09/08/15
winmyint-nld-620.JPG NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် ဟောပြောနေစဉ်
ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး ခရိုင်ကော်မရှင်တွေက ပယ်ချထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ၃ ဦးကို ပြန်ပြီး ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ သိရပါတယ်။
ဒါကြောင့် စုစုပေါင်းပယ်ချခံရတဲ့ NLD ကိုယ်စားလှယ်က ၅ ယောက်ပဲဖြစ်တော့တယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က RFA ကိုပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို မဲထည့်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းတာဟာ ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/commission-revokes-3nld-candidates-09072015112257.html
ချင်းတွင်းမြစ်ရေတိုးလာတဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း မြစ်ရေတိုင်းတာရေးစခန်းရှိရာ မြို့ (၇) မြို့မှာ ရေလွှမ်းမိုးမှုအန္တရာယ်သတ်မှတ်ထားကြောင်း မိုးလေသဝနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ မော်လိုက်မြို့မှာတော့ မြို့ရဲ့ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူတွေ အတွက် ကယ်ဆယ်ရေးစခန်းရယ်လို့လည်း သီးသန့်မရှိတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေကို ပရဟိတအဖွဲ့တွေကပဲ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ချင်းတွင်းမြစ်ရေကြီးလာတဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့တွေဖြစ်ကြတဲ့ မော်လိုက်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ အပါအဝင် မြို့ (၇) မြို့ကို ရေလွှမ်းမိုးမယ့်အန္တရာယ်ရှိတဲ့မြို့တွေအဖြစ် သတ်မှတ်ထားရပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောပြပါတယ်။
“ချင်းတွင်းမြစ်မှာပေါ့လေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ - ပေါ့လေ။ စခန်း (၇) စခန်း ရှိတယ်။ အဲဒီ စခန်း (၇) စခန်းလုံးကတော့ ဘေးနားက ….အထက်ကို ရောက်နေပါတယ်။ ခန္တီးမှာဆိုရင်တော့ ၃ ပေနဲ့အထက်မှာရှိပါတယ်။ ဟုမ္မလင်းဆိုရင်တော့ …ရဲ့အထက် ၄ ပေခွဲမှာရှိပါတယ်။ ဖောင်းပြင်မှာဆိုရင်တော့ …အထက် ၆ ပေမှာရှိပါတယ်။ မော်လိုက်မှာဆိုရင်တော့ ….level ရဲ့အထက်မှာပေါ့လေ - ၉ ပေလောက်ရှိပါတယ်။ ကလေးဝမှာလည်း …. level ရဲ့အထက်မှာ ၇ ပေခန့်ရှိပါတယ်။ မင်းကင်းမှာလည်း ….. level ရဲ့အထက်မှာ ၆ ပေခန့်ရှိပါတယ်။ အဲလိုပဲ မုံရွာမှာတော့ …. level ရဲ့အထက် ၃ ပေကျော်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ မြစ်ရေတိုင်းတာရေးစခန်းရှိတဲ့ (၇) မြို့မှာပေါ့လေ ညီမျှ level ရောက်နေတဲ့အနေနဲ့ အခု တိုင်းတာရရှိတဲ့ဟာကို ဖော်ပြပေးတဲ့အနေအထားရှိပါတယ်။ …လယ်ဗယ်အထက်ရောက်ရှိနေတဲ့အနေအထားကြောင့်မို့လို့ ဒါ စိုးရိမ်ရမယ့်အနေအထားမှာရှိပါတယ်။”
ဒီအထဲက စိုးရိမ်ရေအမှတ်ထက် ၉ ပေခွဲထိ ကျော်နေတဲ့ မော်လိုက်မြို့မှာတော့ မြို့ရဲ့ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မော်လိုက်မြို့ခံ ကိုဝင်းနိုင်က ပြောပါတယ်။
“မော်လိုက်မှာ သုံးပုံနှစ်ပုံလောက် မြုပ်နေပါတယ်ဗျ။ ကျနော်တို့မော်လိုက်က အိမ်ခြေကမြို့ပေါ်အိမ်ခြေ (၄) ထောင်လောက်ပဲရှိမယ်။ ကျနော်တို့ဆီမှာ ရပ်ကွက်ကြီးက (၂) ခုပဲရှိတာ၊ မြို့မ (၁)၊ မြို့မ (၂) ပေါ့။ ရပ်ကွက်ကလေးတွေဆိုရင်တော့ (၁၂) ရပ်ကွက်ရှိတာပေါ့။ (၁၂) ရပ်ကွက်မှာ (၈) ရပ်ကွက် မြုပ်နေတာပေါ့။ ရေလည်း …ခါးမှာရောက်နေတယ်။ အိမ်ထောင်စုက (၃၀၀) ဝန်းကျင်ခန့်ရှိတာပေါ့။ ကျေးရွာကတော့ (၂၅) ရွာလောက် မြုပ်နေပြီ။”
မြစ်ရေသတိပေးချက်တွေကို မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ကြိုတင်ထုတ်ပြန်ပေးထားတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပဲ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေဘက်က ပြောတာပါ။ မော်လိုက်မြို့မှာ ရပ်ကွက် (၈) ခုလောက်နဲ့ ပတ်ဝန်းကျင်ကျေးရွာ (၂၅) ရွာလောက် ရေနစ်မြုပ်နေပေမယ့် ရေဘေး ကယ်ဆယ်ရေး စခန်းတွေ လောလောဆယ်မှာ သီးသန့်မရှိတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြို့ခံတွေကပဲ ဆောင်ရွက်နေကြရတယ်လို့ ပြောပါတယ်။
“ကြိုတင်ကာကွယ်စောင့်ရှောက်မှုကတော့ မရှိပါဘူးဗျာ။ သတင်းဌာနတွေက တီဗွီတို့၊ ဘာတို့ကနေပဲ မြစ်ဝမ်းဘေးမှာနေထိုင်ကြတဲ့ ပြည်သူတွေ သတိနဲ့နေထိုင်ကြဖို့ပဲ သတိပေးထားတာတွေပဲရှိတယ်ဗျ။ ကြိုတင်ပြီးတော့ ဘာတွေလုပ်ပါ-ဆိုတာတော့ ကျနော်တို့ ဒေသတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲလုပ်ကြတာပေါ့။ ကယ်ဆယ်ရေးစခန်းဆိုရင် သီးခြားဖွင့်ထားတာတော့ မရှိဘူး။ ကျနော်တို့ ဆီမှာတော့ မူလတန်းကျောင်းလေးတို့၊ ဘုန်းကြီးကျောင်းတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းလိုဖွင့်ပြီး နေကြရတယ်။ အမှတ် (၂) မူလတန်းကျောင်း။ အထကကျောင်းပေါ့။ ဘုန်းတော်ကြီးကျောင်း-အဲလို- ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာ အဲလိုရောက်နေတဲ့ဒုက္ခသည်တွေကို ဆန် နှစ်ပြည်စီ ဝေပြီး အခု ကျနော်တို့ ပြန်လာတာ။”
ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံတဝန်းမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ မြစ်ရေကြီးတာနဲ့ ကိုမန်ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုတို့မှာ ရေဘေးဒဏ်ကို ခံစားခဲ့ကြတဲ့ လူပေါင်း (၁၆) သိန်းရှိပြီး လူပေါင်း ၁၂၀ ကျော်လည်း သေဆုံးခဲ့ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
မအေးအေးမာ/VOA
http://burmese.voanews.com/content/chindwin-river-water-over-concern-level-/2950892.html
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟိုပုန်းခရီးစဉ်မှာ အမျိုးသမီးကြီးတဦးဟာ ဒေါ်စုကို သူကိုယ်တိုင်ယက်လုပ်ထားတဲ့ ဖျင်တဘတ်လေးတထည်ကို ပေးရင်းနဲ့ သူတို့ခံစားနေရတဲ့ ဒုက္ခကို ရင်ဖွင့်တိုင်ကြားပါတယ်။
အမျိုးသမီးကြီးပြောတဲ့ ဘာသာစကားက အဲဒီဒေသက လူအများစုသိတဲ့ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဓနု စတဲ့ ဘာသာစကားမဟုတ်ပါဘူး။ “ယင်း” ဆိုတဲ့ လူမျိုးစုရဲ့ ဘာသာစကားပါ။ ရှမ်း၊ ဓနု၊ ပလောင်၊ ပအို့ဝ် စတဲ့ လူမျိုးတွေဆိုရင် ကျနော်တို့ အတော်များများက သိကြပေမဲ့ “ယင်း” လူမျိုးဆိုတာကိုတော့ သိသူနည်းပါတယ်။ (ကျနော်ဆို ကိုMyo Khonkoh ပြောမှပဲ ကြားဖူးပါတယ်၊ ဒါနဲ့ ဒီလူမျိုးအကြောင်း လိုက်ရှာကြည့်ဖြစ်ခဲ့တယ်)။
ယင်း လူမျိုးစုဟာ ရှမ်းပြည်တောင်ပိုင်း (ပင်လုံ၊ လွိုင်လင် နဲ့ နမ့်စန့်) မှာ နေထိုင်တဲ့ လူမျိုးစု တစ်စုဖြစ်တယ်။ ယင်းလူမျိုးတွေမှာ ၀တ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ယင်းနက်နဲ့ ယင်းကြား ရယ်လို့ အနွယ် ၂ နွယ်ကွဲပါတယ်။ ယင်းနက်တွေက အနက်ရောင်ပြောင်အခြေခံတဲ့ ၀တ်စုံကို ၀တ်လေ့ရှိပြီး ယင်းကြားတွေကတော့ အနက်ရောင်အခြေခံမှာ အဖြူအနီအစင်းကြားပါတဲ့ ၀တ်စုံမျိုးကို ၀တ်ဆင်ပါတယ်။ လူဦးရေအတိကျ မသိရပေမဲ့ ခန့်မှန်းချေ နှစ်သောင်းကနေ လေးသောင်း လောက်အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာအစိုးရရဲ့ လူမျိုးစုတွေအကြောင်း ရေးထားတဲ့ မှတ်တမ်းတွေမှာ သူတို့ကို ရှမ်းလူမျိုးစု အုပ်စုထဲမှာ ထည့်သွင်းထားပေမဲ့ မနုဿဗေဒပညာရှင်တွေကတော့ သူတို့ကို ပအို့ဝ်တွေလိုပဲ ကရင်လူမျိုးစုထဲမှာ ထည့်ကြပါတယ်။ အထူးသဖြင့် Black Kayin ဆိုတဲ့ ပအို့ဝ်အနွယ်မှာ ထည့်သူတွေလည်းရှိပေမဲ့လို့ ဘာသာစကားကို လိုက်ပြီး လူမျိုးစုအနွယ်တွေကို ခွဲသူတွေကတော့ ဘာသာစကားအရ ပအို့ဝ်နဲ့ ယင်း မတူဘူးလို့ ငြင်းဆိုပါတယ်။ ခရစ်ယာန်သာသနာပြုတွေရဲ့ အဆိုအရ ယင်းလူမျိုးတွေကတော့ သူတို့ဟာ ပုဂံပြည့်ရှင် အနော်ရထာမင်းစော ရဲ့ အနွယ်တော်တွေကနေ ဆင်းသက်လာကြတယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ (ဒီနေရာမှာ ယင်းတွေနဲ့ နီးစပ်စွာနေထိုင်ကြတဲ့ အချို့သောပအို့ဝ်တွေရဲ့ ပအို့ဝ်တွေဟာ သထုံပြည် မနုဟာမင်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ အငြင်းပွားစရာသမိုင်းကို သတိရစရာပါ)။
ယင်းလူမျိုးအများစုဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြပေမဲ့လို့ မြေပြန့်ဒေသ ထေရ၀ါဒနဲ့ ကွဲပြားတယ်လို့ ဆိုကြပါတယ်။ မိရိုးဖလာမိကိုင်ဖကိုင်နဲ့ တောတောင်စောင့် နတ်တွေကို ကိုးကွယ်တဲ့အလေ့အထက သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမှာ အများကြီးလွှမ်းမိုးထားတယ်လို့ ခရစ်ယာန်သာသနာပြုတွေက ဆိုကြပါတယ်။
ယင်းလူမျိုးတွေဟာ အင်မတန် အေးချမ်းတဲ့ ဘ၀ရှင်သန်ပုံမျိုးနဲ့ နေထိုင်ကြလေ့ရှိပြီး ပုံမှန်အားဖြင့် မိသားစု တစ်စုဟာ မြေ၂ဧကလောက်စီနဲ့ လုပ်ကိုင်စားသောက်ကြတယ်။ အိမ်ထောင်ပြုစ သားသမီးတွေဟာ မိဘနဲ့ တနှစ်လောက်အထိ အတူနေထိုင် လုပ်ကိုင်ကြပြီးမှ ကိုယ်ပိုင်မြေကို ခွဲထွက်လုပ်ကိုင်ကြပါသတဲ့။ မိဘနဲ့အတူ နေထိုင်စဉ် အိမ်ထောင်ခွဲဟာ ခြံတ၀ိုင်းထဲမှာ အိမ်ခွဲပြီး နေထိုင်ကြလေ့ရှိပါတယ်လို့ဆိုတယ်။ ၀တ်စုံဝတ်ရာမှာ အပျို အအို ခွဲခြားဝတ်ဆင်မှုမျိုး မရှိတာမို့ အပျိုနဲ့ အိမ်ထောင်သည် ခွဲရခက်တယ်လို့လည်း ဆိုပါတယ်။
အေးချမ်းစွာ နေထိုင်တဲ့ အလေအထရှိသူတွေမို့ ရှမ်းမြေမြင့်က လူမျိုးစု အခွင့်အရေးအတွက် လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့လည်း အတော်ကင်းကင်း နေကြလေ့ရှိပြီး အခြေခံပညာအဆင့်မြင့်တန်းကို အောင်မြင်ပြီးသူတောင် မရှိသလောက်ရှားပါးပါသတဲ့။ (ခရစ်ယာန်သာသနာပြုတွေ အ၀တ်အစား နဲ့ ဆေးဝါး စတာတွေ ကူညီတာကိုတောင် နေစမ်းပါဦး မင်းတို့က ဘာလို့ငါတို့ကို လာပေးကြတာလဲလို့ တအံ့တသြပြန်မေးကြတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းကြပြီး ဘ၀ကိုလည်း ရောင့်ရဲစွာ ဖြတ်ကျော်ကြတာမို ခရစ်ယာန်သာသနာပြုဖို့ မလွယ်ဖူးလို့ ဆိုပါတယ်။့)
ဒီလိုအေးချမ်းစွာ ရှင်သန်တတ်တဲ့အလေ့အထကပဲ သူတို့ကို လက်နက်အင်အားရှိတဲ့အုပ်စုတွေက အလွယ်တကူ အနိုင်ကျင့်စရာဖြစ်နေပါတယ်။ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်း မြေသိမ်းယာသိမ်းမှုတွေမှာ မြေကို အရင်းပြုပြီး အေးချမ်းစွာ ရှင်သန်နေထိုင်လေ့ရှိတဲ့ ယင်းလူမျိုးစုတွေရဲ့ မြေတွေဟာ လက်နက်နဲ့ အနိုင်ထက်စီးနင်း သိမ်းပိုက်သူတွေရဲ့ သိမ်းပိုက်ခြင်းကို ခံရပြီး ယင်းတွေ မြေမဲ့ယာမဲ့တွေဖြစ်ကာ ဘ၀ရပ်တည်ရေးမှာ အလွန်အမင်းအခက်ခဲတွေ တွေ့လာရပါသတဲ့။ တချိန်က ကိုယ့်မြေကိုယ့်ယာတွေနဲ့ ညီညီညွတ်ညွတ်အေးအေးချမ်းချမ်း တစုတစည်းနေထိုင်ကြတဲ့ ယင်းတွေဟာ အခုအချိန်မှာတော့ မြေမဲ့ယာမဲ့ဘ၀တွေနဲ့ ရေကြည်ရာ မြက်နုရာ ရှာဖွေနေထိုင်ကြရာနေ အခုချိန်မှာ ယင်းလူမျိုးတွေကို သူတို့ရဲ့ဇာတိဒေသတွေမှာ အတွေ့ရနည်းလာရပြီလို့ ဆိုပါတယ်။ ဒီကနေ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိလာနေပြီလို့ လေ့လာသူတွေက ဆိုပါတယ်။
ယင်းတွေရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက် နေထိုင်လာခဲ့ကြတဲ့ မြေတွေကို အတင်းအဓမ္မလုယူသူတွေက တချိန်က လက်နက်ကိုင်တော်လှန်သူတွေဖြစ်ပေမဲ့ နောက်ပိုင်း စစ်တပ်နဲ့ အလွန်အလွမ်းသင့်လို့ မြန်မာအစိုးရအဆက်ဆက် မျက်နှာသာပေးခြင်းခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေလို့ ဆိုပါတယ်။
(အချက်အလက်တွေကို Global Recordings Network က ရယူတာဖြစ်ပြီး ဓါတ်ပုံတွေကတော့ ကိုကျော်ကျော်ဝင်း (စွယ်တော်ရိပ်) ရဲ့ A Visit to Southern Shan State စာအုပ်ထဲမှ ဓါတ်ပုံတွေကို ကို Myo Khonkoh မှတဆင့်ရရှိတာဖြစ်ပါတယ်)
Aung Zin Latt
1495438_609534245838944_627759385689982577_n1
၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲအတွက် စိစစ်အတည်ပြုပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြေညာ ကပ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
အတည်ပြုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာ ၄ ရက်ကစတင်ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြေညာကပ်ထားတာလို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူက “ကျနော်တို့ မဲဆန္ဒနယ်မကပ်ဖို့ ဆိုင်းငံ့ထားတဲ့နေရာ ၃၇ နေရာပဲရှိတယ်။ အားလုံး မဲဆန္ဒနယ် ၁၀၀၀ ကျော်ရှိတဲ့အထဲမှာ ၃၇ နေရာ စိစစ်ဆဲကာလ ဖြစ်တဲ့အတွက် ဆိုင်းငံ့ထားပါတယ်။ ဒါကလည်း ခရိုင်တခုပြီးတာနဲ့ တန်းကပ်ပါမယ်။ တခုပြီးတခု ပေးကပ်ဖို့လည်း ညွှန်ကြားထားတာ ရှိပါတယ်။ အဲဒီနေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး သွားကြည့်လို့ရပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကော်မရှင်မှာ အမည်စာရင်း တင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၆၁၈၉ ဦး ရှိရာမှာ ၈၈ ဦးကတော့ ရွေးကောက်ပွဲဥပဒေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ပယ်ချခံရပြီး အယူခံ ပြန်လျှောက်ထားခဲ့ကြလို့ စစ်နေဆဲ ဖြစ်ပါတယ်။
အယူခံပြန်ဝင်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲ ပြည်သူ့လွှတ်တော်မှာ ၁၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ၈ ဦးနဲ့ တိုင်းဒေသကြီးမှာ ၃၅ ဦး၊ စုစုပေါင်း ၅၃ ဦးကို စိစစ်နေဆဲဖြစ်ပြီး ကျန်သူတွေကတော့ ပြန်လည်လက်ခံခဲ့တယ်လို့ ကော်မရှင်အရာရှိက ပြောပါတယ်။
နိုင်ငံရေးပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မနက်ဖြန် စက်တင်ဘာ ၈ ရက်နေ့ မနက်ကစပြီး ရက်ပေါင်း ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောမှုတွေ စတင်ခွင့်ရတော့မှာ ဖြစ်ပါတယ်
By ဒီဗွီဘီ
http://burmese.dvb.no/archives/111082
ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၇ ရက် မနက် ၈ နာရီ မိနစ် ၄၀ အချိန်လောက်က ဥက္ကာပျံလို့ ယူဆရတဲ့ အပိုင်းအစတွေ လောင်ကျွမ်းလွှင့်ကျခဲ့ပါတယ်။
ကောင်းကင်ပေါ်က ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုနဲ့အတူ အလင်းတန်းကြီးတခု လွှင့်ကျလာတာကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်ခရိုင် လတ်ဖရောက့်မြို့နယ်၊ နွန်ထပူရီခရိုင်၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရာ့ခ်ျဆီမားခရိုင် ဆုန်နိုင်းမြို့နယ် နဲ့ ခန်ထလေးမြို့နယ်၊ ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ကျနပူရီခရိုင် ဆီဆ၀ပ်မြို့နယ်၊ ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာကျောက်မြို့နယ် စတဲ့ဒေသက ပြည်သူတွေ တပြိုင်တည်းလိုတွေ့မြင်ခဲ့ကြတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင်နေ ပြည်သူတွေကတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားရပြီး တစ်ခုထက်မကတဲ့ အလင်းတန်းတွေ ဆီဆ၀ပ်မြို့နယ် တောအုပ်ထဲကို ကျသွားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ မိုင် ၄၀ လောက်အကွာမှာ လည်း ပေါက်ကွဲသံနဲ့ မီးလောင်နေတဲ့ အရာတခု တောအုပ်ထဲကို ကျသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားနက္ခဗေဒဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆရန်းပိုဆယဂျင်းဒါးကို သနေရှင်းတီဗွီသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အဲဒီ အလင်းတန်းဟာ နေရာအသီးသီးကနေ တချိန်တည်းလို တွေ့မြင်ရတဲ့အတွက် ပေါက်ကွဲမှု တခုတည်းသာ ဖြစ်နိုင်ကြောင်း၊ ဒါဟာ အကာသမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဥက္ကာပျံလွင့်ကျတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ယခင်ကလည်း မကြာခဏ ဖြစ်ဖူးကြောင်း၊ ဥက္ကာပျံဟာ ကမ္ဘာမြေနဲ့ အင်မတန်အလှမ်းဝေးတဲ့ ကောင်းကင်မှာဘဲ ပေါက်ကွဲလွင့်စင်သွား တဲ့အတွက် လူသားတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဖြေကြား သွားပါတယ်။
ဒီမနက် ကျလာတဲ့ ဥက္ကာပျံ အမြန်နှုန်းဟာ တစ်စက္ကန့်ကို မီတာ ၃၃၀ ရှိကာ အလေးချိန် ကီလိုဂရမ် တော်တော်များမယ်လို့ ဒေါက်တာဆရန်းပိုဆယဂျင်းဒါးက ခန့်မှန်းပြောဆိုပါတယ်။
လေယာဉ်ပျံ ဒါမှမဟုတ် ဂျက်လေယာဉ် ပျက်ကျတယ်လို့ ထင်မြင်ယူဆနေတဲ့ အပေါ်မှာတော့ ဘယ်ဒေသတွေမှာ လေယာဉ်ပျက်သလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးမှ သိနိုင်မယ်လို့ ဆိုပါတယ်။
ကန်ကျနပူရီခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒေသခံတွေ တိုင်ကြားလာတဲ့ ပေါက်ကွဲမှုဖြစ်ရာ ဘက်ကို သွားရောက်စစ်ဆေးရာမှာ လေယာဉ်ပျက်ကျမှုတွေ မရှိဘူးလို့ သတင်းဌာနတွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈၂၃ ခုနှစ်၊ ၁၉၈၁ ခုနှစ်၊ ၁၉၉၃ ခုနှစ် နဲ့ ၂၀၀၉ ခုနှစ်တွေမှာ စုစုပေါင်း ဥက္ကပျံ ၄ ကြိမ် ကြွေကျခဲ့ဖူးတယ်လို့ သနေရှင်းသတင်းက စုဆောင်းတင်ပြထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/111081
ရွေးကောက်ပွဲဆိုတာ နားယဉ်နေတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတာတွေထဲက တစ်ခုပါပဲ။ အာဏာရှင်ခေတ် ကာလ အရှည်ကြီးကို ဖြတ်ခဲ့ရလို့ ရွေးကောက်ပွဲဆိုတာ ကိုယ့်နိုင်ငံမှာ ခဏ ခဏ မကြုံခဲ့ရတာတောင် နိုင်ငံ တကာရွေးကောက်ပွဲသတင်းတွေက အမြဲ မပြတ် ကြားနေဖတ်နေရလို့ နားယဉ်နေတာလားတော့ မဆိုနိုင်ဘူး။ အခုလည်း ကိုယ့်နိုင်ငံမှာ သမိုင်းတစ်ကွေ့ဖြစ်လေမလားလို့ မျှော်သူမျှော်မှန်း သူမှန်းနေကြချိန်မှာ ရွေးကောက်ပွဲဆိုတာကြီးကို တစ်လုံးချင်း စဉ်းစားကြည့် နေ မိပါတယ်။ ရွေးတာနဲ့ ကောက်တာနဲ့ဟာ ဘာများ ကွာသလဲလို့ပေါ့။ တွေးကြည့်တော့မှ ရွေးတာနဲ့ကောက် တာနဲ့က တူ သလိုလိုနဲ့ကွာတာကို ခံစားရတယ်ခင်ဗျ။
ရွေးတယ်ဆိုတာက အကောင်းဆုံးကို ရွေးချယ် တာဖြစ်နိုင်ပြီး ကောက် တယ်ဆိုတာကတော့ ကောင်းတာမကောင်းတာထက် သူ့စိတ်ကြိုက်ကို အပေါ်စီးကနေ အရယူတဲ့သဘောပဲလို့ စဉ်းစားမိပါတယ်။ ဆိုပါစို့။ “ချစ်သူ”ကိုဆိုရင် စိတ်ကြိုက်ရွေးကြတာပေါ့။ ချစ်သူကောက်တယ်လို့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ မိဖုရားဆိုရင်တော့ ရွေးတာထက် ကောက်တာက ပိုများတယ်လေ။ ကောက်တာတောင် ရိုးရိုးမဟုတ်ဘဲ ကောက်တော်မူတယ် လို့ ဖြစ်ရသေးသကိုး။ ဒီတော့ လာမယ့် ရွေးကောက်ပွဲဆိုတာ ကြီးမှာလည်း ကိုယ့်စိတ်ကူး ကိုယ့်မျှော်မှန်း ချက်ကိုယ်စီနဲ့ ရွေးသူကရွေးဖို့ လုပ်ချိန်၊ ကောက်သူကလည်း ကောက်ဖို့ကြံနေမှာပါပဲ။
မကြာသေးမီကာလကမှာ မောင်ကိုနီအမည်နဲ့ စာရေးတဲ့ ဥပဒေပညာရှင် ဦးကိုနီရဲ့ ဟောပြောပွဲတစ်ခုကို တက်ရောက် နားထောင် ခွင့်ရခဲ့တယ်။ အဲဒီပွဲမှာ ဦးကိုနီက မြန်မာ့သမိုင်း မှာ ဖြတ်သန်း ခဲ့တဲ့ ရွေးကောက်ပွဲတွေ အကြောင်း ပြောပြရာမှာ လွတ်လပ်ရေးရချိန်ကနေ ၁၉၆၀ အထိ လုပ်ခဲ့ တဲ့ ရွေးကောက်ပွဲတွေကို ၁၉၄၈ ပါလီမန်ရွေးကောက်ပွဲ ဥပဒေအရ လုပ် ခဲ့တာဖြစ်ပြီး ကော်မရှင်လည်းမရှိ၊ ကော်မရှင်ဥပဒေ ဆိုတာလည်း မရှိခဲ့ပုံ ကို ပြောပြပါတယ်။ အဲဒီကာလက မဲစာရင်း အရာရှိဆိုတာတွေ ကို နိုင်ငံတော်သမ္မတကခန့်ပြီး မဲစာရင်းတွေကိုပြုစုပေးရပါသတဲ့။ ဒီအရာရှိများက မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတွေကို ဥပဒေအရ စာရင်းပြုစုကြရတာပေါ့။ နောက် ရွေးကောက်ပွဲလုပ်ပေးမယ့် ရွေးကောက်ပွဲအရာရှိဆိုတာကို သီးသန့်ထပ်ခန့်ပါတယ်။ အဲဒီအရာရှိများကို လခစားအဖြစ် သီးခြားခန့်ထားတာ ဟုတ်ပုံမပေါ်ပါဘူး။ အစိုးရ အရာထမ်းများထဲက ခန့်အပ် တာဝန်ပေးတဲ့ သဘောဖြစ်ပုံပေါ်ပါတယ်။
ဒီလိုနဲ့ ရွေးကောက်ပွဲတွေလုပ်တဲ့အခါ ထုံးစံအတိုင်း ငြင်းကြခုံကြ၊ စွပ်စွဲကြ ဆိုတာတွေကတော့ ရှိတာပါပဲတဲ့။ အဲဒါတွေကို ဖြေရှင်းဖို့ ကိုတော့ နိုင်ငံတော် သမ်္မတက လုပ်ပေးခွင့်မရှိပါဘူးတဲ့။ ဒီအတွက် ခုံသမာဓိ အဖွဲ့တွေကို ဖွဲ့ပေးရသူကတော့ တရားရေးဝန်ကြီးက ဖွဲ့ပေး ရတာဖြစ်ပြီး နှစ်စဉ် ၁၅ ယောက်နဲ့ ဖွဲ့ပေးပါသတဲ့။ အဲဒီအထဲက သုံးယောက်နဲ့ ခုံဖွဲ့ပြီး ဆုံးဖြတ်ပေးတာဆိုပဲ။ ဒီလို မဲစာရင်း လုပ်သူ၊ ရွေးကောက်ပွဲ လုပ်ပေးသူ၊ ရွေးကောက်ပွဲရလဒ် အငြင်းအခုံ ပြဿနာများကို ခုံဖွဲ့ဖြေရှင်းပေး သူဆိုတဲ့ အဖွဲ့သုံးဖွဲ့ဟာ ကိုယ့်တာဝန် ကိုယ်လုပ် ကြတာဖြစ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စွက်ဖက်မှုလည်းမရှိ၊ ပတ်သက်မှုလည်းမရှိ၊ သြဇာသက်ရောက်မှုလည်း မရှိပါဘူးတဲ့။ (အခုခေတ်မှာ သစ်ပင်စိုက်တာက တစ်ဖွဲ့၊ ခုတ်တာကတစ်ဖွဲ့ဆိုတာမျိုး၊ လမ်းပြင်တာကတစ်ဖွဲ့၊ ပြင်ထားတဲ့လမ်းပေါ် မြောင်းတူးတာက တစ်ဖွဲ့ ဆိုတာမျိုး ဖြစ်မှာပေါ့နော့)။
အခုခေတ်မှာတော့ ရွေးကောက်ပွဲ ဥပဒေအရ ကော်မရှင် ဆိုတာကြီး ကို နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေးတယ်လေ။ ဒီလို တာဝန်ပေး ရာမှာ လွှတ်တော်က အတည်ပြုပေးရတာဖြစ်ပေ မယ့် ငြင်းခွင့်တော့ မရှိ ဘူးတဲ့ခင်ဗျ။ ဒီလိုနည်းနဲ့ ဖြစ်လာတဲ့ ကော်မရှင်ကြီးခမျာ မဲစာရင်းလည်း သူ့ဘာသာလုပ်ရ၊ ရွေးကောက်ပွဲကိုလည်း သူ့ဘာသာ လုပ်ရ၊ ရွေးကောက်ပွဲပြီးတော့ အမှုအခင်း အငြင်းအခုံ ဖြစ်တော့လည်း သူကပဲ စီရင်ဆုံးဖြတ်ရပြီး နောက်ဆုံး သူ့ဆီအယူခံရသည့်တိုင် အဲဒီ အယူခံက လမ်းဆုံးဖြစ်ပြီး မကျေနပ်လည်းဒါပဲ၊ ကျေနပ်လည်း ဒါပဲ ဖြစ် ပါသတဲ့။
ဒါကဖြင့် ကော်မရှင်ကြီးခမျာ ခေတ်ဆိုးခေတ်ကျပ်ကြီးနဲ့ ကြုံရ ရှာတော့ ကန့်လန့်ကာကြားထဲတောင် ၀င်ခွင့်မရဘဲ အခုပဲနဂါးဖြစ်လိုက်၊ အခုပဲ ဘီလူးခေါင်းဆောင်းပြီး ဘီလူးကြိမ်းကြိမ်းရနဲ့၊ ကိုယ့်ဘာသာ ဘီလူး မှန်းမသိ၊ နဂါးမှန်းမသိ ဖြစ်ရှာပြီပေါ့။ ဒီတော့လည်း လူရှေ့သူရှေ့ရောက်မှ ကိုယ့်ဘာသာ ဘာကောင်းလဲသိရအောင် ခေါင်းပေါ်က အရုပ်လက်နဲ့ ပျာယီးပျာယာစမ်းကြည့်ရင်း ”ငါဟဲ့၊ ဘီ..ဂါး”လို့ အော်ရရှာသူကြီးလို ပရိသတ် ဟားစရာကြီး ဖြစ်ဖြစ်နေရှာတာပေါ့လို့။ သူ့အဆုံးအဖြတ်က နိဂုံး အပြီးသတ်ဖြစ်ပြီး နောက်ထပ် နောက်ထပ် လုံးဝလုံးဝ အယူခံခွင့် မရှိစေရဆိုပြီး နာမည်ပျက်စရာမှန်သမျှ သူ့ပုံချထားတာကလည်း ၀ဋ်လို့ပဲ ဆိုရမှာပေါ့ခင်ဗျ။
ဒီလို ခေတ်ကြီးထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ကလည်း အရမ်းကိုထူးဆန်းလှသဗျ။ ကိုယ့်ပါတီ ကို ပြည်သူ က ကြိုက်အောင်၊ မဲထည့်ချင်အောင် မဲဆွယ်စကားနဲ့ စည်းရုံးလှုပ်ရှား ဖို့ရာ ရေဒီယိုတို့ တီဗီတို့လို ပြည်သူ့နားကို ပေါက်မယ့် မီဒီယာများကနေ စကားပြော ခွင့် ပေးထားပေမယ့် အဲဒီစကားတွေထဲ ဘာတွေ မပြောရ၊ ဘယ် အကြောင်းတွေဆို လေသံတောင်မဟရဆိုပြီး စည်းကမ်းချက်တွေ ထုတ် လိုက်ပြန်တာလေ။ “ဒို့တာဝန်အရေးသုံးပါး”ကို ထိခိုက်ပြီး မပြောရ ဘူးတဲ့၊ တပ်မတော်ကို ထိပါးတဲ့ အပြောအဆို တွေ ဆင်ခြင်ရမတဲ့၊ ပြီးတော့ အခြေခံဥပဒေ အကြောင်းဆိုရင်ဖြင့် “အ”တို့“ဥ”တို့ အသံမျိုးတောင် မထွက်ရင်မကောင်းမယ် ဆိုသလောက် နီးပါး တင်းကျပ်တဲ့ စည်းကမ်းများ ထုတ်ထားတာ ကြားလိုက်ရပါသဗျာ။
ကဲ၊ လက်ဝဲတို့၊ လက်ျာတို့၊ စည်းမျဉ်းခံ ဘုရင်စနစ်တို့၊ ဖက်ဒရယ်ပြည်ထောင်စုတို့၊ ဆိုရှယ်လစ်ရီပတ်ဘလစ်တို့ စသဖြင့် နိုင်ငံတွေ အုပ်ချုပ်မှုစနစ်တွေ ဘယ်လိုကွဲကွဲ၊ ဒီလောက် ထူးခြားတဲ့ ရွေးကောက်ပွဲ စည်းကမ်းမျိုးဖြင့် ကြားဖူးစရာ မရှိနိုင်လောက်တဲ့ ပြိုင်ဘက်ကင်း လူ့ဘောင် အဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူလောက်စရာ တို့မြန်မာပါပဲ။ တပ်မတော်ကို အုပ်ချုပ်ရေးမှာရော ဥပဒေပြုရေးထဲမှာပါ တရားဝင်ပတ်သက်ခွင့်ရအောင် အခြေခံဥပဒေထဲ ဇွတ်ထည့်ဆွဲထားတဲ့နိုင်ငံကြီးမှာ အဲဒီ အုပ်ချုပ်ရေးတို့၊ ဥပဒေပြုရေးတို့ စတဲ့နေရာတွေကို နေရာမှားရောက်နေတဲ့ တပ်မတော်ကြီး အကြောင်း အုပ်ချုပ်ရေးတို့၊ ဥပဒေပြုရေးတို့ တာဝန်ယူဖို့ အရွေးခံကြမယ့် သူများက တစ်လုံးတစ်ပါဒမှ မပြောရဆိုတာ သဘာဝကျရဲ့လား စဉ်းစားကြည့် ပါဦးဗျာ။
ကိုယ်ခုံမဟုတ်ဘဲ ဇွတ်ဝင်ထိုင်နေသူက ဒီခုံတွေထဲ အများ သဘောတူ ၀င်ထိုင်ဖို့ ကြိုးစားနေသူတွေကို ငါတို့အကြောင်း တစ်ခွန်းမှမပြော နဲ့နော် ဆိုတာက အတော်အခက်သားပဲ။ ဒီလိုပဲ အခြေခံဥပဒေဆိုတာလည်း ဘယ်လို ပုံစံနဲ့ ဘယ်လောက်ကြီးကြာအောင် ဘယ်လိုမရိုးမသား ဆွဲခဲ့တယ် ဆိုတာ အားလုံးသိနေကြတာပါပဲ။ ဒီကနေ့ နိုင်ငံရေးပါတီများကဖြင့် အဲဒီအတိတ်က ဖြစ်ခဲ့ညစ်ခဲ့သမျှတွေကို စကားထဲထည့် မပြောနေကြပါဘူး။ ဒါပေမဲ့ ပစ္စုပ္ပန်မှာ ဒီအမှားတွေကို ဘယ်လိုပြင်ဆင်ပြီး အနာဂတ်မှာ အားလုံးကောင်းအောင် ဘယ်လိုလုပ်ကြရ အောင်ဆိုတာကိုမှ မပြောရရင် ဘယ်လိုလုပ်ပြီး ရှေ့လျှောက်ကြမယ့်လမ်းကို ချပြလို့ ရနိုင်မှာလဲ။
၂၀၁၀ ရွေးကောက်ပွဲမှာ အဓိကအတိုက် အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီ က ရွေးကောက်ပွဲကို မယုံကြည်လို့ မ၀င်ခဲ့တဲ့အပြင် မယုံခဲ့တဲ့အတိုင်းပဲ ကြိုတင်မဲတွေနဲ့ အာဏာရပါတီက အနိုင်ယူခဲ့တယ်ဆိုတာ လူတိုင်းသိ ရုပ်ပျက် ဆင်းပျက် သမိုင်းအမည်းစက်ပါပဲ။
ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးနဲ့ ဆွေးနွေးပြီး ဘယ်လိုသဘော တူညီချက်တွေနဲ့ လွှတ်တော်ထဲ ၀င်ခဲ့တယ်ဆိုတာ မသိရပေမယ့် အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့တာတော့ အားလုံးအသိပါပဲ။ အခု သုံးနှစ်ကြာ လွှတ်တော်တွင်းမှာရော လွှတ်တော်ပြင်ပမှာပါ အခြေခံဥပဒေ ကို ပြင်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ရုံမက အခု ရွေးကောက်ပွဲထပ် လုပ်ပြန်တော့ ဒီတစ်ခေါက်မှာ အဲဒီဥပဒေကြီးအကြောင်း မပြောကြေး ဆိုတော့ ခက်တော့ခက်နေပြီပေါ့ နော်။
ဒီလို အဓိပ္ပာယ်မရှိတဲ့ တားမြစ်ချက်တွေအပြင် “ဟောပြောမယ့်ဟာကို ကြိုတင်တင် ပြရမယ့်အပြင် ဆင်ဆာလုပ်ပြီးသားကိုပဲ ပြောရမယ်” ဆိုတာ လည်း ပါသေး။ ကျွန်တော်ကတော့ ဒီလို အရပ်ရပ်ကြားလို့မတော်တဲ့ ရှက်စရာ၊ စိတ်ပျက်စရာ တားမြစ်ချက်တွေ တွေ့ရတဲ့အခါ အရင်က စာပေစိစစ်ရေးကို သတိရမိပါတယ်။ စာပေစိစစ်ရေးဆိုတာကလည်း ဒီလို အဓိပ္ပာယ်မဲ့ တားမြစ်ချက် ဓားတုံးတုံးတွေနဲ့ စာပေအနုပညာတွေကို ခုတ်ထစ်ပစ်ခဲ့ပြီး ထပ်အယူခံဝင်စရာစနစ်လည်း မရှိပဲ မှားမှားမှန်မှန် သူလုပ်တဲ့အတိုင်း ခံခဲ့ကြရတာလေ။
ဒီလို ကာလထဲမှာတောင် စာရေးဆရာများဟာ အနုပညာမြောက် ဖန်တီးမှု များနဲ့အတူ အဓိပ္ပာယ်မဲ့ ဆင်ဆာစနစ်ကို အန်တုခဲ့ကြတာပါပဲ။ ဒီပဲယင်း အရေးအခင်းလို ဇွတ်ဖုံးထားတဲ့ သမိုင်းကြီးကိုတောင် ကဗျာဆရာ ကြည်မောင်သန်းက “ဒီပရင်္ဂ” ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာဖွဲ့ခဲ့ရာမှာ စိစစ်ရေးက မမြင်တတ်နိုင်ရှာပဲ လွတ်ခဲ့ကျွတ်ခဲ့တာပေါ့။ “အဲဒီညက အမျိုးသမီး တစ်ယောက် သေကံမရောက် သက်မပျောက်ဖြစ်ခဲ့တယ်”ဆိုတဲ့ ကဗျာပိုဒ်ကို ပုံနှိပ်စာလုံးအဖြစ် မြင်ရတာ အတော်ကျေနပ်စရာ ကောင်း ခဲ့တာကိုး။
ဒီလိုပဲ နိုင်ငံခေါင်းဆောင်ကြီးဆိုသူများနဲ့ မတော်တဆ ဆင်တူရိုးမားတောင် ဇာတ်ကောင် နာမည်တူလို့မရ၊ ဒေါ်စုနာမည်ဆိုလည်း စာထဲ ထည့်ရေးလို့ မရဆိုတဲ့ ခေတ်ကြီးထဲမှာ ဆရာညီပုလေးက သူ့ဝတ်္ထုထဲမှာ ရပ်ရွာ က အော့ကြောလန်ဇာတ်ကောင်ကို “သန်းဒန်”လို့ နာမည်ပေးပြီး ဇာတ်အဆုံးမှာ အဲဒီလူယုတ်မာကို မြေမျိုပြီး အဆုံးသတ်ပေးခဲ့တယ်။
ဒီလိုပဲ ဆရာဂျိုဇော်ကလည်း လူတိုင်းမုန်းပြီး ရန်ဖြစ်ရင် လက်ပါချင် တဲ့ ကျောင်းသားကို ဇာတ်ကောင်လုပ်ပြီး “သန်းဂန်”လို့ နာမည်ပေးတယ်။ သန်းဂန်က သူ့လက်မှတ်ထိုးရာမှာ ဂန်ကို GUM နဲ့ပေါင်းတယ်လို့ ရေးတဲ့ စာကြောင်းကတော့ ဆင်ဆာမလွတ်ဘဲ အဖြတ်ခံခဲ့ရသတဲ့။ ဒါပေမဲ့ ဇာတ်ကောင် စရိုက်ကတော့ ဘယ်သူ့ကိုပြော တယ်ဆိုတာ စာဖတ်သူက ခံစားလို့ရခဲ့ပါတယ်။ ဒီလိုပဲ ကျွန်တော်လည်းအများအတွက် အနစ်နာခံ သစ်ပင်စိုက်တဲ့ ဘဒွေးစု၊ ဒီစိုက်သမျှ အပင်တွေကို ခုတ်ပစ်အောင် အာဏာပိုင် ကို အတို့အထောင်လုပ်တဲ့ ဦးရွှေကြံ့၊ ဉာဏ်မရှိ ဘာမရှိ သူများပြောတိုင်း အပင်တွေလိုက်ခုတ်တဲ့ ရွာသူကြီး ဦးဗိုရွှေစတဲ့ ဇာတ်ကောင် များနဲ့ “ပတ်ဝန်းကျင်ထိမ်းသိမ်းရေးစာပေ” အယောင်ဆောင်ထားတဲ့ မျက်မှောက် နိုင်ငံရေးအခင်း အကျင်းကိုဖွဲ့တဲ့ ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။
အခုလည်း အဓိပ်္ပာယ်မရှိတဲ့ စိစစ်တားမြစ် မှုတွေကြားက မဲဆွယ် စည်းရုံးဟောပြောကြရမယ့် ပါတီခေါင်းဆောင်တွေရဲ့အဖြစ်ကို မြင်ရတဲ့ အခါ ကိုယ်တိုင် ဒီလိုဟာတွေကို နှစ်ရှည်လများ ဖြတ်သန်းလာလေတော့ ကိုယ်သာ ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ရင် ဒီအကန့်အသတ်တွေ ကို ကျော်လွှားပြီး ကိုယ့်ပါတီရဲ့ ရည်မှန်းချက်ကိုလည်း ပြည်သူသိအောင်၊ လက်ရှိ မှားယွင်းနေတဲ့ နိုင်ငံရေးအခင်းအကျင်း အနေအထား ကိုလည်း ပြည်သူ နားလည်အောင် ဘယ်လိုများ ပြောရပါ့မလဲလို့ စဉ်းစားနေမိပါ တယ်။
ဆိုပါစို့။ အုပ်ချုပ်ရေးဖြစ်တဲ့ ၀န်ကြီးနေရာတွေကို ယူနီဖောင်းနဲ့ဝင်ထိုင်ပြီး ဒီမိုကရေစီ အစိုးရပါလို့ ပြောနေရရှာတဲ့အဖြစ်၊ ဥပဒေပြု လွှတ်တော် ရဲ့ နေရာလေးပုံတစ်ပုံကို ရွေးကောက် ခံမဟုတ်ဘဲဝင်ထိုင်ပြီး မဆိုင် တာတွေ လုပ်နေသူတွေရဲ့ဘ၀ စတာတွေကိုပြောဖို့ဆိုရင် “ဟိုလူတွေလေ ဟိုအင်္ကျီတွေမချွတ်ဘဲဗျာ၊ ခေါင်းပေါင်းတိုက်ပုံတွေကြား ၀င်ထိုင်နေကြ တဲ့ဟာ တွေလေ။ အဲဒါဗျာ သူတို့ကို လူမှန်နေရာမှန်ပြန်ပို့ဖို့ ကျွန်တော်တို့ ပါတီက အစွမ်းကုန်ကြိုးစားပြီး သူတို့အားလုံး ပြည်သူချစ်တဲ့ ပုဂ်္ဂိုလ်များဖြစ် လာအောင် ပြောင်းလဲခွင့်ရဖို့ ကူညီပေးပါမယ်ခင်ဗျား”” ဆိုတာမျိုးဖြစ်မယ် ထင်ပါရဲ့။ ဒီလိုပဲ အခြေခံဥပဒေနဲ့ပတ်သက်လို့လည်း “ကျွန်တော်တို့ သဘောမတူဘဲ ဇွတ်ရေးထားတဲ့ ဟိုစာအုပ်ကြီးကို ဆွဲဆုတ်ပစ်ပြီး အသစ်ရေးဖို့ ဒါမှမဟုတ် တစ်ဖက်သတ်ဖြစ်နေတဲ့ စာမျက်နှာတွေ ကို ပြောင်းရေးဖို့ရာ သဘောထားမှန်တဲ့ နိုင်ငံချစ်သူတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်” လို့ ပြောရမလား မသိပါဘူး။
အင်း၊ ဒီလောက်လေးတောင် ပြောလို့မရရင်တော့ ကိုဇာဂနာရဲ့ မျက်နှာမျိုးနဲ့ “ခင်ဗျားတို့ သိပါတယ်၊ ဟိုလူတွေကို ဟိုထဲက ထွက်ခိုင်းဖို့လေ၊ အဲဒါဖြစ် အောင်လုပ်ကြမယ်လေ၊ ဟဲဟဲ” ဆိုတာမျိုး၊ “ဟို စာအုပ်ကြီးလေ။ ခင်ဗျားလည်းမကြိုက်၊ ကျွန်တော်လည်းမကြိုက် စရေးခဲ့သူတွေကတောင် မကြိုက်တော့ဘူးဆိုတဲ့ ဟာကြီးလေ။ ဟုတ်တယ်။ ဟဲဟဲ၊ ဒီလောက် ပြောရင် အားလုံး သိကြမှာပါ။ အဲဒါကြီး ၀ိုင်းပြင်ကြဖို့ဖြစ်အောင် လုပ်မယ်လေဗျာ”” ဆိုတာမျိုး ပြောရမယ် ထင်ပါရဲ့။
အမှန်တော့ စည်းကမ်းတို့၊ ဥပဒေတို့ဆိုတာ ထုတ်ပြီးရင် လိုက်နာဖို့ ပဲ ကောင်း တယ်။ မလိမ့်တပတ်ဖောက်ဖျက်ကြရရင် မကောင်းဘူးပေါ့။ စည်းကမ်းက လိမ်ကောက်နေလို့ ကိုယ်ကပါ လိမ်ကောက်ရရင် မှန်ပါ့မလား ဆိုတာလည်း တွေးစရာပါပဲ။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ “သူများက ပိုကောက်ရင် ကိုယ်ကပိုဖြောင့်ရမယ်တဲ့”။
ဒီလိုဆိုတော့လည်း ဥပဒေခွင့်ပြုချက်ဘောင်ထဲမှာ ကြိုးစားရွေးကြရမယ့် ကျွန်တော်တို့ တစ်တွေအတွက် ရွေးသူ ကရွေးပြီး ကောက်သူ က ကောက်မယ့် ရွေးကောက်ပွဲမျိုးကိုပဲ ကြိုးစားဖြတ်သန်းကြရဦးမှာပေါ့ ခင်ဗျား။
ရီနေနိုင်
The Ladies News Journal ပါ သရော်စာ ဆောင်းပါး
ပွင့်ပွင့်လင်းလင်းနဲ့ အရိုးရှင်းဆုံးပြောရရင် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသတော်တော် များများက ဆင်းရဲသားလက်လုပ်လက်စား ပြည်သူလူထုအများစုဟာ ၂၀၁၅ သဘာဝ ဘေးအန္တရာယ် “ကပ်”ဆိုးကြီးကျရောက်ပြီး “စီးပွားပျက်”သွားကြပါပြီ။ ဆင်းရဲတဲ့ကြားက စီးပွားပျက်တာ ပိုပြီးအနက်ရှိုင်းဆုံး ချောက်ကမ်းပါးကြီးထဲ ကျရောက်သွားကြရသလို ကိုယ်စီကိုယ်ငှ ခံစားနေကြရပါတယ်။ လယ်ပျက်ယာပျက် စိုက်ပျိုးထုတ်လုပ်ဖို့ အကွက်အကွင်းတွေ ပျက်ယွင်းသွားကြတာနဲ့အမျှ ရှားပါးလာတော့မယ့် စားနပ်ရိက်္ခာကုန်ထုတ်ပစ်္စည်းတွေနဲ့ အတူ ထပ်တူညီမျှအချိုးကျ တရိပ်ရိပ်တက်လာတော့မှာက “ကုန်ဈေးနှုန်း” ပဲဖြစ်ပါတယ်။
အဲဒီအခြေအနေကြားထဲမှာပဲ သြဂုတ်လ ၂၈ ရက်၊ ၂၀၁၅ နေ့မှာ မြန်မာနိုင်ငံ နေပြည်တော်မှာရုံးစိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီး အတည်ပြုသတ်မှတ်ချက်တစ်ခု ချမှတ်လိုက်တာကတော့ အလုပ်သမားတွေရဲ့ တစ်နေ့ “၈”နာရီလုပ်ခကို မြန်မာကျပ်ငွေ ၃,၆၀၀ ကျပ် သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီနှုန်းထားဟာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေရဲ့ သဘောတူညီမှုနဲ့ သတ်မှတ်ထား တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်ရုံတစ်ရုံမှာ အလုပ်သမား ၁၅ ယောက်ထက် နည်းတဲ့အလုပ်ရုံဆိုရင်တော့ ဒီသတ်မှတ်ချက်ဟာ ပါဝင်မှုမရှိဘူးလို့ သိရတဲ့အပြင် တချို့မိသားစုတွေ တစ်ပိုင်တစ်နိုင် လုပ်နေကြတဲ့ လုပ်ငန်းတွေဟာလည်း ဒီသတ်မှတ်ချက်နှုန်း ထားထဲမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေဖြစ်တဲ့ Overtime ကြေးလို့ခေါ်တဲ့ အချိန်ပိုကြေးတွေနဲ့ ခံစားခွင့်တွေကတော့ မပါရှိသေးဘူးဆိုတာ သိရပါတယ်။ အခုလောလောဆယ်မှာ သတ်မှတ်လိုက်တဲ့ အလုပ်သမားတစ်ယောက် တစ်နေ့ ၈ နာရီလုပ်ခ မြန်မာကျပ်ငွေ ၃,၆၀၀ ကျပ် ဟာ တရိပ်ရိပ်နဲ့တက်ပြီးရင်း အတိုင်းအဆမရှိ တက်လာနေတဲ့ စားဝတ်နေရေးစရိတ်စကတွေနဲ့ နှိုင်းဆကြည့်ရင်တော့ စဉ်းစားစရာတွေ အများကြီးရှိလာပါလိမ့်မယ်။ ဒီနေ့ဒီအချိန်မှာ သာမန်ဆင်းရဲသားလူတန်းစားတွေ စားနေကြတဲ့ ကန်စွန်းရွက်တစ်စည်းဟာ မြန်မာကျပ်ငွေ ၃၀၀ ကျပ်အထိ ဈေးတက်လာပြီဆိုတာကို နေ့စဉ် နေ့တိုင်းဈေးကို ကိုယ်တိုင်ဝယ်ပြီး မိသားစုအတွက် ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးနေတဲ့ သူတိုင်းသိကြမှာပါ။
ဆင်းရဲသားတွေ စားနေကြတဲ့ ဆန်အမျိုး အစား အနိမ့်ဆုံး တစ်ပြည်ကို ဆိုင်မှာသွား ၀ယ်ကြည့်ပါ။ ပြီးခဲ့တဲ့နှစ်က တစ်ပြည်ကို မြန်မာကျပ်ငွေ ၉၀၀ ကျပ်ပေးဝယ်ရတဲ့ ဆန်အမျိုး အစားဟာ ဒီနေ့မှာ တစ်ပြည်ကို ၁၀၀၀ ကျပ်ကနေပြီး ၁၂၀၀ ကျပ်အထိ တက်လာပြီဖြစ်ပါတယ်။ တခြား ဆား၊ ငရုတ်၊ ဟင်းခတ်မှုန့် တွေအပြင် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကအစ အာလူး၊ ပဲမျိုးစုံအကုန်ဈေးတက်နေပါတယ်။ နယ်ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် လုပ်ကွက်တွေပျက်၊ စီးပွားတွေပျက်၊ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံး နှောင့်နှေးပြီး သယ်ယူပို့ဆောင်ခစရိတ် စကတွေ ဈေးကြီးလာတော့၊ သယ်ဆောင်လာတဲ့ ကုန်ပစ်္စည်းတွေရဲ့ဈေးနှုန်းကလည်းပဲ တစ်ပြေးညီလိုက်ပြီး တက်လာရတဲ့သဘောလို့ ယူဆပါတယ်။
ဒါက အလုပ်သမားမိသားစုတစ်ခုအတွက် “စားရေးသောက်ရေး” စရိတ်စကကို အကြမ်းဖျဉ်းတွက်ဆကြည့်တာပါ။ မိသားစုမရှိဘဲ တစ် ယောက်တည်း ရပ်တည်နေတဲ့ တစ်ကိုယ်ရေ တစ်ကာယသမား အလုပ်သမားဆိုရင်တောင်မှ သူ့မှာ စက်ရုံအလုပ်ရုံက ပေးထားတဲ့နေစရာ၊ အဆောင်ခန်း၊ လိုင်းခန်းမရှိဘူးဆိုရင် အပြင်မှာငှားနေရတဲ့ ကျောချစရာနေရာ စရိတ်စကနဲ့ နေ့စဉ်စားသောက်ကုန်ကျစရိတ်တွေရဲ့ တရိပ်ရိပ်တက်လာတဲ့ဒဏ်ကို အလူးအလဲ ခံစားရမှာဖြစ်ပါတယ်။ စက်ရုံကပေးတဲ့ ကြိုပို့ ဖယ်ရီကားလည်း မရှိဘူးဆိုရင် အပြင်ကနေပြီး နေ့စဉ်စက်ရုံအလုပ်ရုံကို အသွားအပြန် ခရီးစရိတ်ကလည်း တော်တော်လေး ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာ သေချာပါတယ်။
တခြား အထွေထွေ အသုံးစရိတ်တွေကလည်း ဈေးတက်ဈေးကြီးလာပြီဆိုတော့ အလုပ်သမားတွေရဲ့ ရှေ့အနာဂတ်ဟာ ဘာလဲဆိုတာမှန်းဆရင် စာနာထောက် ထားစရာတွေ ပိုပြီးရှိလာတော့မှာ သေချာပါတယ်။ အခု သတ်မှတ်လိုက်တဲ့လုပ်ခတွေ ကျပ် ၃,၆၀၀ ထဲမှာ အကျုံးမ၀င်ဘဲ အလုပ်သမားဦးရေ ၁၅ ယောက်ရဲ့အောက်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အလုပ်ရုံလေးတွေ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေကို လေ့လာလိုက် တဲ့အခါမှာတော့ လုပ်ငန်းအကုန်လုံးမှာမဟုတ်တာတောင်မှ တချို့လုပ်ငန်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေကြတဲ့ ကလေးအလုပ်သမား လေးတွေကို တွေ့နေကြရမှာ ဖြစ်ပါတယ်။ သူတို့လေးတွေကလည်း ကိုယ့်နိုင်ငံရဲ့ ရင်သွေးလေးတွေပဲ မဟုတ်လား။ သူတို့လည်း သူတို့ဘ၀အတွက် တတ်နိုင်သမျှ အလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရရှာတဲ့ ကျောင်းပညာရေးဝေးသထက်ဝေးဝေး ရင်သွေးငယ်လေးတွေပဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူကြီးအလုပ်သမားတွေကိစ်္စအတွက် သတ်မှတ်ချက်တွေကတော့ ရှိလာတာဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော် အခုပြောနေတဲ့ ကလေးအလုပ်သမားတွေရဲ့ ဘ၀ပြဿနာတွေဟာလည်း စီးပွားပျက်ကပ်ဆိုက်နေတဲ့ ဒီနေ့ မြန်မာ့လူ့ပတ်ဝန်းကျင်မှာ ထည့်သွင်းစဉ်းစားရတော့မယ့် ပြဿနာမဟုတ်ပေဘူးလား။ ၂၀-၂၁ ရာစုရဲ့နောက်ပိုင်းကိုပဲ ပြန်ကြည့်လိုက်ပါ။ ၁၉ ရာစုကတည်းကပဲ အင်္ဂလန်နိုင်ငံမှာဆိုရင် စက်မှုလုပ်ငန်းတွေ အများကြီးရှိလာတယ်။ တော်တော်ဆိုးတဲ့ခေတ်ဆိုတော့ အဲဒီတုန်းက အသက် ၄ နှစ်လောက် ကလေးအရွယ်ကစပြီး ကလေးတွေဟာ စက်ရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့ကြရတဲ့ခေတ်ဖြစ်ခဲ့တယ်။
ကလေးတွေ လုပ်နေရတဲ့လုပ်ငန်းခွင်ရဲ့ အလုပ်ချိန်ဟာ တစ်နေ့ကို တစ်ခါတလေမှာ ၁၅ နာရီအထိရှိခဲ့တယ်။ ပင်ပန်းလို့ အိပ်ငိုက်ရင်လည်း အလုပ်သမားကြီးကြပ်သူလို့ဆိုတဲ့ လူကြီးတွေက ရိုက်တာကိုခံကြရသေးတယ်။ မြေအောက်ကျောက်မီးသွေးတွင်းထဲမှာ လုပ်ရတဲ့ ကလေးတွေက ပိုပြီးပင်ပန်းတယ်။ တွင်းထဲမှာ တစ်နေ့ ၁၂ နာရီလောက်လုပ်ကြရ တယ်။ ကလေးတွေ ကျန်းမာရေးဆိုးဝါးလာလို့ တချို့သေဆုံးသွားတာတွေရှိတယ်။ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေလည်း ရှိတယ်။ အလုပ်ရှင်တွေကလည်း ရက်စက်ခဲ့ကြတယ်။ သူတို့စက်ရုံတွေအတွက် လိုအပ်တဲ့ ကလေးအလုပ်သမားကို လိုအပ်တဲ့အချိန်မှာ ကယ်ဆယ်ရေးစခန်းတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ သွားခေါ်ကြတယ်။
လူကြီးအလုပ်သမားတွေနဲ့စာရင် ကလေးအလုပ်သမားကို ခေါ်ထားပြီး ခိုင်းရတာက လုပ်ခငွေပေးရတာလည်း သက်သာတယ်။ ကျွေးမွေးစရိတ်စကလည်း အကုန်အကျနည်းတယ်။ ဒါကြောင့် ကလေးတွေကို ပိုပြီးလိုချင်ကြတယ်။ စက်ရုံအလုပ်ရုံတွေထဲမှာ ခိုင်းချင်ကြတယ်။ နောက်ဆုံးမှာတော့ အင်္ဂလန်မှာရှိတဲ့ စာရေးဆရာ၊ကဗျာဆရာတွေက ဒီကလေး အလုပ်သမားတွေရဲ့ဘ၀ဆိုးကို တဖြည်းဖြည်း သိလာကြပြီး စာနယ်ဇင်းတွေကတစ်ဆင့် အများပြည်သူလူထု ပိုပြီးအတွင်းကျကျသိရအောင် စုံစမ်းဖော်ထုတ်ရေးသားကြတော့တယ်။ အင်္ဂလန်နိုင်ငံက အစိုးရပိုင်းကလည်း ဒီကိစ်္စအတွက် အတော်ဂယက်ရိုက်သွားတယ်။ စာနယ်ဇင်းတွေကလည်း စာတွေ၊ ကဗျာတွေနဲ့ ဝေဖန်ထိုး နှက်လာကြတော့၊ လွှတ်တော်အမတ်တချို့က ဒီကိစ္စအတွက် လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းလိုက်ရတဲ့အထိ ဂယက်ရိုက်သွားတယ်။
အလုပ်ရှင်တွေနဲ့ အစိုးရ ပြဿနာတက်လာကြတယ်။ စက်ရုံအလုပ်ရုံပိုင်ရှင်တွေက အစိုးရကို သူတို့အလုပ်ထဲဝင်ပြီးရှုပ်တယ်။ စွက်ဖက်တယ်လို့ ယူဆလာကြတယ်။ လွှတ်တော်အမတ်တွေကလည်း ကလေးအလုပ်သမား တွေကိစ္စ စုံစမ်းရေးကော်မတီဖွဲ့ပြီး အစီရင်ခံစာတွေ ရေးတင်ကြတယ်။ ကလေးတွေဘက်ကနေပြီး ပါလီမန်လွှတ်တော်ထဲမှာ အတိုက်အခံပြောဆိုတင်ပြ တိုက်ပွဲဝင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာခဲ့တယ်။ ဒါကြောင့် ကမ္ဘာမှာ အင်္ဂလန်နိုင်ငံဟာ ကလေးအလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပထမဦးဆုံးပြဋ္ဌာန်းပေးခဲ့ရတဲ့ နိုင်ငံဖြစ်ခဲ့တယ်။
၁၈၀၂ ခုနှစ်မှာ ၀ါဂွမ်းထုတ်လုပ်တဲ့စက်ရုံ တွေအနေနဲ့ ကလေးတွေကို တစ်ရက်မှာ ၁၂ နာရီထက် ပိုပြီးမခိုင်းရဘူးဆိုတဲ့ ဥပဒေထွက်လာတယ်။ ၁၈၀၉ ခုနှစ်မှာတော့ အသက် ၉ နှစ်အောက်ငယ်တဲ့ကလေးတွေကို စက်ရုံမှာမခိုင်းဖို့ ဥပဒေထွက်လာတယ်။ အသက် ၁၆ နှစ်အောက်ငယ်တဲ့ ကလေးတွေကို တစ်နေ့ ၁၂ နာရီထက် ပိုပြီးမခိုင်းဖို့ ဥပဒေထွက်လာတယ်။ ၁၈၄၂ ခုနှစ်မှာတော့ မြေအောက်သတ္တုတွင်း၊ ကျောက်မီးသွေးတွင်းတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေကို အလုပ်မလုပ်ခိုင်းရ ဘူးဆိုတဲ့ဥပဒေပြဋ္ဌာန်းခဲ့တယ်။
နောက်ပိုင်းမှာတော့ ကလေးတွေရဲ့ ပညာ ရေးကို ဦးစားပေးလာပြီး ကလေးတိုင်းစာတတ်အောင် ကျောင်းနေရမယ်။ စာမသင်ဘဲနေလို့ မရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းလိုက်တယ်။ ၁၉၁၉ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့အတူ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့တဲ့ I.L.O လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီးရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် ကလေးတွေကို ကာကွယ်စောင့်ရှောက်မှုဟာ ပိုပြီးထိ ရောက်မှုရှိလာခဲ့တယ်။ စက်ရုံအလုပ်ရုံတွေမှာ ဘယ်နိုင်ငံမှာမဆို ကလေးတွေကို အသက် ၁၄ နှစ်အောက်ဆိုရင် မခိုင်းဖို့တားမြစ်ခဲ့တယ်။ အသက် ၁၈ နှစ်အောက် ကလေးတွေကို စက်ရုံအလုပ်ရုံတွေမှာ ညပိုင်းမဆင်းခိုင်းဖို့နဲ့ တစ်ပတ်မှာ အလုပ်ချိန်စုစုပေါင်း ၄၈ နာရီပဲ သတ်မှတ်ခဲ့တယ်။ နိုင်ငံပေါင်း ၅၀ က သဘောတူခဲ့တယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၁၀ ခုနှစ်ကစပြီး ကလေးအလုပ်သမားကိစ်္စကို ကိုင်တွယ်ခဲ့တာ ၁၉၂၄ ခုနှစ်မှာ အခြေခံဥပဒေကို ပြင်ဆင်ပြီး၊ ၁၉၃၃ ခုနှစ်ကစလို့ ၁၆ နှစ်အောက် ကလေးတွေကို စက်ရုံအလုပ်ရုံတွေမှာ မခိုင်းဖို့ ဥပဒေထွက်လာခဲ့တယ်။ မြန်မာနိုင်ငံကတော့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ဖဆပလ ပါလီမန်ဒီမိုကရေစီအစိုးရက ဇူလိုင်လ ၁၉၄၇ ခုနှစ်မှာ အလုပ်သမားဥပဒေပြုအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ၁၉၅၁ မှာ အလုပ်ရုံ စက်ရုံဥပဒေပေါ်လာပြီး အသက် ၁၃ နှစ်မပြည့် သေးတဲ့ကလေးတွေကို မခိုင်းရဘူးဆိုတဲ့ဥပဒေ ထွက်လာတယ်။ ၁၃ နှစ်ပြည့်ပြီးတဲ့ကလေးကိုလည်း ဆရာဝန်ရဲ့ဆေးထောက်ခံစာရှိမှပဲ အလုပ်ခန့်ခွင့်ရှိတယ်။ တစ်နေ့ ၄ နာရီထက် ပိုပြီး ကလေးတွေကိုမခိုင်းဖို့၊ ည ၆ နာရီက မနက် ၆ နာရီအတောအတွင်းမှာ မခိုင်းဖို့၊ ၁၅ နှစ်ပြည့်ပြီးတဲ့ကလေးကို ဆရာဝန်ထောက်ခံချက်ရရင် လူကြီးအလုပ်သမားနေရာမှာထားဖို့ ပြဋ္ဌာန်းချက်တွေ ထွက်လာခဲ့တယ်။
၁၉၄၈ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ I.L.O ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ ၁၉၆၂ ခုနှစ် မှာ စစ်အာဏာရှင်တွေက အာဏာသိမ်းပြီး ဒီနေ့အထိ စစ်အာဏာကိုလက်ဆင့်ကမ်း၊ ကြမ်းတမ်းရက်စက်မှုတွေနဲ့ ပြည်သူလူထုကို အုပ်ချုပ်လာတဲ့နောက်ပိုင်းမှာ တိုင်းပြည်ဆင်းရဲမွဲတေမှု ပိုပြီးဖြစ်လာတာကြောင့် စာသင်ခန်းထဲ ရောက်ခွင့်မရဘဲ လမ်းပေါ်မှာငတ်ပြတ်မွဲတေ စွန့်ပစ်ပစ္စည်းလိုက်ကောက်ရောင်းစားနေရတဲ့ ကလေးတွေ အရေအတွက်များပြားနေသလို တောင်းစားနေရတဲ့ကလေးတွေလည်းရှိသေးတယ်။ ပြီးတော့ မငတ်အောင် အလုပ်မျိုးစုံ အရွယ်နဲ့မမျှ ၀င်လုပ်နေရတဲ့ ကလေးတွေလည်း အများကြီးပဲ။
အဆိုးဝါးဆုံးကတော့ ဒီနေ့ဒီအချိန်မှာ မြန်မာပြည်သူလူထုကို အုပ်ချုပ်နေတဲ့ အစိုးရမှာ အာရုံစူးစိုက်တတ်မှုအားနည်းနေတဲ့ အချက်က အဆိုးဝါးဆုံးပဲ။ လမ်းပေါ်မှာရောက်နေကြ ရရှာတဲ့ ကလေးတွေကို အာရုံစူးစိုက်မှုအားနည်းနေတဲ့ အစိုးရကို ပြောချင်တာက ဆင်းရဲမွဲတေနေတဲ့ ကလေးအရေအတွက်ဟာ တိုင်းပြည်မှာ ပိုများလာနေပြီဆိုတာ ယုံယုံကြည်ကြည်နဲ့ လက်ခံလိုက်ဖို့ပါပဲ။ သမ်္မတကနေစပြီး ၀န်ကြီး၊ ဒုဝန်ကြီးတွေအထိ သိအောင်ပြောရရင် တိုင်းပြည်မှာ ကူးစက်ရောဂါတစ်မျိုး ရှိလာပြီ ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ ကူးစက်ရောဂါရဲ့ အရင်းအမြစ်ကို သိအောင်ရှာဖွေကြဖို့လည်း လိုအပ်တယ်။ မူးယစ်ရီဝေစေတဲ့ စိတ်အာရုံ ဖောက်ပြန်မှုကိုဖြစ်စေတဲ့ အဲဒီရောဂါဆိုးဟာ “ကော်ရှူ”တဲ့ ရောဂါဆိုးဖြစ်တယ်။
လမ်းဘေးမှာစွန့်ပြီးထားတဲ့ စွန့်ပစ်ပစ္စည်းမျိုးစုံကို လိုက်ကောက်ပြီး ရောင်းစားနေရတဲ့ ကလေးတော်တော်များများဟာ ကော်ရှူပြီး မူးယစ်ရီဝေနေကြတာ ကြေကွဲဝမ်းနည်းစရာ ပါပဲ။ လမ်းပေါ်က၊ လမ်းဘေးက ဘ၀နိမ့်ကျ ကလေးအလုပ်သမားတွေရဲ့ အခြေအနေကို ဘယ်လိုမှ ကူညီစောင့်ရှောက် ကယ်တင်မပေးနိုင်သေးဘူးဆိုရင်တော့ သန့်ရှင်းသောအစိုးရ ဖြစ်မလာနိုင်တော့ဘဲ ညံ့ဖျင်းသောအစိုးရအဆင့်နဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူရဲ့ဒဏ်ခတ်ခြင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြရမယ်ဆိုတဲ့အကြောင်း သတိပေးရင်း။
ဆောင်းဝင်းလတ်
The Ladies News Journal
စစ်တွေ၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဖုန်းအရောင်းဆိုင် တစ်ဆိုင် ဖောက်ထွင်း ခိုးယူခံရရာမှ ဖုန်းအလုံး ၅၀ နှင့် ငွေသား ကျပ်ငွေ သိန်းပေါင်း ၁၆၇ ဖိုး ဆုံးရှံးသွားခဲ့သည်ဟု သတင်း ရရှိသည်။
၎င်းဖုန်းဆိုင်မှာ စစ်တွေမြို့ လမ်းမကြီး၊ ရုပ်ရှင်ရုံနားတွင်တည်ရှိသော ဦးစောအောင်နိုင် ပိုင်ဆိုင်သည့် N X H Mobile ဖြစ်ပြီး ဖောက်ထွင်းခိုးယူခံရသဖြင့် လက်ကိုင်ဖုန်း အလုံး ၅၀ နှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ထဲရှိ ငွေသား ကျပ် ၁၆၇ သိန်း အခိုးခံရကြောင်း စစ်တွေမြို့မ စခန်းမှူး ရန်နိုင်မှ နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
''ဟုတ်ကဲ့၊ ဖောက်ထွင်းခံရတယ်ဗျ။ ကျွန်တော်တို့ လာတိုင်သူကတော့ ဒီကနေ့ မနက် အစောကြီး ညဥ့် ၁ နာရီနဲ့  ၄နာရီ ကြားလောက်မှာ လာတိုင်တယ် ထင်တယ်၊ ခိုးသွားတဲ့ အချိန်တော့မသိဘူး။ ကျွန်တော်တို့ စစ်ဆေးချက်ကတော့ နှစ်ချက်တွေ့တယ်ဗျ၊ တစ်ချက်က နောက်တံခါးကို မေ့ပြီးတော့ သေချာ မပိတ်မိတာလဲ ဖြစ်နိုင်တယ်။ နံပတ် နှစ် အချက် ကတော့ ၇ နှစ် ၈နှစ် သားအရွယ် ကလေးငယ် တစ်ဦးဦးကို အပေါ်သော့နဲ့  အုပ်တန်းကြားက ၀င်ခိုင်း ပြီး ဖောက်ထွင်း ခိုးယူတာလဲဖြစ်နိုင်တယ်။ ကျွန်တော် စစ်ဆေးချက်အရကတော့ အဲဒီ နှစ်ခုထဲက တစ်ခုကတော့ သေချာပေါက် ကျိန်းသေ ဖြစ်နိုင်ပါတယ်” ဟု စခန်းမှူး ကိုရန်နိုင်မှ ပြောသည်။
N X H Mobile ဖောက်ထွင်းခံရပြီးနောက် စစ်ဆေးကြည့်ရာ တန်ဖိုးရှိ ဖုန်းအလုံးပေါင်း ၅၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုးမှာ ကျပ် သိန်း ၁၀၀ နီးပါးဖိုးရှိပြီး ငွေသား ကျပ်သိန်း ၁၆၇ နှင့် ဆိုလျှင် ကျပ်ငွေ သိန်း ၂၀၀ ကျော်ဖိုး ရှိကြောင်း ဆိုင်ပိုင်ရှင်၏ တိုင်ကြားချက်ကို ကိုးကားပြီး စခန်းမှူးက ပြောဆိုသည်။
“ ဒီအမှုနဲ့ ပတ်သက်လို့  တရာလို ဆိုင်ပိုင်ရှင်က ဒီကနေ့ ရဲစခန်းကိုရောက်လာတယ်။ တရားလို ကလည်း ဒီကိစ္စကို ရှေ့နေနဲ့ လည်း တိုင်ပင်နေတယ်။ ကျွန်တော်တပ်ဖွဲ့ ဝင်တွေလည်း တစ်မြို့ လုံးမှာရှိတဲ့ မိုဘိုင်း ဖုန်းဆိုင်တွေ၊ Service Center တွေကို လိုက်လံ ရှာဖွေနေတယ်။ ပျောက်သွားတဲ့ စက်ပစ္စည်းတွေ အမှတ်နဲ့ ၊ ပုံစံတွေ ယူထားတယ်။ စာရင်း ဇယားတွေ ယူပြီးတော့ လိုက်လံ ရှာဖွေနေတယ်။ ဒီခိုးမှုနဲ့ ပတ်သက်ပြီးတာ့ ရောက်နိုင်တဲ့ တခြားမြို့တွေကိုလည်း အခု စတင် စေလွှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်” ဟု ပြောသည်။
ဖုန်းဆိုင်ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး တရားခံများကို ဖော်ထုတ် အရေးယူ ဖမ်းဆီးနိုင်ရန် စုံစမ်းမူများ ပြုလုပ်နေပြီး ၎င်းအမှုကို ပုဒ်မ ၃၈၀ / ၂၀၁၅ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဝဏ္ဍခွာညို
Arakan State
https://www.facebook.com/NarinjaraNews
၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ မဲပေးနေတဲ့မြင်ကွင်း။
 လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာ အတိုက်အခံပါတီ NLD အပါအဝင် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီလို ပါတီကြီးတွေက လာရောက်ယှဉ်ပြိုင်ဖို့ပြင်တာဟာ ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက ပြောဆိုလိုက်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ဆောင်ရွက်သင့် တယ်လို့ တချို့ကအကြံပြုတာရှိသလို တချို့ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မှန်ကန်တဲ့အဆုံးအဖြတ်ကို ခံယူမယ်လို့လည်း တုံ့ပြန်ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့အမြင်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ဒေသတွေကို ခရီးစဉ်ထွက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ အတိုက်အခံနိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရက်တစ်အင်အားစု အများဆုံး လွှတ်တော်အသီးသီးမှာ အင်အားလိုတဲ့အတွက် တိုင်းရင်းဒေသတွေမှာပါ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်တယ်ဆိုတာကိုရှင်းပြသလို တောင်တန်း၊ ပြည်မအခွင့်အရေး တန်းတူညီမျှ ဖြစ်စေရေး ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ စည်းရုံးဟောပြောလေ့ရှိပါတယ်။
ဒါပေမဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းဒေသတွေမှာပါ NLD အပါအဝင် လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီလိုပါတီကြီးတွေက လာရောက် ယှဉ်ပြိုင်တာဟာ ဒေသခံပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာပဲဖြစ်တယ်လို့ တချို့တိုင်းရင်းသားတွေက ယူဆပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ( Kachin State Democracy Party (KSDP) ဒေါက်တာ တူးဂျာက -
“တိုင်းရင်းသားဒေသတွေမှာတော့ ဒေသခံပါတီတွေ ရှိပါတယ်။ အဲဒီတိုင်းရင်းသားဒေသခံပါတီတွေက အဓိကတာဝန်ယူသွားဖို့လိုအပ်တယ်။ အဲဒီလို-ပါတီကြီးတွေက တိုင်းရင်းသားဒေသတွေမှာ လွှမ်းမိုးလိုက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားဒေသခံပါတီတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို ကျဆင်းသွားတယ်။ …ဆိုတဲ့အခါကျတော့ နောင်အခါ ဖက်ဒရယ်နိုင်ငံ ထူထောင်လာတဲ့အခါကျလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ၊ ဘာတွေ ရရှိလာတဲ့အခါ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက တော်တော်လေးကို မှေးမှိန်သွားစရာတွေရှိတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း ပီပြင်နိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဒေသခံပါတီတွေက အဓိက အခန်းကဏ္ဍကနေ လှုပ်ရှားသွားသင့်တယ်လို့ ကျနော် ယူဆပါတယ်။”
ဒါပေမဲ့လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမိုကရေစီနည်းကျကျ အခွင့်အရေးရှိတဲ့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံနိုင်သလို မဲဆန္ဒရှင်ဖြစ်တဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း သူတို့လိုလားတဲ့သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ယူဆသူလည်း ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် သီပေါမြို့နယ်ကနေ ဒုတိယအကြိမ် ပြန်ပြီးတော့ အရွေးခံမယ့် ကျားဖြူပါတီက လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (Shan Nationalities Democratic Party )ဦးရဲထွန်းက အခုလိုပြောပါတယ်။
“တိုင်းရင်းသားပါတီတွေကတော့ သူတို့ အဲလိုဝင်ပြိုင်တာကိုပဲ မကျေမနပ်ပြောနေကြတာ ကြားတယ်။ ဥပမာ- သွားမယ့်လမ်းကြောင်းကအတူတူပဲ၊ ဘာဖြစ်လို့ NLD က တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်တာလဲဆိုပြီးတော့ ဝေဖန်တာမျိုး ရှိတယ်လေ။ ကျနော့်တစ်ဦးချင်းအမြင်မှာကတော့ ဒါ သူ့မှာလည်း သူ့ပြိုင်ခွင့်ပဲ။ သူ့ရဲ့ Democratic Rights - သူကလည်းပြိုင်မယ်၊ ပြိုင်တဲ့အခါကျတော့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ ဘယ်ပါတီက ကတိတည်သလဲ၊ ဘယ်ပါတီက လုပ်နိုင်သလဲ၊ ဘယ်ပါတီက ကိုယ့်ရဲ့သဘောထားထင်မြင်ချက်တွေ၊ ဆန္ဒတွေကို ထင်ဟပ်နိုင်သလဲဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီလို အငြင်းပွားနေတာထက် ရွေးကောက်ပွဲနဲ့အဆုံးအဖြတ်ခံတာပဲ အမှန်ဆုံးလို့ ယူဆပါတယ်။”
အခုလို အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ လာရောက်ယှဉ်ပြိုင်မှာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ တကယ်ပဲ တိုင်းရင်းသားအရေးလိုလားတယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့အတိုက်အခံပါတီအနေနဲ့ မဟာမိတ်ဖွဲ့သင့်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကနေ ၂၀၁၅ အတွက် ပြန်အရွေးခံမယ့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အကြံပြုပါတယ်။
“ဒီ စပ်ကူးမတ်ကူးကာလမျိုးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဦးတည်မယ့်အချိန်အခါမှာ ကျနော်တို့ဒီမိုကရေစီဘက်တော်သားအချင်းချင်း NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေကို မဟာမိတ်ပြုသင့်တယ်လို့ ယူဆတယ်။ ကျနော်တို့ကလည်း အဲလိုပဲ မျှော်လင့်ခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖူးခဲ့ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လက်တွဲပြီးတော့ လာမယ့် ၁၅ မှာ တစ်ယောက်ကိုတစ်ယောက် အထောက်အကူပြုနိုင်အောင်၊ောနက်ပြီးတော့ အနိုင်ရရှိတဲ့အခါမှာလည်း လွှတ်တော်ထဲမှာလည်း တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်အောင်၊ ပံ့ပိုးနိုင်အောင် ကျနော်တို့ လုပ်သင့်တယ်ဆိုပြီးတော့ ပြောပါတယ်။ ဘာပဲပြောပြောပေါ့-အခုအချိန်ကစပြီးတော့ ဒီပါတီတွေဟာ NLD ရဲ့ ဆက်ဆံမှုအပေါ်မှာ ကြည့်ပြီးတော့ သူတို့ပါတီနဲ့လက်တွဲပြီးတော့ လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့အင်အားဟာ ဘယ်သူ့အင်အားဖြစ်ရမှာလဲ။ အဲလောက်ကိုတောင်မှ ကျနော်တို့အပေါ်မှာ နားလည်မှုမပေးဘဲနဲ့ - ငါပါတီကြီးပဲ၊ တိုင်းရင်းသားဒေသတွေကို ငါလာတာဟာ တိုင်းရင်းသားတွေကို ကောင်းစေချင်လို့၊ ပိုချစ်လို့လာတယ်-ဆိုတဲ့သဘောမျိုး ပြောပြီးတော့ လုပ်နေရင်တော့ ဆိုးကျိုးတွေပဲရလာပြီးတော့ ရလဒ်ကောင်းတွေရလာမှာမဟုတ်ဘူးလို့ ကျနော်တို့က ယူဆပါတယ်ခင်ဗျ။”
တကယ်တော့ တိုင်းရင်းဒေသတွေက တိုင်းရင်းသားတွေရဲ့ အခက်အခဲ လိုအပ်ချက်ကိုဖြေရှင်းနိုင်တာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို တောင်းဆိုပေးနိုင်သူဟာ တိုင်းရင်းသားပါတီတွေပဲဖြစ်တယ်ဆိုတာကိုလည်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
အတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတန်းတူပေးနိုင်တဲ့ ဖက်ဒရယ်စနစ် တိုင်းပြည်မှာ တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်တယ်ဆိုတာကို ဒေသခံတိုင်းရင်းသားတွေနဲ့တွေ့ဆုံချိန်တိုင်းမှာ အဓိက ဆွေးနွေးလေ့ရှိတာဖြစ်ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ၈၈ မျိုးဆက်အဖွဲ့နဲ့ တကသ အဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ ရုံးခန်းမှာ Failed Law လှုပ်ရှားမှုစတင်စဉ်။ Photo: RFA
 မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ Failed Law လှုပ်ရှားမှုမှာ ပြည်သူတွေလည်း ပါဝင်သင့်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ ရုံးခန်းမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ အဖွဲ့တွေ ပူးပေါင်းပြီး Failed Law လှုပ်ရှားမှု စတင်ရာမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"ပြည်သူအများစုပေါ့ အားလုံးနီးပါးခံစားနေရတာ အဲတော့ အားလုံးပါဝင်သင့်တယ်၊ ပါဝင်သင့်တယ်လို့ဆိုတဲ့နေရာမှာ ထင်ရှားတဲ့သူတွေလည်းပါဝင်သလို သာမာန်ပေါ့ ဒီဟာကိုခံစားနေရတဲ့သူတွေလည်း ပါဝင်သင့်တယ်၊ ဥပဒေပြုအာဏာဆိုတာ ဘယ်သူတွေကရရမှာလဲ၊ ပြည်သူလူထုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ဥပဒေကိုရေးဆွဲရမှာ ပြဌာန်းရမှာလေ၊ သူ့အနှစ်သာရကဘာလဲ လူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေထုတ်တာ၊ မတရားမှုတွေပယ်ဖျက်ဖို့ ဥပဒေထုတ်တာ၊ အဲ့လိုမဟုတ်ဘဲ လူတွေကို ဝန်ထုပ်ဝန်ပိုး နိုင်ငံသားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အနိုင်ကျင့်မယ့်အရာတွေပဲ ထွက်လာတယ်ဆိုရင်တော့ ဒါအလုပ်မဖြစ်ဘူး"
လွှတ်တော်ထဲမှာ ဥပဒေပညာရှင်အနည်းငယ်သာ ပါဝင်ပြီး စီးပွားရေးသမားတွေ အများစု ပါဝင်နေတာကြောင့် ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်နေကြပြီး သာမန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးလို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
Failed Law လှုပ်ရှားမှုကို တကသအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီလှုပ်ရှားမှုဟာ မတရားတဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးထောင်ချခံထားရသူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
 နေပြည်တော်မှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံစဉ်။ Myo Thant Khaing/RFA
 လာမယ့် နိုဝင်ဘာလ  ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးလိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။
အခုချိန်ထိ လူဦးရေ နှစ်သောင်းနီးပါး ရဲ့ လျှောက်လွှာတွေကို စိစစ်နေပြီး ထပ်တိုးပေးထားတဲ့ရက်က လုံလောက်မှုရှိနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့် က ပြောပါတယ်။
"တစ်ရာထပ်တိုးတယ်ဆိုတာက နောက်ဆုံးဝင်တဲ့ဟာ MOFA ကနေ ထပ်ပြီးတော့ပို့တာ၊ အားလုံးပေါင်း ၁၈၉၇၄ ဖြစ်သွားပြီ၊ အကြမ်းဖျင်း စက်တင်ဘာ ၂ဝ ရက်လောက်အထိ လယ်ခံမယ်ဆိုပြီး စာထွက်ဖို့ လုပ်နေပါတယ်၊ ထပ်တော့တိုးနိုင်တယ်၊ ဒါပေမဲ့ တအားကြီးမများနိုင်ဘူး နောက်ဆုံးဝင်တာတောင်မှ ၁၃ ရုံးတောင်မှ တစ်ရာပဲရှိတယ်"
နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရောက်ရှိ နေသူတွေအနေနဲ့ မြန်မာနိုင်ငံသံရုံး၊ ကောင်စစ်ဝန်ရုံး၊ ကိုယ်စားလှယ်ရုံး စတဲ့ ရုံးပေါင်း ၄၄ ရုံးကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံ လျှောက်ထားနိုင်တာဖြစ်ပါတယ်။
အဲဒီလိုလျှောက်ထားသူတွေထဲကမှ အစိုးရရဲ့ အစီအစဉ်နဲ့ ပညာတော်သင်စေလွှတ်ထားသူတွေ၊ တာဝန်ပေးထား သူတွေကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးတာဖြစ်တယ် လို့ သိရပါတယ်။
လက်တွေ့မှာ ထိုင်း မလေးရှား စင်္ကာပူစတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေကြသူတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအနှံ့ မဲပေးခွင့်ရှိသူ ၃၃ သန်းနီးပါးရှိပြီး အဲဒီထဲမှာ ပြည်ပရောက်နေသူ စာရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြည်ပရောက်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းအတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
RFA Burmese
http://www.rfa.org/burmese
ဆီး​ရီး​ယား​မှာ ​ရှိ​တဲ့ IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ ​အ​ဖွဲ့​ကို ​ပြင်​သစ်​နိုင်​ငံ​က ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ ​လုပ်​ဖို့ ​အ​တွက် ​ပြင်​ဆင်​မှု​တွေ ​စ​တင် ​ဆောင်​ရွက်​ဖို့ ​သ​မ္မ​တ ​ဖ​ရန်​ဆွာ ​ဟော်​လန်းဒ်​က ​အ​မိန့်​ပေး ​လိုက်​ပါ​တယ်။
လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ ​လုပ်​နိုင်​ဖို့ ​အ​င်္ဂါ​နေ့​က ​စ​တင်​ပြီး ​ကင်း​ထောက် ​ပျံ​သန်း​မှု​တွေ ​လုပ်​ဆောင် ​သွား​မယ်​လို့ ​ပြင်​သစ် ​သ​မ္မ​တ ​က ​ပြော​ပါ​တယ်။
ဒါ​ပေ​မယ့် ​မြေ​ပြင် ​တပ်​ဖွဲ့​တွေ​ကို​တော့ ​စေ​လွှတ်​မှာ ​မ​ဟုတ်​ဘူး​လို့ ​ဆို​ပါ​တယ်။
ဆီး​ရီး​ယား ​နိုင်​ငံ​အ​တွင်း​က ​စစ်​ပွဲ​တွေ​ကြောင့် ​လူ​ပေါင်း ​နှစ်​သိန်း ​နှစ်​သောင်း​ကျော် ​သေ​ဆုံး ​ခဲ့​ရ​ပြီး ၉ ​သန်း​ကျော် ​နေ​ရပ်​စွန့်​ခွာ ​ပြောင်း​ရွှေ့ ​ခဲ့​ရ​ပါ​တယ်။
ပြင်​သစ် ​အ​ပါ​အ​ဝင် ​နိုင်​ငံ ​အ​တော်​များ​များ​မှာ ​ဖြစ်​ပွား​ခဲ့​တဲ့ ​အ​ကြမ်း​ဖက် ​တိုက်​ခိုက်​မှု​တွေ​ကို ​ဆီး​ရီး​ယား ​နိုင်​ငံ​တွင်း​က​နေ ​စီ​မံ​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ပြင်​သစ် ​သ​မ္မ​တ​က ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​သွား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
၂၀၁၅-ခုနှစ် စက်တင်ဘာလ (၄)ရက် ည(၁၀း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆/၃ နှင့် ၂၃၆/၄ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ယာဉ်မောင်း ဦးကျော်ခိုင်ဦး မောင်းနှင်လာသော ရန်ကုန်-တောင်ကြီး-လားရှိုး "ရွှေလွန်းပျံ" Express ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်အမှတ် YGN 7I-8592 မှာ အရှိန်လွန်၍ မိုင်တိုင်အမှတ် ၂၃၆/၂ အရောက်တွင် လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ပေ(၃၀၀)ခန့်မောင်းနှင်ပြီး တဖက်ယာဉ်ကြော အပြန်လမ်းဘက်ခြမ်းသို့ရောက်ရှိကာ မိုင် ၂၃၆/၃ အပြန်လမ်းပေါ်သို့ ဘေးတိုက်လဲကျ တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် စုစုပေါင်း (၂၈)ဦး စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ကျား(၁၀)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၉)ဦးမှာ ထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒု-ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီရေးအသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဖြစ်စဉ်အား ပေပင်လေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင် ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
 ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး နေပြည်တော်ကနေ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
အဲ့ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ဦးမိုးဇော်က ပြောပါတယ်။
"တိုင်ကြားစာ ရောက်နေတယ်ဆိုတာတော့ သိပါတယ်၊ ကျနော်တို့ဆီကို လိပ်မူပြီးတိုင်တာမဟုတ်ဘူး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လိပ်မူပြီးတိုင်တာပါ၊ တိုင်တဲ့အခါကျတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဟာကို ကျနော်တို့က စိစစ်ပါဆိုရင် ကွင်းဆင်းစစ်ဆေးရမှာပေါ့၊ နောက် သူတို့ဆီမှာပဲခေါ်ပြီး စစ်မယ်ဆိုလို့ရှိရင်လည်း သူတို့ဟာသူတို့စစ်မှာပေါ့၊ ကျနော်တို့ဆီက လောလောဆယ် လာမှလုပ်စရာမလိုဘူး"
အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ 'ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ အန်အယ်လ်ဒီကို မဲပေးစို့' စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ လက်ကမ်းကြော်ငြာတွေကို ဝေငှခဲ့တာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ တိုင်ကြားစာမှာ ပါရှိပါတယ်။
ဦးကျော်ဝင်းဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ချုပ်ဟောင်းဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ဝ မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ဦးကျော်ဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။
အဲ့ဒီလို တိုင်ကြားတဲ့ ဦးကျော်ဝင်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ဒီနေ့ ကော်မရှင်ထံ ပြန်လည်တိုင်ကြားလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ လာဘ်ပေးပြီး မဲဆွယ်စည်းရုံးတဲ့အတွက် တိုင်ကြားတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက ပြောပါတယ်။
"ဦးမြင့်လှိုင်တို့ ဦးကျော်ဝင်းတို့ကနေပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ပစ္စည်းကိုအသုံးပြုပြီးတော့ လာဘ်ပေးတဲ့သဘောနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ ဥပဒေနဲ့မညီလို့ အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့ တိုင်စာလာပို့တာပါ၊ ပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာတိုက်ကနေ သွားပို့မှာပါ"
လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းဟာ ဒီလ ၄ ရက်နေ့က သူတို့ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေ၊ ကျောင်းသုံးပရိဘောဂတွေနဲ့ အဝတ်အစားတွေ ဝေခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
အသတ်ခံရသူ၏ နောက်ဆုံးခရီးမြင်ကွင်း။ ဓါတ်ပုံ - Soe Min Aye (fb)
မန္တလေး
          ယခုလ (၂) ရက်နေ့တွင် မိုးကုတ်မြို့နယ်၌ (၉) တန်း ကျောင်းသူ ရေမြောင်း အတွင်း သေဆုံးနေခြင်းမှာ သာမန် သေဆုံးခြင်း မဟုတ်ဘဲ ကျောင်းမှအပြန် မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
          (၉) တန်းကျောင်းသူ သေဆုံးမှုအား ဖခင်ဖြစ်သူမှ တိုင်တန်းခဲ့ပြီး နယ်မြေစခန်း (ကျပ်ပြင်) (ပ) ၁၀၀/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင်ခဲ့ပြီး မသင်္ကာဖွယ် တရားခံ လေးဦးအား အထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
          မသင်္ကာ တရားခံများ အနက်မှ မောင်  ….. (၁၉) နှစ်နှင့် ကို ….. (၃၃) နှစ်တို့အား စစ်ဆေးရာ အခင်းဖြစ်ပွားသည့် စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် (၉) တန်း ကျောင်းသူ မ….. (၁၄) နှစ်သည် ကျောင်းမှအပြန် စက်ဘီး တွန်းလာစဉ် ရွာအ၀င် တောစပ်၌ ကို …..(၃၃) နှစ်က လမ်း အရှေ့ဘက် (၁၀) ပေခန့်အကွာ ချုံထဲသို့ အတင်းအဓမ္မ ဆွဲခေါ်၍ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သည်။
          ထိုသို့ ပြုကျင့်နေသည်ကို မောင် ….. က တွေမြင်ခဲ့ရာ ကို…..က မောင် …..အား အတူ ပြုကျင့်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
          ထို့ကြောင့် မောင်…..က မ…..(၁၄) ၏ ဦးခေါင်းကို ဖိ၍ ချုပ်ကိုင်ပေးရာ ကို….. မှ ထပ်မံ၍ တစ်ကြိမ် ပြုကျင့်ခဲ့သည်။ ၎င်းနောက်၊ ကို…..က  ခြေထောက်များ ချုပ်ကိုင်ပေးရာ မောင်…..က အလိုမတူဘဲ သားမယား အဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
          ထိုသို့ ပြုကျင့်နေစဉ် မ…(၁၄) နှစ်က မိဘများ ပြန်တိုင်မည်ဟု ပြောသဖြင့် ကို….. က မျက်နှာအား လက်သီးဖြင့် ထိုးပြီး အနီးရှိ လုံးပတ်နှစ်လက်မခန့် ရှည်သော တုတ်ဖြင့် ၀မ်းဗိုက်အား ရိုက်နှက်ခဲ့ရာ မ…. (၁၄) နှစ်မှာ သတိ မေ့သွားခဲ့သည်။
             ထိုစဉ် ၎င်းတို့နှစ်ဦးက မ…(၁၄) နှစ်အား အနီးရှိ ချောင်းငယ်အတွင်း ပစ်ချခဲ့ပြီး မ…(၁၄) နှစ် ၀တ်ဆင်ထားသော ကျောင်းစိမ်းလုံချည် ကျွတ်သွားခဲ့သဖြင့် အနီးရှိ ချုံထဲသို့ လွှင့်ပစ်ခဲ့ကြပြီး ၎င်းတို့ နေထိုင်သည့်တဲသို့  ပြန်သွားခဲ့ကြောင်း စစ်ဆေးသိရသည်။
          ယခုလ (၅) ရက်နေ့တွင် တရားခံ နှစ်ဦး ကျူးလွန်ခဲ့ပုံ ကျူးလွန်နည်းများအား လိုက်လံပြသ နိုင်ခဲ့သည့် အပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော သက်သေခံ တုတ်အား သိမ်းဆည်းခြင်း၊ ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။
          ပြစ်မှုကျူးလွန်သည့် တရားခံများအား ထိရောက် အပြစ်ဒဏ်ရရှိရေး အတွက် သက်သေများ ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည် ဖြစ်သည်။
T.Y.T
The Messenger Media
http://messengernewsjournal.com
 စက်တင်္ဘာ ၇ ။
 တရုတ်နိုင်ငံ တောင်ပိုင်းက လူငယ်တဦးမှာ မိမိချစ်သူ ကောင်မလေးအား သတ်ထားသည့်ပုံကို အွန်လိုင်းတွင် တင်ခဲ့ပြီး " please forgive my selfish love " အတ္တကြီးတဲ့ ကျွန်နော့်အချစ်ကို ခွင့်လွှတ်ပါ လို့  ခေါင်းစဉ်တပ် တင်ထားခဲ့တာပါ။
ဂွမ်ဇီ Guangxi ဆိုတဲ့ လူငယ်ဟာ အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့တဲ့ ချစ်သူကို သူ့ အပြင် တခြား ယောင်္ကျား တွေနဲ့ ပါ ဆက်ဆံနေတယ်လို့  သံသယ ၀င်လာပြီး ခုလို စကားများရင် သတ်လိုက်တာပါ။
သူတင်လိုက်တဲ့ ပုံကို မိန်းခလေး မိသားစုနဲ့  သူငယ်ချင်းတွေက တွေ့ သွားရာက ရဲစခန်းကို အကြောင်းကြားပြီး တရားခံနေတဲ့ နေရာကိုရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ မှာ အွန်လိုင်းသုံးနေတဲ့ သူတွေဟာ ခုလို သူများထက် ထူးအောင် စိတ်ဝင်စားအောင် ပုံအမျိုးမျိုးနဲ့  အပြိုင်အဆိုင် တင်နေရာကနေ ခုလို မိမိချစ်သူကို သတ်ပြီး တင်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ဖေါက်ပြန်သွားခဲ့ရ တာဖြစ်ပြီး မိန်းလေးရှင်တွေ က အထူးသတိထား စောင့်ကြည့်ဖို့ လိုမယ်လို့  ရဲအရာရှိများက ဆိုပါတယ်။
တရုတ်နိုင်ငံမှာတော့ ခုလို လူသတ်မှုဟာ ပြည်သူ့ ခုံရုံးက သေစားသေစေ ဆိုတဲ့ အပြစ်ကို ခံရမှာ ဖြစ်ပါတယ်။
CCTV news
Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် လက်ရှိပြေးဆွဲနေသော ရထားတစ်စီးကိုတွေ့ရစဉ်။(ဆင်ဟွာ)
    ရန်ကုန်၊သြဂုတ်၇ရက်(ဆင်ဟွာ)
    ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့မီးရထား အနေဖြင့် ပြည်တွင်းတွင် မီးရထား စက်ခေါင်းများ နှင့် လူစီးတွဲများအားထုတ်လုပ်နိုင်ရေးအတွက် စက်ခေါင်းစက်ရုံသစ်(နေပြည်တော်) နှင့် လူစီးတွဲထုတ်လုပ်ရေး စက်ရုံသစ်(မြစ်ငယ်) တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ချေးငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ယခုအချိန်တွင် လူစီးရထားတွဲ ထုတ်လုပ်ရေး စက်ရုံသစ်စီမံကိန်းအား စတင်ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းပြီးဆုံးပါက အဆိုပါစက်ရုံသစ်မှ ၁နှစ်လျှင် အဆင့်မြင့်လူစီးရထားတွဲ ၁၂၀ တွဲ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့် လူစီးရထားတွဲများ ထုတ်လုပ်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အဆင့်မြင့်လူစီးတွဲ နှင့် စက်ခေါင်းများ ထုတ်လုပ်နေသော SIF ANG Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ရာ လိုအပ်သော လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နိုင်ရန်အတွက် မြစ်ငယ်စက်ရုံမှ ဦးမြင့်ဇော် (အင်ဂျင်နီယားမှုး/စက်မှု) ဦးဆောင်သော အဖွဲ့ဝင် ၂၄ ဦးပါအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၆ရက်နေ့တွင် စတင် ထွက်ခွါသွားခဲ့ကြောင်း သိရသည်။
    အဆိုပါ သင်တန်းသားများသည် မြစ်ငယ်၌ လူစီးတွဲထုတ်လုပ်ရေး စက်ရုံသစ် တည်ဆောက်ပြီးချိန်တွင် တရုတ်ပညာရှင်များ နှင့် ပူးပေါင်းကာ လူစီးတွဲများကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com