08/12/15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းများ အစားထိုးပြင်ဆင်မှုစာရင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းများ အစားထိုးပြင်ဆင်မှုစာရင်း။
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့က ဗဟိုဦးစီးစနစ်ကို လွန်ကဲစွာသုံးပြီး ရွေးချယ်ခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ NLD ပါတီကတော့ ဒါဟာ ပြည်သူလူထုရဲ့ ဝေဖန်မှုထက် ပါတီဝင် အချင်းချင်း နေရာယူမှုအပေါ်မှာ ပါတီဝင်အချင်းချင်း ဝေဖန်နေတာသာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဗဟိုချုပ်ကိုင်မှု မရှိဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပါတီမှာ ဗဟိုထိန်းချုပ်မှု လွန်ကဲနေတယ်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“တိုင်းဒေသကြီး ပါတီခေါင်းဆောင်တွေနဲ့ ဗဟိုပါတီခေါင်းဆောင်တွေရဲ့ အမှားအယွင်းကြောင့် ဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကနေ ခေါင်းခေါက်ရွေးပြီး တင်ထားတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အများစုဟာ အောက်ခြေပါတီဝင်တွေနဲ့လည်း အလှမ်းကွာတယ်။ ပြည်သူလူထုနဲ့လည်း ထိတွေ့မှုအပိုင်းမှာ အားနည်းတာကို တွေ့ရတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ် စားလှယ်လောင်း ရွေးချယ်မှုအပေါ် မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပခုက္ကူ ဒီချုပ်ပါတီခရိုင် ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးအား ပါတီမှ ထုတ်ပယ်လိုက်တဲ့အပေါ်မှာ ဒေါက်တာ ရန်မျိုးသိမ်း က အခုလို ဝေဖန်လိုက်ပါတယ်။

“လတ်တလောဖြစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပြတ်အသတ် အနိုင်ရပြီးတော့ အစိုးရတရပ်ကို ဦးဆောင် ဖွဲ့စည်းနိုင်ဖို့ အနေအထားမျိုး ဖြစ်လာမယ့် အလားအလာကို အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

NLD ဗဟိုတာဝန်ခံတဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် ကတော့ အပြစ်ပေးခံရသူတိုင်းက သူတို့ကိုယ်တိုင် မမှားဘူးလို့သာ ခံယူကြကြောင်း၊ ဗဟိုကချမှတ်ပေးထားတဲ့အပေါ် မလုပ်ဆောင်နိုင်အောင် တားမြစ်တဲ့အပေါ်မှာ ဗဟိုအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ “ဥပမာပေါ့ဗျာ လူတယောက်က သူပြည်သူလို့ ပြောပြီ သူက ဒီလူတယောက်ကို ပါစေချင်တယ်။ ဒါ သူ့အပြောလေ။ ကျနော်တို့က ဒီထဲမှာ ဘာဖြစ်နေလဲဆိုတော့ မဲဆန္ဒနယ်ထဲမှာ သောင်းနဲ့ချီ မဲပေးကြမှာကိုး။ ကျန်တဲ့သူတွေအတွက်ကို သူက ဘယ်လိုပြောမလဲ။ ဒါတွေကို မြင်ရမယ်လေ။ ဗဟိုချုပ်ကိုင်မှု များတယ်ဆိုရင် NLD လို ပြင်ပေးပါတယ်ဆိုတဲ့ ပါတီ ဘယ်နှစ်ပါတီတွေ့ပါလဲဗျာ။ ပြည်သူလူထုက ပြောနေတယ်လို့ မကြားဘူးဗျ။ အခုပြောနေတာက ကျနော်ပြောတာ ဒေသက NLD ပြည်သူက ပြောနေတယ်လို့ ဒီလိုပြန်ပြီးတော့ ပြောနေကြတာ။ ကျနော်မြင်နေတာက ဘယ်လိုလဲဆိုတော့ ထုတ်လိုက်တယ် ဆိုတဲ့အထဲမှာလည်း ပြန်ကြည့်လိုက်ပါဦး။ နောက်ပြီးတော့ကာ ဘယ်သူပါနေလဲဆိုတော့ NLD အဖွဲ့ဝင်တွေချည်းပါပဲ။”

နိုင်ငံရေးစိတ်ဝင်စားသူ ရန်ကုန်မြို့ခံ ကိုသီဟကတော့ NLD လူရွေးမှုအပေါ်သူ့အမြင်ကို အခုလို ပြောပါတယ်။

“၈၈ ဆိုတဲ့ ကိစ္စမျိုးကျတော့ လူထုကိုယ်တိုင်က အားမရဘူး။ ၈၈ ပါဝင်မယ် ဆိုတဲ့အချိန်က တော်တော်များများက နိုင်ငံရေးအရ လူထုလည်း အားတက်သွားတယ်။ အံ့သြသွားပြီ သတိထားသွားတယ်ပေါ့နော်။ နောက်ပြီးတော့ ၈၈ လိုမျိုး ဒီလိုအင်အားစုတွေ ပါမယ့်ဆိုတဲ့ Political Message က အတိုင်းအတာတခုအထိ နိုင်ငံရေးကိုရော လာမယ့်ရွေးကောက်ပွဲကိုရော ရိုက်ခတ်မှုရှိတယ်။ တချို့နေရာတွေဆို နိုင်ပြီလို့ပြောလို့ရတယ်။ ဒီလိုနေရာမျိုးကျတော့ ပါတီကိစ္စမဟုတ်တော့ဘူး။ မဲဆန္ဒရှင်တွေကိုယ်တိုင်က မျှော်မှန်းတဲ့ကိစ္စတွေ ပါလာတယ်။ အခု အားလုံးကတော့ ဒီ NLD ပါတီကိုပဲ အားပေးရမယ်။ အပြောင်းအလဲအတွက် ရည်မှန်းချက်ဆိုတာ ရှိကြတာ မှန်သော်လည်းပဲ တချို့နေရာတွေမှာ ယှဉ်ပြိုင်မယ့် အင်အားကြီးတဲ့ နေရာမျိုးတွေရှိတယ်။ ဒီလိုနေရာမျိုးတွေမှာ တော်တယ်လို့ နာမည်ကျော်ကြားတဲ့ လူပုဂ္ဂိုလ်ကို ထည့်သွင်းစဉ်းစားကို စဉ်းစားရမယ်။ NLD က အဲ့တာစဉ်းစားတာ အားနည်းတဲ့အတွက် လူတွေအများစုနေတဲ့ မြို့ပြလို နေရာမျိုးတွေမှာတော့ NLD အနေနဲ့ အခက်အခဲ ဖြစ်သွားနိုင်တယ်။

ကိုသီဟာ တိုင်းပြည်အပြောင်းအလဲအတွက် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို နိုင်စေချင်ကြောင်း ဒါပေမဲ့ လက်ရှိ NLD ပါတီ အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။

“တိုင်းပြည်မှာတော့ အပြောင်းအလဲတခု လိုတဲ့အတွက်မို့လို့ အုပ်ချုပ်ရေးနယ်ပယ်မှာ အရပ်သားတွေ နိုင်ငံရေးသမားတွေ အရည်အချင်းရှိတဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ အရပ်သားတွေ ပါဝင်လာတာကို ကြိုက်တယ်၊ တပ်ကနေ အာဏာကို လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုကို ဖျက်သိမ်းပြီးတော့ တော်တဲ့ တတ်တဲ့ အရပ်သားအစိုးရတရပ်ပေါ်ပေါက်လာရေးကို ရှေးရှု့တဲ့ လိုလားတဲ့သူ တယောက်ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် NLD ကို နိုင်စေချင်တယ်။ ဒါပေမဲ့လည်း NLD ဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ ပါတီတခုလားဆိုတော့ ကိုယ့်အနေနဲ့ ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင် တိုင်းပြည်အုပ်ချုပ်နိုင်လောက်တဲ့ ပါတီတခုတော့ မဖြစ်သေးဘူး။ NLD အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အဆင့်အတန်း ရောက်အောင်တော့ သူ့ပါတီကို ထူထောင်ဖို့လည်း တချိန်တည်းမှာ လိုသေးတယ်။”

လက်ရှိမှာ NLD အနေနဲ့ ဝင်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းတွေ ထုတ်ပြန်တဲ့အခါမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နာမည်ရ တက်ကြွလှုပ်ရှားသူတွေ၊ အထင်ကရ နိုင်ငံရေးသမားတွေ မပါဝင်ပါဘူး။ ဒီအပြင် တိုင်းရင်းသား နိုင်ငံရေး အင်အားစု နယ်မြေတွေ အားလုံးနီးပါးမှာ ၀င်ပြိုင်ဖို့ ရှိပါတယ်။ ဒီလိုအချက်တွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ဘဝင်မကျ ဖြစ်နေကြတယ်လို့ NLD ပါတီဝင်တချို့က ပြောဆိုနေကြပါတယ်။

VOA

  ၂၀၁၂ ပါတီညီလာခံ ကတည်းက ပြည်သူ့ပါတီ အဖြစ်ကို ကူးပြောင်းပြီး ဖြစ်လို့ ပြည်သူ ပြည်သား အကျိုးကိုသာ ဦးထိပ် ထားမှာ ဖြစ်တယ် ဆိုပြီး ဦးလှသိန်းဆွေ က ပြောပါတယ်။
တပ်မတော် အရာရှိကြီးတွေ အငြိမ်းစား ယူပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ကို ကူးပြောင်း လာတဲ့ အခါ ပါတီ ရဲ့ မူဝါဒ နဲ့ ချမှတ် ထားတဲ့ သဘောထား လမ်းစဉ် တွေ ကို ခံယူ ကျင့်သုံး သွားရမှာ ဖြစ်တယ် ဆိုပြီး ကြံ့ခိုင်ရေး ပါတီ ရဲ့ ခေါင်းဆောင် တစ်ဦး က ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဟာ တပ်မတော် က ဖွဲ့စည်း ပေးခဲ့တဲ့ အသင်းကနေ ကူးပြောင်း ဖွဲ့စည်း ထားတာ ဖြစ်တဲ့ အတွက် တပ်နဲ့ ကင်းကွာလို့ မရ တသားတည်းပဲ ဖြစ်တယ် လို့လည်း ပါတီ ရဲ့ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် တပ်မတော် ထိပ်တန်း အရာရှိ ကြီးတွေ ရော အရာရှိ ငယ်တွေ ရော လာမယ့် ၂၀၁၅ ရွေး ကောက်ပွဲ ကို ကြံ့ခိုင်ရေး ပါတီ ကနေ ဝင်ချင်ရင် လက်ခံမယ် ဆိုပြီး ကမ်းလှမ်း ခဲ့ကြောင်း ဦးလှသိန်းဆွေ က ဆိုပါတယ်။

ရောက် ရှိ လာကြတဲ့ စစ်ဘက် အရာရှိ ဟောင်း တွေ ဟာ ဘယ် မဲဆန္ဒနယ် ကနေ ဝင်မယ် ဆိုတာ ကို တပ် ကနေ တပါတည်း ရွေးချယ် ပေးလိုက် တာ ဖြစ်ကြောင်း လည်း ဦးလှသိန်းဆွေ က ပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ဒေသခံ ပါတီ အဖွဲ့ ဝင် တွေ နဲ့ ညှိနှိုင်းပြီး မှ မဲဆန္ဒနယ် ကို အတည်ပြုတာ ဖြစ်ကြောင်း လည်း ဦးလှသိန်းဆွေ က ပြောပါတယ်။

ဒါ့ကြောင့် ကယားပြည်နယ် ထဲ မှာဆို တပ်မတော် က အမည်စာရင်း ပေးလာတဲ့ တပ်ရင်းမှုး အဆင့် အရာရှိ ၇ ဦး ကို ဒေသခံ တွေ ရဲ့ သဘောတူ ညီမှု မရ လို့ လက်မခံ ခဲ့ ဘူး ဆိုပြီး ဦးလှသိန်းဆွေ က ပြောပါတယ်။

လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ဖြစ်တဲ့ ဦးစိုးသိန်း နဲ့ ဦးအောင်မင်း တို့ကို ကြံ့ခိုင်ရေး ပါတီ က ၂၀၁၅ ကိုယ်စားလှယ်လောင်း တွေ အဖြစ် လက် မခံ ဘူး ဆိုပြီး ပေါ်ထွက် ခဲ့တဲ့ သတင်းတွေ နဲ့ ပတ်သက်လို့လည်း ဦးလှသိန်းဆွေ က ဒေသခံ တွေ နဲ့ သဘောတူမှု မရ တဲ့ အတွက် မဲဆန္ဒနယ် ရွှေ့ပြောင်းပြီး ဝင်ရောက် ဖို့ အကြံပြု ထားသာ ဖြစ်တယ် လို့ ဦးလှသိန်းဆွေ က ရှင်းပြ ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ တပ် က အနားယူ ပြီး ရောက်လာတဲ့ ဗိုလ်ချုပ်ကြီး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် တွေ က ရွေးချယ် ထားတဲ့ မဲဆန္ဒနယ် တွေ နဲ့ ပတ်သက် လို့တော့ အခက်အခဲ တစုံတရာ ရှိကြောင်း ဦးလှသိန်းဆွေ က မပြောဆို ပါဘူး။

BBC Burmese
http://www.bbc.com/burmese

 သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို တွေ့ရစဉ်။ Photo: RFA
 သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ လာမယ့်ရွေးကောက်ပွဲမှာ ကယားပြည်နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ ကနေ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘော်လခဲ ခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းထားပါတယ်။ ၀န်ကြီး ဦးစိုးသိန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ ဘော်လခဲ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးအရာရှိ ဦးကျော်လင်းက ပြောပါတယ်။

"၀န်ကြီး ဦးစိုးသိန်းကတော့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ မှာဖြစ်ပါတယ်ခင်ဗျ၊ ၇ ရက်နေ့ ၈ လပိုင်းက တင်ပါတယ်ခင်ဗျ"

ဝန်ကြီး ဦးစိုးသိန်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ မှာ ဘော်လခဲမြို့နယ်က ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာအုပ်စု ၅ခု ပါဝင်ပါတယ်။ အဲဒီနေရာမှာ ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေလည်း အမည်စာရင်းတင်ထားပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ဟာ ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီမှာတင်ပြထားပေမယ့် ခွင့်မပြုခဲ့တာကြောင့် အရင်က ရွေးကောက်ပွဲဝင်ခဲ့တဲ့ မဲဆန္ဒနယ်တွေကသာ ရွေးချယ်ခံဖို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်မင်းကလည်း ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီနေ့အထိ အမည်စာရင်းတင်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀န်ကြီးဦးစိုးသိန်းက ယှဉ်ပြိုင်မယ့်သူမရှိတဲ့ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပြီး ဦးအောင်မင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကနေ ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီး ၄ဦးကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ကနေ နှုတ်ထွက်ပြီး ကယားပြည်နယ်ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကယားပြည်နယ် မြို့နယ် ၇ခုမှာ လူဦးရေ ၂သိန်း ၇သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ ၁သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ တိုက်ရိုက်ရွေးချယ်ခန့်အပ်ထားတဲ့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ၅ဦးဟာလည်း နေပြည်တော် မဲဆန္ဒနယ်မြေတွေကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

U Ko Ni
ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာနအရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနက ရာထူးကြီးတွေမှာ ခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ကျန်းမာရေးလောကသားတွေဟာ ဖဲကြိုးနက်လှုပ်ရှားမှုကို ပြည်တွင်းပြည်ပက မနေ့ကစတင်လုပ်ဆောင်ကြရာမှာ ဒီကနေ့ တစထက်တစ ပိုမိုကျယ်ပြန့် လာနေပါတယ်။ Black Ribbon Movement Myanmar 2015 အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို တိုင်းနဲ့ပြည်နယ်အသီးသီး ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးရုံတွေက ဆရာဝန်ကြီးတွေ၊ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ သူနာပြုတွေက သူတို့ရဲ့ ဓာတ်ပုံ၊ အမည်၊ ဆမ နံပါတ်တွေနဲ့ အနက်ရောင်ဖဲကြိုးကို ရင်ဘတ်မှာ တဦးချင်း၊ အစုအဖွဲ့အလိုက် ဆင်မြန်းပြီး ပူးပေါင်းပါဝင် ဆန္ဒပြနေကြတာပါ။ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းနေကြတဲ့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေကလည်း ဒီလှုပ်ရှား မှုမှာ ပါဝင်လာနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်နဲ့ ၃၀ ရက်နေ့ရက်စွဲတွေနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြောညာစာတွေမှာ“ ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလာသော အရာရှိများအား တာဝန်ခန့်အပ်ရာ၌ စစ်တက္ကသိုလ်မှ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးများအား ဒုညွန်မှူးနှင့် လက်ထောက်ညွှန်မှူးရာထူးများပေးအပ်ခြင်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန်များအား အရပ်ဘက်အထူးကုဆရာဝန်များပေးအပ်ခြင်း၊ ရိုးရိုးဘွဲ့ရစစ်ဗို်လ်များအား အုပ်ချုပ်ရေးဦးစီး အရာရှိများ ပေးအပ်ခြင်းတွေ ပါဝင်” ခဲ့ပါတယ်။ ဒီရာထူးတာဝန်တွေဟာ အရပ်ဘက် ကျန်းမာရေးလောကသားတွေအဖို့ နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ပြီးမှ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ရာထူးတာဝန်တွေဖြစ်ပြီး စစ်ဘက်က လာသူတွေက မိုးကျရွှေကိုယ်ပမာ ရယူတဲ့အပေါ် မကျေနပ်လို့၊ မလွှမ်းမိုးဖို့ ကန့်ကွက်ဆန္ဒပြကြတာလို့ဆိုပါတယ်။
ဒီလိုပုံစံနဲ့ အလားတူ စစ်ဘက်ကပုဂ္ဂိုလ်တွေက အရပ်ဘက်အုပ်ချုပ်ရေးနယ်ပယ်မှာ ရာထူးယူတာ ဆယ်စုနှစ်ချီရှိနေတာဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာသည်ပင်လျှင် ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ဘဲ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ကိုယ်စားလှယ်ရယူထားတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက “ကျနော်တို့ ဆေးလောကနဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တစ်ခုဖြစ်တဲ့ ကျန်းမာရေး ၀န်ကြီးဌာရဲ့ အရေးပါတဲ့ ရာထူးတွေကို စစ်တက္ကသိုလ် ဆင်းတွေ ၀င်ရောက်စွက်ဖက်တာကို ကန့်ကွက်တဲ့ အနေနဲ့ Black Ribbon Movement ကို စတင်ကြရအောင်။ ဒီ movement ဟာ လူပုဂ္ဂိုလ်တွေကို (အထူးသဖြင့် စစ်တက္ကသိုလ် ကျောင်းဆင်းတွေကို) တိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ အာဏာရှင်ဆန်တဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ဘက်က စစ်မှုထမ်းများကိုပါ ဒီ movement ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းက တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီခန့်အပ်မှုနဲ့ပတ်သက်လို့ ဥပဒေနဲ့ညီမညီ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မေးမြန်းရာမှာ နိုင်ငံဝန်ထမ်းဥပဒေနဲ့ ညီမညီ စိစစ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။


ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်ကအရာရှိတွေကို အဆင့်မြင့်ရာထူးတွေခန့်အပ်တဲ့အပေါ် ဖဲကြိုးအနက်လှုပ်ရှားမှုလုပ်ပြီးကန့်ကွက်နေကြတယ်။ ဒီခန့်အပ်မှုဟာ ဥပဒေအရ ဒီအတိုင်းပဲ ခန့်အပ်ပိုင်ခွင့်ရှိသလားခင်ဗျ။ အကိုးအကားနဲ့ ပြောပြပါ။
“မကြာခင်က ပြဌာန်းလိုက်တဲ့နိုင်ငံ့ဝန်ထမ်းဥပဒေကို ကိုးကားပြီးပြောရမယ်ဆိုရင် အဲဒီနိုင်ငံဝန်ထမ်းဥပဒေရဲ့ ပုဒ်မ ၂ (င) မှာ ၀န်ထမ်းဆိုသည်မှာတဲ့ ၀န်ထမ်းအဖွဲ့အစည်းတရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံဝန်ထမ်းကို ဆိုလိုသည်တဲ့။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စရပ်အလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်တဲ့။ သူက ဒီလိုရေးထားပါတယ်။ အဲဒီတော့ ဆိုလိုတဲ့အဓိပ္ပာယ်က ၀န်ထမ်းအဖွဲ့အစည်းတရပ်ရဲ့ ဖွဲ့စည်းပုံပါ ရာထူးတခုခုမှာ ခန့်အပ်ခြင်းခံရတဲ့သူဆိုရင် နိုင်ငံ့ဝန်ထမ်း၊ ဆိုလိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနဆိုတာ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားတဲ့ ၀န်ထမ်းအဖွဲ့အစည်းပေါ့ဗျာ။ အဲဒီတော့ အဲဒီဌာနမှာ ခန့်အပ်ခြင်းခံရတဲ့ ၀န်ထမ်းထဲမှာ တပ်မတော်သားနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မပါဘူး။ အကျုံးမ၀င်ဘူးလို့ ပြောထားတဲ့အခါကျတော့ အဲဒီလို အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတွေထဲမှာ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေကို ခန့်ထားလို့မရဘူးလို့ အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် ဖွင့်လို့ရတယ်။ ကျနော်တို့ထောက်ပြစရာတချက်ရှိနေတယ်။ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းထဲမှာ တပ်မတော်သားပါဝင်ရင် ဒီဥပဒေနဲ့ ဒီအဓိပ္ပာယ်နဲ့ ဆန့်ကျင်သွားမလားဆိုတာ တချက်ရှိတယ်ပေါ့နော်။”

“နောက်တခါ သူနဲ့သက်ဆိုင်တဲ့ ဥပဒေ ကျနော်တို့ လေ့လာလိုက်တဲ့အခါမှာ အခန်း (၃) ရွေးချယ်ခန့်ထားခြင်းဆိုတဲ့ အခန်းရဲ့ ပုဒ်မ ၈ မှာ ဘာတွေ့ရလဲဆိုတော့ ၀န်ကြီးဌာန ဒါမှမဟုတ်လို့ရှိရင် ၀န်ထမ်းအဖွဲ့အစည်းတခုခုက ပြန်တမ်းဝန်အရာရှိတဦးကို အခြားဝန်ကြီးဌာန သို့မဟုတ်လည်း အခြားဝန်ထမ်းအဖွဲ့အစည်းတခုခုကို ပြောင်းရွှေ့ခန့်ထားမယ်ဆိုရင် သူသတ်မှတ်ထားတဲ့အချက်တွေရှိတယ်ဗျ။ အဲဒါဘာတုန်းဆိုတော့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံရမယ်တဲ့ တချက်။ နံပါတ် ၂ ကသက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက ရာထူးဝန်အဖွဲ့နဲ့ ညှိနှိုင်းရဦးမယ်တဲ့။ သူက ချက်ခြင်းပြောင်းလို့မရဘူး။ သတ်မှတ်ချက်က ၂ ချက်ဖြစ်သွားပြီ။ ပြောင်းရွှေ့ခန့်ထားမယ့်နေရာမှာ သူထမ်းဆောင်ရမယ့်တာဝန်နဲ့ ဆိုင်တဲ့အရည်အချင်း ပြည့်စုံသလား၊ မပြည့်စုံသလား ဒါ တချက်ကြည့်ရမယ်။ ပြည့်စုံရင်တောင်မှ အဲဒီဝန်ထမ်းအဖွဲ့အစည်းက ရာထူးဝန်အဖွဲ့နဲ့ ညှိရဦးမယ်တဲ့။ အဲဒီရာထူးဝန်အဖွဲ့နဲ့ ညှိတဲ့အခါမှာ အဲဒီရာထူးဝန်အဖွဲ့က ညှိနှိုင်းစိစစ်ပြီးတော့မှ သူက ပြည်ထောင်စုအစိုးရကို တင်ပြရမယ်တဲ့။ ပြောလိုတဲ့သဘောကတော့ ဌာနတခုကနေ အခြားဌာနတခုကို လွယ်လွယ်ကူကူ ပြောင်းလို့မရဘူး။ ရာထူးဝန်အဖွဲ့နဲ့ညှိနှိုင်းပြီးမှ၊ ရာထူးဝန်အဖွဲ့က အစိုးရအဖွဲ့ကိုတင်ပြပြီးမှသာ ဒီဟာ ပြောင်းလို့ ရွှေ့လို့ရမယ်။ အခုကိစ္စမှာ အဲသလို လုပ်သလား၊ မလုပ်ဘူးလားဆိုတာ ကျနော်တို့ ပြောလို့မရဘူးဖြစ်နေတယ်။ ဒါ ကျနော်တို့ စဉ်းစားစရာ အချက်တချက်။
“နောက်ထပ်ကျနော်တို့ အချက်တချက်ရှိသေးတယ်။ ရာထူးတိုးမြှင့်ခြင်းဆိုတဲ့ အခန်း (၇) နဲ့ဆိုင်တယ်ခင်ဗျ။ အဲဒီအခန်း ၇ မှလည်း ကျနော်တို့က အခု ကျန်းမာရေးဝန်ကြီးဌာနကို လာတာ ရာထူးတိုးပြီးတော့ လာတာဆိုရင် ဒီဥပဒေတွေနဲ့ ညီဖို့လိုသေးတယ်။ ပုဒ်မ ၂၃၊ ၂၄၊ ၂၅ စသဖြင့်ပေါ့ အဲဒီမှာ ပြဌာန်းထားတာတွေ ရှိပါတယ်။ အဲဒါက ဘာတုန်းဆိုတော့ ရာထူးတိုးရင်လည်း အဲဒီတိုးလိုက်တဲ့ရာထူးအတွက် ခန့်အပ်နိုင်တဲ့ အရည်အချင်းရှိမရှိဆိုတာကို ကြည့်ရမယ်တဲ့၊ နောက်တခါ အဲဒီအရည်အချင်းကိုလည်း ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးအကဲဖြတ်တာကို ခံယူရဦးမယ်တဲ့၊ သူက ဒီလို ပြောထားတဲ့အပြင် နောက်ပုဒ်မ ၁ ခုက ပုဒ်မ ၂၇ မှာ ပြန်တမ်းဝန်အရာရှိအဆင့်ကို မိမိဌာနအတွင်းက ရာထူးတိုးမယ်ဆိုရင်တောင်   တန်းစီဇယားထဲက ၀န်ထမ်းတွေကို ခန့်ရမယ်၊ ပြီးရင် ရာထူးဝန်အဖွဲ့ကို တင်ပြပြီးတော့မှလည်း ညှိနှိုင်းသဘောတူညီချက်ယူရဦးမယ်လို့ ပြောထားတယ်။ အဲဒီတော့ ဒါတွေက ကျနော်တို့တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေပြဌာန်းချက်တွေ။ အဲဒီတော့ သုံးသပ်လိုက်မယ်ဆိုရင် အခုလို တပ်မတော်သား၊ တပ်မတော်ဘက်က ပြန်တမ်းဝန်အဆင့်ရှိတဲ့အရာရှိကြီးတွေကို ဒီဘက်က အရပ်ဘက် ၀န်ကြီးဌာနအောက်မှာရှိတဲ့ အဖွဲ့အစည်းဘက်ကို အခုလို အလွယ်တကူ ပြောင်းလိုက်တာ ကတော့ လက်ရှိတည်ဆဲဥပဒေနဲ့ ညီမညီဆိုတာကတော့ စိစစ်စရာတွေ အများကြီး ရှိနေတယ်လို့ ထောက်ပြချင်တယ်။”

အခုဆိုရင် ဆရာဝန်တွေက သူတို့အမည်၊ ဆမ နံပါတ်တွေကို ဓာတ်ပုံနဲ့တကွ အွန်လိုင်းပေါ်တင်ပြီးကန့်ကွက်နေတာ တွေ့ရတယ်။ ကျန်းမာရေးဝန်ကြီးဌာန တခုတည်းတင် မဟုတ်ဘဲ ကျန်ဝန်ကြီးဌာနက အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။
“ကျနော့်အမြင်ပြောရရင် အချိန်အခါနဲ့ဆိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို စစ်ဘက်က ပုဂ္ဂိုလ်တွေ ၀င်လာတာကတော့ အခုအချိန်မှာ ၀င်လာတယ်။ အခုအချိန်ကလည်း အတော်အတန်ကို လွတ်လပ်မှုရနေတဲ့အနေအထားဖြစ်တဲ့အပြင် လူတွေရဲ့ အတွေးအခေါ် အယူအဆပိုင်းလည်း အတော်လေးကို ပြောင်းလဲနေတဲ့အချိန်အခါနဲ့ကြုံတဲ့အတွက် အခုလို ပွင့်ပွင့်လင်းလင်း ဆန္ဒပြတာလို့ ကျနော်မြင်တယ်။ တကယ့်တကယ်တော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကိုဝင်တာဆိုရင် စည်ပင်သာယာဆိုရင်လည်း မြို့နယ်အဆင့်ထိ ကုန်သွားပြီး တပ်က လူတွေဝင်နေတယ်။ နောက်တခါ အခွန်ရုံးတွေဆိုရင်လည်း ကျနော်တို့ စီပိုးဘီပိုးအကြောင်းပြပြီးတော့ အခွန်ရုံးလည်းပဲ မြို့နယ်အဆင့်အထိ အရာရှိတွေကို သူတို့ အခွန်ဥပဒေ ဘာမှ နားမလည်ဘဲနဲ့ သူတို့ တိုးနေတာပဲ။ ဆိုလိုတာကတော့ဗျာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတော်တော်များများမှာ စစ်ဘက်က ပုဂ္ဂိုလ်တွေကို သွတ်သွင်း ထားသော်လည်းပဲ အခြေအနေအချိန်အခါအရ မပြောသာတဲ့အတွက်၊ မပြောရဲကြတဲ့အတွက် မပြောခဲ့ကြတာပဲရှိတယ်။ အခုကတော့ သိပ်မခံချင်တာရယ်၊ ပြောဖို့အခွင့်သာပြီလို့ ယူဆတာရယ် ဒီအကြောင်းတွေကြောင့် ဆန္ဒပြတာလို့ ထင်တယ်။ သို့သော် မကျေနပ်တာကတော့ အခုမှ မဟုတ်ပါဘူး။ အစကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ဘက်ကလူတွေဝင်လာလို့ အရပ်ဘက်က၀န်ထမ်းတွေ သူတို့ရှေ့ရေးတွေပိတ်ကုန်တာ၊ သူတို့ရာထူးတိုးမြှင့်ဖို့ အခွင့်အရေးတွေ ပိတ်ပင်သွားတာ၊ နောက်တခါ မသိနားမလည်ဘဲနဲ့ မတတ်တဲ့လူတွေက နားလည်တဲ့၊ အတွေ့အကြုံရှိတဲ့ လူတွေအပေါ်မှာ ဆရာလုပ်အုပ်ချုပ်လို့ အဆင်မပြေတာတွေ၊ ဒါတွေအားလုံးခံစားနေရတာ တော်တော်ကို ကြာပါပြီ။ သို့သော်လည်းပဲ စစ်အစိုးရ လက်ထက်ဆိုတော့ စစ်သားတွေ ဒီလိုအခွင့်အရေုးယူတာကို မပြောရဲ၊ မပြောသာလို့ မပြောတာသာရှိပါတယ်။ ဒါ အခုကတော့ နည်းနည်းပြောသာတယ်လို့၊ သတ္တိတွေလည်း အရင်နဲ့မတူ ရှိလာလို့ ပြောကြတယ်လို့ အဲလိုပဲမြင်  ပါတယ်။”

အရင်ကာလတုန်းကဆို နိုင်ငံရေးနဲ့ ဆက်နွယ်၊ လှုပ်ရှားတဲ့ ဆရာဝန်တွေ၊ ရှေ့နေတွေဟာ အစိုးရကို ဆန့်ကျင်တာနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံကြရတယ်။ အခု ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းတွေမှာ တက်သစ်စအရွယ်   ဆရာဝန်တော်တော်များများပါတယ်။ ဆိုတော့ ဒီလှုပ်ရှားမှု၊ မကျေနပ်မှုကို ဖော်ပြချက်ဟာ ဥပဒေနဲ့ ငြိစွန်းတာရှိနိုင်လား။ အစိုးရဘက်ကရော အရေးယူတာတွေများ လုပ်လာလေမလား။
“ဆန္ဒဖော်ထုတ်တဲ့ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝ ညီညွတ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ ဖော်ပြထားတဲ့ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် မိမိဆန္ဒကို ထုတ်ဖော်နိုင်တယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်အောက်မှာ လုပ်တာဖြစ်ပါတယ်။ စီတန်းလှည့်လည် ဆန္ဒပြတာမျိုးမဟုတ်တဲ့အတွက် ပုဒ်မ ၁၈ နဲ့လည်း ငြိစရာအကြောင်းမရှိပါဘူး။ ခွင့်ပြုချက်လည်း တောင်းစရာ မလိုပါဘူး။ ကျနော့်အမြင်က ဒါ ဥပဒေနဲ့ညီတယ်လို့ မြင်ပါတယ်။ နောက်တခုက ဒီလိုလုပ်လိုက်တဲ့အတွက် နိုင်ငံရေးအရ သက်ရောက်မှုက ဘာရှိသလဲဆိုရင် တိုင်းပြည်ပေါ်မှာ နှစ်ပေါင်း ၅၀ ကျော် မတော်မတရားလုပ်လာခဲ့တာတွေကို မတ်သာလို့ ခံခဲ့ရသော်လည်းပဲ အခုအချိန်ကနေစပြီးတော့ လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ ရှေ့ရေးအလားအလာကိုတောင် မတွက်တော့ဘဲနဲ့ အခုလို ဆန္ဒထုတ်ဖော်ပြီးတော့  မကြိုက်ကြောင်း ပြသလာတာဟာ ကျနော်တို့တိုင်းပြည်ရဲ့ ရှေ့ရေးအလားအလာ ကောင်းမယ့်ဘက်ကို ဦးတည်မယ်လို့ သုံးသပ်ချင်တယ်ခင်ဗျ။ ကျနော်ထင်ပါတယ် ကျန်တဲ့ဌာနတွေလည်းပဲ ဆက်ပြီးတော့အခုလို ကန့်ကွက်တာတွေ၊ ရှုတ်ချတာတွေ၊ မကျေနပ်ကြောင်း ပြသတာတွေ လုပ်လာနိုင်ပါတယ်။

By အေးနိုင်/DVB
http://burmese.dvb.no/archives/107188

 ဓာတ်ပုံ - chiangmaicitylife.com

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေကို သြဂုတ် ၁၁ ရက် (ဒီနေ့) ကစပြီး ဗီဇာမလိုဘဲ ထိုင်းနိုင်ငံတွင်းသို ၁၄ ရက်ကြာဝင်ရောက်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ဒီကနေ့စတင်ခွင့်ပြုပါတယ်။ ထိုင်းနိုင်ငံကို ပြေးဆွဲနေတဲ့ တခုတည်းသော မြန်မာနိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (အမ်အေအိုင်) ရဲ့ ပြောခွင့်ရသူ ဒေါ်အေးမရသာကို မေးမြန်းထားပါတယ်။

ထိုင်းကို မြန်မာနိုင်ငံသားတွေ ဗီဇာမလိုပဲ လည်ခွင့် MAI လေကြောင်းလိုင်းက ခရီးသည်တွေအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာ သိပါရစေ။
“ကျမတို့အပိုင်းကတော့ Visa Free Information ရကတည်းက ကျမတို့ရဲ့ လက်မှတ်အရောင်းအေးဂျင့်တွေကို ရောပေါ့နော်။ ကျမတို့ အနောင့်စ်လုပ်ပေးပါတယ်။ ဒီ ၁၁ ရက်နေ့ကစပြီးတော့ မလိုတော့ဘူးပေါ့လေ။ ဆိုတဲ့အခါကျတော့ အခုကတော့ ကျမတို့က ဒီ တောက်လျှောက်ပေါ့ MAI အနေနဲ့ ကလည်း ပရိုမိုးရှင်းတွေက ရှိတယ်အကိုရဲ့ ဘန်ကောက်ကိုဆိုရင်၊ ဥပမာ ဘန်ကောက်ကို အသွားအပြန်ဆိုရင် လောလောဆယ် အနည်းဆုံး ပရိုမိုးရှင်း ဒေါ်လာ ၉၃ ကျပ်နဲ့ကို ရောင်းနေတယ်။ ဒီပရိုမိုးရှင်းရှိတာကလည်း တကြောင်း၊ Visa Free ဖြစ်သွားတာလည်း တကြောင်းဆိုရင်တော့ သွားရတဲ့လူတွေက လွယ်ကူတာပေါ့နော်။ တကယ်တမ်းပြောရင် ဘန်ကောက်ကလည်း ဟိုတယ်ခ၊ ဘာခ၊ ရှော့ပင် အစစအရာရာ ဈေးသက်သာတော့လေ ကျမတို့ အဲလိုင်းတွေအနေနဲ့ကတော့ ပါစင်ဂျာ ကိုယ့်နိုင်ငံသားတွေ ဟိုဘက်ကို ပြန်သွားမယ်ပေါ့နော်။ များများ။ အခုလည်း ရှော့ပင်တွေ ဘာတွေအတွက် သွားကြတယ်။ တချို့လည်း ဈေးဝယ်သွားကြတယ်၊ မျိုးစုံပေါ့လေ။ အခုဆိုလို့ရှိရင် ဗီဇာမလိုဘူးဆိုတော့ သူတို့ ချက်ခြင်း လက်မှတ်ကလည်း ကျမတို့ဆီမှာ ၀ယ်လို့ရတယ် အကိုရယ်။ ကျမတို့ အေးဂျင့်တွေကလည်း စနေ၊ တနင်္ဂနွေဖွင့်တယ် အကုန်ရောင်းတယ်ပေါ့။ ကျမတို့ အွန်လိုင်းမှာလည်း လက်မှတ်ရောင်းတဲ့အခါကျတော့ အကုန်လုံး လွယ်လွယ်ကူကူနဲ့ သွားလို့ရတာပေါ့။ ဒါပေမယ့် တခုလေးကတော့ စိုးရိမ်တာတော့ ဒီအချိန်မှာ ဒီမှာ ရေဘေးသင့်တဲ့ အချိန်နဲ့ဖြစ်နေတဲ့အချိန်နဲ့က ကွက်တိဖြစ်နေတယ်ဆိုတော့လေ။ များသောအားဖြင့်ကတော့ အခုကတော့ အကုန်လုံးက ရေဘေး လှူဖို့တန်းဖို့၊ သွားပြီး ကယ်ဆယ်ဖို့ ကိစ္စတွေမှာတော့ ပိုပြီးအာရုံတွေကတော့ ရောက်နေတာပေါ့။

ဗီဇာကင်းလွတ်ခွင့်ရပြီဆိုတော့ သက်သာမှုအခြေအနေ။
“ဘယ်လိုပြောရမလဲ သွားတန်းစီရတာတို့ဘာတို့ အကုန်လုံးပေါ့နော် အဲဒါတွေကတော့ အချိန်ကုန်လည်း သက်သာတာပေါ့ ဆိုတော့ အခုသွားမယ်ဆို အခုထပြီး သွားလို့ရတာပေါ့နော်။

လေကြောင်းလိုင်းက မြန်မာပိုင် တလိုင်းပဲ ရှိတော့တယ်လို့သိရတယ်။ ဟုတ်လား။
“ဟုတ်ကဲ့လောလောဆယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားပိုင် လေကြောင်းလိုင်းဆိုရင်တော့ ကျမတို့ အမ်အေအိုင်ပေါ့နော်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတခုပဲ ဘန်ကောက်ကို တနေ့ကို ၂ ခေါက်သွားပါတယ်။

ထိုင်းမှာ ၁၄ ရက်လည်ပတ်မယ့်သူက Show Money ပြရသေးလား။
“အဲလိုမျိုးတွေပြရမယ်လို့ ကျမတို့ဒီမှာ တရားဝင်ပို့တဲ့စာထဲမှာတော့ မပါပါဘူးရှင့်။ ဒါပေမယ့် သူတို့ Return Ticket တော့ သူတို့ တောင်းပါလိမ့်မယ်ထင်တယ်။ Visa Requirements ဖော် ဟိုရောက်ရင်တော့ သူတို့ on Arrival Visa (ဆိုက်ရောက်ဗီဇာ) လိုမျိုး ယူရမလားတော့ မသိဘူး။ ဒါပေမယ့် ဒီကနေတော့ ဗီဇာကို ဖရီးပေါ့နော် အနောင့်စ်လုပ်ထားတယ်ဆိုတော့ ကျမထင်တာတော့ ပေးပါလိမ့်မယ်အကို။ Show Money ပြရမယ်ဆိုတာတော့ ဘာမှ Advice မလုပ်ထားဘူး။ ကျမတို့ကတော့ ပြစရာမလိုဘူးလို့ပဲ နားလည်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ ဒီဟာတွေကိုလည်း စာထဲမှာလည်း မပါဘူးပေါ့နော်။ ဘာမှ ပြစရာမလိုဘူးလို့ပဲ ကျမတို့နားလည်ထားပါတယ်။

ခရီးသွားတွေများလာမယ့်အနေအထားမှာ MAI ရဲ့ လေကြောင်းလိုင်းကို ချဲ့ထွင်ဖို့ အခြေအနေ ရှိလား။ အခေါက်ရေပေါ့နော်။
“ဟုတ်ကဲ့။ ကျမတို့အခုတော့ တနေ့ ၂ ခေါက်သွားပါတယ်။ တကယ်တန်းတော့ ဘန်ကောက်ကိုဆိုရင် သွားတဲ့လေကြောင်းလိုင်းက များတယ်အကို။ ဥပမာဆိုရင် ကျမတို့ မြန်မာနိုင်ငံကာသာ ကျမတို့ MAI (Myanmar Airways International) တခုတည်း ဖြစ်နေတာပေါ့နော်၊ တကယ်တမ်းဆို ဘန်ကောက်ကိုဆိုရင် TG ဆိုရင် တနေ့ ၂ ခေါက်သွားတယ်အကို Thai Airways ပေါ့။  ပြီးတော့တခါ Nok Air ဆိုတာ တခုရှိသေးတယ်။ နေ့စဉ်သွားတယ်။ ပြီးရင် AirAsia ရှိသေးတယ်။ သူတို့လည်း နေ့စဉ်သွားတယ်။ ပြီးရင်တခါ Bangkok Airways လည်း ရှိသေးတယ်။ အဲတော့ တနေ့တနေ့ ဘန်ကောက်ကို ထွက်တဲ့လေယာဉ်တွေက အများကြီးပဲအကို။

အခုချင်းမိုင်ကိုရော တိုးချဲ့ဖို့ရှိလား။
“ချင်းမိုင်ကတော့ ကျမတို့ရဲ့ Sister Airlines ပေါ့လေ။ ကျမတို့ အမ်အေအိုင်က KBZ group ရဲ့ Airline ဆိုတော့။ Air KBZ ဆိုတာ ရှိတယ်။ Air KBZ အနေနဲ့ကတော့ သူတို့ ချင်းမိုင်ကို သွားပါလိမ့်မယ်။ သူတို့ စီစဉ်နေပါပြီ။ ကျမတို့ကတော့ ဘန်ကောက်တခုတည်းပဲပေါ့။ လေကြောင်းလိုင်းက ၂ ခုရှိတယ်ဆိုတော့၊ တခုက ချင်းမိုင်သွားတယ်ဆိုတော့ ကျမတို့က ချင်းမိုင်မသွားတော့ဘူး။ ကျမတို့ ဘန်ကောက်ပဲ ဆက်သွားပါမယ်။

(မှတ်ချက်။       ။ ထိုင်းနိုင်ငံဥပဒေအရ ထိုင်းနိုင်ငံတွင်း ဆိုက်ရောက်ဗီဇာဖြင့် လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်ကို ဆိုက်ရောက်ဗီဇာခ ထိုင်းဘတ်ငွေ တစ်ထောင် ကောက်ယူပါတယ်။ ဧည့်သည်တဦးချင်းလာပါက အမေရိကန်ဒေါ်လာ ၂၅၀၊ မိသားစုဖြင့်ဆိုပါက show money အဖြစ် ဒေါ်လာ ၅၀၀ နဲ့ကိုက်ညီတဲ့ ထိုင်းဘတ်ငွေ ၂ သောင်း) ပြသနိုင်ဖို့လိုပါတယ်။ show money က လေဆိပ်က တာဝန်ရှိသူက စစ်သည့်အခါ စစ်၊ မစစ်လိုတဲ့အခါ မစစ်တာဖြစ်နိုင်) (ရည်ညွှန်း။        ။ http://www.suvarnabhumiairport.com/en/907-visa-on-arrival)

By အေးနိုင်/DVB
http://burmese.dvb.no/archives/107217

 dassk-paungtay-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလောင်းတွေဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ပြောလိုက် တာဖြစ်ပါတယ်။

"ကိုယ်စားလှယ်တွေဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းဘောင်အတွင်းက လုပ်ရမယ်၊ ကျမတို့ဟာ နိုင်ငံရေး ပါတီဖြစ်တယ်၊ နိုင်ငံရေးပါတီတစ်ခုဆိုတာ သူ့ရဲ့စည်းမျဉ်း စည်းကမ်းဘောင်ရှိတယ်၊ ဒီစည်းမျဉ်း စည်းကမ်းကို မလိုက်နာနိုင်လို့ရှိရင် လက်မခံနိုင်လို့ရှိရင် ကျမတို့ရဲ့အဖွဲ့ချုပ်အတွင်းကနေပြီးတော့ လှုပ်ရှားလို့မရပါဘူး၊ ဒါကြောင့်မို့ ကျမတို့ ကိုယ်စားလှယ်တွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ စောစောကပြောသလို ပြုပြင် ကြည့်မယ်၊ ပြုပြင်လို့မရလို့ရှိရင်တော့ ထုတ်ပစ်လိုက်ရုံပဲရှိတာပေါ့"

ဒါ့အပြင် ပေါင်းတည်မြို့ကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးဖို့ဆိုပြီး ၀န်ထမ်းတွေကို ဖိအားပေးနေတာတွေ ရှိနေတယ်လို့ ကြားနေရကြောင်းနဲ့ အဲဒီလိုလုပ်တာဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က မကွေးတိုင်းဒေသကြီးက မကွေး၊ စေတုတ္တတရ၊ စကုနဲ့ မင်းဘူးမြို့တွေကို ရောက်ရှိခဲ့ပြီး ဒီကနေ့ ပြည်ကနေ ရန်ကုန်ကိုအလာ လမ်းတစ်လျှောက်က မြို့တွေမှာ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-warns-nld-candidates-08112015105023.html

ကျန်းမာရေးဝန်ကြီးဌာနအတွင်းရှိ အဆင့်မြင့် ရာထူးနေရာများအား တပ်မတော်မှ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ထည့်သွင်းခန့်ထားလာခြင်းနှင့် ပတ်သက်၍ သဘောတူလက်ခံခြင်း မရှိကြောင်းကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုမှ Black Ribbon Movement Myanmar 2015 ဖြင့် တညီတညွတ် ကန့်ကွက်ခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ‘အများမလိုလားလျှင် ဆက်မလုပ်တော့ပါ’ ဟူ၍ မီဒီယာများကို တရားဝင် ပြောကြားခဲ့ခြင်းကို ဒီမိုကရေစီသဘောတရားအရ အပြုသဘောဆောင်သော ဖြေရှင်းချက် အဖြစ် ကြိုဆိုပါသည်။

သို့ရာတွင် ထိုသို့ရပ်ဆိုင်းခြင်းသည် အချိန်ကာလ သတ်မှတ်ချက် မပါခြင်း၊ စီမံအုပ်ချုပ်သူ တစ်ဦးမှ တစ်ဦး အကူးအပြောင်းဝယ် ပျက်ပြယ်သွားတတ်သော သဘောရှိခြင်းတို့ကြောင့် တရားဝင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ပေးထားရန် လိုအပ်ပါသည်။ ထို့အပြင် လက်ရှိ လောလောလတ်လတ် ပြောင်းရွေ့ထားခဲ့သော တပ်မတော်အရာရှိများ၏ အမိန့်ကြော်ငြာစာများအားလည်း ပြန်လည်ပယ်ဖျက်ပေးရန် တောင်းဆိုပါသည်။

ထိုတောင်းဆိုချက် နှစ်ခု ဖြစ်သော

၁- နောက်နောင်တွင် စစ်ဘက်ဆိုင်ရာ အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင့် ခန့်အပ်ခြင်း မပြုတော့ကြောင်း တရားဝင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရန် နှင့်

၂- လတ်တလော ပြောင်းရွေ့ခန့်ထားသော စစ်ဘက် အရာရှိများ၏ အမိန့်ကြော်ငြာစာများအား ပယ်ဖျက်ပေးရန်-

တို့အား ဆောင်ရွက်ပေးသည်အထိ Black Ribbon Movement Myanmar 2015 ကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။
(Black Ribbon Movement Myanmar 2015)

ဒီလို လုပ်တာဟာ တပ်မတော်ကို ပျက်စီးစေပြီး၊ တပ်မတော် အရာရှိတွေကိုလည်း လွဲမှားတဲ့ အတွေးအခေါ်တွေ ရစေပါတယ်။ အရေးအကြီးဆုံးကတော့ တပ်မတော် အရာရှိတွေနဲ့ ပြည်သူတွေ မတူဘူး ဆိုပြီး တစ်ဖက်နဲ့ တစ်ဖက် သွေးကွဲစေမှု ဖြစ်စေသလို တိုင်းပြည်ရဲ့ အစိုးရယန္တယား စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေပါတယ်။

“ ကျန်းမာရေး ၀န်ကြီးဌာနထဲ စစ်ဗိုလ်တွေ ထည့်တာ ဘာလုပ်ဖို့လဲ”
စည်သူအောင်မြင့် “”
မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာ၊ ၁၁-၈-၁၅။

အခုရက်ပိုင်း ရေဘေးပြသနာ၊ အင်န်အယ်လ်ဒီနဲ့ ၈၈ အကွဲ အပြဲပြသနာတွေ ဖြစ်ပွားနေချိန် ဆရာဝန်လောက နဲ့လူမှုကွန်ယက်ထဲမှာ ပြောစရာ အများဆုံး ဖြစ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ တပ်မတော် အရာရှိတွေကို ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အဆင့်မြင့်တာဝန်တွေ ပေးအပ်နေတဲ့ ကိစ္စပါ။ အဆင့်မြင့် ရာထူးပေးအပ်တဲ့ တပ်မတော် အရာရှိတွေထဲမှာ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတွေ ပါသလို၊ ဆေးပညာနဲ့ လုံးဝ မသက်ဆိုင်တဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတွေလဲ ပါဝင်နေတာမို့ ဆရာဝန်လောက သားတွေ အတွက် ပိုပြီး မခံမရပ်နိုင် ဖြစ်စေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော် ဒီ အစီအစဉ် ဘာလို့ လုပ်ရတာပါလဲ၊ ဒီလုပ်ရပ် နောက်ကွယ်မှာ ဘာ ရည်ရွယ်ချက်တွေ ရှိနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီ ပြသနာကို မပြောခင် တပ်မတော်ရဲ့ သိပ်မကြာသေးခင် ကာလက အတိတ်အကြောင်းကို ပြန်ပြောင်း ပြောရပါလိမ့်မယ်။ ၁၉၈၈ အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင် အုပ်စုဟာ လွတ်လပ်ရေး တိုက်ပွဲနဲ့ အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ကို နည်း နှစ်နည်းနဲ့ ဖျက်ဆီးခဲ့ပါတယ်။ သူ့အရင် ၁၉၆၂ ကနေ ၁၉၈၈ အထိ အာဏာရယူခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းကလည်း ဖျက်ဆီးထားခဲ့ပြီးပါပြီ။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့ နည်းနှစ်နည်းကတော့ တပ်မတော်ကို ဗမာစစ်တပ် သဖွယ်ဖြစ်အောင် ပြောင်းလဲလိုက်တာနဲ့ စစ်အရာရှိ အမြောက်အများ မွေးမြူပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နေရာ အသီးသီးမှာ အထက် အရာရှိတွေအဖြစ် တာဝန်ပေး စေခိုင်း အုပ်ချုပ်စေခြင်းပဲ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် တပ်မတော်ကို မဟာဗမာ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ စစ်တပ်လို ဖြစ်အောင် တည်ဆောက်ပြီး တိုင်းပြည်ကိုလည်း စစ်ဗျူရိုကရေစီ ယန္တယားအောက် ရောက်အောင် စနစ်တကျ သွတ်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။

တပ်မတော်ကို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အင်္ဂါ အစိပ်အပိုင်း အဖြစ်ကနေ သီးသန့်ခွဲထုတ်လိုက်ပြီး စစ်အရာရှိတွေ အားလုံးကို အခွင့်ထူးခံ လူတန်းစား အလွှာတစ်ခု အဖြစ် သီးသန့် ဖန်တီးလိုက်ခြင်းပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အစိုးရ ယန္တရားရဲ့ ထိပ်ဆုံး ၀န်ကြီး၊ ဒုဝန်ကြီး နေရာတွေ အားလုံးလိုလိုလောက်ကို စစ်ဗိုလ်ချုပ်တွေက ရယူ အုပ်ချုပ်ပါတယ်။ ဒါတင်မက ပြည်ထဲရေး၊ နယ်စပ်ရေး၊ လ၀က၊ လယ်ယာနဲ့ ဆည်မြောင်း၊ ဘဏ္ဍာအခွန်၊ ပြန်ကြားရေး၊ စည်ပင်၊ နိုင်ငံခြားရေး စတဲ့ စတဲ့ ၀န်ကြီးဌာန အားလုံးနီးပါးလောက်မှာ စစ်အရာရှိ အများအပြားကို ခန့်ထား တာဝန်ပေး အုပ်ချုပ်စေတဲ့ စနစ်ကိုလည်း ကျင့်သုံးခဲ့ပါတယ်။
ပထမ အကျိုးဆက်ကတော့ မဟာဗမာ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ စစ်တပ် ဖြစ်နေတာကြောင့် တိုင်းရင်းသားတွေရဲ့ လုံးဝ ယုံကြည်မှု မရတော့ပဲ ပြည်တွင်းစစ်ကို သက်ဇိုးရှည်စေခဲ့ပါတယ်။ ဒုတိယ အကျိုးဆက်ကတော့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တယားထဲကို စစ်အရာရှိတွေ ထည့်ပြီး စစ်ဗျူရိုကရေစီ ယန္တယား ပုံစံ ပြောင်းခဲ့တဲ့အတွက် စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းတဲ့၊ စစ်အာဏာရှင်တွေကို သစ္စာရှိပြီး အထက် အမိန့် နာခံတတ်တာကလွဲရင် အဂတိလိုက်စားမှု အလွန်ကြီးမားတဲ့ အစိုးရယန္တယား အဖြစ် ပေါ်ပေါက်လာ၊ တိုင်းပြည်လည်း ချွတ်ခြုံကျခဲ့ရတာပါပဲ။

ပထမ ပြသနာ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေကို နေရာ မပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စေ့စပ်ညှိနှိုင်းမှု လုပ်တဲ့ အချိန်မှာတော့ အဲဒီ အချက် ၀န်ခံ ပြောဆိုခဲ့ပါတယ်။ ဒါတွေကို အဲဒီ အချိန်ကစ ပြုပြင်နေပြီ ဆိုပြီး ၀ါရင့်ဝန်ကြီး တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်က ကတိပြု ပြောခဲ့ဖူးပါတယ်။ ဒုတိယ ပြသနာ ၀န်ကြီးဌာနတွေထဲ မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကို ချထားတာနဲ့ ပတ်သက်ပြီး နောင်ဒါတွေကို ဆင်ခြင်မယ် လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ အစိုးရအဖွဲ့နဲ့ တပ်မတော် အပေါ် သိပ်ပြီး သြဇာရှိသူ မဟုတ်လေတော့ သူ့စကား သိပ် အရာရောက်ခဲ့ပုံ မပေါ်ပါဘူး။

တကယ်တော့ တိုင်းပြည်ကို ဒီမိုကရေစီ စနစ် ဖော်ဆောင်မယ် ဆိုရင် အရင် စစ်အာဏာရှင်တွေရဲ့ စစ်ဗျူရိုကရေစီ ယန္တယား တည်ဆောက်သွားတာကို ပြန်ပြီး ပြုပြင်ရမှာပါ။ ဒီလို လုပ်တာဟာ တပ်မတော်ကို ပျက်စီးစေပြီး၊ တပ်မတော် အရာရှိတွေကိုလည်း လွဲမှားတဲ့ အတွေးအခေါ်တွေ ရစေပါတယ်။ အရေးအကြီးဆုံးကတော့ တပ်မတော် အရာရှိတွေနဲ့ ပြည်သူတွေ မတူဘူး ဆိုပြီး တစ်ဖက်နဲ့ တစ်ဖက် သွေးကွဲစေမှု ဖြစ်စေသလို တိုင်းပြည်ရဲ့ အစိုးရယန္တယား စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေပါတယ်။ ဒီလို စစ်ဗျူရိုကရေစီ ယန္တယား တည်ဆောက်မှုကို ရပ်ဆိုင်းဖို့ ဆိုရင် တပ်မတော်ကနေ ၀န်ကြီးဌာနတွေထဲ စစ်အရာရှိတွေ ထည့်ပြီး နေရာယူခိုင်းတာကို တစ်ဖြေးဖြေး လျော့ချ နောက်ပိုင်း လုံးဝ ရပ်ဆိုင်းလိုက်ဖို့ လိုပါတယ်။ တစ်ပြိုင်နက်တည်း စစ်အရာရှိတွေကို တပ်မတော်က လိုအပ်သလောက် မွေးထုတ်ဖို့ ကန့်သတ်ရပါမယ်။ တပ်မတော်အတွက် သီးသန့်ဆိုပြီး လုပ်ထားတဲ့ စစ်ဆေးတက္ကသိုလ်တို့ စစ်အင်ဂျင်နီယာ တက္ကသိုလ်တွေကို ရပ်ဆိုင်းလိုက်ဖို့ လိုပါတယ်။ အရပ်ဘက် တက္ကသိုလ်တွေက မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေကိုပဲ တပ်မတော်ဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင် စေခိုင်းတာမျိုး လုပ်သင့်ပါတယ်။

ဒါပေမယ့် အဲဒါတွေဟာ စိတ်ကူးယဉ်မှုတွေပဲ ဖြစ်ခဲ့ပါတယ်။ လက်ရှိ တပ်မတော်ဟာ လွှတ်တော်ထဲ စစ်အရာရှိ ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားပါတယ်။ စစ်သား အမတ် အရည်အတွက် ၅၀၀ လောက်ဆိုတော့ မနည်းပါဘူး။ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေ ချည်းပါပဲ။ အလွန်များပါတယ်။ ၄ နှစ်တာ ကာလ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထဲမှာလည်း စစ်ဗိုလ်တွေကိုချည်း နေရာချထားပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း ၀န်ကြီးဌာနတွေမှာ ၀န်ကြီး၊ ဒုဝန်ကြီးပြီးရင် အာဏာအရှိဆုံး ဖြစ်တဲ့ အတွင်းဝန်ရာထူးတွေ ဖော်ထုတ် ခန့်ထားခဲ့ပါတယ်။ အားလုံးနီးပါး စစ်ဗိုလ်ဟောင်းတွေပါ။ ၀န်ကြီးဌာနတွေမှာဆိုရင်လည်း စစ်ဗိုလ်ဟောင်းတွေချည်းပါပဲ။ သက်မွေးဝမ်းကျောင်း ပညာ တတ်မြောက်ပါမှ တာဝန်ယူလို့ရမယ့် ကျန်းမာရေးဝန်ကြီးဌာနမှာတော့ စစ်ဗိုလ်တွေ နည်းပါတယ်။ အခု
အဲဒီ ကျန်းမာရေး ၀န်ကြီးဌာနကိုပါ တပ်မတော်ဘက်က အာဏာသိမ်းသလို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

အကြောင်းရင်းကို ပြန်ကြည့်ရင် လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေကြားက စေ့စပ်မရတဲ့ ကြီးမားတဲ့ အကွဲအပြဲကြောင့် ဖြစ်ပုံရပါတယ်။ လက်ရှိ စစ်ဗိုလ်ချုပ်တွေဘက်က သူရဦးရွှေမန်းနဲ့ အရင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ချို့ဟာ အရင် စစ်အာဏာရှင်တွေ အမွေ ပေးသွားတဲ့ ပြည်ခိုင်ဖြိုးပါတီကို အသုံးပြုပြီး တပ်မတော်အပေါ် သစ္စာမဲ့တယ် ဆိုတဲ့ ခံစားချက် ရှိလာရာကနေ အစ ပြုပါတယ်။ ဒီလို အခြေအနေအောက် လာမယ့် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရပြီး သမ္မတ နေရာရ၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထား အထိ ရောက်သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှု ရှိလာပုံရပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင်တွေဘက်က အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်ရေးအတွက် ခုလို ပြင်ဆင်နေပုံ ရပါတယ်။ ဒါဟာ တပ်မတော်ဘက်က ဒီမိုကရေစီ ခိုင်မာရေးကို ၀ိုင်းဝန်း အကောင်အထည် ဖော်ရမယ့်အစား အရင် စစ်အာဏာရှင်တွေ မျိုးစေ့ချသွားပေးတဲ့ စစ်ဗျူရိုကရေစီ ယန္တယားကို ပိုပြီး ခိုင်ခန့်အောင် လုပ်တာမျိုး ဖြစ်နေပါတယ်။ လက်ရှိ အစိုးရနဲ့ တပ်မတော်ဘက်က အဲလို လုပ်ခြင်းအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီရေးအတွက် မကောင်းတဲ့ အကျိုးဆက်တွေသာ ဖြစ်ပေါ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

 back-ribbon-movement-620.jpg ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်ကြစဉ်

တပ်မတော်က အဆင့်မြင့်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။

တပ်မတော်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ခန့်အပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆရာဝန်အများစုက လက်မခံတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။

"မကြိုက်ဘူးဆို မခေါ်ဘူးပေါ့ဗျာ၊ ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေဝန်ထမ်း ၅ဝဝ ကျော်ရှိတယ်၊ အန်ကယ် တာဝန်မယူခင်ကနဲ့ တာဝန်ယူပြီးတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာ သန့်ရှင်းရေးတွေ၊ လုံခြုံရေးတွေ သမီးတို့မြင်တဲ့အတိုင်းပဲ၊ ဒီလူတွေကို စီမံခန့်ခွဲဖို့အတွက် ဆေးရုံအုပ်ကြီးတွေက မိန်းကလေးတွေဆို ဘယ်လိုအုပ်ချုပ်မလဲ၊ ဆရာဝန်ကြီးတွေကလည်း မိန်းကလေးတွေများတယ်လေ၊ ဆရာဝန်ဆိုတာ နဂိုကတည်းက နူးညံ့သိမ်မွေ့ပြီးသားလေ၊ ဒီလိုအုပ်ချုပ်ဖို့အတွက် တချို့နေရာတွေမှာ အုပ်ချုပ်တဲ့လူတွေလိုသေးတယ်၊ ဒါကြောင့် တချို့လူတွေပါလာတာပေါ့၊ မခေါ်နဲ့ဆိုရင်လည်း မခေါ်တော့ဘူး"

ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွေမှာ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ကန့်ကွက်တဲ့ဆရာဝန်အတော်များများဟာ အနက်ရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေ စုပေါင်းတင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုတွေမှာ ဥပဒေပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေနဲ့ ဆေးကျောင်းသားတွေပါဝင်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/black-ribbon-movement-myanmar-2015-08112015103422.html



၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှု အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံး သမိုင်း ပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ သြဂုတ်လ ၈ ရက်နေ့က စပြီး ဖွင့်လှစ်လိုက်ပါတယ်၊ အဲဒီ ပြတိုက်မှာ ရှစ်လေးလုံးကာလအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ပန်းချီ၊ သတင်းစာ၊ စာစောင်၊ စာကူးစက်၊ ရင်ထိုးတံဆိပ် ... စတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း အသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ပြသထားပါတယ်။ RFA


  ရဲအာဏာပိုင်တွေက လက်ပံတန်းကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက် ဖြိုခွင်းရိုက်နှက်မှုနဲ့ ပတ်သက်လို့ တရားစွဲဆိုထားမှုကို သာယာဝတီခရိုင်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ကျန်းမာရေး ဆေးစစ်ဖို့အတွက် ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို အာမခံလျှောက်ထားမှုကိုလည်း ပယ်ချပါတယ်။

သပိတ်မှောက် ကျောင်းသူကျောင်းသားတွေဘက်ကတော့ ဆက်လက် တရားစွဲဆိုသွားနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြလို့ သာယာဝတီအကျဉ်းထောင်တွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီတပတ် ရုံးချိန်းမှာတော့ မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ လက်ပံတန်းမြို့နယ် ရဲမှူးနဲ့ စခန်းမှူးကို ကျောင်းသားတွေဘက်က ပြန်လည် တရားစွဲဆိုတဲ့အမှုကို သာယာဝတီမြို့နယ် တရားသူကြီးက ပယ်ချကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေနဲ့ပတ်သက်ပြီး ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီက ဦးဇော်ရမ်းက အခုလို ပြောပါတယ်။

“ကျောင်းသားတွေရဲ့ သဘောထားကတော့ ဘာပဲဖြစ်ဖြစ် နဂိုကတည်းက စဖမ်းကတည်းက မတရားဖမ်းထားတာ ဖြစ်တဲ့အတွက်ပေါ့။ တရားဥပဒေအရ ဒါက အရေးယူရမယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဥစ္စာက ဒီမိုကရေစီခေတ် ရောက်သွားပြီလေ။ ဟိုတုန်းကလို ကျနော်တို့က စစ်တပ်က အာဏာသိမ်းထားတဲ့ ခေတ်မဟုတ်ဘူးလေ။ ဒီလိုချည်း လူမြင်ကွင်းမှာ မီဒီယာတွေရှေ့မှာ ဒီလိုလုပ်တာချည်းကတော့ ဘယ်လိုမှမသင့်တော်ဘူး။ ဒါက တရားဥပဒေ စိုးမိုးရေးကို ကျနော်တို့က လှောင်ပြောင်နေသလိုပဲ ယူဆတယ်။ ၄ ပွင့်ဆိုင် သဘောတူညီချက် ယူပြီးသား ကျောင်းသားတွေ၊ အထင်ကရ ကျောင်းသား ခေါင်းဆောင်တွေတောင်မှ လူမြင်ကွင်းမှာ သူတို့ကို အနှောင့်အယှက်ဖြစ်တယ်၊ သူတို့အာဏာကို ထိပါးမယ်ဆိုပြီး ဒီလိုချေမှုန်းခဲ့ရင် ကျန်တဲ့ ကျနော်တို့ တိုင်းသူပြည်သားတွေမှာတော့ ဘာမှလုံခြုံမှု မရှိဘူးဆိုတာကို သက်သေပြတာလို့ပဲ ကျနော်ကတော့ ယူဆတယ်။”

ဆန္ဒပြသူကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဘက်က ဥပဒေ အကျိုးဆောင် ရှေ့နေတွေဘက်က ဆန္ဒပြတဲ့သူတွေအပေါ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာဟာ တရားဥပဒေဘောင်ကို ကျော်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး တာဝန်ရှိရဲလုံခြုံရေးတွေအပေါ် တရားစွဲဆိုပေးဖို့ လျှောက်လဲခဲ့ကြပြီးတဲ့နောက် အခုလို တရားသူကြီးဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။

ရဲအာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားတာဟာ တရားဥပဒေဘောင်ကျော်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် သပိတ်မှောက် ကျောင်းသူကျောင်းသားတွေဘက်က တရားစွဲဆိုသွားဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြောပါတယ်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်လို့ ဗကသကျောင်းသား ကိုအောင်နေပိုင်က ပြောပါတယ်။

“ဒီနေ့ပယ်ချလိုက်တာကတော့ အဓိက အချက်ကတော့ တရားစီရင်ရေးကို အစိုးရအနေနဲ့ ၀င်စွက်ဖက်တယ်လို့ပဲ ကျနော်တို့မြင်တယ်။ တရားစီရင်ရေးကို ၀င်စွက်ဖက်တာက လုံးဝ စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပုံစံအတိုင်းပဲဖြစ်တယ်။ တကယ်ဆိုရင် ဒါသည် တရားမျှတမှု ဖြစ်ဖို့အတွက် တရားစွဲဆိုခွင့် ပေးထားရမှာဖြစ်တယ်။ အခုဟာကတော့ တရားစွဲဆိုခွင့်တောင် မရှိဘူးဆိုတော့ ကျနော်တို့နိုင်ငံက ဘယ်လောက်အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလဲဆိုတာကို ပိုပြီးတော့ ပေါ်လွင်စေတာပေါ့။ အခြေအနေ အားလုံးအပေါ်မှာ မူတည်ပြီး ကျနော်တို့လည်း ဆက်ပြီးတော့ တရားဆက်စွဲနိုင်ရေးကတော့ ဆက်လုပ်သွားမှာပါ။”

ဒါ့အပြင် အကြမ်းဖက် ဖြိုခွင်းခံရစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ဖို့ ကျောင်းသူကျောင်းသားအချို့နဲ့ ဝန်းရံပြည်သူအချို့ကို အာမခံလျှောက်ထားမှုကိုပါ ပယ်ချခဲ့ပါတယ်။ ထောင်ထဲမှာ ကျောင်းသားတွေအတွက် ထိရောက်တဲ့ စနစ်တကျ ကျမ်းမာရေးစောင့်ရှောက်မှုယူဖို့ အရေးတကြီး လိုအပ်ပါတယ်လို့လည်း ကျောင်းသားသပိတ် ဝန်းရံကော်မတီက ဦးဇော်ရမ်းက ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲနိုင်ဖို့အရေး ဆန္ဒပြရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လာမယ့်သြဂုတ်လ ၁၈ရက်နေ့မှာ နောက်တကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကိုလည်း တင်ပြပြီးဖြစ်သလို၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို လည်း လက်ပံတန်းအရေးနဲ့ ပတ်သက်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ကို တောင်းဆိုထားတာဖြစ်ပါတယ်။

ရုံးထုတ်ထွက်လာတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဘက်က ဒီကနေ့ တရားရုံးမှာ ရေဘေးသင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်အမည်းတွေ ဝတ်ဆင်သလို ကျောင်းသူကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဗကသများအဖွဲ့ချုပ် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးကော်မတီအနေနဲ့ ရေဘေးသင့်ပြည်သူတွေကိုလည်း လိုက်လံကူညီလှူဒါန်းနေကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သိ၍ ရေးသည်ပဲလား၊ မသိဘဲ ရမ်းရေးသည် လားတော့မသိ။ ဂျာနယ်တစောင်က လုပ်ချလိုက် သည်မှာ လိင်ဝန်ဆောင်မှု ခရီးသွားလုပ်ငန်းတဲ့။ ဧည့်လမ်းညွှန်မလေးများက နိုင်ငံခြားသားများကို လိင်ဝန်ဆောင်မှုပေးနေသလိုလို ရေးထားသည်။ သူတို့ထောက်ပြသောအကိုးအကားမှာ တရုတ်တန်း ၁၉ လမ်း ဘီယာဆိုင်တဆိုင်၌ ဧည့်လမ်းညွှန် (ဖြစ်ပုံရသော) ကောင်မလေးတယောက်သည်၊ လူငယ် နိုင်ငံခြားသားတယောက်နှင့် အများမြင်ကွင်းတွင် ကယုကယင် ယုယကြင်နာနေကြသည်မှာ ညားခါစ လင်မယားသဖွယ် ရှိပါပေသည်တဲ့။ အမျိုးဂုဏ်ကို မစောင့်၊ အရှက်အကြောက်မရှိ ပြုမူနေသဖြင့် လိင် ၀န်ဆောင်မှု ခရီးသွားလုပ်ငန်းဖြစ်နေသည်ဟု ရေးသားထားတာ ဖတ်ရပါသည်။ သတင်းစာလောက အနေနှင့်ပြောရလျှင် လူကိုခွေးကိုက်တာ သတင်းမဟုတ်၊ ခွေးကိုလူကိုက်တာသတင်းဟုဆိုလေ့ရှိသဖြင့် ဤဆောင်းပါးသည် သတင်းထူးဖြစ်သည်။ လူစိတ်ဝင်စားမည့် သည်းခြေကြိုက်သတင်းဖြစ်သည်။ သို့သော် အင်္ဂလိပ်ဘာသာတွင် Too good to be true ဟူသော စကားပုံရှိသည်။ ''သတင်းက အရမ်းကို ကောင်း လွန်းနေတယ်၊ ဒါပေမဲ့ ဟုတ်ကော ဟုတ်ပါ့မလား'' ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ကျွန်တော်သည် သတင်း မီဒီယာလောကတွင်ရော ခရီးသွားလုပ်ငန်းတွင်ပါ နှစ်ဖက်စလုံး ထဲထဲဝင်ဝင်သိနေဖြင့် သတင်းတပုဒ် တက်လာလျှင် ချင့်ချိန်ပြီးမှယုံပါသည်။ လေ့လာဆန်း စစ်မှုကို မိမိအသိဥာဏ်ဗဟုသုတနှင့် ဆန်ခါတိုက် ချပြီးမှ ယုံပါသည်။ တိုးရစ်လောကကို ဂျာနယ် သမားများသည် သေသေချာချာမသိနိုင်။ စာနယ်ဇင်း လောကကိုလည်း ခရီးသွားလုပ်ငန်းမှလူများ အပြည့် အစုံနားမလည်နိုင်။ ကျွန်တော်မည်သည့်ဘက်သို့မျှ မလိုက်ဘဲ ရေးပါမည်။

ဂျာနယ်လစ်များအပါအ၀င် မြန်မာနိုင်ငံတွင် လူတော်တော်များများ နားလည်မှုလွဲနေသောကိစ္စတခု ရှိပါသည်။ ထိုအရာမှာ အခြားမဟုတ် နိုင်ငံခြားသားတယောက်နှင့် တွဲလာသောလူကို ဧည့်လမ်းညွှန် (Tourist Guide) ဟု ထင်တတ်ကြခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားသား အမျိုးသားများနှင့် တွဲလာသောမိန်းကလေးများကို ဧည့်လမ်းညွှန် (ပုဂံ ဒေသကလူတွေအခေါ် ဂိုက်ဒ်မ)ဟု ထင်တတ်ကြ သည်။ သို့သော် ပုဂံကလူတွေကတော့ နိုင်ငံခြားသားများ၊ ဧည့်လမ်းညွှန်များကို မြင်နေကျဖြစ်နေသဖြင့် မည်သူသည်ဂိုက်ဒ်၊ မည်သူသည် ဂိုက်ဒ် မဟုတ်ဘူးဆိုတာ သိကြသည်။ ကျွန်တော်တို့ကတော့ ခရီးသွားလုပ်ငန်းတွင် အနှစ် ၂၀ ခန့် အတွေ့အကြုံ ရှိလာပြီးနောက် လူတယောက်ကို မြင်လိုက်တာနှင့် ဂိုက်ဒ်ဟုတ်သည် မဟုတ်သည်သာမက၊ သူသည် မည်သည့် သင်တန်းအပတ်စဉ်က ဆင်းသည်၊ မည်သည့် နိုင်ငံခြားဘာသာစကားပြောသည် (ဥပမာ စပိန်ဂိုက်ဒ်လား၊ ပြင်သစ်ဂိုက်ဒ်လား၊ အီတလီဂိုက်ဒ်လား) ကို တန်းသိပါသည်။ စစ်သားသည် အခြားစစ် သားတယောက်ကို လမ်းလျှောက်ပုံမြင်ရုံနှင့် (ယူနီဖောင်း ၀တ်မထားစေကာမူ)စစ်သားပဲဟု အလွယ် တကူ သိသကဲ့သို့ ကျွန်တော်တို့ ဂိုက်ဒ်များသည် အများအားဖြင့် နိုင်ငံခြားသားနှင့် တွဲလာသူတယောက်ကိုမြင်ရုံမျှနှင့် တရားဝင်လိုင်စင်ရ ဧည့်လမ်းညွှန် ဟုတ်မဟုတ် ခွဲခြားနိုင်ပါသည်။ ၀ါနုသော ဧည့်လမ်းညွှန်ပေါက်စဆိုလျှင်တော့ ထိုသို့ ခွဲနိုင်မှ ခွဲနိုင်ပေမည်။ သို့သော်အများအမြင်တွင် ထိုသို့ခွဲခြားနိုင်သည် မဟုတ်ရကား နိုင်ငံခြားသားနှင့် တွဲလာသောသူတယောက်ကို ဧည့်လမ်းညွှန် (တိုးရစ်ဂိုက်ဒ်) ဟု အလွယ်တကူ ဆုံးဖြတ်လိုက်ကြတော့၏။
ကျွန်တော့် ကိုယ်တွေ့တွေကို ပြောပြပါမည်။ ၂၀၀၅/၂၀၀၆ လောက်က '' . . . ''ခရီးသွားလုပ်ငန်းနှင့် ကျွန်တော် Group Tour တခု ဂိုက်ဒ်အဖြစ်လိုက် ရပါသည်။ ဧည့်သည်များမှာ ရေနွေးငွေ့မီးရထားစက်ခေါင်း ၀ါသနာရှင် အင်္ဂလိပ်များ ဖြစ်ပါသည်။ လူ ၂၆ ယောက်ခန့်ပါသော အဖွဲ့ကြီးဖြစ်သည်။ ထိုအဖွဲ့ခေါင်းဆောင် အင်္ဂလိပ်အဘိုးကြီးသည် တမြို့မှတမြို့ သွားလာလည်ပတ်ရင်း မြန်မာမိန်းကလေးလှလှလေးများကို နေ့စဉ်မြင်တွေ့ရာမှ စိတ်မထိန်းနိုင်တော့ဘဲ သူ့အတွက် မိန်းကလေးတယောက်ရှာပေးရန် ကုမ္ပဏီပိုင်ရှင်ကို ပူဆာပါသည်။ ကုမ္ပဏီပိုင်ရှင်ကလည်း သူ့အဆက်အသွယ်ဖြင့် ရန်ကုန်မြို့မှ မစန္ဒာဆိုသော အထက်တန်းစားပြည့်တန်ဆာတယောက်ကို စီစဉ်ပေးလိုက်ပါသည်။ ထိုမစန္ဒာသည် ဂိုက်ဒ် မဟုတ်ပါ။ ရုပ်ရည် အလွန်သန့်ပြန့်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို အသင့်အတင့် ပြောနိုင်ပါသည် (အောင်မယ် လက်ထဲတွင် သာလွန် မြန်မာ-အင်္ဂလိပ် စကားပြော အိတ်ဆောင်စာအုပ်ကိုပင် သွားလေရာယူ လာပါသည်)။ ထိုမစန္ဒာသည် တမြို့မှတမြို့သို့ ခရီး သွားလာရာတွင် ကျွန်တော်တို့နှင့် ရထားတစ်စီးတည်း၊ ကားတစ်စီးတည်း အတူမလိုက်ပါ။ သို့သော် ကျွန်တော်တို့ရောက်သွားသောနေရာတိုင်းတွင် ဟိုတယ်သို့ဝင်လိုက်သည်နှင့် မစန္ဒာက ကြိုရောက်နေပါသည်။ သူနှင့် နိုင်ငံခြားသားအဘိုးကြီးသည် အခြား တိုးရစ်များ တည်းခိုသောအခန်းနှင့် ခပ်ဝေးဝေးတွင် အခန်းယူ၍ တည်းခိုကြပါသည်။ ညဘက်တွင် သူတို့နှစ်ယောက် (လင်မယားများသဖွယ်) အပြင်သို့ ထွက်လည်ကြပါသည်။ အကြောင်းမသိသူ ဂျာနယ်လစ်တယောက်က တွေ့ခဲ့ပါလျှင် ဧည့်လမ်းညွှန် (တိုးရစ်ဂိုက်ဒ်မလေးက) လိင်ဝန်ဆောင်မှုပေးနေသည်ဟု ထင်စရာဖြစ်သည်။ ကျွန်တော်ကလည်း ကိုယ့်အလုပ် ချိန်တွင် ဘာမှဝင်ရောက်နှောင့်ယှက်ခြင်းမပြုသဖြင့် ဘာမှ မဝေဖန်ခဲ့ပါ။ ထိုအမျိုးသမီးသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်တို့အထိ တောက်လျှောက်လိုက်ပါလာပါသည်။ ထိုခရီးသွားခေါင်းဆောင် (Tour Leader) အဘိုးကြီးသည် မြန်မာပြည်သို့ မကြာခဏ နိုင်ငံခြားသားများကိုခေါ်၍ လာလည်ရာ သူရောက်လာတိုင်းပင် ခရီးသွားကုမ္ပဏီက မစန္ဒာကို လက်စွဲအဖြစ် လိုက်ပါစေပါသည်။ မြန်မာပြည်သို့ ထိုနိုင်ငံခြားသားကြီး နောက်ဆုံးအခေါက်အဖြစ် ရောက်လာစဉ်က ကျွန်တော်မ,အားသဖြင့် ဂိုက်ဒ်မလိုက်နိုင် သော်လည်း ညစာစားပွဲသို့ ကျွန်တော်တို့ လင်မယားကိုဖိတ်ရာ သွားရောက်စားသောက်သောအခါ အဘိုး ကြီးသည် မစန္ဒာနှင့်နှစ်ယောက်တွဲ ကြွရောက်လာပါသည်။ မသိလျှင် လင်မယားနှစ်စုံတွဲလိုလို ဘာလိုလို ဖြစ်နေပါသည်။ ကျွန်တော့်မိန်းမ အနေခက်မည် စိုးသဖြင့် မစန္ဒာသည် ဇယားဆိုတာ ကျွန်တော်ထုတ် မပြောလိုက်ပါ (သို့သော် မိန်းမက ရိပ်မိမည်ထင်ပါသည်)။ ဆိုလိုရင်းမှာ နိုင်ငံခြားသားနှင့် သွားလာစား သောက်တပူးတွဲတွဲနေထိုင်သော မစန္ဒာလို မိန်းကလေး များစွာရှိပါသည်။ မသိသူများအမြင်တွင် ဧည့်လမ်းညွှန် ဟု ထင်စရာပဲဖြစ်သည်။ ကျွန်တော်တို့ ဧည့်လမ်းညွှန်များမှာ လိုင်စင်ကတ်ပြားကြီးကို အမြဲချိတ် ထားနိုင်သည်လည်းမဟုတ်၊ နဖူးတွင် ချိုပေါက်နေသူများလည်း မဟုတ်ရာ အချောင်နေရင်း နာမည်ပျက် ရသည့်ကိန်း ဆိုက်နေပါသည်။

နောက်ထပ်ကြုံရသည်ကိုလည်း ပြောပြပါမည်။ ရန်ကုန်မြို့တွင် နိုက်ကလပ်များစွာ ရှိပါသည်။ ထိုအထဲကမှ တာမွေမြို့နယ်အတွင်းရှိသော ဂျေဂျေ(JJ) နိုက်ကလပ်နှင့် ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း Park Royal ဟိုတယ်မြေအောက်ထပ်တွင် ဖွင့်ထားသော club မှာ အပျော်အပါးကိစ္စအတွက် ထင်ရှားပါသည်။ နိုင်ငံခြားသားများသည် ညအိပ်ဖော်လိုလျှင် ထိုက လပ်များသို့ပဲ သွားပါသည်။ သိမ်ကြီးဈေးအနီးမှ ကလပ်များမှာလည်း ထိုကိစ္စအတွက် ကျော်ကြားပါသည်။ ကျွန်တော်သည် ထိုကလပ် နှစ်ခုစလုံးသို့ နိုင်ငံခြားသားများနှင့် ရောက်ဖူးပါသည်။ ဂျေဂျေ ကလပ်မှာ အနည်းငယ် လူစည်ကား ရှုပ်ထွေးပြီး အပေါစားမိန်းကလေး အများစုရှိပါသည်။ ထိုကလပ်ဝယ် ညစဉ်ညတိုင်း အရွယ်ကောင်းရုပ်ချောသော ကောင် မလေးတွေ ငါးဆယ်၊ ခြောက်ဆယ်ခန့် တရုန်းရုန်းဖြစ်နေပါသည်။ ကလပ်သို့ ၀င်ကြေးအဖြစ် ယောကျာ်းလေးများမှာ တယောက် ငွေငါးထောင်ကျပ်ပေးရပါသည်။ သူတို့က ဘီယာတဘူး (သို့မဟုတ်) အချိုရည်တဘူး ပြန်ဧည့်ခံသည်။ ကလပ်သို့လာသည့် ယောကျာ်းလေးများမှာ နိုင်ငံခြားသားတ၀က် မြန်မာတ၀က်ခန့်ရှိပါသည်။ နိုင်ငံခြားသားများတွင် အထူးသဖြင့် အရှေ့တိုင်းသားများဖြစ်သော တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားလူမျိုးများ များပါသည်။ ဥရောပ တိုက်သားသိပ်မပါပါ။ ကောင်မလေးတွေကတော့ အပြင်မှာတွေ့လျှင် မိန်းမပျက်ဟု နာမည်တပ်ရခက် လောက်အောင် ခေတ်မီလှပ ငယ်ရွယ်ကြသူများပါ သည်။ သူတို့သည် တညအတွက် လုပ်အားခငွေ တသိန်းခန့်တောင်းဆိုကြပါသည်။ ဗမာတွေကတော့ ဈေးဆစ်တတ်သဖြင့် လေးငါးသောင်းနှင့်ရပါသည်။ ဒါ့ကြောင့် ကောင်မလေးတွေသည် ကိုယ့်မြန်မာလူ မျိုးချင်းအနားမကပ်ဘဲ တရုတ်၊ ကုလား၊ ကိုရီးယား၊ အမေရိကန်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြတာ များပါသည်။ ကျွန်တော်နားမလည် နိုင်သောအချက်မှာ ထိုနေရာသည် ရန်ကုန်မြို့၏ အကြီးဆုံးပြည့်တန်ဆာဈေးကွက်ကြီးဖြစ်နေပါလျက် သက်ဆိုင်ရာမှ ဘာလို့အရေးမယူသလဲဆိုတာ စဉ်း စား၍မရပါ။ ကလပ်ပိုင်ရှင်များမှာ အခြေအမြစ်ကျကျ လိုက်စုံစမ်းကြည်လျှင် အာဏာပိုင် စစ်ဘက်အရာရှိ ကြီးများနှင့် တဦးမဟုတ်တဦး ပတ်သက်နေတာ တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင် မဟုတ်တာမှန်သမျှ ဘက်ဂရောင်းကြီးကြီးလိုသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း ပြည့်တန်ဆာများအတွက် လုံခြုံသော အရောင်းစင်တာ (Sex Market) ကြီးဖြစ်နေခြင်းပင်။ မီးရောင်မှိန်မှိန်တွင် အတတ်နိုင်ဆုံး ဖော်ချွတ်ဝတ်စုံများ ၀တ်ထားကြသော ကောင်မလေးများအပြင် ပြည့်တန်ဆာခေါင်းဖြစ်ဟန်တူသော အသက် ၅၀ ကျော် ၆၀ အမျိုးသမီးကြီးများသည် နိုင်ငံခြားသားများနှင့် တီးတိုး (ပေါ်တင်) ဈေးဆွေးနွေးကြပြီးနောက် ဈေး တည့်သောအခါ ကောင်မလေးက”''ခဏနော် (please wait)''ဟုဆိုကာ နောက်ဖေးဘက်ရှိအ၀တ်လဲ ခန်းထဲသို့ဝင်သွား၏။ ထိုကောင်မလေးပြန်ထွက်လာသောအခါ လူပင်မှားလောက်စရာ ဖြစ်သည်။ ယခင်က (အလုပ်မဖြစ်ခင်) ၀တ်စားထားသော Sexy စတိုင်လ် အ၀တ်အစားများမဟုတ်တော့ဘဲ ထဘီနှင့် မြန်မာ အင်္ကျီနှင့် ကောင်မလေးဖြစ်သွားသောကြောင့် ဖြစ်သည်။ ထိုကောင်မလေးသည် မျက်နှာပြုံးရွှင်လျက် နိုင်ငံခြားသားကို လက်ချင်းချိတ်ကာ ဓာတ်လှေကားမှဆင်းသွားပြီး မကြာခင် ရန်ကုန်မြို့အနှံ့ရောက်ချင်ရာ ရောက်တော့သည်။ ဟိုတယ်သို့တန်းသွားချင်သွားမည်။ တရုတ်တန်းမှာ ညစာစားချင် သွားစားမည်။ ရွှေတိဂုံသို့ တက်ဖူးချင်ဖူးမည်။ မြို့ထဲတွင် လက်ချင်းချိတ်၍ လမ်းလျှောက်ချင် လျှောက်မည်။ မည်သူ သိအံ့နည်း။

Park Royal ဟိုတယ် မြေအောက်ထပ်ရှိ ကလပ်မှာ ပို၍သေးငယ်သည်။ သာ၍တိတ်ဆိတ်သည်။ လူပိုနည်းသည်။ သို့သော် အဆင့်အတန်း ကွာလတီ ပို၍မြင့်သည်။ ၀င်ကြေးပေး၍ ကလပ်ထဲဆင်းသွားလျှင် ခပ်ငြိမ့်ငြိမ့် တီးခတ်နေသော တေးဂီတ၀ိုင်းတ၀ိုင်းကို တွေ့ရမည်။ မီးရောင်မှိန်မှိန်ဝယ် Live တီးခတ်ဖျော် ဖြေနေကြသူများမှာ ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီးများ ဖြစ်သည်။ ဖိလစ်ပိုင်များက တီးမှုတ်ပြီး သူတို့ကပဲ အင်္ဂလိပ်လို သီဆိုနေကြခြင်း ဖြစ်သည်။ ကလပ်ထဲမှာတော့ မြန်မာမိန်းကလေး ၁၅ ယောက် အယောက် ၂၀ ခန့်ပဲရှိသည်။ သို့သော် ထို ၁၅ ယောက်ခန့်မှာ ရုပ်ရှင်မင်းသမီးတမျှ၊ မော်ဒယ်လ်တမျှ လှပကြသူများ ဖြစ်သည်။ ၀တ်ပုံစားပုံက ဂျေဂျေကလပ် မှ ကောင်မ လေးများထက်ပို၍ အဆင့်အတန်းရှိသည်။ တန်ဖိုးကြီး အသုံးအဆောင်များကိုသာ အသုံးပြုသည်။ အချို့သည် ကိုယ်ပိုင်ကားကိုပင် မောင်းလာကြသည်။ သူတို့သည် အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောနိုင်သည်။ နုနုနယ်နယ်ချစ်စဖွယ် အထက်တန်းစားပုံ ကလေးများဖြစ်သည်။ သူတို့တွင် မြန်မာနိုင်ငံကူး လက်မှတ်လည်း လက်ထဲတွင် အဆင်သင့်ရှိသည်။ ဘန်ကောက်ကို သွားချင်သလား၊ စင်ကာပူသို့ ခရီးဆက်မလား၊ ဖူးခက်ကမ်းခြေသို့ ဟန်းနီးမွန်း ထွက်ချင်သလား၊ သူတို့အလိုရှိသောငွေကိုပေးနိုင်လျှင် အားလုံးအသင့်ရှိသည်။ ဂျေဂျေကလပ်လို မြန်မာ ငွေနှင့်ဈေးစကားမပြော၊ သူတို့လုပ်အားခမှာ ဒေါ်လာဖြင့် တွက်ချက်တောင်းဆိုသည်။ အထည်ချုပ်စက်ရုံမှ အလုပ်သမများ တနေ့လုပ်ခ ၃၆၀၀ ကျပ်ခန့်ရရန် အာပေါက်မတတ် ညှိနှိုင်းနေရဆဲဖြစ်သော်လည်း ထိုနိုက်ကလပ်မှ မမများက တညဒေါ်လာ ၂၅၀- ၃၀၀ မရလျှင် အင်တင်တင်။ မြန်မာဆို လှည့်၍ပင် မကြည့်။ ဈေးဦးမပေါက်၍ ဈေးပေါင်ကျိုးကာမှ မြန်မာကို စိတ်ကူးသည်။ သူတို့ပစ်မှတ်သည် နိုင်ငံခြားသား။ သူတို့ တညတာ တည်းခိုရာအရပ်သည် Sedona တို့၊ Shangrila တို့၊ Park Royal ဟိုတယ်တို့မှ တပြားမှမလျှော့။ နံနက်စောစော ဟိုတယ်များသို့သွားကာ လေယာဉ်ခရီးအတွက် နိုင်ငံခြားသား သွားခေါ်ရသောအခါများတွင် ဟိုတယ်ဧည့်ကြိုခန်းမ၌ ထိုမမများနှင့် မကြာခဏဆုံဖူးသည်။ မော်ဒယ်လ်ဂဲလ်ပင် ရှုံးလောက်သော အပြင်အဆင်များဖြင့် ဓာတ်လှေကားထဲမှထွက်ကာ ဟိုတယ် Lobby ထဲသို့ ရောက်လာပုံမှာ မသိပါက ကုမ္ပဏီပိုင်ရှင်တွေလား၊ NGO မှ ၀န်ထမ်းတွေလား၊ တိုးရစ်ဂိုက်ဒ်တွေ လားထင်ရသည် (အမှန်မှာ တိုးရစ်ဂိုက်ဒ်များမှာ စာရင်းအင်းများလုပ်ရ၊ ခရီးသွားဖို့ကြိုတင်ပြင်ဆင်ရ၊ တနေ့လုံးလည်း Sightseeing ပြထားရသည့်အပြင် ကမန်းကတန်း အချိန်မီအောင် နံနက်အစောကြီး ထလာရသည့်အတွက် သူတို့လို အခြယ်အသတွေ မလုပ်နိုင်၊ ဖုတ်ပူမီးတိုက် ပုံစံတွေများသည်)။ ဟိုတယ်များတွင် ထိုကောင်မလေးတွေနှင့် နံနက် စောစောသွားတိုင်း တွေ့ရဖူးသည်။ ထိုကောင်မလေးတွေကို ဘာတွေမှန်း အစကမသိ၊ တော်တော်လှ၍ သတိထားမိသည်။ နောက်တော့ ကောင်မလေးက တက္ကစီ တစီးငှားသည်။ ဂျပန်အဘိုးကြီးတယောက် ပေါက်ချ လာပြီး တက္ကစီဖိုးရှင်းပေးသည်။ ကောင်မလေးကို ဖက်ပြီး နှုတ်ဆက်သည်။ ထိုအခါမှ ရုပ်ရည်ခပ်သန့်သန့် ကောင်မလေးမှာ ကြက်ပြန်ချိန်တွင် ပေါ်ထွက်လာသော နွမ်းလျအိမ်အပြန်ပါလားဟု သဘောပေါက်မိသည်။ ဟိုတယ်ဝန်ထမ်းတွေအားလုံး၊ တက္ကစီကား ဆရာတွေအားလုံး၊ ဧည့်လမ်းညွှန်တွေအားလုံးကတော့ ထိုကောင်မလေးတွေ ဘာဆိုတာသိနေနှင့်ပြီး ဖြစ်ပါသည်။ ဟိုတယ်လောက၊ ခရီးသွားလောကနှင့်စိမ်း နေသူများတွေ့သွားပါက ဂျပန်နှင့်ညအိပ်ပြီး ပြန်သွားသည့် ဧည့်လမ်းညွှန်မလေးဟု ထင်ယောင်ထင်မှား သတင်းတပုဒ်ဖြစ်လောက်သည်။

တခါက အမေရိကန်တိုးရစ်ကြီး တယောက်သည် ကျွန်တော့်ကို ဧည့်လမ်းညွှန်ငှား၏။ ဧည့်သည်မှာ တယောက်တည်းဖြစ်သည်။ ရန်ကုန်လေဆိပ်မှာ ကြိုလာပြီး သမ္မတဟိုတယ်သို့ ပို့ပေးရုံလေးတင် ဖြစ်သည်။ ထိုခရီးလေး ခဏလိုက်ပေးတာကို ကျွန်တော့်အား မုန့်ဖိုး (tip) ဒေါ်လာ ၁၀၀ ပေး၏။ ထို့နောက် မနက်ဖြန် သူငပလီသို့သွားချင်သဖြင့် လေယာဉ်လက်မှတ် စီစဉ်ပေးနိုင်မလားဟုမေးရာ ကျွန်တော်က စီစဉ်ပေးနိုင်ပါသည်ဟု ပြောလိုက်သည်။ လေယာဉ်လက်မှတ်ရကြောင်း ဖုန်းဆက်ပြောသောအခါ၊ ဂိုက်ဒ်တယောက်ပါ စီစဉ်ပေးပါဟုဆိုသည်။ အမျိုးသမီးဂိုက်ဒ် ဖြစ်ရမည်ဟုပြော၏။ ရရမည်ဟု ကျွန်တော် အာမခံလိုက်သည်။ ထိုအခါ ထပ်မံတောင်း ဆိုလာသည်မှာ ထိုဂိုက်ဒ်သည် အင်္ဂလိပ်စကားသိပ် မတတ်လည်း ရသည်။

ထမင်းစားရေသောက်လောက်ပြောတတ်လျှင်တော်ပြီ၊ သို့သော် သူနှင့်အတူတူ တခန်းတည်းအတူအိပ်ရမည် ဆိုသတည်း။ ထိုအခါမှ ထိုအမေရိကန်လိုချင်သည်မှာ ဂိုက်ဒ်မဟုတ် လိုင်းဖြစ်နေမှန်းသိလိုက်ရကာ မြန်မာနိုင်ငံတွင် မည်သည့်ဂိုက်ဒ်မျှ ထိုသို့မလုပ်ကြောင်း၊ သင်ထိုမိန်းကလေး မျိုးလိုချင်ပါက ညဘက်ကျလျှင် သမ္မတဟိုတယ်မှ လမ်းဖြတ်ကူးရုံနှင့် ရောက်နိုင်သောနိုက်ကလပ်တခုရှိကြောင်း၊ ထိုကလပ်ထဲတွင် များစွာသော မိန်းကလေးများမှာ သင်ငပလီသို့ခေါ်ဆောင်ရာတွင် လိုက်ပါပေးနိုင်မည့် မိန်းကလေးများဖြစ်ကြောင်းပြောဆိုပြီး ထိုလူနှင့်အဆက်ဖြတ်လိုက်ရပါသည်။ ဘယ်လိုဆက်ပြီး စခန်းသွားသလဲ မသိတော့ပါ။ အကယ်၍ ထိုအမေရိကန်ကြီးသည် ငပလီကမ်းခြေတွင် ထိုကလပ်မှကောင်မလေးနှင့် နှစ်ပါးသွား ဟန်းနီးမွန်းထွက်နေသည်ကို လူတွေမြင်ပါက မည်သို့ထင်ကြမည်နည်း။ မပြောတတ်တော့ပါ။

တခါကလည်း အသက်အစိတ်ခန့် အမေရိကန်အမျိုးသမီးနှစ်ယောက်သည် ညစာစားပြီး ဟိုတယ်သို့ပြန်ချိန်တွင် ယခုညအတွက် ယောကျာ်းလေးနှစ်ယောက် အလိုရှိသည်ဟု ဧည့်လမ်းညွှန်ကို ပြောပါသည်။ ဧည့်လမ်းညွှန်မှာ မိန်းကလေး ဖြစ်ပါသည်။ ထိုမိန်းကလေးသည် ဘာလုပ်ရမှန်းမသိ ကြံရာမရဘဲ သိမ်ကြီးဈေးရှေ့နိုက်ကလပ်တခုတွင် ကားကိုရပ်ပေးပြီး ''ငါတော့ မသိဘူး။ အဲဒီကလပ်ပေါ်သာ သွားရှာပေ တော့''ဟုဆိုကာ အမေရိကန်မနှစ်ယောက်ကို ထိုနေရာတွင်ထားခဲ့သည် ဆို၏။ နောက်တနေ့နံနက်တွင် ပုံမှန်လုပ်ငန်းခွင် Yangon City Tour အတွက် ထိုဧည့်သည်နှစ်ဦးကို သူတို့တည်းခိုရာဟိုတယ်သို့သွားခေါ်ရာ စပ်ဖြဲဖြဲနှင့် အမေရိကန်မနှစ်ယောက် ကားပေါ်တက်လာကြပါသတဲ့။ ဧည့်လမ်းညွှန်မိန်းကလေးက ညကအဆင်ပြေရဲ့လားဟု မေးမြန်းရာ အဆင်ပြေကြောင်း၊ ကျေးဇူးတင်ကြောင်းများ ပြန်ပြောသည်ဟုသိရ၏။ ကျွန်တော်တွေ့ဖူးသော အိန္ဒိယနိုင်ငံသားဧည့်သည်များမှာလည်း တည်းခို မည့် Traders ဟိုတယ်တွင် အထုပ်အပိုးချပြီးသည်နှင့်''မိန်းမရှာပေးပါ၊ မိန်းမ၊ ငယ်ရမယ်၊ လှရမယ်''ဟု အရူးအမဲသားတောင်းဆိုသလို ဆက်တိုက်ပြောနေရာ ကျွန်တော်က ဧည့်လမ်းညွှန်များသည် ဒါမျိုးရှာပေးဖို့ တာဝန်မရှိကြောင်း၊ ကိုယ့်ဘာသာ တက္ကစီငှားစီးပြီး နိုက်ကလပ်များသို့ သွားပါ၊ ဖြစ်လာသည့်ပြဿနာ ကိုယ့်ဘာသာရှင်းပါဟု ပြောလိုက်ရပေ သည်။ နိုင်ငံခြားသားများထဲတွင် အချို့မိန်းမလျာများလည်း ပါလာတတ်သည်။ သူတို့သည် တိတ်တိတ်ပုန်းယောကျာ်း ရှာတတ်သည်။ များသောအားဖြင့် ကလပ်များသို့ သူ့ဘာသာ ညဘက်ထွက်သွားကြတာ များပါသည်။ အချို့ NGO ၀န်ထမ်းအခြောက်များကတော့ သူတို့အလိုဖြည့်မည့်သူများ ကို ၀န်ထမ်းအဖြစ်လက်သပ်မွေးထားခြင်း၊ အချို့ကလေးချစ်တတ်သလိုလို ဘာလိုလိုဖြင့် နယ်မှကလေးများကို ဟိုတယ်သို့ခေါ်သိပ်ကာ မဟုတ်က ဟုတ်က လုပ်ခိုင်းခြင်းများလည်း ရှိသည်။

လိင်ဈေးကွက်သည် မြန်မာပြည်တွင် သူ့ဘာသာရှိနှင့်နေပြီး ဖြစ်ပါသည်။ နိုက်ကလပ်များ၊ စင်တင်တေးဂီတမှ အချို့မိန်းကလေးများ၊ ဖုန်းဖြင့်အဆက်အသွယ်လုပ်ကြသော ကြေးကြီးပြည့်တန်ဆာများ၊ အွန်လိုင်းမှ ဖောက်သည်ရှာသူများသည် မြန်မာပြည်နေရာအနှံ့ ရှိနေပြီးဖြစ်ပါသည်။ ရန်ကုန်တွင် စာကြည့်တိုက်မရှိသောမြို့နယ်သာ ရှိရမည်၊ ဘီယာဆိုင်၊ KTV နှင့် အနှိပ်ခန်းမရှိသော မြို့နယ်ဟူသည်မရှိပါ။ ရန်ကုန်မြို့တွင် တရုတ်တန်း၊ လမ်း ၂၀ (အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြား တရုတ် ဘုံကျောင်းဘေး) ထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာပင် လိင်ဝန်ဆောင်မှုပေးသော အနှိပ်ခန်းတခုရှိပါသည်။ စမ်းချောင်းပဒုမ္မာလမ်းထဲမှာလည်း အနှိပ်ခန်းယောင်ဆောင်ထားသော ပြည့်တန်ဆာခန်းများ ရှိပါသည်။ ကျောက်မြောင်း၊ တာမွေ၊ လမ်းမတော် စသောမြို့နယ်များတွင်လည်း လက်ညှိုးထိုးမလွဲနိုင်အောင်ရှိပါသည်။ ရန်ကုန်တမြို့လုံး မြို့နယ် အနှံ့ဖြစ်ပါသည်။ ညအခါ မင်္ဂလာဈေးအနီးမှ ယခင်တာမွေသုသာန်ဟောင်းနေရာတွင် ဆောက်ထားသော Entertainment အမည်ခံ ပလာဇာကြီး တခုသည် ရန်ကုန်မြို့၏ တရားဝင်လိင်ဈေးကွက်ကြီးဖြစ်ပါသည်။ ညအခါ ပွဲဈေးတန်းကြီးသဖွယ် မီးရောင်တထိန်ထိန်နှင့် လူအများစည်ကားနေ တတ်ပါသည်။ အခြားနိုက်ကလပ်များ၊ KTV များ၊ မာဆတ်များသည်လည်း လိင်ဝန်ဆောင်မှုလုပ်ငန်းကို ၀ိုင်းဝန်းကူညီ ပါဝင်လုပ်ကိုင်နေကြပါသည်။ အချုပ်ပြောရလျှင် မြန်မာနိုင်ငံတွင် လိင်ဝန်ဆောင်မှုခရီးသွားလုပ်ငန်း ရှိနေသည်ဆိုခြင်းမှာ မှန်ကန်ပါသည်။ သို့သော် ဧည့်လမ်းညွှန်များက လုပ်ကိုင်နေကြခြင်း မဟုတ်ပါ။ မည်သူတွေက လုပ်ကိုင်ခွင့်ပြု၍ မည်သူတွေက တရားဝင်သဖွယ် လုပ်ကိုင်နေကြသလဲ၊ မည်သူတွေကလိုင်းကြေးယူကာ မသိချင်ယောင်ဆောင်နေကြသလဲဆို၊ မည်မျှကြီးမားသောပုဂ္ဂိုလ်ကြီးများ ရင်းနှီးမြှုပ်နှံမှုလုပ်ထားကြသနည်း။ ဘာကြောင့် အရေးမယူ သနည်းဆိုတာ စာနယ်ဇင်းသတင်းစာဆရာများ ရေဆုံးရေဖျားလိုက်လံ စုံစမ်းရေးသားရမည့်ကိစ္စ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ အပေါ်ယံကြောကို ကြည့်၍ နိုင်ငံခြားသားများနှင့် တွဲလာတိုင်း ဧည့်လမ်းညွှန်တယောက်ဟု သတ်မှတ်ကာ အလွယ်ပြော၊ အလွယ်ရေး၊ အလွယ်သိက္ခာချနေကြလျှင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေကြမည် ဖြစ်ကြောင်း။ မြန်မာ့လိင် ၀န်ဆောင်မှုလုပ်ငန်းတွင် အာဏာရအသိုင်းအ၀ိုင်းမှ ကြီးစွာခြစားပြီး ပတ်သက်မှုရှိနေသည်ကို မသိချင်ယောင် မမြင်ချင်ယောင်ဆောင်၍ မရပါ ကြောင်း ရေးသားလိုက်ရပါသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်၊သြဂတ် ၁၁။

ကျန်းမာရေး ၀န်ကြီးဌာန၏ လစ်လပ်နေသည့် ကျန်းမာ/စီမံ အရာရှိ ရာထူးနေရာများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောင်းရွေကာ ခေါ်ယူခဲ့သည့်သတင်းများ လူမူကွန်ယက်တွင် ပျံနှံခဲ့ပြီးနောက် ကျန်းမာရေး ၀န်ထမ်း ဆရာဝန်အများစုက ကန့်ကွက်ကြောင်း စည်းရုံးလှုံဆော်သည့်( Campaign) များကို နေရာဒေသ အသီးသီးမှပြုလုပ်လာကြပြီးနောက် ကျန်းမာရေး ၀န်ကြီးဌာနတွင် တပ်မတော် အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်းကို ထပ်မံပြုလုပ်မည်မဟုတ်ဘဲ မူလက ခေါ်ယူထားသည့် အရာရှိများကို ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ စာထုတ်ခေါ်ယူပြီး ဖြစ်သောကြောင့် ငှင်းတို့ကိုခန့်အပ်သည့်ရာထူးနှင့်အညီ ဆက်လက်ခန့်ထားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြည်ထောင်စုနေ့စဉ်ကို ပြောကြားသည်။
“ဆရာဝန်မရှိတဲ့ နေရာတွေ အများကြီးပဲ။ တချို့ယောကျာ်းလေးတွေကလည်း မသွားကြဘူး။ နယ်တွေမှာလည်းလိုတာပေါ့။ မကြိုက်ဘူးဆိုလည်း မခေါ်တော့ဘူးပေါ့။ စာထုတ်ပြီးသားတွေတော့ ခန့်ရမှာပေါ့။ သူတို့လည်းတိုင်းသူပြည်သားတွေပဲ။ သားကောင်း ရတနာတွေပဲလေ။ တိုင်းပြည်ကိုတိုးတက်အောင် ၊ အားရှိအောင်လုပ်ရမယ်။ မကြိုက်ဘူးဆိုတော့ နောက်မခေါ်တော့ယုံပဲရှိတာပါပဲ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်ကပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးကို (၁၆-၇-၂၀၁၅)ရက်ကပြုလုပ်ပြီး
သဘောတူ ဆုံးဖြတ်ချက်အရ ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီးနှင့် အခြားအရာရှိ
၊တပ်မတော် ဆေးသုတေသန အရာရှိ၊ တပ်မတော်ဆေးတက္ကသိုလ်ဆင်း အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအရာရှိ နေရာများတွင် လွဲပြောင်းခန့်ထားခဲ့ခြင်းကြောင့်
စစ်ဘက်အရာရှိများကို ကျန်းမာရေး ၀န်ကြီးဌာနသို့ တိုက်ရိုက် ပြောင်းရွေ့ ခန့်အပ်လိုက်ခြင်းကို အရပ်ဘက် ဆရာဝန်များက လက်မခံကြောင်း ဆန္ဒပြသည့် အနေဖြင့် Black Ribbon Movement (ဖဲကြိုးနက် လှုပ်ရှားမှု) ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Campaign ပြုလုပ်သည့်ဆရာဝန်များထံကသိရသည်။ ။

နေဇာမျိုးဆွေ
The Union Daily
https://www.facebook.com/pages/The-Union-Daily


    ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

    ကျန်းမာရေး ဝန်ကြီးဌာနတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သည့် တပ်မတော်ပိုင်းမှ အရာရှိများကို ပြောင်းရွှေ့ချထားပေးမည့် အစီအစဉ်ကို ကန့်ကွက်မှုများကြောင့် ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ဘဲ ရပ်ဆိုင်းလိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

တပ်မတော်မှ အရာရှိများကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ရွှေ့ပြောင်း တာဝန်ချမည့်အစီစဉ် ဆက်လက် မလုပ်ဆောင်ရခြင်းမှာ အများစုမှ လက်မခံနိုင်သည့်အတွက် ရပ်ဆိုင်း လိုက်ရခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှတဆင့် ဆရာဝန်များသိရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သည့် အရာရှိများကို ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနအောက်ရှိ အမည်နှင့် ယှဉ်တွဲပါ ရာထူးဌာနများတွင် အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့ မှစ၍ ခန့် ထားလိုက်သည်ဟု ပါရှိသည့် အမိန့် ကြေငြာစာသည် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ပျံ့ နှံသွားခဲ့ပြီးနောက် နေရာဒေသ-အသီးသီးတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များက ဖဲကြိုးအမည်း တပ်ဆင်၍ Black Ribbon Movement Myanmar 2015 ဟူသည့် အမည်ဖြင့် Campaign ပြုလုပ်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာများမှ တဆင့် ကန့် ကွက်မှုများ အရှိန်မြင့်တက် လာပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

 (Xinhua)
http://xinhuamyanmar.com