07/20/15


    ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

    ဗဟိုဘဏ်မှ ဖွင့်ဈေး အမေရိကန် တစ်ဒေါ်လာ ကျပ် ၁,၂၀၀ ဖြင့် ဈေးမြှင့် ဖွင့်ပြီးသည့် နောက် ပြင်ပတွင် အမေရိကန် ဒေါ်လာ ပေါက်ဈေး ဆက်လက် မြင့်တက်ခဲ့ပြီး ယနေ့ညနေတွင် တစ်ဒေါ်လာ လျှင်ကျပ် ၁,၂၇၈ အထိ မြင့်တက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက “ဗဟိုဘဏ် ကလည်း ဖွင့်ဈေးကို တနေ့ နည်းနည်းစီ မြှင့်ပြီး ဈေးဖွင့်တယ်။ ပြင်ပ ပေါက်ဈေးက လည်း ၁,၂၃၀ ကနေ တနေ့ကို နည်းနည်းချင်းစီ လိုက်တက် လာတယ်။ အခုတော့ ၁,၂၇၈ ကျပ်အထိ မြင့်တက်လာတယ်’’ ဟု ဆင်ဟွာ ကိုပြောသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင်တော့ ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ကျပ် ၁,၂၃၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ပုဂ္ဂလိက ဘဏ်များတွင်တော့ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ဈေးဖွင့်ခဲ့သည်။စီးပွားရေး လေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “အခုလို ဆက်တိုက် မြင့်တက်တာကတော့ စီးပွားရေးက အေးနေတယ်။ အိမ်ခြံမြေက ဈေးကျတယ်။ အဲဒီတော့  ဒေါ်လာဘက်ကို လှည့်ပြီး ဈေးကစားလာ ကြတယ်။ ဈေးကစားသူတွေကြောင့် ဆက်တိုက် မြင့်တက်နေတာလို့ ယူဆရပါတယ်’’ ဟု ပြောသည်။

သွင်းကုန် လုပ်ငန်းရှင်များကိုတော့ သွင်းကုန်လိုင်စင်နှင့် လိုအပ်သည့် စာရွက် စာတမ်းများ ပြနိုင်လျှင် ပုဂ္ဂလိက ဘဏ်များမှ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ရောင်းချပေးလျက် ရှိသည်ဟု သိရသည်။

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဒေါ်လာ နှင့် သွင်းကုန် ပစ္စည်းများ  ဈေးကွက်တွင် ဈေးနှုန်း မြင့်တက် လာခဲ့သည်။

ယနေ့ညနေတွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၇၈ ၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ကျပ် ၁,၂၄၀၊ ရွှေတစ်ကျပ်သားကို ကျပ် ၇၄၅,၅၀၀ ရှိပါတယ်။

 (Xinhua)
http://www.xinhuamyanmar.com

နေပြည်တော်ရှိ လွှတ်တော်တွင် ရခိုင် အမျိုးသားပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်မှ မီဒီယာများအား အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင်၂၀ ရက် (ဆင်ဟွာ)

    ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ယနေ့ပြောသည်။

ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ မဲဆန္ဒနယ် အားလုံး ၆၀ ကျော်ရှိတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရော၊ ပြည်နယ် လွှတ်တော်ရော မဲဆန္ဒနယ် အကုန်လုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။

ရခိုင် အမျိုးသားပါတ်ီမှ ဥက္ကဌ ဒေါက်တာ အေးမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော် အမတ်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်တော့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ရခိုင် အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ကတော့ မြေပုံနှင့် မင်းပြား မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်နေရာမှ ဝင်ပြိုင်မည်ဟု ဆိုသည်။ယခုကဲ့သို့ ရွေးချယ်မှုသည် မြို့နယ် အသီးသီးတွင် ရှိသည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီမှ ရွေးချယ် ပေးလိုက်သည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမှ ပြန်လည် စိစစ်မှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ် လွှတ်တော် နေရာများဖြစ်သည့် မောင်တော၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်မြို့နယ်၊ ပလက်ဝမြို့နယ်၊ စစ်တွေ မြို့နယ် စသည့် မဲဆန္ဒနယ် တချို့ကိုတော့ ပြန်လည် စိစစ်ရန် ရှိကြောင်း ဆိုသည်။ရခိုင် အမျိုးသားပါတီသည် ဦးအေးသာအောင်၏ ALD (ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ) နှင့် ဒေါက်တာ အေးမောင်၏ RNDP (ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ) ၂ ခု ပေါင်းစည်းပြီးနောက် ရခိုင် အမျိုးသား ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် RNDP အနေဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုကိုသာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာ နှင့် ပြည်နယ် လွှတ်တော် ၁၀ ယောက် ကျော် အနိုင်ရရှိ ခဲ့သည်။ပြည်ထောင်စု လွှတ်တော်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) ပြီးလျှင် ကိုယ်စားလှယ် နေရာ အများဆုံးတိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

J-Bay Open ဗိုလ်လုပွဲမှာ Mick Fanning ကို ငါးမန်းတစ်ကောင် တိုက်ခိုက်တာ ဖြစ်ပါတယ်။ (Credit: ABC licensed)
 သြစတြေးလျနိုင်ငံက ​ရေလွှာလျောစီး ​သမား ​Mick ​Fanning ​ဟာ ​ဗိုလ်လုပ်ပွဲမှာ ​ပြိုင်ပွဲဝင်နေတုန်း ​ငါးမန်းတစ်ကောင်ရဲ့ ​တိုက်ခိုက်မှုကို ​ခံရပေမယ့် ​အသက်ဘေးက ​လွတ်ကင်းခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ​ကျင်းပတဲ့ ​J-Bay ​Open ​World ​Surf ​League ​ပြိုင်ပွဲကျင်းပစဉ်အတွင်း ​ငါးမန်းက ​တိုက်ခိုက်လာတဲ့အတွက် ​ဗီဒီယိုကနေ ​အစအဆုံး ​ရိုက်ကူးထားတဲ့ ​မြင်ကွင်းတွေကို ​တွေ့ခဲ့ရပါတယ်။

ဗိုလ်လုပွဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​နှစ်ဦး ​တက်ရောက်နိုင်ပြီး ​ဆုရဖို့ ​အချင်းချင်း ​ပြိုင်နေတုန်းမှာပဲ ​ငါးမန်းတစ်ကောင် ​ဘေးမှာ ​လာပြီး ​တိုက်ခိုက်ခဲ့ပါတယ်။

Mick ​Fanning ​ကလည်း ​ငါးမန်းကို ​ထိုးပြီး ​ကန်ခဲ့တဲ့ ​ပုံတွေကို ​အတိုင်းသား ​တွေ့ခဲ့ရပါတယ်။

ရုပ်မြင်သံကြားပေါ်မှာ ​ပြိုင်ပွဲအကြောင်း ​ကြေညာတဲ့ ​လူတွေကလည်း ​အားလုံး ​မင်သက်ပြီး ​ဘာပြောရမှန်းမသိပဲ ​Mick ​Fanning ​ကို ​ငါးမန်းကိုက်တာဖြစ်မယ် ​ဆိုပြီး ​မတင်မကျ ​ပြောသွားခဲ့ပါတယ်။

ပင်လယ်ကမ်းစပ်က ​ပရိသတ်ရာနဲ့ချီ ​ငါးမန်းတိုက်ခိုက်မှုကို ​တွေ့ခဲ့ရသလို ​Mick ​Fanning ​ရဲ့ ​မိခင်ကလည်း ​အိမ်က ​ဖန်သားပြင်မှာ ​အတိုင်းသား ​တွေ့ရတဲ့အတွက် ​သူ့သား ​သေသွားပြီလားလို့တောင် ​ထင်ခဲ့တယ်လို့ ​ပြောပါတယ်။

ငါးမန်းတိုက်ခိုက်မှုကြောင့် ​ရေအောက်ရောက်သွားပေမယ့် ​ဂျက်စကီး ​လှေငယ်လေးတွေ ​အချိန်မှီ ​ရောက်လာတဲ့အတွက် ​အသက်ဘေးကင်းခဲ့ရပါတယ်။

အသက် ​၃၄ ​နှစ်အရွယ် ​Mick ​Fanning ​ဟာ ​ကမ္ဘာ့အဆင့် ​၄ ​ရေလွှာလျောစီး ​ချန်ပီယံဖြစ်ပြီး ​ကမ္ဘာ့အဆင့် ​ဆု ​သုံးခု ​ဆွတ်ခူးခဲ့ဖူးသူ ​ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ​ဒဏ်ရာတောင် ​မရပေမယ့် ​လုံခြုံရေးအရ ​အဲဒီ ​ပြိုင်ပွဲကို ​ရပ်တန့်လိုက်ပြီ ​ဖြစ်ပါတယ်။

Mick ​Fanning ​ကတော့ ​အသက်ရှင်ခွင့် ​ရတဲ့အပေါ် ​ဝမ်းသာလွန်းလို့  ​ပြန်ပွဲ ​ပြန်စတဲ့အခါ ​ချန်ပီယံ ​ဆုမရရင်တောင် ​ဒါမှမဟုတ် ​တသက်လုံး ​ပြိုင်ပွဲမှာ ​မပြိုင်ရတော့ ​ရင်တောင် ​ကြေနပ်မှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

မြောက်ကိုရီးယားကို သစ္စာဖောက်ပြီး တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ Rim Il (Credit: ABC) 
  မြောက်ကိုရီးယား ​နိုင်ငံက ​ကျွန်လို ​ခိုင်းစေခံရတဲ့ ​အလုပ်သမားတွေကို ​ပြည်ပကို ​ပို့ပြီး ​နျူကလီးယား ​အစီအစဉ်အတွက် ​ဝင်ငွေရအောင် ​လုပ်နေတယ်လို့ ​ဆိုပါတယ်။

အရင်တုန်းကတော့ ​မြောက်ကိုရီးယားဟာ ​တရားမဝင် ​လက်နက် ​ရောင်းဝယ်မှုတွေ၊ ​မူးယစ်ဆေးဝါး ​ရောင်းဝယ်မှုနဲ့ ​အမေရိကန် ​ဒေါ်လာ ​အတုတွေနဲ့ ​ဝင်ငွေရအောင် ​လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ​ကုလသမဂ္ဂကနေ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​လုပ်ပြီးတဲ့နောက်ပိုင်း ​ဝင်ငွေရရှိအောင်လုပ်ဖို့ ​နည်းလမ်းတွေ ​ကုန်ဆုံးလာပါတယ်။

အဲဒါကြောင့် ​အခုဆိုရင် ​အလုပ်သမားတွေကို ​နိုင်ငံခြားပို့ပြီး ​ဒေါ်လာတွေ ​ရရှိအောင် ​လုပ်နေတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

လူပေါင်း ​ထောင်နဲ့ချီကို ​နိုင်ငံခြား ​ပို့ဆောင်တာဖြစ်ပြီး ​အဲဒီအတွက် ​ဒေါ်လာ ​ဘီလီယံ ​နဲ့ချီ ​ရရှိနေတာ ​ဖြစ်ပါတယ်။

Rim ​II ​ဆိုတဲ့ ​လူကတော့ ​လက်သမားလုပ်ဖို့ ​ကူဝိတ်နိုင်ငံကို ​ပို့ဆောင်ခံခဲ့ရပြီး ​တစ်ရက်ကို ​၁၆ ​နာရီကြာ ​အလုပ်လုပ်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

လုပ်အားခ ​လစာကိုလည်း ​တစ်ပြားမှ ​မမြင်ခဲ့ရပဲ ​မြောက်ကိုရီးယား ​အစိုးရက ​အကုန်သိမ်းယူခဲ့တယ်လို့ ​ဆိုပါတယ်။

ပြည်ပမှာ ​အလုပ်လုပ်ပြီး  ​နိုင်ငံတော်အတွက် ​ဝင်ငွေရှာပေးတဲ့ ​အလုပ်သမား ​အယောက်ပေါင်း ​ကိုးသောင်း ​(၉၀၀၀၀) ​လောက်ရှိတယ်လို့ ​သိရပါတယ်။

Rim ​II ​ကတော့ ​နောက်ပိုင်းမှာ ​တောင်ကိုရီးယားနိုင်ငံမှာ ​ခိုလှုံခွင့် ​ရခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ​တစ်ရက်ကို ​ထမင်းသုံးနပ် ​စားရသလို ​လုပ်အားခ ​တစ်လကို ​ဒေါ်လာ ​၁၂၀ ​ရရှိတာက ​ကံကောင်းခြင်းလို့ ​သတ်မှတ်ထားပါတယ်။

မြောက်ကိုရီးယားဟာ ​အလုပ်သမားတွေကို ​ရုရှား၊ ​တရုတ်၊ ​မွန်ဂိုးလီးယား ​နဲ့ ​အရှေ့အလယ်ပိုင်းလို ​နိုင်ငံပေါင်း ​၄၀ ​ကို ​အလုပ်သမားတွေ ​စေလွှတ်နေတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အလုပ်သမားတွေ ​ရရှိတဲ့ ​နှစ်စဉ် ​လစာ ​ဒေါ်လာ ​၂ ​ဘီလီယံကို ​နျူကလီးယား ​အစီအစဉ်အတွက် ​အသုံးပြုနေတယ်လို့ ​ဆိုပါတယ်။

တချို့အလုပ်သမားတွေက ​ပြည်ပမှာ ​ထွက်ပြေးဖို့ ​စဉ်းစားပေမယ့် ​မြောက်ကိုရီးယားမှာ ​မိသားစုဝင်တွေ ​ရှိတာကြောင့် ​မိသားစုတွေ ​ဒုက္ခရောက်မှာကို ​စိုးရိမ်လို့ ​သစ္စာမဖောက်ရဲဘူးလို့ ​အေဘီစီ ​သတင်းကို ​ပြောပြကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူသတ်ပွဲကြီးတွင် တစ်မျိုးသားလုံး ယူကျုံးမရဖြစ်စေပြီး တိုင်းပြည်အတွက်လည်း အဖိုးမဖြတ်နိုင်သော သားကောင်းရတနာများ ဆုံးရှုံးခဲ့ရသည်။ မသမာသူတို့ လုပ်ကြံ တော့မည်ကို ခန့်မှန်းသိရှိနိုင်ပါလျက် တစ်ချက်ကလေး သတိမမူလိုက်ခြင်းကြောင့် အသက်ပေါင်းများစွာ၊ တိုင်းပြည်ရတနာများ ဆုံးရှုံးရသည်။ အလားတူအဖြစ်မျိုး မဖြစ်ဖို့ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ရက်နေ့က မှော်ဘီ(၅၀)တင့်ကားတပ် လက်နက်ခဲယမ်း မီးကျောက် ပျောက် ဆုံးမှု ဖြစ်ကြောင်း သတင်းစာဂျာနယ် စာမျက်နှာများပေါ်တွင် ဖတ်ခွင့်ရခဲ့သည်။ ထိုစဉ်ကပင် လက်နက်နှင့်ပတ် သက်ပြီး ဆောင်းပါးတစ်စောင်ရေး ရန်စိတ်ကူးမိသည်။ ဘာကြောင့် စိတ်ကူးရမိသည်ကို ရှင်းပါမည်။

လက်နက်များကို လိမ်လည်ထုတ်ယူသွားသည့် အဖြစ်မှန်သတင်းတစ်ခုတွင် စိတ်ထဲစွဲနေသော ကြောင့်ဖြစ် သည်။ အများသူငါ သိထားပြီးဖြစ်သော်လည်း အတိအကျပြောရန်အတွက် မောင်ရွှေခေတ်စုစည်းသည့် ““ရာပြည့်အကြို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ပုဂိ္ဂုလ်များအကြောင်း”” စာအုပ် စာမျက်နှာ ၆၄ ကို မူရင်းအတိုင်း ဖော်ပြ ပါမည်။…

““ထိုစဉ်က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့၊ နံနက် ၈နာရီ ၃၀မိနစ်အချိန်တွင် ဖြစ်သည်။ ဗိုလ်မှူးအောင်မြင့် (ယူအမ်ပီ၊ တပ်ရင်းမှူးဘ၀ဖြင့်တောခိုသွားသူ၊ တောတွင်းကျဆုံး၊ ထိုစဉ်က ပြည်သူ့ရဲဘော် ဟံသာဝတီ ခရိုင် ခေါင်းဆောင်)နှင့် ဗိုလ်မြင့်ဦးတို့သည် အတွင်းဝန်ရုံးသို့သွားရန် တိုင်ပင်နေကြသည်။ လောင်းဝတ်စ် လမ်း၊ ပြည်သူ့ရဲဘော်ဌာနချုပ်ဝင်း အတွင်းတွင် ဖြစ်လေသည်။ ထိုအခိုက် ဗိုလ်မှူးအောင်(ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ)သည် ၎င်းတို့အနီးသို့ ရောက်လာသည်။

““ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေး ရှိတယ်။ ၉ နာရီမှာစမယ်။ မင်းတို့နှစ်ယောက်စလုံး အစည်းအဝေးတက်ရ မယ်”” ဟုဆိုသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည်။ အစည်းအဝေး ကိုလည်း ပြည်သူ့ရဲဘော်ဌာနချုပ်၏ ခန်းမတွင် ပင်ဖြစ်၏။ တက်ရောက်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဗိုလ်မှူးအောင်၊ ဥက္ကဋ္ဌ ပြည်သူ့ ရဲဘော်ဌာနချုပ်(ရဲဘော်သုံးကျိပ်)

၂။ ဗိုလ်မှူးစိန်မှန် (ကျဆုံး)အတွင်း ရေးမှူး

၃။ ဗိုလ်ထိန်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(တောတွင်းကျဆုံး)

၎။ ဦးဗဆွေ၊ ဆိုရှယ်လစ်ပါတီ (ဒုဝန်ကြီးချုပ်ဟောင်း)

၅။ ဗိုလ်မှူးမင်းခေါင်၊ ရန်ကုန်ခရိုင်ခေါင်းဆောင် (ရဲဘော်သုံးကျိပ်ဝင်)

စသည်ဖြင့် အနိမ့်ဆုံး ပြည်သူ့ရဲဘော် ခရိုင်အဆင့်ခေါင်းဆောင် (၉)ဦး အစည်းအဝေးတက်ရောက်သည်။ ထိုစဉ် ကာလက အထက်ပါခေါင်းဆောင်များမှာ အစိုးရအဖွဲ့ထဲ၌ ပါဝင်ခြင်း မရှိကြသေးပါ။ အစည်းအဝေးစသည်နှင့် ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့က အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြကြသည်။ ရှင်းပြရာ၌ ““စီအိုဒီမှ ဘရင်းဂန်းအလက်နှစ်ရာနှင့် ကျည်ဆန်များ ဂဠုန်ဦးစော လိမ်လည်၍ ထုတ်ယူသွားကြောင်း အခိုင်အမာ သိရှိရကြောင်း၊ ထိုလက်နက်များမှာ ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံရန်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း ကိုလည်း အကျိုးအကြောင်းရှင်းပြထားပြီး ကိုယ်ရံတော်တပ်ဖြင့် သွားလာစေလိုကြောင်း တင်ပြထားခဲ့သည်။””

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ထိုတင်ပြချက်ကို ဤသို့ တုံ့ပြန်ရာ၌ – ““နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ဟာ ကိုယ်ရံတော်တပ်နဲ့ သွားလာနေရင် မကောင်းဘူး။ ဒါကြောင့် ကျုပ်လက်မခံနိုင် ဘူး””ဟုငြင်း ပယ်ကြောင်းသိရသည်။ ထိုအစည်းအဝေး၌ပင် ဗိုလ်ချုပ်အောင်ဆန်းအတွက် လုံခြုံရေးကို မည်သို့မည်ပုံဆောင် ရွက်သင့်ကြောင်းကို ညှိနှိုင်းဆွေးနွေးကြသည်။

““ဗိုလ်ချုပ်အောင်ဆန်းအတွက် အကောင်းဆုံး၊ လုံခြုံစိတ်အချရဆုံးဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်း သွားလာ မည့်နေရာတိုင်းတွင် အရပ်ဝတ်အရပ်စားဖြင့် လက်နက်ကိုင် အစောင့်အရှောက်များ ချထားရန်””ဖြစ်သည်။ ထိုအခိုက်တွင် အတွင်းဝန်ရုံးမှ အရေးပေါ် ဖုန်းဝင်လာသည်။ ““ဗိုလ်ချုပ်အောင်ဆန်းတို့ကို အစည်းအဝေးခန်း မအတွင်းတွင် လုပ်ကြံခံလိုက်ရပြီဖြစ်ကြောင်း”” အားလုံးပင် ထိုသတင်းကြားလိုက်ရသည့် တစ်ခဏ၌ ငိုင်သွား ကြသည်။

ထိုစဉ်က ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးအနေဖြင့် လည်းကောင်း၊ ရဲဘော်များအနေဖြင့်လည်း ကောင်းအစဉ်သတိရှိ နေကြ မည်ဆိုပါလျှင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဤကဲ့သို့ လုပ်ကြံခံရမည်မဟုတ်ပေ။ ဂဠုန်ဦး စောတို့ လက်နက်များ ထုတ်ယူသွားကြောင်းကို ရက်ပေါင်းအတန်ကြာကပင် ကြိုတင်သိရှိပါလျက် လုံခြုံရေး အတွက် အကာအကွယ်မပေးနိုင်ခဲ့သည်မှာ အင်မတန်မှပဲ ၀မ်းနည်းစရာ ကောင်းလှပေတော့သည်။

အထက်တွင်ဖော်ပြခဲ့ပါသော စာအုပ်၏ စာမျက်နှာ ၆၄၊ ၆၅၊ ၆၆၊ ၆၇ မူရင်း အတိုင်းဖြစ်သည်။ ထိုစာအုပ်ကို မဖတ်ရခင်ကပင် ထိုဖြစ်စဉ်ကို အကြမ်းသိထားခဲ့ပြီး ထိုစာအုပ်ကို ဖတ်ရသောအခါ ပို၍ပို၍ထင် ရှားစွာအဖြစ်မှန် ကို သိခွင့်ရသည်။ သို့ပါ၍ မှော်ဘီ(၅၀)တင့်ကားတပ် လက်နက်ခဲယမ်း မီးကျောက်ပျောက်ဆုံးမှုကြောင့် ဆောင်းပါး တစ်စောင်ရေးမှပဲဟု စိတ်ကူးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်ကာလသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ ချိန်ဖြစ်သည်။ ထို့ပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်အချို့ကို ပြင်ဆင်ရန် လွှတ်တော် တွင်း အကြိတ်အနယ်ဖြစ်နေသည့် အချိန်လည်းဖြစ်သည်။ ရွေးကောက်ပွဲကာလများ အကြိုအချိန်အခါများတွင် ဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံရေးလှိုင်းတံပိုးထန်မှုများကိုလည်း ပြန်လေ့လာမိပြန်သည်။

လွတ်လပ်ရေးရပြီး ၁၀နှစ် ၁၀မိုး အစိုးရဖြစ်ခဲ့သော ဖဆပလအစိုးရအဖွဲ့သည် ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ် ရွေး ကောက်ပွဲများတွင် အတိုက်အခံပါတီဖြစ်သော ပမညတတစ်သီးပုဂ္ဂလများကို လက်ကိုင်တုတ်၊ ကျေးရွာ ကာကွယ်ရေးများ (ပြူစောထီးများ)ဖြင့် အကြမ်းဖက်နှိမ်နင်းခဲ့သည့်ပြင် လူသတ်သည်ထိ ကျူးလွန်ခဲ့သည်။ နိုင်ငံ တွင်းကျော်ကြားခဲ့သော မိတ်္ထီလာလူသတ်မှု၊ မြိတ်ဆည်တော်အိုင်ရွာ လူသတ်မှု၊ မပိုဘယ်မှာလဲ။ မင်းလှ ၄ လောင်းပြိုင်သတ်မှု၊ ငါန်းဇွန်း ၆လောင်းပြိုင်သတ်မှု၊ လယ်ဝေးလူသတ်မှုများသည် ထင်ရှားခဲ့သည်။ ထိုစဉ်က အာဏာရပါတီ ဖဆပလသည် ပြိုင်ဘက်များကို တစ်တောရှင်းခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါပြစ်မှုကြီးများသည် ကြီးမားသော လူသတ်မှုများဖြစ်ခဲ့ပြီး တစ်ဦးစ၊ နှစ်ဦးစ သေးငယ်သော လူသတ်မှု ပေါင်းများစွာ ကို ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်ခဲ့ဖူးသည်။ ယနေ့အဓိက ပြိုင်ဘက်ဖြစ်သော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအောင် မြင်မှုရခဲ့ပါသော်လည်း ပေါ်ပေါ်ထင်ထင်ပင် အာဏာလွှဲပေးခြင်းကို ငြင်းဆန်ခံခဲ့ရသည်။ ဤသည်ကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော သဘောထား အမှန်ကို မြင်တွေ့ရပေမည်။

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ဒီပဲယင်းလူသတ်ပွဲကြီးတွင် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင် သောအဖွဲ့က လုပ်ကြံခဲ့ကြောင်း ထိုစဉ်ကထောက်လှမ်းရေးညွှန်ကြားရေးမှူး ဦးခင်ညွန့်က အတိအလင်းထုတ် ဖော်ခဲ့သည်။ ဤသည်ကို ကြည့်ပြန်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသော သဘောထား အမှန်ကို မြင်တွေ့ရဦးမည်ဖြစ်သည်။

အရပ်ထဲတွင် ဖြစ်ပျက်လေးတစ်ခုကို တင်ပြပါဦးမည်။ တစ်လမ်းတည်းနေ၊ မိသားစုနှစ်စု မတည့်ဖြစ်ကြသည်။ အကြောင်းသိတစ်ဦးက အိမ်တစ်အိမ်ကို ညဘက်ခဲနှင့်ပေါက်သည်။ ပြီးတော့ နောက်တစ်ည ကျန်အိမ်ကို ခဲနှင့်ပေါက်ပြန်သည်။ အခြေခံမတည့်သူ မိသားစုနှစ်စု လူသတ်မှုဖြစ်သည်အထိ ခိုက်ရန်ဖြစ်ပွားကြသည်။ ဤ ဥပမာသည် မသမာသော တတိယအုပ်စုသည် ပါတီကြီးနှစ်ခု ပြဿနာဖြစ်အောင် လျှို့ဝှက်ရန်တိုက်ပေးနိုင် သော ဥပမာဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေအနေ ရှုပ်ထွေးနေချိန်တွင် ပြင်မရသော ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း စေ့စပ်ဆွေးနွေးရေးထက် စစ်ရေးဘက်ပြန်လည် ဦးတည်လာ ပြန်သည်။ ၀မ်းနည်းစရာပင်။ ပြင်မရအောင် ကြိုးပမ်းရေးဆွဲထားသော ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ရင် လေးနေရပြန်သည်။ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြ၀တီနှင့် ကော့ကရိတ်အကြား အာရှလမ်းမကြီး၌ တပ်မ တော်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်လာ ပြန်သည်။

ဇွန် ၂၆ ရက်၊ ည ၉ နာရီခန့်က မန္တလေး၊ စဥ့်ကူးမြို့နယ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ သယ်လာသော လင့် ခရူဇာယာဉ်တစ်စီး တွင် ပြောင်းရှည်သေနတ် ၅လက်၊ ကျည်မျိုးစုံ ၂၅၂ တောင့်၊ ဓားမြောင်နှစ်ချောင်း၊ စိတ်ကြွဆေးပြား ၂၀၊ လက်ကိုင်စကားပြော စက်နှစ်လုံး၊ အထိုင်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့် အတူ ကိုအောင်ကျော်မိုးနှင့် ကိုအောင်ဇော်စိုးတို့ ညီအစ်ကို ကိုဖမ်းဆီးရမိသည်။

ဇူလိုင်လ ၂ ရက်နေ့က အမှုနှင့်ဆက်စပ်၍ မန္တလေးနေ ဦးခင်မောင်စိန်နေအိမ်မှ သေနတ်နှင့်ဆက်စပ် ပစ္စည်း များဖမ်းမိသည်။ ထိုအမှုတွင်ယခုအချိန်အထိ မန္တလေး၊ ရန်ကုန်မြို့ နှစ်နေရာ တွင် သေနတ်စုစုပေါင်း ၃၇ လက် ဖမ်းဆီးရမိထားပြီးဖြစ်သည်။ ဖမ်းဆီးရမိမှုအပေါ် အရေအတွက် ဖော်ပြနိုင်သော်လည်း လွတ်နေသော တရားခံ များနှင့် လက်နက်အရေအတွက်ကိုတော့ ခန့်မှန်းမရနိုင်ပေ။

လူကိုသေစေနိုင်သော လက်နက်များ ယခုကဲ့သို့ ပြန့်ကျဲနေခြင်းသည် ပြည်သူ များအတွက် များစွာအန္တရာယ်ကြီး မားသည်။ ဇွန်လ ၂ရက်နေ့က ဘားအံ-အိန္ဒုကား လမ်းနံဘေး၊ အိန္ဒဲကျေးရွာတွင် ကော့သင်းရူးကျေးရွာ၊ NLD ဥက္ကဋ္ဌ ဦးစောဂျော်နီ (အသက် ၅၁)နှစ်မှာ အမည်မသိသူများက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် နေအိမ်အဆင်းလှေကား အနီးတွင် မှောက်လျက်သေဆုံးခဲ့ကြောင်း သတင်းဂျာနယ်များတွင် ဖော်ပြ ထားသည်။ ထိုကျေးရွာမှာ ဘားအံမြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည်။

လူသားအပေါင်းတို့ အသက်ကိုအန္တရာယ်ပေးနိုင်သည့် လူသတ်လက်နက်များ မသမာသူတို့ လက်ဝယ်ရောက် နေပါပြီ။ သာမန်ပြည်သူများအနေဖြင့် လူသတ်ပစ္စည်းများကို ဘယ်သူမှ ယူထားမည်မဟုတ်ပေ။ လက်နက်များ ကို အမြတ်တနိုးထိန်းသိမ်းထားခြင်းမှာ မသမာမှုကိုကျူးလွန်ရန် အကြံရှိသူများပင်ဖြစ်ပေမည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူသတ်ပွဲကြီးတွင် တစ်မျိုးသားလုံး ယူကျုံးမရဖြစ်စေပြီး တိုင်းပြည်အတွက်လည်း အဖိုးမဖြတ်နိုင်သော သားကောင်းရတနာများ ဆုံးရှုံးခဲ့ရသည်။ မသမာသူတို့ လုပ်ကြံ တော့မည်ကို ခန့်မှန်းသိရှိနိုင်ပါလျက် တစ်ချက်ကလေး သတိမမူလိုက်ခြင်းကြောင့် အသက်ပေါင်းများစွာ၊ တိုင်း ပြည်ရတနာများ ဆုံးရှုံးရသည်။ အလားတူအဖြစ်မျိုး မဖြစ်ဖို့ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် အစွမ်းကုန်ကြိုးပမ်းမည်ဖြစ်သော်လည်း အကြံသမားတို့သည် အလစ်အငိုက်ကို အချိန်ယူစောင့်စားနေကြ မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာက လေးစားချစ်ခင်သော လူထုခေါင်းဆောင် ဆိုသော်လည်း ကြည့်မရဖြစ် နေသူတစ်စုလည်း ရှိနေမည်ဖြစ်သည်။ ဖြစ်ပြီးခါမှ ယူကျုံးမရဖြစ်နေမည့်အစား ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကလည်း ဂရုထားသွားလာနေထိုင်သင့်သည်။ ၀န်းရံသူတို့ကလည်း ဂရုစိုက်ကြဖို့လိုပါမည်။ ၁၉ ဇူလိုင်အဖြစ်မျိုး မတွေ့ကြစေရန် အားလုံး တက်ညီ လက်ညီစောင့်ရှောက်ကြစေချင် သည်။ ဖြစ်သွားပါက တန်ဖိုးမဖြတ်နိုင်သော ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသည့်အပြင် မြန်မာလူမျိုးအပေါင်းတို့သည်လည်း ကမ္ဘာ့ အလယ်တွင် မျက်နှာငယ်စရာဖြစ်ရပေမည်။ သိက္ခာကျစရာလည်း ဖြစ်သည်။

ရှေ့မှာ ဇူလိုင် ၁၉ လမ်းချိုးရှိနေ သည် ဟူ၍ …။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

_စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေး စခန်းတွင် ပင် သေဆုံးခဲ့သည်ကို ဗိုလ်ခင်ညွန့် လည်းမေ့မည်မထင်ပေ … ထိုသို့ လူစဉ်မမီအောင် ညှဉ်းပန်းနှိပ်စက် ခံရသူအပေါင်း၏ တောက် ခေါက်သံနှင့် နာကြည်းမုန်းတီးမှုကို ဗိုလ်ခင်ညွန့် ခံစားရပေမည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထောက်လှမ်းရေးကို တာဝန်ယူရသော ထောက်လှမ်းရေးမှူး အကြီးအကဲများသည် ကြာရှည်လာသည်နှင့်အမျှ တိုင်းပြည်၏ အကြီးအကဲများနှင့်သူတို့၏ နိုင်ငံရေးအခြေအနေ၊ သူတို့၏အားနည်းချက်၊ အားသာချက်များကို ထဲထဲဝင်ဝင် သိရှိလာပေသည်။ တစ်ချိန်တည်းတွင် တိုင်းပြည်အုပ်ချုပ်ရေး၏ လစ်ဟာချက်များ၊ အားနည်းချက်၊ အားသာချက်၊ အရည်အချင်း၊ လုံခြုံရေးစည်း အားပျော့ချက်များကို သိရှိလာသည်နှင့်အမျှ တချို့ထောက်လှမ်း ရေး အကြီးအကဲများက အာဏာသိမ်းဖို့ ကြံစည်လာကြလေသည်။

မကြာသေးခင်က အာဖရိကနိုင်ငံတစ်ခုတွင် အာဏာသိမ်းဖို့ကြံစည်သော ထောက်လှမ်းရေးမှူးကို စစ်တပ်က တစ်ဖန် ပြန်အာဏာသိမ်းလိုက်သည်ကို ကြားသိရသည်။ ဆိုဗီယက်ယူနီယံခေတ်က ဆိုဗီယက် ကွန်မြူနစ်ပါတီ ကပင် KGB မှ ယူရီအင်ဒရိုပေါ့ကို တိုင်းပြည်အုပ်ချုပ်စေခဲ့ပါသည်။ မကြာသေးခင်က တရုတ်ပြည်၏ အဂတိ လိုက်စားမှု သန့်စင်ပွဲတွင် တရုတ်ကွန်မြူနစ် ခေါင်းဆောင်က ပါတီထိပ်ပိုင်းခေါင်းဆောင်များကိုရော၊ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များကိုရော ပြတ်ပြတ်သားသား အရေးယူ နေလေသည်။ ပြည်သူ့စည်းစိမ်များကို အလွဲ သုံးစားလုပ်မှုများမှာ မည်သို့မျှသည်းခံနိုင်စရာ မရှိသလိုလို ထိုသို့ပြတ်ပြတ်သား သားအရေးယူခြင်းမှာ တချို့လူ့ အခွင့်အရေးကြွေးကြော်သော နိုင်ငံကြီး များအတွက် လက်မခံနိုင်စရာဖြစ်သော်လည်း ကွန်မြူနစ်ပါတီဝင်များ အတွက်မူ လုပ်သင့်လုပ် ထိုက်သည်ကိုလုပ်သည်ဟု ကောက်ချက် ချလေသည်။ ထိုသို့သေဒဏ်အထိ လာဘ် စားမှုကို အရေးယူသည့်အထဲတွင် ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်ပင် ပါသွားသည်။ တစ်သက်တစ် ကျွန်းပြစ်ဒဏ်ကျခံရလေသည်။…

မြန်မာနိုင်ငံတွင် အထူးသဖြင့်စစ်အာဏာရှင်ခေတ်တွင် ပြည်သူကလည်း ရွံကြောက်၊ လုပ်ဖော်ကိုင်ဖက်များက စက်ဆုပ်သော ထောက်လှမ်းရေး အကြီးအကဲ ၂ယောက်ရှိပါသည်။ တစ်ဦးမှာ ဗိုလ်တင်ဦးဖြစ်ကာတစ်ဦးမှာ ဗိုလ်ခင်ညွန့်ဖြစ်သည်။ ယခုအထိ လူအများ၏ မျက်မုန်းကျိုးမှုကို ခံရသူများဖြစ်ကာ ကောင်းကွက်ဆို၍ တစ် ရွေးသားမျှပင်သူ့ကို လုပ်ဖော်ကိုင်ဖက်များက မမြင်ခဲ့ကြပေ။ စစ်အာဏာရှင် ဗိုလ်နေ၀င်း၏ လူယုံလည်းဖြစ်၊ လက်မရွံ့လည်းဖြစ်၊ ခိုင်းသမျှမထောက် မညှာလုပ်တတ် သူလည်းဖြစ်၊ လက်တွင် အမြဲသွေးစွန်းနေသော ဗိုလ် တင်ဦးမှာ ဗိုလ်ခင်ညွန့်လိုပင် အလွန်မျက်မုန်းကျိုးစရာဖြစ်၏။

ကျောင်းသားများ၊ ရဟန်းသံဃာများကို ရက်စက်စွာ ညှဉ်းပန်းသူဖြစ်သလို နိုင်ငံရေးသမားများကို ကိုကိုးကျွန်း ထိပို့ပြီး ရက်စက်ခဲ့သူများမှာ ဗိုလ်တင်ဦးပင်ဖြစ်လေသည်။ သူ့ကိုလည်း ဗိုလ်နေ၀င်းက ယုံကြည်စိတ်ချလွန်း သဖြင့် ဗိုလ်နေ၀င်းပြီးလျှင် အာဏာအရှိဆုံး၊ အရက်စက်ဆုံးခေါင်းဆောင် ဖြစ်လေသည်။ ထိုစဉ်က ဗိုလ်စန်းယ ကို နံပါတ် ၂အဖြစ် သတ်မှတ်ထားရာ ဗိုလ်တင်ဦးမှာ သူတို့ မဆလခေါင်းဆောင်များ၏ အကြောင်းကို ခရေစေ့ တွင်းကျ သိရှိထားသူဖြစ်ရာ သူ့ကို ၃လည်းမက ၂လည်း ရောက်မသွားသဖြင့် တစ်နှစ်ပိုင်းတစ်ပိုင်း တင်ဦးဟု ခေါ်လေသည်။ သူလည်း ဇာတ်သိမ်းမကောင်း ရှာပေ။ အာဏာကို ရလာသည်နှင့်အမျှ ထိပ်ဆုံး အာဏာရှင်ဖြစ် အောင်ကြိုးစားချင်လည်း ကြိုးစားနိုင်သလို လုပ်ပိုင်ခွင့်များကို ပို၍အသုံးချ၊ သူ့သြဇာရှိအောင်ကြိုးစားချင် လည်း ကြိုးစားနိုင်သောကြောင့် စစ်အာဏာရှင်များ၏ ခွက်စောင်းခုတ်ပွဲတွင် သူထောင်တစ်သက်တစ်ကျွန်း ကျသွား၏။ သို့သော် ဗိုလ်တင်ဦးမှာ လွတ်လာချိန်တွင် လူကြားထဲမထွက်ဘဲ ဗိုလ်နေ၀င်းကို ၀ပ်နေအောင် ကြောက်သောကြောင့်၊ ဗိုလ်နေ၀င်းတို့အုပ်စု၏ မကောင်းကြောင်းလည်း မပြောရဲသောကြောင့် “ကိုယ့်ကိုယ် ကိုယ်ဖော် မသူတော်”လည်း ဖြစ်မသွားပေ။ နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သူအဖြစ် ဗိုလ်တင်ဦးမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့ပါသည်။

စစ်အာဏာရှင်တို့၏ ဒုတိယမြောက် နာမည်ဆိုးနှင့်ကျော်ကြားသူမှာ ဗိုလ်ခင်ညွန့် ဖြစ်ပါသည်။ ယနေ့ နိုင်ငံရေး အကျဉ်းသားအားလုံး ဗိုလ်ခင်ညွန့်၏ ရက်စက်ပုံ၊ ဖိနှိပ်ညှဉ်းပန်းခဲ့ပုံများကို တညီတညွတ်တည်း ထောက်ခံပြော ဆိုမည်မှာ ငြင်းစရာမရှိပေ။ ဗိုလ်ခင်ညွန့်ကို သူတော်ကောင်းဟုလည်း မည်သူကမျှပြောမည် မထင်ပေ။ ဗိုလ်ခင်ညွန့်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မဆလအစိုးရသမ္မတ ၃ဆက်အထိ ပြောင်းခဲ့ပြီး နောက်စစ်တပ်က အာဏာသိမ်းယူရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ဗိုလ်ခင်ညွန့်က လွှဲပြောင်းတာဝန်ပေးခံရ သူဖြစ်ပါသည်။

အစောပိုင်းက ဗိုလ်စောမောင် (၉၀ပြည့်ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာပေးမည်ဟု စကားမှားပြောခဲ့ဖူးသူ၊ နောက်ဖယ်ရှားခံရသူ)၏ လက်ရုံးဖြစ်သည်။ နောက်ဗိုလ်သန်းရွှေ၏ လက်ရုံးဖြစ်လာလေသည်။ ဗိုလ်သန်းရွှေနှင့် အတူ ၁၉၈၈ခုနှစ် ကတည်းကနေ ၂၀၀၄ခုနှစ်၊ သူ့ကို အာဏာအရပ်ရပ်မှ ရုပ်သိမ်းပြီး ဖမ်းဆီးလိုက်သည့် အချိန်ထိ အလွန်သြဇာကြီး၊ အရှိန်အ၀ါရှိသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်သန်းရွှေတို့ တွေ့ဆုံမှုကို သူ့လက်ရင်း တပည့်များကို ကြားခံဆက်သွယ်သူများ အဖြစ်ခန့်အပ် ကာမီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက်လုပ်ခဲ့ သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ညီမလေးလို သဘောထားပါသည်ဟု အပြောချိုချိုဖြင့် NLD ကို ရက်စက်စွာ ဖိနှိပ်ခဲ့ သူဖြစ်သည်။ ယခုလည်း ဒီပဲယင်းလုပ်ကြံမှုတွင် အထက်ကခိုင်း၍ လုပ်ရသည်။ ဗိုလ်သန်းရွှေခိုင်း၍ လုပ်ရပါ သည်ဟု ဗိုလ်ခင်ညွန့်ကဆိုခဲ့သည်။ သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ်္တိတွင်လည်း သူတော်ကောင်းယောင်ဆောင် ကာသူမဟုတ်တာ ဘာမှမလုပ်ကြောင်း၊ သူ၏ ရက်စက်မှုများကို ဖုံးကွယ်ကာ အကောင်းချည်း ရေးသားခဲ့လေ သည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်ဆောင်ခဲ့သူများတွင် ဗိုလ်ခင်ညွန့်မှာထိပ်တန်းမှ ပါဝင်ခဲ့ သော ဗိုလ်ချုပ်တစ်ယောက်ဖြစ်လေသည်။ တချို့ လုပ်ရပ်များနှင့် သူ့တပည့်များ၏ အဂတိလိုက်စားမှု၊ ကိုယ် ကျိုးစီးပွားကို ဆိုးဆိုးဝါးဝါး အလွဲသုံးစားလုပ်မှုများကြောင့် နောက်ဆုံးသူလည်း နန်းချခံရလေသည်။

ဗိုလ်ခင်ညွန့်၏ ထင်ရာစိုင်းလုပ်ရပ်များအပေါ် သူနှင့် Contemporary ဗိုလ်ချုပ်များကလည်း မရှုစိမ့်ခဲ့သည်မှာ ကြာပြီဖြစ်သလို သူ၏မောက်မာမှုနှင့် သြဇာပေးမှုကိုလည်း မလွှဲသာ၍ ခေါင်းငုံ့ခံခဲ့ကြရပြီး နောက်ဆုံးအခွင့် သာသည့် အခါဗိုလ်ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး တစ်ဖွဲ့လုံးကို အမြစ်ပါမကျန်သုတ် သင်ဖယ်ရှားခဲ့ကြ သည်။ စစ်အစိုးရကာလတွင် ဒုတိယအကြိမ် ထောက်လှမ်းရေးတို့၏ ခေါင်းထောင်ထမှုကို စစ်တပ်ကဖယ်ရှားခဲ့ ခြင်းဖြစ်သည်။ ““တရားဥပဒေအထက်တွင် မည်သူမှ မရှိရ””ဟု ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ထိုအချိန်က ကြေညာလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဗိုလ်ခင်ညွန့်တို့မှာ ဥပဒေအထက်တွင် ရှိနေခဲ့ပုံရပါသည်။

ဗိုလ်ခင်ညွန့် အရေးယူဖမ်းဆီးခြင်းခံရစဉ်က ဗိုလ်တင်ဦး ဖမ်းဆီးအရေးယူ ခံရစဉ်ကလိုပင် ပြည်သူလူထုက သဘောကျကြလေသည်။ ၀ဋ်လည်သည်ဟု ဆိုခဲ့ကြသည်။ ဗိုလ်တင်ဦးကို တရားရုံးမှ ထောင်တစ်သက် တစ်ကျွန်း ချခဲ့သော်လည်း ဗိုလ်ခင်ညွန့်ကိုမူ နေအိမ်အကျယ်ချုပ် ထားရှိခြင်းဖြစ်သည်။ အလွန် ကံကောင်းလှ ၏။ ထို့ကြောင့်လည်း ပြည်သူနှင့် စာနယ်ဇင်းများကို ပြောဆိုဆက်ဆံပုံမှာ စစ်မာန်၊ စစ်သံများရှိနေဆဲပင်။ ဗိုလ်ခင်ညွန့် အကျယ်ချုပ်လွတ်ခါစက အသေးသုံး စရိတ်၂၅သိန်းကိုပင် သီတဂူဆရာတော်ကြီးက လှူခဲ့သည် ကို အမှတ်ရနေသည့်။

အလွန်ဆင်းရဲသွားသည်ဟု ဆရာတော်က ထင်၍လား၊ သို့မဟုတ် ဗိုလ်ခင်ညွန့် အမြင်ကောင်းအောင်၊ မျက်နှာရ အောင်လုပ်လေ သလားမသိပေ။ သိန်းအစိတ်မှာ ဗိုလ်ခင်ညွန့်အဖို့ ရယ်စရာကောင်းသော ငွေကြေး ပမာဏဖြစ် လေသည်။ ၁၆နှစ်ကာလလုံး ဗိုလ်ခင်ညွန့်၏ လက်စွမ်းကို ရင်ဆိုင်ခံစားခဲ့ရသော သူများမှာ ဗိုလ်ခင်ညွန့် အကြောင်း ဘယ်တော့မှ မေ့သည်မထင်ပေ။ စစ်ကြောရေးစခန်းတွင် စစ်မေးရင်း သေဆုံးသွားခဲ့ရသော NLD မှ ဦးမောင်ကို၊ စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးစခန်းတွင်ပင် သေဆုံး ခဲ့သည်ကို ဗိုလ်ခင်ညွန့်လည်း မေ့မည်မထင်ပေ။ ထိုသို့လူစဉ်မမီအောင် ညှဉ်းပန်းနှိပ်စက်ခံရသူ အပေါင်း၏ တောက်ခေါက်သံနှင့် နာကြည်းမုန်းတီးမှုကို ဗိုလ်ခင်ညွန့်ခံစားရပေမည်။

ဇွန်လက မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု အခမ်းအနားတစ်ခုသို့ ဗိုလ်ခင်ညွန့်တက် ရောက်ခဲ့လေသည်။ သူ့ကို DVB သတင်းထောက်တစ်ဦးက မေးမြန်းရာတွင်သူက-

““ငါပြောမယ်။ မီဒီယာကိုတော့ ငါပြောချင်တယ်။ နောက်ကြောင်းပြန်တာမျိုး မလုပ်နဲ့၊ နောက်ကြောင်းပြန်တာ သည် တိုင်းပြည်တိုးတက်ဖို့ မဟုတ်ဘူး။ ဝေဖန်ရေးသက်သက် လုပ်တာ။ ဝေဖန်တာ ကိုယ့်ကိုယ်ကိုယ်အရင် ဝေဖန်ရမယ်။ နောက်မှသူများကို ဝေဖန်ရမယ်”” ဟုပြောသွားသလို-

““စနစ်ပေါ်မှာ မူတည်တယ်ကွ။ ငါတို့ကလည်း အရင်တုန်းက စစ်အစိုးရလေ။ စစ်အစိုးရဆိုတော့ အစိုးရပုံစံ အတိုင်းလုပ်ရတာဟ။ အခုက ဒီမိုကရေစီစနစ်လေ။ သို့သော်ငြားလည်း တို့ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲဖြစ်ရမယ်။ ဒါပဲ။ ဟိုကအမေရိကန်ကို အတုခိုးလို့ မရဘူးနော်။ အင်္ဂလိပ်ကို အတု ခိုးလို့မရဘူး။ မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲဖြစ်ရမယ်။ ဒါပဲငါ နောက်ဆုံးပြောချင်တယ်”” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့သည်။ စစ်သံစစ်မာန်များဖြင့် ဗိုလ်ခင်ညွန့် တန်ခိုးထွားစဉ်က လေသံအတိုင်း မီဒီယာများကို ပြောဆိုသွားခြင်းမှာ မခံချင်စရာပေ။ မောက်မောက်မာမာနှင့် ပြောဆိုသွားကာ တစ်ခုမှလည်း မမှန်ပေ။ ပြည်သူနှင့်အလွန်နီးစပ်သော စာအုပ်များကိုဖတ်ရှုပြီး မိမိ၏ မှားများကိုဝေဖန်သုံး သပ်ခဲ့ပုံမရ။

ဓမ္မနှင့်အဓမ္မ၊ တရားနှင့် တရားမဲ့မှုကိုလည်း ပီပီပြင်ပြင် မြင်တွေ့ခဲ့ပုံ မရပေ။ အတိတ်က နာမည်ဆိုးနှင့် ကျော်ကြားခဲ့သလို ထောက်လှမ်းရေးမှူး အဖြစ်ရက်စက်ခဲ့ပုံကို သတင်းထောက်များက မေးမြန်းခြင်း ကို နောက်ကြောင်း ပြန်ချင်သည်ဟု စွပ်စွဲခဲ့ပုံရသည်။ နောက်ကြောင်း မပြန်ဖို့ကို စစ်အာဏာရှင်များရော၊ အစိုးရ ရော၊ စစ်တပ်ရော၊ အတိုက်အခံများရော အားပေးခြင်း၊ တားဆီးခြင်းများ မလုပ်နိုင်။ နောက်ကြောင်း ပြန်ခြင်း၊ မပြန်ခြင်းမှာ ပြည်သူနှင့် သာဆိုင်လေသည်။ ပြည်သူတို့ကျင့်သုံးသော နောက်ကြောင်းပြန်ခြင်းကို ဗိုလ်ခင်ညွန့် လည်းတား၍မရ။ ၂၀၀၈ ဖွဲ့စည်းပုံကြီးကလည်း ပိတ်ဆို့၍မရပေ။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖွဲ့စည်းပုံမှန်သမျှကို ဖျက်သိမ်းခြင်း၊ အမှိုက်ခြင်းထဲ ထည့်ခြင်းများကို စစ်တပ်ကသာ လုပ်ဆောင်ခဲ့သည်။ ထို့ပြင်မတရားသော၊ ချုပ်ချယ်ကန့်သတ်သော ဖွဲ့စည်းပုံဟူသမျှကို ပြည်သူ လူထုက လက် ခံချင် လက်ခံသလောက်တည်ရှိနေပြီး လက်မခံလျှင် လက်မခံတော့သလို စွန့်ပစ်မည်မှာ သမိုင်းရေး ဖြစ်ပေါ်မှု အရငြင်းပယ်၍ မရနိုင်ပေ။ ထို့ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံဖြင့် မိမိကိုယ်မိမိကာကွယ်၍ မရကြောင်းသဘော ပေါက်ဖို့လို၏။ ဗုဒ္ဓဘာသာအရ အကုသိုလ်သည် အကုသိုလ်အလျောက်၊ ကုသိုလ်သည် ကုသိုလ်အလျောက် မိမိပြုမူကျင့်ကြံခဲ့သည့်အတိုင်း တန်ပြန်အကျိုးသက်ရောက်မှုက ရှိမည်မှာသေချာပါသည်။

““အကြွေးရှိရင် ဆပ်ရမှာပေါ့””။ ဆရာတော် ဦးဗုဗ်၏ သြ၀ါဒအတိုင်း မိမိယူခဲ့သော ကြွေးများနှင့် မိမိကျူး လွန်ခဲ့သော ပြစ်မှုများအတွက် ယခုဘ၀တွင်အချိန်မီလျှင် ပေးဆပ်ရမည်ဖြစ်သလို ယခုဘ၀အချိန် မရပါက နောင်သံသရာတွင် မလွှဲမသွေ ပေးဆပ်ရမည်ကို သဘောပေါက်ဖို့လိုပါသည်။ နုရင်ဘာ့ဂ် စစ်ခုံရုံးကိစ္စ ဦးကြည်မောင်ကို ဗိုလ်ခင်ညွန့်က ပြောကြားသွားသည်ကို သတိရမိသည်။ နုရင်ဘာ့ဂ် စစ်ခုံရုံးတွင် အပြစ်ရှိသော စစ်ရာဇ၀တ်ကောင်များအား အပြစ်ပေးခဲ့သည်ကို ဗိုလ်ခင်ညွန့် တုန်လှုပ်ဖူးသည်။ ယခုလည်း နောက်ကြောင်း ပြန် အကျိုးသက်ရောက်မှာကို ဗိုလ်ခင်ညွန့် စိုးရိမ်နေလေသည်။

““ကြွေးရှိရင် ဆပ်ရမှာပေါ့””

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



မြန်မာနိုင်ငံ၏ စစ်တပ်အကြီးအကဲက နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို လေးစားမည်ဖြစ်ကြောင်းနှင့် အကယ်၍ တောင်းဆိုလာခဲ့ပါက သူကိုယ်တိုင်လည်း သမ္မတဖြစ်လာနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

''ဘယ်သူပဲနိုင်နိုင် မျှမျှတတနိုင်ရင် ရလဒ်ကို လေးစားမှာပါ''ဟု အနောက်မီဒီယာတစ်ခုနှင့် ရှားရှားပါးပါး အင်တာဗျူးအဖြစ် ဇူလိုင်လ ၂၀ရက်နေ့က ဘီဘီစီနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

''ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကူညီသွားဖို့ သန္နိဌာန် ချမှတ်ထားပါတယ်''ဟု ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆယ်စုနှစ်များအတွင်း အလွတ်လပ်ဆုံးဖြစ်မည်ဟု မျှော်လင့်ရသည့်အတွက် နိုဝင်ဘာ ဂရက်နေ့တွင် မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်မှာ မဲရုံများဆီသို့ သွားရောက်မဲထည့်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံမှာ အတိုက်အခံများကို ချေမှုန်းပစ်ပြီး၊ စီးပွားရေးကိုလည်း လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုသာ ချမ်းသာသွားသည့် အခြေအနေအထိ ဖျက်စီးပစ်ခဲ့သည့် ရက်စက်၊ အထီးကျန်၊ သံသယများသော စစ်အစိုးရလက်ထက်တွင် အဘက်ဘက်မှအောက် ကျနောက်ကျ ညှိုးငယ်နေခဲ့ရသည်။

၂၀၁၁ခုနှစ်တွင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသည့် အရပ်သားတစ်ပိုင်းအစိုးရကို စစ်တပ် ကနေရာပေး လာသောကြောင့် အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှုအများစုကို ဖယ်ရှားပေးလာခဲ့သည်။

နိုဝင်ဘာရွေးကောက်ပွဲများမှာ နှစ်ပေါင်း အစိတ်ခန့်အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ် ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အကယ်၍ ရွေးကောက်ပွဲ များသာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတပါက NLD က အကြီးအကျယ်အနိုင်ရမည်ဟု မျှော်လင့်နေကြသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုးတက်မှုကို အကဲဖြတ်ခွင့်ရရှိမည်ဖြစ်သည်။

သို့ရာတွင် လွှတ်တော်တွင် အမတ်နေရာ ၂၅နေရာကို စစ်တပ်အတွက် ဆက်လက်ချန်လှပ်ထားဦးမည်ဖြစ်ရာ အတိုက်အခံက သိမ်းကြုံးအနိုင်ရရင်သော်မှ စစ်တပ်က နိုင်ငံရေးနယ်ပယ်တွင် ဆက်လက်သြဇာလွှမ်းမိုးနေဦးမည်သာဖြစ်သည်။

သဘောထားကွဲလွဲသူများကို ဖိနှိပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၅နှစ်နီးပါး နေအိမ်အကျယ်ချုပ် ချထားခဲ့သည့်ယခင်စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေ၏ စောင့်ရှောက်သူအဖြစ် အခန်းကဏ္ဍကို စစ်တပ်က ရယူ ထားသည်ဟု လေ့လာသူများက ပြောကြားသည်။

NLDက စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချရေး ဖွဲ့စည်းပုံကိုပြောင်းလဲရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြား တွင် မွေးဖွားသည့် သားနှစ်ယောက်ရှိသောကြောင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ဥပဒေပုဒ်မကိုလည်း ပယ်ဖျက်ပေးရန် ကြိုးစားနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄င်းအနေဖြင့် ဖွဲ့စည်းပုံ အစိတ်အပိုင်းတစ်ချို့ ပြောင်းလဲမှုကို လမ်းဖွင့်ပေးထားကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ် အဆုံသတ်၍ ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း စစ်မှန်သော လုံခြုံမှုမရှိဘဲ ပြည်သူများကို ပြဿနာများနှင့် ထားရစ်ခဲ့၍ မဖြစ်နိုင်ကြောင်း ၄င်းက ပြောကြားခဲ့ သည်။

အစိုးရ၊ စစ်တပ်နှင့် လက်နက်ကိုင်သူပုန်များကြား မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မတ်လက အပစ်ရပ်ရေး သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးပြီးနောက် မကြာသေးမီလများက ပျက်ပြားသွားခဲ့သည်။

သမ္မတတယ၀န် ထမ်းဆောင်ရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်နှစ် အငြိမ်းစားယူသည်အထိ စစ်တပ်အကြီးအကဲအဖြစ်သာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သမ္မတရာထူး လက်ခံနိုင်ခြေကိုမူ ငြင်းဆန်သွားခဲ့ခြင်းမရှိပေ။

''လိုအပ်လာရင် နိုင်ငံအတွက် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားရမှာပါ။ ဒါဟာ ကျွန်တော်တို့ အမျိုးသားနိုင်ငံရေး ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ တကယ်လို့ ပြည်သူက ကျွန်တော့်ကို သမ္မတလုပ်ဖို့ တောင်းဆိုလာရင် အဲဒီအချိန်ကျမှပဲ ဆုံးဖြတ်မှာပါ'' ဟု ၄င်းက ပြောကြားသွားခဲ့သည်။

Mizzima - News in Burmese
http://mizzimaburmese.com/article/2129

၂၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် လွတ်လပ်သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ထင်သာမြင်သာရှိမည့် အောင်ပွဲများရရှိရန် တိုင်းရင်းသား နိုင်ငံရေးသမားများနှင့် လွတ်တော်အမတ်များက မျှော်လင့်လျက်ရှိနေကြသည်။

သူတို့၏ဆိုင်ရာ လူနည်းစု တိုင်း ရင်းသားများကိုသာမက အချုပ်အားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ၏ အနာဂတ်ကို ပုံဖော်ရာတွင်ပါ အဆိုပါအောင်ပွဲများက သူတို့တစ်တွေအား ပိုမို ကျယ်ပြန့်စွာ ပြောဆိုခွင့်ရရှိစေမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲများ၏ အကျိုးရလဒ်များအဖြစ် လွှတ်တော်အသစ်တွင် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်လာမည်ဟု ကချင်ပြည်နယ် ပူတာအိုမှ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဂျေယောဝူက ယုံကြည်နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇူလိုင် ၁၁ ရက်နေ့တွင် ကြေညာသွားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အစိုးရအုပ် ချုပ်ရေးအောက်တွင် ရှိနေစဉ် ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့ရာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတုအယောင် ရွေးကောက်ပွဲအဖြစ် တံဆိပ်ကပ်ခဲ့သည့် အဆိုပါရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ဖူးလေသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုကို အလည်အပတ်သွားရောက်တော့ လူပေါင်းများစွာက သူမကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်လေ။ ဒါပေမဲ့ သူမရဲ့ လူကြိုက်များမှုက လာမယ့် ရွေးကောက်ပွဲမှာ လူတွေဘယ်လို မဲထည့်မယ်ဆိုတာကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး” ဟု ဂျေယောဝူက ပြောကြားသွားသည်။

လူမျိုးနှင့် ဘာသာအရ လူနည်းစုဖြစ်သည့် တိုင်းရင်းသားများသည် သူတို့ကိုယ်ပိုင် အခြေအနေပေါ်တွင် ပိုမိုကျယ်ပြန့်စွာ နားလည်မှုရှိကြပြီး လွှတ်တော်အတွင်း သူတို့တိုင်းရင်း သားများကို သူတို့ကိုယ်တိုင်ကိုယ်စား ပြုခြင်းက ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်တင်ခြင်း၊ ဗဟိုအစိုးရနှင့် ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက်္ခများအ ဆုံးသတ်ရေးတို့တွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတစ်ခု ပါဝင်ဆောင်ရွက် လာနိုင်လိမ့်မည်ဟု ကက်သလစ်ဘာ သာဝင်ဖြစ်သည့် ဂျေယောဝူက ဆိုသည်။

လေ့လာသူအများစုက လွှတ်တော် နှစ်ရပ်လုံးတွင် နေရာအရေအတွက် သိသာစွာြီူ ပါတီက အနိုင်ရရှိရန် တွက်ဆနေကြသော်လည်း NLD သည် တိုင်းရင်းသားအမာခံနယ်မြေ များတွင် အနိုင်ရရေး ရုန်းကန်ရမည် ဖြစ်သည် ဂျေယောဝူကဆိုသည်။

Ref - UCA News
The Ladies News Journal



၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနည်းဆုံး ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ အဆိုပါအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးဉာဏ်လင်း၊ ဦးဇော်မင်း၊ ဦးအောင်သူ၊ ဦးပဏ္ဍိတ်ထွန်းတို့ ပါဝင်သလို အမျိုးသမီး အဖွဲ့ဝင်တွေထဲက ဒေါ်မီးမီး၊ ဒေါ်မာမာဦး၊ ဒေါ်သက်သက်အောင်နဲ့ နယ်မှ အမျိုးသမီးနှစ်ဦး စာရင်းပေးရာမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့တတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းနဲ့ တရားဝင် ကြေညာချိန် မရောက်သေးတဲ့အတွက် ပြောဆိုသူက အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ ၈၈ (ငြိမ်းပွင့်) အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က “ကျမရဲ့ ဆုံးဖြတ်ချက်အရဆိုရင် လွှတ်တော်တွင်း လွှတ်တော်ပ ဆိုတာ ဟန်ချက်ညီညီ သွားရမယ်ဆိုတာ ကျမတို့ ပြောထားပါတယ်။ တခုရှိတာက ကျမအနေနဲ့ လွှတ်တော်တွင်းကို ဘာကြောင့် ရွေးချယ်လဲဆိုရင် လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အဓိက ကျပါတယ်။ အဲဒီအတွက် ကျမ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ နောက်တခုက ကျမတို့ပြည်သူတွေအတွက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့ ကျမတို့ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့အတွက် ဆိုပြီးတော့ ကျမက ရွေးကောက်ပွဲကို ၀င်၊ လွှတ်တော်အတွင်းကို ၀င်ရောက်ခြင်းဖြစ်ပါတယ်ရှင့်” လို့ ပြောပါတယ်။

အဆိုပါ စာရင်းပေးသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်လောင်း သတ်မှတ်တဲ့ နှုန်းစံတွေနဲ့အညီ ပါဝင်နိုင်အောင် နှစ်ဘက်ညိနှိုင်း ဆောင်ရွက်နေကြဆဲဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းပွင့်) တာဝန်ရှိသူတဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူတွေထဲမှာ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် (အန်အန်အီးအာရ်) ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်၊ နိုင်ငံရေးသိပ္ပံကျောင်းက ဒေါ်ဇင်မာအောင်၊ ဘလော့ဂါ နေဘုန်းလတ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာသိန်းလွင်က “ကျနော့်ကို ပဲခူးတိုင်းက ခေါ်ထားတာ ကြာလှပြီ။ ဒါပေမယ့် အဖွဲ့ချုပ်က ဘယ်လိုသဘောထားမယ်မသိတော့ စောင့်နေတယ်။ မနေ့ကတော့ အဖွဲ့ချုပ်က ကျနော့်ကို ကိုယ်စားလှယ်လောင်း လျှောက်ပါလို့ ပြောလိုက်တော့ ပဲခူးက ရွှေကျင်မှာက ပြည်သူ့လွှတ်တော်မှာ လူလိုနေတယ်။ အဲဒါနဲ့ ပဲခူးတိုင်း ရွှေကျင်အတွက် လျှောက်လွှာတင်ထားတယ်” လို့ ပြောပါတယ်။

“ရွေးကောက်ခံခဲ့ရရင်တော့ လွှတ်တော်ထဲမှာ ကျနော် ပညာရေးပြောင်းလဲဖို့အတွက် ပိုပြီးတော့ ပြောနိုင်ဆိုနိုင်ခွင့်ရှိမယ်။ နောက် ဥပဒေရေးဆွဲတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်နိုင်ခွင့်ရှိမယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း ကော်မရှင်ကို တင်သွင်းရမှာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဓိက ပြိုင်ဘက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ မဲဆန္ဒနယ် အကုန်နီးပါးမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
By အေးနိုင်/DVB
http://burmese.dvb.no/archives/103533http://burmese.dvb.no/archives/103533

 ဓာတ်ပုံ - မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်

သမ္မတတာဝန် ထမ်းဆောင်ဖို့ တပ်မတော်က အငြိမ်းစားယူမယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဘီဘီစီ သတင်းဌာနနဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့တာဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်ဖို့ ပြည်သူက တောင်းဆိုမှုရှိလာတဲ့ အခြေအနေကျရင် ပြောသွားမယ်လို့ လည်း တပ်မတော်အကြီးအကဲက ဖြေကြားသွားပါတယ်။

“ဒီနှစ် အငြိမ်းစားယူမယ်ဆိုတာတော့ မဟုတ်ဘူး။ ၂၀၁၆ ခုနှစ်မှ ကျနော် အသက် ၆၀ ပြည့်မှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်အကဲခတ်တွေက ခန့်မှန်းထားသူတွေထဲမှာ တဦးအပါအ၀င်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် အငြိမ်းစားယူကာ ကာကွယ်ရေးဦးစီးချုပ်သစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ခုလို ပြောကြားလိုက်တာပါ။

လာမယ့် မတ်လမှာ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် အဆိုပြုမယ်ဆိုရင် ဘယ်လိုဆန္ဒရှိပါသလဲဆိုတဲ့ မေးမြန်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူတို့အဆိုပြုနိုင်တဲ့ အခြေအနေမျိုးရှိဖို့က နံပါတ်တစ်အချက် အရေးကြီးပါတယ်။ အဲဒီတော့ ခင်ဗျားက ထင်ခဲ့ရင်လို့ မေးတာပေါ့။ ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ ဆန္ဒပြုပေးခဲ့ရင် ဆိုပြီးတော့။ ပေးမယ်၊ မပေးဘူး ဆိုတာတော့ အဲဒီအချိန်ကျမှပဲ သိနိုင်မယ်။ အဲဒီကျမှ ကျနော် ပြောလို့ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ်ပြီးတော့ လျှောက်ပြောလို့လည်းမဖြစ်ဘူး။” လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲလဒ်ကို ကြေညာလိုက်ပြီဆိုရင် လက်ခံရမှာဖြစ်တဲ့ အကြောင်းနဲ့ ဘယ်သူ အနိုင်ရရ တရားနည်းလမ်းကျကျနဲ့ ရလာတဲ့ ရလဒ်မှန်သမျှ လက်ခံသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး ပြောကြားသွားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးမယ်? မပေးဘူး ဆိုတာကိုတော့ တပ်မတော် အကြီးအကဲက ပြောမသွားသလို သမ္မတ အပါအ၀င် လက်ရှိ တိုင်းပြည်မှာ ထိပ်ပိုင်း တာဝန်ယူထားတဲ့ ဘယ်ခေါင်းဆောင်ကမှလည်း ကတိပေး ပြောကြားထားတာ မရှိသေးပါဘူး။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ နှစ်ပေါင်း ၂၀ ကြာ စစ်တပ်က အာဏာသိမ်းထားတဲ့ သမိုင်းအမည်းစက် ရှိခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/103541


guzman

တန်ခိုးထွားလှတဲ့ ဆင်နာလောင် ကုမ္ပဏီစုကြီးရဲ့ခေါင်းဆောင်နဲ့မက္ကဆီကန် ထိပ်တန်း မူးယစ်ရာဇာ ၀ါကင်းဂွဇ်မန်တယောက် ဒုတိယ အကြိမ်မြောက် မက္ကဆီကိုနိုင်ငံရဲ့ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်ကြီးဖြစ်တဲ့ အယ်လ်ပလာတီနို အကျဉ်းထောင်ကြီးကနေ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ထောင်ဖောက်ထွက်ပြေးမှု အောင်မြင်လွတ်မြောက်သွားပြန်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၀၁ ခုနှစ် ပထမအကြိမ် ထွက်ပြေးလွတ်မြောက်မှုကတော့ အ၀တ်လျှော်ဝန်ဆောင်မှု လှည်းထဲမှာ ပုန်းပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ခုတကြိမ် လွတ်မြောက်မှုကတော့ သူခေါင်းဆောင်နေတဲ့ ဆင်နာလောင် ကုမ္ပဏီစုကြီး ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ချမ်းသာလာတဲ့အထိ လုပ်ကိုင်ခဲ့တဲ့ ကိုကင်း၊ ဟဲရိုးအင်းနဲ့ ဆေးခြောက် မှောင်ခိုရောင်းဝယ်ဖောက်ကားမှုမှာ သူအသုံးပြုခဲ့တဲ့ နည်းဖြစ်တဲ့ အမေရိကန်-မက္ကဆီကန် နယ်စပ်မှာ သေသပ်တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းဖောက် သယ်ပို့တဲ့နည်းကို အသုံးပြုသွားခဲ့တာပါ။ ဒါပေမယ့် အလွန်အံ့သြစရာ ကောင်းလောက်အောင် သပ်ရပ်တဲ့ မြေအောက် ပေ ၃၀ ကနေ ၁ မိုင်နီးပါး ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်း လမ်းကနေ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၁ ရက် စနေနေ့ သူ့ရဲ့ ထွက်ပြေးလွတ်မြောက်သွားမှုက ၂၀၀၁ ခုနှစ်က ဂွဇ်မန်ရဲ့ ထွက်ပြေးလွတ်မြောက်မှုမျိုး နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်တော့ပါဘူးလို့ ကတိပေးခဲ့တဲ့ တာဝန်ရှိ အရာရှိတွေကို အရှက်ရသွားစေပါတယ်။ ပိုပြီး အရှက်ရသွားရစေတဲ့ အချက်ကတော့ အဲဒီ ဥမင်လိုဏ်ခေါင်းလမ်းကြောင်းကို ဂွဇ်မန်က သူ့ရဲ့ အကျဉ်းထောင်လုံခြုံရေး အတင်းကျပ်ဆုံး အပိုင်းမှာရှိတဲ့ သူ့ရဲ့အချုပ်ခန်း ရေချိုးခန်းအောက် မြေအောက်ပေ ၃၀ အနက်ကနေ ၁ မိုင်နီးပါး

ရှည်လျားအောင် အကျဉ်းထောင်ကနေ ၀ ဒသမ ၇ မိုင်ဝေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုထိ ဖောက်လုပ်ပြီး လွတ်မြောက် ထွက်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

ယူဆရတာကတော့ ဂွဇ်မန်ဟာ သူ့အချုပ်ခန်း ရေချိုးခန်းအောက်ခြေမှာ ဖောက်ထားတဲ့ နှစ်ပေပတ်လည်ရှိ အပေါက်ကနေ ဆင်းပြီး ဥမင်လမ်းကြောင်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ဥမင်ထဲမှာ လျှပ်စစ်မီး၊ လေ၀င်လေထွက်နဲ့ တွန်းလှည်းတွေ၊ အောက်ဆီဂျင်ဘူးတွေနဲ့ ငြမ်းဆင်ပစ္စည်းတွေအထိ အတော်ပြည့်ပြည့်စုံစုံ ထည့်သွင်းထားနိုင်ရုံသာ မဟုတ်သေးဘဲ တူးထားတဲ့ မြေဇာတွေကို သယ်ထုတ်ပေးရာမှာ သုံးခဲ့တဲ့ မိုတာဆိုင်ကယ်တစီးကိုလည်း တွေ့ရပါတယ်။ အဲဒီ ၅ ဒသမ ၆ ပေမြင့်တဲ့ ဥမင်လိုဏ်ခေါင်းလမ်းက အနားမှာရှိတဲ့ အခြေခံ ဆောက်လုပ်ရေးအဆင့်ပဲ ရှိသေးတဲ့ လုပ်ငန်းခွင်တခုအထိ ရောက်ပြီး အဲဒီအထိ သူက မြေသယ်မိုတာဆိုင်ကယ်ကို စီးပြီး အဲဒီမှာ ဖောက်ထားတဲ့ ထွက်ပေါက်ကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အစွမ်းထက်လှတဲ့ ထွက်ပြေးလွတ်မြာက်မှုနဲ့ ပတ်သက်ပြီး လော့စ်အင်ဂျလစ်စ် တိုင်းမ် သတင်းစာကြီးကနေ တခမ်းတနား “အသေးစား အင်ဂျင်နီယာရဲ့ အကောင်းဆုံးလက်ရာတခု” လို့ တင်စားရေးသားပြီး အသေးစိတ် ရေးသားဖော်ပြပေးခဲ့ပါတယ်။ တကယ်လည်း မူးယစ်ရာဇာ ဂွဇ်မန်ဟာ ဥမင်ဖောက်အတတ်ပညာမှာ ကျွမ်းကျင်ခဲ့တယ်လို့ ပြောရမယ့် အကြောင်းတခုကတော့ ၂၀၁၄ ခုနှစ်အတွင်း သူ့ကို မက္ကဆီကို အာဏာပိုင်တွေက ချောင်ပိတ်ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ သူက မတူကွဲပြားတဲ့ အိမ် ၆ လုံးကို ဆက်စပ်ထားတဲ့ ရှုပ်ထွေးတဲ့ ဥမင်စနစ်တခုကို အသုံးပြုပြီး လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူက ၀င်ပေါက်ကို ရေစိမ်ချိုးတဲ့ကန်ရဲ့အောက်မှာ ဖွက်ဖုံး ဖောက်ထားခဲ့တာပါ။

ခုတကြိမ် ထွက်ပြေးလွတ်မြောက်မှုကတော့ သူ့ရဲ့ယုံကြည်မှု အထင်ကြီးလောက်စရာ အင်ဂျင်နီယာ အတတ်ပညာနဲ့ ပါဝင်ပတ်သက်နိုင်တဲ့ ကြံရာပါ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ကြားရ သိရသူတွေအားလုံး တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။ လုံခြုံရေးအစောင့်တွေကတော့ ဂွဇ်မန်ကို ရေချိုးခန်းထဲ ၀င်သွားတာသာ တွေ့လိုက်ရပြီး အဲဒီကတည်းက ပြန်ထွက်လာတာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ အကျဉ်းထောင်ဝန်ထမ်း အယောက် ၃၀ နီးပါးဟာ စစ်ဆေးမေးမြန်းခံရဖို့ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဂွဇ်မန်ဟာ အရင်တုန်းကတည်းက သူ့မှာ လိုရင်သုံးဖို့ အကျဉ်းထောင်ဝန်ထမ်း အဆင့်အမျိုးမျိုးကို သူ လစာပေးထားရတယ်လို့ ကြွားလုံးထုတ်ခဲ့တာတွေ လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဆင်နာလော ကာတယ်လ်ဟာ သိပ်မကြာခင် နှစ်တွေအတွင်း မက္ကဆီကိုမှာဖြစ်ခဲ့တဲ့ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် ဂွဇ်မန်ရဲ့ ရဲရင့်ဝံ့စားတဲ့ ထွက်ပြေးလွတ်မြောက်မှုတွေနဲ့ ဖမ်းဆီးမှုတွေကို ရှောင်တိမ်းနိုင်မှုတွေကြောင့် သူ့အကြောင်းဟာ မက္ကဆီကိုနိုင်ငံမှာ ရိုးရာပုံပြင်တပုဒ်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူ့ကို နိုင်ငံတကာက အလိုရှိနေတာဖြစ်ပြီး ဖမ်းဆီးပြီး မက္ကဆီကို အစိုးရဆီကို လွှဲပြောင်းပေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အာဏာပိုင်တွေ အတွက်ကတော့ ခုနောက်ဆုံး ထွက်ပြေးလွတ်မြောက်မှုကို အံကြိတ်ခံပြင်းကြမှာပါပဲ။ မက္ကဆီကို သမ္မတ အန်ရစ် ပေနော်နီတိုရဲ့ အစိုးရအတွက်လည်း သူ့ရဲ့ ထွက်ပြေးလွတ်မြောက်မှုဟာ အကြီးအကျယ် အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ အယ်လ် ပလာတီနို အကျဉ်းထောင်ကြီးဟာ မြို့တော် မက္ကဆီကိုနဲ့

၅၆ မိုင်အကွာမှာ တည်ထားတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် ဖြစ်ပါတယ်။ ဒီလို

အကျဉ်းထောင်ရဲ့ လုံခြုံရေး အတင်းကျပ်ဆုံး အပိုင်းမှာရှိတဲ့ သူ့ရဲ့ အချုပ်ခန်း ရေခ်ျိုးခန်းအောက်က ဖောက်ထွက် လွတ်မြောက်သွားနိုင်ခဲ့တဲ့ မူးယစ်ရာဇာ ဂွဇ်မန်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းထောင် ၀န်ထမ်းတချို့ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲနဲ့တော့ ဒီလိုမျိုး အရှည် ၁ မိုင်နီးပါး၊ အမြင့် ၅ ဒသမ ၆ ပေနဲ့ အကျယ် ၂ ပေခွဲရှိတဲ့ အင်ဂျင်နီယာ နည်းပညာသုံး ဥမင်လိုဏ်ခေါင်းတခုကို ဖောက်လုပ်နိုင်ခဲ့ဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါပဲ။ နောက် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ တနှစ်လောက် အချိန်ယူ ဖောက်လုပ်ရမှာ ဖြစ်တဲ့အတွက် အဲဒီလောက် အချိန်ကာလအတွင်း ဒီလို ဥမင်တူးနေတာကို ၀န်ထမ်းတွေ၊ အာဏာပိုင်တွေ မသိခဲ့ဘူး ဆိုတာကလည်း ပိုပြီး မဖြစ်တဲ့ အကြောင်းတခုလို့ ဆိုနိုင်ပါတယ်။

ဂွဇ်မန်ဟာ ဆယ်စုနှစ် တခုကျော် ထွက်ပြေးလွတ်မြောက်နေရာက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်က အသက် ၅၆ နှစ်လို့ စာရင်းသွင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မွေးနေ့သက္ကရာဇ်တွေကလည်း အမျိုးမျိုးရှိနေလို့ သူ့အသက်ကို အတိအကျပြောဖို့ ခက်ပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စု ဖက်ဒရယ် မူးယစ်ဆေးဝါး မောင်ခိုကုန်ကူးမှု ပြစ်မှုပေါင်းများစွာ ရင်ဆိုင်နေရသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေး အဖွဲ့ရဲ့ အလိုအရှိဆုံး သူတယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၀ရမ်းပြေးဘ၀မှာ အလယ်အလတ်အဆင့် မက္ကဆီကန် မူးယစ်ဂိုဏ်းခေါင်းဆောင်တယောက် အဖြစ်ကနေ ကမ္ဘာ့ သြဇာအာဏာအရှိဆုံး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် တယောက်အဖြစ် ကူးပြောင်းရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကိုတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားခဲ့ကြပြီး ကမ္ဘာကျော် ဖုတ်ဘ် မဂ္ဂဇင်းကြီးကတော့ သူ့ကို ကမ္ဘာ့သြဇာအာဏာ အရှိဆုံးသူတွေထဲမှာ အဆင့်သတ်မှတ်ချက် အနေနဲ့ ပြင်သစ်သမ္မတနဲ့ ဗင်နီဇွဲလား သမ္မတတို့ရဲ့ အထက်မှာ သတ်မှတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဆင်နာလော ကာတယ်လ်ရဲ့ အင်ပါယာဟာ မြောက်အမေရိက တ၀ှမ်းလုံးကနေ ဥရောပနဲ့ သြစတြေးလျအထိ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မက္ကဆီကိုနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို မူးယစ်ဆေးဝါး စစ်ပွဲတွေမှာ သူ့ရဲ့ကာတယ်လ်က နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခဲ့ပြီး ခန့်မှန်းခြေ လူ ၁ သိန်းလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ ဒီလို အစွမ်းထက် သြဇာကြီးမားတဲ့ မူးယစ်ရာဇာကြီးဟာ ထွက်ပြေး

လွတ်မြောက်နေဆဲဖြစ်ပြီး ကမ္ဘာရဲ့ဘယ်နေရာ ဘယ်ဒေသမှာ ပြန်ပေါ်လာပြီး လူသားတွေကို ဘယ်လို ဒုက္ခမျိုးတွေ ပေးလာအုံးမလဲ၊ သက်ဆိုင်ရာ နိုင်ငံတွေက ဥပဒေထိန်းသိမ်းရေး အဖွဲ့တွေက အလျှင်အမြန်ပြန်ပြီး ဖမ်းဆီးနိုင်ပါ့မလား ဆိုတာကတော့ ………..။

စိုးနေလင်း
By ဒီဗွီဘီ
http://burmese.dvb.no/archives/103548

11145061_10204298019922563_7418770633196738615_n

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မီဒီယာတွေအပါအ၀င် ပြည်တွင်း ပြည်ပက စောင့်ကြည့်လေ့လာလိုသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် လျောက်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲတွေမှာ ထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ်နဲ့ အညီလျောက်ထားကြဖို့ ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့ကို ၁ ယောက်ကနေ ၃ ယောက်သာ လျောက်ထားဖို့ ကန့်သတ်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေ ညွန်ကြားချက်တွေအပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ထားတဲ့သတင်းမီဒီယာ ကျင့်ဝတ်ကိုလည်း လိုက်နာရမယ်လို့ ဆိုပါတယ်။

ရွးကောက်ပွဲ စောင့်ကြည့်မယ့် လူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေညွန်ကြားချက်တွေနဲ့ ပြည်တွင်းစောင့်ကြည့်လေ့လာရေး ကျင့်ဝတ်တွေကို လိုက်နာရမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်တွင်းနဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ပြီး လွတ်လပ်မျှတ ပွင့်လင်းမြင်သာစွာ ကျင်းပသွားမယ်လို့ အရင်ကတည်းက ကတိပေးထားတာပါ။

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အမေရိကန်အခြေစိုက် သမ္မတဟောင်း ဂျင်မီကာတာ ထူထောင်ထားတဲ့ ကာတာစင်တာနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ကို ဖိတ်ကြားမယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။

ကာတာစင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာ ဂုဏ်သိက္ခာရှိစေရေးအတွက် စစ်တပ်နဲ့ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ အပါအ၀င် အကြံပြုချက်တွေကို မြန်မာပြည်ခရီးစဉ်အပြီး မတ်လ ၃၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာမှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေ အနှောင့်အယှက် အတားအဆီးမခံရအောင်လုပ်ဆောင်ပေးဖို့၊ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကိုအာမခံပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအနေနဲ့လည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည်သူတွေ၊ သတင်းထောက် တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ငန်းတွေကို ဟန့်တားခြင်းမရှိကြောင်း လူသိရှင်ကြား ကတိပေးဖို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းကတော့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို စစ်အစိုးရက ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/103558


အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲသတင်းတွေဟာ ဖုံးမနိုင် ဖိမရ လျှံထွက်လာနေပြီ ဖြစ်ပါတယ်။ တနည်းပြောရရင် တိုင်းပြည်အာဏာကို မတရားတဲ့နည်းနဲ့ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြားထဲက ကွဲပြဲမှု ဖြစ်ပါတယ်။ ဒီထက် အသေးစိတ် ပြောရရင် တိုင်းပြည်အာဏာကို ခွဲဝေရယူထားတဲ့ အုပ်စုနှစ်စုကြားက ကွဲပြဲမှုပါ။ အုပ်စု တစ်စုမှာ လွှတ်တော် နာယကလည်းဖြစ် လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တာဝန်ယူထားသူလည်းဖြစ်၊ အမတ်လောင်း ရွေးချယ်ရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံလည်း ဖြစ်တဲ့ သူရဦးရွှေမန်း၊ အရင် စစ်အစိုးရခေတ်က ၀န်ကြီးတာဝန်တွေ ယူခဲ့ပြီး လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်လုပ်နေသူတွေနဲ့ လွှတ်တော် တာဝန်ရှိသူ အမတ်ကြီးတွေရဲ့ အုပ်စု ပါဝင်ပါတယ်။ လောလောဆယ် အဲဒီ အုပ်စုကို ပြည်ထောင်စုအဆင့် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေကလည်း ထောက်ခံနေကြတယ်လို့ ယူဆ ရပါတယ်။ နောက်အုပ်စု တစ်စုကတော့ သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့ တိုင်းက ၀န်ကြီးချုပ်တွေပါဝင်ပါတယ်။ သူတို့တွေဟာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေ ဖြစ်ကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီ အုပ်စုကိုတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ဘက်က အားပေး ထောက်ခံနေတာ တွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအတွင်းမှာလည်း သူတို့ကို ထောက်ခံသူ ရှိနိုင်ပေမယ့် တိတိကျကျ မသိနိုင်သေးပါဘူး။

ဘာတွေကွဲလဲ
ဒီ အုပ်စု နှစ်စု ကွဲပြဲတာဟာ အပေါ်ယံ သဘောလောက်၊ စာနယ်ဇင်း တစ်ချို့မှာ ရေးသလို မဏ္ဍိုင်ကြီး နှစ်ရပ် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိတာမျိုးလောက် မဟုတ်ပါဘူး။ တကယ့် အရင်းခံကတော့ အကျိုးစီးပွားတွေအပေါ် အခြေခံပါတယ်။ အရင် စစ်အာဏာရှင်ခေတ်က ၀န်ကြီးနဲ့ စစ်ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြသူ အများစုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေရာချထားပေးမှုကြောင့် လွှတ်တော်ထဲ ရောက်ကုန်ကြပါတယ်။ ထုံးစံအတိုင်း အစိုးရအာဏာ လက်ဝယ် မရှိသူတွေဟာ သူတို့ သားသမီး ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ ကိုယ်ကျိုးစီးပွား လုပ်ငန်းတွေနဲ့ အကျိုးစီးပွားမှန်သမျှကို အကာအကွယ် မပေးနိုင်ပါဘူး။ နောက်ထပ် အခွင့်အလမ်း အသစ် ဖန်တီးနိုင်ဖို့ကိုလည်း ဥပဒေပြုရေးပဲ လုပ်နေရတဲ့ လွှတ်တော်ဘက်ကနေ လုပ်မပေးနိုင်ပါဘူး။ တစ်ခါတရံ ကိုယ့်သားသမီး ဆွေမျိုးသားချင်း အကျိုးစီးပွား ကာကွယ်ဖို့၊ မျက်နှာသာရဖို့ လွှတ်တော်ဘက်က လုပ်ပေး ကိုင်ပေးတာ မအောင်မမြင် ဖြစ်လာတဲ့အခါ အစိုးရအဖွဲ့ဘက်ကို ပိုပြီး အဆိုးမြင်လာပါတယ်။ ဒီ့အပြင် သူတို့ နားလည်သွားတဲ့ အမှန်တရား တစ်ခုကတော့ အစိုးရအာဏာကိုသာ လက်ကိုင် ရမထားရင် သူတို့ သားသမီး ဆွေမျိုးအသိုင်းအ၀ိုင်းတွေရဲ့ အကျိုးစီးပွား တိုးတက် ဖြစ်ထွန်းအောင် မလုပ်နိုင်သလို၊ ရထားပြီးသမျှ အခွင့်အရေးတွေကိုတောင် ကာကွယ်ရ ခက်လာတယ် ဆိုတာပါပဲ။ ဒါကြောင့် အာဏာလက်ဝယ်ရှိဖို့ အရေးကြီးတယ် ဆိုတာ သိလာကြခြင်းဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်မှာ အာဏာ အရှိဆုံးသူ နှစ်ယောက်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ ဖြစ်ပါတယ်။ တပ်ချုပ်ဟာ တပ်မတော်အပေါ်နဲ့ တပ်မတော် စီးပွားရေး ဆိုင်ရာမှာ သြဇာအရှိဆုံးသူ ဖြစ်ပြီး သမ္မတ ကတော့ အားလုံးသော စီးပွားရေး လုပ်ငန်းတွေ၊ အကျိုးစီးပွားတွေအပေါ်မှာ သြဇာအာဏာ ရှိသူဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်ကျိုးစီးပွား ဖန်တီးလိုသူတွေ၊ ကိုယ့်သားသမီး ကိုယ်ကျိုးစီးပွား ကို အကာအကွယ်ပေးလိုသူတွေဟာ အစိုးရသြဇာအာဏာ ရှိမှ ဖြစ်မှာဖြစ်ပြီး အစိုးရသြဇာ ရှိဖို့ ဆိုရင်လည်း ကိုယ့်အုပ်စုခေါင်းဆောင် သမ္မတ ဖြစ်မှ ရမယ့် အနေအထားမျိုးပါ။ ဒီလိုနဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထား ဘယ်လိုလည်း မသိသေးခင် ပြည်ခိုင်ဖြိုးပါတီထဲမှာ သမ္မတ နေရာလုတဲ့ ပွဲကြီး တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ဘယ်လောက်ကွဲသလဲ
တကယ်တော့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေချည်းဖြစ်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့ ကွဲနေ ပြဲနေကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် နောက်ပိုင်း ကွဲကြ ပြဲကြတာတွေကတော့ ပိုပြီး ပြင်းထန်၊ ပိုပြီး ပေါ်တင်နိုင်လာတာ တွေ့ရပါတယ်။ နမူနာအားဖြင့် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က သူရဦးရွှေမန်း ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရင် စစ်အစိုးရက ပြဌာန်းပေးခဲ့တဲ့ ပြည်ထောင်စု အစိုးရ ဥပဒေထဲက အချက် တစ်ချက်ကို ပြင်ဆင်ဖို့ လုပ်ပါတယ်။ အဲဒီ အချက်ကို ပြင်လိုက်နိုင်တယ် ဆိုရင် သမ္မတဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဘယ်ပါတီ ကျောထောက်နောက်ခံနဲ့မှ ရွေးကောက်ပွဲ ၀င်ပြိုင်လို့ ရမှာ မဟုတ်ပဲ တစ်သီးပုဂ္ဂလတွေအဖြစ်နဲ့ပဲ ယှဉ်ပြိုင်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။ တိတိကျကျပြောရရင် လွှတ်တော်ထဲက သူရဦးရွှေမန်း အုပ်စုဟာ သမ္မတ ဦးသိန်းစိန် အုပ်စုကို ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်လိုက်ရုံမက ဘယ်ပါတီမှလည်း ထောင်လို့မရ၊ ဘယ်ပါတီကိုမှလည်း သွားဝင်လို့ မရနဲ့ သောင်ပြင်ထဲ လွှတ်လိုက်သလို အဖြစ်မျိုးရောက်အောင် လုပ်လိုက်တာပါ။ အတော်လေး ဆိုးရွား ပြင်းထန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တာမို့ သမ္မတ အုပ်စုက ဘယ်လောက် စိတ်တို ဒေါသထွက်ကြမလဲ ခန့်မှန်းနိုင်ပါတယ်။
နောက်တစ်ခု လုပ်တာက သမ္မတရုံးဝန်ကြီးနှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ နှစ်ယောက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ကယားပြည်နယ်ကနေ ရွေးကောက်ပွဲ ၀င်ဖို့ စာရင်းတင်တာပါ။ ဒါကို ဒေသခံတွေက သဘောမတူလို့ဆိုပြီး သူရဦးရွှေမန်း အုပ်စုက ပယ်ချပါတယ်။ တကယ့်တကယ် ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ဒေသခံ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေက သဘောတူပါတယ် ဆိုလာတော့ အဲဒီ လူတွေကိုပါ ပါတီကနေ ထုတ်ပယ်ဖို့ လုပ်လိုက်ပါတော့တယ်။

နောက်ထပ် ပြသနာတစ်ခုကတော့ တပ်မတော်သား အရာရှိကြီးတွေ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ စာရင်းတင်တဲ့ ကိစ္စပါ။ အမတ်တွေ အဖြစ် ရွေးကောက်ခံရရင် ပြည်ခိုင်ဖြိုးပါတီကို ပြန်ပြီး ထိမ်းသိမ်းဖို့ ရည်ရွယ်ဟန် တူပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က အယောက် ၁၄၀ ကျော် တင်ထားတာကို အယောက် ၅၀ ကျော်လောက်ပဲ ခွင့်ပြုသေးတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း တပ်မတော်ဘက်က သိပ်ကျေနပ်တာတော့ မဟုတ်ပါဘူး။

အဓိက တရားခံက ဘယ်သူလဲ

ဒီ အကွဲအပြဲ ဇာတ်လမ်းကြီးရဲ့ အဓိက တရားခံဟာ အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကြီးဟာ တိုင်းပြည်ကို နောင် နှစ်ပေါင်းများစွာ စစ်ဘုရင်မင်း အဆက်ဆက် အုပ်ချုပ်လို့ရအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသေအခြာ ရေးဆွဲ ပြဌာန်းပေးခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရဟာ လက်နက်ကိုင်ထားတဲ့၊ သဘောမတွေ့ရင် အချိန်မရွေး အာဏာသိမ်းခွင့်ရှိနေတဲ့ တပ်မတော်ကို အဓိက မဏ္ဍိုင်ထား၊ အဲဒီ မဏ္ဍိုင်ကို ၀န်းရံပေးမယ့် ပြည်ခိုင်ဖြိုးပါတီ ဆိုတာကို ဖွဲ့၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် အဆက်ဆက်ဟာ စစ်ဗိုလ်ချုပ်ရာထူး၊ အဲဒီကမှ တဆင့် သမ္မတ သို့မဟုတ် အစိုးရ၀န်ကြီးရာထူး၊ အဲဒီကမှ တဆင့် လွှတ်တော် အမတ် စသဖြင့် အဆင့်ဆင့် အာဏာတာဝန်ရယူပြီးမှ အနားယူတဲ့ စနစ်ကို သွားဖို့ အသေအခြာ ပြင်ဆင်ထားတာပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားမယူခင် ပြည်ခိုင်ဖြိုးပါတီကို သမ္မတ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း လက်ထဲ အပ်ခဲ့တာကလည်း ကိုယ်ထင်ရာ ကိုယ်စိုင်းကြဖို့ မဟုတ်ပါဘူး။ ကိုယ်တစ်ဦးချင်း အာဏာရအောင် ဒီ ပြည်ခိုင်ဖြိုးပါတီကို အသုံးချဖို့ မဟုတ်ပါဘူး။ တပ်မတော် စစ်ခေါင်းဆောင်တွေ လိုချင်သူ တစ်ယောက်ကို သမ္မတ တင်နိုင်အောင်၊ တပ်မတော် စစ်ဗိုလ်ချုပ်တွေ အစိုးရအဖွဲ့ဝင် တာဝန်ယူနိုင်အောင် ဒီ ပါတီကနေ ၀ိုင်းဝန်း အကောင်အထည် ဖော်ပေးဖို့ပါ။ အကြောင်းကတော့ ဖွဲ့စည်းပုံအရ ပြည်ထောင်စု အဆင့် လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား အမတ်တွေဟာ သူတို့စိတ်ကြိုက် ဒုသမ္မတ တစ်ယောက်ကို တင်နိုင်တယ် ဆိုပေမယ့် သမ္မတ တစ်ယောက် ရွေးချယ်နိုင်ရေး အတွက်ကတော့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေရဲ့ မဲတစ်ချို့ လိုအပ်နေလို့ ဖြစ်ပါတယ်။

အခု လက်ရှိ အခြေအနေ ဖွဲ့စည်းပုံအရ သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ တာဝန်မယူနိုင်သေးခင် ယာယီ ဥက္ကဌ သဘော တာဝန်ယူရတဲ့ သူရဦးရွှေမန်းဟာ ပါတီမှာ အရင် အာဏာစွန့်လွှတ်ခဲ့ရတဲ့၊ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့ ၀န်ကြီးဟောင်းတွေကို စည်းရုံးပြီး သြဇာအာဏာ တည်ထောင်၊ ပြည်ခိုင်ဖြိုးပါတီ ရဲ့ တစ်ဦးတည်းသော သမ္မတလောင်းဖြစ်အောင် ကြိုးစားနေတာ တွေ့နိုင်ပါတယ်။ ဒီအတွက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်မယ့် သမ္မတ ဦးသိန်းစိန်ရော၊ စစ်ဘုရင်မင်းဆက် စနစ်အရ အစိုးရအာဏာ ရယူကြမယ့် စစ်ဗိုလ်ချုပ်တွေပါ အခက်တွေ့ကုန်တာ တွေ့ရပါတယ်။ သတင်းစာ ဆောင်းပါး တစ်ပုဒ်မှာတောင် သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ထဲမှာ ဟင်္သာကိုးသောင်းဇာတ် ခင်းကုန်ကြပြီဆိုပြီး ရေးတာ တွေ့ရပါတယ်။

ပြောရရင် ဒီ ပြသနာရဲ့ အရင်းခံဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သဘောထားမမှန်မှု၊ တိုင်းပြည်ကို စစ်တပ်က ရေရှည်ကျွန်ပြု အုပ်ချုပ်နိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲ အတည်ပြု ကျင့်သုံးစေမှု၊ တပ်မတော် စစ်ခေါင်းဆောင်တွေကို မင်းတို့ဟာ စစ်ခေါင်းဆောင်တွေ သက်သက်မဟုတ်ဘူး၊ အစိုးရ အာဏာကိုပါ ဆက်ပြီး ရယူရမယ့်သူတွေဆိုပြီး သွေးထိုး လှုံ့ဆော်ထားမှု စတာတွေက အစ ပြုတာပါ။ သဘာထား မမှန်လို့၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အနှစ်သာရ မကောင်းလို့၊ တပ်မတော် ခေါင်းဆောင်တွေကို မဟုတ်မမှန် သဘောထားတေ ခေါင်းထဲဝင်အောင် အရောင်ဆိုးထားလို့ ခုလို စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အာဏာလုရင်း ဟင်္သာကိုးသောင်းဇာတ် ခင်းကြတာ ဖြစ်ပါတယ်။ သူတို့ဖာသာ သူတို့ ဇာတ်ကို ဆက်ပြီး မက နိုင်ကြရင် စစ်အာဏာသိမ်းပွဲမျိုးတောင် ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ တိုင်းသူပြည်သားတွေနဲ့ နည်းနည်းမှ မပါတ်သက်ပါဘူး။ အဓိကကတော့ အရင် စစ်အာဏာရှင်တွေ ချထားပေးခဲ့တဲ့ မျိုးစေ့ မမှန်တာကနေ ပေါ်ပေါက်လာတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။

ဒီအချိန်ဟာ တိုင်းပြည်မှာ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူလူထု ထောက်ခံမှု ရထားတဲ့ အတိုက်အခံ အင်အားစုတွေရဲ့ အခန်းကဏ္ဍ အရေးကြီးလာပါပြီ။ အရင် စစ်အာဏာရှင်တွေ ချမှတ်သွားပေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပဋိပက္ခတွေ၊ တိုင်းပြည် မတည်ငြိမ်မှုတွေ၊ အချင်းချင်းသွေးကွဲမှုတွေ ဖြစ်စေနိုင်တယ် ဆိုတာ သင်ခန်းစာ ရယူနိုင်ကြပါတယ်။ ဒီအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို မဆိုင်းမတွ ဆောင်ရွက်ကြဖို့ သင့်ပါတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာ တပ်မတော်နဲ့ ပြည်သူလူထု ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ တနည်းပြောရရင် လက်ရှိ တပ်မတော် ခေါင်းဆောင်တွေနဲ့ ပြည်သူထောက်ခံမှု အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အတိုက်အခံတွေ ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်က ပေးသနားလို့ ရထားကြတဲ့ လက်ရှိ အစိုးရတာဝန်၊ လွှတ်တော် တာဝန်ရယူထားတဲ့ ပွဲစား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ညီညွတ်ရေး မဟုတ်ပါဘူး။ တစ်ဖက်မှာ တပ်မတော်နဲ့ အတိုက်အခံ အမျိုးသားရင်ကြားစေ့ရေးလုပ်၊ အခြားတစ်ဖက်မှာလည်း ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့မယ်ဆိုရင် ဟင်္သာကိုးသောင်း ပြသနာလိုမျိုးကို ဖြေရှင်းပြီးသားလည်း ဖြစ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

မြန်မာပို့စ် ဂျာနယ်၊ ၂၀-၇-၁၅။

ဆရာကြီး ဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကား “သမိုင်းသင်တာ မ အ အောင်လို့” တဲ့။

မြန်မာနိုင်ငံမှာ အာဏာအရှိဆုံးလို့ ပြောနေကြတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကို သွားတော့ ဗိုလ်မိုးကြိုး လို့ မြန်မာနာမည် ခံထားတဲ့ ဗိုလ်မှူးကြီး ဆူဇူကီး ခဲဂျိရဲ့ အုတ်ဂူမှာ လွမ်းသူ့ပန်းခွေချ အလေးပြုတဲ့ သတင်း ဖတ်ရတယ်။ “မ အ အောင် သမိုင်းသင်ရမယ်” ဆိုတာ ဒီတော့မှ ပိုပြီး သဘောပေါက်မိတယ်။

ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ဖွဲ့စည်းထူထောင်ရာမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် အတော်များများ ထင်မှတ်နေကြပါတယ်။

ဗိုလ်မှူးကြီး ဆူဇူကီး ဘာတွေ လုပ်ခဲ့သလဲ။ ၁၉၄၁ ခုနှစ်တုန်းက ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံကို မိနာမိ မာဆုယော ဆိုတဲ့ နာမည်တမျိုးနဲ့ လာပြီး လျှို့ဝှက် စစ်ရေး၊ ထောက်လှမ်းရေး တာဝန်တွေ လုပ်ဆောင်ခဲ့တယ်။ မျိုးချစ်စိတ်ရှိတဲ့ မြန်မာလူငယ်တွေ သတင်းကို ရယူစုဆောင်းပြီး အင်္ဂလိပ်ကို တော်လှန်ချင်တဲ့ ဒီလူငယ်တွေကို စည်းရုံးသိမ်းသွင်းဖို့ လုပ်ဆောင်ခဲ့တယ်။

အဲဒီအထဲက မြန်မာ လူငယ်ခေါင်းဆောင် သခင်အောင်ဆန်းကို စည်းရုံးလို့ သမိုင်းဝင်မယ့် ရဲဘော်သုံးကျိပ်ကို ဂျပန်ကို ခေါ်ယူပြီး စစ်ပညာ လေ့ကျင့် သင်ကြားပေးခဲ့တယ်။ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ မီနာမိကီကန် (南機関) အစီအစဉ်နဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့တာမို့ ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့တပ်မတော်ကို ပျိုးထောင်ခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ကြီးလို့ ထင်မှတ်စရာပါ။

မီနာမိကီကန် (南機関) ဆိုတာ ဂျပန်ဘာသာနဲ့ဆိုရင် တောင်ပိုင်းအဖွဲ့လို့ အဓိပ္ပာယ်ရတယ်။ တကယ်တော့ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ နာမည်ဝှက် မီနာမီ မာဆုယောက မီနာမိကို ယူပြီး မီနာမိဦးဆောင်တဲ့ အဖွဲ့လို့ ခေါ်ဆိုတာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ ဂျပန်ကြည်းတပ်နဲ့ ရေတပ်ရဲ့ ပူးတွဲ ထောက်လှမ်းရေး၊ လျှို့ဝှက်စစ်ဆင်ရေး ပဉ္စမံတပ်ဖွဲ့ပါဘဲ။

မီနာမိကီကန်က စစ်ပညာလေ့ကျင့်သင်ကြားပေးလိုက်တဲ့ မြန်မာခေါင်းဆောင် ရဲဘော်သုံးကျိပ်က ဗိုလ်နာမည်တွေ မှည့်ကြတော့ ဗိုလ်မှူးကြီး ဆူဇူကီးလည်း ဗိုလ်မိုးကြိုးဆိုတဲ့ မြန်မာဗိုလ်ဘွဲ့ ခံယူခဲ့တယ်။ (အဲဒီအချိန်တုန်းက လူသိများတဲ့ ထီးရိုးကို မိုးကြိုးပစ်မည် ဆိုတဲ့ တဘောင်အတိုင်း အတိတ်နိမိတ်ယူတာလို့ ဆိုပါတယ်။)

ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်တဲ့ မီနာမိ ကီကန်ရဲ့ အစီအစဉ်အတိုင်း ရဲဘော်သုံးကျိပ်နဲ့ ဘီအိုင်အေ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းပြီး ဂျပန်စစ်တပ်က လက်နက်တပ်ဆင် ထောက်ပံ့ခဲ့တယ်။ တပ်ဦးက ဘီအိုင်အေကို တင်ပြီး ဂျပန်စစ်တပ်ဟာ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါတွေဟာ အားလုံး သိပြီးသား သမိုင်းဖြစ်ရပ်တွေပါပဲ။

ဒီတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ထူထောင်ပေးတဲ့ ကျေးဇူးရှင်ကြီးအဖြစ် ထင်သူတွေ ထင်ကြတာပေါ့။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင်ခဲ့တဲ့ နေဝင်းဆိုရင် ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ မီနာမီကီကန် အဖွဲ့ဝင်တွေကို တခမ်းတနား ဂုဏ်ပြုခဲ့တယ်။ “အောင်ဆန်းတံခွန်” ဆိုတဲ့ နိုင်ငံတော်ဘွဲ့တမျိုးနဲ့တောင် ချီးမြှင့်ခဲ့ပါသေးတယ်။

အမှန်ကတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးဟာ ကျရာတာဝန်ကို ထမ်းဆောင်ရတဲ့ စစ်အရာရှိ တယောက်သာ ဖြစ်တယ်။ သူ့ကို တာဝန်ပေးထားတဲ့အတိုင်း ကျေပြွန်အောင် လုပ်ဆောင်တာက လွဲပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထု ကောင်းကျိုးအတွက် ဘာတခုမှ အပိုမလုပ်ခဲ့ပါဘူး။

နောင်တချိန်၊ မြန်မာ့သမိုင်းမှာ အရေးပါ ထင်ရှားလာမယ့် လူငယ်ခေါင်းဆောင် ရဲဘော်သုံးကျိပ်ကို စစ်ပညာ သင်ကြားပေးရတာလည်း အထက်က အမိန့်အတိုင်း လုပ်တာပါ။ သူ့နေရာမှာ တခြား ဂျပန်ဗိုလ်မှူးကြီး တယောက်ယောက်ကို တာဝန်ပေးရင်လည်း ဒီအတိုင်းပဲ လုပ်ကြမှာပါပဲ။ ဗိုလ်မှူးကြီး ယာမာဒါ ဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး မူရာယာမဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး ဆိုက်တိုဖြစ်ဖြစ်၊ ဘယ်သူမဆို လုပ်ဆောင်ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးက စေတနာဗလဝနဲ့ မြန်မာ့အကျိုး လုပ်ဆောင်ပေးတာမဟုတ်ပါဘူး။ သူ့စစ်တပ်နဲ့ သူ့ဧကရာဇ်ရဲ့ သစ္စာကို စောင့်သိနာခံပြီး လုပ်ပေးခဲ့တဲ့ အလုပ်တာဝန်တွေသာ ဖြစ်ကြောင်း သဘောပေါက်စေလိုတယ်။

ဒါကြောင့်မို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကို တော်လှန်ဖို့ စီစဉ်တော့ ဗိုလ်မိုးကြိုးကို လုံးဝ အသိပေး တိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ အသိပေးလိုက်ရင် ဗိုလ်မှူးကြီး ဆူဇူကီးက ဗိုလ်ချုပ်အောင်ဆန်းကို ကင်ပေတိုင်လက်ထဲ အပ်ပြီး ရေနွေးပူလောင်း၊ လက်သည်းခွံခွာခိုင်းမှာ မြေကြီးလက်ခတ်မလွဲဘူး။

ဆိုလိုချင်တာက ဗိုလ်မှူးကြီး ဆူဇူကီးဟာ သူ့တာဝန်ကိုသာ သူလုပ်တာ ဖြစ်ပြီး၊ မြန်မာ့အကျိုးအတွက် မဟုတ်ဖူးဆိုတာ ထောက်ပြချင်တာပါ။

ဒါဖြင့်ရင် မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဘယ်သူက အဓိကလဲ။ သီချင်းကိုပဲ ပြန်နားထောင်ကြည့်ပါ။ မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်… တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်… သူရဲကောင်းတဲ့… ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်… တဲ့၊ ကဲ ရှင်းပြီလား။

ဗိုလ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်ဟာ ကိုယ်ကျိုးစီးပွားကို လုံးဝ မမျှော်ကိုးဘဲ တိုင်းပြည်ချစ်စိတ်သက်သက်နဲ့ ဘဝကို ရင်းပြီး လုပ်ဆောင်ခဲ့ကြသူတွေပါ။ သူများခိုင်းလို့ မဟုတ်ဖူး၊ သူများ တာဝန်ပေးလို့ လုပ်ရတာမဟုတ်ဖူ။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး ဗမာ့တပ်မတော်ဖွဲ့ခဲ့တာ ဗိုလ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဆိုတာ ရှင်းပြီလား။

ခုတော့ ကြည့်ပါဦး။ တပ်မတော်ရဲ့ ဖခင်ရင်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို အာဇာနည်နေ့မှာတောင် တခါမှ သွားပြီး အလေးမပြုတဲ့ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်ကြီးက ဂျပန်ပထွေးရဲ့ အုတ်ဂူကိုတော့ တကူးတကန့် သွားပြီး လွမ်းသူ့ပန်းခွေချ အလေးပြုလာခဲ့သတဲ့။

ရာဇဝင်ရိုင်းတယ်ဆိုတာ အဲဒါပဲ။

Min Myat Maung

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်းရဲ့သားဖြစ်သူ ဒေါက်တာစိန်ဝင်း နဲ့မိသားစု
  မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ရေး အခုချိန်ထိ မရရှိသေးဘူးလို့ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတဦးဖြစ်သူ ဦးဘဝင်းရဲ့သားဖြစ်သူ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။ အာဇာနည်ကြီးတွေ လုပ်ကြံခံရတဲ့ (၆၈)နှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားတခုမှာ သူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ စနေနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့ဂုဏ်ပြုတဲ့အခမ်းအနားတွေ ကျင်းပနေတဲ့အချိန်မှာပဲပေါ့နော်- အမေရိကန်မှာ ရောက်နေတဲ့ မြန်မာမိသားစုတွေကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားပေမယ့် လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သူတို့တွေရဲ့လုပ်ဆောင်ချက်တွေ၊ သူတို့တွေရဲ့ကျေးဇူးတွေကို အောက်မေ့တဲ့အနေနဲ့ပေါ့- အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းမှာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပါတယ်။

“၆၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အစီအစဉ်။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း….ဘဝများပေးဆပ်သွားကြသော၊ ကျဆုံးသွားကြသော ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိပြီး အာဇာနည်ခေါင်းဆောင်တို့အား…..အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ အားလုံး ကြားကြားသမျှ၊ အမျှ…အမျှ…အမျှ….”

ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတဦးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုဖြစ်သူ ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်းမိသားစုလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ လွတ်လပ်ရေးဗိသုကာကြီးတွေ ကျဆုံးသွားခဲ့တာ (၆၈) နှစ်ကြာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အခုအချိန်ထိ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးဘူးလို့ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ (၆၈) နှစ်က ကျဆုံးသွားတယ်။ အခုဆိုရင် ကျနော်တို့ဆိုရင် (၇၀) ကျော်ပေါ့။ ဒီအတောအတွင်းမှာ တကယ့် ဒီမိုကရေစီ ကျနော်တို့ မရသေးပါဘူး။ တကယ့်လွတ်လပ်ရေးမရသေးပါဘူး။ အဲဒီတော့ အဲဒီအတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပြောကြားသွားတဲ့စကားတွေ၊ လုပ်ကိုင်သွားတဲ့သူတို့ရဲ့အလုပ်တွေကို ကျနော်တို့က လိုက်နာအတုယူပြီးတော့ ဒီခရီးပြီးဆုံးတဲ့အထိ ဆက်လက်ချီတက်ရမှာပေါ့။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် အာဇာနည်နေ့ လူထုအခမ်းအနားတွေကို ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်တွေကစပြီး ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နံနက် ဆယ်နာရီနဲ့ ၃၇ မိနစ်မှာ ဥသြဆွဲ ဂုဏ်ပြုလာပါတယ်။ ဒါဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတာဖြစ်တဲ့အပြင် နောင်လာနောက်သားတွေအတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့တန်ဖိုးသိအောင် လက်ဆင့်ကမ်းတာလည်းဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ကိုမိုးချမ်းက ပြောပါတယ်။

“ဒီနေ့ ဒီအချိန်မှာ ဥသြဆွဲပြီးတော့မှ ပြန်လုပ်လာတယ်ဆိုတာတော့ ကျနော်တို့ ဒါဟာ ဘာဖြစ်လဲဆိုတော့ နိုင်ငံ့အတွက်ကို ကိုယ်စားပြုပြီးတော့မှ နိုင်ငံလွတ်မြောက်ရေးအတွက်ကို အဓိက ကြိုးစားခဲ့ကြတဲ့ ခေါင်းဆောင်တွေအနေနဲ့၊ ရဲဘော်တွေအနေနဲ့တိုင်းပြည်က မမေ့ဘူး၊ ဂုဏ်ပြုတယ်ဆိုတဲ့ဟာ ကောင်းမြတ်တဲ့ လက္ခဏာပါ။”

တနင်္ဂနွေနေ့က ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်မှာကျင်းပတဲ့ အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားမှာလည်း အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့လူမျိုးဖြစ်အောင် အာဇာနည်ခေါင်းဆောင်တွေ အသက်စတေးရကျိုးနပ်တဲ့ တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက် နန်းမြိုင်ပန်းခြံက လမ်းတွေကို အခု ကွန်ကရစ်လမ်းခင်းနေပါတယ်။ နန်းမြိုင်ပန်းခြံမှာ လမ်း ၄လမ်းရှိတဲ့အနက် အခုလက်ရှိမှာတော့ နန်းမြိုင် ၂လမ်းကို ခင်းနေတာဖြစ်ပါတယ်။ လမ်းခင်းထားတာ လေး၊ ငါးရက်ပဲရှိသေးတယ်။ ဒီမနက်မှာ လမ်းကပေါက်နေပါပြီ။ ခွေးနင်းလို့ ကျွံပြီးပေါက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောနေကြပါတယ်။ ဒါနဲ့ ကိုယ်တိုင်သွားပြီး တိုင်းထွာကြည့်တော့ လမ်းကွန်ကရစ်ထုဟာ လက်မ၀က်လောက်ပဲရှိတာ တွေ့ရပြီး လက်ညှိုးနဲ့နှိုက်သမျှ သဲတွေထွက်လာပါတယ်။

အမှန်တကယ်ခင်းရမယ့်ကွန်ကရစ်ထုက ခြောက်လက်မပါ။
လမ်းခင်းဖို့ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနကကျခံပြီး လမ်းခင်းလုပ်ငန်းကိုတော့ ကန်ထရိုက်ငှားရမ်းလုပ်ကိုင်စေတယ်လို့ သိရပါတယ်။ လမ်းကို ၆ လက်မထုနဲ့ ၁၂ ပေအကျယ် ခင်းပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို စည်ပင်သာယာဌာနက ကန်ထရိုက်ကိုပေးချေထားတယ်လို့လည်း သိရပါတယ်။

ကန်ထရိုက်အဖွဲ့ဟာ တနေ့ကို ပေ၂၀၊ ပေ၄၀နှုန်းလောက်နဲ့ခင်းနေတာဖြစ်ပါတယ်။ ကန်ထရိုက်အလုပ်သမားတွေဟာ မဆလာဖျော်စက်နားကို သဲ၊ ကျောက်ပုံပေးမှ အလုပ်လုပ်ပြီး သဲ၊ ကျောက်ကုန်သွားရင် အလုပ်ဆက်မလုပ်တော့ပါဘူး။ (ဒီကိစ္စတွေအတွက် စည်ပင်နဲ့ ကန်ထရိုက် ဘယ်လိုစာချုပ် ချုပ်ဆိုထားတယ်ဆိုတာ ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက မသိဘူးလို့ဆိုပါတယ်။) ဒီအတွက် ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက ရပ်ကွက်နေပြည်သူတွေဆီကကောက်ခံထားတဲ့ ရန်ပုံငွေနဲ့ သဲသယ်၊ ကျောက်သယ် အလုပ်ကြမ်းသမားတွေကို သပ်သပ် ထပ်ငှားပေးနေရပါတယ်။ ဒါ့အပြင် ပန်းခြံကွက်မှာနေထိုင်တဲ့ ပြည်သူအချို့ကလည်း လမ်းခင်းကုသိုလ်လိုချင်လို့ ၀ိုင်းဝန်းလုပ်အားပေးတာတွေလည်းရှိပါတယ်။ ဒါကလမ်းခင်းလုပ်ငန်း လုပ်ဆောင်တဲ့အပိုင်းမှာ ရပ်ကွက်ပြည်သူတွေက ပံ့ပိုးပေးတာပါ။

အလုပ်သမားတွေစားသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပန်းခြံဓမ္မာရုံမှာ ချက်ပြုတ်ကျွေးတာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြည်သူတွေဆီကကောက်ခံထားတဲ့ပိုက်ဆံနဲ့ အသုံးပြုတာဖြစ်ပါတယ်။ (ကျွန်တော်တို့ပန်းခြံက တစ်အိမ် ခြောက်သောင်းပေးထားရပါတယ်။) ဒါ့အပြင် အလုပ်လုပ်နေချိန်မှာလည်း အိမ်တွေကနေ မုန့်၊ သောက်ရေ၊ ဖျော်ရည် စသဖြင့် ဧည့်ခံကြပါသေးတယ်။

ပြည်သူက ဒီလောက်အထိ ဖြည့်ဆီးပံ့ပိုးပေးနေတာတောင် ကန်ထရိုက်အဖွဲ့ဟာ လုပ်ငန်းလုပ်ဆောင်ရာမှာ စေတနာမပါဘဲ ပြီးပြီးရော လုပ်ဆောင်နေပါတယ်။ ကွန်ကရစ်မလောင်းခင် အောက်ခြေမှာ သဲတွေဖို့ပြီး အပေါ်ကနေကွန်ကရစ်နည်းနည်းပဲ ခင်းတာပါ။ လမ်းရဲ့ဘေးအစွန်နှစ်ဘက်နားမှာပဲ ကွန်ကရစ်ထုအပြည့်ထားပြီး အလယ်မှာ သဲတွေဖို့ထားပါတယ်။ ကျွန်တော်လေ့လာခဲ့သလောက်ဆိုရင် ရပ်ကွက်ထဲက ကွန်ကရစ်လမ်းအများစုကို အဲ့ဒီလို ပုံစံမျိုးနဲ့ပဲ ခင်းနေကြတာဖြစ်ပါတယ်။ ၇ရပ်ကွက် န၀ရတ်လမ်းမကြီးဆိုရင်လည်း ကိုးလက်မထု အပြည့်မရှိပါဘူး။ ကွန်ကရစ်ထုဟာ သုံးလက်မ ၀န်းကျင်ပဲရှိမှာပါ။ အောက်ပိုင်းက သဲတွေပဲ ဖြည့်ထားတာပါ။

ဒီလမ်းတွေဟာ ဘယ်လိုမှ ရေရှည်မခံနိုင်ပါဘူး။ ခင်းပြီးကာစ ခဏပဲကောင်းပြီး လေး၊ ငါးလကြာရင် ပြန်ပျက်တာပါပဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ခင်းတဲ့လမ်းကို ပြည်သူတွေ အချိန်ကာလ အပြည့်အ၀မသုံးစွဲလိုက်ရပါဘူး။

ဒီကိစ္စတွေမှာ အဓိကတာဝန်ရှိတာ စည်ပင်သာယာရေးဌာနပါပဲ။ သက်ဆိုင်ရာတာဝန်ရှိသူဟာ လုပ်ငန်းလုပ်ကိုင်မဲ့ ကန်ထရိုက်ကို လက်သင့်ရာစားတော်ခေါ်တာမျိုးမဟုတ်ဘဲ အမှန်တကယ်လုပ်ကိုင်နိုင်မယ့်သူကို တာဝန်ယူမှု၊ တာဝန်ခံစေမှုနဲ့သာ လုပ်ငန်းအပ်နှံသင့်ပါတယ်။ ဒီအတွက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသင့်ပါတယ်။ အခုတော့ ဘယ်လို ကန်ထရိုက်မျိုးကို ဘယ်လိုစံနဲ့ရွေးချယ်ပြီး လုပ်ငန်းအပ်နှံသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ လမ်းအကျယ်၊ ထု၊ ခံနိုင်ရည်၊ နှစ်ကာလအကန့်အသတ်နဲ့ စာချုပ် ချုပ်ဆိုရမှာဖြစ်ပြီး ပျက်ဆီးမှုတွေအတွက်ကိုလည်း ကန်ထရိုက်ကို တာဝန်ယူ၊ တာဝန်ခံစေရမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ကိုပဲကြည့်ပြီး အလုပ်ကို ပြီးပြီးရော လုပ်ဆောင်မယ့်ကန်ထရိုက်မျိုးကို လုပ်ငန်းမအပ်နှံသင့်ပါဘူး။ ဒီလိုကန်ထရိုက်တွေကိုသာ ဆက်ပြီးလုပ်ငန်းအပ်နှံနေမယ်ဆိုရင် ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။

အခုချိန်ခါဟာ ဌာနဆိုင်ရာနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ကာလခေတ်စနစ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကလည်း တရားဝင်ပြောဆိုညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကန်ထရိုက်နဲ့ ဌာနဆိုင်ရာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စဉ်းမျဉ်းစဉ်းကမ်းတွေကို သက်ဆိုင်ရာရပ်ကွက်ရဲ့ လမ်းကော်မတီတွေကို ပွင့်လင်းမြင်သာစွာ အသိပေးပြောပြသင့်ပါတယ်။ ဒါမှသာ ပြည်သူလူထုက အရည်အသွေးပြည့်မှီစွာနဲ့ လုပ်ငန်းအလျှင်အမြန်ပြီးမြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။(အခုဆို စည်ပင်က ဘိလပ်မြေ ဘယ်နှအိတ်ချပေးထားလို့ ကန်ထရိုက်က ဘယ်နှအိတ်သုံးသလဲ၊ ဘယ်လောက်ပိုလဲ၊ ပိုတာတွေကို ပြန်အပ်၊ မအပ် ပြည်သူလူထုဖြစ်တဲ့ လမ်းကော်မတီက မသိရပါဘူး။ သဲ၊ ကျောက်မသယ်ပေးလို့ လမ်း ဆက်မခင်းပေးဘူးဆိုတာကလည်း တော်တော်ကို လွန်တယ်လို့ပြောရပါလိမ့်မယ်။နိုင်ငံတော်ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပေးနေရတဲ့ ကန်ထရိုက်က ပြည်သူကို ဒီလိုအကြပ်ကိုင်လို့ရလား။ ဒါတွေဟာ ဌာနနဲ့ ကန်ထရိုက်တို့ရဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုမှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ပါ။) ဌာနဆိုင်ရာဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတယ်လို့ အပြုသဘောဆောင် ဝေဖန်ရမှာဖြစ်ပါတယ်။

ဒုတိယတာဝန်ရှိသူက လုပ်ငန်းကြီးကြပ်သူအရာရှိပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းလုပ်ဆောင်နေချိန်မှာ အနီးကပ် ကြီးကြပ်နေရမှာဖြစ်ပါတယ်။ မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခု အရည်အသွေးပြည့်ဝစွာနဲ့ ကောင်းမွန်ခိုင်ခန့်အောင် ကြီးကြပ်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ခုတော့ လုပ်ငန်းကြီးကြပ်သူဟာ လုပ်ငန်းခွင်မှာ အချိန်ပြည့် ရှိမနေပါဘူး။ သူလာရောက်စစ်ဆေးချိန်မှာ လမ်းက တချို့တ၀က် ခင်းပြီးနေပါပြီ။ ဘာမှ စစ်ဆေးလို့ မရတော့ပါဘူး။ လာရောက်စစ်ဆေးသူကို ပြသဖို့အတွက် ကန်ထရိုက်က ခင်းပြီးသားလမ်းအဆုံးကနေ နောက်ထပ် ၅ လက်မလောက်ကို ခြောက်လက်မထု ဟန်ပြလောင်းထားတာမျိုးလည်း ရှိနေပါတယ်။ အကျယ် ပေ ၂၀၊ ပေ၄၀ လောက်ကို အထက်ကပြောထားတဲ့အတိုင်း သဲဖို့ခင်းထားပြီးကာမှ အဆုံးနေရာ အကျယ် ၅ လက်မလောက်ကို ခြောက်လက်မထု အပြည့်ခင်းပြထားတာမျိုးပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကန်ထရိုက်နဲ့ လုပ်ငန်းကြီးကြပ်သူတို့အကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိ၊ မရှိဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

လက်ရှိမှာသေချာတာကတော့ ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျခံပြီး ခင်းတဲ့လမ်းဟာ အရည်အသွေးပြည့်ဝတဲ့လမ်း မဟုတ်တော့ပါဘူး။ ဒါဟာ ၀န်ထမ်းတွေရဲ့ တာဝန်မကျေပွန်မှုကြောင့်ပါ။ ဒါ့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ချိန်မှာ လုပ်ငန်းခွင်အတွင်း သေချာစွာကြပ်မတ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
ဒါမှသာ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးတာကို ကာကွယ်နိုင်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

Ko Ye


နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို ယခင်ကလွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း မြို့နယ်ဦးစီးဌာနမှူးများ ၏ မြန်မာနိုင်ငံသား ဥပဒေအပေါ် ကျွမ်းကျင်မှု အားနည်းခြင်း၊ လျှောက်ထား သူများ၏ လိမ်လည် လျှောက်ထားမှုမျာအား စိစစ်မှုအားနည်းခြင်း၊ မလွန်ဆန်နိုင်သော အဖွဲ့အစည်းများ၏ ဖိအားများ နှင့် လာဘ်ပေးလာဘ် ယူမှုများကြောင့် ဥပဒေနှင့်အညီ သေချာစွာ စိစစ်ခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အပြင် အလွယ်တကူ ထုတ်ပေး ကြခြင်းကြောင့် မှားယွင်းမှုများ ရှိခဲ့သည့်အတွက် ၁၉-၉-၂၀၀၀ ရက် မှစ၍ မြို့နယ်မှူး လက်မှတ်ရေးထိုး မည့်အစားတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူးများ လက်မှတ်ရေးထိုး ခြင်း ကို ယနေ့အထိ ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဇူလိုင် ၁၆ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။

လက်ရှိအချိန်တွင် စီမံချက်ကာလ အပါအဝင် နောက်ပိုင်း ကာလများ တွင် သေချာစွာစိစစ်မှု အားနည်းသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား ပြန်လည် စိစစ်နိုင်ရေးအတွက် ကာယကံရှင်က နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးပျက်စီး၍ မိတ္တူလာရောက် လျှောက် ထား လျှင် သော်လည်းကောင်း၊ သားသမီးများက နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက် လျှောက်လာလျှင် သော်လည်းကောင်း၊ ၎င်းတို့၏ နိုင်ငံ သားဖြစ်မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားမှုတို့အား မှန်ကန် မှုရှိ/မရှိ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံသား စိစစ်ရေးကတ်ရရှိရန် သတ်မှတ်ထားသည့် နိုင်ငံသား အရည်အချင်းပြည့်မီမှု ရှိ၊မရှိဆိုသည့် အချက်သည် အရေးကြီးပြီး စနစ်တကျ အချိန်ယူစိစစ်ရန် လိုအပ်ကြောင်းကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး ကြန့်ကြားမှု များသည် ကာယကံရှင်၏အထောက်အထား အချက်အလက် ပြည့်စုံမှန်ကန်မှု အပေါ်တွင် မူတည်ကြောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများ ကိုသာ အလွယ်တကူ ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဥပဒေအရ နိုင်ငံသား များဖြစ်သော နိုင်ငံခြားသားသွေးနှောသူများအတွက် ဥပဒေနှင့်အညီသာ စိစစ်ရသဖြင့် ထိုက်သင့်သည့် အချိန် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြော ဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

ဗဟိုဌာနချုပ်တွင်ကျင်းပသော ( ၆၈ ) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ-NLD's FB)
 နိုင်ငံအပေါ်မှာ စေတနာထားတဲ့ပြည်သူတိုင်း အာဇာနည်တွေဖြစ်နိုင်သလို တိုင်းပြည် အမှန်တကယ် ပြောင်းလဲမှ တိုးတက်မှာမို့ စစ်မှန်တဲ့ အပြောင်းအလဲကို လုပ်ဆောင်ကြဖို့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကအာဇာနည်နေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ (၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရာ အာဇာနည် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ဒုသမ္မတ (၁)နဲ့ လွှတ်တော်အကြီးအကဲတွေ ကိုယ်တိုင်လာရောက် ဂါရဝပြုတာဟာ နိုင်ငံမှာ ဒီမိုကရေစီစနစ် ရောင်ခြည်သန်း လာတာကိုပြသရာ ရောက်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ (၆၈) နှစ်မြောက် အာဇာနည်နေ့ကို မြန်မာနိုင်ငံတဝှမ်းက ပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားတွေနဲ့ ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ နိုင်ငံ အပေါ်မှာ စေတနာထားသူအားလုံး ညီညွတ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံထူထောင်နိုင်ရေး ကြိုးပမ်းလိုသူတိုင်းဟာ အာဇာနည်တွေ ဖြစ်တယ်လို့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမရဲ့ NLD ပါတီဌာနချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

“တကယ်နိုင်ငံအပေါ်မှာစေတနာရှိတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အာဇာနည်ဖြစ်နိုင်တဲ့စိတ်ဓာတ်ရှိပါတယ်။ အာဇာနည်ဖြစ်ခြင်း- ဆိုတာဟာ အသက်ကို စွန့်တာကို ပြောလိုတာမဟုတ်ပါဘူး။ အာဇာနည်စိတ်ဓာတ်ကို အမှန်တကယ်မွေးမြူတာကို ပြောလိုတာဖြစ်ပါတယ်။ အာဇာနည်ဆိုတာဟာ အာဇာနည်တဦး ရှိသင့်ရှိထိုက်တဲ့စိတ်ဓာတ်နဲ့ အကျင့်သီလရှိတဲ့လူအားလုံးဟာ အာဇာနည်…လို့ ဒီလိုပဲ သတ်မှတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နိုင်ငံမှာ အာဇာနည်တွေ အများကြီးရှိနိုင်တယ်။ ၅၂ သန်းလုံးဆိုရင် ၅၂ သန်းသော အာဇာနည်တွေတောင်မှ ဖြစ်နိုင်ပါတယ်။”

အာဇာနည်ဗိမာန်ကို သမ္မတဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ် သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့က လာရောက်ဂါရဝပြု လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ အခုလိုနိုင်ငံတော် အကြီးအကဲတွေဘက်က လာရောက်ဂါရဝပြုခဲ့တဲ့အပေါ် Federal Union Party (FUP) ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီမိုကရေစီရောင်ခြည်သန်းလာတဲ့ သဘောကို ပြရာရောက်တယ်လို့ ဆိုပါတယ်။

“နိုင်ငံ့အတွက်၊ လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို သမ္မတရဲ့ကိုယ်စား၊ ဒုသမ္မတကိုယ်တိုင် တက်ရောက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံ့ခေါင်းဆောင်တွေကို အများကြီး ပြန်ပြီးတော့ အလေးထားလာတာပါ။ အရင်တုန်းကဆိုရင်၊ နဝတခေတ်ကဆိုရင် အတော်အတန်ကြီးကို မေ့လျော့သွားတယ်လေ။ အခုအချိန်မှာဆိုရင်တော့ ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့၊ ခေါင်းဆောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို အများကြီး အသိအမှတ်ပြုလာပြီဆိုတော့ ဒီမိုကရေစီအပြောင်းအလဲကို စတင်ပြီးတော့ လက်ခံလာပြီဆိုတဲ့ အနေအထားမျိုးကို တွေ့မြင်နေရတယ်။ အရင်တုန်းကဆိုရင် သာမန်အဆင့်ပဲတက်ကြတယ်လေ။ ဟိုးအရင်တုန်းကဆိုရင် ရန်ကုန်တိုင်းကမှ ဝန်ကြီးချုပ်တောင် မတက်ရောက်ဘူးလေ၊ မြို့တော်ဝန်အဆင့်လောက်နဲ့ပြီးသွားတာလေ။ အခုတော့ အပြောင်းအလဲကာလမှာ သူတို့လည်း တော်တော်လေး ပြုပြင်ပြောင်းလဲစ ပြုလာပြီဆိုတဲ့ အနေအထားလေးကို အတိုင်းအတာတခုအထိ ကျနော်တို့ ပြောလို့ရမှာပေါ့။ အရင်တုန်းကဆိုရင် ဒီမိုကရေစီစနစ်က အင်မတန် အကူးအပြောင်းကာလမှာဖြစ်တယ်၊ တနှစ်ပြီးတနှစ်ကို ဒီမိုကရေစီရဲ့အနှစ်သာရလေးတွေ နည်းနည်း နည်းနည်း တိုးလာတယ်ဆိုတဲ့အနေအထားလေးတွေကို ကျနော်တို့ သုံးသပ်ရမှာဖြစ်ပါတယ်ဗျ။”

ဒီမိုကရေစီစနစ် အပြောင်းအလဲတခုကိုရှေးရှုနေပြီလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်နေပေမဲ့ မြန်မာနိုင်ငံမှာ အမှန်တကယ် ပြောင်းလဲမှ တိုးတက်နိုင်မယ်လို့ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အာဇာနည်နေ့မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုပါတယ်။

“ကျမတို့ရဲ့ဆောင်ပုဒ်ကတော့ ပြောင်းလဲချိန်တန်ပြီဆိုတာ လူတိုင်းကလည်း သဘောတူလိမ့်မယ်လို့ ကျမတို့ထင်ပါတယ်။ အမှန်တကယ် ပြောင်းလဲမှ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာပါ။ မပြောင်းလဲသင့်တဲ့နေရာမှာ ပြောင်းလဲတာနဲ့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ပြောင်းလဲရမယ်။”

ဒီကနေ့ကျရောက်တဲ့ (၆၈) နှစ်မြောက်အာဇာနည်နေ့မှာတော့ အာဇာနည်ဗိမာန် ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ ရန်ကုန်မြို့က အတွင်းဝန်ရုံး၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိရာ ဗိုလ်ချုပ်ပန်းခြံစတဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အထင်ကရနေရာတွေမှာ ပြည်သူအများ လာရောက်အလေးဂါရဝပြုကြသလို အာဇာနည်တွေကျဆုံးခဲ့တဲ့အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာလည်း ရန်ကုန်တမြို့လုံး ဥသြဆွဲအလေးပြုသလို ကားတွေကလည်း ဟွန်းတွေတီးပြီး ဝမ်းနည်းကြောင်းပြသခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံ ကိုစိုးမိုးမြင့်ကပြောပါတယ်။

 “ကျနော်တို့ အာဇာနည်တွေအတွက်ရည်စူးပြီး ဆွမ်းကပ်တယ်၊ အမျှဝေတယ်။ အရင်ဆုံး မနက်စောစော- တော်တော်များများလုပ်ကြတယ်၊ မြို့နယ်တိုင်းမှာ။ အာဇာနည်ကုန်းမှာ အာဇာနည်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လွမ်းသူ့ပန်းခွေသွားချတဲ့အဖွဲ့တွေကလည်း သပ်သပ် သွားချကြတယ်။ ၁၀ နာရီ၊ ၃၇ မှာကျတော့ ရန်ကုန်တမြို့လုံးနီးပါးပါပဲ၊ အားလုံးက အသံချဲ့စက်နဲ့ ဥသြဆွဲတယ်ပေါ့နော်၊ ဥသြဆွဲတဲ့အခါမှာ ပြည်သူတွေကပါ အားလုံး လာပြီးတော့ကို ဝိုင်းပြီးတော့ အလေးပြုတဲ့ အနေအထားတွေလည်း ရှိတယ်။ ပြီးတော့ ကားဟွန်းသံတွေ ပေးပြီးတော့ ဘတ်စ်ကားတွေကလည်း ဝိုင်းပြီးတော့ အာဇာနည်တွေကို အလေးပြုတဲ့အနေအထားတွေ ရှိပါတယ်ခင်ဗျ။ တော်တော်တော့ စည်ကားပါတယ်-ဒီနှစ်လည်း။”

ဒီကနေ့အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးဦးအောင်ဆန်းဦး၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျန်ခေါင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့အစည်းအသီးသီး၊ ဝန်ကြီးဌာနအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးပါတီတွေနဲ့ အများပြည်သူ တွေ အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com