07/10/15

ကော်မရှင်က လုပ်ရမယ့်ဟာတွေကို ပါတီတွေ၊ နောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက လိုက်လုပ်နေ ကြတော့လည်း … အေးပေါ့လေ သူတို့အတွက် အကျိုးလည်းမရှိ၊ မှားရင်လည်း ၀ိုင်းဆဲခံနေရတာ ဆိုတော့ သတင်းစာထဲမှာ ၀ိုင်းဝန်းပူးပေါင်းပါဆိုတဲ့ စာလေးထည့်ပြီး မှိန်းနေကြတာများလားမသိ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသည့်သတင်းထောက်ဘ၀အတွေ့အကြုံ)

တနင်္ဂနွေနေ့ အိမ်မှာ စာဖတ်ရင်း နားနေတုန်း မဲစာရင်းတွေ သွားကြည့်ကြဖို့ တိုက်တွန်းတဲ့ အသံတွေကြားလို့ အိမ်ရှေ့ဝရန်တာကို ထွက်ကြည့်မိတယ်။ စိတ်ထဲတွေးမိတာက အရင်တုန်းက တစ်ခုခုဆိုရင် ရပ်ကွက်ရုံးက လိုက်လိုက် ကြေညာနေကျဆိုတော့ ဒီတစ်ခါလည်း ရပ်ကွက်က ကြေညာပြန်ပြီ၊ တခြားရပ်ကွက်တွေနဲ့တော့ တခြားစီပဲ၊ ဒါမှတို့ရပ်ကွက်ကွ ဆိုပြီး အသံကြားရာကို ကြည့်လိုက်တော့ ဆူဇူကီး R+ ကားလေးနဲ့ အော်နေတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဖြစ်နေတယ်။ ကောင်းရောဟဆိုပြီး သူတို့ ကြေညာနေတာကို နားထောင်ကြည့်လိုက်မိတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့မဲတစ်ပြားဟာ အရေးကြီးတဲ့အတွက် မဲစာရင်းမှာ ပါ၊ မပါ ကြည့်ကြရန်၊ မဲရုံသို့သွားရောက် မကြည့်နိုင်တဲ့ သူတွေလည်း ဒီကားပေါ်မှာ မိတ္တူတွေ ပါလာလို့ လာကြည့်ကြ ရန်၊ မဲစာရင်းမှာမပါရင် ရပ်ကွက်မဲရုံမှာ သွားပြောရန် စတာတွေကို ကြေညာပေးနေတာပါ။ သြော် … ကော်မရှင်က လုပ်ရမယ့် ဟာတွေကို ပါတီတွေ၊ နောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက ဒါမျိုးတွေလိုက် လုပ်နေကြတော့လည်း လခစားကော်မရှင် အဖွဲ့ဝင်တွေ ဘယ်ရောက်ကုန်နေလဲလို့။ အေးပေါ့လေ သူတို့ အတွက် အကျိုးလည်း မရှိ၊ မှားရင်လည်း ၀ိုင်းဆဲခံနေရတာဆိုတော့ သတင်းစာထဲမှာ ၀ိုင်းဝန်းပူးပေါင်းပါဆိုတဲ့ စာလေးထည့်ပြီး မှိန်းနေကြတာ များလားမသိ။

ဒါနဲ့ပဲ ၂၀၁၀၊ ၂၀၁၂တုန်းက ပြည်ပရောက်နေလို့ မဲပေးလိုက်လား၊ မပေးလိုက်လားတောင် မသိခဲ့ရဖြစ်ခဲ့ဖူးလို့ လာမယ့် ၂၀၁၅ မှာတော့ မဲပေးမဟဲ့ ဆိုတဲ့စိတ်နဲ့ အပြင်သွားမယ့် အမေနဲ့ အမျိုးသမီးကို တစ်အိမ်လုံးစာ အတွက် ကြည့်ခဲ့ကြဦးနော်လို့ မှာလိုက်ပြီး သွားကြည့်ခိုင်းခဲ့ပါကော။ သတင်းထောက်များရဲ့ ထုံးစံအတိုင်း သူများတွေကို အသည်းကြားက မဲတစ်ပြားကို တန်ဖိုးထားတဲ့အနေနဲ့ပါ၊ မပါကြည့်ဖို့ တိုက်တွန်း တတ်ပေမယ့် ကိုယ်တိုင်ကျတော့ လိုက်လုပ်နိုင်တာ နည်းတော့ ဒီတစ်ခါတော့ လက်မလွှတ်တော့ဘူးဟဲ့ ဆိုတဲ့စိတ်နဲ့ ကြည့်ခိုင်းခဲ့တာပါ။ ပြည်ပမှာတုန်းကလည်း ကိုယ့်မဲကို သူများကပဲ ပေးလိုက်သလား၊ မဲမပေး သူစာရင်းထဲပဲ ပါသွားသလားတောင် မသိလိုက်ရတော့ ဒီတစ်ခါတော့ ဒါမျိုးအဖြစ် မခံတော့ဘူးဆိုပြီး ကြည့်ခိုင်းခဲ့တာပါ။

မဲစာရင်းနဲ့ ပတ်သက်လို့ ရှေ့ရှေ့က ကြားထား၊ မြင်ထား၊ သိထားတဲ့မဲစာရင်း အမှားတွေကလည်း သိထားတော့ အမေနဲ့ အမျိုးသမီးကို တစ်အိမ်လုံးအတွက် စေ့စေ့စပ်စပ်ကို ကြည့်ခိုင်းခဲ့တာ။ နဂိုကလည်း အလုပ်လုပ်ရင် အသေးစိတ် မှတ်မှတ်သား သားလုပ်တတ်တော့ ကျွန်တော့်အကြောင်းကိုသိတဲ့ အမေနဲ့အမျိုးသမီးက သူတို့ မဲစာရင်းကြည့်ပြီးပြန်လာတဲ့အချိန် ဓာတ်ပုံလေးတောင် ရိုက်ယူခဲ့သေးတယ်။ မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ကွယ်လွန်သွားပြီး ရက်တောင်မလည်သေးတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ နာမည်ပါနေတာကလွဲလို့၊ လူကောင်းကြီး ငုတ်တုတ်နဲ့ သတင်းစာအလုပ်လုပ်နေတဲ့ ကျွန်တော့်နာမည် ကျန်ခဲ့တာက လွဲလို့အကုန်မှန် တယ်ဗျာ။ ဘယ်နှယ့် သေသူကို ရှင်စေပြီး ရှင်သူကို သေစာရင်းများ သွင်းလိုက်လေသလားမသိ။ ကျန်တဲ့သူ တွေရဲ့ အမိအဖအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်တွေ အကုန်မှန်တယ်။ သူများတွေလို တစ်ရွာလုံး မွေးရက်တူ နှစ်ကွဲလည်းမဟုတ်၊ ကိုယ်မသိတဲ့သူကို အဖေ၊ အမေတော်လိုက်ရတဲ့ ဖြစ်ရပ်တွေလည်း မရှိဘူး။

နောက်ပြီး ပိုဆိုးတာက အိမ်ထောင်စု စာရင်းထဲမှာ မဲပေးပိုင်ခွင့်ရှိသူ အသက်အရွယ် ရှိပြီးသား လူတွေအကုန် ပါရဲ့သားနဲ့ မှတ်ပုံတင်နံပါတ် (၁၂/မရက(နိုင်) —-၃၃) နဲ့ (၁၂/မကရက(နိုင်)—-၃၅)ဖြစ်တဲ့ ညီတို့ပါပေမယ့် ကြားထဲက(၁၂/မရက(နိုင်)—-၃၄)ဖြစ်တဲ့ ကျွန်တော့်ကိုကျတော့ ကွက်ချန်ခဲ့တာတော့ လွန်တာပေါ့ဗျာ။ ဘယ်နှယ့် အစဉ်လိုက် ရှိတဲ့သူတွေကို ကျော်ခွပြီးမှ ကျွန်တော့်ကို ချန်ခဲ့တာတော့ သတင်းမီဒီယာမှာ လုပ်နေလို့များ သောက်မြင်ကပ်ပုဒ်မနဲ့ ချန်ခဲ့သလားလို့တောင် တွေးမိတယ်။ မဲစာရင်း မှားယွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကော်မရှင်တွေကို မေးလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေး (လ၀က)က စာရင်းတွေကိုယူပြီး လုပ်ရတာပါလို့ဆိုရင်လည်း လ၀ကက ထုတ်ပေးတဲ့ သန်းခေါင်စာရင်းမှာလည်း အမည်ပေါက်ရှိပြီး မွေးချင်းအစဉ်လိုက်၊ မှတ်ပုံတင်နံပါတ် အစဉ်လိုက်ရှိတဲ့ မောင်နှမတွေကြားထဲမှာ ကျွန်တော် တစ်ယောက်တည်းကိုမှ ကွက်ချန်ခဲ့တာကတော့ တစ်ဆိတ်လွန်တယ်လို့ပဲ ပြောချင်တယ်။ ထားချေတော့။ ဒီတော့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတဲ့အတိုင်း နာမည်ကျန်ခဲ့တဲ့အတွက် ပုံစံ(၃)ကို တောင်းပြီး မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူနဲ့ ပြန်တင်ပေါ့။

ဒီနေရာမှာ ကျွန်တော့်လိုပဲ ရှင်လျက်နဲ့မပါ၊ သေလျက်နဲ့ပါတွေ ဖြစ်တဲ့ဖြစ်ရပ်က တစ်နိုင်ငံလုံးမှာ ဖြစ်ပျက် နေတာလေ။ ဒီတော့ တချို့ကလည်း အလုပ်ရှုပ်ခံပြီး သွားမပြင်ကြသလို တချို့ကျတော့လည်း အသည်း ကြားက မဲတစ်ပြား၊ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံး အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့် တန်ဖိုးကို သိနားလည် သူတွေကတော့ ပြန်ပြင်ပေးဖို့အတွက် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒါပေမဲ့တစ်ခုတော့ သတိပေးလိုက် ချင်ပါတယ်။

အခုနောက်ပိုင်း မဲစာရင်းမှားယွင်းမှုတွေကို အစိုးရအာဘော် သတင်းစာနဲ့ မီဒီယာတွေမှာ မဖော်ထုတ်ပေမယ့် ပုဂ္ဂလိကပိုင် သတင်းစာနဲ့ မီဒီယာတွေက တောက်လျှောက်ဆိုသလို ဖော်ထုတ် ပေးနေတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က မှားယွင်းမှုတွေကို ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် သတ်မှတ်ပေးထားတဲ့ ရက်ထက်ပိုပြီးတော့ အချိန်ယူပြင်ဆင်ဖို့ လမ်းညွှန်ချက် ပေးထားပြီး ပါပြီ။ ပြင်တဲ့သူတွေလည်း ပြင်နေကြပါပြီ။

အဲဒါကတော့ နာမည်မပါလို့ဖြစ်ဖြစ်၊ မပါသင့်တဲ့ ကွယ်လွန်ပြီးသူ ပါလာလို့ ပယ်ဖျက်တာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ကော်မရှင် ရုံးခွဲတွေမှာ သွားရောက် လုပ်ဆောင်တဲ့အခါ ကိုယ်ဆောင်ရွက်ခဲ့သမျှကို မှတ်တမ်းယူထားကြဖို့ပါ။ ကိုယ်သွားပေးတဲ့ဖောင်ကို မှတ်တမ်းယူထားတာ၊ သွားပေးတဲ့အခါ လက်ခံတဲ့ ကော်မရှင်တာဝန်ရှိသူရဲ့ လက်မှတ်လိုဟာမျိုး ပြန်ယူထားတာမျိုးပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးအရှိဆုံးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက်ခြင်းလည်း မည်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြင်တွေ့နေကျ မဟုတ်တဲ့ Institutional Demand လို့ခေါ်တဲ့ အောက်ခြေကနေ အထက်ကို ပြန်ပြီးတော့ အလုပ်လုပ်ပေးဖို့ တိုက်တွန်းခိုင်းစေတဲ့ အလေ့အထပါ။ မြန်မာနိုင်ငံမှာ များသောအားဖြင့် အထက်က လုပ်ခိုင်းတဲ့ကိစ္စကို အောက်ခြေက အကောင်အထည် ဖော်ရတာမျိုးပဲ ရှိပြီး Institutional Demand ဖြစ်တဲ့လူထုက အုပ်ချုပ်သူတွေကို ပြန်ခိုင်းတာမျိုးက မရှိခဲ့ သလောက် ရှားပါတယ်။ မှတ်မှတ်ရရဆိုရင် ဦးသိန်းစိန် အစိုးရတက်ခါစ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးဖို့ကိစ္စရယ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုငါးသန်းကျော်က လက်မှတ်ထိုးတာရယ် နှစ်ခုပဲရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီနှစ်ခုမှာ မြစ်ဆုံကိစ္စတစ်ခုတည်းပဲ ဒီသမ္မတ လက်ထက်အတွင်း ရပ်ဆိုင်း ထားပေးပါ့မယ်လို့ ကတိက၀တ် ရခဲ့တာပါ။

အခုလည်း နိုင်ငံအတွက်၊ အများပြည်သူ အားလုံးအတွက် အရေးကြီးတဲ့ ဆန္ဒမဲပေးပိုင်ခွင့်နဲ့ ပတ်သက်လို့ ကော်မရှင်က လုပ်နေပါတယ်လို့ ဆိုပေမယ့် အမှားအယွင်း အများကြီး ဖြစ်နေတဲ့ မဲစာရင်းတွေ ပြန်ပြင်ပေးဖို့ Institutional Demand လိုအပ်သလို အဲဒီလိုအပ်ချက်တွေ လုပ်ပေး၊ မပေး ဆိုတာကိုလည်း သိနိုင်ဖို့အတွက် အဓိကကျတဲ့ အထောက်အထားတွေ ပြန်ယူထားဖို့ လိုအပ်နေပါပြီ။ ဒီလိုမှမဟုတ်ရင်ဖြင့် လုပ်ကားလုပ်၏ မရ ဆိုသလို စာရင်းမှာ မပါလို့၊ မပါတဲ့သူပါလို့ သွားပြင်ပေမယ့်လည်း တကယ်တမ်းလုပ်၊ မလုပ်ဆိုတဲ့အပေါ် ပြန်လည် စိစစ်နိုင်မှာ မဟုတ်သလို နိုင်ငံသား ဖြစ်ခွင့်ရခြင်း၏ အမြင့်ဆုံးသော အခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ကို ဆုံးရှုံးနိုင်မှာဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


Myanmartandawsint Newspaper's photo.

Copy and WIN : http://ow.ly/KNICZ

အတိုက်အခံ နှင့် တိုင်းရင်းသား ပါတီများ၏အရှုံး၊ တိုင်းရင်းသား ပြည်သူ များ၏ အရှုံးအား ဤသို့ အောင်ပွဲခံခြင်းသည် ပြည်သူကို ပြိုင်ဘက်သဖွယ် စဉ်းစားတွေးခေါ်သော တပ်မတော်၏ လက်ရှိ အသွင်ကူးပြောင်းရေး ကာလ ပြည်သူအပေါ်ထားသော စဉ်းစားပုံ၊ စဉ်းစားနည်းအား ထင်ရှားပေါ်လွင် စေခဲ့သည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅၊ ဇွန်လ ၂၅ ရက်နေ့ကား အသွင်ကူးပြောင်းမှုကာလ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်စဉ် ကြိုးပမ်းမှုကြီး အက်ကြောင်းထ သွားသောနေ့တစ်ရက်ဟု ဆိုလျှင်ကား မှားမည်မထင်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပုဒ်မ ၆ခုအား မဲခွဲဆုံးဖြတ်ရာတွင် ““စစ်ရေးအမြင်””အစား ““ကာကွယ်ရေးအမြင်””ဟု ထူးမခြားနား စကားရပ်တချို့ ပြင်ဆင်ထားသည့် ပုဒ်မ ၅၉(ဃ) တစ်ခုသာ ထောက်ခံမဲ ရာခိုင်နှုန်းပြည့်မီ၍ အောင်မြင်ခဲ့ပြီး ကျန်ပုဒ်မ ၅ ခုကား တပ်မတော်က ကန့်ကွက်မဲ အပြည့်အ၀ အသုံးချသွား၍ ပြင်ဆင်ရန် ရှုံးနိမ့်သွားခဲ့သည်။

ထိုပုဒ်မ ၅ ခုထဲတွင် ပြည်သူ့ဆန္ဒ လက်မှတ် ၅ သန်းကျော်ဖြင့် ပြင်ဆင်ရန် လက်မှတ်ရေးထိုး ကောက်ခံ ထားသော ပုဒ်မ ၄၃၆(က) (ခ)နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေရန် အဟန့်အတား ပြုထားသည်ဟု နိုင်ငံရေး ရပ်ဝန်းက ဝေဖန်နေကြသော ပုဒ်မ၅၉(စ)တို့ ပါဝင်နေခဲ့သည်။ ထိုပုဒ်မများ ပြင်ဆင်ရန် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်သည့် အလျောက် တပ်မတော်က မထောက်ခံလျှင် မည်သို့မျှ ပြင်ဆင်နိုင်မည် မဟုတ်ဆိုသည်ကို မဲခွဲမဆုံးဖြတ်ခင် ကတည်းကပင် ကိုယ်စားလှယ်များနှင့် ပြည်သူ အများ တင်ကြို သိရှိခဲ့ကြသည်။ တကယ်မဲခွဲဆုံးဖြတ်ကြသောအခါ ပုဒ်မ ၄၃၆(က) အတွက် ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းကျော် ရရှိသော်လည်း တပ်မတော်၂၅ ရာခိုင်နှုန်းနှင့် ကိုယ်စားလှယ်တချို့ ကန့်ကွက် ခဲ့သည့်အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ခွင့် ရှုံးနိမ့်သွားခဲ့သည်။ ပုဒ်မ ၅၉(စ)အား ပြင်ဆင်ရန် မဲခွဲရာတွင်လည်း ထောက်ခံမဲ ၅၈ ရာခိုင်နှုန်းကျော် ရသော်လည်း တပ်မတော်၂၅ ရာခိုင်နှုန်းနှင့် ကိုယ်စားလှယ်တချို့ ကန့်ကွက်သဖြင့် ၅၉(စ) ပြင်ဆင်ခွင့် ရှုံးနိမ့် သွားပြန်သည်။

ပြည်သူ့ဆန္ဒ လက်မှတ် ၅ သန်းကျော်က ပြင်ဆင်ရန် ထောက်ခံထားသော ပုဒ်မ ၄၃၆(က)နှင့် ပုဒ်မ၄၃၆(ခ) တို့အား ပြင်ဆင်ရန် လုံလောက်သော ထောက်ခံမဲမရကြောင်း ကြေညာလိုက်သည့် အချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အောင်ပွဲခံ လက်ခုပ်တီးခဲ့ကြသည်။ ကျန်လွှတ်တော် ကိုယ်စားလှယ်များကား လက်ခုပ်မတီးခဲ့ကြောင်း သတင်းဂျာနယ် အချို့က ဖော်ပြခဲ့သည်။

ထိုကဲ့သို့ လက်ခုပ်လက်ဝါးတီး အောင်ပွဲခံခြင်းသည် တပ်မတော်က ပြည်သူ၏ အရှုံးကို အောင်ပွဲခံခြင်း အဓိပ္ပာယ်ဖြစ်၍ ထိုသို့လက်ခုပ်တီး အောင်ပွဲခံခြင်းအား ပြည်သူများကြားတွင် ဝေဖန်မှုများ ပွက်လောညံသွားပြီး လူမှုကွက်ရက် စာမျက်နှာများ၌ သော်လည်းကောင်း၊ သတင်းစာမျက်နှာများ၌ သော်လည်းကောင်း၊ ဝေဖန်သံများ ဆူညံသွားခဲ့သည်။ အတိုက်အခံနှင့် တိုင်းရင်းသား ပါတီများ၏အရှုံး၊ တိုင်းရင်းသား ပြည်သူများ၏ အရှုံးအား ဤသို့အောင်ပွဲခံခြင်းသည် ပြည်သူကို ပြိုင်ဘက်သဖွယ် စဉ်းစား တွေးခေါ်သော တပ်မတော် လက်ရှိ အသွင်ကူးပြောင်းရေးကာလ ပြည်သူအပေါ် ထားသော စဉ်းစားပုံ၊ စဉ်းစားနည်းအား ထင်ရှားပေါ်လွင် စေခဲ့သည်။

အမှန်ကား တပ်မတော်က ဤကဲ့သို့ အောင်ပွဲခံ လက်ခုပ်တီးရအောင် ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး မူကြမ်းတွင် ပြင်ဆင်ထားသည်မှာလည်း တပ်မတော် အာဏာများစွာ လျော့ပါးစေသည့် ပြင်ဆင်ချက်မျိုး မဟုတ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ မူလပြဋ္ဌာန်းချက်အရ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်၍ ရနိုင်မည်ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းရမှ ပြင်ဆင်နိုင် မည်ဟူ၍ ၅ ရာခိုင်နှုန်း လျှော့ချထားခြင်း ဖြစ်သည်။

ထို့အတွက် လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုလျှင်ပင် တပ်မတော် ကိုယ်စားလှယ်မပါ (ရွေးကောက်ခံ ကိုယ်စားလှယ် ၉၄ ရာခိုင်နှုန်း ထောက်ခံရန် လိုအပ်ပေဦးမည်)။ ဤသည်ကပင် တပ်မတော်၏ ဖွဲ့စည်းပုံ ခံတပ် ပြိုပျက်ဖို့ရန် လွန်စွာခဲယဉ်းသော ပြင်ဆင်ချက်မူကြမ်း ဖြစ်နေသည်။ လက်ရှိဖွဲ့စည်းပုံ ပုဒ်မ ၄၃၆(က)တွင် (၇၅ ရာခိုင်နှုန်းကျော် + ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ)ဟူ၍ ခံတပ် ၂ ဆင့်ခံထား၍ တပ်ပိုင်း ဆိုင်ရာ အာဏာလျော့ပါး စေမည့် ပုဒ်မ ၁၀၆ ချက်ခန့်အား ထည့်သွင်းထားသည်။

နားမလည်နိုင်စရာ တစ်ချက်ကား ပုဒ်မ ၄၃၆(ခ)တွင် တပ်မတော်အာဏာ လျော့ပါးစေမည့် ပုဒ်မများ မပါဝင်ပါဘဲ ၇၀ ရာခိုင်နှုန်း ထောက်ခံလျှင် ပြင်ဆင်၍ရသည်ဆိုသည့် အချက်အား တပ်မတော်က မထောက် ခံခြင်းဖြစ်သည်။ (၄၃၆(ခ)နှင့် ပတ်သက်၍ ဇွန် ၃၀ တွင် ဆက်လက် ဆွေးနွေးမည်ဟုဆိုသည်)။

အတိုက်အခံပါတီကြီးဖြစ်သော NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ““ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အတွက် ပြင်ဆင်ချက်များသည် လုံးဝလုံလောက်သည့် အပြောင်းအလဲ မဟုတ်သည့်တိုင် မထောက်ခံခြင်းသည် ပြုပြင်ပြောင်းလဲရေးကို လိုလားမှုမရှိသည့်သဘော သက်ရောက်ကြောင်း”” ဟုပင် ပြောကြားခဲ့သည်။

ပုဒ်မ ၅၉(စ)ဆိုလျှင် ပြင်ဆင်ချက်မူကြမ်းပါ ““သမ္မတနှင့် ဒုသမ္မတများ၏ သား (သို့)သမီးများသည် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ””ဟူသော အချက်အရ တပ်မတော်က ထောက်ခံ၍ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ခဲ့လျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ ဤသို့ဘာမျှ သိပ်ပြင်ဆင်ထားသည် မဟုတ် သည်ကိုပင် တပ်မတော်က မထောက်ခံ၍ ပြင်ဆင်ခွင့် မရနိုင်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၉(ဃ) ကိုမူ တပ်မတော်၏ ထောက်ခံ ပါဝင်မှုဖြင့် ထောက်ခံမဲ ၈၆ ရာခိုင်နှုန်း ကျော်ရရှိ၍ ပြင်ဆင်ချက် အောင်မြင်သွားခဲ့သည်။ မူလပုဒ်မ ၅၉(ဃ)ပါ ပြဋ္ဌာန်းချက်ဖြစ်သော သမ္မတနှင့် ဒုသမ္မတများသည် ““နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်”” ဆိုသည်၌ ““စစ်ရေးအမြင်””ဆိုသော စကားရပ်အစား ““ကာကွယ်ရေးအမြင်””ဟူ၍ ပြင်ဆင်ပြောင်းလဲထားခြင်း ဖြစ်သည်။

ဤပြင်ဆင်ချက်ကား တပ်မတော်က ထောက်ခံ၍ အောင်မြင်သွားခဲ့သည့် ““စစ်ရေးအမြင်””နှင့် ““ကာကွယ်ရေး အမြင်””ဆိုသည့် စကားရပ် ၂ ခု မည်သို့ ကွာခြားပါသနည်း။ လက်ရှိအထိတော့ ဤစကားရပ် ၂ ခုကွာခြားချက် အား မည်သည့် ဥပဒေပညာရှင်မျှ ခွဲခြားပြနိုင်သည်ကို မဖတ်ဖူး မကြားမိသေးချေ။ ထိုသို့ဆိုလျှင် ဤစကားရပ် ၂ ခု ပြောင်းလဲခြင်းသည် တပ်မတော်အတွက် မည်မျှအရေးကြီး၍ ထောက်ခံ ခဲ့လေသနည်း ဟူသည်ကားလည်း နားလည်ရ ခက်နေပေသည်။ ပို၍ နားလည်ရခက်သည်မှာ အဆိုပါ ပုဒ်မ ၅၉(ဃ) တစ်ခုတည်း ပြင်ဆင်ချက် အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရချေဦးမည် ဖြစ်သည်။ နားလည်ရခက်သော စကားလုံးပြင် ဆင်မှုဖြစ်သည့် ““စစ်ရေးအမြင်”” အစား ““ကာကွယ်ရေးအမြင်””ဟူ၍ ပြောင်းလဲဖို့ရန် ငွေကုန်ကြေး ကျ မြောက်မြားစွာ အကုန်အကျခံ၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကြမည်လား။ မည်သည့်အချိန်ကာလတွင် ပြုလုပ်မည်နည်း။ ရွေးကောက်ပွဲကြီးကို နောက်ဆုတ်ပြီးများ ပြုလုပ်လေမည်လား။ မျက်စိတွေ လည်ကုန် ကြလေပြီ။ ထို့ပြင် သမ္မတဖြစ်မည့်သူမှာ ကာကွယ်ရေး အမြင် ရှိ၊ မရှိ ဆိုသည်ကို မည်သည့်ပေတံဖြင့် တိုင်းတာမည်နည်း။ မည်သည့် ထောက်ခံချက် စာရွက်စာတမ်းများဖြင့် ညွှန်းဆိုမည်နည်း။ စဉ်းစားဖွယ်ရာ များစွာပင်ဟု ဆိုရပေတော့မည်။

ပုဒ်မ ၆၀(ဂ) ကား သမ္မတ၊ ဒုသမ္မတ များအား ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ် ရမည့် အဓိပ္ပာယ်ဆောင်သည့် ပြင်ဆင်ချက်ဖြစ်သည်။ ဤပြင်ဆင်ချက်လည်း ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းကျော် ထောက်ခံသော်လည်း တပ်မတော်က မထောက်ခံ၍ ရှုံးနိမ့်ခဲ့သည်။ ဤပြင်ဆင်ချက် အောင်မြင်ခဲ့လျှင် ကာကွယ်ရေးဦးစီးချုပ်က ဒုသမ္မတ တစ်ဦးကို ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် မဟုတ်ဘဲ မိမိနှစ်သက်ရာ ပုဂ္ဂိုလ်တစ်ဦးကို တိုက်ရိုက် ခန့်အပ်နိုင်တော့မည် မဟုတ်ပေ။ ကာချုပ် ရွေးချယ်မည့် ဒုသမ္မတလောင်းသည် ဦးစွာ ရွေးကောက်ပွဲဝင်၍ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ လိုအပ်သွားပေ လိမ့်မည်။ ဤအလားအလာကို ရှေးရှု၍ တပ်မတော်က မထောက်ခံခြင်း ဖြစ်နိုင်ခြေများပါသည်။

ဤမဲခွဲဆုံးဖြတ်ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ““တပ်မတော်သားတွေကတော့ အရင်က တည်းက ကန့်ကွက်ခဲ့ကြတာပဲလေ။ အခုလည်း ဒီအတိုင်းပဲ လုပ်သွားတာပဲ။ တပ်မတော်သားတွေ ကန့်ကွက် တယ်ဆိုတာကိုလည်း ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ တပ်မတော်သားတွေ ကန့်ကွက်ရင် မဖြစ်ဘူးဆိုတာ အားလုံးသိပါတယ်။ အခုဟာက တပ်မတော်သားတွေအပြင် ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကပါ ကန့်ကွက်တယ်ဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်တာတွေက တကယ်ပြင်ချင်တယ် ဆိုတာကို မီးမောင်းထိုးပြရာ ရောက်တယ်””ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ခေါင်းဆောင်အချို့ကမူ အခြေခံဥပဒေ ပြင်ဆင်ရေး မလိုလားမှုသည် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း နှင့် လာမည့်ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုအတွက် စိုးရိမ်စရာ ကောင်းကြောင်း ဝေဖန်သုံးသပ် ခဲ့ကြသည်။

အခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မှုတို့နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒများ အထမမြောက်ခဲ့သည် ဆိုသော်ငြား အမြတ်တစ်ခု ထွက်ခဲ့သည်ကား ပြုပြင်ပြောင်းလဲရေးသမားဟု ဆိုသူများ၏ သဘောထားအား ပြည်သူတို့ မျက်ဝါးထင်ထင် ရှင်းလင်းပြတ်သားစွာ သိလိုက်ရခြင်းပင်ဖြစ်သည်။ တပ်မတော်၏ သဘောထား အား ရှင်းလင်းစွာ မြင်သိလိုက်ရသည် ဆိုသော်ငြား ဤပွဲ၌ ကြံ့ခိုင်ရေးပါတီ၏ သဘောထားကိုမူ ယခုထက် ပိုမိုရှင်းလင်းစွာ မြင်တွေ့ရဖို့ရန် လိုအပ်နေသေးသည်။ ၃၁ ဦးပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီရှိပါလျှက် ကြံ့ခိုင်ရေးပါတီ၏ သဘောတစ်ခုတည်းဖြင့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းတွင် ပုဒ်မ ၂၈ ခုသာ ပါဝင်လာသည်။ ကော်မတီက ပြင်ဆင်ရန် အကြံပြုထားသည်မှာ ပုဒ်မ ၂၁၀ ရှိသည်။ ကြံ့ခိုင်ရေးပါတီ၏ ပြင်ဆင်ချက် မူကြမ်းပါ ပြင်ဆင်ချက်များ (အထူးသဖြင့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)) သည်လည်း လုံလောက် ပြည့်ဝသော ပြင်ဆင်ချက်များ မဟုတ်ပြန်ချေ။

အထူးအရေးကြီးသည့်အချက်ကား အဆိုပါ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မူကြမ်းအား တပ်မတော် သဘောတူညီချက် မပါဘဲ၊ တစ်နည်း တပ်မတော် မသိလိုက်ပါဘဲ ကြံ့ခိုင်ရေးပါတီ သဘောတစ်ခုတည်းဖြင့် လွှတ်တော်သို့ တင်သွင်း ခဲ့လေသည်လား ဆိုသည်ကလည်း မေးခွန်းထုတ်ဖွယ်ရာ ကောင်းနေပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပဲခူးတိုင်း၊ ပြွန်တန်ဆာ မြို့က ဆရာမလေးတစ်ယောက်ကို သူမရဲ့ကျောင်းအုပ်က`နင်ကဘာေ-ာက်ဆင့်ရှိလို့လဲ..... ဖေ....မ´ ဟုဆဲဆိုကာ ထိုးကြိတ်
ကန်ကျောက်မှူ ဖြစ်ပွား........
=====================================================
ပဲခူး တိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်၊ကြံဘိုကျေးရွာ အ.လ.က ခွဲ ကျောင်းတွင် ပညာသင်ကြားပို့ချနေသော ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ မြို့သူဆရာမ
ဒေါ်ခိုင်ဇာခြည်ထွန်း(မူုလတန်းပြ ဆရာမ)အပေါ် သူမ၏ကျောင်းအုပ်ဆရာဖြစ်သော ဦးကျော်လင်းအောင် က ထိုးကြိတ်ကန်ကျောက်၍ ဆဲဆိုကာ ဆရာမတစ်ယောက်၏
ကာဣနြေ္ဒ ပျက်ပြားဆိုးရွားစေခဲ့သည်။

ဖြစ်စဉ်မှာ....စာသင်ကျောင်း ကော်ရစ်တာမှာ ကျောင်းအုပ်နှင့် ဆရာမ တို့တွေ့စဉ် စာသင်ချိန်ဆွေးနွေးခဲ့ကြသည်။ နေ့စား လပေး ဘဝမှ အမြဲတန်းခန့်ဆရာမ အဖြစ်
သို့ ယမန်နှစ်တွင်မှ ခန့်ထားခံခဲ့ရသည်ဖြစ်ရာ တာဝန်ကြီးသော စတုတ္ထတန်းအတန်းကို တာဝန်ယူ စေရာတွင် ဆရာမ မှ ဟုတ်ကဲ့ တာဝန်ယူပါမည် တွဲဖက်
ဆရာမ တစ်ယောက်တော့ တွဲပေးဖို့ တောင်းဆိုရာတွင် `နင်မလုပ်နိုင်ရင် အလုပ်ထွက် နင်ကဘာေ-ာက်ဆင့်ရှိလို့လဲ ဖေ.....မ ´ဟု ဆဲဆိုကာထိုးကြိတ်ပြီး ဆရာမ
လက်ထဲတွင်ကိုင်ထားသော ထမင်းချိုင့်ကိုလည်း ဆွဲယူ ပစ်ပေါက်ခြင်းခံရသော အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ ဆရာမတွက် ဒီအခြေအနေဟာ တပည့်တွေရှေ့
အခြားဆရာ ဆရာမများ ရှေ့မှာ ဖြစ်ပွားခဲ့တာပါ မျက်မြင်သက်သေ များစွာရှိပါသည်။

ဆရာမတစ်ယောက်တွက် ကာဣနြေ္ဒပျက်ပြားခဲ့ရုံသာမက ထိတ်လန့်ကြောက်ရွံခဲ့၍ မိသားစုနှင့် တိုင်ပင်ကာ မြို့နယ်ပညာရေးမှူးရုံးသို့ အစီရင်ခံစာတင်ခဲ့ရာတွင်
ယနေ့အထိ ထူးခြားမှူ တစုံတရာမရှိပဲ အရေးယူခြင်းမရှိသေးချေ။ မိန်းမသားတစ်ယောက် ယခုကဲ့သို့ကျူးလွန်ပြီးမှ ထိုကျောင်းအုပ်ဆရာ ဦးကျော်လင်းအောင်
သည် သူ့လက်အောက်ဆရာ ဆရာမများထံ ဖုန်းဆက်၍ သက်သေ မထွက်ပေးဖို့ သူအလုပ်ပြုတ်နိုင်ကြောင်း စသဖြင့် ပြောဆိုကာ အပြစ်ဖုန်းကွယ်ဖို့လဲ အားထုတ်
ခဲ့ပါသည်။

၎င်းကျောင်းအုပ်ဆရာသည် အလားတူဖြစ်ရပ်မျိုး အခြားဆရာ ဆရာမများ အပေါ်တွင်လည်း ထိုသို.ကျူးလွန်ခဲ့ကြောင်း သိရှိရပါသည်။ကျွန်တော်တို့ ပညာရေး
လောကမှာ ယဉ်ကျေးလိမ်မာ၍ ထူးချွန်ထက်မြက်၍ နိုင်ငံ့သားများပေါ်ထွန်းလာစေရန် အားထုတ်နေခိုက် ထိုကျောင်းအုပ်ဆရာမှ အစ ရိုင်းစိုင်းယုတ်မာမှူ ကလိန်
ကကျစ်ကျဖို့ အားထုတ်နေသည်ကို အဘယ်သို့ထားရှိရမည်နည်း။ အားကြီးသူရာထူးကြီးသူ အနိုင်ကျင့်ခံ၍ ကြောက်ရွံ့တုန်လှူပ်နေရမှူတွေ မြန်မာပြည်မှာ
ဘယ်လောက်များ များနေပြီလဲ ......................................
.
သတင်းဓါတ်ပုံ : Kyawzinlwin via Kyaw Swar Myint

ဦးအောင်သောင်း ဦးနှောက်သွေးကြောပေါက်လို့
နေပြည်တော်ဆေးရုံမှာ အခြေအနေဆိုးနေတာနဲ့
စင်ကာပူဆေးရုံကို စင်းလုံငှားနဲ့ပို့ပြီး..
ဆေးကုသမှုခံယူနေတယ်ဆိုတဲ့
သတင်းတွေတက်လာပါတယ်..၊

အဲဒီသတင်းတွေတက်လာတဲ့အချိန်မှာ..

Online ပေါ်မှာရှိတဲ့ ပြည်သူများဟာ..
ဝမ်းသာစွာနဲ့ သောင်းသောင်းဖျဖျ သြဘာပေးကြပါတယ်၊

အဲဒီအနအထားကိုကြည့်ပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ
ကျွန်တော် သံဝေဂတရားရမိပါတယ်..။

ဘာကြောင့် လူတွေအဲဒီလိုဖြစ်ရတာလဲ..?
သူ့ကို ဘာကြောင့် ခါးခါးသီးသီးဖြစ်နေကြတာပါလဲ

အဖြေတွေအများကြီးရှိပါတယ်..၊

--------------------

အဖြေ - ၁

ဦးအောင်သောင်းဟာ ၂၀၀၃ ဒီပဲရင်းအရေးအခင်းဖြစ်ချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို ညဖက် တိုက်ခိုက်ပြီး
လူ ပေါင်းများစွာသေဆုံးသွားစေတဲ့ အကြမ်းဖက်မှုကို...
တိုက်ရိုက်ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်၊
အဲဒီအကြမ်းဖက်မှုကို စီစဉ်တဲ့သူကတော့ ၀န်ကြီးချုပ်ဟောင်း
ဗိုလ်ချုပ်ကြီးစိုးဝင်းဖြစ်ပြီးဦးအောင်သောင်းကတော့ လူသူလက်နက်
စုဆောင်းပြီး တိုက်ရိုက်ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီပဲယင်းအရေးအခင်းကို စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းဟာလဲ
ကင်ဆာရောဂါဖြစ်ပွားရာကနေ သူ့အမွှာညီဖြစ်သူနဲ့ သွေးလဲလှယ်ကုသရင်း
အမွှာညီအစ်ကိုနှစ်ဦးစလုံး အသေဆိုးနဲ့သေခဲ့ရပါတယ်။

------------------------

အဖြေ - ၂

ဦးအောင်သောင်းဟာ ဦးသန်းရွှေနဲ့ နီးစပ်ပြီး
ဦးမောင်အေးရဲ့ခမည်းခမက်ပီပီ
စက်မှု-၁ ၀န်ကြီးအဖြစ်တာဝန်ယူချိန်မှာ
တိုင်းပြည်ဘဏ္ဍာတွေကိုအလွဲသုံးစားလုပ်ပြီး စက်ရုံပိုင်မြေတွေကို
လက်သိပ်ထိုးရောင်းစားခဲ့ပါတယ်၊
ပြီးတော့ ဦးအောင်သောင်းဟာ ဦးသန်းရွှေနဲ့
လက်ဝါးရိုက်ပြီး ပြည်သူ့ဘဏ္ဍာ
ဒေါ်လာဘီလျံပေါင်းများစွာ ဘက်ဂျက်တင်တောင်းကာ
စက်ရုံစက်ယန္တရားတွေကို အ၀ယ်ပြပြီး
ကိုယ်ကြိုးအတွက်သုံးစွဲခဲ့တဲ့အတွက်
သူအငြိမ်းစားယူချိန်မှာ ဒေါ်လာ ၄ ဘီလီယံ
( ဒေါ်လာသန်း ၄၀၀၀ )အထိ ချမ်းသာ
သွားခဲ့တယ်လို့ သိရပါတယ်၊
သမ္မတဦးသိန်းစိန်အစိုးရတက်လာတဲ့အချိန်မှာ..
သမ္မတဦးသိန်းစိန်ဟာ ဦးသန်းရွှေရဲ့
သစ္စာရှိ ကျွန်ရင်းပီပီ ဦးအောင်သောင်းရဲ့
အရှုပ်ထုတ်ကို ဖုံးကွယ်တဲ့အနေနဲ့
စက်မှု(၁) ၀န်ကြီးဌာနကို အသွင်အမျိုးမျိုးပြောင်းပြီး
ပုံစံမျိုးစုံနဲ့ ပြန်လည်ထူထောင်ပြီး
Renew ပြန်လုပ်ပေးခဲ့ရပါတယ်။
ဦးအောင်သောင်းဟာ သူရလာခဲ့တဲ့ငွေတွေကို
သူ့ရဲ့သားဖြစ်သူတွေကို
ကုမ္မဏီတွေထောင် စီးပွားရေးလုပ်ကိုင်စေပြီး
အစိုးရအဖွဲ့ဝန်ကြီးတွေကို
လာဘ်ထိုး လက်ဝါးရိုက်ကာ
တိုင်းပြည်ဘဏ္ဍာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့
ရသလောက်ထပ်ယူခဲ့ပါတယ်..
ကုမ္မဏီတွေအပါအ၀င်..
ဘဏ်ကြီးတစ်ခုကိုလဲ ပိုင်ဆိုင်ထားပါတယ်..

--------------------------------

အဖြေ - ၃

၂၀၁၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့အချိန်..
NLD ပါတီဟာ သူပြိုင်တဲ့မဲဆန္ဒနယ်အားလုံးမှာ အပြတ်အသတ်
အနိုင်ရခဲ့ပါတယ် ၊ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ပါဝင်ခဲ့တဲ့..
ဦးအောင်သောင်းတို့ ပြည်ခိုင်ဖြိုးပါတီ တုန်လှုပ်သွားတဲ့..
အဓိကအချက်ကတော့ စစ်ရုံးကြီးအပါဝင် ၀န်ကြီးဌာနပေါင်း
၃၀ ကျော်လောက်ရှိပြီး ၀န်ကြီးတွေကိုယ်တိုင် ရုံးထိုင်နေတဲ့..
နေပြည်တော် သီရိ (၄) မြို့နယ်ကိုပါ NLD က အပြတ်သတ်
အနိုင်ရသွားခဲ့ခြင်းဖြစ်ပါတယ်၊
အဲဒီအနေအထားအရ ၂၀၁၅ ရွေးကောက်ပွဲကျရင် ရှုံးနိမ့်မယ်
ဆိုတာကို သိတဲ့ ဖွတ်ပါတီဟာ ရခိုင်အရေးအခင်းဖြစ်ပွားခဲ့တဲ့
ဖြစ်စဉ်တွေကို အမှီပြုပြီး နိုင်ငံအနှံမှာ ဘာသာရေးအစွန်းရောက်
ပြဿနာတွေကို စတင်မီးမွှေးခဲ့ပါတယ်..။ ဒီကိစ္စတွေမှာလက်ယဉ်နေတဲ့
ဦးအောင်သောင်းကိုယ်တိုင် ပါဝင် ဒါရိုက်တာလုပ်ခဲ့ပါတယ်။
ဦးဝီရသူ ဆိုတဲ့ ဘာသာရေးသတ်ဖြတ်မှုနဲ့ ထောင်ကျခဲ့ဖူးတဲ့..
ဘုန်းကြီးတစ်ပါးကို စည်းရုံးပြီး ဘာသာရေးအစွန်းရောက်
ဇာတ်လမ်းကို အပီအပြင် စတင်ခဲ့ပါတယ်၊
သွေးထိုးမှုတွေကိုဖန်တီးခဲ့တဲ့အတွက်၊ မိတ္တီလာ ၊ လားရှိုးနဲ့
မြို့ကြီးအချို့မှာ အရေးအခင်းမီးတွေတောက်ပြီး လူတွေသေခဲ့ကြပါတယ်၊
အဲဒီနာကျည်းချက်ကိုအခြေခံပြီး..
ဘာမှမဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပါတီကိုဆွဲထည့်ပြီး
ကုလားအားပေးအသွင် ဇတ်တိုက်ဖန်တီးခဲ့ပါတယ်။
အရေးအခင်းတိုင်းမှာ သွေးဆူစေဖို့အတွက်
ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေကို
Mobile Troop အသွင်ဖန်တီး လှုပ်ရှားခဲ့ပါတယ်၊
ဦးအောင်သောင်းရဲ့ လုပ်ရပ်တွေကို
အထောက်အထားခိုင်ခိုင်မာမာနဲ့
သိရှိခဲ့ရတဲ့ အမေရိကန်အစိုးရဟာ
မြန်မာနိုင်ငံကိုစီးပွားရေးတွေ
ပြန်ဖွင့်နေဆဲကာလမှာတောင်
ဦးအောင်သောင်းကို By Name တပ်ပြီး
သီးသန့် စီးပွားရေးပိတ်ဆို့ပစ်ခဲ့ပါတယ်။

-----------------------------------

အဲဒီလိုအနေအထားရှိတဲ့ သူတစ်ယောက်ကို..
ပြည်သူတွေ က လက်မခံတာဟာ..
ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး..

ဒါပေမဲ့ ဦးသိန်းစိန်က လက်ခံနေပါတယ်၊
လက်ရှိအစိုးရကလဲ စောင့်ရှောက်ပါတယ်..၊
ဖွတ်ပါတီဝင်တွေကလဲ ဂရုစိုက်ပါတယ်..၊

အဲဒါကိုကြည့်ရင်..
အဖြူအမဲ သဲကွဲပြီးသားဖြစ်သွားကြမှာပါ။

အခုနောက်ပိုင်းသတင်းတွေအရ..
တရုတ်ပြည်မှာ စီးပွားပျက်ကပ်ဆိုက်ပြီး..
ရှန်ဟိုင်းစတော့ဈေးကွက်တစ်ခုမှာတင်..
ဒေါ်လာ ၆ ထရီလီယံ ( ဘီလျံ ၆၀၀၀) လောက်
ဆုံးရှုံးပြီး တရုတ်တစ်နိုင်ငံလုံးအနေနဲ့..
ဒေါ်လာ ၈ ထရီလီယံလောက် ဆုံးရှုံးတယ်လို့
သိရပါတယ်။
အဲဒီဆုံးရှုံးမှုတွေထဲမှာ..ဦးအောင်သောင်းရဲ့ငွေတွေ
၅ ဘီလျံကျော်ပါသွားတယ်လို့ ကောလဟာလ
ထွက်လာခဲ့ပါတယ်..။

အမျိုးကိုချစ်တယ်ဆိုတဲ့ အစွန်းရောက်ကိုယ်တော်တွေရဲ့
ဆရာဒကာအရင်းဖြစ်တဲ့ဦးအောင်သောင်းအနေနဲ့
နိုင်ငံခြားဆေးရုံတွေကိုအသေအလဲအားကိုးနေတာကိုလဲ
နားလည်ရမှန်းမသိဖြစ်နေပါတယ်..၊

မြန်မာနိုင်ငံက ဆေးရုံတွေမှာ ဘာလို့ဆက်မကုတာပါလဲ? မေးစရာပါ
ရန်ကုန်ဆေးရုံကြီးကိုတောင် ဒေါ်စုတို့တွေရဲ့စွမ်းဆောင်မှုနဲ့
အဆင့်မြင့်အောင်လုပ်ပေးထားပြီးသားပဲဖြစ်ပါတယ်၊

မျိုးနှစ်အစွန်းရောက်များ ကိုယ့်အခြေအနေကိုယ်သဘောပေါက်မှာပါ

နောက်ဆုံးပြောရရင်..

ကျွန်တော်တို့ပြည်သူတွေက..
မအ ကြပါဘူး..၊
ဘယ်သူ့ကိုချစ်ရမလဲ...
ဘယ်သူ့ကို မုန်းရမလဲ ဆိုတာ..
သိပြီးသား...ဆိုတာပါပဲ

( Pa Yit )


parliament-620.jpg

နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်ကို အသက် ၆၀ အထိသာ သတ်မှတ်ဖို့အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကန့်ကွက်ပေမယ့် ထောက်ခံသူများတာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက နိုင်ငံဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်သက်တမ်းကို အသက် ၆၀ ထက် ပိုတိုးမြှင့်ပြီး သတ်မှတ်ပေးသင့်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"လောလောဆယ်မှာတော့ နိုင်ငံဝန်ထမ်းတစ်ဦးရဲ့ သက်ပြည့်ပင်စင်ကို နည်းဥပဒေ ၁၃ဝ အရ အသက် ၆ဝ ရယ်လို့ သတ်မှတ်ထားခြင်းရှိပါတယ်၊ ကျနော်တို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ကတော့ နိုင်ငံတော် ရဲ့အကျိုး နိုင်ငံဝန်ထမ်းအများစုအတွက် အကျိုးရှိမယ်ဆိုရင် သင့်တော်တဲ့အချိန်ခါမှာ သက်ပြည့်ပင်စင်သက်တမ်း ကို တိုးမြှင့်ပေးသင့်ပါက တိုးမြှင့်ပေးနိုင်မယ်ဖြစ်ပါကြောင်းကို နာယကကြီးမှတဆင့် ဖြည့်စွက်ဆွေးနွေး တင်ပြအပ်ပါတယ်"

အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂ဦးအပါအ၀င် ၁၄ ယောက် က ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲသာရရှိခဲ့တာကြောင့် ပင်စင်သက် ၆၀ အထိသာထားဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်သက်တမ်းကို ၆၀ အထိသာထားဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-approved-retirement-age-60-07092015103036.html

 theinsein-620.jpg
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မြင်ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကတဆင့် ပြင်ဆင်နိုင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။

ဇူလိုင်လအတွက် ဒီနေ့ထုတ်လွှင့်တဲ့ နိုင်ငံတော်သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောခဲ့တာ ဖြစ် ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရလို့ရှိရင် ဖွဲ့စည်းပုံတရပ်ဟာ ခေတ်ကာလနဲ့ အညီ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားရမှာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးဖြစ် စဉ်ကို အခြေခံဆောင်ရွက်ရာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေ ပါဝင်လာမှာဖြစ်ပါတယ်၊ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ စတင်ကြိုးပမ်းခြင်းတွေက သာလျင် ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေးအရွေ့တစ်ခုလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်"

ဒါ့အပြင် အရပ်သားအစိုးရက ပထမဆုံးကျင်းပပေးမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို သန့်ရှင်းပြီးတရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်က ကတိပြုပြောခဲ့ပါတယ်။

တဆက်တည်း၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ ပါတယ်။၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/constitution-reform-through-political-dialogues-07092015102617.html

စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သူ၊ လက်ရှိ အာဏာရပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် စင်္ကာပူနိုင်ငံတွင် သွားရောက်ကုသရန် စင်းလုံးငှားလေယာဉ်ဖြင့် ဇူလိုင် ၉ရက်၊ ညနေ ၃နာရီခန့်တွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။
“သွေးကြောဖောင်းတာ ပေါက်ထားတာပေါ့။ ဦးနှောက်သွေးကြောပေါက်တယ်၊ သွေးယိုတယ်ပေါ့နော်။ အခြေအနေဆိုးတယ်” ဟု စင်္ကာပူနိုင်ငံ သို့မပို့ဆောင်ခင် ခုတင် ၁၀၀၀ဆေးရုံတွင်ရှိနေသည့် ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေကို ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာမြတ်သူဝင်းက နေ့လည် ၁၁နာရီက ရှင်းပြသည်။

ဦးအောင်သောင်းအား စင်္ကာပူနိုင်ငံသို့ ဆေးကုသမှုခံယူရန် မပို့ဆောင်ခင် ကုတင် ၁၀၀၀ဆန့် ဆေးရုံသို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပါအဝင် ပြည်ထောင်အစိုးရအစိုးရဝန်ကြီးများဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ ရောက်ရှိလာသည်ကို သွားရောက်သတင်းယူသည့် မဇ္ဈိမသတင်းထောက်က တွေ့ရှိရသည်။
“သတိကတော့ ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်” ဟု ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေကို လာရောက်ကြည့်ရှုအပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က သတင်းထောက်များကို ပြောသည်။
 
ကျန်းမာရေးအခြေအနေ ရုတ်တရက်ဆိုးရွားသွားသော ဦးအောင်သောင်းရှိရာ ကုတင် ၁၀၀၀ဆေးရုံရှိ အထူးကြတ်မတ် ကုသဆောင်သို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးအပါအဝင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော ဦးသိန်းဇော် ဦးတင်ထွတ်နှင့် ဦးစိုးသာတို့လည်း ရောက်ရှိလာခဲ့သည်။
ယင်းနောက် အရေးပေါ်လူနာတင်ယာဉ်အမှတ်(9F- 9687)ဖြင့် ဦးအောင်သောင်းအား စင်္ကာပူသို့သွားရောက် ကုသရန် နေပြည်တော်လေဆိပ်သို့ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းသည် စစ်အစိုးရဟောင်း အကြီးအကဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး သဘောထားတင်းမာသူအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။
ယင်းအပြင် တောင်သာတပ်မတော် တည်ထောင်သူဟုလည်း စွပ်စွဲခံရပြီး ပြီးခဲ့သည့်နှစ်က အမေရိန်ကန်အစိုးရ၏ အမည်ပျက်စာရင်း သွင်းခံထားရသူဖြစ်သည်။
မဇ္စျိမ


 အာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ပါတီဗဟိုအတိုင်ပင်ခံ လည်းဖြစ် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဟာ ဦးနှောက်သွေးကြော ပေါက်မှုကြောင့် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ညပိုင်းက နေပြည်တော်နေအိမ်မှာ မူးလဲပြီး၊ နေပြည်တော်ရှိ ကုတင်တထောင်ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။

အခြေအနေဟာ စိုးရိမ်စရာရှိတယ်လို့ သူ့ဆရာဝန်က ပြောဆို တာကို ပြည်တွင်းသတင်းတွေမှာ ကိုးကားရေးသားပြီး၊ ဒီကနေ့မနက်ပိုင်းတော့ စင်ကာပူနိုင်ငံမှာ ကုသဖို့ လေယာဉ်နဲ့သူကို တင်ဆောင်သွားပြီလို့သိရပါတယ်။ ဦးအောင်သောင်းဟာဆိုရင် အရင်စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေမိသားစုနဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး၊ စစ်အစိုးရခေတ်မှာ သြဇာကြီးခဲ့သူဖြစ်ပါတယ်။ အာဏာရ ကြံခိုင်ရေးပါတီရဲ့ နိုင်ငံရေးမူဝါဒတွေကို အဓိက ရေးဆွဲ ချမှတ်သူတဦးဆိုပြီး ယူဆကြသလို၊ အတိုက်အခံတွေအပေါ် သဘောထားတင်းမာသူဆိုပြီးတော့လည်း တွက်ဆခံရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းတုန်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုစာရင်းထဲ ဦးအောင်သောင်းကို ထည့်သွင်းခဲ့ပါတယ်။ ဦးအောင်သောင်းဟာဆိုရင် မြန်မာ့ဒီမိုကရေစီအတိုက်အခံတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်တာနဲ့၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးအပြောင်းအလဲတွေအပေါ်မှာ အနှောက်အယှက်ပေးဖို့ ကြိုးပမ်းတာတွေ လုပ်သူဆိုပြီး အမေရိကန်အစိုးရရဲ့ အဲဒီတုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဦအောင်သောင်းအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူခဲ့တာကိုတော့ ပြည်သူ့လွှတ်တော်ကနေ အားလုံးသဘောတူ ကန့်ကွက်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ အတိုက်အခံ NLD အမတ်တွေကတော့ သူတို့အနေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်စူးပြီး ကန့်ကွက်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အစုရှယ်ယာတွေ ပြန်ထုတ်မရောင်းဖို့ တရုတ် အစိုးရက တားမြစ်ခဲ့။ 
တရုတ် နိုင်ငံမှာ စတော့ ဈေးကွက် တည်ငြိမ်အောင် ထိန်းသိမ်းမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက် ကျဆင်းနေခဲ့တဲ့ အစု ရှယ်ယာ တန်ဖိုးတွေဟာ ကြာသပတေးနေ့မှာ ပြန်လည် ခုန်တက်ခဲ့ပါတယ်။

ရှန်ဟိုင်း အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းဟာ ၆ နှစ် အတွင်း အမြင့်ဆုံး အဖြစ် ၆ ရာခိုင်နှုန်း နီးပါး ခုန်တက်ပြီး ဈေးပိတ်သွားပါတယ်။

ဟောင်ကောင်က ဟန်ဆင်း ညွှန်းကိန်းဟာလည်း ၄ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းထက် ပိုကိုင်ထားသူတွေ နောက် ၆ လ အတွင်း ရှယ်ယာတွေ ထုတ်မရောင်းရဘူးလို့ တရုတ် အစိုးရက တားမြစ် လိုက်ပြီးနောက် အခုလို ဈေးနှုန်းတွေ ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အစုရှယ်ယာ တွေကို ကာလတို အတွင်း ရောင်းချပြီး ဈေးကစားသူတွေကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး နေတယ်လို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


စစ်တွေ၊ ဇူလှိုင် ၉

ယနေ့ နေ့လယ် ၁ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်မှ ခိုးယူပြီး ရန်ကုန်သို့ ပို့ဆောင်သည်ဟု ယူဆရသော ရှေးဟောင်းကျောက်စာ တစ်ချပ် အပါအ၀င် အရေးကြီးသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ဒေသခံ ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ပထမ တိုးရတနာ ကားဖြင့် ပို့ဆောင်ရန် စီစဉ်ရာ လက်မခံသဖြင့် အောင်ပြည့်စုံကားဂိတ်တွင် ယင်းပစ္စည်းများကို ပို့ဆောင်ရန် တန်စာ ခံယူနေစဉ် ဖမ်းမိသည်ဟု ပြောသည်။

“ ဖမ်းမိတဲ့ အထဲမှာ ရှေးဟောင်းကျောက်စာတစ်ချပ်၊ ကျောက်သံလျက် တစလက်ရယ်၊ ရှေးဟောင်းတွေလည်း ပါဝင်ပါတယ်။ ဒီလို သယ်ယူပို့ဆောင်တာကို သိနေတဲ့ လူ တစ်ဦးက သတင်းပေးတဲ့ အတွက် နိုင်ငံရေးပါတီက လူတွေရယ်၊ လူမှုအဖွဲ့အစည်းက လူတွေရယ်။ ရဲတွေလည်း ပါတယ်။ ၀ိုင်းဖမ်းပြီး အခု ယဉ်ကျေးမှုပြတိုက်သို့ ပြန်ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

နောက် တစ်ယောက်က ပါဝင်သော ပစ္စည်းများကို ပြောကြားရာတွင် ယခု ဖမ်းဆီးရမိသောရှေးဟောင်း ပစ္စည်းများထဲတွင် လေးမြို့ခေတ်လက်ရာဟု ယူဆရသော ကျောက်ပြားကြီး တစ်ချပ်၊ ကျောက်ဆစ်လက်ရာ နတ်ရုပ်တစ်ရုပ်၊ ရုပ်ထုကျောက် နှစ်ဖက်ချွန် သံလျက် တစ်လက် ပါဝင်သည်ဟု ပြောဆိုသည်။ ၎င်းပစ္စည်းများကို တစ်ထွာခန့်အမြင့်ရှိသော သစ်သားများဖြင့် အသေအချာ ချိတ်ပိတ်ပြီး တန်ဆာခံကာ ပို့ဆောင်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခု ပစ္စည်းများအား ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ယဉ်ကျေးမှု ပြတိုက် ဦးစီး အရာရှိ ဒေါ်သူဇာစံက ရန်ကုန်ရှိ ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးသန်းထံသို့ လိပ်မူတတ် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဒေါ်သူဇာစံအား အကြောင်းကြားခေါ်ယူရာတွင် ကားဂိတ်သို့ ရောက်ရှိလာပြီး ယင်းပစ္စည်းများကို ဖွင့်ပြခဲ့သည်ဟုဆိုသည်။

ဒေါ်သူဇာစံက ဒီပစ္စည်းတွေကို ရန်ကုန်ကို ယူခြင်းမှာ ရန်ကုန်တွင် ပြသရန် ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။

ဖမ်းဆီးရာတွင် ပါဝင်သူများက ရှေးဟောင်းပစ္စည်းများအား ယခုလို ယူဆောင်၍ မရကြောင်း ပြောဆိုပြီး ပြန်လည် သိမ်းဆည်းကာ ပြတိုက်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒေါ်သူဇာစံအား ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/pages/Narinjara


ရန်ကုန် ဇူလိုင် ၈

ရန်ကုန်မြို့တွင်း တိုက်ခန်း ဝယ်ယူမှု လျော့လာခြင်းတို့ ကြောင့် ယခင်နှစ်ထက်ဆောက် လုပ်ရေး လုပ်ငန်းများ ဆောက်လုပ် မှု လျော့ကျလာကြောင်း ရန်ကုန် မြို့ရှိ ဆောက်လုပ်ရေး လုပ်ကိုင်သူ များထံမှ သိရသည်။

ကန်ထရိုက်ဆောက်လုပ်ရေး အိမ်ရာတစ်ခုလက်ခံလျှင်တိုက်ခန်း အရစ်ကျဝယ်ယူသူများကို ရောင်း ချပြီးမှ ဆောက်လုပ်ရေးလုပ်ငန်း များကို လုပ်ကိုင်ရသဖြင့် ယခုနှစ် တွင် ဝယ်ယူမှုနည်းကာငွေကြေး လည်ပတ်မှုမရှိသောကြောင့် ၅ဝ ရာခိုင်နှုန်းကျော်လျော့နည်းလာ ကြောင်းကန်ထရိုက်လုပ်ငန်းလုပ် ကိုင်နေသူဦးစိန်မြင့်ကပြောသည်။
''အရစ်ကျငွေချေပြီး မဝယ် နိုင်တော့ ဆောက်လုပ်မှုက သိသိ သာသာလျော့နည်းသွားတယ်။ အခွန်ကိစ္စတွေမှာ ဝယ်ရောင်းတွေ က မရှင်းတာ။ ပြီးတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေမှာယုံကြည်မှု နည်းပါးလာတာလဲပါတယ်။ ဒါတွေကြောင့် အရင်လည်ပတ် နေတဲ့အရှိန်ပဲရှိတယ်။ နောက်ထပ် ဆောက်ဖို့ကမရှိဘူး။ လက်ရှိမှာ ရပ်ဆိုင်းနေတာတွေရှိတယ်''ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက် လုပ်ငန်းရှင်ဦးညိုကပြောသည်။

ယင်းအပြင် လက်ရှိဆောက် လုပ်ရေး လုပ်ငန်းများတွင်ဆောက် လုပ်ခွင့်ပါမစ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ရာတွင် ခွင့်ပြုမိန့်ကျရန် အချိန်တစ်လဟုဆိုသော်လည်း တချို့မှာ အခက်အခဲများကြောင့် တစ်နှစ်ကျော်ကြာမြင့်သွားသည် များလည်းရှိနေသဖြင့် ဆောက် လုပ်မှုလျော့ကျလာခြင်းဖြစ်ကြောင်း ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။

မြေနေရာတစ်ခုတွင်တိုက်ခန်း (သို့မဟုတ်)ကွန်ဒိုဆောက်လုပ်မည် ဆိုလျှင်အရစ်ကျစနစ်ဖြင့် ရောင်းချ ပြီး အရင်းအနှီးရမှသာလျှင် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များ ထံမှ သိရသည်။

မျိုးပပစန်း
The Union Daily
http://uniondaily.net


 ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

  ဒေါ်လာဈေးနှုန်းများ ကျဆင်းရန် အစိုးရမှ ထိန်းသိမ်းပြီးသည့်နောက် တစ်ဒေါ်လာကို ၁,၀၈၅ ကျပ်ဝန်းကျင်နဲ့ ငြိမ်နေရာကနေ ယနေ့တွင် တစ်ဒေါ်လာကို ၁,၂၁၈ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့သည်။

စီးပွားရေး ပညာလေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “ အခု တခါ ဒေါ်လာ ဈေးတက်တာကတော့ အစိုးရ က ကျပ် ၁၀,၀၀၀ တန် အသစ်ထုတ်တာနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ အဲ့ဒီ သက်ရောက်မှုက ကြီးသွားတာပါ။ ၂၀၁၃ တုန်းက ၅,၀၀၀ တန် ထွက်တုန်းကလည်း တစ်ဒေါ်လာကို ၉၀၀ ကျော်ကနေ ၁,၀၀၀ ကျော်အထိ တက်သွားဖူးတယ်’’ ဟုပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းက လက်ရှိဆိုရင် ၅ နှစ်ထဲ ဝင်လာပြီ ဖြစ်သောကြောင့် အခု နှစ်ပိုင်းအတွက် အကောင်အထည်ဖော်စရာတွေကို အမြန် အကောင်အထည် ဖော်ရသည့် အခါ ဘတ်ဂျက် လိုငွေပြခြင်း၊ အစိုးရ ဌာနမှ မိမိ အကောင်အထည်ဖေါ်ရသည့် စီမံကိန်းများအတွက် ဒေါ်လာ အသုံးပြုရခြင်း ၊ ဘတ်ဂျက် လိုငွေပြသည့် အချိန်တွင် GDP တက်မလာ ခြင်းစသည့် အကြောင်းများကြောင့်လည်း ယခု နှစ်ထဲတွင် ဒေါ်လာဈေး မြင့်တက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းကပဲ “ဒေါ်လာဈေး ထပ်တက်၊ မတက် ခန့်မှန်းဖို့ဆိုတာ ဗဟိုက အရံငွေကြေး ဘယ်လောက် ရှိသလဲ သေချာ ကြေညာမှ ခန့်မှန်း တွက်ချက်နိုင်မှာ ဖြစ်တယ်။ အကြမ်းအားဖြင့် ပြောရရင် ဘတ်ဂျက်က လိုငွေပြနေတယ်။ GDP တက်အောင်လည်း မလုပ်နိုင်ဘူး ဆိုရင်တော့ ဒေါ်လာဈေးက ဆက်တက်ဦးမယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။

ယနေ့ နေ့လည် ၃း၃၀ နာရီ တွင် တစ်ဒေါ်လာကို ကျပ် ၁,၂၁၈ ကျပ်၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ကျပ်၁,၂၁၆ ကျပ်၊ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကျပ် ၇၄၄,၀၀၀ ရှိပါတယ်။လက်ရှိတွင် ဒေါ်လာဈေးကွက်တွင် ဝယ်ရောင်းတွေလည်း ဈေးကစားမှု ရှိနေကြောင်း ဒေါ်လာဈေးကွက် စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com


 တရုတ်နိုင်ငံ အစုရှယ်ယာဈေးကွက် ဆက်လက် မတည်မငြိမ် ဖြစ်နေတဲ့အတွက် တရုတ်အစိုးရ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အထိတ်တလန့် မဖြစ်ကြစေဖို့ သတိပေးရင်း ၃ ရက်ကြာ ကျဆင်းလာတဲ့ အစုရှယ်ယာ ဈေးကို ဆက်လက်မကျအောင် ထိန်းသိမ်းနိုင်ဖို့ အစီအစဉ်သစ်တွေ အပူတပြင်း လုပ်ဆောင်နေရပါတယ်။

တရုတ်အစုရှယ်ယာဈေး ကျဆင်းမှုဟာ အမေရိကန် ပြည်ထောင်စုအထိ ကူးစက်လာပြီး ဗုဒ္ဓဟူးနေ့လည် အရောင်းအ၀ယ်မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပဈေးကွက်မှာတော့ ဂရိကြွေးမြီကိစ္စ ပြေလည်နိုင်တယ်ဆိုတဲ့ နောက်ဆုံး မျှော်လင့်ချက်ကြောင့် အစုရှယ်ယာဈေး ခိုင်မာဆဲ ရှိနေခဲ့ပါတယ်။

အစုရှယ်ယာတွေ ဈေးလျှော့ ရောင်းချပစ်ရမယ့်အရေး ကာကွယ်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေဟာ ဈေးကွက်ကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြည်မဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ ကုမ္ပဏီကြီး ၁၃၀၀ ကျော်က အရောင်းအ၀ယ်ကို ရပ်ဆိုင်းခဲ့ကြပါတယ်။ ဈေးကွက်မှာ ရုတ်တရက် စိုးရိမ်စိတ်နဲ့ မဆင်မခြင်ရောင်းချမှုတွေ များပြားလာတဲ့အတွက် အစုရှယ်ယာဈေး ကျဆင်းလာရတာ ဖြစ်တယ်လို့ တရုတ်အစုရှယ်ယာဈေး ထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရွှေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ တွေ့ရပေမယ့် ရွေးကောက်ပွဲ ဝင်မဝင်ကို NLD တရားဝင် မပြောသေး (Credit: Reuters) 
မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ကြေညာခဲ့ပေမယ့် ​NLD ​ပါတီကတော့ ​ရွေးကောက်ပွဲ ​ဝင်မယ် ​မဝင်ဘူးဆိုတာ ​မဆုံးဖြတ်ရသေးဘူးလို့ ​ပြောပါတယ်။

NLD ​ပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အစည်းအဝေးထိုင်ပြီးမှ ​ဆုံးဖြတ်မယ်လို့ ​ဆိုပါတယ်။ ​ဒါပေမဲ့ ​NLD ​အနေနဲ့ ​မဲစာရင်း ​မှန်ကန်မှုနဲ့ ​ပတ်သက်ပြီး ​စစ်ဆေးကြဖို့ ​တစ်အိမ်တက် ​တစ်အိမ်ဆင်း ​တိုက်တွန်းမှုတွေ ​လုပ်ဆောင်နေတာတွေ ​ရှိပါတယ်။

ရွေးကောက်ပွဲ ​ကော်မရှင်ကတော့ ​မဲစာရင်းမှာ ​အမှားတွေ ​ပါနေတာကို ​မနေ့က ​ဝန်ခံမှုလုပ်လိုက်ပြီး ​အဲဒီလို ​ဖြစ်ရတာကတော့ ​နည်းပညာမှားယွင်းမှုနဲ့ ​ဝန်ထမ်းအလုံအလောက် ​မရှိမှုတွေကြောင့် ​ဖြစ်ရတာလို့ ​ပြောပါတယ်။

အဲဒီ ​အမှားတွေကိုလည်း ​အချိန်မှီ ​ပြင်ဆင်သွားမယ်လို့ ​ကတိပေးခဲ့ပါတယ်။ ​လွှတ်တော် ​ကိုယ်စားလှယ်တွေအနေနဲ့ ​ဇူလိုင်လ ​၂၀ ​ကနေ ​သြဂုတ်လ ​၈ ​ရက်အကြား ​မှတ်ပုံတင်ရမှာ ​ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ​ကော်မရှင်ရဲ့ ​ကြေညာချက်ကို ​အမေရိကန်က ​ကြိုဆိုလိုက်ပြီး ​ဒါဟာ ​အရေးကြီးတဲ့ ​လုပ်ရပ်ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​အမေရိကန်အနေနဲ့ ​ရွေးကောက်ပွဲဆိုင်ရာ ​နည်းပညာပိုင်းအကူနဲ့ ​ငွေကြေး ​ထောက်ပံ့မှုတွေ ​လုပ်ခဲ့တယ်လို့လည်း ​သိရပါတယ်။

ဒီရွေးကောက်ပွဲအတွင်း ​မြန်မာနိုင်ငံက ​လူဦးရေ ​သန်း ​၃၀ ​လောက်က ​မဲပေးခွင့်ရမှာ ​ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးအဖွဲ့ ​လှုပ်ရှားမှုက ​ထူးဆန်းလို့ ​သီပေါလွှတ်တော် ​ကိုယ်စားလှယ်ဆို

သီပေါမြို့နယ် ​လွှတ်တော်ကိုယ်စားလှယ် ​ဦးရဲထွန်းကတော့ ​နိုင်ငံတကာမှာ ​ဒီလိုအချိန်အတွင်း ​ပါတီ ​တစ်ခုနဲ့ ​တစ်ခု ​ထိုးနှက်ပြောဆိုတာကို ​တွေ့ရပေမယ့် ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီကတော့ ​လက်ရှိ ​အစိုးရအဖွဲ့ကို ​ထုတ်ပယ်ချင်နေတဲ့အပေါ် ​ကြည့်ပြီး ​ထူးဆန်းနေတယ်လို့ ​မှတ်ချက်ပြုထားပါတယ်။

အစပိုင်းမှာတော့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီအကြား ​ကွဲပြားမှုတွေ ​ရှိနေပေမယ့် ​ရွေးကောက်ပွဲအကြိုကာလမှာ ​စုစည်းပြီး ​အတိုက်အခံပါတီကို ​ဗျူဟာတွေနဲ့ ​ရင်ဆိုင်မယ်လို့ ​ယူဆခဲ့တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​အခုလောလောဆယ် ​အစိုးရ ​အဖွဲ့မှာ ​ပါဝင်တဲ့ ​ပါတီဝင်တွေကို ​ပထုတ်ချင်နေတဲ့ ​ပုံစံကို ​တွေ့ရတော့ ​ထူးဆန်းနေတာလို့ ​ပြောပါတယ်။

အဲဒီလို ​လုပ်ရတာက ​လက်ရှိအစိုးရ ​အဖွဲ့က ​ပြည်သူတွေရဲ့ ​လိုလားချက်ကို ​မဖြည့်ဆည်းနိုင်တဲ့အတွက် ​လက်ရှိအစိုးရနဲ့ ​တပ်မတော်မှာ ​တာဝန်ရှိတဲ့အတွက် ​သူတို့နဲ့ ​မဆိုင်ဘူး ​ဆိုတဲ့ ​ပုံရိပ်မျိုးကို ​ဖော်ဖို့ ​ ကြိုးစားတာများလားလို့ ​ထင်ရကြောင်း ​ဖေ့စ်ဘွတ်ပေါ်မှာ ​ရေးသားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

မှုခင်းနေရာကို ထိုင်းရဲတွေ ကန့်သတ် တားဆီးမှုတွေ မလုပ်ဘူးလို့ မြန်မာ ၂ ဦးကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက ထိုင်းရဲကို ဝေဖန် (Credit: AFP)
 ထိုင်းနိုင်ငံ ​လိပ်ကျွန်းလူသတ်မှုနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​နှစ်ဦးဘက်ကနေ ​ရှေ့နေလိုက်ပေးသူတွေကတော့ ​ထိုင်းရဲတွေရဲ့ ​အမှုကိုင်တွယ်ပုံကို ​ဝေဖန်လိုက်ပါတယ်။

မနေ့တုန်းက ​စတင်တဲ့ ​တရားရုံး ​ကြားနာမှုအတွက် ​တရားခံဘက်က ​ရှေ့နေတွေက ​ထိုင်းရဲတွေကို ​ဝေဖန်လိုက်တာ ​ဖြစ်ပြီး ​မှုခင်းဖြစ်တဲ့နေရာကို ​ရဲတွေက ​ဝင်ထွက်မှု ​မကန့်သတ်ခဲ့တာတွေနဲ့ ​ဆေးဖက်ဆိုင်ရာ ​ကျွမ်းကျင်သူကို ​လျင်မြန်စွာ ​မခေါ်ယူခဲ့တဲ့အပေါ် ​ဝေဖန်လိုက်တာပါ။

ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့ဟာ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်မှုနဲ့ ​တရားစွဲခံနေရပါတယ်။

ထိုင်းရဲကတော့ ​သေဆုံးနေတဲ့ ​David ​Miller ​ရဲ့ ​အလောင်းက ​မှောက်လျက်နဲ့ ​ရေတိမ်နားမှာ ​တွေ့ခဲ့တဲ့အတွက် ​အလောင်းက ​ပင်လယ်ထဲ ​မမျောအောင် ​ကုန်းဘက်ကို ​ဆွဲထုတ်လာခဲ့တာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ​နှစ်ဦးဟာ ​ရက်စက်စွာ ​သတ်ဖြတ်ခံရတဲ့အတွက် ​ထိုင်းရဲကလည်း ​စုံစမ်း ​အရေးယူဖို့ ​ဖိအားပေးခံခဲ့ရပါတယ်။

ဖိအားပေးခံရမှုတွေ ​လျော့နည်းအောင် ​မြန်မာနှစ်ဦးကို ​ဓားစာခံလုပ် ​ဖမ်းဆီးခဲ့တာလို့ ​တရားခံဘက်က ​ပြောပါတယ်။

ဒါ့အပြင် ​မှုခင်းဖြစ်နေတဲ့ ​နေရာကို ​ကြိုးတွေနဲ့ ​မတားခဲ့တာတွေ၊ ​ဆေးဖက်ဆိုင်ရာ ​ကျွမ်းကျင်သူတွေကို ​နောက်ကျမှ ​ခေါ်ယူခဲ့တဲ့ ​ထိုင်းရဲတွေရဲ့ ​လုပ်ရပ်ကိုလည်း ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ဗိုလ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်ကပေါ့။ မူးကြောင်ကြောင် ခပ်ထွေထွေ လူတယောက်ဟာ ဘတ်စ်ကားပေါ်မှာ “ဗိုလ်ခင်ညွန့်ကို လူ တရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူး”လို့ ထပ်ခါထပ်ခါ ပြောလာသတဲ့။ အဲဒီမှာ အဲဒီလူမှတ်တိုင်ကဆင်းတော့ ထောက်လှမ်းရေးက လက်ထိပ် ခတ်ဖမ်းလိုက်ပါရော။ ဘာအပြစ်ရှိလို့လဲပေါ့။ ဘတ်စ်ကားပေါ်မှာ ဗိုလ်ခင်ညွန့်ကို လူတရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူးပြောလို့တဲ့။ အဲဒီမှာ အဖမ်းခံရတဲ့သူက “ဟုတ်တယ်လေ၊ လူတရာ့ ကိုးဆယ့်ကိုးယောက် လက်မခံပေမယ့်၊ လက်ခံတဲ့ တယောက်ဟာ ကျွန်တော်ပဲ”ဆိုတော့ လွှတ်လိုက်ရတော့ တာပေါ့။

အခုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အတိုင်ပင် ခံဆရာကြီး၊ ငွေကြေးနဲ့ဘဏ်များဆိုင်ရာမှာဥက္ကဋ္ဌကြီး၊ တောင်သာမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်သောင်း (နောက်ကွယ်မှာတော့ တောင်းတဲ့နေရာမှာရဲတင်းလွန်းလို့ နာမည်ပြောင်ဦးအောင် တောင်းလို့ခေါ်ကြသတဲ့)ကို တိုင်းပြည်နဲ့ လူမျိုးအတွက်မပြောနဲ့။ ကျေးဇူးရှင်အတွက်၊ ဆရာအတွက်၊ တပည့်အတွက်တောင်မငဲ့ကွက်ဘဲ သူ့ မိသားစုနဲ့ဆွေမျိုးတွေအတွက်သာ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ဆောင်သယ်ပိုးတတ်သမို့ လူတရာကိုးဆယ့်ကိုးယောက် လက်မခံ ပေမယ့် လက်ခံတဲ့တယောက်ဟာ ကျွန်တော်ကိုလေးမြတ်ပါ။ ဘာလို့လဲ ဆိုတော့နယ်ချင်းသာမတူပေမယ့် ဦးအောင်သောင်းရော၊ ကျွန်တော် ရောအညာသားတွေပါ။ သူကတောင်သာနယ် ကျောက်္ကာရွာသား၊ ကျွန် တော်က မုံရွာနယ်မုံရွေးကြေးမုံရွာသား။ ဒါပေမဲ့ခုချိန်မှာ ကျွန်တော်က ထိတ်ထိတ်ကြဲစာရေးဆရာကြီး မဖြစ်သေးဘဲ သူလိုကိုယ်လို စာရေး ဆရာတယောက်သာ ဖြစ်နေသေးတယ်။ ထမင်း နပ်မှန်နေတာက ဇနီးသည်ဝန်ထမ်းဖြစ်နေလို့ဆို ပါတော့။ ဦးအောင်သောင်းကျတော့ ကျောင်းဆရာ ဘ၀လေးကနေ ၀န်ကြီးဘ၀အထိ တက်လှမ်းနိုင်ခဲ့တယ်လေ။

အခုသူ့ကို အမေရိကန်နိုင်ငံက အမည်ပျက် စာရင်းထဲထည့်လိုက်လို့၊ ဟော၊ ကျွန်တော်တို့လွှတ်တော်ကြီးက တခြားအရာတွေသာ စုံစမ်းရေးကော်မတီတွေဖွဲ့နေကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ လွှတ်တော်ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆို ပြီး ကန့်ကွက်သူမရှိအတည်ပြုပြီး အမေရိကန်နိုင်ငံ အစိုးရကိုရှုတ်ချလိုက်တယ်လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင် ဆွေးနွေးချိန်မရလိုက်လို့၊ အမျိုးသားရင်ကြားစေ့ရေးမို့ ဘယ်လိုပဲအကြောင်း ပြပြထောက်ခံခဲ့ရတယ်မဟုတ်လား။ ဆိုလိုချင်တာ က ကျွန်တော်တို့ဦးအောင်သောင်းကြီးဟာ ခုချိန်ထိ နိုင်ငံရေးအရှိန်အ၀ါရှိနေဆဲဆိုတာပါပဲ။

ချမ်းသာလိုက်တာကလည်း ကျွန်တော်တို့စဉ်း စားလို့မရနိုင်တဲ့ အတိုင်းအတာထိ ချမ်းသာတယ် ဆိုတာယုံလိုက်စမ်းပါ။ အဲဒီလိုရာထူးဌာနန္တရလည်း ထိပ်ဆုံးရောက်အောင် စီးပွားရေးလည်းထိပ်ဆုံး ရောက်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ လူချွန်တယောက်ကို ကျွန်တော်တို့လက်မခံရင် ဘယ်လိုလူလိုလက်ခံ ရမလဲ။ ကိုင်း - ပြောကြစမ်းပါဦး။

ဦးအောင်သောင်းက စစ်ထဲဝင်ပြီးOTS (မှော်ဘီဗိုလ်သင်တန်းကျောင်း)က ဘွဲ့ရအမှတ်စဉ် (၃၁)၊ ကြည်း ၁၀၁၀၇ နဲ့ ကျောင်းဆင်းခဲ့သူပါ။ တပ်မ(၉၉) လက်အောက်ခံ ကလော ခလရ(၇) တပ်ရင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်ဗျူဟာမှူးတာဝန်တွေထမ်းဆောင်ခဲ့တယ်။ နောက် မကွေးတိုင်း တ၀ တဥက္ကဋ္ဌဖြစ်ခဲ့တယ်။ နမခတိုင်းမှူးဗိုလ်ထွန်းကြည်က ကုန်သွယ်ရေးဝန် ကြီးအဖြစ်ပြောင်းရတော့ သူ့ကို ကုန်သွယ်လယ်ယာ (ယခင်ကုန်သွယ် ရေး-၁) အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူး ခန့်အပ်လိုက်တယ်။ အဲဒီမှာကျွန်တော်တို့လူကြီးဦးအောင်သောင်းက လူတော်ဆိုတော့ ဦး ဆောင်ညွှန်ကြားရေးမှူးချုပ်တွေ တွေ့ဆုံမိတ်ဆက်ညစာစားပွဲမှာပဲ ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။

အဲဒီမှာဗိုလ်ထွန်းကြည်တို့သာ ဖယ်ရှားခံလိုက်ရတယ်။ ဦးအောင် သောင်းကတော့ လွှားလွှားနဲ့ ရာထူးတွေတိုးမြှင့်သွားလိုက်တာ။ စက်မှု (၁)၀န်ကြီးဖြစ်သွားတဲ့အထိဆိုပါတော့။ စက်မှု(၁)၀န်ကြီးဖြစ်တော့ ““ဥစ္စာစောင့်၊ ထီပေါက်တဲ့ကိန်း””ဆိုက်ရောက်သွားတော့တာပါပဲ။ စက်မှု(၁)သာ ပေါင်းစက်ရုံရဲ့ အဂတိလိုက်စားမှုကိုအကြောင်းသိတဲ့ စက်မှု(၁)ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တိုင်ကြားတော့ ဦးအောင်သောင်းဘာဖြစ်သွားသလဲ။ ဘာမှမဖြစ်ပါဘူး။ တိုင်ကြားသူ ဗိုလ်မှူးချုပ်ကျော်ဝင်းသာ ပြုတ်သွားရှာတာပေါ့။

နောက် ၀န်ကြီးချုပ်ကိုယ်တိုင် သာပေါင်းစက်ရုံကိုဆင်းပြီး စစ်ဆေးတယ်။ ဦးအောင်သောင်း ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ပါဘူး။ သွားစစ်ဆေးတဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးအောင်သောင်းရဲ့သား ဗိုလ်မှူးပြည်အောင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးတို့ လက်ထပ်ပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ ရှေ့မင်္ဂလာပန်းကုံးစွပ်ပေးလိုက်ရတယ်လေ။ ရှေးပဒေသရာဇ်ခေတ်လို ပြောရရင်တော့ ကျွန်တော်တို့ ဦးအောင်သောင်းဟာ သူက ဘာလုပ်လုပ်၊ ဘယ်သူတွေက တိုင်တိုင် မပြုတ်နိုင်တဲ့ သက်တော်ရှည် ဘိုးဘိုးကြီးပါပဲ။ ခုချိန်ထိ အရှိန်အ၀ါကောင်း ဆဲလေ။

လာ-လိုက်ခဲ့။ သူ့အိမ်ကို သွားကြရအောင်။ ဦးအောင်သောင်းက နေပြည်တော်ဝန်ကြီးတွေ နေရာမှာ အနေများပေမယ့် ဒီအိမ်ကို တခါ တလေမှ ပြန်လာတာပါ။ အင်းစိန်လမ်းမကြီးပေါ် လှိုင်ရတနာမွန်အိမ်ရာရဲ့ ထိပ်ဆုံးထောင့်က လူနှစ်ရပ်စာလောက်မြင့်တဲ့ အုတ်တံတိုင်းခတ်ထားတဲ့ ခြံဟာ ဦးအောင်သောင်းရဲ့ ဗိမာန်ကြီးပေါ့။ အုတ်တံတိုင်းမှာ ကပ်ထား တာက Granite ကြွေပြားတွေပါ။ ခြံတံခါးက ဟိုက်ဒရောလစ်နဲ့ ဖွင့်ရတာပါ။

ခြံဝင်းထဲဝင်လိုက်ကြရအောင်။ ညာဘက်ကြည့်လိုက်။ ပေ (၃၀) မျက်နှာစာရှိတဲ့ ကားဂိုဒေါင်။ ကားချည်းပဲ (၁၀)စီးကျော်ရှိတယ်။ ကား ဂိုဒေါင်ဘေးမှာ ဦးအောင်သောင်းပျင်းရင် ရိုက်လေ့ရှိတဲ့ ဂေါက်ကွင်း။ ဂေါက်ကွင်းရဲ့ဘေးမှာ သွားလေသူ ဇနီး ဒေါ်ခင်ရီရဲ့ သစ်ခွခြံ။ မှန်အလုံနဲ့ အဲယားကွန်းတွေ တပ်ထားတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာ တင်းနစ်ကွင်း လည်းရှိတယ်။ ဘယ်ဘက်ခြမ်းမှာ ဗိမာန်ကြီးရှိတယ်။ လူနှစ်ဖက်စာ လောက်ရှိတဲ့တိုင်ကြီး (၂)တိုင်က အိမ်ခေါင်မိုးထိရှိတယ်။ အမြင့်ပေ (၂၀) ကျော်ပေါ့။ အိမ်ရှေ့တည့်တည့်မှာ စိန်ပန်းပင်သုံးပင်ရှိတယ်။ (ယတြာလား၊ မပြောတတ်ဘူး) ခြံထောင့်မှာ ရေတံခွန်နဲ့ ရေကန်လေး။ ရေကန်ထဲမှာ ဗျိုင်းရုပ်ကလေးတွေ။ ကန်ရဲ့ဘေးမှ အပန်းဖြေထိုင်စရာ တရုတ်ဘုံကျောင်း ပုံစံ ထိုင်ခုံလေးတွေရှိတယ်။ အမိုးနဲ့ပေါ့။ ခေါင်းရင်းဘက်မှာ ရေကူးကန်ရှိတယ်။

အိမ်ထဲဝင်သွားရင် ဧည့်ခန်းကျယ်ကြီးတွေ့ရမယ်။ စန္ဒရားကြီးတလုံး လည်းရှိတယ်။ သူ့သမီး ခင်ငုရီဖြိုးတီးတာလေ။ အပေါ်ထပ်တက်တဲ့ လှေကားကြီးရှိတယ်။ အကျယ်က (၇)ပေလောက်။ လှေကားထစ် (၂၂)ထစ် ရှိတဲ့ ကျွန်းလှေကားကြီးပေါ့။ လှေကားအလယ်လောက်မှာ အပြင်က အလင်းဝင်နိုင်တဲ့ ကျွန်းကျည်းဘောင်ကွပ်ထားတဲ့ မှန်ပြတင်းရှိတယ်။ အပေါ်ထပ်မှာ သမီးရဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အလှပြင်ခန်း၊ ဧည့်ခန်း တွေက သီးခြားစီရှိတယ်။ ဘုရားခန်းလည်း ရှိတယ်။ ဘုရားခန်းထဲဝင်သွား ရင် ပိတ်ကားလောက်ရှိတဲ့ ပုဂံရှုခင်းပန်းချီကားကြီးတွေ့ရမယ်။ အင်မတန် တန်ဖိုးကြီးမယ့် ပန်းချီကားကြီးဖြစ်မှာပါ။

အောက်ထပ်ပြန်ပြီးဆင်းကြည့်ရအောင်။ ကျောက်စိမ်းနံရံကြီးရှိ တယ်။ အပန်းဖြေကြည့်ဖို့ Home Theatre တွေ Projector တွေ အကုန်ဆင်ထားတယ်။ အိပ်ခန်းကြီးကလည်း အကျယ်ကြီး ပေ ၄၀၊ ပေ ၂၀ ရှိတယ်။ ဆင်းရဲသားတွေရဲ့ အိမ်ဝင်း (၂)၀င်းစာပေါ့။ ရေပူ၊ ရေအေး ရေချိုးခန်း တပ်ဆင်ထားတာတွေတော့ မပြောတော့ဘူး။ ရှင်ဘုရင် ပုဆိုး၊ ပိုးချည်းဆိုကြစို့။ အိပ်ခန်းအလယ်တည့်တည့်မှာ ခုတင်ကြီးတလုံးရှိတယ်။ ခြေရင်းမှာ ကြည့်လိုက်ရင်တော့ ဘီရို ရိုးရိုး။ ဒါပေမဲ့ အဲဒီ ဘီရိုတံခါးကိုဖွင့် ပြီး ၀င်သွားရင် မြေအောက်ခန်းရောက်တယ်။

စန္ဒရားကြီးရဲ့ အနားက အပြင်ထွက်လိုက်ရင် မီးဖိုချောင်။ မီးဖိုချောင်ရဲ့ အပေါ်ထပ်မှာ အစေခံတန်းလျားရှိတယ်။ အဲဒါ ကျွန်တော်တို့ ဦးအောင်သောင်းရဲ့ ဗိမာန်ပဲ။ အင်းလျားလမ်းက အိမ်အမှတ် (၅၄)ကတော့ ဘယ်သူ နေထိုင်နေသလဲ မသိဘူး။

သူ့ဘာသာ ဥုံ ခံလို့ဖြစ်ဖြစ်၊ ဖွ ခံလို့ပဲဖြစ်ဖြစ် ကျွန်တော့်လို မဟုတ်ဘဲ ရာထူးတွေ ထိပ်တက်ပြီး ယူဆောင်နိုင်လို့ စီးပွားဥစ္စာတွေ (၁၀)သက် မပြောနဲ့ (၁၀၀)သက်ထိအောင် စားမကုန်အောင် ရယူနိုင်လို့ ကိုးဆယ့်ကိုး ယောက် လက်မခံလဲ ကျွန်တော်လက်ခံတယ်။

ဒါပေမဲ့ ပေါ့လေ။ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆွေးနွေးကြတဲ့ အခါမှာတော့ ဦးအောင်သောင်းကို ကျွန်တော် အထင်ကြီးခဲ့သမျှတွေဟာ သဲထဲရေသွန်ဖြစ်တော့တာပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂)နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ (၄၉)မှာ ဖော်ပြထားတဲ့ ပြည်နယ် (၇)ပြည်နယ်ကို လူမျိုးစု အမည်တွေနဲ့ မခေါ်ဆိုဘဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို မြို့အမည်တွေနဲ့ ပြောင်းလဲ ခေါ်ဆိုဖို့ အဆိုတင်သွင်းပါသတဲ့။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အခေါ်အဝေါ်တွေ က ဦးအောင်သောင်း မမွေးဖွားခင်ကတည်းက ခေါ်ဝေါ်သုံးစွဲလာတဲ့ အမည် တွေပါ။

ဦးအောင်သောင်းက လူမျိုးစုအမည်တွေနဲ့မို့ လူမျိုးအစွဲတွေကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတယ်လို့ စွဲမှတ်နေဟန်တူပါရဲ့။ တကယ်တော့ ပြည်တွင်းစစ်မီးတောက်လောင်နေတာဟာ လူမျိုးစုအစွဲကြောင့် မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိတ်သုဉ်းလို့ စစ်အာဏာရှင်စနစ် လွှမ်းမိုးနေခဲ့ တာကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရင် ဒီမိုကရေစီ ထွန်းကားလာရင် ပြည်တွင်းစစ်မီးဟာ လုံးဝငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဦးအောင်သောင်းဟာ စစ်အာဏာရှင်စနစ်ကို ဖုံးကွယ်စေချင်တဲ့ သဘောပေလား။

ဘာပဲဖြစ်ဖြစ် ဦးအောင်သောင်းရဲ့ အဆိုဟာ လွှတ်တော်ထဲ အဆိုတင်သွင်းမှု မပြောနဲ့ တောင်သာနယ် ကျောက္ကာသွားပြီ အဆိုတင်သွင်းတောင် လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကောင်း ကျိုးထက်၊ ဆိုးကျိုးတွေ ပိုမိုဖြစ်ထွန်းလာဖွယ်ရှိလို့ပါ။ ဒီမှာ ဦးအောင်သောင်းကို လက်ခံတဲ့ ကျွန်တော်သည်ပင်လျှင် သူ့တင်သွင်းတဲ့အဆို အရည်အချင်းကို ထောက်ရှုပြီး သူ့အဆင့်ဆင့် တိုးတက်လာတဲ့ ရာထူးတွေဟာ သူ့ချမ်းသာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေဟာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ရရှိခဲ့တာ ဟုတ်ပါရဲ့လားလို့ အနုလုံ၊ ပဋိလုံ စဉ်းစားတွေးတောနေမိကြောင်းပါ။

ကျွန်တော်တို့ အရပ်ဒေသမှာ မဟုတ်တာလုပ်ကိုင်ပြီး မင်္ဂလာယူတတ်လေ့ရှိတဲ့ ပုဂ်္ဂိုလ်တွေကို “ဟောဒီလူကြီး သေရင်တော့ ပုပ်စော်အလွန်နံမှာဗျ”လို့ ပြောဆိုတတ်ကြပါတယ်။ အခုလည်း ဦးအောင် သောင်းကွယ်လွန်ရင် (လွန်ဆန်လို့ရတာမှမဟုတ်တာ အနိစ္စနော်) ပုပ်စော်၊ အလွန်နံ၊ မနံ စောင့်ကြည့်ချင်ပါသေးတယ်။ ဦးအောင်သောင်း ကျန်းမာပါစေ။

ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် တက်ရောက်ကုသနေသော ဦးအောင်သောင်းသည် စင်္ကာပူနိုင်ငံတွင် ဆေးကုသရန်ထွက်ခွာ

နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံ အရေးပေါ်ဌါနတွင် ဆေးကုသခံယူနေသော ဦးအောင်သောင်း၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ဦးနှောက်ခွဲစိတ်အထူး ကုဆရာဝန်ကြီး ဒေါက်တာမြတ်သူ ကပြောပါတယ်။

'ဦးနှောက်သွေးကြော ပေါက်တာ ဖေါင်းတာ ဦးနှောက်သွေးကြော ပေါက်ပြီး သွေးယိုတာ စိုးရိမ်ရတယ် အခြေအနေကပြောလို့ မရသေးဘူး စိုးရိမ်ရတယ်ပေါ့ ICU (အထူးကြပ်မတ်ကုသဆောင် ) မှာတင်ထား ရတယ်' လို့ ဒေါက်တာမြတ်သူ ကယနေ့ နေ့ လည် ၁၁ နာရီခန့် တွင်ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း သည် ဇူလိုင်လ ၈ ရက်နေ့ ည၁၁ နာရီခန့် တွင် ဦးခေါင်းအတွင်းရှိ ဦးနှောက်သွေးကြောငယ်လေး များ ပေါက်သွားသဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရကြောင်း သတင်းရရှိပါတယ်။

‘အခြေအနေကတော့ စိုးရိမ်ရတယ် အသက်ကလဲကြီးနေပြီးလေ ခုချိန်ထိသတိမရသေးဘူး ’ ဟုဦးအောင်သိန်းလင်းကဦးအောင်သောင်း ရဲ့အခြေအနေကိုရှင်းပြပါတယ်။

ရွေးကောက်ပွဲကြေငြာသည့် ည ၁၁ နာရီခန့် တွင်အပေါ်သွေး ၂၂၀ အောက်သွေး ၁၂၀ ထိသွေးတိုးလာခဲ့ပြီး မူးလဲသွားရာမှ နေပြည်တောင်ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရတာပါ။

BBC Burmese
https://www.facebook.com/bbcburmese

ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ ဝန်ကြီးတစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ 
ကယား(ကရင်နီ)ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီးများထဲမှ လေးဦး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ပြီး ကျန်ရှိသည့် ဝန်ကြီးများအနက် တစ်ဦးသည်လည်း ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည်မဟုတ်ကြောင်း အနားယူသွားမည်ဟု သိရသည်။

̏ ကျတော်တို့ ဝန်ကြီးကနေ နုတ်ထွက်တယ်ဆိုတာ အဟုတ်ပါ၊ အမှန်ပါ၊ တကယ်ပါ၊ ဘာလို့လဲဆိုတော့ ထွက်ချင်လို့ပါ။ ပြီတော့ ကြံ့ခိုင်ရေးပါတီတွေရဲ့ အောင်နိုင်ရေးတွေ တို့မလုပ်နိုင်မှာစိုးလို့ နုတ်ထွက်လိုက်တာပါ ̋ ဟု ကယားပြည်နယ် ပြည်နယ် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးဦးချစ်လှက ပြောသည်။

ဝန်ကြီးလေးဦးဖြစ်ကြသော ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ဇူလိုင်လ ၅ ရက်နေ့တွင် နုတ်ထွက် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်မှာ ဝန်ကြီးအဖွဲ့မှ အနားယူလိုသည့်အတွက် ပါတီမှ နုတ်မထွက်သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိတော့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ̏ ဦးအနေနဲ့ကတော့ အသက်ကြီးတာက တပိုင်း၊ နောက်ပြီးတော့လည်း လုပ်ရည်ကိုင်ရည်ကလည်း နားသင့်တဲ့အချိန်ရောက်ပြီလေး ̋ ဟု ပြောသည်။

တခြားပါတီသို့ ပြောင်းရန် ပါတီမှနုတ်ထွက်လိုက်ခြင်း မဟုတ်ကြောင်း နိုင်ငံရေးပါတီ လောကမှ အပြီးအပိုင် နားလိုက်ခြင်းဖြစ်ဖြစ်ကြောင်း သို့သော် ဒေသမှလူထုများက ဆက်လက်လုပ်ပေးပါရန် တောင်းဆိုလာလျှင် ပြန်လည်၍စဉ်းစားပေးမည် ဖြစ်ကြောင်း ဝန်ကြီးဦးချစ်လှက ပြောပါသည်။

ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ တက်လာမည့် လူငယ်များကို ဦးစားပေးသည့် အနေဖြင့်သော်လည်းကောင်း၊ အသက်အရွယ်အပိုင်းတွင်လည်း နားသင့်သည့် အချိန်အခါကြောင့်သော်လည်းကောင်း နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။

၎င်းဝန်ကြီးများသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ကြသည်။

Written by မူအက်စတာ
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org

Mark Toner - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန
နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှု အကူအညီတချို့ ပေးနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် မြန်မာရွေးကောက်ပွဲကို ပထမဆုံးအကြိမ် စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Carter Center ကလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ငန်းတွေကို သြဂုတ်လ (၁) ရက်နေ့မှာ တရားဝင် စတင်သွားမယ်လို့ ပြောပါတယ်။  မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

“သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ ၁၃၃၇ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။ ဥက္ကဋ္ဌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟု ဖော်ပြပါရှိပါတယ်ရှင်။”

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ (၈) ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို အစိုးရပိုင် ရုပ်မြင်သံကြားကနေ မနေ့ညက ကြေညာသွားတာပါ။ အခုလို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေညာလိုက်တာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကပြောသွားပါတယ်။

“အခုလို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေညာလိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အဆင့် ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အားလုံးပါဝင်နိုင်ပြီး ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သေချာအောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပါအ၀င် နိုင်ငံရေးပါတီ တချို့နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတချို့ အမေရိကန်အစိုးရက ထောက်ပံ့ပေးနေပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ကိစ္စနဲ့ ပတ်သက်လို့လည်း -

“ကျနော်တို့ သိသလောက် Carter Center ရဲ့ အဖွဲ့ဝင်တွေနဲ့ ဥရောသမဂ္ဂတို့ကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကိုလည်း ခွင့်ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်တွေကတော့ ဆက်လက် ဆောင်ရွက်နေတုန်းဖြစ်ပြီး ဘယ်သူတွေ ဖြစ်မယ်ဆိုတာကိုတော့ သူတို့အသေအချာ မဆုံးဖြတ်ရသေးပါဘူး။”


ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတဲ့ အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေကို အမေရိကန်အစိုးရက ပံ့ပိုးပေးနေပြီး ဒီအဖွဲ့အစည်းတွေ အနေနဲ့ ပါတီအဖွဲ့စွဲ မရှိတဲ့ လူဦးရေ (၅၀၀၀) အထက်ကို ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်ပါတယ်လို့ Mark Toner ကသတင်းထောက်တွေကို ပြောသွားပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်ခံထားရတဲ့ Carter Center ကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်လိုက်တဲ့အတွက် အားရမိကြောင်းနဲ့ ကြိုတင်မဲပေးမယ့် ကိစ္စကိုလည်း ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ Carter Center ရဲ့ ဒီမိုကရေစီရေးရာ အစီအစဉ် တွဲဘက် ညွှန်ကြားရေးမှူး Jonathan Stonestreet ကပြောပါတယ်။

“ကျနော်တို့ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတော့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ဘယ်ဟာက အလုပ်ဖြစ်တယ်၊ ဘယ်နေရာမှာ ပြဿနာရှိတယ်၊ သို့မဟုတ် ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်ရမလဲဆိုပြီး၊ ဘက်မလိုက်ပဲ အကဲဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲအတွက် ကျနော်တို့က အကြံပြုချက်တွေပါတဲ့ အစီရင်ခံစာတွေနဲ့ ကြေညာချက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနေ့ မတိုင်ခင် ရွေးကောက်ပွဲဖြစ်စဉ် ပိုကောင်းလာအောင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ တခြားသူတွေက ဒီအကြံပေးချက်တွေကို ကျင့်သုံးကြမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ ပြီးရင်လည်း ကျနော်တို့က ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကို ခြုံငုံပြီး အကဲဖြတ် စစ်ဆေးချက်တွေကို ထုတ်ပြန်ကြေညာမှာပါ။”


မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်စာရင်း အတော်များများ မှားယွင်းနေတာတွေကို အချိန်မှီ ပြင်ဆင်နိုင်ပြီး လာမယ့် သြဂုတ်လမှာ မဲဆန္ဒရှင်စာရင်း အပြီးသတ်ကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

“ကျနော်တို့အတွက်က လောလောဆယ်မှာ မဲဆန္ဒရှင်စာရင်း ဘယ်လောက်မှန်ကန် တိကျတယ်ဆိုတာ အတည်ပြုဖို့ ခက်ပါတယ်။ ပဏာမအဖြစ် ပြုလုပ်ထားတဲ့ မဲစာရင်းဖြစ်ပြီးတော့ ဒီစာရင်းကို ထုတ်ပြန်ရခြင်း အကြောင်းရင်းက လူတွေအနေနဲ့ စာရင်းကို စစ်ကြည့်ပြီး ပါလာတဲ့ အမှားတွေကို ပြင်နိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျနော် နားလည်ထားတာက တချို့အမှားတွေက အသေးအမွှားဖြစ်ပေမဲ့ တချို့ကြတော့ မဲစာရင်းထဲမှာ လူတွေ မပါလာတာနဲ့ မပါသင့်တဲ့လူတွေ ပါနေတာတို့ ဖြစ်ပါတယ်။”

Carter Center ရဲ့ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကို သြဂုတ်လ (၁)ရက်နေ့မှာ စတင်မှာဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ အာဖရိက စတဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူ (၅၀) ဦး လောက် ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း ဇူလိုင်v (၂၀) ရက်နေ့မှာ စတင်ပြီး သြဂုတ်လ (၈) ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးမှု ကာလကို ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေး ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ နိုင်ငံတ၀န်းလုံး မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၇၁ ခု ရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပေါင်း ၃၃၀ နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၆၈ ခု ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ စုစုပေါင်း ၆၄၄ ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်ပေါင်း ၂၉ ခု ရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေး တိုးမြှင့်နိုင်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲအထူးရဲ ၂၀၀၀၀ ကျော် ခေါ်ယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ထိုင်းနိုင်ငံက ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ အဓိက သက်သေတွေကို စတင်စစ်ဆေးခဲ့ပြီး မနေ့က တရားခွင်ကနေ တရားခံတွေအဖြစ် စွပ်စွဲခံရသူ လူငယ် ၂ ဦးရဲ့ DNA ပြန်လည်စစ်ဆေးခွင့် ငြင်းပယ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂ လကျော်ကြာ ရပ်နားထားပြီးတဲ့နောက် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ကော်စမွေတရားရုံးမှာ သက်သေတွေကို စတင် စစ်ဆေးနေရာမှာ ဇူလိုင်လ ၈ ရက်နေ့မှာတော့ သေဆုံးသူတွေကို ပထမဦးဆုံး တွေ့ရှိခဲ့တဲ့ အမှုလိုက် ရဲ ၁ ဦး အပါအ၀င် အဓိကသက်သေ ၄ ဦးကို စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာသံရုံးကိုယ်စားပြုရှေ့နေ ဦးအောင်မျိုးသန့်ကတော့ တရားခံအဖြစ် စွပ်စွဲခံရသူ ၂ ဦးရဲ့ DNA ပြန်လည်စစ်ဆေးခွင့်နဲ့ ပတ်သက်လို့ ဒီကနေ့ တရားခွင်ကနေ ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။

“တရားခွင်က အခုတော့ တမျိုးဖြစ်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၃၀ ရက် ၄ လ ၂၀၁၅ တုန်းကတော့ DNA ပြန်စစ်ချင်ရင် စစ်လို့ရတယ်။ ဒေါက်တာဖွန်ထစ်ဆီကို ပို့ပြီး စစ်ပါလို့ ပြောပြီးတော့ အခုကျတော့ DNA ပြန်စစ်ခွင့် ပြုခဲ့လို့ရှိရင် နောက် ဒီလို DNA ပါလာတဲ့အမှုတွေဟာ နောက် ဒီလိုပဲ အစဉ်အလာအနေနဲ့ တောင်းဆိုလာမှာစိုးတဲ့အတွက်ကြောင့် ဒီဟာကို ခွင့်မပြုနိုင်ပါဘူးတဲ့။ တကယ်လို့ စစ်ချင်တယ်ဆိုရင် အကျဉ်းဦးစီးဌာနကို လူ့အခွင့်အရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ လျှောက်လွှာတင်ပါ။ ခွင့်ပြုရင်တော့ အဲဒီမှာ စစ်ပါလို့ ပြောပါတယ်။”

သက်သေအဖြစ် စစ်ဆေးခံရတဲ့ အမှုလိုက်ရဲ ရဲ့ ဒီကနေ့ ထွက်ဆိုချက်မှာလည်း DNA စစ်ဆေးမှုနဲ့ ပတ်သက်လို့ ခိုင်လုံစွာ ထွက်ဆိုနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“DNA ကိစ္စကလေ ပါတယ်ဆိုပေမဲ့ ခိုင်လုံစွာ မထွက်နိုင်ပါဘူး။ သူကိုယ်တိုင်က DNA ပစ္စည်းကိရိယာကို သူတယောက်အနေနဲ့ ကျွမ်းကျင်တယ်လို့ မဆိုဘဲနဲ့ နားလည်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့တပည့်ပါတဲ့ ၄၊ ၅၊ ၆ ယောက်ကလည်း မလုပ်တတ်ဘူးလို့ ပြောပါတယ်။ အဲဒါ အဲဒီ ၂ ချက်တည်းနဲ့ ဒီကလေးတွေကို DNA စစ်ခဲ့တာပါ။”

ဇူလိုင်လ ၈ ရက်နေ့မှာတော့ တရားခွင်မှာတော့ တရာသူကြီး အပြောင်းအလဲ ဖြစ်နေတာတွေ့ရပြီး  အစိုးရဘက်က သက်သေအဖြစ် ထွက်ဆိုသူတွေ ၄ ဦးရဲ့ ထွက်ဆိုချက်တွေဟာ တရားရုံးမှာ ပထမ တင်ပြထားချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ဆက်ပြောပြပါတယ်။

“အမှုစစ်ရဲရယ်၊ ဆရာဝန် ၁ ယောက်ရယ်၊ နောက်တခါ ကျွန်းသူကြီးရဲ့ညီဖြစ်တဲ့ ဘားပိုင်ရှင်ရယ်၊ နောက်ပြီးတော့ သူ့ရဲ့သူငယ်ချင်း အားလုံးပေါင်း ၄ ယောက်ပါ။ ကျွန်းသူကြီးရဲ့ညီကိုယ်တိုင်က စစ်တဲ့အခါမှာ သူကိုယ်တိုင် အလောင်းမြင်တွေ့ရတုန်းက မှောက်ခုံကြီး၊ အခု တရားရုံးမှာ တင်ထားတဲ့ဓာတ်ပုံက ပက်လက်လန်ကြီးဖြစ်နေတယ်။ အဲတော့ သူတွေ့တဲ့အချိန်နဲ့ မတူဘူး။ နောက်တခါ သေတဲ့ကောင်မလေးရဲ့ မျက်နှာပေါ်မှာ ကိုယ်သုတ်ပုဝါအကြီးကြီး ရှိနေတာလည်း သူတွေ့တဲ့အချိန်မှာတုန်းက အဲဒီပုဝါမရှိဘူး။ အခုမှ ဒီပုဝါ ဘယ်သူလာဖုံးသွားသလဲ မသိဘူး။ ဒီလိုတော့ ကွဲလွဲချက်တွေ ထွက်နေပါတယ်။ ကျနော်တို့ အခုမြင်တဲ့ဟာတွေမှာတော့ အဲလိုမျိုး ကွဲလွဲချက်ကလေးတွေ တွေ့ပါတယ်။ ဥပမာဆိုပါတော့ အခင်းဖြစ်တဲ့ မြေပုံကို မြေပုံဆွဲတဲ့အခါမှာ ရဲဆွဲထားတဲ့ မြေပုံနဲ့ ကျနော်တို့ရရှိထားတဲ့ မြေပုံနဲ့ဟာ GPS မတူဘူးဆိုတာကို တွေ့ရပါတယ်။”

တရားလိုဘက်က သက်သေ ၆၅ ဦးကို စတင်စစ်ဆေးအပြီးမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေနဲ့ မြန်မာသံရုံးဘက်က တင်ပြထားတဲ့ သက်သေတွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ သက်သေ ၄ ဦးရဲ့ ထွက်ဆိုချက်ဟာ မြန်မာလူငယ် ၂ ဦးကို တရားခံအဖြစ် စွပ်စွဲနိုင်လောက်တဲ့ အချက်တွေ မတွေ့ရသေးဘူးလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။ တရားရုံးကိုတော့ သေဆုံးသူ ၂ ဦးရဲ့ မိသားစုဝင်တွေ လာရောက်နားထောင်ကြပြီး ဗြိတိသျှသံရုံးက ကိုယ်စားလှယ်တွေလည်း လာရောက်ကြတယ်လို့ ဆိုပါတယ်။ ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံသား အသက် ၂၀ ကျော် လူငယ်များဖြစ်တဲ့ ဒေးဗစ်မစ်လာနဲ့ ဟန်နာတို့ဟာ စူးရှချွန်ထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ဟန်နာကတော့ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ထိုင်းရဲတွေက ဟန်နာရဲ့ ကိုယ်ခန္ဓာထဲမှာ တွေ့ရတဲ့ သုတ်ပိုး ၂ မျိုးကို မျိုးရိုးဗီဇ စစ်ဆေးချက်အရ အာရှနိုင်ငံသားများ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ DNA မျိုးရိုးဗီဇ စစ်ဆေးချက်တွေအရ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို တရားခံတွေအဖြစ် စွပ်စွဲခဲ့တာပါ။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတို့သတ်ပါတယ်လို့ ၀န်ခံခဲ့ရပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှဉ်းပန်းပြီး ထွက်ဆိုခိုင်းတာကြောင့် ၀န်ခံရပါတယ်လို့ ပြောဆိုကာ ရဲခံဝန်ကို ပြန်လည် ရုပ်သိမ်းခဲ့တာပါ။ ဒီနောက်မှာတော့ သူတို့ရဲ့ DNA ကို ပြန်လည်စစ်ဆေးဖို့အတွက် တရားရုံးက ပြီးခဲ့တဲ့ဧပြီလကုန်က အမိန့်ချမှတ်ခဲ့တာပါ။ ဇူလိုင်လ ၈ ရက်နေ့ တရားခွင်မှာတော့ စွပ်စွဲခံရသူတွေရဲ့ DNA ပြန်လည်စစ်ဆေးခွင့်ကို တရားရုံးက ခွင့်မပြုတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)

လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသူ ပျဉ်းမနား လွှတ်တော်အမတ် ဦးလှမြင့်ဦးက ပြောဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမယ့်ရက်ကို  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ အခု ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြား ဘာတွေ ကွာခြားမှု ရှိလာနိုင်သလဲ ဆိုတာကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးလှမြင့်ဦး ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင် ကော်မတီအနေနဲ့ ပြည်နယ်နဲ့တိုင်းကပေါ့လေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက်လေ ကိုယ်စားလှယ်လောင်းတွေ စာရင်းကို လျာထားနှင့်တာ အပြီးသတ် မပြီးသေးဘူးခင်ဗျ အဲဒါတွေ။ သူတို့ တိုင်းနဲ့ပြည်နယ်အလိုက်ပေါ့လေ တိုင်းနဲ့ပြည်နယ်အလိုက် သူတို့ ပါတီကနေပြီးတော့ အောက်ခြေပါတီထုအတွက် ချပြတာတို့ ဘာတို့ အဲဒါတွေ လုပ်နေပါတယ်။”

မေး။             ။ အခုလက်ရှိရော ဒီပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုစံနှုန်းနဲ့များ ရွေးချယ်နေပါသလဲ။

ဖြေ။              ။ “ကျနော်တို့ရဲ့ ပထမစံနှုန်းကတော့ မူလအခုလက်ရှိ အနိုင်ရထားတဲ့ အောင်မြင်မှုရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူတို့ကို ဦးစားပေးပါတယ်။ သူတို့ကနေပြီးတော့မှ သူတို့ကျန်းမာရေးအရ သော်လည်းကောင်း၊ တခြား အကြောင်းကြောင်းကြောင့် သူတို့ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် နောက်ထပ် လူထပ်ရှာရတော့မယ်။ လူထပ်ရှာတဲ့အခါမှာ ကျနော်တို့က ဒေသခံတွေကို ပိုပြီးတော့ ဦးစားပေးပါတယ်။ အဲဒီမှာမွေးတဲ့၊ အဲဒီမှာ မကြီးပြင်းရင်တောင်မှ အဲဒီနဲ့ အဆက်အသွယ် မပြတ်ရှိတဲ့ ဒေသခံတွေကို ဦးစားပေးပါတယ်။ ကျနော်တို့ အဲဒီလိုစနစ်နဲ့ ရွေးပါတယ်။ နောက်ပြီးတဲ့ သူ့ရဲ့ စွမ်းဆောင်ချက်ပေါ့လေ ဒီနယ်မြေနဲ့ ပတ်သက်လို့ ဒီနယ်မြေမှာ သူ တာဝန်ကျတဲ့အခါမှာ စွမ်းဆောင်မှု ဘာတွေလုပ်ခဲ့သလဲ၊ ဘာလဲ အဲဒါတွေလည်း ထည့်ပြီးတော့ စဉ်းစားပါတယ်။”

မေး။             ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ်ပေါ့နော် ဒီနှစ်ရွေးကောက်ပွဲနဲ့ကြားမှာ ဘာတွေများ ကွာခြားလာနိုင်ပါသလဲရှင့်။

ဖြေ။              ။ “ကွာခြားလာနိုင်တာကတော့ အရင်တုန်းကတော့ ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းကတော့ ကျနော်တို့နေရာ တော်တော်များများ နိုင်တယ်လေ။ လွှတ်တော်ထဲမှာဆိုရင်လည်း ကျနော်တို့ အများစုက ကျနော်တို့ပဲလေ။ အခုကျတော့ လွှတ်တော်ထဲမှာ ပါတီကလည်း ၁၆ ခုလောက်ရှိသွားပြီ။ ဒီထဲမှာ ဒုတိယအများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့ သူကလည်း အင်အားကောင်းတဲ့ ပါတီကြီးဖြစ်ပါတယ်။ ဖြစ်တဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာကျရင်တော့ သူတို့ကလည်း နေရာလေး တော်တော်ယူပါလိမ့်မယ်။ အောင်နိုင်တဲ့နေရာလေး တော်တော်များပါလိမ့်မယ်။ အဲလို ကျနော်တော့ ယူဆပါတယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ကလည်း အကြိတ်အနယ် ပြိုင်ရပါလိမ့်မယ်ခင်ဗျ။ သူတို့နဲ့လေ။ တိုင်းရင်းသားပါတီတွေကလည်း သူ့နယ်မြေမှာတော့ သူ့ဟာနဲ့သူကတော့ သူတို့လည်း ပေါ်ပြူလာဖြစ်နေကြတာပဲ။ သူတို့နေရာတွေမှာကတော့ ကျနော်တို့ သိပ်ပြီးတော့ ကျနော်အထင်တော့ အပြောင်းအလဲ သိပ်ရှိမယ် မထင်ဘူးလေ။ သူတို့ဘက်ကပဲ သူတို့ရှိမှာပါ။ အရင် ကျနော်တို့ ပြည်ခိုင်ဖြိုးက အများစုရထားတဲ့ နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ တော်တော်ပြိုင်ရမှာပါ။”

မေး။             ။ နောက်တခုက ဒီလူထုအကြိုက်ပေါ့နော် ပါတီအနေနဲ့ လူထုကြားမှာ ရေပန်းစားမှု အနေအထားရော အန်ကယ်လ်တို့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။              ။ “ရေပန်းစားမှု အနေအထားကတော့ ၂၀၁၀ တုန်းကတော့ ကျနော်တို့က အသင်းကနေပြီးတော့ ပါတီအဖြစ် ပြောင်းပြီးတော့ အရှိန်အဟုန်နဲ့ ကျနော်တို့လုပ်တယ်။ နောက်ပြီးတော့ ပြိုင်ဘက်ကလည်း သိပ်ပြီးတော့ သိပ် strong မဖြစ်ဘူးပေါ့လေ။ အခုကျတော့ ပြိုင်ဘက်ကလည်း strong ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်တာကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ပိုလုပ်နိုင်ပါတယ်။ ကျနော်တို့ကလည်း ဟို တခြားအဖွဲ့အစည်းတွေပေါ့လေ လူထုအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ လုပ်ကြတဲ့အခါမှာ ဒီအစိုးရကလည်း ပြည်ခိုင်ဖြိုးပါတီက တင်ထားတဲ့အစိုးရ၊ ဒီအစိုးရရဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေဟာလည်း ကျနော်တို့ပါတီကို ရောင်ပြန်ဟပ်လာစေပါတယ်။ အဲတော့ ပြည်ခိုင်ဖြိုးအနေနဲ့ ကျနော်တို့လုပ်နေတာတွေ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကတော့ ဆက်လုပ်နေဦးမှာပဲ။ ဒီအရှိန်အဟုန်ကတော့ မကျသွားပါဘူး။”

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com