08/27/15


 အမေရိကန် ဗာဂျီးနီးယားပြည်နယ်မှာ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက် ၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သူ သေနတ်သမား Vester Lee Flanagan ဟာ သူ့ကိုယ်သူ ပစ်ခဲ့တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ ရဲတွေက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်အမျိုးသမီး Vicki Gardner ကို အင်တာဗျူးလုပ်နေတုန်း သေနတ်သမား Flanagan ရဲ့ပစ်ခတ်မှုကြောင့် သတင်းထောက် Alison Parker နဲ့ ကင်မရာမင်း Adam Ward တို့ သေဆုံးခဲ့ပါတယ်။ Vicki Gardner လည်း ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

ပစ်ခတ်မှုဖြစ်အပြီး ကားနဲ့ထွက်ပြေးသွားတဲ့ သေနတ်သမားဟာ နာရီပေါင်းအတော်ကြာချိန်မှာ ရဲတွေလိုက်လံဖမ်းဆီးနေစဉ် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားနဲ့ထွက်ပြေးသွားတဲ့ သေနတ်သမားဟာ ကားကို အရှိန်မလျှော့သလို ရဲ့ကားတွေက တားဆီးတာကိုလည်း မရပ်ခဲ့ကြောင်း နောက်ဆုံးမှာ ကားလမ်းမဘေး ထိုးကျသွားခဲ့ရာမှာ သူ့ကိုယ်သူ ပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေနတ်သမားကို တွေ့ခဲ့ရကြောင်း ရဲပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

Flanagan ဟာ အဲဒီ ABC ရုပ်မြင်သံကြားဌာနမှာ တချိန်က အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး အလုပ်ကနေ အထုတ်ခံထားရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ABC ရုပ်မြင်သံကြားဌာနဆီ ပို့ခဲ့တဲ့ သူ့ရဲ့ ဖက်စ်ထဲမှာတော့ သူဟာ လူမည်းတစ်ဦးဖြစ်တာရယ်၊ လိင်တူချစ်သူတစ်ဦး ဖြစ်တာရယ်ကြောင့် သူ့ကို ပစ်မှတ်ထားပြီး အလုပ်ခွင်မှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက လူမည်းတွေ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ချားလ်စတန် ဘုရားကျောင်းပစ်ခတ်မှုပေါ် တုန့်ပြန်တဲ့အနေနဲ့ လုပ်တာလို့လည်း ဖော်ပြထားပါတယ်။

သူ့အလုပ်က မန်နေဂျာကတော့ Flanagan ဟာ အလုပ်အတူ လုပ်ဖို့ခက်တဲ့သူ အမြဲဒေါသထွက်နေတတ်သူလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 စစ်တွေ၊ သြဂုတ် ၂၇

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂) တွင် တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်တစ်ဦး၏ ဇနီးဖြစ်သူ မူလတန်းပြ ဆရာမတစ်ဦးကို ကျောင်းသားတစ်ဦး၏ မိခင်မှ ရိုက်နှက်ရာမှ ၀တ္တရား နှောင့်ယှက်မူဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရကြောင်း သတင်း ရရှိသည်။

ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခံရသူမှာ တောင်ကုတ် သိမ်တောင်ရပ်ကွက် မူလွန် အမက(၂) မှ ၇ တန်း ကျောင်းသား မင်းကိုလွင်၏ မိခင် ဒေါ်သိန်းဝင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂) မှ ဆရာမ ဒေါ်မေပြုံးအောင်တွင် ဖုန်းတစ်လုံး ပျောက်ရာမှ စတင်ခဲ့သည်ဟု ဒေါ်သိန်းဝင်းနှင့် အိမ်နီးချင်း အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ လက်ကိုင်ဖုန်း ပျောက်သွားတာကို ၇ တန်းကျောင်းသား မင်းကိုလွင်ကို ဖုန်းသူခိုးချပြီး ဆရာမရဲ့ လင်ဖြစ်သူ စစ်ဗိုလ်က ကျောင်းသားကို ခြိမ်းခြောက်ပြောဆိုပါတယ်။ ကျောင်းသားက ရှက်ကြောက်တာနဲ့ ကျောင်း မတက်တော့ဘဲ ရေထဲကို ခုန်ချပြီး သတ်သေဖို့ လုပ်ပါတယ်။ ဒါကို လူတွေ သိသွားတော့ ဖျောင်းဖျ တားမြစ်နိုင်ခဲ့ပါတယ်” ဟု တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ပျောက်သွားသော ဖုန်းကို ဆရာမမှ အတန်းထဲရှိ ပထမတန်းကျောင်းသား တစ်ယောက်ထံက ပြန်ရခဲ့ကြောင်း၊ ကျောင်းသား၏ အမေဖြစ်သူက သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျောင်းသို့ သွားပြီး အကျိုးအကြောင်းကို ရှင်းပြရန် ဆရာကြီးအား ကျောင်းထဲတွင် စောင့်နေစဉ် ဖုန်းပျောက်သွားသော ဆရာမ ရောက်လာခဲ့ကြောင်း၊ ၎င်းဆရာမမှ ရှင်တို့ သွားတိုင်ချင်တဲ့ နေရာ သွားတိုင်ဟု ပြောကြောင်း၊ ကျောင်းသား မိခင် ဒေါ်သိန်းဝင်းမှ သည်းမခံနိုင်သဖြင့် တစ်ချက်ရိုက်ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်သိန်းဝင်းကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းအိမ်နီးချင်း အမျိုးသမီးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သြဂုတ် ၂၇ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က တောင်ကုတ် ရဲစခန်းသို့ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသည်မှာ မဟုတ်မှန်ကြောင်း၊ ခံဝန်ဖြင့် ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် ၀တ္တရားနှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ ခြိမ်းခြောက်မူတို့ ဖြင့် တရားစွဲဆိုထားကြောင်း၊ တရားစွဲဆိုသော ပုဒ်မများမှာ ၃၅၃/ ၃၂၃/ ၅၀၆ ဖြစ်ကြောင်း၊ ရဲက ဆက်လက် စစ်ဆေးနေကြောင်း၊ တရားရုံးကို ရှေ့အပတ်ထဲတွင် တင်မည် ဖြစ်ကြောင်း ရှင်းပြ ပြောဆိုသည်။

ယခု အမှုနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြောင်း၊ သို့သော် မျှမျှတတ ဖြစ်စေလိုကြောင်း အိမ်နီးချင်းအမျိုးသမီးက ပြောဆိုသည်။

“မဟုတ်မမှန်လုပ်တဲ့ အတွက် ကျွန်မက ဗဟိုကို တက်ပြီးတော့တောင် တိုင်ကြားချင်ပါတယ်။ ကျွန်မမြင်တာက အဲ့ဒီ ဆရာမ လွန်တယ်လို့ မြင်ပါတယ်။ စစ်ဗိုလ်ကလည်း လွန်တယ်လို့ပဲ မြင်တယ်။ စစ်တပ်ဆိုတာစစ်ရေး စစ်ရာနဲ့ပဲဆိုင်တယ်။ ပညာရေးနဲ့ လူမှုရေးတွေမှာ ဒီလိုလာပတ်သက်တာတော့ မကောင်းဘူးလို့ မြင်တယ်” ဟု ၄င်း အမျိုးသမီးက ပြောသည်။

တောင်ကုတ်တွင် ယခုလို ဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမ ဒေါ်မေပြုံးအောင်အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းနံပတ် မသိရှိသဖြင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ ဒေသခံတွေနဲ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ်။ Photo: Kyaw Zaw Win/RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"အပစ်အခတ်ရပ်စဲကို အမြန်ဆုံးဖြစ်စေချင်တာပေါ့၊ တကယ်တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေပြီးတော့ ကတိတည်တဲ့စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့၊ ဒါမှပဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာပါ"

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိကာလမှာ သက်ဆိုင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူထင်မြင်ယူဆပါတယ်၊ စာချုပ်ကိုဖြစ်မြောက်စေချင်သလို အခုလို စာချုပ်တစ်ခု ချုပ်ဆိုဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးပမ်းကြရမယ် ဆိုတာကိုလည်း သူနားလည်ပါတယ်လို့ ပြောကြားပါတယ်။

ဒ့ါအပြင် သူနဲ့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအကြား ရင်းနှီးမှုရရှိဖို့ သူ့ဖက်က ကြိုးစားခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဟုတ်ပါတယ် သိပ်ပြီးတော့ ရင်းနှီးမှုမရှိပါဘူး၊ အစ်မတို့လည်း ကြိုးစားပါတယ်၊ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီးတော့ စိတ်ပါလက်ပါမရှိတာပါ"

တဆက်တည်းမှာပဲ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို  သူ့အနေနဲ့ အမှန်အတိုင်း ဝေဖန်ပြောဆိုခဲ့ကြောင်း လည်း ပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese
http://www.rfa.org

တပ်မတော်ကအငြိမ်းစားယူပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း
  ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တွေကို တပ်မတော်က အငြိမ်းစားပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစားယူခွင့် ပြုကြောင်း ကြေညာချက်ကို မနေ့ထုတ်သတင်းစာတွေဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလို တပ်မတော်အရာရှိကြီးတွေကို အငြိမ်းစားပေးပြီး ပြည်ခိုင်ဖြိုးပါတီမှာ ရွေးကောက်ပွဲဝင်နေတဲ့အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်က ကြားနေပါမလားဆိုပြီး မေးခွန်းထုတ်တာတွေရှိနေပါတယ်။ ဒီအပေါ် အမြင်သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ဟာ တပ်မတော်ကိုယ်စားလှယ်အဖြစ်ကနေ ဝန်ကြီးချုပ်တာဝန်ကို ခန့်အပ်ထားသူတွေဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာတော့ သူတို့ နှစ်ဦးကို တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစား ပေးပြီး ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမျိုးသားလွှတ်တော်တွေကနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ခံဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခုလိုပြောပါတယ်။

“ကျနော်လည်း အခုဆိုရင်တော့ အမ်းမြို့နယ်၊ ပြည်နယ်လွတ်တော်မှာယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။ ကျနော် ဒုတိယဝန်ကြီးဘဝက တိုင်းရင်းသားရေးရာတာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ တိုင်းရင်းသားရေးရာ Sub ကော်မတီ ဥက္ကဋ္ဌပါ။ တိုင်းရင်းသားအားလုံးကိုယ်စား ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ သွားရောက်ဖြေရှင်းဖို့ နိုင်ငံတော်က တာဝန်ပေးခဲ့ပြီးတော့မှ တိုင်းရင်းသားအားလုံးအတွက် ဆောင်ရွက်နေတာကနေ ယနေ့တော့ ရခိုင်အမျိုးသားတခုအတွက်ပဲ အရေးကြီးလို့ ကျနော်တာဝန်ထမ်းဆောင်နေတာပါ။ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကတော့ ယနေ့ ပြည်သူတွေပေါ်မှာ မှုတည်နေပါတယ်။ ပြည်သူတွေက တည်ငြိမ်မှုလိုချင်ရင် တည်ငြိမ်မှာပေါ့။ တည်ငြိမ်မှုကို မလိုဘူးဆိုရင်လည်း ယနေ့ Message တည့်တည့်ပဲပြောပါတယ်။ စကားကို လှအောင်မပြောဘူး။ အနာဂတ်က လူထုလက်ထဲမှာရှိတယ်။ ဘာဖြစ်ချင်တာလဲ။ ကျနော်တို့အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပါလို့ ကျနော်ဒီလိုပဲ Message ပေးပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၀ နီးပါး ရွေးကောက်ပွဲဝင်ဖို့ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို တပ်မတော်အရာရှိကြီးတွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတာဟာ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုတင်သွင်းပြီးချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လောလောဆယ် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတဲ့အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ သတင်းစာဆရာတဦးလည်းဖြစ်တဲ့ ဦးဇော်သက်ထွေးက အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ USDP ထဲက အင်အားစုတချို့က ပါတီရဲ့ထိပ်ပိုင်းနေရာ ဖယ်ရှားခံလိုက်ရပြီးနောက်မှာ တပ်မတော်နဲ့ USDP ပါတီက ပိုပြီးကျောချင်းကပ်သွားပြီလို ကျနော့်အနေနဲ့တွေ့မြင်နေရပါတယ်။ အဲဒီလို ကျောချင်းကပ်သွားတဲ့အခြေအနေမှာ ပါတီကိုယ်စားပြု ဝင်ရောက်ဖို့အတွက် ကိုယ်စားလှယ်တွေရွေးချယ်တဲ့အခါမှာ တပ်မတော်က အငြိမ်းစားယူတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အတော်များများကို ပါတီ Flag နဲ့ဝင်နိုင်အောင်လို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ့ရတယ်။ အခုဆိုရင် လက်ရှိဝန်ကြီးချုပ်တွေကို အနားယူပြီး ဝင်ခိုင်းတာ၊ နောက် တပ်မတော်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေကို ဝင်ခိုင်းတာတွေက နောက်လာမယ့် အစိုးရသက်တမ်းမှာ တပ်မတော်က လွမ်းမိုးတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖြစ်ဖို့ကြိုးစားတဲ့ ကိစ္စတွေပဲလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

တပ်မတော်အရာရှိကြီး အငြိမ်းစားယူပြီးပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်အရွေးခံတာကြောင့် တပ်မတော်က ရွေးကောက်ပွဲမှာ သမာသမတ်ရှိရှိ ကြားနေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ ၂၀၁၀ ခုနှစ်မှာ တပ်မတော်ကခေါင်းဆောင်တွေ ဦးစီးတည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ လက်ရှိ အတိုက်အခံပါတီဘက်က အခြေအနေကို တွက်ဆပြီး အင်အားဖြည့်တဲ့သဘောလို့ ယူဆကြောင်း စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

“တဘက်က NLD က အင်အားကြီးနေတယ်။ ပြည်သူကလည်း NLD ကို ယုံကြည်တဲ့အချက်လေးတွေက ရှိနေတော့ သူတို့လည်းပြင်ဆင်မှုတွေ အများကြီး ဖြစ်လာစရာအကြောင်းရှိတာပေါ့လေ။”

တပ်မတော်ခေါင်းဆောင်တွေ အခုလို ပါတီနိုင်ငံရေးမှာ ပါဝင်လာတဲ့အပေါ်မှာတော့ -

“တပ်မတော်အုပ်ချုပ်ရေးက တရားမျှတမှုဘက်ကို သွားနိုင်တယ်လို့တော့ မဆိုနိုင်ဘူးပေါ့လေ။ ကျန်တဲ့ဟာကတော့ လျှော့မယ်လို့တော့ ကျနော် မထင်သေးဘူး။ တချို့လူတွေကတော့ သူတို့လက်ထဲကို မရသေးတဲ့ အာဏာတွေကို ဆက်ပြီးတော့ လိုချင်တယ်။ အာနာကနေပြီးတော့ ကျန်တဲ့ စီးပွားရေးကပါ ရယူချင်တဲ့ဆန္ဒတွေနဲ့ တိုးလုပ်မယ်ဆိုရင်တော့ ဆက်ပြီးတော့ တိုင်းပြည်ကြီးက ဒုက္ခရောက်မယ် ထင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပြည်ခိုင်ဖြိုးပါတီဟာ အရင်ချမှတ်ထားတဲ့ မူဝါဒတွေက ပြောင်းလဲမယ့် အခြေအနေ မရှိကြောင်းလည်း သုံးသပ်ပြောဆိုပါတယ်။

“ကြံ့ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားတွေဟာ ဘောင်းဘီချွတ်ပြီးဝင်ကြတာဟာ ကြံ့ခိုင်ဖြိုးပါတီကို ပြန်ပြီးတော့ သူတို့ မူဝါဒ တည့်မှန်အောင်ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာကို ကျနော်တို့ ထင်သာမြင်သာရှိပါတယ်။”

ဒီလို တပ်မတော်က နိုင်ငံရေးအပေါ်မှာ ဆက်လက်လွှမ်းမိုးမယ့် အခြေအနေတွေကြောင့် လာမယ့်အထွေထွေရွေးကောက်ပွဲဟာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ ခက်ခဲမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်ဟာ ရွေးကောက်ပွဲမှာဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလက်ခံမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကနေတဆင့် အာမခံ ပြောဆိုထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ကယားပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တစ်ဦးကို သက်ဆိုင်ရာ ကော်မရှင်က ပယ်ချ လိုက်ပါတယ်။

အမျိုးသား လွှတ်တော်က ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် တစ်ဦးဟာ ဥပဒေအရ အသက် ၃၀ ပြည့်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်က ပယ်ချလိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ အခုချိန်မှာ အသက် ၃၀ မပြည့်သေးပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာ အသက် ၃၀ ပြည့်မှာ ဖြစ်တဲ့အတွက် ကော်ရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၃၀ ပြည့်တယ် ဆိုရင် ဥပဒေကြောင်းအရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ရှေ့နေကြီး ဦးသိန်းညွန့်က ပြောပါတယ်။

အလားတူပဲ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် သင်္ကန်းကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ဆိုပြီး ကော်မရှင်က ပယ်ချခဲ့ပါတယ်။
ဒေါ်စန်းစန်းမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်စန်းစန်းမြင့် ၁၅နှစ် သမီးကတည်းက သူ့မိဘ ကွယ်လွန်သွားခဲ့ကြောင်းနဲ့ မိခင်က ကရင်၊ ဖခင်က မွတ်ဆလင် ဖြစ်လို့ ဘင်္ဂါလီ မြန်မာလို့ ရေးထားတာအပေါ် မူတည်ပြီး မိဘရဲ့ မှတ်ပုံတင် မပြနိုင်လို့ ဆိုပြီး အပယ်ခံခဲ့ရတာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

အရင် ၅နှစ်၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့ပြီး အခုကျမှ ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးနဲ့ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတဲ့ ဘူးသီးတောင် မြို့နယ်က ဝင်ရောက်ယှဉ် ပြိုင်မယ့် ဦးရွှေမောင်း ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီတဲ့အတွက် သက်ဆိုင်ရာ ကော်မရှင်က ပယ်ချထားပါတယ်။

ဒီလို ပယ်ချတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကတော့ အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။

အယူခံဝင်လို့ ရှုံးနိမ့်သွားတယ်ဆိုရင်တော့ အဲဒီ မဲဆန္ဒနယ်အတွက် အစားထိုး ဝင်ပြိုင်လို့ ရတော့မှာ မဟုတ်ပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese

တိုက်ရိုက်သတင်းပို့နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရသူ WDBJ သတင်းထောက်နှစ်ဦးဖြစ်တဲ့ Alison Parker နဲ့ Adam Ward
 ဗာဂျီးနီးယားပြည်နယ်ဒေသခံ WDBJ ရုပ်သံလွှင့်ဌာနရဲ့ သတင်းထောက်နှစ်ဦး ဗုဒ္ဓဟူးနေ့က တိုက်ရိုက်သတင်းပေးပို့နေစဉ် သေနတ်နဲ့ ပစ်သတ်သွားသူလို့ ယူဆရတဲ့သူဟာ သူ့ကိုယ်သူပစ်တဲ့သေနတ်ဒဏ်ရာကြောင့် နောက်ပိုင်း သေဆုံးသွားတယ်လို့ ပြည်နယ် ရဲကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ရုပ်သံလွှင့်သတင်းထောက်နှစ်ဦး အလုပ်လုပ်တဲ့ ရုပ်သံလွှင်ဌာနရဲ့ အမှုထမ်းဟောင်းတဦးဖြစ်တဲ့ Vester Flanagan ဟာ ဝါရှင်တန်ဒီစီမြို့ပြင် အဝေးပြေးလမ်းပေါ်မှာ ရဲနဲ့ထိပ်တိုက်ရင်ဆိုင်စဉ် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခဲ့တာဖြစ်ပါတယ်။ သူဟာနောက်ပိုင်း နာရီ အနည်းငယ်အကြာ ဒေသခံဆေးရုံမှာ သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ သေနတ်သမားဟာ အသက် (၂၄) အရွယ် သတင်းထောက် Alison Parker နဲ့ အသက် (၂၇) နှစ်အရွယ် ဓါတ်ပုံသတင်းထောက် Adam Wark တို့က ဝါရှင်တန်မြို့တော် အနောက်တောင်ဘက် မိုင် (၂၀၀) ခန့်ရှိ Roanoke အနီး Smith Mountain lake မှာ ဒေသခံစီးပွားရေးခေါင်းဆောင်တဦးကို တွေ့ဆုံ မေးမြန်းစဉ် သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Flanagan ဟာ Bryce Williams ဆိုတဲ့နာမည်လည်း ခံယူထားပြီး ဆိုရှယ်မီဒီယာတွေမှာ အဲဒီနာမည်နဲ့ သူပစ်ခတ်တဲ့ပုံတွေကို တင်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ခဲ့တဲ့ ဗီဒီယိုတွေအနက် သူဟာ သတင်းပေးပို့နေတဲ့ လူတွေဆီကို လမ်းလျှောက်သွားပြီး Parker ကိုသေနတ်နဲ့ချိန်ကာ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပုံ ပါဝင်ပါတယ်။ Parker လဲကျသွားပြီးတဲ့နောက် သေနတ်သံတွေထပ်ကြားခဲ့ရပါတယ်။ Parker နဲ့ Wark နှစ်ဦးလုံးဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။

တိုက်ခိုက်ချိန်က WDBJ ရုပ်သံလွှင့်သတင်းထောက်တွေအနေနဲ့ စီးပွားရေးသတင်းတပုဒ်အတွက် ဒေသခံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Vicki Gardner ကို တွေ့ဆုံမေးမြန်းနေတာဖြစ်ပါတယ်။ Gardner က နောက်ကျောမှာ သေနတ်အပစ်ခံရပေမဲ့လို့ အသက်ရှင်ကျန်ရစ်ပါတယ်။ သေနတ်ပစ်ခတ်ချိန်ဟာ ဒေသစံတော်ချိန် မနက် (၆) နာရီ (၄၅) မိနစ်ခန့်ဖြစ်ပြီး ရုပ်သံလွှင့် တိုက်ရိုက်သတင်းပေးပို့နေချိန်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


yadanarbon-uni-students-protest-620.jpg
ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသားတွေက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြနေစဉ်
Photo: RFA
မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၄ ဦးဟာ စာမေးပွဲဖြေရမယ့်ရက်နီးလာပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အကျဉ်းထောင်ဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပညာဆက်လက် ဆည်းပူးခွင့်ပြုရမယ်လို့ပါရှိတာကြောင့် လွှတ်ပေးဖို့ တောင်းဆိုတာ လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုတင်မောင်ဦးက ပြောပါတယ်။

"ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့လိုတယ်၊ စာမေးပွဲဖြေခွင့်ပေးဖို့လိုတယ်၊ အကျဉ်း ထောင်ထဲမှာရှိနေတဲ့သူတွေကိုတောင် ပညာဆက်လက်သင်ကြားခွင့်ကို အစိုးရက ဆက်လက်စီစဉ်ပေးရမယ်ဆိုတာက အကျဉ်းထောင်ဥပဒေမှာလည်းပြဌာန်းထားသလို အစိုးရကလည်း အင်းစိန်အကျဉ်းထောင်မှာ သူတို့ဘယ်လို လုပ်ပေးနေတယ်ဆိုတာ ပါတဲ့အတွက် အခုကျောင်းသားတွေက ပြစ်မှုကျုးလွန်တဲ့လူဆိုတဲ့ စွပ်စွဲချက် အဆင့်မှာ ဘဲရှိသေးတယ်၊ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တဲ့ အဆင့်မှာမရှိသေးတဲ့အတွက် ဒီလူတွေ ရဲ့ပညာဆက်လက်သင်ယူခွင့်ကို ဆုံးရှုံးအောင်မလုပ်လောက်ဘူးလို့လဲ ကျနော်တို့က ယုံကြည်တယ်"

ရှေ့လ စက်တင်ဘာလမှာ တက္ကသိုလ်စာမေးပွဲတွေ ကျင်းပတော့မှာဖြစ်တဲ့အတွက် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေ အာမခမံ ရဖို့ တောင်းဆို နေတာ ဖြစ်ပါတယ်။ ရတနာပုံတက္ကသိုလ်မှာ ပညာသင်ကြားနေဆဲဖြစ်တဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက် တို့လေးဦးကို စာမေးပွဲဖြေဆိုခွင့် ရအောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ အာမခံ လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သူတို့ ၄ ဦးဟာ ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/protest-students-mdy-free-prison-08262015113822.html

 ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်။ Photo: RFA
 အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမယ်လို့ မကြာသေးမီက ကြေညာထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တွေ မနေ့က တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်က ရွာသား ၇ ဦး ကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။ ကွမ်ဟိန်းမြို့နယ်တောင်ဘက်ပိုင်းမှာ ဝမ်လောင်း ကျေးရွာအုပ်စုနားမှာ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီကျေးရွာက ရွာသား တွေကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

"အစိုးရစစ်ကြောင်းက ကျနော်တို့ နေရာကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်လာလို့ ကျနော်တို့ကိုအကြောင်း လည်းမကြားဘူး၊ ကျနော်တို့ တောထဲမှာ တိုက်ပွဲ ငယ်လေးတွေဖြစ်ပွားရခြင်းဘဲဖြစ်ပါတယ်၊ အစိုးရဖက်က တစ်ဦးသေပြီးတော့ ၅ ယောက် ကဒဏ်ယာရရှိသွားတယ်လို့ကြားပါတယ်၊ ၁၀ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွား ပြီးနောက်ပိုင်း ဝမ်လောင်းကျေးရွာအုပ်စု ဥက္ကဌနဲ့ ရွာသား ၇ ဦးကိုဖမ်းဆီးသွားတယ်၊ တပ်ရင်း ၂၄၆ ကွမ်ဟိန်း စစ်ဗျူဟာအခြေစိုက်တပ်ဖြစ်ပါတယ်"

အခုလို ရွာသားတွေဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုဝင်ဘာလ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမယ်ဆိုရင် အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရမယ်လို့ ယုံကြည်ထားပေမယ့်၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မနေ့က AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုအနိုင်ရမယ်လို့ ယုံကြည်ထားပါသလားလို့ AFP က မေးမြန်းတာကို အခုလိုဖြေကြားခဲ့တာဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် အမှားအယွင်းတွေ၊ မဲမသမာမှု တွေ ဖြစ်လာနိုင်တဲ့အပေါ် အထူးစိုးရိမ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြိုင်ဘက်ပါတီတွေ အနေနဲ့ ဘာသာရေးအသုံးချပြီး NLD အပေါ် နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ခရီးအများကြီး ရောက်နေသင့်ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက နိုင်ငံရေးအဖြစ်အပျက် တွေကို ကြည့်ရင် ဒီခရီးလမ်းပေါ် ထင်သလောက် မရောက်သေးဘူးဆိုတာ ပြသနေကြောင်းလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲကို ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
ASSK

နိုဝင်ဘာလရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတာမယ်ဆိုရင် NLD အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော~~~~~ နိုဝင်ဘာလ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမယ်ဆိုရင် အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရမယ်လို့ ယုံကြည်ထားပေမယ့်၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မနေ့က AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုအနိုင်ရမယ်လို့ ယုံကြည်ထားပါသလားလို့ AFP က မေးမြန်းတာကို အခုလိုဖြေကြားခဲ့တာဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် အမှားအယွင်းတွေ၊ မဲမသမာမှု တွေ ဖြစ်လာနိုင်တဲ့အပေါ် အထူးစိုးရိမ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြိုင်ဘက်ပါတီတွေ အနေနဲ့ ဘာသာရေးအသုံးချပြီး NLD အပေါ် နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ခရီးအများကြီး ရောက်နေသင့်ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက နိုင်ငံရေးအဖြစ်အပျက် တွေကို ကြည့်ရင် ဒီခရီးလမ်းပေါ် ထင်သလောက် မရောက်သေးဘူးဆိုတာ ပြသနေကြောင်းလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲကို ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

Posted by RFA Burmese TV Channel on Wednesday, August 26, 2015

 dassk-media-press-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြော ကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌရဲ့ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူး စောထူးထူးလေးခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ကိုအလောသုံးဆယ် လုပ်သင့်၊ မလုပ်သင့် စဉ်းစားကြဖို့ပြောတာပါ"

ဒီအတောအတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးမယ့် နေ့ရက်အတိအကျကို သဘောတူညီမူ မရသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

အစိုးရဘက်က ဒီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဖို့ အကြောင်းကြားထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေက လာမယ့်စက်တင်ဘာလအတွင်း တွေ့ဆုံဖို့ ပြော တာကြောင့် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"၂၈ ရက်ကို ထပ်ဖိတ်တဲ့အခါမှာတော့ ခေါင်းဆောင်တွေကထပ်ရွှေ့ပေးပါလို့ ပြောတဲ့ အခါကျတော့ ဝန်ကြီးအနေနဲ့ကတော့ ညှိနှိုင်းနေဆဲဖြစ် ပါတယ်၊ တွေ့ဆုံဖို့ က အစိုးရ ဖက်က ပြင်ဆင်နေပေမယ့် တိုင်းရင်းသားတွေဖက်က မလာနိုင်သေးတဲ့ ရက်ဖြစ်နေတော့ အခုချိန်ထိ ညှိနှိုင်းနေဆဲ ပါပဲ၊ တွေ့ဖို့တော့ ဝန်ကြီးဖက်က သဘောတူပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်"

ဒီတကြိမ် နေပြည်တော်မှာ တွေ့ဆုံမယ့်ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘယ်နှစ်ဖွဲ့ ပါဝင် လက်မှတ်ရေး ထိုမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားခေါင်းတွေ တွေ့ဆုံ ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင် ဖို့တောင်းဆိုကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ၊ KNU/KNLA-PC ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ ၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် နဲ့ ABSDF ကျောင်းသား တပ်မတော်တို့ကတော့ အစိုးရဘက်က တောင်းဆိုထားတဲ့အတိုင်း လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူ ကြောင်း ထုတ်ပြန်ထားပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-warn-urgently-sign-cease-fire-08262015102821.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.