09/17/15



မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာရှိတဲ့ စက်ရုံလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြ သူတွေဟာ တစ်မြို့နယ်စီမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၅ သောင်းလောက် မဲစာရင်းမှာ မပါသေးဘူးလို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေးအင်အားစုများ အဖွဲ့က ပြောပါတယ်။

မဲစာရင်းမှာမပါသူတွေဟာ ကျူးကျော်တွေနဲ့ စက်မှုဇုန်တွေမှာ လာရောက် အလုပ်ကြသူတွေဖြစ်ပြီး မဲစာရင်းမပါတဲ့အတွက် သက်ဆိုင်ရာကော်မရှင်ရုံးခွဲတွေ မှာ လျှောက်ထားဖို့ ကူညီပေးနေတယ်လို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေး အင်အားစုများအဖွဲ့ဝင် မရွှေစင်ဇော်ဝင်းက ပြောပါတယ်။

"အသေးစားစက်မှုလုပ်ငန်းတစ်ခုတင် အနည်းဆုံး ၁ဝ ယောက်လောက်ရှိတယ်၊ ဒီလိုစက်ရုံကြီးတစ်ရုံဆိုရင် ၅၈ ယောက်၊ ၆ဝ လောက်ရှိတယ်၊ ဒီထက်ကြီးတာဆို ရာချီရှိတာတွေရှိတယ်၊ ကျုးကျော်တွေ၊ ရွှေ့ပြောင်းတွေဆိုတာက ပြည်ကြီးတံခွန်တို့၊ အောင်မြေသာစံ၊ နောက်ပြီး ဂေါဝန်ဆိပ်တို့ ဆိပ်ကမ်းမှာအများဆုံးပဲ၊ ချမ်းအေးသာစံ အမတို့ဈေးတွေရှိတယ်ပေါ့နော်"

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့တစ်လလောက်ကစပြီး လက်ဖက်ရည်ဆိုင်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ အသေးစား လုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကြသူတွေနဲ့ ကျူးကျော်နေထိုင်သူတွေ မဲစာရင်းပါရေးအတွက် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ ၄ သန်းကျော်ရှိပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၄ဝဝ ကျော်ရှိပါတယ်။

RFA
http://www.rfa.org/burmese/news/not-consist-voter-lists-mandalay-09162015123615.html

hlaswe-620.jpg
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကိုတွေ့ရစဉ်
Photo: RFA

အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Eleven မီဒီယာအုပ်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ရေးသား တယ်ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို Eleven မီဒီယာက တရားစွဲဆိုတာကို ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံလိုက်ပါတယ်။

Eleven မီဒီယာရဲ့ နစ်နာမှုတွေအတွက် ဦးလှဆွေထံက နစ်နာကြေး ကျပ်သိန်းခြောက်ထောင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထား ခဲ့တာဖြစ်တယ်လို့ Eleven မီဒီယာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။

"တရားစွဲဆိုတာကတော့လေ Facebook ကနေရေးသားချက်ရယ်တွေက ကျနော်တို့ Eleven မီဒီယာရဲ့ဂုဏ် သိက္ခာနဲ့ အသရေထိခိုက်နစ်နာစေတယ်ပေါ့နော်၊ ဒါကြောင့် တရားစွဲဆိုခဲ့တာပါ၊ တရားမစွဲဆိုခင်မှာ ရှေ့နေက တဆင့် ဖြေရှင်းဖို့အကြောင်းကြားစာ ကို သတင်းစာထဲမှာထည့်သွင်းကြေငြာခဲ့သလို သူ့ဆီကိုလည်းပေးပို့ခဲ့ ပြီးဖြစ်ပါတယ်၊ ကျနော်တို့ဆီမဆက်သွယ်ခဲ့တဲ့အတွက် ဥပဒေကြောင်းအရဆက်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်"

အဲဒီလိုလျှောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က စက်တင်ဘာလ ၁၄ ရက်နေ့မှာ လက်ခံလိုက် ပြီး လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်အမတ်တစ်ဦးကို သတင်းမီဒီယာက တရားစွဲဆိုတာဟာ ဒါပထမဆုံး ဖြစ်ပါတယ်။

RFA


ကျနော်ဟာ
လက်ရှိအာဏာရပါတီကို
မုန်းနေခြင်း မရှိပါ။ ဒါပေမဲ့ သူတို့
အာဏာလက်လွှတ်သင့်ပြီလို့မြင်တယ်။
ဘာကြောင့်လဲ?
ကျနော်ဟာ
ပြည်ခိုင်ဖြိုးနေရာမှာ NLD ကို
ထားချင်တာ မဟုတ်ဘူး။
အာဏာရှင်ဆိုတဲ့ အုပ်ဆောင်းကြီးကို
ဖွင့်လှန်ပစ်ချင်တာ။
အာဏာဆိုတဲ့ ပလ္လင်ကို
ချေဖျက်ပစ်ချင်တာ။
'အာဏာ' ဟာ ဘယ်သူ ဘယ်ပါတီ
ဘယ် အဖွဲ့အစည်း တစ်လက်ကိုင်မှ
မဟုတ်ရဘူး။
အာဏာဟာ အများညီမှုအပေါ်သာ
မူတည် ဆုံးဖြတ်ရလိမ့်မယ်။
လူအများနေတဲ့ တိုင်းပြည်မှာ
လူအများ သဘောတူမှုနဲ့သာ
အရာရာ လုပ်ကိုင်ရလိမ့်မယ်။
အများဆန္ဒမဟုတ်ပဲ
အထက်က အမိန့်ပေးလို့ ချမှတ်လို့
ဆိုတာမျိုးနဲ့ ရှင်သန်နေရရင်
ဒါ ကျွန်ဘဝပဲ။
အခု အာဏာရပါတီက မဲဆွယ်တဲ့အခါ
သူလုပ်ပေးလို့ ဖုန်းကိုင်ရတယ် တို့
သူလုပ်ပေးလို့ ဘာစီမံကိန်းရပ်တယ်
တို့ အစရှိသဖြင့် ပြောတာတွေ့တယ်။
အဲ့ဒါ လွဲနေတယ်။
'သူ' ဟာ
ပြည်သူ့အကြိုက်လိုက်လုပ်ရမယ့်သူ
သူက လက်ထဲလုပ်ပိုင်ခွင့်တွေကိုင်ထားပြီး
သူ သနားဂရုဏာတော်သက်မှ
တိုရေရှားရေ ဟိုဟာလေးခွင့်ပြုလိုက်
ဒါလေး လုပ်ပေးလိုက် … ဆိုရင်
ဒါ ဒီမိုကရေစီမဟုတ်ဘူး။
ပြည်သူတွေကို ကျွန်လို
သဘောထားနေခြင်းသာ ဖြစ်တယ်။
တကယ်က ခေါင်းဆောင်ကောင်းရဲ့
အရည်အချင်းကို
သူဖြေလျှော့ပေးတာလောက်နဲ့
အကဲဖြတ်လို့မရဘူး။
သူ့ကြောင့်
တိုင်းပြည်စီးပွားရေးတိုးတက်သွားသလား
တိုင်းပြည်ကမ္ဘာ့အဆင့်ဝင်သွားသလား
အဲ့ဒါမျိုးနဲ့သာ ချိန်ထိုးအကဲဖြတ်ရလိမ့်မယ်။
ကျနော်တို့ အခုလိုချင်နေတာ
လူတစ်စု အုပ်ချုပ်ရေးကနေ
လူထု အုပ်ချုပ်ရေးကို ပြောင်းလဲဖို့
ဖြစ်တယ်။
ဘာလို့ ဒီလိုပြောင်းချင်သလဲ?
မြန်မာပြည်တိုးတက်ဖို့
အဓိက အဟန့်အတားဟာ
အကျင့်ပျက်ခြစားမှု ဖြစ်တယ်။
လူတစ်စုထဲက အုပ်ချုပ်နေရင်တော့
ဒီခြစားမှုကို ဘယ်လိုမှ မတိုက်ဖျက်နိုင်ဘူး
အဲ့ဒီ အုပ်ချုပ်တဲ့ လူတစ်စုဟာ
သူတို့တစ်စု ကောင်းစားရေးသာ
ရှေးရှုလုပ်ကိုင်သွားကြမှာပဲ။
လူထု အုပ်ချုပ်ရေးဖြစ်မှ
လူထုတစ်ရပ်လုံးကောင်းစားအောင်
လုပ်ကြမယ်။
အဲ့ဒီကနေ တိုင်းပြည်တိုးတက်မယ်။
NLD ကို ကြိုက်တာ တစ်ချက်တည်းပဲ
သူတို့မှာ
လက်နက်ကိုင်အဖွဲ့အစည်း
ကျောထောက်နောက်ခံ မရှိခြင်းပဲ။
ဇာတ်ကြီးဆယ်ဘွဲ့ထဲက
ဝေဿန္တရာ ဇာတ်တော်ကြီးမှာ
ဘုရင်က ဆင်ဖြူတော်လှူလိုက်တော့
တိုင်းသူပြည်သားတွေ ဆန္ဒပြကြတယ်။
ဆင်ဖြူတော်မရှိရင် ရာသီဥတု
ဖောက်ပြန်လိမ့်မယ် တဲ့။
ခုခေတ်အရ ဆိုရင်တော့
သစ်တောတွေ မရှိရင်
ရာသီဥတုဖောက်ပြန်မယ်ပေါ့။
ဝေဿန္တရာ ဇာတ်တော်ထဲမှာ
ရာသီဥတုဖောက်ပြန်စေမယ့်
ဆင်ဖြူတော် ဆုံးရှုံးမှုအတွက်
ပြည်သူက ဆန္ဒပြတော့ ဘုရင်ဆင်းပေးရတယ်။
အခု ကျနော်တို့ခေတ်
ရာသီဥတုဖောက်ပြန်စေတဲ့
သစ်တောခုတ်သူ တရုတ်တွေကို
၈ရက်နဲ့ ကျောသပ်ရင်သပ်လုပ်ပြီး
ပြန်လွှတ်လိုက်တယ်။
ပြည်သူဘာမှ မတတ်နိုင်ဘူး။
ပြည်တင်းရင်
မင်းမခံနိုင်ဆိုတဲ့စကားရှိတယ်။
အရင်ခေတ်က
အမြဲတမ်းတပ်မတော် မရှိလှပဲ
စစ်ဖြစ်မှ ပြည်သူထဲက ဆင့်ခေါ်ရတဲ့
ပြည်သူ့တပ်မတော်ကိုး။
ဒီတော့တပ်မတော်ဟာ မှားမှားမှန်မှန်
ဘုရင်ဘက် မျက်စိမှိတ် မလိုက်ဘူး
ဒီတော့ ပြည်တင်းရင် မင်းမခံနိုင်ဘူး။
ကျနော်က အဲလို
ပြည်သူ့အခန်းကဏ္ဍ ပြန်မြင့်မားစေ့ချင်တာ။
လွတ်လပ်စွာ မွေးဖွားလာတဲ့
ပြည်သူတစ်ယောက်ဟာ
ဘယ်သူ့ကျေးကျွန်မှ မဟုတ်ဘူး။
ဘယ်သူ့ဖိနှိပ်ခံမှ မဟုတ်ဘူး။
လူတစ်စုထဲက
အာဏာကို ချုပ်ကိုင်ထားတဲ့အခါ
သူတို့တစ်စုကောင်းစားဖို့သာ
ဦးတည် စဉ်းစားမှာပဲ။
ဒီတော့ သူတို့တစ်စုကတော့ ချမ်းသာမယ်
တိုင်းပြည်က နာမှာပဲ။
ပြီးတော့
လူဆိုတာ အာဏာယစ်မူးတတ်စမြဲပဲ။
သူ ယစ်မူးချင်တိုင်း ယစ်မူးလို့မရအောင်
လက်နက်ကိုင်အဖွဲ့အစည်းက
မျက်စိမှိတ်ထောက်ပံ့ထားတာမျိုး
မရှိဖို့ လိုတယ်။
ဒါဆို သူက သူအာဏာတည်မြဲရေး
လူထုကိုသာ ကျောထောက်နောက်ခံ
ပြုရမယ်။ ဒီတော့ လူထုသဘောကျ
လူထု တိုးတက်ဖို့ လုပ်ပေးရတော့မယ်
ဒီလိုနဲ့ တိုင်းပြည် တိုးတက်မယ်။

Thorn Nay Soe

(၁)

(( ဦးသိန်းစိန်လေ..
ရိုးသားလိုက်တာ..
သူက ဘာမှမခိုးဘူး..
အောက်ကလူတွေ ခိုးချင်တိုင်း
ခိုးနေတာတောင်မသိဘူး..))

အဲဒါ ရိုးသားတာမဟုတ်ဘူး
တုံးတာ အတာလို့ခေါ်တယ်..
သူမခိုးပေမဲ့ အောက်ကသူ ခိုးတာကို
သူမထိန်းနိုင်တာဟာ..
အောက်ကလူကို သူကိုယ်တိုင်သူ့ဝေစုကို
ပြန်ခွဲပေးသလိုဖြစ်သွားတယ်..အဲတော့..
သူမခိုးလဲ ဘာမှမထူးဘူး ဆိုတာမှတ်ထား..
ဒေါ်စုကျတော့ သူကိုယ်တိုင်လဲ..
တိုင်းပြည်ဘဏ္ဍာတစ်ပြားမှမခိုးဘူး
တိုင်းပြည်သယံဇာတဆိုလို့..
သဲတစ်ပွင့်တောင်ရောင်းမစားဖူးဘူး
ထိရောက်တာတစ်ခုက... သူ့ပါတီဝင်အားလုံးရဲ့
ပိုင်ဆိုင်မှုတွေကို ပြည်သူဆီကြေငြာခိုင်းထားတယ်
အဲဒါမှ ရိုးသားကင်းရှင်းပြီး ထက်မြက်တယ်လို့ခေါ်တယ်...

-----------------------

(၂)

(( ဦးသိန်းစိန်ကိုလေ..
ကမ္ဘာက ပြုပြင်ပြောင်းလည်းရေးသမားဆိုပြီး
ချီးကျူးခဲ့ဘူးတယ်..
နိုဘယ်ဆုတောင် ပေးမလိုဖြစ်ဘူးတယ်.
ဒါဟာ သူတော်လို့ပေါ့..))

လုံးဝမှားတယ်...
ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလည်းရေးသမားလို့
ကမ္ဘာကမြင်အောင် သူကိုယ်တိုင်က အဲဒီလိုဖြစ်အောင်
ဟန်ဆောင်ခဲ့တယ်ဆိုတာ သတိထားရမယ်၊
ဒေါ်စုကို အကျယ်ချုပ်ကလွှတ်ပြီး..
သူ့စားပေါက်ချောင်အောင်လုပ်ခဲ့တယ်..
ပြည်သူ့အမှတ်တွေယူခဲ့တယ်..
ဒေါ်စုကို စတွေ့တုန်းကတင်ထားတဲ့
ဦးသိန်းစိန်ရဲ့ဧည့်ခန်းထဲကဗိုလ်ချုပ်ဓာတ်ပုံကို
နောက်နေ့ကျမတွေ့ရတော့တာကိုပဲကြည့်လေ...
လှောင်အိမ်ကလွှတ်ပြီး အတောင်ဖြတ်ထားတဲ့
ငှက်လိုမျိုး ဒေါ်စုကို ထားတဲ့သဘော..
အမှန်က ကောက်ကျစ်တာဖြစ်တယ်..
ပြီးတော့မှ ဘာသာရေးနဲ့လှည့်တိုက်ခဲ့တယ်..
ရွေးကော်ကိစ္စအပါဝင် ခြေဥပြင်တဲ့ကိစ္စအဆုံး
မတရားတာတွေအများကြီးပဲ..
ထောင်တွေခါပြီး လူသတ်သမားတွေ
သူခိုးကြမ်းပိုးတွေကိုလွှတ်ပေးတာလဲဆိုးတယ်..
အစိုးရစီမံကိန်းတွေထဲက ...
ဇီးသီးဗန်းမှောက်တာတွေအဆုံး..
အားလုံး သူ့မှာတာဝန်ရှိတယ်
နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေကလဲ...
သဘောပေါက်တဲ့အတွက် ပြန်လန်ထွက်နေပြီ....
ရိုးတယ်ဆိုတဲ့သူက ပိုက်ဆံတော့..
အသေချေးတတ်နေတော့
တိုင်းပြည်ကအကြွေးအရမ်းထူလာတယ်...
တိုင်းပြည်ပိုဆင်းရဲသွားတယ်..
ဒါကို ပြုပြင်ပြောင်းလည်းတယ်လို့
ပြောလို့ရလား..
ဒေါ်စုကသာ...
လူတွေရဲ့စိတ်ဓာတ်ကအစ..
ခံယူချက်အဆုံး...
စည်းကမ်းလိုက်နာဖို့တွေနဲ့
လုပ်ထုံးလုပ်နည်းတွေ..
ဥပဒေတွေကအစ..
အားလုံး ပြုပြင်ကြဖို့..
တစ်ဖွဖွပြောနေသူဖြစ်တယ်..
အဲဒီတော့..ဘယ်သူက..
ပြုပြင်ပြောင်းလဲရေးသမားစစ်မှန်သလဲ
ပြန်စဉ်းစားကြည့်...

----------------------------

(၃)

(( ဆရာတော်တွေကတောင်ပြောတယ်..
ဦးသိန်းစိန်က အမျိုးချစ်တယ်တဲ့..
အမျိုးသားရေးကိုကြည့်တယ်ဆိုပဲ))

အော်..ဒါလား..
ငါမေးမယ်..တစ်ချက် Please..
ဦးသန်းရွှေလက်ထက်တုန်းကတောင်..
ဘုန်းဘုန်းတွေကို မီးလောင်ဗုံးမသုံးရဲဘူး..
ဦးသိန်းစိန်က သုံးခဲ့တယ်..၊
စကြာဝဠာသက်တမ်းအထိ ခိုင်မာတယ်ဆိုတဲ့
သိမ်တွေကို ဖျက်ပြီးသတ္တုတွင်းလုပ်ခဲ့တယ်..
ရေစက်ချက်လှူဒါန်းထားတဲ့ တစ်ပါးသူရဲ့
ဒါနဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေကိုဘူဒိုဇာနဲ့ထိုးတယ်..
သာသနာပြုဆရာတော် စစ်စစ်တွေကိုသင်္ကန်းချွတ်တယ်
လူဝတ်လဲတယ်၊ ၀ရမ်းထုတ်တယ်..၊
သူ့လက်ထက်မှာရွှေတိဂုံကို လင်းဒနားတယ်..
အဲဒါဖြစ်ပြီးတာနဲ့ ဗုဒ္ဓထေရ၀ါဒတရားကို မောဟတရားနဲ့
မာန်မာနတရားတွေနဲ့ ကာရံပေးနေတဲ့ ဘုန်းကြီးတုတွေ
ပေါ်လာတယ်..၊ အဲဒီဘုန်းကြီးတွေကို ဦးသိန်းစိန်က
အကာအကွယ်ပေးတယ်..၊ ဘုရားရှင်ကိုယ်တော်တိုင်
ထေရ၀ါဒရဲ့မဏ္ဍိုင်အဖြစ်ထားတဲ့ စိတ်နေစိတ်ထားနည်းနဲ့
အေးချမ်းတဲ့ လမ်းစဉ်ကို ရိုက်ချိုးလိုက်တယ်...၊
ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုလမ်းကြောင်းလွဲအောင်
မြန်မာ့သမိုင်းမှာ ဘယ်မင်းအစိုးရမှမလုပ်ဝံ့ဘူး.၊ သူကလုပ်တယ်.။
အဲဒီမှာ...သာသနာစောင့်နတ်မင်းကြီးလေးပါးက အမျက်ရှတယ်
ဦးသိန်းစိန်ရဲ့စစ်ကိုင်းတိုင်းကအလှူကြီးကို မိုးကြီးနဲ့ဖျက်တယ်..
အဲဒါကို မမှတ်ဘူး နောက်တစ်ရက်ဆက်လုပ်တယ်..
အဲဒီလိုဇွတ်လုပ်လို့ပဲ....တစ်နိုင်ငံလုံးကိုမိုးဖျက်လို့ ရေကြီးပြီး..
လူတွေဒုက္ခရောက်တယ်..
မြန်မာ့သမိုင်းမှာ တစ်ခါမှမဖြစ်ဘူးတဲ့ကပ်ဆိုက်တယ်..၊
မင်းကျင့်တရားဆယ်ပါးပျက်တဲ့အပြင်
တရားပါပျက်ပြီး ဘာသာသာသနာကို..
လိုသလိုပုံသွင်းတဲ့ မင်းဆိုးမင်းယုတ်အုပ်ချုပ်တဲ့
တိုင်းပြည်ရဲ့အနေအထားကိုပြလိုက်တာပဲဖြစ်တယ်...
မယုံရင် ထေရ၀ါဒစာပေတွေအပါဝင်..
မင်းကျင့်တရားဆယ်ပါး ဖေါက်ဖျက်ရင်
ဘာဖြစ်သလဲ ဆိုတဲ့စာအုပ်ကိုဖတ်လို့ရတယ်..
ကြောက်ရွှံ့တုန်လှုပ်ဖွယ်ရာကြမ္မာဆိုးပဲဖြစ်တယ်..
ဒေါ်စုဟာ အပေါ်ကပြစ်မှုတွေတစ်ခုမှမလုပ်တဲ့အပြင်
နေ့စဉ်စိတ်နေစိတ်ထားနည်းကိုမြင့်မားစေတဲ့..
သတိပဌာန..၀ိပဿ နာတရားထိုင်တယ်
အဲဒီစိတ်ထားခိုင်မာလေတော့ သမာဓိအားကောင်းပြီး
နှိပ်ကွပ်မှုမျိုးစုံကိုခံနိုင်ရည်ရှိပြီး သည်းခံခြင်းတရားနဲ့ပါ
ပြည့်စုံလာတယ်..၊ ဒါဟာလောကီအကျိုးပဲရှိသေးတယ်..၊
လောကုတ္တရာအကျိုးမပါသေးဘူး..
ဒါ မှ ဘာသာတရာကိုယ်နဲ့မကွာတာမျိုးဖြစ်တယ်..၊

------------------------

(၄)

(( ဦးသိန်းစိန် ဟာ ငြိမ်းချမ်းရေးကို
တကယ်လိုလားသူသာဖြစ်တယ်..
သူရဲ့စွမ်းဆောင်ချက်ကြောင့်
ငြိမ်းချမ်းရေးအဖွဲ့တွေလက်မှတ်ထိုးကြမယ်))

ဟား...ရီရတယ်..
အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားရင်
စစ်တပ်ဘက်ကအလျော့ပေးတဲ့နည်းတွေ
ဒါမှမဟုတ် ကိုယ်ကြိုးစီးပွားမကြည့်တဲ့နည်းတွေနဲ့
အမှန်အကန်ကို လက်မှတ်ထိုးပြီးလောက်ပြီ..
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို..
ငြိမ်းချမ်းရေးကိစ္စဘာလို့ တာဝန်မပေးသလဲ..ဆိုတာ
သဘောမပေါက်ဘူးလား?
အခုငြိမ်းချမ်းရေးဆွေးနွေးတဲ့နောက်ကွယ်မှာ
သယံဇာတတူးဖေါ်မှုတွေပါလာမယ်..
ပါမစ်တွေလုပ်ပိုင်ခွင့်တွေပါလာမယ်...
ကိုယ်ကြိုးစီးပွားတွေပါလာမယ်..
ဒါမျိုးတွေကို ဒေါ်စုကလက်ခံမယ်ထင်လို့လား..?
ခင်ညွန့်လုပ်ခဲ့တဲ့ငြိမ်းချမ်းရေးမျိုးဖြစ်လာမယ်..
"ဘိန်း၊ သစ်၊ကျောက်စိမ်း၊စိတ်ကြွဆေး ငြိမ်းချမ်းရေး"
ဖြစ်လာလိမ့်မယ်..
အဲဒီလိုအလုပ်ကောင်းလို့တိုင်းပြည်သယံဇတတွေ
အကုန်ပြောင်ကုန်တာ မသိဘူးလား..?
အခုဟာရော ဒီလိုပဲမဟုတ်ဘူးလား..?
ပြီးတော့ ခုထိပြန်တိုက်နေရတယ်မဟုတ်လား?
UWSA ဆိုရင်အစိုးရကိုနားရွက်တံတွေးဆွတ်နေတာတောင်
ဘာပြန်လုပ်ရဲလို့လဲ ?
အဲဒီငြိမ်းချမ်းရေးမျိုးကို ဒေါ်စုကလိုချင်မယ်ထင်လို့လား..
ဒေါ်စုလိုချင်တာသည် ပင်လုံစိတ်ဓာတ်..
ပင်လုံစိတ်ဓာတ်ဆိုတာသိလား....
ပင်လုံစာချုပ်ကိုလက်မှတ်ထိုးတဲ့တိုင်းရင်းသား
ခေါင်းဆောင်တွေရဲ့စိတ်ထဲမှာ..
လွတ်လပ်ရေးရဖို့ပဲရှိတယ်..
ဘာပါမစ်၊ ညာပါမစ် ၊ သစ်ထုတ်ခွင့်
ဘိန်းကုန်ကူးခွင့်၊ ငွေဖြူငွေမဲခ၀ါချခွင့်..
တွေဘာတွေ ဘာမှ မရှိဘူး...
ကိုယ့်ပြည်ထောင်စုအတွက်ပဲ ရှိတယ်.
အဲဒါကို "ပင်လုံစိတ်ဓာတ်"လို့ခေါ်တယ်..

အဲဒီတော့..
ဘယ်သူ့ကိုမဲပေးမလဲ ??

-----------------------------

( Message Box ကနေလာလာရိပြီးမေးနေတဲ့
ပညာတတ် တစ်ဦးရဲ့အမေးကို ပြန်လည်ချေတဲ့
အဖြေတွေပါ...၊ ဒီလိုလဲဖြေလိုက်ရော..
ဘာသံမှမကြားရတော့ပါ )

( Pa Yit)

 susanna-soe-nld-candidates-620.jpg NLD ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးကို တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်နဲ့ ရွာမရပ်ကွက်တွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

စစ်တပ်မိသားစုဝင် အများအပြားနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်လူထုက NLD ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။

"မဲဆန္ဒရှင် ပြောရမယ်ဆိုရင် ၉၉ ရာခိုင်နှုန်းပေါ့လေ၊ သူတို့ လိုလိုလားလား NLD ကိုမဲပေးမယ်၊ အမေစုပေါ့၊ အဲ့ဒါလေးတွေ ဂတိကဝတ်လေးတွေပြုကြတယ်၊ စစ်တပ် ထဲတော့ကျမတို့မဝင်ရသေးဘူး၊ အပြင်ဘက်မှာဆိုရင် စစ်တပ်ဝန်ထမ်းဟောင်းတွေ ရှိတယ်၊ သူတို့ကအစ NLD ကိုမဲပေးရမယ်၊ ကျနော်တို့တိုင်းပြည် အပြောင်းအလဲ တွက်ဆိုတာလေးတွေကြားရတဲ့အခါမှာ ဒီတစ်ခေါက်လည်းကျမယုံကြည်ပါတယ်၊ NLD ပဲနိုင်မှာပါ၊ မင်္ဂလာဒုံမြို့နယ်မှာ"

လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကျင်းပခဲ့စဉ်က တပ်မတော်မိသားစုတွေ အများအပြားရှိတဲ့ မင်္ဂလာဒုံနယ်မြေမှာ မဲလိမ်မူ ၊ မဲမသမာမူတွေရှိခဲ့တယ် လို့ ကျော်ကြားခဲ့ပေမယ့် ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ မဲရုံစောင့်ကြည့်ရေးဝန်ထမ်း တွေကို NLDပါတီက အလုံအလောက် ထားရှိသွားမယ်လို့ ပြောပါတယ်။

ဒေါ်နော်လှလှစိုးဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် အင်းစိန်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/nawhlahlasoe-nld-candidate-campaign-09162015111644.html

 wa-soldiers-620 "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီးက ဝတပ်ဖွဲ့တွေသြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမဖွင့်နိုင်သလို မဲစာရင်းကိုလည်း ကျေးရွာအုပ် စု နှစ်စုမှာသာ ကောက်ယူနိုင်ပြီး ကျန်တဲ့ ၂ဝ ကျော်မှာ စာရင်းယူနိုင်ခြင်းမရှိဘူးလို့ ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးပွင့်က ပြောပါတယ်။

"ကျနော်တို့ရသလောက်ပဲကောက်တယ်၊ အုပ်စုနှစ်အုပ်စု၊ ၂၅ အုပ်စုရှိတယ်၊ လုံခြုံရေးအရပေါ့၊ သူတို့ဆရာ ကြီးတွေ ပိုင်စိုးပိုင်နက်လုပ်ထားတာပေါ့၊ သူတို့က ထိန်းချုပ်ထားတာ၊ ကျန်တဲ့ကျေးရွာအုပ်စုမှာတော့ မလုပ်နိုင် တဲ့သဘောဖြစ်သွားတာပေါ့"

ရှမ်းပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၃ သန်းနီးပါးရှိပြီး ရွေးကောက်ပွဲနေ့မှာ မဲရုံ ၃ဝဝဝ ကျော် ထားရှိမှာဖြစ် ပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၈ဝဝ ကျော် ရှိပါတယ်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၄ ခုမှာ ဝင်ရောက်ယှဉ်ပြိုင် မယ့်သူ မရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

မဲစာရင်းမကောက်နိုင်တဲ့နေရာတွေက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၆ ခုနဲ့ မိုင်းလားမြို့နယ် ကျေးရွာ ၂ဝ ကျော်မှာ မဲစာရင်းမကောက်ယူနိုင် တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/wa-region-not-voter-lists-09162015110047.html


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အစ္စရေးခရီးစဉ်အတွင်း အစ္စရေးသမ္မတ၊ အစ္စရေး ကာကွယ်ရေး ၀န်ကြီးနှင့် အစ္စရေး ဦးစီးချုပ်တို့ကို တွေ့ဆုံခဲ့ပြီး အစ္စရေးမှ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူခဲ့ကြောင်း တပ်မတော်နှင့် နီးစပ်သည့်သူများထံမှ ကြားသိရသည်။

အထူးသဖြင့် တရုတ်မှ ၀ယ်ယူထားသော မောင်းသူမဲ့ ဒရုန်း လေယာဉ်များသည် ကိုးကန့်နယ်မြေ စစ်ဆင်ရေး အတွင်း သုံးစွဲစဉ် အီလက်ထရောနစ် ကြားဖြတ် နှောင့်ယှက်ခံရပြီး အသုံးမ၀င်ဖြစ်ခဲ့ရသည့် အတွက် တရုတ်ကျောထောက်နောက်ခံ ပေးထားသော လက်နက်ကိုင်အဖွဲ့များကို တရုတ်
မှ ၀ယ်ထားသော စစ်လက်နက်များဖြင့် တိုက်ခိုက်မရနိုင်ကြောင်းတပ်မတော်က သဘောပေါက်ခဲ့သည်။

ထို့ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယ၊ ပါကစ္စတန်၊ဂျပန်၊ ဆားဘီးယားနှင့် အစ္စရေး နိုင်ငံများသို့ ခရီးထွက်ပြီး တပ်မတော်အတွက် လိုအပ်သော စစ်လက်နက်များ ၀ယ်ယူရန် လေ့လာခဲ့သည်ဟုသိရသည်။

အစ္စရေးသည် မြန်မာနိုင်ငံ အတွင်း ရောင်စုံသောင်းကျန်းသူများ အားကောင်းသည့် ကာလကလည်း စပစ်ဖိုင်းယား တိုက်လေယာဉ်များနှင့် စစ်လက်နက်များကို မြန်မာ့တပ်မတော်သို့ ရောင်းချ ပေးခဲ့ဖူးသလို ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်ကလည်း တပ်မတော် အတွက် လိုအပ်သော ဒဿမ ၅ စက်သေနတ်
ကြီးများ၊အမေရိကန်ထုတ်၄၀မမ လောင်ချာဗုံးသီးများအပါအ၀င်စစ်လက်နက်များစွာကို ရောင်းချပေးခဲ့ဖူးကြောင်း တပ်မတော် စစ်လက်နက်ဝယ်ယူရေးနှင့် နီးစပ်သည့် အရာရှိတစ်ဦးက ပြောပြသည်။

ဒီမိုကရေစီ အစိုးရ လက်ထက်တွင် တပ်မတော် အနေဖြင့် တရုတ်နိုင်ငံထုတ် အင်ဂျင် လေးလုံးတပ် Y-8 C အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ် လေးစီးသာ ၀ယ်ယူခဲ့ကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစ္စရေး ခရီးစဉ်အတွင်း တပ်မတော်(ရေ) အတွက်
ဝယ်ယူထားသော FAC Super DVora MK3 အမြန်သွား စစ်ရေယာဉ်ကို စီးနင်းခဲ့ကြောင်းလည်း သတင်းရရှိသည်။ FAC Super DVora MK3သည် ၂၀၀၄ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တန် ၆၀လေးကာ တစ်နာရီလျှင် ရေမိုင် ၄၅ မိုင်နှုန်းဖြင့် ရေမိုင်၇၀၀အထိဆက်တိုက်မောင်းနှင်နိုင်ပြီး ရေပြင်မှ ရေပြင်ပစ်ပဲ့ထိန်း ဒုံးကျည်များ၊ ၂၀ မမ စက်အမြောက်နှစ်လက်၊ ၁၂.၇ မမ စက်အမြောက် နှစ်လက်၊ ၈၄ မမ နောက်ပွင့်
တစ်လက်၊ ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ်နှင့် ရေဒါတစ်ခု တပ်ဆင်ထားကြောင်း သိရသည်။

သတင်း- ကိုလူသစ် ( Tomorrow သတင်းဂျာနယ် )
Kyaw Swar Myint

သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း

ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းသည်။

သူရဦးရွှေမန်းဆိုရင်ဖြင့် အရင်စစ်အစိုးရလက်ထက်ကတည်းက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်ဆိုတာ အားလုံးသိကြပြီး သားဖြစ်တဲ့အပြင် လက်ရှိအရပ်သားအစိုးရလက်ထက်မှာ လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တောက်လျှောက်တာဝန်ယူခဲ့လေေ တာ့ကာ လူသိများပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေရွေးကောက်ပွဲနီးခါမှ ပြည်ခိုင်ဖြိုးပူးတွဲဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်တစ်ဦးအဖြစ်ကနေ ဖယ်ရှားခံလိုက်ရပြန်တော့ လူအများရဲ့ စိတ်ဝင်စားမှုကို ပိုလို့တောင်ရသလိုဖြစ်ခဲ့ပြန်ပါသေးတယ်။

ခုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေထဲမှာကို သူ့ရဲ့ မဲဆွယ်စည်းရုံးမှုဟန်က အားလုံးထက်ကို ထူးခြားနေပြန်တော့ လူအများက ထပ်ပြီးစိတ် ဝင်စားကြပြန်ပါတယ်။ အဲဒီလို လူအများစိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ သူရဦးရွှေမန်းကို Popular News ဂျာနယ်က သီးခြားတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ တခြားမီဒီယာအချို့လည်း မေးမြန်းခဲ့တာကြောင့် မေးခွန်းနှင့်အဖြေအားလုံးတို့ကို စုစည်းဖော်ပြလိုက်ရပါတယ်။

►၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့မျှော်မှန်းထားလားခင်ဗျ။

မျှော်မှန်းထားပါတယ်။

►ရွေးကောက်ပွဲအနိုင်ရဖို့ ဘယ်လိုပြင်ဆင်ထားလဲခင်ဗျ။

ထွေထွေထူးထူး သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ သူတို့က ကိုယ့်ကို နားလည်ကြတယ်။ ကိုယ့်ကို စေတနာမေတ္တာထားကြတယ်။ ကိုယ်ကလည်းသူတို့ကို စေတနာမေတ္တာထားတယ်ပြီးတဲ့အခါ သံယောဇဉ် လည်း ရှိပါတယ်။ သံယောဇဉ်ဆိုတာ ဇာတိ ကိုယ့် နိုင်ငံ အတွက်ပေါ့ သံယောဇဉ်တရား အပြန်အလှန်ရှိရင် ထွေထွေထူးထူး မဲဆွယ်စရာ မလိုဘူး။

►အခုဖြူးမှာ နိုင်ငံရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပြိုင်မှာဆိုတော့ အဓိကပြိုင်ဘက်အဖြစ် ဘယ်သူ့ကို ရွေး ထားလဲခင်ဗျ။

ဒီအတိုင်းဆိုရင် သီးသန့်ပြောစရာမရှိပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီကြီးတစ်ခုသာ ပြောစရာရှိတယ်။ ဒုတိယအင်အား ကြီး ပေါ့။ တစ်သီးပုဂ္ဂလကတော့ တစ်သီးပုဂ္ဂလရဲ့ သဘောသဘာဝပဲ။

►၂ဝ၁ဝ ရွေးကောက်ပွဲအချိန်နဲ့ ခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအချိန် တွေက ဘာတွေ ကွာခြားသွားလဲခင်ဗျ။

၂ဝ၁ဝ တုန်းကတော့ ပြိုင်ဘက်ပါတီတွေ နည်းတယ်၊ ပြိုင်ဘက်ပါတီ နည်းတဲ့အပြင် အင်အားကြီးပါတီမရှိခဲ့ဘူး၊ ဒီနှစ်ကျတော့ ပြိုင် ဘက် ပါတီများတယ်၊ အင်အားကြီးပါတီလည်း ပိုများတယ်၊ ဒါ့အပြင်ပြည်သူတွေက ရွေးကောက်ပွဲကိုလည်း ပိုပြီးတော့စိတ်ဝင်စား လာတယ်၊ ပိုပြီးတော့ လည်း နားလည်လာတယ်။ (ဒီတစ်ပတ်က ခုနကပြီးခဲ့တဲ့အပတ်ကထက် ဆိုရင်) အများကြီးတိုးတက်ဖို့ အခြေ အနေပြောင်းလဲသွားနိုင်ပါတယ်။

►ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တကယ့်အင်အားကြီး NLD ပါတီနဲ့ ယှဉ်ပြိုင် တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။

အခက်အခဲဆိုတာလည်း သတိပြုရမယ့် အချက်ပဲ၊ တကယ် ပြည် သူတွေ ယုံကြည်အောင်၊ ပြည်သူ့ဆန္ဒတွေကို တကယ်အလေး ထား ဆောင်ရွက်ပေးမယ်လို့ ပြည်သူကလည်း ယုံကြည်မယ်ဆို အဲ့ဒီယုံကြည် ချက်တွေက အဲဒီ့ပါတီကို သွားပြီးတော့လေ့လာမှုပြုရ ပါမယ်။

►ရွေးကောက်ပွဲပြီးသွားရင်ကော ဥက္ကဋ္ဌကြီးအနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကနေ ပြောင်းသွားဖို့ ရှိပါသလားခင်ဗျ။

ကိုယ်တို့ကပါတီကို ယုံကြည်ချက်တစ်ခုအနေနဲ့ဝင်တာ၊ ကိုယ်ဝင် တဲ့ပါတီက ကိုယ့်နိုင်ငံအကျိုးစီးပွားကို ပါတီအကျိုးစီးပွားထက် ပိုပြီး တော့ ဦးစားပေးဆောင်ရွက်နိုင်လိမ့်မယ်။ အဲ့ဒီ့အခါမှာ ဒီပါတီဝင် တစ်ယောက်အနေနဲ့ ပိုပြီးတော့ ပါတီမှာပါဝင်လိုတဲ့ဆန္ဒရှိတယ်။ ပါတီ တိုင်းပါတီတိုင်းက အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီး ဆောင် ရွက်ပါတယ်။ ပါတီအကျိုးစီးပွားထက်စာရင် အမျိုးသားအကျိုး စီးပွားကို ဦးထိပ်ထားပြီး ဆောင်ရွက်ပါ့မယ်။ လက်ရှိအနေအထားကတော့ ပါတီ မူဝါဒအပေါ်ကို သစ္စာရှိပါတယ်။

►ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်ရော တိုင်းပြည်အကျိုးစီးပွားအတွက် ဘယ်ပါတီကနေ ဆောင်ရွက်သွားဖို့ရှိပါသလဲခင်ဗျ။

ဒါကတော့ လွှတ်တော်ရဲ့အဆုံးအဖြတ် လွှတ်တော်ကိုယ်စားလှယ် များရဲ့အဆုံးအဖြတ်ပေါ် မူတည်ဆောင်ရွက်သွားမယ်လို့ ပြော ချင်ပါတယ်။

►ရွေးကောက်ပွဲအောင်နိုင်မှုက ရောဥက္ကဋ္ဌကြီးရဲ့ နိုင်ငံရေးရည်မှန်းချက် လား။ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ ခင်ဗျ။

ရွေးကောက်ပွဲ အောင်မြင်မှုနဲ့ နိုင်ငံရေးရည်မှန်းချက်က ဆက် စပ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးကလည်း အဓိကထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိကထား ဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်းမှာ ရွေးကောက်ပွဲအောင်နိုင်မှုက သိပ်ပြီး တော့ ထွေထွေထူးထူးဆောင်ရွက်စရာ မရှိပါဘူးလို့ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ဒေသပြည်သူတွေအပေါ် ကိုယ် နားလည်ပါ တယ်။ သူတို့အပေါ်ကို ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကလည်း ကိုယ့်အပေါ်ယုံကြည်မယ် နားလည်မယ်ဆိုရင် ဒီနေ့မြင်တွေ့သလိုပေါ့။ ပြည်သူတွေက ဒီလိုပဲ ဆုံးဖြတ်ပေးထားပါတယ်။

►သမ္မတနေရာထိကို ဆုံးဖြတ်ထားပါသလား ခင်ဗျ။

ဒီကိစ္စတွေက ပြောလို့မရသေးပါဘူး။ နောက်ဆုံး လွှတ်တော်တွေ ကပဲ ဆုံးဖြတ်ပေးသွားမှာပါ။

►အမေရိကမှာပြောခဲ့တဲ့ သမ္မတရည်မှန်းချက်က အခုထိဆက်မျှော်မှန်း ထားတုန်းပဲလား ခင်ဗျ။

လူတစ်ယောက် ဆိုတာကတော့ ရည်မှန်းချက်ကတော့ ရှိတာ ပေါ့။ မှန်ကန်တဲ့ရည်မှန်းချက်က ဒီလိုပဲထားကြတာပေါ့လေ။ ဒီအဆုံး အဖြတ်တွေကလည်း ကိုယ့်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ခုနကပြော သလို ပြည်သူအများကိုယ်စားလှယ်များရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါ တယ်။

“ ခေတ်ပြောင်းမဲ ”

တိုင်းပြည်အနာဂါတ်ကို အဆုံးအဖြတ်ပေးမဲ့ (၂၀၁၅) အထွေထွေရွေးကောင်ပွဲကြီးအတွက် မြန်မာနိုင်ငံမှာ စက်တင်ဘာ (၇) ရက်နေ့ ကစပြီး တရားဝင်မဲဆွယ်လှုပ်ရှားမှု့တွေ အုံးအုံးကြွက်ကြွက်နဲ့  နိုးထရှင်သန်လာပြီ။ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထောက်ခံသူတွေ ကခုန်ပျော်ရွှင်နေတဲ့ ရုပ်သံသတင်းထဲမှာ ဆံဖြူသွားကျိုး၊ ခါးကိုင်းနားထိုင်းနေတဲ့ ပါးကွက်ကျားနဲ့ အမယ်အိုတွေကွေးနေအောင်ကနေတာကို မြင်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ။ အရွယ်သာအိုမင်းပေမဲ့ ဖိနှိပ်မှု့ကလွတ်မြောက်ခြင်တဲ့စိတ်ဆန္ဒတွေ နုပျိုလန်းဆန်းနေတာ အားရစရာသိပ်ကောင်းတယ်။
ကမ္ဘာဦးလူသားတွေ နေရောင်ခြည်ကိုမြင်ရတဲ့အခါ ၀မ်းသာအားရ ပျော်ရွှင်သလိုမျိုးပါဘဲ။ ကလေး လူကြီး ပျိုပျိုအိုအို တောင်ဝှေးထောက်တဲ့ အဖိုးအိုတွေတောင် လက်ပျင်းတွဲရရွှဲနဲ့ လက်ရုံးတွေမြှောက်ချီလို့  ခေတ်ပြောင်းရမည်လို့ အားရပါးရ တခဲနက်ကြွေးကြော်နေကြပြီဘဲ။ စနစ်ဟောင်းကိုဖယ်၊ လူဟောင်းတွေ ပယ်ဖို့ ၊ လူကောင်းမူကောင်း၊ စနစ်ကောင်းဆီကို ချီတက်နေကြပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ရာဇ၀င်သစ်ကိုရေးထိုးဖို့  သမိုင်းတံခါးချပ်ကြီးကို ပြိုင်တူတွန်းဖွင့်ဖို့ ပြင်နေကြပြီ။
နှစ်ပေါင်း (၅၃) နှစ်ကျော်အောင် စစ်ဖိနပ်သံခွာအောက်မှာအမှောင်ချ အကျဉ်းကျခံခဲ့ရတဲ့ဘ၀ကလွတ်မြောက်ဖို့  စိတ်အားထက်သန်နေယုံနဲ့မပြီးသေးဘူး။ စစ်ကျွန်ဘ၀ကအပြီးတိုင်လွတ်မြောက်အောင် ဆောင်ကျဉ်းပေးမဲ့ ပါတီကို မိမိအသဲကြားကမဲတပြားနဲ့ လာမဲ့ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရွေးချယ်ပြီး အာဏာအပ်နှင်းနိုင်ဖို့ လိုတယ်။
ဒီတော့ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြောက်များလှစွာသော ပါတီတွေကို အောက်ပါ ပဓာနကျတဲ့ အချက်တွေနဲ့ နိုင်းယှဉ် အကဲဖြတ်ကြည့်ဖို့ အကြံပြုခြင်ပါတယ်။
(က) ပါတီရဲ့သမိုင်းကြောင်းကောင်းသလား၊ ဆိုးသလားကြည့်ပါ။
(ခ) ပါတီရဲ့မူဝါဒနဲ့ ရည်မှန်းချက်တွေကိုကြည့်ပါ။
(ဂ) ပါတီခေါင်းဆောင်ရဲ့ အမျှော်အမြင်၊ အရည်အသွေး၊ နာယကဂုဏ်(၆) ပါးနဲ့ ညီမညီ ကိုကြည့်ပါ။
(ဃ) ပါတီခေါင်းဆောင်နဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ကျင့်သီလ၊ စိတ်ဓါတ်နဲ့ ရိုးဂုဏ်ကိုကြည့်ပါ။
(င) ပါတီဟာ ဘယ်လူတန်းစားကို ကိုယ်စားပြုသလဲ၊အဖိနှိပ်ခံဖက်ကလား၊ ဖိနှိပ်သူလားဆိုတာကြည့်ပါ။
(စ) ပါတီဟာ ပြည်ထောင်စုတခုလုံးအရေးလား လူတမျိုး၊ တဘာသာအရေးအတွက်လားဆိုတာကြည့်ပါ။
(ဆ) ပါတီရဲ့ ကျောထောက်နောက်ခံ ဘဏ္ဍာငွေကြေး သန့် ရှင်းမှု့ကိုကြည့်ပါ။
စာရေးသူကတော့ ပြည်သူတယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုသာ ပုံအောမဲပေးသင့်ကြောင်း ခိုင်မာစေတဲ့ အောက်ပါအကြောင်းတရားများကို ထင်ထင်ရှားရှား တွေ့ မိ၊ မြင်မိပါတယ်။ စာဖတ်သူ မဲဆန္ဒရှင် ပြည်သူများ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားရွေးချယ်ကြည့်ကြပါကုန်။

(၁) ပြည်သူကိုမျက်ရေသုတ်ပေးမဲ့ပါတီဖြစ်ခြင်း
(၂) ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးက သန္ဓေတည် ဖွားမြင်လိုက်တဲ့ ပြည်သူ့ ပါတီဖြစ်ခြင်း
(၃) သမိုင်းကြောင်းဖြူစင်ပြီး လာခြင်းကောင်းတဲ့ပြည်သူ့ ပါတီဖြစ်ခြင်း
(၄) အဖိနှိပ်ခံပြည်သူအများစုဖက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ပါတီဖြစ်ခြင်း
(၅) စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာနှိပ်ကွပ်မှု့တွေ နှစ်ပေါင်း(၂၀) ကျော် ကြံ့ကြံ့ခံပေးဆပ်ခဲ့တဲ့ပါတီဖြစ်ခြင်း
(၆) ကမ္ဘာ့ ဒီမိုကရေစီသင်္ကေတ၊ ဒီမိုကရေစီဘုရင်မ .. ဦးဆောင်တဲ့ပါတီဖြစ်ခြင်း
(၇) ပြည်သူကို စစ်ကျွန်ဘ၀ကလွတ်မြောက်စေမဲ့ပါတီဖြစ်ခြင်း
(၈) တရားဥပဒေစိုးမိုးစေမဲ့ပါတီဖြစ်ခြင်း
(၉) အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ကျဉ်းပေးမဲ့ပါတီဖြစ်ခြင်း
(၁၀) လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့အမျိုးဘာသာသာသနာကို မှန်မှန်ကန်ကန် မျှမျှတတ စောင့်ရှောက်ပေးမဲ့ပါတီဖြစ်ခြင်း
(၁၁) အကျင့်ပျက်ခြစားမှု့ကို ချေမှုန်းမဲ့ပါတီဖြစ်ခြင်း
(၁၂) ပြည်သူသာအမိပြည်သူသာအဖပါတီဖြစ်ခြင်း
(၁၃) ပြည်သူလူထုကို မိဘသဖွယ် စောင့်ရှောက်မဲ့ပါတီဖြစ်ခြင်း
(၁၄) ပြည်သူတွေကို ဘ၀အာမခံချက်နဲ့ ဘ၀လုံခြုံမှု့ပေးမဲ့ပါတီဖြစ်ခြင်း
(၁၅) တပ်မတော်ကို စစ်တန်းလျှားဆီ သိက္ခာရှိစွာပြန်ပို့ နိုင်တဲ့ တခုတည်းသောပါတီဖြစ်ခြင်း
(၁၆) ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံတဲ့ပါတီဖြစ်ခြင်း
(၁၇) ချိုးဖေါက်ခံရတဲ့ ပင်လုံဂတိက၀တ်ကို ပြန်လည်ဖြည့်ဆီးပေးမဲ့ပါတီဖြစ်ခြင်း
(၁၈) စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အရယူပေးနိုင်ယုံမက တည်တံ့အောင် ထိမ်းသိမ်းစောင့်ရှောက်မဲ့ ပါတီဖြစ်ခြင်း
(၁၉) လူတိုင်းအတွက် ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ ဖြစ်စေမဲ့ပါတီဖြစ်ခြင်း
(၂၀) အခြေခံလူ့ အခွင့်အရေးကို အသိအမှတ်ပြုပြီး လူ့ ဂုဏ်သိက္ခာကိုလေးစားတန်ဘိုးထားတဲ့ ပါတီဖြစ်ခြင်း
(၂၁) လယ်သမားအလုပ်သမားတိုင်းရင်းသား စစ်သားများ အပါအ၀င် လူတိုင်းဘ၀ကို မြှင့်တင်ပေးမဲ့ ပါတီဖြစ်ခြင်း
(၂၂) တိုင်းရင်းသားဒေသဖွံ့ ဖြိုးတိုးတက်ရေးကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြမဲ့ပါတီဖြစ်ခြင်း
(၂၃) စီးပွားရေးဖွံ့ ဖြိုးမှု့တွေနဲ့ အတူ မြန်မာကို အာရှကျားတကောင်ဖြစ်စေမဲ့ပါတီဖြစ်ခြင်း
(၂၄) ဒီမိုကရေစီပညာရေးအစစ်နဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကိုထုဆစ်မဲ့ပါတီဖြစ်ခြင်း
(၂၅) မြန်မာကိုကမ္ဘာ့ အလယ် ခေါင်းမော့ထည်ဝါစေမဲ့ ပါတီဖြစ်ခြင်း။

ကဲဒီတော့ ဘာမှတွေဝေနေစရာမလိုဘူး၊ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုယ်ပိုင်ဥာဏ်နဲ့  စဉ်းစားပြီး ကိုယ်နှစ်သက်ရာပါတီနဲ့  ကိုယ်စားလှယ်လောင်းတွေကိုသာ မဲထည့်ဖို့ ပြင်ဆင်ထားပါ။ အားခဲထားပါ။
ကိုယ့်အသဲကြားကမဲပြား အချည်းအနှီးဖြစ်မသွားအောင်၊ အသုံးမ၀င်တဲ့ ပယ်မဲဖြစ်မသွားရအောင် မဲပေးဖို့ သွားတဲ့အခါ သတိထားနိုင်ဖို့ အောက်ပါအချက်တွေသတိပြုစေခြင်ပါတယ်။
(၁) မဲရုံသွားတဲ့အခါ နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ် ( မှတ်ပုံတင်လက်မှတ်) ယူသွားဖို့ မမေ့ပါနဲ့ ။
(၂) ဆန္ဒပြုရမဲ့ မဲပြားကဒ်ရတဲ့အခါ မဲရုံမှုးလက်မှတ်ပါမပါ အရင်စစ်ပါ။ မပါရင်ပြန်လဲပါ။ မဲပြားကဒ်မှာ စွန်းထင်းနေသလား၊ အမှတ်သားတစ်ခုခုရှိနေလား ဆိုတာကိုလည်းကြည့်ရပါမယ်။ ပုံမှန်မဟုတ်တာ၊ မသကာင်္စရာတွေ့ ရင်ပြန်လဲပါ။
(၃) မဲပေးရမည့် လျှို့ဝှက်မဲပေးခန်းထဲဝင်၍ မဲပြားကဒ်နှင့် တံဆိပ်တုံးကို ထပ်မံစစ်ဆေးပါ။ ဤအခန်းအတွင်းသို့ သင်ရောက်ရှိနေခြင်းဟာ တိုင်းပြည်ကိုယာယီအုပ်ချုပ်မဲ့ အစိုးရတရပ်ကိုရွေးချယ်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော်အာဏာရဲ့ အရှင်သခင်တပါးအနေနဲ့ ရောက်ရှိနေတာ ဖြစ်လို့ ဘယ်သူ့ ကိုမှ စိုးရွံ့ ကြောက်လန့် နေစရာမလိုပါ။
(၄) မဲပြားကဒ်ပေါ်တွင် မိမိနှစ်သက်ရာ ပါတီနှင့် ကိုယ်စားလှယ်လောင်းအတွက် တံဆိပ်ထုရန် ပေးထားသော အကွက်ထဲတွင် တိတိကျကျ တံဆိပ်နှိပ်၍ မဲပေးပါ။ မဲပြားပေါ်မှာ ကိုယ်ဘာသာ အမှားလုပ်မိပြီး မှားမှန်းသိရင် မဲရုံတာဝန်ခံထံရှင်းပြ၍ မဲပြားကဒ်အသစ်ပြန်တောင်းယူပါ။
(၅) အထက်ပါအတိုင်း မဲပေးရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့  အတွက် မဲသုံးကြိမ်ပေးရမည်ကို သတိပြုပါ။
(၆) အကယ်၍ မဲဆန္ဒရှင်တွင် တိုင်းရင်းသားကိုယ်စားလှယ်ရှိပါက တိုင်းရင်းသားကိုယ်စားလှယ်လွှတ်တော်အတွက်အပါအ၀င် မဲလေးကြိမ်ပေးရမည်ကို သတိပြုပါ။
(၇) တံဆိပ်ထုပြီးသားမဲကဒ်ပြားကို မဲပုံးထဲသို့ သေခြာစွာထည့်ပါ။ ပြီးရင် မဲပေးပြီးကြောင်း ဘယ်လက်သန်းတွင် မှင်တို့ ခံခဲ့ပါ။

မဲထည့်ရာတွင် ပယ်မဲများ မဖြစ်ကြစေရန် အတွက်အောက်ပါပယ်မဲဖြစ်စေနိုင်သောအချက်များကိုလည်း သတိပြုထားကြစေချင်ပါတယ်။
(၁) မည်သူ့ အားဆန္ဒပြုသည်ကို ဆုံးဖြတ်ရခက်ခဲသောမဲ (ပေးထားရာအကွက်နှစ်ကွက်ပေါ်ခွထုထားခြင်း)
(၂) ဆန္ဒပြုရမည့်အကွက်ပြင်ပတွင် ဆန္ဒပြုထားသောမဲ (တံဆိပ်တုံးထုရာတွင် သတ်မှတ်ပေးထားသည့်နေရာတွင် မထုခြင်း)
(၃) တကြိမ်ထက်ပို၍ဆန္ဒပြုထားတဲ့မဲ (တံဆိပ်တုံးကို တကြိမ်ထက်ပို၍ ထုထားသောမဲ)
(၄) လုံးဝဆန္ဒပြု မထားသောမဲ (တံဆိပ်တုံးထုမထားသောမဲ)
(၅) မဲရုံမှူးလက်မှတ်မပါသောမဲ
(၆) အစွန်းအထင်းပါသော၊ ဖျက်ရာများပါသောမဲ
(၇) တရားဝင်မဲတံဆိပ်တုံးမှအပ အခြားတံဆိပ်၊ အမှတ်အသားပြုထားသောမဲ ။
(၂၀၁၅) အထွေထွေရွေးကောက်ပွဲကြီးကို ပြည်တွင်းပြည်ပနိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကနေ သန့် ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုခံရအောင် ဖမ်းဆီးခံကျောင်းသားတွေအားလုံး၊ ထောင်ချခံ နိုင်ငံရေးလှုပ်ရှားတက်ကြွသူအားလုံးကို ခြွင်းချက်မရှိ ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြန်လွှတ်ဖို့ လိုပါ တယ်။
အဲ့ဒီလိုမှမဟုတ်ဘဲ ဦးသိန်းစိန်တို့ ရဲ့ လက်ရှိစစ်တပိုင်းအစိုးရဟာ ရွေးကောက်ပွဲအတွက် လုံးပမ်းနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာရရေးသာကြည့်တယ်၊ ကျောင်းသားတွေ ကိုပစ်ထားတယ်လို့ ဖမ်းဆီးခံကျောင်းသားလူငယ်တွေ နဲ့ ဝန်းရံပြည်သူတွေက အထင်လွဲအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မလွှတ်ဖူးဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။
ကျောင်းသားထုတွင်းမှာလည်း ဗကသ၊ တကသ မခွဲခြားဘဲ ညီညီညွတ်ညွတ် ပြောင်းလဲရေးအတွက် ဘယ်သူ လုပ်လုပ် ဟန်ချက်ညီညီချိတ်ဆက် လုပ်ဆောင်ကြဖို့ လိုပါတယ်။ တော်လှန်ရေးသတိကြီးကြီးထားပြီး လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ ကုန်သည်ပွဲစား၊ ဈေးသမား၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အများစုကြီးရဲု့ညီညွတ်ရေး ဟာ ဒီမိုကရေစီအောင်ပွဲရဲ့ အဓိကသော့ချက်ဖြစ်တာမမေ့ကြပါနဲ့ ။
ဗကသတင် ညီညွတ်လို လည့်းမဖြစ်ဘူး။ တကသတင်ညီညွတ်နေလို့ မရဘူး။ လူမျိုးတမျိုးတည်းညီညွတ် နေယုံနဲ့ လည်းမပြီးဘူး။ ဘာသာတခုတည်းညီညွတ်နေယုံနဲ့ လည်းမပြည့်စုံဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀င်တွေတင် ညီညွတ်နေတာနဲ့ လည်းဒီမိုကရေစီမရနိုင်ဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရယူမှသာလျှင် ဒီမိုကရေစီမကိုဋ်ပန်းကို ဆွတ်ခူး ဆင်မြန်းနိုင်မှာဖြစ်တယ်။ အဖွဲ့ တွေကွဲခြင်သလောက်ကွဲနေပါစေ၊ တိုင်းပြည်အကျိုး၊ ပြည်သူ့ အကျိုး ဆောင်ရွက်ရာမှာတော့ တစည်းတလုံးထဲ လက်တွဲလုပ်ဆောင်ကြဖို့ လိုတယ်။ မြန်မာ့မြေမှာ စစ်အာဏာရှင် အဆိပ်ပင်ကြီးကို အပြီးတိုင်အမြစ်လှန်တူးထုတ်ပစ်နိုင်ဖို့ ပထမခြေလှမ်း အနေနဲ့ အများပြည်သူရည်မှန်းတဲ့ ဒီမိုကရေစီပန်းကို မြေချစိုက်ပျိုးဖို့ အချိန်ရောက်နေပါပြီ။
ဒါကြောင့် အခုလာမဲ့ (၂၀၁၅) အထွေအထွေရွေးကောက်ပွဲကြီးမှာ ခေတ်ပြောင်းမဲနဲ့ စနစ်ကောင်းဆွဲပြီး ပဉ္စမမြန်မာနိုင်ငံတော်ကြီး တည်နိုင်အောင် ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ “ ဒီမိုကရေစီပန်း” ဆိုတဲ့ ဂန္ဓ၀င်ကဗျာကို တိုင်တည်ရင်း စာရေးသူရဲ့ “ခေတ်ပြောင်းမဲ” ကဗျာလေးနဲ့ ဘောင်ကွပ်လို့ ဒီဆောင်းပါးကို နိဂုံးသတ်ပါရစေ။

“ ဒီမိုကရေစီပန်း”
 စိုက်လိုက်စမ်းမကွဲ.
 ပန်းရောင်စုံ ၊ သင်းထုံပျံ.မွှေး။
 " ဒီ " ပန်းတွေဖူးဝေသစ်တဲ့အခါ
 မြေးမြစ်တွေ နောင်တခေတ်မှာ
 ပန်ရစ်ကြလေး ။ ။


“ ခေတ်ပြောင်းမဲ ”
 မတွေဝေမိပေါင်
 သေထိတောင် နာခံခက်သေး။
 စနစ်ဟောင်းဖြို ခေတ်ပြောင်းမဲနဲ့
 စနစ်ကောင်းကြို သွေးတောင်းပွဲ
 နွှဲကြစို့လေး ။ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
စက်တင်ဘာ (၁၃) ရက် ၂၀၁၅ ခုနှစ်

မြောင်းမြမြို့ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးမိုးသူမှ ပြည်သူများအား မိတ်ဆက်စကားပြောကြား

Posted by Mizzima - News in Burmese on Wednesday, September 16, 2015

၂၀၁၀ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ။
၂၀၁၀ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို အခုအချိန်အထိ တိကျစွာ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ပယ်ခံရတဲ့ကိုယ်စားလှယ်တွေ ပြန်ပြီး အယူခံဝင်နေတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမယ့် စက်တင်ဘာလ တတိယပတ်ထဲမှာတော့ အပြီးသတ်ထုတ်ပြန်ပေးနိုင်မယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန် ဗွီအိုအေရုံးက သတင်းထောက် မမေခက ဒီအကြောင်း စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တနိုင်ငံလုံးကနေ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်လျှောက်ထားတာမှာ ၈၀ကျော် ပယ်ခံခဲ့ရတယ်လို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီစာရင်းတွေက တိကျမှုမရှိသေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှုး ဦးမြင့်နိုင်ကပြောပါတယ်။ ပယ်ချခံရတာနဲ့ပတ်သတ်ပြီး ဦးမြင့်နိုင်က ဗွီအိုအေကိုခုလို ပြောပါတယ်။

“၁၀၀ကျော်ဆိုတာတော့မဟုတ်ပါဘူး။ ခန့်မှန်းခြေကတော့ ၈၈ လောက် ပတ်ဝန်းကျင်ပါပဲ။”

လက်ရှိထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းတွေမှာ နယ်မြေ ၃၇ ခုက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အယူခံဝင်မှု တွေရှိနေတဲ့အတွက် ထုတ်ပြန်ကြေငြာနိုင်ခြင်းလည်း မရှိပါဘူး။ ခုလက်ရှိမှာတော့ သက်ဆိုင်ရာ တိုင်း/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် တို့မှာ အသေးစိတ် ကြေငြာထားပေမယ့် အယူခံဝင်တာတွေရှိနေပါသေးတယ်။ဒီအပေါ်မှာ ထပ်တိုးနှုတ်တွေကို စာရင်းပေါင်းမလုပ် နိုင်သေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

“Update မဖြစ်သေးဘူးဆိုတာက အခုအချိန်အထိ မပျက်နိုင်သေးဘူး။ တချို့စီစစ်ဆေးရေးမှူးတွေက။ အဲဒါကြောင့်မို့လို့ update တော့မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ စီစစ်မှူးတွေက အခုမှထပ်တိုးတယ်ဆိုတော့ plus ထပ်လုပ်မှာပဲ။ ထပ်လျှော့တယ်ဆိုရင် minus ထပ်လုပ်မှာပဲ၊ ဒီလိုတော့ရှိနိုင်ပါတယ်ခင်ဗျာ။ ကျနော်တို့လောလောဆယ် လွှတ်တော်ကိုယ်စားလှယ်လောင်းက တိုင်းဒေသကြီးက မငြိမ်သေးဘူးဖြစ်နေတယ် ခင်ဗျာ။ လောလောဆယ် အယူခံမပျက်တာ အများစုက တိုင်းဒေသကြီးက ဖြစ်နေတာအတွက်ကြောင့် သူကတော့ ဒီ အရေအတွက်မငြိမ်နိုင်သေးပါဘူး။ လောလောဆယ်တော့ ပုံစံ (၁၀) နဲ့ကြေညာထားတယ်။ ခရိုင်တွေက ပုံစံ (၁၀) နဲ့ကြေညာထားတဲ့အရေအတွက်အရတော့ ပြည်သူသည် စောနကပြောသလို ၁၇၄၀ ရှိမယ်။ အမျိုးသားသည် ၈၈၆ ရှိပါမယ်။ confirm ဖြစ်နိုင်ပါတယ်။ လောလောဆယ်ရောဆိုတာက သူက အယူခံတွေတော့ ထပ်လာနေတုန်းပဲ ခင်ဗျာ။ထပ်လာနေတုန်းပဲ ဆိုတဲ့အခါကျတော့လေ အပြတ်တော့ ပြောမရဘူး။ လောလောဆယ် အကျမ်းဖျင်းတော့ ကျနော်တို့ ဒါကတော့ ဥပဒေနီးပါးဆိုရင်တော့ အတည်ဖြစ်ပါပြီ။ ထပ်တက်လာတဲ့ စောနပြောတဲ့ ဒီအသနားခံစာတွေအပေါ်မှုတည်ပြီးတော့ ကော်မရှင်အရ စီစစ်ပြီးတော့ ပြန်ပြီး ထည့်ပေးလိုက်တာလည်း ရှိနိုင်တယ်။ ဆိုတော့ ဒီဂဏန်းကတော့ စောနကပြောသလို ရှိနေနိုင်သေးတယ်။ မငြိမ်သေးဘူး ခင်ဗျာ။”

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက ဦးကျော်မင်း ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၈ဦးပြိုင်တာမှာ ၁၇ ဦးပယ်ခံရတာ နဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

"၁၈ ယောက်မှာ ၁၇ ယောက် အားလုံးလိုလိုပေါ့။ နိုင်ငံသားလက်မှတ်၊ မိဘများ၊ ဘိုးဘွားများ၊ ရဲ့ နိုင်ငံသားလက်မှတ် မပြနိုင်လို့တဲ့ ။အဲ ဒါပဲ တခုတည်းသောအကြောင်းပြချက်။ ဘိုးဘွားလက်ထက်ထဲမှာ နိုင်ငံသားလက်မှတ် မရှိတာ။ ဘယ်ကနေ ဘယ်လိုလုပ်ပြီးတော့ နိုင်ငံသားလက်မှတ်ပေးမလဲ။ အယူခံဝင်ထားတဲ့ ၇ ရက်အတွင်း ခရိုင်က ပယ်တယ်။ ကျနော်တို့ တိုင်းသားပြည်နယ်ကို ပြည်နယ်ကော်မရှင်ပြောတာပါ။ အယူခံတယ်၊ ကော်မရှင်ကလည်း အောက်ရုံးကဟာကို အတည်ပြုတယ်။ အဲတော့ အခု ဗဟိုကော်မရှင်ကို သွားပြီးတော့ နဲနဲပါးပါးသွားပြီးတော့ အကျိုးအကြောင်းပြောရင် ထိုးမလားလို့ စဉ်းစားနေတယ်။ တချို့တွေကလည်း ဟို တဦးချင်းပေါ့။ အယူခံတဲ့ သဘောတော့ မဟုတ်ဘူး။ အကျိုးအကြောင်းတင်ပြပြီးတော့ ပြန်လည်စဉ်းစားပေးပါရန်ဆိုပြီး တော့ စာတင်ထားတာရှိတယ်။"

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၇ ထောင်နီးပါး ထဲကနေ ၈၀ ကျော်ကို ပယ်ချထားတယ်လို့ ကော်မရှင်က ကနဦး ကြေညာထားပေမယ့် ခုချိန်ထိ ဘယ် ပါတီက ဘယ်နှစ်ဦးအပယ်ခံထားရတယ်ဆိုတာကို ထုတ်ဖော်မပြောနိုင်သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း၁၁၀၀ ကျော်ဝင်ပြိုင် ဖို့စာရင်း သွင်းတာမှာ ၈ယောက်ပယ်ခံရတယ်လို့ ဗဟိုလုပ်မှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။အယူခံဝင်ဆဲကာလဖြစ်တဲ့အတွက် အသေး စိတ် ကို မထုတ်ပြန်သေးတာဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။

လက်ရှိမှာ ပြည်သူ့လွှတ်တော်အတွက် ၁၈၀၀နီးပါးဝင်ပြိုင်ထားပြီး အမျိုးသားလွှတ်တော်အတွက် ၁၀၀၀နီးပါးဝင်ရောက်ယှဉ်ပြိုင် ထားပါတယ်။ တိုင်းဒေသကြီးအတွက်ကတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက်ပါ အပါအဝင် ၃၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

ပယ်ချခံရသူအများစုဟာ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းတွေများပြီး ပယ်ချခံရတဲ့ အကြောင်းအရာတွေမှာလဲ မိဘနိုင်ငံ သားမဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဥပဒေအရ သတ်မှတ်ထားတဲ့ အသက်ပြည့်မီမှု မရှိတာတွေကြောင့် ပယ်ချခံရတာ တွေများတယ်လို့ ကော်မရှင်ကပြောပါတယ်။ ဒီအပြင် နိုင်ငံတွင်းမှာ တဆက်တည်း ၁၀ နှစ်နေထိုင်တာမရှိတာတွေကြောင့် ပယ်ချခံရတာတွေလည်းရှိနေပါတယ်။

မေခ/VOA
http://burmese.voanews.com/content/myanmar-election-list-of-the-canditate-not-finalize-/2965922.html

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: RFA
 NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို လာမယ့် အောက်တိုဘာ လအလယ်မှာ စတင်မယ်လို့ NLD ပါတီက ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေ သွားပြီးရင် သံတွဲမြို့၊ ဂွမြို့နဲ့ တောင်ကုတ်မြို့တို့ကို သွားဖို့စီစဉ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကိုပြော ပါတယ်။

"သံတွဲ၊ ဂွရယ်၊ တောင်ကုတ်ရယ်၊ ဒါဘဲ၊ ကျန်းမာရေးအခြေအနေအရရယ်၊ နိုင်ငံရေးအခြေအနေအရရယ်၊ သွားသင့်သွားထိုက်တဲ့နေရာတွေရွေးပြီးတော့ သွားတာပါ၊ နောက်အပတ်ဆိုရင် ခန္တီး၊ မော်လိုက်သွားမှာ၊ ပြီးရင် ကချင်ပြည်နယ် သွားမှာ၊ ကချင်ပြည်နယ်ပြီးမှ ရခိုင်"

ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကနေ လွတ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပုပ်ခတ်ဝေဖန်တဲ့ လက်ကမ်းစာတွေ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာလိုက်ဝေခဲ့တာ ကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် အရေးမယူဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


စက်တင်ဘာလ ၁၆ ရက် ၂၀၁၅

RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား သျှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်ေ ဒသတွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲတွင် အစိုးရတပ်မတော်ဘက်မှ တိုက်လေ ယာဉ် နှင့် စစ်ရဟတ်ယာဉ်များ အသုံးပြုကာ နယ်မြေလိုက်လံ ရှင်းလင်းေ ကြာင်း ဒေသခံများနှင့် RCSS/SSA တာဝန်ရှိသူတို့က ပြောသည်။

စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်အခြေစိုက်ရာ ခိုလမ်မြို့ တောင် ဘက် ၁၀ မိုင်ခန့်အကွာ (ကျိုင်းတောင်း မြို့အသွားလမ်း) ခိုအွတ်ကျေးရွာအုပ်စု ၀မ့်ကောင်းရွာ တောင်ဘက် တွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်အောက်ခံတပ်ရင်း များနှင့် ဒေသ တွင်း အခြေစိုက် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်လေ ယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"မနက် ၇ နာရီလောက်မှာ ဖြစ်တာ သူတို့ဘက်က အထိနာတော့ လေ ယာဉ်တွေ ဟယ်လီကော်ပတာတွေတက် လာပြီး လာတိုက် တယ် " - ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

တိုက်ပွဲမှာ မနက် ၁၀ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ပြီး အသေအပျောက် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

'ယခုရက်ပိုင်းတိုက်ပွဲတွေက ဆက်လာနေတော့ ဒေသခံတွေ က တော်ေ တ်ာလန့်နေတယ် '- ဟု နမ်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် RCSS/SSA တပ်ရင်းများ နှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ် ပွားေ နပြီး သေဆုံးမှုများလည်း ရှိနေသည်ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြော သည်။

‘ဗိုလ်မှူးကြီးစိုင်းလှက သူတို့က ကျနော်တို့ကို ထိုင်းမြန်မာနယ်စပ် မုန်း ထားေ ဒသကို ဆုတ်ခိုင်းနေတယ်။ အဲဒီမှာ တပ်ရင်းတွေ အများကြီးကို တချို့တပ် ရင်းတွေနဲ့က အဝေးကြီး။ ဒါမှန်းသိရင် အစက တည်း က ပြည် ထောင် စု အဆင့် ပြည်နယ်အဆင့် အပစ်ရပ်ရေးတောင် မလုပ်ဘူး။ ကိုယ့်သျှမ်းပြည် မှာ နေတာပဲ အခုက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးဖို့ လုပ်နေ တုန်းဖြစ်တာ ယုံကြည်မှု ထိခိုက်စေတယ်‘ ဟု ပြောသည်။

အလားလူ လင်းခေးခရိုင် လင်းခေးမြို့အရှေ့တောင်ဘက် ၀မ့်စလောင်းရွာ အနီးတွင်လည်း အစိုးရတပ်မတော် ၊ ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းအင်အား ၄၀ စစ်ကြောင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဂျူလိုင်လ ၁၇ တနိုင်ငံလုံးအပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေသည်ဟု သျှမ်းပြည် တပ်မတော်မှ သဘောထား ထုတ်ပြန်သည့်နောက်ပိုင်း လွယ်လင်မြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မောက်မယ်မြို့နယ်၊ လင်းခေးမြို့နယ် နှင့် ကျောက်မဲမြို့နယ်များအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့သည်။

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese


 စက်တင်ဘာလ ၁၆ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင် ၊မောက်မယ်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စက်တင်ဘာ ၈ ရက် မဲဆွယ် စည်းရုံးခွင့်ပြု သည့် နေ့မှစ၍ မြို့နယ်အတွင်း နေရာအနှံ့အပြားတွင် သျှမ်းပြည်ခိုင်ဖြိုး၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟူ၍ ဆိုင်းဘုတ်များ စိုက်ထူကာ မဲဆွယ်နေကြောင်း သိရသည်။


စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော မောက် မယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ရဲတပ်ဖွဲ့ဝင် များမှာ အရပ်ဝတ်ဖြင့် ဆွေးနွေးပွဲအတွက် လုံခြုံရေးယူပေးခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ တဦးကပြောသည်။

” မဲဆွယ်စည်းရုံးရေးသွားရင် ဝေငှပေးဖို့ အကျီ၊ ဦးထုပ်စတာတွေမှာ သျှမ်းခြင်္သေ့ ပအိုဝ်းခြင်္သေ့ ဆိုပြီးရေးထားတယ်။ လမ်းဘေးဆိုင်းဘုတ်တွေ မှာလည်း အဲလိုရေးထားတယ်။ ဘာကြောင့် ဗမာခြင်္သေ့ လို့မရေးတာလဲ။ ဒါမှမဟုတ် သူတို့က ဗဟိုကနေခွဲထွက်လာတာလား၊ အဲလို မရှင်းမရှင်း မပြတ်မသားပုံစံ နဲ့တော့မလုပ်သင့်ပါဘူး ။ တခြားပါတီ တွေဆို သူများ အဲလို မလုပ်ဘူး။” - ဟု လည်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။


လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် မဲဆန္ဒနယ် ၂ နယ်ရှိရာ အမှတ် ၁ မဲ ဆန္ဒနယ်တွင် သျှမ်းတိုင်းရင်းသား အများစုနေထိုင်ပြီး အမှတ် ၂ မဲဆန္ဒ နယ် တွင် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ပါသည်။ အဆိုပါ ၂ နေရာတွင် ပြည် ခိုင်ဖြိုးပါတီအပြင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဟူသည့် ပါတီ ကြီး ၅ ခုက ယှဉ်ပြိုင်ကြ မည်ဖြစ် သည်။

သျှမ်းသံတော်ဆင့်/ခါးဖန့်
https://www.facebook.com/Panglong.burmese


 ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA မုန်းကို ဒေသသို့ ယမန်နေ့ည အစိုးရတပ် စစ်ကူများ ပို့ထားပြီးနောက် ယနေ့ မနက်ပိုင်း (၄)နေရာတွင် တိုက်ပွဲဖြစ်ပွားနေပါသည်။

ကွတ်ခိုင်ဘက်မှ စစ်ကား(၁၆)စီးခန့်ဖြင့် အစိုးရတပ် စစ်ကူများသည် ယမန်နေ့ ညအချိန် မုန်းကို သွားလမ်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ပန်ဆိုင်း(ကြူကုတ်) ကြား နမ်တောင်း (Nam Tau) ကျေးရွာသို့ ၀င်ရောက်လာပြီး ယင်းနောက် ယနေ့ မိုးမလင်းမီ စစ်ကြောင်း(၂)ကြောင်း ခွဲ၍ KIA အမာခံစခန်းရှိရာ လွယ်ဂျုံဘွမ်တောင် (Loi Jung Bum) သို့ ပြန်လည်ထွက်ခွာသွားကြောင်း နမ်တောင်း ဒေသခံများဆိုပါသည်။

စစ်ရေး မဟာဗျူဟာအရ အရေးပါသော Loi Jung Bum တောင်သည် မုန်ဘော် (Mung Baw)နှင့် မုန်းကို (Mong Ko) ကြား တည်ရှိသည်။ ၎င်း တောင်သို့ ပန်ဆိုင်း(ကြူကုတ်)-ခလွမ်(Hka Lum) လမ်းကြောင်းနှင့် မုန်ဘော်(Mung Baw) လမ်းကြောင်း နှစ်ဘက်မှချီတက်လာစဉ် KIA တပ်ရင်း(၃၆) တပ်ဖွဲ့များနှင့် ယနေ့ မနက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်သည့်နေရာသည် နမ်တောင်းကျေးရွာ အနီး အရှေ့ဘက် ဖာဟိုးဘွမ် (Hpa Hu Bum)နှင့် ၎င်းကျေးရွာ အရှေ့တောင်ဘက် မုန်ဘော်(Mung Baw) ကျေးရွာ ပတ်ဝန်းကျင်(၃) နေရာ (Man Kang Bum၊ Ying La Bum၊ Loi Lawm Bum) တို့တွင် ဖြစ်သည်ဟု မုန်းကို ဒေသ KIA အရာရှိများ အတည်ပြုပါသည်။

Loi Jung Bum တောင်ခြေတွင် စက်တင်ဘာ(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပွားသော တိုက်ပွဲ ပြင်းထန်ပြီး နောက်ဆုတ်သွားသော အစိုးရစစ်ကြောင်းမှ လက်နက်အချို့ KIA မှ သိမ်းဆီးရရှိခဲ့ကြောင်း ကချင်ပြည်နယ် KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ကချင်သတင်းဌာန KNG ကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေနှင့် မုန်းကို-ဖောင်းဆိုင် ဒေသများအတွင်း “မည်သည့်အဖွဲ့မှ (၃)ရက် အထက် စခန်း (post) ချခြင်း မပြုလုပ်ရန်နှင့် လက်နက်နှင့်လူ(၅)ယောက် အထက် စည်းရုံး စုဖွဲ့ခြင်း မပြုလုပ်ရန်” အစိုးရတပ်၏ သတိပေးထုတ်ပြန်ချက်လည်း ရှိနေသည်ဟု ဒေသခံများ ဆိုသည်။

ယခုလို မုန်းကို ဒေသတွင် အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲ ပြင်းထန်လာနေချိန် ထူးထူးခြားခြား တရုတ် စစ်တပ်က ပန်ဆိုင်း(ကြူကုတ်)မှ ဖောင်းဆိုင်ထိ နယ်စပ်တလျှောက် တပ်စခန်းများ ချထားကြောင်း ဒေသခံများပြောပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးရန် သဘောတူညီချက် မရပဲ ညှိနှိုင်းဆဲဖြစ်နေချိန် အစိုးရတပ်နှင့် တိုက်ပွဲများ ပလောင်(တအောင်း) ဒေသနှင့် ကိုးကန့်ဒေသများတွင်လည်း ဆက်လက် ဖြစ်ပွားနေသည်။

Kachin News Group
http://kachin.kachinnews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.