကို ထောက်ခံကြတာ ဖြစ်ပါတယ်။ ၄၇၅ မဲရမှသာ ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်အားလုံးနီးပါး ရှုံးနိမ့်သွားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရင်ပြဌာန်းချက်တွေအတိုင်းသာ အသက် ၀င်မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-blocks-changes-constitution-07082015103641.html



တကသကျောင်းသားတွေရဲ့ ၅၃နှစ်မြောက် 7 July အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲ ပြုလုပ်ပြီး အပြန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တကသကျောင်းသား ဇေယျာလွင်ကို ဇူလိုင် ၈ရက်မှာ ဆွေမျိုးတွေနဲ့ ကျောင်းသားတစ်ချို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ကြပေမယ့် တွေ့ခွင့်မရခဲ့ဘဲ ပြန်လာခဲ့ရပါတယ်။

ဇေယျာလွင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် စိတ်ပူလို့ ထောင်ဝင်စာသွားတွေ့ခဲ့ကြပေမယ့် တွေ့ခွင့်မရခဲ့လို့ စိတ်မကောင်းဘူးလို့ ဆိုလာသူက တကသကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဖိုးသာပါ။ စစ်တပ် ၂၅ရာခိုင်နှုန်း ထွက်သွားပေးဖို့ ဆန္ဒပြမှုကြောင့် ပုဒ်မ ၅ဝ၅(ခ) နဲ့ ဖမ်းဆီးမယ်ဆိုတာ ကြိုသိထားပေမယ့် ရိုက်နှက်ဖမ်းဆီးတာကိုတော့ လုံးဝလက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေအပေါ် မတရားဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချတာကို လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။ ဇေယျာလွင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ဝင်းဝင်းလှိုင်ကလည်း ကျန်းမာရေးမကောင်းတဲ့ သူ့တူကို တွေ့ခွင့်တောင်းပေမယ့် တာဝန်ရှိသူတွေက ကျန်းမာရေးကောင်းတယ်ဆိုပြီး တွေ့ခွင့်မပေးမှုအပေါ် အတော်လေး မကျေမနပ်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသူ ကျောင်းသားတွေဟာ မတရားဖြိုခွင်းခံခဲ့ရတဲ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲနေတဲ့ နိုင်ငံဖြစ်ပါလျက် ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲနေကြတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

Kamayut Media

ဒီခေါင်းစဉ်မျိုးကို ဒီခေတ်လူငယ်ကလေးတွေ နားလည်ကောင်းမှ နားလည်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ တစ်ကျပ်ဆိုတာ မနည်းဘူးကိုးဗျ။ မုန့်ဟင်းခါးသုံးပွဲလောက်လည်း စားရနိုင်ကောင်းတယ်၊ လက်ဖက်ရည်လေးခွက်လောက်လည်း ၀ိုင်းသောက်လို့ရကောင်းတယ်။ ခပ်ညံ့ညံ့ဆိုင်မှာဆိုရင် ထမင်းတောင် စားလို့ ရကောင်းရနိုင်တယ်။ အဲဒီ လေးယောက်သောက်ရမယ့် လက်ဖက်ရည်ကို သုံးယောက်ပဲသောက်ပြီး တစ်ကျပ်ကမ်းပေးလိုက်ရင် ဆိုင်က တစ်မတ်အမ်းဖို့တော့ သေချာပေါက်လိုတာပေါ့။ ဒါမှ နောက်ရက်မှာ တစ်ယောက်စာ ထပ်သောက်လို့ရမယ်လေ။

“မအမ်းတော့ဘူးကွာ၊ ဘာလုပ်ချင်လဲ”လို့ ဘယ်လက်ဖက်ရည်ဆိုင်ရှင်မှတော့ လူမိုက်စကားပြောမှာ မဟုတ်ပါဘူး။ ပြောရင်လည်း စားသုံးသူက သည်းမခံနိုင်လောက်တာမို့ ဆိုင်ရှင်ခေါင်းကွဲဖို့ပဲ များသပေါ့။ ဒါပေမဲ့ တကယ်လို့များ ဆိုင်ရှင်ကလည်း လူမိုက်ဂိုက်နဲ့ ဈေးရောင်းနေပြီး ရွေးစရာဆိုင်မရှိလို့ ၀င်ထိုင်မိရာမှာ နို့ဆီအသိုးနဲ့ဖျော်တဲ့ လက်ဖက်ရည်ကျဲကျဲပဲရောင်းတာကို ၀င်သောက်မိတာမို့ လက်ဖက်ရည်အသိုးကို မျက်စိမှိတ်အောင့်ခံပြီး ရှိစေတော့လို့ သုံးခွက်ဖိုး လက်ဖက်ရည်ဖိုး တစ်ကျပ်ထုတ်ပေးလိုက်တယ် ဆိုပါတော့။ တစ်မတ်အမ်းရမှာ မအမ်းတော့ဘဲ အမ်းစရာအကြွေမရှိဘူးများပြောရင် ဘာလုပ်မလဲလို့စဉ်းစားတော့ တစ်ကျပ်ခေတ်မဟုတ်လို့ ထင်ပါရဲ့။ အဖြေကိုမပေါ်နိုင်ဘဲ ဖြစ်နေပါရောဗျာ။

အမှန်တော့ ကျွန်တော်တို့ အခုတို့ရဲ့ ရွှေမြန်မာတို့ တိုင်းပြည်ကြီးမှာ ဖြစ်ပျက်နေတာများဟာ ဒီ့ထက်ကို အတော်ကြီးဆိုးဝါးလှပါသဗျာ။ ဒီနေ့ဖြစ်ပျက်နေတဲ့ အခြေခံဥပဒေဆိုတာကြီးက ငွေကုန်ခံဇွတ်ကြီးလုပ်ပြီး သေနတ်နဲ့ချိန် ရေးဆွဲခဲ့တဲ့ဟာကြီးဆိုတာ သမိုင်းမှာ အထင်အရှား ကျန်နေတဲ့အပြင် မုန်တိုင်းကျတဲ့ အချိန်တောင် သေလုမျောပါးဖြစ်နေသူတွေကို ကယ်ရမယ့်အစား ဒီဥပဒေကြီး အတည်ပြုနိုင်ရေးကိုသာ ဇွတ်လုပ်ခဲ့လို့ “နာဂစ်အခြေခံဥပဒေ” လို့ အမည်တွင်သေးသကိုး။ ဒါကြီးကို ဆန္ဒခံယူပွဲလုပ်တဲ့အချိန် ဒါကြီးကို ဘယ်သူမှ မဖတ်ဖူးကြသလောက်ဆိုတာ သေချာသဗျ။ ဘာကြောင့်ဆိုတော့ အစိုးရမပြောင်းခင်လေးမှာပဲ ဒီဥပဒေကြီးနဲ့အညီ အလံကိုလဲခဲ့သေးသကိုး။ အဲဒါ အခြေခံဥပဒေထဲက အလံကြီးဆိုတာ ဘယ်သူမှ မသိကြဘူးခင်ဗျ။ ဒီအလံကြီးကို တိုင်ပေါ်ရောက်မှသာ မြင်ဖူးကြတာကိုး။

အလံတောင် မမြင်ဖူးဘူးဆိုမှတော့ ဒီဥပဒေကို မဖတ်ဖူးကြတာ သေချာပါတယ်။ ဖတ်ဖူးကြရအောင်လည်း မူကြမ်းထုတ်ပြန်တာတို့၊ ပြည်သူကြား ဝေငှပြီး လေ့လာခိုင်းတာတို့ တစ်ခါမှ လုပ်ခဲ့တာမှ မဟုတ်တာ။ “ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်းမှာ ပြည်သူတို့၏ တာဝန်ဖြစ်သည်” ဆိုတာကြီးကို ရုပ်မြင်သံကြားမှာ နေ့တိုင်းထိုးပြပြီး ဆွဲတော့ တကယ်တန်းကျ ကျန်တဲ့လူတစ်ခွန်းမှ ပြောခွင့်မရဘဲ သူတို့ကြိုက်သလို သူတို့ဆွဲသွားကြတာလေ။ ဒီတော့ ဒီဥပဒေကြီး အတည်ပြုဖို့ ဆန္ဒခံယူတော့ ဘယ်သူကမှလည်း ဒါကြီးရှာမဖတ်ကြပါဘူး။ ရှာဖတ်ဖို့လည်း မလိုဘူး။ ဘယ်သူနဲ့မှမညှိရဲဘဲ တစ်ဖက်သတ်ဇွတ်ဆွဲပြီး အတင်းကြီး အတည်ပြုဖို့လုပ်နေမှတော့ အများစုက ဗုတ်နိုးတို့၊ နိုးဗုတ်တို့ လုပ်ကြတာပါပဲ။ ဗုတ်နိုးဆိုတဲ့ ကန့်ကွက်မဲ၊ နိုးဗုတ်ဆိုတဲ့ မဲမထည့်ဘူးဆိုတာတွေ ဘယ်လိုလုပ်လုပ် တစ်ပြည်လုံးက“လူ”မှန်သမျှတွေခမျာ ရာခိုင်နှုန်းကိုးဆယ်ကျော် “ရက်စ်”ပါပဲလို့ ဇွတ်ကြီးလုပ်တာ ခံခဲ့ကြရတာပါပဲ။ (နိုးနေကြရက်သား မျက်နှာပြောင်ပြောင်နဲ့ အကုန်လုံးရက်သွားတာကို သိသိကြီး အောင့်ခံကြရတဲ့ သမိုင်းပါပဲဗျာ)။

ဒါကြီးကို ပြင်ရမယ်လို့ ပြောပြောနေကြချိန်မှာပဲ လွှတ်တော်ထဲမှာ ရုတ်တရက် “ပြင်ကြဖို့”အဆိုတင်လိုက် သူများကတော့ ဒါကြီးကို ဇွတ်ဆွဲခဲ့တဲ့အထဲ ထိပ်ဆုံးကပါခဲ့သူတွေပါပဲ။ ထားပါတော့။ ပြင်ချင်ကြသူချင်းအတူ တွဲလုပ်ကြတာပေါ့လို့ သဘောထားချင်ပေမယ့် ပြင်ဖို့သဘောတူလက်မှတ်ကို အရင်ကောက်၊ ပြီးမှ ဘယ်ပုဒ်မတွေ ပြင်မယ်ဆိုတာကို မလိမ့်တပတ် စာရင်းလုပ်၊ ပြီးမှ ပြင်ဖို့သဘောတူကြောင်း လက်မှတ်တွေနဲ့ တွဲပြီး ဒီလောက်ပဲပြင်ဖို့ သဘောတူပါတယ်ဆိုတာမျိုးလုပ်ပြန်လို့ ငြင်းရခုံကြရတယ်ဆိုတာကြားရတော့ အတော်စိတ်ပျက်မိပါတယ်။ သူတို့ပြောပြောနေတဲ့ “Once Communist always communist” ဆိုတဲ့စကားက တကယ်တော့ “Once a crook always a crook” ဆိုတဲ့ စကားကလာတယ်ဆိုတာကို ကျွန်တော်တို့ မေ့မေ့နေ ကြတာကိုး။

ဘာပဲဖြစ်ဖြစ် ဒီဥပဒေကြီးကို ပြင်ဆင်သင့်ကြောင်း အကျိုးအကြောင်းနဲ့ လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးတဲ့ အခါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက တက်တက်ကြွကြွ ပါဝင်လာတာကိုတော့ အသိအမှတ်ပြုရပါတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ တပ်မတော်ကိုယ်စားလှယ်များထက် ပြုပြင်ပြောင်းလဲလိုစိတ်ရှိပါတယ်လို့ ပြည်သူကမြင်လာအောင် ကြိုးစားချင်စိတ်ကလေးရှိလာတယ်လို့ ဆိုရပါမယ်။ သူတို့က ပြုပြင်ပြောင်းလဲရာမှာလည်း ဖြစ်သင့်တာထက် ဖြစ်နိုင်သလောက်လေးကိုပဲ ချိန်ဆကြိုးစားကြည့်ပုံ ပေါ်တာလည်း သတိထားမိပါတယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း သဘောတူမှဆိုတာကို ၇၀ ရာခိုင်နှုန်းနဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။ ဒီလိုကြိုးစားတာ အောင်မြင်သွားတောင် သိသိသာသာ ပြောင်းလဲစရာမရှိသေးပါဘူး။ တပ်မတော်သားကိုယ်စားလှယ် အစိတ်သားစလုံး လက်ခံမှဖြစ်မှာကနေ ၂၀ သားလောက် သဘောတူရင် ပြင်လို့ရတယ်ဆိုတဲ့ အနေအထားပါပဲ။ တစ်နည်းအားဖြင့် လက်ဖက်ရည်ဆိုင်ရှင် လူညစ်ကို တစ်မတ်မအမ်းချင်နေဗျာ၊ ပြားနှစ်ဆယ်တော့ အမ်းလိုက်နော်လို့ ချော့တဲ့သဘောပါပဲ။

ဒါပေမဲ့ သိကြတဲ့အတိုင်း တပ်မတော်သားတွေက တစ်ပြားမှ မလျှော့နိုင်ဘူးဟေ့လို့ တုံ့ပြန်ပြီး ကန့်ကွက်မဲပေးခဲ့ကြတဲ့အပြင် မတရားနည်းနဲ့ နိုင်သွားတာတောင် လွှတ်တော်ထဲမှာ ၀မ်းသာအားရ လက်ခုပ်ထတီးကြတယ်ဆိုပဲ။ တကယ်တော့ တပ်မတော်ထဲမှာဆိုရင် ဂျူနီယာတွေအဖြစ် လေးလေးစားစား အလေးပြုရမယ့် သူတို့ရဲ့ စီနီယာများကို “ငါတို့ကတော့ ဒါပဲဟေ့”လို့ ထုတ်ပြလိုက်တယ်လို့ ခံစားမိ လိုက်ပါတယ်ဗျာ။ (ကန့်ကွက်မဲတွေကိုပြောတာနော်)။ ဒီနေရာမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ တင်ပြတဲ့အထဲမှာ ဒုသမ္မတရွေးချယ်တဲ့အခါ ပုဒ်မ ၆၀(ဂ)မှာ ပြဋ္ဌာန်းထားတာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲကသာ ရွေးချယ်ပေးရမည်လို့ ပြင်ပေးဖို့တောင်းဆိုတာလည်း ပါဝင်ပါတယ်။ ဒီလိုတောင်းဆိုတော့မှပဲ ဒီဥပဒေကြီးကို ကိုင်တောင်မကြည့်ဖူးကြဘဲ စားဝတ်နေရေးနွံထဲမှာ နေ၀င်ကနေထွက် မရပ်မနား ရုန်းနေရရှာတဲ့ ပြည်သူအများစုက “ဟင်၊ ဒါဆိုရင် ဒုသမ္မတဆိုတာကြီးက ရွေးကောက်ခံဖြစ်စရာ မလိုဘူးဆိုတော့ ဒီကနေ သမ္မတဖြစ်နိုင်တာမို့ သမ္မတကြီးကလည်း ရွေးကောက်ခံမဟုတ်ဘဲ ဖြစ်နိုင်သပေါ့” လို့ သဘောပေါက်လာကြပါတော့တယ်။

ဒါတင်မကသေးပါဘူး။ သမ္မတကြီးက ၀န်ကြီးတို့ ဘာတို့လို အစိုးရအဖွဲ့ “လူကြီးမင်း”များကို ခန့်တော့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်ရမည်ဆိုတဲ့ ဥပဒေအပိုဒ်ကိုလည်း ပြင်ဖို့ကြိုးစားကြတာမို့ “သြော်၊ ရွေးကောက်ခံမဟုတ်လည်းရတဲ့ သမ္မတကြီးက ရွေးကောက်ခံမဟုတ်သူချည်းပါတဲ့ အစိုးရကိုတောင် ဖွဲ့လို့ရသကိုး” ဆိုတာ အခုမှ သဘောပေါက်စပြုလာကြပါတယ်။ ဒီတော့ ခြုံကြည့်ရင် ဒီဥပဒေအရ ပါတီတစ်ခုခုက လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းစလုံးကို အနိုင်ရတောင်မှ ကျန် ၂၅ ရာခိုင်နှုန်းကတင်တဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဒုသမ္မတကနေ ဖြစ်လာမယ့် ရွေးကောက်ခံမဟုတ်တဲ့ သမ္မတကြီးကနေ သူကြိုက်တဲ့ ရွေးကောက်ခံတွေ လုံးလုံးမပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့လို့ရတယ်ဆိုတဲ့ ဧရာမညစ်ကွက်ကြီးကို သွားမြင်ကြရပါတော့တယ်။

ဒါကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ ကိုယ်တိုင်က မကြိုက်နိုင်တော့ပါဘူး။ ဘာကြိုက်စရာ ရှိလို့လဲဗျာ။ ကြိုတင်မဲတို့ဘာတို့နဲ့ ကိုယ့်သမိုင်းနဲ့တောင်ရင်းပြီး လွှတ်တော်ထဲရောက်လာတဲ့တိုင် ကိုယ့်အထဲက သမ္မတဖြစ် ဖို့လည်း မရေရာ၊ ကိုယ်အပါအ၀င် ကိုယ့်အထဲက အစိုးရထဲရောက်ဖို့လည်း မသေချာဆိုတော့ လွန်လွန်းတာပေါ့။ ကိုယ့်လို ဘာနာမည်ဆိုးနဲ့မှ အဆဲခံရင်းစရာမလိုဘဲ အလွယ်တကူ မိုးပေါ်ကကျပြီး ရောက်လာသူများကတောင် ကိုယ့်ထက် အခွင့်အရေးသာတယ်ဆိုရင် ဘယ်သူမဆို ဒါကိုတော့ ပြင်ဖို့ ကြိုးစားကြရမှာပါပဲ။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲဖြစ်စေ၊ အနာဂတ်မှာ ကိုယ့်သားစဉ်မြေးဆက်ကောင်း ဖို့ပဲဖြစ်စေ (အတူတူပဲလေလို့ မပြောနဲ့နော်) ပြင်ဖို့ ကြိုးစားသမျှကတော့ မအောင်မြင်ဘဲ ကျဆုံးသွားတာ အားလုံးအသိပါပဲ။

နိုင်ငံရေးဆောင်းပါးရှင် ဆရာစည်သူအောင်မြင့်ကတော့ တပ်မတော်ကို ပြည်ခိုင်ဖြိုးအောက်မှာ ထားဖို့ကြိုးစားတဲ့ ပြည်ခိုင်ဖြိုးအုပ်စု ရှုံးသွားပါတယ်လို့ သုံးသပ်ပါတယ်။ တချို့ သတင်းဂျာနယ်များမှာတော့ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားရာမှာ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်သွားတယ်လို့ ရေးသားကြပေမယ့် ကျွန်တော်ကတော့ ဒီလိုမယုံကြည်ပါဘူး။ ဒါဟာ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ မြန်မာ့လွှတ်တော်ရဲ့ ပကတိအခြေအနေကို ကမ္ဘာက ပိုနားလည်အောင် သက်သေထုတ်ပြလိုက်တာပဲလို့ မြင်ပါတယ်။ ဒါကိုလည်း တပ်မတော်သားများက လက်ခုပ်တီးပြီး ၀ိုင်းပံ့ပိုးပေးခဲ့ကြသေးတာပါပဲ။ ဘာကြောင့်ဆိုတော့ ဒီလွှတ်တော်တွင်းတိုက်ပွဲဟာ အစကတည်းက အခြေခံဥပဒေရဲ့ ခွင့်ပြုချက်ဘောင်ထဲမှာ ပြင်ဖို့ကြိုးစား တာသာဖြစ်ပြီး “အနိုင်ရမယ်” လို့ မျှော်လင့်စရာမရှိတာ အားလုံးအသိပါပဲ။

ပြည်သူက သဘောမတူဘဲ၊ တစ်နည်းအားဖြင့် တရားသဖြင့် ရေးဆွဲထားတယ်လို့ မယုံကြည်ဘဲ ဓားပြမဲနဲ့ အတည်ပြုထားတဲ့ ဒီဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုဟာမျိုးကြီး ဖြစ်တယ်၊ ဘယ်လိုအဓိပ္ပာယ်မဲ့တာတွေ ပါနေတယ်ဆိုတာ နိုင်ငံတကာသိလောက်အောင် လွှတ်တော်ထဲမှာ အခြေအနေဆွေးနွေးခွင့်ရတာက နိုင်ငံရေးအမြတ်ပါပဲ။ နောက်ပြီးတော့ ဒီဖွဲ့စည်းပုံရဲ့ လွန်ကျူးမှုဟာ ဒီမိုကရေစီ အင်အားစုတွေကိုသာ စော်ကားတာမဟုတ်ဘဲ ဘယ်သူ့လက်ကိုင်တုတ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ရွေးကောက်ပွဲနည်းနဲ့ လွှတ်တော်ထဲရောက်လာသူများဟာ ဥပဒေပြုသူများအဆင့်မှာပဲ နေကြရမှာဖြစ်ပြီး အစိုးရဖြစ်ဖို့ကတော့ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ချင်မှလည်းဖြစ်မယ်၊ ဘာမှမသေချာဘူးလို့ ပြောထားတာဟာဖြင့် ရွေးကောက်ခံရသူများ အားလုံးကိုရော၊ ရွေးကောက်ပွဲ မဲလာထည့်သူများကိုပါ စော်ကားရာရောက်နေပါတယ်။ ဒါကြောင့်လည်း ဒီဥပဒေပြင်ဆင်ရေးကို ဒီမိုကရေစီအင်အားစုများသာမကဘဲ စိတ်ဝင်စားသူများလာခြင်း ဖြစ်ပါတယ်။

ဒီဥပဒေကြီးမှာ ဖွတ်အမြီးနဲ့ ဖွတ်ငြိဆိုတဲ့ စကားပုံလိုပဲ အစိုးရကိုယ်တိုင် အဆင်မပြေဖြစ်နေတာလည်း အများကြီးရှိပါတယ်။ ဥပမာ တစ်ခုပြောရရင် သမ္မတကြီးဦးသိန်းစိန်ကသမ္မတဖြစ်ချိန်ကစပြီး ပါတီကထွက်ရရှာပါတယ်။ ဒါကြောင့် အခု သူဟာဘာပါတီဝင်မှ မဟုတ်ရှာပါဘူး။ ဒီတော့ လာမယ့်ရွေးကောက်ပွဲမှာ သူသမ္မတပြန်လုပ်ကောင်းလုပ်မယ်လို့ အသံလွှင့်နေပေမယ့် သမ္မတပြန်ဖြစ်ရေးကို ၂၀၁၀ တုန်းကလို ရွေးကောက်ပွဲကတစ်ဆင့် လာလို့မရပါဘူး။ ဘာကြောင့်ဆိုတော့ သမ္မတသက်တမ်း မကုန်မချင်း သူဟာ ဘာပါတီမှ ၀င်လို့မရရှာဘူးကိုး။

တကယ်တော့ ကျွန်တော်တို့ဟာ အခြေခံဥပဒေနဲ့ပတ်သက်ရင် လူ့သမိုင်းမှာ မကြုံဖူးတဲ့ ညစ်နည်းမျိုးတွေနဲ့ ၁၅ နှစ်လောက် အချိန် ကုန်ငွေကုန်ခံပြီး ပြင်ဆင်စော်ကားတာကို ခံထားရတာပါ။ ဒါပေမဲ့ ဒီနေ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်များဟာ ဒီကိစ္စတွေလို အကျိုးမဲ့ မျက်နှာပျက် ပဋိပက္ခဖြစ်ရမှာမျိုးတွေ ပြန်ပြောမနေကြပါဘူး။ ပြီးတာတွေကို အသာထားပြီး အခုကောင်းအောင် ဘာလုပ်ကြမလဲဆိုတာကိုပဲ ဆွေးနွေးကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ နို့ဆီအသိုးနဲ့ ညစ်ပြီးဖျော်ထားတဲ့ လက်ဖက်ရည်ကို အပြစ်လုပ်ပြောမနေတော့ဘဲ ကဲ၊ ဒါကတော့ သောက်လို့လည်းရတာမဟုတ်တော့ ထားလိုက်စို့၊ လက်ဖက်ရည်ဖိုး သုံးခွက်စာတော့ ယူလိုက်ပါဆိုပြီး သူတို့ကို ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သူတို့ရဲ့ ဥပဒေဘောင် အကန့်အသတ်ထဲကပဲ ကြိုးစားမှု စတဲ့ “ငွေတစ်ကျပ်” ကို အပြည့်အ၀ လက်ထဲထည့်ပေးခဲ့ပါတယ်။

သူတို့က ဒီတစ်ကျပ်ကိုတော့ ဖျတ်ခနဲလုယူသွားပြီး တစ်မတ်လည်း အမ်းဖို့စိတ်မကူုး၊ ကြားကနေ လျှော့ဈေးပေါ့ဈေး ၀င်ပြောပေးတဲ့ ပြားနှစ်ဆယ်အမ်းဖို့ စိတ်မကူးဘဲ နို့ဆီအသိုးတွေနဲ့ ဆက်ဖျော်ဖို့ပဲ တစ်ဘူးပြီးတစ်ဘူးဖောက်နေတာကိုပဲ အချင်းချင်းဝိုင်း လက်ခုပ်တီးနေကြပါသေးတယ်။

သူတို့ကိုအများက ဆိုင်ရှင်ထင်နေသလို သူတို့ကိုယ်သူတို့လည်း ဆိုင်ရှင်ပုံဖမ်းနေတဲ့ သူတို့တစ်တွေဟာ နောင်သမိုင်းကျရင် လက်ဖက်ရည်သောက်သူများဘ၀နဲ့ “ကျွန်တော်တို့လည်း ဒီလို ဘယ်လုပ်ချင်ပါ့မလဲဗျာ၊ လူပဲ ရှက်တတ်တာပေါ့၊ ခင်ဗျားတို့မမြင်တဲ့ ဆိုင်ရှင်ကခိုင်းလို့ လုပ်ရတာပါဗျာ””လို့ ပြောဦးမှာ မြင်ယောင်မိပါသေးဗျာ။

ရီနေနိုင်

The Ladies News Journal ပါ ဆောင်းပါး

election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပ မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ တရားဝင် ထုတ်ကြေညာလိုက်ပြီး ကော်မရှင်အဖွဲ့ ခွဲတွေထံကိုလည်း အကြောင်းကြားလိုက်ပါတယ်။

ကော်မရှင်ရုံးချုပ်က ဒီနေ့မနက်ပိုင်က ဆက်သွယ်အကြောင်းကြားလာတာနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းစိန် က RFA ကို အခုလို ပြောပါတယ်။

"နိုဝင်ဘာ ၈ ရက်နေ့ လုပ်မယ်လို့ပြောတယ်၊ နှုတ်နဲ့တော့ တယ်လီဖုန်းဆက်ထား တာရှိတယ်၊ စာနဲ့တော့ မရောက်သေးဘူး"

တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်မြေ ၁၁၇၁ ခု ရှိပါပြီး အဲဒီမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ ခု ရှိတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလဆန်းပိုင်း မှာ ကြေညာထားပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၈၃ ခုရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွေဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ ၃ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုတ်သိမ်းခြင်းတွေနဲ့ ပတ်သက် တဲ့နေ့ရက်တွေ ကိုလည်း ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင်တဲ့နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ကိုယ်စားလှယ် လောင်းအမည်စာရင်း ရုပ်သိမ်းနိုင်မယ့် နောက်ဆုံးရက်ကို သြဂုတ်လ ၁၁ ရက်နဲ့ အမည်စာရင်း တင်သွင်းလွှာတွေ စိစစ်မယ့်ရက်ကို သြဂုတ်လ ၁၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

RFA
http://www.rfa.org/burmese/news/2015-elections-will-held-nov-8-07082015052319.html

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားနဲ့ မယူဖို့ ဥပဒေအရ တားမြစ်ထားချက် မပါဝင်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

အခြားသောဘာသာတွေမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ဘာသာဝင် အမျိုးသမီးတွေကို ကာကွယ်မှုတွေရှိသလို မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုလည်း ကာကွယ်နိုင်ဖို့ ဥပဒေတွေ ရှိသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှု ရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့တာနဲ့ ပတ်သတ်ပြီး အချို့သော လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကတော့ အခြားဘာသာဝင်တွေလို ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမျိုး လိုအပ်ကြောင်း၊ ဒီလို လိုအပ်တဲ့အတွက် ဥပဒေ ပေါ်ထွက်လာနိုင်ဖို့ တင်ပြခဲ့တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့က အရှင် သောပါက က ပြောပါတယ်။ ဥပဒေအပေါ်မှာ ဝေဖန်မှုတွေ ရှိပေမဲ့ ဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားအမျိုးသားက လက်ထပ်ခြင်း မပြုရလို့ တားမြစ်ထားခြင်း မရှိကြောင်း ဥပဒေကို သေချာစွာ ဖတ်ရန်လိုကြောင်း အခုလို ပြောပါတယ်။

“ဦးဇင်းတို့ အခုပြထားတဲ့ဥပဒေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ကျန်တဲ့ဘာသာခြားတွေက မယူရဘူးလို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ ဥပဒေကိုဖတ်ရင်သိတယ်။ နောက်တခုက ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ်၊ အစ္စလာမ်က အစ္စလာမ်အမျိုးသမီးကို ယူတဲ့သူ မှန်သမျှ အစ္စလာမ်ပဲ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိတာရော သိဖူးသလား။ ဟိန္ဒူကို လိုချင်လို့ရှိရင် ဟိန္ဒူဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ ဥပဒေရှိပြီးသား။ ခရစ်ယာန်ဘာသာကိုယူရင် ခရစ်ယာန်ဘာသာ ဖြစ်ရမယ်ဆိုတဲ့ ခရစ်ယာန်ဘာသာမှာ ရှိတာရော သိဖို့လိုအပ်တယ်။ ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့ ဥပဒေ တခါမှ မရှိခဲ့ဖူးဘူး။ အခု ပြဌာန်းတာက ဗုဒ္ဓဘာသာကိုယူရင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ်ဆိုတာတောင် မပါဘူး။ အဲဒါ လွန်သလား။ သူတို့ပြောနေတဲ့ ၁၉၅၄ ဥပဒေကလည်း ဘာမှ လုံလောက်မှုမရှိလို့ ဒါတွေကို ရှေ့ဆက်ပြီးတော့ တောင်းဆိုတဲ့သဘောမျိုး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာအများစုဖြစ်ပေမဲ့ ဒီအင်အားကို ဗုဒ္ဓဘာသာအတွက် အခွင့်အရေး အများကြီးယူထားတာ မဟုတ်ဘူး။ ဟိုဘက်က ရှိသလိုမျိုးလေး တန်းတူအဆင့်အတန်းမျိုးလေး ရအောင်လို့ တောင်းဆိုထားတာပဲ ရှိတယ်။ တကယ်ဆိုရင် ဒီဥစ္စာတွေက ဒီထက်မကတောင် တောင်းဆိုသင့်တယ်။”

အမျိုးသမီးအရေးလှုပ်ရှားသူ အခရာအဖွဲ့က မထားထားကတော့ ဒီဥပဒေဟာ အမျိုးသမီးတွေအပေါ်မှာ အမှန်တကယ် ကာကွယ်မှု မပေးနိုင်ကြောင်း၊ နိုင်ငံရေးလှည့်ကွက် တခုသာဖြစ်ကြောင်း ဥပဒေနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ချစ်တယ်၊ ကြိုက်တယ် ဆိုရင် ဘယ်သူ့ကိုမှ ပြောတော့မှာမဟုတ်ဘူး။ အဲဒါသည် မြန်မာအမျိုးသမီးတွေအတွက် ပိုတောင်မှ အန္တရာယ်များသေးတယ်။ တိတ်တိတ်လေးယူမယ်။ အဲဒီအတွက် violence ဖြစ်လာတယ်ဆိုရင် ကြိတ်ပြီး ခံရတော့မယ့် အခြေအနေမှာ ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကာကွယ်ပေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးသွားလို့ရှိရင် ဒါက discriminatory ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတိုင်းကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေချည်းပဲ ရှိတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဟိုး ဘိုးစဉ်ဘောင်ဆက်ထဲက တိုင်းရင်းသားအများကြီးနဲ့ နေလာတဲ့ဟာကို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ လုပ်ထားတာချည်း ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ဟာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ပေါ့နော်။ ပြီးသွားရင် မြန်မာအမျိုးသမီးတွေ တော်တော်များများကိုလည်း တကယ်တမ်း ကာကွယ်ပေးမယ့်ဥပဒေ ဟုတ်မနေဘူးပေါ့နော်။ ဒါသည် နိုင်ငံရေးလှည့်ကွက်တခုလို့ပဲ အတိအကျကို မြင်တယ်။”

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဗုဒ္ဓဘာသာဝင် မိန်းမတွေနဲ့ တခြားသာသာဝင် ယောက်ျားတို့ လက်ထပ်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် မိန်းမတွေကို အကာအကွယ်ပေးဖို့ ဒီဥပဒေကို ပြဌာန်းတာဖြစ်တာကြောင့် ဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းကတော့ ဒီဥပဒေဟာ ဘာသာမတူ တိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်တာကြောင့် မပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ မဲခွဲမှုအရ ဥပဒေကို အတည်ပြုဖို့ မဲနိုင်ခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာပါ။

အမျိုးသမီးအရေး ကူညီပေးနေသူ ဒေါ်ဆွေဇင်ထိုက်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“ကျမတို့မှာ ဟိုးအရင်ကတည်းကတော့လေ လက်ထပ်ထိမ်းမြားခြင်းဥပဒေဆိုတာ ရှိပြီးသားပဲ။ ကျမတော့လေ ဒါ Human Rights နဲ့လည်းဆိုင်တယ်။ ကိုယ့်ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် လူတိုင်းမှာ ရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေအသစ်ကြီး အနေနဲ့တော့လေ ကျမ မလိုအပ်ဘူးလို့ ထင်တာပါပဲ။ လက်ထပ်တယ်ဆိုတာက လူနှစ်ယောက်ကြားမှာဆိုတော့ ဒီ issue ဟာ သိပ်ကို နက်နဲတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကျေနပ်လို့ ကိုယ်ရွေးချယ်လို့ ရှိရင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲလေ။ စောစောစီးစီးထဲက ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်အောင် သင်ပေးထားဖို့ပဲ လိုတယ်။ ကိုယ့်ကိုယ်ကိုပဲ ကောင်းစွာ စောင့်ရှောက်ရမှာလေ။ ဘယ်လောက်ကြီးပဲ ဥပဒေတွေ ထုတ်ထား ထုတ်ထားလေ။ ခိုးလုပ်တဲ့သူကတော့ လုပ်တာပဲ။ ကိုယ့်ကိုယ်ကို လုံခြုံအောင်လို့ ကိုယ့်ဟာကိုယ် စောင့်ရှောက်တတ်အောင် သင်ပေးလိုက်ရမယ်။”

ဒီဥပဒေကို ပြဌာန်းနိုင်ခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ ဘာသာခြားတဦးဦးနဲ့ လက်ထပ်ဖြစ်ပါက မိမိဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှာဖြစ်သလို၊ ကွာရှင်းဖြစ်ခဲ့ပါက ခံစားခွင့်နဲ့ ကလေးပိုင်ဆိုင်ခွင့်တွေကို ဥပဒေမှာပါတဲ့အတိုင်း ဆုံးဖြတ် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ဥပဒေအရ ဘာသာခြား အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးကို ဘာသာကိုးကွယ်ခွင့်အပေါ် ကန့်ကွက်ခြင်း၊ တားဆီးခြင်းများ လုပ်ဆောင်ပါက ထောင်ဒဏ်ကျခံနိုင်ကြောင်း ဥပဒေမှာ ဖော်ပြထားပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ လက်မှတ်ထိုးကာ ပြဌာန်းခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေနဲ့ ကုလသမဂ္ဂ က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

http://burmese.voanews.com/content/burma-interfaith-bill-passed/2853411.html

တကသ ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၏ ၇ဇူလိုင်အမှတ်တရ မိန့်ခွန်းဗီဒီယိုဖိုင်
ရိုက်ကူး ။ စည်သူမောင်


တကသ ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၏ ၇ဇူလိုင်အမှတ်တရ မိန့်ခွန်းဗီဒီယိုဖိုင်ရိုက်ကူး ။ စည်သူမောင်
Posted by Sithu Maung on Tuesday, July 7, 2015


တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးတလျှောက် နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေကြပါတယ်။

ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့ အနီးက အာရှလမ်းမကြီး တလျှောက်မှာ လမ်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးတွဲ လုပ်ဆောင်နေကြပါတယ်။

ဒီလိုပူးတွဲပြီး နယ်မြေရှင်းလင်းရေး လုပ်ရာမှာ ဒီကေဘီအေက ချုံခိုတိုက်ခိုက်မှုတွေလည်း ရှိနေပြီး တိုက်ပွဲငယ်တွေလည်း ဆက်ရှိနေတယ်လို့ နယ်ခြားစောင့်တပ် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

“အခုက ပိတ်ဆို့နေတဲ့ အာရှလမ်းကို ပြန်ဖွင့်ဖို့အတွက် တပ်နဲ့ ကျနော်တို့က အနောက်ကနေ လုံခြုံရေး လိုက်ယူ၊ ရှေ့ကတပ်ကတော့ ရှင်းသွားတာပေါ့။ ရှေ့မှာတော့ တက်ရှင်းရင်းနဲ့ အဖွဲ့တွေက ချုံခိုတိုက်ခိုက်တော့ ထိတွေ့မှု အနည်းငယ်တော့ ရှိတာပေါ့။”

အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတဲ့အတွက် မြ၀တီ-ကော့ရိတ် ကားလမ်းမသစ်ကို ခရီးသွားလာမှု ပိတ်ထားခဲ့ရပြီး ကုန်သည်တွေလည်း ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ခရီးသည်တွေ သွားလာနိုင်ဖို့ မြ၀တီ- ကော့ကရိတ် လမ်းဟောင်းကို ဖွင့်ပေးလိုက်ပေမယ့် မသွားလာရဲကြသေးပါဘူး။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။

ဒီတိုက်ပွဲတွေ ပိုမိုကြီးမလာဘဲ ပြေလည်သွားနိုင်ဖို့ ဒီကေဘီအေက အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့လည်း ဒီကေဘီအေ ဗိုလ်မှူး စောလုံလုံက ပြောဆိုထားပါတယ်။ ဒါပေမယ့် အောက်ခြေမှာ တိုက်ပွဲတွေ ကြိုးကြား ဖြစ်နေပါတယ်။

မြ၀တီနဲ့ နယ်ချင်းစပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က လက်ထောက် တာ့ခ်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ်ကတော့ နှစ်ဘက်နယ်စပ်မှာ စိုးရိမ်ရတဲ့ အနေအထားတွေ မရှိသေးပေမယ့် တိုက်ပွဲတွေကြောင့် မဲဆောက်ဘက်ကို ရောက်ရှိလာမယ့် လူတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထောက်တွေကို မနေ့က ခေါ်ယူပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ထားပြီး မြန်မာဘက်ကိုပို့မယ့် ထိုင်းကုန်ပစ္စည်းတွေ နယ်ခြားမျဉ်းအနီးရှိတဲ့ မဲဆောက်ဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာ သောင်တင်နေသလို မြန်မာဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာလည်း ထိုင်းကုန်တွေ သောင်တင်နေတယ်လို့ နှစ်ဘက်ကုန်သည်တွေက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/101770

“ ငြိမ်းချမ်းရေးဖိတ်စာပြင်ခြင်ရင် ဘီလူးစိမ်းဝိဥာဉ် လိပ်ပြာစင်ဖို့ လိုတယ်”
 ( မင်းကောင်းချစ်)


အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင်မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာပြင်ဆင်ဖြည့်စွက် ချက် (၁၂) ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တဲ့ သတင်းကို DVB TV News ၀ဘ်ဆိုဒ်မှာ ဇူလှိုင် (၃) ရက်နေ့ ကဖတ်လိုက်ရတယ်။
ပြည်တွင်းစစ်မီးကိုငြိမ်းသတ်နိုင်ဘို့ ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဘို့  အပစ်ရပ်ဆွေးနွေးပွဲ တွေမှာ စစ်မီးလှုံပြီးလုပ်စားကြီးပွားနေတဲ့ စစ်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ဘဏ္ဍာနဲ့ ဘီလျှံနာဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ ရဲ့ အာဏာရှင်အဆိပ်အတောက် ဂျွတ်တက်နေတဲ့ အတွေးအခေါ်အဟောင်း တွေမပြင်ဘဲ အုပ်စီးဆွေးနွေးနေလို့ ကတော့လုံးဝမရနိုင်ပါဘူး။
ဆွေးမြေ့ဟောင်းနွမ်းပြီး ခေတ်နဲ့ မလျှော်ညီတော့တဲ့ မန္တာန်ဟောင်းကြီးဖြစ်သည့် တို့တာဝန်အရေး (၃) ပါးကို ရွတ်ဖတ်နေရမဲ့ အချိန်လည်းမဟုတ်တော့ဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲဝင်မဲ့ သူတိုင်းကျင့်သုံးစွဲကိုင်ရမဲ့ အခြေခံစိတ်ဓါတ်ကတော့ ရိုးသားမှု့ပါဘဲ ။

စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေး…မလုပ်လိုတဲ့စစ်အာဏာရှင်နဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ…စစ်ရေးအသာစီးရခြင်တာတို့ ၊ လက်ဦးမှု့ရခြင်တာတို့ ၊ ကိုယ့်နယ်မြေကာကွယ်ဖို့ တို့ စတဲ့အကြောင်းပြချက်တွေ လျှောက်ပြပြီး အခုချိန်မှာ တိုင်းရင်းသားတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) လုပ်ငန်းစဉ်ကို သဘောတူလိုက်နာဖို့ ဖိအားပေးနေတာ၊ အယောင်ပြအပစ်ရပ်ဆွေးနွေးပွဲတွေ၊ အနစ်မပါတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့  အချိန်ကုန်နေရင်တော့ မရိုးသားဘူးလို့ ဘဲပြောခြင်တယ် ။

တိုင်းရင်းသားတွေနဲ့  ပြည်သူပြည်သားတွေလိုခြင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ…အားလုံးတန်းတူညီမျှအခွင်အရေးရဖို့ အာမခံမဲ့…..ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖိုအာမခံမဲ့ ပြည်ထောင်စုမျိုးပါ။ ပြည်နယ်နဲ့ တိုင်းများမှာရှိတဲ့ သက်ဆိုင်ရာ လူမျိုးစုတွေ နိုင်ငံသားတွေဟာ ကိုယ့်အရေးကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခွင့်ရဖို့အာမခံတဲ့ ပြည်ထောင်စုမျိုးပါ ။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ တရားဝင်ပါဝင်စုဖွဲ့စေပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အနေနဲ့ ပေါင်းစည်းသွားခြင်းမျိုးပါ။

အခုဖြစ်နေတာက… တိုင်းပြည်ကာကွယ်ရေးကိုအကြောင်းပြ၊ စစ်တပ်ရဲ့အရေးပါမှု့ကို ဗန်းပြပြီး လုပ်စားကြီးပွားနေတဲ့ တချို့ သောစစ်ဗိုလ်ချုပ်ကြီးတွေဟာ ..သူတို့ ရဲ့အရေးပါမှု့ပျောက်ဆုံးမှာစိုးရွံ့ နေတဲ့ ဘယာဂတိနဲ့  ငြိမ်းချမ်းရေးမြန်မြန်ဆန်ဆန်မရခြင်တဲ့ စေတနာဆိုးတွေက…ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်နေသလိုဖြစ်နေတာပေါ့။

စစ်ရေးအသာစီးရဘို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် လက်မှတ်မထိုးချင်ကြတာ ပြည်သူ့ ဆန္ဒမဟုတ်ဘူး ‘သူတို့ရဲ့ဆန္ဒသာဖြစ်တယ်။ ဘယ်သူကမှာ့အဲ့ဒီဗိုလ်ချုပ်ကြီးတွေကိုတိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောင် မကယ်တင်ခိုင်းဘူး ။ သူတို့ အကျိုးစီးပွားအတွက် စစ်မီးတွေမွှေးပြီးဇွတ်ကယ်တင်နေတာကိုပြည်သူတွေကသိ ပြီးသားပါ။

ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တကယ့်ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စားပြုသူတွေ၊ လူထုယုံကြည်လေးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ သမိုင်းကြောင်းရှင်းသန့်  ပြီးပြည်သူချစ်တဲ့နိုင်ငံ့ အမိအဖတွေ ပါဝင်မှာသာ..တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ပါလိမ့်မယ်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေစုပေါင်းဆွေးနွေးထားတဲ့ လော်ခီးလာညီလာခံရဲ့ အောက်ပါဆုံးဖြတ်ချက် တွေဟာ သဘာဝကျပြီးအကျိုးအကြောင်းဆီလျှော်ပါတယ်။

(၁) အတည်ပြုမူကြမ်း အပိုဒ် ၅ - အန်စီစီတီ အဖွဲ့ဝင်အားလုံးပါနိုင်မှ အန်စီအေကို လက်မှတ်ထိုးရန်။
(၂) အတည်ပြုမူကြမ်း အခန်း ၆ - ကြားကာလအတွင်း နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် “မြေယာနဲ့သဘာဝသယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ” ကိုထည့်သွင်းလိုက်ခြင်း။
(၃) အတည်ပြုမူကြမ်းအပိုဒ် ၂၆ တွင် ပါရှိသည့် “ဤသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေး ဆောင်ရွက်သွားရန်” ဟူသောအပိုဒ်ကို လော်ခီးလာအစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁၀) တွင် “ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း” ဆိုသည်မှာ “ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းရာတွင် မည်သည့်အကြောင်းတရားကြောင့်မျှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း၊ အတည်ပြုရန် အချိန်ဆွဲခြင်း လုံးဝမပြုလုပ်ခြင်း” ကို ဆိုလိုကြောင်း ဆုံးဖြတ်ခြင်း။
(၄) လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသော စကားစုတွင် “ပြန်လည်ပေါင်းစည်းခြင်း” ဟူသော ဝေါဟာရကို ဖြုတ်လိုက်ခြင်း နှင့် အဓိကကျသည့်ခြွင်းချက်ဝေါဟာရဖြစ်သော “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ”၊ “ဥပဒေနဲ့အညီ”၊ “နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရယူပြီး”စသည်တို့ ကိုဖြုတ်လိုက်ခြင်း။
(၅) သဘောတူစာချုပ်ကို လက်မှတ်ထိုးရာတွင် အစိုးရဘက်က ထိပ်သီးများသာမက အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်များနဲ့ နိုင်ငံ ၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးစေခြင်း။

ဒါကြောင့်လည်း ဦးသိန်းစိန်တို့ ကာချုပ်ကြီးမင်းအောင်လှိုင်တို့ ရဲ့ စစ်တပိုင်းအစိုးရက အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တာပါ။

အပစ်ရပ်စာချုပ်ကို သူတို့ ဘက်ကအသာစီးယူပြီး တိုင်းရင်းသားတွေတောင်းဆိုတာ မလိုက်လျှောဘဲနဲ့  တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တွေကိုလက်နက်ချအပ်ပြီး သူတို့ လက်အောက်ခံအနေနဲ့ အဖိနှိပ်ခံလူ့အဖွဲ့ အစည်းမှာ ပေါင်းစည်းသွားအောင် ဖိအားပေးနေကြတာပါ။ စိတ်မပါဘဲလက်မှတ်ထိုးရအောင်…မထိုးရင် ၂၀၁၅ ရွေးကောက်ပွဲမလုပ်မှာလိုလို ဖွဲ့ စည်းပုံပြင်ဘို့ မဖြစ်နိုင်ဘူးလိုလိုသဘောမျိုးနဲ့ လှည့်ပတ်လိမ်ကောက်အချိန်ဆွဲ နေကြတာ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုံးက ရွှေဝါဆပ်ပြာလိုခြင်ရင်၊ စားမရတဲ့ငစိန်ဆန်ကြမ်းနဲ့  မဲနယ်တွဲယူရမယ်လို့ အကြပ်ကိုင်ရောင်းတဲ့ သမ၀ါယမဆိုင်လိုလုပ်နေပြန်တာပါဘဲ။

စစ်အစိုးရတိုင်းဟာ လက်နက်ချခိုင်းတဲ့သဘောမျိုး အစဉ်တစိုက်ဦးတည်ဆွေးနွေးလာခဲ့တာ အာဏာရှင် ဗိုလ်နေ၀င်းလက်ထက်ကနေ ကာချုပ်ကြီးမင်းအောင်လှိုင်အထိ ခုထိတိုင်အောင်ဘဲ။ ဆွေးနွေးပွဲတွေမှာ လက်နက်အယင် ချခိုင်းပြီဆိုတာနဲ့ မရိုးသားတော့ဘူးလို့ သေခြာပေါက်ပြောလို့ ရပါတယ်။ ငြိမ်းချမ်းရေးမလိုခြင်ဘူးဆိုတာလည်း ထင်ရှားပြီးသားဖြစ်ပါတယ်။

တကယ်ဘဲ ငြိမ်းချမ်းရေးအစစ်အမှန်ကို အဟုတ်ရခြင်၊ လိုခြင်ရင်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာမိမိမှာ ပူးကပ်နေတဲ့ စစ်ဘီလူးစိမ်းဝိဥာဉ်ကို ဦးစွာပထမ ဖြုတ်ခွာချပစ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသိနိုးကြာမှု့နဲ နိုင်ငံရေးရာသီဥတုဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ခေတ်ပြိုင်အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန်သုံးသပ်တတ်ဖို့ လိုနေပြီ။ မြန်မာပြည်မှာ ဗြဟ္မစိုရ်တရားကိုကျင့်သုံးတဲ့ ဟီရိသြတပ္ပတရားကိုအလေးထားတဲ့ စာရိတ္တသီလနဲ့ ဝါရိတတ္တသီလကို စောင့်ထိန်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ၊ လိပ်ပြာသန့် တဲ့လူ့ အဖွဲ့အစည်းတွေ အားကောင်းလာနေတာ သတိပြုမိကြရဲ့လား။
ပေးရမဲ့အချိန်မှာ ကျက်သရေရှိရှိပေးတတ်ဖို့လိုတယ်။ ပြင်ဆင်ရမဲ့အချိန်မှာ စေတနာအပြည့်နဲ့ ရိုးရိုး သားသားပြင်ဆင်တတ်ဖို့လိုပါတယ်။ ပေးရမဲ့အချိန်ကြနေပေမဲ့မပေးဘူး၊ ပြင်ဆင်ရမဲ့အချိန်မှာ မပြင်ဆင်ဘဲ တင်းခံနေတယ်ဆိုရင် သမိုင်းဆိုးအညစ်အကြေးတွေပေကျံ အကြွေးခံပြီးမှာ ကျက်သရေမဲ့စွာ ပေးရတတ်တယ်။ ရုပ်ဆိုးအကျည်းတန်စွာ နိဂုံးသပ်ရင်း ပြင်ဆင်ရတတ်တယ်။

ခေတ်သမိုင်းကြောင်းက တောင်းဆိုလာတဲ့ ပြောင်းလဲမှု့ဆိုတာဟာ တားလို့ရစကောင်းတဲ့အရာ မဟုတ်ပါဘူး။ တားဖို့ကျိုးစားတဲ့သူဟာ တောင်ပြိုလာတာကို လက်နဲ့တားဖို့ ကျိုးစားတဲ့လူမိုက်နဲ့တူပါလိမ့်မယ်။
ဒီတော့ စစ်ဗိုလ်ချုပ်အဟောင်းအသစ်ကြီးငယ်တွေကို တိုက်တွန်းလိုတာက ကိုယ့်မိသားစုနဲ့ ကိုယ့်အနာဂါတ် ရေရှည်ကောင်းနိုင်ဖို့ ၊ လားရာကောင်း ရလာဒ်ကောင်းနိုင်ဖို့ ၊ အမှန်တကယ်လုံခြုံစိတ်ချနိုင်ဖို့ စဉ်းစဉ်းစားစား နဲ့ ကိုယ့်သမိုင်းကို ရိုးရိုးသားသားရေးကြဖို့ ၊ သတိကြီးစွာချင့်ချိန်မျှော်တွေးပြီး စစ်မှန်တဲ့အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းမပေါ် နိုင်ငံတခုလုံးအရေးဆိုတဲ့အမြင်နဲ့ ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို စေတနာကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။

( မင်းကောင်းချစ်)
ဇူလှိုင်လ ( ၄) ရက်နေ့  ၂၀၁၅ ခုနှစ်

အချက်အလက်ကိုးကား - ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ရေးသားတဲ့ လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ-ဆောင်းပါး

Author Name

Contact Form

Name

Email *

Message *