07/16/15

ရတနာပုံတက္ကသိုလ်အတွင်း ပြုလုပ်သည့် ထိန်းသိမ်းခံကျောင်း သားများ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲတွင် ၀ရမ်းထုတ်ထား သည့် ကျောင်းသားနှစ်ဦးပါဝင်လာသည့် ဆိုကာ ရဲများက ပိုက်စိပ်တိုက် ရှာဖွေမှု များပြုလုပ်ခဲ့ကြောင်း ရတနာပုံတက္ကသိုလ် မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်မျိုးနိုင်က ပြောသည်။

ဇွန် ၂၆ရက်က ဖမ်းဆီခံကျောင်းသားများပြန် လည်လွတ်မြောက်ရေး ဆိုကာ ရတနာပုံတက္ကသိုလ် ကျောင်းမုဒ်ဝများအား မှုတ်ဆေးများ မှုတ်ခြင်းဖြင့် စက်ဘီးကမ်ပိန်းပြုလုပ်ရာတွင် ပါဝင်သည့် ကိုနိုင်ရဲဝေ အပါအ၀င် ကျောင်းသား ၇ဦးအား ၀ရမ်းထုတ်ပြန်ခဲ့ပြီး ဇူလိုင်၁ရက်နေ့တွင် ကိုနိုင်ရဲဝေအပါအ၀င် လေးဦး အားအိုးဘိုထောင်သို့ ဖမ်းဆီထိန်းသိမ်းခံရပြီး လွတ်မြောက်နေသည့် ကျောင်းသား ၃ဦးမှ နှစ်ဦးမှာ ဇူလိုင် ၁၅ရက်တွင် ရတနာပုံတက္ကသိုလ်တွင် ပြုလုပ်သည့် ဆုတောင်းပွဲသို့ သွားရောက်ပြီးနောက် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

ယင်းက`` ဒီနေ့က ကျောင်းမှာ ဖမ်းဆီခံကျောင်းသား များ ပြန်လည်လွတ်မြောက်ရေးဆိုပြီးတော့ ပွဲတစ်ခုစီစဉ်ထားတယ်။အဲ့ဒီပွဲမှာ က ၀ရမ်းပြေးထုတ်ထားတဲ့၃ယောက် ထဲက နှစ်ယောက်က လာတယ်။ ကျောင်းထဲလာတာ တွေ့တော့ ဒုပါချူပ်က သက်ဆိုင်ရာအာဏာပိုင်ကို နယ်ခံအာဏာပိုင်တွေကိုဆက်ပြီးတော့မှ ရဲတွေ့ရောက် လာပြီး တော့ဝိုင်းခံရတယ်။အခုကတော့ ၀ရမ်းထုတ်ထားတဲ့ ကျောင်းသားနှစ်ဦးရှောင်တိမ်း သွားတယ်။ ကျန်တဲ့ ကျောင်သားတွေအေးဆေးရှိပါတယ်´´ဟု ဇူလိုင် ၁၅ရက် ညနေ၅နာရီခွဲခန့်ကဆက်သွယ်မေးမြန်းချက်အရ ပြောသည်။

လက်ရှီ ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားများမှာ ကိုအောင်မျိုးလှိုင်၊ကိုကျော်သီဟရဲကျော် နှင့် ကိုရဲရင့်ပိုင်မှူးဖြစ်ပြီး ရတနာပုံတက္ကသိုလ်သို့ ကိုအောင်မျိုးလှိုင်နှင့် ကိုကျော်သီဟရဲကျော်တို့ဖြစ်ပြီး တက္ကသိုလ် အာဏာပိုင် များပိုက်စိပ်တိုက်ရှာဖွေရာတွင် နေ့လည် ၁နာရီတွင် ပြန်လည်လွတ်မြောက်သွားကြောင်း ရတနာပုံ တက္ကသိုလ် ကျောင်းသားကျောင်းသူများ ပြောပြချက်အရ သိရသည်။

ရတနာပုံတက္ကသိုလ်ရှေ့ မှုတ်ဆေးဖြင့် စာရေးသည့် ကိစ္စဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ၊ဒုဥက္ကဋ္ဌ ကိုအောင်ဆန်းဦးနှင့် အမှုဆောင်ကိုဂျစ်တူးနှင့်ကျန်တစ်ဦးတို့အား ဇူလိုင်၁ရက် ညနေ သုံးနာခန့်က အမရပူရ ရဲစခန်းက ဖမ်းဆီးပြီး အိုးဘိုထောင်သို့ နေ့ချင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတင်း- စိုင်းဟန်
The Ladies News Journal


လွှတ်တော်မှာ နေရာဝင်ယူထားတဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးဖို့ တောင်းဆိုရင်း ဖမ်းဆီးခံခဲ့ရတဲ့ တကသကျောင်းသား ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်ကို ဇူလိုင် ၁၅ရက်က ပန်းဘဲတန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ကျောင်းသားရုံးချိန်းမှာ လာရောက်ဝန်းရံတဲ့ ပြည်သူဖြစ်တဲ့ ဦးမင်းသိန်းကတော့ ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲရလောက်အောင် ကျောင်းသားတွေမှာအပြစ်မရှိသလို ရဲတွေကလည်း အကြမ်းဖက်ဖို့သာ စိတ်ကူးနေတာကြောင့် ဦးသိန်းစိန်အစိုးရ ပြုတ်ကျသွားမယ်ဆိုရင် ဝမ်းသာတယ်လို့ ပြောပါတယ်။

ပန်းဘဲတန်းနဲ့ ကျောက်တံတား နှစ်ခုလုံးက ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲထားတာကို ကျေနပ်မှုမရှိကြသလို နိုင်ငံအပြောင်းအလဲလုပ်ရမယ့်အချိန်မှာ ပြည်သူကို တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ပေးကြဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားမထိခိုက်အောင် ဆန္ဒပြတောင်းဆိုတာဟာ အခြေခံဥပဒေမှာ ပြဌာန်းပြီးသားဖြစ်တာကြောင့် ဒါတွေဟာ မတရားဖမ်းဆီးထောင်ချနေတာဖြစ်သလို ရဲအင်အားတွေအများကြီး ရုံးချိန်းတွေမှာ ရဲအင်အားအများကြီး သုံးထားတာတွေကိုလည်း မကျေနပ်ဘူးလို့ ဘကသကျောင်းသား စပ်ခွန်ချိုက ပြောပါတယ်။ ၄၃၆ ပြင်ဆင်ဖို့ တောင်းဆိုတာကို သမ္မတနေရာလုဖို့ ကြိုးစားတယ်လို့များ ထင်နေလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၂၄မှာ ပြန်လည်ချိန်းဆိုထားပြီး ဖမ်းဆီးဖို့ ကျန်နေသေးတဲ့ ကိုနန်းလင်းမပါသေးဘဲ အမှုဆက်ဖြစ်သေးမှာ မဟုတ်ဘူးလို့ ကိုဇေယျာလွင်ရဲ့ ရှေ့နေက ပြောဆိုခဲ့ပါတယ်။

ုKamayut Media

 တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် တရားရုံးတွေမှာ ဇူလိုင်လ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် Photo: Kyaw Lwin Oo/ RFA
လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက် ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် တရားရုံးတွေမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အမှုတွဲထဲမှာပါဝင်တဲ့ ကိုနန်းလင်းကို ဖမ်းမမိသေးတာမို့ ဒီနေ့ စစ်ဆေးခြင်း မရှိသေးဘူး လို့ သူတို့နှစ်ဦးကို ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

"ဒီနေ့ကတော့ ရုံးချိန်းတာဘဲရှိတယ်၊ ဘာလို့လည်းဆိုတော့ တရားခံပြေးပါတယ်၊ တရားခံပြေးပါတော့ သူတို့ကအရင်ဆုံးစစ်မှာကိုး၊ ပြီးတော့ပြတ်သွားတော့မှ အမှုကို ဆက်စစ်မယ်၊ အာမခံကိစ္စနဲ့ ပတ်သက်လို့ ကျနော်က ကိုဇေယျာလွင်ကို မေးကြည့် တော့သူတို့က စဉ်းစားဦးမယ်လို့ ပြောတယ်၊ အာမခံမလျှောက်သေး ဘူး၊ ၂၄ ရက်နေ့ ပြန်ချိန်းတယ်၊ အမှုမှာ ၃ ယောက်လေ၊ ကိုနန်းလင်းလည်း ရောက်မလာဘူး၊ အဲ့ဒါကြောင့်မစစ်တာ"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့တုန်းက လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေးအတွက် ကျောင်းသားတွေ ဟာ ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တရားမဝင် စီတန်း လှည့်လှည်မှုဆိုင်ရာတို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး နောက်ထပ် ကျောင်းသား၂ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ကိုလည်း ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၇တို့နဲ့ အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့  ဖွဲ့စည်းပုံပြင်ဆင်ခွင့်ပေးထားတဲ့ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ဇွန်လ (၂၅) ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ (၆၇) ရာခိုင်နှုန်း၊ ကန့်ကွက်မဲ (၃၃) ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။ ပုဒ်မ ၄၃၆ ကိုပြင်ဆင်လိုရင် လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်အားလုံး ရဲ့ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ခွင့်ရရှိမှာဖြစ်လို့ (၆၇) ရာခိုင်နှုန်း ထောက်ခံမဲရရှိပေမဲ့ ရှုံးနိမ့် သွားခဲ့ရတာဖြစ်တယ်။

ဒါဟာလူ့ စည်းနဲ့ ဘီလူးစည်းကွဲသွားတာပါ။ ဒီအဖြစ်အပျက်ဟာ ပြည်သူလူထုနဲ့ ခေါင်းမာဂိုဏ်းသားစစ်ဗိုလ် ချုပ်တွေကြား လိုင်းတားလိုက်တာပါ။ အဖိနှိပ်ခံလူများစုနဲ့ ဖိနှိပ်သူလူနည်းစုကြား၊ အခွင့်အရေးမဲ့ လူများစုကြီး နဲ့ အခွင့်ထူးခံလူနည်းစုကြား၊ ဓမ္မ၀ါဒီနဲ့ အဓမ္မ၀ါဒီတွေကြား၊ မိဘပြည်သူုနဲ့ စစ်အာဏာရှင်ကြားက အကျိုးစီးပွား တွေဟာ ပြဒါးတလမ်းသံတလမ်း သွေဖယ်ဆန့်ကျင်နေတာကို ညွှန်ပြနေတာပါ။ ဒီတော့ လွှတ်တော်ထဲမှာ စစ်အာဏာရှင်စိတ်ကြိုက်ရွေးချယ်ထည့်သွင်းထားတဲ့ ဘမျိုးဘိုးတူ စစ်သားအမတ် (၂၅%) ဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဘယ်သောအခါမှ သူတို့ အကျိုးစီးပွားနဲ့ အာဏာအထိပါးခံပြီး ထောက်ခံဖြည့်ဆီးပေးလိမ့်မယ် မဟုတ်ဖူးဆိုတာ သက်သေပြလိုက်တာပါဘဲ။
ဒီအဖြစ်အပျက်က ရလိုက်တဲ့ အကျိုးအမြတ်တွေထဲက အထင်အရှားဆုံးကတော့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံ ဥပဒေရဲ့ ပုဒ်မ ၄၃၆(က)နှင့်(ခ) နဲ့ ပုဒ်မ ၅၉ (စ) စတဲ့ပုဒ်မဆိုးတွေကို အာဏာရှင်အလိုကျ မပြင်ဖို့ ကန့် ကွက်မဲ ပေးတဲ့သူတွေဟာ စစ်မှန်တဲ့ပြောင်းလဲရေးကို မလိုလားတဲ့သူတွေဘဲဆိုတာ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး ရှင်းရှင်းလင်းလင်း တိတိကျကျ သိသွားစေခြင်းပါဘဲ။
အခြားအကျိုးအမြတ်တွေကတော့

(၁) လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးတွေ အားကောင်းလာမယ်။

(၂) လူ့ စည်းနဲ့ ဘီလူးစည်းကွဲပြား ထင်ရှားသွားတာမို့ ပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ပိုမို စည်းလုံးညီညွတ်လာမယ်။

(၃) မင်းသားနဲ့ လူကြမ်း ကွဲသွားတာမို့ ၂၀၁၅ ရွေးကောက်ပွဲအကြို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်ပေးသလို ဖြစ်သွားတယ်။

(၄) စစ်တပိုင်းအစိုးရအပေါ် နိုင်ငံတကာနဲ့ ပြည်ပဖိအားတွေပိုတိုးလာမယ်။ (၅) စစ်တပိုင်း အစိုးရရဲ့ အနှစ်သာရမပါတဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယတွေပိုလို့ကြီးထွားစေပြီး နိုင်ငံတကာမိသားစုတွေရဲ့ ထောက်ခံမှု့တွေလျှော့ကျသွားစေတယ်။

တကယ်တော့ စစ်အာဏာရှင်နဲ့ အပေါင်းအပါ စစ်သားအမတ်တွေရဲ့ ဦးတည်ချက်နဲ့ လားရာကရှင်းတယ်။ အာဏာလက်မလွှတ်ရေးပါဘဲ။ သူတို့အလုပ်သူတို့ ပြတ်ပြတ်သားသားလုပ်နေတာပါ။ တို့ပြည်သူတွေကလည်း တို့အလုပ်တို့လုပ်ရမှာပေါ့။ စစ်မှန်တဲ့ဒီမိုကရေစီရနိုင်အောင် ပြင်ရမဲ့ ပုဒ်မ (၄၃၆) အပါအဝင် စံနှုံးမမှီတဲ့ ပုဒ်မတွေပြင်နိုင်အောင် ပြည်သူ့အစိုးရတရပ်ပေါ်ထွန်းလာအောင် အစွမ်းရှိသ၍လုပ်ဆောင်ကြရမှာဖြစ်တယ်။
ပြုပြင်ပြောင်းလဲရေးသမားတွေလို့ မြန်မာပြည်သူတချို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့  တဖွဲ့ လုံးဟာ တကယ်တော့ ပြည်သူ့ ဆန္ဒဖြစ်တဲ့ (၁၉၉၀) အထွေထွေရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ ဗြောင်ငြင်းဆန်ခဲ့ကြသူတွေပါ။ ကြိုတင်မဲ၊ မဲလိမ်မဲညစ်တွေအပြင် ပြိုင်ဘက်မပါတဲ့ (၂၀၁၀) ရွေးကောက်ပွဲ နဲ့ လက်ရှိသမ္မတနေရာယူထားတဲ့ ဦးသိန်းစိန်ဟာ မြန်မာ့တပ်မတော်ကို လုပ်ခြင်တာလုပ် ဖို့ အမြင့်ဆုံး အာဏာအပ်နှင်းပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ကော်မရှင်အဖွဲ့ ရဲ့ ဥက္ကဌတာဝန် ယူခဲ့သူ၊ အမျိုးသားညီလာခံမှာ သဘာပတိတာဝန်ယူခဲ့သူပါ။

ဘုစုခရုပြစ်မူတွေကစလို့ ပဥ္စာနန္တိယကံကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မူကုဋေကုဋာနဲ့  မတရားသဖြင့်ရယူ ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ စည်းစိမ်ဥစ္စာ အာဏာနဲ့ ဘ၀တွေကို ကာကွယ်စောင့်ရှောက်ဖို့  နိုင်ငံတော် အာဏာကို ရာသက်ပန်သိမ်းပိုက်ထားဖို့ရည်ရွယ်ချက်တွေနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ကို (၁၉၉၀) ခုနစ်ကျော် ကစတင်ပြီးသူတို့ စိတ်ကြိုက်ရေးဆွဲခဲ့ကြတယ်။
နှစ်ပေါင်း (၂၀) နီးပါးကြာအောင် စိမ်ပြေနပြေ အချိန်ယူစိတ်ကြိုက်ရေးဆွဲပြီးတဲ့နောက် (၂၀၀၈) ခုနှစ်မှာ နာဂစ် မုန်တိုင်းကြီးနဲ့ အတူတို့ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးသိမ်းပိုက်ဖို့ အဲ့ဒီဖွဲ့ စည်ပုံအခြေခံဥပဒေဆိုးကို ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေအပေါ် မသာအိမ်ဖဲလိမ်ရိုက်သလို အကောက်ဥာဏ်တွေသုံးပြီး အများ သဘောဆန္ဒအတုအယောင်တွေနဲ့  ဇွတ်အတည်ပြုခဲ့တာ ဘယ်သူမှငြင်းနိုင်လိမ့်မယ်မထင်မိဘူး။
စစ်အာဏာရှင်ခေတ်တလျှောက်လုံး နိုင်ငံတော်အဆင့်ရာဇ၀ါတ်မှု့ကြီးတွေ ကျူးလွန်ခဲ့သူတွေ ခေတ်အဆက် ဆက်မှာ လက်နက်မဲ့ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့် ပေးခဲ့တဲ့သူတွေ နိုင်ငံပိုင်ပစ္စည်းတွေ အလွဲသုံးစားပြုပြီး ချမ်းသာ ကြွယ်ဝနေသူတွေသာမက အခုရော နှောင်ရော စစ်အာဏာရှင်နဲ့  အပေါင်းအပါတွေ ရဲ့အကျိုးစီးပွားအတွက် ရာဇ၀တ်မှု့ မတရားမှု့ကျူးလွန်ပေးမဲ့သူတွေကို စိတ်ချလက်ချ အကာအကွယ်ပေးဖို့  (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပုဒ်မ (၄၄၅) မှာ… ၎င်းတို့၏တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့အားတရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ လို့ အတိအလင်းပါရှိပါတယ်။

ဒီပုဒ်မဟာ မကောင်းမှု့အားပေးတဲ့ပုဒ်မဖြစ်တယ်။ ငရဲခွေးကြီးတွေကို ဘေးမဲ့ပေးလွှတ်ထားတဲ့ပုဒ်မဖြစ်တယ်။ ရာဇ၀တ်သားတွေပုန်းကွယ်ကွန်းခိုရာ ပုဒ်မဆိုးကြီးတခုဖြစ်တယ်။
ဒါကြောင့် မြန်မာ့တပ်မတော်ကို လုပ်ခြင်တာလုပ်ခွင့်လိုင်စင် အပ်နှင်းထားပေးတဲ့၊ စစ်တပ်ကို ဥပဒေအထက်မှာ နေရာယူခွင့်ပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် မပြင်နိုင်သရွေ့  အရုပ်ဆိုး အကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေအုံးမှာပါဘဲ။

ဒီ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေါင်းမာဂိုဏ်းသားစစ်ဗိုလ်ချုပ်တွေ “စည်းကမ်းပြည့်ဝသော”လို့ နံမည်တတ်ထားကြတယ်၊ တကယ်တော့ သူတို့ရဲ့အဓိပ္ပာယ်အစစ်က “စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းကသာ ထာဝစဉ်ကြီးစိုး လွှမ်းမိုးထားရေး”အခြေခံဥပဒေသာဖြစ်ပါတယ်။ သူတို့ ပြောပြောနေတဲ့ ပြည်သူဆိုတာ ကလည်း အခွင့်ထူးခံ၊ လက်ဝေခံပြည်သူလူနည်းစုသာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမား အလုပ်သမား တိုင်းရင်းသား လက်လုပ်လက်စားတွေရဲ့ ဘဝဟာ ငတ်မွတ်ကန်းမွဲပိပြား တုံးအောက်ကဖါးလို ဆင်းရဲနုံခြာမွဲခြောက် လူရုပ်မပေါက်တော့တာ ကမ္ဘာသိဖြစ်တယ်။
ဒါကြောင့် နှစ်ပေါင်း(၆၀)ကျော်ဘ၀လုံခြုံမှု့ကင်းမဲ့နေတဲ့ပြည်သူတွေကို ဘ၀လုံခြုံမှု့ပေးနိုင်အောင် (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိပြင်ရလိမ့်မယ်။

လွှတ်တော်တွင်းနိုင်ငံရေးရဲ့ အားနည်းချက်တွေကို ဖြည့်စွက်နိုင်ဖို့ လွှတ်တော်ပြင်ပနိုင်ငံရေးကပိုအားကောင်း လာမယ်၊ လွှတ်တော်ပြင်ပမှာ ပြည်သူလူထုရှိတယ်၊ ကွန်ယက်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်၊ အဝေးရောက်အတိုက်အခံအင်အားစုတွေရှိတယ်၊ ပြည်ပ မှာအလုပ်လုပ်နေသူတွေရှိတယ်။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတကာမိသားစုတွေရှိတယ်။ ဒီအားတွေစုပေါင်း ချိတ်ဆက်ပြီးတော့ လွှတ်တော်ပြင်ပကနေ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့  ငြိမ်းချမ်းစွာ ဆန္ဒပြု ဖိအားပေးတဲ့ နည်းလမ်းမျိုးစုံသုံးလို့ ရပါတယ်။ စတစ်ကာကမ်ပိန်းလုပ်မလား၊ မြူးဇစ်ပွဲတော်လုပ်မလား၊ ကဗျာပွဲတော်လုပ်မ လား၊ စာပေပွဲတော်လုပ်မလား၊ အဖြူရောင်လှုပ်ရှားမှု့မျိုးစုံ လက်မှတ်ထိုးပွဲ၊ လူထုချီတက်ပွဲတွေ၊ လူထုအခမ်းအနားကြီးတွေနဲ့ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖေါ်ထုတ်ပြသလို့ ရပါတယ်။

ဥပမာ … လာမဲ့ ဇူလှိုင် ( ၁၉) ရက်မှာ ကျရောက်မဲ့ အာဇာနည်နေ့ လူထူ့ ချီတက်ပွဲလိုမျိုးမှာ ဖွဲ့ စည်းပုံပြင်ဆင် ရေးဆန္ဒထုတ်ဖေါ်မှု့ကို ငြိမ်းချမ်းစွာ တနိုင်ငံလုံးအတိုင်းအတာနဲ့  ထင်ထင်ရှားရှားပြသ လို့ ရပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဆောင်ရာမှာ အထူးသတိပြုရမဲ့ အချက်နှစ်ချက်ရှိပါတယ်။ (၁) အကြမ်းမဖက်ပါနဲ့  (၂) ညီညွတ်မှု့မထိခိုက်ပါစေနဲ့ ။ ဒီမိုကရေစီအင်အားစုအခြင်းခြင်းရန်မဖြစ်ပါနဲ့။ ကိုယ်လုပ်နိုင်သလောက်၊ ကိုယ့်အခြေအနေပေးသလောက် လူတိုင်းဟာ ကိုယ့်အနာဂါတ်အတွက်၊ ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် ရိုးရိုးသားသား အားလုံးဝိုင်းဝန်းပါဝင်ထုဆစ်သင့်ပါတယ်။
အဓိကပြောခြင်တာကတော့ ပြည်သူလူထုမပါတဲ့ ပြောင်းလဲမှုတိုင်းဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး ဆိုတာပါဘဲ။ ကိုယ်ပိုင်တဲ့အရာ၊ ကိုယ့်အနာဂါတ်လုယူခံထားရတာကို ပြန်ရအောင်ယူဖို့ ကိုကိုယ်တိုင်ရဲ့ အလုပ်သုံးပါးကံ၊ ဉာဏ်ပညာ၊ သတ္တိ ဇွဲလုံ့လ၊ ၀ီရိယတွေနဲ့ အစွမ်းရှိသ၍ ကျိုးပမ်းရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။ လက်နဲ့ယူနိုင်တဲ့သူကယူ၊ ခြေနဲ့ကလော်နိုင်တဲ့သူကထိုးကလော်ယူ၊ သွားနဲ့ဆွဲနိုင်သူက သွားနဲ့ဆွဲ၊ ခေါင်းနဲ့တိုက်နိုင်သူကခေါင်းနဲ့တိုက်၊ ကိုယ်နဲ့တွန်းသူကကိုယ်နဲ့တွန်းလို့ ညီညီညွှတ်ညွှတ်စုစည်းပြီး ပြိုင်တူတွန်းရင်ရွေ့နိုင်ပါတယ်။
ဒီနေ့  မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပြဿနာဟာ မိဘပြည်သူနဲ့ စစ်အာဏာရှင်ကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံ မှု့ ဆိုင်ရာပဋိပက္ခပါ။ ဒီပဋိပက္ခကြားထဲမှာ တစ်ချို့လူတွေက လောလောဆယ်ဘ၀လေးတွေ အတော်အတန် အခြေကျနေလို့ နိုင်ငံရေးကိုကိုယ်နဲ့ မဆိုင်ဘူးထင်ပြီးလက်ရှောင်နေသူတွေရှိတယ်။ ကြားနေသူတွေရှိတယ်။

အုပ်ချုပ်ပုံစနစ်မမှန်ကန်ဘဲတိုင်းပြည်တစ်ပြည်နိမ့်ပါးဆင်းရဲနေပြီဆိုရင်အာဏာရှိတဲ့လူ၊ အာဏာမဲ့တဲ့သူ၊ ချမ်းသာတဲ့သူ၊ဆင်းရဲတဲ့သူဘယ်သူမဆို အဲ့ဒီနိမ့်ပါးဆင်းရဲမှု့ဒါဏ်ရဲ့ရိုက်ခပ်မှု့ကိုခံကြရမှာပါ၊
တရားဥပဒေမစိုးမိုးတဲ့နိုင်ငံမှာ့ ကိုယ်ဝန်ဆောင်ဗိုက်ထဲကသန္ဓေသားလောင်းကနေ သင်းချိုင်းဂုံး ရောက်နေတဲ့ ရုပ်ကလပ်ဟောင်းထိ ဘယ်သူ့ တွေရဲ့ဘ၀မှ လုံခြုံမှု့မရှိဘူး။ စစ်အာဏာရှင်ကြီးဦးနေ၀င်းဘ၀တောင် ဘယ်လို နိဂုံးသပ်ခဲ့ရသလဲ။ မသန့် ပြန့် တဲ့လေတွေနေစဉ်ရှူရမယ်၊ ပတ်ဝန်းကျင်ကရောဂါပိုးတွေကူးစက်တာခံရမယ်၊

ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေရှောင်လို့ မလွတ်နိုင်ဘူး၊ ဆေးဝါးအတုတွေသုံးစွဲရမယ်၊ ရောဂါ ထူမယ်၊ အသက်တိုမယ်။ အရည်အသွေးနိမ့်ကျတဲ့လမ်းပန်းဆက်သွယ်ရေးကြောင့်နေ့ စဉ်ငရဲခံရမယ်၊ ပင်ပမ်း ဆင်းရဲကြီးမယ်၊ ပညာရေးညံ့ဖျင်းမှု့ဒါဏ်ကိုကိုယ့်သားသမီးမြေးမြစ်တွေကျော်တဲ့အထိခံကြရမယ်၊ အသိတရား နိမ့်ပါးပြီး စေတနာယုတ်ညံ့တဲ့ အုပ်စိုးသူလူတန်းစားနဲ့ ဆက်ဆံနေထိုင်ရင်း အကုသိုလ်တွေ နေ့ စဉ်ရနေမယ်၊ ရေးမယ်ဆိုရင်သက်ရောက်မဲ့ဆိုးကျိုးတွေကရေးလို့ မကုန်နိုင်ဘူး။ ဆိုလိုခြင်တာကဒီနေ့ ဖြစ်နေတဲ့နိုင်ငံရေး ပဋိပက္ခဟာလူတိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်သင့်တဲ့ တာဝန်ကြီးတရပ်ကတော့ လာမဲ့(၂၀၁၅ ) ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကြီးမှာ ကိုယ့်အသဲကြားက မဲတပြားကိုအသုံးချပြီး အဓမ္မ၀ါဒီ တွေ၊ ဖိနှိပ်သူတွေ၊ အခွင့်ထူးခံတွေ၊ စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း တခဲနက်ပြသ ကြဘို့ လိုပါတယ်။

ဒါမှသာ စစ်မှန်တဲ့ပြည်သူ့ အစိုးရတရပ်ပေါ်ထွန်းလာပြီး နှစ်ပေါင်း (၆၀) ကျော် ခံစားခဲ့ရတဲ့ အနိဌာရုံတွေ အားလုံးကို ချုပ်ငြိမ်းသွားအောင်လုပ်ဆောင်နိုင်လိမ့်မယ်။ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ စစ်အာဏာရှင်စနစ် တဖန်ပြန်လည် အမြစ်ထွက်ရှင်သန်မလာစေဘို့  အပြီးတိုင်ရှင်းလင်း သုတ်သင်ပစ်နိုင် အောင်စွမ်းအားကြီးတဲ့ မဲတပြား၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးစွမ်းနိုင်တဲ့မဲတပြား၊ ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ ဗျောသံတဝေဝေနဲ့ ပျားရည်မြစ်တွေစီးဆင်းစေနိုင်မဲ့ မဲတပြားဟာဟာ ပြည်သူတိုင်းက ပိုင်ဆိုင်ထားတာမို့ ထိထိရောက်ရောက် အသုံးချကြဖို့ အနူးညွှတ်မေတ္တာရပ်ခံလိုက်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇူလှိုင်လ ( ၁၁) ရက်နေ့  ၂၀၁၅ ခုနှစ်

 political-prisoner-620.jpg ၂ဝ၁၃ ခုနှစ် မေလ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လွတ်မြောက်လာရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေထံ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေထံကို ဒီနေ့ ပေးပို့ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဦးက ပြောပါတယ်။

"နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပို့တာပါ၊ ကျနော်တို့ ပို့တဲ့ထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း ပါတယ်၊ ရွေးကောက်ပွဲမှာအရွေးခံမယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထု ရဲ့မဲရယူဖို့အတွက် ပြည်သူလူထုလိုလားနေတဲ့ အချက်တွေကိုလုပ်ဖို့ သူတို့မှာ ဆန္ဒရှိ ပါလိမ့်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ဆိုတာက ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွင် မကဘူး၊ ပြည်သူတစ်ရပ်လုံး ကပါ လိုလားနေတဲ့ ကိစ္စတွေဖြစ်ပါတယ်၊ ပြည်သူတွေလိုလားနေတဲ့ ကိစ္စကို ဆောင်ရွက်ပေးဖို့ သူတို့မှာလည်း ဆန္ဒရှိလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်"

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၆၉ ဦးရှိနေပြီး နိုင်ငံရေးအရ တရားစွဲဆိုခံနေရသူပေါင်း ၄၅၀ ကျော်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က သမ္မတထံကိုလည်း မေတ္တာရပ်ခံစာကို ဇူလိုင်လ ၆ ရက်နေ့ ကလည်း ပေးပို့ထားပါတယ်။

RFA


 ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတဲ့အပေါ် အမေရိကန်က သတိပေးလိုက်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးနေပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီမိုကရေစီ အခြေခံတွေဖြစ်တဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တွေဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ပြောပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ အားလုံးပါဝင်နိုင်ခွင့်ရှိဖို့၊ အများယုံကြည်လက်ခံနိုင်မှုတွေကို တိုင်းတာရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိဖို့ဟာ အရေးကြီးတယ်လို့လည်း ကြေညာချက်က သတိပေးခဲ့တာပါ။

ဒီအတွက် မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်တွေကို အာမခံနိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီအတောအတွင်း ရန်ကုန်မြို့မှာပဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဇွန်လ ၃၀ ရက်နေ့တုန်းက ကြိုတင်ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့မှုနဲ့ ပုဒ်မ ၁၈၊ ဆန္ဒထုတ်ဖော်ချိန်အတွင်း ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ သူတို့နှစ်ဦးကိုတော့ ဒီကနေ့ပဲ ပန်းဘဲတန်းနဲ့ ကျောက်တံတား တရားရုံးတို့မှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

UAE ထောင်မှာ နေထိုင်ခဲ့ရတဲ့ Jodi Magi (Credit: ABC licensed) 
 သြစတြေးလျနိုင်ငံသူ ​Jodi ​Magi ​ကို ​UAE ​နိုင်ငံက ​ထောင်ကနေ ​လွတ်ပေးလိုက်သလို ​ပြည်နှင်ဒဏ်လည်း ​ပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ​အနောက်ပိုင်းက ​အသက် ​၃၉ ​နှစ်အရွယ် ​Jodi ​Magi ​ဟာ ​ဖေ့စ်ဘွတ်ပေါ်မှာ ​ရေးသားတဲ့ ​စကားလုံးတွေကြောင့် ​တနင်္ဂနွေနေ့တုန်းက ​UAE ​နိုင်ငံရဲ့ ​မြို့တော် ​Abu ​Dabhi ​မှာ ​ဖမ်းဆီးခံခဲ့ရပါတယ်။

Jodi ​ဟာ ​ပြီးခဲ့တဲ့ ​ဖေဖော်ဝါရီလတုန်းကပဲ ​Abu ​Dahbi ​မြို့က ​သူမရဲ့ ​တိုက်ခန်း ​ပြင်ပမှာ ​ရပ်ထားတဲ့ ​ကားတစ်စီးနဲ့ ​ပတ်သက်ပြီး ​ဖေ့စ်ဘွတ်မှာ ​စာရေးခဲ့ပါတယ်။

အဲဒီကားက ​မသန်စွမ်းသူတွေအတွက် ​နေရာချထားပေမယ့် ​ကားရပ်ထားရာ ​နေရာ ​နှစ်ခုစာယူပြီး ​ကားရပ်ထားတာဖြစ်သလို ​မသန်စွမ်းသူ ​ပါဝင်တယ်ဆိုတဲ့ ​ကဒ်ပြားကိုလည်း ​တင်မထားတာကြောင့် ​အဲဒီလို ​တစ်ကိုယ်ကောင်းဆန်ဆန် ​ကားတွေရပ်ထားတဲ့အပေါ် ​ဝေဖန်တဲ့ ​စာကို ​ရေးသားခဲ့ပါတယ်။

အဲဒီ ​စာသားကို ​တွေ့ရှိတဲ့ ​လူတစ်ယောက်က ​UAE ​အာဏာပိုင်တွေကို ​အရေးယူခိုင်းရာက ​ဇွန်လကစပြီး ​တရားစွဲခံခဲ့ရပါတယ်။

Jodi ​ကတော့ ​အဲဒီကားရဲ့ ​နံပါတ်ပြားကို ​မဖော်ထားသလို ​ဘယ်သူ ​ဘယ်ဝါရဲ့ ​ကားပါ ​ဆိုတာကိုလည်း ​ပြောမထားခဲ့ဘူးလို့ ​ဆိုပါတယ်။

တရားရုံးက ​ဆိုးသွမ်းတဲ့ ​စကားလုံးကို ​အသုံးပြုမှုနဲ့ ​လူတစ်ယောက်ရဲ့ ​အကြောင်းကို ​ရေးသားမှုနဲ့ ​တနင်္ဂနွေနေ့တုန်းကပဲ ​ထောင်ချခံခဲ့ရပါတယ်။

သြစတြေးလျ ​အစိုးရအပြင် ​နိုင်ငံတကာ ​မီဒီယာမှာ ​ဒီအကြောင်း ​အလေးပေး ​ဖော်ပြလာပြီးနောက် ​နှစ်ရက်သာ ​ဖမ်းဆီးပြီး ​သူ့ကို ​ပြည်နှင်ဒဏ် ​ပေးလိုက်ပါတယ်။

ထောင်ထဲမှာ ​တွေ့ခဲ့ရတဲ့ ​အမျိုးသမီးတချို့ဆိုရင် ​အိမ်ထောင်ဖောက်ပြန်လို့ ​ထောင်ချခံရတာတွေ၊ ​ဆင်းရဲပြီး ​လာဒ်မထိုးနိုင်လို့ ​ထောင်ချခံရတာတွေ၊ ​အများ ​သဘောမတူတဲ့ ​လူနဲ့ ​လက်ထပ်မိတာကြောင့် ​အပြစ်ပေးခံရတဲ့ ​အမျိုးသမီးတွေကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် မော်တော်ယာဉ်အား လေးခွဖြင့် ပစ်သူများကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၁၅

၁၄.၇.၂၀၁၅ ရက်နေ့ ၁၇၅၀ အချိန်ခန့်တွင် ELEVEN MEDIA GROUP ပိုင်ရှင်ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်မှ ၎င်းသည် LEXUS ကိုယ်ပိုင်ယာဉ်ဖြင့် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအ၀ိုင်းဘက်မှ ပြည်ထဲရေးမီးပွိုင်ဘက်သို့ မောင်းနှင်လာစဉ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထိပ်အရောက် လမ်းတစ်ဘက်မှ အမျိုးသား ၂ ဦးက ယာဉ်အနီးသို့ ရောက်ရှိ လာပြီး လေးခွကုန်းသီးဖြင့် ၆ ချက်ဆင့်ပစ်၍ တစ်ဘက်ယာဉ်ကြောတွင် ရပ်ထားသော 5D ---- CALDINA ယာဉ်ပေါ်သို့ ထက်ရောက်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ၎င်း၏ယာဉ်ရှေ့ဝဲဘက်တံခါးမှန်ကို (၄)ချက်ထိမှန်ပြီး အက်ကွဲခဲ့၍ တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယင်းသို့ ကျူးလွန်ကြသူများအား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း
(ပ)၃၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဗဟန်းမြို့မရဲစခန်း၊ သာကေတမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ပြီး မောင်းနှင်ထွက်ပြေး သွားသည့် 5D---- CALDINA ယာဉ်မှာ သာကေတမြို့နယ်နေသူ ပိုင်ဖြစ်ကြောင်း သိရှိရပြီး ၎င်းယာဉ်အား တီကောင်(ခ)ရန်နိုင်မှ အငှားမောင်းနှင်နေကြောင်း သိရှိရ၍ စုံစမ်းရှာဖွေခဲ့ရာ ၁၄.၇.၂၀၁၅ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ မြို့မ(၈)လမ်း၌ တီကောင်(ခ)ရန်နိုင်၊ (၂၈)နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူကို ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။


၎င်းအားစစ်ဆေးချက်အရ ခင်မင်ရင်းနှီးသူ စပိုက်ဒါ(ခ)အငယ်လေး(ခ) မျိုးမြင့်အောင်မှ ငှားရမ်းသဖြင့် လိုက်ပါလာခဲ့ပြီး ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ အခင်းဖြစ်နေရာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနေရာသို့ရောက်ရှိစဉ် စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်မှ အခြားသူတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ် အသိပေးခဲ့ရာ လူငယ်(၂)ဦးရောက်ရှိလာပြီး ဦးချစ်မောင်လမ်းပေါ်ရှိ ယာဉ်တစ်စီးအား လေးခွဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မျိုးမြင့်အောင်(ခ) အငယ်လေးမှ ယာဉ်ကို စက်အသင့်နှိုးခိုင်းထားပြီး ၎င်းလူငယ်(၂)ဦး တက်ရောက်လာချိန်တွင် ဗိုလ်စိန်မှန်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရှိရပါသည်။

အမှုတွင်ပါဝင်ကျူးလွန်သူ စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်၊ (၂၇)နှစ်၊ (၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ၁၅.၇.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ ကျန်ရှိသော ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး လေးခွ ကုန်းသီးဖြင့် ချောင်းမြောင်းပစ်ခတ်သည့် အမှုအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးဆောင်ရွက်ခဲ့ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တပ်မတော်သား ၅၇ဦးကို ယာယီရွေးချယ် 
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော် ကိုယ်စားလှယ် ၁၄၀ကျော် စာရင်းပေး ထားတဲ့ အထဲက ၅၇ ဦးကို ယာယီရွေးချယ် ထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုရွေးချယ်ထားတဲ့ ၅၇ ဦးထဲက ထပ်လျှော့ဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိအမည်စာရင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ မပါဝင်ပဲ ကျန်ဒုတိယဗိုလ်ချုပ်ကြီးတချို့ နဲ့ ဗိုလ်မှူးကြီး တချို့တို့ ပါဝင်တယ်လို့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

အခုပေးပို့ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒေသခံပါတီဝင်တွေက ထောက်ခံသူ တွေရှိသလို၊ ကန့်ကွက်သူတွေလဲရှိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် သူရဦးအောင်ကိုက ပြောပါတယ်။

တပ်မတော်အကြီးတန်းအရာရှိတွေထဲက ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ကိုကိုးကျွန်းကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ အဆိုပြုထားပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက သထုံမြို့နယ် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက လက်မခံတဲ့ တပ်မတော်သားကိုယ်စားလှယ်တချို့ဟာ တခြားပါတီတွေကနေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် စာရင်း တင်သွင်းဖို့ အချိန် ရသေး တယ်လို့ ဆိုပါတယ် 
 သမ္မတ ဦးသိန်းစိန် အနေနဲ့ လာမယ့် ရွေးကောက်ပွဲ ဝင်မဝင် ဆိုတာ စဉ်းစား သုံးသပ် နေဆဲ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

'ပြိုင်ချင်လည်း ပြိုင်မယ် မပြိုင်ချင်လည်း မပြိုင်ဘူး' ဆိုတာ သမ္မတ ကိုယ်တိုင် ဆုံးဖြတ် ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ဝင်ရေး စာရင်း တင်သွင်းဖို့ ကလည်း အချိန် ရသေး တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ အရ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် တော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းကို တနင်္လာနေ့က ဘီဘီစီ အပါအဝင် သတင်း မီဒီယာ တွေမှာ ဖေါ်ပြခဲ့ကြ ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တာဝန်ကို လက်ရှိ ယူထားတဲ့ သူရ ဦးရွှေမန်း ဆီကို ဦးသိန်းစိန် ပေးပို့ ခဲ့တဲ့ စာမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီစာကိစ္စ သတင်း ထုတ်ပုံနဲ့ ပတ်သက်ပြီးလည်း အငြင်းပွားဖွယ် ရှိတယ်လို့ ဦးဇော်ဌေး က ဆိုပြန်ပါတယ်။

ပုံမှန် ဆို သမ္မတရုံး၊ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့၊ ဒါမှမဟုတ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ ဒါမှမဟုတ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ် ပြန်ရမှာ ဖြစ်ပြီး၊ အခု ထုတ်ပုံ ထုတ်နည်း ထုတ်တဲ့ ပုံက မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒုတိယ သမ္မတ သက်တမ်း ဆက်လုပ် မလုပ် ဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း သမ္မတ အနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်တွင်း နိုင်ငံရေး အခြေ အနေ နဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူတွေရဲ့ အနေ အထား အပေါ် စဉ်းစား သုံးသပ် မယ်လို့ ပြောထားတာ ရှိကြောင်းကို ဦးဇော်ဌေးက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


 သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၂ ဦးကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသားတစ်ဦးကို လူ၂ ဦးက အာမခံပေးခဲ့တဲ့အတွက် လွတ်မြောက်လာတာလို့ ပြန်လွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုရွှေကြယ်မိုး(ခ) ကိုရဲဝင့်အောင်က ပြောပါတယ်။

"အဝေးသင်ကျောင်းသားတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် အာမခံပေးတာပါခင်ဗျ၊ နောက်ပြီး ဝန်းရံပြည်သူထဲက ဒေါ်သန်းအေး တစ်ယောက်ရပါတယ်ခင်ဗျ၊ နောက်ဆေးရုံက ဦးတင်ဝင်း တစ်ယောက်ရ သွားပြီခင်ဗျ၊ အာမခံသိန်း ၅ဝ နှစ်ဦး တင်ခဲ့ရတယ်ခင်ဗျ"

ဒီနေ့ အာမခံနဲ့ ပြန်လွှတ်လာကြသူတွေဟာ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုရွှေကြယ် မိုး(ခ) ရဲဝင့်အောင်၊ ကိုတင်ကိုဦး၊ ကိုကျော်ဇောခန့်၊ ကိုမြတ်မင်းမော် စတဲ့ ၉ ဦးဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၄ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သာယာဝတီ မြို့နယ်တရားရုံးကို အာမခံတင်သွင်းခဲ့ရာ ပယ်ချခဲ့တာကြောင့် ခရိုင်တရားရုံးကို ထပ်မံ အာမခံလျှောက်ထားခဲ့တာဖြစ် ပါတယ်။ ကျန်တဲ့ ၂ ဦးဟာ အထောက်အထား မခိုင်လုံတဲ့အတွက် ဒီတစ်ကြိမ်မှာ အာမခံမရသေးဘူးလို့ သိရ ပါတယ်။

၁၂ ဦး အာမခံနဲ့ လွတ်လာတဲ့အတွက် သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ စုစုပေါင်း ၅၆ ယောက် ကျန်ရှိနေပါသေးတယ်။

RFA Burmese
http://www.rfa.org/burmese

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါ ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံသူများကို အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၄ ရက် ညပိုင်းက ပုဒ်မ ၃၃၆ (အခြားသူ၏ အသက်ကို(သို့)လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု)၊ ပုဒ်မ ၄၂၇ (အဘိုးငွေ ငါးဆယ်ကျပ်အောက်မနည်း ပျက်စီးနစ်နာစေသော အကျိုးဖျက်စီးမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုဒ်မ ၃၃၆ နေရာတွင် ပုဒ်မ ၃၀၇ သို့ ပြောင်းလဲအမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

လုပ်ကြံသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် 5D/3938 Caldina ခဲရောင်ယာဉ်မောင်း သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ တီကောင်(ခ)ရန်နိုင် (၂၈)နှစ်အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ မြို့မ (၈) လမ်း၌ ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင်သည် ရန်နိုင်(၂၈)နှစ်၏ ကားကို ငှားရမ်းသဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်းလမ်းရှိ အခင်းဖြစ်နေရာ အနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ် နေရာသို့ အရောက်တွင် ယာဉ်အား စပိုက်ဒါမှ စက်အသင့်နှိုးထားရန် ညွှန်ကြားခဲ့ပြီး ၎င်းက ဖုန်းဖြင့်ဆက်ကာ လူငယ် နှစ်ဦးအား ထပ်မံခေါ်ဆောင်ပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းနှင့် သာကေတမြို့နယ်၊ ၃ ရပ်ကွက်နေ စပိုက်ဒါ (၂၇)နှစ်ကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူအချို့ကို ညတွင်းချင်း ဖမ်းဆီးရမိအောင် လုပ်ဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Yangon Police မှာ ဖော်ပြထားတဲ့ ယာဉ်ရှေ့ တံခါးမှန် လေးချက်ထိမှန် အက်ကွဲပြီး ငွေကျပ်သိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့လို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့တယ် ဆိုတာနဲ့ လေးခွနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့အမှု ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်တယ်။ အခုကိစ္စက လေးခွနဲ့ချောင်းပစ်လို့ အမှုဖွင့်တာမျိုး မဟုတ်ဘူး။ လူမြင်ကွင်းမှာ ကြိုတင်ကြံစည်မှုနဲ့ လူသတ်ဖို့အထိ လုပ်ဆောင်တာပါ။ ရန်ကုန်မြို့ရဲ့ ညနေပိုင်းအချိန် လူမြင်ကွင်း လင်းလင်းထင်းထင်းမှာ ဥပဒေမဲ့ အကြမ်းဖက်တာပါ။ တကယ်တော့ ကျွန်တော့ကို အခုလို လုပ်ကြံဖို့ လူ ၁၀ ဦးထက်မနည်း ပါဝင်ပတ်သက်နိုင်တယ်။ ကျွန်တော့ကားကို သိဖို့ ပြန်လေ့ရှိတဲ့လမ်းတွေကို သိဖို့ အချိန်တော်တော်ယူမှ ရလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက လူမိုက်ဂိုဏ်းတွေနဲ့ အုပ်စုဖွဲ့ လုပ်ကြံနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြိုတင်ရရှိထားလို့ ကျွန်တော်တို့ သတိထားပြီး နေခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ကားတစ်စီးတည်းကို ပုံသေစီးလေ့ မရှိပါဘူး။ အခုဟာက လူသတ်ဖို့ ကြံစည်တာပါ။ ကားမှန်မကွဲခဲ့လို့ပါ။ ကားမှန်သာ ကွဲခဲ့မယ်ဆိုရင် ကျွန်တော်သေပြီ။ မနေ့က ကျွန်တော့်ကို လုပ်ကြံတဲ့ဖြစ်စဉ်မှာ ကားစထွက်လာတာကို သတင်းပေးတဲ့သူ၊ ကြိုစောင့်နေတဲ့သူတွေအပြင် ကျွန်တော့်ကားအနောက် ဒါမှမဟုတ် အရှေ့နားမှာ လိုက်ပါပြီးမှ ချိန်သားကိုက် အကွက်ချ လုပ်တဲ့သဘောပါ။ ကျွန်တော့်ကို ပစ်ခတ်တဲ့အချိန်မှာ အသေသတ် ဆိုပြီး လက်ညှိုးထိုး အော်ဟစ်ပြီး အနီးကပ် ပစ်ကြတာ။ ကားမှန် ခံနေတာကြောင့်ရယ်၊ အပစ်ခံရတဲ့ အချိန်မှာ ကားကို ညာဘက်ဆွဲလှည့်လိုက်ပြီး လူကလည်း ညာဘက်အခြမ်းကို ထွက်လိုက်နိုင်လို့ အန္တရာယ် မဖြစ်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဆီကို စာပို့အသိပေးသွားပါမယ်။ ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေဟာ ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲ ဆိုတာ ဒီဖြစ်စဉ်က သက်သေပါ။ ရန်ကုန်မြို့မှာ နေရာတိုင်း ကားကြပ်နေတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဘယ်သူ့ကိုမဆို စထွက်လာတဲ့နေရာက စောင့်ပြီး သတင်းပေးမယ်၊ ကားပိတ်မယ့်နေရာမှာ အုပ်စုလိုက် ရန်ရှာပြီး အလွယ်တကူ သတ်ဖြတ် လုပ်ကြံခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုကိစ္စက သာမာန်ဖြစ်စဉ်လို့ မယူဆဘူး။ နောက်ကွယ်က အဓိက ပါဝင်နိုင်တဲ့ ငွေကြေးနဲ့ သြဇာတိက္ကမ ရှိတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းဆိုတာ ဖော်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။ နောက်ကွယ်က အဓိက လူတွေကို မဖော်ထုတ်နိုင်ဘဲ ကျူးလွန်တဲ့ လူမိုက်တွေကို အရေးယူလိုက်ရုံနဲ့ မပြီးဘူး။ နောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ သူတို့ရဲ့ သားသမီး မြေးတွေ မိသားစုဝင်တွေ၊ နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့သားသမီးတွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အခြားသော ထင်ရှားကျော်ကြားသူတွေနဲ့ ရန်ကုန်မြို့မှာနေတဲ့ ဘယ်ပြည်သူမဆို အသက်အန္တရာယ်အတွက် အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတာကို အဓိက သတိပြုစေချင်တာပါ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးက စိုးရိမ်စရာဖြစ်နေပြီ။ ကျွန်တော့်ဖြစ်စဉ်မှာ မိနစ် ၂၀ ကျော်တဲ့အထိ ရဲတပ်ဖွဲ့ဝင်တွေ မရောက်လာနိုင်ဘူး။ အားလုံးဟာ လမ်းမပေါ်မှာ လုံးဝစိတ်မချရတော့ဘူးဆိုတာကို သိစေချင်တယ်။ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းမှာ နေ့ခင်းကြောင်တောင် လက်ရဲ ဇက်ရဲ ကျူးလွန်မှုတွေ ဖြစ်လာတာကို ထိထိရောက်ရောက် အရေးယူ မဟန့်တားနိုင်ဘူးဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ ထပ်ဖြစ်လာနိုင်တယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော်ပြောချင်တာ ဒါပါပဲ။” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောသည်။

ဖြစ်စဉ်မှာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် နှစ်ပေခန့်အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှားယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်အရှေ့ရှိ အခြားယာဉ်တစ်စီးအား တိုက်မိမှုဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။ ကားမှန်ခံနေသောကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့အား ပြောင်းလဲ အမှုဖွင့်ထားသည့် ပြစ်မှုပုဒ်မ ၃၀၇ မှာ ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့်)ပတ်ဝန်းကျင် အကြောင်းအခြင်းရာဖြင့် လည်းကောင်း၊ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ထောင်ဒဏ် ၁၀ နှစ်အထိ တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်အနေနဲ့လည်း ချမှတ်နိုင်သည်။ ထို့အပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သော နာကျင်စေလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

Eleven Media Group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.