09/15/15

 flooding-620.jpg ရေကြီးနေတဲ့ မြစ်ကမ်းနားဘေးက အိမ်တစ်အိမ်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်က ကျေးရွာတစ်ရာကျော်မှာ နောက် ၂ရက်အတွင်း ရေဖုံးလွှမ်းနိုင်ကြောင်း သတိပေးထားပြီး တချို့ကျေးရွာတွေကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆက်လက်မြင့် တက်နေဆဲဖြစ်တဲ့အတွက် မြေနိမ့်တဲ့နေရာတွေက ကျေးရွာတွေကို ပြောင်းရွှေ့နိုင်အောင် သတိပေးကြေညာထား တယ်လို့ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ပြောပါတယ်။

"မိုးဇလက ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ကို ၄ လက်မခန့် စိုးရိမ်ချိန်အမှတ်အသီးသီးသို့ ကျော်လွန်နေပါ တယ်၊ နောက်နှစ်ရက်မှာ ၁ ပေခန့် ဆက်လက်တက်နိုင်မည် စိုးရိမ်ချိန်အမှတ်မှာ ဆက်လက်တည်ရှိနိုင်ပါတယ် ဆိုတဲ့ဟာတွေကို အမြဲတမ်းပို့ပေးပါတယ်၊ ကျနော်တို့သိတာနဲ့ မြို့နယ်ထဲမှာရှိတဲ့ အနိမ့်ပိုင်းမှာနေတဲ့ တာအပြင် မှာနေတဲ့ ရွာတွေကို ကျနော်တို့က သတိပေးအမိန့်တွေကို ထုတ်ပေးနေတာပါ"

ဟင်္သာတမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရေကို ကာထားတဲ့တာတွေရဲ့ အပြင်ဘက်မှာ ကျေးရွာ တစ်ရာကျော်ရှိ ပြီး မြစ်ရေမြင့်တက်နေဆဲဖြစ်တဲ့အတွက် အဲ့ဒီကျေးရွာတွေဟာ စိုးရိမ်ရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါ တယ်။ ဒါ့အပြင် ပြောင်းရွှေ့လာမယ့် ဒေသခံတွေအတွက် ကယ်ဆယ်ရေးစခန်း ၂၈ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဟင်္သာတမြို့နယ်မှာ ဒုတိယအကြိမ်ရေကြီးတာဖြစ်ပြီး ရေဖုံးလွှမ်းခံရနိုင်တဲ့ ကျေးရွာတစ်ရာကျော်မှာ လူဦးရေ ၄၀၀၀၀ ကျော် ရှိပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဟင်္သာတမြို့နယ်အပြင် မြန်အောင်၊ ဇလွန်၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာမြို့ တို့မှာလည်း စိုးရိမ်ရတဲ့အခြေအနေရှိပြီး လက်ရှိ မြန်အောင်မြို့နယ်မှာ အိမ်ထောင်စု ၃၃ စု ကို ကယ်ဆယ်ရေးစခန်း မှာ နေရာချထားတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/possible-flooding-hintada-09142015113206.html

dassk-loikaw-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မ အားကစားကွင်းမှာ လူထုနဲ့ တွေ့ဆုံဟောပြောစဉ်
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ နန်းထိုက်စံ တည်းခိုခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့တာကို ဧည့်စာရင်းမတိုင်ခဲ့တာကြောင့် တည်းခိုခန်းပိုင်ရှင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတိပေးပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း သိရပါတယ်။

နန်းထိုက်စံ တည်းခိုခန်းမှာ ဒေါ်အောင်ဆန်းစုကြည် တည်းခိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မသိရဘဲ အထက်ကအကြောင်းကြားလာမှသိရတာဖြစ်တာကြောင့် နောက်နောင် ဒါမျိုးမဖြစ်စေရဘူးဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း နန်းထိုက်စံတည်းခိုခန်း ပိုင်ရှင် ဒေါ်မင်အင်းက RFA ကို ပြောပါတယ်။

"သူတို့မသိရဘူးတဲ့၊ ဖုန်းဆက်လာလို့သာ သူတို့သိတာ သူတို့လာကြည့်တယ်တဲ့၊ သူတို့နှစ်ယောက် လာကြည့်တဲ့ အခါ တံခါးပိတ်ထားတယ်တဲ့၊ အေးဟုတ်တယ်လို့ သူတို့ရောက်လို့ရှိရင် တံခါးပိတ်ထားတယ်လို့ ကျမပြောပြတယ်၊ ကျမတို့တောင် အထဲထိကိုဝင်လို့မရဘူး၊ ဧည့်စာရင်းတိုင်ဖို့ ကျမလည်း ရဝတရုံးဖုန်းနံပါတ်လည်း အလွတ်မရဘူး၊ ဖုန်းကလည်းအထဲမှာ ကျမအဲ့ကောင်တာမှာနေတယ်လို့ ပြောပြလိုက်တယ်၊ နောက်တစ်ခါအဲ့လိုမျိုးမဖြစ်အောင် ခံဝန်ချုပ်အနေနဲ့ လက်မှတ်တော့ထိုးပေးရမယ်တဲ့၊ ဟုတ်ကဲ့ ထိုးပေးပါမယ် နောက်တစ်ခါ မဖြစ်စေရပါဘူးလို့"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်အဖြစ် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှားတောစတဲ့မြို့နယ် ခြောက်ခုကို ဒီလ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အတွင်း သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခရီးစဉ်အတွင်း ဘောလခဲမြို့မှာ တစ်ညတည်းခိုခဲ့ပြီး လွိုင်ကော်မြို့ နန်းထိုက်စံဟော်တယ်မှာ ၁၁ ရက်နေ့ညမှာ တည်းခိုခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/warn-loikaw-hostel-owner-09142015111334.html

 yellow-ribbon-620.JPG ရှေ့နေတွေရဲ့ အဝါရောင်ဖဲကြိုး လှုပ်ရှားမှုကို စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ စတင်စဉ်

တပ်မတော်က အငြိမ်းစားယူထားသူတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တဲ့ အပေါ် ရန်ကုန်နဲ့ နေပြည်တော်က ရှေ့နေတွေက ဖဲကြိုးအ၀ါတွေ ၀တ်ဆင်ပြီး ဒီနေ့ အရှိန်မြှင့်ပြီး ဆက်လက်ကန့် ကွက်ခဲ့ကြပါတယ်။ တပ်မတော်က တရားစီရင်ရေးမှာ ဝင်ရောက်လွှမ်းမိုးခြယ်လှယ်တာကို လက်မခံနိုင်တဲ့အတွက် ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်တာဖြစ်တယ်လို့ ရန်ကုန်မြို့က အထက်တန်းရှေ့နေ ဒေါ်စန်းသီတာစိုးက ပြောပါတယ်။

"ဥပဒေနားမလည်ဘူး သူတို့က အထက်အမိန့်အရလုပ်တဲ့လူတွေ၊ ဒီတရားစီရင်ရေးမှာ အမိန့်အရလုပ်လို့မရဘူး၊ တရားသူကြီးတစ်ယောက်က မိမိရဲ့ဆင်ခြင်ထုံတရားနဲ့ ဆင်ခြင်စဉ်းစားရမယ်၊ တရားဥပဒေအရာကို ကျွမ်းကျင်ရ မယ်၊ သူတို့က ဥပဒေကို မကျွမ်းကျင်ဘဲနဲ့ စစ်တပ်က အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေးလမ်းကြောင်းထဲကို ဝင်လာလို့မရဘူး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့က သူ့ကဏ္ဍနဲ့သူအသီးသီးရှိပြီးသား၊ ဒီအချိန်မှာ စစ်ဘက်မှာ တာဝန်ထမ်းဆောင်တဲ့သူက စစ်ဘက်အကြောင်းပဲနားလည်မှာ၊ သူဒီမှာပဲတာဝန်ထမ်းဆောင်လေ၊ အဲဒါသူက တရားစီရင်ရေးကိုလာတယ်ဆိုတော့ တရားစီရင်ရေးကိုလာပြီး လွှမ်းမိုးတယ်လို့ ထင်ပါတယ်"

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က လှုပ်ရှားမှုမှာ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ဒီလှုပ်ရှားမှုဟာ အရပ်ဘက်ဌာနတွေမှာရှိပြီးသားဖြစ်တဲ့ တပ်မတော်က အငြိမ်းစားတွေကို ရည်ရွယ်တာ မဟုတ်ဘဲ နောက်ထပ်ဝင်မလာအောင် တားမြစ်ဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။

"စီမံကိန်းရှိရှိနဲ့ သွင်းနေတယ်လို့ ကျနော်ယူဆတယ်၊ ပထမဆုံးက ရှိဆဲလူတွေကို ကျနော်တို့ ဖြိုချဖို့မဟုတ်ပါဘူး၊ ထပ်မတိုးဖို့ပါ"

အဲဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့စက်တင်ဘာလ ၉ရက်နေ့က ပျဉ်းမနားနဲ့ ပြည်တို့မှာ စတင်ခဲ့တာဖြစ်ပြီး မန္တလေး၊ ရန်ကုန်နဲ့ မော်လမြိုင်မြို့တွေက ရှေ့နေတွေကပါ ပါဝင်လာကြတာဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ တပ်မတော်က အဆင့်မြင့်အရာရှိတွေ ၀င်ရောက်လာတာကို မကျေနပ်တဲ့အတွက် ရှေ့နေတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်သွားမယ်လို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လျှပ်စစ်အင်ဂျင်နီယာတွေက တပ်ကအရာရှိတွေဌာနထံ ရွှေ့ပြောင်းလာတာကို ဆန့်ကျင်တဲ့ အပြာရောင်ဖဲပြားလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/yellow-ribbon-campaign-continue-09142015105302.html

ကျွန်ုပ်တို့ အဘယ်ကြောင့် NLD ကို မဲထည့်သင့်သည် ဆိုခြင်းအကြောင်း
===============================================

အမှန်က သည်အကြောင်းကို ကျွန်တော်မပြောလဲ မိတ်ဆွေတို့ သိပြီးဖြစ်ပါသည်။ သည်အကြောင်း ကျွန်တော်ပြောပေါင်း များလှ၍လည်း ချေးသပတ်လိုက်နေပြီ ဖြစ်ပါ၏။ သို့သော် မပြောမပြီး၊ မတီးမမည်မို့ ထပ်ခါပြောရပါဦးမည်။ အနို့ ရွေးကောက်ပွဲ က အတော်လေး နီးလာပြီ မဟုတ်ပါလား။

အခြားမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံတွင် ထိုနိုင်ငံကိုအုပ်ချုပ်မင်းလုပ်သည့် အစိုးရ အရေးကြီးပုံအကြောင်း ဖြစ်၏။

အတော်များများက မြန်မာနိုင်ငံကြီး သည်ကဲ့သို့ဖြစ်ပျက်နေသည်ကို နိုင်ငံသားများအား အပြစ်ဖို့ကြသည်။ အမှိုက်ပစ်တာ၊ စည်းကမ်းမရှိတာ၊ ကားပေါ်က ကွမ်းတံတွေးထွေးချတာ စသည်။ ယုတ်စွအဆုံး ကလေးတွေ ဘွဲ့ရလာပြီး ပညာမတတ်တာကို ပင် အလကား သောက်သုံးမကျတဲ့ကောင်တွေဟု နှာခေါင်းရှုံ့၊ အ,မနာပ ပြောကြသည်။ ဒါဆို အဲဒီကလေးတွေ စာတစ်လုံးမှ မကျက်ဘဲ ဘွဲ့ရလာတာလား။ စာမကျက်ဘဲ ဘွဲ့ရလာသည်ပင်ဖြစ်စေ၊ စာလည်းမကျက်၊ ဘာမှလည်းမတတ်ပါဘဲလျက် ဘွဲ့ရလာသည်ဆိုလျင် ကလေးတွေအပြစ်လား၊ ဘွဲ့ပေးသူ အပြစ်လား။ အင်မတန်ရှင်းလှပါသည်။ ဂျပန်ရေချိုးသလို အင်မတန် ရှင်းလှပါလျက် တဆိတ်ရှိ ကလေးတွေကို လက်ညှိုးထိုးနေကြသည်အား ကျွန်တော်ကတော့ ဘာမှမပြောလိုတော့ပဲ မဲ့ပြုံးကလေးသာ ပြုံးလိုက်ချင်ပါတော့၏။

မနေ့က BCSS သင်တော့ လျှပ်စစ်ကြောင့်လောင်သောမီးအကြောင်း သင်ရသည်။ သည်အကြောင်းနှင့် ဆက်စပ်ပြီး မင်္ဂလာဈေးမီး၊ မန္တလေး ရတနာပုံဈေးမီး၊ မုံရွာချင်းတွင်းဈေးမီး၊ တောင်ကြီးဈေး၊ မော်လမြိုင်ဈေး စသည့် မြန်မာနိုင်ငံတွင် လောင်သော မီးများအကြောင်း ပြောဖြစ်ပါသည်။ သည်မီးလောင်သည့်အကြောင်းလည်း ကျွန်တော် နှစ်ခါပြန်သုံးခါပြန် ရေးပြီး ဖြစ်ပါ၏။ ၂၀၁၄ မေလ ၁ ရက်နေ့က UMFCCI တွင်လုပ်ခဲ့သော Seminar တွင်လည်း ပြောခဲ့ပါသည်။

မင်္ဂလာဈေးမီးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်၍ လောင်သည်။ သို့ဆိုလျှင် ၀ါယာရှော့မဖြစ်အောင်၊ ၀ါယာရှော့ဖြစ်လျှင် မီးမလောင်အောင် အတားအဆီး၊ အစီအမံများ လုပ်မထားဘူးလား။ ကျွန်တော်တို့ဆီမှ ဈေးများ၊ အိမ်များ၊ ကျောင်း၊ ဆေးရုံ အားလုံးပင် စနစ်တကျ တပ်ဆင်ထားသော မီးကာကွယ်ရေး စနစ်မရှိ။ မီးကြိုးများရော၊ ဟင့်အင်း။ ရေပေးစနစ် - ဝေးလို့။ အိမ်သာစနစ် - ဒီလို တကျောင်းတဂါထာ တရွာတပုဒ်ဆန်း၊ တစ်အိမ်ကို အိမ်သာကျင်းတစ်ခု လုပ်လိုက်တာပဲ။

ကျွန်တော်တို့ အိမ်နားမှာ လှည်းတန်း ခုံးကျော်တံတားရှိသည်။ ခုံးကျော်တံတားက ရန်ကုန်-ပြည်လမ်းအတွက်သာ ဖြစ်၏။ ထိုလမ်းမှသွားသော လူများသာ အရေးကြီးသည်။ ရန်ကုန်-အင်းစိန်လမ်းမှ သွားသည့်သူများ ဘယ်လိုနေနေ။ နင်တို့ဟာနင်တို့ ဘယ်လောက် ကားပိတ်ပိတ် ငါတို့အကြောင်းမဟုတ်။ သည်တော့ ယခုတစ်ခေါက် ကျွန်တော် ရန်ကုန်မှ စင်ကာပူသို့ပြန်အလာ၊ လေယာဉ်ကွင်းကိုလာတော့ လှည်းတန်းမီးပွိုင့်တွင် ပိတ်နေသောကားတန်းကြီးမှာ ဟို့ - ဘာတာမှတ်တိုင်ထိ ရောက်သည်။ အားပါး။

ဟိုးအနောက်ဘက်က ခိုးဝင်လာတဲ့ကောင်တွေ။ ဘယ့်နှာကြောင့် သိန်းပေါင်းများစွာ မြန်မာပြည်ထဲ စိမ့်ဝင်နေရပါသနည်း။ ရခိုင်- တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဆောက်တော့ ဘယ်သူတွေက ဘယ်လိုတွေ လုပ်သွားသနည်း။ ကိုယ့်နိုင်ငံထဲဝင်ပြီး ထင်သလိုကြဲသွားတာ ကျွန်ုပ်တို့က ဘယ့်နှာကြောင့် မျက်နှာငယ်ကလေးနှင့် ကြည့်နေလိုက်ရတာပါနည်း။

အဘယ်ကြောင့် မြန်မာစကားမတတ်သော မျက်ပေါက်ကျဉ်းများက မန္တလေးမြို့ကြီးကို သိမ်းပိုက်ထားဘိသနည်း။ မြန်မာတစ်နိုင်ငံလုံးက တောင်တွေ အဘယ်ကြောင့် တောင်ကတုံးတွေ ဖြစ်ကုန်သနည်း။ စင်ကာပူကအိမ်တွေမှာ မြန်မာအမျိုးကောင်းသမီးကလေးတွေ အဘယ့်ကြောင့် အနှိပ်စက် ခံနေရသနည်း။

မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှကိုသာ အကုန်ချရေးရမည်ဆိုလျှင် ပိဋကဋ်သုံးပုံထက် သုံးဆလောက်ပိုများဖွယ်ရာ ရှိသည်။ ဤသည်မှာ system failure ကြောင့် ဖြစ်၏။ သို့ဆိုလျှင် ဤမျှ ပျက်စီးယိုယွင်းနေသည့် စနစ်ကြီးကို ပြန်လည်တည့်မတ်ဖို့ အဖတ်ဆယ်ဘို့ရာ ဘယ်လိုလုပ်ကြမည်နည်း။

သည်အရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ အောက်ကလူတွေ မဖြစ်ညစ်ကျယ်လုပ်လို့ရသော အရာမဟုတ်။ သည်စနစ်ကြီးကို ပြန်ပြင်ဘို့ရာ နိုင်ငံ့အပေါ် တကယ်စေတနာရှိသော၊ တော်တည့်ထက်မြက်သော၊ ရိုးသားဖြောင့်မတ်သောသူများနှင့် ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် လိုသည်။ အစိုးရက ဦးဆောင်မလုပ်သရွေ့ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်။

စည်းကမ်းစနစ်ကျသော၊ ပညာတတ်သော၊ လူနေမှုအဆင့်မြင့်သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် တင်းကျပ်သော စည်းမျဉ်းဥပဒေများဖြင့် အတင်းအကျပ် ထူထောင်ယူရမည် ဖြစ်၏။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ အယူအဆ၊ စည်းကမ်း စသည်တို့ပြန်လည်တည်ဆောက်ရန် ဆယ်စုနှစ်အတော်များများ အချိန်ယူရမည်။ သို့သော် စိတ်ဓာတ်ကျနေပြီး မလုပ်လို့မဖြစ်။ လုပ်ကိုလုပ်ရမည်။ ခုလုပ်မှ နောင်ကောင်းမည်။ နောင်ကောင်းဘို့အတွက် အစိုးရ ကောင်း လိုသည်။

လက်ရှိ အစိုးရအဖွဲ့ထဲမှ လူကြီးများအကြောင်းကိုတော့ မိတ်ဆွေတို့ သဘောပေါက်ပြီး ဖြစ်ပါသည်။ သူတို့ ဘာတွေ လုပ်နေသည်၊ ဘယ်လိုပြောကြသည်၊ ဘယ်လိုခိုးကြ၀ှက်ကြသည်၊ ဘယ်လိုအရည်အချင်းမဲ့ကြသည် စသည်ဖြင့်။

ထို့ကြောင့် -
ကျွန်ုပ်တို့မြန်မာပြည်ကြီးကို ပြန်လည်အဖတ်ဆည်ဘို့ရာ ကောင်းမွန်သော၊ မှန်ကန်သော၊ တော်တည့်ထက်မြက်သော၊ ရိုးသားသော အစိုးရတစ်ရပ် လိုသည်။ ထိုကဲ့သို့သော အစိုးရမျိုးရဘို့ရာ . . . . . . .

ကျွန်တော်တို့ NLD ကို မဲပေးရမည်။ ဘာမှ ယုံမှားသံသယရှိစရာမလို။ NLD မှတစ်ပါး အခြားမရှိပြီ။

NLD မှ ကိုယ်စားလှယ်လောင်းများခင်ဗျား -
ကျွန်ုပ်တို့က သင်တို့ကို ယုံကိုးပြီး ရွေးကောက်တင်မြှောက်ကြပါမည်။
အသင်တို့သည် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

ချုပ်ရလျှင် -

မိတ်ဆွေအပေါင်းတို့အား -
NLD ကိုသာမဲပေးကြရန်နှင့် မိမိနှင့်နီးစပ်သူအားလုံးကိုလည်း NLD ကိုသာ မဲပေးကြရန် မဲဆွယ်ကြပါမည့်အကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။

==================================

အူယားလာလို့ နည်းနည်းလောက် ထပ်ဖြည့်ပြောလိုက်ပရစေဦး။

MD ဦးကျော်လင်းက စစ်တပ်ကလာသူများဟာ ကြိုးစားကြကြောင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပြူတာပိုင်းမှာလည်းတော်ကြကြောင်း၊ အင်ဂျင်နီယာတွေနဲ့မတူတဲ့အချက်က အမြဲစာဖတ်ပြီး ကြိုးစားနေကြကြောင်း (သေဟဲ့) ၎င်း၏ ဧပြီလ ၂၂ ရက်နေ့က တင်ထားသော ၀ါးအစည်းပြေ၍မရပါ (၃) မှာ ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ အင်ဂျင်နီယာများ၏ အားနည်းချက်ကို ထောက်ပြ ထား၍ ကျေးဇူးတင်ပါသည် MD ကြီးခင်ဗျား။

သို့သော် နည်းနည်းတော့ လွဲနေပါသည်။ စစ်သားဟူသည် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကို ယူကြရမည့်သူများဖြစ်၏။ အကယ်၍သာ ထိုဗိုလ်ကြီး၊ ဗိုလ်မှုးတို့သည် နိုင်ငံတော်ကာကွယ်ရေးအတွက် တစ်ကမ္ဘာလုံးမှာရှိသမျှ စစ်ဗျူဟာများအကြောင်း လေ့လာကြ၊ အဆင့်မြင့်လက်နက်များ တီထွင်ထုတ်လုပ်ကြ၊ နိုင်ငံတော်လုံခြုံရေးအတွက် ပရိုဂရမ်တွေရေးကြ ဆိုလျှင်တော့ ကျွန်တော့်အနေနှင့် ၎င်းတို့ကို အလွန် အထင်ကြီးလေးစား တန်ဘိုးထားပါမည်။

သို့သော် ရေဒီယိုကောင်းကောင်းပြင်တတ်သော ဘုန်းကြီးကိုမူ ကျွန်တော့်အနေနှင့် ဘယ်လိုမှ အထင်မကြီးပါ ဟု ပြောချင်ပါသည်။ သိုးဆောင်းပုံပြင်လေးတစ်ခုကို ပြောပြစေ။

တရံရောအခါက လယ်သမားတစ်ဦးတွင် ခွေးတစ်ကောင်နှင့် မြင်းတစ်ကောင်ရှိလေသည်။ မြင်းသည် လယ်ထဲတွင် လယ်သမားနှင့် ဒိုးတူပေါင်ဖက် တစ်နေ့လုံးရုန်းကန်လုပ်ကိုင်ရ၏။ ခွေးမှာမူ ဘာအလုပ်မှမလုပ်ဘဲ လယ်ကန်သင်းရိုးပေါ်တွင် ပြေးလွှားနေလေသည်။

သို့သော် လယ်သမားကြီးက ခွေးကို အလွန်ချစ်၏။ ခွေးနှင့်အတူ လမ်းလျှောက်ထွက်၏။ ခွေးနှင့်အတူ တပူးတွဲတွဲနေ၏။ အလွန်အလုပ်လုပ်ရသော သူ့ကိုမူ အရေးမလုပ်ဘဲ ဘာမှအလုပ်မလုပ်သည့် ခွေးကိုသာ အရေးတယူပြုနေသည်ကို မြင်းကနားမလည်နိုင်။ သည်တော့ သူ့သခင်က သူ့ကို အရေးတယူလုပ်အောင် ဘယ်လိုလုပ်သလဲဟု ခွေး၏ နေပုံထိုင်ပုံကို အကဲခတ်နေလေ၏။

ခွေးသည် သူ့သခင် အပြင်မှပြန်လာလျှင် ဖက်တက်ပြီး ပါးလျက်နားလျက် လုပ်သည်၊ ဤသည်ကို သူ့သခင်က အလွန်သဘောကျသည်ကို မြင်းကတွေ့၏။ သို့နှင့် သူလည်း ခွေးကဲ့သို့ ပြုမူရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ သခင်ဖြစ်သူ အပြင်မှ ပြန်အလာတွင် မြင်းသည် ခွေးလုပ်သကဲ့သို့ သူ့သခင်အပေါ် ဖက်တက်ကာ ပါးနားများ လျက်ရန် ကြိုးစားလေသည်။ သခင်ဖြစ်သူမှာ ဘုမသိဘမသိ မြင်း၏ အကန်အကျောက်ကို ခံလိုက်ရသောကြောင့် ဦးခေါင်း၊ လက်၊ ပခုံးစသည်တို့ ပေါက်ပြဲစုတ်ပြတ်ကာ နာကျင်လျှက် အတော်ဒေါသထွက်လေ၏။ ထို့ကြောင့် နံရံတွင် ချိတ်ထားသည့် နှင်တံကိုယူကာ မြင်းအား ရိုက်လေသည်။

MD ဦးကျော်လင်းက သူတို့ကို လူမှန်နေရာမှန် နေရာပေးရမယ်ဟု ဆိုသေးသည်။
ဟုတ်ကဲ့၊ သူတို့နေရာမှန်က စစ်တန်းလျားပါခင်ဗျား။ အင်ဂျင်နီယာဌာန မဟုတ်ပါ။
အင်ဂျင်နီယာဌာနလာပြီး စွမ်းစွမ်းတမံ ကြိုးစားပြနေလျှင်တော့ မြင်းအရိုက်ခံရသကဲ့သို့ အရိုက်ခံရပါလိမ့်မည်ဆိုတာ သတိပေးလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ စက်တင်ဘာ၊ ၂၀၁၅


173_phyoephyoeaungdef

နယ်သာလန်နိုင်ငံခြားရေးဌာနက ၂၀၁၅ အတွက် ပေးအပ်မယ့် Human Rights Tulip ဆုအတွက် အွန်လိုင်းကနေ ဆန္ဒမဲပေးနေရာမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မဲအများဆုံးနဲ့ ဦးဆောင်နေပါတယ်။

မဖြိုးဖြိုးအောင်က စက်တင်ဘာ ၁၃ ရက်နေ့အထိ မဲပေါင်း ၂ သောင်း ၆ ထောင်ကျော်နဲ့ ဦးဆောင်နေပြီး အာဖဂန်နစ္စတန်က ပညာရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ ကျောင်းဆရာ အဇီဇူလာခ်ျ ရွန်ရက်စ် (Azizullah Royesh) က မဲပေါင်း ၁ သောင်း ၄ ထောင် ၅ ရာကျော်နဲ့ ဒုတိယနေရာမှာ လိုက်နေပါတယ်။

အီရန်က သတင်းထောက် မာဇီရာ ဘဟာရီကလည်း မဲပေါင်း ၁ သောင်း ၄ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Human Rights Tulip ဆု နာမည်စာရင်းကို အွန်လိုင်းကနေ စက်တင်ဘာ ၁၆ ရက်နေ့မှာ မဲပေးတာတွေ ပြီးဆုံးမှာပါ။

မဖြိုးဖြိုအောင်ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ တောင်းဆို လှုပ်ရှားခဲ့မှုကြောင့် ဖမ်းဆီးခံနေရပါတယ်။

Human Rights Tulip ဆုရွေးချယ်ခံရတဲ့သူဟာ ယူရိုငွေ ၁ သိန်း ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

DVB
http://burmese.dvb.no/archives/112055



တရားစီရင်ရေးကဏ္ဍမှာ စစ်တပ်က ပုဂ္ဂိုလ်တွေ ၀င်ရောက်လာတာကို ဆန့်ကျင်တဲ့အနေနဲ့ ဖဲကြိုးဝါ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်း က ပေးပို့ထားတာပါ။

DVB TV


သံလွင်ရေကာတာ စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသည် စီမံကိန်းကိစ်္စများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုပင် အသိပေး ဆွေးနွေးခြင်းများ မရှိကြောင်း သံလွင် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယင်းက “ SMEC ကုမ္ပဏီက လုပ် နေတာတွေ ပွင့်လင်းမြင်သာမရှိဘူး။ သူတို့ မော်လမြိုင်ကို ရောက်လာတာ ဘယ်သူမှမသိလိုက်ဘူး။ အုပ်ချုပ်ရေးပိုင်းက လူတွေကိုပဲတွေ့ပြီး ပြန်သွားတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုလည်း တစ်ယောက်မှ မသိလိုက်ရဘူး။ ဒါ ကျွန်တော်တို့ ပြည်သူတွေကို စော်ကားတာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါ သံလွင်မြစ် ရေကာတာစီမံကိန်း လုပ်ဆောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် SMEC ကုမဏီသည် EIA / SIA လုပ်ဆောင်နေ မှုမှာ ပွင့်လင်းမြင်သာမရှိဘဲ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သံလွင် ထိန်းသိမ်း ကာကွယ်ရေး ကွန်ရက်က ဆိုသည်။

ရှမ်းပြည်နယ်ရှိ မိုင်းတုံရေအား လျှပ်စစ်စီမံကိန်ုး အကောင်အထည်ဖော်ရန် SMEC ကုမ္ပဏီသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်အတွင်း ၀င်ရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ခြင်းများ ရှိသည်။ထို သို့ လုပ်ဆောင်နေစဉ် ကာလအတွင်း ဒေသခံများဖြစ်သည့် ရှမ်းပြည်နယ် လူထု က ကန့်ကွက်ဆန်္ဒပြခြင်းများ ကြုံတွေခဲ့ရသော်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ အာဏာပိုင်များဖြင့် သာ တွေ့ဆုံဆွေးနွေးခြင်းရှိခဲ့ကြောင်း အဆိုပါအဖွဲ့၏ ပြောပြချက်အရ သိရသည်။

မိုင်းတုံ ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခံစားခွင့် ရှိမည် ဖြစ်ပြီး ယင်းမှ ပိုလျှံသည့် ၁၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံသားများ အကျိုးခံစားရမည်ဟု သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်၏ ထုတ်ပြန်ချက် များအရ သိရသည်။

သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ရှမ်း၊ လားဟူ၊ ကရင်နီ၊ ကရင်၊ မွန် အစရှိသည့် တိုင်းရင်းသားများ နေထိုင်ကြပြီး အဆိုပါစီမံကိန်း၏ ပွင့်လင်းမြင်သာမှု မရြှိုခင်းနှင့် ယင်းစီမံကိန်း အကျိုးဆက် အရ ဖြစ်ပေါ် လာမည့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု အပါအ၀င် သံလွင်မြစ်ကို မှီခိုနေကြသည့် ဌာနေတိုင်းရင်းသားများ ပြောင်းရွှေ့ခံရမှု၊ လယ်ယာမြေ သိမ်းဆည်းမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့်တို့ ကြုံတွေ လာရနိုင်ကြောင်း သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ဆိုသည်။

လက်ရှိအစိုးရက တရုတ်ကုမ္ပဏီနှင့် ထိုင်းကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ပြီး သံလွင်မြစ်ပေါ်တွင် ရေကာတာ ၆ ခု တည်ဆောက်ရန် လျာထားရန် သတ်မှတ် ထားကြောင်း သိရသည်။ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ဖြစ်ပါက အရှေ့တောင်အာရှတွင် အကြီးဆုံးရေကာတာ စီမံကိန်းတစ်ခုဖြစ်သည့် မိုင်းတုံရေကာတာကို စီမံကိန်းလုပ်ဆောင်ရန် တရုတ်နှင့်ထိုင်းတို့က ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

The Ladies News Journal

စောင့်ကြည့်လေ့လာသူတွေရှိမယ်လို့ ပြောထားတဲ့ နိုဝင်ဘာ ၈ ရက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကြည်း၊ ရေ၊ လေ စစ်တပ်တွေမှာ မဲစာရင်းတွေ ဘယ်လိုထုတ်ပြန်ကြေညာမလဲ။ ဘယ်လိုစိစစ်ပြီးပြီလဲ။ မဲရုံတွေ အရေအတွက်အနေနဲ့ ဘယ်လောက်အထိရှိမလဲ။ စစ်တပ်ရဲ့ သဘောသဘာဝက မြို့ပြမှာ အခြေစိုက်တဲ့ တပ်တွေရှိသလို တချို့က နယ်စွန်နယ်ဖျား တောတောင်ထူထပ်တဲ့နေရာတွေမှာ တာဝန်အရ ရောက်နေကြတဲ့ စစ်သားတွေရှိတယ်။

သူတို့ရဲ့ မိသားစုဝင်တွေမှာလည်း တချို့က စစ်တပ်ကပေးထားတဲ့ အရာရှိရိပ်သာ အိမ်ထောင်သည်လိုင်းခန်းတွေ အဆောက်အအုံတွေမှာ နေထိုင်တဲ့သူတွေရှိကြတယ်။ အရာရှိမဟုတ်တဲ့ တခြားစစ်သားတွေ မိသားစုတွေကလည်း သူ့ရာထူးအဆင့်အတန်းနဲ့သူ စစ်တပ်ကပေးထားတဲ့ အဆောက်အအုံတွေ လိုင်းခန်းတွေမှာ နေထိုင်ကြတာတွေရှိတယ်။ လူပျို အရာရှိတွေကျတော့ စစ်ဆင်ရေးမထွက်ရတဲ့ အခါမျိုးမှာ ကိုယ်နဲ့သက်ဆိုင်တဲ့တပ်မှာ တည်ဆောက်ထားတဲ့ အရာရှိရိပ်သာ Officer Mess မှာနေတဲ့သူတွေရှိတယ်။

အရာရှိမဟုတ်တဲ့ တခြားစစ်သားတွေမှာလည်း သူ့ရာထူးအဆင့်နဲ့သူ သက်ဆိုင်ရာတပ်တွေက တည်ဆောက်ပေးထားတဲ့ လူပျိုစစ် သည်အဆောင်တွေ အဆောက်အအုံတွေမှာ နေကြတာရှိပါတယ်။ တချို့အရာရှိနဲ့ အရာရှိ မဟုတ်တဲ့ စစ်သားတွေကျတော့ စစ်တပ်က ပေးထားတဲ့ အဆောက်အအုံမှာ မနေကြဘဲ မြို့ထဲပြထဲ၊ ရပ်ထဲရွာထဲမှာ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်မိသားစုဆီမှာ အလုပ် တာဝန်ကအားလပ်တဲ့ အချိန်တွေကျရင်သွားပြီး နေထိုင်ကြတာလည်း ရှိတယ်။

စစ်တပ် ကြည်း၊ ရေ၊ လေမှာဆိုရင် ကြည်း တပ်တွေအနေနဲ့ကတော့ တိုင်းစစ်ဌာနချုပ်တွေ ရှိမယ်။ တပ်မတွေ၊ တပ်ရင်းတပ်ဖွဲ့တွေရှိမယ်။ နောက်တန်းမှာ တာဝန်ကျတဲ့အရာရှိနဲ့ အရာရှိမဟုတ်တဲ့ စစ်သားဆိုတာရှိသလို စစ်ကြောင်းထွက်နေရတဲ့ စစ်သားတွေလည်းရှိတယ်။ ရှေ့တန်းစစ်ဆင်ရေးထွက်ပြီး ရှေ့တန်းစခန်းအသီးသီးမှာ ရောက်နေကြသူတွေလည်းရှိတယ်။ သူတို့အတွက် မဲစာရင်းနဲ့ မဲရုံတွေကို ဘယ်လို သတ်မှတ်ထားမလဲ။

ဒါလည်း ရွေးကောက်ပွဲမှာ အရေးကြီးတဲ့ တစ်ကဏ္ဍဖြစ်တယ်။ ရှေ့တန်းမထွက်ရသေးတဲ့ တပ်တွေအနေနဲ့ ကိုယ့်ရဲ့တပ်ရင်းတပ်ဖွဲ့၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်မှာ ကိုယ့်နာမည်မဲစာရင်း ပါနေရင် အဲဒီ တိုင်း၊ တပ်မ၊ တပ်ရင်းတပ်ဖွဲ့ဧရိယာထဲက သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးလို့ရတယ်။ ရှေ့တန်းစစ်စခန်းထွက်နေကြရတဲ့ အရာရှိနဲ့ အရာရှိမဟုတ်တဲ့ စစ်သားတွေကျတော့ ဘယ်ဒေသ၊ ဘယ်နေရာ၊ ဘယ်မဲရုံမှာ မဲပေးကြမလဲ။ အရာရှိနဲ့ အရာရှိမဟုတ်တဲ့သူတွေရဲ့ မိသားစုတွေကတော့ သူတို့နေထိုင်ကြရတဲ့ နေရာဒေသမှာ သူတို့နာမည်မဲစာရင်း ပါခဲ့ရင် သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးလိုက်ရုံပါပဲ။ နယ်စွန်နယ်ဖျား နယ်ဒေသမျိုးစုံကို ရောက်နေပြီဆိုရင် အဲဒီအရာရှိတွေ၊ အရာရှိ မဟုတ်တဲ့ အခြားအဆင့် စစ်သားတွေဟာ ကိုယ့် နာမည်မဲစာရင်းပါနေတဲ့ ကိုယ့်အခြေစိုက်တပ်တွေကို ပြန်ပြီးမဲပေးဖို့ဆိုတာ ခရီးအလှမ်းကွာဝေးတဲ့အတွက် မဖြစ်နိုင်ဘူး။

ရေတပ်ဆိုရင်လည်း အခြေစိုက်ရေတပ် စခန်းဌာနချုပ်တွေရှိသလို တချို့က စစ်သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေရှိတယ်။ သူတို့လည်း ဘယ်နေရာမှာ မဲပေးကြမလဲ။ သူတို့အတွက် မဲပေးစနစ်ကဘယ်လိုလဲ။ ဒါလည်း အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးပါတယ်။ လေတပ်ဆိုရင်လည်း သက်ဆိုင်ရာ လေတပ်စခန်းဌာနချုပ်တွေရှိနေတယ်။ တိုက်လေယာဉ်အုပ်စုတွေကတော့ လေယာဉ်ပျံသန်းတာဝန်ထမ်းဆောင်နေတဲ့အချိန်ကလွဲရင် ကိုယ့်ရဲ့သက်ဆိုင်ရာ လေတပ်စခန်းဌာနချုပ်၊ ကိုယ့်ရဲ့တပ်စခန်း၊ ကိုယ့်ရဲ့လေယာဉ်အုပ်စုမှာ မဲစာရင်းအရ သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးလို့ရနိုင်လိမ့်မယ်ထင်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်တွေက တော်တော်လေးကို နီးကပ်လာပြီဖြစ်တယ်။ ကြည်း၊ ရေ၊ လေ စစ်သားအားလုံးနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ မဲပေးပိုင်ခွင့်ရှိသူတွေစာရင်းကို စစ်မှုထမ်းမဟုတ်တဲ့ သာမန်အရပ်သူအရပ်သားတွေရဲ့ မဲစာရင်းလိုပဲ စက်တင်ဘာလလယ် ၂၀၁၅ အတောအတွင်းမှာ ပြည့်ပြည့်စုံစုံနဲ့ ရွေးကောက် ပွဲကော်မရှင်တွေက လူသိထင်ရှား တရားဝင် ထုတ်ပြန်ကြေညာပေးမှသာ ပြည်သူလူထုအား လုံးဘက်က သိရပြီး ပွင့်လင်းမြင်သာမှုရှိမယ်လို့ ယူဆမိပါတယ်။

ဒါက ရှင်းရှင်းလင်းရှိရတော့မယ့် ကိစ္စပဲဖြစ်တယ်။ စစ်တပ်ရဲ့သဘောသဘာဝမှာ တိုင်းစစ်ဌာနချုပ်တွေ၊ စခန်းဌာနချုပ်တွေ၊ တပ်မတွေ၊ တပ်ရင်းတပ်ဖွဲ့တွေမှာ လူအ၀င်အထွက် စာရင်းက ပုံမှန်မဟုတ်ဘူး။ ဒီနေ့ဒီနေရာမှာ ဒီအရာရှိနဲ့ ဒီစစ်သားတွေရှိနေပေမယ့် နောက်နေ့ဆို တခြားတစ်နေရာကို ခရီးထွက်ရင် ထွက်သွားရတာမျိုးရှိတယ်။ နောက်ပြီးတော့ စစ်ဆင်ရေးတွေမှာ ဒဏ်ရာရလို့ စစ်ဆေးရုံပို့ထားရတဲ့ စာရင်း၊ ရိုးရိုးနာမကျန်းဖြစ်လို့ ဆေးရုံတက် နေရတဲ့သူတွေရဲ့ စာရင်းလည်းရှိစမြဲပဲ။ နောက်ပြီးစစ်တပ်ရဲ့ သဘောသဘာဝအရ ရိုးရိုးနုတ် ထွက်ခွင့်ရလို့ တပ်ကထွက်သွားတဲ့သူ၊ ဆေးအဆင့်နိမ့်ကျပြီး တပ်ကထွက်သွားတဲ့သူ၊ ပြစ်မှုပြစ်ဒဏ်ကြောင့် တပ်တွင်းအချုပ်မှာ ပြစ်ဒဏ် ကျခံနေရတဲ့သူ၊ ပြစ်မှုပြစ်ဒဏ်အမျိုးအစားကို လိုက်ပြီး တပ်က အပြီးထုတ်ပယ်တာခံလိုက်ရ တဲ့သူ၊ တပ်က ရိုးရိုးထုတ်ပယ်ပစ်လိုက်တာမျိုး မဟုတ်ဘဲ သူ့ရဲ့ပြစ်မှုပေါ်မှာမူတည်ပြီး အရပ်ဘက်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံစေပြီးမှ တပ်ကထုတ်ပယ်တာခံရတဲ့ သူတွေရဲ့ လူဝင်လူထွက်စာရင်းဇယားဆိုတာမျိုးကလည်း စစ်တပ်တိုင်းမှာ ရှိနေတတ်တယ်။

ရှေ့တန်းစစ်ဆင်ရေးထွက်နေရင်း တိုက်ပွဲမှာ မမျှော်လင့်ဘဲ ကျဆုံးသွားကြလို့ ကျဆုံး စစ်သည်စာရင်းထဲမှာ ဖြည့်လိုက်ရတဲ့သူတွေ လည်းရှိလိမ့်မယ်။ ဒါ့အပြင် တချို့စစ်ဆင်ရေးတွေ တိုက်ပွဲတွေမှာ ရင်ဆိုင်တိုက်ပွဲဝင်နေရင်း ကိုယ့်ရဲ့ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့နဲ့ လုံးဝအ ဆက်အသွယ် ပြတ်တောက်သွားပြီး စစ်မြေပြင်မှာ ပျောက်ဆုံးသွားတဲ့ ပျောက်ဆုံးနေတဲ့ အရာရှိနဲ့ တခြားအဆင့်စစ်သားတွေရဲ့စာရင်း ဇယားဆိုတာမျိုးကလည်း စစ်တပ်တွေမှာရှိ နေမှာဖြစ်တယ်။

အထွေထွေရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ တာဝန်ဝတ်္တရားအရ မိမိရဲ့ပင်မတပ်ကနေပြီး ခရီးထွက်ရတော့မယ့် အရာရှိနဲ့ အရာရှိမဟုတ်တဲ့ အခြားအဆင့်စစ်သားတွေအတွက် သူတို့မှာ မဲပေးပိုင်ခွင့် မဲစာရင်းထဲမှာ နာမည်လည်းပါပြီးသားဆိုရင် သူတို့ရဲ့မဲပေးပုံပေးနည်းကို ဘယ်လိုသတ်မှတ်ထားလဲ။ ကိုယ့်ရဲ့တပ်မနဲ့ တပ်ရင်းတပ်ဖွဲ့မှာပဲ တာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာ အသီးသီးအသက ကြိုတင် ဆန်္ဒမဲတွေပေးသွားကြမှာလား။ သူတို့ပေးသွားမယ့် ကြိုတင်မဲတွေကို ဘယ်လိုစနစ်တကျထိန်းသိမ်းမလဲ။ ဘယ်လိုစောင့်ကြည့်လေ့လာသူတွေ ရှေ့မှောက်မှာ မဲဆန္ဒပေးခွင့်ပြုမလဲ။

အဲဒီကြိုတင်မဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပေးသွားကြရမှာလဲ။ လျှို့ဝှက်စနစ်လား၊ ဘယ်နေ့ဘယ်ရက်မှာ မဲအရေအတွက်ကို ဘယ်လို ရေတွက်မလဲ။ အရပ်ဘက်လူမှုပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းမှာဆိုရင် မဲရုံတွေမှာ စောင့်ကြည့်လေ့လာသူတွေ ရှိနေမယ်လို့သိရတယ်။ ဒါဆိုရင် ကြည်း၊ ရေ၊ လေ စစ်တပ်နဲ့သက် ဆိုင်တဲ့ မဲရုံတိုင်းမှာ နိုင်ငံတကာစောင့်ကြည့် လေ့လာသူတွေကိုရော၊ ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေရော ဘယ်နေ့ဘယ်ရက် စပြီးလာရောက်စောင့်ကြည့်ခွင့်ပေးမှာလဲ။

စစ်သားတွေဟာ သူ့သက်ဆိုင်ရာ တိုင်း၊ တပ်မ၊ တပ်ရင်းတပ်ဖွဲ့တွေကနေပြီး စစ်သားဦးရေ အရေအတွက်အရ ခရီးထွက်ခွာတာတို့ စစ်မြေပြင်စစ်ဆင်ရေးတွေကို ထွက်ခွာရတော့မှာမို့ မဲစာရင်းအရ သူတို့အားလုံးဟာ ကြိုတင်မဲပေးသွားပိုင်ခွင့်ရှိပြီဆိုရင် သက်ဆိုင်ရာ နယ်မြေဒေသအသီးသီးက ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အချိန်နဲ့တစ်ပြေးညီ အဲဒီ တိုင်း၊ တပ်မ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုဆောင်ရွက်ကြမလဲ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကြည်း၊ ရေ၊ လေ တွေက တိကျတဲ့ မဲပေးပိုင်ခွင့်ရှိသူစာရင်းဇယား၊ သူလက်ရှိတာ ၀န်ထမ်းဆောင်နေတဲ့ တပ်၊ စခန်း၊ လေယာဉ်၊ စစ်ရေယာဉ်၊ သူ့ရဲ့အမည်၊ အဆင့်၊ ကိုယ်ပိုင် အမှတ်၊ အဖအမည် စသည် ...စသည်ဖြင့် ခွဲခြားဖော်ပြရင်း သူ့ရဲ့မဲစာရင်းဟာ ဘယ်နေရာမှာ ပါဝင်နေပြီး သူမဲပေးတော့မယ်ဆိုရင် ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတာကိုပါ အများ ပြည်သူလူထု မြင်သာထင်သာရှိအောင် ကြိုး ပမ်းလုပ်ဆောင်ပေးနိုင်ဖို့လည်း အထူးပဲလိုအပ် နေပြီဖြစ်တဲ့ အချိန်ကာလဖြစ်နေပါတယ်။

အပြင်လောက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေမှာ မဲစာရင်းကျန်တာ၊ အဖအမည် မှားယွင်းတာ၊ မဲစာရင်းမှားတာတွေ အများကြီး စပြီးဖြစ်နေတုန်းကတည်းက တစ်ပြိုင်တည်းမှာပဲ ကြည်း၊ ရေ၊ လေ စစ်တပ်တွေနဲ့ သက်ဆိုင်တဲ့ မဲစာရင်းဇယားတွေကို တာဝန်ရှိရွေး ကောက်ပွဲကော်မရှင်တွေက တပ်စခန်းအသီးသီးက တာဝန်ရှိသူတွေနဲ့ လှမ်းဆက်သွယ် သွားရောက်တွေ့ဆုံညှိနှိုင်းပြီး စိစစ်ပေးဖို့လိုအပ်ခဲ့ တာကိုလည်း အချိန်မီ သတိပေး ထောက်ပြလိုပါတယ်။ အဲဒီနေ့က၊ အဲဒီနေရာမှာတော့ မဲပေးပြီးသား။ ဒါပေမဲ့ ဟိုနေရာမှာ မဲစာရင်းထပ် ပြီးပါနေလို့ ထပ်ပြီးမဲပေးလိုက်တယ်ဆိုတဲ့ အသံမျိုးတွေနဲ့ တိုင်းပြည်အတွက် အရေးကြီးလှ တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ သရုပ်သဏ္ဌာန်ကို ဟန်ချက်တွေလွဲပြီး တန်ဖိုးလည်း ကျဆင်းသွားမှာ စိုးရိမ်မကင်းဖြစ်မိတယ်။

နောက်တစ်ခုကတော့ ကိုယ်က ဒီပါတီထဲက တရားဝင်နုတ်မထွက်ရသေးဘဲနဲ့ မဲဆန္ဒနယ်ပယ်တစ်ခုကနေပြီး တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းအနေနဲ့ အရွေးခံမယ်ဆိုတဲ့ ကိစ်္စတွေဟာလည်း အခုအချိန်မှာ ပြတ်ပြတ် သားသားနဲ့ အများပြည်သူလူထု မြင်သာထင် သာရှိလာအောင် ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ကြေညာဖို့ အချိန်ရောက်နေပြီလို့ ပြော ချင်တယ်။ နောက်တစ်ခု သေချာရေရာမှုမရှိဘဲ ဖြစ်နေသေးတာက ဘာလဲဆိုရင် ကြည်း၊ ရေ၊ လေ စစ်တပ်တွေရဲ့ ပြင်ပက နိုင်ငံရေးပါတီတွေကနေပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် စသဖြင့်ပေါ့လေ မြို့နယ်အထိ ကျေးရွာအထိပေါ့။ အဲဒီ ရွေးကောက်ပွဲကော်မရှင်တွေ နဲ့အတူ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း ပါဝင်ပြီးတော့ပေါ့။ မဲပေးပိုင်ခွင့် အမှန်တကယ်ရှိတဲ့ လူဦးရေစာရင်းဇယားတွေကို မှန်ကန်အောင်၊ တိကျသေချာရေရာအောင် ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်လည်း ရွေးကောက်ပွဲရက်က တော်တော့်ကို နီးကပ်လာနေပြီဖြစ်တယ်။

အချိန်ရှိခိုက်မှာ လုံ့လစိုက်ပြီး ၀ိုင်းကြ၀န်းကြ စာရင်းဇယားကိစ်္စတွေ ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင် အဲဒီနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်တွေကို မြန်မာစစ်တပ်လို့ ဆိုရမယ့် ကြည်း၊ ရေ၊ လေ စစ်တပ်တွေကတော့ ပူးပေါင်းဆောင်ရွက်ပေးရင် အထွေထွေ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့အရှိန်အ၀ါ အစဉ်အလာဟာ ပိုပြီးအရောင်ပိုတောက်ပလာ လိမ့်မယ်လို့ ထင်မိတယ်။ ယူဆမိတယ်။ နောက်ပြီး မဲဆွယ်စည်းရုံးခွင့်ကိစ်္စ။ ဒီကိစ်္စကို စက်တင်ဘာ ၈ ရက် ၂၀၁၅ နေ့ကစပြီး ရွေးကောက် ပွဲဝင်ကြတော့မယ့် ပြည်သူ့ကိုယ်စားလှယ်တွေက မဲဆွယ်စည်းရုံးခွင့်ရကြတော့မယ်လို့ သိရ တယ်။ မဲဆွယ်စည်းရုံးတယ်ဆိုတာတော့ ဟုတ်ပါပြီ။ အရပ်ဘက် လူနေမှုဝန်းကျင်တစ်ခွင်မှာပဲ မဲဆွယ်စည်းရုံးခွင့်ရပြီး ကြည်း၊ ရေ၊ လေ စစ် သားတွေရှိတဲ့ တပ်စခန်းတွေနားမှာ သွားပြီး စည်းရုံးခွင့်၊ ပြောဆိုခွင့်ရှိကြရဲ့လား။

ရုပ်မြင်သံကြားအစီအစဉ်တွေကတစ်ဆင့် စည်းရုံးမဲဆွယ်စကားကို နိုင်ငံရေးပါတီဝင် ကိုယ်စားလှယ်လောင်းတွေက ပြောကြပြီဆိုရင်လည်း ကြည်း၊ ရေ၊ လေ စစ်တပ်တွေထဲမှာ လွတ်လွတ်လပ်လပ် ကြည့်ရှုနားထောင်ခွင့်ရှိကြရဲ့ လား။ ဒါကို ဘာလို့ပြောရတာလဲဆိုတော့ န၀တနဲ့ နအဖ စစ်အစိုးရတွေ လက်ထက်တုန်းက ကြည်း၊ ရေ၊ လေ စစ်တပ်တွေထဲမှာ DVB, BBC , VOA , RFA အသံလွှင့်ဌာနတွေက အသံလွှင့်ချက်တွေကို နားမထောင်ကြနဲ့၊ နားထောင်ရင် ကြီးလေးတဲ့အပြစ်ပေးမယ်ဆိုပြီး စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ အဖွဲ့က ဖိနှိပ်ချုပ်ချယ်ထားခဲ့လို့ပါပဲ။
ကြည်း၊ ရေ၊ လေ စစ်သားတွေဆိုတာဟာလည်း သီးခြားရပ်ဝန်းတစ်ခုထဲက သီးခြား လူသားတွေလိုမျိုး ပုံစံသွင်းတာခံခဲ့ကြရတယ်။ ရုပ်မြင်သံကြား ဖွင့်ကြည့်တာတောင်မှ ကိုယ်ကြည့်ချင်တဲ့ ရုပ်သံလိုင်းကို ဖွင့်မကြည့်ရဲအောင် စစ်အာဏာရှင်ကြီးတွေက ဖိနှိပ်ကန့်သတ်ထား ခဲ့ကြတယ်။ ရေဒီယိုအသံလွှင့်တာ နားထောင် ကြတာတောင်မှ ကိုယ်နားထောင်ချင်တဲ့ သတင်းအစီအစဉ်လိုင်းကို ဖွင့်ပြီးနားထောင်ဖို့အခွင့်အရေး ပိတ်ပင်တားဆီးထားတာကို ခံခဲ့ကြရတယ်။ အဲဒီလောက် ကန့်သတ်၊ ဖိနှိပ်၊ ချုပ်ချယ်ထားတာတောင်မှ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတုန်းက ဆန်္ဒမဲရလဒ်တွေကို ပြန်ပြီးကြည့်လိုက်ပါ။ ကြည်း၊ ရေ၊ လေ စစ်တပ်တွေက အရာရှိနဲ့ အရာရှိမဟုတ်တဲ့ အခြားအဆင့်စစ်သားတွေ၊ စစ်တပ်မိသားစုဝင်တွေ အများဆုံးအခြေချတပ်စခန်းချပြီး နေထိုင်သွားလာလှုပ်ရှားနေတဲ့ မြို့တွေ၊ နယ်တွေ မဲဆန္ဒနယ်မြေတွေမှာ တစ်ခဲနက်ယုံကြည်လေးစားစွာ မဲပေးခဲ့ကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲဖြစ်ပါတယ်။ အဲဒီတုန်းက ဗထူးတပ်မြို့၊ မင်္ဂလာဒုံ၊ ပြင်ဦးလွင်နဲ့ ပင်လယ်ထဲမှာ ရေတပ် အခြေစိုက်စခန်းရှိတဲ့ ကိုကိုးကျွန်းအပါအ၀င် မဲဆန္ဒရှင်တွေရဲ့ ဆန်္ဒမဲပြားတွေဟာ သမိုင်းဝင် ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၅ မှာလည်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်၊ ရဲရဲမျှော်မှန်းပြီး ရဲရဲမဲပေးကြလိမ့် မယ်လို့ ယုံကြည်တယ်။

ဆောင်းဝင်းလတ်

The Ladies News Journal ပါ ဆောင်းပါး

 mabatha-celebrate-620.jpg မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့စဉ်

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေ ၄ မျိုးကို အောင်အောင်မြင်မြင် ပြဌာန်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဒီကနေ့ အောင်မြင်မှု အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ပိဋကတ်သုံးပုံနိကာ စာသင်တိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားဟာ မဘသအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်း မဘသ ဗဟိုဦးဆောင် အဖွဲ့ဝင် ရှေ့နေဦးပိုင်က ပြောပါတယ်။

"မဘသအဖွဲ့အစည်းတွေကတော့ ဆရာတော်ကြီးတွေနဲ့ ဘာသာရေး လူမှုရေး ပရဟိတအသင်းအဖွဲ့တွေ နဲ့ ပေါင်းစည်းပြီးလုပ်တာဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရနဲ့ လုံးဝမသက်ဆိုင်ပါဘူး၊ အဲတော့ ကောလာဟလတွေ ကတော့ ရှိနေဦးမှာပါပဲ၊ ဖြစ်ပေါ်နေတဲ့ ကောလာဟလတိုင်းကို လိုက်ပြီးရှင်ရမယ်ဆိုရင် ရှင်းလို့တောင်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တော့ ကိုယ့်လုပ်ငန်းစဉ်လုပ်ရပ်မှန်အောင် ပန်းတိုင်ကိုရောက်အောင်သွားဖို့ စီစဉ်ထားပါ တယ်၊ တော်သလင်းလဆန်း ၁ ရက်ကစပြီး လပြည့်နေ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်၊ တော်သလင်း လပြည့်နေ့ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဘသဗဟိုကနေ ဦးဆောင်ပြီးတော့ အခမ်းအနားကြီးတစ်ခုကို ကျင်းပမှာဖြစ်ပါတယ်၊ ကျင်းပမယ့်နေရာကိုလည်း ရွေးချယ်ပြီးတော့ ဆောင်ရွက်နေပါပြီ"

အခမ်းအနားမှာ မဘသဆရာတော်တွေက တက်ရောက်လာတဲ့ ပရိသတ်ကို ဥပဒေတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကတော့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ တို့ဖြစ်ပါတယ်။

မဘသအဖွဲ့အနေနဲ့ အခုလို အမျိုးစောင့် ဥပဒေအောင်မြင်မှု အခမ်းအနားတွေကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံးမှာ ကျင်းပသွားမှာဖြစ်ပြီး၊ ချင်းတောင်တန်းဒေသဘက်ကို မွန်ပြည်နယ်အခြေစိုက် မဘသ ဆရာတော် ဘုရားကြီးတွေက ဦးဆောင်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/mabatha-celebrates-legislation-nationalistic-laws-09142015103927.html

voters-lists-rakhine-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့က ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာကြည့်သူတချို့ကို တွေ့ရစဉ်

လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရပ်ကွက် ၊ ကျေးရွာကော်မရှင်ရုံးခွဲတွေမှာ ဒီနေ့စတင်ကြေညာလိုက်ပြီး မဲစာရင်းမှားယွင်းမှုတွေရှိရင် နှစ်ပတ်အတွင်း ပြင်ဆင် ခွင့်ရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကြိမ်ထုတ်ပြန်ခဲ့တဲ့မဲစာရင်းတွေထက် အခုတစ်ကြိမ်ဟာ အရေအတွက်ပိုများလာပြီး ရခိုင်ပြည်နယ် မှာဆိုရင် မဲပေးခွင့်ရှိသူ ၆သောင်းကျော်လောက် တိုးလာတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။

"ပထမဆုံးကပ်ထားကြေညာတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာတော့ ၁၃ သိန်းကျော် အဲ့လိုကပ်ထားရင်း နဲ့ ကြေညာခဲ့ရင်းနဲ့ ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ ကန့်ကွက်တာတွေလုပ်တဲ့အခါ အခုနောက်ဆုံး ဒီနေ့ကပ်တဲ့ မဲဆန္ဒရှင်စာရင်းကတော့ ၁၄ သိန်း ၂ သောင်းကျော်တက်လာတာ တွေ့ရပါတယ်"

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ တစ် ဒဿမ လေးသန်း (၁၄သိန်း) ကျော်ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက ဟင်္သာတခရိုင်မှာ ရေဘေးသင့်တဲ့မြို့နယ် ၆ မြို့နယ်ရှိတာကြောင့် မဲစာရင်းကို ရွှေ့ဆိုင်းထား လိုက်ပြီး ဘယ်တော့ကြေညာမလဲဆိုတာတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒီနေ့ထုတ်ပြန်တဲ့ မဲစာရင်းတွေထဲမှာ နာမည်နဲ့ မှတ်ပုံတင်နံပါတ် မှားယွင်းနေတာတွေ ရှိနေဆဲဖြစ်ပြီး အရင်က စာရင်းမှာ ပါပေမယ့် အခုတကြိမ်မှာ မပါတာတွေရှိသလို ပြီးခဲ့တဲ့နှစ်ကြိမ် မဲစာရင်းမှာ မပါလို့ ပြန်လျှောက်ထားပေ မယ့် အခုချိန်ထိ မပါသေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းဟာ နောက်ဆုံးဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို သွားရောက်ကြည့်ရှု ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

တစ်နိုင်ငံလုံးအနှံ့ မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၃ သန်းနီးပါးရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောထားပါတယ်။

RFA
http://www.rfa.org/burmese/news/voter-listes-still-wrong-09142015102013.html

 election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းလျှောက်ထားသူ ၆၁၈၉ ယောက်ရှိရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် တင်ထားသူ ၁၀၀ ကျော် ပယ်ချခံရပြီး နောက်ဆုံးစာရင်းအရ ကိုယ်စားလှယ်လောင်း ၆၀၆၅ယောက်သာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်း တစ်ရာကျော်ထဲမှာ ရန်ကုန်တိုင်းက အများဆုံး ပယ်ချခံရတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"ရန်ကုန်တိုင်းမှာက ၃၁ ယောက်ပယ်ပါတယ်ခင်ဗျ၊ ပြည်သူ့လွှတ်တော်က ၁ဝ ယောက်၊ အမျိုးသားလွှတ်တော်က ၅ ယောက်၊ တိုင်းဒေသကြီးအမှတ် (၁) မှာက ၁ဝ ယောက်၊ တိုင်းဒေသကြီးအမှတ် (၂) မှာက ၆ ယောက်၊ အားလုံး ၃၁ ယောက်၊ ရန်ကုန်တိုင်းမှာ ၃၄ ပါတီပြိုင်တယ်၊ ရန်ကုန်တိုင်းမှာ အခြေပြုတဲ့ပါတီက ပါတီ ၄ဝ ရှိတဲ့အတွက်ကြောင့် ရန်ကုန်က အများဆုံးဖြစ်နေတယ်"

ရွေးကောက်ပွဲဝင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ရက်နေ့အထိ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားတဲ့ ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ရှိခဲ့ တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နေရာရှိပြီး အဲဒီထဲက ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြို့နယ် ၄ ခုမှာ အမည်စာရင်း တင်သွင်းသူမရှိတဲ့အတွက် မဲဆန္ဒနယ် ၁၁၅၉ နေရာသာ ကျန်ပါတော့တယ်။

ပယ်ချခံရတဲ့ စာရင်းထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတွေအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

RFA
http://www.rfa.org/burmese/news/one-hundred-candidates-reject-09142015100626.html

 nca-aungmin-620 အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦအောင်မင်းနဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်တို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ်

တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပွဲကို လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၇ဝ ကျော်နဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက် တာဖြစ်ပါတယ်။

"တိုင်းရင်းသားများ၊ လက်နက်ကိုင်ခေါင်းဆောင်များမှ တောင်းဆိုချက်အရ ကျနော့်အနေနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့တွေ့ဆုံပွဲကို အခုပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ စီစဉ်ကျင်းပခဲ့ပါတယ်၊ ညှိနှိုင်းစရာတွေ ညှိနှိုင်းပြီးပြီဖြစ်လို့ သမ္မတကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ NCA လက်မှတ်ထိုးဖို့ကို အတည်ပြုခဲ့ပြီး တိုင်းရင်းသားများဘက်က အောက်တိုဘာဒုတိယပတ်မှာ ကျင်းပဖို့အဆိုပြုခဲ့ပါတယ်၊ ဒါကြောင့်မို့ နှစ်ဘက်ညှိနှိုင်းပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ပထမအပတ်ထဲမှာ လက်မှတ်ထိုးပွဲကြီး ကျင်းပနိုင်တော့မှာဖြစ်ကြောင်း ဒီနေ့ အခမ်းအနားမှာ အသိပေးပြောကြားလိုပါတယ်"

အဲ့ဒီလက်မှတ်ရေးထိုးပွဲကို အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့လက်မှတ်ထိုးဖို့ သေချာပြီလို့ လည်း ပြောပါတယ်။

အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်တပ်မတော်၊ ပလောင်လွတ်မြောက်ရေး TNLA နဲ့ ရခိုင့်တပ်မတော် တို့နဲ့လည်း သီးသန့်ဆွေးနွေးပြီး လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်မှတ်ရေးထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့အတွက် မူဘောင်တွေ ရေးဆွဲရမှာဖြစ် ပြီး ၃ လအတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရမယ်လို့ NCA မှာပါရှိတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို နောက်နှစ်ဇန်နဝါရီလ ပထမပတ်အတွင်း စတင်မှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/nca-signing-held-on-october-first-week-09142015075510.html


 နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်း ခွင့်ပြုချက်တင်ပြီး NLD အောင်နိုင်ရေးကော်မတီ က မော်တော်ယာဉ်တန်းများဖြင့် စည်းရုံးလှည့်လည်နေသော ယာဉ်တန်းအား စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီအချိန်တွင် အောင်ဇမ္ဗူရပ်ကွက်အုပ်ချုပ်ရေးမှူးက တားဆီးမှု ပြုခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် NLD အောင်နိုင်ရေးအဖွဲ့တို့ အခြေအတင်စကားများမှုဖြစ်ပေါ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအထိ သွားရောက်ဖြေရှင်းခဲ့ရသည့်ပြဿနာတခု ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၁၄ ရက် ၁၂း၄၅ နာရီအချိန်ခန့်တွင် NLD အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှိုင်မင်းဦးက ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း News Watch သို့ ပြောကြားခဲ့သည်။

''ကျွန်တော် ဇမ္ဗူသီရိမြို့နယ်ရဲ့ NLD အောင်နိုင်ရေးဥက္ကဋ္ဌ ကိုလှိုင်မင်းဦးပါ။ ဒီနေ့မနက် ၉း၀၀ နာရီမှစပြီး မဲဆွယ် စည်းရုံးရေးခရီးကို ယာဉ်တန်းနဲ့ လှည့်ပါတယ်။ မဲဆွယ်စည်းရုံးရေးဆိုတာထက် ပြည်သူလူထု မဲပေးခွင့်ရအောင် မဲစာရင်းမှာ ပါမပါ စိစစ်နိုင်ကြဖို့အတွက် လှုံ့ဆော်ခြင်းဖြစ်ပါတယ်။ ဒီလိုလှုံ့ဆော်တဲ့အခါမှာ နေပြည်တော်ကောင်စီ ရှေ့ရပ်ကွက်အရောက်မှာ အချိန်အားဖြင့် ၁၁း၂၀ နာရီအချိန်မှာ ကျွန်တော်တို့ ယာဉ် တန်းကို ရပ်ကျေးအုပ်ချုပ်ရေးမှူးက လာပြီး တားပါတယ်''ဟု ပြောကြားသည်။

၎င်းက ဆက်လက်၍ ''ကျွန်တော်တို့လှည့်နေတာ ရွေးကောက်ပွဲကော်မရှင်မှာ စာမတင်ရသေးဘူး။ ခွင့်ပြုချက် မရသေးဘူးဆိုပြီး အသံချဲ့စက်ခွင့်ပြုမိန့်ကို ရုပ်သိမ်းပါတယ်လို့ပြောပြပါတယ်။ ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က တားခိုင်းလို့ တားရခြင်းဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ ၁၁း၂၀ နာရီမှာရပ်ပြီး ရပ်ကျေးအုပ်ချုပ်ရေး မှူးရုံးမှာ ဖြေရှင်းပါတယ်။ အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မကျသေးလို့ တားရခြင်းဖြစ်ကြောင်း ခင်ဗျားတို့မှာ လုပ် ပိုင်ခွင့်မရှိကြောင်း ပြောပြီးတားပါတယ်''ဟု ဆိုသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံဖြေရှင်းခဲ့ရကြောင်း ပြောကြားသည်။
''တွေ့တဲ့အခါမှာ ဦးဝင်းရွှေက ရွေးကောက်ပွဲကော်မရှင်သို့ တင်စာမိတ္တူ သူ့ဆီမရောက်လို့ တားရတာလို့ ပြောပါတယ်။ ကျွန်တော်က စနေနေ့ မနက် ၁၁း၂၀ နာရီမှာ စာတင်ခဲ့ကြောင်းပြောတော့ ဦးဝင်းရွှေက သူ့ဝန်ထမ်းကိုခေါ်ပြီး မေးပါတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းတဦးက စာယူလာပေးပါတယ်။ ဥပဒေအရ ကျွန်တော် တို့က စာတင်ပြီးဖြစ်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လှည့်လည်မည့်လမ်းကြောင်းတွေကို စာတင် ပြီဆိုတာနဲ့ ခွင့်ပြုမိန့်စောင့်စရာမလိုဘဲ မဲဆွယ်စည်းရုံးခွင့်ပြုရမယ်ဆိုပြီး ကြေညာထားမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ခွင့်ပြုချက်စောင့်စရာမလိုဘဲ အခုလို လှည့်လှည်စည်းရုံးတာပါ။ ဒါကိုမှ သူ့ဆီ စာမရောက်လို့ မသိလို့တားတယ် ဆိုတယ်။ အခုတော့ အောက်ခြေမှာ စာတင်ထားတာ အထက်က မသိလို့ပါ။ တားမိတာပါ၊ ဆက်လုပ်ပါဆိုပြီးတော့ အုပ်ချုပ်ရေးမှူးဦးဝင်းရွှေက ပြောပါတယ်''ဟု အောင်နိုင် ရေးဥက္ကဋ္ဌ ကိုလှိုင်မင်းဦးက News Watch ကို ပြောပြပါတယ်။

NLD အောင်နိုင်ရေးဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေအား ''ကျွန်တော်တို့တင်ခဲ့တာ စနေနေ့ ၁၁း၂၀ နာရီ အခုချိန်ထိ မသိဘူးဆိုတော့ ခင်ဗျားတို့ပဲ စီမံခန့်ခွဲမှုညံ့နေလို့လား။ ၀န်ထမ်းတွေပဲ အလုပ် မလုပ်လို့ ဒီလိုဖြစ်တာလား''ဟု ပြောဆိုခဲ့ကြောင်း News Watch ကို ပြောကြားသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မဲစာရင်းမှာ မိမိနာမည် ပါမပါ လာစစ်ဆေးဖို့ တိုက်တွန်း (ဓာတ်ပုံ - အောင်နေမျိုး) (Credit: ABC Licensed) 
 မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​မဲပေးနိုင်မယ့် ​မဲဆန္ဒရှင်တွေရဲ့ ​စာရင်းကို ​ဒီကနေ့ ​ကစပြီး ​ဒုတိယအကြိမ် ​ကြေညာလိုက်ပြီ ​ဖြစ်ပါတယ်။

မဲစာရင်းကို ​၁၄ ​ရက်ကြာ ​ကြေညာထားမှာဖြစ်ပြီး ​မဲပေးခွင့်ရှိသူတွေအနေနဲ့ ​မဲစားရင်းမှာ ​မိမိနာမည် ​ပါမပါကို ​သွားရောက်ကြည့်ရှုကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

မဲစာရင်းမှာ ​ကိုယ့်နာမည် ​မပါတာတွေနဲ့ ​အချက်အလက် ​မှားယွင်းတာမျိုး ​ဖြစ်နေရင် ​နှစ်ပတ်အတွင်း ​ပြင်ဆင်ကြဖို့ ​တိုက်တွန်းထားပါတယ်။

ဒါဟာ ​နောက်ဆုံးအကြိမ် ​မဲစာရင်းပြင်ဆင်မှု ​ဖြစ်တဲ့အတွက် ​လာရောက် ​စစ်ဆေးကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

အရင်တစ်ခေါက်တုန်းက ​မဲစာရင်းမှာ ​အမှားတွေ ​အများအပြားပါတဲ့အတွက် ​ရွေးကောက်ပွဲ ​ကော်မရှင်အတွက် ​မျက်နှာ်ပျက်ခဲ့ရပြီး ​အခုတခါ ​ပြင်ဆင်မှုတွေလုပ်ပြီး ​ဒုတိယအကြိမ် ​ကြေညာတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တောင်ကျရေကျ ဆင်းခဲ့ခြင်းကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ချင်းပြည်နယ် တွန်ဇံမြို့နယ် ဟားခါးလေး (သို့) တွီးခိဇန် ကျေးရွာဟာ ယခုအခါ လူနေထိုင်ရန်မဖြစ်နိုင်တော့သဖြင့် ယင်းမြို့နဲ့သုံးမိုင်ခန့် အကွာ တွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ “အရင်နေရာက လုံးဝနေထိုင်လို့ မရတော့ ဘူးပေါ့။ အိမ်အသစ်ပြန်ဆောက်ပေး ဖို့ကတော့ အလှူရှင် တွေ ရှိရင်တော့ ဆောက်ပေးဖြစ် မယ်။ နိုင်ငံတော် က လဲ ဆောက်ပေးနိုင် ဖို့ စီစဉ်နေ ပါတယ်” ဟု ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်အေး က ပြောကြောင်း အင်တာနက် တွင် ဖော်ပြသည်။

အဆိုပါ ဟားခါးလေးကျေးရွာဟာ တောင်ပေါ်မှ စီးကျလာသော ရွှံ့နွံများကြောင့် နေအိမ် တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ပြီး ယခုအချိန်အထိ နေထိုင်ရန်မဖြစ်နိုင်သောကြောင့် လောလောဆယ် ယာယီ ရွက်ဖျင်တဲများဖြင့် ဆောက်လုပ်ထားသော တဲများတွင် နေထိုင်နေရခြင်းဖြစ်သည်။

ဟားခါးလေးကျေးရွာကို ဌာနဆိုင်ရာ၊ အင်န်ဂျီအို၊ လူမှုရေးအဖွဲ့တွေက လာရောက်အကူအညီပေးနေကြောင်း၊ ယခုအခါ ယာယီကျောင်းဆောင် ဆောက်ပြီး ကျောင်းဖွင့်ပေးထားကြောင်း နှင့် ပြီးခဲ့သည့် စက်တင်ဘာလဆန်းတုန်း ကလည်း အနီးအနားကျေးရွာများမှ လူငယ်များ ရာနဲ့ချီလာရောက်ပြီး ယာယီတဲများတည်ဆောက်အကူအညီပေးခဲ့ကြ ကြောင်း သိရသည်။

တွန်းဇံမြို့နယ်မှ တွီးခိဇန်ကျေးရွာတွင် တွီးခိဇန်(က)ကျေးရွာနှင့် တွီးခိဇန်(ခ)ကျေးရွာဟူ၍ကျေးရွာ နှစ်ရွာရှိပြီး ယခုဖြစ်စဉ်သည် တွီးခိဇန် (ခ)ကျေးရွာတွင် ကြုံတွေ့ရခြင်းဖြစ်ကာ ဩဂုတ်လအစောပိုင်းတွင် လည်း ရေကြီး ခဲ့  ခြင်းကြောင့် တွီးခိဇန်(က) တွင်လည်း ယာယီကယ် ဆယ်ရေး စခန်းပေါင်း (၇၀) ခန့် ဖွင့်လှစ်ထားရဆဲ ဖြစ်ကြောင်း သိရသည်။

ခိုနူမ်းထုန်
http://www.khonumthungburmese.org

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရေကြီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

    ဧရာဝတီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့၌ ရေများ ဝင်ရောက်မှု ရှိသကဲ့သို့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မြို့ပေါ်နေ ရပ်ကွက်များနှင့် ဧရာဝတီ မြစ်ကမ်းအနီးရှိ ကျေးရွာများသို့ မြစ်ရေများ ဝင်ရောက်လျက် ရှိကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မင်းဘူးမြို့နယ်တွင် ယနေ့နံနက် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာ အထက် ၄ စင်တီမီတာခန့် ကျော်လွန်လျက် ရှိပြီး ညောင်ဦးမြို့တွင် ယနေ့ ညနေ တိုင်းတာချက် အရ စိုးရိမ်ရေအမှတ် ၂၁၂၀ အထက် ၇၉ စင်တီမီတာ ကျော်လွန်ကာ ညောင်ဦးမြို့ မြို့မအထက်တန်းကျောင်းအတွင်းသို့ ရေများဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ယခင် မြစ်ရေမြင့်တက်မှုထက် ရေအတက်နှုန်း မမြန်သော်လည်း မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်း အိမ်များအတွင်း ရေများ ဝင်ရောက်မှု ရှိခဲ့ကြောင်း ၊ ယခုအကြိမ် မြစ်ရေတက်မှုသည် ညောင်ဦး၊ ပုဂံ မြို့ဟောင်းသွား လမ်းမပေါ်အထိ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် အမှတ် (၁) ၊ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်များရှိ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၈၃၄) ဦး တို့သည် မြစ်ရေ ကြီးမှုများကြောင့် ရေဘေး ကင်းလွတ်ရာ စက္ကိ န္တဲဘုရားဝန်း ၊ အ.ထ.က ကျောင်းဝန်း၊ ပုဂံမျှော် ဘုရားဝန်း၊ ရွှေကြီးမြင့် ဘုရားဝန်း၊ မြသိန်းတန် ဘုရားဝန်း၊ ချမ်းသာကြီး ကျောင်းဝန်းနှင့် မှန်ကင်း ကျောင်းတိုက်များ အတွင်း ယာယီတဲများ ထိုး၍ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြကြောင်း သိရသည်။

မင်းဘူးမြို့ မြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာ (၁၀) ရွာရှိ အိမ်ထောင်စု (၆၂၇) စု၊ လူဦးရေ (၂၃၁၁) ဦး တို့သည် ဧရာဝတီမြစ် ရေကြီးမှု များကြောင့် ရေဘေး ကင်းလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ရပ်ကွက်/ကျေးရွာများ အလိုက် ရေကင်းများ နေ့/ည တာဝန် ချထား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မုန်းကို အထူးဒေသတွင် ယမန်နေ့မှစပြီး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

KIA တပ်ရင်း(၃၆)နှင့် အစိုးရတပ် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့များကြား မုန်ဘော် (Mung Baw)နှင့် မုန်းကို (Mong Ko) ကြား လွယ်ဂျုံဘွမ် (Loi Jung Bum) တောင်ပေါ်မှာ အဓိက တိုက်ပွဲ ဖြစ်ပွားသည်ဟု မုန်းကို ဒေသခံများဆိုသည်။

ယမန်နေ့က တနေ့လုံး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ယနေ့တွင် Loi Jung Bum ပတ်ဝန်းကျင်တွင် အချိန်တို ထိတွေ့ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများ ဆိုပါသည်။

သံလွင်မြစ် အရှေ့ဘက် ကိုးကန့်ဒေသနှင့်ဆက်စပ်နေသော KIA တပ်ရင်း ၃၆၊ ၃၈ မုန်းကို-ဖောင်းဆိုင် ဒေသသည် တရုတ်နယ်စပ် တလျှောက်တည်ရှိသည်။

၎င်း ဒေသ နယ်စပ်တလျှောက် ပြီးခဲ့သော တပတ်ကျော်မှ တရုတ်စစ်တပ်က လုံခြုံရေး တပ်စခန်းများ တည်ဆောက်လာသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မုန်းကို ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာနိုင်သော အခြေအနေအတွက် တရုတ်တပ်ဖွဲ့မှ ကြိုတင်လုံခြုံရေးယူထားခြင်း ဖြစ်နိုင်ကြောင်း နယ်စပ် စစ်ရေးစောင့်ကြည့်လေ့လာသူများ သုံးသပ်ကြသည်။

သြဂုတ် ၂၅ နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ‘ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆက်စပ်ကူညီသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄)နှင့် ပလောင် (တအောင်း) TNLA အဖွဲ့တို့ လက်နက်စွန့်ရမည်ဟု ပြောကြားချက်’ ကို ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ(၉)ရက်နေ့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များကြား တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် နောက်ဆုံးအဆင့် ဆွေးနွေးပွဲသို့ ပါဝင်ရန် ပျက်ကွက်ပြီး အစ္စရေးနိုင်ငံသို့ စစ်လက်နက် လေ့လည်ကြည့်ရှုသည့်ခရီး ပြုခဲ့သည်။

NCA တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရန် နေပြည်တော် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များ ထပ်မံ၍ တင်ပြတောင်းဆိုခဲ့သည်။

သို့သော်လည်း အစိုးရက မူလအတိုင်းပဲ ၎င်းတို့ အသိအမှတ်ပြုထားသော အဖွဲ့(၁၅)ဖွဲ့နှင့်သာ လာမည့် အောက်တိုဘာလ ပထမအပတ်တွင် NCA စာချုပ် လက်မှတ်ရေးထိုးရန် ပြောကြားခဲ့သည်။

Kachinnews
http://kachin.kachinnews.com

ဓါတ်ပုံ- ပြတ်လုနီးပါး ခြေနှင့်လက်တဖက်စီကို ဆေးကုသမှုခံယူနေသော စိုင်းတောင် ခေါ် စိုင်းတ
စက်တင်ဘာလ ၁၄ ရက် ၂၀၁၅

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင်တွင် အစိုးရတပ်မတော်မှ လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် ဒဏ်ရာရသူများ အနက် တောင်ကြီး မြို့ စ၀်စံ ထွန်းဆေး ရုံရောက် စိုင်းတောင် ခေါ် စိုင်းတ မှာ ခြေ၊ လက်တဖက်စီ ပြတ် လုနီးပါးဖြစ်နေပြီး ဒဏ်ရာ ပုပ်ပွနေပြီဖြစ်သောကြောင့် စိုးရိမ်နေရသည့် အခြေအနေတွင်ရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းတဦးကပြောပါသည်။

လွိုင်လင်မြို့နယ် ၊မိုင်ပွန် မြို့နှင့် ၁၈ မိုင်ကွာဝေးသော နောင်လိုင်ကျေးရွာ အုပ်စု ၊ နောင်ပါတက် ရွာဦး ဘုန်းကြီးကျောင်းတွင် ဥပုတ်နေ့ အတွက် ဆွမ်း ဟင်း ချက်နေသော ရွာသားများအား အစိုးရတပ်မတော် မှ စက်တင်ဘာ ၁၂ ရက်နေ့က လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး ဒဏ်ရာရရှိ သူ ၆ ဦးအနက် ခြေလက်တဖက်စီ ပြတ်လုနီးပါးဖြစ်နေသော စိုင်းတောင် ခေါ် စိုင်းတ မှ ၁၃ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ရောက်ရှိခဲ့ပါ သည်။

“ဆွမ်းဟင်းအတွက် ကျနော်တို့အသားငါးတွေလှီးနေတဲ့အချိန် အဝေးကနေ ဗုံးနဲ့လှမ်းပစ်တော့အားလုံးထွက်ပြေးကြတယ်။ အဲ့မှာ စိုင်းတောင် တယောက် ဘဲ ကျန်ခဲ့တော့ တပ်မတော်သားတွေက အဲ့ဒီကဓါးနဲ့ ၀ိုင်းခုတ်ကြတယ်။ ညာဖက်ခြေထောက်နဲ့ ညာဖက်လက်ပြတ်သွားတယ် ။ မိုင်းပွန်ဆေးရုံ ကမနိုင် တော့လို့ ကျနော်တို့ တောင်ကြီးစ၀်စံထွန်းဆေးရုံကို လာပို့ကြ တာပါ။ ကျန်တဲ့ ၅ ယောက် ကတော့ မိုင်းပွန်ဆေးရုံမှာရှိတယ်”- ဟု ပစ်ခတ်ခံရမှုဖြစ် စဉ်တွင် ပါဝင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ တဦးက ပြောသည် ။

အင်အား (၄၀)ခန့်ရှိသည့် လွိုင်လင်တပ် ခလရ (၁၂) မှဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု သိရသည်။

အဆိုပါဒေသအတွင်းလှုပ်ရှားနေသည့် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်က လိုက်လံတိုက် ခိုက်ချေမှုန်းကာ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးစီမံချက်ကြောင့် ဒေသခံလူထုတို့ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ်ခံနေရခြင်းဖြစ်ပါသည်။

RCSS / SSA နှင့် အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် အဖွဲ့ ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေသည့် အဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese