09/03/15


 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားလိုက်ပါပြီ။ ပါတီ ဥက္ကဋ္ဌရာထူးက ဖယ်ရှားလိုက်ရုံတင်မက လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုပ်သိမ်းရန်ပင် ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့။ ဘာကြောင့် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားလိုက်ရပါသနည်း။ ဖြစ်နိုင်ခြေကတော့ သူရဦးရွှေမန်းအား သမ္မတဖြစ်နိုင်သည့် လမ်းကြောင်းပေါ်က ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာပြည်၏ သမ္မတ ဘယ်သူဖြစ်လာတော့မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း သမ္မတဖြစ်နိုင် ခြေမရှိတော့ပေ။ ထို့ကြောင့် နိုင်ငံရေးလေ့လာသူများ ခန့်မှန်းထားသော သမ္မတဖြစ်နိုင်သူများထဲမှ လက်ရှိ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သာ ကျန်တော့သည်။

ထိုသုံးဦးထဲမှ သမ်္မတဦးသိန်းစိန်ကို လေ့လာကြည့်ပါစို့။ သမ္မတဦးသိန်း စိန်အနေဖြင့် မမျှော်လင့်ဘဲ သမ္မတ ဖြစ်လာသူဖြစ်သည်။ ထို့ကြောင့်လည်း သမ္မတဖြစ်လာချိန်တွင် သူ့အနေဖြင့် ၅ နှစ်တစ်ကြိမ်သာလုပ်ရန် စိတ်ကူးထားခဲ့ပုံပေါ်သည်။ မီဒီယာအချို့နှင့် နိုင်ငံရေးတွင် အရေးပါသူအချို့ကိုလည်း ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ လွန်ခဲ့သော ၂ နှစ်ကျော်က သူရဦးရွှေမန်းနှင့် ဧရာဝတီသတင်းဌာနတို့ အင်တာဗျူးတွင် သမ်္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်မလုပ်တော့ဘူးဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သမ်္မတဦးသိန်းစိန်နှင့် နီးစပ်သူများ ၏အဆိုအရ သမ်္မတဦးသိန်းစိန်အနေဖြင့်လည်း အမှန်တကယ် ဒုတိယသက်တမ်း ဆက်မလုပ်ချင်ပေ။ သူ၏ ကျန်းမာရေးကြောင့်လည်းပါသလို၊ သူကိုယ်တိုင်ကလည်း မလုပ်ချင်သောကြောင့် ဖြစ်သည်။

သို့သော် ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများနှင့် သူ၏အနီးအနားတွင်ရှိသူများက သမ်္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လုပ်ရန် တိုက်တွန်းခဲ့ကြသည်။ ထိုကဲ့သို့တိုက်တွန်းရသည်မှာလည်း ၄င်းတို့၏ကိုယ်ကျိုး စီးပွားကြောင့်ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။ သမ်္မတဦးသိန်းစိန်အနေဖြင့် သဘောကောင်းသူပီပီ ယုံလွယ်သူလည်း ဖြစ်သည်ဟု သူနှင့်ဆက်ဆံဖူးသူများက ဆိုသည်။

“န၀တခေတ်ကဆို သမ္မတကြီးက ၀န်ကြီးချုပ်ပေါ့။ ၀န်ကြီးတွေက တစ်ခုခုသွားတင်ပြရင် သမ္မတကြီးက အေးအေး ကောင်းတယ်၊ လုပ်ပေါ့။ ဦးရွှေမန်းကျတော့ ဒါကမှားနေတယ်။ ဒီလို မဟုတ်ဘူးလား ပြန်စစ်လိုက်ဦးပေါ့။ ၀န်ကြီးတွေက ဦးရွှေမန်းဆီတင် ပြတော့မယ်ဆို သေသေချာချာ လုပ်သွားရတယ်” ဟု အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့်ပင် အများအကျိုးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သူများက ခေါင်းဆောင်နှစ်ဦးကြား ညှိနှိုင်းပေးရမည့်အစား ရန်တိုက်ပေးခဲ့ ကြသည်။အနားယူချင်နေသော သမ္မတ ဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်ဟု သမ်္မတနှင့်နီးစပ်သူများက ဆိုသည်။ ၀န်ကြီးတစ်ဦးကဆိုလျှင် သူရဦးရွှေမန်းအား ခေတ်သစ်ဂဠုန်ဦးစောဟုပင် ခိုင်းနှုန်းပြောဆိုသည်ဟု ထိုဝန်ကြီးနှင့် တွေ့ဆုံခဲ့သူများက ပြန်ပြောပြသည်။ လွှတ်တော်၏ တာဝန်အရ အစိုးရအဖွဲ့အားထိန်းကျောင်းခြင်းနှင့် ထောက်ပြခြင်းကိုပင် သူရဦးရွှေမန်းကို ဆရာလုပ်သည့်ပုံစံဖြင့် ပုံဖော်ခဲ့ကြသည်။ သမ်္မတဦးသိန်းစိန်၏ ပင်ကိုစိတ်ရင်းမှာ သဘောထားကောင်းခြင်းနှင့် နားယောင်တတ်ခြင်းတို့ကို ၀န်ကြီးအချို့၏ လွဲချော်ချက်များကို လွှတ်တော်က ထောက်ပြသည့်အခါ ဆရာလုပ်သည်ဟုမြင်ခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများက သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လက်မလုပ်ဆောင်ပါက ငြိမ်းချမ်းရေးရရှိရန် ခက်ခဲနိုင်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များအား ပြောဆိုမှုများရှိခဲ့ကြသည်။ တကယ်တော့ ဒါသည်လည်း အကြောင်းပြချက်သာ ဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသား အစည်းအရုံး ( KNU ) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က သမ်္မတကြီးအား ဒုတိယသက်တမ်း ဆက်လုပ်ရန်ပြီးခဲ့ သည့်နှစ်က တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

သမ်္မတဦးသိန်းစိန်အနေဖြင့် ပြည်သူလူထုလိုလားပါက ဒုတိယသက်တမ်းအတွက် စဉ်းစားမည်ဟု မယုတ်မလွန် ပြန်လည်ပြောဆိုခဲ့သည်။ မကြာသေးခင်ကလည်း ကျောက်တန်းမြို့နယ်အတွင်း တံတားအသစ် တစ်ခုဖွင့်ပွဲတက်ရောက်လာသော သမ္မတ ဦးသိန်းစိန်အား မွေးရေးကျေးလက် အင်္ကျီဝတ်ဆင်ထားသူအချို့နှင့် ပြည်သူအချို့က သမ္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လုပ်ပါဟု ပိုစတာအသေးလေးများ ကိုင်ဆောင် တောင်းဆိုခဲ့ကြသည်။ သို့သော် သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လုပ်ရန်မှာ မသေချာသေးပေ။

သူရဦးရွှေမန်အား ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော သူများအဆိုအရ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်မလုပ်ရန် ၈၀ ရာခိုင်နှုန်း သေချာသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူ့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတာဝန်ကို ဆက်လက် တာဝန်ယူပြီး ပါတီကနေသာ လမ်းညွှန်သွားတော့မည်ဟု သတင်း ရရှိသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် သမ္မတပြန်ဖြစ်ရန် ဆိုသည်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနည်းဆုံး ၂၆ ရာခိုင်နှုန်း အနိုင်ရ ဖို့လိုသလို ဒုသမ္မတတစ်ဦး တင်မြှောက်ခွင့်ရှိသည့် တပ်မတော်သား ၂၅ ရာ ခိုင်နှုန်းကလည်း ထောက်ခံဖို့လိုသည်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် အနေဖြင့် သမ္မတမလုပ်မှသာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏မဲမှာ ဦးသိန်းစိန်အတွက် ဖြစ်လာပေလိမ့်မည်။

လက်ရှိ အနေအထားတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်အားလုံးမှာ ဦးသိန်းစိန်ကို ထောက်ခံသူချည်း မဟုတ်ပေ။ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီးနောက် လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းသည့် ဥပဒေအား ပြဋ္ဌာန်းသင့်မသင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကြား သဘောထားကွဲလွဲမှုရှိခဲ့သည်။ထိုဥပဒေ ပြဋ္ဌာန်းရန်ရည်ရွယ်ချက်မှာ သူရဦးရွှေမန်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းရန်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ဆိုသည်။

သို့သော် ထိုကိစ်္စမှာပင် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက ထိုဥပဒေမပြဋ္ဌာန်းသင့်သည် ဘက်က ရပ်တည် ဆွေးနွေးခဲ့ကြသလို မဲခွဲဆုံးဖြတ်ရာတွင်လည်း မပြဋ္ဌာန်းသင့်သည်ဘက်က အနိုင်ရရှိခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အားလုံက သူတို့ အနိုင်ရရှိပါက သမ္မတဦးသိန်းစိန်ကို ထောက်ခံလိမ့်မည်ဟု ကံသေကံမ တွက်ထား၍မရပေ။ လက်ရှိ အနေအထားအရလည်း ပြည်ခိုင်ဖြိုးပါတီမှာ ၂၆ ရာခိုင်နှုန်း အနိုင်ရရန်ပင်မသေချာတော့ကြောင်း နိုင်ငံရေး လေ့လာသူများက တွက်ချက်ထားသည်။ ထို့အပြင် ဦးသိန်းစိန်ကို ထောက်ခံသည်ဟု သုံးသပ်နိုင်သော ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီအများစု အနိုင်ရခဲ့လျှင် ထိုသူများမှာ ဦးသိန်းစိန်အား သမ္မတအဖြစ် ထောက်ခံနိုင်ခြေရှိသည်။ ထိုပါတီများထဲတွင်လည်း ရခိုင်အမျိုးသားပါတီကလွဲ၍ ကျန်ပါတီများ အနိုင်ရရှိရေးမှာ မသေချာ။ ရခိုင်အမျိုးသားပါတီ အနေဖြင့်လည်း သူရဦးရွှေမန်းနှင့် နီးစပ်လာသည့်သဘော တွေ့လာရသည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတ ဆက်မလုပ်တော့ပါက လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား သမ်္မတအဖြစ် တင်မြှောက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က တွက်ချက်ထားသည်။ လာမည့် ရွေးကောက်ပွဲတွင်လည်း တပ်မတော် မှ လူ ၅၀ ကျော် အငြိမ်းစားယူ၍ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ကြမည်ဖြစ်သည်။

ထို့အပြင် အချို့သော ဗိုလ်ချုပ်ကြီးများအား ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ၀န်ကြီးခန့်အပ်နိုင်ရန် ပြည်နယ်တိုင်း လွှတ်တော်များက ၀င်ရောက် အရွေးခံခိုင်းထားသည်။ ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်ခဲ့ကြသော ဦးမြင့်စိုး၊ ဦးအောင်သန်းထွဋ်နှင့် ဦးသက်နိုင်ဝင်းတို့မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သမ္မတရွေးချယ်ရေးစနစ်အရ လွှတ်တော်ထဲတွင်ရှိသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းအစုအဖွဲ့က ဒုတိယ သမ္မတတစ်ဦး တင်မြှောက်ခွင့်ရှိသည်။ ထို့ကြောင့် လက်ရှိတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်မှာ ဒုတိယသမ္မတ ဖြစ်နိုင်ရန် အလေးသာဆုံးဖြစ်သည်။ သို့သော် သူ့အနေဖြင့် ဒုသမ္မတတော့ လုပ်မည်မထင်။ သမ္မတသာ လုပ်ပေလိမ့်မည်။ သူသမ္မတဖြစ်ရန်ဆိုသည်မှာလည်း ပြည်ခိုင်ဖြိုးပါတီက ထောက်ခံရန်လိုသလို အနည်းဆုံး ပါတီက ၂၆ ရာခိုင်နှုန်း ထောက်ခံမှုလိုသည်။ ပြည်ခိုင်ဖြိုးပါတီကအနိုင်ရရှိသူအားလုံးကလည်း သူ့ကိုထောက်ခံမှုရှိ၊မရှိ စိတ်ဝင်စားစရာဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီတွင်း၌လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် စီနီယာကျသူများ ရှိနေသည်။

လွှတ်တော်တွင်း သမ္မတရွေးချယ်ရန် မဲပေးသည့်စနစ်မှာ အားလုံးလျှို့ ၀ှက်မဲပေးသည့် စနစ်ဖြစ်သဖြင့် မိမိဆန္ဒအမှန်ကို ပေးနိုင်သည်။

နောက်ဆုံး သမ္မတဖြစ်နိုင်သူဟု ယူဆသူမှာ သူရဦးရွှေမန်းဖြစ်သည်။ ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားမခံရခင်ထိက သမ္မတဖြစ်ရန် အလေးသာဆုံးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားများနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့သည့် အချိန်ကစ၍ သူရဦးရွှေမန်းအား NLD က သမ္မတဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။

သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ရာထူးမှ မဖယ်ရှားခင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပဲခူးတိုင်းဒေသကြီး လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း ၀င်ပြိုင်မည့် ဖြူးမြို့နယ်သို့ သွားရောက်ခြင်း မရှိသည်ကိုတွေ့ ရသည်။ ဖြူးမြို့က ဖြတ်သွားသည့်တိုင် သူမ၏ကားကို မရပ်နားခဲ့ပေ။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားတွင် သဘောတူညီမှု တစ်ခုခုရှိထားသည်ဆိုသည်မှာ ထင်ရှားလွန်းလှသည်။

လက်ရှိအနေအထားတွင်လည်း NLD မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အခြေအနေ ကောင်းနေသည်။ ကိုယ်စားလှယ် ရွေးချယ်စဉ်က ၈၈ ကျောင်းသားအဖွဲ့အား ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်သည့် အပေါ် ဝေဖန်မှုများရှိသော်လည်း သြဂုတ်လ ၂၄ ရက်နေ့တွင် ၈၈ နှင့် NLD ပူးတွဲကြေညာချက် ထွက်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက ဒီမိုကရေစီနည်းဖြင့်ဆန့်ကျင် သည့်ပုံစံ ဖယ်ရှားခဲ့သဖြင့် သူရဦးရွှေမန်းအပေါ် ပြည်သူတွေက ကရုဏာသက်ခဲ့ကြသည်။

ထို့ကြောင့် NLD အနေဖြင့်အနိုင်ရရှိပါက သူရဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်ရာတွင် ကန့်ကွက်မှု နည်းသွားနိုင်သည်။ သို့သော် သူရဦးရွှေမန်းကို တပ်မတော်က သမ္မတအဖြစ် လက်ခံခြင်းရှိ၊မရှိ စဉ်းစားစရာရှိသည်။ သူရဦးရွှေမန်း အနေဖြင့် တပ်မတော်တွင် ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်ထမ်းဆောင်စဉ်က နာမည်ကောင်းရခဲ့သည်ဟု တပ်မတော်အရာရှိဟောင်း တစ်ဦးကဆိုသည်။

ထို့ကြောင့် သူရဦးရွှေမန်းမှာ မြန်မာ့သမိုင်းထဲက ကျန်စစ်သားမင်း ကဲ့သို့ဖြစ်လာလေမလားဟု တွေးဆမှုများ ရှိလာသည်။ ဘယ်သူ သမ္မတ ဖြစ်မလဲဆိုသည်မှာ ဘယ်ပါတီ အနိုင်ရရှိသလဲပေါ် မူတည်ပေလိမ့်မည်။ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် ဒီမိုကရက်တစ် အင်အားစုများ အနိုင်ရရှိပါက သူရဦးရွှေမန်း သမ္မတဖြစ်လာနိုင်ခြေရှိသည်။ သို့တည်း မဟုတ် ကြံ့ခိုင်ရေးနှင့် သူ၏မဟာမိတ်များ ပေါင်းကာ အနည်းဆုံး ၂၆ ရာခိုင်နှုန်း ( ၁၇၀ ဦးခန့် ) အနိုင်ရရှိပါက ပြည်ခိုင်ဖြိုးပါတီက ထောက်ခံသူတစ်ဦး သမ္မတ ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

စောကရင်
The Ladies News Journal ပါ Opinion ဆောင်းပါး
https://www.facebook.com/News.TheLadies

နောက်​လွှတ်​တော် ​အ​ချိန်​မီ​ဖွဲ့​နိုင်​ဖို့​လို
ပြည်​ထောင်​စု ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​က ​ရန်​ကုန်​မြို့​မှာ ​စက်​တင်​ဘာ​လ ၂ ​ရက်​နေ့​က ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ ​ပြု​လုပ်​ခဲ့​ပါ​တယ်။

မိုး​ရွာ၊ ​ရေ​ကြီး၊ ​မြေ​ပြို၊ ​ရွှံ့​ဖုံး​ဆို​တဲ့ ​သ​ဘာ​ဝ ​ဘေး​အ​န္တ​ရာယ်​တွေ ​ကျ​ရောက်​ခဲ့​တဲ့ ​ချင်း​ပြည်​နယ်​မှာ ​ဒေ​သ​ခံ​အ​စိုး​ရ ​အ​ဖွဲ့​က ​တင်​ပြ​လာ​တဲ့ ​အ​တွက် ​ရွေး​ကောက်​ပွဲ​ကို ​ဆိုင်း​ငံ့​ကောင်း ​ဆိုင်း​ငံ​ဖွယ်​ရှိ​တယ်​လို့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ဥ​က္က​ဋ္ဌ ​ဦး​တင်​အေး​က ​ပြော​ပါ​တယ်။

၂၀၁၆ ​ခု​ဇ​န္န​ဝါ​ရီ​လ ၃၁ ​ရက်​မှာ ​လက်​ရှိ​လွှတ်​တော်​သက်​တမ်း ​ကုန်​ဆုံး​မှာ ​ဖြစ်​တဲ့​အ​တွက် ​နောက်​လွှတ်​တော်​ကို ​အ​ချိန်​မီ ​ဖွဲ့​စည်း​နိုင်​ဖို့ ​အ​ရေး​ကြီး​တယ်​လို့​လည်း ​ဦး​တင်​အေး​က ​ပြော​ပါ​တယ်။

ဒါ့​ကြောင့် ​တ​ကယ်​လို့ ​ရွေး​ကောက်​ပွဲ ​ရွှေ့​ဆိုင်း​ရင်​တောင်​မှ ​တ​ကယ်​မ​ကျင်း​ပ​နိုင်​တဲ့​နေ​ရာ​တွေ​မှာ​သာ ​ရွှေ့​ဆိုင်း​မှာ ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

သွား​ရေး​လာ​ရေး ​ဘယ်​လောက်​ခက်​ခဲ​တယ်။ ​မဲ​ရုံ​တွေ​ရှိ​ရာ​ကို ​မဲ​ပေး​တဲ့​သူ​တွေ ​လာ​ရောက်​ဖို့ ​ဘယ်​လောက်​ခက်​ခဲ​တယ်​ဆို​တာ​တွေ​ကို ​သေ​သေ​ချာ​ချာ ​ဆန်း​စစ် ​လေ့​လာ​ပြီး​မှ ​ဆုံး​ဖြတ်​မယ်​လို့ ​ဆို​ပါ​တယ်။

ဒါ့​အ​ပြင် ​ရွေး​ကောက်​ပွဲ ​စောင့်​ကြည့်​လေ့​လာ​ဖို့ ​နိုင်​ငံ​တ​ကာ ​အ​ဖွဲ့​အ​စည်း​တွေ​နဲ့ ​နား​လည်​မှု ​စာ​ချွန်​လက်​မှတ် ​ရေး​ထိုး​ထား​တွေ ​ရှိ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။

အဲ​ဒီ​အ​ဖွဲ့​အ​စည်း​တွေ​က​တော့ ​ဥ​ရော​ပ​သ​မ​ဂ္ဂ၊ Carter Foundation၊ ANFREL ၊ General Concern ​တို့​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့် စည်းမျဉ်းကန့်သက်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အခြေခံထားတာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုအခြေ စိုက် National Democratic Institute NDI က တာဝန်ရှိသူက ပြောဆိုလိုက်ပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အစီရင်ခံစာတင်သွင်းတဲ့အခါ ဒီကန့်သက်ချက်တွေအကြောင်း ဆွေးနွေးပြီး နောက်ရွေးကောက်ပွဲတွေမှာ အဆင်ပြေအောင် ထောက်ပြသွားမယ်လို့ NDI က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကို မဝေဖန်ရဘူးဆိုတဲ့အချက် အပါအဝင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်တယ်လို့ National Democratic Institute NDI မြန်မာဌာနေကိုယ်စားလှယ် Richard Nuccio က ပြောဆိုလိုက်ပါတယ်။ ဒီစည်းကမ်းချက်တွေက နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ ပွင့်လင်းမှုမရှိဘဲ အခက်အခဲ ဖြစ်စေမယ်ဆိုရင်တော့ ထောက်ပြပြောဆိုသွားမယ်လို့ ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အခုလို ပြောဆိုသွားပါတယ်။

“စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အထူးသီးသန့်အဖြစ် ရှိနေတာပါ။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ သီးခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို မဝေဖန်ရဘူးဆိုတဲ့ စည်းကမ်းချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ နိုင်ငံတကာ စံနှုန်းတွေအရ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်တွေနဲ့ ဆက်ဆံရာမှာ အမှန်တကယ် သက်ရောက်မှု ရှိလာမယ်ဆိုရင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုသွားကြမှာပါ။ အစကတည်းက ကန့်သက်ချက်တွေ ရှိမယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းထားပြီးသားပါ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲဖြစ်စဉ် တိုးတက်မှုရှိအောင်လို့ ဒီကန့်သက်ချက်တွေကြားကပဲ အကောင်းဆုံး ကြိုးစား စောင့်ကြည်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးသွားရင်တော့ ဒီစည်းကမ်းချက်တွေကို ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့  အချေအတင် ဆွေးနွေးကြပြီး နောက်လာမယ့် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်တာ၊ ပြောင်းလဲတာမျိုးဖြစ်အောင် ထောက်ပြကြဖို့ ဖြစ်လာနိုင်ပါတယ်။”

ဒီမဲဆွယ်စည်းရုံးရာမှာ လိုက်နာကြရမယ့် စည်းကမ်းချက်တွေထဲမှာ နိုင်ငံရေးပါတီတွေက ဟောပြောလိုတဲ့ စာမူကို ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြပြီး ခွင့်ပြုမိန့် တောင်းခံရမှာ ဖြစ်ပါတယ်။ စာမူကို ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က လိုသလို စိစစ်ကြပြီး ခွင့်ပြုမိန့်ကိုလည်း ငြင်းပယ်နိုင်ပါတယ်။

တချိန်တည်းမှာပဲ မိဘတွေဟာ ကိုယ်စားလှယ်လောင်း မွေးဖွားစဉ်က နိုင်ငံသားမဟုတ်ခဲ့တာကြောင့် လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့ ကိုယ်စာလှယ်လောင်း လျှောက်လွှာရော အယူခံပါ ပယ်ချခံရတာဟာ ရွေးကောက်ပွဲမှာ လူမျိုး၊ ဘာသာမရွေး အားလုံး ပါဝင်နိုင်ရေးနဲ့ သက်ဆိုင်တယ်လို့ Richard Nuccio က ပြောပါတယ်။ ယာယီသက်သေခံလက်မှတ်၊ အမြဲနေထိုင်ခွင့်လက်မှတ်နဲ့ နိုင်ငံသားပြုခွင့် ပေးရေး မပေးရေး စတဲ့ အပြောင်းအလဲတွေဟာ အဓိကအချက်ဖြစ်တယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။

“နိုင်ငံတကာစံနှုန်းအရ အားလုံးပါဝင်နိုင်ရေးကို ကောင်းမွန်တဲ့ ရွေးကောက်ပွဲတခုရဲ့ စံနှုန်းလို့ သက်မှတ်တဲ့အခါ မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ဖို့ကို ရည်ညွှန်းပါတယ်။ ဒါဟာ အဓိကအချက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံသားပြုရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတာတွေ အပြောင်းအလဲများစွာ ဖြစ်နေပါတယ်။ နိုင်ငံသားပြုရေး အရည်အချင်းတွေနဲ့ အရင်အစိုးရက ထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ်တွေ အခုထိ အကျုံးဝင်သလား မဝင်တော့ဘူးလား ဆိုတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်က မဲပေးခွင့်ရှိခဲ့တဲ့ ဒီယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေ မဲပေးခွင့်မရှိတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာက သမ္မတ ဖြစ်နေပါတယ်။ ဒါဟာလည်း တရားဝင် ရေးဆွဲထားတဲ့ မူဘောင်ကနေ ဖြစ်လာတဲ့ နောက်ထပ် ပြဿနာတခုပါပဲ၊ တကယ်လို့ မြန်မာလူဦးရေရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ဒီလူတွေရဲ့ ဆန္ဒမဲတွေ ရွေးကောက်ပွဲမှာ ပါဝင်မှုမရှိဘူးဆိုရင် ဖြစ်လာမယ့်ပြဿနာကို မြန်မာနိုင်ငံကပဲ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် မြန်မာ့လူဦးရေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုက ဆန္ဒမဲတွေ မပါဘဲ ရွေးကောက်ပွဲ ပြီးဆုံးသွားမှာ စိုးရိမ်လို့ ကျနော်တို့ အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို မီးမောင်းထိုးပြနေတာပါ။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် National Democratic Institute NDI ဟာ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်တဲ့ ပါတီစွဲမရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံသားတွေ ပူးပေါင်းပါဝင်မှု၊ အစိုးရရဲ့ တာဝန်ခံ တာဝန်သိမှု၊ ပွင့်လင်းမြင်သာမှုတွေကို အားပေးထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်းအနီး ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဖမ်းဆီးခဲ့တဲ့ မသင်္ကာသူရဲ့ လက်ဗွေရာဟာ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းမိခဲ့တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေပေါ်က လက်ဗွေရာနဲ့ ကိုက်ညီမှု ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းဆီးခဲ့တဲ့ အဲဒီ နိုင်ငံခြားသားဟာ ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့တဲ့ ကွန်ရက်မှာ အဓိကကျတဲ့လူ ဖြစ်တယ်လို့ ထိုင်း ရဲတွေက ယူဆနေကြပါတယ်။

အဲဒီ လူဟာ ဗုံးကို ဘန်ကောက်မြို့က တိုက်ခန်းဆီ သယ်ဆောင်ခဲ့တာ ဖြစ်နိုင်သလို၊ နတ်ကွန်းဆီ သယ်ဆောင် ခဲ့သူဟာလည်း သူပဲ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Prawut Thavornsiri က ဆိုပါတယ်။

ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အလိုရှိတဲ့ ဖမ်းဝရမ်း ထုတ်ထားသူ ၈ ဦးမြောက် ရှိသွားပြီ လို့လည်း သူက ပြောပါတယ်။

အခုချိန်အထိ နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးထားပြီး သူတို့ ဘယ်နိုင်ငံသား ဖြစ်တယ် ဆိုတာကိုတော့ ထိုင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

ပထမ နိုင်ငံခြားသားကို စနေနေ့က ဘန်ကောက်မြို့ တိုက်ခန်း တစ်ခုကို ဝင်စီးစဉ် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး၊ ဒုတိယ တစ်ယောက်ကိုတော့ အင်္ဂါနေ့က ဘန်ကောက်မြို့ အရှေ့ဘက် ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

http://www.bbc.com/burmese/world/2015/09/150902_bangkok_bomb_suspect_fingerprint

 chin-zozan-620.jpg ရန်ကုန်မြို့ လမ်းမတော်ပလာဇာမှာ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ NBF သတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ နေရာအနှံ့မှာ သဘာဝဘေးဒဏ်ခံနေရတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို အနည်းဆုံး တစ်လနောက်ဆုတ်ပေးဖို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံ တောင်းဆိုထားတယ်လို့ ပါတီခေါင်းဆောင် တွေက ဒီနေ့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၃ နဲ့ ဖွဲ့စည်းထားတဲ့ NBF ခေါ် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ဒီနေ့ ရန်ကုန်မြို့ လမ်းမတော်ပလာဇာမှာ သတင်းစာ ရှင်းလင်းပွဲကျင်းပရာ NBF အဖွဲ့ဝင် ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

"ရွေးကောက်ပွဲကို အနည်းဆုံးတစ်လ နောက်ဆုတ်ပေးဖို့ဖြစ်တယ်၊ ကျနော်တို့ ချင်းတောင်မှာ သဘာဝဘေး အန္တရာယ်ကျရောက်နေတဲ့ကာလဖြစ်တယ်၊ ဒီလူတွေက မဲပေးဖို့မပြောနဲ့ နိုင်ငံရေးသမားလာ ရင်တောင်ကြောက်တဲ့အနေအထားဖြစ်နေတယ်၊ ဒီဝေဒနာက သူတို့စိတ်ထဲမှာရှိနေတယ်၊ အဲ့ဒီကာလမှာ မဲလုပ်မယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့မဲရမှာမဟုတ်ဘူး၊ ဗျောက်သောက်ဖြစ်မှာဘဲလေ၊ မှန်ကန်တဲ့မျှတတဲ့၊ လွတ်လပ်တဲ့မဲစာရင်းတစ်ခု ထွက်လာဖို့ အင်မတန်ခက်လိမ့်မယ်"

အစိုးရအနေနဲ့ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေး ဆောင်ရွက်နေတာဟာ အင်အားကြီးပါတီအတွက် မဲဆွယ်ပေးသလို နဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှာကို စိုးရိမ်တယ်လို့ NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက ပြောပါတယ်။

"ကျနော်တို့စိုးရိမ်တာက ဒုက္ခရောက်နေတဲ့သူကို ပရဟိတအဖွဲ့တွေ၊ မြန်မာပြည်တစ်ပြည်လုံးကအဖွဲ့တွေလာပြီး အကူအညီပေးကြတယ်၊ နိုင်ငံတကာ ကလည်းပေးတဲ့အဖွဲ့တွေကလည်းပေးတယ်၊ အစိုးရကလည်း ကယ်ဆယ်ရေးတွေပေးတယ်၊ ဒီလူတွေပေါ်မှာ အစိုးရနဲ့ အာဏာရပါတီဆိုတာ အတူတူဘဲ၊ ပေးတဲ့အကူ အညီပေါ်မှာ အမြတ်ထုတ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်မှာစိုးတယ်၊ ကျနော်တို့က လုပ်စရာရှိတာလုပ်မှာဘဲ၊ ဒီလိုဒုက္ခရောက်တဲ့အချိန် မှာ အကူအညီပေးရင်းနဲ့ ကြံ့ခိုင်ရေးပါတီကပေးတာ၊ အစိုးရပါတီကပေးတာကို ယူကိုယူပါ"

NBF အဖွဲ့ထဲမှာ အင်းအမျိုးသားဖံွ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသား ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ "ဝ" ဒီမိုကရက်တစ်ပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၃ ပါတီပါဝင်ပြီး လာမယ့် ရွေးကောက်ပွဲ မှာ ပြည်သူ့လွှတ်တော် အတွက် ၁၈၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၁၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၃၈၁ ဦးနဲ့ တိုင်းရင်း သားရေးရာ ဝန်ကြီးနေရာအတွက် ၂၉ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ရာကျော် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA

 လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာရှိတဲ့ ဇမ္ဗူသီရိခန်းမဆောင်မှာ စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပနေစဉ်။ Photo: Win Ko Ko Latt/ RFA
လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခွန်အကောက်ဆိုင်ရာကိစ္စတွေ၊ ဘတ်ဂျက်ကိစ္စ တွေမှာ နားလည်မှုနည်းပါး တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။ နေပြည်တော် လွှတ်တော်ဝင်းထဲမှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ သူရဦးရွှေမန်း က အခုလို ပြော ကြားလိုက်တာပါ။

"ကျနော်တို့ လွှတ်တော်ရဲ့အားနည်းချက်ကိုပြောပါဆိုရင် ကျနော်တို့လွှတ်တော်မှာ အတွေ့အကြုံနည်းတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်ထဲကရော၊ လွှတ်တော်ကော်မတီထဲကရော၊ ကျနော်တို့ဆီမှာ ဘတ်ဂျက်ဆိုင်ရာ၊ အခွန်ကောက်ဆိုင်ရာ ကျွမ်းကျင်သူ၊ နားလည်သူ၊ မရှိဘူး၊ မရှိတဲ့အတွက် အဲ့ဒီချိန်မှာ ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ ဘတ်ဂျက်စီမံကိန်း၊ အခွန်ကောက်ကိစ္စတွေကို နားလည်သလောက် ကျနော်တို့ လုပ်နေရတယ်"

ဒါ့အပြင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို တချို့အဖွဲ့အစည်း တွေက လိုက်နာဆောင်ရွက်မှု မရှိကြောင်းလည်း သူရဦးရွှေမန်းက ပြောပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ ကိုပါ မြှင့်တင်ပေးဖို့ လိုအပ်နေကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

"ကိုယ်စားလှယ်များရဲ့အရည်အချင်းတွေဆိုတာ တစ်နည်းအားဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရဲ့ တာဝန်တွေလည်းဖြစ်တယ်၊ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့တာဝန်တွေလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ဒီကဝန်ထမ်းတွေကို အရည်အချင်းမြှင့်တင်ပေးဖို့ဆိုတာ လွှတ်တော်မှာ အဓိကတာဝန်ရှိပါတယ်၊ အဲ့ဒါ ကိုလည်း ကျမအလေးထားပါတယ်၊ လွှတ်တော်တစ်ခုဆိုတာ ဘယ်လိုလည်ပတ်ရမလဲဆိုတာ ဝန်ထမ်းများနားလည်ဖို့ လိုတယ်၊ ဒါပေမယ့် ဝန်ထမ်းများ နားလည် ရုံတင်မကဘူး၊ ဝန်ထမ်းများကို လုပ်ပိုင်ခွင့်တွေလည်းပေးရမယ်၊ အဲ့တော့ ကျမတို့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့လွှတ်တော်ကိုယ်စား လှယ်တွေက ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်များခိုင်းဖို့ အတွက်ဘဲမြင်နေရတယ်၊ ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက်မဟုတ်ပါဘူး၊ လွှတ်တော်အတွက်ဖြစ်ပါတယ်၊ နိုင်ငံအတွက်ဖြစ်ပါတယ်"

လွှတ်တော်အဆောက်အအုံ တချို့ဟာ လွှတ်တော်အင်္ဂါရပ်နဲ့ မညီကြောင်း ဒေါ်အောင်ဆန်းစုကြည်ကတင်ပြခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အကူအညီတောင်းပြီး ပြန်လည်မွမ်းမံရေးဆောင်ရွက်ဖို့ သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် ကို တာဝန်ပေးလိုက်ပါတယ်။

ဆွေးနွေးပွဲကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ IPU နိုင်ငံတကာ ပါလီမန်များအဖွဲ့နဲ့ တခြားအကူအညီပေးနေတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

"ဦးလေးရေ ... မျိုးစောင့်ဥပဒေကြီးသာ အားလုံး ခိုင်ခိုင်မာမာ အတည်ပြုပြဌာန်းပြီးသွားရင် မြန်မာတပြည်လုံးအတွက် ရင်အေးရပြီဗျ"
"ဘယ်လို ရင်အေးရမှာတုန်း?"
"မြန်မာအမျိုးကောင်းသမီးလေးတွေကို ကာကွယ်ပြီးသား ဖြစ်ပြီလေဗျာ"
"ဘယ်လို?"
"မြန်မာ အမျိုးသမီးလေးတွေကို ဥပဒေ နဲ့ စောင့်ရှောက်နိုင်ပြီလေဗျာ"
"အချုပ်ခန်းထဲမှာ ရဲက မုဒိမ်းကျင့်တာခံရတဲ့ အမျိုးသမီး မြန်မာပြည်မှာ မရှိဘူးလို့ မင်းထင်လား?"
"ဟင် ... ရှိလို့လား?"
"ရှိရင် မင့်ကြီးဒေါ်ကြီးကို ငါ့အိမ်ပို့မှာလား?"
"ဟာဗျာ .. "
"မဟာ နဲ့ အမျိုးသမီးတွေကို တကယ် စောင့်ရှောက်နိုင်တာဘာလဲသိလား?"
"မ.ဘ.သ နဲ့ မျိုးချစ်တွေရယ် ... သမ္မတကြီးတို့ အစိုးရအဖွဲ့ရယ်ပေါ့။မြန်မာ့တပ်မတော်လည်း ပါတယ်လေ"
"လက်ပတောင်းတောင်က ဒေါ်ခင်ဝင်းကို မ.ဘ.သ က စောင့်ရှောက်နိုင်သလား?"
"အဲ"
"ခုနက အချုပ်ခန်းထဲ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကိုရော မ.ဘ.သ က စောင့်ရှောက်နိုင်သလား?"
"အဲ"
"အဲ့ဒီ နှစ်ယောက်စလုံးကို မျိုးချစ်တွေရော စောင့်ရှောက်နိုင်သလား?"
"အဲ"
"သမ္မတကြီးတို့ အစိုးရအဖွဲ့ကရော စောင့်ရှောက်နိုင်သလား?"
"အဲ"
"တံတားအောက်မှာ သမီးရည်းစား စုံတွဲကို ခြိမ်းခြောက်ပြီး ကောင်မလေးကို မုဒိမ်းကျင့်လွှတ်လိုက်တဲ့ စစ်သားတွေအမှုကိုရော မြန်မာ့တပ်မတော်က ဘယ်လို စီစဉ်လိုက်သတဲ့လဲ?"
"ဟာဗျာ ... ခေါင်းရှုပ်အောင် လာမမေးနဲ့တော့ ကုလားတွေရန်က ကာကွယ်ဖို့အတွက် မြန်မာ့တပ်မတော်က အရေးကြီးတယ်"
"ဘင်္ဂလီတွေကို ရန်ကုန်ပို့ပေးတဲ့ တပ်မတော်ကို ပြောတာလား?"
"ဟာဗျာ ... "
"မင်းကလေ .. ပြောလိုက်ရင်လည်း နဝေတိမ်တောင် နဲ့ မပြောပြန်ရင်လည်း မင်းပဲ မြန်မာပြည်ကို ကယ်တင်နေသလိုလို ဘာကောင်မှန်းကို မသိဘူး"
"အဲ့လိုတော့ မပြောပါနဲ့ ဦးလေး။ ဆရာတော် ဦးဝီရသူတို့လို သံဃာတော်တွေမှာ လောကုတ္တရာ အရေးတွေကို ပစ်ထားပြီး လောကီလူ့ဘောင်အတွင်းမှာ ဟီရိသြတပ္ပ တရားတွေ ဆိတ်သုဉ်းကုန်မှာစိုးလို့ စေတနာနဲ့ ကူညီနေရတာဗျ။ ကျော်တို့အနေနဲ့ ကိုယ်ချင်းစာပြီး လေးစားပေးသင့်ပါတယ်"
"ဘယ်လို စေတနာနဲ့ ကူညီတာလဲ?"
"အခုပဲကြည့်လေဗျာ ... တစ်လင် တစ်မယား စနစ် အတွက် ဥပဒေ ပြဌာန်းလိုက်ပြီ။ ဖောက်ဖျက်ရင် ၇ နှစ်ကျမယ်လေ။ ဒါလောကီ လူ့ဘောင်အတွက် ဝမ်းသာစရာ မဟုတ်ဘူးလား?"
"ပြောစမ်းပါဦး ဒီမှာ တစ်လင် တစ်မယား စနစ် လုပ်လိုက်တော့ မြန်မာပြည်မှာ အဆင်မပြေလို့ထိုင်းမှာ ရရာအလုပ်တွေ သွားလုပ်နေရတဲ့ မြန်မာမိန်းကလေးတွေ အားလုံး အဆင်ပြေသွားရောတဲ့လား?"
"အဲ"
"စင်္ကာပူမှာ အိမ်ဖော်လုပ်နေရတဲ့ မြန်မာမိန်းကလေးတွေ အဆင်ပြေသွားရောတဲ့လား?"
"အင်"
"ဟောင်ကောင်ကို ပို့ခံရတဲ့ မြန်မာအိမ်ဖော်လေးတွေ ဂုဏ်တက်သွားရောတဲ့လား?"
"ဟာဗျာ ... ကိုယ့်နိုင်ငံအတွင်းမှာ နိုင်ရာ နိုင်ရာ နိုင်သလောက် စောင့်ရှောက်ပေးတာ မှားသလားဗျ"
"ဟ ... မစောင့်ရှောက်နိုင်လို့ သူများဆီမှာ ရရာအလုပ်တွေ ထွက်အလုပ်လုပ်နေကြတာပေါ့ကွ"
"အခု စောင့်ရှောက်ပြီလေ"
"သွားကြည့်ပါ နယ်စပ်ဂိတ်တွေကို"
"ဘာသွားကြည့်ရမှာလဲ?"
"တန်းစီပြီး ပြည်ပထွက်နေကြတဲ့ မြန်မာ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေကို တွေ့ချင်ရင် သွားကြည့်ပေါ့"
"သူတို့ဟာ သူတို့ သွားချင်လို့ သွားတာပဲဗျာ"
"ဟ သောက်ပိန်းရ ... ပြည်တွင်းမှာ အဆင်ပြေနေရင် ဘယ်သူက အပင်ပန်းခံပြီး ထွက်မှာလဲ?"
"ထွက်ချင်ထွက်မှာပေါ့"
"နယ်စပ်မှာ တန်းစီပြီး မျက်နှာငယ်လေးတွေနဲ့ သူများဆီ အလုပ်လုပ်ဖို့ ထွက်ရတဲ့ စင်္ကာပူ နိုင်ငံသား ဘယ်နှယောက် မင်းမြင်ဖူးသလဲ?"
"အဲ"
"အင်္ဂလန်တို့ အမေရိကန်တို့ နော်ဝေ တို့မှာရောရှိသလား?"
"အဲ"
"ခွေး "အ" ကြီး လှည်းနင်းခံရပြီ"
"ဟာဗျာ ... "
"မ ဟာ နဲ့ သိန်း နဲ့ သန်းနဲ့ ချီတဲ့ တို့နိုင်ငံသားတွေ ပြည်ပမှာ ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ မိဝေး၊ ဖဝေး၊ မိသားစုနဲ့ခွဲပြီး အဆင်ပြေသလို ရှင်သန်ကြရတဲ့ပြဿနာတွေဟာ တို့တိုင်းပြည်ကြီးမှာ အမျိုးကိုထိုင်စောင့်နေကြရုံနဲ့အဆင်ပြေသွားမယ်လို့ မင်းထင်သလား?"
"ဘာပဲ ဖြစ်ဖြစ် အမျိုးကိုတော့စောင့်သင့်တယ်။ အဲ့ဒါ အရေးကြီးတယ်။ ဒါကြောင့် သမ္မတကြီးကလည်း အမျိုးစောင့်ဥပဒေကို လွှတ်တော်ကို တင်သွင်းပေးတာပေါ့။ ဆရာတော်တွေ နဲ့ သမ္မတကြီး တို့ကို ကျေးဇူးမတင်ချင်ရင်နေ ...လေးတော့ လေးစားသင့်ပါတယ် ဦးလေးရာ"
"အမျိုးစောင့်တယ် ဆိုတာ မင်းဘယ်လို နားလည်သလဲ?"
"မိန်းကလေးတွေကို စောင့်ရှောက်တာလေ"
"ဘယ်လို စောင့်ရှောက်တာလဲ?"
"လူမျိုးခြား ဘာသာခြားတွေရန်က ကာကွယ်ပေးတာလေ"
"မြန်မာပြည်မှာ တစ်ရက်လုပ်ခ ၃၆၀၀ တောင်ရဖို့ခက်ပြီး ငတ်နေတဲ့မိန်းကလေးတွေ အများကြီးရှိတယ်... အဲ့ဒါ မင်းသိလား?"
"အင်း လေ ... ဘာဖြစ်လဲ?"
"အဆင်မပြေလွန်းလို့ ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ မိန်းကလေးတွေ တရုတ်ပြည်နယ်စပ်အထိ သွားနေကြတာရော မင်းသိလား?"
"ဘာဆိုင်လဲဗျာ"
"အဲ့ဒီ မိန်းကလေးတွေကို မင်းတို့ မျိုးချစ်တွေ၊ မ.ဘ.သ တွေ နဲ့ သမ္မတကြီးတို့ အစိုးရအဖွဲ့က ဘယ်လို စောင့်ရှောက်မှာလဲ? မြန်မာ့တပ်မတော်ကရော ဘယ်လို စောင့်ရှောက်သတဲ့လဲ?"
"အဲ"
"အမှန်တကယ် စောင့်ရှောက်ချင်ရင် နိုင်ငံသားတိုင်းကို ဥာဏ်ပညာနဲ့ ယှဉ်တဲ့ အတွေးအခေါ်တွေ မွေးဖွားပေးဖို့လိုတယ်။ သူတို့ဘဝ လွယ်ကူအဆင်ပြေစေမယ့် အလုပ်အကိုင်နဲ့ ဖူလုံတဲ့ လုပ်ခ လစာတွေ ဖန်တီးပေးနိုင်ဖို့လိုတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး ၊ ဝတ်ရေး ဆက်သွယ်ရေးတွေ အဆင်ပြေနေပြီး အသိဥာဏ်ပညာလည်း အတန်အသင့်ရှိတဲ့လူကို ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သူတို့မကြိုက်တာ လုပ်ခိုင်းလို့မရဘူး ဆိုတာ မင်းလက်ခံလား?"
"အင်း ... လက်တော့ လက်ခံပါတယ်"
"ဒါဆိုရင် တစ်လင် တစ်မယား စနစ် တွေ မျိုးစောင့်ဥပဒေတွေထက် ပညာရေးနဲ့ စီးပွားရေးက အရေးကြီးတယ်လို့ မထင်ဘူးလား?"
"အဲ"
"အဲ့ဒီ ပညာရေးတွေ စီးပွားရေးတွေကို ပြောင်းလဲအောင်လုပ်ဖို့ ငြိမ်းချမ်းရေးကရော အရေးမကြီးဘူးလား?"
"အင်း .. နော်"
"အဲ့ဒီ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်က အရေးကြီးတယ်ဆိုရင် မင်းဘာပြောမလဲ?"
"အဲ"
"တစ်လင် တစ်မယား စနစ်ကို ထောက်ခံတာ ကောင်းပါတယ်။ ဒါပေမယ့် .."
"ဒါပေမယ့် ဘာဖြစ်လဲ ဦးလေး?"
"တစ်လင် တစ်မယား စနစ်ဆိုတာ လူ့အသိုင်းအဝိုင်းက အလိုလို လက်ခံပြီးသား။ ဥပဒေ ထုတ်စရာကို မလိုတာကွ။ ဖောက်ပြန်တဲ့သူဟာ တို့မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ အလိုလို ရွာပြင်ရောက်သွားမှာပဲဆိုတာ လူတိုင်းသိတယ်"
"ဟုတ်တယ်နော်"
"အရေးအကြီးဆုံးက ငြိမ်းချမ်းရေး၊ ပညာရေး ၊ စီးပွားရေး တွေ အဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ့် စစ်မှန်တဲ့ နိုင်ငံရေးစနစ်... တနည်းပြောရရင် ဒီမိုကရေစီ စနစ် ပီပြင်လာရေးပဲ"
"အင်း"
"အခုလို နိုင်ငံရေးစနစ် ပီပြင်လာဖို့ အားလုံးဝိုင်းပြီး အားထုတ်နေကြချိန်မှာ ဘာမှ ကူညီရာမရောက်တဲ့အပြင် နှောက်ယှက်တဲ့သဘောဆောင်တဲ့ မီးမွှေးလို့ကောင်းတဲ့ အလုပ်တွေ ပြဿနာရှာလို့အကောင်းဆုံးအလုပ်တွေဖြစ်တဲ့ အမျိုးစောင့်တွေ တစ်လင်တစ်မယားစနစ်တွေကို လျှောက်ပြီး ဥပဒေပြုနေတာဟာ ဘာနဲ့တူသလဲသိလား?"
"ဟင့်အင်း"
"မှတ်ထား ... အဲ့ဒါ မယောင်ရာကို ဆီလူးတယ် လို့ခေါ်တယ်"
"မယောင်ရာကို ဆီလူး တော့ ဘာဖြစ်သလဲ ဦးလေး?"
"ယောင်တဲ့ နေရာလည်း မသက်သာဘူး ဆီလည်းကုန်တယ်လေကွာ"
"အဲဒီတော့?"
"အဲ့ဒီတော့ မင်းတို့ ခေတ်စကားနဲ့ပြောရရင် Lose-Lose Situation ပေါ့ကွာ"
"Lose-Lose ဆိုတော့ ဘာဖြစ်လဲ ဦးလေး?"
"အဖက်ဖက်က ရှုံးတဲ့သဘောပေါ့ကွာ။ အဖက်ဖက်ကရှုံးအောင် လုပ်တဲ့လူတွေက ဘယ်လို လူစားတွေလဲ သိလား?"
"သိဘူး"
"သောက်သုံးတစ်စမှ မကျတဲ့သူတွေပေါ့ကွာ"
"@$#@$%$%^!!"
_________
အောင်ကြီး

Credit.... Aung Gyee

မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများအတွက် ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုပ်ဆောင်နေမှုများတွင် အနုပညာရှင်အများအပြားကလည်း တက်ကြွ ပါဝင်လျက်ရှိသည်။ ယင်းသို့ပါဝင်ကူညီနေသူများတွင် ပြည်ပနိုင်ငံသို့ ဂီတအနုပညာများ ဆည်းပူးလေ့လာရန် ထွက်ခွာသွားသူ အဆိုတော်ဆောင်းဦးလှိုင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ရေဘေး ကယ်ဆယ်ရေးအတွက် သာမက ၂၀၁၅ ရွေးကောက်ပွဲတွင် မှန်ကန်သည့် ရွေးချယ်မှုများဖြစ်စေရန် တစ်နိုင်တစ်ပိုင် ပါဝင်ကူညီသွားရန် စီစဉ်ထားသည့် အဆိုတော် ဒေါက်တာဆောင်းဦးလှိုင်နှင့် အွန်လိုင်းမှတစ်ဆင့် မေးမြန်းဖြစ်ခဲ့သည်များမှာ . . .

မေး- ရေဘေးသင့်ဒေသတွေအတွက် ကိုဆောင်းဦး ရောက်နေတဲ့နေရာမှာ အလှူငွေရှာဖွေဖို့ လုပ်ဆောင်ဖြစ် တဲ့အကြောင်းလေး အရင်သိချင်ပါတယ်။

ဖြေ- အကြောင်းရင်းကတော့ ရေဘေးသင့်ဒေသတွေက ကြီးမားကျယ်ပြန့်လှပါတယ်။ ပြန်လည်ထူထောင်ရေးအထိဆိုရင် လိုအပ်ချက်တွေအများကြီးရှိပါတယ်။ မြန်မာပြည်က စိတ်ကောင်းနှလုံးကောင်းရှိသူများနဲ့ ကမ္ဘာပေါ်က အလှူရှင်တွေပါ စာနာထောက်ထားတဲ့ကူညီပံ့ပိုးမှုတွေ များများရရှိပါစေဆိုတဲ့ဆန္ဒနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။ နှိုးဆော်နိုင်ဖို့ အဓိကရည်ရွယ်တာပါ။

မေး- မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်ဒေသ ၁၁ ခုမှာ ရေဘေးအခက်အခဲတွေ ကြုံတွေ့ရတယ်။ အဲဒီအခါ ပြည်သူပြည်သားအချင်းချင်းပဲ အဓိကရိုင်းပင်းကူညီရပြီး သဘာဝဘေးအန္တရာယ်ကို စနစ်တကျ ကြိုတင်ကာကွယ်နိုင်မှုတွေ အားနည်းခဲ့တယ်။ အဲဒီအပေါ် ကိုဆောင်းဦးရဲ့အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ- တိုင်းနဲ့ပြည်နယ်ဒေသ ၁၁ ခုမှာ ရေဘေးသင့်ခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စီမံခန့်ခွဲမှုတွေ၊ ကြိုတင်ကာကွယ်မှုတွေကတော့ အရမ်းအားနည်းခဲ့တယ်။ လူတိုင်းလည်း သိကြပါတယ်။ မရှိမဲ့ရှိမဲ့နဲ့ လှူကြတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ လုပ်အားပေးခဲ့ကြတဲ့၊ လှူဒါန်းခဲ့ကြတဲ့ စေတနာရှင် ပြည်သူပြည်သားတွေကို လေးစားစွာကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ခြွင်းချက်တစ်ခုတော့ရှိပါတယ်။ မတရားတဲ့နည်းနဲ့ စီးပွားရှာ ကြီးပွားခဲ့ကြတဲ့၊ အဂတိတရားကို အသုံးချပြီး တိုင်းပြည်သယံဇာတ (အဓိကသစ်တောများ) ကို ထုတ်ယူပြီး ကိုယ်ကျိုးရှာကြတဲ့ ၀ိသမစီးပွားရေး သမားကြီးများကို (ရေဘေးအလှူပွဲများမှာ Lobby လုပ်ပေးနေကြတာတော့ မသင့်ဘူး ထင်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီး လှူဒါန်းကြပါတယ်။ သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုနဲ့ယှဉ်ရင် မပြောပြလောက်တဲ့ပမာဏပါ။ အကယ်၍ သဘာဝပတ်ဝန်းကျင် ပျက်စီးစေအောင်၊ သစ်တောတွေပြုန်းအောင်၊ အဂတိတရားတွေ တိုင်းပြည်မှာဆက်ရှိနေအောင် လုပ်နေကြတဲ့ သူဌေးကြီးတွေဆိုရင်တော့ အလှူဟာကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာပါ။ Lobby တော့ မလုပ်ပေးသင့်ပါဘူး။)

မေး- ရေဘေးအတွက် နိုင်ငံသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်အနေနဲ့ ထပ်မံလုပ်ဆောင်ကူညီ သွားမယ့် အစီအစဉ်တွေကိုလည်း သိချင်ပါတယ်။

ဖြေ- နိုင်ငံသားတစ်ယောက် အနုပညာရှင် တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင် ကြိုးစားခဲ့ပါတယ်။ ရေဘေးကိစ္စမှ မဟုတ်ပါဘူး။ အမိမြန်မာပြည်အတွက် လူတိုင်းဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ တာဝန်ကျေဖို့လို အပ်ပါတယ်။ အမှန်တရားမြတ်နိုးသူတွေ လက်တွဲညီတဲ့တစ်နေ့မှာ တိုင်းပြည်ရဲ့ဒုက္ခအချို့ကို လျော့ပါးစေ နိုင်လိမ့်မယ်လို့ မြင်မိပါတယ်။ အားလုံးကို ဆက်လက်နှိုးဆော်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။

မေး- မကြာခင်မှာ ပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့ အနုပညာရှင် အသီးသီးက လုပ်ဆောင်လျက်ရှိရာမှာ ကိုဆောင်းဦးလည်း ပါဝင်နေတာတွေ့ရပါတယ်။ ရွေးကောက်ပွဲအတွက် ဂီတအနု ပညာနဲ့ သီချင်းရေးစပ်တာ၊ သီဆိုတာတွေရော လုပ်ဖြစ်ဖို့ ရှိမလား။

ဖြေ- ၂၀၁၅ ရွေးကောက်ပွဲက အရမ်းအရေး ကြီးပါတယ်။ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်မယ်။ တကယ်အာဏာလွှဲပေးမယ်။ အာဏာပြန်မသိမ်းဘူးဆိုရင် ပြည်သူ့ဘက်တော်သားတွေ၊ အမေစုတို့တတွေ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ ပြည်သူတွေ မှန်ကန်တဲ့ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြည်သူတွေ တကယ်ရွေးချယ်ခွင့်ရလျက်နဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်တော့ အားလုံးဒုက္ခရောက်မယ်။ ကျွန်တော်လည်း ဒုက္ခရောက်မယ်။ ပြည်သူတွေ ရွေးချယ်မှုဟာ မှန်ကန်ပြီး တိုင်းပြည်လမ်းကြောင်းမှန်ပေါ် ရောက်ရင် ကျွန်တော်လည်း အဆင်ပြေပြီပေါ့ ဗျာ။ ကျွန်တော်လည်း အများထဲက တစ်ယောက်မို့လို့ပါ။

မေး- ကိုဆောင်းဦး ပြည်ပကိုရောက်ရှိနေတာ ဂီတအနုပညာအတွက် ဆည်းပူးလေ့လာဖို့ သက်သက်ပဲလား။

ဖြေ- ဂီတအနုပညာတွေလည်း ဆည်းပူးလေ့လာခွင့်ရသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လေ့လာပါတယ်။ အခုဆိုရင် မြို့ပြစည်ပင်ဖွံ့ဖြိုးရေး၊ စိမ်းလန်းရေးတွေပါ လေ့လာဖြစ်နေပါတယ်။

မေး- မြန်မာနိုင်ငံကို ဘယ်တော့လောက် ပြန်လာဖြစ်မလဲ။ ပြန်ရောက်တဲ့အခါ လုပ်ကိုင်သွားဖို့ရှိတဲ့ အနုပညာ အစီအစဉ်တွေကိုလည်း သိချင်ပါတယ်။

ဖြေ- မျှော်လင့်ချက်က ရှင်းပါတယ်။ လူကောင်းသူကောင်းတွေ အုပ်ချုပ်မင်းလုပ်ခွင့်ရပြီး ပြည်သူတွေကသာ တိုင်းပြည်ရဲ့ အရှင်သခင်ဆိုတာ အသိအမှတ်ပြုတဲ့တစ်နေ့၊ ဒီမိုကရေစီစနစ် ကောင်းကောင်းထွန်းကားရင် ပြန်ခဲ့ပါမယ်။ အဲဒီလိုဖြစ်လာအောင် အဝေးကနေရင်ပဲဖြစ်ဖြစ် ၀ိုင်းဝန်းကူညီကြိုးစားမှာပါ။ ပြည်သူတွေ တကယ်ပျော်နိုင်မော်နိုင်တဲ့တစ်နေ့၊ အသက်သိပ်မကြီးသေးဘူးဆိုရင် သီချင်းတွေ ရေးဆိုထုတ်လုပ်ချင်ပါတယ်။ နိုင်ငံရေးပါဝင်မှု နည်းနည်းနဲ့ သီချင်းတွေထုတ်လုပ်ဖို့ ပရိသတ်တချို့က တောင်းဆိုမျှော်လင့်ပေမယ့် အခုထိတော့ သူတို့ဆန္ဒကိုမဖြည့်ဆည်းနိုင်သေးပါဘူး။ နိုင်ငံ့အရေးက အရေးကြီးနေချိန်မို့ပါ။ အဲဒီဖိအားတွေ လျော့ကျသွားဖို့ အခုကြိုးစားနေကြတာပါ။

မေး- ရေဘေးသင့်ဒေသတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေ မှာလည်း ပါဝင်သီဆိုတာ တွေ့ရပါတယ်။ နောက် ထပ် ထပ်မံပါဝင်ဖြစ်ဖို့တွေ ရှိမလားရှင့်။

ဖြေ- အမေရိကန်ကို စက်တင်ဘာ ၂၂ ရက် အရောက်သွားရပါမယ်။ NLD ပညာရေး၊ကျန်းမာရေး ကွန်ရက် ရန်ပုံငွေအတွက် ပြီးတော့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေးအတွက် ကိုယ်စွမ်ဥာဏ်စွမ်း ရှိသလောက် ကူညီဖျော်ဖြေဖို့သွားမှာပါ။

မေး- မြန်မာပြည် ပရိသတ်တွေအတွက် ကိုဆောင်းဦး ပေးချင်တဲ့စကားလက်ဆောင်ရှိရင် ပြောပေးစေချင်ပါ တယ်။

ဖြေ- ကောင်းမွန်တဲ့၊ ပြည်သူကိုချစ်တဲ့၊ ပြည်သူကချစ်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ အင်မတန်ကို အရေးကြီးပါတယ်။

Writer: လင်းလင်းခိုင်
.
Credit : Eleven Media Group

တစ်လင်တစ်မယားဥပဒေအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြံပြုချက်၊ ဦးဖိုးဖြူ

တစ်လင်တစ်မယားဥပဒေဆိုတော့ လူကြားလို့ကောင်းပါတယ်။ ငယ်လင်ငယ်မယား အိမ်ထောင်ရှင် တွေက သဘောကျကြပါတယ်။ ဒီဥပဒေဟာ အိမ်ထောင်ရှင်မတွေကိုရော၊ ကိုယ့်လင်ယောကျာ်းကိုပါ ခြိမ်းခြောက် နေတဲ့ ဥပဒေဆိုတာ နားလည်ရပါမယ်။ အကြောင်းကတော့ ဥပဒေပြဋ္ဌာန်းချက်ဟာ တရားမျှတမှု မရှိလို့ပါဘဲ။
လင်ယောကျာ်းက နောက်မယားယူတာ၊ ဒါမှမဟုတ် အခြားမိန်းမတစ်ယောက်နဲ့ သွားအိပ်တာ ပြစ်မှုဆို ရင် တစ်ယောက်တည်း ကျူးလွန်လို့ ရတာမှမဟုတ်ဘဲ။ ကိုယ့်လင်ယောကျာ်းကို ယူထားတဲ့၊ ဒါမှမဟုတ် အတူ အိပ်တဲ့ နောက်မိန်းမ ဒါမှမဟုတ် အပျော်အချစ်တော်မှာလည်း အပြစ်ရှိရမှာပါဘဲ။ လောကဓမ္မအရဘဲ ကြည့်ကြည့်၊ ဥပဒေယုတ္တိဗေဒအရဘဲ ကြည့်ကြည့်၊ လင်ယောကျာ်းနဲ့အတူ အပျော်ကျူးသူလည်း အပြစ်ရှိရမှာပါ ဘဲ။

ဒါပေမယ့် တစ်လင်တစ်မယားဥပဒေက အဲဒီနောက်မိန်းမ ဒါမှမဟုတ် အပျော်အချစ်တော်ကို အပြစ် ရှိတယ်လို့ မသတ်မှတ်ပါဘူး။ သူ့ကို ပြစ်ဒဏ်လည်း ပြဋ္ဌာန်းမထားပါဘူး။ နောက်မိန်းမနဲ့ အတူနေတဲ့ လင် ယောကျာ်းကသာ အပြစ်ရှိပြီး အဲဒီလင်ယောကျာ်းနဲ့ အတူနေတဲ့ မိန်းမက အပြစ်မရပါဘူး။ လင်ခိုးတာအပြစ် မဟုတ်ပေမယ့် မယားခိုးရင်တော့ မယားခိုးမှုဖြစ်နိုင်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ဟာ တရားမျှတမှု မရှိပါဘူး။
ဒီတော့ ဖြစ်လာနိုင်ချေတွေဟာ စိုးရိမ်စရာကောင်းပါတယ်။ အိမ်ထောင်သည်ယောကျာ်းတွေဟာ နောက်ကောင်မလေးတစ်ယောက်ကို ထပ်ချစ်မိလို့ ပတ်သက်မိတာဘဲဖြစ်ဖြစ်၊ ခဏတာအတွက် အိပ်ဖော်ရှာ တာဘဲဖြစ်ဖြစ်၊ အတူနေမိပြီဆိုရင်တော့ ကိုယ်နဲ့အတူနေခဲ့မိတဲ့မိန်းကလေးဟာ ကြီးကြီးငယ်ငယ် အဲဒီယောကျာ်း အတွက် အန္တရာယ်ကိုလွယ်ထားမိပြီဆိုတာ သတိပြုရပါတော့မယ်။ အကြောင်းကတော့ အဲဒီမိန်းကလေးကို အပြစ်မသတ်မှတ်ထားတဲ့အတွက် သူကတိုင်ရင် ကိုယ်ကထောင်ကျနိုင်ပါတယ်။ သူကတော့ ကိုယ်နဲ့အပြစ် အတူကျူးလွန်သူအဖြစ် ထောင်ကျမှာ မဟုတ်ပါဘူး။

ဒီဥပဒေရဲ့ အားနည်းချက်ကို သိထားတဲ့ အမျိုးသမီးငယ်တွေဟာ ထောင်ခြောက်ပြီး အမျိုးမျိုး ညှစ်လာ နိုင်ပါတယ်။ မရရင် မယားကြီးဆီလာပြီး ခြိမ်းခြောက်ဓါးပြတိုက်လာတာမျိုးထိ ဖြစ်လာနိုင်ပါတယ်။ မယားကြီးက ကိုယ့်ယောကျာ်းလည်း သောက်ရှက်ကွဲ၊ ထောင်လည်း ကျမယ့်အဖြစ်ကို မမြင်လိုတော့ ဥစ္စာဆုံးရှုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်လင်ကို ကွာပေးရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီဥပဒေအရ မယားကြီးက လက်ထက်ပွားပစ္စည်းအားလုံးကို ပိုင်ဆိုင်ဖို့ဆိုတာ ကိုယ့်လင်အိမ်ထောင်ရေးပြစ်မှုနဲ့ ထောင်ကျမှ ရမယ့်အဖြစ် ပါ။ လင်ကို ထောင်ချပြီးမှ ဥစ္စာယူရမယ့်အဖြစ်ဟာ လက်တွေ့မှာ ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ အိမ်ထောင်ကြီး ငယ်လင်ငယ်မယားတွေကို အကျိုးမပြုပါဘူး။

နောက်အိမ်ထောင်က အမျိုးသမီးတွေ၊ ဒါမှမဟုတ် အပျော်နေကောင်မလေးတွေကို ကြိုက်သလိုနေ၊ အပြစ်မရှိ၊ မယားကြီးကို ကွာပေးဖို့တောင်း၊ သူ့ဥစ္စာကို လိုချင်တာတောင်း၊ မရရင်ထောင်နဲ့ခြောက် ဆိုတာမျိုး လုပ်ဖို့ အခွင့်အလမ်းပေးထားပါကြောင်း တွေ့ရပါတယ်။
မယားကြီးနဲ့ ကွာမပေးရင် မယားပြိုင်မဖြစ်ရ အတူတူ၊ ဥပဒေအရ ဘာအကျိုးခံစားခွင့်မှ မရမှာအတူတူ နောက်မယားတွေကလည်း တစ်လင်တစ်မယားဥပဒေနဲ့ ဥစ္စာညှင်းပွဲတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ မယားကြီးတွေအနေနဲ့ကလည်း ကိုယ့်ယောကျာ်းမှာ အငယ်အနှောင်း ပြဿာနာတစ်ခုခုရှိနေနိုင်တယ်လို့ ထင်ရင် အခုကတည်းက စောစောစီးစီး ကွာရှင်းစာချုပ်ကို ပြင်ဆင်ပြီး ယောကျာ်းကို ပေးထားသင့်ပါတယ်။ ခြိမ်းခြောက်ငွေညှစ်လာတဲ့ကိစ္စတွေနဲ့ အမှုအခင်းတွေကိုပါ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း အကြံပြုအပ် ပါတယ်။
ဒီတစ်လင်တစ်မယားဥပဒေဟာ မြန်မာအမျိုးသမီးငယ်တွေရဲ့ အကျင့်စာရိတ္တကို မြှင့်တင်ရာ မရောက် တဲ့အပြင် ဥပဒေဘောင်ထဲမှ ဓါးပြတိုက်တတ်တဲ့ အတတ်ကိုပါ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ခြုံငုံကြည့်ရင် ရွေးကောက်ပွဲမှာ မဲရဖို့အတွက် လူစိတ်ဝင်စားအောင် အပေါစားလူပြိန်းကြိုက် ဥပဒေပြဋ္ဌာန်းသာသာ ဖြစ်ပြီး ပြန်လည်ဖျက်သိမ်းရမည့် ဥပဒေဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်

ဦးဖိုးဖြူ

သန်လျင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦး တရားခံတွေကိုဝင်ဖမ်းရင်း ဓါးနဲ့ထိုးသတ်ခံခဲ့ရပါတယ်။ တလောကလဲ လှိုင်သာယာမှာ အဓ္ဓမကျင့် လုယက်သွားတဲ့တရားခံတွေ
လိုက်လံစုံစမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကို တရားခံတွေရဲ့ လူမဆန်စွာဓါးနဲ့ခုတ်သတ်ခြင်းခံခဲ့ရပြန်ပါတယ်။ဒဂုံမြောက်ဘက်မှာလဲ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်သူကို တာဝန်အရဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲကို မကျေနပ်လို့ဆိုပြီး ထောင်ထွက်လူသတ်သမားရဲ့ ဓါးနဲ့ လိုက်ခုတ်ခြင်းကို ခံခဲ့ရပါတယ်။အထက်ဖော်ပြပါ အကြောင်းအရာ အားလုံးဟာ အနီးစပ်ဆုံးသိရသမျှသာဖြစ်ပါပြီ်း ဖြစ်စဉ်များစွာကျန်ရှိနေပါသေးတယ်။ ယခုလိုသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တို့အားမှီခိုနေကြရသော မိသားစုများမှာတော့ ရွှေတောင်ကြီးပြိုလဲခဲ့ရပါပြီ။ ဤအမှုကိုကျူးလွန်ခဲ့သူတို့ ထိုရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုတို့၏ ဆုံးရှုံးနစ်နာမှုကို မည်သို့မည်ပုံ ပေးဆပ်ပါမည်နည်း။ စာရေးသူ၏ သဘောအရဆိုလျှင် သေစား သေစေ ဟုအမိန့်ချမှာ အမှန်ပင်ဖြစ်သည်။သို့သော်လဲ စာရေးသူသည် အာဏာပိုင်မဟုတ်သလို တရားသူကြီးမင်းလဲ မဟုတ်သည့်အတွက် တာဝန်ရှိသူများကသာ သင့်လျော်သလို ဆောင်ရွက်နိုင်ပါသည်။ သို့ရာတွင် ပြောပြချင်သောအကြောင်းအရာများရှိလာပါသည်။
ယခုကဲ့သို့ရဲတပ်ဖွဲ့ဝင်များမဆုံးရှုံးသင့်ဘဲသေဆုံးရခြင်းမှာ

၁။တပ်ဖွဲ့နှင့်ပြည်သူတစ်သားတဲ့မရှိခြင်း။
၂။အမှန်တကယ်လုပ်ကိုင်နေရသော အောက်ခြေရှိရဲတပ်ဖွဲ့ဝင်များထံတွင် လုပ်ပိုင်ခွင့် အမိန့်အာဏာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိခြင်း။
၃။အဆင့်ဆင့်တာဝန်ယူမှုမရှိခြင်း။
၎။လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နှင့်မိမိကိုယ်ကို ကာကွယ်ရန်လက်နက်ပြည့်စုံကောင်းမွန်မှုမရှိခြင်း။
စသည့်အချက်များကြောင့် ဖြစ်ရတယ်လို့ ယေဘူယျအားဖြင့်သတ်မှတ်ပါတယ်။ စာရေးသူထက်သိရှိသူများလဲ ရှိနေအုံးမယ်လို့ယုံကြည်ပါတယ်။ နိုင်ငံတကာနှင့်ယှဉ်ရမည်ဆိုလျှင်လဲ စာရေးသူ၏ချစ်လှစွာသော ရဲတပ်ဖွဲ့ကြီးမှာ နိမ့်ကျနေပါသေးတယ်။ ဒီမိုကရေစီရဲ့ဖခင်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံဟာဆိုရင် နိုင်ငံ့ဝန်ထမ်းများကိုအလွန်တန်ဖိုးထားပါတယ်။ရဲတပ်ဖွဲ့ဝင်များထံတွင် လုပ်ပိုင်ခွင့်အာဏာနှင့်အတူ လက်နက်အပြည့်အစုံတပ်ဆင်ပေးထားပါတယ်။သံသယရှိသူ ဆိုပါက ပစ်ခတ်ဖမ်းဆီးပိုင်ခွင့်ရှိပါတယ်။တစ်နေ့လျှင် ပျှမ်းမျှ သံသယရှိသူ ၂ ဦးခန့်ကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှိရဲတပ်ဖွဲ့များကလဲ ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံနှင့် စူပါပါဝါ နိုင်ငံကြီးနှင့် ယှဉ်နိုင်ရန်မှာ ရင်မောရသည့်အတွက် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကိုကြည့်ပါစို့။ တရုတ်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များကို လက်နက်အပြည့်အစုံတပ်ဆင်ပေးထားပြီး ပြန်လည်ခုခံတိုက်ခိုက်သည့် တရားခံများကို အသေပစ်ခတ်ဖမ်းဆီးပိုင်ခွင့်ပေးထားပြီး လူသတ်မှုကျူးလွန်သူများကို သေစားသေစေ အပြစ်ဒဏ်ပါ ချမှတ်ထားတယ်လို့သိရှိရပါတယ်။

ယိုးဒယား ခေါ် ထိုင်းကြီးကို ကြည့်ပါဆို။သူလဲ တရုတ်ကြီးကဲ့သိုပင် လုပ်ပိုင်ခွင့်အာဏာအပြည့်အပ်နှင်းထားလေသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးအား ပြည်သူတွေချစ်တဲ့ ရဲတပ်ဖွဲ့ကြီး ဖြစ်စေချင်ပါသည်။မိမိကိုယ်ကိုတောင် မကာကွယ်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများက မည်သို့ယုံကြည်အားကိုးရပါမည်နည်း။အများက အားကိုးအားထားပြုလောက်သော စံပြထိုက်သော ရဲတပ်ဖွဲ့ကြီးဖြစ်ရန်လိုအပ်လာပါပြီ။လူကြီးမင်းများအားစောင့်ရှောက်ရန်အတွက်သာ အနည်းစုသော ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေး လက်နက်အပြည့်စုံတပ်ဆင်ပေးရုံမဟုတ်ပဲ ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသော တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များကိုပါစနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး လက်နက်အပြည့်အစုံတပ်ပေးရန်လိုအပ်နေပါပြီ။ ထို့အတူ အဆင့်ဆင့်တာဝန်ရှိသူများမှလဲ တာဝန်ယူရဲသည့်စိတ်ဓါတ်ကိုမွေးမြူဖို့လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူတွေချစ်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကြီးဖြစ်လာပေတော့မည်ဖြစ်သည်။

စာရေးသူသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း ရဲတပ်ဖွဲ့ကိုချစ်သော စိတ်ရင်းစေတနာအမှန်ဖြင့် တိုးတက်ပြောင်းလဲစေလိုသော စိတ်ဖြင့်ဤပို့စ်အားရေးသားရခြင်းဖြစ်ပါသည်။အမှားပါသွားပါကခွင့်လွှတ်နားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်လူကြီးမင်းများခင်ဗျာ။်ဖတ်ရှု့ရသူမိတ်ဆွေအပေါင်းကလဲ တာဝန်ရှိလူကြီးမင်းများ သိရှိစေရန်
..
မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရသော ရဲတပ်ဖွဲ့ဝင်များအား မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

လေးစားလျက် ရဲတပ်ဖွဲ့ကိုချစ်တဲ့

ရဲမိသားစုဝင်တစ်ဦး



ပြီးခဲ့သောရက်ပိုင်း ဖြစ်သည့် သြဂုတ် ၁၇ရက်က ထိုင်းနိုင်ငံ လေးမျက်နှာ ဘုရားအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာမှ လူ ၂၀ဦး သေဆုံးခဲ့ရပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်သည် မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲခဲ့ခြင်းဖြစ်ရာ နည်းပညာကို အခြေခံသည့် လူသတ်မှု၊ အကြမ်းဖက်မှု တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ထိုသို့နည်းပညာကို အခြေခံသည့် အခြေအနေများမှ လူသတ်မှု၊ အကြမ်းဖက်မှုများစွာ ပေါ်ပေါက်ခဲ့ဖူးသည်။

ယနေ့ကာလ လူသားတို့၏ တီထွင်ဆန်းသစ်မှုမှ ဖြစ်ပေါ်လာသည့် ခေတ်မီနည်းပညာများသည် လူသတ်ကောင်များ အဖြစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်ပြီး အွန်လိုင်း၊ ဆက်သွယ်ရေး နည်းပညာစသည့်           နေရာစုံမှ လူ့အသက်ပေါင်းများစွာကို နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ချွေယူနေကြပြီ ဖြစ်သည်။

မိုဘိုင်းဖုန်းဖြင့် လူသတ်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာများ တိုးပွားလာမှုနှင့် အင်တာနက်မှာ လူတိုင်းနီးပါး အသုံးပြုလာနိုင်ပြီဖြစ်ပြီး ဖုန်းဆင်းကတ်များမှာ လက်ရှိတွင် ကြိုက်သည့် နေရာတွင် ၀ယ်ယူနိုင်ခြင်းမှာ ကောင်းကျိုးရော ဆိုကျိုးပါ ဒွန်တွဲနေသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံရှိ လေးမျက်နှာ ဘုရားတွင် ဗုံးဖောက်ခွဲရာတွင် သုံးသော နည်းပညာမှာ နောက်ဆုံးရရှိသော အချက်အလက်များ အရ အဝေးထိန်းဖုန်း စနစ်ဖြင့် ဖောက်ခွဲခဲ့သည်ဟု ပြောနိုင်သည်။ ဖုန်းဆင်းကတ်များကို ထိုင်းနိုင်ငံတွင် လွယ်လင့်တကူ ၀ယ်ယူနိုင်ပြီး မြန်မာနိုင်ငံနည်းတူ မှတ်ပုံတင်ရန် မလိုပေ။ ထို့ကြောင့် ဒုစရိုက်မူကို တယ်လီဖုန်း အသုံးပြုကာ အသုံးချလိုသူများ အတွက် အခွင့်သင့်နေပြီး ကျူးလွန်သူကို ခြေရာခံရန် ခက်ခဲနေသည်။ စင်ကာပူနိုင်ငံတွင်မူ လူတစ်ယောက်လျှင် ဖုန်းတစ်လုံးသာ ကိုင်ဆောင်ခွင့်ရှိပြီး ထိုသို့ကိုင်ဆောင် ခွင့်ရရန် မှတ်ပုံတင်ရသည့် အတွက် ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော ကိစ္စမျိုးဖြစ်ပါက လွယ်ကူစွာ ခြေရာခံနိုင်သည်ဟု ကိုနေဘုန်းလက်ကဆိုသည်။

သို့သော် ထိုကဲ့သို့ ထိန်းချူပ်မူမျိုးကို လုပ်ဆောင်မည် ဆိုပါက ပွင့်လင်းမြင်သာမှုမှာ အရေးကြီးကြောင်း ၄င်းကဆက်လက်ပြောသည်။
"Sim Card Registerလုပ်တာ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုပြီးရှိတာ။ အဓိကကတော့ အစိုးရပေါ် မူတည်တယ်။ အစိုးရက Missed Used (ကြားဖြတ်နားထောင်ခြင်း) လုပ်ပြီး ဒီဟာတွေကို ကောင်းကောင်းမွန်မွန် အသုံးချရင် ဘာမှပြောစရာ မရှိဘူး။ ဒါပေမဲ့ စိုးရိမ်တာက အစိုးရက အရင်ထဲက Missed Used တောက်လျှောက် လုပ်ခဲ့တယ်။ ပြီးတော့ သူတို့နဲ့မတည့်တဲ့ သူတွေကို ဖမ်းပြီးတော့ ထောင်ချတယ်။ အဲ့ဒီတော့ တဖက်သတ်ကြီး ဖြစ်နေတယ်။ လူထုက အစိုးရကို စောင့်ကြည့်နိုင်တဲ့ ပွင့်လင်းမြင်သာမှုမျိုး ရှိရင်တော့ ကောင်းပါတယ်။ အစိုးရက လုပ်ချင်ရာ လုပ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ အစိုးရက မဟုတ်တာ လုပ်နေရင်လည်း ငါတို့က ပြန်ပြီးတရားစွဲနိုင်ရမည်။ Check and Balanceကို ပြည်သူက လုပ်လို့ရရင်တော့ ပြည့်စုံတဲ့ Mechanism ပေါ်လာဖို့တော့ လိုတယ်"ဟု ဘလော့ခ်ဂါ နေဘုန်းလတ်က သုံးသပ်သည်။
တယ်လီဖုန်းနှင့် ပတ်သက်သည့် အချက်အလက်ပိုင်းဆိုင်ရာများကို ထိန်းချုပ်ရာတွင် မျှတသည့် စနစ်တစ်ခု ဖြစ်ရန်လိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

Pageအတုနှင့် ၀ါဒမှိုင်းများ
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ် သုံးစွဲသူ အရေအတွက် လေးသန်းနီးပါးရှိပြီဖြစ်ကြောင်း Social Daily Statistics ၀က်ဘ်ဆိုက် (www.analytics.Socialdaily.com)က မှတ်တမ်းတင်ထားသည်။
ယခုအခါ သတင်းဌာနများ အနေဖြင့် ဖေ့စ်ဘွခ်တွင် သတင်းဌာန Pageများထောင်ကာ သတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးလျက်ရှိရာ အဖျက်သမားများက သတင်းဌာန အမည်များကို အသုံးပြု၍ အကောင့် အတုများဖြင့် ရည်ရွယ်ချက်ရှိရှိ မမှန်မကန်သတင်းများ ထုတ်လွှင့်မှုများလည်း ရှိလာခဲ့ပြီး ယင်းသို့ ပြုလုပ်ခြင်းမှာ စိုးရိမ်စရြာ ဖစ်နေကြောင်းလည်း သိရသည်။

"အရမ်းအန္တရယ်ကြီးတဲ့ အချက်က အတုက အစစ်ထက် Likeများသွားပြီဆို ပြဿနာဘဲ အဲ့ကျရင်သူက အစစ်ဖြစ်သွားပြီး ကိုယ်ကအတု ဖြစ်သွားမယ်။ အခုက အတုတွေ အရမ်းပေါ်နေတယ် အတုက အစစ်နဲ့ တစ်ပုံစံထဲပဲ ပထမ ဘာမှမလုပ်သေးဘူး လူတွေရဲ့ ယုံကြည်မူကိုယူတယ် လူတွေ ယုံလာတော့မှ နောက်ဆုံးကျမှ သူကသတင်းအမှားတွေ ထည့်တော့တာပါ အရမ်းသတိ ထားသင့်ပါတယ်"ဟု ဆော့ဝဲ ပညာရှင်တစ်ဦးက သတိပေး ပြောကြားခဲ့သည်။
Page သို့မဟုတ် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်များ အနေဖြင့် မိမိနှင့် ပတ်သက်သော အကောင့်ကို အမြဲတမ်း စစ်ဆေးသင့်ပြီး အကောင့်အတု ပေါ်လာပါက ချက်ခြင်း Report တင်သင့်ကြောင်း ကိုနေဘုန်းလက်က အကြံပေးသည်။
ဖေစ်ဘွတ်ခ်ပေါ်တွင် မခိုင်မာသော သတင်းများ ပျံ့နှံ့ခဲ့မူကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ယင်းမှာ  မြန်မာအမျိုးသမီး တစ်ဦးကို အစ္စလာမ်ဘာသာဝင် နှစ်ဦးမှ အဓ္ဓမ ပြုကျင့်သည် ဆိုသည့် သတင်းဖြစ်ပြီး ယင်းသတင်းမှတစ်ဆင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ သတင်းရင်းမြစ် မခိုင်မာမှုများနှင့် အမုန်းစကားများကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ၀မ်းနည်းစရာကောင်းပေသည်။
ယခုရက်ပိုင်းတွင်လည်း နာမည်ကျော်မင်းသား ဝေဠုကျော်၏ အကောင့်များစွာ ထွက်ပေါ်လာပြီး ထိုPage တစ်ခုမှ မိန်းကလေးတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်သည့် အပြောအဆိုများ ရေးသားခဲ့မှုကြောင့် ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။
"Facebook Pageတွင် တစ်ခုမက ရှိနေတာ ကျွန်တော်တို့ မြင်နေရပါတယ်။ အစတုန်းက ရိုးရိုး postတွေသာ တင်နေတာကြောင့် အန္တရာယ် မရှိဘူးလို့ ယူဆခဲ့ပေမယ့် အခုတော့ ပြဿနာ ဖြစ်လာပါပြီ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး ရေးသားခဲ့တဲ့ Post တစ်ခုကြောင့် ကာယကံရှင်က အထင်လွှဲပြီး ဖြေရှင်းဖို့ တောင်းဆိုလာတယ်"ဟု ဝေဠုကျော်၏ ဖခင်က ယခုကဲ့သို့ အကောင့်အတုများ ပေါ်လာသည့်အပေါ် တုန့်ပြန်ပြောဆိုသည်။
နာမည်ကျော်များ၏ Facebook စာမျက်နှာများမှ လူထုအပေါ် လွမ်းမိုးမှုများ ရှိသဖြင့် ထိုအကောင့်များကို အတုပြုလုပ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အမြတ်ထုတ်ရန် ကြိုးပမ်းမှုများ ရှိနေသည်။

ကျိုးပေါက်သော နည်းပညာ
လွတ်တော်၏ ဆာဗာမှာ ယခု ရက်ပိုင်းအတွင်း ဖောက်ထွင်း ခံရပြီး လွတ်တော် ကိုယ်စားလှယ်များ၏ အီးမေးလ်များနှင့် ၄င်းတို့ ဆက်သွယ်ထားသော အချက်အလက်များကို ရယူနိုင်ခဲ့သည်ဟု New Generation Wave ဟက်ကာ အဖွဲ့မှ ကြေညာခဲ့သည်ဟု မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ ထိုကဲ့သို့ နိုင်ငံနှင့်ဆိုင်သော အရေးကြီး အချက်အလတ်များ လွယ်ကူစွာ ဖောက်ယူနိုင်ခြင်းမှာ နည်းပညာနှင့် ပတ်သက်သော ကုမ္ပဏီများ အားနည်းချက်ကြောင့်ဟု ဘလော့ဂါတစ်ဦးက ထောက်ပြသည်။

အစိုးရပိုင်း၏ ဌာနဆိုင်ရာ အွန်လိုင်း ၀န်ဆောင်မူများ ပေးရာတွင် ဆယ်တန်းအောင် စာရင်းကို အင်တာနက်မှ ကြည်ရှုနိုင်သည်ဟု ကြေညာခဲ့သည်။ ထို့နောက် အောင်စာရင်းကို လူအများအပြား ၀င်ရောက်ကြည့်ရှုရာ လိုင်းမှာသုံးစွဲမရတော့ချေ။ ထိုအတူ မဲစာရင်းများတွင် မိမိနာမည် ပါမပါ ကြည့်နိုင်သည့် (UEC) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၀က်ဘ်ဆိုဒ်မှာလည်း ပြည်သူများသုံးစွဲ ကြည့်ရှုရာတွင် အဆင်မပြေခဲ့ချေ။ ထိုသို့ ဖြစ်ရသည်မှာ ၀န်ဆောင်မှုပေးသည် ကုမ္ပဏီများ အားနည်းချက်ကြောင့်ဟု ပညာရှင်များက ထောက်ပြသည်။

နည်းပညာ ကောင်းကျိုး
လူအများ နည်းပညာကြောင့်  ကောင်းသည့် အချက်များလည်း ရှိနေပြီး ယခုတလောတွင် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအ၀ှမ်း ရေဘေးသင့်ရာတွင် ဖေ့ဘွတ်စ်မှ တစ်ဆင့် အချက်အလက်များ မျှဝေနိုင်ခဲ့ပြီး လူသူအရောက်ပေါက် နည်းသည့် ဒေသများသို့ သွားရောက်ကူညီနိုင်ခဲ့သည်။ ထို့အပြင် ပြည်တွင်း ပြည်ပမှ အလှူရှင်များနှင့်လည်း  ချိတ်ဆက်နိုင်ခဲ့ပြီး ရေဘေးသင့် ဒေသများသို့ ကူညီနိုင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ပရဟိတ လုပ်ကိုင်သည့် အသင်းအဖွဲ့ များ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းများကို အချိန်နှင့် တပြေးညီ တင်ဆက်နိုင်ခဲ့ပြီး ကမ္ဘာအနှံ့မှ အကူအညီများကို တောင်းခံနိုင်ခဲ့သည်။ ဖေ့ဘွတ်စ်တွင်လည်း ရေကြီးရာတွင် အကူအညီ #Save Myanmarဟု ၀ိုင်းဝန်း တောင်းဆိုသည့် အတွက် နိုင်ငံတကာ အကူအညီများ မြန်မာနိုင်ငံသို့ ကူညီနိုင်ခဲ့သည်။
နည်းပညာဆိုးကျိုး
လူတိုင်းလက်ထဲတွင် စမတ်ဖုန်းနှင့် ဆင်းကတ်ရှိပြီး အင်တာနက် သုံးစွဲနိုင်သည့် အခြေအနေမျိုးတွင် လူတစ်ယောက်၏ အသုံးချနိုင်မှု ပညာပေါ်တွင် မူတည်သည်။ အချို့သော သူများသည် အင်တာနက် ရသည်နှင့် Porn Siteများနှင့် Sex အကောင့်များတွင်သာ အသုံးချနေပြီး ချက်တင်ဖြင့်သာ အချိန်ကုန်နေသည်။ အသက်မပြည့်သေးသည့် ကလေး သူငယ်များမှာလည်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကမ္ဘာတ၀န်း ကြုံတွေ့နေရသည်။ အချို့သော နိုင်ငံရေးသမားများမှာလည်း အင်တာနက်ကို အသုံးချကာ ၀ါဒများ ဖြန့်ချိလျှက်ရှိသည်။ အမုန်းစကား ဖြန့်ဖြူးကာ ပဋိပက္ခများဖြစ်အောင် ဖန်တီးနေမှုများကလည်း အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။

လာမည့် ရွေးကောက်ပွဲတွင် Onlineကို အသုံးပြုကာ မမှန်မကန် သတင်းများ လွင့်ခြင်းနှင့် ပြဿနာ ဖြစ်အောင် လှုံ့ဆော်မည့် အဖွဲ့များ ရှိလာနိုင်သည့် အတွက် ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။
ယနေ့ကမ္ဘာတွင် နည်းပညာသည် လူတိုင်းအတွက် မရှိမဖြစ် အသုံးချရမည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေပြီး ယင်းနည်းပညာကို ကောင်းသည့်ဘက်တွင် အသုံးချမှုများ ရှိသကဲ့သို့ ဆိုးသည့်ဘက်တွင် အသုံးချမှုများလည်း နေရာစုံတွင် ရှိလာခဲ့သည်။ နိုင်ငံရေး အလှုပ်အခတ်များ ဖြစ်ပေါ်စေရန် အတွက်လည်း အကွက်ကျကျ လုပ်ဆောင်လာသည့် ကောလာဟလ သတင်းများ သည်လည်း လူမှုကွန်ရက် စာမျက်နှာများထက်တွင် တွင်တွင်ကျယ်ကျယ် နေရာယူလျက်ရှိသည်။  နည်းပညာသည် လူ့အသက်ပေါင်းများစွာကို သတ်ခဲ့သည့် လူသတ်ကောင် အဖြစ် ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ အချိန်မီ ၀ိုင်းဝန်း ထိန်းချုပ်ရန် အရေးတကြီး လိုအပ်လာခဲ့ပြီဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

Kမိုး
http://www.tomorrow.com.mm/?q=articles/1844