08/25/15
 တရုတ် နိုင်ငံရဲ့ စီးပွားရေး နှေးကွေး လာတဲ့ အပေါ် စိုးရိမ်မှု တွေ ပိုပြီး ဖြစ်လာ တဲ့ အတွက် ကမ္ဘာ တဝှမ်း လုံးက စတော့ ဈေးကွက် တွေ မှာ မနေ့ က ရှယ်ယာ ဈေးနှုန်း တွေ အင်မတန် အကျ ကြမ်း ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ရဲ့ စတော့ ရှယ်ယာ တန်ဖိုး ရည်ညွှန်းကိန်း ဖြစ်တဲ့ ဒေါင်းဂျုံးစ် မှာ ဆိုရင် အမှတ် ၁၀၀၀ ထိ ကျဆင်း သွားတဲ့အချိန် ရှိခဲ့ပြီး ဒါဟာ သမိုင်းမှာ တန်ဖိုး အကျဆင်းခဲ့ဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်း ၀င်ပါတယ်။
နောက်ပိုင်း အမှတ် ပြန်လည် တက်လာ ခဲ့ ပေမယ့် ဈေးပိတ်ချိန် မှာ တော့ ရှယ်ယာ တန်ဖိုး ၃.၅ % ကျဆင်း ခဲ့တဲ့ နေ့ အဖြစ် ဈေးပိတ် ခဲ့ရပါတယ်။
ဥရောပ နဲ့ အာရှ က အကြီးဆုံး စတော့ ဈေးကွက် တွေ မှာ လည်း ၄% ကျော် အထိ ဈေး ကျဆင်း ခဲ့ ပြီး တရုတ်ပြည် ရှန်ဟိုင်း မှာဆို ၈% ကျော် ကျခဲ့ပါတယ်။
တရုတ်ပြည် ရဲ့ ဝယ်လိုအား အပေါ် အဓိက မှီခို နေရတဲ့ ကမ္ဘာတလွှား က ငွေကြေး တန်ဖိုး တွေ နဲ့ ကုန် ပစ္စည်း တန်ဖိုး တွေ လည်း ကျဆင်းခဲ့ ပါတယ်။
 BBC Burmese
https://www.facebook.com/bbcburmese
 ခွဲစိပ်ကုသခန်းများတွင် လူနာများကို ထုံဆေး၊မေ့ဆေး အစရှိသည်ဖြင့် ထိုးနှံပေးပြီး လိုအပ်သလို ခွဲစိပ်ကုသပေးရာ ၀ယ် အချို့ သောကျန်းမာရေးဝန်ထမ်းများက ကျင့်ဝတ်ဖောက်ဖျက်ကာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့် ကြသည်များရှိနေကြောင်းကို Annals of Internal Medicine ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် ခွဲစိပ်ခန်းအတွင်း သတိလစ်မေ့မျောနေသောလူနာများကို ကျန်းမာရေးဝန်ထမ်းများ အမြတ်ထုတ် စော်ကားနေခြင်းများ ဖြစ်ပွားခဲ့သော် အရေးယူဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုမှုများရှိကြောင်း သိရသည်။
Annals of Internal Medicine ဂျာနယ်တွင် ကျွန်ုပ်တို့ ၏လျှို့ ဝှက်ချက်ကလေး အမည်ဖြင့် ရေးသူအမည်မဲ့ ဖော်ပြပါရှိသော ဆောင်းပါးတစ်ပုဒ်၌ မေ့ဆေးပေးခံထားရပြီး ဆရာဝန်များ၏ မတော်မတရားပြုကျင့်ခံရသူ အမျိုး သမီး နှစ်ဦး အကြောင်း ဖော်ပြပါရှိကြောင်း၊ လူနာအားခွဲစိပ်ကုသမှုခံယူရန် မေ့ဆေးထိုးပေးကာ အသင့်ပြင်ပေးနေ စဉ် ဖြစ်ကြောင်း၊ သားအိမ်ခွဲစိပ်ထုတ်ပစ်ရမည့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်း၊ ဆရာဝန်များက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးမှ သားအိမ်ကိုခွဲထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်ဟု ၀ါရှင်တန်ပို့ စ်သတင်းစာတွင် ဖော်ပြ ထားသည်။
အဆိုပါဆောင်းပါးထဲတွင် ဆေးတက္ကသိုလ်စာသင်ခန်းတစ်ခု၌ ဆရာဝန်များစောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ် အကြောင်းကို သင်ကြားပို့ ချနေချိန်တွင် ကျောင်းသားတစ်ဦးက ဆရာဝန်များက လူနာများကို ခွဲစိပ်ခန်းထဲတွင် မေ့ဆေးပေးပြီ မတော်တရားပြုကျင့်နိုင်ကြောင်း ထောက်ပြဝေဖန်မေးခွန်းထုတ်ကာ သက်သေအထောက်အထား ပြခဲ့သည့်ဟန်ဖြင့် ရေးသားဖော်ပြထားကြောင်း၊ အထောက်အထားရှိနေသဖြင့် ဆရာဖြစ်သူက မငြင်းဆန်နိုင်ဘဲ
အလုပ်သင်ဆရာဝန်ဘ၀က ခွဲစိပ်ခန်းထဲ၌ မီးဖွားပြီးသွေးသွန်နေသောအမျိုးသမီးတစ်ဦးကို ချက်ခြင်းမကုသေးဘဲ ကခုန်နေခဲ့သော သားဖွားမီးယပ်ဆရာဝန်တစ်ဦးအကြောင်းကို ထည့်သွင်းဆွေးနွေးထားသည်ကို ဖော်ပြထား ကြောင်း သိရသည်။
အဆိုပါဆောင်းပါးအား ဖော်ပြရန်သင့်၊မသင့် အစည်းဝေးခေါ်ယူ မဲခွဲဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းဆောင်းပါးပါ အချက် အလက်များအရ လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ဆရာဝန်အချို့ ရှိနေနိုင်ကြောင်း၊ ပြည်သူလူထုအနေဖြင့် သိသင့်သည့်အခွင့်အရေးရှိကြောင်း၊ ထို့ ကြောင့် မိမိတို့ ဖော်ပြခဲ့ပါကြောင်း၊ ဆရာဝန်များအားလုံးကို မရည်ရွယ် ကြောင်း အယ်ဒီတာ့အာဘော်တွင်လည်း ရေးသားဖော်ပြထားကြောင်း သိရသည်။
Annals of Internal Medicine က ဖော်ပြလိုက်သော ယင်းဆောင်းပါးကြောင့် ယခုအခါ ဆရာဝန်လောကနှင့် လူနာ လောကတို့ မှ ဝေဖန်သံများ အမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရသည်။
သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/lashio.news.city
 တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် တနင်္လာနေ့ ကမ္ဘာတ၀ှမ်း အစုရှယ်ယာ ဈေးနှုန်းတွေနဲ့ ရေနံဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက Dow Jones အစုရှယ်ယာ ဈေးကွက်ဟာ ဈေးဖွင့်ပြီး မိနစ်ပိုင်း အတွင်းမှာ ၅ ရာခိုင်နှုန်း ဈေးထိုးကျ သွားခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာ တနေ့တာလုံး အတက်အကျ၊ အပြောင်းလဲတွေ ရှိနေခဲ့ပြီး နောက်ဆုံး ဈေးပိတ်ချိန်မှာတော့ အစုရှယ်ယာ အညွှန်းကိန်း ကျဆင်းမှုနှုန်းဟာ ၃.၆ ရာခိုင်နှုန်းနဲ့ အထက်မှာရှိပါတယ်။
အာရှတိုက်မှာတော့ ရှန်ဟိုင်း အစုရှယ်ယာ ဈေးကွက်ဟာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး၊ ဂျပန်နိုင်ငံရဲ့ အဓိက အစုရှယ်ယာ ဈေးကွက်မှာတော့ ၄ ရာခိုင်နှုန်းကျော်နဲ့ ဟောင်ကောင်မှာလည်း ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ အဓိက အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းတွေဟာလည်း ၄ ရာခိုင်နှုန်းထက်မနည်း ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Sensex အစုရှယ်ယာ ဈေးကွက်ကတော့ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ ဒါဟာ ၆ နှစ်အတွင်း အနိမ့်အဆင့်ကို ထိုးကျသွားတာ ဖြစ်ပါတယ်။
လူသုံးကုန်ပစ္စည်း တော်တော်များများရဲ့ ဈေးနှုန်းတွေ ကျဆင်းသွားသလို ရေနံစိမ်းဈေးဟာလည်း ၆ နှစ် ကာလအတွင်း အနည်းဆုံးဖြစ်တဲ့ ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်နေခဲ့တာဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ တခြားကုန်ပစ္စည်းတွေကို အဓိကထားတဲ့ ဈေးကွက် ဖြစ်နေခဲ့တာပါ။
တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးတွေ ကျဆင်းနေတာနဲ့ ငွေတန်ဘိုးချလိုက်တာတွေ အပါအ၀င် စီးပွားရေး ကျဆင်းမှုတွေ ဖြစ်ပေါ်နေတာတွေကြောင့် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ် ရင်းနှီးမြှုပ်နှံသူတွေက မေးခွန်းထုတ်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နောက်​ဆက်​တွဲ ​စ​ကား​ပြော ​ဆို​မှု ​တွေ ​ဆက်​လက် ​လုပ်​ဆောင် ​ကြ​ဖို့ ​လည်း ​နှစ်​ဘက် ​သ​ဘော​တူ။
၂ ​နိုင်​ငံ ​ထုတ်​ပြန်​ခဲ့​တဲ့ ​ကြေ​ညာ​ချက် ​တွေ ​အ​ရ ​တောင်​ကို​ရီး​ယား ​ဘက် ​က​လည်း ​နယ်​စပ် ​မှာ ​အ​သံ​ချဲ့​စက် ​တွေ ​သုံး​ပြီး ​ဝါ​ဒ ​ဖြန့်​ချီ​ရေး ​တွေ ​ထုတ်​လွှင့် ​နေ​တာ ​ကို ​ရပ်​တန့် ​မှာ ​ဖြစ်​သ​လို၊ ​လတ်​တ​လော ​ဖြစ်​ပေါ်​ခဲ့​တဲ့ ​မြေ​မြှုပ်​မိုင်း ​ပေါက်​ကွဲ​မှု ​မှာ ​တောင်​ကို​ရီး​ယား ​စစ်​သား ၂ ​ဦး ​ဒဏ်​ရာ​ရ ​ခဲ့​တဲ့ ​အ​ပေါ် ​မြောက်​ကို​ရီး​ယား ​က ​ဝမ်း​နည်း​ကြောင်း ​ပြော​မယ် ​လို့ ​ဆို​ပါ​တယ်။
တောင်​ကို​ရီး​ယား ​ဘက် ​က ​တောင်း​ဆို ​ထား ​သ​လောက် ​မြောက်​ကို​ရီး​ယား ​အ​နေ​နဲ့ ​တောင်း​ပန် ​စ​ကား ​ပြော​မှာ ​လား ​ဆို​တာ ​တော့ ​ရှင်း​ရှင်း​လင်း​လင်း ​မ​ရှိ ​ဘူး​လို့ ​ဆိုးလ်​မြို့​တော် ​မှာ ​ရှိ​တဲ့ ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် ​က ​ပြော​ပါ​တယ်။
တိုး​တက် ​လာ​ခဲ့​တဲ့ ​အ​ချက် ​တွေ ​အ​ပေါ် ​မူ​တည်​ပြီး ​နောက်​ဆက်​တွဲ ​စ​ကား​ပြော ​ဆို​မှု ​တွေ ​ဆက်​လက် ​လုပ်​ဆောင် ​ကြ​ဖို့ ​လည်း ​နှစ်​ဘက် ​သ​ဘော​တူ ​ခဲ့ ​ကြ​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ​သီ​တင်း​ပတ် ​တုန်း​က​တော့ ​အ​ပြန်​အ​လှန် ​ပစ်​ခတ်​မှု ​အ​နည်း​ငယ် ​ဖြစ်​ခဲ့ ​ပြီး ​နယ်​စပ် ​မှာ ​နှစ်​ဘက်​တပ် ​တွေ ​ကို ​ကိုယ်​စီ ​အ​ရေး​ပေါ် ​အ​ဆင့် ​တပ်​လှန့်​ထား ​တဲ့ ​အ​ထိ ​တင်း​မာ ​ခဲ့ ​ကြ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ရေဘေးဒုက္ခသည်တချို့ကို သြဂုတ်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာရွာ ကျောင်းတော်ရာ ဘုရားက ရေဘေးဒုက္ခသည်စခန်းမှာ မြင်ရစဉ်။ Photo: Nay Thwae/RFA
 ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးကြီးခဲ့တဲ့အတွက် ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦး အထိရှိပြီဖြစ်ကာ အများဆုံးက ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးနဲ့ ရေဘေးသင့်သူ ပြည်သူအရေအတွက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာက အခုလိုပြောပါတယ်။
"ရေဘေးသင့် လူဦးရေ စုစုပေါင်း ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လပေါင်း ၁၆၂၉  ၄ဝ၅ ပါ၊ သေဆုံးတာ ၃ လပေါင်းဆိုရင် ၁၂၁ ဦးပါ၊ ကျမတို့က ဖြန့်ဖြူးဖို့လည်း အကုန်လုံးခွဲပြီးသားပါ ဥပမာ ချင်းပြည်နယ်မှာ ကလေးအထိပို့လို့ရတယ်၊ မတူပီဆိုလည်း မင်းတပ်အထိ ပို့လို့ရတယ်၊ ကျမတို့ ပို့ဆောင်ရေးဌာနနဲ့ ညှိနှိုင်းပြီးပို့ပေးတယ်၊ ဒါပေမဲ့ ဟိုဘက်ကနေ ဆက်ဖြန့်တာတို့ ဆက်ပို့တာတို့ကျတော့ သူတို့သက်ဆိုင်ရာဒေသအစိုးရအဖွဲ့က သူတို့အစီအစဉ်နဲ့ ဆက်ပို့ကြတာပေါ့နော်"
မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီိတိုင်း၊ မကွေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့ကာ လယ်ဧက ၇သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့အတွက်ကြောင့် မင်းတပ်၊ မတူပီ စတဲ့ဒေသတွေက ပြည်သူတွေဆီ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပို့ပေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ရေကြီးရေလျှံနေဆဲဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
11903886_10153508055637305_9131844994978330501_n
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတို့က ဒီကနေ့ ပူးတွဲကြေညာလိုက်ပါတယ်။
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အချိုးအကွေ့ဖြစ်တာကြောင့် မဲစာရင်းမှန်ကန်ရေး လုပ်ဆောင်သွားမှာဖြစ်သလို မဲမသမာမှု ကင်းစင်ရေးအတွက်လည်း စောင့်ကြည့်လေ့လာ ထုတ်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေရဲ့ အောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဦးဂျင်မီက ပြောပါတယ်။
“ကျနော်တို့က ရွေးကောက်ပွဲအောင်နိုင်ရေးကို ဆုံးဖြတ်ထားပြီးသား ၈၈ မျိုးဆက်အနေနဲ့က။ ရွေးကောက်ပွဲအောင်နိုင်ရေးက ဒီမိုကရေစီအင်အားစုတွေ အောင်နိုင်ရေးကို ကျနော်တို့က မူလကတည်းကကို ဆုံးဖြတ်ထားပြီးသား။ ဒီမိုကရေစီအောင်နိုင်ရေးလို့ ပြောလိုက်တာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နံပါတ် ၁ ထိပ်ဆုံးနေရာမှာ ပါလာတာပဲ။ ဒီလိုပဲ တိုင်းရင်းသားတွေကလည်း သူ့နယ်မြေမှာ ကျနော်တို့ရဲ့ မဟာမိတ်တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ အဲတော့ အဲဒီအောင်နိုင်ရေးအတွက်ကိုပါ ကျနော်တို့က ရည်ရွယ်ပြီး ပြော တာပါ။ ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း “ကျနော်တို့ အရင်ကလည်း အတွေ့အကြုံရှိပါတယ်ဗျာ။ ကျနော်တို့ ၄၃၆ ကိစ္စကလည်း အဲသလိုပဲ ပူးပေါင်းဆောင်ရွက်တာပဲ။ လိုအပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ အချိန်မှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အောင်မြင်မှုတွေအများကြီးရပါတယ်။ ၄၃၆ တုန်းကလည်း အောင်မြင်မှုရပါတယ်။ အဲတော့ ကျနော်တို့ ဒီသဘောအတိုင်းပဲ ဆက်လက်ဆောင်ရွက်ဖို့ လုပ်ကြတာပါ” လို့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ အနာဂတ်တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသားတွေ ပြည်သူလူထုတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
By နော်နိုရင်း/DVB
http://burmese.dvb.no/archives/109087
ဟိမ၀န္တာ တောင်တန်းပေါ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဆက်မပြတ်မိုးရွာသွန်းမှူတွေကြောင့် ရုတ်တရတ် ရေကြီးမှု မြေပြိုမှုတွကို သတိပြုဖို့  မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အသိပေးနှိုးဆော်ထားပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။
DVB TV
ဓာတ်ပုံ - ဦးဇင်ဝိုင်း ဖေ့ဘုတ် 
 ဓာတ်ပုံ - ဦးဇင်ဝိုင်း ဖေ့ဘုတ်
ဂန္ထဝင်ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကားအပါအ၀င် အနုပညာမြောက် မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖန်တီးခဲ့တဲ့   အကယ်ဒမီဆုများရှင် ဒါရိုက်တာ မောင်တင်ဦး အသက် (၇၅)နှစ် ဟာ ဒီကနေ့ မနက် ၉ နာရီလောက်က  မန္တလေးမြို့ ကျွဲဆည်ကန်ရှိ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
1505575_751794568299454_2838070643855509063_nမိသားစုနဲ့ နီးစပ်သူ ဦးဇော်မြင့်က “သူကရောဂါ ဖြစ်နေတာ နည်းနည်းကြာပါပြီ အသည်းခြောက်တာပေါ့။ မနက် ၉ နာရီလောက်က အိမ်မှာပဲ ဆုံးတာပါခင်ဗျ၊ အိမ်မှာပဲ အသက်ရှုတာလေး ဘာလေး ပုံမမှန်ဖြစ်လာတော့ ဆေးရုံတင်ဖို့ ကြိုးစားနေတုန်းမှာပဲ အသက်ရှုတာရပ်သွားပြီးတော့ ငြိမ်သွားတာ” ဒီဗွီဘီကို ပြောပါတယ်။
ဒါရိုက်တာမောင်တင်ဦးဟာ နေထွက်သောည၊ တခါကတဘဝ၊နွေရူပ၊  မမုန်းလေနဲ့ ငပလီ၊ ဒဏ္ဍာရီ၊ မမစိမ်း၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးခဲ့သူဖြစ်ပြီး   သင်္ကြန်မိုး ရုပ်ရှင်ကားဟာ  ဂန္ထဝင် အနုပညာမြောက်လက်ရာတခုအဖြစ် မြန်မာ့ရုပ်ရှင်လောကမှာ အသိမှတ်ပြုခံ ထားရပါတယ်။
သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ၀ါရင့် ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းက “သင်္ကြန်မိုးဆိုတာ ပြည်သူတွေကြားထဲမှာ ဒီနေ့အထိကို စွဲထင်ကျန်ခဲ့တဲ့ နောက်လဲရှိနေဦးမယ့် အရာတခုပါပဲ။ သင်္ကြန်မိုးရယ်ဆိုတာထက် ကျနော်က သူ့နားမှာ နှစ်ပေါင်းများစွာ တပည့်တယောက်အနေနဲ့ နေခဲ့ရတဲ့အခါကျတော့ ဆရာ့ရဲ့စိတ်တခုပါပဲ အဲဒါကတော့ သူက အနုပညာတခုကို ဖန်တီးတဲ့နေရာမှာ သူ့မှာ ရှိသမျှ စိတ်ရောကိုယ်ရော သူ့မှာ ရှိသမျှစွမ်းအင်တွေ အကုန်လုံးသုံးပြီး ဖန်တီးတတ်တဲ့ဆရာပါ။ ဒါကတော့ ကျနော် သူနဲ့ ပတ်သက်လို့ ပြောချင်တဲ့စကားပါ။”
ဒါရိုက်တာမောင်တင်ဦးဟာ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးဇော်ဝမ်းရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့  သမီး ၃ ဦးကျန်ရစ်ပါတယ်။
သူ့ရဲ့ ဈာပနကိုတော့  သြဂုတ်လ ၂၇ ရက် ညနေ ၃ နာရီမှာ တောင်အင်းမြောက်အင်းသုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။
ဒီဗွီဘီ
ဒီမိုကရေစီလိုလားသည့် အတိုက်အခံက အနိုင်ရလျှင်လည်း သမိုင်းဝင် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မိမိလက်ခံမည်ဟု မြန်မာနိုင်ငံတွင် အရှိန်အ၀ါကြီးမားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကတိပြုလိုက်ပါသည်။
သြဂုတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် အဆာဟိ ရှင်ဘွန်းနှင့်
အင်တာဗျူး တစ်ခုအတွင်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအာဏာရခဲ့လျှင်
တပ်မတော် က စိုးရိမ်မည် မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ပြောကြား ခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်တို့အနေနှင့် ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ဖို့အကြောင်းမရှိပါဘူး။” ဟု ဗိုလ်ချုပ်မှူးကြီး ရာထူးရယူထားသည့် ၅၉ နှစ်အရွယ် တပ်မတော်အရာရှိကြီး က ပြောကြား ခဲ့သည်။
ယခင်တပ်မတော်အစိုးရက အစိုးရသစ်အတွက် နေရာပေးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် စတင် သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ကို တပ်မတော်က
ဆက်လက်ထောက်ခံ မည်ဖြစ်ကြောင်း သူ၏ မှတ်ချက်အရ ရှင်းလင်းစွာ သိခဲ့ရသည်။
သို့သော် ၂၀၀၈ ခုနှစ်တွင် ယခင် အစိုးရက ပြဌာန်းခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေး ကို သူသဘောမတူနိုင်သဖြင့် တပ်မတော်၏ နိုင်ငံရေးပါဝင်မှုက ဆက်လက် ရှိနေဦးမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။
လွှတ်တော်အတွင်း ၄ ပုံ ၁ ပုံသော လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ ခန့်အပ်ခံ တပ်မတော် အရာရှိများအတွက် ထားရှိခြင်းဖြင့် တပ်မတော်၏ နိုင်ငံရေး ပါဝင်မှုကို အခြေခံဥပဒေက အာမခံထားသည်။
အစဉ်အလာအရ တပ်မတော်အစိုးရကို ထိပ်တိုက်ပြုခဲ့သည် NLD က လွှတ်တော်နေရာ အများစု အနိုင်ရရှိရန် မျှော်လင့်ထားရသော်လည်း သူမ၏ ခင်ပွန်းနှင့် သားများ သည် ပြည်ပ နိုင်ငံသားများ ခံယူထားခြင်းကြောင့် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့်မှ တားဆီးထားသည်။
”ဘယ်ပါတီကဘဲ အစိုးရအာဏာကို ရသည်ဖြစ်စေ၊ တည်ဆဲဥပဒေဘောင်အတွင်းကဘဲ လုပ်ဆောင် ကျင့်သုံးရမှာဖြစ်တယ်။”ဟု အခြေခံ ဥပဒေလိုက်နာရန် အရေးကြီးကြောင်း အလေးထားသည့် ဗိုလ်ချုပ်မှူးကြီးက ပြောကြားသွားခဲ့သည်။အဆိုပါ အခြေခံဥပဒေသည် တပ်မတော်အကြီးအကဲအား သမ္မတဦးသိန်းစိန်၏အထူးလုပ်ပိုင်ခွင့် နီးပါး ခွင့်ပြုထားသည်။
PKT
The Ladies News Journal
အာရုဘာရိုမီတာဆာဗေး(Asia Barometer Survey-ABS)အဖွဲ့မှ မြန်မာနိုင်ငံအတွင်း ကောက်ယူရရှိသည့်စစ်တမ်းမျာအရ ပြည်သူလူထုအနေဖြင့် စီးပွာရေးလက်ရှိ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေဆိုးရွားနေမှုသည့် စစ်တပ်ပါဝင်နေမှု များရှိသည့် အတွက် စီးပွားရေးပိုင်းတွင် စစ်တပ်မှ ပါဝင်မပတ်သက်စေလိုကျကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြန်လည်ဖြေကြားကျရာတွင် နိုင်ငံရေးနှင့် စီးပွားရေးတွင် စစ်တပ်ပါဝင်နေမှုပတ်သက်ပြီး နိုင်ငံရေးတွင်၃၉ရာခိုင်နှုန်းဘဘောတူညီမှုရှိပြီး ၄၀ရာခိုင်နှုန်းခန့်သဘောမတူညီမှုများကြောင်း၊ စီးပွားရေးတွင် ၂၉ရာခိုင်နှုန်းခန့်သာ သဘောတူညီမှုရှိပြီး ၅၁ရာခိုင်နှုန်းခန့်သည် ငြင်းဆိုထားချက်များအရ စစ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်နိုင်ငံရေးသိပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက``ဘာကြောင့်လည်းငြင်းဆိုလည်းဆိုတာတော့ မေးခွန်းထဲမှာမမေးထားဘူး။ဒါပေမယ့် လက်ရှိစီးပွာရေးမပတ်သက်စေချင်လား နိုင်ငံရေးမှာပါဝင် မပတ်သက် ချင်လားဆိုရင် စီးပွားရေးမှာပိုဆိုးတယ်။ စီးပွာရေးမှာလုံးဝမပတ်သက်စေချင်ဘူး။ လက်ရှိ စီးပွားရေးက မကျေ နပ်ချက်တွေကို အခြားမေးခွန်းတွေနဲ့ယှဉ်တွဲပြီးနားလည်လိုရတယ်´´ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် လက်ရှိ စီးပွားရေး အခြေအနေများကို ယခင်ကထက် ပိုခက်ခဲသည်ဟု ယူဆပြီး ဒီမိုကရေစီဖြစ်စဉ်များအရ အနာဂတ်ကာလတွင် ကောင်းလာနိုင်မည်ဟု ယုံကြည်ချက်များရှိကြောင်း စစ်တမ်းထုတ်ပြန်ချက်အရ သိရသည်။သို့သော်လက်ရှိတွင် ကုန်ဈေးနှုန်းတည်ငြိမ်မှု နှင့်ဝင်ငွေဖြန့်ဖြုးမှု မျှတမှု တွင် အဆိုးမြင်နေကြောင်း ပြောပြချက်အရ သိရသည်။
ဦးမြတ်သူက`` စီးပွားရေးကိုမကျေနပ်ဘူး။တပ်ကပါဝင်ပတ်သက်နေတာတွေနေရတယ်။ စီးပွားရေးကိုလုံလုံခြုံခြုံစားချင်သောက်ချင်နေတာဖြစ်တယ်´´ဟု ဆိုသည်။
စစ်တမ်းထဲတွင် ပြည်သူလုထုအနေဖြင့် စစ်တပ်အပေါ် ယုံကြည်မှုသည် ဒေသတွင်း နိုင်ငံများဖြစ်သည့် ဗီယမ်နမ်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ထိုင်း၊ကမ္ဘောဒီးယားတို့နှင့် ယှဉ်လျှင် မြန်မာနိုင်ငံသည့် ယုံကြည်မှု ၄၆ရာခိုင်နှုန်း သာရှိသည့်အတွက် ဒေသတွင်းနိုင်ငံများထက်အနည်းဆုံးအခြေအနေတွင်ရှိကြောင်း ဖော်ပြထားချက်အရ သိရသည်။
ယင်းအပြင် တပ်မတော်အား လူထုအနေဖြင့် စစ်တပ်အပေါ် ယုံကြည်မှု ၄၆ရာခိုင်နှုန်းရှိသည် ဆိုသော်လည်း အများပြည်သူဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် အစိုးရဌာနများတစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှုသည် ၂၈ရာခိုင်နှုန်းသာရှိသည့် အတွက် အစိုးရ၀န်ကြီးဌာနများအတွင်း အနည်းဆုံး ယုံကြည်ခံရမှုကိုရရှိထားခြင်းဖြစ်ကြောင်း စစ်တမ်းဖော်ပြချက်အရ သိရသည်။
အဆိုပါစစ်တမ်းရလဒ်များအား အာရှဘာရိုမီတာဆာဗေး နှင့် ရန်ကုန်နိုင်ငံရေးသိပံကျောင်းတို့ မှ ပူးပေါင်း စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တိုင်းဒေသကြီး အနှံမြို့ပေါင်း ၃၆မြိ့နယ်ရှိ ပြည်သူ ၁၆၂၀ဦးအား စစ်တမ်းကောက်ယူရရှိချက်များအရ ဖြစ်ကြောင်း သိရသည်။
အာရှဘာရိုမီတာသည် မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ ၁၄နိုင်ငံတို့တွင် စစ်တမ်းကောက်ယူမှုပြုသည်ည နိုင်ငံအလိုက်စစ်တမ်းကောက်ယူမှု အဖွဲ့ဖြစ်သည်။ထိုင်ဝမ် အမျိုးသားတက္ကသိုလ်တွင် အခြေစိုက်ပြီး ၂၀၀၁ခုနှစ်မှ အစပြုပြီး ဒေသတွင်းတွင် ဆာဗေးပြုလုပ်ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် လုပ်ဆောင်သော Global Barometer Survey နှင့် ဆက်နွယ်ကြောင်း သိရသည်။
The Ladies News Journal
 သောကြာနေ့က နယ်သာလန် ပြင်သစ်ပြေးဆွဲတဲ့ Thalys ကျည်ဆံရထားပေါ်မှာ လက်နက်အမြောက်အများနဲ့ တိုက်ခိုက်ဖို့ ကြံတဲ့သူကို ဝိုင်းဖမ်းပေးခဲ့တဲ့ အမေရိကန် နိုင်ငံသား ၃ ဦးနဲ့ ဗြိတိသျှနိုင်ငံသား ၁ ဦးတို့ကို ပြင်သစ်သမ္မတ Francois Hollande က ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆုတွေကို ဒီကနေ့ပဲ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
ပါရီမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတ Hollande က ဗြိတိန်နိုင်ငံက Chris Norman နဲ့ အမေရိကန်တွေဖြစ်တဲ့ Spencer Stone, Alek Skarlatos နဲ့ Anthony Sadler တို့ရဲ့ ရင်ဘတ်မှာ ဆုတံဆိပ်ချိတ်ပေးခဲ့ပါတယ်။
အရင်သီတင်းပတ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အဖြစ်အပျက်ကြားက သူတို့တွေရဲ့ လုပ်ဆောင်ချက်က ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနဲ့ မျှော်လင့်ချက်ရောင်ခြည်ရဲ့ ပြယုတ်ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ပြောသွားပါတယ်။ အကြမ်းဖက်သမားတယောက်က တိုက်ခိုက်ဖို့ လုပ်ဆောင်တယ်၊ အကြီးအကျယ် ထိခိုက်ပျက်စီးအောင်လုပ်ဖို့ သူ့မှာ လက်နက်ခဲယမ်း အပြည့်အစုံလည်းပါတယ်၊ သူ့ကိုသာ အသက်စွန့်ပြီး ဝင်မတိုက်ဘူးဆိုရင် သူက အဆုံးအရှုံး အများကြီးဖြစ်အောင် တိုက်ခိုက်လိုက်နိုင်မှာပါလို့ သမ္မတ Hollande က ပြောသွားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ဟာ အခြေခံ အခွင့်အရေးကို ချိုးဖောက်မှုဖြစ်လို့ လက်မှတ်မရေးထိုးဖို့ သမ္မတဦးသိန်းစိန်ကို HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဒီကနေ့ပဲ တိုက်တွန်းသွားပါတယ်။
မျိုးစောင့်ဥပဒေလေးခုထဲက နှစ်ခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးရေးမူကြမ်းနဲ့ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေမူကြမ်းတို့ကို လွှတ်တော်နှစ်ရပ်က သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဥပဒေတွေဟာ ကိုးကွယ်ရာဘာသာကို အခြေခံပြီး ခွဲခြားမှု ပြုလုပ်ရာ ရောက်တယ်၊ နိုင်ငံတကာမှာ အကာအကွယ်ပေးထားတဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်နဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ HRW က ပြောပါတယ်။
အဲဒီဥပဒေမူကြမ်းနှစ်ခုကို ခွင့်ပြုပေးလိုက်တာဟာ လွှတ်တော်အနေနဲ့ အခြေခံလူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံမှာ ရှိထားတဲ့ လူ့အသိုင်းအဝိုင်း အချင်းချင်းကြား တင်းမာနေတဲ့ ဆက်ဆံရေးကို မီးထိုးပေးသလို ဖြစ်စေတယ် မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိမ်းစောင်းမခံတဲ့ အသွင်ကူးပြောင်းမှု အခြေအနေကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲနဲ့ နီးကပ်လာနေတဲ့အချိန်မှာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ လွှတ်တော်က အတည်ပြုတာကြောင့် မြန်မာနိုင်ငံက ဥပဒေပြသူတွေအနေနဲ့ ဒီမိုကရေစီနဲ့ အခွင့်အရေး လေးစားမှုအပေါ် ဘယ်လောက် အလေးအနက်ရှိလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ Phil Robertson က ဆိုပါတယ်။
မြန်မာနိုင်ငံကို အဓိက ထောက်ပံ့ပေးနေတဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထာင်စုတို့ အနေနဲ့ အဲဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချပြီး ချက်ခြင်း ပြန်ပယ်ဖျက်ဖို့ တောင်းဆိုသင့်တယ်လို့ လည်း Mr. Robertson က ပြောပါတယ်ရှင်။
VOA
http://burmese.voanews.com/content/burma-interfaith-law/2930059.html
မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စတင် စိစစ်နေချိန်မှာပဲ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတချို့ရဲ့ လျှောက်လွှာတွေလည်း ပယ်ချခံနေရပါတယ်။
အမည်စာရင်း တင်သွင်းလွှာ ပယ်ချဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် ချေပ အယူခံဝင်မယ့်သူရှိသလို ဥပဒေနဲ့အညီ ဖြစ်တယ်ဆိုရင် ဆုံးဖြတ်ချက်ကို လက်ခံမယ့် သူတွေလည်း ရှိနေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။
နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ အထဲက အနည်းဆုံး ကိုယ်စားလှယ် ၃ ယောက်ရဲ့ လျှောက်လွှာတွေကို နိုင်ငံသားဖြစ်မှုနဲ့ ဆက်နွယ်ပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးတွေက ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်ဟာ မြန်မာနိုင်ငံသား မိဘ ၂ ဦးက မွေးဖွားသူ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁ဝ)(ဂ) အပိုဒ်(င) အရ ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်း တဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လျှောက်လွှာကို ပယ်ချခဲ့တာပါ။
ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအဖြစ် အရွေးခံဖို့ စီစဉ်ထားတဲ့ ဦးရွှေမောင်ကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံပြန်ဝင်မယ်လို့ ပြောပါတယ်။
“၂၀၁၀ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း မီမှု မမီမှုနဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၀ (င) ပေါ့ အဲဒါလည်း ၂၀၁၀ တုန်းကနဲ့ အခုနဲ့လည်း အတူတူပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘူး။ ၂၀၁၀ တုန်းက ကျနော် ရွေးကောက်တင်မြှောက်ခြင်းခံရတယ်။ ကျနော် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် လုပ်တယ်ဗျာ။ ၂၀၁၅ ကျတော့မှ လျှောက်လွှာတင်တော့ကျမှ ပယ်တယ်ဆိုတော့ ဒါက ရှေ့နောက်မညီတဲ့ ကိစ္စတခုလို့ပဲ ကျနော်က မှတ်ချက်ပေးချင်ပါတယ်။ ရခိုင်ပြည်နယ် ကော်မရှင်က ပယ်ခဲ့တယ်ဆိုရင်လည်း ကျနော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နေပြည်တော်ကို ဆက်လက် အယူခံရမှာပေါ့နော်။ အန်ကယ်လ့်ရဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား မိဘနှစ်ပါးရဲ့ မှတ်ပုံတင်ကဒ်ပြားနဲ့ ကျနော်တို့ မျိုးရိုးစဉ်ဆက်ရဲ့ လိုအပ်တဲ့ အချက်အလက်တွေကို အားလုံး တင်သွင်းတယ်။ တင်သွင်းပြီးတော့ ၁၉၈၂ ခုနှစ်နော် မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေ အားလုံးနဲ့ ကိုက်ညီတဲ့အတွက် အန်ကယ်လ့်ရဲ့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်နေတဲ့အတွက် အန်ကယ်လ့်ကို နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးခဲ့တာပါ။ ဆိုတော့ အခုကျမှ ကျနော့်ရဲ့မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဘူးလို့ ပြောတဲ့ဟာသည် ဒါက တခုခုတော့ ဖိအားကြောင့်လား၊ နောက် အဖွဲ့အစည်းတခုခုရဲ့ တောင်းဆိုချက်ကြောင့်လား၊ သို့မဟုတ် ဘာကြောင့်လဲဆိုတာက ကျနော်တို့ သံသယဖြစ်စရာ ရှိပါတယ်။”
မောင်တောခရိုင်အတွင်းမှာပဲ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံမယ့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသမီး ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခင်ခင်လွင် ဟာလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့် ဟာလည်း နိုင်ငံသားမဖြစ်သေးတဲ့ မိဘနှစ်ပါးက မွေးဖွားလာသူအဖြစ် လျှောက်လွှာကို ပယ်ချထားတာဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးကို အယူခံ ဆက်တက်သွားဖို့ ပြင်ဆင်နေပါတယ်။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေနဲ့အညီဖြစ်တယ်ဆိုရင် လက်ခံဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
“သူ့ကိုမွေးတဲ့အချိန်မှာ မိဘတဦးဦးက နိုင်ငံခြားသားဖြစ်နေလို့ အဲဒီလို ကြားပါတယ်။ ဥပဒေအရ မှန်ရင်တော့ ကျနော်တို့ အစအဆုံး လိုက်ပေးမှာပါ။ ဥပဒေအရကို ငြိနေတယ်ဆိုရင်တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။”
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲဥပဒေနဲ့အညီ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ် နေပါတယ်လို့ ပြောပါတယ်။ တကယ်လို့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လျှောက်လွှာကို ပယ်ချခံရတယ် ဆိုရင်လည်း ၇ ရက်အတွင်း အယူခံဝင်နိုင်တယ်လို့ အခုလို ရှင်းပြပါတယ်။
“သူ မွေးဖွားတဲ့အချိန်မှာလေ သူ့မိဘနှစ်ပါးစလုံးက နိုင်ငံသားဖြစ်ဖို့ လိုအပ်ပါတယ်။ တပါးပါးက နိုင်ငံခြားသား ဖြစ်နေရင်တော့ သူက ဘောင်မ၀င်တော့ဘူးပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံတွင်းမှာ အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်တဲ့သူ ဖြစ်ရမယ်ပေါ့။ နောက် နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသားဖြစ်ရမယ်။ အဲဒီအချက်တွေနဲ့ဆိုရင် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိတဲ့သူတွေပေါ့။ ရွေးချယ်တင်မြှောက်ပိုင်ခွင့် မရှိတဲ့သူတွေကတော့ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေပေါ့။ နောက် စိတ်ပေါ့သွပ်နေတယ်လို့ သက်ဆိုင်ရာဥပဒေက ပြဌာန်းထားတဲ့အတိုင်း သတ်မှတ်ခြင်းခံရတဲ့သူတွေ။ နောက် လူမွဲအဖြစ် သက်ဆိုင်ရာ တရားဝင် ကြေညာထားခြင်း ခံရတဲ့သူတွေပေါ့။ နောက် မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့ မိဘတပါးပါးမှဖြစ်စေ၊ နှစ်ပါးစလုံးကဖြစ်စေ မွေးဖွားတဲ့နိုင်ငံသားပေါ့။ နောက် နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေတဲ့သူတွေ၊ နိုင်ငံခြားအစိုးရရဲ့ သြဇာခံသူတွေ၊ နိုင်ငံခြားအစိုးရ နောက်ခံဖြစ်တဲ့သူတွေ၊ တိုင်းတပါးသားရဲ့ နိုင်ငံသားဖြစ်တဲ့သူတွေ၊ ဒီလူတွေဟာ ရွေးလို့မရဘူးပေါ့။”
အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် ၆,၁၈၉ ဦးအထိ ရှိပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး ရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
မဆုမွန်/VOA
http://burmese.voanews.com/content/myanmar-election/2930042.html
နေ့စွဲ။ ။ ၂၄ ရက်၊ သြဂုတ်လ၊ ၂၀၁၅ ခုနှစ် ။
မိမိတို့သည် ၂၀၁၅ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာ ချက်မှ ရှေ့လုပ်ငန်းစဉ် (၃)ရပ်အပေါ် ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူကြပါသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲ ဖြစ်ပေါ်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့အပါအ၀င် တူညီသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရန် အောက်ပါအချက်များကို ပူးတွဲလုပ်ဆောင်ကြပါမည်။ မဲဆန္ဒရှင်ပြည်သူအပေါင်းကိုလည်း ပူးပေါင်းပါဝင် ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂၀၁၅အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အရေးကြီးသော အချိုး အကွေ့ဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများအကြား နိုးကြားမှုများမြင့်တက်နေစေရေးနှင့် မဲစာရင်းမှန်ကန်မှုရှိရန် ကိုယ်တိုင် ပါဝင်စစ်ဆေးကြရန် ၊
ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများ ကင်းစင်ရေး အတွက် စောင့်ကြည့်လေ့လာ ဖော်ထုတ်ကြရန်၊
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၁၅-ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ကြရန်။
လာမည့်ရွေးကောက်ပွဲနှင့် အနာဂါတ်ကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
.
Credit : The 88 Generation Peace and Open Society
 မကြာခင် ရောက်လာတော့မယ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိရေး အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေ ကြိုတင်မဲပေးရာမှာ လေ့လာနိုင်အောင် စီစဉ်ပေးဖို့ Carter Center လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေနဲ့ လူနည်းစုတွေပါ မဲပေးခွင့် ရရှိဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ ကြိုတင်မဲပေးတဲ့နေ့တွေမှာပါ စောင့်ကြည့်နိုင်အောင် စီစဉ်ပေးဖို့ Carter Center လေ့လာစောင့်ကြည့်ရေးအဖွဲ့ မြန်မာဌာနေတာဝန်ခံ Frederick Rawski က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ စနစ်အရ ကြိုတင်မဲပေးချိန်မှာ စောင့်ကြည့်လေ့လာဖို့တော့ ခက်ခဲနေသေးတယ်လို့ Frederick Rawski က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတာဟာ ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကျနော်တို့ကို ကြိုတင်မဲပေးရာမှာ လေ့လာခွင့်ပေးမယ်လို့ ပြောထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရော၊ ပြည်တွင်းအဖွဲ့တွေကိုပါ စောင့်ကြည့်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လို လက်တွေ့ စောင့်ကြည့်ခွင့် ပေးမလဲဆိုတာကိုပဲ မေးခွန်းထုတ်ရမှာပါ။ လက်ရှိ စနစ်အရ အချို့ ကြိုတင်မဲပေးတဲ့ နေရာတွေမှာ လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဥပမာ တပ်မတော်သားတွေ ကြိုတင်မဲပေးတာမျိုးပေါ့။ ကြိုတင်မဲပေးမယ့်ရက်ကို သေသေချာချာ မသတ်မှတ်ရသေးဘူး။ ပြီးတော့ တပ်ထဲမှာ ကြိုတင်မဲ ဘယ်လိုပေးမလဲ၊ ဘယ်တော့ပေးမလဲ ဆိုတာကလည်း တပ်ရင်းမှူးတွေပဲ စီစဉ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျနော်တို့ ဘယ်လို စောင့်ကြည့် လေ့လာရမလဲ ဆိုတာကို သေချာဆွေးနွေးပါဦးမယ်။ စောင့်ကြည့် လေ့လာသူတွေ ကြိုတင်မဲပေးမှုကို စောင့်ကြည့်လေ့လာနိုင်ခွင့်ဟာလည်း ရွေးကောက်ပွဲတပွဲရဲ့ ယုံကြည်စိတ်ချရမှုအတွက် အရေးကြီးပါတယ်။”
White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အရင်က မဲပေးခွင့်ရှိသူတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ Mr. Rawski က သုံးသပ်ပါတယ်။ ရခိုင်ဒေသက လူနည်းစု အပါအဝင် မဲပေးပိုင်ခွင့်ရှိသူတွေအားလုံး မဲပေးခွင့်ရအောင် ကာတာစင်တာအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်လို့ Mr. Rawski က ပြောပါတယ်။
“အရင်တုန်းက မဲပေးပိုင်ခွင့်ရှိတဲ့ များပြားလှတဲ့ လူဦးရေတွေ မဲပေးပိုင်ခွင့် မရှိတော့တာကို အလွန်စိတ်ပူမိပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဒါဟာ မကောင်းတဲ့ အလေ့အထလို့ ယူဆကြပါတယ်။ တကယ်လို့ မဲပေးခွင့် ဆုံးရှုံးကြတယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ မဖြစ်သင့်ပါဘူး။ ဒီလူတွေဟာ မဲပေးပိုင်ခွင့် ရှိသူတွေဟုတ်မဟုတ် ခွဲခြားသတ်မှတ်ဖို့ တရားမျှတစွာ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလူတွေ မဲပေးခွင့်မရဘူးဆိုတာကို သိရတော့ ကျနော်တို့အနေနဲ့ စိတ်ပျက်မိပါတယ်။ ကာတာစင်တာအနေနဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးရေးနဲ့ နိုင်ငံသားသတ်မှတ်ရေးတွေမှာ ဘာမှ ဝင်မစွက်ဖက်လိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ရခိုင်ပြည်နယ်က လူနည်းစုတွေ အပါအဝင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။”
အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် Atlanta မြို့အခြေစိုက် ကာတာစင်တာဟာ ၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲ ၁၀၀ ကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကာတာစင်တာကနေ မြန်မာ့ရွေးကောက်ပွဲ ဖြစ်စဉ်ဆိုင်ရာ ဒုတိယအစီရင်ခံစာနဲ့ အကြံပြုချက်တွေကို ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။ ပထမအစီရင်ခံစာကိုတော့ ၂၀၁၅ ခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရန်ကုန်
           တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် ပြည်သူလူထုသည် အစိုးရနှင့် လက်တွဲရန် ခက်ခဲနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားလိုက်သည်။
          ''အဲဒီမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုလို့  ပြောကြတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ခေတ်မှာ လူထုက စွန့်စားပြီး အစိုးရနဲ့ လက်တွဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ တရားဥပဒေမှ မစိုးမိုးတာကိုး။ ဒီကောင် သတင်းပေးဆိုပြီး ဒီနေ့ သတင်းပေးရင် မနက်ဖြန် မိသားစု ပျောက်သွားနိုင်တဲ့ အခြေအနေ ဆိုတော့ ဘယ်ပေးရဲမလည်း'' ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
          မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍  လွှတ်တော်တွင် ပြောကြားနေမှုတွင် ၀န်ကြီးများ၏ ပြောကြားမှုသည် တူညီနေကြောင်း၊ လွှတ်တော်နှင့် အစိုးရသည် မူးယစ်ဆေးဝါး ထိန်းချုပ်မှုကို မည်သို့မျှ မလုပ်နိုင်ကြောင်းလည်း ဒေါ်ညိုညိုသင်းက ဆိုသည်။
          ''တရားဥပဒေ ချိုးဖောက်မှုတွေကို သတင်းပေး တိုင်ကြားသူရဲ့ လုံခြုံရေး အတွက် ရဲက ဆောင်ရွက်ပေးမယ်လေ။ အဲဒီအတွက် မပေါက်ကြားအောင် ထိန်းထားပြီးသား။ ဒါက လုပ်ထားပြီးသားပါ။ ဘယ်လိုလုပ် သူတို့ကို ပြောမလဲဗျာ'' ဟု ရန်ကုန်တိုင်း ဒေသကြီး ဒုတိုင်း ရဲတပ်ဖွဲ့မူး ရဲမူးကြီး ၀င်းဗိုလ်က The Messenger Media သို့ပြောသည်။
          ပြည်သူလူထုမှ မူးယစ်ဆေးဝါး အပါ အ၀င် ဒုစရိုက်မှုများကို ရဲတပ်ဖွဲ့အား တိုင်ကြားလာပါက တိုင်ကြားသူ၏ လုံခြုံရေးကို တာဝန်ယူမည့် အပြင် ၎င်း၏ အကြောင်းကိုပါ မပေါက်ကြားအောင် ထိန်ချန်ထားမည် ဖြစ်ကြောင်း ရဲမူးကြီး ၀င်းဗိုလ်က ဆိုသည်။
          လက်ရှိတွင် မြန်မာနိုင်ငံ၌ ရဲတပ်ဖွဲ့နှင့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် သိသိသာသာ တိုးတက် လာခဲ့ကြောင်း၊ EU ၏ အစီရင်ခံစာတွင်လည်း ပြည်သူလူထု ပူးပေါင်း ပါဝင်မှုသည် သတ်မှတ်ထားသော စံချိန်အတိုင်း တိုးတက်လာကြောင်း သိရသည်။
          ရာနှုန်းပြည့် မဟုတ်သော်လည်း EU က လက်ခံနိုင်သော အတိုင်းအတာတွင် ရှိနေကြောင်းလည်း ရဲမူးကြီး ၀င်းဗိုလ်က ဆိုသည်။ ပြည်သူအား နှိပ်စက်၍ လာဘ်စားသော ရဲတပ်ဖွဲ့များကိုလည်း တိုင်ကြားလာပါက ချက်ချင်း စိစစ်ကာ အရေးယူမှုများ ပြုလျက်ရှိပြီး၊ ၎င်းတို့၏ စာရင်းကိုလည်းမှ ထုတ်ပြန်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
          မြန်မာနိုင်ငံတွင် မူးယစ်ဆေး အရောင်းအ၀ယ်လုပ် သုံးစွဲသူများ၊ ချဲ၊ နှလုံးဒိုင်ကိုင် သူများကို ပြည်သူက သိရှိပြီး၊ သတင်း ပေးနိုင်သော်လည်း ၎င်းရောင်းဝယ်သူ ဒိုင်များက မိသားစုအား ဒုက္ခပေးမည်ကို စိုးရိမ်၍ မတိုင်ကြားဝံ့မှုများ ရှိနေကြောင်း ပြည်သူများထံမှ သိရသည်။ ရန်ကုန်တွင် ယခုလပိုင်း အတွင်း မူးယစ်ဆေးဝါးများ အမြောက်အမြား ဖမ်းမိခဲ့သည်။
တေဇာဘုန်းမြင့်
The Messenger Media
http://messengernewsjournal.com
NLD ဥက္ကဋ္ဌ MPF And EU Closing Ceremony ပွဲသို့ တက်ရောက် မိန့်ခွန်းပြော
  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်သော MPF And EU Closing Ceremony ပွဲသို့ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့များကို ပြည်သူများ လိုလားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်စေခြင်ကြောင်း၊ အဲ့လိုဖြစ်လာဖို့လဲ ၀ိုင်းဝန်းကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးဘက်ကလဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုကြောင်းကို ယခုလိုပြောကြားခဲ့သည်။
 “ ကျွန်မတို့ရဲ့ ရဲတပ်ဖွဲ့ဟာ တစ်ကယ့်ကို ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ပြည်သူကနေအားကိုးနိုင်တဲ့၊ ပြည်သူကနေပြီးတော့ လေးစားနိုင်တဲ့၊ ပြည်သူကနေတန်ဖိုးထား ဂုဏ်ယူနိုင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ဒီလိုဖြစ်ဖို့လဲ ကျွန်မတို့အားလုံးဝိုင်းပြီးတော့ ကြိုးစားနေပါတယ်။ ပြည်သူများလေးစားတန်ဖိုးထားတဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုတာဟာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဘက်ကလဲ ပြုပြင်ပြောင်းလဲမှုတွေလိုပါတယ်။ နောက်ပြီးတော့ လက်တွေကြကြ လေ့ကျင့်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ကျွန်မက လွှတ်တော်ဘက်ကနေလာပြီး ပြောတယ်ဆိုတော့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများနဲ့ စရပါမယ်။ ဥပဒေကြောင်းနဲ့စရမယ်ဆိုတော့ တစ်ချို့က ကြိုက်တာလဲရှိမယ်၊ မကြိုက်တာလဲရှိမယ်။ ပထမဆုံးအားဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အနေအထားကို အဆုံးအဖြတ်ပေးမှာက ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စရမယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာဟာ လွတ်လပ်တဲ့အဖွဲ့စည်းတစ်ခုအနေနဲ့ ရှိရမယ်။ ဒီလိုပြောခြင်းအားဖြင့် တပ်မတော်ရဲ့ကဏ္ဍကိုလစ်လျူရှုလို့မဟုတ်ပါဘူး အဖွဲ့စည်းတစ်ခုဆိုတာဟာ တာဝန်ယူမှုရှိဖိုဆိုတာဟာ လုပ်ပိုင်ခွင့်လဲရှိရပါမယ်။ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိခဲ့ရင် အဖွဲ့စည်းတစ်ခုဟာ တာဝန်လဲ အပြည့်အ၀ယူနိုင်မှာဖြစ်ကြောင်း” စသည်ဖြင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့သည်။
National League for Democracy
https://www.facebook.com/NLDParty
 ၈၈ မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား သဘောထားတွေ ကွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆို နေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆို လိုက်ပါတယ်။
နှစ်ဘက်လုံးအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတည်းက အတူလက်တွဲပြီး လုပ်ဆောင်ခဲ့တာဖြစ်သလို နောက်ဆုံးအထိ အတူရှိတယ်ဆိုတာကို ပြည်သူတွေသိစေချင်လို အခုလို ကြေငြာချက်ထုတ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"ကျနော်တို့ ပြည်သူလူထုကြားမှာ ဒီ ၈၈ နဲ့ ပတ်သက်ပြီးတော့ NLD နဲ့ သဘောထားတွေကွဲကုန်ပြီ၊ ဘာညာမေးကြ ပြုကြတာလည်းများနေပါပြီ၊ ဒီအခါမှာ တစ်ကယ်တန်းကျတော့ ၈၈ နဲ့ NLD ဟာ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ဘူး၊ ဘယ်တုန်းမှလည်း ဒီလိုကွဲပြဲတာမဖြစ်ခဲ့ဘူး၊ နောက်ဆုံးအချိန်ထိ ဒီတိုင်းရှိနေတယ်ဆိုတာကို ကျနော်ပြည်သူလူထုကိုသိစေချင်လို့ ဒါလေးထုတ်တာပါ"
ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေဆုံပွဲပြီး အခုကြေငြာချက်ကို ထုတ်ပြန်တာလို့လည်းသိရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲမသာမှုတွေကို စောင့်ကြည်ဖော်ထုတ်ဖို့ အပါအဝင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
  လက်ရှိအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အသစ်သည် ဂိုဏ်းဂဏကွဲပြားမှုကို ဖယ်ရှားလိုက်နိုင်ပြီး ပါတီနှင့်တပ်မတော် တစ်သားတည်း ဖြစ်စေမည့် အခင်းအကျင်း အသစ်ကို ပုံဖော်လိုက်သည်ဟု သုံးသပ်နိုင် …
ယခုအပတ်အတွင်း မြန်မာ့နိုင်ငံရေးလောက၌ ရေပန်းအစားဆုံး သတင်းတစ်ပုဒ်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သတင်းဖြစ်သည်။ ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် သူရ ဦးအောင်ကို၊ ဦးအောင်သိန်းလင်း၊ ဦးအောင်ကြည်၊ ဦးမောင်ရှိန်၊ ဦးဇော်မြင့်ဖေနှင့် ဦးမောင်ပါတို့ပါ တာဝန်မှ ဖယ်ရှားခံရပြီး သာမန်ပါတီဝင် အဆင့်သို့ လျှော့ကျသွားခဲ့သည်။
သြဂုတ်လ ၁၂ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားသို့ ပါတီ၏ ပူးတွဲ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့သေးပြီး ထိုအခမ်းအနားအပြီးညတွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ကာ ရဲအင်အားများ အသုံးပြု၍ ပါတီတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးအတွက် အစည်းအဝေးကို ညတွင်းချင်း ပြုလုပ်၍ ထိုအစည်းအဝေးသို့ သူရဦးရွှေမန်းနှင့် အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ တက်ရောက်ခွင့် မရခဲ့ဟု သတင်းရပ်ကွက်များက ဆိုပါသည်။ ထို့နောက် နောက်တစ်ရက် သြဂုတ်လ ၁၃ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို တရားဝင်ထုတ်ပြန် ကြေညာပြီး ပူးတွဲဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးဌေးဦး ဖြစ်လာပါသည်။
ပါတီတွင်းဥက္ကဋ္ဌတစ်ဦးအား ပါတီစည်းမျဉ်းအတိုင်း ဖယ်ရှားသည်ဟု လက်ရှိပါတီ၏ ဖွဲ့စည်းပုံ အသစ်အရ ခေါင်းဆောင်ပိုင်းများက ဆိုသည့်အတွက် ပါတီတွင်းဖယ်ရှားမှု ကိစ္စအား ပါတီပြုပြင်ပြောင်းလဲရေးဟု ဆိုဖွယ်ရာ ရှိသော်လည်း ဖယ်ရှားပုံ ဖယ်ရှားနည်းကား ယခင်အာဏာပိုင် လက်ထက်နှင့် ဆင်တူယိုးမှား သဏ္ဌာန်ဖြစ်၍ နိုင်ငံရေးရပ်ဝန်းနှင့် နိုင်ငံတကာကပါ နိုင်ငံ၏ ဒီမိုကရက်တစ်နည်းကျ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထိခိုက်မည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။
အမေရိကန် အထက်လွှတ်တော်အမတ် Mitch Mc Conell က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အခြားနိုင်ငံရေး ပါတီများကဲ့သို့ ပါတီခေါင်းဆောင်ပိုင်းကို ပြောင်းလဲရွေးချယ်ခွင့် ရှိသည်မှန်သော် လည်း ပါတီ၏ တာဝန်ရှိသူတစ်ဦးကို ရာထူးတာဝန်မှ ဖယ်ရှားရန်အတွက် နိုင်ငံတော် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်လာခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ““အထူးပဲ စိုးရိမ်စရာ ဖြစ်နေတယ်””ဟု ထုတ်ပြန် ကြေညာ ခဲ့သည်။
သတင်းဌာနတို့၏ ထုတ်ပြန်ချက်အရ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ ရာထူးမှဖယ်ရှားစဉ် သြဂုတ် ၁၂ရက် ည ၁၀ နာရီကျော်တွင် နေပြည်တော် ပါတီရုံးချုပ်ဝင်းသို့ ရဲတပ်ဖွဲ့အင်အား ၂၀၀ ခန့်အထိ အသုံးပြုပြီး လုံခြုံရေး ရယူခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂကလည်း အာဏာရကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်မှ သူရဦးရွှေမန်းကို ဖယ်ရှားကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် အစားထိုးခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့် ကိုက်ညီဖို့၊ လာမည့်ရွေးကောက်ပွဲကို မထိခိုက်စေဖို့ရန် တိုက်တွန်းခဲ့သည်။
ဤတွင် မေးစရာမေးခွန်းတစ်ခု ပေါ်လာသည်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီ မဟုတ်ဘဲ လက်ရှိပါတီပေါင်း ၈၀ ခန့်မှ ပါတီတစ်ခုခုက ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လိုလျှင် အာဏာရပါတီကြီးကဲ့သို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ခေါ်ယူအသုံးပြုခွင့် ရှိသလားဟူသော မေးခွန်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ကာချုပ်က ခန့်အပ်သော ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်မှဖြစ်သည်။ ဤအတွက် လက်ရှိ အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်သော ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ကြား အဆက်အစပ် ပတ်သက်မှုမှာ ရုပ်လုံးပေါ်လာသည် ဟုပင်ဆိုရမည်။
ဒီမိုကရေစီစနစ်သစ်သို့ သွားမည်ဟု ကြွေးကြော်ထားသော အာဏာပိုင်များအနေဖြင့် ပါတီ၊ အစိုးရနှင့် တပ်မတော်တို့အား ကဏ္ဍများ မရောထွေးဘဲ သီးခြားလုပ်ငန်း တာဝန်များ အသီးသီး ထမ်းဆောင်ခြင်းဖြင့် ပြည်သူနှင့် နိုင်ငံတကာ၏ စိုးရိမ်မှုရေချိန်အား လျှော့ချသင့်သည်။
ဖြတ်သန်းခဲ့သော နိုင်ငံရေး အခင်းအကျင်းအရ အစိုးရနှင့် တပ်မတော်က သဘောထားတူညီပြီး လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်တွင်း ပွတ်တိုက်ခဲ့မှုများကို ထောက်ချင့်၍ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ နေရာမှ ဖယ်ရှားလိုက်ခြင်းသည် ပါတီတွင်း၌ အစိုးရအဖွဲ့ခေါင်းဆောင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်နှင့် နောက်လိုက်များ ပါတီတွင်းကြီးစိုး သွားသည်ဟု ဆိုရချေမည်။ အသစ် ပြန်လည်ဖွဲ့စည်း လိုက်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ နေရာတွင် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော ပါတီဝင်များ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်း၊ ဒုဝန်ကြီးဟောင်းများနှင့် တပ်မတော် ခေါင်းဆောင်ဟောင်းများ ပါဝင်လာခြင်းကို သုံးသပ်လျှင် ပြည်ခိုင်ဖြိုးပါတီ၏ အသွင်အပြင်သည် ပုံသဏ္ဌာန်အသစ် ဖြစ်လာ၍ မြန်မာ့ နိုင်ငံရေး အနာဂတ်အတွက် အရေးကြီးသော ကိစ္စတစ်ရပ်အဖြစ် နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ကြခြင်း ဖြစ်သည်။
ယခင်ပြည်ခိုင်ဖြိုး ပါတီသည် ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်း အုပ်စုက အင်အားတောင့်တင်းသည့် ပုံစံမျိုးဖြစ်၍ အစိုးရအဖွဲ့မှ ရွေးကောက်ပွဲဝင်မည့် သမ္မတအပါအ၀င် ၀န်ကြီးများနှင့် တပ်မတော်မှ ခေါင်းဆောင်ပိုင်းများ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်နေရာ သတ်မှတ်မှု၊ ရွေးချယ်မှုများကို ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း စိတ်ကြိုက် ပြုလုပ်နိုင်ခဲ့သည်။ သြဂုတ်လ ၁၂ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ယခုရာထူးမှ ဖယ်ရှားခံရသော ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်းက လာမည့် ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် နှင့် ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ ရွေးကောက်ပွဲ မ၀င်တော့ဟု အတည်ပြုပြောဆိုခဲ့သည်။
ထိုမတိုင်မီ ဇူလိုင် ၂၉ ရက်က နီကီအေးရှားရီဗျူး သတင်းဌာနနှင့် အင်တာဗျူး၌ သမ္မတဦးသိန်းစိန်က နောက်ထပ် သမ္မတသက်တမ်းကို ထမ်းဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီး မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲ အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်ဖို့ ဆန္ဒရှိသူ တစ်ယောက်အနေဖြင့် ရွေးကောက်ပွဲမ၀င်ဘဲနဲ့ လည်း သမ္မတ ဖြစ်နိုင်သည်ဟု အဆိုပါ သတင်းဌာနအား ရှင်းပြခဲ့ဖူးသည်။
သူရဦးရွှေမန်းဦးဆောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်မှ အဆိုပြုလာသော ကိုယ်စားလှယ်လောင်း ၁၄၃ ဦးအနက်မှ ၅၉ ဦးသာ လက်ခံခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့မှ အဆိုပြုလာသော ကိုယ်စားလှယ်လောင်း ၅၅ ဦးတွင်လည်း ၄၆ ဦးကိုသာ လက်ခံခဲ့သည်။ ဤအချက်သည်လည်း သူရဦးရွှေမန်း ဦးဆောင်သော ပါတီသည် တပ်မတော်နှင့် အစိုးရအဖွဲ့အား လွှမ်းမိုးသည်ဟု တပ်မတော်နှင့် အစိုးရဘက်မှ ယူဆစရာ အကြောင်းတစ်ချက် ဖြစ်နိုင်ပေသည်။
လွန်ခဲ့သော လပိုင်းက တပ်မတော်၏ ကန့်ကွက်မဲများကြောင့် မအောင်မမြင်ဖြစ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု၌ တပ်မတော်နှင့် သူရဦးရွှေမန်းတို့၏ ထိခတ်မှုများ၊ ပုဒ်မ ၆၀(ဂ) ကဲ့သို့ အစိုးရအဖွဲ့ အကျပ်ရိုက်စေမည့် ပုဒ်မများ ပါတီမှ တင်သွင်းလာခြင်းများက ယခုဂိုဏ်းဂဏ တိုက်ပွဲ၏ အခြေခံအ ကြောင်းအချက်များ ဖြစ်နိုင်ပါသည်။ ပုဒ်မ ၄၃၆အား အခိုင်အမာ ကာကွယ်မည်ဟု မကြာခဏ ပြောကြားလေ့ရှိသည့် တပ်မတော်နှင့် ပုဒ်မ ၄၃၆ အား ဖွဲ့စည်းပုံ အရသာ ပြင်ဆင်ချင်လျှင် ရကြောင်း ပြောကြားသည့် သမ္မတ ဦးသိန်းစိန်တို့သည် သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ချက် မူကြမ်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲပုံရသည်ဟု နိုင်ငံရေးရပ်ဝန်းက သုံးသပ်ကြသည်။
လက်ရှိအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အသစ်သည် ဂိုဏ်းဂဏကွဲပြားမှုကို ဖယ်ရှားလိုက်နိုင်ပြီး ပါတီနှင့် တပ်မတော် တစ်သားတည်း ဖြစ်စေမည့် အခင်းအကျင်း အသစ်ကို ပုံဖော်လိုက်သည်ဟု သုံးသပ်နိုင် သည်။ သူရ ဦးရွှေမန်းသည်လည်း သမ္မတလောင်း ဖြစ်နိုင်ဖွယ်ရာ မမြင်တော့ချေ။ ထို့အတွက် တပ်မတော် အစုအဖွဲ့မှ တိုက်ရိုက် တင်သွင်းသော ဒုသမ္မတ (သမ္မတလောင်း)အား တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အကူအညီဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ခံအမတ်များနှင့် မိတ်ဖက်ပါတီများမှ ရွေးကောက်ခံ အမတ်များက ပုံအောမဲပေး၍ သမ္မတ ဖြစ်ရေး ရည်မှန်းချက် ဖြစ်လာမည်ဟု သုံးသပ်ရသည်။ ယခင် အခြေအနေအရမူ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ၌ လုံလောက်သော မဲရာခိုင်နှုန်း (၃၄ ရာခိုင်နှုန်း)အနိုင် ရလျှင် သမ္မတလောင်း ဖြစ်လာနိုင်ချေရှိသည့် သူရဦးရွှေမန်းနှင့် တပ်မတော်အစုအဖွဲ့မှ သမ္မတလောင်းတို့ အားပြိုင် ကြမည့် အနေအထားဖြစ်သည်။ ယခုအခြေအနေအရမူ တပ်မတော်အစုအဖွဲ့မှ သမ္မတလောင်း သမ္မတ ဖြစ်ရေးသာ ဦးတည် လာနိုင်ဖွယ်ရှိသည်။ ထို့အတွက် အသစ်ဖွဲ့စည်းလိုက်သော ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တပ်မတော် ၂၅ ရာခိုင်နှုန်း အကူအညီဖြင့် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်မှ တစ်ဦးဦး သမ္မတ ဖြစ်ရေးအတွက် ရွေးကောက်ပွဲ၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း မဲရာခိုင်နှုန်း ၃၄ ရာခိုင်နှုန်း အနိုင်ရရေး အစွမ်းကုန် ကြိုးစားလာနိုင်ပါသည်။ ၃၄ ရာခိုင်နှုန်း မပြည့်လျှင် Plan B အနေဖြင့် ရွေးကောက်ပွဲ နိုင်ခြေရှိသော တိုင်းရင်းသားပါတီများနှင့် ပါတီအချို့အား မိတ်ဖက် မဟာမိတ်ပြုရေးဗျူဟာ ခင်းကျင်းထားနိုင် ပါကြောင်း သုံးသပ် လိုက်ရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
 ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်တောင်ပိုင်း ၂၅ မိုင်အကွာ ဆာဂါမီဟာရာ မြို့ရှိ အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့တဲ့အတွက် ဂျပန် မီးသတ်ဝန်ထမ်းတွေက မီးငြိမ်းသတ်ခဲ့ကြပါတယ်။
ဆာဂါမီဟာရာ မြို့၊ အမေရိကန်တပ်စခန်းရှိ ကုန်လှောင်ရုံမှာ ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။
အဆိုပါ ကုန်လှောင်ရုံမှာ နိုက်ထရိုဂျင်၊ အောက်စီဂျင်နဲ့ ဖရီအွန်စတဲ့ ဖိနှိပ်သွင်းထားတဲ့ ဓာတ်ငွေ့တွေကို သိုလှောင်ထားပြီး၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားခြင်း မရှိကြောင်း၊ မီးလောင်ရတဲ့ အကြောင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ ၁၀ မိနစ် ၁၅ မိနစ်ခန့် ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရပြီး လိမ္မော်ရောင် မီးတောက်မီးလျှံတွေ အတော်မြင့်မြင့်တက်လာတာ တွေ့ရပြီး ယမ်းနံ့လိုမျိုး အနံ့ရရှိကြောင်း NHK သတင်းဌာနကို ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ဆိုးလ် ၊ ၂၄-၈-၂၀၁၅
တောင်- မြောက် ကိုရီးယား နှစ်နိုင်ငံအရေး တင်းမာနေစဉ် မြောက်ကိုရီးယား နိုင်ငံမှ ရေငုပ်သင်္ဘော အစင်း ၅ဝ ကျော်သည် ၄င်းတို့၏ စစ်အခြေစိုက် စခန်းများမှ ထွက်ခွာ သွားကြောင်း၊ တည်နေရာကို ရှာဖွေ၍ မရကြောင်းနှင့် အဆိုပါ အရေအတွက် သည် မြောက်ကိုရီးယား နိုင်ငံ ၏ ရေငုပ်သင်္ဘော စုစုပေါင်းမှ ၇ဝ ရာခိုင်နှုန်း ရှိကြောင်း တောင်ကိုရီးယားစစ်ဘက် တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြား ထားသည်။
နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ လုပ်ဆောင် နေစဉ် မြောက်ကိုရီးယား နိုင်ငံဘက်မှ စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင် လာဖွယ် ရှိကြောင်းနှင့် ယခု အခြေအနေသည် အလွန် စိုးရိမ်ဖွယ် ကောင်းသော အခြေအနေ ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
သို့သော် တောင်ကိုရီးယား နိုင်ငံသည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသော မြောက်ကိုရီးယား နိုင်ငံ၏ တိုက်ခိုက်မှု များအတွက် အမေရိကန် နိုင်ငံ၏ အကူအညီဖြင့် စစ်ရေး အသင့်ပြင်ဆင် ထားကြောင်း အဆိုပါ စစ်ဘက် အရာရှိက ယွန်ဟပ် သတင်းဌာနသို့ ပြောကြားသည်။
တောင်- မြောက် ကိုရီးယား နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီး များသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေး အတွက် နယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျုံ ကျေးရွာ၌ သြဂုတ် ၂၂ ရက်မှစ၍ ဆွေးနွေးပွဲများ ကျင်းပလျက် ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
ဦးရွှေမောင်
 ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကို အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ထပ်မံ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အရည်ချင်းနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး ပယ်ချ လိုက်ပါတယ်။
လျှောက်ထားသူ မွေးဖွားစဉ် မိဘ ၂ ပါးစလုံး နိုင်ငံသား ဖြစ်ရမယ် ဆိုတဲ့ စည်းမျဉ်း နဲ့ မကိုက်ညီ တဲ့ အတွက် ပယ်ချရတာ ဖြစ်ကြောင်း ခရိုင် ကော်မရှင် က အကြောင်းပြချက် ပေးခဲ့တယ် လို့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် က ဘီဘီစီ ကို ပြောပါတယ်။
ဦးရွှေမောင်က တော့ ခရိုင် ကော်မရှင် ရဲ့ အကြောင်းပြချက် ကို ငြင်းပယ် လိုက် ပြီး သူ့ရဲ့ မိဘ ၂ ပါးစလုံးဟာ သူမွေးဖွားစဉ် မှာ နိုင်ငံသား တွေ ဖြစ်ကြတယ် ဆိုတဲ့ သက်သေ အထောက်အထား တွေ ခိုင်ခိုင် လုံလုံ တင်ပြ လျှောက်ထား ခဲ့ တာ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒါ့ကြောင့်လည်း အလားတူ စည်းမျဉ်း သတ်မှတ် ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်း ကလည်း အခုတခေါက် တင်ပြ ခဲ့တဲ့ သက်သေ အထောက်အထား တွေ ကို ပဲ အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေ က လက်ခံခဲ့လို့ ရွေးကောက်ပွဲ ဝင်နိုင် ခဲ့တာ ဖြစ်တယ် လို့ ဦးရွှေမောင် က ဆိုပါတယ်။
၂၀၁၀ တုန်း က လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ ကိုယ်စားလှယ် အနေ နဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တဲ့ ဦး ရွှေမောင်ဟာ အခု ၂၀၁၅ မှာ တော့ တသီးပုဂ္ဂလ အမတ် အဖြစ် ဝင်ရောက် ဖို့ လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။
မောင်တော ခရိုင် ကော်မရှင် ရဲ့ အခု အဆုံးအဖြတ် ဟာ နိုင်ငံသား တစ်ယောက် ရဲ့ ရရှိပြီး အခွင့်အရေး ကို ပြန်လည် ရုတ်သိမ်း တာ မျိုး ဖြစ်နေတဲ့ အတွက် ဥပဒေ နဲ့ မညီညွတ်ဘူး လို့ ဦးရွှေမောင် က ဝေဖန် လိုက် ပြီး အယူခံ အဆင့်ဆင့် ဝင် သွားမယ် လို့လည်း ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်သော MPF And EU Closing Ceremony ပွဲသို့ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့များကို ပြည်သူများလိုလားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ကြောင်း၊ အဲ့လိုဖြစ်လာဖို့လဲ ၀ိုင်းဝန်းကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးဘက်ကလဲ ပြုပြင်ေဲပာင်းလဲမှုတွေလုပ်ဖို့လိုကြောင်းကို ယခုလိုပြောကြားခဲ့သည်။ “ ကျွန်မတို့ရဲ့ ရဲတပ်ဖွဲ့ဟာ တစ်ကယ့်ကို ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ပြည်သူကနေအားကိုးနိုင်တဲ့၊ ပြည်သူကနေပြီးတော့ လေးစားနိုင်တဲ့၊ ပြည်သူကနေတန်ဖိုးထား ဂုဏ်ယူနိုင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ဒီလိုဖြစ်ဖို့လဲ ကျွန်မတို့အားလုံးဝိုင်းပြီးတော့ ကြိုးစားနေပါတယ်။ ပြည်သူများလေးစားတန်ဖိုးထားတဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုတာဟာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဘက်ကလဲ ပြုပြင်ပြောင်းလဲမှုတွေလိုပါတယ်။ နောက်ပြီးတော့ လက်တွေကြကြ လေ့ကျင့်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ကျွန်မက လွှတ်တော်ဘက်ကနေလာပြီး ပြောတယ်ဆိုတော့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများနဲ့ စရပါမယ်။ ဥပဒေကြောင်းနဲ့စရမယ်ဆိုတော့ တစ်ချို့က ကြိုက်တာလဲရှိမယ်၊ မကြိုက်တာလဲရှိမယ်။ ပထမဆုံးအားဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အနေအထားကို အဆုံးအဖြတ်ပေးမှာက ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စရမယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာဟာ လွတ်လပ်တဲ့အဖွဲ့စည်းတစ်ခုအနေနဲ့ ရှိရမယ်။ ဒီလိုပြောခြင်းအားဖြင့် တပ်မတော်ရဲ့ကဏ္ဍကိုလစ်လျူရှုလို့မဟုတ်ပါဘူး အဖွဲ့စည်းတစ်ခုဆိုတာဟာ တာဝန်ယူမှုရှိဖိုဆိုတာဟာ လုပ်ပိုင်ခွင့်လဲရှိရပါမယ်။ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိခဲ့ရင် အဖွဲ့စည်းတစ်ခုဟာ တာဝန်လဲ အပြည့်အ၀ယူနိုင်မှာဖြစ်ကြောင်း” စသည်ဖြင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့သည်။
.
Ctrdit : National League for Democracy