09/02/15



အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ မြန်မာအစိုးရ အရာရှိတွေ အပါအ၀င် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့အတွက် စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမေရိကန်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုတာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ရေး တိုက်တွန်း အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ မနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ တရုတ်ပြည်ကနေမှ မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ နှစ်စဉ် ကျင်းပတဲ့ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ထောက်ဝန်ကြီး Russel ဟာ မွန်ဂိုလီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးတာအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/daniel-russel-burma-trip/2941827.html


 ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်စီးခတွေကို အနည်းဆုံး ငွေကျပ် တစ်ရာကနေ လေးရာအထိ ပြောင်းလဲကောက်ခံဖို့အတွက် မ.ထ.သ (ဗဟို) က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။

ခရီးတစ်မိုင်ကို ၂ဝ ကျပ်နှုန်းနဲ့ ကောက်ဖို့ စီစဉ်ထားတယ်လို့ မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။

“ကျနော်တို့က ခရီးမိုင်တစ်မိုင်ကို ၂၀ ကျပ်နှုန်း ကောက်ခံဖို့လျာထားပါတယ်၊ ပထမဦးဆုံးစီးနင်းတဲ့ပုဂ္ဂိုလ်ဟာ ၅ မိုင် စီးနင်းတယ်လို့ ယူဆပြီး ၁ဝဝ ကျပ်ကို ကောက်ခံပါတယ်၊ ၅ မိုင်ပြောင်းလဲတိုင်း ၁ဝဝ ကျပ် ပြောင်းလဲကောက်ခံပါတယ်၊ ဒါပေမဲ့ ဝေးတဲ့ခရီးစဉ်တွေဟာ စိတ်ပူစရာရှိတယ်၊ ဘယ်သယ်ယူပို့ဆောင်ရေးမှာပဲဖြစ်ဖြစ် တဆက်တည်းစီးရင် လျော့ပြီးတော့ကောက်ခံရမယ့်ထုံးစံရှိတယ်၊ ကျနော်တို့ကလည်း အဲ့လိုလျော့ကောက်ခံမှာဖြစ်တယ်၊ ဥပမာ တိုက်ကြီး ၄၈ မိုင်ရှိတယ်၊ ၂ဝ နဲ့တွက်ရင် ၉၆ဝ ကျတယ်၊ ဒါပေမဲ့ ကျနော်တို့ ၈ဝဝ ပဲကောက်ခံပါတယ်၊ ပြန်ပြီးတွက်ကြည့်လိုက်မယ်ဆိုရင် စီးနင်းသူအတွက်က ၁၇ ကျလောက်ပဲကျပါတယ်၊ ဒီစနစ်နဲ့ ကျနော်တို့သွားပါမယ်”

လက်ရှိဘတ်စ်ကားလိုင်းတွေက ကောက်ခံနေတဲ့နှုန်းထားတွေဟာ ကျပ် ၅၀ ကနေ အများဆုံး ၃၀၀ ကျပ်အထိ ရှိပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်ဖြစ်တဲ့ ၃၃ မြို့နယ်မှာ သွားလာသူတွေဟာ ယာဉ်စီးခ အများဆုံး ကျပ် ၄၀၀ သာပေးရမှာဖြစ်ပြီး စည်ပင်နယ်နိမိတ်ကျော်တဲ့ ဥက္ကံ၊ တိုက်ကြီး၊ လှည်းကူး၊ ခရမ်း၊ သုံးခွမြို့နယ်တွေကို သွားလာမယ့် ခရီးသည်တွေအတွက်က ကျပ် ၇၀၀ ကနေ ၁၀၀၀ နီးပါးအထိ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရချိန်မှာ နှုန်းထားအသစ်နဲ့ စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


 လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရာနှုန်းပြည့် အာမခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ရွှေလီလမ်းက ရွေးကောက်ပွဲသတင်းအချက်အလက်စင်တာမှာ သတင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"တရားမျှတတာမရှိဘူးဆိုရင် ကျနော်မကျင်းပပေးပါဘူး၊ အဲ့ဒါတော့ အကောင်အထည် ဖော်တဲ့သူမှာလိုမှာပဲ၊ မလုပ်ဘူးဆိုရင် အရေးယူလိုက်ရုံပဲ၊ ကျနော်အတွက်ကတော့ မမျှတတာကြီးကို ဘယ်လုပ်ပေးမှာလဲ၊ ဒီလိုလုပ်ကြပါ၊ ဒီလိုကိုင်ကြပါ၊ ကျနော်ပြောနေ ဆိုနေတာတွေက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်စေချင်လို့ပါ၊ ဒီကြားထဲ ဖောက်တဲ့သူတွေလည်းရှိတာပေါ့၊ အချို့လည်းအချင်းချင်းညှိတော့လဲ ပြီးသွားတာပေါ့၊ အရေးယူရတဲ့အဆင့်ထိရောက်ရင်ရောက်လာတာပေါ့၊ ဒါတွေကတော့အခြေအနေအရ ပေါ့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ကိုဖြစ်ရမယ်၊ လုပ်တယ်၊ မလုပ်ခြင်း ပေါ်မူတည်ပြီးတော့ လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုတာ မူတည်သွားမှာဘဲ"

ကိုယ်စားလှယ်ပေါင်း ၆၁၈၉ ယောက်ရှိရာမှာ ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ပယ်ချခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိမရှိကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ သတင်းမီဒီယာတွေက စောင့်ကြည့်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ကောက်မရှင်အဖွဲ့ဝင်တွေနဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေ ကိုလည်း ဘက်မလိုက်ဖို့နဲ့ ဘယ်လိုဖိအားမျိုးကိုမဆို မကြောက်ကြဖို့ ညွှန်ကြားထား တယ်လို့ ဦးတင်အေးက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်း ၄ ဖွဲ့နဲ့ ပြည်တွင်းအဖွဲ့အစည်း ၃ ဖွဲ့က လေ့လာစောင့်ကြည့်ဖို့ ကော်မရှင်ထံ ခွင့်ပြုချက်တင်ထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


 စက်တင်ဘာလ ၂ ရက် ၂၀၁၅

 သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံး စိုက်ရာ လင်းခေးမြို့ရှိ ခရိုင်ရဲ ရုံးအတွင်း ဗုံးတလုံး ပေါက်ကွဲ မှုဖြစ်ပွါး ခဲ့ကြောင်း စုံစမ်း သိရှိရသည် ။

စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲက ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၊ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိကြောင်း ဆိုပါသည် ။

“ ခရိုင်ရဲ အသိုင်း အဝိုင်း ကတော့ လက်သည်ဟာ ကားတစီးနဲ့ လာပြီး ခရိုင်ရဲ ရုံးဝင်းထဲကို ဗုံးပစ်ချတာ လို့ပြောတယ် ။ ဒါပေမယ့် လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။ လုံခြုံရေး အပြည့် ရှိနေတဲ့ဟာ ။ ဒါကြောင့် ရဲတွေရဲ့ဗုံး မတော်တဆ ပေါက်ကွဲတာ လို့ဘဲ ခန့်မှန်း ကြပါတယ် ။” ဟု လင်းခေး ဒေသခံ တဦးက ပြောသည် ။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ခရိုင်ရုံးမှ တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ ။

လင်းခေး ခရိုင် ရဲတပ်ဖွဲ့ ရုံးသည် လင်းခေးမြို့မှ ဝမ့်ဟတ် အထွက်လမ်း ( မြို့တောင်ဘက် ) တွင် တည်ရှိပါသည် ။

မြို့နယ် ရဲစခန်းမှာမူ မိုးနဲမြို့မှ လာသည့် မြို့အဝင် လမ်းတွင် တည်ရှိပါသည် ။

လင်းခေး မြို့နယ်အား ခရိုင်အဆင့်သို့ ၂၀၁၄ ခုနှစ်က တိုးမြင့် ခဲ့ခြင်း ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Photo: AFP
 မလေးရှားဝန်ကြီးချုပ် Najib Razak ရာထူးကနုတ်ထွက်ဖို့ ဒီရက်ပိုင်းတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားခဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့က လာရောက်အစစ်ဆေးခံဖို့ ဆင့်ခေါ်တဲ့ သမ္မန်စာတွေပို့ထားပါတယ်။

ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း ၇ဝဝ ကို သူပိုင်ငွေစာရင်းထဲ လွဲပြောင်းရယူခဲ့မှုအတွက်ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မလေးရှားနိုင်ငံတဝှမ်း လူထောင်သောင်းများစွာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီငွေတွေကို နိုင်ငံခြား အလှူရှင်တွေက ပေးတာဖြစ်ကြောင်း ဝန်ကြီးအဖွဲ့ဝင်တချို့က ထုတ်ဖေါ်ပြောဆိုကာ ဝန်ကြီးချုပ်အပေါ်ပစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အဲဒီလို သူ့အပေါ် ဝေဖန်ပြောကြားတဲ့ ဒုဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီး ၄ ဦးကို ဝန်ကြီးချုပ် Najib က အလုပ်က ထုတ်ပယ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံအတွင်း လူထုမကျေနပ်မှုတွေ တနေ့တခြား ပိုမိုကြီးမားလာနေပါတယ်။

ကမ္ဘာတဝှမ်းက နိုင်ငံခေါင်းဆောင်တွေရဲ့ လာဘ်စားမှုတွေကို စောင့်ကြည့်လေ့လာတဲ့ TI Transparency Internaitonal ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က မလေးရှားနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ အကျင့်ပျက်ခြစားမှုတစ်ခုဖြစ်ပွားနေပြီလို့ မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


 ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတွေထဲက နောက်ဆုံး သက်သေဖြစ်တဲ့ ကော့ဖငန်ကျွန်း ရဲစခန်းက ဒုတိယတာဝန်ရှိတဲ့ ရဲမှူးကိုစစ်ဆေးရာမှာတော့ တရားရုံးကိုတင်ပြထားတဲ့ မှုခင်းဆရာဝန်ရဲ့ ဆေးစာကို ပြင်ဆင်ထားချက်တွေ အပါအ၀င် ကွဲလွဲချက်တွေ ထပ်မံ တွေ့ရှိရတယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် မြန်မာလူငယ် ၂ ဦးဟာ စွပ်စွဲခံထားရပြီး အမှုရင်ဆိုင်နေရတာ တနှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ တရားလိုပြ သက်သေတွေထဲက နောက်ဆုံးသက်သေဖြစ်တဲ့ ကော့ဖငန်ကျွန်း ရဲစခန်းက ဒုတိယရဲမှူးကို စစ်ဆေးခဲ့ရာမှာ တရားရုံးက တင်ပြခဲ့တဲ့ မှုခင်းဆရာဝန်ရဲ့ ဆေးစာကို အမှုစစ်ရဲတဦးက ပြင်ဆင်ထားတဲ့ အချက်အပါအ၀င် ကွဲလွဲချက်တွေ ထပ်မံတွေ့ရတယ်လို့ တရာခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ဆိုပါတယ်။

“နောက်ဆုံးသက်သေပါပဲ။ သူ့စစ်ချက်တွေက ပြောရမယ်ဆိုရင် သူက အမှုနဲ့ပက်သက်လို့ စစ်ဆေးတယ်ဆိုပေမဲ့ အထက်က သူ့ကိုစစ်ဆေးပါဆိုတဲ့ စာရွက်စာတမ်း တရားရုံးမှာ တင်ပြနိုင်တာ မရှိသေးဘူး။ တယ်လီဖုန်းအရ အထက်ကပြောလို့ စစ်တယ်ပုံစံမျိုးတွေပါတယ်။ ကလေးတွေကို ဖမ်းဆီးထားနိုင်ဖို့အတွက် တရားရုံးမှာ ၀ရမ်းတောင်းတဲ့အခါမှာ ၀ရမ်းစာရွက်ထဲမှာ ပေါက်တူးနဲ့ ပေါက်တယ်လို့မပါဘဲနဲ့ တူနဲ့ထုပြီးတော့ သတ်တယ်။ အင်္ဂလိပ်နှစ်ယောက်ကို သတ်တယ်၊ ဒါကြောင့်မို့လို့ ဒီကလေးနှစ်ယောက်ကို ဖမ်းထားပါရစေ ဆိုပြီးတော့ တရားခွင်ကို ၀ရမ်းတောင်းတဲ့ဟာလည်း ပါတယ်။ အဲဒီတော့ အလွဲလွဲအချော်ချော် ဖြစ်တယ်ဆိုတဲ့သဘောလေ။ အဆိုးဆုံးကတော့ မှုခင်းဌာနဆရာဝန်တွေက ပေးပို့လာတဲ့ ဆေးစာအပေါ်မှာ သူတော့မဟုတ်ဘူး ဒီပြင် အမှုစစ်ရဲတယောက်က ပြင်ထားတဲ့ဟာကို တရားခွင်ရဲ့  အမှုတွဲမှာ တွေ့ရတယ်။ အဲတော့ ဆရာဝန်ရဲ့ ဆေးစာကို ဘယ်သူမှ ပြင်နိုင်ခွင့်မရှိဘဲနဲ့ အမှုစစ်ရဲက ပြင်တယ်ဆိုတာ ဥပဒေအရ လုံးဝ လွဲမှားတာကို တွေ့မြင်ရတာပေါ့နော်။”

မှုခင်းဆရာဝန်ရဲ့ဆေးစာကို အမှုစစ်ရဲက ပြင်ဆင်ထားချက်တွေထဲမှာ ဘယ်လိုအချက်တွေကို အဓိက ပြင်ဆင်ထားသလဲ ဆိုတာကိုလည်း မေးကြည့်ခဲ့ပါတယ်။

“ပြင်တယ်ဆိုတာက အဓိကကတော့ ပထမစစ်ချက်တွေမှာ ဥပမာဆိုပါတော့ နို့အုံပေါ်မှာဆိုတဲ့ ကိစ္စမျိုး ပါကောင်းပါမယ်။ တန်ဆာပေါ်မှာ ဆိုတာ အများဆုံးပါကောင်းပါမယ်။ သို့သော်သူက သုတ်ရည်၊ သုတ်ပိုးတွေ့ဖို့အတွက်ကို၊ စအိုမှာပါ ဒဏ်ရာ ဒဏ်ချက်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုးရေးစေချင်တာ။ ပိုလေးနက်အောင်လို့။ အဲဒါမျိုး ပါမလာတဲ့ အခါမှာကျတော့ အဲဒါမျိုး အောက်ကနေပြီးတော့ ရွေးပြီးတော့ သူက လက်မှတ်ထိုးထားတာမျိုး တွေ့တာပေါ့။ အဲဒါမျိုး တရားခွင်ရဲ့ စာရွက် ကိစ္စတွေမှာ တွေ့ရတယ်။”

နောက်ဆုံးတရားလိုပြ သက်သေဖြစ်တဲ့ ကော့ဖငန်ကျွန်း ရဲစခန်းက ဒုတိယရဲမှူးကတော့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုသက်သေတခုကိုလည်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။ အခုဆိုရင် တရားလိုပြသက်သေ ၆၀ ကျော် တင်ပြထားမှုတွေထဲက ၃၅ ဦးခန့်ကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တနှစ်နီးပါးကြာတဲ့အထိ သက်သေတွေကို စစ်ဆေးမေးမြန်းရာမှာ တရားလိုပြ သက်သေတွေ စစ်ဆေးမေးမြန်းခွင့်ကိုတော့ စက်တင်ဘာ ၁ ရက်နေ့ထိသာ တရားရုံးက ခွင့်ပြုထားပါတယ်။ နောက်နေ့မှာတော့ တရားခံဘက်က သက်သေတွေကို စတင်စစ်ဆေးတော့မှာပါ။

ကော့တောင်ကျွန်းလူသတ်မှုဟာ ပြီးခဲ့တဲ့ နှစ်စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့ပြီး အဲဒီကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ်၂ ဦးဟာ တရားခံတွေအဖြစ် စွပ်စွဲခံထားရပြီး ကော့စမွေအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာသံရုံး အပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်ရေးအဖွဲ့တို့ကတော့ တရားခံအဖြစ် စွပ်စွဲခံရသူတွေ လွတ်မြောက်ရေးအတွက် လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါ တယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(Credit: Human Rights Gov)
 မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားနေသူ နော်အုန်းလှတို့ နှစ်ဦး အပါအ၀င် အခြားကမ္ဘာတ၀ှမ်းက အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၀ ဦး လွတ်မြောက်ရေး လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှု ဘာကြောင့် ဆောင်ရွက်ရသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

Free The 20 ဆိုတဲ့ လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ စက်တင်ဘာလ တလလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ရှိနေတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အခြား စိုးရိမ်မကင်းဖြစ်ဖွယ် အခြေအနေရှိနေတဲ့ အမျိုးသမီး အကျဉ်းသား ၂၀ ဦး လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“အမျိုးသမီး ၂၀ ကို အသိအမှတ်ပြုတဲ့ လှုပ်ရှားမှုကို ကျမတို့ ဒီကနေ့ စတင်ဖို့ ရောက်ရှိလာတာပါ။ ဒီအမျိုးသမီးတွေဟာ  ဖမ်းဆီးအကျဉ်းကျ ခံနေကြရမယ့်အစား အမျိုးသမီးတွေ စွမ်းရည် မြှင့်တင်ပေးဖို့ လုပ်ဆောင်ခွင့် ရရှိသင့်ကြသလို နောက်သီတင်းပတ် သုံးပတ်အကြာ နယူးယောက်မြို့မှာ ကျင်းပမယ့် ညီလာခံမှာလည်း ပါဝင်ဆွေးနွေးခွင့် ရသင့်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာနက ရွေးချယ်ထားတဲ့ အမျိုးသမီး ၂၀ ဦးကတော့ မြန်မာနိုင်ငံက ဖြိုးဖြိုးအောင်နဲ့ နော်အုန်းလှတို့ ၂ ယောက် အပါအ၀င် တရုတ်နိုင်ငံက သုံးယောက်၊ အီသီယိုးပီယားက သုံးယောက်၊ Eritrea က တစ်ယောက်၊ အီရန်က တစ်ယောက်၊ Uzbekistan က တစ်ယောက်၊ Azerbaijan က တစ်ယောက်၊ ဗီယက်နမ်က နှစ်ယောက်၊ အီဂျစ်က တစ်ယောက်၊ ဗီနီဇွဲလားက တစ်ယောက်၊ ရုရှား တစ်ယောက်နဲ့ မြောက်ကိုရီးယားက တစ်ယောက် စသဖြင့် ပါဝင်ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေဟာ ကမ္ဘာတ၀ှမ်း အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ကိုယ်စားပြုတယ်လို့ Samantha Power က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမျိုးသမီးတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ ပညာသင်ပိုင်ခွင့် ရရှိရေး ကလေးငယ်တွေနဲ့ ဒုက္ခသည်တွေအရေးအပြင် ကျမတို့ လူ့အဖွဲ့အစည်းမှာ ရှိနေကြတဲ့ အခြားအကာအကွယ် မဲ့ကြသူတွေအရေး ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အမျိုးသမီး နိုင်ငံရေး အကျဉ်းသမားတွေနဲ့ စိုးရိမ်မကင်း ဖြစ်ရမယ့် အခြေအနေရှိနေတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၇ နှစ်အရွယ် မဖြိုးဖြိုးအောင်ဟာ ပညာရေးလွတ်လပ်ခွင့်အတွက် ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို အစိုးရအာဏာပိုင်တွေက မတ်လမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ်စွပ်စွဲချက်တွေဟာ တရားမျှတမှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ပြောပါတယ်။

“ဖြိုးဖြိုးအောင်အပေါ်မှာ အရေးယူထားတဲ့ ကိစ္စတွေက ပညာရေး မူဝါဒတွေ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက လိုအပ်တဲ့ လိုအပ်ချက်တွေကို ပြင်နိုင်ဖို့အတွက် ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ဒီအပေါ်မှာ အရေးယူထားခြင်းဟာ အစိုးရအနေနဲ့ ကျောင်းသားသူငယ်တွေအပေါ်မှာ မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။ နောက်ပြီးတော့ ဥပဒေနဲ့အညီ ဖြိုခွင်းခြင်းမရှိဘဲနဲ့ အကြမ်းဖက် ဖြိုခွင်းတဲ့အတွက်လည်း ဥပဒေ အစိုးရဘက်ကနေပြီးတော့ မကောင်းတဲ့ အလားအလာတွေဖြစ်တယ်။”

အလားတူ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဒေါ်နော်အုန်းလှအပေါ် အစိုးရက စွဲဆိုထားတဲ့ စွဲချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဒေါ်နော်အုန်းလှကို အပြစ်ပေး အရေးယူတဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့အခု နောက်ဆုံးဖြစ်တဲ့ လက်ပံတောင်းတောင် စီမံကိန်းမှာ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်သံရုံးရှေ့မှာ သွားရောက်ပြီးတော့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စွဲဆိုထားတဲ့အမှု တော်တော်များများ ရှိပါတယ်။ အဲတော့ မှုခင်းဖြစ်ရပ် တခုတည်းအပေါ်မှာ သီးခြားစီ မြို့နယ်တွေကနေပြီးတော့ ပုဒ်မတွေတပ်ပြီးတော့ စွဲဆိုတယ်။ သီးခြားစီ အမိန့်ချမှတ်တာတွေက ဥပဒေနဲ့ လုံးဝ ညီညွတ်ခြင်းမရှိပါဘူး။”

Free The 20 ဆိုတဲ့ လှုပ်ရှားမှုကနေ အခုလို ဖမ်းဆီးခံနေရတဲ့ အမျိုးသမီးတွေကို အမည်နာမ ထုတ်ဖော်တာဟာ သက်ဆိုင်ရာအစိုးရတွေကို ဒီလှုပ်ရှားမှုကနေတဆင့်  အမှာစကား ပါးလိုတဲ့အတွက် ဖြစ်တယ်လို့ သံအမတ်ကြီး Samantha Power က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမျိုးသမီးတွေကို အခုလို အမည်တပ်ပြီး သူတို့တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားရတာကတော့ သက်ဆိုင်ရာ သူတို့နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ အလားတူ ပုဂ္ဂိုလ်တွေကို ကျမတို့ အမှာစကား ပါးလိုတဲ့အတွက် ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ပေးလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် သူတို့တွေရဲ့ခံယူချက်တွေ၊ သူတို့တွေ ရုန်းကန်နေတဲ့ လူ့အခွင့်အရေးအပေါ် အခြေခံပြီး သူတို့တွေကို ဖမ်းဆီးအကျဉ်းချခြင်း မလုပ်ပါနဲ့ဆိုတဲ့ အမှာစကားပါပဲ။”

နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးဖြစ်တဲ့ Beijing ကြေညာစာတမ်းကြီး ထွက်ပေါ်ပြီးနောက် အမျိုးသမီးတွေရဲ့ အခွင့်အရေးသာမက လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး လာမယ့် စက်တင်ဘာလ ၂ရ ရက်နေ့မှာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ နိုင်ငံပေါင်းစုံ အစိုးရကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ က Beijing မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးညီလာခံကြီးမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၃ သောင်းနီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ ကျား၊ မ တန်းတူဖော်ဆောင်ရေး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ ဖော်ဆောင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ၁၉၉၅ ခုနှစ်က နောက်ပိုင်း ကျော်လွန်ခဲ့နှစ် ၂၀ မှာ တနှစ်စီကို ကိုယ်စားပြုပြီး အမျိုးသမီးပေါင်း ၂၀ ကို အခုလို လှုပ်ရှားမှုမှာ မီးမှောင်ထိုးပြသဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ပြီးမိုးကြီး နိုင်ပါတယ်။
၂-၉-၂၀၁၅
နံနက်(၃း၀၃)နာရီ။

၂၀၁၅ ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁ -၉-၂၀၁၅)ရက်နံနက်(၀၉း ၄၅)နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင် လယ်ပြင် ၊ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသ တွေမှာ တိမ်ထူထပ် နေပြီး၊ ကျန် ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလှိုင်းအနည်း ငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ် ပြင် မှာ လှိုင်း အမြင့် (၃) ပေ မှ (၆) ပေ ခန့် အထိ ရှိနိုင်ပါ တယ်။

နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်(တောင် ပိုင်း)၊ရခိုင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ကရင်ပြည်နယ် တို့တွင် နေအပူချိန် 23°C-29°C ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် 33°C-35°C ၊ကျန် တိုင်း ဒေသကြီး များ နဲ့ပြည်နယ် ဒေသ များတွင် နေ့အပူ ချိန် များ ဟာ 30°C-32°C ရှိနိုင် ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကယားပြည်နယ် ၊ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ ၊စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း) ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

ရေဖုံးလွှမ်းခံရမှု အခြေအနေ။
ရေဖုံးလွှမ်းမှုအလားအလာမြင့်မားနေမှုကို ကချင်ပြည်နယ် ၊ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့မှာ တွေ့ နေရပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)ဒေသ တွေမှာ မိုးပိုလာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48

 နေပြည်တော်မှ ကြိုဆိုသည် ဆိုင်းဘုတ်ကို တွေ့ရစဉ် ။ Photo: commons.wikimedia.org
 လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေးဆောင်ရွက်မှာဖြစ်တဲ့ အတွက် နေပြည်တော် မြို့နယ် ၈ မြို့နယ်က ကာရာအိုကေဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ည ၁၁ နာရီမှာ ပိတ်သိမ်းဖို့ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းချွန်က ဆိုင်ပိုင်ရှင်တွေကို ဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး သတိပေးလိုက်ပါတယ်။ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းချွန်က ကာရာအိုကေနဲ့ စားသောက်ဆိုင် ပိုင်ရှင် ၅၀ကျော်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ဒီနေ့ ခေါ်ယူတွေ့ဆုံပြီး အခုလိုသတိပေးတာဖြစ်ပါတယ်။

"ရွေးကောက်ပွဲနီးလာတဲ့အခါမှာ လက်ရှိဆိုရင် ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေး၊ ၈ ရက်နေ့ကစပြီးတော့ မဲဆွယ်စည်းရုံးစဉ် လုံခြုံရေးကာလဖြစ်လာတယ်၊ ဒီကာလတွေမှာလည်း လုံခြုံရေးအရ KTV ကို ည ၁၁ နာရီမှာပိတ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်"

အလှပြင်ဆိုင်အမည်ခံပြီး ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတွေကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ ဒုတိယ ရဲမှူးကြီး ၀င်းချွန်က ပြောပါတယ်။ နေပြည်တော် ဒက္ခိဏသီရိခရိုင်မှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်ရှိပြီး လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းအားကစားပွဲတော်ကာလနဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ အိုဘားမား နေပြည်တော်ရောက်ရှိစဉ်က ကာရာအိုကေဆိုင်တွေကို ဖွင့်ခွင့်မပေးပဲ ရက်အတန်ကြာ ပိတ်ပင်ခဲ့ဖူးပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို တွေ့ရစဉ်။ Photo: RFA
 အစ္စလမ်ဘာသာဝင်တွေနဲ့ စုစည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ဦး အမည်စာရင်း တင်သွင်းထားရာမှာ ၁၇ ဦးပယ်ချခံရတဲ့အတွက် ၁ ဦးသာ ရွေးကောက်ပွဲဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန် တိုင်းဒေသကြီးက ၆ဦး ပယ်ချခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရှုအာနောရူလာဟောက်က ပြောပါတယ်။

"ကိုယ်စားလှယ်လောင်း ၁ နေရာပဲရပါတယ်၊ ကျန်တဲ့ဟာကို ပယ်ချပါတယ်၊ ရခိုင်ပြည်နယ်မှာ ၁၁ နေရာ၊ ရန်ကုန်တိုင်းက ၇ နေရာ အားလုံးပေါင်း ၁၈ နေရာ၊ ရန်ကုန်တိုင်းက ၁ နေရာပဲအောင်ပါတယ်၊ ပန်းဘဲပန်းမြို့နယ်ကပါ၊ ၇ ရက်အတွင်း အယူခံဝင်ဖို့ အစီအစဉ်လုပ်နေတယ်၊ အခုအထိမတင်ရသေးဘူး၊ စာမှာတော့ အသေးစိတ်ရှင်းပြမထားပါဘူး၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် အဆိုပြုလွှာကို ပယ်သည်ဆိုတာပါတယ်"

ရန်ကုန်မြို့အခြေစိုက် အဲဒီပါတီဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ဖို့လျာထားခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက်နဲ့ ယှဉ်ပြိုင်ဘက်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် တာကြောင့် ပယ်ချခံရတာများတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပါအ၀င် ပယ်ချခံထားရသူ ၂၄ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မှာပါတီတချို့က ပယ်ချခံထားရသူ ၂၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းတင်ထားတဲ့ ကိုယ်စား လှယ်လောင်း ၆၁၈၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်းအရည်အချင်းတွေနဲ့ ညီ မညီကို ခရိုင်ကော်မရှင် ရုံးခွဲတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့ကစပြီး ၃၁ရက်နေ့အထိ စိစစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၅၀ ခန့်ရှိနေပြီး မကြာခင်မှာ ရွေးကောက်ပွဲဝင်ခွင့်ရမယ့် ကိုယ်စား လှယ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒပြတာကြောင့် ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ တ.က.သ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို စက်တင်ဘာလ ၁ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးချိန်း ဆက်လက်စစ်ဆေးခဲ့ပါတယ်။Failed Law စာတန်းပါအင်္ကျီကို ၀တ်ဆင်ကာ တရားရုံးကိုဝင်မယ့် ကျောင်းသားခေါင်းဆောင်နှစ်ဦးကို အင်္ကျီချွတ်ပေးဖို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သူတို့နှစ်ဦးက အင်္ကျီချွတ်ပေးဖို့ ငြင်းပယ်ခဲ့တာကြောင့် အချုပ်ကားကို ပြန်လည်မောင်းထွက်သွားခဲ့ပါတယ်။ ခဏအကြာမှာတော့ သူတို့နှစ်ဦးကို တရားရုံးကို ပြန်လည်ခေါ်ဆောင်လာပြီး ရုံးချိန်းကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် တရားသူကြီးကလည်း Failed Law စာတန်းပါ အင်္ကျှ ၀တ်ထားပါက အမှုကိုစစ်ဆေးမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါ ယ်။အဲ့ဒီရုံးချိန်းမှာ ရဲတပ်ဖွဲ့လုံခြုံရေးအင်အား တိုးမြှင့်ထားပြီး တရားရုံးကပြန်ထွက်ချိန်မှာ ကျောင်းသားခေါင်းဆောင်နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
Eleven Media Group



ဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြီးခဲ့တဲ့အပတ် ရုံးချိန်းမှာ ဒုရဲမှူးကြီးနန္ဒာဝင်းကို ဒုရဲမှူးနန္ဒာဝင်းလို့ မှားယွင်းသုံးနှုန်းခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ချက်နဲ့ လျှောက်လဲချက်ပေးရာမှာ မြို့နယ်တရားသူကြီးက အမိန့်ချပြီးနောက်မှပေးဖို့ ပြောပြီး ပယ်ချခဲ့ပါတယ်။

ဒါကြောင့် ကျောင်းသားတွေကက ၀ိုင်းဝန်းကန့်ကွက်ပြီး လျှောက်လဲချက်ကို နားထောင်ပေးဖို့ တောင်းဆိုခဲ့ရာ ဆူညံမှုဖြစ်ပေါ်စေတဲ့အတွက် တရားသူကြီးက တရားခွင်ကို တစ်ဝက်တစ်ပျက်နဲ့ ရပ်နားခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့ကို ရုံးချိန်းပြန်ပေးခဲ့ပါတယ်။

Eleven Media Group

Failed Lawကန်ပိန်း အင်္ကျီ ဝတ်ဆင်မှုဖြင့် တရားခွင် မစစ်ဆေးနိုင်သေး အင်္ကျီချွတ်မှသာ စစ်ဆေးမည်ဟု ဆိုကြောင်း။
===================================================
သတင်းဓါတ်ပုံ-Vaga Bond

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ၆ ကြိမ် မြောက် ဒီကနေ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အဲဒီကျောင်းသားတွေက FAILED LAW စာတမ်းပါ အင်္ကျီတွေဝတ်ဆင်တာကြောင့် တရားရုံးအပြန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

ရိုက်ကူး - ကျော်လွင်ဦး၊ သီဟထွန်း/ RFA



လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ၆ ကြိမ် မြောက် ဒီကနေ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီကျောင်းသားတွေက FAILED LAW စာတမ်းပါ အင်္ကျီတွေဝတ်ဆင်တာကြောင့် တရားရုံးအပြန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။ရိုက်ကူး - ကျော်လွင်ဦး၊ သီဟထွန်း/ RFA
Posted by RFA Burmese on Tuesday, September 1, 2015

voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးက မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့်စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့ကြောင်း အဲဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေ က ပြောပါတယ်။

"၂ဝ၁၅ အစလောက်ကတည်းက ကပ်လာတာ ဒါကတော့ နောက်ဆုံးပဲ၊ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း လာကြည့်ပြီးတော့ မပါဘူးထပ်ဖြည့်မယ် ပုံစံနဲ့ အမှားတွေပယ်မယ် စသဖြင့်လုပ်မယ်၊ ကော်မရှင် အနေနဲ့ လူတစ်ယောက်ရဲ့မဲပေးခွင့် မဆုံးရှူံးနိုင်တောင် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြံဖန်ဆောင်ရွက်နေတယ်"

မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သီတင်နှစ်ပတ်ကြာကပ်ထားမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မဲစာရင်းဟာ နောက်ဆုံးအကြိမ် ထုတ်ပြန်တာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ နံမည်မပါရင် ပုံစံ(၃) နဲ့ ဖြည့်ဖို့ ၊ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်ဖို့ ၊ သေဆုံးသူ နာမည်တွေပါနေရင် ပုံစံ ၄ တို့နဲ့ ပယ်ဖျက်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မကွေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ရေဘေးသင့်ဒေသက မဲဆန္ဒရှင်တွေ မဲစာရင်းကြည့်နိုင်ဖို့ အတွက် သီတင်နှစ်ပတ်ထက်ကျော်ပြီး လုံလောက်တဲ့အချိန်ပေးထားဦးမှာလည်း ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/voter-listes-september-14-09012015114201.html

flooding-620.jpg ရေကြီးနေတဲ့ မြစ်ကမ်းနားဘေးက အိမ်တစ်အိမ်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ၅ ရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် ချင်းတွင်းမြစ်ရေတက်လာပြီး မြစ်ကမ်း တစ်လျှောက်မှာရှိတဲ့ ခန္တီးမြို့နယ်က ကျေးရွာပေါင်း ၁၀၀ နီးပါးလောက် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်လာတာ ကျေးရွာတွေအပြင် အခုဆိုရင် ခန္တီးမြို့ပေါ်ရပ်ကွက်တွေအထိ ရေလျှံနေတာကြောင့် စာသင်ကျောင်းတွေနဲ့ ခန္တီးမြို့မဈေးကို ပိတ်လိုက်ပြီလို့ မြို့ခံ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

"ခန္တီးမြို့နယ်မှာ ၃၂ အုပ်စုရှိတယ်၊ ၃၂ အုပ်စုစလုံး မြစ်ကမ်းဘေးရွာတွေက အကုန်လုံးမြုပ်သွားပြီ၊ ရွာပေါင်း ၁ဝဝ နီးပါးရှိမယ်၊ ချင်းတွင်းမြစ်ဘေးမှာပဲ ကျေးရွာတွေကတော့ အကုန်လုံးမြုပ်သွားပြီ၊ ခန္တီးမြို့ပေါ်ပဲကျန်တယ်ဗျ၊ ခန္တီးမြို့ပေါ်က ၄ ရပ်ကွက်ဝင်သွားပြီ၊ ကျောင်းတွေလည်း ဒီနေ့ပဲပိတ်လိုက်ပြီ"

ခန္တီးမြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေကို တပ်မတော်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးသတ်ရဲတပ်ဖွဲ့ဝင်က ကုန်းမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်နေတာကြောင့် ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။

RFA

ဘန်​ကောက်​မြို့ ​အ​ရှေ့​ဘက်၊ ​က​မ္ဘော​ဒီး​ယား ​နယ်​စပ်​အ​နီး​က ​စာ​က​ယောက် ​ပြည်​နယ်​ထဲ​မှာ ​ဖမ်း​ဆီး​ခဲ့။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုတွင် အဓိက သံသယ တရားခံဟု ယူဆရသူ နိုင်ငံခြားသား တစ်ဦးကို ကမ္ဘောဒီးယားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဩဂုတ် ၃၁ ရက်တွင် ကမ္ဘောဒီးယား ရဲများက ဖမ်းဆီးပေးခဲ့သည့် အဆိုပါ သံသယ တရားခံကို ထိုင်းနိုင်ငံသို့ လွှဲပေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ထိုင်းနှင့် နယ်စပ်အနီး ကမ္ဘောဒီးယားဘက်ခြမ်းရှိ ပွိုင်ပက်မြို့တွင် ရှိနေစဉ် အဖမ်းခံရခြင်းဟု သိရသည်။

၎င်းကို ကမ္ဘောဒီးယားရှိ စစ်စခန်းတစ်ခုတွင် ကနဦး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဆက်လက်စစ်ဆေးစုံစမ်းရန် ထိုင်းဘက်သို့ လွှဲပေးသွားမည် ဖြစ်သည်။ အဆိုပါ သံသယ တရားခံသည် မည်သည့်နိုင်ငံသား ဖြစ်ကြောင်းနှင့် အခြားအချက်အလက်များကို အတိအကျ မသိရသေးဘဲ ၎င်း၏ အမည်ကို ယူဆူဖူဟု ခေါ်ဝေါ်ကြောင်းသာ ထိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုင်းမီဒီယာများက အသက် ၂၅ နှစ်အရွယ် သံသယ တရားခံသည် တရုတ်နိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ၎င်း၏ အမည်မှာ ယူဆူဖူ မီရိုင်လိုင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာကြသည်။ ၎င်းသည် တရုတ် ဟွိုက်မွတ်ဆလင်များ နေထိုင်ရာ ရှင်းကျန်းမှဖြစ်ပြီး ဖနွမ်ပင်မှတစ်ဆင့် ဘန်ကောက်သို့ ဝင်ရောက်လာခြင်းဟု ဆိုသည်။

သြဂုတ် ၁၇ ရက် နတ်ကွန်း ဗုံးကွဲမှုတွင် လူ ၂၀ သေဆုံးကာ ၁၂၀ မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် ယခုအကြမ်းဖက်မှုတွင် အလိုတူ အလိုပါဟု ယူဆရသူ တစ်ဦးကိုလည်း ဘန်ကောက် ဆင်ခြေဖုံးရပ်ကွက် တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီးထိန်းသိမ်းထားသည်။

ကမ္ဘောဒီးယားတွင် ဖမ်းမိသည့် အမျိုးသားမှာမူ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် ပါရှိသည့် နတ်ကွန်းအနီး ဗုံးပါသော ကျောပိုးအိတ်ကို လာချသွားသူ ဖြစ်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

_Ref: Bangkokpost

ရန်ကုန်မြို့ ဇေကမ္ဘာဝင်း အတွင်း ဖမ်းမိသော စိတ်ကြွဆေးများ၊ မြောက်ဒဂုံမြို့နယ်အတွင်း ဖမ်းမိသော စိတ်ကြွဆေးများ၊ သာကေတမြို့နယ်အတွင်း စွန့်ပစ်ထားသော ပိုင်ရှင်မဲ့ စိတ်ကြွဆေးများနှင့် ပတ်သက်ပြီး တရားခံများ ဖမ်းဆီးရမိရေး အတွက် မြန်မာနိုင်ငံ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ ထိုင်း၊ တရုတ်၊ အိန္ဒိယ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များအပြင် အမေရိကန် မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး အဖွဲ့ DEAကပါ ပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အပြင်တွင် ကောလဟာလ ထွက်နေသကဲ့သို့ ပါတီတစ်ခု၏ ရံပုံငွေအတွက် ထိုစိတ်ကြွဆေးများ သယ်ဆောင်လာသည်ဆိုသော သတင်းမှာ လုံးဝမှားယွင်းကြောင်း၊ လက်ရှိတွင် တရားခံ ၁၃ ဦး၊ အိမ် ၁၁လုံးနှင့် ကား ၁၀ စီးကို ဖော်ထုတ်ရရှိထားပြီး အဆိုပါ မူးယစ်ဂိုဏ်းကြီး တစ်ခုလုံး ဖမ်းမိရန် ဆောင်ရွက်နေကြောင်း၊ ထိုင်းနိုင်ငံ အတွင်းတွင် ထိုင်းမူးယစ်နှိမ်နှင်းရေး အဖွဲ့နှင့် ထိုင်းအမှတ် ၂၅ တပ်မတော်တို့ ပူးပေါင်းပြီး တိမ်ရှောင်နေသော တရားခံများကို ပိုက်စိတ်တိုက်ရှာဖွေနေကြောင်း၊ အဆိုပါ မူးယစ်ဆေးများသည် တရုတ်မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုပိုင်ပြီး ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်သို့ တင်ပို့ရန်ဖြစ်ကြောင်း။ မြန်မာနိုင်ငံ အတွင်းတွင် ကုလားတန်မြစ်ဝှမ်း ကုမ္ပဏီက တာဝန်ယူပြီး ပြည်ပသို့ သယ်ယူပို့ဆောင်ပေးနေကြောင်း၊ အဆိုပါ ကုမ္ပဏီသည် အမေရိကန်၊ ဂျပန်၊ ထိုင်းနှင့် အခြားနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့နေသဖြင့် ထိုအကာအကွယ်ဖြင့် မူးယစ်ဆေးများ သယ်ဆောင်နေသည်ဟု ယူဆရကြောင်း လက်ရှိတွင် အဆိုပါ ကုမ္ပဏီသို့ ငွေကျပ်သိန်းပေါင်း သောင်းချီပေးပို့သော မန္တလေးမှ ကိုးကန့်တရုတ် ရန်ရှော်ဟွာ အပါအ၀င် သုံးဦးကို ဖမ်းဆီးရမိထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမေရိကန် မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေး အဖွဲ့သည် အမေရိကန်နိုင်ငံ တရားရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး ၀န်ထမ်း ၁၀၇၈၄ဦးနှင့် ကမ္ဘာအနှံ့ ဖြန့်ကျက်ထားသော အထူးအေးဂျင့် ၄၈၉၀ ဦးရှိကြောင်းလည်း သိရသည်။

Tomorrow

၁။ မနေ့က TVအစီအစဉ် မိသားစုပြိုင်ပွဲမှာ မေးခွန်းထုတ်တဲ့သူက နိုင်ငံခေါင်းဆောင်ဆိုရင် ဘယ်သူတွေကို မြင်ပါသလဲတဲ့ မေးတဲ့သူလည်းအမေးရဲ ဖြေတဲ့သူလည်းအဖြေရဲ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတဲ့ ။
ဒိုင်အကြိုက်နဲ့လည်း ကွက်တိပဲ ။

၂။ မနေ့က TVအစီအစဉ် Miss Myanmar Internal 2015ပြိုင်ပွဲ Winner ဆုအတွက် မေးခွန်းကလည်း နိုဝဘ်ာရွေးကောက်ပွဲနဲ့ တိုင်းပြည်တိုးတက်ဖို့ ။ မေးတဲ့သူလည်း အမေးရဲ ဖြေတဲ့သူလည်း အဖြေရဲ။ ပညာတတ် လူချစ်လူခင် ပေါများပြီး အများပြည်သူ ယုံကြည်လေးစားတဲ့ ခေါင်းဆောင်ကောင်းကို မဲပေးရွေးချယ်ကြဖို့ပါတဲ့။ အဲ့လို အမှန်တရားပြောသွားလို့ ဒိုင်တွေကလည်း Winnerဆု ပေးလိုက်တယ်။

၃။ သားစိုးရဲ့တင်ဆက်မှု့ကလည်း.ခေတ်၊စနစ်ကို ပီပီပြင်ပြင် ဖော်ထုတ်ပြသပေးသွားတယ်။ ကြည့်ရသူအားလုံး ဝမ်းမြောက်အားပေးလိုက်ကြတာ အရမ်းပါပဲဗျာ။
ဒါ့ကြောင့် လူကြီးမင်းများ လူလိုသိပါ။

ဘာ့ကြောင့်များ ပြည်သူအများ မကြိုက်မှန်းသိသိကြီးနဲ့ အာဏာကို လက်မလွှတ်ချင်ကြရတာလဲ။ ကိုယ်လုပ်လို့မှ အဆင်မပြေပဲ၊ အဆင်ပြေမလားလို့ အမျိုးမျိုးလုပ်ကြည့်လာတာလည်း နှစ်ပေါင်းဆယ်ချီနေပါပြီ တိုင်းပြည်ဖွတ်ဖွတ်ကြေနေပါပြီ။
လုပ်နိုင် ကိုင်နိုင်မဲ့သူကို လွှဲပေးလိုက်ကြပါတော့ဗျာ။
လူကြီးမင်းတို့ စဉ်းစားကြည့်ပါ။ အဲ့လိုလူမျိုးဟာ တစ်သက်မှာတစ်ယောက် ပေါ်ခြင်မှ ပေါ်တာပါ၊ ကံကောင်းလွန်း အားကြီးလို့ ကျုပ်တို့တိုင်းပြည်အတွက်
ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်ထွက်ခဲ့တာပါ၊ ဆယ်နှစ် ဆယ်မိုး လိုက်ရှာလို့လည်း မရနိုင်ပါဘူးဗျာ။
ဘာ့ကြောင့်ပျား အကြောက်အကန် ဖြစ်နေကြရတာလဲဗျာ။
ခင်ဗျားတို့လည်းမြန်မာ ကျုပ်တို့လည်းမြန်မာ ၊ ကျုပ်တို့ ခင်ဗျားတို့ မြန်မာတစ်နိုင်ငံလုံး တိုးတက်ဖို့ အမှန်မြင်ပေးကြပါတော့။ လူလိုသိပေးကြပါတော့လို့
လူကြီးမင်းအားလုံး(အားလုံး)ကို
ပန်ကြားလိုက်ပါတယ်ခင်ဗျာ။ ။

Aung Myint

(၁)အစိုးရဖြစ်သည့်ခါပြည်သူမလိုလားတော့သည့်အချိန်တွင်၊လက်နက်စွဲကိုင်၍တွယ်ကပ်နေမည်မဟုတ်။
.
(၂)ကျွန်မတို့အစိုးရဟာ
အဂတိလိုက်စားမူကင်းစင်တဲ့အစိုးရဖြစ်စေရမယ်။
သန့်ရှင်းတဲ့အစိုးရကိုထူထောင်နိုင်ကြောင်း။
.
(၃)ပြည်သူတွေပူးပေါင်းပါဝင်လုပ်ဆောင်တာကို
အာမခံကြောင်း၊
ပြည်သူတွေကိုယ့်စွမ်းဆောင်ရည်နဲ့ရပ်တည်လို့ရမည့်
ဘဝတွေဖြစ်အောင်ထူထောင်သွားမည်။
.
(၄)တောင်သူလယ်သမားများလွတ်လပ်စွာ
စိုက်ပျိုးပိုင်ခွင့်ကိုအသေအချာအာမခံကြောင်း။
.
(၅)အစိုးရဝန်ထမ်းနှင့်ပြည်သူတွေကိုကြောက်အောင်
ဘယ်တော့မှခြိမ်းခြောက်မည်
မဟုတ်ကြောင်း။
.
(၆)နိုင်ငံနှင့်အစိုးရအခြေအနေကို
လူတိုင်းသိခွင့်ရှိကြောင်း။
ပွင့်လင်းမြင်သာတဲ့စနစ်ကိုဖြစ်အောင်
လုပ်မည်ဖြစ်ကြောင်း။
.
......ကုမုဒြာသတင်းဂျာနယ်။(၁.၉.၂၀၁၅)

 nld-office-620.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးကို တွေ့ရစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၁ ဦး စုစုပေါင်း ၃ ဦးရဲ့ မိသားစုဝင်တွေဟာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် အဖွဲ့ဝင်တွေဖြစ်နေတဲ့အတွက် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အသင်းနဲ့ ဆက်သွယ်သူတွေဟာ ရွေးကောက်ပွဲဝင်ခွင့်မရှိတဲ့အတွက် ခရိုင်ကော်မရှင်က ဥပဒေနဲ့အညီ စိစစ်ပြီး ပယ်ချထားတာကို ပြည်နယ်ကော်မရှင်မှာ ထပ်မံစိစစ်နေတယ် လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှဝေက ပြောပါတယ်။

"မြစ်ကြီးနားခရိုင်က ၃ ဦးပေါ့၊ ဥပဒေမှာပါတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲပေါ့၊ ဒီမှာအယူခံအမှုဖွင့်ပြီးတော့ ကျနော် တို့ ကြားနာစစ်ဆေးနေပါတယ်၊ သူတို့ရှင်းလင်းတင်ပြချက်အပေါ်မူတည်ပြီး အထောက်အထားအခိုင်အမာ နဲ့ ပြလို့ရှိရင် ပြည်နယ်ကော်မရှင် သူတို့တင်ပြချက်အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ၊ ဒါကို ဒီတစ်ပတ်ထဲမှာပဲ ပြည် နယ်ကော်မရှင်အဖွဲ့ထိုင်ပြီး ဆုံးဖြတ်ပေးမှာပါ"

ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၃ဦးထဲက တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားတဲ့ ဦးအင်ဝမ်ခန်းဇော်တန်က KIA အဖွဲ့ထဲမှာ သူ့ရဲ့အကိုရှိနေတဲ့အတွက် ခရိုင်ကော်မရှင်က ပယ်ချတာဖြစ်တယ်လို့ ပြောပါတယ်။

"အဖွဲ့အစည်းမှာ အကိုရှိသလားဆိုတော့ ကျနော်ကရှိတယ်ပေါ့၊ KIA ပေါ့ ဒါဆိုမရဘူးပြောတယ်၊ အဲဒါကြောင့် ကျနော်တို့ ကချင်တိုင်းရင်းသားတွေဟာ အဖွဲ့အစည်းနဲ့ ကင်းတဲ့လူတော့မရှိဘူးလို့ ကျနော်ကပြောတယ်"

အလားတူ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဦးနောင်နဂျာတန်ကလည်း သူ့သမီးနှစ်ဦးဟာ KIA တပ်ဖွဲ့ဝင်တွေနဲ့ လက်ထပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခံထားရပါတယ်။ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ထံ အယူခံတင်ထားပြီး စိစစ်ခံနေတယ်လို့ သိရပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ကချင်တစ်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၇၀ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

RFA
http://www.rfa.org/burmese/news/reject-three-nld-kachin-candidates-09012015105051.html

 unyanwin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက် ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောလိုက်တာဖြစ်ပါတယ်။

"၁၀ (င)ကတော့ ဥပဒေအရ မှားယွင်းမှုမရှိဘူးလေ၊ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ကြည့်လို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ဘူးလို့ထင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းက ညီမျှတဲ့ အခွင့်အရေးရှိရမယ်၊ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်နဲ့ ကိုက်ညီမှုမရှိသလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေရာမှာ မွေးဖွားစဉ်အချိန်က မိဘနှစ် ပါးနိုင်ငံသား မဖြစ်သေးတဲ့အတွက် အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ၁၀(င) ပါ ပြဌာန်း ချက်တွေအရ ကိုယ်စားလှယ်လောင်းအတော်များများ ပယ်ချခံထားကြရပါတယ်။

RFA
http://www.rfa.org/burmese/news/nld-critized-candidates-parent-citizen-law-09012015105301.html


“ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်းအန္တရာယ်နဲ့ တစ်ပူပေါ်နှစ်ပူဆင့် ရေဘေးသင့်ပြည်သူတွေ”

ဟိမ၀န္တာ တောင်တန်းပေါ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဆက်မပြတ်မိုးရွာသွန်းမှူတွေကြောင့် ရုတ်တရတ် ရေကြီးမှု မြေပြိုမှုတွကို သတိပြုဖို့  မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အသိပေးနှိုးဆော်ထားတဲ့ သတင်းကို ဒီဗွီဘီ ရုပ်မြင်သံကြားသတင်းမှာ မနေ့ က ကြည့်လိုက်ရတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့  ပထမဆုံးအကြိမ်အဖြစ် လေထုကြီးထဲမှာ ပျမ်းမျှကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်မှု့ဟာ ပြီးခဲ့တဲ့ မတ်လတစ်လလုံးမှာ (400 ppm : parts per million) အပုံတသန်းမှာ အပုံလေးရာကျော်ခဲ့ပြီလို့  The National Oceanic and Atmospheric Administration (NOAA) အဖွဲ့ ကနေ မေလ (၆) ရက် ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း (၈၀၀,၀၀၀) အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်သလိုအမြင့်ဆုံးပါဝင်နှုန်းလည်းဖြစ်ပါတယ်။ လူသားတွေနဲ့ သက်ရှိတွေအတွက် အန္တရာယ်ကင်းပြီး စိတ်ချနိုင်တဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်မှု့ ပမာဏဟာ (350 ppm : parts per million ) အပုံတသန်းမှာ အပုံသုံးရာငါးဆယ်ပါ။ အဲ့ဒီအန္တရာယ်ကင်းပမာဏကိုကျော်ခဲ့တာ ၁၉၈၈ နှစ်ဦးပိုင်းကာလတွေကထဲကပါ။
ဒါဟာဘာကိုပြသလဲဆိုရင် လူသားတွေရဲ့ တည်ရှိရှင်သန်မှု့ကို ခြိမ်းခြောက်လာတဲ့အဆင့်ရောက်လာပြီ ဆိုတာ ပါဘဲ။ နောက်တချက်က ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတာ ထုတ်လွှတ်လိုက်ပြီဆိုတာနဲ့ လေထုထဲမှာ နှစ်ပေါင်း ထောင်ချီပြီး မပြောက်မပျက်တည်ရှိနေနိုင်တယ်ဆိုတာပြသလိုက်တာပါဘဲ။

တကယ်တော့ လေထုကြီးထဲမှာ ပျမ်းမျှကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မြင့်မားစွာ ပါဝင်မှု့(400 ppm : parts per million) ကျော်တာဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုံးက ဒီကမ္ဘာကြီးမှာ လူသားတွေမရှိခင် မပေါ်ပေါက်လာခင်ကလည်းရှိခဲ့ဘူးပါတယ်။ ဒါပေမဲ့အဲ့ဒီတုံးကတော့ မြင့်မားမှု့ဟာ မီးတောင်ပေါက်ကွဲမှု့စတဲ့ သဘာဝဘေးဒါဏ်တွေက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တွေကြောင့်ပါ။
အခုဖြစ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မြင့်မားစွာ ပါဝင်မှု့မှာတော့ လူသားတွေရဲ့ပရောဂများစွာဟာ အရင်းခံအကြောင်းတရားတွေအနေနဲ့ ပါဝင်ပါတယ်။ စက်မှု့ခေတ်မတိုင်ခင် (pre-industrial era – before 1750) အထိ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု့ဟာ (280 ppm) ဘဲရှိတာပါ။ အဲ့ဒီအခြေအနေကနေ စက်မှု့လုပ်ငန်းတွေတိုးတက်ထွန်းကားလာခြင်းနဲ့ အတူ နှစ်ပေါင်း (၂၆၀) ကျော်အတွင်းမှာ လူသားတွေပရောဂကြောင့် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု့ (120 ppm) တက်လာခဲ့တာပါ။

အဲ့ဒီလို လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု့မြင့်မားခြင်းဟာ ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း ( Global Warming) ကိုဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းတရားတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ မကြုံစဖူး ထူးကဲစွာ တပြည်လုံးနီးပါး ရေကြီးရေလွှမ်းဒါဏခံရလောက်အောင် မိုးသည်းထန်စွာရွာသွန်းမှု့စေတဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲခြင်း (Climate Change) ဖြစ်ရတာဟာ ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်းကြောင့်ပါဘဲ။
ကမ္ဘာဂြိုလ်ပြာကြီးကို ၀န်းရံထားတဲ့လေထုနဲ့ ပင်လယ်သမုဒ္ဒရာရေပြင်ရဲ့ ပျမ်းမျှအပူချိန်ဟာ (၁၉) ရာစု နှောင်းပိုင်းကစတင်ပြီး တဖြေးဖြေးမြင့်တက်လာမှု့ကို ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု့လို့ အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။ (၂၀) ရာစုအတွင်း ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန် မြင့်တက်မှု့ဟာ ၀.၆ ဒီဂရီစင်တီဂရိတ် ( ၁.၁ ဒီဂရီဖါရင်ဟိုက်) ထိရှိပါတယ်။
ကမ္ဘာကြီးပူနွေးလာရခြင်းမှာ ကမ္ဘာလေထုထဲတွင် ရေခိုးရေငွေ့ များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်း အစရှိတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) တွေတိုးပွား သိပ်သည်းလာတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီဓါတ်ငွေ့ တွေအထဲမှာ ရေနံလောင်စာဆီတွေ လောင်ကျွမ်းစေရာက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့ တွေ တိုးပွားလာခြင်းက အဓိကတရားခံဘဲလို့ ပညာရှင်တွေကဆိုကြပါတယ်။
နေရောင်ခြည်တွေ ကမ္ဘာပေါ်ကို ကျရောက်လာတဲ့အခါ တချို့ ဟာ မြေကြီးထဲစုပ်ဝင်သွားပြီး ကမ္ဘာမြေကို ပူနွေးသွားစေတယ်။ ကျန်တဲ့နေရောင်ခြည်အများစုဟာမြေပြင်ကိုထိတွေ့ ပြီးတဲ့နောက် နေအလင်းထက် ပိုမိုရှည်လျှားတဲ့ လှိုင်းအလျှားရှိတဲ့ ရောင်ခြည်များအဖြစ် လေထုထဲကို ပြန်လည်ရိုက်ခတ်သွားကြတယ်။
လှိုင်းအလျှားပိုရှည်တဲ့ အဲ့ဒီရောင်ခြည်တွေဟာ အာကာသထဲကို လွင့်ပါးပျောက်ကွယ်မသွားခင် လေထုထဲက ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) တွေရဲ့ စုပ်ယူခြင်းကိုခံကြရတယ်။ အဲ့ဒီဖန်လုံအိမ်ဓါတ်ငွေ့ တွေဟာ ကြေးမုံပြင်ပမာ သူတို့ စုပ်ယူထားတဲ့နေရောင်ခြည် အပူစွမ်းအင်တွေကို ကမ္ဘာမြေပြင်ဆီပြန်လည်ထုတ်လွှတ် ပူနွေးစေခြင်းကိုဘဲ ဖန်လုံအိမ်အာနိသင် ( Greenhouse Effect) လို့ ခေါ်ဆိုကြတာပါ။
ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရေခဲတောင်များအရည်ပျော်စေခြင်း၊ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာစေခြင်း၊ အချို့သောကျွန်းများ၊ မြို့များ၊ နိုင်ငံများရေအောက်သို့ ရောက်ရှိသွားနိုင်ခြင်း၊ ရာသီဥတုများဖေါက်ပြန်ပြောင်းလဲစေခြင်း၊ အချို့နေရာတွင် မိုးခေါင်စေခြင်း၊ သဲကန္တာရအသစ်များပေါ်ထွန်းစေခြင်း၊ အချို့နေရာတွင် မိုးရေချိန်ပမာဏများပြား၍ ရေကြီးရေလွှမ်းမိုးစေခြင်း၊ မြေပြိုစေခြင်း၊ မုန်တိုင်းနှင့် လေဆင်နှာမောင်းများပိုမိုတိုက်ခတ်လာစေခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းကျဆင်းစေ၍ အစာရေစာရှားပါးခြင်း ငတ်မွတ်ခေါင်းပါးမှု့ဖြစ်ပေါ်စေခြင်း၊ ဂေဟစနစ်တို့ ပြိုကွဲခြင်းတို့ အပြင် အခြားဆိုးကျိုးများစွာဖြစ်ပေါ်စေပါတယ်။

ကမ္ဘာ့ နိုင်ငံအသီးသီးက လူသားတွေဟာ မိမိနိုင်ငံဖွံ့ ဖြိုးတိုးတက်အောင်၊ မိမိကြီးပွားချမ်းသာရေးကိုသာ ဇောင်းပေးလုပ်ဆောင်ကြရင်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ဘေးဖယ်ထားတတ်၊ မျက်ကွယ်ပြုတတ်ကြတယ်။ အပြိုင်အဆိုင်၊ အထိမ်းအကွပ်မဲ့ ကြီးထွားလာတဲ့ စက်မှု့လုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ တိုးပွားလာတဲ့သယ်ယူပို့ ဆောင်ရေးယာဉ်ရထားနဲ့ ကားတွေ၊ အလွန်လျှင်မြန်စွာ မြို့ပြချဲ့ထွင်လာမှု့တွေ၊ သစ်တောကြီးတွေကိုပရမ်းပတာခုတ်ရောင်းချမှု့တွေ၊ အစရှိတဲ့ လုပ်ဆောင်ချက်တွေကနေ ဘေးထွက်ဆိုးကျိုးအဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုမိုထွက်ရှိကါ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု့ ( Global Warming) ကို ပိုလို့ ဆိုးဝါးလာစေတော့တယ်။
မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် (၁၁) ခုမှာ လက်ရှိကြုံနေရတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ရေကြီးရေလွှမ်းမှု့၊ ရေတိုက်စားမြေပြိုမှု့တွေဟာ လူ့ ပရောဂတွေကြောင့် ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု့ ( Global Warming)ရဲ့အကျိုးဆက်တခုဖြစ်တဲ့ ရာသီဥတုပြောင်းလည်ဖေါက်ပြန်ခြင်း မိုးများခြင်း ( Climate Change) ကျိန်စာသင့်ခဲ့တာပါ။
နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို မြန်မာပြည်သူတွေဟာ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု့ရဲ့ ဆိုးကျိုးတွေတင်မက နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ အုပ်ချုပ်ပုံအမှားကုဋေကုဋာ ဆိုးကျိုးတွေကိုပါ တပြိုင်နက် လည်စင်းခံနေရတာပါ။ မိုးရေကိုထိန်းသိမ်းထားပေးမဲ့ သစ်တောအုပ်လိုက်အုပ်လိုက် ပရမ်းပတာခုတ်ခဲ့ကြတာမဟုတ်လား။ ငွေလွယ်လွယ်ရပေါက်တခုထဲကြည့်ပြီး အမျှော်အမြင်မဲ့ မြေတွင်းသတ္တုတွေတူး၊ ရွှေတွေကျင် ပြဲပြဲစင်အောင်လုပ်ခဲ့ကြတာလေ။ ဒီတော့မြေတွေပြို၊ ချောင်းတွေကော မြစ်တွေကောလာပေမဲ့ သောင်တွေမှန်မှန်မတူးမှတော့ ဗူးလေးရာဖရုံဆင့်တာပေါ့။
ပိုဆိုးတာက လက်ရှိစစ်တပိုင်းအစိုးရလက်အောက်မှာ တိုင်းပြည်ဘတ်ဂျက်သုံးပြီးဖွင့်ထားတဲ့ “လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ” ဆိုတာ အမည်ခံသာသာလောက်ရှိပြီး ကယ်ဆယ်ရေး၊ ရေဘေးလွတ်ရာပြောင်းရွေ့ ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးတွေကို ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တာ ပြည်သူတိုင်းသိနေပါပြီ။ ဒီတော့ပြည်သူတွေမှာ အခြင်းခြင်းဝိုင်းဝန်းကူညီဖေးမကြရတာမဟုတ်လား။ အနယ်နယ်အရပ်ရပ်က စေတနာရှင်တွေ၊ အလှူရှင်တွေထောက်ပံ့တာတွေနဲ့ ပရဟိတအဖွဲ့ တွေရဲ့ သက်စွန့် ဆံဖျားကူညီစောင့်ရှောက်မှု့တွေကြောင့် နည်းနည်းခံသာနေတာမဟုတ်လား။
ပုသိမ်မြို့က ဒေါ်သန်းဌေးတို့ လို ကိုယ့်အသိစိတ်နဲ့ မိမိနေအိမ်ကို ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး ကူညီတာတောင် အောက်ခြေရပ်ကွက် အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေက တရားမ၀င်ကယ်ဆယ်ရေးစခန်း အဖြစ်သတ်မှတ်ခဲ့ယုံမက စခန်းဖွင့်ကတည်းက အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားခဲ့ပေမယ့် လာကူညီတာ၊ အားပေးစကားပြောတာ တကြိမ်မှ မလုပ်တဲ့အပြင် ဒီစခန်းက တရားမ၀င်တဲ့စခန်းဆိုပြီး အပြင်မှာ လျှောက်ပြောသတဲ့။ အုပ်ချုပ်ရေးပိုင်းက တာဝန်မဲ့ယုံမကဘဲ အတွေးအခေါ်နိမ့်ကျ ယုတ်ညံ့ပုံများပြောပါတယ်။
အစိုးရရဲ့ရေဘေးကယ်ဆယ်ရေးစီမံချက်တွေဆိုတာလည်း၊ အညာခံခြင်တဲ့ လူကြီးဆိုသူတွေလာရင် ပြနိုင်ဖို့ ညာနိုင်ဖို့ ရေးဆွဲထားတဲ့ စာရွက်ပေါ်မှာပဲရှိနေတဲ့ စီမံကိန်းတွေဘဲမဟုတ်လား။
တကယ်တော့ မဆလစစ်အစိုးရလက်ထက်ကနေ ဒီနေ့ အထိတိုင် နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ ၊ ရခိုင်ပြည်နယ်တို့ ဆိုတာ မကြာခဏ မုန်တိုင်းဒါဏ်သင့်ခံခဲ့ရတာပါ။ ဖြစ်တဲ့အခါတိုင်း မြန်မာပြည်သူတွေဟာ အကြိမ်ကြိမ် ခေါင်းငုံ့ လည်စင်းခံခဲ့ရတာ ဒီနေ့ အချိန်ထိမဟုတ်လား။ အဆိုးဝါးဆုံးကတော့ မေလဆန်း ၂၀၀၈ ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုတိုင်းပါ။ ခန့် မှန်းခြေ လူပေါင်း (၁၃၈,၀၀၀) အသက်ဆုံးရှုံးမှု့တွေနဲ့ ကြုံခဲ့ရတာ (၇) နှစ်ပြည့်သွားပါပြီ။ ဒါပေမဲ့ စစ်အစိုးရက နောက်တခါ အလားတူမုန်တိုင်းမျိုးကြုံလာရင် မသေသင့်တာ မသေရလေအောင် ဘာတွေများပြည်သူတွေအတွက် သင်ခန်းစာယူပြီး ကြိုတင်ဆောင်ရွက်ပြင်ဆင်ခဲ့တာရှိပါသလဲ။ အခု ၂၀၁၅ မှာ ရေကြီးရေလွှမ်းပြန်တော့ မဆလစစ်အစိုးရလက်ထက်ကအတိုင်း ဘာတခုမှ တိုးတက်မလာဘူး။ ဘယ်လာတိုးတက်မှာလည်း၊ လူလည်းမပြောင်းဘူး၊ စိတ်ဓါတ်တွေလည်းမပြင်၊ စာရိတ္တတွေလည်းပုပ်မြဲပုပ် နံမြဲနံနေတာ လူတိုင်းအမြင်ဘဲဟာ။
နေပြည်တော်ဆိုတဲ့ မြို့တော်အသစ်ကို ပြည်သူတွေအတွက် မလိုအပ်ဖဲ ဘီလျှံပေါင်းများစွာအကုန်အကျခံဆောက်ခဲ့တဲ့အစိုးရ၊ တိုင်းပြည်ဘဏ္ဍာအများစုကို တိုင်းရင်းသားညီအကိုအခြင်းခြင်းသတ်တဲ့ ပြည်တွင်းစစ်ပွဲအတွက် စစ်စရိတ်ကြီးမားစွာသုံးစွဲခဲ့တဲ့ စစ်တပိုင်းအစိုးရဟာ ပြည်သူတွေအခုလို မုန်တိုင်းသင့်ခံရ၊ ရေဘေးသင့်ခံရရင် အသက်ကယ်ဆယ်ဖို့ နိုင်ငံတကာ အဆင့်မှီရဟတ်ယာဉ်လေးတစင်းလေး ၀ယ်ဖို့ တောင်မသုံးစွဲခဲ့ဘူးမဟုတ်လား။
ဒီဆောင်းပါးကို အဆုံးသတ်ရရင် တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုရင် ခေါင်းထဲမှာကို ထည့်မစဉ်းစားတတ်တဲ့ စေတနာမဲ့သူတွေ၊ သီလပျက်နေသူတွေ၊ စာရိတ္တဖေါက်ပြန်နေသူတွေ၊ မြန်မာနိုင်ငံကို အုပ်ချုပ်ချယ်လှယ်ခွင့်ရနေသ၍၊ စစ်အာဏာရှင်စနစ်တည်ရှိနေသ၍ နှောင်မှာလည်း အခုလို ရေဘေးကပ်ဆိုးကြီးတွေ၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ ကြုံလာတိုင်း အမြဲတမ်း ခေါင်းငုံ့ လည်စင်းခံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့ လိုပါတယ်။
ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ အများပြည်သူအုပ်စိုးခွင့်ကို အပြည့်အ၀အကောင်အထည်ဖေါ်မဲ့ အုပ်ချုပ်ရေးစနစ်တရပ်မုချရှိမှာ့သာ၊ စေတနာမှန်ပြီး အရည်အချင်းပြည့်ဝတဲ့ အစိုးရတရပ်ရှိမှာ့သာ အထက်ပါကပ်ဘေးကြီးများနဲ့ ကြုံတွေ့ တဲ့အခါ ပြည်သူလူထုကို ထိရောက်စွာ ကယ်တင်စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့  လာမဲ့ (၂၀၁၅ ) အထွေထွေရွေးကောက်ပွဲကြီးမှာ တိုင်းသူပြည်သားကို ရင်ဝယ်သားလို ချစ်ခင်စောင့်ရှောက်တတ်တဲ့ အစိုးရတရပ် အမှန်တကယ် အာဏာရလာဖို့  မိမိအသဲကြားက မဲတပြားကိုတော့ လက်ရှိအစိုးနဲ့ အပေါင်းအပါတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ ရဲ့အဆွယ်အပွားပါတီတွေကိုတော့ ယောင်လို့ မှ မဲမထည့်မိစေဘို့ မေတ္တာရပ်ခံနိုးဆော်လိုက်ရပါကြောင်း။

(မင်းကောင်းချစ်)
သြဂုတ်လ (၂၅) ရက်၊ ၂၀၁၅ ခုနှစ်



လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ဟောပြောတဲ့နေရာမှာ တပ်မတော်ကို ထိခိုက်အောင် ဝေဖန်တာတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်နဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို ပြသရာကျပြီး ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတချို့က ဝေဖန်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ဟောပြော တင်ပြခွင့် ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံရေး ပါတီတွေရဲ့ လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့်ကို အစိုးရက ဆင်ဆာပိတ် ဟန့်တားတာဖြစ်တယ်လို့ ဆိုပြီး အများက ထောက်ပြ ဝေဖန်နေကြတာပါ။ စစ်တပ်နဲ့ပတ်သက်လို့ ပြောဆိုဝေဖန် မှုတွေအပေါ် ကန့်သတ်ချက်ကတော့ တိုင်းပြည်တွင်း စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ထင်ရှားစေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က အကြီးတန်းသုတေသီ David Mathieson က ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်နဲ့ တပ်မတော် တို့ဟာ အစိုးရသတင်းမီဒီယာတွေကနေ ပြည်သူ အများအပြား စိတ်ဝင်တစား ပြောဆိုဆွေးနွေး ချင်တဲ့ကိစ္စတွေကို ပြောလို့မရအောင် လူထုဆွေးနွေးမှုတွေကို ဖိအားပေး ဟန့်တားဖို့ ကြိုးစားနေတာပါ။ ဒါက မြန်မာစစ်တပ်ဟာ ဘာမှ ပြောင်းလဲမှု မရှိသေးဘူး ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ မကြာခင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့် ကန့်သတ်ချက်တွေကို ကြည့်ရင် စစ်တပ်က အာဏာကို ထိန်းချုပ်ထားဆဲ ဖြစ်တယ်ဆိုတာကို သတိပေးလိုက်တာပါပဲ။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုတဲ့ဘက်မှာ မရှိဘဲ စစ်တပ်ဘက်ကနေ ရပ်တည်ပေးနေပါတယ်။”

ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၂ လလောက်ပဲ လိုတဲ့အချိန်မှာ ခုလို နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို တိုးမြင့် ထုတ်ပြန်လာတာကိုကြည့်ရင် လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့လည်း မစ္စတာ Mathieson က ဝေဖန်ပါတယ်။ လွှတ်တော်တွင်း ၂၅% ကို စစ်တပ် ကိုယ်စားလှယ်တွေအတွက် နေရာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေနဲ့ အများပြည်သူတွေကြား ဒီကိစ္စ ဆွေးနွေးပြောဆို နေကြချိန်မှာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ဟောပြောမှုတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်က ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာ အဓိကကျတဲ့ လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့်ကို ချိုးဖောက်ရာကျပြီး မျှတမှု မရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေကလည်း ဝေဖန်နေကြပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကတော့ အခုလို ထောက်ပြပါတယ်။

“နိုင်ငံရေးပါတီတိုင်းမှာ တိုင်းပြည်ရဲ့ အဖွဲ့အစည်း အသီးသီးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ကိစ္စအရပ်ရပ်နဲ့ ပတ်သက်လို့ သူတို့ပါတီရဲ့ ဒီတိုင်းပြည်ကို ဘယ်လို ဘယ်ပုံ ဖြစ်စေချင်တယ်ဆိုတဲ့ သဘောထားတွေ မူဝါဒတွေ ရှိကြတယ်။ အဲဒီတော့ တပ်မတော်ကို၊ ကျနော်တို့ တိုင်းပြည်ရဲ့တပ်မတော်ကို ဘယ်လိုတပ်မတော် ဖြစ်စေချင်သလဲ၊ ဘယ်လိုတပ်မတော်မျိုးအဖြစ် မြင်ချင်တယ်ဆိုတဲ့ သဘောထားဟာ နိုင်ငံရေးပါတီတိုင်းမှာ ရှိကြတယ်။ အဲဒီတော့ လက်ရှိတည်ရှိနေတဲ့ တပ်မတော်ကို ကျနော်တို့ ပါတီအနေနဲ့ဆို ဂုဏ်သိက္ခာရှိစေချင်တယ်၊ နိုင်ငံရေးနဲ့ ကင်းရှင်းစေချင်တယ်၊ Professional Army ဖြစ်စေချင်တယ်။ ဒီလိုသဘောထားမျိုးတွေက နိုင်ငံရေး ပါတီတိုင်းမျာ ရှိကြတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးတွေကို တင်ပြတာ၊ ပြောဆိုတာ၊ ဆွေးနွေးတာတွေက ဒါကဝေဖန်တာ၊ တိုက်ခိုက်တာ၊ အပုပ်ချတာ မဟုတ်ဘေူးလို့ ကျနော်တို့အနေနဲ့ ယူဆတယ်။ ဒါကတခု၊ နောက်ဒုတိယ တခုက တပ်တော်သားတွေပဲဖြစ်ဖြစ်၊ ဒီတိုင်းပြည်ထဲမှာရှိတဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် တချို့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒီလိုကိစ္စမျိုးတွေ ရှိလာလို့ရှိရင်၊ နိုင်ငံရေးပါတီအနေနဲ့ ဒီလိုကိစ္စမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ ပြောတဲ့ဆိုတဲ့ ကိစ္စမျိုးတွေက ဝေဖန်တာ၊ တိုက်ခိုက်တာ မဟုတ်ဘူး။ တပြိုင်နက်တည်းမှာပဲ၊ ကိုယ့်တိုင်းပြည်ရဲ့ တပ်မတော်ကို ကူညီချင်တဲ့ပုံစံ ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်တယ်လို့ ကျနော့် အနေနဲ့ ပြောင်းချင်ပါတယ်။”

သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီတွေ ဟောပြောရမှာ လိုက်နာရမယ့် အချက်တွေထဲမှာတော့ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန်၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုတွေ မလုပ်ရဘူးဆိုပြီး တားမြစ်ထားတာဖြစ်ပါတယ်။ HRW အဖွဲ့ကြီးကတော့ ရွေးကောက်ပွဲတွေ ကျင်းပတယ် ဆိုတာဟာ နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုဆွေးနွေးမှုတွေကို ဟန့်တားဖို့မဟုတ်ဘဲ ဒီလို ဆွေးနွေးမှုတွေ ပိုပြီးဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ အချိန်အခါသာ ဖြစ်တယ်လို့ ထောက်ပြဝေဖန် ထားပါတယ်။

VOA/ခင်ဖြူထွေး
http://burmese.voanews.com/content/myanmar-election-us/2940555.htmlhttp://burmese.voanews.com/content/myanmar-election-us/2940555.html

ဘန်​ကောက်​မြို့ ​အ​ရှေ့​ဘက်၊ ​က​မ္ဘော​ဒီး​ယား ​နယ်​စပ်​အ​နီး​က ​စာ​က​ယောက် ​ပြည်​နယ်​ထဲ​မှာ ​ဖမ်း​ဆီး​ခဲ့။
ထိုင်း​နိုင်​ငံ၊ ​ဘန်​ကောက်​မြို့​က ​ဟိ​န္ဒူ ​နတ်​ကွန်း​အ​နီး ​ဗုံး​ခွဲ ​တိုက်​ခိုက်​မှု​မှာ ​ပါ​ဝင် ​ပတ်​သက်​တယ်​လို့ ​သံ​သ​ယ​ရှိ​တဲ့ ​ဒု​တိ​ယ​မြောက် ​နိုင်​ငံ​ခြား​သား ​တစ်​ယောက်​ကို ​ထိုင်း ​အာ​ဏာ​ပိုင်​တွေ​က ​ဖမ်း​ဆီး ​လိုက်​ပါ​တယ်။

ဘယ်​နိုင်​ငံ​သား ​ဖြစ်​တယ် ​ဆို​တာ ​အ​တည်​မ​ပြု ​နိုင်​သေး​တဲ့ ​အဲ​ဒီ ​လူ​ကို ​ကေ​မ္ဘာ​ဒီး​ယား ​နိုင်​ငံ​ဘက် ​ဖြတ်​ကူး​ဖို့ ​ကြိုး​စား​စဉ် ​ထိုင်း​နယ်​စပ်​မှာ ​ဖမ်း​မိ ​ခဲ့​တာ​ပါ။

လူ ၂၀ ​သေ​ဆုံး ​ခဲ့​ရ​တဲ့ ​အဲ​ဒီ ​ဗုံး​ခွဲ ​တိုက်​ခိုက်​မှု​ကို ​ဘာ​ကြောင့် ​ကျူး​လွန်​သ​လဲ ​ဆို​တဲ့ ​အ​ကြောင်း​ရင်း​ကို ​အ​တိ​အ​ကျ ​မ​သိ​ရ​သေး​ပေ​မယ့် ​တ​ချို့ ​က​တော့ ​ထိုင်း​နိုင်​ငံ ​အ​တွင်း​က ​ဝီ​ဂါ ​မွတ်​ဆ​လင်​တွေ​ကို ​ဇူ​လိုင်​လ ​အ​တွင်း​က ​တ​ရုတ် ​နိုင်​ငံ​ထဲ ​ပြန်​ပို့​ခဲ့​မှု​နဲ့ ​ပတ်​သက် ​နိုင်​တယ်​လို့ ​သုံး​သပ် ​ကြ​ပါ​တယ်။

ဗုံး​ခွဲ​မှု ​အ​တွက် ​သံ​သ​ယ ​ရှိ​တဲ့ ​ပ​ထ​မ​မြောက် ​နိုင်​ငံ​ခြား​သား ​တစ်​ဦး​ကို​တော့ ​ပြီး​ခဲ့​တဲ့ ​စ​နေ​နေ့​က ​ဘန်​ကောက် ​မြို့​စွန်​မှာ ​ဖောက်​ခွဲ​ရေး ​ပ​စ္စည်း​တွေ​နဲ့ ​အ​တူ ​ဖမ်း​မိ ​ခဲ့​ပါ​သေး​တယ်။

စီ​စီ​တီ​ဗီ ​ထဲ​မှာ ​တွေ့​ရ​တဲ့ ​ဗုံး​ပေါက်​ကွဲ​ရာ ​နေ​ရာ​မှာ ​ကျော​ပိုး​အိတ် ​ချန်​ထား​ခဲ့​သူ​ဟာ ​အ​ခု ​ဖမ်း​ဆီး​ထား​တဲ့ ​လူ ၂ ​ယောက်​အ​နက် ​တစ်​ယောက်​ယောက် ​ဖြစ်​သ​လား ​ဆို​တာ​ကို​လည်း ​ရှင်း​ရှင်း​လင်း​လင်း ​မ​သိ​ရ​သေး​ပါ​ဘူး။

အ​သက် ၂၆ ​နှစ်​အ​ရွယ် ​ထိုင်း ​အ​မျိုး​သ​မီး​တစ်​ဦး​နဲ့ ​နိုင်​ငံ​ခြား​သား ​အ​မျိုး​သား​တစ်​ဦး ​တို့​ကို​လည်း ​ထိုင်း​ရဲ​က ​ဖမ်း​ဝ​ရမ်း ​ထုတ်​ထား​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


 ထိုင်းနိုင်ငံ ချချိုဆောင်း ပြည်နယ်မှာ သဘောကောင်းပြီး ခလေးချစ်တတ်တဲ့ အဖိုးအိုကြီး လို့  ရွာက လူသိများတဲ့ စုံကျစ် အသက် ၅၉နှစ်ကို ယုံကြည့်ပြီး ခလေးတွေကို ကျောင်းပို့ ကျောင်ကြို လုပ်ခိုင်းထားခဲ့တာ ကြာပြီဖြစ်ပါတယ်။

မိဘတွေကမြို့ မှာအလုပ်သွားလုပ်နေကြတော့ သားသမီးတွေ ကျောင်းပို့ ကြိုကို စုံကျစ်က တလကို ခလေးတယောက် ဘတ် ၂၀၀ (ကျပ် ၆၀၀၀)နှုံးနဲ့  လက်ခံပြီး တာဝန်ယူ စောင့်ရှောက့် ပေးတော့ သူ့ ဆီမှာဘဲ ခလေးတွေ အပ်ထားကြတာပါ၊


ရွာကလူတွေက စိတ်ချကြလို့  သူ ရဲ့ သုံးဘီးကားနဲ့  မနက်ညနေ ကျောင်းပို့ ကြို လုပ်နေရင်း ၈ နှစ်သမီးလေးတယောက် အပြင်းဖျားပြီး ကယောင် ကတမ်း တွေ အော်နေလို့  ဆေးရုံတင်ရတော့မှ ခလေးရဲ့  ကိုယ်မှာ မုဒိန်းကျင့်ထားတဲ့ လက္ခဏာတွေ့ ရာကနေ အဖိုးကြီးစုံကျစ်ရဲ့  မုဒိန်းမှုပေါ်သွားပါတော့တယ်။

ဒီလူ ခလေးတဦးထဲကျင့်ခဲ့မဟုတ်ဘဲ မိန်းခလေး ၆ ဦးကို လနဲ့ ချီပြီး အတင်းကြပ် ကာမဆက်ဆံဘို့  အမြဲလုပ်နေခဲ့ကြောင်း ၊တချို့ မိန်းခလေးတွေဆို သူကာမအနိုင်ကျင့်ဘူးခဲ့သူတွေဟာ
အထက်တန်းကျောင်းတောင်ရောက်နေပြီး တရားခံက ချိန်းခြောက်ထားတာရယ် အရှက်ကွဲမှာစိုးတာရယ်ကြောင့် မပြော ရဲခဲ့ဘူးလို့  ခလေးတွေက ၀န်ခံခဲ့ပါတယ်။

အလွန်စိတ်မကောင်းဖြစ်စရာ ပါ ၊စုံကျစ်မုဒိန်းကျင့်ခဲ့ သူတွေမှာ သူမြေးအရင်းတယောက် တောင်ပါနေခဲ့ပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW


 ထိုင်းရေတပ်ကို အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်းတောင်ပိုင်း ဖူးခက်မြို့က ဂျာနယ်လစ် ၂ ယောက်ကို ဖူးခက် တရားရုံးက အပြစ်မရှိကြောင်း ဒီကနေ့ ဆုံးဖြတ် လိုက်ပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာ မော်ရစ်ဆန်နဲ့ ထိုင်းဂျာနယ်လစ် ချူတိမာတို့ကို ကွင်းလုံးကျွတ် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

တရားရုံးက တကယ်လို့သာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမယ်ဆိုရင် သူတို့ ၂ ဦးဟာ ထောင်ဒဏ် ၇ နှစ်အထိချမှတ်ခံရနိုင်ဖွယ်ရှိတာ ဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မစ္စတာ မော်ရစ်ဆန်က အခုလို ဆုံးဖြတ် လိုက်တာဟာ ထိုင်းသတင်းမီဒီယာအားလုံး လွတ်လပ်ခွင့်ရှိတယ်ဆိုတာ ပြသလိုက် တာလို့ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က နိုင်ငံတကာသတင်းဌာနကြီး ရိုက်တာက မြန်မာနိုင်ငံက လှေစီးဒုက္ခသည်တွေအရေးမှာ ထိုင်းရေတပ်က ငွေကြေးယူတဲ့အပြင် လှေစီးဒုက္ခသည် တွေ ဒုက္ခရောက်နေတာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတယ်ဆိုပြီး ရေးသားတဲ့ ဆောင်းပါးကို အဲဒီ ဂျာနယ်လစ် ၂ ဦးက သူတို့ရဲ့ ဖူးခက်ဝမ် ဝက်ဘ်ဆိုက်မှာ ဖော်ပြတာဖြစ်ပါတယ်။ အဲဒီလို ထပ်ဆင့် ဖော်ပြမှုနဲ့ တရားစွဲဆိုခြင်းခံရတာပါ။

ထိုင်းဂျာနယ်လစ် ချူတိမာနဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ မော်ရစ်ဆန် တို့ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ AFP)

RFA Burmese
https://www.facebook.com/pages/RFA-Burmese


 သြဂုတ်လ ၁၇ ရက်က လူ ၂ဝ သေဆုံးခဲ့ရတဲ့ ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူ နိုင်ငံခြားသား နောက်တစ်ဦးကို ဖမ်းဆီးမိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန် အိုချာက ပြောကြားလိုက်ပါတယ်။

အဆိုပါ သံသယရှိသူ အမျိုးသားကို ဘန်ကောက်မြို့ အရှေ့ဘက် ကမ္ဘောဒီးယားနယ်စပ်အနီး စာကယောက် ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ နိုင်ငံခြားသားဟာ အဓိက သံသယ ရှိသူအဖြစ် ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အရင် သီတင်းပတ်ကုန်က ဖမ်းထားတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ပေါက်ကွဲမှု မဖြစ်ပွားခင် မှာ စီစီတီဗီ ရုပ်သံ မှတ်တမ်းက မြင်လိုက်ရတဲ့ လူလို့ မယူဆကြောင်း ဗုံးခွဲမှုနဲ့အလိုရှိသူ မဖြစ်နိုင်ကြောင်း ထိုင်းရဲက ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးတို့ကိုလည်း ထိုင်းရဲက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုဖြင့် တရားစွဲဆိုခံထားရသော တကသကျောင်းသား ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါရုံးထုတ်တွင် ဖမ်းဆီးခံ တကသကျောင်းသားများကို သတင်းမီဒီယာများနှင့် တွေ့ဆုံစကားပြောခွင့်မပေးခြင်း၊ FAILED LAW စာသားပါ တီရှပ် ၀တ်ဆင်သည်ကို ရဲတပ်ဖွဲ့က တားမြစ်ခြင်းကြောင့် တရားရုံးရှေ့၌ ရုန်းရင်းဆန်းခတ်အခြေအနေဖြစ်ပွားခဲ့ပြီး ကိုဇေယျာလွင်ကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ်သို့ အင်အားသုံးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိသည်။

မင်းဟိန်း(စက်တင်ဘာ ၁ရက်)
The Street View
https://www.facebook.com/pages/The-Street-View




ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ရေဖုံးလွှမ်းခံရမှု နဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုဖို့လိုပါတယ်။

၁-၉-၂၀၁၅
နံနက် (၁၁း၄၄)နာရီ။

(၃၁-၈-၂၀၁၅)ရက် နံနက်(၆)နာရီခွဲမှ (၃-၈-၂၀၁၅)ရက် နံနက်(၆)နာရီခွဲအထိ (၃)ရက်အတွင်း မိုးရွာသွန်းနိုင်မှုခန့်မှန်းချက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးရေချိန် (၅)လက်မ မှ(၇)လက်မအထိ ရွာသွန်းနှိုင်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တို့မှာလွန်ခဲ့တဲ့တစ်ပတ်ခန့်ကတည်းကမိုးကောင်းနေခဲ့ပြီးနောက်ထပ်(၃)ရက်အထိလည်းမိုးကောင်းနိုင်သေးတဲ့အတွက်မြေပြိုမှုအန္တရာယ် နဲ့ ရေဖုံးလွှမ်းမှု အန္တရာယ်ကို သတိပြုဖို့လိုနေပါပြီ။



  စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာ မိုးကောင်းနေပါတယ်။ ရေတွေတက်လာပြီး မြေပြိုမှာကိုလည်း စိုးရိမ်ရပါတယ်။

၁-၉-၂၀၁၅
နံနက်(၉း၄၉)နာရီ။

နာဆာဂြိုဟ်တုများမှ (၁-၉-၂၀၁၅)ရက် နံနက်(၀၀း၃၀)နာရီ တိုင်းတာချက်များအရ
ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက် မိုးရေချိန်
တစ်ရက်ရွာသွန်းအပြီး ၁ လက်မ မှ ၅ လက်မခန့်၊
(၃)ရက်ရွာသွန်းအပြီး ၈ လက်မ မှ ၁၄ လက်မခန့်
(၇)ရက်ရွာသွန်းအပြီး ၁၆ လက်မ မှ ၂၄ လက်မခန့်။

မြေပြိုမှုအလားအလာ

ကချင်ပြည်နယ်မြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်း အစွန်းဒေသတွေမှာ မြေပြိုမှု အလားအလာတွေဟာ (၃)ရက်မိုးဆက်တိုက် ရွာပြီးကတည်းက အလွန်ဖြစ်နိုင်ခြေရှိ(very Likely Condition) ကိုပြသနေပါတယ်။

ရေဖုံးလွှမ်းမှုအလားအလာ

ေ၇ဖုံးလွှမ်းမှု အလားအလာ မြင့်မားနေမှုကို ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ တွေ့နေရပါတယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48

ဘောလခဲမြို့နယ် နန့်နောက်ကျေးရွာမှ ကျေးလက်ကျန်းမာရေးဌာနခွဲ (ဓာတ်ပုံ- သီတာအောင်)
 ကယားပြည်နယ်တွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး မြို့နယ်ဆေးရုံ၊ ကျေးလက်ဆေးပေးခန်းများတွင် ဆရာဝန်များ၊ ဆေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ လုံလောက်မှု ရှိရန်လိုအပ်သည်ဟု လူမှုအဖွဲ့အစည်းများက သုံးသပ်ပြောဆိုသည်။

“မြို့နယ်တိုင်းမှာ ဆရာဝန်တွေလုံလောက်အောင်ထားထားပေးဖို့တော့ လိုအပ်တာပေါ့။ ရွာဝေးတဲ့သူတွေအတွက်က တစ်ခုခုဖြစ်ရင် လွိုင်ကော်ထိပြေးလာရတယ်။ လွိုင်ကော်မှာ ပစ္စည်းမစုံလို့ တောင်ကြီးထိပြန်သွားရတယ် ဆိုတာတွေက လူတွေအတွက် အများကြီးကို အသက်ဆုံးရှုံးစေတယ်ပေါ့” ဟု ဒေသဖွံ့ဖြိုးရေးကွန်ယက်(LDN)၏ ဆယ်ကျော်သက်ပူပေါင်းဖလှယ်စီမံကိန်း အရာရှိ ဦးမိုးဇတ်က ပြောသည်။

ဆက်လက်ပြီး ကယားပြည် နယ်တွင် ဆေးရုံ ဆေးခန်းများ တည်ဆောက်မှု တိုးတက်လာသော်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်း ကိရိယာများ လိုအပ်လျက်ရှိနေသည်။

ဆက်လက်ပြီး ဦးမိုးဇတ်က “ရွာတွေမှာ ကျေးလက်ဆေး ခန်းတွေတော့ ရှိတယ်။ ဆရာမတွေက မရှိဘူး။ တချို့နေရာတွေမှာ ကျတော့ ဆရာမတွေရှိတယ်။ အဲ့အဆောက်ဦးမှာမနေဘူးပေါ့။ ဆောက်ထားတဲ့ အဆောက်ဦးမှာ သွားမနေဘဲနဲ့ အခြားနေရာမှာ သွားနေကြတယ်” ဟု ပြောသည်။

အချို့ကျေးလက်ဆေးပေးခန်းများတွင်လည်း သားဖွားဆရာမများသာရှိပြီး ၎င်းတို့သည်လည်း တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ်မျှသာ ဆေးခန်းတွင် ရှိနေကြသည်ဟု ကရင်နီကျန်းမာရေးဌာနမှ နယ်လှည့်ဆေးကုသမှု လုပ်ငန်းခွင်ကြီးကြပ်ရေးတာဝန်ခံ ဆရာသိုးရယ်က ပြောသည်။

“သားဖွားဆရာမတွေ ရှိတယ် ။ ဒါပေမယ့် အချိန်အပြည့်အဝမနေဘူးပေါ့။ တစ်လနှစ်လကို တစ်ကြိမ် နှစ်ကြိမ်ပဲ လာတယ်။ အဲ့ဒါတွေက မြို့နဲ့ ဝေးတဲ့ နေရာတွေပေါ့နော်” ဟု ပြောသည်။

ထိုနည်းတူ ဘောလခဲမြို့နယ် စောလုံကျေးရွာတွင် ဆေးခန်းသာရှိလည်း ကျန်းမာရေးဝန်ထမ်းများမရှိသေးကြောင်း ကျေးရွာ ဥက္ကဌ ဦးဘိုးရယ်က ပြောသည်။

ပြီးခဲ့သည့် မတ်လပိုင်းတွင်လည်း ဘောလခဲတွင် ဦးစိုးသိန်း လူထုများနှင့် တွေ့ဆုံရာတွင် ဒေသခံများမှ ယင်းအခက်ခဲကို တင်ပြခဲ့သော်လည်း ယခုချိန်ထိပင် ကျန်းမာရေး ဆရာမများမရောက်ရှိသေးကြောင်း စောလုံဒေသခံများထံမှ သိရသည်။

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးဖိုးရယ်က လက်ရှိတွင် ကျေးလက်ဆေးပေးခန်းများ ရှိနေပြီး ဆရာမများ မရှိရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး သွားလာမှု ခက်ခဲမှုရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

Written by သီတာအောင်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org


 သြဂုတ်လ ၁၇ ရက်က ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုမှာ လူ ၂ဝ သေဆုံးခဲ့ရတာဟာ ဒီလို ဖောက်ခွဲ တိုက်ခိုက်မှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ထိုင်း အစိုးရက ကြေညာ ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး အမည် မဖော်သေးတဲ့ လူတယောက်ကို ထိုင်းရဲက ဖမ်းဆီး ခဲ့ပေမယ့် ခုဒီလူဟာ တိုက်ခိုက်မှု အဓိက လက်သည် ဟုတ်မဟုတ် ပြောလို့မရ ဖြစ်နေပါတယ်။

အရင် သီတင်းပတ်ကုန်က ဖမ်းထားတဲ့ အမျိုးသားဟာ ပေါက်ကွဲမှု မဖြစ်ပွားခင် မှာ စီစီတီဗီ ရုပ်သံ မှတ်တမ်းက မြင်လိုက်ရတဲ့ လူလို့ မယူဆဘူး၊ ဗုံးခွဲမှုနဲ့အလိုရှိသူ မဖြစ်နိုင်ဘူးလို့ ထိုင်းရဲက ဆိုပါတယ်။ သူဟာ အသက် ၂၈ နှစ် အရွယ် တခြား နိုင်ငံသား ဖြစ်ပြီး သူ့ကို နေအိမ်မှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ အတူ မိတာလို့ ထိုင်းရဲက ပြောခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ယောက်ကို ဝရမ်းထုတ်ပြန်ပါပြီ။ အသက် ၂၆ နှစ် အရွယ် ထိုင်းအမျိုးသမီး ဝနာ ဆုန်ဆန် ဆိုသူနဲ့ နောက်ထပ် အမည်မသိရတဲ့ နိုင်ငံခြားသား တယောက်ကို ဝရမ်းထုတ်ခဲ့တာပါ။

ထိုင်းရဲတွေက မွတ်ဆလင်ခေါင်းစည်း စည်းထားတဲ့ ထိုင်းအမျိုးသမီးပုံနဲ့ နိုင်ငံခြားသား ဆိုသူရဲ့ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် တိုက်ခန်း တခုထဲမှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေ ထပ်တွေ့ပြီးမှ ဒီဝရမ်းကို ထပ်ထုတ်ခဲ့တာပါ။ မြေသြဇာအိတ်တွေ၊ လက်ပတ် နာရီတွေနဲ့ ရေဒီယို အဝေးထိန်း ခလုပ်တွေ တွေ့တယ် ၊ ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်ကို ဗုံးလုပ်ဖို့ မဟုတ်ဘဲ ဘယ်သူမှ အတူမထားဘူးလို့ ထိုင်းရဲ အဖွဲ့က ဆိုပါတယ်။

ထိုင်းရဲချုပ် Somyot Poompanmuang ဆုမ်ရော့ ပူပန်မြွန်း ပြောတာကတော့ ဒီဖောက်ခွဲရေးသမားတွေ ဝင်လာတာ၊ ပြင်ဆင် လုပ်ဆောင်သွားတာနဲ့ ပြန်ထွက်သွားတာတွေ ကြည့်ပြီး ဒါ နိုင်ငံခြားသား တွေ သက်သက်တင် ပါတာ မဟုတ်တာ ထင်ရှားတယ်လို့ ပြောသွားပါတယ်။

လက်ရှိထုတ်ထားတဲ့ဆုငွေ ဒေါ်လာ ၈ သောင်းကျော်ကိုတော့ ရဲချုပ်က ထိုင်းရဲတပ်ဖွဲ့ကိုပေးအပ်လိုက်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုအတွက် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားတဲ့ သံသယရှိသူနှစ်ဦးရဲ့ ကောက်ကြောင်းရုပ်ပုံ။ (သြဂုတ် ၃၁၊ ၂၀၁၅)
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဧရာဝဏ်နတ်ကွန်းအနီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်လောက်က လူ ၂၀ ကျော်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရဲအရာရှိတွေက တိုက်ခန်းတခုကို ဝင်ရောက် ရှာဖွေခဲ့တာမှာ ဗုံးလုပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ကို ရှာတွေ့ခဲ့တဲ့အကြောင်းနဲ့ မသင်္ကာသူ အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးနဲ့ နိုင်ငံခြားသား အမျိုးသားတဦးတို့ကို နောက်ထပ် ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခေါင်းမှာ Hijab ပုဝါ ပတ်ထားတဲ့ Wanna Suansan ဆိုသူနဲ့ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတဦးရဲ့ ပုံကြမ်းတခုတို့ကို ထိုင်းနိုင်ငံအတွင်းက ရုပ်မြင်သံ အသံလွှင့်ဌာနတွေက နေ့လယ်မွန်းတည့်ချိန်မှာ အထူးအစီအစဉ်အဖြစ် ထုတ်လွှင့် ပြသခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက တိုက်ခန်းတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေအပြီးတဲ့အချိန် အစောပိုင်းမှာ မသင်္ကာစရာ ဘာမှမရှိဘူးလို့ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုအပြီး ရဲတပ်ဖွဲ့က အမည်နဲ့တကွ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ Min Buri ခရိုင်က တိုက်ခန်းတခုထဲမှာ လက်လုပ်ဗုံးလုပ်ရာမှာသုံးတဲ့ ယမ်းမှုန့်တွေ၊ ယူရီးယား ဓာတ်မြေသြဇာ နဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ရှာတွေ့ခဲ့တဲ့အကြောင်း နိုင်ငံတော်ရဲအရာရှိချုပ် Prawuth Thavornsiri က ဒီကနေ့ တနင်္လာနေ့မှာ ပြောဆိုခဲ့တာပါ။ ဒီလို ယူရီးယား ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်တွေကို ဗုံးလုပ်ဖို့မဟုတ်ဘဲနဲ့တော့ ဘယ်သူကမှ ဒီနေရာမှာ ထားမှာမဟုတ်တာကြောင့် ဒီပစ္စည်းတွေဟာ ဗုံးလုပ်ဖို့ သုံးတဲ့ပစ္စည်းတွေပဲ ဖြစ်တယ်လို့ မစ္စတာ Prawuth က ပြောပါတယ်။

စနေနေ့တုန်းက နိုင်ငံခြားသားတဦးကို ဖမ်းဆီးရမိပြီးတဲ့နောက် ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်သူတွေကို သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဘတ် ၃ သန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၃,၀၀၀ ကို သူတို့ကိုယ် သူတို့ ဆုပြန်ချလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


 မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ခြိမ်းခြောက်မှုတွေ ရှိရင်လည်း မကြောက်ဘဲ NLD ပါတီအတွက် ရဲရဲဝံ့ဝံ့ မဲပေးကြဖို့ အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အဲဒီလို မဲဆွယ် စည်းရုံးတဲ့နေရာမှာ NLD ပါတီကို လူတချို့က ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နေပြည်တော် မြို့တော် အနီးတဝိုက်က ကျေးရွာတွေကို တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ပါတီအတွက် မဲဆွယ် စည်းရုံးရေး ဟောပြောစဉ် မဲပေးတဲ့နေရာမှာ အကြောက်တရားမရှိဘဲ NLD ပါတီကို မဲပေးကြဖို့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံး ပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကြောက်စရာလည်းမလိုပါဘူး၊ ရွေးကောက်ပွဲနေ့မှာဆိုရင် ကိုယ်က ဘယ်ပုံးထဲ… ဘယ်သူ့အတွက်ထည့်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး၊ ဘယ်လိုပဲခြိမ်းခြောက်ခြိမ်းခြောက်။ နောက်တစ်ခုလည်းရှိတယ်- ဒီလောက်တောင် ခြိမ်းခြောက်အုံးဟဲ့-ဆိုပြီး NLD ကိုပဲ မဲထည့်ရမှာပဲ။ ကိုယ့်ရဲ့ရှေ့ ဘဝတလျှောက်အတွက် ရင်းနှီးတာဖြစ်ပါတယ်-ဆိုပြီးတော့ မဲပေးဖို့ ဆော်သြပါ-လို့။”

ရွေးကောက်ပွဲအတွက် ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း တိုင်းပြည်မှာလိုအပ်နေတဲ့ တကယ့် ပြောင်းလဲရေးအတွက် မဲပေးကြဖို့အပါအဝင် ပါတီစတင်တည်ထောင်တဲ့ ၁၉၈၈ ခုနှစ်ကစပြီး NLD အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ခြင်းမရှိဘဲ ရပ်တည် လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ရဲ့ဆောင်ပုဒ်က ‘ပြောင်းလဲချိန်တန်ပြီ’ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့- ။ ကျမတို့က တကယ့် ပြောင်းလဲမှုကို လိုချင်တာပါ။ အပေါ်ယံကြောပြောင်းလဲမှု မဟုတ်ပါဘူး။ ဒီဆီ- ဒီဆီ ပဲ၊ ပုလင်းအသစ်ထဲထည့်လိုက်လို့ ဆီအသစ်ဖြစ်မသွားပါဘူး။ ထမင်းသိုးကို အိုးအသစ်ထဲထည့်လိုက်လို့လည်း ထမင်းသိုးက မကောင်းမသွားပါဘူး။ ထမင်းသိုးက ထမင်းသိုးပဲ၊ အိုးအသစ်က အိုးအသစ်ပဲ။ အဲဒီတော့ ကျမတို့ဟာ တကယ့် စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်ဖို့လိုပြီ။ ဒီလိုစစ်မှန်တဲ့ပြောင်းလဲမှုကို ကျမတို့ NLD က- ဘာဖြစ်လို့ ကျမတို့ NLD ကို မဲပေးပါ၊ ကျမတို့လုပ်ပေးပါမယ်လို့ ပြောရဲသလဲဆိုရင် ကျမတို့ သမိုင်းကြောင်းတွေကို ပြန်စိစစ်ကြည့်ပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၉၈၈ ခုနှစ်ကတည်းက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၁၉၈၈ ခုနှစ်ကနေပြီးတော့ ဒီနှစ် တိုင်အောင် ကျမတို့ တခါမှ ဒီမိုကရေစီလမ်းကြောင်းကနေပြီးတော့ မသွေဖည်ခဲ့ပါဘူးဆိုတာ ကျမတို့ ရဲရဲရင့်ရင့်ပြောနိုင်ပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ တရားဝင် စတင်ဖို့ အချိန်မရောက်သေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးပြောဆိုထားတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်က ခုလို NLD ပါတီကို မဲပေးကြဖို့ ပြောသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ မဲဆွယ်စည်းရုံးတာမဟုတ်ဘဲ ရွေးကောက်ပွဲ အသိပညာပေးလုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရက်ကွက်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်အတွင်းမှာပဲ NLD ပါတီကို ဆန္ဒပြသူတချို့လည်း ရှိခဲ့ပါတယ်။

NLD ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သူ နေပြည်တော်၊ တပ်ကုန်းဒေသခံတဦးဖြစ်တဲ့ ဦးစန်းလွင်ကတော့ - အမျိုးဘာသာ သာသနာကို NLD ပါတီက နှောင့်ယှက် ဖျက်ဆီးနေတာကြောင့် ခုလို ဆန္ဒပြရတာလို့ ပြောပါတယ်။

“အမျိုးကိုဖျက်တဲ့ပါတီမို့လို့ မလိုချင်လို့ ဆန္ဒပြတာ။ ဒါပါပဲ။ နောက်တခါ ငြိမ်းချမ်းရေးကို ကနေ့ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရကနေပြီးတော့ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်နေတယ်။ NLD ပါတီက။ အဲဒါကို မလိုချင်လို့ အဲဒီပါတီကို ကန့်ကွက်တယ်။ နောက်တခါ အမျိုး၊ ဘာသာ၊ သာသနာ …ယူတဲ့ ဥပဒေလေးမျိုးကို NLD ပါတီအားလုံးက ကန့်ကွက်လို့ အဲဒီပါတီကို ဗမာပြည်မှာ မရှိတဲ့အထိကို ကန့်ကွက်နေတာ။ ဒါပဲ။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ NLD ပါတီ ကတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ထက်ပိုပြီး အမတ်နေရာ အများအပြားနဲ့ လွှတ်တော်မှာ နေရာအများစုကို အနိုင်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။]

ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းရဲ့ အမည်စာရင်းစိစစ်တာတွေ သြဂုတ်လ ၃၁ ရက်နေ့က ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် လာမယ့် ရက်ပိုင်းအတွင်း ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ပေးထားပေမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းပြီး ပယ်ချခံရတဲ့သူတွေက (၇) ရက်အတွင်း အယူခံ ပြန်ဝင်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပြန်တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို သတ်မှတ်ရက်မှာ တရားဝင် စတင်နိုင်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး ခင်ဗျား။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)