09/12/15
ပြည်သူတွေ မျက်ရည်ကျအောင်
ဘယ်သောအခါမှ မလုပ်ခဲ့ရပါ...တဲ့
ဖွင့်ဟကြွေးကြော်
ပြေးအော်ပြီးမဲဆွယ်တဲ့ကြံ့ခိုင်ရေးပါတီ
ရီစရာကောင်းပါပေသည်…။
ဟောင်ဟောင်ပြီးခိန်တဲ့
ဗြောင်လိမ်သမားဘယ်လိုစိတ်ကူးများလဲ
အမတ်ရာထူးက အဟုတ်နား
ပြုတ်သွားရင်တောင်
လူပြောင်မင်းသား
လုပ်စားလို့ရအုံးမှာ ဟားဟားဟား။
သူတို့ပွေသမျှ ခြွေချတဲ့စကားတွေလဲ
မပြုံးပဲ ၀ါးလုံးကွဲ ရယ်ရတာမို့
ဟာသ အကယ်ဒမီပေးရင်
တပြေးညီ တေးစီလို့
ရွေးသီပေးရပါလိမ့်မယ်
ဟာသသရုပ်ဆောင်ကောင်းသူကြီးရယ်။
တက္ကသိုလ်ဘုန်းကြွယ်(စက်တင်ဘာ ၁၁ ၁၅)
workers-china-border-620 တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ သွာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ရစဉ် 
တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့အတွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ် လို့ ပြောပါတယ်။
အဲ့ဒီအလုပ်သမားတွေဟာ တရားမဝင်သွားရောက်နေကြတာ ဖြစ်တဲ့အတွက် မဲစာရင်းမှာမပါဘူးလို့ အန်အယ်လ်ဒီ ပါတီရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုထွန်းကိုကိုက ပြောပါတယ်။
"သူတို့က ဒီဘက်ကမ်းမှာနေတာမဟုတ်ဘူး ဟိုဘက်ကမ်းကို တရားမဝင်ထွက်ခွါတဲ့ လူတွေဖြစ်နေ တယ်ပေါ့နော်၊ ဖြစ်နေတယ်ဆိုတော့ သူတို့ ပုံစံ ၃(က)နဲ့ လျှောက်မယ်ဆိုပြန်တော့လည်း ၃(က) က ရပ်ကွက်က ထောက်ခံချက်ပေးမှ သူတို့က ကော်မရှင်မှာတင်ရမှာပေါ့၊ ရပ်ကွက်က ထောက်ခံချက်ပေးဖို့ ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မပေးချင်ကြဘူးဗျ၊ မူဆယ်မြိုကပေါ် တစ်မြို့လုံးမှာရှိတဲ့ မဲပေးခွင့် ရှိတဲ့လူစာရင်းနဲ့ ဟိုဘက်ကမ်းမှာသွားလုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေစာရင်းက အချိုးညီလောက် ရှိတယ်၊ အချိုးညီလောက်ရှိနေတော့ နဂိုနေခဲ့တဲ့မြို့ပေါ်က အိမ်ထောင်စုရှိ လိပ်စာအတိအကျပေးရင် ကျနော်တို့စုံစမ်းမယ်၊ သူတို့ဆီက မဲစာရင်းရပြီဆိုရင် ကျနော်တို့ ဒီဘက်မှာ ၃(က)နဲ့ လျှောက်ပေးမယ်ပေါ့၊ ကျနော်တို့တော့ အဲ့ဒီလိုတွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်"
အဲ့ဒီအလုပ်သမားတွေဟာ မြို့နယ်ရပ်ကွက်ရုံးတွေရဲ့ နေထိုင်ကြောင်း ထောက်ခံချက်တွေ တောင်းယူပြီး မဲပေးခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
မူဆယ်မြို့ခံတွေဟာ တရုတ်ပြည်ထဲကို နေ့စဉ်အသွားအပြန်လုပ်ပြီး အလုပ်လုပ်ကိုင်နေသူတွေ ရှိသူလို ရွှေလီမြို့မှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်နေသူတွေလည်း ရှိပါတယ်။
RFA
http://www.rfa.org/burmese/news/china-border-election-voter-09112015231446.html
သူရဦးရွှေမန်း ဖြူးမြို့မှာ မဲဆွယ် စည်းရုံးစဉ်။
 ၂၀၁၅ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈)နေ့က စတင်ခဲ့ပြီးနောက် အာဏာရပါတီနဲ့ အတိုက်အခံပါတီကြီးတွေရဲ့ ထိတ်ပိုင်းခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ နယ်မြေတွေမှာ အပြိုင်အဆိုင် စည်းရုံးနေကြပါပြီ။ သြဂုတ်လက ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီဥက္ကရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းဟာ သူရင်ဆိုင်ခဲ့ရ တဲ့ဖြစ်ရပ်ကြောင့်  ဒေသခံတွေရဲ့စာနာထောက်ခံမှုတွေပိုပြီးရခဲ့တယ်လို့ မနေ့ကစတင်တဲ့ ဖြူးမြို့နယ်စည်းရုံးရေးခရီးစဉ်မှာ ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။
အာဏာရ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ ရာထူးကနေ ဖယ်ရှားခံလိုက်ရပေမဲ့ ဗဟိုကော်မတီဝင်အဖြစ် ရှိနေတဲ့ သူရဦးရွှေမန်းဟာ သူရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေဖြစ်တဲ့ဖြူးမြို့နယ်မှာ (၄)ရက်ကြာ စည်းရုံးရေးခရီးစဉ်ကို မနေ့က စတင်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက ဒေသခံတွေကို အခုလိုပြောသွားပါတယ်။
“ဒီ သြဂုတ်လအတွင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို မှုတည်ပြီးတော့ ကျနော့်ကို စေတနာမေတ္တာတွေ ရှိပြီးတော့ ဒီကာလလေးမှာတော့ ဒေသခံတွေကို မျက်နှာပြပေးပါ။ ကျနော့်ကို တွေ့ချင်တယ် မြင်ချင်တယ် ကျနော့်ရဲ့အခြေအနေကို သိချင်တယ်ဆိုရင်၊ ပြောရမယ်ဆိုရင် ကျန်းမာရေးအခြေအနေတွေရော အခြားအခြေအနေတွေရော ဖြစ်မှာစိုးရိမ်တဲ့ ဒီမြို့နယ်မှာရှိကြတဲ့ လူကြီးမိဘတွေက ကျနော့်ကိုပြောပါတယ်။ ဥက္ကဌ ကြီး ၊ နာယကကြီး ဒေသလေးသွားပြီးတော့ မျက်နှာလေးတော့ ပြပေးပါ။ ဆိုတဲ့အခါမှာ ကျနော့်အနေနဲ့ လူကြီးတွေရဲ့ စေတနာကို နားလည်ပါတယ်။ နောက်ပြီးတော့ ဒေသရဲ့ လိုအပ်ချက်ပါ။ ဟုတ်ကဲ့ပါ၊ ကျနော်သွားပါမယ်။ ကျနော်ပြောမယ်ဆိုရင်တော့ အထူးမဲဆွယ်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်ရဲ့ စေတနာ ကျနော့်ရဲ့ မေတ္တာ၊ ဒီမြို့နယ်မှာထားတဲ့ ကျနော့်ရဲ့ သစ္စာတရား၊ သံယောဇဉ် တွေ လူတိုင်းမဟုတ်ရင်တောင် တော်တော်များများက သိနေတဲ့အတွက် ကျနော်မဲဆွယ်စရာမလိုပါဘူး။”
ဒါ့အပြင် သူ့အနေနဲ့ ဒေသဖွံဖြိုးရေးကနေ နိုင်ငံဖွံ့ဖြိုးရေးအထိ ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
“ကျန်းမာရေးကိစ္စ၊ လမ်းပန်း ဆက်သွယ်ရေးကိစ္စ၊ နောက်ပြီးတဲ့ အခါမှာ စိုက်ပျိုးရေးမွေးမြူရေးကိစ္စတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကိစ္စတွေ ပြီးလို့ရှိရင် ကျနော်တို့ ဒီကနေ့ ကျနော်တို့ အများဆုံးလိုအပ်နေတဲ့ လျှက်စစ် တွေကို ရရှိရေးအတွေက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျနော်ခုနတင်ပြသလို ရသူကရ ၊ မရသူကမရ အဲလိုမဖြစ်အောင် မျှမျှတတ ဖြစ်ပေါ်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။”
၂၀၁၅ရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခံရမယ့် အမည်စာရင်းထဲမှာ သူရဦးရွှေမန်းပါနိုင်မယ်လို့ အများက သုံးသပ်ထားကြတာပါ။ ဒါပေမဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲဟာ သူရဦးရွှေမန်းအနေနဲ့ သမ္မတ ဖြစ်နိုင်မယ့် အလားအလာကို လျော့နည်း  စေတယ်လို့လည်း  မြန်မာ့အရေးလေ့လာနေသူတွေက မြင်ကြပါတယ်။
လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယက လည်းဖြစ်တဲ့ သူရဦးရွှေမန်းကို မဟာမိတ်အဖြစ် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာထားပေမဲ့ သမ္မတလောင်းအမည်စာရင်း တင်သွင်းတဲ့အခါမှာ NLD ပါတီထဲကပဲဖြစ်မယ်လို့ AFP သတင်းဌာနနဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
သူရဦးရွှေမန်းဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက  နေပြည်တော်  ဇေယျာသီရီမဲဆန္ဒနယ်မြေကနေ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ကြံခိုင်ဖွံဖြိုးရေးပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင် အပါအ၀င် အခြား တပ်မတော်သား အရာရှိဟောင်းတွေရဲ့ မဲဆွယ်စည်းရုံးတွေလည်း စတင်နေပါပြီ။
ဒီအတောအတွင်းမှာပဲ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းဟာ သူဝင်ပြိုင်မယ့် ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ ရေတွင်းတူးပေးတာ၊ ဘောလုံးကွင်းစောင့်   ပေးတာ၊ တီဗွီဆလောင်းတွေ ချပေးတာ စတဲ့ဆောင်ရွက်မှုတွေအတွက် မဲဆွယ်စည်းရုံးတာဖြစ်တယ်ဆိုပြီး နိုင်ငံတကာသတင်းဌာနတွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၁။ ၁၀-၃-၂၀၁၅ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြခဲ့သော သပိတ်စစ်ကြောင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်း သိမ်းခဲ့ရာတွင် တာဝန်အရလုပ်ဆောင်ခြင်းထက် ပိုလွန်၍ဆောင်ရွက်ကြောင်း၊ အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် နေရာများကို ရိုက်နှက်ကြောင်း၊ အဓိကရုဏ်း နှိမ်နင်းရေး အဆင့်များအတိုင်း ဆောင်ရွက်မှု မရှိကြောင်း၊ အချို့ရဲတပ်ဖွဲ့ဝင်များက အမိန့်မနာခံဘဲ လုပ်ဆောင်ကြောင်း၊ ငြိမ်းချမ်း စွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုရမည့်အစား ရာဇသတ်ကြီး ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုကြောင်း စသည့်တိုင်တန်းချက်များကို မှတ်တမ်းတင်စာအုပ် စာတမ်းများ၊ ဗွီဒီယိုတိပ်ခွေ များနှင့်အတူ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရရှိခဲ့ပါ သဖြင့် ကော်မရှင်အဖွဲ့ဝင် ၃ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေး ခဲ့ပါသည်။
၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၇-၂၀၁၅ နေ့မှ ၂၇-၈-၂၀၁၅ နေ့ထိ အထက်ပါကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော သံဃာ ၂ ပါး၊ ကျောင်းသား၊ ကျောင်းသူနှင့် ဝန်းရံသူ ၂၂ ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း ၄ ဦး၊ သတင်းမီဒီယာ ၅ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) အဖွဲ့ဝင် ၅ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး၊ သာယာဝတီဗဟိုအကျဉ်းထောင်နှင့် လက်ပံတန်းမြို့တို့တွင် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ ၁၁-၈-၂၀၁၅ နေ့တွင် အခင်းဖြစ်ပွားသည့်နေရာသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပါ သည်။
၃။ အခင်းဖြစ်ပွားသည့်ကိစ္စကို အနီးကပ်ကြပ်မတ်ကွပ်ကဲခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သက်ဆိုင်သည့် ဝန်ကြီးထံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၅ နှင့်အညီ သက်သေထွက်ဆိုချက် ရယူရန် လိုအပ်သဖြင့် စာဖြင့်မေတ္တာရပ်ခံခဲ့သော်လည်း အစီရင်ခံ စာ တင်ပြချိန်အထိ လက်ခံရရှိခဲ့ခြင်း မရှိပါ။
၎။ အခင်းဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က အောက်ပါအတိုင်း သုံးသပ်ပါသည်-
(က) လက်ပံတန်းမြို့သို့ ဆန္ဒပြသပိတ်စစ်ကြောင်း စတင်ရောက်ရှိသည့် ၁၇-၂-၂၀၁၅ နေ့မှ အခင်း ဖြစ်ပွားသည့်နေ့မတိုင်မီ ၉-၃-၂၀၁၅ နေ့အထိ ၂၁ ရက်တိုင်တိုင် လုံခြုံရေး ကွပ်ကဲမှုအဖွဲ့သည် သပိတ်စစ် ကြောင်း မှ ခေါင်းဆောင်များ၊ NNER မှ အဖွဲ့ဝင်များ နှင့် ငြိမ်းချမ်းစွာ အကြိမ်ကြိမ်အခါခါ ဆွေးနွေးညှိ နှိုင်းခဲ့ ကြခြင်း၊ သပိတ်စခန်း ဖွင့်ထားသည်ဆိုသော်လည်း ဆူပူအော်ဟစ် လှုံ့ဆော်မှုများမရှိဘဲ သပိတ်စစ် ကြောင်း၌ ပါဝင်ခဲ့ သောကျောင်းသား၊ ကျောင်းသူများသည် လွတ်လပ်စွာဝင်၊ ထွက်သွားလာ လှုပ်ရှားခဲ့ကြခြင်း၊ မိဘအုပ်ထိန်း သူများမှ လာရောက်ခေါ်ယူသော ကျောင်းသူ၊ ကျောင်းသားများကိုလည်း အေးချမ်းစွာ ပြန်လည်စေလွှတ်ပေးခဲ့ခြင်း၊ နိုင်ငံရေးပါတီ အချို့၊ အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့မှ ဝင်၊ ထွက်မှုများ၊ ဆွေးနွေးဟော ပြော မှုများ၊ အစားအသောက်၊ အသုံးအဆောင်နှင့် ငွေကြေးများ လှူဒါန်းခြင်းကို ခွင့်ပြုခဲ့ခြင်း၊ တီးဝိုင်းနှင့် အဆိုတော် များမှ လာရောက်ဖြေဖျော်ခဲ့ခြင်း၊ ဆန္ဒပြသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ထောက်ထား ညှာတာမှုများဖြင့် အပြုသဘောဆောင် သောဆက်ဆံရေးများ ရှိခဲ့ခြင်းတို့သည် ဒီမိုက ရေစီစနစ်ကို ငြိမ်းချမ်းစွာအကောင်အထည် ဖော်နေခြင်းများဖြစ်သဖြင့် နိုင်ငံ၏ပုံရိပ် ကောင်းများ အဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း သုံးသပ်ပါသည်။
( ခ) သို့သော် ၁၀-၃-၂၀၁၅ နေ့တွင် ဆန္ဒပြသပိတ်စစ်ကြောင်းထက် အင်အားများသော ရဲတပ်ဖွဲ့ဝင်များက တုတ်နှင့် ဒိုင်းများ ကိုင်ဆောင်၍ ဝင်/ထွက်လမ်းကြောင်းများကို ပိတ် ဆို့ခဲ့ပြီး၊ ဆန္ဒပြသူများက တစ်ဖွဲ့ချင်းတိုးပြီး အဖမ်းခံပါမည်ဟု ပြောသော်လည်း ရဲတပ် ဖွဲ့က ဥပဒေနှင့်အညီ ဖမ်းဆီးခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များအကြား ရေသန့် ဗူး ၁ လုံး ကျရောက်လာခြင်းမှ စတင်၍ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
( ဂ) ရဲတပ်ဖွဲ့ဝင်များမှ ကနဦးတပ်ဖြန့်ရာတွင် တားဆီးရေးအဖွဲ့နှင့် ဖမ်းဆီးရေးအဖွဲ့များ ခွဲခြား၍ ကွပ်ကဲရေး အရာရှိများ တာဝန်ပေးအပ်ပြီး စနစ်တကျဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တွန်းတိုက်မှုများ ဖြစ်ပွားချိန်တွင် နှစ်ဘက်အဖွဲ့များ ရော ထွေးသွားပြီး ထိရောက်စွာကွပ်ကဲမှု မပြုနိုင်တော့ကြောင်း သုံးသပ်ပါသည်။
(ဃ) ကွပ်ကဲမှု လျော့နည်းသွားသဖြင့် အချို့ရဲတပ်ဖွဲ့ဝင်များသည် တွေ့မြင်ကရာ ရိုက်သူ ကရိုက်၊ တားဆီးသူက တားဆီး၊ ဒိုင်းဖြင့် ကာကွယ်သူက ကာကွယ် စသည်ဖြင့် စနစ် ကျနမှုမရှိသောအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားကာ EU နည်းစနစ်ဖြင့် လေ့ကျင့် ထားသောပုံစံများလည်း ပျက်ယွင်းသွားခဲ့ကြောင်း သုံးသပ်ပါသည်။
( င) အောင်မြေဗိမ္မာန်ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးရှာဖွေမှုများကို နယ်မြေခံရဲတပ်ဖွဲ့ ဝင်များမှသာ လုပ်ထုံး လုပ်နည်းများ နှင့်အညီ စနစ်တကျ ပြုလုပ်သင့်သော်လည်း ရဲတပ်ရင်းမှ အချို့ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဆောင်ရွက် သဖြင့် မလိုလားအပ်သော အထင်အမြင် လွဲမှားမှု၊ ပစ္စည်းပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ ကျောင်းတွင် သီတင်းသုံးနေသော သံဃာတော်များ၏ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုများလည်း ပျက်ပြား သွားခဲ့ကြောင်း သိရှိရပါသည်။
( စ) သပိတ်မှောက်စစ်ကြောင်း၏ပြန်ကြားရေးယာဉ် (လှုံ့ဆော်ယာဉ်) ကို ရဲတပ်ဖွဲ့ဝင်အချို့က ထုရိုက်ကန် ကျောက်ဖျက်ဆီးခြင်းများသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်း လမ်းတကျ ပြုမှုဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုရန် ခဲယဉ်းကြောင်း သုံးသပ်ပါသည်။
(ဆ) လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသံချဲ့စက်ဖြင့် သတိပေး တားမြစ်ချက်များအား အကြိမ်ကြိမ် အခါခါ ထုတ်လွှင့်ပြောကြားခြင်း၊ ဆန္ဒပြသူများက လည်း အသံချဲ့စက်ဖြင့် တုန့်ပြန်ပြောဆိုခဲ့ကြခြင်း၊ အနီးကပ်အပြန်အလှန် ဆဲဆိုနေကြ ခြင်းများကြောင့် အသံများရှုပ်ထွေးဆူညံခဲ့ကြောင်း၊ တစ်မိန့်တည်း တစ်သံ တည်းဖြင့် သတ်သတ်မှတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ပါသည်။
( ဇ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ၉-၃-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကျောင်းသား ကိစ္စများ ထိန်းသိမ်းဆောင်ရွက်ရမည့် တပ်ဖွဲ့ဝင်များအနေဖြင့် တုတ်၊ ဒိုင်း၊ သေနတ် များ ကိုင်တွယ်ခြင်းမပြုဘဲ လက်ထိတ်၊ လက်ထိတ်ကြိုးများကိုသာ ကိုင်တွယ်အသုံး ပြုရန် ညွှန်ကြားချက်အား ရဲတပ်ဖွဲ့ဝင်အချို့က လိုက်နာခြင်းမရှိခဲ့ကြောင်း တွေ့ရှိရပါ သည်။
( ဈ) ဆန္ဒပြသူအချို့၏ဦးခေါင်းနှင့် မျက်နှာများတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်း သည် ရဲလက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှုအားနည်းကြောင်း တွေ့ရှိရ ပါသည်။
(ည) ရဲတပ်ဖွဲ့၏လုံခြုံရေးစီမံချက်တွင် သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အား ပိတ်ဆို့လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့် ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်မည်ဟု ဖော်ပြထားသော်လည်း ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းသည် သတ်မှတ်ထား သောအဆင့်များကို ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အောက်ပါအတိုင်း အကြံပြု တိုက်တွန်းအပ်ပါသည်-
(က) အဓိကရုဏ်းဖြစ်ပွားသည့် ၁၀-၃-၂၀၁၅ နေ့တွင် နည်းလမ်းတကျလိုက်နာ ဆောင်ရွက်ခြင်း မရှိသော ရဲတပ်ဖွဲ့ဝင်များအား ထိုက်သင့်သလို အရေးယူ သင့်ပါသည်။
( ခ) ရဲတပ်ဖွဲ့ဝင်များအား ရေသန့်ဗူးဖြင့် စတင်ပစ်ပေါက်ခဲ့သူများ၊ ရဲတပ်ဖွဲ့၏မိုဘိုင်းတဲများ နှင့် အတား အဆီးများအား ဖျက်ဆီးခဲ့သူများ၊ တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သူများ အား ဥပဒေနှင့်အညီ အရေးယူသင့်ပါသည်။
( ဂ) ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူ များအား အရေးယူသင့်ပါ သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၁၁ – ၉ – ၂၀၁၅
 အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ကို တွေ့ရစဉ်။ Photo: fpc.state.gov
 မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ပွါးများလာတာဟာ နိုင်ငံရဲ့ညီညွတ်ရေးကို ခြိမ်းခြောက်နေ တယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အထူးသံတမန် Mr. Daniel Russel က ပြောကြားလိုက်ပါတယ်။
Mr. Daniel Russel ဟာ  ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒါဇင်နဲ့ချီပြီး ပယ်ချတာကို သူကဝေဖန်ပါတယ်။ အပယ်ချခံရသူ အများစုဟာ မွတ်ဆလင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့ပေမဲ့ အခုတစ်ခါမှာ ထောင်သောင်းချီတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကို မဲပေးခွင့်မပေးတာကိုလည်း ဝေဖန်လိုက်ပြီး လက်ရှိအစိုးရဟာ ဘာသာရေးခွဲခြားဆက်ဆံတာကို နိုင်ငံရေးထဲ စိမ့်ဝင်အောင်မလုပ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
ဘာသာရေးအစွန်းရောက်သူတွေ အဟန့်အတားမရှိ အမုန်းတရားတွေ ပြောခွင့်ရနေတာကို စိုးရိမ်ပူပန်ရတဲ့ အကြောင်းလည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဒီလိုပြဿနာတွေရှိပေမဲ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ထူးခြားတဲ့ခြေလှမ်းတရပ် ဖြစ်နိုင်ပါတယ်လို့ အမေရိကန် သံတမန် Mr. Russel က ပြောကြားပါတယ်။
RFA Burmese
http://www.rfa.org/burmese
အတိုက်အခံကို နိုင်ချင်ရင် ဘာသာရေးနဲ့ တိုက်စရာ မလိုဘူး။ မဲလိမ် မဲခိုးစရာ မလိုဘူး။ ပြည်သူတွေ စိတ်ချမ်းသာ အောင်သာ လုပ်ပေး။ မီးလောင်ဗုံးနဲ့ မထုနဲ့။ ဘူဒိုဇာနဲ့ မထိုးနဲ့။ နံပါတ်တုတ်နဲ့ ရိုက်ပြီး ထောင်ထဲ မထည့်နဲ့။ စွမ်းအားရှင် မမွေးနဲ့။ ဆီးသီးဗန်း မမှောက်နဲ့။
ဒီတစ်ခေါက် စင်ကာပူရဲ့ ရွေးကောက်ပွဲမယ် အာဏာရပါတီဖြစ်တဲ့ PAP အခြေအနေ မကောင်းလောက်ဘူးလို့ ခန့်မှန်းခဲ့ကြသူတွေ များတယ်။ ပထမဆုံးအကြိမ် လီကွမ်ယုမပါတဲ့ PAP ဆိုတော့ ဘယ်လိုလာမလဲပေါ့။ အဲသာကြောင့်လည်း အတိုက်အခံပါတီတွေက အရှိုအရှိုထွက်လာကြတယ်။ အမတ်နေရာအားလုံးမှာ ၀င်ပြိုင်မယ့်အတိုက်အခံတွေ ရှိတာဟာ ဒါပထမဆုံးအကြိမ်ပဲ။
ဒါပေသိ တကယ်တမ်းလည်း မဲရလာဒ်တွေထွက်လာရော မှန်းချက်ရယ် နှမ်းထွက်ရယ် တော်တော်မကိုက်ပေဘူး။ PAP ကပဲ ပြတ်ပြတ်သားသားနိုင်သွားတယ်။ သူတို့နိုင်တဲ့နယ်တွေ တော်တော်များများမှာ ၇၀% ကျော်နဲ့ကို နိုင်တာ။ ရှုံးသွားတဲ့နယ်မှာလည်း ၂% လောက်နဲ့ ကပ်ရှုံးတာ။ အရင်တစ်ခေါက်က အတိုက်အခံဖက် ပါသွားတဲ့ အမတ်တစ်နေရာကိုလည်း ပြန်ရလိုက်တယ်။ PAP ရဲ့ တကယ့်အောင်ပွဲပါပဲ။
မှန်းဆကြတာတော့ အချိန်အခါလည်း ပါမယ်ပေါ့။ ဒီနှစ် စင်ကာပူ နှစ် ၅၀ ပြည့်နှစ် ဖြစ်သလို၊ လီကွမ်ယုလည်း ကွယ်လွန်ပြီးကာစ။ အဲသာကြောင့်လည်း ရွေးကောက်ပွဲကို နောက်နှစ်အထိ ဆွဲထားလို့ရပေမယ့်၊ တမင်ဒီနှစ်မှာ လုပ်လိုက်တာလို့ ယူဆကြတယ်။ SG50 ပွဲ ကျင်းပထားတဲ့အရှိန်ရယ်၊ လီကွမ်ယုဈာပကနေ ရမယ့် ဂရုဏာမဲတွေကို မျှော်မှန်းတာရယ်ကြောင့် ဖြစ်မယ်လို့ ပြောကြတယ်။
ဒါပေမယ့် PAP ပြတ်ပြတ်သားသား အနိုင်ရသွားတာ အတိုက်အခံတွေဖက်က တော်တော်လေး အားနည်းနေသေးတာကြောင့်လည်း ပါမယ်လို့ မြင်မိတယ်။ သူတို့ချပြလာတာတွေက ပြောရမယ်ဆိုရင် လူပြိန်းကြိုက်တွေလိုမျိုး။ ဥရောပနိုင်ငံတွေလို ကျန်းမာရေးထောက်ပံ့မှု ဘာလို့မရတာလဲတို့၊ CPF ပိုက်ဆံတွေကို ဘယ်လိုသုံးနေတာလဲတို့ စတဲ့ ပေါ်ပင်အချက်အလက်တွေလောက်ပဲ။ အဲဒီလောက်ကိုတော့ PAP ဖက်က အလွယ်တကူ ချေပလို့ရတာပေါ့။ (စီးပွားရေးဝန်ကြီး Tharman ချေပပြီး ရှင်းပြသွားတာတွေ တော်တော်လေးကို ကောင်းတယ်)
နောက်တစ်ချက် ... အဓိကလည်း အကျဆုံးအချက်ကတော့၊ လူတွေက ပါးစပ်ကသာ ပြောစရာမရှိလို့ အစိုးရမကောင်းကြောင်း ထိုင်ပြောနေကြတာ။ တကယ်တမ်းကျတော့ ဒီနေ့ဒီအချိန် စင်ကာပူကို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်ပြခဲ့တဲ့ အစိုးရကိုပဲ အယုံကြည်ဆုံးလို့ မြင်မိတယ်။ အတိုက်အခံဖက်က အင်အားအကြီးဆုံးဖြစ်တဲ့ WP ကိုတောင်မှ တစ်ချို့ပြောတာ ဖတ်လိုက်ရတယ် ...အဓိကကတော့ ပါလီမန်ထဲမှာ အစိုးရအမတ်တွေချည်း ရှိနေမှာစိုးလို့ပါတဲ့။ ပြောရမယ်ဆို အတိုက်အခံလေး ရှိနေသေးချင်လို့ ၀ိုင်းမဲပေးကြတယ် သဘောထားမျိုး။ တိုင်းပြည်တစ်ခုလုံးရဲ့ အနာဂတ်အတွက်တော့ PAP ကိုပဲ ယုံကြတဲ့ပုံ။ တကယ်တမ်းလည်း စင်ကာပူလူမျိုးတွေအတွက် စားဝတ်နေရေးဆိုတာ ပူစရာမလိုလောက်အောင်ကို (ကမ္ဘာ့ဈေးအကြီးဆုံးစာရင်းဝင်တဲ့ မြို့မှာ နိုင်ငံသားတိုင်းလိုလို အိမ်တစ်လုံးပိုင်နိုင်လောက်အောင်) အစိုးရကလည်း ပြန်ကြည့်ပေးခဲ့တာကိုး။
မောင်ဘတ် (Mg Badd fb)
စ​င်္ကာ​ပူ​နိုင်​ငံ​ရဲ့ ​ကြား​ဖြတ် ​ရွေး​ကောက်​ပွဲ​မှာ ​လက်​ရှိ​အာ​ဏာ​ရ ​ပီ​အေ​ပီ​ပါ​တီ​က ​အ​နိုင်​ရ​သွား​ပါ​တယ်။ ​စ​င်္ကာ​ပူ​ကို ​တည်​ထောင်​သူ ​လီ​ကွမ်​ယု ​မ​ကြာ​မီ​က ​ကွယ်​လွန်​မှု​နဲ့ ​နိုင်​ငံ​တည်​ထောင်​တာ ​နှစ်၅၀ ​အောင်​ပွဲ​တွေ​ကြောင့် ​ပီ​အေ​ပီ​က ​မဲ​ပို​ရ​တဲ့ ​သ​ဘော​လို့ ​လေ့​လာ​သူ​တွေ​က ​ပြော​ပါ​တယ်။
အ​တိုက်​အ​ခံ ​ပါ​တီ​တွေ​က ​ခိုင်​ခိုင်​မာ​မာ ​အ​နိုင်​ရ​ဖို့ ​ကြိုး​စား​ပေ​မယ့် ​ဆင်း​ရဲ​ချမ်း​သာ​ကွာ​ဟ​မှု ​လူ​ဝင်​မှု​ကြီး​ကြပ်​ရေး ​ပြ​ဿ​နာ​တို့​ကို ​အ​သေ​အ​ချာ ​အ​သုံး​ချ​ပြီး ​မဲ​မ​ဆွယ်​နိုင်​တဲ့​ပုံ​ရှိ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နှင့် VOA တွေ့ဆုံစဉ် (စက်တင်ဘာလ ၁၁၊ ၂၀၁၅)
 မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးဖို့  ပျက်ကွက်မှုမရှိအောင် ဆောင်ရွက်ဖို့ အမေရိကန်အစိုးရမှာ အစီအစဉ် ရှိထားတယ်လို့ နိုင်ငံခြားရေး အရာရှိကြီးတဦးက ပြောကြားလိုက်ပါတယ်။
မနေ့က Carnegie ဗိမ္မာန် အဆောက်အဦးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ပြည်ထောင်စု အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဗွီအိုအေမြန်မာပိုင်းရဲ့ မေးမြန်းချက်ကို အဲဒီလို ဖြေကြားသွားတာ ဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ဦးကျော်ဇံသာက တက်ရောက် သတင်းယူခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဝါရှင်တန်ဒီစီ Carnegie Center လို့ခေါ်တဲ့ Carnegie ဗိမ္မာန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်အပြီး အခြေအနေကို ပြန်လည်တင်ပြတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ မူဝါဒကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ဖို့ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်အတွင်း သူ့ရဲ့ အတွေ့အကြုံကို ပထမဦးစွာ ရှင်းလင်းတင်ပြပြီးတဲ့နောက် ကျနော်က အခုလို မေးခွန်းမေးခဲ့ပါတယ်။
မေး - ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတုန်းက စစ်တပ်ဟာ သူတို့ ကျောထောက်နောက်ခံပြုထားတဲ့ တစညပါတီ နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် တောင်ပြိုကမ်းပြို အနိုင်ရရှိသွားတဲ့အခါမှာ စစ်တပ်ရဲ့ မျှော်လင့်ချက် ပြိုကွဲသွားပါတယ်။ အဲဒီမှာ စစ်တပ်ဟာ ရွေးကောက်ပွဲရလဒ်ကို မလိုက်နာတဲ့အပြင် အနိုင်ရသူတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲကြီး အပြီးမှာ အဲဒီလို မဖြစ်လာအောင် ဘာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်မျိုး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှာ အစီအစဉ် ရှိပါသလားခင်ဗျ။
ဖြေ - ကျနော်တို့ အစီအစဉ် ရှိပါတယ်။ ဒီအစီအစဉ်တွေဟာ ရွေးကောက်ပွဲပြီးလို့ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါ စတင်မယ့် အစီအစဉ် မဟုတ်ပါဘူး။ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ တစိုက်မတ်မတ် လိုက်လံ ဆောင်ရွက်လာခဲ့တာပါ။ မဲဆန္ဒရှင်တွေကို ပညာပေးရေး၊ အားလုံးပါဝင်ခွင့်ရှိရေး၊ NGO တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်ရေး ဒါတွေဟာ မူဝါဒ ဖြစ်ပါတယ်။ သံတမန်ရေးအရလား သမ္မတ အိုဘားမားရဲ့ ခိုင်မာပြတ်သားတဲ့ ပြောကြားချက်၊ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေ၊ ကျနော်တို့ရဲ့ ထက်မြက်တဲ့ သံအမတ်ကြီး Darryl Michael ကိုယ်တိုင် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံနေမှုတွေ၊ နိုင်ငံခြားရေးဝန်ကြီး John Carry နှင့်တကွ တခြားအရာရှိကြီးတွေရဲ့ ခရီးစဉ်အားလုံးမှာ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေကို ထိပ်တန်း စစ်အရာရှိကြီးတွေဆီရောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ တခါ မြန်မာပြည်သူတွေရဲ့ အဖွဲ့အစည်းတွေ ပေါ်ထွန်းလာဖို့ အားပေးပါတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ အစီအစဉ်တွေပါ။
မေး - တကယ်လို့ အရင်လိုပဲ အာဏာမလွှဲဘဲ နှိပ်ကွပ်တဲ့ ကိစ္စတွေ ဖြစ်လာပြီဆိုရင်ကော ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ - ရွေးကောက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အချက်အလက်တွေအပေါ် မူတည်ပြီး ကျနော်တို့ သုံးသပ်မှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ အခြေအနေမှန်ကို သုံးသပ်မှာပါ။ အဆိုးမြင်တဲ့ အပြစ်ရှာတဲ့ သဘောမျိုး မဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးသာမက ဒီမိုကရေစီ နည်းကျကျ ရရှိလာတဲ့ ရလဒ်ကို ပျက်ကွက်တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံဖို့ မဖြစ်နိုင်ဘူး။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ မရှိနိုင်ဘူးဆိုတာ အသိပေးထားပါတယ်။
နောက်တခါ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံနိုင်ခွင့် ရရှိရေးဆိုတာဟာ အမေရိကန်မူဝါဒမှာ ဦးစားပေး အစီအစဉ်တရပ်အဖြစ် ရှိနေဆဲပဲလား။ ဒါမှမဟုတ် ဒီ သက်မှတ်ချက်ကို အလျှော့ပေးလိုက်ပြီလား ဆိုတဲ့မေးခွန်းကို Mr. Russel က အခုလို ဖြေခဲ့ပါတယ်။
ဖြေ - နိုင်ငံသားတယောက်ကို သူ့သားသမီးတွေ ဘယ်နိုင်ငံသားဖြစ်နေလို့ဆိုပြီး နိုင်ငံသားတယောက် ရသင့်တဲ့ အခွင့်အရေး အပြည့်အဝ မပေးဘူးဆိုတာ တကယ်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ သူတို့ရဲ့ ဖွဲ့စည်းပုံပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံရဲ့ အစိတ်အပိုင်းကို ပြင်ဆင်ရမယ်ဆိုတဲ့ အယူအဆဟာ ခွန်အားရှိတဲ့ မှန်ကန်တဲ့ ယူဆချက်ပါ။ အလားတူ အရေးကြီးတဲ့ အချက်တရပ်လို့ ကျနော်တို့ ယူဆတာကတော့ စစ်တပ်ကိုယ်စားလှယ် ၂၅ % အရွေးမခံဘဲ ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒါကိုလည်း ပြင်ဖို့လိုပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်စဉ်နဲ့ မကိုက်ညီဘူးလို့ လူတိုင်းသတ်မှတ်ကြပါတယ်။
ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ အမေရိကန်သမ္မတ Barrack Obama ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်တဲ့ နေရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။
ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အခုရက်ပိုင်းအတွင်းမှာ NLD က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဓါတ်ပုံနဲ့တကွ ထုတ်ဖော်ကြေငြာလာတဲ့အခါ လူတော်တော်များများက နှစ်ထောင်းအားရ ရှိကြပါတယ်။ မအိပ်နိုင်မစားနိုင် ဗျာပါပွေသူတွေလည်း ရှိမယ်ဆိုတာတော့ ပြောစရာ မလိုတော့ပါဘူး။ သူတို့ဘက်က အပုတ်ချနေသလို အုတ်ကြားမြက်ပေါက် ကလေကချေ အလေနတော စာမတတ်ပေမတတ်
ထောင်ထွက်တွေချည့် စုထောင်ထားတဲ့ပါတီဆိုတာကို အဖက်လုပ်ပြီး ငြင်းချက်ထုတ်စရာတောင် မလိုတော့ဘူး။ တကယ်တမ်းကျတော့ ကိုယ့်စိတ်နဲ့နှိုင်းမှ မရိုင်းဘူး ထင်တာကိုး။ သူတို့အဘိုး သူတို့အဘလက်ထက် မဆလအောက်မှာ ပြားပြားဝပ် ခစားခဲ့တုန်းက အဲသည်ပါတီဗဟိုကော်မတီလူကြီးတွေရဲ့ ကိုယ်ရေးရာဇဝင်တွေ ဖတ်ခဲ့ဖူးမှာပေါ့။ ပညာအရည်အချင်းမှာ “ခေသောသူမဟုတ်” လို့ ရေးထားလို့ “အဲ့ဒါ ဘယ်နှစ်တန်းလို့ ပြောတာတုန်း” လို့ မေးကြည့်ဖူးတယ်။ တစ်တန်းမှ တပ်စရာ မရှိရင် အဲ့သလိုပဲ ရေးရသတဲ့လေ။ အဲသည်လူကြီးမင်းတွေရဲ့ အဆုံးအမ အကွပ်အညပ်နဲ့ လူဖြစ်လာခဲ့တဲ့ အခုဘဘကြီးများဟာလည်း သူတို့ကို အတိုက်အခံလုပ်မယ့်
ပြည်သူ့ကိုယ်စားလှယ်တွေ မြင်လိုက်ရင် “သည်အကောင် ငါထောင်ထဲထည့်ထားပါ။ အခု ဘယ့်နှယ်လုပ် စင်ပေါ်ရောက်လာပြန်ပတုန်း။ ဘယ်ခွေးသူတောင်းစား လွှတ်ပေးလိုက်ပြန်ပြီ မသိ။” လို့ မျက်ထောက်နီကြီးနဲ့ အောက်ကလူ ကွိုင်ရှာဖို့ပဲ စဉ်းစားနေတော့တာပါ။ အခုတော့ မိုးဦးကျ မျှစ်စို့ပေါက်ကြီးတွေလို အပြိုင်းအယိုင်း ထိုးဖောက်ထွက်ပေါ်လာတဲ့ မျိုးဆက်သစ်လူငယ်တွေကို ဘယ်လိုချိုးနှိမ်တိုက်ခိုက်ရပါ့မလဲ ဆင်ကြံကြံ အသံတိတ်နေရတာပ။
တကယ်တော့ ဇာတ်လမ်းက စတောင် မစရသေးပါဘူး။ ဖိုးလနတ်သားက ကလေးအငိုတိတ်အောင် အရိပ်အယောင်ပြထားရုံလေးပဲ ရှိသေးတာ။ ဒါပေသိ မကပဲ ခင်းထားတဲ့ အကွက်ကို ကြည့်ကတည်းက အရူးချီးပန်း နှမ်းတမ်းတမ်းခွင် ဆင်ထားတာ မဟုတ်မှန်း ပညာရည်ပြည့်သူတွေက သိနေနှင့်ပါပြီ။ တပ်စားစားထားလို့ တဆွေလုံးဝနေသမျှကို အရပ်စားစားဦးဖို့ ယူနီဖောင်းတွေချွတ်ပြီး အချိတ်ရောင်စုံကလေးတွေ ဆင်လိုက်ရုံနဲ့ ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်ဆိုပြီး မျက်လှည့်ပြလို့ရကောင်းရချင်ရမယ်။ တကယ့်လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုမပြုဆိုတာတော့ ဟီလာရီလာတုန်းက “မိန်းမဆိုလို့ မူးလို့တောင် ရှူစရာမရှိဘူး” လို့ ပြောလိုက်ကတည်းက အလိမ်ပေါ်သွားပြီးသား။ ဒါနဲ့ပဲ သူ့မိန်းမနဲ့ ပုလဲနံပသင့်ရာတွေ အတင်းကောက်တင်လိုက်ရတယ် မဟုတ်ဘူးလား။ အခု NLD က ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဗကဘိုးဘိုးကြီး သိဒ္ဓတ္ထမင်းသားအတွက် ကညာစစ်မယ်ဆိုလို့ မိန်းမပျိုတွေ အရပ်ထဲလှည့်ခေါ်ထားတာသက်သက် မဟုတ်ဘူး။ အဲသည်မိန်းမပျိုတစ်ယောက်တိုင်း တစ်ယောက်တိုင်းမှာ သူတို့ကိုယ်စားပြုတဲ့ လူထုလူတန်းစား အလွှာအသီးသီး ရှိတယ်။ ဆိုလိုတာက Gender Balance တစ်ခုတည်းအတွက် အတင်း မိန်းမတွေ နေရာပေးနေတာ မဟုတ်ဘူး။ နယ်ပယ် အသိုင်းအဝိုင်း အလွှာစုံအောင် ပါသေးတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ စီးပွားရေးလုပ်ငန်းရှင် နဲ့ အနုပညာနယ်ပယ်ကလူတွေပါ တော်တော်ကလေး နှံ့နှံ့စပ်စပ် ပါဝင်ထားတယ်။ ဘာဖြစ်လို့ လူစုံအောင် ပါသင့်သလဲဆိုတော့ တိုင်းပြည်အရေး ဆွေးနွေးကြတဲ့အခါ လူထုလူတန်းစား အလွှာအသီးသီးက ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုထားတဲ့ ပြည်သူ့အသံ ပြည်သူ့ခံစားချက်ကို မှန်မှန်ကန်ကန် ကြားနိုင်ဖို့လိုတယ်လေ။ သည်မှာတင် တပ်ကထွက်သမျှ နေရာတိုင်းမှာ တမိုးလုံးဖျောက်ဆိပ် ဝင်လုပ်ပြီး “အမိန့်တော်မြတ်အတိုင်းပါဖယား” မူဝါဒနဲ့ အုပ်ချုပ်နေသူတွေနဲ့ ဘာမှမဆိုင်မှန်း သိသာသွားပြီ။
တကယ်ဆိုရင် အဲသည်ပါတီကြီးအတွက် အသက်နဲ့လဲပြီး အနစ်နာခံထားတဲ့၊ ပြည်သူ့ထောက်ခံမှုကိုလည်း အပြည့်အဝရထားပြီးဖြစ်တဲ့၊ သူကျွေးမွေးသင်ကြားပေးထားသော သူ့တပည့်သားမြေးတွေက ခိုးသားငါးရာနဲ့ လိုက်သတ်တာတောင် မသေလို့ကျန်ရစ်တဲ့ ဘဘဦးတင်ဦးလို လူကြီးသူမတွေ ရှိသားပဲ။ ဘာပုဒ်မနဲ့မှ ငြိနေတာ မဟုတ်ဘူး။ တမင်သက်သက် လူငယ်တွေကို နေရာပေးချင်လို့ နောက်ကနေ ပံ့ပိုးပေးရုံပဲနေတယ်။ နေမကောင်းပဲနဲ့ “ဘယ်သူ့မှမပေးဘူး။ ငါချည့်တက်မှာ” လုပ်တဲ့သူတွေနဲ့ မကွာလား။ တိုင်းပြည်ကို ကာကွယ်ထားရတဲ့အတွက် အုပ်ချုပ်ရေးအာဏာတွေကို သူတို့သာလျှင် အစဉ်ထာဝရ ရထိုက်တယ်လို့ တစိုက်မတ်မတ် ကြိုးပန်းအားထုတ်နေသော ဘဘကြီးများနဲ့ရော မကွာလား။ စစ်သားစိတ်ဓါတ်ဆိုတာ ဘယ်သူ့ဆီက စိတ်ဓါတ်ကို ခေါ်ကြမလဲ။ ကိုယ့်ဘာသာပဲ စဉ်းစားကြပါလေ။ (အို များတို့က တပ်ကထွက်ပြီးသွားပါပြီဆိုမှ စစ်သား စစ်သားနဲ့ ဒါကိုပဲ လာလာ ခလုတ်တိုက်နေ။)
ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တရားဝင် မကြေငြာခင်ကတည်းက ကိုယ်ပါစေချင်တဲ့သူတွေ မပါပဲ ကိုယ်မပါစေချင်တဲ့သူတွေကို နေရာပေးထားပြန်ပါပကောဆိုပြီး ဝက်ဝက်ကွဲ ဂယက်တွေထခဲ့တာ ဘာမှတောင် မကြာသေးပါဘူး။ NLD ဗဟိုက လူတွေဟာ ဘွားတော်ကို အနီးကပ်ချောက်ချပြီး ဒုက္ခရောက်အောင် တွန်းပို့နေတယ် လို့ ရေးကြတာလည်း ဖတ်လိုက်ရတယ်။ သူတို့ဘက်က ရွှေမန်း ဖိုးစိန် အကွဲအပြဲလို အတိုက်အခံမှာလည်း မုန့်လေပွေဆင်နင်းသလို အစိတ်စိတ်ကို ဖွာနေတာပဲ လို့ ထကနေတဲ့သူတောင် ရှိသေး။ ကိုယ်ကတော့ သူတို့ပါတီအတွင်းစည်းထဲမယ် ဘာတွေ ဖြစ်ကုန်မှန်း မသိတာနဲ့ မျက်စိသူငယ် ပါးစပ်အဟောင်းသားနဲ့ ဘုရားလေး တ ကာ တ ကာ စိတ်တွေ ပူနေမိတယ်။ ဟုတ်တယ်။ ကိုယ်တို့ ဘေးလူအမြင်နဲ့ဆို NLD က ပယ်ချလိုက်တဲ့သူတချို့ဟာ သူတို့ဘာသူတို့လည်း လွှတ်တော်ထဲမှာ နေရာရအောင် ယူနိုင်တဲ့သူတွေ ဖြစ်နေတယ်။ သူတို့က NLD က ဝင်တယ်ဆိုတာ NLD ရဲ့ အင်အားကို သူတို့အတွက် အသုံးချဖို့ မဟုတ်ဘူး။ သူတို့ရဲ့ အင်အားကို NLD အတွက် အထောက်အကူဖြစ်စေချင်လို့။ အဲ့ဒါကို NLD က ပယ်ချတယ်ဆိုတာ ကမ်းတဲ့လက်ကို ပုတ်ထုတ်တာပဲ။ ဒါ မိုက်မဲတဲ့အလုပ်လေ။ ဒီအထိအောင် တွေးတတ်မြင်တတ်တယ်ဆိုရင် ရှိတ်ကန်း ရှိတ်ကန်း။ ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး။ ပျော်မနေနဲ့ အဲ့ဒါ လူပြိန်းတွေးတွေးတာ။ အတူတူပဲ။ ကိုယ်လည်း အဲ့လို လူပြိန်းတွေး တွေးခဲ့မိတယ်။
ဒါပေမယ့် ကိုယ်တို့ရဲ့ ဘွားတော်ကြီးက ကိုယ်တို့ပြိန်းသလို မပြိန်းဘူး။ သူ့အကွက်က လှတယ်။ အခု သူခင်းပြမှ ကိုယ့်မှာ ရေးရေးလေး သဘောပေါက်လာတာ။ ဒီလူတွေက သူ့ပါတီရဲ့ အရှိန်အဝါမလိုဘူး။ သူတို့ဘာသူတို့လည်း ခိုင်တယ်။ သူတို့နောက်မှာ ထောက်ခံသူ လောက်လောက်လားလား ရှိပြီးသား။ အဲ့လိုလူတွေ သူ့ပါတီထဲထည့်ရင် သူ့ပါတီမှာ အားကိုးရမယ့် ဆန္ဒမဲအရေအတွက် တိုးလာမှာ မဟုတ်ဘူး။ (သူတို့ကို ထောက်ခံတာလည်း သည်မဲတွေပဲ။ ပါတီကို ထောက်ခံတာလည်း သည်မဲတွေပဲ။ မဲတွေ ထပ်ကုန်တာပြောတာ။) ပါတီအရိပ်မိုးပြီး ပွဲထုတ်ရမယ့် ငုတ်ကောင်လေးတွေအတွက် နေရာလျော့သွားမှာ။ သူတို့ကို အပြင်မှာထားမှ အရေးဆို ပါတီအတွက် လှမ်းအားကိုးလို့ရတာ။ ဆုံးဖြတ်ချက်ချစရာရှိရင် ကိုယ့်ဘက်ပါမယ့် မဲအရေအတွက် တိုးလာမှာ။ အဲ့ဒီတော့ အစကတည်းက ပြတ်ပြတ်သားသား ပြောထားနှင့်လိုက်တယ်။ အနားရောက်မှ ကပ်မဖြုတ်ဘူး။ မဝင်နဲ့။ လက်မခံဘူး။ ကိုယ့်ဘာသာ ပြိုင်ကြ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ သားကြီးသမီးကြီးများဟာ အမေ့ရင်ခွင်က ခနဖယ်နေဦး။ ညီလေး ညီမလေးတွေကို အပြင်က လှမ်းစောင့်ရှောက်လှည့်ဦး။ အဲ့ဒါ မချစ်လို့ မဟုတ်ဘူး။ ချစ်လို့ဗျ။
အမေက အဲ့သလို မညှာမတာ ခြေစုံကန်ထုတ်ရင် သားတို့သမီးတို့ဘက်ကလည်း စိတ်နာပါသလေ ဆိုတာမျိုးကော မရှိပဲနေပါ့မလား။ ရှိခဲ့တယ်လေ။ တခြားသွားမကြည့်ပါနဲ့။ ခမောက်ဆောင်းသော မမဝိုင်းကိုပဲ ကြည့်လိုက်ပါ။ သူလည်း အစတုန်းက အမေ့သမီးပဲ မဟုတ်ဘူးလားလို့။ အခုမှသာ စူဠသုဘဒ္ဒါအမုန်းနဲ့ အမေ့ကို ကမ္ဘာမကျေဘူး အရွဲ့တိုက်နေတာ မြင်တဲ့အတိုင်းပဲ။ “ဝိုင်းရယ် ချစ်ခဲ့ပြီးမှ ဝိုင်းရယ်” လို့ တရားချလို့တောင် မရ။ ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင်ကြည့်ပါ ဟစ်ဟော့သီချင်း အဲလေ ဟုတ်ပေါင်။ သူတို့နိုင်ငံရေးနောက်ကြောင်းကလေး နည်းနည်းလောက် ပြန်ကောက်ပြချင်ပါတယ်။ ၂၀၁၀ မှာ ဒေါ်စု ဝင်ပါမှာစိုးလို့ ဘဘဦးသန်းရွှေဟာ အမေရိကန် အုတ်ကြားမြက်ပေါက်တစ်ယောက်ကို ခြံအမှတ် ၅၄ထဲ အင်းယားကန်ထဲက ရေကူးဝင်ခိုင်းပြီး အကျယ်ချုပ်သက်တမ်းကို ထပ်တိုးခဲ့ပါတယ်။ ဒီအခါမှာ ဒေါ်စုမပါပဲ ဒီချုပ်က ရွေးကောက်ပွဲ ဝင်မှာလား၊ မဝင်ဘူးလား၊ ဆိုတဲ့ ပြဿနာ တက်လာပါတယ်။ မဲတွေလိမ်မယ် ခိုးမယ်ဆိုတာ ကိုယ်တွေလို ကျောချမှ ဓါးပြမှန်းသိတဲ့အစားမဟုတ်လို့ သူတို့က ကြိုတင်တွက်ဆထားပြီးသားပါ။ ဒီပြဿနာဟာလည်း ဒီချုပ်အတွင်းမှာ Vote / No Vote နှစ်ဖွဲ့ကွဲသွားစေချင်လို့ သပ်သျှိုပြီး ရိုက်ထုတ်လိုက်တဲ့အကွက်ပါပဲ။ မြန်မာတွေကို ဒါမျိုးလာလုပ်လို့ကတော့ ကမ္ဘာတည်သရွေ့ အလုပ်ဖြစ်ဦးမှာပါပဲ။ ဒီချုပ်ရဲ့ No Vote အဆုံးအဖြတ်ကို ဆန့်ကျင်ပြီး Vote အဖွဲ့က ဝင်အရွေးခံပါတယ်။ ဝင်လက်စနဲ့တော့ မထူးပါဘူး။ မေမေ့ဆီက အမွေအဖြစ် ခမောက်ကလေးကိုပါ ယူပြီးအိမ်ပေါ်ကဆင်းသွားတာလေ။ ဒေါ်စု အကျယ်ချုပ်က ပြန်လွှတ်လာလို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ဝင်ထိုင်လာတဲ့အခါ သူတို့ဘက်က “အစက တို့မပြောလား။ နောက်ဆုံးတော့ ဘွားတော်လည်း ဒီထဲဝင်ထိုင်ရတာပဲ။” လို့ မျက်ခုံးကလေးချီပြီး ပြုံးကြည့်နေကြပါတယ်။ အမှန်ဆို “လာပါမေပုလဲ တွဲမယ့်သူ” လုပ်ရမှာ မဟုတ်လား။ ဒါပေမယ့် မေမေ နဲ့ သမီး နဲ့ ကြားမှာ သူစိမ်းတွေက ဘက်နေနှင့်ပါပြီ။ လေဒီဝိုင်းကြီးကို အီးကလက်ကလူတွေက ဝိုင်းပင့်ထားလို့ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလို မိုးကိုတက် ဒူးနဲ့တိုက်မယ် တကဲကဲ။ အချစ်တွေအကုန်လုံး အမုန်းမီးတွေအဖြစ် တောက်လောင်သွားလေသတည်း။ ချေးခြောက်တွေ ရေမနှူးပါဘူးလေ။ နီနီ ညိုညို ကိုကို မမတို့တတွေလည်း မေမေ့ကို စိတ်နာပြီး ဝိုင်းလှည့်ကြည့်ရင် ပြုံးပြကြမယ့်သူတွေ ဖြစ်ကုန်မစိုးလို့ သင်ခန်းစာယူရအောင် သတိပေးတာပါ။ မချစ်လို့တော့ မဟုတ်ပါ။ ချစ်သော မဏိစန္ဒာ။ အချစ်ဆိုတာ ဝက်အူချောင်းမှ မဟုတ်ပဲ မဏိစန္ဒာရေ။
ဘွားတော်ကြီးဟာ ကိုယ်စားလှယ်လောင်းတွေ ရွေးသွားတဲ့အခါ လူမှဟုတ်ပါလေစ။ အာသဝေါတွေ ဘာတွေများ ကုန်ခန်းသွားပလား ထင်ရလောက်အောင် ချစ်ခြင်းမုန်းခြင်းကိုပါ ဥပေက္ခာ ပြုလို့ ရွေးချယ်သွားပါတယ်။ အံ့သြပ။ အံ့သြပ။ ဒီအကောင် ငါ့စကား နားထောင်တယ်။ ငါ့နားခေါ်ထားရင် စိတ်ချရမယ်။ ဆိုတာမျိုး မတွေး။ ဟိုသူငယ်လေးက ချစ်ချာလေး။ အဆင်လေး။ အကိတ်လေး။ ဆိုတာမျိုး မရွေး။ သူ့အနားကပ်ပြီး သူ့မကောင်းကြောင်း အရပ်တကာလှည့်ပြောနေသူမှန်း သိသိကြီးနဲ့ အပါခေါ်သွားတာလည်း ကိုယ်တွေဖြင့် နားတောင် မလည်နိုင်။ ဥာဏ်မမီနိုင်တဲ့အတူတူတော့ မထူးတော့ပါဘူး။ သူ့ဆီကလူနဲ့ တွေ့တဲ့အခါ သည်လူသည်လူကိုဖြင့် ဘာလို့ ရွေးထားတာလဲ ဟင်။ အဲ့လို အဲ့လိုမှန်း မသိဘူးလား။ လို့ တီးခေါက်ကြည့်မိပါတယ်။ အမယ်။ လူကိုများ ကိုယ့်လို ငအမှတ်နေ။ သိတယ်တဲ့ဗျား။ သိတယ်တဲ့။ ဒါပေသိ သည်အသိုင်းအဝိုင်း ကျောထောက်နောက်ခံထဲကလူ သူကလွဲ ပါတီထဲမရှိလို့ မသိချင်ယောင်ဆောင်ထားရတာတဲ့။ သူ့ထက်တော်တာ၊ သူ့ထက်တတ်တာတွေ ရှိမှန်းသိတယ်။ အဲသည်လူတွေက လောလောဆယ် ပါတီထဲ ဘယ်သူမှ ဝင်မလာဝံ့သေးဘူး။ ကိုယ့်ဘက်ကသေချာလို့ တကယ်တော်တဲ့တတ်တဲ့ စိတ်ချရတဲ့သူတွေ ဝင်လာရင် အချိန်မရွေး လူစားထိုးလိုက်လို့ရတယ်။ လောလောဆယ်မှာတော့ အလိုက်တော်တန်သင့်ရုံ ခံပွင့်ကလေး ကုံးထားတယ်တဲ့။ အလမ္ပယ်ဆရာဆိုတာ မြွေပွေးလည်း ခါးပိုက်ပိုက်သင့် ပိုက်ရတာပဲ။ သတိလေးနဲ့ ပိုက်တာပေါ့။ နိုင်ငံရေးမှာ ချစ်တာလည်း မရှိ၊ မုန်းတာလည်း မရှိ။ ကိုယ်ဘာဖြစ်စေချင်သလဲ ဆိုတာပဲ ရှိသတဲ့။ Mission လေ Mission။
ဘွားတော်ကြီးဟာ ဗျူဟာပိုင်းမှာလည်း ခေသောသူမဟုတ်တာ အကဲခတ်လိုက်မိပါတယ်။ ဆယ်လီဗျစ်တီနဲ့ အနုပညာအသိုင်းအဝိုင်းက လူတွေကို အလျဉ်းသင့်သလို အသုံးချရကောင်းမှန်း သိတယ်။ သူ့ကို ပထမဦးဆုံး တိုင်းလုံးပြည်လုံးသိစေခဲ့တာ ၁၉၈၈ ကိုယ်တို့ရန်ကုန်ဆေးရုံကြီး လူနာဆောင်ခေါင်မိုးပေါ် တရားတက်ဟောတုန်းကပေါ့။ ကိုယ့်ကိုမမြင်ဖူးတဲ့ လူသိန်းပေါင်းများစွာက တခါတည်းမှတ်မိသွားအောင် သူဘာလုပ်တယ်ထင်သလဲ။ ပေတရာဆီလျှောက်ပါလို့ မြင်သလောက်ပြလိုက်ချင်ပါသည် လုပ်ရမှာလား။ မလုပ်ပါဘူး။ အိနြေ္ဒကပျက်သနဲ့။ သူ့ဘေးနားမှာ ခင်သီတာထွန်း ကိုခေါ်ထားလိုက်တယ်။ ပြီးရော။ လာလာသမျှလူတွေဟာ “ဟယ် ဟိုမှာ ခင်သီတာထွန်းလည်း လာတယ်။” “ဘယ်မလဲ ဘယ်မလဲ။” နဲ့ လိုက်ကြည့် လိုက်ရှာရတဲ့အချိန်မှာ။ “ဟိုမှာ ဟိုမှာ။ တွေ့ပြီ တွေ့ပြီ။ လှလိုက်တာ။ သူ့ဘေးနားကဟာ အောင်ဆန်းစုကြည်ဆိုတာလေ။ ဗိုလ်ချုပ်အောင်ဆန်းသမီးပေါ့။” အဲ့သလိုနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သူ့ကို မှတ်မိသွားတာပါပဲ။ ဘာစကားတစ်ခွန်းမှတောင် ပြောစရာမလို။ အခုဆို လွန်ခဲ့တဲ့သုံးရက်က ဘယ်သူမှသတိမထားမိသေးတဲ့ သူ့သားသူ့သမီးတွေဟာ နေ့ချင်းညချင်းကို ဝက်ဝက်ကွဲ ထင်ပေါ်ကျော်ကြားပြီး တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်ကုန်တော့တယ်လေ။ အဲ့ဒါ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး။ စအဖတွေ ခြေချင်းလိမ်နေအောင် တကောက်ကောက် နောက်ကြောင်းလှန်နေတဲ့ကြားထဲက
ခြောက်ပြစ်ကင်းသဲလဲစင် လက်ညှိုးထိုး အပုတ်ချစရာလွတ်အောင် ရွေးထားတယ်။ ဆိုက်ကားသမားတစ်ယောက်မှမပါဘူး။ ဘိထောင်စားတဲ့သူ တစ်ယောက်မှ မပါဘူး။ ရှန်ဂရီလာမှာ အဝှာနဲ့လာအိပ်ဖူးပါတယ်လို့ စီစီတီဗီ ထွက်တဲ့သူ တစ်ယောက်မှ မပါဘူး။ Personality ချင်း ကိုင်ရိုက်ကြည့်လိုက်။ ကွဲတဲ့ကောင် ထွက်ကြေး။ စိမ်မလား။
“အောင်မယ်လေး။ လှော်နေလိုက်တာ။ မွှန်းနေလိုက်တာ။ အဲ့သလောက်တောင် ဖြစ်နေလည်း မင်း အလုပ်ထဲ မနေပါနဲ့တော့။ ဘွားတော်နား အထုပ်ကလေးထမ်း၊ ပရုပ်ဆေးဘမ်းလေးဘာလေး သွားလူးပေးချည်ပါလား။” လို့ ဘတို့မေတ္တာခံယူနေရဦးမယ်။ လူကိုများ မအဘူးမှတ်နေ။ မလုပ်ဖူးဗျာ။ အခုလည်းမလုပ်ဘူး။ နောင်လည်း မလုပ်ဘူး။ အစကတည်းက ပြောခဲ့ပြီးသား။ NLD ကို လော်ဘီလုပ်နေတာ ဒေါ်စုဂုဏော အနန္တောမို့လို့ ဒုတိယဘုရားသခင်လို ကိုးကွယ်နေတာ မဟုတ်ဘူး။ သူ့ပါတီကထွက်သမျှ ခွေးအမြီးဖြတ်ထားလည်း ကိုယ့်အနာဂတ်ကြီး ယုံကြည်စွာနဲ့ ပုံအပ်လိုက်တော့မှာ မဟုတ်ဘူး။ ဒါပေသိ NLD ကိုတော့ ပေးကို ပေးမှာ။ လူတိုင်းလူတိုင်းကိုလည်း ပေးဖြစ်အောင် တိုက်တွန်းမှာ။ အဲ့ဒါကတော့ ဥာဏ်မီတဲ့သူတွေသာ နားလည်နိုင်လိမ့်မယ်။ အခုပေးမယ့်မဲဟာ NLD ကို ချစ်လို့၊ ကြံဖွံ့ကို မုန်းလို့ ချစ်ခြင်းမုန်းခြင်းနဲ့ ပေးရမယ့်မဲ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စား တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့ စံနစ်ကို လိုချင်လို့ စံနစ်အပြောင်းအလဲအတွက် ပေးရမယ့်မဲ။ (မိုးကြိုးပစ်မှာ မကြောက်ရင် ကျိန်ကြပေါ့ဗျာ။ တကယ့်မဲစစ်စစ်နဲ့ တက်လာပါတယ် လို့။ တို့ကတော့ မယုံဘူး။)
ကိုယ်တို့လို တောကြိုအုံကြားက ကလေကဝတွေကို ဘန်ကောက်မှာ ရှော့ပင်းမောကြီးထဲ အရောက်ပို့လိုက်တယ် ဆိုပါစို့။ လိုချင်စရာတွေမှ အများကြီး။ ဟိုဟာလေးလည်းလိုချင် သည်ဟာလေးလည်းလိုချင်။ မြင်မြင်သမျှ အကုန် ဝယ်ပလိုက်မယ် တကဲကဲပေါ့။ ဒါပေမယ့် ဘာလေးပဲ ဝယ်ချင်ဝယ်ချင် အရင်ဆုံးလုပ်ရမယ့်အလုပ်က ကိုယ့်လက်ထဲက မြန်မာကျပ်ငွေကို ဒေါ်လာနဲ့လဲတဲ့အလုပ် အရင်လုပ်ပြီးမှ ဈေးဝယ်လို့ရမယ်။ အဲ့သလိုပဲ။ နောင်အနာဂတ်မှာ ကိုယ်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်တဲ့ စံနစ်ကိုလိုချင်ရင် လောလောဆယ်တော့ NLD ကို အရင် မဲပေးထားမှ ရမယ်။ ဟိုလူတွေကို ဘယ်နှစ်ခါ မဲပေးခဲ့ပြီးပြီလဲ။ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်စမ်း။ ဘယ်နှစ်ခါ ဆန္ဒအမှန်ထွက်ခဲ့ဖူးသလဲ။ နောင် တသက်လုံး မသေမချင်း သည်လူတွေကို သည်ပုံစံနဲ့ ဆက်မဲပေးချင်သေးလို့လား။ သူရှိမှ ကိုယ် အနေအစားချောင်မယ်လို့ မတွက်နဲ့။ ကိုယ့်သားစဉ်မြေးဆက်နဲ့ နိုင်ငံအတွက် စဉ်းစား။ သည်လူတွေဟာ နိုင်ငံရဲ့အာဏာကို ကိုယ်မမွေးခင် ၁၉၆၂ ခုနှစ်ကတည်းက မောင်ပိုင်စီးပြီး လက်ဆင့်ကမ်း အုပ်ချုပ်လာတယ်။ အခု ကိုယ့်အသက်တောင် ၅၀ ပြည့်ဖို့ ၂ နှစ်ပဲ လိုတော့တယ်။ ပြည်သူကို အရေးတယူ စေတနာထားဆက်ဆံတဲ့၊ တာဝန်သိမှု တာဝန်ယူမှုရှိတဲ့အစိုးရနဲ့ တစ်နေ့တာတောင် မနေဖူးဘူး။ ကိုယ်မပြောနဲ့ ဟိုအသက် ၇၀ ကျော် ဘွားတော်ကြီးတောင် ယကလယ်လိုက်နေတယ် မဟုတ်ဘူးလား။ ဒီပဲယင်းမှာပဲ သူ့နောက်ကို ကားနဲ့လိုက်လုပ်ကြံတယ် မထင်နဲ့။ အခုထက်ထိလည်း သည်ဇာတ်လမ်းတွေ ရှိသေးတယ်။ တိုင်းပြည်ချောက်ထဲကျမယ့်အရေးက အကယ်ခံရမှာစိုးလို့ သူကိုယ်တိုင်က “အထင်အမြင်လွဲမှားတာပါ” လို့ စကားနည်းရန်စဲလုပ်ခဲ့ပေမယ့် တကယ့်လက်သည်တရားခံက သူ့ဘာသူ အသိဆုံးနေမှာပဲ။ ဒါပေမယ့် တသက်လုံး လိမ်ညာ သတ်ဖြတ်လာတဲ့ ခိုးသား ၅၀၀ ဘဝက လာတဲ့သူတွေမို့ သူ့ဘက်က ဝန်ခံစကားတော့ သေတောင် ကြားရလိမ့်မယ် မထင်နဲ့။
အာဏာဟာ သူတို့အချင်းချင်းထဲမှာတောင် လုကာယက်ကာ လုပ်ကြံပြီး ဆက်ခံတယ်။ (မဟုတ်ဘူးထင်ရင် ဦးရွှေမန်းကြီး သက်သေရှိတယ်။) ပြည်သူ့လက်ထဲကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး။ သည်လူတွေဆီက အာဏာကို ပြည်သူ့လက်ထဲအရောက်ထည့်ပေးနိုင်တာ ဘွားတော်ကလွဲလို့ တခြားသူ မရှိသေးဘူး။ (သူတို့ကိုယ်တိုင်က ပြန်ပေးနေတယ် မမြင်ဘူးလား လို့ တွေးနေရင် သည်စာကို ဆက်မဖတ်နဲ့။ ခင်ဗျားဥာဏ်ရည်နဲ့ မမီလောက်ဘူး။ ကိုယ့်ဘာသာ ဆက်အလိမ်ခံတော့။) ဘွားတော်မှာ အသက်အရွယ်အရ နောက်တစ်ကြိမ် ကြိုးစားပေးဖို့ အခွင့်အလမ်း ရှိချင်မှ ရှိလိမ့်မယ်။ မသေချာဘူး။ အဲ့ဒါကြောင့် သည်တစ်ကြိမ် ညီညီညွတ်ညွတ်နဲ့ ဘွားတော်ဦးဆောင်ရာ လိုက်ဖို့လိုတယ်။ သူပြောပြီးသား။ သူ အာဏာ လိုချင်တယ်။ အဲ့သည်အာဏာကို ပြည်သူ့လက်ထဲ ထည့်ပေးချင်လို့။ တကယ်လို့ နိုင်ငံရေးကို ကိုယ်စိတ်ကြိုက်ပုံဖော်ချင်ရင် ဘွားတော်လက်ကို အရင်အပ်လိုက်။ သူ့ဆီက ပြန်ယူ။ မလိုပါဘူး။ ကိုယ့်အစွမ်းအစနဲ့ကိုယ် စစ်အစိုးရဆီက ပြည်သူ့အာဏာကို ပြန်ရအောင် ယူနိုင်ပါတယ် ဆိုတဲ့သူ ရှိရင်ပြ။ ကြည့်ချင်တယ်။ ပူးစားတွေ ပေါင်းစားတွေ အလှည့်ကျစားတွေ တော်ပါတော့။ စိတ်ကုန်ပြီ။ အခု ၂၀၁၅ ဟာ နောက် ၅ နှစ် သက်တမ်းအတွက် စားမယ့်ဝါးမယ့်သူတွေ ရွေးပေးနေတာ မဟုတ်ဘူး။ ၈၈ တုန်းက ဖြုတ်ချလို့မရခဲ့တဲ့၊ ရွှေဝါရောင်တုန်းက ကမ္မဝါဖတ်လို့ မပြေးခဲ့တဲ့၊ အသွင်ပြောင်း အာဏာရှင်စံနစ်ဆိုးကြီးကို တော်လှန်ရေးလုပ်နေတာ လို့ သဘောထားပြီး မဲတံဆိပ်တုံးကလေးတွေနဲ့ တိုက်ပွဲဝင်ရမှာ။ မကြိုက်ရင် မကြိုက်တဲ့သူတွေကို ဖြုတ်ချပစ်မယ်။ အဲသလို ဖြုတ်ချပစ်လို့ရနိုင်တယ်ဆိုတဲ့ အလေ့အထကို အရင် အသက်သွင်းဖို့တော့ လိုလိမ့်မယ်။ တိုင်းပြည်ကို ချောက်ထဲမကျကျအောင် လုပ်နေတဲ့အစိုးရက ဘယ်သူလဲ။ အဲသည်အစိုးရကို ပြန်ဖြုတ်ချအောင်လုပ်လို့ ဖြစ်နိုင်သလား။ မဖြစ်နိုင်ဘူးလားဆိုတာ ပြိတ်သတ်ကြီး သန်းငါးဆယ်ရဲ့ အဖြေ …..။
Soe Min Fb
ကျွန်တော်တို့အိပ်မက်များ အကောင်အထည်ပေါ်မည့် အရိပ်အယောင်များ မြင်လာရသည့်အခါ ကျွန်တော့်မှာ အလွန် ၀မ်းသာ အားတက်မိရပါသည်။ ယူနီဖောင်းဝတ်များက ရာစုနှစ် ထက်ဝက်ခန့် အချိန်ယူ ဖျက်ဆီးခဲ့၍ ကျွန်စုပ်သည့် သရက်စေ့လို စုတ်ပြတ်သတ်နေသော တိုင်းပြည်ကြီးအား ပြန်လည်အဖတ်ဆယ်ရန် အရည်အချင်းရှိသည့် လူတော်လူကောင်းများ လိုပါသည်။
ယခု ဖေ့စ်ဘုတ်ပေါ်တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြင်တွေ့ရသည့် အခါ ကျွန်တော် အလွန်အားရကျေနပ်မိ၏။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ထိုမိတ်ဆွေများအားလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။
လူတစ်ဦး၏ အရည်အချင်းကို ထိုသူပြောစကား၊ ထိုသူ၏ အတွေးအခေါ် အမြော်အမြင်၊ ထိုသူ၏လုပ်ရပ်၊ ထိုသူ၏ နေထိုင်ကျင့်ကြံမှု၊ ထိုသူ၏ ကိုယ်ကျင့်စာရိတ၊္တ ထိုသူ၏ လူသားများအပေါ်ထားရှိသည့် စေတနာ၊ အများကျိုး သယ်ပိုးတတ်မှု စသည်တို့နှင့် တိုင်းတာပါသည်။
လူတစ်ဦးတစ်ယောက်၏ပြောစကားသည် ၎င်း၏တွေးခေါ်မြော်မြင်နိုင်စွမ်း၊ ၎င်း၏ပညာအရည်အချင်းတို့ကို ဖော်ပြနေ၏။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို အင်္ဂလိပ်လိုရော မြန်မာလိုပါ (အားလုံးမဟုတ်သည့်တိုင်) တော်တော်များများ ဂရုစိုက် နားထောင်ဖြစ်ပါသည်။ သူပြောသည့်စကားများကြားရလေ သူ့အပေါ် ကြည်ညိုလေးစား သက်ဝင် ယုံကြည်လေဖြစ်၏။
သို့သော် ပါတီတွင်းပြန်ကြည့်လိုက်ပြန်တော့ သိပ်အားမရ။ နိုင်ငံအုပ်ချုပ်မင်းလုပ်နိုင်မည့်သူ ဘယ်နှစ်ယောက်လောက် ရှိမည်နည်းဟု စာရင်းချကြည့်ကာ သက်ပြင်းမောကြီးများ ချနေမိပါတာ နှစ်ကာလအတန်ကြာကပင် ဖြစ်ပါ၏။
ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်ဖြစ်၏။ သူသာလျှင် ယိုယွင်းနေသည့် တိုင်းပြည်ကြီးကို ကယ်တင်နိုင်မည်။ သူသာလျှင် နှစ်ပေါင်းများစွာဖြစ်နေသည့် ပြည်တွင်းစစ်မီးကို အဆုံးသတ် နိုင်မည်ဟု (ဘယ်သူမယုံယုံ) ကျွန်တော်ကတော့ သည်လိုပင် ယုံကြည်ပါသည်။ သို့တိုင် သူ့ကိုဝန်းရံပံ့ပိုးပေးမည့် အသိုင်းအ၀ိုင်းမှာမူ အတော်လေးအားနည်းနေသည်ဟု ကျွန်တော်ခံစားမိ၏။ သို့သော် ဒီချုပ်ပါတီဝင်များစွာ၏ အကြောင်း၊ ၎င်းတို့၏ အရည်အသွေးများကိုမူ ဂဃနဏ ကျွန်တော်မသိပါ။
အမှန်ပြောရလျှင် ယခု ကိုယ်စားလှယ်လောင်းများ ပေါ်ထွက်မလာမီကလေးက ဒီချုပ်၏ သတင်းများကြားရသည်နှင့် ကျွန်တော် အတော်လေး စိတ်ပျက်နေတာ ဖြစ်၏။ ဤသို့သောအခြေအနေတွင် ယခု ရွေးကောက်ပွဲကာလကျမှ ကျောက်ရိုင်းတုံး ကလေးများ တစ်တုံးပြီးတစ်တုံး လင်းလက်တောက်ပလာသည်ကို တွေ့ရသည့်အခါ ကျွန်တော့်မှာ အလွန်အားတက်မိ၊ ကျေနပ်ဝမ်းသာမိရပါသည်။ (သူတို့ ဘယ်လောက် အစွမ်းအစပြနိုင်သည်၊ ဘယ်လောက်အရည်အချင်းရှိသည်ကိုတော့ ရွေးကောက်ခံပြီး ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်ကျမှ ဆန်းစစ်လို့ရမည်ပေါ့။ လောလောဆယ်တော့ ဟိုလူတွေထက်စာလျှင် အပုံကြီးတော်သည်ဟု ထင်ထားလိုက်ကြပါစို့။)
မြန်မာစကားပုံတွင် ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားရှိ၏။ တိုင်းသူပြည်သားများ၏ အခန်းကဏ္ဍ မည်မျှပင်အရေးကြီးသည်ဆိုစေ၊ တိုင်းပြည်တစ်ပြည်၏ တိုးတက်မှု ဆုတ်ယုတ်မှုမှာ ထိုတိုင်းပြည်ကို ဦးဆောင်ပေးမည့် ခေါင်းဆောင်တစ်ယောက်အပေါ်တွင် များစွာမူတည်နေပါသည်။ မြန်မာပြည်တွင် အရည်အချင်းရှိသော နိုင်ငံရေးခေါင်းဆောင်များ မည်မျှရှိခဲ့စေကာမူ ဗိုလ်ချုပ်အောင်ဆန်းပေါ်ထွက်လာသည့် အခါကျမှ လွတ်လပ်ရေးရခဲ့သည် မဟုတ်လော။ စင်ကာပူနိုင်ငံကို သည်အခြေအနေရောက်အောင် လီကွမ်ယုလုပ်ခဲ့တာ မဟုတ်ပါလော။
ဒီချုပ်ပါတီဝင်များ မည်သူဖြစ်သည်ဆိုစေ၊ လွှတ်တော်ကိုယ်စားလှယ်များကို မည်သူတို့အား ရွေးချယ်ထားသည်ဆိုစေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အားလုံးညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ကောင်းစားရေးအတွက် ကြိုးစား ကြလိမ့်မည်ဟု ကျွန်တော် တစ်ထစ်ချယုံပါသည်။ ကျွန်ုပ်တို့တိုင်းသူပြည်သားများ ဒေါ်အောင်ဆန်းစုကြည့်အပေါ်မည်မျှ ယုံကြည် အားထားကြသည်ကိုလည်း သူ့ဟောပြောပွဲသို့ တက်ရောက်လာသည့် ပရိသတ်က သက်သေပြနေပါသည်။
ကျုပ်တို့ကိုရွေးရင် ခင်ဗျားတို့ကို လမ်းတွေခင်းပေးမယ်၊ တံတားတွေဆောက်ပေးမယ် ဟု ပြောသံများကြားရသည့်အခါ အနှီ သတ္တ၀ါများအား ကျွန်ုပ် လွန်စွာမှပင် သနားကရုဏာ သက်မိသဖြင့် ကျွတ်ကျွတ်ကျွတ်ကျွတ်ဟု စုပ်သပ်မိပါသည်။ သူတို့ခမျာ ပြောတတ်သလောက်နဲ့ပြောပြီး မဲဆွယ်နေရတာပေကပဲ။ တံတားခင်းတာ လမ်းဖောက်တာထက်ပိုပြီး တခြား ဘာစကားမှ ပိုမပြောတတ်တော့။
လမ်းဖောက်တာ၊ တံတားဆောက်တာထက် တိုင်းပြည်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ကို စီမံခန့်ခွဲမှုက ပိုအရေးကြီးသည်ဆိုတာလောက်မှ အသိပညာမရှိသော အနှီသကောင့်သားများ၊ အလုပ်မရှိအလုပ်ရှာ ကသာသွား စီးချင်းထိုနေသူများအားဖယ်ရှား၍ တိုင်းပြည်အတွက် အမှန်တကယ်လုပ်ကိုင်ပေးနိုင်မည့် တတ်သိနားလည်သူများကို ရွေးကောက်တင်မြှောက်ရေးမှာ -
ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူအပေါင်း၏ သမိုင်းပေးတာဝန်ကြီးပင် ဖြစ်ပါတော့သတည်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များကို မဲပေးမည့်သင်တို့အား ကျွန်ုပ်က အလွန်အထူး ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၉ - ၉ - ၂၀၁၅
မှန်ကန်သည်ရွေးချယ်မူဖြင့်နိုင်ငံအနာဂတ်အတွက်ပြောင်းလဲချိ န်တန်ပြီ ဟုဆိုကာ NLDအောင်နိုင်ရေးဇာတ်လမ်း
ခန့်စည်သူ ၊ လူမင်း ၊ ထွန်းအိန္ဒြာဗို ၊ ချစ်သုဝေ ၊ ခိုင်သင်းကြည် ၊ မိုးယံဇွန် ၊ မေတ္တာတို့ ပါဝင်သရုပ်ဆောင်ထားကြပြီး
ဒါရိုက်တာမိုက်တီးနဲ့ ဝိုင်းတို့က ရိုက်ကူးထားကြပါတယ်။
ဒါရိုက်တာဝိုင်း ၊ ဒါရိုက်တာမိုက်တီးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ပေးကြတဲ့ အနုပညာရှင်များအားလုံးကို လေးစား ဂုဏ်ယူ ကျေးဇူးတင်ရှိပါတယ်။
Credit : Wyne - Owncreator
ကျွန်ုပ်တို့တောများတွင် အယူအဆတစ်ခုရှိသည်။ မိမိတို့ သားရတနာများကို သာသနာ့ဘောင်တွင်း သွတ်သွင်းရာတွင် အလှူမတိုင်မီရက်များ၌ မောင်ရှင်လောင်းများကို အထူးဂရုစိုက်ကြရန် သတိပေးကြ၏။ ကောင်းမှုလုပ်ရာတွင် မကောင်းသည့် မာရ်နတ်က ဖျက်ဆီးတတ်သဖြင့် ရှင်မပြုမီ မောင်ရှင်လောင်းများ တစ်ခုခုဖြစ်မှာစိုးသောကြောင့် ဖြစ်သည်။ ဟဲ့ ဟိုကောင်လေးတွေ သစ်ပင်တွေပေါ် မတက်ကြနဲ့။ ဟဲ့ ဟိုချောင်ကြိုမြောင်ကြားတွေ မသွားနဲ့။ နတ်ဖွက်တတ်တယ် စသဖြင့် မျက်ခြေပြတ်မခံ ဂရုစိုက်ကြသည်။
ယခု ဖေ့စ်ဘုတ်စာမျက်နှာတွင် NLD မှ လွှတ်တော်ကိုယ်စားလှယ်များသတင်းမှာ ကြိုင်သင်းလှပေ၏။ လူအများ၏ ထောက်ခံအားပေးမှုကိုလည်း တခဲနက် ရရှိနေပေသည်။ ဤသည်မှာ သင်တို့ကျွန်ုပ်တို့အတွက် ၀မ်းသာစရာ၊ ကောင်းသတင်း ဖြစ်သော်လည်း ပြိုင်ဘက်ပါတီအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်နေပေလိမ့်မည်။ ၎င်းတို့လူများထဲတွင်လည်း ဖေ့စ်ဘုတ်သုံးသူ အတော်များများရှိလေရာ သည်ကိစ္စကို သိကြလိမ့်မည် မချွတ်။ အာဏာရပြိုင်ဘက်ပါတီကြီး၏သတင်း မှေးမှိန်နေခြင်းမှာ သိပ်တော့မကောင်းလှ။ အသံတိတ်နေခြင်း၏ နောက်ကွယ်တွင် တစ်ခုခုရှိနေ/မနေ မည်သူမှ မသိနိုင်။
ပြိုင်သည်ဆိုရာတွင် သူတင်ကိုယ်တင် အပြိုင်ကြဲရမည်ဖြစ်၏။ NLD မှ လွှတ်တော်ကိုယ်စားလှယ်များကို တစ်ယောက်ပြီး တစ်ယောက်တင်နေချိန်တွင် သူတို့လည်း သူတို့လွှတ်တော်ကိုယ်စားလှယ်များတင်ကာ မည်သို့မည်ပုံကောင်းကြောင်း အားကျမခံ ပြန်တင်ရမည်။ စကားစစ်ထိုးရမည်။
စင်ကာပူတွင်လည်း ရွေးကောက်ပွဲကျုင်းပရန် ရက်ပိုင်းမျှလိုပေတော့ရာ ပြိုင်ဘက်ပါတီများ အပြိုင်အဆိုင် အပြင်းအထန် မဲဆွယ်နေကြ၏။ ငါတို့နိုင်ရင် ဘာလုပ်ပေးမယ်။ သူတို့ဘာတွေလုပ်နေလို့ ဘယ်လိုဖြစ်နေတယ် စသဖြင့် သတင်းစာ တစ်စောင်လုံး မဲဆွယ်စည်းရုံးဟောပြောပွဲများဖြင့် ပြည့်နှက်လျက်ရှိ၏။ သို့တိုင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများ၊ ညစ်တီး ပတ်တတ်များ မတွေ့ရ။ The Straits Times, Today online, Channel News Asia စသည့် အင်တာနက်စာမျက်နှာများတွင် မဲဆွယ်စည်းရုံးသတင်းများကို အခမဲ့ဖတ်နိုင်သဖြင့် ဘာတွေပြောသည်ကို သည်တွင် ကျွန်တော် ရေးမပြတော့ပါ။ သူတို့အရေးထက် ကိုယ့်အရေးက ပိုအရေးကြီးနေသည် မဟုတ်ပါလား။
ယဉ်ကျေးသူ၊ ရိုးသားသူ၊ လူကြီးလူကောင်းဆန်သူတို့အဖို့ မိမိပြိုင်ဘက်ကို အနိုင်ယူရာတွင် မိမိ၏ပြိုင်ဘက်ထက် အရည်အချင်း ပိုမိုသာလွန်စေရန် ရိုးရိုးသားသား ကြိုးစားကြမည်သာ ဖြစ်၏။ မိမိပြိုင်ဘက်က အနိုင်ရသွားစေကာမူ သူက ကိုယ့်ထက်သာလို့ သာ နိုင်ပေတာပဲဟု နှလုံးသွင်းကာ မိမိအရှုံးကို ကြည်ကြည်ဖြူဖြူ လက်ခံကြပေသည်။ မိမိအား အနိုင်ယူသွားသူအပေါ် မည်သည့်အာဃာတ၊ အငြိုးမှမထားပဲ ပြိုင်ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ကာ အပြုံးချင်းဖလှယ်၍ သာသာကြည်ကြည်ပင် ပြန်လည်ထွက်ခွာသွား၏။ ဒါမှမကျေနပ်သေးလျှင် နောက်တစ်ချီ စိန်ခေါ်ကာ ထပ်ပြိုင်နိုင်သေးသည်။
သို့သော် . . . . သို့သော် . . . .
အရည်အချင်းမဲ့သူများကား ပြိုင်ရာတွင် သူ့ထက်သာအောင် ရိုးရိုးသားသားကြိုးစားမည်ဟု မကြံစည်။ မိမိ၏ အရည်အသွေးကို တက်အောင်လုပ်မည်ဟု မစဉ်းစား။ ဉာဏ်နီဉာဏ်နက်ရှိသမျှ အကုန်ထုတ်လျှက် ညစ်ပတ်စုတ်ပဲ့နည်းပေါင်း တစ်ရာ့တစ်မျိုး တို့ဖြင့် ဆင်ကြံကြံချင် ကြံကြလိမ့်မည်ဟု ကြိုတင်တွက်ဆထားရန် လို၏။
ထို့ကြောင့် မိတ်ဆွေတို့ ကြပ်ကြပ်သတိထားကြပါဘိ။ ကျွန်ုပ်တို့မှာ စေတောပရိယအဘိညာဉ်ရသူများမဟုတ်သဖြင့် ဘယ်သူတွေ ဘာကြံနေကြသည်ကို မသိနိုင်။ မတော်တခုခုလုပ်လိုက်မှ အကျိုးကြီးနည်းရချည့်။ မီးဆိုတာ မလောင်ခင်က ကြိုတားရသည်။
ထို့ကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်များ (အထူးသဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ) ကို အထူးဂရုစိုက်ကြ ပါမည့်အကြောင်း သတိပေးလိုက်ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် နီးစပ်သူများခင်ဗျား။ သူတို့သွားရာနောက် တကောက်ကောက်လိုက်ကြပါ။ မျက်ခြေမပြတ် အနီးကပ် စောင့်ရှောက်ကြပါဘိ။ ကျွန်တော်ကတော့ သူတို့ ကိုယ့်အိမ်မှာကိုယ် အိပ်တာကိုပင် အစောင့်အရှောက် ထားစေချင်ပါသည်။ လူဆိုးဆိုတာ ချိုပါတာမဟုတ်။ လူများကိုယုံမှု၊ အစောင့်အရှောက် လုံလောက်စွာမထားမှုကြောင့်ပင် ဗိုလ်ချုပ်တို့ ကိုယ်ကျိုးနည်းခဲ့ရပြီ မဟုတ်ပါလော။
အခြားသူများကို လူယုတ်မာတွေဖြစ်သည်၊ မကောင်းကြံနေကြသည်ဟု ကျွန်ုပ်မစွပ်စွဲပါ။ သို့သော် နောက်ကြောင်းမကောင်းသူ များ ကို လွှတ်ပေးလိုက်သဖြင့် ရဲနှစ်ယောက် အချောင်သေခဲ့ရပြီ။ သို့ဆိုလျှင် ထို ဆန်ကုန်မြေလေးများအား ဘယ့်အတွက် အစုလိုက် အပြုံလိုက်လွှတ်ပေးရသနည်း။ စဉ်းစားကြပါဘိ။
ကျောင်းသားများဆန္ဒပြစဉ်က တာဝန်ဆိုသည့်လက်ပတ်နှင့် ထွက်လာသည့် စွမ်းအားရှင်ဆိုသူများ တစ်နေရာ၌ရှိနေသည်ကို မေ့မထားကြပါလင့်။ ထိုသူများကား အချက်ပြလိုက်သည်နှင့် လူကောင်းလူဆိုးရွေးနေမည်မဟုတ်။ အလွန်ကြောက်စရာ ကောင်းလှ၏။
လွှတ်တော်ကိုယ်စားလှယ်များနှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများခင်ဗျား။
ယခု ရွေးကောက်ပွဲကာလ နှစ်လအတွင်း သတိဝီရိယနှင့် နေကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအားလည်း အထူးဂရုစိုက်ကြပါရန် အဝေးတစ်နေရာမှနေ၍ မေတ္တာရပ်ခံလိုက်ရပါသည်။
မှတ်ချက်။ ။ NLD ကိုယ်စားလှယ်တစ်ယောက် တစုံတစ်ခုဖြစ်ခဲ့လျှင် သူနှင့်သူ့မိသားစုကွက်ကွက်ကလေးသာမဟုတ်ဘဲ နိုင်ငံနှင့်ချီ၍ နစ်နာဆုံးရှုံးပါမည်။
(တွေးမိရင်း ကြက်သီးထသဗျာ။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၀ - ၉ - ၂၀၁၅။ ၀၀း၄၄ နာရီ
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်။ Photo: Myo Thant Khaing/RFA
 ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆိုလို့ရှိရင် တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေရှိတယ်လို့ ကျမကြားရပါတယ်၊ ဒီအဖွဲ့ကို မဲမပေးလို့ရှိရင် ပြဿနာတက်မယ်၊ ဟိုအဖွဲ့ မဲပေးလို့ရှိရင် ပြဿနာတက်မယ် စသည်ဖြင့် အဲ့ဒီလိုခြိမ်းခြောက် မှုတွေရှိတယ်ဆိုတာ ကျမကြားရပါတယ်၊ ဒီတော့ ဒီလိုခြိမ်းခြောက်ခြင်းဟာ ဥပဒေနဲ့ဆန့်ကျင်တယ်ဆိုတာ ကျမ ပထမပြောပါရစေ၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းဥပဒေများအရဆိုရင် ဘယ်သူ့ကိုမှ ခြိမ်းခြောက်ပြီးတော့ မဲကိုထည့်ရမယ်၊ မဲမထည့်ရဘူးဆိုတာကို ပြောပိုင်ခွင့်မရှိဘူး၊ အဲ့ဒီလိုလုပ်တာဟာ ဥပဒေချိုးဖောက်ရာရောက် ပါတယ်"
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ နိုင်ငံရေး ပါတီတချို့က တိုင်းရင်းသားဒေသတွေမှာ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနိုင်ကြောင်းနဲ့ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ ရှိလာရင်လည်း သတ္တိရှိရှိနဲ့ အန်အယ်လ်ဒီပါတီကိုသာမဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်တိုင်းမှာ ဒေသ ခံတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလဆန်းလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းနဲ့ ဆီဆိုင်မြို့နယ်တွေကို သွားရောက်ခဲ့သလို ကယားပြည်နယ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက်နေ့ထိ ၃ ရက်ကြာ သွားရောက်ဟောပြောနေတာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ ဒေသခံတွေနဲ့တွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲခံရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ထိုင်းရဲတွေက ကျူးလွန်ခဲ့တဲ့ သရုပ်ပြခိုင်းနေပုံ။ (အောက်တိုဘာ ၃၊ ၂၀၁၄)
 ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးကို စွဲချက်တင်ထားရတဲ့အမှု DNA ပြန်စစ်တဲ့အခါမှာ ပထမတကြိမ်စစ်ချက်နဲ့ ကွဲလွဲနေပါတယ်။ ထိုင်းနိုင်ငံက နံမည်ကျော် မူခင်းဆေး ဆရာဝန် ဒေါက်တာပွန်ထစ်က စွပ်စွဲခံရသူတွေရဲ့  မျိုးရိုးဗီဇတွေကို ပြန်လည်စစ်ဆေးပြီး တရားခွင်မှာ လာရောက် ထွက်ဆိုရာမှာ စွပ်စွဲခံရသူတွေရဲ့ DNA ကို မတွေ့ရတဲ့အကြောင်း ထွက်ဆိုသွားခဲ့တာပါ။ ပထမ  တရားခွင်က ရဲစစ်ချက်နဲ့ ဘယ်လို ကွဲလွဲနေသလဲဆိုတာကိုတော့  ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ (၈)ရက်နေ့တုန်းက ထိုင်းနိုင်ငံရဲ့တရားမျှတရေး ဝန်ကြီးဌာနက တာဝန်ရှိသူ၂ဦး ဟာ တရားခွင်မှာပဲ စွပ်စွဲခံထားရသူ၂ဦးရဲ့ DNA မျိုးရိုးဗီဇ ကို စစ်ဆေးဖို့ အတွက် တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမူကို ထိုင်းနိုင်ငံက DNA စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ မူခင်းဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ဆီမှာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာပွန်ထစ်က တရားရုံးမှာ လာရောက် ထွက်ဆိုရာမှာ လူသတ်ရာမှာ အဓိက အသုံးပြုခဲ့တယ်ဆိုပြီး ရဲတွေက တရားရုံးမှာ သက်သေအဖြစ် တင်ပြထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံထားရသူ ၂ဦး ရဲ့ DNA တွေ မတွေ့ဘူး လို့ ထွက်ဆိုသွားခဲ့တာပါ။
တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က  ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်တွေ ကို အခုလိုပြောသွားပါတယ်။
"ဒီလိုပါ။ ဒေါက်တာ ပွန်ထစ် အနေနဲ့ သူစစ်ဆေးခဲ့ရတာက ပေါက်တူး အရိုးကို စစ်ခဲ့ရတာပါ။ ပေါက်တူး လက်ကိုင်ရိုးဘက်ကို စစ်ရတာပါ။ သစ်သားရိုးပေါ့။ စစ်ရတဲ့ စစ်ဆေးချက်အရ လက်ကိုင်ရိုးမှာ တရားခံရဲ့ DNA တခု တွေ့ရှိတယ်။ အဲ့ဒီ့ DNA တခု တွေ့ရှိတဲ့အခါမှာ အဲ့ဒီ့ DNA ကို ဇော်လင်းတို့ ဝေဖြိုးတို့ မောင်မောင်တို့ ရဲ့DNA နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ တူညီတာ မတွေ့ရဘူး။ မတူညီဘူးဆိုတဲ့ ထွက်ဆိုချက် ပေးတာပါ။ ဒါကြောင့်မို့ DNA ပိုင်ရှင်ဖြစ်တဲ့ တရားခံဟာ တခြားတယောက်ဖြစ်မယ်လို့ သူကပြောတာပါ။ "
အဓမ္မပြုကျင့်ခံ ထားရတဲ့ လက္ခဏာတွေနဲ့ သေဆုံးခဲ့ရတဲ့ ဗြိတိန်နိုင်ငံသူ ဟန်နာရဲ့ မိန်းမကိုယ်မှာ တွေ့ရတဲ့ DNA စစ်ဆေးချက်တွေမှာလည်း လုပ်ထုံး လုပ်နည်းတွေ လွဲမှားနေပြီး မြန်မာလူငယ်တွေရဲ့ DNA ဖြစ်နိုင်ခြေ ရှိတယ် လို့ပဲ ရေးသားတာ တွေ့ရတယ်လို့ ဒေါက်တာပွန်ထစ်က ထွက်ဆို သွားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။
" မွေးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဟန်နာ ရဲ့ DNA ဟာ သဘောကတော့ တကယ်တမ်း ဒီမွေးလမ်းကြောင်း အတွင်းဘက်ပိုင်းကျတဲ့ ဟန်နာရဲ့ DNA စစ်စစ်နဲ့ ခုနကပြောတဲ့ ကာမစက်ယှက်ပြီးတော့ မွေးလမ်းကြောင်း အပြင်မှာ ရှိတဲ့ သုတ်ရည်နဲ့ ခွဲခြားပြီး စစ်ဆေးဖို့အတွက် ယူတဲ့အခါမှာ ရောထွေးပြီးတော့ တခါတည်း ယူထားတာ မှားနေပါတယ်။ ဒါကတော့ DNA ယူတဲ့ လုပ်ထုံး လုပ်နည်း လွဲမှားနေတာ ပြောချင်တာပါ။ ဟန်နာရဲ့ DNA အစစ်အမှန် မွေးလမ်းကြောင်း အတွင်းထဲက DNA ကို ရအောင် ယူရမယ်ပေါ့။ ပြီးမှ မုဒိမ်းအကျင့်ခံရတယ်ဆိုတဲ့ အပြင်ဘက်မှာ ရောက်နေတဲ့ သုတ်ရည် သုတ်ပိုးတွေကို တိုက်ဆိုင်ပြီး ယူရမှာပါ။  "
မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၀၀၀)ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ လူသတ်မှု
ဖြစ်ပွားပြီး ရက်ပိုင်း အတွင်း မှာ လက်ရှိ တရားခံတွေ အဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်း နဲ့  ကိုဇော်လင်း တို့ကို တခြားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အတူ သံသယရှိသူတွေ အဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။
အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာလ ကုန်ပိုင်းမှာပဲ နောက်တကြိမ် ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
ဒီ့နောက်မှာတော့ သေဆုံးသူတွေရဲ့ကိုယ်ခန္ဓာနဲ့ လူသတ်ရာမှာ သုံးတဲ့ပေါက်တူး မှာ မြန်မာလူငယ်တွေရဲ့ DNA တွေရှိတယ်လို့ ရဲတွေကပြောဆိုခဲ့ပြီး သူတို့ကိုယ်တိုင်က ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာလူငယ်၂ဦး ကတော့ အဲဒီ့အချိန်တုန်းက နိုင်ငံတကာမီဒီယာတွေရှေ့မှာ သူတို့သတ်ပါတယ်လို့ ဝန်ခံခဲ့ပြီး နောက်ပိုင်းမှာတော့ ခြိမ်းခြောက်မူတွေ ညှင်းပမ်း မူတွေကြောင့် ဝန်ခံရပါတယ် လို့ တရားရုံးမှာ ထွက်ဆိုသွားပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 စစ်တုရင်ကစားသောအခါ ဘုရင်၊ ဘုရင်မ စသည့်အရုပ်များမှာ တရုတ်စီသာရှိပြီး နယ်ရုပ်ကလေးတွေကတော့ အများအပြားရှိကြသည်။ ဘုရင်သည် ရှေ့နောက်ဝဲယာ၊ ဒေါင်လိုက်(ရှေ့ဘယ်)၊ ဒေါင်လိုက်(ရှေ့ညာ)၊ ဒေါင် လိုက်(နောက်ဘယ်)၊ ဒေါင်လိုက်(နောက်ညာ) စသည်ဖြင့် မိမိအနီးအပါးအကွက်ရှစ်ကွက်ထဲမှ ကြိုက်ရာကို ရွှေ့နိုင်သည်။ ရထားသည်လည်း တည့်တည့်ဘေးတိုက်ကြိုက်သလို လမ်းရှိသရွေ့သွားနိုင်သည်။ ဘုရင်မသည် လမ်းရှိသမျှ ကြိုက်သလိုရွှေ့လို့ရသည်။ မြင်းသည် ခုန်စရာရှစ်နေရာ ရှိသည်။ သို့သော် နယ်ရုပ်ကလေးများ သည် တခါရွှေ့လျှင် တက်စရာတကွက်ပဲရှိသည်။ တခါတရံ ဘုရင်ကြီးကို အကာအကွယ်ပေးလိုသဖြင့် ထိုးကျွေးခံရသည်များလည်းရှိသည်။ အကြောင်းမည်မည်ရရမရှိဘဲ အစားခံရတာလည်း ရှိသည်။ ကျွန်တော် သည် ငယ်စဉ်ကပင် စစ်တုရင်ကစားလျှင် နယ်ရုပ်တော့မည်သည့်အခါမျှမဖြစ်လို။ ရုပ်ရှင်များကြည့်ရာတွင် ရှေးခေတ်စစ်ပွဲများတွင် တွေ့ရတတ်သော နှစ်ဖက်စစ်တပ်ကြီး အလုံးအရင်းနှင့် စစ်တိုက်ကြသည့်အခါ ဘာကြောင့်၊ ဘာ့အတွက်မှန်း ကိုယ်တိုင်သေသေချာချာမသိဘဲ ခုတ်ကြထစ်ကြ၊ ထိုးကြနှက်ကြ၊ အသေခံကြရ၊ တယောက်ကိုတယောက် လက်တွေ့သတ်ကြဖြတ်ကြရသော ရိုးရိုးတပ်သားကလေး မဖြစ်လို။ တိုက်ပွဲတပွဲကို ဦးစီးကွပ်ကဲသောသူသာ ဖြစ်လိုသည်မှာ ကျွန်တော်၏ စိတ်ကူးဆန္ဒဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Helen of Troy လို ရုပ်ရှင်ထဲတွင် ထရွိုင်နှင့်စပါတာ နှစ်ဖက်စစ်တပ်ကြီး ရင်ဆိုင်တိုက်ခိုက်ကြသောအခါတွင် ဘုမသိ ဘမသိ တိုက်ကြခိုက်ကြရင်း ကျဆုံးသွားသော အညတရစစ်သည်များကို သနားသောကြောင့် ဖြစ်သည်။ ဘုရင် နှစ်ပါး အာဏာလွန်ဆွဲရာ၊ အာဏာရူးထရာ မယားလုရာတွင် အောက်ခြေစစ်သားများမှာ မဆီမဆိုင် ဘုမသိ ဘမသိ သေကြရရှာသောအဖြစ်ကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ အရာရာတွင် နယ်ရုပ်ကလေးများ သည် ရှေ့မှ အသေခံကြရ၍ ဘာအတွက် မိမိအသက်စွန့်လိုက်ရမှန်းပင် ရေရေရာရာမရှိလှသောကြောင့် ဖြစ်သည်။
နိဒါန်းချီသည်မှာ ရှည်သွားပေ၏။ ပြောလိုရင်းအကြောင်းမှာ အေသင်လည်း မဟုတ်၊ စပါတာလည်း မဟုတ်၊ ထရွိုင်လည်းမဟုတ်၊ ရောမ လည်းမဟုတ်၊ ခေါမလည်းမဟုတ်၊ မြန်မာနိုင်ငံဖြစ်ပေ၏။ မြန်မာနိုင်ငံတွင် ယခု လအတွင်း ရဲတပ်ဖွဲ့ဝင်များ ကပ်သင့်နေ၏။ ဆွမ်းခံရင်းငှက်သင့်နေ၏။ ဂြိုဟ်စီးဂြိုဟ်နင်းညံ့နေ၏။ ပါပဂြိုဟ်ထဲ သို့ရောက်နေ၏။ အင်းစိန်တွင် အမှုလိုက်ရဲအရာရှိ (ရဲတပ်ကြပ်ချစ်ကိုကိုမောင်)ဆိုသူကို အရပ်သား လူမိုက် နှစ်ဦးက လက်ဖက်ရည်ဆိုင်ထဲအထိ ဓားဖြင့်ဝင်ခုတ်၊ စကေဘာဖြင့် ထိုးသဖြင့် အသက်သေဆုံးခဲ့ရပေ၏။ ကသာမြို့တွင် နယ်ထိန်းရဲတပ်ကြပ်ကြီးတဦး(ရဲတပ်ကြပ်ကြီးသန်းအောင်) အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်လူ တဦးက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွား၏။ သန်လျင်တွင် တရားခံပြေးတဦးကို သွားရောက်ဖမ်းဆီးသော ရဲတပ် ဖွဲ့ဝင်နှစ်ဦး (ရဲအုပ်အောင်နိုင်နှင့်ရဲတပ်ကြပ်သူရလွင်) တရားခံပြေးတင်မြင့်ဆိုသူက ဓားဖြင့်ပြန်လည် တိုက်ခိုက် ခံရသည့်အတွက် အသက်ဆုံးရှုံးခဲ့ရပေ၏။ အခြား လူမသိသူမသိ မှုခင်းများလည်း မရေတွက်နိုင်အောင် ရှိပေသည်။ ထိုအရာများ ဖြစ်လာသောအခါမှ အထက်က ဖုတ်ပူမီးတိုက် တရားခံအား လိုက်လံဖမ်းဆီးခြင်း၊ အသုဘချရာသို့ ဒုဝန်ကြီး၊ ရဲချုပ်များလိုက်ပါပို့ဆောင်ခြင်း၊ အလှူငွေသိန်းရာနှင့်ချီကာ ကောက်ခံပေးအပ်ခြင်း စသည်တို့ကိုပြုမူနေခြင်းထက် ထိုအရာများသည် အဘယ်ကြောင့်ဖြစ်ရသည်၊ မဖြစ်အောင် မည်သို့ကြိုတင် ဆောင်ရွက်လျှင် ရသည်ဆိုသည်များကို အစိုးရဘက်က ထုတ်ပြန်လုပ်ဆောင်မှုအားနည်းနေတာ တွေ့ရလေ သည်။
ရဲတပ်ဖွဲ့ဝင်များကို ဒုစရိုက်သမားများက မကြောက်ရွံတော့ဘဲ ပြန်လည်တိုက်ခိုက်မှုများဖြစ်လာခြင်းတွင် အကြောင်းများစွာရှိ၏။ သိသာ ထင်ရှားသော ပထမအကြောင်းမှာ သမ္မတဦးသိန်းစိန်သည် ရာဇ၀တ်အကျဉ်း သားများ လွှတ်ခြင်းဖမ်းခြင်းတို့ကို နိုင်ငံရေးကစားကွက်တခုအဖြစ် မှတ်ယူအသုံးချခဲ့မှုများ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ၊ အာဆီယံထိပ်သီးအစည်းအဝေး၊ အမေရိကန်ပြည်ထောင်စု စသော နိုင်ငံများသို့ သွားရောက်ရန် ခရီးစဉ်ရှိလာတိုင်း နိုင်ငံတကာတွင် လူမြင်ကောင်းစေရန် အကျဉ်းသားများ လွှတ်ပေးလေ့ရှိ သည်။ နိုင်ငံတကာမှ ကမ္ဘာ့ခေါင်းဆောင်များ (ဥပမာ အိုဘားမား)မြန်မာနိုင်ငံသို့လာလျှင်လည်း ကြိုတင်ကာ အကျဉ်းသားများလွှတ်ပေးခြင်းဖြင့် အမှတ်ယူလေ့ရှိသည်။ ထိုသို့လွှတ်ပေးရာတွင် စိတ်ရင်းစေတနာမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဘဲ ရုပ်ပြကောင်းစေရန် ဟန်ပြသက်သက်သာ လွှတ်ပေးခြင်းဖြစ်သဖြင့် ပြည်တွင်းပြည်ပမှ တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ ခိုးဆိုးနှိုက်၊ လူသတ်၊ မုဒိမ်း၊ လူလိမ် ရာဇ၀တ်အကျဉ်းသားများကိုသာ ထောင်နှင့်ချီ၍ အကြိမ်ကြိမ်လွှတ်ပေးခဲ့သည်။ ထိုအထဲတွင်မှ နိုင်ငံရေးသမား လေးငါးဆယ်ဦးကိုရောညှပ်၍ စတိသဘော လွှတ်ပေးလေ့ရှိသည်။ နိုင်ငံတကာသို့မူ ပြစ်ဒဏ်ကျအကျဉ်းသား မည်ရွေ့မည်မျှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း (အရေအတွက်ကို ရှေ့တန်းတင်၍) ကြေညာလေ့ ရှိသည်။ နိုင်ငံရေးသမားလွှတ်ပေးတာက တယောက်ဆိုလျှင် ဒုစရိုက်သမားလွှတ်ပေးတာ အယောက် ၂၀၀ နှုန်း ရှိနေပေသည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသောသတင်းကို အင်းစိန်ထောင်ရှေ့တွင် သတင်းလာယူသော ဂျာနယ်တိုက်တခုမှ သတင်းထောက်မလေးတဦးဆိုလျှင် လွတ်လာသော ခိုးဆိုးနှိုက်တဦးက ထောင်ဘူးဝမှာပင် လွတ်လာလာခြင်း လက်စွမ်းပြသွားသောကြောင့် သူမ၏ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ရတာလည်း ရှိလေ သည်။ ထောင်ကထွက်လာလာချင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးမိပြီး တရားရုံးသို့ ဖမ်းဆီးတရားစွဲဆိုရသည်လည်းရှိ၏။ ကျွန်တော်သည် မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသော ငယ်သူငယ် ချင်းတယောက်အမှု ရုံးထုတ်တိုင်း တာမွေမြို့နယ်တရားရုံးအချုပ်စခန်းသို့ သွားရောက်တွေ့ဆုံခဲ့ရာ အချုပ်ခန်း ထဲမှ တရားခံတော်တော်များများသည် ထောင်ကျလျှင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီ ပြန်လည်လွတ် မြောက်လာဦးမည်ဟု ယုံကြည်ကြကြောင်းအချုပ်ခန်းထဲတွင် ပြောဆိုနေကြတာ ကြားရပေသည်။ ဤသည်မှာ မိမိ၏နိုင်ငံရေးအကျိုးအမြတ်အတွက် လူဆိုးသူခိုးများအား လွှတ်ပေးခဲ့သော မူဝါဒအမှားပေတည်း။ ထိုမူဝါဒ အမှားကြောင့် ထောင်မကျသေးသူကလည်း ထောင်ကျမှာ မကြောက်တော့ခြင်း၊ ထောင်ကျပြီးသားလူဆိုးများ လည်း နှစ်မစေ့ခင် အပြင်လောကသို့ ရောက်လာကာ လူကောင်းများအား ဒုက္ခပေးခြင်းဟူသော ဆိုးကျိုးနှစ် သွယ်ကို ဖြစ်ပေါ်စေပါသည်။ ယခု အသက်ဆုံးရှုံးခဲ့ရသော ရဲတပ်ဖွဲ့ဝင်များမှာ သမ္မတဦးသိန်းစိန်၏ မူဝါဒအမှား အတွက် ပေးဆပ်လိုက်ရသော အသက်များဖြစ်သည်။ ရေခဲတောင်ကြီးတခုလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ရေထဲတွင်နစ်နေပြီး ၁ ရာခိုင် နှုန်းသာ ရေပေါ်တွင် ပေါ်နေဘိသကဲ့သို့ ယခုရဲတပ်ဖွဲ့ဝင်များ အသတ်ခံရ၊ ဓားထိုး ခံကြရခြင်းမှာလည်း မူဝါဒအမှား ဘေးထွက်ဆိုးကျိုး ရေခဲတောင်ကြီး၏ ရေပေါ်,ပေါ်နေသော ၁ ရာခိုင်နှုန်းမျှသာ ရှိပါဦးမည်။ ကျွန်တော်တို့ မသိနိုင်သော၊ မသိလိုက်သော ဘေးထွက်ဆိုးကျိုးများစွာ ကျန်ပါသေး၏။
ရဲများအသက်ဆုံးရှုံးရသော ဒုတိယမူဝါဒအမှားမှာ ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်မပေးခဲ့မှု ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ရိုးရိုးရဲတပ်သားဟူ၍မရှိ၊ အားလုံးအရာရှိများဖြစ်ကြပြီး ရဲအရာရှိတိုင်း သည် တာဝန်ချိန်မှန်သမျှ ခြောက်လုံးပြူးသေနတ်ကို ခါးကြားတွင် စမတ်ကျကျချိတ်ဆွဲထားပိုင်ခွင့်ရှိ၏။ အန္တရာယ်ရှိသော တရားခံများ သွားရောက်ဖမ်းဆီးရာတွင် ခုခံပါက ဥပဒေနှင့်အညီ ပစ်ခတ်ဖမ်းဆီးပိုင်ခွင့် ရှိ၏။ မြို့ကြီးများရှိ ရဲအားလုံးသည် ပတ္တရောင်လှည့်ရာ တရားခံဖမ်းရာတွင် ရဲနှစ်ယောက်လျှင် ဆလွန်းကားတစီး အသုံးပြုခွင့် ပေးထား၏။ ရဲတိုင်းတွင် သေနတ်၊ နံပါတ်တုတ်။ လက်ထိပ်၊ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီ) အစုံအလင်ပါဝင်၏။ အန္တရာယ်ဖြစ်လျှင် ဌာနချုပ်စခန်းသို့ ချက်ချင်းစစ်ကူတောင်း၍ရသည်။ ရဲစခန်းသည်ပတ္တရောင်လှည့်နေသော ရဲအားလုံးနှင့်ရေဒီယို (စကားပြောစက်) အဆက်အသွယ်ရှိ၏။ မြန်မာ နိုင်ငံတွင် ရဲများသည် စက်ဘီးနှင့် ပတ္တရောင်လှည့်ရ၏။ ခါးကြားတွင်လေးခွကို ချိတ်ထားရ၏။ လက်ထိပ်ရှိသူ ကရှိ၍ နိုင်လွန်ကြိုးကိုလက်ထိပ်သဖွယ် ကိုင်သူကကိုင်ရ၏။ အချို့က စက်ဘီးပင်မရှိသဖြင့် ခြေကျင်ပတ္တရောင် လှည့်ရ၏။ သေနတ်မပြောနှင့် နံပါတ်တုတ်ပင် မပါသောရဲမှာများလှသည်။ လူဆိုးနှင့်တွေ့လျှင် စခန်းသို့ ဆက်သွယ်ရန်မှာ ကိုယ့်ဖုန်းနှင့်ကိုယ်ပြောကြရ၏။ စခန်းမှာလည်း လူပိုမရှိတာများသဖြင့် လာမကူနိုင်တာများ သည်။ ထိုသို့သော ရဲများကို မည်သည့်ရာဇ၀တ်သား လူသတ်သမားများက ကြောက်မည်နည်း။ ပြန်၍ ထိုးကြ နှက်ကြ ထိုးကြခုတ်ကြသည်မှာ မဆန်းလှပေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တိုက်ရိုက် အုပ်ချုပ်ကွပ်ကဲရလေရာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီး လက်အောက်ခံတပ်မတော်လောက် အာရုံဝင်စားပုံမရချေ။ နိုင်ငံတော်တွင်တပ်မတော်သာ လက်နက်ကိုင် ဆောင်ထားချင်ပြီး ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်တပ်ဆင်ပေးချင်သော ဆန္ဒနှင့် စိတ်အားထက်သန်မှု နည်းပါးလှသည်။ ထိုအချက်ကိုကာကွယ်ရေးဝန်ကြီးဌာန အတွက်သုံးသောဘတ်ဂျက်နှင့် ပြည်ထဲရေးဝန်ကြီး ဌာနအတွက်သုံးသော ဘတ်ဂျတ်တို့ ဆင်နှင့် ဆိတ်လောက်ကွာခြားနေမှုကို ကြည့်လျှင်သိနိုင်သည်။ အခြား နိုင်ငံများတွင် ရဲတပ်ဖွဲ့ဝင်အားလုံး ခြောက်လုံးပြူး၊ ပစ္စတို စသော ခေတ်မီလက်နက်များစမတ်ကျကျကိုင်ဆောင် တာဝန်ထမ်းဆောင်နေချိန်တွင် မြန်မာနိုင်ငံရဲတို့မှာ လောက်လေးခွနှင့် ဒုတိယကမ္ဘာ စစ်လက်ကျန်ရိုင်ဖယ် သေနတ်များကိုသာ သုံးနေရဆဲဖြစ်သည် (လက်ပံတောင်းတောင်စသော အဓိကရုဏ်းများတွင် ခေတ်မီ လက်နက်များ ခေတ္တထွက်ပေါ်လာခြင်းမှာ ခြွင်းချက်ဖြစ်သည်)။ ရဲတပ်ဖွဲ့ဝင်တို့၏အသက်ကို ကယ်ချင်လျှင် ရဲတပ်ဖွဲ့အတွက် ပိုက်ဆံပိုသုံးရမည်။ လက်နက်တပ်ဆင် ပေးရပါမည်။ တပ်မတော်မှလွဲ၍ အခြားတပ်ဖွဲ့များ ခေတ်မီလက်နက်မသုံးစေချင်သော စိတ်ဆန္ဒကိုပြောင်းရပါမည်။ ထိုသို့ Mind Set များ မပြောင်းပါက မည်သည့်အခါမှ ရဲတပ်ဖွဲ့သည် လူရိုသေရှင်ရိုသေဖြစ်လာမည် မဟုတ်ပေ။
လက်နက်နှင့်ယူနီဖောင်း Equipment များပြည့်စုံပါက နောက်ထပ် ပြောင်းရမည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ နိုင်ငံတော်သည် ရဲတပ်ဖွဲ့ဝင်များ၏လခနှင့် ရိက္ခာခံစားခွင့်ကို မိသားစုစားဝတ် နေရေးဖူလုံသည့်အနေအထားသို့ ထောက်ပံ့ချီးမြှင့်ပေးရမည်။ ရဲတပ်ဖွဲ့ဝင်များသည် တရားမ၀င်ငွေရလမ်းများ ဖြစ်သော လောင်းကစားဒိုင်များမှ လိုင်းကြေးတောင်းခြင်း၊ ဒုစရိုက်လုပ်ငန်းအချို့ကို မသိချင်ယောင်ဆောင်ရာမှ လိုင်းကြေးကောက်ခံခြင်း၊ အချုပ်သားများထံမှ လာဘ်ငွေတောင်းခြင်း၊ အာမခံပေးရန်ငွေတောင်းခြင်း၊ အထက် မှခိုင်းလျှင် ဥပဒေနှင့်ညီမညီ မဆန်းစစ်ဘဲ လက်ခံဆောင်ရွက်ခြင်း၊ ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများလုပ်ခြင်း တို့ကို ကျူးလွန်နေသမျှ ဒုစရိုက်သမားနှင့် ပြည်သူလူထုက ကြည်ညိုလေးစားမည်မဟုတ်။ ဒုစရိုက်သမားများ သည် သူတို့နှင့် စားဖော်စားဖက်သဖွယ်ရဲတပ်ဖွဲ့ဝင်များကို သဘောထားလာပါက မည်သို့မှလေးစားကြောက်ရွံ့ တော့မည်မဟုတ်ချေ။ ထို့ကြောင့် နိုင်ငံတော်၏ ပေါ်လစီသည် လက်နက်ကိုင်တပ်ဖွဲ့ချင်းအတူတူ တပ်မတော် အား အလွန်အကျွံအားပေးထောက်ပံ့သလို ရဲတပ်ဖွဲ့ခေတ်မီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်များဆောင် ရွက်ကြဖို့လိုသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူလူထုကို ကျေးဇူးရှင်သဖွယ်သဘောထားကာ ၀န်ဆောင်မှု ပေးနိုင်ရပါမည်။ လူမြင်မြင်ရာ တရားခံဟု ထင်မြင်နေတတ်သောစိတ်များ ဖျောက်ကြရမည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အင်အားကို အချိုးချကြည့်မည်ဆိုလျှင် ပျမ်းမျှခြင်းအားဖြင့် လူ ၄၀၀ လျှင် ရဲတယောက်နှုန်း အသုံးပြုကြပေသည်။ မြန်မာနိုင်ငံတွင်တော့ လောလောဆယ်အနေအထားအရ လူ ၁၂၀၀ တွင် ရဲတယောက်နှုန်းသာ အသုံးပြုနေရာ ရဲတပ်ဖွဲ့သည် မနိုင်ဝန်ကိုထမ်းနေရသလိုရှိပေသည်။ ထိုအထဲတွင် ရဲတပ်ဖွဲ့၏ အဓိကလုပ်ငန်းနှင့်မသက်ဆိုင်သော လူကြီးလမ်းကြောင်းလိုက်ရခြင်း၊ နိုင်ငံရေးသမားများကို ထောက်လှမ်းဖမ်းဆီးရခြင်း၊ ကျောင်းသားများအား နှိမ်နင်းရခြင်း စသည့်ကိစ္စများကိုလည်း ဆောင်ရွက်ရသေး၏။
အကယ်၍သာ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော နိုင်ငံရေးသမားများ၊ ကျောင်းသား လူငယ်များကိုသာ သမ္မတကြီးသည် လွတ်ငြိမ်းချမ်းသာခွင့်ကိုပေးခဲ့ပါမူ တချက်ခုတ်သုံးချက်ပြတ် အစိုးရမှာ အကျိုးရှိပေမည်။ ပထမအချက်မှာ နိုင်ငံတကာနှင့်ပြည်တွင်း နိုင်ငံရေးအင်အားစုများ၏ ချီးမွမ်းယုံကြည်မှုကို ရပေမည်။ ဒုတိယအချက်အနေနှင့် လွတ်လာသောကျောင်းသားများနိုင်ငံရေး အကျဉ်းသားများ၏ အပြုသဘော ဆောင်သော အဖိုးတန်နိုင်ငံရေးအမြင်များကိုကြားကြရပေမည်။ ကိစ္စတခုကို အစိုးရကသည်လိုမြင်သော်လည်း ကျွန်တော် ကျွန်မတို့ကသည်လိုမြင်ပါသည်ဟူသော အကြံဥာဏ်မျိုး ဝေဖန်ထောက်ပြမှုမျိုးကို ထောင်မှထွက် လာသည့် မည်သည့်လူဆိုးသူခိုး၊ ဓားပြ၊ လူသတ်သမားများထံကမျှ ကြားရဖို့မရှိပေ။ တတိယအချက်မှာ ထောင်မှထွက်လာသောမည်သည့် ကျောင်းသား၊ မည်သည့်နိုင်ငံရေးသမားမျှ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ကြ မည်မဟုတ်ချေ။ ကျောင်းသူ မပိုပိုကြောင့်မည်သည့် ရဲတပ်ကြပ်မှသေစေမည်မဟုတ်၊ ဒေါ်နော်အုန်းလှသည် မည်သည့် ရဲကိုမှ သတ်ဖြတ်မည်မဟုတ်၊ ကိုအောင်မှိုင်းဆန်းသည်မည်သည့် ရဲအရာရှိကိုမျှ စကေဘာဖြင့် ထိုးမည်မဟုတ်။ ဗကသကျောင်းသားများ တကသကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများလွတ်လာပါက မည်သူ၏ အိမ်ကိုမျှ ဖောက်ထွင်းဝင်ရောက်မည်မဟုတ်။ ထိုသို့ သုံးဘက်စလုံး အမြတ်ထွက်မည့် နိုင်ငံရေး အလျှော့ပေးရေးလမ်းစဉ်ကို ဦးသိန်းစိန်အစိုးရသည် ပစ်ပယ်ကာ ဒုစရိုက်သမားများလွှတ်ပေးရေးဟူသည့် အလွယ်လိုက် နိုင်ငံရေးမျက်လှည့်ပွဲကိုပြသလိုက်သည့်မူဝါဒအမှားကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထိုဆိုးကျိုးများ သည်ရပ်တန့်မသွားဘဲ ၂၀၁၅ ရွေးကောက်ပွဲပြီးသည်အထိ ဆက်ကာ ဆက်ကာ ပေါ်ပေါက်လာပါဦးမည်။
အစိုးရ၏နောက်ဆုံးမူဝါဒအမှားမှာ မြန်မာ့ပိုင်နက်အတွင်း သစ်ခိုးခုတ်မှုဖြင့် တသက်တကျွန်းအကျဉ်းကျခံနေ ရသော တရုတ်အကျဉ်းသား ၁၅၃ ယောက်ကိုလွှတ်ပေးလိုက်ခြင်းကြောင့် တရုတ်များချည်း လွှတ်လျှင် လူကဲ့ရဲ့ ခံရမည်စိုးသည့်အတွက် မြန်မာအကျဉ်းသားများကိုပါရောကာ အကျဉ်းသားစုစုပေါင်း ၆၉၆၆ ဦးကိုလွှတ်ပေး ခဲ့ခြင်းဖြစ်ရာ သူတို့လုပ်မှ ပိုဆိုးသလို ဖြစ်နေပါသည်။ တရုတ်တွေချည်းလွှတ်ချင်လွှတ်ပေးလိုက်၍ တိုင်းပြည် အတွက်မည်သို့မျှ လတ်တလောမထိခိုက်နိုင်သော်လည်း ရာဇ၀တ်အကျဉ်းသားများစွာကိုလွှတ်ပေးလိုက်ခြင်းမှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာတော့သည်။ လူဆိုး၊ သူခိုးတယောက် ထောင်ထဲသို့ ရောက်ဖို့ဆိုသည်မှာ အဆင့်များစွာ၊ အလုပ်များစွာ၊ ဥပဒေဘက်တော်သားများ၏ အချိန်နှင့် လုပ်အားများစွာ ကုန်ဆုံးပြီးမှ ဥပဒေစီရင်ချက်ချနိုင်ကာ ထောင်သွင်းအကျဉ်းချခြင်းဖြစ်သည်။ ထိုရာဇ၀တ်သား များကို လွယ်လွယ်ကူကူပြန်လွှတ်ခြင်းမှာကား ထောက်လှမ်း၊ ဖမ်းဆီး၊ ရုံးတင်၊ စစ်ဆေးခဲ့ကြရသော ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ရှေ့နေများ၊ သက်သေများ၊ မှုခင်းဆရာဝန်များ၊ အကျဉ်း ထောင်ဝန်ထမ်းများ စသည့် ဥပဒေဘက်တော်သားပေါင်းများစွာ၏ အချိန်နှင့်လုပ်အားကို ဖြုန်းတီးရာရောက်ပါ သည်။ အကျဉ်းသားတွေလွတ်မြောက်တာ မုဒိတာပွားနိုင်သော်လည်း လူဆိုးသူခိုးဓားပြများ၊ လူသတ်သမား များ နှစ်မစေ့ဘဲ လွတ်လာခြင်းသည် မည်သူ့အတွက်မှ အကျိုးမရှိပါ။ လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ပင် ရှိပါသည်။ ထိုဆိုးကျိုး၏ဒဏ်ကို ရဲတပ်ဖွဲ့ဝင်များ စတင်ခံစားရခြင်းဖြစ်သည်။
စစ်တုရင်ထိုးကြသောအခါ ဘုရင်ကြီးသည် သူနှင့်အရေးပါသော ဇာတ်ကောင်များအစားခံရမည်စိုးသဖြင့် နယ်ရုပ်(ပွန်း)များကို မငဲ့နိုင်တော့ဘဲ အကာအကွယ်ယူစမြဲ၊ ထိုးကျွေးစမြဲဖြစ်သည်။ စစ်တုရင်တပွဲ၏ အဆုံး အဖြတ်သည် နယ်ရုပ်များကျခြင်း၊ မကျခြင်းမဟုတ်ဘဲ ဘုရင်ကျခြင်း၊ မကျခြင်းဖြစ်ရာ ဘုရင်ကြီးလမ်းရှင်းစွာ လှုပ်ရှားနိုင်ရေး၊ လှည့်ပတ်ပြေးနိုင်ရေးသည်သာ အဓိကဖြစ်သည်။ ထို့အတူပင် နိုင်ငံတနိုင်ငံ၌ တိုင်းသူပြည် သားများ သာယာဝပြောရေး၊ ဥပဒေစိုးမိုးရေး၊ ဥပဒေဘက်တော်သားများကို အကာအကွယ်ပေးရေးမှာလည်း ဘုရင်ကြီး၏အကွက် ရွှေ့မှုပေါ်လစီမူဝါဒများပေါ်တွင် အဓိကတည်မီနေပါကြောင်း။ အကွက်ရွှေ့မှားပါက အစားခံရမည်မှာ ပြည်သူထဲက ပြည်သူတွေပင်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပေသည်။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အဖြစ် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက် အရွေးချယ်ခံမည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်က စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာမှာ ပြုလုပ်တဲ့ မဲဆွယ်မိတ်ဆက်ပွဲတွင် “ယခုရွေးကောက်ပွဲတွင် အနိုင်မရရှိပါက စာရေး၊ စာဖတ်ခြင်းနှင့် တရားကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ ဘ၀ကို ငြိမ်းချမ်းစွာ နေထိုင်တော့ မည်”ဟု မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။
မိမိကို ရွေးချယ်ပေးခဲ့မည်ဆိုပါက ၀င်ရောက်ယှဉ်ပြိုင်သည့်မြို့နယ် အကျိုးစီးပွားအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေး ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်းခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။
ဒီကနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်က ပြောလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က ပုဗ္ဗသီရိမြို့နယ် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက်ဆိုပြီး ကျပ်သိန်း ၆၀၀ ကျော်ဖိုးလှူဒါန်းခဲ့တယ်လို့ ကိုယ်စားလှယ်လောင်း ဦးဝေလွင်က ပြောပါတယ်။ အဲဒီအတွက် ကော်မရှင်ထံမဲဆွယ်တယ်ဆိုပြီး တိုင်ကြားထားတာရှိကြောင်းလည်း သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းတို့ဟာ တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေအဖြစ် နေပြည်တော် ပုဗ္ဗသီရိနဲ့ ဇေယျာသီရိ မဲဆန္ဒနယ်မြေတွေကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်အရာရှိတွေနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်းက သူ့အနေနဲ့ အထူးတလည် မဲဆွယ်စည်းရုံးစရာမလိုကြောင်းနဲ့ စိုးရိမ်ပူပန်နေမှာစိုးတဲ့အတွက် ဖြူးမြို့နယ်က ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။
သူရဦးရွှေမန်းဟာ သူ့ရဲမွေးရပ်ဇာတိမြေ ဖြူးမြို့နယ် ကြူအင်းကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ သူ့ကို စိုးရိမ်ပူပန်သူတွေ ရှိနေတဲ့အတွက် အခုလိုတွေ့ဆုံတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် သူရဦးရွှေမန်းက "ငါနဲ့မတူ ငါ့ရန်သူ၊ အပြုတ်တိုက်မယ် အပြတ်ရှင်းမယ်၊ ငါပဲ နေရာယူမယ်၊ နေရာကို ပုံစံအမျိုးမျိုး ပုံသွင်းပြီး ယူမယ်ဆိုတဲ့ အနေအထားမျိုးဆိုရင် ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး" လို့လည်း ပြောခဲ့ပါတယ်။
သူရဦးရွှေမန်းက ဖြူးမြို့နယ်တင်မကဘဲ တစ်နိုင်ငံလုံးမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့နေရာတိုင်းမှာ ကတိပေးခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော်ကောင်စီ ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ သူ့ဇာတိဖြစ်တဲ့ ဖြူးမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ဦးသန်းညွန့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါ်နန်းခင်ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကိုကိုကျော် တို့အပါအ၀င် ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
 ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုတွင် လူသတ်လက်နက်အဖြစ် သိမ်းဆည်းထားသော ပေါက်ပြားပေါ်မှ DNA သည် စွပ်စွဲခံ မြန်မာနှစ်ဦး၏ DNA နှင့် ကိုက်ညီမှုမရှိဟု နာမည်ကျော် ထိုင်းမှုခင်းဆရာဝန်မကြီး ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုးတို့ နှစ်ဦးသည် အဆိုပါ လူသတ်မှု၏တရားခံများအဖြစ် ရုံးတင်စစ်ဆေးခြင်း ခံနေရသည်။ အဆိုပါ တွေ့ရှိချက်သည် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ရှေ့နောက်မညီသော ကမောက်ကမဆန်သည့် လုပ်ဆောင်ချက်ပေါင်းများစွာအနက် နောက်ဆုံးထွက်ပေါ်လာသော ကိစ္စတခု ဖြစ်သည်။ ထို့အပြင် ထိုင်ရဲတပ်ဖွဲ့သည် သက်သေခံပစ္စည်းနှင့် အထောက်အထားများ ရယူရာတွင် စနစ်ကျမှုမရှိခဲ့ဘဲ မျက်မြင်သက်သေများကို စစ်ဆေးရာတွင် ခြိမ်းခြောက်၍ ထွက်ဆိုစေခြင်းများရှိခဲ့သည်ဟု ဝေဖန်ပြစ်တင်ခြင်းလည်း ခံထားရသည်။ ၎င်းစွပ်စွဲချက်များကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံတရားရုံးများတွင် အသံဖမ်းခြင်း၊ ရုပ်သံရိုက်ကူးခြင်းနှင့် မှတ်စုမှတ်ခြင်းများ ပြုလုပ်ခွင့် မပြုချေ။ ဒေါက်တာပွန်တစ်၏ အဆိုပါ ထွက်ဆိုချက်ကို တရားခံရှေ့နေအဖွဲ့နှင့် အမှုစစ်ဆေးမှုကို စောင့်ကြည့်သူများထံမှ ဂါးဒီးယန်းက ရရှိခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံသား ဟန်နာဝုသားရစ်ခ်ျ (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်)တို့ နှစ်ဦးသည် ထိုင်းနိုင်ငံလိပ်ကျွန်းပေါ်တွင် ၂၀၁၄ စက်တင်ဘာလက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာများဖြင့် သေဆုံးနေသော ၎င်းတို့၏ရုပ်အလောင်းများကို ဆိုင်ရီးကမ်းခြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာမှရရှိသော သုက်ရည်ကြောင့် လူသတ်မှုတွင် ဇော်လင်းနှင့် ဝေဖြိုးတို့နှစ်ဦး ပတ်သက်မှုရှိသည်ဟု ယူဆ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသော်လည်း ၎င်းကို နောက်တကြိမ် ထပ်မံစစ်ဆေးခွင့် မပြုကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များနှင့် အခြား သက်သေးများသည် စက်တင်ဘာ ၂၅ တွင် တရားရုံတွင် ထွက်ဆိုမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သမားများ မှုခင်းဓါးစာခံအဖြစ် အသုံးချခံရမှုများ ရှိကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အပါအ၀င် အခြား လူ့အခွင့်အရေးအဖွဲ့များစွာက ထောက်ပြပြောဆိုထားသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခွဲခန့် နေထိုင်လျက်ရှိသည်။
လူသတ်လက်နက်ဖြစ်သော ပေါက်ပြားပေါ်မှ DNA သည် ယောက်ျားနှစ်ဦး၏ DNA ဖြစ်သော်လည်း ဇော်လင်းနှင့် ဝေဖြိုးတို့၏ DNA မဟုတ်ကြောင်း ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုသည်။ ဒေါက်တာ ပွန်တစ်ရိုဂျန်နာဆူနန်းသည် ထိုင်း မှုခင်းဆေးပညာသိပ္ဗံ၏ အကြီးအကဲဖြစ်ပြီး မှုခင်းဆေးပညာတွင်လည်း နာမည်ကျော် ဆရာဝန်မကြီးတဦး ဖြစ်သည်။ ဒေါက်တာပွန်တစ်သည် လူစိတ်ဝင်စားမှုများသော အမှုကြီးများကို ကိုင်တွယ်ရာမှ နာမည်ကျော်ကြား လူသိများလာပြီး ထိုင်းနိုင်ငံ မဒမ်တူးဆော့ ဖယောင်းရုပ်တုပြတိုက်တွင်ပင် သူမ၏ပုံတူရုပ်တုကို ထားရှိသည်။
Ref;The Guardian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
NLD ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က​နေ ​နှုတ်​ထွက်​ခြင်း ​မ​ရှိ​ပဲ ​လာ​မယ့် ​ရွေး​ကောက်​ပွဲ​မှာ ​တ​သီး​ပု​ဂ္ဂ​လ ​ကိုယ်​စား​လှယ်​လောင်း​အ​ဖြစ် ​ဝင်​ပြိုင်​ရင် ​ပါ​တီ​တွင်း ​စည်း​ကမ်း​နဲ့ ​အ​ရေး​ယူ​မယ်​လို့ NLD ​ပါ​တီ ​ဗ​ဟို ​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​ရေး ​အ​ဖွဲ့​က ​ကြေ​ညာ​ချက် ​ထုတ်​ပြန်​လိုက်​ပါ​တယ်။
တ​ချို့ ​ပါ​တီ​ဝင်​တွေ​က NLD ​ကိုယ်​စား​လှယ်​လောင်း ​ရှိ​ရာ ​မဲ​ဆ​န္ဒ​နယ်​မှာ ​တ​သီး ​ပု​ဂ္ဂ​လ ​အ​နေ​နဲ့ ​ဝင်​ပြိုင်​တာ​တွေ ​ရှိ​နေ​တဲ့​အ​တွက် NLD ​ပါ​တီ​ရဲ့ ​ကိုယ်​စား​လှယ်​ကို ​မဲ​ကွဲ​အောင် ​အ​တိုက်​အ​ခံ ​လုပ်​တဲ့ ​သ​ဘော ​ဖြစ်​နေ​တာ​ကြောင့် ​ပါ​တီ ​စည်း​မျဉ်း ​စည်း​ကမ်း​အ​ရ ​ငြိ​စွန်း​နေ​တာ​မို့ ​အ​ခု​လို ​ကြေ​ညာ​ချက် ​ထုတ်​ရ​တာ ​ဖြစ်​တယ်​လို့ ​ပါ​တီ ​ဗ​ဟို ​အ​လုပ်​အ​မှု​ဆောင် ​ကော်​မီ​တီ​ဝင် ​ဦး​ဝင်း​မြင့်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
NLD ​ပါ​တီ ( ​ဗ​ဟို ) ​ကိုယ်​စား​လှယ်​လောင်း ​စာ​ရင်း​မှာ ​မြို့​နယ် ​တ​ချို့​က ​တင်​သွင်း​တဲ့ ​ကိုယ်​စား​လှယ်​လောင်း​တွေ ​အ​ပယ်​ခံ​ရ​အ​ပြီး​မှာ ​အဲ​ဒီ ​ကိုယ်​စား​လှယ်​လောင်း​တ​ချို့​က ​တ​သီး​ပု​ဂ္ဂ​လ ​အ​နေ​နဲ့ ​ပြန်​တိုက်​တာ ​ဖြစ်​တဲ့​အ​တွက် ​သူ​တို့​ကို ​ရည်​ညွှန်း ​ထုတ်​ပြန်​တာ​လို့ ​ပြော​ပါ​တယ်။
အဲ​ဒီ​လို ​တ​သီး​ပု​ဂ္ဂ​လ ​ပြိုင်​ချင်​ရင် NLD ​ပါ​တီ ​က​နေ ​နှုတ်​ထွက်​ရ​မှာ ​ဖြစ်​ပြီး ​နှုတ်​ထွက်​ကြောင်း ​တ​ရား​ဝင် ​စာ​တင်​ဖို့ ​လို​တယ်​လို့ ​ဆို​ပါ​တယ်။
တ​သီး​ပု​ဂ္ဂ​လ ​ပြိုင်​ဖို့ ​လုပ်​တဲ့ ​ပါ​တီ​ဝင် ၁၀​ယောက် ​ပတ်​ဝန်း​ကျင်​လောက် ​ရှိ​နိုင်​ပြီး ​အ​တိ​အ​ကျ ​သိ​ရ​အောင် ​မြို့​နယ်​တွေ​ကို ​စာ​ရင်း​တောင်း​ထား​တယ်​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။
ဒါ့​အ​ပြင် NLD ​ပါ​တီ ​ကိုယ်​စား​လှယ်​လောင်း​တွေ​အ​နေ​နဲ့ ​အ​စိုး​ရ​က ​မ​တ​ရား​သင်း​အ​ဖြစ် ​ကြေ​ညာ​ထား​တဲ့ ​အ​ဖွဲ့​အ​စည်း​တွေ​နဲ့ ​ပတ်​သက် ​ဆက်​စပ်​တာ​မျိုး ​မ​လုပ်​ကြ​ဖို့​ကို​လည်း ​ပါ​တီ ​ဗ​ဟို ​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​ရေး ​အ​ဖွဲ့​က ​ထုတ်​ပြန်​ကြေ​ညာ​ခဲ့​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
*****************
NLD နို်င်ရမည် ပြည်သူ့ပါတီ နိုင်ရမည် NLD
ငါတို့အားလုံးရဲ့ အသည်းကြားက မဲ တစ်ပြား
NLD ပဲရွေးခြယ် မဲ ပေးမယ် စဉ်းစားထား
အချိန်တန်ပြီ ပြောင်းလဲဖို့ မဲ ပေးပါစို့
NLD... နို်င်ရမည်.... ပြည်သူ့ပါတီ..... နိုင်ရမည်.... NLD
...
အားး ပြောင်းလဲခြင်းရဲ့ သမိုင်းသစ် နေ့ရက်လေးများ
နှလုံးသားလေးက မှတ်ကျောက်ထက် မော်ကွန်းကဗျာ
ရေးထိုးပလိုက်ပါ တို့ရှေ့ဆက် အနာဂတ်မှာ
အာဏာရှင်တွေ လုံးဝဇာတ်သိမ်းသွား ...
ကဲ သွား သွား သွား .. သွားး
..
ဒီမိုကရေစီ နိုင်ငံသစ်သို့ အရောက်လှမ်းမည်
ပြည်သူတွေတွဲလို့ အတူကြိုးစားဆောင်ရွက်မည်
ပြည်သူတွေ ပူးပေါင်းအင်အားများ လိုအပ်သည်
ခွပ်ဒေါင်းမာန်ချီ ... လာခဲ့မည် NLD
...
ယောက်ဖ ယောက်ဖ မင်း ဘာလုပ်မှာလဲ ပြော
ငါတို့တွေကတော့ NLD ပေါ့ မင်းညီမလေး ရော့ ..
အတွေးခေါ်ဟောင်းတွေကိုလည်း အခုချိန်မှာ ဆေးကြော
ယောက္ခထီး ယောက္ခမ အားလုံး NLD ပဲ ပေါ့
ငါ့ရဲ့ မဲ တစ်ပြား ပြောင်းလဲမယ့် တိုင်းပြည်အတွက်
ပညာရေး ကျန်းမာရေး ဖော်ဆောင်မယ့် ခေါင်းဆောင်အတွက်
ငါတို့အတူ လက်တွေချိတ် လူထုခေါင်းဆောင်
ငြိမ်းချမ်းရေးဖော်ဆောင်မယ့် ငါတို့တွေရဲ့ ခေါင်းဆောင်အတွက်
အကြောက်တရားက လွတ်မြောက်ဖို့ ဆင်းရဲတွင်းက ရုန်းထွက်ဖို့
မသိခြင်းတရားကလွတ်မြောက်ဖို့ NLD ကို မဲ ပေးစို့
ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံလို ငါ့တို့တိုင်းပြည် မဖြစ်စေဖို့
လူငယ်တွေအနာဂတ် အရေးကြီးလို့ NLD ကို မဲ ပေးစို့
..
ငါတို့အားလုံးရဲ့ အသည်းကြားက မဲ တစ်ပြား
NLD ပဲရွေးခြယ် မဲပေးမယ် စဉ်းစားထား
အချိန်တန်ပြီ ပြောင်းလဲဖို့ မဲပေးပါစို့
NLD... နို်င်ရမည်.... ပြည်သူ့ပါတီ..... နိုင်ရမည် NLD
..
အရွေးမမှားနဲ့ အလေးထားတဲ့ ငါတို့ရဲ့ ခေါင်းဆောင်
လူထုရဲ့ ခေါင်းဆောင် ကမ္ဘာသိတဲ့ခေါင်းဆောင်
တစ်ယောက်တည်း ရှိတယ်... ဟေ့ ........
...
ငါတို့အားလုံးရဲ့ အသည်းကြားက မဲ တစ်ပြား
NLD ပဲရွေးခြယ် မဲပေးမယ် စဉ်းစားထား
အချိန်တန်ပြီ ပြောင်းလဲဖို့ မဲပေးပါစို့ NLD...
...
ဒီမိုကရေစီ နိုင်ငံသစ်သို့ အရောက်လှမ်းမည်
ပြည်သူနဲ့တွဲလို့ အတူကြိုးစားဆောင်ရွက်မည်
ပြည်သူတွေ ပူးပေါင်းအင်အားများ လိုအပ်သည်
ခွပ်ဒေါင်းမာန်ချီ ..... လာခဲ့မည်....
NLD... နို်င်ရမည်.... ပြည်သူ့ပါတီ..... နိုင်ရမည် NLD ...