08/11/15


  ၂၀၁၅-ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ ညနေ(၆း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅/၁ နှင့် ၁၀၅/၂ ကြား ရန်ကုန်မှ နေပြည်တော်သို့ (အသွားလမ်း)၌ ဦးသန့်ဇော်ထွန်း၊ (ဘ)ဦးတင်ထွန်း၊ အသက်(၄၀)နှစ်၊ လားရှိုးမြို့နေသူ မောင်းနှင်လာသော ရန်ကုန်-လားရှိုး "ရွှေလီဦး" ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်အမှတ် 4D-3075 မှာ မိုင်တိုင်အမှတ် ၁၀၅/၀ နေရာမှ စတင်ကာ ယာဉ်၏ထိန်းချုပ်မှုစနစ် တစ်ခုခုချို့ယွင်း၍သော်လည်းကောင်း၊ ယာဉ်မောင်းသတိလက်လွတ်ဖြစ်၍သော်လည်းကောင်း၊ ရုတ်တရက်အရှိန်မထိန်းနိုင်၍သော်လည်းကောင်း လမ်းလယ်ကျွန်းပေါ်တွင် တောက်လျှောက်မောင်းသွားပြီး မိုင်တိုင်အမှတ် ၁၀၅/၂ နေရာအရောက်တွင် Manhole အား တိုက်မိကာ (၃)ပတ်ခန့်လိမ့်ပြီး ပက်လက်လန်တိမ်းမှောက်သည့် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။


  ယာဉ်တိုက်မှုကြောင့် ရွှေလီဦး ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင်ပါရှိသူ ယာဉ်မောင်းအပါ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၅)ဦး ပါရှိပြီး အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၅)ဦးအနက် (၇)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပါသည်။ အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁၀)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား(၃)ဦး၏ ဒဏ်ရာမှာ (စိုးရိမ်ရ)ဖြစ်ပါသည်။ ဒဏ်ရာရ လူနာများအား ဖြူးမြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပါသည်။


  အဆိုပါဖြစ်စဉ်တွင် 4D/3075 ရွှေလီဦး ခရီးသည်တင်မှန်လုံယာဉ်မှာ ရှေ့/နောက်/၀ဲ/ယာ လေကာမှန်ကွဲ၊ အမိုးပိန်ချိုင့်၊ ရှေ့ဘန်ဘာပျက်စီး၊ ကိုယ်ထည်ဝဲဘက်ခြမ်းပိန်ချိုင့် ပျက်စီးသွားခဲ့ပြီး အမြန်လမ်းမကြီးမှာ လမ်းလယ်ကျွန်းရေမြောင်း (၆၀)ပေ၊ Road Curb (၆၀)တုံးနှင့် Manhole (၁)ခု ပျက်စီးသွားခဲ့ပါကြောင်းနှင့် ၎င်းဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad



 လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အားအကြမ်းဖက်ဖြိုခွဲမှု အတွက် တာဝန်ရှိသူ ရဲမှူးနှစ်ဦးအား တရားပြန်စွဲရန် လျှောက်ထားမှုအား သာယာဝတီတရားရုံးမှ ပယ်ချကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် မတ်၁၀ရက်က ဖြစ်ပွားခဲ့ သည့် ကျောင်းသား သပိတ်စစ်ကြောင်း အား အကြမ်းဖက်ဖြိုခွဲမှုကိစ္စအား သာယာဝတီတရား ရုံးတွင် အမှုစစ်ဆေးရာတွင် တရား မမျှတမှုများ ပေါ် ပေါက်ခဲ့သည့် အတွက် ကျောင်းသားများ အမှုလိုက်ပါဆောင်ရွက်ပေးနေ သည့် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်မှ ဇူလိုင်၂၇ရက် တွင် ပြန်လဲ စွဲချက် တင်ရန် လျှောက်လွှာတင်ခဲ့ပြီး သြဂုတ် ၄ရက်နေ့တွင် လျှောက် လဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့သို့လျှောက်လဲချက်တင်ထားသည့် ပြန်လည်တရားစွဲဆိုသည့် အမှုအား သာယာဝတီတရား ရုံးတော်မှ သြဂုတ် ၁၁ရက်ယနေ့တွင် ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တရားပြန်စွဲ ဆိုရန် လျှောက် ထားမှုအား ပယ်ချခြင်းနှင့်အတူ ထိန်းသိမ်းခံ ကျောင်းသား ၁၁ ဦး အား အာမခံ လျှောက် ထားခြင်းအား ပယ်ချခြင်းခံရကြောင်း ပြောပြချက်များအရ သိရသည်။

``ကျနော်တို့မှ တရားလိုရဲမှူးအားတရားစွဲဆိုခြင်းတရားသူကြီးအမိန့်ချ။ရဲမှူး သည်ပြစ်မှုမှု မမြောက်တဲ့။ အာမခံတင်ထားတဲ့ ၁၁ဦးကိုလည်း ခွင့်မပြု။´´ ကိုနန္နာစစ်အောင် ဖေဘုတ် စာမျက်နှာတွင် သြဂုတ်၁၁ရက် နံနက်ပိုင်းရေး သားထားကြောင်း ချက်အရ သိရသည်။

ယခုသာယာဝတီတရားရုံးချိန်းသည် ၁၂ကြိမ်မြောက် တရားရုံးချိန်းဖြစ်ပြီး၊ မူလတရားစွဲဆိုခဲ့ သည့် လက်ပံတန်းတရားရုံးတွင် စစ်ဆေးခြင်းအပါအ၀င် ရုံးချိန်းပေါင်း ၁၇ချိန်းရှိ ပြီး လပေါင်း ၅လ ကျော်ကြာသည် တိုင်း ကျောင်း သားများနှင့် ၀န်းရံပြည်သူများ ၇၀ကျော်ခန့်မှာ သာယာဝတီ အကျဉ်းထောင် တွင် ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း သိရသည်။

သတင်း -စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံပြီး ပြည်ခရိုင်ရွှေတောင်မြို့တွင် ပြည်သူလူထုနှင့် ခေတ္တတွေ့ဆုံမိန့်ခွန်းပြောကြား သွားသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့်တွေ့ဆုံရာတွင်''ကျွန်မတို့ ကိုယ်စားလှယ် လောင်းတွေနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က တာဝန်ယူရမယ်။ ကျွန်မတို့ရွေးထားတဲ့လူတွေကို ကျွန်မတို့တာဝန်ယူရမယ်။ မကောင်းဘူးဆိုရင်လည်း ကျွန်မတို့ အရေးယူ သင့်တဲ့လူကို အရေးယူရမှာပဲ။ ပြုပြင်ပြောင်းလဲ သင့်သူကို ပြုပြင်မယ်။ ကျွန်မတို့ သင်ယူမယ်။ အကယ်၍ ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုရင်လည်း စည်းမျဉ်းစည်းကမ်းအရ အရေးယူရမှာဖြစ်ပါတယ်။ ပြည်သူတွေကို ကျွန်မ မေတ္တာရပ်ခံချင်တာကတော့ ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးရာအရ မကြည့်ဘဲနဲ့ ပါတီအရပဲ ကြည့်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ၂၀၁၅ မှာ ရွေးချယ်ရာမှာ ပုဂ္ဂိုလ်တွေကို ရွေးချယ်နေတာမဟုတ်ပါဘူး။ စနစ်တခုကို ရွေးချယ်နေတာပါလို့ ကျွန်မအတန်တန် သတိပေးထားပါတယ်။ ဒီနိုင်ငံမှာ စနစ်ပြောင်းနိုင်တဲ့အခြေအနေရှိတဲ့ပါတီဟာ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်တယ်ဆိုတာ ကျွန်မရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်''ဟု ထည့်သွင်းပြောကြားသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ၁၀ရက်နေ့ ညနေ ၆း၃၀ နာရီအချိန်ခန့်လောက်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိကာ မင်္ဂလာဂါးဒင်းဟိုတယ်တွင် ညအိပ်နားခဲ့ပြီး သြဂုတ်လ ၁၁ ရက် နေ့နံနက်၈နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ပေါင်း၁၄ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်တမြို့နယ်အလိုက် အလုပ်အမှုဆောင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အောင်နိုင်ရေးဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့ပြီး နံနက် ၉း၃၀ ခန့်တွင် ပြည်ခရိုင်ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် လူထုနှင့်ခေတ္တတွေ့ဆုံ၍ မိန့်ခွန်းပြောကြားသွားသည်။

အဆိုပါရွှေတောင်မြို့တွင် လူထုနှင့်တွေ့ဆုံရာရွှေတောင်မြို့နယ်အတွင်းရှိ ဒီမိုကရေစီပါတီအဖွဲ့ဝင်များနှင့် ပြည်သူလူထု၂၀၀၀ကျော်ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကိုလေး (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖို လည်ပတ်ဖို့ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Kyushu လျှပ်စစ် စွမ်းအင်အဖွဲ့က ဆန်ဒိုင် နျူကလီးယားစက်ရုံမှာ နံပါတ်တစ် ဓာတ်ပေါင်းဖို လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဖူကူရှီးမား နျူကလီးယားစက်ရုံဟာ ၂၀၁၁ ခုနှစ်က လှုတ်ခတ်ခဲ့တဲ့ ဆူနာမီငလျှင်ကြောင့် ပျက်စီးခဲ့ပြီး စက်ရုံကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပေါင်းဖို စုစုပေါင်း ၂၅ ခု လည်ပတ်ဖို့ရှိပြီး ဂျပန်ဝန်ကြီးချုပ်က ဓာတ်ပေါင်းဖိုတွေဟာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ခိုင်ခိုင်မာမာ စစ်ဆေး စမ်းသပ်ထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Kyushu လျှပ်စစ် စွမ်းအင်အဖွဲ့အနေနဲ့ ဓာတ်ပေါင်းဖို ပြန်လည် မလည်ပတ်ခင်မှာ လုံခြုံဘေးကင်းမှုတွေကို အရင်ဆုံး လုပ်ဆောင်ထားဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ အစွမ်းကုန် ပြုလုပ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

ဆန်ဒိုင်နျူကလီးယားစက်ရုံဝင်းရဲ့ အပြင်ဘက်နဲ့ တိုကျိုရှိ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိမ်ရှေ့မှတော့ ဒေသခံတွေက ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

ဂျပန်နိုင်ငံမှာ ဖူကူရှီးမား နျူကလီးယားစက်ရုံ ပိတ်ခဲ့ရပြီးနောက်ပိုင်း ပြည်တွင်းမှာ စွမ်းအင်အတွက် ပြည်ပကတင်သွင်းတဲ့ ရုပ်ကြွင်းလောင်စာအပေါ်သာ မှီခိုနေရပြီး ကုန်ကျစရိတ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုတွေကို လျှော့ချဖို့ နျူကလီးယား စက်ရုံပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


  အမေရိကန်နိုင်ငံ ကော်လိုရာဒိုမှာ မြစ်ထဲကို စွန့်ပစ် အဆိပ်သင့်ရေဆိုးတွေ စီးဝင်မှုကြောင့် မြစ်ရေဟာ အ၀ါရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အဲဒီစီးဝင်မှုကြောင့် မြစ်ရေဟာ ကနဦး ခန့်မှန်းထားတာထက် ၃ ဆ လောက် ပိုမိုညစ်ညမ်းနေတယ်လို့ အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ EPA က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ရွှေသတ္တုတွင်းဟောင်း တစ်ခုက အဆိပ်သင့်ရေဆိုးတွေကို EPA အလုပ်သမားတွေက ကော်လိုရာဒိုရှိ Animas မြစ်လက်တက်ထဲကို မတော်တဆ မှားယွင်းစွန့်ပစ်ခဲ့တယ်လို့ EPA က ထုတ်ပြန်ပြောဆိုထားပါတယ်။

စွန့်ပစ်ထားတဲ့ ရွှေသတ္တုတွင်းဟောင်းက ကက်ဒမီယံ၊ စိန်အဆိပ်နဲ့ ခဲ ဓာတ်တွေ ပါဝင်တဲ့ အဆိပ်သင့်ရေဆိုး ရေဂါလံ ၃ သန်းကို Animas မြစ်ထဲ စွန့်ပစ်ခဲ့ပြီးတဲ့နောက် ဒေသခံအာဏာပိုင်တွေက မြစ်ရေကို မသုံးဖို့ ပိတ်ပင်ထားပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ နယူး မက်စီကိုဘက် မိုင်၁၀၀ အကွာအထိ ရေ၀ါတွေ ပျံနှံ့ပြီး ရေတွင်းပေါင်း ၁၀၀ ကျော်မှာ ရေ၀ါတွေ ၀င်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒေသခံ အာဏာပိုင်တွေက သောက်သုံးရေ သုံးစွဲမှုနဲ့ စိုက်ပျိုး မွေးမြူရေးခြံတွေကို ကာကွယ်ဖို့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ကျန်းမာရေးဝန်ကြီးဌာနရာထူးနေရာတွေမှာ ကာကွယ်ရေဝန် ကြီး ဌာန က အရာ ရှိတွေကို တိုက်ရိုက်ခန့် ထါးတဲ့ကိစ္စ နှင့် ပါတ်သက် ပြီး အခုလောလောဆယ် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန် အများ စု ရဲ့ ဆ န္ဒအရ ၎င်းကိစ္စကို ဆက်လက်ဆောင်ရွက်မှာ မဟုတ် ကြာင်း မြန် မာ နိုင် ငံ ဆရာ ဝန် အ သင်း MMA သို့ အ ကြောင်း ကြားလာတယ်လို့ MMA တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ပေါ် ၁၀၅ မိုင် တွင် ရွှေလီဦး ခရီးသည် တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၃၄ ဦးအနက် ၈ ဦး သည် အခင်းဖြစ်သည့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီးအဆိုပါသေဆုံးခဲ့သည့် ခရီးသည် ၈ ဦး အား IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အသက်အာမခံကြေး ငွေ တစ်ဦးလျှင် သိန်း ၃၀ ကျပ်အား သြဂုတ်လ ၁၁ ရက်နေ့ ညနေတွင် ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမဏီမှ ဘဏ္ဏာရေး အရာရှိ ချုပ် ဦးနေမျိုးအောင်က News Watch ဂျာနယ်သို့ပြောသည်။

“ကိုယ်အခုပဲ လက်မှတ်ထိုးပြီး ငွေလွှဲလိုက်ပါပြီ။ ဖြူးမှာရှိတဲ့ ကိုယ်တို့ ဘဏ်ခွဲကို ငွေလွှဲပေးလိုက်တာပါ။ အဲ့ဒီယာဉ်လိုင်းက ကိုယ်တို့ ကုမဏီမှာ အသက်အာမခံထားတယ်။ အာမခံကြေး တစ်ဦးကို မြန်မာငွေ သုံးရာကျပ်နဲ့ပါ။ အခုလို့ မတော်တဆ ဖြစ်သွားတဲ့အခါမှာ ကုမဏီက သေဆုံးသွားတဲ့ သူတွေအတွက် တစ်ဦးကို သိန်း သုံးဆယ် ကျပ်ဆီ ပေးလျော့မှာပါ။” ဟု ၄င်းကဆိုသည်။

“အခုလည်းကိုတို့ အာမခံ ကုမဏီက ၀န်ထမ်းတွေ အချိန်နဲ့တစ်ပြေးညီ ဒဏ်ရာရတဲ့သူတွေကို လိုက်ပါဆောင်ရွက်ပေးနေတယ်။ အခု သေးဆုံးသွားတဲ့ သူတွေကို လျှော်ကြေး ပေးပြီးတော့ ဒဏ်ရာရထားတဲ့သူတွေကို အသက်အာမခံကြေးမပါသေးဘဲနဲ့ လက်တလော သုံးလို့ရအောင် တစ်ဦးကို တစ်သိန်းစီပေးထားပါတယ်”ဟု IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးက ဆိုသည်။

ရန်ကုန်- လာရှိုးသို့ ပြေးဆွဲခဲ့သည့် ရွှေလီဦး ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၄ ဦးအနက် IKBZ Insurance Co.,Ltd အာမခံ ကုမဏီတွင် အသက်အာမခံထားသည့်အရေအတွက်မှာ ၂၅ ဦးသာ ရှိသော်လည်း ကျန်ရှိသည့် ခရီးသည်များအတွက် IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အခမဲ့ လိုက်လံဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုသည်။


ရန်ကုန် မှ လာရှိုးသို့ ပြေးဆွဲခဲ့သည့် ရွှေလီဦး ခရီးသည်တင်ယာဉ်လိုင်း သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅ မိုင်အရောက် ၌ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနက်မှ ၈ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထို့အပြင် ဒဏ်ရာရရှိထားသူများအနက်မှ ခရီးသည် အမျိုးသားတစ်ဦးသည် သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ ကျော်တွင် နေပြည်တော် စစ်ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး မှတ်ပုံတင်စဉ်။ Photo: RFA
 လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းထဲက ၆၀ ၀န်းကျင်ကို မဲဆန္ဒနယ်မြေပြောင်း လဲတာတွေ၊ လူအစားထိုးတာတွေ ဆောင်ရွက်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးဥာဏ်ဝင်း က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်က နှုတ်ထွက်သွားတဲ့သူတွေရဲ့ နေရာမှာ အစားထိုး လိုက်တာက အများစုဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အဲ့ဒါလွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာထုတ်ခဲ့တာ၊ ဒါကြောင့် အားလုံးကိုစုပြီးကျနော်တို့ ဖော်ပြလိုက်တာ၊ ရန်ကုန်လည်းပါ တယ်၊ နယ်လည်းပါတယ်"

ကိုယ်စားလှယ်လောင်းအဖြစ် ဦးဆုံးသတ်မှတ်ကြေညာခဲ့တဲ့ထဲက တချို့ဟာ ပြည်တွင်းမှာ ၁၀ နှစ်ဆက်တိုက် မနေထိုင်ခဲ့ သူတွေဖြစ်ပြီး၊ တချို့က ပုဒ်မ ၁၈ တရား မ၀င်စီတန်းလှည့်လှည်မှုနဲ့ အမှုရင်ဆိုင် နေရသူတွေဖြစ်တာကြောင့် အပြောင်း အလဲလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီး ၇ ခု နဲ့ ရှမ်း၊ ကယား၊ ချင်း၊ ကချင် စတဲ့ ပြည်နယ် ၄ခုက မဲဆန္ဒနယ်မြေတွေမှာ အစားထိုး ပြောင်းလဲနေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၃၃ ယောက်ရဲ့ အမည်စာရင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီစာရင်းထုတ်ပြန်ပြီးနောက် အန်အယ်လ်ဒီပါတီက မနေ့က အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမည် စာရင်းတင်သွင်းသူ ၆၂၃ ယောက် ရှိပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

EMG ၏ CEO အား လုပ်ကြံမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးထားသူ နှစ်ဦးကို ဗဟန်းတရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်၊ တတိယတရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှဖြစ်ပြီး ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်ဘက်တရားရုံး၌သာ ဆောင်ရွက်မည်ဟု တပ်မတော်က တရားရုံးသို့ အကြောင်းပြန်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် ဖမ်းဆီးရမိထားသူ နှစ်ဦးဖြစ်သည့် မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို သြဂုတ် ၁၁ ရက်က ဗဟန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရုံးထုတ်ရာတွင် အမှုနှင့် ပတ်သက်၍ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် တတိယတရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်)မှဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်တရားရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်မှ တရားရုံးသို့ အကြောင်းပြန်စာပေးပို့ခဲ့ကြောင်း မြို့နယ်တရားသူကြီးက တရားခွင်အတွင်း အမှုစစ်ဆေးစဉ် ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်တရားသူကြီးမှ သန်းထိုက်အောင်နှင့် ပတ်သတ်ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် အမှုတွဲကျန်ရှိခြင်း မရှိတော့ကြောင်း၊ ယင်းအား တပ်မတော်မှ လွှဲပြောင်းရယူသွားပြီဖြစ်ကာ လက်ရှိ ဖမ်းဆီးရမိထားသော ရန်နိုင် (ခ) တီကောင်နှင့် မျိုးမြင့်အောင် (ခ) စပိုက်ဒါတို့ နှစ်ယောက်ကိုသာ ဗဟန်းမြို့နယ် တရားရုံးမှ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း တရားခွင်တွင် ပြောကြားသည်။

ထို့ပြင် တတိယအကြိမ် ရုံးချိန်းအဖြစ် သြဂုတ် ၂၈ ရက်၊ နေ့လည် ၁ နာရီတွင် စစ်ဆေးမည်ဖြစ်ပြီး အမှုတရားလိုဖြစ်သူ Eleven Media Group ၏ အထွေထွေမန်နေဂျာ ဦးထိန်လင်းအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသော ကျူးလွန်သူများအနေဖြင့် ယင်းရုံးချိန်မတိုင်မီ ရှေ့နေငှားရမ်းကာ အမှုအားရင်ဆိုင်ရန် ကြိုတင်စီစဉ်ထားနိုင်ကြောင်း (သို့မဟုတ်) ကိုယ်တိုင်ခုခံ ချေပခြင်းများ ပြုလုပ်နိုင်ကြောင်း မြို့နယ်တရားသူကြီးက ဆက်လက်ပြောကြားသည်။

“သန်းထိုက်အောင်နဲ့ ပက်သက်ပြီး တပ်မတော်ကို စာပို့ထားတဲ့အပေါ် တပ်မတော်က အကြောင်းပြန်တာကို တရားသူကြီးက ဒီတစ်ပတ်ရုံးချိန်းမှာ တရားခွင်မှာ ဖတ်ပြတယ်။ အဲဒီထဲမှာ သန်းထိုက်အောင်ဟာ အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်(ရန်ကုန်)က ဆိုတာသိရတယ်။ ပြီးတော့ သူက ထွက်ပြေးလွတ်မြောက်ဆဲ ဖြစ်ပြီး ဖမ်းဆီးတာတွေ၊ စစ်ဆေးတာတွေနဲ့ အမှုတွဲတွေကို စစ်တပ်က လွဲပြောင်းရယူလိုက်တယ်လို့ သိရတယ်။ တရားရုံးကနေ သက်ဆိုင်ရာတပ်ကို ပြန်လွဲပေးလိုက်ပြီလို့ တရားသူကြီးက တရားခွင်မှာ ပြောခဲ့ပါတယ်” ဟု အဆိုပါတရားခွင်သို့ သွားရောက်ခဲ့သူ Eleven Media Group သတင်းထောက် က ပြောကြားသည်။

ဆက်လက်ပြီး ကျူးလွန်သူများအနေဖြင့် အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် တက္ကစီအား အမှုသက်သေခံအဖြစ် သိမ်းဆည်းထားမှုကို ယာဉ်ပိုင်ရှင် ဦးပြည့်စုံမှ အာမခံဖြင့် ထုတ်ယူခွင့်ရရှိရန် မြို့နယ်တရားသူကြီးထံသို့ လျှောက်ထားခဲ့သည်။

မြို့နယ်တရားသူကြီးက ယင်းအာမခံ လျှေက်ထားမှုနှင့်ပတ်သက်ပြီး အဆိုပါယာဉ်မှာ အခင်းဖြစ်စဉ်က တရားခံများ အသုံးပြု ထားခြင်း၊ တရားလိုသက်သေများ တစ်ဦး တစ်ယောက်ကိုမျှ မစစ်ဆေးရသေး၍ အာမခံလျှောက်ထားခြင်းကို ပယ်ချကြောင်း အမိန့်ချခဲ့သည်။
ယင်းကဲ့သို့ အမိန့်ချခြင်းအပေါ် ယာဉ်ပိုင်ရှင်အနေဖြင့် ကျေနပ်ခြင်းမရှိပါက ခရိုင်တရားရုံးသို့ အာမခံ ဆက်လက်လျှောက်ထားနိုင်ကြောင်း မြို့နယ်တရားသူကြီးက တရားခွင်တွင် ပြောကြားသည်။

ယာဉ်ပိုင်ရှင် ဦးပြည်စုံက “ကျွန်တော်တို့အနေနဲ့ ဒီကားနဲ့ လုပ်စားနေရတာပါ။ ကားက သိမ်းဆည်းခံထားရတော့ အချိန်ကြာလာရင် ပျက်စီးလာနိုင်တယ်။ အဲဒါကြောင့် အာမခံလျှောက်ကြည့်တာပါ။ ရန်နိုင်ကို အငှားချထားတာ တစ်လပဲရှိပါသေးတယ်။ သူနဲ့ တစ်ရပ်ကွက်တည်းနေတာရယ် ရင်းနှီးတာရယ်ကြောင့် ငှားထားတာပါ။ ရန်နိုင်အနေနဲ့က ရပ်ကွက်ထဲမှာ ဆိုးဆိုးမိုက်မိုက်ပုံလည်း မဟုတ်ဘူး။ စကားပြောရင်သာ နည်းနည်းဟောင်ဖွာဟောင်ဖွာပြောတာပဲ ရှိတာ။အခင်းဖြစ်တဲ့နေကဆို အိမ်ကိုတောင် အုံးနာကြေးနဲ့ ကားကို ည ၇ နာရီလောက်က လာအပ်သွားတာ။ သူအပ်ပြီး သိပ်မကြာဘူး ရဲတွေ ကျွန်တော်အိမ်ကို ရောက်လာပြီး အမှုဖြစ်စဉ်ပြောပြီး ကားပါ သိမ်းတာ။ ရန်နိုင်အိမ်ကိုမေးလို့တောင် ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးခဲ့တာပါ။ ကားလေးကိုတော့ အာမခံရချင်ပါတယ်”ဟု သြဂုတ် ၁၁ ရက်က ပြောကြားသည်။

ရန်နိုင်၏ ဖခင်ဖြစ်သူ ဦးသန်းညွှန်က “ဦးမှာ ရန်နိုင်အပါအ၀င် သားလေးယောက် ရှိတယ်။ ဦးတို့က အရင်က အလုံသင်္ဘောကျင်းမှာ နေတာ။ ဦးက အရင်က ရေကြောင်းဦးစီးဌာန သင်္ဘောမောင်းတာပါ။ အခုတော့ အငြိမ်းစားယူလိုက်ပြီ။ ရန်နိုင်က အငှားကားမောင်းပြီး ဦးတို့ကို ရှာကျွေးနေတဲ့သူပါ။ ရပ်ကွက်ထဲမှာ ရန်ဖြစ်တာလည်း မရှိဘူး။ အေးအေး ဆေးဆေး နေတဲ့သူပါ”ဟု ပြောကြားသည်။

ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင် က ဖြစ်ပွားခဲ့သောEleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင် အား ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် အမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံဖမ်းဆီးရမိခြင်း မရှိသေးပေ။ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင်Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့သည်။

ထို့နောက်တွင် ဖမ်းဆီးရမိထားသူများက ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ၏ အစီအစဉ်အရ ကျူးလွန်ရာတွင် ပါဝင်ခြင်း ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က ဇူလိုင် ၂၄ တွင်Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

ဗဟန်းမြို့နယ်တရားရုံးတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/ ၁၅၊ ပုဒ်မ ၄၄၀/၁၄၄ ဖြင့် အမှုဖွင့် ရမန်ယူထားခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ CEO ကို လုပ်ကြံမှုမှာ ပါဝင်လို့ ဖမ်းမိထားသူ နှစ်ဦးကို ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။ ပထမအကြိမ် ရုံးထုတ်တာက ဇူလိုင် ၂၈ ရက်ပါ နှစ်ပတ်အကြာမှာ ဒုတိယအကြိမ် ရုံးထုတ်တာပါ။ လုပ်ကြံမှု ဖြစ်စဉ်ဖြစ်တာက ဇူလိုင် ၁၄ ရက်ဆိုတော့ ၁လ လောက်ရှိနေပြီ။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်ပြီးလို့ ၁၅ နာရီအတွင်းမှာ ဖမ်းမိတဲ့ နှစ်ဦးက လွဲလို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ထပ်ပြီး ဖမ်းမိတာမရှိသေးဘူး။ ဘာတွေဆက်လုပ်နေတယ်၊ အမှုအခြေအနေက ဘယ်လိုရှိတယ်ဆိုတာလည်း တိတိကျကျ ဘာမှမသိရဘူး။ တတိယတရားခံတစ်ဦးဖြစ်တဲ့ သန်းထိုက်အောင်ဆိုတာလည်း အခုထိ ဖမ်းမိတယ်လို့ မကြားသေးဘူး။ ပိုပြီး အံ့သြဖို့ကောင်းတာက ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံရတဲ့ ကာယကံရှင်ကို အခုထိ ရဲက ဘာတစ်ခုမှ လာမမေးတာပါဘဲ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

“လုပ်ကြံခံရတဲ့ ကာယကံရှင်ကို ရဲတပ်ဖွဲ့က လာမေးသင့်ပါတယ်။ ဒါမှ ဘယ်သူတွေက လုပ်ကြံတာဖြစ်နိုင်တယ်။ ဘယ်သူတွေ ဆက်စပ်ပါဝင်နိုင်တယ်ဆိုတာ သေချာပြောလို့ရမှာပါ။ ဒီကိစ္စက လူသေအောင် လုပ်ကြံတာ ဖြစ်တယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေး အပုပ်ချဝါဒဖြန့်ချိဖို့ပါ တစ်ခါတည်း လုပ်ဆောင်ထားတာပါ။ အဲဒီလို ၀ါဒဖြန့်ချိမှုမှာ စာနယ်ဇင်းက လူတစ်ချို့ ပါဝင်နေတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရုံးနဲ့နီးတဲ့ မီဒီယာတစ်ခုနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ပါဝင်ပတ်သက်နေတယ်။ အဲဒီနောက်ကွယ်မှာ ၀ါဒဖြန့်ချိရေး ယန္တရားကသူတွေနဲ့ အဓိက စေခိုင်းသူတွေ ရှိနေတယ်။ ကျွန်တော်တို့က ပြည်သူ့ဘက်ကရပ်ပြီး အမှန်တရားဖော်ထုတ်တဲ့အခါ အထိနာတဲ့သူတွေ ဒီနောက်မှာရှိနေတယ်။ ပြီးတော့ တတိယတရားခံဖြစ်တဲ့ စရဖက သန်းထိုက်အောင်ဆိုတဲ့သူကိုလည်း မမိသေးဘူး။ စရဖက သန်းထိုက်အောင်အပြင် ပူးပေါင်းအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့လည်း သိရတယ်။ ဒါတွေကို လိုအပ်သလို စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ရမှာ အတည်ပြုထုတ်ပြန်ရမှာက ရဲတပ်ဖွဲ့တာဝန်ပါ။ သန်းထိုက်အောင်ကိစ္စကိုလည်း စစ်ဘက်ဆိုင်ရာ တရားရုံးကို မလွှဲဘဲရဲတပ်ဖွဲ့က လိုအပ်တဲ့ စုံစမ်းစစ်ဆေး ဖော်ထုတ်မှု အရင်လုပ်သင့်ပါတယ်။ အများထင်သာမြင်သာရှိအောင် စစ်ဆေးဖော်ထုတ်ရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ဖမ်းဆီးတာ၊ စုံစမ်းစစ်ဆေးတာကို လွှဲလိုက်မယ်ဆိုရင် နောက်ကွယ်က ခိုင်းစေမှုတွေကို ဖော်ထုတ်ဖို့ ခက်သွားပါလိမ့်မယ်။ အစပျောက်သွားပါလိမ့်မယ်။ ဒါဆိုရင် ဟိုအရင်ကလို စစ်ထောက်လှမ်းရေးခေတ်က အခြေအနေမျိုး ပြန်ရောက်သလို ဖြစ်သွားလိမ့်မယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားစီရင်မှုဆိုင်ရာတွေကို မကျော်လွန်သင့်ဘူး။ ကျူးလွန်ရာမှာ စရဖကလူ ပါဝင်တယ်လို့လည်း တပ်မတော်က တရားရုံးကို အကြောင်းပြန်ထားတာဖြစ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒီအမှုက နိုင်ငံတကာအပါအ၀င် အားလုံးက စိတ်ဝင်စား စောင့်ကြည့်နေတာဖြစ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ လိုပါတယ်”ဟု ကိုဝေဖြိုးက ပြောပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မီဒီယာများအပေါ် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ပြီး အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနှင့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကို တိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရန် လိုအပ်ကြောင်း ၎င်း၏ မြန်မာနိုင်ငံ တတိယခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဂျာနယ်လစ်တွေနဲ့ မီဒီယာသမားတွေကို အသရေဖျက်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ နယ်မြေကျော်နင်းမှု၊ နိုင်ငံတော်လုံခြုံရေးစတဲ့ လက်ရှိ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချနေတဲ့အပေါ် စိုးရိမ်မိပါတယ်။ ဒါ့အပြင် ခုထက်ထိ ကျူးလွန်သူတွေကို တရားစီရင်ဖို့လိုအပ်သေးတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ Eleven Media Group ကို တိုက်ခိုက်မှုတွေကြောင့် မီဒီယာလောကသားတွေအတွက် မရေရာမှုနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဂျာနယ်လစ်တွေနဲ့ မီဒီယာသမားတွေဟာ ပြည်သူတွေရဲ့ဆွေးနွေးမှုတွေကို အဓိက ပံ့ပိုးနေသူတွေဖြစ်ပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွေအတွက် အရေးပါပါတယ်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကျင်းပစဉ်နဲ့ ရွေးကောက်ပွဲအပြီး ကာလတွေမှာ သူတို့ရဲ့အခန်းကဏ္ဍဟာ ပိုပြီးအရေးပါပါတယ်။ တရားရေးအရ ပြန်လည်လက်တုံ့ပြန်မှု၊ ခြိမ်းခြောက်မှုသာမက အကြမ်းဖက် လက်တုံ့ပြန်မှုတွေကို ကြောက်ရွံ့ထိတ်လန့်စရာမလိုတဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်ကို အာမခံပေးနိုင်ရပါမယ်”ဟု ရန်ဟီးလီက ပြောကြားထားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို သေသေချာချာ ပြန်စဉ်းစားရမယ်။ တရားစွဲသင့် မစွဲသင့် စဉ်းစားရမယ်။ ဒီကိစ္စမှာ တရားစွဲရမှာက ရဲက စွဲရမှာ။ ဒီအမှုက ရဲရေးပိုင်တဲ့အ မှုလေ။ တစ်ကယ့် တရားခံတွေကျတော့ မဖမ်းပေးသေးဘူး။ တရားစွဲရမှာကိုကျတော့ ကျွန်တော်တို့ကို လာလွှဲချတယ်။ ကားမောင်းတဲ့သူရယ်၊ ကားပေါ်မှာ ထိုင်လိုက်လာတဲ့ သူရယ်ကိုပဲ ကျွန်တော်တို့က တရားစွဲရမယ်ဆိုတော့ ဘာမှ တိုက်ရိုက်မပတ်သက်တဲ့သူတွေ ကိုပဲ ကျွန်တော်တို့က တရားစွဲရမယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ ကျွန်တော်တို့လည်း နစ်နာတယ်၊ ဟိုဘက်ကလည်း နစ်နာတယ်။ ဒီကိစ္စက မတရားတဲ့ အမှုတစ်ခုအဖြစ် သတ်မှတ်တယ်။ အဓိက ကတော့ အစိုးရဟာ နစ်နာတဲ့ပြည်သူတွေကို ကာကွယ်မပေးနိုင်ဘူး ဆိုတာ ဒီအမှုက သတ်သေပြတာပဲ။ ကျွန်တော်တို့ နစ်နာတယ်၊ အသက်အန္တရာယ် ထိခိုက်အောင်အထိ လုပ်ကြံမှုအပေါ်မှာ နစ်နာမှုကို မဖြေရှင်းနိုင်ဘူး။ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ သတ်သေပြတဲ့အနေနဲ့ တရားစွဲသင့် မစွဲသင့် ကျွန်တော် စဉ်းစားမယ်။ တကယ် ကျူးလွန်တဲ့သူတွေကိုလည်း မိအောင်မဖမ်းပေးနိုင်ဘူး။ ကျွန်တော်တို့ကိုလည်း မကာကွယ်ပေးနိုင်ဘူး။ အခုထက်ထိလည်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီကြားထဲမှာ အဓိကကျူးလွန်သူတွေ မဟုတ်တဲ့ ကားမောင်းပို့တဲ့သူနဲ့ ကားပေါ်ထိုင်လိုက်တဲ့သူ နှစ်ယောက်ကို တရားစွဲရမယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ ဒါကြောင့် ဒီနှစ်ယောက်ကို တရားစွဲသင့် မစွဲသင့် စဉ်းစားမယ်။ အမှုကိုတော့ ပိတ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ခရီးက ပြန်ရောက်ရင် ဒီကိစ္စကို ဥပဒေအကျိုးဆောင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲသင့် မစွဲသင့် ဆုံးဖြတ်မယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

(ပုံစာ- ဖမ်းဆီးထားသူနှစ်ဦးကို ဗဟန်းတရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စဉ်)

Eleven Media Group

စစ်ဘက်ဆိုင်ရာအရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့
့ပြောင်းရွှေ့ ခန့် ထားခြင်းအားဆန့် ကျင်သောအားဖြင့်
မန္တလေးအရိုးအထူးကုဆေးရှုံ ဆရာဝန်ကြီးများမှ
Black Ribbon Campaign စတင်ပြုလုပ် ...
AP Dr. Htin Aung Lin
SCS Dr. Thant Zaw
JCS Dr. Daniel Ko Ko Lay
SAS Dr. Zarni Lin Tun

Aung Naing Tun


11800582_502942419875349_3840733527959761951_n

ပြီးခဲ့တဲ့ အပတ်က တောင်ကျရေတွေကြောင့် ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းနဲ့ ပါလျိုး-ကျိုင်းလပ်ဒေသက ကျေးရွာတွေမှာ ပျက်စီးစပါးတွေပြန်စိုက်ဖို့ အပါအ၀င် ပြန်လည်ထူထောင်ရေး အကူအညီတွေလိုအပ်နေတယ်လို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တာချီလိတ်မြို့ မြောက်ဘက် မိုင် ၂၀ ကျော်က ကျိုင်းလပ်မြို့နယ် ပါလျိုးကျေးရွာအုပ်စုထဲမှာဆိုရင် နမ့်ကိုင်း၊ တော်ကော့၊ မီမိုင်၊ နမ့်ကျိုင်နဲ့ နမ့်ဝမ် စတဲ့ ရွာ ၅ ရွာက နေအိမ် ၃၈ လုံး ရေထဲမျော ပါသွားသလို ဧကပေါင်း ရာနဲ့ချီတဲ့ စပါးခင်းတွေ ပျက်စီးသွားလို့ ရှေ့နှစ် ၀မ်းစာရေး အခက်တွေ့မယ်လို့ နမ့်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းပီဆမ်က ပြောပါတယ်။

“ရေထဲပါသွားတဲ့ အိမ်တွေက နမ့်ကိုင်းရွာမှာ ၂၁ လုံး အများဆုံးဘဲ၊ ပြီးတော့ ကော်ကော့ရွာက ၆ လုံး၊ ၀မ့်မီမိုင်က ၆ လုံး၊ နမ့်ကျိုင်ရွာက ၃ လုံး၊ နမ့်ဝမ်းမှာ ၃ လုံး အဲဒါတွေ ပြန်ဆောက်ဖို့ အကူအညီလိုပါတယ်။ စားစရာတွေ ဆေးတွေ အ၀တ်အစားတွေတော့ လုံလောက်ပြီ၊ အစိုးရအဖွဲ့လည်းကူတယ်။ နိုင်ငံရေးပါတီတွေရော၊ လူမှုအဖွဲ့တွေ၊ မိုင်းဖုံး၊ တာချီလိတ်၊ မိုင်းလင်း၊ တာလေဘက်ကလူတွေလည်း လာကူကြတယ်။ လောလောဆယ် စားဖို့ရှိပြီ။ ဒါပေမယ့် စပါးပင်တွေ အကုန်ပျက်ကုန်တော့ တနှစ်လုံးအတွက် စဉ်းစားလို့မရသေးဘူး၊ ပြန်စိုက်ဖို့လည်း အချိန် မမီတော့ဘူး။”

ပါလျိုးကျေးရွာအုပ်စုထဲမှာ စပါးစိုက်ဧကပေါင်း တစ်ထောင်ကျော်ရှိကာ ၈၀ ရာခိုင်နှုန်း ပျက်စီးကြောင်း၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ တံတားပေါင်း ၇ စင်းလည်း ပျက်စီးကြောင်း၊ စာသင်ကျောင်းကို ခုထိပြန်မဖွင့်နိုင်သေးပေမယ့် တံတားတချို့ကိုတော့ သက်ဆိုင်ရာက လာပြီးပြုပြင်ပေးခဲ့တဲ့အတွက် အတန်အသင့်သွားလာလို့ရပြီလို့ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပါလျိုးကျေးရွာအုပ်စုတွင်း ပြီးခဲ့အပတ်က ရေကြီးမှုမှာ လူ ၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရဆဲဖြစ်ပါတယ်။
ရေဘေး ကူညီလိုသူတွေအနေနဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးရုံး ဖုံးအမှတ် ၀၉ ၅၀၁ ၉၆၅၄ (မြန်မာဖုန်း) ၊ ၀၈၅ ၀၁၈၁၈၈၉ (ထိုင်းဖုန်း) သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးရုံး ၀၉၄ ၂၁၀၀၀ ၃၃၀ ၊ ၀၈၂ ၃၈၃၇၄၇၈ (ထိုင်းဖုန်း) ဒါမှမဟုတ် နမ့်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ၀၉ ၄၉၅၉ ၆၅၁၆ ကိုဆက်သွယ်နိုင်ပါတယ်။

အလားတူ မိုင်းယောင်းမြို့နယ် မိုင်းလိုတ်ကျေးရွာအုပ်စု မိုင်းဟန်ကျေးရွာမှာတော့ သြဂုတ်လ ၄ ရက်နေ့က နမ့်ယောင်းချောင်းရေမြင့်တက်လျှံကျလာတဲ့အတွက် နေအိမ် ၅ လုံး ရေထဲမျောပါ ပျက်စီးခဲ့ပြီး မိသားစုဝင်ပေါင်း ၄၀ နီးပါး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုသန့်ဇင်ဦးက ပြောပါတယ်။

“အိမ် ၅ လုံးရေထဲအကုန်ပါပြီး ကျန်တဲ့ ၅ လုံးလောက်က နေလို့မရအောင် ယိုင်နဲ့နေတယ်။ ရေဘေးရှောင်မိသားစုတွေရဲ့ စားရေးသောက်ရေးကတော့ အုပ်ချုပ်ရေးပိုင်းကကော၊ မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်းကရော နိုင်ငံရေးပါတီတွေပါ ၀ိုင်းကူထားလို့ လောလောဆယ် လောက်ငှမှုရှိပါတယ်။ ယာယီနေထိုင်ဖို့ စစ်တပ်က ဆောက်ပေးနေပါတယ်။ အိမ်တွေ လမ်းတွေ ပြန်ပြင်ဖို့တော့ အချိန်ယူရမယ်၊ အိမ်ဆောက်ဖို့ အကူအညီတွေလည်း လိုအပ်လိမ့်မယ်ခင်ဗျ။”

သြဂုတ် ၄ ရက်နေ့က တာလော့ကော့ခွဲရွာမှာလည်း ရေ၀င်ခဲ့ပေမယ့် အပျက်အစီးမရှိဘဲ ရွာရေတွင်းလောက်သာ နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းယောင်းဒေသ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီလိုတယ်ဆိုရင် ဦးသန့်စင်ဦး ဖုန်းနံပတ် ၈၆ – ၆၆၉၁ ၂၄၁၈၃၆၂ ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။

ဓာတ်ပုံ – ကိုသန့်ဇင်လတ်
DVB


ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ
ဒုတိယကမ္ဘာစစ်အတွင်း နာဂါဆာကီမြို့ပေါ် အနုမြူဗုံးကြဲချခံရခြင်း အနှစ် ၇၀ ပြည့် ဆုတောင်းပွဲကျင်းပခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က ဂျပန်နိုင်ငံလုံခြုံရေးဆိုင်ရာ အခြေခံဥပဒေပြင်ဆင်ရေး မကျေနပ်တဲ့ မြို့ခံ ၁၀၀ ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ဂျပန်နိုင်ငံလုံခြုံရေးအခြေခံဥပဒေ ပြင်ဆင်မှုဟာ အနှစ် ၇၀ ကြာ ဂျပန်နိုင်ငံက ထိန်းသိမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်ပျက်စီးမယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။

ကန့်ကွက်ဆန္ဒပြသူတွေထဲမှာ နာဂါဆာကီမြို့ အနုမြူဗုံးကြဲချခံရစဉ်က ထိခိုက်သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါဝင်ခဲ့ကြပါတယ်။

“အခြေခံဥပဒေပုဒ်မ ၉ ကို ပြင်ဆင်လိုက်ရင် ဂျပန်နိုင်ငံဟာ နိုင်ငံတကာထွက် စစ်တိုက်ခွင့် ရသွားမယ်။ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးရမယ့်အဖြစ်မျိုးကတော့ ကျနော်တို့အဖြစ်ခံလို့ မဖြစ်ဘူး။”

ဝန်ကြီးချုပ်ရှင်ဇိုးအာဘေးက ဒီဥပဒေကို ပြင်ဆင်ဖို့လုပ်နေတာဟာ ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး ဥပဒေကျွမ်းကျင်သူတွေက ပြောဆိုကြပြီး ဂျပန်ပြည်သူအများအပြားကလည်း ကန့်ကွက်နေကြတာပါ။

နာဂါဆာကီမြို့မှာ သြဂုတ် ၉ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အနုမြူဗုံးကြဲချခံရခြင်း အနှစ် ၇၀ ပြည့်ဆုတောင်းပွဲအခမ်းအနားကိုတော့ ဂျပန်ဝန်ကြီးချုပ်၊ နာဂါဆာကီမြို့တော်ဝန်နဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ တက်ရောက်ခဲ့ကြပါတယ်။

နာဂါဆာကီ မြို့တော်ဝန်က ဂျပန်နိုင်ငံဟာ စစ်ဆန့်ကျင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားသင့်တယ်လို့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်

DVB
http://burmese.dvb.no/archives/107021

ကျောက်တုံးတတုံးပေါ်ကို ရေလောင်းချလိုက်.. လောင်းချလိုက်သမျှရေ အကုန် အောက်ကို ဒလဟော စီးကျလိမ့်မယ်..
ရေမြုပ်တုံးကြီး တတုံးပေါ်ကို ရေလောင်းချလိုက်.
လောင်းချလိုက်တဲ့ရေ.. ရေမြုပ်တုံးကြီးက စုပ်ယူထားပြီး တဖြည်းဖြည်းနဲ့  ရေတစက်စက် စိမ့်ကျလာမယ်... (လူတိုင်းနားလည် တဲ့ လက်တွေ့  စမ်းသပ်ချက်)
....
သစ်တောတွေ မရှိတော့တဲ့ တောင်ကတုံးတွေအပေါ် မိုးရွာချလိုက်တော့.. ရွာကျလာသမျှ ရေတွေ တောင်အောက်ကို ဒလဟော စီးကျလာတယ်... သစ်ပင်တွေ မရှိတော့ သစ်မြစ်တွေ ရေကို ရေမြုပ်ထိန်းသလို မထိန်းနိုင်ဘူး.. မြေလွှာတွေကို သစ်မြစ်ကွန်ယက်တွေနဲ့  ထိန်းမထားတော့ မိုးရွာချတာနဲ့  ရေတွေ ဒလဟော ဆင်းသလို မြေတွေလဲ ပြိုကျတော့တယ်..
မြန်မာပြည်က ဒီကနေ့  ရေကြီး နုံးတင်တဲ့ ပြသနာ အရင်းအမြစ်.. သစ်တောပြုန်းတီးမှုက အဓိကလို့  ပြောလို့  ရတယ်...
သစ်တောတွေ ပြုန်းတာ ဘယ်သူတရားခံလဲ ... ရွာတွေက ထင်းမီးသွေးတွေအတွက် ခုတ်တာတွေကြောင့် သစ်ပင်ငယ်တွေ ပြုန်းတီးခဲ့ရပေမဲ့ သစ်တပင်ခုတ် ထောင် ၆ လ ဥပဒေနဲ့  ထိန်းထားနိုင်တယ်... မထိန်းထားနိုင်တာက .. မတရား လောဘဇောတိုက်နေကြတဲ့ သစ်တောစီးပွားရေးသမားတွေနဲ့  လက်သင့်ရာ စားတော်ခေါ်ပြီး အရမ်းကာရော သစ်ခုတ်လိုင်စင်တွေချပေး.. လဒ်လာဘတွေ မြက်မြက်ကလေးရနေကြတဲ့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ က အဓိက တရားခံတွေ... ဒါဆို ဒီကနေ့  သစ်တော ပြုန်းတီးမှုတွေရဲ့  နောက်ဆက်တွဲ ပြသနာဖြစ်တဲ့ ရေကြီး ရေလျံမှုတွေနဲ့  အိမ်ယာတွေမြုပ်လောက်အောင် နုံးတင်နေတာတွေအတွက် .. အနှီ တရားခံတွေအနေနဲ့  တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိသင့်ဘူးလား... ကယ်ဆယ်ရေးနဲ့  ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် တာဝန် မယူနိုင်ကြဘူးလား...
လူသားစိတ်ဓါတ် ပြည့်ဝစွာနဲ့  ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး မိမိတို့ ရဲ့  စီးပွါးရေး နောက်ဆက်တွဲ ဆိုးကျိုးတွေအတွက် တာဝန်ယူ တာဝန်ခံနိုင်ကြပါစေ...

ခွန်သူရ

dassk-saytoktaya-620.jpg မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့မှာ ရေဘေးဒုက္ခသည်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆန်အိတ် ၅ဝဝ လှူဒါန်းပြီး မိန့်ခွန်းပြောကြားစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အဆိုး၊ အကောင်းကို ပါတီကတာဝန်ယူမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မကွေးတိုင်းဒေသကြီး စကုမြို့က အာဇာနည်ကျောက်တိုင်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့တာ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်နာမည်တွေကို မကြည့်ပါနဲ့ အဖွဲ့ချုပ်ရဲ့ တံဆိပ်ကိုပဲကြည့်ပြီးတော့ မဲပေးပါ၊ ဒီကိုယ်စားလှယ်တွေ အားနည်းချက်ရှိရင် ပြည်သူမကျေနပ်စရာလုပ်လို့ရှိရင် ကျမတို့ပဲထိန်းပေးပါ့မယ်၊ ကျမတို့ပဲ ဆုံးမပါ့မယ်၊ ကျမတို့တင်လိုက်တဲ့ ကိုယ်စားလှယ်တွေအတွက် တာဝန်ခံပါတယ်၊ သူတို့ဆိုးတာ၊ ကောင်းတာကို ကျမတို့တာဝန်ယူပြီးတော့ လုပ်သင့်တာကို လုပ်ပါ့မယ်၊ ပြည်သူရဲ့တာဝန်ကတော့ ကျမတို့ရဲ့တံဆပ်ကိုပဲကြည့်ပါ၊ လူကိုမကြည့်ပါနဲ့လို့"

အခုချိန်မှာ ပြည်သူတွေရဲ့တာဝန်ဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့နဲ့ မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ မိမိတို့အမည် ပါ၊ မပါကို သွားရောက်စစ်ဆေးကြဖို့၊ မပါခဲ့ရင် ဖြည့်စွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပွင့်ဖြူမြို့က ရေဘေးဒုက္ခသည်တွေအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ဆန်အိတ် ၃၀၀၊ စေတုတ္တရာမြို့နယ်ဓမ္မာရုံမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၅၀၀ လှူဒါန်းခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-visits-saku-elections-08102015111845.html

ချင်းပြည်နယ်မြို့တော် ဟားခါးမြေပြိုမှုမြင်ကွင်း။ (ဓာတ်ပုံ/NB Sila/သြဂုတ် ၉၊ ၂၀၁၅)
ချင်းပြည်နယ်မြို့တော် ဟားခါးမြေပြိုမှုမြင်ကွင်း။ (ဓာတ်ပုံ/NB Sila/သြဂုတ် ၉၊ ၂၀၁၅)

မိုးများပြီး မြေပြိုတာတွေဖြစ်ပွားပြီးတဲ့နောက် ဘူမိဗေဒပညာရှင် ၄ ဦး ချင်းပြည်နယ် ဟားခါးမြို့ကို လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို ပြောင်းရွှေ့ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ မြေပြိုတဲ့ ရပ်ကွက်နဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို အဓိက ပြောင်းရွှေ့မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လ အဆက်မပြတ်ရွာသွန်းခဲ့ မုတ်သုန်မိုးနဲ့ မုန်တိုင်းကြောင့် မြန်မာပြည်အ၀ှမ်းမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့သလို ချင်းပြည်နယ်အနှံ့မှာလည်း မြေပြိုပြီး လမ်း၊ တံတား၊ အဆောက်အုံတွေ ပြိုကျပျက်စီးတာတွေ ဖြစ်ခဲ့ရာမှာဟားခါးမြို့မှာတော့ နေအိမ်အတော်များများ ပျက်စီးခဲ့ပါတယ်။

ဒီလို မြေပြိုပြီးနေအိမ်ပျက်ဆီးတာတွေဖြစ်ပေါ်ခဲ့တဲ့နောက် ဟားခါးမြို့ ဘူမိဗေဒအခြေအနေကို လေ့လာဆန်းစစ်ပြီး ပြောင်းရွှေ့ရေးအတွက် ပြည်နယ်အစိုးရက ပြင်ဆင်နေကြောင်း ချင်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ပြောပါတယ်။

“ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့တော့ မနေ့က ဘူမိဗေဒပညာရှင် လေးဦးက- ဒီနေ့ကနေ ကလေးကနေ ဖလမ်း၊ ဟားခါး-တက်လာပြီပေါ့နော်။ သူတို့ဟားခါးရောက်ရင် အစိုးရအဖွဲ့နဲ့တွေ့ပြီးတော့ အစိုးရအဖွဲ့ကနေ ဘယ်နေရာ၊ ဘယ်နေရာတွေ ဘာလုပ်သင့်တယ်ဆိုတာ သူတို့နဲ့တိုင်ပင်ပြီးတော့ နေရာအစားရွှေ့မယ့်နေရာတွေကို သူတို့နဲ့ကြည့်မယ်၊ ကြည့်ပြီးတော့မှ ဘယ်နေရာမှာ နေရာချပေးမယ်ဆိုတာ သိရမယ်ပေါ့နော်။”

လောလောဆယ်မှာတော့ တမြို့လုံးပြောင်းရွှေ့ဖို့ထက် နေမဖြစ်တဲ့နေရာတွေကို အရင် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်းလည်း ဆက်ပြောပါတယ်။

“အဓိက-ကတော့ လက်ရှိ အိမ်ပြိုတဲ့ဟာတွေ၊ ယိုင်နေတဲ့ဟာတွေ၊ နောက် နောက် မနေသင့်တဲ့ဟာကိုတော့ အရင်ပြောင်းရမှာပေါ့နော်။ နည်းနည်းခံသာသေးတယ်ဆိုတဲ့နေရာမျိုးတော့ လောလောဆယ် ပြောင်းချင်မှပြောင်းမှာပေါ့။ ဒါပေမယ့် ရေရှည်အတွက်တော့ ဆက်လက် မနေသင့်တဲ့အနေအထားတွေ ရှိတဲ့နေရာတွေလည်း ရှိပါတယ်။ တမြို့လုံးတော့ မဟုတ်သေးပါဘူး။ အန္တရာယ်ရှိတဲ့နေရာတွေကို ပြောင်းကိုပြောင်းရမှာပါ။”

ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတဦးကတော့ ဘူမိဗေဒပညာရှင်တွေ လေ့လာပြီး ဟားခါးမြို့မှာ ဆက်လက်နေထိုင်ဖို့ မသင့်ဘူးလို့သုံးသပ်ရင် တမြို့လုံးပြောင်းရွှေ့ဖို့လည်း ဖြစ်လာနိုင်ကြောင်းနဲ့ ဒီလို ပြောင်းဖို့လိုအပ်လာရင် ပြည်နယ်လွှတ်တော်မှာ တင်ပြဆုံးဖြတ်ချက်ရယူမှာဖြစ်ကြောင်းပြောပါတယ်။

ဟားခါးမြို့ခံတဦးကတော့ အခုလို ပညာရှင်တွေ လာရောက်လေ့လာတာကို ကြိုဆိုကြောင်း ပြောပါတယ်။

“ဘူမိပညာရှင်တွေ အဲလိုလာတာက ကျနော်တို့လည်း ၀မ်းသာပါတယ်၊ ဟုတ်တယ်။ သူတို့က ပညာရှင်တွေဆိုတော့ မြေကြီးရဲ့အခြေအနေကို ရှေ့မှာ ဘယ်လောက်အထိ ခံနိုင်မလဲ-ပေါ့၊ ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ပေါ့-အဲလိုမျိုး စမ်းသပ်ပြီးတော့ ကြည့်ရှုပေးတာက ကျနော်တို့အတွက်လည်း စိတ်ထဲမှာက ပိုပြီးတော့ ချမ်းသာတာပေါ့နော။”

ဟားခါးမြို့မှာ မြေပြိုတာကြောင့် ဒုက္ခသည် ၅ ထောင်ကျော်လောက်ဟာ မြို့ပေါ်က ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ ဒီရက်ပိုင်းမှာတော့ ဟားခါး-ကလေးလမ်းပွင့်ပြီးကားငယ်တွေ ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့တဲ့ ဟားခါး-ဂန့်ဂေါလမ်းကိုတော့ ပြင်ဆင်ဆဲအခြေအနေမှာ ရှိနေပါတယ်။

ကိုမိုးဇော်/ VOA
http://burmese.voanews.com/content/geologists-to-exc/2910928.html

မိုးကျရွှေကိုယ် တွေ ပေါ်လာပြီး ထိပ်ပိုင်း ရာထူး တွေ ရယူ ခြင်းမျိုး ဟာ ကျန်းမာရေး ဝန်ကြီး ဌာန ရဲ့ ဝန်ထမ်း ဆရာဝန် တွေ အတွက် အခွင့်အရေး ဆုံးရှုံးစေတယ်။
  ကျန်းမာရေး ဝန်ကြီး ဌာနက ထိပ်ပိုင်း ရာထူးကြီး နေရာ တွေ မှာ စစ်ဆရာဝန် တွေသာ မက ဒီအက်စ်အေ ဗိုလ် သင်တန်း ဆင်း တွေ ကို ခန့်အပ် လိုက်တဲ့ အစိုးရ ပြန်တမ်း ထွက် လာတဲ့ အတွက် ဆရာဝန် တွေ ကြားထဲ မှာ အပြင်း အထန် ဝေဖန် ပြောဆို မှု တွေ ပေါ် ထွက် လာပါတယ်။

အင်တာနက် လူမှုကွန်ယက် စာမျက်နှာ တွေ ပေါ် မှာ ပွင့်ပွင့်လင်းလင်း ကန့်ကွက် ပြောဆို နေကြသလို၊ လက်မှတ် တွေ စုဆောင်း ပြီး သမ္မတ ထံ တင်သွင်း မှာ မျိုး နဲ့ အားကိုးရ တဲ့ လွှတ်တော် အမတ်တွေ ကို ရှာပြီး လွှတ်တော် ထဲ မှာပါ မေးခွန်း ထုတ် နိုင် ဖို့ ပြုလုပ် သွားမယ် ဆိုပြီး လက်ရှိ အစိုးရ ဝန်ထမ်း အထူးကု ဆရာဝန်ကြီး တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မိုးကျရွှေကိုယ် ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် လေ့ ရှိတဲ့ အခုလို မျိုး စစ်တပ် က လာတဲ့ သူတွေ ကို အရပ်ဘက် ဌာနတွေ မှာ အခန့်သင့် ရာထူးကြီး ပေးတဲ့ အလေ့အထ မျိုး မဖြစ်သင့်တော့ ဘူး ဆိုပြီး ဒုတိယသမ္မတ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင် ကလည်း လက်ရှိ အစိုးရ တက်ကာစ မှာ ပြောကြား ခဲ့ဖူးတယ် လို့လည်း အဲ့ဒီ့ ဆရာဝန်ကြီး က ဆိုပါတယ်။

လက်ရှိစံနစ် အရ မြန်မာ နိုင်ငံမှာ ဆေးပညာ ဘာသာရပ် တွေကို ဘွဲ့လွန် ယူ နိုင်ဖို့ အတွက် အစိုးရ အလုပ် ဝင်ရောက် လုပ်ကိုင် ကြတဲ့ ဆရာဝန် တွေ ကို အခွင့် အရေး ပေးထား တာ ဖြစ်လို့ ဆေးကျောင်းသား တွေ ၊ ဆရာဝန် ငယ် တွေ အတွက် အစိုးရ အလုပ် အပေါ် မှာ သာ မျှော်လင့်ချက် ကြီးကြီး ထားရှိ နေရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေ မှာ မိုးကျရွှေကိုယ် တွေ ပေါ်လာပြီး ထိပ်ပိုင်း ရာထူး တွေ ရယူ ခြင်းမျိုး ဟာ ကျန်းမာရေး ဝန်ကြီး ဌာန ရဲ့ ဝန်ထမ်း ဆရာဝန် တွေ အတွက် အခွင့်အရေး ဆုံးရှုံးစေတယ် လို့ ဆရာဝန်ကြီး က ရှင်းပြပါတယ်။
BBC Burmese
http://www.bbc.com/burmese

 ရခိုင်ပြည်နယ် စစ်တွေမြို့က ရေလွှမ်းမိုးမှုဖြစ်နေတဲ့ ရပ်ကွက်တချို့ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
 ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တစ်လစာ စားနပ်ရိက္ခာတွေနဲ့ Care Myanmar အဖွဲ့က တောင်သူတွေအတွင်း မျိုးစပါး တင်း ၅၀၀၀၀ (ငါးသောင်း) ကူညီထောက်ပံ့မယ်လို့ သိရပါတယ်။

WFPနဲ့ Care Myanmar အဖွဲ့တာဝန်ရှိသူတွေက စစ်တွေမြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ(ECC) အစည်းအဝေးမှာ ကတိပေးပြောဆိုသွားခဲ့ကြောင်း ECC အဖွဲ့ဝင် ဦးသန်းထွန်း က ပြောပါတယ်။

"မနေ့က ECC အစည်းအဝေးလုပ်ပါတယ်ခင်ဗျာ၊ အဲ့အစည်းအဝေးမှာ WFPနဲ့ Care Myanmar တို့က ဒီလိုထောက်ပံ့မယ်ဆိုတဲ့ ဂတိပေးသွားတာပါ၊ WFP ကထုတ်ဖော် ပြောကြားတာကတော့ ရေဘေးသင့်အိမ်ထောင်စု ၁၆၆၅၆ စု၊ လူဦးရေ ၈၅၄၂၆ ယောက်အတွက် ၁ လစာ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ပဲရယ်၊ ပစ္စည်း ၄ မျိုး ထောက်ပံ့ မယ်ဆိုပြီး ထုတ်ဖော်ပြောကြားသွားပါတယ်၊ Care Myanmar ဆိုတဲ့အဖွဲ့ကလည်း မျိုးစပါးတင်း ၅ သောင်း ထောက်ပံ့မယ်လို့ ပြောကြား သွားပါတယ်"

ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်အများဆုံးခံစားခဲ့ရတဲ့ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးစတဲ့ မြို့နယ်တွေကို အဓိက ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ရေဘေးကြောင့် လူ ၅၆ ဦးသေဆုံးခဲ့ရပြီး နေအိမ်အလုံးပေါင်း တစ်သောင်း ကျော်၊ စာသင်ကျောင်း ၃၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၃၀၀ ကျော်၊ တံတား ၂၁ စင်းနဲ့ လယ်ယာမြေဧကပေါင်း နှစ်သိန်း တစ်သောင်းကျော် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ကျွဲနွားကောင်ရေ ငါးထောင် နီးပါး သေဆုံးခဲ့ရပြီး အိမ်ထောင်စုပေါင်း ရှစ်သောင်းငါးထောင်ကျော် ရေဘေးဒဏ် ခံခဲ့ရပါတယ်။

ရေဘေးဒဏ်ခံစားခဲ့ရတာ သီတင်း တစ်ပတ်ကျော်လာခဲ့ပေမဲ့၊ စားနပ်ရိက္ခာ အကူအညီတွေ မရသေးတဲ့ ကျေးရွာတွေ ရှိနေသေးပြီး၊ လတ်တလောမှာ လယ်ယာမြေတွေ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ဖို့နဲ့ ရေလွှမ်းသွားခဲ့တဲ့ သောက်သုံးရေ ကန်တွေကို အရေးတကြီး ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်နေတယ် လို့ ပြည်နယ်အဆင့် ECC အဖွဲ့ဝင် ဦးသန်းထွန်း က ပြောပါတယ်။

ဒီအတွင်း တရုတ်နိုင်ငံအခြေစိုက် CITIC Group ကော်ပိုရေးရှင်းက ရခိုင်ဒေသ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးကာလအတွင်း အသုံးပြုနိုင်အောင်  ရဟတ်ယာဉ် တစ်စီးနဲ့ အမေရိကန် ဒေါ် လာ ၃ သိန်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ဒီနေ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


 ယနေ့ (၁၀-၈-၂၀၁၅)ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင် ၂ ဖာလုံ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ရွှေလီဦးယာဉ်လိုင်း မှ အမြန်ယာဉ် 4D/ 3075 ကားတိမ်းမှောက်ခဲ့ကြောင်း၊ ယနေ့ည ၇ နာရီ ၂၅ မိနစ်တွင် အဆိုပါ ကားတိမ်းမှောက်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော ရဲအုပ် ဝင်းထွန်းအောင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရ ကားပေါ်တွင် ခရီးသည် (၃၆)ဦး ပါရှိကြောင်းနှင့် ယခုလက်ရှိ အချိန်တွင် ကျား(၂)ဦး၊ မ(၄)ဦး ပေါင်း(၆)ဦး သေဆုံးနေပြီဖြစ်ကြောင်း ကားထဲတွင် ပိတ်မိသေဆုံးနေသူမှာ (၃) (၄)ဦးခန့်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို အနီးဆုံး ရှိ ဖြူး ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ကနဦးသတင်း သိရှိ ရသည်။ ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးပါမည်။

( ဓာတ်ပုံ - သက်ပိုင်လတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


 မြန်မာနိုင်ငံတ၀န်း ဇွန်လကစတင်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁ သန်းနီးပါး ရေဘေးဒဏ် ခံခဲ့ကြရတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောဆိုပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးခဲ့ပြီး လယ်ဧက ၁.၂ သန်းခန့် ပျက်စီးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။

တချို့ဒေသတွေမှာ ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေအတွက် သတိပေးနှိုးဆော်ချက် အသစ်တွေ ထပ်မံထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မုတ်သုံရာသီမှာ ရေကြီးရေလျှံဖြစ်လေ့ ရှိပေမယ့် အခု ရေကြီးမှုဟာ ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်

မြန်မာနိုင်ငံရှိ တိုင်းနယ် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုမှာ ရေကြီးမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံးနဲ့ အသေအပျောက် အများဆုံးဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကူညီနေကြပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ Patrick Fuller က ရေကြီးရာ ဒေသအတော်များများမှာ အခြေအနေဆိုးဝါးနေဆဲဖြစ်ပြီး လူတွေဟာ ဘာမှမရှိတော့တဲ့ အိမ်နေရာကို ပြန်လာနေကြတယ်။ သူတို့ရဲ့  အိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာ ရွှံ့တွေဖုံးကုန်ပြီလို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာ့အလင်း သတင်းမှာတော့ ဧရာဝတီမြစ်နဲ့ င၀န်မြစ် တို့ဟာ ရေအနည်းငယ်ကျသွားပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲလို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese