07/28/15
သူရ ဦးရွှေမန်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကနေ ပြန်လည် ရုပ်သိမ်းပေးဖို့ ဇေယျာသီရိ မြို့နယ်မဲ ဆန္ဒရှင် တချို့က လက်မှတ် ရေးထိုး တောင်းဆိုလိုက်ပါတယ်။
လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုး ဖောက်တယ်၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ အရည်အချင်း ပျက်ယွင်းတယ်၊ ဥပဒေ အရ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပျက်ကွက် တယ်လို့ တောင်းဆို စာထဲမှာ ဖော်ပြထားပါတယ်။
ဇေယျာသီရိ မြို့နယ် မဲဆန္ဒရှင်၂ ဒဿမ ၇၃ ရာခိုင်နှုန်းက လက်မှတ် ထိုးထားတဲ့ ဇူလိုင်လ ၂၄ ရက် နေ့စွဲပါ အဲဒီ စာကို ရွေးကောက်ပွဲ ကော်မရှင်က လက်ခံ ရရှိထားကြောင်း ဘီဘီစီကို ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃၉၆ (ခ) အရ မဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက လက်မှတ်ထိုး တင်ပြရင် အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပြီး၊ အခု ကိစ္စဟာ အပြင်းထန်ဆုံး စွပ်စွဲချက် ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။
တကယ်တမ်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်ကို ပြန်ရုပ်သိမ်းဖို့အတွက် လွှတ်တော်မှာ ဥပဒေ ပြဋ္ဌာန်းချက် မရှိသေးပါ။
ဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့လည်း ဆက်ပြီး ဆောင်ရွက်မှုတွေ လုပ်လို့မရပါ။
ဒီတော့ အခုလို တင်ပြခြင်းဟာ နိုင်ငံရေးအရ အကျိုး အမြတ် ရဖို့ တဘက်ကို ထိုးနှက် တာ ဖြစ်မယ်လို့ သီပေါ မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက သုံးသပ်ထားပါတယ်။
BBC
 ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ်စစ်ပွဲကြီးတပွဲဖြစ်လာပါက အမေရိကန်ဘက်မှ လက်နက်ချကြေညာစာတမ်းကို လက်မှတ်ရေးထိုးမည့်သူပင် ကျန်တော့မည်မဟုတ်ကြောင်း မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးတဦးက ၆၂ နှစ်မြောက် ကိုရီးယားစစ်ပွဲအပစ်အခတ်စစ်ပွဲရပ်စဲသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ကိုရီးယားစစ်ပွဲကို ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြသည့် နှစ်ပတ်လည်နေ့၌ မြောက်ကိုရီးယား ပြည်သူများက မျိုးချစ်စိတ်ဓာတ်ဖြင့် စုဝေးကခုန်ရင်း ဂုဏ်ပြုခဲ့ကြသည်။
အပစ်အခတ်ရပ်စဲသည့်နေ့ကို မြောက်ကိုရီးယားက အမေရိကန်တို့အပေါ် အောင်နိုင်သည့်အဖြစ် နှစ်စဉ်ကျင်းပ ခဲ့ကြသည်။ ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားဘက်မှ ကုလသမဂ္ဂနှင့် အမေရိကန်တပ်ဖွဲ့များ ၀င်ရောက် တိုက်ခဲ့ကြပြီး မြောက်ကိုရီးယားဘက်မှ တရုတ်နှင့် ရုရှားတို့က အကူအညီပေးခဲ့သည်။
စစ်ပွဲရပ်ဆိုင်းလိုက်သော်လည်း အပစ်အခတ်ရပ်စဲခြင်းသာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုတရပ် မဟုတ်ခဲ့ ချေ။ ထို့ကြောင့် လက်တွေ့တွင် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ရေဒီယိုမိန့်ခွန်းတွင် အမေရိ ကန်ဆန့်ကျင်ရေး စကားလုံးများကို ပို၍တိုးမြှင့်ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်တိုက်ကို ချီးမွမ်းခန်းဖွင့်ခဲ့သည်။
''အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်နဲ့ အကျပ်ကိုင်တဲ့ခေတ်က လုံးဝ ချုပ်ငြိမ်းသွားပြီ။ အခုဆိုရင် အမေရိကန်ဟာ ကျွန်တော်တို့အတွက် ကြောက်ရွံ့စရာနိုင်ငံ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကိုသာ သူတို့က ကြောက်ရတော့မှာ''ဟု ကင်ဂျုံအန်က ကြွေးကြော်ခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားတွင် နျူကလီးယား ထိပ်ဖူးငယ် ၆ ခု မှ ၂၇ ခုအထိ ရှိနေသည်ဟု ဆိုသည်။ အများစုကမူ နျူကလီးယားထိပ်ဖူး ၁၀ ခု အထိသာရှိကြောင်း ခန့်မှန်း ထားကြသည်။
အဆိုပါ အခမ်းအနားတွင် မြောက်ကိုရီးယား၏ ကာကွယ်ရေးဝန်ကြီးအသစ်ဟု ယုံကြည်ရသော ဗိုလ်ချုပ်ကြီး ပက်ဆောင်ရစ်က ပို၍ရန်လိုသော မိန့်ခွန်းများ ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်က မြောက်ကိုရီးယားအပေါ် တင်းကျပ်သော ပေါ်လစီကို မစွန့်လွှတ်ပါက မြောက်ကိုရီးယားက လက်နက်ချ စာချုပ်လက်မှတ်ရေးထိုးမည့်သူ မကျန်အောင် တိုက်ခိုက်ပစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် ကမ္ဘာပေါ်၌ အင်အားအများဆုံးဟု ယူဆရပြီး အမြဲတမ်းစစ်သည်များ၊ အရံတပ်ဖွဲ့များ စစ်တပိုင်းအဖွဲ့များ စုစုပေါင်း ၉ ဒသမ ၅ သန်းရှိသည်။
ထွဋ်ဝင်းထွဋ်
Ref ; the Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထိုင်းနိုင်ငံ တောထဲက လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်း (Credit: ABC) 
 ထိုင်းနိုင်ငံ ​အစိုးရအနေနဲ့ ​လူကုန်ကူးမှု ​ပပျောက်အောင် ​ကောင်းမွန်စွာ ​လုပ်ဆောင်မှု ​မရှိဘူးလို့ ​အမေရိကန်က ​ပြောဆိုခဲ့တာကို ​ထိုင်းအစိုးရက ​မကျေမနပ် ​ဖြစ်နေပါတယ်။
လူကုန်ကူးမှုကို ​တိုက်ဖျက်ရာမှာ ​အနိမ့်ဆုံးအဆင့်အဖြစ် ​ထိုင်း၊ ​အီရန်၊ ​လစ်ဗျား၊ ​မြောက်ကိုရီးယား၊ ​ဆီးရီးယားနဲ့ ​အီရီထရီးယား ​နိုင်ငံတို့ကို ​ထည့်သွင်းထားပါတယ်။
ထိုင်းနိုင်ငံကို ​ဒုတိယနှစ် ​ဆက်တိုက် ​အနိမ့်ဆုံး ​အဆင့်မှာ ​ထားရတာကတော့ ​ခေတ်သစ်ကျွန် ​ခိုင်းစေမှု၊ ​အမျိုးသမီးနဲ့ ​ကလေးတွေ ​လိင်ကျွန်အဖြစ် ​ရောင်းစား ​ခံရမှုတွေကို ​မတိုက်ဖျက်နိုင်တဲ့အတွက် ​ဖြစ်တယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။
ထိုင်းအစိုးရကတော့ ​ဒီနောက်ပိုင်း ​အစိုးရအနေနဲ့ ​လူကုန်ကူးမှု ​တိုက်ဖျက်ရေးကို ​အစွမ်းကုန် ​လုပ်ဆောင်ခဲ့တာတွေ ​ရှိတယ်လို့ ​တုန့်ပြန်ထားပါတယ်။
မေလတုန်းက ​ထိုင်းအစိုးရကနေ ​လူကုန်ကူးမှုကို ​တိုက်ဖျက်ခဲ့ရာက ​လူကုန်ကူးသူတွေက ​ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ်တွေ ​အများစု ​ပါဝင်တဲ့ ​လူတွေကို ​ပင်လယ်ထဲ ​ပို့ဆောင်ခဲ့ရာက ​ပင်လယ်ပြင်မှာ ​ထောင်နဲ့ချီ ​သောင်တင်ခဲ့ကြပါတယ်။
အမေရိကန် ​အစိုးရရဲ့ ​သတ်မှတ်ချက် ​မထုတ်ပြန်ခင်တုန်းက ​ထိုင်းနိုင်ငံကို ​အမေရိကန်က ​အဆင့်တိုးပေးမယ်လို့ ​ယူဆပါသလားလို့ ​ထိုင်းဝန်ကြီးချုပ် ​Prayu ​Chan-O-Cha ​ကို ​သတင်းထောက်တွေ ​မေးတဲ့အခါမှာ ​အဆင့်တိုးပေးမှာ ​မဟုတ်ဘူးလို့ ​ဖြေဆိုခဲ့ပါတယ်။
အမေရိကန်က ​အဆင့်မတိုးပေးပေမယ့် ​ထိုင်းကတော့ ​လူကုန်ကူးမှုကို ​ဆက်လက် ​တိုက်ဖျက်မှာဖြစ်ပြီး ​ဒီကိစ္စက ​တစ်လအတွင်း ​တစ်နှစ်အတွင်း ​ဖြေရှင်းလို့ ​ရတဲ့ ​ကိစ္စမဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံကို ​အနိမ့်ဆုံး ​အဆင့်မှာ ​သတ်မှတ်ထားပေမယ့် ​မလေးရှားနိုင်ငံကိုတော့ ​အဆင့်တိုးပေးခဲ့တဲ့အတွက် ​အခုဆိုရင် ​မလေးရှားက ​မြန်မာ၊ ​လာအိုနဲ့ ​ကမ္ဘောဒီးယားတို့နဲ့ ​အဆင့်တူနေကြောင်း ​သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
KSDP ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ (ဗဟို) နဲ့ အဖွဲ့ဝင်များ။ (ဓာတ်ပုံ- KSDP ပါတီ FB)
 ကချင်လူထုရဲ့လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ KSDP ပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် မဲစာရင်းမှားယွင်းနေတဲ့ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က အဓိက အလေးထား ပြင်ဆင်ဆောင်ရွက်ပေးဖို့လိုတယ်လို့ သူကပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
လက်ရှိကချင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် နည်းနေသလို လူထုအကျိုး လုပ်ဆောင်နေတာလည်း နည်းနေတာကြောင့် သူတို့ KSDP ပါတီက ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးကို အဓိကထား ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက VOA ကို ပြောဆိုလိုက်တာပါ။ သူကိုယ်တိုင်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မြစ်ကြီးနား မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
“ကျနော်အခု ဆုံးဖြတ်ထားတာက ကချင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ပြည်နယ်လွှတ်တော်ဆိုတဲ့နေရာမှာ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ပါတီအနေနဲ့ ပြည်နယ်လွှတ်တော်ကိုပဲ အထူး ဦးစားပေးပြီးတော့မှ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလမှာ ပြန်လည် ဖွဲ့စည်းသွားမယ့် ကချင်ပြည်နယ်လွှတ်တော်နဲ့ ကချင်ပြည်နယ်အစိုးရဟာ ကချင်ပြည်နယ်ရဲ့အကျိုး၊ ပြည်သူလူထုအကျိုးကို အမှန်တကယ် တက်တက်ကြွကြွနဲ့ ပုံဖော် လုပ်ဆောင်သွားနိုင်တဲ့ လွှတ်တော်အစိုးရဖြစ်လာအောင် ကျနော်တို့ပါတီအနေနဲ့လည်း ပါဝင်ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ကချင်ပြည်နယ်အစိုးရရဲ့လုပ်ဆောင်မှုတွေဟာ အားရစရာ မရှိဘူးလို့ ဒေါက်တာတူးဂျာက ဝေဖန် လိုက်ပါတယ်။
“အခု လက်ရှိအခြေအနေကို ပြောမယ်ဆိုရင်တော့လည်း အဓိက-ကတော့ အာဏာခွဲဝေရေးဟာ ဗဟိုချုပ်ကိုင်မှုက များနေသေးတာကိုး။ ဒါကြောင့်မို့လို့ ဒီပြည်နယ်အစိုးရအနေနဲ့လည်း လုပ်ပိုင်ခွင့် သိပ်လည်း မရှိလှဘူး။ ဒါကြောင့်မို့လို့ လုပ်နိုင်တာလည်း သိပ်မရှိလှဘူး။ အားရစရာမကောင်းပါဘူး။ ဒါကြောင့်မို့လို့ လာမယ့်အချိန်အခါမှာ ပြည်နယ်အစိုးရလက်ထဲမှာ အာဏာ ပိုမိုရရှိလာအောင်၊ ပြည်နယ်လွှတ်တော်တွေမှာလည်း လုပ်ပိုင်ခွင့် ပိုမိုရရှိလာအောင် ကျနော်တို့ ကြိုးစားသွားဖို့ပဲ ရှိတယ်။”
ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင် အဓိကပြဿနာဖြစ်နေတဲ့ မဲစာရင်း မှားယွင်းနေတဲ့ကိစ္စကို အလေးထား ပြင်ဆင် ဆောင်ရွက်ပေးဖို့လိုကြောင်း ဒေါက်တာတူးဂျာက ထောက်ပြပါတယ်။
“ရွေးကောက်ပွဲဟာ တရားမျှတမှုဆိုတဲ့အပိုင်းမှာတော့ စိုးရိမ်စိတ်တွေက ရှိပါတယ်။ အဓိက-က ဘာလဲဆိုရင် အခု မဲစာရင်းသွင်းပါတယ်။ မဲစာရင်းသွင်းတာ မမှန်မကန်ဖြစ်နေတာကို တွေ့မြင်ရတဲ့အတွက်ကြောင့် အခု မဲပေးစာရင်းကို မှန်မှန်ကန်ကန် ပြန်ဖြစ်အောင် ကော်မရှင်က အတတ်နိုင်ဆုံးပြန်ပြီးတော့ ပြင်ပေးနိုင်မယ်ဆိုရင်တော့ ဒါ တော်တော်လေး အခြေအနေကောင်းလာနိုင်ပါတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။”
ကချင်ပြည်နယ်မှာ သူတို့ KSDP ပါတီသာ အနိုင်ရခဲ့ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခြားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် သလို ကချင်ပြည်နယ်အစိုးရအားကောင်းပြီး လူထုအတွက် ပိုအလုပ်လုပ်လာအောင် ဆောင်ရွက်သွားမယ်လို့ ဒေါက်တာတူးဂျာက ဆိုပါတယ်။
“ကျနော်တို့ပါတီ အနိုင်ရလို့ရှိရင်တော့ လွှတ်တော်မှာ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်တာကို အားပေးသွားမယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပြင်တဲ့နေရာမှာလည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြည်နယ်အစိုးရပိုင်းဆိုင်ရာကို ပြောမယ် ဆိုရင်လည်း ဒါ ဌာနတိုင်း၊ ဌာနတိုင်း ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်ပေးတဲ့ အစိုးရမျိုးဖြစ်ပေါ်လာအောင် ကျနော်တို့ပါတီအနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။”
ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေ ၆၆ နေရာရှိကြောင်း၊ အဲဒီအထဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အတွက် ၃၆ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာနဲ့ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာ သတ်မှတ်ထားပါတယ်။ KSDP ပါတီ ကတော့ အဲဒီ မဲဆန္ဒနယ်မြေ ၆၆ ခုစလုံးကို ဝင်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ KSDP ပါတီကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဦးစီးထူထောင်ခဲ့တာဖြစ်ပြီး တည်ထောင်ခါစမှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP နာမည်နဲ့မှတ်ပုံတင်ခဲ့တာကို အစိုးရက ခွင့်မပြုတာကြောင့် KSDP ပါတီအနေနဲ့ ၂၀၁၃ အောက်တိုဘာလမှာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပါတယ်ခင်ဗျာ။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မတ် ၁၀ရက်နေ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ပံတန်းမြို့ နယ်မှူးနှင့်ရဲစခန်းမှူးအား မတရားဖမ်းဆီး ချူပ်နှောင်မှုဖြင် ကျောင်း သားရှေ့နေ ဦးရောဘတ်စန်းအောင်က တရားစွဲရန် လျှောက်လွှာ တင်ကြောင်း သိရသည်။
ဖမ်းဆီးခံကျောင်းသားများဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး တရားလိုပြုလုပ်တိုင်ကြားသည့် ရဲမှူးထွက်ဆိုချက်များ စစ်ဆေးသိရှိချက် များ၊ ကျောင်းသားနှင့်ဝန်းရံပြည်သူများအား ယမန်မယူဘဲ သာယာဝတီ အကျဉ်းထောင်သို့ တိုက်ရိုက် ချူပ်နှောင်ထားခြင်းများနှင့် သက် ငယ်ကျောင်းသား နှစ်ဦးအား အသက်ပြည့်မီသူများအား စွဲဆိုသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းကြောင့် ယခုကဲ့ မတရားဖမ်း ဆီးချူပ်နှောင်မှုဖြင့် လျှောက်လွှာတင်ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ``လျှောက်လွှာ တင်တာဖြစ်တယ်။ရဲမှူးဖုန်းမြင်ကိုစစ်ဆေးတယ်။နောက် သူရဲ့စစ်ဆေးချက် အရ အမှုကိုပွားပြီးတော့အမှုကိုထိမ်ချန်နေတယ် အဲ့ဒါတွေက သက် ငယ်နှစ်ယောက်ကို လူကြီးပုဒ်မနဲ့ထောင်ပို့ တယ်။ အဲ့ဒါကြောင့်မို့သူတို့ ရဲမှူးဖုန်းမြင့်ရယ်၊ စခန်းမှူးကို မတရားဖမ်းဆီး မှုဖြင့် လျှောက်လွှာ တင်တာဖြစ်တယ်´´ဟု ဇူလိုင် ၂၇ရက်က ဆက်သွယ်မေးမြန်းချက် အား ပြန်လည်ဖြေကြားသည်။
သာယာဝတီတရားရုံးတွင် မတ်၁၀ရက်က အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး အတွက် တောင်းဆို သည့် ကျောင်းသား သပိတ်အား ရဲတပ်ဖွဲ့မှ အကြမ်း ဖက်ဖြိုခွင်းပြီး ကျောင်းသား များအား တရားစွဲခဲ့ သည့် ကိစ္စနှင့်ပတ်သက်ပြီး တရားလိုပြုလုပ်တိုင်ကြားခဲ့သည့် ရဲမှူးအား ဇူလိုင် ၂၁ရက်က ကျရောက်သည့် ၁၄ကြိမ်မြောက် ရုံးချိန်း တွင် ကျောင်းသားများဘက်မှ ရှေ့နေများမေးမြန်းချက်အရ ယခုကဲ့သို့ ဥပဒေမဲ့တရားစွဲဆိုခြင်းများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယခုအမှုနှင့်ပတ်သက်ပြီး ကျောင်းသားများဘက်ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က မတရားဖမ်းဆီးချူပ်နှောင်မှုဖြင့် တရားစွဲ ဆိုနိုင်ရေးအတွက် လျှောက်လွှာတင်ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားချက် အား နောက်တစ်ကြိမ်ရုံးချိန်းဖြစ်သည့် သြဂုတ်လ ၄ရက်နေ့တွင် အမိန့်ချ မှတ်မည်ဖြစ်ကြောင်း ပြောပြချက်များအရ သိရသည်။
တရားလွှတ်တော်ရှေ့နေဦးဌေးက``သြဂုတ် ၄ရက်နေကို ရုံးချိန်းချိန်းဆို လိုက်တယ်။ အဲ့ဒါက ရောဘတ်စန်းအောင် က လျှောက်တာဖြစ် တယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ စခန်းမှူးကို သူကလျှောက်တာဖြစ် တယ်။တရားရုံးကလျှောက်ထားရင်လက်ခံလိုက်တာဖြစ်တယ်။ အမိန့်ကတော့ နောက်တပတ်မှချမှာဖြစ်တယ်´´ဟု ပြောသည်။
ယခုကဲ့သို့လျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ဗ.က.သ ကျောင်း သားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုနန္ဒာစစ်အောင် အမည်ဖြင့်ဖွင့် ထားသည့် ဖေဘုတ် စာမျက်နှာပေါ် တွင် `မြို့နယ်မှူးနဲ့စခန်းမှူး ကိုမတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ကျနော်တို့ရှေ့နေတရားပြန်စွဲပြီ။တရားရုံးမှာလက်ခုပ်သံတွေညံဟီးလို ´ဟု ဇူလိုင် ၂၇ရက် နေ့လည် ၂နာရီခန့်က ရေးသား ထားကြောင်း တွေ့ရသည်။
ယခုသာယာဝတီတရားရုံးချိန်းသည် ၁၀ကြိမ်မြောက် တရားရုံး ချိန်းဖြစ်ပြီး၊ မူလတရားစွဲဆိုခဲ့သည့် လက်ပံတန်းတရားရုံးတွင် စစ်ဆေးခြင်း အပါအ၀င် ရုံးချိန်းပေါင်း ၁၅ချိန်းရှိ ပြီဖြစ်ကြောင်း သိရသည်။
သတင်းထောက် -စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
 စင်္ကာနိုင်ငံမှာ မြန်မာ အိမ်ဖေါ်တစ်ဦး လူသတ်မှုနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
စင်္ကာပူက မိသားစုတစ်ခုဆီမှာ အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေတဲ့ မသန်းသန်းဝင်း ဟာ ပြီးခဲ့တဲ့နှစ် မတ်လက အသက် ၈၇ နှစ်အရွယ် အဖွားအို တစ်ဦးကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိမ်သားတွေမရှိတဲ့အခိုက် အိမ်ရှင်မရဲ့ယောက္ခမဖြစ်သူ အဖွားအိုက မသန်းသန်းဝင်း ကို အသုံးမကျကြောင်း ဆူပူ ကြိမ်းမောင်းနေရာမှာ မသန်းသန်းဝင်း က ကတ်ကြေးနဲ့ အချက် ၂၀ ကျော် ထိုးသတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဲဒီ တိုက်ခန်းကနေ ထွက်လာခဲ့ပြီး ရပ်ကွက်ထဲမှာလှည့်လည်သွားလာနေခဲ့ရာက၊ ကားတစ်စီးပေါ်က တွေ့ရှိခဲ့တဲ့ လွှ တစ်ချောင်းနဲ့ ကိုယ့်လည်ပင်းကိုယ် လှီးဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်သမားတစ်ဦးက တားဆီးခဲ့တယ်လို့ သိရပါတယ်။
သူ့ကို ဆေးရုံမှာ စစ်ဆေးခဲ့တဲ့အခါ မသန်းသန်းဝင်းဟာ စိတ်ကျဝေဒနာ အပြင်းအထန် ခံစားနေရတယ်လို့ ဆရာဝန်တွေ ကပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
 လန်ဒန် ၊ ၂၈-၇-၂၀၁၅
 ဆီးရီးယားနိုင်ငံ အတွင်း ဖမ်းဆီးရမိသည့် ဓားစာခံ များကို ရက်ရက်စက်စက် ခေါင်းဖြတ် ကွပ်မျက် ခဲ့သည့် ဗြိတိန်နိုင်ငံ မှ ဂျီဟက်ဂျွန် အမည်ရှိ ISIS စစ်သွေးကြွ အဖွဲ့ဝင် တစ်ဦးသည် ယခုအခါ ၄င်းအဖွဲ့မှ ထွက်ပြေး သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အသက် ၂၆ နှစ်ရှိ အဆိုပါ ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီ အမည်ရှိ ဂျီဟက်ဂျွန် သည် စစ်သွေးကြွ အဖွဲ့က ၄င်းကို ဖယ်ရှားခဲ့ ပြီးနောက် ဆီးရီးယား နိုင်ငံမှ ထွက်ခွာ၍ မြောက် အာဖရိက သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ဖွယ်ရှိကြောင်း ဗြိတိန် သတင်းဌာန တစ်ခုဖြစ်သည့် Daily Express က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
ဂျီဟက်ဂျွန် သည် ဖမ်းဆီးခံ ဗြိတိန်နှင့် အမေရိကန် ဓားစာခံများကို ရက်စက်စွာ ကွပ်မျက်သူအဖြစ် ဖော်ထုတ်ခံ ရပြီးနောက် ဗြိတိန်နှင့် အမေရိကန် အထူးတပ်ဖွဲ့များ ၏ ချေမှုန်း တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်ခြင်း ကြောင့် အခြား နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။
လန်ဒန်မြို့ခံ တစ်ဦးဖြစ်သည့် ဂျီဟက်ဂျွန် သည် ယခုအခါ အပြစ်မဲ့ အနောက် နိုင်ငံသား များကို သတ်ဖြတ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလျက် ရှိပြီး ၄င်းကို ဗြိတိန်နှင့် အမေရိကန် အထူးတပ်ဖွဲ့ များက ဖမ်းဆီးနိုင်ပါက တရား ဥပဒေနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ၄င်းအနေဖြင့် ဖမ်းဆီးခြင်း ကို လက်မခံပါက သတ်ဖြတ် ချေမှုန်း ခံရမည် ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
    ယခု သီတင်းတစ်ပတ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု အခြေအနေများကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ လေယာဉ်ကွင်း၊ ပြည်တွင်း/ပြည်ပ လေယာဉ် အတက်အဆင်းများ အားလုံးကို ခေတ္တ ယာယီ ပိတ်ခဲ့ရမှုများရှိပြီး လေယာဉ် ခရီးစဉ် နောက်ကျ ဆိုက်ရောက်ခဲ့ရခြင်းများ ရှိကြောင်း လေကြောင်း ရဲတပ်ဖွဲ့ မှ သိရသည်။
ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အထိ သီတင်းတစ်ပတ်အတွင်း သုံးကြိမ် ခေတ္တပိတ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် ၂၂ မိနစ်အကြာ ယာယီပိတ်ထားခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ဇူလိုင် ၂၄ ရက်တွင် ရာသီဥတု ဆိုးရွားပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော Air Bagan လေကြောင်းလိုင်း သည် လေယာဉ်ပြေးလမ်းမှ လမ်းချော်ခြင်း ဖြစ်ပွားခဲ့သဖြင့် ၂ နာရီ ၅၀ မိနစ်အကြာ လေယာဉ်ကွင်း ပိတ်ခဲ့ရသည်။ ဇူလိုင်လ ၂၇ ရက်တွင်လည်း ရာသီဥတုအခြေအနေကြောင့် ၁၈ မိနစ်အကြာ လေယာဉ်ကွင်းကို ယာယီ ပိတ်ခဲ့ရကြောင်း လေကြောင်း ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
 ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
 မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ်(၆)လမ်းသွား လမ်းမပေါ်တွင် ဇူလိုင် ၂၆ ရက်နေ့ ၌ KIA အမျိုးအစား BONGO ကွန်တိန်နာဘောက်အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃. ၅ ဘီလီယံ)ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ အခုသိမ်းဆည်းရမိတဲ့ ပမာဏက မြန်မာနိုင်ငံတွင် အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြား ဖမ်းဆီး မှုဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။
ယင်းကွန်တိန်နာဘောက်အတွင်း ရှိ ဆာလာအိတ်နှင့် ကြွပ်ကြွပ်အိတ်များအတွင်းမှ WY စိတ်ကြွဆေးပြားနှင့်ပန်းရောင်စိတ်ကြွ ဆေးပြားများကို စုစုပေါင်း ၂၆၆. ၅သိန်းခန့် ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်မောင်းနှင်သွားသူ မှာလည်းထွက်ပြေးလွတ်မြောက်သွား ပြီး စိတ်ကြွဆေးပြားများဖမ်းဆီး ရမိခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက် ပြီး မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ တိုင်းခရိုင်မြို့နယ်ရှိ တာဝန် ရှိသူများမှ ယင်းအမှုနှင့်ပတ်သက် ပြီး ကွင်းဆက်တရားခံများကိုလိုက်လံ စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါအမှုကို မင်္ဂလာဒုံ ရဲ စခန်းမှ (ပ) ၇/ ၂ဝ၁၅၊ မူးယစ် ပုဒ်မ- ၁၉(က) ဖြင့် အမှုဖွင့်ကာ ဆောင်ရွက်ထားကြောင်း သိရသည်။
 (Xinhua)
https://www.facebook.com/XinhuaMyanmar
 ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ထိန်းကျောင်းကိုင်တွယ်ပေးနိုင်ခဲ့မှုကြောင့် ဥက္ကဌကြီး ဆပ်ဘတက်တာသည် နိုဘဲလ်ဆုနှင့်ထိုက်တန်ကြောင်း ရုရှားသမ္မတ ဗလာဒီမြာပူတင် က ဆွစ်ရုပ်သံဌာနတခုနှင့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။ ဇူလိုင် ၂၅ ရက်နေ့က စိန့်ပီတာစဘာ့ခ်မြို့တွင် ပူတင်နှင့်တွေဆုံစဉ် အကြီးအကျယ်လာဘ်စားမှုဖြင့် နာမည်ပျက်နေသော ဖီဖာအဖွဲ့၏ဥက္ကဌ ဆပ်ဘလတ်တာက ဖီဖာအနေနှင့် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု ပြောကြားခဲ့သည်။
“မစ္စတာဘလတ်တာ လတ်တလော ရင်ဆိုင်နေရတာတွေကို ကျွန်တော်တို့အားလုံး သိပါတယ်။ အသေးစိတ်တော့ မပြောလိုတော့ဘူး။ ဒါပေမဲ့ သူတို့ပြောတဲ့ လာဘ်စားမှုကြီးမှာ မစ္စတာဘလတ်တာကိုယ်တိုင် ပါဝင်တာတွေကို ကျွန်တော်အနေနဲ့ လုံးဝ မယုံကြည်ဘူး။ မစ္စတာဘလတ်တာလို အာကစားအဖွဲ့အစည်းကြီးတခုရဲ့ခေါင်းဆောင်တွေကို အထူး အသိအမှတ်ပြုသင့်တယ်။ တကယ်တမ်း ဒီလိုမျိုး ပုဂ္ဂိုလ်တွေကသာ နိုဘဲလ်ဆုနဲ့ထိုက်တန်တာပါ”ဟု ပူတင်က ပြောသည်။
အမေရိကန်၊ ဆွစ်ဇာလန်နှင့် အခြား အေဂျင်စီများက စုံစမ်းစစ်ဆေးနေသော ဖီဖာအရာရှိကြီးများ၏လာဘ်စားမှုထွက်ပေါ်လာပြီးနောက် ဆပ်ဘလက်တာက ရာထူးမှအနားယူမည်ဖြစ်ကြောင်း ယခင်လက ကြေညာခဲ့သည်။ ထို စွပ်စွဲချက်မှာ ဖီဖာ၏ ၁၁၁ နှစ်သမိုင်းတွင်း အဆိုရွားဆုံး အမည်းစက်ဖြစ်သည်။ ဖီဖာအရာရှိအချို့ကို အမှုဖွင့် စစ်ဆေးအရေးယူနေသော်လည်း ဆပ်ဘလတ်တာက ၎င်း၏ပါဝင်မှုနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။
အဆိုပါလာဘ်စားမှုကြီးကြောင့် ၂၀၁၈ ရုရှာ ကမ္ဘာ့ဖလားနှင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကျင်းပရေးနှင့်ပတ်သက်ပြီး ပယ်ဖျက်ခံရနိုင်ကြောင်း ပြေဆိုမှုများရှိနေသော်လည်း ရုရှားက ၎င်းပြောဆိုမှုများကို ပယ်ချခဲ့သည်။ ၎င်းလာဘ်စားမှုအရှုပ်တော်ပုံ မေလက ထွက်ပေါ်ခဲ့စဉ်ကလည်း ပူတင်က အမေရိကန်အစိုးရသည် ၎င်းတို့၏တရားစီရင်ပိုင်ခွင့်နယ်ပယ်ကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ အမေရိကန်နှင့်ဗြိတိန် နိုင်ငံတို့သည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားကျင်းပခွင့်ရရေး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်နိုင်ငံများဖြစ်ပြီး
RTS နှင့် အင်တာဗျုးတွင်လည်း ပူတင်က ၎င်း ၂ နိုင်ငံကို ထပ်မံဝေဖန်ခဲ့သည်။
“အခု လာဘ်စားမှုနဲ့ပတ်သက်လို့ သူတို့လုပ်နေပုံက ၂၀၁၈ နဲ့ ၂၀၂၂ ကျင်းပခွင့်ရရေးအတွက် ဆက်ပြီး လုနေတာလားလို့တောင် သံသယ၀င်မိတယ်”ဟု ၎င်းကပြောသည်။
Ref ; the Gurdian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော်ဦးဣန္ဒက ကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: RFA
 တရားမဝင် ကျောက်မျက်တူးဖော် တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ ရေပူ ကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင် တရားရုံးမှာ ရုံးထုတ်ရာ မှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို ဒီနေ့စတင် စစ်ဆေးခဲ့ပါတယ်။
တရားလိုပြ သက်သေတွေက ရေပူကျောင်းတိုက်မှာ တရားမဝင် ကျောက်မျက်တူး ဖော်နေတယ်လို့ ထွက်ဆိုခဲ့ကြောင်း ဆရာတော် ဦးဣန္ဒကကို ရှေ့နေ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောပါတယ်။
"ဓာတ်ပေါင်းစု စေတီတည်ဖို့ ဘုရားတွေဖြိုဖျက်ပြီးလုပ်တာကို၊ မြေကြီးထဲမှာ ကျနော်တို့ ဌာပနာထားတဲ့ပစ္စည်းတွေရဖို့အတွက် ရေဆေးရှာရတာမျိုးဖြစ်ပါတယ်၊ ဒါကို သူတို့က ကျောက်မျက်ရှာတယ်ဆိုပြီး စွဲတာဖြစ်ပါတယ်၊ သူတို့ထွက်ဆိုချက်မှာ ဒါဟာ ကျောက်မျက်တူးတယ်လို့ သူတို့ထွက်ဆိုထားပါတယ်၊ ဆရာတော်ရဲ့ ရည်ရွယ်ချက်က မြေကြီးထဲမှာ ဌာပနာထားတဲ့ ပစ္စည်းတွေရှိနေတယ်၊ ဒါတွေကို စုစည်းပြီးတော့ ဘုရား တည်ဖို့ မြေညှိတာဘဲ လုပ်ခဲ့တာပါ"
ရေပူဆရာတော်ကို တရားမဝင်ကျောက်မျာက်တူးဖော်မှု ပုဒ်မ ၄၁(က) (ခ)၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ) စတဲ့ ပုဒ်မ တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မိုးကုတ်မြို့မ ရဲစခန်းက လူဝတ်လဲဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ ဆရာတော်နဲ့ မြို့ခံတွေကတော့ ကျောင်းတိုက် အတွင်း ကျောင်းဆောင်သစ်တစ်ဆောင်ဆောက်လုပ်ဖို့နဲ့ ဓာတ်ပေါင်းစု စေတီ တည်ထားဖို့အတွက် တောင်စောင်းတွေကိုဖြိုပြီး မြေညှိခဲ့တာ သာဖြစ်ကြောင်း ပြောဆိုကြပါတယ်။
ဒီအမှုမှာ ဆရာတော်နဲ့ ကျောင်းမှာလုပ်အားလာပေးနေတဲ့ ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ်လုပ်အားပေး ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ် ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရေဘေးဒဏ် အဆိုးဆုံး ခံရတဲ့ အထဲ ကျွန်းလှမြို့ လည်း ပါဝင် 
 မြန်မာနိုင်ငံ အထက်ပိုင်း နေရာအတော်များများမှာ ရေကြီးမှုတွေ ဖြစ်နေတဲ့ အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့မှာ သေဆုံးသူ ၂၀ လောက်နဲ့ ရေဘေး ဒုက္ခသည် တစ်သိန်းနီးပါး လောက်ရှိနေပြီ ဖြစ်ပါတယ်။
ရေကြီးတဲ့ ဒေသတွေမှာ ရေထဲမျောပါသွားတဲ့ အိမ်ခြေက ၁၂၀ နီးပါးရှိခဲ့ပြီး ရေဝင်တဲ့အိမ်ကတော့ တစ်သောင်း ခြောက်ထောင် နီးပါး ရှိပါတယ်။
ကယ်ဆယ်ရေး တွေကို အဓိကထား လုပ်နေလို့ အစပိုင်းမှာ ထောက်ပံ့ရေး မလုပ်နိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဘီဘီစီကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ကြက်ခြေနီးအသင်း ဦးစီးမှူး ဦးတင့်ဝေက လည်း အစပိုင်းမှာ ရေကြီးလွန်းလို့ သွားလာရ ခက်ခဲတဲ့အတွက် ကယ်ဆယ်ရေး မရောက်တဲ့ နေရာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း အစား အစာတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ပေးနိုင်တယ်လို့ သူက ပြောပါတယ်။
မိုးကြီးလို့ ဆည်ရေ ဖောက်ချတဲ့ အတွက် ဖြစ်လာတဲ့ ရေကြီး ရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့ တို့မှာ ရေဘေး ဒုက္ခ အဆိုးဆုံး ခံနေကြရပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေမျောတဲ့အိမ် ၃၀ ကျော်ရှိပြီးရေဝင်တဲ့အိမ် တစ်သောင်းခွဲ နီးပါး ရှိပါတယ်။ ရေဘေး ဒုက္ခသည် ကိုးသောင်းကျော် ရှိပါတယ်။
လူသေဆုံးမှုတွေက စစ်ကိုင်းမှာ ၇ ယောက်၊ မန္တလေးမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မှာ ၅ ယောက်နဲ့ ကချင်ပြည်နယ်မှာ ၁ ယောက် ဖြစ်ပါတယ်။
လယ်ယာမြေ ဧက သောင်းနဲ့ ချီပြီး ပျက်စီး ဆုံးရှုံးတယ်လို့ ဒေသခံတွေက ခန့်မှန်းပေမဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကို ဆက်သွယ်လို့ မရသေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို တရားဝင် မသိရသေးပါဘူး။
လာမယ့် ၄၈ နာရီအတွင်းမှာ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်ကလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီး ဌာနက ထုတ်ပြန်ထားတဲ့ အတွက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ ရေကြီးနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
ယနေ့ခေတ် နိုင်ငံရေးအခြေအနေလောက် ရှုပ်ထွေးပွေလီသော အခင်းအကျင်းသည် မြန်မာ့သမိုင်း၌ မရှိခဲ့ဖူး သေးချေ။ အင်းဝနေပြည်တော်ကို ဟံသာဝတီမှ လာရောက်တိုက်ခိုက်ပြီး ဒုတိယမြန်မာနိုင်ငံတော်ကြီး ပျက်ပြီး ကာစ တတိယမြန်မာနိုင်ငံတော်ဟူ၍ ပီပီသသပေါ်မလာမီ အလောင်းမင်းတရား ဦးအောင်ဇေယျ မုဆိုးဖို ရွာသူကြီးဘ၀နှင့်ရှိနေစဉ်က အခြေအနေမျိုးနှင့် ခပ်ဆင်ဆင်တူမည်ထင်သည်။ သူတလူငါတမင်းနှင့် မင်းလောင်းတွေကလည်း များလှသည်။ ဟိုလူပဲ မင်းဖြစ်တော့မလို၊ သည်လူပဲဘုရင်ဖြစ်တော့မလို၊ ဟိုက မင်းလောင်း၊ သည်ကမင်းလောင်းနှင့် မျက်စိလည်စရာကောင်းလှသည်။ ထိုစဉ်က ပေါ်ပေါက်ခဲ့သော တဘောင် များအရ ဖို ၃ ဖို တဖိုမီးတောက်မည် (သို့မဟုတ်) ဘိုသုံးဘို တဘိုမင်းဖြစ်မည်ဟူ၍ဖြစ်သည်။ ထိုဘိုသုံးဘိုကား မုဆိုးဘိုရွာမှ ဦးအောင်ဇေယျ၊ နဂါးဗိုလ်ရွာသား ရွှေနဂါးနှင့် အုတ်ဖိုနယ်မှကွေ့ကရင် ဂုဏ္ဏအိမ်တို့မှာ မင်းဖြစ် မည့်သူများဟု ကျော်ကြားကာ တိုင်းသူပြည်သားတို့မှာ ဟိုဘက်ပါရမလို၊ သည်ဘက်လိုက်ရမလို ဖြစ်နေကြ သည်။ ဤကြားထဲ ခင်ဦးစားငချစ်ညိုဆိုသူကတမှောင့် ပြည်သူလူထုမှာ မည်သူ့ကို ခေါင်းဆောင်ဟု သဘော ထားရမှန်းမသိ ဖြစ်ခဲ့ကြဘူးသည်။ ကွေ့ရှမ်းများနှင့် မွန်တို့မှာလည်း အင်အားကောင်းနေကြသည်။ တိုင်းပြည် သည် နီးရာဓား ကြောက်နေခဲ့ရသောကာလ ဖြစ်သည်။ ထီးရေးနန်းရေးသည် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသော ကာလ ဖြစ်ပါ၏။
ယခု ၂၀၁၅ ခုသည်လည်း ထိုဖြစ်ရပ်မျိုးနှင့်တထပ်တည်းမဟုတ်သော်လည်း ခပ်ဆင်ဆင်တူ သည့် အနေအထားပင် ဖြစ်သည်။ တိုင်းပြည်တွင် သမ္မတဦးသိန်းစိန် လက်ရှိအုပ်ချုပ်လျက်ရှိသည်။ သူ၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ပြည်သူလူထု လိုလားလျှင် ဒုတိယသက်တမ်း ထပ်မံတာဝန်ထမ်း ဆောင်မည်ဟု ဆိုလာ ပြန်သည်။ ပြည်ထောင်စုလွှတ်တော်နာယက (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရ ဦးရွှေမန်းကလည်း သူသည် မြန်မာနိုင်ငံ၏ သမ္မတဖြစ်ချင်သည်ဟု ဆိုလာပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မူလက ၅၉(စ) အချိန်မီပြင်ဆင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သမ္မတလုပ်လိုသည်ဟု ပွင့်ပွင့်လင်းလင်းပြောခဲ့ ဖူးသည် (ယခုသော် ဖွဲ့စည်းပုံဥပဒေပုဒ်မ ၅၉(စ) ယခင်အတိုင်းရှိနေသဖြင့်မဖြစ်နိုင်တော့)၊ ထိုအခါ NLD မှ ပါတီဝင်ကိုသာ သမ္မတလောင်းစာရင်းတင်မည်ဖြစ်သဖြင့် သူရဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ သမ္မတလောင်း များအဖြစ် ရေပန်းစားလာပြန်သည်။ တဖန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တပ်မတော်မှ ရွေးချယ်သော ဒုသမ္မတလောင်းတယောက်အဖြစ် သမ္မတပြိုင်ပွဲအတွင်း ၀င်လာဖွယ်ရှိကြောင်း ထင်မှတ် သူတို့ထင်မှတ်ပြန်သည်။ အချို့က သမ္မတဦးသိန်းစိန်သည် ရွေးကောက်ပွဲမ၀င်သော်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းက အမည်စာရင်းတင်သွင်းသော သမ္မတလောင်းတဦးအနေဖြင့် လွှတ်တော်သို့ အပေါ်ပေါက်မှကျလာနိုင်သေးကြောင်း သုံးသပ်ကြသည်။
သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးဖြစ်သူ ဒေါက်တာနေဇင်လတ်ကလည်း အမျိုးသားတိုးတက်ရေးပါတီတည်ထောင်ပြီး ထိုပါတီမှ ဦးသိန်းစိန်ဝင်ရောက် ယှဉ်ပြိုင်မလိုလိုလည်း ထင်သူက ထင်ကြသည်။ ၈၈ အရေးတော်ပုံ၏ အဓိကမောင်းနှင်အားဖြစ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ (ယခု ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း ဦးကိုကိုကြီးအပါအ၀င် ခေါင်းဆောင်အချို့ ရွေးကောက်ပွဲဝင်မည်ဟုဆို ပြန်သည်။ ဘယ်ပါတီက၀င်မလဲ သေသေချာချာမပြောဘဲ လျှို့ဝှက် သည်းဖိုလုပ် နေသေးသည်။ တိုင်းသိပြည်သိ စာရေးဆရာများဖြစ်သော ဆရာဖေမြင့်၊ ဆရာဒေါက်တာခင်မောင်ညို တို့ကလည်း NLD မှ ၀င်ရောက် အရွေးခံမည်ဟု သတင်းထွက်ပေါ်နေသည်။ စာရေးဆရာဟိန်းလတ်နှင့် စာရေးဆရာကိုကို(စက်မှုတက္ကသိုလ်)တို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရပြန်သည်။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ရွေးကောက်ပွဲမ၀င်ဟု ဆိုပြန်၏။ တပ်မတော် သား ၂၀၀ ခန့်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်အရွေးခံရန် စာရင်းပေးထားရာ လောလောဆယ် ၅၇ ယောက် ကို ပါတီကလက်ခံလိုက်ပြီဟု သတင်းများထွက်လာပြန်သည်။ တပ်မတော် သည် အမျိုးသားနိုင်ငံရေးကိုပဲလုပ်တယ်ဟု တောက်လျှောက်ဝါဒဖြန့်ချိလာရာ ယခုအခါမှ တပ်မတော်သား အချို့ပါတီတခုထဲသို့ ပြောင်းရွှေ့ရွေးချယ်ခံခြင်းဖြင့် ပါတီနိုင်ငံရေးထဲသို့ပါဝင်ရန် ကြိုးစားလာရာ အမျိုးသား နိုင်ငံရေးနှင့် ပါတီနိုင်ငံရေးသည် ယခုအခါ အတူတူဖြစ်သွားပြီလားဟု ဇဝေဇ၀ါရှိသူက ရှိကြသည်။ ခြုံ၍ ဆိုရသော် ယခုအချိန်သည် နေရောင်လည်း လုံးလုံးမပျောက်သေး၊ လရောင်လည်းလုံးလုံးမထွက်သေးသော ညီအစ်ကို မသိတသိ ဒီမိုကရေစီ ၀ိုးတ၀ါးဆည်းဆာအချိန်ဖြစ်နေပါသည်။ ဒီလူပဲ ဟိုကထွက်လာလိုက်၊ သည်က ၀င်လာလိုက်နှင့် မျက်စိလည်စရာပုံရိပ်များနှင့် ရှုပ်ယှက်ခတ်နေပါတော့သည်။ မှောင်သည်လဲ မဟုတ်၊ လင်း သည်လည်း မဟုတ်သော ပတ်ဝန်းကျင်ဝယ် လူအမျိုးမျိုးသည် ရှုပ်ယှက်ခတ်နေသည့်ကြားမှ မရိုးနိုင်အောင် လူလုံးပြနေသည်နှင့်တူပါသည်။ ယခုထွက်လာသူသည် လူဟောင်းလား၊ လူသစ်လား၊ ဘောင်းဘီချွတ်၍ ပုဆိုး ၀တ်သူလား၊ ပုဆိုးချွတ်၍ ဘောင်းဘီဝတ်သူလား၊ ဘောင်းဘီနှင့်ဘောင်းဘီလဲတာလား၊ ပုဆိုးနှင့် ပုဆိုးလဲ တာလား၊ ဘာတွေမှန်းမသိတော့ပေ။ တိုင်းရင်းသားပါတီတွေကလည်း ကျားဖြူဖြစ်လိုက်၊ ကျားခေါင်းဖြစ်လိုက် UNA နှင့် SNLD မဟာမိတ်လုပ်လိုက်၊ CRPP နှင့် NLD မဟာမိတ်လုပ်လိုက်။ ရခိုင်ပါတီများကလည်း ပေါင်း သည့်ပါတီပေါင်း၊ ကွဲသည့်ပါတီကွဲ။ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ကို လက်မှတ်ထိုး ထားပြီးသော တိုင်းရင်းသားအချို့နှင့်ပင် ယခုအခါမြန်မာနိုင်ငံအနှံ့ဝယ် တိုက်ပွဲများဖြစ်ပွားနေတာလည်း မျက်စိ လည်စရာပင်။
လွှတ်တော်နှင့် အစိုးရအားပြိုင်မှု၊ အာဏာပွတ်တိုက်မှုကြားဝယ် အာဏာရပြည်ခိုင်ဖြိုးပါတီ အတွင်း ဦးသိန်းစိန်ဂိုဏ်းနှင့် ဦးရွှေမန်းဂိုဏ်းအဖြစ်ကွဲပြားမှု ပိုမိုပီပြင်လာတာလည်း ပြည်သူလူထုမှာ နားမလည် နိုင်စရာဖြစ်သည်။ အဖွဲ့အစည်းအချို့ကလည်း ဘာသာရေးကို နိုင်ငံရေးဘက်သို့နွယ်ကာ စည်းရုံးနားချမှုများ ဖြစ်ပေါ်နေသည်။ နိုင်ငံရေးအထည်ကြီးပျက်အချို့ကလည်း ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ရတာတွေကို စားမြုံ့ ပြန်ကာ အမျိုးသားရေးလိုလို ဘာလိုလိုဖြင့် လူလုံးပြနေကြပြန်သည်။ ထိုအခါ အားလုံးကပြောလာကြသည်မှာ ပြည်သူတွေသည် ဘာကိုဆက်လုပ်ရမလဲ။ ဘယ်သူ့ကိုယုံရမလဲဆိုသော မေးခွန်းဖြစ်သည်။ အခြေအနေတွေ က အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်နေသည်။ အားလုံးကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နှင့် ဆရာကြီးတွေ ချည်းဖြစ်သည်။ ဦးအောင်ဇေယျတို့လက်ထက်က ဘိုသုံးဘို တဘိုမင်းဖြစ်မည်ဆိုသကဲ့သို့ ယခုအခါလည်း တပ်မတော်မှတင်သောဗိုလ်၊ ပြည်ခိုင်ဖြိုးမှတင်သော ဗိုလ်၊ NlD မှတင်သောဗိုလ် တဗိုလ်ဗိုလ်မင်းဖြစ်မည့်ကိန်း ဆိုက်နေသည်။ တိုင်းရင်းသားတို့ ကျေနပ်စေရန် တိုင်းရင်းသားတို့ ရွေးချယ်သောဗိုလ်တဗိုလ်ကိုလည်း အာဏာ ခွဲဝေမှု၌ ထည့်သွင်းတွက်ချက်ရမလို ရှိသည်။ တိုင်းပြည်သည် ဘယ်ဘက်ကိုလိုက်ကြမည်နည်း။
စာလေးမည်စိုးသဖြင့် ရှည်ရှည်ဝေးဝေးတော့မပြောလိုပါ။ အကျဉ်းချုံး သုံးသပ်ကြည့်ပြီး ရဲရဲပြောရလျှင် အောက်ပါအတိုင်း (စာရေးသူ၏ တဦးတည်း၏အမြင်အရ) အဖြေထွက်ပါသည်။
(က) ဦးသိန်းစိန်
၂၀၁၅ ရွေးကောက်ပွဲအနိုင်အရှုံးရလဒ် သဲသဲကွဲကွဲထွက်လာသည်အထိ တပ်မတော်သည် ဦးသိန်းစိန်ကို အလောတကြီး ပွဲထုတ်ဦးမည် မဟုတ်။ သေချာမှထုတ်သုံးမည် ဖြစ်သည်။ သေချာစေရန် တပ်မတော်သား ၁၆၆ ယောက်၏ ၂၅ ရာခိုင်နှုန်းထောက်ခံမဲ ပြည်ထောင်စု လွှတ်တော်အတွင်း ရရှိပြီးဖြစ်ရာ တပ်မတော်ကို ပူးပေါင်း ထောက်ခံမည့် တပ်မတော်နှင့် လားရာအရပ်တူသည့် ရည်ရွယ်ချက်တူသည့်ပါတီများ၊ တပ်မတော်ကို မလွန် ဆန်နိုင်သော တိုင်းရင်းသားကိုယ်စားလှယ်မဲများကို ခန့်မှန်းခြေ အရင်အချိုးချကြည့်မည် ဖြစ်သည်။ လွှတ်တော် တွင်း၌ တပ်မတော်မှ မူသေရရှိထားသော မဲအရေအတွက် ၁၆၆ မဲရရှိထားပြီးဖြစ်ရာ နောက်ထပ် ၂၅ ရာခိုင်နှုန်း သော အရပ်သားလွှတ်တော်အမတ်မဲ ပေါင်း ၁၆၆ ဦး တပ်မတော်ဘက်ပါနိုင်မလားဆိုတာ အဓိကကျသည်။ ထိုလိုအပ်သော ရွေးကောက်ခံကိုယ်စားလှယ်မဲ ၁၆၆ မဲ ရရှိအောင် (ကိုယ့်ဘက်ပါအောင်) တပ်မတော်သည် စည်းရုံးနိုင်မည်ဟုယူဆပါက (၁၆၆ မဲမစည်းရုံးနိုင်တောင် မဲ ၁၀၀ လောက် ကိုယ့်ဘက်ပါနိုင်သည်ဟု တပ်မတော်ဘက်မှထင်ပါက) တပ်မတော်အစုအဖွဲ့မှ ဒုသမ္မတလောင်းတဦး အမည်စာရင်းတင်သွင်းရမည်ဆို လျှင် ဦးသိန်းစိန်၏အမည်သည် တပ်မတော်အစုအဖွဲ့ဆီမှ ပေါ်ပေါက်လာနိုင်ပေ၏။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ မဲသက်သက်သာရှိပြီး အခြားမဲများမရနိုင်ပါက ဦးသိန်းစိန် နာမည်ကို တပ်မတော်မှ တင်သွင်းမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မဲခွဲ၍ အနိုင်မရပါက ဦးသိန်းစိန်သည် ဒုသမ္မတဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။ သမ္မတလုပ်လာသူသည် ဒုသမ္မတဆင်း၍လုပ်ရသည်ဆိုလျှင် ကျောင်းထိုင်ဆရာတော်ဘ၀မှ ကိုရင်ကြီးဘ၀သို့တော့ ဦးသိန်းစိန်သည်နေချင်မည် မထင်ပေ။ ထိုသို့ မရေရာသောအခြေအနေတွင် တပ်မတော်သည် ဦးသိန်းစိန်နာမည်အစား အခြားတပ်မတော်ခေါင်းဆောင်တဦးကို အမည်စာရင်း လွှတ်တော် သို့ ပေးပို့လိမ့်မည်။ သေချာသည်ကတော့ ရွေးကောက်ပွဲအဖြေထွက်မလာမချင်း တပ်မတော်သည် ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။ တရားဝင်မဟုတ်သော ကြိုတင်လျာထားမှု သာရှိပေမည်။
(ခ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်မှ မူသေမဲအပြင် နောက်ထပ် ဟိုပါတီသည်ပါတီ၊ ဟိုတိုင်းရင်းသား၊ သည်တိုင်းရင်းသား၊ ကြံ့ခိုင်ရေးပါတီမဲများစသည်ဖြင့်ပေါင်းလိုက်၍ လွှတ်တော်အတွင်း အမတ်များထံမှ ၁၆၆ မဲ သေချာပေါက် ထပ်ရခဲ့မည်ဆိုလျှင် ဦးသိန်းစိန်ကို အမည်စာရင်းတင်သွင်းမည့်အစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ့်အမည်ကိုသာ ကိုယ်တင်သွင်း၍ သမ္မတတက်လုပ်မည်ဖြစ်သည်။ သို့သော် အဓိကအချက်မှာ တပ်မတော်မူသေမဲသက်သက်ဖြင့် လုပ်၍မရ။ နောက်ထပ် ၂၅ ရာခိုင်နှုန်း မဲထပ်ရမှ ၅၀ ရာခိုင်နှုန်းကျော်ကာ သမ္မတအဖြစ် ပြည်ထောင်စုလွှတ် တော်က ရွေးချယ်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်၏ ဒေါက်တိုင်ပါတီများ မဲနိုင်ဖို့တော့လိုပေသည်။ ကာချုပ်သည် ကိုယ့်နာမည်ကိုယ်တင်သွင်းခွင့်မရှိဘူးဆိုလျှင် လက်ရှိကာချုပ်သည် နောက်ကာချုပ်တယောက်ကို ရာထူးလွှဲလိုက်ပြီး သက်ပြည့်ပင်စင်ယူလိုက်လည်းရသည်ပဲ ဖြစ်သည်။ ဒီလိုလည်း လုပ်လာနိုင်ပါသည်။ ရွေးကောက်ပွဲမှာ ထင်တိုင်းပေါက်ခဲ့လျှင်ပေါ့။
(ဂ) သူရဦးရွှေမန်း
သူရဦးရွှေမန်းသမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအလွန်နည်းသည်။ ဒုသမ္မတဖြစ်နိုင်ရန်ပင် မလွယ်ပေ။ ဖြစ်နိုင်ခြေမှာ တပေါက်တည်းရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စုလွှတ်တော်တွင် အမတ် ပေါင်း ၃၀၀ ကျော် အရွေးခံရဖို့ လိုသည်။ အနည်းဆုံးအဆင့် ဆန်ခါတင် သမ္မတလောင်းအဆင့်တွင်ပါနိုင်ရန် အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ၁၁၃ ယောက် အရွေးခံရမှ ဦးရွှေမန်း နာမည် ပြည်ထောင်စုလွှတ် တော်သို့ တက်လာနိုင်မည်။ ဒါမှမဟုတ် ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရအမတ် ၂၂၁ ယောက် အရွေးချယ်ခံရမှ ဖြစ်မည်။ ထိုအရေအတွက်မရလျှင် ဦးရွှေမန်းနာမည်သည် ပြိုင်ပွဲစာရင်းသို့ တက် မလာနိုင်။ တပ်မတော်အစုအဖွဲ့ကလည်း ဦးရွှေမန်းနာမည်ကို တင်မည် မဟုတ်၊ NLD ကလည်း ဦးရွှေမန်း နာမည်ကို အဆိုပြုမည်မဟုတ်။ ကြံ့ခိုင်ရေး မဲအပြတ်အသတ်နှင့်မနိုင်ပါက ဦးရွှေမန်းသည် ဘယ်လိုမှ ဒုသမ္မတပင်မဖြစ်နိုင်ပါ။ နိုင်မနိုင် စောင့်ကြည့်ကြပါကုန်။
(ဃ) သူရဦးတင်ဦး (သို့မဟုတ်) ဦးဝင်းထိန်
သူရဦးရွှေမန်းအတွက် ရှင်းပြခဲ့သလိုပင်ဖြစ်သည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၃၃၃ ဦး ရွေးကောက်ခံခဲ့ရပါက ပြည်ထောင်စုလွှတ်တော်တွင် ၆၆၄ ဦးရှိရာ ၅၀ ရာနှုန်းကျော်ဖြစ်သော ၃၃၃ ဦး ကိုယ့်ဘက်မှာရှိသဖြင့် NLD မှ တင်မြှောက်သော ဦးတင်ဦးဖြစ်စေ၊ ဦးဝင်းထိန်ဖြစ်စေ သမ္မတနှင့် ဒုသမ္မတများ ဖြစ်လာကြပေမည်။ ၃၃၃ ဦး ဟုဆိုရာ၌ NLD ပါတီဝင်အမတ်ပင် မဟုတ်သော်လည်း NLD က ရွေးသောသမ္မတ လောင်းကို ထောက်ခံမဲပေးမည့် မဟာမိတ်ပါတီများမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်နိုင်သည်။ NLD က အမတ် ၃၀၀ ရ၍ မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသားများ ၃၃ ဦး နိုင်ခဲ့လျှင်လည်း ဖြစ်ပေသည်။
ဤသို့ ယထာဘူတကျကျ လေ့လာကြည့်သောအခါ မည်သူတွေက မည်မျှသမ္မတလုပ်လိုသည်ဟုပြောနေ သည်ဖြစ်စေ သမ္မတ တကယ်ဖြစ်နိုင်သည်မှာ ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်မှသာ ဖြစ်နိုင် မည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်မှ တင်မြှောက်သော ကိုယ်စားလှယ်သည်သာ ရွေးကောက်ပွဲတွင် မနိုင်လည်း ဒုသမ္မတတယောက်တော့ သေချာပေါက်ဖြစ်နိုင်ပေသည်။ သို့သော် ဦးသိန်းစိန်ရော၊ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ရော ဒုသမ္မတရာထူးတော့ ယူချင်မည်မဟုတ်ပေ။ ထို့ကြောင့် ရွေးကောက်ပွဲတွင် တပ်မတော်က မျှော်လင့်အားထားသောပါတီများမနိုင်ခဲ့ပါက ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ လူစာရင်းမှ ချန်လှပ်နေခဲ့ဖွယ်ရှိသည်။ လောလောဆယ် လူ ၄ ဦးတွင် (ဃ) သည် အားအသာဆုံးဖြစ်နေပါသည်။
၂၀၁၅ နိုဝင်ဘာလကုန်အထိ တိုင်းပြည်တည်ငြိမ်၍ ရွေးကောက်ပွဲ သမာသမတ်ကျကျပြုလုပ်ခဲ့လျှင် ၁၉၉၀ လို မဟုတ်ဘဲ ငြင်သာစွာ အာဏာလွှဲခဲ့မည်ဆိုလျှင် ပြည်သူလူထုလိုလားသော အစိုးရအဖွဲ့ တက်လာနိုင်ပါသည်။
ယခုအခါတွင် အရာရာသည်ရှုပ်ထွေးလျက် မည်းမှောင်နေသော အခိုက်ဖြစ်ပါသည်။ ပါတီအသီးသီးသည် သူတို့ပါတီကောင်းကြောင်းများကို မစားရ၀ခမန်းပြောလာတော့မည့်ကာလ ဖြစ်သည်။ သင်တို့ ကျွန်တော် တို့လမ်းထဲသို့ ကွန်ကရစ်လမ်းများ ရောက်လာနိုင်ပါသည်။ ချေးငွေများ ရောက်လာနိုင်ပါသည်။ နေရောင်ခြည် စွမ်းအင်သုံးဆိုလာပြားများ ကျေးရွာများသို့ ရောက်လာနိုင်ပါသည်။ အ၀ီစိစက်ရေတွင်းများ မိုးနည်းရေရှား ကျေးရွာများသို့ ရောက်လာနိုင်ပါသည်။ စပါးခြွေလှေ့စက်များ၊ လက်သုံးထွန်စက်များ၊ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ မျက်နှာချိုချိုနှင့် ပုဂ္ဂိုလ်များသ င်တို့ အိမ်နား၊ ကျောင်းနား၊ ရွာနား၊ မြို့နားမှာ ခြေခြင်း လိမ်နေ နိုင်ပါသည်။ သန်းခေါင်စာရင်းလုပ်ပေးမည်ဆိုသူများ၊ မှတ်ပုံတင် ရစေရမယ်ဆိုသူများ၊ တိုင်းရင်းသားဖြစ်စေရ မယ်ဆိုသူများ၊ ကူညီမစမယ်ဆိုသူများ သင်တို့အနားဝယ် ပလူပျံနေပါလိမ့်မည်။ ငွေလိုချင်သူကိုငွေဖြင့်၊ အခွင့်အရေး လိုချင်သူကို အခွင့်အရေးဖြင့်၊ ပျော့ကွက်ရှိသူကို နိုင်ကွက်ဖြင့်၊ မသိသူကို လှည့်ဖျားခြင်းဖြင့် လူများစွာက အပြိုင်အဆိုင် စည်ရုံးကြပါလိမ့်မည်။ သင့်ကို ယခင်က တသက်လုံးလူရာမသွင်းခဲ့သော်လည်း သင့် လက်ထဲမှ မဲတပြားသည် ငမောက်ပတ္တမြားသဖွယ် တန်ဖိုးကြီးလွန်းလှသဖြင့် လိုချင်သူများ အလုအယက်ဖြစ် နေပါလိမ့်မည်။ သင့်ကို သူတို့ကလုသောအခါ မဟော်သဓာဇာတ်တော်ထဲမှ သားတရားစီရင်ခန်းကိုသာ သတိရ လိုက်စေချင်ပါသည်။ မိခင်အရင်းသည် မိမိသားငယ်ကို မည်သည့်အခါမှ ငါနိုင်ရင်ပြီးစတမ်း ကြမ်းကြမ်းတမ်း တမ်း အသားနာစေရန် လုယက်ယူငင်မည် မဟုတ်ပါ။ ဘီလူးမသည် ကလေးမိမိဘက်ပါလျှင်ပြီးစတမ်း အကြင်နာကင်းမဲ့ ရက်စက်ပြပါလိမ့်မည်။ ထိုအခါ သင့်လက်ထဲမှမဲတပြားကို ထိုလူနှစ်ဦး၏ ရှေးယခင်နှင့် ယခုလုပ်ရပ်များကို တွေးတောဆုံးဖြတ်ပေးအပ်ပါလေ။
ဘယ်သူသည် သင့်ကို မိခင်လိုချစ်ခဲ့သလဲ။
ဘယ်သူသည်သင့်ကို ဘီလူးတကောင်လို ကိုက်ဖြတ်ဝါးမြိုစားသောက်ခဲ့သလဲ။
သူများကိုမေးစရာမလို
သတင်းစာဖတ်စရာမလို
နိုင်ငံရေးတရားပွဲသို့ သွားစရာမလို
သြ၀ါဒတွေခံစရာမလို
ရုပ်မြင်သံကြားကြည့်စရာမလို
သင်အလိုလို သိနှင့်နေပြီးဖြစ်ပါ၏။ ကျွန်ုပ် ဘာမှမပြောလိုတော့ပါ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရွေးကောက်ပွဲကျင်းပမည့်ရက်နီးလာတာနဲ့အမျှ စစ်ဗိုလ်လူထွက် ဒီမိုကရေစီအမည်ခံ အယောင်ဆောင်တွေ၊ စီးပွားရေးသမား ခရိုနီတွေ၊ စားဖားတွေ၊ ဒီမိုကရေစီလှေကြုံစီးသူတွေ အရင်ထက်ပိုပြီး လှုပ်လှုပ်ရွရွဖြစ်လာ ကြတာတွေ့ရပါတယ်။ အထူးသဖြင့် အာဏာထိုင်ခံပေါ်တွင် နှစ်ပေါင်းရှည်ကြာထိုင်လာကြသူများက မဲရရှိရေး အတွက် လူအများအကြိုက် မီးရှူးမီးပန်းဖောက်မှုများ နိုင်ငံရေးစတန့်ထွင်မှုများဖြင့် ဆွဲဆောင်စည်းရုံးလာကြပါ တယ်။ ဒီလှုပ်ရှားမှုတွေထဲမှာ လူကြီးအကြိုက် အလံရှူးလုပ်တာမျိုးလည်း တွေ့ရပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ၀ဲကြီးကျေးရွာနှင့် ပန်းချောင်းကျေးရွာသို့ မှော်ဝန်းချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ မှော်ဝန်းတံတားဖွင့်ပွဲသို့ သမ္မတဦးသိန်းစိန် တက်ရောက်ပါ တယ်။ သမ္မတကြီး တက်ရောက်တဲ့ တံတားဖွင့်ပွဲအခမ်းအနားဟာ ကြက်ပျံမကျ စည်းကားလှပါတယ်။ နိုင်ငံ တော် သမ္မတ၊ ဒုတိယ သမ္မတတဦးတက်ရောက်တဲ့ အခမ်းအနားတရပ် လူများတာ အထူးအဆန်းမဟုတ်ပါ ဘူး။ ဒေသအာဏာပိုင်များက တမင်လူများအောင် နည်းမျိုးစုံဖြင့် စုစည်းထားတဲ့အတွက် ဖြစ်ပါတယ်။ ဌာန ဆိုင်ရာတွေ အားလုံးတာဝန်အရ မဖြစ်မနေတက်ရောက်ကြရတယ်။
ဒေသခံတွေဆိုရင်လည်း အနည်းဆုံး တအိမ်တယောက်ပေါ့။ ဒီလုပ်နည်းလုပ်ဟန်တွေက အဆက်ဆက်သော အာဏာပိုင်တွေ၊ အစိုးရတွေလုပ်ခဲ့ကြ တာမို့ ထူးပြီးမဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ထူးတာက အဲဒီ ပရိသတ်ထဲမှအချို့က ''သမ္မတကြီး ဆက်လက်ပြီး သမ္မတကြီး တာဝန်ထမ်းဆောင်ပေးပါ''ဆိုပြီး ဗီနိုင်းစာသားများ ကိုကိုင်ပြီး ဆန္ဒဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဒေသခံများရဲ့ဆန္ဒကို ထင်ဟပ်ဖော်ပြခြင်းထက် ကြိုတင်ဇာတ်တိုက်ထားတဲ့ အလံရှူးလုပ်ရပ် တခုဖြစ်ဖို့ ပိုများပါတယ်။
ရွေးကောက်ပွဲကြီးနီးလာတဲ့အတွက် သာကူးတွေ၊ ဒီမိုကရေစီ လှေကြုံစီးသူတွေ၊ ပါတီကူးပြောင်းဖို့ ကြိုးစားသူ များကိုတွေ့ရပါတယ်။ သမ္မတရဲ့အကြံပေးဟောင်း ဦးနေဇင်လတ်တည်ထောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီ ကို ကိုယ်စားပြုပြီး လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးအချို့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သတင်းများလည်း ကြားရပါတယ်။ ဥက္ကဋ္ဌဦးနေဇင်လတ်က ''လောလောဆယ် ၀င်ရောက်တာမျိုး မရှိသေးဘူး။
ကမ်းလှမ်းချက်အချို့တော့ရှိတယ်။ ပါတီက လက်ခံတယ်၊ လက်မခံဘူးဆိုတာတော့ ပြန်ဆုံးဖြတ်ရ ဦးမယ်'' ဆိုပြီး ပြောပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများ၌ ဦးစားပေးယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များမှာ မဲဆန္ဒနယ် ၁၅၀ ခန့် ၀င်ပြိုင်မယ် လို့ဆိုပါတယ်။ ပါတီတည်ထောင်တာ မကြာသေးပေမယ့် သမ္မတရဲ့အကြံပေးဟောင်းက တည်ထောင်တဲ့ အတွက် အတော်လေး လူပြောများနေတဲ့ နိုင်ငံရေးပါတီတခုလည်း ဖြစ်ပါတယ်။
ကယားပြည်နယ် ၀န်ကြီးချုပ်ဦးခင်မောင်ဦးအပါအ၀င် ၀န်ကြီး ၅ ဦးဟာ ပါတီရဲ့မူဝါဒနဲ့ပတ်သက်ပြီး မကျေလည် တဲ့အတွက် အာဏာရပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ခဲ့ကြတယ်။ ကယားပြည်နယ်အစိုးရ ၀န်ကြီး ၅ ဦးဟာ ဒေါက်တာနေဇင်လတ်ရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၀င်ရောက်မယ်ဆိုပြီး အစောပိုင်းတွင် သတင်း များထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကာယယံရှင်များက ၂၀၁၅ ရွေးကောက်ပွဲဒေသခံများ လက်ခံရင် တသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးခံမှာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တဦးက ''အဲဒီ ၀န်ကြီးချုပ်နဲ့ဝန်ကြီးလေးပါးဟာ အင်အား ကြီးပါတီတခုနဲ့ပူးပေါင်းဖို့ ဆန္ဒပြုထားတယ်။ ဘယ်ပါတီဆိုတာတော့ မောင်ရင်တို့ သဘောပေါက်ပေါ့။ ကြံ့ခိုင် ရေးက နောက်နှစ်ဦးရှိသေးတယ်။ ဦးစိုးသိန်းနဲ့ ဦးအောင်မင်း။ သူတို့ ကြံ့ခိုင်ရေးကရွေးဖို့ဆန္ဒပြုတာ လက်မခံလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ တစညပါတီက ၀င်ပြိုင်ကြလိမ့်မယ်။
နောက်တခု ရှိသေးတယ်။ နိုင်ငံတော်သမ္မတကြီးပေါ့နော်။ ၂၀၁၅ မှာ ကြံ့ခိုင်ရေးရှုံးမှာကို သိနေတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးမလုပ်တော့ဘူး။ အမျိုးသားနိုင်ငံရေးလုပ်တော့မယ်ပြောပြီး ရန်ကုန်တိုင်း ကျောက်တန်း မှော်ဝန်း တံတားဖွင့်ပွဲမှာ ရုပ်လုံးထွက်ပြတာဖြစ်တယ်။ ဦးအုန်းမြင့်က ဒေသခံတွေကို ကြိုစည်းရုံးထားတယ်။ သမ္မတကြီး စတေကာဓာတ်ပုံတွေဖြန့်ထားတယ်။ ဒီကိစ္စ ကြိုတင်ပြင်ဆင်ထားမှုဖြစ်တယ်။ ဒါကြောင့် သမ္မတကြီးရောက်လာ တဲ့အချိန် ဒီလိုလုပ်နိုင်တာဖြစ်ပါတယ်''လို့ ပြောကြားပါတယ်။
အထက်ပါစကားတွေဟာ ရွေးကောက်ပွဲကြီး ကျင်းပခါနီးတွင် လူပုဂ္ဂိုလ်အချင်းချင်းတဦးကိုတဦး သိက္ခာချတာ လည်းဖြစ်နိုင်ပါတယ်။ ဒါ့ပြင် နိုင်ငံရေးလောကအတွင်း အခြေအနေများ ရှုပ်ထွေးသွားစေရန် ကစားကွက် အမျိုးမျိုးရွှေ့တာလည်း ဖြစ်နိုင်ပါတယ်။
အာဏာနိုင်ငံရေးလောကဖြစ်တဲ့အတွက် အာဏာအခြေပြုကစားပွဲများ ဟာ ပြိုင်ဘက်အချင်းချင်း အကြားသိက္ခာရှိရှိ ပြိုင်ဆိုင်မှုမျိုးအပြင် တခါတလေ သူသေကိုယ်သေ အပြုတ်တိုက် အပြတ်ချလေ့ရှိကြပါတယ်။ အာဏာရှိသူများက အာဏာခိုင်မြဲရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ကြမှာဖြစ်သလို ငွေကြေးကြွယ်ဝသူများက ငွေကြေးကို အသုံးချပြီး ရွေးကောက်ပွဲနည်းလမ်းမှတဆင့် လွှတ်တော်ထဲအရောက် ၀င်ကာ မိမိတို့အကျိုးစီးပွားများကို ကာကွယ်ကြမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ လှေကြုံစီးကြတာဖြစ်ပါတယ်။ ဒီမိုကရေစီလှေကြုံစီးသူတွေ နောင်ဖွဲ့စည်းမည့် အာဏာပိုင်အဖွဲ့အစည်း ၃ ရပ်မှာ ပါဝင်မလာဖို့ အရေးကြီးပါ တယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ယုံကြည်စိတ်ချရမည့်သူများ၊ တနည်းအားဖြင့် ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားတို့ ယုံကြည်စိတ်ချရသူများနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကို ဟန့်တားနေကြသူများ၊ နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေကြသူများရဲ့ အားပြိုင်ပွဲတခုဖြစ်ပါတယ်။ ဒီပွဲ မှာ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရအောင် အင်နဲ့အားနဲ့ ပုံအောရပါမယ်။ ဒီမိုကရေစီအင်အားစုတွေ၊ အရည် အချင်းရှိသူတွေ လွှတ်တော်အသီးသီးမှာ အမြောက်အမြားရောက်ဖို့ လိုပါတယ်။
''ဒီကနေ့ နိုင်ငံရေးအနေအထားက ရွေးကောက်ပွဲနီးလာတာနှင့်အမျှ ပြည်သူကိုယုံကြည်၊ ပြည်သူနဲ့အတူခံစား၊ ပြည်သူ့အားနဲ့ တည်ဆောက်ထားသူတို့ကလွဲလျှင် ကျန်ရှိသော နိုင်ငံရေးအင်အားစုတို့ ပျာယာခတ်နေသည်ဟု ခံစားနေရသည်။ အာဏာရရှိနေရးအပေါ်မှာ မိမိတို့၏လုပ်ပိုင်ခွင့်စည်းစိမ်ဥစ္စာတို့အပေါ်မှာ အခြေခံသည့်ကွဲလွဲမှု များ တွန်းတိုက်မှုများက တနေ့တခြား မဖုံးနိုင်မဖိနိုင် ပေါ်ပေါက်လာနေသည်များကိုလည်း တွေ့မြင်နေရသည်။ ဒါက ပြည်သူ့အကျိုးစီးပွားပေါ်မှာ အခြေပြုကွဲလွဲတာမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားပေါ်မှာ ဆန့်ကျင်နေကြသည့်အတွက် ပြည်သူလူထုက စိတ်မ၀င်စား။ သို့သော်လည်း မိမိတို့၏ရှေ့ရေးအတွက် ဒီမိုက ရေစီခေါင်းဆောင်များကို ပုံအောမဲပေးဖို့အတွက် ပိုမိုခိုင်မာလာတာတော့အမှန်။
အာဏာရှင်လက်အောက်မှာနေချင်သလား။ တရားမျှတပြီး လူ့အခွင့်အရေးကို လေးစားသည့်နိုင်ငံမှာ နေချင် သလား။
ကိုယ်ကျိုးစီးပွားရှာမှုများဖြင့် လူတစုကြီးပွားချမ်းသာပြီး လူများစု ပြည်သူတို့ ဆင်းရဲမွဲတေနေသည့်နိုင်ငံမှာ နေချင်သလား၊ တိုင်းပြည်နှင့် ပြည်သူအများစု တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံမှာ နေချင်သလား။
ရွေးချယ်စရာ များများမရှိ။ အပြောင်းအလဲလိုချင်သည်ဆိုလျှင် ပြည်သူတိုင်း မဲပေးဖို့လိုသည်။ အာဏာရှင်တို့ကို ဖယ်ချပြီး ဒီမိုကရေစီကို မဲပေးကြဖို့လိုသည်''ဟု ဆရာဖေမြင့်က ဇူလိုင် ၁၄ ရက်နေ့ထုတ် 'ပြည်သူ့အရေး' ဂျာနယ်တွင် ဖော်ပြထားသည်။
ဒီကနေ့ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရပါတယ်။ လွတ်လပ်ရေးနှင့်အတူပါလာတဲ့ ပြည်တွင်းစစ် မပြီးဆုံးသေးပါဘူး။ ကမ္ဘာပေါ်တွင် လက်နက်ကိုင်သောင်းကျန်းမှု အဖွဲ့အစည်းအများဆုံးနိုင်ငံဖြစ်ပါတယ်။ စစ်ပွဲ များကြောင့် ဒေသတွင်း ဒုက္ခသည်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အလုပ်လက်မဲ့ထူပြောပြီး ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပါတယ်။
ပြောရရင်တော့ မြန်မာနိုင်ငံဟာ လူလည်းမကောင်း၊ မူလည်းမကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကချင်က ထောင်ထား အကွဲကွဲအပြားပြားနဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားသုံးပါးဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေစာအုပ်ထဲမှာပဲ ရှိပါတယ်။
ဒီကနေ့ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာ ''ရှိသူနဲ့ မရှိသူရဲ့တိုက်ပွဲ''ဖြစ်ပါတယ်။ အာဏာမရှိသူတွေ၊ ပစ္စည်း ဥစ္စာမရှိသူတွေက အာဏာရှိသူတွေ၊ အလွန်အမင်းကြွယ်ဝချမ်းသာနေကြသူတွေ၊ မတရားသဖြင့် အကျင့်ပျက် ခြစားပြီး တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို ရယူထားကြတယ်လို့ မြင်နေကြပါတယ်။ ရှိပြီးသားလူတွေကလည်း လက်ရှိအာဏာ၊ ဓနဥစ္စာတွေ လက်လွတ်မသွားစေဖို့ ဒီထက်မက ပိုရှိပိုချမ်းသာစေဖို့ နည်းမျိုးစုံဖြင့် ကာကွယ်နေ ကြပါတယ်။
ဒီလို လူ့အဖွဲ့အစည်းမှာ တဖွဲ့နဲ့တဖွဲ့၊ တိုင်းရင်းသားလူမျိုးတမျိုးနှင့်တမျိုး ဘယ်လိုလုပ်ပြီး စည်းလုံးညီညွတ်မှု ရှိပါ့မလဲ။ တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။ ညီညွတ်ရေးဆိုတာ တမျိုးသားလုံးညီညွတ်ရေးကိုပြောတာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို စားဖားတွေ ညီညွတ်ရေးကို ပြောတာမဟုတ်ပါဘူး။ အုပ်ချုပ်သူ လူ့မလိုင်တစုနဲ့ သူတို့ရဲ့လက်ဝေခံ ခရိုနီတစု ညီညွတ်ရေးကို ဆိုလိုတာမဟုတ်ပါဘူး။
တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာကြာ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်အဆက်အနွှယ် တွေဟာ ပြည်သူလူထု အများစုကြီးရဲ့ဆန္ဒ၊ ဆုံးဖြတ်ပိုင်ခွင့်ကို ပစ်ပယ်ခဲ့ကြ၊ လျစ်လျူရှုခဲ့ လျစ်လျူရှုနေကြပါ တယ်။
လာမည့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်သူလူထုကြီးဟာ ၇၅ ရာခိုင်နှုန်းသော ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရကြပါမယ်။ အဲဒီကိုယ်စားလှယ် ၇၅% မှာ စစ်တပ်အနွှယ်တွေ၊ စစ်ဗိုလ်ဟောင်းတွေ၊ ခရိုနီတွေ၊ စားဖားတွေနဲ့ ဒီမိုကရေစီ လှေကြုံစီးသူတွေ တယောက်တလေမှ ပါမလာဖို့လိုပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကြီးနီးလာပါမှ လမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးလာ မည့်သူများကို သတိထားကြပါ။ ဘယ်စစ်ဗိုလ်လူထွက်ကတော့ ငါတို့ဒေသခံပဲ အားကိုးရမယ်ဆိုပြီး မဲမပေးကြ ပါနဲ့။ သူတို့တတွေဟာ ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ပြောင်းကြသော်လည်း အာဏာရှင်စိတ်ဓာတ်ကို သေသည် အထိ ဖျောက်မယ့်သူများမဟုတ်ကြပါဘူး။ အထူးသဖြင့် စစ်အာဏာရှင်များနှင့်ပေါင်းပြီး မြေသိမ်းယာသိမ်းလုပ်ခဲ့ ကြတဲ့ ခရိုနီကြီးငယ်များကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ကြပါလို့ တိုက်တွန်းလိုက်ရကြောင်းပါဗျာ။
ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
u htay oo copy
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် မဲဆန္ဒနယ် အားလုံးလိုလိုမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနိုင်ရဖို့ ၁၀၀ ရာခိုင်နှုန်း မျှော်လင့်တယ်လို့ ပါတီဒုက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်တာပါ။
“ကျနော်တို့ ရည်မှန်းတာတော့ ၁၀၀ ရာခိုင်နှုန်းပဲ၊ ၁၀၀ ရာခိုင်နှုန်း ရည်မှန်းတယ်။ သို့သော် လည်းပဲ တကယ့်အခြေအနေ အမှန်ဆိုတဲ့ ဥစ္စာတော့ ရွေးကောက်ပွဲပြီးမှပဲ သိလိမ့်မယ်။ သို့သော်လည်းပဲ ၁၀၀ ရာခိုင်နှုန်း ရည်မှန်းတယ်ဆိုတာ အကြောင်းမဲ့သက်သက် ရည်မှန်းတာတော့ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူကို အကျိုးပြုတဲ့ လုပ်ဆောာင်ချက်တွေအပေါ် ပြည်သူတွေရဲ့ တုံ့ပြန်ချက်တွေကို ကျနော်တို့ အမြဲတမ်း စစ်တမ်းကောက်ပါတယ်။ ကောက်တယ်ဆိုတာ ကျနော်တို့ ကောက်တာမဟုတ်ဘူး၊ ကျနော်တို့ ပါတီအနေနဲ့လည်း ကောက်တယ်။ တခြားသောလူမှုရေး အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ သူတို့လည်း ကူညီပြီးကောက်တာရှိတယ်။ သူတို့ရဲ့ ကောက်ယူမှုရာ ခိုင်နှုန်းအပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ကြတာ။”
ပါတီအနေနဲ့ ပြည်သူတွေလိုတဲ့ အရာအားလုံး လုပ်မပေးနိုင်ခဲ့ပေမယ့် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေမှာ အထင်အရှား ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လည်း ပါတီ ဒုခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ် ၈ ရက် နောက်ဆုံးထား တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမယ့် ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ သူတို့ကိုယ်စားလှယ်လောင်းစာရင်းကို အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သူရဲ့မွေးရပ် ဖြူးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှာ ပါမလာဘူးလို့ ပါတီဗဟိုကော်မတီဝင် သူရဦးအောင်ကိုက မီဒီယာတွေကို ပြောထား ပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို အသွင်ပြောင်းပြီး စစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေနဲ့ ထူထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်မပြိုင်ပဲ သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်စလုံးမှာ ၈၈၂ နေရာ အများဆုံး အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။
လွှတ်တော်အမတ်နေရာ ၄၅ နေရာအတွက် ယှဉ်ပြိုင်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃ နေရာ အနိုင်ရပြီး ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော် ၁ နေရာပဲ အနိုင်ရခဲ့ပါတယ်။
By ညိုမာသက်/DVB
http://burmese.dvb.no/archives/104547
၂၀၁၅ ရွေးကောက်ပွဲပြီးရင်တောင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဖို့မလွယ်ဘူးလို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) သဘာပတိအဖွဲ့ဝင်ကပြောဆိုလိုက်ပါတယ်။
အင်းတော်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်းတော်ချောင်းရေလျှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- စိုးစံ)
ရေကြီးရေလျှံမှုနှင့် ဆိုးရွားစွာ ကြုံ တွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု ဆက်လက်များပြားနေဆဲဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ခြောက်လက်မအလို ရောက်ရှိလာသော သဖန်းဆိပ်ဆည်မှ ရေဧကပေသိန်းချီအထိ ဖောက်ချခဲ့ခြင်းကြောင့် မူးမြစ်ကမ်းဘေးတွင် နေထိုင်သော ကျေးရွာများစွာ၌ နေအိမ် အမြောက်အမြား ရွှေ့ပြောင်းခဲ့ရခြင်း၊ ကန့် ဘလူနယ်ရှိ ခက်လုံချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာများစွာ ရေ၀င်နစ်မြုပ်ခဲ့ခြင်း၊ ခင်ဦးနှင့် ကန့်ဘလူနယ်အစပ်ရှိ ရသားဆည် နှင့် ဇီးကုန်းနယ်အရှေ့မြောက်ဘက်ရှိ မြို့သာဆည် ကျိုးကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
“သဖန်းဆိပ်ဆည်က စိုးရိမ်မှတ်ကို ရောက်ဖို့ ခြောက်လက်မပဲ လိုတော့တာပါ။ ဒါကြောင့် တစ်ရက်ကို ဧကပေ တစ်သိန်းနှုန်း ဖောက်ချနေတာ။ မူးမြစ်ကမ်းနံဘေး ရွာတချို့ကတော့ ရေဘေးလွတ်ရာ ရွှေ့နေကြတယ်လို့ သိရပါတယ်”ဟု ဆည်မြောင်းအရာရှိတစ်ဦး က ပြောကြားသည်။
မိုးဆက်လက်ရွာသွန်းနေခြင်းနှင့် သဖန်းဆိပ်ဆည်ရေ ဖောက်ချမှုများကြောင့် ဇူလိုင် ၂၅ နံနက်ပိုင်းတွင် အနည်းဆုံး ရေဘေးဒုက္ခသည် ထောင်ချီကာ ဆက်လက်များပြားလာခဲ့ပြီး မြစ်ရေမှာလည်း ထပ်မံမြင့်တက်လာဦးမည်ဖြစ်သဖြင့် မြစ်ကမ်းဘေးရှိ နေအိမ်များ ကြိုတင်ဖျက်သိမ်းထားရန် အုပ်ချုပ်ရေး တာဝန်ရှိသူများက သတိပေးပြောကြားသည်။
“ဒီနေ့ (ဇူလိုင်၂၅) အိမ်ခုနစ်လုံး ဖျက်ခဲ့ရပါတယ်။ နောက်ထပ် ၁၀ လုံးလောက် ဖျက်ရဦးမှာပါ။ ကျွန်တော်တို့တွေ ညဘက်လည်း တထိတ်ထိတ်နဲ့ အိပ်လို့ မရပါဘူး။ ရေက ဆက်ပြီး တက်နေတုန်းပါ။ စာသင်ကျောင်းတွေ တော်တော်များများလည်း ပိတ်ထားရတယ်။ ရွာတံတားက မျောပါသွားတာကြောင့် မြို့နဲ့လည်း အဆက်အသွယ် ပြတ်နေပါတယ်။ အကူအညီလိုနေပေမယ့် ရေကြီးတာ တစ်ပတ်ကြာတဲ့အထိ ဘာအကူအညီမှ မရသေးပါဘူး။စာရင်းတွေတော့ လာကောက်နေပါတယ်”ဟု ရေဦးမြို့နယ် လေးရွာမှဒေသခံ ဦးသိန်းက ဆိုသည်။
ထို့ပြင် ခင်ဦးနှင့် ကန့်ဘလူနယ် တစ်ဝိုက်ရှိ ဆည်သုံးခုမှာ ဇူလိုင်၂၅ရက်တွင် ကျိုးကျခဲ့ပြီး အခြားသော ဆည်အမြောက်အမြားမှာလည်း စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိလာခဲ့သည်။
“ရသားဆည်ကျိုးသွားတယ်။ ခက်လုံချောင်းကလည်း ရေမြင့်လာတယ်။ ဇူလိုင် ၂၅ နံနက်ပိုင်းမှာ ဆည်သုံးခု ကျိုးသွားတယ်။ ကျန်တဲ့ ဆည်တွေကလည်း စိုးရိမ်ဖွယ်အနေအထားကို ရောက်လာပြီ။ အဲဒီအနေအထားမှာရေရှင်၊ ပိတောက်ကုန်း၊ ပြေကွင်း၊ ယင်းတိုက်စတဲ့ ရွာတွေ ရေ၀င်နစ်မြုပ်ခဲ့တယ်။ လူနေအိမ်သုံးလုံး နဲ့အိမ်မွေးတိရစ္ဆာန်တွေ ရေစီးထဲပါသွားတယ်လို့ လတ်တလော သတင်းရထားပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးဝင်းအောင်က ပြောကြားသည်။
ဆိုးရွားသည့် ရေကြီးရေလျှံမှုသည် သီတင်းတစ်ပတ်ကျော်လွန်သည့်အထိ ရပ်တန့်နိုင်ဖွယ်မရှိသေးကြောင်း သိရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ကျေးရွာများစွာမှာ ကူကယ်ရာမဲ့နေဆဲဖြစ်သည်ဟု လူမှုကူညီရေးအဖွဲ့ဝင်များက ဆက်သွယ်ပြောကြားသည်။
ကယ်ဆယ်ရေးအဖွဲ့တွေ လက်လှမ်းမမီတဲ့ ဒေသအများကြီး ရှိနေပါသေးတယ်။ သိသလောက်မှာပဲ ကောလင်း၊ ကန့်ဘလူ၊ ရေဦးက ကျေးရွာတွေမှာ ဘာအကူအညီမှ မရကြပါဘူး။ နောက်တစ်ခါ အကူအညီရတဲ့ ကျေးရွာတွေကိုပဲ နိုင်နင်းဖို့ကြိုးစားနေရဆဲပါ”ဟု မန္တလေး အခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အဆိုပါအခြေအနေတွင် သက်ဆိုင်ရာဌာနများ၏ သတင်းထုတ်ပြန်မှုမှာ အားနည်းနေဆဲဖြစ်ပြီးအခြေအနေမှန်ကို ထုတ်ပြန်မှသာ ဆက်လက်ဆောင်ရွက်ရမည့် အနေအထားကို သုံးသပ်နိုင်ကာ ပြည်သူများထိခိုက်နစ်နာမှု နည်းပါးမည်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။
“အခုအခြေအနေမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက မစိုးရိမ်ရပါဘူးဆိုပြီးပဲ ပြောနေတယ်။ ပြီးတော့ သဖန်းဆိပ်ဆည်နဲ့ ပတ်သက်ပြီး ဧကပေ ငါးသောင်းပဲလွှတ်တာပါလို့ ပြောတယ်။ မြေပြင်အခြေအနေအရ မဖြစ်နိုင်တဲ့အကြောင်းပြောမှ တစ်သိန်းကျော်လွှတ်တာပါလို့ဖြေတယ်။ ကြိုတင်ကာကွယ်မှု အားနည်းတာတော့ ခုချိန်မှာထားပါတော့။ လက်ရှိလုပ်ရမယ့် အနေအထားကို ဖုံးကွယ်တာမျိုးကျတော့ မဖြစ်သင့်တော့ဘူး။ လူခုနစ်ဦးလည်း ၀မ်းနည်းစရာ သေဆုံးသွားပြီ။ ဒီချိန်ထိ စိုးရိမ်စရာ မဟုတ်ပါဘူးလို့တော့ မပြောသင့်တော့ဘူး”ဟု ရေဦးနယ်မှ နိုင်ငံရေးလှုပ်ရှားသူ ဦးအောင်မြင့်သောင်းက သုံးသပ်သည်။
ထို့ပြင် ဆည်မြောင်းစနစ်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရန် လိုပြီဖြစ်ကြောင်း ရေဘေးသင့်ဒေသခံများက ပြောကြားပြီး ရေဘေးသင့်မှု၏ နောက်ဆက်တွဲပြဿနာကို ဖြေရှင်း ပေးရန်လည်း မျှော်လင့်ကြောင်း ဆိုသည်။
“အခု စိုးရိမ်စရာဖြစ်နေတဲ့ ဆည်တော်တော်များများက စိုက်ပျိုးရေးအတွက်ဆိုရင် ဘာမှ ထိထိရောက်ရောက် သုံးမရတာများတယ်။ ဒါကမဖြစ်မနေပြင်ဖို့ လိုပြီဆိုတာကို ပြတယ်။ နောက်ပြီး သတင်းထိမ်ချန်တာမျိုး မလုပ်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လည်း လိုနေတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းအောင်က ပြောကြားသည်။
ရေဘေးသင့်ဒေသများသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဇူလိုင် ၁၉ ရက်က သွားရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဇူလိုင်၂၃ ရက် တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် သတင်းထုတ်ပြန်ချက်တွင် ရေဘေးသင့်ပြည်သူ ၃၅၀၀၀ ကျော်ရှိကြောင်းနှင့် ပျက်စီးထိခိုက်မှုပမာဏ များပြားကြောင်း ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုလ ၁၄ ရက်မှ စတင်ပြီး ၁၈ရက်အထိ စံချိန်တင် မိုးရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ခန္တီးခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာအသီးသီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း ရေလှောင်တမံများ ကျိုးကျပွင့် ထွက်ခြင်း၊ ချောင်းငယ်များမှ မကြုံစဖူး ချောင်းရေများ မြင့်တက်လာခြင်းတို့ကြောင့် စာသင်ကျောင်းများ မျောပါခြင်း၊ ဘုန်းတော်ကြီး ကျောင်းများမျောပါခြင်း၊ စိုက်ပျိုးသီးနှံဧက ပေါင်းထောင်နှင့်ချီပြီး ရေလွှမ်းမိုးပြီး သဲဖုန်းခြင်းများ ဖြစ်ပေါ်ခံစားခဲ့ကြရပြီး လူသေဆုံးမှုများအထိ ဖြစ်ပွားခဲ့ရသည်။
ကလေးခရိုင်အတွင်းရှိ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ပိုင်းဒေသရှိ သံပေါက်ရွာတွင် သံပေါက်ချောင်းရေသည် ၁၆ ရက် ညပိုင်း အချိန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေအိမ် ၁၀ လုံးမျောပါပြီး တောင်တွင်းဒေသရှိ ပျားသုံးကျေးရွာတွင်လည်း တောင်တွင်း ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရခြင်း၊ စိုက်ပျိုးရိတ်သိမ်းပြီး သီးနှံများ ချောင်းရေအတွင်း မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကာ လင်းလုကျေးရွာတွင်လည်း ရိတ်သိမ်းပြီး ကောက်ပဲသီးနှံများ နေအိမ်များ လယ်ယာသုံး ခိုင်းနွားများ ပုထိုးလုံးချောင်းအတွင်း မျောပါခဲ့သည်။
ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ ရေ၀ါချောင်းရေ မြင့်တက်လာပြီး ကနီမြို့သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင်များ ချောင်းရေအတွင်းမျောပါပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကာ ၀င်မနားကျေးရွာအနီးရှိ ဖိုးမဲချောင်းရေ တိုက်စားမှုကြောင့် ၀င်မနား အထက ကျောင်း အုတ်တံတိုင်းများမျောပါပြီး ဖိုးမဲချောင်းကမ်းပါးအနီးတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် သားအမိနှစ်ဦး ရေထဲမျောပါကာ သေဆုံးခဲ့ရသည်။
ဖောင်းပြင်မြို့နယ် ဟုမ္မလင်းမြို့နယ် မော်လိုက်မြို့နယ်တို့တွင်လည်း အဆက်မပြတ် မိုးရွာသွန်းခဲ့မှုကြောင့် ကားလမ်းများ ပိတ်ဆို့ သွားခဲ့ရပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်း မြို့များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းတချို့လည်း တောင်ပြိုကျပြီး လမ်းများ ပိတ်ဆို့ခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက် အထိ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ စိုက်ပျိုးသီးနှံများ ပျက်စီးမှုစာရင်းအား ဇူလိုင် ၂၃ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် စစ်ကိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ် အမှတ် (၅)တွင် ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြရာတွင် ဇူလိုင် ၁ ရက် နံနက် ၉ နာရီအချိန် တိုင်းထွာချက်များအရ ကန့်ဘလူ စခန်း၌ မိုးရေချိန်အမှတ်မှာ ၇ ဒသမ ၈၃ လက်မအထိ ရွာသွန်းခဲ့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၄ နှစ်အတွင်း စံချိန်တင်ရွာသွန်းခဲ့မှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းမြင် ရေလှောင်တမံ၏ သတ်မှတ်ရေပြည့်အမှတ် ၆၉၂ ပေအထိ ရောက်ရှိခဲ့ပြီး မြေသားတမံ အလျား ပေ ၂၀ ခန့် နှစ်နေရာရှိသည့် နေရာမှ ရေတိုက်စားကာ မြေသားပဲ့ကျမှု ဖြစ်ပွားခဲ့ပြီး ရေလှောင်တမံအောက်ခြေရှိ ကျေးရွာများမှ လူနေအိမ်များ၊ စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းများ ရေနစ်မြုပ်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း တင်ပြခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုများကြောင့် မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကိုးစုရှိ အိမ်ခြေ ၇၀၈၄ ၊ လူဦးရေစုစုပေါင်း ၃၅၂၂၃ ဦးရေ ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက် ၃၃ ရပ်ကွက်ရှိ အိမ်ခြေ ၃၁၉၁ အိမ်၊ အိမ်ထောင်စု ၃၀၆၈ စုရှိ လူဦးရေ စုစုပေါင်း ၁၃၈၃၄ ဦး၊ ပြောင်းရွှေ့ခဲ့ရပြီး မုံရွာ၊ ကန့်ဘလူ၊ ကသာခရိုင် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ စုစုပေါင်း ၅၃၃၄ ဦး နေထိုင်လျက်ရှိကြောင်း လည်း တင်ပြခဲ့သည်။
မိုးရေလျှံတက်မှုကြောင့် မြို့နယ် ၂၁ မြို့ နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၂၉၃ အုပ်စု တွင် နွေစပါး ၄၉၅၆ ဧက၊ မိုးစပါး ၅၁၅၅၉ ဧက၊ စပါးပျိုးခင်း ၁၁၉၁၅ ဧက၊ ဆီထွက်သီးနှံ ၂၁၅၅ ဧက၊ ပဲမျိုးစုံ ၄၇၆ ဧက၊ အခြားသီးနှံ ၁၁၃၆၆ ဧက စုစုပေါင်း ၈၂၄၂၇ ဧက ရေ၀င် နစ်မြုပ်သွားခဲ့သည်။
လမ်းနှင့် တံတားများ ပျက်စီးခဲ့မှု အခြေအနေမှာ လမ်းတံတားဦးစီးဌာနပိုင်လမ်း ၁၇ လမ်း၊ သစ်တားတံတား ငါးစင်း၊ ကွန်ကရစ်တံတား ၁၀ စင်း၊ ဘေလီတံတား တစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး စည်ပင်သာယာအဖွဲ့ပိုင်လမ်းများအနေဖြင့် မြေသားလမ်းတစ်လမ်း၊ ကျောက်ခင်းလမ်း ငါးလမ်း၊ ကတ္တရာလမ်း ရှစ်လမ်း၊ သစ်သားတံတား ခုနစ်စင်း၊ ကွန်ကရစ်တံတား ၁၀စင်း၊ ရေကျော်တံတား တစ်စင်းတို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး ကျေးလက်ဦးစီးဌာနပိုင်လမ်းများ အနေဖြင့် မြေသားလမ်း ၁၀ လမ်း၊ ကျောက် ခင်းလမ်း နှစ်လမ်း၊ ဂျင်းလမ်း တစ်လမ်း၊ ကတ္တရာလမ်း သုံးလမ်း၊ သစ်သားတံတားအစင်း ၃၀၊ ကွန်ကရစ်တံတား သုံးစင်း၊ ရေပြွန် နှစ်လုံး နှင့် ရေကျော်တံတား သုံးခုတို့ ပျက်စီးခဲ့ရ ကြောင်း တင်ပြခဲ့သည်။
အဆောက်အအုံပျက်စီးဆုံးရှုံးမှုမှာ လူနေအိမ် ၇၆ အိမ်၊ စာသင်ကျောင်း တစ်ကျောင်း၊ သာသနာရေးအဆောက်အအုံ လေးခုနှင့် အခြား အဆောက်အအုံ ၁၇ ခု စုစုပေါင်း ၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ ငါးဦး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း တင်ပြခဲ့ကြောင်း သိရသည်။
Writer:
ရဲရင့်အောင်၊ စိုးမိုးထွန်း
Eleven Media Group
မိုးလေ၀သခန့်မှန်းချက် (MOI)
မိုးလေ၀သခန့်မှန်းချက် (MOI)
မြန်မာနိုင်ငံအနှံ့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်၊ ရေကြီးမှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေ ရှိနေသလို ဒီသီတင်းပတ်ထဲ ဆက်လက်မိုးကြီးနိုင်တဲ့အတွက် မြေပြိုမှုတွေ၊ ရုတ်တရက်ရေကြီးမှုတွေ ကြုံရနိုင်တယ် လို့လည်း ခန့်မှန်းထားပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာလည်း မိုးသက်လေပြင်း ကျရောက် နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က စုံစမ်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးကြီးရေလျှံမှုတွေ နိုင်ငံအနှံ့ ကြုံခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တော့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂကတော့မိုးသည်းထန် ရေကြီးမှုတွေကြောင့် လူ ၉ ဦး သေဆုံးပြီး နိုင်ငံအနှံ့ လူပေါင်း ၇ သောင်း ရေဘေးဒဏ်ခံခဲ့ရတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ စစ်ကိုင်းတိုင်းမှာ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ အင်းတော်၊ မော်လူး၊ ကနီ စတဲ့ဒေသတွေနဲ့ မန္တလေးတိုင်းအတွင်းက စဥ့်ကူး၊ မိုးကုတ်၊ ရှမ်းပြည်နယ် သီပေါ စတဲ့ဒေသတွေမှာ ရေကြီး ရေလျှံတာတွေဖြစ်ခဲ့ပါတယ်။
လောလောဆည်မှာတော့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ဘက်က အခြေအနေကိုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဆရာတော် ဦးဣန္ဒာစာရက အခုလိုမိန့်ကြားပါတယ်။
“ရေက ကျတဲ့နေရာသာကျပြီးတော့ ကျန်တဲ့နေရာတွေ ကျန်နေသေးတယ်ဗျ။ ဒုက္ခသည် စခန်းတွေကနေ ရေလွတ်ကင်းသွားတဲ့ရွာတွေကို ပြန်နိုင်တဲ့ရွာသူရွာသားတွေလည်းရှိသလို အခုအချိန်ထိအောင်ပဲ ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေကြတဲ့ရွာတွေလည်းပဲ ရှိနေဆဲပေါ့ဗျာ။ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်အခဲရှိနိုင်တဲ့ရွာတွေ၊ မရောက်ရှိနိုင်တဲ့ရွာတွေကတော့ ဒီရိက္ခာတွေလည်းပဲ ရောက်လာတာကတော့ နည်းပါတယ်ဗျ။ နိုင်ငံတော်အစီအစဉ်နဲ့ ဟိုက်စ်ကီးတွေနဲ့ ချပေးထားတာကတော့ ရှိပါတယ်ဗျ။ စားစရာ ဆန်ပေါ့လေ။”
ကောလင်းမြို့နယ်မှာ ရေလွှမ်းတဲ့ရွာ ၈၈ ရွာရှိပြီး ပြောင်းရွှေပြီးနေရတဲ့ရွာ ၂၉ ရွာနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်တဲ့ရွာကတော့ ၁၅ ရွာရှိခဲ့တယ်လို့ မိန့်ကြားပါတယ်။ လတ်တလော ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ စောင် စတာတွေ လိုအပ်ပြီး နောက်ပိုင်းမှာ လယ်ယာတွေ ပြန်လည်ထူထောင်ဖို့ အထောက်အပံ့တွေ လိုအပ်နေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အတွင်း ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား- မန္တလေး မီးရထား အဆက်အသွယ်လည်း ပြတ်တောက်နေခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မြစ်ကြီးနားကနေ မိုးညှင်းအထိ ရထားပြန်လည်ပြေးဆွဲနေပြီး မန္တလေး မြစ်ကြီးနားကိုတော့ နောက်လ ၃ ရက်နေ့လောက်မှ ပြန်လည် ပြေးဆွဲ နိုင်မယ့် အခြေအနေရှိကြောင်း မြစ်ကြီးနားဘူတာက တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။
“တခြားလမ်းမသွားခိုင်းသေးဘူး၊ ကျနော်တို့ ဒီကနေ မိုးညှင်းအထိတော့ ပြေးဆွဲနေတယ်။ မန္တလေးက လာတဲ့ဟာ ဒီဘက် စက်တင်း လောက်အထိတော့ လာလို့ရတယ်လေ။ တောက်လျှောက် လုံးကိုက လကုန်ပြီး ၃ ရက်နေ့လောက် ခန့်မှန်းထားတယ်ဗျ။ အပြီးအစီးကို”
ရွှေဘို-မြစ်ကြီးနားကားလမ်းကတော့ တောင်ကျရေကြောင့် ဟဲနုချောင်းတံတား ပျက်စီးသွားတာကြောင့် မော်လူးမြို့မှာ ကုန်တင်ကား အစီး ၁၀၀လောက်ပိတ်မိနေတယ်လို့ မော်လူးဒေသခံတယောက်က ပြောပါတယ်။
ဒီလိုရေကြီးရေလျှံတာကြောင့် သီပေါနဲ့ တာပုလဲအကြားရှိ တံတားရေလယ်တိုင် တိမ်းစောင်း သွားတာကြောင့် လားရှိုး-မန္တလေးရထားခရီးစဉ်တွေကို ဒီလ ၂၆ ရက်နေ့ကနေ နောက်လ ၄ ရက်နေ့ အထိ ၁၀ ရက်လောက် ရပ်နားထားမှာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင် လေဟာ တစ်နာရီမှာ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကြောင့် မြေပြိုတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ ပင်လယ်ပြင်သွားသူတွေ သတိထားဖို့ လိုအပ်ကြောင်း မိုး/ဇလ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်က ပြောပါတယ်။
“မြေပြိုတာလည်း မိုးများရင်တော့ ဖြစ်နိုင်တယ်။ တောင်ပေါ်ဒေသတွေမှာ- ဥပမာ ချင်းပြည်နယ်တို့၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်- အဲလိုမျိုး တောင်ပေါ်ဒေသဆို မြေပြိုတာ တော်တော်ဖြစ်ပါတယ်။ landslide လည်း တော်တော်သတိထားရမယ့် အခြေအနေရှိတာပေါ့နော်။ နောက်လည်း ရေကြီးတာ၊ ကမ်းရိုးတန်းမှာလည်း သတိထားရမှာပေါ့။ လေကလည်း အခု တနာရီကို မိုင် ၄၀၊ ၄၅ လောက် တိုက်မယ်လို့ ကျမတို့ မှန်းထားတယ်ဆိုတော့။ ငါးဖမ်းလှေတွေလည်း တော်တော်သတိထားရမှာပေါ့နော်။ ပင်လယ်ပြင်ထွက်တဲ့ ငါးဖမ်းလှေတွေ၊ ပင်လယ်ပြင်မှာသွားတဲ့ သင်္ဘောတွေလည်း သတိပေးထားဖို့ လိုအပ်ပါတယ်။”
မိုးသည်းထန်စွာရွာသွန်း၍ ကစ္ဆပနဒီမြစ်ရေတက်မှုကြောင့် ကျောက်တော်မြို့နယ် အတွင်း ရေကြီးမှု (MOI)
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့ရဲ့ အနောက်- အနောက်မြောက်ဖက် မိုင် ၁၄၀၊ စစ်တွေမြို့ရဲ့အနောက်မြောက်ဘက် မိုင် ၁၉၀ အကွာမှာ ဆက်လက်တည်ရှိနေပြီး နောက် ၃ ရက်ကျော်လောက်မှာ အိန္ဒိယဘက်ကို ဦးတည်မယ့် အခြေအနေရှိကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းငယ်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ခုလောက်မှာ ၃ရက်လောက်ဆက်ပြီး မိုးကြီးနိုင်တဲ့အခြေအနေရှိနေတယ်လို့ မိုး/ဇလ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်က ပြောပါတယ်။
VOA
http://burmese.voanews.com/content/myanmar-flood-several-state-rakhine-kachin-thibaw-/2880043.html
 una-conference-620 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲဆန္ဒ နယ်မြေတွေ မထပ်ရေးအတွက် မိတ်ဖက်ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီတွေအကြား မဲဆန္ဒနယ်မြေတွေ ထပ်နေမယ်ဆိုရင် မဲတွေ ကွဲသွားနိုင်တာကြောင့် ညှိနှိုင်းဆွေးနွေးကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောပါတယ်။
"ပါတီမိတ်ကွဲမှာ စိုးရိမ်တာတွေတော့ တော်တော်များများရင်ဆိုင်နေရတော့ အသံတွေတော့ ထွက်ကြပါတယ်၊ ပါတီတွေက ထွက်လာကြတဲ့အသံတွေတော့ အဲ့ဒါတွေလည်းပါပါတယ်၊ အဲ့ဒါကိုတော့ အားလုံးကတော့ သဘောထားကတော့တူကြပါတယ်၊ အဲ့ဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆောင်ရွက်ဖို့တော့ အဲ့ဒါကိုတော့ အားလုံးကသဘောထားတော့ ရှိကြတဲ့သဘောပဲ၊ ဥပမာ ဒီမိုကရက်တစ်အင်အားစုတွေ အနေနဲ့က တကယ်လို့ အကုန်လုံးဝင်ပြိုင်ပြီးမညှိနှိုင်းပဲပြိုင်ရင် မဲကွဲထွက်သွားမှာကို အကုန်လုံးကစိုးရိမ်နေ ကြတယ်"
အဲ့ဒီဆွေးနွေးပွဲကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက် ၊ မိတ်ဖက်တိုင်းရင်းသားပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လူဦးရေ ၆ဝ လောက် တက်ရောက်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထားပေမယ့် ဒီနေ့ ဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ သိရပါတယ်။
UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/election-una-discuss-07272015101243.html
စစ်တွေ၊ ဇူလိုင် ၂၆
ဇူလိုင်လ ၂၆ ရက်နေ့ ညနေဘက်တွင် လေဆင်းနှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၁၃) နှင့် (၁၄) တွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး ဆုံးရှုံးသွားဟု သတင်းရရှိသည်။
“ညနေ လေးနာရီ ခွဲခန့်က တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က လေယာဉ်လာသလို မီးရထားလာသလို အသံအကျယ်ကြီးကြားရပြီး လေဆင်နှာမောင်းဝင်တိုက်သွားပါတယ်။ ငါးမိနစ်လောက်ဘဲ ကြာမယ် ထင်ပါတယ်”ဟု အိမ်ပျက်စီးသွားသူများထဲမှ တစ်ဦးဖြစ်သူ ဦးထွန်းစိုးအောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
မင်းဂံအကွက် (၁၃) မှ အိမ်တစ်ဆောင်နှင့် မင်းဂံအကွက် (၁၄) မှ စာသင်ကျောင်းတစ်ဆောင် မြေကြီးတွင် ပြားပြားဝပ်ပြီး လုံးဝပျက်စီးသွားခဲ့သည်ဟု သိရသည်။ သို့သော် စာသင်ချိန်မဟုတ်၍ ကျောင်းသားများ ဒဏ်ရာရရှိမှု မရှိခဲ့ပေ။
“လေဆင်နှာမောင်းတိုက်တော့ မြေးကလေးနဲ့ ကျွန်မအိမ်အောက်ကို ၀င်ပြေးပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး တုန်နေပါတယ်။ နောက်မှ မြေးကလေးလက်ကိုဆွဲပြီး ထွက်ပြေးပါတယ်။ အိုးခွက် ပန်းကန်းတွေအားလုံး လေထဲလွင့်ပါသွားပါတယ်။ အခုနေစရာမရှိဖြစ်နေပါတယ်”ဒေါ်လှမြခိုင်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။
တချို့မိသားစုများသည် ပျက်စီးသွားသော အိမ်ကိုစွန့်ခွာပြီး ဆွေမျိုးများအိမ်တွင် သွားနေကြသော်လည်း ဒေါ်လှမြခိုင်မှာ နေစရာမရှိဖြစ်နေသည်ကို တွေ့ရှိရသည်။
“လေတိုက်တာ ဆိုင်ကယ်ကယ်တောင် လွင့်ထွက်သွားပါတယ်။ ကြက်ခြံနဲ့ အ၀တ်ဗီဒိုတွေ အကုန်လုံး ပျက်စီးသွားပါတယ်။ ပန်းကန်ကွဲက ကျွန်တော့်အစ်မ မအေးယဉ်ခြေထောက်ကို ထိပြီး ဒဏ်ရာအနည်းငယ် ရရှိသွားပါတယ်”ဟု အိမ်ပျက်စီးသွားသူတစ်ဦးက ပြောသည်။
လေဆင်နှာမောင်း တိုက်ခိုက်ပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အိမ်ကိုဓါတ်ပုံရိုက်ကာ အိမ်ပိုင်ရှင်နာမည်နှင့် မှတ်ပုံတင်နံပါတ်များကို မေးမြန်းသွားခဲ့ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ကူညီခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။
စံမောင်သန်း
Narinjara
https://www.facebook.com/pages/Narinjara
 မြစ်ကြီးနား
 ဆင်ဘိုမြို့နယ် မြင်သာကျေးရွာမှ မူပြဆရာမဖြစ်သူ ဒေါ်အင်ခွမ်းရွယ်အောင်က ပထမတန်းကျောင်းသူ မနှင်းနှင်းအိအား ဒဏ်ရာများစွာ ရခဲ့သည်အထိ ရိုက်နက်ခဲ့မူနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့က သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ကိုယ်တိုင်တိုင်ကြားထားသူ မြင်သာကျေးရွာမှ ဦးကျော်ဝင်းကပြောကြားသည်။
“ ကျွန်တော် ၃၀.၆.၂၀၁၅ နေ့ ညနေ ခြောက်နာရီလောက်မှာ မြင်သာကျေးရွာမူလတန်းကျောင်းအုပ်ကြီးဆီးကိုသွားလည်တော့ ကလေးမလေးအမေ ဒေါ်ခင်မွှေးက ငိုပြီးကလေးလက်ကိုဆွဲလာတယ်။ ကျောင်းအုပ်ကြီးရှိသလားလို့မေးတာနဲ့ ဆရာကြီးအမျိုးသမီးဒေါ်ဌေးဌေးက ဆရာကြီးမြစ်ကြီးနားမှာ သင်တန်းသွားတက်တယ်။ ဘာဖြစ်လို့လဲမေးတော့ မြင်သာမူလတန်းကျောင်းဆရာမ ဒေါ်အင်ခွမ်းရွယ်အောင်က ကလေးစာမရလို့ဆိုပြီး ရိုက်တာ ကျောမှာ ဒဏ်ရာတွေအများကြီးရတဲ့အကြောင်းပြောတယ်။ အဲ့ဒါနဲ့ ကလေးအင်္ကျီကို လှန်ကြည့်တော့ ပုံမှာ မြင်တဲ့အတိုင်းပဲ။ “ ဟု ဦးကျော်ဝင်းကပြောကြားသည်။
အသက်ခြောက်နှစ်အရွယ် မနှင်းနှင်းအိသည် ဦးလှအေး နှင့် ဒေါ်ခင်မွှေးတို့၏ သမီးဖြစ်ပြီး ဖခင်ဖြစ်သူ မှာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်းလည်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်မွှေးအား ကျေးရွာ အုပ်ချုပ်ရေးမှူးထံသွားသင့်ကြောင်းပြောကြားနေစဉ် ဆရာမ ဒေါ်အင်ခွမ်းရွယ်အောင်ရောက်ရှိလာပြီး ဦးကျော်ဝင်းအား ရင့်သီးစွာ ပြောကြားဆက်ဆံခဲ့ကြောင်းလည်း ဦးကျော်ဝင်းကပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ဝင်းကိုယ်တိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဆင်ဘိုမြို့ သို့လည်းကောင်း ဆင်ဘိုမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးထံသို့လည်းကောင်း တိုင်ကြားထားကြောင်းလည်း တိုင်ကြားစာအရသိရသည်။
ဆေနမ့်ကျို
ဓာတ်ပုံ - မနှင်းနှင်းအိ၏ ကျောပြင်မှ ဒဏ်ရာများအားတွေ့ရစဉ်
The Voice of Shan-Ni
https://www.facebook.com/pages/The-Voice-of-Shan-Ni
NLD ဟာကုလားကို အားပေးထောက်ခံတဲ့
ပါတီ၊ ဒေါ်စုကိုထောက်ခံရင် ကုလားနိုင်ငံဖြစ်
မယ် ဆိုတာတွေ အပေါ် အရှင်ဘုရားဘယ်လို
မြင်ပါသလဲဘုရား တဲ့။
အင်း မေးတော့လည်းဖြေရတော့မှာပဲ။
ဒါပေမယ့် ကြိုပြီးတော့ ပြောထားမယ်နော်။
သေသေချာချာစိစစ်ပြီးမှ လက်ခံ မခံဆုံးဖြတ်ပါ။ဒေါသတော့မပါနဲ့ ဒကာကြီး။
ခေါင်းဆောင်နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။
ကိုယ်ဘယ်လောက်ပဲဆင်းရဲဆင်းရဲ
ကိုယ်ရဲ့လက်အောက်ငယ်သားနဲ့
တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခ ကင်းပါစေ၊
ကင်းရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ခေါင်းဆောင်။
မိမိနဲ့လက်တစ်ဆုပ်စာ လူတစ်စုရဲ့
အကျိုးကိုပဲပဓာနထားပြီးတော့လက်အောက်ငယ်
သားနဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုအဓိက
မထားတဲ့ ခေါင်းဆောင်ပေါ့။
တိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်ကောင်း
ဆိုတာ ဘာသာရေးခေါင်းဆောင်ကောင်းနဲ့မတူ
ဘူးဒကာကြီးရဲ့။
ဘာသာရေးခေါင်းဆောင်ဆိုတာ ကိုယ့်ဘာသာကိုပဲ ဦးဆောင်ရတာ နယ်ပယ်ကျဉ်းတယ်။
နိုင်ငံ့ခေါင်းဆောင်ဆိုတာ တရားဝင်နေထိုင်
ကြတဲ့ ဘာသာမတူ လူမျိုးမတူတဲ့ နိုင်ငံသား
အားလုံးကို မိဘသဖွယ် ဦးဆောင်ရတာ နယ်
ပယ်ကျယ်တယ်။ အမြင်လည်းကျယ်ရတယ်။
ဘာသာရေးခေါင်းဆောင်အမြင်လောက်နဲ့
နိုင်ငံ့ခေါင်းဆောင် လုပ်လို့မရဘူး။
အစ္စလာမ်မစ် နိုင်ငံတွေမှာကြည့်လေ။
ဘာသာရေးအမြင်နဲ့ ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်း
ဆောင်ဖြစ်ကုန်တော့ ကျန်တဲ့ဘာသာဝင်တွေ
ဒုက္ခရောက်ကုန်တော့တာပဲ။
ဒီနေရာမှာ ဗုဒ္ဓကို ကိုယ့်ဘာသာဝင်တွေရဲ့
အကျိုးစီးပွားကိုရှေးရှု့တဲ့ ဘာသာရေးခေါင်း
ဆောင်အနေနဲ့မမြင်မိစေနဲ့။ အဲဒါကကျဉ်းတယ်။
ဗုဒ္ဓဟာ ဘာသာဝင်ဝင် မဝင်ဝင် သတ္တဝါ
အားလုံးရဲ့ခေါင်းဆောင်နော်။
နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ နိုင်ငံ့သား
အားလုံးအပေါ်မှာ တန်းတူဆက်ဆံရတယ်။
ဘာသာမတူ လူမျိုးမတူလို့ဆိုပြီး အဂတိလိုက်
စားမခွဲခြားရဘူး။
ကောင်းသူကို ကောင်းသလို ချီးမြှောက်ရမယ်။
မကောင်းသူကို မကောင်းသလို ဥပဒေနဲ့ အညီ အပြစ်ပေးရတယ်။
ဒီမိုကရေစီဝါဒမှာ တကယ့်နိုင်ငံ့ခေါင်း
ဆောင်ဆိုတာ လူမဟုတ်ပါဘူးဒကာကြီး။
ပြည်သူ့ဆန္ဒနဲ့အညီရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်
ချုပ်ပုံ အခြေခံဥပဒေပါ။
ဒီမိုကရေစီမှာ သမ္မတလည်းသူလုပ်ချင်
တာလုပ်လို့မရသလို တိုင်းသူပြည်သားတွေ
ကလည်းသူတို့လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။
အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ပါ။
တိုင်းပြည်မှာတရားဝင်နေထိုင်တဲ့ပြည်သူ
အများစုရဲ့ဆန္ဒနဲ့ ရေးဆွဲတဲ့ ဥပဒေနဲ့အညီ
အုပ်ချုပ်ရပါတယ်။
ခုချိန်မှာပြည်သူ့ကိုယ်စားလှယ်တွေရေးဆွဲ
ထားတဲ့ ဥပဒေ အမြန်ပေါ်ပေါက်ဖို့ပဲ အရေး
ကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ခုချိန်မှာ
ဗုဒ္ဓဘာသာလူဦးရေကများနေတာပဲ မွတ်နိုင်ငံ
ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်လေ။
ဒါပေမယ့် အာဏာရှင်စနစ်က ပြည်သူကို ဗဟို
ပြုတာမဟုတ်ဘူး။
ပြည်သူကြိုက်ကြိုက် မကြိုက်ကြိုက်
သူတို့နဲ့အဆင်ပြေရင် ကုလားဖြစ်ဖြစ် တရုပ်ဖြစ်ဖြစ်
ခရိုနီ ဖြစ်ဖြစ် အခွင့်အရေး ပိုပေးမှာပဲ။ ဘာမှမတတ်နိုင်ဘူး။
အာဏာရှင်က တိုင်းပြည်အနာဂတ်ကို စိတ်မဝင်စားဘူး။
သူတို့အနာဂတ်ကိုပဲစိတ်ဝင်စားတယ်။
အာဏာရှင်စနစ်က ကုလားနိုင်ငံ တရုပ်နိုင်ငံ
ဖြစ်ဖို့လွယ်တယ်။ ငွေပေးရင်ဘာမဆိုဖြစ်နေတာ
ဆိုတော့ သူတို့ကငွေပေါတယ်လေ။
ဒီမိုကရေစီမှာ မရဘူး။
ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီရင်ပြုတ်မှာပဲ။ ငွေရှိသူတွေလုပ်ချင်တိုင်း လုပ်မရဘူး။
" အစွန်းရောက် အစ္စလာမ်မစ်တွေက သူတို့
လုပ်ချင်တိုင်းလုပ်မရလို့ ဒီမိုကရေစီဆို သိပ်မုန်း
တယ်။ "
ဒါကိုသဘောပေါက်ဖို့လိုတယ်။
ကုလားနိုင်ငံဖြစ်တာမဖြစ်တာက ဒေါ်စုနဲ့လည်းမဆိုင်ဘူး။
NLD နဲ့လည်းမဆိုင်ဘူး။
" ဥပဒေ စိုးမိုးမှုနဲ့ပဲ ဆိုင်တယ်။ "
နောက်တစ်ခု ဒေါ်စုဟာ တရားဝင်နိုင်ငံသား
ခရစ်ယာန် အစ္စလာမ်တွေကို အကာအကွယ်
ပေးချင်ပေးမယ်။ ဒါကလည်း ကျောသားရင်သား
မခွဲခြားတတ်တဲ့ မိဘနဲ့တူတဲ့ နိုင်ငံ့ခေါင်းဆောင်
ရဲ့စိတ်ဓာတ်။ အကြမ်းဖက်နေတဲ့ ဘယ်ပုဂ္ဂိုလ်
ဘယ်အဖွဲ့အစည်းကိုမှ မွေးမြူထားတာမရှိဘူး
ထောက်ခံထားတာမရှိဘူး။
ဥပဒေဆိုတာ နောင်ဖြစ်လာမဲ့ပြဿနာတွေ
အတွက် ကြိုတင်အရေးယူလို့မရဘူးလေ။
မကောင်းဘူးဆိုတာသိပေမဲ့ ခုလောလောဆယ်
အပြစ်မရှိရင် နှိပ်ကွပ်လို့မရဘူး။
အရာရာကိုဥပဒေနဲ့အညီဆောင်ရွက်နိုင်မယ့်
တိုင်းပြည်ကိုချစ်တဲ့ပါတီက ဘယ်ပါတီလည်း
ဆိုတာကို ပညာနဲ့ရွေးချယ်ပါဒကာကြီး။
၂၉ .၆.၂၀၁၅
Credit to Ashin Uttama
တွင်းမဆရာတော် ဘဒ္ဒန္တဥတ္တမ မထေရ်သူမြတ်
မိန့်ကြားတော်မူသည်။ ။
( Photo လူထုခေါင်းဆောင်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မန္တလေးစည်းရုံးရေးခရီးစဉ်တွင် ကြိုဆိုနေသော ပုံရိပ်ဖြစ်သည် )