09/01/15

၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်ဦးကျော်သူ (ယာအစွန်)။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်ဦးကျော်သူ (ယာအစွန်)။ (Official Gazette of the Republic of the Philippines)

မြန်မာနိုင်ငံမှာ တချိန်က နာမည်အထူးကျော်ကြားတဲ့ သရုပ်ဆောင်တ ဦးဖြစ်ပြီးတော့ အခုအခါမှာတော့ နာရေးကူညီမှုအသင်းကို ဦးဆောင်နေတဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသားကျော်သူကို ၂၀၁၅ ခုနှစ်အတွက်Ramon Magsaysay ဆုကို ဖိလစ်ပိုင်သမ္မတက ချီးမြှင့်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံယဉ်ကျေးမှုစင်တာမှာ ဒီကနေ့ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကိုယ်တိုင် ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။ သေဆုံးသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် အမျိုး၊ ဘာသာမရွေး စေတနာသဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ဈာပနအခမ်းအနားတွေ ဆောင်ရွက်ပေးတာအတွက် ဆုရွေးချယ်ရေးအဖွဲ့က
ဦးကျော်သူကိုအသိအမှတ်ပြုပြီးတော့ ဆုရွေးချယ်ကြောင်း ပြောသွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)ဆုရရှိတဲ့မင်းသားကျော်သူကတော့ အာရှတိုက်ရဲ့နိုဗဲလ်ဆုလို့တောင် တင်စားခံရတဲ့ ဒီဆုကို ချီးမြှင့်ခံရတဲ့အတွက် လက်ရှိလူမှုကူညီရေးလုပ်ငန်းတွေအတွက် ပိုပြီးတော့ တွန်းအားဖြစ်စေကြောင်း ပြောပါတယ်။ အခုဆိုရင် Ramom Magsaysay ဆုကို ချီးမြှင့်ခံရသူက ဦးကျော်သူအပါအဝင် မြန်မာနိုင်ငံသား (၆) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
(၅၇) ကြိမ်မြောက် ၂၀၁၅ ခုနှစ် Magsaysay ဆုရှင်တွေထဲမှာတော့ မြန်မာနိုင်ငံက ဦးကျော်သူအပြင် လာအိုနိုင်ငံက ရိုးရာအမွေအနှစ် ပိုးထည်လုပ်ငန်းကိုထိန်းသိမ်းရင်းနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ Kommaly Chanthavong ၊ ဗီယက်နမ်တောင်ပိုင်းမှာ ရိုးရာအနုပညာမပျောက်ပျက်အောင် ကြိုးပမ်းခဲ့တဲ့ Ligaya Fernando ၊ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအတွက် ရေရှည်ဖွံ့ဖြိုးရေး ကူညီပေးခဲ့တဲ့ Anshu Gupta နဲ့ အိန္ဒိယနိုင်ငံကပဲ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့တဲ့ Sanjiv Chaturvedi တို့လည်း ပါဝင်ကြပါတယ်ရှင်။

VOA




လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ
၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးစိစစ်မှု ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်သွားပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေက အပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြန်ပြီး အယူခံ ဝင်နေတာတွေ ရှိနေတဲ့အတွက် နောက်ဆုံးအဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းအပြည့်အစုံကို မကြာခင်မှာထုတ်ပြန်နိုင်တော့မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာထားတဲ့၂၀၁၅ ရွေးကောက်ပွဲ အတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းလွှာ တင်လာသူ ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ကို သြဂုတ်လ ၁၈ ရက်နေ့ကနေစလို့ သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား အပြီးသတ် စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလက်ရှိ နောက်ဆုံးစိစစ်စစ်ဆေးမှုရဲ့အခြေအနေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင်က ပြောပါတယ်။
“စိစစ်တာတော့ ပြီးသွားပြီ။ အောက်ကတော့ အကုန်လုံးစိစစ်ပြီးပြီပေါ့။ ဘယ်နှစ်ခု (ဦး) ကန့်ကွက်တယ်။ ဘယ်နှစ်ခု (ဦး) ပယ်တယ်၊ ဘယ်နှစ်ခု (ဦး) အယူခံတက်တယ်တွေကတော့ တစ်ရက် နှစ်ရက်အတွင်းတော့ သိရတော့မှာပေါ့။ နောက်သုံးရက်လောက်ဆို ကြေညာချက်ထုတ်မှာပေါ့။ သို့သော်လည်းပဲ တစ်ရက် နှစ်ရက်ဆိုရင်တော့ အကြမ်းဖျင်းတာ့ ဘယ်သူတွေက အယူခံတက်နေတယ်။ ဘယ်သူကပယ်တယ်၊ ဒီလောက်တော့ ပြောလို့ရတာပေါ့နော်။ အယူခံကို (၇) ရက်အတွင်း ဝင်လို့ရတယ်။ (၇) ရက်အတွင်းကို တခါ ပြီးအောင်စစ်ရတယ်ဆိုတော့ အယူခံတက်တဲ့လူတွေကတော့ ကြေညာတဲ့အခါ မမီသေးရင် ချန်ထားရမှာပေါ့။ အယူခံတက်တာလည်း လေး-ငါး-ခြောက်ရက်- ခုနစ်ရက်ပဲ ကွာမှာပါ။ ဘယ်လောက်မှ မကွာဘူး။”
တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေကနေပြီးတော့ ကိုယ်စားလှယ် ရွေးချယ်မှုဆိုင်ရာ အခုနောက်ဆုံး သတ်မှတ်ထားတဲ့ရက်အထိ စိစစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေအနက် ကိုယ်စားလှယ်လောင်းအချို့ ဘာကြောင့် ပယ်ချခံခဲ့ရတယ်ဆိုတာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူဦးမြင့်နိုင်က ရှင်းပြပါတယ်။
“အကြမ်းဖျင်းတော့၊ ယေဘုယျဖြင့်တော့ သတ်မှတ်ထားတဲ့အသက်မပြည့်တာတို့၊ နိုင်ငံသား မိဘနှစ်ပါးက မမွေးတာတို့၊ နောက် မြန်မာနိုင်ငံမှာ တဆက်နဲ့တဆက်တည်း ဆယ်နှစ်မနေတာတို့။ ဒီအချက်ကလေးတွေ ယေဘုယျအားဖြင့်တော့ တွေ့ရပါတယ်။”
မဲဆန္ဒနယ်အချို့မှာ နိုင်ငံရေးပါတီအသီးသီးနဲ့ တသီးပုဂ္ဂလတွေက ကိုယ်စားပြုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တချို့ကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချခဲ့တဲ့အပေါ် ပယ်ချခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ပယ်ချကြောင်း အကြောင်းကြားစာ လက်ခံရရှိတဲ့နေ့ကစလို့ (၇) ရက်အတွင်း ပြန်ပြီး အယူခံဝင်ခွင့်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်က ဒီတကြိမ်မှာတော့ တသီးပုဂ္ဂလအဖြစ် ပြန်ပြီး ဝင်အရွေးခံပါမယ်။ ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံသား မိဘ ၂ ဦးက မွေးဖွားသူ မဟုတ်ဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတစ်ဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က လျှောက်လွှာကို ပယ်ချခဲ့တဲ့အပေါ် အယူခံဝင်ထားပြီး အခု စစ်ဆေးခံတော့မှာဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေကို လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကအခုလိုပြောပါတယ်။
“သြဂုတ်လ ၃၁ ရက် ဖိုင်နယ်……ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပဏာမ ပထမစိစစ်တဲ့ဟာကိုပဲ သူက ဖိုင်နယ်လို့ပြောတာ။ သက်ဆိုင်ရာ ခရိုင်ကော်မရှင်က ဆုံးဖြတ်ချက်တခုပေးတာပေါ့နော်။ အဲဒီဆုံးဖြတ်ချက်ကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းက မကျေနပ်ဘူးဆိုရင် သူက အယူခံဝင်လို့ရတယ်၊ ခုနစ်ရက်အတွင်းမှာ။ အန်ကယ်လ်ကလည်း အန်ကယ့်ကိစ္စကို ဆုံးဖြတ်ပြီးတော့ (၇) ရက်အတွင်းမှာ အန်ကယ်လ်က အယူခံဝင် လိုက်တယ်။ အန်ကယ်လ်အယူခံဝင်တာက (၂၇) ရက်ပေါ့နော်။ ဒီလ (၂၇) ရက်။ အဲဒါဆိုရင် အဲဒီနေ့ကနေစပြီးမှ (၇) ရက်အတွင်းကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ တခုခု အဆုံးအဖြတ်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ မနက်ဖြန် hearing လုပ်မယ်လို့ ပြောတယ်။ ဒါကြောင့်မို့လို့ အဲဒီ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာလုပ်မယ့် hearing ကိုတက်ဖို့ အခု အန်ကယ်လ်က စစ်တွေမြို့ကို ရောက်နေတာပါ။”
ကိုယ်စားလှယ်လောင်းစိစစ်မှုတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲ နည်းဥပဒေအရ အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်နေချိန်မှာ ကော်မရှင်ရုံးတွေမှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေက စာနဲ့ တာဝန်လွှဲအပ်ထားသူတွေက လာရောက် စစ်ဆေးခံခဲ့ကြတာဖြစ်ပါတယ်။
အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး အားလုံး စုစုပေါင်း တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးရှိနေပါတယ်။ မကြာခင်မှာတော့ နောက်ဆုံးအဆင့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

မဆုမွန် /VOA
http://burmese.voanews.com/content/uec-will-release-parliament-candidates-final-list-soon/2939378.html


 အမေရိကန် ပြည်ထောင်စုကနေ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူပြီး အကျိုးအမြတ်ရခဲ့ကြတဲ့ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့မှုလုပ်ပြီး တရုတ်နိုင်ငံရဲ့ အင်တာနက် online ပေါ်က cyber သူလျှိုလုပ်ထောက်လှမ်းမှုကို အမေရိကန်အစိုးရက တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ Washington Post သတင်းစာ က တနင်္ဂနွေနေ့မှာ သတင်းဖော်ပြပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု လုပ်မလုပ်တော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ဆုံးဖြတ်ချက်ကျလိမ့်မယ်လို့ အမေရိကန်အစိုးရ အဖွဲ့ထဲက အရာရှိတယောက်ကို အမည်မဖော်ဘဲ ကိုးကားပြီး Washington Post သတင်းစာ မှာ ပြောထားပါတယ်။ အမေရိကန် အဖွဲ့အစည်းတွေကို online ပေါ်က ထိုးဖောက်ဝင်ရောက်တာ၊ ဘဏ္ဍာရေးအကျိုးအမြတ်အတွက် သတင်းအချက်အလက်တွေရရှိတာတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဘယ်သူ့ကိုမဆို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့၊ ငွေအသွင်းအထုတ်လုပ်လို့မရအောင် ပိတ်ဆို့ဖို့အတွက် ရှေ့နေချုပ်နဲ့ နိုင်ငံခြားရေးဌာနတို့ကို တိုင်ပင်ပြီး သမ္မတ Obama က ဧပြီလ ၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရဲ့ cyber လုံခြုံရေး အန္တရာယ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ဖေဖော်ဝါရီလမှာ ပြည်ထောင်စု စုံစမ်းရေးအဖွဲ့သစ်တခု ဖွဲ့စည်းခဲ့တာနဲ့ ကုမ္ပဏီတွေ ကလည်း online ပေါ်ကထိုးဖောက်ခံရတာနဲ့ ပတ်သတ်ြပီး အစိုးရနဲ့ရော အချင်းချင်းရောကြားမှာပါ သတင်းအချက်အလက်တွေကို ဝေမျှကြဖို့ တွန်းအားပေးတဲ့ သမ္မတ အမိန့်ထုတ်ပြန်တာအပါအဝင် ဒီကိစ္စက အမေရိကန်အစိုးရ ဒီနှစ် အလေးထားလုပ်ဆောင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီလို cyber ပစ်မှုကျူးလွန်သူတွေကို ရင်ဆိုင်ဖို့ - ပြည့်စုံတဲ့မဟာဗျူဟာလို့ Washington Post သတင်းစာက- ကိုးကားတဲ့ အရာရှိကပြောတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုလုပ်မယ့်နည်းက အရင်တုံးက လုပ်ပုံလုပ်နည်းတွေနဲ့ မတူတဲ့ အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံနည်းသစ်ဖြစ်မှာပါ။

သတင်းစာက ကိုးကားတဲ့ နောက်အမေရိကန်အရာရှိတဦးကတော့ စီးပွားရေးဆိုင်ရာ သူလျှိုလုပ် ထောက်လှမ်းမှုတွေကို အမေရိကန်အစိုးရက ပြန်တိုက်ခိုက်မယ်၊ ကုမ္ပဏီတွေအနေနဲ့လည်း အစိုးရရဲ့ ထောက်ပံ့အားပေးမှုရမယ်ဆိုတာ ဒီဒဏ်ခတ်ပိတ်ဆို့မှု လုပ်ရပ်က ပြသတာပဲလို့ ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping စက်တင်ဘာလမှာ အလည်အပတ်ရောက်ရှိပြီး သမ္မတ Obama ကလည်း နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်းဖို့ ရှိနေတဲ့ အချိန်မှာပဲ အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်တဲ့ အခြေအနေတရပ်ဖြစ်လာတာပါရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


ဒေါ်အောင်ဆန်းစုကြည်က သူ့မှာပိုင်ဆိုင်မှုဆိုလို့ ဘဏ်စာရင်းတစ်ခုနဲ့ ကားတစ်စီးသာရှိကြောင်း၊ ကိုယ်စားလှယ်လောင်းဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစစ်ဖို့ တင်ထားကြောင်း မနေ့က ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ရိုက်ကူး - ဝင်းနောင်တိုး၊ ဝင်းကိုကိုလတ်/RFA


ဒေါ်အောင်ဆန်းစုကြည်က ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဒေါ်အောင်ဆန်းစုကြည်က သူ့မှာပိုင်ဆိုင်မှုဆိုလို့ ဘဏ်စာရင်းတစ်ခုနဲ့ ကားတစ်စီးသာရှိကြောင်း၊ ကိုယ်စားလှယ်လောင်းဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစစ်ဖို့ တင်ထားကြောင်း မနေ့က ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။ ရိုက်ကူး - ဝင်းနောင်တိုး၊ ဝင်းကိုကိုလတ်/RFA
Posted by RFA Burmese on Sunday, August 30, 2015

Living together
လက်မထပ်ပဲအတူနေခြင်းရော
Sex before marriage
လက်မထပ်ခင်လိင်ဆက်ဆံခြင်းရော

ဒါတွေကိုဥပဒေထုတ်တားမြစ်တာကို
ကျနော်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။

၁။ ကျနော်တို့ဟာ secular state လို့ခေါ်တဲ့ လောကီနိုင်ငံတော်ကိုတည်ထောင်နေတာဖြစ်တယ်။ နိုင်ငံရဲ့ဥပဒေတွေမှာ ဘာသာရေးလွှမ်းမိုးမှုတွေပါရှိလို့မရဘူး။ ဒါဟာအခြေခံဥပဒေအရလည်းမညီညွတ်ဘူး။ လူတယောက်ရဲ့ လိင်မှုကိစ္စကို နိုင်ငံတော်ကစွက်ဖက်လို့မရဘူး။ ဒီလိုစွက်ဖက်တာဟာ ဘာသာရေးစည်းမျဉ်းတွေမှာပဲရှိတယ်။ ကျနော်တို့ဟာ အလယ်ခေတ်ကိုပြန်သွားနေတာမဟုတ်ဘူး။ ကမ္ဘာကြီးဟာ ဒီလို လူသားတယောက်ချင်းစီရဲ့ကိုယ်ရေးကိုယ်တာအပေါ် နိုင်ငံတော်ကမတရားစွက်ဖက်ခြင်းကိစ္စတွေကို ရှောင်ကြဉ်ခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ ဒီလို ဘာသာရေးအမြင်တွေကို အလွဲသုံးပြီး လူသားတွေကိုချုပ်ကိုင်တာဟာ အစ္စလာမ်မစ်ဥပဒေသုံးစွဲနေတဲ့ ဘာသာရေးအစွန်းရောက်နိုင်ငံတွေနဲ့ ဗာတီကန်မှာပဲရှိတော့တယ်။ နိုင်ငံတော်ဟာဘုန်းကြီးကျောင်းမဟုတ်ဘူး။

၂။ လူသားရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ကို မတရားစွက်ဖက်ကန့်သတ်တဲ့ ဒီလိုဥပဒေတွေဟာ လူ့သဘာဝနဲ့ကိုက်ညီမှုမရှိတာကြောင့် လက်တွေ့အသုံးချဖို့ မဖြစ်နိုင်ဘူး။ လူတွေက သူတို့ချစ်သူရည်းစားတွေနဲ့ သွေးသားအလိုအရ ဆက်ဆံကြမှာပဲ။ ဒါဟာ ပြစ်မမဟုတ်ဘူး။ လူတွေအချင်းချင်း အလိုတူသရွေ့ လွတ်လပ်တဲ့ လူသားတွေဟာ သူတို့စိတ်ရှိသလို လိင်ဆက်ဆံခွင့်ရှိရမှာပဲ။ ဆက်လည်းဆက်ဆံကြမှာပဲ။ ဒီအခါမှာ အခုပြဌာန်းလိုက်တဲ့ဘဥပဒေကြောင့် အဲ့ဒီလူအားလုံးဟာ အလိုလိုနေရင်း ဥပဒေချိုးဖောက်သူတွေဖြစ်ကုန်ရတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ။

၃။ မဆင်မခြင်ပြဌာန်းလိုက်တဲ့ ဒီဥပဒေဟာ အခြား ကိစ္စရပ်များစွာကိုပါအကြီးအကျယ်ထိခိုက်စေတယ်။ ကွန်ဒုံးသုံးစွဲဖို့နှိုးဆော်နေရတဲ့ကိစ္စတွေ။ HIV AIDS ကာကွယ်ရေးလုပ်ငန်းတွေ။ ဒီလုပ်ငန်းတွေကိုပါ အများကြီးထိခိုက်မှာဖြစ်တယ်။ လူတွေဟာ လိင်ကိစ္စကို တရားဝင် လုပ်လို့မရတော့ ခိုးလုပ်လိမ့်မယ်။ ဒီအခါ ကူးစက်ရောဂါ
ကာကွယ်ရေးဟာ အဓိကမကျတော့ပဲ လျစ်လျူရှုခံရတော့မယ်။

အစိုးရဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ ရူးကြောင်ကြောင်ဥပဒေတခုကို မဆင်မခြင် ပြဌာန်းလိုက်တာဟာ တတိုင်းပြည်လုံးနီးပါးကို ရာဝဇတ်သားတွေဖြစ်လာအောင် လုပ်ကြံလိုက်တာဖြစ်တယ်။

အစိုးရမင်းများခင်ဗျား
ကျနော်တို့ဟာ ဦးဏှောက်ရှိသူ စဉ်းစားဥာဏ်ရှိသူတွေဖြစ်တယ်။ ကျနော်တို့ရဲ့ခန္ဓာကိုယ်ကို ကျနော်တို့ ကာကွယ်နိုင်တယ်။ ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဟာ ခင်ဗျားတို့ စွက်ဖက်စရာမဟုတ်ဘူး။ ခင်ဗျားတို့ကိုပေးထားတဲ့တာဝန်ကိုလုပ်ပါ။ ကျနော်တို့ ပုဂ္ဂိုဘ်ရေးဘဝထဲ လာမကန့်သတ်ပါနဲ့။ ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စကိုလုပ်ပြီ တန်ဖိုးရှိတဲ့ အချိန်တွေ ဘဏ္ဍာတွေမဖြုန်းတီးပါနဲ့လို့ သတိကြပ်ကြပ်ပေးလိုက်ပါတယ်။

မိုဃ်းသွေး

Aug 30th 2015


tinaye-620.jpg
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကို သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာတွေ့ရစဉ်
Photo: RFA

မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့်စက်တင်ဘာလလယ်လောက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပြီး မဲစာရင်းထဲမှာမှားယွင်းနေတာတွေရှိနေမယ်ဆိုရင်လည်း ပြင်ဆင်လို့ရသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ RFA ရဲ့ မေးမြန်းချက်ကို ဦးတင်အေးက ဖြေကြားခဲ့တာပါ။

"အဲ့မှာကပ်ပေးမယ်၊ လာကြည့်ပါ၊ မပါရင်ဖြည့်ပါ၊ ပုံစံ ၃ နဲ့ မှားရင်ပြင်ပါ၊ ပါသင့်တာ မပါရင် ပုံစံ ၄ နဲ့ ကန့်ကွက်ပါ"

မဲဆန္ဒရှင်တွေရဲ့စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ၁၄ ရက် (၂ပတ်) ကြာ ကပ်ထားမှာဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ နံမည်မပါရင် ပုံစံ(၃) နဲ့ ဖြည့်ဖို့ ၊ နံမည်နဲ့ မှတ်ပုံတင်နံပါတ်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်ဖို့ ၊ သေဆုံးသူနာမည်တွေပါနေရင် ပုံစံ ၄ တို့နဲ့ ပယ်ဖျက်နိုင်သေးကြောင်း ပြောပါတယ်။ ဒီတစ်ကြိမ်မဲစာရင်းဟာ အတည်ဖြစ်မှာဖြစ်တဲ့အတွက် မဲစာရင်းကို မဖြစ်မနေ ကြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေဘေးသင့်ဒေသက မဲဆန္ဒရှင်တွေကိုတော့ မဲစာရင်းကြည့်နိုင်ဖို့အတွက် ၂ပတ်ထက်ကျော်ပြီး လုံလောက်တဲ့အချိန်ပေးထားမယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/tinaye-speaks-voter-lists-08312015112804.html

 election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်

နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်း တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ထဲမှာ အခုချိန်ထိ ပယ်ချခံရသူ ၄၀ နီးပါးလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲမှာတင် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၁ ယောက်ထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်း မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၁၂ ဦး ရှိတယ် လို့ ခရိုင်ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ သူတို့ကိုမွေးဖွားစဉ်က မိဘနှစ်ပါးကနိုင်ငံသား မဖြစ်သေးတာကြောင့်ဖြစ်သလို ပါတီတစ်ခုတည်းက နှစ်ဦးအမည် စာရင်း တင်ထားတာကြောင့် တစ်ဦးကို ပယ်ချလိုက်တာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ကျနော်လောလောဆယ် ၁၂ ယောက်လောက် ပယ်ပါတယ်၊ အထူးသဖြင့် မိဘတွေက သူတို့မွေးတဲ့အချိန် မှာ နိုင်ငံသားဟုတ် မဟုတ် အဲ့ဒါလေးတွေများပါတယ်၊ တစ်ယောက်ကတော့ NLD ပါတီကပါ ပထမတာဝန် တစ်ယောက်ပေးတယ်၊ နောက်လူစား တခြားတစ်ယောက်ကို ပေးတဲ့အခါကျတော့ ပါတီတစ်ခုတည်း လူနှစ်ယောက်ထပ်သွားတဲ့အခါကျတော့ တစ်ယောက်ပယ်ရတဲ့သဘောပါ"

ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေကနေ ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ထံ အယူခံတင်ထားသူ ၆ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၆ဦးထဲမှာ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်စိုးကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/reject-40-candidates-08312015110535.html

 nld-candidates-620 နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့ က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် မဲဆန္ဒနယ်မြေတွေ ကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးကြဖို့ ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။ နေပြည်တော် မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး နဲ့ နေပြည်တော်က နေအိမ်မှာ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

"နေပြည်တော်က ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးဖို့၊ ပုဂ္ဂိုလ်ရေးပါတီတွေ မတိုက်ခိုက်ဖို့၊ မဲဆွယ်စည်းရုံးတဲ့အခါမှာ အဆင့်မြင့်မြင့်စည်းရုံးဖို့၊ အဆင့်မြင့်မြင့်စည်းရုံးဖို့ဆိုတာက ပြောတာ ဆိုတာ လုပ်တာကိုင်တာ ကိုယ့်စိတ်စေတနာ အဆင့်မြင့်မြင့်ပေါ့နော်၊ တရားမျှတတဲ့နည်းနဲ့ နိုင်အောင်လုပ် ဖို့၊ ငွေကြေးသုံးစွဲတဲ့အခါမှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ညီဖို့ မဲဆွယ်တဲ့အခါမှာလည်း ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ ညီဖို့ အဲ့ဒါတွေပြောတာပါ"

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်သူ့လွှတ်တော်နေရာ ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာရှိပါတယ်။

NLD ပါတီက ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်ထားသူ ၁၁၃၈ ဦး ရှိပြီး အဲဒီထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၆ ဦးရှိတယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၆ဦးဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ရွေးကောက် ပွဲကော်မရှင်တွေထံ အယူခံတင်ထားပြီး တစ်ဦးကတော့ တိုင်းဒေသကြီးအဆင့်ကလည်း ပယ်ချထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၅ရက်နေ့ နဲ့ ၆ရက်နေ့တို့မှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် နဲ့ ဟိုပုံးမြို့နယ်တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တောင်ကြီးခရိုင်အတွင်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကနေ ကယားပြည်နယ် မြို့နယ် ၇ခုကို ဆက်သွားမှာဖြစ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်..

RFA
http://www.rfa.org/burmese/news/dassk-elections-campaign-08312015110349.html

ဗိုလ်ချုပ်ကြီးများကို အာဏာရ၊ နေရာရလာပြီးနောက် မကြာခဏ ရုပ်မြင်သံကြားများထဲတွင် တွေ့မြင် လာကြရသည်။ သတင်းလာလျှင် သူတို့ တိုင်းခန်းလှည့်လည်မှုများ၊ အခမ်းအနားတက်မှုများ၊ ဖွင့်ပွဲ များကို ဖွင့်ပေးခြင်းများအားလုံး သူတို့ကို မတွေ့ချင်၊ မမြင်ချင်မှအဆုံးဖြစ်သည်။ တစ်နေ့တွင် ထူးခြားစွာ ဗိုလ်ချုပ်မှူးကြီးကို အမျိုးသမီးများသာ ဝတ်ဆင်လေ့ရှိသည့် ချိတ်ထဘီကြီး ဝတ်လျက်သား အခမ်းအနား တစ်ခုတွင် တွေ့လိုက်ကြရသည်။ ထိုနေ့ကား ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားဖြစ်သည်။ သူနှင့်အတူ အခြားသော ဗိုလ်ချုပ်များ အားလုံးလိုလိုလည်း ချိတ်ထဘီတွေ ကိုယ်စီနှင့် ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် အမျိုးသားရော အမျိုးသမီးများပါ ပိုးထည်များ ဝတ်သည်ဆိုသော်လည်း ယောက်ျား မိန်းမ ဒီဇိုင်း အဆင် ခွဲခြား ဝတ်ဆင်ကြသည်ကများသည်။ ယောက်ျားများဝတ်လျှင် ပုဆိုးဟုခေါ်ပြီး၊ ပုဆိုးဆင်က သီးခြားဖြစ်သည်။ အမျိုးသမီးများဝတ်လျှင် ချိတ်ထဘီဟုခေါ်ကြသည်။ ထိုနေ့က ဗိုလ်ချုပ်များ ဝတ်ဆင် လာသည့်ပုံစံများမှာ လုံချည်ပုံစံမဟုတ် ချိတ်ထဘီအဆင်များဖြစ်နေသည်။

ခေတ်သစ် အာဏာရှင် စစ်ဗိုလ်ချုပ်များအားလုံး ချိတ်ထဘီတွေ ကိုယ်စီဖြစ်နေခြင်းအား တီဗီကြည့်နေသူ အားလုံးက သဘောပေါက်လိုက်သည်မှာ ယတြာချေနေခြင်းသာ ဖြစ်မည်ဟု ယူဆကြသည်။ အမည် မဖော်လိုသူ ဗေဒင်ဆရာတစ်ဦးကလည်း ထိုနေ့သည် ကိန်းခန်းဗေဒင် ဓာတ်သဘောအရ ဓာတ်ရိုက် ဓာတ်ဆင်ရန် အကောင်းဆုံးနေ့တစ်နေ့ဖြစ်နေကြောင်းသိရသည်။

ယင်းသို့ဗိုလ်ချုပ်များ ချိတ်ထဘီဝတ်ခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာမှပုဂ္ဂိုလ်တစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို အချက်နှစ်ချက်ဖြင့် သုံးသပ်ပြသည်။ ပထမအချက်မှာ မြန်မာနိုင်ငံကို မိန်းမတက်ပြီး အုပ်ချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မိန်းမအသွင် ထဘီဝတ်ထားသော ဗိုလ်ချုပ်ကြီးများက ထိုနေ့ကို ယတြာချေသည့်အနေဖြင့် တက်ပြီး အုပ်ချုပ်လိုက်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ဗိုလ်ချုပ်အားလုံး ထဘီ ဝတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကို လွှဲပြောင်းယူလိုက်သလို ဖြစ်သွားမည်ဟု အခါပေးသည့် အတိုင်း လိုက်လုပ်ကြခြင်းဖြစ် သည်။

ပြည်ထောင်စုနေ့ ညစာစားပွဲတွင် မင်းတရားကြီးယတြာအတိုင်း လိုက်ပြီးချိတ်ထဘီ ဝတ်ကြသော ဗိုလ်ချုပ်များသည် ထိုနေ့ ကိစ္စနှင့်ပတ်သက်ပြီး နှုတ်ပိတ်ရေငုံနေကြသည်။ အားလုံး အမိန့်မရဘဲနှင့်လည်း တစ်ညီ တညွတ်တည်း ချိတ်ထဘီ ဝတ်ဆင်လာကြပြီး အခမ်းအနားတက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ထိုထဘီ မျိုးသည် မည်သည့် အမျိုးသားများထံတွင်မှ အဆင်သင့်ရှိနိုင်သော အရာမျိုးမဟုတ်ပေ။ တစ်နည်းကြည့်ရလျှင် ၂၀၀၄ ခုနှစ်က အရာကျသွားခဲ့ရသည့် ဗိုလ်ချုပ် ခင်ညွန့်ကဲ့သို့ပင် သူတို့ခေါင်းဆောင်ကြီး၏ နောက်ဆုံးအချိန်ကို နှစ်သိမ့်ပေးသည့် အနေဖြင့် အလိုလိုက်အကြိုက်ဆောင် စစ်ဗိုလ်ချုပ်အားလုံး ထမီလိုက်ဝတ်ခြင်းလည်း ဖြစ်နိုင် သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်ဘုရင်ဝင်စားသည့် မင်းတစ်ပါးဖြစ်သည်ဆိုဆို၊ ဘုရင်မကြီးတစ်ပါး ဝင်စား သည်ဟုပြောပြော နောက်ဆုံးအချိန်တွင် ထဘီဝတ်ပြီး စွန့်လွှတ်ခဲ့ရသည်ကတော့ အမှန်သာဖြစ်ခဲ့သည်။

(ဦးသန်းရွှေ၏ယတြာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)

၃၁.၈.၂၀၁၅
Tin Nyunt




ပြောင်းလဲချိန်တန်ပြီ။
///////////////////////
ပြောင်းလဲချိန်တန်ပြီ။ ကျွန်မတို့နိုင်ငံဟာ ပြည်သူပြည်သားတွေရဲ့ ကိုယ်ရောစိတ်ပါ လွတ်လပ်လုံခြုံမှုကို အာမခံတဲ့ ဒီမိုကရေစီပြည်ထောင်စုဖြစ်လာစေဖို့အတွက် ကျွန်မတို့တွေအားလုံး ညီညီညွတ်ညွတ်၊ သတ္တိရှိရှိ၊ အဂတိမကင်းတဲ့ဆန္ဒတွေကို အများအကျိုးကို ဦးတည်တဲ့ ဆန္ဒတွေနဲ့ အစားထိုးပြီး အောင်မြင်မှုရနိုင်မယ့် အခွင့်အလမ်းတွေနဲ့ တွေ့ကြုံနေရပါပြီ။ ဒီအခွင့်အလမ်းကို မလွတ်စတမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။
(ဒေါ်အောင်ဆန်းစုကြည်)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကနေ အစိုးရဖွဲ့နိုင်ရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃ဝ ရက်နေ့က နေပြည်တော် ဥတ္တရသီရိ ဒေသခံတွေနဲ့ သွားရောက် တွေ့ ဆုံခဲ့ပါတယ်။

Kamayut Media

သြဂုတ်လ ၂၂ ရက် ၊၂၀၁၅ နေ့ မွန်းလွဲပိုင်း မိုးသည်းသည်း ရွာနေတဲ့ကြားမှာ တယ်လီဖုန်း ၀င်လာလို့ ဂရုတစိုက် နားထောင်ရင်း စိတ်ထဲမှာ အံ့အားတသင့် ဖြစ်သွားပါတယ်။ ချင်းတွင်းမြစ်ကမ်းမှာရှိတဲ့ ““ကင်း”” ရွာကတဲ့။ ရွာထဲကို လှိမ့်ဝင်လာတဲ့ ရေကအမြင့် ၆ ပေ လောက်အထိ တက်လာလို့ သူတို့ရွာက စာကြည့်တိုက် ရေမြုပ်သွားပြီး စာအုပ်တွေ အကုန်ပျက်စီး ဆုံးရှုံးသွားပြီတဲ့။ ခရီးဝေးလို့ထင်ပါရဲ့။ ဖုန်းလိုင်းတွေက သိပ် မကောင်းဘူး။ အသံက တိုးညင်းပြီး အတော်ဂရုစိုက် နားထောင်မှကြားရတယ်။ ဖုန်းလှမ်းဆက်တဲ့ ဆရာရဲ့ နာမည်တောင် မေးဖို့အချိန်မရလိုက်ဘဲ ကတိုက်ကရိုက် စကားပြောလိုက်ရတယ်။ စာကြည့်တိုက်အတွက် စာအုပ်တွေ လိုအပ်နေပြီဆိုတဲ့အကြောင်း ပြောပါတယ်။ စာအုပ်တွေရှိပါတယ်။ ဆရာမောင်သွေးသစ်တို့နဲ့ တိုင်ပင်ပြီး အဆင်ပြေတဲ့နည်းနဲ့ စာအုပ်တွေ ပို့ပေးဖို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ရပါတယ်။ ဆရာတို့ရွာမှာ ရေတွေကြီးတာ ကြားရလို့ စိတ်မကောင်းပါဘူး။

ဆရာတို့ရွာက ကျွေးတဲ့ထမင်း ကျွန်တော်တို့ စားခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ရန်ကုန်ကနေပြီး နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်းကားနဲ့ ထွက်ခဲ့တယ်။ ၂၆ ရက် မနက် ၄ နာရီမန္တလေးမြို့ကို ရောက်တော့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ၀င်ဖူးရတာ ကြည်နူးစရာပါ။ မနက် ၅ နာရီ မှာ မန္တလေးမြို့ မြမန္တလာ ဟိုတယ်ကို ရောက်ပြီး ဟိုတယ်ရဲ့စာကြည့်တိုက်ကို လေ့လာတော့ စာအုပ်တွေ အများကြီးပါပဲ။ ဟိုတယ်မှာ မနက်စာ စားခဲ့တယ်။ မနက် ၈ နာရီခွဲမှာတော့ မန္တလေးကနေပြီး မုံရွာကိုကားနဲ့ ခရီးဆက်ခဲ့တယ်။ ၁၁ နာရီမှာ ချင်းတွင်းမြစ်ကို တွေ့ရတယ်။ မုံရွာဆိပ်ကမ်းကနေပြီး “ချယ်ရီအောင်” အမြန် ရေယာဉ်နဲ့ ၁၁ နာရီခွဲမှာ ထွက်ခွာလာခဲ့တယ်။ မွန်းလွဲ ၁ နာရီခွဲမှာ““ချိုင်”” ကျေးရွာကို ရောက်ပါတယ်။ နိုဝင် ဘာလ ၂၈ရက်၊ ၂၀၁၁နေ့ရဲ့ မနက်စောစော ၇ နာရီခွဲမှာ ချယ်ရီအောင် အမြန်ရေယာဉ်နဲ့ ခရီးထွက်ခဲ့တာ မနက် ၁၀ နာရီမှာ

“ကင်း”ရွာကို ရောက်ပါတယ်။ အဲဒီမှာ အားမာန်သစ် စာကြည့်တိုက်ရှိပါတယ်။ စာအုပ်တွေ လှူခဲ့ပါတယ်။ ကင်းရွာက ကျွေးတဲ့ထမင်းဟင်းကိုလည်း မြိန်ရှက်စွာနဲ့ စားခဲ့ရတယ်။ ချင်းတွင်းမြစ်ကမ်းတစ် လျှောက်မှာတော့ မုန်ညှင်းပေါင်းဟင်းဟာဖြင့် ဒေသအစားအစာပေါ့။ ခုတော့ဖြင့် တစ်နိုင်ငံလုံးနီးပါး ထူးကဲတဲ့ ရေဘေးထဲမှာ ကျွန်တော်တို့ စာအုပ်တွေ လှူခဲ့ဖူးတဲ့ ချင်းတွင်းမြစ်တစ်ကြောဆီက ကျေးရွာစာကြည့်တိုက်လေး တချို့လည်း ပါကုန်ကြပြီဆိုတော့ ၀မ်းနည်းတာပေါ့။ န.၀.တ နဲ့ န.အ.ဖ စစ်အစိုးရများ လက်ထက်တွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝေါဟာရသစ်တွေ တိုးလာခဲ့ဖူးသေးတယ်။ အစိုးရက အစိုးရအလုပ်ကို တာဝန် ကျေကျေ လုပ်မပေးနိုင်ခဲ့လို့ ပြည်သူလူထုကြားထဲမှာ ဝေါဟာရတွေ အသစ်တိုးပွားလာခဲ့တာပါ။ ကိုယ့်အားကိုယ်ကိုး လမ်းဖွင့်ပွဲတဲ့။ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ရရှိရေးတဲ့။ကိုယ့်အားကိုယ်ကိုး စာကြည့် တိုက်များ တည်ဆောက် ဖွင့်လှစ်နိုင်ရေးတဲ့။ ပြည်သူလူထုက ကိုယ့်ဝမ်းစာ ကိုယ်ရှာ စားရတာတောင် နွမ်းပါးဆင်းရဲတွင်း နက်သထက် နက်နေကြရတဲ့ ကြားထဲမှာ ဟိုနေရာ ဒီနေရာမှန်သမျှ ကိုယ့်အား ကိုယ်ကိုး ဆိုတဲ့ ဝေါဟာရအသစ်က အမြစ်လာတွယ် နေသေးတော့တယ်။ ဒီလိုဆိုတော့ မေးရဦးတော့မယ်။ ကိုယ့်ဘိုး ဘွားပိုင် ကိုယ့်လယ်ယာမြေ၊ ကိုယ့်ဥယျာဉ်ခြံမြေတွေမှာ ကိုယ့်ရဲ့လယ်ယာ ကိုင်းကျွန်း လုပ်ငန်းတွေအတွက် ကိုယ့်အားကိုယ်ကိုးပြီး စိုက်ပျိုး လုပ်ကိုင်နေကြတာကို ဘာလို့များ တပ်ပိုင်မြေဆိုပြီး လာသိမ်း ခဲ့ကြရတာလဲ။

စီမံကိန်း လုပ်ငန်းတွေအတွက် ဆိုပြီးလာသိမ်းပိုက်ခဲ့ကြရတာလဲ။ ကိုယ့်အနာဂတ် ပညာရေး ခရီးလမ်းကြောင်း ဖြောင့်တန်း ကောင်းမွန်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးပြီး ဒီမိုကရေစီဆန်တဲ့ ပညာရေးဥပဒေကို ကိုယ့်စိတ် တိုင်းကျ ရေးဆွဲ ပြုပြင်ချင်ကြတဲ့ ကျောင်းသားကျောင်းသူတွေကို ဘာဖြစ်လို့ မတရားအကြမ်းဖက် ရိုက်နှက် ညှဉ်းဆဲပြီး ထောင်တွေထဲ ပို့ခဲ့ရတာလဲ။ အလုပ်ရှင်နဲ့ အလုပ်သမား ထိုက်သင့်တဲ့ လုပ်ခငွေလစာငွေ ကိစ္စ မကျေလည်တာကို တောင်းဆိုပြီး ကိုယ့်ဘ၀အတွက် ကိုယ့်အားကိုယ်ကိုးရင် ကိုယ့်လုပ်အားခ လစာငွေတိုး တောင်းဖို့ ဆန္ဒထုတ်ဖော်ကြတဲ့ အလုပ်သမား ခေါင်းဆောင်တွေ၊ အလုပ်သမားတွေကို ဘာဖြစ်လို့များ အင်အားသုံး ဖြိုခွင်းပြီး အကျဉ်းထောင်တွေထဲ ပို့ဖို့အတွက် စိတ်အနှောင့်အယှက် မျိုးစုံပေးရင်း အမှုတွေရင် ဆိုင် ခိုင်းနေကြရတာလဲ၊ ဒါကြောင့် ဒီမိုးဒီလေဒီလိုရေဘေး၊ ဒီလိုမြေပြိုမှု၊ တောင်ပြိုမှု၊ ဒီလိုငလျင်လှုပ်မှုနဲ့ ပြည်သူ လူထုကြားမှာ ကိုယ့်အားကိုယ်ကိုးရင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ မတရားတဲ့ အုပ်ချုပ်သူ လူတန်းစား ကပေးတဲ့ ၀ဋ်ကြွေး သံသရာကြီးထဲမှာ ၀ဲလည်နစ်မြုပ် ဒုက္ခရောက်ပြီးရင်း ရောက်နေကြရတာ““ သခင်မျိုးဟေ့ ဒို့ဗမာတဲ့လားဟေ့””။

လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေ လုပ်ကိုင်စားသောက်ကြတဲ့ ကိုယ့်အားကိုယ်ကိုး တောင်သူ လယ်သမား မိသားစုတွေလည်း ထောင်ကျတဲ့သူကကျ။ ဦးခေါင်းကို သေနတ်ကျည်ဆန် ဖောက်ထွင်း ခံရတဲ့သူကခံရ။ မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာ ခံလိုက်ရသူတွေက ခံကြရ။ ကျောင်းသား၊ ကျောင်းသူ ရဟန်းရှင်လူ ၀န်းရံပြည်သူတွေ ထောင်ထဲရောက်သူတွေ ရောက်နေကြ။ အလုပ်သမား လူတန်းစား တချို့လည်း ထောင်ထဲရောက်သူတွေ ရောက်နေကြရတဲ့ ခေတ်ပျက်ခေတ်ဆိုး ကြီးထဲမှာ ဝေါဟာရ တစ်ခုဖြစ်နေတဲ့ ““ကိုယ့်အားကိုယ်ကိုး”” အကြောင်း စဉ်းစားမိရင်း အတွေးထဲမှာ လူပုဂ္ဂိုလ်တစ်ယောက် အကြောင်းက ဖျတ်ခနဲပေါ်လာတယ်။

အခု သြဂုတ်လ ကုန်တော့မယ်ဆိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ဟာ အဲဒီကမ္ဘာ့စံပြ ပုဂ္ဂိုလ်ကြီး ““အင်ဒရူးကာနက်ဂျီ””ကွယ်လွန်တာ ““၉၆”” နှစ် တင်းတင်း ပြည့်ခဲ့တဲ့ နေ့ပါပဲ။ သူ့ကိုမွေးတာက ၂၅-၁၁-၁၈၃၅ နေ့ပါ။ ဇာတိနိုင်ငံကတော့ စကော့တလန်နိုင်ငံပါ။ ဆင်းရဲတဲ့ မိသားစုဝင် တစ်ယောက်ပါ။ ၁၈၄၈ ခုနှစ်မှာ အမေရိကကို ရောက်ပါတယ်။ စက်ရုံအလုပ်သမား၊ ရထားပို့ ဆောင်ရေး ၀န်ထမ်းနဲ့ ရေနံတူးဖော်တဲ့ လုပ်ငန်းတွေမှာ ၀င်လုပ်ခဲ့တယ်။ အမေရိကန်မှာ ပြည်တွင်းစစ်ပွဲ ဖြစ်တော့ စစ်တပ်ထဲ ၀င်လိုက်တယ်။ တိုက်ပွဲမှာ ဒဏ်ရာရခဲ့ဖူးသေးတယ်။ စစ်ကြီးပြီးသွားတော့ မိတ်ဆွေတွေနဲ့ ပူးပေါင်းပြီး သံနဲ့သံမဏိ စက်ရုံလုပ်ငန်း လုပ်ပါတယ်။ ကုန်ကျစရိတ် နည်းနည်းနဲ့ လုပ်ငန်း တိုးတက်ဖို့လုပ်ကိုင် ကြရင်း သူကတော့ အင်္ဂလန်နိုင်ငံကိုသွားပြီး နည်းပညာတွေ လေ့လာပါတယ်။ အမေရိကကို ပြန်ရောက်တော့ သူရလာတဲ့ နည်းပညာသစ်တွေနဲ့ သံမဏိစက်ရုံ လုပ်ငန်းကို ပိုပြီးအောင်မြင်အောင် လုပ်ပါတယ်။ လုပ်ငန်းအတွက် သယ်ယူပို့ဆောင် စရိတ်တွေ သက်သာအောင် မီးရထားနဲ့ သင်္ဘောတွေ ၀ယ်ပါတယ်။ ၁၈၈၈ မှာတော့ သင်္ဘောကျင်းလုပ်ငန်း၊ ရေနံတူးဖော်တဲ့ လုပ်ငန်းတွေ တိုးချဲ့တဲ့အပြင် ၁၈၉၉ မှာ လုပ်ငန်းပေါင်းစုံ ကုမ္ပဏီထူထောင်ပါတယ်။ ၁၉၀၁ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု သံမဏိလုပ်ငန်းသမဂ္ဂကို ဖွဲ့စည်းပါတယ်။ သူက ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး ဦးစားပေးပြီး လှူဒါန်းချင်တယ်။ အမေရိကန် ပြည်ထောင်စုမှာ သူ့နာမည်နဲ့ ““ကာနက်ဂျီ””ပညာရေး မြှင့်တင်မှုအဖွဲ့တွေ တည်ထောင်တယ်။ သူ့ဇာတိမွေး ရပ်မြေဖြစ်တဲ့ စကော့တလန်နိုင်ငံက တက္ကသိုလ် “၄”ခုအတွက် ငွေကြေးထောက်ပံ့ လှူဒါန်းတယ်။

မူလတန်းနဲ့ အလယ်တန်း၊ အထက်တန်းကျောင်း အားလုံးအတွက် ငွေကြေး လှူဒါန်းတယ်။ အသက်ကြီးပြီး ကျန်းမာရေး မကောင်းတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ငွေကြေး ထောက်ပံ့ကူညီတယ်။ နိုင်ငံတကာမှာ စာကြည့်တိုက် စုစုပေါင်း ၃ယ၀၀၀ တည်ထောင်ပေးပြီး ငွေတွေလှူခဲ့တယ်။ သူက စစ်ပွဲတွေ မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းရေး ရစေချင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာမှာ လုပ်ကိုင်ဆောင်ရွက် နေကြတဲ့ သူတွေကို အားပေးပြီး ကုန်ကျစရိတ်တွေအတွက် ငွေကြေးပံ့ပိုး ကူညီတယ်။ သူကိုယ်တိုင်လည်း ငြိမ်းချမ်းရေးအတွက် စာပေတွေ ရေးသားတယ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် အကျုးကျေးဇူး ရှိမယ့် လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် သူပိုင်ဆိုင်တဲ့ ငွေကြေးပစ္စည်း ဥစ္စာတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးဖို့ အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့တယ်။ သူကွယ်လွန်တဲ့ နေ့ကတော့ သြဂုတ်လ ၁၁ ရက်၊ ၁၉၁၉ နေ့ဖြစ်ပါတယ်။ အခု၂၀၁၅ သြဂုတ်လဟာ သူကွယ်လွန်တာ ၉၆ နှစ် တင်းတင်းပြည့်ခဲ့တဲ့လ ဖြစ်ပါတယ်။ နိုင်ငံတကာ ပြည်သူလူထုအတွက် ကောင်းရာ ကောင်းကျိုးတွေ သယ်ပိုးထမ်းဆောင်သွားပြီး မသေခင် ကတည်းက လူသတင်း လူချင်းဆောင်ရင်း သတင်းမွှေးသွားတဲ့ လူကြီးလူကောင်း တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံက““ကိုယ့်အားကိုယ်ကိုး””ဝေါဟာရ တီထွင်ရေးသမား၊ ကိုယ်ကျိုးရှာ စစ်အာဏာ ရှင်ကြီးကတော့ ပြည်သူလူထုခမျာ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲ ခံစားနေရတာတောင် ကြောင် တောင်ကြီး ကျောခိုင်ထားပြီး နိုင်ငံတကာက အရေးပေါ် အကူအညီပေးဖို့ အချိန်မီအောင် ကိုယ့်ရေပိုင်နက်နား အထိရောက်လာကြတဲ့ စစ်သင်္ဘော၊ ဆေးရုံသင်္ဘောကြီးတွေကို ချက်ချင်းလက်ငင်း ၀င်ခွင့်မပေးခဲ့လို့ မသေသင့် ဘဲရေနစ်၊ သစ်ပင်ပိ၊ အုတ်တံတိုင်းပိပြီး အသေဆိုးနဲ့ သေဆုံးခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေ တိုးပွားခဲ့ရပါတယ်။ အခု ၂၀၁၅ရေဘေးနဲ့ မြေပြိုတောင်ပြို ဆုံးရှုံးပျက်စီး ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာလည်း ““ကိုယ့်အားကိုယ်ကိုး”” ဘ၀ဆိုးထဲကို ဝေါဟာရ အမျိုးမျိုးနဲ့ တွန်းပို့ နေကြဦးမလားဆိုတာ စောင့်ကြည့်ရင်း။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald




၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလလယ်မှာ နောက်ဆုံးအကြိမ်အဖြစ် ကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အဌမအကြိမ်မြောက် အစည်းအဝေးမှာ ဦးတင်အေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလလယ်မှာ မဲစာရင်းကပ်ပေးမှာဖြစ်ပြီး ပြင်ဆင်ခွင့်၊ မဆိုင်သူများ ပါဝင်နေပါက ကန့်ကွက်ခွင့်ရှိမှာဖြစ်ပြီး တစ်ခြားဒေသတွေမှာ မဲစာရင်းကို ၁၄ ရက်ကပ်ပေးမှာဖြစ်ပေမယ့် ရေဘေးသင့်ဒေသက ပြည်သူတွေကို အချိန်ပိုပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။








မနီလာ
သြဂုတ်၃၁

ယနေ့ညနေပိုင်းမှာဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်သည့်The 2015Ramon Magsaysay Awardဆု
ချီးမြှင့်ပွဲသို့ဖိလစ်ပိုင်သမ္မတတက်ရောက်ကာဆုရရှိသူများကိုကိုယ်တိုင်ကိုယ်ကျချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတဟောင်း Ramon Magsaysay ကိုဂုဏ်ပြုကာ Ramon Magsaysay Award Foundation မှပေးအပ်ချီးမြှင့်သည့်ယင်းဆုကိုမြန်မာနိုင်ငံမှဦးကျော်သူအပါအဝင်အိန္ဒိယမှနှစ်ဦးဖိလစ်ပိုင်မှတစ်
ဦးလာအိုမှတစ်ဦးနိုင်ငံတကာမှလူမှုအကျိုးစွမ်းဆောင်ရည်မြင့်မားသူစုစုပေါင်းငါးဦးတို့ကဆုရှိခြင်းဖြစ်ကာဆုချီးမျြှင့်ပွဲသို့
ဆုရသူများကိုယ်တိုင်တက်ရောက်လက်ခံရယူခဲ့ကြသည်။

မြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာနိုင်ငံတကာဂုဏ်ပြုဆုဖြစ်သည့်အဆိုပါThe 2015 Ramon Magsaysay Awardဆုကိုမြန်မာ့ပရဟိတရှေ့ ဆောင်နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူကကိုယ်တိုင်လက်ခံယူပြီးကျေးဇူး
တင်စကားပြန်လည်ပြောကြားခဲ့သည်။အဆိုပါဆုချီးမြှင့်မှုကိုလက်ခံယူမည့်နေ့မှာဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်တို့၏ ၃၄နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့နှင့်လည်းတိုက်ဆိုင်နေ
ကြောင်းသိရသည်။

The New Sky Media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.