07/30/15



ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်း ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပြီး ထောင်က လွတ်လာလာချင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့နဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဇူလိုင် ၃၀ ရက် မန္တလေးမြို့ Mr. 88 cafe မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ သူ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်ဖို့ အဆိုပြုပြီး ရွေးကောက်ပွဲ ၀င်မယ့်အကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။

ရိုက်ကူး – ကျော်ဇေ
.
DVB TV –


မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိလာသော ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ သည် ဂျန်မိုင်ကောင်း စစ်ဘေးဒုက္ခသည်စခန်းသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ဓာတ်ပုံ-စိုးဇေယျာထွန်း/ရိုက်တာ
.

အကျဉ်းသား ၆၉၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် စာရင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြ

မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမ၀င် သစ်ခုတ်ထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးပါဝင်ကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့တွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန်ကျွန်းသစ် အပါအ၀င် သစ် ၁၀၅၆၉ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း၊ တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်သွင်းမှု မလျော့ကျခြင်းမှာ သစ်မှောင်ခိုသမားများက ဈေးကြီးပေးဝယ်နေ၍ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောဌာနမှ သုံးသပ်ထားကြောင်း အစောပိုင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ကျွန်း ၂၆၀၁ ဒသမ ၈၈၉ တန် အပါအ၀င် အခြားသစ် ၁၀၅၆၉ ဒသမ ၁၁၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမ၀င်သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံး လုပ်ကိုင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကာ အဆိုပါ တရားမ၀င် ၀င်ရောက်သည့် သစ်များ၏ ၉၀ ရာခိုင်နှုန်းအား မြန်မာနိုင်ငံမှ ရရှိနေကြောင်း ဇန်န၀ါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ ( IBC) တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောအသင်း၏ Seminar on : Enviroment: Policies, People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ အငြိမ်းစားညွှန် ကြားရေးမှူး ဦးတင်အေး၏ "What are the Major Causes of Deforestation in Myanmar" စာတမ်းအရ သိရသည်။

အစိုးရသစ်လက်ထပ် ဘဏ္ဍာနှစ် လေးနှစ်တာကာလဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဇန်န၀ါရီလအထိ တရားမ၀င်သစ် ခိုးထုတ်မှုများမှ ကျွန်းနှင့် သစ်မာများအပါအ၀င် သစ်တန်ချိန်ပေါင်း ၁၄၀၀၀၀ တန်ခန့် ဖမ်းဆီးခဲ့မိပြီး အဆိုပါ သစ်ခိုးထုတ်မှုများတွင် နိုင်ငံခြားသား ၂၅၀ ဦးခန့်နှင့် နိုင်ငံသား ၂၂၆၀၀ ဦးကျော် ပါဝင်ဖမ်းဆီး ခဲ့မိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက သိရသည်။

EMG

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်းဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပြီး ထောင်က လွတ်လာလာချင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့နဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
-
ဇူလိုင် ၃၀ ရက် မန္တလေးမြို့ Mr. 88 cafe မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ သူ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်ဖို့ အဆိုပြုပြီး ရွေးကောက်ပွဲ ၀င်မယ့်အကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။
-
“ကျနော်ပြောချင်တာသည် ကျနော် နောက်တကြိမ် ထောင်ထဲ ပြန်ဝင်ဖို့ မကြောက်ဘူး။ အခု မီဒီယာတွေရော၊ တိုင်းပြည်တခုလုံးကို ပြောမယ်၊ ပြောချင်တယ်၊ အမှန်တရားနဲ့ ပတ်သက်လာလို့ ထောင်ကို ကြောက်နေမယ်ဆို ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် ထောင်ကို မကြောက်မှ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရမယ်၊ အားလုံးကို ပြောချင်တာက အထူးသဖြင့် အမေစုကို ၀န်းရံကြပါ၊ အန်အယ်လ်ဒီကို မဲပေးကြပါ။”
-
လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်ဆောင်သွားမယ့်အကြောင်း သစ္စာပြု ပြောခဲ့ပါသေးတယ်။
-
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့တဲ့နေ့မှာပဲ အဖမ်းခံရပြီး အချုပ်မှာ နေထိုင်ခဲ့ရပုံတွေကိုလည်း ဗိုလ်မှူးကျော်စွာဝင်းက ခုလို ရှင်းလင်းပြောခဲ့ပါတယ်။
-
“၄ ရက်၊ ၇ လ၊ ၂၀၁၄ အဲ့ဒီနေ့မှာ လက်မှတ်ထိုးတယ်၊ အဲ့ဒီနေ့မှာပဲ အဖမ်းခံရတယ်။ စစ်တရားရုံးမှာ ၁၁ ရက် ၈ လမှာ အမိန့်ကျတယ်။ အဲ့ဒီနေ့ကစပြီး ချုပ်ရက်ကျတယ်။ တပ်ထဲမှာ ၅ လ ၁ ရက် နေခဲ့ရတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ကျနော် ထောင်ကို ရောက်တယ်။ ဒီနေ့မှာ ထောင်ကထွက်တယ်၊ ထောင်မှာတော့ ၈ လနီးပါး နေခဲ့ရတယ်၊ ချုပ်ရက်က ၃ လခွဲလောက်နေခဲ့ရတယ်။ ကျနော် နေခဲ့ရတဲ့ အချုပ်ခန်းမှာ ရေချိုးထွက်ခွင့် မရှိဘူး၊ ကျနော့်ခန္ဓာကိုယ်မှာ အနာတွေ ထွက်လာတဲ့အတွက် ဆရာဝန်မျတ်ချက်နဲ့မှ ရေချိုးထွက်ခွင့်ရတယ်၊ အခန်းကျဉ်းလေးထဲမှာ ၅ လကျော်ကြာအောင် လမ်းလျှောက်ခွင့်လည်းမရှိဘူး၊ ကျဉ်းကျဉ်းကျပ်ကျပ်သာ နေခဲ့ရတယ်၊ ချုပ်ရက်မှာ အပြည့်အ၀ခံစား ခွင့် မရှိခဲ့ဘူး။”
-
သတင်းစာရှင်းလင်းပွဲတက်လာတဲ့ သတင်းသမားတယောက်က အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အစီအစဉ်ရှိလားလို့ မေးတော့ ဗိုလ်မှူးကျော်စွာဝင်းက “ကျနော် အဆိုပြုမှာပါ။ ကျနော့်ကို လိုအပ်တဲ့နေရာ သုံးပေးဖို့ ဒီမိုကရေစီတိုက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ခုနပြောတဲ့ အမတ်လောင်းပဲဖြစ်ဖြစ်၊ အမတ်လောင်း မဟုတ်ဘဲနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ လိုအပ်လိုအပ် လိုအပ်တဲ့နေရာမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဘယ်နေရာ ဘယ်ဒေသရယ်လို့ ဒေသစွဲ မရှိပါဘူး။ လူမျိုး တိုင်းရင်းသား အစွဲ မရှိပါဘူး၊ ရာထူးအစွဲ မရှိပါဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလာလို့ပဲ ဖြစ်ဖြစ်၊ ကျနော်ကိုယ်တိုင် ရွေးချယ်လို့ပဲ ဖြစ်ဖြစ် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ကျနော် အသင့် ရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်းပဲ အမေစုနဲ့ သွားတွေ့ပြီးတော့ ဂါရ၀ပြုရင်းနဲ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်မှုသွားရောက်ယူမှာ ဖြစ်ပါတယ်။”
-
ဗိုလ်မှုးကျော်စွာဝင်းဟာ ပြင်ဦးလွင်ရှိ တပ်မတော် လျှပ်စစ်အင်ဂျင်နီယာတပ်က အရာရှိ တယောက်ဖြစ်ပြီး ပြင်ဦးလွင် အန်အယ်လ်ဒီပါတီရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမှာ ပါဝင်လက် မှတ်ထိုးခဲ့သူ တပ်မတော်အရာရှိတယောက်လည်း ဖြစ်ပါတယ်။
-
လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ချုပ်နှောင် ထားတာ ၅ လ အကြာမှာ ၄၁ (င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
=====
DVB


  အိန္ဒိယ သမုဒ္ဒရာ အတွင်းက Reunion ကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့ လေယာဉ် အပိုင်းအစငယ်ဟာ ပျောက်ဆုံး နေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် စစ်ဆေးဖို့ အဲဒီ အပိုင်းအစကို ပြင်သစ် နိုင်ငံတောင်ပိုင်းကို သယ်ဆောင် သွားပြီလို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။


အစောပိုင်း ယူဆချက်တွေအရ ၂ မီတာ ရှည်တဲ့ အဲဒီ အပိုင်းအစဟာ ဘိုအင်း ၇၇၇ လေယာဉ် တစ်စင်းရဲ့ အပိုင်းအစ ဖြစ်ဖို့ များတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဆိုပါတယ်။

မလေးရှား လေကြောင်းပိုင် MH370 လေယာဉ် တစ်စီးသာ သမုဒ္ဒရာပေါ် ပျောက်ဆုံးသွားတဲ့ တစ်စင်းတည်းသော ဘိုအင်း ၇၇၇ လေယာဉ် ဖြစ်ပါတယ်။

MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပါတယ်။

လေယာဉ် အပိုင်းအစတွေမှာ အမှတ်စဉ် နံပါတ်တွေ ပါတဲ့ အတွက် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် သက်သေပြဖို့ အဲဒီ နံပါတ်တွေက အထောက်အကူ ဖြစ်စေမှာပါ။

ဒီကနေ့ ကြာသပတေး နေ့မှာလည်း အတော်လေး ပျက်စီးနေတဲ့ ခရီးဆောင်အိတ် အကြွင်းအကျန် တစ်ခုကို အဲဒီ ကျွန်းပေါ်မှာပဲ ထပ်မံ တွေ့ရှိ ခဲ့ပါတယ်။

Reunion ကျွန်းဟာ အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်း ဖြစ်ပြီး၊ အဲဒီ ကျွန်းရဲ့ အရှေ့ဘက် သမုဒ္ဒရာအတွင်း ဧရိယာ ကီလိုမီတာ ၄၀၀၀ လောက်ကို သြစတြေးလျ ဦးဆောင်တဲ့ ရှာဖွေရေး အဖွဲ့တွေက အဓိကထား ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟာလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းရောက်။ (ဇူလိုင် ၃၀၊ ၂၀၁၅)
 ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းမှာတော့ ၂၀၁၂ ခုနှစ်တုန်း ကတည်းက အစိုးရရဲ့ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဦးဘရန်ရှောင် မိသားစုဝင်အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒီနောက် ညနေပိုင်း မှာတော့ မြစ်ကြီးနားမြို့ပေါ်မှာပဲ ကချင်အရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နဲ့တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ မနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေကို သွားဖို့ စီစဉ်ထားပေမယ့်၊ ရာသီဥတုဆိုးဝါးပြီး လေယာဉ်မဆင်းနိုင်တာကြောင့် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေအရေးကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေ ကို ဆွေးနွေးမေးမြန်းဖို့အတွက် လာရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Angelina Jolie ဟာ ယခင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို လာရောက်ခဲ့ဖူးပြီး၊ အခု တကြိမ် လာရောက်ခြင်း ကတော့ မြန်မာနိုင်ငံတွင်းကို တရားဝင် ပထမဆုံးအကြိမ် လာရောက်မှုဖြစ်ပါတယ်။

မနေ့တုန်းကတော့ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုရတဲ့နောက်၊ အခု ဒီခရီးစဉ်ဖြစ်လာတာလို့လည်း Jolie ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတ၀န်းက အကျဉ်းသား ၇ ထောင်လောက် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သတင်းသမား တချို့နဲ့ တက်ကြွ လှုပ်ရှားသူ အနည်းငယ် ပါဝင်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်းမှာ မလွတ်မြောက်ဘဲ ကျန်နေသေးတယ်လို့ လွတ်မြောက် လာသူတို့က ပြောဆိုကြ ပါတယ်၊ ပြစ်ဒဏ် ၁ နှစ်ခံပြီးသူတွေကို လွှတ်ပေးတာလို့ ဆိုပေမယ့် မြစ်ကြီးနားထောင် မှာ သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့ကတော့ သတင်းတပတ်ကျော်မှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့အပေါ်မှာလည်း ထောက်ပြကြပါတယ်။ ရန်ကုန်၊ မန္တလေး အကျဉ်းထောင်တို့က လွတ်မြောက်လာကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ကြရသူတွေရဲ့ ဖွင့်ဟ ပြောဆိုချက်တွေကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နိုင်ငံတ၀န်းက အကျဉ်းထောင်တွေကနေ အကျဉ်းကျနေသူ ၆၉၆၆ ဦးတို့ထဲမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တဒါဇင်ကျော်ကျော် ပါဝင်ခဲ့တာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ထောင်ချခံခဲ့ရပြီး ဒီကနေ့ ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုတင်မောင်ကြည်ကတော့ ပြန်လွတ်လာတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

"တကယ်စေတနာ သူတို့ပါတယ်ဆိုရင် အခု အင်းစိန်ထောင်ထဲမှာ လက်ရှိကျန်ခဲ့တာ ကျနော်တို့ ရဲဘော်ရဲဘက်တွေ အများကြီး ရှိတယ်။  ကျောင်းသားတွေ ထဲကဆို ဇေယျာလွင်တို့ရှိတယ်။ နောက် ပိုင်ဖြိုးသူတို့ရှိတယ်။ နောက် အလုပ်သမားတွေ အများကြီးရှိသေးတယ်။ ကိုထင်ကျော်တို့ ကျန်ခဲ့တယ်။ အများကြီးပဲ။ သူတို့ တကယ်စေတနာရှိတယ်။ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုရင် လွတ်လွတ်ကင်းကင်း ပေးရမယ်။ ကျနော်တို့ကို သူတို့ပေးတယ် ဆိုတာ 401 တွေ ။ 401 ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်က မထိုးဘူး။ လက်မှတ်မထိုးရင် ကျနော်ကို ပြန်ထည့်မလား ထည့်လိုက်လေ။ ကျနော်ပြောလိုက်တယ်။ ပြောမယ်ဆိုရင် အစိုးရက စေတနာ ပါလား။ မပါလားဆိုတာ ပေါ်လွင်နေတာပဲလေ။ ကျနော် အနေနဲ့ကတော့ လက်ရှိ ဒီအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ကျနော်ကတော့ ကျေးဇူးတော့ မတင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လွတ်ရက်က နီးနေတာကိုး။ ပြည်သူ့ရဲ့အကျိုး ကိုကြည့်ပြီး လုပ်တာ တခုမှ မရှိဘူး။

လက်ရှိ ဒီကနေ့ လွတ်လာတဲ့သူတွေထဲမှာလည်း ကျနော်ကြည့်တာပေါ့။ အကျဉ်းသားတွေလည်းပါတယ်။ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ကျနေတဲ့ နှစ်ကြီးသမားတွေလည်းပါတယ်။ နောက် လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့သူတွေပါတယ်။ ဘိန်းမှုသမားတွေ ပါတယ်။ နောက် တကယ် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား သမားတွေ တယောက်မှ မပါဘူး။ ကျနော် တယောက်ပဲ ပါတာ။ "

အကျဉ်းထောင်တွင်းမှာ တနှစ်ကျခံပြီးနောက် ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတာ ဖြစ်တယ်လို့ ဆိုပြီး အခု အကျဉ်းသားတွေကို လွှတ်လိုက်တာ ဖြစ်ပေမယ့် သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခဲ့သူ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့လည်း ပြစ်ဒဏ်ကျပြီး မကြာခင်မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ထိုးမှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူ ဗိုလ်မှူး ကျော်စွာဝင်း ကတော့ မန္တလေး အိုးဘိုထောင်ထဲမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေသေးကြောင်း ပြောပါတယ်။

"နိုင်ငံရေးနဲ့ပတ်သက်လို့တော့ ကျနော်နဲ့အတူ တယောက်မှ မပါခဲ့ဘူး ခင်ဗျ။ ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက ကိုအောင်စိုးရှိတယ်။ ကိုအောင်စိုးက ခြောက်နှစ် ကျတာဆိုတော့ သူက မပါဘူးခင်ဗျ။ ကိုသိန်းအောင်မြင့် ရှိတယ်။ သူကလည်း တနှစ်ကျတာဆိုတော့ မပါဘူး ခင်ဗျ။ နောက် ကျောင်းသားလေးတွေ ရှိတယ်။ နောက် ဦးဇော်ဝင်း ရှေ့နေကြီး ဦးဇော်ဝင်းရှိတယ်။ သူကလည်း အမှုနဲ့ဆိုတော့ မပါဘူးပေါ့နော်။ အဲ့တော့ နိုင်ကျဉ်းနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေ အားလုံး ကျန်နေခဲ့တယ်။ ကျနော်သိတဲ့အထဲ ကိုသိန်းအောင်မြင့်နဲ့ ကိုအောင်မြင့်က အမှုကြီးတယ်။ ဒါပေမဲ့ သူတို့က သတ်မှတ်ချက်နဲ့ အကျုံးမဝင်တဲ့အခါကျတော့ ပါမလာခဲ့ဘူး။ ကျနော်ကတော့ သတ်မှတ်ချက်နဲ့အကျုံးဝင်တဲ့အတွက် ကင်းလွတ်ပေးလိုက်တယ်။ သတ်မှတ်ချက်ကတော့ တနှစ်နေ၊ တနှစ်လက်ကျန်သဘောမျိုးနဲ့ သတ်မှတ်လိုက်တာ။

တရုတ်နိုင်ငံသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တာတော့ ကျနော် မသိပါဘူးခင်ဗျ။ တကယ်လို့ လွှတ်ပေးလိုက်တယ်ဆိုရင် ကျနော့်အနေနဲ့ ဒါကို ရှုတ်ချပါတယ်။ ဒါကို မထောက်ခံပါဘူး။ အခုလွတ်ငြိမ်းချမ်းသာခွင့်ကလည်း လုံလောက်တဲ့ အနေအထားရှိတယ်လို့ ကျနာ် မခံယူပါဘူးခင်ဗျ။"

ဒီကနေ့ လွတ်လာတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေ တင်မြှောက်ကြောင်း ရေးသား ခဲ့ကြတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူနဲ့ သတင်းထောက် ၅ ဦးတို့လည်း ထောင်ဒဏ် ၁ နှစ်ကျော် ကျခံ အပြီးမှာ ပြန်ပြီး လွတ်လာကြပါတယ်။ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုအောင်သန့် ကတော့ ပြန်လွတ်လာပေမယ့် အသက်မွေးဝမ်းကျောင်း အတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။

"ကျနော်ကတော့ ပြန်လွတ်လာတဲ့အတွက် သတင်းသမားတယောက်အနေနဲ့ စာနယ်ဇင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အခွင့်အလမ်း ရရှိလာတယ်ပေါ့ဗျာ။ ကျနော်တို့ ဒီဘက်မှာ သတင်းသမားတွေကို တရားစွဲနေတာတွေလည်း ရှိတယ်။ နောက် ဖမ်းဆီးထောင်ချခဲ့တာတွေလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီဟာမျိုးတွေဟာ ဒီမိုကရေစီနိုင်ငံမှာကတော့ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြောရမယ်ဆိုလို့ရှိရင် ။ ကျနော် အမှန်အတိုင်း ဝန်ခံရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဗျ။ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဆိုတော့ လောလောဆယ်တောင်မှ ဘယ်ဂျာနယ်တိုက်မှာ အလုပ်လုပ်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ ကျနော် လုပ်ချင်တဲ့စိတ်ဆန္ဒပဲ အပြည့်အဝ ရှိတာပေါ့ဗျာ။ ဘယ်မှာ လုပ်ရမလဲ။ ဘယ်မှာ လုပ်ရမလဲဆိုတာ ကျနော် ဘယ်လိုမှ ဆုံးဖြတ်လို့မရသေးဘူး။ ဆုံးဖြတ်လို့မရသေးတာထက်စာလို့ရှိရင် ဘယ်မှာသွားပြီးတော့ အဆင်ပြေအောင် ပြောဆိုရမယ့် အနေအထားမရှိဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော် ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးလာတာ ဆယ်နှစ်ရှိပြီ။ "

ဒီကနေ့ အကျဉ်းသား ၇ ထောင်လောက်လွှတ်တဲ့ အထဲမှာ ယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသူ ၁၃ ဦးဘဲ လွတ်မြောက် လာတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၂၀ ကျော် ရှိနေသေးပြီး နောက်ထပ် ၄၀၀ တို့ဟာလည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ရွေးကောက်ပွဲ အလွန်တွင်လည်း လက်ရှိ သမ္မတ သက်တမ်း ကုန်လွန်သည်အထိ ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားပြီး ပြုပြင် ပြောင်းလဲရေး ရပ်တန့်နေသည်ဆိုသည့် ပြောဆိုမှုများကို ပယ်ချခဲ့သည်။

Nikkei Asian နှင့် ဇူလိုင် ၂၉ ရက်နေ့ကပြုလုပ်သော အင်တာဗျုးတွင် ဦးသိန်းစိန်က ဒုတိယ သမ္မတ သက်တမ်းကို ထမ်းဆောင်လိုသည်ဟု ဆိုခဲ့ရာ လက်ရှိသက်တမ်းကုန်လျှင် အနားယူမည်ဆိုသော အစောပိုင်း ပြောဆိုမှုသည် ပြောင်းလဲသွားပြီဖြစ်သည်။ သို့ရာတွင် ဒုတိယ သမ္မတ သက်တမ်း ထမ်းဆောင်ရန်မှာ နိုင်ငံရေး အခြေအနေနှင့် ပြည်သူ့ဆန္ဒပေါ်တွင် မူတည်သည်ဟု ဆိုသည်။

လက်ရှိသက်တမ်း၏ နောက်ဆုံးအဆင့်တွင် ဦးစားပေးလုပ်ဆောင်မည့်ကိစ္စရပ်များမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ သဘောတူလက်မှတ်ရေးထိုးနိုင်မည်ဟု ၎င်းက လေးလေးနက်နက် ယုံကြည်နေပုံရသည်။ ထို့ပြင် အိမ်းနီးချင်းနိုင်ငံများနှင့် ရင်နှီးချစ်ခင်မှု ပိုမိုခိုင်မာရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ အထူးသဖြင့် အသေစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းတင်ပို့သည့်နိုင်ငံအဖြစ်မှ ကုန်ချောထုတ်လုပ်နိုင်သည့်နိုင်ငံဖြစ်ရေး ဦးစားပေးလုပ်ဆောင်မည်ဟုလည်း ဆိုသည်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေတယ်ဆိုတာကို ကျွန်တော် သဘောမတူဘူး”ဟု နေပြည်တော် သမ္မတအိမ်တော်ရာတွင် ဦးသိန်းစိန်က ပြောသည်။ ယခုအစိုးရသက်တမ်းအစောပိုင်းက လုပ်ဆောင်မည်ဟုဆိုခဲ့သော ဆင်းရဲမှုလျော့ကျရေးနှင့် ၀င်ငွေတိုးတက်ရရှိရေး ကိစ္စရပ်များ မအောင်မြင်သေးသည်ကို အသိအမှတ်ပြုသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်လဲမှုတွင် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ရလဒ်များ ရရှိခဲ့သည်ဟု ၎င်းကပြောသည်။

၎င်းတို့ထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများ သိသိသာသာ ကျဆင်းသွားခြင်း၊ စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုမှရရှိလာသည့် နိုင်ငံရေးနှင့်လုံခြုံရေးပိုင်း တိုးတက်လာမှုအပြင် နိုင်ငံရေးအကျဉ်းသားအချို့ပင်ပါဝင်သော နိုင်ငံရေးပါတီသစ် ၈၀ ခန့် ထွက်ပေါ်လာခြင်းတို့ဖြစ်သည်ဟု ၎င်းကပြောသည်။

“အသိသာဆုံးအောင်မြင်မှုကတော့ သွေးထွက်သံယိုမဖြစ်ဘဲ စစ်အစိုးရကနေ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံအစိုးရအဖြစ် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲလိုက်နိုင်ခြင်းပါပဲ။ ဒါကတော့ မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ရဲ့မှတ်တမ်းအမွေအနှစ် ဖြစ်ပါလိမ့်မယ်”ဟု ဦးသိန်းစိန်က ပြောသည်။

သက်တမ်းအားဖြင့် ၈ လသာကျန်တော့သည့်အချိန်တွင် စီးပွားရေးကဏ္ဍ၌ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး အာကောင်းလာစေးရေး ပိုမို လုပ်ဆောင်မည်ဖြစ်သဖြင့် လျှပ်စစ်မီးအလုံအလောက်ရရှိရေးနှင့် နည်းပညာပိုင်းတွင် အသိပညာပိုမိုတိုးပွားလာရေးစသည့် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာရေးကို အလေးထားဆောင်ရွက်မည်ဟု ဖြည့်စွက်ပြောကြားသည်။ ၎င်းကိစ္စရပ်များအတွက် ပြည်ပအကူအညီ မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ပြောသည်။

“လိုအပ်တဲ့အပိုင်းတွေကို ဖာထေးနိုင်ဖို့ ဂျပန်လိုနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် အတူတကွ လုပ်ကိုင်တေပါတယ်”ဟု ပြောသည်။ ပထမအဆင့်ပြီးမြောက်တော့မည်ဖြစ်သော ဒေါ်လာ ဘီလီယံများစွာကုန်ကျခံဆောက်လုပ်သည့် သီလ၀ါအထူးစီးပွားရေးဇုန်၊ ထိုင်း-မြန်မာတို့နှင့်အတူ ဖော်ဆောင်မည့် ထားဝယ်စီးပွားရေးဇုန်၊ နိုင်ငံတောင်ပိုင်းရှိ ရေနက်ဆိပ်ကမ်းတို့အပါအ၀င် အခြားစီမံကိန်းကြီးများတွင် ဂျပန်နိုင်ငံ၏ အကူအညီနှင့် ရင်းနှီးမြှပ်နှံမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ စီးပွားရေးသီးသန့် လက်တွဲမှုများအပြင် မြန်မာသည် နိုင်ငံတကာရပ်ဝန်းနှင့် နှီးနှောဆက်ဆံလိုကြောင်း ၎င်းကပြောသည်။ တရုတ်နိုင်ငံသည် မြန်မာ၏မိတ်ဆွေကောင်းဖြစ်၍ နိုင်ငံတွင်းအများဆုံးရင်နှီးမြှပ်နှံသည့်နိုင်ငံဖြစ်သော်လည်း အမေရိကန်နှင့်ဆက်ဆံရေးသည်လည်း အချို့သော ရင်နှီးမြှပ်နှံမှုကြီးများ ၀င်လာရန် လက်တွန့်နေကြလင့်ကစား သိသာစွာ နွေးထွေးမှုရှိလာသည်ဟု ၎င်းကပြောသည်။

“စီးပွားရေးပိတ်ဆို့ထားတာတွေ အလုံးစုံမဟုတ်ပေမယ့် တော်တော်များများ ဖြေလျော့ပေးထားတယ်။ သမ္မတ အိုဘာမားအစိုးရက မြန်မာနိုင်ငံအပေါ် ချည်းကပ်မှုပုံစံသစ်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး မူဝါဒကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာပါတယ်”ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မုန်တိုင်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၈း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” (Komen)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်လျှက်ရှိပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဖြတ်ကျော်နေစဉ်အတွင်း မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၄၀)မှ မိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၅)ပေမှ (၇)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၃)ပေမှ (၅)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။

(၃၀.၇.၂၀၁၅)ခုနှစ်၊ (၁၉း၀၀)နာရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw

  ယနေ့ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦးတို့ ကို ယနေ့  ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေးကြောင်း ထုတ်ပြန်ကြေငှာခဲ့သည်။

ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး ယင်းနိုင်ငံခြားသား အကျဉ်းသားများအနက် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနားခရိုင် တရားရုံး၌ အမိန့် ချမှတ်ခဲ့သော တရုတ်သစ်ခုတ်သမား ၁၅၅ ဦး ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ထိုသို့ တရုတ်နိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမှာ ဇွန်လ ၁၀ ရက်နေ့ က တရုတ်တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ထိန်းသိမ်း ခံထားရသည့် မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တရုတ်သစ်ခိုးထုတ်သူများကို ဇူလိုင်လ ၂၂ ရက်ကမှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခဲ့ပြီးနောက် ၄င်းတို့၏ ဆွေမျိုးများ သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တန်ချောင် စီရင်စု အစိုရရုံးရှေ့ တွင် ဇူလိုင်လ ၂၃ ကြာသပတေးနေ့က စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘဂျင်းမြို့ရှိ မြန်မာသံအမတ်ကို ဇူလိုင် ၂၂ ရက် တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အရေးယူထားသော တရုတ်နိုင်ငံသား များကို ၎င်းတို့နိုင်ငံတွင် ဆက်လက်အရေးယူမည်ဖြစ်သောကြောင့် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။

‘‘သူပို့ထား တဲ့ စာလည်း ရထားပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးကို တင်ပြထားပါတယ်။ လွှဲပြောင်းဖို့ ရှိ၊ မရှိ သမ္မတရုံးက အကြောင်း မပြန်သေးပါဘူး’’ ဟု မြန်မာကောင်စစ်ရေးရာဌာနမှ ဦးစိန်ဦးက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန် လွတ်ပေးခြင်း သဘောမျိုး ဖြစ်သည်။

Ref - Xihua
The Ladies News Journal
https://www.facebook.com/News.TheLadies


 တရားမ၀င် သစ်ခိုးထုတ်မှုနဲ့ မကြာခင်တုန်းကပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်အပါအ၀င် အကျဉ်းသား ၇,၀၀၀ နီးပါးကို မြန်မာအစိုးရက ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ပါဝင်ပြီး ဒီအထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်လို့ တရုတ်အစိုးရ အဆင့်မြင့်အရာရှိတဦး ပြောဆိုတာကို တရုတ်အစိုးရအာဘော် Xinhua သတင်းအေဂျင်စီက ဖော်ပြပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ အတူ မိတ်ဘက် ဆက်ဆံရေး ထိန်းသိမ်းထားရှိနိုင်ဖို့နဲ့ လူမှုရေး ရှုထောင့် တို့ကနေ ခုလို ပြန်လွှတ်ပေးတာလို့ ရှုမြင်ရပြီး အခု ပြန်လွတ်လာတဲ့ တရုတ်နိုင်ငံသား တွေကိုတော့ ဒီကနေ့ ကြာသပတေးနေ့ကစပြီး နေရပ်ကို ပြန်ပို့ပေးမှာ ဖြစ်တယ်လို့လည်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာန ကတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရရှိစေရေးတို့အတွက် အကျဉ်းသား ၆,၉၆၆ ကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာ ဘိုင်မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက် ငါးဦးနဲ့အတူ နိုင်ငံရေး အကျဉ်းသား တဒါဇင်နီးပါး ပါဝင်သလို ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း အပါအ၀င် ထောက်လှမ်းရေး အရာရှိဟောင်း တချို့လည်း ပြန်လွတ်လာတယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

အခု ပြန်လွတ်လာတဲ့ တရုတ်နိုင်ငံသားတွေ ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ တုန်းက တရုတ်-မြန်မာနယ်စပ်ဒေသမှာ တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ဒီလထဲမှာပဲ ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ကြ ရသူတွေဖြစ်ပါတယ်။ ဒီလို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ အပေါ်မှာ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 စစ်ကိုင်းမြို့၌ ဧရာဝတီမြစ် စိုးရိမ်ရေ အမှတ်ရောက်ရှိပြီး မူးမြစ်စိုးရိမ်ရေ အမှတ် ကျော်လွန် ၍စစ်ကိုင်း-မုံရွာ ကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ်
စစ်ကိုင်း၊ ဇူလိုင် ၃၀

စစ်ကိုင်းမြို့၌ ဇူလိုင်(၃၀)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိပြီး မူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၁ ဒသမ ၈ပေ သို့ရောက်ရှိနေသောကြောင့် စစ်ကိုင်း-မုံရွာသွားမော်တော်ကားလမ်း စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာရှိ မိုင်တိုင် အမှတ်၃၇/၆မှ ညောင်ပင်ဝန်းတံတားအထိ ကားလမ်းအနိမ့်ပိုင်းနေရာ အချို့တွင် မူးမြစ်ရေများဖြတ်ကျော်လျှက် ရှိသည်ကိုသိရသည်။

အဆိုပါမူးမြစ်ရေများလျှံပြီး ကျေးရွာအချို့ရေဝင်သည့်နေရာများနှင့် ကားလမ်း အနိမ့်ပိုင်း ရေကျော် နေသည့်နေရာများ၌ ရွှေတောင်ဖွံ့ဖြိုးတိုး တက်ရေးကုပ္မဏီတို့က အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောသတ္ထု၊စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်၊တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ယာဉ်သွား လာ မှုနှင့်ရေကျော်သည့်နေရာများတွင် ကားများအန္တရာယ်မဖြစ်စေရန် အတွက်လမ်းဘေးပခုံးသားနေရာများတွင် အမှတ်အသားများပြထားသည်တို့ကို လည်းကောင်း၊ရေဝင်သည့်ကျေးရွာများမှလူနှင့်တိရစ္ဆာန်များ ဘေးကင်းသည့်နေရာများတွင်နေရာပေးထားပြီးရေကင်းများချထားမှုတို့အားလိုက် လံကြည့်ရှု၍ လိုအပ်သည့်လမ်းညွှန်မှု များပေးခဲ့ သည်ကိုသိရသည်။

မျိုးဝင်း (စစ်ကိုင်း ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) 
 နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​ဝင်ပြိုင်ဖို့ ​ဒေါ်အောင်ဆန်းစုကြည်က ​အမတ်လောင်းအဖြစ် ​ရွေးချယ်ခံဖို့ ​မှတ်ပုံ ​တင်လိုက်ချိန်မှာပဲ ​ကြံ့ခိုင်ရေးပါတီကလည်း ​ဒီရွေးကောက်ပွဲမှာ ​အရင်တခေါက်လို ​အနိုင်ရဖို့ ​မရှိဘူးလို့ ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​အရင် ​တစ်ခေါက်တုန်းက ​ရွေးကောက်ခံရတဲ့ ​ကော့မှုးမြို့နယ်မှာပဲ ​ဝင်ရောက် ​အရွေးခံမှာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လွှတ်တော် ​အမတ်ဖြစ်ခွင့် ​ရှိပေမယ့် ​လက်ရှိဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​မြန်မာနိုင်ငံရဲ့ ​သမ္မတ ​ဖြစ်ခွင့်တော့ ​မရှိပါဘူး။

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ကိုယ်စားလှယ် ​ဖြစ်ကြောင်း ​တရားဝင် ​သိရပေမယ့် ​NLD ​ပါတီ ​အမတ်လောင်းတွေရဲ့ ​နာမည် ​အပြည့်အစုံကိုတော့ ​မသိရသေးပါဘူး။

ဒီအချိန်က ​အမတ်လောင်း ​စာရင်း ​တင်သွင်းချိန်ဖြစ်ပြီး ​မဲဆွယ်စည်းရုံးရေးကိုတော့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ခွင့်ပြုတဲ့အခါမှသာ ​လုပ်ဆောင်ရမှာ ​ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီကလည်း ​ရန်ကုန်တိုင်းမှာ ​ဝင်ပြိုင်မယ့် ​အမတ်လောင်း ​စာရင်းတွေကို ​ကြေငြာလိုက်ပြီ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာတော့ ​၂၀၁၀ ​ပြည့်နှစ် ​ရွေးကောက်ပွဲလို ​ကြံ့ခိုင်ရေး ​ပါတီအနေနဲ့ ​အများအပြား ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်မထားဘူးလို့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီ ​အထွေထွေ ​အတွင်းရေးမှူး ​ဦးမောင်မောင်သိန်းက ​ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီအတွင်း ​အားပြိုင်မှုတွေ ​ရှိတယ်ဆိုတဲ့ ​ပြောဆိုမှုတွေ ​ထွက်ပေါ်ပြီးနောက် ​အခုလို ​အပြတ်အသတ် ​အနိုင်ရဖို့ ​မျှော်လင့်မထားဘူးလို့ ​ပြောဆိုလာတာပါ။

သမ္မတ ​ဦးသိန်းစိန်၊ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်နဲ့ ​လွှတ်တော်ဥက္က ​သူရဦးရွှေမန်းတို့အကြား ​အားပြိုင်မှုတွေ ​ရှိတယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်း တောင်ငူခရိုင် တရားရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနေစဉ် (ဓာတ်ပုံ -H.E. Thura U Shwe Mann Facebook)
    ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖြူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် တောင်ငူခရိုင် တရားရုံးတွင် အချက်အလက်များ ဖြည့်သွင်းပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာအား ယနေ့  ဇူလိုင်လ ( ၃၀ ) ရက်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သော နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သည်။

ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာ အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်၍ USDP ပါတီ မှ ကိုယ်စားလှယ်လောင်း ခန့်အပ်လွှာကို ယမန်နေ့ ဇူလိုင် ၂၉ ရက်က ပေးအပ်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၅ ရက်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်မည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်မှ  သြဂုတ်လ ၈ ရက်နေ့ ထိ သတ်မှတ်ပေးထားသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၁ ရက် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည်။

 (Xinhua)
http://www.xinhuamyanmar.com


    ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယ သက်တမ်းအတွက် သမ္မတ တာဝန် ဆက်လက် ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် အောင်မြင်စွာ ဖြစ်မြောက်နိုင်ရေးကို သမ္မတ တာဝန် ထမ်းဆောင်ခြင်းထက် ပိုမို ဖြစ်စေချင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ် နေရာအတွက် လျာထားသူ မရှိသေးကြောင်း အဆိုပါ ပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ဆိုသည်။

"သမ္မတကြီးအနေနဲ့ စဉ်းစားရင် စဉ်းစားလို့ရအောင် အဲဒီနေရာကို ဘယ်သူ့မှ လျာထားတာ မရှိဘူး"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင် မပြိုင်ကို ကိုယ်စားလှယ်လောင်း စာရင်း စတင် တင်သွင်းနိုင်သည့် အချိန်မှ ကိုယ်စားလှယ်လောင်း စာရင်း ပိတ်ချိန် သြဂုတ်လ ၈ ရက်နေ့အတွင်း ပြည်သူများ သိရမည်ဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး  ဦးရဲထွဋ်က ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းသည် သမ္မတအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်ခြင်းနှင့် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်လောင်းများက လွှတ်တော် အတွင်းမှ ဖြစ်စေ လွှတ်တော်ပြင်ပမှ ဖြစ်စေ တစ်ဦးဦးကို သမ္မတ နာမည်စာရင်း အဆိုပြုလျှင်လည်း သမ္မတ တာဝန်ထမ်းဆောင် နိုင်ကြောင်း ၎င်းက ဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com


 ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်မှ ကျေးရွာပေါင်း(၄၇)ရွာနှင့် ပေါင်းတည်မြို့ရှိ ရပ်ကွက်ကြီး (၆)ရပ်ကွက်နှင့်ကျေးရွာပေါင်း (၈) ရွာခန့်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျှက်ရှိပြီး ဒေသခံများ အနေဖြင့် အကူအညီများ လိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။


အဆိုပါရေကြီးရေလျှံမှုဖြစ်စဉ်သည် ဇူလိုင်လ (၂၆) ရက်နေ့မှစတင်ပြီး ယခုအခါတွင် ပေါင်းတည်မြို့ရှိ
ရွှေတည် (၂) ၊ မင်းကွပ် (၁) ၊ နွယ်ချို (၁) ၊ နွယ်ချို (၂) ၊ အုပ်ဖို (၁) ၊ ဟင်္သာကန်သည့်မြို့ပေါ် (၆) ရပ်ကွက်မှာ ရေနစ်နေပြီး၊ ဟားရားကြီး၊ ကျွဲရဲကြီး၊ ထောက်ကြံ့ကြီး၊ သပြေကြီးစု၊ ချောင်းခွ၊ ညောင်ဇင်၊ ထန်းသုံးခွ၊ နတ်ပတီးစသောကျေးရွာများနှင့် လယ်ဧကပေါင်းသောင်းချီပြီး ရေနစ်မြုတ်လျက်ရှိသည်။ သဲကုန်းမြို့နယ်တွင်လည်း ကျေးရွာပေါင်း (၄၇) ရွာနှင့် လယ်မြေဧကသောင်းချီ ရေနစ်မြုပ်လျှက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲကို ရေတွေဝင်တာ ၃၊ ၄ ရက်လောက်ရှိပြီ။ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ အကူအညီ မလာသေးပါဘူး။ ကွန်ရက်ကပဲ မနေ့ကမနက်ပိုင်းမှာလာပြီး ဆန်လှူတယ်။ ညနေပိုင်းမှာ
ထမင်းထုပ်တွေ လာဝေပါတယ်။ ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ရေကပိုဝင်လာနေတယ်။ ညကဆို မအိပ်ရဘူး။ ပိုးကောင်မွှားကောင်တွေ ၀င်လာမှစိုးလို့ စောင့်ကြည့်နေရတယ်။ ရေအခြေအနေလည်း စောင့်ကြည့်နေရတော့
အလုပ်လည်း မသွားနိုင်ပါဘူး။”ဟု ရွှေတည်(၂)ရပ်ကွက်မှ ကိုနိုင်က ပြောသည်။

“ရေကြီးတာ မနေ့ကပိုဆိုးလာတယ်။ ဒီရပ်ကွက်ထဲကလူတွေဆို ညကအထုပ်အပိုးတွေပြင်ပြီး ပြောင်းပဲပြောင်းရတော့မလိုဖြစ်နေတယ်။ သူတို့တွေက တနေ့လုပ်တနေ့စားတွေဖြစ်တော့ သူတို့ စားဝတ်နေရေးအတွက်က ခက်ခဲနေတယ်။ မနေ့က မနက်က ကျွန်တော်တို့ဆီကိုလာပြီး ညကသူတို့ထမင်းမစား ရတဲ့အကြောင်းလာပြောလို့ ကျွန်တော်တို့အဖွဲ့ကလူတွေဆီအလှူခံပြီး ကျွန်တော်တို့ ဆန်(၈)အိတ် လှူလိုက်တယ်”ဟု ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုချစ်ကိုကပြောသည်။

အဆိုပါဖြစ်ရပ်မျိုး သဲကုန်းမြို့ရှိကျေးရွာများမှာလည်းဖြစ်နေပြီး ယင်းမှာ အဆက်မပြတ်မိုးအပြင် အင်းမမြို့ရှိ သောင်ပြင်ဆည်တမံကြီးလည်း ပိတ်နေခြင်းကြောင့်ဖြစ်ကြောင်းပြောဆိုကြသည်။
“ကျွန်တော်က ဒီအောင်ကုန်းကျေးရွာမှာ မွေးကတည်းကနေလာတာ။ ဟိုတုန်းက ကျွန်တော်တို့ရွာ့အနောက်မှာ ကျွန်တော်တို့ လယ်တွေမှာရေကြီးရင် ၃ ရက်လောက်ပဲ ကြာတယ်။ အဲဒီတုန်းက အင်းမတမံကြီးက လုံးဝမပိတ်ဘူး။ မြစ်ထဲကို ဒိုးယိုပေါက်ဆင်းတယ်။ အခု ကျွန်တော်တို့ တောင်သူလယ်သမားတွေက ကန့်ကွက်ထားတယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှ ဆည်ကိုပိတ်ပါ။ ဒီအတွက် ကုန်ကျစရိတ်ကို ကျွန်တော်တို့ တောင်သူတွေကမျှခံပေးပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသောင်ပြင်ဆည်က ပိတ်ထားတော့ကျွန်တော်တို့ ဒီဘက်မှာ လုံးစောင့်နေတာပေါ့။”ဟု သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ ဦးအေးသောင်းက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်း၊ ကြို့ပင်ကောက်၊ အုပ်ဖို၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ ရွေတောင်၊ ဥသျှစ်ပင်စသည့်မြို့များမှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မုံရွာ ဇူလိုင် (၃၀)

 စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဇူလိုင်လ(၂၆)ရက်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက်ကာ ကလေးမြို့၏ အနိမ့်ပိုင်း အောင်မြေမန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့အောင်စည် ရပ်ကွက်များ ရေများဝင်ရောက်ခဲ့ကာ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၁၀) နာရီ အချိန်တွင် မြစ်သာမြစ်ရေ သည် ကလေးမြို့၏ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၁၅၆၄)စင်တီမီတာကို ရောက်ရှိ နေသည်။ ထို့အပြင် ကျီကုန်းကျေးရွာ၊ ဖောင်ကူး ကျေးရွာ၊ စီသာ ကျေးရွာ၊ သဖန်းအိုင် ကျေးရွာများတွင် ရွာလုံးကျွတ် ရေမြုပ်နေပြီဖြစ်ကြောင်း သိရသည်။


ယနေ့ နံနက် (၁ဝး၃၀) နာရီ အချိန် တိုင်းထွက်ချက်အရ ကလေးဝမြို့နယ်ရှိ ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေမှတ် (၁၅၅၀) စင်တီမီတာကို ကျော်လွန်၍ လက်ရှိ ၁၅၇၈ စင်တီမီတာကို ရောက်ရှိနေပြီး ယနေ့နံနက် တိုင်းထွာချက်များအရ ကလေးဝမြို့တွင် မိုးရေချိန်(၁.၂၆)လက်မနှင့် မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိ (၁၄၃၀)စင်တီမီတာကို ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ (၁၃၃၀) စင်တီမီတာရှိကာ မိုးရေချိန်(၁.၄၂)လက်မရှိကြောင်းနှင့် မင်းကင်းမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေများဝင်ရောက်လာသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်း နေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော မြန်မာနိုင်ငံသား အကျဉ်းသားများ (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၆,၉၆၆ ဦးကို နိုင်ငံတော် သမ္မတက ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်ထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၅ ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

တရုတ် သစ်ခုတ်သမား များသည်  ယခုနှစ် ဇန်နဝါရီလ အတွင်းက တရားမဝင် သစ်ခုတ်မှုဖြင့် ဖမ်းဆီး ခံခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနား ခရိုင် တရားရုံးမှ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြန်လည် လွတ်မြောက်လာခဲ့သော တရုတ် သစ်ခုတ်သမားများကို တရုတ်နိုင်ငံ ဘက်သို့  ပြန်လည် လွဲပြောင်းပေးရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ ကလည်း တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


မုန်တိုင်းအ‌ခြေအနေ

ယနေ့မြန်မာ စံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ပိုမို အားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် (၈၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၈၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)မှ မိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။


သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။

(၃၀.၇.၂၀၁၅)ခုနှစ်၊ နံနက် (၁၁း၃၀)နာရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ၀န်ကြီး Hugo Swire - မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (ဓာတ်ပုံ - MOI)
 ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ၀န်ကြီး Hugo Swire ဟာ အရှေ့တောင်အာရှနဲ့ ဗြိတိန်ကြား ဆက်ဆံရေးတိုးမြှင့်တဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို၊ နှစ်ဖက် လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ၊ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကူအညီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေတွေအတွက်  ဗြိတိန်နိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး ထောက်ပံ့ကူညီလာရာမှာ ဒီနှစ်အတွက် စတာလင်ပေါင်း ၆ သန်းကျော် အပါအ၀င် စုစုပေါင်း စတာလင်ပေါင် ၁၈ သန်းကျော်ထိ ကူညီခဲ့တယ်လို့ ၀န်ကြီး Swire က ပြောပါတယ်။ ဒါအပြင် ဗြိတိန်ဟာ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အများဆုံးပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတယ်ဆိုတာ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်ခဲ့ကြောင်း ပြောပါတယ်။

Mr. Swire ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအ၀င် ရွှေစေတီဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တနင်္လာနေ့မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ရန်ကုန်နေအိမ်မှာ တွေ့ဆုံပြီး မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ၀န်ကြီး Swire ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ Mr. Swire ဟာ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် အပါအ၀င် အစိုးရအဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီး၊ အားလုံးပါဝင်ဖို့လိုကြောင်း ၀န်ကြီး Swire က ပြောပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ ပြည်ထောင်စ ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးနေသလို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကိုလည်း သင်တန်းတွေပေးနေတယ်လို့ ဆိုပါတယ်။

Hugo Swire အနေနဲ့ သူရဲ့ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း  ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ တိုးတက်မှုအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဗြိတိန်အစိုးရရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ကတော့ ၀န်ကြီး Swire အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေထက် စီးပွားရေးဆက်ဆံမှုကို ပိုဦးစားပေးကြောင်း ဗြိတိန်လွှတ်တော်မှာ ဝေဖန်ခံခဲ့ရတဲ့အတွက်ကြောင့် အခုလို မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမိန့် မနာခံမှုနဲ့ ဗိုလ်မှူး စောဆန်းအောင်ကို DKBA ကလိုထူးဘော ဌာနချုပ်က ထုတ်ပယ်ထား 
DKBA ကလိုထူးဘော ဌာနချုပ်ကနေ ထုတ်ပယ်ခြင်း ခံထားရတဲ့ ဗိုလ်မှူး စောဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ရဲ့ တပ်ဖွဲ့တွေကို အစိုးရ တပ်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကရင် လက်နက်ကိုင် ပူးပေါင်း တပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ကော့ကရိတ်ဒေသမှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူး ဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ နှစ်ဖွဲ့ခွဲပြီး ဆုတ်ခဲ့ ရပါတယ်။

ဗိုလ်မှူး ကျော်သက်အဖွဲ့က ကော့ကရိတ်မြောက်ဘက် မြိုင်ကြီးငူဘက်ကို လွတ်မြောက်သွားပေမယ့် တောင်ဘက်အခြမ်းက DKBA ကလိုထူးဘောရဲ့ ဌာနချုပ် ဆုံဆည်းမြိုင်ဘက် ကို ဆုတ်သွားတဲ့ ဗိုလ်မှူး စောဆန်းအောင် တို့ကိုတော့ DKBA ဌာနချုပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာ ကနေ ထပ်ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင် အတော်များများ လက်နက်ချခဲ့ရပါတယ်။

ဗိုလ်မှူး ဆန်းအောင်ရဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး သူ့အမျိုးသားတွေ အကျအဆုံး ရှိမှာ စိုးတဲ့အတွက် ခုခံမတိုက်ဘဲ အတတ်နိုင်ဆုံး ရှောင်ကွင်း ခဲ့တယ်လို့ ဗိုလ်မှူး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့စွဲနဲ့ အစိုးရထုတ် သတင်းတွေ မှာတော့ စောဆန်းအောင် အဖွဲ့က စောဘိကြည် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၈ ဦးဟာ လက်နက်မျိုးစုံနဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ထီးဟူသံရွာက BGF နယ်ခြားစောင့်တပ်ဆီမှာ လက်နက်ချ အလင်းဝင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုခရီးစဉ်။ (ဓာတ်ပုံ/NLD Chairperson. May 23rd, 2015)
 ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ အစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ပြိုင်အရွေးခံ မယ်ဆိုရင် တိုင်းရင်းသား ပါတီတွေအတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့ လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ခင်များ … အခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးဆင်းပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတချို့ ဆီက အသံတွေ ဘာကြားလာရသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာလာပြီး သူတို့ပါတီတွေနဲ့ ယှဉ်ပြီးအရွေးခံမယ့်ကိစ္စကိုတော့ နည်းနည်း သူတို့ကို ဦးစားပေးသင့်တယ့်သဘောမျိုး ပြောကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွန်းရဲ့  အမြင်ကို ပထမဦးဆုံး ပြောပေးပါ။

ဦးရဲထွန်း ။ ။ ကျနော့်ရဲ့  အမြင်ကတော့ အဲဒီလို ဦးစားပေးတာ၊ ရှောင်ပေးတာဆိုတဲ့ဟာကတော့ နှစ်ပါတီစလုံးရဲ့  သဘောထားနဲ့ ဆိုင်တာပေါ့။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာတော့ ဒီလိုပဲ ပြိုင်ကြရမှာ။ ဘယ်ပါတီက ဘယ်ပုဂ္ဂိုလ်က ပြည်သူလူထု အကျိုးစီးပွားကို တကယ်ဆောင်ရွက်နိုင်မလဲ။ တကယ်ကိုယ်စားပြုနိုင်သလဲ ဆိုတာကို အလုပ်နဲ့သက်သေပြကြရမယ်။ ဒါကြောင့် ဒီလိုပြိုင်ချင်းအတွက်ကို ကျနော့်အနေနဲ့ တဦးချင်းသဘောထားကို ပြောမယ်ဆိုရင်တော့ ဘာမှထင်မြင်ချက် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးရဲထွန်းတို့ ပါတီ။ ဟိုတုန်းက နိုင်ခဲ့တဲ့ ALD ရခိုင်၊ SNLD တို့ အဲဒီလို ပါတီတွေကတော့ တိုင်းရင်းသားဒေသမှာ ဘယ်သူယှဉ်လာလာ ခင်များတို့ပါတီတွေက အနိုင်ရနေတယ်။ ထိပ်ဆုံးကနေတယ်ဆိုတဲ့ သဘောမျိုးတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်တယ်လို့ပြောတဲ့ တိုင်းရင်းသားတချို့ က သူတို့က ပါတီငယ်တွေဖြစ်တယ်။ ဖွဲ့စပါတီတွေ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ သူတို့အင်အားကို သူတို့ စိတ်မချလို့ စိုးရိမ်စိတ်နဲ့ ပြောတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် စာနာနိုင်ပါလဲ။

ဦးရဲထွန်း ။ ။ ကျနော်ကတော့ အခုပြောတဲ့ သဘောထားတွေကတော့ ကျနော့် တဦးချင်းရဲ့  သဘောထားတွေပါ။ ကျနော်ကတော့ ဒီမိုကရေစီကို ယုံကြည်တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီတော့ ပြိုင်ဆိုင်မှုစနစ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မှတ်ကျောက်တခုပဲ။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလို ပြိုင်ဆိုင်တာကိုတားတယ်။ မပြိုင်ပါနဲ့လို့ စိုးရိမ်တာကိုက ဒီမိုကရေစီ မဆန်ဘူးလို့ ယူဆတယ်။ ပြိုင်ရမယ်။ ဘယ်သူက ပြည်သူလူထုကို တကယ် ကိုယ်စားပြုသလဲ။ တကယ် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ ကျနော်တို့က ကာလတခု ဖြတ်သန်းပြီးမှ သိမှာ။ တိုင်းရင်းသားပါတီလို့ နံမည်ခံထားလို့လဲ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို တကယ် ကိုယ်စားပြုတဲ့ပါတီ၊ တကယ် ကိုယ်စားပြုတဲ့လူ ဖြစ်ချင်မှလဲဖြစ်မှာပေါ့။ NLD ပါတီကလဲ တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်ပြောပြီး တကယ့်လက်တွေမှာ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွား၊ တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေးရဖို့ဆိုတာကို ဖော်ဆောင်နိုင်တဲ့ ပါတီ ဖြစ်ချင်မှဖြစ်မှာပေါ့။ ဆိုလိုချင်တာက ယှဉ်ပြိုင်ပြီးတော့ လက်တွေ့လုပ်တဲ့ ဖြစ်စဉ်တခု ဖြတ်သန်းပြီးမှသာ ဒါကို သိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်တာကို ကျနော်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ စိုးရိမ်တာ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တိုင်းရင်းသားပါတီတွေက လိုလားကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားအရေးကိစ္စမှာ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ဦးရဲထွန်းပါတီရဲ့  ခံယူချက်နဲ့ တန်းတူရှိတယ်လို့ ယူဆပါလား။

ဦးရဲထွန်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ NLD ပါတီက အခု တိုင်းရင်းသားပါတီတွေ အာရုံစိုက်နေတဲ့ ကျနော်တို့နိုင်ငံကို ဖယ်ဒရယ်စနစ် ပီသအောင်၊ ဖယ်ဒရယ်စနစ်ပီပြင်အောင် ဖော်ဆောင်သွားဖို့ဆိုတဲ့ စိတ်ဝင်စားမှုမျိုး အားနည်းနေတာတော့ တွေ့ရတယ်။ သူတို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ပါတီ ပေါ်လစီတွေမှာ ချပြတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေမှာ မတွေ့ရဘူး။ အဲဒါကို ထောက်ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဆိုတာ ဘာ၊ ဖယ်ဒရယ်စနစ်ဆိုတာ ဘာဆိုတာကို သူတို့ နားလည်မှု အားနည်းတာ၊ စိတ်ဝင်စားမှု အားနည်းတာကို ကျနော် သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမနန်းခင်ထွေးမြင့် သဘောထားကို သိချင်ပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ် ရှိကြပါတယ်။ ဒေသခံပါတီတချို့ ပေါ့။ ဆရာမကိုယ်တိုင် တိုင်းရင်းသူကိုယ်စားလှယ် တယောက်ဖြစ်တယ်။ NLD မှာ လှုပ်ရှားနေတယ်ဆိုတော့ အဲဒီ တိုင်းရင်းသားတွေရဲ့  စိုရိမ်မှုကို ဆရာမအနေနဲ့ ဘယ်လို သဘောထားပါလဲ။ သူတို့ရဲ့  စိုးရိမ်မှုကို နားလည်နိုင်ပါလား။ ဘာလို့ ဖြစ်ကြတယ် ထင်ပါလဲ။

ဒေါ်နန်းခင်ထွေးမြင့် ။ ။ တိုင်းရင်းသားတွေကို ကျမ နားလည်ပေးနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နဂိုကတည်းက တိုင်းရင်းသားတွေရဲ့ အရေးကို စဉ်းစားလာတယ်။ စဉ်းစားလာတယ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တိုင်းရင်းသားတွေပေါ် ထားရှိတဲ့သဘောထားတွေကို ယုံကြည်လို့၊ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ ကျမတို့ခေါင်းဆောင်တွေရဲ့  သဘောထားကိုလည်း ယုံကြည်တယ်။ ဒီအတွက် ကျမ ပြောချင်တာကတော့ တိုင်းရင်းသားတွေအနေနဲ့ ဒီအတွက် စိုးရိမ်စရာမလိုဘူး။ ကျမက အထဲထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့ လူတယောက်အနေနဲ့ ဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့  ရွေးကောက်ပွဲ မဲအနိုင်အရှုံးအပြင် တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးဆန္ဒ ပြည့်ဝရေးကိစ္စကလည်း ဒီနေရာမှာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု တိုင်းရင်းသားတွေ တောင်းဆိုတာ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးကို ပြောနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့  ဆန္ဒအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သဘောထားက ဘယ်လို ရှိပါလဲ။

ဒေါ်နန်းခင်ထွေး ။ ။ အခုမှ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  Manifesto စ ရေးကတည်းက ကျမတို့ တိုင်းရင်းသားပြည်ထောင်စုစစ်စစ်မူ ဆိုပြီးတော့ ဖယ်ဒရယ်ကို ကျမတို့က ဟိုအရင်ကတည်းက ပြောခဲ့တယ်။ ဒီတိုင်းရင်းသားတွေ လိုအပ်တဲ့ ဖယ်ဒရယ်ကို တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ တောင်းဆိုထားတဲ့ဟာတွေက ဟိုအရင် မယ်သရောထမှာ လုပ်တဲ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းပြောင်းတင်းတင်း ထောက်ခံပြီးတော့ ဆွေးနွေးခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ခင်များ … ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စကတည်းက ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံထားတဲ့ ဖယ်ဒရယ်မူစစ်စစ်ဟာ တိုင်းရင်းသားတွေရဲ့  လိုအပ်ချက်နဲ့ ထပ်တူကျတယ်လို့ ပြောနိုင်ပါလား။

စိုင်းညွှန့်လွင် ။ ။ တကယ်လိုသာ သူတို့ ပြောသလို ဖယ်ဒရယ်စစ်စစ်မူကို လက်ခံခဲ့တယ်ဆိုရင် ကျနော်တို့ ကိုယ့်ဘာသာကိုယ်၊ တိုင်းရင်းသားပါတီတွေ ထူထောင်စရာ မလိုတော့ဘူး။ အဲဒီအထဲကို ကျနော်တို့ ခြေဆုန်ပစ် ဝင်သွားမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်အချက်ကို မေးခွန်းထုတ်လိုပါလဲ။ သူတို့ ဖယ်ဒရယ်စစ်စစ်မူဟာ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်။

စိုင်းညွှန့်လွင် ။ ။ အရှင်းဆုံး ပြောရရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ်ဆွေ အရင်းခေါက်ခေါက်တွေပါ။ အမြဲတမ်းလည်း ဆက်သွယ်နေကြတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆွေးနွေးထားတာ တခါမှ မရှိပါဘူး။ အပြည့်အစုံ ပြောရမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က Commitment ဖြစ်မယ့် ကိစ္စတွေမှာ ရှောင်လွှဲခဲ့တယ်။ တိုင်းရင်းသားတွေဘက်က ဖြစ်စေချင်တယ်။ Commitment တခုခု ရှိစေချင်တယ်။ ဒါပေမဲ့ အဲဒါ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်သွားတာ။ နောက်တချက် ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ ၉၀ ပြည့်နှစ်တုန်းနဲ့ မတူတဲ့အချက် တချက်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်နယ် (၇) ခုမှာ တိုင်းရင်းသားပါတီတွေဆိုတာ (၉၀) တုန်းကလို တခုစီ မဟုတ်တော့ဘဲ၊ အုပ်စု (၂) ခု ဝင်ပြီးပြိုင်နေသလို ဖြစ်နေတယ်။ အဲဒါကို ဦးကျော်ဇံသာ နားလည်မှာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ အုပ်စုတွေ ရှိတယ်။ ပါတီတခုတည်းကို ကိုယ်စားပြုပြီး ပြိုင်တဲ့ဟာ မဟုတ်တော့ဘဲ။ အဲဒီ လူမျိုးထဲမှာပဲ လူမျိုးထဲမှာပဲ ပါတီ (၂) ခုဖြစ်တယ်။ (၃) ခု ဖြစ်တယ်။ (၄) ခုဖြစ်တယ်။ အခု ၂၀၁၅ မှာ ဒါက ထူးခြားမှုဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအကဲခတ်တွေ တော်တော်များများက မဲတွေကွဲပြားသွားမှာကို စိုးရိမ်တယ်။ အဲဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်တွေမှာ ဝင်လိုက်ရင် မဲတွေကွဲပြားသွားမယ်။ အဲဒါကို စိတ်ပူကြတာပါ။ မဟာမိတ်အချင်းချင်းဆိုတော့ ညှိနှိုင်းသင့်တယ်။ အဲဒီ အယူအဆတွေနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ အရိုးသားဆုံ ပြောရရင်တော့ မဲဆန္ဒနယ်မြေတွေ ပတ်သက်လို့ အသေးစိတ် ဘာမှ မဆွေးနွေးနိုင်ကြဘူး။ အဲဒီအတွက်တော့ အခက်အခဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းတို့ရဲ့  NLD ပါတီအပေါ် ဦးရဲထွန်းရဲ့  တဦးတည်းအမြင်ကို ကျနော် တန်းဖိုးထားပါတယ်။ ဒါပေမဲ့ ပါတီအနေနဲ့ အမြင်ကို အမတ်တယောက်အနေနဲ့ ဘယ်လောက် သိပါလဲ။ NLD တိုင်းရင်းသားအရေးအပေါ် ဦးရဲထွန်းတို့ရဲ့  ကျားဖြူပါတီရဲ့  သဘောထား။

ဦးရဲထွန်း ။ ။ ကျနော်တို့ တိုင်းရင်းသားအရေးကိစ္စနဲ့ ကျနော်တို့ပါတီရဲ့  သဘောထားကတော့ ဖယ်ဒရယ်စနစ်ကို သွားဖို့ပါပဲ။ ဖယ်ဒရယ်စနစ်ကို သွားဖို့ရာ ကျနော်တို့က ယခုလက်ရှိ ပြည်နယ် (၇) ခုနဲ့ တိုင်းဒေသကြီး (၇) ခု (၁၄) ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုင်းခြားထားတဲ့အတိုင်းကို ကျနော်တို့က လက်ခံတယ်။ သို့သော် အဲဒီ ပြည်နယ်နဲ့တိုင်းဒေသကြီးကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေကို ဖယ်ဒရယ်စနစ်တခု ပီပီပြင်ပြင်ဖြစ်အောင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အနေအထားမျိုးအထိရောက်အောင် တိုးချဲ့ ပေးသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထားပါတယ်။ အဲဒီတော့ SNLD လို့ခေါ်တဲ့ ကျားခေါင်းပါတီနဲ့ ကွဲလွဲတာကတော့ သူတို့က ပြည်နယ် (၈) ပြည်နယ်။ ဗမာက တိုင်းဒေသကြီး (၇) ခုကို ပေါင်းပြီးတော့ ပြည်နယ် (၁) ခုအနေနဲ့  (၈) ပြည်နယ်။ လူမျိုးအလိုက် ပြည်နယ် (၈) ခုကို သူတို့က အသိအမှတ်ပြုတယ်။ ဖယ်ဒရယ်စနစ်ကို သွားကြတာတော့ အတူတူပါပဲ။ ကွဲပြားခြားနားတာကတော့ (၁၄) ပြည်နယ်လား။ (၈) ပြည်နယ်လား ကိစ္စမှာလား ကွဲပြားခြားနားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရဲ့  သဘောထားကို ဒီကိစ္စ ဖယ်ဒရယ် ဘယ်နှစ်ခု ပါဝင်မယ်ဆိုပြီးတော့ သဘောထားရှိပါလဲ။

ဦးရဲထွန်း ။ ။ NLD က ဖယ်ဒရယ်စနစ်သွားဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူတို့ ချမှတ်ထားတာ ရှိကောင်းရှိမယ်။ သို့သော် လောလောဆယ်အားဖြင့် မကြာခဏ သူတို့ ပြောနေတာက (၄၃၆) ပြင်ဆင်ရေးနဲ့ (၅၉(စ) ပြင်ဆင်ရေးကိစ္စမှာ အာရုံစိုက်နေတဲ့အတွက် ဒီဟာနဲ့ ပတ်သက်လို့ သူတို့ ပေါ်လစီ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တော့ ထပ်ခါတလဲလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့  ဒီနေ့ ပထမဦးဆုံး ဖြေရှင်းရမယ့် ပြဿနာအဖြစ်နဲ့ ရှေ့ တန်းမတင်ထားဘူးဆိုတာကို သတိထားမိပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မြို့တော် နမ့်ဆမ်မှာ မိုးကြီး တာကြောင့် နေရာ အတော် များများမှာ မြေပြိုပြီး ကားလမ်း အဆက် အသွယ်အချို့ ပြတ်တောက် နေပါတယ်။ လောလော ဆယ်မှာ ပြိုကျပျက်စီးတာ တချို့ကို ရှင်းလင်းနေပြီး၊ အပျက်အစီး စာရင်းကို ကောက်ယူ နေပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်အတွင်းမှာတော့ ပြီးတဲ့ရက်က တောင်ကျချောင်းရေ ကျတာကြောင့် လူအသေအပျောက် ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လတ်တလော မြန်မာပြည်တွင်းက ရေကြီးတဲ့အခြေအနေကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နမ့်ဆမ်မြို့မှာ ဒီလ ၂၅ ရက်နေ့ကနေ ဒီကနေ့ထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့တွင်း နေရာတချို့နဲ့ နမ့်ဆမ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ မြေပြိုပြီး သွားလာရေးအတွက် အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ လတ်တလော နမ့်ဆမ်မြို့မှာ မြေပြိုကျတဲ့ အခြေအနေကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နမ့်ဆန်မြို့နယ် ဥက္ကဌ မိုင်ရဲကျော်သူက အခုလို ပြောပါတယ်။

“လက်ဖက်ခြံတွေ အများကြီး ပြိုသွားတာရှိတယ်။ တဲအိမ်တွေ ပါသွားတာရှိတယ်။ အဲဒီအချက်အလက်တွေ ကျနော်တို့ လိုက်လံ စုဆောင်းနေတယ်။ အသေအပျောက်စာရင်း ရှိ မရှိပေါ့လေ။ ဒီကားလမ်းတလျှောက်မှာ အသေအပျောက်မရှိဘူး။ လက်ဖက်ခြံတို့ စိုက်ပျိုးရေးခြံတွေမှာ အသေအပျောက်တွေ ရှိနိုင်တယ်။”

ဒေသတွင်း ဆက်သွယ်ရေးလမ်းတွေ ပိတ်ဆို့ကုန်တာကြောင့် ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်လို့ ဆက်ပြောပါတယ်။

“နန့်ဆမ်နဲ့ လားရှိုးကားလမ်းတော့ သွားလို့ရတယ် သူတို့ ရှင်းပေးလိုက်တယ်။ ဒီနေ့ ထပ်ရှင်းတာ ရှိ မရှိတော့ ကျနော်တို့ မသိသေးဘူး။ နန့်ဆမ်နဲ့ နန့်ခမ်းကတော့ ဘယ်လိုမှ သွားလို့မရဘူး။ ပြီးရင် လုံခေါက်နဲ့ နန်ပိန်သွားတဲ့ ကားလမ်းမှာ အဲဒီကားလမ်း တခုလုံး ပြိုကျသွားတာ လက်ဖက်ခြံ အကုန်လုံး ပါသွားတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်ပါတယ်”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးက ၀န်ထမ်းတဦးကတော့ နမ့်ဆမ်-လားရှိုးလမ်းနဲ့ နမ့်ဆမ်-မန္တလေးလမ်း စတဲ့လမ်းတွေမှာ မြေပြိုတာတွေကို အဓိကရှင်းလင်းနေပြီး ကျေးရွာချင်းဆက် လမ်းတွေကို မရှင်းလင်းနိုင်သေးကြောင်းနဲ့ ဒီလိုရှင်းလင်းရာမှာလည်း မြေပြိုတာတွေ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ကားလမ်းတွေ ကောင်းကောင်း မသွားလာနိုင်သေးကြောင်း ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း မြေပြိုနေအိမ်တချို့ ပျက်စီးခဲ့သလို ဖလမ်းမြို့အနီးမှာလည်း မြေပြိုတာကြောင့် ကလေး-ဟားခါးလမ်းဟာ သွားလာရေး အခက်အခဲ တွေ့နေပါတယ်။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းမှာတော့ တောင်ကျရေကြောင့် လူ ၉ ယောက်သေဆုံးခဲ့တယ် လို့ ဒေသခံတဦးက ပြောပါတယ်။

“၂၅ ရက်နေ့က ၁၀ နာရီလောက်မှာ ချောင်းရေကြီး ကျလာတာပေါ့။ တောင်လယ်ကျေးရွာမှာ တဲတွေ၊ အိမ်တွေ မျောပါကုန်ပြီးတော့ လူ ၉ ဦး အသက်ဆုံးရှုံးတယ်။ ကလေးတွေများတယ်။ ၂ ယောက်က ပျောက်တယ်လို့ပြောတယ်။ ပျောက်တာကလည်း သဲဖုံးတာတို့၊ ဘာတို့ဖြစ်တတ်တယ်လေ၊ အဲဒီလို ချောင်းရေကျတဲ့အခါ။ အဲဒါတော့ ရှာမတွေ့ဘူးလို့ပြောတယ်။ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ အဲဒီကျေးရွာမှာ ဖြစ်ခဲ့တာပါ။”

ရေညာဦးကျေးရွာမှာလည်း နေအိမ်တွေ ရေလွှမ်းမိုးခဲ့ပေမဲ့ လူအသေအပျောက် မရှိကြောင်းနဲ့ ရှားတောကျေးရွာ တံတားကို ရေတိုက်စားတာကြောင့် မန္တလေး-ဗန်းမော်ကားလမ်းမှာ ကားကြီးအသွားအလာတွေ ရပ်ဆိုင်းနေတယ်လို့ ပြောပါတယ်။ အစိုးရသတင်းစာတွေမှာတော့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စုနဲ့ တွင်းငယ်ကျေးရွာအုပ်စုတွေမှာ ရေကြီးရေလျှံတာကြောင့် လူ ၈ ယောက် သေဆုံးပြီး အိမ်ထောင်စု ၅၇ စု လူ ၂၃၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက အဆိုးရွားဆုံး ရေလွှမ်းမိုးခဲ့တဲ့ ကောလင်းမြို့နယ် အတွင်းမှာတော့ အခုခါမှာ ရေပြန်ကျနေပြီး ရေလွှမ်းမိုးခဲ့တဲ့ ရွာတွေမှာ သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကောလင်းမြို့က ကိုအောင်မျိုးက ပြောပါတယ်။

“သောက်ရေသုံးရေ ပြဿနာတက်တဲ့အတွက် ကျနော်တို့ မနေ့ကနေစတယ်၊ ရေတွင်းတွေကို ရွာစဉ်သွားပြီးတော့မှ ကျနော်တို့ လမ်းကြောင်း ၄ ဖွဲ့ခွဲထားတယ်။ ၄ ဖွဲ့ခွဲပြီးတော့ မြို့နယ်ကျန်းမာရေးကနေ မြို့ပေါ်ရပ်ကွက်တွေကိုသွားတယ်။ ပရဟိတ အဖွဲ့တွေကကျတော့ ရေတွင်းတွေကို စုပ်ထုတ်ပြီးတော့ ဆေးခတ်ပေးတာတွေ လုပ်နေပါတယ်။”

ကောလင်းမြို့နယ်အတွင်းမှာ ရေလွှမ်းမိုးခဲ့တဲ့ ရွာပေါင်း ၉၀ လောက်ရှိပြီး ရေတွင်းရေကန် ပြန်လည် မပြင်ဆင်နိုင်တဲ့ ကျေးရွာတွေကို ရေသန့်ဗူးတွေ ပို့ဆောင်ပေးနေကြောင်း ပြောပါတယ်။ လောလောဆယ်မှာတော့ အစိုးရနဲ့ ပရဟိတ အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကပါ ကူညီထောက်ပံ့နေပါတယ်။ မြန်မာပြည်တ၀ှမ်းက စေတနာ့ရှင်တွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေကလည်း အလှူငွေတွေ ထောက်ပံ့ကူညီပေးနေလို့ ပြောပါတယ်။

ဒီကနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက်မိုင် ၄၀ ခန့်၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် ၇၀ ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၆၅ မိုင်ခန့်နဲ့ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက်မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေကြောင်း မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် လျှပ်တပျက် ရေကြီးတာ၊ မြေပြိုတာတွေနဲ့ ပင်လယ်ကမ်းရိုးတန်းသွား ရေယာဉ်တွေ သတိထားဖို့ကိုလည်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဇူလိုင်လ ၂၉ ရက်နေ့က အင်းတကော် မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် Photo: Kyaw Kyaw Htwe ( Facebook )
 ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ပဲခူးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တာဝန်ခံ မစုစုနွေးကို အင်းတကော် မြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ ဗိုလ်ကြီး ဟိန်းဇော်ကို စတင် စစ်ဆေးခဲ့ပါတယ်။

မစုစုနွေးဟာ ပိုင်နက်ကျူးလွန်ပါတယ်လို့ တရားလိုဖက်က သက်သေမပြနိုင်ကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ မစုစုနွေးရဲ့ခင်ပွန်း ကိုမာကီးက ပြောပါတယ်။

"အပြန်အလှန်မေးခွန်းတွေမေးရာမှာ မစုစုနွေးသူတို့ပိုင်တဲ့မြေထဲကို ကျုးကျော်တယ်ဆိုတဲ့အထောက်အထားတွေ ဘာမှတင်ပြထားနိုင်တာမရှိဘူး၊ သူကတော့ မျက်မြင်သက်သေရှိပါတယ်ပြောတယ်၊ လောလောဆယ်အဲ့သက်သေ ကလည်း ဘာမှ တင်ပြနိုင်ခြင်းမရှိသေးဘူး၊ တရားလိုဖက်က ဓါတ်ပုံတွေပြတာရှိတယ်၊ ၂ ပုံလုံးမှာ မစုစုနွေးလည်း မပါဘူး၊ မစုစုနွေးလည်း မဟုတ်ဘူး၊ မစုစုနွေးကျုးလွန်တယ်ဆိုတာကို သူမှာဘာအထောက်အထားမှ တရားရုံးကို တင်ပြနိုင်ခြင်းမရှိဘူး၊ ရုံးချိန်းကို ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်"

အဲဒီအမှုအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဥပဒေ အကြံပေး ဒေါ်သီတာအေး၊ ဒေါ်ဥမ္မာခင် နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂက ရှေ့နေ ဦးကျော်စွာထွန်းတို့က လိုက်ပါဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အင်းတကော်မြို့နယ်က လယ်သမား ၅ဝ လောက်က မစုစုနွေးကို ပြန်လွှတ်ပေးဖို့ တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

မစုစုနွေးဟာ မနှစ်က အင်းတကော်မြို့နယ် သာယာကုန်းကျေးရွာအုပ်စု အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကျွဲဒညင်းကုန်းနဲ့ မြေနီကုန်း စတဲ့ ကျေးရွာ ၉ ရွာမှာ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ တချို့ ပေါ်မှာ ဒေသခံလယ်သမားတွေနဲ့ ဝင်ရောက်ထွန်ယက် ခဲ့တာကြောင့် ခဲယမ်းမီးကျောက် တပ်က ဗိုလ်ကြီး ဟိန်းဇော်က ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဂျူလိုင် ၂၉ ရက် ၂၀၁၅

နမ့်ခမ်းမြို့ဒေသခံ SNLD ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သဘောတူဆုံးဖြတ်ထားခဲ့ကြ သော်လည်း ပါတီဗဟိုကမူ ပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီတာဝန်ရှိ သူများက ပြောဆိုသည်။

ကျနော်တို့ နမ့်ခမ်းမှာပြိုင်မယ် ။ မြို့နယ်က ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုကျော်ပြီး လုပ်လို့မရပါဘူး။ ဒါက ပါတီ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ချက်အရ သုံးယောက်ပြိုင်မယ် နမ့်ခမ်းမှာ ပြည်နယ် နှစ်ယောက် ပြည်သူ့ တစ်ယောက်ပါ - ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ က နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ SNDP ပါတီရှိပြီး ဖြစ်သဖြင့် ကျားခေါင်း SNLD ပါတီအနေဖြင့် နမ့်ခမ်းတွင် ယှဉ်ပြိုင် မည် မဟုတ်ဟုဆုံးဖြတ်ရြ ခင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ ဥက္ကဌ စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့လဲ မလွန်ဆန်နိုင်ဘူး။ ဒါက ပါတီအရေးလေ။ နမ့်ခမ်းမြို့မှာ ပြသနာပေါင်းသောင်းခြောက်ထောင်ပါ။ ကျားဖြူကို မပံ့ပိုးရင် ဒေသခံ လယ် ယာ မြေ တွေ တခြားလူမျိုးလက်ထဲေ ရာက် သွားနိုင်တယ် - ဟု စိုင်းလိန်မြတ်က ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အောင်နိုင်ရေးကော် မတီကိုလည်း ဖွဲ့စည်းပြီးဖြစ် ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို မကြာမှီထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ကျားခေါင်းဟု ခေါ်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ရွေးကောက်ပွဲ တွင် နေရာပေါင်း ၁၆၀ ထက်မနည်း ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ကျားဖြူခေါ်သျှမ်းတိုင်းရင်း သားများ ဒီမိုကရက် တစ်ပါတီမှာ နေရာပေါင်း ၂၀၀ နီးပါး ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

မင်းသမီး Angelina Joli ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံ( ပြည်သူ့လွှတ်တော် ဥက္ကဌရုံး ဓါတ်ပုံ) 
 ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူး ကိုယ်စားလှယ် ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်ကို ရောက်လာပြီး နိုင်ငံတော် သမ္မတ ပြည်ထောင်စုလွှတ်တော် နာယက တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါအပြင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကနဲ့ တွေ့ဆုံရာမှာ အစိုးရက ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကို အဓိက ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌရုံးက အကြီးတန်း အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီဥပဒေ မပြဋ္ဌာန်းခင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖို့ အိန်ဂျယ်လီနာ ဂျိုလီက တိုက်တွန်းခဲ့တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ နိုင်ငံသား မဖြစ်သေးတဲ့ လူနည်းစုတွေကိုလည်း နိုင်ငံသားဖြစ်ခွင့် ရရှိအောင် ကူညီပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီက သူ့ခရီးစဉ် အတွင်းမှာ အမျိုးသမီးအခွင့်အရေး ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၆ ရက် ကြာမြင့်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဌာန အငယ်တန်း ဝန်ကြီး Hugo Swire ကလည်း ဒုက္ခသည် စခန်းတွေမှာ ရှိနေသူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ ဘဝင်မကျ ဖြစ်တာတွေကို အစိုးရ အဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာဂျိုလီသည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ပဋိပက္ခ အခြေအနေအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှု ပူးတွဲတည်ထောင်သူနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီသည် ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဂျလီနာဂျိုလီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားမှု ခံရပြီးနောက်ပိုင်း လာရောက်ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က အင်ဂျလီနာဂျိုလီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဂျလီနာဂျိုလီ အနေဖြင့် မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်ခြင်းဖြစ်ပြီး ပဋိပက္ခများမှ ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် နိုင်ငံ၏ အနာဂတ် ဆုံးဖြတ်မှုတွင် ကူညီနိုင်ရန် အကြောင်းအရာ နှစ်ခုလုံးအား ခြုံငုံမိစေရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ပြည်နယ်များရှိ ရွှေ့ပြောင်းဒုက္ခသည်များထံ ကွင်းဆင်းလေ့လာမှုများ ဆက်လက်လုပ်ဆောင်ခြင်းနှင့် လိင်အကြမ်းဖက်မှု ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဂျလီနာဂျိုလီသည် ခရီးစဉ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် ဦးဆောင်ပါဝင်ခြင်းနှင့် မဲပေးသူများဆိုင်ရာ အသိပညာပေးခြင်း၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ခြင်း စီမံကိန်းများ လုပ်ဆောင်နေသည့် လူ့အခွင့်အရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး ချိတ်ဆက်လုပ်ဆောင်နေသည့် ဒေသခံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ အမျိုးသမီး အဖွဲ့တွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ပြောင်းရွှေ့ခံရတဲ့သူတွေနဲ့ လူငယ်တွေကို တွေ့ဖို့ ရှေးရှုပြီး လာတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ အနာဂတ်အတွက် သူတို့ရဲ့ ဆက်စပ်မှုတွေနဲ့ မျှော်လင့်ချက်တွေအတွက် သူတို့ရဲ့ ကိုယ်တွေ့တွေကို သင်ယူဖို့ပါ။ နိုဝင်ဘာလအတွင်း ရွေးကောက်မှုတွေရဲ့ အလားအလာဟာ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်ပြီးတော့ ပြည်သူတွေအတွက် ဒီမိုကရက်တစ် အခွင့်အရေးတွေ လေ့ကျင့်နိုင်ဖို့နဲ့ ငြိမ်းချမ်းတဲ့ အနာဂတ် တစ်ခုအတွက် အခြေခံကျတဲ့ အကြောင်းအရာ အကဲဖြတ်နိုင်အောင် ကူညီဖို့ ဖြစ်ပါတယ်” ဟု အင်ဂျလီနာဂျိုလီက ပြောကြားသည်။

အင်ဂျလီနာဂျိုလီသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
.
News : EMG
Photo: 7Day News Journal

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ သမတဦးသိန်းစိန်နှင့် လွှတ်နာယက သူရဦးရွှေမန်းအကြား အားပြိုင်မှုသည်ကား ကြီးထွားသထက် ကြီးထွားလာနေပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးအတွက် ထင်ရှားသော အပေါင်းလက္ခဏာဆောင်သော အလှည့်အပြောင်းတစ်ခုပေါ်ထွက်လာမည့် အလားအလာဖြစ်သလို ဘယ်နည်းနဲ့ဖြစ်ဖြစ်ဆိုသည့်စိတ်ဓါတ်များဝင်လာပြီး အစွမ်းကုန်ညစ်ပတ်လျှင်ကား တပ်မတော်ကိုအသုံးချ၍ (တပ်မတော်ကလည်း အသုံးချခံခဲ့လျှင်) တိုင်းပြည်အတွက် ရလာဒ်ဆိုးထွက်ပေါ်လာနိုင်ပြီး နိုင်ငံရေးအကြပ်အတည်းကြီးဆီသို့လည်း ရောက်သွားနိုင်ပြန်သည်။

ယခုပင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးရွှေမန်းကို တပ်မတော်နှင့် နိုင်ငံတော်ကိုသစ္စာဖောက်သည်ဟုဆိုကာ သူ၏မဲဆန္ဒရှင်တပ်မတော်သားအချို့က ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းဖို့ ကော်မရှင်ကို တောင်းဆိုထားသည်။

စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စီမံခံခွဲမှုအားနည်းချက်နှင့်ဆက်စပ်ပြီး သန္ဓေတည်ခဲ့သော ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုသည် စစ်အုပ်ချုပ်ရေးလွန်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထောက်အပံ့ပေးမှုဖြင့် ဥပဒေပြုမဏ္ဍိုင်နှင့် ပါတီကိုကိုင်ခွင့်ရကာ ဦးရွှေမန်းကို အသာရသွားစေခဲ့သည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာချထားမှုဆိုင်ရာ အမှားမျိုး ဦးဆန်းဆင့်ဖြစ်ရပ်တွင်လည်း တွေ့မြင်နိုင်သည်။)

၂၀၀၈ ဖွဲ့စည်းပုံကိုအသုံးချမှု

စစ်အုပ်ချုပ်ရေးကာလ စနစ်ကမွေးထုတ်ပေးလိုက်သော (၀ါ) ကျူးလွန်မိရက်သားဖြစ်သွားခဲ့သော ခရိုနီဝါဒ၊ လွန်ကဲလှသော အကျင့်ပျက်ခြစားမှုစသည်တို့ကြောင့် နောက်ကြောင်းပြန်အရေးမယူနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒိုင်းသဖွယ်အသုံးပြုကာနိုင်ရန် အာရုံစိုက်စီမံခဲ့သော်လည်း မဏ္ဍိုင်များအကြား (သို့မဟုတ် လူပုဂ္ဂိုလ်များအကြား) ထိန်းညှိရန် ရည်ရွယ်ချက်ဖြင့် ထဲ့သွင်းထားခဲ့သော သမတနှင့် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံရေးပါတီတာဝန်များမှ အနားယူရမည်ဟုဆိုသည့်အချက်က အာဏာရပါတီတွင်း သြဇာတည်ဆောက်ရန်နှင့် လုပ်ပိုင်ခွင့်များအသာစီးရမှု၊ အထူးသဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ဦးရွှေမန်းကို အသာရသွားစေသည်။

အခုတော့ သမတဦးသိန်းစိန်အတွက် ရွေးကောက်ပွဲဝင်ရန် မဲဆန္ဒနယ်ပင် မဆုံးဖြတ်နိုင်သေးဘဲ ဖြစ်နေဟန်တူသည်။ ဦးရွှေမန်းက ဖြူးမြို့နယ်မှဝင်ပြိုင်ရန် အသင့်ဖြစ်နေချိန်တွင် သမတမှာ ရွေးကောက်ပွဲဝင်၊ မ၀င်ကိုပင် မကြေညာရဲသေးပဲ ဖြစ်နေသည်။ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေတွေအသုံးပြုမှုနှင့် ဆက်စပ်မှုကြောင့်လည်း ဖြစ်နိုင်သည်။
သမတတစ်ဦးထဲပင်မဟုတ်၊ သမတအားကိုးရသော ၀န်ကြီးများအတွက်ပင် မဲဆန္ဒနယ်အခက်အခဲဖြစ်နေပေလိမ့်မည်။ ကယားပြည်နယ်မှာ အပိုင်ရမည့် မဲဆန္ဒနယ်များကို ပါတီက ပိတ်ပင်ခြင်းခံလိုက်ရတာ ဥပမာဖြစ်ပါတယ်။

မဟာမိတ်ဖွဲ့မှုများ

အရပ်ဝတ်လဲ အစိုးရဖွဲ့စည်းစကာလ မရှိဘူးသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ကြိုဆိုမှုနှင့်အတူ ပြည်တွင်းတွင်ပါ နာမည်ကောင်းထွက်လာနေချိန် ဦးသိန်းစိန်မှာ ကာလုံအစည်းအဝေးများကို ခပ်ကြဲကြဲသာ ခေါ်ဖို့လိုသော အခြေအနေဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလျင်အမြန်လက်မှတ်ထိုးနိုင်ရေး အာရုံစိုက်ထားခြင်းကြောင့်လည်း တပ်နှင့်အမြင်ကွာခဲ့ရသည်။ ဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗျူဟာမြောက် မဟာမိတ်ဖွဲ့လိုက်သည့်အခါ အစောပိုင်းက တပ်မတော်နှင့် ခပ်ခွာခွာနေပြခဲ့သော ဦးသိန်းစိန်မှာ သီးခြားအာဏာကြီးကြီးမားမားရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ်ဖြစ်သွားသည်။ ကန့်လန့်ကာနောက်ကွယ်တွင်မက လွှတ်တော်အတွင်း ဆွေးနွေးမှုများ၊ မဲခွဲဆုံးဖြတ်မှုများတွင်ပင် မြင်သာနိုင်သော ဘက်ကွဲမှုဖြစ်ပေါ်လာခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင်ကား ဘွင်းဘွင်းကြီးပေါ်သွားခဲ့တော့သည်။

ဆိုးမွေ

နိုင်ငံခြားရေးဘက်တွင် အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးတွင် စစ်အုပ်ချုပ်ရေးကာလအမွေဆိုးဖြစ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံကိန်းများက သမတအတွက် အနှုတ်ပြခဲ့သည်။ မြစ်ဆုံဆည်စီမံကိန်း၊ လက်ပံတောင်းအရေးမှသည် ကိုးကန့်တိုက်ပွဲများအထိ အကျုံးဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့နိုင်ငံရေးဘက်ကူးပြောင်းရာတွင် ရလာဒ်ကောင်းများ ပေါ်ထွက်လာသော နယ်ပယ်တွင် တရုတ်နှင့် ဆက်ဆံရေးလည်း ပါဝင်သည်။ စစ်အစိုးရ၏အဆိုပါ ဆိုးမွေများနှင့်ဆက်စပ်၍ပင် ပြည်တွင်းမှာပါ အစပိုင်းတက်ခဲ့သော သမတ၏ နာမည်သည်လည်း ထိုးစိုက်ကျသွားရပြန်သည်။ အကျိုးဆက်မှာ အစိုးရအဖွဲ့သည် ပြုပြင်ပြောင်းလဲရေးကိုပါ ရှေ့မဆက်တော့ဘဲ ထားလိုက်သော ဆုံးဖြတ်ချက်အမှားချမှတ်ခြင်းဖြစ်သည်။

အာဏာရပါတီဘက်မှ ပြင်ဆင်မှု

ဦးသိန်းစိန်ဘက်ကလည်း ပြိုင်ဆိုင်မှုအတွက် အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ထားခဲ့ဟန်တူသည်။ သမတ၏လမ်းညွှန်ချက်ဖြင့် ထူထောင်သော နိုင်ငံရေးသင်တန်းကျောင်းကသင်တန်းသားများက ထူထောင်သော အမျိုးသားတိုးတက်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲကို အင်နှင့်အားနှင့် ၀င်ပြိုင်မှာဖြစ်သည်။

ထို့အပြင် အာဏာရပါတီဘက်မှ အကူနိုင်ငံရေးပါတီများ၊ အင်အားစုများဟုယုံကြည်ရသည့် မထင်မရှားနိုင်ငံရေးသမားတစ်ဦးဖြစ်သော ဦးကျော်စွာစိုး၏ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရှိသည်။ မဘသ အဖွဲ့ရှိသည်။ ဦးနေမျိုးဝေအဖွဲ့ရှိသည်။ တိုင်းရင်းသားဒေသပါတီအချို့ရှိသည်။ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးစီမံကိန်းအောက်ပေါ်ထွက်ခဲ့သော အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှခွဲထွက်လာခဲ့သော ဦးကျော်စွာစိုး၏ ပါတီမှာ တစ်နိုင်ငံလုံးတွင် ပါတီဝင်အင်အားအများဆုံးဟုဆိုသည်။ ပါတီဝင်အင်အားနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုခြင်းသော်လည်းကောင်း၊ စာရင်းပြများခြင်းသော်လည်းကောင်းလည်း ဖြစ်နိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဏ္ဍာရေးတောင့်တင်းသော အာဏာရပါတီအနေဖြင့် နိုင်ငံရေးအရ လက်ဝဲလိုင်းကော၊ လက်ယာလိုင်းကပါ မဟာမိတ်များထူထောင်ရန် စီမံကြပေမည်။

သို့သော် အလှည့်အပြောင်းများဖြစ်လာခဲ့သည်။

မြန်မာအရပ်သားအစိုးရနှင့် ဆက်ဆံရေးကောင်းပြန်တည်ဆောက်ထားသည့် အမေရိကန်နိုင်ငံက ပြည်ခိုင်ဖြိုး၏ ဗဟိုအတိုင်ပင်ခံနှင့် ပြည်သူ့ လွှတ် တော် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုလုပ်တာနဲ့ ပတ်သက်ပြီး လွှတ်တော်က ရှုတ်ချမှုနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး၏ သက်တော်ရှည်အမတ်ကြီး ဦးအောင်သောင်းမိသားစုဟာ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းနဲ သစ်လုပ်ငန်းများ ပိုင်ဆိုင်ထားသည်။

ဦးသိန်းစိန်အစိုးရအဖွဲ့ထဲ ချန်လှပ်ထားခံခဲ့ရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ကပါကန့်ခံလိုက်ရတဲ့ ဦးအောင်သောင်းသည် ဦးရွှေမန်း၏အင်အားစုထဲကို ပါဝင်သွားခြင်းသည်လည်း အာဏာရပါတီတွင်း အားပြိုင်မှုချိန်ခွင်လျှာကို ပြောင်းသွားစေသည်။ ဦးအောင်သောင်းလိုပင် ချန်လှပ်ခံခဲ့ရသူများ သဘာဝကျစွာပင် ဦးရွှေမန်းဘက်တွင် ရပ်နေကြပါလိမ့်မည်။

သမတဘက်တွင်တော့ အားကိုးရသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးရဲထွဋ်တို့ပါဝင်သလို ဦးမြင့်ဆွေတို့လို ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အချို့လည်း ပါဝင်သည်။

ပြည်ခိုင်ဖြိုး ပြိုကွဲမှာလား

လက်ရှိညွှန်းကိန်းတွေအရ ပြည်ခိုင်ဖြိုးဟာ ပြိုကွဲသွားဖို့တော့ မရှိပါ။ ပါတီတွင်း ဗဟိုခေါင်းဆောင်များ၊ ဒေသန္တရခေါင်းဆောင်အများစုသည် သမရိုးကျအတိုင်း ဥက္ကဌနောက်လိုက်ပါခြင်း၊ ဗဟို၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသာ လုပ်ပါလိမ့်မည်။ ဦးဆောင်မှုကိုမကျေနပ်လို့နှုတ်ထွက်မယ်ဆိုဦးတော့ တသီးပုဂ္ဂလအနေနဲ့သာဖြစ်နိုင်သည်။ ခေါင်းဆောင်များအရေးသည် ခေါင်းဆောင်များအပိုင်းဟူ၍သာ လက်ခံထားကြပြီး ပုန်ကန်ထွက်လောက်သည့် အနေအထားလည်းမရှိပေ။
သို့သော် ပြည်ခိုင်ဖြိုးအင်အားပြုံးဖို့ရာမှာ အတိုက်အခံပါတီကြောင့်မဟုတ်၊ မိတ်ဘက်ပါတီများ၏ အန္တရာယ်ကြောင့်ဖြစ်သည်။ လူသစ်များ ပါတီသစ်သို့ဝင်ရောက်ခြင်းထက် ပါတီကူးပြောင်းမှုသာ ပိုဖြစ်နိုင်ချေရှိသောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်နိုင်ခြေမှာလည်း ဦးသိန်းစိန်ကိုယ်တိုင် ပါတီပြောင်းမှာလားဆိုသည့်အပေါ် မူတည်နေပြန်သည်။

သမတအတွက် အခြားနည်းလမ်းများနှင့် အထောက်အပံ့ဆိုင်ရာ

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှပင် ဒုသမတရွေးချယ်ခွင့်ရှိသဖြင့် ရွေးကောက်ပွဲဝင် ရွေးချယ်ခံမဟုတ်သော်လည်း သမတဖြစ်ခွင့်ရှိသည်မှာ ခဲခဲယဉ်းယဉ်းစဉ်းစားစရာမဟုတ်ပါ။ သို့သော် ထိုကဲ့သို့ ရွေးချယ်ခံမဟုတ်သောနည်းဖြင့် သမတဖြစ်လာသူမှာ ထောက်ခံသူအင်အားစုအခြေမရှိသဖြင့် (အထူးသဖြင့် အရပ်ဘက် ၇၅ ရာခိုင်နှုန်းထဲတွင်) စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အစိုးရသက်တမ်းပြည့်မီအောင် နေနိုင်သွားဖို့မရှိသလောက်ဖြစ်သည်။ ပါတီအသစ်ကိုကူးပြောင်းရမှာလည်း သိက္ခာပိုင်းဆိုင်ရာထိခိုက်မှု၊ အုပ်စုဟောင်းကို စွန့်ခွာ၍ မတူသောအုပ်စုသစ်ဖွဲ့ရမှုများလုပ်ရမှာဖြစ်သောကြောင့် ရွေးချယ်ရန် မလွယ်သော အနေအထားဖြစ်သည်။ သတိပြုရန်မှာ သမတ၏လက်ရှိအကြံပေးများနှင့် အကြံပေးဟောင်းများ၏ ဆက်ဆံရေးဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းအရ တပ်အနေဖြင့် ရွေးကောက်ပွဲရလာဒ်ကို လက်ခံမည်ဟု အာမခံထားချက်ရှိပေသည်။ တပ်အနေဖြင့် နှစ်ဘက်အကြားမညှပ်အောင် ဂရုစိုက်သွားမည်ဟန်ရှိသည်။ အကယ်၍ တပ်ကမနေတတ်လျှင်တော့ နိုင်ငံရေးအကြပ်အတည်ကြီးကို လက်ကမ်းခေါ်သလိုဖြစ်နေပါလိမ့်မည်။

စိန်ဝင်း။


11225183_925904844114683_6291383305671888154_n

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို  အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စား ခေါ်တဲ့ ၂၀၁၅ ခုနှစ် ရေမွန် မက်ဆေးဆေး (Ramon MagSaysay Award)  ဆု ဖိလစ်ပိုင်နိုင်ငံက ရွေးချယ်ပေးအပ်လိုက်ပါတယ်။

မြန်မာနိုင်ငံ လူထုအတွက် အသက်ရှင်နေထိုင်သူတွေတွေရော၊ နာရေးကိစ္စတွေမှာပါ အရေးပါဆုံး လိုအပ်ချက်ကို ဘာသာ၊ လူမျိုးမခွဲခြားပဲ လုပ်ဆောင်မှုတွေ လုပ်ခဲ့ပြီး တခြားသော သူ့ရဲ့ လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မှုအတွက် အသိအမှတ်ပြု ချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ် ချီးမြှင့်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “ကျနော်လည်း ဒီနေ့မှသိတာပါ။ ခုလို ဆုရတယ်ဆိုတော့လည်း ကိုယ်ရဲ့လုပ်ရပ်အပေါ် အသိအမှတ်ပြုတယ်ဆိုတော့ ဒါက အားဆေးတခွက်ပါ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်လုပ်စရာရှိတာတွေတော့ လုပ်နေရမှာပဲ။ ကျနော်လုပ်နေတယ်ဆိုတာလည်း ဒီဆုရပါစေတော့ဆိုပြီး လုပ်နေတာလည်း မဟုတ်ပါဘူး။ ခုလို ဆုရတယ်ဆိုတော့ ပိုအားထည့်ပြီးလုပ်ရမှာပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီနှစ်အတွက်  ဆုရသူ ၅ ဦး ရွေးချယ်ရာမှာ လာအိုက Kommaly Chanthavong၊ ဖိလစ်ပိုင်က Ligaya Fernando Amilbangsa၊ အိန္ဒိယနိုင်ငံက Anshu Gupta  နဲ့ Sanjiv Chaturvedi  တို့ ၂ ဦးနဲ့အတူ   မြန်မာနိုင်ငံက ဦးကျော်သူလည်း ပါဝင်လာတာပါ။
11825671_925904840781350_5424121983631896227_nရေမွန် မက်ဆေးဆေးဆုကို အာရှနိုင်ငံတွေက လူမှုရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ ထူးချွန်စွာ ကြိုးပမ်းအားထုတ်သူတွေ၊ အပြောင်းအလဲ လုပ်နိုင်တွေကို ရွေးချယ်ပေးအပ်နေ တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသား ဒေါက်တာ စင်သီယာမောင်၊ သဘာဝပတ်ဝန်းကျင်းအရေး လှုပ်ရှားသူ ကစောဝါးနဲ့  ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော် စသူတို့ လည်း  ရရှိခဲ့ဖူးပါတယ်။

ဒီဆုကို  ၁၉၅၇ ခုနှစ်က လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဖိလဝ်ပိုင်သမ္မတဟောင်း ရေမွန် မက်ဆေးဆေးကို  ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပေး အပ်လေ့ရှိတဲ့ ဆုတခု ဖြစ်ပြီး ဆုရရှိသူတွေကို အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ သမ္မတပုံပါ ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိပါတယ်။
ဆုပေးပွဲအခမ်းအနားကို လာမယ့် သြဂုတ် ၃၁ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ယဉ်ကျေးမှုစင်တာမှာ ကျင်းပဖို့ ရှိပါတယ်။

By မြတ်နိုးအောင်/DVB
http://burmese.dvb.no/archives/104825


ဓာတ်ပုံ - ညီဟန်  
ဓာတ်ပုံ - ညီဟန်

 ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ပဲခူးတိုင်း အင်းတကော်အခြေပြုတပ်မတော် ဗိုလ်ကြီးတဦးက လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်စုစုနွေးကို တရားစွဲတဲ့အမှု ပဲခူးမြို့နယ်တရားရုံးမှာ

ပဲခူးတိုင်း၊ အမှတ် (၁) ခဲယမ်းမီးကျောက်တပ်မှ ဗိုလ်ကြီးဟိန်းဇော်က တရားလိုပြုပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့ အမှုကို ပထမဆုံးရုံးထုတ်ပြီး တရားလိုကို စတင်စစ်ဆေးပါတယ်။

ဒီဖြစ်စဉ်ဟာ အင်းတကော်မြို့နယ်၊ (အရင်) ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊ (အခု) အမှတ် (၁) လက်နက်ခဲယမ်းမီးကျောက်တပ်က သာယာကုန်းကျေးရွာအုပ်စုဝင်ရွာတွေက လယ်ယာခြံမြေနဲ့ ဧက ၅၈၀၀ ကျော်ကို ၁၉၉၃ ခုနှစ်မှာ တပ်ပိုင်အဖြစ်သိမ်းပြီး မူလပိုင်ရှင်တွေကို တဧက ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချခဲ့ပါတယ်။ လယ်သမားတွေက သူတို့လယ်မြေသူတို့ ပြန်ရလိုတဲ့ ကြိုးစားမှုမှာ မနှစ်နှစ်လယ်ပိုင်းမှာ လယ်သမားနဲ့ တပ်အကြား ပဋိပက္ခ ဖြစ်အံ့ဆဲဆဲဖြစ်ခဲ့ပါတယ်။ ဒါကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ညောင်းလေးပင်မြို့ကနေအပြန် ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီး တရားစွဲဆိုပြီး ပဲခူးထောင်မှာ ချုပ်နှောင်ထားတဲ့ ဒေါ်စုစုနွေးကို ဒီကနေ့ ရုံးထုတ်ရာမှာ အချုပ်ကားနဲ့ မခေါ်ဆောင်ဘဲ ကားငယ်တစီးနဲ့ ခေါ်ဆောင်ရုံးထုတ်ပါတယ်။

တရားလို ဗိုလ်ကြီးဟိန်းဇော်က ဒီကနေ့ရုံးထုတ်မှာ ဒေါ်စုစုနွေးက ပိုင်နက်ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး သက်သေအထောက်အထားအဖြစ် ရုံးကို ဓာတ်ပုံ ၂ ပုံ တင်ပြခဲ့တယ်လို့ ဇနီးသည်ရဲ့ ရုံးထုတ်ကို သွားရောက်တဲ့ ဦးမားကီး (ခေါ်) ဦးကျော်ကျော်ထွေးက ပြောပါတယ်။

သူက “တရားလို ဗိုလ်ကြီးဟိန်းဇော်ကို စစ်တယ် ဒီနေ့။ သူက သက်သေတင်တဲ့ထဲမှာ ဓာတ်ပုံ ၂ ပုံပါတယ်။ စိုက်ခင်းထဲမှာ လူအုပ်စု တစုပုံရယ်။ အုတ်ရိုးကို ၀ါးလှေကားနဲ့ ထောင်တက်နေတဲ့ အမျိုးသမီးတယောက်ရဲ့ပုံရယ် သူ သက်သေတင်လာတယ်။ သက်သေတင်တဲ့ အဲဒီပုံ ၂ ခုစလုံးထဲမှာ မစုစုနွေးပုံ မပါဘူး။ ပြီးတော့ သူ့ရဲ့ပိုင်နက်ထဲကို မစုစုနွေးက ကျူးကျော်ပါတယ်ဆိုတဲ့ အထောက်အထား တခုမှ သူ တင်ပြနိုင်တာ မရှိဘူး။ အဲဒီနေရာကို သူပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထားလည်း သူမတင်ပြနိုင်ဘူး။ တရားသူကြီးက မေးတဲ့အခါမှာ အဲဒီဟာတွေက ပျက်စီးသွားတယ်၊ ပျောက်ဆုံးသွားတယ်လို့ ဖြေသွားတယ်” လို့ ပြောပါတယ်။

ဒေါ်စုစုနွေးရဲ့ ဒီကနေ့ရုံးထုတ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင်တွေ၊ အဖွဲ့ဝင်တွေ၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ လာရောက်ကြပါတယ်။

နောက်ရုံးချိန်းကိုတော့ လာမယ့်သြဂုတ်လ ၆ ရက်နေ့ သတ်မှတ်ချိန်းဆိုပါတယ်။

ပိုင်နက်ကျူးလွန်မှုဟာ အာမခံလျှောက်ရင် ရနိုင်ပေမယ့် ဒေါ်စုစုနွေးကိုယ်တိုင်က အာမခံမယူဘဲ အချုပ်နှောင်ခံပြီး တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ရုံးအဖွဲ့မှူး ဦးမြင့်သိန်းက “အဲဒါက သူ့မှာ အပြစ်မရှိဘဲနဲ့ တောင်သူလယ်သမား အခွင့်အရေးကို ကာကွယ်ပြီးတော့ ခုခံလုပ်ကိုင်ပေးတဲ့ ပုဂ္ဂိုလ်တွေကို တပ်မတော်ကနေပြီးတော့ မတရားစွပ်စွဲနေတာကို ထင်ပေါ်အောင်လို့ သူပြတဲ့သဘောပါပဲခင်ဗျ” လို့ ပြောပါတယ်။

ဒေါ်စုစုနွေးရဲ့ခင်ပွန်း ဦးကျော်ကျော်ထွေးက ဇနီးသည်ရဲ့ ကျန်းမာရေးအတွက် ပူပန်တယ်လို့ ပြောပါတယ်။

“အဓိကတော့ သူ့ကျန်းမာရေးကို စိုးရိမ်တာပါ။ ဒီ ပဲခူးထောင်လေးက သေးတယ်လေ။ တိုက်လည်းမရှိဘူး။ သီးခြားအဆောင်တွေ ဘာတွေလည်း မရှိဘူး။ အဆောင်လေးတခုပဲရှိတယ်။ အဆောင်လေးတခုမှာ အကျဉ်းသူတွေ အများကြီးပဲ နေရတော့၊ အယောက် နှစ်ဆယ်၊ အစိတ်လောက်ပဲ ထားရမယ့်နေရာမှာ အယောက် ခုနှစ်ဆယ် လောက်ထားထားတယ်။ တထပ်ဆောင်လေးကို ထပ်ခိုးတင်ပြီးတော့ ထားထားတဲ့အခါမှာ လူများတဲ့အခါမှာ။ သူ့ကိုတော့ နည်းနည်း ကျယ်ကျယ်ဝန်းဝန်း လုပ်ထားပေးတယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒီမှာ သူ အသက်ရှူကြပ်တာတော့ ဖြစ်တာပေါ့နော်။ ကျန်းမာရေးပဲ စိုးရိမ်တာပါ။” လို့ ပဲခူးထောင်အရှေ့မှာ ရောက်ရှိနေတဲ့ ဦးကျော်ကျော်ထွေးက ပြောပါတယ်။

ရှစ်ဆယ့်ဆယ့်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့က ရှေ့နေတွေဖြစ်ကြတဲ့ ဒေါ်ဥမ္မာခင်၊ ဒေါ်သီတာအေးနဲ့ ဦးကျော်စွာထွန်းတို့က ဒေါ်စုစုနွေးဘက်က လိုက်ပါဆောင်ရွက်ကြပါတယ်။

By အေးနိုင်/DVB
http://burmese.dvb.no/archives/104852