08/23/15
ဒဂုံတက္ကသိုလ်က တကသ ကျောင်းသားတွေစုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသလို ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေတွေနဲ့ အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေထဲက တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။
ဒဂုံတက္ကသိုလ်က တကသ ကျောင်းသားတွေစုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသလို ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေတွေနဲ့ အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေထဲက တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ထက်အာကာ/RFA
Posted by RFA Burmese on Sunday, August 23, 2015
ရိုက်ကူး - ကျော်ဇောဝင်း၊ ထက်အာကာ/RFA
ဖဆပလအစိုးရက တိုင်းပြည်တိုးတက်ဖို့ ပြည်တော်သာစီမံကိန်းလုပ်ပါတယ်။
ပြည်တော်သာစီမံကိန်းနဲ့ဆောက်တဲ့တိုက်တွေ၊ ကျောင်းတွေကိုပြည်တော်သာတိုက်၊ ပြည်တော်သာကျောင်းတွေလို့ ခေါ်ပါတယ်။
ဒီအဆောက်အဦးတွေ ဒီနေ့အထိအသုံးဝင်နေဆဲပါ။
ပြည်တော်သာစီမံကိန်းနဲ့တင်သွင်းလာတဲ့ Land Rover ကားကိုလည်း " ပြည်တော်သာဂျစ်"လို့ခေါ်ကြပါတယ်။ ပြည်တော်သာခေတ်က
လွတ်လပ်စွာရေးသား၊ ပြောဆို၊ ပုံနှိပ်ခွင့် အနည်းဆုံး ၉၅ ရာခိုင်နှုန်း
လောက်ပေးထားပါတယ်။
စံပြအကျဉ်းထောင်
ပြည်တော်သာခေတ်က စံပြအကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ဘဝဟာလည်း မဆိုးပါဘူး။ ။ နိုင်ငံရေးအချုပ်သားနဲ့ အကျဉ်းသားတွေဟာ အထူးတန်းရပါတယ်။ အထူးတန်းရတဲ့ရာဇဝတ်မှုနဲ့ ထောင်ကျသူဟာလည်း အလုပ်မလုပ်ရဘဲနေ့တိုင်း ထမင်းကောင်း ဟင်းကောင်းစားရတဲ့အပြင် ကူဖော်လောင်ဖက်အဖြစ်ရိုးရိုးတန်းက အကျဉ်းသားတစ်ယောက် အနည်းဆုံးရပါတယ်။
ရိုးရိုးတန်းက အကျဉ်းသားတွေကလည်း နေ့တိုင်းထမင်းကောင်း ဟင်းကောင်း
စားရတော့ အထူးတန်းအကျဉ်းသားတွေဆီမှာ ကူဖော်လောင်ဖက် အဖြစ်သွားချင်ကြပါတယ်။ လူထုဦးလှတို့ ဗန်းမော်တင်အောင်တို့ အဖမ်းခံနေရဆဲမှာ စာအုပ်တွေရေးသား ထုတ်ဝေနိုင်ခဲ့ကြပါတယ်။
ရိုးရိုးတန်းက အကျဉ်းသားတွေကိုလည်း လက်သမားအတတ်၊ ဖိနပ်ချုပ်နည်း၊ စာအုပ်ချုပ်နည်း။ ဂဟေဆော်နည်း၊ ဥယျာဉ်လုပ်နည်း၊ ဆပ်ပြာချက်အတတ် စတာတွေသင်ပေးပါတယ်။ အကျဉ်းသားတွေထဲက လေ့လာလိုသူတွေ ဗုဒ္ဓဘာသာစာပေ လေ့လာနိုင်စေရန် ရဟန်းတော်များ (အကျဉ်းသူတွေအတွက် သီလရှင်များ) ကို တနင်္ဂနွေနေ့တိုင်း စံပြထောင်တွေထဲသွားပြီး သင်ကြားစေပါတယ်။ မင်္ဂလာစာမေးပွဲတွေ ကျင်းပပြီး အောင်မြင်သူကို ကျခံနေရတဲ့ ထောင်ဒါဏ်ထဲက
လျှော့ရက်တွေပေးပါတယ်။ အခြားဘာသာဝင် အကျဉ်းသားတွေအတွက်လဲ ခရစ်ယာန်ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ မော်လဝီ၊ ဆွာမိကြီး စသူတွေ စံပြထောင်တွေထဲသွားပြီး သက်ဆိုင်ရာ ဘာသာအလိုက် ဟောပြောခွင့်၊ ဝတ်ပြုခွင့်တွေပေးပါတယ်။
ရန်ကုန်ဘတ်စကား
၁၉၅၅ ခုလောက်မှာ ဦးနုအစိုးရက ပြည်တော်သာစီမံကိန်းနဲ့ ဟန်ဂရီနိုင်ငံက
Ikarus ဘတ်စကားကြီးတွေ တင်သွင်းပါတယ်။ ဂျပန်ကလည်းHino နဲ့ Isuzu ဘတ်စကားကြီးတွေရောက်လာပါတယ်။
အဲဒီဘတ်စကားကြီးတွေကို ပြည်တော်သာကားလို့ ခေါ်ပါတယ်။ပြည်တော်သာကားတွေမှာ ယူနီဖောင်းဝတ် လက်မှတ်ရောင်းအမျိုးသမီးတွေစခန့်ပါတယ်။ တစ်ကားမှာနှစ်ယောက်စီ ပါပါတယ်။
ကားရှေ့ပေါက်က အတက်ဖြစ်ပြီး နောက်ပေါက်ကဆင်းရပါတယ်။
မောင်းသူ၊ရောင်းသူ၊ စီးသူအားလုံးစည်းကမ်းရှိကြပြီး ကားကြီးတွေ
ကလည်း သန့်ရှင်းကြပါတယ်။ အဲဒီခေတ်က "စပယ်ယာမ" လို့ မခေါ်ဘဲ "လက်မှတ်ရောင်းအမျိုးသမီး" လို့ သာခေါ်ကြပါတယ်။ ဘတ်စကားတွေမှာ နံပါတ်မတတ်သေးပါဘူး။ ရုပ်ပုံတံဆိပ်တွေနဲ့ပါ။ ဗမာစာမတတ်သူတွေအတွက် ပိုအဆင်ပြေပါတယ်။ ရွက်လှေတံဆိပ်နဲ့ကားက ကြည့်မြင်တိုင်ဆိပ်ကမ်းကနေ ပုစွန်ထောင်ဆိပ်ကမ်းကို အသွားအပြန်ဆွဲတဲ့လိုင်းပါ။ “တောင်ပံကား"က သိမ်ကြီးဈေးနဲ့အင်းစိန် အသွားအပြန်လိုင်းပါ။ အင်းစိန်မော်တော်ယာဉ်ရုံးတံဆိပ်က ဗြဟ္မာရုပ်ပါ။ မီးရထားတံဆိပ်နဲ့ကားက ရန်ကုန်ဘူတာကြီး (ကွမ်းခြံဘူတာ) ကိုရောက်ပါတယ်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရခေတ်မှာ အရုပ်နဲ့ဘတ်စကားလိုင်းတွေကို နံပါတ်နဲ့
ပြောင်းလိုက်ရာမှာ မြင်းဖြူ၊ မြင်းနီ၊ မြင်းကျားတို့က နံပါတ် ၁၊ ၂၊ ၃ ဖြစ်သွားပြီး
မီးရထားတံဆိပ်ကနံပတ် ၄၊ ဆင်ဖြူ နဲ့ဆင်မဲက ၅ နဲ့ ၆၊ နဂါးက ၇၊
တောင်ပံကားက ၈၊ ကြံ့က ၉၊ ကျန်တဲ့ ညောင်ပင်၊ လေယာဉ်ပျံ၊ ခြင်္သေ့၊ ရွက်လှေ စတာတွေလည်း နံပါတ်နဲ့ဖြစ်သွားပါတယ်။ စုစုပေါင်း ၁၅လိုင်းရှိပါတယ်။ နံပါတ် ၁၆လိုင်းက ၁၉၆၀ လောက်မှပေါ်လာတာပါ။ ကမာရွတ်လှည်းတန်းဈေးကနေ ဆင်မလိုက်၊ ကြည့်မြင်တိုင်၊ မြေနီကုန်း၊ ရွှေဂုံတိုင်တို့ကိုပတ်ပြီး တာမွေအထိသွားတဲ့ နံပါတ် ၁၆ လိုင်းကတော့ ဘတ်စကားပုံ မဟုတ်ဘဲ လူ၁၆ယောက်
သာဆန့်တဲ့ ဂျပန်လုပ် ဒတ်ဆန်းလိုက်ထရပ်လေးတွေပါ။
ဘတ်စ်ကားကျပ်တယ်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ဘတ်စ်ကားစပယ်ယာတွေကလဲ ယဉ်ကျေးကြပါတယ်။ ရန်ကုန်တက္ကသိုလ်နားကဖြတ်သွားတဲ့ ဘတ်စ်ကားလိုင်းတွေက နဂါးရုပ်(နောင် နံပါတ် ၇)၊ တောင်ပံကားရုပ်(နောင် နံပါတ် ၈) ၊ ကြံ့ရုပ် (နောင် နံပါတ် ၉) စတဲ့လိုင်းတွေဖြစ်ပါတယ်။
ပညာရေး
ကိုလိုနီခေတ်ပညာရေးကို ကျွန်ပညာရေးလို့ ခေါ်ခေါ် ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်က ဘွဲ့ ရခဲ့သူများဟာ လွတ်လပ်ရေးရပြီးနောက် ရန်ကုန် တက္ကသိုလ်မှာဆရာများ ဖြစ်လာခဲ့ကြတယ်။ ၎င်းဆရာများရဲ့ သင်ကြားပေးခြင်းခံခဲ့ရတဲ့ တပည့်များလဲ ကမ္ဘာ့အဆင့်ကို မီခဲ့ကြတယ်။ ဦးနုအစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျစတဲ့ နိုင်ငံတွေကို ပညာတော်သင်များ စေလွှတ်တယ်။ ပညာတော်သင်များ ရဲ့ ၉၉%ကလဲ အမိနိုင်ငံကို ပြန်လာပြီး ကျရာတာဝန်များကို ထမ်းရွက်ကြပါတယ်။ ဒါကြောင့်ပညာရေးအဆင့်အတန်းကလည်း မြင့်ပါတယ်။ စာမေးပွဲတွေမှာ မတတ်ဘဲနဲ့မအောင်ပါဘူး။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ
အောင်သူ ၁၀% တောင်မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ဘဲရှိပါတယ်။
တစ်ရာဖြေမှ လေးယောက်တောင်မအောင်ခဲ့ပါဘူး။ အဲဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးသြရသ အောင်ဆန်းဦးက ဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့ပါတယ်။
အာဖရိကတိုက်က တချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာ လာတက်ခဲ့
ရပါတယ်။ ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာ
သင်ကျောင်းများ၊ ခရစ်ယန်သာသနာပြု ကျောင်းများပါ ရှိလို့
ကိုယ်ကြိုက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်ရင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။ စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာပညာရပ်များ သင်ကြားသူများလဲ ဂုဏ်မငယ်ကြပါ။ ဆေးပညာ အင်ဂျင်နီယာအတတ်တို့မှာလဲ
တကယ်စိတ်ပါသူများသာ တက်ရောက်ဘွဲ့ ယူခဲ့ကြပြီး တကယ်တတ်သူက
တတ်လိုသူကို ပညာသင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့
အောက်မှာမရှိဘဲ ကိုယ်ပိုင်အက်ဥပဒေတွေအရ တက္ကသိုလ်
ဆီးနိတ်အဖွဲ့နဲ့ တက္ကသိုလ်ကောင်စီတို့က အုပ်ချုပ်ပါတယ်။ တက္ကသိုလ်ကောင်စီမှာ ကျောင်းသားကိုယ်စားလှယ် နှစ်ယောက်ပါပါတယ်။
ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်းသားတွေက မဲပေးစံနစ်နဲ့
ရွေးချယ်ရပါတယ်။ ဝန်ကြီးချုပ်ဟာမူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊
ဒု ဝန်ကြီးချုပ်ဟာမူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့
ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့မရှိပါ။
ကျောင်းသားဆန္ဒပြပွဲများ မကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည်နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊
ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော
အစိုးရဆန့်ကျင်ရေး လုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ်ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်၊ အရက်သောက်၊ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုးခွင့်မပြုခဲ့ကြပါဘူး။
ရန်ကုန်သင်္ကြန်
လွတ်လပ်ရေးရပြီး ပြည်တော်သာခေတ်မှာ လွတ်လပ်စွာရေးသား၊ ပြောဆို၊ပုံနှိပ်ခွင့် အနည်းဆုံး ၉၅% လောက် ပေးထားတဲ့အချိန်မို့ရန်ကုန်သင်္ကြန် မီးသတ်ပိုက်များသုံးပြီး အကြမ်းပတမ်း ရေပက်ခြင်း၊
နိုင်ငံရေးမကျေနပ်မှုများကို သရုပ်ဖေါ်ပြခြင်း၊ သံချပ်ထိုးခြင်း
စတာတွေ ခေတ်စားလာပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်မှာ ၀န်ကြီးချုပ်ဦးနုနဲ့ ၀န်ကြီးများ တစ်ခါတစ်ရံ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးပါ ပါဝင်ရေကစားပြီး သပြေခက်ဖြင့် ရေပက်ခြင်း၊ အလွန်ဆုံး ငွေဖလားဖြင့်ရေပက်ခြင်းတို့သာ ရှိပါတယ်။ ပိုက်ဖြင့်ပက်လေ့မရှိပါဘူး။
ရန်ကုန်လျှပ်စစ်ဓာတ်အား
အဲဒီအချိန်က ရန်ကုန်မြို့မှာ မီးပျက်တယ်ဆိုတာ ဘယ်လိုဟာလဲလို့
မေးယူရမည့်ခေတ်ပါ။ ညမှာအိမ်တွေဟာ မီးချောင်းတွေနဲ့ ထိန်လင်းနေပြီး
လမ်းတွေကလည်း မာကျူရီမီးတွေ ထိန်ထိန်ညီးပြီး အပ်ကျရင်တောင်
ကောက်လို့ရတယ်လို့ ပြောနိုင်တဲ့ခေတ်ပါ။ သူခိုးဓားပြကလည်းနည်းပါတယ်။
တခါတလေအဖော်တွေနဲ့ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ဝင်ကြည့်ပြီး သန်းခေါင်ကျော်မှာ အိမ်ကိုညလေတဖြူးဖြူးနဲ့ လမ်းလျှောက်ပြန်ရတာ အရသာတမျိုးပါဘဲ။
ရန်ကုန်မှာ ညကျောင်းတွေလည်း အများကြီးပါ။ နေ့မှာအလုပ်လုပ်နေတဲ့သူတွေဟာ
မီးချောင်းတွေနဲ့ ထိန်လင်းနေတဲ့ ညကျောင်းတွေမှာ ကျောင်းတက်နိုင်ပါတယ်။
ရန်ကုန်မှာ ညဈေးတန်းလဲ ရှိပါတယ်။ ည ၆ နာရီမှ ၁၀ နာရီအထိ ဖွင့်ပါတယ်။
အစားအစာကအစ အဝတ်အထည်အလယ် ကားနဲ့လျှပ်စစ်ပစ္စည်းအဆုံး အားလုံးကို ညဈေးတန်းမှာ ဈေးချိုချိုနဲ့ရနိုင်ပါတယ်။
ရန်ကုန်ရေပေးစံနစ်
ရန်ကုန်မှာရေတော့ မကြာမကြာပျက်တတ်ပါတယ်။ ရန်ကုန်ကို လှော်ကားကန်၊ သာဓုကန်နဲ့ ဂျိုးဖြူကန်တို့က သောက်သုံးရေပို့ပေးပါတယ်။ ဂျိုးဖြူ ကန်ဟာ ရန်ကုန်နဲ့ 
မိုင် ၅၀ လောက်ဝေးတော့ လူတစ်ရပ်ကျော်အမြင့် အချင်း ၇ ပေလောက်ရှိတဲ့
ရေပိုက်လုံးကြီးတွေနဲ့ ရေပို့ ပါတယ်။
အပြည်ပြည်ဆိုင်ရာဆက်ဆံရေး
အစိုးရဟာ တိကျတဲ့ကြားနေရေးဝါဒကို ကျင့်သုံးခဲ့ပြီး ဦးနုဟာ အင်ဒိုနီးရှားသမ္မတ ဆူကာနို၊ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နာဆာ၊ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုး တို့နဲ့အတူ ဘန်းဒွန်းကွန်ဖရင့် နဲ့ ဘက်မလိုက်နိုင်ငံများအဖွဲ့တို့ကို ဦးဆောင်သူဖြစ်ခဲ့လို့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ
နာမည်ကောင်းခဲ့ပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံသားဦးသန့်ကို ၁၉၆၁ မှာ
နိုင်ငံတကာက ယုံယုံကြည်ကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်
ရွေးချယ်ခန့်အပ်ကြတာပါ။
၁၉၅၄ မှာ ဦးနုဟာ သူ့အတွင်းဝန် ဦးသန့် (နောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)
နဲ့အတူအိမ်နီးချင်း ယိုးဒယားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီး ဗမာဘုရင်တွေ
ယိုးဒယားပြည်ကို တိုက်ခဲ့မိတာတွေအတွက် ခွင့်လွှတ်စေလိုကြောင်း
တောင်းပန်ပြီး အယုဒ္ဓယမြို့ဟောင်းပြင်ဆင်ဖို့ အဲဒီခေတ်က ကျပ်ငွေနှစ်သန်း (အမေရိကန်ဒေါ်လာ လေးသိန်း) လက်ဆောင်ပေးပါတယ်။
အတိတ်ကို အတိတ်မှာဘဲထားခဲ့ကြဖို့ ပန်ကြားပြီး အနာဂတ်ချစ်ကြည်ရေးအတွက်
ယိုးဒယားဘက်ကလဲ ရွှေတိဂုံစေတီရဲ့ထီးတော်ကို ယိုးဒယားကလုသွားတဲ့ ရွှေတွေနဲ့
လုပ်ထားတယ်ဆိုတဲ့ ကောလဟာလမျိးတွေ ရပ်ကြရန် ပန်ကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ တစ်နှစ်တစ်ကြိမ် ယိုးဒယား-မြန်မာ ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ
သူတစ်လှည့် ကိုယ်တစ်လှည့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလာနိုင်ပါတယ်။ ဒီချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေဟာ ၁၉၅၉ ခု ကစပြီးကျင်းပလာနိုင်တဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲ တွေရဲ့အုတ်မြစ်ပါဘဲ။ ၁၉၅၉ ခုမှာတော့
ယိုးဒယားဘုရင်နဲ့မိဖုရား မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာပါတယ်။ ရွှေတိဂုံစေတီတော်ကိုဖူးမြော်တဲ့နေ့မှာ ဘုရင်နဲ့မိဖုရားနှစ်ပါးလုံး
ယိုးဒယားရိုးရာ ဝတ်စုံဝတ်ထားပြီး ရွှေတိဂုံစေတီတော်ကို အဲဒီခတ်က
ကျပ်ငွေငါးသောင်း (အမေရိကန်ဒေါ်လာ တစ်သောင်း) လှူဒါန်းခဲ့ပါတယ်။
အမေရိကန်ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်လည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး
အဖြစ်လာပါတယ်။ ဆိုဗီယက်ဝန်ကြီးချုပ် ဘူဂါနင်နဲ့ ပါတီအတွင်းရေးမှူးချုပ်
ကရူးရော့ဗ်တို့လဲ ချစ်ကြည်ရေးခရီး အဖြစ် နှစ်ခေါက်လာပါတယ်။ အပြန်မှာ
လေယာဉ်ပျံတစ်စီးနဲ့ ကျည်ဆံမပေါက်တဲ့ကားနှစ်စီး လက်ဆောင်ပေးပြီး
တောင်ကြီှးမှာ ခေတ်မီဆေးရုံတစ်လုံးနဲ့ ကြို့ကုန်းမှာ စက်မှုတက္ကသိုလ်ဆောက်ပေးမဲ့
ကတိတွေပေးသွားပါတယ်။ အင်္ဂလန်ကဘုရင်မကြင်ယာတော် အီဒင်ဘာရာမြို့စား
ဖီလစ်မင်းသားကြီးလည်း ချစ်ကြည်ရေးခရီးအဖြစ် လာပါတယ်။ မြန်မာပြည်ရဲ့
နောက်ဆုံးအင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ကိုလည်း ဖဆပလအစိုးရက
ဖိတ်လို့လာပါတယ်။
ဦးနုခေတ် မြန်မာပြည်အခြေအနေဟာ တောင်ကိုရီးယားအောက်မှာ မရှိပါဘူး။
ကျွန်းဆွယ်ပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်တာ ယိုးဒယားနဲ့မြန်မာဘဲ
ရှိပါသေးတယ်။ ၁၉၆၃ ခု ကျွန်းဆွယ်ပွဲကို အိမ်ရှင်လုပ်ရမဲ့ သီဟာနုခေတ်မှာ ကမ္ဘောဒီးယားက သပိတ်မှောက်လိုက်တော့ အခုချမ်းသာနေတဲ့ မလေးရှားကတောင် သူအိမ်ရှင်အဖြစ်လက်မခံနိုင်သေးပါဘူး၊ ၁၉၆၅ ခုနှစ်မှလက်ခံပါရစေ ၁၉၆၃ ခု ကျွန်းဆွယ်ပွဲကို ယိုးဒယားနဲ့မြန်မာ တစ်ပြည်ပြည်က အိမ်ရှင်ပြန်လုပ်ပေးပါလို့
ပြောနေရတဲ့ အချိန်ပါ။ အဲဒီအချိန်ကတရုတ်ကျွန်းလို့ အခေါ်ခံခဲ့ရတဲ့ စင်္ကာပူဟာ မလေးရှားပြည်ထောင်စုထဲက ခွဲမထွက်ရသေးပါဘူး။ ယိုးဒယားကပြည်တွင်းရေး
ကိစ္စကြောင့်လက်မခံနိုင်၊ မြန်မာပြည်က ဗိုလ်နေဝင်းကလည်း အာဏာသိမ်းအပြီး
ဂျူလိုင်လ ၇ ရက်မှာ ကျောင်းသားတွေကို ပစ်သတ်ခဲ့တဲ့ကိစ္စကစလို့ နိုင်ငံရေး
မတည်ငြိမ်တော့ လက်မခံနိုင်ဘူး။ ဒီလိုနဲ့ တတိယအကြိမ် ကျွန်းဆွယ်ပွဲကို
၁၉၆၅ ခုနှစ်မှာမှ မလေးရှားမှာ ကျင်းပပေးနိုင်ပါတယ်။
အဲဒီနောက်ပိုင်း မြန်မာပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊
တရားစီရင်ရေးကဏ္ဍများ တဖြေးဖြေးကျဆင်းလာခဲ့ပါတယ်။
ကိုးကား ။ ။ ဒေါက်တာမောင်မောင်ကြီး၏ ပြည်တော်သာခေတ်ဟောင်းမှ
ပြည်မြန်မာ ဆောင်းပါးမှကောက်နှုတ်ဖော်ပြ၍ ဓါတ်ပုံများအား
Pyidawtha the new Burma 1954 မှကူးယူဖော်ပြပါသည်။
 သတင်းပတ် တစ်ပတ်နီးပါးကြာပြီဖြစ်ပေမယ့် ဘန်ကောက်မြို့လယ်က ဗုံးဖေါက်ခွဲမှုရဲ့ နောက်ကွယ်က သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ သဲလွန်စ ပျောက်နေဆဲဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့အဆိုအရ ကံကိုယ့်ဖက်ပါဖို့ လိုနေသလို အခုလောက်ဆို ဖေါက်ခွဲသူတွေဟာ ထိုင်းကနေ ထွက်ပြေးလွတ်သွားလောက်ပြီလို့လည်း ယူဆလို့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ မနက်က ပြောကြောင်း အေပီသတင်းဌာနက ရေးသားပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဘန်ကောက်မြို့လည်က အီရာဝန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ဝ သေဆုံးကာ ၁ဝဝ နီးပါးလောက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေရာဟာ တရုတ် နဲ့ ဟောင်ကောင်က ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့နေရာဖြစ်တယ်လို့ သိရပြီး သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသားတွေက များတယ်လို့ဆိုပါတယ်။
သို့သော်လည်း အဲဒီတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်တယ်လို့ ယူဆလို့ မရကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်သလို နိုင်ငံတကာအကြမ်းဖက် အဖွဲ့တွေနဲ့လည်း ဆက်နွယ်နေတယ်လို့ ပြောလို့မရသေးကြောင်းဆိုပါတယ်။
ထိုင်းအစိုးရက သံသယရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ တိုးတက်မှုတွေရှိလာပြီလို့ မနေ့ကအထိ ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ မနက်က သံသယရှိသူတွေထွက်ပြေးလွတ်မြောက်သွားနိုင်တယ်လို့ ပြောတဲ့အတွက် နားလည်ရခက်နေပါတယ်။
(ဓါတ်ပုံ Pimuk/RFA - ထိုင်းရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲသည့်နေရာတွင် သဲလွန်စ ရှာဖွေနေစဉ်။ သြဂုတ်လ ၁၈ ရက် ၂၀၁၅)
RFA Burmese
https://www.facebook.com/pages/RFA-Burmese
Untitled-1 copy
ဟိမ၀န္တာက ရေခဲကန်တွေ ပြိုကျ လျှံကျမှုကြောင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ ရုတ်တရက်ရေကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
ဟိမ၀န္တာတောင်တန်းတွေပေါ်မှာ သဘာဝမဟုတ်တဲ့ ရေခဲကန်တွေဖြစ်ပေါ်နေပြီး အဲ့ဒီရေခဲကန်တွေ ပြိုကျလျှံကျရင် မြစ်ကြီးနားမှာ ရေကြီးနိုင်တယ်လို့ သူက ပြောပါတယ်။
“ဟိမ၀န္တာတောင်ပေါ်မှာ မိုးကောင်းနေတော့ အဲ့ဒီမှာ သဘာဝမဟုတ်တဲ့ကန်တွေ ရှိနေတယ်၊ သဘာဝမဟုတ်တဲ့ကန်ဆိုတာက ဟိမ၀န္တာတောင်မှာ ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲတွေ အရေပျော်တာ များလာပြီးတော့ ပျော်ကျလာတဲ့ရေတွေက မြေနိမ့်တနေရာမှာ သွားစုတာ ကြာတော့ ရေကန်ကြီးတွေ ဖြစ်လာတာ၊ အဲ့ဒီကန်တွေက သဘာဝ မဟုတ်တော့ တောင့်တင်းခိုင်မာမှု မရှိဘူး၊ တောင်ပေါ်မှာ မိုးများပြီဆိုရင် ကန်အောက်ခြေမြေတွေက မခိုင်တော့ မြေပြိုကျ၊ ကျတော့ ကန်ထဲမှာရှိတဲ့ ရေတွေက အရှိန်အဟုန်နဲ့ တောင်ပေါ်က တောင်အောက်ကို ဆင်းတော့ သူနဲ့ဆက်စပ်နေတဲ့ မြစ်တွေထဲ ဆင်းဆိုတော့ အဲ့ဒီမှာ ဧရာဝတီမြစ်လည်း ပါတယ်လေ။”
ဟိမ၀န္တာတောင်ကို စောင့်ကြပ်ကြည့်ရှုနေတဲ့ အဖွဲ့ နှစ်ဖွဲ့ကလည်း အဲ့ဒီကန်တွေ ပြိုကျနိုင်ကြောင်း သတိပေးထားတယ်လို့ ပြောပါတယ်။
အလားတူ အဖြစ်မျိုး မြစ်ကြီးနာမြို့မှာ ၂၀၀၄ခုနှစ်က ဖြစ်ပွားခဲ့ဖူးပြီး မြစ်ကြီးနားမြို့မှာ တနေ့တည်း ရေ ၂၃ ပေ လောက်ထိ မြင့်တက်ခဲ့ဖူးတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
မြစ်ကြီးနားမြို့ခံ ရှေနေ ဦးမာခါးက ၂၀၀၄ တုန်းက မြစ်ကြီးနာ ရေကြီးခဲ့ပုံကို ခုလို ပြောပြပါတယ်။
“အဲ့ဒီတုန်းက ကျနော်တို့ စီတာပူမှာဆိုရင် လူ တရပ်ကျော်ကျော် ရေမြုပ်တယ်၊ အိမ်အောက်ထပ်တွေဆို အကုန်ရေမြုပ်တဲ့အဆင့် ဖြစ်တာပေါ့၊ မနောကွင်းဆို ဟိုး ကြေးရုပ်တောင်မှ သူ့ရဲ့ လည်ပင်းအထိ မြုပ်သွားတယ်၊ဟုတ်တယ်။ အဲ့ဒီတုန်းက အဓိက ရေခဲပြိုကျလို့ ဖြစ်ခဲ့တာ၊ မြေပြင်မှာ ၁၀ ပေအထက် မြင့်တဲ့ထိ မြုပ်ခဲ့တာဆိုတော့ မြစ်ရေလယ်ဗယ်ကနေပြောရင် ၂၃ ပေ ဆိုတာ ဖြစ်နိုင်ပါတယ်။”
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ရေဖုံးလွှမ်းခံရမှု(ရေကြီးမှု) ၆ မျိုးရှိပါတယ်။
ကျယ်ပြန့်ရေကြီးမှု၊ လျပ်တပြက်ရေကြီးမှု၊ ဆူနာမီရေကြီးမှု၊ မုန်တိုင်းဒီရေ ရေကြီးမှု၊ လူလုပ်ရေကြီးမှုနဲ့ နယ်စပ်ကျော်ဖြတ်ရေကြီးမှုတို့ဖြစ်ပြီး ကျယ်ပြန့်ရေကြီးမှု၊ လျပ်တပြက်ရေကြီးမှု နဲ့ လူလုပ်ရေကြီးမှုတို့ မြန်မာပြည်မှာ ဖြစ်ပွားခဲ့ပြီးပြီ၊ အခု နယ်စပ်ကျော်ဖြတ်ရေကြီးမှု ဖြစ်ပွားဖို့ နီးစပ်နေပြီလို့ သူ့အင်တာနက်စာမျက်နှာကနေ သတိပေးထားပါတယ်။
ဇွန်လ ၂၄ ရက်ကနေ သြဂုတ် ၂၂ ရက်အထိ နိုင်ငံတ၀န်း ရေကြီးမှုအတွင်း လူ ၁ သန်းခွဲကျော် ရေဘေးသင့်ခဲ့ပြီး ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
လူသေဆုံးမှုမှာ ရခိုင်ပြည်နယ်ရေဘေးအတွင်းအများဆုံးဖြစ်ပြီး ၆၀ကျော် သေဆုံးခဲ့တယ်။ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၄ သိန်းကျော် ထိခိုက်ခံစားခဲ့ရပြီး အိမ် ၁ သိန်း ၈ သောင်းကျော် မျောပါပျက်စီးခဲ့ပါတယ်။
By ရွှေအောင်
http://burmese.dvb.no/archives/108872
ထိုင်းနိုင်ငံ ဘန်ကောက်ဗုံးပေါက်ကွဲမှု နောက်ကွယ်က လူတွေကို ဖမ်းမိဖို့အတွက် ကံကောင်းဖို့ လိုသလို သံသယရှိသူတွေက နိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
သြဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းထောက်တွေကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော်တို့ ကံနည်းနည်းလိုတယ်။ ရဲတွေ ကံကောင်းမယ်ဆိုရင် ကျနော်တို့ ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ လက်သည်တွေက ကံကောင်းမယ်ဆိုရင် သူတို့ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝတ် သဝေါင်ဆီရိကတော့ သံသယရှိသူ ထွက်ခွာသွားတယ်ဆိုတာကို သံသယရှိပေမယ့် ဆက်ရှာနေမှာ ဖြစ်ပြီး တိုင်းပြည်မှာ ရှိနေတဲ့ တခြားတယောက်ကို ရှာတွေ့ပြီး အထောက်အထားသဲလွန်စ ရှာဖွေနိုင်မယ်လို့ ပြောပါတယ်
By ဒီဗွီဘီ
http://burmese.dvb.no/archives/108878
စစ်တပ်ကသူ့ပါတီကို အရပ်သားပါတီ စစ်စစ်ဖြစ်သွားမှာကို မလိုလားသလို မူလပိုင်ရှင်ဖြစ်သည့် စစ်တပ် လက်အောက် ပြန်ရောက်အောင် စစ်ခေါင်းဆောင်များက ကြိုးစားလိုက်ခြင်း လည်း ဖြစ်ပုံရပါသည်။ ပြည်ခိုင်ဖြိုး ပါတီ အကွဲအပြဲသည် မြန်မာ့ဒီမိုကရေစီရေးအတွက် ကြည်နူးစရာ တစ်စက်မျှ မရှိပေ။ ပြည်ခိုင်ဖြိုးခေါင်းဆောင် အပြောင်းအလဲကြောင့်လည်း ဒီမိုကရေစီ အမြန်ဆုံးရစရာအကြောင်း မရှိပေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
NLD ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်း ထွက်လာသောအခါ တွင်အောက်ခြေနှင့် ဗဟို ပြဿနာများတက် ၏။ အောက်ခြေမှ တင်လိုက်သော ကိုယ်စားလှယ်လောင်းများကို ဗဟိုက ပယ်လိုက်သဖြင့် ပခုက္ကူတို့၊ လှည်းကူးတို့တွင် ဆန္ဒပြသည်အထိ ဖြစ်လာ၏။ ပခုက္ကူတွင် NLD ပါတီဝင် ၁၀ ဦးအထိ ဗဟိုကထုတ် ပယ်ပစ်လိုက်သည်။ ထိုသို့ ဆန္ဒပြတိုင်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်မှာ ဘယ်ဒီမိုကရေစီ ပါတီတွင်မျှ မရှိပေ။ တရုတ် ကွန်မြူနစ်ပါတီတွင်ပင် ထိုသို့ဗဟိုချုပ်ကိုင်မှု တင်းကျပ်ခြင်း မရှိပေ။ ပါတီတွင်းအပြင်း ထန်ဆုံး အရေး ယူမှုဖြစ်ပြီး ပါတီဗဟိုကို မကျေမနပ်ဖြစ်နေသည်ဟု ယူဆလျှင် ခေါ်ယူဆွေးနွေး သတိပေးသင့်၏။…
ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်ယူဆွေးနွေး ကာ နောက်ဆုံးလက်မခံမှ ထိုက်သင့်သလို အရေးယူသင့်ပါသည်။ NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းမှာ တစ်နိုင်ငံလုံးအဖို့ အာရုံစိုက်စရာ ဖြစ် လာလေသည်။ လွှတ်တော်ထဲတွင် လူထုကြိုက်သူရဲကောင်းဖြစ်နေသော ဒေါက်တာညိုညိုသင်းကို ပယ်လိုက် သည်။ ဒဂုံမြို့သစ်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့ကို ဒေါက်တာ ညိုညိုသင်းက ကန့်ကွက်ခဲ့၏။ နောက် NNER တွင်လည်း ဦးဆောင်သူ တစ်ယောက်အဖြစ်ပါလာပြီး အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးတွင် လည်း ထင်ရှားသောသူ အဖြစ်လူသိများ၏။
ဒေါ်ညိုညိုသင်းမှာ ပြည်သူ့ဘက်သားဆိုသည့် သဘောထားထားဖို့ စဉ်းစားပုံရပါသည်။ နောက် ၈၈ မျိုးဆက် ငြိမ်းပွင့်များ။ သူတို့ ဒေါ်စုနှင့်တွေ့ဆုံစဉ်တွင် အားလုံးကအားရနေကြသည်။ သူတို့ NLD နှင့် ပေါင်းကာ ဒီမိုက ရေစီပန်းတိုင်လှမ်းကိုင်နိုင် မည်ဟု မျှော်မှန်းလာကြသည်။ NLD အပေါ်ခိုးလိုးခုလုဖြစ်နေသော သူများပင်လျှင် ၈၈ နှင့် ပူးပေါင်းသည်ဆိုသောအခါ NLD ကိုမဲ ပေးထောက်ခံတော့မည်ဟု စဉ်းစားလာကြစဉ်တွင် ၈၈များကို လည်း NLD ဗဟို အလုပ် အမှုဆောင်အဖွဲ့က ပြတ်ပြတ်သားသားပင် ပယ်ချလိုက်ပါတော့သည်။ ထိုသတင်းမှာ ယခုတလော ထိပ်တန်းရောက်နေ၏။ ပြည်ခိုင်ဖြိုးကဣနြေ္ဒရှိရှိ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် NLD ကပြိုကွဲနေပြီဟု သဘောထားမှတ်ချက်များ ချကြလေသည်။
ထိုအချိန်မှာပင် ပြည်ခိုင်ဖြိုးပါတီတွင်း၌ NLD ထက်ပို၍ ပြင်းထန်သော ပါတီတွင်း အပြောင်းအလဲနှင့် တိုက်ပွဲကြီး များဖြစ်သွားပါသည်။ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ကို ပါတီမှထုတ်ပယ် လိုက်သည်ဟု ကြားရပါသည်။ ထို့ထက်မက ဦးရွှေမန်းကို အကျယ်ချုပ်ထားရှိသယောင်၊ ပြည်ခိုင်ဖြိုးပါတီကို စစ် တပ်က၀င် စီးသယောင်ပင် ၁၃ရက်နေ့က ကြားသိရလေသည်။ ပြည်ခိုင်ဖြိုး ပါတီတွင်း ဖြစ်နေသောတိုက်ပွဲ အထွတ်အထိပ် ရောက်သွားခြင်းဖြစ်ပါသည်။ NLD အမတ်လောင်းစာရင်း ပြဿနာတက်နေစဉ်က ပြည်ခိုင်ဖြိုး တို့ ဣနြေ္ဒရရ လက်ခုပ်လက်ဝါးတီးနေမည်ဟု ထင်ထားသူများမှာ နှုတ်ဆိတ်ကုန်ကြသည်။ တစ်ချိန်တည်းတွင် သမ္မတဦးသိန်းစိန်ရွေးကောက်ပွဲ ၀င်မလားဆိုသော အမေးကို သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲမ၀င်ပါဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးဦးရဲထွဋ်က အဖြေပေးလိုက်လေသည်။
အစိုးရအဖွဲ့ဝင် ၅၀နှင့် တပ်မတော်မှထိပ်တန်းဗိုလ်ချုပ်ကြီး၂ဦးအပါအ၀င် တပ်မတော်မှ အရာရှိ ၅၉ဦးလည်း ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည်ဟု သိရသည်။ ပြည်ခိုင်ဖြိုးပါတီမှဥက္ကဋ္ဌနှင့် သူ့လူများကို ဖယ်ရှားကာ စစ်တပ် ကပြည်ခိုင်ဖြိုးပါတီထဲ နေရာဝင်ယူ ကာပါတီတွင်း အာဏာသိမ်းပွဲ လုပ်လိုက်ပုံရ၏။ ဦးရွှေမန်းကို အကျယ်ချုပ် ဖမ်းဆီးသည်ဖြစ်စေ၊ မဖမ်းဆီးသည် ဖြစ်စေပါတီတွင်း အကွဲအပြဲကား သိသာသွားလေသည်။ ဦးသိန်းစိန်ဘက်မှ အသာစီးရလိုက်ပုံရ၏။ ထိုအဖြစ်မှာ အဆန်းမဟုတ်ပေ။ ပြည်ခိုင်ဖြိုး ပါတီအပြောင်းအလဲကြောင့် တိုင်းပြည် အကျိုးမဖြစ်ထွန်းပေ။ ပြည်ခိုင်ဖြိုးမှာ စစ်တပ်ပါတီဖြစ်၏။ စစ်တပ်ပါတီကို အသွင်ပြောင်းလိုသော သူရဦးရွှေမန်း ကို ပထုတ်လိုက်ခြင်းဖြစ်သည်။
ယူနီဖောင်းချွတ် စစ်တစ်ပိုင်းအစိုးရ အထိတိုင်းပြည်မှ ပြည်သူတစ်ရပ်လုံး အငမ်းမရတောင်းဆိုခဲ့သော ဒီမိုကရေ စီကို မှန်မှန် ကန်ကန်၊ တိတိကျကျဘာမျှ မလုပ်ဆောင် နိုင်ခဲ့ပေ။ ယခုဖြစ်ရပ်မှာ ပါတီတွင်းထိုင်ခုံ လုပွဲဖြစ် သည်။ အုပ်စုချင်းတိုက်ခိုက်မှုလည်း ဖြစ်၏။ Purge ခေါ် ပါတီတွင်းသန့်စင်ပွဲလည်း ဖြစ်လေသည်။ ပြည်သူလူထု အဖို့ ဘာမှမျှော်လင့်စရာ မရှိပေ။ ယခုသန့်စင်ပွဲမှာပို၍ပင် မျှော်လင့်စရာမရှိပေ။ ဒီမိုကရေစီ ပါတီဖြစ်၊ မဖြစ်ကား သူတို့ပါတီတွင်စစ်တပ် သြဇာဘယ်လောက်ထိ လွှမ်းမိုးနိုင်မနိုင်ကို ဆန်းစစ်ကြည့်ရပေမည်။
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းအာဏာလုပွဲမှာ အဆန်းတကြယ်မဟုတ်ပေ။ ဗိုလ်နေ၀င်း မွေးမြူခဲ့သော မဆလ ပါတီ တွင်း၌လည်း ထိုသို့ဖြစ်ခဲ့ဖူးပါသည်။ ဗိုလ်နေ၀င်းကသူ့ကို ခြေရာတိုင်းလာသည်ဟု ယူဆသော သူ့ တပည့်များ ကို ထိုသို့ပင်ရှင်းခဲ့ဖူး၏။ ထွန်းလင်းသန်းစိန်ဆိုသည့် ဂိုဏ်းဟူ၍ ဦးထွန်းလင်း၊ ဦးသန်းစိန်စသော ဗဟိုကော်မတီ များကို သူ့လက်ရုံး တစ်နှစ်ပိုင်းတစ်ပိုင်း ဗိုလ်တင်ဦးအား ခိုင်းစေကာ ဖြုတ်ထုတ်ရှင်းလုပ်ခဲ့လေသည်။ ဓာတ်ဆီ ၂ဂါလံခိုးထုတ်မှုကို သန်းနှင့် ချီလာဘ်စားသလိုပင် ဖမ်းဆီးခဲ့သည်။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု စသော ပုဒ်မများဖြင့် ဖမ်းဆီးကာ ထောင်ချခဲ့လေသည်။ မဆလခေတ်တုန်းက ပါတီတွင်း သန့်စင်ပွဲများပြုလုပ် လေ့ ရှိပါသည်။ ထောက်လှမ်းရေး ဗိုလ်တင်ဦးကိုလည်း အကြောင်း အမျိုးမျိုးပြ၊ နောက်ဆုံး ဗိုလ်နေ၀င်းတို့ကို အာဏာသိမ်းနိုင်သည်ဟု ယူဆကာ ဦးဘိုနီ နှင့်ဗိုလ်တင်ဦး တို့ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းများချခဲ့လေ သည်။
ဗိုလ်သန်းရွှေကလည်း သူ့ထက်စီနီယာကျသော ၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်စောမောင် ကိုဖယ် ရှားခဲ့ သည်။ ထိုသည်ကို ဗိုလ်နေ၀င်းက အစီအစဉ်ဆွဲကာ ဗိုလ်ခင်ညွန့်က လုပ်ဆောင်ခဲ့သည်။ ပြည်သူများကမူ ယခု ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ တိုက်ပွဲ၊ ဦးရွှေမန်းကို ဖယ်ချကာပါတီတွင်း အာဏာသိမ်းပွဲကို ဗိုလ်သန်းရွှေက နောက်မှ ကွပ်ကဲနိုင်သည်ဟု ယူဆကြပါသည်။ ဗိုလ်စောမောင်ကို ဖယ်ရှားကာဗိုလ်သန်း ရွှေနေရာယူစဉ် က နောက်ကွယ်ကဗိုလ် နေ၀င်းကွပ်ကဲသည်ဟု ယူဆကြသလိုယခုလည်း ယူဆနေကြခြင်း ဖြစ်သည်။ ကျိုးကြောင်းဆီလျော်သော သုံးသပ်ချက်လည်း ဖြစ်၏။ ထိုသတင်းနှင့်အတူ တပ်မတော်အရာရှိကြီးများ ပြည်ခိုင် ဖြိုးပါတီတွင်း ရောက်လာသည်ဆိုသော သတင်းမှာ ပါတီအကွဲအပြဲ၊ ပါတီသန့်စင်ပွဲစသဖြင့် မဆလ ပါတီတုန်း ကနှင့် တူနေပါတော့သည်။ စင်စစ်အားဖြင့် မဆလခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (ယခုတစညပါတီ) မှာ စစ်တပ်ကဖွဲ့ စည်းလိုက်သော ပါတီဖြစ်သလို ယခုပြည် ခိုင်ဖြိုးပါတီ (ယခင်ကြံ့ခိုင်ရေးအဖွဲ့)မှာလည်း စစ်အစိုး ရခေတ်က ဗိုလ်သန်းရွှေဖွဲ့စည်းပြီး ယခုထိစွမ်းအားရှင်လိုအဖွဲ့များ မွေးထုတ်သော ပါတီဖြစ်သလို ယခုလည်း စစ်တပ်ပါတီ အဖြစ်တည်ရှိနေဆဲပင်။
ထို့ကြောင့်လည်း စစ်တပ်ကသူ့ပါတီကို အရပ်သားပါတီ စစ်စစ်ဖြစ်သွားမှာကို မလိုလားသလို မူလပိုင်ရှင်ဖြစ် သည့် စစ်တပ်လက်အောက် ပြန်ရောက်အောင် စစ်ခေါင်းဆောင်များက ကြိုးစားလိုက်ခြင်းလည်း ဖြစ်ပုံရပါ သည်။ ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲသည် မြန်မာ့ဒီမိုကရေစီရေးအတွက် ကြည်နူးစရာ တစ်စက်မျှ မရှိပေ။ ပြည်ခိုင်ဖြိုး ခေါင်းဆောင် အပြောင်းအလဲကြောင့်လည်း ဒီမိုကရေစီ အမြန်ဆုံးရစရာအကြောင်းမရှိပေ။ စင်စစ် အားဖြင့် ပြည်ခိုင်ဖြိုးပါတီတွင်း ပဋိပက္ခသည် ပြည်ခိုင်ဖြိုးခေါင်းဆောင်များကြား အာဏာလုပွဲဖြစ်၏။ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လိုသူနှင့် ဒီမိုကရေစီလမ်း ကြောင်း ဆန့်ကျင်သူများကြား တိုက်ပွဲမဟုတ်ပေ။ ဒီမိုကရေစီ လမ်းကြောင်းကို အနှေးဆုံးသွားချင်သူများသာ ဖြစ်သည်။ ပြည်သူများအတွက် ဆုံးရှုံးစရာမဟုတ်။ စိတ်ပျက် စရာမဟုတ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း မျှော်လင့်ချက်ကြီး ပျက်စီးသွားခြင်း မဟုတ်ပေ။ ပြည် သူများ အနေဖြင့် မိမိတို့လျှောက်ရမည့်လမ်းကို စည်းစည်းလုံးလုံး လျှောက်လှမ်း ရမည် ဖြစ်သည်။ NLD ပါတီလို အထက်နှင့် အောက်ပြဿနာဖြစ်ကာ ဒီမိုကရေစီမဆန်သည့် လုပ်ရပ်ကို ပြည်သူကတားဆီးကာ ဒီမိုကရေစီ ရေး အတွက်တိုက်ပွဲဝင်ဖို့သာ အဓိကကျပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
သုံးပုံတစ်ပုံနှင့် ၂၅ ရာခိုင်နှုန်း စစ်မင်းဆက်အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ပေးမည့် သမ္မတတစ်ဦးကို ရွေးချယ်ကြလိမ့်မည် ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာဏာရပါတီတွင်း အာဏာသိမ်းမှုက မြန်မာ့နိုင်ငံရေးအပေါ် များစွာလှုပ်ခတ် သွားစေသည်။ ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို အာဏာရှင်ဆန်ဆန် လုပ်ဆောင်သွားခဲ့သည့်အတွက် အကြီးအကျယ် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက်တွင် တွေ့ခဲ့ရသော အာဏာနှင့် လက်နက်အားကိုးဖြင့် သဘောထား ကွဲလွဲသူများကို အာဏာရှင်ဆန်ဆန် အင်အားသုံး ဖယ်ရှားတတ်သည့် အလေ့အထမှာ ယခုတိုင် အမြစ်တွယ်နေဆဲဖြစ်ကြောင်း ယင်းဖြစ်ရပ်က သက်သေထူ လိုက်သည်။ ရှေ့လျှောက် စစ်ခေါင်းဆောင်များ အာဏာမဏ္ဍိုင် အသီးသီး၌ နေရာဖြန့်ကြက် ရယူထားနိုင်ရေးအတွက် တပ်မတော်ကို ခုတုံးလုပ် အသုံးချလေ့ ရှိသည့် အစဉ်အလာကိုလည်း ဆက်လက် မြင်တွေ့ရဖွယ် ရှိနေသည်။ စစ်အုပ်စုအနေနှင့် ရွေးကောက်ပွဲ အလွန်၌ အစိုးရဖွဲ့နိုင်ရေး၊ အုပ်ချုပ်ရေး အာဏာကို အပြည့်အ၀ စွဲကိုင်ထားနိုင်ရေး တို့အတွက် တပ်မတော်၏ အခွင့်အာဏာ ကိုလည်းကောင်း၊ စစ်ခေါင်းဆောင် ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီ၏ အင်အားကိုလည်းကောင်း၊ လက်ရှိ ရရှိထားသော အာဏာ အရပ်ရပ်ကိုလည်းကောင်း အသုံးချမည်မှာ ဧကန် မလွဲပင်။ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်များသည် စစ်ခေါင်းဆောင် ဟောင်းများဖြင့် ဖွဲ့စည်းသော ပြည်ခိုင်ဖြိုးပါတီနှင့် တစ်သွေးတည်း၊ တစ်သားတည်းဆိုသည့် အယူအဆမှာ ယခုအခါ ပို၍ခိုင်မာ လာပြီဖြစ်သည်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသော စစ်ဗိုလ်ချုပ်ဟောင်း ၏ ရွေးကောက်ပွဲ ကော်မရှင်က ကြီးမှူး ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အနေနှင့် နှာတစ်ဖျားသာ အနေအထားဖြင့် အနည်းဆုံး ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်နေရာ သုံးပုံတစ်ပုံ အနိုင်ရရန် မျှော်မှန်း ထားပေလိမ့်မည်။ အဆိုပါ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံနှင့် တပ်မတော်က အခွင့်ထူးခံ ရယူထားသော ၂၅ ရာခိုင်နှုန်းတို့ ပေါင်း၍ စစ်မင်းဆက် အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ပေးမည့် သမ္မတ တစ်ဦး ကို ရွေးချယ်ကြလိမ့်မည်။
တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ လက်ရှိ အခင်းအကျင်းသည် စစ်ခေါင်းဆောင်များ ကြီးစိုးသော အုပ်ချုပ်ရေး ယန္တရားအား နောက်ထပ် ၅ နှစ် ဆက်လက် တည်ထောင်ရေးကို ဦးတည်နေသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက ရက်ပေါင်း ၈၀ မျှသာ လိုတော့သည်။ မြန်မာပြည်သူတွေအတွက် အလားအလာက မကောင်းလှပေ။ စစ်ခေါင်းဆောင် အများစု ကြီးစိုး လွှမ်းမိုးသော အုပ်ချုပ်ရေး ယန္တရား အောက်တွင် နောက်ထပ် ကျရောက် ၀ပ်ဆင်းခံရ မည့် ရွေးကောက်ပွဲ မဖြစ်ရန် အထူးဂရုထား စောင့်ကြည့် ရမည့် အရေးကြီးသော အချိန်အခါ ဖြစ်နေသည်။
လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုများနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို လိုလားသော တိုင်းရင်းသားပါတီများ အပြတ်အသတ် အနိုင်ရမှသာ စစ်ခေါင်းဆောင် အများစု လွှမ်းမိုးသော အစိုးရဖြစ်မလာဖို့ မျှော်လင့်နိုင်ပေလိမ့်မည်။ ရွေးကောက်ပွဲအလွန်တွင် ဒီမိုကရက်တစ် ပါတီများနှင့် မဟာမိတ် တိုင်းရင်းသား ပါတီတို့မှ စုစုပေါင်း ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် အနိုင်ရရှိမှသာ သမ္မတ တင်မြှောက်ခွင့်၊ အစိုးရဖွဲ့ခွင့် အတွက် သေချာပေလိမ့်မည်။
စစ်ခေါင်းဆောင်များ လွှမ်းမိုးကြီးစိုးသော အုပ်ချုပ်ရေး ယန္တရားများအောက်တွင် နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ မျိုးစုံကြုံတွေ့ နေခဲ့ရသော မြန်မာပြည်သူများအနေနှင့် လာမည့် ရွေးကောက်ပွဲတွင် စစ်မင်းဆက် သက်ဆိုးရှည် သွားနိုင်မည့် ဆန္ဒမဲမျိုးကို မပေးမိစေရန် အထူးသတိပြု ကြရပေလိမ့်မည်။ မိမိ၏ဆန္ဒမဲ၏ အထောက်အကူဖြင့် စစ်မင်းဆက် အသက်ဆက်သွားခဲ့လျှင်၊ စစ်ခေါင်းဆောင်များ ကြီးစိုးသော အစိုးရတစ်ရပ် ထပ်မံပေါ်ထွက်ခဲ့လျှင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားပေလိမ့်မည်။ သို့အတွက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုများနှင့် မဟာမိတ် တိုင်းရင်းသား ပါတီများကို ပုံအောမဲပေးရန် လိုအပ်သည်။
ထိုကဲ့သို့ ပုံအောမဲပေးခဲ့ပါလျက် မသမာမှုများကြောင့် ဒီမိုကရေစီ ဘက်တော်သားများ အနိုင်မရရှိခဲ့လျှင် သော် လည်းကောင်း၊ အပြတ်အသတ် အနိုင်ရရှိ၍ အစိုးရဖွဲ့ခွင့် ရပါလျက် အာဏာမလွှဲခဲ့လျှင်သော် လည်းကောင်း ပြည်သူများ၏ ဆန္ဒမဲများ အဟောသိကံ ဖြစ်သွားလိမ့်မည် ဟူသော စိုးရိမ်မှုများ ရှိနိုင်ပါသည်။ ယင်းသို့ မတရားမှုများ ကြုံတွေ့ရသည့်တိုင် ပြည်သူတို့၏ ဆန္ဒမဲများကတော့ အဟောသိကံ မဖြစ်ပါဟု ပြောလို ပါသည်။ အနည်းဆုံးတော့ အာဏာမဏ္ဍိုင်များ၌ စစ်ခေါင်းဆောင်များ လွှမ်းမိုးကြီးစိုးမှုကို ပြည်သူက မလိုလားကြောင်း အဆိုပါ ဆန္ဒမဲများဖြင့် သက်သေပြနိုင်ရုံသာမက စစ်အုပ်စု၏ မတရားမှုများကိုပါ သမိုင်းမှတ်တမ်း ရေးထိုးနိုင်ရန် အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
အယ်ဒီတာ
၁၉-၈-၂၀၁၅
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
အစိုးရယန္တရားအတွင်းရှိ တာဝန်ရှိသူများ လာဘ်ပေးလာဘ်ယူ ရှိနေကြောင်း၊ အဂတိလိုက်စား လျက်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းကို တိုင်ကြားသည့်အခါ လိပ်မူတိုင်ကြားသည့် အဖွဲ့အစည်းမှ ပုဂ်္ဂိုလ်အချို့သည်လည်း တိုင်ကြားခံရသူနှင့် အမှုတွဲဆက်စပ်လျက် ရှိသောကြောင့် တစ်နွယ်ငင်တစ်စင်ပါ ဖြစ်ကုန်ကြ မည်ကို စိုးရိမ်သည့် အခြေအနေတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေး အများပြည်သူ အကျိုးအတွက် တိုင်စာများသည် တိုင်ပတ်လျက်ရှိနေတော့သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဂတိ (၄)ပါးရှိပါသည်။
(၁) ဆန္ဒဂတိ-လူတစ်ဦးတစ်ယောက်အား ခင်မင်မှုအရသော်လည်းကောင်း ၊ တံစိုးလက်ဆောင်ငွေကြေး ပစ္စည်း တစ်စုံတစ်ရာ ရလိုမှုကြောင့်သော်လည်းကောင်း မလိုက်သင့်သော ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း ကို ခေါ်သည်။
(၂) ဒေါသဂတိ- လူတစ်ဦးတစ်ယောက်အား စိတ်ဆိုး၍သော်လည်းကောင်း၊ ရန်ငြိုးထား အမျက်ပွား၍ သော် လည်းကောင်း မလိုက်သင့်သည့် ဘက်လိုက်၍ မပြုသင့်သည်ကို ပြုခြင်းကိုခေါ်သည်။
(၃) မောဟဂတိ-ဆင်ခြင်တုံဉာဏ်မရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်ကို လိုက်၍မပြုသင့်သည် ကိုပြုခြင်ကို ခေါ်သည်။
(၄) ဘယာဂတိ-တစ်စုံတစ်ခုကို ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်ကို လိုက်၍မပြုသင့်သည်ကို ပြုခြင်းဖြစ် သည်။…
အဂတိလိုက်စားမှုသည် …
(၁) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်သော နိုင်ငံများ၊
(၂) အာဏာသိမ်းမှု သို့မဟုတ် အစိုးရအပြောင်းအလဲ မကြာခဏပေါ်ပေါက်လေ့ရှိသည့် နိုင်ငံများ၊
(၃) ပြည်တွင်းစစ်သော်လည်းကောင်း၊ လူမျိုးရေး ပဋိပက္ခသော်လည်းကောင်း သဘာဝဘေးအန္တရာယ် တစ်ခုခု သော်လည်းကောင်း အခါအားလျော်စွာ ပေါ်ပေါက်နေသည့် နိုင်ငံများ၊
(၄) စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့လည်းကောင်း၊ အစိုးရတစ်ရပ်မှ အစိုးရ သစ်တစ်ရပ်သို့ ကူးပြောင်းနေဆဲ နိုင်ငံများ၊
(၅) ဒီမိုကရေစီ စနစ်မထွန်းကားသေးသော နိုင်ငံများ ။
ယင်းနိုင်ငံများတွင် အဂတိလိုက်စားမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ထက်ပိုများသည်။ အထူးသဖြင့် Rule of Law “တရားဥပဒေစိုးမိုးမှု” မရှိသည့် နိုင်ငံများတွင် အဂတိလိုက်စားမှုသည် နိုင်ငံနှင့်အ၀န်း ဖလန်းဖလန်းထလေ့ ရှိသည်။
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်း အချက်အလက်များနှင့် တစ်ထပ်တည်း နီးပါးကျသည့် နိုင်ငံများတွင် ပါဝင်လျက်ရှိသည်။
အခြားဒီမိုကရေစီနိုင်ငံများ-အထူးသဖြင့် အိမ်နီးချင်းဒီမိုကရေစီ နိုင်ငံများရှိ အစိုးရဌာနပေါင်းစုံ၊ နေရာပေါင်းစုံမှာ အဂတိ လိုက်စားမှုမျိုးစုံ၊ လာဘ်ပေးလာဘ် ယူမှုမျိုးစုံရှိကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလောက် ““အဆိုးဖြင့် ကျော်စောမှု”” (notoriety) မရှိကြ။ ယခုနှစ် CPI ညွှန်းကိန်း (Corruption Perception index)များ အရ အဂတိလိုက်စားမှုရှိသည့် နိုင်ငံပေါင်း ၁၇၅နိုင်ငံတွင် မြန်မာနိုင်ငံသည်အဆင့် ၁၅၆နေရာတွင် ရပ်တည်လျက် ရှိသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ယဉ်နေသော လာဘ်ပေးလာဘ်ယူမှုများ
၁။ သဒ္ဓါကြေး သို့မဟုတ် ဘောက်ဆူး (Tip)
အခြားလာဘ်ပေးလာလ်ယူမှု ထက်စာလျှင် ပမာဏနည်းကောင်းနည်းမည်။ ပေးသူ၏ဆန္ဒတွင် စေတနာရှိ သလောက်ပေးသည့်အတွက် သဒ္ဓါကြေးဖြစ်သည်။ သဒ္ဓါကြေးအတွက် လက်ခံသူစောဒကမ တက်အောင် ပေးသူကစီစဉ်ရသည်။
၂။ လက်ဆောင် (gift)
များသောအားဖြင့် ငွေကြေးပါဝင်မှု မရှိသော်လည်း တန်ဖိုးကြီးယမကာများ ပါဝင်သည်။ Eg; တစ်ပုလင်း ၂၇ သိန်းတန် ““Louis 13”” ကဲ့သို့မျိုး ယမကာများပါဝင်သည်။ မြန်မာ့ဓလေ့ အခါကြီးရက်ကြီးဂါရ၀ ပြုပေးကမ်း သည်မှ ရောယှက်ပါဝင်လာသည်။
၃။ ငြိမ်ဆေး (Soft)
လာဘ်ယူသင့်မယူသင့် ဒွိဟဖြစ်နေသူကို ယူဖြစ်အောင် စည်းရုံးသိမ်းသွင်းပြီး ကျေနပ်သွားအောင် လာဘ်ထိုး သည်။ ကျုံးသွင်းကမ်းလှမ်းသော လာဘ်ပေးနည်း တစ်မျိုးဖြစ်သည်။
၎။ ပုံမှန်ဝင်ငွေအပြင် အခြားနည်းရသော အခွင့်အရေး (သို့) ရာထူးလုပ်ငန်း သဘာဝအရ ရရှိအောင်အကျိုး ခံစားခွင့် (Perk)
Perk သည် ရေလောင်းသည်ဟုလည်း အဓိပ္ပာယ်ရသည်။ ရေမလာလျှင်ရေ မလာဘူးဆိုသည့် သဘာဖြစ်သည်။
၅။ အပေါ်ယံမလိုင်ကို ကဲ့ယူခြင်း (Skimp)
ရရှိသည့် ခွဲတမ်း၊ ဘတ်ဂျက်ဝေစု အစရှိသည်များထဲမှ မိမိအတွက် ““ဦးဖယ်”” သည့် လုပ်ရပ်၊ ကျန်သည့် အနည်းအကျဉ်းလောက်ကိုသာ အများပြည်သူကို ခွဲတမ်းချတော့သည်။
၆။ ဘက်လိုက် မျက်နှာသာပေးမှု (Favouritism)
တစ်ပတ်စဉ်တည်း၊ (Same in take) အစ်ကိုကြီး၊ ညီလေး၊ အဘ စသည် လူပုဂ်္ဂိုလ်စွဲနှင့် ဒေသစွဲ၊ လူမျိုးဘာသာ စွဲ စသည်တို့ကိုအခြေခံပြီး အဂတိလိုက်စားကြသည်။
၇။ နေ,စားငြိမ်းခွင်များ (Free Accomoditon) လူတစ်စုအတွက် နေ,စားငြိမ်းခွင်များ ထွန်းကာလျက်ရှိသည်။
၈။ ခင်မင်ရင်းနှီးမှုကြောင့် သဘောတူညီချက်များ (Sweetheart deal) နှစ်ပရိစ္ဆေဒကြာရှည်စွာ ကတည်းက မြန်မာပြည်တွင် အသုံးပြုနေဆဲ အဂတိလိုက်စားမှုသို့ဝင်ရာ ““လမ်းကြောင်း”” ဖြစ်သည်။
၉။ မသမာကြေး ဖြတ်စားလျှပ်စားငွေ (Kickbcks)
အရိုးစွဲနေသည့် လာဘ်စားမှုတစ်ခုဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာငွေစာရင်းသို့ မရောက်ရှိသည့် အခွန်အခ၊ ဒဏ်ကြေးနှင့် အခြားနည်းငွေပေးငွေယူမှုများ ၊
၁၀။ အလှူငွေနှင့် ၀တ္ထုပစ္စည်းများ (Donation and Property)
ရရှိထားသည့် အာဏာကိုအရင်းတည်လျက် လုပ်ပိုင်ခွင့်တစ်ရပ်ကို တရားနည်းလမ်း တကျမဆောင်ရွက်ကြ၊ ဦးစားပေးအဖြစ် မိမိနှင့်မိမိဆွေမျိုးသားချင်း၊ ခရိုနီများ အတွင်းအပြင်၊ စည်းဝင်တပည့်တပန်းများကို ဦးစား ပေးခံစားစေသည်။
၁၁။ ဖယ်ရှားခြင်း (Purge)
ဘေးဖယ်ပစ်ခြင်း၊ နုတ်ထွက်စေခြင်းများသည် အာဏာရှင်၏ အာဏာတည်မြဲရေး အဂတိလိုက်စားမှုဖြစ်သည်။
အစိုးရယန္တရားအတွင်းရှိ တာဝန်ရှိသူများ လာဘ်ပေးလာဘ်ယူရှိနေကြောင်း၊ အဂတိလိုက်စားလျက်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းကို တိုင်ကြားသည့်အခါ လိပ်မူတိုင်ကြားသည့် အဖွဲ့အစည်းမှ ပုဂ်္ဂိုလ်အချို့သည် လည်း တိုင်ကြားခံရသူနှင့် အမှုတွဲဆက်စပ်လျက်ရှိသောကြောင့် တစ်နွယ်ငင်တစ်စင်ပါ ဖြစ်ကုန်ကြမည်ကို စိုးရိမ်သည့်အတွက်ကြောင့်လည်းကောင်း (သို့မဟုတ်) ဆက်စပ်နေသည့် အခြားအကြောင်း တရားများကြောင့် လည်းကောင်း (သို့မဟုတ်) အဂတိလိုက်စားမှုကို လုံးဝအရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း လေ့လာသူ တွေက သုံးသပ်ကြသည်။
ယင်းကိစ္စအတွက် သက်ဆိုင်ရာမှ တစ်ဆင့် အကြီးအကဲဆီသို့ ဆက်လက် တင်ပြတိုင်ကြားသည့်အခါ အကြီး အကဲသည်လည်း ထဲထဲဝင်ဝင် ပတ်သက်နေသူ ဖြစ်ကောင်း ဖြစ်မည်ဟူသည့်အခြေအနေတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေး အများပြည်သူအကျိုးအတွက် တိုင်စာများသည် တိုင်ပတ်လျက်ရှိနေတော့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarheral
ပျိုးဝယ်ပြီးပြန်စိုက်ရင် တစ်ဧကအနည်းဆုံး ၃သိန်း ကုန်ကျစရိတ်ရှိတယ်လို့ လယ်သမားတွေက ဆိုပါတယ်။ ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို ဆိုင်းငံ့ပေးခြင်းအပါအ၀င် လိုအပ်တဲ့ အကူ အညီတွေ အစိုးရဆီက မရခဲ့ဘူးဆိုရင် လယ်သမားလူတန်းစား အခြေယိုင်သွားနိုင်တယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားနေ တဲ့ ရေကြီးရေလျှံဖြစ်စဉ်တွေ က မြန်မာ့စီးပွားရေးနဲ့ ကုန်ထုတ်စွမ်းအားအပေါ် ဘယ်လောက် အတိုင်း အတာ သက်ရောက်မလဲဆိုတာ သက်ဆိုင်ရာပညာရှင်တွေက ဘက်စုံထောင့်စုံမှ စိစစ်တွက်ချက်နေကြမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လ အနည်းငယ်ကချမှတ်ခဲ့တဲ့ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) ရှုထောင့်က ကြည့်လိုက်ရင် အတော်လေး “အထိနာ”သွားတာကို တွေ့ရတယ်။ နိုင်ငံတစ် ၀န်းဖြစ်ပွားခဲ့ တဲ့ ရေကြီးရေလျှံမှုတွေကြောင့် စိုက်ခင်းဧကအမြောက် အမြား ရေ၀င် နစ်မြုပ်ခဲ့လို့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်လာတယ်။
သြဂုတ် ၁၇ရက်ထုတ် အစိုးရသတင်း စာပါလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ထုတ်ပြန်ချက် အရ တနင်္သာရီ တိုင်းဒေသကြီးကလွဲပြီး မြန်မာနိုင်ငံတစ်ဝန်း ရေ၀င်နစ်မြုပ်တဲ့ စိုက်ဧကပေါင်း ၁ ဒသမ ၄သန်း ကျော်(၁,၄၂၉,၇၃၄ဧက) ရှိတယ်။ ရေမြုပ်လယ်ဧကတွေထဲမှာ ဆန်စပါး အဓိကထွက်တဲ့ စစ်ကိုင်း၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေ အများဆုံးဖြစ်နေတယ်။…
ပဲခူးတိုင်းဒေသကြီး – ၃၇၅,၉၂၅ဧက၊
ဧရာဝတီတိုင်းဒေသကြီး – ၃၀၆,၀၁၅ဧက၊
စစ်ကိုင်းတိုင်းဒေသကြီး – ၁၈၇,၈၅၆ဧက၊
ဆန်ထွက်နှုန်းများတဲ့ တိုင်းဒေသကြီး ၃ခုမှာ ရေ၀င်နစ်မြုပ် စိုက်ဧကပေါင်း ၈၆၉,၇၉၆ ဧကရှိလို့ စုစုပေါင်း ရေမြုပ်ဧက ပမာဏရဲ့ ၆၀ရာခိုင်နှုန်းကျော်ရှိတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း ရေမြုပ်ဧက ၃သိန်းနီးပါး ရှိလို့ ခြုံငုံလိုက်ရင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် အနည်းနဲ့အများတော့ သက်ရောက်မှုရှိလာမှာဖြစ်ပါ တယ်။
မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ထံမှ သိရတဲ့အချက်အလက်တွေအရ နှစ်စဉ်မိုး စပါးစိုက်ဧက ၁၅သန်းရှိတယ်။ လတ်တလော ရေ၀င်နစ်မြုပ်သွားတဲ့ စိုက်ဧကထဲမှာ စပါးစိုက်ဧက ဘယ်လောက်ပါဝင် နေသလဲဆိုတာ ခွဲခြား ထုတ်ပြန်ခြင်းမရှိပေမယ့် အများစုက စပါးစိုက်ဧက ဖြစ်မယ်ဆိုတာကိုတော့ မှန်းဆလို့ရနိုင်တယ်။
ရေကြီးရေလျှံမှုကြောင့် မြန်မာ့စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား အပေါ်သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ၂ချက် “ဆွဲထုတ်” ပြစရာရှိလာတယ်။ ပထမအချက်က အမျိုးသားပို့ကုန် မဟာဗျူဟာအပေါ် သက်ရောက်မှုဖြစ်ပြီး ဒုတိယအချက်က ပို့ကုန်ဝင်ငွေလျော့ကျဖွယ် ရှိခြင်းဖြစ်ပါတယ်။
၂၀၁၅ခု၊ ဧပြီလဆန်းမှာ အစိုးရက အမျိုးသားပို့ကုန် မဟာဗျူဟာကို စတင်အကောင်အထည်ဖော်ဖို့ ချမှတ်ခဲ့ တယ်။ ၂၀၁၃ခု၊ ဧပြီလက စတင်ရေးဆွဲခဲ့တဲ့ အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းဟာ ၂နှစ်ကြာမြင့်ပြီးနောက် ထွက်ပေါ်လာခြင်း ပဲဖြစ်ပါတယ်။ စုစုပေါင်း ၅နှစ်ကြာမြင့်မယ့် အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းမှာ ကုန်စည်အနေနဲ့ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံတွေကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ လတ်တလော ဖြစ်ပွားနေတဲ့ရေလွှမ်းမိုးမှုကြောင့် ဗွေဆော်ဦးနှစ်မှာပဲ စိန်ခေါ်မှုတွေကိုရင်ဆိုင် ရမယ့် သဘောရှိနေတယ်။ အထူးသဖြင့် ဆန်စပါးကဏ္ဍဆိုရင် အရှိန်ရစပြုလာတဲ့ မြင်းကို “ဇက်ကြိုးဆောင့်ဆွဲ” လိုက်သလို ဖြစ်သွားတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက ပြည်ပကို ဆန်စပါးတန်ချိန် ၁ဒသမ ၈သန်းကျော်တင်ပို့နိုင်ခဲ့လို့ စံချိန်တင် သွားတယ်။ ဒါကြောင့်၂၀၁၅-၁၆ဘဏ္ဍာနှစ် မှာအရင်နှစ်ထက်ပိုမိုတင်ပို့ဖို့ ရည်မှန်းချက် ချမှတ်ထားခဲ့တယ်။ ၂၀၁၅ ခု၊ ဇူလိုင်၁၇-ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၃၉၇, ၆၀၇၊ ဆန်ကွဲတန်ချိန် ၁၈၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်ထားတယ်။
ဒါပေမဲ့ ဇူလိုင်လလယ်ပိုင်းကစပြီး မြန်မာပြည် တစ်လွှား ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် ပြည်တွင်း မှာ ဆန်စပါး ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းမှ ကာကွယ်နိုင်ဖို့၊ ပြည်တွင်းဆန်ပြတ်လပ်မှုမရှိ စေဖို့အတွက် ပြည်ပသို့ဆန် တင်ပို့ရောင်းချမှုကို စက်တင်ဘာလလယ်ပိုင်းအထိ ပိတ်ပင်လိုက်တယ်။ အဲဒါတင်မက ပြည် တွင်းမှာ ဖူလုံမှုမရှိခဲ့ဘူးဆိုရင် ပြည်ပကနေ ၀ယ်ယူတင် သွင်းသွားမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့အထိ ရိုက် ခတ်သွားတယ် မဟုတ်ပါလား။
တစ်ဖက်ကကြည့်ရင် မြန်မာနိုင်ငံဟာ ပြည်ပကုန်သွယ်ရေးမှာ တစ်ဖက်စောင်းနင်းလိုငွေပြလာတယ်။၂၀၁၄-၁၅မှာ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၂၈ဘီလီယံ အထိရောက်လာပေမယ့် သွင်းကုန်သာများပြီး ပို့ကုန်က နည်းပါးလို့ ကုန်သွယ်ရေး လိုငွေပြမှု ၅ဘီလီယံရှိခဲ့တယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အများဆုံး စံချိန်တင်သွားတယ်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံပို့ကုန်ဝင် ငွေက ဒေါ်လာ ၁၀ဘီလီယံကျော် ရှိခဲ့ပေမယ့် ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် လွန်စွာနည်းပါးနေသေး တာကို တွေ့ရတယ်။
မြန်မာ – ၁၀ ဘီလီယံ၊
ဖိလစ်ပိုင် – ၅၂ ဘီလီယံ၊
ဗီယက်နမ် – ၁၁၄ဒသမ၅ဘီလီယံ၊
အင်ဒိုနီးရှား – ၁၉၀ ဘီလီယံ၊
မလေးရှား – ၂၂၇ဒသမ၄ဘီလီယံ၊
ထိုင်း – ၂၂၉ ဒသမ ၅ ဘီလီယံ၊
စင်ကာပူ – ၄၀၈ဒသမ၃ ဘီလီယံ၊
ရေရှည်မှာ အမျိုးသားပို့ကုန်ဝင်ငွေ တိုးတက်လာခြင်းမရှိရင် တိုင်းပြည်စီးပွားရေး ဦးမော့လာနိုင်ဖွယ်မမြင်ဘူးလို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြတယ်။ ဒါကြောင့် အမျိုးသားပို့ကုန်မြှင့်တင်ရေးဘက်ကို ဦးလှည့်လာ တယ်။
တစ်ဖက်ကလည်း စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ အရှိန်ရဖို့အတွက် ပို့ကုန်ဝင်ငွေမြင့်လာရေးက ရှေ့တန်း ရောက်လာတယ်။ ဒါကြောင့် အစိုးရဘက်က ပို့ကုန်တိုးမြှင့်ရေး မဟာဗျူဟာကို ဂျာမန်အပြည် ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)၊ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ (ITC)တို့ ကူညီထောက်ပံ့မှုတွေ ရယူရေး ဆွဲပြီးအကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း လက်တွေ့ကျကျ သုံးသပ်စရာ တွေရှိလာတယ်။
– ဆန်၊ ပဲ၊ ဆီထွက်သီးနှံတွေက စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်လို့ ကုန်ကြမ်း အဆင့်တင်ပို့နေရုံနှင့် မလုံလောက် ဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တင်ပို့နိုင်မှသာ ပို့ကုန်ဝင်ငွေ သိသိသာသာမြင့်တက်လာဖွယ်ရှိခြင်း။
– စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ် ခြင်း၊
– တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ဖို့ ငွေကြေးနှင့်နည်းပညာတို့ မဖြစ်မနေလိုအပ်လာခြင်း၊ စက်မှု ကဏ္ဍတိုး တက်မှုပါတစ်ဆက်တည်း လိုအပ်လာခြင်း၊
– အခြေခံအဆောက်အအုံ ဖြည့်ဆည်းပေးခြင်း အပါအ၀င် အစိုးရဘက်မှ လုံလောက်သော ပံ့ပိုးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးနိုင်ဖို့ လိုအပ်ခြင်း၊
– နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI)ထဲမှာ စိုက်ပျိုးရေးကဏ္ဍထဲသို့ ၀င်ရောက်မှုက ၀ဒသမ၅ရာခိုင်နှုန်း ၀န်းကျင် သာရှိရာ ပမာဏအားဖြင့် လွန်စွာနည်းပါးနေခြင်း။
အမျိုးသား ပို့ကုန်မဟာဗျူဟာက ၅နှစ်စီမံကိန်းဖြစ်လို့ အလုပ်ဖြစ်၊ မဖြစ်ဆိုတာ ရေရှည်စောင့်ကြည့် သွားရမှာ ဖြစ်ပေမယ့် ပို့ကုန်ဝင်ငွေ တိုးမလာဘူးဆိုရင် တိုင်းပြည်စီးပွားရေးကလည်း ဦးမော့လာမှာ မဟုတ်လို့ အစိုးရ အနေဖြင့် ဗျူဟာချမှတ်ရုံလောက်နဲ့ မလုံလောက်ဘဲ အရေးတကြီး ဖိဖိစီးစီးဆောင်ရွက်ရမယ့် ကိစ္စတွေ များစွာ ရှိနေတယ်လို့ ဝေဖန် ထောက်ပြမှုတွေ ထွက်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်နဲ့ တိုက်ဆိုင်စွာပဲ ရေကြီး ရေလျှံမှုတွေကို ရင်ဆိုင်ကြုံတွေ့ရလို့ “အထိနာ”သွားတယ်။
ယခုနှစ်အတွက် မြန်မာနိုင်ငံပို့ကုန် ၀င်ငွေလျာထားချက်မှာ လယ်ယာကဏ္ဍကို ဒုတိယအများဆုံး ၀င်ငွေအဖြစ် မှန်းထားတယ်။ ပမာဏအားဖြင့်ဒေါ်လာ ၂ဒသမ ၉ဘီလီယံအထိ မှန်းထားတယ်လို့ စီးပွားကူးသန်းစာရင်း ဇယားတွေအရသိရတယ်။
ဒါပေမဲ့ လက်ရှိရေလွှမ်းမိုးမှု ပမာဏနဲ့ ဧရိယာတွေက ကြီးမားကျယ်ပြန့်လို့ လျာထားချက်ပြည့်မီဖို့ ခက်ခဲသွား တယ်။ လတ်တလော ဆန်စပါးတင်ပို့မှုကို ရပ်ဆိုင်းလိုက်ရတဲ့အပြင်ပဲမျိုးစုံ၊ ဆီထွက်သီးနှံအစရှိတဲ့ လယ်ယာ ထွက်ကုန်တွေကိုလည်း အနည်းနဲ့အများ ထိခိုက်မှုရှိလာမှာပါ။
လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းအသားတင် ထုတ်ကုန်လုပ်မှုတန်ဖိုး (GDP) ပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍပါဝင် နှုန်းက ၃၂ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင်ရရှိမှု ၆၀ရာ ခိုင်နှုန်းရှိတယ်လို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OEDC)က ၂၀၁၅ခု၊ ဇန်န၀ါရီလထဲမှာ ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးမှု အကျိုးဆက်ကြောင့် ပို့ကုန်ဝင်ငွေလျော့ကျသွားရင် GDP ထဲမှာ စိုက်ပျိုးရေးကဏ္ဍ ပါဝင်နှုန်းအချိုးကလည်း လျော့ကျသွားမှာ ဖြစ်တယ်။
လတ်တလောမှာပဲ ရေလွှမ်းမိုးမှုကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုတွေ၊ ၀င်ငွေဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရတယ်။ ဒါကြောင့် OEDC က ထုတ်ပြန်ထားတဲ့ စိုက်ပျိုးရေးကဏ္ဍ အလုပ်အကိုင်ရရှိမှု ၆၀ရာခိုင်နှုန်း ကနေအောက် ဘက်ကို မလွဲမသွေလျော့ကျ သွားတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လယ်ဧကတွေရေ၀င် နစ်မြုပ်ပြီး မျိုးစပါးတွေပါ ပျက်စီးဆုံးရှုံးခဲ့လို့ မိုးစပါးအတွက်နိုင်ငံတော်မှ ချေးယူ ထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကလည်း လယ်သမားတွေအတွက် တစ်ပူပေါ် နောက်ထပ် တစ်ပူ ဆင့်သွား စေတယ်။ ကာလငွေကြေး တန်ဖိုးအရ ပျိုးဝယ်ပြီးပြန်စိုက်ရင် တစ်ဧက အနည်းဆုံး ၃သိန်း ကုန်ကျစရိတ်ရှိတယ် လို့လယ်သမားတွေက ဆိုပါတယ်။ ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို ဆိုင်းငံ့ပေးခြင်း အပါအ၀င်လိုအပ်တဲ့ အကူအညီတွေ အစိုးရဆီကမရခဲ့ဘူးဆိုရင် လယ်သမားလူတန်းစား အခြေယိုင်သွားနိုင်တယ်။
ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံနစ်နာဆုံးရှုံးမှုက “အသွား-အပြန်” သဘော မျိုးဖြစ်သွားတယ်။ ကုန်ထုတ်လုပ် မှုနဲ့ ပို့ကုန်ဝင်ငွေလျော့ကျသွားမှာ ဖြစ်သလို တစ်ဖက်ကလည်း ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ငွေကြေးကျခံသုံးစွဲရ တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၀င်ငွေလျော့ကျမှုနဲ့ အသုံးစရိတ်မြင့်တက်မှုကို တစ်ပြိုင်နက်တည်းကြုံတွေ့ရမှာဖြစ်တယ်။ အခြားသော ဆက်စပ်နေတဲ့ အချက်တွေ ကိုပါထည့်သွင်း စဉ်းစားလိုက်ရင် “ဘောင်ကျယ်” သွားနိုင်တယ်။
– အသုံးစရိတ် မြင့်တက်လာခြင်း ကြောင့်ဘတ်ဂျက် လိုငွေပြမှုအပေါ် သက်ရောက်မှု ရှိလာနိုင်ခြင်း။
– ပို့ကုန်ဝင်ငွေ လျော့ကျသွားရင် သွင်းကုန်-ထုတ်ကုန် ပမာဏအကြား ကွာဟမှုပိုမိုကြီးမားလာပြီး ကုန်သွယ် ရေးလိုငွေပြမှု ပို၍များပြားလာနိုင်ခြင်း။
– မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားခြင်း။
ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းနဲ့အတူ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းတွေ ကလည်းလက်ရှိမြန်မာ့ စီးပွားရေး ကို ရောင်ပြန်ဟပ်နေတယ်။ ပို့ကုန်ကဏ္ဍမှာ ၀င်ငွေလျော့ကျသွားတာကြောင့် အစိုးရအနေနဲ့ ရေဘေး ပြန်လည် ထူထောင်ရေးမှာ မှန်ကန်တဲ့ဗျူဟာတွေချမှတ်ပြီး လိုအပ်တဲ့ ကဏ္ဍတွေကို ငွေကြေးစီးဝင်သွားနိုင်ဖို့ လိုအပ် တယ်။ ဒါကြောင့် ပြည်ပအလှူရှင် နိုင်ငံတွေက ရရှိလာတဲ့ အလှူငွေတွေကို သုံးစွဲရာမှာ ပွင့်လင်းမြင်သာ မှုရှိဖို့ လိုအပ်တယ်။ တစ်ဖက်မှာလည်း ကယ်ဆယ်ရေး ရှုထောင့်တစ်ခုတည်းသာမက တိုင်းပြည်ထူထောင်ရေး၊ စက်မှု ကဏ္ဍ၊ SMEsနဲ့ကုန် ထုတ်လုပ်ငန်းများအပါအ၀င် အခြားလိုအပ်တဲ့ ကဏ္ဍတွေကိုပါ တစ်ပါတည်း “ဆွဲခေါ်” သွားနိုင်မှ တော်ကာကျမယ် မဟုတ်ပါလား။
(သြဂုတ် ၁၇-ရက်၊ ၂၀၁၅ခု။)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ရာချီနေသောဆည်ကြီးများနှင့် လုပ်ငန်းကြီးများကြောင့် ပျက်စီးသွားရသော သဘာဝ ပတ်ဝန်းကျင်သည် ကုရာနတိ္ထ ဆေးမရှိတော့ သည့် ရောဂါဆိုးကြီး လိုပင် မြန်မာနိုင်ငံကို အလျင်အမြန်ဝါးမျိုခဲ့လေသည် … ယင်းတို့အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ အဖြေကို ပြည်သူတိုင်းရင်တွင် နက်နက်ရှိုင်းရှိုင်း သိပြီးသားသာ ဖြစ်ပေသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံတွင် ရေဘေးအကြီး အကျယ်သင့်ခဲ့ရပြီး နောက်ပိုင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင် အပါအ၀င် ပညာရှင်အသီးသီး၏ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။ ယင်းတို့ကို လက်ရှိ အစိုးရပြဿနာနှင့် ယခင်စစ်အစိုးရလက်ထက်က သယ်ဆောင်လာခဲ့သောပြဿနာဟု နှစ်ပိုင်းခွဲရှုမြင် နိုင်မည်ဖြစ်သည်။ အရေးပေါ် တုံ့ပြန်မှုများ ယိုယွင်းအားနည်းခြင်းက လက်ရှိပြဿနာဖြစ်ပြီး အစဉ်အဆက် ယိုယွင်းမှုကြောင့် ထိခိုက်ခံစားရမှု ကြီးမားသည်က ယခင်အစိုးရပြဿနာဖြစ်သည်။
● ဘယ်လို
တိုင်းနှင့် ပြည်နယ် ၁၃ခု၊ လူဦးရေ တစ်သန်းကျော်၊ စိုက်ပျိုးဧက ၆သိန်း (မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေဧရိယာ၏ ၈၀ ရာခိုင်နှုန်းနီးပါး)မျှ ရေဘေးဒဏ်သင့်ခဲ့ပြီး နှစ် ၅၀အတွင်းအမြင့်ဆုံးစံချိန်ဖြစ်သည်။…
ဇွန်လကုန်၊ ဇူလိုင်လဆန်းမှ စတင်ရွာသွန်းခဲ့သည့် မိုးရွာသွန်းမှုစံချိန်သည် တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အများဆုံးဖြစ်သည်။ မုန်တိုင်းနှစ်ခု အကြားရောက်သွားသော မြန်မာနိုင်ငံသည် မိုးရွာ သွန်းမှုစံချိန် တစ်ကမ္ဘာလုံးတွင် အများဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လလယ်ခန့်မှစတင်ပြီး ရွာသွန်းသောမိုးကြောင့် ဇွန်လကုန်ပိုင်းမှစတင်ပြီး ရေကြီးနိုင်သည့် လက္ခဏာများ ပြခဲ့ကာ အထက်ပိုင်းမှ တစ်ဆင့်ပြီးတစ်ဆင့် မြန်မာနိုင်ငံအောက်ပိုင်းရောက် သည့် တိုင် ရေကြီးခြင်း၊ မြေပြိုခြင်း များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
မြစ်ဖျားချောင်းဖျားမှသည် ဆည်များတိုင်အောင် စိုးရိမ်ရေမှတ်များ ကျော်ခဲ့ပြီး ရေကြီးမှုစတင်ချိန်မှ တစ်လ ကျော်အကြာတွင် အစိုးရသတင်းစာများ ကိုယ်တိုင်က ရေပိုလွှဲများမှ ရေဖောက်ချခဲ့ရသည့် ဆည် ကြီးများစာရင်း ကို အကျယ်တ၀င့်ကြေညာခဲ့ရာ ဆည်ကြီးများအားလုံးလိုလိုပင် ရေပို လွှဲမှရေဖောက်ချခဲ့သည် ကို တွေ့မြင်ရ သည်။ ကယားပြည်နယ်မှအပ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရေဘေးသင့်ဒဏ် ခံစားခဲ့ရခြင်းဖြစ်ပြီး တောင် ပေါ်ဒေသများတွင် မြေပြိုမှုဒဏ်များ ခံစားခဲ့ရခြင်းဖြစ်သည်။
● ဘာကြောင့်
ရေဘေးသင့်ဧရိယာ အဘယ်ကြောင့် ကြီးမားကျယ်ပြန့်သွားရသနည်းဆိုလျှင် အဓိကပြဿနာမှာ သဘာဝပတ် ၀န်းကျင်ယိုယွင်းမှုဖြစ်သည်။ အဘယ်ကြောင့် ယိုယွင်းသနည်းဆိုလျှင် အဓိက တာဝန်ယူရမည့်သူမှာ စစ်အစိုးရ သာဖြစ်ပြီး စစ်အစိုးရကြောင့်ဟုသာ ဆိုရမည်ဖြစ်သည်။
တစ်တောလုံးပြောင် တစ်တောင်လုံးရှင်းစနစ်ဖြင့် သစ်ထုတ်လုပ်ခဲ့သဖြင့် ရေဝေရေလဲဧရိယာ မြောက်မြားစွာ ဆုံးရှုံးခဲ့ရပြီး တောင်ကုန်းများ၊ ကုန်းမြင့်များစသည့် ယခင်သစ်တောဧရိယာများမှာ မြေဆီလွှာ ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် မိုးရေနှင့် အတူမျောပါသွားသော မြေဆီလွှာများက ချောင်းများ၊ မြစ်များဆီသို့ ဦးတည်သွား သည်။ ထိုမျှမက မြစ်ညာဒေသများရှိ ဧရာမရွှေတူးဖော်ရေး၊ သတ္တုတူးဖော်ရေး၊ ကျောက် မျက်တူးဖော်ရေး လုပ်ငန်းကြီးမှ စွန့်ပစ်မြေစာများသည်လည်း ထိုနည်းအတိုင်းသာ ဖြစ်သည်။
ထိုအချိန်တွင် မြစ်အသီးသီးတွင် တာ၊ တမံ၊ ဆည်ကြီးများကို ဇိဆက်တည်ဆောက်ထားရာ အလွန်နှေးကွေး လေးကန်နေပြီဖြစ်သော မြစ်ရေစီးနှုန်းသည် အဆိုပါနုန်းများ၊ သဲများကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဆီ သို့ ရောက် အောင် သယ်ဆောင်သွားနိုင်ခြင်း မရှိတော့သည်နှင့် အမျှ မြစ်ရေတိမ်လာ သည်။ မြစ်ကြမ်းပြင် မြင့် တက်လာ သည်။ ဧရာဝတီမြစ်ကြီးသည်ပင် မြစ်လယ်တွင် ပင် နုန်းပို့ချမှုများ လာသဖြင့် ဆောင်းဦးပေါက် လျှင်ပင် သောင် ထွန်းလာသည်။ နွေကာလများတွင်မူ မြစ်လယ်သောင် များမှာ မြင်မဆုံးအောင် ပင် မြစ်ပြင်တစ်ခုလုံးအပြည့် ဖြစ်လာသည်။ ဇောက်နက်နက် မစီးဆင်းနိုင်တော့သည့် မြစ်ရေသည် ကမ်းပါးတို့ကိုသာ ထပ်ကာထပ်ကာ ပွတ် တိုက်ရင်း မြစ်ပြင်ကျယ်လာပြီး ရေစီးနှုန်းတို့ ပိုမိုနှေးကွေးလာ သည်။ မြစ်အတွင်း နုန်းပို့ချနှုန်း မြင့်တက်လာ သည်။ ဤသို့ဖြင့် မြစ်တို့သည် တိမ်သထက်တိမ်လာသည်။
စံချိန်တင်ရွာသွန်းသော မိုးရေနှင့် မြစ်တိမ်တိမ်တို့တွေ့သောအခါ မိုးရေချိန် အနည်းငယ်မျှများ လာရုံဖြင့် ရေကြီး ရေလျှံမှု ဖြစ်ပွားလာခဲ့ရသည်။ မြစ်ရေတို့သည် ကုန်းပေါ်တို့သာ တွင်တွင်စီးပြီး ရေကြီးမှုဧရိယာမှာ အလျင်အမြန် ပင် ကျယ်ပြန့်သွားခဲ့သည်။၂၀၀၄ ခုနှစ် ရေကြီးမှုဖြစ်ပွားစဉ်က အမြင့်ဆုံးစံချိန်တင် မိုးရေချိန်ပမာဏကို မရောက် ခဲ့သော်လည်း ရေကြီးမှုဧရိယာမှာ စံချိန်တင်အမြင့်ဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
● ဘယ်သူ
ကချင်ပြည်နယ် တစ်ခုလုံးနီးပါး၊ စစ်ကိုင်းတိုင်း တစ်ခုလုံးနီးပါးမှ အပြောင်ရှင်းခံရသော သစ်တောများ၊ ကမ္ဘာ တွင်အဆင့် ၄ ရောက်ရှိခဲ့ပြီး သစ်တောပြုန်းတီးမှုနှုန်းတို့ အတွက် တာဝန်ရှိသူမှာ မည်သူနည်း။ သစ်တစ်ပင်ခုတ် ထောင် ၃ နှစ်ဟု ထင်ထင်ရှားရှား ရေးသားထားသည့်ကြားမှ ခိုးထုတ်ခံခဲ့ရသော တန်ချိန်ထောင်သောင်း ချီနေ သော သစ်လုံးများအတွက် တာဝန်ရှိသူများမှာ မည်သူနည်း။
ရာချီနေသော သစ်တင်ကားများသည် အစိုးရဂိတ်များမှလည်းကောင်း၊ တော်လှန်ရေးခေါင်းစဉ်တပ် လက်နက် ကိုင်တပ်များ၏ ဂိတ်များမှလည်းကောင်း ဖြတ်သန်းသွားခဲ့ကြခြင်းဖြစ်သည်။
တရားဝင်နှင့် တရားမ၀င်ထုတ်လုပ်ခဲ့သော သစ်များ၊ ကျောက်စိမ်းနှင့် ရွှေအပါအ၀င် သတ္တုများသည် မြန်မာ နိုင်ငံအစိုးရက ကျေးဇူးရှင်ဟု ကင်ပွန်းတပ်ထားသော တရုတ်နိုင်ငံသို့သာ အများဆုံးစီးဝင်သွားကြခြင်း ဖြစ် သည်။
စက်ယန္တရားကြီးများနှင့် တန်ချိန်ထောင်ပေါင်းများစွာ စွန့်ပစ်မြေစာတို့ မြစ်ထဲမျောပါသွားစေခဲ့သည့် ရွှေတူး ဖော်ရေး လုပ်ငန်းကြီးများသည် မည်သူတို့နှင့် ဆက်စပ်နေသနည်း။
မြစ်ကြီးများတစ်လျှောက် ဆည်ကြီးများကို ဘီလီယံချီ အကုန်အကျခံတည် ဆောက်နေသည်မှာလည်း မည်သူ များပါနည်း။ ဆည်များတည်ဆောက်ရန်အတွက် ငွေအင်အား၊ လူအင်အားသာမက ရံဖန်ရံခါ စစ်အင်အားကိုပါ ထည့်သွင်းသုံးစွဲခဲ့ရသည်။ ဤမျှအာဏာရှိသူတို့ကား မည်သူနည်း။
ယခင်စစ်အစိုးရ၏ ဆိုးမွေများပင် ဖြစ်ချေသည်။ ရာချီနေသောဆည်ကြီးများနှင့် လုပ်ငန်းကြီးများကြောင့် ပျက်စီး သွားရသော သဘာဝပတ်ဝန်းကျင်သည် ကုရာနတိ္ထ ဆေးမရှိတော့သည့် ရောဂါဆိုးကြီးလိုပင် မြန်မာနိုင်ငံကို အလျင်အမြန်ဝါးမျိုခဲ့လေ သည်။
● အချိန်
ယခုအချိန်တွင် ယင်းသို့သော ယိုယွင်းပျက်စီးခဲ့ရသော သဘာဝပတ်ဝန်းကျင်၏ ဒဏ်ခတ်မှု သဘာဝဘေး အန္တရာယ်၏ ဒဏ်မှမြန်မာနိုင်ငံ ပြေးမလွတ်ခဲ့ပါ။ သမ္မတကြီး ပြောသကဲ့သို့ သဘာဝဘေးအန္တရာယ်မှာ တားဆီး ၍မရနိုင်သည်ကို လက်ခံရမည်ဖြစ်သည်။
သို့သော်ငြားလည်း ကြိုတင်ပြင်ဆင်၍ ရသည်ကိုကား မငြင်းနိုင်ပေ။ အမှန်တကယ် ဖြစ်လာတော့မှသာ စတင် မည်ဆိုလျှင်တော့ နောက်ကျမည်ဖြစ်သည်။
ယခုနှစ်ရေကြီးမှုနှင့် ပတ်သက်ပြီး အစောဆုံးသတိပေးခဲ့သူမှာ ဦးထွန်းလွင် ဖြစ်သည်။ ဇွန်လမကုန်ခင် ကပင် ရေကြီးမှု ဖြစ်နိုင်ခြေများကို တွက်ဆပြီး သတိပေးချက်များထုတ်ပြန်ခဲ့သည်။ ဇူလိုင်လတစ် လျှောက်လုံး အစိုးရ ကို အရေးပေါ်အခြေ အနေကြေညာရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သူလည်း ဖြစ်သည်။
သို့သော် အစိုးရသည် ဖုတ်လေသည့် ငါးပိရှိသည်ပင် မမှတ်ခဲ့ဘဲ ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် အရေးပေါ် အခြေအနေ ကြေညာကြောင်းကို သြဂုတ်လ ၁ရက်နေ့တွင်မှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရေဘေးဒဏ်ခံနေရပြီဖြစ်သည်။ ထို့နောက်တွင်မှ နိုင်ငံပိုင်မီဒီယာ များတွင် ရေဖောက်ချ နေသော ဆည်ကြီးများနှင့် စိုးရိမ်ရေမှတ်အခြေအနေတို့သည် နေ့စဉ်ဆို သလို ဝေေ၀ဆာဆာ ပါဝင်လာသည်။ တပ်မတော်မှ မည်သို့ကူညီကြောင်း၊ အစိုးရကမည်သည့် ကတိများပြုကြောင်း၊ မည်သို့ လိုက်လံကူညီနေ ကြောင်းတို့ ဝေေ၀ဆာဆာဖော်ပြလာသည်။ ယင်းအချိန်တွင် ရေကျတော့မည်ဖြစ်သည်။
ထိုရက်ပိုင်းတွင်မှပင် သမ္မတက သဘာဝဘေးအန္တရာယ်သည် တားဆီးမရ နိုင်သဖြင့် ဘေးလွတ်ရာသို့ ပြေးရ မည်ဖြစ်ကြောင်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။ ရေကြီးသည့် ဒေသများအတွက် အရေးပေါ် ကယ် ဆယ်ရေးစခန်းသည် ဘုန်းကြီးကျောင်းနှင့်ဘုရားရှိခိုးကျောင်း၊ ဓမ္မာရုံ သို့မဟုတ် စာသင်ကျောင်းတို့သာ ဖြစ် သည်။
မည်သည့်နေရာသို့ ပြေးရမည်။ မည်သည့်အခြေအနေတွင် ပြေးရမည်။ မည်သည်တို့ကို ဦးစွာလုပ်ရမည် စသည့် ကြေညာချက်၊ ဖော်ပြချက်တို့ကို တစ်ကြိမ်တစ်ခါမျှပင် မတွေ့မြင်ခဲ့ရပေ။ ဒေသခံတို့သည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အသက်ဘေးလွတ်မြောက်ရာကို ကြိုတင်ရှာဖွေထားကြရသည်။
အရေးပေါ် အခြေအနေဆိုသည်မှာ အလျင်အမြန်တုံ့ပြန်ရသည့် လုပ်ငန်းစဉ် ဖြစ်သော်လည်း အစိုးရသည် တစ်လတာ နောက်ကျပြီးမှသာ အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ခဲ့သည်။
အစိုးရသည် အချိန်ကို မလေးစားခဲ့ပေ။
နာဂစ်ကာလကကဲ့သို့ မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်သာ မဖွံ့ဖြိုးပါက လူများ ထောင်သောင်းချီ သေဆုံးနိုင် သည့် အခြေအနေပင်ဖြစ်သည်။ လက်ရှိအချိန်တွင်ပင် ရာဂဏန်းခန့်ထိ သေဆုံးခဲ့ပြီဖြစ်သည်။
● အဖြေ
ယင်းတို့အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ အဖြေကို ပြည်သူတိုင်းရင်တွင် နက်နက်ရှိုင်းရှိုင်း သိပြီးသား သာ ဖြစ်ပေသည်။
https://www.facebook.com/myanmarherald
တနိုင်ငံလုံးအပစ်ရပ်ရေးဆိုင်ရာ သမ္မတနဲ့ သဘောတူစာချုပ်
 NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးမှသာ KIO ကချင်လွတ်လပ်ရေးအဖွဲ့က ပါဝင်လက်မှတ်ထိုးမှာဖြစ်ပြီး တဖွဲ့ချင်းအနေနဲ့ သီးခြား လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ KIO အဖွဲ့က ပြောပါတယ်။ အခုလို အပစ်ရပ်-ငြိမ်းချမ်းရေး ဖေါ်ဆောင်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီနဲ့ အစိုးရတို့ကြား နှစ်ဘက်သဘောတူ အပြန်အလှန် လက်မှတ်ထိုးသွားရေး ဖိတ်ခေါ်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ KIO က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မြန်မာအစိုးရကဖိတ်ခေါ်ထားတဲ့ NCA တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးသင့် မထိုးသင့်ဆိုတဲ့ကိစ္စကို ဆုံးဖြတ်ဖို့ KIO အဖွဲ့ဟာ သြဂုတ်လ (၁၇ နဲ့ ၁၈) နှစ်ရက်ကြာ လိုင်ဇာဌာနချုပ်မှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးနောက်ပိုင်း NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးရေးမူကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်တယ်လို့ သြဂုတ် ၂၁ ရက်၊ မနေ့တုန်းက KIO ရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အားလုံး အပတ်အခတ်ရပ်နိုင်မှသာ အစိုးရကပြောနေတဲ့ Nationwide Cease-Fire တနိုင်ငံလုံး အပစ်ရပ်ရေးဆိုတဲ့အဓိပ္ပာယ် ပြည့်စုံမှာဖြစ်တယ်လို့ KIO ရဲ့ နည်းပညာ အကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။
“Nationwide Ceasefire အသုံးအနှုန်းဖြစ်တဲ့အတွက်ကြောင့်မို့ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ sign ထိုးမှု mood မျိုးပေါ့- ဖြစ်သင့်တာပေါ့။ ဒါမှ မဟုတ်လို့ရှိရင် တဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့ကိုချန်ထားပြီးတော့ ကျန်တဲ့အဖွဲ့တွေနဲ့ပဲ ဖြစ်တယ်ဆိုလို့ရှိရင် ဒါလည်း တနိုင်ငံလုံးကို လွှမ်းခြုံတဲ့အနေအထားမျိုး မဖြစ်စေသလို ခြိမ်းခြောက်မှု တစုံတရာကို ဖြစ်ပွားစေတဲ့ကိစ္စမျိုး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီ Nationwide Ceasefire ဟာ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကိုသော်လည်းကောင်း၊ လူမျိုးစုအားလုံးကိုသော်လည်းကောင်း၊ စိတ်ချမှုအနေအထားတခုကို ရောက်ရှိသွားအောင် ဖန်တီးနေတဲ့အဆင့်ပေါ့၊ ခြေလှမ်းဖြစ်တယ်လို့ အဲလို နားလည်ခံယူထားပါတယ်။ ဒါကြောင့်မို့ အဲလို အားလုံးပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲခြင်း ဖြစ်တယ်။ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း ကျနော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားဖို့လိုပါတယ်။”
KIO အဖွဲ့ကတော့ တဖွဲ့ချင်းအနေနဲ့ အစိုးရနဲ့သီးခြား လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဦးဒေါင်ခါးက ပြောပါတယ်။
“ကျနော်တို့ သီးခြားထိုးဖို့တော့ မရှိတော့ဘူး။ ကျနော်တို့က အားလုံးပါဝင်ရေး မူအတိုင်းပဲ သွားမှာဖြစ်ပါတယ်။ အဲဒီ အားလုံးပါဝင်နိုင်ရေးမူကို အခြေခံပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးရလဒ်ကို ကျနော်တို့က စောင့်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အားလုံးအပေါ်မှာ ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်းလင်းနဲ့ common ဖြစ်တဲ့အနေအထားမျိုးကို လုပ်သင့်ပါတယ်။ ဒီအကွက်မှာ ကျနော်တို့အနိုင်ရရှိအောင်လုပ်မယ်။ နောက်အကွက်မှာဆိုလို့ရှိရင် ဘယ်လိုမျိုး ပုံစံပြောင်းပြီးတော့ အနိုင်ရရှိအောင်လုပ်မယ်ဆိုတဲ့ ဒီအနိုင်ရရှိရေးမူ သဘောထားတွေ မထားဘဲနဲ့ common ဖြစ်တဲ့ဟာတွေကို ကျနော်တို့က ဦးစားပေးပြီးလုပ်သွားရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ သဘောတရားက သမ္မတရဲ့ဖိတ်ခေါ်တာဟာ အဖွဲ့အစည်းတွေအပေါ်မှာ မရှင်းလင်းစေတဲ့ဟာမျိုး ဖြစ်စေတယ်ပေါ့။ သဘောတရားက အခု NCCT နဲ့ UPWC နဲ့ Senior Delegation နဲ့ EAO အဖွဲ့အစည်းတွေ ရှိရဲ့သားနဲ့ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ သီးခြား အစိုးရဘက်ကနဲ့ Unilateral invitation ပုံစံမျိုး လုပ်တယ်ဆိုတော့ ဒီအဖွဲ့အစည်းတွေကို စိတ်ထဲမှာ စနိုးစနောင့် ဖြစ်စေတဲ့အနေအထားတွေကို တွေ့ရပါတယ်။”
လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှသာ KIO အဖွဲ့ကလည်း NCA မှာ တပြိုင်နက်တည်း လက်မှတ်ထိုးသင့်တယ်လို့ ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလဲ တောက်လျှောက်အကြံပေးတိုက်တွန်းခဲ့တာပါ။ သူတို့ရဲ့ အကြံပေးချက်တွေကို အလေးထားတဲ့အတွက် KIO ရဲ့ဆုံးဖြတ်ချက်အပေါ် ဝမ်းသာကြိုဆိုမိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။
“ကျမတို့လူထုကိုယ်စားလှယ်များလို့ ပြောလို့ရတဲ့ ဒီအဖွဲ့အစည်းတွေအနေနဲ့တော့ အကုန်လုံး ကြိုဆိုဝမ်းသာတာတာ တွေ့ရပါတယ်ရှင့်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ ဥပမာဆိုရင်တော့ အစိုးရကတော့ ဒီ NCCT process မှာ တခါမှ ပါဝင်ခဲ့ခြင်းမရှိတဲ့ နာဂလို အဖွဲ့အစည်းမျိုးကိုကျတော့ ဒီထဲမှာ ပါရအောင်ဆိုပြီး ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ NCCT process မှာ တောက်လျှောက်ပါလာတဲ့ ပလောင်လိုအဖွဲ့၊ ပြီးလို့ရှိရင်တော့ ရခိုင်လို အဖွဲ့မျိုးကိုကျတော့ မပါပါနဲ့လို့ ပြောထားတာ တွေ့ရတယ်ပေါ့။ အဲဒီတော့ အစိုးရက တောင်းဆိုတဲ့ ၁၅+၁ ပေါ့- ပြောနေတဲ့အဖွဲ့နဲ့ တိုင်းရင်းသားတွေ ဘက်က ပြောတဲ့ လက်ရှိ လက်မှတ်ထိုးထားပြီးတော့မှ နောက်ထပ် အပေါင်း (၁) လို့ပြောတာတောင် မတူကြဘူးရှင့်။ 15+1 လို့ ပြောတာ အချင်းချင်းတောင် မညီတဲ့အတူတူတော့ အကုန်လုံး ပြိုင်တူထိုးမှရမယ်။ အဲဒါကြောင့် ကျမတို့ ကြိုဆိုပါတယ်ရှင့်။”
အခုရက်ပိုင်းအတွင်း KIO ထိန်းချုပ်တဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေမရှိဘူးဆိုပေမယ့် အစိုးရတပ်တွေကတော့ မြစ်ကြီးနား၊ လိုင်ဇာ၊ ဗန်းမော်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ တပ်အင်အားတွေ တိုးချဲ့ချထားပြီး စစ်ရေးပြင်ဆင်မှုတွေ ပိုလုပ်လာနေတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်ခင်ဗျား။
NCCT : : Nationwide Ceasefire Coordination Team
UPWC : : Union Peace-Making Work Committee
SD: : Senior Delegation
EAO: : Ethnic Armed Organization
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 မင်းဘူးမြို့မန်းသီတာ ဟိုတယ်အတွင်းကနေ သြဂုတ်လ ၉ ရက်နေ့က ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက် စကားပြောကြားနေစဉ်။ Photo: Kyaw Zaw Win/RFA
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေကို လာမယ့်စက်တင်ဘာလ ၅ ရက် နေ့ကနေ ၆ ရက်နေ့ အထိ နှစ်ရက်ကြာသွားရောက်မှာ ဖြစ်ပါတယ်။
ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ် တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။
"အန်တီစု ခရီးစဉ်က ပအိုဝ်းကိစ္စခရီးစဉ်ပေါ့၊ တောင်ကြီးကနေ ဆီဆိုင်နဲ့ ဟိုပုန်းပဲလေ၊ အရင်ခရီးစဉ်ပဲ အရင်စီစဉ်ထားတဲ့အတိုင်းပဲ၊ ရွေးကောက်ပွဲအတွက်ပါပဲ ရွေးကောက်ပွဲအသိပညာပေးပါပဲ"
ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ သွားရောက်ဖို့ မူလကစီစဉ်ထားပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်အပြောင်း အလဲတွေ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် တောင်ကြီး ခရိုင်အတွင်းက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တနင်္လာနေ့ ဗုံးခွဲမှုကြောင့် ဟိန္ဒူ နတ်ဘုရားရုပ်တု မျက်နှာတော် ထိခိုက်ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅) 
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က လေးမျက်နှာ Erawan နတ်ကွန်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သဲလွန်စရနိုင်ဖို့ သုံးသပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
Erawan နတ်ကွန်းမှာပေါက်ကွဲမှုဖြစ်ပြီး နောက်တရက် ရေထဲမှာ ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ် Video ပုံတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ ဒီကနေ့ စနေနေ့မှာ ထွက်ပေါ်လာတဲ့ Video ထဲမှာတော့ တူးမြောင်းထဲ ပေါက်ကွဲမှုမဖြစ်ခင် တရက်အလို အဲဒီနေရာမှာ အပြာရောင်အင်္ကျီဝတ်ထားတဲ့ လူတယောက်က တူးမြောင်းကိုဖြတ်ဆောက်ထားတဲ့ လူကူးတံတားပေါ်ကနေ အိတ်တလုံးကို ရေထဲကန်ချခဲ့တဲ့ Video ပုံတွေကို မြင်ရပါတယ်။ အဲဒီ ဒုတိယပေါက်ကွဲမှုမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ဘန်ကောက်မြို့သူ မြို့သားတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။
တနင်္လာနေ့က Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုဖြစ်ပြီးချိန်နဲ့ သိပ်မကွာတဲ့အချိန် တူးမြောင်းနားက လုံခြုံရေးကင်မရာ ရိုက်ကူးထားတဲ့ Video တွေကို ကြည့်ပြီး Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုနဲ့ တူးမြောင်းထဲမှာ ပေါက်ကွဲမှု ၂ ခု ဆက်စပ်မှုရှိ မရှိကို သက်ဆိုင်ရာက စစ်ဆေးနေကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေအပါအဝင် အယောက် ၂၀ သေဆုံးခဲ့တဲ့ Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒီကနေ့ ၅ ရက်ကြာလာတဲ့အထိ တရားခံကို မဖမ်းဆီးနိုင်သေးပေမဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေ ရှိပါတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဗုံးကွဲသူလို့ မသင်္ကာသူရဲ့ ခန့်မှန်း ရုပ်ပုံတူကို ရဲကထုတ်ပြန်ထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ပါလို့ မပြောကြပေမဲ့ ထိုင်းရဲတွေကတော့
ဖြစ်နိုင်ခြေအားလုံးကို ထည့်ပြီးတွက်နေတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုတွေလုပ်နေတဲ့ မွတ်ဆလင်ခွဲထွက်ရေးသမားတွေ ရှိသလို ပြီးခဲ့တဲ့လကပဲ ဝီဂါလူမျိုး ၁၀၀ ကျော်ကို ထိုင်းအစိုးရက တရုတ်အစိုးရလက်ကို ပြန်အပ်ခဲ့တဲ့အတွက် မကျေနပ်မှုတွေလည်း ရှိနေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
 လေ့​လာ​မှု​တွေ​ကြောင့် ​ရွေး​ကောက်​ပွဲ ​ပြည်​သူ ​အ​ယုံ​အ​ကြည် ​ရှိ​လာ​နိုင်
ဒီ​လို ​နိုင်​ငံ​တ​ကာ ​နဲ့ ​ပြည်​တွင်း​က ​စောင့်​ကြည့် ​လေ့​လာ​မှု​တွေ ​ကြောင့် ​ရွေး​ကောက်​ပွဲ ​အ​ပေါ် ​ပြည်​သူ ​အ​ယုံ​အ​ကြည် ​ပို​ရှိ​လာ​နိုင် ​တယ် ​လို့ ​ရွေး​ကောက်​ပွဲ ​စောင့်​ကြည့်​တဲ့ ​ယုံ​ကြည် ​ရ​သော ​ရွေး​ကောက်​ပွဲ ​များ ​ပေါ်​ပေါက်​ရေး ​ပြည်​သူ​များ ​ပူး​ပေါင်း ​လှုပ်​ရှား​မှု ​အ​ဖွဲ့ (PACE) ​က ​အ​မှု​ဆောင် ​ဒါ​ရိုက်​တာ ​စိုင်း​ရဲ​ကျော်​စွာ​မြင့် ​က ​ဆို​ပါ​တယ်။
ကာ​တာ ​စင်​တာ ​လို ​နိုင်​ငံ​တ​ကာ ​အ​ဖွဲ့ ​က ​အ​စိုး​ရ​နဲ့ ​နား​လည်​မှု ​လက်​မှတ်​ထိုး ​ပြီး​နောက် ​အီး​ယူ​က ​ဒု​တိ​ယ ​လက်​မှတ် ​ထိုး​တာ ​လို့ ​ဆို​ပါ​တယ်။
မဲ​ရုံ ​လေး​သောင်း ​ကျော် ​ကို ​ဘယ်​လို ​နည်း​စ​နစ် ​တွေ​နဲ့ ​အီး​ယူ​က ​လေ့​လာ ​စောင့်​ကြည့်​မ​လဲ ​သေ​ချာ ​မ​သိ ​ရ​သေး​ပါ​ဘူး။
ဒါ​ပေ​မဲ့ ​ရွေး​ကောက်​ပွဲ ​မ​တိုင်​မီ ​ကာ​လ ​ထဲ​က ​မဲ​စာ​ရင်း ​အ​မှား ​အ​ယွင်း ​အ​ကျ​အ​ပေါက် ​တွေ ​များ​လွန်း​တာ ​ကို ​လည်း ​စောင့်​ကြည့် ​လေ့​လာ ​သင့် ​တယ် ​လို့ NLD ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​ဦး​ဝင်း​မြင့် ​က ​ပြော ​ပါ​တယ်။
ရွေး​ကောက်​ပွဲ ​ကာ​လ ​မဲ​ရုံ​တွေ ​ကို ​အင်​အား ​အ​လုံ​အ​လောက် ​နဲ့ ​လေ့​လာ​ဖို့၊ ​ရွေး​ကောက်​ပွဲ ​အ​ပြီး ​အ​ငြင်း​ပွား​မှု ​တွေ​ကို ​ဖြေ​ရှင်း ​ဆောင်​ရွက်​တာ​တွေ​ကို ​နိုင်​ငံ​တ​ကာ ​က ​သေ​ချာ ​စောင့်​ကြည့်​သင့် ​တယ် ​လို့ ​လည်း ​ဆို​ပါ​တယ်။
နိုင်​ငံ​တ​ကာ ​လေ့​လာ ​စောင့်​ကြည့်​မှု ​အ​ပြင် ​ပြည်​သူ​တွေ​ရဲ့ ​ပူး​ပေါင်း ​ပါ​ဝင်​မှု၊ ​ဥ​ပ​ဒေ​တွေ​နဲ့ ​ကော်​မ​ရှင် ​ရဲ့ ​တ​ရား​မျှ​တ​မှု၊ ​ပါ​တီ​တွေ ​ဘက်​က ​မျှ​တ ​မှန်​ကန်​အောင် ​ဆောင်​ရွက်​မှု ​တွေ ​ရှိ​မှ ​လွတ်​လပ် ​မျှ​တ ​တဲ့ ​ရွေး​ကောက်​ပွဲ ​ရ​လဒ် ​တွေ ​ပေါ်​ထွက် ​နိုင်​မယ် ​လို့ ​အ​ကဲ​ခတ် ​တွေ​က ​သုံး​သပ် ​နေ​ကြ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနဲ့ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ သြဂုတ်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: Win Naung Toe/RFA
 ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ရာထူးကနေ ဖယ်ရှားခံရပေမယ့် ပါတီဗဟိုကော်မတီဝင်အနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပါတီ ရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော် ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောလိုက်တာပါ။
"ပါတီမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ထဲမှာ မဟုတ်သော်လည်းပဲ ကော်မတီအတွင်းမှာရှိတယ် ဗဟိုကော်မတီဝင်ပါ၊ ကျနော်တို့ဟာဒါနဲ့ပတ်သက်လို့ လုံးဝမစိုးရိမ်ပါဘူးခင်ဗျ၊ ဘာဖြစ်လို့မစိုးရိမ်တာလဲဆိုတော့ ကျနော်တို့က သူ့အပေါ်မှာယုံကြည်တယ်လေ၊ ဘာလို့ယုံကြည်တာလဲဆိုတော့ သူကနိုင်ငံတာဝန် ထမ်းဆောင် လာတဲ့အခါမှာ သူထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အင်မတန်မှသစ္စာရှိတယ်၊ ဒီလူပုဂ္ဂိုလ်ကို သစ္စာရှိရှိနဲ့ ပါတီအပေါ်မှာ နိုင်ငံအပေါ်မှာ သစ္စာဆက်ရှိနေတယ်လို့ပဲ အခုထက်ထိ ကျနော်တို့က မှတ်ယူထား သလိုပါပဲ"
ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲပေးဖို့အတွက် ပါတီရဲ့ဗဟိုအတိုင်ပင်ခံတွေနဲ့ ဗဟိုအကြံပေး ပုဂ္ဂိုလ်တွေက နိုင်ငံတော်သမ္မတထံကို တင်ပြပြောဆိုခဲ့တာဖြစ်ကြောင်းလည်း ဦးတင်နိုင်သိန်းက ပြောပါတယ်။
ဒါ့အပြင် အခုလို အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲကြောင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို ထိခိုက်မှာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း ဦးတင်နိုင်သိန်းက ထည့်သွင်းပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပူးတွဲဥက္ကဌ သူရဦးရွှေမန်းကို ရာထူးတာဝန်ကဖယ်ရှားပြီး ဒုတိယဥက္ကဌ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကြံ့ခိုင်ရေးပါတီသည် တပ်မတော်က ပေါက်ဖွားလာသည့် ပါတီဖြစ်သည်မှ ဖုန်းကွယ် စရာမလိုကြောင်း၊ သူရဦးရွှေမန်းကို ပါတီမှ ပထုတ်လိုက်ပြီးနောက် ပါတီနှင့် တပ်မတော် တစ်ဆင်တည်းဖြစ်သွားကြောင်း ၊ တပ်က ၂၅%+ကြံ့ခိုင်ရေး နဲ့ မိတ်ဖက်များ ရွေးကောက်ခံ ၂၆% = ၅၁ % ဆိုပါက အစိုးရဖွဲ့လို့ရကြောင်း ဦးလှဆွေက ဖေ့ဘုတ်စာမျက်နှာတွင် သြဂုတ်လ ၂၂ရက်က ယနေ့ ရေးသားလိုက်သည်။
သူရဦးရွှေမန်း တစ်ဦးတည်းကို စည်းရုံးခြင်းသည် အဖြေမဟုတ် ဟုလည်း ရေးသားထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို စောင်းချိတ် ရေးသားထားခြင်း ဖြစ်ကြောင်း ဖတ်ရှုသူများက တုန့်ပြန်ထားသည်။
" နိုင်ငံတခုရဲ့ခေါင်းဆောင်လုပ်မယ့်သူတစ်ယောက်ဟာ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီး တစ်ခုလုံးကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင် စည်းရုံးနိုင်တဲ့အရည်အချင်းရှိရမယ် ဦးရွှေမန်းတစ်ယောက်လောက် စည်းရုံးနိုင်တာလောက်နဲ့ အဖြေမဟုတ်ပါဘူး၊ ရှုံးမယ့်မြင်းကို လောင်းမိ သလို အမှားဘဲ တွေ့ပါလိမ့်မယ်" ဟု ၄င်းဆိုသည်၊
ကမ္ဘာ့နိုင်ငံတွေထဲမှာ Army ထောက်ခံမှု မရှိဘဲ အောင်မြင်သွားသည့် ပါတီ/နိုင်ငံ တစ်နိုင်ငံကို ထောက်ပြစေလိုကြောင်း ၊ ခုလို ညီညွှတ်တဲ့ တပ်မတော် မရှိလျှင် ဘော်လကန်နိုက်ဇေးရှင်းဖစ်သွားနိုင်ကြောင်း ၊ ခြေ/ဥ ကိုပြင်လိုပါက တပ်မတော်၏ အားကိုယူ
ရမည်ဖြစ်ကြောင်း ၄င်းက ဆိုထားသည် ။
''တပ်မတော်နဲ့တော့ ဦးရွှေမန်း အလွန် ကာလမှာ တဲ့တဲ့ရှု့ရှု့ (အလွန် အဆင်ပြေ) ဖြစ်နေတာ အမှန်ပါဘဲ၊ မလိမ်ပါဘူး" ၄င်းကဆိုသည်။
ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော် အလွန်အဆင်ပြေနေခြင်းကို ဒေါ်အောင်တန်းစုကြည်က မခံချီ မခံသာ ဖြစ်နေပြီး တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ မဲကွဲသွားမှသာလျှင် NLD အနေနဲ့ အစိုးရဖွဲ့နိုင်မယ့် အနေအထားကို လိုလားကြောင်း ၄င်းက ရေးသားထားသည်။
"ဦးရွှေမန်း ပ ထုတ်ခံရပြီးနောက်မှ ကျနော့် ထင်မြင်ယူဆချက်အတိုင်း တကယ်ဖြစ်လာပြီး NLD ရဲ့ ရည်မှန်းချက်မှေးမှန်ပျောက်ကွယ်သွားလို့ တပ်ကို ခါးပိုက်ဆောင်လုပ်တယ်ဆိုပြီး ကျနော့်အပေါ် စွပ်စွဲ လာတာဖြစ် ပါတယ်။ တပ်ကို ခါးပိုက်ဆောင်လုပ်ဘို့ရာမှာလည်း တပ်မတော်ခေါင်းဆောင်တွေက ငထုံငအ ပူတူတူးလေးတွေမှမဟုတ်တာဗျာ" ဟု ဦးလှဆွေက ရေးသားထားသည်။
မောင်နိုး
The Ladies News Journal
တရားစွဲဆိုခံထားရသော ကျောင်းသားများ၏ စာမေးပွဲဖြေဆိုခွင့်ရရန် အာမခံလျှောက်ထားမှုကို အမရပူရမြို့နယ်တရားသူကြီးမှ သြဂုတ်၂၁ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ရာ စာမေးပွဲဖြေဆိုခွင့်မရမချင်း အစာငတ်ခံဆန္ဒပြသွားမည်ဟု ကျောင်းသားများက ပြောကြားသည်။
ကျောင်းသားများသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (ခ) အရ ဆူပူလှုံ့ဆော်မှုမရှိကြောင်း၊ တရားလိုများ၏ထွက်ဆိုချက်အရ ဓာတ်ပုံမှတ်တမ်းများတွင် ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းသာပါရှိပြီး ဆေးသုတ်နေသည်မှာ မပါရှိကြောင်း၊ သို့ဖြစ်၍ ပုဒ်မ ၅၀၅ (ခ)ကို ကျူးလွန်သည်မှာ မပေါ်ပေါက်ကြောင်း၊ ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရန် နီးကပ်နေ၍ ညှာတာပေးပါရန်နှင့် ကျောင်းသားများကို အချုပ်လွတ်ထုတ်ချေခွင့်ပြုရန်အတွက် ကျောင်းသားများ၏ရှေ့နေ ဦးသိန်းသန်းဦးက အာမခံလျှောက်ထားခဲ့သည်။
အဆိုပါအာမခံလျှောက်ထားမှုကို အမှုလိုက်အရာရှိက နိုင်ရဲဝေပါလေးဦးအား စွပ်စွဲထားသော ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေး၍မရသောပြစ်မှုတွင် ပါဝင်သည့်အပြင် အသက် ၁၆ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြသဖြင့် အချုပ်လွတ်ထုချေခွင့်ပြုလိုက်ပါက အလားတူပြစ်မှုများ ထပ်မံကျူးလွန်နိုင်ဖွယ်ရာရှိသဖြင့် ငြိမ်းချမ်းစွာစာသင်ကြားလိုသော ကျောင်းသားကျောင်းသူများကို အနှောင့်အယှက်ဖြစ်သည့်အတွက် အာမခံလျှောက်ထားမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ ကန့်ကွက်ကြောင်း ပြန်လည်လျှောက်ထားသည်။
ကျောင်းသားများကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေး၍မရသော ပုဒ်မဖြစ်ခြင်း၊ ရတနာပုံတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသားများဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့် ရှိ မရှိ ခိုင်လုံသောအထောက်အထားများတင်ပြခဲ့ခြင်းမဟုတ်ဘဲ ဘွဲ့ကြိုစာမေးပွဲအချိန်ဇယားများသာ တင်ပြခဲ့ကြောင်း၊ ဥပဒေအရာရှိ၏ စွပ်စွဲခံရသော ကျောင်းသားများကို အာမခံပေးလိုက်ပါက အလားတူထပ်မံကျူးလွန်နိုင်ပြီး အေးချမ်းစွာပညာသင်ကြားနေသော ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့်ဟုဆိုကာ အချုပ်လွတ်ထုချေခွင့်ရရန် အာမခံလျှောက်ထားမှုကို အမရပူရမြို့နယ်တရားသူကြီးက ပယ်ချမိန့်ချခဲ့သည်။
အာမခံလျှောက်ထားမှုပယ်ချခဲ့သည့် တရားသူကြီး၏ အမိန့်နှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေက "စာမေးပွဲဖြေခွင့် ရှိ မရှိ သက်သေအထောက်အထားမခိုင်လုံလို့ မပေးတာလို့ပြောပါတယ်။ တရားသူကြီးအနေနဲ့ ကျောင်းသားတွေပညာရေးအပေါ်မှာ ဘယ်လောက်ထိစဉ်းစားလဲဆိုတာ ပေါ်လွင်နေပါတယ်။ တစ်နိုင်ငံလုံးမှာ တရားဥပဒေဟာ ဒီတစ်ခုတည်းကိုကျင့်သုံးပြီး တစ်ရုံးနဲ့တစ်ရုံးမတူခြင်းဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဥပဒေပြုရေးမဏ္ဍိုင်အထက်မှာ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ ကျောင်းသားဖြစ်လို့ စာမေးပွဲဖြေချင်ပါတယ်။ ဒီနေ့ထောင်ကိုရောက်တဲ့အချိန်ကစပြီး စာမေးပွဲဖြေဆိုခွင့်မရမချင်း အစာငတ်ခံဆန္ဒပြပါမယ်" ဟုပြောကြားသည်။
"ဥပဒေ ၅၀၅ (ခ) က အာမခံပေးနိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ဘက်က အကြောင်းပြတာ စာမေးပွဲဖြေဆိုခွင့်နဲ့တင်တယ်။ အာမခံပေးခွင့်မရှိတဲ့အမှုကို အာမခံပေးခြင်းမပေးခြင်းက တရားရုံးရဲ့ဆင်ခြင်တုံတရားနဲ့ပဲဆိုင်တယ်။ မကျေနပ်ရင် အဆင့်မြင့်တရားရုံးဆက်တက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ကျောင်းသားတွေက ဆက်တက်ဖို့ဆန္ဒမရှိဘူး။ ၅၀၅ (ခ)ကို အာမခံပေးတယ်ဆိုတာ တစ်သက်လုံးမှာ လျှပ်တစ်ပြက်က ဦးမြတ်ခိုင်ကိုပေးတာပဲကြုံဖူးတယ်" ဟု ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကဆိုသည်။
Writer: ယဉ်မျိုးသွယ်
.
Credit : Eleven media group
မှန်ကန်သည်ရွေးချယ်မူဖြင့်နိုင်ငံအနာဂတ်အတွက်ပြောင်းလဲချိ န်တန်ပြီ ဟုဆိုကာ NLDအောင်နိုင်ရေး
ဇာတ်လမ်းတို့ကိုဝါရင့် ရုပ်ရှင်သမားတွေပူးပေါင်းပြီးနှစ်ရက်ကြာရိုက်ကူးနေပါတယ်..
ခန့်စည်သူ ၊ လူမင်း ၊ ထွန်းအိန္ဒြာဗို ၊ ချစ်သုဝေ ၊ ခိုင်သင်းကြည် ၊ မိုးယံဇွန် ၊ မေတ္တာတို့ ပါဝင်သရုပ်ဆောင်ထားကြပြီး
ဒါရိုက်တာမိုက်တီးနဲ့ ဝိုင်းတို့က ရိုက်ကူးထားကြပါတယ်။
ဒါရိုက်တာဝိုင်း ၊ ဒါရိုက်တာမိုက်တီးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ပေးကြတဲ့ အနုပညာရှင်များအားလုံးကို လေးစား ဂုဏ်ယူ ကျေးဇူးတင်ရှိပါတယ်။
(၁)
မင်းတို့တွေ့ကြလား
တောင်ကိုးရီးယားအမျိုးသမီးသမ္မတကို..
သူမဟာ..စစ်သားမဟုတ်ဘူး..၊
ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်အပြည့်နဲ့..
တိုင်းပြည်အတွက်..
အရေးကြုံလာတဲ့အခါ..
သူမအပါအ၀င်..အစိုးရတစ်ဖွဲ့လုံး
စစ်ယူနီဖေါင်းတွေကိုယ်စီဝတ်ပြီး
စစ်ဌာနချုပ်မှာ ပြတ်သားတဲ့
မိန့်ခွန်းပြောသွားတယ်..
-----------------
(၂)
မင်းတို့တွေ့ကြလား..
တောင်ကိုးရီးယားအမျိုးသမီးသမ္မတကို..
သူမဟာ..ဗိုလ်ချုပ်ကြီးမဟုတ်ဘူး..
ဒါပေမဲ့တိုင်းပြည်ကို ရန်စလာတဲ့အခါ..
ရန်သူကို အလျင်အမြန်တုံ့ပြန်ဖို့အတွက်
ပြတ်သားတဲ့စကားကို..
ယွန်ဂျင်း စစ်ဌာနချုပ်မှာ..
စစ်သေနာပတိတစ်ယောက်ပုံစံမျိုးနဲ့
အမိန့်ပေးသွားတယ်..
---------------------
(၃)
မင်းတို့တွေ့ကြလား..
တောင်ကိုးရီးယားအမျိုးသမီးသမ္မတကို..
သူမဟာ စစ်ရေးအမြင်ရှိချင်မှရှိမယ်..
ဒါပေမဲ့ မဟာဗျူဟာအမြင်ရှိစွာနဲ့..
သူ့တိုင်းပြည်နဲ့ ဆက်နေတဲ့..
ခပ်ကြောင်ကြောင် ၀က်ပေါက်တစ်ကောင်
အုပ်ချုပ်နေတဲ့..
ကမ္ဘာကိုပါအန္တရယ်ပေးနိုင်တဲ့ နှူကလီယားပိုင်ဆိုင်တဲ့
ကမ္ဘာ့အော့ကြောလန်လက်နက်နိုင်ငံတစ်ခုကို
ရင်ဆိုင်ဖို့အတွက်
မှန်ကန်တဲ့ပြင်ဆင်မှုတွေကို..
တည်ငြိမ်အေးဆေးစွာပဲ..
ကြိုတင်လုပ်ပြသွားနိုင်တယ်..၊
---------------------
(၄)
တိုင်းပြည်ခေါင်းဆောင်ဆိုတာ.
စစ်သားဖြစ်မှမဟုတ်ဘူး..
စစ်တိုက်ဖူးမှမဟုတ်ဘူး..
တိုင်းပြည်ချစ်စိတ်နဲ့ အရည်အချင်း
ထက်မြက်ဖို့ကအဓိကကျတယ်ဆိုတာ
မင်းတို့သဘောပေါက်သင့်ပြီ...
တို့တိုင်းပြည်မှာ..
အခုဖြစ်နေတာကိုပဲကြည့်
စစ်တပ်မှာသေခါနီးအထိ..
ဗိုလ်ချုပ်ကြီးလုပ်ခဲ့ကြပြီးတိုင်းပြည်အုပ်ချုပ်ခဲ့ကြတဲ့
အာဏာရှင်တွေအပါဝင်..
လက်ရှိသမ္မတကအစ..
တရုတ်ကို ဘယ်လိုဆက်ဆံသလဲ...
ရူးကြောင်ကြောင်လူငယ်တစ်ယောက်အုပ်ချုပ်တဲ့..
လက်နက်ပဲရှိပြီး ပြည်သူတွေမွဲတေနေတဲ့..
တို့နိုင်ငံရဲ့အထွတ်အမြတ် အာဇာနည်ဗိမာန်ကိုတောင်
ဗုံးခွဲခဲ့ဖူးတဲ့...
မြောက်ကိုးရီးယားလိုနိုင်ငံကိုတောင်..
မင်းတို့တွေ ဘာလို့ခိုးကြောင်ခိုးဝှက်..
လေးစားပြီး...လက်ခံခဲ့ကြသလဲ.....
ဆိုလိုတာကတော့..
ယူနီဖေါင်းဝတ်ပြီး..
ဗိုလ်ချုပ်မှုးကြီးအပွင့်တပ်ပြီး..
တိုင်းပြည်နဲ့ ပြည်သူကို..
လူမသိသူမသိ..
သစ္စာဖေါက်တဲ့ကောင်တွေ..
သမိုင်းမှာအများကြီးရှိခဲ့တာကို..
မင်းတို့သဘောပေါက်ကြဖို့ပဲ..
( Pa Yit )
၂၀၁၅ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ အမည်စာရင်းစိစစ်မှု ရက်ရွှေ့ဆိုင်းခြင်းဆိုင်ရာ ကြေညာချက်။ (သြဂုတ်လ ၂၂၊ ၂၀၁၅)
၂၀၁၅ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ အမည်စာရင်းစိစစ်မှု ရက်ရွှေ့ဆိုင်းခြင်းဆိုင်ရာ ကြေညာချက်။ (သြဂုတ်လ ၂၂၊ ၂၀၁၅)
၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပိုပြီးတော့မှ ခိုင်မာတိကျသေချာအောင် စိစစ်လိုတာကြောင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာ စိစစ်မယ့်ရက်ကို ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့ အကြား နိုင်ငံသားဖြစ်တည်မှုဆိုင်ရာ အငြင်းပွားမှုတွေရှိနေတဲ့အတွက် အခုလို စိစစ်မှုရက်ကို တိုးလိုက်တာ ဖြစ်နိုင်တယ် လို့လည်း ကိုယ်စားလှယ်လောင်းတွေက သုံးသပ်ပါတယ်။ အသေးစိတ်ကို မဆုမွန် တင်ပြပေးပါမယ်။
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ကြေညာထားတဲ့၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းလွှာ တင်လာတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိစစ်မယ့်နေ့ရက်ကို စတင် စိစစ်မယ့်ရက် သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့ အထိ နောက်ဆုံးထားပြီးပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲပြင်ဆင် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပိုပြီးတော့ တိကျခိုင်မာအောင် စိစစ်နိုင်ဖို့နဲ့ နောက်တကြိမ် ပြန်လည် အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်အစည်းအဝေး တက်နေကြရတဲ့အတွက် စိစစ်နိုင်ဖို့ အချိန်ကို ထပ်တိုး သတ်မှတ်လိုက်ရတာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဦးမြင့်နိုင်က ဗွီအိုအေကိုပြောပါတယ်။-
“လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီမှာတက်နေတဲ့အခါကျတော့ သူတို့ကိုယ်တိုင် သွားစစ်ဖို့ရာအတွက် နည်းနည်းလေး အချိန်အခက်အခဲရှိလို့ ပြောလားမသိဘူး၊ ကိုယ်တိုင် စိစစ်ဖို့ရာအတွက် အခက်အခဲမရှိအောင် အချိန်လေး တိုးပေးလိုက်တဲ့သဘောပါပဲ။ ရေဘေးနဲ့ လွှတ်တော်ကိုတက်လာမှာဆိုတော့ သူတို့ ကိုယ်စားလှယ်လောင်းတွေ စိစစ်ဖို့ရာ အခက်အခဲမရှိအောင်ပေါ့၊ အဆင်ပြေအောင်လို့ တိုးပေးလိုက်တဲ့သဘောပါပဲ။ စိစစ်တာကတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း သတ်မှတ်ထားတဲ့အရည်အချင်းတွေ ရှိတယ်လေ။ ဥပဒေမှာ အဲဒီအရည်အချင်းတွေနဲ့ ညီလား၊ မညီလား ဟုတ်လား- နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံအတွင်းမှာ တဆက်တည်း ၁၀ နှစ်နေရမယ်၊ စသည်ဖြင့် သည်လိုသတ်မှတ်ထားတာ ရှိတယ်လေ။ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် အသက် ၂၅ နှစ် ပြည့်ရမယ်၊ အမျိုးသားဆိုရင် အသက် ၃၀ ပြည့်ရမယ်- စသဖြင့် ဒီလို အရည်အချင်းနဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေရှိတယ်လေ။ ဒါလေးပါ။”
အခုလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကိုယ်စားလှယ်လောင်း စိစစ်မှုသတ်မှတ်ရက်ကို တိုးမြှင့်လိုက်တာဟာ မဲဆန္ဒနယ်အချို့က ကိုယ်စားပြုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံသားဖြစ်တည်မှု အရည်အချင်းသတ်မှတ်မှုတွေမှာ အငြင်းပွားမှုတွေရှိလာနေတာကြောင့် ပိုပြီးတော့မှတော့ တိကျသေချာအောင် စစ်ဆေးလိုတဲ့အတွက်ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ခရိုင်ကော်မရှင်တွေကတော့ အဓိက စစ်တာကတော့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု- အဲဒီ သူ့ရဲ့မိဘနှစ်ပါးက သူမမွေးခင်မှာ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့အချက်လေ။ အဲလို ဖြစ်တဲ့အခါကျတော့ အခု အသစ်တွေကိုပဲ အဓိက စစ်ဆေးတာပေါ့နော်။ ကျနော်တို့ကိုလည်း ခေါ်တော့ ခေါ်ထားတယ်။ ၂၄ ရက်နေ့ သွားရမှာပေါ့။ နိုင်ငံသားကိစ္စပါပဲ။ နိုင်ငံသားကိစ္စကို စစ်ဆေးတာ။ အဲဒီဟာ စိစစ်ဖို့လေ။ စိစစ်ဖို့ဆိုတော့ ခရိုင်ကော်မရှင်ရုံးမှာသွားမယ်။ သူတို့ကနေပြီးတော့ အဲဒီအချက်အလက်တွေကို စိစစ်မယ်။ နောက်ပြီးတော့ ကျနော်တို့ဘက်ကတော့ ပုံစံ (၁၀) တို့၊ ဘာတို့ကို ယူသွားပြရမယ်။ တကယ်လို့ ဒီကြားထဲမှာ ကျနော်နဲ့ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ယောက်က တိုင်တန်းထားတာတွေဘာတွေ ရှိလို့ ရှိရင်လည်း အဲဒါတွေကို စစ်ဆေးမှာပေါ့နော်။ တချို့နေရာတွေမှာတော့ အဲဒီလို အပြန်အလှန် တိုင်တန်းကြတာတွေ ရှိတယ်လေ။”
ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်ကနေ ၂၀၁၀ တုန်းက အရွေးချယ်ခံရပြီး အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဒုတိယ အကြိမ် ပြန်လည် အရွေးခံဖို့ ပြင်ဆင်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကိုယ်စားလှယ်လောင်း စိစစ်မှုတွေနဲ့အတူ အင်ဂျင်းယန်မှာ သူ့နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအပေါ် ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းပြီးသွားပါပြီ။ စစ်ဆေးခံတာလည်း ပြီးသွားပါပြီရှင့်။ ကျမကတော့ နေပြည်တော်မှာ အစည်းအဝေး တက်နေပေမယ့် ကျမတို့ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ် ဦးနန်းဇာခေါင်နဲ့ စိစစ်ပြီးဖြစ်ပါတယ်ရှင့်။ ၂၀၁၀ တုန်းကတော့ ကျမက ပြိုင်ဘက်တယောက်ပဲ ရှိပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကပါ။ ၂၀၁၅ မှာတော့ ကျမနဲ့ဆိုလို့ရှိရင် အားလုံး ပါတီပေါင်း ၆ ပါတီပြိုင်ပါတယ်။ ပြိုင်တဲ့ပါတီတွေကတော့ အရင် ကျမနဲ့ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရယ်၊ နောက် - ဒေါက်တာတူးဂျာပါတီရယ်၊ နောက် ကချင်ပါတီတခု၊ နောက်ပြီးတော့မှ NDF ၊ NLD နဲ့ ကျမတို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ပေါ့နော်။ ၆ ပါတီ ပြိုင်မှာပါရှင့်။ မဲဆန္ဒရှင်တွေအနေနဲ့တော့ အားလုံးကောင်းကြတယ်ဆိုပေမယ့် အဲဒီထဲက တယောက်တည်းကိုပဲ ရွေးရမှာဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း သူတို့ရဲ့ရွေးချယ်မှုကိုပဲ ကျမ တန်ဖိုးထားပါတယ်လို့ပဲ ပြောချင်ပါတယ်ရှင့်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလွှာတွေ ထဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှု မှန်ကန်မှုရှိစေရေး၊ ရွေးချယ်စစ်ဆေးမှုတွေမှာ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေ နစ်နာမှုမရှိစေရေးတို့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်စားလှယ်လောင်း စိစစ်နေတဲ့အချိန်မှာ မိမိတို့ကိုယ်တိုင် အလေးထား သွားရောက်ကြစေလိုပါတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းထားပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲ နည်းဥပဒေအရ အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်နေချိန်မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေကနေ စာနဲ့ တာဝန်လွှဲအပ်ထားသူတွေက လာရောက် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး အားလုံး စုစုပေါင်း တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးရှိနေပါတယ်။
VOA
http://burmese.voanews.com/content/candidates-application-deadline-postpone-/2928260.html
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တင်သွင်းထားသည့် နိုင်ငံရေးပါတီ တခုချင်းစီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်းကို လွယ်ကူစွာ သိနိုင်စေရန် တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် အနည်းအများအလိုက် ဇယားများဖြင့် ဖော်ပြထားပါသည်။ (ရည်ညွှန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဝက်ဘ်ဆိုက်။ www.uecmyanmar.org)
VOA
http://burmese.voanews.com/content/party-candidates-filed-uec/2928033.htmlhttp://burmese.voanews.com/content/party-candidates-filed-uec/2928033.html