08/07/15



ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ထဲက ရွာမနဲ့ ကျောင်းစုကျေးရွာတွေမှာ နေအိမ်အတော်များများ ရေနစ်မြုပ်နေတဲ့အတွက် ဒေသခံရွာသားတွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရသလို၊ ရေမနစ်သေးတဲ့ အိမ်အထပ်ခိုးတွေမှာ နေကြသူတွေလည်း ရှိနေပါတယ်။ အဲဒီကျေးရွာတွေကို အကူအညီမရောက်ရှိတဲ့အတွက် အရေးပေါ် သောက်သုံးရေလိုအပ်နေပါတယ်။ RFA သတင်းထောက် မမေသဒ္ဓါက တင်ပြထားပါတယ်။

RFA MyanmarVideoChannel



ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ရေလွှမ်းမိုးခံနေရတဲ့ ကျေးရွာ ၆ဝ ကျော်က ဒေသခံအမျိုးသမီးတွေနဲ့ ကလေးတွေဟာ မြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ ရေးဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။

RFA MyanmarVideoChannel


 နိုင်ငံတ၀န်းက ရေဘေး ပြန်လည်ထူထောင်ရေး အတွက် သတင်းအချက်အလက် မှန်မှန်ကန်ကန် ရဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်ပါတယ်။ ရေဘေးသင့်ဒေသတွေက လိုအပ်တဲ့ အကူအညီတွေကို သတင်း အချက်အလက် တွေ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပေးပို့ ကူညီကြနဲ့ ပြည်သူ ၃ သိန်းကျော် ရေဘေးသင့်နေချိန်မှာ နိုင်ငံတ၀န်း ပြန်လည်ထူထောင်ရေးမှာ တတပ်တအား ပါဝင် လုပ်ကိုင်မယ် လို့လည်း ပြောဆိုခဲ့ပါ တယ်။ ရေဘေး သင့်သူတွေရဲ့ နောက်ဆုံးရ အခြေအနေတွေကို မသိဂီ င်္ထိုက်က စုစည်း တင်ပြထားပါတယ်။

နိုင်ငံတ၀န်း ရေဘေးသင့်သူ အရေအတွက် ၃သိန်းခွဲ နီးပါးကို ရောက်ရှိ လာပြီး သေဆုံးသူတွေလည်း တိုးလာနေပါတယ်။ ရေပြန်ကျ လာပြီး နောက်ပိုင်း ဝေးလံခေါင်သီတဲ့ ဒေသတွေ အပါအ၀င် ရေဘေးသင့် ဒေသကြီး တခုလုံးကို ခြုံငုံပြီး ပြန်လည်ထူထောင်ရေး အစီအမံတွေ ချမှတ်နိုင်ဖို့ အတွက် မှန်ကန်တဲ့ သတင်း အချက်အလက်တွေ စုဆောင်း ပေးပို့ကြဖို့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ပန်ကြား လိုက်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ မှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရဖို့က သိပ်ကို အရေးကြီးတယ်လို့လည်း သူမက အလေးအနက် ပြောကြားခဲ့ပါတယ်။

"အထိရောက်ဆုံး ကျမတို့အတွက် အရေးကြီးဆုံး အကူအညီ တခုကတော့ မှန်ကန်တဲ့ သတင်း အချက်အလက် တွေ ရဖို့ပါပဲ။ ဘယ်နေရာတွေမှာ ဘယ်လို အခက်အခဲတွေဖြစ်နေတယ်။ ဘယ်လိုအကူအညီတွေ လိုနေတယ်ဆိုတာ ကျမတို့ သိဖို့လိုပါတယ်။ အဲ့လိုသိမှသာလျှင် တကယ်လိုအပ်တဲ့ နေရာကို လိုအပ်တဲ့ အကူအညီတွေ ပို့နိုင်မှာဖြစ်ပါတယ်။"

ဒီနေ့ဆိုရင် ကျမတို့ ဧရာဝတီတိုင်း ညောင်တုန်းဘက်ကို အသက်ကယ်လှေ သုံးစီးပို့လိုက်ပါပြီ။ နောက် အစီးသုံးရာအထိပို့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် ကျမတို့ အသက်ကယ်အင်္ကျီတွေလည်း ပို့ပါမယ်။ နောက် ရေသန့်နဲ့ ဓာတ်ဆားရေ စသည်ဖြင့် ပေါ့နော်။  ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေလည်း ပို့ပါမယ်။ ဆန်တွေကတော့ ကျမတို့က အခုကတည်းက ကြိုတင်ပြီးတော့ ဧရာဝတီတိုင်းမှာ ကျမတို့က လုံလုံလောက်လောက် စုစည်းထားပြီးပါပြီ။ အဲ့တော့ ဆန်အတွက်တော့ မပူရပါဘူး။ ကျမတို့ တတ်နိုင်သမျှ ဖြန့်ချီပြီးတော့ ကူညီမှာဖြစ်ပါတယ်။ "

 ရေပြန်ကျလာပြီး ဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ၊ ကျေးရွာ စာရင်းတွေကို ဒေသဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီရုံးတွေထံ ပေးပို့ပြီး ရေဘေး ပြန်လည်ထူထောင်ရေး အတွက် ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အရေးပေါ် အကူအညီတွေ ပြန်လည်ထူထောင်ရေး အတွက် အစိုးရ တရပ်ရဲ့ တာဝန်ဆိုပေမယ့် သူမအနေနဲ့လည်း တတပ်တအား ပါဝင် လုပ်ကိုင်လိုပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။

နိုင်ငံတကာနဲ့ ဒေသတွင်းက ရေဘေးသင့်သူတွေ အတွက် အကူအညီတွေ ၀ိုင်းဝန်းပေးနေကြသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အနေနဲ့ ရေဘေးသင့်သူတွေကို အရေးပေါ် အကူအညီတွေ ပေးနေ တာ ဖြစ်ပြီး နောက်ပိုင်း ပြန်လည် ထူထောင်ရေး အတွက် စီမံကိန်းတွေ ချမှတ်ဖို့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ ပြည်သူကို တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ အရေးပေါ် အခြေအနေမှာ ပြည်သူ တရပ်လုံးရဲ့ စည်းလုံးမှု အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုပါတယ်။

"အခုလိုပေါ့နော် နိုင်ငံကနေပြီးတော့ ပြသနာကြီးကြီးတခုနဲ့ရင်ဆိုင်ရတယ်ဆိုလို့ရှိရင် အရေးကြီးပြီ သွေးစည်းကြစို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးက ပါဝင်ကြတဲ့အတွက် ကျမအနေနဲ့ အင်မတန်မှ အားတက်ရပါတယ်။ ဒီလိုပဲ ဆက်ပြီး လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။  "

လနဲ့ချီ ကြာမြင့်လာခဲ့ပြီ ဖြစ်တဲ့ နိုင်ငံတ၀န်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုတို့က ရေဘေးကြောင့် သြဂုတ်လ ၅ ရက်နေ့ အထိ သေဆုံးသူ ၇၄ ဦးထိ တိုးလာပြီး ဘေးသင့်ပြည်သူကလည်း ၃ သိန်းခွဲ နီးပါး ရှိခဲ့ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ကျ ၀န်ထမ်းတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရေဘေးသင့်အိမ်ထောင်စုပေါ့နော် အိမ်ခြေ မျောပါပျက်စီးသွားတာ ၇၁၇၆ ရှိပါတယ်ရှင်။ ပြောင်းရွှေ့ပေးထားတာ ၅၃၀၄၂ပါရှင်။ လူဦးရေ စုစုပေါင်းကတော့ သုံးသိန်းသုံးသောင်းနဲ့ တစ်ရာကိုးဆယ့်တစ်ပါရှင်။ အဲ့တာက ဘေးသင့်တဲ့ လူဦးရေ စုစုပေါင်းပေါ့နော်။ သေဆုံးတဲ့လူဦးရေကတော့ ၇၄ယောက်ရှိပါပြီရှင်။ "

လတ်တလောမှာတော့ ကုလ အပါအ၀င် နိုင်ငံတကာက အကူအညီတွေ၊ ပုဂ္ဂလိက အလှုရှင်တွေရဲ့ လှုဒါန်းမှုတွေကို မြန်မာ တပ်မတော်နဲ့ ပုဂ္ဂလိက လေကြောင်းလိုင်း တချို့က သယ်ယူပို့ဆောင်ရေးကို ကူညီပြီး ရေဘေးသင့် ဒေသတွေ ကို ဖြန့်ဝေပေးနေပါတယ်။ ဒါပေမယ့် ရေဘေးကြောင့် အဓိက ကုန်းလမ်းရေလမ်း အဆက်အသွယ်တို့ ပြတ်တောက်ခဲ့တာကြောင့် ဝေးလံ ခေါင်သီတဲ့ ဒေသတွေထံကိုတော့ လက်လှမ်းမမီ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ မစုစုနွေးကိုဒီကနေ့မှာ ဒုတိယမြောက်အဖြစ် တရားရုံးထုတ်ခဲ့ပါတယ်။
မစုစုနွေးအတွက် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥပဒေရေးရာဌာနမှ ဦးကျော်စွာထွန်း၊ ဒေါ်သူဇာဝင်းမော်နဲ့၈၈မျိုးဆက်ဥပဒေရေးရာဌာနမှ ဒေါ်ဥမ္မာခင်၊ ဒေါ်မို့မို့သော်တို့က
အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

တရားလိုပြသက်သေအဖြစ်တပ်ကြပ်ကြီးနှစ်ယောက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ယောက်တို့ကိုစစ်မေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့အမှုစစ်ရဲအရာရှိကိုစစ်မေးခဲ့ပါတယ်။အမှုစစ်ရဲအရာရှိရဲ့လိမ်လည်ထွက်ဆိုချက်တွေကြောင့်
မစုစုနွေး စိတ်ထိခိုက်ခံစားခဲ့ရပြီးဒေါသတွေ ပေါက်ကွဲခဲ့ပါတယ်။

ဒါ့ကြောင့် တရားခွင်အပြီးမှာတော့ စစ်အာဏာရှင်စနစ် လွှမ်မိုးနေဆဲဖြစ်တဲ့ဒီစနစ်ဆိုးကိုသူ့အသက် ရှင်နေသမျှ အသေခံတိုက်ပွဲဝင်သွားမယ်လို့လည်းကြုံးဝါးခဲ့ပါတယ်။ အစာအငတ်ခံတိုက်ပွဲဝင်မယ်လို့လည်းကြွေးကြော်ခဲ့ပါတယ်။
ကျနော်အပါအဝင်သူ့မိသားစုနဲ့သမဂ္ဂအဖွဲ့ဝင်တွေကဖျောင်းဖျကြပါသေးတယ်။ဒါပေမဲ့ ဖျောင်းဖျခွင့်အချိန်လေးကတိုတောင်းလှတာမို့ သူ့ရဲ့ဆုံးဖြတ်ချက်ဘယ်လိုရှိမယ်ဆိုတာကျနော်တို့ အသေချာမသိနိုင်ခဲ့ပါဘူး။

မစုစုနွေးမှာ နှလုံးရောဂါအခံကလည်းရှိထားပါတယ်။ပဲခူးထောင် ဆိုတာကလည်း (ဂ)အဆင့်ထောင်သေးလေးသာဖြစ်တာမို့ဆေးဝါးကုသမှုနဲ့ အထွေထွေလိုအပ်မှုတွေကလည်းရှိနေနိုင်ပါတယ်။
ဒါ့ကြောင့် မစုစုနွေးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကိုစိုးရိမ်နေရပါတယ်။
နောက်တစ်ပတ်ရုံချိန်းကတော့ သြဂုတ်လ ၁၁ ရက်နေ့ပါ။

စိုးရိမ်မှုတွေကြားထဲကဝမ်းသာစရာတစ်ခုကတော့ ဇူလိုင်လ ၂၂ရက်နေ့ကမစုစုနွေး သွားရောက်ဖြေရှင်းပေးခဲ့ရတဲ့ ညောင်လေးပင်မြို့က လယ်ယာမြေပြဿနာ
တစ်ခုပြေလည်သွားခဲ့ပါတယ်။ ညောင်လေးပင်မြို့က လယ်သမားကြီးကိုယ်တိုင်
ပဲခူးမြို့တရားရုံးကိုရောက်လာပြီးမစုစုနွေး ကူညီဆောင်ရွက်ပေးလို့ ဒီကနေ့မှာပဲ
လယ်ယာမြေ ၂၂ဧက ပြန်လည်ရရှိကြောင်းပြောကြားသွားပါတယ်။

ခရက်ဒစ်-Kyaw Kyaw Htwe

ရေဘေးသင့် အကူအညီတွေ အပူတပြင်း လိုအပ်နေ
 မြန်မာနိုင်ငံ တဝှမ်း ပြည်နယ် အတော် များများမှာ ရေကျ သွားပေမယ့် စားဝတ် နေရေးအတွက် အခက်အခဲ တွေ ရှိနေသလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို စပြီး ခံစားနေရပါပြီ။

ရေဘေးသင့်ခဲ့တဲ့ ဒေသတွေမှာ အစိုးရရော အရပ်ဘက် အဖွဲ့အစည်း တွေပါ ကူညီခဲ့လို့ အစားအသောက် အတွက် အဆင်ပြေ ပေမယ့် ရေကျသွားလို့ အိမ်ပြန်သူ တွေမှာ လုပ်ကိုင် စားသောက်ရတဲ့ နွားတွေ မရှိ တော့တာ ပစ္စည်းပစ္စယ တွေ ဆုံးရှုံး တာတွေကြောင့် အခက်တွေ့ နေကြပါပြီ။

မကွေးတိုင်း ပွင့်ဖြူနဲ့ စေတုတ္တရာ ဘက်တွေမှာ မသန့်ရှင်းတဲ့ ရွှံ့ရေ တွေကြောင့် ရေသန့် ဆေးပြားတွေ၊ ရေသန့်စက် တွေနဲ့ ဝမ်းရောဂါ ကြိုတင် ကာကွယ်ရေးဆေးတွေ လိုသလို အဆိပ်ရှိတဲ့ မြွေတွေ အကိုက်ခံရပြီး သေဆုံးသူ တွေ ရှိနေလို့ မြွေဆိပ်ဖြေဆေး အများဆုံး လိုနေတယ်လို့ ကွင်းဆင်း ကူညီနေတဲ့ ရန်ကုန် နာရေးကူညီမှု အသင်း တာဝန်ခံ ကိုဝေယာအောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက အစိုးရ အကူညီ မယူဘဲ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ နဲ့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီများ ဖက်ဒရေးရှင်း နဲ့ပေါင်းပြီး ပြန်လည် ထူထောင်ရေး တွေ လုပ်မယ် လို့ ကြက်ခြေနီ ဒုတိယ ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ဆိုပါတယ်။

ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေး အတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတကာကို ဗီဒီယိုဖိုင် ကတဆင့် မေတ္တာ ရပ်ခံခဲ့ပါတယ်။

ရေဘေးသင့် ခဲ့တဲ့ ပြည်သူတွေ အနေနဲ့ ဘယ်လို ကူညီမှုတွေ လိုအပ်သလဲ နယ်မြေခံ NLD တွေက တဆင့် ချိတ်ဆက် သတင်းပို့ပြီး အစိုးရ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ရဲ့ အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဥမ္မာက ပြောပါတယ်။

သီတဂူ ဆရာတော်နဲ့ အလိုတော်ပြည့် ဆရာတော် တို့ ဦးဆောင်တဲ့ ပရဟိတ အဖွဲ့တွေ ကလည်း နိုင်ငံတကာနဲ့ ချိတ်ဆက် အကူအညီ တွေ တောင်းခံပြီး ကူညီ သွားမယ် လို့ မိန့်ပါတယ်။

အိန္ဒိယ နိုင်ငံက လေယာဉ်က ၃ စီးနဲ့ ဆန် တန်ချိန် ၁ဝဝ၊ ခေါက်ဆွဲထုပ် တသောင်း၊ ရေသန့်ဆေး၊ ဝမ်းရောဂါ ကုဆေးနဲ့ အခြား အသက်ကယ်ဆေး ၁၀ တန် ပို့လိုက်တယ် လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး က ထုတ်ပြန် ပါတယ်။

တရုတ်ပြည် ယူနန် အစိုးရက ရွှေလီ မူဆယ်နယ်စပ်က တဆင့် ကုန်ကား ၁၄ စီးနဲ့ အကူအညီတွေ ပို့လိုက်တယ်လို့ တရုတ်သံရုံး က ထုတ်ပြန်ပါတယ် ။

BBC Burmese
http://www.bbc.com/burmese

ဟင်္သာတက ကျေးရွာတွေ ရေမြုပ်နေ
  ဧရာဝတီမြစ် အောက်ပိုင်း ဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း စတဲ့မြို့နယ် တွေမှာ မြစ်ရေဟာ စိုးရိမ် စရာ မြင့်တက် နေဆဲ ဖြစ်ပါတယ်။

ဟင်္သ࿿ာတမြို့နယ်မှာ ကျေးရွာ ၂၂ရွာ ရေမြုပ်နေပြီး၊ ဧရာဝတီ မြစ်ကမ်းမှာ ကာထားတဲ့ တာရိုးတွေ ကျိုးမှာကို ဒေသခံတွေက စိုးရိမ်နေ ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဟင်္သာတနဲ့ ညောင်တုန်း မြို့မှာ စိုးရိမ်ဖွယ်ရာ အခြေ အနေ ရှိနေတယ်လို့ ပြောဆိုပြီး သဘာဝ ဘေး အန္တရာယ်ကျရောက်လာရင် တားဆီး မရနိုင်တဲ့ အတွက် ဘေးကင်းရာကို ကြိုတင် ရွှေ့ပြောင်း ကြဖို့ သူ့ရဲ့ လစဉ် မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

သြဂုတ်လ ၆ ရက် နေ့လည်ပိုင်း တိုင်းထွာချက် တွေအရ ဟင်္သာတမြို့ရဲ့ အန္တရာယ်ရှိတဲ့ ရေမှတ် ၄၈ ပေကို ရောက်ဖို့ လက်မဝက် သာလို ပါတော့တယ်။

ဒါပေမယ့် ဧရာဝတီ မြစ်ရေ မဝင်အောင် ကာရံထားတဲ့ တာရိုးတွေတော့ မကျိုးနိုင်ဘူးလို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးက တာဝန်ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း ဟင်္သာတမြို့ကို ရောက်ရှိလာ ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြည့်ရှုလေ့လာ ခဲ့ပါတယ်။

မြို့ပေါ်မှာ လူတွေ ရွှေ့ပြောင်းရတဲ့ အခြေအနေ မရှိသေးပေမယ့် ကျေးရွာတွေမှာ တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ တွေလိုအပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမှာ ရေကျသွား ပေမယ့် အိမ်တွေ ပျက်စီး
ရခိုင်ပြည်နယ် မှာလည်း စစ်တွေနဲ့ မြောက်ဦးမြို့တွေမှာ ကူညီကယ်ဆယ်ရေး တွေ လုပ် နေတဲ့အခြေအနေ တွေကို သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ကျေးရွာတွေမှာတော့ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးဝါးတွေ လိုအပ်ဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့ အထိ သိရတဲ့ အချက် အလက်တွေ အရ ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံ တဝန်း စိုက်ဧက ၅ သိန်းကျော် ရေမြုပ်သွားခဲ့တယ်လို့ ဆန်စပါး လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/burma/2015/08/150806_flood_updatehttp://www.bbc.com/burmese/burma/2015/08/150806_flood_update

၆-၈-၂၀၁၅
နံနက်(၇း၄၄)နာရီ။

မြန်မာနိုင်ငံမြောက်ဖျားနဲ့တောင်ပိုင်းဒေသတွေမှာသာ မိုးအကောင်းဆုံးဖြစ်နေပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း တို့မှာသာ ရေဖုံးလွှမ်းမှုအန္တရာယ် မြင့်မားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်(ကျောက်ဖြူမြိုနယ်)မှာလည်း ရေတွေဖုံးလွှမ်းနေဆဲပါ။

ကျန်ဒေသတွေမှာမိုးအားတွေလျော့ကျလာနေတာကတော့သတင်းကောင်းပါ။ လက်ရှိမြစ်ဝကျွန်းပေါ်ဒေသကိုတိုးဝင်နေတဲ့ရေအားလျော့သွားရင်တော့ လက်ရှိအခြေအနေဟာ လျော့ကျသွားဖို့ရှိပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ ရန်ကုန်တိုင်းအဖို့အရေးအကြီးဆုံးက တရိပ်ရိပ်တက်နေဆဲဖြစ်တဲ့ရေအားကို
တောင့်ခံထားပေးနေရတဲ့ တာတွေ၊ တမံတွေ၊ ရေလှောင်ကန်တွေ မကျိုးမပေါက်ဖို့ ၀ိုင်းဝန်ကာကွယ်ကြဖို့ အလွန်အရေးကြီးပါတယ်။

ကျိုးပေါက်ခဲ့ရင်တော့ လယ်တွေ၊ ငါးကန်တွေ၊ လူနေအိမ်တွေ အားလုံးအပျက်အစီးများနိုင်ပါတယ်။
အဓိကပြောချင်တာကတော့ နောက်ထပ်မိုးမများတော့တဲ့အတွက် ဒီရေထိုးစစ်ကို ကျော်လွှားနိုင်ဖို့
အလားအလာအလွန်ကောင်းပါတယ်။

မြစ်ဝကျွန်းပေါ်သားတို့ရဲ့ အားမာန်၊စည်းလုံးညီညွှတ်မှု၊ အတွေ့အကြုံများမှုတွေကို ဒီ ဒုတိယရေထိုးစစ် (Second Flood Wave) ကိုကျော်လွှားနိုင်ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်

winmyint-nld-620.JPG NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် ဟောပြောနေစဉ်

လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စား လှယ်လောင်းစာရင်းမှာ ကိုယ်စားလှယ် ၁၉ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးအခြေအနေအပါအဝင် ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းနိုင် သူတွေကို ပြောင်းလဲအစားထိုးတာဖြစ်တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောပါတယ်။

"ကျန်းမာရေးကြောင့်ပေါ့ဗျာ၊ တချို့ကလည်း ၁ဝ နှစ် တဆက်တည်းမရှိလို့ပေါ့ဗျာ၊ တချို့ကလည်း အမှုအခင်းလေးတွေ မပြီးသေးလို့ဗျာ၊ အဲ့ဒါကြောင့်မို့ သူတို့ဘာသာ သူတို့နှုတ်ထွက်ကြတာ၊ ကျနော်မှတ်မိသလောက် ရှမ်းလည်းပါတာပဲဗျ၊ မန္တလေးလည်းပါတာပဲဗျ၊ ရန်ကုန်လည်းပါတယ်ပဲ၊ ပဲခူးနဲ့ မကွေးလည်းပါတာပဲ "

ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာအောင်သူကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) က အမျိုးသားလွှတ်တော်နေရာမှာ တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။ NLD ပါတီဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက မဲဆန္ဒနယ် ၁၁၃၃ နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို သြဂုတ်လ ၁ ရက်နေ့က ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ သုံးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲကမှ တရားရုံးနဲ့အမှုအခင်းကင်းလွှတ်သူ၊ အစိုးရနဲ့ငွေကြေးအရှုပ်အရှင်းကင်းသူ၊ ပြည်တွင်းမှာ ၁၀ နှစ်ကြာ တစ်ဆက်တည်းနေထိုင်သူ၊ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူ စတဲ့အချက်တွေကို အခြေခံပြီး မြို့နယ်၊ တိုင်းနဲ့ဗဟိုအဆင့်က အဆင့်ဆင့်ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

NLD ပါတီက ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်ရာမှာ လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးကိုကိုကြီးတို့ မပါဝင်တာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

RFA

လူတွေကိုလန်းဆန်း
သစ်ပင်တွေကိုစိမ်းလန်း
တောင်တန်းတွေကိုအံ့မခန်းအောင်
ပို့ဆောင်ပေးတဲ့မိုး
အကျိုးတွေတိုးလို့
အမျိုးတွေအားကိုးရတဲ့မိုး…။

မိုးကိုမျော်သည် မျှော်သည် မျော်သည်
ပျော်သည် ပျော်သည် ပျော်သည်
မိုးရွာတော့ပျော်သည်….။

ဒီသီချင်းလေးက နားဝမှာအေး
ရင်မှာနွေးသမို့ မိုးမင်းသမီးလေးကို
ကိုယ်အချစ်ပိုခဲ့သည်…။

မိုးမရွာလျှင်မျှော် ရွာလျှင်ပျော်
မိုးကိုမျှော်တွေး ချစ်သူလိုငေး
မိုးအေးအေးမှာ ဆွေးနေရတာ
အရသာ တစ်မျိုးပါမိုး…။

ခုတော့ ကိုယ်ချစ်ရသောမိုးက
ဘယ်အညှိုးနဲ့ တိုးလို့ရွာဖြိုး
စစ်မိုးအိမ်ချိုးခဲ့တဲ့ကဗျာတစ်ပုဒ်လို
ခြေကုပ်စရာ ကြွေနွမ်းလို့
ရေမြှုပ်ကာ အမေတမ်းရင်း
စေတုတ္ထရာမှာ ရေလွှမ်းပြီ။
အထုပ်အပိုး အသင့်မယူနိုင်
ကျုပ်အမျိုး ဆင့်ပူဖြိုင်
ပွင့်ဖြူခရိုင်လည်း ရေမျောပြီ…။

ဖြေမဆည်နိုင်ခွေယိုင်လဲလို့
မြေမဟီစိုင် ရေအိုင်ဝဲသမို့
ကွဲခဲ့ရတဲ့သမီးသား ထားခဲ့ရတဲ့အဖိုးဖွား
ကြေပျက်သွားတဲ့နေအိမ်များ
ရင်မှာတမြေ့မြေ့ခံစား ဘ၀တွေပျက်လို့သွား
ရက်စက်သလားမမေးနဲ့
ဒီတသက်မေ့မသွား မိုးရဲ့အညှိုးကြီးပုံများ…။

တက္ကသိုလ်ဘုန်းကြွယ်(သြဂုတ် ၄ ၁၅)


မြန်မာနိုင်ငံဒေသအနှံ့ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ဥရောပသမဂ္ဂ(အီးယူ)က ယူရိုငွေ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၀ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့လည်း စတာလင်ပေါင် ၅ သိန်း (အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီသွားမယ်လို့ ယူကေအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)အနေနဲ့ မြန်မာနိုင်ငံမှ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းက လူပေါင်း ၄၈,၀၀၀ ကျော်ကို အာဟာရစွမ်းအားမြင့်မားတဲ့ ဘီစကွတ် တွေ ပေးအပ်ခဲ့ပြီးဖြစ်သလို လူပေါင်း ၂၀,၀၀၀ ကိုလည်း တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း ထုပ်တွေနဲ့ရေသန့်စင်ပစ္စည်းတွေကို ပံ့ပိုးပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၀န်ကြီး ဘာရွနက်စ်ဘာမာက“မြန်မာနိုင်ငံက ရေကြီးမှု၊ မြေပြိုမှုဒဏ်အသီးသီးကိုခံစားခဲ့ကြရတဲ့သူတွေအတွက် ကျွန်မတို့အရမ်းစိတ်မကောင်းဖြစ်ရပါ တယ်။သဘာဝဘေးအန္တရာယ်အတွက် ကျွန်မတို့ရဲ့ စီမံချက်က အစားအသောက်နဲ့ တခြား အ ရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေ လူတွေလက်ထဲကိုမြန်မြန်ရောက်ရှိရေးပဲဖြစ်ပါတယ်။ အခု ထော က်ပံ့လိုက်တဲ့ ငွေကြေးက နိုင်ငံတစ်လွှား ပိုမို ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို ရေကြီးမှုဒဏ်ကို ခံလိုက်ရသူတွေ ပြန်လည် နာလန်ထူလာနိုင်ပြီး သူတို့ဘ၀ သူတို့ ပြန်လည် တည်ဆောက်လာနိုင်အောင် ပံ့ပိုးပေးသွားမှာပါ။ အခြေအနေကို ကျွန်မတို့ ဆက်ပြီး စောင့်ကြည့်နေမှာဖြစ်သလို၊ ဗြိတိသျှ အစိုးရကလည်း ဒီလို ဆိုးရွားတဲ့ အခြေအနေမှာ မြန်မာလူထုကို ကူညီပံ့ပိုးသွားဖို့ အသင့်ရှိနေပါတယ်”လို့ ပြောပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း USAID ရဲ့ပြည်ပကပ်ဘေး ကူညီရေးဌာန(OFDA)မှတ ဆင့် အမေရိကန်ဒေါ်လာ ၆ သိန်းထောက်ပံ့ကူညီပေးမယ်လို့ ဒီကနေ့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဘေးဒဏ်သင့်လူ့အဖွဲ့အစည်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှ အဖွဲ့တဖွဲ့က ဒေသဆိုင်ရာဝန်ထမ်းတွေ၊ အတူလက်တွဲ လုပ်ဆောင်နေကျ အဖွဲ့အစည်းတွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ဆက်လက်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်းအကောင်းဆုံး ကူညီနိုင်ဖို့ လက်တွဲဖော်အဖွဲ့အစည်း တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ သြစတေးလျနိုင်ငံက ဒေါ်လာ ၂ သန်း၊ နော်ဝေက ဒေါ်လာ ၁ဒသမ ၂သန်း မြန်မာရေဘေးကူညီဖို့ ကမ်းလှမ်းထားပြီး တရုတ်က ဒေါ်လာ ၃ သိန်း၊ စင်ကာပူကြက်ခြေနီက ဒေါ်လာ ၁သိန်း ၊ မလေးရှား ပက်ထရိုနပ်စ်ရေနံကုမ္ပဏီက ဒေါ်လာ ၁သိန်းခွဲ ၊ ထိုင်းက ဘတ် ၅သန်းနဲ့ ကမ္တာဒီယား နိုင်ငံကလည်း ဒေါ်လာ ၁ သိန်း လျူဒန်းတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရက ရေဘေးအတွက် နိုင်ငံတကာအကူအညီတွေ လက်ခံနေသလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရေဘေး ကယ်ဆယ်ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရန် နိုင်ငံတာ အသိုင်းအ၀န်းကို ပန်ကြားထားပါတယ်။

By DVB
http://burmese.dvb.no/archives/106386

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.