07/25/15

 dassk-kyaik-lat-620.jpg ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန်ဘုရားဓမ္မာရုံမှာ ဇူလိုင်လ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလူထုဟောပြောပွဲကို ဟောပြောနေစဉ်

ရွေးကောက်ပွဲအတွက် တတ်သိပညာရှင်တွေ၊ ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကို NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံအကျိုးအတွက်ဖြစ်တယ်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပြင်ပက လူပုဂ္ဂိုလ်တွေအပေါ် ဝေဖန်မှုတွေရှိနေတဲ့အတွက် ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန်ဘုရားဓမ္မာရုံမှာ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာပညာပေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောကြားခဲ့ပါ။

"အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ဖို့တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ ကျမတို့ ဖိတ်ခေါ်တယ်၊ တချို့က နည်းနည်းမကျေနပ်ချင်ဘူး၊ ဒီပုဂ္ဂိုလ်တွေက အစတုန်းက အဖွဲ့ချုပ်ဝင်တွေလည်းမဟုတ်ဘူး၊ အခုမှဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေး မှာလား ဆိုပြီးတော့ မေးတဲ့သူတွေရှိတယ်၊ ဟုတ်တယ် ကျမတို့ပေးရမယ်၊ မိမိတို့ရဲ့ ကျွမ်းကျင်မှုအရ မိမိတို့ရဲ့ ပညာအရ နိုင်ငံကိုအကျိုးပြုတယ် နောက်ပြီးတော့လည်း ဒီမိုကရေစီကို ထိပါးအောင်မလုပ်ခဲ့ဘူးဆိုရင် ကျမတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံ့အတွက်သုံးရမှာပဲ"

NLD ပါတီသာ အားလုံးအနိုင်ရခဲ့ရင် ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာ ကြုံတွေ့ခဲ့ရသလိုမျိုး တပ်မတော်က အာဏာ သိမ်းလိမ့်မယ်လို့ ပြောနေကြတာဟာ စစ်တပ်၊ ပြည်သူနဲ့ ဒီမိုကရေစီစနစ်ကို စော်ကားလိုက်တာ သာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် NLD ဟာ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထားကြောင်း၊ ဒီကြိုးပမ်းမှုမှာ ပြည်သူတွေကလည်း ပါဝင်ကြဖို့လိုအပ်ကြောင်း ပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရှိတာကြောင့် လူတစ်ဦးမှာဆန္ဒမဲ တစ်ခုသာရှိတဲ့အတွက် မဲတစ်ပြားကို အဆုံးရှုံးမခံကြဖို့နဲ့ လျှိ့ဝှက်မဲစနစ်ဖြစ် တာကြောင့် ကိုယ်ကြိုက်နှစ်သက်သူကို မကြောက်မရွံ့ မဲပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံ ၂ဝဝဝ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ မော်ကျွန်းမြို့နယ်ကို သွားရောက်ပြီး လူထုဟောပြောပွဲကျင်းပမှာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-say-candidates-nld-07252015074409.html


 ဂျူလိုင်လ ၂၅ ရက် ၂၀၁၅

  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာလတွင် ကျင်းပ မည့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာခဲ့ပြီးဖြစ်သော်လည်း ပါတီထိပ်တန်း ခေါင်း ဆောင် ၅ ဦးမှာ ရွေးကောက် ပွဲဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ က ပြောသည်။

"ကျနော်က အသက်ကြီးပြီ။ လူငယ်တွေကို နေရာပေးရမယ်။ ဒါ့အပြင် ပြည် တွင်းငြိမ်း ချမ်းရေး တိုင်းရင်းသားအရေးတွေ ဆောင်ရွက်ဖို့ ပါတီ တည်ေ ဆာက်ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းမှုကလည်း အရေးပါ တယ်ေ လ။ ဒါကြောင့် မပြိုင်တာပါ။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ ကလည်း ဒီဆုံးဖြတ်ချက်ကို လက္ခံပါတယ် "- ဟု ခွန်ထွန်းဦးက သျှမ်းသံတော် ဆင့် သို့ ပြောသည်။

ဥက္ကဌကြီး ခွန်ထွန်းဦးအပြင် ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းစောအောင် ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ စည်းရုံးရေးမှူး စိုင်းအဂ္ဂ တို့ ရွေးကောက်ပွဲဝင်ပြိုင် မည် မဟုတ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

"လွှတ်တော်ထဲကို ထိုက်သင့်တဲ့ ကိုယ်စားလှယ်အရေ အတွက်တွေ တစ်ဖက် က ကြိုးစားနေပြီး တစ်ခြားတစ်ဖက် ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ဖြစ် ပါတယ်။ အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင် ပ နိုင်ငံရေး လောက ဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတာ နိုင်ငံရေးေ လ့လာ သူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ "- ဟု ဦးစိုင်းညွှန့်လွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သျှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ဥက္ကဌ ဖြစ်သူ ဦးခွန် ထွန်းဦးမှာ ၁၉၉၀ ရွေးကောက် ပွဲတွင် သီပေါမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပါက ရွေးကောက်ပွဲမ၀င်ဟု ၂၀၁၃ ခုနှစ် ကတည်း က ပြောဆို ထားသည်။

"ပါတီဥက္ကဌက သူက နဂိုကတည်းက သူ့အနေနဲ့ ဖွဲ့စည်းပုံမပြင် ရင် ရွေးကောက် ပွဲမ၀င်ဘူး လို့ ပြောထားတာ။ ရွေးကောက်ပွဲဝင်တာက ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ သူမ၀င်တာက သူ့ရဲ့ ဆန္ဒဖြစ်တယ်။ ဒါကလည်း ဖွဲ့စည်းပုံမပြင်တာနဲ့ ပတ်သက်တယ် " - ဟု ဦးစိုင်းညွှန့်လွင် က ပြောသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese


 တောင်ဒဂုံမြို့နယ်တွင် အရွယ်မရောက်သေးသူ အိမ်ဖော်မိန်းကလေးကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှု တခုဖြစ်ပွားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက် “တို့အမေ” အခမဲ့ဆေးကု ခန်းတွင် ဇူလိုင် ၂၅ ရက်က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။


“ကျွန်တော်တို့ရုံးကို ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ ကျင်းပနေချိန်မှာ ဒီကလေးမလေးအကြောင်း ရောက်လာတယ်။ ကျွန်တော်တို့ သိသိချင်း လိုက်သွားတော့ ကလေးက မြင်တဲ့အတိုင်း လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရတယ်။ ခေါင်းတွေ ကိုလည်း ချိန်းကြိုးနဲ့ရိုက်တယ်။ သားမြတ်ကိုလည်း ထမင်းခိုးစားလို့ဆိုပြီး ကက်ကြေး နဲ့ညှပ်တယ်။ စာမတတ်တဲ့ကလေးမလေးကို ဒီလိုညှဉ်းပန်းနှိပ်စက်တာကို မကြည့်ရက်လို့ ကျွန်တော် သက်ဆိုင်ရာရဲ့စခန်းကို အသိပေးတိုင်ကြားခဲ့တယ်။ ရဲစခန်းက (ပုဒ်မ ၃၂၂) တုန်းသောအရာနှင့်ရိုက်သော အမှု၊ ပုဒ်မ ၃၅၄ ကာဣနြေ္ဒပျက်မှု၊ ပုဒ်မ ၅၀၆၊ ဆဲဆိုခြိမ်းခြောက်မှုဆိုပြီး ဖွင့်တယ်။ ဖွင့်ပေးတဲ့အမှုတွေနဲ့ အမှန်တကယ်နှိပ်စက်ခံရတာနဲ့ ကိုက်ညီမှုမရှိဘူးဖြစ်နေတယ်''ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ပြောသည်။


ကာယကံရှင် မသန်းသန်းအိက ''မနက် ၆ နာရီကစပြီး တနေကုန် အလုပ် လုပ်ရတယ်။ ထမင်းခိုးစားလို့ဆိုပြီး လက်ထိပ်တွေကို ရိုက်တယ်။ ခေါင်းကိုလည်း သံယောင်းမနဲ့ရိုက်တယ်။ ချိန်းကြိုးနဲ့လည်း တကိုယ်လုံးကို ရိုက်တယ်။ ခေါ်သွားပြီး ၁ လလောက်ထဲကစပြီး ရိုက်တာပါပဲ။ ထွက်ပြေးချင်တာကတော့ ကြာပါပြီ။ အခု အိမ်တအိမ်ကို ထွက်ပြေးပြီး ရပ်ကွက် ရုံးကိုရောက်တော့မှ သမီးအဖေ ဦးလေးတွေကို အဖြစ်မှန်တွေကို ပြောပြပါတယ်။ မြောက်ဥက္ကလာဆေးရုံကြီးမှာ ဆေးကုခံရ ပြီး ဒီကိုရောက်လာတာပါ။ ထမင်းမကျွေးတဲ့ရက်တွေလည်း ရှိပါတယ်''ဟု ပြောပြသည်။


နှိပ်စက်ခံရသူ မိန်းကလေး၏အမည်မှာ မသန်းသန်းအိဖြစ်ပြီး အသက် ၁၅ နှစ်သာရှိသေးကြောင်း သိရသည်။ ၎င်းနေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ငွေကြေးအနေနှင့် ကျပ် ၅၀၀၀ တကြိမ်၊ ကျပ် ၁၀၀၀၀ တကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ရခဲ့ဖူးသည်ဟု ဦးလေးတော်စပ်သူ ကိုမျိုးဦးက ပြောသည်။


''ဇူလိုင် ၁၄ ရက်နေ့ ညမှာ မြောက်ဒဂုံရဲစခန်းက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ ဒဂုံမြောက်ပိုင်း၊ ၄၁ ရပ်ကွက်၊ တော်ဝင်ရိပ်သာ အခန်း ၃ မှာ နေထိုင်သူ ဒေါ်အေးအေးဝင်း အပါအ၀င် ၅ ဦးက တူမလေးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့အကြောင်းကို သိရတယ်''ဟု ကိုမျိုးဦးက ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ပြင်ဦးလွင်မြို့ကို ၁၈၉၆ ခုနှစ်မှစတင်၍ နွေရာသီဘုရင်ခံ စံနန်းတော်မြို့အဖြစ် အင်္ဂလိပ်တို့ တည်ဆောက်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၁၂၀ ပြည့်တော့မည် ဖြစ်ပေသည်။ ပြင်ဦးလွင်မြို့အား အင်္ဂလိပ်တို့ စတင်တည်ဆောက်ရာတွင် ဥရောပပုံစံအတိုင်း မီးခိုးခေါင်းတိုင်ပါ လူနေအိမ်များ၊ ရုံး၊ ကျောင်းစသည့် အဆောက်အအုံများကိုလည်း အင်္ဂလန်နိုင်ငံ ရာသီဥတုနှင့်ကိုက်ညီသည့် ပုံသဏ္ဌာန်အတိုင်း ထပ်တူဆောက်လုပ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ဦးလွင်နှင့် အင်္ဂလန်သည် ရေ၊ မြေ၊ တော၊ တောင် သဘာဝပတ်ဝန်းကျင်တို့ တူသည်သာမက ရာသီဥတုပင်လျှင် တူညီသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေစခန်းမြို့ပီပီ သဘာဝကျကျ တောတောင်ရေမြေ စိမ့်စိမ်းရေတံခွန်တို့ ပေါများစွာရှိနေခြင်း၊ လှပကျယ်ဝန်းပြီး ပေါင်းစုံများပြားလှသော အရောင်အသွေး ဝေေ၀ဆာဆာနှင့် ပန်းဥယျာဉ်ကြီးများရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်ခြင်းစသည့် အားသာချက်တို့ကြောင့် မြန်မာပြည်၏ ဟောလိဝုဒ်ဟု တင်စားခေါ်ဝေါ်လာကြသည်။ ရုပ်ရှင်နှင့် ဗွီဒီယို အများအပြား ပြင်ဦးလွင်၌ လာရောက်ရိုက်ကူးကြသည်မှာ ၁၉၂၃ ခုနှစ်က ရန်ကုန်မြို့တွင် ရုံတင်ပြသခဲ့သော 'တောမြိုင်စွန်းက လွမ်းအောင်ဖန်' ရုပ်ရှင်ဇာတ်ကားကြီးမှ အစပြုခဲ့သည်မှာ ယနေ့အထိပင် မရေမတွက်နိုင် အောင်များပြားခဲ့ပြီး ဖြစ်ပေသည်။

ထိုကဲ့သို့ ပြင်ဦးလွင်၌ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား အများအပြား လာရောက်ရိုက်ကူးကြသည့်အထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သရဲ၊ တစ္ဆေကားများပင် ရိုက်ကူးလာကြသည်မှာ ယနေ့အထိ များပြားလှသောဇာတ်ကားများကို တွေ့မြင်နေရသည်။

ဤကဲ့သို့ ရှေးဟောင်းအိမ်ကြီးများကို အသုံးပြု၍ သရဲ၊ တစ္ဆေဇာတ်ကားတို့ကို ရိုက်ကူးပြသလျက်ရှိကြရာ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ ရုပ်ရှင်ကြည့်ပရိသတ်များမှာ ဇာတ်ဝင်ခန်းများတွင်ပါရှိသော ရှေးဟောင်းအိမ်ကြီးများကို မြင်တွေ့ကြသောအခါ အမှန်ပင် သရဲခြောက်သောအိမ်ကြီးများဟု ထင်မှတ်မှားသွားကြတော့သည်။

မသိနားမလည်သူများ အနားမကပ်ဝံ့လောက်အောင်ပင် ဇာတ်ကွက်၊ ဇာတ်လမ်းများက အသက်ဝင်လှသည်။ ''ရုပ်ရှင်ထဲက သရဲခြောက်တဲ့ အိမ်ကြီး''ဟုလည်း လာရောက်ကြသည့် ဧည့်သည်များမှ လက်ညှိုးတထိုးထိုးနှင့် ပြောဆိုသွားကြသံများကို မကြာခဏဆိုသလို တွေ့မြင်ကြားသိ နေရသည်။ သရဲ၊ တစ္ဆေဇာတ်ကားများ ရိုက်ကူးပြသမှု များပြားလာသည်နှင့်အမျှ ပြင်ဦးလွင်ရှိရှေးဟောင်းအိမ်ကြီးများကို သရဲခြောက်သော အိမ်ကြီးများဟု ပြောဆိုကြသူများပြားလာခဲ့ကြသည်။

ဇဝေဇ၀ါနှင့် ထင်ယောင်ထင်မှားဖြစ် လာကြသူများကလည်း ဒုနဲ့ဒေး၊ ယုံကြည်ကြသူများကလည်း မရေမတွက်နိုင်အောင်ပင် ရှိလာကြတော့သည်။

နှစ်ကာလကြာလာသည်နှင့်အမျှ ပြောဆိုယုံကြည်သူ များပြားလာလျှင် အမှားသည်၊ အမှန်ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ရုပ်ရှင်နှင့် ဗီဒီယိုလောကသားများ အားကိုးအားထားပြုနေကြသည့် မြန်မာပြည်၏ ဟောလိဝုဒ်မြို့လေး အရုပ်ဆိုး အကျည်းမတန်စေလိုပါ။ ပြင်ဦးလွင်မြို့သူ မြို့သားများမှာ လှလှပပသာသာယာယာနှင့် လာရောက် ကြသူအပေါင်းကို ကိုယ်စိတ်နှလုံး အပန်းပြေစေလိုကြသည်။

''ပြင်ဦးလွင်မှာ သရဲခြောက်သောအိမ်ကြီးတွေ အခုအချိန်ထိရှိနေဆဲ''ဆိုသည်မှာ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းများထဲ ၌သာ ဇာတ်လမ်းဇာတ် ကွက်အရ ဇာတ်ဝင်ခန်းအဖြစ်ရှိနေဆဲသာ ဖြစ်ပါသည်ဟု . . . ။

သက်နိုင်(ပြင်ဦးလွင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရေဘေးသင့် ဒေသခံပြည်သူများအတွက် ကူညီထောက်ပံ့ ပစ္စည်းများ ပေးအပ်ရန် ပြင်ဆင်နေစဉ် ( ဓာတ်ပုံ- MOI)
    ကုလသမဂ္ဂ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လိုအပ် သော အကူအညီများ ထောက်ပံ့ ကူညီပေးရန် ကမ္ဘာ့နိုင်ငံတွေက အဆင်သင့် ရှိနေကြောင်း ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ပါသည်။

မြို့နယ် ၁၁ မြို့နယ် ရေဖုံးလွှမ်းခဲ့သလို လူပေါင်း ၇၀,၀၀၀ နီးပါး ဆိုးဆိုး ရွားရွား ထိခိုက်ခံခဲ့ ရပြီး လူကိုးဦး သေဆုံး၍ အိမ်ခြေ ၁၂,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ ရုံးတွဲဖက် ပြောရေးဆိုခွင့်ရှိသူ အယ်ရီကန်နီကို (Eri Kaneko ) က ပြောပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ရှိသူများ အဆိုအရ ရေဖုံးလွှမ်းမှုကြောင့် ထိခိုက်မှုရှိသူ သို့မဟုတ် ပြောင်းရွှေ့နေရ သူ အရေအတွက်ဟာ ၄၀,၀၀၀ ကျော် ရှိကြောင်း သိရတယ်လို့ အယ်ရီကန်နီကို က ပြောပါသည်။
ကုလသမဂ္ဂ အနေဖြင့်လည်း အခြေအနေ ဆိုးဝါးသော ရေးဘေးသင့် ဒေသတွေကို သွားပြီး လက်ရှိ အခြေအနေနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ ကူညီပေးနိုင်ရန် သွားရောက် လေ့လာ နေကြောင်း သိရပါသည်။

ပြီးခဲ့သော ဗုဒ္ဓဟူနေ့ ကတည်းက ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရခိုင်၊ ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသကြီးများ၌ နွေနှင့် မိုးစပါး ဧက ၄၀,၀၀၀ နီးပါး ( ၁၆,၂၀၀ ဟက်တာ ခန့်) ရေလွှမ်းမိုး ခံခဲ့ရကြောင်း           အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စစ်ကိုင်း တိုင်းဒေသကြီး အနောက်မြောက်ပိုင်း အတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် ရှိသော တံတားများ၊ လမ်းများ ပျက်စီးခဲ့ပြီး မန္တလေးနှင့် မြစ်ကြီးနားတို့ကြား ဆက်သွယ် ထားသော ရထားလမ်းကြောင်း သယ်ယူ ပို့ဆောင်ရေးတွေ ရပ်ဆိုင်းသွား ခဲ့ပါသည်။

လူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ရွှေဘိုနှင့် ကသာ မြို့များတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားကြောင်း အစီရင်ခံစာတွင် ပြောထား ပါသည်။

 (Xinhua)
http://www.xinhuamyanmar.com


 သီပေါ ဇူလိုင် ၂၅

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်း မှုကြောင့် နှစ်ပေါင်း (၁၀၀)ကျော်ခန့် ရှိ ရှေးဟောင်း ကွန်ကရစ် တံတား တစ်စင်းကျိုးကျကာ လူတစ်ချို့ရေထဲမျောပါသွားပြီး ၄င်းတို့ထဲ မှ (၃)ဦးသေဆုံးသွား ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများ က ပြောသည်။

ဒုဌဝတီမြစ်ကို ဖြတ်ကာ ဆက်သွယ်ထားသည့် သီပေါရဲစခန်းအနီးမှ ကွန်ကရစ်တံတားသည် ယနေ့ မွန်းလွဲ (၁၂)နာရီခွဲခန့်က ကျိုးကျ ခဲ့ခြင်း ဖြစ်ပြီး ရေကြီးမှု ကို တံတားပေါ်မှ လာကြည့်နေသည့် ဒေသခံ အချို့ ရေထဲမျောပါသွားကြောင်း သိရှိရသည်။

ရေထဲမျောပါသွားသည့် အရေအတွက်မှာ မည်မျှဆိုသည်ကို မသိရှိ ရသေးကြောင်း၊ တံတားအောက်တွင် ပိနေသောလူ (၅)ဦးမှ (၃)ဦးမှာ သေဆုံး သွားကြောင်း၊ ရေထဲ မျောသွားသည့် (၂)ဦးအနက် (၁)ဦးကို ကယ်ဆယ် ရရှိခဲ့ကြောင်းနှင့် တံတားအောက် မြေကြီးထဲတွင် ပိနေသောသူများကို ကရိန်းများနှင့် ရှာဖွေကယ်ဆယ်နေကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်း များကို မီးသတ်၊ ကြက်ခြေနီနှင့် စုပေါင်းကာ မြေတူး စက်တစ်စီး၊ ကရိန်းနှစ်စီးဖြင့် ရှာဖွေရေး လုပ်ဆောင်နေပြီး သေဆုံးသူနှင့် ပျောက်ဆုံး သူ အရေအတွက် ကိုမူ အတည်မပြု နိုင်သးပါကြောင်း ကနေဦး သတင်းရရှိပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



မိုးရေ ကြီးသည့်အတွက် ကျိုးကျနေသည့် သီပေါမြို့နယ်ရှိ နမ့်ပေါင်တံတား (ဓာတ်ပုံ- MOI)
    ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

    ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှု ရေကြီးရေလျှံမှုများကြောင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့ နယ်၌ မြေပြိုကျ ပျက်စီးမှုနှင့် တောင်ကျရေများကြောင့် လူ ၆ ဦးအထိ သေဆုံးမှုများ ရှိနေပြီး ရှမ်းပြည်နယ် သီပေါမြို့ နယ်၌လည်း ယနေ့ နေလည်ပိုင်း အချိန်က ရှေးဟောင်း ကွန်ကရစ်တံတား တစ်စင်း ပြိုကျမှုကြောင့် လက်ရှိအချိန်ထိ လူ ၃ သုံးဦး သေဆုံးပြီး ပျောက်ဆုံး ပျက်စီးမှုများ ဖြစ်ပေါ်နေလျှက် ရှိနေကြောင်း သိရသည်။

ဇူလိုင်လ (၂၄) ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ (၂၅)ရက် နံနက်ပိုင်းအထိ သည်းထန် စွာရွာသွန်းသည့် မိုးကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ် ကျေးရွာ တွင် နေအိမ် (၁) လုံး၊ ဒေါင်းဖုန်း ကျေးရွာ၌ နေအိမ် (၃)လုံး မြေအိပြိုကျ ခဲ့သည်။ တောင်လယ်ကျေးရွာ၌ တောင် ကျရေကြောင့် နေအိမ်(၇)လုံး မျောပါသွားပြီး လူ (၆) ဦး အထိ အသက် ဆုံးရှုံးခဲ့သည်။ မိုးကုတ်မြို့၌ ရေနီမြောင် ရေလျှံသဖြင့် မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့ (၄)ပေ ခန့် ရေနစ်မြုပ်ခြင်း ၊ ရေလွှမ်းမှုကြောင့် လူနေအိမ် (၅) လုံးနှင့် ပရဟိတ ဘုန်ကြီးကျောင်းရှိ ကျောင်းဆောင်ငယ် တစ်ဆောင် ပြိုကျခြင်း၊ မိုးကုတ်-မတ္တရာ ကားလမ်းတွင် တောင်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။ စဥ့်ကူးမြို့နယ် မိုးကုတ်-သပိတ်ကျင်းကားလမ်း၊ လက်ပန်လှ၊ ကျဉ်ကောက်ပေါက်၊ နွယ်ရုံကျေးရွာများတွင် ရေ (၂) ပေခွဲခန့် အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျှက် ရှိသည်။

ရှမ်းပြည်နယ် သီပေါမြို့ လယ်ရှိ နမ့်ပေါင် ချောင်းပေါ်ရှိ  ရှေးဟောင်း ကွန်ကရစ် တံတားတစ်စင်းသည် ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် မိုးရွာသွန်းမှုများပြီး ရေကြီး ရေလျှံမှုကြောင့် ကျိုးကျ ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ပျောက်ဆုံးသူ အရေအတွက် အတိအကျ မရရှိသေးဘဲ ကယ်ဆယ်နေဆဲ အခြေအနေသာ ရှိနေသေးကြောင်း သီပေါမြို့ မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ရာ နေရာများနှင့် အနီးရှိ ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ကျေးရွာအချို့တွင် ပြောင်း၊ မိုးစပါး စိုက်ပျိုးပြီး လယ်ယာမြေများ ရေဝင် နစ်မြုပ်ပြီး လူတစ်ဦး သေဆုံးခဲ့သည်။
တောင်ကျရေကြောင့် ချောင်းငယ်၊ မြောင်းငယ်များ ရေလျှံကာ မူဆယ်မြို့တွင်း မြေနိမ့်ရာ နေရာများဖြစ်သော တရုတ်- မြန်မာ နှစ်နိုင်ငံ ဝင်/ထွက်ပေါက် (နန်းတော်ပေါက်နှင့် ဆင်ဖြူပေါက်) နှင့် အနီး ကျေးရွာတို့တွင် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ရေ ၃ ပေကျော် တိုက်စားမှုကြောင့် မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်ရှိ ပန်ခမ်း သံတံတားဟောင်း တစ်စင်း ပျက်စီးခဲ့သည်။

ရေတိုက်စားမှုကြောင့် လမ်းများ ပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပျက်စီးခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်း၊ ကျေးရွာ အတွင်းရှိ အိမ်များ ရေလွှမ်းခြင်း၊ စိုက်ပျိုးထားသော ပြောင်း၊ စပါးများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လ ၁၉ ရက်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်တွင်  မိုင်းယု ၁ဝ၅ ကျေးရွာ၌ မိုးရေ တိုက်စားမှုကြောင့် Green Luck ဆီဆိုင် အုတ်တံတိုင်း ပြိုကျပြီး အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်တစ်ဦး အုတ်တံတိုင်းပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် သီတင်း (၁) ပတ်ခန့် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ မှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင် ကားများနှင့် ကုန်တင်ကားများ ရပ်နားခဲ့ရပြီး လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


 မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် နှစ်ပေါင်း ၁၀၀ ကျော် ခန့်ရှိသော ကွန်ကရစ်တံတား ယနေ့ ဇူလိုင် ၂၅ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ကျိုးကျခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဒေသခံအချို့သည် ရေစီးပြင်းစွာစီးဆင်းနေသည့် နမ့်ပေါချောင်းအား တံတားပေါ်မှ လာရောက်ကြည့်ရှုနေကြစဉ် တံတားကျိုးကျ၍ ၇ ဦး တံတားပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်။ ၄င်းတို့အနက်မှ သုံးဦး သေဆုံးခဲ့ရပြီး လက်ရှိတွင် ကယ်ဆယ်ရေလုပ်ငန်းများပြုလုပ်လျှက်ရှိကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

“ဒီတံတား အောက်မှာ ရေတွေစီးနေတာအရမ်းကြမ်းလို့ ဒေသခံတွေက လာကြည့်ကြတယ်။ ဒီတံတားရဲ့ အရှေ့ဘက်လောက်မှာလည်း ဒုဋ္ဌဝတီမြစ်ကြီးရှိတယ်။ အဲ့ဒီမြစ်ကြီးကလည်း ရေတွေကြီးပြီးလျှံနေတာနဲ့ ဒီချောင်းကို လာကြည့်ကြတာ။ ကြည့်နေတုန်းမှာပဲ ရေစီးနဲ့အတူ တံတားသံဘောင် နှစ်ခုက ပြုတ်ကျတယ်။ အဲဒီအချိန်မှာ ကြည့်နေတဲ့ဒေသခံ ၇ ဦး ရေထဲပြုတ်ကျသွားပြီး။ သုံးဦးက တံတားပိပြီး နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ ကျန် လေးဦးကို ဆေးရုံတင်ထားတယ်။”ဟု မျက်မြင်တွေ့ရှိသူ သီပေါမြို့နယ်မှဒေသခံ ဦးစိုင်းဝင်းမြင့် ကဆိုသည်။


သေဆုံးသူ သုံးဦးတွင် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မည့် အသက် ၁၇ နှစ် အရွယ် မိန်းကလေး တဦးပါဝင်ပြီး၊ ကျန်ရှိသူ နှစ်ဦးမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ပြီး သီပေါမြို့နယ်မှဒေသခံများဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ပြည်ထောင်စု ဒု-၀န်ကြီး လာကြည့်တယ်လို့ပြောတယ်။ အခုလက်ရှိ တံတား သံဘောင်တွေကို ကရိန်းနဲ့မပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲ”ဟု သီပေါမြို့နယ်မှ ဒေသခံတဦးကဆိုသည်။
ယင်းသို့ သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောကြားခဲ့သော်လည်း ညနေ ၄ နာရီ ခွဲအချိန်ထိ အသေအပျောက်စာရင်းအား အတည်မပြုနိုင်သေးကြောင်း သီပေါမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက News Watch သို့ ပြောသည်။


“သီပေါတံတားကျိုးကျတာ ဟုတ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သတ်လို့ လက်ရှိက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲ၊ အသေအပျောက်စာရင်းကို အတိအကျ မသိရသေးလို့ အတည်မပြုနိုင်သေးဘူး။ တံတားကျိုးကျတဲ့အချိန်က နေ့လည် ၁ နာရီဝန်းကျင်လောက်ကပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ကွန်ကရစ်တံတားသည် သီပေါမြို့မ ရဲတပ်ဖွဲ့စခန်းအနီးမှ နမ့်ပေါချောင်းအား ဖြတ်ကာ သီပေါမြို့ နှင့် နမ္မတူ မြို့အား ဆက်သွယ်တည်ဆောက်ထားသော တံတားဖြစ်သည်။

နေမင်းခ၊ လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ကျိုက်လတ်မြို့တိလောကမာရဇိန် ဘုရားဓမ္မာရုံမှာ ရွေးကောက်ပွဲဆိုင်ရာပညာပေး ဟောပြောပွဲကို ဒီကနေ့နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောင် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာတို့က ပေးပို့ထားပြီး မဝေယံမိုးမြင့်က တင်ပြထားပါတယ်။






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဒီနေ့ကျင်းပခဲ့ပါတယ်။ Photo: ကျော်ဇောဝင်း၊ ထက်အာကာ/RFA

RFA Burmese


    ကျိုက်လတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

    ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံ အနာဂတ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲကနေ နိုင်ငံ အနာဂတ်ကို ပြောင်းလဲနိုင်သည်ကို ယုံကြည်ကြောင်း မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျိုက်လတ်မြို့တွင် ယနေ့ ကျင်းပသော  ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွင် ပြောကြားသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်  သမ္မတ ရာထူးထက် ပြည်သူလူထုကို အကျိုးပြုနိုင်သည့် နေရာ၌ လုပ်ဆောင်နိုင်လျှင် ကျေနပ်ကြောင်း
 ၎င်းကလည်း ဆိုသည်။

  "ပုဒ်မ ၅၉ (စ) ဟာ ကျွန်မတစ်ယောက်ထဲကို သမ္မတ မဖြစ်နိုင်အောင် ရည်ရွယ်ထားတဲ့ ပုဒ်မပါ ကျွန်မ သမ္မတ ရာထူးကို မမက်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် ပြည်သူလူထု တစ်ရာ ရာခိုင်နှုန်း ထောက်ခံပေးရန် လိုအပ်ပြီး အဆိုပါ ပုဒ်မ မပြင်နိုင်ခင် ကာလအတွက် အဖွဲ့ချုပ် စီစဉ်ထားမှုများ ရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရလျှင် အစိုးရ ဘယ်လိုပုံစံနှင့် ဖွဲ့စည်းမည်ကို စဉ်းစား ထားကြောင်း ၄င်းက ဆိုသည်။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့ရှိ တိလောကမာရဇိန် ဘုရားကြီးဝင်း အတွင်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာပြီး လူထုနှင့် ပထမဆုံး တွေ့ဆုံ ဟောပြောခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပြီး အစိုးရ ဖွဲ့နိုင်လျှင် အမျိုးသား ရင်ကြားစေ့ရေးကို ပထမဆုံး လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်နှင့် ပြည်သူကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများ ကြားရင်ကြား စေ့ရေးနှင့် အစုအဖွဲ့များကြား ရင်ကြား စေ့ရေး များကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ရှိလာစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ တရားသူကြီး နှင့် ရှေ့နေများကို အရည်ချင်း မြင့်တင်ခြင်း၊ ရဲတပ်ဖွဲ့ကို အရေသွေးမြင့်ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်း အတွင်းရှိ မြို့များမှ ဒေသံခံထောင်နှင့်ချီ တက်ရောက် ခဲ့ပြီး ဒေသခံအချို့ မေးမြန်းသော မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com

 ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန်ဘုရားဓမ္မာရုံမှာ ဇူလိုင်လ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလူထုဟောပြောပွဲကို ဟောပြောနေစဉ် Photo: Kyaw Zaw Win/ RFA
 တတ်သိပညာရှင်တွေ တော်တဲ့ပုဂ္ဂိုလ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၀င်ရောက်ယှဉ်ပြိုင် ဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံအကျိုးအတွက် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန် ဘုရားဓမ္မာရုံမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလူထုဟောပြော ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီပြင်ပက လူပုဂ္ဂိုလ်တွေအပေါ် ဝေဖန်မှုတွေ ရှိလာတဲ့အတွက် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ ကျမတို့ဖိတ်ခေါ်တယ်၊ တချို့ကနည်းနည်း မကျေနပ်ချင်ဘူး၊ ဒီပုဂ္ဂိုလ်တွေက အစတုန်းက အဖွဲ့ချုပ်ဝင်တွေလည်း မဟုတ်ဘူး၊ အခုမှဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေးမှာလား ဆိုပြီးမေးတဲ့ သူတွေရှိတယ်၊ ဟုတ်တယ် ကျမတို့ပေးရမယ်၊ မိမိတို့ရဲ့ကျွမ်းကျင်မှုအရ၊ မိမိတို့ရဲ့ပညာ အရ နိုင်ငံကိုအကျိုးပြုတယ်၊ နောက်ပြီးတော့ ဒီမိုကရေစီကို ထိပါးအောင် မလုပ်ခဲ့ဘူးဆိုရင် ကျမတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံအတွက်သုံးရမှာဘဲ"

NLD ပါတီသာ အားလုံးအနိုင်ရခဲ့ရင် ၁၉၉၀ ရွေးကောက်ပွဲအပြီးလိုမျိုး တပ်မတော်က အာဏာသိမ်းလိမ့်မယ်လို့ ပြောနေ ကြတာဟာ စစ်တပ်၊ ပြည်သူနဲ့ ဒီမိုကရေ စီစနစ်ကို စော်ကား လိုက်တာဖြစ် ကြောင်း ပြောပါတယ်။ ဒါ့အပြင် NLD ဟာ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထားပြီး အဲဒီလို ကြိုးပမ်းဖို့အတွက် ပြည် သူတွေကလည်း ပါဝင်ကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိတာကြောင့် လူတစ်ဦးမှာ ဆန္ဒမဲတစ်ခုသာရှိတဲ့ အတွက် မဲတစ်ပြားကို အဆုံးရှုံးမခံကြဖို့နဲ့ လှို့ဝှက်မဲစနစ်ဖြစ်တာကြောင့် ကိုယ့်ကြိုက်နှစ်သက်သူကို မဲပေးဖို့ မကြောက် ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံ ၂၀၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မော်ကျွန်းမြို့နယ်ကိုသွားရောက်ပြီး လူထုဟောပြောပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မနေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့ဖြစ်တယ်။

ကွန်မင့်ရေးသူတွေကလည်း ကောင်းကောင်းသတိထားမိကြတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်းမှာ ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင်မက်ဒိုနာလီလီပန်းကို ဆိုလိုပါသတဲ့။ နတ်ဘုရားတွေရဲ့ဘုရင်မHeraဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာပန်းလို့လည်း သတ်မှတ်ထားတယ်။

Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါတယ်။

နောက်ပိုင်းမှာလီလီပန်းကိုအသုဘအတွက်သုံးလာကြပါတယ်။ သေဆုံးပြီးနောက်မှာ Restoration of innocence အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေလို့ ဆိုလိုတာဖြစ်ပါတယ်။

As the flowers most often associated with funerals, lilies symbolize that the soul of the departed has received restored innocence after death.

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ပြည်နယ်ဝန်ကြီး လေးဦးတို့ ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ခဲ့ကြသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း တာဝန်မှ သက်တမ်းမစေ့ခင် အနားယူသွားသော တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဝင်း (ဒု-ဗိုလ်ချုပ်ကြီး(ငြိမ်း)ကိုလည်း လွှတ်တော်က စွပ်စွဲပြစ်တင်သည့် အတွက် အနားပေးခဲ့သည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ပြီးသည့်နောက် ကယားပြည်နယ် ၀န်ကြီးချုပ်သည် ကြံ့ခိုင်ရေး ပါတီနှင့် တတိယမြောက် လမ်းခွဲခဲ့သူဖြစ်သည်။ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၄ခုအနက် ကယားပြည်နယ်မှာ လူစိတ်ဝင်စားမှု အနည်းဆုံး ဖြစ်ခဲ့ရာမှ ရုတ်တရက် နာမည်ကြီးလာခဲ့သည်။

ထိုသို့ဖြစ်ပေါ်လာခဲ့ရခြင်းမှာ နိုင်ငံတော် အစိုးရ အဖွဲ့မှ သမ္မတရုံး ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းသည် ကယားပြည်နယ်ရှိ ဘောလခဲနှင့် ရှားတောတွင် ၀င်ရောက် အရွေးခံရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအဆိုပြုချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုမှ ငြင်းပယ်ခဲ့ပြီးသည့်နောက် ကယားပြည်နယ်သည် နိုင်ငံရေးသမားများ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ ထို့နောက် မရှေးမနှောင်းမှာပင် ပါတီစည်းရုံးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လျော့ရဲသည်ဟုဆိုကာ ကယားပြည်နယ် ၀န်ကြီးချုပ်နှင့် ပါတီဌာနချုပ်ကြားတွင် ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုလို ၀န်ကြီးချုပ်သည် ပါတီမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသည်မှာ ကယားပြည်နယ် ၀န်ကြီးချုပ် ပါတီမှ နုတ်ထွက်ပြီး မကြာခင် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများနှင့် ကယားပြည်နယ် လွိုင်ကော်သို့ လာရောက်ခဲ့သည်။ ကယားပြည်နယ် အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် သမ္မတနှင့် အဖွဲ့ဝင်များကို ကယားပြည်နယ် ၀န်ကြီးချုပ်က လွိုင်ကော် မြို့တော်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထိုအခြေအနေကို ကြည့်ရှုပါက ကယားပြည်နယ် ၀န်ကြီးချုပ်သည် ပါတီနှင့် ပြဿနာ ရှိနေသော်လည်း ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် မည်သည့် ပြဿနာမှ မရှိကြောင်း ပေါ်လွင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော် သမ္မတကြီးသည် ကျန်းမာရေးအရ ၂၀၁၅ခု အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ စာပို့ အကြောင်းကြားထားသည်ဟုလည်း သတင်းများက ထွက်ပေါ်လျက်ရှိသည်။ မည်သို့ပင်ဆိုစေ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သူ့ကိုထောက်ခံသော အင်အားစု တစ်ရပ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တစ်သွေးတစ်သားတည်း ရပ်တည်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဖြတ်သန်းနိုင်ရန်မှာမူ လက်တွေ့အားဖြင့် မလွယ်ကူကြောင်း နိုင်ငံရေး ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။ နိုင်ငံရေး သတင်းရပ်ကွက်တွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ထောက်ခံသော ပြည်ထောင်စုဝန်ကြီး အများစုသည် တစ်ချိန်က နိုင်ငံတော် သမ္မတ အကြံပေး လုပ်ခဲ့သည့် ဒေါက်တာနေဇင်လတ် ဦးဆောင်သည့် အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း "ဒီသတင်းက လက်တွေ့အားဖြင့် မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အပါအ၀င် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူ့အပေါ်မှာ အရမ်း Impressive ရှိမနေလို့ပါ"လို့ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော ၀န်ကြီးတစ်ဦးက ပြောဆိုပါသည်။ တချို့ကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရွေးကောက်ပွဲ မ၀င်နိုင်သော်လည်း သူ့ကိုထောက်ခံသော အင်အားစု အနေဖြင့် ပါတီတစ်ခုထောင်ကာ ရွေးကောက်ပွဲဝင်မည့် အခြေအနေတွင်ရှိကြောင်း၊ ယခုလက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် စိစစ်ဆဲ ပါတီသစ် အမည်စာရင်း ၆ခုရှိပြီး အတည်ပြု ချပေးခဲ့ပါက ဖြစ်နိုင်ခြေရှိကြောင်းလည်း ကြားသိရသည်။

ထိုသို့ ၂၀၁၀ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် အများစုတွင် ပြိုင်ဘက်မရှိ အနိုင်ယူခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရကြားတွင် လည်းကောင်း၊ ပါတီ၏ ကျောထောက်နောက်ခံ ဖြစ်နေသော တပ်မတော်နှင့် ပါတီကြားတွင် လည်းကောင်း ၂၀၁၅ ခုနှစ် နိုင်ငံရေး အခင်းအကျင်းသည် ထင်သလို ဖြစ်မလာခဲ့ပေ။ ထိုအခြေအနေတွင် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သူများ၊ တိုင်းရင်းသားများ၊ အမျိုးသမီး လှုပ်ရှားတက်ကြွသူများ၊ ပညာတတ်များကို ပါတီက ကြွေးကြော်ထားသည့်အတိုင်း တွေ့ဆုံဆွေးနွေးကာ လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံတော်အောက်မှ ၀င်ရောက်အရွေးချယ်ခံရန် စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် မြန်မာနိုင်ငံသားများ ယုံကြည်အားကိုးလျက်ရှိသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အများစုသည် ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ လက်တွဲ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီမှုများ ရခဲ့ပြီဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲ ကာလမှာ ကတည်းက ၈၈မျိုးဆက်ကျောင်းသားတွေက လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ လွှတ်တော်တွင်း နိုင်ငံရေးကိုလည်း သွားမယ့်သူတွေ ရှိပါတယ်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ လွှတ်တော်အတွင်း နိုင်ငံရေးကို ဘယ်အချိန်သွားမလဲ၊ ဘယ်သူတွေ သွားမလဲဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်ဆုံးဖြတ်ပြီးတဲ့ အချိန်ကျရင် ပြောပါ့မယ်ဟု အမြဲတမ်း ကျွန်တော်ပြောနေတဲ့ စကားပါ။ ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ ရွေးကောက်ပွဲကို ၀င်ရတဲ့ ရည်ရွယ်ချက်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၃၆ ပြင်ဆင်ရေးက အဓိက ကျပါတယ်။ ပြည်သူတွေရဲ့ လက်မှတ်၅သန်းနဲ့ လွှတ်တော်ပြင်ပကနေ ပြင်ဖို့ကို ကြိုးစားခဲ့တယ်။ အောင်မြင်မှု မရခဲ့ဘူး။ နောက်ဆုံး လွှတ်တော်ထဲမှာ ဆုံးဖြတ်တဲ့အခါမှာလည်း ရှုံးခဲ့တယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ အင်အားတွေ လိုအပ် တယ်ဆိုတာ သိလာတယ်။ လွှတ်တော်ထဲမှာ အနိုင်ရဖို့ အတွက် ကျွန်တော်တို့ အစိုးရတစ်ခုလိုတယ်ဆိုတာ အချက်ပြလိုက်တာပဲ။ ဆွေးနွေးဖို့ အခွင့်မသာဘူး။ နောက်ဆုံး လွှတ်တော်က ချမှတ်တဲ့ ၆ပွင့်ဆိုင်တစ်ကြိမ်ပဲ လုပ်ခဲ့တယ်။ ရပ်သွားပြီ။ ဘာမှလည်း ဖြစ်မလာဘူး။ တွေ့ဆုံရှင်းလင်းရေးက ရလဒ်ကောင်းတွေ ထွက်တယ်ဆိုတာ သမိုင်းမှာရှိတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ အနိုင်ရအောင် ၈၈မျိုးဆက် ကျောင်းသားတွေ ရွေးကောက်ပွဲ ၀င်ကြရခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ၈၈ မျိုးဆက် ကျောင်းသားများထဲမှ ၁၇ ဦးခန့်မှာ အမျိုးသား ဒီမိုကရေစီ အလံတော်အောက်မှ ရွေးကောက်ပွဲ ၀င်ရောက်ရန် အကြမ်းဖျင်း သဘောတူထားသည်ဟု ဆိုသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည့် ၈၈ ကျောင်းသားများနှင့် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည့် နယ်မြေများမှာ ဦးကိုကိုကြီး (တောင်ဥက္ကလာ)၊ ကိုဌေးကြွယ် (ဗဟန်း)၊ ကိုအောင်သူ (ကမာရွတ်)၊ ကိုဥာဏ်လင်း (ဟင်္သာတ)၊ ကိုပဏ္ဏိထွန်း (ကျိုက်လတ်)၊ ကိုဇော်ဇော်မင်း (ဒိုက်ဦး)၊ မမီးမီး (မအူပင်)၊ မသက်သက်အောင် (ကျိုက်လတ်)၊ မမာမာဦး (လှိုင်)၊ မယဉ်စုမြတ်ရွှေ (မြစ်သား)၊ ကိုတင်ကိုကိုဦး (မြိတ်)၊ ကိုအောင်ရွှေ (ကလေး)၊ ကိုဘကြူ (ကလေး)၊ ကိုလှိုင်ဝင်း (ကျောက်ဆည်)၊ ကိုအောင်ကြည် (ကျောက်ဆည်)၊ ကိုစိန်သောင်း (ဟင်္သာတ)၊ မသီတာငြိမ်း (မလှိုင်)၊ မချိုချိုအောင် (ပြင်ဦးလွင်)တို့အပြင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှ ပေါက်ဖွားလာသော ဗကသ ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုစည်သူမောင်သည် (ကျောက်တံတား) မြို့နယ်မှ လည်းကောင်း၊ ၂၀၀၇ ဗကသ ဒုဥက္ကဋ္ဌ လုပ်ခဲ့သော ကိုအောင်အောင်ကျော်သည် မြောင်းမြမြို့နယ်မှလည်းကောင်း၊ ၂၀၀၇ ရွှေဝါရောင်တွင် ဘလော့ကာအဖြစ် နာမည်ကျော်ခဲ့သော ကိုနေဖုန်းလတ်သည် သင်္ဃန်းကျွန်းမြို့နယ်မှ လည်းကောင်း ၀င်ရောက် အရွေးချယ်ခံရန် အလားအလာများ အားကောင်းလျက်ရှိသည်။ သို့သော် NLDပါတီ ဗဟိုကော်မတီ၏ တရားဝင် အစည်းအဝေး ဆုံးဖြတ်ချက် ထုတ်ပြန်မှသာ မြို့နယ်များ အတည်ဖြစ်မည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀ိုင်းရံလျက်ရှိသော အနုပညာရှင်များအနက် ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို နှင့် အဆိုတော် သျှီတို့သည်လည်း ရွေးကောက်ပွဲ ၀င်ရောက်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းမှ မျှော်လင့်စောင့်စားခဲ့ကြသည်။ သို့သော် ကြည်ဖြူသျှင်က "ဒီနှစ်ရွေးကောက်ပွဲမှာ ကျွန်မအနေနဲ့ ၀င်ရောက် အရွေးချယ်ခံမှာ မဟုတ်ပါဘူး။ ကျွန်မနေထိုင်တဲ့ မြို့နယ်မှာ အရည်အချင်း ပြည့်ဝပြီး အသက်အရွယ်အရလည်း ရင့်ကျက်မှုရှိတဲ့ ကိုဇေယျာသော်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာမြသော် ၀င်ရောက် ရွေးချယ်ခံရင် လိုအပ်တဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို အပြည့်အ၀ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။ ဒါရိုက်တာ ကြည်ဖြူသျှင်နည်းတူ အဆိုတော်သျှီနှင့် ထွန်းအိန္ဒြာဗိုတို့ကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကိုသာ စိုက်လိုက်မတ်တပ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ် မကြာခဏ ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ အတော်များများမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံတော်အောက်မှ ရွေးကောက်ပွဲတွင် ပါဝင်လာပြီဖြစ်သည်။ ထောင်ထဲတွင် နှစ်၂၀ခန့် နေထိုင်ခဲ့ရသည့် ကိုဘိုဘိုဦး အပါအ၀င် ကိုဘမျိုးသိန်း၊ ကိုလှဌေး၊ ကိုကျော်ထွေး၊ ကိုတိုးကျော်လှိုင်၊ ကိုသန်းဌေး၊ မနီမိုလှိုင်၊ တင်မာအောင်၊ နိုင်ဦးစသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများသည်လည်း NLD ပါတီဝင်များ ဖြစ်လာသည့်အလျောက် ရွေးချယ်ခံရန် ပါတီသို့ အသိပေးထားကြောင်း ကြားသိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈ လူငယ် ကျောင်းသားများ ဖြစ်ခဲ့သည့် ကိုသိန်းဆွေ (ဖျာပုံ)၊ ကိုမင်းသူ(မိုးကုတ်)နှင့် ကိုနိုင်ငံလင်း၊ မစန္ဒာမင်း၊ ကိုဖြိုးမင်းသိန်းတို့မှာ ယခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆက်လက် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ယှဉ်ပြိုင်မည့် နယ်မြေများ အပြောင်းအလဲ ရှိသလို လွှတ်တော် အမျိုးအစားများလည်း အပြောင်းအလဲ ရှိလာနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် ပါတီဗဟိုမှ လွှတ်တော် အတွေ့အကြုံရှိသော ကိုနိုင်ငံလင်း၊ ကိုဖြိုးမင်းသိန်းနှင့် မစန္ဒာမင်းတို့အား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ၀င်ရောက် ယှဉ်ပြိုင်စေရန် လျာထားထားကြောင်း ကြားသိရပြီး ဖျာပုံအမတ် ကိုသိန်းဆွေမှာ အမျိုးသား လွှတ်တော်တွင် ဆက်လက် ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရှိရသည်။ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်မှ ရွေးချယ်ခံခဲ့ရသည့် ကိုဇေယျာသော်မှာ နေပြည်တော်တွင်ပဲ ဆက်လက် ယှဉ်ပြိုင်သွားဖွယ် ရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြားသိရသည်။

ထူးခြားချက်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ကတည်းက လက်တွဲခဲ့သည့် CRPPမှ တိုင်းရင်းသား ခေါင်းဆောင်များ ၀င်ရောက်ရွေးချယ်သည့် ဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဟု ကြိုတင်ကတိပေးထားပြီး ဖြစ်သည်။ အကယ်၍သာ CRPP တောင်းဆိုထားသော CNA ခေါင်းဆောင်များ၏ မဲဆန္ဒနယ်ကိုပါ ရှောင်ပေးပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး အလားအလာမှာ အင်မတန် အားကောင်းသွားမည် ဖြစ်သည်။ ထို့ပြင် ပြည်သူများ အထူး လေးစားယုံကြည်မှု ရှိသည့် ဗဟန်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းသည် ယခုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းသတင်းအတွက် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပြီး ပြီးခဲ့သည့် လွှတ်တော် သက်တမ်းအတွင်း ပြည်သူအကျိုးကို မျက်နှာမူ၍ ဆောင်ရွက်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု၍ ဆက်လက်ယှဉ်ပြိုင်သည်ကို မြင်တွေ့လိုကြောင်း တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။ ထိုနည်းတူ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ဖြစ်သူ ဒေါက်တာအောင်သူကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းများကို မြို့နယ်အဆင့်တွင် ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ဗဟို ကော်မတီသို့ ၂၃ရက် နောက်ဆုံးထားတင်ပြရန် အကြောင်းကြားထားကြောင်း သိရသည်။ ယခုလအတွင်းမှာပင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်တော့မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို တရားဝင် သိရှိရတော့မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာသည့် ကျောင်းသားခေါင်းဆောင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အမျိုးသမီးများ၊ တိုင်းရင်းသားများ အားလုံးက ၀ိုင်းရံလာကြသည့် အတွက် ပြဿနာပေါင်းစုံဖြင့် ပဋိပက္ခ သံသရာထဲ ၀ဲလည်လျက်ရှိသော မြန်မာ့နိုင်ငံရေး၏ အနာဂတ်သည် အလင်းတစ်စ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

နဒီရဲရင့်
( Tomorrow သတင်းဂျာနယ်ပါ ဆောင်းပါး )



အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးဇာတိဖြစ်တဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်က ရွေးကောက်ပွဲဝင်မယ်လို့ သူ့အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မိမိ၏ မွေးရပ်ဇာတိဖြစ်တဲ့ ဖြူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြည်သူကို အသိပေးပါကြောင်း ရေးသားဖော်ပြထားတာပါ။

ပါတီဥက္ကဋ္ဌက သူပါဝင်ယှဉ်ပြိုင်မယ့် မြို့နယ်ကို အခုလို ထုတ်ဖော်ကြေညာလိုက်ပေမယ့် ပါတီထိပ်တန်းခေါင်းဆောင်တွေ ၀င်ပြိုင်မယ့် နယ်မြေတွေကို တရားဝင် ကြေညာခြင်းတော့ မရှိသေးပါဘူး။

စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူတွေအပါအ၀င် လူ ၁၄၀ လောက် ကြံ့ခိုင်ရေးပါတီက ၀င်ရောက်အရွေးခံဖို့ စာရင်းပေးထားပြီး ဒီထဲ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ပါဝင်တယ်လို့ ငြိမ်းချမ်းရေးစင်တာတာဝန်ရှိသူတဦးက ပြောပါတယ်။

တခါ အစိုးရအဖွဲ့ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ ကယားပြည်နယ်၊ မြို့နယ် ၂ခုက ၀င်ရွေးဖို့ရှိတာကို ကြံ့ခိုင်ရေးပါတီက ပယ်ချထားပြီး ဒီကိစ္စ နောက်ဆက်တွဲအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးကို ပါတီက ထုတ်ပယ်လိုက်ပါတယ်။

အာဏာရ ကြံ့ခိုင်ရေးပါတီက လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးအတော်များများဟာ ဇာတိမြို့နယ်တွေကနေ ၀င်ရောက်အရွေးခံဖို့ ပြင်ဆင်ထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ပါတီဥက္ကဋ္ဌဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းကပဲ စီစဉ်လုပ်ဆောင်ဖို့ ရှိပါတယ်။

ဦးရွှေမန်း ၀င်ရောက်အရွေးခံမယ့် မြို့နယ်မှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်ဒီ ကိုယ်စားလှယ် ၀င်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်နိုင်ငံရေးအသိုင်းအ၀န်းက ခန့်မှန်းပြော ဆိုနေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/104268


မြန်မာမင်းခေတ် လွှတ်တော်မှာ အမတ်တွေကို အနီရောင်ဝတ်လုံနဲ့ အစိမ်းရောင် ၀တ်လုံဆိုပြီး နှစ်မျိုး အရောင်ခွဲထားတယ်။ ကျွန်တော်တို့ ဇာတ်ပွဲတွေကြည့်ရင်လည်း အနီရောင်ဝတ်အမတ်မင်းတွေနဲ့ အစိမ်း ရောင်ဝတ် အမတ်မင်းတွေဆိုပြီး နှစ်မျိုးကွဲပြား တာတွေ့ကြရလိမ့်မယ်။ ဘာကြောင့် အရောင်ခွဲထားရတယ် ဆိုတာတော့ သိသူရှားပါတယ်။ တစ်လောက တီဗီမှာပြတဲ့ ဇာတ်တစ်ခုမှာ အဲဒီအရောင်ခွဲတဲ့စနစ်ကို မသိဘဲ ၀တ်ချင်သလိုဝတ်ထား လိုက်တော့ လွဲချက်ကယ်နာဆိုသလို ဖြစ်သွားရတယ်။

ဘုရင်ခေတ် လွှတ်တက် ၀န်ကြီးတွေထဲမှာ အစိမ်းရောင် ၀တ်လုံကို ၀တ်လာသူတွေဟာ သာမန်လူတွေ မဟုတ် ဘူး။ ဘုရင့်ဆွေတော်မျိုးတော်၊ မိန်းမဘက်က ဆွေတော်မျိုးတော်တွေကို လွှတ်တော်ထဲထဲ ဆွဲသွင်းလာပြီး အစိမ်းရောင်ဝတ်လုံ ၀တ်ခိုင်းကာ လွှတ်တော်ထဲ ထိုင်ငိုက်ခိုင်းထားတဲ့ အတန်းအစားတွေပေါ့။ အဲဒီ အစိမ်းရောင် ၀တ်လုံကောင်တွေက အရည်အချင်းရှိချင်မှလည်း ရှိမယ်။ လွှတ်တက်ဝန်ကြီး ရိက္ခာတော် စားပြီး ဂုဏ်ရှိလို့ လွှတ်တော်ထဲ လာငိုက်နေကြသူတွေပေါ့။ ဘာပြောပြော ဘုရင့်အရှိန်၊ မိဖုရားအရှိန်တွေနဲ့ လွှတ်တော်ထဲမှာ မောက်ကြွားပြီး စောင့်ကြွားကြွားတော့ နေထိုင်နိုင်ကြတယ်။ ပြီးတော့ အစိမ်းရောင် ၀တ်လုံ ၀တ်ထားတဲ့ အမတ်မင်းတွေဟာ လွှတ်တော်ထဲ ရှေ့တန်းကနေရာ ရကြတယ်။

လွှတ်တော်ထဲမှာ အနီရောင်ဝတ်လုံဝတ်တွေကတော့ သာမန်အမတ်ဝန်တွေ မဟုတ်ဘူး။ အရပ်သားတွေထဲက ပညာတော်လွန်း တတ်လွန်းတာကြောင့် ရွေးချယ်ခန့်ထားတဲ့ သူတွေပေါ့။ ပြည်သူတွေထဲကလာတာဆိုတော့ ပြည်သူ့အကြောင်း ကောင်းကောင်းသိတယ်။ ဘုရင်က တိုင်းရေးပြည်ရေးနဲ့ ပတ်သက်ပြီး အမေးတော်တွေကို အများဆုံး ဖြေနိုင်တဲ့ သူတွေလည်းဖြစ်တယ်။ ပညာရှိ အမတ်တွေဖြစ်ပေမယ့် ဆွေတော်မျိုးတော်တွေ မဟုတ် တော့ လွှတ်တော်ထဲမှာ အနီရောင်ဝတ်လုံတွေက အစိမ်းရောင် ၀တ်လုံတွေရဲ့ နောက်မှာ နေရာ ယူကြရတယ်။

ပဒေသရာဇ်ခေတ်ကတည်းက ပညာမတတ်ဘဲ ဆွေတော်မျိုးတော်ဆိုတဲ့ ဂုဏ်အရှိန်နဲ့ မောက်ကြွားခဲ့တဲ့ အစိမ်းရောင် ၀တ်လုံတွေ ရှေ့တန်းမှာရှိနေခဲ့တယ်ဆိုတာ သိစေချင်ပါတယ်။ အနီရောင်ဝတ်လုံရှင်တွေကလည်း ပညာအရာရော၊ အရည်အချင်းမှာပါ မတောက်ကြွားဘဲ မြှောက်စားခံရပြီး လွှတ်တော်ထဲရောက်ဖို့ မလွယ်တော့ သာမန်လူတွေလို့ ပြောလို့မရဘူး။

ဘာပြောပြော လွှတ်တော်ထဲမှာတော့ ဆွေတော်မျိုးတော် အစိမ်းရောင်ဝတ်လုံရှင်တွေကို ဖယ်ထုတ်လို့ ရမှာ မဟုတ်ဘူး။ အမိန့်တော်ဆိုတာက ရှိနေတာကိုး။ ဒါပေမဲ့ ဘုရင်တွေက သူတို့ အစိမ်းရောင် ၀တ်လုံရှင်တွေဟာ သုံးစားမရတဲ့သူတွေဆိုတာ သိထားတာကြောင့် အနီရောင်ဝတ်လုံတွေကိုပဲ ဦးစားပေးလေ့ရှိတယ်။ အစိမ်းတွေ ကို လွှတ်တော်ထဲမထည့်ရင် စိတ်ကောက်နိုင်တဲ့ မိဖုရားတွေကရှိနေလို့သာ လွှတ်တော်ထဲထည့်ထားရတယ် အဲဒီအစိမ်းဝန်တွေ သုံးစားမရဘူးဆိုတာ မင်းလည်းသိ၊ ပြည်သူလည်းသိတယ်။

လွှတ်တက်ဝန်တွေထဲ အနီရောင်ဝတ်လုံရှင်တွေအားကောင်းမှ တိုင်းပြည်တိုးတက်မယ်။ ငါ့တိုင်းပြည်ကောင်း စားရေးအတွက် အနီရောင်ဝတ်လုံရှင်တွေကို မြှောက်စားရမယ်ဆိုတာ သိမှ တိုင်းပြည်ကောင်းစားမယ်။ အစိမ်း ရောင်ဝတ်လုံတွေကို မလွှဲသာလို့ လွှတ်တော်ထဲ ထည့်ထားရတာတော့မှန်ပါတယ်။ တိုင်းပြည်အရေး ကန့်လန့် ဆွေးနွေး၊ ငါအမတ်၊ ငါဝန်ကြီးဆိုပြီး ထောင်လွှားတာကို ပြည်သူ့ဘဏ္ဍာထဲကနေ ကျခံနေရတာ အလွန်နှမြော စရာကောင်းပါတယ်။

၂၅.၇.၂၀၁၅

Tin Nyunt

အမေရိကန်သမ္မတ ကင်ညာရောက်ရှိ။ (ဇူလိုင် ၂၄၊ ၂၀၁၅)
အမေရိကန်သမ္မတ ကင်ညာရောက်ရှိ။ (ဇူလိုင် ၂၄၊ ၂၀၁၅)

နိုင်ငံတကာ ရာဇ၀တ်တရားခုံရုံး ICC က စုံစမ်းစစ်ဆေးနေတဲ့သူတချို့ အစိုးရအဖွဲ့ထဲမှာ ရှိနေတဲ့ ကင်ညာနိုင်ငံဆီ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမား သွားရောက်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို ဖြေဆိုတာမှာ သမ္မတအိုဘားမားက မြန်မာနိုင်ငံကို နမူနာပေး ပြောဆိုခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုတာနဲ့ ထိတွေ့ဆက်ဆံတာကို ပေါင်းစပ် လုပ်ဆောင်တဲ့အခါ မိမိတို့အတွက် အကောင်းဆုံး အခွင့်အလန်း ရလာပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအတွက် လုပ်ပိုင်ခွင့် ပွင့်လာတာကို တွေ့ခဲ့ရတယ်လို့ သမ္မတအိုဘားမားက ပြောပါ တယ်။ သမ္မတအိုဘားမားဟာ အရှေ့အာဖရိကဒေသ ခရီးစဉ်မတိုင်ခင် BBC သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ အဲဒီလို ပြောထားတာပါ။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးအတွက် အလားအလာတချို့ ရှိလာပြီလို့ မြင်တဲ့အချိန်၊ အမေရိကန်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်သွားချိန်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုပုံမျိုးနဲ့မှ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတခု မဖြစ်သေးပါဘူး လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရှိနေတုန်းပါပဲလို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခရီးစဉ်က တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေရဲ့ လုပ်ဆောင်ချက်ကို ခိုင်မာစေခဲ့ပြီးတော့ အတည် ပြု ထောက်ခံပေးခဲ့တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အဲဒီအခြေအနေက ဒီမိုကရေစီ လမ်းကြောင်းပေါ် ရှေ့ဆက် သွားနိုင်စေခဲ့တယ်လို့ မစ္စတာအိုဘားမားကပြောပါတယ်။

VOA

http://burmese.voanews.com/content/us-president-in-kenya/2878012.html


  ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ အမှုကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ဆက်လက် စစ်ဆေးခဲ့ရာ လူသေ အလောင်းကတွေ့ရတဲ့ DNAနဲ့ တရားခံတွေရဲ့DNA တွေတူ ညီနေတာတွေ့ရှိရကြောင်း ရဲအရာ ရှိနှစ်ဦးက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကော့စမွေခရိုင် တရားရုံးမှာ မနေ့က စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေ တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် MWRN အဖွဲ့က ဦးစိန်ဌေးစန်း က RFA ကို အခုလို ပြောဆို ပါတယ်။

"မနက်ပိုင်းကတော့ ရဲမှုခင်းသိပ္ပံက DNA စစ်ရတဲ့ အရာရှိပေါ့နော် ညနေပိုင်းကတော့ ရဲဆေးရုံက ဓါတ်ခွဲခန်းက CIA စစ်ရတဲ့တစ်ယောက် ဆိုတော့ မနက်ပိုင်းမှာက ဒီ ကလေးသုံးယောက်ရဲ့ဆေးလိပ်တိုကနေရတဲ့ DNA နောက်ပြီး ဒီကလေး သုံးယောက်ရဲ့ DNA တွေ အဲ့ဒါတွေကို စစ်ရတဲ့ ရဲပေါ့နော် ညနေပိုင်းမှာကြတော့ ဒီ အလောင်းကနေ ပြီးတော့ စစ်ရတဲ့ရဲပေါ့နော် သူတို့ရဲ့ အပြောအရကတော့ အလောင်းမှာတွေ့တဲ့ DNA နဲ့ ကလေးနှစ်ယောက်ရဲ့ DNA ကတော့ တူတယ်ပေါ့နော် အဲ့လိုမျိုးစွဲပြီးတော့ ပြောသွား တာပေါ့ ဒီဟာကိုတော့ ပြန်ပြီးတော့ ကျွမ်းကျင်တဲ့ ပညာ ရှင်တွေနဲ့ ပြန်ပြီးတော့ ဖြေရှင်းရမှာပေါ့နော်"

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံရှေ့နေတွေဖက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မှုခင်း သိပ္ပံပညာရှင် ဒေါက်တာဖွန်ထစ်ကို တရားရုံးမှာ သက်သေအဖြစ် တင်ပြခွင့်ပြု ဖို့ တောင်းဆိုခဲ့ရာ တရားရုံးက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

အမှုကိုလာမည့် သြဂုတ်လ ၁၈ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးနေ တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



လက်ပံတောင်းတောင် အကြမ်းဖက်မှုအတွက် ဆန္ဒပြခဲ့လို့ မြို့နယ်အသီးသီးမှာ ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရတဲ့ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင် တို့အပါအဝင် ငါးယောက်ကို ဇူလိုင် ၂၃ရက်က အလုံတရားရုံးမှာ ရုံးထုတ်ခဲ့ချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ရွှေညဝါဆရာတော်ကို ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မြန်မာပြည်အတွက် အရမ်းအကြီးတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူထားတာတွေဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်လာစေမှာမဟုတ်သလို ပြည်သူတွေအနေနဲ့ ကိုယ့်ကိုပြန်သတ်မယ့်အစိုးရမျိုးကို မဲမထည့်မိဖို့ အရေးကြီးတယ်လို့ ကိုတင်ထွဋ်ပိုင်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်ကိုရောက်နေတာဖြစ်ပြီး ပြည်သူတွေရဲ့အားဟာ မှန်ကန်တဲ့ဘက်မှာ ကျရောက်နိုင်ဖို့အတွက် ပြည်သူတွေအသိနဲ့သတိ ရှိရမယ်လို့ ရွှေညဝါဆရာတော်က မိန့်ခဲ့ပါတယ်။ မဲထည့်ရုံမဟုတ်ဘဲ မဲရွေးမမှားကြဖို့လည်း ဆရာတော်က သတိပေးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ တာဝန်ကျေပွန်စွာနဲ့ မဲပေးကြဖို့နဲ့ နိုင်ငံအပြောင်းအလဲအတွက် တာဝန်မဲ့ပြည်သူတွေ မဖြစ်စေချင်တဲ့အကြောင်းကိုလည်း မဲပေးခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ရုံးထုတ်စစ်ဆေးချိန်မှာ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ၄ဝဝ ကျော်လောက် ထောင်ထဲမှာရောက်နေပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ဖမ်းဆီးထားတာဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ အစိုးရသစ်တစ်ရပ်ပေါ်အောင် လုပ်ဆောင်နေတဲ့ လက္ခဏာမဟုတ်ဘူးလို့ ပြောလာသူကတော့ ကိုနေမျိုးဇင်ပါ။

Kamayut Media

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေကို သူတို့ သက်တမ်း ကုန်ဆုံးချိန် အထိပြည်ခိုင်ဖြိုး ပါတီကနေ ပထုတ်ထားမယ့် ပြင်ဆင်ချက် ဥပဒေကြမ်း တစ်ခုကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းဖို့ကြိုး စားနေပါတယ်။

အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီ ဥပဒေ ကြမ်းသာ ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့မယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ဟာ သူ့ သမ္မတ သက်တမ်းကာလ တစ်လျှောက် ပြည်ခိုင်ဖြိုး ပါတီဆီကို လုံးဝ ပြန်လာ နိုင်တော့မှာ မဟုတ်တဲ့အပြင် အခြားပါတီ တစ်ခုခုကနေလည်း ရွေးကောက်ပွဲဝင်လို့ ရနိုင်မှာ မဟုတ်ပါ ဘူး။

ဒါတင်မက အခြားပါတီ တစ်ခုခုကို တည်ထောင်ပြီးလည်း ရွေးကောက်ပွဲဝင်နိုင်မှာ မဟုတ်ပါဘူး။ သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက် တဲ့ပြည်သူ့ လွှတ်တော်ရဲ့ အဲဒီ ဆောင်ရွက် ချက် ဘယ်လောက် ခရီးပေါက်နေပြီလဲ၊ အောင်မြင်မှုရော ရနိုင်မှာလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သမ္မတ၊ ဒုသမ္မတ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီလုပ်ငန်း ဆောင်ရွက်နိုင်မှုနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ မှာ “နိုင်ငံတော် သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတများ သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတ များအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဆိုပြီး ဖော်ပြထားပါတယ်။

ဒါက သမ္မတ တာဝန်ထမ်းဆောင်ချိန် ပါတီနိုင်ငံရေးနဲ့ ရှုပ်ထွေးမှု မရှိအောင် ပြဋ္ဌာန်းချက်ပါ။ တစ်ဆက်တည်း အရင် စစ်အစိုးရဟာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ချိန် လုပ်ကိုင်ဆောင်ရွက်နိုင်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပုဒ်မ ၇ (ခ)။ မှာ ခုလို ဖော်ပြထားပါတယ်။

“ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် နိုင်ငံရေး ပါတီ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံခဲ့ သူ ဖြစ်လျှင် သော်လည်းကောင်း၊ သီးခြား တာဝန်ပေးအပ်ခံခဲ့ရသည့် နိုင်ငံသား တစ်ဦး ဖြစ်လျှင် သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ ငှာရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့် ရှိသည်” လို့ ဆိုထားပါတယ်။

အဓိပ္ပာယ်ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေမှာ ဝင်မပါနဲ့၊ ဒါပေမယ့်ရွေးကောက်ပွဲ ကာလ ကျရင်တော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတိုင်း ကိုယ်ကြိုက်နှစ်သက်ရာ ပါတီတွေကနေ ရွေးကောက်ပွဲ ဝင်နိုင်တယ်၊ ပါတီ စည်းရုံးရေး လုပ်နိုင်တယ်လို့ ဆိုထားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ အများအပြား ပါပေမယ့် ဒီ ပြဋ္ဌာန်းချက် နဲ့ ဒီဥပဒေ လိုက်လျောညီထွေရှိ၊ သဘာဝကျတာ တွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ပြည်ခိုင်ဖြိုးပါတီတွင်းမှာ ပြင်းထန်တဲ့ အကွဲအပြဲတွေ ဖြစ်လာတဲ့အခါ တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက်မှုတွေ၊ ပါတီတွင်းက ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။

အဲဒီ အထဲက ထင်ရှားတာကတော့ အခု ဆွေးနွေးနေတဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ပြင်ဆင်ဖို့ ကြိုးပမ်းခြင်းပါ။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ဘက်က “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ ” စာသားနေရာမှာ “ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး လုပ်ငန်းများ” ဆိုပြီး ပါတီဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်ဖို့ ကြိုးစားခြင်းပါ။

ပါတီ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်နိုင်ပြီဆိုတာနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲ ကာလတင်မက အစိုးရသက်တမ်းကာလ တစ်လျှောက်လုံး ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်ထားပြီး ဖြစ်မယ့်အပြင်၊ အခြားပါတီ တစ်ခုခုမှာတောင် ပါဝင်လို့ မရဖြစ်သွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သား အမတ်တွေ ကန့်ကွက်ခဲ့ပေမယ့် ဒီပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဘက်က အတည်ပြုခဲ့ပါ တယ်။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်တွေတောင် ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီလို သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးက ထုတ်ပယ်သလို လုပ်ကိုင်တာ၊ ရွေးကောက်ပွဲမှာ ပါတီတစ် ခုခု ကျောထောက်နောက်ခံနဲ့ ဝင်ပြိုင်လို့ မရအောင် လုပ်တာကို ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ဘက် ကတော့ သဘောမတူ ပယ်ချခဲ့ပါတယ်။

တပြိုင်နက်တည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ကြေညာရင်း သမ္မတနဲ့ အစိုးရအဖွဲ့တွေ ပါတီစည်းရုံးရေး လုပ်ခွင့်ရှိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အမျိုးသား လွှတ်တော်ဘက်က သဘောမတူ ပယ်ချခဲ့တဲ့ အဲဒီ ဥပဒေကြမ်း ဇူလိုင် ၂၂ ရက် မှာတော့ ပြည်သူ့လွှတ်တော် ဘက် ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း တပ်မတော်သား အမတ် က ဦးဆောင် ကန့်ကွက်ပါတယ်။ ဒီတစ်ကြိမ် အဲဒီအချက် ကို မဲခွဲဆုံးဖြတ်တော့ စက်ခလုတ် နှိပ်ပြီး ဆုံးဖြတ်ပါတယ်။

ဒါကြောင့် သမ္မတ ဦးသိန်းစိန်ကို ပါတီ ကျောထောက်နောက်ခံ တစ်ခုခုနဲ့ ရွေးကောက်ပွဲဝင်ပြိုင်လို့ မရအောင် ကန်ထုတ်တဲ့ လုပ်ရပ်ကို ဘယ်သူတွေ ထောက်ခံ ဘယ်သူတွေ ကန့်ကွက်သလဲ မမြင်ရတော့ပါဘူး။

မဲရေတွက်တော့ ပြင်ဆင်ချက်ကို ထောက်ခံသူ ၁၇၇၊ ကန့်ကွက် ၁၂၈၊ ကြားနေ ၁၁ မဲ ဖြစ်တာကြောင့် အခုတစ်ကြိမ် ကန့်ကွက်တာမှာ တပ်မတော်သား အမတ်တွေတင်မက အင်န်အယ်လ်ဒီလို အတိုက်အခံပါတီ အမတ်တွေပါ ပါဝင်လာပြီလို့ မှန်းဆရ ပါတယ်။

ပထမတစ်ကြိမ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ ဒီပြင်ဆင် ချက် အတည်ပြုရာမှာ အင်န်အယ်လ်ဒီ အမတ်တွေ ထောက်ခံခဲ့တဲ့ အမှားကို ပြန်လည်ပြင်ဆင် လိုက်ပုံလည်း ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်ထဲက သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အမတ်တွေရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အုပ်စု ကို ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်၊ ရွေးကောက်ပွဲမှာ ပါတီတစ်ခုခု ကျောထောက်နောက်ခံနဲ့ ဝင်ပြိုင်လို့ မရအောင် တားမြစ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ် ဆုံးခန်း မတိုင်သေးပါဘူး။

အခု ဆုံးဖြတ်ချက်ဟာ အမျိုးသားလွှတ်တော်နဲ့ သဘောထား ကွဲလွဲနေတာမို့ ပြည်ထောင်စု လွှတ်တော်ထဲမှာ မဲခွဲအဆုံးအဖြတ် ရယူရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင် ရက်ပိုင်းအတွင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော်ထဲကပြည်ခိုင် ဖြိုး အမတ်တွေရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့တွေကို ပြည်ခိုင်ဖြိုး ပါတီထဲက ပထုတ်ထားမယ့် ကြိုးစားအားထုတ်မှု အောင်မြင်မှု၊ ရ မရ မြင်တွေ့ကြရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
- See more at: http://mizzimaburmese.com/article/2300#sthash.mom6bZiV.7Gb0wWnv.dpuf

 yaypu-620 မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်စဉ်

မိုးကုတ်မြို့နယ် ရေပူကျောင်းတိုက်ဆရာတော် လွတ်မြောက်ရေးအတွက် ဒေသခံတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲကို ဗီဒီယိုဖိုင်ရိုက်ကူးပြီး အခွေထုတ်ထားတဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ်ရဲစခန်းက ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲအခွေကို "ပတ္တမြားမြေမှ သာသနာ့တိုက်ပွဲ"ဆိုတဲ့ နာမည်ပေးပြီး မှတ်တမ်းအဖြစ် သိမ်းထားတာကို ဇူလိုင် ၁ဝ ရက်နေ့မှာ ဦးကျော်ဆွေလတ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးသွားတာလို့ တောင်သူလယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့ (အထက်မြန်မာပြည်) အဖွဲ့ဝင် ဦးမျိုးဝေက ပြောပါတယ်။

"မိုးကုတ် ရေပူကျောင်းဆရာတော်ကို လွတ်မြောက်ရေးအတွက်ကို ဆန္ဒပြတော့ ကျနော်တို့တစ်ဖွဲ့လုံးပေါ့နော် ကျနော်တို့ သွားပြီးအားဖြည့်ပေးခဲ့တယ်၊ အဲ့ဒီမှာ သူကဗီဒီယို ရိုက်ခဲ့တယ်ဗျာ၊ အဲ့ဒီဗီဒီယိုနဲ့ နေပြည်တော်မှာ သူကအခွေလေးဖြစ်ဖြစ် မှတ်တမ်းတင်တဲ့အခွေပေါ့လေ၊ နေပြည်တော်ရဲရယ်၊ နောက်တစ်ခါ နေပြည်တော် ဗီဒီယိုကင်မရာအက်အဖွဲ့ပေါ့လေ သူတို့ကဖမ်းတာပေါ့၊ ၁ဝ ရက်နေ့ ညနေ ၅ နာရီလောက်မှာဖမ်းတာ၊ ခေါင်းစဉ်ကတော့ ဗီဒီယိုအက်ဥပဒေပေါ့နော် သူကနေပြီးတော့ ခေါင်းစဉ်တပ်ထားလိုက်တာ "ပတ္တမြားမြေမှ သာသနာ့တိုက်ပွဲ" ဆိုပြီးတော့ ဦးကျော်ဆွေလတ် ကရေးတာ"

ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ)ဟာ ဆင်ဆာမပါတဲ့ ဗီဒီယိုတိပ်ခွေကို လက်ဝယ်ထားရှိမှုဖြစ်ပြီး ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် တစ်သိန်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဦးကျော်ဆွေလတ်ကို နေပြည်တော် ဗီဒီယိုဆင်ဆာအဖွဲ့ ဒုဥက္ကဌ ဦးဇော်မင်းထက်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာလို့ သိရပါတယ်။ လက်ရှိ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ် ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/yaypu-documentary-video-tape-public-protest-07242015120035.html

 govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁ဝဝ ကျော်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာပေး အပ်ခဲ့ပါတယ်။

ထိုးစစ်တွေ ရပ်တန့်ဖို့နဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီးတောင်းဆိုတာလို့ ဒေါ်သိန်နီဦးက ပြောပါတယ်။

"ပူတာအို ဆူတာမိုဆိုရင် ဆက်ပြေးစရာနေရာမရှိတော့ဘူး၊ သူက တစ်ဘက်ပိတ် နေရာလေ၊ ရှိတဲ့နေရာကို တပ်ရင်း ၁၇ ရင်းကပိတ်လိုက်ပြီဆိုရင်ပဲ သူတို့သည် တောကြီးထဲမှာပဲနေရုံပဲ၊ တခြားနိုင်ငံထဲကိုလည်း ကူးစရာနယ်စပ်မရှိဘူးပေါ့နော်၊ ဆိုတော့ တကယ့်ကို ရွာသားအားလုံး ဒေသခံအားလုံးရဲ့ အသက်ရှင်နေ ထိုင်ရေးက အင်မတန်အန္တရာယ်များနေပါတယ်၊ စာချုပ်နဲ့ သမ္မတကို လက်ရှိ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေရော ထိုးစစ်တွေအကုန်လုံးကို ချက်ချင်းရပ်ပေးပါ၊ ရပ်ပေးပြီးတဲ့အခါမှာ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တကယ်စစ်မှန် တဲ့ငြိမ်းချမ်းရေးဖြစ်အောင် ဆွေးနွေးပေးပါ၊ အဲ့ဒီအခါမှာ ချန်ခဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ တအောဝ်းပလောင်အဖွဲ့အစည်းကိုလည်း ပါဝင်ခွင့်ပေးပါ၊ နောက်ပြီးတော့ KIO ကိုလည်း ဆက်ပြီးတော့ ပါဝင်ခွင့်ပေးပြီးတော့မှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက်လုံးမှာ မည်သည့်စစ်ရေးလှုပ်ရှားမှု မည်သည့်စစ်ပွဲကိုမှမလုပ်ပဲနဲ့ ရပ်ဆိုင်းပေးပါလို့ ကျမတို့က တောင်းဆိုထားပါတယ်"

လက်ရှိ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့နယ်က ကျေးရွာ ၂ဝ ကျော်က လူဦးရေတစ်ထောင်ကျော်လောက်ကို အကူအညီပေးဖို့အတွက် လုံခြုံရေးအရ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ထိုးစစ်ဆင်မှုတွေရပ်တန့်ဖို့ အိတ်ဖွင့်ပေးစာကို ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်းမင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တို့ကတဆင့် ပေးပို့ခဲ့တာလို့ သိရပါတယ်

RFA
http://www.rfa.org/burmese/news/kachin-war-stop-latter-send-07242015113111.html

(၁)

လွန်ခဲ့သော နှစ်ပေါင်းများစွာက.

ဂဠုန်ဦးစော ရဲ့သမီးမင်္ဂံလာဆောင်ခါနီးမှာ..

လီလီပန်းတွေလို လို့ဆိုတဲ့အတွက်..

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ..

မိခင်..ဒေါ်ခင်ကြည်က ခွင့်လွှတ်နားလည်စွာနဲ့..

ခြံတံခါးဖွင့်ပေးပြီး ခြံထဲမှာစိုက်ထားတဲ့...

လီလီပန်းတွေကို စိတ်တိုင်းကျ..

ခူးဆွတ် စေခဲ့တယ်...၊

---------------------

(၂)

ဒေါ်အောင်ဆန်းစုကြည် ..

အကျယ်ချုပ်ကလွတ်လာတော့လဲ..

အဲဒီအတိုင်းပဲ...

သူ့ဖခင်ကိုလုပ်ကြံတဲ့ ဂဠုန်ဦးစောရဲ့မိသားစုနဲ့

ပတ်သက်ပြီး ခွင့်လွှတ်နားလည်တဲ့အကြောင်း..

ပြောဆိုပြီး တစ်ဖက်မိသားစုကို..

စိတ်အေးချမ်းမှုပေးခဲ့ပြန်တယ်..

ကျွန်တော်တို့ တွေ ချီးကျူးမိတယ်..

----------------------

(၃)

အခုလဲ...သူမရဲ့ အသက်ကို ရန်ရှာယုံမက..

နည်းပေါင်းစုံနဲ့ သူမကို တိုက်ခိုက်ခဲ့တဲ့..

တာဝန်အရှိဆုံး သူ ကွယ်လွန်သွားတဲ့အချိန်မှာလဲ..

သူမှဟာ လူမှုရေးစိတ်ဓာတ်အပြည့်နဲ့..

ဦးအောင်သောင်ရဲ့ နာရေးကိုသွားခဲ့ပြီး..

ကျန်ရစ်သူမိသားစုကို နှစ်သိမ့်ခဲ့တယ်..၊

ကျွန်တော်တို့တွေ လေးစားရပြန်တယ်..

---------------------

(၄)

ရှင်းလင်းတဲ့ တစ်ချက်က..

ဒေါ်စုဟာ ဒီပဲရင်းကိစ္စအပါဝင်..

သူမကို နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ခဲ့တာတွေကို..

ဘယ်သူ့ကိုမှ...ဘယ်မီဒီယာကိုမှ...

အသေးစိတ်ဖွင့်ဟ ပြောဆိုတာကို..

ကျွန်တော်တို့ တွေ ခုထိမတွေ့ခဲ့ကြရပါဘူး..

အခုလိုမျိုး ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာတောင်..

သူမသာဆန္ဒရှိရင်..မဲဆွယ်တဲ့သဘောနဲ့..

စစ်အာဏာရှင်တွေရဲ့ နှိပ်ကွပ်မှုတွေကို..

ဖွင့်ဟပြောဆိုလိုက်တာနဲ့တင်..

ပြည်သူတွေအားလုံးကို..သွေးဆူစေမဲ့အပြင်..

ပြည်သူ့စိတ်နှလုံးကို..သိမ်းကျုံးဆွဲဆောင်တဲ့

အမြတ်ထုတ်မှုမျိုးတွေကို သူမလုပ်ခွင့်ရှိပေမဲ့..

သူမ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး..၊

မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်ပါ...

----------------------------

(၅)

အစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေ..၊

ဗိုလ်ချုပ်ကြီးတွေနဲ့ အာဏာရှင်ဟောင်းတွေဟာ..

သူတို့ရဲ့ ဆရာသခင်၊ သူတို့ရဲ့ ၀ါစဉ်ကြီးနောင်တော်ဖြစ်တဲ့

ဦးအောင်သောင်းရဲ့ နာရေးအိမ်ကို..

လူမသိသူမသိ ခိုးကြောင်ခိုးဝှက်သွားပြီး..

သတင်းအမှောင်ချနေချိန်မှာ..

ဒေါ်အောင်ဆန်းစုကြည်ကတော့..

သူမကို အငြိုးအတေးအရှိဆုံး ..

ထိပ်သီးတစ်ယောက်ဖြစ်တဲ့..

ဦးအောင်သောင်းနာရေးအိမ်ကို...

တည်ငြိမ်ရိုးသားစွာပဲသွားရောက်ခဲ့ပြီး..

ကျန်ရစ်သူတွေကို နှစ်သိမ့်ခဲ့တာဟာ..

ဘယ်သူမှမထင်မှတ်တဲ့..

အဖြစ်အပျက်တစ်ခုဖြစ်သွားလေတယ်

-------------------------------

(၆)

တစ်ချိန်တုန်းက..

သူမရဲ့အမေဒေါ်ခင်ကြည်ရဲ့

ဂဠုန်ဦးစောမိသားစုအပေါ် ခွင့်လွှတ်ခြင်းရဲ့..

သင်္ကေံတတစ်ခုဖြစ်တဲ့..

လီလီပန်းတွေကို...

အခု ဒေါ်စုကပေးအပ်ခဲ့တဲ့..

ဦးအောင်သောင်းအတွက်လွမ်းသူပန်းခွေမှာ..

တွေ့ရတဲ့အတွက် ဒေါ်စုကို ပိုပြီးလေးစားမိတယ်။

လှိုက်လှိုက်လှဲလှဲဂုဏ်ယူမိတယ်..

------------------

(၇)

အဲဒီလိုမျိုး သည်းခံခြင်းတရားနဲ့ပြည့်စုံပြီး..

သင်ပုန်းချေတတ်တဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ရဲ့..

စိတ်ထားမြင့်မြတ်မှုကိုကြည့်ပြီး...

ကျွန်တော်တို့ ၀မ်းနည်းရတယ်..၊

စိတ်မကောင်းဖြစ်ရတယ်..၊

ကျွန်တော်တို့ဟာ..

ဒီလိုမျိုးခေါင်းဆောင်ကို..

ဆုံရှုံးခံလို့မဖြစ်ဘူး..

လက်လွတ်ခံလို့မဖြစ်ဘူး..ဆိုတာ..

အားလုံးနားလည်စေချင်ပါတယ်

(Pa Yit)

ထိုင်းနိုင်ငံ အပန်းဖြေကျွန်းပေါ်တွင် ယခင်နှစ်က အသတ်ခံခဲ့ရသည့် ဗြိတိသျှခရီးသည်နှစ်ဦး၏ နောက်ဆုံးအချိန်နာရီများကို ဒါဇင်ခန့်ရှိသည့် လုံခြုံရေး ကင်မရာများဖြင့် ခြေရာခံခဲ့ကြသည်ဟု ၎င်းဗြိတိသျှတို့အား သတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာလူငယ် နှစ်ဦး၏ အမှုကို ပြန်လည် စတင်ချိန်အတွင်း တရားရုံးသို့ ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

ဗြိတိသျှခရီးသွားများဖြစ်ကြသည့် ဟာနာ ၂၃ နှစ်နှင့် ဒေးဗစ် ၂၄ နှစ် တို့သည် ပြီးခဲ့သည့် နှစ် စက်တင်ဘာတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး အက်ဒမန် ပင်လယ်အတွင်းရှိ ထိုင်းနိုင်ငံပိုင် ကျွန်းတစ်ကျွန်းဖြစ် သည့် ကျောပိုးအိတ်ခရီးသည်များ၊ ရေငုတ်သမားများကြောင့် နာမည်ကျော်ကြားသည့် ခိုတောင်ကျွန်းကမ်းခြေတွင် ၎င်းတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့ သတ်ဖြတ်မှုက ဗြိတိန်နိုင်ငံတ၀ှမ်း ဒေါသထွက်စေခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အပေါ် ဆက်ဆံပုံတို့အကြောင်း မေးခွန်းများ ထွက်ပေါ် လာစေခဲ့သည်။

အဆိုပါ လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလူငယ် နှစ်ဦး၏ အမှုတွဲကို ဇူလိုင်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စတင်ခဲ့ပြီး ၀စ်သရစ်နှင့် မီလာတို့ နှစ်ဦး မသေဆုံးမီ နာရီပိုင်းအလိုတွင် ကျွန်းငယ်လေးပေါ်ရှိ အရက်ဆိုင် ၂ ဆိုင်သို့ သွားခဲ့သည့် နောက်ဆုံး လှုပ်ရှားမှု ပုံရိပ်များ ပြသသည့် CCTV ရုပ်သံမှတ်တမ်း အကြောင်း ရဲတပ်ဖွဲ့က တရားရုံးကို ပြောပြခဲ့သည်။ ကျွန်းပေါ်ရှိ လမ်းတစ်လျှောက် တပ်ဆင်ထားသည့် ကင်မရာ ၁၇ လုံးက စုံစမ်းရှာဖွေသူများ အနေဖြင့် ဗြိတိသျှစုံတွဲ၏ လှုပ်ရှားမှုများ ခြေရာခံနိုင်ရန် ကူညီခဲ့သည်ဟု စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တိုင်း အမှတ် ၈ အကြီးအကဲ ရဲမှူးကြီး ချာပုန်း ချူးပရီချာက တရားရုံးသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မီလာနှင့် ၀စ်သရစ်တို့သည် အရက်ဆိုင် တစ်ခုတည်းတွင် အတူရှိနေ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့ သူငယ်ချင်းများနှင့် သီးခြားစီ ထွက်ခွာ သွားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ စုံတွဲ၏ အလောင်းများ တွေ့ရှိခဲ့သည့် နေရာနှင့် အနီးဆုံးဖြစ်သည့် ဆိပ်ခံဘော တံတားပေါ်မှ CCTV မှတ်တမ်းကိုမူ ရဲတပ်ဖွဲ့က မစစ်ဆေးရသေးကြောင်း ကြာသပတေးနေ့ ဇူလိုင်လ ၂၃ ရက်နေ့က အပြန်အလှန် စစ်ဆေးမေးမြန်းမှု အတွင်း အဆင့်မြင့် စုံစမ်းစစ်ဆေးရေး ရဲအရာရှိ ရဲမှူးကြီးချာပုန်း ချူးပရီချာက ခိုဆာမွေတရားရုံးကို ပြောဆိုခဲ့သည်။

ဆိပ်ခံဘောသည် ဗြိတိသျှ အားလပ်ရက်လည်ပတ်သူများ၏ ရုပ်ပျက်ဆင်းပျက် အလောင်းများတွေ့ရာ ကမ်းခြေနှင့် နီးကပ်နေပြီး ကျွန်းမှ အ၀င်အထွက် လမ်းကြောင်းလည်း ဖြစ်သည်။

”ရဲတပ်ဖွဲ့က CCTV မှတ်တမ်းကို စစ်ဆေးသလားလို့ ကျွန်တော်မေးခဲ့တယ်။ မစစ်ဆေးဘူး၊ ရဲတပ်ဖွဲ့က မှတ်တမ်းကို သိမ်းဆည်းတယ်၊ ဒါပေမယ့် စုံစမ်း စစ်ဆေးရေးသမားတွေက ဒီအဓိကနေရာက မူခင်းနှင့် မသက်ဆိုင်ဘူးလို့ ထင်ခဲ့ကြတယ်လို့ သူ (မျက်မြင်သက်သေ) က ပြန်ဖြေတယ်။” ဟု နံနက်ပိုင်း ရုံးချိန်အပြီးတွင် စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး၏ ရှေ့နေ နာခွန် ချွမ်ဖူချတ်က AFP ကို ပြောပြသွားခဲ့သည်။

သတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် မကြာခင်တွင် ရေယာဉ်ငယ်တစ်စင်း ကျွန်းမှ ထွက်ခွာသွားသည်ကို မြင်ရသည်ဟုလည်း တရားခံရှေ့နေ က ပြောခဲ့သော်လည်း ထိုအချက်ကို တာဝန်ရှိ အရာရှိက အတည်မပြုနိုင် ခဲ့ချေ။

ထိုင်းရဲတပ်ဖွဲ့၏ စွမ်းရည်မပြည့်ဝမှုနှင့် သက်သေများအပေါ် စီမံကိုင်တွယ်မှု မှားယွင်းကြောင်း တရားခံရှေ့နေများက စွပ်စွဲခဲ့သည့်နောက် အရေးကြီး သည့် DNA သက်သေများတွင် ယုံကြည်စိတ်ချရမှုကို မိမိတို့ အထူးဂရုပြု မည်ဖြစ်ကြောင်း တရားခံရှေ့နေများက အစောပိုင်း ပြောဆိုမှုများ ရှိခဲ့လေသည်။ သူတို့သည် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများဖြစ်သဖြင့် ကိုယ်စားတရားခံများအဖြစ် အသုံးချခံရခြင်းဖြစ် သည်ဟု လူ့အခွင့်အရေး အဖွဲ့ ကလည်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ဝစ်သရစ်၏ ရုပ်အလောင်းနှင့် သံသယရှိသူနှစ်ဦးကို ဆက်စပ်ပေးမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည့် DNAနမူနာများအပေါ် ငြင်းခုံနေခြင်းက အမှု၏ ဗဟိုချက်မ ဖြစ်သည်။ အချို့မှာ ပျောက်ဆုံးနေခြင်း သို့မဟုတ် အသုံးပြု လိုက်ခြင်း အပါအ၀င် ဒီအင်အေနှင့် ပတ်သက်၍ ကွဲလွှဲဖော်ပြချက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင်မူ အဆိုပါ ဖော်ပြချက်ကို ရုပ်သိမ်းခဲ့ပြီး DNA နမူနာများ ပျောက်ဆုံးခြင်းမရှိဟု ဆိုခဲ့သည်။ အမှုတွင် ကျန်ရှိနေသည့် ဆေးမှုခင်းဆိုင်ရာ သက်သေကို ထိုင်းတရားရေး ၀န်ကြီးဌာနအောက်ရှိ ဗဟိုဆေးမှုခင်းဌာနတွင် ပြန်လည် စစ်ဆေးရန် အတွက် ပေးပို့ရန် ဆာမွေကျွန်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

”ရဲတပ်ဖွဲ့က စုဆောင်းထားတဲ့ DNAကို ကြည့်ဖို့ တောင်းဆိုတဲ့အပေါ် ဘာ တိုးတက်မှုမှ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။” ဟု အမှုတွဲ မစတင်မီတွင် တရားခံရှေ့နေ နာခွန် ချွမ်ပူချတ်က ရိုက်တာသို့ ပြောဆိုသွားခဲ့သည်။

စွပ်စွဲခံထားရသူနှစ်ဦး၏ မိခင်များက အမှုစစ်ဆေးမှု စတင်ချိန် တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ရောက်လာ ခဲ့သည်။ တရားရုံးအပြင်ဘက်တွင် ကိုဝင်းဇော်ထွန်း၏ မိခင်ဖြစ်သူ စိတ်ခံစားနေရသည့် ဒေါ်မြသိန်းက သူမ၏ သားဖြစ်သူမှာ ယခင်က တစ်ခါမျှ ဒုက္ခမရောက်ဖူးကြောင်း၊ သူ၏ မိသားစုကို ထောက်ပံ့ရန် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ငွေရှာထွက် သွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

PKT
The Ladies News Journal

မဇ္ဈိမ

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ “ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း” ပြဌာန်းနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ ဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာရော အမျိုးသား လွှတ်တော်မှာပါ ဆွေးနွေးခဲ့ကြပြီး သဘောထား ကွဲလွဲမှု တစ်ချို့ ရှိခဲ့ပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ လုပ်ဖို့ လိုတာက သဘောကွဲလွဲတာတွေကို ဆွေးနွေး၊ ပြီးရင် မဲခွဲ အတည်ပြု ဆုံးဖြတ်ဖို့ပါပဲ။ ဒါပေမယ့် တကယ့် လက်တွေ့ အဲဒီ အခြေအနေ ရောက်မလာသေးပါဘူး။ ဒီ ဥပဒေကြမ်းဟာ ဘယ်လို ဥပဒေကြမ်းလဲ၊ သူ့ရဲ့ နောက်ခံက ဘာလဲ၊ ဒီ ဥပဒေကြမ်း ပြဌာန်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က ဘယ်လို သဘောထားနေကြပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ မှာ ခုလို ဖော်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လ်လည် ရုပ်သိမ်းခြင်း
၃၉၆။ (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့်
တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည် -
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်
ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ
လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
( ခ ) သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်း
တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်
ပတ်သက်သည့်တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ
တင်ပြရမည်၊
( ဂ ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီစုံစမ်းစစ်ဆေးရမည်၊
(ဃ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်
ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း
ချေပခွင့်ပေးရမည်၊
( င ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံ
ရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန်
မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၃၉၇။ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်
စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍
လည်းကောင်း လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်။
ဆိုပြီး ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားသူတွေ အနေနဲ့ တစ်စုံတစ်ရာ အကျင့်သိက္ခာ ပျက်ယွင်းတယ် ဆိုရင် ဒီမိုကရေစီ နည်းအရ ပြည်သူတွေကနေ ပြည်လည် ဖြုတ်ချပိုင်ခွင့် ပေးထားတာပါ။ ဒါပေမယ့်လည်း အရင် စစ်အစိုးရက ဒီ ဖွဲ့စည်းပုံပါ ပြဌာန်းချက်ကို အကောင်အထည် ဖော်မယ့် ဥပဒေ တစ်ရပ်ရပ်ကို ကြိုတင် ရေးဆွဲမသွားပဲ ၂၀၁၁ မှာ ပေါ်လာမယ့် လွှတ်တော်ကို တာဝန်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ခုဆိုရင် လွှတ်တော်သက်တန်း ၄ နှစ်ကျော် ရှိလာပါပြီ။ မကြာခင် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ထပ် လွှတ်တော် အသစ် တစ်ခုတောင် ပေါ်ပေါက်လာပါတော့မယ်။ ဒီလောက် အချိန်တွေကြာခဲ့တဲ့တိုင်အောင်
လွှတ်တော်ကြီးဟာ အခြား ဥပဒေပေါင်းများစွာကို ပြဌာန်းခဲ့ပါလျက်၊ ဒီ ဥပဒေကိုကျမှ ဘာကြောင့် မပြဌာန်းပဲ ထားခဲ့ရသလဲ ဆိုတာပါ။ ပြောရရင် လွှတ်တော် အမတ်တွေဟာ ကိုယ်ဟာ ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုင်ထားရတယ် ဆိုပြီး အခြား မဏ္ဍိုင်တွေကို ထိန်းကျောင်းလိုက်၊ တစ်ခါတစ်ရံ ထိုးနှက်လိုက်၊ တစ်ခါ တစ်ရံ တိုက်ခိုက်လိုက် လုပ်နေရင်း ကိုယ့်ကိုယ် ပြန်ထိန်းကျောင်းမယ့် စနစ်တစ်ခု၊ ဥပဒေ တစ်ခုကိုတော့ မလိုလားဘူး ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ တွေ့နေရပါတယ်။ မင်းတို့အတွက်တော့ ဒီမိုကရေစီ၊ ငါတို့အတွက်တော့ အာဏာရှင် ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။
ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ဆန်းစစ်ကြည့်ရင် လွှတ်တော်ဟာ လက်ရှိ ဖွဲ့စည်းပုံမှာ အလွန့်အလွန် အရေးပါတဲ့၊ မဏ္ဍိုင်တွေ အားလုံးကိုတောင် ထိန်းညှိပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး တစ်ခုလုံးကိုတောင် စွတ်စွဲပစ်တင်တဲ့ ကိစ္စ လုပ်ခဲ့ဖူးပါသေးတယ်။ ဒါဟာ အတော်လေးကို ကြီးကျယ်တဲ့ ကိစ္စပါ။ အဲဒီနောက်ပိုင်း ဖွဲ့စည်းပုံ ခုံရုံးဆိုင်ရာ ဥပဒေတွေကို လွှတ်တော်ဘက်က ပြင်ဆင်လိုက်တာ၊ ပြင်ဆင်ပြီးနောက်မှ ခုံရုံးအသစ်ဖွဲ့တာ လုပ်ထားလေတော့ အဲဒီ ခုံရုံးဟာလည်း အတော်လေးကို စွမ်းအားမရှိတဲ့ ခုံရုံး ဖြစ်နေပါပြီ။ ဒီလိုနည်းနဲ့ လွှတ်တော် အမတ်တစ်ချို့ဟာ လွှတ်တော်ရဲ့ အထက်မှာ ဘယ်သူမှမရှိ၊ မိုးကောင်းကင်ကြီးပဲ ရှိတော့တယ် ဆိုတာမျိုး အထိ ကြွေးကြော်လာတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီ စနစ်ဆိုတာဟာ မဏ္ဍိုင်တွေ တစ်ခုပြီးတစ်ခု ထိန်းကျောင်းကြရတာမျိုးပါ။ ဘယ်အရာကိုမှ အထီးတည်း လွှတ်ပေး၊ အထူးအခွင့်အရေး ပေးထားတာမျိုး မရှိစေရပါဘူး။ လက်ရှိ အခြေအနေ နိုင်ငံတော် သမ္မတ တွေ၊ ဒုသမ္မတ တွေကိုတောင် လွှတ်တော်က စွတ်စွဲ ပစ်တင်နိုင်ခွင့် ရနေပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ ဘယ် လွှတ်တော် အမတ်တစ်ယောက်ကိုမှ သူ့ အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းနိုင်ဖို့ ဥပဒေ ရှိမနေခြင်းပါ။

ဒီ ဥပဒေကို ပြဌာန်းခဲ့ဖို့ လွှတ်တော်ဘက်က ပျက်ကွက်ခဲ့တာ၊ အချိန်ဆွဲခဲ့တာ၊ ဒီကနေ့ အချိန်ထိ အကောင်အထည် မဖော်ခဲ့တာဟာ ရှင်းရှင်းပြောရရင် ဒီမိုကရေစီ စနစ်အရ အပြန်အလှန် ထိန်းကျောင်းမှုကို မလိုလားဘူးလို့ပဲ စွတ်စွဲရပါလိမ့်မယ်။ အခုနောက်ဆုံး ဥပဒေကို ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ်ရတော့မယ့် အချိန်ရောက်တာတောင် ပြည်ခိုင်ဖြိုး အမတ်တွေဟာ ဒီ ဥပဒေကို ပြဌာန်းလိုက်ရင်ပဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသွားမယောင်ယောင်၊ အမတ်တစ်တွေကို ဖြုတ်ချဖို့ လုပ်ကိုင်ရင်း ပါတီတွေ တိုက်ကြခိုက်ကြတော့မယောင် ဂယောင်ဂတန်းတွေ ပြောဆိုနေကြတာလည်း မြင်တွေ့ကြားသိရပါတယ်။
အဖြစ်နိုင်ဆုံး အချက်ကတော့ လက်ရှိ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တကယ့်ကို ပြည်သူတွေရဲ့ မဲဆန္ဒ အစစ်အမှန်နဲ့ တက်လာခဲ့သူတွေ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်နေတာလား ဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ နောက် ဖြစ်နိုင်ခြေ တစ်ခုက ဂိုဏ်းဂဏ ပြသနာပါ။ ဖွဲ့စည်းပုံအရ အမတ်တစ်ယောက်ကို ပြန်ဖြုတ်ချဖို့ တိုင်တန်းနိုင်သူဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက ပြည်သူ တစ်ရာခိုင်နှုန်းဖြစ်ပေမယ့် ဒါကို စိစစ်၊ အဆုံးအဖြတ်ပေးမယ့် အဖွဲ့အစည်းဟာ ရွေးကောက်ပွဲ ကော်မရှင်ပါ။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူလို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာ တာဝန်ယူနေသူတွေ အားလုံးလိုလိုလောက်ဟာ တပ်မတော် အရာရှိဟောင်းတွေ ဖြစ်နေတဲ့ ကိစ္စပါ။ လက်ရှိ လွှတ်တော်ထဲမှာ တန်ခိုးထွားနေသူ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်ခိုင်ဖြိုး ပါတီတွင်း အကွဲအပြဲဇာတ်လမ်းထဲ ပါဝင် ကပြနေကြသူတွေ ဖြစ်ပြီး လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဟာ အဲဒီ အချက်ကို အလွန်ကြောက်ရွံ့နေပုံ ရပါတယ်။ အခုလို “ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း” ကို မပြဌာန်းပါနဲ့ ဆိုပြီး အကြောက်အကန် ပြောဆိုနေတဲ့ အမတ်တွေဟာ ဒီ လွှတ်တော်သက်တန်းမှာတင် ပြည်သူတွေရဲ့ ပြန်ဖြုတ်ချတာ ခံရပြီး နောက်သက်တန်းအတွက် ၀င်ပြိုင်ခွင့် မရမှာကို စိုးရိမ်ပူပန်နေလို့လည်း ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။
(အခုနောက်ဆုံး သတင်း၊ ဇူလိုင် ၂၃ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒီ ဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်ပြီး သူရ ဦးရွှေမန်းက သူ့သဘောနဲ့သူ ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါကြောင်း)

လိုင် ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။

 ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ တောင်အုပ်ထရွာ နှင့် ကော့ဆိုင်ရွာကြားရှိ ထီးဖိုးဝါးကလု နေရာတွင် ဇူလိုင် ၂၃ ရက်၊ နံနက် ၇ နာရီခွဲခန့် တွင် နယ် မြေခံ KNU/KNLA တပ်ဖွဲ့အပါအဝင် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် စောဆန်းအောင်တပ်ဖွဲ့တို့  ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဟု ဒီကေဘီအေ ဖက်က ကေအိုင်စီသို့  ပြောသည်။

“ ကော့ကရိတ်မြို့နယ်ကောအူထရွာနဲ့ ကော့ဆိုင်ရွာအကြား ထီးဖိုးဝါးကလုနေရာမှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဗိုလ်မှူးကြီးစောဆန်းအောင်အဖွဲ့က နယ်မြေကျော်ပြီး ၀င်ရောက်လာလို့  အချင်း ချင်း နားလည်မှုလွဲကာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်” ဟု အမည်မဖော်လိုသည့် ဒီကေဘီအေ အရာရှိ တစ်ဦးက ဇူလိုင် ၂၄ ရက်နေ့ တွင် အတည်ပြု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် နယ်မြေအခြေစိုက် လှုပ်ရှားနေသည့် KNU တပ်မဟာ (၆)လက်အောက်ခံ KNLA အထူးစစ်ကြောင်းမှ တပ်ဖွဲ့ဝင် အချို့အပါအ၀င် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ကလိုထူးဘောလက်အောက်ခံ တပ်ရင်း (၉၀၈)၊ (၉၀၉)မှ တပ်ဖွဲ့ ၀င်အချို့ နှင့် မကြာ သေးခင် ရက်ပိုင်းအတွင်းက ဒီကေဘီအေမှ ထုတ်ပယ်လိုက်သည့် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် အင်အား ၅၀ ကျော်တို့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ထို့ အပြင် ဇူလိုင် ၂၃ ရက်နေ့နံနက် ၇ နာရီ ၄၀ အချိန်မှစတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် KNLA
အထူးစစ်ကြောင်းမှတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားသော်လည်း နံနက် ၁၁ နာရီအထိ အထက်ပါ ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် စောဆန်းအောင်တို့ အဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူများက ဆိုသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဗိုလ်မှူးကြီးစောဆန်းအောင်အဖွဲ့မှ တစ်ဦးသေ ၊ နှစ်ဦး ဒဏ်ရာရရှိသလို ဒီကေဘီအေ (၉၀၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေဖက်က ပြောဆိုသည်။

ကလိုထူးဘော စစ်ဋ္ဌာနချုပ် ဒီကေဘီအေ လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှ စစ်ကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့အား အဖွဲ့ဝင်အဖြစ်မှ အပြီး အပိုင် ထုတ်ပယ်လိုက်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော လားပွယ်၏ ကိုယ်စား ထိုးထားသည့် လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို အချင်းချင်း မှားယွင်း ပစ်ခတ်မှု ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org

တရုတ်-မြန်မာနယ်စပ်။
တရုတ်-မြန်မာနယ်စပ်။

တရုတ်နိုင်ငံသား ရာနဲ့ချီကို တရားမ၀င် သစ်ထုတ်လုပ်မှုနဲ့ ဆက်နွယ် ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ ပြင်းထန်တဲ့ တရားစီရင်မှုဖြစ်တယ် ဆိုပြီး တရုတ် ဒု နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကို ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။ မြန်မာဖက်ကတော့ ဒါဟာ တရားရေးစနစ် ရဲ့လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် အစိုးရအနေနဲ့ ၀င်ရောက် စွက်ဖက်လို့မရဘူး လို့ တုန့်ပြန်ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုအောင်အောင်က ပြောပြမှာပါ။

တရားမ၀င် သစ်ခိုးထုတ်မှုနဲ့ ပါတ်သတ်ပြီး တရုတ်နိုင်ငံသား ၁၅၅ ယောက် ကို ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အပေါ် တရုတ်နိုင်ငံက စိုးရိမ်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပင်မှု ကို မြန်မာနိုင်ငံ အနေနဲ့ အလေးထား စဉ်းစားဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရသူ Lu Kang က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တရုတ်ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ခေါ်ယူတွေ့ဆုံပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ တာဟာ ပြင်းထန်ကြောင်းပြောဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့အချိန်မှာ ဒါဟာ မြန်မာ့တရားရေးစနစ်အနေနဲ့ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ မပါဘဲ ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလိုပြောပါတယ်။

"သူတို့က ကျနော်တို့ကို စာနဲ့ပေနဲ့ အကြောင်းကြားတာတော့ မရှိပါဘူး။ သူတို့က ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ဒီစီရင်ချက်ချတဲ့အပေါ်မှာ သူတို့ အနေနဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်း အားကြီးပါတယ် ဆိုတာတော့ ကျနော်တို့ကိုပြောပါတယ်။ တရားရုံးတွေမှာ စီရင်ချက်ချတဲ့နေရာမှာတော့ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ဝင်ပြီးတော့ ပတ်သက်လို့လည်း မရဘူး။ အဲ့တော့ ဒီဥစ္စာကိုလည်း လိုက်နာပေးဖို့ ဒါတော့ ကျနော်တို့က သူတို့ကိုရှင်းပြပါတယ်။

အခုအခြေအနေကတော့ ဒီအတိုင်းပါပဲ။ သို့သော်လည်း သူတို့အနေနဲ့တော့ ကျနော်တို့ကို ထပ်ပြီးဆွေးနွေးချင်ပါတယ်ဆိုပြီး လာတာလေးတွေတော့ ရှိတာပေါ့။ လောလောဆယ်တော့ ကျနော်တို့က ဒီကိစ္စကို အဆင့်ဆင့် ဆက်ပြီး တင်ပြထားတုန်းရှိပါတယ်။ "

တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာတော့ လူပေါင်း ၁၅၀ ကျော်ဟာ ညီတူညီမျှ အပြစ်ရှိသူတွေ မဖြစ်နိုင်တဲ့အတွက် တချိန်တည်း အစုလိုက် အပြုံလိုက် ထောင်ဒဏ်စီရင်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံက သစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ကြတဲ့ တရုတ်နိုင်ငံသား တချို့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ ဗဟိုအစိုးရ တာဝန်ရှိသူတွေကြား ခွင့်ပြုချက်ရယူရတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ထုံးလုပ်နည်းတွေကြား မှာ လုပ်ကိုင်နေကြရတယ်လို့လည်း ဖော်ပြခဲ့တာပါ။

အခုလို တရုတ်နိုင်ငံသားတွေ အပေါ် မြန်မာနိုင်ငံဘက်က ပြင်းပြင်းထန်ထန် အရေးယူပြလိုက်တာဟာ တရုတ်မြန်မာဆက်ဆံရေး တင်းမာမှုတွေရှိ လာတယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပေမယ့် ၂ နိုင်ငံကြား ဆက်ဆံရေးမှာ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့ အကြောင်း ဒု နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောပါတယ်။

"နယ်စပ်တွေမှာ တရားမဝင် သစ်ခိုးထုတ်တဲ့ကိစ္စက တပိုင်းပါ။ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးက ခိုင်မာတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျနီဗာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ Resolution ကို OIC နိုင်ငံတွေက တင်တာပေါ့လေ။ တင်တဲ့နေရာမှာ တရုတ်က သူတို့ဘက်ကနေ ခိုင်ခိုင်မာမာပဲ ဒီဟာကို Resolution ကို Reject လုပ်ပါတယ်။ အဲ့ဒီ့တော့ အခြေခံအားဖြင့် မြန်မာနဲ့ တရုတ် ဆက်ဆံရေးက ထိခိုက်တာမရှိပါဘူး။ ဒီဥစ္စာကို သူတို့လည်းသိပါတယ်။ သူတို့အနေနဲ့လည်း ကျနော်တို့ကိုပြောတာက တရားဥပဒေအတိုင်း ကျနော်တို့ တရားရေးစနစ်အတိုင်းသာ ဆောင်ရွက်ပါလို့ ကျနော်တို့ကို နဂိုကတည်းက ပြော ထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါပေမဲ့ သူတို့အနေနဲ့က ဒီလောက်ကြီး ပြင်းထန် လိမ့်မယ်လို့ မထင်ခဲ့တာတခုပါပဲ။ "

မြန်မာအစိုးရတပ်တွေ၊ ရဲတွေနဲ့ သစ်တောဌာနတို့ အတူပူးပေါင်းပြီး ကချင်ပြည်နယ် အတွင်း တရားမ၀င် သစ်ခိုးထုတ်မှု နှိမ်နင်းရေးဆောင်ရွက်ရာမှာ တရုတ်နိုင်ငံသားတွေ အပါအ၀င် ကားအစင်းရေ ၄၀၀ ကျော်နဲ့အတူ သစ်လုံးတွေ ထောင်နဲ့ချီပြီး ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီနောက် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဖမ်းဆီးမိထားတဲ့ တရုတ်နိုင်ငံသား ၁၅၃ ဦး ကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း ပြစ်ဒဏ်နဲ့ ကျန် ၂ ဦး ကတော့ အရွယ်မရောက်သေးသူတွေ အဖြစ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာနေထိုင်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါ်လှကျော်ဇော ကတော့ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာနဲ့ ပါတ်သတ်ပြီး အခုလို သုံးသပ်ပါတယ်။

"ကျမကြည့်တယ်။ ဗမာအစိုးရကလည်း နိုင်ငံရေးအကွက်တွေနဲ့လုပ်တာပါ။ သူက ဗမာပြည်သူတွေ ရှေ့မှောက်မှာ ဘယ်လိုခေါ်မလဲ သူ တရုတ်ကို အလျှော့ပေးရတာ မဟုတ်ဘူး။ တရုတ်ကို သူလုပ်သင့်လုပ်ထိုက်တာ လုပ်တယ် ဆိုပြီးတော့ ပြော တာပါပဲ။ တရုတ်ဘက်ကလည်း ဒါ တရုတ်နိုင်ငံသားတွေ မခံချင်ဖြစ်မှာစိုးလို့ သူတို့ကန့်ကွက်သင့် ကန့်ကွက်ထိုက်လို့ ကန့်ကွက်တဲ့သဘော ပါပဲ။ ပြီးရင်တော့ အဖျားရှုးသွားမှာပါ။ မကြာခင် ဒီလူတွေကို လွှတ်ပေးပါလိမ့်မယ်နဲ့တူပါတယ်။ ကြည့်ရတာ။"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေစတင်လုပ်ဆောင်လာတဲ့ ၂၀၁၀ ခုနှစ်လောက် ကစလို့ မြန်မာအစိုးရနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး သစ်တွေ ထူထောင်လာခဲ့ပြီးနောက်ပိုင်းမှာ အရင် ဆက်ဆံရေး ပြေပြစ်ခဲ့တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံအကြား နှစ်ပေါင်း အတော်ကြာအတွင်း ဆက်ဆံရေး တင်းမာနေခဲ့တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ မြန်မာအစိုးရက တရုတ်နိုင်ငံသားတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/chinese-goverment-remaks-on-chinese-loggers-sentenced/2874760.html


 “လူဦးရေ ၅ သန်း ကျော်သာရှိသည့် မြို့ပြနိုင်ငံငယ်လေးတခုသာဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမနီ စသော အခြားနိုင်ငံများနှင့် တန်းတူလိုက်ကာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၇၅ ခု စာရင်းတွင် စင်ကာပူတက္ကသိုလ် ၂ ခု ပါဝင်နေပါသည် . . .”

စင်ကာပူခေါင်းဆောင် လီကွမ်းယု ကွယ်လွန်ပြီးနောက်တွင် သူ့အကြောင်းကို ကမ္ဘာတလွှား သုတေသီများ စိတ်ဝင်တစား စူးစမ်းလေ့လာ ဆွေးနွေးမှုများပြုကြပါသည်။ သို့သော် စင်ကာပူနိုင်ငံ အောင်မြင်ကြီးပွားရာ အရင်းခံ အကြောင်းတခုဖြစ်သည့် တိုင်းပြည်ပညာရေးတွင် လီကွမ်းယုနှင့် သူ့ကိုဆက်ခံသူများ မည်သို့ ရင်းနှီးမြှုပ်နှံ ကြိုးပမ်းခဲ့ကြသည်ကိုမူ ပညာရှင်တို့ ပြောလေ့သိပ်မရှိကြပါ။ စင်ကာပူပိုင်ဆိုင်သည့် တခုတည်း သော အရင်းအမြစ် သယံဇာတဖြစ်သည့် လူသားရင်းမြစ်များ တိုးတက် ဖွံ့ဖြိုးအောင် ကြိုးပမ်းရန် မဟာဗျူဟာ ချမှတ်ခဲ့ကြောင်း လီကွမ်းယု မကြာခဏ မှတ်ချက်ချလေ့ရှိပါသည်။

ယနေ့ခေတ်တွင် စင်ကာပူသည် ကမ္ဘာ့ပညာရည်အမြင့်ဆုံးနိုင်ငံများ စာရင်းတွင်ထိပ်ပိုင်းမှ အမြဲပါဝင်နေပါသည်။ လူဦးရေ ၅ သန်း ကျော်သာရှိသည့် မြို့ပြနိုင်ငံငယ်လေးတခုသာဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမနီ စသော အခြားနိုင်ငံများနှင့် တန်းတူလိုက်ကာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၇၅ ခု စာရင်းတွင် စင်ကာပူတက္ကသိုလ် ၂ ခု ပါဝင်နေပါသည်။ ထိုသို့အောင်မြင်မှုရရှိအောင် လီကွမ်းယု ကြိုးပမ်းခဲ့ပုံများသည် စိတ်ဝင်စားဖွယ်ကောင်း လှပါသည်။

စင်ကာပူ၏ ပညာရေးစနစ်ကို လီကွမ်းယုနှင့် အခြားလုပ်ဖော်ကိုင်ဖက်များ မိမိတို့ဘာသာ အသစ်ဖန်တီးတည် ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ဗြိတိသျှ ကိုလိုနီခေတ်က အမွေရခဲ့သည့် ပညာရေးအခြေခံ အဆောက် အဦများ ပေါ်တွင် အခြေတည် တည်ဆောက်ခဲ့ခြင်းသာဖြစ်ကြောင်းကိုမူ နှောင်းလူတို့ မမေ့ကောင်းပါ။ အတိတ် ကိုလိုနီ ခေတ် ဗြိတိသျှတို့ထံမှ အမွေရခဲ့သည့်အရာများအနက် တိုင်းပြည်တိုးတက်ရေးအတွက် အကျိုးရှိမည့် မည်သည့် အရာကိုမဆို လက်ခံကျင့်သုံးရန် စိတ်ပါလက်ပါရှိမှုသည် စင်ကာပူလွတ်လပ်ရေးရပြီးခေတ်တွင် အခြား ခေတ်ပြိုင်ခေါင်းဆောင်များနှင့် လီကွမ်းယု ကွဲပြားခြားနားချက် ဖြစ်ပေသည်။

ဗြိတိသျှကိုလိုနီစနစ်၏ အစဉ်အလာကောင်းများကို ဆက်ခံကျင့်သုံးရန် အားသန်မှုကို ပညာရေးဘက်တွင် အထင်ရှားဆုံး မြင်တွေ့ရပါသည်။ ၁၉၀၅ တွင် တည်ထောင်ခဲ့သည့် စင်ကာပူအမျိုးသားတက္ကသိုလ်၊ ၁၈၂၃ တွင် တည်ထောင်ခဲ့သည့် ရာဖယ်အင်စတီကျူ၊ ၁၈၈၆ တွင် တည်ထောင်ခဲ့သည့် အင်္ဂလိပ်-တရုတ်ကျောင်းစသည့် စင်ကာပူ၏ထိပ်တန်း ပညာရေးအသိုက်အ၀န်းကြီးများသည် ၁၉၆၃ ခုနှစ် စင်ကာပူလွတ်လပ်ရေးမရမီ ကာလ အတန်ကြာကတည်းကပင် တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်းများ ကိုလည်း O-level, A-level စာမေးပွဲအဆင့်များကို စံနမူနာယူရေးဆွဲခဲ့ပါသည်။(စင်ကာပူကျောင်းသားများ၏ ပျမ်းမျှပညာရေးရမှတ်စံချိန်များသည် ပိုမိုမြင့်မားသောကြောင့် သင်ရိုးများကို အနည်းငယ် အဆင့်မြှင့်ထားပါ သေးသည်။)

စာသင်ကျောင်းဆောင်၊ သင်ထောက်ကူပစ္စည်း စသည့် အခြေခံ အဆောက်အဦပိုင်းကို လျစ်လျူမရှုသော်လည်း ပညာရေးစနစ်၏ အရေးကြီးဆုံး ပင်မအစိတ်အပိုင်းဖြစ်သည့် ဆရာများနှင့် ကျောင်းသားများ ပညာရည် တိုးတက်စေရန်ကို အဓိကအားစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

စင်ကာပူပြည်တွင်း၌ ကမ္ဘာ့အဆင့်မီကျောင်း၊ တက္ကသိုလ်များ ဖွံ့ဖြိုးတည်ဆောက်နေချိန်တွင် ထူးချွန်ကျောင်း သားများကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားနိုင်စေရန် အစိုးရပညာ တော်သင် ဆုများ ရက်ရောစွာ ချီးမြှင့်ခဲ့ပါသေးသည်။ ထို့အပြင် ပညာရေး လောကဆရာ၊ ဆရာမများကို အခြားဝန်ထမ်း များထက် လခကောင်းပေးခြင်းဖြင့် အတော်ဆုံး တက္ကသိုလ်ကျောင်းဆင်းပညာရှင်များကို ပညာရေးဌာနတွင် အလုပ်လုပ်ရန် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါသည်။

စင်ကာပူပညာရေးစနစ်သည် ထူးချွန်သူများကို ဦးစားပေးသည့်စနစ်ဖြစ်ပြီး ကျောင်းသားများအနက် ပင်ကိုယ် အရည်အချင်းရှိသူများကို ရှာဖွေကာ ပိုမိုထူးချွန်စေရန် အားစိုက်သင်ကြားပေးပြီး ပြည်သူ့ဝန်ထမ်း အစိုးရဌာန များတွင် အလုပ်လုပ်စေသောစနစ်လည်း ဖြစ်ပါသည်။
အစိုးရပညာသင်ထောက်ပံ့ကြေးရရှိသူများသည် ပညာသင်နှစ် တနှစ်အတွက် ပြည်သူ့ဝန်ထမ်းအဖြစ် အနည်း ဆုံး နှစ်နှစ် ပြန်လည်တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားပါသည်။

ထူးချွန်သူ ဦးစားပေးသည့်စနစ်သည် ကျောင်းသားများသာမက ဆရာများအပေါ်တွင်ပါ သက်ရောက်မှု ရှိပါသည်။ အောင်ချက်အကောင်းဆုံး သင်ကြားနိုင်သည့် ဆရာ၊ ဆရာမများသည် လုပ်သက်အနည်း၊ အများ ပေါ် မမူတည်ဘဲ ရာထူးတိုးတက်မှုရကြပါသည်။ ထို့အပြင် ဆရာများသည် ပညာရေးဝန်ကြီးဌာနရုံးဌာန၊ စာသင် ခန်းများနှင့် ကျောင်းအုပ်ချုပ်ရေးရုံးစသည်ဖြင့် နေရာပြောင်းလဲ တာဝန်ထမ်းဆောင်ရလေ့ရှိပါသည်။ ပညာ သင်ကြားရေးနှင့်ရုံးလုပ်ငန်းတာဝန်များကို တလှည့်စီ လုပ်ဆောင်စေခြင်းမျိုး ဖြစ်ပါသည်။

စင်ကာပူပညာရေးစနစ်သည် အရည်အချင်းရှိသူကို ချီးမြှင့်မြှောက်စားသောစနစ်ဖြစ်သော်လည်း ပညာရည် အနိမ့်အမြင့်အမျိုးမျိုးရှိကြသူ ကျောင်းသားအားလုံး အဆင့်မြင့်ပညာသင်ကြားရရှိနိုင်ရေးကိုလည်း ပစ်ပယ် မထားပါ။ စင်ကာပူသည် သူ၏အဆင့်မြင့်လှသော ဘွဲ့ကြို၊ ဘွဲ့လွန်တက္ကသိုလ်များအတွက် ဂုဏ်ယူလေ့ရှိ သော်လည်း လူတိုင်းအတွက် အရည်အသွေးမြင့်ပညာများ ပို့ချပေးနေသည့် အခြေခံပညာကျောင်းများ၊ နည်း ပညာကျွမ်းကျင်မှုသင်တန်းများ၊ ပိုလီတက္ကနစ်ကျောင်းများသည်လည်း စင်ကာပူပညာရေးစနစ်၏ လူသိနည်း သော ရတနာများဖြစ်ကြပါသည်။

စင်ကာပူပညာရေးစနစ်သည် ခေတ်ရှေ့ ဦးတည်ချီတက်သောစနစ် ဖြစ်ပါသည်။ မိရိုးဖလာ ဘာသာစကား များဖြစ်သည့် မန်ဒရင်တရုတ်၊ မလေးနှင့် အိန္ဒိယတမီလ်ဘာသာစကားများအပြင် အင်္ဂလိပ်ဘာသာကိုပါ ပူးတွဲသုံးစွဲခြင်း၊ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာဘာသာရပ်တို့ကို အာရုံစူးစိုက်လေ့ကျင့် သင်ကြားပေးခြင်းစသည့် ရေရှည်ပညာရေး မဟာဗျူဟာများ ချမှတ်ကျင့်သုံးခဲ့ပါသည်။

ဗြိတိသျှ ကိုလိုနီခေတ်၏ တရားဝင်ရုံးသုံးဘာသာဖြစ်ခဲ့ခြင်း၊ စင်ကာပူ၏ ကွဲပြားသော လူမျိုးစုံအတွက် ဘုံဘာသာစကား လိုအပ်ခြင်းတို့ကြောင့် အင်္ဂလိပ်ဘာသာကို ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာ့စီးပွား ကုန်သွယ်ရေး၊ သိပ္ပံပညာစသော နယ်ပယ်များတွင် အင်္ဂလိပ်ဘာသာကို လူအများ စံထား အသုံးပြုလာခြင်း၊ နောင်ရာစုများစွာအထိ အင်္ဂလိပ်ဘာသာ အသုံးတွင်ကျယ်နေမည်ဖြစ်ခြင်းတို့ကို ကြိုတင်တွက်ဆခဲ့မိခြင်း ကြောင့်လည်း ဖြစ်ပါသေးသည်။

ကျဉ်းမြောင်းသော လူမျိုးစွဲ၊ နိုင်ငံစွဲစိတ်ဓာတ်နှင့် စင်ကာပူ ပြည်သူအများစု၏ ရိုးရာဖြစ်သော တရုတ်ယဉ်ကျေးမှု နှင့် ဘာသာစာပေကို ဦးစားမပေးဘဲ နိုင်ငံတကာလူမျိုးစုံ ၀င်ထွက်သွားလာ အလုပ်လုပ်ရာ စင်ကာပူမြို့တွင် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာကို လက်ခံကျင့်သုံးရန် ရွေးချယ်ခဲ့ခြင်းသည်လည်း လီနှင့် အခြားသူနှင့် ခေတ်ပြိုင် ခေါင်းဆောင်များကြား ခြားနားမှုတခုလည်း ဖြစ်ပါသည်။

ယနေ့ခေတ် စင်ကာပူပညာရေးစနစ်သည် ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲလျက် ရှိနေပါသည်။ စင်ကာပူ ပညာရေးသည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာအပေါ် အာရုံစိုက်မှု များလွန်းကြောင်း ပညာရေး မူဝါဒချမှတ်သူများ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သိမြင်လာကြပြီး အခြား စာပေ၊ အနုပညာ၊ အားကစား စသော ၀ိဇ္ဇာဘာသာရပ်များ ဟန်ချက်ညီထွန်းကားလာစေရန်လည်း ပြောင်းလဲ ကြိုးပမ်းလျက် ရှိနေပါသည်။

ထိုသို့ ပညာရေးဟန်ချက် ထိန်းညှိမှုသည် ယနေ့ခေတ်အထိ ဆက်လက်ဖြစ်ပေါ်နေကာ မိမိကိုယ်ပိုင် တီထွင်ဖန်တီးနိုင်မှု၊ လုပ်ငန်းကြီးများ ထူထောင်လုပ်ဆောင်နိုင်မှုတို့ကို မြေတောင်မြှောက်ပေးရန် နည်းလမ်းများ စူးစမ်းရှာဖွေလျက်ရှိပါသည်။
စင်ကာပူနိုင်ငံပြု သုခမိန်ကြီးအတွက် ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်းထက် များစွာ ပိုမိုနက်နဲကျယ်ဝန်းပါသည်။ စူးစမ်းလေ့လာလိုစိတ်ပြင်းပြကာ အမြဲမပြတ်သင်ယူလေ့ကျင့် နေသူမျိုးများ ကိုသာ ပညာတတ်ဟုယူဆကြောင်း ၁၉၇၇ ခုနှစ် မိန့်ခွန်းတခုတွင် လီကွမ်းယု ပြောကြားခဲ့ပါသည်။ စင်ကာပူ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီ တည်ဆောက်နိုင်ခဲ့ခြင်းသည် သူ၏ အထင်ရှားဆုံးလုပ်ဆောင်ချက်ဖြစ် ကြောင်းကို သူ၏ နိုင်ငံတော်ဈာပန အခမ်းအနားကို စင်ကာပူအမျိုးသားတက္ကသိုလ်အတွင်း ကျင်းပပြုလုပ် ခဲ့ခြင်းက သက်သေပြနေပါသည်။

ဦးဆွေ(ရန်ကင်း)
Ref: World Economic Forum
ဦးဆွေ (ရန်ကင်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ယနေ့ ညနေ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် Air Bagan လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်တွင်လိုက်ပါလာသူတစ်ဦးက မန္တလေးအလင်းသို့အတည်ပြုပြောကြားသည်။

ဓာတ်ပုံ- ကိုထက်နိုင်လင်း (FB)

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper