09/04/15

ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိ(ဓါတ်ပုံ FAO/ Bui Thi Lan)
ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိ(ဓါတ်ပုံ FAO/ Bui Thi Lan)

မြန်မာနိုင်ငံကရေဘေးကပ်ဟာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်နေပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က မနေ့ က ပြောကြားလိုက်ပါတယ်။ ရေဘေးဒုက္ခရောက်ခဲ့ကြတဲ့ လယ်သမားတွေ ရဲ့ ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေကို အလျှင်အမြန် ပံ့ပိုးမပေးနိုင်ရင် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ လုံလောက်မှု အလားအလာနည်း လာလိမ့်မယ်လို့ လည်း သတိပေးလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးပြောပြမှာပါ။

မြန်မာနိုင်ငံတ၀ှမ်း မုတ်သုန်မိုးပြင်းထန်ပြီး ရေကြီးမှုနဲ့ မြေပြိုကျမှုတွေအပြင် ဇူလိုင်လကုန်ပိုင်းလောက်က တိုက်ခတ်ခဲ့တဲ့ ကိုမန် ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ဆန်စပါးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအပါအ၀င် ငါး၊ပုဇွန်မွေးမြူရေးလုပ်ငန်း အများအပြားကို ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် ရေဘေးဒဏ်သင့် ခဲ့တဲ့ တောင်သူလယ်သမားတွေ ကို အရေးပေါ်ထောက်ပံ့ရေး အကူအညီတွေ အမြန်ဆုံးပေးဖို့ လိုအပ်နေကြောင်း FAO အဖွဲ့ကြီးက စက်တင်ဘာလ (၃)ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Faran Haq ကဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက လယ်သမားတွေအတွက် အလျင်အမြန် အကူအညီတွေမပေးရင် စားနပ်ရိက္ခာ လုံလောက်ဖို့ အခက်အခဲ အလားအလာအများအပြားရှိလိမ့်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ဒီကနေ့ သတိပေးလိုက်ပါတယ်။”

ရေဘေးကြောင့် မြန်မာနိုင်ငံတ၀ှမ်း စိုက်ပျိုးမွေးမြူရေး မြေယာ စုစုပေါင်း ၁.၄ သန်းဧကကျော်ရေ လွှမ်းမိုးခဲ့ပြီး လူပေါင်း ၁.၆ သန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ FAO ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးတဲ့ လယ်ယာမြေ အများဆုံးပါတဲ့ ဧကပေါင်း ၉ သိန်းကျော် အပါအ၀င် ငါး၊ ပုဇွန်မွေးမြူရေးကန် ဧကပေါင်း ၃ သောင်းကျော်နဲ့ ကျွဲ၊ နွား မွေးမြူရေးတိရစ္ဆာန် အရေအတွက် ၂ သောင်းလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လည်း ရေးသားထားပါတယ်။

ဒါကြောင့် ကျေးရွာဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ FAO ကပြောကြောင်း Faran Haq က ဆိုပါတယ်။

”အခုလို ရေတွေပြန်ပြီး ကျသွားချိန် ကျေးလက်ဒေသနေပြည်သူတွေအနေနဲ့ သူတို့ ဘ၀တွေ ပြန်ပြီးထူထောင်ရေး အကူအညီတွေကို အမြန်ဆုံးလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ FAO ကပြောပါတယ်။”

ရေဘေးကြောင့် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးနောက်ဆက်တွဲဖြစ်လာမယ့် အခုလိုအရေးပေါ် အခြေအနေမျိုး ကို နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ အလှူရှင်နိုင်ငံတွေက လျော့ တွက်ခဲ့ကြတယ်လို့ လည်း FAO ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Bui Thi Lan ကပြောဆိုကြောင်းFAO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရေဘေးဒဏ်သင့် လယ်သမားတွေအတွက် မျိုးစေ့တွေ၊ စိုက်ပျိုးရေးကရိယာတွေနဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့ အခြားပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်နေတာပါ။

ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စုအရေအတွက် ၄ သိန်းနီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မြေပြိုကျမှုကြောင့် အိမ်အရေအတွက် ထောင်ပေါင်းများစွာ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာရှိနေတဲ့ ဆည်မြောင်းတွေ ပျက်စီးခဲ့တယ်လို့ FAO က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် (၆) ပြည်နယ်မှာ ရေကြီးတဲ့ဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး အဲဒီထဲက (၄)ပြည်နယ်မှာ ၂၀၁၂ခုနှစ်ကတည်းက လူမှုအသိုင်းအ၀ိုင်းတွေကြား တင်းမာမှုတွေ မကြာခဏဖြစ်ပေါ်ခဲ့တယ်လို့ လည်းရေးသားထားပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြတဲ့ဒုက္ခသည် (၆)သိန်းကျော် ဟာလည်း ရေဘေးဒဏ်ကို ခံခဲ့ရတယ်လို့ FAO ကဆိုပါတယ်။

အစားအစာ၊ အမိုးအကာ၊ ဆေးဝါးအထောက်အကူ စတဲ့ ရေဘေး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အေဂျင်စီတွေက မြန်မာ အစိုးရကို အကူအညီပေးနေပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ ရံပုံငွေအလုံအလောက် မရှိတာကြောင့်နောက်ထပ် အကူအညီတွေပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ တဖက်မှာလည်း ပျက်စီးသွားတဲ့ လမ်း၊ တံတားနဲ့ ရထားလမ်းတွေကြောင့် လည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ကြန့်ကြာမှုတွေရှိစေတာပါ။

FAO အနေနဲ့ အောက်တိုဘာလကစတင်ပြီး ဆန်၊ ပဲ အပါအ၀င် ဆောင်းရာသီမှာ စိုက်ပျိုးနိုင်တဲ့ ကောက်ပဲသီးနှံတွေကို ဖြန့်ဖြူးနိုင်ရေး ပြင်ဆင်နေတယ်လို့ မနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/fao-myanmar-agriculture-/2946578.html

 myinthlaing-620.jpg နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီးနဲ့အတူ ဒေသခံတစ်ဦးကို တွေ့ရစဉ်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီး၊ ယပ်တောင် နဲ့ ကျောင်းသုံးပရိဘောဂတွေကို ကျေးရွာတချို့မှာ ဒီကနေ့ လိုက်လံဝေငှခဲ့ပါတယ်။

ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးကျော်ဝင်းက ပြောပါတယ်။

"အခုအချိန်မှာ တစ်နိုင်ငံလုံးမှာ ရေဘေးတွေဖြစ်တဲ့အခါမှာ ကျနော်တို့ရဲ့ စားသုံးကုန်တွေ ဈေးတက်သွား တာပေါ့နော်၊ ဝန်ကြီးက ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ သူ့ရဲ့နယ်မြေမှာရှိတဲ့ ဝန်ထမ်းတွေ ပညာရေးမိသား စုတွေများလို့ နောက်တစ်ခုက ထွေအုပ်မိသားစုတွေ ပြည်ထဲရေး ရဲမိသားစုတွေအတွက် ဆန်နှစ်လစာ ၁ လ ကို ၆ ပြည် ၁၂ ပြည်ပေါ့ ကျနော်တို့ထောက်ပံ့တယ်"

ဒက္ခိဏသီရိမြို့နယ်ထဲက ကျေးရွာပေါင်း ၂၂ ရွာက ကျောင်းတွေကို ပရိဘောဂတွေ၊ ဆရာ၊ ဆရာမတွေ အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီတွေကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဦးကျော်ဝင်းကလည်း မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ က ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ လယ်ဝေး နဲ့ ပျဉ်းမနား စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ဒီနေ့ ဖြန့်ဝေခဲ့တဲ့ အစိမ်းရောင် ထီးတွေမှာ "တို့အတွက် အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲပေးကြပါစို့ ဆိုတဲ့ စာသားတွေပါဝင်ပါတယ်။ ယပ်တောင်မှာတော့ အမျိုးသားဘာသာ သာသနာတည်တံ့ဖို့၊ ဥပဒေစိုးမိုးဖို့၊ အလုပ်အကိုင်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ပါရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ဝ ကနေ အင်န်အယ်လ်ဒီပါတီက ဦးကျော်မြင့်ဦးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမှတ်ကြီးတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နေပြည်တော်က ပြည်သူ့လွှတ်တော် ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာအတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၄၃ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

RFA
http://www.rfa.org/burmese/news/myinthlaing-kyawwin-elections-campaign-09042015080923.html


khuntunoo-620.jpg
ကချင်ပြည်နယ် ဝိုင်းမော် ဟိုးတုံရပ်ကွက်မှာ စက်တင်ဘာ ၄ ရက်နေ့က ဝိုင်းမော်မြို့နယ် SNLD ပါတီ ရုံးခွဲဖွင့်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ မိမိအနေနဲ့ အသိသက်သေအဖြစ် လက်မှတ်ထိုးမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ဒီနေ့ ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ပွဲမှာ NCA ချုပ်ဆိုမှာနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းမှုကို ဦးခွန်ထွန်းဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

"လက်မှတ်ထိုးမယ့်စာချုပ်ကြီးဟာ တစ်နေ့ကျလို့ရှိရင် သမိုင်းဝင်သွားမယ်၊ ကျနော်က တိုင်းရင်းသားတွေ ယုံကြည်ခံရတဲ့အနေနဲ့ ကိုယ်စားပြုတဲ့အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ အကုန်လုံးမပါရင် ပွင့်ပွင့်လင်းလင်း ပဲပြောလိုက်မယ် ကျနော်ကတော့ သမိုင်းတရားခံ မဖြစ်ခံချင်ဘူး၊ မပြည့်စုံဘဲနဲ့ လက်မှတ်သွားထိုးရမယ် ဆိုရင် မထိုးဘူး၊ အဲ့ဒါကြောင့် ကျနော်ကတော့ ထိုးဖို့အစီအစဉ်မရှိဘူး"

လာမယ့် ရွေးကောက်ပွဲမှာ SNLD ပါတီက ကချင်ပြည်နယ်ကနေ ၁ဝ ဦး ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်း၊ ကယား၊ မန္တလေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။

ဦးခွန်ထွန်းဦးဟာ လူငယ်တွေကို ဦးစားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဘူးလို့လည်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်ကို လာရောက်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/khuntunoo-speaks-all-inclusive-cease-fire-09042015080806.html

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့အား ဂြိုလ်ထုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-google map)
    ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

    စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်အတွင်း မြို့၏ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ထပ်မံ ရွာသွန်းလျှင် တစ်မြို့လုံးနီးပါး ရေကြီးလာနိုင်ကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိ ရှိရသည်။

လက်ရှိတွင် ခန္တီးမြို့ မြသိန်းတန်ဘုရား၊ ဆေးရုံကုန်းနှင့် ခမရ ၅၂ တို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်ထားရကြောင်း၊ လက်ရှိရက်ပိုင်းအတွင်း ခန္တီးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ရှိနေပြီး လာမည့် ရက်များအတွင်း ဆက်တိုက် ရွာသွန်းသွားပါက တစ်မြို့လုံးနီးပါး ရေကြီးနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယနေ့ မြန်မာ စံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာ ချက်များအရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် ခြောက်ပေခန့်၊ ဟုမ္မလင်း မြို့တွင် လေးပေခန့်၊ ဖောင်းပြင် မြို့တွင် တစ်ပေခန့်နှင့် မော်လိုက် မြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အား ကျော်လွန် နေသည့် အတွက် မြေနိမ့်ပိုင်း နေထိုင်သူများ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကို ယနေ့ ပြောကြား သည်။

ခန္တီးမြို့နှင့် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကင်းတော်ကျေးရွာတွင်လည်း ရွာလုံးကျွတ်နီးပါး ရေကြီးရေလျှံမှု ခံစားနေရပြီး မြို့မဈေး အပါအဝင် အောင်သာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် ရေဝင်ရောက်ကာ ပေါမိုင်းရပ်ကွက်တွင် နေအိမ်အောက်ထပ်များ ရေမြုပ်နေသည်။

ချင်းတွင်းမြစ်ရေသည် စက်တင်ဘာလ ၃ ရက်မှ စတင်၍ နောက်တစ်ကြိမ် ထပ်မံ မြင့်တက် လာခဲ့သဖြင့် ၄င်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များ၏ စိုးရိမ် ရေမှတ်သို့ ကျော်လွန် ရာက်ရှိ နေသည့်အတွက် စက်တင်ဘာ ၅ ရက်မှ စတင်၍ သုံးရက်ကြာအောင် ရေယာဉ် ပြေးဆွဲခြင်းများ ယာယီရပ်နား ထားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ရုံး မှ ယနေ့ သတင်း ထုတ်ပြန်သည်။

ချင်းတွင်း မြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လကုန် နှင့် သြဂုတ် လဆန်းပိုင်း က တစ်ကြိမ်မြင့်တက် လာပြီးနောက် ယခုထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ 

(Xinhua)
http://www.xinhuamyanmar.com

ဇူ​လိုင်​လ ​အ​ကုန်​ပိုင်း ​တုန်း​က​လည်း ​ရုတ်​တ​ရက် ​ရေ​ကြီး​ခဲ့​လို့ ​ကြို​တင် ​ပြင်​ဆင် ​ချိန် ​ဘာ​မှ ​မ​ရ​လိုက်​ပဲ ​အ​ပျက်​အ​စီး ​အ​ဆုံး​အ​ရှုံး ​ကြီး​ခဲ့ ​ရ။
 အခု ရက်ပိုင်းတွေမှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ မိုးများနေတဲ့ အတွက် တနိုင်းမြစ်နဲ့ ချင်းတွင်းမြစ်ရေ တိုးတာကြောင့် စစ်ကိုင်းတိုင်း ခန္တီး နဲ့ ဟုမ္မလင်း မြို့ပေါ် တွေ အပါအဝင် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ ကျော် မှာ ရေဝင်နေပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ နေရပါတယ်။

ခန္တီး မှာ ရေဘေး ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ပေး ထားပြီး လူဦးရေ ၂ ထောင်ကျော် ကို နေရာ ချပေး ထားတယ် လို့ အာဏာပိုင် တွေ က ထုတ်ပြန် ပါတယ်။

တောင်စောင်းပေါ် တည်ထားတဲ့ ခန္တီး မြို့ ရဲ့ အမြင့်ပိုင်း မှာ ခြေသလုံးဝက် လောက် ထိ ရေဝင် ပေမယ့် အနိမ့်ပိုင်း ရပ်ကွက် တွေ တော့ ရေမြုပ် နေပြီး အဆိုးဆုံး နေရာတွေ မှာ အိမ်လုံးကျွတ် မြုပ် နေတယ် ဆိုပြီး မြို့ခံ တွေ က ပြောပါတယ်။

ဘေးလွတ်ရာ ပြောင်းရွှေ့ရေး မှာ အာဏာပိုင် တွေ ဘက် က ကူညီ ပံ့ပိုးမှု အားနည်း တဲ့ အတွက် လူတွေ ဟာ ကိုယ့် အစီစဉ် နဲ့ ကိုယ် ပြောင်းရွှေ့ နေရ တယ် လို့ ခန္တီးမြို့ခံ တစ်ဦး ဖြစ်တဲ့ ကိုအောင်ဆန်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဟုမ္မလင်း မြို့ ကတော့ အနိမ့် ပိုင်း ရောက် တဲ့ အတွက် ပိုပြီး ရေလွှမ်း ခံ နေရတယ် လို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးမောင်မောင်ခင် က ဆိုပါတယ်။

ဒါပေမယ့် ဒီ တကြိမ် မြစ်ရေကြီးမှု ကို အာဏာပိုင် တွေ ဘက် က ကြိုတင် သတိပေး ချက် ထုတ်ပြန် ခဲ့လို့ ဒေသခံ ကြက်ခြေနီ တွေ အနေနဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို စောစီးစွာ လုပ်ဆောင် နိုင်ခဲ့တယ် လို့လည်း ဦးမောင်မောင်ခင် က ပြောပါတယ်။

ဟုမ္မလင်းမြို့ ကို ကားလမ်း အဆက်သွယ်၊ တယ်လီဖုန်း အဆက်သွယ်တွေ ပြတ်တောက် နေပြီး ရေလမ်း တခုကိုပဲ အားထား နေရတယ်လို့ ဟုမ္မလင်းနဲ့ အနီးဆုံး နေရာက ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ ဒေသတွေ မှာ ပြီးခဲ့တဲ့ ဇူလိုင်လ အကုန်ပိုင်း တုန်းကလည်း ရုတ်တရက် ရေကြီးခဲ့လို့ ကြိုတင် ပြင်ဆင် ချိန် ဘာမှ မရလိုက်ပဲ အပျက်အစီး အဆုံးအရှုံး ကြီးခဲ့ ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

 flooding-620.jpg မြစ်ရေတက်နေတဲ့အတွက် ရေနစ်မြုပ်နေတဲ့ အိမ်တချို့ကိုတွေ့ရစဉ်

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက် ၂ခုက အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေက ခန္တီးမြို့နယ် စိုးရိမ်ရေမှတ်ထက် ၅ပေနီးပါး ကျော်နေပြီဖြစ်တာကြောင့် မြို့ပေါ် ရပ်ကွက် ၂ခုမှာ အားလုံးနီးပါး ရေလွှမ်းနေတယ်လို့ ခန္တီးမြို့နယ် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးချစ်ထွေးထွန်းက ပြောပါတယ်။

"ဒီနေ့ ၁၂ နာရီခွဲမှာ တိုင်းတာချက်အရ ၁၅၄၅ စင်တီမီတာပေါ့ စိုးရိမ်ချိန်အမှတ်ထက် ၁၈၅ စင်တီမီတာပေါ့၊ ပေနဲ့ ဆိုရင် ၅ ပေခွဲကျော်နေပြီ၊ ရေက တစ်နာရီကို ၂ စင်တီမီတာနှုန်းလောက်တက်နေတာ၊ လက်ရှိအချိန်မှာ မြို့ထဲ ကို ရေကျော်ပြီးတော့ ဝင်တဲ့အခြေအနေဆိုတော့ မြေနိမ့်ပိုင်းမှာရှိတဲ့ နှစ်ရပ်ကွက်ရဲ့ ၇၅ ရာခိုင်နှုန်းက ရေလွှမ်းနေ တဲ့ အနေအထားဖြစ်တယ်"

ခန္တီးမြို့ပေါ်မှာ စက်လှေတွေနဲ့ သွားလာပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ မြို့ခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

"ချင်းတွင်းမြစ်ရေက မနေ့ည ၉ နာရီမှာ စတင်ဝင်ရောက်တာ ဘယ်လိုမှထိန်းမနိုင်တဲ့အဆုံး အကုန်လုံးဝင်တာပဲ၊ အနိမ့်ပိုင်းတွေဆို လူတစ်ရပ်ကျော်မြုပ်တာပဲ၊ အမြင့်ပိုင်းတွေဆို ဒူးခေါင်းလောက်ရောက်နေပြီဗျ၊ စက်လှေနဲ့ သွားနေရတယ်"

ရေလွှမ်းခံရတဲ့ အိမ်တွေက မိသားစုဝင်တွေကို ကုန်းမြင့်တဲ့နေရာတွေဖြစ်တဲ့ မြသိန်းတန်ဘုရားကုန်း၊ ဆေးရုံကုန်းနဲ့ တပ်ရင်း ၅၂ ထဲမှာ နေရာရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၁၀၀ လောက်ဟာ ပြီးခဲ့တဲ့နှစ်ရက်က ရေနစ်မြုပ်နေတာဖြစ်ပါတယ်။ အခုချိန်ထိ မိုးရွာနေဆဲဖြစ်တဲ့အတွက် ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်းနဲ့ မော်လိုက်မြို့နယ်တွေအတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/khamtee-flooding-09032015104041.html

မဲစာရင်းကြည့်ရှု့နေတဲ့ ရန်ကုန်မြို့နေ ပြည်သူတဦး။
မဲစာရင်းကြည့်ရှု့နေတဲ့ ရန်ကုန်မြို့နေ ပြည်သူတဦး
နိုဝင်ဘာလ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်စာရင်း မှန်မမှန် သွားရောက် စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေတွေ ကို ရန်ကုန်ဒေသခံ အချို့ကို တွေ့ဆုံမေးမြန်းပြီး ဗွီအိုအေ ရန်ကုန်ရုံးကနေ စုစည်းပေးပို့ ထားပါတယ်။

ကိုနန္ဒမောင်- ရေတိုင်ကီ လုပ်ငန်းလုပ်ကိုင်သူ

" ဝတ်ကြေးတမ်းကြေတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်တော့ရှိတာပေါ့။ ကျနော်တို့ မဲ ထည့်လိုက်တဲ့မဲကတော့ ကျနော်တို့ လိုချင်တဲ့ သူတယောက် အုပ်ချုပ်ဖို့အတွက် ကျနော်တို့က လိုချင်တယ်။ အဲ့ဒီ့အတွက်ကြောင့် ကိုယ့်မဲတမဲ နဲ့ ပတ်သက်ပြီးတော့ ဒီဟာ အောင်မြင်ဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်တို့က သွားထည့်မှာ။ ကျနော်တို့က NLD ကို မဲပေးမယ်။ မျှော်လင့်ချက်တွေကတော့ အများကြီးပဲဗျ။ အများကြီး ပြောင်းလဲသွားမယ်လို့ ထင်တယ်။ "

ကိုသီဟကျော်- ပစ္စည်းအဟောင်း ဝယ်သူ

" စိတ်ဝင်စားမှု ကောင်းသလားဆိုတော့ မဲစာရင်းတော့ ပေးတာပဲလေ ပေးလည်း ဘာမှ မဖြစ်လာဘူးလေ။ အလကားပဲ ဟုတ်လား။ ဒါပေမဲ့ ပေးနေကြတာပဲ။ လူတိုင်းက ပေးနေပြီးတော့ ရပ်ကွက်ထဲ ပေးနေ ပေးနေပြီးတော့ ပေးတော့လည်း ဘာမှ မထူးခြားဘူးလေ။ ဒါက ဒါပဲ ဟုတ်လား။ လုပ်ကိုင်စားသောက်နေရတဲ့ ဆင်းရဲသားတွေ မဲဆိုလည်း ပေးကြရတာပဲ။ နောက် ပေးလည်း ဒါက ဒါပဲ။ ဘာမှ မထူးလာဘူး။ ဆိုတော့ လူတွေလည်း စိတ်ကုန်ပြီး ဘာမှ မပေးချင်တော့ဘူး။ မဲက လုံးလုံးကို ထည့်ဖို့ မရှိဘူး ကျနော်တို့ ။ ထည့်လည်း အလကားပဲလေ။ ထည့်လဲ ကျန်ေနာ်တို့အတွက် ဘာအဖတ်တင်လဲ ဘာမှ အဖတ်မတင်ဘူးလေ။ "

ဦးတင်ဝင်း- Taxi မောင်းသူ

"မဖြစ်မနေကို မဲပေးဖို့ ဆန္ဒရှိတယ်။ ဘယ်ပါတီကို ပေးရမလဲ ဘယ်ပုဂ္ဂိုလ် ကို ပေးရမလဲ ဆိုတော့ အခု ကျနော်တို့ လေ့လာနေတယ်ပေါ့နော်။ အပြောင်းအလဲကတော့ ကောင်းတာကိုပဲ အကုန်လုံးက မျှော်လင့်တယ်။ ဒါပေမဲ့ လက်တွေ့ Practical ကျတဲ့နေ့ကျမှပဲ ကောင်းတယ်။ ဆိုးတယ်။ မကောင်းဘူး ကောင်းတယ်ဆိုတာ အဲ့ခါကျမှ သိတယ်။ ကြိုတင်ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက ရှိခဲ့တာကိုး။"

ဦးအုန်းသန်း- ဆိုက်ကားသမား

" ကျနော်တို့ ဆိုတာက သွားကြည့်ဖို့ဆိုတာက မအားပါဘူး အမရယ်။ နော် ဘာဖြစ်လို့ မအားသလဲဆိုတော့ ကျန်ာတို့ဆီမှာက လက်လုပ်လက်စားသမားတွေဆိုတော့ သိပ်ပြီးတော့ မကြည့်ဖြစ်ပါဘူး။ အဲ့တာကြောင့်မို့ပါ ကျနော်တို့မှာကလည်း ပြောရရင် တနေ့လုပ်မှ တနေ့စားရတယ်ဆိုတော့ သိပ်ပြီးတော့ ဦးစားမပေးနိုင်ပါဘူး။ နောက်တက်လာမယ့် အစိုးရ၊ အခုအစိုးရကလည်း ဟို...ပြောရမယ်ဆိုတော့လည်း ကျနော်တို့လုပ်မှ ကျနော်တို့ စားရတယ် ဆိုတော့ ဒီပုံစံအတိုင်းပါပဲ ဘာမှ မဖြစ်ပါဘူး ပထမအစိုးရဆိုတာလည်း ကျနော်တို့ လုပ်မှ ကျနော်တို့က ဘယ်သူပဲ တက်တက် တက်ချင်တာပဲ တက်။ ကျနော်တို့ လက်လုပ်လက်စားသမားတွေကတော့ လုပ်စားနေရမှာပဲ။"

ကိုအောင်မျိုးခိုင်- လမ်းဘေး PCO ဖုန်းဆိုင်

" ကျနော်တို့ကတော့ စိတ်ဝင်စားမှုတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က ရွေးကောက်ပွဲ ကို မဲထည့်ဖို့ဆိုတာ ကျနော်တို့က တချို့လူတွေကျတော့လည်း စီးပွားရေးနဲ့ လုံးပမ်းနေရတဲ့ သူတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ ရွေးကောက်ပွဲကို မဲထည့်ဖို့ဆိုတာ ဒီအစိုးရအသစ် ဖွဲ့နိုင်မှသာလျှင် စီးပွားရေးက ကောင်းမွန်မယ်ဆိုတာ သိတော့ ထည့်တော့ထည့်မယ်။ ဒါပေမဲ့ ကျနော်တို့က အားတော့ မရှိဘူးပေါ့။ (၄၃၆) မပြင်လိုက်တဲ့အတွက် အားတော့မရှိဘူး။ (၄၃၆) ပြင်လိုက်ရင်တော့ အားတော့ရှိမယ်လို့ ကျနော်ထင်တယ်။"

ကိုအောင်ဇော်ဝင်း- ကားသမား

" လူတွေကတော့ အလုပ်တွေနဲ့ ရေဘေးနဲ့ အခုရက်ပိုင်းမှာ စိတ် ကသိကအောက်ဖြစ်နေ တာတွေလည်း ပါတာပေါ့နော် ကျနော်တို့ဆိုလည်း ရေဘေးအတွက် ဟိုသွားလိုက် နယ်တွေ ဆင်းလိုက် ကားသမားလေ သုံးခေါက်ရှိသွားပြီ။ ဧရာဝတီတိုင်းရော မကွေး ပွင့်ဖြူ စလင်းဘက် နယ်ဘက်တွေ အဲ့ဘက်တွေလည်း ရောက်တယ်။ ဟင်္သာတ ဘက်လည်းရောက်တယ်။ အဓိကကတော့ ရေဘေးဒုက္ခရောက်နေတဲ့ သူတွေပေါ့နော်။ အဲ့ဒီ့အတွက်ကို အဲ့ဒီ့ဘက်မှာ ပြည်သူလူထုက စိတ်ပါနေတယ်။ အဲ့ဒီ့ဘက်မှာပဲ စိတ်သက်ရောက်နေတယ်ပေါ့။ မဲဆန္ဒဘက်မှာ အခုလောလောဆယ်မှာ စိတ်မဝင်စားသေးဘူးလို့ ထင်တာပဲ။ နီးလာရင်တော့ စိတ်ဝင်စားမယ် ထင်ပါတယ်။"

မအေးမြသူ- အသား၊ ငါးရောင်းသူ (ဈေးသည်)

"သမီးတို့မှာ မှတ်ပုံတင်လည်း မရှိဘူး နော် ။ မိသားစုကလည်း စားဖို့ အခက်အခဲရှိတယ်။ သူများအရင်းနဲ့ စားရတာ။ အဲ့တာကြောင့်မို့လို့ မဲထည့်ဖို့ကို သတိမထားမိဘူး။ အဲ့တာပါပဲ။ အရင်တုန်းကတော့ ထည့်ပါတယ်။ "

ဦး မောင်လှရွှေ- အားလူပူတီ ရောင်းသူ

" အဓိက ကတော့ ကျနော်တို့က ကိုယ်လုပ်နေတဲ့ စီးပွားရေး အောင်မြင်သွားရင်တော့ ဒီစီးပွားရေးကိုပဲ စိတ်ဝင်စားတာပေါ့။ ကျန်တဲ့အပိုင်းတွေကို သိပ်မစဉ်းစားချင်ဘူး။ ဒါပေမဲ့ ခုနကလို ရပ်ကွက်ကနေ မဲထည့်ဖို့ ဘာညာ လာပြောတော့ ကိုယ်က မဲသွားထည့်ရမှာပေါ့။ "

ဦးစိုး- ဆိုက်ကားသမား

" အလုပ်မအားတာနဲ့ သွားမကြည့်ဖြစ်တာ၊ စားဝတ်နေရေးတဖက်ဆိုတော့ အလုပ်ကရှုပ်နေတာ။ တကူးတကကြီး သွားမကြည့်အားဘူးပေါ့နော်။ မကြည့်ဖြစ်တာပေါ့။ စားဝတ်နေရေးက ဒီလိုပါပဲ ပထမအစိုးရလည်း ဒီလိုပဲ ရုန်းရတာပဲ။ အခုအစိုးရလည်း ဒီလိုပဲ ရုန်းရတာပဲ။ အခြေခံလူတန်းစားတွေဆိုတော့လည်း အခုအစိုးရလည်း လုပ်တော့လုပ်နေတာပဲ။ သူ့ဟာနဲ့သူဆိုတော့ အခြေခံလူတန်းစားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာပါပဲ။ ဒါပေမဲ့ တည်ငြိမ်ရင်တော့ သူ့ဟာနဲ့သူတော့ အဆင်ပြေမှာပေါ့။"

ရွေးကောက်ပွဲဆိုင်ရာ ရန်ကုန်မြို့ခံအချို့ရဲ့ သဘောထားတွေကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ စုစည်းတင်ပြပေးခဲ့တာပါ။
VOA


 အေးသီတစ်ယောက် မနက်မိုးလင်းမှာ အရမ်းကြောက်နေမိတယ်။ လကုန်တော့မယ့် မနက်ဖြန်ကို အရင်က ဝမ်းပန်းတသာကြိုဆိုခဲ့ပေမယ့် အခုတော့ မနက်မိုးလင်းမှာကို ကြောက်နေမိတယ်လို့ သူမက ဆိုပါတယ်။
“မနက်ဆို အဆောင်ခနဲ့ ယူထားတဲ့ ဈေးဖိုးအကြွေးတွေပေးရမှာ၊ လက်ထဲ ပိုက်ဆံမရှိတော့ ရင်ပူနေရတယ်” လို့ အထည်ချုပ်အလုပ်သမလေး အေးသီက ပူပင်သောကများနေဟန်နဲ့ ဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလတုန်းက ပုံမှန် လစဉ်လစာငွေလေးနဲ့ အဆောင်ခ၊ ဈေးဖိုး စားစရိတ်အပြီး ဧရာဝတီတိုင်း၊ နယ်မြို့မှာရှိတဲ့ မိသားစုဆီ ငွေလွဲပို့နိုင်တဲ့အတွက် လကုန်ရက်တွေမှာ အပျော်ပီတိတွေ ဝေဖြာခဲ့ရ ပေမယ့် ဒီလအတွက်တော့ ရင်ပူနေရတယ်လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ သူမ ဘယ်လိုမှမမျှော်လင့်ထားတဲ့ ဖြစ်ရပ်ကြောင့် သူမစိတ်ကူးတွေ၊ သူမအိပ်မက်တွေ လွင့်ပျောက်ခဲ့ပါတယ်။ အဲဒီနေ့ တစ်နေ့လုံး ဘာမှစားမဝင်ဘဲ ခေါင်းတစ်ခုလုံး မီးခိုးထွက်မတတ် စဉ်းစားခဲ့ရတယ်လို့ အေးသီက ဆိုပါတယ်။

အလုပ်သမားထုမျှော်လင့်နေတဲ့ အနည်းဆုံးလုပ်ခ ၈ နာရီ ကျပ် ၃၆၀၀ ဆိုတဲ့ သတင်းကောင်းကို မကြားရခင် သြဂုတ် ၂၄ ရက်နေ့မှာ အေးသီတို့အလုပ်လုပ်နေတဲ့ လှိုင်သာယာ၊ စက်မှုဇုန် ၄ က Asia Rose အထည်ချုပ်စက်ရုံမှာ အေးသီအပါအလုပ်သမား ၁၉၆ ယောက်ကို အလုပ်သမားဥပဒေအရ တစ်လကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရှင်က အော်ဒါနည်းပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကရပ်စဲ လိုက်ပါတယ်။
“အဲဒီနေ့က ကျွန်မတို့ မျက်ရည်တောင်ကျတယ်။ ဒီလကုန်ရင် ၃၆၀၀ ရတော့မယ်ဆိုပြီးဝမ်းသာနေကြတာ။ ၂၃ ရက်နေ့ ညနေအထိတော့ အလုပ်ဆင်းနေရတုန်းပဲ၊ မနက်အလုပ်လာတော့မှ စာရင်းပါတဲ့ ၁၉၆ ယောက် စက်ရုံထဲ မဝင်ရတော့တာ”လို့ မအေးသီက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က စတင်လည်ပတ်ခဲ့တဲ့ Asia Rose အထည်ချုပ်စက်ရုံမှာ အေးသီအပါအဝင် အလုပ်သမားအချို့နဲ့ စတင်ခဲ့တယ်လို့ သူမကဆိုပါတယ်။ အခုတော့ အလုပ်သမား ၄၂၀ ကျော် ရှိပြီးတော့ အချိန်ပို အမြဲလိုလိုရှိနေတယ်လို့ သူမကဆိုပါတယ်။ အလုပ်သမားအင်အား လျှော့လိုက်တဲ့အထဲမှာ လုပ်သက် ၁၀ နှစ်ကျော် အလုပ်သမားအများစု ပါသွားသလို အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ အကုန်နီးပါး ပါသွားတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို နစ်နာကြေး လာရောက်ထုတ်ယူကြဖို့ စက်ရုံကကြေညာထားပေမယ့် လျော်ကြေးမယူ အလုပ်ကိုသာ ပြန်ခန့်ဖို့ တောင်းဆိုနေတာကြောင့် အေးသီတို့ လစာနဲ့ လျော်ကြေးမယူဘဲ အလုပ်ပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စောင့်မျှော်နေကြပါတယ်။
“ကျွန်မတို့က ဒီစက်ရုံစကတည်းက လုပ်လာတာ၊ တစ်နေ့ Day ကြေး ၁၀၀ ကျော်နဲ့ လုပ်လာခဲ့တဲ့ လူတော်တော်များများ လူလျှော့တဲ့အထဲပါသွားတယ်၊ ၁၀ နှစ်ကျော်လောက်လုပ်လာပြီးမှ ဒီစက်ရုံက ထွက်ရမယ် ဆိုတော့ နောက်ဘယ်စက်ရုံကို သွားရမှန်းမသိတော့ပါဘူး” လို့ အလုပ်သမလေး တစ်ဦးကဆိုပါတယ်။
နယ်ကပြောင်းရွေ့လုပ်သားအများစုမှီခိုအားထားရာ လှိုင်သာယာစက်မှုဇုန်တွေမှာ လုပ်ခလစာနည်းနည်း ပေးကာ အလုပ်ခေါ်ယူတာတွေ အများအပြားရှိနေပါတယ်။ သို့သော် အနည်းဆုံးလုပ်ခ သတ်မှတ်လိုက်ပြီးတဲ့နောက် စက်ရုံတွေမှာ လုပ်သားအင်အားလျှော့တာတွေကြောင့် အလုပ်တစ်နေရာရဖို့ အခုချိန်မှာ မလွယ်ကူနိုင်တော့ပါဘူး။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတဲ့ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားသလို အထည်ချုပ်လုပ်ငန်းမှာလည်း တရုတ်နိုင်ငံက အများစုကြီးစိုးထားဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ် လုပ်သားအများစုက တစ်နေ့ Day ကြေး တစ်ထောင်ကျော်သာရှိနေတဲ့အတွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း မှာ လုပ်ခလစာတိုးမြင့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိလာတဲ့အခါ အစိုးရက အရေးယူမှုတွေရှိခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း အလုပ်သမားအချို့ကို ပုဒ်မတွေနဲ့ တရားစွဲဆိုထားဆဲဖြစ်ပါတယ်။

လုပ်ခလစာနည်းပါးတဲ့အတွက် မကြာခဏ ဆန္ဒပြတောင်းဆိုမှုတွေကို ဖြေရှင်းရန် အစိုးရက အနည်းဆုံးအခ ကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ် သြဂုတ် ၂၉ ရက်နေ့ကြမှသာ တနိုင်ငံလုံး တပြေးညီ တစ်နာရီ ကျပ် ၄၅၀၊ ၈ နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဒီလိုအတည်မပြုခင် အနည်းဆုံးလုပ်ခ ကျပ် ၂၅၀၀ ကိုသာ ပေးနိုင်မယ်လို့ လုပ်ငန်းရှင်တွေက ဆိုထားပြီး ဇူလိုင် ၂ ရက်နေ့မှာ အထည်ချုပ်လုပ်ငန်းရှင်အသင်းက လုပ်ငန်းရှင် ၁၀၀ ကျော်က ကျပ် ၃၆၀၀ ကို မပေးနိုင်ဘူးလို့ လက်ထောင်ကာ ကန့်ကွက်ခဲ့ကြသလို ဇူလိုင်လ ၃ ရက်နေ့မှာလည်း လုပ်ငန်းရှင်တွေက ၃၆၀၀ ကို မပေးနိုင်ကြောင်း ကန့်ကွက်ခဲ့ကြပြန်ပါတယ်။

အနည်းဆုံးအခကြေးငွေ မသတ်မှတ်မီ ဇူလိုင်လ ၇ ရက်နေ့က လုပ်ငန်းရှင် ၁၇၅ ဦး ကန့်ကွက်လွှာကို သက်ဆိုင်ရာသို့ ပေးပို့ထားပြီး ဖြစ်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း ကဆိုထားပါတယ်။

အငြင်းပွားမှုတွေနဲ့ သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေကြောင့် အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားလျှော့ချမှုတွေရှိလာနိုင်တယ်လို့ အလုပ်သမားအရေးကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြသလို အနည်းဆုံး အခကြေးငွေ မသတ်မှတ်မီ ရက်ပိုင်းအလိုမှာ လှိုင်သာယာစက်မှုဇုန်က အလုပ်သမား ၂၀၀ နီးပါးနဲ့ ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမား ၂၀ နီးပါး လျှော့ချမှုတွေရှိလာခဲ့ပါတယ်။

“အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖေါ်လျှက်ရှိရာမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် အလုပ်လုပ်နိုင်သူတိုင်း အလုပ်ရရှိဖို့နဲ့ သူတို့အတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်ရရှိရေးကိစ္စရပ်များကို အဓိကထားပြီး ဦးစားပေးဆောင်ရွက်နေတယ် ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်” လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဇူလိုင် ၂၄ ရက်နေ့ အလုပ်အကိုင်ပြပွဲမှာ ပြောခဲ့ပါတယ်။

အနည်းဆုံးလုပ်ခလစာ မသတ်မှတ်ခင် အလုပ်အမှာစာ နည်းပါးတဲ့အတွက် ၁၀ နှစ်အထက် အလုပ်သမားတွေအပါအဝင် အခြားအလုပ်သမား ၁၉၆ ယောက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်နစ်နာကြေးပေးကာ လုပ်ငန်းခွင်က ရပ်စဲခံခဲ့ရတာကြောင့် အလုပ်ပြန်ခန့်ထားပေးဖို့ ဆက်လက် တောင်းဆိုနေကြပါတယ်။
“ ၃၆၀၀ ရရင် အိမ်အတွက်အဆင်ပြေပြီလို့ ပြောနေတဲ့အချိန်မှာ ကျွန်မတို့ အလုပ်ထုတ်ခံရတယ်၊ လျော်ကြေးပေးမယ်လို့ပြောတယ်၊ ကျွန်မတို့အတွက် လျှော်ကြေးမလိုဘူး၊ အလုပ်ပဲ လိုတယ်” လို့ Asia Rose အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသန္တာမိုးက ပြောပါတယ်။ အလုပ်သမားတွေ အလုပ်ပြန်ရဖို့အတွက် တောင်းဆိုသွားမယ်လို့ သူမက ဆိုပါတယ်။

အလုပ်သမားတွေကို လုပ်ငန်းခွင်မှ မထုတ်ပယ်မီ ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားရမယ်လို့ အလုပ်သမားဥပဒေမှာ အတိအလင်းဖေါ်ပြထားပေမယ့် Asia Rose အထည်ချုပ်စက်ရုံမှာ ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ အလုပ်သမားတွေကို လုပ်ငန်းခွင်မှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရှင်က အလုပ်သမားတစ်ယောက်ကို အလုပ်မှ ထုတ်ပယ်ရာမှာ အလုပ်သမားဥပဒေများနဲ့ ညီညွတ်မှုမရှိ ဟုယုံကြည်ရင် ထုတ်ပယ်ခံရတဲ့ အလုပ်သမားကို ပြန်ခန့်ထားဖို့ အလုပ်သမားအဖွဲ့အစည်းက သက်ဆိုင်ရာ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိသည်လို့ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၈ မှာ ဖေါ်ပြထားပေမယ့် Asia Rose အထည်ချုပ်စက်ရုံမှာ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ အကုန်လုံးထုတ်ပယ်ခံထားရပါတယ်။
“၁၉၅၁ စက်ရုံ၊ အလုပ်ရုံအက်ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ၊ နောက်ဆုံးထွက်လာတဲ့ အမိန့် ကြေညာစာနဲ့အညီ ဆောင်ရွက်ခဲ့တာပါ၊ သက်ဆိုင်ရာရုံးတွေကိုလည်း ပြောထားပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လျော်ကြေးငွေဥပဒေနဲ့အညီ ပေးထားပါတယ်၊ အဲဒါကြောင့် ဥပဒေအကုန်လုံးနဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ခုံသမာဓိကောင်စီ၊ ဝါဏိဇပဋိပက္ခဖြေရှင်းရေးအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ Asia Rose အထည်ချုပ်စက်ရုံမှူးက ဆိုပါတယ်။

ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်သားအင်အားလျော့တာကို ဥပဒေနဲ့အညီလို့ဆိုတဲ့ အလုပ်ရှင်ကိုယ်စားလှယ်ရဲ့စကားအပေါ် ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကမကျေနပ်ကြတဲ့အတွက် ဆန္ဒထုတ် ဖေါ်ဖို့အထိ ဆောင်ရွက်သွားမယ်လို့ ဆိုကြပါတယ်။

“ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားမယ်ဆိုရင် သူ့ရဲ့အလုပ်ထုတ်နစ်နာကြေး ၂ လဆိုရင် ၂ လစာပဲရမယ်၊ ရက်ပေါင်း၃၀ ကြိုတင်အကြောင်းမကြားရင် အပို တစ်လကြေး ထပ်ဆောင်းရမယ်၊ အခု လုပ်သားအင် အားလျှော့ချလိုက်တာ ဥပဒေနဲ့ညီပါတယ်။ အရှုံးပေါ်နိုင်တဲ့အချိန်မှာ ပိတ်မှာပဲ၊ လျှော့ချတာကို တားလို့မရဘူး၊ အစိုးရဌာန ဘက်ကနေပြီးတော့ ဘယ်စက်ရုံမှာ လုပ်သားအင်အားဘယ်လောက်လျော့မလဲ ဘယ်စက်ရုံမှာ လုပ်သားအင်အား ဘယ်လောက်လိုမလဲ ဆိုတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Data ကောက်ထားတယ်၊ လုပ်သားအင်အား လျော့ချခဲ့သည်ရှိသော် ဘယ်စက်ရုံက ဘယ်နှစ်ယောက်လိုသလဲဆိုတာ လမ်းညွန်ပေးလို့ရတယ်” လို့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင် က ပြောပါတယ်။

အနည်းဆုံးအခကေးငွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အထည်ချုပ်လုပ်ငန်းနဲ့အခြားလုပ်ငန်းတွေမှာ လုပ်သားအင်အားလျှော့ချမှုတွေရှိလာနိုင်ပြီး လုပ်သား နှစ်သိန်းကျော်အလုပ်လက်မဲ့ဖြစ်နိုင်တယ်လို့ အလုပ်သမား အရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိအချိန်မှာ အနည်းဆုံးအခကြေးငွေမသတ်မီ ကြိုတင်လုပ်သားအင်အားလျှော့ချတာတွေ၊ မကြာမီ လာမယ့် ကာလအတွင်းလုပ်သားအင်အားလျှော့ချမှုတွေရှိလာနိုင်တဲ့အတွက်အလုပ်လက်မဲ့လုပ်သားအင်များ ပြားလာပြီး အလုပ်လက်မဲ့ဆန္ဒပြမှုတွေရှိလာနိုင်တယ်လို့ အလုပ်သမားရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါ တယ်။

အလုပ်လက်မ့တွေများပြားလာမယ့် အချိန်မှာ အေးသီတို့လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် အလုပ်တစ်နေရာရရှိဖို့မလွယ်ကူနိုင်တော့ဘူးဆိုတဲ့အတွေးတစ်ခု အေးသီခေါင်းထဲရုတ်တရက်ဝင်လာစဉ်ခဏ “ကျွန်မတို့မိသားစုတွေအတွက် တည်မြဲတဲ့အလုပ်တစ်ခုတော့ လိုအပ်နေတာအမှန်ပါ” လို့ ရင်ဘတ်ထဲက လေပူ တွေအကြိမ်ကြိမ်မှုတ်ထုတ်ရင်း ဆိုလိုက်ပါတယ်။

မောင်သစ္စာ
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.