09/14/15

ပထမပုံကတော့ ပြည်သူတွေ နယ်လှယ့်ပြီး ပါးရိုက် မခံရဘို့အရေး တိုက်ပွဲဝင်နေတဲ့ ၀န်ကြီး ဦးအုန်းမြင့် ရဲ့ ကျောက်တန်းမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးပါ။

ဒုတိယပုံကတော့ရှားတောမှာ သမ္မတကြီး ရဲ့ လူယုံ big ticket လို့ ပြောလို့ရတဲ့ ဦးအောင်မင်း နဲ့ ပြိုင်မယ့် အမျိုးသမီးလေး ပဒေါင်း တိုင်းရင်းသူဒေါ်ဝင့်ဝါထွန်း ရှိရာ ပင်လယ်ရေမျက်နှာပြင် ၄၀၀၀ ကျော်မှာ ရှိတဲ့ ရှားတောကို ဒေါ်အောင်ဆန်းစုကြည် အားပေးရန် ခရီကြမ်း နှင်နေပုံပါ။

ဒီနေရာမှာ ပြောချင်တာက ဦးအောင်မင်းအနေနဲ့ မဲဆွယ် စည်းရုံး တဲ့ အခါ ဒီ လည်ပင်းမှာ ရိုးရာဓလေ့အရ ဂွင်း တွေ စွဲထားတဲ့ တိုင်းရင်းသူ လေးကို အပြစ်ပြော ရှုတ်ချုပြီး စည်းရုံးမလား။ သူ့ပါတီကိုလား။

သူ ပါတီကိုပဲ သူ ပြေုာလို့ရမှာပေါ့။ တိုင်းရင်းသူလေးကို သူ အလွန်ဆုံး ပြောနိုင်မှ အတွေ့ အကြုံ မရှိဘူးပေါ့။ ဒီထက်ပိုပြီး သွားပြောရင် ပွဲပြီးသွားမှာ အသေအချာပါပဲ။

အတွေ့အကြုံ မရှိဘူး.ပြောရအောင်ကလည်း ပြည်ခိုင်ဖြိုး ပါတီရဲ့ အကောင်ကြီးကြီးတွေက တိုင်းပြည်ဘဏ္ကာနဲ့ ဆူဖြိုး နေတဲ့သူတွေ။ တိုင်းပြည်ဘဏ္ကာ ဘယ်လို ဘုံးရမလဲဆိုတာပဲ အတွေ့အကြုံ လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။
လောလောဆယ် တိုက်ပွဲဟာ ပါတီချင်း တိုက်တဲ့ပွဲ။ စားဖါး တွေနဲ့ သူတို့ သော့ခတ်ထားကြတဲ့ ပါးစပ် နား မျက်စိကို ပြန်လည်ဖွင့်လှစ်နိုင်ဘို့ ခွန် နဲ့ အားနဲ့ ရုန်းကန် တိုးထွက်ဘို့ လှုပ်ရှားလာသူများရဲ့ ပွဲပါ။

သူတို့ တိုင်းပြည်အာဏာကို လက်ဝါးကြီးအုပ် နှစ်ပေါင်း ၅၀ ကျော် ယူနီဖေါင်းတွေ အုပ်ချူ ပ်လာကြတဲ့ပွဲမှာ အတွေ့အကြုံ မရှိတာ ဆန်းပါသလား။ သူတိုနဲ့ နည်းနည်း သဘောကွဲရင်ပဲ ဒါကို မိုက်ကရိုစကုပ်နဲ့ ပုံကြီးချဲ့ပြီး အစိုးရ ဆန့်ကျင်သူလို့ ကင်ပွန်းတပ်ခံနေရတဲ အနေအထားမျိုး ကြောင့် အမှန်တရား မြတ်နိုးသူတွေ.ဘေးထွက်ထိုင်နေကြရတဲ့ ဘ၀မှာ ဘာအတွေ့အကြုံ များ ရနိုင်ပါဦးမည်နည်း။

အခုအခါမှာ အရင်ကဘေးထွက်နေကြရတဲ့ အမှန်တရားဘက်က ရပ်တည်လိုသူတွေဟာ ပြည်သူပါတီကြီး ဖြစ်တဲ့ NLD ကို ၀ိုင်းအုံလာကြခြင်းသည် အဆန်းတော့မဟုတ်လှပေ။

အဆိုပါ ကိုယ်စားလှယ်တွေသာ ကိုယ်ကျင့်တရားသာ ပျက်နေရင် အခုလောက်ဆို အပုတ်ချပွဲတွေ ဆိုရှယ်မီဒီယာ တွေမှာ ပလူပျံနေပြီပေါ့ ဥပမာ ပေးရရင် ၀မ်းရေးအတွက် ချဲရောင်းခဲ့ရသူကို စာရိတ္တ ပျက်တယ်ဆိုပြီး ဦးအောင်သောင်း လို လူမျိုး တွေကို မဲထည့်ကြမလား။

အခုပွဲဟာ မတရားမှု နဲ့ တရားမျတတဲ့ လူဘောင်ကို လိုခြင်တဲ့ သူတွေရဲ့ ပွဲ။ ကိုယ့်မြိုနယ်က NLD ကိုယ်စားလှယ် လောင်းက စာရိတ္တ ကောင်းနေသရွေ့ကတော့ သူတို့ထက် ဦးနှောက် အရည်အသွေး တိုင်းပြည်ကို ကောင်းစားလိုစိတ် သာမှာ အသေအချာပါပဲ။

ဒီလို တိုင်းပြည်ကို ကောင်းစားလိုစိတ် သက်သက်နဲ့ ဘ၀နဲ့ ရင်းပြီး ၀င်လာကြတဲ့ လူငယ်များကို မြေတောင်မြှောက်ပေးမှသာ အနာဂါတ်နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

၁၉၉၀ မှာ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေရဲ့ ဘ၀ ဘာဖြစ်သွားကြလဲဆိုတာ သိပြီးသား ဖြစိမှာပါ။ ဒါကြောင့် အခု ပါလာတဲ့ သူတွေ၊ ပညာတတ်တွေဟာ ဘ၀ နဲ့ ရင်းပြီး ၀င်လာရတဲ့သူချည်းပါ။ လှေကြုံစီးလာတဲ့သူတွေ တယောက်မှ မပါပါဘူး ဆိုတာ စစ်အာဏာရှင် အစိုးရရဲ့ ကောက်ကျစ် ရက်စက်မှုတွေနဲ့ ယဉ်ပါးနေကြပြီး ဖြစ်တဲ့ လူထုကြီးကို အထူး ပြောစရာ လိုမယ်တောင် မထင်ပါဘူး ခင်ဗျာ။

ယခု အုပ်ချူ ပ်သူ စစ်အရာရှိကြီးများကတော့ နောင်တော်ပါတီကြီး ဖြစ်တဲ့ တဆည ပါတီကြီး ဘယ်လို ဘ၀ ရောက်သွားတာကို သင်ခန်းစာ မယူကြတဲ့အပြင် ပိုလို့တောင် လက်စွမ်းပြ မိုက်ရိုင်းခဲ့ကြပါတယ်။ တဆည ပါတီ ခေါင်းဆောင်ပိုင်းဟာ အကျင့်ပျက်ခဲ့ရင်တောင်မှ သူတို့လို ဆင်ကြီးတွေနဲ့ နှိုင်းစာရင် ကြွက်လောက်လို့ ပြောလို့ရပါတယ်။ ဒါတောင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ကျောကော့အောင် ခံသွားကြရပါတယ်။

အရေးအကြီးဆုံးက တရားဥပဒေကို မိမိခေါင်းထက် ရွက်ထားပြီး ကျောသားရင်သား မခွဲခြားပဲ လိုက်နာတတ်သော အစိုးရ မျိုး ပေါ်ပေါက်မှသာ ပြည်သူတို့ရဲ့ ဘ၀ အေးချမ်းသာယာပြီး ကိုယ်လုပ်သမျ ကိုယ်စားနိုင်ပေလိမ့်မည်။

၁၉၈၉ နောက်ပိုင်း ဆိုဗီယက်၏ ကျောထောက်နောက်ခံဖြင့် ပြည်သူတို့ကို လေသံပင် မဟရဲအောင် ဖိနှိပ်ချူ ပ်ချယ်ခဲ့ကြသည့် အရှေ့ ဥရောပရှိ အာဏာရှင် အစိုးရများ အယ်ဘေးနီးယား မှသည် ပိုလန်အထိ တန်းစီ ပြုတ်ကျ သွားခဲ့ရပြီး ဒီမိုကရေစီ အစိုးရမျိုး ပေါ်ထွန်းလာခဲ့၍လည်း ထို နိုင်ငံသားများ လူနေမှု အဆင့်အတန်း အခုဆို မြင့်တက်လာခဲ့ကြရသည်။ ပိုလန် ဆိုပါက ချမ်းသာသော နိုင်ငံ စာရင်း ၀င်လုမတတ် ဖြစ်လာနေပေပြီ။

ထိုအချိန်ကသာ လူအများက အာဏာရှင် တို့ရဲ့ စကား နားယောင်ပြီး လူကိုသာ ကြည့် မဲပေးကြမည် ဆိုက ဒီလို အနေအထားမျိုး ရောက်လာနိုင်စရာ လုံးဝရှိမည် မဟုတ်ပဲ အာဏာရှင် အကြွင်းအကျန်များ နှင့် ၎င်းတို့ ၏ နောက်မြီးဆွဲများ ခိုကပ်နေကြကာ နည်းမျိုးစုံဖြင့် ဆက်လက်နှောက်ယှက် နေကြဦးမည်သာ။

ယခု အနေအထားသည် ခေတ်ပြောင်းမည့် တော်လှန်ရေး ဆင်နွဲနေသော ကာလ ဖြစ်ပါတယ်။ နားရော မျက်စိပါ ကန်းပြီး အုပ်ချူ ပ်သူတို့၏ စိတ်ကောင်းဝင်လာချိန်တွင် ရရှိမည့် အခွင့်အရေးများကိုသာ မျော်ကိုး စောင့်စားနေရသည့် ဘ၀မှ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်မည့် ကိုယ့်အခွင့်အရေးကို ကိုယ့်ဘာသာ တောင်းယူ ဖန်တီးနိုင်ကြတော့မည် ခေတ်သစ် ဆီသို့ တက်လှမ်းနေရသည့် အခါမျိုး ဖြစ်သဖြင့် ထိုသို့သော အစိုးရမျိုး အမြန် ပေါ်ပေါက်ရေးသညိသာ ပြည်သူများ၏ လိုလားချက် အစစ်အမှန် အဖြစ် နှလုံးသွင်းထားကြရန် လိုသည်ဟု တိုက်တွန်းလိုက်ပါရစေ။

ဓါတ်ပုံ။ ။ Le Le Tun/Ko Ko Lwin

HSW
BrainWave ဉာဏ်လှိုင်း


12002809_1470315866605170_8715440493086485835_n

စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ကော်မရှင်က ၂ ပတ်ကြာ ထုတ်ပြန်ပေးထားမယ့် မဲစာရင်းဟာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအတွက် မဲပေးနိုင်ရေး နောက်ဆုံးအခွင့်အရေးဖြစ်လို့ မဖြစ်မနေ သွားကြည့်ကြဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

မဲစာရင်းမှာ ကိယ့်နာမည်ပါမှ မဲပေးခွင့်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာမို့ မဲစာရင်းမှာ နာမည် ပါမလာရင် မဲပေးခွင့်ဆုံးရှုံးမှာ ဖြစ်တာကြောင့် အခုလို တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

မဲစာရင်းစောင့်ကြည့်နေတဲ့ မေတာကမ်ပိန်းက ဦးညီညီကျော်က လာမယ့် ၁၄ရက်မှာ မဲစာရင်းပါအောင် မလုပ်နိုင်ဘူးဆိုရင် မဲပေးခွင့် ဆုံးရှုံးမယ်လို့ အသိပေး ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေဟာ အကြိမ်ကြိမ် မျှော်လင့်ချက် ကင်းမဲတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့တဲ့အတွက် ယုံကြည်မှု အတိုင်းအတာ နည်းနေပါတယ်။ ဒါပေမယ့် ကျန်ေတို့ လူမျိုးရဲ့ ထုံးစံအတိုင်းပဲ ပွဲနီးလာချိန်မှာ စိတ်ဝင်စားမှု မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီ ၁၄ ရက်မှာ မဲစာရင်း ပါအောင် မလုပ်နိုင်ဘူးဆိုရင် မဲပေးခွင့်ပါ ဆုံးရှုံကြဦးမှာ ဖြစ်ပါတယ်။”

မွန်ပြည်နယ်က စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Forward Institute က ဦးသန့်စင်ကတော့ ဒီတကြိမ် မဲစာရင်းမှာ မဲပေးနိုင်သူအရေအတွက် တိုးလားဖို့ရှိတဲ့အကြောင်း ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ မဲစာရင်းကျန်တာတွေ ထပ်မံပြီးဖြည့်စွက်ကြတယ်၊ တချို့နေရာတွေမှာ အများကြီး ကျန်ခဲ့တာတွေ ဖြည့်စွက်ကြတယ်။ ဖြည့်စွက်ကြတဲ့အတွက် လူဦးရေ တိုးလာပါတယ်။ မွန်ပြည်နယ်မှာတင်ပဲ မဲပေးပိုင်ခွင့်ရှိသူ ၄ သိန်းကျော်တိုးလာတယ်၊ အနည်းဆုံးပေါ့နော်။ အဲ့ဒီလိုပဲ ကျန်တဲ့ ပြည်နယ်တိုင်းတွေမှာလည်း တိုးလာပါတယ်။”

နောက်ဆုံး မွန်ပြည်နယ်ကော်မရှင်နဲ့ တွေ့ဆုံခဲ့တုန်းက ပြည်နယ်အတွင်း မဲပေးနိုင်သူ ၄ သိန်းကျော် တိုးခဲ့ပြီး ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ ၁၂ သိန်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင် ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်ရှိပြီး အခု ထပ်တိုးလာတဲ့စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ဦးသန့်စင်က ခန့်မှန်း ပြောပါတယ်။

ကော်မရှင်ဟာ အခြေခံမဲစာရင်းတွေကို မတ်လလောက်ကထဲက ကြေညာပေးခဲ့တာဖြစ်ပြီး အမှးအယွင်းတွေ များလွန်းလို့ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

မဲပေးခွင့်ရှိတဲ့သူတွေက မဲစာရင်းကို စိတ်ဝင်တစားစောင့်ကြည့်ပြီး နာမည်မပါရင် သတ်မှတ်ပုံစံနဲ့ လာရောက်လျှောက်ထားတာမျိုး အားနည်းခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲစာရင်းမှန် ထွက်ပေါ်ရေးအတွက် ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒီတကြိမ် မဲစာရင်းထုတ်ပြန်ကြေညာချိန်ဟာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မဲဆွယ်ချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အရင် အကြိမ်တွေထက်တော့ ပိုပြီး စိတ်ဝင်တစား စောင့်ကြည့်လုပ်ဆောင်ကြမလား မျှော်လင့်နေကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နောက်ဆုံးအကြိမ် မဲစာရင်းတွေကို စက်တင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်အထိ တနိုင်ငံလုံးအနှံ့ သက်ဆိုင်ရာရုံးတွေမှာ ကပ်ထားပေးမှာ ဖြစ်ပါတယ်။

DVB
http://burmese.dvb.no/archives/111967

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် မှုများ နည်းပါးလာခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအတွက် စိုးရိမ်နေကြကြောင်း ရခိုင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများထံမှ သိရှိ ရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၆ ရက် နှင့် သြဂုတ်လ ၂ ရက်ထိ ရေကြီးရေလျှံ မှုကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ကူညီကယ် ဆယ်ရေးအဖွဲ့များ လာရောက်ကူညီ မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ကူညီသည့်အဖွဲ့များ နည်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုမန်ဆိုင် ကလုန်းမုန်တိုင်းနှင့် ရေကြီးမှုကြောင့် လူ ၅၆ ဦး သေဆုံးခဲ့ကာ စိုက်ပျိုးလယ်ဧက ၂၁၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီ ကျွဲ၊ နွား၊ ၀မ်းစာစပါးများနှင့် ဟင်းသီး ဟင်းရွက်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

“မိုးတွင်းအတွက် စုဆောင်းထားတဲ့ ၀မ်းစာစပါးတွေ ဆုံးရှုံးခဲ့ရတယ်။ လက်ထဲ ဘာမှမကျန်ဘူး။ အခု ကျေးရွာတွေကို ကယ်ဆယ်ရေးလာပေးတဲ့ အဖွဲ့တွေ ကလည်း မရှိသလောက် ဖြစ်သွားတာတွေ့ ရတယ်။ ကျေးရွာတွေ မှာရှိတဲ့ လယ်သမားတွေက စားဝတ်နေရေး ဘေးဒုက်္ခနဲ့ ကြုံ တွေ့ရမှာကို စိုးရိမ်နေကြတယ်” ဟု ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်မြို့နယ်များတွင် ကူညီ ကယ်ဆယ်ရေးများ ဆောက်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင် က ပြောသည်။

“ကျွန်တော်တို့ စပါးကြဲတာ နောက်ကျတဲ့အတွက် စပါးပေါ်ချိန် ကလည်း နောက် ကျမှာ သေချာတယ်။ ပုံမှန်ဆို ရင် ၁၂ လပိုင်း လဆန်းလောက်မှ စပါးစပေါ်ပေမယ့် ဒီနှစ်နောက်ထပ် ၂ လလောက် အထိ နောက်ကျနိုင်တယ်။ မိုးနှောင်းပုံမှန်ရွာဖို့လိုတယ်။ ကျွန်တော်တို့ဆီမှာ ဘာအလုပ်အကိုင်မှ မရှိဘူး။ ဒါကြောင့် စပါးမပေါ်ခင်အချိန်အတွင်းမှာ ကယ်ဆယ်ရေး ဆန်တွေဖြန့် ဝေပေးဖို့လိုအပ်တယ်” ဟု မင်းပြားမြို့ နယ်၊ တောင်ပုက္ကေကျေးရွာမှ ဦးစံရွှေခိုင်က ပြောသည်။

နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့က သြဂုတ် ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ရှိ ရေဘေးသင့် မြို့နယ်များသို့ ရောက်ရှိ စဉ် ဒေသခံ လယ်သမား များနှင့် တွေ့ဆုံကာ မျိုးစပါးများ အချိန်မီ ဖြန့်ဝေပေးမည် ဟု ပြောဆို ခဲ့သော်လည်း လက်တွေ့တွင် အချိန်မီဖြန့်ဝေပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှသိရသည်။

MMK

The Ladies News Journal


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့် မဲရုံအသီးသီးတွင် တာဝန်ပေးအပ် ထားသော မဲရုံမှူးများက မဲရလဒ် ပြောင်းစေရန် မသမာမှုတစ်ခုခု ကို ပြုလုပ်နေကြောင်း တွေ့ရှိပါက ချက်ချင်း ရဲကိုအကြောင်းကြား၍ ဖမ်းဆီးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံမှူးများက မဲရလဒ်ပြောင်းအောင် လုပ်ဆောင်မှု သည် ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်ကာ ရဲအရေးပိုင်သဖြင့် ချက်ချင်းဖမ်းခိုင်းနိုင်ကြောင်း သိရသည်။

မဲရုံမှူးအဖြစ် တာဝန်ပေးမည့်သူများမှာ ပညာရေးဝန်ထမ်းများဖြစ်သည့် အတွက် ဂုဏ်သိက်္ခာကို တန်ဖိုးထားသူများဖြစ်သဖြင့် မိမိတို့ဂုဏ်သိက်္ခာ ကျဆင်းစေမည့် ကိစ်္စရပ်များကို လုပ် ဆောင်မည်ဟု မယူဆကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲနေ့တွင် မဲမသမာမှုများဖြစ်ပွားပါက မဲရုံတွင်းရှိ ပါတီများမှ ကိုယ်စားလှယ်များ၊ ကော်မရှင်ကိုယ်စားလှယ်များပါဝင်သည့် ညှိနှိုင်းရေး အဖွဲ့များက စတင်ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ပြီး ညှိနှိုင်းမှု အဆင့် တွင် ပြေလည် မှုမရပါက နီးစပ်ရာရဲစခန်းတွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကော်မရှင် နည်းဥပဒေဖြင့် အမှုဖွင့် ရမည်ဖြစ် ကြောင်း၊ ရဲစခန်းက အဆိုပါဥပဒေပါ ပုဒ်မ ၅၇ မှ ၆၄ အထိရှိသော ပုဒ်မတစ်မျိုးမျိုးဖြင့် အမှုဖွင့်ပေး ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။

MMK

The Ladies News Journal

hlahtaywin-620 ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့အဖွဲ့ဟာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဒေသခံတွေကို အခမဲ့ဆေးဝါးကုသပေးစဉ်
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ဇေယျာသီရိမြို့နယ်မှာ စစ်ဘက်ဆရာဝန်တွေနဲ့ ဆေးကုပေးခဲ့တဲ့ အတွက် အချိန်မတိုင်ခင် မဲဆွယ်တယ်ဆိုပြီး အတိုင်ခံရခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးလှဌေးဝင်း က သူ့အနေနဲ့ တရားဝင် မဲဆွယ်တာတွေကို ဒီလ ၁၁ရက်နေ့ကစခဲ့တာပါလို့ ဒီကနေ့မှာ ထည့်သွင်းပြောပါတယ်။

"ကျနော်တို့ အခုပေးတာတော့ ၈ ရက်နေ့ကနေစပြီးတော့ မဲဆွယ်နိုင်တယ်လို့ ပြောတယ်ပေါ့၊ ၁၁ ရက်နေ့မှာစပြီးတော့ အလုပ်လုပ်ပါတယ်ခင်ဗျ၊ ဒီကြားထဲမှာ ကျနော်တို့ ပြင်ဆင်တဲ့ဟာလေးတွေ ကတိပေးတဲ့အတွက် အကုန်လုံးပြင်ဆင်ပြီးမှ ၁၁ ရက်နေ့မှာစပြီး ကျနော်တို့ မဲဆွယ်တဲ့လုပ်ငန်းစပါတယ်"

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းဟာ ပြည်ခိုင်ဖြိုးပါတီကနေ လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော်က အနားယူခဲ့သူဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/gen-hlahtaywin-election-campaign-09132015120449.html

မတ်လ ၁၀ ရက် ၂၀၁၅ တုန်းက လက်ပံတန်းမှာ သပိတ်ဆက်မယ့်ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။
မတ်လ ၁၀ ရက် ၂၀၁၅ တုန်းက လက်ပံတန်းမှာ သပိတ်ဆက်မယ့်ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရချိန်မှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းနဲ့ အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုသူတွေနဲ့အဓိကရုဏ်း နှိမ်နှင်းရေးလုပ်ငန်းစဉ် အဆင့်အတိုင်းမလုပ်ဘဲ ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဥပဒေပညာရှင်တွေက ကြိုဆိုလိုက်ပါတယ်။ ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီ ကတော့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေနဲ့ပါ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ခရီးရှည် ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပြီးခဲ့တဲ့ မတ်လ (၁၀) ရက်နေ့ လက်ပံတန်းမြို့မှာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်ကစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ အကြမ်းဖက်ဖြိုခွင်းခံရမှု မဖြစ်ပွားချိန် မတိုင်ခင်အထိ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိခဲ့လို့ ဒီမိုကရေစီ စနစ်ကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်တဲ့ နိုင်ငံရဲ့ ပုံရိပ်ကောင်းတွေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က သုံးသပ်ပါတယ်။

ဒါပေမဲ့လို့ အဓိကရုဏ်းဖြစ်ခဲ့တဲ့နေ့မှာတော့ ဆန္ဒပြသပိတ်မှောက် စစ်ကြောင်းထက် အင်အားများတဲ့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ဥပဒေနဲ့အညီ ဖမ်းဆီးခြင်း မရှိခဲ့တာ၊ တွန်းတိုက်မှုဖြစ်တဲ့အချိန်တားဆီးရေးနဲ့ ဖမ်းဆီးရေး နှစ်ဘက်အဖွဲ့ရောထွေးပြီ့း  EU နည်းစနစ်နဲ့ လေ့ကျင့်ပုံစံ ပျက်ယွင်းသွားခဲ့တာ၊ သပိတ်မှောက်စစ်ကြောင်းရဲ့ ပြန်ကြားရေးယာဉ်ကို ရဲတချို့က ထုရိုက်ကန်ကျောက်ဖျက်ဆီးတာ စတာတွေဟာ ရဲလုပ်ထုံးလုပ်နည်းအညီ နည်းလမ်းတကျ ပြုမှုဆောင်ရွက်ခဲ့တယ်ဆိုတာ ဆိုရန် ခဲယဉ်းတယ်လို့ ကော်မရှင်ဘက်က သုံးသပ်ပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေချိန်မှာ တာဝန်ရှိသူတွေကတမိန့်တည်း တသံတည်း သတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အပြင် ရဲဝန်ထမ်းတွေဘက်က ကျောင်းသားတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိတာ၊ ရဲလက်စွဲပါ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်မှု အားနည်းတယ် ဆိုတာ တွေ့ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ချက်အပေါ် ကြိုဆိုပါတယ်လို့ သာယာဝတီထောင်တွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက်ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဥပဒေကြောင်းအရ အကျိုးဆောင်ရှေ့နေ့အဖြစ် လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးသိန်းသန်းဦးက ပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်က တိုးတက်လာတယ်လို့ ပြောရမှာပေါ့နော်၊ အချက် ၃ ချက်တွေ့ရတယ်။ ပထမဆုံးက ဒေါ်ခင်ဝင်းအမှုမှာလည်းပဲ ဝင်ပါလာတာကို တွေ့ရတယ်။ ဖြစ်တဲ့ကိစ္စတွေ စုံစမ်းစစ်ဆေးသင့်တယ်။ နောက်တခါ ဒုတိယအချက်ကတော့ ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုနိုင်ရဲဝေတို့ ဗကသကျောင်းသားတွေက အာမခံလျှောက်တဲ့ကိစ္စမှာ အမရပူရမြို့နယ်တရားရုံးက ငြင်းပယ်လိုက်ခြင်းဟာ ပြန်လည်စဉ်းစားသင့်တယ်လို့ သူတို့ ကြေညာချက်ထုတ်တယ်။ ဒါလည်း အဲဒီအတွက် ကျနော်တို့ ကြိုဆိုတယ်။ အခု ဒီလို ရဲတွေကို အရေးယူဆောင်ရွက်သင့်တယ်လို့ ကြေညာချက် ထုတ်တဲ့ အပေါ်မှာတော့ ကျနော်တို့က လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်လို့ ပြောရမှာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စထွက်လာတုန်းကတော့ ကျနော်တို့ လုံးဝ အယုံအကြည်မရှိဘူး။ အဲဒီတုန်းက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်-ဆိုတဲ့ပုဂ္ဂိုလ်က စစ်အစိုးရအဆက်ဆက်ရဲ့ကိုယ်စားလှယ်အဖြစ် ယုံစရာမကောင်းတဲ့အတိုင်းပဲ သူတို့ လုပ်ဆောင်တာကို တွေ့ရတယ်။ ဘာမှ ထိရောက်မှုမရှိဘူး။ ဒါပေမယ့် ဒေါ်ခင်ဝင်းကိစ္စကစပြီး တဆင့်စီ တဆင့်စီ တိုးတက်လာတယ်။ ဒါကတော့ အလွန် ….ရေချိန်တခုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရောက်ရှိလာတယ်လို့ ကျနော်တို့ ဆိုရတော့မှာပါ။ ကြိုဆိုရတော့မှာဖြစ်ပါတယ်။”

ဒါပေမဲ့လို့ ဒီမိုကရေစီကျောင်းသားသပိတ်အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အခုထက်ပိုပြီး ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့ သင့်တယ်လို့ ဆိုပါတယ်။

“သူတို့က ဒါပဲလုပ်ပိုင်ခွင့်ရှိလို့ ဒါပဲလုပ်တာပါ။ တကယ်လို့ ဒိထက်လုပ်ပိုင်ခွင့်လည်း ရှိမယ်ဆိုရင် ဒိထက်လုပ်ပိုင်ခွင့်ရှိတဲ့ဟာ သူတို့လုပ်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရနဲ့ပတ်သက်တဲ့၊ ဒီအစိုးရရဲ့ အာဏာစက်အောက်၊ လုပ်ပိုင်ခွင့်အောက်မှာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအားလုံးက အမိန့်ဆိုတဲ့ ညွှန်ကြားချက်တစ်ခုအောက်ထဲမှာပဲ တိတိကျကျလုပ်နေတာကိုတွေ့ရပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာ အစိုးရဝန်ထမ်းတွေမပါတဲ့၊ ကြားကျကျ ကော်မရှင်တခုကနေ အမြန်ဆုံး စုံစမ်းဖော်ထုတ်၊ အဲဒီအထဲမှာဆိုလို့ရှိရင် ရှေ့နေ ရှေ့ရပ်ကြီးတွေ ပါမယ်။ ပြည်သူလူထု ယုံကြည်တဲ့လူတွေ ပါဖို့ပေါ့ နော်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က အသေးစိတ်တွေ့ရှိချက်တွေအပေါ် အဓိကရုဏ်းဖြစ်တဲ့နေ့က နည်းလမ်းတကျ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ရဲတွေကို ထိုက်သင့်သလို အရေးယူဖို့၊ နောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန် အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူတွေကို အရေးယူဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြု ဖျက်ဆီးခဲ့သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဖို့ အကြံပြု တိုက်တွန်းထားပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က အခုလိုတိုက်တွန်းချက်အပေါ် ဥပဒေအရ ဘယ်လို အရေးယူဆောင်ရွက် နိုင်သလဲ ဆိုတာကို ရှေ့နေကြီးဦးသိန်းသန်းဦးက အခုလိုသုံးသပ်ပါတယ်။

“ကျောင်းသားတွေရဲ့ဖုန်းတွေ အလုခံထိတယ်။ ဒါလုယက်မှုပဲ။ robbery ပဲ၊ ဒါ ပြစ်မှုပဲ။ ဆန္ဒပြတဲ့သူကိုရိုက်လို့ ပါတဲ့လူတွေကို လုယက်ခွင့်ရှိတယ်ဆိုတာ ဘယ်ဥပဒေမှ ပြဌာန်းမထားဘူး။ တရားခံဆီကပစ္စည်း လုယက်ခွင့်မရှိဘူး။ လဲနေတဲ့သူကို ရိုက်တာတို့၊ ဒါတွေက ရဲဥပဒေလည်း အရေးယူသင့်တယ်။ ပြစ်မှုဆိုင်ရာဥပဒေအရလည်း ပြစ်မှုမြောက်ပါတယ်။ အပြင်းအထန်ရိုက်၊ ဒဏ်ရာရတဲ့သူတွေ- ဒါ အပြင်းအထန်နာကျင်စေမှုပဲ- ၃၂၆။ နောက်တခါ အခုနက လုယက်တာ လုယက်မှုဖြစ်တယ်ဗျာ။ ပြစ်မှုဆိုင်ရာဥပဒေအရလည်း အရေးယူနိုင်တယ်။”

လက်ပံတန်းအရေးအခင်းမှာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ လုပ်ဆောင်ခဲ့တဲ့ ဖမ်းဆီးရှာဖွေမှုတွေမှာလည်း နယ်မြေခံရဲတပ်ဖွဲ့ကမဟုတ်ဘဲရဲတပ်ရင်းက ရဲအချို့ ဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ရဲတွေအပေါ် ယုံကြည်မှု ပျက်ပြားစေခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ အနီးကပ်ကြပ်မတ်ကွပ်ကဲခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သက်သေ ထွက်ဆိုချက်ရယူဖို့ မေတ္တာရပ်ခံခဲ့ပေမဲ့လို့ အစီရင်ခံစာထွက်သည့် အချိန်အထိ တုံ့ပြန်ခြင်းမရှိဘူးဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/myanmar-human-right-commission-calls-to-take-action-on-abuse-the-law-/2961941.html


 ရွေးကောက်ပွဲအတွက် နောက်ဆုံးပြင်ဆင်ထားတဲ့ မဲဆန္ဒရှင်စာရင်းကိုမနက်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့ တနလာင်္နေ့မှာ ထုတ်ပြန်ကြေညာဖို့ရှိပြီး မဲစာရင်းသွားရောက် စစ်ဆေးကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးလိုက်ပါတယ်။ အခု ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းထဲမှာ မှားယွင်းမှုတွေရှိရင်လည်း ပြင်ဆင်ခွင့်ပေးထားပြီး ဒီတကြိမ်က နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့် အခွင့်အရေးလည်းဖြစ်တာမို့ ပြည်သူတွေ မဲစာရင်းစစ်ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်၊။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့ တနလာင်္နေ့မှာ အပြီးသတ် မဲဆန္ဒရှင် စာရင်းတွေကို ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းတွေမှာ ကပ်ထား ကြေညာမှာ ဖြစ်ပါတယ်။ ဒီမဲစာရင်းမှာ ကိုယ့်နာမည် မပါတာတွေ၊ မဲပေးခွင့် မရှိသူတွေ ပါနေတာတွေနဲ့ နောက် အချက်အလက် မှားယွင်းနေတာတွေကို ပြင်ဆင်ခွင့်လည်း သီတင်း ၂ ပတ်ပေးထားပါတယ်။ အပြီးသတ်မဲစာရင်းမှာ ပြင်ဆင်နိုင်တဲ့ အခြေအနေတွေကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“မနက်ဖြန်မှာကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းများ ထုတ်ပြန်မှာဖြစ်ပါတယ်။ မဲစာရင်းများထုတ်ပြန်ရာမှာ ၁၄ ရက် တိုင်တိုင် ထုတ်ပြန်ထားမှာပါ။ ၁၄ ရက်တိုင်တိုင် ထုတ်ပြန်ထားမယ့်အချိန်မှာ ကျနော်တို့က မဲစာရင်းမှာ ကိုယ့်နာမည်မပါဘူး၊ အမည်မပါဘူးဆိုလို့ရှိရင် အမည်ကို ဖြည့်ပေးမယ်၊ မဲစာရင်းမှာ အမှားအယွင်းများပါနေတယ်ဆိုရင် အမှားအယွင်းတွေကို ပြင်ဆင်ပေးမယ်။ လိုအပ်နေတဲ့အချက်တွေရှိလို့ရှိရင်လည်း ဥပမာ- ကိုယ်က တခြားတနယ်တကျေးကနေပြီးတော့ လာနေတယ်။ ရက်ပေါင်း ၁၈၀ ကျော်ပြီး ဒီမှာနေပြီးပြီဆိုလို့ရှိရင် ကိုယ်က ဒီနေရာမှာ မဲပေးချင်တယ် ဆိုလို့ရှိရင် လျှောက်ထားဖို့ပေါ့နော်။”

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရဖို့ အတွက် မဲဆန္ဒရှင် စာရင်းမှာ ပါဝင်ဖို့ ဒီတကြိမ်က နောက်ဆုံး အခွင့်အရေးလည်း ဖြစ်တာမို့ မဲစာရင်းတွေ စစ်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

“ရွေးကောက်ပွဲမဲပေးမယ့်နေ့မှာ ကိုယ့်အမည်မပါဘူးဆိုလို့ရှိရင် မဲပေးခွင့်ရမှာမဟုတ်ပါဘူး။ အဲဒီအချိန်ကျလို့ရှိရင်တော့ ကိုယ့်ရဲ့နိုင်ငံသား အခွင့်အရေးပေါ့လေ၊ နိုင်ငံရေးအခွင့်အရေးဟာ ဆုံးရှုံးသွားနိုင်ပါတယ်။ နိုင်ငံသားအခွင့်အရေးထဲမှာလည်း မဲပေးခွင့်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးဟာ နိုင်ငံသားတွေ …အမြင့်ဆုံးအခွင့်အရေးပါပဲ။ ဘာဖြစ်လို့အမြင့်ဆုံးလို့ ပြောရလဲဆိုလို့ရှိရင် မိမိကြိုက်နှစ်သက်တဲ့အစိုးရကို တင်နိုင်တယ်။ မိမိမနှစ်သက်တဲ့အစိုးရကို ဖြုတ်ချနိုင်တယ်။ ဒီအခွင့်အရေးက နိုင်ငံသားတွေအတွက် အမြင့်ဆုံးအခွင့်အရေးပါပဲ။ ဒါကြောင့်မို့လို့ မဲစာရင်းတွေကို သွားပြီး တော့ မပျက်မကွက်ကြည့်ဖို့လိုသလို မဲစာရင်းမှာ အမည်မပါဘူးဆိုလို့ရှိရင် မိမိရဲ့အခွင့်အရေးကို ဆုတ်ကိုင်နိုင်အောင် မဲစာရင်းမှာ အမည်ပါဝင်အောင် ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအချိန်မှာပါပဲ-လို့ ဒီလိုပဲ အသိပေးပါရစေခင်ဗျား။”

အခု ထွက်လာမယ့် မဲစာရင်းမှာ ပါဝင်ဖို့ အလားအလာ နည်းတဲ့ သိန်းချီရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေလည်း မဲပေးခွင့်ရရေး မဲစာရင်းမှာ ပါဝင်နိုင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ လှိုင်သာယာမြို့နယ်တွင်း မဲဆန္ဒရှင် ပညာပေး ဆောင်ရွက်နေတဲ့ Brilliant Future of Myanmar က ကိုမျိုးမင်းက ပြောပါတယ်။

“တနင်္ဂနွေတရက်ပဲ သူတို့ အလုပ်အားချိန်ရှိတယ်ခင်ဗျ။ ကျနော်နဲ့စကားပြောကြည့်တဲ့အလုပ်သမားတွေကတော့ အရင်ကတော့ ကြည့်ရမှန်း သူတို့မသိဘူးဗျ။ သူတို့က သတင်းတွေလည်း မကြားမိဘူး။ မဲစာရင်းက ဘယ်လိုကြည့်ရမယ်လို့၊ ဘယ်ဝါကြည့်ရမယ်လို့ မကြားမိဘူးဗျ။ ဒါပေမယ့် အခုဆိုရင် သူတို့ကိုယ်တိုင် ရွေးကောက်ပွဲမှာ စိတ်ဝင်စားလာပြီ။ ဒီနေ့ဆိုရင် တယ်လီနောနဲ့အော်ရီဒူးကနေပြီး UEC ဆိုတဲ့နာမည်နဲ့ message အတိုတွေ ပို့တယ်ဗျ။ မနက်ဖြန်မဲစာရင်းကြည့်ရမှာဖြစ်တဲ့အတွက် မဲစာရင်းသွားရောက်ကြည့်ကြပါရန်-ဆိုပြီးတော့ နှိုးဆော်တဲ့ announce လုပ်တဲ့ဥစ္စာတွေ၊ message တော့ ပို့နေကြတယ်ခင်ဗျ။ တခြား CCO တွေ၊ CSO ကတော့ ဝင်လုပ်တယ်ဆိုရင်တော့ ပိုသင့်တော်တယ်ဗျ။ လူမှုကူညီရေးအဖွဲ့တွေကနေပြီးတော့ အလုပ်သမားတွေရဲ့ကိုယ်စား မဲပေးဖို့တိုက်တွန်းတာတို့၊ မဲစာရင်းကြည့်ဖို့ တိုက်တွန်းတာတို့ လုပ်ပေးစေချင်တယ်ခင်ဗျ။”

စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်မယ့် မဲဆန္ဒရှင် စာရင်းတွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရုံးတွေမှာ ကပ်ထားကြေညာမှာ ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုတွေကို စက်တင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်တို့ထံ လျှောက်လွှာ တင်သွင်းကြဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.