07/18/15


မတရားဖမ်းဆီး ထောင်ချခံရသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ထပ်မံဖမ်းဆီး မှုများ မပြုလုပ်ရန် ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၏ ၂၁ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကသူရဦးတင်ဦးက ပြောကြားလိုက်သည်။

အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီး ထောင်ချမှုများ ဆက်တိုက်ပြု လုပ်နေ သောကြောင့် မတရားဖမ်းဆီး ထိန်းသိမ်းခံရသည့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အကျဉ်းသား များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့ မိသားစုဝင်များ၏ လူမှုရေးကိစ္စရပ် အ၀၀၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမင်မွေးရင်း ကျားစားရင်း ဆိုသကဲ့သို့ ဖြစ်နေသောကြောင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပါ။ ထပ်လည်း မဖမ်းကြပါနဲ့တော့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်တယ်လို့ ပြောပြီးတော့ အောက်ခြေမှာ အမိန့်မရလို့ ဖမ်းတယ်။ ညွှန်ကြားချက်မရှိလို့ ဆွဲတယ်။ နောက်ဆုံး ရုန်းရင်းဆန်ခတ် ဖြစ်လို့ ရိုက်တယ်နှက်တယ်။ ဒါတွေဟာ ပြည်တွင်း အတွက်လည်း မကောင်းပါဘူး။ ပြည်ပအတွက်လည်း မကောင်းပါဘူး။ နိုင်ငံရေး အကျဉ်းသား တိုးလာရင် တိုးလာတဲ့ အလျောက် ထောက်ပံ့ ရတာတွေ၊ ပြုလာရတာတွေရှိတယ်။ လွတ်လာတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေ ဆုတ်ယုတ်သွားတဲ့ ကိစ္စတွေမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ရမယ့်အတွက် တိုးလာရင် သမင်မွေးရင်း ကျားစားရင်း၊ နောက်အိတ်ပေါက်နဲ့ ဖားကောက်တဲ့ပုံစံ ဖြစ်နေတယ်”” ဟု NLD နာယက သူရဦးတင်ဦးက ပြောသည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ပြုလုပ်သည့် ၂၁ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် လက်ရှိ အင်းစိန်ထောင်၌ မတရား ဖမ်းဆီးခံထားရသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဦးဘမြင့်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်လေးလေး၊ ဒေါ်စိန်ထွေးတို့ အပါအ၀င်နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် စာနယ်ဇင်း သမားများ စုစုပေါင်း ၁၄ ဦးနှင့် လူငယ် ဘုံရိပ်သာတို့အတွက် ဖောင်ဒေးရှင်း က ငွေကျပ် နှစ်သိန်းစီ လှူဒါန်းခဲ့သည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၂ရက်တွင် ပထမဆုံးအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲမှစ၍ နှစ်လ တစ်ကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ယခုအကြိမ်အထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေး အကျဉ်းသားတစ်ဦး၊ လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၄၇ ဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘ၀တူ စာနယ်ဇင်းသမား ၅၁၂ ဦး တို့အတွက် ထောက်ပံ့ငွေ (၁၆၃၆)သိန်း လှူဒါန်းပြီး ဖြစ်သည်။

ထို့ပြင် ဟံသာဝတီဖောင်ဒေးရှင်းမှ ပညာရေး ထောက်ပံ့မှု အစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် သားသမီး စုစုပေါင်း ၇၇၃ ဦးတို့အတွက် ထောက်ပံ့ငွေ ၈၂၉ သိန်း ပေးအပ်နိုင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် အမှတ်(၁၁၉)၊ လမ်း(၅၀) ပုဇွန်တောင်မြို့နယ်တွင် ““ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေး ရှင်း စေတနာဆေးကုခန်း””အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ကာ နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် ဘ၀တူ စာနယ်ဇင်းသမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ၏၂၁ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ မြန်မာသံတော်ဆင့် သတင်းဌာနကလည်း ငွေကျပ်နှစ်သိန်းနှင့် ဓမ္မသံတော်ဆင့်စာပေတိုက်မှ ထုတ်ဝေခဲ့သည့် ““ဟံသာဝတီ ဦးဝင်းတင်နှင့် မြန်မာသံတော်ဆင့်”” စာအုပ် ၂၁ အုပ်ကို လှူဒါန်းခဲ့သည်။

ဝိုင်းမော်

- ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ မြန်မာသံတော်ဆင့်မှ အလှူငွေကျပ် ၂ သိန်းနှင့် “ဟံသာဝတီဦးဝင်းတင်နှင့် မြန်မာသံတော်ဆင့်”စာအုပ် ၂၁ အုပ်လှူဒါန်းစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

eleven-attack-620.jpg ကုန်းသီးနဲ့ အတိုက်ခိုက်ခံရတဲ့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ကားကို ဇူလိုင်လ ၁၄ ရက်နေ့ က တွေ့ရစဉ်

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကား ကုန်းသီးနဲ့အနီးကပ် တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် CPJ- သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူ ဖို့ မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဗဟန်းမြို့နယ်မှာ ယာဉ်ကြောပိတ်တုန်း ဒေါက်တာသန်းထွဋ်အောင်စီးလာတဲ့ ကားကို လေးခွကုန်းသီးနဲ့ အင်္ဂါနေ့က အနီးကပ်ပစ်ခတ်ပြီးတဲ့နောက် အဌားယာဉ် တစ်စီးနဲ့ အဲဒီပစ်ခတ်တဲ့လူတွေက ထွက်ပြေးသွားတယ်လို့ CPJ က ဖော်ပြ ပါတယ်။

Eleven Media Group ဟာ နေ့စဉ်သတင်းစာ၊ အင်တာနက်ရုပ်သံလိုင်းနဲ့ အပတ်စဉ် ဂျာနယ် ထုတ်ဝေဖြန့်ချီနေ ပြီး ဒေါက်တာသန်းထွဋ်အောင်ဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို အနှောင့်အယှက်ပေးနေတာ ကို သတင်းစာမှာ ဝေဖန်သုံးသပ်လေ့ရှိတယ်လို့လည်း CJP က ဖော်ပြပါတယ်။

RFA



အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အာရှအသင်းမှာ ပြီးခဲ့တဲ့ဧပြီလက လာရောက် ကပြဖျော်ဖြေခဲ့တဲ့ ရွှေမန်းသဘင်ဟာ Bessie Award လို့ ခေါ်တဲ့ New York Dance and Performance Awards နယူးယောက် အကနဲ့ ဖျော်ဖြေဆုအတွက် လျာထားခံရပါတယ်။

အကဲဖြတ်ဒိုင်တွေက ရွေးချယ်ပြီးလျာထားလိုက်တာလို့ Asia Society အဖွဲ့က Global Performing Arts and Special Cultural Initiatives ကမ္ဘာ့ဖျော်ဖြေရေး အနုပညာနဲ့ အထူးယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Rachel Cooper က ပြောပြပါတယ်။

သူတို့ အများဆုံးလျာထားတာက မော်ဒန်နဲ့ ဘဲလေးအကတွေပါပဲ။ ဒါဟာ မြန်မာနိုင်ငံက အဖွဲ့တစ်ဖွဲ့ ပထမဆုံးလျာထားခံ ရတာပါလို့ ပြောသွားတာပါ။အကဲဖြတ် ဒိုင်တွေဟာအရင်က မြန်မာဆိုတာ ကြားတောင်မကြားဖူး၊ မြန်မာအကနဲ့ ဂီတကို လည်း မရှုစားဖူးဘဲ ရွှေမန်းသဘင် အဖွဲ့သားတွေရဲ့ အဆိုအပြောအတီးအကကို အထူး စိတ်ဝင်စားတယ်လို့လည်း ပြော ပါတယ်။

Bessie Award ဟာ ဂီတနဲ့ ဖျော်ဖြေရေးလောကမှာ အကယ်ဒမီဆုလိုမျိုးပဲဖြစ်ပြီး ခုလို လျာထားခံရတာကိုက ဂုဏ်ယူ စရာပါလို့လည်း Asia Society ညွှန်ကြားရေး မှူး Rachel Cooper က ပြောပါတယ်။

RFA

ပုဒ်မသုံးခုဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူဆရာတော်အား ရုံးထုတ်လာစဉ်

ပုဒ်မသုံးခုဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူဆရာတော်က ဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရသောလူများ၏ လက်ထဲတွင် ဥပဒေကြောင်းအရ တရားရင်ဆိုင်နေရသည်မှာ ၀မ်းနည်းစရာကောင်းကြောင်း ဇူလိုင် ၁၇ ရက် နံနက်ပိုင်း သုံးကြိမ်မြောက်ရုံးထုတ်တွင် ပြောကြားသည်။

ရေပူဆရာတော် သုံးကြိမ်မြောက် ရုံးထုတ်ကို ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး ဆရာတော်အား လာရောက်တွေ့ဆုံသည့် မိုးကုတ်မြို့ဒေသခံများ နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်အထိ အမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှကို မစစ်သေးဘူး။ တရားဥပဒေနဲ့ ပတ်သက်ပြီးပြောရရင် တရားဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရထားတဲ့ သူတွေရဲ့လက်ထဲမှာ တရားဥပဒေလမ်းကြောင်းအရ ရင်ဆိုင်နေရတာ အင်မတန်မှကို ၀မ်းနည်းစရာကောင်းတယ်။ ဒီအမှုကိစ္စကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ ဖိအားကြောင့်ဆိုတာ အထူးပြောစရာမလိုဘူး။ စေတီကို ရှင်းလင်းလို့ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲမယ်ဆိုရင် ခွင့်ပြုချက်ပေးခဲ့တဲ့ သံဃနာယကကို အရင်မစွဲဘဲ ဘုန်းကြီးကို အရင်တရားစွဲတယ်။ နောက်တစ်ချက်က ဘုန်းကြီး လူဝတ်မလဲချင်တာကို ဇွတ်အတင်းအဓမ္မ လူဝတ်လဲ ဖမ်းဆီးတယ်။ သံဃာကို အဲဒီလိုလုပ်တဲ့သူတွေကိုကျ သာသနာညှိုးနွမ်းစေမှု မမြောက်ဘူးလားလို့ မေးချင်တယ်။ ဥပဒေတွေက ပြောင်းပြန်တွေ ဖြစ်နေတယ်” ဟု ပြင်ဦးလွင်ခရိုင်တရားရုံးမှ ပြန်အထွက်တွင် ရေပူကျောင်းဆရာတော်က ပြောကြားသည်။

ရေပူကျောင်းဆရာတော်အား ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ဇူလိုင် ၇ ရက်က ပထမအကြိမ် ပြောင်းရွှေ့ရုံးထုတ်စဉ် လာရောက် တွေ့ဆုံသူများနှင့် တွေ့ဆုံခွင့်မပေးသည့်အပြင် ရုံးထုတ်မှုကို တရားရုံးတံခါးပိတ်၍ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်ရုံးထုတ်ရာတွင် ဒေသခံများနှင့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း သိရသည်။

“အခုတစ်ခေါက်ရုံးထုတ်က ပြီးခဲ့တဲ့ ရုံးထုတ်ထက် အဆင်ပြေပါတယ်။ အရင်တစ်ခေါက်က တရားရုံးပိတ်ထားတဲ့အတွက် အမှုလိုက်ဖို့ တရားသူကြီးဆီမှာ ပါဝါတင်ချိန် မရခဲ့ဘူး။ ဒီတစ်ခေါက် လုံခြုံရေးကိုလည်း စနစ်တကျ လုပ်ပေးတယ်။ ဒီတစ်ခေါက် ပါဝါတင်ပြီး အမှုတွဲဖိုင်တွေ တင်ခဲ့တယ်။ ဆရာတော်ကို သာသနာညှိုးနွမ်းစေမှုနဲ့ သစ်တောပုဒ်မတွေအတွက် သူတို့ဘက်က ရုံးပြောင်းလျှောက်ထားတယ်လို့ သိရတယ်” ဟု ဆရာတော်အမှုကိစ္စအား လိုက်ပါအကျိုးဆောင်သူ ရှေ့နေ ကိုဆန်းထွန်းအောင်က ပြောကြားသည်။

ရေပူကျောင်းဆရာတော်အား သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ဖြင့် လူဝတ်လဲ ဖမ်းဆီးထားရှိပြီး ဆရာတော်နှင့်အတူ အရပ်သားလေးဦးအား ကျောက်မျက်တူးဖော်မှုဖြင့် တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်းအပါအ၀င် စေတီများဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ) အရလည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း၊ ရေပူကျောင်းဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှုပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့ကြောင်း၊ ထပ်မံ၍ လေးကြိမ် မြောက်ရုံးထုတ်မှုကို ဇူလိုင် ၂၇ ရက်တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှစတင်၍ ယနေ့အချိန်အထိ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Writer:
အောင်သူ

Eleven Media Group

မိုးကုတ် ရေပူချောင်းဆရာတော်ကို ဇူလိုင်လ ၁၇ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်သည့်မြင်ကွင်း================Mizzima - News in Burmese

Posted by April Maung Maung on Friday, July 17, 2015

တပ်မတော်အရာရှိတစ်ဦး၏ယာဉ်အတွင်းမှ နယ်စပ်ဖြတ်ကျော်သူဟုယူဆရသူ ဘင်္ဂါလီလေးဦးအား ရခိုင်ပြည်နယ်စပ်နှင့် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်စပ်ရှိ ညောင်ကျိုးဂိတ်တွင် ဖမ်းဆီးရမိပြီး ပြစ်မှုဆိုင်ရာဥပဒေ၊ လ၀ကဥပဒေများဖြင့် သီးခြားစီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၃ ရက်က ရခိုင်ပြည်နယ်အထွက် ရဲဂိတ်တွင် စစ်ဆေးမေးမြန်းမှုကိုလက်မခံဘဲ မောင်းနှင်ထွက်သွားခဲ့သည့် ယာဉ်တစ်စီးအား ဖုန်းဆက်အကြောင်းကြားထားမှုကြောင့် ပန်းတောင်း၊ ခ.မ.ရ (...) ကျောက်တော်မှ ဗိုလ်ကြီးကျော်ဇင်ဟိန်း (ကြည်း .......) နှင့် ယာဉ်မောင်း ဦးဝင်းဌေးမောင်းနှင်လာသည့် ကားပေါ်တွင် နယ်စပ်ဖြတ်ကျော်ဟုယူဆရသူ ဘင်္ဂါလီအမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးရမိသဖြင့် ယင်းဂိတ်မှ တာဝန်ကျရဲဝန်ထမ်းက ဥသျှစ်ပင်ရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ပြီး ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ထောက်ဦးစီးကလည်း အမျိုးသားမှတ်ပုံတင်နှင့်ပတ်သက်သည့် အက်ဥပဒေ၊ နည်းဥပဒေများအရ ပန်းတောင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"ဖမ်းဆီးရမိတဲ့လေးဦးကို ပြစ်မှုအရ ဖမ်းချုပ်ထားတာကလွဲရင် လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေး အကုန်ပေးပါတယ်။ အခုလည်း ဖမ်းဆီးထားတဲ့အထဲက အမျိုးသမီးတစ်ယောက်က မူးပြီးမောနေတယ်ဆိုလို့ အပြင်မှာ သူ့ကို သက်သက်သာသာထားပေးတယ်။ ဆေးကုသခွင့်လည်းပေးထားပါတယ်။ ဖမ်းဆီးခေါ်ဆောင်လာကတည်းက လ.၀.ကကိုအပ်လိုက်တယ်။ သူတို့ကတစ်ဆင့် တရားရုံးမှာဦးတိုက်လျှောက်ထားပြီး တရားသူကြီးရဲ့ချုပ်မိန့်အရ ဖမ်းဆီးချုပ်ထားတာပါ" ဟု ပန်းတောင်းမြို့မရဲစခန်းမှူး ဦးခင်မောင်ကြည်က ပြောကြားသည်။

ဗိုလ်ကြီးကျော်ဇင်ဟိန်းအား ပြည်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က လာရောက်ခေါ်ဆောင်သွားခဲ့ပြီး တပ်တွင်းစစ်ဆေးမှုများပြုလုပ်နေကာ ယာဉ်မောင်းဖြစ်သူအား ပ- ၁၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၇၊ ၃၆၈ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"လက်ရှိမှာတော့ သေချာအချက်အလက်နဲ့ မပြောနိုင်သေးပါဘူး။ ကျွန်တော်ကလည်း ပြောင်းလာတာက ဇူလိုင် ၁၄ ရက်က။ ဖမ်းမိတာက ၁၃ ရက်က။ ပြီးတော့ အမှုဖွင့်တာကလည်း လက်ထောက်ဦးစီးက အမှုဖွင့်ထားတာလေ။ လုပ်ထုံးလုပ်နည်းအရတော့ တရားရုံးမှာ ဦးတိုက်လျှောက်တိုင်တန်းတာပါ။ အမျိုးသားမှတ်ပုံတင်နဲ့ပတ်သက်တဲ့ အက်ဥပဒေ၊ နည်းဥပဒေတွေနဲ့ပါပဲ။ နယ်စပ်ဖြတ်ကျော်ခြင်း ရှိ၊ မရှိဆိုတာတော့ စုံစမ်းစစ်ဆေးရဦးမှာပါ" ဟု ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်ခင်က ပြောကြားသည်။

ဖမ်းဆီးချုပ်နှောင်ထားသည့်သူများ၌ သုံးနှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ခဲ့ပြီး အဘိုးအဘွားများက လာရောက်ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Writer:
ဝေလင်း (ပြည်)
Eleven Media Group

RSF က ထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ၂၀၁၅။ 
 မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈)ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ စိုးရိမ်နေရဆဲဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အာရုံစိုက်စောင့်ကြည့်ဖို့ လိုတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကပြောလိုက်ပါတယ်။ ဒါ့အပြင် မနေ့က RSF အဖွဲ့ကြီးက ထုတ်ပြန်တဲ့ သတင်းသမားတွေကို အများပြည်သူ သိအောင်ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တွေစာရင်းထဲမှာ သမ္မတ ဦးသိန်းစိန်ကို ထည့်သွင်းဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်ပြောပြမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ လေးလ လောက်ပဲလိုတော့တဲ့အချိန်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတိုးတက်လာတာ မတွေ့ရဘူးလို့ RSF ရဲ့ အာရှပစိဖိတ် အကြီးအကဲ Mr. Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့တွေ့နေရတာက ရှေ့ခြေတလှမ်းတိုးပြီး နောက်ကို နှစ်လှမ်းဆုတ်လိုက်တာမျိုးတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့် အတွက် ပြုပြင်ပြောင်းလဲမှုတွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်လောက်ကစပြီး သတင်းမီဒီယာတွေအပေါ် ဖိနှိပ် လာတာတွေကို တွေ့မြင်ရပြီး အခြေအနေတွေဟာ နောက်ပြန်ဆုတ် သွားပါတယ်။"

ဒါအပြင် အစိုးအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ် ကန့်သတ်ထားမယ်ဆိုရင် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အများပြည်သူ အကျိုးစီးပွားအတွက် ဘယ်လို တင်ပြနိုင်သလဲ ဆိုတာကို မြန်မာ သတင်းသမားတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်ဖို့ Benjamin Ismail က ပြောပါတယ်။

ဇူလိုင်လ (၁၇)ရက် သောကြာနေ့က RSF အဖွဲ့ကြီးကထုတ်ပြန်တဲ့ သတင်း သမားတွေကို အများပြည်သူ သိအောင်ခြိမ်းခြောက်ပြောဆိုခဲ့ တဲ့နိုင်ငံ တကာခေါင်းဆောင်တွေ စာရင်းထဲမှာ သမ္မတဦးသိန်းစိန်ကို ထည့်သွင်းဖေါ်ပြခဲ့ ပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီးနိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စောင့်ကြည့်ဖို့ RSF အနေနဲ့ ထပ်ပြီး တိုက်တွန်းလိုက်တာဖြစ်တယ်လို့ Benjamin Ismail ကပြောပါတယ်။

"မြန်မာနိုင်ငံကိစ္စမှာ သမ္မတဦးသိန်းစိန်က သတင်းမီဒီယာ သမားတွေ ကိုခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိန့်ခွန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖက် မှာတော့ ပြန်ကြားရေး ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ဆက်ဆံပြောဆိုရာမှာ အကောင်းတွေချည်း ပဲဆောင်ရွက်နေတယ်ဆိုတာမျိုး လုပ်ပြပါတယ်။ ဒီလိုဖြစ်ရပ်အခြေအနေတချို့ကို ကျနော်တို့ တွေ့မြင်ခဲ့ရပါတယ်။ တကယ်တမ်းမှာတော့ မြန်မာ
နိုင်ငံမှာ သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာပါ။"

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင် အလွတ်သတင်းထောက် ကိုပါကြီး သတင်းယူရင်း အသတ်ခံရတာ ၊ လွတ်လပ်စွာသတင်း ဖေါ်ပြမိလို့ ယူနတီဂျာနယ် သတင်းသမားတွေ ထောင်ဒဏ်ချခံရတာ ၊ ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမားတွေ အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ တရား ရင်ဆိုင်နေရတာတွေဟာ သတင်းသမားတွေပေါ် ဖိနှိပ်နေတာပဲဖြစ်ကြောင်း Benjamin Ismail က ထောက်ပြပြောဆိုခဲ့ပါတယ်။

RSF ရဲ့ထုတ်ပြန်ချက်မှာ ၂၀၁၄ ဇူလိုင်လက ပြောကြားခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့လစဉ်မိန့်ခွန်းမှာ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံတော် လုံခြုံရေးကို အကူအညီပေးမဲ့ အစား ထိခိုက်လာမယ်ဆိုရင် လက်ရှိတည်ဆဲဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အားလုံးကို သတိပေး လိုကြောင်း ပြော သွားတဲ့ အချက်ကို ကိုးကားဖေါ်ပြထားပါတယ်။ ဒါအပြင် ၂၀၁၄ ခုနှစ် စကတည်းက မြန်မာနိုင်ငံမှာ သတင်းသမား (၇)ဦးကို ထောင်ချခဲ့သလို သတင်းကောင်စီကိုလည်း အာဏာပိုင်တွေက ထိန်းချုပ် ထားတယ်လို့ ဖေါ်ပြ ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဇူလိုင် ၁၇၊ ၂၀၁၅)
 ယူကရိန်းနိုင်ငံ အရှေ့ခြမ်းက သူပုန်တွေထိန်းချုပ်တဲ့ ဒေသပေါ်ကနေ ဖြတ်ပျံစဉ် ပစ်ချခံလိုက်ရတဲ့ မလေးရှားလေကြောင်းရဲ့ MH17 လေယာဉ်ပျက်ကျခဲ့တဲ့ ၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယူကရိန်းနိုင်ငံမှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမြို့တော်မှာရှိတဲ့ နယ်သာလန်နိုင်ငံသံရုံးရှေ့မှာ ပန်းတွေ၊ အရုပ်တွေ၊ စက္ကူလေယာဉ်တွေ ချပြီး ၀မ်းနည်းကြောင်းရေးသားခဲ့ကြသလို၊ နယ်သာလန် သံရုံးမှာလည်း အလံကို တိုင်ဝက် လွှင့်ထူခဲ့ကြပါတယ်။ လေယာဉ် ပျက်ကျစဉ် သေဆုံးသွားတဲ့ ၂၉၈ ယောက်ထဲက အများစုဟာ နယ်သာလန်နိုင်ငံသားတွေဖြစ်ကြပါတယ်။

ရုရှားနိုင်ငံမော်စကိုမြို့က နယ်သာလန်သံရုံးရှေ့မှာလည်း လူဒါဇင်နဲ့ချီ စုဝေးခဲ့ကြပြီးတော့ ၊ လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါသွားတဲ့သူတွေရဲ့ နာမည်တွေကိုရေးထားတဲ့ စက္ကူလေယာဉ်တွေ နဲ့ အတူ ပန်းစည်းတွေ လာရောက်ချခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုကတော့ MH17 လေယာဉ်ကို ပစ်ချလိုက်တဲ့ လုပ်ရပ်ဟာ ရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောလိုက်သလို၊ ဒီလို လူတွေသေလောက်တဲ့အထိ ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာဖြစ်ရတာဟာ ရုရှားနိုင်ငံပါဝင်ပတ်သက်တာကြောင့်ဖြစ်လာခဲ့ရတာလို့ ပြောလိုက်ပါတယ်။

မလေးရှားလေကြောင်းရဲ့ MH17 လေယာဉ်ပစ်ချခံရတာနဲ့ ပတ်သက်ပြီး အတွင်းကနေ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အ၀ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၁၆၆ ကို အကောင်အထည်ဖော်ဖို့ ကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံ တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့လူတွေကို တရားဥပဒေကြောင်းအရ အရေးယူနိုင်အောင် သေချာ လုပ်သွားဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို သူမက တိုက်တွန်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ကေအိုင်အေ တပ်မဟာ ၁ ထိန်း ချုပ်ရာ နယ် ထဲ က တပ်ရင်း ၇ ရဲ့ စခန်း ကို အစိုးရ တပ် က လွန်ခဲ့တဲ့ သီတင်း တစ်ပတ် ကျော် ကတည်း က စတင် ထိုး စစ် ဆင် လာ။
 ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် က ကချင် လက်နက်ကိုင် ကေအိုင်အေ ကို ထိုးစစ်ဆင် တဲ့ တိုက်ပွဲ တွေ ဆက်လက် ရှိ နေပြီး အနီးနား ကျေးရွာ တွေ က စစ်ရှောင် ဒုက္ခသည် တစ်ထောင် ကျော် ဟာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေ တဲ့ အတွက် တောထဲ မှာ ပိတ်မိ နေ ပါတယ်။

အဲဒီ့ ဒုက္ခသည် တွေ ဟာ အစာရေ စာ ပြတ် တောက် နေပြီး သွားရောက် ကူညီ ဖို့ ရာ လည်း အစိုးရ စစ်တပ် ရဲ့ မြောက်ပိုင်း တိုင်း စစ်ဌာန ချုပ် က ခွင့်ပြု တဲ့ ကုန်းလမ်း ခရီး နဲ့ ဆို ရက် ၂၀ ကျော် မှ ရောက် နိုင် မှာ ဖြစ် လို့ ကယ်ဆယ် ထောက်ပံ့ရေး အစီအစဉ် ကို ဆိုင်းငံ့ ထားရတယ် လို့ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် KBC က ပြောပါတယ်။

မလိယန် ရွာ နဲ့ အနီး တဝိုက် ရွာ တွေ က ဒုက္ခသည် တွေ ပိတ်မိ နေတဲ့ တောထဲ ကို ရေလမ်း က သွားရင် ၂ ရက် ခရီး လောက် ပဲ ကြာ နိုင် မှာ ဖြစ်ပေမယ့် အစိုးရ စစ်တပ် က လုံခြုံရေး ကို အာမ မခံ နိုင် ဘူး လို့ ပြောတဲ့ အတွက် ဒုက္ခသည် တွေ ဆီကို မသွား နိုင် ဖြစ်နေ ရတယ် ဆိုပြီး KBC ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလမိုင်ယော် က ဘီဘီစီ ကို ပြောပါတယ်။

ဆွမ်ပရာဘွမ် မြို့နယ် ထဲက ကေအိုင်အေ တပ်မဟာ ၁ ထိန်း ချုပ်ရာ နယ် ထဲ က တပ်ရင်း ၇ ရဲ့ စခန်း ကို အစိုးရ တပ် က လွန်ခဲ့တဲ့ သီတင်း တစ်ပတ် ကျော် ကတည်း က စတင် ထိုး စစ် ဆင် လာပြီး တိုက်ပွဲ တွေ ဖြစ် လာ ခဲ့တာ ပါ။

အစိုးရ စစ်တပ် က တိုက်လေယာဉ် တွေ ပါ အသုံပြု ပြီး မြေပြင် တပ် အင်အား အတော် များများ နဲ့ အပြင်းအထန် တိုက် ခိုက် လာတာ ဖြစ် တယ် ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုး ဆောင် တစ်ဦး ဖြစ်တဲ့ ဦးစန်းအောင် က ပြောပါတယ်။

ဒီလို ကချင် ပြည်နယ် ထဲ မှာ တိုက်ပွဲ တွေ ဖြစ်ပေါ် လာရင် နှစ်ဘက် ညှိနှိုင်း ကြဖို့ ရည်ရွယ် ချက် နဲ့ ပဋိပက္ခညှိနှိုင်း ရေး အဖွဲ့ ဆိုပြီး ဖွဲ့စည်း ထား ရှိ ကာ ပုံမှန် တွေ့ဆုံ လေ့ ရှိပါတယ်။

ဒါပေမယ့် အခု ဆွမ်ပရာဘုံ တိုက် ပွဲ တွေ အပစ်ရပ် နိုင် ဖို့ အတွက် တွေ့ဆုံ ဖို့ရာ တော့ အစိုးရ ကိုယ်စားလှယ် တွေ ဘက် က အလုပ်မအား ဘူး ဆိုပြီး ပြောနေ တယ် လို့လည်း ဦးစန်းအောင် က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

တစ်ရက်ကို လုပ်ခလစာ ၄ဝဝဝ ကျပ်အထိ တိုးပေးဖို့အတွက် အလုပ်သမား ၂ဝဝ လောက်က လှိုင်သာယာမြို့နယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့က လမ်းလျှောက်ဆန္ဒပြတောင်းဆိုစဉ် Photo: Htet Arkar/RFA
 အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကြေညာထားတဲ့ တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ ကို အလုပ်ရှင် ၁၆ဝ ကျော်နဲ့ အလုပ်သမားအဖွဲ့ ၂ဝ နီးပါးက ကန့်ကွက်စာ တင်ထားတယ်လို့ သိရပါတယ်။

အလုပ်ရှင်တွေဘက်က တစ်ရက်ကျပ် ၂၅ဝဝ သာပေးနိုင်ကြောင်းနဲ့ အလုပ်သမားတွေဘက်က ကျပ် ၄ဝဝဝ ပေးဖို့ တင်ပြထားတယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် ကိုဝင်းဇော်က ပြောပါတယ်။

"အလုပ်ရှင်ဘက်က ၃၆ဝဝ ကို သူတို့မပေးနိုင်ဘူး၊ ၂၅ဝဝ ပေးနိုင်မယ်ပြောတယ်၊ အဲ့ဒီလို ပေးနိုင်မယ် မပေးနိုင်ဘူးဆိုတော့ တစ်ဘက်ကပြောလို့မရဘူး၊ ကျနော်တို့ အမျိုးသားကော်မတီဝင်အနေနဲ့ကလည်း ပြန် လည်ပြီးတော့ သူတို့ကိုတင်ပြတာက မပေးနိုင်ရင် ဘာကြောင့်မပေးနိုင်သလဲ အကြောင်းပြချက်တော့ပါရမယ်၊ သူတို့ရဲ့ ဝင်ငွေထွက်ငွေအမှန်တွေကို သူတို့အနေနဲ့တင်ပြပေးပါဆိုပြီးတော့ ဒါတောင်းဆိုပြီး စစ်ဆေးရမယ့် အနေအထားပါနော်၊ အလုပ်သမားတွေကကျတော့ ဒီဘက်အထိ ၃၆ဝဝ ကနည်းတယ်၊ ၄ဝဝဝ ပေးသင့်တယ် ဆိုပြီး သူတို့ဘက်က တင်ပြတာ"

ကန့်ကွက်လွှာတင်ထားတဲ့ အလုပ်ရှင်တွေအများစုဟာ ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်လုပ်ငန်းရှင်တွေဖြစ် တယ်လို့ သိရပါတယ်။

အဲ့ဒီလို အလုပ်ရှင်တွေဘက်က ကန့်ကွက်မှုတွေရှိနေပေမယ့် အမေရိကန် အထည်ချုပ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Gap နဲ့ Addidas တို့က တစ်ရက်လုပ်ခ အနိမ့်ဆုံး ကျပ် ၃၆ဝဝ အဆိုပြုထားတာဟာ သင့်တော်ကြောင်း ထောက်ခံထား တယ်လို့ သိရပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကန့်ကွက်လွှာတွေကို စစ်ဆေးနေပြီဖြစ်ပြီး လာမယ့် သြဂုတ်လကုန်လောက်မှာ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံညှိနှိုင်းမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ အစိုးရတပ်မ ၆၆ ရဲ့  လက်အောက်ခံတပ်တွေနဲ့ KIA တပ်ရင်း ၆ တို့အကြား မကြာမီက တိုက်ပွဲဖြစ်ပွားတဲ့အတွက် အရပ်သားတချို့  ထိခိုက်ဒဏ်ရာရကြကြောင်း သိရှိရပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကျောက်စိမ်း ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီလုံခြုံရေးအပါအဝင် ကျောက်စိမ်းမြေမှာ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း ကျောက်စိမ်းတူးတုန်း မြေပြိုလို့ သေဆုံးသူ ၁၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒေါ်လာ ၅၀၀ ကျော်ရင်းရင် ၁၀၀,၀၀၀ ကျော် အမြတ်ရနိုင်တာမို့ ကျောက်စိမ်းလုပ်နေတဲ့ ကုမ္ပဏီ ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ဒါကြောင့် ကျောက်စိမ်းလုပ်ကွက်ကို လက်နက်နဲ့ ကာကွယ်နေကြတာ ဖြစ်ပါတယ်။ နာမည်ကြီးသလောက် ပွင့်လင်းမြင်သာမှု အလွန်နည်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။ စစ်တပ်ရဲ့  ဦးပိုင်ကုမ္ပဏီ၊ ဒေသခံတပ်ရင်းနဲ့ ခရိုနီကုမ္ပဏီတွေ ပါဝင်နေတာမို့ မြန်မာအစိုးရပါဝင်တဲ့ EITI (ခေါ်) သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာမှုအဖွဲ့လည်း ဘာမှတတ်နိုင်ပုံ မရပါဘူး။ ဝ တပ်ဖွဲ့ကလည်း နာမည်အမျိုးမျိုးသုံးပြီး ကျောက်စိမ်းလုပ်ငန်းမှာ စီးပွားရှာနေပါတယ်။ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးတွဲပြီး ဖက်စပ်လုပ်ထားတဲ့ ကျောက်စိမ်းလုပ်ငန်း ၃၀၀ ကျော် ရှိတယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

ဖားကန့်ကျောက်စိမ်းမြေက လုပ်ကွက်အကောင်းဆုံးရသူထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးကြိုင်ကြိုင်ရဲ့  သားတဦးပါဝင်နေပုံကို Seamus Martov က ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် ဧရာဝတီသတင်းစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ ကျောက်စိမ်းလုပ်ကွက် အကောင်းဆုံးနေရာကို ကြိုင်ကျောက်မျက်ကုမ္ပဏီက ယူထားပါတယ်။ ဒီကုမ္ပဏီရဲ့  ညွှန်ကြားရေးမှူးတွေထဲမှာ ကြိုင်စန်းရွှေ ဆိုသူ ပါဝင်ပါတယ်။ နာမည်ကိုကြည့်တာနဲ့ ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်တို့ရဲ့  သားမှန်း သိသာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြီးစိုးတုန်းက ကြိုင်ကျောက်မျက်ကုမ္ပဏီဆိုပြီး ကျောက်စိမ်းတွေကို ဗြောင်ထုတ်နေရာက စစ်အာဏာရှင် အနားယူသွားတဲ့အခါ Classic International ဆိုတဲ့ အမည်ကို ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့ ကြိုင်စန်းရွှေ ကို ပိုင်ရှင်အဖြစ် မှတ်ပုံတင်ထားတာလို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းအားလုံး ကျောက်မျက်ရတနာပြပွဲမှာသာ ရောင်းရမယ်လို့ ၁၉၉၅ ကျောက်မျက်ဥပဒေက ပြဌာန်းပေမယ့် မှောင်ခိုလမ်းက ယူနန်ကို ရောက်သွားကြတာ များပါတယ်။ မကြာမီက နေပြည်တော်မှာ ၁၃ ရက် ကျင်းပသွားတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ စုစုပေါင်း ဒေါ်လာသန်း ၁,၀၀၀ ဖိုး ရောင်းရကြောင်း သိရပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းထွက်တဲ့ တန်ဖိုး ဟာ နှစ်စဉ် ဒေါ်လာ သန်း ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ KIO က ခွဲထွက်သူ ဗိုလ်မှူးကြီးလဆန်အောင်ဝါအုပ်စုဟာ ကျောက်စိမ်မှောင်ခိုလုပ်ငန်းမှာ နာမည်ကြီးပါတယ်။ ၁၉၉၄ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ စက်ကရိယာပစ္စည်းသုံးပြီး ထုတ်ယူတဲ့အတွက် ကျောက်စိမ်းလုပ်ငန်း ကြီးထွားလာပြီး စစ်အာဏာရှင်အုပ်စုက လက်ဝါးကြီးအုပ်လာပါတယ်။

၁၄ ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို တရုတ်က မျက်စိကျခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ၁၈ ရာစနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် တရုတ်-မြန်မာ နယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာ ကုန်သွယ်ရေးတိုးပွားစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာ့ကျောက်မျက် ယူနန်ကို တင်ပို့ပြီး ပိုးချည်၊ သတ္တအိုးခွက်နဲ့ ရွှေငွေကို တင်သွင်းပါတယ်။ အဲဒီခေတ်က ကားလမ်းမရှိတဲ့အတွက် လားပေါ်မှာ ကုန်တင်ပြီး ကုန်းကြောင်းခရီးကြမ်းမှာ ယူနန်သားတွေ ကုန်သွယ်ကြပါတယ်။ ကချင်ကို ကျောက်မျက်ပိုင်ရှင်အဖြစ် သတ်မှတ်ပြီး တရုတ်ကဆက်ဆံတာကို ဗမာမင်းက ကန့်ကွက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ အခုခေတ်မှာတော့ ကျောက်စိမ်းဈေးကွက် အလွန်ကြီးမားလာပြီး ဝင်ငွေများတာမို့ ကျောက်စိမ်းမြေနဲ့ နယ်စပ်ကို ချုပ်ကိုင်နိုင်ရေးဟာ အလွန်အရေးကြီးနေပုံ ရပါတယ်။

တရုတ်စီးပွားရေး တိုးတက်လေလေ ကျောက်စိမ်းဈေးကောင်းလေလေမို့ ဝယ်လိုအားများတဲ့ ဈေးကွက် ဖြစ်နေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ စားခွက်လုပြီး တိုက်ကျခိုက်ကျ ဗုံးခွဲကျနဲ့ အကြမ်းဖက်တာတွေ အမြဲတမ်းလိုလို ဖြစ်ပွားနေပါတယ်။ ဗမာ့ကျောက်စိမ်း တင်သွင်းတာကို အမေရိကန်အစိုးရက ၂၀၀၈ မှာ ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားပေမယ့် တရုတ်ပြည်က ကျောက်မျက်ဆိုင်နဲ့ ပြတိုက်တိုင်းမှာ ကျောက်စိမ်း ရှိပါတယ်။ ရှင်ဂျန်းပြည်နယ်မှာလည်း ကျောက်စိမ်းထွက်ပေမယ့် မြန်မာ့ကျောက်စိမ်းကို တန်းဖိုးအထားဆုံး ဖြစ်ပါတယ်။ အတုတွေလည်း အများကြီး ရှိပါတယ်။

စစ်အာဏာရှင်နဲ့ ပုလဲနံသင့်ပြီး ကုဋေကုဋာကြွယ်ဝနေတဲ့ သူဋ္ဌေးကြီး ဖြစ်လာသူ ၄၀ ကျော်ရှိပြီး၊ လာမယ့် နှစ်အနည်းငယ်အတွင်း ၃၀၀ လောက်အထိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သူဋ္ဌေးဦးရေ တိုးပွားသလို ဆင်းရဲသားဦးရေလည်း အမြဲတမ်း တိုးပွားနေပါတယ်။ ကျောက်စိမ်းလုပ်ငန်းက အလုပ်သမား အများအပြား ဘိန်းဖြူစွဲပြီး ဆေးသမားတွေ ဖြစ်ကုန်ပါတယ်။ HIV ရောဂါဆိုး အများဆုံး ဖြစ်ပွားရာဒေသလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းထုတ်လုပ်မှုကြောင့် မြန်မာပြည်မှာ ဆင်းရဲချမ်းသာ ကွဲပြားမှု ပိုမိုနက်ရှိုင်းလာပြီး ဆေးစွဲနေတဲ့ အလုပ်သမားဦးရေး များတာမို့ ကျောက်စိမ်းကျိန်စာများ ဖြစ်နေသလားလို့ တွေးမိပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းထား ဈေးကွက်။
မြန်မာငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းထား ဈေးကွက်။

မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေ အတွင်း ဒေါ်လာဈေးမြင့် တက်နေပြီး မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့ ကိစ္စမှာ မြန်မာနိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်အနေနဲ့ တစ်ဒေါ်လာ နဲ့ ညီမျတဲ့ မြန်မာကျပ်ငွေ တန်ဖိုးကို ချတဲ့ ကြားဝင်ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ ပြည်တွင်းမှာ ထွက်ပေါ်နေတဲ့ မသေချာတဲ့ စိုးရိမ်စရာ သတင်းတွေကြောင့် မြန်မာပြည်တွင်း ဒေါ်လာဈေးဟာ မငြိမ်မသက်ဖြစ်နေရတယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေကပြောပါတယ်။ အခုလို မြန်မာကျပ်ငွေ တန်ဖိုးကျနေတဲ့ကိစ္စကို ပြည်ထောင်စုဗဟိုဘဏ်အနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနေတာရှိပါသလဲလို့ ဗဟိုဘဏ်ရဲ့ နည်းပညာဆိုင်ရာ တာဝန်ရှိ အကြံပေးပုဂ္ဂိုလ် စီးပွားရေးပညာရှင် ဦးကျော်မင်းထွန်းကို မေးမြန်းရာမှာ သူက အခုလို စတင်ဖြေကြားပါတယ်။

" လောလောဆယ်မှာတော့ ဗဟိုဘဏ်ရဲ့ Reference Rate ကို ကျနော်တို့ Market Rate နဲ့ in-line ဖြစ်အောင် နည်းနည်းလေးမြှင့်လိုက်တာပေါ့နော်။ Reference Rate က တစ်ထောင့်တစ်ရာကျော်ကနေပြီးတော့ တစ်ထောင့်နှစ်ရာကို တက် သွားတာပေါ့လေ။ ဒါကတော့ ဗဟိုဘဏ်က လုပ်နေတာပဲလေ။ Monetary ပေါ်လစီ ကတော့ ပြည်တွင်းက Inflation တွေလည်း လျော့သွားအောင် လုပ်တော့ လုပ်နေတာပဲလေ။ "

မေး။ ။ ဒေါ်လာဈေးတက်ပြီးတော့ မြန်မာငွေ ဈေး ကျနေရတဲ့ အကြောင်းအရင်းကရော ဘာကြောင့်လဲ ခင်ဗျ။

" မြန်မာငွေ တန်ဖိုးကျသွားတယ်ဆိုတာက ပြည်ပက အကြောင်းရင်းလည်း ပါတယ်။ ပြည်တွင်းက အကြောင်းရင်းလည်းရှိတာကိုး။ အဲ့တော့ ပြည်ပ အကြောင်းအရင်းက ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ ဒေါ်လာက အခု တန်ဖိုးတက်လာတယ်။ အမေရိကန် စီးပွားရေး ကလည်း ကောင်း လာတယ် နောက်တခုက အမေရိကန်ရဲ့ ဗဟိုဘဏ်ပေါ်လစီ ကလည်း စီးပွားရေးတောင့်အောင် ငွေအများကြီးထည့်တာကို ရပ်လိုက်ပြီးတော့ Monetary tightening ခေါ်တာပေါ့။ ငွေကို နည်းနည်းကျအောင် ပြန်လုပ်လိုက်တယ် ဆိုတော့ အဲ့တာတွေကြောင့် ဒေါ်လာဈေးတက်လာတယ်။ နိုင်ငံတကာမှာ။ ဒါက ပြည်ပ အကြောင်းအရင်းပေါ့။ အဲ့တာက ကျနော်တို့ လုပ်လို့မရဘူးလေ။

ပြည်တွင်း အကြောင်းအရင်းကတော့ ကျနော်တို့ ဘက်ဂျက်မှာ လိုငွေတွေ များလာတယ်။ ပြည်တွင်းမှာ ခုနကလို လစာတွေ တိုးလာတာတို့ နောက်တခါ ကျနော်တို့နိုင်ငံကလည်း Development အတွက် သုံးစွဲရတဲ့ Investment တွေက စီးပွားရေး အဆောက်အအုံ ချဲ့နေရတာကိုး။ အဲ့ဒီ့တော့ အသုံးစားရိတ်တွေ များတယ်ဆိုတော့ ပြည်တွင်းမှာလည်း ငွေဖောင်းပွမှုက နည်းနည်းတက်လာတာပေါ့။ အဲ့လိုတက်လာတာကို ဒီဘက်က ကျနော်တို့ ငွေကြေးအနေနဲ့ လုပ်တယ်။ နောက်ကျတော့ Trade ကျတော့လည်း ဗဟိုဘဏ်က လုပ်လို့မရဘူးလေ။ ကုန်သွယ်ရေး မူဝါဒကျတော့ Trade Ministry ကလည်း Inport နဲ့ export ကို ဘာမှ Control လုပ်လို့မရဘူးလေ။ ဘယ်လို inport တွေ သွင်းရမယ် ဘယ်လို inport ကို မသွင်းရဘူး အဲ့လိုကန့်သတ်ချက်ကလည်း ကျနော်တို့ လုပ်လို့မရဘူး။ export ကိုလည်း တွန်းအားပေးလို့မရဘူး။ ဒီနိုင်ငံခြားပစ္စည်းသုံးစွဲမှုကလည်း များလာတော့ ဒေါ်လာ demand ကလည်း ဒီထဲမှာ များလာတာပေါ့။

နောက် နိုင်ငံခြားက ဝင်လာတဲ့ ကုမ္ပဏီတချို့ကလည်း သူတို့ ဒေါ်လာကို ပြန်ပြီးတော့ demand ပြန်များလာတော့ တဖက်က ဒေါ်လာကို လူတွေက ပိုပြီးတော့ လိုလာတယ်။ ပြည်တွင်းမှာလည်း ဒေါ်လာ demand က များတယ်။ ကျပ် Supply များလာတယ်။ ကျပ်တွေက တိုးလာတယ်။ အဲ့ကြားထဲမှာ ကျနော်တို့က ကျပ်ငွေက တန်ဖိုးကျတဲ့ Pressure တွေကလည်း အဲ့တာတွေကလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ ဗဟိုဘဏ်အနေနဲ့ကတော့ လုပ်နိုင်တဲ့ ငွေကြေးနည်းလမ်းတွေ အကုန်လုံး လုပ်နေတာပဲ။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့က အခုဖြစ်ပျက်နေတဲ့ အကြပ်အတည်းအတွက်က ဆရာတို့ ဗဟိုဘဏ်အနေနဲ့က အကောင်းဆုံး လုပ်နိုင်တာ ဘာ-ရှိလဲ ခင်ဗျ။

" ဗဟိုဘဏ်ကတော့ လုပ်နိုင်တဲ့ ငွေကြေးနည်းလမ်းတွေရှိတယ်လေ။ အဲ့တာတွေတော့ လုပ်နေတာပဲ။ လုပ်နေပေမဲ့ အခုဖြစ်နေတဲ့ အခြေအနေကလည်း ရိုးရိုးတန်းတန်း မဟုတ်တော့ပဲနဲ့ တဖက်က ဘာရှိလဲဆိုတော့ ကျနော်တို့ ထိတ်လန့် စိုးရိမ်ပြီးတော့ စိုးရိမ်ပြီးတော့ အရောင်းအဝယ်တွေဖြစ် လာတယ်။ နောက် တခုက ဈေးကစားချင်တဲ့ ဟာမျိုးတွေရှိလာတယ်။ အဲ့တာမျိုးတွေကျတော့ ကျနော်တို့က သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိရအောင်လို့ ကဲ ဒါဆို ကောင်းပြီ လိုသလောက် ဒေါ်လာကို demand ရှိသလောက်ကို ဖြည့်ပေးမယ် ဆိုတာမျိုးကျတော့လည်း ကျနော်တို့မှာ Capicity က မရှိဘူးလေ။ "

ဗဟိုဘဏ်ရဲ့ နည်းပညာဆိုင်ရာ တာဝန်ရှိ အကြံပေးပုဂ္ဂိုလ် စီးပွားရေးပညာရှင် ဦးကျော်မင်းထွန်းကို ဗွီအိုအေမြန်မာပိုင်းက ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာပါ။

VOA
http://burmese.voanews.com/content/myanmar-currency-is-weaken-than-us-dollars/2866423.html


ကျေးလက်ပြည်သူ ၇ဝ ရာခိုင်နှုန်းလောက်နေထိုင်ပြီး တော်တော်များများ လယ်ယာကဏ္ဍလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံမှာ မြေယာသိမ်းဆည်းမှုတွေဖြစ်နေတာနဲ့ ပတ်သက်ပြီး ဇူလိုင် ၁၇ရက်က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

လယ်ယာမြေသိမ်းဆည်းမှုတွေဟာ တိုင်းပြည်တည်တံ့ခိုင်ခံ့ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တိုင်းပြည်ပြောင်းလဲချင်ရင် လူထုဗဟိုပြုတဲ့ အစိုးရလိုအပ်တယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့အရေးကြီးသလို ပြည်သူလိုလားတဲ့အစိုးရမရှိရင် မြေယာပြဿနာအပါအဝင် ဘယ်ပြဿနာမှဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လယ်ယာမြေသိမ်းဆည်းမှုတွေဟာ ပြည်နယ်တွေမှာ အများဆုံးဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်မှာ လက်ရှိရင်ဆိုင်နေရတဲ့ အမှုပေါင်း ၈ဝကျော်ရှိသလို ၃ဝ လောက်က စစ်တပ်က သိမ်းဆည်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အာဏာရ အုပ်ချုပ်ရေးပိုင်းနဲ့ လက်နက်ရှိတဲ့ စစ်တပ်က မြေသိမ်းတယ်ဆိုတာ တိုင်းပြည်တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမားအတော်များများကို ပုဒ်မတွေတပ်ပြီး ဖမ်းဆီးနေတာဟာ တိုင်းပြည်အမှန်တကယ် မပြောင်းလဲသေးလို့သာဖြစ်ပြီး စစ်တပ်ကိုပြည်သူတွေ အဆိုးမြင်လာတာမျိုးမဖြစ်စေချင်ရင် ဒီအချိန်ဟာ စစ်တပ်အတွက် အပြောင်းအလဲလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ မနုနုအောင်က ပြောပါတယ်။

မြန်မာပြည်ဟာ လယ်ယာမြေအခြေပြုထားတဲ့ နိုင်ငံဖြစ်လို့ မြေယာပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေး အားလုံးနီးပါး ပြေလည်သွားမယ်လို့ သတ်မှတ်တာကြောင့် ၈၈ငြိမ်းပွင့်အနေနဲ့ လယ်မြေကဏ္ဍတွေမှာ ဝင်ရောက်လုပ်ဆောင်နေတာလို့ ပြောပါတယ်။

Kamayut Media


အရပ်သားအစိုးရသစ် လက်ထက် လူ့အခွင့်အရေးတွေကို ဂရုတစိုက်ပြုဟန်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်ဆိုပေမယ့် ပုဒ်မမျိုးစုံနဲ့ တရားစွဲခံ၊ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအသစ် တွေကတော့ ဒီနေ့အချိန်အထိရှိနေဆဲပါ။ အကျဉ်းထောင်ထဲမှာ နိုင်ကျဉ်းတွေဆိုရင် ပိုနှိပ်စက်တယ်ဆိုတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ သာမန်အကျဉ်းသားတွေလိုတောင် တန်းတူအခွင့်အရေးမရဘဲ ရည်ရွယ်ချက်ရှိရှိ ညှင်းဆဲခံနေရတာတွေကို ရပ်ဆိုင်းပေးဖို့ ပြောလာသူက ရှေ့နေ ဦးရောဘတ်စန်းအောင်ပါ။

အာဏာပိုင်တွေဟာ အကျဉ်းထောင် ဥပဒေကို လျစ်လျူရှုပြီး ညွှန်ကြားချက်တွေ၊ အမိန့်တွေအားကိုးနဲ့ ဥပဒေနဲ့မညီဘဲ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာလောက် ဆိုးဝါးတဲ့ အခြေအနေမရှိတော့ဘူးလို့ ဆိုပါတယ်။
ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) file 5232/33

သာယာဝတီအကျဉ်းထောင်က ကျောင်းသား ၇ယောက်ကိုလည်း ဆေးလိပ်ယူဆောင်လာလို့ ၁၄ရက် တိုက်ပိတ်ပြစ်ဒဏ်ပေးပြီး သံမန်တလင်းမှာ သုံးရက်လောက် ဒီအတိုင်းပစ်ထားပြီး နှိပ်စက်တာဟာ နာတာရှည်ရောဂါနဲ့ သေစေလိုတဲ့ရည်ရွယ်ချက်ပါတယ်လို့လည်း ဆိုပါတယ်။

အင်္ဂလိပ်ခေတ်ကနေ ၁၉၇၄ လောက်အထိ နိုင်ငံရေးအကျဉ်းသားတွေကို သာမန်ရာဇဝတ်သားတွေနဲ့မတူဘဲ သတင်းသိပိုင်ခွင့်၊ ပြင်ပနဲ့ ဆက်သွယ်ခွင့်၊ အဆင့်အတန်းတိုးမြှင့်ပေးထားတဲ့ A-Class ၊ B-Class စတဲ့ သတ်မှတ်ပေးချက်တွေရှိခဲ့ပေမယ့် လက်ရှိအစိုးရကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေးထားတာ မရှိဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
အောင်မျိုးမင်း (Executive Director ၊ Equality Myanmar) file 5243

နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝမရှိသင့်သလို နိုင်ငံရေးလုပ်ဆောင်မှုကြောင့် ထောင်တွင်းမှာ ပိုပြီးပစ်မှတ်ထား ညှင်းဆဲတာဟာ လူ့အခွင့်အရေးအရ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

Kamayut Media

လူတချို့က ရေးကြတယ် ။
ပုဒ်မ ၅၉ (စ) ပြုတ်သွားရင်ဘာသာခြားတွေ သမ္မတ ဖြစ်ကုန်မယ်။
တိုင်းတစ်ပါးသားတွေ သမ္မတ ဖြစ်ကုန်မယ်တဲ့။
ဘယ်သူတွေ ဘယ်လိုပဲ ရေးရေး
ကျွန်တော်ကတော့.. .
အဲဒီလို မရေးချင်ပါဘူး။
လူတွေ ပြောနေကြတဲ့ ပုဒ်မ ၅၉ (စ) ရှိနေလည်း
ဘာသာခြားတွေ သမ္မတ ဖြစ်နိုင်တယ်လို့ ပဲ ရေးမှာပါ။
ဒါဟာ အမှန်ပါ။

ပုဒ်မ ၅၉(စ) ပြုတ်သွားရင် ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ရေးနေကြတဲ့ ပို့စ်တွေမှာ.
ကျွန်တော် ကွန်မန့်ဝင်ရေးဖို့ အကြိမ်ကြိမ် လုပ်ဖူးပါတယ်။
ဒါပေမယ့်..
ကွန်မန့် ဝင်ရေးလို့ မရပါဘူး။
အဲဒါဘာလို့လဲ..?
သူတို့က သူတို့ကိုထောက်ခံတဲ့သူ
သူတို့ပြောသမျှ ယုံတတ်တဲ့သူတွေကိုပဲ friends လုပ်ထားပြီး
ကွန်မန့်ကိုလည်း friend only လုပ်ထားလို့ပါ။
မိတ်ဆွေတို့လည်း ဂရုစိုက်ပြီး ကြည့် ကြည့်ပါ။
မဟုတ်တာရေးတဲ့သူ.တော်တော်များများဟာ ကွန်မန့်ကို public ဖွင့်မထားကြပါဘူး။

ခု..
ကျွန်တော် ရေးမယ့် အကြောင်းအရာမှာလည်း
လိမ်လည်မှု့တွေ ပါဝင်နေမယ်။
ဒါတွေဟာ မဟုတ်ပါဘူး ဆိုရင်..
ကွန်မန့်မှာ ဆွေးနွေးလို့ရပါတယ်။ ဒါမှလည်း အပြန်အလှန်ဖြစ်ပြီး
ညီမျှမှု့ ရှိမယ်လို့ ကျွန်တော်က ယူဆပါတယ်။ ကွန်မန့်ကိုလည်း
Public ဖွင့်ပေးထားပါတယ်။

အရင်ဦးဆုံး အနေနဲ့ ပြောချင်တာက
ပုဒ်မ ၅၉ (စ) ရှိနေလည်း ဘာသာခြားတွေ သမ္မတ ဖြစ်နိုင်တယ်လို့ ပြောမှာပါ။
တကယ်လည်း သမ္မတ ဖြစ်ခွင့် ရှိပါတယ်။
သမ္မတ အရည်းအချင်း ကန့်သတ်ချက်တွေ ထဲမှာလည်း
ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်ရမယ်လို့ မပါဝင်သလို
ဗုဒ္ဓဘာသာ မှ လွဲ၍ တခြားဘာသာဝင်များ သမ္မတ မဖြစ်ရလို့ မပါဝင်ပါဘူး။

ဒါ့အပြင်
ပုဒ်မ ၃၄၇ မှာ
နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ၌ တန်းတူ အခွင့်အရေး ရှိရမယ်လို့
ဆိုထားပြီး
ပုဒ်မ ၃၄၈ မှာလည်း
နိုင်ငံတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ
လူမျိုး၊ ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း၊ယဉ်ကျေးမှု့၊
အမျိုးသား၊ အမျိုးသမီး ဆင်းရဲ ချမ်းသာတို့ကို ကြောင်းပြု၍
ခွဲခြားမှု့ မရှိစေရလို့လည်း ရေးသားထားပါတယ် ။

ဒါ့ကြောင့်
သမ္မတ အရည်အချင်း ကန့်သတ်ချက်တွေနဲ့ ကိုက်ညီရင်
ဘာသာခြားတွေလည်း သမ္မတ ဖြစ်ခွင့်ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုက
၅၉( စ) မရှိလည်း တိုင်းတစ်ပါးသားတွေ သမ္မတ လုပ်ခွင့် မရှိပါဘူး။
၅၉ (စ) ထက် ကောင်းတဲ့ ၅၉ (ခ) က
သမ္မတ အရည်အချင်း ကန့်သတ်ချက်တွေ ထဲမှာ ပါပြီးသားပါ။
၅၉(ခ) မှာ ရေးထားတာက
အမိအဖ နှစ်ဦးစလုံးသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားမှ မွေးဖွားသော သူများ ဖြစ်ရမည်လို့ ရေးထားတဲ့အတွက်
၅၉(စ) ပြုတ်လည်း ဘယ်လူမျိုးခြားမှ သမ္မတ မဖြစ်နိုင်ပါဘူး။ ။

တကယ်တော့..
၅၉(စ) ဟာ တစ်ဦးတစ်ယောက်ထဲ အတွက် ရည်ရွယ်ပြီး ထည့်သွင်းထားခြင်းသာ
ဖြစ်တယ်ဆိုတာနဲ့
၅၉ (စ) မရှိလည်း
တိုင်းတစ်ပါးသားတွေ သမ္မတ မဖြစ်နိုင်သလို
၅၉(စ) ရှိနေလည်း
ဘာသာခြားတွေ သမ္မတ ဖြစ်ခွင့်ရှိတယ်ဆိုတာ ထောက်ပြချင်တာပါ။

တချို့ဆိုရင်
လိမ်လည်မှု့အမျိုးမျိုး အသုံးပြုရင်း
၅၉ (စ) ဖြုတ်လိုက်တာနဲ့ သမ္မတရဲ့ အမျိုးအဆွေတွေက ဘာသာခြားတွေ
ဘယ်လိုရောနှောသွားမယ်။
ဘာသာရေးအတွက် ဘယ်လို ဆုံးရှုံးနစ်နာနိုင်တယ်။
သူတို့ဥပဒေတွေအတွက် ဘယ်လိုတွေ လုပ်နိုင်တယ်ဆိုပြီး
လိမ်လည်ရေးသားနေကြတာတွေ အများအပြား တွေ့ရမှာပါ။
၅၉(စ) ရှိနေလည်း ဘာသာခြားတွေအနေနဲ့
သမ္မတတောင် ဖြစ်ခွင့်ရှိနေတဲ့ အတိုင်းအတာမှာ
၅၉(စ) မဖြုတ်စေချင်လို့ ရေးသားနေမှု့တွေ
လိမ်လည်မှု့တွေကို မြင်စေချင်တာပါ။
ပုဒ်မ ၃၄၇ နဲ့ ပုဒ်မ ၃၄၈ အရလည်း
ဒါဟာ မကိုက်ညီပါဘူး။
ဗိုလ်ချုပ်ရေးဆွဲခဲ့တာ ၁၉၄၇.အခြေခံဥပဒေတွေထဲမှာလည်း
မပါဝင်ပါဘူး။
တချို့ပြောနေတဲ့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးဆွဲ ခဲ့ပါတယ် ဆိုတာကလည်း
လိမ်လည်မှု့တွေပါ။
ဒါတွေကိုလည်း ပြည်သူအားလုးံကို သိစေချင်မိတာပါ။

ဒီနေရာမှာ..
သမ္မတ အရည်အချင်း ကန့်သတ်ချက်တွေက ဘာတွေများရေးသားထားသလဲ ဆိုပြီး
မိတ်ဆွေတချို့ကလည်း သိချင်ကြမှာပါ။
ဒါ့ကြောင့်လည်း သမ္မတ အရည်အချင်း ကန်သတ်ချက်တွေကို လေ့လာနိုင်ဖို့အတွက်
ဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေပါ သမ္မတ အရည်အချင်း ကန့်သန်ချက်နဲ့
၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ သမ္မတ အရည်အချင်း ကန့်သတ်ချက်တွေကို ပူးတွဲတင်ပေးရင်း
မိမိတို့အဆင့်အတန်းနှင့်အညီ ရေးသားလာမည့် ကွန်မန့်များအား
ဖိတ်ခေါ်လိုက်ပါတယ်။

ဘုန်းထက်ကြယ်


၆၈ နှစ်မြောက် အာဇာနည်နေ့ကို သမ္မတ အစား ဒုတိယသမ္မတ တက်ရောက် မှာဖြစ်ပါတယ်။ အစိုးရပိုင်း ဘက်က ဒုသမ္မတ အပြင် ပြည်ထောင်စု ဝန်ကြီး ၂ဦးနဲ့ ဒုဝန်ကြီး ၁၁ဦးပါ ပါဝင်တက်ရောက်မှာပါ။ တပ်ပိုင်းဆိုင်ရာဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရှိသူ ၂ဦး တက်ရောက်မယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ကတော့ အရင်နှစ်တွေလိုဘဲ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချပြီး ကွယ်လွန်သူတွေ အတွက် ဆွမ်းကပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ ရုံးချုပ်မှာ မိန့်ခွန်းပြောဆိုသွားမယ်လို့ NLD ကပြောပါတယ်။ ၆၈ နှစ်မြောက်အာဇာနည်နေ့ကို ဘယ်လိုကျင်းပမလဲဆိုတာကို ဗီအိုအေ မြန်မာပိုင်းကမေခက အခုလို တင်ပြထားပါတယ်။

၆၈ နှစ်မြောက် အာဇာနည်နေ့ကို အစိုးရပိုင်းဘက်မှ သမ္မတ ကိုယ်စား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ ဒုဝန်ကြီး ၁၁ဦး တို့ တက်ရောက်မှာဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး၊ ဗိုလ်ချုပ် တ ဦးနဲ့ တိုင်းစစ်ဌာနချုပ်တို့က တက်ရောက်မှာဖြစ် တယ်လို့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက တာဝန် ရှိ သူတစ်ဦးကခုလိုပြောပါတယ်။

"ဒုတိယသမ္မတ (၁) ခေါင်းဆောင်ပြီး တက်ပါမယ်။ အစိုးရဘက် ကပေါ့နော်။ နောက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တက်ပါမယ်။ နောက်တော့ အစိုးရအဖွဲ့ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ တက်ဖို့ရှိပါတယ်။ ဝန်ကြီးက သူတို့သတ်မှတ်ပေးထားတာ နှစ်ပါးပါ ခင်ဗျ။ နောက်တခါ ဒုတိယ ဝန်ကြီးတွေက ၁၁ပါး တက်ပါမယ်ခင်ဗျ။ တပ်မတော်ကတော့ ကျနော်တို့ ကစခ(၅) မှူးပေါ့လေ။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စန်းဦး တက်ပါမယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ ဇူလိုင် ၁၉ရက်နေ့မှာ ဌာနေရုံးချုပ်မှာ ကျဆုံးသွားတဲ့ ခေါင်း ဆောင်တွေအတွက် ဆွမ်း ဆက်ကပ်သွား မှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဌာနရုံးချုပ်မှာ မိန့်ခွန်းပေးဖို့လည်း ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ဦးညဏ်ဝင်းက အခုလို ပြောပါ တယ်။

" ရုံးမှာပဲ မနက်အာရုဏ် ဘုန်းကြီးတွေ ဆွမ်းကပ်ပါမယ်။ မနက်ပိုင်း ၁၀နာရီ ၃၇မိနစ် ကျဆုံးချိန်မှာ ဥသြဆွဲ အလေးပြု ပါမယ်။ နောက် အာဇာနည်နေ့ အခမ်းအနားကို နေ့ခင်း တနာရီခွဲမှာ ကျင်းပပါမယ်။"

အာဇာနည်နေ့ကို တက်ရောက်ဂါရဝပြုမယ့် အာဇာနည်ကြီးတွေရဲ့ မိသားစုဝင် အရေအတွက် ဟာ အရင်နှစ် တွေကထက် ပိုမိုသိသိသာသာတိုးတက်ခဲ့ကြောင်း အရင်နှစ်က တက်ရောက်ဂါရဝပြုသူ၁၀၀ နီးပါးသာရှိကြောင်း၊ ဒီနှစ်မှာတော့ တက်ရောက် ဂါရဝပြုသူ ၁၅၀နီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ ဖိတ်ကြားရေး တာဝန်ခံအဖွဲ့ကပြောပါတယ်။

ဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး အောင်ဆန်းဦးကိုယ်တိုင်လည်း တက် ရောက်မှာဖြစ်ပါတယ်။ အခမ်းအနားအရ မနက် ၈နာရီမှာ အာဇာနည်ကြီးတွေ ရဲ့ မိသားစုဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက် ဂါရဝပြုမှာဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့ကတော့ နေ့ခင်း ၁၂နာရီကနေ ညနေ ၅နာရီ ထိ အာဇာနည်ကုန်းမှာ ဂါရဝပြုခွင့်ရမှာဖြစ်ပါတယ်။

အာဇာနည်နေ့မှာ ကျဆုံးခေါင်းဆောင်တွေအတွက်ရည်စူးပြီး ရန်ကုန်မြို့တော် ခန်းမမှာ ဆွမ်းကပ်လှုဖို့ရှိပြီး နေပြည်တော်မှာလည်း ကျဆုံးခေါင်းဆောင်တွေ ရည်စူးပြီး ဆွမ်းကပ်လှုမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။အဲဒီနေ့မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး ကို ပြည်သူများ လေ့လာနိုင်ဖို့ ဖွင့်လှစ် ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို မြအေးကတော့ အာဇာနည်နေ့ကို ၈၈ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ နှစ်စဉ် ဂါရဝပြုတဲ့ပုံစံအတိုင်း ဂါရဝပြုသွားမှာဖြစ်ကြောင်း၊ လွမ်းသူ့ပန်းခွေချ အလေးပြုသွားမှာဖို့လည်းရှိကြောင်း သူကပြောပါတယ်။

အဲဒီနေ့မှာ အရင်နှစ်တွေလိုဘဲ အာဇာနည်ကုန်းကို လုံခြုံရေး တင်းကျပ်ထား မှာဖြစ်ကြောင်း၊ အများပြည်သူအနေနဲ့ တက်ရောက် ဂါရဝ ပြုလုပ်ပါက လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းနဲ့ ကြိုတင် စစ်ဆေး ထားတာ မရှိတဲ့ ပန်းခွေ၊ပန်းခြင်းတွေကို ယူဆောင်ခွင့် ပြုမှာမဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကနေ စတင်ပြီး အာဇာနည်နေ့ကို အစိုးရဘက်ပိုင်းက အလေးထား လုပ်ဆောင်လာခဲ့တာတွေ ရှိလာပါတယ်။ ဒီထဲမှာ အာဇာနည်ခေါင်းဆောင်တဲ့ ဝန်ကြီးများရုံးကို တရားဝင်လေ့လာခွင့်ပေးလာတာတွေပါဝင်သလို ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ခေါင်းဆောင်တွေကျဆုံးချိန်မှာ ဥသြဆွဲ ဂါရဝပြုမှုတွေပြန်လည် လုပ်ဆောင်လာတာတွေရှိပါတယ်။ ဥသြပြန်ဆွဲခွင့်ကိုလည်း တရားဝင်လုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။

ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ အင်တာဗျူးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေကိုကို နိုင်ငံပိုင် သတင်းမီဒီယာ တွေမှာ ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ ဂါရဝပြုတာကိုတော့ မနှစ်ကကော ဒီနှစ်မှာပါ သမ္မတကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသာ တက်ရောက်ခဲ့ပါတယ်။

VOA /မေခ
http://burmese.voanews.com/content/martyrs-day-preparations-in-myanmar/2866369.html

ကျွန်မ လုပ်ခဲ့တဲ့ ဆေးရုံမှာ လူနာပေါင်းများစွာကို ကြုံတွေ့ဖူးပြီး လူနာတယောက်ကို အခုလို ဆေးရုံဆင်းပြီး အတော်ကြာတဲ့အထိ အမှတ်ရနေတာ သတိရနေတာမျိုးတော့ တော်တော်လေး နည်းပါတယ်။ ဒီဆေးရုံမှာ လာတက်ဖူးတဲ့ လူနာတယောက်က အတော်လေးကြာမှ တနေရာမှာ တွေ့လို့ ကျွန်မကို လှမ်းနှုတ်ဆက်ရင် မျက်နှာကိုသာ မြင်ဖူးသလို မှတ်မိနေတတ်ပြီး ဘယ်သူဘယ်တုန်းက ဘယ် Ward မှာ တက်သွားသူဆိုတာ မမှတ်မိတာက များပါတယ်။ ဒါပေမဲ့ အခုပြောမယ့်လူနာကတော့ အဲဒီလို မဟုတ်ဘဲ ခဏပဲ တွေ့ရပြီး Ward ထဲမှာ ကျွန်မ အချိန်ကြာကြာ စောင့်ရှောက်လိုက်ရတဲ့ လူနာလည်း မဟုတ်ဘဲနဲ့ သူဆေးရုံက ဆင်းပြီးကတည်းက ကျွန်မ မျက်စိထဲက သူ့ပုံရိပ်က ဘယ်တော့မှ ပျောက်မသွားဘဲ မကြာခဏ သတိရနေတဲ့ လူနာတယောက်ပါ။

အဲဒီလူနာကို စတွေ့တဲ့နေ့က ကျွန်မက သူရှိတဲ့ Ward မှာ တာဝန်ကျတာ မဟုတ်ဘဲ ဓာတ်မှန်ရိုက်တဲ့ ဌာနမှာ တာဝန်ကျပြီး ဓာတ်မှန်ဌာနကနေ ဓာတ်မှန်ရိုက်ပေးဘို့ သူ့ကို Ward ထဲမှာ သွားခေါ်ရင်း မထင်မှတ်ဘဲ တွေ့ရတဲ့လူနာတယောက်ပါ။ အဲဒီနေ့က ဆေးရုံမှာ ကျွန်မတို့ ဓာတ်မှန်ရိုက်ပေးခဲ့ရတဲ့ တခြားလူနာတွေကို ကျွန်မ တယောက်မှ မမှတ်မိတော့ပေမဲ့ သူရှိတဲ့ Ward က ဓာတ်မှန်ရိုက်ပေးခဲ့ရတဲ့ လူနာအရေအတွက်နဲ့ သူ့ကိုတော့ ကျွန်မ ကောင်းကောင်းမှတ်မိနေပါတယ်။ ကျွန်မတို့က အလုပ်ပိုပြီး မြန်ဆန် အဆင်ပြေစေဘို့အတွက် Ward အားလုံးမှာ ရှိတဲ့ လူနာတွေကို Ward အလိုက်မဟုတ်ဘဲ သွားလာလှုပ်ရှားနိုင်မှု (Mobility) ပိုကောင်းပြီး လမ်းလျှောက်နိုင်သူနဲ့ ဘီးတပ်ကုလားထိုင်မှာ ထထိုင်နိုင်သူတွေကို အရင်ဆုံး၊ ထမနိုင်လို့ X-Ray Trolley နဲ့ခေါ်လာရမည့်သူတွေကို နောက်ဆုံးလိုက်ခေါ်ပြီး ဓာတ်မှန်ရိုက်ပေးလေ့ ရှိပါတယ်။

သူက ဘီးတပ်ကုလားထိုင်နဲ့ ခေါ်လာရမည့် စာရင်းထဲမှာ ပါပြီး ကျွန်မသွားခေါ်ရတဲ့ လူနာတယောက် ဖြစ်တယ်။ Ward ထဲကို မလာခင်ကတောင် ဘယ်သူ့ကို ဘာနဲ့ခေါ်လာရမယ်ဆိုတာကို ကြည့်ရင်းနဲ့ သူ့နာမည်ကို ကျွန်မ စပြီးသတိထားမိပါတယ်။ လူနာစာရင်းစာရွက်ကို ကိုင်ပြီး အဲဒီ Ward ကို ရောက်လာတော့ သူနဲ့ တခြားဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားရမည့်သူ နှစ်ယောက်မှာ အဆင်သင့်ဖြစ်နေသူကို အရင်ခေါ်မယ်ဆိုပေမဲ့ သူ့နာမည်ကြောင့် ကျွန်မက သူ့အခြေအနေကို အရင်သိချင်လို့ သူ့ဆီအရင်သွားလိုက်ပါတယ်။ အဲလို သွားဘို့အတွက် လူနာဘယ်ကုတင်မှာ ဆိုတာကြည့်ဘို့ Nurses Station မှာ ကပ်ထားတဲ့ လူနာစာရင်းထဲမှာ လူနာရှိရာ ကုတင်နံပါတ် အရင်ရှာလိုက်တယ်။ သူ့နာမည်ကို အခန်းနံပါတ် (5) ကုတင်နံပါတ် (C) မှာ တွေ့တော့ ဘေးနားက အခန်းပဲ ဖြစ်နေတယ်။ ကျွန်မ အပြင်ကနေ သူ့ကုတင်ရှိရာကို ကြည့်လိုက်တော့ ခန်းဆီးကို ကုတင်အပေါ်ပိုင်း အလယ်လောက်အထိကွယ်အောင် ဆွဲထားတော့ မျက်နှာရှိတဲ့ဘက် အပေါ်ပိုင်းကို မတွေ့ရဘူး။ ဒါကြောင့် ကျွန်မ ကုတင်လေးလုံးရှိတဲ့ သူရှိရာအခန်းထဲဝင်သွားကြည့်တယ်။

ပိန်ကျုံသေးသွယ်တဲ့ ခန္ဓာကိုယ်ရှိပေမဲ့ မျက်နှာအနည်းငယ် ဖူးရောင်နေသလို ထင်ရပြီး ကုတင်ရဲ့ အပေါ်ပိုင်းကို ၄၅ ဒီဂရီ မြင့်ထားတဲ့ အနေအထား(Comfortable Position) နဲ့ အိပ်ပျော်နေတဲ့ ကျွန်မတို့ အသက်အရွယ်ခန့်ပဲ ရှိနိုင်တဲ့ လူနာအမျိုးသားတဦးကို တွေ့ရတယ်။ အိပ်ပျော်နေတယ်ဆိုတော့ မနိုးချင်သေးတာနဲ့ သူ့ရဲ့အခြေအနေကို ကြည့်မယ်ဆိုပြီး Nurses Station ကိုပြန်ထွက်လာကာ အပြာရောင်လူနာမှတ်တမ်းဖိုင်ကို ရှာနေချိန်မှာ အဲဒီ Ward မှာ တာဝန်ကျနေတဲ့ သူနာပြုတယောက်က Nurses Station အနောက်ဘက်ရှိ Treatment Room ထဲကနေ ထွက်လာပြီး ကျွန်မကို နှုတ်ဆက်ကာ ဘာရှာနေလဲလို့ မေးတယ်။ ကျွန်မ ဒီနေ့ ဓာတ်မှန် ဌာနမှာ တာဝန်ကျပြီး ဒီ Ward မှာ ဓာတ်မှန်ရိုက်ရမည့် လူနာ လေးယောက်ရှိကြောင်း ကုတင်နဲ့ ခေါ်ရမည့်လူနာနှစ်ယောက်ကိုတော့ နောက်ဆုံးမှ လာခေါ်မှာဖြစ်ပြီး အခုလောလောဆယ် ဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားရမည့် နှစ်ယောက်မှာ အဆင်သင့်ဖြစ်နေသူကို အရင်ခေါ်သွားမှာ ဖြစ်ကြောင်း ပြောပြပြီး အခုလိုက်ရှာနေတာက နံပါတ် 5C က လူနာရဲ့ အခြေအနေ သိချင်လို့ Blue folder ထဲက Care Plan ထဲမှာ ကြည့်ဘို့ လိုက်ရှာနေကြောင်း ပြောပြပြီး “အခုတော့ နင်လာတာနဲ့ အတော်ပဲ Care Plan မှာ ကြည့်စရာမလိုတော့ဘူး အဲဒီလူနာကို ဒီမနက် နင်စောင့်ရှောက်လား” လို့ မေးတော့ သူစောင့်ရှောက်တဲ့လူနာမဟုတ်ပေမဲ့ အဲဒီလူနာအကြောင်း သူသိတယ်လို့ ပြောပြီးကျွန်မကို လူနာ သွားလာလှုပ်လျားနိုင်မှု အခြေအနေ (Mobility) ကနေ စပြောပြပါတယ်။ သူက “ံ He is safe to transfer and walk independently for a short distance သူက ကုတင်အတက်အဆင်းလုပ်တာနဲ့ အနီးအနား အကွာအဝေးကို သူ့ဖာသာသူ လမ်းလျှောက်လို့ စိတ်ချရတယ်” လို့ ပြောပြပါတယ်။

ကျွန်မက "သူ့ရဲ့စိတ်အာရုံ အသိပိုင်းဆိုင်ရာ အခြေအနေ (Mental & Neuro Status) ကကော ဘယ်လိုရှိလဲ” လို့မေးတော့၊ ဒီလူနာက တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းတယ်သိလား ကြည့်ရင် မျက်စိအမြဲမှိတ်ထားတတ်လို့ နွမ်းနယ်သလိုထင်ရပြီး ဘယ်သူနဲ့မှ ရောရောနှောနှော ပြောဆိုဆက်ဆံတာလည်း မရှိဘူး။ ဒါပေမဲ့ သူ့ဆီကို staff တွေ သွားပြီး စောင့်ရှောက်မှု ပေးဘို့ တခုခုမေးရင် ထင်သလိုမဟုတ်ပြန်ဘူး တော်တော်ကွာခြားတယ်” လို့စပြောတယ်။ ဘယ်လိုကွာလဲ လို့ မေးတော့ “He looks drowsy but he is very alert and orientated, responsive and cooperative, very nice and pleasant when attended ဒီလူနာက ကြည့်ရင် နွမ်းနယ်သလို မြင်ရပေမဲ့ စိတ်အာရုံပိုင်းဆိုင်အခြေအနေမှာ အသိအားလုံးကောင်းတယ် ဘာမှပြဿဿ နာမရှိဘူး တော်တော်လေးလန်းဆန်းမှု ရှိပြီး၊ သူ့ကိုမေးရင် ကောင်းကောင်းပြန်ပြောဆိုဆက်ဆံပြီး စောင့်ရှောက်တာတွေကို အကုန်လုံးပူးပေါင်းဆောင်ရွက်တယ်၊ တော်တော်လေး နှစ်လိုဖွယ်ကောင်းတဲ့သူတယောက် ဖြစ်တယ်” လို့ ပြောတော့ ကျွန်မက ၀မ်းသာကျေနပ်တဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။

ပြီးတော့ “And he can speak English very well” လို့ ပြောတဲ့အချိန်မှာတော့ ကျွန်မက ကြားဖြတ်ပြီး “သူ့ကွန်မြူနီကေးရှင်း အခြေအနေအတွက် စိတ်မပူပါနဲ့ ဒီလောက်ဆိုရပြီ ကျေးဇူးတင်ပါတယ်” လို့ ပြောပြီးတာနဲ့ ဘီးတပ်ကုလားထိုင် သွားယူဘို့ လုပ်တော့ ပြောပြနေတဲ့ သူနာပြုက တခုခုကို စဉ်းစားမိတဲ့ပုံနဲ့ ကျွန်မကို နေဦးလို့ ပြောပြီ “I think he is Burmese? လို့ စဉ်းစားပြီး ပြောနေရာကနေ ချက်ချင်းပဲ “I am sure he is Burmese” လို့ ဆက်ပြောတော့ ကျွန်မက “ Of course I know ” လို့ သူ့ကို ဂုဏ်ယူတဲ့ လေသံနဲ့ ပြန်ပြောတော့ သူက “ဟယ် နင့်အသိလား” လို့ မေးပြီး ကျွန်မနဲ့ မိတ်ဆွေထင်နေပြန်တော့ အသိမဟုတ်ဘူး ခုမှတွေ့ဖူးတာ သိတယ်ဆိုတာက X-Ray ဌာနမှာ လူနာစာရင်းကို ဖတ်တဲ့အချိန် သူ့နာမည်ကို တွေ့တာနဲ့ သူဟာ ဗမာတယောက်မှန်းအတိအကျ သိထားလို့ ပြောတာပါ၊ ဒါကြောင့်လည်း ကွန်မြူနီကေးရှင်းအတွက် စိတ်မပူပါနဲ့လို့ နင့်ကို ပြောတာပေါ့ သူအင်္ဂလိပ်လို တခွန်းမှ ပြောမတတ်ရင်တောင်မှ ကိစ္စမရှိဘူး မဟုတ်လား” လို့ ဂုဏ်ယူတဲ့ လေသံနဲ့ ကျွန်မ ပြောလိုက်တယ်။ ဂုဏ်ယူတယ်ဆိုတာက ဗမာလူနာက ရှားရှားပါးပါးပဲ ရှိတတ်ပြီး ရှိတဲ့တယောက်ကလည်း ပြဿ နာ ရှာတတ်တဲ့ လူနာမျိုးမဟုတ်ဘဲ Nice and pleasant ဖြစ်တဲ့အကြောင်း ward တာဝန်ကျ staff က အမှတ်ပေးလို့ ကျွန်မကဗမာ Staff တယောက်အနေနဲ့ ဂုဏ်ယူတာပါ။ အဲဒါပြီးတာနဲ့ ကျွန်မလည်း လူနာအကြောင်း ပြောပြတဲ့ သူနာပြုကို ကျေးဇူးတင်စကား ထပ်ပြောပြီး ဘီးတပ်ကုလားထိုင် ယူဘို့ သွားလိုက်တယ်။

သူအိပ်ပျော်နေတော့ ကျွန်မက တခြားလူနာတယောက်ကို အရင်ခေါ်သွားလိုက်ပြီး အဲဒီလူနာကို ဓာတ်မှန်ရိုက်ပြီးလို့ ပြန်လာပို့တဲ့အခါမှ သူ့ကိုသွားခေါ်တယ်။ အဲဒီတခေါက်မှာတော့ သူနိုးနေပြီး ဖြစ်ပေမဲ့ ကုတင်ပေါ်မှာ မျက်လုံးမှိတ် လဲနေတော့ တရားမှတ်နေတာ ဖြစ်မယ်လို့ သဘောပေါက်လိုက်တယ်။ ကျွန်မ သူ့ကုတင်ဘေးမှာ ဘီးတပ်ကုလားထိုင်ကို ရပ်လိုက်တော့ အသံကြားရလို့ မျက်လုံးဖွင့်ကြည့်တဲ့အခါမှာ ကျွန်မက နှုတ်ဆက်စကား ပြောဆိုပြီး ဆရာဝန် အော်ဒါထုတ်ထားတဲ့ ဓာတ်မှန်ရိုက်ရမည့် စာရင်းထဲမှာပါလို့ ဓာတ်မှန် သွားရိုက်ဘို့ လာခေါ်ကြောင်း အင်္ဂလိပ်လိုနဲ့ ရှင်းပြတော့ “Yes” လို့ တခွန်းပဲ ပြောပြီးတာနဲ့ ချက်ချင်းပဲ ထထိုင်ပြီး ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ဘို့လုပ်နေလို့ ကျွန်မက “ Just a moment ခဏလေး” လို့ ပြောပြီး ကုလားထိုင်က အဆင်သင့် မဖြစ်သေးလို့ ဘီးတပ်ကုလားထိုင်ကို မရွှေ့အောင် ဘရိတ်ကိုချလိုက်တယ်။ သူက “ ဆောရီး” လို့ တခွန်းပြန်ပြောကာ ခြေတောက်ကို ကြမ်းပြင်မှာ ချပြီး ကုတင်ပေါ် ဘေးတိုက် အဆင်သင့်အနေထားနဲ့ မျက်စိမှိတ်ပြီး ထိုင်စောင့်နေတယ်။

ခေါ်သွားရမှာ ဒီလူနာဆိုတာ အတိအကျ သိပေမဲ့လည်း လုပ်ထုံးလုပ်နည်းအတိုင်း မဖြစ်မနေ နာမည်နဲ့ မွေးသက္ကရာဇ်တွေ မေးလို့ သူက ပြောတဲ့အချိန်မှာ ကျွန်မက ကျွန်မလက်ထဲမှာ ရှိတဲ့ စာရွက်ထဲက အချက်နဲ့ တိုက်ကြည့်ပြီး လူနာနံပါတ်ကိုတော့ ကျွန်မ ကိုယ့်ဖါသာကိုယ်ပဲ သူ့လက်မှာ ပတ်ထားတဲ့ ID မှာဖတ်ပြီး အားလုံးတိုက်ပြီးတာနဲ့ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နိုင်ပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။ ကုတင်အတက်အဆင်း အကူအပြောင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုပေမဲ့ သူက လူနာဖြစ်တော့ ရုတ်တရက်ထတဲ့အချိန် ဟန်ချက်ပျက်ပြီးဖြစ်စေ မူးလို့ဖြစ်စေ လဲကျမလို ဖြစ်ခဲ့ရင် အဆင်သင့် တွဲကူလို့ရအောင် Safety Procedure အတိုင်း ကျွန်မက သူ့ဘေးနားကပ်လာတော့ သူ့ကိုတွဲကူဘို့ လုပ်တယ်ထင်လို့ “I am OK” လို့ပြောတယ်။ ကျွန်မလည်း “ကျွန်မသိပါတယ် ဒါမေပဲ့ မတော်တဆဖြစ်ရင် Safety အတွက် အဆင်သင့်ဖြစ်အောင် နေပေးတာပါ” လို့ ပြောတော့ “Thank you” လို့ပြန်ပြောတယ်။

သူဘီးတပ်ကုလားထိုင်ပေါ် ရောက်ပြီးတာနဲ့ ကျွန်မက အပြင်ကို တွန်းထုတ်လာပြီး သူက မျက်စိမှိတ်ပြီးပဲ လိုက်လာတယ်။ အခန်းပြင်ရောက်မှ ကျွန်မက စပြီး ရောဂါ Dignosis ကို သိရတာ ဘယ်လောက်ကြာပြီလဲလို့ အဲဒီအခါမှ ဗမာလိုနဲ့ စမေးတော့ သူကလည်း “ကြာပြီ တနှစ်ကျော်ရှိပြီ” လို့ ချက်ချင်းပဲ ဗမာလိုနဲ့ ပြန်ပြောတယ်။ ကျွန်မက “ဟုတ်လား Dignosis က တနှစ်တောင်ကြာပြီဆိုတော့ ဒီရောဂါရဲ့ သဘောသဘာဝကို ကောင်းကောင်း သဘောပေါက်ပြီး တော်တော်လေး ခံနိုင်ရည် ရှိနေပြီပေါ့နော့်” လို့ပြောတော့ “ဟုတ်ကဲ့ ကျနော်ခံနိုင်ရည် ရှိပါတယ်” လို့ပြောတယ်။

ကျွန်မက သူ့ကို တခွန်းမေးရင် တခွန်းပဲ ဖြေပြီး ဘာမှ အပိုအလိုမပြောဘူး။ ကျွန်မကို ဗမာမှန်းသိလို့ ဘာမှ အံ့သြပုံလည်းမပြ မေးလည်းဘာမှမမေး၊ စိတ်လည်းမ၀င်စားတဲ့ပုံနဲ့ မျက်စိတောင် မဖွင့်ဘူးဆိုတော့ ဒီလူနာက တော်တော်စိတ်ဝင်စားဘို့ကောင်းတယ်လို့ တာဝန်ကျ သူနာပြု ပြောပြတာ မှန်တယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒါကြောင့်မို့ ကျွန်မကပဲ ကိုယ့်ဖါသာကိုယ် မိတ်ဆက်ပြီး အကူအညီလိုအပ်ရင် ပြောပါစသည်ဖြင့် ပြောတော့ “ကျေးဇူးတင်ပါတယ်” လို့ မျက်စိမှတ်ပြီးပဲ ပြောတယ်။ ကျွန်မကို အတော်များများက နာမည်မခေါ်ဘဲ ကျွန်မညီမခေါ်သလို မငယ်ပဲ ခေါ်ကြတဲ့အကြောင်း ပြောပြတော့ တချိန်လုံး မျက်စိမှိတ်ပြီး နားထောင်လာရာကနေ အနောက် တချက်ပြန်လှည့်ကာ မျက်လုံးဖွင့်ကြည့်ပြီး “စာရေးလား” လို့ မေးတယ်။ ကျွန်မက ဘာစာကိုပြောတာလဲ မေးပြီးမှ ဘလော့ဂ်ကို ချက်ချင်းသတိရသွားလို့ ဘလော့ဂ်ကို ပြောတယ်ထင်တယ် ဆိုတော့ “ဟုတ်တယ်” လို့ ပြောပြီး “ငယ်နိုင်လား” လို့ ထပ်မေးတယ်။ ကျွန်မက “ဟုတ်တယ် အဲဒါကျွန်မ ဘလော့ဂ်ရဲ့ နာမည်ပါ” ဆိုတော့ “ဒါဆိုခင်ဗျားကို ကျနော်သိတယ်” တဲ့ ဒါပဲပြောပြီး မျက်လုံးပြန်မှိတ်သွားတယ်။ ကျွန်မလည်းကျွန်မဘလော့ဂ်ကို သိနေတယ်ဆိုတော့ ၀မ်းသာကြောင်းနဲ့ ဘလော့ဂ်လည်း မရေးဖြစ်တာ ကြာပြီဖြစ်ကြောင်း ပြောပြရင်းနဲ့ X-Ray ရိုက်တဲ့နေရာကို ရောက်လာလို့ စကားစပြတ်သွားတယ်။ X-Ray အခန်းထဲမှာ တယောက်နဲ့ အခန်းပြင်အရှေ့မှာ တယောက် ရှိနေတာ့ အဲဒီနှစ်ယောက် ပြီးမှ သူ့အလှည့် ရောက်မှာ ဖြစ်ကြောင်း ကျွန်မပြောပြပြီးတာနဲ့ ကျွန်မလည်း X-Ray အခန်းထဲ ၀င်လာပြီး Radiographer နဲ့ တခြားသူတွေကို ၀ိုင်းကူပေးဘို့ ၀င်သွားတယ်။

သူ့အလှည့်ကို ရောက်တဲ့အချိန်မှာ နောက်ရောက်လာတဲ့ စိတ်ကျန်းမာရေး Ward က လူနာတယောက်က ခေါ်လာတုန်းက ဘာမှမဖြစ်ပေမဲ့ စောင့်နေရတော့ စိတ်မရှည်လို့ ဖြစ်မယ်၊ လုပ်ချင်ရာလုပ် ပြောချင်ရာပြော ထသွားဘို့လုပ်နေတော့ အဲဒီလူနာကို ခေါ်လာတဲ့ သူနာပြုက သူ့ရှေ့က ဖြတ်ပြီး အဲဒီလူနာကို အရင်လုပ်ပေးပြီး မြန်မြန်ပြန်ပို့မှ ဖြစ်မယ်ဆိုပြီး X-Ray အခန်းထဲ ခေါ်လာတယ်။ အဲဒါကြောင့် ကျွန်မက “ နင့်လူနာကို အရင်ခေါ်လာတာ သူ့ထက်အရင်စောပြီး ရောက်လာတဲ့ ငါ့လူနာကို ဘာကြောင့်ဆိုတာ သေချာ ရှင်းပြခဲ့ရဲ့လား” မေးတော့ “ရှင်းပြစရာ မလိုဘူး နင့်လူနာက အိပ်ပျော်နေတယ်” တဲ့။ အဲဒါကြောင့် ကျွန်မက “အဲဒါ အိပ်ပျော်တာ မဟုတ်ဘူး တရားမှတ်နေတာ” လို့ ပြောပြပြီးတာနဲ့ X-Ray အခန်းထဲက ထွက်လာပြီး လိုအပ်ချက်အရ ဟိုလူနာကို အရင်ပေးဝင်ရတဲံအကြောင်း သူ့ကို အခြေအန အကျိုးအကြောင်း သွားရှင်းပြတော့ “ရပါတယ် ကျနော်သိပါတယ် ရှင်းပြစရာမလိုဘူး” လို့ မျက်စိမှိတ်ရက်ပဲ ပြန်ပြောလိုက်တယ်။

သူ့အလှည့်ပြီးလို့ ဓာတ်မှန်ရိုက်ပြီး သူ့ကို Ward ထဲ ပြန်ပို့တဲ့သူက ကျွန်မ မဟုတ်တော့ဘူးဆိုတော့ X-Ray ခန်းထဲက မထွက်ခွာခင် ကျွန်မကို တချက်လှည့်ကြည့်ကာ “ကျေးဇူးတင်တယ်” လို့ ပြောပြီး လက်ယပ် ဘိုင့်ဘိုင် လုပ်သွားလို့ ကျွန်မက “ဟုတ်တဲ့ အလုပ်ဆင်းချိန်မှ ကျွန်မ လာတွေ့ဦးမယ်” လို့ ပြောလိုက်တယ်။ အဲဒါက ကျွန်မနဲ့ အဲဒီလူနာနဲ့ နောက်ဆုံး ပြောဆိုတဲ့ စကားပဲ ဖြစ်တယ်။ အဲဒီနေ့က အလုပ်ဆင်းခါနီး ကျွန်မ သူရှိတဲ့ Ward ကို သွာတော့ သူအိပ်ပျော်နေလို့ မတွေ့ခဲ့ရဘူး နောက်နေ့ တခါသွားတော့လည်း သူ့ဆီမှာ ဆရာဝန်တွေ Round လှည့်တဲ့အချိန်နဲ့ တိုးနေလို့ ကျွန်မ ပြန်သွားတယ် နောက်တခါပြန်သွားတော့ ဆေးရုံကဆင်းသွားပြီတဲ့။ သူ့ကိုကျွန်မ နောက်ထပ် ထပ်မတွေ့တော့ဘူး။

ကျွန်မ သူ့ကို ဆေးရုံမှာ စတွေ့ပြီး အဲဒီအချိန်က ကျွန်မ Roster ကျနေတဲ့ Ward မှာလည်း မိတ်ဆွေ ဗမာလူနာတဦး ဆေးရုံတက်နေတာ ရှိတော့ အောက်ထပ်မှာ ဗမာတယောက် ဆေးရုံတက်နေကြောင်း ပြောပြပြီး သူ့နာမည်ကို ပြောပြီးသိလားမေးတော့ အဲဒီ မိတ်ဆွေလူနာက သူလည်းမသိဘူးတဲ့။ အိမ်ရောက်တော့ ကျွန်မထက် အပြင်သွား အပြင်လာပိုများတဲ့ အမျိုးသားကို သူသိမယ်ထင်လို့ မေးကြည့်တော့လည်း မသိဘူးတဲ့။ အဲလိုနဲ့ပဲ သူ့အကြောင်းကို လုံးဝထပ်မကြားရတော့ဘူး။ သူနဲ့ ကျွန်မနဲ့က မိတ်ဆွေလည်း မဟုတ်သလို သူဟာကျွန်မ မိတ်ဆွေတယောက်ယောက်ရဲ့ မိတ်ဆွေထဲကလည်း မဟုတ်တဲ့အတွက် သူ့ရောဂါ အခြေအနေအရ သူ့ကိုကျွန်မ ပြန်တွေ့ရဦးမယ်လို့လည်း မထင်ထားခဲ့ဘူး။ ဒါပေမဲ့ တချိန်လုံး မျက်စိမှိတ်ကာ တရားမှတ်နေတတ်ပြီး၊ စကားအင်မတန်နည်းကာ တခွန်းမေးမှ တခွန်းဖြေတတ်ပေမဲ့ ကျွန်မကို "စာရေးလား၊ ငယ်နိုင်လား၊ ဒါဆို ခင်ဗျားကို ကျနော်သိတယ်" ဆိုတဲ့ သုံးခွန်းတည်းသော စကားနဲ့ ပြန်ခါနီး "ကျေးဇူးတင်တယ်" ဆိုတဲ့တခွန်း စုစုပေါင်း လေးခွန်းတည်းသော စကားကိုသာ ကျွန်မမေးလို့ ဖြေရတာမဟုတ်ဘဲ ပြောဖူးတဲ့ အမှတ်မထင် ခဏတာ တွေ့ခဲ့တဲ့ အဲဒီလူနာကို ကျွန်မ တခါတခါ သတိရနေပါတယ်။

သူဟာ ကျွန်မအတွက်သာမက သူ့ကိုစောင့်ရှောက်တဲ့ သူတက်ခဲ့တဲ့ Ward က သူနာပြုတွေ အပြောအရပါ တကယ်ကို ထူးဆန်းပြီး Very nice and pleasant person ဖြစ်တယ်ဆိုတဲ့ လူနာတဦးဖြစ်တယ်။ အမှန်တကယ်လည်း သူဟာ မေတ္တာတရားနဲ့ ပြည့်ဝသူ ဖြစ်တယ်ဆိုတာ သူ့မှာ ရှိတဲ့ မေတ္တာသုတ်ထဲက လက္ခဏာတွေက သက်သေပြနေပါတယ်။ သူ့ကို စောင့်ရှောက်ပေးတဲ့ သူတွေအတွက် သူဟာ သန္တုဿ ကော စ၊ သုဘရော စ၊ အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ၊ ဆိုတဲ့အတိုင်း မေတ္တာတရားနဲ့ ပြည့်ဝသူမို့ သူတပါးအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ရောင့်ရဲ့လွယ်ကူသူ၊ ပြုစု မွေးမြူစောင့်ရှောက်ပေးရလွယ်ကူသူ၊ သူ့အတွက် ကရိကထ ကိစ္စ နည်းသည်ထက် နည်းစေသူတယောက် ဖြစ်တယ်။

တချိန်ချိန်မှာတော့ သူ့မိတ်ဆွေ၊ မိသားစုတွေ သူနဲ့ခင်မင်ရင်းနှီးသူတွေနဲ့ ကြုံကြိုက်ရင်တော့ သူ့အကြောင်း ပြောပြဦးမယ် အခုသူရှိသေးလား မရှိတော့ဘူးလားမသိလို့ စဉ်းစားနေစဉ်မှာ ပြီးခဲ့တဲ့ စနေနေ့က သူ့နာရေးသတင်းကို ကြားလိုက်ရတော့ သူဟာကျွန်မနဲ့ ဆေးရုံမှာ ခဏတာ ကြုံတွေ့ခဲ့တဲ့ လူနာတယောက် မဟုတ်တော့ဘဲ ကျွန်မတို့လို စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဘက်တော်သား ရဲဘော်ရဲဘက်တဦး ဖြစ်နေတာကို သိရတယ်။ နောက်ဆုံးအချိန်ထိ ဒီမိုကရေစီအရေးအတွက် သူနိုင်သမျှ လုပ်သွားတယ်ဆိုတာ သိရတော့ ကျွန်မအတိုင်းမသိ လေးစားဂုဏ်ပြုအလေးပြုလိုက်ပါတယ်။ ဒီမိုကရေစီ ရဲဘော်ရဲဘက်တဦး အချိန်စောစွာ ဆုံးရှုံးမှုအတွက် ရဲဘော်ရဲဘက် တဦးအနေနဲ့ (11/07/15) က နေအိမ်မှာ လွယ်လွန်ခဲ့တဲ့ ကိုဥာဏ်လင်းသိန်းအတွက် မိသားစုနဲ့ ထပ်တူနီးပါး ၀မ်းနည်းနှမြောတသရကြောင်းကို ရင်ထဲက လေးလေးနက်နက် ပြောကြားချင်ပါတယ်။

ကိုဥာဏ်လင်းသိန်း ကောင်းရာသုဂတိ လားပါစေ

ဘလော့ဂါ - ငယ်နိုင်။
https://www.facebook.com/notes/nge-naing/%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C%E1%80%B0%E1%80%94%E1%80%AC%E1%80%90%E1%80%A5%E1%80%AE%E1%80%B8/985114358175481?pnref=story

(ကိုဥာဏ်လင်းသိန်းဟာ Rebound88 သတင်းစာမျက်နှာကို ဖန်တီးခဲ့သူနှင့် ယခုအချိန်ကာလများတွင် လူအများနှစ်သက်လျက်ရှိသည့် “BrainWave ဉာဏ်လှိုင်း”ကို တည်ထောင်ခဲ့သူဖြစ်ပြီး မကြာခင်ရက်ပိုင်းက ကင်ဆာရောဂါဝေဒနာဖြင့် ကွယ်လွန်သွားသူ ဖြစ်ပါတယ်)။

 students-constitution-620.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်ကို ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ တွေ့ရစဉ်

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတာကြောင့် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အထက်အမိန့်အရ ထောင်ဝင်စာတွေ့ခွင့် မပေးတာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းကပြောကြောင်း ဒီနေ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ ကိုဇေယျာလွင်ရဲ့ ဦးလေးဖြစ်သူ ဦးကျော်မင်းက ပြောပါတယ်။

"ကျနော်တို့ သူတို့ကိုဘာပြောလဲဆိုတော့ ဒုရဲအုပ်တစ်ယောက်ကနေ လာပို့သွားတဲ့အခါမှာ သူတို့အထက်က အမိန့်အရ ဒီနှစ်ယောက်ကို ထောင်ဝင်စာလုံးဝပေးမတွေ့ရပါလို့ အဲ့ဒီလိုပြောထားတယ် ညွှန်ကြားချက် ပါထားတယ်လို့၊ ကျနော်တို့ကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ဟိုကိုလှမ်းစုံစမ်းတဲ့အခါကျတော့ အဆင့်ဆင့်ညွှန်ကြားထားတဲ့အတွက် သူတို့ကလည်းဒီဘက်ကို ပြောရခြင်းဖြစ်ပါတယ်ဆိုပြီး ကျနော်တို့ မှာ ထောင်ဝင်စာတွေ့ဖို့ လုံးဝမတွေ့ခဲ့ရဘူးပေါ့နော် အဲ့လိုပြောတယ်၊ လုံးဝအကန့်အသတ်မရှိပုံစံမျိုးပြောတယ်၊ ကျနော်တို့နားလည်တာ ရုံးထုတ်ပြီးလို့ရှိရင် နောက်ရက်တွေမှာ ထောင်ဝင်စာတွေ့လို့ရတယ်လေ၊ အခုဟာက သူကမဟုတ်ဘူးဆိုတော့ ဒီနှစ်ယောက်ကို သီးခြားအဲ့လိုမျိုးလုပ်သွားတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ကျောင်းသား ကျောင်းသူ ၃ဝ လောက်ဟာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ကနေ နှုတ်ထွက်ပေးဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ပန်းဘဲတန်းရဲစခန်းနဲ့ ကျောက်တံတား ရဲစခန်းတို့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တရားမဝင် စီတန်းလှည့်လှည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့က သူတို့ ၂ ဦးကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် သူတို့နဲ့အတူ အမှုတွဲမှာပါဝင်တဲ့ ကိုနန်းလင်းက အဖမ်းမခံပဲ လွတ်မြောက်နေဆဲဖြစ်တဲ့အတွက် မစစ်ဆေးနိုင်သေး ဘူးလို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/two-student-prison-07172015105009.html

 logging-case-620 တရားမဝင်သစ်ခိုးထုတ်မှုနဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၁၇ ရက်နေ့က မြစ်ကြီးနားခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံ သား ၁၅၅ ယောက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်တယ်လို့ ဒီနေ့ တရားရုံးချိန်းမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ အမိန့်ချဖို့ စီစဉ်ထားပေမယ့် အမှုတွဲတွေကို ထပ်မံစစ်ဆေးဖို့ လိုအပ်သေးတာကြောင့် ရက်ပြောင်းရွှေ့လိုက်တာလို့ မြစ်ကြီးနားခရိုင် ဒုတိယတရားသူကြီး ဦးမြင့်ဆွေက ပြောပါတယ်။

"အခု ၂၂ ရက်နေ့ ပြန်ချိန်းထားပါတယ် အစက ဒီနေ့ချမှာပါ တရားခံတွေကများတယ်လေ၊ အမှန်ကတော့ ပြီးမယ်ဆိုပြီးတော့ ကျနော်တို့ ချိန်းလိုက်တယ်ပေါ့လေ၊ အမှုတွဲတွေ လေ့လာလိုက်တဲ့အခါကျတော့ အသေးစိတ် တရုတ်နိုင်ငံသားအဖြစ် သူတို့ရဲ့လူနာမည်တွေ အသေးစိတ်စစ်ရတာပေါ့၊ အမှုနှစ်မှုမှာ တစ်မှုက ၈၅ ယောက် နောက်တစ်မှုက အယောက် ၇ဝ၊ သူ့ဥပဒေပြဌာန်းချက်ကတော့ အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိရှိပါတယ်၊ ဒီဒေသမှာ ကျနော်တို့ဘဝမှာပေါ့လေ အကြီးမားဆုံးပေါ့ တရားခံအများဆုံးပါ"

အဲ့ဒီ တရုတ်နိုင်ငံသား ၁၅၅ ယောက်ဟာ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရပြီး လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ အများနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ အပက- ၃ နဲ့ အမိန့်ချခံရမှာဖြစ်ပါတယ်။

အဲ့ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်ကနေ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ တရုတ်နိုင်ငံသားတွေဟာ ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဆဒုံး၊ ဝါးရှောင်၊ မန်ဝိန်း စတဲ့ကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေစဉ် အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/china-logging-case-07172015102126.html

(စစ်တကောင်းတောင်တန်းနယ်)
 ရန်ကုန်၊ ဇူလှိုင် ၁၇

 ရက္ခိုင့်တပ်မတော်က တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ မြန်မာတပ်မတော်မှ တပ်ဖွဲ့နှစ်ဦးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဒီကနေ့မှာ မြန်မာဘက်ကို လွဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းက ခေါင်းတုန်းမှာ ဒီကနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က စတင်ခဲ့တဲ့ နှစ်ဘက်နိုင်ငံ တပ်မှူးအဆင့် အစည်းအဝေးမှာ လွဲပြောင်း ပေးအပ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အာဇစ် အာမတ်က မီဒီယာတွေကို ပြောတယ်လို့ BD news 24 မှာ ဖော်ပြထားပါတယ်။

လွဲပြောင်းခံရသူ နှစ်ဦးကတော့ ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သား ခင်ဇော်လတ်တို့ ဖြစ်ကြပါတယ်။ ၂၀၁၅ မတ်လ ၂၉ ရက်နေ့က ပလက်ဝမြို့နယ် ပြိုင်စော် စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်တိုက်စဥ်လက်နက်နဲ့ အတူ ဖမ်းမိခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို ရက္ခိုင့်တပ်မတော်ကနေ ICRC ကိုလွဲပြောင်း ပေးအပ်ခဲ့ပြီး အဲဒီနောက်မှာတော့ ICRC ကနေ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေကို လွဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ လွဲပြောင်းခံရသူ နှစ်ဦးအတွက် ထိခိုက်နစ်နာမူတွေ ရှိရင်တော့ သူတို့နှစ်ဦးရဲ့ ဘ၀ လုံခြုံ ရေးနဲ့ ပတ်သက်ပြီး ICRC ရဲ့ တာဝန်သာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော်က ဇူလှိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ Press release သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Narinjara
https://www.facebook.com/pages/Narinjara


ရန်ကုန်၊ ဇူလှိုင် ၁၇

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်စခန်းများတွင် ထောက်ပံ့ ပေးသည့် ပစ္စည်းများမှာ လိုအပ်သည့် အတိုင်းအတာထက် ပိုမိုများပြားနေသည့်အတွက် ပြင်ပတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိနေကြောင်း ယနေ့ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

ဒုက္ခသည်စခန်းရှိ ဘင်္ဂလီများမှာ စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုရေးအခက် အခဲများရှိနေကြောင်း OIC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံတ ကာ မီဒီယာများက စွပ်စွဲပြောဆိုနေသည့် အပေါ် ကြေးမုံသတင်းစာမှ ဓာတ်ပုံများနှင့် တကွ ထိုသို့ ချေပ ပြောဆိုရေးသား ဖော်ပြသည်။


နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ လစဉ်ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ပဲနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ အဝတ်အထည် များ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း များ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ မိုးကာစများမှာ ဒုက္ခသည်များသုံးစွဲနိုင် သည်ထက် ပိုလျှံနေသည့် အတွက် စစ်တွေ မြို့နယ် ဘုမေကျေးရွာအုပ်စု ဒါးပိုင်(ဘင်္ဂ လီ) ကျေးရွာအနီး ကားလမ်းဘေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိ သည်ဟု သတင်းတွင် ဖော်ပြသည်။


အဆိုပါ ဆိုင်များမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ထိုဆိုင်များမှ ရောင်းချသည့် ဈေးနှုန်းမှာ အခြားဆိုင်ကြီးများတွင် ရောင်းချသည့် ဈေးနှုန်းများထက် တစ်ဝက်ခန့် သက်သာ နေခြင်းကြောင့် လာရောက်ဝယ်ယူမှုများ ရှိနေသည်ဟု ဆိုသည်။

စစ်တွေမြို့နယ်အတွင်း ဘင်္ဂလီ ဒုက္ခသည်စခန်းများ၏ မြေပြင်ရှိ လူဦးရေ စာရင်းများအား သေချာစွာ စိစစ်ကြပ် မတ်နိုင်မှု အားနည်းခြင်း၊ စိစစ်ရန်ခက်ခဲ ခြင်း၊ ဒုက္ခသည်စခန်းကော်မတီဝင်များ၏ တင်ပြသည့် လူဦးရေစာရင်းများကို အ ခြေခံ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ် ခြင်း ပြုလုပ်နေမှုကြောင့် ဒုက္ခသည်စခန်း ကော်မတီဝင်များသည် လိုအပ်သော လူဦးရေထက် ထောက်ပံ့မှုပိုမိုရရှိနေသဖြင့် ပိုလျှံသော အသုံးအဆောင်ပစ္စည်းများကို ပြင်ပသို့ ရောင်းချနေကြောင်း သတင်း များ ထွက်ပေါ်လျက်ရှိသည်ဟု ဖော်ပြသည်။

(လိုသည်ထက် ပိုလျှံနေသော ဘင်္ဂလီ ထောက်ပံ့ပစ္စည်းများ/ ဓာတ်ပုံ- ကြေးမုံ)
Narinjara
https://www.facebook.com/pages/Narinjara/151742128171206


 စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ဖော်များ အပေါ် နှိပ်စက်မှု များ ပိုမိုပေါ်ပေါက် လာနေပြီး ခွဲခြားဆက်ဆံတတ်သည့် အလေ့အထမှာ ထိုအမှုများကို နှိမ်နင်းရခက်ခဲစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်က အိမ်ဖော်ကို နှိပ်စက်သည့်အမှု ၂၆ မှု ရှိခဲ့သည်ရာ ၂၀၁၂ က အမှုအရေအတွက် ၁၄ မှုထက် ၂ဆနီးပါး များပြား လာခြင်းဖြစ်ပြီး ၅ နှစ်အတွင်း အမှုအရေအတွက် ၉၀ ခန့်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ၃ လအတွင်း လူ ၅ ဦးမှာ အိမ်ဖော်များကို ရိုက်နှက်ခြင်း၊ ကိုက်ခြင်းနှင့် အပူလောင်စေခြင်း တို့ အပါအ၀င် နှိပ်စက်မှုများဖြင့် အပြစ် ရှိကြောင်း တွေ့ရှိခဲ့သဖြင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရသည်။

စင်ကာပူနိုင်ငံမှ တက္ကသိုလ်ဆရာမ (ကျူတာ) တစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ရှိ လိုဂက်ဟောင်သည် အသက် ၁၇ နှစ် အရွယ် မြန်မာ အိမ်ဖော်မလေးကို ၃ လကြာ ကာလအတွင်း ကတ်ကြေးဖြင့် ထိုးမှု၊ ကိုက်မှု၊ အပူလောင်စေမှုတို့အပါအ၀င် အကြိမ်ကြိမ်နှိပ်စက်မှု တို့ဖြင့် ယခုနှစ် ဧပြီ ၂၉ တွင် ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရသည်။ အသက် ၃၇ နှစ်ရှိ “လို” သည် နှိပ်စက်ခံရသည့် မြန်မာအိမ်ဖော်အား လျော်ကြေးဒေါ်လာ ၅၀၀၀ ပေးရန်လည်း အမိန့်ချမှတ်ခံရသည်။

“လို” ၏ အပြုအမူသည် သိသာထင်ရှားစွာ ရှုတ်ချရမည့် အပြုအမူဖြစ်သည်ဟု ခရိုင်တရားသူကြီး မတ်သယူးဂျိုးစပ်က ဆိုသည်။ အမှုအား အယူခံဝင် ထားသည့် “လို”သည် လွန်ခဲ့သည့် ၂ နှစ်နီးပါးက အဆိုပါ မြန်မာ အိမ်ဖော်ကိုနှိပ်စက်မှုတွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ရာဇ၀တ်မှုမြောက်သော ခြိမ်းခြောက်မှု အပါအ၀င် အခြားအမှု ၁၂ မှုဖြင့်လည်း စွဲချက်တင်ခံခဲ့ရသည်။

“လို” က သူမ၏ မိခင်ဖြစ်သူ ငှားရမ်းပေးသည့် အိမ်ဖော်ကို နှိပ်စက်ခဲ့သည့် အချိန်တွင် စိတ်ကျရောဂါ ခံစားနေခဲ့ရသည်ဟု အယူခံဝင်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကို စစ်ဆေးပြီးနောက် တရားသူကြီးက “လို” ၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

“လို” သည် အိမ်ဖော်အား အသေးအဖွဲ ကိစ္စများတွင် အပြစ်ရှာနှိပ်စက် ခဲ့သည်ဟု တရားသူကြီးက ဆိုပြီး ထိုအမှုကို ထိရောက်သည့် ပြစ်ဒဏ် ချမှတ်ခြင်း ရှိမရှိ လူထုက စိတ်ဝင်စားခဲ့ကြသည်။ အကြိမ်ကြိမ်နှိပ်စက်ခြင်း၊ ပြင်းထန်သည့် ဒဏ်ရာများနှင့် အိမ်သုံး ပစ္စည်းများ ကို လက်နက်အဖြစ် အသုံးပြုခြင်းတို့က နှိပ်စက်မှုကို ပိုမိုဆိုးဝါးပြင်းထန်စေ ခဲ့သည်ဟု တရားသူကြီး မတ်သယူးဂျိုးစပ် က ဆိုသည်။

အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည့် “လို” သည် တမ်ပင်းရှိ ၎င်း၏ အိမ်တွင် အိမ်ဖော်ငှားရမ်းပြီး ၂၀၁၁ ဒီဇင်ဘာမှ စတင်ပြီး ၃လကြာ နှိပ်စက်မှုများ စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။ “လို ” သည် အိမ်ဖော်၏ မျက်နှာ၊ လက်နှင့် နားရွက်တို့ကို ကုတ်ခြစ်မှုများ အကြိမ်ကြိမ်ပြုလုပ် ခဲ့သည်။ ၂၀၁၂ ဖေဖော်ဝါရီတွင် “လို” အလိုရှိသည့် ခေါင်းအုံးစွပ်ကို အိမ်ဖော်က ရှာမတွေ့ သဖြင့် ဘယ်ဘက်ပုခုံးကို ကတ်ကြေးဖြင့် ထိုးခဲ့သည်။

“လို” သည် မြန်မာအိမ်ဖော်ကို ကန်ခြင်း၊ ရိုက်နှက်ခြင်း၊ ကိုက်ခြင်း တို့လည်း ပြုလုပ်ခဲ့သည်။ တစ်ကြိမ်တွင် မြန်မာအိမ်ဖော်ကို အိမ်သာအတွင်း အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် “လို” က ကျောပေါ် ရေနွေးပူဖြင့် လောင်းခဲ့သည်။

ထိုနှစ် ဖော်ဖော်ဝါရီ ၂၂ တွင် အိမ်ဖော်ဖြစ်သူ က အိမ်နီးချင်းများထံ အကူအညီတောင်းခဲ့ပြီး ၎င်းတို့က ရဲထံ အကြောင်းကြားခဲ့ခြင်းဖြစ် သည်။ မြန်မာ အိမ်ဖော်မှာ ကျောတွင် အပူလောင်ဒဏ်ရာရထားပြီး ဘယ်ဘက်လက်ချောင်းတစ်ချောင်း ကျိုးနေသည့် အပြင် ကုတ်ခြစ်ရာ၊ ကိုက်ရာများကို ရဲက မှတ်တမ်းတင်ပြီး ပြစ်မှုဖြင့် အိမ်ရှင် “လို” အား တရားစွဲခဲ့ခြင်း ဖြစ်သည်။

စင်ကာပူတွင် အိမ်ဖော်အား နှိပ်စက်သည့် အမှုများ တိုးမြှင့်လာနေသဖြင့် အလားတူ နှိပ်စက်မှုများ ထပ်မံမဖြစ်စေရန် ကာကွယ်သည့်အနေဖြင့် တရားရုံး က ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ခြင်းရှိ၊မရှိ လူထုက စိတ်ဝင်စားနေ သည်။ နိုင်ငံခြား အိမ်ဖော်များအတွက် လူမှုရေးထောက်ပံ့မှုနှင့် သင်တန်းများပေးသည့် FAST အဖွဲ့က နေအိမ်မှ ထွက်ပြေးလာသည့် အိမ်ဖော်များအတွက် ဂေဟာတစ်ခုကို ပြီးခဲ့သည့် လအတွင်း ဖွင့်လှစ်ခဲ့သည်။

နိုင်ငံခြားမှ အိမ်ဖော်များအတွက် နေထိုင်ရန် နေရာလိုအပ်နေသည်ဟု လူထုနှင့် သက်ဆိုင်ရာ သံရုံးများက တောင်းဆိုခဲ့ သဖြင့် ဂေဟာ ၀န်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ FAST အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ၀ီလီယံချူးက ဂေဟာများ ထပ်မံတည်ဆောက်ပေးရုံဖြင့် ပြဿ နာဖြေရှင်းနိုင် မည် မဟုတ်ဟု ဆိုသည်။

“အိမ်ဖော် မိန်းကလေးတွေဟာ စင်ကာပူနဲ့ အသားကျဖို့ အချိန်ယူ ရမှာဖြစ်ပြီး အိမ်ရှင်တွေ အနေနဲ့လည်း သည်းခံဖို့နဲ့ အကူအညီပေးဖို့ ပညာပေးရမှာဖြစ် ပါတယ်” ဟု ၀ီလီယံချူးက ပြောကြားခဲ့သည်။ စင်ကာပူမှာ နိုင်ငံခြားသား အိမ်ဖော် အရေအတွက်က တိုးလာပြီး မနှစ်က ဒီဇင်ဘာလအထိ အိမ်ဖော်ဦးရေ နှစ်သိန်းကျော် အထိရှိနေသည်။

အိမ်ဖော်တွေကို အလုပ်ရှင်အား ခံမပြောရန် ရန်မဖြစ်ဖို့ ပွဲစားများ က ပြောထားခြင်းခံရပြီး သူတို့ က အိမ်ပြင်သို့ လည်း ထွက်ခွင့်မရှိဘဲ အဆက်အတောက်ပြတ်စွာနေကြရသည်။

စင်ကာပူ ဥပဒေအရ အိမ်ရှင်များသည် လကုန်သည်နှင့် တပတ်အတွင်း အိမ်ဖော်များကို လစာပေးရမည်ဖြစ်သည်။

အိမ်ဖော် အလုပ်သမားများ အတွက် ပြသာနာရှင်းပေးနေသောအဖွဲ့ တခု၏ ဒါရိုက်တာ ဗာလီပိုင်လီ က အင်္ဂလိပ်စာ ကျွမ်းကျင်မှု နည်းပါးသည့် မြန်မာနှင့် ကမ္ဘောဒီယား အလုပ်သမားများသည် ဖီလစ်ပိုင်နှင့် အင်ဒို အိမ်အကူ များနှင့် နှိုင်းယှဉ်ပါက ပိုပြီး ညှင်းပန်းခံရမှုများသည် ဟု ဖြေကြားခဲ့သည်။

Ref - Straits Times, AsiaOne
The Ladies News Journal
https://www.facebook.com/News.TheLadies

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

    မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ  ဦးပိန်တံတားမှ ဆွေးမြည့် ၍ အစားထိုး လဲလှယ်ရမည့် တိုင်အဟောင်းများကို ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) ၏ ပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

ဦးပိန်တံတားကို သြဂုတ်လမှ စတင်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်မည် ဖြစ်ပြီး တံတား ပြုပြင် ထိန်းသိမ်းရေး စီမံချက်တွင် ဦးစွာ ဆောင်ရွက်မည့် ဆွေးမြည့်တိုင်ဟောင်း ၁၀၀ အား တိုင်သစ်များဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းကို ဆောင်ရွက် သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဦးပိန်တံတား ပြင်ဆင်ရန် အစိုးရမှ ကျပ်သိန်းပေါင်း ၂,၂၇၀ ချထားပေးပြီး တိုင်ဟောင်းများ နေရာတွင် ကျွန်းတိုင်များ အစားထိုး လဲလှယ်မည် ဖြစ်သည်။ဦးပိန်တံတား ကျွန်းတိုင်ဟောင်းဟု ဆိုကာ အတုအပ ပြုလုပ်ပြီး တစ်ပေ ပတ်လည်လျှင် ဒေါ်လာ ၅,၀၀၀ ခန့် ဈေးပေါက် နေကြောင်း ဝန်ကြီးက ပြောသည်။

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ဦးပိန်တံတားတွင် လဲလှယ်မည့် တိုင်လုံးများအတွက် လျှပ်စစ်၊ သစ်တော၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဦးစီးဌာနတို့မှ ကျွန်းတိုင်များအား ကူညီတောင်းခံ အသုံးပြုသွားမည်ဖြစ်သည်။
ပေအရှည် ၄,၀၀၀ နီးပါးရှိပြီး ကျွန်းတိုင်လုံးပေါင်း ၁,၀၈၆ တိုင်ဖြင့် တည်ဆောက်ထားသည့် သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်သော ဦးပိန်တံတားအား ရှေးမူမပျက် ပြန်လည် ပြုပြင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com


 ဇူလိုင် ၁၇ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး ကရင်အမျိုးသား အစည်းအရုံး-KNU နှင့် အတူတကွ ပူးပေါင်းပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်ခြင်းမပြုဘဲ တစ်ခုတည်းသော ကရင်အမျိုးသား အလံတော်အောက်တွင် စုစည်းကြရန် ဇူလိုင်လ ၁၆ရက်နေ့တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO နေ့တွင် တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူး ချုပ်စောနယ်ဒါးဘိုမြက ပြောကြားလိုက်သည်။

စောနယ်ဒါးဘိုမြက “ဒီအချိန်မှာ ကရင်လက်နက်ကိုင်တွေ စည်းလုံးခြင်းနဲ့ လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်။ လက်နက် ကိုင်ဆောင်ထားကြတဲ့ ကရင်လက်နက်ကိုင်အသီးသီးတွေ ကိုယ့်ကိုယ်ကို ကရင်မှန်းသိရမယ်။ မိမိကိုယ်ကို ကရင်မှန်းသိခဲ့ ရင် ဘယ်လူမျိုးကြီးဝါဒီတွေကိုမှ ကြောက်စရာမလိုဘူး။ နောက်ပြီး ကရင်ပြည်နယ်ကို ကရင်တွေသာ အုပ်ချုပ်ရမယ်။ ကရင် တွေ မအုပ်ချုပ်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ကရင်အမျိုးသားများနည်းတူ ရည်မှန်းချက်၊ ရည်ရွယ်ချက်ချင်းတူညီသည့် အခြားသော လူမျိုးစု တိုင်းရင်းသားများ၊ ဘ၀တူ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်လည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် လက်တွဲလုပ်ဆောင်သွားမည်ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ဆက်လက် ပြောဆိုခဲ့သည်။

ယမန်နေ့က ကျရောက်ခဲ့သည့် အဆိုပါ KNDO နေ့ကို KNDO ဌာနချုပ် အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ခရိုင်၊ တပ်မဟာ (၇)ခုရှိ KNDO တပ်ရင်း အသီးသီးကပါ ပြုလုပ်ကျင်းပခဲ့ကြသည်။

KNDO ဌာနချုပ်၌ ပထမဦးဆုံး ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားတွင်လည်း ကေအဲန်ယူ ဗဟိုကော်မတီများ အပါ အ၀င် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တပ်မှူးကြီးများ၊ KNDO နှင့် KNLA တပ်ဖွဲ့ဝင်များ၊ လူထုပရိ ဿတ်ပေါင်း ၅၀၀ကျော် တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနား၌ KNDO နေ့ ဖြစ်ပေါ်လာရခြင်း၊ ဖွဲ့စည်းရခြင်း သမိုင်းကြောင်းနောက်ခံများကို တက်ရောက်လာသည့် တပ်မှူး၊ တပ်သားများနှင့် လူထုပရိဿတ်များကို သက်ဆိုင်ရာခေါင်းဆောင်ကြီးများက ရှင်းလင်းဟောပြောပေးခဲ့သည်။

ကရင်တမျိုးသားလုံးသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ကရင်ပြည်ရရှိရေးအတွက် တခဲနက်အုံကြွကာ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နိုင်ရေးအတွက် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် KNU ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ကရင်အမျိုးသား များ၏ တောင်းဆိုချက်များကို ဖဆပလ အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် ကရင်အမျိုးသားကိုကာကွယ်ရန် ဇူလိုင် လ ၁၆ရက်နေ့တွင် KNDO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၆၆နှစ်မြောက် KNDO နေ့ကို KNU တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ဒေသရှိ အူးကရေ့ခီးရွာ၌ ကျင်းပခဲ့ သည်ဟု သိရသည်။

စအိုင်စူး
ကေအိုင်စီ - KIC News
http://kicnews.org


 ဇူလိုင် - ၁၇ - ၂၀၁၅

 နှစ်ဖက်သဘောတူညီချက်တရပ်ကို အခြေခံ၍ (ဒီကေဘီအေ) တပ်များ အာရှလမ်းသစ်နှင့် လမ်းဟောင်းတို့မှ ဆုတ်ခွာခဲ့ပြီးဖြစ်သေည်လည်း မြန်မာစစ်တပ်ဘက်က လိုက်လံတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လာမည်ဆိုပါက မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲကို တိုက်ခိုက်မှုများပြုလုပ်မည်ဟု (ဒီကေဘီအေ) က ပြောဆိုလိုက်သည်။

ကလို့ထူးဘောအခြေချစစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က" ကျနော်တို့ကိုဆက်လက်ပြီးတော့ လိုက်လံတိုက်ခိုက်တာတွေလုပ်အုံးမယ်ဆိုရင်တော့ အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ဘို့ အဆင်သင့်ရှိပါတယ်" ဟု ပြည်တွင်းပြည်ပ သတင်းဌာနများကို ယမန်နေ့က ပြောဆိုခဲ့သည်။

နှစ်ဖက်ပဋိပက္ခများ အမြန်ဆုံးရပ်ဆိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တာဝန်ရှိသူများက ညှိနှိုင်းမှုများ လိုက်လံဆောင်ရွက်ပေးလျှက်ရှိသည်ဟု တာဝန်ရှိသူတဦးက ပြောဆိုသည်။

ယခုလ ၂ ရက်နေ့မှစတင်ခဲ့သည့် နှစ်ဖက်ပဋိပက္ခများ ရပ်ဆိုင်းခဲ့သည်မှာ ယနေ့ဆိုလျှင် ၃ ရက်ရှိသွားပြီးဖြစ်သော်လည်း စိတ်ချရသည့် အနေအထားများမရှိသေးဟု ဒေသခံများကပြောဆိုကြသည်။

ပုံစာ - ဗိုလ်မှူးကြီးစောဆန်းအောင်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen


 ဂျူလိုင်လ ၁၇ ရက် ၂၀၁၅

 NLD နှင့် တိုင်းရင်းသားပါတီများအကြား ရွေးကောက်ပွဲအတွက် မဟာ မိတ်ပြုလုပ်ရာတွင် CRPP အဖွဲ့ထက် UNA အဖွဲ့ဖြင့်သာ မဟာမိတ်ပြု လိုသည်ဟု ၁၉၉၀ အောင်ပွဲခံ တိုင်းရင်းသားပါတီ များ ခေါင်းဆောင်များက NLD ပါတီထံ အကြောင်းကြားထားကြောင်း သိရသည်။

“ကျနော်တို့က ပြောထားတယ် CRPP ဆိုရင် တိုင်းရင်းသား ကိုယ်စားပြုမှုက ပိုနည်းနေမယ်။ တိုင်း ရင်းသား ကိုယ်စားပြုမှု ပိုများအောင် CRPP ထဲက တိုင်းရင်းသားပါတီတွေပါနေတဲ့ UNA နဲ့လုပ်ပါလို့ အကြောင်းကြားထားတယ်။ သူတို့က ဘာမှ ပြန်ကြားတာတော့ မရှိသေးဘူး” ဟု UNA အဖွဲ့ဝင် SNLD ပါတီမှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီ များနှင့် ရွေးကောက်ပွဲ မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ယခုရက်ပိုင်း အတွင်း ဆွေးနွေး မှုများ ပြုလုပ်နေခဲ့ရာ ဂျူလိုင်လ ၁၃ ရက်နေ့က CRPP အဖွဲ့ဝင်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးခဲ့ သည်။

လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ခေါ်ယူပေးခြင်း မရှိခဲ့သည့် လွှတ်တော် ခေါ်ယူပေးရေးအတွက် အန်အယ်လ် ဒီနှင့် ၉၀ ရွေးကောက် ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ စုပေါင်းဖွဲစည်းခဲ့ခြင်း ဖြစ်သည်။

CRPP တွင် ပါဝင်သည့် သျှမ်း ၊ မွန် ၊ ရခိုင် နှင့် ဇိုမီးပါတီများမှာ ညီညွတ်ေ သာ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တွင်လည်း ပါဝင်နေပြီး UNA အဖွဲ့ကို တိုင်းရင်းသားပါတီ ၁၁ ပါတီ ဖြင့် ဖွဲ့စည်းထားသည်။

UNA အဖွဲ့၏ ဥက္ကဌမှာ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး ဖြစ်ပြီး ယင်းအဖွဲ့တွင် ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ သျှမ်း စသည့် တိုင်းရင်းသားေ ဒသပေါင်းစုံမှ ပါတီများ ပါဝင်သည်။

UNA အဖွဲ့မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် စိတ်ဆန္ဒပြင်းထန်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် လည်း မဟာမိတ်ဖွဲ့ထားသဖြင့် UNA နှင့် NLD သာ မဟာမိတ်ဖွဲ့မည်ဆိုပါက တိုင်း ရင်း သားပေါင်းစုံကိုယ်စားပြုမှု အားကောင်းကောင်းဖြင့် နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ ပိုမိုထိရောက်လာဖွယ်ရှိနေကြောင့် နိုင်ငံရေး လေ့ လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

လူစည်ကားရာ မိုင်းလားမြို့ ဈေးတနေရာ
တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်အထောက်ထားများ မရှိသည့် '၀' နှင့် မိုင်းလားနယ်မြေရောက် တရုတ်လူမျိုးများအား အစိုးရထိန်းချုပ်နယ်မြေများဖြစ်သည့် ကျိုင်းတုံ၊ မိုင်းယောင်းစသည့် ဒေသများသို့ ကျွံဝင် လာခြင်းမရှိစေရန် အစိုးရဘက်မှ သတိပေးစာပေးပို့ထားကြောင်း NDAA မိုင်းလား အဖွဲ့တာဝန်ရှိသူက ပြောဆို သည်။ ''အဓိက တရားဝင်လက်မှတ်တွေ အထောက်ထားတွေမပါတဲ့ တရုတ်လူမျိုးတွေကို အစိုးရနယ်မြေထဲ ကျွံပြီး မလာစေဖို့အတွက် ကြပ်မတ်ဆောင်ရွက်နိုင်အောင်လို့ ကျိုင်းတုံဒေသအာဏာပိုင်တွေက တဆင့် သတိပေးစာပေးပို့တာပါ။ အထက်ရဲ့ အမိန့်အရ ပေးပို့တာ လို့လည်း သိရပါတယ်''ဟု အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား)မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းက မိုင်းတုံမြို့နယ်အတွင်း သစ်ထုတ်လုပ်နေသည့် '၀'အဖွဲ့အား အဖွဲ့ပေါင်းစုံပါဝင်သည့် အစိုးရ တာဝန်ရှိသူများမှ ဖမ်းဆီးခဲ့ရာ တရုတ်လူမျိုးများပါဝင်ခဲ့ပြီး အစိုးရနှင့် '၀'တို့အကြား တင်းမာမှုအချို့ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းနှင့်ဆက်စပ်မှုရှိနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။ ဒေသခံများက ယင်းကဲ့သို့ သုံးသပ်နေသော်လည်း မိုင်းလားအဖွဲ့ တာဝန်ရှိသူကမူ လုပ်ရိုးလုပ်စဉ်တခုအဖြစ်သာ ရှုမြင်ကြောင်း ပြောဆိုသည်။

မိုင်းလားဒေသမှာ '၀'နှင့် ကျိုင်းတုံဒေသအကြားတွင် တည်ရှိပြီး '၀'တပ်ဖွဲ့များ အခြေချနေသည့် ('၀'တောင်ပိုင်း) မိုင်းတုံ၊ မိုင်းဆတ်ဒေသသို့ သွားရောက်လိုပါက မိုင်းယောင်းမှလည်းကောင်း၊ ကျိုင်းတုံဘက်မှလည်းကောင်း သွားရောက်နိုင်သည့်ဒေသ ဖြစ်သည်။
''အနိမ့်ဆုံးသွားမယ်ဆိုရင်တော့ လ၀ကရဲ့ခွင့်ပြုချက်ပါပြီးမှသွားဖို့ ခရီးသွားလာခွင့် လက်မှတ်တွေကိုလုပ်ပြီးမှ သွားဖို့ဆိုတာမျိုးပြောနေတယ်။ စစ်တာဆေးတာလည်း များလာတယ်''ဟု ကျိုင်းတုံ မိုင်းလားပြေးဆွဲနေသည့် ယာဉ်လိုင်းတခုမှ အမည်မဖော်လိုသူ ယာဉ်မောင်းတဦး က ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မိုင်းတုံဒေသတွင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် '၀'တပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှုများအပြီး '၀'မြောက်ပိုင်း ပန်ဆန်းဒေသမှ '၀' တပ်အချို့ကို ကျိုင်းတုံနယ်နှင့်နယ်မြေချင်း ထိစပ်နေ မိုင်းပေါက်၊ မိုင်းဖျံဒေသသို့ နေရချထားခဲ့သည်ဟုလည်း သိရသည်။

'၀'ဒေသမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်သတ်မှတ်ခြင်း ခံထားရပြီး ပြည်နယ် အဆင့်သို့တိုးမြင့်ပေးရန် '၀'တပ်ဖွဲ့မှ တောင်းဆိုနေသလို မိုင်းလားဒေသကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးရန် မိုင်းလားအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။

စိုင်အောင်ဆိုင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ တည်ထောင်ရန် ကျပ် ၅၀ ဘီလီယံကျော် အကျိုးအမြတ်ရှိသည့် တင်ဒါတခုရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဇူလိုင် ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် News Watch သို့ ပြောကြားခဲ့သည်။

''ဒေါက်တာနေဇင်လတ်ရဲ့ အမျိုးသားတိုးတက်ရေးပါတီ၊ အဲဒီပါတီက ရန်ပုံငွေတွေ အများကြီးနဲ့ ဖွဲ့စည်းထား တာ။ ဒေါက်တာနေဇင်လတ်ဟာ ဟံသာဝတီ လေယာဉ်ကွင်းတည်ဆောက်ရေးမှာ လုပ်ငန်းသုံးပစ္စည်းချပေးခွင့် တင်ဒါရသွားတယ်။ အကျိုးအမြတ်က ဘယ်လောက်လို့ထင်လဲ။ ဘီလီယံ ၅၀ ကျော်တယ် ခင်ဗျ။ အဲဒီငွေတွေနဲ့ အသုံးပြုပြီး ပါတီတည်ထောင်တာ။ ဘယ်သူကပေးလိုက်သလဲဆိုတော့ သဘောပေါက်မှာပေါ့''ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ဒေါက်တာနေဇင်လတ်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဦးဆောင်နေသည့် အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ရုတ်တရက်ထပေါ်ထွက်လာသည့်ပါတီဖြစ်ပြီး ပါတီနှင့်ပတ်သက်၍ ဝေဖန် သုံးသပ်ချက်များထွက် ပေါ်လျက်ရှိသည်။ ဒေါက်တာနေဇင်လတ်သည် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားပါတီတည်ထောင်ချိန်တွင် အကြံပေးအဖြစ်မှ အနားယူခဲ့ကြောင်း သိရသည်။

ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅၀၀ ခန့် အထိ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်လျက်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၉-၆-၂၀၁၅ ရက်စွဲဖြင့် နိုင်ငံရေးပါတီတည်ထောင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက်နေ့က ထုတ်ဝေသည့် The Voice Daily တွင် အမျိုးသားတိုးတက်ရေးပါတီ၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလင်းကျော်သူထွန်းနှင့် အင်တာဗျူးကို ဖော်ပြခဲ့ပြီး အဆိုပါ အင်တာဗျူးတွင် ပါတီမှာ သမ္မတဦးသိန်းစိန်နှင့် ဆက်စပ်ပတ်သက်မှုမရှိသည့်သဘောမျိုး ပြောကြားခဲ့သည်။

ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီသည် အစိုးရအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ချက်အမှတ် ၇/၂ ၀၁၅၊ ၂၀၁၅ ခုနှစ် ဇွန်လ၂ရက်စွဲဖြင့် အစိုးက ထုတ်ပြန်ထား ခဲ့သည်။
အဆိုပါထုတ်ပြန်ချက် အပိုဒ် (၃) တွင် ''သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့၊ ယခင် အဖွဲ့ဝင် ဒေါက်တာနေဇင်လတ် နာယကအဖြစ် ထူထောင်ထားသော အမျိုးသားတိုးတက်ရေးပါတီသည် နိုင်ငံတော်သမ္မတနှင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လည်းကောင်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဂျပန် လက်နက်ကိုင် တပ်ဖွဲ့တွေ ရေခြား မြေခြားမှာ သွားပြီး တိုက်ခိုက်ခွင့် ပြုမယ့် လုံခြုံရေး ဥပဒေကြမ်းကို ဂျပန် အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။ ဒီအပြောင်းအလဲကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အဆိုပြုခဲ့တာ ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်က ပြုလုပ်နေတဲ့ ခြိမ်းခြောက်မှုမျိုး အန္တရာယ် အသစ်တွေကို ရင်ဆိုင်နိုင်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကတော့ ဂျပန်ကို ဝေဖန်လိုက်ပြီး တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေမယ့် အပြုအမူမျိုး မလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ အာဘေးကို ဆန့်ကျင်သူတွေကတော့ ဒီ အပြောင်းအလဲဟာ ဂျပန်ရဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး အခြေခံဥပဒေကို ဆန့်ကျင်နေတယ်လို့ ဝေဖန်ပါတယ်။

အခုတော့ ဒီဥပဒေကြမ်းကို မစ္စတာ အာဘေးရဲ့ ပါတီက အများစုနေရာ မရထားတဲ့ အထက်လွှတ်တော်မှာ ဆက်ဆွေးနွေးကြမှာပါ။။

BBC Burmese
https://www.facebook.com/bbcburmese


 စင်္ကာပူတွင် ဆေးကုသမှု ခံယူနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း သတိပြန်ရပြီ ဖြစ်ကြောင်း၊ နောက်ထပ် နှစ်ပတ်ခန့် ကြာတွင် စကားပြောနိုင်မည် ဖြစ်ကြောင်း သိရသည်။

"သူ ပြန်ပြီးတော့ သတိရနေပြီ ဟိုဖက်လှည့် ဒီဖက်လှည့်ပေါ့။ တော်တော် များများတော့ သိနေပါပြီ"ဟု မြင်းခြံမဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ပြောသည်။

ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောမျှင် ပေါက်သွားသည့်အတွက် ဆေးကုသမှုခံယူရန် ဇူလိုင်လ (၉) ရက်နေ့က အရေးပေါ်လူနာတင်လေယာဉ်ဖြင့် စင်္ကာပူသို့ ထွက်ခွါခဲ့ခြင်း ဖြစ်သည်။

ယင်း၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းရရှိသောသတင်းအရ "ပက်လက်လှန်ပြီး အိပ်နေရင်းကနေ နောက်ကျောတွေဘာတွေပူလာလို့ရှိရင် ဘေးကိုစောင်းတာ ဘာညာလုပ်တယ်။ ဟိုဖက်ကိုလှည့်လိုက် ဒီဖက်ကိုလှည့်လိုက် လုပ်လာတယ်။ ဆေးထိုးတဲ့အချိန်မှာ နာတာကျင်တာ သိတယ်၊ရုန်းတာ တွန့်သွားတာရှိတယ်။ စကားပြောဖို့ကျတော့ ဆရာဝန်က ဦးနှောက်ကို အလုပ်လုပ်မှာစိုးတဲ့အတွက် ဦးနှောက်ကို အလုပ်မလုပ်စေချင်သေးလို့ စကားမပြောခိုင်းသေးတာ။ သတိလည်းရပြီ။ မျက်လုံးလည်းပွင့်ပြီ၊နောက်ပြီးရင် သူ့ရဲ့သားသမီးတွေ ၀င်လာရင် သိနေပြီ။ မျက်လုံးတွေဘာတွေဖွင့်ပြီး ပြန်ပြီး နှုတ်ဆက်တယ်။ အခုလောလောဆယ် ပါးစပ်နဲ့ နှာခေါင်းနဲ့ကို အုပ်ပြီးတော့ အောက်စီဂျင်ပေးထားတဲ့ ကိရိယာနဲ့မို့လို့ ပြောလို့ မရတာ။ ခြေလက်အကွေးအဆန့်ုလုပ်နိုင်ပြီ၊ ဆရာဝန်က ဦးနှောက်ကို အလုပ်လုပ်မှာစိုးတဲ့အတွက်ဒါကို ထိန်းချုပ်ထားတာ၊ အလုပ်တအား လုပ်လိုက်ရင် ပြန်ဖြစ်သွးမှာစိုးတဲ့အတွက်၊နောက်ထပ် နှစ်ပတ်လောက် စောင့်ကြည့်မယ်။ ပြီးရင် ဦးနှောက်ကို ပြန်ပြီး Train လုပ်မယ်။ အခုလောလောဆယ် စောင့်ကြည့်ကာလပေါ့။ စောင့်ကြည့်ကာလပြီးရင်တော့ တိုးတက်လာလိမ့်မယ်လို့ ဆရာဝန်က ပြောထားတယ်"ဟု News Watch ကို ပြောကြားခဲ့သည်။

ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် အဓိကကျသူတစ်ဦးဖြစ်ပြီး ပါတီတွင်းဆောင်ရွက်မှုများ အတွက် အကြံဥာဏ်ပေးနိုင်သူဟု တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။

"သူကတော့ဝါရင့်လေ၊ အတွေ့အကြုံကလည်းများတယ်၊ နိုင်ငံရေး အတွေ့အကြုံကော၊ လုပ်ငန်း အတွေ့အကြုံရော အဲတော့ ဒီဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အပေါ်မှာ သူ့ရဲ့အတွေ့အကြုံနဲ့
 ပေါင်းစပ်ပြီးတော့မှ ကောင်းတဲ့အကြံဥာဏ်တွေပေးနိုင်တာပေါ့၊ ပါတီကိုထိန်းကျောင်းပြီး အကြံဥာဏ်ကောင်းတွေပေးမယ့်လူတစ်ယောက် လောလောဆယ်မလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ကတော့ သူမြန်မြန် ပြန်ကောင်းပါစေလို့ ဆုတောင်းတာပေါ့"ဟု ပြောသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဖက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု။
 အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဘက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေး
 နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု အတွင်း မရိမ်း တပ်ဖွဲ့ဝင် လေးယောက် သေဆုံးသွားခဲ့ပါတယ်။ အဲဒီစစ်ဖက်ဆိုင်ရာ နေရာ ၂ ခုမှာ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ သေနတ်သမားလည်း အခင်းဖြစ်တဲ့နေရာ မှာပဲ သေဆုံးသွား တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲအရာရှိတဦးအပါဝင် တခြားလူတော်တော် များများလည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် Muhammad Youssef Abdulazeez ဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သတင်းရပ်ကွက် ကပြောပါတယ်။ အခုချိန်ထိတော့ ဒီလူနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ထွက်ပေါ်မလာသေးပါဘူး။ FBI တာဝန်ရှိသူတဦးက တော့ သေနတ်သမားဟာ ကူဝိတ်နွယ်ဖွား အမေရိကန် နိုင်ငံသားဖြစ်တယ်လို့ VOA ကို ပြောပါတယ်။

သေနတ်သမားဟာ Chattanooga က ဈေးဆိုင်ခန်းတွဲတွေရှိတဲ့ ၀င်းကြီးထဲမှာ ဖွင့်ထားတဲ့ တပ်သားစုဆောင်းရေး ရုံးခန်းကို မော်တော်ကားနဲ့ ဖြတ်မောင်းရင်း ပစ်ခတ်သွားတာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ Chtattanooga မှာ စစ်ဖက်ဆိုင်ရာ ရုံးခွဲ ငါးခု ကပ်ပြီး ဖွင့်လှစ်ထားတာပါ။

သေနတ်နဲ့ အချက်ပေါင်း ၂၅ ချက်ကနေ ၃၀ အထိပစ်ခတ်ခဲ့ပြီး မရိန်းတပ်သား စုဆောင်းရေး လုပ်ဆောင်သူတဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဌာန ကပြောပါတယ်။ သူ့ကိုဆေးရုံမှာ ကုသပေးပြီး ပြန်ဆင်းခွင့်ပေး လိုက်ပြီလို့ဆိုပါတယ်။

သေနတ်သမားဟာ နောက်ထပ် ၁၀ ကီလိုမီတာလောက်ဝေးတဲ့ ရေတပ် စစ်ဆင်ရေးအထောက်ကူပြုဌာနရှိရာကို သွားရောက်ပြီး အဲဒီမှာ အဆက်မပြတ် ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အဲဒီမှာ မရိန်း တပ်ဖွဲ့ဝင် လေးယောက်သေဆုံးခဲ့ပြီး ပစ်ခတ်သံ ရပ်သွားချိန်မှာ သေနတ်သမား လည်းသေဆုံးနေတာတွေ့ရပါတယ်။

ကနဦး ရရှိတဲ့ သတင်းတွေအရ သေနတ်သမားကို ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်က ပစ်လိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၈၈ငြိမ်းပွင့်နဲ့ NLD တို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်း တချို့ဟာ နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အခုအထိ သိရသမျှ ဦးကိုကိုကြီး၊ ဒေါ်မီးမီး ခေါ် ဒေါ်သင်းသင်းအေး၊ ဒေါ်မာမာဦး ၊ ဦးဇော်ဇော်မင်း၊ ဦးပဏ္ဍဍိတ်ထွန်း နဲ့ ဒေါ်သက်သက်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင် ကြမှာပါ။

ဒေါ်သက်သက်အောင်ကတော့ သူ့အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်ဒီကနေ ဝင်ရောက်ယှဉ်ပြိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲန်အယ်ဒီနဲ့ အပြီးသတ် ဆွေးနွေးညှိနှိုင်းသဘောတူထားတာမျိုးတော့ မရှိသေးပဲ ဘယ်မဲဆန္ဒနယ်က ယှဉ်ပြိုင်မယ်ဆိုတာကိုလည်း မဆုံးဖြတ်ရသေးပါဘူးလို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ဒေါ်သက်သက်အောင်က အဲန်အယ်ဒီက ဝင်အရွေးခံဖို့ ဆန္ဒရှိ
၈၈ ငြိမ်းပွင့်အဖွဲ့ထဲမှာ ထိပ်ပိုင်း ခေါင်းဆောင်တွေ အထဲက ဦးမင်းကိုနိုင် ကတော့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ပဲ ဦးကိုကိုကြီး ကတော့ တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိ ကြတယ်လို့ ဒေါ်သက်သက်အောင်က ပြောပြ ပါတယ်။

၈၈ အဖွဲ့ ထဲမှာလည်း လွှတ်တော်တွင်း လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဟန်ချက်ညီညီ လုပ်သွားကြဖို့ သဘောထား ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်း တွေကို ဦးစားပေး လုပ်ဆောင် ကြမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်သူတွေရဲ့ ရည်ရွယ်ချက် ကတော့ လွှတ်တော် အတွင်းကနေ အခြခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူလူထု အကျိုးရှိမယ့် ဥပဒေတွေ ပြဌာန်း နိုင်ဖို့နဲ့ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက် နိုင်အောင် ကြိုးစားသွားဖို့ ဖြစ်တယ်လို့ ဒေါ်သက်သက်အောင်က ပြောသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese