09/18/15


ရှမ်းပြည်နယ်တွင်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်။
ရှမ်းပြည်နယ်တွင်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်။

ရှမ်းပြည်နယ် အတွင်းမှာ အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာကြောင့် RCSS/SSA တောင်ပိုင်းက သူတို့ ထိန်းချုပ်တဲ့ ဒေသတွေ အတွင်းမှာ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး လုပ်ငန်းတွေကို လုံခြုံစိတ်ချရတဲ့ အချိန်ထိ ယာယီ ရပ်ဆိုင်းထားဖို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံရေးပါတီတွေက စည်းရုံးရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း က ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ အကြားမှာ သြဂုတ်လ ကနေ ဒီလ ၁၆ရက်နေ့ အထိ တိုက်ပွဲပေါင်း ၇ကြိမ်ဖြစ်ပွား ခဲ့ပြီး ၁၆ရက်နေ့က ခိုလမ်မြို့နယ် အတွင်း ဖြစ်ပွားတဲ့ ၃နာရီနီးပါးကြာ တိုက်ပွဲမှာ အစိုးရ တပ်ဖက် တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တွေပါ အသုံးပြု ပြီး တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့ဖက်က သတင်းထုတ်ပြန် ထားပါတယ်။

ဒီလိုတိုက်ပွဲတွေ မကြာခနဖြစ်ပွားပြီး လုံခြုံရေး စိတ်မချရတဲ့ အခြေအနေကြောင့် နိုင်ငံရေး ပါတီတွေကို RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်းမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစိုင်းလှက ပြောပါတယ်။

" အစိုးရဘက်က နယ်မြေစိုးမိုးရေး၊ နယ်မြေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်လံ တိုက်ခိုက်နေတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း မှာလည်း ပြည်သူလူထုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်နေတာကိုလည်း ကျနော်တို့ တွေ့ရတော့ ပြည်သူလူထု အတွက်ရော ရွေးကောက်ပွဲ အတွက် စည်းရုံးရေး မဲဆွယ်လှုပ်ရှားနေတဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ထိခိုက်နိုင်မှာကိုလည်း ကျနော်တို့ စိုးရိမ်တဲ့အတွက်ကြောင့် ဒီစည်းရုံးရေး မဲဆွယ်ကိစ္စတွေ ခေတ္တ ခဏ ရပ်ဆိုင်းပေးပါ။ နယ်မြေ အေးချမ်း လာမှပဲ ပြန်ပြီးတော့ စောင့်ကြည့်ပါဦးဆိုတဲ့ သဘောမျိုးနဲ့ အသိပေးတဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။ "

ဒီလိုထုတ်ပြန်ထားတဲ့ မြို့နယ်တွေကတော့ ကွန်ဟိန်း၊ ခိုလမ်၊ မိုးနဲ၊ မောက်မယ်၊ လွယ်လင်နဲ့ ကျောက်မဲ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။ လောလောဆည်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကို အကြောင်းကြားထားပြီး တိုက်ပွဲတွေ ဆက်လက် မဖြစ်ပွားအောင်နဲ့ တခြားဒေသတွေဆီကို ပျံနှံ့ မသွားအောင် ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှုးကြီး စိုင်းလှက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး ကတော့ အဲဒီနယ်မြေတွေမှာ စည်းရုံးရေး မဆင်းဖို့ အကြောင်းကြား ထားတယ် လို့ ပြောပါတယ်။

" ကျနော်တို့ ဒီနေ့ကစပြီးတော့ အဲ့ဒီ့အပိုင်းတွေမှာ မဆင်းဖို့လေ ။ အကုန်လုံးကို ဖုန်းနဲ့ လှမ်းညွှန်ကြားထားတယ်။ ကျနော်တို့ ဆင်းမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ရှိတဲ့အတွက်လေ ကျနော်တို့ကတော့ ရပ်ထားပေးပါမယ်။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွှန့်လွင် ကတော့ ဒီလို ရပ်ဆိုင်းထားရမဲ့ မြို့နယ်တွေက အနည်းဆုံး ၁၇မြို့နယ်လောက်ရှိတယ်လို့ ပြောပါတယ်။

" ကျနော်တို့က ဘယ်တတ်နိုင်ပါ့မလဲ။ ရပ်- ဆို ဘယ်ဘက်က ရပ်ခိုင်း ရပ်ခိုင်း ရပ်ရမှာပေါ့။ အခုက ရပ်ထားခိုင်းတယ်။ မြို့ပေါ်မှာပဲ လုပ်ပါတယ် စည်းရုံးရေးက မြို့ပေါ်မှာ ဆင်းရမှာပဲ။"

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ လက်မှတ်ရေးထိုး ထားပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ကိုလည်း လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတဲ့အဖွဲ့ဖြစ်တာကြောင့် လက်ရှိ တိုက်ပွဲတွေဟာ အဲဒီနယ်မြေတွေမှာ ရွေးကောက်ပွဲမဖြစ်အောင် ဆောင်ရွက်နေတာလားလို့ သံသယရှိစရာ ဖြစ်နေကြောင်း ဦးစိုင်းညွှန့်လွင်က ဆက်ပြောပါတယ်။

" ကျနော်တို့ စိတ်ပူတာက ရွေးကောက်ပွဲကို ပိတ်ပစ်ဖို့ တမင်သပ်သပ်များ လုပ်သလားလို့ အမှန်ကတော့ ဒီလိုဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ RCSS ဆို လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ဒီလိုဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် စဉ်းစားစရာဖြစ်နေတယ်။"

အခြားတဖက်မှာတော့ RCSS/SSA တောင်ပိုင်းက သူတို့ လက်မခံတဲ့ပါတီတွေကို ဒီနယ်အတွင်း မစည်းရုံးနိုင်အောင် ကန့်သတ်ပြီး လက်ခံတဲ့ပါတီကို သီးသန့် ၀င်ရောက်နိုင်အောင် ဆောင်ရွက်နေတာလားဆို ယူဆတာတွေလည်း ရှိနေပါတယ်။

ဒီလို ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဆိုရင် လွတ်လပ်ပြီး တရား မျှတ တဲ့ ရွေးကောက်ပွဲ အဖြစ် သတ်မှတ်နိုင်မှာ မဟုတ်ကြောင်း လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

"တကယ်လို့ ပေးဝင်တဲ့ပါတီကို ပေးဝင်မယ်။ ပေးမဝင်တဲ့ပါတီကို ပေးမဝင်ဘူးဆိုရင် ဒါဟာ မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးကတော့ ရှမ်းတပ်ဖွဲ့ အနေနဲ့ ဘက်လိုက်ပြီး ကန့်သတ်တာ မဖြစ်နိုင်ကြောင်း အခုလို ပြော ပါတယ်။

"အဲ့လိုတော့ မထင်ဘူးဗျ။ လောလောဆယ် တိုက်ပွဲတွေကလည်း တကယ်ဖြစ်နေတယ်လေ။ ဟိုနေ့ကလည်း လွိုင်လင်နားလေးကို တိုက်ပွဲဖြစ်တော့ သေတဲ့သူလည်းရှိတယ်။ ဆေးရုံကို ရောက်လာတာတွေလည်းရှိနေတယ်။ ရှိနေတော့ ကိုယ့်ဘက်က ကိုယ်စားလှယ်လောင်းတွေကို အရဲ မစွန့်စေချင်ဘူး။ လတ်တလော တိုက်ပွဲတွေကလည်း တကယ်ဖြစ်နေတာလေ။ စောင့်ကြည့်ရမှာပေါ့။"

လာမယ့်ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးတာကို ဒီလ ၈ရက်နေ့ကစတင်ပြီး ရက်ပေါင်း ၆၀ခွင့်ပြုထားတာဖြစ်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ အောက်တိုဘာလ ပထမပတ်မှာ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရက်သတ်မှတ်ထားပေမဲ့ ဘယ်အဖွဲ့တွေ ပါဝင်မယ် ဆိုတာတော့ တိတိကျကျ ထုတ်ပြန်သေးတာ မရှိသေးပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ် နဲ့ ကချင်ပြည်နယ် မန်စီမြို့နယ် တွေမှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါတယ်။

ကိုမိုးဇော်/ VOA
http://burmese.voanews.com/content/clashes-intensified-between-rcss-ssa-and-burmese-troops/2967660.html

မြန်မာ့ရွေးကောက်ပွဲအခြေအနေ အမေရိကန်လွှတ်တော်ကြားနာ

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူနည်းစုတွေအတွက် မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးနေပြီး ကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်လည်း မရတဲ့အပြင် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတာကြောင့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွပ်လပ်မှုရှိမှာ မဟုတ်ဘူးလို့ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ မြန်မာ လူနည်းစု လွှတ်တော်အမတ် ၂ ဦးကလာရောက်တင်ပြခဲ့ပါတယ်။

ဒီပွဲကိုတက်ရောက်လာတဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေလည်း မြန်မာရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာအပါအ၀င် အရှေ့တောင်အာရှဒေသနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ကြားနားပွဲကို အမေရိကန် ကွန်ဂရက်အဆောက်အဦးမှာ ကျင်းပနေတာပါ။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေကို တက်ရောက်လာတဲ့ အာဆီယံအမတ်တွေနဲ့ မြန်မာအမတ်တွေက ပြောသွားကြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတာတွေ၊ ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့က ထွက်ဆိုခဲ့ကြပါတယ်။

“အခု ကျနော်တို့နိုင်ငံမှာ ဒီ ၂၀၁၅ ခု နိုဝင်ဘာလမှာ Free and Fair Election လုပ်မယ်ဆိုပြီးတော့မှ ကမ္ဘာကို ကြေညာထားတာရှိတယ်။ နောက်တဘက်က အဲဒီမှာ အဓိက ကျနော်တို့ ဆွေးနွေးတာကတော့ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်နိုင်သလားလို့ ကျနော့်ကို မေးတာတွေရှိတယ်။ ကျနော်ကတော့ ကျနော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို လက်ရှိ တွေ့ကြုံနေရတဲ့ဟာနဲ့ ပြောရင် ကျနော် ဘယ်လိုမှ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်တယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ လူ ၁ သန်းကျော်က မဲထည့်ခွင့် ဆုံးရှုံးသွားတယ်။ ဒါက တချက်။ နောက်တချက်က အဲဒီလူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒါ ကျနော်တို့ အခြေအမြစ်မရှိတဲ့ မှားယွင်းတဲ့ အကြောင်းပြချက်တခုနဲ့ ဖယ်ရှားတယ်ဆိုတော့ ရွေးကောက်ပွဲမကျင်းပခင် ဒါက Free and Fair မဖြစ်တာ၊ တရားမျှတမှု မရှိကြောင်းကို ကျနော်တို့က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ကျနော်က ဒီလိုပဲ တင်ပြတာပါ။”

ဒါကတော့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ပြောသွားတာပါ။

မေး - ဒေါ်ဒွဲဘူက အခုကြားနာပွဲမှာပေါ့နော် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ မျိုးနွယ်စုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နောက်ပြီးတော့ ဘာသာရေးကိုးကွယ်ခွင့်ပေါ့နော် အဲဒါတွေ ဆုံးရှုံးနေတယ်။ ဆိုတော့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာရော ကချင်ပြည်နယ်တွင်းမှာ တရားမျှတမှုတွေ နောက်ပြီးတော့ ကချင်ပြည်သူတွေအတွက် လွတ်လပ်မှုပေါ့နော် လွတ်လွတ်လပ်လပ် မဲပေးနိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ကော ရှိမယ်လို့ ထင်ပါသလားရှင့်။

ဖြေ - လာမယ့်ရွေးကောက်ပွဲမှာပေါ့နော် ကျမတို့ အခုလို တိုက်ပွဲတွေသာ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကျမတို့က အားလုံး မဲပေးနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်။ အဲတော့ လာမယ့် ရွေးကောက်ပွဲမတိုင်မီမှာ ကျမတို့က တိုက်ပွဲတွေ မရှိဖို့တော့ လိုအပ်ပါတယ်။ တိုက်ပွဲတွေ မရှိဘူးဆိုရင်တော့ ကျမတို့ မဲပေးခွင့်တွေ မဆုံးရှုံးတော့ဘူးပေါ့နော်။ အဲ့လိုအနေအထားရှိတယ်။ နောက်တခုကကျတော့ ကျမတို့ ဒီရွေးကောက်ပွဲမှာ UEC ကနေမှ ကျင့်သုံးတဲ့ ဥပဒေတွေပေါ့နော် ဒါတွေဟာဆိုရင် ကျမတို့ မျှတဖို့ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဲတော့ ကျမတို့ ကချင်တွေနဲ့ ပတ်သက်ပြီးမှ မျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီးမှ လက်ရှိ UEC က သုံးနေတဲ့ ကချင် = ဂျိမ်းဖော ဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စရပ်ကတော့ ကျမတို့ မျိုးနွယ်စုတွေ၊ ကချင်လူမျိုးတွေအတွက် ဒါက မျှတမှု မရှိဘူးဆိုတာ ကျမအနေနဲ့ ဒါ ပြောလိုခြင်း ဖြစ်ပါတယ်။

ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ကူညီထောက်ခံနေတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowly လည်း တက်ရောက်ခဲ့ပါတယ်။ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး၊ တရားမျှတဖို့ အမေရိကန်လွှတ်တော်က လိုလားကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပတာကို မြင်လိုပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ကျနော်တို့ရဲ့ သံရုံးအပြင် တခြားပုဂ္ဂိုလ်တွေကလည်း မြန်မာအစိုးရနဲ့ ဒီအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဆက်ပြီးတော့ ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်။”

ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပံ့ပိုးခဲ့တဲ့ ကွယ်လွတ်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန် အောက်လွှတ်တော်အမတ် Tom Lantos ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်နဲ့ ဖွဲ့ထားတဲ့ အမေရိကန် အောက်လွှတ်တော်ဆိုင်ရာ Tom Lantos လူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ တွဲဘက်ဥက္ကဌ James McGovern နဲ့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Thoma Andrews တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး မြန်မာ့အရေးကြားနားပွဲဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးအတွက် အရေးပါပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်လွှတ်တော်က အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက ပြောသွား ပါတယ်ရှင်။

VOA

General view at the opening day of the 22nd session of the United Nations Human Rights Council on February 25, 2013 in Geneva.
General view at the opening day of the 22nd session of the United Nations Human Rights Council on February 25, 2013 in Geneva.

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၀ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံအတွင်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ကျောင်းသားတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးခဲ့တာတွေကို ထည့်သွင်း ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်စေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ သူတို့ရရှိလိုက်တဲ့ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်၊ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့် စတဲ့ အခွင့်အရေးတွေနဲ့ အညီ တက်ကြွစွာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ၊ လယ်သမားတွေ၊ သမဂ္ဂဖွဲ့စည်းခွင့်ရရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို ဖမ်းဆီးလိုက်တာတွေကြောင့် အဟန့်အတား ဖြစ်သွားစေပါတယ်။”

ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေ ချမှတ် ပြဌာန်းပြီး ရိုဟင်ဂျာ လူနည်းစုတွေ မဲပေးခွင့်မရအောင် တားဆီး ပိတ်ပင်ခဲ့တဲ့အပေါ်မှာလည်း သူ့အနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ဦးရွှေမောင် အပါအ၀င် ရိုဟင်ဂျာနဲ့ တခြား လူနဲစုတွေကို ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပြုတဲ့အချက်ကိုလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ထောက်ပြ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်တဲ့အချက်ကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burma-human-rights-council/2967253.html

 voter-lists-check-620.jpg ရပ်ကွက်ရုံးမှာ မဲစာရင်းလာကြည့်သူ နှစ်ယောက်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှာ ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းတာတွေရှိနေပြီး အဲဒီလိုမှားယွင်းတာတွေဟာ နည်းပညာအခက်အခဲကြောင့် ဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ IFES အဖွဲ့က ပေးထားတဲ့ ဆော့ဖ်ဝဲ Software ကို အောက်ခြေအဖွဲ့ခွဲနဲ့ ကော်မရှင်ဗဟိုအဆင့်ကြား အသုံးပြုတာမှာ နည်းပညာအခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက ပြောပါတယ်။

"နည်းပညာ နည်းပညာလို့ ခဏခဏပြောပြန်ရင်လည်း တမျိုးထင်မှာစိုးရတယ်၊ အခု ဒီမှာ ဒုတိယပိုင်း ကြေညာတဲ့အချိန်မှာ တော်တော်လေး အခက်အခဲရှိတာက တချို့ထည့်ပြီးသား စာရင်းတွေတောင် ပြန်ပျောက်သွားတာရှိတယ်၊ မွေးသက္ကရာဇ်တွေ မှားတယ်၊ အဲ့ဒါက ကိုယ်တို့စက်ထဲမှာရှိတဲ့ စာရင်းတွေက အမှန်ချည်းပဲ၊ ကိုယ်တို့ Print ထုတ်လိုက်တဲ့အချိန်မှာ ဖြစ်တာများတယ်၊ အဓိက ဒီဆော့ဖ်ဝဲက သူတို့ဆီမှာလုပ်နေတဲ့ ဆော့ဖ်ဝဲတွေက ပြောရရင် Update တွေများတယ်၊ ကိုယ်တို့ဆီမှာသုံးတဲ့ ကွန်ပြူတာတွေရဲ့ System တွေနဲ့ သွားပြီးတော့ တချို့ဟာတွေကျတော့ အဲ့လိုချို့ယွင်းချက်တွေ ဖြစ်လာတာပေါ့၊ ကျနော်တို့လည်း အဲ့စာရင်းတွေကို ကောက်တော့ကောက်နေတယ်၊ ဘယ်နှစ်ယောက် မှားသွားလဲ၊ ဘယ်နှစ်ယောက် ပြန်ကျန်ခဲ့လဲ၊ တချို့တွေက ပြီးခဲ့တဲ့အခေါက် မဲစာရင်းတုန်းက ပါလာတယ်၊ အခုမပါဘူး၊ နာမည်လည်းမပါဘူး၊ အဲ့လိုမျိုးတွေလည်းရှိတယ်"

ဒီတစ်ကြိမ် ထုတ်ပြန်တဲ့မဲစာရင်းမှာ မိသားစုလိုက် နာမည်မပါတာတွေ၊ အရင်ထုတ်ပြန်စဉ်က မဲစာရင်းမှာ ပါပေမယ့် အခုတစ်ကြိမ်မှာ ကျန်ခဲ့တာတွေ၊ မှတ်ပုံတင်နံပါတ်နဲ့ မိဘနာမည် မှားယွင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ကလည်း မနေ့က ကော်မရှင်ကသုံးတဲ့ ဆော့ဖ်ဝဲ အားနည်းချက်ကြောင့် ဒီတစ်ကြိမ်မှာ မွေးသက္ကရာဇ်မှားတာ၊ အရင်က မှန်ခဲ့သူတွေ အခုမှားနေတာတွေဖြစ်နေရတာလို့ RFA ကို ပြောပါတယ်။

လက်ရှိမဲစာရင်းကြေညာတဲ့ မဲစာရင်းမှာ လူနာမည်ကို အက္ခရာစဉ်ပြီး ထုတ်ပြန်တာကြောင့် မဲစာရင်းစစ်ဆေးရာမှာ အခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။

မြိတ်ခရိုင်မှာ ကျွန်းစု၊ ပုလော၊ တနင်္သာရီ နဲ့ မြိတ်မြို့နယ်တို့ပါဝင်ပြီး မဲပေးခွင့်ရှိသူ လေးသိန်းနီးပါးရှိပြီး စုစုပေါင်း မဲရုံပေါင်း ၆၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/wrong-voter-lists-09172015112702.html

 bus-620.JPG ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတချို့ကို တွေ့ရစဉ်

လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ကြီးမှာ အများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ဘတ်စ်ကားအစင်းရေ ၃ ပုံ ၁ ပုံလောက် သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။

မော်တော်ယာဉ် ဥပဒေသစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်ပြီး၊ အဲဒီဥပဒေသစ်အရ စည်းကမ်းချိုးဖောက်ရင်အရင်က ဒဏ်ငွေ ၁၅၀၀ ကျပ်ပေးရမယ်လို့ သတ်မှတ်ထားပေမယ့် အခုတော့ ကျပ်ငွေ ၃ သောင်းထိ ပေးဆောင်ရမယ်လို့ပါရှိတဲ့အတွက် အဲဒီဒဏ်ငွေဟာ များလွန်းနေလို့ဆိုပြီး သပိတ်မှောက်နေကြတာလို့ သိရပါတယ်။ ဒီလိုသပိတ်မှောက်လိုက်တဲ့အတွက် အလုပ်သွား အလုပ်ပြန် ပြည်သူတွေ ၊ ဈေးသွားဈေးလာတွေ၊ ကျောင်းသားတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန (မထသ) အနေနဲ့ ဒီအခက်အခဲကို ရန်ကုန်တိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ကြားဝင်ကူညီဖြေရှင်းနေတယ်လို့ မထသ ဗဟိုအဖွဲ့ ဥက္ကဌ ဦးလှအောင်က RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ကြီးဟာ ယာဉ်ကြောပိတ်ဆို့ပြီး၊ သွားလာရေးခက်ခဲလွန်းသလို လိုင်းကားတွေကလည်း စည်းကမ်း မဲ့မောင်းနှင်တာ၊ ရပ်နားတာ၊ ခရီးသည်တွေကို အလုအယက်ခေါ်ယူတာ၊ ကျော်တက်တာတွေကြောင့် ခရီးသွားပြည်သူတွေမှာ နေ့စဉ်အန္တရာယ်တွေနဲ့ ကြုံနေရတာတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတွေ က ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဈေးရောင်းပြီး ဝမ်းကျောင်းရသူတွေများနေပြီး သူတို့အတွက် ဈေးရောင်းမယ့်နေရာ သတ်မှတ်ပေးနိုင်မယ့် ကွက်လပ်မြေတွေမရှိတော့လို့ လမ်းဘေး မှာဈေးဗန်းခင်းရောင်းချကြရတာကလည်း လမ်းတွေပိတ်ဆို့စေတဲ့ အကြောင်းရင်းထဲမှာပါနေသလို၊ ကားအစီးရေနဲ့ လမ်းအကျယ်အဝန်းမမျှတော့တာဟာလည်း ယာဉ်စည်းကမ်းပျက်စေတဲ့ ပြဿနာတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအတွက် ဥပဒေထုတ်ရုံတစ်နည်းတည်းနဲ့ မပြေလည်နိုင်ဘဲ ဘက်ပေါင်းစုံ ကိုဖြေရှင်းမှ ပြေလည်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။

RFA
http://www.rfa.org/burmese/news/some-bus-cars-boycott-at-ygn-09172015110430.html

 yellow-ribbon-sittwe-lawers-620.jpg စစ်တွေမြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ရှေ့နေတချို့ ဖဲကြိုးဝါလှုပ်ရှားမှု စတင်ခဲ့စဉ်

တပ်မတော်ကနေ အငြိမ်းစားယူထားသူတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူးတွေ ခန့်အပ်လိုက်တာကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရှေ့နေတွေက ဒီနေ့ ဖဲကြိုးအ၀ါတွေ တပ်ဆင်ပြီး ကန့်ကွက် ကြပါတယ်။

တရားစီရင်ရေးကဏ္ဍရဲ့ ထိပ်ပိုင်းနေရာတွေမှာ တပ်မတော်အရာရှိတွေကို ခန့်အပ်လိုက်တာကြောင့် စီရင်ချက်တွေ လည်: မျှတမှုရှိလာမှာမဟုတ်ဘူးလို့ ဖဲကြိုးအ၀ါလှုပ်ရှားမှုမှာပါဝင်တဲ့ ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

"တရားစီရင်ရေးဆိုတာက ဆင်ခြင်တုံတရားရှိတယ်၊ စစ်တပ်ခေါင်းဆောင်တွေ မကျွမ်းကျင်တဲ့နယ်ပယ်မှာ လာပြီးတော့ ရှေ့နေတွေတင်တဲ့ အယူခံအဆင့်ဆင့်ကို ဆုံးဖြတ်မှာကို မလိုလားတဲ့သဘောမျိုးနဲ့ ကျနော်တို့ အလိုမရှိဘူး၊ နောက်တရားစီရင်ရေးက တရားသူကြီးတွေကိုလည်း အနည်းနဲ့အများ လွဲများလာမယ်ဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ ရရှိတဲ့စီရင်ချက်တွေမှာ မျှတတဲ့စီရင်ချက်တွေဖြစ်ဖို့ တော်တော်ကြီးကို ခဲယဉ်းတယ်လို့မြင်ပါတယ်"

စစ်တွေမြို့နယ် တရားရုံးနဲ့ ခရိုင်တရားရုံးထဲမှာ ရှေ့နေတွေက ဖဲကြိုးအဝါကို တပ်ဆင်ထားကြတာဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို တစ်လကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ဖဲကြိုးအ၀ါလှုပ်ရှားမှုကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/yellow-ribbon-campaign-sittwe-09172015103440.html

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတေကာကို ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ရမ်းဗြဲမြို့ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးတဲ့ ဗီနိုင်းပိုစတာကြီး နှစ်ခု ထောင်ထားတဲ့အထဲက တစ်ခုကို ဖျက်ဆီးသွားတာလို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံရွှေမောင်က ပြောပါတယ်။

"အကုန်စုတ်ပြတ်သွားတာပေါ့၊ ကျနော်တို့က ခွပ်ဒေါင်းကိုကွပ်ပြီးတော့ လေးထောင့်ကွပ်ပြီးတော့ လုပ်သွားတာရှိတယ်၊ ဘေးနားကထောင့်ကနေပြီးတော့ ကိုယ်စားလှယ်လောင်းတွေက လည်ပင်းပြတ်လိုပြတ် အဲ့ဒီလို ဓါးနဲ့ခြစ်ထားခဲ့တာ၊ အကုန်လုံးနီးပါးပါပဲ ဘာမှသုံးစားလို့မရတော့ဘူး၊ ကျနော်က ဗီနိုင်း ၂ ချပ်ပဲ မြို့ပေါ်မှာကပ်ထားတာ၊ စက်ရုံနောက်နားမှာ ၁ ခုရယ် အင်းတောင်တံတားနားမှာ ၁ ခုရယ်၊ မြို့နယ်ရဲစခန်းနားက ကြော်ငြာပိုစတာကြီးကတော့ ဘာမှမဖြစ်ဘူး၊ ဒီဘက်ကကျတော့ လုံခြုံမှုနည်းနည်းကင်းတာပေါ့လေ"

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမယ့် ဘယ်သူတွေ ဖျက်ဆီးသွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဦးစံရွှေမောင်က ပြောပါတယ်။

ဖျက်ဆီးခံရတဲ့ ဗီနိုင်းပိုစတာကြီးဟာ ၈ ပေ၊ ၆ ပေ အကျယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က စတင်စိုက်ထူခဲ့တာလို့သိရပါတယ်။

အဲ့ဒီပိုစတာထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရမ်းဗြဲမြို့နယ်က ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံတွေပါဝင်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို မဲပေးကြဖို့ တိုက်တွန်းထားတဲ့ စာသားတွေ ရေးသားထားတာလို့ သိရပါတယ်။

RFA


  ဘောလုံးပွဲတပွဲရဲ့ အနိုင်အရှုံးကို ကစားသမားတွေရဲ့ အရည်အချင်းက အဆုံးအဖြတ်ပေးတယ်ဆိုရင် အားလုံး သဘောတူကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်ကြောင့် ကစားပွဲ ရလဒ်ဟာ ပြောင်းပြန်ဇောက်ထိုးဖြစ်သွားနိုင်တယ်လို့ ပြောရင်လည်း ဘယ်သူမှ မငြင်းနိုင်ဘူး မဟုတ်လား။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရဲ့ ကွင်းလယ်ဒိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပါ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဦးတင်အေးပါ။ ဒီရွေးကောက်ပွဲမှာလည်း ကွင်းလယ်ဒိုင်က အရေးကြီးတယ်ဆိုတာ အားလုံးသဘောတူကြမှာပဲလို့ ထင်ပါတယ်။

မကြာခင်တုန်းကတော့ ကွင်းလယ်ဒိုင်က ကစားသမား ၁၀၆ ယောက်ကို အနီကတ်ပြခဲ့ရာမှာ တဖက် အသင်းကလူတွေချည်းပဲဖြစ်နေလို့ ပြိုင်ဖက် အသင်းက ထောက်ပြဝေဖန်ခဲ့ပါတယ်။ မှန်ပါတယ်။ အာဏာရပါတီကို အသင်းကြီးတသင်းလို့ သဘောထားပြီး ကျန်ပါတီအားလုံးကို အတိုက်အခံအသင်းအဖြစ်သဘောထားမယ်ဆိုရင် အနီကတ်အပြခံရသူတွေအားလုံးဟာ ပြိုင်ဖက် အသင်းကလူတွေချည်းပါပဲ။

မူဆလင်တွေအများစုပါဝင်တည်ထောင်ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဆိုရင် တသင်းလုံးနည်းပါး အနီကတ်အပြခံခဲ့ရတဲ့ အတွက် အနီကတ်စံချိန်ချိုးခဲ့ပါတယ်။ သူတို့ပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၁၈ ယောက်ထဲမှာ ၁၇ ယောက်ဟာ အပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာလို့ တဖက်အသင်းကလူတွေချည်းပဲ အနီကတ်အပြခံရပါသလဲ။ ဖြစ်နိုင်ခြေနှစ်မျိုးရှိပါတယ်။ ဒိုင်လူကြီးက ဘက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အာဏာရအသင်းဖက်က ကစားသမားတွေ အားလုံးက တယောက်မှ မ “ဖောင်း” ကြဘဲ သိပ်သန့်ရှင်းနေလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ “NLD နဲ့တခြားပါတီတွေကို အဲသလို စစ်စစ်ပေါက်ပေါက် အပြစ်အနာဆာရှာသလို တခြားပါတီကြီးတွေကိုလည်း အဲသလို ရှာမယ်ဆိုရင် ချို့ယွင်းချက် အားနည်းချက်တွေ မတွေ့ဘူးလို့ မပြောနိုင်ဘူး။ တွေ့ဖို့ပိုများတယ်။ ကျွန်တော်တို့ အမြင်အတွေ့မှာကိုက ဒါတွေက ရှိနိုင်တယ်လေ။” လို့ ဘီဘီစီက စက်တင်ဘာလ ၅ ရက်မနက်ပိုင်းတုန်းကထုတ်လွှင့်သွားတဲ့ မေးမြန်းချက်ထဲမှာ ပြောသွားပါတယ်။ သူတို့ပါတီကို စစ်စစ်ပေါက်ပေါက် အပြစ်အနာဆာရှာသလိုမျိုး ကြံ့ခိုင်ရေးပါတီကိုတော့ မရှာဘူးလို့ ဝေဖန်ချင်တဲ့သဘောဖြစ်ပါတယ်။ ဒိုင်လူကြီးဘက်လိုက်တယ်လို့ သူက စွပ်စွဲချင်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်ရဲ့မိဘတွေဟာ သူမွေးဖွားချိန်မှာ တရုတ်လူမျိုးတွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်လည်းထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာတိုင်းမ်စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့ဆောင်ရွက်ချက်တွေအားလုံးဟာ ဥပဒေနဲ့ အညီဖြစ်တယ်လို့ စက်တင်္ဘာလ ၉ ရက်နေ့မှာထုတ်လွှင့်တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင်ကိုက အငြင်းပွားစရာဖြစ်နေ ပါတယ်။ ဦးတင်အေးဟာ စစ်တပ်က ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သလို၊ ကော်မရှင်ဥက္ကဋ္ဌ မဖြစ်ခင် ရက်ပိုင်းအလိုကျမှ ကြံ့ခိုင်ရေးပါတီကနေ နှုတ်ထွက်လာတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တယောက်လည်း ဖြစ်နေပါတယ်။ ဒီတော့ “ဒိုင်လူကြီးက သူတို့လူ” ဆိုတဲ့ စွပ်စွဲချက်ဟာ တော်တော်ကျယ် ကျယ်လောင်လောင်ထွက်ပေါ်နေတဲ့ ဝေဖန်ချက်တခုဖြစ်နေပါတယ်။

ဒါပေမယ့် ဦးတင်အေးကတော့ သူရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်တာမှာ ဥပဒေနဲ့ မညီတာ ရှိသလား၊ ဒီလိုမှမဟုတ်ဘဲနဲ့ ခင်ဗျားတို့ကျနော့်ကို မယုံဘူးဆိုတာ ပုဂ္ဂိုလ်ရေးပဲဖြစ်ပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေး မယုံတာတော့လည်း မတတ်နိုင်ဘူးလေဗျာ လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံသလားလို့ မေးရာမှာလည်း လွတ်လပ်တယ် မလွတ်လပ်ဘူးဆိုတာကို ဥပဒေနဲ့တိုင်းပါလို့ ဘီဘီစီနဲ့ အင်တာဗျူးမှာပဲ ပြောကြားခဲ့ပါတယ်။

မေးမြန်းချက်အားလုံးကို ဥပဒေနဲ့ အဓိက အကာအကွယ်ပြုပြောဆိုသွားပါတယ်။ ဥပဒေဆိုရာမှာ အဓိက ပင်မဥပဒေက ၂၀၀၈ အခြေခံဥပဒေဖြစ်ပါတယ်။

ခက်တာက လူအများမကြိုက်မနှစ်သက်ကြတာကလည်း အဲဒီဥပဒေကိုပဲ ဖြစ်နေပါတယ်။ အဲသလို မကြိုက်နှစ်သက်ကြကြောင်းဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒဖော်ပြခဲ့ကြတဲ့ ပြည်သူ ၅ သန်းရဲ့ လက်မှတ်တွေက သက်သေဖြစ်ပါတယ်။

တရုတ်လူမျိုးပညာရှိ အာဖန်တီးကို လူတယောက်က ပညာစမ်းတဲ့အနေနဲ့ လက်ခုပ်ထဲမှာ ငှက်ရှင်တကောင်ကို ဆုပ်ထားပြီး ဒီငှက်ဟာ အသေလားအရှင်လားလို့ မေးပါတယ်။ တကယ်တော့ သူ့အကြံက အာဖန်တီးကို အရှက်ခွဲဖို့ပါ။ အာဖန်တီးက အသေလို့ပြောရင် ငှက်ရှင်ကို ပြလိုက်မယ်၊ အာဖန်တီးက အရှင်ပါလို့ ပြောရင် ငှက်ကို လက်နဲ့ညှစ်သတ်ပြီး ငှက်သေကိုပြလိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မေးတာပါ။ အဲဒီမေးခွန်းကို အာဖန်တီးက “သင့်သဘောအတိုင်းပါပဲ” လို့ ဖြေသွားပါတယ်။ ငှက်သေမလား၊ ရှင်မလားဆိုတာ သူ့လက်ခုပ်ထဲမှာပဲရှိတာကိုး။

အခုရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာလား။ မဖြစ်ဘူးလားလို့ မေးခဲ့ရင်လည်း သတင်းသမားတယောက်အနေနဲ့ ကျွန်တော်ဖြေနိုင်မယ့် အဖြေကတခုပဲရှိပါတယ်။

သူတို့သဘောပါပဲလို့သာ….။

BBC Burmese
https://www.facebook.com/bbcburmese

ချီလီနိုင်ငံမှာ ရေကြီးမှုလည်း ဖြစ်ခဲ့ပါတယ်။ (Credit: Reuters)
 ချီလီနိုင်ငံမှာ ​ပြင်းအား ​၈.၃ ​ရှိတဲ့ ​မြေငလျင်လှုပ်ခတ်ခဲ့သလို ​ဆူနာမီရေလှိုင်းတွေလည်း ​ချီလီနိုင်ငံ ​အလယ်ပိုင်းမှာ ​ရှိတဲ့ ​မြို့ထဲကို ​ဝင်လာနေပြီ ​ဖြစ်ပါတယ်။

အမြင့်အားဖြင့် ​၄.၅ ​မီတာ ​ဒါမှမဟုတ် ​၁၄ ​ပေကျော်အထိ ​ရှိတဲ့ ​ရေလှိုင်းတွေက ​ကမ်းရိုးတမ်းမြို့တွေထဲ ​ဝင်လာတဲ့အတွက် ​ရေကြီးမှုတွေ ​ဖြစ်နေပါတယ်။

ဒေသစံတော်ချိန် ​ည ​၈ ​နာရီမှာ ​ဖြစ်ခဲ့တဲ့ ​ငလျင်ကြောင့် ​လူ ​၅ ​ဦး ​သေဆုံးရပြီလို့ ​ချီလီ ​သမ္မတက ​ပြောပါတယ်။

ကမ်းရိုးတမ်းမှာ ​နေတဲ့လူတွေ ​ရွှေ့ပြောင်းမှု ​လုပ်ဖို့လည်း ​ချီလီအာဏာပိုင်တွေက ​ပြောဆိုထားပါတယ်။

လူပေါင်း ​သန်းနဲ့ချီ ​နေရာရွှေ့ပြောင်းနေကြတယ်လို့လည်း ​သိရပါတယ်။

အင်အားကြီးမားတဲ့ ​ငလျင်က ​ချီလီနိုင်ငံ ​အလယ်ပိုင်းနားက ​ပင်လယ်ပြင်မှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တာ ​ဖြစ်ပြီး ​၂ ​မိနစ်လောက် ​တုန်ခါခဲ့တယ်လို့ ​ချီလီမှာ ​ရောက်ရှိနေတဲ့ ​သြစတြေးလျ ​နိုင်ငံသားက ​ပြောပါတယ်။

ဆူနာမီ ​ရေလှိုင်းတွေကို ​သတိထားဖို့ ​သတိပေးချက်ကိုလည်း ​ချီလီနိုင်ငံ ​တစ်ခုလုံးမှာ ​ဆက်လက် ​ထုတ်ပြန်ထားသလို ​ပီရူးနိုင်ငံက ​ပစိဖိတ် ​ကမ်းရိုးတန်းနဲ့ ​French ​Polynesia ​နိုင်ငံအထိ ​ထုတ်ပြန်ထားပါတယ်။

အဲဒီ ​ဆူနာမီ ​ရေလှိုင်းတွေဟာ ​ပစိဖိတ် ​ကျွန်းငယ်တွေသာမက ​သြစတြေးလျ၊ ​ထိုင်ဝမ်နဲ့ ​မလေးရှား ​အထိထောင် ​ရောက်လာနိုင်ပေမယ့် ​အသေးစား ​ရေလှိုင်းတွေ ​ဖြစ်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အရင်နှစ် ​ဧပြီလတုန်းကလည်း ​ပြင်းအား ​၈.၂ ​ရှိတဲ့ ​ငလျင်တစ်ခု ​ချီလီနိုင်ငံမှာ ​လှုပ်ခတ်ခဲ့တဲ့အတွက် ​လူ ​၆ ​ယောက်သေဆုံးပြီး ​တစ်သန်းလောက် ​နေအိမ်ကနေ ​ပြောင်းရွှေ့ခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 စက်တင်ဘာ ၈ ရက်မှစတင်၍ နိုင်ငံရေး ပါတီများအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ရရှိပြီဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ အတွင်း ကျွန်တော်တို့အနေဖြင့် နိုင်ငံရေးပါတီအသီးသီး၏ အမျိုးမျိုးသော ပုံစံများဖြင့် မဲဆွယ်မှုများကို မြင်ရပါလိမ့်မည်။ တကယ့်ကို စိတ်ဝင်စားစရာလည်းကောင်းသည်။ တိုင်းပြည်အတွင်း အဆုံးအဖြတ် ပေးနိုင်မည့် ရွေးကောက်ပွဲလည်း ဖြစ်သဖြင့် အင်မတန်လည်း အရေးကြီးသည်။

အမှားခံ၍ မဖြစ်။ နိုင်ငံရေးသမား အမတ်လောင်းများအနေဖြင့် အကျိတ်အနယ် ရှိလှသလို မဲပေးရမည့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ကိုယ်စားလှယ်လောင်းကို သေချာ စိစစ်ရွေးချယ်ရမည်ဖြစ်ပါသည်။ လာတော့မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် အလွန်ကြီးကျယ်သည်။ ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ပါဝင်ယှဉ်ပြိုင်ကြမည်လည်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ၀င်ပြိုင်ကြမည်။ ထိုအထဲတွင် တစ်သီး ပုဂ္ဂလများလည်း ပါဝင်သည်။ ယင်းမှာ ၁၉၉၀ ခုနှစ်တုန်းက ကိုယ်စားလှယ်လောင်း အရေအတွက်ထက်များသလို ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထက်လည်းသာသည်။ ၂၀၁၀ တုန်းက ပါတီပေါင်း ၄၀ ကျော်သာရှိပြီး ကိုယ်စားလှယ်အရေအတွက်မှာ ယခုထက် သုံးထောင်ခန့် ၀င်အရွေးခံသည်။ ယခု နိုင်ငံရေးပါတီ ၉၀ ကျော်ခန့်ရှိပြီး ကိုယ်စားလှယ်လောင်းက ခြောက်ထောင်ကျော်ဟုဆိုရာ ယခင်ထက်နှစ်ဆဟု ဆိုရမည်။

ထိုအရေအတွက်ကိုကြည့်၍ မဲဆန္ဒရှင်များအနေဖြင့် ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ပိုများလာသည်။ ရွေးချယ်ခွင့် ပိုရလာသည့်အတွက် ကောင်းသလို တစ်ဖက်တွင်လည်း ရွေးချယ်စရာ များသဖြင့် ကိုယ်စာလှယ်လောင်း၏ အရည်အသွေးကို သေချာ မစိစစ်နိုင်မည့် ဘေးထွက်ဆိုးကျိုးကလည်း ရှိနေသည်။ ရက်ပေါင်း ၆၀ သာ အချိန်ရသဖြင့် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ နယ်မြေမှ ကိုယ်စားလှယ်လောင်းက ဘယ်လို လူမျိုးလဲဆိုသည်ကို ဆန်းစစ်ရန် ခက်ခဲပါလိမ့်မည်။

ယခင်က မိမိတို့သိပြီးသား လူပုဂ်္ဂိုလ်များဆိုလျှင် ကိစ်္စမရှိ။ သူ့အရည်အချင်းကို သူလုပ်ဆောင်ခဲ့သမျှ အလုပ်များပေါ်တွင် ချိန်ထိုး အကဲဖြတ်နိုင်သည်။ သို့သော် ယခုရွေးကောက်ပွဲတွင် မျက်နှာသစ်တွေ အတော်ပါသည်။ အချို့ လူသိထင်ရှားသူများဖြစ်သဖြင့် ထားတော့။ အချို့က လုံးလုံးမသိ။ သူဘာလဲ။ သူဘယ်လဲ။ ချိန်ထိုးအကဲဖြတ်စရာ အထောက်အထားမရှိ။ ထိုအခါမျိုးတွင် ပါတီကိုကြည့်ပြီး မဲပေးရုံသာ ရှိသည်။ ပါတီကိုယုံ၍ သူ့ကိုပုံပေတော့။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီသဘောကို မကြာသေးမီက သူ၏ ပါတီစည်းရုံးရေးခရီးစဉ်များတွင် ထပ်တလဲလဲပြောသည်။ လူကိုမကြည့်နှင့်၊ ပါတီကို ကြည့်။ ဒါကလည်း ခြွင်းချက်ရှိပါသည်။ ပါတီဟူသည် လူတွေနှင့် စုဖွဲ့ထားခြင်းဖြစ်ရာ လူကိုယုံမှ ပါတီကိုယုံမည်။ ပါတီဟူသည် ဆိုင်းဘုတ်သာ ရှိသည်။ ပါတီဝင်လူတွေ၏ အလုပ်ပေါ်မှာသာ ပါတီဟူသည်လည်း လှုပ်ရှားသက်ဝင်သည်။ ပါတီဝင်တွေ ကောင်းသည်ဆိုလျှင် ပါတီလည်း ကောင်းသည်ပေါ့။ ထို့ကြောင့် ပါတီကို ကြည့်ဆိုလျှင် လူကို အရင်ကြည်ဖို့ လိုအပ်သည်ပဲ။

ဒေါ်အောင်ဆန်းစုကြည်ကပင် မကြာသေးမီက သူ၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လူထုဟောပြောပွဲတစ်ခုတွင် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ မဲထည့်မည့်သူ၏ နောက်ကြောင်း ရာဇ၀င်၊ ထိုသူ၏ လုပ်ဆောင်ချက်များကို သေချာစိစစ်ပြီးမှသာ မဲပေးကြဖို့လိုကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လူကလည်း အရေးကြီးသည်ဟု သဘောပေါက်မိသည်။

လူကို မကြည့်နဲ့ ပါတီကို ကြည့်ပြီး မဲပေး၊ ပါတီကိုမကြည့်နဲ့ လူကို ကြည့်မဲပေး ဘယ်သင်းက အမှန်ဟု ပြောရန်ခက်သည်။ လူကိုရော ပါတီကိုပါကြည့်ရန် လိုအပ်သည်။ ကိုယ်စားလှယ်လောင်း၏ မိခင်ပါတီကို ကြည့်ခြင်းဖြင့် ထိုသူ၏ နိုင်ငံရေး သဘောထားကို အကဲခတ်၍ရသည်။ ပါတီကို ကြည့်၍လည်း ကိုယ်စားလှယ်လောင်း၏ အနေအထားကို အကဲခတ်၍ ရသည်သာ ဖြစ်သည်။ နှစ်ဖက်ချိန်ထိုး၍ စဉ်းစားရန်သာလိုသည်။

ထိုသို့ ပြောရသည်မှာ ယခုအခါ မဲဆန်္ဒရှင် များအကြား လူကိုမကြည့်နဲ့၊ ပါတီကို ကြည့်ပြီးမဲပေး၊ တစ်ဖန်ပါတီကို မကြည့်နဲ့ လူကို ကြည့် မဲပေးစသဖြင့် ၀ိဝါဒကွဲနေသောကြောင့်ဖြစ်ပါသည်။ မလိုအပ်ပါ။ ပြည်သူတွေအနေဖြင့် မိမိတို့ နေထိုင်ရာ မဲဆန်္ဒနယ်မှ ကိုယ်စားလှယ်လောင်းသည် မိမိတို့ ၏ အကျိုးကို ဘယ်လောက် စွမ်းစွမ်းတမံ ထမ်းနိုင်သလဲ။ ရိုးသားရဲ့လား။ ပြည်သူအတွက် ကိုယ်ကျိုးစွန့်မှာလား။ လူထုအသံကို ထပ်ဟပ်နိုင်မှာလားဆိုသည်ကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ကြရန်သာ ဖြစ်သည်။ နေရာတိုင်းမှာ လူကိုချည်း ကြည့်နေ၍ မဖြစ်သလို ပါတီကိုချည်း ကြည့်နေ၍မဖြစ်။

ယင်းအတွက် ကျွန်တော်တို့မှာ ပြီးခဲ့သည့် ငါးနှစ်က သင်ခန်းစာများ ရှိပြီးသားဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းအများစုမှာ လူထုနှင့် ကင်းကွာလှသည်ဟူ၍ အဝေဖန်ခံခဲ့ရသည်။ အချို့ဆိုလျှင် ရွေးကောက်ပွဲ ပြီးကတည်း မိမိမဲ ဆန္ဒနယ်မှ မိမိအား မဲပေးရွေးချယ်လိုက်သော ပြည်သူများ၏ အသံကိုနားထောင်ဖို့ ဝေးစွ။ မဲဆန္ဒရှင်တွေက မိမိတို့ကိုယ်စားလှယ်၏ အရိပ်ပင်မမြင်ခဲ့ရ။ ပြည်သူတွေ အလွန်စိတ်ပျက်ခဲ့ကြသည်။

လွှတ်တော်တွင် အဆိုများ တင်တော့ကော။ ပြည်သူ့အသံသည် လွှတ်တော်အသံ ဖြစ်ရမည်ဟူသော ဆောင်ဘုတ်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင် လျှက်ပင် အချို့ဥပဒေတွေ အတည်ဖြစ်သွားကြသည်။ ပြည်သူတွေ မသိလိုက်။ ဘယ်ဥပဒေကိုတော့ဖြင့် မိမိတို့မနှစ်သက်ပါဟူ၍ လွှတ်တော်ကိုယ်စားလှယ်များကို မပြောလိုက်ရ။ ထိုသို့ မပြောလိုက်ရဘဲနှင့် ဟိုဥပဒေ၊ ဒီဥပဒေတွေကို အတည်ပြုပြီဟု ဆိုလေသောအခါ အသည်းတဆတ်ဆတ်နာ ခဲ့ရသည်မှာ ပြည်သူတွေသာ ဖြစ်ပါသည်။

သို့ဖြစ်ရာ လာတော့မည့် ရွေးကောက်ပွဲတွင် ထိုသို့သော ကိုယ်စားလှယ်လောင်းများကို မရွေးချယ်မိစေရန် သတိထားရပါလိမ့်မည်။ ပြီးတော့ ကိုယ်စားလှယ်လောင်းသည် နိုင်ငံရေးအရ ပေမီဒေါက်မီ အရည်အသွေး ရှိမရှိ ဆန်းစစ်ဖို့ကလည်း လိုသေးသည်။ နိုင်ငံရေးအား မကောင်းလျှင် လွှတ်တော်တွင် ဒေါင်းတင်မောင်း တင်ပြောနိုင်ဖို့ ဝေးပါသည်။ ပြီးခဲ့သည့် ငါးနှစ်လုံးလုံး လွှတ်တော်ထဲတွင် မည်သည့် အဆိုမှမတင်။ တင်လာသည့်အဆိုတွေကို ထ၍ မဆွေးနွေးဘဲ ငုတ်တုတ်ထိုင်နေသည့် အမတ်တွေ အများကြီးရှိသည်ကို မမေ့ပါနှင့်။

ပြည်သူက အသည်းကြားက မဲတစ်ပြားဖြင့် ရွေးလိုက်သည်မှာ လွှတ်တော်တွင် ငုတ်တုတ်ထိုင်၊ နှုတ်ဆိတ်၊ ပီကေ၀ါး၊ ငိုက်မျဉ်း၊ အဆီယစ်၊ ပျင်းပျင်းရှိလျှင် ဂိမ်းခိုးကစားဖို့ မဟုတ် ပါ။ လူထုအတွက်တက်တက်ကြွကြွဖြင့် ကိုယ်စားပြု အလုပ်လုပ်နိုင်ဖို့သာ ဖြစ်ပါသည်။

ပြည်သူတွေ ဘယ်လိုလူမျိုးကို ရွေးမလဲ။ ယနေ့ အရေးကြီးနေပါပြီ။ စဉ်းစားပါ။ စကားလုံးဧရာမကြီးတွေဖြင့် မဲဆွယ်သည့် လေထဲမှာ အမျောမခံပါနှင့်။ ဆန် ဆီ ဆား ငရုတ်ကြက် သွန်များဖြင့် မဲဆွယ်ခြင်း မဲဝယ်ခြင်းများကိုလည်း တရားမျှတမှုကို လိုလားစွာတွန်းလှန်ပါ။ လှိမ့်လုံး ဖြီးလုံးများကို ဖယ်ရှားပါ။ မဲတစ်ပြားသည် တန်ဖိုးရှိနေပါသည်။ အရွေးချယ်မှားလျှင် နောက်ငါးနှစ်တွင် မမျှော်မှန်းနိုင်သည့် အခြေအနေဆိုးများကို နောက်ထပ်တစ်ဖန် ခံစားရပါလိမ့်ဦးမည်။ ယခု ငါးနှစ်နှင့်ပင် ကျွန်တော်တို့ လုံလောက်ပါပြီ။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ အဖြစ်အပျက်များကို သင်ခန်းစာယူ၍ စာမျက်နှာသစ်ကို ရေးကြစို့။

ဝင်းဇော်လတ်
The Ladies News Journal ပါ ဆောင်းပါး
https://www.facebook.com/News.TheLadies


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

လက်ရှိတွင် ဂရိနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ကြွေးမြီ ပြဿနာ များကြောင့် ဂရိ လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောလိုင်း များတွင် အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသား တချို့မှာ လစာ မရရှိသည့် ပြဿနာများ ဖြစ်ပေါ် နေကြောင်း ဂရိသင်္ဘော များပေါ်၌ အလုပ်လုပ် နေပြီး လစာ မရရှိသည့် မြန်မာ သင်္ဘောသား များ၏ ပြောပြချက် အရ သိရသည်။

ဂရိစီးပွားရေး လုပ်ငန်းရှင်များ ပိုင် သင်္ဘောများသည် ယခင်က မြန်မာ သင်္ဘောသား များအား လစဉ်လစာ ပေးချေလျက် ရှိရာမှ ယခုအခါ မြန်မာ သင်္ဘောသားများ အနေဖြင့် ဂရိ သင်္ဘောများ ပေါ်၌ အလုပ်လုပ်ရန် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးမှသာ လစာ အပြည့်အဝ ရရှိမည် ဖြစ်ကြောင်း၊ ထို့အပြင် ဂရိ သင်္ဘောများ ပေါ်၌ အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသား များတွင် အရာရှိများနှင့် ရိုးရိုးဝန်ထမ်းများ အားလုံး လစာ မရရှိသည့် ပြဿနာများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုအချိန်တွင် ဂရိသင်္ဘောများ ပေါ်၌ အလုပ်လုပ် နေသည့် မြန်မာ သင်္ဘောသားများ လစာ မရရှိခြင်းနှင့် ပတ်သက်၍ သင်္ဘောလိုင်းများ အပေါ် တိုင်ကြားမှုများ မပြုလုပ် သေးဘဲ ၄င်း သင်္ဘောများ ပေါ်၌ တာဝန်ထမ်း ဆောင်မှု စာချုပ်သက်တမ်း ကုန်ဆုံးချိန် ရောက်မှသာ မြန်မာ သင်္ဘောသား များအား ဂရိသင်္ဘောလိုင်း များမှ ပေးချေရမည့် လစာငွေများကို မရရှိခဲ့ပါက နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများ အဖွဲ့ချုပ်ထံသို့ ယင်းကိစ္စရပ် များကို တိုင်ကြား၍ ဖြေရှင်း သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


 မြို့ တော်စန်တီယာဂိုရှိအဆောက်အဦးများပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ၁၀သိန်းကျော်မှာ အရေးပေါ်ထွက်ပြေးခဲ့ရသည်။

အဆိုပါငလျင်ကြောင့်ကျယ်ပြန့်၍အန္တရာယ်ရှိသောဆူနာမီဖြစ်ပေါ်လာနိုင်သည်ဟုပစိဖိတ်ဆူနာမီသတိပေးဗဟိုဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်ဟုလည်းသိရသည်။

ငလျင်ကြောင့်ချီလီ ၊ပီရူး၊ ဂျပန် ၊ နယူးဇီလန် နှင့်အခြားပစိဖိတ်နိုင်ငံများ ၊ အမေရိကန်နိုင်ငံဟာဝိုင်ယီ နှင့် ဂျော်ဂျီယာဂယ်ရီဝဲဖယ်တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။

ဒေသခံပြည်သူများ၏ပြောကြားချက်အရအဆိုပါ ငလျင်ကြောင့် လူ၅ဦးသေဆုံးခဲ့သည် ဟုသိရှိရပြီး ချီလီသမ္မတMichelle Bachelet မှလည်းဘေးအန္တရာယ်ကျရောက်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟုသိရှိရသည်။

china.com Myanmar
https://www.facebook.com/china.com.mm


 ညီညွတ်ရေးနှင့် အသက်ရှည်ရှည်ခင်ခင်မင်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အားနည်းချက်များကို ထောက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲအလားအလာကို အကဲဖြတ်ကြရာတွင် ကချင်နှင့် ရခိုင်အရေးအရာများနှင့် ဆက်စပ်ပြီး တိုင်းရင်းသားဒေသ များတွင် ထောက်ခံမှုများ ကျဆင်းနေသည်ဟု ဆိုချင်ကြသည်။ သို့သော် လည်း ယခုရက်ပိုင်းအတွင်း သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ခရီးစဉ်များတွင် တိုင်းရင်းသား များ၏ ထောက်ခံမှုမှာ လျော့နည်းသွားသည့် လက္ခဏာကို မတွေ့ရချေ။ ဆီဆိုင်မြို့မှ တိုင်းရင်းသားများနှင့်တွေ့ဆုံရာတွင်သူက တိုင်းရင်းသား ဒေသများတွင် အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ အခွင့်အရေး များကို လုယူချင်သောကြောင့် မဟုတ်ကြောင်းဗဟိုအစိုးရအပြောင်းအလဲ အတွက်အင်အားလိုသောကြောင့်သာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူ သည် အာဏာရပြည်ခိုင်ဖြိုးပါတီကပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင် သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုန်းမြို့နယ်သို့ပင် သွား ရောက်ခဲ့ပြီး ဟိုပုန်းမြို့နယ် မဲနယ်တောင်ခြေရှိ ကုလသမဂ္ဂအစီအစဉ်ဖြင့် ဘိန်းအစားထိုးကော်ဖီစိုက်ပျိုးရေးဆောင်ရွက်နေသည့် ဝမ်ဟေ့ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံစကားပြောဆိုရာတွင် မြေပြင်၌အတူဝိုင်းဖွဲ့စကား ပြောကြပုံများကို သတင်းစာများက တခမ်းတနားဖော်ပြကြသည်။ ထိပ် တန်းနိုင်ငံရေးခေါင်းဆောင်တစ်ဦးနှင့် မြေတစ်ပြင်တည်းဝိုင်းဖွဲ့စကား ပြောရသည်မှာ တိုင်းရင်းသားများအဖို့ မကြုံစဖူးဖြစ်ရပ်ဖြစ်သည့်အပြင် မနောခွေ့စရာပင်ဖြစ်သည်။ ယင်းဒေသတွင် အဖွဲ့ချုပ်ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံကြမည်ဖြစ်သည်။ ထိုအခြေအနေမှာ ဒေါ်အောင်ဆန်း စုကြည်က စစ်ဗိုလ်ချုပ်ကြီးများ၏ ကိန်းကြီးခမ်းကြီးနိုင်မှုအပေါ် ခြေတစ် လှမ်းအသာရသွားခြင်းပင်ဖြစ်သည့်အပြင် သူ့အား တိုင်းရင်းသားများ၏ ထောက်ခံမှုကို ချစ်ကြည်ရင်းနှီးစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။ ပအိုဝ့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်းမြင့်ထွန်းမှာ ၁၉၉ဝ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်ခဲ့ဖူးသည်။

ကညာပျိုနှင့် ဇရာအို

၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ် ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကိုလည်း အဖွဲ့ချုပ်၏ နောက်ထပ် အားနည်းချက်တစ်ခုအဖြစ် ရှုမြင်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပါတီဝင်မဟုတ်သူများကိုလည်း ဖိတ်ခေါ်ခဲ့သည့်အတွက် နိုင်ငံရေးတွင်ထင်ရှားသူအများအပြားလျှောက်ထားခဲ့ကြသည်။ သို့သော် အများက မျှော်လင့်ထားကြသည့်သူအများအပြားပါဝင်မလာခြင်းအပေါ် အားမလိုအားမရဖြစ်ကြသည်။ ပါတီအောက်ခြေတွင် သဘောထား ကွဲလွဲမှုများဖြစ်ပြီး ထုတ်ပယ်အရေးယူမှုများရှိခဲ့သလို နုတ်ထွက်မှုများ လည်းရှိခဲ့သည့်အတွက် ရွေးကောက်ပွဲတွင်အား နည်းမှုများဖြစ်ပေါ်လာနိုင် သည်ဟု တွက်ဆကြသည်။ ပါတီကိုထောက်ခံကြသူများကပင် ပြင်းပြင်း ထန်ထန်ဝေဖန်ထောက်ပြကြသည်အထိ ရှိလာသည်။ ထောက်ခံမှုကျ ဆင်းပြီး ရလဒ်ဆိုများနှင့်ကြုံတွေ့သွားဖွယ်ရှိသည်ဟုပင်စိုးရိမ်လာကြ သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ လူထက်ပါတီကိုသာကြည့်ပြီးထောက် ခံကြရန်ပြောဆိုရသည်အထိရှိလာခဲ့သည်။ ဠဥဗ သတင်းဌာန၏ အင်တာနက်စာမျက်နှာစစ်တမ်းဖော်ပြချက်များကမူ ပါတီကိုကြည့်ပြီး မဲ ထည့်ကြမည့်သူများက ၈ဝ ရာခိုင်နှုန်းကျော် ရှိသည်ဟုဆို၏။ သို့သော် ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းနှင့်အတူ ဖြတ်သန်းမှု များကို ဓာတ်ပုံနှင့်တကွ ဖော်ပြလိုက်သောအခါ လူကိုပဲ ကြည့် ပြီးမဲပေးပါ တော့မည်ဟူသည့် ရွှင်ရွှင်လန်းလန်းရယ်ရယ်မောမော ပြောသံ ဆိုသံများ ထွက်ပေါ်လာကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုး သားဒီမိုကရေ စီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပညာတတ်များဖြစ် နေသည့်အပြင် ရုပ်ရည်ရူပကာချောမောသူများဖြစ်နေသောကြောင့်ဖြစ် သည်။ တိုးတက်သောနိုင်ငံများတွင်ပညာသင်ကြားခဲ့သူများ၊ အငြိမ်း စားပါမောက္ခများ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ပညာရေးကျွမ်းကျင် သူများ၊ စိုက်ပျိုးရေးပညာရှင်များဖြစ်နေကြပြီး အများစုမှာ ငယ်ရွယ်နုပျိုသူ များဖြစ်နေကြသည်။ အဖွဲ့ချုပ်၏ ကြိုတင်ဖော်ပြမူဝါဒအတိုင်း အမျိုး သမီးငယ်တိုင်းရင်းသားများကို ဦးစားပေးထားသည်ကို တွေ့ရသည်။ ထွက်ပေါ်လာသော ကိုယ်စားလှယ်လောင်းများကို ကြည့်ခြင်းအားဖြင့် အဖွဲ့ချုပ်၏ ရှေ့ရှုရာလမ်းကြောင်းနှင့် အချို့်သော ထင်ရှားသူနိုင်ငံရေးသမားများနှင့် စွန့်လွှတ်အနစ်နာခံခဲ့သူများအဘယ်ကြောင့် ကျန်ရစ်ခဲ့ သည်ကိုတွက်ဆနိုင်မည်ဖြစ်သည်။ ပြိုင်ဘက်ပါတီကြီးက လာမည့်ရွေး ကောက်ပွဲအတွက် လူသစ်များကို လက်တွဲခေါ်ဆောင်မလာဘဲ ပင်စင်စား စစ်ဗိုလ်ချုပ်လူဟောင်းမိုးကျရွှေကိုကြီးများကို ပါတီအတွင်း ဗဟိုဦးစီး စနစ်ဖြင့် သွတ်သွင်းလိုက်သည့် အချိန်တွင် အဖွဲ့ချုပ်က ဝါရင့်လူကြီး လူဟောင်းအချို့ကို ချန်ထားရစ်လိုက်ပြီး လူငယ်လူသစ်များဖြင့် ပွဲထွက် လာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အလွန်ကာလရှေ့ခရီးအတွက် ပြင် ဆင်လိုက်သော ပထမခြေလှမ်းဖြစ်သည်ဟု ယူဆရသည်။ ပြည်ခိုင် ဖြိုး၏ ခေါင်းဆောင်သစ်များထွက်ပေါ်ရာလမ်းကြောင်းမှာ အငြိမ်းစားတပ်မ တော်အရာရှိကြီးများသာဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင် နေရာများအတွက် လူငယ်များနှင့် ပညာရှင်များအတွက်ခြေချစရာမရှိ ဖြစ်နေသောကြောင့် အမိန့်ပေးစနစ်သာလွှမ်းမိုးလာနိုင်ဖွယ်ရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တတ်သိပညာရှင်များလွှမ်းမိုးသည့် အစိုးရတစ်ရပ်ကို ဖော်ဆောင်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ပြည်သူကိုအသိပေးလိုက် ခြင်းဖြစ်သည်။ ယင်းမှာရွေးကောက်ပွဲအတွက် ခင်းကျင်းလိုက်သော ဗျူဟာတစ်ရပ်ဖြစ်ပြီးကာလရှည်ကြာ စစ်တပ်လွှမ်းမိုးမှုအောက်တွင် နေလာရသောအပြောင်းအလဲကိုလိုလားနေသည့် ပြည်သူ့လူထုအတွက် မျက်နှာထားတည်တည်ကြောက်စရာဗိုလ်ချုပ်ကြီးများကို မျက်နှာချိုချို ချစ်စဖွယ်လူငယ်ပညာတတ်ကလေးများဖြင့် လေနုအေးလေတိုက်ခတ်ပြလိုက်ခြင်းဖြစ်သည်။

ထိုအခင်းအကျင်းကိုကြည့်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက် လျှောက်လှမ်းမည့်နိုင်ငံရေးလမ်းကြောင်းကိုမှန်းဆနိုင်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် တစ်ခါမှမရှိဖူး သည့် အစိုးရတစ်ရပ်ကိုဖော်ဆောင်ရန်ကြိုးစားနေခြင်းဖြစ်ပြီး ထိုအစိုးရ သည် တတ်သိပညာရှင်များသာလွှမ်းမိုးသည့် အစိုးရဖြစ်လာလိမ့်မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ရွေးကောက်ပွဲ အလွန်ကာလတွင်ပါတီဖွဲ့စည်းပုံကိုပြောင်းလဲလာဖွယ်ရာရှိနိုင်သည်။ မျိုး ဆက်သစ်မမွေးထုတ်နိုင်ဘဲ ရေရှည်အစီအမံမရှိဟု အဖွဲ့ချုပ်အပေါ်ယူ ဆနေရခြင်းမှာ ဟုတ်နိုင်ဖွယ်မရှိဟု ဆိုရမည်ဖြစ်သည်။ လူငယ်များပါဝင် သော အတွင်းရေးမှူးအဖွဲ့ပေါ်ပေါက်လာဖွယ်ရှိပြီး ယင်းအဖွဲ့ကို အတွေ့ အကြုံရှိသူတစ်ဦးက ဦးဆောင်လှုပ်ရှားနိုင်လျှင် ပါတီ၏ စွမ်းဆောင်မှု ပိုမိုထက်မြက်လာမည်ဖြစ်သည်။ အဖွဲ့ချုပ်အတွက်အရေးတကြီးလိုအပ် နေသည်မှာ ဘက်လိုက်မှုမရှိဘဲ ပြတ်သားသော ပါတီစည်းကမ်းထိမ်း သိမ်းရေးအဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့အနေဖြင့် ပါတီတွင်ခိုကပ်နေသော အခွင့်အရေးသမားများနှင့် အုပ်စုဖွဲ့သူများအား သန့်ရှင်းရန်အရေးတကြီး လိုအပ်နေသည်။

ဘယ်ယိုင်ကာ ညာကိုနင်းမယ် မင်းလိုက်ခဲ့လေ

အကယ်၍ ရွေးကောက်ပွဲသည် အမှန်တကယ်သာ တရားမျှတခဲ့ ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများထင်သည်ထက်ပိုမို သော ရလဒ်ကောင်းများရရှိလာပြီး ပြည်ခိုင်ဖြိုးပါတီအဖို့အခက်တွေ့လာ နိုင်သည်။ သို့သော် လက်ရှိအစိုးရသည် အရေးပါသော နေရာများတွင် အမိန့်နာခံမည့် တပ်မတော်မှ အရာရှိများကိုကြိုတင်ခန့်ထားခြင်းဖြင့် ရှုံး သွားနိုင်မည့်အခြေအနေကို ပြင်ဆင်နေပုံရသည်။ ထို့ထက် သမ္မတဖြစ် သူက ရွေးကောက်ပွဲမဝင်ဘဲနောက်ချန်နေခြင်းမှာ အရှုံးဖြစ်သွားနိုင်သည့် ရလဒ်အားရှောင်ရှားပြီး တပ်မတော်မှ ရွေးချယ်လိုက်သည့် ဒုသမ္မတ တစ်ဦးအဖြစ်ဝင်ရောက်လာလိုသောကြောင့် ဖြစ်သည်ဟူသည့် တွက်ဆ မှုများလည်းရှိနေကြသည်။ ယင်းအတွက် ဒီချုပ်အနေဖြင့် မည်ကဲ့သို့သော မထင်မှတ်သည့်ခြေလှမ်းဖြင့်လှမ်းလိုက်ချေဦးမည်ကိုတော့ စောင့်ကြည့်ရ ဦးမည်ဖြစ်သည်။

Reporter News Journal
https://www.facebook.com/REPORTER.JOURNAL


 ကျောင်းစိမ်းဝတ်စုံနဲ့ ကျောင်းသူတွေတွေ့တိုင်း ဒေါ်ခင်မာဝင်း တစ်ယောက် ပျောက်ဆုံးနေတဲ့ သမီးငယ် မျက်နှာလေးကို မြင်ယောင်မိ တာ အခါခါပါ။ သမီးနဲ့အမြန်ဆုံးပြန်တွေ့ဖို့ အိမ်ဦးခန်းက ဘုရားစင်ရှေ့မှာ အကြိမ်ကြိမ်ဆုတောင်းခဲ့ရတာလည်း နေ့စဉ်နဲ့အမျှပါ။ ဒါ့အပြင် မိရိုးဖလာ ယုံကြည်မှုလိုဖြစ်နေတဲ့ ဗေဒင်၊ အကြားအမြင်၊ နတ်ကတော် စတာတွေကိုလည်း စုံနေအောင်မေးခဲ့ရှာပါတယ်။
''ကျွန်မသမီးလေး ပြန်တွေ့ဖို့ ဗေဒင်၊ယတြာတွေရော၊ နတ်မေး တာရော စုံနေအောင်လုပ်ခဲ့တယ်၊ ယတြာတွေလည်းလုပ်ခဲ့ရတယ်၊ မနက်ကျရင် အကြားအမြင်ရတဲ့ဆရာကြီးဆီ သွားရဦးမယ်၊ သူတို့ဆီက ဟောတာပြောတာမှန်ရင် ကိုယ့်အတွက်ကောင်းမယ်ထင်လို့ပါ'' လို့ ပျောက်ဆုံးနေတဲ့ သမီးငယ်ကို ပြန်တွေ့နိုင်ဖို့ တစ်ဘက်တစ်လမ်းက ကြိုးစားနေတဲ့အကြောင်း ဒေါ်ခင်မာဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် စနေနေ့မှာ တက္ကသိုလ်ဝင်တန်းတက် ရောက်နေတဲ့ အထက (၁) မြောက်ဒဂုံက မနှင်းသဇင်နဲ့ အထက (၅)မြောက် ဒဂုံက မနေခြည်လင်းတို့ဟာ မြောက်ဒဂုံ ၃၈ ရပ်ကွက်မှာရှိတဲ့ ကျူရှင် ကျောင်းကို အသွားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
''အဲဒီနေ့က နှင်းသဇင်အိမ်ကို သမီးရောက်တော့ နေခြည်လင်းက စောရောက်နေတယ်၊ သမီးကို ကျူရှင်အရင် သွားခိုင်းပြီး နေခြည်လင်း ဦးလေးမုန့်ဖိုးပေးတာ သွားယူမလို့ဆိုပြီး သူတို့နှစ်ယောက် ကျူရှင်မ ရောက်ဘဲ ပျောက်သွားတာ'' လို့ ပျောက်ဆုံးသွားတဲ့ မိန်းကလေးနှစ်ဦးရဲ့ အတန်းဖော်သူငယ်ချင်း မခင်ထက်ထက်စိုးက ဖြစ်စဉ်ကို ပြန်ပြောင်း ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် မနှင်းသဇင်နဲ့ မနေခြည်လင်းတို့ ပျောက်ဆုံးခဲ့တာ ဒီကနေ့ဆို သီတင်းတစ်ပတ်ကျော်ကြာခဲ့ပါပြီ။ သူတို့ နဲ့ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာ မကြားရသေးတဲ့အတွက် ကာယကံ ရှင် မိသားစုဝင်တွေ စိတ်ပူပင်သောက တစ်ပုံတစ်ပင်နဲ့ အပူမီးဝိုင်းကာ မျှော်လင့်ချက်တစ်စုံတစ်ရာ ပေးနိုင်မယ်ထင်တဲ့ ဗေဒင်၊ အကြားအမြင်နဲ့ နတ်မေးတာတွေကြားမှာ အလုပ်ရှုပ်နေခဲ့ကြပါတယ်။

အရွယ်ငယ်ငယ်မိန်းကလေးတွေ ကျောင်းပြန်အချိန်မှာပျောက် တာတို့ လူကုန်ကူးခံရတာတို့ ဆိုတဲ့သတင်းတွေ မကြာခဏဆိုသလို ကြားနေရတာကြောင့် ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မနှင်း သဇင်အတွက် ဒေါ်ခင်မာဝင်း စိုးရိမ်နေရသလို မနေခြည်လင်းရဲ့မိခင် ဒေါ်သီတာအေး တစ်ယောက်လည်း မစားနိုင်မအိပ်နိုင် ဖြစ်နေရှာပါတယ်။
''ကိုယ်ထမင်းတစ်လုပ်စားလိုက်ရင် ကိုယ့်သမီးလေး ဒီလိုမှ စားရပါ့ မလား၊ ကိုယ်အိပ်လို့ရှိရင်လည်း ကိုယ့်သမီးလေး ဒီလိုမှကောင်းကောင်း အိပ်ရပါ့မလားလို့ စိတ်ပူတယ်'' လို့ ဒေါ်သီတာအေးက ဆိုပါတယ်။
သမီးပျောက်မိခင်နှစ်ယောက်ရဲ့ ပူပင်သောကတွေဟာ အနီးကမိတ် ဆွေတွေဆီကို ကူးစက်လောင်ကျွမ်းခဲ့ကာ ပျောက်ဆုံးသူ မိန်းကလေး နှစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကို ဒဂုံမြောက်၊ ဒဂုံတောင်နဲ့ ဒဂုံအရှေ့၊ တောင်ဥက္ကလာ၊ လှိုင်သာယာ ကားမှတ်တိုင်တွေမှာ နေရာအနှံ့ကပ်ထားပေးကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာ ပေါ်က တစ်ဆင့် ဓာတ်ပုံနဲ့တကွ အကူအညီတောင်းခံထားပါတယ်။
'' ၆ ရက်နေ့မှာ ရဲစခန်းကို လူပျောက်သွားဖွင့်တယ်၊ နောက် ပတ် ဝန်းကျင်က လူကုန်ကူးမှာ တိုင်ဖို့လိုတယ်ဆိုတာနဲ့ ၈ ရက်နေ့မှာ သွား တိုင်ထားကြတယ်'' လို့ ဒေါ်ခင်မာဝင်းက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က ဒဂုံမြောက်ရဲစခန်းမှာ လူပျောက်အမှတ် စဉ် ၄၇/၂ဝ၁၅ နဲ့ အမှုဖွင့်ထားပြီး စက်တင်ဘာ ၈ ရက်နေ့မှာလည်း ရန်ကုန်တိုင်းလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဆီမှာလည်း သွား ရောက်တိုင်တန်းထားတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို လူပျောက်တိုင်တန်းထားပေ မယ်လို့ သမီးတွေ့လိုဇောနဲ့ လူပျောက်၊ ပစ္စည်းပျောက်ဟောတာ နာမည် ကြီးလှတဲ့ နတ်ကတော်ကို မေးမြန်းတဲ့အခါ တောင်ဒဂုံက နှစ်ထပ်အိမ်မည်း ကြီး၊ ဒုတိယထပ် အစွန်အခန်းမှာ ရိုက်နှက်၊ ချုပ်နှောင်ထားပြီး ဘာမှ မကျွေးဘဲ မနက်ဖြန်မှာ ခေါ်သွားတော့မယ်၊ အချိန်မီလိုက်ပါလို့ အချိန်၊ နေရာ ကွတ်တိပြောဆိုတဲ့အတွက်ကြောင့် ညအချိန် စမ်းတဝါဝါး စုံစမ်း မေးမြန်းရှာခဲ့ပေမယ့် မနက်ကြမှ နတ်ကတော်ဟောတဲ့ အိမ်မည်းကြီးကို ရှာတွေ့နိုင်ခဲ့တယ်လို့ ဒေါ်ခင်မာဝင်းက ဆိုပါတယ်။

အကြားအမြင်ရ နတ်ကတော်ရဲ့ ဟောချက်အတိုင်း ရှာဖွေခဲ့ ပေမယ့် တစ်ရက်နောက်ကျခဲ့တာကြောင့် သဲလွန်စ တစ်စုံတစ်ရာ မတွေ့ ရတဲ့အပေါ် ဒေါ်ခင်မာဝင်းက ''မနက်ကျမှ နတ်ပြောတဲ့အတိုင်းအိမ်မည်း ကြီးတော့တွေ့တယ်၊ အထဲမှာ ဘာမှမတွေ့ဘူး၊ ညကတည်းက သွားနိုင် ရင် တွေ့ကောင်းတွေ့မှာ'' လို့ ယုံကြည်ရာတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရ သလိုရေရွတ်နေပါတယ်။

သမီးပျောက်နေတဲ့ မိသားစုနှစ်စုမှာ ဗေဒင်တို့ အကြားအမြင်တို့ ညွှန်ကြားရာနေရာတွေမကျန် ရန်ကုန်မြို့ နေရာအနှံနီးပါး သွားရောက် ရှာ ခဲ့ကြပါတယ်။ နာမည်ကြီးဗေဒင်အကြားအမြင်ပေါင်း ၂ဝ ကျော် လောက်ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
''ကျွန်မတို့ သွားမေးတဲ့ ဆရာက လောင်းကြေးထပ်ပြီးတောင်ဟော တာ၊ ဆရာပြောတာက မန္တလေးဘက်က ရွာတစ်ရွာမှာရှိတယ်၊ သွားရှာ ကြလို့ ပြောတယ်၊ အဲဒီကိုသွားဖို့ ရဲစခန်းကိုလည်း အကူအညီတောင်း မလို့'' လို့ ဒေါ်သီတာအေးက ပျောက်ဆုံးနေတဲ့ သမီးကိုပြန်တွေ့ဖို့ အကြားအမြင် ဆရာရဲ့ညွှန်ရာဆီ ရဲစခန်းအကူအညီတောင်းပြီး သွားဖို့ပြင် နေတဲ့အကြောင်း ဆိုပါတယ်။

၁၅ နှစ်အရွယ် မိန်ကလေးနှစ်ယောက် ပျောက်နေတာကို တချို့က ယောင်္ကျားနောက်ခိုးရာလိုက်တယ်လို့ ဆိုကြတာလည်းရှိပါတယ်။ တချို့ ကတော့ လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြောတဲ့ သူ တွေလည်းရှိကြပါတယ်။

မနေခြည်လင်းနဲ့ မနှင်းသဇင်တို့မပျောက်ဆုံးမီအချိန်က မနေခြည် လင်းဆက်သွယ်ခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ခဲ့ပေမယ့် အမြဲလို လို စက်ပိတ်ထားတာကြောင့် မြောက်ဒဂုံရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်က သွားရောက် အကူအညီတောင်းခံထားပါတယ်။
'' သူတို့(သမီးပျောက်မိဘတွေ) ဘက်က ကလေးတွေ ဘယ်မှာ တွေ့လို့ လိုက်ခဲ့ပါဆိုရင် ကျွန်တော်တို့ဘက်က လိုက်ဆောင်ရွက်ပေးပါ တယ်၊ တောင်ဒဂုံအိမ်မည်းကြီးလည်း သွားခဲ့တယ်၊ မတွေ့ဘူး၊ ကျွန်တော် တို့ ဘက်ကလည်း စုံစမ်းနေပါတယ်၊ ဒဂုံအရှေ့၊ တောင်ဒဂုံက နယ်ထိန်း တွေနဲ့ ပေါင်းစပ်ရှာဖွေနေပါတယ်'' လို့ မြောက်ဒဂုံရဲစခန်းက ဒုရဲမှူး ဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ်ထဲက ပျောက်ဆုံးနေ တဲ့ ဆယ်ကျော်သက်အရွယ်မိန်ကလေး လေးယောက် နေပြည်တော် ဟိုတယ်တစ်ခုမှာတွေ့တဲ့အတွက် သက်ဆိုင်ရာက မိဘတွေဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု ၈ဝ ရာခိုင်နှုန်းက တရုတ် ဇနီးမယားအဖြစ်ရောင်းစားခြင်းခံရတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့ရဲ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လူကုန်ကူးမှု အမှုအရေအတွက်အရ နှစ်စဉ် ၅ဝ ကျော်မှ ၂ဝဝ နီးပါးအထိရှိနေပြီး အများဆုံးက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ် ကြတယ်လို့ သိရပါတယ်။

မနုဿမုဆိုးတွေက အရွယ်ငယ်မိန်းကလေးတွေကို လိမ်ညာလှည့် ဖြားကာ လူကုန်ကူးရောင်းစားကြတဲ့ဖြစ်ရပ်တွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာရေဒီယိုတို့မှာ အမြဲမပြတ်ဖော်ပြထားပေမယ့် အရွယ်ငယ် မိန်းကလေးတွေက အမြဲလိုလိုပျောက်ဆုံးနေတတ်ပါတယ်။
''သူပျောက်တဲ့ နေ့ကစပြီး အိမ်မှာ အကုန်လုံးက တငိုငိုနဲ့ ဖြစ်နေ တာ။ သူအချိန်မရွေးပြန်လာလို့ရအောင် အိမ်ရှေ့တံခါးတောင်မပိတ်ဘူး။ အိမ်ရှေ့ကို အရိပ်မြင်လိုက်ရင် ငါ့သမီးလေးလားလို့ ကြည့်ကြည့်မိတယ်'' လို့ ပျောက်ဆုံးသွားတဲ့ သမီးနေခြည်လင်းပြန်လာဖို့အမြဲမျှော်လင့်နေ တဲ့ ဒေါ်သီတာအေးက ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ မနှင်းသဇင်နဲ့ မနေခြည်လင်းတို့ကို တစ်စုံတစ် ယောက်ကတွေ့မိခဲ့ရင် ဖုန်းနံပါတ် ဝ၉- ၂၅၄၇၄၁၁ဝ၅၊ ဝ၉-၂၅ဝ၁၃၉၇၄၂၊ ဝ၉-၂၆ဝ၄ဝ၅၃၉၅၊ ဝ၉-၂၅၄၁၂၃၅၉၁၊ ဝ၉-၃၂၃၂၆၈၃၉ တို့ကို ဆက်သွယ်ပေးဖို့ အကူအညီ တောင်းခံထားပါတယ်။
''ကျွန်မအခုအချိန်အထိ ပြန်တွေ့မယ်လို့ထင်တယ်'' လို့ ဒေါ်ခင်မာ ဝင်းက သူ့ယုံကြည်ချက်ကို ထုတ်ဖော်ပြောသလို ''ကိုယ့်သမီးအသက် ရှင်ရက်ပြန်ရရင်တော်ပါပြီ'' လို့ စိတ်အားငယ်အားလျော့နေတဲ့ ဒေါ်သီ တာအေးက ဆိုလိုက်ပါတယ်။

မောင်သစ္စာ
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL



 ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အနေဖြင့် ရွေးကောက်ပွဲတွင် အနှောက်အယှက် ပေးမည် မဟုတ် ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့ ရဟန်းဖြစ်သင်ကျောင်း၌ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ဆွေးနွေးပွဲတွင် အာမခံချက် ပေးသွားသည်။

၎င်းက “ ရွေးကောက်ပွဲလုပ်တဲ့အချိန် ကျနောတို့ အဖွဲ့အနေနဲ့လည်း လုံးဝအနှောင့်အယှက် ပေးမှာမဟုတ်ပါဘူး။" ဟု ပြောသည်။

လွိုင်ကော်မြို့မှ KNPP ဆက်ဆံရေးရုံးမှ တာဝန်ခံ ခူညေးရယ်က ဆွေးနွေပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA မထိုးနိုင်သေးသည့်အတွက် ပြည်တွင်းတွင် နေထိုင်သွားလာနေကြသည့် KNPP နှင့်မိသားစုဝင်များသည်လည်း မဲမပေးနိုင်သေးကြောင်းပြောသွားပါသည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင်မဲပေးခွင့်မရခဲ့သလို ယခုလည်းမဲစာရင်းတွင် အမည်မပါဟု KNPP အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆော်ရယ်ဒေး ယခုလိုဆွေးနွေးသွားပါသည်။

၎င်းက “ ၂၀၁၀ရွေးကောက်ပွဲတုန်းက ကျနော တောထဲမှရှိနေတဲ့အခါကြတော့ မဲမပေးလိုက်ရဘူး အခုကြပြန်တော့လည်း အတိုင်းအတာတစ်ခုကြောင့်  မဲပေးခွင့်မရပြန်ဘူး̋ ဟု ကပြောသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို KNPP အနေဖြင့် ကန့်ကွက်ထားသော်လည်း ယင်းကြောင့် မဲဆန္ဒရှင် ပြည်သူများကိုလည်း အဟန့်အတား ပြုလုပ်မည်မဟုတ်ကြောင်း မိမိတို့မဲထည့်ခွင့်မရသည်ကိုလည်း ကန့်ကွက်စရာမရှိကြောင်း ခူညေးရယ် ကပြောပါသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခက်ရပ်ဆဲရေးစာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များမှဆွေနွေးလျက်ရှိပြီး စာချုပ်ကို လက်မှက်ထိုးပြီးပါက တရာမဝင်အသင်းအဖွဲ့မှ ပယ်ဖျက်ပေးရမည်ဟု တိုင်းရင်းသားလက်နက်ကိုင်များကတောင်းဆိုထားသည်။

KNPP အနေဖြင့် လာမည့်၂၀၁၅ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမည်ဟုသိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes



ဂျပန်နိုင်ငံမှာ ကန့်ကွက်သူတွေကြောင့် အငြင်းပွားဖွယ် ဖြစ်နေတဲ့ စစ်တပ် အခန်းကဏ္ဍ တိုးချဲ့ဖို့ ဥပဒေကို ဂျပန် လွှတ်တော်မှာ ဥပဒေပြု ကော်မတီက အတည်ပြုလိုက်ပြီး၊ အမတ်တွေအကြား ကိုယ်ထိလက်ရောက် လုံးထွေး ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီ ဥပဒေကို ဆန့်ကျင်တဲ့ အမတ်တွေက ကော်မီတီ မဲပေးမှုကို ကိုယ်ထိ လက်ရောက် ဟန့်တားခဲ့ကြပြီး၊ ကော်မီတီ ဥက္ကဋ္ဌကို ဝိုင်းအုံ တိုးဝှေ့ကာ မိုက်ကရိုဖုန်းနဲ့ စာရွက်စာတန်းတွေကို လုယူဖို့ ကြိုးစားခဲ့ကြပါတယ်။
ဂျပန် စစ်တပ်ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်မယ့် အဲဒီ ဥပဒေကို ကော်မီတီက အတည်ပြု လိုက်တဲ့ အတွက် အဟန့်အတား တစ်ခုကို ကျော်လွှား နိုင်ခဲ့တာ ဖြစ်ပြီး၊ အခုတော့ နောက်ဆုံး အတည်ပြုချက်ကို အထက်လွှတ်တော်မှာ ရယူရမှာ ဖြစ်ပါတယ်။
ဒီဥပဒေ အတည်ဖြစ်ခဲ့ရင် ဂျပန် စစ်တပ် အနေနဲ့ နိုင်ငံပြင်ပက သူ့မဟာမိတ်တွေကို စစ်ရေးအရ အကာအကွယ် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဂျပန် ပြည်တွင်းမှာတော့ ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြတာ မဟုတ်ဘဲ၊ ကော်မီတီ ဆွေးနွေးချိန်အတွင်း ပါလီမန် အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ လူတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
http://www.bbc.com/…/world/2015/09/150917_japan_scurity_bill