08/16/15

(တစ်နေကုန်အလုပ်လုပ်ပြီး အလုပ်ကပြန်လာတော့ CSOC သင်တန်းရှိလို့ သွားပြနေရသေးတယ်။ အဲဒါကြောင့် ခုမှ ရေးနိုင်တာ)
ခုလိုသေသေချာချာ ပြန်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျား။

၁။ (စနစ်ဆိုတာ လူတွေလုပ်တာဗျ။) - သိပ်မှန်သပေါ့ဗျာ။
၂။ (ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။သခင်ဖြစ်ရမယ်။ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။) - သိပ်မှန်သပေါ့ဗျာ။
=======================
၁။ ((စနစ်ဆိုတာ လူတွေကလုပ်တာ)) - ဆိုတာကို ပြောပါမယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဦးနေ၀င်းအာဏာမသိမ်းခင်က အရှေ့တောင်အာရှမှာ ထိပ်ဖြစ်ခဲ့တာ ဦးမြင့်ဆွေ သိပါတယ်။ အဲဒါ စနစ်ကောင်းခဲ့လို့ပဲ။ ဘယ်ကစနစ်လဲ။ အင်္ဂလိပ်တွေ ချမှတ်ခဲ့တဲ့စနစ်ကို ဆက်လက်ကျင့်သုံးခဲ့လို့။ မြန်မာပြည်နဲ့ကိုက်အောင်တော့ ပြန်ပြင်ရမှာပေါ့။ အဲဒီစနစ်ကို လုပ်ခဲ့တဲ့ အဲဒီခေတ်က လူတွေက လူတော်တွေကိုးဗျ။ စနစ်ကောင်းလို့ တိုင်းပြည်ကောင်းတာ။

စနစ်ဆိုတာ လူတွေကလုပ်ခဲ့လို့ပဲ ဆိုရှယ်လစ်စနစ်ဆိုတာကြီး ဖြစ်လာတာပေါ့ဗျာ။ အဲဒီ ဆိုရှယ်လစ်စနစ်ဆိုတာကြီးကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့ရာကနေ အဆင်းရဲဆုံးဖြစ်ခဲ့တာ မဟုတ်လားဗျာ။

ဦးနေ၀င်းပြီး နောက်တက်လာတဲ့ စစ်ခေါင်းဆောင်တွေ လက်ထက်ကျတော့ ဘာစနစ်ကို ကျင့်သုံးသလဲ။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့စနစ်ကို ကျင့်သုံးကြတာပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံဟာ အခု ဘယ်အခြေဆိုက်နေတယ် ဆိုတာ ဦးမြင့်ဆွေ သိပါတယ်။

အင်္ဂလန်ဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ဇီးရွက်လောက်ကလေးရှိတဲ့တိုင်းပြည် သေးသေးလေးပေါ့ဗျာ။ ဒါပေမဲ့ ဘာ့ကြောင့် သူ့ထက် အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယနိုင်ငံကို ရာစုနှစ်တစ်ခုလောက်ထိ သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခဲ့သလဲ။ သူ့ထက် အင်မတန်ကြီးတဲ့ မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်လောက် သိမ်းပိုက်ထားနိုင်ခဲ့သလဲ။ မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအရာရှိ ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ လက်တစ်ဆုပ်လောက်ရှိတဲ့ အင်္ဂလိပ်လူမျိုးနည်းနည်းကလေးနဲ့ နေမ၀င်အင်ပါယာကြီး တစ်ခုလုံးကို ဘယ်လို အုပ်ချုပ်ခဲ့သလဲ။
စနစ်နဲ့ခင်ဗျ။ စနစ်နဲ့အုပ်ချုပ်တာ။ လူနဲ့အုပ်ချုပ်တာမဟုတ်ဘူး။
အဲသလောက်ဆို အဲဒီစနစ် ဘယ်လောက်ကောင်းသလဲဆိုတာ ဦးမြင့်ဆွေ နည်းနည်းလောက် ရိပ်မိလောက်ပါပြီ။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူတွေ ရေးခဲ့သလဲ။ အင်မတန် တော်တည့်ထက်မြက်သူတွေ ရေးတယ်ဆိုတာ ယုံမှားသံသယမရှိနိုင်ပါဘူးဗျာ။
“ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဆိုတာလောက်သိတဲ့ ဦးဏှောက်တွေနဲ့ ရေးရင် အဲသလောက် ကောင်းမွန်တဲ့ စနစ်တစ်ခု ထွက်လာလိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။

စနစ်ကိုလူကရေးတာမှန်ပေမဲ့ အဲဒီစနစ်ကို ရေးတဲ့သူဟာ ကောင်းတဲ့၊ တော်တဲ့၊ နိုင်ငံ့အပေါ်လည်း စေတနာထားတဲ့ (Competent Person = Knowledge + Skill + Attitude) သူတွေ ရေးမှ ကောင်းတဲ့စနစ်ဖြစ်မှာပေါ့ဗျာ။ “ကျွန်တော်သာ နောက်ထပ် ၅ နှစ်လောက်အုပ်ချုပ်ရရင် စင်ကာပူလို ဖြစ်ရစေ့မယ်” လို့ အရူးချီးပန်းလျှောက်ပြောနေတဲ့သူတွေက ကောင်းမွန်တဲ့စနစ်တစ်ခု ရေးနိုင်လိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။
=============================================
နောက်တစ်ချက် -
၂။ ((ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။ သခင်ဖြစ်ရမယ်။ ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။ အမှိုက်စည်းကမ်းမယ့်မပစ်တာ တန်းစီတာ တဦးနဲ့တဦးကူညီတာ လေးစားတာ ကိုယ့်ဟာကိုယ်စာကြိုးစားတာ ကျန်းမာရေးလုပ်တာကျန်းမာတဲ့အစာစားတာ တဦးနဲ့ဦးအနှောက်အယှက်မဖြစ်အောင် နေတာစသည်ဖြင် ကိုယ့်ဟာကိုယ်လုပ်လို့ရသော အလုပ်ပေါင်းများစွာရှိရဲ့နဲ့တစိပ်ရှိ အစိုးရအစိုးရဆိုတာလုပ်မနေကြဘို့ ကျနော်တို့လူ့အဖွဲ့အစည်းကိုမေတ္တာရပ်ခံတာပါ။ အစိုးရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကိုယ့်ဟာကိုယ်ဒုက္ခရောက်မယ့်နည်းရော သူတို့ဒုက္ခရောက်မယ့်နည်းရောအားမပေးပါဘူး။ သူနိုင်ကိုယ်နိုင် win-win နည်းဘဲသုံးစေခြင်တယ်။ လူတွေအားလုံးအစွဲတွေ တဏှာမာနတွေကြောင့်ဒိဋ္ဌိဖြစ်ပြီး ဒုက္ခရောက်ကြတာ။ ဆေးလိပ်စွဲ ဆေးစွဲ အရက်စွဲ လောင်းကစားစွဲ အပျော်အပါးစွဲ။ စွဲမိရင်မှားမှန်းသိတောင်မဖြတ်နိုင်ကြတော့ဘူး။ အဲဒီလိုမျိုးတွေထဲမှာမှ အာဏာစွဲစည်းစိမ်စွဲတွေက အဆိုးဆုံးတွေပါ။ လွယ်လွယ်နဲ့ဖြတ်ဖို့ စွန့်လွှတ်ဖို့ခက်နေပါပြီ။ ဒီလိုအာဏာတွေစည်းစိမ်တွေအပေါ်မှာ သာယာခြင်းမကသာယာနေ
ကြတဲ့အတွက် ကိုယ်ချင်းစာတရားတွေဗြဟ္မစိုရ်တရားတွေပျောက်နေပါပြီ။) - ဆိုတာ ဆက်ပြောပါမယ်။

လူဟာ မွေးလာကတည်းက အစိုးအနေနဲ့မွေးလာတာမဟုတ်ဘူးဆိုတာ ဦးမြင့်ဆွေလို လူကြီးမပြောနဲ့။ မနေ့တစ်နေ့ကမှ ကိုရင်ဝတ်ကထွက်လာတဲ့ ၈ နှစ်သား ကျွန်တော့်သားတောင် သိပါတယ်ဗျား။
ကျွန်တော်တို့တိုင်းပြည်ကလူတွေ အဲသလို စည်းကမ်းမဲ့၊ ပညာမဲ့၊ အရက်သမား ဘိန်းသမားတွေဖြစ်အောင် ဦးနေ၀င်းကစလို့ အဆက်ဆက်သော စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တယ်ဆိုတာ ဦးမြင့်ဆွေမသိတာများ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ခင်ဗျာ။ ကလေးတွေပြောတာဆို ထားပါတော့။ အခု ဦးမြင့်ဆွေလို လူကြီးတစ်ယောက်က အဲဒါကိုမသိဘူးဆိုတော့ ကျွန်တော်ရှင်းပြရ တာပေါ့ဗျာ။

ကျွန်တော်ကတော့ ကျွန်တော်တို့တိုင်းပြည်က လူတွေရော (အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ)။ ခု ကျောင်းသားလေးတွေရောကို အပြစ်မမြင်ပါဘူး။ သူတို့ (ကျွန်တော်တို့) ဟာ စနစ်ဆိုးရဲ့ သားကောင်တွေပါ။ တိုင်းပြည်ကို စနစ်တကျ ရစရာမရှိအောင် ဖျက်ဆီးခဲ့တဲ့ အာဏာရှင်တွေကသာ အဓိက တရားခံပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ဦးသန့်ဆိုတာ ဘယ်က ထွက်တာပါလဲ။ မြန်မာနိုင်ငံမှာ အင်မတန်တော်တဲ့ လူတွေ အများကြီး ထွက်ခဲ့ပါတယ်။ အခုလည်း ရှိပါတယ်။ ခင်ဗျားသိချင်တယ်ဆို ကျွန်တော် စာရင်းလုပ်ပေးမယ်။ ကျွန်တော် အခုအလုပ်လုပ်နေတဲ့ စင်ကာပူမှာကိုပဲ ကုမ္ပဏီ ဒါရိုက်တာ ဖြစ်နေတဲ့သူတွေ၊ မန်နေဂျာတွေ၊ အကြံပေးအရာရှိတွေ။ ကုန်ကုန်ပြောမယ်ဗျာ။ ကျွန်တော့်လို ပမွှား၊ ငချွတ်တောင် ကျွန်တော်တို့ ကုမ္ပဏီမှာ၊ ခုလုပ်နေတဲ့ ပရောဂျက်မှာ Safety နဲ့ပတ်သက်လို့ ကျွန်တော်အကြီးဆုံးပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ဦးမြင့်ဆွေပြောသလို လူတွေတန်းမစီကြတာ၊ အမှိုက်ပစ်တွေပစ်တာ၊ လော်ကြီးတွေနဲ့ အသားကုန်ဖွင့်တာ၊ ကားတွေဆိုလည်း ကျော်ချင်သလို ကျော်တာ ဖြစ်နေသလဲ တဲ့။

နံပါတ် (၁) သူတို့ အာဏာတည်မြဲရေးအတွက် လူတွေကို ပညာတတ်တွေမဖြစ်တော့အောင်၊ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ်တွေ မရတော့အောင် ပညာရေးကို တစ်စစီချေမှုန်းလိုက်တယ်။ ချိုးဖျက်လိုက်တယ်။ ချေမွှလိုက်တယ်။ ဖျက်ဆီးလိုက်တယ်။

နံပါတ် (၂) တရားဥပဒေစိုးမိုးရေးကို ဦးစားမပေးဘဲ လူတွေကို စည်းမဲ့ကမ်းမဲ့လူတွေဖြစ်အောင် နေချင်သလိုနေ၊ လုပ်ချင်သလို လုပ်ခွင့်ပေးထားတယ်။ အဲဒီတော့ လူတွေဟာ အလိုလိုနေရင်း စည်းကမ်းမဲ့တဲ့သူတွေ ဖြစ်သွားတယ်။

နံပါတ် (၃) လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးမပေးဘူး။ လူတွေဟာ လုပ်စရာမရှိတော့ လမ်းဘေး ရောက်ကုန်တယ်။ လဖက်ရည်ဆိုင်ရောက်ကုန်တယ်။ အရက်ဆိုင် ရောက်ကုန်တယ်။ နှစ်လုံး သုံးလုံးထိုးတတ်လာတယ်။ အဲသလိုနဲ့ လေရာကလွင့်၊ လွင့်ရာကနေ လုံးလုံးပျက်တဲ့အခြေ ဆိုက်သွားတယ်။

နံပါတ် (၄) အကျင့်ပျက်ခြစားမှုကို ပိုးမွေးသလိုမွေးထားပြီး ၀န်ထမ်းလောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုက်တယ်။

ကျွန်တော်ရန်ကုန်ပြန်တော့ လမ်းကူးဘို့ လူကူးမျဉ်းကြားလိုက်ရှာတယ်။ ကျွန်တော်နေတာ ပြည်ရိပ်မွန်မှာ။ စိုက်ပျိုးရေး မှတ်တိုင်ကဆင်းပြီး အဆညရှေ့မှာလုပ်ထားတဲ့ လူကူးမျဉ်းကြားကနေ ကူးဘို့ကြံတယ်။ အဲဒီလူကူးမျဉ်းကြားမှာ ကားဆို တစ်စီးမှ ရပ်မပေးဘူးဗျာ။ တ၀ီးဝီးမောင်းနေတဲ့ကားတွေကြားထဲက အတင်းဖြတ်ကူးရတာပဲ။
နောက်ပြီး စင်ကာပူနေတာကြာတော့ အကျင့်ဖြစ်နေလို့ အမှိုက်ကို တွေ့ကရာမပစ်တတ်လို့ အမှိုက်ပစ်စရာ နေရာရှာတယ်။ တစ်နေရာမှ တူတူတန်တန် အမှိုက်ပုံးမတွေ့ခဲ့ဘူး။ ဒါဆို အဲဒီအမှိုက်ကို တွေ့ကရာမပစ်လို့ ဘယ်သွားပစ်မတုံးဗျာ။

သေးမပေါက်ရတဲ့။ ရန်ကုန်မြို့လယ်မှာ ရေးထားတယ်။ အဲဒီနေရာမှာ သေးမပေါက်ရရင် ဘယ်နေရာသွားပေါက်မလဲ။ သေးပေါက်စရာနေရာ လွယ်လွယ်ကူကူရှိသလား။
လူတွေ စည်းကမ်းမရှိဘူး။ စည်းကမ်းမရှိဘူးနဲ့၊ စည်းကမ်းမရှိတာသာ အပြစ်ဖို့နေတယ်။ စည်းကမ်းရှိချင်လာအောင် ပံ့ပိုးပေးဘို့ တော့ ဘယ်သူမှ စိတ်မကူးဘူး။
လူတွေကို လူနေမှုအဆင့်မြင့်လာအောင်၊ စည်းကမ်းရှိလာအောင် အဓိက က ပညာရေးဗျ။

လူတွေကို တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်တဲ့ တကယ့်ပညာတတ်တွေ ဖြစ်အောင် သင်ပေးဘို့လိုတယ်။ အဲဒါဟာ ကျောင်းသင်ပညာရေးကနေ စတာဘဲ။ အခု မြန်မာနိုင်ငံကကျောင်းတွေမှာ သင်နေတဲ့ပညာရေးဟာ အင်မတန်ကောင်းလှချည့်လို့ ဦးမြင့်ဆွေ ထင်သလား။ ကလေးတွေ ကျောင်းကထွက်လာပြီး ဘာမှ မတတ်တာ အဲဒီကလေးတွေ အသုံးမကျလို့ လို့ ဦးမြင့်ဆွေ ထင်သလား။

လူမပြောနဲ့၊ ခွေးတောင် အဆင့်မြင့်မြင့်ထားရင် အဆင့်အတန်းမြင့်မြင့် နေတတ်တယ်။ ခွေးတွေ လူသွားတဲ့အိမ်သာမှာ ရှူးရှူး သွားပေါက်ပြီး ရေဆွဲချခဲ့တဲ့ ဗီဒီယိုတွေ ဖေ့စ်ဘုတ်မှာ ဦးမြင့်ဆွေ ကြည့်ဖူးသလား။ မကြည့်ဖူးရင် ရှာကြည့်ဗျာ။

ခွေးကတက်မှာထားတဲ့ ခွေးဟာ ခွေးကတက်က စိတ်ဓာတ်လောက်ရှိတယ်။ အိမ်ပေါ်မှာ ကျကျနနထားတဲ့ ခွေးဟာ သူ့အဆင့် သူသိတယ်။ အိမ်ပေါ်မှာ လူလိုနေတတ်တယ်။ အဲဒါ တိရစ္ဆာန်။ လူမဟုတ်သေးဘူး။
အခုတော့ တက္ကသိုလ်တွေကို တောတွေပို့ပစ်ပြီး ကလေးတွေကို ရွာတွေမှာထားတယ်။ ရွာမှာနေရတဲ့ ရွာသားတွေ နေတာထိုင်တာ လုပ်တာကိုင်တာ ပြောတာဆိုတာကိုပဲ မြင်၊ ကြားနေရတဲ့ ကလေးတွေဟာ ရွာသားအဆင့်လောက်ပဲ ရှိတော့ မပေါ့ဗျာ။

တက္ကသိုလ်ကျောင်းသားဆိုတာ တက္ကသိုလ်ကျောင်းသားလို ထားရတယ်ဗျ။ လေးစားရတယ်ဗျ။ အထင်ကြီးရတယ်ဗျ။ မြေတောင်မြှောက်ပေးရတယ်ဗျ။
ခုတော့ ဘယ့်နှယ်ကွယ်။ ကလေးတွေကို တောပို့ပြီး ဖျက်ဆီးပစ်တယ်။ ကျုပ်ဖြင့် ရင်နာလို့မဆုံးဘူး။ သူတို့သားသမီးတွေတော့ နိုင်ငံခြားပို့ပြီး ပညာသင်ခိုင်းတယ်။ တောက်၊ ရာဇ၀င်ရိုင်းလိုက်လေ။

အဲဒီတက္ကသိုလ်တက်တဲ့အထဲမှာ ခင်ဗျား သားသမီးတွေရော ပါသလားမသိဘူး။ ပါတယ်ဆိုရင် သူတို့ ဘယ်လိုနေရစားရတယ်။ ဘယ်သူတွေနဲ့ ပေါင်းရသင်းရတယ်။ သူတို့ ဘယ်လိုတွေးကြခေါ်ကြတယ် ဆိုတာ နည်းနည်းလောက် မေးကြည့်စမ်းပါဗျာ။
ကျွန်တော်လက်ရှိနေထိုင်တဲ့ စင်ကာပူအကြောင်း နည်းနည်းပြောပြပါမယ်။

ဦးမြင့်ဆွေ (လီကွမ်ယုရဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့) ကို ဖတ်ဖူးလိမ့်မယ်လို့ယူဆပါတယ်။ မဖတ်ဖူးသေးရင် ဆရာဟိန်းလတ် ဘာသာပြန်ထားတာရှိတယ်။ နက်ဖြန် သွားဝယ်ဖတ်ချေဗျာ။
လီကွမ်ယုတို့ စင်ကာပူကို စထူထောင်တော့ အထပ်မြင့်တိုက်တွေ ဆောက်ပေးတယ်။ ခုမှ တောင်ယာထဲကနေ တိုက်ပေါ် ရောက်လာတဲ့ သူ့နိုင်ငံသားတွေက လှေခါးတွေပေါ်မှာ ၀က်တွေကျောင်းတယ်။ တိုက်ခန်းတွေမှာ ကြက်တွေ တကော်ကော်နဲ့။ သူတို့လည်း အသည်းအသန် လုပ်ယူရတာပဲ။ ဒါပေမဲ့ တကယ်လုပ်တဲ့အခါကျတော့ တကယ်ဖြစ်တာပဲ။
ဦးမြင့်ဆွေပြောသလို သူတို့လည်း မွေးကတည်းက စည်းကမ်းကြီး လည်ပင်းချိတ်မွေးလာတာ မဟုတ်ပါဘူး။ စည်းကမ်းရှိတဲ့ လူအဖွဲ့အစည်းထဲ နေရတဲ့အခါကျတော့ အော်တိုမက်တစ် စည်းကမ်းရှိသွားသပေါ့ဗျာ။

ဗမာပြည်ကလာခဲ့တဲ့ ကျွန်တော်တို့လည်း စင်ကာပူမှာ အများတန်းစီသလို တန်းစီတာပါဘဲဗျ။ အဲဒါ အစိုးရကောင်းလို့ တိုင်းပြည်ကောင်းတယ်၊ တိုင်းပြည်ကောင်းလို့ နိုင်ငံသားတွေလည်း ကောင်းတဲ့နိုင်ငံသားတွေ ဖြစ်တယ်၊ အဲဒီအသိုင်းအ၀ိုင်းထဲ ရောက်သွားတဲ့ မြန်မာပြည်မှာကြီးပြင်းခဲ့တဲ့ ကျွန်ုပ် ငအေးငြိမ်းလည်းပဲ စင်ကာပူရောက်တော့ တန်းစီဖြစ်သွားတာပဲဗျ။ အဲဒါဟာ လူ့အသိုင်းအ၀ိုင်းက အလိုလို သွန်သင်ပေးသွားတာပဲ။ အရေးကြီးတာက အဆင့်မြင့်တဲ့ လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးပေးဘို့ပဲ။ ကြွေပြားပြောင်ပြောင်ပေါ် တော်ရုံတန်ရုံလူ ကွမ်းတံတွေးထွေးသွားပါ့မလားဗျာ။ လူတကာကမှ တန်းမစီဘဲ ဘယ့်နှာလုပ် တစ်ယောက်တည်းက တန်းစီမတုံး။ ခင်ဗျားနှယ်။
စင်ကာပူကိုလည်း ကောင်းလွန်းလှပြီ မထင်ပါနဲ့။ စင်ကာပူနိုင်ငံ ဒီလောက် သန့်ရှင်းသပ်ယပ် လှပနေတာ အင်မတန့်ကို စနစ် ကောင်းလွန်းလို့၊ အစိုးရက နိုင်နိုင်နင်းနင်း လုပ်လွန်းလို့ပါဗျာ။ ဓာတ်လှေခါးထဲမှာ အအေးဘူးတွေ၊ သတင်းစာတွေ၊ တစ်ရှုးတွေ ပစ်သွားတာ မကြာမကြာတွေ့ပါ့။ ထိုင်ခုံတွေမှာ စားသောက်ပြီး အမှိုက်တွေကို ဒီအတိုင်း ပစ်သွားတာပဲ။

ဒါပေမဲ့ မြန်မာနိုင်ငံလိုတော့ မဟုတ်ဘူးဗျ။ ရန်ကုန်မှာ ကွမ်းမစားရ၊ ဒဏ်ငွေ ၅၀၀ ဆို စာလာကပ်သွား။ စားလည်း ဘာမှ မဖြစ်ဘူး။ ဘယ်သူမှလည်း အရေးမယူဘူး။ အရေးယူတဲ့သူကလည်း ရိုက်သွားတဲ့ဒဏ်ငွေကို အိပ်ကပ်ထဲ ထည့်သွားတာပဲ။ နောက်ပြီး အဲဒီ ကွမ်းမစားရ ဆိုတာကြီးလည်း တစ်ပတ်မခံဘူး ပျက်သွားတာပဲ။ အဲဒါ ဘာလုပ်တာလဲဗျာ။
စင်ကာပူမှာ ဒဏ်ရိုက်တာ ခင်ဗျားကို ပြောပြဦးမယ်။

သူတို့က ဒဏ်ရိုက်ရင် ပိုက်ဆံတောင်းပြီး အိပ်ထဲထည့်သွားတာ မဟုတ်ဘူးခင်ဗျ။ ဖြတ်ပိုင်းပေးသွားပြီး အဲဒီဖြတ်ပိုင်းထဲမှာ ပါတဲ့အတိုင်း သွားဆောင်ရတာ။ ဆောင်လိုက်တဲ့အခါ အဲဒီပိုက်ဆံက အစိုးရဘဏ်ထဲ တိုက်ရိုက်ရောက်သွားတာ။ ကဲ။ တကယ် မိရင်လည်း တကယ်ဆော်သပေါ့ဗျာ။ ကျွန်တော် အခုလုပ်နေတဲ့ ပရောဂျက်မှာတောင် ဒဏ်ငွေဆောင်ရတာ စင်ကာပူဒေါ်လာ ၇ သောင်းရှိသွားပြီ။ ပရောဂျက်လုပ်တာမှ တစ်နှစ်မပြည့်သေးဘူး။

ပြီးခဲ့တဲ့လက ကျွန်တော်တို့ဆိုဒ်က ထိုင်းအလုပ်သမားတစ်ယောက် မရီနာဘေမှာ ငါးသွားမျှားလို့ ဒဏ်ငွေ ၅၀ ဆောင်လိုက်ရ တယ်။ ဒဏ်ငွေက ထုံးစံအတိုင်း ဖြတ်ပိုင်းနဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိလို့ ကျုပ်ဘဲ အင်တာနက်ကနေ ဆောင်ပေးလိုက်တယ်။
နောက်ပြီး ကုလားလေးတစ်ယောက်လည်း မနှစ်က သြချတ်မှာ အမှိုက်ပစ်လို့ ဒဏ်ငွေ ၂၀၀ ဆောင်လိုက်ရသေးတယ်။
((လူတွေက ကိုယ်လုပ်စရာရှိတာတော့ မလုပ်ဘူး။ ထစ်ကနဲရှိ အစိုးရချည်း အပြစ်ပုံချနေတယ်)) . . . တဲ့။
အစိုးရသောက်သုံးမကျလို့ အစိုးရကို အပြစ်ပုံချတာပေါ့ဗျ။ သူတို့လုပ်ခဲ့လို့ ကျုပ်တို့တိုင်းပြည် ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဖြစ်နေပြီ။ အာဆီယံ ၁၀ နိုင်ငံမှာ စင်ကာပူလာဘို့ ဗီဇာလျှောက်ရတာ မြန်မာနိုင်ငံဘဲရှိတယ်ဆိုတာ ခင်ဗျားသိရဲ့လား။ တိုင်းပြည်က ဘာထွက်ကုန်မှ ထုတ်မရောင်းနိုင်ဘဲ ရှိသမျှသယံဇာတတွေကို သူ့ရို့အဖေဆီက အမွေရတဲ့အတိုင်း ထုတ်ရောင်းနေတာ အဲဒီ အစိုးရကို သောက်သုံးကျတယ်လို့ ခင်ဗျားက ထင်နေသေးတာလား။

တော်ပြီဗျာ။ စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာ အခုတောင် ၁၀ နာရီခွဲတော့မယ်။
ဒါမှမကျေနပ်သေးလို့ မျက်နှာချင်းဆိုင်ဆွေးနွေးချင်သပဆို ဟောဒီမှာ ကျွန်တော့်ဖုံးနံပါတ်နဲ့ email လိပ်စာ။
Tel (Sing): 9730 3027
email: aye475@gmail.com
အေးငြိမ်း
၉ ဇွန်၊ ၂၀၁၅။ ည ၁၀း၂၅ နာရီ
(Tag မလို့ဟာ tag လို့မရဘူးဗျို့။)
Aye Nyein


ဘာတဲ့ ပညာရေးဆိုတာအကျိုးအမြတ်မရှိတဲ့ရင်းနှီးမြှုတ်နှုံမှု လို့ ပြောတဲ့သူ ဒီတိုင်းပြည်မှာလူဖြစ်ရတာ.....
မပြောတော့ပါဘူးဗျာ
ဆန်ဒါပီချိုင်းသည် အိနိ္ဒယတောင်ပိုင်းဒေသရှိ အခန်း ၂ ခန်းပါ အိပ်ခန်းငယ်လေးတစ်ခုတွင် ကြီးပြင်းလာသူဖြစ်သည်။ စတန်းဖို့ဒ်တက္ကသိုလ်မှ ပညာသင်ဆုရရှိချိန်တွင် ဆန်ဖရန်စစ္စကိုသို့ ကျောင်းတက်ရန်သွားရောက်ရသည့် လေယာဉ်ခက ပီချိုင်း၏ဖခင် တစ်နှစ်ဝင်ငွေထက်ပိုများခဲ့သည်။ သို့သော် ထိုရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ်ဖြစ်ထွန်းခဲ့ပြီး ဂူဂဲလ်ကုမ္ပဏီတွင် ရာထူးအဆင့်ဆင့် လျင်မြန်စွာမြင့်တက်လာကာ ယခုအခါ အင်တာနက် ရှာဖွေရေးနှင့် ကြော်ငြာကုမ္ပဏီကြီး၏ အမှုဆောင်ချုပ်ဖြစ်လာခဲ့သည်။

ဆန်ဒါပီချိုင်းသည် ဆက်ဆံရေးကောင်းမွန်ပြီး မှတ်ဉာဏ်အလွန်ကောင်းသူ တစ်ဦးဖြစ်သည်ဟု အပေါင်းအသင်းများကဆိုသည်။ ပီချိုင်း ၁၂ နှစ်အရွယ်တွင် သူတို့အိမ်၌ ပထမဆုံး ဖုန်းတစ်လုံး တပ်ဆင်ချိန်တွင် ထိုသို့မှတ်ဉာဏ်ကောင်းသည်ကို စတင်တွေ့ရှိ ခဲ့ရသည်။ ပီချိုင်းသည် ဖုန်းနံပါတ်တစ်ခုကို တစ်ကြိမ်ဆက်ပြီးလျှင် အမြဲမှတ်မိနေတတ်တယ်။ သို့သော် ပီချိုင်းသည် အများနည်းပညာသရဲများကဲ့သို့ အခန်းအောင်းပြီး ကုဒ်များရေးနေ သူမဟုတ်ဘဲ အထက်တန်းကျောင်းသားဘ၀တွင် ကျောင်းခရစ်ကတ်အသင်းအား ဒေသတွင်းပြိုင်ပွဲတွင် အနိုင်ရရန် ဦးဆောင်နိုင်ခဲ့သည်။

ပီချိုင်း၏ ပညာရေးထူးချွန်မှုကြောင့် စတန်းဖို့ဒ်၌ တက်ရောက်ခွင့်ရချိန်တွင် ကျောပိုးအိတ်အတွက် ဒေါ်လာ ၆၀ ကိုပင် မတတ်နိုင်ခဲ့ဟုဆိုသည်။ စီးပွားရေးလောကတွင် ပိုမိုအာရုံစိုက်နိုင်ရန် PhDဘွဲ့ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။ ပီချိုင်းသည် ချစ်ပ်ထုတ်လုပ်သူ Applied Materials တွင် အလုပ်ဝင်ခဲ့ပြီးနောက် ၀ှတ်တွန်ကျောင်းမှ MBA ဘွဲ့ရခဲ့သည်။

၂၀၀၄ ခုနှစ် ဧပြီဖူးလ်ဒေးတွင်း ဂူဂဲလ်သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုနေ့တွင် ဂူဂဲလ်က Gmail ၀န်ဆောင်မှုကို စတင်ခဲ့ပြီး လူအများက နောက်ပြောင်မှုတစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသည်။ ပီချိုင်းသည် ဂူဂဲလ်တွင် မထင်မရှား လုပ်ငန်းများဖြစ်သည့် Forefox နှင့် IE ဘရောက်ဆာအတွက် ဂူဂဲလ် search bar ဖန်တီးမှုတွင် ပါဝင်ခဲ့သည်။

သို့သော် ဂူဂဲလ်အနေဖြင့် ကိုယ်ပိုင်ဘရောက်ဆာ ဖန်တီးသင့်ကြောင်း ပီချိုင်းကအကြံပြုခဲ့သဖြင့် အများ၏သတိပြုမှုခံခဲ့ရသည်။ အကြံပြုချက်ကို ထိုစဉ်က အမှုဆောင်ချုပ်အီ ရစ်ရှမစ်ကပယ်ချခဲ့သော်လည်း ပီချိုင်းက ဘရောက်ဆာဖန်တီးမှုကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အလွန်အောင်မြင်သည့် Google Chrome ဘရောက်ဆာကို ဖန်တီးနိုင်ခဲ့သည်။

ထို့နောက် ပီချိုင်းသည် လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ကလောက်ဒ်ဝန် ဆောင်မှုအဖြစ်ထားရှိသည်။ ဈေးသက်သာသော chromebook အစီအစဉ်ကိုမိတ်ဆက်ခဲ့သည်။ chrome book များသည် လက်ရှိ ပီစီရောင်းအား၏ ၄ ပုံ ၁ ပုံကို ရယူထားနိုင်သည်။ ၂၀၁၀ တွင် ပီချိုင်းအား ခေါ်ယူနိုင်ရန် တွစ်တာက ကြိုးစားလာသည့်အခါ ဂူဂဲလ်က ဒေါ်လာသန်း ဆယ်ဂဏန်းဆုကြေးပေး၍ ထိန်းသိမ်းခဲ့ရသည်ဟုဆိုသည်။ ဂူဂဲလ်တွင် သစ္စာရှိရှိဆက်ရှိနေခဲ့သည့် ပီချိုင်းမှာ အန်းဒရွိုက်ဌာန အကြီးအကဲဖြစ်လာခဲ့ပြီး ယခုအခါတွင် ဂူဂဲလ်၏အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သည်။

KHTun

The Ladies News Journal

ဦးရွှေမန်းအား အာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ်မှ ယခုသီတင်းပတ်အတွင်းက ဖယ်ရှားလိုက်ရခြင်းမှာ ဦးရွှေမန်းသည် လွှတ်တော်အတွင်း အငြင်းပွားဖွယ်ရှိသည့် ဥပဒေကြမ်းများကို ထောက်ခံသကဲ့သို့ ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ဆက်ဆံမှုများရှိခြင်းကြောင့် ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောလိုက်သည်။

ရွေးကောက်ပွဲကျင်းပရန် သုံးလခန့်အလိုတွင် သူရဦးရွှေမန်းအား ယခုကဲ့သို့ ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ခြင်းနှင့် ပတ်သက်ပြီး အစိုးရက အသေးစိတ်ပြောဆိုခြင်းမရှိသေးချိန် သမ္မတပြောရေးဆိုခွင့်လည်း ဖြစ်သူ ဦးရဲထွဋ်က ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားလာခဲ့ခြင်းဖြစ်သည်။

ဦးရွှေမန်းက နိုင်ငံ၏ ဒီမိုကရေစီတွင် လွှတ်တော်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လျက်ရှိခြင်းဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက် ဗုဒ္ဓဟူးနေ့က လုံခြုံရေးတပ်ဖွဲ့များက နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ဝိုင်းထားခဲ့ချိန်မှစကာ မြန်မာ့နိုင်ငံရေးအခြေအနေပေါ်တွင် အရေးပါဆုံးခေါင်းဆောင်ကြီးနှစ်ဦးကြား ယှဉ်ပြိုင်မှုများကို မြင်သာလာခဲ့ရသည်။

သူရဦးရွှေမန်းသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရင်းနှီးမှုကို တည်ဆောက်လျက် စစ်တပ်နှင့် ဆန့်ကျင်ယှဉ်ပြိုင်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွင်လည်း ကျောထောက်နောက်ခံ ပြုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ နိုင်ငံကို စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်းအုပ်ချုပ်ရေးသို့ ၂၀၁၁ ခုနှစ်တွင် အာဏာပြောင်းလွှဲအပ်ခဲ့သော်လည်း နိုင်ငံရေးစနစ်များ ပြုပြောင်းလဲရေးတွင် စစ်တပ်လက်တွင်း ဗီတိုအာဏာရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၄၉ နှစ်တိုင်အောင် အုပ်ချုပ်ခဲ့သည့် စစ်အုပ်ချုပ်ရေးတွင် သမ္မတဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံးမှာ စစ်အုပ်ချုပ်ရေး၏ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။

အာဏာရကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များက ပြီးခဲ့သည့်သီတင်းပတ်များက ဦးရွှေမန်း၏ လက်အောက်တွင် ပါတီမူဝါဒရေးရာများနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာများရှိနေပါပြီဟုသည်ကို ဖော်ပြသည့် လျှို့ဝှက်စာတစ်စောင်အား သမ္မတဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြောင်း ဦးရဲထွဋ်က ပြောသည်။

ထို့ပြင် ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ပတ်သက်ဆက်ဆံမှုကလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဦးရဲထွဋ်က ပြောသော်လည်း မည်သည့်ခေါင်းဆောင်များဖြစ်သည်ဆိုသည်ကိုမူ ပြောဆိုရန် ငြင်းဆန်သည်။

ဦးရွှေမန်းအား ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး ပါတီပုံရိပ်ထိခိုက်မှုရှိနိုင်ချိန်တွင် ဦးရဲထွဋ်က ဦးရွှေမန်းသည် ပါတီနှင့် နိုင်ငံအတွက်ထက် ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်ထက် လုပ်ကိုင်နေကာ ပြီးခဲ့သည့်နှစ်အတွင်း လွှတ်တော်တွင်းလည်း အလွန်စဉ်းစားသံသယဖြစ်ဖွယ်ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခြင်းများရှိခဲ့သည်ဟုလည်း ပြောခဲ့သည်။

ထိုသို့ ဦးရွှေမန်း၏ လုပ်ဆောင်ချက်များတွင် ဇွန်လအတွင်းက တပ်မတော်၏ အာဏာကို ကန့်သတ်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ထောက်ခံမှုပေးခြင်းလည်း ပါဝင်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

"သူက အခြားသူတွေကိုလည်း သူစိတ်ဆန္ဒအတိုင်း လိုက်နာဖော်ဆောင်ဖို့ ကြိုးစားတယ်။ ဒါမျိုးက အကြိမ်ကြိမ်ဖြစ်လာခဲ့တယ်။ ဒါက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံပဲ။ ဒါကြောင့် ပါတီတွင်း ဒီမိုကရေစီအတွက် စိုးရိမ်စရာတွေ များလာနေခဲ့ရတယ်။”ဟု ဦးရဲထွဋ်က ဆိုသည်။

ရိုက်တာသတင်းဌာနအနေဖြင့် ဦးရွှေမန်းနှင့်လည်း မေးမြန်းနိုင်အောင် သြဂုတ် ၁၅ ရက်က ကြိုးစားဆက်သွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးရွှေမန်းက ၎င်းဖေ့ဘုတ်စာမျက်နှာတွင် သြဂုတ် ၁၅ ရက်က နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ ဟူ၍ ရေးသားဖော်ပြခဲ့သည်။

Mizzima - News in Burmese
http://mizzimaburmese.com/article/3291#sthash.VIxoEJwP.dpuf

  ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ် ။ ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA
  ချင်းပြည်နယ်ဟားခါးမြို့မှာ ဒီရက်ပိုင်းအတွင်း ထပ်ပြီးမြေပြိုမှုတွေ ဖြစ်ပွားနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် အနီးအနားက ကျေးရွာတွေနဲ့ပါဆိုရင် စုစုပေါင်း အိမ်ခြေ ၅ဝဝ ကျော် ပြိုကျသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။

မြို့ဟောင်း၊ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာ စတဲ့မြို့ပေါ်ရပ်ကွက်တွေအပြင် အဲ့ဒီရပ်ကွက်တွေနား က ကျေးရွာတွေမှာလည်း မြေပြိုနေတာကြောင့် အခုလို ထပ်တိုးလာတာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦတင်မောင်စိုးက ပြောပါတယ်။

"မြို့ဟောင်း၊ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာရယ်ဗျ အနောက်ဈေးဟောင်းရယ်ပေါ့နော်၊ အဲ့ဒီပတ်ဝန်း ကျင်တွေကတော့ အခြေအနေကတော့ အခုလက်ရှိအနေအထားကတော့ မြေအက်ကြောင်းများတာပေါ့နော်၊ မြို့ပေါ်ကတော့ ၃၇၅ လောက်ပဲရှိတာပေါ့နော်၊ မြို့ပေါ်ကတော့ သိပ်မဆိုးဘူးပေါ့နော်၊ ရွာတွေကတော့ တချို့နေရာတွေ အိမ်ပျက်တာတွေဘာတွေ ၅၁၇ လုံးလောက်ပျက်သွားတာပေါ့လေ၊ ဘေးကတချို့ ပတ်ဝန်းကျင် ကျေးရွာတချို့ပါတာပေါ့လေ"

ဟားခါးနဲ့အနီးတဝိုက် မြေပြိုတာကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ဟာ နှစ်ထောင်နီးပါး ရှိတယ်လို့ ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး တလွန်ကျဲအိုက ပြီးခဲ့တဲ့သီတင်းပတ်က  ပြောပါတယ်။ လက်ရှိအချိန်မှာ မြေအက်ကြောင်း ဖြစ်ပေါ်နေတဲ့နေရာတွေရှိပြီး မိုးဆက်ပြီးကြီးမယ်ဆိုရင် ဟားခါးမြို့ အနီးတဝိုက်က ကျေးရွာတွေမှာ  အန္တရာယ်ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြေပြိုမှုဖြစ်သွားတဲ့နေရာတွေကို ဘူမိဗေဒပညာရှင်တွေက စစ်ဆေးတိုင်းထွာနေပြီး လေ့လာတွေ့ရှိ ချက်တွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ဝ ရက်နေ့လောက်ထဲက ချင်းပြည်နယ်မှာ မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် ဟားခါးမြို့မှာ ဇူလိုင်လ ၃ဝ ရက်နေ့မှာ မြေပြိုမှုတွေစတင်ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက် ၅ ခုက အိမ်တွေ ပျက်စီးခဲ့ပါတယ်။ ပျက်စီး သွားတဲ့နေရာက လူတွေအတွက် ဒုက္ခသည်စခန်း ၇ ခု ဖွင့်ထားရပြီး လူငါးထောင်လောက်ခိုလှုံ နေရတယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ncct-nainghanthar-620.jpg ရန်ကုန်မြို့ Green Hill Hotel မှာ ဇွန်လ ၂၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တာဝန်တွေကနေ ဖယ်ရှားလိုက်တာဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက် စိုးရိမ် မှုတွေ များလာစေသလို ယုံကြည်မှုတွေလည်း ကျဆင်းလာတယ်လို့ မွန်ပြည်သစ်ပါတီခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေထံ စာရေးသားပေးပို့ထားတာနဲ့ ဆက်စပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်က သဘောထားနဲ့ လတ်တလော ပြည်ခိုင်ဖြိုးပါတီအတွင်း အပြောင်းအလဲနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဦးနိုင်ဟံသာက ပြော တာဖြစ်ပါတယ်။

"ယုံကြည်မှုကိုတော့ အထိုက်အလျောက်တော့ လျော့ကျသွားစေတာတော့ အမှန်ပဲလေ၊ သူတို့အတွင်းမှာတောင် သူတို့ကြိုက်သလိုမဖြစ်ရင် သူတို့ကတော့ ဒီလိုပုံစံမျိုးနဲ့လုပ်လာရင် တခြားတိုင်းရင်းသားတွေအပေါ်မှာလည်း ဒါကတော့ သူတို့လိုချင်တဲ့ပုံမရရင်တော့ ဒီလိုလုပ်လာနိုင်တယ်ဆိုတဲ့ဟာကလည်း ထည့်တွက်စရာတော့ ဖြစ်နေ ပြီ"

နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင် စက်တင်ဘာ လဆန်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားထားပေမယ့် တိုင်းရင်းသား လက်နက် ကိုင်တွေဖက်က ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်ထိ တိုင်းရင်းသားတွေရဲ့ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမှုကိုသာ လက်ခံထားကြောင်းနဲ့ အဖွဲ့အားလုံးကို လက်ခံပေးဖို့ အတွက်လည်း နိုင်ငံတော်သမ္မတနဲ့ အခုလကုန်ပိုင်းမှာ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားအဖွဲ့အများစုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖြစ် မဖြစ်ကတော့ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး သမ္မတက တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်အပေါ် ဘယ်လောက်အတိုင်းအတာအထိ လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မူတည်တယ်လို့ ပြောပါတယ်။

အစိုးရက ရခိုင်တပ်မတော် AA၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် PSLF/ TNLA၊ ဝအမျိုးသားတပ်မတော် WNOနဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့နဲ့ လက်မှတ်မထိုးလိုသေးပဲ ကျန်တဲ့ ၁၅ ဖွဲ့နဲ့ အရင်လက်မှတ်ရေးထိုးလိုတာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/usdp-party-changes-ethnic-worry-08162015024455.html

(၁)
ခင်ဗျားတို့ ကျွန်တော်တို့ဟာ..
ဦးသိန်းစိန်အစိုးရလက်ထက်..
လုပ်ကိုင်ပုံ ညံ့ဖျင်းတာတွေကို
ထောက်ပြနေတဲ့အချိန်..
ဖွတ်တွေရဲ့ ပြည်သူတွေအပေါ်
အနိုင်ကျင့်တာတွေကို ထောက်ပြနေတဲ့
အချိန်တွေမှာ...
ဦးသန်းရွှေကိုမေ့လျော့ခဲ့ကြတယ်..
တကယ်ဆိုရင်...
ဦးသိန်းစိန်ဟာ..
သန်းရွှေကို ကာကွယ်ဖို့..
ဖြစ်လာတဲ့ Buffer လုပ်ဖို့အတွက်
Fuse တစ်ချောင်း..
ဦးရွှေမန်းဟာ..
ဦးသန်းရွှေပုံဖေါ်တဲ့..
ရေခဲစိမ်ပလတ်စတစ်အတိုက်အခံအတု
ဆိုတာကို ကျွန်တော်တို့တွေ
သတိထားနေရက်နဲ့ကို..
သတိလက်လွတ်ဖြစ်ခဲ့ကြတယ်..
-----------------------
(၂)
ဦးသိန်းစိန်ဟာ ရိုးသားတယ်ဆိုတဲ့
ဂုဏ်တစ်ခုကြောင့် ပထမပိုင်းမှာ
လူကြိုက်များခဲ့ပေမဲ့..အဲဒီရိုးသားတယ်
ဆိုတဲ့ ဂုဏ်ကြောင့်ပဲ ဦးသန်းရွှေက
နွားဖါးကြိုးကောင်းကောင်းထိုးနိုင်ခဲ့တယ်၊
ဦးသန်းရွှေရဲ့အကျိုးစီးပွားကို အတိအကျ
ကာကွယ်ပြီး ဦးသန်းရွှေဘက်မျှားဦးမလှည့်အောင်
နည်းအမျိုးမျိုး အသုံးပြုခဲ့သလို ဦးသန်းရွှေရဲ့
အစီအမံနဲ့ပဲ အတိုက်အခံတွေကို ဘာသာရေး
ဇာတ်လမ်းတွေထွင်ပြီးပုတ်ခတ်တာတွေအထိ
ဦးသိန်းစိန်နဲ့ဦးအောင်သောင်းတို့ရဲ့ ယန္တရားဟာ
လည်ပတ်လုပ်ဆောင်ခဲ့တယ်..
ဦးသိန်းစိန်ဟာ..
ပါတီနဲ့အစိုးရတွင်းမှာအမာဂိုဏ်းတွေရှိနေလို့ပဲ
သူကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှုမရသလိုမျိုး..
လုပ်ပြနေပေမဲ့ တစ်ဘက်မှာကတော့..
သူကိုယ်တိုင်ဟာ အမှန်တကယ်ပြုပြင်ပြောင်းလဲမှုကို
လုံးဝမလိုချင်ခဲ့သလို ဦးသန်းရွှေကိုလဲ..
သစ္စာစောင့်သိဆုံးလူတစ်ယောက် ဖြစ်ခဲ့တယ်၊
တိကျတဲ့အချက်တစ်ခုကတော့..
ဦးသန်းရွှေလက်ထက်တုန်းကလိုပဲ..
တိုင်းပြည်ရဲ့သယံဇာတရောင်းချတာတွေ..
တိုင်းပြည်ဘဏ္ဍာကိုအလွဲသုံးစားလုပ်တာတွေဟာ
လျော့မသွားတဲ့အပြင် ဦးသန်းရွှေလက်ထက်က
မရှိခဲ့ဘူးတဲ့ အစိုးရပိုင်မြေတွေကို ရောင်းစားခဲ့တာတွေကိုပါ
လက်ပေါက်စိတ်စိတ်နဲ့ လုပ်နေကြတာပါပဲ..
ဦးသိန်းစိန်အစိုးရအနေနဲ့ အဲဒီအလုပ်တွေကို..
ဘာလို့ လက်ရဲဇက်ရဲလုပ်ကိုင်နေသလဲ ဆိုတဲ့မေးခွန်းရဲ့
အဖြေကတော့...နောက်အစိုးရဟာ သူတို့ပဲလို့..
သူတို့တွေ ယုံကြည်နေလို့ပဲဖြစ်သလို..
အဲဒီလိုဖြစ်ဖို့ကိုလဲ သူတို့တွေဟာ..
ဥာဏ်နီဥာဏ်နက်ပေါင်းစုံသုံးပြီး..
နည်းပေါင်းစုံနဲ့ အကွက်တွေဆင်ထားလို့ပါ
----------------------------
(၃)
ဦးသိန်းစိန်ဟာ...
သူ့ရဲ့ရိုးသားမှုဆိုတဲ့ ဟန်ဆောင်မျက်နှာဖုံးကို
ပြည်သူတွေကိုပြပြီး အရင်အစိုးရလုပ်ခဲ့တဲ့အရှုပ်ထုတ်တွေကို
သူကပဲဒိုင်ခံရှင်းနေရဟန် ပုံဖေါ်ခဲ့ပေမဲ့..
တကယ်ကျတော့ အရင်ဦးသန်းရွှေအစိုးရလက်ထက်မှာ
သူဟာ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့..
လုပ်သမျှစီမံကိန်းတွေ ရောင်းစားမှုတွေမှာ..
ပါဝင်လက်မှတ်ရေးထိုးခဲ့ရသူတစ်ယောက်
အတွင်းစည်းကို စီမံခန့်ခွဲရသူတစ်ယောက်သာဖြစ်တယ်၊
အဲဒါကို နားမလည်တဲ့ပြည်သူအချို့ဟာ..
လက်ပတောင်း နဲ့ မြစ်ဆုံကိစ္စမှာ ဦးသိန်းစိန်ကို.
အပြစ်မမြင်ခဲ့ကြပေမဲ့ အဲဒီစီမံကိန်းနှစ်ခုစလုံးရဲ့
စာချုပ်တွေဟာ ဦးသိန်းစိန် ပါဝင်လက်မှတ်ရေးထိုးတာတွေ
ဦးသိန်းစိန်ရှေ့မှာလက်မှတ်ထိုးခဲ့တာတွေသာဖြစ်တယ်၊
ဦးသိန်းစိန်ဟာ..ဦးသိန်းရွှေလက်ထက်မှာ
ဝန်ကြီးဌာနတွေရဲ့အချုပ်ဖြစ်တဲ့.
ဝန်ကြီးချုပ်ဆိုတဲ့အတိုင်း
တိုင်းပြည်ရဲ့သယံဇာတရာင်းချမှုနဲ့..
အာဏာရှင်တွေရဲ့ Undertable ကိစ္စတွေကို
အားလုံးနီးပါး သိနေသူတစ်ယောက်ဖြစ်ရက်နဲ့
သူသမ္မတဖြစ်ချိန်မှာ...
အရင်အစိုးရလုပ်တာပါ ဆိုတဲ့လေပြေတွေနဲ့
ပြည်သူကို နားယောင်သွားအောင် လုပ်သွားနိုင်ခဲ့တယ်၊
အာဏာရှင်တွေရဲ့ပိုက်ဆံတွေကို ဘယ်လိုစီမံခန့်ခွဲ
ထိန်းသိမ်းရမယ်၊ ဘယ်နိုင်ငံမှာဘာတွေဝယ်ရမယ်
ဆိုတဲ့ကိုင်တွယ်မှုမျိုးကို လုပ်နေသူဟာလဲ..
အဲဒီတုန်းက ဦးသိန်းစိန်နဲ့တစ်ပတ်စဉ်ထဲဆင်းတဲ့
လက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးဖြစ်တဲ့အတွက်
ဦးသိန်းစိန် ဦးတင်အေးစည်းဝါးရိုက်မှုဟာလဲ..
အရင်အာဏာရှင်ခေတ်တွေကပီပြင်လာသလိုအခုလို
အခြေအနေမျိုးမှာလဲ..
ပီပြင်သည်ထက်မက ပီပြင်လာဖို့ပဲရှိပါတယ်
အတိုက်အခံတွေကို ခြေထိုးခြင်းရဲ့အစဖြစ်တဲ့
ဘာသားရေးအရေးအခင်းဇတ်ကွက်တွေဟာ..
သမ္မတရုံးကစလာတာကိုကြည့်ရင်..
သူဘာကိုဦးတည်နေသလဲ ဆိုတာကိုသိသင့်တယ်
ပြောချင်တာကတော့ ဦးသိန်းစိန်ဟာ..
တစ်ချို့လူတွေထင်သလို
ပြုပြင်ပြောင်းလဲရေးကိုလိုလားသူမဟုတ်ပဲ
ဦးသန်းရွှေရဲ့ လက်ရွေးစဉ်အမာခံတစ်ယောက်
ဖြစ်တယ်ဆိုတာပါပဲ...
-----------------------------
(၄)
ဒေါ်အောင်ဆန်းစုကြည်ဟာ.
ရေရှည်ကိုမြင်ခဲ့တဲ့အတွက်..
နောက်ကွယ်ကလက်မဲကြီးကိုပါ
ရည်ရွယ်တဲ့ မဟာဗျူဟာအစီအမံတွေကို.
ချမှတ်ထားခဲ့ပေမဲ့..
ကျွန်တော်တို့တွေဟာ ပေါ်ပင်အဖြစ်အပျက်
တွေကိုပဲ အာရုံစိုက်ခဲ့ကြတယ်
သူမဟာ နိုင်ငံရေးကြွယ်ဝသူပီပီ
အနာဂတ်မှာဖြစ်လာမဲ့အခင်းအကျင်းကို
ဦးတည်ပြီး ကြိုတင်ပြင်ဆင်ခဲ့တာတွေကို
ဥာဏ်မမီတဲ့ကျွန်တော်တို့တွေဟာထောက်ပြခဲ့ကြတယ်
တစ်ချိန်တုန်းက သူမကိုယ်တိုင်ရိုးသားတယ်လို့
ပြောခဲ့ဖူးတဲ့ ဦးသိန်းစိန်ကို သူမကိုယ်တိုင်က...
တခဏအတွင်းမှာ မချဉ်းကပ်တော့ပဲ
ကင်းရှင်းစွာပြန်နေခဲ့ခြင်းကို ကျွန်တော်တို့တွေ
အသေးစိန်မတွေးမိခဲ့ကြဘူး.၊
အခုကျမှ ဒီအဖြေကထွက်လာပါတယ်..
အခုလို ကြံ့ခိုင်ရေးပါတီအတွင်း ဦးသိန်းစိန်က
အကြမ်းနည်းနဲ့ သြဇာပြန်လည်ထူထောင်လိုက်ချိန်မှာ
ဒေါ်အောင်ဆန်းစုကြည် ကြိုပြင်ဆင်ခဲ့တာတွေဟာ
မှန်ကန်တယ်ဆိုတာကိုသိလာခဲ့တယ်..
သူမကိုယ်တိုင် နှစ်ပေါင်းသုံးဆယ်နီးပါး..
အနှိပ်ကွပ်ခံပြီး Analysis လုပ်လာတဲ့..
ဦးသန်းရွှေစစ်အုပ်စုရဲ့ Concept တွေကို..
နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေသမားဖြစ်တဲ့..
သူမလောက်ဘယ်သူသိနိုင်မှာပါလဲ..
လွတ်တော်တွင်း လွှတ်တော်ပြင်ပ..
အင်အားစုတွေကို Balance ချနေမှ..
တစ်ချိန်ချိန်မှာ အပြန်အလှန်အမှီသဟဲ
ပြုလို့ရမယ်ဆိုတာကို..သူမသဘောပေါက်ပုံရခဲ့တယ်၊
ဦးရွှေမန်းကို ဦးသိန်းစိန်က..
ဖြုတ်ချတဲ့ကိစ္စမျိုး တစ်ချိန်ချိန်မှာ
မဖြစ်လာဘူး..လို့..သူမ..
မတွေးခဲ့စရာအကြောင်း..လုံးဝမရှိဘူး..၊
တွေးကိုတွေးမိနိုင်သလို..
အဲဒိလိုဖြစ်လာရင်ဘာလုပ်မယ်ဆိုတဲ့..
plan တွေလဲရှိမှာပါ...
အဲဒါကြောင့် သူမကို ကျွန်တော်တို့တွေ
ဝန်းရံရမှာဖြစ်သလို..
သူမရဲ့ Plan အသစ်တွေကိုလဲ..
စောင့်ကြည့်ပြီး ၀ိုင်းဝန်း Support လုပ်ကြဖို့လိုပါတယ်၊
အားလုံးကိုသတိပေးချင်တာက..
တိုင်းပြည်ရဲ့ထွက်ပေါက်ဟာ..
သူမဦးဆောင်မှပဲ ပွင့်မဲ့အနေအထားဖြစ်တယ်ဆိုတာ
ရင်ထဲအသဲထဲက နားလည်သွားကြဖို့ပါ..
( Pa Yit)


အိပ်ရေးမပျက်အောင် ခွေးဟောင်တိုင်းထကြည့်စရာမလိုပေမယ့် ခွေးဟောင်သံတွေကြားနေရတာမို့ အိပ်ရေးကတော့ပျက်ပါတယ်။ ကြံ့ဖွတ်ပါတီရဲ့ ဗိုလ်အောင်ဒင့်ဓားပြဂိုဏ်းလောက်မှအဆင့်မရှိတဲ့ ဂျလေဘီဂိုဏ်းဗိုလ်လုပွဲကြောင့် တိုင်းပြည်အတွက် တိုးတက်ဖြစ်ထွန်းမှု ဘာမှဖြစ်မလာပေမယ့် ရွေးကောက်ပွဲထိခိုက်မှုရှိလာနိုင်သလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်နေကြသူတွေရှိပါတယ်။ မဖြစ်နိုင်ဘူးလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ခုဖြစ်တဲ့ပုံက စစ်တပ်ရဲ့ ထုံးစံအတိုင်း ပညာမပါ၊ ဆင်ခြင်တုံတရားကင်းမဲ့၊ မိုက်တိမိုက်ကန်း၊ ဘယ်သူ့မှထီမထင်တဲ့ စော်ကားမော်ကားပုံစံတွေပါ။ တကယ်ဆို ပါတီကိစ္စကို မပြေလည်ရင်တောင်မှ အေးငြိမ်းပြေလည်အောင်ဖြေရှင်းသင့်ပါရက် တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်းဖြစ်အောင် တမင်လုပ်ပြနေပုံမျိုးတွေပါ။

အဓိကအချက်က စစ်တပ်က ရွေးကောက်ပွဲမှာ နဂိုကတည်းက ကြံ့ဖွတ်တွေပုံမလာမှန်းသိလို့ ကိုင်တွယ်ရာမှာ ရွှေမန်းက တစ်စင်ထောင်နေတာမို့ ကိုင်တွယ်မရတော့တဲ့အခြေအနေမှာ Right to recall နဲ့ ဖြုတ်ဖို့ကြိုးစားပြန်တော့လည်း လွှတ်တော်က Pending လုပ်ထားတာမို့ ကြံရာမရတဲ့အဆုံး နဂိုအခံဘီလူးစိတ်နဲ့ ဖြေရှင်းခဲ့ကြပုံပါပဲ။ သူတို့ချင်း ဘီလူးစည်း သရဲစည်း ခွဲကြတာက အရေးမကြီးဘူး။ မိုက်ဂုဏ်တွေ တလူလူထူပြနေကြတာမို့ ပြည်သူတွေမှာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရတော့ပါ။ ဒေါ်လာဈေးကလည်း ချက်ချင်းပဲတက်သွားလို့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပြည်သူတွေမှာ အရင်ဆုံးခံလိုက်ရပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကိုတော့ သူတို့လုပ်မှာသေချာတယ်။ မလုပ်ရင်မဖြစ် လုပ်ပေးရမယ်မှန်းသိလို့ ခုလို ကြံ့ဖွတ်အခြေအနေကောင်းဖို့ ဇွတ်ဆက်မိုက်နေရတာပါ။ စစ်တပ်ယုံကြည်ထားပုံက ရွှေမန်းလုပ်ပုံမဟန်လို့ ငါတို့ရှုံးရရင်အခက်ပဲ၊ ဒါကြောင့် စစ်ဗိုလ်လူထွက်တွေကို လွှတ်တော်ကိုယ်စားလှယ်ထဲထည့်ထားမှ၊ ၁၀၀ မှာ ၁၀ ယောက်ရလည်းမနည်းဘူးဆိုတဲ့ပုံမျိုးနဲ့ ထိုးထည့်ဖို့ကြိုးစားတာကို အောက်ခြေကြံ့ဖွတ်တွေကငြင်းတာနဲ့ ဗဟိုကငြင်းတာနဲ့မို့ စစ်တပ်ကတုန်လှုပ်လာပုံရပါတယ်။

ဒီနေရာမှာ စစ်တပ်က အခြေအနေမှန်ကို မသုံးသပ်နိုင်တာလည်းပါပါတယ်။ အမှန်ကိုလက်မခံတဲ့သူဟာ အမှန်ကိုမြင်နိုင်ဖို့ဆိုတာလည်း ဝေးမှာပဲ။ ဘောင်းဘီချွတ်တွေချည်းရှိနေတဲ့ကြံ့ဖွတ်ကို ဘောင်းဘီမချွတ်ရသေးတဲ့ စစ်တပ်က မယုံဘူးဆိုတာ မျက်စိရှိလို့ နားရှိလို့သာ မြင်လိုက်ကြားလိုက်ရတာ ယုံတောင်မယုံနိုင်ပါ။ စစ်တပ်က သူ့ရှေ့မှာ သူထောင်ထားတဲ့ပါတီတစ်ခုနဲ့ အကာအကွယ်ယူတာ Buffer zone ထူထောင်တာမဆန်းပါဘူး။ လူတောမတိုးတဲ့အဖွဲ့အစည်းမို့ လူနံ့ရအောင် ပါတီထောင်ပြီး လူယောင်ဆောင်ခိုင်းထားတာပါ။ အရင် မဆလ ဒီဇိုင်းမျိုးတွေချည်းပါပဲ။ အဲဒီပါတီမျိုးတွေ ရွေးကောက်ပွဲအနိုင်ရဖို့ဆိုရင် နေဝင်းလက်ထက်က ပြတ်တယ် တစ်ပါတီအာဏာရှင်ဆိုတော့ ပြည်သူတွေဘယ်လိုပဲ ဆန့်ကျင် ဆန့်ကျင် သူတို့က လွှတ်တော်ထဲ ထိုင်ရက်ပဲ။ ဆိုရှယ်လစ်ပေကိုးခင်ဗျ။ တစ်ပါတီထဲပေကိုး။ ခုကျတော့ ဆိုရှယ်လစ် ကွန်မြူနစ် တစ်ပါတီအာဏာရှင်တွေ ခေတ်မကောင်းတော့တာမို့ စစ်တပ်ကလည်း ကြားဖူးနားဝနဲ့ ဒီမိုကရေစီလိုက်ရတာမို့ ပါတီစုံဆိုတာကို မလွှဲသာမရှောင်သာလုပ်ပေးရတာ။ အဲဒီမှာလည်း အထိန်းလေးနဲ့။ ဘာတဲ့...စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တဲ့။ စစ်သားတို့ကျွမ်းလိုက်ပုံများ ဒီမိုကရေစီကိုတောင် သရုပ်ခွဲနိုင်ပါပေတယ်။ အရင် ဆိုရှယ်လစ်တုံးကလည်း ဒီစစ်သားတွေပါပဲ။ ဘာတဲ့...မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တဲ့။ သူ့ထက်တော်တဲ့သူတောင် သူ့လောက်မတော်လို့လည်း နှစ် ၅၀ ကျော် ရပ်တည်နိုင်ပေတာပေါ့။ တော်ပါပေ့ အဘသားများရယ်လို့သာ ပြောရတော့မှာဖြစ်ပါတယ်။ သူတို့ရှင်သန်ရပ်တည်ရေးအတွက် ဘာသိက္ခာ၊ ဘာဂုဏ်မှဂရုမစိုက်၊ အရှက်မရှိ၊ မျက်နှာပြောင်တိုက်ပြောဆိုလုပ်ကိုင်နေပုံတွေဟာ တရစပ်မရပ်မနားနဲ့ ခုချိန်ထိလည်းမပြီးဆုံးနိုင်သေးပါ။

ခုချိန်မှာ တစ်ခုကောင်းလာတာက ပါတီစုံရပ်တည်ခွင့်နဲ့ ပိစိကွေးမျှသော သတင်းစာလွတ်လပ်ခွင့်ကလေးရယ်၊ ဆက်သွယ်ရေးကဏ္ဍမှာ ၁၅ သိန်းကနေ ၁၅၀၀ ဖြစ်သွားတဲ့ ဖုန်းဆင်းကတ်များက သူတို့အတွက်တော့ တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ ပြတင်းပေါက်ဖွင့်လို့ဝင်လာတဲ့ ယင်ကောင်ခြင်ကောင်ပေါက်စလေးတွေပေါ့။ စစ်တပ်ကတော့ ပြတင်းပေါက်ဖွင့်တာမဟုတ်ဘဲ နည်းနည်းလေး ဟရုံဟကြည့်တာပါ။ တိုင်းပြည်မတိုးတက်ရင်နေပစေ တံခါးတော့ဖွင့်မှာမဟုတ်သလို၊ ခုလိုဟပေးတာကလည်း သူတို့အသက်ရှုချောင်ရုံလေးအတွက်ပါ။ ဒါပေမယ့် ခုလို ဟကြည့်ရုံလေးနဲ့တင် အိုးနင်းခွက်နင်းနဲ့။ နင်းမိတဲ့ခွက်ကလည်း လမ်းဘေးသူတောင်းစားရဲ့ ခွက်မဟုတ်ပါဘဲ သူတို့လုယက်စားနေကြတဲ့စားခွက်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ပေးတယ်လို့ပြောပြီး၊ သတင်းသမားတွေကို သတ်ရတာနဲ့ ထောင်ချရတာနဲ့ အလုပ်ကိုရှုပ်နေတာပါပဲ။

သူတို့ထက် သိတဲ့တက်တဲ့သူတွေမရှိဘူးလို့ထင်ထားတဲ့ ထင်တစ်လုံးနဲ့နေသူတွေအဖို့ ခုလိုအချိန်မှာ ကြံ့ဖွတ်ပါတီထဲကို စစ်သားလူထွက်အသစ်စက်စက်တွေနဲ့ ထိုးထည့်လိုက်ရင်နိုင်မယ်ထင်ပြီး ပွဲကြမ်းကြတော့ လွဲကုန်တာပေါ့။

အဲဒီလိုအချိန်မှာ NLD ဘာလုပ်နေပါသလဲ။ ကိုယ့်ယှဉ်ဖက်တွေ ဝရုန်းသုန်းကားဖြစ်နေချိန် ကိုယ့်အင်အားကို ကိုယ်စုစည်းသင့်ပါရက်၊ တိုင်းရင်းသားတွေကို စည်းရုံးသင့်ပါရက်၊ ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းပြီး ချော်လဲနေတာတွေ့ရပါတယ်။ ဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာ မြင်ရ တွေ့ရတာ အတော်ကိုစိတ်ပျက်ရပါတယ်။ တမင်များလုပ်နေကြသလားလို့ ထင်မိတဲ့အထိပါ။ NLD ဘက်မှာလည်း ဝရုန်းသုန်းကားမဖြစ်တောင် ကာယိနြေ္ဒတော့ပျက်နေတာမဟုတ်ပါလား။ ခုချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြည်သူ့စည်းရုံးရေးကို တရစပ်လုပ်နေရမှာဖြစ်သလို၊ တိုင်းရင်းသားပါတီတွေနဲ့လည်း အကြေအလည်ဆွေးနွေးပြီး ရွေးကောက်ပွဲမှာ ဘယ်လိုနိုင်အောင်လုပ်ကြမယ်ဆိုတာ ဗျူဟာမြောက် တိုင်ပင်နှီးနှောနေကြရမယ့်အချိန်ပါ။ ခွပ်ဒေါင်းအလံကိုသုံးထားတဲ့ပါတီဆိုတာ ခွပ်ဒေါင်းစိတ်ဓာတ်မျိုးပဲ ရှိသင့်ပါတယ်။

အဲဒီလိုအချိန်မျိုးမှာ ဘာတွေဖြစ်နေကြတာလဲ။ ပြည်သူတွေအားကိုးရမယ့်ပါတီဆိုတာ မကြာမီရောက်လာတော့မယ့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရအောင် တိုင်းရင်းသားတွေနဲ့ ပြည်သူအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ကြိုးစားနေရမယ့်အချိန်ပါ။ မြင်းကောင်းခွာလိပ်တယ်ပဲပြောပြော ဘာပြောပြော အဲဒီလိုမဟုတ်ပဲ မမှားသင့်တဲ့အမှားတွေ မြင်နေရ တွေ့နေရတာဟာဖြင့် ကောင်းကျိုးထက် ဆိုးကျိုးသာပိုစေမယ်ဆိုတာ သိထားသင့်ပါတယ်။ ခုချိန်ဟာ အမှားမရှိအောင်နဲ့ ရိုးရိုးကုပ်ကုပ် ကျစ်ကျစ်လျစ်လျစ် နေသင့်တဲ့အချိန်ပါ။

ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲအချိန်နဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ ဘယ်လိုအခက်အခဲတွေကြုံကြရမယ်ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါ။ စစ်သားဆိုတာ အရူးသာသာပါ။ သူ့အကျိုးစီးပွားကလွဲလို့ ဘာမှမသိတာတစ်ခုက အရူးထက်သာတာပေါ့။ ဆင်ခြင်တုံတရားမဲ့၊ အသိတရားမဲ့တဲ့နေရာမှာတော့ အရူးနဲ့အတူတူပါပဲ။ အဲဒီလိုလူတွေက ခုချိန်မှာ သွေးရူးသွေးတမ်းနဲ့လုပ်နေကိုင်နေတာကို မြင်ရပြီမို့၊ ကိုယ်က သူမိုက်သလိုမိုက်မနေဘဲ ဉာဏ်ပညာအရာကိုရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်လုပ်နိုင်ပါမှ အရာရာအောင်မြင်မှာဖြစ်တယ်။ ဒါမှလည်း ပြည်သူတွေအားကိုးရတဲ့ ပါတီတစ်ရပ်ဖြစ်မှာပေါ့။ တော်လှန်ရေးတစ်ရပ်ကို ဦးဆောင်ဆင်နွှဲတဲ့ ပါတီတစ်ရပ်ဖြစ်မှာပေါ့။ အကြိမ်ကြိမ်မီးဆေး အကြိမ်ကြိမ်ထုခတ်ထားတဲ့ ပေခုံပေါ်က စံပြုရတဲ့ဓားလို မာကျောတဲ့ပါတီတစ်ရပ်ဖြစ်မှာပေါ့။ သူကြောင်သလို လိုက်ကြောင်၊ သူရူးသလို လိုက်ရူး၊ သူ့တီးကွက်အတိုင်း လိုက်ကနေလို့ကတော့ နောက်ထပ် စစ်ကျွန်သက် နှစ် ၅၀ တိုးလာဖို့သာရှိပါလိမ့်မယ်။
__________________________________

လေးစားစွာဖြင့်
Ko Soe Win
https://www.facebook.com/kosoe.win.7737/posts/1694821154073952:0
(14.8.2015)

ဂျပန်အဆိုတော်ဂျွန်ကိုစုဝမှ မြန်မာသီချင်း 'မောင်" ဖြင့် ဖျော်ဖြေ

မြန်မာနိုင်ငံရေဘေးအတွက်Tokyo (takadanobaba) ဘူတာမှာ မြန်မာ စကားပြောဆိုတတ်သော ဂျပန်အဆိုတော် Junko Suwaနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအလှူခံ မြင်ကွင်းများ


မြန်မာနိုင်ငံရေဘေးကူညီလှုဒါန်းရန်အတွက်ဂျပန်အဆိုတော်ဂျွန်ကိုစုဝ မှကျွန်တော်တို့ဂျပန်ရောက်မြန်မာနိုင်ငံသားများနှင်အတူ သီချင်းသီဆိုအလှုခံလုပ်အားပေးသွားပါသည်။
Posted by Myo Gyi on Saturday, August 15, 2015

မျှော်လင့်ချက်က မနက်ဖြန်အတွက် ရှိသေးတယ်တဲ့ //////////////////////////////////////////////////////////သီချင်းလဲဆို အလှူလဲ ခံပေးနေရင် ဂျပန်လိုပြောသွားတာက လူတွေဒုက္ခရောက်နေတဲ့  လူတစ်သောင်းကျော် ရေဘေးအတွက် အလှူခံပေးနေတာ ဖြစ်ပါတယ်ရှင်တဲ့ ။ ဘယ်လိုဘဲ ဖြစ်စေ အလှူခံပေးနေတာကိုကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်လို့  ဆိုလိုခြင်ပါ.သိသလောက်ပြန်ပေးလိုက်ပါတယ်။သီချင်းကတိုပေမယ့်နားလည်ပေးမယ်လို့ ယူဆပါတယ်ခင်မျာ။ဗွီဒီယိုကိုထွန်းဝေ16.8.2015Kyaw Soe Htut Moon Angel

Posted by Maung Tun Wai on Sunday, August 16, 2015
Photo...Ko tun wai , Video,Myo Gyi

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ အသင်းအဖွဲ့တစ်ခုကနေပြီး မူလတန်းကျောင်းလေး တစ်ကျောင်းမှာ ဆူနာမီ ဒုက္ခသည်တွေကို အစားအသောက်တွေ ကူညီခွဲဝေပေးရန်အတွက် မနေ့ညက ကျွန်တော် တာဝန်ကျခဲ့ပါတယ်။ အစားအသောက်တွေကို လက်ခံယူဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းကြီးထဲမှာ တီရှပ်ကလေးတစ်ထည်နဲ့ ဘောင်းဘီတိုလေးတစ်ထည်သာ ၀တ်ဆင်ထားတဲ့ အသက် ၉ နှစ်အရွယ် လူကလေးတစ်ယောက် တန်းစီနေတာကို သတိထားမိခဲ့ပါတယ်။ ရာသီဥတုကလည်း တကယ့်ကို အေးခဲနေပြီး အဲဒီလူကလေးဟာ လူတန်းကြီးရဲ့  ဟိုးနောက်ဆုံးမှာ တန်းစီနေပြီး အစားအစာရဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ သူ့အလှည့်ရောက်တဲ့အချိန် ဘာအစားအသောက်မှ သူ့အတွက် မကျန်တော့ရင်တော့ ဒုက္ခပဲလို့တွေးမိပြီး ကျွန်တော် စိတ်ပူသွားခဲ့ပြီးနောက် အဲဒီလူကလေးနဲ့ စကားပြောခွင့်ရဖို့ သူ့အနားကို ချည်းကပ်သွားခဲ့ပါတယ်။

အဲဒီလူကလေးဟာ ကျောင်းက စာသင်ခန်းထဲမှာ ကာယသင်ခန်းစာ သင်ယူနေစဉ်မှာပဲ မြေငလျင်လှုပ်ပြီး ဆူနာမီလာခဲ့ပါတယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ဆူနာမီလာတဲ့အချိန် ကျောင်းရဲ့  အနီးအနားမှာ အလုပ်လုပ်နေတဲ့ သူ့ရဲ့  ဖခင်ဟာ ကျောင်းကို အပြေးလာခဲ့ပါတယ်။ ကျောင်းရဲ့  တတိယထပ်က လေသာခန်းကနေ ကျောင်းကိုလာနေတဲ့ သူ့ဖေဖေဟာ ကားနဲ့အတူ ရေထုကြီးနဲ့အတူ မျောပါသွားတာကို တွေ့မြင်ခဲ့ရပြီး သူ့ရဲ့  ဖေဖေ သေဆုံးဖို့ရန် ဖြစ်နိုင်ခြေများသွားခဲ့ပါပြီလို့ ပြောပြပါတယ်။

သားရဲ့  မေမေရောလို့ ကျွန်တော်သူ့ကိုမေးလိုက်တော့ သူတို့မိသားစုဟာ သမုဒ္ဒရာကမ်းစပ်မှာ နေထိုင်ကြတော့ သူ့မေမေနှင့် သူ့ရဲ့  ညီလေးလည်း အချိန်မှီ လွတ်မြောက်ဖို့ရန် မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ သူ့ရဲ့  ဆွေမျိုးသားချင်းတွေအကြောင်း မေးကြည့်လိုက်တော့ ကောင်ကလေးဟာ လျှင်လျှင်မြန်မြန်ပဲ တစ်ဖက်ကိုလှည့်သွားပြီး မျက်လုံးအိမ်က စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပြစ်လိုက်ပါတယ်။

သူအရမ်းအေးနေတာကို သတိထားမိလိုက်ပြီး ကျွန်တော့်ရဲ့  ရဲကုတ်အင်္ကျီကို ချွတ်၍ သူ့ကို လွှမ်းခြုံပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့  ညစာခွဲတမ်းအဖြစ် ရရှိထားတဲ့ ကျန်ရှိနေသော အစားအစာလေးကို အိတ်ကပ်ထဲမှထုတ်ပြီး သူ့ကိုပေးရင်း " သားရဲ့  အလှည့်ရောက်ရင် စားစရာ မကျန်တော့မှာ စိုးရိမ်မိတယ်။ ဒီ စားစရာလေးဟာ ဦးဦးရဲ့  ဝေစုထဲကပါ။ ဦးဦး စားပြီးပါပြီ။ သားလေးယူပြီး စားလိုက်ပါ" လို့ ပြောလိုက်ပါတယ်။ လူကလေးဟာ အစားအစာကို လက်ခံရယူပြီး ကျေးဇူးတင်ကြောင်း ခါးကို ကိုင်းညွန်ဂါရ၀ပြုလိုက်ပါတယ်။ အဲဒီ တစ်ခဏအတွင်းမှာပဲ ဒီလူကလေး စားသုံးတော့မယ်လို့ ကျွန်တော်တွေးထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးထင်ခဲ့သလိုမဟုတ်ဘဲ အဲဒီ စားစရာကို လူတန်းကြီးရဲ့  ထိပ်ဆုံးမှာရှိတဲ့ အစားအသောက်တွေ ခွဲဝေပေးရာ စားစရာတွေ ထည့်ထားတဲ့ သေတ္တာကြီးတစ်လုံးထဲ ယူသွားထည့်ပြီး သူ့တန်းစီနေတဲ့ နေရာကို ပြန်လာခဲ့ပါတော့တယ်။

ကျွန်တော် အရမ်းအံ့သြသွားပြီး သား ဘာကြောင့်မစားသလဲလို့ မေးကြည့်လိုက်ပါတယ်။ သူဘယ်လို ဖြေလဲဆိုတော့ " ကျွန်တော်ထက် စာလောင်နေတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ ကျွန်တော်အဲဒီမှာ သွားထည့်လိုက်တော့ သူတို့တွေ အစားအသောက်လိုအပ်နေတဲ့သူတွေကို ညီတူညီမျှ ပေးဝေနိုင်ပါလိမ့်မယ်" လို ဖြေပါတယ်။

သူ့ရဲ့  အဖြေကိုကြားပြီးနောက် ကျွန်တော် တစ်ဖက်ကို လှည့်ထွက်သွားလိုက်ပြီး လူတွေ မမြင်မိအောင်ငိုချလိုက်မိတယ်။ ယခုလို ဘေးအန္တရာယ်ဖြစ်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာ အသက် ၉ နှစ်အရွယ် တတိယကျောင်းသားလေး တစ်ယောက်ထံမှ ဒါမျိုးသင်ခန်းစာ ရလိမ့်မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပါပဲ။ အသက် ၉ နှစ်အရွယ် ဂျပန်ကျောင်းသားလေးတစ်ဦးဆီက စွန့်လွှတ်အနစ်နာခဲ့မှုဆိုတာ ဘာလဲဆိုပြီး ရရှိလိုက်ရတဲ့ စိတ်ထိခိုက်ဖွယ် သင်ခန်းစာလေးတစ်ခုပဲ ဖြစ်ပါတယ်။

အထက်ပါ ဖြစ်ရပ်မှန် စိတ်ထိခိုက်ဖွယ် သင်ခန်းစားလေးဟာ ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ပြီး ရဲတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ ဗီယက်နမ်လူမျိုးတစ်ဦးမှ ဗီယက်နမ်နိုင်ငံရှိ သူရဲ့  သူငယ်ချင်းတစ်ယောက်ထံ ပေးပို့တဲ့ စာတစ်စောင်မှ ကောက်နုတ်ထားခြင်းပဲဖြစ်ပါတယ်။

ဇာတ်လမ်းအပြည့်အစုံ ဖတ်ရှုချင်လျှင်တော့ http://newamericamedia.org/…/letter-from-fukushima-a-vietna… မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

အထက်ပါ ကြေကွဲဖွယ်ရာဇာတ်လမ်းလေးဟာ ယခု ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် သင်ခန်းစာယူဖွယ် ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပြီး မကြာမှီ ရက်ပိုင်းက အွန်လိုင်းလူမှုကွန်ယက်များမှာ ပျံ့နှံ့နေတဲ့ ရေဘေးဒုက္ခသည်များနဲ့ ဆက်လျဉ်းပြီး ပေးလှူပြီးသားလူတွေကို ထပ်ခါထပ်ခါ ပေးလှူနေမှု ဖြစ်ပွားနေတာတွေရယ်၊ တစ်ချို့ သော ကျေးရွာများမှာ ကူညီမှု လုံးဝ မရလိုက်တဲ့ ရေးဘေးဒုက္ခသည်တွေရှိနေသေးကြောင်း ကြားသိမိရပြီး အွန်လိုင်းမှာ ပြန်လည်ရှာဖွေရင်း ဤစာလေးကို ရေးဖို့ တွန်းအား ဖြစ်လာခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ဘေးဒုက္ခရောက်နေစဉ်မှာ တစ်ဦးကိုတစ်ဦး စွန့်လွှတ်အနစ်နာခံပြီး စာနာ ဂရုဏာစိတ်ထားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဤစာကို မေတ္တာဖြင့် ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်။

စလုံး



၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးရန် အရေးကြီး သကဲ့သို့ မိမိပေးလိုက်သော မဲများ သည်လည်း ပယ်မဲမဖြစ်စေရန် ပို၍ ပင် အရေးကြီးပါသည်။

ပထမဦးဆုံး အရေးကြီးသည့်အချက် မှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင် ရေးအတွက် မဲစာရင်းတွင် မိမိတို့၏ အမည် ပါရှိရမည်ဖြစ်ပါသည်။

မဲစာရင်း တွင် အမည်မပါရှိသူများအနေဖြင့် မည်သည့်နည်းနှင့်မျှ မဲပေးပိုင်ခွင့် ရရှိ မည် မဟုတ်ပါ။ ထို့ကြောင့် လာမည့် စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာမည့် မဲစာရင်းတွင် မိမိတို့အမည် ပါ/မပါ ကြည့်ရှုပြီး အကယ်၍ မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထား ရန် ဖြစ်ပါသည်။ မိမိအမည်ပါသော် လည်း ကိုယ်ရေးအချက်အလက်များ မှားယွင်းနေ ပါက ပြင်ဆင်ပေးရန် အတွက် ပုံစံ(၄-ဂ) နှင့်လျှောက်ထား ရန်လိုပါသည်။

ထိုအချိန်တွင် မဲစာရင်း များကို စတင်ကြေညာသည့် နေ့မှစ၍ ၁၄ ရက် အတွင်း၌သာ လျှောက်ထား ခွင့်ရှိပြီး နောက်ဆုံး အကြိမ် ကြေညာ ပေးခြင်းဖြစ်သောကြောင့် မဲစာရင်း များကို မဖြစ်မနေ သွားရောက် ကြည့်ရှုကြရမည် ဖြစ်ပါသည်။

မဲစာရင်းတွင်ပါဝင်ပြီး မဲပေးခွင့်ရရှိ သော်လည်း မိမိဆန္ဒပြုလိုက်သည့် မဲလက်မှတ်သည် ခိုင်လုံမဲဖြစ်ရန် အလွန် အရေးကြီးပါသည်။

မိမိဆန္ဒ ပြုလိုက်သော မဲလက်မှတ်သည် အကယ်၍ ပယ်မဲဖြစ်သွားမည် ဆိုပါက တန်ဖိုးမဲ့သည့်မဲဖြစ်သွားပြီး မိမိ၏ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီး ဖြစ်သွားသည်သာမက နိုင်ငံတော် အတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ပါ မည်။ မဲဆန္ဒရှင် အများအပြား လာရောက် မဲပေးကြသော်လည်း ပယ်မဲများ များပြားသွားမည်ဆိုပါက မဲဆန္ဒရှင်အနည်းစု၏ ဆန္ဒကို သာ ဖော်ပြသကဲ့သို့ ဖြစ်သွားမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအတွက် နိုင်ငံတော်မှ ရင်းနှီးခဲ့ရသော အချိန်၊ ငွေနှင့် လူအရင်းအမြစ်များ အလဟဿ ဖြစ်သွားပါမည်။ ထို့ကြောင့် မဲဆန္ဒရှင်တိုင်း မိမိတို့ ဆန္ဒပြုလိုက် သောမဲသည် ခိုင်လုံမဲ ကျိန်းသေပေါက် ဖြစ်ရန် အလွန်အရေးကြီးပါသည်။

ယခုလာမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ ယခင်က ကျင်းပပြီးစီး ခဲ့သော ၁၉၉ဝ အထွေထွေရွေးကောက် ပွဲ၊ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင် ကျင့်သုံးခဲ့သော ဘောပင်ဖြင့် အမှန်ခြစ် ခြစ်၍ ဆန္ဒပြုသည့် နည်း အစား တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုသော နည်းကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ပါ သည်။ ယခင်က ကျင့်သုံးခဲ့သော ဘောပင်ဖြင့် ဆန္ဒပြုရာတွင် စာရေး သားလေ့ မရှိသော တောသူတောင် သားများနှင့် အခြေခံလူတန်းစားများ အတွက် အခက်အခဲဖြစ်ခြင်း၊ ဘောပင်နှင့် မဲလက်မှတ်စာရွက်၏ အရည် အသွေးကြောင့် တစ်ခါတစ်ရံ အမှန်ခြစ် ခြစ်ရာတွင် ထင်ရှားမှုမရှိ သဖြင့် ပယ်မဲများ များပြားရသည်ကို တွေ့ကြုံခဲ့ရပါသည်။

ထို့ကြောင့် တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ရိုမေးနီးယား၊ တူရကီ ... စသည့် နိုင်ငံများတွင် ကျင့်သုံးသည့် တံဆိပ်တုံးနှင့် ဆန္ဒပြု ခြင်းကို ပြောင်းလဲကျင့်သုံးရန် စီစဉ် ခြင်းဖြစ်ပါသည်။

မဲဆန္ဒရှင်များသည် မဲလက်မှတ် နမူနာ(၁)တွင် ပြထားသည့်အတိုင်း မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ် လောင်း၏ အမည်နှင့် အမှတ်တံဆိပ် ၏ ညာဘက်တွင်ရှိသော လေးထောင့် အကွက်၌ တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြု ရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များ အနေဖြင့် ဖော်ပြပါအကွက်အတွင်း၌ တံဆိပ်ကို လွယ်ကူစွာနှိပ်နိုင်ရန်အတွက် တံဆိပ်တုံး၏ အရွယ်အစားကို အဆိုပါအကွက်၏ အရွယ်အစားထက် အတန်ငယ် သေး၍ထားပါသည်။ (အကွက်၏အရွယ်အစားမှာ ၁ လက်မ ပတ်လည် - ၁ လက်မ x ၁ လက်မ ရှိပြီး တံဆိပ်၏ အရွယ်အစားမှာ ‡ လက်မ x ‡ လက်မသာရှိသဖြင့် အကွက်အတွင်းသို့ တံဆိပ်တစ်ခုလုံး လွတ်လွတ်ကင်းကင်း ရောက်ရှိအောင် လွယ်ကူစွာနှိပ်နိုင်ပါသည်။)

အကယ်၍ မိမိနှိပ်လိုက်သော တံဆိပ်သည် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ အကွက် အတွင်းသို့ တစ်ခုလုံး မကျရောက်ဘဲ အကွက်၏အပေါ်သို့ဖြစ်စေ (နမူနာ- ၂ )၊ အကွက်၏ဘေးသို့ဖြစ်စေ (နမူနာ -၃)၊ အကွက်၏ အောက်ဘက်သို့ ဖြစ်စေ (နမူနာ-၄) တစ်စိတ်တစ်ဒေသ ကျရောက် သွားလျှင်လည်း ပယ်မဲ ဖြစ်မသွားပါ။ ခိုင်လုံမဲအဖြစ် သတ်မှတ် ပေးမည် ဖြစ်ပါသည်။ ထို့ပြင် မဲ လက်မှတ်နမူနာ(၅) တွင် ပြထားသည့် အတိုင်း အမှန်ခြစ်ဇောက်ထိုးဖြစ် သွားလျှင်လည်း ပယ်မဲအဖြစ် မသတ် မှတ်ဘဲ ခိုင်လုံမဲအဖြစ် သတ်မှတ်ပေး မည်ဖြစ်ပါသည်။

တံဆိပ်တုံးကို အတည့် နှိပ်နိုင်စေရန် အမှန်အမှတ် အသားဖြင့် ပြပေးထား ပါသည်။ ထိုမျှ မက မိမိဆန္ဒပြုလိုသော ကိုယ်စား လှယ်လောင်း၏ ညာဘက်အကွက် တွင် တံဆိပ်မနှိပ်မိဘဲ နမူနာ(၆)နှင့် (၇)တို့တွင် ပြထားသည့် အတိုင်း ကိုယ်စားလှယ်လောင်း၏ အမည်၌ ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ အမှတ်အသား၌ဖြစ်စေ တံဆိပ်နှိပ် ထားလျှင်လည်း ခိုင်လုံမဲအဖြစ် သတ်မှတ်ပေးမည် ဖြစ်ပါသည်။ ထို့ပြင် မဲလက်မှတ် နမူနာ(၈)တွင် ပြထားသည့်အတိုင်း ကိုယ်စားလှယ် လောင်း ဦးပန်းသီး၏ အကွက်တွင် တံဆိပ်နှိပ်ရာ၌ တံဆိပ်သည် ဒေါ်ဖရဲသီး၏ အကွက်အတွင်းသို့ အနည်းငယ်ရောက်ရှိသွားလျှင်လည်း တံဆိပ်၏ ဧရိယာအများစုသည် ဦးပန်းသီး ၏ အကွက်အတွင်း၌သာ ရှိနေသဖြင့် ဦးပန်းသီးအား ဆန္ဒပြု ထားသော ခိုင်လုံမဲ အဖြစ် လက်ခံ မည်ဖြစ်ပါသည်။ မဲဆန္ဒရှင်တိုင်းသည် မဲလက်မှတ် နမူနာ(၁)တွင် ပြထား သည့်အတိုင်း အမှန်ခြစ်တံဆိပ်ကို မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ် လောင်း၏ အမည်နှင့် တံဆိပ်တုံး၏ညာဘက်ရှိ အကွက်တွင် လုံးဝဝင် နေအောင် နှိပ်လိုက်ခြင်း သည်သာ အကောင်းဆုံးဖြစ်ပါသည်။ ကျန် ခိုင်လုံမဲနမူနာများကိုပြသထားခြင်း မှာ ဗဟုသုတအဖြစ် သိရှိနိုင်ရန် ဖြစ်ပါသည်။

မဲဆန္ဒရှင်များအနေဖြင့် ခိုင်လုံမဲ နမူနာများကို သိရှိထားသည့်နည်းတူ ပယ်မဲနမူနာများကိုလည်း သိရှိထား သင့်ပါသည်။ နမူနာ(၉)နှင့် (၁ဝ)တို့ တွင် ပြသထားသကဲ့သို့ တံဆိပ်ကို ကိုယ်စားလှယ်လောင်း နှစ်ဦး၏ကြား တွင် တစ်ဝက်စီနှိပ်မိပါက မည်သူ့ အား ဆန္ဒပြုထားသည်ကို ဆုံးဖြတ် ရန်ခက် သဖြင့် ယင်းမဲမျိုးကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်မည်ဖြစ်ပါ သည်။

တံဆိပ်၏ဧရိယာသည် မည် သည့်ကိုယ်စားလှယ်၏ အကွက်တွင် ပို၍ရောက်ရှိနေကြောင်း သိသာထင် ရှားစေရန်အတွက် တံဆိပ်တုံး၌ အကွက်ငယ်ကိုးခုကို သေချာစွာထည့် သွင်းထားခြင်း ဖြစ်ပါသည်။ နမူနာ (၁၁)တွင် ကိုယ်စားလှယ်လောင်း သုံးဦး၏ အကွက်များ၏ပြင်ပတွင် လုံးဝရောက်ရှိနေခြင်းကြောင့် ပယ်မဲ ဖြစ်သွားခြင်းဖြစ်ပါသည်။ နမူနာ(၁၂)တွင် တံဆိပ်ကိုနှစ်ကြိမ်နှိပ်ထားသော ကြောင့် ပယ်မဲဖြစ်သွားခြင်းဖြစ်ပါ သည်။

အထူးအရေးကြီးသည့် အချက် မှာ မဲဆန္ဒရှင်များက ပထမအကြိမ် တံဆိပ်နှိပ်လိုက်သည့်အခါ မထင် မရှား (မှိန်) ဖြစ်နေလျှင်သော် လည်း ကောင်း၊ မိမိဆန္ဒပြုလိုသောသူ၏ အကွက်အတွင်းသို့ တံဆိပ်တစ်ခုလုံး မကျရောက်ခဲ့လျှင် သော်လည်း ကောင်း တံဆိပ်ကို နောက်တစ်ကြိမ် ထပ်၍ မနှိပ်မိစေရန် အထူးသတိထား ရမည်ဖြစ်ပါသည်။ မဲလက်မှတ်၏မည် သည့်နေရာ၌ပင်ဖြစ်စေ တံဆိပ်ကို တစ်ကြိမ်ထက်ပို၍ နှိပ်ထားသည့်မဲ လက်မှတ်အားလုံးသည် ပယ်မဲများ ဖြစ်ပါသည်။

နမူနာ(၁၃)သည် လုံးဝတံဆိပ် နှိပ်မထားသော မဲလက်မှတ် တစ်နည်း အားဖြင့် လုံးဝဆန္ဒပြုမထားသော မဲလက်မှတ်ဖြစ်သောကြောင့် မည်သူ့ အား ဆန္ဒပြုထား သည်ကို မသိရှိနိုင် သဖြင့် ပယ်မဲဖြစ်ပါသည်။ မဲလက်မှတ် နမူနာ(၁၄)သည် မဲရုံမှူး၏ လက်မှတ် မပါသော မဲလက်မှတ်ဖြစ်သဖြင့် ပယ်မဲဖြစ်ပါသည်။ နမူနာ(၁၅)သည် အစွန်းအထင်းပါနေသော မဲလက်မှတ် ဖြစ်သဖြင့် ပယ်မဲဖြစ်ပါသည်။ ထို့ ကြောင့် မဲဆန္ဒရှင်များသည် မဲလက်မှတ် များကို ထုတ်ယူသည့်အခါ မဲရုံမှူး ၏ လက်မှတ်ပါ/မပါနှင့် အစုတ်အပြဲ အစွန်းအထင်းများ ပါ/မပါ သေချာစွာကြည့်ရှုရန် လိုအပ်ပါသည်။

အကယ်၍ ဖော်ပြပါအချက်များနှင့် ငြိစွန်းနေပါက မဲရုံမှူးအား မဲလက်မှတ် အသစ်လဲပေးရန် တောင်းဆိုရမည် ဖြစ်ပါသည်။ သို့ရာတွင် မဲလက်မှတ် (အကောင်း )သည် မိမိ၏လက်ဝယ် ရောက်ရှိပြီးမှ တစ်စုံတစ်ခုကြောင့် အစုတ်အပြဲ/ အစွန်းအထင်း ဖြစ်သွားမည်ဆိုပါက မဲလက်မှတ် အသစ်လဲပေး ရန် တောင်းဆိုခွင့်မရှိ ပါ။ မဲရုံမှူးကလည်း မဲလက်မှတ်အသစ် လဲပေးမည် မဟုတ်ပါ။ ဆန္ဒပြုရမည့် တံဆိပ်တုံးကြောင့် မဲလက်မှတ်တွင် မင်မစွန်းထင်းစေရန်အတွက် မင်ခံ ခွက် (inkpad)နှင့်နှိပ်ရသည့် တံဆိပ် တုံးအစား မင်အမြန်ခြောက်လွယ် သော လေဆာတံဆိပ်တုံးနှင့် ဆန္ဒပြု နိုင်ရန် စီစဉ်ထားရှိပါသည်။

ယင်း လေဆာတံဆိပ်တုံးသည် အကြိမ်ပေါင်း ၅ဝဝဝ အထိ နှိပ်နိုင် ပါသည်။
ထို့ပြင် နမူနာ(၁၆)တွင် ပြထား သကဲ့သို့ တစ်စုံတစ်ဦး သိရှိစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့် ဖြစ်စေ မဲလက်မှတ်ပေါ်၌ အမှတ်အသား တစ်ခုခု (ယခုနမူနာတွင် မဲလက် မှတ်အောက်ခြေ-ဘယ်ဘက်ထောင့် ၌ ပြထားသောကြယ်) ပြုလိုက်ပါ က၄င်းမဲသည် ပယ်မဲဖြစ်သွားမည် ဖြစ်ပါသည်။

အထက်တွင် ဖော်ပြထားသော ခိုင်လုံမဲနမူနာများနှင့် ပယ်မဲနမူနာ များကို မဲဆန္ဒရှင်များအနေဖြင့် သိရှိထားရန်သာလိုအပ်သော်လည်း ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံး မှူးများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ်စား လှယ်များအနေဖြင့်မူ ဂဃနဏ သိရှိနားလည်ထားရန် အလွန်ပင် အရေးကြီးလှပါသည်။ မဲများကို အဓိကရေတွက်ရမည့် မဲရုံမှူးနှင့် မဲရေတွက်ခြင်းကို စောင့်ကြည့်ပြီး ပြောဆိုပိုင်ခွင့်ရှိသည့် မဲရုံကိုယ်စား လှယ်နှင့် အကူကိုယ်စားလှယ်များ သည် ယခုပြသထားသော နမူနာ များကို ရှင်းလင်းပြတ်သားစွာ သိရှိထားမှသာ မဲရေတွက်ရာတွင် အငြင်းပွားမှုများ လျော့နည်းပြီး မဲများကို လွယ်ကူလျင်မြန်စွာ ရေတွက်ပြီးစီးနိုင်မည် ဖြစ်ပါသည်။

မဲဆန္ဒရှင်တိုင်းကသာ မဲလက်မှတ် များကို ဆန္ဒပြုရာ၌ နမူနာ(၁)တွင် ပြထား သည့်အတိုင်း မိမိဆန္ဒပြုလို သော ကိုယ်စားလှယ်လောင်း၏ အမည်နှင့် အမှတ်တံဆိပ်များ၏ ညာဘက်ကွက်လပ်တွင် အမှန်ခြစ်ပါ သော တံဆိပ်ကို တိတိကျကျနှိပ်နိုင် မည်ဆိုပါက ခိုင်လုံမဲ (သို့မဟုတ်) ပယ်မဲအဖြစ် ဆုံးဖြတ်ရန်ခက်သည့် ဒွိဟဖြစ်ဖွယ် မဲလက်မှတ်များ ပါဝင် တော့မည် မဟုတ်သဖြင့် မဲရုံမှူးများ အား မဲရေတွက်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

ထို့ကြောင့် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်တကွ နိုင်ငံ ရေးပါတီများ၊ မီဒီယာများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် လည်း မဲဆန္ဒရှင်များ ဆန္ဒပြုလိုက် သောမဲ များ ပယ်မဲမဖြစ်စေဘဲ မဲလက်မှတ်အားလုံး ခိုင်လုံမဲဖြစ်စေ ရေးအတွက် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ယခုဖော်ပြသည့် ဆန္ဒပြုနည်းနှင့် ခိုင်လုံမဲ၊ ပယ်မဲများအကြောင်းကို ထည့်သွင်း ပညာပေးကြ ပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။
\
MOI Webportal Myanmar


သို့/
တူမောင်ကြီး သိန်းစိန်

ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေအားလုံး ဒီအချိန်မှာ အလုပ်ရှုပ်နေကြမယ်ဆိုတာ ဘကြီးသိပါတယ်
ဘကြီးလည်း နေစရာ၊ စားစရာမရှိရတဲ့ကြားထဲ ငါ့တူကြီးတို့လာပေးတဲ့ ဘုရားကို ဆွမ်းကပ်ရ၊ ထားစရာရှာရနဲ့ အလုပ်ရှုပ်ရင်း သတိရလို့ စာရေးလိုက်တာပါ
ဘကြီးအနေနဲ့ ကျေးဇူးလည်း တင်သကွဲ့
ဘုရားတရားမရှိလို့ ရေဘေးသင့်ရတယ်လို့ သဘောထားပြီး ငါ့တူကြီးက ဘုရားဆင်းတုတွေ လိုက်ပေးနေတာမြင်ရတော့ ပိဋကတ်သုံးပုံပင့်လာတဲ့ အနော်ရထာဘုရင်ကြီး ပြေးမြင်မိသကွယ့်
သာသနာပြုမင်းဆိုတာ ယုံမှားသံသယမရှိပါဘူးကွယ်

တချို့တွေကတော့ လယ်တီသိမ်က စေတီရယ်၊ ဘူဒိုဇာနဲ့ထိုးခံရတဲ့ ဘုန်းကြီးကျောင်းတွေက ဘုရားတွေရယ်၊ သန္တိသုခက ဘုရားတွေကျတော့ ဘာလို့ ဂရုမစိုက်တာလဲဆိုပြီး စကားနာလာထိုးနေကြတယ်ကွယ့်
အသွားမတော်တလှမ်း ဆိုတဲ့စကားဒီလူတွေမကြားဖူးပါဘူးကွယ်
အဲဒီဘုရားတွေက မရှိသင့်တဲ့နေရာမှာ ရှိနေကြတာကို ငါ့တူကြီးတို့လို ပါရမီရှင်တွေမှ သိတာမျိုးကွယ့်
အာ့ကြောင့် ဘုရားမရှိသင့်တဲ့အရပ်မှာ ဘုရားဆောင်တွေ၊ စေတီတွေမှန်သမျှ ငါ့တူကြီးရဲ့ လက်စွဲတော် ဘူဒိုဇာတပ်နဲ့ အကုန်ထိုးကလော်ပြီး နေရာရွေ့ပြောင်းပေးခဲ့ကြရတာ မို့လားကွယ်
ဒါတွေကို နားမလည်ကြပဲ ငါ့တူကြီးကို အပြစ်လာမြင်နေကြတာ ဘကြီးဖြင့် အသဲယားလှသကွယ်
ငါ့တူကြီးလို ထက်ထက်မြက်မြက်သမ္မတ တယောက်ကို တန်ဖိုးထားရကောင်းမှန်းမသိကြဘူးကွယ့်
တနေ့ညက ငါ့တူကြီးတို့ ပါတီအပြောင်းအလဲလုပ်သွားပုံလေး ဘကြီးသဘောကျသကွယ့်
သူခိုးဂျပိုးတွေရဲ့ ဖဲဝိုင်း ရဲဝိုင်းထားသလိုပဲကွယ်
အဲလို လုပ်ရတယ်ဆိုကတည်းက ဒီလူတွေဟာ လူဆိုးတွေထက် ဆိုးတယ်ဆိုတာ သက်သေပြလိုက်တာပဲကွယ့်

၂၀၁၂ တုန်းက မောင်ဌေးဦးနဲ့ အောင်သိန်းလင်းတို့က ငါ့တူကြီးက သမ္မတမို့လို့ ပါတီဥက္ကဌတာဝန်ကို သူရရွှေမန်းကို ခန့်အပ်လိုက်တယ်လို့ ပြောခဲ့တာဟာ အခုမှ လိမ်ပြောမှန်းသိရသကွယ့်
အစက သူတို့ပဲ တမျိုးပြောပြီး အခုကျတော့ ဝေ့လည်ကြောင်ပတ်နဲ့ လျှောက်ပြောနေကြတာကတော့ ဘကြီးသိပ်မကြိုက်လှဘူးကွယ်

ငါ့တူကြီးလို တခွန်းဆို တခွန်းပြောတာပဲ ကြိုက်တယ်..
တခါတလေ အမျိုးမျိုးပြောင်းပြောနေရတာမျိုးလည်း ရှိချင်ရှိမှာပေါ့...
ဒါပေမယ့် မင်းတို့ မာယာလေကွယ်
အဌာရသ ၁၈၀ မှာ လိမ်လည်လှည့်ဖျားခြင်းအတတ်ဆိုတာလည်း ပါတယ်မို့လားကွယ့်
အဲလိုမှ မလိမ်ရင် ငါ့တူကြီး စားခွက်ပျောက်ပြီး လမ်းဘေးရောက်သွားမှာပေါ့ကွယ့်
စိတ်ထဲမထားပါနဲ့ကွယ်
ဒါမျိုးတွေက ဘကြီးတို့နိုင်ငံသားတွေအနေနဲ့က ရိုးနေပါပြီကွယ့်
ဌာနတိုင်းလိုလို ထမင်းစားရေသောက် လက်တလုံးခြား လိမ်နေကြတာမို့ ငါ့တူကြီးတို့ အဆိုးရနဲ့ ပက်သက်လာရင် လူတိုင်းအကြောင်းသိနေကြပါပြီကွယ့်

ရှက်စရာမဟုတ်ပါဘူးကွယ်
အဲလိုသာ ရှက်နေရမယ်ဆိုရင် ငါ့တူကြီးတို့အဖွဲ့တွေ မြောင်းထဲမှာ ဖားရှာငါးရှာအဆင့်ကကို တက်မှာမဟုတ်ဘူးကွယ့်
ဒီတော့ တော်ရုံကိစ္စကို မျက်နှာပြောင်တိုက်ပြီး နေလိုက်စမ်းပါကွယ်

အခု ငါ့တူကြီး ခွက်စောင်းခုတ်ထည့်လိုက်တဲ့ သူရရွှေမန်းဆိုရင် ကောင်းတာမဟုတ်ဘူးကွယ့်
ဟိုတခါ ရေဘေးတုန်းက ရံပုံငွေ ၁၀၀ ဘီလျံရှိတယ်ဆိုပြီး ငါ့တူကြီးကို ချောက်တွန်းလိုက်တာလေ
အမှန်က ငါ့တူကြီးက အဲ့ငွေတွေနဲ့ ဇာတ်ရုံဆောက်ပေးမယ်ဆိုပြီး အနုပညာရှင်တွေကို မဲဆွယ်ထားတာကို သိသိကြီးနဲ့ လုပ်တာကွဲ့..
ရေဘေးဆိုတာ ငါ့တူကြီးမကယ်လည်း ပြည်သူတွေအချင်းချင်း ကယ်နေကြတာပဲကွယ်
ဘာများအရေးကြီးလို့လဲ
ဘေးလွတ်ရာရွှေ့နေကြလို့ ပြောထားပြီးပြီပဲဟာ
နောက်ပြီး ငါ့တူကြီးကိုယ်တိုင် ဆည်ကို သွားစောင့်အိပ်နေခဲ့တာပဲလေ
ဒါကို ဘာတွေမျှော်လင့်နေကြမှန်း မသိပါဘူးကွယ်
အဲဒီကတည်းက ရွှေမန်းကို ဘကြီးက သိပ်မကြိုက်ဘူးကွယ့်
အခုလို ငါ့တူကြီးက ၂၀၁၂ တုန်းက သူ့ကိုပေးထားတဲ့ ပါတီဥက္ကဌရာထူးကို ကလိမ်ကကျစ်လုပ်ပြီး ခွက်စောင်းခုတ်ပြန်ယူလိုက်တာကိုတော့ ဘကြီးကျေနပ်လှသကွယ်
နောက်ပြီး သူက ဗိုလ်ချုပ်သမီးလေးနဲ့ လေပေးတွေဖြောင့်နေတာများ ငါတူကြီးတို့ အမြင်ကတ်ချင်လည်း ကတ်လောက်တယ်ကွယ့်
သူက ရွေးကောက်ပွဲတောင် တရားမျှတအောင်လုပ်ပေးမယ်လို့ ကတိတွေ လျှေ၊ာက်ပေးနေတာကွယ့်
ဒါဟာ ငါ့တူကြီးတို့ တဖွဲ့လုံးကို စော်ကားလိုက်တာပဲလေ
တကယ်သာ မျှမျှတတလုပ်နေရင် မဲရဖို့မပြောနဲ့ မူးလဲရင်တောင် မဲက ရှူစရာရှိမှာမဟုတ်ဘူးလေ
ဒါတွေ သူမသိဘူးကွယ့်

ငါ့တူကြီးကတော့ တနိုင်ငံလုံးပတ်သွားနေတာဆိုတော့ လာကြိုဖို့တောင် ပိုက်ဆံဘယ်လောက်အကုန်ခံပြီး တအိမ်တယောက်ခေါ်ထားရသလဲဆိုတာတွေ သိမှာပေါ့
ဇြုတ်ပြစ်တာ အေးပါတယ်ကွယ်
စစ်သားလူထွက်ဆိုတာ မာမာပြတ်ပြတ်ပဲ ကောင်းတယ်ကွယ့်
သဘောထားပျော့ပြောင်းလာရင် ဒါပြည်သူစိတ်ပေါက်သွားတယ် ခေါ်တယ်
ဒါမျိုးတွေကို ကြာကြာမထားနဲ့ကွယ့်
အကုန်ဖြုတ်ပစ်..
နဲနဲအကောင်ကြီးလို့ ပြန်အာခံနိုင်လောက်ရင်တော့ ငါ့တူကြီးတို့ အခါတိုင်းလုပ်သလို အမှုဆင်ပြီး ချောင်ထိုးထားလိုက်ပေါ့ကွယ်
ငါ့တူကြီးရဲ့ ကျောသားရင်သား မခွဲခြားပဲ နှိပ်ကွပ်တတ်တဲ့ စိတ်ထားကိုတော့ လေးစားတယ်ကွယ်
အဲလိုဖြစ်နေရမယ်ကွယ့်
" ခွေးကောင်းတို့မည်သည် အမြီးကိုအထိမခံ " တဲ့..
ငါ့တူကြီးလည်း ထိုင်ခုံကို မျက်စောင်းတောင် အထိုးမခံနဲ့ကွယ့်
ပထမက
အောင်သောင်း..
သမ္မတထက်ကြီးတာတောင် လုပ်နိုင်တယ်လို့ပြောလို့ သေသွားရှာပြီ
ဒုတိယက
ဟို ဒေါက်တာ
သမ္မတရာထူးကို လပိုင်းပဲပေးပါ၊ ငါ့တူကြီးထက်မသာရင် သေပြမယ်လို့ စိန်ခေါ်လို့ ဓားပြတိုက်ခံလိုက်ရတယ်
တတိယက
သူရရွှေမန်း
သမ္မတဖြစ်ချင်နေသတဲ့လေ
အာ့ကြောင့် သူလည်း အခုလိုခံရသင့်တယ်
အားပေးတယ် ငါ့တူကြီးရေ
အာဏာနဲ့ပက်သက်လာရင် လူရင်းမထားနဲ့ကွယ့်
ထိုင်ခုံကို လာလှုပ်ရင် အကုန်သာ အမြစ်ဖြုတ်ကွယ့်
နောက်ပြီး အခုငါ့တူကြီး ဒုဥက္ကဌခန့်လိုက်တဲ့ ဌေးဦးကိုတော့ ဘကြီးသဘောကျသကွဲ့
သူ့ရုပ်က သနားကမားမျက်ခွက်နဲ့ကွယ့်
ဘကြီးဖြင့် အသဲယားလွန်းလို့ သူ့မျက်နှာကို တက်ကိုနင်းကြည့်ချင်နေတာကွယ့်
သူက ဘိုးတော်တွေ နတ်တွေတော့ ကိုးကွယ်လွန်းတယ်ကွယ့်
ဒါလည်း သိပ်တော့ ပြဿနာမရှိပါဘူးကွယ်
ငါ့တူကြီးတို့အဆိုးရအဖွဲ့ဝင်တွေတောင် ဟိုငသန်းရွှေကြီးဆီသွားရင် လူအချင်းချင်း ခြေမပဲ စုပ်ပေးတော့မလို၊ နဖူးနဲ့ ကြမ်းပြင် ဒရွတ်တိုက်နေကြတာမို့လားကွယ့်
အခုသူက နတ်တွေ၊ ဘိုးတော်တွေဆိုတော့ တော်သေးတာပေါ့ကွယ်
သာသနာအတွက်ကတော့ မကောင်းဘူးပေါ့ကွယ်
အယူလွဲနေတဲ့လူက နိုင်ငံခေါင်းဆောင်ပိုင်းမှာ ပါနေတာကတော့ မဖြစ်သင့်ဘူးပေါ့ကွယ်
ဒါပေမယ့် အစကတည်းက သာသနာကို သိပ်ဂရုစိုက်နေတာမှ မဟုတ်တာကွယ်
ဘုရား၊တရား၊သံဃာဆိုတာ ငါ့တူကြီးတို့ရဲ့ လက်အောက်မှာ ထောင်တွေ၊ မီးလောင်ဗုံးတွေ၊ ဘူဒိုဇာတွေ လောက်နဲ့ပဲ ထိန်းထားနိုင်တာကိုးကွယ့်
ဘကြီးက စိတ်ပူနေလို့သာပြောရတယ်
ဒါတွေက ငါ့တူကြီး တတ်ပြီးသားတွေပါကွယ်
ဘယ်နှယ့်ကွယ် ပြည်သူအပေါ် ဒီလောက်စေတနာထားပြီး လုပ်ပေးနေတာကို သက်သက်အနှောက်အယှက်ပေးနေကြတာကွယ့်
နိုင်ငံတကာက လှူကြတဲ့ အလှူပစ္စည်းတွေကို ဒီအတိုင်းထားရင် ခိုးကြမှာစိုးလို့ ငါ့တူကြီးတို့ အဆိုးရအဖွဲ့ နာမည်လေး ကပ်ထားတာကို အထင်တွေလွဲပြီး ပြောနေကြတာကွယ်
ဘကြီးဖြင့် စိတ်တောင်မကောင်းဘူး

UNICEF ကလှူတဲ့ဟာတွေကို မကွေးတိုင်းအဆိုးရအဖွဲ့လို့ စာကပ်ထားတာကို အပြစ်လုပ်ပြီးပြောနေသေးတယ်..
" သူခိုး ဘဏ္ဍာစိုးခန့် " ဆိုတဲ့စကားပုံ မကြားဖူးကြဘူး ထင်ပါရဲ့ကွယ်
တချို့ဒေသတွေဆိုရင် ငါ့တူကြီးက ရှေ့ကလှူပြီးပြန်တာနဲ့ အနောက်ကပြန်သိမ်းကြတာမျိုးတောင် ရှိတယ်တဲ့ကွယ်
အထက်နဲ့အောက် အတိုင်အဖောက်ညီနေတာကိုများ ပြောရက်လိုက်ကြတာကွယ်
ဟော အခုနောက်ဆုံး ပြောစရာမရှိတော့
ကိုယ့်နေရာပျောက်မှာစိုးလို့ ကိုယ့်လူကိုယ်ခွက်စောင်းခုတ်တာကို လာပြောနေကြတယ်ကွယ်
သူများလို ရွေးကောက်ပွဲဝင်ဖို့ဆိုတာလဲ နိုင်ရင်တော်ရဲ့..
မနိုင်ရင် ခွေး ပြာပုံပျောက်သလို၊ ဘယ်နားဝပ်ရမှန်းသိမှာ မဟုတ်ဘူးကွယ့်..

နောက်ပြီး သမ္မတပြုတ်တယောက်အနေနဲ့ တခြားတာဝန်ထမ်းဖို့ဆိုတာလည်း ရှက်စရာကြီးကွယ့်
မုန့်ဟင်းခါးရောင်းဖို့ဆိုတာ ဝေးလို့၊ စိန်တလုံးသရက်ခြံ၊ ကျွန်းစိုက်ခင်းတွေထဲ နေဖို့ဆိုရင် ကြားကို မကြားချင်ဘူး မို့လားကွယ့်..
အာ့ကြောင့် အခုလို စောစောစီးစီးလှုပ်ရှားလိုက်တာ အဖြစ်သင့်ဆုံးပါကွယ်
ဘကြီးလည်း ဂုဏ်ယူပါရစေအုံးကွယ်...
ကဲကဲ စာလည်း ရှည်သွားပြီး
ပြောခဲ့သမျှ နွားရှေ့ထွန်ကျူးသလို ဖြစ်နေရင်လည်း ဘကြီးကို ခွင့်လွတ်ဟေ့
ဘကြီးက ငါ့တူကြီးအတွက် အရမ်းစိတ်ပူလို့ပါကွယ်
ငါ့တူကြီးကို ချစ်တဲ့ တောကဘကြီး

Credit to Yae TayZa



သစ်အလုံးလိုက်တင်ပို့ရန် ကွန်တိန်နာအတွင်း ထည့်ထားသည်ကို ရိုက်ထားသည့် ၂၀၁၅ ခုနှစ် ဇွန်လရက်စွဲပါ ဓာတ်ပုံအား တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ပြီး ရပ်ဆိုင်းခဲ့သော်လည်း အလုံးလိုက်နီးပါး သစ်များကို ဆက်လက်တင်ပို့မှု မှတ်တမ်းဓာတ်ပုံ အချို့ထွက်ပေါ်လာခဲ့ကြောင်း သစ်လုပ်ငန်းရှင်များအသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။


ကွန်တိန်နာအတွင်းသို့ အလုံးလိုက်နီးပါး သစ်များကိုတင်နေသည့် ဓာတ်ပုံများ (၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက် ရက်စွဲပါ ဓာတ်ပုံများ) ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။<


အဆိုပါ မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် သစ်လောကအတွင်း ဝေဖန်မှုများ မြင့်တက်လာကြောင်းနှင့် တင်ပို့သူအချို့ကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားရန်လိုကြောင်း သုံးသပ်ပြောကြားလာကြသည်။
ဓာတ်ပုံများ ရရှိထားသည့် သစ်လုပ်ငန်းရှင်တစ်ဦးက “ဓာတ်ပုံတွေမှာ Date တွေပါ ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက် ရက်စွဲနဲ့ ပုံတွေပေါ့။ သစ်လောကထဲမှာတော့ တော်တော်ပြန့်နေတာ တွေ့ရတယ်။ အလုံးလိုက်နီးပါး သစ်တွေကို ကွန်တိန်နာထဲ ထည့်နေတဲ့ ပုံတွေလေ။ ဓာတ်ပုံထဲကအတိုင်းကတော့ အလုံးလိုက် ပို့နေသလိုပါပဲ။ ၂၀၁၄ ဧပြီ ၁ ရက်ကစပြီး သစ်အလုံးလိုက်ပို့တာကို ရပ်ထားတာလေ။ အခုပုံအရဆိုရင် ဘယ်လိုပြောရမလဲ အပွေးသတ်၊ အခွံချွတ်တာလောက်လုပ်ပြီး ပို့နေတာနဲ့ အတူတူပဲ”ဟု ဓာတ်ပုံများနှင့်တကွ ပြောကြားသည်။

သစ်များ အလုံးလိုက်နီးပါး ကွန်တိန်နာအတွင်း ထည့်နေပုံကို တွေ့ရစဉ်

သစ်လုပ်ငန်းရှင်တစ်ဦးကလည်း “လုပ်ငန်းရှင်တော်တော်များများဆီမှာ ဒီဓာတ်ပုံတွေ ပြန့်လာတာ။ အလုံးလိုက်ပို့တာနဲ့ ဘာမှမထူးဘူး။ ကျွန်တော်တို့က ပို့ရင် သစ်တောက စစ်ဆေးရတယ်လေ။ အခုလို အလုံးလိုက်နီးပါးတွေ ဆက်ပို့နေမယ်ဆိုရင် သစ်အလုံးလိုက်ပို့တာ ရပ်ဆိုင်းထားတာက ဘာထူးတော့မလဲ။ အကုန်လုံးက ဒီလိုလုပ်ပြီး ပို့လာကြရင်ရော သစ်အလုံးလိုက် ပို့ခွင့်ပေးသလို ဖြစ်ကုန်မှာပေါ့။ လုပ်တဲ့ကုမ္ပဏီရော နောက်ထပ် တာဝန်ရှိတဲ့သူတွေပါ ဖော်ထုတ်အရေးယူသင့်တယ်။  အရေးယူတဲ့အခါမှာလည်း ထိထိရောက်ရောက်ကို အရေးယူမှရမှာပါ။ အခုထိတော့ အရေးယူတယ်လည်း တချို့ကြားရပေမယ့် ကြားရတဲ့ အဆင့်ပဲ ရှိသေးတယ်။ တရားဝင်စာထုတ်ပြီး အရေးယူတာတော့ ကျွန်တော်တို့ လောလောဆယ် မကြားရသေးဘူး”ဟု သုံးသပ်ပြောကြားသည်။

နိုင်ငံတော်မှ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်းထားသော်လည်း ယင်းအမိန့်ညွှန်ကြားချက်ကို ချိုးဖောက်လုပ်ကိုင်မှုဖြစ်သည့်အတွက် ထိရောက်စွာအရေးယူရန်လိုကြောင်း သစ်လုပ်ငန်းရှင်များအသိုင်းအ၀ိုင်းတွင် ဝေဖန်နေကြခြင်းဖြစ်သည်။< ဖြစ်စဉ်နှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသို့ သတင်းအတည်ပြုနိုင်ရန်၊ အရေးယူထားမှု ရှိ မရှိ အတည်ပြုနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ရုံးပိတ်ရက် (သြဂုတ် ၁၅ ရက်)ဖြစ်နေသည့်အတွက် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

မာန်သူရှိန်
https://www.facebook.com/ElevenMediaGroup?fref=nf&pnref=story
Eleven Media Group

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့နှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့သည် ယနေ့
သြဂုတ် ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်
့်ဒေသများဖြစ်သော မြောက်ဦးနှင့် မင်းပြားရှိ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်လျှက်ရှိ
သော အဖွဲ့များသို့ သွားရောက်ခဲ့ကြသည်။

မြောက်ဦးမြို့နယ်ရှိရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်း သို့သွားရောက်ခဲ့ပြီးနာရေးကူညီမှုဖောင်ဒေးရှင်း အတွင်း ရေးမှူး၊ မြောက်ဦးမြို့နယ် ရေဘေး ဒုက္ခသည်ကူညီ ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးရွှေတင် ဦးဆောင် သောအဖွဲ့နှင့် ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းတွင် တွေ့ဆုံကာ ရေးဘေးသင့်ခဲ့သောရွာများနှင့်ပတ်သက်ပြီး လက်ရှိလအပိုအပ်နေမှုအခြေအနေ များကိုဆွေးနွေး ခဲ့ကြပြီး မြောက်ဦးမြို့နယ်ရေဘေးဒုက္ခ သည် ကူညီကယ် ဆယ်ရေး ကော်မတီမှတဆင့် ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့နိုင်ရန် ဆန်အိတ် ၁၀၀ နှင့် ရေသန့်ဆေးပြား ၁၀၀၀၀ ကိုပေးအပ်ခဲ့သည်။

ထိုနောက် မင်းပြာမြို့နယ်အတွင်းရှိရေဘေးဒဏ်ခံခဲ့ရသော ဒုံဘွေရွာသို့သွား ရောက်ခဲ့ပြီးမင်းပြားမြို့ ကျိန်းတောင် တက်လမ်းရှိ ပရိယတ္တိဓမ္မိကာရုံကျောင်း တွင် အခြေစိုက်ထားသောမြို့နယ်ထူးကဲရေဘေးဒုက္ခသည်များ ကူညီ ထောက်ပံ့ရေးကော်မတီမှ ဆရာတော်များနှင့်
ဖူးမြှော်တွေ့ဆုံကာ ရေးဘေး သင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ရာတွင်အသုံးပြုနိုင်ရန် ငွေကျပ် ဆယ်သိန်း (၁,၀၀၀,၀၀၀) ကိုပေးအပ်ခဲ့ပါသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ဒေသများအတွက် ပဏာမ အနေဖြင့် ဆန်အိတ် ၁၀၀၀ နှင့် ရေသန့်ဆေးပြား ၃၂၀၀၀ ကိုတင်ပို့ထားပြီးဖြစ်ရာ ဆန်အိတ် ၂၀၀ ကို ဝံလက် ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံသို့လည်းကောင်း၊ ဆန်အိတ် ၁၀၀ နှင့် ရေသန့်ဆေး ၁၀၀၀၀ တို့ကို မြောက်ဦးမြို့နယ်
ရေဘေး ဒုက္ခသည် ကူညီကယ်ဆယ်ရေးကော်မတီထံသို့ လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ဆန်အိတ် ၇၀၀ နှင့် ရေသန့်ဆေးပြား ၂၂၀၀၀ တို့ကို
၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှတဆင့် ရေးဘေးသင့်ဒေသများ ထံသို့ ဆက်လက် ဖြန့်ဝေသွား မည်ဖြစ်သည်။

The 88 Generation Peace and Open Society


Union Daily 2

အာဏာရကြံ့ခိုင်ဖွံဖြိုးရေးပါတီတွင်း ခေါင်းဆောင်မှုအပြောင်းအလဲတွေကြောင့် မကြာသေးခင်ရက်ပိုင်းတွင်း ခတ္တခဏ ရပ်ဆိုင်းခဲ့တဲ့ ပါတီအာဘော်ဖြစ်တဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ဂျာနယ်ကို အမည်ပြောင်းပြီး ပြန်လည် ထုတ်ဝေ သွားဖို့ရှိကြောင်း တာဝန်ခံအယ်တာဒီတဦးကပြောပါတယ်။ အရင်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ရာထူးကနေ ဖယ်ရှား ခံရပြီးနောက် သူနဲ့ဆက်စပ်မှုရှိနေတာ ဒါမှမဟုတ် နီးစပ်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အစိုးရက ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ သူရဲ့ လွှတ်တော်ဆိုင်ရာတာဝန်တွေကိုရော ထိခိုက်မှု ရှိနိုင်ပါသလား။ သူ့အပေါ်ဥပဒေကြောင်းအရ တစုံတရာအရေးယူလာနိုင်ခြေရှိပါသလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးတင်ပြပေးထားပါတယ်။

သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူးရှိနေချိန်မှာ ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ဂျာနယ်ကို သူ့ကို ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်တဲ့နေ့ သြဂုတ်လ (၁၃) ရက်နေ့မှာပဲ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပြည်ထောင်စုနေ့စဉ် သတင်းစာရဲ့ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ဖေါ်ပြခဲ့တာပါ။

ဒီအပေါ်မှာ ဝေဖန်မှုအများအပြားထွက်ပေါ်လာခဲ့ပြီးနောက် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အရင် သူရဦးရွှေမန်းလက်ထက်ကလိုမဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာအပြောင်းအလဲတွေနဲ့ ပြန်ပြီးစတင်သွားမှာဖြစ်တယ်လို့ ပါတီအထက်ပိုင်းက သူတို့ဆီကို အကြောင်းကြားစာပို့ခဲ့ကြောင်း ပြည်ထောင်စုနေ့စဉ်သတင်းစာ အုပ်ချုပ်မှု အယ်ဒီတာ ဒေါ်ယဉ်မင်းက ဗွီအိုအေကို ပြောပါတယ်။

“၁၂ ရက်နေ့မှာ ပါတီကိုယ်စားလှယ်ကြိုဆိုပွဲ လုပ်တယ်လေ။ ကြိုဆိုပွဲလုပ်ပြီးတဲ့ အဲဒီညမှာတော့ အကုန်လုံးသိပြီးသားအတိုင်းပဲပေါ့နော်၊ အဲလိုကိစ္စတွေ ဖြစ်ခဲ့တယ်။ ၁၃ ရက်နေ့မှာ ကျမတို့ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့မှ အစည်းအဝေးတခုလာတက်ဖို့ အကြောင်းကြားတယ်ပေါ့။ ကျမတို့ ရုံးကနေပြီးတော့မှ ….. အစည်းအဝေး သွားတက်တယ်။ အဲဒီအစည်းအဝေးမှာတော့ ပါတီအနေနဲ့ ပြန်ကြားရေးကို အကြောင်းကြားလာတယ်။ ပါတီအနေနဲ့က ကျနော်တို့ဆီမှာ ပြည်ထောင်စုနေ့စဉ်နဲ့ The Leader ဆိုပြီးတော့ မီဒီယာက ၂ ခုရှိတာကိုး။ The Leader ကတော့ ဂျာနယ်ပေါ့။ ပြည်ထောင်စုနေ့စဉ်ကတော့ နေ့စဉ်ထုတ် သတင်းစာ။ အဲဒီနှစ်ခုကို ထုတ်ဝေတာ ရပ်ဆိုင်းထားမယ်ပေါ့။ အဲလိုအကြောင်းကြားလာတာပဲ ကျမတို့သိတတယ်။ အဲဒီ ၁၃ ရက်နေ့မှာပေါ့နော်။ ၁၄ ရက်နေ့လည်ပိုင်းမှာတော့ ပါတီကနေ သတင်းဌာနဘက်ကို ကိုင်တွယ်ရမယ့်လူကြီးကနေ ပြည်ထောင်စုနေ့စဉ်သတင်းစာကို နာမည်ပြောင်းပြီးတော့ထုတ်မယ်။ အရင်လူတွေနဲ့ပဲ အရင်လစာအတိုင်း၊ အဲဒါ သဘောတူမတူ အကြောင်းပြန်ဖို့ကိုတော့ မေးပါတယ်။ အဲဒီတော့ ကျမတို့ ၀န်ထမ်းတွေနဲ့တိုင်ပင်ပြီးတော့ကတော့ ဒီဟာကို သဘောတူကြောင်းတော့ အကြောင်းပြန်ထားပါတယ်။”

နာမည်ဘာကြောင့်ပြောင်းရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။ အရင်က ပါတီဥက္ကဋ္ဌဟောင်းဖြစ်တဲ့ သူရဦးရွှေမန်းကိုယ်တိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာကို ဦးစီးကြီးကြပ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်ယဉ်မင်းက အခုလိုပြောပါတယ်။

“ဥက္ကဋ္ဌကြီးကလည်း အမြဲတမ်း ပါတီရဲ့မူဝါဒနဲ့ပဲသွားတာပါ။ သူ့တဦးတည်းသဘောထားနဲ့တော့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ ပါတီ CEC လိုဟာမျိုးနဲ့ပဲ အစည်းအဝေးထိုင်ပြီးတော့ပဲ ဆောင်ရွက်တာမျိုးပဲ တွေ့ပါတယ်။ ”

နောက်ဆုံးသြဂုတ်လ (၁၁) ရက်နေ့ကထုတ်ဝေတဲ့သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာတော့ သူရဦးရွှေမန်းရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒ အပါအ၀င် ပါတီဝင်တွေအနေနဲ့ မျက်ကန်းမျိုးချစ်မဖြစ်ဖို့၊ တရားသေ၀ါဒစွဲကိုင်သူများမဖြစ်ဖို့ နဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြဖို့ စတဲ့ တိုက်တွန်းချက်တွေကို အကျယ်တ၀င့် ဖေါ်ပြခဲ့ပါတယ်။

အခုလို သူရဦးရွှေမန်းကိုပါတီရဲ့ဥက္ကဋ္ဌရာထူးကနေထုတ်လိုက်ပြီးတဲ့နောက် သူနဲ့နီးစပ်တဲ့ ပါတီရဲ့ သတင်းမီဒီယာ ထုတ်ဝေမှုမှာ အပြောင်းအလဲလုပ်ခဲ့သလို သားဖြစ်သူ ဦးတိုးနိုင်မန်းဦးစီးနေတဲ့ ချယ်ရီ FM ရေဒီယိုအသံလွှင့်လုပ်ငန်းကို ရပ်ဆိုင်းဖို့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက မနေ့က ခေါ်ယူဖိအားပေးပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးဆက်ပြီးရှိနေသူတဦးအနေနဲ့ သူရဲ့အခြားလွှတ်တော်ဆိုင်ရာတာဝန်တွေမှာရော ဘယ်လိုထိခိုက်မှုတွေရှိနိုင်မလဲ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုမေးကြည့်တော့

“လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခန့်အပ်ထားခြင်းခံရတဲ့ ရာထူးမျိုးဖြစ်တဲ့အတွက် ဒီရာထူးကနေပြီးတော့ လွယ်လွယ်ကူကူ ဖယ်ရှားလို့ ရမှာမဟုတ်ဘူး။ အထူးသဖြင့်အုပ်ချုပ်ရေးဘက်ကပေါ့နော်- သမ္မတဘက်ကနေ သမ္မတအာဏာကိုသုံးပြီးတော့ ဖယ်ရှားဖို့ အခြေခံဥပဒေအရ မရဘူး။ …..ဆိုရင်တော့ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်တဲ့သဘောဖြစ်သွားလိမ့်မယ်။ ဒါကြောင့် လွယ်လွယ်ကူကူတော့ ဖယ်ရှားလို့ရမယ်လို့ မထင်ပါဘူးခင်ဗျ။”

ဒါဆိုရင် လက်ရှိ လွှတ်တော်ဆိုင်ရာဥပဒေတွေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးကနေဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရောရှိသလားရှင့်။

“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကဖယ်ချင်ရင် ဖယ်လို့ရတယ်။ ဒါပေမယ့် ဘယ်လို ဖယ်ရမလဲဆိုရင် ပြည်သူ့ လွှတ်တော်အမတ် ၂၅ % ကနေပြီးတော့ အဆိုတင်ရမယ်။ ဘယ်လို အဆိုတင်ရမတုန်းဆိုတော့ ပြည်သူ့လွှတ်တော် အခြေခံဥပဒေ ပုဒ်မ (၁၉) မှာပါတဲ့အချက် (၄) ချက်ထဲက တချက်ချက်နဲ့စွဲရမယ်။ အဲဒါ ဘာတုန်းဆိုတော့ ပထမအချက်က နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာဘူး၊ အလုပ်မှာ အကျင့်စာရိတ္တပျက်ယွင်းတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ပေးအပ်ထားတဲ့တာဝန်ကို မထမ်းဆောင်ဘူး။ အဲဒီအချက်လေးချက်ထဲက တခုခုကို အကြောင်းပြပြီး သူ့ကိုစွပ်စွဲရမယ်။ လွှတ်တော်အမတ် ၂၅ % ကလက်မှတ်ထိုးပြီး သူ့ကို အဆိုတင်ရမယ်။ ဘယ်သူ့ဆီတင်ရမလဲဆိုရင် ဒုတိယဥက္ကဋ္ဌတွေဆီတင်ရမယ် ။ အဲသလိုတင်ရင် ဒုတိယဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့အချိန်ဆိုရင်တော့ တခါတည်း လွှတ်တော် agenda ထဲမှာ ဒါကို ထည့်မယ်။ ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ရှိရင် ဆုံးဖြတ်ချက်ချမယ်။”

အခုလာမယ့် သြဂုတ်လ (၁၈) ရက် အင်္ဂါနေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင် ရာဥပဒေ အသစ်ကို ပြဋ္ဌာန်းဖို့ လွှတ်တော်ကို (၄) ကြိမ်မြောက် အကြောင်းကြားစာပို့ထားကြောင်း ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်းသူရဦးရွှေမန်းရွေးကောက်ခံတင်မြှောက်ခံရတဲ့ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒ နယ်မြေကနေ လက်မှတ်ပေါင်း ၁,၇၀၀ လောက် စုဆောင်းကောက်ယူပြီး လွှတ်တော်ကိုယ်စားလှယ်ယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုချက်မှာ လွှတ်တော်တွင်း စစ်တပ်အခန်းကဏ္ဍကို ထိခိုက်စေရေး သူရဦးရွှေမန်းအနေနဲ့ ဥပဒေကို ချိုးဖောက်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရဦးရွှေမန်းရဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသက်တမ်းဟာ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးဖြစ်လာမယ့် လွှတ်တော်အသစ်ရဲ့ အစည်းအဝေးစတင်ခေါ်ယူမယ့်ကာလ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ အထိ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်ရှင်။

အင်ကြင်းနိုင် /VOA
http://burmese.voanews.com/content/usdp-news-paper-will-be-public-by-new-name-/2919882.html

၂၀၁၅ ခုနစ် ရွေးကောက်ပွဲအတွက် ရေဘေးသင့်ဒေသများမှ မဲဆန္ဒ ရှင်စာရင်းများကို ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ People's alliance for credible elections (PACE)က လူအင်အား ၂,၀၀၀ ကျော်ဖြင့် စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရှိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် ရေဘေးသင့်ဒေသများရှိ ပြည်သူများမဲပေးနိုင်ခြင်း ရှိ၊မရှိအခြေအနေများကို လေ့လာစောင့်ကြည့်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို အမြန်ဆုံး ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲနေ့ကို လူ ၂,၀၀၀ နဲ့ စောင့်ကြည့်မယ်။ အခုမဲဆွယ်စည်းရုံးရေး ကာလမှာလည်း စောင့်ကြည့်မှုတွေ ပြုလုပ်ပြီးရင် အရေးကြီးသလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားပါမယ်” ဟု အဖွဲ့ဝင် ဦးဝင်းညီညီဇော်က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရေကြီး၊ ရေလျှံမူများမှာ ဇူလိုင် ၃၁ ရက်မှစတင်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းများကို သြဂုတ် ၂၄ ရက်တွင် ကြေညာမည်ဖြစ်သောကြောင့် စောင့်ကြည့်ရခြင်းဖြစ်ကြောင်း သိရသည်။

“တချို့မှတ်ပုံတင်တွေ သန်းခေါင်စာရင်းတွေ ရေထဲပါသွားတာရှိတယ်။ သူတို့အတွက် မဲပေးခွင့်တွေ ဘယ်လိုလုပ်ပေးမလဲ။ ပြီးတော့ မဲစာရင်းတွေ ကိုလည်း စောင့်ကြည့် လေ့လာသွားပါမယ်” ဟု စိုင်းရဲကျော်စွာမြင့် က ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ထားပြီး ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိသည့် နိုင်ငံသားများ မဲပေးနိုင်ရန် အတွက် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရွေးကောက်ပွဲမဲပေး၊ မပေးတော့မသိဘူး။ အခုမှတ်ပုံတင်ရော စာရွက် စာတမ်းတွေတော့ ရေထဲပါသွားပြီ” ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ ဒေသခံ ဦးကျော်လင်းက ပြောသည်။

လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲတွင် ရေဘေးသင့်ဒေသများ၌ မဲစာရင်း မှားယွင်းမှုများ၊ မဲလိမ်မှုများဖြစ်ပေါ်မည်ကို ပြည်သူများက စိုးရိမ်နေကြခြင်းကြောင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များ၏ စောင့်ကြည့်ရေးသည် အဓိကကျနေကြောင်း ပြည်သူတို့က ဆိုသည်။

MMK

ဓါတ်ပုံ - ၁၃ ရက် သြဂုတ်လ ရေဘေးအခြေပြ မြေပုံ
The Ladies News Journal

၂၀၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးဆောင်းပါးပေါင်းများစွာ၊ ရှုထောင့်မျိုးစုံကနေ ရေးဖြစ်ခဲ့ပါတယ် ။ အဓိက ပြောခဲ့တာကတော့ ၂၀၀၈ ဟာ သွားလေသူအာဏာရှင် လက်ဟောင်းကြီးများကော ၊ လက်သစ်ကြီး များအတွက်ပါ အင်မတန်ခိုင်ခန့် တဲ့အကာအကွယ် ဖြစ်တယ်ဆိုတာပါ။ အဲဒီအတွက် ၂၀၀၈ ကိုသူတို့ အသက်နဲ့ လဲပြီးစောင့်ရှောက် ကာကွယ် လိမ့်မယ် ။ ဘယ်တော့မှ အထိခံမှာ မဟုတ်ဘူးဆိုတာကို ပြောခဲ့ပါတယ် ။
အဲဒီအတွက်ပဲ သွားလေသူအာဏာရှင်ဟောင်းကြီးမိသားစုအပါအဝင် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများဟာ ၂၀၀၈ ရဲ့ အကာအကွယ်
ပေးမှုအောက်မှာ ဘယ်လိုဘေးရန်မှမခနိုင်ပဲ အသက်ရှုဖြောင့်နိုင် ခဲ့ကြပါတယ်။ဒါကြောင့်ပဲ နောက်ကြောင်းပြန်လှည့်မလားဆိုတဲ့ မေးခွန်းတွေကို ဘယ်တော့မှ သူတို့ ပြန်မလှည့်ဘူးလို့  ကျနော်ဖြေခဲ့ဖူးတယ်။
စစ်အာဏာပြန်သိမ်းနိုင်လားလို့  ဆိုရင်လည်း ဘယ်တော့မှသိမ်းမှာ မဟုတ်ဘူးလို့  ဖြေခဲ့တယ် ။ သူတို့ အတွက် ဒီလောက်ကောင်းမွန်အောင် အကွယ်အကာပေးထားတဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေမျိုး နောက်ထပ်ထပ်ရဖို့  မဖြစ်နိုင်တော့တာ သေချာနေတာမို့ ပါ။ ဒါဟာသူတို့ အားလုံး အတွက်
တော့ တန်ဖိုးမဖြတ်နိုင်တဲ့ရတာနာ ဖြစ်တယ်ဆိုတာကို သူတို့ ကိုယ်တိုင် လည်း ကောင်းကောင်းသိတယ်။

ခုတစ်လော မြန်မာ့နိုင်ငံရေးအခြေအနေက အတော်လေးထူးဆန်း ရှုပ်ထွေးနေတာကိုတွေ့ ကြရပါတယ် ။ ဒါဟာလည်း ခုနပြောသလို ၂၀၀၈ ကိုသူတို့  ကာကွယ်ဖို့  လုပ်ကြရာကနေ စပြီးဖြစ်လာ တဲ့ပြသနာပါ။
အမှန်တော့ သူတို့  ဖြစ်ကြတဲ့အရှုပ်အထွေးပြသနာတွေဟာ ပါစင်နယ် ကိုယ်ရေးကိုယ်တာတွေ ၊ အားပြိုင်မှုတွေကို အခြေခံတာ အဓိက မဟုတ်ပါဘူး။ သူရဦးရွှေမန်းရဲ့  ပြည်သူ့  ဘက်တော်သားတွေနဲ့  လက်တွဲ လိုသယောင်ပြုလာတဲ့ အခြေအနေ ( အမှန်တကယ်ပင်မဟုတ်စေဦးတော့ ) ကို လက်မခံတာ ခွင့်မပြုနိုင်ရာကနေစတာပါ။
စစ်အုပ်စုကိုဘာနဲ့  သွေးစည်းညီညွတ်ထားစေတာလဲဆိုတဲ့မေးခွန်းတွေကို ဘုံအကျိုးစီးပွားပါပဲလို့  ကျနော်အမြဲတန်းဖြေခဲ့တာရှိတယ် ။ သိပ်ပြီးကြီးမား တဲ့ ဘုံအကျိုးစီးပွားဟာ သူတို့ အားလုံးကိုစည်းလုံးထားစေခဲ့တာပါ။
ခုလတ်တလောဖြစ်နေတဲ့အခြေအနေတွေကို ပြန်လည် သုံးသပ်ကြည့်ရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုတွေ့ မြင်ကြရ ပါတယ်။ တရားဝင်အားဏာရပါတီဟာ အမှားနှစ်ခုကို ဆက်တိုက်ကျူး လွန်ခဲ့ပါတယ်။ ဒါဟာလည်း များမြောင်လှစွာသောအကြံပေးများ ရှိနေလျက်နဲ့  ဒီလိုတွေဖြစ်ရတယ်ဆိုတာ အံ့သြစရာကောင်းလွန်းလှပါတယ်။
ပထမအမှားက သူတို့ ပါတီရဲ့  ပြဌာန်းပြီးသား စည်းမျဉ်းစည်းကမ်းအရကို ပါတီဥက္ကဌအပါအဝင် အစိုးရအဖွဲ့ ဝင်တွေဟာ ပါတီတာဝန်ကနေ ထွက်ပေး ရမယ်။ အဲဒီအတွက်လည်း သမ္မတဖြစ်တာ သုံးနှစ်ကြာပြီးမှ ၊ အများက ဝိုင်းကန့် ကွက်မှ မလွှဲမရှောင်သာပဲ လက်ရှိသမ္မတဟာ ပါတီဥက္ကဌနေရာ ကနေထွက်ပေးခဲ့ရပါတယ်။

နောက်တက်လာတဲ့ဥက္ကဌက ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးပါ။ ပြည်သူ့ လွှတ်တော်ဥက္ကဌဟာ ဆိုကြပါစို့ အရင် နဝတလက်ထက်တုန်းက ဦးခင်ညွန့်  ကို နိုင်ငံတကာက သတ်မှတ်ကြသလို ပြောင်းလဲလိုသော သဘာဝရှိသူ၊ သဘောထားမတင်းမာသူအဖြစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့  သဘောထားမှတ်ချက်နဲ့ အတူ ဝိုင်းဝန်းသတ်မှတ်ခဲ့ကြပါတယ်။
၂၅ % ကိုသူ့ နေရာသူပြန်မပို့ နိုင်သည်ထားပါဦး တတ်နိုင်သမျှ လက်တွဲ လုပ်ကြမယ်ဆိုတဲ့အကြိုသဘောတူညီချက်အချို့ လည်းရှိကောင်းရှိနိုင်ပါတယ် ။ ပြောရမယ်ဆိုရင် အဲဒီအတွက်ပဲ ပြည်သူ့ လွှတ်တော်ဥက္ကဌဟာ ၁၃ . ၈. ၂၀၁၅ နေ့ က ညဘက်ကြီးရုတ်တရက်ပါတီဥက္ကဌ နေရာကနေ ဖယ်ရှားခံရပါတယ် ။ ဒါပေမယ့် ၂၀၀၈ တစ္ဆေဟာ သူ့ သခင်သူ ပြန်လည်
ခြောက်လှန့် တယ်လို့ ပဲ ဆိုရမလား မသိပါဘူး။

ပါတီဥက္ကဌနေရာကိုပါတီတွင်း CEC အစည်းအဝေးလုပ် ။ မဲခွဲ ဆုံးဖြတ်တာ မျိုးတောင်မလုပ်နိုင်ရအောင် ဇွတ်အင်အားသုံးခဲ့တယ်လို့  ယူဆပြီးဖယ်ရှား ခံခဲ့ရပေမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌတစ်ယောက်ကို အင်အား သုံးဖယ်ရှားလို့  မရတာဟာ ယခုလက်ရှိမှာ ပြည်သူတွေအတွက်တော့ ၂၀၀၈ ရဲ့  ရယ်စရာအကောင်းဆုံး အချက်ကိုတွေ့ နေရတာပါ။
ပုံမှန်အားဖြင့်ဆိုရင် အာဏာရှင်နိုင်ငံတွေ ၊ တစ်ဝက်တစ်ပျက် အာဏာရှင် နိုင်ငံတွေရဲ့ ထုံးစံအရ ရန်သူကို မသေမရှင်ရန်စပြီး လွှတ်ထားတယ် ဆိုတာ မရှိရပါဘူး။ ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုတာ မျိုးလုပ်လေ့ရှိကြတာ ပါ။ ရှေ့ မှာလည်းနမူနာတွေများလှပါပြီ။ နောက်ဆုံးသူတို့ အားလုံးရဲ့ ခေါင်းဆောင် သက်တော်ရှည် နံပါတ်ဝမ်း ကြီးဖြစ်ခဲ့တဲ့ ဦးနေဝင်းသည်ပင်လျှင် ဒီလိုပဲအဆုံးသတ်ခဲ့ကြရတာပါ။

ခုတော့ ဦးရွှေမန်းကို ပြန်လွှတ်တယ် ။ မလွှတ်လို့ မရလို့ ပြန်လွှတ်လိုက် ရတာပါ။ သူတို့ ချည်တဲ့ကြိုးဟာ သူတို့ အမြှီးကိုပြန်နင်းထားတာခံနေရလို့ ပါ။ ပါတီဥက္ကဌကနေတရားဝင်နှုတ်ထွက်ပြီးသား ပါတီဥက္ကဌဟောင်းဟာလက်ရှိ ပါတီဥက္ကဌကို ဒီ့ ထက်သပ်သပ်ရပ်ရပ် လုပ်လို့ ရပါရက်နဲ့  လူရယ်စရာ
ကောင်းအောင် ဖယ်ရှားလို့ ရပေမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ တစ်ယောက် ကို ဖယ်ရှားပစ်လို့ ရမယ့် နည်းဥပဒေ ၂၀၀၈ စာအုပ်စိမ်းမှာ မပါခဲ့ပါဘူး။
ဒီဟာ ဘုရားသခင်ရဲ့  အပြောင်မြောက်ဆုံး လှောင်ပြောင်သရော်တာ
လေလား။ သွားလေသူ ဦးအောင်တိုးကြီးများ တမင်တကာဟ ထားခဲ့လေ သလား ဆိုတာ သူတို့  ကိုယ်တိုင်ပဲသိမှာပါ။ ခုတော့ ဒီမိုကရေစီဆီ သွားပြနေတဲ့ဟန်ဆောာင်ပန်ဆောင်လမ်းမှာ အကြီးအကျယ် အရှက်ကွဲ စွာချော်လဲတယ်လို့ ပြောလည်းမမှားပါဘူး။

ဒီအချိန်မှာနိုင်ငံတကာမှ လူပေါင်းစုံဆီကနေလည်း ကြီးကျယ်တဲ့ဖိအားတွေ အဆက်မပြတ်ဝင်လာနေကြတာပါ။ မျှတရမယ်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဟာ ပြည်သူ့ လွှတ်တော်ဥက္ကဌတစ်ယောက်ကို အမြန်ဖယ်ရှားဖို့  လွှတ်တော်ကိုအဆိုအတည်ပြုဖို့  မဖွယ်မရာဖိအားပေးတောင်းဆိုနေပါတယ်။
ဒီအချိန်မှာ စိတ်ဝင်စားစရာနှစ်ချက် ရှိပါတယ်။ လူထုခေါင်းဆောင် ဘာလို့  ဘာလို့ ငြိမ်နေလဲဆိုတဲ့အချက်ရယ် သူရဦးရွှေမန်းသည် အင်မတန်ကြီးမား တဲ့ အန္တရာယ်ကိုသိလျက်နှင့် ဘာအကြောင်းကြောင့် ပြည်သူနှင့် လက်တွဲမည်လို့  ဗြောင်ကြေငြာရဲသလဲ ဆိုတဲ့အချက်တွေက အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေပါ။

သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့  တတိယနေရာဖြစ်တဲ့ ညှိနှိုင်း ကွပ်ကဲ
ရေးမှုးနေရာ ကနေလာတာပါ။ သူရဘွဲ့ ရထားတာကြောင့် မဟုတ်ပဲ တပ်ထဲမှာ သြဇာအာဏာနဲ့  တပ်ထောက်ခံမှုကို ရေရှည်ရထားခဲ့တဲ့သူပါ။ လက်ရှိကာချုပ်လို ရုတ်တရက်ကာချုပ်ဖြစ်လာသူမဟုတ်တဲ့အပြင် ကာလကြာရှည်စွာ သြဇာတည်ဆောက်နိုင်ခဲ့တဲ့သူပါ။
အမိန့် ပေးလို့ ရတဲ့လက်နက်ကိုင်အဖွဲ့ အစည်းအတွင်းမှာ အမိန့် ပေး နိုင်စွမ်းရည်ဆိုတာ ရာထူးနေရာတစ်ခုတည်းကြောင့် သက်သက်သာမကပဲ အခြားသောအရာများ ပေါင်းစပ်ပါဝင်နေတတ်သေးတာပါ။ အောက်ခြေတပ်မတော်သားတို့ ရဲ့ ချစ်ခင်မှု ၊ အထင်ကြီးနိုင်လောက်တဲ့ တိုက်ရည် ခိုက်ရည်၊ ပြတ်သားမှု၊ စည်းရုံးရေးစွမ်းရည်တို့ မှာ သူရဦးရွှေမန်း ဟာ ကောင်းစွာ တည်ဆောက်နိုင်ခဲ့သူပါ။

ဒီပြသနာတွေဟာ ၁၃ ရက်နေ့ မတိုင်ခင်က လက်ရှိကာချုပ်က အမည် စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ဦးရွှေမန်း ပယ်လိုက်ခြင်းကနေ ဇာတ်ရှိန်အထွဋ်အထိပ်ကိုရောက်လာခဲ့ရတာပါ။
ဦးရွှေမန်းနဲ့ လူထုခေါင်းဆောင်ညှိုနှိုင်းထားတဲ့လမ်းကြောင်းဟာ ဘာလဲ ဆိုတာကိုရိပ်မိလာတဲ့အချိန်မှာ သေချာမစဉ်းစားနိုင်တော့ပဲ ရှေ့ ကလူများကိုလုပ်လေ့ရှိသလိုအပြတ်ရှင်းဖို့  လုပ်ခဲ့ပေမယ့် ၂၀၀၈ ကခံနေခဲ့တာပါ။

အခုနိုင်ငံရေးအခြေအနေဟာ အစိုးရကောအတိုက်အခံပါ အတော်လေး အကြပ်အတည်းတွေ့ သွားကြရတဲ့အနေအထားပါ။ ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီလို့ ပင်ပြောနေပါစေဦး လွှတ်တော်နိုင်ငံရေး ပျက်ပျယ်သွား လို့ မဖြစ်တဲ့အတွက် လူထုခေါင်းဆောင်နဲ့ တကွ ဒီမိုကရေစီ လိုလားသူ လွှတ်တော်အမတ်တွေဟာ လွှတ်တော်ဥက္ကဌကိုဖြုတ်ချမယ့် မဲဆန္ဒခွဲပွဲမှာ
တော့ မဖြစ်မနေ သူရဦးရွှေမန်းကိုပဲ ရပ်တည်ထောက်ခံပေးကြရမှာပါ။
နိုင်ငံတကာကနေလည်းဖိအားတွေအဆက်မပြတ်လာနေတဲ့အခြေအနေ ၊ တစ်ပိုင်းတစ ဇာတ်ရုပ်များလည်းပေါ်ပြီးသွားတဲ့အချိန်မှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လက်ရှိအာဏာရထားသူတို့  ဘယ်လို ဆက်ကကြမှာပါ လိမ့်ဆိုတာ အတော်လေးစိတ်ဝင်စားစရာအခြေအနေပါ။

၂၀၀၈ နဲ့ အချည်အတုပ်ခံနေကြရတဲ့အပေါ် လွတ်မြောက်ချင်ရင် ၂၀၀၈ ကိုဖျက်ပစ်မှရပါမယ်။ ၂၀၀၈ ဖျက်ဖို့ ဆိုရင် စစ်အာဏာသိမ်းမှရပါ့မယ် ။ ပြည်သူတွေအတွက်တော့ အာဏာသိမ်းသိမ်း မသိမ်းသိမ်း ဒုံရင်းဒုံရင်း မို့ လို့  ဘာမှမထူးပေမယ့် သူတို့ အတွက်တော့ထူးပါတယ်။
သူတို့ ကိုကာကွယ်စောင့်ရှောက်ပေးမယ့် ၂၀၀၈ကြီးသာမရှိခဲ့တော့ရင် အဲဒါဟာ ပြည်သူ့ အတွက်ရလိုက်မယ့်အမြတ်ပါ။ နောက်တစ်ခုက ထောက်ပြကြတယ် ထိုင်းလိုမျိုးသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်ပေးလိုက် လုပ်မှာပေါ့တဲ့။

ဟုတ်ကဲ့ အဲဒါလည်းခင်ဗျားတို့ ရှုး ခင်ဗျားတို့ ပြန်ပတ်ပြန်ပါတယ် ။ ထိုင်းနိုင်ငံဟာ ခပ်တည်တည်ပဲ အာဏာသိမ်းနိုင်လောက်အောင် ချမ်းသာပါတယ်။ ခင်ဗျားတို့ က ကိုယ်သာပြန်မရခဲ့ရင်ဆိုတဲ့စိတ် နဲ့ တိုင်းပြည် ကို နိုင်ငံခြားအရံငွေ Zero၊ ဘတ်ဂျက် Zero ထားခဲ့ဖို့ ကြံစည်ထားခဲ့ကြလို့  အခုတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ဘယ်လောက်ရှိတယ်ဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ တိုင်းပြည်ဟာ ငွေတုတွေနဲ့ လည်ပတ်နေရတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ရှိနေတာအချို့  ရှိနေသလို မြန်မာ့စီးပွားရေးဟာ ဒီအတိုင်းတိုင်းကိုပဲ ၂၀၁၅ မှာပြိုကျပျက်ဆီးသွားတော့မယ်ဆိုတဲ့ စီးပွားရေးသမား ဆာ့ဂ်ျပန်း ရဲ့ တလောကတင် ထုတ်သွား တဲ့ ဟောကိန်းလည်း ရှိပါသေးတယ်။

အခုရေဘေးမှာတိုင်းပြည်အငတ်ဘေးဆိုက်မှု၊ ရေဘေးပြန်လည်ထူထောင်ဖို့  တွက်ချက်မှုတွေအရ အနည်းဆုံး ဒေါ်လာဘီလီယံပေါင်း ၂၀ လိုအပ်ပါတယ် ။ တိုင်းပြည်ပေါင်းစုံမှာ ဆပ်စရာအကြွေးပေါင်းစုံလည်းရှိပါသေးတယ်။
စစ်တပ်အာဏာသိမ်းတယ်ဆိုရင် အနည်းဆုံးစစ်သားတွေကိုကျွေးထားဖို့  ပိုက်ဆံလိုအပ်ပါတယ်။ တိုင်းပြည်ဟာအခွံသက်သက် တိုင်းပြည်ပါ။ သေချာ လည်းပြန်ကြည့်ကြည့်ကြပါ။ ပြည်သူတွေအတွက်ကတော့ သိမ်းလည်း မထူးဘူး။ မသိမ်းလည်းမထူးဘူး။ ဘယ်တုန်းကဘယ်သူ့ ပေးခဲ့လို့  ဘယ်သူ့ ဆီကနေပြန်သိမ်းမှာလဲဆိုပြီးရယ်ရတာသာရှိပါတယ် ။

သိမ်းရင်လည်း ၂၀၀၈ ပျက်သွားတာအမြတ်ထွက်ပါတယ် ။
ပြည်သူအားလုံးကတော့ လူထုခေါင်းဆောင်နဲ့ အတူ ဦးရွှေမန်းကိုပဲ ဆက်လက်ထောက်ခံဝန်းရံပံ့ပိုးသွားကြရပါမယ်။ ဒီတစ်နည်းကလွဲပြီး ကျနော်တို့ မှာရွေးချယ်ရန်အကြောင်း မရှိပါကြောင်းပြောပြလိုပါတယ်။
ကိုယ့်အမြီးနဲ့ ကိုယ်အချည်ခံရတယ်ဆိုတာ လူအဖြစ်နေခဲ့ကြရတဲ့ ဒီလိုခေတ်ဆိုးကြီမှာ ရှားရှားပါးပါး ပျော်စရာကောင်းတာလေး တစ်ခုလောက်တွေ့ ရတာမျိုးလို့ ပဲ ဆိုကြပါစို့ ။

မေဇော်
15.8.2015

The People's Library


Cherry FM
Cherry FM

ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေ ချယ်ရီ FM တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး မိမိတို့ သဘောဆန္ဒအလျောက် ဖျက်သိမ်းပေးဖို့ ညွှန်ကြားလိုက်တယ်လို့ ချယ်ရီ FM ကပြောပါတယ်။ ဒါဟာ လတ်တလော ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌအဖြစ် ရာထူးက ရပ်ဆိုင်းခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ပတ်သက်မှုတွေအပေါ် နောက်ဆက်တွဲ အရေးယူမှုတွေဖြစ်ပေမဲ့လို့ မီဒီယာအပေါ်မှာ ဒီလို ဖိအားပေးတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတင်းမီဒီယာတာဝန်ရှိသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးပါမယ်။

လတ်တလော ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌအဖြစ် ရာထူးက တာဝန် ရပ်ဆိုင်းခံလိုက်ရတဲ့ သူရဦးရွှေမန်းရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်းနဲ့ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ်တို့ဦးစီးလုပ်ကိုင်နေတဲ့ ချယ်ရီFMရေဒီယိုအသံလွှင့်လုပ်ငန်းကို မိမိတို့ရဲ့သဘောဆန္ဒအရ ရပ်ဆိုင်းပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးပြောဆိုလိုက်တယ်လို့ ချယ်ရီ FM တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ချယ်ရီ FM အနေနဲ့ကတော့ ကိုယ့်သဘောဆန္ဒနဲ့ ဖျက်သိမ်းပေးပါ-ဆိုတာကို လက်မခံဘဲ တရားဥပဒေနည်းလမ်းအရ စစ်ဆေး ဆောင်ရွက်တာကိုပဲ ရင်ဆိုင်ဖို့ သူတို့အနေနဲ့ လိုလားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ချယ်ရီ FM ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ပြန်ကြားရေးဝန်ကြီးဌာနဘက်က ခေါ်ယူ ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ FM ရှေ့ဆက်ပြီး ထုတ်လွှင့်မှု ရပ်တန့်ဖို့ကိစ္စကို ကိုယ့်သဘောဆန္ဒနဲ့ ကျနော်တို့ကို စာတင်ခိုင်းပါတယ်ခင်ဗျ။ ပရိသတ်တွေကတော့ ဘာကြောင့် ချယ်ရီ FM မရတော့တာလဲ-ပေါ့နော်။ ပရိသတ်တွေကို ပြောစရာကတော့ ကျနော်တို့ ချယ်ရီ FM ကို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်ခင်ဗျ။”
Charry FM (Photo Charry FM fb)Charry FM (Photo Charry FM fb)

ပြန်ကြားရေးဝန်ကြီးဌာနဘက်က ဒီလို ချယ်ရီ FMကို ဖိအားပေးရပ်ဆိုင်းခိုင်းတယ်ဆိုပြီးပြောဆိုမှုအပေါ် အတည်ပြုနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။ အခုလို ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုအသံလွှင့်လုပ်ငန်းတခုကို ခိုင်လုံတဲ့ အကြောင်းပြချက်မပေးဘဲ ထုတ်လွှင့်မှုကို မိမိသဘောနဲ့ ရပ်ဆိုင်းပါလို့ ဖိအားပေးတာကတော့ဒီမိုကရေစီစနစ်ပြောင်းနေတဲ့ခေတ်မှာ မလျော်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့The Voice သတင်းအယ်ဒီတာချုပ်လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးကျော်မင်းဆွေက ပြောဆိုလိုက်ပါတယ်။

“ဒါက ဒီမိုကရေစီနဲ့ လုံးလုံးဆန့်ကျင်တဲ့ကိစ္စလေ။ ဒါက သူတို့ကိုယ်တိုင် လိုင်စင်ခွင့်ပြုထားတဲ့ တရားဝင် FM ပေါ့နော်။ FM Station ပေါ့။ သူ့ဟာနဲ့သူ ပရိသတ်လည်း အခိုင်အမာရှိနေတဲ့မီဒီယာတခုလို့ ပြောရမှာပေါ့။ အဲဒီတော့ ဒီတိုင်းပြည် မှာတော့ အာဏာရှင်ခေတ်တုန်းကတော့ အာဏာရှင်အချင်းချင်း ကုလားထိုင်လုတဲ့အခါမှာ၊ အာဏာလုတဲ့အခါမှာ ရှုံးတဲ့အခါမှာ ကျူပင်ခုတ်၊ ကျူငုပ်မကျန်ရှင်းတယ်-ဆိုတဲ့ ပုံစံမျိုး ရှိခဲ့တယ်ပေါ့နော်။ အခုကတော့ သူရဦးရွှေမန်းနဲ့ ပတ်သက်တယ်ဆိုတဲ့ကိစ္စနဲ့ ချယ်ရီ FM ကို ဒီလို ပြုမူဆက်ဆံတာမျိုးကတော့ ဒါ မလျော်ကန်ဘူးလို့ ထင်တယ်လေ။”

ဒါပေမဲ့လည်း သူရဦးရွှေမန်းနဲ့ ဆက်နွယ်သူတွေအပေါ် အရေးယူမှုတွေ စတင်လာတဲ့သဘောဖြစ်သလို ဒီလိုအသံလွှင့် လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် ထုတ်လွှင့်ခွင့်ရအောင် ဘယ်လို လုပ်ပိုင်ခွင့် အာဏာတွေနဲ့ စွမ်းဆောင်ခဲ့ကြသလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်လို့ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

“တခုရှိတာက အဲဒီဟာတွေက သူတို့လိုင်စင်ဘယ်လိုပေးထားလဲဆိုတဲ့ဟာ ပြန်ကြည့်ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ တကယ်တန်း ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင် အခုရနေတဲ့ FM လိုင်စင်တွေအားလုံးက ခရိုနီတွေချည့်ပဲလေ။ ခရိုနီတွေဆိုတာက အစိုးရနဲ့ပြန်ကြားရေးနဲ့ နီးစပ်တဲ့ သူတွေချည့်ပဲရတာ။ မနီးစပ်တဲ့သူတွေ မရခဲ့ဘူးလေ။ သူတို့စိတ်ချရတယ်လို့ယူဆတဲ့သူတွေကိုပဲ ပေးထားတာ။ အခု သူတို့အချင်းချင်းပြဿနာဖြစ်မှ ဒီကိစ္စ-ဒီလိုလုပ်တာ ဆိုတော့ ဒီစကားလုံး အသုံးအနှုန်းကတော့ သူတို့အချင်းချင်းက ပိုသိမယ်ထင်တယ်။ တကယ်တန်းပြောရလို့ရှိရင်တော့ ဗမာပြည်မှာ လူတိုင်းအတွက် ဥပဒေတခုသတ်မှတ်ပြီးတော့ အဲဒီဥပဒေနဲ့အညီ လျှောက်ထားရယူတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ အခွင့်ထူးခံအနေနဲ့ ရထားကြတာလေ။ အခု FM တွေက- အဲဒါက တပိုင်းပေါ့နော်၊ အခုဖြစ်နေတဲ့ကိစ္စကကျတော့ ဦးရွှေမန်းနဲ့ဆက်စပ်ပြီး ဒီလိုလုပ်တာက ဒါ တပိုင်းဖြစ်သွားတာကိုး-နော်။ ဒါပေမယ့် မီဒီယာတခုကို လုပ်တာကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။”

အခုလို ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကနေ သူရဦးရွှေမန်းကိုအနားပေးလိုက်သလို ဦးရွှေမန်းရဲ့ ရှေ့နိုင်ငံရေး အလားအလာလည်း မရေမရာ ဖြစ်နေချိန်မှာ အရေးယူမှုတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တချိန်တည်းမှာပဲ အခုလို သူ့နဲ့ဆက်နွယ်သူတွေကို အပြတ်ချေမှုန်းမယ့်သဘော လုပ်ဆောင်လာတာကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မပြတ်သေးတာကို ပြသရာရောက်တယ်လို့လည်း သတင်းအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ရှုမြင်ပါတယ်။

“ဟိုအရင်တုန်းက ကတည်းက အာဏာရှင်စနစ်မှာပဲဖြစ်ဖြစ်၊ ပဒေသရာဇ်စနစ်မှာပဲဖြစ်ဖြစ် - ဗမာပြည် ထုံးစံလို့ ပြောရမှာပေါ့နော်။ ကျူပင်ခုတ်၊ ကျူငုပ်မကျန်ရှင်းလေ့ရှိတယ်။ တချိန်မှာ ပြန်လက်စားချေမှာစိုးလို့၊ လက်စားချေနိုင်မယ့် နည်းလမ်းမှန်သမျှကို သူက ရှင်းတဲ့သဘောပါ။ တခုရှိတာက နဂိုရ်ကတည်းက မီဒီယာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အမှီအခိုကင်းတဲ့ ရိုးသားဖြောင့်မတ်တဲ့ လုပ်ငန်းတခု ဖြစ်လို့ရှိရင် ပြဿနာမရှိပါဘူး။ ဒါဟာ တချိန်မှာ ဥပဒေကြောင်းအရ ပြန်ရင်ဆိုင်လို့ ရရမှာပေါ့နော်။ ကိုယ်ကိုယ်နှိုက်က အခွင့်ထူးခံထားတယ်။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းထူထောင်ထားတယ်ဆိုရင်တော့ နောင်မှာတော့ ဥပဒေဆိုတာ မျှော့ကြိုးလို သုံးနေတဲ့ခေတ်မှာတော့ အချိန်မရွေး အရေးယူခံရနိုင်တာပေါ့နော်။ ဒါမျိုးတွေ နောက်ဆက်တွဲ တခြားသောချိတ်ဆက်နေတဲ့ မီဒီယာတွေလည်း လာကောင်းလာနိုင်တာပေါ့။ ကိုယ့်ဘက်က clear cut ဖြစ်ထားလို့ရှိရင်တော့ ပြဿနာမရှိဘူးပေါ့။”

အခုလက်ရှိအထိ အနေအထားကတော့ ချယ်ရီ FM အနေနဲ့ အသံလွှင့်အစီအစဉ်တွေကို ထုတ်လွှင့်နေဆဲဖြစ်ပေမဲ့လို့အသံလွှင့်မှုတွေက သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးက ရပ်ဆိုင်းချိန်သြဂုတ်လ ၁၃ ရက်နေ့ကတည်းက ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ချယ်ရီ FM အသံလွှင့် ဌာန ၁၇ ခု ရှိတဲ့အနက် ၁၆ ခု အသံလှိုင်းထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားချိန်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ချယ်ရီ FM နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ အသံလွှင့်လုပ်ငန်း ထုတ်လုပ်ခွင့် ခြောက်နှစ်ပြည့် သက်တမ်းစာချုပ် ကုန်ဆုံးချိန်လည်း ဖြစ်ပါတယ်။
Charry FM (၆) နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ
Charry FM (၆) နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာVOA
http://burmese.voanews.com/content/cherry-fm-radio-is-forced-to-end-up-/2919216.html

cherry-fm-office-620.jpg ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ Cherry FM သီချင်းတောင်းနေရာကို တွေ့ရစဉ်

ပြည်ခိုင်ဖြိုးပါတီပူးတွဲ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်နာယက ဦးသူရရွှေမန်း ရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်တဲ့ ချယ်ရီ FM ရေဒီယိုအသံလွှင့်ဌာနကို မိမိသဘောဆန္ဒအလျောက် ပိတ်သိမ်းကြောင်း စာတင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားပေမယ့် ချယ်ရီဘက်က တရားဥပဒေကြောင်း အရသာ လုပ်ဆောင်သွားမယ်လို့ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ချယ်ရီ FM တာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသက်နိုင်က ပြောပါတယ်။

"ပိတ်သိမ်းပေးဖို့ပေါ့နော် မိမိဆန္ဒသဘောအလျောက်ပေါ့နော် ဒီချယ်နယ်ကိုခေတ္တရပ်ဆိုင်းမှ ဆိုပြီးတော့ ထုတ်ပြန်ပေးဖို့တော့ သူတို့ဘက်က ညွှန်ကြားတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်တို့ကတော့ အဲ့ဒီလိုလုပ်သွားဖို့ မရှိပါဘူး၊ ကျနော်တို့အနေနဲ့ကျတော့လည်း တရားဥပဒေကြောင်းအရ ကျနော်တို့ကို အရေးယူမယ်ဆိုရင်လည်း တရားဥပဒေကြောင်းအရ လုပ်ပေါ့နော်၊ အရာအားလုံးကိုတော့ ကျနော်တို့ တရားဥပဒေဘောင်အတွင်းက ပဲ ဖြေရှင်းတာကိုပဲ ပိုပြီးတော့လိုလားပါတယ် အဓိကတော့ ဒါပါပဲ၊ ဝန်ကြီးဌာနဘက်က သဘောဆန္ဒအလျောက် ပိတ်သိမ်းခိုင်းတာပါပဲ"

ချယ်ရီ FM ထုတ်လွှင့်တာ ဒီနေ့ ခြောက်နှစ် ပြည့်မြောက်သွားပြီဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ Iron Cross အဖွဲ့နဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

RFA