07/15/15


မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၁၀၀ ကျော်ကို အစိုးရက Permanent Resident (PR) ကဒ်တွေ တရားဝင် စတင် ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခု အမြဲတမ်းနေထိုင်ခွင့်ရသူ အများစုက မြန်မာနိုင်ငံသားဟောင်းတွေဖြစ် ပြီး၊ နောက်ထပ် လျှောက်ထားသူတွေကိုလည်း ထပ်မံထုတ်ပေးဖို့ စိစစ်နေပြီဖြစ်တဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိဖို့အတွက် ဘာတွေလိုအပ်သလဲ ဆိုတာနဲ့ ဘယ်လိုအခက်အခဲတွေများ ရှိနေလဲဆိုတာကိုတော့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက မမေခက သတင်းပေးပို့ထားပါတယ်ရှင်။

PR လျှောက်ထားသူ အများစုက နိုင်ငံသားဟောင်းတွေများပြီး ရရှိသူတွေထဲမှာလည်း နိုင်ငံသားဟောင်းတွေ အများဆုံး ရရှိတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

PR လျှောက်ထားသူတွေကို ၅ နှစ် နေထိုင်ခွင့်နဲ့ နေထိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနေထိုင်ခွင့်နဲ့ ပတ်သတ်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန နိုင်ငံခြားသားများ ရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်း က အခုလို ပြောပါတယ်။

“ခွင့်ပြုတာကတော့ ၅ နှစ် ဒါပေမဲ့ ၁ နှစ် ၁ ခါ သက်တမ်းပြန်တိုးရမယ်။ အဲဒီတော့ စထုတ်ပေးတဲ့ လက်မှတ်တို့၊ ကဒ်တို့ရဲ့ သက်တမ်းကို ၁ နှစ်ပဲ ပေးထားတာ။ ၁ နှစ်ပြီးရင် လာပြီးတော့ လက်မှတ်ကို သက်တမ်းတိုး၊ အဲဒါဆိုရင် နောက်ထပ် ၁ နှစ် တိုးပေးမယ်၊ ကဒ်လည်း အသစ်ပေးမယ်။”

ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းများနဲ့ နိုင်ငံသားနဲ့ ဆက်စပ်သွေးနှောသူများ စတဲ့ အမျိုးအစား ၄ ခုကို ဒီစနစ်နဲ့ နေထိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။ အမည်မည်း စာရင်းဝင်သူတွေ၊ တခြားနိုင်ငံတခုမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူတွေနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ လ၀က က ထုတ်ပြန်ပါတယ်။ PR လျှောက်သူအနေနဲ့ နိုင်ငံသားဟောင်းဖြစ်ပါက တနှစ်လျှင် ဒေါ်လာ ၅၀၀၊ နိုင်ငံခြားသားဖြစ်ပါက တနှစ်လျှင် ဒေါ်လာ ၁၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး၊ မိသားစုအနေနဲ့ ကလေး ပါဝင်ပါက အသက် ၇ နှစ်အထက် ကလေး ပါဝင်ရင် တနှစ်ကို ဒေါ်လာ ၃၀၀ ပေးရမှာ ဖြစ်ပါတယ်။ ၇ နှစ်အောက် ကလေးတွေကိုတော့ ငွေကြေးတစုံတရာ ကောက်ခံခြင်း မပြုဘူးလို့ လ၀က က ပြောပါတယ်။ အခုလက်ခံလိုက်တဲ့ အမျိုးအစား ၄ ခုမှာ နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားနဲ့ ဆက်စပ်တဲ့ သွေးနှောသူတွေအနေနဲ့ PR လျှောက်ထားရာမှာ နိုင်ငံသားဟောင်းတွေလိုတော့ ချက်ခြင်း လျှောက်ခွင့်မရပါဘူး။ နိုင်ငံခြားသားတဦးအနေနဲ့ မြန်မာနိုင်ငံမှာ ၃ နှစ်အထက် သက်တမ်းတိုး နေဖူးပြီးသူမှသာ PR ကို လျှောက်ခွင့်ရှိပြီး၊ နိုင်ငံသားနဲ့ဆက်စပ်တဲ့ သွေးနှောသူတွေ အနေနဲ့လည်း ဒီနိုင်ငံမှာ ၂ နှစ် အထက် နေထိုင်ဖူးသူမှသာ PR ကို လျှောက်ခွင့်ရှိပါတယ်။

အခုလက်ရှိ PR ရရှိသူတွေဟာ ဒီနှစ်ဇန်နဝါရီလမှ မတ်လအတွင်း လျှောက်ထားခဲ့သူတွေဖြစ်ပြီး၊ ဒီထဲကနေ စိစစ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လျှောက်ထားသူ ၁၃၀ ကျော်ထဲမှာ ၁၂၀ ကျော်ကို ပထမသုတ်အနေနဲ့ နေထိုင်ခွင့်ပေးခဲ့တာပါ။ ဒုတိယသုတ်အနေနဲ့ မတ်လမှ မေလအတွင်း လျှောက်ထားသူ ၅၉ ယောက်ရှိပြီး၊ ဒီလျှောက်ထားသူတွေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောပါတယ်။ PR လျှောက်သူတွေ ရရှိမယ့် ခံစားခွင့်နဲ့ ပတ်သတ်ပြီး သူက အခုလို ပြောပါတယ်။

“ဗီဇာကို ခဏခဏ သွားယူနေရတော့ နံပါတ်တစ်ပေါ့ သူ့အတွက် ဗီဇာသွားယူစရာ မလိုတော့ဘူး။ သူ့ပတ်စ်ပို့နဲ့ PR ကဒ်ပြားနဲ့ကို တွဲပြီးတော့ ပြရုံပဲ။ အဲဒါကြောင့် အကြိမ်ကြိမ် ၀င်ထွက်နေတဲ့ သူတွေအတွက်က နံပါတ်တစ် အဆင်ပြေသွားတာပေါ့။ အဲတော့ နောက်ပိုင်းမှာ သူတို့ ကွန်ဒိုတိုက်ခန်းတွေ ၆ ထပ်အပေါ် အထက်ဆိုလို့ရှိရင် သူတို့ ၀ယ်လို့ရမှာပေါ့။ သူ့မိသားစုပါ ခေါ်လာမယ်ဆိုလို့ရှိရင် အဲဒီ PR ယူတဲ့ လူအတွက်ကို သီးခြား သူတို့ PR အိမ်ထောင်စုစာရင်းအနေနဲ့ ဆောင်ရွက်ပေးမယ်။”

PR လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတဦးကတော့ PR လျှောက်တာမှာ ကြုံတွေ့ရတဲ့အခက်ခဲနဲ့ ရလာတဲ့ အကျိုးကျေးဇူးတွေကို အခုလို ပြောပါတယ်။

“သူ့ Procedure အတိုင်း စောင့်ရတာ နည်းနည်းတခုပေါ့နော်။ အခါတိုင်းဆိုလို့ရှိရင် ဒီမှာကကျတော့ Social အနေနဲ့ နေရတာပေါ့။ Social အနေနဲ့ နေရတဲ့အခါကျတော့ ကျနော်တို့က ဒီမှာဆိုရင် ဘာပဲပြောပြော နိုင်ငံခြားကို ပြန်ထွက်တာ၊ ပြန်ဝင်တာ ဆိုလို့ရှိရင် သက်ဆိုင်ရာ သံရုံးတွေမှာ ပြန်ပြန်လျှောက်ရတယ်လေ။ အဲဒီအခါကျရင် တခါတလေ processing က လေးပတ်လောက်ကြာတယ်။ တခါတလေကျလည်း နှစ်ပတ်လောက်ပဲ ကြာတယ်။ တခါတလေကျတော့လည်း ၃ ရက်လောက်နဲ့တင် ပြီးသွားတာပေါ့။ ဌာနဆိုင်ရာတွေကို ၀င်ရတဲ့ ဒုက္ခတွေတော့ နည်းနည်းတော့ လွတ်ကင်းသွားတာပေါ့။ ခံစားတာ မခံစားတာကတော့ စောစောကပြောသလို visit တို့ အခြား ဗီဇာတွေနဲ့ နေမယ်ဆိုလို့ရှိရင် အိမ်မှာနေထိုင်ခွင့် မရှိတာမျိုးတွေ ရှိတယ်လေ။ PR နဲ့ဆိုရင်တော့ ကိုယ့်မိသားစုအိမ်ကို ကိုယ် အေးအေးဆေးဆေး နေထိုင်လို့ရ တယ်ပေါ့နော်။ အခု ဒီ PR ရတဲ့အတွက်ကြောင့်မို့လို့ ဒီနိုင်ငံမှာ ဘာပဲပြောပြော တရားဝင် ကားမောင်းလို့ရတယ်၊ ကားဝယ်လို့ရတယ်။ ပိုင်ဆိုင်မှုအတွက်ကို ၀ယ်လို့ရတဲ့ဟာမျိုးတွေ တရားဝင် ဖြစ်တာပေါ့နော်။”

PR ရရှိသူတွေအနေနဲ့ ခံစားခွင့်အရ ဗီဇာယူစရာမလိုဘဲ လာရောက်နိုင်သလို၊ ဒီမှာနေထိုင်စဉ် အတွင်းမှာလည်း ဧည့်စာရင်းတိုင်စရာ မလိုဘဲ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ဝယ်ယူခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။ PR နဲ့ နေထိုင်တဲ့သူတွေအနေနဲ့ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိသလို ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်၊ ကိုယ်စားလှယ် အဖြစ်လည်း ၀င်ရောက်ခွင့် မရှိကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်။

မေခ
http://burmese.voanews.com/content/burmese-pr-status/2861132.html


လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ပုဒ်မ ၃ခုနဲ့ အရေးယူခံထားရတဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို ဇူလိုင် ၁၄ရက်က ရွှေပြည်သာတရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် တရားလိုပြသက်သေတွေ ရောက်မလာခဲ့ပြန်ပါဘူး။ အလုပ်သမားဆန္ဒပြမှုဟာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဘယ်လိုသက်ဆိုင်သလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လုပ်အားခနည်းနေတဲ့အတွက် စားဝတ်နေရေးအဆင်မပြေတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားနေတာဟာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဆန္ဒမပါတာသလို မြန်မာပြည်မှာ အလုပ်သမားဥပဒေဆိုတာ စာအုပ်ထဲမှာပဲ ရှိတယ်လို့ ကိုကျော်လွင်ဦးက ပြောပါတယ်။

နိုင်ငံတော်ကို အကြည်ညိုပျက်စေရင်လည်း တရားလိုကို စစ်ဆေးပြီး အမိန့်ချတာတွေ ဆောင်ရွက်သင့်ပေမယ့် ရုံးချိန်းတွေများပြီး တစ်ကြိမ်သာ စစ်ဆေးရသေးတယ်လို့ ကိုနိုင်ဌေးလွင်ရဲ့ အမေဖြစ်သူ ဒေါ်ကြည်ညွန့်က ပြောပါတယ်။

ရုံးချိန်းတွေမှာ မိသားစုနဲ့ ပေးမတွေ့တာကလည်း အမှုပိုကြီးအောင်လုပ်နေတာဖြစ်ပြီး ဒီလိုတွေ့ခွင့် မပေးတာဟာ အာဏာအလွဲသုံးစားလုပ်နေတာလားမသိပေမယ့် ဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။

အဖမ်းခံထားရသူ နှစ်ယောက်ကို တွေ့ဖို့ရောက်လာတဲ့ အလုပ်သမားခေါင်းဆောင် အေးမြသဇင်ကတော့ သူတို့အနေနဲ့ မတရားတောင်းဆိုနေတာ မဟုတ်သလို အခြေခံလစာ ၃၆ဝဝ ရရှိရေး ကြိုးစားနေချိန်မှာလည်း အီလန်မြန်မာစက်ရုံမှာ စည်းကမ်းမလိုက်နာမှုနဲ့ အလုပ်သမား ၆၂ယောက်ကို မတရားအလုပ်ထုတ် လိုက်သေးတယ်လို့ ဆိုပါတယ်။

Kamayut Media



အစိုးရအနေနဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကားတင်သွင်းခွင့်ပါမစ်တွေ ချပေးခဲ့တဲ့နောက်ပိုင်း ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတာဟာ ခုံးကျော်တံတားတွေ ဆောက်လုပ်ပေမယ့်လည်း ထူးခြားမလာတော့ပါဘူး။ လမ်းကြပ်မှုတွေဟာ နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေလည်း စိတ်ညစ်ရသလို အငှားယာဉ်မောင်းသမားတွေရဲ့ စားဝတ်နေရေးကိုလည်း ထိခိုက်လာပါတယ်။

အငှားယာဉ်မောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရား မြောက်ဖက်မုဒ်က တက္ကစီအသင်းဝင်ပေါင်း ၆ဝ ကျော်လောက်ရှိတဲ့ သွေးဆေးကန် taxi family ကိုသွားပြီးလေ့လာမိတဲ့အခါ နေ့စဉ် owner ကြေးပေးပြီး လုပ်ကိုင်နေသူတွေဟာ ပိုပြီးအထိနာနေတယ်လို့ ပြောပြခဲ့ကြပါတယ်။

ယာဉ်ကြောတွေအရမ်းကြပ်လာလို့ owner ကြေးနဲ့ ဆီဖိုးရအောင် တော်တော်လေးရုန်းကန်နေရပြီး ကိုယ့်အိတ်ထဲက မစိုက်ရအောင် ကြိုးစားနေရတယ်လို့ ဆိုလာသူက အငှားယာဉ်မောင်း ကိုတင်မောင်မောင်ပါ။

ဆီဈေးကိုဂရုစိုက်နေရတဲ့ကြားထဲ တက္ကစီရပ်နားထားဖို့ သီးသန့်သတ်မှတ်ပေးထားတဲ့ နေရာမရှိဖြစ်နေပြီး လိုင်စင်ထပ်ဝင်ရသလိုမျိုး City Taxi ဆိုပြီး မထသက နှစ်စဉ်ကြေးကောက်တာတွေလည်း ရှိသေးတယ်လို့ ပြောပြပါတယ်။

၇နှစ်လောက်ကြာအောင် တက္ကစီမောင်းလာခဲ့တဲ့ ကိုဇော်မင်းဦးကတော့ အရင်နဲ့အခု owner ကြေး အတူတူဖြစ်ပေမယ့် နေရာအတော်များများမှာ ကားတွေကြပ်နေတာမို့ လမ်းကြောင်းမှားပြီးလိုက်မိရင် တစ်ရက်လုံးကို အော်ဒါတစ်ခုတည်းနဲ့ ပြီးသွားတာမို့ ကားသမားတွေ တော်တော်ဒုက္ခခံနေရတယ်လို့ ဆိုပါတယ်။

တက္ကစီသမားတွေဟာ ကြိုးစားပြီးငွေရှာမှ ထမင်းစားနိုင်ရုံသာ သူတို့အတွက်ကျန်သလို ယောက်ျားတစ်ယောက်တည်း ရှာတဲ့ဝင်ငွေဟာ မိသားစုအတွက် အဆင်မပြေတော့ဘူးလို့ ကိုဇော်မင်းဦးက ပြောပါတယ်။ လက်ရှိအခြေအနေအရ တက္ကစီသမားတွေထဲမှာ owner တွေသာ တောင့်ခံနိုင်တာမို့ အငှားသမားတွေကတော့ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးတွေရှိနေတာကြောင့် အားလုံးကံကောင်းပါစေလို့ သူက ဆုတောင်းပေးခဲ့ပါတယ်။

Kamayut media

11737998_10207514657211111_5197806323988918929_n
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းတုန်းက ဆေးလိပ်နှင့် ကွမ်းယာ ယူဆောင်ခဲ့သောကြောင့် ကျောင်းသား ၇ ဦး တိုက်ပိတ်ခံရပြီး တိုက်ပိတ်ခံခဲ့ရပါတယ်။

သူတို့ဟာ ထောင်တွင်း ဆေးလိပ်နဲ့ကွမ်းယာ ယူဆောင်မှုနဲ့ တိုက်ပိတ်ခံခဲ့ရတာလို့ တိုက်ပိတ်ခံရသူ ကိုရန်ပိုင်စိုးက ပြောပါတယ်။

“ကျနော်တို့ ထောင်ထဲကို တရားမ၀င်ပစ္စည်းသွင်းတယ်ဆိုပြီးတော့ ကျနော်တို့ကို တိုက်ပိတ်တာ။ ကျနော်တို့ဆီကနေ ဆေးလိပ်တွေမိတာ။ ဆေးလိပ်မိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ပထမ ၂ ခေါက်ဆေးလိပ်သယ်တော့ ထောင်ပိုင်ကနေပြီး အရေးယူခြင်း တစုံတရာ မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ကို ပြောတယ်။ အရင်က ကျနော်တို့ ၃၅ ယောက်ကို ထောင်ဝင်စာ ပိတ်လိုက်တယ်။ သူပါးစပ်ကနေ အရေးမယူဘူးပြောပြီး ကတိကို ချိုးဖောက်တဲ့အတွက် ကျနော်တို့ သပိတ်မှောက်တာတဲ့အတွက် ကျနော်တို့ကို တိုက်ပိတ်တာဖြစ်တယ်ခင်ဗျာ။ ”

တိုက်ပိတ်ခံခဲ့ရသူတွေကတော့ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုဟိန်းဇော်ဝင်း၊ ကိုကျော်စွာလွင်၊ ကိုအောင်မြင့်ဟန်၊ ကိုအောင်မြင် နဲ့ ကိုခန့်အောင်တို့ တိုက်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို တိုက်ပိတ်ချိန် ပြုမူခဲ့တာနဲ့တပ်သက်ပြီးတော့ ကိုရန်ပိုင်စိုးက “ဖြစ်စဉ်လေးကို ကျနော် ပြောပြချင်ပါတယ်။ ကျနော်တို့ကို ရောက်ရောက်ချင်းမှာ ၂ နာရီထိုးလောက်မှာ ကျနော်တို့ကို တိုက်ထဲ ထည့်လိုက်တယ်။ အဲဓီကြားထဲမှာ ကျနော်တို့ကို ရေမတိုက်ဘူး ထမင်းမကျွေးဘူး။ ည ၆ နာရီကျော်မှ ကျနော်တို့ကို ရေစတိုက်တယ်။ ထမင်းကျွေးတယ်။ တံမံတလင်းမှာ ဒီတိုင်းပဲ အဲဒီညက အိပ်ခိုင်းတယ်။ နောက်နေ့မှာ ခြင်ထောင်ပါဘူး ကွပ်ပျစ်နဲ့ထားတယ်။ နောက်တနေ့ ကျနော်တို့ရဲဘော်ကနေ ပို့လိုက်တဲ့ အစားအသောက်ကို ကျနော်တို့ကိုမကျွေးဘူး။ ထောင်ပုံစံနဲ့ ပဲကြွေးတယ်။ မနက်ပိုင်း မျက်နှာသစ်ချိန်ကို နောက် ၃ ရက်လောက်မှပေးတယ်။ ညနေ ရေချိုးချိန်ကို နာရီဝက်လောက်ပေးတယ်ခင်ဗျာ။” လို့ ပြောပါတယ်။

ဒီကျောင်းသား ၇ ယောက်ကို ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ တိုက်ပိတ်ပြစ် ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိုက်ပိတ်မှုမရှိတော့ဘူးလို့လည်း ပြောပါတယ်။

ကျောင်းသားတွေ ဆေးလိပ်ကွမ်းယာ ယူသွင်းမှုကြောင့် တိုက်ပိတ်ခံရတာနဲပတ်သက်ပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုင်စာ ၂ စောင် ရောက်တဲ့အတွက် ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့က သွားရောက်မေးမြန်းစုံစမ်းခဲ့ပါတယ်။

သွားရောက်စုံစမ်းရမှာ ပါဝင်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မင်း ဒေါက်တာ ဥာဏ်ဇော်က “တိုက်ပိတ်တယ်ဆိုတာကလည်း ထောင်စည်းကမ်းအရ သီးခြားထား လိုက်တာပဲ ရှိပါတယ်။ တိုက်ပိတ်သလိုကြီးတော့ မဟုတ်ဘူး။”လို့ ပြောပါတယ်။

ဒါ့အပြင် ထောင်တွင်းဆေးလိပ်နဲ့ကွမ်းယာ ကန့်သတ်တာဟာ ၂၀၁၁ နောက်ပိုင်း သမ္မဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းမှ ကန့်သန့်တာဖြစ်တဲ့အတွက် ထောင်တွင်းမှာ စည်းကမ်းချက် သတ်မှတ်တာဖြစ်တယ်လို့လည်း ဒေါက်တာ ဥာဏ်ဇော်က ပြောပါတယ်။

By နော်နိုရင်း/DVB
http://burmese.dvb.no/archives/102698

မြန်မာနိုင်ငံသည် စီးပွားရေးအရ တိုးတက်လာသည်ဆိုသော်လည်း ယင်းနှင့်အတူ ဆင်းရဲချမ်းသာ ကွာဟမှုက ပို၍ နက်ရှိုင်းလာနေသည် အဖြစ်ကို ကြည့်က အဆိုပါ တိုးတက်မှုများသည် ပြည်သူများအတွက် ဘာမှ အကျိုးခံစားခွင့် မရရှိသေးသည့် အဖြစ်က သေချာသည်။ ပိုက်ဆံ ရှိ လူတန်းစားပင် ပို၍ ချမ်းသာလာကြရသည်။ ပညာရေး နှင့်၊ ကျန်းမာရေး ကဏ္ကများကို ကြည့်က သိသာနိုင်သည်။

တနိုငိငံလုံးက ထုတိလုပ်နေသော လျပ်စစ်ဓါတ် မီဂါဝတ် ပမာဏကိုပဲ ကြည့်ပါ အမေရိကန်ရှိ မြို့ကြီးတမြို့စာလောက်ပင် ရှိနေသေးသည်။ တနေ့ အမေရိကန် ၂ ဒေါ်လာ အောက် သာ ၀င်ငွေ ရှိသူများကို ဆင်းရဲတွင်းနက်နေသူများဟု ကမ္ဘာက သတ်မှတ်ထားရာ မြန်မာပြည်တွင် သန်းပေါင်းမည်မျ ရှိနေပြီလဲ။

လာတ်စားမှုများက မည်မျထိ ထူပြောလာနေသနညိး။.တိုက်ဖျက်ရန် မစဉ်းစား။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မည်သည့် စစ်ဘက် နယ်ဘက် အရာရှိ ကြီးကြီး မာစတာထဲက အဘယ်သူများ အရေးယူ ခံခဲ့ရသနည်း။ စဉ်းစားကြည့်ပါ အရေးယူဘို့နေနေသာသာ အားပေးအားမျြောက်စကားများပင် ပြောနေပေသေးသည်။

မြန်မာသည် ရေနံစိမ်းများကို ပြည်ပမှ ၀ယ်ယူတင်သွင်းနေရဆဲ ဖြစ်သည်မို့ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းကျ၍ ယခင်က တရာခန့် ပေးနေရာက ၆၀ လောက်သာ ပေးဝယ်ရပေတော့ရာ ပိုထွက်လာသော ပိုက်ဆံများ ဘယ်မှာသုံးစွဲနေကြသနည်း။ ဦးအောင်သောင်းလို အရေးပေါ်ဖြစ်က စင်္ကာပူမှ အထူး.သူနာပြု.လေယာဉ်ကြီး ဒေါ်လာ သိန်းချီပေး ငှားနိုင်ဘို့ စုများ ထားကြလေသလား။

ပြည်သူများ၏ အိပ်ကပ်ထဲမှ ခိုးယူကာ နိုင်ငံခြားဘဏ်များတွင် အမည်မပေါ် အပ်နှံထားကြသော ဒေါ်လာ ၁၁ ဘီလီယံကိစ္စ သတင်းစာများက ရှင်းပေးရန် လူသိရှင်ကြား အော်ဟစ်တောင်းဆိုနေသည့် အရေးကိုလည်း ၎င်းတို့နှင့် လားလားမှ မဆိုင်သလို လုပ်နေကြပြန်ပေသည်။

နယ်စပ်ဒေသရှိ လူထုခမျာလည်း ဟိုနေရာက ပြစ်၊ ဒီနေရာက ပြစ် နေမှုများကြောင့် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုထက်တိုင် ကျီးလန့်စားစား ပြေးလွှားနေရတုန်းဖြစ်ပြီး အကြီးအကျယ် ကြွားဝါထားခဲ့သော အပြစ်အခတ်ရပ်စဲရေးက တယောက်မျပင် စကားထဲ ထည့်မပြောကြတော့ပေ။

သို့အတွက် လာမည့် ၅ လ ကျော်တွင် မိမိတို့ဘ၀သည် ပိုမိုကောင်းမွန်သော အစိုးရ လက်အောက်တွင် နေရတော့မည် အဖြစ်ကား ကြိမ်းသေသလောက်ရှိနေရသော်ငြားလည်း ပြည်သူတရပ်လုံးက ရင်တထိတ်ထိတ်နှင့် ဖြစ်နေရသည်။ အဘယ့်ကြောင့်နည်း။

ရှင်းပါသည်။ ပြည်သူများအား ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မပေးလိုကြသော အာဏာဆုပ်ကိုင်ထားသည့် လက်ဆယ်ချောင်းပင် မပြည့်သော အရည်အတွက်ရှိ လူများက နည်းမျိုးစုံဖြင့် ညစ်ရန် နေတဒူဝဘစဉ်းစားတွေးခေါ် လုံးပမ်းလာနေကြခြင်းကို မြင်တွေ့နေရသောကြောင့်ပင်။

ညစိ၍ မရသည့်အဆုံး ၎င်းတို့လက်ကိုင်ဒုတ်အဖြစ် နှစ်ရှည်လများ အသုံးချလာသည့် တပ်မတော်ဆိုသည့် လက်နက်ကိုင် အဖွဲ့အစည်း၏ အကာအကွယ်ကို ယူ၍ အာဏာကို ဆက်လက်ကိုင်စွဲ ထားနိုင်ရေး အတွက် အခြေအနေများ ဖန်တီးပြစ်ရန် လည်း ဆင်ကြံ ကြံနေကြသည့် အဖြစ်ကို ၎င်းတို့နှင့် နှစ်ပေါင်း ၅၀ ကျော်မျ မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် လူထုကြီးက ယဉ်ပါးပြီးသား ဖြစ်နေပေသည်။

ထိုကဲ့သို့သော မရေရာမှုများကြောင့် ပြည်သူများရင်ဝယ် တိုင်းပြည်အရေး ဒုံးဒုံး မချနိုင်။ အောင်ပွဲက လက်တကမ်းသာ လိုတော့သည့် အခုလို အချိန်တွင်ပင် ရတက်မအေးနိုင်ဖြစ်နေရသည်။

ဖိနှိပ်သူများမှ လက်နက်အားကိုးဖြင့် ပြည်သူတို့၏ ခေါင်းထောင်ထလာနေသော စစ်က္ဈန်ဘ၀မှ လွတ်မြောက်ရေး အခုလို လက်တကမ်းသာ လိုသည့် တိုက်ပွဲကြီးကို ချေမှုန်းရန် အစွမ်းကုန် နည်းမျိုး စုံသုံး၍ ဖြိုခွင်းရန် ကြိုးစားလာနေပေသည်။

အဆိုပ့ါ အမျိုးသားရေး တိုက်ပွဲကို ၁၉၈၈ နောက်ပိုင်း အစဉ်တဆိုက် ဦးဆောင်လာခဲ့သသသည့် အဖွဲ့အစည်းကို ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲံချုပ်ကိုသာလျင် တွေ့ရပေမည်။

ယခု မြန်မာ့နိုင်ငံရေး မျက်နှာစာတွငင် ဒေါ်အောင်ဆန်းစုကြည် နှငင့် ဒီချူ ပ် ပေါ်မလာဘူး ရှိကို မရှိခဲ့ဘူးဟု စိတ်ထဲတွင် မှတ်ယူပြီး တွေးကြည့်လိုက်စမ်းပါ၂၀၁၅ နောက်ပိုင်း ဘာဖြစ်နိုင်မည်လဲ မညာတမ်း သုံးသပ်ကြည့်ပါလေ။

သူမကဲ့သို့ နိုင်ငံတကာမှ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရဲအောင် ယုံကြညိမှု ရရှိခံရသူ၊ တိုင်းပြည် တိုးတက်ကြီးပွားလာအောင် ကိုယ်ကျိုးမဖက်မည့် ဥပမာ ဆိုရက ဦးဖြူ တယောက်လည်း ရှိနေပါရက်နှင့် မိမိတို့က သူမ မှ သူမ ဗိုလ်ချူ ပ်သမီးဖြစ်၍ တိုင်းပြည်ခေါင်းဆောင် ဖြစ်ရမည်။ မဲထည့်ကြပါ ဟု ဆိုလာပါက ပါတီစွဲ၊.ပုဂ္ဂိုလ်စွဲ မကင်းသည့် သူငယ်နာ မစင်သော လုပ်ရပ်ဟု ပြောနိုင်သည်။ အခုအခြေအနေက ထို့သို့မဟုတ်။ ပြေးကြည့်က ဘယ်သူမျ မမြင်။ ထို့အတွက် လူအများက သူမ မှ သူမ ဖြစ်မယ်ဟု.ပြောနေရခြင်းပင်သာတည်း။

ယခုအချိန်သည် ပါတီနိုင်ငံရေး ဆိုသည်မှာမရှိ အမျိုးသား လွတ်မြောက်ရေးအတွက် လှုပ်ရှားရုန်းကန်နေသော အမျိုးသား နိုင်ငံရေးသာ ရှိသည်။

အမျိုးသား လွတ်မြောက်ရေးအတွက် ချီတက်ရာလမ်းတလျောက်တွင် ကန့်လန့်ခံနေသော သစ်ပင်ကြီးအား ဖြိုလှဲရာတွင် အကိုင်းအဖျားလောက်ကို ခုတ်ထွင်ရန် မရည်ရွယ်။ တပင်လုံးအား အမြစ်မှ နှုတ်ရန် လုံးလပြု အားထုတ်နေသော အမှုတွင် ကိုယ်စီကိုယ်ငှ ပေါက်ဆိန်၊ ဓါး၊ လွှ ကိုင်ဆွဲ၍ တယောက်တလက် နိုင်သလောက် ရှင်းလင်းမှသာ အမြစ်ပြတ်နိုင်ပေသည်။

သို့အတွက် ပြည်သူများ အနေဖြင့် မဲစာရင်းကို သေချာစွာစစ်ဆေးပြီး မဲပေးခွင့် ရှိသူ မိမိ အိမ်ထောင်စုမှ တယောက်မကျန် ကြိမ်းသေ မဲပေးခွင့် ရထားရန် ကြိုးပမ်းကြခြင်းဖြင့် မိမိ အထက်က ဆိုခဲ့သလို ပေါက်ဆိန်၊ ဓါး၊.လွှ ဆွဲကိုင်၍ တနိုင်တပိုင် ၀င်ကူရာ ရောက်ပေလိမ့်မည်။

မဲပေးသည်ကို လေ့လာစောင့်ကြည့်ကြသော သူများအနေဖြင့်လည်း မဲရုံတရုံခြင်း သို့မဟုတ်က မြို့နယ်အလိုက် တရားဝင် ထုတ်ပြန်သော ရလာဒ်များကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာများမှတဆင့် တင်ပြခြင်း ပြု လုပ်သင့်သည်။ သို့မှသာ နောက်ပိုင်းတွင် မဲအရည်အတွက်ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လိမ်လည်၍ ခဲယဉ်းကုန်ပေမည်။

ပြည်ပနိုင်ငံများမှလည်း မမှန်မကန် နည်းဖြင့် အနိုင်ရလာပါက အသိအမှတ်ပြု မည်မဟုတ်ဟု ပြတ်ပြတ်သားသား ကြေငြာချက် အခုထဲက ထုတ်ပြန်အောင် သက်ဆိုင်ရာ သံရုံးများကို ဖိအားပေးသင့်သည်။

သမာသမတ်ကျစွာဖြင့် ဆောင်ရွက်ရမည့် အခရာကျလှသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဆိုသူမှာလည်း ပြည်သူများ၏ ယုံကြည်မှုက သုံညအောက်သို့ပင် ဆင်းနေသည့် လူ ဖြစ်နေရရာ အားလုံးမှ နှစ်ဆ တိုး၍ လုံးပမ်းကြရမည်သာ ဖြစ်တော့သည်။

HSW
BrainWave ဉာဏ်လှိုင်း

 utinaye-mpc-620.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး သတင်းမီဒီယာသမားတွေကို တွေ့ဆုံရှင်းလင်းနေစဉ်

ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံတွေမှာ လွတ်လပ်စွာ မှတ်တမ်းယူခွင့်ပြုဖို့အတွက် ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရေးနဲ့ ပညာပေးမိတ်ဖက်များအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့တာလို့ ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့ဝင် New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာက ပြောပါတယ်။

"မဲရုံအတွင်းကို ကင်မရာတွေ၊ အသံဖမ်းတဲ့ဟာတွေ ယူသွားလို့မရဘူး ဆိုတဲ့ဟာတွေရှိတော့ ကျမတို့က တောင်း ဆိုချင်တာက မဲပေးပြီးတဲ့အချိန်မှာရိုက်ရင်ရော ဒီညနေ ၄ နာရီနောက်ပိုင်းမှာ ဆိုလို့ရှိရင်ရော မှတ်တမ်းယူလို့ ရမလားပေါ့၊ အဲ့ဒါလေးတွေ ဆွေးနွေးဖြစ်ပါတယ်"

ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံတွေထဲကို ကင်မရာ၊ အသံဖမ်းစက် ယူဆောင်ခွင့်မပြုဆိုတဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအရ မဲရေတွက်တဲ့အချိန်မှာ မှတ်တမ်းတင်ဖို့ အခက်အခဲရှိနိုင်တာကြောင့် အခုလိုတောင်းဆိုတာလို့ ပြောပါတယ်။ ဒီတောင်းဆိုချက်တွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြန်လည်စဉ်းစားပေးမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ ကချင်ပြည်နယ်ကလွဲပြီး ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၃ ခု မှာ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA

ပန်းချီဆရာကြီးဦးကျော်ညွန့်သည်ကျွန်တော်မင်းသားမဖြစ်ခင်ကတည်းကအလွန်လေးစားမိသောပန်းချီပညာရှင်ကြီးတစ်ဦးလည်းဖြစ်သည်။
ရုပ်ရှင်လောကမှရုံတင်ပိုစတာများ ကြော်ငြာပိုစတာများဝတ္ထုမျက်နှာဖုံးများအားပရိသတ်အပေါင်းတို့၏နှလုံးသားထဲဆွဲ ဆောင်မှုအပြည့်ပေးခဲ့သောပန်းချီပညာရှင်ကြီးတစ်ဦးဖြစ်သလိုကျွန်တော့လိုပန်းချီဝါသနာရှင်တစ်ဦး အတွက်လည်းအလွန်လေးစားနှစ်သက်မြတ်နိုးသောပညာရှင်ကြီးတစ်ဦးလည်းဖြစ်ပေသည်။

ကျွန်တော်ရေးဆွဲခဲ့သည့်"ဘ၀ဈေး"ဟူသောပန်းချီကားပါဝင်သည့်ပန်းချီကိုမိုက်မိုက်(ပြည်)တို့အဖွဲ့မှစီစဉ်ပြသခဲ့သော အဇ္ဈိတ္တ ပန်းချီပြပွဲတွင်လည်း ကောင်း/ အခြားခြားသောပန်းချီပြပွဲများတွင် လည်းကောင်း/ဆရာနှင့်ဆုံတွေ့ဂါရ၀ပြုခဲ့သလိုလွန်ခဲ့သောလေးငါးနှစ်ခန့်ကဆရာရေးဆွဲထားသောဂန္ဓ၀င်ပန်းချီကားများအား၆မိုင်ရှိ IBCခန်းမတွင်ပြသသောဆရာ့ပန်းချီပြပွဲအားလည်းကျွန်တော်သွား ရောက်လေ့လာဂါရ၀ပြုခဲ့ပါသည်။ထိုအချိန်၌ဆရာ သည်ကျွန်တော့်အားစေ့စေ့စပ်စပ်ကြည့်ကာ"ကိုကျော်သူရေ ခင်ဗျားပုံကိုတစ်နေ့ကိုယ်ဆွဲဦးမယ်" ဟုပြောကြား ခဲ့သည်ကိုကျွန်တော်အမှတ်ရဆဲ ပင်ဖြစ်သည်။

ထိုနောက်ပိုင်း ဆရာနဲ့မဆုံမိတော့ချေ။ပြီးခဲ့သော မေလ ကပန်းချီပန်းပုဆရာကြီးဦးစောလုကာ၏ ကွယ်လွန်ခြင်း နှစ်ပါတ်လည်ပြပွဲအားဗိုလ်ချုပ်ဈေး ပန်းချီပန်းပုခန်းမတွင်ဆရာနှင့်ထပ်မံဆုံတွေ့ရပြန်သည်။ ထိုအခါတွင်လည်းဆရာမှ"ကိုကျော်သူ့ ပုံဆွဲရဦးမယ်"ဟုထပ်မံပြောခဲ့ရာ ကျွန်တော်မှ"ဆရာရေ. . ကျွန်တော်လည်းဘယ်နေ့သေမယ်မသိရဘူး။ ဆရာဆွဲပေးတဲ့ပန်းချီကားကိုကျွန်တော်မသေခင် တစိမ့်စိမ့်ခံစားပြီးကျွန်တော့်ရဲ့MOOD တွေ ကျွန်တော့်ရဲ့လိပ်ပြာတွေကိုဆရာ့ပန်းချီကားထဲမှာ ထားခဲ့ပါရစေ" ဟုပြောကြားခဲ့ပါတော့သည်။

ထို့နောက်ပိုင်းတစ်လအကြာတွင်ကျွန်တော့်အား နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိပန်းချီခန်းမသို့ခေါ် ဆောင်ပြီးမော်ဒယ်အဖြစ်လေးနာရီခန့်ထိုင်စေပြီး အခြားသောကျွန်တော်လေးစားရသောပန်းချီပညာရှင်များစွာနှင့်ရေးဆွဲလေတော့သည်။

ဆရာနှင့်အတူတူဆရာ့အားကျွန်တော်မင်းသားမဖြစ်ခင်ကတည်းကရုပ်ရှင်ရုံတင်ပိုစတာကြီးများအားကြည့်ရှုသူပြည်သူလူထုတို့အားတစ်အံ့တစ်သြဖြစ်စေရန်ဖန်တည်း ရေးဆွဲချက်များတွင်အင်မတန်ထက်မြက်သော ပန်းချီဆရာကြီးတစ်ဦးဖြစ်သူပန်းချီဦးမောင်မောင် ကပါ ဆရာ့ရဲ့ရေးချက်အားဝိုင်းဝန်းပံ့ပိုးပေးခဲ့ပါသည်။ ထိုနေ့ရေးဆွဲခြင်းအခန်းအနားရုတ်သိမ်းသောအခါဆရာကြီးဦးကျော်ညွန့်မှ"ကိုကျော်သူခရီးသွားစရာရှိတာသွားပါ။ ဒီကားကိုအိမ်ယူသွားပြီးအချောကိုင်လိုက်ဦးမယ်။ဆီဆေးဆိုတော့ဆေးခြောက်တာနည်းနည်း စောင့်ရမယ်"ဟုပြောကြားခဲ့ရာယနေ့ နံနက်တွင်အချောသတ်ကျွန်တော့်ပုံတူပန်းချီကားကြီးကျွန်တော်မသေမီကျွန်တော့်ထံသို့ရောက်ရှိလာပါ တော့သည်။ အထူးကျေးဇူးတင်ရှိဂါရ၀ပြုဦးထိပ်ပန်ဆင်လိုက်ရပါသည်ဆရာကြီးပန်းချီဦးကျော်ညွန့်ခင်ဗျား . . .။

ကျွန်တော်ကတော့ကျွန်တော့ပုံတူပန်းချီကားကြီးအားတစ်စိမ့်စိမ့် ကြည့်ကာ . . .

ကျွန်တော့်၏သစ္စာတရား ကျွန်တော့်ရဲ့မေတ္တာတရား

ကျွန်တော့်ရဲ့အဓိဌာန်တရား

ကျွန်တော့်နာမ်ရုပ်များအားပန်းချီကားကြီးထဲစိမ့်ဝင် ယိုစီးလာအောင်မျက်တောင်မခတ်ဘဲကြည့်ရှု နေဆဲပင်. . . ။

(တစ်စိမ့်စိမ့်ခံစားကြည့်ရှုသော်အားမာန်အပြည့်နဲ့ရပ်တည်ပေးနေပေမယ့်ကျွန်တော်၏မျက်ဝန်းထဲကအဓိပ္ပါယ်ရှိသောမျက်ရည်စလေးနှင့် စကားလုံးတွေအများကြီးပြောကြားနေသောမျက်လုံးတို့ဖြင့်ဖြစ်တည်နေသောသက်ဝင်ဂန္ဓ၀င်ပန်းချီကား တစ်ချပ်ပင်ဖြစ်ကြောင်းနှင့်ထိုကဲ့သို့မိမိပြောနေသောစကားများနှင့်စကားလုံးများ၏အဓိပ္ပါယ်များအားကြည့်ရှုသူအပေါင်းတို့မှအဖြေထုတ်ကြည့်ပါတော့လေ ဟုသာ) ။ ။

(ကျော်သူ)


ELEVEN MEDIA GROUP ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် ၂ပေခန့်အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်လုပ်ကြံမှု ညနေ ၆နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။ လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှါးယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ်ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် အား လုပ်ကြံသူများ စီးနင်းထွက်ပြေးသွားသည့် ယာဉ်မှာ 5D-3938 Taxi Caldina (ပဲခြမ်း၊ ခဲရောင်) ဖြစ်ကြောင်း အခင်းဖြစ်စဉ်ပတ်ဝန်းကျင်အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ လုပ်ကြံသူ အရေအတွက် စုစုပေါင်း ငါးဦး ပါဝင်ကြောင်း လည်းသိရသည်။

ယခုလုပ်ကြံမှုအတွက် လူများစွာအသုံးပြု၍ စနစ်တကျ အကွက်ချ လုပ်ကြံခြင်းဖြစ်ကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားသည်။

" လူများစွာ အသုံးပြုပြီး ကြိုတင်စောင့်ဆိုင်းကြံစည်တာ ဖြစ်နိုင်ပါတယ်။ ရုံးကအပြန်မှာ သွားမယ့်လမ်း နှစ်လမ်းလောက်ဘဲ ရှိတဲ့နေရာမှာ စောင့်ဆိုင်းပြီးတော့ အထွက်မှာ တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့သူတွေက စောင့်ဆိုင်း လုပ်ကြံကြတာပါ။ လုပ်ကြံတဲ့သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော်ဝန်းကျင်တွေပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု လိုလားတဲ့ နိုင်ငံ့အပြောင်းအလဲကိုလည်း ဘာမှအန္တရယ် ပြုနိုင်မယ်မထင်ဘူး။ ကျွန်တော့်အတွက်လည်း ဘာမှစိုးရိမ်တာ မဖြစ်ပါဘူး။တစ်ခုပါပဲ ဒါဟာ နိုင်ငံရေးလုပ်ကြံအကြမ်းဖက်မှုဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေးအကြမ်းဖက်မှုတွေ ရှိလာရင်တော့ မကောင်းဘူး။ " ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားသည်။

ELEVEN MEDIA GROUP

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.