08/01/15

 jolie-kachin-620.jpg ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ဇူလိုင် ၃ဝ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်စဉ်

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူယူဖို့ မြန်မာနိုင်ငံ ရောက်နေ တဲ့ ဟောလီးဝုဒ်အကျော်အမော် ရုပ်ရှင်မင်းသမီး Angelina Jolie က ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

အော်စကာဆုရှင်လည်းဖြစ်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ Angelina Jolie ဟာ စစ်ဘေးကြောင့် ကချင် ပြည်နယ်က နေရပ်ရွှေ့ပြောင်းခံရသူတွေနဲ့ သွားရောက်တွေ့ ဆုံပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာပါ။ ကချင်အမျိုးသမီး ၇ ဖွဲ့ နဲ့ တွေ့ဆုံချိန်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ ကို ဆွေးနွေးပါတယ်။

အဲဒီလိုတွေ့ဆုံချိန်မှာ ထွယ်Genderနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်နန်ပူက သူဆွေးနွေးခဲ့ တာတွေကို ပြောပြပါတယ်။

"လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အမျိုးသမီး အရေးနဲ့ အမျိုးသမီးတွေ ရဲ့ဆင်းရဲဒုက္ခတွေ စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဖြေရှင်းပေး မှု၊ ဆွေးနွေးမှုပေါ့နော်၊ အဲ့ဒါတွေမရှိဘူး ဆိုတာသူတင်ပြသွားတယ်၊ အဲ့ဒါကြောင့်မို့လို့ ကချင်ဒေသမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခတွေကို တင်ပြတယ်၊ ဒီနေ့ထိကို ၁၀၀ ကျော်ပြီ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့အကြောင်းတွေကို ကျမတို့ပြောဖြစ်ပါတယ်"

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အဓိပ္ပာယ်ရှိရှိနဲ့ တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်တယ် လို့ Angelina Jolie က ပြောပါတယ်။

နေရပ်ရွေ့ပြောင်းခံရသူတွေ အပါအ၀င် မြန်မာပြည်သူအားလုံး သူတို့အနာဂတ် အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ် ချက်ချမှတ်နိုင်ဖို့ အပစ်ရပ်ရေးဆွေးနွေး ပွဲတွေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ရေးက မရှိမဖြစ်လိုအပ်ပါတယ်လို့ လည်း ပြောပါတယ်။

အသက် ၉၀ ရွယ် အမျိုးသမီးကြီးတစ်ဦးက ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ သူ့ဘ၀တလျှောက် နေရပ်ပဲရွေ့ပြောင်းနေ ရတာ ၁၀ ကြိမ်လောက်ရှိပြီး ၂၀၁၂ ခု က နောက်ဆုံးပြောင်းရွှေ့ရတယ်လို့ Angelina Jolie ကို ပြောပြပါတယ်။

ဒီလူတွေအတွက် ဆေးဝါးအကူအညီ၊ ဥပဒေရေးရာနဲ့ စိတ်ဓာတ်ရေးရာ အကူအညီတွေ အရေးတကြီးလိုအပ်နေပါတယ် လို့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး က ပြောပါတယ်။ ဒါတင်မက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သူအားလုံးကို တရားဥပဒေ အရ အရေးယူဖို့ လိုတယ်လို့ပြောပါတယ်။

ကချင်ပြည်နယ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူတွေနဲ့ တွေ့ရတာ စိတ်ထိခိုက် ရပါတယ်လို့လည်း ပြောပါတယ်။

Angelina Jolie ဟာ မြစ်ကြီးနားကနေ ရန်ကုန်ကို မနေ့က ရောက်ရှိလာပြီး မဲစာရင်းပညာပေး အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ဆုံ ပါတယ်။


သူဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပြီး ၂၀၁၁ ခုက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ် သိန်းလောက် စစ်ဘေးရှောင်ဖို့နေရပ် ကရွှေ့ပြောင်းရတဲ့ ကချင်ပြည်နယ်ကို မထွက်ခွာခင် သမ္မတဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/angelina-jolie-urge-myanmar-gov-07312015232939.html


လာမည့်ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဘဲ မဲပေးခွင့်ရရှိနိုင်ရေး အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ တွန်းအားပေး ဆောင်ရွက်ရန်UNHCR ၏အထူးသံတမန် အင်ဂျလီနာဂျိုလီက တိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့ (YMCA) ခန်းမ တွင် ရောင်ခြည်သစ်ပရဟိတ အဖွဲ့နှင့် UNHCR ၏ အထူးသံတမန်ဖြစ်သူ အင်ဂျလီနာဂျိုလီတို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ရောင်ခြည်သစ်ပရဟိတအဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်လှ က ဒီမိုကရေစီတူဒေးသို့ပြောသည်။

''ရွေးကောက်ပွဲမဲစာရင်းတွေ ကို ကြည့်ဖို့လှုံ့ဆော်တဲ့အခါမှာ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေကို သင် တန်းသူတွေကို မေးမြန်းဆွေးနွေးမှု တွေလုပ်ခဲ့တယ်။ ရေဒီယို၊ ဂျာနယ်၊ သတင်းစာ၊ ဖေ့စ်ဘွတ်ခ်စတာတွေထဲ ကမှ ဘယ်ဟာက ပြည်သူတွေဆီကို အဓိကရောက်နိုင်မလဲဆိုတာကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စဉ်းစားပြီး တွန်းအားပေးဖို့တွေကို ဆွေးနွေးသွားတယ်''ဟု ဒေါ်ခင်လှ က ဆွေးနွေးခဲ့သည်များကို ဒီမိုကရေ စီတူဒေးသို့ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အမျိုးသမီးထု၏အားကို ရွေးကောက်ပွဲတွင် ပါဝင်လာစေရန်၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် မြန်မာ နိုင်ငံရွေးကောက်ပွဲအား နိုင်ငံတကာမှ လေ့လာစောင့်ကြည့်နေ သည့်အတွက် ပြည်သူများ အာရုံစိုက် လာစေရန် လုပ်ဆောင်ပေးရန်မျှော် လင့်သည်ဟု ကိုယ်စားလှယ်က ရောင် ခြည်သစ်အဖွဲ့နှင့်တွေ့ဆုံစဉ် အကြံ ပြုခဲ့ကြောင်းလည်းသိရသည်။

အဆိုပါ UNHCR ၏ အထူး သံတမန်သည် ဇူလိုင် ၂၉ရက်တွင် မြန်မာ နိုင်ငံသို့ရောက်ရှိခဲ့ပြီး ဇူလိုင် ၃၀ရက်တွင် ကချင်ပြည်နယ် မြစ် ကြီးနားမြို့နယ်ရှိ စစ်ဘေးရှောင်ဒုက္ခ သည်စခန်းများသို့လည်း သွားရောက် တွေ့ဆုံခဲ့ကာ ကျန်းမာရေးစောင့် ရှောက်မှုအပါအဝင် အခြေခံဝန် ဆောင်မှုများရရှိရေးနှင့် မြန်မာနိုင်ငံ၏ ထိရောက်သော ဆုံးဖြတ်ချက် ပေးရာတွင် မြန်မာနိုင်ငံသားအား လုံး ပါဝင်ဆောင်ရွက်နိုင်ရေး အစရှိ သည်တို့ကို တွေ့ဆုံပြောကြားခဲ့ ကြောင်း သိရသည်။
ယင်းအပြင် ၎င်းသည် ဩဂုတ် ၁ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် အမေ့အိမ်ပညာ ဒါနကျောင်းသို့လည်း သွားရောက် လေ့လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ZCH, TTMT
‪#‎Democracytoday‬

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့၏ ဧရာဝတီမြစ်စိုးရိမ်ရေမှတ်အဆင့်ကို စတင်ကျော်လွန်နေပြီဖြစ်ကြောင်း ပြည်ခရိုင်မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ည ၁၁ နာရီခွဲ တိုင်းထွာချက်အရ ပြည်မြို့၊ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်ဖြစ်သော ၂၉၀၀ စီတီမီတာ(၉၅.၁၄ ပေ)သို့ရောက်ရှိကာ သြဂုတ်လ ၁ ရက်နေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ စိုးရိမ်ရေမှတ်၏ အပေါ် ၁၀ စင်တီမီတာ ကျော်လွန်သွားပြီဖြစ်ကြောင်း အဆိုပါရုံးက သိရသည်။

“တိုင်းထွာချက်တွေအရတော့ ဆက်တက်အုံးမဲ့အလားလာမှာရှိပါတယ်။ နေ့လည်ဆယ့်နှစ်ခွဲမှာတစ်ခါတိုင်းရင် အခြေနေတစ်မျိုးထွက်လာအုံးမှာပါ အထက်ဘက်ကမိုးရွာတဲ့အပေါ်မူတည်ပြီး ရေကတက်တာနဲ့တန့်နေတာရှိမယ်” ဟု
ခရိုင်မိုး။ဇလရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။

နှစ်ပေါင်း ၂၀ အတွင်း ပြည်မြို့၌ ယခုတစ်ကြိမ်အပါဝင် စိုးရိမ်ရေမှတ်ကျော်လွန်သည့်အကြိမ်ပေါင်း လေးကြိမ်ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ၂၉၆၇ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်တွင် ၂၉၇၁ စင်တီမီတာ၊ ၂၀၀၇ ခုနှစ်တွင် ၂၉၁၉ စင်တီမီတာ တို့သို့ရောက်ရှိခဲ့ပြီး ရှစ်နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် အဆိုပါရေမှတ်သို့ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြို့ပေါ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးနစ်မြှပ်လျှက်ရှိကာ အရေးပေါ်ရွေ့ပြောင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစားစာများဝေငှခြင်းတို့ကို အရပ်ဘက်အဖွဲ့များနှင့် မြို့ခံများက ကူညီလှူဒါန်းမှုများပြုလုပ်နေကြောင်း သိရသည်။

Eleven Media Group

တရုတ်က စိုင်းနော်ခမ်းကို ကြိုးမိန့်ပေးတော့ မြန်မာအစိုးရက တစ်ခွန်းမှ မဟရဲခဲ့ပါ။ စိုင်းနော်ခမ်းက ပြုံးပြုံးလေးနဲ့ သေပြခဲ့ပါတယ်။

အခု တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံမှာ သစ်ကို ခိုးခုတ်တော့ မိပါလေရော။ ဟုတ်၏ မဟုတ်၏ အသာထား၊ မြန်မာ့တပ်မတော်သားများဟာ ဒီသစ်သူခိုးတွေကို ဖမ်းဆီးရင်း အသက်ပေးရပါတယ်။ DSA အပတ်စဉ် (၄၇)ဆင်း မျိုးကိုကိုတို့အဖွဲ့ အတုံးအရုံးသေခဲ့ရပါတယ်။ ဒါပေမဲ့ အခု အဲဒီတရုတ်တွေက တသက်တကျွန်းကျခံရာကနေ တစ်လလောက်တောင် မခံရဘဲ ပြုံးစိစိနဲ့ ပြန်လွတ်သွားခဲ့ပြီ။

MNDAA က ကိုးကန့်ကို သိမ်းတော့ ကိုးကန့်မှာ အရေးပေါ်အခြေအနေ ကျေညာခဲ့ရတယ်။ လွှတ်တော်က တခဲနက် ထောက်ခံကြတယ်။ ဖွတ်နဲ့စစ်တပ်က ဒါဟာ အချုပ်အခြာကို ထိပါးလို့ တုံ့ပြန်ရတာ ဖြစ်တယ်လို့ ပြောတယ်။ ဒီချုပ်အမတ် ဒေါ်စန္ဒာမင်းက ကိုးကန့်တွေက ခွဲထွက်ရေးသမားတွေ ဖြစ်တယ်လို့ စွတ်စွဲခဲ့တယ်။ ကောင်းပါပြီ။

အခု မြန်မာတနိုင်ငံလုံး နေရာအနှံ့အပြားမှာ ရေကြီးနေပါတယ်။ ဒါတောင် မြစ်ဆုံစီမံကိန်းမရှိသေးလို့နော်။ ထားလိုက်ပါတော့။ ဒီလောက် ရေကြီးနေတာကို အစိုးရက အေးဆေးနေနေပါတယ်။ အမှန်မတော့ အရေးပေါ်အခြေအနေ ကျေညာပြီး နိုင်ငံတကာအကူအညီရအောင် ကြိုးစားသင့်တယ်မလား။ ရေကြီးလို့ ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေ၊ ပဲခင်းတွေ၊ အိမ်ခြေတွေ၊ ရုံးကနားတွေနဲ့ ကျရောက်လာနိုင်တဲ့ ရောဂါဘယတွေကိုလည်း တားဆီးဖို့လည်း ကြိုတင်လုပ်ဆောင်ပေးဖို့ လိုတယ်မလား။

ဒါပေမဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံမှာဆိုတော့ သူတို့က အရေးပေါ်ဆို ပေါ်ပေးရတာပဲ။ သူတို့က အရေးမကြီးဘူးဆိုရင်လည်း လိပ်ကနေ ဂျပိုးလို သေးပေးရတာပဲ။ ဒါဟာ အာဏာရှင်တို့ရဲ့ သရုပ်သကန်တွေပါပဲ။

ပြည်သူတွေ
သံဃာတွေ
တိုင်းရင်းသားတွေ
အညတရစစ်သည်တော်တွေ

အားလုံး အားလုံးသော ပုဂ္ဂိုလ်များကတော့ မြေဇာပင်ဘဝလေးတွေပါ။

U Ravika

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ အိန်ဂျလီနာဂျိုလီ တို့ နှစ်ဦး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားအမျိုးသမီးငယ်များနေထိုင်တဲ့ ကံ့ကော်စံ အမျိုးသမီးအဆောင်ကို သြဂုတ်လ ၁ရက်နေ့ မနက် ၉နာရီခန့်က သွားရောက်ပြီး အမျိုးသမီးအလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။

dvb

နိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ နိုင်ငံရဲ့ အကြီးဆုံး ရာထူးယူထားသူက
သိနိုင်သလားဆိုပြီး.အချို့က မေးကြပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး
အဲဒီလို ရာထူးယူထားသူတွေကိုယ်တိုင်.အတွေးအခေါ်မဲ့ပြီး
သူယုံကြည်တဲ့သူတွေ ပြောသမျှ ယုံနေရင်တော့...
ဖြစ်ရပ်မှန်သမျှကို အခြေအနေမှန်အတိုင်း.မသိနိုင်ပဲ
တလွဲတွေကြီးပဲ ထင်နေလိမ့်မယ် ဆိုတာ
ဝေသာလီပြည်က ၁၀၀၁ ဆက်မြောက် ဘုရင်ကြီးနဲ့
နှိုင်းယှဉ်ပြီး ပြောပြချင်ပါတယ် ။

ဝေသာလီပြည်မှာ ..တစ်ခုသောမနက်
လွှတ်ရုံးရှေ့ ပြည်သူတွေက စုရုံးပြီး အရေးဆိုကြတယ်။
ဝေသာလီပြည်ရဲ့ ၁၀၀၁ ဆက်မြောက်မင်းကို
အရှင်မင်းကြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်တော်မူပါ။
ထီးနန်းစည်းစိမ်ကို ချမ်းမြေ့စွာ ခံစား၊ စံစား တော်မူပါ။
အခွန်တော်များလည်း တိုးကောက်တော်မူပါ။
ပြည်သူများ ဆန်မှ ပြောင်း၊
ပြောင်းမှ လူးဆတ်၊
လူးဆတ်မှ မြက် အသက်မထွက်ရုံစားရသဖြင့်
စိုးရိမ်တော်မမူပါနှင့် အရှင်မင်းကြီးသာ ဆက်လက် အုပ်ချုပ် တော်မူပါ" လို့ တောင်းဆိုကြတယ်။

ဒီလိုတောင်းဆိုတာ အကြောင်းရှိတယ်။
မင်းဆက် ၁၀၀၀ တိတိ ပြည်သူတွေက ဆိုးသွမ်းတဲ့ မင်းတွေကို
ဝိုင်းပြီး ကျိန်ဆဲကြတယ်။ ကျိန်စာတိုက်ကြတယ်။
ပြည်သူတွေ မေတ္တာစူးပြီးတော့ မင်းဆက် ၁၀၀၀ ဟာ စောစီးစွာ သေကြရတယ်။ တစ်ပါးသေလွန်လို့ နောက်တစ်ပါး တက်လာတိုင်း
ရှေးမင်းတွေထက် ပိုပြီးဆိုး၊ ပိုပြီးဆင်းရဲ တာကြောင့်
ပြည်သူတွေ စိတ်နှလုံးကြေကွဲဝမ်းနည်း ပူဆွေးကြရတယ်။
ဒါကြောင့် ..
နောက်မင်းကို မပြောင်းခိုင်း တော့ဘူး။
ဆိုးလက်စကိုပဲ သည်းခံပြီး နေကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဟဲ့ .. ၀န်မင်းတို့ လွှတ်ရုံးရှေ့မှာ ဘာတွေ အော်နေကြသလဲ
မှန်လှပါ အရှင်မင်းကြီးကို ဆက်လက်အုပ်ချုပ် မင်းလုပ်ဖို့ တောင်းဆိုနေကြတာပါဘုရား
အလို .. ပြည်သူတွေ ငါ့အပေါ်
ဒီလောက် မြတ်နိုးစုံမက် ချစ်ခင်နှစ်သက်ကြပါလားကွယ်တို့" လို့ဆိုပြီး
နန်းရှေ့ ထွက်ပြီး ပြည်သူတွေကို လက်တော်ပြ နှုတ်ဆက်တော်မူပါတယ်။

ပြည်သူတွေက နံငယ်တွေပတ်၊ အရိုးတွေဂေါက်ဂက်၊
သစ်လျှော်တေ အလွှာပါးတွေနဲ့ လူသေအလောင်းတွေ ပမာ မြင်လိုက်ရတော့
ဟဲ့ .. ၀န်မင်းများ ငါ့ပြည်သူတွေကြည့်ရတာ နွမ်းပါးလှတယ်။
ဘာများဖြစ်လို့လဲကွဲ့" လို့မေးလိုက်တယ်။
ဒီတော့ ၀န်မင်းတွေက"မှန်လှပါ အဲဒါ နာနာဘာဝတွေပါဘုရား။
ပရလောက ကပါ။ အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့်
တစ္ဆေသရဲတွေ တောင် လာပြီး တောင်းဆိုနေကြတာပါဘုရား" လို့ပြောတော့
ဘုရင်လည်း ဘ၀င်မြောက်သွားတယ်။

စိတ်အားတက်သွားတဲ့ ဘုရင်လည်း
တိုင်းခန်းလှည့်လည်တော်မူမယ်လို့ ပြောလိုက်တော့ ၀န်မင်းတွေ မျက်စိ မျက်နှာပျက်ကုန်တယ်။
ကြံရာမရတာနဲ့ မင်းပရောဟိတ်ပုဏ္ဏားဆီ သွားပြီး အကြံတောင်းကြတယ်။
ပုဏ္ဏားက လည်း ဘုရင်ကို ဆင်ဖြူတော်နဲ့ မြို့တွင်းကိုလှည့်ရင်
လုံခြုံတဲ့ အကာအကွယ်တွေနဲ့ လှည့်ပါဘုရားလို့ ပြောကြတယ်။
ဘုရင်က ဘာကြောင့်လဲလို့မေးတော့
ယခုတစ်လော နိုင်ငံအတွင်း မျက်စိကို ဒုက္ခပေးနိုင်တဲ့
ရောဂါများကူးစက်နေသောကြောင့်
အရှင်မင်းကြီး ပြည်သူရဲ့ ထောက်ခံအားကို နားဖြင့်သာနားထောင်ပြီး
မျက်စိကို ပိတ်သွားသင့်ကြောင်းပါ" လို့လျှောက်ကြ တယ်။

ဘုရင်တိုင်းခန်းလှည့်တော့ ဆင်ဖြူထက်မှာ မျက်နှာကို ပုဝါပတ်ပြီးထားတယ်။
အမတ်လိမ်နဲ့ ၀န်လိမ်တွေက မင်းမှုထမ်းတွေ၊ အာဏာပါးကွက်သားတွေကို
တစ်နေရာပြီး တစ်နေရာ ပြေးခိုင်းပြီး ဆင်ဖြူလာတဲ့လမ်းမှာ
အရှင်မင်းကြီး ကျန်းမာပါစေ၊ တိုင်းပြည်ကိုဆက်ပြီး အုပ်ချုပ်ပါလေ လို့ ၀ိုင်းအော်ခိုင်းထားတယ်။

အဲဒီနေ့က မြို့တော်ထဲမှာ ဘယ်ပြည်သူမှ မရှိရဆိုပြီး အမိန့်ထုတ်ထားတာ မြို့စွန်ကိုပို့နှင်ထားတာ ဘုရင်က သိမှ မသိတဲ့ဟာ။
ဘယ်သိမလဲ မျက်နှာကို ပိတ်ဖုံးထားတာကိုလည်း ယုံနေတာကိုး။

ကဲ
တိုင်းပြည်ကိုလှည့်စားပြီး အုပ်ချုပ်လာခဲ့ကြတာ ခုမှမဟုတ်ဘူး။
အရင်ကတည်းက ဆိုတာနဲ့..
ရှင်ဘုရင်ကသာ အသိဥာဏ် နည်းနေရင်
ဝေသာလီပြည်က ဘုရင်လိုပဲ
ဘာကိုမှ မသိဘူးဆိုတာ သိစေချင်တာပါ။

ခုလည်း...
ပြည်သူတွေ ရေဘေးဖြစ်နေတဲ့ ကိစ္စမှာ
အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် မိုးကောင်းစွာ ရွာသွန်းပြီး
မိုးနတ်မင်းကြီးကိုယ်တိုင် ကောင်းချီးပေးနေတာပါလို့
ပြောတဲ့သူများက ပြောနေသလို
ယုံတဲ့သူကသာ ယုံနေမယ်ဆိုရင်ဖြင့်....

စာရေးဆရာ ဆရာTin Nyunt၏ ရေးသားမှု့အား
အနည်းငယ်မျှသာ ဖြည့်စွက်၍ မျှဝေခြင်းသာ ဖြစ်ပါသည်။

ဘုန်းထက်ကြယ်



စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်အောင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေ အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေကို အမြန်ဆုံးပြင်ဆင် ဆောင်ရွက်ပေး ဖို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးက တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင်း ကျောက်တော်၊ မင်းပြားနဲ့ မြေပုံမြို့နယ် တို့မှာ ရေဘေးဒဏ် ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး အခုချိန်ထိ အရေးပေါ် ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ကျောက်တော်မြို့နယ်တ၀ိုက် ရွာတွေမှာ ရေတွေ နစ်မြှုပ်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ ရတယ်လို့ ကျောက်တော်ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကယ်ဆယ်ရေးလုပ်နေတာတွေ ဘယ်သူမှ လာပေးနေတာ မရှိဘူး။ အခုက ဘယ်လိုမျိုး လုပ်နေရလဲဆိုရင် ကိုယ့်အမျိုးအဆွေတွေရှိတယ်။ ကိုယ့်လူမျိုးတွေကို ကိုယ်သွားပြီးတော့ ကိုယ့်အမျိုးတွေကို ကိုယ် သွားပြီးတော့ လောင်းလှေနဲ့ ကယ်နေကြတာပဲရှိတယ်။ "

ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ရေလွှမ်းမိုးမှုကြောင့် အသေအပျောက်ဦးရေ အတော်များမယ်လို့ ခန့်မှန်းကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ဗွီအိုအေကိုပြောပါတယ်။

"အသေအပျောက်ကတော့ ပြောရမယ်ဆိုရင်တော့ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်မယ်။ ဟိုက သတင်းပို့တဲ့အပိုင်းက အကုန်လုံးက ကြားရတဲ့ သတင်းတွေကတော့ တရွာလုံးလိုလို ပျောက်သွားတယ်။ အိမ်ခြေနှစ်ဆယ်လောက် ရှိတဲ့ရွာတွေဆို တရွာလုံးလိုလို ပျောက်သွားတဲ့ သဘောမျိုး ရှိနေတယ်။ တော်တော့် ကို ဆိုးဆိုးရွားရွား သေဆုံးမှု ပိုင်းတွေ ဖြစ်လာမယ်လို့ ကျေန်ာတို့ ခန့်မှန်းနေကြတာပေါ့။ "

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေရှိနေသလို ပြည်နယ်နဲ့ ဗဟိုအစိုးရဘက်ကလည်း ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့ ဦးအောင်မြကျော်ကပြောပါတယ်။

" ပြောမယ်ဆိုရင် ဘယ်လိုမှ ဒီဘက်က ရိက္ခာတွေပို့ဖို့အတွက်က အရမ်းကို ခက်ခဲတဲ့သဘောမျိုးပေါ့။ ဟယ်လီကော်ပတာနဲ့ သွားချနိုင်မှ ရမယ့် အနေအထား။ ကျနော်တို့ အခု ဒီမှာ စုဖွဲ့ပြီးရင် မနက်ပိုင်း ပစ္စည်းတွေ သွားပေးဖို့မှာ လမ်းတဝက်လောက်ပဲ ရောက်တယ်။ အဲ့ဒီ့နေရာကို ဘယ်လိုသွားရမယ်ဆိုတာကို တထောက်နားပြီးမှ အဲ့ဒီ့ကတဆင့် ဘယ်လိုပို့ရမယ်ဆိုတာကို ကျနော်တို့ စီစဉ်ဆောင်ရွက်နေကြတာပါ။

မနေ့ကတော့ ကျနော်တို့ ဒီမှာရှိတဲ့အစိုးရအဖွဲ့နဲ့ သွားဆွေးနွေးပြီးတော့ သူတို့က ဟိုက်စကီး ဟယ်လီကော်ပတာနဲ့ သွားပြီးပို့ပေးမယ် အဲ့လိုမျိုး ပုံစံတော့ ပြောတာပေါ့။ အရေးပေါ် မြို့နယ်အနေနဲ့ အဲ့လိုမျိုး ကြေညာတာအပြင် အဓိက လက်တွေ့ဆန်တဲ့ပြင်ဆင်မှုပိုင်းကို ချက်ခြင်းလုပ်ဖို့ လိုအပ်မယ်လို့ ကျေနာ့်အနေနဲ့ အဲ့လိုမြင်ပြီး တိုက်တွန်းလိုပါတယ်။ "

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရေဘေးအခြေအနေဆိုးရွားနေပြီး ကလေးမြို့နားတ၀ိုက် ရွာတွေအကုန် နစ်မြှုပ်ကုန် တာကြောင့် ဒေသခံတွေ ရေဘေး လွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ ဒီအခြေအနေကိုတော့ ကလေးမြို့ကိုရောက်နေတဲ့ Frontier မြန်မာဂျာနယ်က နိုင်ငံရေးသတင်းထောက် ကိုမြတ်ကျော်သူက အခုလို ဗွီအိုအေကိုပြောပါတယ်။

"ပတ်ပတ်လည် ဒီ အနောက်ဘက်မဟုတ်တဲ့ အရှေ့ရယ် တောင်ရယ် မြောက်ရယ် ပတ်ပတ်လည်က ရွာတွေ အကုန်လုံးက အကုန်လုံးမြှုပ်ပြီးမှ သူတို့ဘာသာ သူတို့ လှေတွေနဲ့ လာကြတယ်။ တချို့ကတော့ ရေဗူးတွေ သံဗုံးတွေကို ဖောင် လုပ်ပြီး စီးလာကြတယ်ခင်ဗျ။ အဲ့ဒီ့က လာတဲ့သူအကုန်လုံးကို တချို့ နာရေးကူညီမှုအသင်းက ကားတွေနဲ့ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ လိုက်ထားကြတယ်ခင်ဗျ။ တော်တော်များများကတော့ ကျေးရွာတွေမှာ ကျနော် မေးရသလောက်တော့ ရွာတွေမှာ လူတွေ သိပ်မရှိတော့ဘူး။ တချို့ရွာတွေမှာတော့ အိမ်ကို မစွန့်ချင်လို့ သက်ကြီးရွယ်အိုတွေ တော့ ကျန်ခဲ့သေးတယ်လို့ပြောတယ်ခင်ဗျ။

မြို့ပေါ်မှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ လူတွေအကုန်လုံးပြည့်နေလို့ အခုဆိုရင် တောကျောင်းဖြစ်တဲ့ တောင်ဖီလာဆိုတဲ့ ကျောင်းထဲမှာတောင် သွားပြီးတော့ ထားနေရတယ်။ ကယ်ဆယ်ရေးလုပ်တာတော့ အာဏာပိုင်တွေဘက်က မတွေ့ဘူးခင်ဗျ။ သူတို့ကို အများဆုံးတွေ့ရတာ ဒုက္ခသည်စခန်းမှာ သူတို့ပစ္စည်းတွေ ဝေပေးနေတာတွေ့ရပါတယ်။"

ကလေးမြို့နယ်မှာ အဆိုးရွားဆုံးရေလွှမ်းမိုးမှု အဆင့်ရောက်မယ့်အခြေအနေကို အစိုးရဘက်က ကြိုတင်ကြေညာခြင်း မရှိခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘူးလို့ ကိုမြတ်ကျော်သူကပြောပါတယ်။

ကလေးမြို့နားက ရာဇဂြိုလ် ရေလောင်တမံ ကျိုးပေါက်မှုမရှိ၊ တမံကြံ့ခိုင်မှုနှင့် ပက်သတ်ပြီးတော့ စိုးရိမ်စရာ မရှိဘူးလို့ အစိုးရက ထုတ်ပြန်ခဲ့ပေ မယ့် ရေလောင်ကန်ရဲ့ ရေအမြင့်ဟာ စိုးရိမ်ရေအမှတ်ကျော်နေပြီလို့ ကိုမြတ်ကျော်သူကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရေဘေးဒဏ်သင့်တဲ့ လူဦးရေ စုစုပေါင်း ခြောက်သောင်းနဲ့ တစ်သိန်းကျော်ကြား ရှိမယ်လို့ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဌာနက ခန့်မှန်းထားပြီး ဇူလိုင်လ အတွင်း သေဆုံးသူ ဦးရေ (၂၁)ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီအတော အတွင်းမှာပဲ သဘာဝဘေးအန္တရာယ်ကနေ ပြည်သူတွေကို ကြိုတင် ကာကွယ်ပေးနိုင်ရေး မြန်မာ အစိုးရအနေနဲ့ စီမံဆောင်ရွက်လုပ်ကိုင်ရာမှာ လိုအပ်ချက်တွေရှိနေတယ်လို့ မိုးလေ၀သပညာရှင်တွေ တချို့က ထောက်ပြဝေဖန်ထားပါတယ်။

အင်ကြင်းနိုင် /VOA
http://burmese.voanews.com/content/flooding-in-myanmar-/2890473.html

ရေဘေးဒုက္ခသည်များ (ဇူလိုင်-၂၀၁၅)
ရေဘေးဒုက္ခသည်များ (ဇူလိုင်-၂၀၁၅)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ကြာသပတေးနေ့နှောင်းပိုင်းက ၀င်ရောက် တိုက်ခတ်သွားတဲ့ ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေ တဲ့ ဒေသတွေမှာ UN OCHA ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးရုံးက ထောက်ပံ့နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ တယ်လို့ သောကြာနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။

“ မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ဖက်အစွန်းကို ရက်အတန်ကြာ ၀င်ရောက် တိုက်ခတ်သွားပြီး အဲဒီမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေသတွင်း သွားလာရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ လည်း ပြတ်တောက်ခဲ့ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ လေဆိပ် ဟာလည်း အခုချိန် ပိတ်ထားရတုန်း ဖြစ်ပါတယ်။ စစ်တွေမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ရှိခဲ့တယ်ဆိုတာကို အကူအညီပေးရေး အဖွဲ့အစည်းတွေက လိုက်လံ စစ်ဆေးနေပါတယ်။”

ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေမှာ ပျက်ဆီး ဆုံးရှုံးမှု ဘယ်လောက်အထိ ဖြစ်ခဲ့တယ်ဆိုတာတော့ အခုချိန်မှာ မသိနိုင်သေးပေမယ့် ရာသီဥတု အခြေအနေကောင်းတယ်ဆိုရင် အစိုးရနဲ့ ပူးတွဲပြီး ဒီကနေ့မှာ ပျက်ဆီး ဆုံးရှုံးမှု အခြေအနေတွေကို စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

အစိုးရရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ တခြား လူမှုရေး အသင်းအဖွဲ့တွေကလည်း ဒေသခံတွေကို အကူအညီပေးနေတဲ့အကြောင်း OCHA ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/un-providing-assitance-in-myanmar-flooding/2890459.html

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဇူလိုင် ၃ဝ ရက်နေ့က ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ရောက်ရှိစဉ် Photo: Kyaw Myo Min/RFA
 UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်အမျိုးသမီးအဖွဲ့ ၇ ဖွဲ့နဲ့ မနေ့ညက တွေ့ဆုံပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အခြေအနေကို မေးမြန်းခဲ့ပါတယ်။

မင်းသမီးဂျိုလီနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ထွယ်ဂျဲန်ဒါနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အစီအစဉ်ညှိနှိုင်းရေး မှူး ဒေါ်နန်ပူက သူတို့ဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို အခုလိုပြောပါတယ်။

"လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်းပဲနော် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အမျိုးသမီးအရေးနဲ့ အမျိုးသမီးအရေးဒုက္ခသည် စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကို ဖြေရှင်းပေးမှု ဆွေးနွေးမှုပေါ့နော်၊ အဲ့ဒါမရှိဘူးဆိုတာလည်း သူတင်ပြတယ်၊ အဲ့ဒါကြောင့်မို့လို့ ကချင်ဒေသမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကျမတင်ပြတယ်၊ အဲ့ဒီလိုတင်ပြတဲ့အခါမှာ အိုင်ဒီဘီက တစ်သိန်းနှစ်သောင်းရှိပါတယ်၊ အဲ့ဒီအထဲမှာ အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်၊ အဲ့ဒီအထဲမှာ ဒီနေ့အထိကို တစ်ရာကျော် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ခံရတဲ့အကြောင်းကို ကျမတို့ ပြောဖြစ်ပါတယ်"

မင်းသမီး ဂျိုလီဟာ မြစ်ကြီးနားမြို့အနီး ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော်နဲ့ ပလန ရပ်ကွက်မှာရှိတဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကို မနေ့က သွားရောက်လေ့လာပြီး ဒီနေ့ညနေမှာ ရန်ကုန်မြို့ကို ရောက်ရှိပါတယ်။

မင်းသမီး အင်ဂျလီနာဂျိုလီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကလေးမြို့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရေကြီး 
  မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးဆက်တိုက် ရွာနေတဲ့ အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ရေကြီးပြီး လူတွေ အသက်ဆုံးတဲ့ အထိ အခက်အခဲ တွေ့နေကြပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်က ကလေးမြို့မှာ ချင်းတောင်က ကျလာတဲ့ရေတွေကြောင့် ကလေးမြို့ရဲ့သမိုင်းမှာ မကြုံဘူးတဲ့ ရေကြီးမှုမျိုးကြံနေရလို့ အခက်တွေ့နေကြပါတယ်။

ရေမြုပ်နေတဲ့ နေရာတွေက ပြည်သူတွေ ရွှေ့ဖို့ ပြောင်းဖို့ လှေနဲ့ စက်လှေတွေ မရှိတာက အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်တိုင် ရေဘေးဒုက္ခသည် ဖြစ်နေတဲ့ ကလေး ဒေသခံ ကိုအောင်သူထွန်းက ပြောပါတယ်။ ကလေးမြို့မှာ အနောက်ဖျား ပိုင်းကလွဲပြီး ကျန်တဲ့ မြို့ရဲ့ သုံးပုံ နှစ်ပုံ ရေဝင် နေပြီလို့ သူက ပြောပါတယ်။

ကလေးမြို့ဟာ မြစ်ကမ်းနားမြို့ မဟုတ်တာကြောင့် စက်လှေတွေ ကလည်း အလွယ်တကူ သွားလာလို့ မရဘဲ လတ်တလော လေကြောင်း ဆက်သွယ်ရေး ကိုသာ အဓိက အားထားနေရတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက် ညနေပိုင်းမှာ ရေတက်တဲ့ အရှိန် လျော့သွားပေမဲ့ ဆက်တက်နေသေး တာကြောင့် မြို့လယ်က လေယာဉ်ကွင်းပါ ရေမြုပ်သွားရင် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အလားတူ ချင်းတွင်း မြစ်ကမ်းဘေးက မုံရွာမြို့မှာလည်း စိုးရိမ် ရေမှတ်ထက် စင်တီမီတာ ၄၀ ကျော်သွားပြီဖြစ်ပါတယ်။

နောက်ထပ်စင်တီမီတာ ၃၀၊ ပေအားဖြင့် တစ်ပေကျော် ထပ်တက်မယ် ဆိုရင် မုံရွာမြို့ထဲကို ရေမဝင်အောင် ကာထားတဲ့ တာရိုးပေါ် ရေလျှံပြီး မုံရွာမြို့ထဲကို ရေဝင်နိုင်တဲ့ အတွက် ဒေသဆိုင်ရာ အာဏာပိုင်နဲ့ မြို့ခံပြည်သူတွေ ပူးပေါင်းပြီး မြေဖို့၊ ပစ္စည်းတွေရွှေ့၊ စောင့်ကြည့်တာတွေ လုပ်ပြီး ဂရုစိုက်နေကြပါတယ်။

ချင်းတောင်က ကျလာတဲ့ ရေတွေကြောင့် မကွေးတိုင်းအတွင်း မုန်းချောင်းနဲ့ မန်းချောင်း အနီး နေထိုင်တဲ့ ဒေသခံတွေလည်း အခက်တွေ့နေကြပါတယ်။

မုန်းချောင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့ အနားက ရေနံချောင်းမြို့နယ် ဝက်လွတ် အုပ်စုက ရွာတွေမှာလည်း တခါမှ မကြုံဖူးအောင် ရေတွေများနေလို့ လူတွေသာ မက အိမ်မွေး တိရစ္ဆာန်တွေ အတွက်ပါ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု ၊ ငဖဲ စတဲ့မြို့တွေမှာလည်း မြို့တွေထဲ အထိ ရေတွေဝင်နေပါတယ်။

ပွင့်ဖြူ မြို့နယ်က ကျေးရွာ အုပ်စု အတော် များများမှာ ရေကြီးနေပါတယ်။

စကုမြို့မှာ ဆိုရင် ဆေးရုံထဲကို ရေတွေဝင်တဲ့ အတွက် လူနာတွေကို ရေလွတ်ရာ ပုညရှင် ဓမ္မာရုံထဲကို ရွှေ့ပြောင်း ကုသပေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဒေသ တဝိုက်မှာ ရှိတဲ့ မုန်းတမံ၊ စလင်းဆည်၊ ကြီးအုံကြီးဝဆည်တွေ ကတော့ လတ်တလော ထိမ်းထား နိုင်သေးပြီး ဒီထက် ရေဝင်တာ များလာရင် ထိန်းရ ခက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မုန်းချောင်းဘေးဝဲယာက ဒေသခံတွေအတွက် စိုးရိမ်ရလို့ ဘေးလွတ်ရာတောင်ပေါ်တွေကို ရွေ့နေဖို့ ဒေသအာဏာပိုင်တွေက ဆော်ဩနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


 သမဝါယမဝန်ကြီး ဦးကျော်ဆန်း ကိုတွေ့ရစဉ် Photo: Ministry of Information
 သမဝါယမဝန်ကြီး ဦးကျော်ဆန်းနဲ့ ပြည်ထောင်စုဝန်ကြီး ၅ ဦးဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ပုလဲမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး၊ စက်မှုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး နှစ်ဦးတို့လည်း ပြည်သူ့လွှတ်တော်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးစောလှထွန်းက ပြောပါတယ်။

"အမှတ် (၄) မဲဆန္ဒနယ်၊ အရင် ၂ဝ၁ဝ တုန်းက ပြိုင်တဲ့နေရာ သူ့ရဲ့ဇာတိကပါ၊ ဝန်ကြီးများ ဦးမောင်မြင့် စက်မှုဝန်ကြီး၊ ဦးဝင်းမြင့်ရဲ့ ကုန်သွယ်စီးပွားဝန်ကြီး သူကဒီပဲယင်း၊ စီမံစီပွား ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း သူက မြောင် သူ့ဇာတိက မာန်အောင်၊ သတ္တုတွင်း ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် မုံရွာ သူ့ဇာတိ၊ ဝန်ကြီးထဲကတော့ အဲ့ဒါပဲ၊ သူ့ဇာတိကနေ သူ့ဒေသဇာတိရဲ့ ဖွံ့ဖြိုးရေးကိုလုပ်ပေးချင်လို့ ဒါဝင်ပြိုင်တာပါ"

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဘုတလင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် စုစုပေါင်း ၁၂၅ နေရာ ရှိပါတယ်။

လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ လားရှိုးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မကြာခင်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ လားရှိုး ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေထံ အပြီးတင်သွင်းမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


 အမေရိကန် ပြည်ထောင်စုဟာ ဂျပန် နိုင်ငံရဲ့ ထိပ်တန်း နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေကို ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် လျှို့ဝှက် ထောက်လှမ်း နေခဲ့တယ်လို့ ဝီကီလိခ်က ထုတ်ပြန်တဲ့ စာရွက်စာတန်းတွေ အရ သိရပါတယ်။

ဝီကီလိခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ အမေရိကန်က ခိုးနားထောင်ခဲ့တယ် လို့ဆိုတဲ့ တယ်လီဖုန်း နံပါတ် စာရင်းထဲမှာ ဂျပန် အစိုးရအဖွဲ့ ရုံး၊ ဂျပန် အရာရှိများ ဘဏ်နဲ့ ဂျပန် ထိပ်တန်း ကုမ္ပဏီတွေရဲ့ နံပါတ်တွေ ပါဝင် နေပါတယ်။

ထိပ်တန်း လျှို့ဝှက် ဆိုပြီး ခေါင်းစဉ် တပ်ထားတဲ့ အမေရိကန် ထောက်လှမ်းရေး စာတန်း တစ်ခုကိုလည်း ဖော်ပြထားပြီး၊ အဲဒီထဲမှာ ဂျပန်မှာ ပြုလုပ်တဲ့ ရာသီဥတု ပြောင်းလဲမှု၊ နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ပတ်သက်တဲ့ အရေးကြီး ဆွေးနွေးချက်တွေကို ဖော်ပြ ထားတာ တွေ့ရပါတယ်။

အာရှ ပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ ဂျပန်ကတော့ ဝီကီလိခ်ရဲ့ အခု ဖော်ထုတ်ချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

မင်းသမီး ဂျိုလီ ရန်ကုန်ရောက်- (ဇူလိုင် ၃၁၊ ၂၀၁၅)
မင်းသမီး ဂျိုလီ ရန်ကုန်ရောက်- (ဇူလိုင် ၃၁၊ ၂၀၁၅)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးသံတမန် Angelina Jolie Pitt ဟာ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပြီး မဲစာရင်း ပညာပေး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရောင်ခြည်သစ်အဖွဲ့နဲ့ လာရောက်တွေ့ဆုံ ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အပြောင်းအလဲဖြစ်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် အခွင့်အရေးအပြည့်အ၀ရစေဖို့ အထူး ကိုယ်စားလှယ် မင်းသမီး Jolie အနေနဲ့ စောင့်ကြည့်သွားဖို့နဲ့ အမျိုးသမီးတွေရဲ့ မဲပေးခွင့် အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ ဦးစားပေး တိုက်တွန်းသွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အန်ဂျလီနာ ဂျိုလီရဲ့ ဒီကနေ့ မြန်မာပြည်ခရီးစဉ်အကြောင်း ကိုစည်သူက ပြောပြပေးမှာပါ။

ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် ဟောလိဝုဒ်မင်းသမီး Angelina Jolie ဟာ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကိုရောက်ရှိနေတာပါ။ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိစဉ်မှာ အမျိုးသမီးလူမှုအဖွဲ့တစ်ခုဖြစ်တဲ့ ရောင်ခြည်ဦး မဲစာရင်းပညာပေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူတိုင်းမဲပေးခွင့် အခွင့်အရေးနဲ့အတူ အမျိုးသမီးတွေမဲပေးခွင့် မဆုံးရှုံးရစေဖို့ အထူး ကိုယ်စားလှယ် မင်းသမီး ဂျိုလီက တိုက်တွန်းခဲ့တယ်လို့ ရောင်ခြည်ဦး အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လှက အခုလိုပြောပါတယ်။

" မင်းသမီးဂျိုလီ အကြံပြုတာက မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေက လူဦးရေ ထက်ဝက်ကျော်က ရှိတယ်။ မဲဆန္ဒရှင်စာရင်းမှာလည်း အမျိုးသမီးက ထက်ဝက်ကျော်ရှိတယ်လို့ ကျမတို့က ပြောခဲ့တာကိုး ဒီအမျိုးသမီးထက်ဝက်ကျော်ရဲ့ အားကို ဒီရွေးကောက်ပွဲမှာ ပါလာနိုင်ဖို့ လူတိုင်းလည်း မဲပေးနိုင်တဲ့ လူတိုင်းလည်း မဲပေးခွင့် မဆုံးရှုံးစေဖို့ အဲ့တာကို တွန်းအားပေး ပြောဆိုသွားပါတယ်။

ပြီးရင် မြန်မာနိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲပေါ့နော် နိုင်ငံတကာ ကလည်း စောင့်ကြည့်နေတယ်။ သူတို့ကလည်း ဒါကို စောင့်ကြည့်လေ့လာနေ တယ်။ ဒီဟာအပေါ်မှာလည်း ကျမတို့ သင်တန်းအနေနဲ့က လူတွေကို များများ သတင်းအချက်အလက် ရဖို့ကို လုပ်ပေးဖို့ မျှော်လင့်ပါတယ်လို့ သူပြောသွားတယ်ရှင့်။ သူကတော့လေ။ "

ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန် ပါဝင်စစ်ဆေးနိုင်ဖို့နဲ့ မဲစာရင်းပညာပေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်ဖို့ တိုက်တွန်းသွားတယ်လို့ ဒေါ်ခင်လှက ဆက်ပြောပါတယ်။

"သူက အဓိကက လူတွေ ကျမတို့ မဲစာရင်း စစ်တဲ့ဟာပေါ့။ လူတွေဆီကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မှန်မှန်ရောက်နိုင်ဖို့ ဘယ်အပိုင်းက အထောက်အကူပြုသလဲပေါ့။ ပြုတဲ့အပိုင်းကို သူတို့ ဟိုဘက်ပိုင်းကလည်း တွန်းအားပေးပြီး လုပ်ဆောင်ပေးမယ်လို့ ပြောတယ်။

နောက်တချက်က သူတို့ သမ္မတနဲ့လည်း တွေ့တယ်။ အထက်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်။ တွေ့တဲ့အခါမှာ သူတို့ကပြောခဲ့တယ်။ IDP ကလူတွေလည်း အကုန်မဲပေးနိုင်ခွင့်ရဖို့ အတွက်ရယ် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲရဖို့အတွက်ရယ် ဖြစ်စေချင်လို့ တွန်းအားပေးတယ်ပေါ့။ အဲ့တာကို သူထပ်ပြောခဲ့တယ်။ ကျမတို့သင်တန်းသူတွေကို။"

အထူးကိုယ်စားလှယ် မင်းသမီးဟာ ရန်ကုန်ကိုမရောက်ခင် မနေ့က ကချင်ပြည်နယ် ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် နဲ့ မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့တဲ့ အပြင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဆီကို သွားရောက်ခဲ့ပြီး ပဋိပက္ခကြောင့် စစ်ဘေးရှောင် ဒုက္ခရောက်နေတဲ့အမျိုးသမီးတွေကို ကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။

ပဋိပက္ခ အခြေအနေအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှု ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ မင်းသမီးဂျိုလီအနေနဲ့ ကချင်ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရသူတွေအတွက် အရေးပေါ်ဆေးဝါးတွေ၊ ဥပဒေရဲ့ အကာအကွယ်တွေ အပြင် လိင်အကြမ်းဖက်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေး တရားရေးမူဘောင်တွေ ချမှတ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသမီး Angelina Jolie ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ ဇူလိုင်လ (၂၉)ရက်နေ့ကနေ သြဂုတ်လ (၃)ရက်နေ့ အထိ မြန်မာနိုင်ငံကို ခြောက်ရက်တာခရီးရောက်ရှိနေတာပါ။

ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာပဲ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အထူးကိုယ်စားလှယ် မင်းသမီးဂျိုလီ ရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်းမှာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်နဲ့ ကိုယ်တိုင်တွေ့ဆုံဖို့ အတွက် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

မင်းသမီးဂျိုလီရဲ့ ခရီးစဉ်လက်ကျန်ရက်တွေမှာ အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စားလှယ် Angelina Jolie ဟာ ၂၀၁၂ ခုနှစ်ကတည်းက ထိုင်းမြန်မာနယ်စပ် မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေဆီကို သွားရောက်လေ့လာခဲ့ဖူးပြီး မြန်မာ့အရေးကို စတင်ဆောင်ရွက်လာခဲ့ တာလည်း ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/hollywood-actress-arrived-yangon/2888278.html

သမ္မတကြီးဦးသိန်းစိန် က ပြောတယ်
တိုင်းပြည်ကို ဦးဆောင်နိင်တဲ့ လူငယ် နှင့် လူလတ်ပိုင်း တွေ နည်းလို့တဲ့
မှတ်တောင်ထားရအုံးမယ်
ကိုယ်တယောက်ထဲပဲလုပ်နိင်ပြီး ကျန်တဲ့ လူတွေ မလုပ်နိင်ဘူးလို့ ထင်နေတဲ့ရောဂါပဲ
ဒီရောဂါ မပေါ့ဘူးနော် ကုရာနထ္တိ ဆေးမရှိဘူး
( အခြား ရှုထောင့် တခုကနေစဉ်းစားကြည့်ရင်လည်း တပ်မတော်အစိုးရ လက်ထက် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ တက္ကသိုလ်ကြီးတွေ ကောလိပ်ကြီးတွေ quantity အရ တိုးချဲ့ခဲ့သော်ငြား quality ဖြစ်တဲ့ လူငယ်တွေ human resource development / capacity building မတိုးတက်လာဘူး အားမကိုးရလောက်ဘူး ဆိုတာကို သွယ်ဝိုက်ဝန်ခံရာကျတယ် )
ဦးသိန်းစိန်အတွက် အလားအလာ သိပ်မကောင်းနိင်တော့ဘူး
သမ္မတ ပြန်ဖြစ်ဖို့ ဝေးတဲ့အပြင် နေပြည်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်ရင်တောင်မနိင်လောက်တော့ဘူး
ဘာဖြစ်လို့လည်းဆိုတော့ လတ်တလော ကိစ္စတွေကိုကြည့်
ရေဘေးကယ်ဆယ်ရေး အတွက် သမ္မတ သီးသန့် ရံပုံငွေ ကျပ် ဘီလီယံ ၁၀၀ ထုတ်သုံးဖို့ ဦးရွှေမန်း အစ ထုတ်လိုက်တယ်
သမ္မတဖက်က ဘာသံမှပြန်မကြားရဘူး
သုံးမယ်ဖြင့်သုံးမယ် မသုံးဘူးဖြင့် မသုံးဘူးပေါ့
ဒီလောက်တောင်လူတွေအတိဒုက္ခရောက်နေတာ
အဆိုးဆုံးက တရုတ် သစ်ခိုးသမားတွေကို ပြန်လွှတ် လိုက်တယ်
စစ်သားတွေ စစ်သားဟောင်းတွေ ကိုယ်တိုင်ဆဲကုန်ပြီ
သူတို့ အသက်သွေးချွေးတွေနဲ့ တိုက်ပွဲဝင်ပြီး ဖမ်းဆီးပေးထားတဲ့ တရုတ်သူခိုးတွေကို ထောင်ဒဏ် တသက်တကျွန်း ပေးထားရာကနေ တပတ် ၁၀ ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာ ဆိုတော့ ပေါက်ကွဲကုန်ပြီ
ဟိုရက်က ရဲဘော်တွေကို မိုးကာ သွားဝတ်ပေးထားတာလေးတွေ အလကားဖြစ်သွားပြီ
ဟိုတလောက ကျွန်တော်ပို့စ်တခုတင်ဖူးတယ်
စင်ကာပူ ဝန်ကြီးချုပ် က သူ့နေရာအတွက် လူငယ်မျိုးဆက်သစ်တွေ အရေးကြီးကြောင်းပြောသွားတာ
စင်ကာပူက လူငယ်တွေ စိတ်မချလို့ ကျွန်တော်ပဲ ဆက်အုပ်ချုပ်မယ်နော် လို့ မပြောဘူး
အိုဘားမား ဟိုတလောက African Union မှာပြောသွားတဲ့မိန့်ခွန်းကလည်းဒီသဘောပဲ " I don't understand why people want to stay so long "
အဲဒီ people ထဲမှာ ဦးသိန်းစိန်ပါလောက်တယ်
ကျွန်တော် နိင်ငံတကာ သတင်းတွေ မိန့်ခွန်းတွေ ကို စောင့်ကြည့်လာတာ နှစ်ပေါင်း မနဲတော့ဘူး
ဘယ်ခေါင်းဆောင်မှအဲ့လိုပြောတာမကြားဖူးသေးဘူး
တရားသဘောအရကြည့်ရင်လည်း စိတ်ချချ မချချ တိုင်းပြည်ရဲ့ အနာဂတ် ဆိုတာ တနေ့ လူငယ်တွေ လက်ထဲပဲထားခဲ့ရမှာ
ဒီလူငယ်တွေ မသိဘူး မတတ်ဘူး ဆိုရင်တောင် မြှင့်တင်ပေးရမယ့် တာဝန် အစိုးရမှာ ရှိတယ်
ခုတော့ လူငယ်တွေ မတတ်လို့ ကျွန်တော်ဆက်အုပ်ချုပ်အုံးမယ်ဆိုတော့ မခက်ပေဘူးလား
ဦးသိန်းစိန် ဘယ်လောက်ဆန္ဒရှိရှိပါ
စစ်တပ်အစုအဖွဲ့က သူ့ ကို သမ္မတလောင်းရွေးမှာလား
ရွေးရင်ရော လွှတ်တော်မှာ ထောက်ခံမဲ ဘယ်လောက်ရမယ်ဆိုတာ စောင့်ကြည့်နေပါ့မယ်
ကံကောင်းပါစေ ဦးသိန်းစိန်

Aung Soe Moe



စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ရာဇဂြိုလ်ဆည် ရေလျှံခဲ့ပြီး ဇူလိုင် ၃၁ရက် ညနေပိုင်းတွင် ဆည်အနီး ရေကျနေပြီဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဘကြူးက ည ၇နာရီခွဲခန့်တွင် မဇ္ဈိမကို ပြောသည်။

"ဆည်ကတော့ စိုးရိမ်စရာ မရှိတော့ဘူး။ ဆည်က ရေကျသွားပြီ။ ကလေးမြို့ကတော့ မြို့တဝက်လောက် ရေဖုံးသွားပြီ။ ရေကတော့ အိမ်အားလုံး မြုပ်နေတာ။ ကလေးမြို့နယ်မှာ ကားလမ်း လေးလမ်းလုံး သွားလို့မရတော့ဘူး။ ရထားလမ်းလည်း သွားလို့မရတော့ဘူး။ လေယာဉ်တစ်လမ်းပဲ အားကိုးစရာရှိတော့တယ်။ ရေက တစ်ပတ်လောက် ဆက်ကြီးမယ်ဆို ကလေးမြို့မှာ စားရေးသောက်ရေး ဒုက္ခရောက်နိုင်တယ်"ဟု ကိုဘကြူးက ပြောသည်။

လက်ရှိတွင် အစိုးရအဖွဲ့က ကလေးမြို့ ရေဘေး ဒုက္ခသည်များကို ကူညီရန် လှေ ၈စီး ပို့လွှတ်ထားပြီး တပ်မတော် လေယာဉ်နှစ်စင်းဖြင့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးရန် စီစဉ်နေသော်လည်း ရာသီဥတု အခြေအနေကြောင့် မုံရွာလေဆိပ်မှ မထွက်နိုင်သေးဘဲ ရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ရေဘေးဒုက္ခ ကြုံတွေ့နေရသူများကို ကမ္ဘောဇလေကြောင်းလိုင်း၊ Sky Net နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့က စားနပ်ရိက္ခာ ထောက်ပံ့ထားသည်ဟု သိရသည်

- မဇ္ဈိမ

http://mizzimaburmese.com/article/2665#sthash.v8r1I1Ik.dpuf


ကလေးမြို့ရှိ ရာဇဂြိုလ်ဆည်ကျိုးကျ၊ ကျေးရွာ ၂၂ရွာရေနစ်မြုပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးရှိ ရာဇဂြိုလ်ဆည် ရေလွှဲတံခါးများ ကျိုးကျ၍ ကျေးရွာ ၂၂ရွာ ရေနစ်မြုပ်နေသည်ဟု ကလေးဒေသခံ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင်လင်းအဖွဲ့(ကလေး)မှ အဖွဲ့ဝင် ဦးဘကြူးထံမှ သိရသည်။

ဦးဘကြူးက “ရာဇဂြိုလ်ဆည်က ဆည်တွင်းမှာရှိတဲ့ ရေပမာဏများလာလို့ ရေပိုလွှဲတံခါးထက်ကျော်ပြီး အပြင်ကို လျှံကျလာတာ၊ ဒါကိုရေပိုလွှဲကနေ ထွက်လာအောင် ရေပိုလွှဲတံခါးကို ကုတ်နဲ့ဖွင့်ရာမှာ ရေအလေးချိန်ကို မခံနိုင်ဘဲ ကျိုးသွားတာ၊ နေ့လည် တစ်နာရီလောက်ကစ ဖြစ်တာ၊ အခုညနေလေးနာရီမှာ စိုးရိမ်ရေမှတ်နားနီးနေပြီ၊ နောက်တစ်နာရီဆို စိုးရိမ်ရေမှတ်ရောက်ပြီ၊ ရေက တအိအိနဲ့ ကလေးတစ်မြို့လုံးတက်နေတာ၊ မြို့အနောက်ပိုင်း ကုန်းအမြင့်နေရာတွေပဲ ကျန်တော့တယ်၊ ကလေးအပိုင် ၂၂ရွာကတော့ ရေမြုပ်နေပြီ”ဟု ပြောသည်။

ရာဇဂြိုလ်ဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာ အနီးတွင် တည်ရှိပြီး ယင်းနေရာတွင် နရဉ္စရာမြစ်ကို အခြေပြုသည့် ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံလည်း တည်ရှိနေသည်။

ဇူလိုင် ၃၁ရက် ညနေပိုင်းတွင် ကလေးမြို့ ထောက်ပို့လမ်း တပ်ဦးသီတာရပ်ကွက် အမက၉၊ အ.ထ.က ၁၊ အ.မ.က ၂နှင့် တောင်ဖီလာရပ်ကွပ်ရှိ တောင်ဖီလာဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်ထားရသည်။ တောင်ဖီလာဘုန်းတော်ကြီးကျောင်းတွင် မဟာစည်သာတနာ့ရိပ်သာ၊ ဝိသုဒ္ဓာစာသင်တိုက်၊ မင်္ဂလာဥယျာဉ်ကျောင်းတိုက်၊ပုဗ္ဗရုံကျောင်းတိုက်များမှ သံဃာတော်များပါ ခိုလှုံနေရသည်ဟု ဦးဘကြူးက ပြောသည်။

လက်ရှိအချိန်တွင် အနိမ့်ပိုင်းတွင် ကျရောက်နေသော ကလေးမြို့အရှေ့ပိုင်းရပ်ကွက်များ ဖြစ်သည့် ညောင်ပင်သာ၊အောင်မင်္ဂလာ၊ အောင်တမန်၊ မင်္ဂလာဥယျာဉ်၊ အောင်သစ္စာ၊ အောင်ဇေယျ၊ တပ်ဦး စသည့် ရပ်ကွက်များ ရေလွှမ်းခံနေရပြီး ညောင်ပင်သာ၊ အောင်မင်္ဂလာနှင့် အောင်သစ္စာ ရပ်ကွပ်များမှာ အဆိုးဆုံးခံစားနေရသည်ဟုဆိုသည်။

ကလေးသို့ရေဘေးကူညီမှုများ လုပ်ဆောင်ပေးမည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင်လင်းအဖွဲ့မှ ကိုဥာဏ်လင်းက “ကလေးက ဆိပ်ကမ်းမြို့မဟုတ်တော့ ရေဘေးသင့်ရင် ကူးစရာစက်လှေ မရှိဘူးဗျ၊ ကလေးဝမြို့ကနေ ကူမှရတယ်၊အခုကားလမ်းတွေအကုန်ပျက်ကုန်ပြီ၊ လေယာဉ်နဲ့ပဲရတော့မယ်”ဟုဆိုသည်။

အဆိုပါ ရေဘေးအတွက် သွားရောက်ကူညီရန် အစိုးရဘက်မှ စက်လှေနှင့် ကယ်ဆယ်ရေးပစ္စည်းပါ ရဟတ်ယာဉ်များ စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် သွားကူညီရန် နှောင့်နှေးနေသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှမ်ဟရဲက မဇ္ဈိမကို ပြောသည်။

ဦးရွှမ်ဟရဲက "အခုရဟတ်ယာဉ် နှစ်စီး ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး မုံရွာတော့ရောက်နေပါပြီ၊ ရာသီဥတု မကောင်းသေးလို့ ဆက်သွားလို့မရသေးပါဘူး၊ အသက်ကယ်လှေ ၈စီးကိုတော့ ကလေးဝမြို့ကနေ တစ်ဆင့် ပို့ထားပြီးသားပါ” ဟုဆိုသည်။

ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၂၉ရက် နံနက် ၀၂း၃၀နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် ၁၂း၃၀ နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၄၃)စင်တီမီတာ (၄-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၃၁ နေ့လည်က ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကလေးမြို့ရေဘေးအတွက် မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လိုက်လံကူညီပေးနေပြီး စကိုင်းနက်မှ စပိဘုတ်များ၊ ကမ္ဘောဇဘဏ် နှင့် NLDA ပါတီ ဗဟို တို့မှ စားသောက်စရာများ နှင့် ဆန်များလာရောက်ကူညီနေသည်ဟု ဦးဘကြူးထံမှ သိရသည်။

Mizzima - News in Burmese
http://mizzimaburmese.com/article/2655#sthash.RMDrf0cB.1IW0j5Za.dpuf


kawlin-flooding-620
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရေဘေးဒုက္ခသည်တွေကို အလှူငွေ ပေးအပ်စဉ်

တစ်နိုင်ငံလုံးအနှံ့က ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ အလှူငွေ လိုက်လံကောက်ခံသွားမယ်လို့ ဒီနေ့ ပြောပါတယ်။

ဒီအချိန်ဟာ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ရမယ့် အချိန်ဖြစ်တာကြောင့် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံသွားမှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

"တနင်္ဂနွေနေ့လောက်ဆိုရင်တော့ ကျနော်တို့ အနုပညာသည်တွေရဲ့ ထင်ရှားတဲ့နယ်ပယ်အသီးသီးက လက်လှမ်းမီသလောက်တွေပေါ့၊ စုပြီးတော့ လူထုကြားထဲမှာလိုက်ပြီးတော့ အလှူခံပလိုက်မယ် ဘာဖြစ်လို့လဲ ဆိုတော့ လူတွေရဲ့သိမှုက ပိုပြီးတော့နိုးကြားလာမယ်ဗျာ၊ ဒီအပေါ်မှာ ဝိုင်းပြီးတော့ ပါဝင်မှုတွေရလာလိမ့်မယ်၊ ဒီအချိန်မှာ ပြည်သူတွေရောအကုန်လုံး ပေါင်းစည်းရမယ့်အချိန်ရောက်ပြီး ပြည်သူအချင်းချင်းရိုင်းပင်း မှ စောင့်ရှောက်မှပဲ ကျနော်တို့ အသက်တွေကယ်နိုင်မယ်လို့ ကျနော်နားလည်တယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ကောလင်း၊ ကလေးနဲ့ ပွင့်ဖြူမြို့က ရေဘေးဒုက္ခ သည်တွေကို သွားရောက်လှူဒါန်းခဲ့ပြီး လက်ရှိမှာလည်း စားသောက်ကုန်တွေ အဝတ်အစားတွေနဲ့ စာရေးကိရိယာတွေကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ရှမ်း၊ ကရင်၊ ပဲခူး၊ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ မိုးဆက်တိုက်ရွာတာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်နေပါတယ်။

RFA
http://www.rfa.org/burmese/news/flooding-88gen-grop-money-collect-07312015113148.html

"ခေါင်းဆောင်လုပ်သူတွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ကြိမ်ဖန်များစွာ ကြုံရလေ့ ရှိပါတယ်။ ဒီလို ဆုံးဖြတ် ချက်တွေ ချမှတ်ရာမှာ အဓိကအချက်က ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးအနက် ထားရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်နိုင်ငံကောင်းဖို့အတွက် လူထု မကြိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်ရတာမျိုး ရှိပါတယ်။ မြစ်ဆုံလို၊ ကိုးကန့်လို ကိစ္စရပ်တွေကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူရဲ့ တစ်မျက်နှာတည်းကို ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ဖော်မပြောသာတဲ့ အကြောင်းအချက်တွေ ရှိနေသေးပေမယ့်လည်း အခုအချိန်မှာတော့ ဒီဇာတ်လမ်းကို ဒီပမာဏ ဒီမျှလောက်ပဲ အလေးအနက်ထား ရှင်းပြချင်ပါတယ်။ နားလည်နိုင်ကြပါစေ။"

အပြည့်အစုံ ဖတ်ရန် ...............https://www.facebook.com/hmuu.zaw/posts/843221355774954:0

7Day News Journal

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရေကြီးမှုအတွင်း ရေလွတ်ရာထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ၂၀ကျော် ရေထဲမျောပါ ပျောက်ဆုံးသွားတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။

ပြည်နယ်အတွင်း မင်းပြားနဲ့မြောက်ဦးမြို့တို့မှာ ရေကြီးမှု အဆိုးဆုံးဖြစ်ပြီး မင်းပြားမြို့နယ် ဆီးပင်ကြီးကျေးရွာမှာတော့ လူသေဆုံးတဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
“သူတို့ရွာတွေကနေ ရေလွတ်မယ့်နေရာကို စက်လှေသေးသေးလေးတွေနဲ့ သွားကြတယ်။ လှေလေးတွေနဲ့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ မင်းပြားတို့ မြောက်ဦးတို့မှာက တောင်ကျချောင်းတွေ ရှိတယ်ဗျ။ အဲ့ဒီမှာ ရေစီးကြမ်းတော့ ရေထဲမျောပါသွားကြတာရှိတယ်။ ရေစီးကြမ်းထဲမှာ မြုပ်သွားတဲ့ စက်လှေတွေလည်း ရှိတယ်။ လူ ၂၀ ကျော်လောက် သေတယ်လို့ ကျနော်တို့ သတင်းကြားတယ်။”

ဇူလိုင် ၃၀ ရက် ရခိုင်ပြည်နယ်ကို ဘင်္ဂလားပင်အော်မှာဖြစ်ပေါ်တဲ့ ကိုမန်ဆိုင်ကလုန်း မုန်တိုင်း အဖျားခတ် ၀င်ရောက်တိုက်ခတ်နေတုန်း ဖြစ်ပွားခဲ့တာပါ။

လက်ရှိ မင်းပြားမြို့ပေါ်မှာသွားလို့ လာလို့ မရအောင် ရေကြီးနေပြီး မြို့အနီးက ဆီးပင်ကြီးရွာ တရွာလုံး ရေမြုပ်နေပါတယ်။

မုန်တိုင်းတိုက်တဲ့အချိန်မိုးကြီးတာနဲ့ ပင်လယ်ဒီရေတက်တဲ့ လပြည့်နေ့တို့ တိုက်ဆိုင်နေလို့ ရေကြီးတဲ့အခြေအနေ ပိုဆိုးသွားတာဖြစ်ပြီး ရေမြုပ်နေတဲ့ရွာတွေမှာ အစားအသောက် လိုအပ်ချက်ရှိနေတယ်လို့ ပြည်နယ်အမတ်က ပြောပါတယ်။

မင်းပြားမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ကိုခိုင်ဖိုးထူးကတော့ ရေအမြင့် ၁၅ ပေထိ မြင့်တက်လာကာ မင်းပြားမှာ အမြင့်ဆုံးဖြစ်တဲ့ ကျိန်းတောင်ခြေရင်း ၁ပေထိရေတက်ကြောင်း၊ ရေဘေးသင့်ပြည်သူ ၃ ထောင်ကျော်ရှိပြီး သူတို့ကို ဘေးလွှတ်ရာကို ပို့ဆောင်ဖို့ လှေတွေမလုံမလောက်ဖြစ် နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့စစ်တွေမြို့မှာတော့ မိုးတွေရွာနေဆဲဖြစ်ပြီး မနေ့က ရေလွှမ်းခံရတဲ့ ရပ်ကွက်ထဲ မှာလည်း ရေတွေမကျသေးသလို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာလည်း ရေတွေကြီးနေဆဲဘဲလို့ ရခိုင်အမျိုးသားပါတီက ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ရေကြီးမှုကြောင့် စစ်တွေမှာ အသေအပျောက်ရှိကြောင်း မသိရသေးပေမယ့် တချို့မြို့မှာ ရေတွေက ဈေးထဲဝင်ရောက်ခဲ့တဲ့အတွက် ဈေးထဲက ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။

ကျောက်တော် – မြောက်ဦး သွားလမ်းမှာလည်း ရေတွေလွှမ်းနေတဲ့အတွက် သွားလာလို့ မရဘဲ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

သံတွဲမှာတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က သံတွဲချောင်းရေလျှံပြီး ရပ်ကွက် ၄၊ သမုချောင်း၊ ဂူကြီးခုန် စတဲ့ ရပ်ကွက်ထဲကို ရေတွေဝင်ရောက်ခဲ့တာမှာ ဒီကနေ့တော့ ရေကျသွားပြီလို့ သံတွဲမြို့ သိမ်ကုန်းကျောင်း တိုက်ဆရာတော် ဦးတေဇိန္ဒက မိန့်ပါတယ်။ တနေ့က လင့်သာရွာမှာ လေဆင်နှာမောင်း ၀င်တိုက်သွားတဲ့အတွက် အိမ်တလုံးပျက်စီးပြီး တရော်တောရွာမှာလည်း ကမ်းပါးပဲ့ကျအတွက် အိမ် ၄ လုံးကို ဖျက်ပြီးရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကမ်းပါးပြိုမယ့် အခြေအနေရှိတဲ့အတွက် ကမ်းနားက နောက်ထပ်အိမ်တွေ ဖျက်ပြီး ရွှေ့ပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စီစဉ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ အဲဒီရွာဟာ အိမ်ခြေ ၅၀ လောက်ရှိပြီး ဖျက်ပြောင်းရမယ့်အိမ်တွေမှာ အိမ်ကြီးအိမ်ကောင်းတွေပါ ပါဝင်တယ်လို့ ဆရာတော်က ဒီဗွီဘီကို မိန့်ကြားပါတယ်။
ဓာတ်ပုံ – Khaing Morm Twan
.
Credit : DVB
.


ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံး သို့ရောက်လာတဲ့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ။ (ဇူလိုင် ၂၂၊ ၂၀၁၅)
ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံး သို့ရောက်လာတဲ့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ
“မမှန်လေမိုး၊ မဖြောင့်နိုးဘူး၊ မင်းစိုးဥပရာ၊ မတ်သေနာနှင့်၊ လေးဖြာမျိုးသား၊ တရားယွင်းစွ၊ ကံကိစ္စတည့်၊ လူကမသင့်၊ မကောင်းကျင့်သော်၊ လူနှင့်စပ်ရာ၊ နတ်တို့မှာလည်း၊ မသာနှလုံး၊ မရွှင်ပြုံးဘဲ၊ မသုံးဓမ္မ၊ ပျက်ယွင်း ကြ၏” လို့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေ၀လင်္ကာမှာ ဖတ်ရသဗျာ။

မိုးလေမမှန်၊ ရာသီဥတုဖောက်ပြန်၊ ပြည်သူတွေ ဒုက္ခရောက်ကြရတာ မင်းကြောင့်ဗျ။ မင်းနဲ့အမတ်တွေ တရား ပျက်ယွင်းရင် ရာသီဥတုဖောက်ပြန်တော့တာပဲ။ ဒါကြောင့်လည်း ရွာလိုက်တဲ့မိုး၊ ကြီးလိုက်တဲ့ရေ၊ ဒုက္ခတွေ ရောက်လိုက်တဲ့ ပြည်သူတွေ။

ပညာရှင်တွေကလည်း မိုးတွေဒီလောက်ရွာနေတာ သစ်တောတွေအဆမတန် ခုတ်ပြီး တောပြောင်ကုန်လို့ဖြစ် တာလို့ ဝေဖန်နေပြီ။ သစ်တောတွေကို န၀တ/ နအဖ/ ဒီမိုကရေစီဆိုတဲ့ အစိုးရခေတ်တောက်လျှောက် တရုတ်နဲ့ ပေါင်းပြီး ပြောင်အောင်လုပ်နေတာ အပြစ်သေးသေးလေးလားဗျာ။

တစ်လောက ပြည်သူ့ချဉ်ဖတ်တစ်ယောက်သေတော့ ချဉ်ဖတ်အိုးတစ်ယောက်က ကျွန်မတို့ ချဉ်ဖတ်ကြီး သေတာကို ၀မ်းနည်းလို့ မိုးနတ်မင်းကြီးက ငိုတာတဲ့။ ငိုတာမက သေးပါ ထွက်ကျသလား မပြောတတ်ပါဘူး။ တစ်တိုင်းပြည်လုံး ရေလွှမ်းနေပြီ။

မိုးများ ရေလွှမ်းတာ အကြောင်းတစ်ခုခုပဲလို့ထင်နေတာ တရားပျက်ယွင်းလို့ဆိုတာ ပိုပြီး ပုံပေါ်လာပြီ။ သစ်ခိုး တဲ့တရုတ်တွေကို မိုးတစ်လုံး လေတစ်လုံးဖမ်းပြ၊ တရားတွေ စီရင်။ ၈ ရက်လောက်ထောင်ချ။ လွတ်ငြိမ်းခွင့်နဲ့ လွှတ်လိုက်သတဲ့ဗျာ။ ကြားလို့ကောင်းကြသေးရဲ့လား။ လွှတ်ချင်တဲ့လူတွေ လွှတ်ချင်ရင် ထောင်ခါပြီဗျာ။ ကောင်းသူ ဆိုးသူအားလုံးလွတ်ကုန်ပြီ။ လူကောင်း ၁၀၀ လွတ်တာပြဿနာမဟုတ်ဘူးဗျာ။ လူဆိုးတစ်ယောက် ပါသွားတော့ အဲဒီလူဆိုးက နောက်ထပ် အနည်းဆုံး ငါးယောက်လောက်ကို ဓားနဲ့ခုတ်သတ်ဦးမယ်။ ပြီးရင် ထောင်ထဲ ပြန်ဝင်မယ်။ ပြီးရင် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ဦးမယ်။

ကျွန်တော်တို့ သားသမီးကျောင်းသားတွေ ပညာရေးသောက်သုံးမကျတာကို ဆန္ဒပြတယ်။ အဲဒါ အစိုးရဖျက် ဆီးထားတဲ့ပညာရေးကို မကောင်းလို့ မကောင်းဘူးဆိုပြီး ဆန္ဒပြကြတာဗျ။ အဲဒီကလေးတွေကိုကျတော့ ပုဒ်မ လေး၊ ငါးခုနဲ့ဆွဲ၊ လက်ထိပ်တွေခတ်၊ မသေမချင်း သတ်တော့မယ့်ပုံနဲ့ ထောင်မကျ၊ ကျအောင် တရားစီရင်။ တိုင်းပြည် သယံဇာတတွေ ဗြောင်ခုတ်၊ မလွှဲသာလို့ဖမ်း၊ အရေးယူ၊ တရားစီရင်၊ တစ်ကျွန်းချ၊ ခုတော့ ထောင်ဒဏ် ၈ ရက်လောက်နေရပြီး လွတ်ငြိမ်းခွင့်နဲ့ တရုတ်ပြည်တောင် ပြန်ပို့ပေးသတဲ့။

သမ္မတဆိုသူက တရုတ်လောက်ပဲ အရေးစိုက်တာဗျ။ တရုတ်မျက်နှာရဖို့ဆိုရင် ဘာမဆို လုပ်တယ်ဆိုတာ ထင်ရှားနေပြီ။ ကျောင်းသားလေးတွေကိုကျတော့ ပြစ်မှုတွေဆင်၊ တရားရုံးတွေမှာဆင့်ခေါ်၊ ထောင်ချဖို့ပြင်၊ ငါလွှတ်ချင်တဲ့သူ ငါ့ဘာသာလွှတ်တာ ဘာဖြစ်သလဲဆိုတာ ကျွန်တော်တို့ သမ္မတပါခင်ဗျာ။ အဲဒါ ပြည်သူ့ သမ္မတလို့ပြောရင် ပြောတဲ့ပါးစပ် တစ်ခုခုနဲ့ အဆို့ခံထားရလို့ဖြစ်မှာ။

၃၁.၇.၂၀၁၅
Tin Nyunt

ရေနံချောင်းမြို့နယ် ၊ ဝက်လွတ်ကျေးရွာ အုပ်စု အတွင်းရှိ သူဌေးကုန်း ၊ သန္ဗန္တင် ၊ သျှားတော ၊ လမ်းကူး နှင့် ကုန်းသောင်ကျေးရွာများတွင် ဧရာဝတီမြစ်ရေနှင့် မုန်းချောင်း တို့မှ အချိန်တိုအတွင်း ရေကြီးမြင့်မှုဖြစ်ပေါ်နေသည့်အပြင်
ရာသီဥတုဆိုးရွာ၍ လယ်ယာ၊ ကိုင်းကျွန်းသုးံ ကျွဲနွားများ ဘေးလွတ်ရာသို့ ပြောင်းရွေ့နိုင်ရေး အခက်အခဲ တွေ့နေရသဖြင့် ရေထဲတွင် ပုံပါအတိုင်း အနည်းငယ်သာကျန်ရှိနေသေးသော ကုန်းမြေနေရာအနည်းငယ်တွင်သာ စုစည်းထားရလျက်ရှိပါသည်။ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များမှ လူကိုသာ ကယ်တင်ပေးနိုင်ကြောင်းနှင့် ကျွဲနွား တိရိစ္ဆာန်များအား ပြောင်းရွေ့မပေးနိုင်ကြောင်းပြောကြားသဖြင့် ရွာသူရွာသားများမှာ အားကိုးရာမဲ့ အတိဒုက္ခရောက်လျက်ရှိပါသည်။ရေနံချောင်းဖက်ကမ်းတွင် တွန်းသင်္ဘော ၂စင်း အသင့်ဆိုက်ကပ်ထားပြီး ဘေးအန္တရာယ်များကြုံတွေ့လာပါက ဖုန်းဆက်ရန်ဖြေကြားထားသော်လည်း လယ်ယာစိုက်ပျိုးရေးအတွက် အသက်တစ်မျှအရေးကြီးသည့် ကျွဲနွားတိရိစ္ဆာန်များအား မကယ်တင်ပေးနိုင်ကြောင်း ပြန်လည်ပြောကြားပါသည် ။ ဆင်းရဲသားတောင်သူများအနေဖြင့် လယ်ယာသုံး စက်ပစ္စည်းများကိုလည်းမသုံးစွဲနိုင်သောကြောင့် ကျွဲနွားတိရိစ္ဆာန်များသည်သာ သူတို့အသက်ဖြစ်ပါသည်။ရေပြန်ကျသွားသော်လည်း ကျွဲနွားတိရိစ္ဆာန်များမရှိတော့ပါ သေဖွယ်ရာသာရှိပါသည်။ ခုလက်ရှိ ရေ ၊ ဆေးဝါး ၊ အစားအစာ ၊ နေစရာနေရာ နဲ့ အဝတ်အထည်တွေလိုအပ်နေပါတယ် ။

Credit - Ant Min Khant


မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ရေကြီးရေလျှံမှုများကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှအပ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတို့တွင် ရေဘေးအန္တရယ်များ တွေ့ကြုံနေရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ခန့်မှစ၍ ရေကြီးရေလျှံမှုများ၊ တောင်ပြို မြေပြိုမှုများဖြစ်ပွားကာ ပြည်သူလူထု သိန်းဂဏာန်းပမာဏမှာ ရေဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသည်။ အရေးပေါ်အကူအညီများ အလျင်အမြန်လိုအပ်နေပြီဖြစ်သည်။

သို့သော် ယခုဖြစ်ပေါ်နေသော ရေဘေးဒုက္ခနှင့်ပတ်သက်၍ (၁) ရေဘေးအန္တရယ်ကြောင့် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းအပါအ၀င် ယခုဖြစ်စဉ်နှင့်ပတ်သက်သော အချိန်မီသတင်းထုတ်ပြန်မှု အားနည်းခြင်း (၂) ရေဘေးအန္တရယ်အတွက် အချိန်မီ ကြိုတင်ကာကွယ်နိုင်သော အစီအမံနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်း (၃) လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ရေဘေးဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး အစီအမံများ အားနည်းနေခြင်း စသည့် အစိုးရ၏ နှောင့်နှေးနေမှုများအပေါ် ဝေဖန်မှုများရှိနေသည်။ ယခုဖြစ်ပေါ်နေသော ရေဘေးအန္တရယ်ကြောင့် ဒါဇင်နှင့်ချီသော လူများ ပျောက်ဆုံးခြင်းနှင့် သေဆုံးခြင်းများ ရှိနေကြောင်း စုံစမ်းသိရှိရပါသည်။

(အသေးစိတ်သတင်းအချက်အလက်များ ဆက်လက်ဖော်ပြသွားပါမည်)
.
Credit : Eleven Media Group